ကုမ္ပဏီ၏ ဧည့်ကြိုကောင်တာ အနီးရှိ ဆိုဖာခုံတွင် ထိုင်ချလိုက်ပြီးနောက် ကုစာနာဂိသည် နံရံပေါ်ရှိ ပန်းချီကားတစ်ချပ်ကို သတိထားမိသွားသည်။ အမှောင်ထဲတွင် လွင့်မျောနေသည့် နီလွင်သော နှင်းဆီပန်းတစ်ပွင့်။ ၎င်းပန်းချီကားကို သူ ယခင်က တစ်နေရာရာတွင် တွေ့ဖူးနေသလိုလို ခံစားနေရသည်။ အနောက်တိုင်း အရက်ပုလင်း၏ စက္ကူတံဆိပ်ပေါ်တွင် တွေ့ဖူးခဲ့လေသလော မသိ။
“ဆရာ ဘာတွေများ အဲဒီလောက် စိတ်ဝင်တစား ကြည့်နေတာလဲ” မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ကိရှိတာနိက မေးသည်။ “အဲဒီပန်းချီကားက အမှုနဲ့ မဆိုင်လောက်ပါဘူး။ ဆရာ သေချာကြည့်ကြည့်ပါလား။ ဘယ်ဘက်အောက်ထောင့်မှာ လက်မှတ်ထိုးထားတာ တွေ့တယ် မလား။ နိုင်ငံခြားသားနာမည်နဲ့ ဆရာ”
“ငါ သိပါတယ်ကွ” ကုစာနာဂိသည် အကြည့်ကို ပန်းချီကားပေါ်မှ ရွှေ့ပြောင်းလိုက်သည်။ စင်စစ် သူသည် ၎င်းလက်မှတ်ကို သတိမထားခဲ့မိပေ။
ကိရှိတာနိက နားမလည်နိုင်စွာဖြင့် မေးခွန်းထုတ်လိုက်သည်။ “ကျွန်တော် နားလည်လို့ မရတာ တစ်ခု ရှိတယ်ဆရာ။ ဘယ်သူက ကိုယ့်ရည်းစားဟောင်း ဆွဲထားတဲ့ ပန်းချီကားကို တခုတ်တရ သိမ်းထားဦးမှာလဲ။ ကျွန်တော်သာဆိုရင် လွှင့်ပစ်တာ ကြာပေါ့”
“အဲဒါ မင်းလေကွာ။ မာရှိဘ ယိုရှီတာကာက အဲဒီအတိုင်း လုပ်ချင်မှ လုပ်မှာပေါ့”
“အိမ်မှာ သိမ်းထားဖို့ မဖြစ်နိုင်ဘူး ဆိုရင်တောင်မှ ကုမ္ပဏီက ဥက္ကဋ္ဌရုံးခန်းထဲမှာတော့ လာမထားလောက်ပါဘူးဗျာ။ အဲဒီလို ပုံကြီး ချိတ်ထားရင် စိတ်ထဲ ခိုးလိုးခုလု ဖြစ်နေမှာပေါ့”
“ချိတ်ချင်မှ ချိတ်ထားမှာပေါ့ကွာ”
“မချိတ်ထားဘဲနဲ့ ဘာလုပ်ဖို့ ကုမ္ပဏီကို ယူလာမှာလဲ။ အဲဒါက ပိုပြီး ထူးဆန်းမနေဘူးလား။ လက်အောက် ဝန်ထမ်းတွေ တွေ့သွားရင် ရှင်းပြနေရဦးမှာက တစ်ဒုက္ခပဲ”
“သူများ လက်ဆောင်ပေးထားတာလို့ ပြောလိုက်မှာပေါ့”
“အဲဒီလို ပြောလိုက်ရင် ပိုပြီးတောင် သံသယ ဝင်ကြဦးမယ်။ သူများ လက်ဆောင်ပေးတယ်လည်း ပြောသေးတယ်။ ယဉ်ကျေးမှုအရ ချိတ်ထားသင့်တာပေါ့။ မဟုတ်ဘူးလား။ ပန်းချီကား လက်ဆောင်ပေးထားတဲ့ ဧည့်သည်က ရုံးကို အချိန်မရွေး လာလည်နိုင်တယ်လေဗျာ”
“မင်း တော်တော် စကားများတဲ့ကောင်ပဲ။ မာရှိဘ ယိုရှီတာကာက အဲဒီလို လူမျိုး မဟုတ်ဘူးကွ”
ကုစာနာဂိက အသံမြှင့်၍ အော်ပြောလိုက်စဉ်မှာပင် အဖြူရောင် ရုံးဝတ်စုံနှင့် အမျိုးသမီးတစ်ယောက်သည် ဧည့်ကြိုကောင်တာ၏ ဘေးဘက်တွင် ရှိသော တံခါးဝသို့ ရောက်ရှိလာသည်။ ဆံပင်တိုတို၊ မျက်မှန်ကိုင်းပါးပါးနှင့်။
“စောင့်ရတာ ကြာသွားပြီ ထင်တယ်။ မစ္စတာကုစာနာဂိဆိုတာ ဘယ်သူလဲ မသိဘူးရှင်”
“ကျွန်တော်ပါ” ကုစာနာဂိသည် အလျင်အမြန် ထ၍ နှုတ်ဆက်လိုက်သည်။ “အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ် ခင်ဗျာ”
“ရပါတယ်ရှင်”
ထိုအမျိုးသမီး ကမ်းလာပေးသော လိပ်စာကတ်ပေါ်တွင် ‘ယာမာမိုတို အေအီကို’ ဟု နာမည် တပ်ထားသည်။ ပြည်သူ့ဆက်ဆံရေးဌာန၏ အကြီးအကဲ ဖြစ်သည်။
“ရှင်တို့နှစ်ယောက်က ဥက္ကဋ္ဌဟောင်းရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို ကြည့်ချင်တယ်လို့ ကြားမိပါတယ်။ ဟုတ်လား မသိဘူး”
“ဟုတ်ပါတယ်။ ကျွန်တော်တို့ကို စီစဉ်ပေးလို့ ရမလား”
“ရပါတယ်။ ကျွန်မနဲ့ လိုက်ခဲ့ပေးပါလား” ယာမာမိုတို အေအီကိုသည် သူတို့နှစ်ဦးကို ‘အစည်းအဝေးခန်းမ’ ဟု ဆိုင်းဘုတ်တပ်ထားသည့် အခန်းထဲသို့ ခေါ်ဆောင်သွားသည်။
“ဥက္ကဋ္ဌရုံးခန်းကို မသွားတော့ဘူးလား” ကုစာနာဂိက မေးသည်။
“အခု ဥက္ကဋ္ဌအသစ် ရွေးပြီးသွားပါပြီ။ ဒါပေမယ့် ဒီနေ့ သူက ရုံးမှာ မရှိလို့ ဆရာတို့နဲ့ တွေ့နိုင်မှာ မဟုတ်ဘူး”
“ဒါဆို ဥက္ကဋ္ဌရုံးခန်းက အရင်အတိုင်း မဟုတ်တော့ဘူးပေါ့”
“ဥက္ကဋ္ဌဟောင်းရဲ့ ဈာပနအခမ်းအနား ပြီးကတည်းက ကျွန်မတို့ အဲဒီအခန်းကို ရှင်းလင်းလိုက်ပါပြီ။ အလုပ်နဲ့ သက်ဆိုင်တဲ့ ပစ္စည်းအားလုံးကိုတော့ အဲဒီမှာပဲ ဆက်ထားထားပါတယ်။ ကိုယ်ပိုင်ပစ္စည်းတွေကိုတော့ ဒီအခန်းထဲကို ရွှေ့ထားလိုက်ကြတယ်။ အဆင်ပြေတဲ့ အချိန်ကျရင် သူ့အိမ်ကို ပို့ပေးကြဖို့ စီစဉ်ထားပြီးသားပါ။ ကျွန်မတို့က ဒီအထဲမှာ ရှိတဲ့ ဘယ်ပစ္စည်းကိုမှ ကိုယ့်သဘောနဲ့ကိုယ် လွှင့်ပစ်တာမျိုး လုံးဝ မလုပ်ခဲ့ပါဘူး။ ပစ္စည်းတိုင်းကို အကြံပေးရှေ့နေ မစ္စတာ အီကာအိရဲ့ ညွှန်ကြားမှုအတိုင်း စည်းစနစ်တကျ ရွှေ့ပြောင်းထားတာပါ” ယာမာမိုတို အေအီကိုက မျက်နှာသေဖြင့် ပြောသည်။ သူ၏ လေသံမှာ မာကျောလျက် သတိရှိရှိ ပြောဆိုမှန်း သိသာနေသည်။
ကုစာနာဂိ၏ နားထဲတွင် ကြားနေရသော စကားလုံးတိုင်းသည် “မာရှိဘ ကွယ်လွန်ခြင်းသည် ကုမ္ပဏီနှင့် လားလားမျှ သက်ဆိုင်ခြင်း မရှိ။ ထို့ကြောင့် သက်သေခံပစ္စည်းများကို ဖျောက်ဖျက်သည်ဟု မိမိတို့အား သံသယဝင်နေခြင်းသည် လွန်စွာမှ ယုတ္တိမတန်သော ကိစ္စသာ ဖြစ်သည်” ဟု ပြောဆိုနေသည့်နှယ်။
အစည်းအဝေး ခန်းမထဲတွင် အရွယ်အစား အမျိုးမျိုးသော စက္ကူဂျပ်ဖာ ၁၀ ဖာကျော်ကျော်ခန့် ချထားသည်။ ၎င်းအပြင် ဂေါ့ဖ်ရိုက်တံများ၊ ဆုဖလားများနှင့် ခြေဖဝါးနှိပ်စက် စသည့် ပစ္စည်းတချို့ကိုလည်း တွေ့မြင်နေရသည်။ အမြင်အရ ပန်းချီကားချပ်နှင့် တူသည့် ပစ္စည်းတစ်ခုတလေကိုမျှ မတွေ့ရပေ။
“ကျွန်တော်တို့ စစ်ဆေးကြည့်ချင်တယ်။ ရမလား” ကုစာနာဂိက မေးသည်။
“ရပါတယ်။ ဆရာတို့ စိတ်ကြိုက်လုပ်ပါ။ ကျွန်မ သောက်စရာ အရည်တစ်ခုခု သွားယူလိုက်ဦးမယ်။ ဆရာတို့ ဘာသုံးဆောင်ကြမလဲ”
“ကျေးဇူးတင်ပါတယ်။ မသောက်တော့ပါဘူး”
“ဪ … ဟုတ်ကဲ့” ယာမာမိုတို အေအီကိုသည် အေးစက်စက် မျက်နှာထားဖြင့် အခန်းထဲမှ ထွက်ခွာသွားလေသည်။
တံခါးပိတ်သွားသည့် အသံကို ကြားရပြီးနောက်တွင် ကိရှိတာနိသည် ပခုံးကို တွန့်လိုက်သည်။ “ကျွန်တော်တို့ လာတာကို မကြိုက်ဘူး ထင်တယ်”
“လောကမှာ ဘယ်လိုလူတွေက ငါတို့လို အလုပ်မျိုး လုပ်တဲ့ ကောင်တွေကို ကြိုဆိုချင်မှာလဲကွာ။ ငါတို့ရဲ့ တောင်းဆိုချက်ကို ခွင့်ပြုပေးတာပဲ တော်လှပြီ”
“အဲဒီလို ဆိုပေမယ့်လည်း အမှုမှန်ကို မြန်မြန် ဖော်ထုတ်နိုင်ရင် သူတို့ ကုမ္ပဏီအတွက်လည်း ကောင်းကျိုး ရှိနိုင်တာပဲ မဟုတ်ဘူးလား။ မျက်နှာက ရှစ်ခေါက်ချိုးကြီးနဲ့ နည်းနည်းလေးတောင် ဟန်ဆောင်ပန်ဆောင် ပြုံးမပြနိုင်ရှာဘူး”
“ကုမ္ပဏီအနေနဲ့ကျတော့ အမှုကို လူတွေ မေ့မေ့ပျောက်ပျောက် ဖြစ်သွားဖို့ပဲ အရေးကြီးတာ။ အမှုမှန် ဖော်ထုတ်နိုင်သလား၊ မဖော်ထုတ်နိုင်ဘူးလား ဆိုတာတွေက သူတို့အတွက် နည်းနည်းလေးမှ အရေးကြီးတာ မဟုတ်ဘူး။ ငါတို့လို မှုခင်းရဲတွေက သူတို့ကုမ္ပဏီကို ဝင်ချီထွက်ချီ လုပ်နေတာကမှ သူတို့အတွက် ဦးနှောက်ခြောက်စရာ ဖြစ်နေတာပေါ့။ အခုဆို ကုမ္ပဏီဥက္ကဋ္ဌကလည်း လူသစ်ပြောင်းသွားပြီ။ လူသစ်စိတ်သစ်နဲ့ အလုပ်ကို ပြန်စမယ်ဆိုကာမှ မှုခင်းရဲတွေက ပေါက်ပေါက်လာတော့ သူတို့လည်း ဘယ်လိုလုပ်ပြီး ပြုံးပြနိုင်တော့မလဲ။ ကဲပါကွာ။ အပိုတွေ ပြောမနေနဲ့တော့။ လုပ်စရာရှိတာ မြန်မြန် လုပ်ကြရအောင်” ကုစာနာဂိသည် ပြောပြီး လက်အိတ်ကို
ကောက်စွပ်လိုက်သည်။
ယနေ့ ဤနေရာသို့ ရောက်လာရသည့် အကြောင်းအရင်းမှာ တခြားကြောင့် မဟုတ်။ မာရှိဘ ယိုရှီတာကာ၏ ရည်းစားဟောင်းနှင့် ပတ်သက်သော သဲလွန်စတစ်ခုခုကို လာရောက်ရှာဖွေခြင်း ဖြစ်သည်။ ယခုအချိန်ထိ ထိုသူမှာ ပန်းချီဆရာမတစ်ဦး ဖြစ်သည် ဆိုသည့် အချက်ကိုသာ သိရှိထားသည်။ မည်သို့သော ပန်းချီကားမျိုးကို ဆွဲခဲ့ဖူးသနည်း ဆိုသည်ကိုမူ စုံစမ်း၍ မရသေးပေ။
“လက်ထဲမှာ ပုံကြမ်းဆွဲစာအုပ် ကိုင်ထားတယ် ဆိုရုံနဲ့ သူ့ကို ပန်းချီဆရာတစ်ယောက်ပါလို့ ယတိပြတ် ပြောလို့ ရပါ့မလား။ ဒီဇိုင်နာ ဒါမှမဟုတ် ကာတွန်းရေးဆရာလည်း ဖြစ်ချင် ဖြစ်နိုင်သေးတယ်လေ” ကိရှိတာနိသည် စက္ကူဂျပ်ဖာများကို ဖွင့်ကြည့်ရင်း ပြောနေသည်။
“ဖြစ်နိုင်တာပဲ” ကုစာနာဂိက ချက်ချင်း သဘောတူလိုက်သည်။ “ဒါကြောင့် မင်း ရှာတဲ့အချိန်မှာ အဲဒီအပိုင်းနဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေကိုလည်း သတိထားကြည့်လိုက်ဦး။ ဆောက်လုပ်ရေးနဲ့ ပရိဘောဂပိုင်းက လူတွေကလည်း ပုံကြမ်းဆွဲစာအုပ် သုံးကြတယ်။ နည်းနည်း သတိထားလိုက်”
ကိရှိတာနိသည် သက်ပြင်းချကာ “ဟုတ်ကဲ့” ဟု ပြန်ဖြေသည်။
“မင်း ကြည့်ရတာ စိတ်မပါသလိုပဲ”
ကိရှိတာနိသည် လုပ်လက်စ အလုပ်ကို ရပ်တန့်ပြီး သုန်မှုန်သော မျက်နှာထားဖြင့် စကားဆိုလေသည်။ “စိတ်မပါတာတော့ မဟုတ်ပါဘူး။ ကျွန်တော် စဉ်းစားလို့ မရတာပါ။ အခင်းဖြစ်တဲ့နေ့က ဝါကာယာမာ ဟိရောမိက လွဲလို့ မာရှိဘအိမ်ကို တခြား ဘယ်သူမှ မဝင်မထွက်ခဲ့ဘူးလို့ ကျွန်တော်တို့ စုံစမ်းလို့ ရထားပြီးပြီ မဟုတ်ဘူးလား”
“ဟုတ်တယ်လေ။ ဒါပေမယ့် ငါ မင်းကို ပြန်မေးရဦးမယ်။ အဲဒီနေ့က တခြားလူ ဘယ်သူမှ အဝင်အထွက် မလုပ်ခဲ့ပါဘူးလို့ မင်း အခိုင်အမာ ပြောနိုင်လို့လား”
“အဲဒါတော့ …”
“တကယ်လို့သာ တခြားသူ ဘယ်သူမှ မဝင်ခဲ့ဘူး ဆိုရင် ရေနွေးခရားအိုးထဲကို တရားခံက အဆိပ် ဘယ်လို ခတ်ခဲ့တာလဲ။ ပြောကြည့်စမ်းပါဦး” ကုစာနာဂိသည် နှုတ်ဆိတ်နေသော ကိရှိတာနိကို စိုက်ကြည့်လျက် ဆက်ပြောသည်။ “မဖြေနိုင်တော့ဘူး မဟုတ်လား။ အဲဒါ မင်းကိုလည်း အပြစ်ပြောလို့ မရပါဘူး။ ဟိုကောင် ယုကာဝါတောင် တိုင်ပတ်နေတာ။ တကယ်တော့ အဖြေက ရိုးရိုးရှင်းရှင်းလေးပဲ။ ဒီအမှုမှာ ဘာလှည့်ကွက်မှ မပါဘူး။ တရားခံက မာရှိဘအိမ်ထဲကို ခိုးဝင်သွားမယ်။ ရေနွေးခရားအိုးထဲကို အဆိပ်ထည့်ပြီး ပြန်ထွက်သွားခဲ့တယ်။ ဒါပဲ။ ဒါဆို ဘာဖြစ်လို့ အဲဒီတရားခံနဲ့ သက်ဆိုင်တဲ့ သဲလွန်စကို ငါတို့က နည်းနည်းလေးမှ ရှာမတွေ့ရတာလဲ။ အဲဒီမေးခွန်းကို ငါ ရှင်းပြခဲ့ပြီးပြီ မဟုတ်လား”
“မစ္စတာမာရှိဘ ကိုယ်နှိုက်က တခြားလူနဲ့ ခိုးတွေ့ခဲ့တဲ့ ကိစ္စကို လူသိမခံချင်လို့ …”
“မင်း သဘောပေါက်နေမှပဲကိုး။ ယောက်ျားတွေက သူတို့နဲ့ တွေ့မယ့်သူကို လူအသိမပေးဘဲ ဝှက်ထားချင်တယ် ဆိုမှတော့ သူနဲ့ ပတ်သက်ဆက်စပ်နေတဲ့ မိန်းမတွေကို စုံစမ်းရုံ ရှိတော့တာပေါ့ကွ။ ဒါက ထောက်လှမ်းရေးရဲ့ အခြေခံ နည်းဥပဒေသပဲလေ။ ငါ ပြောတာ အမှားပါလို့လား”
ကိရှိတာနိက ခေါင်းခါပြီး “မပါပါဘူး” ဟု ပြန်ဖြေသည်။
“သဘောတူတယ်ဆိုရင် မြန်မြန်လုပ်ကွာ။ အချိန် သိပ်မရှိတော့ဘူး”
ကိရှိတာနိသည် ဘာမျှ ပြန်မပြောတော့ဘဲ ခေါင်းညိတ်ပြီး စက္ကူဂျပ်ဖာများကို ပြန်မွှေနေလေတော့သည်။
ကုစာနာဂိသည် သူ၏ ကျောပြင်ကို ငေးကြည့်ရင်း လေပူများကို မသိမသာ မှုတ်ထုတ်လိုက်သည်။ အဘယ်ကြောင့် ဒေါသထွက်နေရသနည်း။ သူ့ကိုယ်သူ ပြန်မေးကြည့်သည်။ မိမိ လက်အောက်ငယ်သား၏ သံသယမေးခွန်းကို အဖြေပေးခြင်းမျှသာ ဖြစ်ပါလျက် အဘယ်ကြောင့် စိတ်ပူပန်နေရသနည်း။ တစ်ချိန်တည်းမှာပင် စိုးရိမ်ပူပန်နေရသည့် အကြောင်းအရင်းမှန်ကို သူ့ဘာသာသူ ရိပ်စားမိနေသည်။
ယခုကဲ့သို့ စုံစမ်းစစ်ဆေးနေခြင်းသည် အမှန်တကယ်ပင် အကျိုးရှိပါ၏လော။ ကုစာနာဂိ ကိုယ်တိုင် မယုံ့တစ်ယုံ ဖြစ်နေဆဲ။ သူ၏ ဦးနှောက်ထဲတွင် မည်သို့မျှ ဖယ်ရှားသုတ်သင်၍ မရနိုင်သည့် သောကတစ်မျိုး တည်ရှိနေသည်။ အိမ်ထောင်မပြုခင်က မာရှိဘ ယိုရှီတာကာ၏ အချစ်ဇာတ်လမ်းများကို စုံစမ်းသိရှိထားသည့်တိုင် ကြိုးစားထားသမျှသည် သဲထဲရေသွန်သကဲ့သို့သာ ဖြစ်သွားနိုင်သည်။
အမှန်ဆိုရပါမူ ၎င်းမှာ စုံစမ်းစစ်ဆေးခြင်း အမှု၏ ဖြစ်လေ့ဖြစ်ထ ရှိသော ပင်ကိုသဘာဝပင် ဖြစ်သည်။ အကယ်၍သာ ဤသို့ အလဟဿ ဖြစ်သွားမည်ကို စိုးရွံ့နေခဲ့ပါလျှင် မှုခင်းရဲအလုပ်ကို လုပ်၍ ရနိုင်တော့မည် မဟုတ်ပေ။
သို့သော် သူ၏ ရင်တွင်း၌ လတ်တလော ဖြစ်ပေါ်နေသော ပူပန်သောကမှာ ထိုသို့မဟုတ်။ အကယ်၍ ယခုတစ်ကြိမ်တွင် မည်သည့် သဲလွန်စကိုမျှ ရှာမတွေ့ခဲ့ပါမူ သံသယ၏ မြားဦးသည် မာရှိဘ အာယနဲဘက်သို့ လှည့်သွားပေတော့မည်။
ဤသို့သာ ဆက်သွားမည်ဆိုလျှင် ဥကျုမိတို့သာ မဆိုထားဘိ။ တစ်နေ့နေ့တွင် သူကိုယ်တိုင်ပင် အာယနဲကို သံသယ ဝင်မိပေတော့မည်ဟု ကုစာနာဂိ ကြိုတင်တွက်ဆမိသည်။
အာယနဲနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံရသည့် အခါတိုင်းတွင် သူ့ရင်ထဲ၌ အမျိုးအမည် မသိသော ခံစားချက်တစ်မျိုးကို ခံစားနေခဲ့ရသည်။ ချွန်ထက်သော ဓားတစ်ချောင်းဖြင့် ကိုယ့်လည်ပင်းကိုယ် ပြန်ထောက်ထားမိသကဲ့သို့ တင်းကျပ်စူးနစ်သော ခံစားမှုမျိုး။ ထိုခံစားချက်က သူ့အား ဗုန်းဗုန်းလဲသွားသည်အထိ အလုပ်လုပ်ချင်လာအောင် တွန်းအားပေးခဲ့သည်။ သူ့အား ကြက်သီးမွေးညင်းထအောင် စွမ်းအောင်နိုင်ခဲ့သည်။ သူ့အား အာရုံတစ်ခုတွင် တဝဲလည်လည် ဖြစ်နေစေခဲ့သည်။
ဤသို့သော တင်းကျပ်စူးနစ်သည့် ခံစားမှု၏ အရင်းအမြစ်ကို ရှာဖွေစူးစမ်းကြည့်သည့် အခါတိုင်းတွင် မျှော်လင့်ထားပြီးသော ရုပ်ပုံကားချပ်တစ်ခုသည် သူ၏ အတွေးအာရုံထဲ၌ ရစ်သီဝေ့ဝဲလာပြန်သည်။ ထိုအချက်က သူ့ကို ပို၍ပင် စိတ်ကသိကအောက် ဖြစ်စေခဲ့သည်။ ပို၍ပင် မွန်းကျပ်ဆို့နင့်စေခဲ့သည်။
စိတ်သဘောထား နူးညံ့ပျော့ပျောင်းပြီး ပတ်ဝန်းကျင် အခြေအနေအရ လူသတ်သမားများ ဖြစ်သွားခဲ့ရသည့် တရားခံတချို့ကို ကုစာနာဂိသည် ယခင်ကလည်း မကြာခဏ ထိတွေ့ဆက်ဆံခဲ့ဖူးသည်။ သူတို့ အားလုံး၏ ကိုယ်ပေါ်တွင် ဘုံတူညီချက်တစ်ခု ရှိနေသည်။ ၎င်းကို စိတ်တန်ခိုးဟု ခေါ်ဆို၍ ရနိုင်မည်လား မဆိုနိုင်။ ယင်းစိတ်တန်ခိုးစွမ်းရည်ကြောင့် ထိုသူများသည် လောက၏ သဘာဝ၊ လောက၏ နိယာမတရားကို ထိုးထွင်းသိမြင်နေကြသည့် အလား။ သို့ရာတွင် ယင်းစိတ်တန်ခိုးတွင် ခေါင်းနှင့်ပန်းကဲ့သို့ မြင့်မြတ်ခြင်းနှင့် ရူးသွပ်ခြင်းဟူသော မျက်နှာစာနှစ်ခု ကပ်လျက် တည်ရှိနေသည်။ ၎င်းမျက်နှာစာနှစ်ခုကို အလွှာပါးလေး တစ်ခုကသာ ပိုင်းခြားပေးထားပြီး တစ်မျက်နှာမှ တစ်မျက်နှာသို့ တစ်မုဟုတ်ချင်း ပြောင်းလဲသွားနိုင်သည်။
အာယနဲ၏ ကိုယ်ပေါ်တွင်လည်း ယင်းသတ္တိမျိုး တည်ရှိနေကြောင်း ကုစာနာဂိ ခံစားသိရှိနေသည်။ ထိုအချက်ကို သူ မည်မျှပင် ငြင်းဆန်ရန် ကြိုးစားနေပါစေ။ မှုခင်းရဲတစ်ယောက်တွင် ရှိသင့်ရှိထိုက်သည့် စူးရှထက်မြက်သော ဆဋ္ဌမအာရုံက သူ့ကို စက္ကန့်မလပ် သတိပေးနေလေသည်။
တစ်နည်းဆိုရလျှင် သူ၏ ရင်တွင်း၌ သန္ဓေတည် ဖြစ်ပေါ်နေသော ကိုယ်ပိုင်သံသယများကို ဖယ်ရှားပစ်နိုင်ရန်အတွက် ယခုကဲ့သို့ စုံစမ်းနေရခြင်း ဖြစ်သည်။ သို့သော် စုံစမ်းစစ်ဆေးစဉ် ကာလအတွင်း၌ ပုဂ္ဂိုလ်ရေး ခံစားချက်များကို တစ်စိုးတစ်စိမျှ ရောယှက်စွက်ဖက်ခွင့် မပြုသင့်ပေ။ ဤအချက်ကို သူ ကောင်းစွာ နားလည်ထားပြီး ဖြစ်သောကြောင့်သာလျှင် သူ့ကိုယ်သူ ဒေါသထွက်နေမိခြင်း ဖြစ်သည်။
တစ်နာရီခန့် ကုန်လွန်သွားသည်။ ပန်းချီဆရာ သို့တည်းမဟုတ် ပုံကြမ်းဆွဲစာအုပ်ကို ကိုင်တွယ်အသုံးပြုတတ်သည့် လူတစ်ဦးတစ်ယောက်နှင့် သက်ဆိုင်သည့် ပစ္စည်းကို ရှာမတွေ့ကြသေး။ စက္ကူဂျပ်ဖာထဲတွင် လက်ဆောင်ပစ္စည်းနှင့် အမှတ်တရပစ္စည်းကဲ့သို့သော ပစ္စည်းများသာ ရှိနေသည်။
“ဆရာ၊ ဒါ ဘာလို့ထင်လဲ” ကိရှိတာနိသည် အစာသွပ်အရုပ်ကဲ့သိုသော ပစ္စည်းတစ်ခုကို ကိုင်လျက် မေးနေသည်။ အရုပ်၏ ပုံပန်းသဏ္ဌာန်မှာ ဥနီသီးနှင့် တူသယောင်ယောင်။ အပေါ်ဘက်တွင်လည်း အစိမ်းရောင် သစ်ရွက်တစ်ရွက် တွဲချုပ်ထားသေးသည်။
“ဥနီသီးနဲ့ တူတယ်”
“တူသလိုလိုပဲ။ ဒါပေမယ့် ဒါက ဂြိုဟ်သားလေ”
“ဂြိုဟ်သား …”
“ဒီလိုဆိုရင်ရော” ကိရှိတာနိသည် အရုပ်ကို ပြောင်းပြန်လှန်လိုက်ပြီး စားပွဲပေါ် ထောင်ထားလိုက်သည်။
အမှန်ပင်။ အဖြူရောင် ဦးခေါင်းပိုင်းတွင် မျက်နှာပုံ ဆွဲထားသည်။ အကယ်၍ သစ်ရွက်ကို ခြေထောက်အဖြစ် သတ်မှတ်လိုက်လျှင် ကာတွန်းစာအုပ်များထဲတွင် မကြာခဏ ပါလာတတ်သော ရေခူဂြိုဟ်သားနှင့် အတော်ပင် ဆင်တူသွားသည်။
“ဟုတ်သား”
“အညွှန်းကတ်ပြားပေါ်မှာ ရေးထားတာတော့ အဲဒီကောင်က ဘီတီလက်ခ်စ် (Beetilex) ဥနီဂြိုဟ်က လာတဲ့ ဥနီဂြိုဟ်သားပေါ့။ မူပိုင်ကတော့ မစ္စတာမာရှိဘရဲ့ ကုမ္ပဏီပဲ”
“အဲဒီတော့ ဘာဖြစ်လဲ”
“ဆရာ၊ ဒီအရုပ်ကို ဒီဇိုင်းဆွဲတဲ့ လူကလည်း ပုံကြမ်းဆွဲစာအုပ် သုံးနိုင်တာပဲလေ”
ကုစာနာဂိသည် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး အစာသွပ်ရုပ်ကို ငေးစိုက်ကြည့်နေသည်။ “ဖြစ်နိုင်တာပဲ”
“ကျွန်တော် မစ္စယာမာမိုတိုကို သွားခေါ်လိုက်မယ်” ကိရှိတာနိက မတ်တတ်ထရပ်လိုက်သည်။
ယာမာမိုတို အေအီကိုသည် အစည်းအဝေးခန်းထဲသို့ ဝင်လာပြီး အရုပ်ကို မြင်ရသည့်အခါတွင် ခေါင်းညိတ်ပြသည်။ “ဟုတ်တယ်။ အဲဒါ ကျွန်မတို့ကုမ္ပဏီက အွန်လိုင်းလှုပ်ရှားမှုတွေမှာ သုံးတဲ့ ကာတွန်းဇာတ်ကောင်ပါ”
“ကာတွန်းဇာတ်ကောင် …” ကုစာနာဂိက ခေါင်းကို ငဲ့စောင်းလျက် ပြောသည်။
“လွန်ခဲ့တဲ့ သုံးနှစ်ကတောင် ကျွန်မတို့ ကုမ္ပဏီရဲ့ ဝက်ဆိုဒ် ပင်မမျက်နှာမှာ သုံးခဲ့သေးတယ်။ ဆရာ ကြည့်ကြည့်ဦးမလား”
“ဟုတ်ကဲ့။ ကူညီပါဦး” ဟု ဆိုကာ ကုစာနာဂိက မတ်တတ်ထရပ်လိုက်သည်။
အလုပ်ခန်းထဲသို့ ရောက်သည့်အခါ၌ ယာမာမိုတို အေအီကိုသည် ကွန်ပျူတာတွင် ဟိုဟိုဒီဒီ လျှောက်နှိပ်လိုက်ရာ မော်နီတာပေါ်တွင် ‘ဥနီဂြိုဟ်သား’ ၏ ရုပ်ပုံ ထွက်ပေါ်လာသည်။ ‘Play’ ခလုတ် နှိပ်လိုက်သောအခါတွင် တစ်မိနစ်ခန့် ကြာချိန်ရှိသော ကာတွန်းဇာတ်လမ်းတိုတစ်ပုဒ် သက်ဝင်လှုပ်ရှားလာသည်။ အစာသွပ်ရုပ်နှင့် ဆင်တူသော ကာတွန်းရုပ်တစ်ရုပ်သည် ဖန်သားပြင်ပေါ်တွင် ချစ်စဖွယ် လှုပ်ရှားသွားလာနေတော့သည်။
“အခု ပင်မစာမျက်နှာပေါ်မှာ တင်မထားတော့ဘူးလား” ကိရှိတာနိက မေးသည်။
“အရင်ကတော့ တစ်ခဏလောက် လူကြိုက်များသွားခဲ့သေးတယ်။ ဒါကြောင့် ကျွန်မတို့ ကုမ္ပဏီက စောစောက ဆရာတို့ မြင်လိုက်ရတဲ့ အရုပ်ကလေးကို ထုတ်ကုန်အဖြစ် ပြောင်းပြီး ရောင်းချခဲ့သေးတယ်။ ဒါပေမယ့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်လို့ နောက်ဆုံးကျတော့ အဲဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်ရတယ်”
“အဲဒီကာတွန်းရုပ်ရဲ့ ဒီဇိုင်းကို ဒီကုမ္ပဏီရဲ့ ဝန်ထမ်းက ဆွဲခဲ့တာလား” ကုစာနာဂိက ယာမာမိုတိုကို မေးသည်။
“မဟုတ်ဘူး။ အဲဒီအရုပ်ရဲ့ ဒီဇိုင်နာက သူရဲ့ ကိုယ်ပိုင်ဘလော့ဂ်ပေါ်မှာ ‘ဥနီဂြိုဟ်သားလေး’ ဆိုတဲ့ နာမည်နဲ့ ရုပ်ပုံကို အရင်ဆုံး စတင်ခဲ့တာ။ နောက်ပိုင်း အင်တာနက်ပေါ်မှာ လူကြိုက်များလာလို့ ကျွန်မတို့က အဲဒီ ဒီဇိုင်နာနဲ့ သဘောတူ စာချုပ်ချုပ်ပြီး ကာတွန်းရုပ်ရှင်အဖြစ် အသွင်ပြောင်းခဲ့ကြတာ”
“ဒါဆို အဲဒီအရုပ်ကို နာမည်ကျော် ပန်းချီဆရာတစ်ယောက်က ဆွဲပေးခဲ့တာ မဟုတ်ဘူးပေါ့”
“မဟုတ်ဘူး။ သူက စာသင်ကျောင်းက ဆရာတစ်ယောက်ပါ။ ပန်းချီဆရာလည်း မဟုတ်ဘူး”
“ဟုတ်လား”
ထိုသို့ဆိုလျှင် အတော်ပင် နီးစပ်သွားချေပြီဟု ကုစာနာဂိ တွေးသည်။ အီကာအိ တတ်ဆုဟီကို၏ စကားအရဆိုလျှင် မာရှိဘ ယိုရှီတာကာသည် သူ၏ ကုမ္ပဏီဝန်ထမ်း၊ သို့တည်းမဟုတ် အလုပ်နှင့် ပတ်သက်ဆက်စပ်နေသူနှင့် အချစ်စခန်း ဖွင့်လိမ့်မည် မဟုတ်ပေ။ အကယ်၍သာ လုပ်ငန်းပြင်ပမှ သူစိမ်းတစ်ယောက်သာဆိုလျှင် အခြေအနေမှာ တစ်နည်းတစ်ဖုံ ပြောင်းလဲသွားပေမည်။
“အဲ … မဟုတ်သေးဘူး ဆရာ” ကွန်ပျူတာကိုသာ တစ်ချိန်လုံး စိုက်ကြည့်နေသည့် ကိရှိတာနိက စကားဆိုသည်။ “သူ မဖြစ်နိုင်ဘူး”
“ဘာဖြစ်လို့လဲ”
“ဖန်တီးသူ မှတ်တမ်းမှာ ‘ကျား’ လို့ ရေးထားတယ်”
“ဘာပြောတယ် …” ကုစာနာဂိလည်း မော်နီတာကို စူးစိုက်ကြည့်နေသည်။ ဖန်တီးသူ၏ မှတ်တမ်းထဲတွင် အမှန်ပင် ဤသို့ ရေးသားထားသည်။
“အစောကြီးကတည်းက ကြိုမေးလိုက်မိရင်လည်း အကောင်းသား။ အရုပ်ကလေးက အရမ်းကို ချစ်စရာ ကောင်းနေတော့ ဒီအရုပ်ရဲ့ ဒီဇိုင်နာက မိန်းကလေးပဲ ဖြစ်ကိုဖြစ်ရမယ်လို့ အပိုင်တွက်ထားခဲ့မိတာ”
“ငါလည်း အဲဒီလိုပဲ။ ငါတို့ ပေါ့လိုက်ကြတာ” ကုစာနာဂိသည် မျက်မှောင်ကြုတ်လျက် ခေါင်းကုတ်နေသည်။
“ကျွန်မကို တစ်ခုလောက် မေးခွင့်ပြုပါလား” ယာမာမိုတိုက နံဘေးမှ မေးခွန်းထုတ်လိုက်သည်။ “ဒီဇိုင်နာက ယောက်ျားလေး ဖြစ်နေရင် ဘာများ ပြဿနာ ရှိလို့လဲ”
“မရှိပါဘူး။ ကျွန်တော်တို့က အမှုအတွက် အထောက်အကူ ပြုနိုင်မယ့် လူတစ်ယောက်ကို ရှာနေလို့။ သူက အမျိုးသမီးတစ်ယောက်ပါ”
“ဆရာတို့ ပြောတဲ့ အမှုဆိုတာက … … မစ္စတာမာရှိဘ အသတ်ခံရတဲ့ အမှုကို ပြောတာလား”
“ဟုတ်တယ်”
“အဲဒီအမှုနဲ့ ဒီကာတွန်းရုပ်နဲ့က ဘယ်လို ပတ်သက်နေလို့လဲ”
“အတိအကျတော့ ပြောဖို့ ခက်ပါသေးတယ်။ ဒါပေမယ့် တကယ်လို့သာ ဒီဇိုင်နာက အမျိုးသမီးဆိုရင် အမှုနဲ့ သက်ဆိုင်ချင် သက်ဆိုင်သွားနိုင်တယ်”
ကုစာနာဂိသည် သက်ပြင်းချပြီး ကိရှိတာနိကို လှမ်းကြည့်လိုက်သည်။ “ဒီနေ့တော့ ဒီလောက်နဲ့ တော်ကြစို့”
“ဟုတ် ဆရာ” ကိရှိတာနိသည် ပခုံးနှစ်ဖက် အောက်ချလျက် ပြန်ဖြေသည်။
ယာမာမိုတိုသည် သူတို့နှစ်ဦးကို ကုမ္ပဏီ၏ တံခါးပေါက်ဝတိုင်အောင် လိုက်ပါပို့ဆောင်ပေးပြီး ကုစာနာဂိက သူ့ကို ကျေးဇူးတင်ကြောင်း ပြောဆိုလိုက်လေသည်။ “ခင်ဗျားတို့ကို အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်။ နောက်နောင်လည်း အမှုစုံစမ်းဖို့အတွက် လာချင် လာရဦးမှာမို့ ဒီနေ့လိုပဲ ကူညီပေးပါဦးလို့ အားနာနာနဲ့ပဲ တောင်းဆိုပါရစေ”
“ဟုတ်၊ အချိန်မရွေး ကြိုဆိုပါတယ်ရှင်” သူ၏ အမူအရာမှာ တစ်စုံတစ်ရာကို တွေးတောဆင်ခြင်နေဟန်။ စတွေ့ကြစဉ်က အေးတိအေးစက် မျက်နှာထားနှင့် သိသိသာသာ ကွာခြားနေသည်။
နှုတ်ဆက်ပြီးနောက် နှစ်ဦးသား လှည့်ကာ ထွက်ခွာလာခဲ့သည်။ ထိုစဉ် ကျောအနောက်ဘက်မှ “ခဏ” ဟူသော ယာမာမိုတို၏အသံ ထွက်ပေါ်လာသည်။
ကုစာနာဂိသည် နောက်ပြန်လှည့်ကာ “ဘာများ ပြောစရာ ရှိလို့လဲ”
သူသည် ခြေလှမ်းများကို ခပ်ကျဲကျဲလှမ်းကာ သူတို့အနားသို့ ရောက်ရှိလာသည်။ လေသံကို အနိမ့်ဆုံး နှိမ့်ချလိုက်ပြီး “ဆရာတို့နှစ်ယောက် ဒီတိုက်ရဲ့ ပထမထပ်က ဧည့်တွေ့ဆောင်မှာ ကျွန်မကို ခဏ စောင့်ပေးလို့ ရမလား။ ကျွန်မ ဆရာတို့ကို ပြောစရာ ရှိလို့”
“အမှုနဲ့ သက်ဆိုင်တဲ့ ကိစ္စလား”
“အမှုနဲ့ သက်ဆိုင်မဆိုင်တော့ ကျွန်မ မသိဘူး။ ဒါပေမယ့် ဟိုကာတွန်းရုပ်ရယ်၊ သူရဲ့ ဒီဇိုင်နာရယ်နဲ့တော့ ပတ်သက်နေတယ်”
ကုစာနာဂိနှင့် ကိရှိတာနိတို့သည် တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြသည်။ ထို့နောက် ယာမာမိုတိုဘက်သို့ လှည့်ကာ ခေါင်းညိတ်ပြလိုက်လေသည်။
ယာမာမိုတိုက “ခဏနေ ကျွန်မ ဆင်းလာခဲ့ပါမယ်” ဟု ဆိုကာ ကုမ္ပဏီထဲသို့ ဝင်သွားလေသည်။
ပထမထပ်၏ ဧည့်တွေ့ဆောင်သည် အများသုံးခန်းမဆောင်တစ်ဆောင် ဖြစ်သည်။ ကုစာနာဂိသည် ‘ဆေးလိပ်မသောက်ရ’ ဟူသော ဆိုင်းဘုတ်ကို စိတ်နာနာဖြင့် မျက်စောင်းထိုးလျက် ကော်ဖီကို မော့သောက်နေသည်။
“သူက ကျွန်တော်တို့ကို ဘာပြောမလို့လဲ မသိဘူးနော်” ကိရှိတာနိက မေးသည်။
“အင်း … စောစောက ယောက်ျားဒီဇိုင်နာနဲ့ ပတ်သက်တဲ့ ကိစ္စဆိုရင်တော့ ငါတို့အတွက် ဘာအကျိုးမှ ရှိမှာ မဟုတ်ဘူး”
များမကြာခင် ယာမာမိုတိုသည် A4 စာရွက် အရွယ်အစားခန့်ရှိသော စာအိတ်တစ်အိတ်ကို ကိုင်လျက် အနားသို့ ချဉ်းကပ်လာသည်။ သူ့ကို ကြည့်ရသည်မှာ ပတ်ဝန်းကျင်မှ လူများ ရိပ်မိသွားမည်ကို စိုးရွံ့ထိတ်လန့်နေသည့် ဟန်မျိုး။
“စောင့်ရတာ ကြာသွားပြီ ထင်တယ်” ပြောပြီး သူတို့နှစ်ဦး၏ မျက်နှာချင်းဆိုင်တွင် ထိုင်ချလိုက်သည်။
စားပွဲထိုးတစ်ယောက်သည် အနားသို့ အလျင်အမြန် ရောက်ရှိလာသည်။ ယာမာမိုတိုသည် လက်ခါပြကာ အနားမှ နှင်ထုတ်လိုက်လေသည်။ ခပ်ကြာကြာ ထိုင်လိုဟန် ရှိပုံ မရပေ။
“ကျွန်တော်တို့ကို ဘာအကြောင်းများ ပြောစရာရှိလို့လဲ” ကုစာနာဂိက စကားကြောင်းလိုက်သည်။
ယာမာမိုတိုသည် ဘေးဘီကို တစ်ချက်မျှ ဝေ့ကြည့်ပြီးနောက် ကိုယ်ကို အရှေ့ကို ယို့လိုက်သည်။ “အခု ပြောမယ့်ကိစ္စကို အပြင် မပေါက်ကြားစေချင်ဘူး။ တကယ်လို့ အများပြည်သူကို မဖြစ်မနေ ပြောပြရတော့မယ် ဆိုရင်လည်း ကျွန်မ ပြောပြတယ်လို့ ဘယ်သူမှ မသိပါစေနဲ့။ မဟုတ်ရင် ကျွန်မ ဒုက္ခရောက်သွားနိုင်တယ်”
“ဗျာ” ကုစာနာဂိက ယာမာမိုတိုကို မျက်စိလှန်ကြည့်လိုက်သည်။ သူသည် မူလက “ဒါတော့ အခြေအနေအရ ကြည့်လုပ်ရမှာပေါ့” ဟု ပြောရန် ရည်ရွယ်ထားခဲ့သော်လည်း ထိုသို့သာ ပြောလိုက်မည် ဆိုလျှင် အရေးကြီးသည့် သတင်းအချက်အလက်တစ်ခု လက်လွတ်သွားနိုင်မှန်း သူ သိနေသည်။ မှုခင်းရဲတစ်ယောက်အနေဖြင့် မျက်နှာပြောင်တိုက်ရန် ရံဖန်ရံခါ လိုအပ်သည်သာ။ သူ ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့။ ကျွန်တော် သဘောတူပါတယ်”
ယာမာမိုတိုသည် နှုတ်ခမ်းသပ်ကာ စကားဆိုသည်။ “စောစောက ဆရာတို့နှစ်ယောက် ပြောနေတဲ့ ကာတွန်းရုပ်ရဲ့ ဒီဇိုင်နာက တကယ်တော့ အမျိုးသမီးတစ်ယောက်ပါ”
“ဘယ်လို” ကုစာနာဂိ၏ မျက်လုံးများ ပြူးကျယ်လာသည်။ “အတည်ပြောနေတာလား”
“အတည်ပါ။ စောစောက အမှန်အတိုင်း ပြောပြဖို့ အဆင်မပြေလို့ ယောက်ျားဆရာလို့ တမင် ပြောခဲ့တာပါ”
ကိရှိတာနိသည် တစ်ဘက်တွင် မှတ်တမ်းယူရင်း ခေါင်းညိတ်ကာ စကားဆိုသည်။ “အင်တာနက်ပေါ်မှာ လူတွေက နာမည်တင် မကဘူး။ အသက်အရွယ်နဲ့ ကျားမကအစ အမှန်အတိုင်း မရေးကြတာပဲ များတယ်”
“ကျောင်းဆရာ ဆိုတာကရော အမှန်မဟုတ်ဘူးလား” ကုစာနာဂိက မေးသည်။
“မဟုတ်ဘူးရှင့်။ ဘလော့ဂ်ပေါ်မှာ ရေးထားတဲ့ ယောက်ျားဆရာက အပြင်မှာ တကယ်ရှိတယ်။ ဘလော့ဂ်ကို ရေးတဲ့သူကလည်း သူပဲ။ ဒါပေမယ့် စောစောက ကာတွန်းရုပ်ကို ထွင်တဲ့သူကကျတော့ တခြားတစ်ယောက်။ နောက်ပြီး အဲဒီဆရာနဲ့ ဘယ်လိုမှ မပတ်သက်၊ မစပ်ဆိုင်တဲ့ လူတစ်ယောက်ပါ”
ကုစာနာဂိသည် မျက်မှောင်ကြုတ်လျက် တံတောင်နှစ်ဖက်ကို စားပွဲပေါ် တင်လိုက်သည်။ “ဘယ်လိုဖြစ်လို့လဲ”
ယာမာမိုတိုသည် ပတ်ဝန်းကျင်ကို သတိကြီးကြီးဖြင့် ဝေ့ကြည့်ကာ စကားစသည်။ “တကယ်တော့ ဒါတွေအားလုံးကို အစကတည်းက အစီအစဉ်ချပြီး လုပ်ခဲ့ကြတာ”
“အစီအစဉ်ချတယ် …”
“စောစောက ဆရာတို့ နှစ်ယောက်ကို ကျွန်မ ပြောခဲ့တယ်လေ။ အဲဒီဆရာရဲ့ ဘလော့ဂ်ပေါ်မှာ တင်ထားတဲ့ ကာတွန်းအရုပ်ကို လူကြိုက်များလာလို့ ကျွန်မတို့ ကုမ္ပဏီက သူနဲ့ အလုပ်တွဲလုပ်ပြီး ကာတွန်းရုပ်ရှင်တစ်ခု ဖန်တီးခဲ့တယ် ဆိုတာ ဆရာတို့ မှတ်မိဦးမှာပေါ့။ တကယ်တော့ အဖြစ်မှန်က အဲဒီလို မဟုတ်ဘူး။ အဲဒီအရုပ်နဲ့ ရုပ်ရှင်ဖန်တီးပြီး အင်တာနက်ပေါ် တင်မယ့် အစီအစဉ်က အစောကြီးကတည်းက ရှိနှင့်ပြီးသား။ ကျွန်မတို့က အဲဒီရုပ်ပုံကို အရင်ဆုံး ဘလော့ဂ်တစ်ခုပေါ်မှာ တင်လိုက်တယ်။ ပထမဆုံးအဆင့်က အဲဒီဘလော့ဂ်ကို လူသိများအောင် ကျွန်မတို့ ကြိုးစားကြရတယ်။ နောက်တော့ အဲဒီကာတွန်းပုံကို လူကြိုက်များလာပြီ ဆိုမှ ကျွန်မတို့ ကုမ္ပဏီက အဲဒီဘလော့ဂ်ရဲ့ ဖန်တီးရှင်နဲ့ ကာတွန်းရုပ်ရှင် ရိုက်ကူးဖို့ စာချုပ်ချုပ်ပါတယ်ဆိုပြီး ကြေညာလိုက်တယ်။ ဒါတွေက မာကတ်တင်းဗျူဟာတွေပေါ့”
ကုစာနာဂိသည် လက်ပိုက်လျက် အေးစက်သော လေသံဖြင့် ပြောသည်။ “ခင်ဗျားတို့ အလုပ်လုပ်ပုံကလည်း အတော် ရှုပ်ထွေးတာပဲ”
“ကျွန်မတို့ ဥက္ကဋ္ဌရဲ့ အယူအဆက အဲဒီလိုလုပ်ပေးမှ အင်တာနက်ကြမ်းပိုးတွေအတွက် ရင်းနှီးကျွမ်းဝင်တဲ့ ခံစားမှုကို ဖန်တီးပေးနိုင်မှာတဲ့။ ဒါမှ ကျွန်မတို့ကို နှစ်နှစ်ကာကာ အားပေးကြမှာလေ”
ကိရှိတာနိသည် ကုစာနာဂိကို လှည့်ကြည့်ပြီး ခေါင်းညိတ်ပြသည်။ “အဲဒီလို ဖြစ်နိုင်ပါတယ်။ လုံးဝ နာမည်မရှိသေးတဲ့ အနုပညာရှင်တစ်ယောက်ရဲ့ လက်ရာကို ဟိုးလေးတကြော် ဖြစ်သွားအောင် အင်တာနက်ကြမ်းပိုးတွေက ပိုပြီး လုပ်ပေးချင်ကြတယ်”
“အဲဒီလိုဆိုတော့ အဲဒီကာတွန်းရုပ်ကို ဒီဇိုင်းဆွဲပေးတဲ့ မူလပန်းချီဆရာက ခင်ဗျားတို့ ကုမ္ပဏီရဲ့ ဝန်ထမ်းပဲပေါ့” ကုစာနာဂိက ယာမာမိုတိုကို မေးသည်။
“မဟုတ်ဘူးရှင့်။ အဲဒီတုန်းက ကျွန်မတို့ဟာ နာမည်သိပ်မရသေးတဲ့ ကာတွန်းဆွဲဆရာ၊ ပန်းချီဆရာတွေထဲကနေ အဆင်ပြေနိုင်မယ့် လူကို ရွေးထုတ်ခဲ့ကြတာ။ ကျွန်မတို့ ကုမ္ပဏီအတွက် သူတို့ကို နမူနာပုံ ဆွဲပြီး တင်ပြခိုင်းတာပေါ့။ အဲဒီအထဲကမှ ကျွန်မတို့က ဥနီဂြိုဟ်သားလေးကို ရွေးခဲ့တာပါ။ ဒီဇိုင်နာနဲ့လည်း လျှို့ဝှက်စာချုပ် ချုပ်ဆိုရတာပေါ့။ နောက်ပြီး အဲဒီ ဒီဇိုင်နာကိုပဲ စောစောက ကျောင်းဆရာရဲ့ ဘလော့ဂ်မှာ တင်ဖို့ ရုပ်ပုံကိုပါ ဆွဲခိုင်းရတယ်။ ဒါပေမယ့် အဲဒီ ပန်းချီဆရာမက လုပ်ငန်းပြီးဆုံးတဲ့အထိ ဆွဲမသွားနိုင်ခဲ့ဘူး။ အဆုံးသတ်ကိုကျတော့ တခြားပန်းချီဆရာတစ်ယောက်ကို လက်လွှဲခဲ့ရတယ်။ ဒီလောက်ပြောရင် ဆရာတို့လည်း သဘောပေါက်လောက်ပြီ ထင်ပါတယ်။ အဲဒီ ကျောင်းဆရာရဲ့ ကိုယ်ပိုင်ဘလော့ဂ်ကိုလည်း ကျွန်မတို့ ကုမ္ပဏီကပဲ ငွေရေးကြေးရေးအရ အပြည့်အဝ ထောက်ပံ့ထားတာလေ”
ကုစာနာဂိ၏ အံ့အားသင့်မှုသည် သူ၏ စကားလုံးများထဲတွင် အထင်သား ပေါ်လွင်နေသည်။ “တကယ့်ကို အားလုံး အကွက်ချပြီး လုပ်သွားခဲ့တာပဲ”
“လုံးဝ အသစ်စက်စက် ကာတွန်းဇာတ်ကောင်တစ်ခုကို ဈေးကွက်ထဲ တင်သွင်းဖို့ဆိုရင် မာကတ်တင်းဗျူဟာ ကောင်းကောင်း ရှိဖို့ လိုအပ်တယ်လေ” ယာမာမိုတိုက မဲ့ပြုံးပြုံးလျက် ပြောသည်။ “ဒါပေမယ့် အဆုံးသတ် ရလဒ်ကတော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ဘူးပေါ့ရှင်”
“ဒါဆို အဲဒီ ပန်းချီဆရာမကရော … သူ့အကြောင်း ပြောပြလို့ ရမလား”
“သူက ကလေး ရုပ်ပြစာအုပ်တွေ ဆွဲတဲ့ ပန်းချီဆရာမပါ။ စာအုပ်နည်းနည်းပါးပါးလည်း ပုံနှိပ်ထုတ်ဝေခဲ့ဖူးတယ်” ယာမာမိုတိုသည် သူ၏ ပေါင်ပေါ်တွင် တင်ထားသော စာအိတ်ထဲမှ ရုပ်ပြစာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်သည်။
ကုစာနာဂိက “ကျွန်တော် ကြည့်ကြည့်ပါရစေ” ဟု ဆိုကာ ရုပ်ပြစာအုပ်ကို လှမ်းယူလိုက်သည်။ စာအုပ်၏ နာမည်မှာ ‘မနက်ဖြန် မိုးရွာတော့မည်’ ။ သူသည် စာအုပ်ကို ခပ်သုတ်သုတ် လှန်ကြည့်လိုက်သည်။ မိုးနတ်သမီး၏ ပုံပြင် ဖြစ်သည်။ ဖန်တီးသူ၏ နာမည်ကို ‘ခရမ်းလိပ်ပြာ’ ဟု ဖော်ပြထားသည်။
“သူက အခုချိန်ထိ ကုမ္ပဏီနဲ့ အဆက်အသွယ် ရှိနေသေးလား”
“မရှိတော့ဘူး။ အဲဒီဇာတ်ကောင်နဲ့ ပတ်သက်သမျှ မူပိုင်ခွင့်တွေ အားလုံးက ကျွန်မတို့ ကုမ္ပဏီပိုင်ချည်းပဲ။ ဒါကြောင့် သူ့ကို ပထမဆုံး ပုံတစ်ပုံ ဆွဲခိုင်းပြီးတာနဲ့ နောက်ပိုင်းကျတော့ ကျွန်မတို့နဲ့ လုံးဝ အဆက်အသွယ် မရှိတော့ဘူး”
“ဒါဆို ခင်ဗျားကရော အဲဒီအမျိုးသမီးကို မြင်ဖူးလိုက်လား”
“ဟင့်အင်း။ ကျွန်မ မမြင်ဖူးဘူး။ စောစောကလည်း ဆရာတို့ကို ပြောခဲ့ပြီးပါပြီ။ သူရဲ့ တည်ရှိနေမှုကို လျှို့ဝှက်ထားဖို့ လိုအပ်တယ်လေ။ သူ့ကို မြင်ဖူးတဲ့လူဆိုလို့ ဆုံးသွားတဲ့ ကျွန်မတို့ရဲ့ ဥက္ကဋ္ဌနဲ့ ဟိုးအပေါ်က ရာထူးကြီးကြီး လူတချို့ပဲ ရှိတယ်။ ကြားမိတာတော့ အဲဒီတုန်းက သဘောတူစာချုပ်ကိုတောင် ဥက္ကဋ္ဌကိုယ်တိုင် သူနဲ့ လက်မှတ်ထိုးခဲ့ကြတာ”
“မစ္စတာမာရှိဘကိုယ်တိုင် ဦးစီးခဲ့တယ် ဆိုပါတော့”
“ကျွန်မတို့ သတင်းကြားမိတာတော့ အဲဒီ ဥနီဂြိုဟ်သားရဲ့ ပုံကို သဘောအကျဆုံးကလည်း ဥက္ကဋ္ဌပဲ” ပြောပြီး ယာမာမိုတိုသည် ကုစာနာဂိကို စိုက်ကြည့်နေလေသည်။
ကုစာနာဂိသည် ခေါင်းညိတ်ပြပြီး မျက်လွှာကို အောက်သို့ နှိမ့်ချထားလိုက်သည်။ ရုပ်ပြစာအုပ်ပေါ်တွင် ပန်းချီဆရာ၏ ကိုယ်ရေးအကျဉ်းကို ပုံနှိပ်ဖော်ပြထားသော်လည်း သူ၏ နာမည်အရင်းနှင့် မွေးသက္ကရာဇ် စသည့် အချက်အလက်များကို ရေးသားထားခြင်း မရှိပေ။
အကယ်၍ ရုပ်ပြပန်းချီဆရာမသာ အမှန်ဖြစ်လျှင် ‘ပုံဆွဲပြီး အသက်မွေး’ ‘စာအုပ်ထုတ်ဖူး’ ဆိုသည့် အချက်များနှင့်
ကိုက်ညီသွားပေပြီ။
“အဲဒီရုပ်ပြစာအုပ်ကို ကျွန်တော်တို့ကို ခဏငှားပေးလို့ ရမလား” ကုစာနာဂိသည် ရုပ်ပြစာအုပ်ကို ကောက်ကိုင်၍ မေးလိုက်သည်။
ယာမာမိုတိုသည် ‘ရပါတယ်’ ဟု ဆိုကာ နာရီငုံ့ကြည့်နေသည်။ “ကျွန်မ ပြောပြနိုင်သမျှ အားလုံးကိုလည်း ဆရာတို့နှစ်ယောက်ကို ပြောပြီးသွားပြီ ဆိုတော့ ကျွန်မကိုလည်း ပြန်ခွင့်ပြုပါဦး။ ဆရာတို့အတွက် အထောက်အကူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”
“ကျေးဇူးပါဗျာ။ တော်တော်လေး အကျိုးရှိပါတယ်” ကုစာနာဂိက ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။
ယာမာမိုတို ထွက်ခွာသွားသည့် အခါတွင် ကုစာနာဂိသည် ရုပ်ပြစာအုပ်ကို ကိရှိတာနိအား လှမ်းပေးလိုက်သည်။ “မင်း အဲဒီစာအုပ်တိုက်ကို သွားပြီး စုံစမ်းကြည့်ပါဦး”
“အကျိုးရှိနိုင်ပါ့မလား”
“ဖြစ်နိုင်ခြေ တော်တော်လေး များတယ်။ အနည်းဆုံးတော့ ဒီရုပ်ပြပန်းချီဆရာမနဲ့ မာရှိဘ ယိုရှီတာကာ အကြားမှာ ထူးခြားတဲ့ ဆက်ဆံရေးတွေ ရှိကိုရှိရလိမ့်မယ်”
“ဆရာ့ကြည့်ရတာ အပြည့်အဝ ယုံကြည်ထားသလိုပဲ”
“ယာမာမိုတိုရဲ့ ခိုးကြောင်ခိုးဝှက် ပုံစံကို မြင်ရကတည်းက ငါ ယုံကြည်ထားပြီးသား။ သူ အစောကြီးကတည်းက မစ္စတာမာရှိဘနဲ့ အဲဒီပန်းချီဆရာမရဲ့ ဆက်ဆံရေးကို မသင်္ကာ ဖြစ်နေခဲ့တယ် ဆိုတာ မြင်သာနေတာပဲ”
“ဒါဆိုလည်း သူက ဘာဖြစ်လို့ အခုချိန်ထိအောင် လျှို့ဝှက်ထားရတာလဲ။ ဟိုးအရင်တုန်းကလည်း မှုခင်းရဲတွေက မစ္စတာမာရှိဘရဲ့ အချစ်နဲ့ အိမ်ထောင်ရေးအကြောင်းတွေ အများကြီး သူ့ကို မေးခဲ့ဖူးတာပဲ။ သူ ဖြေမှ မဖြေခဲ့တာ”
“သက်သေသက္ကာယ အခိုင်အမာ မပြနိုင်တဲ့ ကိစ္စမျိုးကို ဝင်ပြီး လျှာမရှည်တာ အကောင်းဆုံးပဲ ဖြစ်လိမ့်မယ်လို့ ယူဆထားလို့ နေမှာပေါ့ကွာ။ သူက ငါတို့ကိုလည်း များများစားစား ပြောပြခဲ့တာမှ မဟုတ်ဘဲ။ ငါတို့က ကာတွန်းရုပ်ရဲ့ ဒီဇိုင်နာကို စိတ်ဝင်စားပြနေတာ ဆိုတော့ အဲဒီ ဒီဇိုင်နာက ယောက်ျား မဟုတ်ဘူး၊ မိန်းမပါဆိုတဲ့ အချက်ကို ငါတို့ကို ပြောပြချင်စိတ် ဖြစ်သွားတာနေမှာ။ အဲဒီရုပ်ပြပန်းချီဆရာမနဲ့ မစ္စတာမာရှိဘတို့က သွေးရိုးသားရိုး မဟုတ်ကြဘူး ဆိုတာကို သိလို့သာလျှင် အခုကိစ္စမှာ ဝင်ပါဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်မယ်”
“အဲဒီလိုလား။ အစောပိုင်းတုန်းက သူ့ကို မျက်နှာရှစ်ခေါက်ချိုးနေတယ် ဆိုပြီး ပြောခဲ့တာကို ပြန်တောင်းပန်ရမလိုတောင် ဖြစ်နေပြီ”
“သူရဲ့ စေတနာတွေ အလဟဿ မဖြစ်စေချင်ရင် စာအုပ်တိုက်ကို မြန်မြန် ဖုန်းဆက်ပေတော့”
ကိရှိတာနိသည် လက်ကိုင်ဖုန်းကို ဆွဲထုတ်ပြီး ရုပ်ပြစာအုပ်ကို ကိုင်လျက် အနားမှ ထွက်ခွာသွားသည်။ ကုစာနာဂိသည် ဖုန်းဆက်နေသော သူ၏ နောက်ကျောကို ငေးကြည့်နေရင်း အေးစက်သွားပြီဖြစ်သော ကော်ဖီကို မော့သောက်နေလေသည်။ ကိရှိတာနိသည် ဖုန်းဆက်ပြီးနောက် အနားသို့ ပြန်ရောက်လာသည်။ မျက်နှာက ကောင်းလှသည် မဟုတ်။
“တာဝန်ခံနဲ့ မတွေ့ဘူးလား”
“မဟုတ်ဘူး။ တွေ့တယ်။ နောက်ပြီး အဲဒီ ‘ခရမ်းလိပ်ပြာ’ ဆိုတဲ့ ပန်းချီဆရာ အကြောင်းကိုလည်း မေးလိုက်သေးတယ်”
“ဒါဆို ဘာဖြစ်လို့ မျက်နှာက သုန်မှုန်နေတာလဲ”
ကိရှိတာနိသည် သူ၏ မေးခွန်းကို ချက်ချင်း ပြန်မဖြေဘဲ မှတ်စုစာအုပ်ကို လှန်လှောနေသည်။ “အဲဒီအမျိုးသမီးရဲ့ နာမည်အရင်းက ကျုကူအိ ဂျွန်ကိုတဲ့။ အဲဒီရုပ်ပြစာအုပ်ကို လွန်ခဲ့တဲ့ လေးနှစ်က ထုတ်ဝေခဲ့တာ။ အခုတော့ ရပ်နားထားလိုက်ပြီ ပြောတယ်”
“သူ့ကို ဆက်သွယ်လို့ ရမယ့် လိပ်စာကိုရော မမေးလိုက်ဘူးလား”
“ဟင့်အင်း။ တကယ်တော့ …” ကိရှိတာနိသည် မှတ်စုစာအုပ်ကို ငုံ့ကြည့်နေရာမှ ခေါင်းကို မော့လိုက်သည်။ “သူက ဆုံးသွားတာ ကြာပြီ”
“ဘယ်လို … ဘယ်တုန်းက ဆုံးသွားခဲ့တာတဲ့လဲ”
“လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကလို့ ပြောတယ်။ သူ့အိမ်မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တာ”