မာတိကာကြည့်ရန်

(၁၄)

ခရားအိုး၏ နှုတ်သီးမှ ရေနွေးငွေ့များ ပန်းထွက်လာသည်။ ယုကာဝါသည် ဘာတစ်ခွန်းမျှ ပြောမနေတော့ဘဲ ခရားအိုးကို ကောက်မကာ အထဲမှ ရေနွေးများကို လက်ဆေးကန်ထဲသို့ သွန်ချပစ်လိုက်သည်။ ထို့နောက် ခရားအိုး အဖုံးကို ဖွင့်၍ မျက်မှန်ချွတ်ကာ ခရားအိုးထဲသို့ ငုံ့ကြည့်လေသည်။ မျက်မှန်တပ်လျက် ငုံ့ကြည့်လျှင် ရေနွေးငွေ့များကြောင့် မျက်မှန် ဝါးသွားသည် မဟုတ်လား။

“ဘယ်လိုလဲ” ဥကျုမိက မေးသည်။

ယုကာဝါသည် ခရားအိုးကို မီးဖိုပေါ် ပြန်တင်ကာ ခေါင်းကို ခပ်လေးလေး ခါယမ်းလိုက်သည်။ “မရသေးဘူး။ စောစောက အတိုင်းပဲ”

“ဂျယ်လတင်က …”

“အင်း၊ အထဲမှာ ကျန်နေတုန်းပဲ”

ယုကာဝါသည် အနားရှိ ခေါက်ကုလားထိုင်ကို ဆွဲယူ၍ ထိုင်ချလိုက်သည်။ လက်ဝါးနှစ်ဖက်ဖြင့် နောက်စေ့ကို အုပ်ကိုင်ထားပြီး ခေါင်းမော့လျက် မျက်နှာကျက်ကို ငေးကြည့်နေသည်။ သူသည် အဖြူရောင် ဓာတ်ခွဲခန်းကုတ်အင်္ကျီကို ဝတ်ဆင်ထားခြင်း မရှိဘဲ အနက်ရောင် ရှပ်လက်တိုကိုသာ ဝတ်ဆင်ထားသည်။ ခန္ဓာကိုယ် သေးသွယ်ရှည်လျားပြီး လက်မောင်းကြွက်သားများမှာ အမြှောင်းမြှောင်းထ၍
ကျစ်လျစ်တောင့်တင်းနေကြသည်။

လွန်ခဲ့သော နှစ်ရက်က တွေးတောကြံဆခဲ့သော ရေနွေးခရားအိုးထဲသို့ အဆိပ်ခတ်သည့် နည်းလမ်းကို ယနေ့ လက်တွေ့စမ်းသပ်ကြည့်မည်ဟု ယုကာဝါထံမှ သတင်းရရှိသော အခါတွင် ဥကျုမိသည် သူ၏ ဓာတ်ခွဲခန်းရှိရာသို့ အပြေးအလွှား ရောက်ရှိလာခဲ့သည်။

ရလဒ်မှာ ကောင်းမွန်လှသည် မဟုတ်။ အကယ်၍သာ ဤအဆိပ်ခတ်နည်းကို အထမြောက်စေလိုလျှင် ရေခရားအိုးအတွင်း ကပ်ထားသော ဂျယ်လတင်သည် ရေနွေးနှစ်ကြိမ် တည်ပြီးသွားသည့်တိုင် လုံးဝ ပျော်ဝင်သွားခြင်း မရှိဘဲ အကောင်းပကတိအတိုင်း တည်ရှိနေရပေမည်။ သို့မှသာ ဂျယ်လတင်ဖြင့် ဖုံးအုပ်ထားသော အဆိပ်မှုန့်များသည် ရေထဲသို့ မပျော်ဝင်ဘဲ အကောင်းပကတိ ရှိနေပေလိမ့်မည်။ တစ်နည်းဆိုရသော် ဂျယ်လတင်သည် အတော်အတန် ထူထဲရမည်။ သို့သော် အထူလွန်သွားလျှင်လည်း ရေတွင် လုံးဝ ပျော်ဝင်သွားခြင်း မရှိဘဲ ခရားအိုးထဲတွင် တင်ကျန်ရစ်ခဲ့လိမ့်မည်။ ထ.ရ.ဖမှ တင်ပြထားသော အစီရင်ခံစာအရ ရေနွေးခရားအိုးထဲတွင် ထိုသို့သော ရုပ်ဝတ္ထုမျိုး တစ်စိုးတစ်စိမျှ ကြွင်းကျန်ရစ်ခဲ့ခြင်း မရှိကြောင်း ပြောစရာပင် လိုလိမ့်မည် မထင်။

“ဂျယ်လတင်နဲ့က အလုပ်မဖြစ်ဘူးပဲ” ယုကာဝါသည် လက်နှစ်ဖက်ဖြင့် ခေါင်းကို ကုတ်နေသည်။

“ထ.ရ.ဖကလည်း အဲဒီလိုပဲ ပြောတယ်” ဥကျုမိက ပြောသည်။ “တကယ်လို့ ဂျယ်လတင်က လုံးဝ ပျော်ဝင်သွားမယ် ဆိုရင်တောင် ခရားအိုးရဲ့ အတွင်းဘက်နံရံ တစ်နေရာရာမှာ အစအန အနည်းအကျဉ်းတော့ ကျန်ခဲ့မှာပဲလို့ သူတို့က ယူဆတယ်။ နောက်ပြီး စောစောကလည်း ကျွန်မ ပြောခဲ့ပြီးပါပြီ။ နှပ်ပြီးသား ကော်ဖီမှုန့်ထဲမှာလည်း ဂျယ်လတင်ကို မတွေ့ရဘူး။ ဆရာ တင်ပြတဲ့ အကြံက အတော် စိတ်ဝင်စားစရာ ကောင်းလို့ ထ.ရ.ဖကလည်း စိတ်ပါလက်ပါ စမ်းသပ်ခဲ့ကြတာ။ တခြားဒြပ်ဝတ္ထု အတော်များများနဲ့လည်း စမ်းသပ်ကြည့်ခဲ့သေးတယ်လို့ ပြောတယ်”

“ကောက်ညှင်းစက္ကူနဲ့လည်း စမ်းပြီးလောက်ရောပေါ့”

“ဟုတ်၊ စမ်းပြီးပြီတဲ့။ တကယ်လို့ ကောက်ညှင်းစက္ကူကို သုံးရင် ကော်ဖီမှုန့်ထဲမှာ ဆန်မှုန့်အကြွင်းအကျန်တွေ တွေ့ရနိုင်တယ်လို့ ပြောတယ်”

“ကျွန်တော်တို့ လမ်းကြောင်းလွဲနေပြီ ထင်တယ်” ယုကာဝါသည် ဒူးခေါင်းနှစ်ဖက်ကို လက်ဖြင့် ပုတ်ကာ မတ်တတ်ထရပ်လိုက်သည်။ “ဝမ်းနည်းပါတယ်။ အဲဒီအဆိုကို လက်လွှတ်လိုက်တာပဲ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်”

“ဆရာရဲ့ အိုင်ဒီယာက အတော်လေး စိတ်ဝင်စားစရာ ကောင်းပါတယ်”

“ဒါပေမယ့် ရလဒ်ကတော့ ကုစာနာဂိကို အံ့အားသင့်အောင် တစ်ခဏလောက်ပဲ လုပ်နိုင်ခဲ့တယ်” ယုကာဝါသည် ကုလားထိုင် ကျောမှီတွင် တင်ထားသော ဓာတ်ခွဲခန်းကုတ်အင်္ကျီကို ပခုံးပေါ် ကောက်တင်လိုက်သည်။ “အခု သူက ဘာတွေနဲ့ အလုပ်ရှုပ်နေတာလဲ”

“မစ္စတာမာရှိဘရဲ့ အချစ်ဇာတ်လမ်းတွေကို စုံစမ်းနေတာ ဖြစ်မယ်”

“ဪ … သူကလည်း သူ့နည်းသူ့ဟန်နဲ့ သူ့ယုံကြည်ချက်ကို သက်သေပြနိုင်ဖို့ ကြိုးစားနေတာပဲ။ ရေခရားအိုးထဲမှာ အဆိပ်ခတ်တဲ့နည်းက အလုပ်မဖြစ်ဘူး ဆိုမှတော့ တခြားနည်းလမ်းကို စမ်းကြည့်ကြည့်တာလည်း ကောင်းတဲ့ကိစ္စပဲလေ”

“ဆရာ ဆိုလိုတာက မစ္စတာမာရှိဘကို သူ့အရင် ရည်းစားဟောင်းက လုပ်ကြံခဲ့တယ်လို့ ပြောချင်တာလား”

“သူ့ ရည်းစားဟောင်းလား၊ ဘာလားတော့ ကျွန်တော် မသိဘူး။ ကျွန်တော် သိတာက တရားခံဟာ တနင်္ဂနွေနေ့ မနက် ဝါကာယာမာ ဟိရောမိ ထွက်ခွာသွားပြီးတဲ့နောက်မှာ မာရှိဘအိမ်ကို တစ်နည်းနည်းနဲ့ ဝင်သွားပြီး ရေခရားအိုးထဲကို အဆိပ်ခတ်ခဲ့တယ်။ အဲဒီအယူအဆက ယုတ္တိ အရှိဆုံးပဲ”

“ဆရာက အရှုံးပေးဖို့ ဆုံးဖြတ်ထားပြီးပြီပေါ့”

“အရှုံးပေးတယ်လို့ ခေါ်လို့ မရဘူးလေ။ ဖယ်ထုတ်နည်းကို လက်တွေ့ အသုံးချနေတာ။ ခင်ဗျား ပြောခဲ့သလို ကုစာနာဂိက မစ္စစ်မာရှိဘကို ကာဆီးကာဆီး လုပ်ကောင်း လုပ်နေလိမ့်မယ်။ ဒါပေမယ့် သူက အရူးချီးပန်း လျှောက်လုပ်နေတာတော့ မဟုတ်ဘူး။ သူရဲ့ ချဉ်းကပ်ပုံက ပိုပြီးတော့တောင် ရင့်ကျက်တည်ငြိမ်တယ်လို့ အသိမှတ်ပြုရလိမ့်မယ်” ယုကာဝါသည် ထိုင်ခုံတွင် ပြန်ထိုင်ပြီး ခြေတစ်ဖက်ကို ချိတ်တင်လိုက်သည်။ “အဆိပ်က အာဆန်နစ် မဟုတ်လား။ ခင်ဗျားတို့အနေနဲ့ လူသတ်သမားက အဆိပ်ကို ဘယ်ကရသလဲ ဆိုတဲ့ ရှုထောင့်ကနေ လေ့လာကြည့်ရင်ရော မရနိုင်ဘူးလား”

“တော်တော်လေး ခက်တယ်။ အာဆန်နစ်သုံးတဲ့ ဓာတ်မြေဩဇာ စက်ရုံတွေက လွန်ခဲ့တဲ့ အနှစ် ၅၀ လောက်ကတည်းက ရပ်နားပစ်လိုက်ကြပြီ။ ဒါပေမယ့် အများ ထင်မှတ်မထားတဲ့ နေရာတချို့မှာတော့ အသုံးပြုနေကြတုန်းပဲ”

“ဥပမာ …”

ဥကျုမိသည် သူနှင့်အတူ အမြဲကပ်ပါလေ့ရှိသော မှတ်စုစာအုပ်ကို လှန်လှောကြည့်နေသည်။ “သစ်သားကို မဆွေးအောင် ကာကွယ်တဲ့ နေရာမှာ သုံးတယ်။ ပိုးသတ်ဆေး အနေနဲ့လည်း သုံးတယ်။ ဆီမီးကွန်ဒက်တာ ထုတ်လုပ်တဲ့ အပိုင်းမှာလည်း သုံးတယ်။ နောက်ပြီး သွားဘက်ဆိုင်ရာ ဆေးဝါးတွေမှာလည်း သုံးတယ်”

“ဝိုး … သွားဘက်ဆိုင်ရာမှာလည်း သုံးသေးတာလား။ ဒါတော့ အတော် ထူးဆန်းသွားပြီ”

“သွားကြောကို သတ်တဲ့နေရာမှာ သုံးတယ်လို့ ပြောတယ်။ ဒါပေမယ့် အဲဒီဆေးက အဆီ၊ ညှစ်ဗူးပုံစံနဲ့ ထွက်တာ။ ရေထဲမှာ ပျော်ဝင်ဖို့ ခက်သလို အာဆန်နစ်ရဲ့ ပါဝင်မှုနှုန်းကလည်း ၄၀% ပဲ ဆိုတော့ ဒီအမှုမှာ အသုံးပြုဖို့ မဖြစ်နိုင်သလောက်ပဲ”

“အာဆန်နစ်ပါဝင်မှု များတဲ့ ဟာတွေကရော”

“ပိုးသတ်ဆေး လုပ်ငန်းတွေပေါ့။ ခြသတ်ဆေးတွေမှာ အဓိကထား သုံးတယ်လို့ ပြောတယ်။ ဝယ်တဲ့အချိန်မှာ ဝယ်ယူသူရဲ့ နာမည်နဲ့ လိပ်စာကို မှတ်ပုံတင်ရသေးတယ်။ ကျွန်မတို့ အဲဒီမှတ်တမ်းတွေကို စစ်ဆေးကြည့်နေတုန်းပဲ။ ဒါပေမယ့် အဲဒီအဝယ်မှတ်တမ်းတွေက သက်တမ်း ငါးနှစ်ထက် ပိုမသိမ်းထားကြဘူး။ ဒီတော့ ငါးနှစ်အထက်က ဝယ်ထားခဲ့တာ ဆိုရင်တော သွားရောပေါ့။ နောက်ပြီး မှောင်ခိုဈေးကွက်ကနေ ဝယ်ထားတာ ဆိုရင်လည်း ဘယ်လိုမှ အစအန ရှာရမှာ မဟုတ်ဘူး”

“ဒီအမှုရဲ့ တရားခံကတော့ အဲဒီလိုနေရာမျိုးတွေမှာ သဲလွန်စကျန်အောင် လုပ်လိမ့်မယ် မထင်ဘူး” ယုကာဝါက ခေါင်းခါလိုက်သည်။ “မှုခင်းရဲတစ်ယောက်ရဲ့ ရှုထောင့်ကနေ ကြည့်မယ် ဆိုရင်တော့ ကုစာနာဂိဘက်က ထွက်လာမယ့် ရလဒ်ကို စောင့်မျှော်ရတာ ပိုပြီး တန်ဖိုးရှိသလိုပဲ”

“လူသတ်သမားက ရေခရားအိုးထဲကို တိုက်ရိုက် အဆိပ်ခတ်ခဲ့လိမ့်မယ်လို့ ကျွန်မ လုံးဝ မထင်ဘူး”

“ဘာဖြစ်လို့လဲ။ သေဆုံးသူရဲ့ ဇနီးက အဲဒီနည်းလမ်းကို အသုံးပြုလို့ မရနိုင်တာကြောင့်လား။ မစ္စစ်မာရှိဘကို သံသယ ရှိနေတယ် ဆိုတာက ခင်ဗျားရဲ့ ကိုယ်ပိုင် အခွင့်အရေး ဆိုပေမယ့် အဲဒါကို ပေးထားချက်လုပ်ပြီး အမှုကို စုံစမ်းထောက်လှမ်းနေမယ် ဆိုရင်တော့ အဆင်အခြင် မဲ့လွန်းရာ ကျသွားလိမ့်မယ်”

“ကျွန်မ အဲဒါကို ပေးထားချက်အနေနဲ့ သတ်မှတ်မထားပါဘူး။ ကျွန်မရဲ့ ထင်မြင်ချက်ကို ပြောရမယ် ဆိုရင် အဲဒီနေ့က မာရှိဘအိမ်ကို ဘယ်သူမှ ရောက်သွားလိမ့်မယ် မထင်ဘူး။ အခုချိန်ထိလည်း တစ်ဦးတစ်ယောက် ရှိခဲ့ဖူးပါတယ် ဆိုတဲ့ သဲလွန်စ အစအနလေးကိုတောင် ရှာမတွေ့သေးဘူးလေ။ တကယ်လို့သာ ဆရာကုစာနာဂိ ယူဆထားသလို မစ္စတာမာရှိဘရဲ့ ရည်းစားဟောင်းက သူ့အိမ်ကို ရောက်ခဲ့တယ်ဆိုရင် အနည်းဆုံးတော့ ကော်ဖီတစ်ခွက်လောက်နဲ့ ဧည့်ခံရမှာပဲ မဟုတ်ဘူးလား”

“လူတိုင်းက အဲဒီလို ဧည့်ဝတ်တွေ ဘာတွေကို စိတ်ဝင်စားကြတာ မဟုတ်ဘူး။ နောက်ပြီး လာတဲ့သူက မမြင် မတွေ့ချင်တဲ့သူ ဖြစ်နေရင် ပိုလို့တောင် ဧည့်ဝတ်မကျေသေးတယ်”

“ဒါဆိုလည်း အဲဒီလို လူမျိုးက ဘယ်လိုလုပ်ပြီး ရေခရားအိုးထဲ အဆိပ်ခတ်မလဲ။ မစ္စတာမာရှိဘက သူ့ကို တစ်ချိန်လုံး မျက်စိဒေါက်ထောက် ကြည့်နေမှာလေ”

“မစ္စတာမာရှိဘက အိမ်သာတော့ ဝင်ဦးမှာပေါ့။ အဲဒီလူသာ အိမ်မှာ အချိန်ကြာကြာ နေမယ်ဆိုရင် အခွင့်အရေးက တစ်ချိန်မဟုတ် တစ်ချိန်တော့ ရလာနိုင်တာပဲ”

“အဲဒီလိုသာ အမှန်ဆိုရင် တရားခံရဲ့ လူသတ်စီမံကိန်းက အလွန့်အလွန် မရေရာတဲ့ အကြောင်းတရားပေါ် အခြေခံထားရသလို ဖြစ်မနေဘူးလား။ တကယ်လို့သာ မစ္စတာမာရှိဘက သူ့အနားကနေ တစ်ဖဝါးမှ ခွာမသွားဘူး၊ အိမ်သာ သွားမတက်ဘူး ဆိုရင် သူ ဘယ်နှယ့်လုပ်မလဲ”

“တခြားအစီအစဉ် ရှိချင် ရှိဦးမှာပေါ့။ လုံးဝ အခွင့်အရေး မရရင်လည်း နောက်ဆုံး လက်လျှော့လိုက်တာမျိုးလည်း ဖြစ်ချင် ဖြစ်မှာပေါ့။ ဒါဆို အကြံအစည် အထမမြောက်လို့ မစ္စတာမာရှိဘလည်း မသေဘူး။ တရားခံလည်း ပြဿနာ မတက်တော့ဘူးပေါ့”

“ဆရာ …” ဥကျုမိသည် ရူပဗေဒပညာရှင်၏ မျက်လုံးကို တည့်တည့် စိုက်ကြည့်နေသည်။ “ဆရာက ဘယ်သူ့ဘက်ကလဲ”

“ခင်ဗျားစကားက အထူးအဆန်းပါလား။ ကျွန်တော်က ဘယ်ဘက်ကမှ မဟုတ်ဘူး။ သတင်းအချက်အလက်တွေကို သုံးသပ်ကြည့်မယ်။ တစ်ခါတလေ လက်တွေ့ စမ်းသပ်ကြည့်မယ်။ ယုတ္တိအရှိနိုင်ဆုံး ရလဒ်တစ်ခုကို ရှာထုတ်နိုင်ဖို့ ကြိုးစားမယ်။ အဲဒီလောက်ပဲ။ လက်ရှိ အခြေအနေအရ ကြည့်ရင်တော့ ခင်ဗျားဘက်က အခြေအနေ မကောင်းဘူး”

ဥကျုမိက နှုတ်ခမ်းကို ကိုက်ထားသည်။ “စောစောက စကားကို ကျွန်မ ပြန်ပြင်ပါရစေ။ ကျွန်မ တကယ်ပဲ မစ္စစ်မာရှိဘကို မသင်္ကာဖြစ်နေတယ်။ အနည်းဆုံးတော့ မစ္စတာမာရှိဘရဲ့ သေဆုံးမှုက သူနဲ့ တစ်နည်းတစ်ဖုံ ပတ်သက်နေရမယ်လို့ ကျွန်မ အခိုင်အမာ ယုံကြည်ထားတယ်။ ကျွန်မကို ခေါင်းမာတယ်လို့ ပြောလည်း မတတ်နိုင်တော့ဘူး”

“စိတ်ဆိုးသွားတာလား” ယုကာဝါသည် ပခုံးကို တွန့်လိုက်သည်။ “ခင်ဗျား သူ့ဇနီးကို မသင်္ကာဖြစ်နေရတဲ့ အကြောင်းကို ကျွန်တော် မှတ်မိပါသေးတယ်။ ဟိုရှန်ပိန်ဖန်ခွက်တွေ မဟုတ်လား။ ရှန်ပိန်ခွက်တွေကို ဗီဒိုထဲ နေရာတကျ ပြန်သိမ်းမထားခဲ့တာ သံသယဖြစ်ဖို့ ကောင်းတယ်လို့ ပြောခဲ့ဖူးတယ်လေ”

“အဲဒါအပြင် တခြား သံသယတွေလည်း ရှိပါသေးတယ်။ မစ္စစ်မာရှိဘက သူ့ယောက်ျား ဆုံးတဲ့ သတင်းကို အခင်းဖြစ်တဲ့နေ့ ညမှာ သိခဲ့ရတယ်လို့ ပြောတယ်။ ရဲဌာနက ဖုန်းဆက်အကြောင်းကြားထားတဲ့ အသံသွင်းမှတ်တမ်းကို နားထောင်ရလို့တဲ့။ အဲဒီ ဖုန်းဆက်တဲ့ ရဲဝန်ထမ်းကို ကျွန်မ သွားမေးကြည့်တယ်။ အသံသွင်းမှတ်တမ်းမှာ သူ ပြောခဲ့တဲ့ စကားက – ‘ကျွန်တော်တို့ ရဲဌာနကနေ လူကြီးမင်းကို အရေးပေါ် အကြောင်းကြားအပ်ပါတယ်။ ခင်ဗျားရဲ့ ခင်ပွန်းနဲ့ ပတ်သက်နေပါတယ်။ ရဲစခန်းကို အမြန်ဆုံး ဆက်သွယ်ပေးပါ’ တဲ့။ ည ၁၂ နာရီလောက်မှာ မစ္စစ်မာရှိဘက ဖုန်းပြန်ဆက်လာတယ်။ အဲဒီရဲဝန်ထမ်းက အမှုကို အကြမ်းဖျင်း ရှင်းပြလိုက်တယ်တဲ့။ အသတ်ခံရတာ ဖြစ်နိုင်တယ် ဆိုတဲ့ အကြောင်းတော့ မပြောပြခဲ့ဖူးပေါ့”

“အင်း၊ နောက်တော့ရော”

“အခင်းဖြစ်ပြီး ဒုတိယမြောက်နေ့မှာ မစ္စစ်မာရှိဘက မနက်စောစော လေယာဉ်နဲ့ တိုကျိုကို ပြန်ရောက်လာတယ်။ အဲဒီတုန်းက ကျွန်မနဲ့ ဆရာကုစာနာဂိနဲ့ သူ့ကို သွားကြိုတာပဲ။ သူက ကားပေါ်မှာ ဝါကာယာမာ ဟိရောမိဆီကို ဖုန်းဆက်တယ်။ ‘ဟိရောမိ၊ နင်လည်း ပင်ပန်းနေလောက်ရောပေါ့’ လို့တောင် ပြောလိုက်သေးတယ်” ဥကျုမိ၏ အတွေးအာရုံထဲတွင် ထိုနေ့က မြင်ကွင်းများကို ပြန်လည် မြင်ယောင်လာသည်။ “ကျွန်မ အဲဒီစကားတစ်ခွန်းကို ကြားလိုက်ရတဲ့ အချိန်မှာပဲ တစ်ခုခုတော့ လွဲနေပြီ ဆိုတာကို ကျွန်မ ခံစားလိုက်ရတယ်”

“သူက ‘နင်လည်း ပင်ပန်းနေလောက်ရောပေါ့’ လို့ ပြောလိုက်တယ်လား …” ယုကာဝါသည် လက်ချောင်းထိပ်များဖြင့် ဒူးခေါင်းကို ခေါက်နေသည်။ “ရဲဌာနကနေ အခင်းဖြစ်ကြောင်း ကြားပြီးတဲ့ အချိန်ကနေ စပြီး ဒုတိယမြောက်နေ့ မနက်ခင်းအချိန်ထိ အဲဒီကြားထဲမှာ မစ္စစ်မာရှိဘက ဝါကာယာမာ ဟိရောမိနဲ့ လုံးဝ စကားမပြောဖြစ်သေးဘူး မဟုတ်လား”

“သိပ်ဟုတ်တာပေါ့ဆရာ။ ကျွန်မ ပြောချင်နေတာလည်း အဲဒီအချက်ပဲ” ယုကာဝါသည်လည်း မိမိကဲ့သို့ သံသယ ဖြစ်နေပြီ ဖြစ်ကြောင်း သိလိုက်ရသည့်အခါတွင် ဥကျုမိသည် အောင့်မထားနိုင်တော့ဘဲ ပြုံးလိုက်မိသည်။ “မစ္စစ်မာရှိဘက သူရဲ့ အိမ်သော့ကို ဝါကာယာမာ ဟိရောမိဆီမှာ အပ်ထားခဲ့တယ်။ အဲဒီမတိုင်ခင်ကတည်းက ဝါကာယာမာ ဟိရောမိနဲ့ သူ့ယောက်ျား မစ္စတာမာရှိဘရဲ့ ဇာတ်လမ်းကို သူက ရိပ်မိနေခဲ့ပြီးသား။ ပုံမှန်အခြေအနေမှာဆိုရင် ကိုယ့်ယောက်ျားက ရုတ်တရက် ကွယ်လွန်သွားတယ်လို့ သတင်းကြားရင် သူက ဝါကာယာမာ ဟိရောမိဆီ ချက်ချင်း ဖုန်းဆက်ပြီး အကျိုးအကြောင်း မေးမှ သဘာဝကျမှာပေါ့။ အဲဒါအပြင် မာရှိဘလင်မယားမှာ သူငယ်ချင်းလင်မယား နှစ်ယောက်လည်း ရှိသေးတယ်။ သူက သူတို့ဆီကိုလည်း မဆက်သွယ်ခဲ့ဘူး။ အဲဒီအချက်က တော်တော်ကို စဉ်းစားရကျပ်တဲ့၊ နားလည်ရခက်တဲ့ အချက်ပဲ”

“ရဲဘော်ဥကျုမိရဲ့ သုံးသပ်ချက်ကို ကြားပါရစေလား”

“ကျွန်မ အထင်တော့ မစ္စစ်မာရှိဘအနေနဲ့ ဝါကာယာမာ ဟိရောမိနဲ့ အီကာအိလင်မယားကို ဖုန်းမဆက်ရတဲ့ အကြောင်းအရင်းက သူ့အတွက် မလိုအပ်ဘူးလို့ ယူဆထားတာ နေမှာပေါ့။ တကယ်လို့သာ ခင်ပွန်းသည် ရုတ်တရက် သေဆုံးသွားနိုင်တဲ့ အဖြစ်မှန်ကို ကြိုသိ ကြိုနားလည်ထားမယ်ဆိုရင် တခြား ဘယ်သူ့ဆီကမှ အခြေအနေ အရပ်ရပ်ကို စုံစမ်းမေးမြန်းနေစရာ မလိုတော့ဘူး”

ယုကာဝါက ပြုံးလျက် လက်ချောင်းဖြင့် နှာခေါင်းအောက်ခြေကို ပွတ်နေသည်။ “ခင်ဗျားရဲ့ အဲဒီသုံးသပ်ချက်ကို တခြားလူကိုရော ပြောပြဖူးသေးလား”

“ကျွန်မ ခွဲမှူး မာမီယာကို ပြောပြဖူးတယ်”

“ဒီလိုဆိုတော့ ခင်ဗျားက ကုစာနာဂိကို မပြောပြရသေးဘူးပေါ့”

“သူ့ကို ပြောပြလည်း သူက ရှူးရှူးရှဲရှဲနဲ့ ကျွန်မကို သံသယကြီးလွန်းတယ် ဆိုပြီး အပြစ်တင်နေဦးမှာ”

ယုကာဝါသည် မျက်မှောင်ကြုတ်လျက် မတ်တတ်ထရပ်ကာ လက်ဆေးကန်ဘက်သို့ လျှောက်သွားသည်။ “ခင်ဗျား အဲဒီလို အမြင်စောင်းနေတာတော့ သိပ်အဓိပ္ပာယ် မရှိဘူး။ ဒီစကားကို ကျွန်တော့်ပါးစပ်က ထွက်ရတာတော့ တစ်မျိုးကြီးပဲ။ ဒါပေမယ့် အမှန်အတိုင်း ပြောရရင် ကုစာနာဂိက အတော်ကို ထက်မြက်တဲ့ မှုခင်းရဲတစ်ယောက်ပါ။ သူက သံသယတရားခံအပေါ် စိတ်ယိုင်နေတယ်ပဲ ထားဦး။ အဲဒီအတွက်နဲ့တော့ သူရဲ့ တာဝန်နဲ့ ဝတ္တရားကို မေ့ပျောက်သွားမှာ မဟုတ်ဘူး။ အဆင်ခြင် မဲ့သွားမှာတော့ မဟုတ်ဘူး။ ဟုတ်ပါတယ်။ စောစောက ပြောခဲ့တဲ့ ခင်ဗျားရဲ့ စကားကို သူ ကြားကြားပြီးချင်းမှာတော့ သူရဲ့ အမြင်တွေ ချက်ချင်း ပြောင်းလဲသွားဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ ခင်ဗျားကို ပြန်ပြီးတော့တောင် ပက်ချင် ပက်နေဦးမှာ။ ဒါပေမယ့် အဲဒီကောင်ကလည်း သူတစ်ပါး အကြံပြုချက်ကို ဘယ်လိုမှ လက်မခံချင်တဲ့ တစ်ဘက်ပိတ်လူစားမျိုးတော့ မဟုတ်ဘူး။ အခု လက်ရှိပြဿနာနဲ့ ပတ်သက်ပြီး သူ့မှာလည်း သူ့ကိုယ်ပိုင်အမြင်နဲ့ ကိုယ်ပိုင်နည်းလမ်း ရှိပုံရတယ်။ နောက်ဆုံးမှာ သူ မျှော်လင့်ထားတဲ့ ရလဒ်တစ်ခု ရမလာဘူး ဆိုရင်တောင် သူက ပေကတ်ကတ် လုပ်နေမယ့် လူမျိုး မဟုတ်ဘူး”

“ဆရာက သူ့ကို အတော် ယုံကြည်ထားတာပဲ”

“အဲဒီလိုမှ မဟုတ်ရင်လည်း ကျွန်တော် သူ့ကို အခုလောက် ဘယ်ကူညီပါ့မလဲ” ယုကာဝါသည် ဖြူဖွေးနေသော သွားများကို လှစ်ပြပြီး ကော်ဖီဖျော်စက်ထဲသို့ ကော်ဖီမှုန့်များ ထည့်နေလေသည်။

“ဒါဆို ဆရာကရော ဘယ်လို ယူဆထားတာလဲ။ ကျွန်မရဲ့ အယူအဆကို ယုတ္တိမရှိဘူးလို့ ဆရာကရော ထင်နေတာလား”

“ဟင့်အင်း၊ ကြောင်းကျိုးညီညွတ်တယ်လို့ ကျွန်တော် ထင်တယ်။ ကိုယ့်ယောက်ျား ရုတ်တရက် ဆုံးသွားတယ်လို့ သတင်းကြားရင် သာမန်လူတစ်ယောက်က ရနိုင်သလောက် သတင်းအချက်အလက်တွေကို မရမက စုစည်းယူမှာပဲ။ ဒါပေမယ့် မစ္စစ်မာရှိဘက တခြား ဘယ်သူ့ကိုမှ မဆက်သွယ်ဘူး ဆိုတော့ အဲဒီအပြုအမူက လုံးဝ မူမမှန်တာတော့ သေချာတယ်”

“တော်သေးတာပေါ့”

“ဒါပေမယ့် ကျွန်တော်က သိပ္ပံစမ်းသပ်ချက်တွေ လုပ်တဲ့ကောင်မဟုတ်လား။ သီအိုရီတစ်ခုက စိတ်ပိုင်းဆိုင်ရာအရ သဘာဝ မကျဘူး။ နောက်သီအိုရီတစ်ခုက ရုပ်ဝတ္ထုပိုင်းအရ မဖြစ်နိုင်ဘူး။ အဲဒီ သီအိုရီနှစ်ခုထဲက ဘယ်တစ်ခုကို ယုံကြည်မလဲလို့ တစ်ယောက်ယောက်ကသာ ကျွန်တော့်ကို မေးလာခဲ့မယ် ဆိုရင် ဖြေချင်တဲ့ဆန္ဒ မရှိလှပေမယ့် မဖြစ်မနေ ဖြေရမယ် ဆိုရင်တော့ ပထမသီအိုရီကိုပဲ ကျွန်တော် ရွေးချယ်မယ်။ တကယ်လို့သာ ကျွန်တော် စဉ်းစားလို့ မရတဲ့ နည်းလမ်းတစ်ခုခုနဲ့ ရေခရားအိုးထဲကို အချိန်သတ်မှတ်ပြီး အဆိပ်ခတ်နိုင်မယ် ဆိုရင်တော့လည်း အဖြေက နောက်တစ်မျိုး ဖြစ်သွားတော့မှာပေါ့” ယုကာဝါသည် ပြောရင်း ကော်ဖီဖျော်စက်ထဲသို့ ရေထည့်နေသည်။ “သေဆုံးသူက ကော်ဖီဖျော်တဲ့အခါမှာ သောက်ရေသန့်ဗူးထဲက ရေကိုပဲ သုံးတယ်လို့ ပြောသံကြားတယ်။ အရသာက ဘယ်လောက် ကွာခြားသွားနိုင်မှာမို့လဲ”

“အဓိကအကြောင်းက အရသာကြောင့် မဟုတ်ဘူး။ သူက ကျန်းမာရေးကို အလေးထားလို့တဲ့။ ပြောသံကြားမိတာတော့ မစ္စစ်မာရှိဘတောင် သူ့ယောက်ျား သတိမထားမိတဲ့ အချိန်မှာ ရေပိုက်ခေါင်းထဲက ရိုးရိုးရေနဲ့ ကော်ဖီဖျော်ပေးခဲ့ဖူးတယ်။ ကျွန်မ အရင်က ဆရာ့ကို ပြောခဲ့ဖူးမယ် ထင်တယ်။ တနင်္ဂနွေနေ့ မနက်မှာ ကော်ဖီဖျော်တုန်းကလည်း ရေပိုက်ခေါင်းထဲက ရိုးရိုးရေကိုပဲ သုံးခဲ့တာလို့ ဝါကာယာမာ ဟိရောမိက ထွက်ဆိုထားတယ်”

“ဒီလိုဆိုရင် ရေသန့်ဗူးထဲက ရေနဲ့ ကော်ဖီဖျော်တဲ့သူ ဆိုလို့ မစ္စတာမာရှိဘတစ်ယောက်ပဲ ရှိတာပေါ့”

“အဲဒီလို ပြောလို့ရတယ်။ အဲဒါကြောင့်လည်း ရေသန့်ဗူးထဲမှာ အဆိပ်ခတ်ခဲ့တာ ဖြစ်မယ်လို့ ကျွန်မတို့ ယူဆခဲ့ကြတာ”

“အခု ဓာတ်ခွဲဌာနကတောင် ဗူးခွံထဲမှာ အဆိပ်အကြွင်းအကျန်တွေ ရှာမတွေ့ဘူး မဟုတ်လား။ ဒီတော့ အဲဒီအယူအဆကို စွန့်လွှတ်ဖို့ပဲ ရှိတော့တာပေါ့”

“ဒါပေမယ့် ဓာတ်ခွဲလို့ မတွေ့တာနဲ့ပဲ ရေသန့်ဗူးထဲကို အဆိပ်မခတ်ခဲ့ပါဘူးလို့ ယတိပြတ် မပြောနိုင်သေးဘူး။ တချို့လူတွေက ပလတ်စတစ် ဗူးခွံကို လွှင့်မပစ်ခင်မှာ ဗူးခွံကို သေသေချာချာ ဆေးတတ်ကြတယ်။ အဲဒီလို အခြေအနေမျိုးမှာဆိုရင် ဓာတ်အကြွင်းအကျန်ကို ဘယ်လိုမှ ရှာတွေ့နိုင်မှာ မဟုတ်တော့ဘူးလို့ ဓာတ်ခွဲဌာနကလည်း ယူဆထားတယ်”

“လူတွေ ဆေးတတ်တယ် ဆိုတာကလည်း လက်ဖက်ရည်တို့၊ ဖျော်ရည်တို့ ထည့်တဲ့ ဗူးခွံတွေကို မဟုတ်လား။ ဘယ်သူက သောက်ရေထည့်တဲ့ ဗူးကို ဆေးတတ်လို့လဲ”

“သူ့အကျင့်နဲ့သူပေါ့ ဆရာရယ်”

“ဟုတ်ချင်လည်း ဟုတ်မှာပေါ့။ ဒါပေမယ့် အဲဒီလိုသာ ဆိုရင်တော့ လူသတ်သမားက အတော်ကို ကံကောင်းတယ် ပြောရမှာပဲ။ လုပ်ကြံခံရသူရဲ့ အကျင့်တစ်ခုကြောင့် တရားခံအတွက် သက်သေ ဖျောက်ဖျက်ပေးပြီးသား ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာတဲ့လဲ”

“သေဆုံးသူရဲ့ ဇနီးကို လူသတ်တရားခံအဖြစ် ယူဆကြည့်မယ် ဆိုရင်ရော …” ပြောပြီး ဥကျုမိသည် ယုကာဝါ၏ မျက်နှာကို လေ့လာကြည့်နေသည်။ “ဆရာက ကျွန်မရဲ့ ဆင်ခြင်တွေးဆပုံ နည်းလမ်းကို သဘောမကျဘူးလား”

ယုကာဝါက မဲ့ပြုံးပြုံးနေသည်။ “အဲဒီလိုလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အလုပ်က အဆိုကြမ်းတွေကို မကြာမကြာ ထုတ်ကြည့်ကြရတာပဲ မဟုတ်လား။ ဒါပေမယ့် အများစုကတော့ မကြာမတင်မှာပဲ အခြေမခိုင်လို့ ပြိုလဲသွားကြတယ်။ ခင်ဗျားက မစ္စစ်မာရှိဘကို တရားခံအဖြစ် အဆိုတင်လိုက်တော့ ဘာတွေ အကျိုးရှိသွားလဲ”

“ပြောရရင် မစ္စတာမာရှိဘက ကော်ဖီဖျော်တဲ့အခါမှာ ရေသန့်ဗူးထဲက ရေကို အသုံးပြုတတ်တယ်လို့ ပထမဆုံး သတင်းပေးခဲ့တဲ့သူက မစ္စစ်မာရှိဘပဲ။ ဆရာကုစာနာဂိကတော့ ပြောတယ်။ တကယ်လို့သာ မစ္စစ်မာရှိဘက ရေထဲမှာ အဆိပ်ခတ်ခဲ့မယ် ဆိုရင် သူက ကျွန်မတို့ကို အဲဒီအကြောင်း ပြောပြမှာ မဟုတ်ဘူးတဲ့။ ကျွန်မကတော့ အဲဒီလို မထင်ဘူး။ ရဲဘက်က ရေသန့်ဗူးခွံထဲကနေ အဆိပ်ကို တစ်နေ့မဟုတ်တစ်နေ့ ရှာတွေ့လာနိုင်တယ်လေ။ ဒါကြောင့် လက်ဦးမှု ယူတဲ့အနေနဲ့ ရဲဘက်ကို ကြိုတင် အသိပေးထားလိုက်ရင် သူ့အပေါ် ကျရောက်လာမယ့် သံသယကို အနည်းအကျဉ်းဖြစ်ဖြစ် လျော့ပါးသွားစေနိုင်တယ် မဟုတ်လား။ ဒါပေမယ့် တကယ့်လက်တွေ့မှာကျတော့ အဆိပ်ဖြစ်စေတဲ့ ဒြပ်ဝတ္ထုကို တစ်မှုန်တစ်မွှားမှ ရှာမတွေ့ခဲ့ဘူး။ ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် ကျွန်မလည်း ဘယ်က ဘယ်လို စကိုင်ရမှန်းတောင် မသိတော့ဘူး။ တကယ်လို့သာ လူသတ်တရားခံက သူ ဖြစ်နေခဲ့မယ် ဆိုရင် သူက ရေခရားအိုးထဲကို တစ်နည်းနည်းနဲ့ အဆိပ်ခတ်ခဲ့မှာပဲ။ ဒါဆို သူ့ယောက်ျားက ရေသန့်ဗူးထဲက ရေကိုပဲ သောက်ပါတယ် ဆိုတဲ့အကြောင်းကို သူ့အနေနဲ့ တကူးတက ပြောပြနေစရာ မလိုဘူး။ ဒါကြောင့် ကျွန်မ ထင်တယ်။ ရေသန့်ဗူးခွံထဲကနေ အဆိပ် အကြွင်းအကျန်ကို လုံးဝ ရှာမတွေ့ဘူး ဆိုတဲ့ အဖြေကို သူ လုံးဝ မျှော်လင့်ထားပုံ မရဘူး”

ဥကျုမိ၏ တင်ပြချက်ကို နားထောင်နေစဉ် ယုကာဝါ၏ မျက်နှာ အမူအရာမှာ ပို၍ ပို၍ တည်ကြည်လေးနက်လာသည်။ သူသည် ကော်ဖီဖျော်စက်ထဲမှ ထွက်နေသော ရေနွေးငွေ့များကို ငေးကြည့်နေရင်း စကားဆိုလိုက်သည်။ “မစ္စတာမာရှိဘက ဗူးခွံကို ဆေးပစ်လိမ့်မယ်လို့ သူ့မိန်းမကတောင် မတွက်ဆနိုင်ခဲ့ဘူးလို့ ခင်ဗျား ဆိုလိုချင်တာလား”

“ကျွန်မသာ မစ္စစ်မာရှိဘ ဆိုရင်လည်း တွက်မိမှာ မဟုတ်ဘူး။ ရဲဘက်က အဆိပ်ပါတဲ့ ဗူးခွံကို အခင်းဖြစ်တဲ့နေရာမှာ ချက်ချင်း ရှာတွေ့နိုင်လိမ့်မယ်လို့ ယူဆထားမိမှာ။ မစ္စတာမာရှိဘက ကော်ဖီဖျော်တဲ့ အချိန်မှာ ဗူးထဲက အဆိပ်ပါတဲ့ ရေတွေ အားလုံးကို ကုန်အောင် သုံးပစ်လိုက်တယ်။ နောက်ပြီး ရေနွေးဆူဖို့ စောင့်နေရင်းနဲ့ ပလတ်စတစ်ဗူးခွံကို ဆေးပစ်လိုက်တယ်။ သူ့မိန်းမက အဲဒီအချက်ကို မတွက်ဆနိုင်ခဲ့လို့သာ လက်ဦးမှုယူပြီး တရားခံက ရေသန့်ဗူးထဲမှာ အဆိပ်ခတ်ခဲ့တာ ဖြစ်ရမယ် ဆိုတဲ့ ကိစ္စကို ရဲတွေကို ပြောပြခဲ့တယ်။ … … အဲဒီလို ဆက်စပ်တွေးကြည့်လိုက်ရင် အကြောင်းအချက်တွေ အားလုံးက ကွင်းဆက်မိပြီး ကြောင်းကျိုးညီညွတ်သွားတယ်”

ယုကာဝါသည် ခေါင်းညိတ်လျက် လက်ညှိုးဖြင့် မျက်မှန်ကိုင်းကို ပင့်တင်လိုက်သည်။ “လောဂျစ်အရတော့ ဒီသီအိုရီက ကြောင်းကျိုးညီညွတ်တယ်လို့ ပြောနိုင်တယ်”

“ဒီသီအိုရီထဲမှာ ပြဿနာတွေ အများကြီး ရှိသေးတယ် ဆိုတာကို ကျွန်မ နားလည်ပါတယ်။ ဒါပေမယ့် အဲဒီလို ဖြစ်နိုင်ခြေ ရှိတယ် ဆိုတာတော့ သေချာတယ်”

“ဒါပေါ့။ ဒါပေမယ့် ခင်ဗျားရဲ့ အဆိုကြမ်းကို သက်သေပြဖို့ရော နည်းလမ်းရှိလို့လား”

“ဝမ်းနည်းပါတယ် ဆရာ။ ကျွန်မမှာ မရှိဘူး”

ယုကာဝါသည် ကော်ဖီဖျော်စက်ပေါ်မှ ကော်ဖီခရားအိုးကို ချွတ်ယူပြီး ခွက်နှစ်ခွက်ထဲသို့ ကော်ဖီများ လောင်းထည့်လိုက်သည်။ ထိုနောက် ကော်ဖီခွက်တစ်ခွက်ကို ဥကျုမိအား ကမ်းပေးလိုက်သည်။

ဥကျုမိက ကျေးဇူးတင်စကား ဆို၍ ကော်ဖီခွက်ကို လှမ်းယူသည်။

“ခင်ဗျားတို့က နှစ်ယောက်ပေါင်းပြီး ကျွန်တော်ကို ကျုံးသွင်းနေကြတာတော့ မဟုတ်ပါဘူးနော်” ယုကာဝါက ပြောသည်။

“ရှင် …”

“ခင်ဗျားနဲ့ ကုစာနာဂိက နှစ်ယောက်ပေါင်းပြီး ကျိတ်ကြံခဲ့ကြတာတော့ မဟုတ်ဘူးမလား”

“ကျိတ်ကြံတယ် … ဘာဖြစ်လို့ အဲဒီလို လုပ်ရမှာလဲ”

“ကျွန်တော်က ရဲဌာနကို လုံးဝ အကူအညီ မပေးတော့ဘူးလို့ ဆုံးဖြတ်ထားတာလေဗျာ။ ဒါပေမယ့် အခုဆို ခင်ဗျားက ကျွန်တော်ရဲ့ စူးစမ်းလိုစိတ်ကို နှိုးဆွပေးနိုင်ခဲ့တယ်။ ပြီးတော့ ခင်ဗျားက ပိုပြီး ဆွဲဆောင်မှု ရှိအောင်ဆိုပြီး ကုစာနာဂိဟာ အချစ်ရူး ရူးနေပါတယ် ဆိုတဲ့ အနံ့လေးပေးပြီး ကျွန်တော်ကို မျှားထားတယ်လေ” ယုကာဝါသည် နှုတ်ခမ်းများကို ကွေးညွတ်သွားအောင် ပြုံးလျက် ကော်ဖီတစ်ငုံကို အရသာခံနေလေသည်။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *