မာတိကာကြည့်ရန်

(၂၀)

ဝါကာယာမာ ဟိရောမိသည် နံရံတွင် ချိတ်ဆွဲထားသော စပ်ထည်ပန်းချီကားကို ငေးကြည့်နေသည်။

မီးခိုရောင်နှင့် အပြာရင့်ရောင် အဝတ်စများကို ခါးပတ်ကြိုးပုံစံ ဖြစ်အောင် ဆက်စပ်တွဲယှက်ထားသည်။ ခါးပတ်ကြိုးမှာ အလွန် ရှည်လျားပြီး ဝင်ကာထွက်ကာ တွန့်ကာခေါက်ကာဖြင့် မြွေလိမ်မြွေကောက်သဏ္ဌာန် ရှုပ်ထွေးပွေလီနေသည်။ အဆုံးတွင်မူ စမှတ်နှင့် ပြန်လည်ပေါင်းစုံသွားသည်။ တစ်နည်းဆိုရလျှင် ၎င်းခါးပတ်ကြိုးမှာ လိမ်ကောက်နေသော ကွင်းတစ်ကွင်းကဲ့သို့ ဖြစ်နေသည်။ ပုံပန်းသဏ္ဌာန်အားဖြင့် တွန့်လိမ်ရှုပ်ပွနေသော်လည်း ခပ်လှမ်းလှမ်းမှ ကြည့်မည်ဆိုလျှင် ရိုးရှင်းသော ဂျီဩမေတြီပုံတစ်ပုံနှင့် ဆင်တူလှပေသည်။ မာရှိဘ ယိုရှီတာကာသည် ၎င်းပုံကို အရုပ်ဆိုးသော ဒီအန်အေ ဝက်အူရစ်နှင့် တူသည်ဟု ရှုံ့ချစကား ဆိုခဲ့ဖူးသော်လည်း ဟိရောမိကိုယ်နှိုက်က ဤပုံကို အတော်လေးပင် သဘောကျ နှစ်ခြိုက်မိသည်။ အာယနဲသည် ဂင်ဇာတွင် ပြပွဲပြုလုပ်ခဲ့စဉ်က ၎င်းပန်းချီကားချပ်ကို ဝင်ပေါက်ဝ အနီးတွင် ချိတ်ဆွဲထားခဲ့သည်။ ပွဲတက်သော ဧည့်ပရိသတ်များသည် ပြပွဲသို့ ရောက်သည်နှင့် ယင်းပုံကို ပထမဦးဆုံး တွေ့မြင်ရပေလိမ့်မည်။ ထို့ကြောင့် ၎င်းပန်းချီကားမှာ အာယနဲအတွက်မူ သဘောအကျဆုံး၊ ယုံကြည်မှု အပြည့်ဝဆုံးသော ပန်းချီကားတစ်ချပ် ဖြစ်ပေလိမ့်မည်။

၎င်းပန်းချီကား၏
ဒီဇိုင်းနာမှာ
 အာယနဲဖြစ်ပြီး လက်တွေ့အကောင်အထည် ဖော်ပေးခဲ့သူမှာ ဟိရောမိ ဖြစ်သည်။ အနုပညာလောကရှိ ပညာရှင်များ ထုတ်ဖော်ပြသသော လက်ရာအများစုသည် သူတို့ တပည့်များ၏ လက်များမှ ထွက်လာကြသည်ကသာ များသည်။ ထိုကိစ္စမျိုးမှာ ထူးဆန်းသည့် ကိစ္စမျိုး မဟုတ်ပေ။ စပ်ထည်ပညာရပ်တွင် သာ၍ပင် မထူးဆန်းတော့။ အကယ်၍သာ စပ်ထည်အရွယ်အစား ကြီးမားမည် ဆိုလျှင် ပန်းချီကားတစ်ကား ပြီးမြောက်ရန်အတွက် လပေါင်းများစွာ အချိန်ပေးရသည်။ ထို့ကြောင့် အလုပ်ကို ခွဲဝေလုပ်ကြရသည်။ တစ်ယောက်တည်းက ဒိုင်ခံလုပ်မည် ဆိုလျှင် ပြပွဲတစ်ပွဲ ကျင်းပနိုင်မည့် စပ်ထည်အရေအတွက် ရအောင် အတော်ပင် လုပ်ယူရပေမည်။ တစ်ယောက်တည်းနှင့် ပြီးမြောက်အောင် မည်သို့မျှ လုပ်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် အာယနဲသည် သူ့လက်ရာများကို သူကိုယ်တိုင် လုပ်လိုက်ရမှ ကျေနပ်သော သူမျိုးဖြစ်သည်။ ထို့ကြောင့် ထိုစဉ်က ပြပွဲတွင် ပြသခဲ့သော လက်ရာအားလုံး၏ ၈၀% ကျော်ကို အာယနဲကိုယ်တိုင် လက်တွေ့ ချုပ်လုပ်ခဲ့သည်။ သို့ရာတွင် အာယနဲသည် ဟိရောမိ၏ အားထုတ်မှုဖြစ်သော ယင်းပန်းချီကားကို အပေါက်ဝတွင် ချိတ်ဆွဲရန် ဆုံးဖြတ်ခဲ့လေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် မိမိလက်ရာအပေါ် ဆရာသမား၏ အသိအမှတ်ပြုမှုကို အပြည့်အဝ ရရှိခဲ့သောကြောင့် ဟိရောမိ၏ ရင်ထဲတွင်
ဖရဏာပီတ
ိ ဂွမ်းဆီထိသကဲ့သို့ ဝမ်းမြောက်ကြည်နူးခဲ့ရသည်။

အာယနဲနှင့် တစ်သက်တာပတ်လုံး လက်တွဲ၍ အလုပ်လုပ်ကိုင်ခွင့် ရလျှင် ကောင်းလေစွဟု ထိုစဉ်က သူ မျှော်လင့်တောင့်တခဲ့မိသည်။

“ဂွက်” ဟူသော အသံတစ်သံ မြည်ဟီးစွာ ထွက်ပေါ်လာသည်။ အာယနဲသည် မတ်ခွက်ကို စားပွဲပေါ်သို့ ချလိုက်သည်။ ထိုအခိုက်တွင် သူတို့နှစ်ဦးသည် အန်နဲဂေဟာထဲ၌ မျက်နှာချင်းဆိုင်လျက် ထိုင်နေကြသည်။ ပုံမှန်အားဖြင့်ဆိုလျှင် ထိုအချိန်၌ သင်တန်းများ ဖွင့်လှစ်ထားပေမည်။ သင်တန်းသားများသည် အဝတ်အပိုင်းအစများကို ညှပ်သူက ညှပ်၊ ချုပ်သူက ချုပ်နှင့် အလုပ်ရှုပ်နေကြမည် ဖြစ်သည်။ သို့သော် ထိုအခိုက်တွင် အခန်းထဲ၌ သူတို့နှစ်ဦးသာ ရှိနေကြသည်။ ဤသို့သော ဆိတ်ငြိမ်မှုမျိုးတွင် ဟိရောမိက မိုင်းဗုံးတစ်လုံး ခွဲချပစ်လိုက်သည်။

အာယနဲသည် လက်နှစ်ဖက်ဖြင့် မတ်ခွက်ကို ဆုတ်ကိုင်လျက် စကားဆိုလေသည်။ “ဟိရောမိ၊ နင်က ဆုံးဖြတ်ပြီးပြီ ဆိုတော့လည်း ဘာတတ်နိုင်တော့မှာလဲ”

“အခုလို တဇွတ်ထိုး လုပ်မိတဲ့အတွက် ကျွန်မ တောင်းပန်ပါတယ်” ဟိရောမိက ဦးညွှတ်လျက် တောင်းပန်နေသည်။

“တောင်းပန်စရာ မလိုပါဘူး။ နောက်နောင်မှာ အခက်အခဲတွေ ဖြစ်လာတော့မယ်ဆိုတာ ငါလည်း ကြိုတွေးထားပြီးသားပါ။ အခုလို ဖြစ်သွားတာကပဲ နှစ်ယောက်လုံးအတွက် အကောင်းဆုံး ဖြစ်နေမလား မပြောတတ်ဘူး”

“ကျွန်မရဲ့ အပြစ်တွေချည်းပါပဲ။ ကျွန်မ ဘာပြောရမှန်းတောင် မသိတော့ဘူး”

“တော်လောက်ပါပြီ။ နင် တောင်းပန်နေတာကို ငါ ထပ်မမြင်ချင်တော့ဘူး”

“ဟုတ်၊ ဆောရီးပါ …” ဟိရောမိသည် ခေါင်းငိုက်စိုက်ချလျက် မျက်ရည်များက လျှံကျရန်
တာစူနေကြလေသည်။
 သို့သော် မျက်ရည်များကို သူ ထိန်းထားလိုက်သည်။ သူ ငိုချလိုက်မိလျှင် အာယနဲအား ပိုမို၍ စိတ်ထိခိုက်သွားစေနိုင်သည်ဟု သူ ယူဆသည်။

ယခုတစ်ကြိမ်တွင် ဟိရောမိသည် အာယနဲထံသို့ ဖုန်းဆက်ခဲ့ခြင်း ဖြစ်သည်။ ပြောစရာ စကားရှိသောကြောင့် တစ်နေရာတွင် တွေ့ဆုံပါရစေဟု တောင်းဆိုခဲ့သည်။ အာယနဲသည် ထိုစဉ်က သူ့ကို အကြောင်းအရင်း မေးမနေတော့ဘဲ အန်နဲဂေဟာတွင် လာတွေ့ရန် ချိန်းဆိုလိုက်သည်။ အာယနဲက သူ့ကို အန်နဲဂေဟာတွင် လာတွေ့ရန် ချိန်းဆိုခဲ့ခြင်းသည် သူ ပြောမည့် စကားကို အာယနဲက ကြိုတင်ရိပ်စားမိနေသောကြောင့်သာ ဖြစ်ရမည်ဟု ဟိရောမိ တွေးကြည့်သည်။

လက်ဖက်ရည်ခွက် ချပြီးသည်နှင့် ဟိရောမိက လာရင်းကိစ္စကို ဖွင့်ပြောလိုက်လေသည်။ သင်တန်းကျောင်း၏ နည်းပြအဖြစ်မှ နှုတ်ထွက်တော့မည် ဖြစ်ကြောင်း။ တစ်နည်းဆိုရလျှင် အာယနဲ၏ လက်ထောက်အဖြစ်မှ နှုတ်ထွက်တော့မည် ဖြစ်ကြောင်း။

“ဒါပေမယ့် ဟိရောမိရယ်၊ နင် အဆင်ရောပြေရဲ့လား” အာယနဲက မေးသည်။ ဟိရောမိ ခေါင်းမော့လာသည်ကို မြင်ရသည့်အခါတွင် သူက ဆက်၍ ရှင်းပြသည်။ “ငါ ပြောချင်တာက နင် နောက်ပိုင်းကျရင် ဘယ်လို လုပ်မလဲ။
နင့်ရဲ့
 နေ့စဉ်အသုံးစရိတ်တွေကို ဘယ်လို ဖြေရှင်းမလဲ။ အလုပ်က ရှာရတာ လွယ်တာ မဟုတ်ဘူးလေ။ ဒါမှမဟုတ် နင့်အိမ်က နင့်ကို ထောက်ပံ့ပေးထားနိုင်လို့လား”

“ကျွန်မ ဘာကိုမှ မစဉ်းစား မဆုံးဖြတ်ရသေးပါဘူး။ မိသားစုကို ဒုက္ခမပေးချင်ဘူး ဆိုပေမယ့်လည်း သူတို့ကို အပူမကပ်လို့လည်း မရဘူး ထင်ပါတယ်။ ဒါပေမယ့် ကျွန်မမှာလည်း ဘဏ်စုငွေနည်းနည်းတော့ ရှိပါသေးတယ်။ အချိန်ကာလတစ်ခုထိတော့ တောင့်ခံနိုင်မှာပါ”

“နင့်စကားက အတော်ကို စိတ်ပူချင်စရာပဲ။ နင့်ပုံစံနဲ့ ဘယ်လောက် တောင့်ခံနိုင်မှာလဲ” အာယနဲသည် သူ၏ နားသယ်စပ်မှ ဆံပင်များကို နားရွက်ပေါ်သို့ အဆက်မပြတ် သပ်တင်နေသည်။ ၎င်းမှာ စိတ်ရှုပ်ထွေးလာလျှင် လုပ်နေတတ်သည့် သူ၏ အမူအကျင့်ပင် ဖြစ်သည်။ “ငါပဲ နေရာတကာ ဝင်ပါသလို ဖြစ်နေပြီလား မသိဘူး”

“ကျွန်မအစား စိတ်ပူပန်ပေးတဲ့အတွက် ဆရာမကို ကျေးဇူးတင်ပါတယ်။ ကျွန်မက ဆရာမအပေါ် မကောင်းခဲ့တာတောင်မှ …”

“တော် … တော် … အဲဒီလို သူစိမ်းဆန်တဲ့ စကားတွေ ထပ်မပြောနဲ့တော့”

အာယနဲ၏ တင်းမာသော လေသံကြောင့် ဟိရောမိ ကိုယ်မှာ အလိုလို တောင့်တင်းသွားလေသည်။ သူက နောက်တစ်ကြိမ် ခေါင်းကို ငိုက်စိုက်ချထားလိုက်မိသည်။

အာယနဲက တိုးညှင်းသော လေသံဖြင့် “ဆောရီးပဲ။ ငါ့လေသံက နည်းနည်း မာသွားတယ်။ ဒါပေမယ့် ဟိရောမိ၊ ငါ့ကို သူစိမ်းမဆန်ချင်စမ်းပါနဲ့။ ဒီနောက်ပိုင်းမှာ နင်နဲ့ အလုပ် အတူတူ တွဲလုပ်ခွင့် ရမှာ မဟုတ်တော့ဘူး ဆိုပေမယ့် နင် စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ ဖြစ်နေတာကိုပဲ ငါ မြင်ချင်တယ်။ အဲဒါ ငါ့ရဲ့ စိတ်ရင်းအမှန်ပဲ”

ဟိရောမိ၏ ရင်ထဲတွင် လှိုက်ကနဲ ခံစားလိုက်ရသည်။ တစ်စုံတစ်ခု ပြောလိုက်ချင်သောကြောင့် ဦးခေါင်းကို တုန်တုန်ယင်ယင် ဆွဲထူလိုက်သည်။ အာယနဲက ပြုံးချိုသော မျက်နှာထားဖြင့် သူ့ကို စိုက်ကြည့်နေလေသည်။ သူ၏ အပြုံးထဲတွင် အထီးကျန်မှု၏ အရိပ်အငွေ့များ ယှက်သမ်းနေသည်။ ဟန်ဆောင်ပန်ဆောင် လုပ်ပြနေခြင်းတော့ ဟုတ်ဟန် မတူ။ ဟိရောမိသည် “ဆရာမ” ဟု နှုတ်ခမ်းလှုပ်ရုံ ရေရွတ်လိုက်မိသည်။

“နောက်ပြီး ငါတို့ကို နာကျင်အောင် လုပ်ခဲ့တဲ့ လူကလည်း ဒီလောကမှာ မရှိတော့ဘူး မဟုတ်လား။ ဒီတော့ ငါတို့ အတိတ်ကို နောက်ကြောင်းပြန်မနေပါနဲ့တော့။ ဟုတ်ပြီလား”

အာယနဲ၏ နူးညံ့ပျော့ပျောင်းသော အသံကို ကြားသည့်အခါတွင် ဟိရောမိသည် ခေါင်းညိတ်ရုံမျှတစ်ပါး ဘာမျှ မတတ်နိုင်။ သူ့စိတ်ထဲတွင်မူ ထိုစကားကို သံသယဝင်နေဆဲ။ သူနှင့် မာရှိဘ ယိုရှီတာကာအကြားရှိ ချစ်ခြင်းမေတ္တာ၊ ချစ်သူကို စွန့်လွှတ်လိုက်ရသည့် ကြေကွဲဝမ်းနည်းမှု၊ အာယနဲအပေါ် သစ္စာဖောက်ခဲ့မိသည့်အတွက် ရရှိသော နောင်တတရား၊ ထို အမျိုးမျိုးသော စိတ်ခံစားမှုများသည် သူ၏ ရင်တွင်း၌ ကျောက်ထက်အက္ခရာကဲ့သို့ နက်နက်ရှိုင်းရှိုင်း စွဲထင်ကျန်ရစ်နေကြသည်။

“ဟိရောမိ၊ နင် ငါ့ဆီမှာ လာလုပ်နေတာ ဘယ်နှနှစ် ရှိပြီလဲ” အာယနဲက ဝမ်းမြောက်ကြည်နူးသော အသံဖြင့် မေးလိုက်သည်။

“သုံးနှစ်ကျော်ပြီ”

“ဟုတ်လား။ သုံးနှစ်တောင် ရှိသွားပြီလား။ ကျောင်းတက်နေတာ ဆိုရင်တော့ အခုလောက်ဆို ဘွဲ့ရလောက်ရောပေါ့။ ဒါဆို ဟိရောမိရေ၊ ဒီမှာလည်း နင်က ဘွဲ့ယူလို့ ကျောင်းက ခွာတော့မယ်လို့ပဲ သဘောထားရတော့မှာပဲ”

ဟိရောမိက ခေါင်းမခါမိစေရန် ကြိတ်မှိတ် မျိုသိပ်ထားရသည်။ ဤသို့သော ရွှေမှုန်ကြဲသည့် စကားများဖြင့် သူ့ကို လှုပ်ခတ်သွားအောင် လုပ်နိုင်တော့မည် မဟုတ်ဟု သူ တွေးနေမိသည်။

“ဟိရောမိ၊ နင့်ဆီမှာ ဒီအခန်းသော့ ရှိသေးတယ် မဟုတ်လား”

“အဲ ဟုတ်တယ်။ ဆရာမကို အခုပဲ ပြန်ပေးပါ့မယ်” ဟိရောမိသည် လက်ဆန့်ကာ နံဘေးမှ လက်ကိုင်အိတ်ကို လှမ်းယူလိုက်သည်။

“ကိစ္စမရှိပါဘူး။ နင် ယူထားလိုက်ဦး”

“ဒါပေမယ့် …”

“ဒီအခန်းမှာ နင့်ပစ္စည်းတွေ အများကြီး ရှိနေသေးတာပဲ ဥစ္စာ။ ပစ္စည်းတွေ ထုပ်ပိုးသိမ်းဆည်းဖို့က အချိန်ပေးရဦးမှာလေ။ တကယ်လို့ နင် လိုချင်တာ ရှိရင်လည်း ငါ့ကို အားမနာပါနဲ့။ လိုချင်တာသာ ယူသွားလိုက်။ နင် ဒီပန်းချီကားကိုလည်း လိုချင်နေတာ မဟုတ်လား” အာယနဲသည် ပြောပြီး မဆွက ဟိရောမိ ငေးကြည့်နေခဲ့သော စပ်ထည်ပန်းချီကားပေါ်သို့ သူ၏ အကြည့်ကို ရွှေ့ပြောင်းလိုက်သည်။

“အဲဒါ … အဆင်ပြေပါ့မလား”

“ပြေတာပေါ့။ အဲဒါ နင့်လက်နဲ့ ချုပ်ထားတဲ့ ပစ္စည်းပဲဟာ။ အဲဒီပန်းချီကားက ပြပွဲမှာတုန်းကလည်း လူကြိုက်များခဲ့တာ။ ငါက နင့်ကို လက်ဆောင်ပေးမယ်လို့ စိတ်ကူးထားလို့သာ လုံးဝ ရောင်းမထုတ်ဘဲ တမင် ချန်ထားခဲ့တာလေ”

ထိုစဉ်က အဖြစ်အပျက်များကို ဟိရောမိ မှတ်မိနေသေးသည်။ ပြပွဲတွင် ပြသထားသော ပစ္စည်းများ အားလုံးလိုလိုတွင် ဈေးနှုန်းတံဆိပ်များ ကပ်ထားခဲ့သော်လည်း ဤပန်းချီကားကိုမူ ရောင်းရန်မဟုတ်သော ပစ္စည်းအဖြစ် သတ်မှတ်ထားခဲ့သည်။

“ပစ္စည်းတွေ သိမ်းဆည်းတာ ဘယ်လောက်ကြာမယ် ထင်လဲ” အာယနဲက မေးသည်။

“ဒီနေ့နဲ့ မနက်ဖြန် နှစ်ရက်လောက်ပါပဲ”

“အဲဒီလိုလား။ ဒါဆို နင် ပစ္စည်းတွေ သိမ်းပြီးသွားရင် ငါ့ဆီ ဖုန်းဆက်ခဲ့လိုက်လေ။ အခန်းသော့ကိုတော့ … အပေါက်ဝက စာထည့်ပုံးထဲကိုပဲ ထည့်ခဲ့လိုက်တော့။ ပစ္စည်းတွေ မကျန်ခဲ့စေနဲ့နော်။ နင် သိမ်းလို့ ပြီးသွားတာနဲ့ ငါလည်း လူခေါ်ပြီး ဒီအခန်းကို ပြန်ပြင်ခိုင်းမလို့”

ဟိရောမိသည် နားမရှင်းသည့်ပုံဖြင့် မျက်တောင်ကို ပေကလပ် ပေကလပ် လုပ်နေသဖြင့် အာယနဲက သူ့ကို ပြုံးပြလိုက်သည်။ “ငါလည်း ဟော်တယ်မှာချည်း နေနေလို့ မဖြစ်ဘူးလေ။ ပထမအချက်က အဆင်မပြေဘူး။ ဒုတိယအချက်က စရိတ်ထောင်းတယ်။ ဒါကြောင့် အိမ်အသစ် ရှာမတွေ့ခင် အတောအတွင်းမှာ ဒီကို အရင် ပြောင်းနေမလို့”

“ဆရာမက အိမ်ပြန်နေဖို့ စိတ်ကူး မရှိသေးဘူးလား”

အာယနဲသည် လေပူကို မှုတ်ထုတ်ကာ ပခုံးနှစ်ဖက်ကို အောက်ချလျက် စကားဆိုသည်။ “အိမ်ပြန်နေဖို့ စဉ်းစားကြည့်သေးတယ်။ ဒါပေမယ့် မဖြစ်ပါဘူး။ အရင်တုန်းက ပျော်ရွှင်ခဲ့ရတဲ့ အမှတ်တရတွေ အားလုံးက အခုဆိုရင် နာကျင်စရာတွေအဖြစ် ပြောင်းကုန်ကြပြီ။ နောက်ထပ် ပိုပြီး အရေးကြီးတာက အဲဒီအိမ်က ငါတစ်ယောက်တည်းအတွက်တော့ ကြီးလွန်းနေတယ်။ တစ်ခါတလေကျ တွေးကြည့်မိတယ်။ ဒီလောက်ကြီးတဲ့ အိမ်ကြီးထဲမှာ သူတစ်ယောက်တည်း ဘယ်လိုများ နေခဲ့ပါလိမ့်လို့”

“ဆရာမက အဲဒီအိမ်ကို ရောင်းပစ်မလို့လား”

“လူသတ်မှု ဖြစ်ထားတဲ့အိမ်ကို ဝယ်ချင်တဲ့သူရော ရှိပါဦးမလား မပြောတတ်ဘူး။ အဲဒီကိစ္စကို မစ္စတာအီကာအိနဲ့ တိုင်ပင်ကြည့်ရဦးမယ်။ သူ့မှာ နည်းကောင်းလေး ဘာလေး ရှိချင် ရှိမှာပေါ့”

ဟိရောမိသည် ဘာပြန်ပြောရမည်မှန်း မသိသောကြောင့် စားပွဲပေါ်မှ မတ်ခွက်ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေမိသည်။ အာယနဲ ထည့်ထားခဲ့သော လက်ဖက်ရည်သည် ယခုလောက်ဆိုလျှင် အေးစက်နေတော့မည်။

“ဒါဆို ငါ ပြန်နှင့်တော့မယ်” အာယနဲသည် မတ်ခွက်အလွတ်ကို ကောက်ကိုင်ပြီး မတ်တတ်ထရပ်လိုက်သည်။

“ဒီမှာ ထားခဲ့လိုက်ပါ။ ကျွန်မ ဆေးလိုက်ပါ့မယ်”

“ဪ အေး၊ ကျေးဇူးပဲ” အာယနဲသည် မတ်ခွက်ကို စားပွဲပေါ် ပြန်ချပြီး ၎င်းကို စိုက်ကြည့်လျက် “ဒီခွက်တွေက နင် ယူလာတဲ့ ခွက်တွေ မဟုတ်လား။ သူငယ်ချင်းမင်္ဂလာဆောင်ကနေ လက်ဆောင်ရလာခဲ့တယ် ဆိုလား”

“ဟုတ်။ အဲဒီတုန်းက ကျွန်မကို ခွက်တစ်စုံ ပေးတာ”

ယခင်ကဆိုလျှင် ယင်းမတ်ခွက်နှစ်ခွက်ကို စားပွဲပေါ်တွင် တွေ့မြင်နေရမြဲ ဖြစ်သည်။ သူတို့နှစ်ဦး အလုပ်အကိုင်ကိစ္စ ဆွေးနွေးကြတိုင်း ၎င်းတို့ကို အသုံးပြုလေ့ရှိသည်။

“ဒါဆိုလည်း နင် အဲဒါတွေကိုပါ ယူသွားလိုက်တော့လေ”

ဟိရောမိက “ဟုတ်” ဟု တိုးတိုးသာသာ ပြန်ဖြေလိုက်သည်။ စင်စစ် သူသည် ဤခွက်များကို သယ်ဆောင်သွားရန် စိတ်ကူးမရှိပေ။ ဤခွက်များ၏ တည်ရှိနေမှုသည် အာယနဲအပေါ် တစ်စုံတစ်ရာ စိတ်အနှောင့်အယှက် ဖြစ်သွားစေနိုင်သည်ဟု တွေးလိုက်မိသည့် အခါတိုင်း သူ့ရင်ထဲ ပိုမို လေးပင်သွားရသည်။

အာယနဲသည် အိတ်ကို ပခုံးတွင် လွယ်လျက် အပေါက်ဝဆီသို့ လျှောက်သွားလေသည်။ ဟိရောမိက အနောက်မှ ကပ်လိုက်သွားသည်။ ဖိနပ်စီးပြီးသည်နှင့် အာယနဲသည် ဟိရောမိဘက်သို့ လှည့်ကာ “ခံစားချက်က တစ်မျိုးကြီးပဲ။ ဒီစာသင်ခန်းကို စွန့်ခွာဖို့ အလုပ်ထွက်သွားတဲ့သူက နင် ဖြစ်နေပါလျက်နဲ့ ဒီအခန်းထဲကနေ အရင်ဆုံး ထွက်သွားရတဲ့သူက ငါ ဖြစ်နေတယ်”

“ကျွန်မ အမြန်ဆုံး သိမ်းဆည်းလိုက်ပါ့မယ်။ ဒီနေ့တစ်ရက်တည်းနဲ့တောင် ပြီးချင် ပြီးနိုင်ပါတယ်”

“အဲဒီလောက် လောနေဖို့ မလိုပါဘူး။ ငါက အဲဒီလိုသဘောမျိုး ပြောတာ မဟုတ်ဘူး” အာယနဲသည် ဟိရောမိကို စိုက်ကြည့်ပြီး “အစစအရာရာ ဂရုစိုက်နော်”

“ဆရာမလည်း ကျန်းမာရေး ဂရုစိုက်ပါဦး”

အာယနဲက ခေါင်းညိတ်ပြီး တံခါးကို ဆွဲဖွင့်လိုက်သည်။ အခန်းအပြင်သို့ ရောက်သောအခါ သူသည် ဟိရောမိကို ပြုံးပြပြီး တံခါးကို ပြန်ပိတ်လိုက်သည်။

ဟိရောမိသည် ထိုနေရာမှာပင် ငုတ်တုတ်ထိုင်ချလိုက်ပြီး လေကို
အဆုတ်အတွင်းသို့
 အားရပါးရ ရှူသွင်းလိုက်သည်။ ဤအလုပ်ကို ထွက်ဖို့ ဆုံးဖြတ်ရသည်မှာ သူ့အတွက် လွယ်လှသည် မဟုတ်။ ငွေ ရပေါက်ရလမ်းများ လုံးဝ ဆုံးရှုံးသွားသည်။ သို့သော် သူ့တွင် တခြား ရွေးချယ်စရာ လမ်းမရှိပေ။ သူနှင့် ယိုရှီတာကာတို့၏ ဇာတ်လမ်းကို အာယနဲအား အမှန်အတိုင်း ဝန်ခံပြီးသည့်နောက်တွင် ယခင်ကကဲ့သို့ ဆက်လက် နေထိုင်သွားနိုင်မည်ဟု မျှော်လင့်နေခြင်းသည် လွန်စွာ ရူးမိုက်သော စိတ်ကူးသာ ဖြစ်သည်။ သူ့ကို အလုပ်ဖြုတ်ပစ်ရန် အာယနဲကိုယ်နှိုက်က ပြောဆိုခဲ့ခြင်း မရှိသော်လည်း ၎င်းလုပ်ရပ်မှာ အာယနဲက သူ့ကို ခွင့်လွှတ်ပါသည်ဟု ဆိုလိုရာ မရောက်ကြောင်း ဟိရောမိ ကောင်းကောင်း သိသည်။

ထို့အပြင် … … ဟိရောမိသည် လက်တစ်ဖက်ကို ဝမ်းဗိုက်ပေါ်သို့ တင်လိုက်သည်။

ဝမ်းဗိုက်ထဲတွင် ကလေးတစ်ယောက်ကို လွယ်ထားရသည်။ ယင်းကလေးကိစ္စနှင့် ပတ်သက်၍ မည်သို့ စီစဉ်ထားသနည်းဟု အာယနဲက မေးလာခဲ့ပါလျှင် … ။ ထိုသို့ မေးလာမည်ကို သူ စက္ကန့်မလပ် စိတ်ပူနေခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူ ကိုယ်တိုင်ပင် ဆုံးဖြတ်၍ မရနိုင်သေးသောကြောင့်ပင်။

အာယနဲသည် ကလေးကိစ္စကို အဘယ်ကြောင့် စကား မဟခဲ့သနည်း။ ဟိရောမိက ယင်းကလေးကို ဖျက်ချပစ်လိမ့်မည်ဟု အပိုင် တွက်ထားသောကြောင့်ပေလော။ ရင်တွင်းမှ ဤကလေးငယ်ကို ခလုတ်မထိ ဆူးမငြိအောင် ဟိရောမိက မွေးမြူထားလိမ့်မည်ဟု အာယနဲသည် တွေးပင် တွေးကြည့်ဖူးလိမ့်မည် မထင်။

သို့တစေ ဟိရောမိခမျာ
ချီတုံချတုံ
 ဖြစ်မြဲ ဖြစ်နေဆဲ။ မဟုတ်သေး။ အကယ်၍သာ သူ့ရင်၏ အနက်ရှိုင်းဆုံး တစ်နေရာကို စစ်ဆေးလေ့လာကြည့်မည် ဆိုလျှင် အဖြေတစ်မျိုးတည်းကိုသာ ရှာတွေ့နိုင်ပေလိမ့်မည်။ ၎င်းမှာ ကလေးကို မွေးထုတ်မည် ဟူ၍။ သူ ကိုယ်တိုင်လည်း ဤအချက်ကို သတိထားမိနေသည်။

သို့သော် ကလေးကို မွေးထုတ်မည်ဟု ဆုံးဖြတ်ထားသည် ဆိုစေဦးတော့။ ဤကလေးကို မည်သို့သော အနာဂတ်ဘဝခရီးက စောင့်မျှော်နေမည်နည်း။ သူ၏ မိဘများထံသို့ ကလေးကို ပို့ထားမည် မဟုတ်ကြောင်း သူ ဆုံးဖြတ်ထားပြီး ဖြစ်သည်။ မိဘနှစ်ပါးမှာ ကျန်းကျန်းမာမာနှင့် သန်မာဖျတ်လတ်နေဆဲ ဖြစ်သော်လည်း သူတို့၏ဘဝကလည်း ချောင်လည်လှသည်တော့ မဟုတ်။ ထို့အပြင် ထိုလူကြီးများသည် လူ့ဘောင်လူ့စည်းကမ်းကို အသက်တမျှ ထိန်းသိမ်းစောင့်ရှောက်တတ်ကြသော ရှေးလူကြီးများ ဖြစ်သည့် အားလျော်စွာ သမီးဖြစ်သူက စနိုက်ကြော်မ ဖြစ်နေသည့်အပြင် ပိုင်ရှင်မဖော်ဝံ့သော ကလေးတစ်ယောက်ကို လွယ်ထားရသည်ဟု သိရသည့်အခါတွင် ယမ်းပုံမီးကျ ထိန်းမနိုင် သိမ်းမရအောင် ဒေါပွကြပေတော့မည်။

ကလေးကို ဖျက်ချလိုက်ခြင်းသည်ကသာ အကောင်းဆုံး ဖြစ်မည်လော။ ဤမေးခွန်းကို စဉ်းစားမိသည့် အခါတိုင်း ဟိရောမိတွင် တူညီသော အဖြေတစ်ခုတည်းကိုသာ ရရှိခဲ့သည်။ ထိုအဖြေကို ပယ်ရှားနိုင်ရန်အတွက် သူသည် ရှောင်တိမ်းနိုင်မည့် နည်းလမ်းကိုသာ ဦးနှောက်ပွင့်ထွက်လုမတတ် ဖွေရှာခဲ့မိသည်။ ယိုရှီတာကာ ဆုံးပါးသွားသည့် အချိန်မှ စ၍ သူသည် ဤသို့သော ယောင်တိယောင်ဝါး ဘဝထဲ၌ ရှင်သန်နေရလေသည်။

သူ၏ မိုက်မဲသော အတွေးစများကို ခေါင်းယမ်း၍ ခါထုတ်နေစဉ်မှာပင် လက်ကိုင်ဖုန်းမှ ဖုန်းသံမြည်လာသည်။ သူသည် မတ်တတ်ထကာ စားပွဲရှိရာသို့ ပြန်လျှောက်လာသည်။ ထိုင်ခုံပေါ်ရှိ လက်ကိုင်အိတ်ထဲမှ ဖုန်းကို ဆွဲထုတ်လိုက်သည်။ ဖုန်းမျက်နှာပြင်တွင် ပေါ်နေသော နံပါတ်ကို သူ မှတ်မိနေသည်။ မကိုင်ဘဲ ပစ်ထားလိုက်ရန် စိတ်ကူးပြီးကာမှ ဖုန်းလက်ခံခလုတ်ကို နှိပ်ချလိုက်လေသည်။ တစ်ဖက်မှ ဖုန်းခေါ်သူသည် လွယ်လွယ်နှင့် လက်လျှော့တတ်သည့် လူစားမျိုးမဟုတ်။ ဖုန်းမကိုင်ဘဲ ပစ်ထားရုံဖြင့် သူ့ကို အနှောင့်အယှက် မပေးတော့ဘဲ ချမ်းသာခွင့် ပေးမည့်သူမျိုး မဟုတ်သောကြောင့် ဖြစ်သည်။

သူက “ဟယ်လို” ဟု ထူးလိုက်သည့်အခါ အသံမှာ ရည်ရွယ်မထားဘဲ နက်ရှိုင်းတိမ်ဝင်နေသည်။

“ဟယ်လို၊ ကျွန်မ ဥကျုမိပါ။ အခု စကားပြောလို့ အဆင်ပြေလား မသိဘူး”

“ပြောလို့ ရပါတယ်”

“အားတော့ နာပါတယ်ရှင်။ ကျွန်မ ရှင့်ကို မေးခွန်းနည်းနည်း မေးချင်လို့ပါ။ တစ်နေရာရာမှာ လူချင်းဆုံပြီး စကားပြောလို့ ရမလား”

“ဘယ်အချိန်လောက်လဲ”

“မြန်လေကောင်းလေပဲ”

ဟိရောမိသည် ထွက်သက်ကို အားရပါးရ မှုတ်ထုတ်လိုက်သည်။ တစ်ဖက်လူ ကြားချင် ကြားပါစေတော့ ဟူသည့် သဘောမျိုး။ “ဒီလိုလုပ်ပါလား။ ရှင်တို့ ကျွန်မဆီ လာခဲ့ပါလား။ ကျွန်မအခု သင်တန်းကျောင်းမှာ ရှိတယ်”

“ဒိုင်ကန်ယာမမှာလား။ မစ္စစ်မာရှိဘရော အဲဒီမှာ ရှိလားမသိဘူး”

“မရှိဘူး။ သူ ဒီနေ့ ပြန်မလာလောက်တော့ဘူး။ ဒီမှာ ကျွန်မတစ်ယောက်တည်း ရှိနေတာပါ”

“ဟုတ်ကဲ့။ သဘောပေါက်ပါပြီ။ ကျွန်မ အခုပဲ ထွက်လာခဲ့ပါမယ်” ပြောပြီး တစ်ဖက်မှ ဖုန်းချသွားသည်။

ဟိရောမိက တွေးမိသည်။ သင်တန်းကျောင်းမှ အလုပ်ကို ထွက်ပစ်လိုက်ရုံဖြင့် မည်သည့် ပြဿနာမျှ ပြေလည်သွားလိမ့်မည် မဟုတ်ပေ။ အမှုမှန် မပေါ်ပေါက်မချင်း ရဲဘက်သည် သူ့ကို မည်သည့်နည်းနှင့်မျှ အလွတ်ပေးလိမ့်မည် မဟုတ်။ ကလေးကို လူမသိ သူမသိ တိတ်တဆိတ် မွေးမြူရန် ရည်ရွယ်ထားသော မူလစိတ်ကူးသည် တကယ်တော့ ဖြစ်နိုင်ဖို့ မလွယ်လှချေ။

သူသည် မတ်ခွက်ထဲမှ လက်ကျန် လက်ဖက်ရည်ကို မော့ချလိုက်သည်။ ထင်ထားသည့်အတိုင်း လက်ဖက်ရည်မှာ အေးစက်နေလေပြီ။

ဤနေရာတွင် အလုပ်လုပ်ခဲ့စဉ် သုံးနှစ်တာ ကာလအတွင်းမှ
အဖြစ်အပျက်များသည်
 သူ၏ ဦးနှောက်ထဲတွင် အသေးအမွှားကအစ အကုန်လုံး ပြန်လည် ထင်ပေါ်လာကြသည်။ မူလက အပျင်းပြေရုံ အပျော်သက်သက်ဟု သဘောထား၍ သင်ယူခဲ့သော စပ်ထည်ပညာသည် သုံးလဟူသည့် ကာလတိုလေးအတွင်းတွင် သူကိုယ်တိုင် အံ့အားသင့်ရလောက်အောင် တိုးတက်အောင်မြင်လာခဲ့သည်။ အာယနဲက သူ့အား လက်ထောက်အဖြစ် ဆောင်ရွက်ပေးရန် ကမ်းလှမ်းလာသည့် အခါတွင်မူ သူသည် တစ်ချက်ကလေးမျှ တုံ့ဆိုင်းတွေဝေခြင်းမရှိဘဲ ချက်ချင်း သဘောတူခဲ့သည်။ သူသည် ကုမ္ပဏီဝန်ထမ်းဘဝကို အစောကြီးကတည်းက ငြီးငွေ့နေခဲ့သည်။ အဓိပ္ပာယ်ကင်းမဲ့သော အလုပ်များကို စက်ရုပ်တစ်ရုပ်ကဲ့သို့ နိစ္စဓူဝ လုပ်နေရခြင်းအပေါ် စိတ်ပျက်နေခဲ့သည်။

ဟိရောမိသည် အခန်းထောင့်တစ်နေရာရှိ ကွန်ပျူတာကို ခေါင်းလှည့်ကြည့်လိုက်သည်။ သူနှင့် အာယနဲတို့ အတူတကွ ဒီဇိုင်းဆွဲခဲ့ကြသည့် နေ့ရက်များအတွင်း၌ ကွန်ပျူတာအတွင်းရှိ
ပုံဆွဲဆော့ဖ်ဝဲသည်
 သူတို့ကို များစွာ အကျိုးပြုခဲ့လေသည်။ တစ်ခါတစ်ရံတွင် အရောင်စပ်သည့် အလုပ်တစ်ခုတည်းအတွက်နှင့် ညလုံးပေါက် ထိုင်ခဲ့ရဖူးသည်။ သို့သော် ပင်ပန်းသည်ဟု သူ မမှတ်ထင်ခဲ့။ ဒီဇိုင်းကို အတည်ပြုပြီးသည်နှင့် သူတို့နှစ်ဦးသည် အပြင်ထွက်၍ လိုအပ်သည့် ပိတ်စများကို အတူတကွ ဝယ်ယူခဲ့ကြသည်။ နှစ်ဦးသား ညှိနှိုင်းတိုင်ပင်၍ စိတ်ကြိုက် အရောင်တွဲများကို မူလကတည်းက အတည်ပြုခဲ့ကြပြီး ဖြစ်သော်လည်း အရောင်းဆိုင်ထဲတွင် မြင်တွေ့ရသော ပိတ်စတချို့၏ အရောင်အသွေးများကြောင့် အရောင်စပ်များကို ရုတ်ခြည်း ပြောင်းလဲပစ်လိုက်ရသည်မျိုးလည်း ရှိခဲ့ဖူးသည်။ ထိုသို့သော အဖြစ်မျိုး ကြုံတွေ့ကြရသည့် အခါတိုင်းတွင် နှစ်ယောက်စလုံးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မချိုမချဉ် ပြုံးမိတတ်ကြသည်။

ဤသို့သော ဘဝမျိုးမှာ ကျေနပ်အားရဖွယ် ကောင်းပေစွ။ သို့ပါသော်လည်း ယခုအခါတွင် အဘယ်သို့သော အကြောင်းကြောင့် သည်ဘဝ သည်အခြေ ရောက်ရှိနေရသနည်း။

ဟိရောမိသည် ခေါင်းကို
ခါယမ်းလိုက်သည်။
 အကြောင်းအရင်းကို သူ့ထက် ပိုသိသူ ရှိနိုင်ပါဦးမည်လော။ ပြဿနာအားလုံး၏ အဓိက တရားခံသည် သူသာလျှင် ဖြစ်သည်ဟု သူ မှတ်ယူသည်။ သူသည် အခြား အမျိုးသမီးတစ်ဦး၏ လင်ယောက်ျားကို ခိုးယူပေါင်းသင်းခဲ့သည်။ ထို့အပြင် ထိုအမျိုးသမီးမှာ သူ၏ ကျေးဇူးရှင် ဆရာသမားပင် ဖြစ်နေလိုက်သေးသည်။

သူနှင့် မာရှိဘ ယိုရှီတာကာတို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြသော အချိန်ကို ဟိရောမိ ကောင်းစွာ မှတ်မိနေသေးသည်။ ထိုစဉ်က သူသည် စာသင်ရန်အတွက် ဤအခန်းထဲတွင် သင်ခန်းစာများကို ပြင်ဆင်နေသည်။ အာယနဲသည် ဟိရောမိထံ ဖုန်းဆက်လာပြီး အမျိုးသားတစ်ယောက် သူ့ကို လာတွေ့မည် ဖြစ်သောကြောင့် ထိုအမျိုးသားကို ကောင်းစွာ ဧည့်ခံပေးထားရန် သူ့အား မှာကြားခဲ့သည်။ ထိုစဉ်က အာယနဲသည် သူတို့နှစ်ယောက်အကြောင်းကို ဟိရောမိအား အတိအလင်း ပြောပြခဲ့ခြင်း မရှိပေ။

များမကြာခင် ထိုအမျိုးသား ရောက်ရှိလာသည်။ ဟိရောမိသည် သူ့ကို ဧည့်ခန်းထဲသို့ ခေါ်ဆောင်လာပြီး ဂျပန်လက်ဖက်ရည်ဖြင့် သူ့ကို တည်ခင်းဧည့်ခံလေသည်။ ထိုသူသည် အခန်းတွင်းရှိ လေးဘက်လေးတန်သို့ စိတ်ဝင်တစား ငေးမောကြည့်ရှုကာ တောင်တောင်ဤဤ လျှောက်မေးနေခဲ့သည်။ သူ၏ ကိုယ်ပေါ်တွင် အရွယ်ရောက်ပြီး ယောက်ျားတစ်ယောက်၏ တည်ငြိမ်ရင့်ကျက်မှုမျိုးနှင့် ဆယ်ကျော်သက် လူငယ်တစ်ယောက်၏ ဖုံးမနိုင် ဖိမရသော စူးစမ်းချင်စိတ်တို့ ပေါင်းစပ်ရောယှက်နေသည်။ သူနှင့် သုံးလေးခွန်းမျှ စကားပြောကြည့်ရုံမျှဖြင့် သူ့တွင် သာမန်ထက်ပိုလွန်သော အသိဉာဏ်မျိုး ပိုင်ဆိုင်ထားကြောင်း ဟိရောမိ ခံစားသိရှိနိုင်သည်။

အာယနဲ ပြန်ရောက်လာသည့် အခါတွင် သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးသည်။ အာယနဲ၏ စကားအရ သူနှင့် ထိုအမျိုးသားသည် ပါတီပွဲတစ်ခုတွင် တွေ့မြင်ရင်းနှီးခဲ့ကြခြင်း ဖြစ်သည်။ ထိုအချက်မှာ ဟိရောမိအတွက် အံ့အားသင့်ဖွယ်ရာ ဖြစ်နေသည်။ အာယနဲနှင့် ထိုပါတီပွဲမျိုးကို သူ မည်သို့မျှ ဆက်စပ်ကြည့်၍ မရပေ။

အတိတ်ကို ပြန်တွေးကြည့်သည်။ ဟိရောမိသည် ထိုစဉ်ကတည်းက ယိုရှီတာကာအပေါ် အကောင်းမြင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေခဲ့သည်ဟု ဆိုရမည်။ သူတို့နှစ်ဦးမှာ ချစ်သူရည်းစားများ ဖြစ်ကြောင်း အာယနဲ၏ နှုတ်မှ ကြားလိုက်ရသည့်အခါတွင် သူ့ရင်ထဲ၌ မနာလိုမှုဟု ခေါ်ဆိုနိုင်သည့် ခံစားမှုတစ်မျိုး ပေါက်ဖွားလာခဲ့ဖူးကြောင်း သူ ကောင်းကောင်း မှတ်မိနေသေးသည်။

ရင်တွင်း၌ ချစ်စိတ်ကလေး ပေါက်ဖွားလာခဲ့ပြီ ဆိုသည်နှင့် တစ်ပြိုင်နက် ခံစားချက်များ မည်မျှ အေးစက်မာကြောနေခဲ့ပါသည် ဆိုစေ၊ ထိုချစ်စိတ်ကလေးသည် လွယ်လွယ်နှင့် မည်သို့မျှ ပျောက်ကွယ်သွားနိုင်တော့မည် မဟုတ်ပေ။ အာယနဲနှင့် ယိုရှီတာကာတို့ အိမ်ထောင်ပြုပြီးသည့်နောက်တွင် ဟိရောမိသည် မာရှိဘအိမ်သို့ စတင် ဝင်ထွက်လာခဲ့သည်။ ယိုရှီတာကာနှင့် ပို၍ပင် နီးစပ်လာသည်ဟု ခံစားခဲ့ရသည်။ သူနှင့် နှစ်ယောက်တည်း သီးသန့် နေခွင့်ရသည့် အခွင့်အရေးမှာလည်း များသည်ထက် များလာခဲ့သည်။

သို့သော် ဟိရောမိသည် သူ၏ ခံစားချက်ကို ယိုရှီတာကာအား လှစ်ဟဖော်ပြရန် စိတ်ကူးပင် မရှိခဲ့စဖူး။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ယိုရှီတာကာကို ဖိအားပေးရာ ရောက်သွားလိမ့်မည်ဟု သူ နားလည်ထားသည်။ ထို့အပြင် ယိုရှီတာကာနှင့် တစ်မူထူးခြားသည့် ဆက်ဆံရေးတစ်ခု တည်ဆောက်ရန်လည်း သူ့တွင် ဆန္ဒမရှိခဲ့။ မိမိအား ဆွေမျိုးရင်းချာတစ်ယောက်ကဲ့သို့ ဆက်ဆံနေလျှင်ပင် လုံလောက်ပြီဟု သူ မှတ်ယူခဲ့သည်။

ဟိရောမိသည် သူ၏ စိတ်ခံစားချက်များကို တကူးတက ဖုံးကွယ်မျိုသိပ်ထားခဲ့သော်လည်း ယိုရှီတာကာသည် သူ၏ မရိုးသားသော ချစ်စိတ်များကို ရိပ်စားမိနေခဲ့သောကြောင့် သူ့အပေါ် ထားရှိသော သဘောထားမှာလည်း တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ မိမိ၏ နှမငယ်တစ်ယောက်ကဲ့သို့ ကြည့်ရှုနေသည့် နူးညံ့ပျော့ပျောင်းသော မျက်ဝန်းများထဲတွင်
ထူးခြားဆန်းကြယ်သည့်
 
အရောင်အဆင်းများ
 ယှက်ဖွဲ့ရောစပ်လာခဲ့သည်။ ထိုအချက်ကို ဟိရောမိ သတိထားမိလာသည့်အခါတွင် သူ့ရင်ထဲ တထိတ်ထိတ် ခုန်ခဲ့ရသည်မှာလည်း ငြင်းကွယ်၍ မရသော အမှန်တရားတစ်ခုပင်။

လွန်ခဲ့သော သုံးလခန့်၏ ညတစ်ည ဤစာသင်ခန်းထဲ၌ အလုပ်လုပ်နေစဉ် ယိုရှီတာကာထံမှ ဖုန်းဝင်လာသည်။ “အာယနဲက ပြောတယ်။ နင် အခုတလော အမြဲတမ်း ညဉ့်နက်တဲ့အထိ အလုပ်လုပ်နေရတယ်ဆို။ သင်တန်းကျောင်းဘက်က အလုပ်က အတော်လေး ရှုပ်နေတာလား”

တောင်တောင်ဤဤ လျှောက်ပြောပြီးနောက်တွင် ခေါက်ဆွဲအတူစားရန် သူ့ကို ချိန်းဆိုလေတော့သည်။ ယိုရှီတာကာ
ကိုယ်နှိုက်ကလည်း
 ညဉ့်နက်သည်အထိ အချိန်ပို ဆင်းနေရသည်။ ခေါက်ဆွဲဆိုင်တစ်ဆိုင်သို့ သွားရောက် မြည်းစမ်းကြည့်ချင်သည်ဟု ဆိုလေသည်။

ဟိရောမိလည်း ဗိုက်ဆာနေသောကြောင့် ချက်ချင်း သဘောတူလိုက်သည်။ ထို့နောက် ယိုရှီတာကာသည် ကားဖြင့် သူ့ကို လာကြိုလေသည်။ သူနှင့် နှစ်ယောက်တည်း နေနေရသောကြောင့်လောဟု မဆိုနိုင်။ ထိုစဉ်က စားသုံးခဲ့သော ခေါက်ဆွဲသည် ဟိရောမိကို များစွာ ဆွဲဆောင်နိုင်ခြင်း မရှိခဲ့ပေ။ ယိုရှီတာကာ လှုပ်ရှားမှု ပြုလုပ်လိုက်သည့် အကြိမ်တိုင်းတွင် ဟိရောမိ၏ ကိုယ်နှင့် ထိတွေ့တိုက်ခိုက်မိတတ်ကြသည်။ သူ ယနေ့အချိန်ထိ အမှတ်ရနေသည်များမှာ ၎င်းအထိအတွေ့များသာ။

ပြီးနောက် ယိုရှီတာကာသည် သူ့ကို အိမ်သို့ ပြန်ပို့ပေးသည်။ တိုက်ခန်းရှေ့၌ ကားရပ်လိုက်သည့်အခါတွင် သူ့ကို ပြုံးလျက် “နောက်ကျရင်ရော အခုလို ခေါက်ဆွဲတို့ ဘာတို့ အတူစားခွင့် ရနိုင်ဦးမလား”

“ရပါတယ်။ အချိန်မရွေးပေါ့” ဟိရောမိက ပြန်ဖြေသည်။

“ကျေးဇူးပဲ။ မင်းနဲ့ အတူရှိနေရတာ စိတ်ထဲမှာ အေးချမ်းနေသလိုပဲ”

“ဟုတ်လား”

“ကိုယ့်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာ ဒဏ်ရာတွေ ဗရပွ ဖြစ်နေပြီ”

သူသည် သူ၏ ရင်ဘတ်နှင့် ဦးခေါင်းကို လက်ညှိုးဖြင့် ထောက်ပြပြီး ဟိရောမိကို လေးလေးနက်နက် စိုက်ကြည့်နေသည်။ “မင်းကို ကျေးဇူးတင်တယ်။ ဒီည ကိုယ် အရမ်းပျော်တာပဲ”

“ကျွန်မလည်း အတူတူပါပဲ”

ဟိရောမိ၏ စကား ဆုံးသည်နှင့် ယိုရှီတာကာသည် လက်နှစ်ဖက်ကို ဆန့်တန်းကာ သူ၏ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။ ဟိရောမိသည် တန်ပြန်တွန်းလှန်ခြင်း မပြုတော့ဘဲ သူ၏ ရင်ခွင်ထဲသို့ ရောက်ရှိသွားလေသည်။ ထို့နောက် အနမ်းများ … ။

နောက်ဆုံးတွင် “ဂွတ်နိုက်” ဟု အပြန်အလှန် နှုတ်ဆက်လိုက်ကြသည်။

ထိုနေ့ညက ဟိရောမိ၏ ရင်မှာ တဆတ်ဆတ် တုန်ခါနေခဲ့သည်။ ညဉ့်နက်သည်အထိ တော်တော်နှင့် အိပ်မပျော်ခဲ့။ သို့သော် အမှားကြီးတစ်ခု ကျူးလွန်ခဲ့သည်ကိုမူ သူ သတိမထားမိခဲ့ပေ။ သူတို့နှစ်ဦးသာ သိသော လျှို့ဝှက်ချက်လေးတစ်ခု ပိုင်ဆိုင်ခဲ့ပြီဟုသာ မှတ်ယူထားခဲ့သည်။

များမကြာလိုက်။ သူ၏ အမှားသည် လုံးဝ ပြုပြင်၍ မရတော့သည့် အမှားတစ်ခု ဖြစ်ကြောင်း ဟိရောမိ သိလာရသည်။ ယိုရှီတာကာ၏ ပုံရိပ်သည် သူ၏ ရင်ထဲတွင် နေ့ညမပြတ် ကြီးထွားရှင်သန်လာခဲ့သည်။ မည်သည့်အလုပ်ကို လုပ်နေသည် ဖြစ်စေ၊ သူ၏ ရုပ်ပုံမှာ ဦးနှောက်ထဲတွင် သံမှိုစွဲသကဲ့သို့ မြဲမြံထင်ရှား တည်ရှိနေလေတော့သည်။

မည်သို့ဆိုစေ၊ အကယ်၍သာ သူတို့နှစ်ဦးသား ပြန်လည်ဆုံတွေ့ခွင့် မရကြလျှင် ၎င်းဝေဒနာသည် အချိန် ကြာလာသည်နှင့်အမျှ လွင့်ပြယ်သွားရမည်သာ ဖြစ်သည်။ သို့သော် ထိုနောက်ပိုင်းတွင်မူ ယိုရှီတာကာသည် ဟိရောမိကို ပိုမို၍ ချိန်းဆိုလာခဲ့လေသည်။ ဟိရောမိသည်လည်း ဖုန်းအလာကို စောင့်ဆိုင်းချင်ရုံသက်သက်ဖြင့် စာသင်ခန်းအတွင်း၌ ထိုင်စောင့်နေသော နေ့ရက်များကလည်း များသည်ထက် များလာခဲ့သည်။

ဟိရောမိ၏ နှလုံးသားသည် ကြိုးပြတ်သွားသော မိုးပျံပူဖောင်းကဲ့သို့ အထိန်းအကွပ်မဲ့စွာ မိုးယံထက်၌ ဝဲပျံနေလေသည်။ ယောက်ျားနှင့်မိန်းမ အကြားရှိ နောက်ဆုံးစည်းတစ်ခုကို ကျော်ခွလိုက်မိသည့် အချိန်ရောက်မှ ဤအခြေအနေသည် မည်မျှ စိုးရိမ်ဖွယ် ကောင်းကြောင်းကို သတိထားလိုက်မိတော့သည်။ သို့သော် ထိုနေ့ညက ယိုရှီတာကာသည် ဟိရောမိ၏ ရင်တွင်းမှ သောကများကို မှုတ်ထုတ်လွင့်ပြယ်စေနိုင်သော စကားတစ်ခွန်းကို ဟိရောမိအား ပြောကြားခဲ့သည်။

များမကြာခင်သော အချိန်အတွင်း၌ သူသည် အာယနဲနှင့် လမ်းခွဲတော့မည် ဟူ၍။

“သူနဲ့ မင်္ဂလာဆောင်ရတဲ့ အဓိက ရည်ရွယ်ချက်က ကလေးလိုချင်လို့ ဆိုတာ ကိုယ် မင်းကို ပြောခဲ့ဖူးပါတယ်။ တစ်နှစ်အတွင်းမှာမှ ကလေးတစ်ယောက် မလွယ်နိုင်ခဲ့ဘူး ဆိုရင် လမ်းခွဲကြဖို့ အစောကြီးကတည်းက သဘောတူခဲ့ကြပြီးသား။ အခုဆို အချိန်က ၃ လပဲ ကျန်တော့တယ်။ သူ ရနိုင်မယ် မထင်တော့ဘူး။ အဲဒါကို ကိုယ် အသိဆုံးပါ”

သူ၏ စကားသံက အေးစက်မာကြောနေသည်။ သို့သော် ထိုစဉ်က ကြားနာခဲ့ရသော ဟိရောမိအတွက်မူ အာမခံချက်တစ်ခုနှယ် ပြည့်ဝခိုင်မာနေသည်။ သူသည် ထိုစဉ်က ကိုယ့်တစ်ဖို့တည်းကိုသာ ကြည့်တတ်သော အတ္တကြီးသူတစ်ယောက် ဖြစ်နေခဲ့ချေပြီတကား။

အတိတ်၏ မှတ်ဉာဏ် အစအနများကို ပြန်ကောက်ကြည့်သည့် အခါတွင် သူတို့နှစ်ဦး အာယနဲကို သစ္စာဖောက်ခဲ့ကြခြင်းသည် လွန်စွာမှ ရက်စက်ရာ ကျခဲ့ကြောင်းကို ဟိရောမိ ကိုယ်ချင်းစာလာမိသည်။ အာယနဲက သူတို့အား မည်မျှပင်
မုန်းတီးရွံရှာနေပါစေ၊
 သူ့အလွန် မဟုတ်။

မဟုတ်မှ လွဲရော …

ယိုရှီတာကာကို လုပ်ကြံသတ်ဖြတ်ခဲ့သူမှာ အာယနဲပင် ဖြစ်လေမလား။ မိမိအား ဤမျှ နူးညံ့ပျော့ပျောင်းစွာ ဆက်ဆံနေခြင်းသည် သူ့အား သံသယမျက်လုံးများမှ ကင်းဝေးသွားစေရန်အတွက်
လီဆယ်လှည့်ဖြားနေခြင်းပေလော။

သို့သော် သူ့တွင် အလီဘိုင် ရှိနေသည်။ ရဲဘက်မှလည်း သူ့အား စိုးစဉ်းမျှ သံသယ ရှိပုံ မရ။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် အခင်းဖြစ်ပွားသည့်နေ့တွင် သူ မည်သို့မျှ အမှုမလုပ်နိုင် ဟူသည့် အရှိတရားကို မည်သည့်နည်းနှင့်မျှ တွန်းလှန်ချေပ၍ မရကြောင်း သိသာနေသည်။

သို့ရာတွင် အာယနဲမှ လွဲ၍ ဤလောကတွင် ယိုရှီတာကာကို သေစေလိုသော တခြားလူ တစ်ဦးတစ်ယောက် ရှိနိုင်ပါဦးမည်လော။ ဤမေးခွန်းကို စဉ်းစားကြည့်လိုက်သည့် အခါတွင် တခြားသော စိုးရိမ်သောကတစ်မျိုးသည် သူ၏ ရင်ထဲ၌ လှိုက်တက်လာပြန်သည်။ ကလေးကို မွေးဖွားရန် ဆန္ဒပြင်းပြနေခဲ့သော်လည်း မိမိကလေး၏ ဖခင်အကြောင်းကိုမူ သူ များများစားစား သိထားခဲ့ခြင်း မရှိပေ။

အနက်ရောင် အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားသော ဥကျုမိ ရောက်ရှိလာသည်။ လွန်ခဲ့သော နာရီဝက်ခန့်က အာယနဲ ထိုင်သွားခဲ့သော နေရာတွင် ထိုင်လိုက်ပြီးသည့်နောက် အနှောင့်အယှက် ပေးမိသည့်အတွက် တောင်းပန်ကြောင်း နောက်တစ်ကြိမ် ဦးညွှတ် တောင်းပန်နေပြန်သည်။

“ရှင် ကျွန်မဆီ အကြိမ်တစ်သောင်းမက လာလည်း အမှုမှန်ကို ဖော်ထုတ်နိုင်မှာ မဟုတ်ဘူး။ ကျွန်မက မစ္စတာမာရှိဘအကြောင်းကို များများစားစား နားလည်ထားတာ မဟုတ်ဘူးလေ”

“ရှင်က သူ့အကြောင်းကို နားမလည်ဘဲနဲ့တောင် သူနဲ့ အဲဒီလောက် လွန်လွန်ကျူးကျူး ဖြစ်ခဲ့ကြသေးတာလား” မှုခင်းရဲမေ၏ စကားကြောင့် ဟိရောမိသည် နှုတ်ခမ်းတစ်စုံကို ခပ်တင်းတင်း ဖိကိုက်လိုက်မိသည်။

“သူ့ရဲ့ စိတ်ခံစားမှုတွေကိုတော့ ကျွန်မ ကောင်းကောင်း နားလည်ထားတယ်လို့ ယူဆတာပဲ။ ဒါပေမယ့် အဲဒါက အမှုစစ်ဖို့အတွက် အသုံးမကျဘူး မဟုတ်လား။ ကျွန်မ ပြောပြီးပြီပဲလေ။ သူရဲ့ အတိတ်နဲ့ လုပ်ငန်းကိုင်ငန်းက ပြဿနာတွေကို ကျွန်မ မသိဘူး”

“အမှုစုံစမ်းတဲ့အခါမှာ လုပ်ကြံခံရသူရဲ့ စိတ်ခံစားမှုကိုလည်း နားလည်ထားဖို့ လိုအပ်သေးတယ်။ ဒါပေမယ့် ကျွန်မ ဒီနေ့ ရှင့်ကို လာတွေ့တဲ့ ကိစ္စက ရှင် မသိတဲ့ အကြောင်းအရာတွေကို အတင်းကာရော မေးခွန်းထုတ်ချင်လို့ မဟုတ်ဘူး။ ရှင့်ကို ထမင်းစားရေသောက် ကိစ္စမျိုး မေးချင်လို့ပါ”

“ထမင်းစားရေသောက် ကိစ္စဆိုတာ ဘာကို ပြောတာလဲ”

“မာရှိဘလင်မယားရဲ့ နေ့စဉ်ဘဝပေါ့။ အဲဒီကိစ္စကိုတော့ ရှင် အသိဆုံး ဖြစ်မယ် ထင်တယ်”

“အဲဒီလိုကိစ္စမျိုး သိချင်ရင် ဆရာမကို တိုက်ရိုက် မေးလိုက်တာ ပိုမကောင်းဘူးလား”

ဥကျုမိက ပြုံးလိုက်သည်။ “ဒါမျိုးကိစ္စက ကာယကံရှင်ကို သွားမေးရင် ဓမ္မဓိဋ္ဌာန်ကျတဲ့ အဖြေမျိုး မရနိုင်ဘူးလေ”

ဟိရောမိက သက်ပြင်းချလိုက်သည်။ “ရှင်က ဘာမေးချင်တာလဲ”

“ရှင်က မာရှိဘတို့လင်မယား အိမ်ထောင်ကျပြီးနောက်ပိုင်း သိပ်မကြာခင်မှာ သူတို့အိမ်ကို စပြီး ဝင်ထွက်လာခဲ့တယ်လို့ ကျွန်မ ကြားမိတယ်။ ဟုတ်တယ်မလား။ ဘယ်လောက်ကြာရင် တစ်ခါလောက် သူတို့အိမ် ရောက်ဖြစ်တာလဲ”

“အတိအကျတော့ မရှိဘူး။ ပျမ်းမျှအားဖြင့်တော့ တစ်လကို တစ်ကြိမ်၊ နှစ်ကြိမ်လောက်တော့ ရောက်ဖြစ်တယ်”

“ဒါဆို ဘယ်နေ့မျိုးမှာ ရွေးသွားတတ်တာလဲ”

“ဘယ်နေ့ရယ်လို့ သတ်သတ်မှတ်မှတ် မရှိပါဘူး။ ဒါပေမယ့် တနင်္ဂနွေနေ့တွေ ရောက်ဖြစ်တာ ပိုများတယ်။ တနင်္ဂနွေနေ့က အလုပ်နားရက်ဆိုတော့”

“တနင်္ဂနွေနေ့ ရောက်သွားတော့ မစ္စတာမာရှိဘကရော အိမ်မှာ ရှိလား”

“ရှိတယ်”

“ဒါဆို အဲဒီနေ့မှာ ရှင်တို့ သုံးယောက်က စုပြီး စကားပြော ဘာပြော လုပ်တတ်ကြတာပေါ့။ အဲဒီလိုလား”

“အဲဒီလို စုပြီး စကားထိုင်ပြောဖြစ်တာလည်း ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် မစ္စတာမာရှိဘက များသောအားဖြင့် သူ့စာကြည့်ခန်းထဲမှာပဲ နေနေတာ များတယ်။ သူက အလုပ်နားရက်တောင် အိမ်မှာ အလုပ်လုပ်နေရပုံပဲ။ နောက်ပြီး ကျွန်မက သူတို့အိမ်ကို သွားဖြစ်တယ် ဆိုတာကလည်း အလည်သက်သက် သွားတာ မဟုတ်ဘူးလေ။ ဆရာမနဲ့ တိုင်ပင်စရာလေးတွေ ရှိလို့ သွားတာ”

ဟိရောမိ၏ လေသံထဲတွင် အခဲမကျေသော လေသံများ ရောစွက်နေသည်။ ‘မိန်းမကြိုက်တော့ ဆိုက်ဆိုက်လာ’ ဟု သူ အထင်မခံလို။

“ပုံမှန်ဆို ရှင်နဲ့ မစ္စစ်မာရှိဘက ဘယ်အခန်းမှာ ဆွေးနွေးတိုင်ပင်ဖြစ်ကြတာလဲ”

“ဧည့်ခန်းထဲမှာ”

“အမြဲတမ်းပဲလား”

“ဟုတ်တယ်။ ဘာဖြစ်လို့လဲ”

“ရှင်တို့ တိုင်ပင်ဆွေးနွေးကြတဲ့အခါမှာ ကော်ဖီ သို့မဟုတ် လက်ဖက်ရည်တို့ သောက်ဖြစ်ကြလား”

“သောက်ဖြစ်တယ်”

“ရှင်ကိုယ်တိုင် ဖျော်ပေးရတာမျိုး ရှိလား”

“တစ်ခါတလေပေါ့။ ဥပမာ ဆရာမ ဟင်းချက်နေလို့ လက်မအားတဲ့ အခါမျိုး”

“ရှင် အရင်က တစ်ခါပြောပြခဲ့ဖူးတာ ကျွန်မ မှတ်မိနေသေးတယ်။ ကော်ဖီဖျော်တဲ့ အဆင့်တွေကို မစ္စစ်မာရှိဘဆီက သင်ယူထားခဲ့တယ် ဆိုတာလေ။ ဒါကြောင့် အခင်းဖြစ်တဲ့ မနက်ခင်းတုန်းကလည်း အဲဒီအဆင့်အတိုင်း တစ်သဝေမတိမ်း လိုက်လုပ်ခဲ့တာပဲလား”

“ဟုတ်တယ်။
ဘယ့်နှယ်
 ကော်ဖီကိစ္စ ပြန်ရောက်သွားပြန်တာလဲ။ အရင်ကလည်း ကျွန်မ အကြိမ်ကြိမ် အထပ်ထပ် ပြောခဲ့ပြီးပြီပဲ မဟုတ်လား” ဟိရောမိက နှုတ်ခမ်းကို မဲ့လိုက်သည်။

မေးခွန်း အမေးခံရသူ၏ မကျေနပ်သော အပြုအမူများနှင့် အသားကျနေဟန် တူသည်။ ဥကျုမိသည် မျက်နှာတစ်ချက် မပျက်ဘဲ မေးခွန်းကို ဆက်မေးလေသည်။ “ဒါဆို မာရှိဘအိမ်မှာ ညစာစားပွဲ လုပ်တဲ့ညတုန်းက သူ့အိမ်က ရေခဲသေတ္တာကို ဖွင့်ဖြစ်ခဲ့သေးလား”

“ရေခဲသေတ္တာ …”

“ရေခဲသေတ္တာထဲမှာ ရေသန့်ဗူးတွေ ထည့်ထားမှာ သေချာတယ်။ ကျွန်မ သိချင်တာက အဲဒီတုန်းက အထဲမှာ ရေသန့်ဗူးတွေကို မြင်မိသေးလား”

“ရေသန့်ဗူး … ကျွန်မ မြင်မိတယ်။ အဲဒီနေ့က ကျွန်မ ရေခဲသေတ္တာကို ဖွင့်ပြီး ရေယူခဲ့သေးတယ်”

“အဲဒီတုန်းက ရေခဲသေတ္တာထဲမှာ ရေသန့်ဗူး ဘယ်နှဗူးလောက် တွေ့ခဲ့ရလဲ”

“အတိအကျတော့ ကျွန်မလည်း မမှတ်မိဘူး။ မှတ်မိတာတော့ အဖုံးနံရံဘက်မှာ ဗူးတွေ စီချထားတာပဲ”

“တစ်ဗူး၊ နှစ်ဗူးလောက်လား”

“ကျွန်မ မမှတ်မိဘူးလို့ ပြောပြီးပြီပဲရှင်။ အဲဒီတုန်းက စီစီရီရီ ချထားတာ တစ်တန်းစာလောက်ပဲ။ အနည်းဆုံး လေး၊ ငါးဗူးလောက်တော့ ရှိမှာပေါ့” ဟိရောမိ၏ အသံမှာ ပိုမိုကျယ်လောင်လာသည်။

ဥကျုမိသည် ခပ်တည်တည်ဖြင့် ခေါင်းညိတ်ပြသည်။ “ကျွန်မ သဘောပေါက်ပါပြီ။ အခင်းမဖြစ်ခင်လေးမှာ မစ္စတာမာရှိဘက ရှင့်ကို သူ့အိမ်လာခဲ့ဖို့ ခေါ်တယ်လို့ ရှင် ပြောပြခဲ့ဖူးတယ်နော်။ အဲဒီဖြစ်ရပ်မျိုး အရင်ကရော ရှိခဲ့ဖူးလား”

“မရှိဘူး။ အဲဒါ ပထမဆုံးအကြိမ်ပဲ”

“ဒါဆို မစ္စတာမာရှိဘက ဘာဖြစ်လို့ အဲဒီနေ့ကျမှ ရှင့်ကို သူ့အိမ် လာခိုင်းရတာလဲ”

“… အဲဒီနေ့မှာ ဆရာမက သူ့အမေအိမ် ပြန်သွားတယ်လေ”

“အဲဒီလိုဆိုတော့ အရင်တုန်းက အဲဒီလို အခွင့်အရေးမျိုး မရခဲ့ဖူးဘူးပေါ့”

“ကျွန်မအထင် နောက်ထပ် အကြောင်းအရင်းတစ်ခု ရှိနိုင်သေးတယ်။ ဆရာမက သူနဲ့ လမ်းခွဲဖို့ သဘောဖို့တူလိုက်ပြီ ဆိုတဲ့အကြောင်း ကျွန်မကို စောနိုင်သမျှ စောအောင် ပြောပြချင်လို့လည်း ဖြစ်နိုင်တယ်”

ဥကျုမိက ခေါင်းညိတ်လိုက်သည်။ “အဲဒီလိုလား။ ဒါဆို သူတို့နှစ်ယောက်မှာ ဘယ်လို ဝါသနာမျိုးတွေ ရှိလဲ။ ရှင်သိလား”

“ဝါသနာ …” ဟိရောမိက မျက်မှောင်ကြုတ်လိုက်သည်။

“မာရှိဘတို့ လင်မယားရဲ့ ဝါသနာပေါ့။ ဥပမာ အားကစားလား၊ အပျော်ခရီးထွက်တာလား၊ ဒါမှမဟုတ် ကားမောင်းပြီး
လေညင်းခံထွက်တတ်တာမျိုး
 ရှိလား”

ဟိရောမိသည် ခေါင်းကို ငဲ့စောင်းလျက် စဉ်းစားနေသည်။ “မစ္စတာမာရှိဘကတော့ တင်းနစ်နဲ့ ဂေါ့ဖ်ကစားလေ့ ရှိတယ်။ ဆရာမကတော့ ထူးထူးထွေထွေ ဝါသနာပါတာမျိုး မရှိသလိုပဲ။ စပ်ထည်ချုပ်တာနဲ့ ဟင်းချက်တာလောက်ပဲ ရှိမယ် ထင်တယ်”

“ဒါဆို သူတို့နှစ်ယောက်က အားလပ်ရက်တွေကို ဘယ်လိုများ ဖြတ်သန်းခဲ့ကြတာလဲ”

“ကျွန်မလည်း အတိအကျ မသိဘူး”

“ရှင် သိသလောက် အကြမ်းဖျင်းဖြစ်ဖြစ် ပြောပြပါလား”

“ဆရာမက စပ်ထည်တွေ ချုပ်ပြီး မစ္စတာမာရှိဘကတော့ ဒီဗီဒီကြည့်တာ ပိုများလိမ့်မယ် ထင်တယ်”

“မစ္စစ်မာရှိဘက စပ်ထည်ချုပ်ရင် ဘယ်အခန်းထဲမှာ ချုပ်တာများလဲ”

“ကျွန်မအထင်တော့ ဧည့်ခန်းထဲပဲ ဖြစ်ဖို့များတယ်” ဟိရောမိက ပြန်ဖြေသည်။ မှုခင်းရဲမေသည် အဘယ်ကြောင့် ဤသို့သော မေးခွန်းများကို မေးမြန်းနေရသနည်း။ သူ နားမလည်နိုင်အောင် ဖြစ်နေရသည်။

“သူတို့နှစ်ယောက် အရင်က အတူတူ ခရီးထွက်ခဲ့ဖူးလား”

“မင်္ဂလာဆောင်ပြီးခါစက ပါရီနဲ့ လန်ဒန်ကို အတူတူ သွားခဲ့ကြဖူးသလိုပဲ။ နောက်ပိုင်းတော့ အဲဒီလို တစ်ခါမှ ခရီးမထွက်ကြတော့ဘူး။ မစ္စတာမာရှိဘကတော့ အလုပ်ကိစ္စအတွက်နဲ့ ဟိုဟိုဒီဒီ လျှောက်သွားနေတတ်တာပဲ”

“ဒါဆို ရှော့ပင်ထွက်တာကရော။ မစ္စဝါကာယာမာနဲ့ မစ္စစ်မာရှိဘတို့ အရင်က ကုန်တိုက်တွေမှာ ဈေးအတူ ဝယ်ခဲ့ကြဖူးလား”

“စပ်ထည်အတွက် လိုအပ်တဲ့ ပိတ်စတွေကို ကျွန်မတို့နှစ်ယောက် အတူ ဝယ်ခဲ့ကြဖူးတယ်”

“တနင်္ဂနွေနေ့မှာ သွားတာပဲလား”

“မဟုတ်ဘူး။ များသောအားဖြင့် အတန်းချိန်မစခင်မှာ သွားတတ်တာဆိုတော့ အလုပ်ဖွင့်တဲ့ ရက်မျိုးတွေမှာပေါ့။ ဝယ်ရတဲ့ ပိတ်စပမာဏက များလွန်းတော့ ဝယ်ပြီးတာနဲ့ ဒီကိုပဲ တစ်ခါတည်း သယ်လာခဲ့ကြတာ”

ဥကျုမိက ခေါင်းဆတ်လျက် မှတ်စုစာအုပ်တွင် ရေးမှတ်နေသည်။ “ကျွန်မ သိတာချင်တွေတော့ မေးလို့ ပြီးသွားပြီ။ အလုပ်များနေတဲ့ကြားက အမှုစစ်ဆေးမှုကို ကူညီပေးတဲ့အတွက် ကျေးဇူး အများကြီး တင်ပါတယ်”

“ဒါနဲ့ … စောစောက မေးခွန်းတွေက ဘာများ အဓိပ္ပာယ် လေးနက်နေလို့လဲ။ ကျွန်မ ဘယ်လိုမှ နားမလည်နိုင်တော့ဘူး”

“ရှင်က ဘယ်မေးခွန်းကို ပြောတာလဲ”

“အကုန်လုံးပဲ။ ဝါသနာတွေ မေးလိုက်၊ ဈေးဝယ်တာ မေးလိုက်နဲ့။ အဲဒါတွေက အမှုနဲ့ ဘယ်လိုမှ ပတ်သက်နိုင်လိမ့်မယ် မထင်ဘူး”

တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဥကျုမိသည် ဟိရောမိကို ပြုံးပြလိုက်သည်။ “ရှင် မသိလည်း ပြဿနာ မရှိပါဘူး။ ကျွန်မတို့ရဲ့ မှန်းဆချက်တစ်ခုနဲ့ စပ်ဆိုင်နေလို့ပါ”

“ကျွန်မကို ပြောပြလို့ မရဘူးလား”

“ဝမ်းနည်းပါတယ်ရှင်။ ကျွန်မမှာ ပြောပိုင်ခွင့် မရှိပါဘူး” ဥကျုမိသည် ဆတ်ကနဲ ကောက်ထလိုက်ပြီး ဦးညွှတ်လျက် “ခွင့်ပြုပါဦး” ဟု ဆိုကာ အပေါက်ဝဘက်သို့ ခပ်သုတ်သုတ် လျှောက်လှမ်းသွားလေတော့သည်။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *