မာတိကာကြည့်ရန်

(၁၆)

တစ်ခုခု ပြောမှ ဖြစ်တော့မည်ဟု သဘောရသဖြင့် ကုစာနာဂိက ပါးစပ်ဟလိုက်သည်။ “အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်” ပြောပြီးပြီးချင်းမှာပင် သူသည် စကားကို ပြီးစလွယ် ပြောခဲ့မိသည့်အတွက် နောင်တရသွားသည်။ “အခြေအနေ လာကြည့်တာလား”

“မဟုတ်ပါဘူး။ ကျွန်မ အဝတ်အစား နည်းနည်းပါးပါး လာယူတာပါ။ … သူက …” အာယနဲက မေးသည်။

“ကျွန်တော် ယုကာဝါပါ။ အင်ပီရီယယ်တက္ကသိုလ်မှာ ရူပဗေဒ သင်ပါတယ်” ယုကာဝါက သူ့ဘာသာ မိတ်ဆက်စကား ဆိုသည်။

“တက္ကသိုလ်ဆရာလား”

“သူက ကျွန်တော့် သူငယ်ချင်းပါ။ တစ်ခါတလေကျရင် ရူပဗေဒနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာ သူ့ကို အကူအညီ တောင်းရလေ့ရှိပါတယ်။ ဒီတစ်ခေါက်လည်း ကူညီပေးဖို့ သူ့ကို ခေါ်ထားတာ”

“ဪ … ဒီလိုလား”

ကုစာနာဂိ၏ ဖြေရှင်းချက်ကို နားထောင်ပြီးသည့် အခါတွင် အာယနဲ၏ မျက်နှာပေါ်၌ သောက၏ အရိပ်အငွေ့များ ယှက်သန်းသွားသည်။ သို့သော် သူသည် ယုကာဝါအကြောင်းကို ဆက်မမေးတော့ဘဲ အိမ်ထဲမှ ပစ္စည်းများကို တို့ထိခွင့် ရှိမရှိ မေးမြန်းလေသည်။

“ရပါတယ်။ ဆန္ဒရှိသလို ယူသုံးနိုင်ပါတယ်။ ခင်ဗျားကို တစ်လျှောက်လုံး ဒုက္ခပေးသလို ဖြစ်နေတဲ့အတွက် စိတ်မကောင်းပါဘူးဗျာ”

အာယနဲက “ရပါတယ်” ဟု ပြန်ဖြေပြီး လျှောက်လမ်းဘက်သို့ လှည့်ထွက်သွားလေသည်။ နှစ်လှမ်း၊ သုံးလှမ်းပင် မလှမ်းရသေး။ ကိုယ်ကို ပြန်လှည့်ကာ ကုစာနာဂိတို့ကို မေးခွန်းထုတ်လိုက်သည်။ “ကျွန်မ မေးသင့်လား မမေးသင့်လားတော့ မပြောတတ်ဘူး။ ရှင်တို့ အခု ဘာကို စစ်ဆေးနေတာလဲ ဆိုတာကို ကျွန်မ သိခွင့်ရှိမလား”

“ဒါလား” ကုစာနာဂိသည် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။ “လတ်တလော အချိန်ထိ အဆိပ်ခတ်ပုံ ခတ်နည်းကို စုံစမ်းလို့ မရသေးတော့ ကျွန်တော်တို့ အဲဒီကိစ္စကို ဆက်ပြီး လေ့လာနေကြတာပါ။ ခင်ဗျားကို ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ်”

“ရပါတယ်ရှင်။ ကျွန်မက အပြစ်တင်နေတာ မဟုတ်ပါဘူး။ စိတ်ထဲ မထားပါနဲ့။ ကျွန်မ အပေါ်ထပ်မှာ ရှိမယ်။ ကိစ္စရှိရင် ခေါ်လိုက်လို့ ရပါတယ်”

“ဟုတ်ကဲ့။ ကျေးဇူးပါ”

ကုစာနာဂိသည် ဦးညွတ်၍ အာယနဲကို အရိုအသေ ပေးလိုက်သည်။ ဘေးနားမှ ယုကာဝါ၏အသံ ထွက်ပေါ်လာသည်။ “ကျွန်တော် ခင်ဗျားကို မေးခွန်းတစ်ခု မေးလို့ ရမလား”

“ဟုတ်၊ ဘာများ မေးချင်လို့ပါလဲ” အာယနဲက အံ့ဩသော အမူအရာဖြင့် ပြန်မေးသည်။

“ခင်ဗျားတို့အိမ်ရဲ့ ရေပိုက်ခေါင်းမှာ ရေသန့်စက် တပ်ထားတာ ကျွန်တော်တွေ့တယ်။ အဲဒါက အချိန်ကြာရင် အထဲက ရေစစ်တွေကို လဲပေးရတယ် မဟုတ်လား။ ခင်ဗျား အဲဒီရေစစ်တွေကို နောက်ဆုံးတစ်ကြိမ် လဲခဲ့တာ ဘယ်တုန်းလောက်က ဖြစ်မလဲ”

“အဲဒါလား …” အာယနဲသည် သူတို့အနီးသို့ ပြန်လျှောက်လာသည်။ လက်ဆေးကန်ဘက်သို့ မျက်စိကို ဝေ့ကြည့်ကာ ရှက်နိုးသော အမူအရာဖြင့် “တစ်ခါမှ မလဲဖူးသေးဘူး”

“ဟုတ်လား။ တစ်ခါမှကို မလဲရသေးတာလား” ယုကာဝါကလည်း အံ့အားသင့်နေသည့်ပုံ။

“ကျွန်မလည်း လူခေါ်ပြီး လဲတော့ လဲသင့်နေပြီလို့ တွေးနေခဲ့တာ။ အခု တပ်ထားတဲ့ ရေသန့်စက်ကို ဒီအိမ် ပြောင်းလာပြီး မကြာခင်မှာပဲ အသစ်လဲထားတာ။ သုံးနေတာလည်း တစ်နှစ်လောက် ရှိတော့မယ်။ ရေသန့်စက်ကုမ္ပဏီကလည်း တစ်နှစ်ကို တစ်ခါလောက် ရေစစ် အသစ်လဲဖို့ မှာထားတယ်လို့ ကျွန်မ မှတ်မိတယ်”

“လွန်ခဲ့တဲ့ တစ်နှစ်လောက်က … ဟုတ်လား”

“ဘာများ ပြဿနာ ရှိလို့လဲ မသိဘူးနော်”

ယုကာဝါက လက်ကို ခါယမ်းလိုက်သည်။ “မရှိပါဘူး။ မေးကြည့်ရုံသက်သက်ပါ။ အဲဒီလိုဆိုရင်တော့ အခု အခွင့်အရေးရတုန်း လဲပစ်လိုက်ပါလား။ သုတေသနတစ်ခုမှာ ဘာပြောထားသလဲ ဆိုတော့ နှစ်ချို့နေတဲ့ ရေစစ်အဟောင်းက လူရဲ့ ကျန်းမာရေး ထိခိုက်စေနိုင်တယ်တဲ့”

“ဟုတ်။ ဒါပေမယ့် အသစ်မလဲခင်မှာတော့ ကျွန်မ လက်ဆေးကန် အောက်ဘက်ကို သန့်ရှင်းလေး နည်းနည်းပါးပါး လုပ်လိုက်ချင်တယ်။ အထဲမှာ ညစ်ပတ်ပေတူးနေတာပဲ”

“ဘယ်အိမ်မဆို ဒီလိုပါပဲဗျာ။ ကျွန်တော်တို့ ဓာတ်ခွဲခန်းက လက်ဆေးကန် အောက်ဘက်မှာဆိုရင် ကြွက်သိုက်တောင် ဖြစ်နေပြီ။ အဲ … ဆောရီးဗျာ။ ခင်ဗျားတို့အိမ်နဲ့ ကျွန်တော်တို့ ဓာတ်ခွဲခန်းနဲ့ကို ခိုင်းနှိုင်းမိသလို ဖြစ်သွားပြီ” ယုကာဝါသည် ကုစာနာဂိကို မျက်စပစ်ပြပြီး စကားကို ဆက်ပြောသည်။ “ခင်ဗျားတို့ ဆက်သွယ်နေကျ ရေသန့်စက် ကုမ္ပဏီရဲ့ လိပ်စာကို ပေးပါလား။ ကုစာနာဂိကို အခုတစ်ခါတည်း စီစဉ်ခိုင်းလိုက်မယ်လေ။ မြန်မြန်ပြီးသွားတော့ စိတ်အေးတာပေါ့”

ကုစာနာဂိသည် တအံ့တဩဖြင့် ယုကာဝါကို စိုက်ကြည့်နေမိသည်။ သို့သော် ဤရူပဗေဒ ပညာရှင်သည် ငယ်သူငယ်ချင်း၏ အကြည့်ကို ဂရုစိုက်လိုဟန် မတူ။ အာယနဲကိုသာ စိုက်ကြည့်လျက် မေးခွန်းထုတ်လိုက်သည်။ “ခင်ဗျားရဲ့ သဘောကရော”

“အခု လုပ်မယ် ပြောတာလား”

“ဟုတ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အဲဒီပစ္စည်းက အမှုစုံစမ်းရေးအတွက် အထောက်အကူ ပြုချင် ပြုနေဦးမှာ။ ဒါကြောင့် မြန်လေ ကောင်းလေပဲ”

“အဲဒီလိုဆိုရင်လည်း ရှင်တို့ သဘောပါပဲ”

ယုကာဝါသည် အပြုံးဖြင့် ကုစာနာဂိကို လှည့်ကြည့်လိုက်သည်။ “ကြားတယ် မဟုတ်လား”

ကုစာနာဂိက ယုကာဝါကို မျက်စောင်းတစ်ချက် ထိုးပစ်လိုက်သည်။ သို့သော် ပြီးခဲ့သည့် အတွေ့အကြုံများအရ မျက်မှောက်ရှိ ဤပညာရှင်သည် အလုပ်တစ်ခုကို စိတ်ရူးထတိုင်း လုပ်လေ့ရှိသူ မဟုတ်။ သူ့တွင် အကြောင်းပြချက် ကောင်းကောင်းတစ်ခု ရှိရမည်သာ။

ယခုကိစ္စသည် အမှုစုံစမ်းရေးအတွက် အထောက်အကူ ဖြစ်နိုင်သည်ဟု ကုစာနာဂိကလည်း ယုံကြည်နေသည်။ သို့ဖြင့် အာယနဲဘက်သို့ လှည့်ကာ “ဒါဆို ခင်ဗျားတို့ရဲ့ ရေသန့်စက်ကုမ္ပဏီကို ကျွန်တော် ဆက်သွယ်လိုက်ပါ့မယ်”

“ဟုတ်ကဲ့။ ခဏလောက် စောင့်ပါဦး” အာယနဲသည် အခန်းထဲမှ ထွက်ခွာသွားလေသည်။

အာယနဲ အခန်းထဲမှ ထွက်သွားသည်နှင့် ကုစာနာဂိသည် ယုကာဝါကို နောက်တစ်ကြိမ် မျက်စောင်းထိုးလိုက်ပြန်သည်။ “ဟဲ့ကောင် … အသိမပေး ဘာမပေးနဲ့ နောက်တစ်ခါ အခုလို ထူးဆန်းတဲ့ စကားမျိုးတွေ မပြောစမ်းနဲ့ကွာ”

“မတတ်နိုင်ဘူးလေ။ မင်းကို ကြိုအသိပေးဖို့ အချိန်မှ မရဘဲ။ အပြစ်တင် မစောနဲ့ဦး။ လုပ်စရာတွေ ရှိသေးတယ်”

“ဘာလုပ်ရမှာလဲ”

“ထ.ရ.ဖက လူတွေ ခေါ်လိုက်။ ရေသန့်စက်ကုမ္ပဏီက သက်သေအထောက်အထားတွေကို ဖျောက်ဖျက်ပစ်တာမျိုး မင်းလည်း အဖြစ်မခံနိုင်ဘူး မဟုတ်လား။ ရေစစ်အဟောင်းကို ထ.ရ.ဖက ကိုယ်တိုင် ဖြုတ်လိုက်တာ ကောင်းမယ်”

“မင်း ဆိုလိုချင်တာက … ထ.ရ.ဖက ရေစစ်အဟောင်းတွေကို ယူသွားရမယ်ပေါ့”

“ပိုက်ပျော့တွေရောပဲ”

လေသံကို နှိမ့်ချ၍ ပြောဆိုနေသော ယုကာဝါ၏ မျက်ဝန်းအစုံတွင် သိပ္ပံပညာရှင်တို့ ရှိသင့်ရှိထိုက်သည့် လေးနက်မှုနှင့် အေးဆေးတည်ကြည်မှုတို့ ရောယှက်စိမ့်ဝင်နေကြသည်။ ယုကာဝါ၏ အကြည့်တစ်စုံအောက်တွင် ပြားပြားဝပ်လျက် မည်သို့ ပြန်ပြောရမည်မှန်း စဉ်းစားမတတ်အောင် ဖြစ်နေစဉ်မှာပင် အနားသို့ အာယနဲ ပြန်ရောက်လာသည်။

***

တစ်နာရီခန့် ကြာပြီးနောက်တွင် ထ.ရ.ဖမှ ဝန်ထမ်းများသည် ရေသန့်စက်၏ ရေစစ်ပြွန်နှင့် ပိုက်ပျော့ကို ဖြုတ်ယူသွားကြသည်။ ကုစာနာဂိနှင့် ယုကာဝါတို့က ဘေးနားမှ ရပ်လျက် လုပ်ငန်းစဉ်တစ်လျှောက်လုံးကို စောင့်ကြည့်နေခဲ့သည်။

ရေစစ်ပြွန်နဲ့ ပိုက်ပျော့ပေါ်တွင် ဖုန်အလိမ်းလိမ်း ကပ်ငြိနေသည်။ ထ.ရ.ဖမှ ဝန်းထမ်းများက ၎င်းတို့ကို သတိကြီးကြီးထားလျက် အက်ခရီလစ်ဗူးထဲသို့ သိမ်းယူသွားသည်။

“ကျွန်တော် ဒါ ယူသွားလိုက်တော့မယ်” ထွက်ခွာခါနီးတွင် ထ.ရ.ဖမှ ဝန်ထမ်းက ကုစာနာဂိကို ပြောသွားသည်။

ရေသန့်ကုမ္ပဏီမှ ဝန်ထမ်းများလည်း ရောက်ရှိလာကြသည်။ ရေစစ်ပြွန်နှင့် ပိုက်ပျော့များ စတင် တပ်ဆင်နေသည့် အချိန်တွင် ကုစာနာဂိသည် ဆိုဖာခုံသို့ လျှောက်လာခဲ့သည်။ အာယနဲသည် စိတ်မပါ့တပါဖြင့် ဆိုဖာခုံပေါ်တွင် ထိုင်နေသည်။ သူ့နံဘေးရှိ အိတ်ထဲတွင် လျှော်ဖွပ်ပြီး အဝတ်အစား အသစ်များကို ထည့်ထားသည်။ ကြည့်ရသည်မှာ အိမ်သို့ ပြောင်းနေရန် အစီအစဉ် ရှိသေးဟန် မတူပေ။

“ဆောရီးပဲဗျာ။ ကျွန်တော်တို့ လုပ်တာနဲ့ အလုပ်တွေ ပိုရှုပ်ကုန်ပြီ”

“ရပါတယ်။ ကိစ္စ မရှိပါဘူး။ မဟုတ်လဲ ရေစစ်က လဲရတော့မှာပဲ ဥစ္စာ”

“ကုန်ကျစရိတ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော် အထက်ကို တင်ပြလိုက်ပါ့မယ်”

“မဟုတ်တာရှင်။ ကျွန်မအိမ်မှာ သုံးရတဲ့ ပစ္စည်းပဲဟာ” အာယနဲက ပြုံးနေပြီးကာမှ ရုတ်တရက် မျက်နှာတည်သွားသည်။ “ရေစစ်အဟောင်းက ခြေရာလက်ရာ ပျက်နေလို့လား”

“မပြောတတ်သေးဘူး။ ဖြစ်နိုင်ခြေတော့ ရှိတယ်ပေါ့ဗျာ။ ဒါကြောင့် ယူသွားပြီး စစ်ဆေးကြည့်မလို့ပါ”

“ရေစစ်မှာ တကယ်ပဲ ပြဿနာ ရှိနေခဲ့ရင် လူသတ်တရားခံက ဘယ်လိုများ အဆိပ်ခတ်သလဲ မသိဘူးနော်”

“ဒါလား …” ကုစာနာဂိ ဆွံ့အသွားသည်။ စစ်ကူ ရလိုရငြား ယုကာဝါကို လှမ်းကြည့်လိုက်ရာ သူသည် မီးဖိုဆောင် အပေါက်ဝတွင် ရပ်နေလေသည်။ ကုမ္ပဏီမှ လူများ ရေစစ်လဲနေသည်ကို ငေးကြည့်လျက်။

ကုစာနာဂိက သူ့ကို လှမ်းခေါ်လိုက်သည်။

အနက်ရောင် ရှပ်အင်္ကျီလက်ပြတ်ကို ဝတ်ဆင်ထားသော လူရိပ်က အနည်းငယ် လှုပ်ရှားသွားသည်။ ယုကာဝါသည် အာယနဲဘက်သို့ လှည့်ကာ “ခင်ဗျားရဲ့ အမျိုးသားက ရေသန့်ဗူးထဲက ရေကိုပဲ သောက်ခဲ့တာဆို။ အဲဒါ အမှန်ပဲလား”

ကုစာနာဂိသည် အာယနဲကို ငေးကြည့်နေသည်။ ဤသို့သော မေးခွန်းမျိုးကို ရုတ်တရက် မမေးသင့်ကြောင်း စိတ်ထဲမှ ယုကာဝါကို ကျိန်ဆဲနေမိသည်။

အာယနဲက ခေါင်းညိတ်ပြသည်။ “အမှန်ပါပဲ။ ဒါကြောင့် ရေခဲသေတ္တာထဲမှာ ရေသန့်ဗူးက ဘယ်တော့မှ ပြတ်တယ်ရယ်လို့ မရှိဘူး”

“ကော်ဖီဖျော်တဲ့အခါမှာလည်း ရေသန့်ဗူးထဲက ရေကိုပဲ သုံးဖို့ ခင်ဗျားကို သတိပေးခဲ့တယ် ဆိုတာကရော”

“ဟုတ်ပါတယ်”

“ဒါပေမယ့် တကယ်တမ်းကျတော့ ခင်ဗျားက သူ ပြောတဲ့အတိုင်း မလုပ်ခဲ့ဘူး မဟုတ်လား။ ကျွန်တော်တို့ အဲဒီလို ကြားမိတာပဲ”

ယုကာဝါ၏ စကားကြောင့် ကုစာနာဂိပင် အထိတ်တလန့် ဖြစ်သွားရသည်။ ဤကဲ့သို့သော လျှို့ဝှက်သတင်းများကို ယုကာဝါအား ပြောပြမည့်သူမှာ ဥကျုမိမှ လွဲ၍ တခြားသူ မဖြစ်နိုင်ပေ။ သူ၏ အတွေးအာရုံထဲတွင် ဥကျုမိ၏ အားရကျေနပ်နေသော မျက်နှာပေးက အထင်အရှား ပေါ်လွင်လာသည်။

“သူပြောတဲ့အတိုင်း
တစ်သဝေမတိမ်း
 လုပ်နေရရင် တွက်ခြေမကိုက်ဘူးလေ။ မဟုတ်ဘူးလား” အာယနဲက ပြုံးလျက် ပြောသည်။ “ရေပိုက်ခေါင်းက ထွက်တဲ့ ရေက သူ ပြောသလို ကျန်းမာရေးကို ထိခိုက်စေတယ်လို့ ကျွန်မ မယူဆဘူး။ နောက်ပြီး ရေနွေးကျိုရတာလည်း ပိုပြီး မြန်တယ်။ ကျွန်မအထင်တော့ သူ လုံးဝကို သတိထားမိခဲ့မယ် မထင်ဘူး”

“အဲဒီအချက်ကိုတော့ ကျွန်တော်လည်း သဘောတူတယ်။ ရိုးရိုးရေကိုပဲ သုံးသုံး၊ သောက်ရေသန့်ကိုပဲ သုံးသုံး၊ ဖျော်လိုက်တဲ့ ကော်ဖီရဲ့ အရသာက ဘာမှ ထူးထူးခြားခြား ပြောင်းလဲမသွားဘူး”

ကုစာနာဂိသည် အတည်ပေါက် ပြောနေသော ယုကာဝါကို စွေ့ခ
နဲ
 ဝေ့ကြည့်လိုက်သည်။ အသင့်သုံး ကော်ဖီကိုသာ သောက်သုံးတတ်သောကြောင့် သိပ်မကြာသေးကမှ ယုကာဝါကို သူ ခနဲ့တဲ့တဲ့ ပြောခဲ့ဖူးသေးသည်။ ယုကာဝါသည် ကုစာနာဂိ၏ အကြည့်ကို သတိမထားမိ၍ပေလော၊ သို့တည်းမဟုတ် တမင်သက်သက် မသိချင်ယောင် ဆောင်နေသောကြောင့်ပေလော မသိ။ သူသည် မျက်နှာတစ်ချက် မပျက်ဘဲ ပြောလက်စကို ဆက်ပြောနေသည်။ “တနင်္ဂနွေနေ့က ကော်ဖီဖျော်ပေးခဲ့တဲ့ အမျိုးသမီးရဲ့ နာမည်က ဘာတဲ့ … ခင်ဗျားရဲ့ လက်ထောက်လို့ ထင်တာပဲ”

“မစ္စဝါကာယာမာပါ” ကုစာနာဂိက ဝင်ထောက်လိုက်သည်။

“ဟုတ်တယ်။ မစ္စဝါကာယာမာ။ သူကလည်း ခင်ဗျားအတိုင်း ရေပိုက်ခေါင်းက ထွက်တဲ့ ရိုးရိုးရေနဲ့ပဲ ကော်ဖီဖျော်ပေးခဲ့တယ်။ ဒါပေမယ့် အဲဒီတုန်းကတော့ ဘာပြဿနာမှ မတက်ခဲ့ဘူး။ ဒါကြောင့် ရဲဘက်က ရေသန့်ဗူးမှာ အဆိပ်ခတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ သံသယ ဝင်ခဲ့ကြတယ်။ ဒါပေမယ့် ရေက နောက်တစ်မျိုး ရှိနိုင်သေးတယ်။ အဲဒါကတော့ ရေသန့်စက်ထဲက ထွက်တဲ့ရေ။ ခင်ဗျားရဲ့ ခင်ပွန်းက အကြောင်းတစ်ခုခုကြောင့် … ဥပမာ ပြောရရင် ရေသန့်ဗူးထဲက ရေကို ချွေတာချင်လို့ ကော်ဖီဖျော်တဲ့အခါမှာ ရေသန့်စက်ထဲက ထွက်တဲ့ရေကို အသုံးပြုခဲ့မယ် ဆိုပါစို့။ အဲဒီလိုသာ တကယ် လုပ်ခဲ့မယ် ဆိုရင်တော့ ကျွန်တော်တို့က အဲဒီရေသန့်စက်ကို စစ်ဆေးကြည့်ဖို့ လိုအပ်လာလိမ့်မယ်”

“အဲဒါကို ကျွန်မ နားလည်ပေးလို့ ရပါတယ်။ ဒါပေမယ့် ရေသန့်စက်ထဲကို အဆိပ်ခတ်လို့ ရနိုင်ပါ့မလား။ ရေသန့်စက်က အဆိပ်တွေကို စစ်ထုတ်ပေးလိုက်မှာ မဟုတ်ဘူးလား”

“လုံးဝ မရနိုင်ဘူးလို့တော့ ကျွန်တော် မထင်ဘူး။ ဒါပေမယ့် အဲဒီပုစ္ဆာကို ထ.ရ.ဖကနေပဲ အဖြေပေးနိုင်လိမ့်မယ်”

“အဲဒီအတိုင်းသာ အမှန်ဖြစ်နေခဲ့ရင် တရားခံက ဘယ်အချိန်မှာ အဆိပ်ခတ်ခဲ့တာ ဖြစ်မလဲ” အာယနဲသည် လေးနက်သောအကြည့်ဖြင့် ကုစာနာဂိကို စိုက်ကြည့်နေသည်။ “ကျွန်မ ခဏခဏ ပြောခဲ့ဖူးသလိုပါပဲ။ သောကြာနေ့ညက ကျွန်မတို့ အိမ်မှာ မိတ်ဆုံစားပွဲ ကျင်းပခဲ့သေးတယ်။ အဲဒီတုန်းကတော့ ရေသန့်စက်က ဘာမှ ထူးခြားမနေဘူး”

“ဟုတ်ပါတယ်” ယုကာဝါက ပြောသည်။ “အဆိပ်ခတ်မယ် ဆိုရင် အဲဒီနောက်ပိုင်းမှ ဖြစ်နိုင်မှာပေါ့။ အဲဒီအပြင် တရားခံရဲ့ ရည်ရွယ်ချက်က ခင်ဗျားခင်ပွန်း တစ်ယောက်တည်းကိုပဲ လုပ်ကြံချင်တာ ဆိုရင်တော့ ခင်ဗျားခင်ပွန်း တစ်ယောက်တည်း အိမ်မှာ ရှိနေမယ့်အချိန်ကို အသေအချာ ရွေးချယ်ထားခဲ့တာပဲ ဖြစ်ရမယ်”

“အတိအကျ ပြောရရင် ကျွန်မ အိမ်မှာ မရှိတဲ့ အချိန်ပေါ့။ … အဲ … ကျွန်မသာ တရားခံ မဟုတ်ဘူး ဆိုရင်ပေါ့လေ”

“အမှန်အကန်ပေါ့” ယုကာဝါက မတွန့်မဆုတ် ပြန်ဖြေလိုက်သည်။

“အခုချိန်ထိတော့ အဆိပ်ကို ရေသန့်စက်ထဲမှာ ခတ်ထားခဲ့ပါတယ်လို့ ယတိပြတ် မပြောနိုင်သေးပါဘူး။ ဒါကြောင့် အဲဒီမေးခွန်းတွေကို စဉ်းစားနေဖို့ မလိုအပ်သေးဘူးလို့ ကျွန်တော် ယူဆတယ်” ကုစာနာဂိက ဖြန်ဖြေစကား ဝင်ဆိုလိုက်သည်။ ထို့နောက် “ကျွန်တော်တို့ကို ခွင့်ပြုပါဦး” ဟု ပြောကာ ယုကာဝါကို မျက်စပစ်ပြပြီး ဧည့်ခန်းထဲမှ ထွက်လာကြလေသည်။

ယုကာဝါသည် ကုစာနာဂိနောက်သို့ အမီလိုက်ကာ အိမ်တံခါးဝသို့ ရောက်ရှိလာသည်။

“မင်း ဘာတွေ လျှောက်လုပ်နေတာလဲ” ကုစာနာဂိက မေးသည်။ လေသံမှာ အနည်းငယ် တင်းမာလျက်။

“ဘာလျှောက်လုပ်နေလို့လဲ”

“မသိချင်ယောင် ဆောင်မနေစမ်းပါနဲ့ကွာ။ မင်းက အဲဒီလိုစကားမျိုး ပြောလိုက်တော့ မစ္စစ်မာရှိဘကို မသင်္ကာဘူးလို့ ထုတ်ပြောလိုက်သလို ဖြစ်မနေဘူးလား။ ဥကျုမိက မင်းကို အကူအညီ တောင်းခဲ့တယ် ဆိုရင်တောင် မင်းက ကြားထဲကနေပြီး အဲဒီဟာမအစား လူမိုက်လုပ်ပေးနေစရာ မလိုပါဘူးကွာ”

ယုကာဝါ၏ နဖူးကြောများ တွန့်ခေါက်သွားသည်။ သူက အံ့အင်းသင့်နေသော ဟန်ပန်ဖြင့် “မင်းက ဘလိုင်းကြီး ငါ့ကို လာကောနေသလိုပဲ။ ငါ ဘယ်တုန်းကများ ဥကျုမိအစား လူမိုက်လုပ်ခဲ့လို့လဲ။ ငါက ဓမ္မဓိဋ္ဌာန်ကျကျ သူ့ကို သုံးသပ်ပြနေတာပဲ ရှိတာ။ စိတ်ကို ငြိမ်ငြိမ် ထားစမ်းပါ ငါ့ကောင်ရာ။ မစ္စစ်မာရှိဘက မင်းထက် အပုံကြီး ပိုပြီး တည်ငြိမ်နေတယ်”

ကုစာနာဂိသည် ပါးစပ်ပြင်ပြီး သူ့စကားကို ပြန်တုံ့ပြန်လိုက်မည်ဟု ချိန်ရွယ်နေစဉ်မှာပင် အိမ်တံခါးမှာ ကျွီကနဲ ပွင့်လာသည်။ ရေသန့်စက်ကုမ္ပဏီမှ ဝန်ထမ်းများ အိမ်ထဲမှ ထွက်လာခြင်း ဖြစ်သည်။ အာယနဲသည် သူတို့၏အနောက်မှ ကပ်လျက် လိုက်ပါလာသည်။

“ရေစစ်ပြွန်တွေကို လဲပြီးသွားပြီ ပြောတယ်” အာယနဲက စကားဆိုသည်။

“ကျေးဇူးပဲ” ကုစာနာဂိက ကုမ္ပဏီဝန်ထမ်းကို လှမ်းပြောသည်။ “ကုန်ကျစရိတ်ကို …”

“ကျွန်မ ရှင်းပေးလိုက်ပါပြီ။ အဲဒီကိစ္စအတွက် အလုပ်ရှုပ်ခံ မနေပါနဲ့တော့”

စကားအဆုံးတွင် ကုစာနာဂိက “အဲဒီလိုလား” ဟု ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ရေသန့်စက်ကုမ္ပဏီမှ လူများ ထွက်ခွာသွားပြီး ယုကာဝါသည်လည်း ဖိနပ် စီးနေသည်။ “ငါလည်း သွားတော့မယ်။ မင်းကရော”

“ငါ မစ္စစ်မာရှိဘကို မေးစရာတချို့ ရှိနေသေးလို့ ခဏနေလိုက်ဦးမယ်”

“ဟုတ်လား။ ဒါဆို ကျွန်တော်ကို ခွင့်ပြုပါဦး” ယုကာဝါသည် အာယနဲကို ဦးညွှတ်လိုက်သည်။

ယုကာဝါ ထွက်ခွာသွားပြီးနောက်တွင် ကုစာနာဂိသည် ပင့်သက်ကို အားပါးရပါး ရှိုက်ထုတ်ပစ်လိုက်သည်။ “အပြောမှား အဆိုမှားရှိရင် ဗွေမယူပါနဲ့ဗျာ။ ယုကာဝါက စိတ်ရင်းမဆိုးပါဘူး။ ယဉ်ကျေးမှုတွေ ဘာတွေ နားမလည်တော့ ပေါင်းရသင်းရ နည်းနည်းခက်တယ်။ တကယ်ကို လူထူးလူဆန်းတစ်ယောက်ပေါ့ဗျာ”

အာယနဲက ပျာပျာသလဲ ဝင်ပြောလိုက်သည်။ “အမယ်လေး၊ ကျွန်မကို တောင်းပန်နေစရာ မလိုပါဘူးရှင်။ ကျွန်မစိတ်ထဲမှာလည်း ဘယ်လိုမှ မနေပါဘူး”

“တော်သေးတာပေါ့ဗျာ”

“သူက သူ့ကိုယ်သူ အင်ပီရီယယ်တက္ကသိုလ်က ကျောင်းဆရာလို့ ပြောတယ်နော်။ ကျွန်မအထင်က ပညာရှင်တွေဆိုတာ အေးဆေးတည်ငြိမ်တဲ့ လူမျိုးတွေလို့ ယူဆထားတယ်။ အထင်နဲ့အမြင်က တစ်လွဲစီ ဖြစ်နေသလိုပဲ”

“ပညာရှင်ဆိုတာကလည်း အမျိုးမျိုး ရှိသေးတာကိုးဗျာ။ အဲဒီကောင်က တစ်မူထူးခြားတဲ့ကောင်မျိုး”

“အဲဒီကောင် …”

“ဪ … ကျွန်တော် ပြောပြဖို့ မေ့နေတယ်။ သူနဲ့ကျွန်တော်က တက္ကသိုလ်ကျောင်းသား ဘဝကတည်းက သူငယ်ချင်းတွေပါ။ ဒါပေမယ့် ကျွန်တော်တို့ ယူတဲ့ အထူးပြု ဘာသာရပ်တွေကတော့ မတူကြဘူးပေါ့”

ကုစာနာဂိနှင့် အာယနဲတို့သည် ဧည့်ခန်းထဲသို့ လျှောက်ဝင်လာကြသည်။ ထိုသို့ လျှောက်လာကြစဉ် ကျောင်းသားဘဝက ယုကာဝါနှင့် အတူတူ ကြက်တောင်ရိုက်အသင်းတွင် တွေ့ဆုံခဲ့ကြပုံ၊ ယုကာဝါ၏ အကူအညီဖြင့် အမှုအခင်းများကို ဖော်ထုတ်နိုင်ခဲ့ပုံနှင့် ယနေ့အချိန်ထိ အခင်အမင် မပျက်၊ အဆက်အသွယ် မပြတ်ဘဲ တတွဲတွဲ ရှိနေကြပုံတို့ကို အာယနဲအား ရှင်းပြလေသည်။

“အဲဒီလိုလား။ မဆိုးဘူးနော်။ ဆရာက လက်ရှိ လုပ်နေတဲ့ အလုပ်အကိုင်ကနေတစ်ဆင့် ငယ်ငယ်က ခင်ခဲ့တဲ့ ငယ်သူငယ်ချင်းတွေနဲ့လည်း တွေ့ဆုံခွင့် ရနေသေးတယ်”

“ကျွန်တော်တို့နှစ်ယောက်က တကျက်ကျက်နဲ့၊ တည့်ကြတာ မဟုတ်ဘူးဗျ”

“ဘယ်ကလာရှင်ရယ်။ ကျွန်မဖြင့် အားတောင် အားကျမိပါရဲ့”

“ခင်ဗျား အမေ့အိမ်ကို ပြန်တဲ့အခါမှာလည်း ငယ်သူငယ်ချင်းနဲ့ ရေပူစမ်းမှာ ချိန်းတွေ့ခွင့် ရနေသေးတာပဲ မဟုတ်ဘူးလား”

အာယနဲက သူ့ကို ပြုံးပြသည်။ “ကျွန်မ အမေက ပြောတယ်။ ဆရာကုစာနာဂိက ကျွန်မအိမ်ကိုလည်း ရောက်ခဲ့သေးတယ်တဲ့”

“အဲ … အဲဒါလား။ တာဝန်အရပါဗျာ။ ဘယ်ကိစ္စမဆို သက်သေယူရသေးတာ မဟုတ်လား။ တခြား ဘာအကြောင်းမှ မရှိပါဘူး”

ကုစာနာဂိက အလောတကြီး ဖာထေးပြောကြားနေသည်ကို တွေ့မြင်ရသည်တွင် အာယနဲက သူ့ကို ပြုံးပြရင်း “ကျွန်မ သဘောပေါက်ပါတယ်။ အဲဒီအချိန်တုန်းက ကျွန်မ အိမ်ကို အမှန်တကယ် ပြန်၏ မပြန်၏ ဆိုတာကလည်း အင်မတန် အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်နေတာပဲ မဟုတ်လား။ သွားပြီး စစ်ဆေးကြည့်တယ် ဆိုတာကလည်း လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပဲလေ။ ကျွန်မစကားကိုလည်း ဘယ်လိုမှ သဘောမထားပါနဲ့ရှင်”

“အခုလို ကြားရတာ ဝမ်းသာပါတယ်”

“ကျွန်မအမေက ကျွန်မကို ပြောတယ်။ သူတို့ဆီ လာသွားတဲ့ ရဲအရာရှိက အင်မတန်မှ သဘောကောင်းတယ်တဲ့။ ဒါကြောင့်လည်း ကျွန်မက အမေတို့ကို ‘စိတ်ချလက်ချသာနေ၊ ဘာမှ စိတ်မပူနဲ့’ လို့ ပြောလိုက်သေးတယ်”

ကုစာနာဂိသည် နားပန်ကို လက်ဖြင့် ပွတ်လျက် ရှက်ပြုံးပြုံးနေသည်။ တစ်ခေါင်းလုံး ရှိန်းတိန်းဖိန်းတိန်း ဖြစ်နေသည်ဟုပင် ခံစားနေရလေသည်။

“အဲဒီတုန်းက ဆရာတို့ မစ္စစ်မိုတိုအိုကာကိုလည်း သွားတွေ့ခဲ့ကြသေးတယ် မဟုတ်လား” အာယနဲက မေးသည်။ မိုတိုအိုကာ ဆာကီကိုသည် ရေပူစမ်းသို့ သူနှင့်အတူ အလည်သွားခဲ့သော သူငယ်ချင်းဖြစ်သည်။

“မစ္စစ်မိုတိုအိုကာကို သွားတွေ့တဲ့သူက ဥကျုမိပါ။ မစ္စစ်မိုတိုအိုကာက အဲဒီကိစ္စ မဖြစ်ခင်ကတည်းက ခင်ဗျားကို နည်းနည်း စိတ်ပူနေတယ်လို့ ပြောသံ ကြားတယ်။ ခင်ဗျားက မင်္ဂလာ မဆောင်ခင်တုန်းကလို လန်းလန်းဆန်းဆန်း ဖြစ်မနေဘူးလို့ ခံစားနေရတယ်တဲ့”

အာယနဲသည် တစ်စုံတစ်ရာကို သတိရသွားသည့်နှယ် မျက်နှာပေါ်တွင် အဖော်မဲ့သော အပြုံးတစ်ခု ပွင့်အန်လာသည်။ ထို့နောက် အသာအယာ သက်ပြင်းချလျက် “သူက အဲဒီလို ပြောခဲ့တာလား။ ကျွန်မကိုယ်ကျွန်မတော့ သိပ်ကို ဟန်ဆောင်ကောင်းလှပြီလို့ ထင်နေခဲ့တာ။ ငယ်သူငယ်ချင်းရဲ့ မျက်လုံးကိုတော့ ဘယ်လိုမှ မလှည့်စားနိုင်ခဲ့ဘူးပဲ”

“ကွာရှင်းပေးဖို့ ခင်ဗျားယောက်ျားက တောင်းဆိုခဲ့တဲ့ ကိစ္စကို ခင်ဗျား သူ့ကို ပြောပြဖို့ အဲဒီတုန်းက စိတ်ကူးမရှိခဲ့ဘူးလား”

သူက ခေါင်းခါသည်။ “စိတ်ကူးမရှိဘူး။ အဲဒီတုန်းက မေ့မေ့ပျောက်ပျောက် နေလိုက်ဖို့ပဲ ဆုံးဖြတ်ထားတာ။ … နောက်ပြီး ဒါမျိုးကိစ္စက တခြားလူတွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ ကောင်းတဲ့ ကိစ္စမျိုးမှ မဟုတ်ဘဲ။ ကျွန်မတို့နှစ်ယောက်က မင်္ဂလာမဆောင်ခင်ကတည်းက ကတိကဝတ် ထားခဲ့ကြပြီးသားလေ။ ကလေးမွေးမပေးနိုင်ရင် ကွာရှင်းပေးရမယ်။ အဲဒီကိစ္စကို ကျွန်မရဲ့ မိဘတွေကိုတောင် ပြောမပြခဲ့ဖူးဘူး”

“ကျွန်တော်တို့လည်း မစ္စတာအီကာအိဆီက ကြားခဲ့ပြီးပါပြီ။ ခင်ဗျားခင်ပွန်းက ကလေးကို အရမ်း လိုချင်နေတာဆိုတော့ အိမ်ထောင်ပြုတာတောင်မှ ကလေးရဖို့ သက်သက်အတွက်ပဲ ဖြစ်နေတယ်။ ကျွန်တော်အတွက်တော့ အခုထိ နားလည်ရ ခက်နေဆဲပဲ။ လောကမှာ ဒီလိုယောက်ျားမျိုး ရှိသေးပါလားလို့ ကျွန်တော်တောင် အံ့ဩမှင်တက်မိတယ်”

“ကျွန်မကိုယ်တိုင်ကလည်း ကလေးတစ်ယောက်လောက် မွေးချင်တယ်လေ။ သိပ်မကြာခင်မှာပဲ ကလေးရနိုင်လိမ့်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်ထားခဲ့တာ။ ဒါကြောင့်လည်း အဲဒီကတိကဝတ်ကို သိပ်ပြီး အလေးမထားခဲ့ဘူး။ ဒါပေမယ့် ကံမကောင်း အကြောင်းမလှချင်တော့ တစ်နှစ်ပြည့်ခါနီးအထိ ဘာမှ အရာမထင်ခဲ့ဘူး။ … ဘုရားသခင်က ဒါတော့ ရက်စက်လွန်းပါတယ်လေ” အာယနဲသည် မျက်လွှာချလိုက်ပြီး တစ်ခဏအကြာတွင် ခေါင်းကို မော့လိုက်ပြန်သည်။ “ဆရာကုစာနာဂိမှာရော ကလေးရှိလား”

ကုစာနာဂိက သွားဖြဲလျက် “ကျွန်တော်က လူလွတ်ပါ”

“အား” အာယနဲထံမှ အာမေဍိတ်သံ ထွက်ပေါ်လာသည်။ “ဆောရီးပဲနော်”

“ကိစ္စ မရှိပါဘူး။ မိတ်ဆွေတွေက ကျွန်တော့်ကို လောဆော်နေကြပေမယ့် ကိုယ်နဲ့ သဟဇာတ ဖြစ်မယ့် လူကလည်း ရှာမှ ရှာမတွေ့နိုင်ပဲကိုး။ စောစောက ယုကာဝါကလည်း လူပျိုကြီးပဲ”

“သူ့ကိုတော့ မြင်ရုံနဲ့ မှန်းကြည့်လို့ ရတယ်။ မိသားစု အနှောင်အဖွဲ့ ရှိတဲ့ပုံ မပေါ်ဘူး”

“အဲဒီကောင်နဲ့ ခင်ဗျားခင်ပွန်းက ပြောင်းပြန်လို့ ပြောလို့ရတယ်။ သူက ကလေးသိပ်မုန်းတာ။ ‘ဆင်ခြင်နိုင်မှု စွမ်းရည်ကို ကျဆင်းစေနိုင်တယ်’ တို့၊ ‘ဖိအားတွေ ဆတိုးပွားလာစေနိုင်တယ်’ တို့၊ အဲဒီလို ထူးထူးဆန်းဆန်း စကားမျိုးတွေ အားအားရှိ ပြောနေတတ်တယ်”

“အတော် စိတ်ဝင်စားစရာ ကောင်းတဲ့ လူပဲ”

“ခင်ဗျားရဲ့ စကားကို ကျွန်တော် သူ့ဆီရောက်အောင် သယ်သွားပေးပါ့မယ်။ ဒါနဲ့ ခင်ဗျားခင်ပွန်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတစ်ခုကို ကျွန်တော် မေးလို့ ရမလား”

“ဘာကိစ္စများလဲ”

“ခင်ဗျားခင်ပွန်းရဲ့ မိတ်ဆွေတွေထဲမှာ ပုံဆွဲပြီး အသက်မွေးတဲ့လူ ရှိလား”

“ပုံဆွဲတာ … ပန်းချီဆရာကို ပြောတာလား”

“ဟုတ်တယ်။ ဟိုးအရင်က အကြောင်းဆိုရင်လည်း ကိစ္စ မရှိဘူး။ သူ အဲဒီလို လူမျိုးတစ်ယောက်နဲ့ ခင်မင်ခဲ့ဖူးတယ်လို့ ခင်ဗျားခင်ပွန်း ပြောတာ ကြားဖူးလား”

အာယနဲသည် တဒင်္ဂမျှ စဉ်းစားနေပြီး တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့် ကုစာနာဂိကို စိုက်ကြည့်ကာ စကားဆိုသည်။ “အဲဒီလူက အမှုနဲ့ သက်ဆိုင်နေလို့လား”

“မဟုတ်ပါဘူး။ အဲဒီအချက်ကိုတော့ လတ်တလော မပြောနိုင်သေးဘူး။ ဟိုရှေ့ရက်တုန်းကလည်း ကျွန်တော် ခင်ဗျားကို ပြောခဲ့ပြီးပါပြီ။ ခင်ဗျားခင်ပွန်းရဲ့ ရည်းစားဟောင်းတွေကို ကျွန်တော် အခုတလော လိုက်စုံစမ်းကြည့်နေတာ။ အခု သိထားရသလောက်ဆိုရင် သူ အရင်က ပန်းချီဆရာမတစ်ယောက်နဲ့ တွဲခဲ့ဖူးတယ်”

“အဲဒီလိုလား။ ဒါပေမယ့် စိတ်မကောင်းပါဘူးရှင်။ ကျွန်မ မကြားဖူးဘူး။ ဘယ်တုန်းလောက်က ဖြစ်မလဲ”

“အချိန်အတိအကျတော့ ကျွန်တော်လည်း မပိုင်းဖြတ်နိုင်ဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်လောက်ကကိစ္စ ဖြစ်မယ် ထင်တယ်”

အာယနဲက ခေါင်းညိတ်လိုက်ပြီး ခေါင်းကို အတန်ငယ် ငဲ့စောင်းပြီး “ဆောရီးပဲ။ သူ့ဆီက ကျွန်မ မကြားဖူးဘူး”

“ဟုတ်လား။ ဒါဆိုလည်း ဘာတတ်နိုင်မှာလဲဗျာ” ကုစာနာဂိသည် နာရီကို ငုံ့ကြည့်ပြီး မတ်တတ်ထရပ်လိုက်သည်။ “အချိန်အကြာကြီး နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်ဗျာ။ ကျွန်တော်ကို ပြန်ခွင့်ပြုပါဦး”

“ကျွန်မလည်း ဟိုတယ်ပြန်တော့မယ်” အာယနဲသည် အထုပ်ကို ပိုက်လျက် မတ်တတ်ရပ်လိုက်သည်။

သူတို့နှစ်ဦးသည် အိမ်ထဲမှ ထွက်လာပြီး အာယနဲက တံခါးမကြီးကို သော့ခတ်လိုက်သည်။

“အဲဒီအထုပ်ကို ကျွန်တော် ကူကိုင်ပေးပါရစေ။ နောက်ပြီး ခင်ဗျားကို တက္ကစီငှားလို့ ရတဲ့ နေရာအထိ လိုက်ပို့ပေးပါ့မယ်” ကုစာနာဂိက ညာလက်ကို ဆန့်တန်းပြီး စကားဆိုသည်။

အာယနဲသည် ကျေးဇူးတင်စကား ဆိုပြီး အထုပ်ကို ကုစာနာဂိထံသို့ ကမ်းပေးလိုက်သည်။ ထို့နောက် အနောက်ဘက်သို့ ပြန်လှည့်ကြည့်ပြီး “ဒီတစ်သက် ဒီအိမ်ထဲကို ပြန်နေခွင့် ရပါ့မလားတောင် မသိတော့ဘူး”

ကုစာနာဂိသည် မည်သို့ စကားပြန်ရန် စဉ်းစားရ ကျပ်နေသောကြောင့် ပါးစပ်ကို အသာပိတ်လျက် ဆိတ်ဆိတ်နေကာ သူနှင့် ဘေးချင်းယှဉ် လျှောက်လာခဲ့လေသည်။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *