အီကာအိ တတ်ဆုဟီကိုသည် နေရာတွင် ရပ်လျက် လက်ကိုင်ဖုန်းကို ဘယ်ဘက်လက်တွင် ဆုပ်ကိုင်ထားသည်။ သူသည် လက်ကိုင်ဖုန်းဖြင့် ဖုန်းပြောနေဆဲ ဖြစ်သော်လည်း ညာဘက်လက်ဖြင့် အထိုင်ဖုန်း၏ ဖုန်းလက်ကိုင်ကို ကောက်ကိုင်ပြီး တခြားဖုန်းကောတစ်ခုကို လက်ခံလိုက်သည်။
“ဒါကြောင့် အဲဒီကိစ္စကို ခင်ဗျားတို့ပဲ ကြည့်ပြီး ဖြေရှင်းပေးပါဦး။ သဘောတူစာချုပ်ရဲ့ ဒုတိယမြောက်အချက်မှာ အားလုံး ရှင်းရှင်းလင်းလင်း ရေးထားပါတယ်။ … … အင်း၊ ဒါပေါ့။ အဲဒီအချက်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဘက်က စီစဉ်ပေးပါ့မယ်။ … … ကျွန်တော် နားလည်ပါတယ်။ ဒါဆို အဆင်ပြေအောင် ကြည့်လုပ်လိုက်ကြပါ” သူသည် လက်ကိုင်ကို ဖုန်းခွက်ပေါ် ချလိုက်ပြီး ဘယ်ဘက်လက်ထဲမှ လက်ကိုင်ဖုန်းကို နားနား တိုးကပ်လိုက်သည်။ “ဆောရီးပဲဗျာ။ အဲဒီကိစ္စကို တစ်ဖက်လူနဲ့ ညှိနှိုင်းထားပြီးသွားပြီ။ … … ဟုတ်ကဲ့။ ဒါဆို ကျွန်တော်တို့ အရင်က တိုင်ပင်ထားတဲ့အတိုင်း ဆက်လုပ်ကြတာပေါ့။ … … ဟုတ်ကဲ့၊ ကျွန်တော် သဘောပေါက်ပါတယ်”
ဖုန်းပြောပြီးသည်နှင့် အီကာအိသည် ထိုင်ခုံတွင် မထိုင်အားသေးဘဲ စာရေးစားပွဲပေါ်တွင် အလျင်အမြန် ရေးမှတ်နေလေသည်။ ဥက္ကဋ္ဌ အသုံးပြုသော ဤစားပွဲခုံကို မကြာခင်သော အချိန်ကမှ မာရှိဘ ယိုရှီတာကာ
အသုံးပြုခဲ့သေးသည်။
ရေးမှတ်ထားသော ဖြတ်ပိုင်းစာရွက်ကို အင်္ကျီအိတ်ကပ်ထဲသို့ ထည့်လိုက်ပြီးနောက် သူသည် ခေါင်းမော့ကာ ကုစာနာဂိကို စကားဆိုလိုက်သည်။ “အားနာလိုက်တာဗျာ။ စောင့်ရတာ ကြာသွားပြီ”
“အလုပ် တော်တော် များနေတာကိုးဗျ”
“တောက်တိုမယ်ရ အလုပ်တွေပါဗျာ။ ဥက္ကဋ္ဌက ရုတ်တရက် ကွယ်လွန်သွားတာ ဆိုတော့ ဌာနအသီးသီးက တာဝန်ရှိသူတွေလည်း ပျာယာခတ်သွားတာပေါ့။ ဟိုအစကတည်းက မာရှိဘရဲ့ တစ်သွေးတစ်သံတစ်မိန့်နဲ့ အုပ်ချုပ်နေတဲ့ အထက်အောက် အုပ်ချုပ်မှု ပုံစံကို စိုးရိမ်နေခဲ့တာ။ အစောကြီးကတည်းက ပြင်ဆင်နိုင်ခဲ့ရင် အတော်ကောင်းမှာပဲ” အီကာအိက ငြီးတွားနေရင်း ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
“အခုလောလောဆယ် အချိန်မှာ ဥက္ကဋ္ဌရဲ့ တာဝန်တွေကို မစ္စတာအီကာအိက ယာယီ တာဝန်ယူထားရတာလား”
ကုစာနာဂိ၏ မေးခွန်းကို ကြားရသည့်အခါတွင် အီကာအိသည် မျက်နှာရှေ့သို့ လက်ကို ဆန့်တန်းကာ ခါယမ်းပြလေသည်။ “စီမံအုပ်ချုပ်တဲ့ နေရာကို လူတကာ အစားထိုးလို့ ရတာ မဟုတ်ဘူး။ တချို့လူအတွက် သင့်လျော်ပေမယ့် တချို့လူအတွက်ကျတော့ မသင့်လျော်ပြန်ဘူး။ ကျွန်တော်လို လူမျိုးအတွက်ကတော့ ရှေ့နေရှေ့ရပ် အလုပ်နဲ့ပဲ သင့်လျော်တယ်။ တစ်နေ့ကျရင်တော့ ကျွန်တော် ကုမ္ပဏီရဲ့ အုပ်ချုပ်ရေးကို တခြားလူတစ်ယောက်ယောက်ဆီ လွှဲပေးခဲ့မှာပါ။ အဲဒါကြောင့် …” အီကာအိသည် ကုစာနာဂိကို စိုက်ကြည့်ကာ ဆက်ပြောသည်။ “ကုမ္ပဏီကို လက်ဝါးကြီး အုပ်ချင်လို့ ကျွန်တော်က မာရှိဘကို လုပ်ကြံခဲ့ပါတယ်လို့ ထင်ခဲ့ရင်တော့ အဲဒီအယူအဆက လက်တွေ့ကျမှာ မဟုတ်ဘူးဗျ”
မျက်လုံး ပြူးကျယ်သွားသော ကုစာနာဂိကို တွေ့မြင်ရသည်တွင် အီကာအိသည် ပြုံးလျက် “ဆောရီးပါဗျာ။ ကျွန်တော် နောက်တာပါ။ ရယ်စရာတော့ မကောင်းဘူးပေါ့ဗျာ။ ကိုယ့်ရဲ့ ငယ်သူငယ်ချင်း ဆုံးသွားတာတောင် ကျွန်တော့်မှာ သူ့ကို လွမ်းဆွတ်တသနေဖို့ အချိန်မရဘူး ဖြစ်နေတယ်။ တစ်နေကုန် အလုပ်လုပ်နေရတာနဲ့တင် ချာလပတ် လည်နေတယ်။ ဒါကြောင့် ဒီရက်ပိုင်းမှာ စိတ်က အလိုလို ခက်ထန်နေသလိုလို ဖြစ်နေတယ်”
“အခုလို အချိန်မျိုးမှာ ခင်ဗျားရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို လာပြီး အနှောင့်အယှက် ပေးမိတဲ့အတွက် အနူးအညွတ် တောင်းပန်ပါတယ်”
“အဲဒီလို မယူဆပါနဲ့ဗျာ။ ကျွန်တော်လည်း အမှုအခြေအနေကို အတော်လေး စိတ်ဝင်စားပါတယ်။ အခု တိုးတက်မှု ရှိလာပြီ မဟုတ်လား”
“အမှုသွား အမှုလာက တဖြည်းဖြည်းနဲ့တော့ ထင်သာမြင်သာ ရှိလာပါပြီ။ ဥပမာ ပြောရရင် တရားခံက ဘယ်လို အဆိပ်ခတ်ခဲ့သလဲ ဆိုတာကို ကျွန်တော်တို့ သိထားရပြီ”
“စိတ်ဝင်စားစရာပဲ”
“မစ္စတာမာရှိဘက ကျန်းမာရေးကို အရမ်း ဂရုစိုက်တော့ ရေပိုက်ခေါင်းက ထွက်တဲ့ရေကို ဘယ်တော့မှ မသောက်ဘူး ဆိုတဲ့ အချက်ကို ခင်ဗျား သိလား”
အီကာအိက စဉ်းစားကြည့်နေသည်။ “အဲဒါကို ကျန်းမာရေး ဂရုစိုက်တယ်လို့ ခေါ်သလားဗျာ။ ကျွန်တော်လည်း အဲဒီအတိုင်းပဲ။ ရေစိမ်းကို မသောက်ဖြစ်ခဲ့တာ နှစ်တော်တော်ကြာပြီ”
ပေါ့ပေါ့ပါးပါး ပြောချလိုက်သော သူ၏ စကားသည် ကုစာနာဂိအတွက်တော့ လေးလံလွန်းနေသည်။ ယင်းကိစ္စသည် ပိုက်ဆံရှိသူ အဖို့တော့ လုပ်ရိုးလုပ်စဉ်သာ ဖြစ်ပေလိမ့်မည်။ “ဟုတ်လား”
“ဘယ်အချိန်လောက်က စပြီး အဲဒီလို ဖြစ်သွားခဲ့သလဲ ဆိုတာကို ကျွန်တော်ကိုယ်တိုင်တောင် မမှတ်မိတော့ဘူး။ ရေပိုက်ခေါင်းက ထွက်တဲ့ရေကို ချေးဂျွတ်များနေတာကြောင့်တော့ မဟုတ်ပါဘူးဗျာ။ သောက်ရေသန့်ရောင်းတဲ့ ကုမ္ပဏီတွေရဲ့ ကြော်ငြာက ဆွဲဆောင်မှု ရှိသွားလို့ ဖြစ်ပါလိမ့်မယ်။ အင်း … အကျင့်ဖြစ်သွားတယ်လို့လည်း ပြောချင် ပြောနိုင်တာပေါ့” အီကာအိသည် တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် ခေါင်းကို အနောက်သို့ ဆတ်ကနဲ လှန်ချလိုက်သည်။ “ရေထဲမှာ အဆိပ်ရှိနေလို့များလား”
“လောလောဆယ်တော့ အတိအကျ မပြောနိုင်သေးဘူး။ အဲဒီလို ဖြစ်နိုင်ခြေ ရှိတယ်လို့ပဲ ပြောလို့ရသေးတယ်။ မိတ်ဆုံစားပွဲ စားတုန်းက ခင်ဗျား ရေသန့်ဗူးထဲက ရေကို သောက်ခဲ့သေးလား”
“သောက်ခဲ့တာပေါ့။ တော်တော် များများကို သောက်ခဲ့တာ။ အဲ … ရေကို ပြောတာ”
“ကျွန်တော်တို့ သတင်းကြားတာတော့ မစ္စတာမာရှိဘက ကော်ဖီဖျော်ရင်တောင် ရေသန့်ဗူးထဲက ရေကိုပဲ သုံးတယ်တဲ့။ အဲဒီကိစ္စကိုရော ခင်ဗျား သိလား”
“အဲဒါတော့ ပြောတာ ကြားဖူးတယ်” အီကာအိက ခေါင်းညိတ်ပြသည်။ “အဲဒီလိုဆိုတော့ ခင်ဗျားတို့က ကော်ဖီထဲကနေ အဆိပ်ကို တွေ့ထားပြီ ဆိုပါတော့”
“ပြဿနာရဲ့ အဓိကသော့ချက်က တရားခံ အဆိပ်ခတ်တဲ့ အချိန်ပဲ။ အလုပ်နားရက်လို နေ့မျိုးမှာ မစ္စတာ မာရှိဘအိမ်ကို တိတ်တိတ်ပုန်း သွားတတ်တဲ့သူ ရှိလား”
အီကာအိသည် ကုစာနာဂိကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။ သူ၏ အမူအရာကို ကြည့်ခြင်းအားဖြင့် ကုစာနာဂိ၏ စကားထဲမှ သွယ်ဝိုက်ညွှန်းဆိုထားသော အနက်အဓိပ္ပာယ်ကို သူ ရိပ်မိထားပြီ ဖြစ်ကြောင်း သိနိုင်သည်။
“ခင်ဗျား ပြောချင်တာက ‘လျှို့ဝှက်ပြီးတော့’ လား”
“ဟုတ်တယ်။ လက်ရှိအချိန်ထိ လာသွားတဲ့ ဧည့်သည်ကို မည်သူမည်ဝါ ဖြစ်ကြောင်း မတွက်ဆနိုင်သေးဘူး။ ဒါပေမယ့် အဲဒီလူက မစ္စတာမာရှိဘရဲ့ အကူအညီနဲ့ အိမ်ထဲကို လူမသိ သူမသိ ဝင်သွားနိုင်တယ်”
“ဥပမာပြောရရင် မစ္စစ်မာရှိဘ အိမ်မှာ မရှိတဲ့အချိန် မိန်းမတစ်ယောက်ယောက်ကို အိမ်ခေါ်ထားတယ် ဆိုတာမျိုးလား”
“အဲဒီလို မဖြစ်နိုင်ဘူးလို့လည်း ပြောလို့ မရဘူး”
အီကာအိသည် ချိတ်ထားသည့် ခြေထောက်ကို အောက်သို့ ချကာ ခန္ဓာကိုယ်ကို အရှေ့သို့ အနည်းငယ် ကိုင်းညွှတ်လိုက်သည်။ “ခင်ဗျား ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်း ပြောပါဗျာ။ စုံစမ်းစစ်ဆေးနေတဲ့ အတောအတွင်းမှာ တချို့သတင်း အချက်အလက်တွေကို လျှို့ဝှက်ထားရတာ မှန်ပေမယ့် ကျွန်တော်က အပြင်လူမှ မဟုတ်ဘဲ။ ရှေ့နေလေဗျာ။ ဒီတော့ အပြင်ကို မပေါက်ကြားစေရပါဘူး။ အဲဒါမှလည်း ကျွန်တော်ဘက်က ခင်ဗျားကို အကုန်ဖွင့်ချပြီး အမှန်အတိုင်း ပြောပြနိုင်မှာပေါ့”
ကုစာနာဂိသည် မျက်ခုံးကို ပင့်တင်လိုက်ပြီး တိတ်ဆိတ်မြဲ တိတ်ဆိတ်နေသည်။
အီကာအိသည် ဆိုဖာခုံတွင် နောက်မှီချလိုက်ပြန်သည်။ “ခင်ဗျားတို့ ရဲဘက်က မာရှိဘမှာ အငယ်အနှောင်း ရှိနေတာကို စုံစမ်းလို့ ရထားပြီးပြီ မဟုတ်ဘူးလား”
ကုစာနာဂိသည် ဘာပြန်ပြောရမှန်း မသိအောင် ငေးကြောင်နေမိသည်။ ယင်းကိစ္စကို အီကာအိက ဦးအောင် ပြောလာလိမ့်မည်ဟု သူ ထင်မှတ်မထားပေ။ “ခင်ဗျားက ဘယ်လောက် သိထားလို့လဲ” သူက သတိဝီရိယဖြင့် စကားကို မယုတ်မလွန် ပြောချလိုက်သည်။
“လွန်ခဲ့တဲ့ တစ်လက မာရှိဘ ကျွန်တော့်ကို ပြောခဲ့ဖူးတယ်။ သူ့စကားကို အနှစ်ချုပ် ပြောရရင်တော့ သူ လူတစ်ယောက် အသစ်လဲချင်တယ်ပေါ့” အီကာအိက
မျက်လုံးကို ဝင့်ကြည့်ကာ
ဆက်ပြောလေသည်။ “ခင်ဗျားတို့ ရဲတွေက အဲဒီလောက် အချက်ကလေးကိုတောင် မစုံစမ်းနိုင်ပဲတော့ နေမှာ မဟုတ်ပါဘူးဗျာ။ ခင်ဗျားတို့ အဲဒါတွေကို သိထားပြီးလို့သာ ကျွန်တော့်ကို တကူးတက လာတွေ့တာလေ။ အဲဒီလို မဟုတ်ဘူးလား”
ကုစာနာဂိသည် မျက်ခုံးကို ကုတ်ကာ သွားဖြဲပြလေသည်။ “ခင်ဗျား ပြောသလိုပါပဲ။ မစ္စတာမာရှိဘမှာ အဲဒီလို ထူးခြားတဲ့ အမျိုးသမီးတစ်ယောက် ရှိနေပါတယ်”
“အဲဒါ ဘယ်သူလဲ ဆိုတာကို ကျွန်တော် မမေးတော့ပါဘူး။ ကျွန်တော် မှန်းလို့ ရတန်သလောက် ရနေပါပြီ”
“ခင်ဗျားလည်း သတိထားမိတယ်ပေါ့ …”
“ဖယ်ထုတ်နည်းကို သုံးရင် ရပါပြီဗျာ။ မာရှိဘ ဆိုတဲ့ကောင်က ဘားက ကလေးမတွေကို မျက်စိကျတတ်တာ မဟုတ်ဘူး။ ကုမ္ပဏီဝန်ထမ်းတွေနဲ့ အလုပ်နဲ့ ပတ်သက်တဲ့ မိန်းမတွေလည်း အဲဒီအတိုင်းပဲ။ အဲဒီလိုဆိုတော့ သူ့နံဘေးမှာ တစ်ယောက်ပဲ ကျန်တော့တယ်” ပြောပြီး အီကာအိက သက်ပြင်းချလိုက်သည်။ “လက်စသတ်တော့ တကယ် ဖြစ်နေတာကိုးဗျ။ အဲဒီကိစ္စ ကျွန်တော့်မိန်းမကို ပေးသိလို့ မဖြစ်ဘူး”
“ကျွန်တော်တို့ အဲဒီအမျိုးသမီးရဲ့ ထွက်ဆိုချက်ကနေတစ်ဆင့် အတည်ပြုလို့ ရခဲ့ပါပြီ။ စနေနဲ့ တနင်္ဂနွေ နှစ်ရက်မှာ သူ မစ္စတာမာရှိဘရဲ့ အိမ်ကို ရောက်ခဲ့ပါတယ်။ ကျွန်တော်တို့ သိချင်တာက အဲဒီအမျိုးသမီးအပြင် မစ္စတာမာရှိဘမှာ တခြားကောင်မလေးများ ရှိနေနိုင်သေးသလား”
“အိမ်မှာ မိန်းမ မရှိတဲ့အချိန် ကောင်မလေးနှစ်ယောက်ကို အိမ်ခေါ်ထားတယ်လို့ ဆိုလိုချင်တာလား။ အတော် စန်းပွင့်တဲ့ ကောင်ပါလား” အီကာအိသည် ကိုယ်ကို လှုပ်ယမ်းကာ ဆက်ပြောသည်။ “ဒါပေမယ့် အဲဒီလို မဖြစ်နိုင်ပါဘူးဗျာ။ အဲဒီကောင်က ဆေးလိပ်ဂျိုး ဆိုပေမယ့် ဘယ်တော့မှ ဆေးလိပ်နှစ်လိပ်ကို ပါးစပ်ထဲ တစ်ပြိုင်နက် ထည့်လေ့မရှိဘူး”
“ခင်ဗျားရဲ့ စကားက ဘာအဓိပ္ပာယ်လဲ”
“ဆိုလိုတာက အဲဒီကောင်က အားအားရှိ မိန်းမတွေ ထည်လဲတွဲနေတတ်ပေမယ့် ဘယ်တော့မှ မိန်းမနှစ်ယောက်ကို တစ်ပြိုင်နက် မတွဲတတ်ဘူး။ ထင်တာ မလွဲဘူးဆိုရင် သူ့မှာ ပျော်စရာ အသစ်တွေ့ပြီးကတည်းက သူ့မိန်းမနဲ့ လင်မယားကိစ္စတွေ မရှိတော့ဘူး နေမှာ။ ဘာဖြစ်လို့လဲဆိုတော့ သူ စကားတစ်ခွန်း ပြောခဲ့ဖူးတယ်။ ကိုယ့်ရဲ့ ရမ္မက်ဆန္ဒကို ဖြေဖျောက်ချင်ရုံ သက်သက်အတွက်နဲ့ လိင်ဆက်ဆံဖို့ ဆိုတာ အသက်ကြီးမှ လုပ်လည်း ရပါတယ်တဲ့”
“ဒါဆို သူရဲ့ ရည်ရွယ်ချက်က ကလေးရဖို့ အတွက်လား”
“ရှုထောင့်တစ်ခုကနေ ကြည့်ပြီး ပြောရရင်တော့ ဟုတ်တယ်လို့ ဖြေရမှာပဲ”
ကုစာနာဂိသည် ဟိရောမိ
ကိုယ်လေးလက်ဝ
န် ဖြစ်နေသည့် ကိစ္စကို သတိရသွားသည်။ “စောစောက ခင်ဗျား ပြောခဲ့တဲ့ စကားအရဆိုရင် မစ္စတာမာရှိဘနဲ့ သူ့ဇနီးတို့ လက်ထပ်ခဲ့ရတဲ့ အဓိက အကြောင်းအရင်းကလည်း ကလေးလိုချင်လို့ပဲပေါ့။ အဲဒီလိုလား”
အီကာအိသည် ဆိုဖာနောက်မှီတွင် အားရပါးရ မှီချပစ်လိုက်သည်။ “အဓိက အကြောင်းအရင်း မဟုတ်ဘူး။ တစ်ခုတည်းသော အကြောင်းအရင်း။ မာရှိဘ လူလွတ်ဘဝမှာ ရှိနေတုန်းက ကလေးမြန်မြန် လိုချင်လှပြီ ဆိုပြီး အမြဲတမ်း
ပွစိပွစိ
ပြောနေတတ်တယ်။ အဲဒီအတွက်နဲ့ပဲ သင့်တင့်လျောက်ပတ်မယ့် အဖော်ကို အသည်းအသန် ရှာခဲ့ဖူးတယ်။ မိန်းမတွေ အများကြီးနဲ့လည်း တွဲခဲ့ဖူးတယ်။ အများသူငါရဲ့ မျက်လုံးထဲမှာတော့ သူက မျက်နှာများတဲ့ လူတစ်ယောက် ဖြစ်ချင် ဖြစ်နေမှာပေါ့။ ဒါပေမယ့် တကယ်တမ်းကျတော့ သူက သူ့အတွက် သင့်လျော်မယ့် မိန်းမတစ်ယောက်ကိုပဲ စွဲစွဲမြဲမြဲ ဇွဲကောင်းကောင်းနဲ့ ရှာဖွေနေခဲ့တာ။ သူ့ကလေးရဲ့ မွေးမိခင်ဖြစ်ဖို့ သင့်လျော်မယ့် မိန်းမတစ်ယောက်ပေါ့”
“ဒီလိုဆိုတော့ သူက အဲဒီမိန်းမကို ဇနီးကောင်းတစ်ယောက်ရဲ့ အင်္ဂါနဲ့ ညီလား၊ မညီလား ဆိုတာကိုတောင် နည်းနည်းမှ စိတ်မဝင်စားဘူး ဆိုတဲ့ သဘောလား”
အီကာအိက ပခုံးကို တွန့်ပြသည်။ “မာရှိဘက ဇနီးတစ်ယောက် လိုချင်တာမှ မဟုတ်ဘဲဗျ။ ကျွန်တော် စောစောက ပြောခဲ့ပြီးပြီပဲ။ သူ လူတစ်ယောက် အသစ်လဲချင်တယ်လို့ သူ ပြောခဲ့တယ်လေ။ အဲဒီတုန်းက သူ ပြောသေးတယ်။ သူလိုချင်တာက သူ့အတွက် ကလေးမွေးပေးနိုင်မယ့် မိန်းမ။ အိမ်တော်ထိန်းတစ်ယောက် မဟုတ်သလို တန်ဖိုးကြီးတဲ့ အလှပြပစ္စည်းလည်း မဟုတ်ဘူးတဲ့”
ကုစာနာဂိ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ “ဒီစကားကိုသာ တစ်လောကလုံးမှာ ရှိတဲ့ မိန်းမတွေ ကြားသွားရင်တော့ ဝိုင်းပြီး ပြဿနာ ရှာကြလိမ့်မယ် ထင်တယ်။ အိမ်တော်ထိန်း ဆိုတာတောင် တော်တော် လွန်နေပြီ။ အလှပြပစ္စည်း ဆိုတာကျတော့ …”
“အခု ဆက်ပြောမယ့် စကားကတော့ ကျွန်တော်ရဲ့ ပုဂ္ဂလိက အမြင်သက်သက်ပါပဲ။ အာယနဲရဲ့ စွန့်လွှတ်အနစ်နာခံမှု အပေါ် ချီးကျူးချင်တာပါ။ သူက အပြင်မှာ ရှိရှိသမျှ အလုပ်အားလုံးကို ထွက်ပစ်လိုက်ပြီးတော့ အိမ်မှုကိစ္စတွေကိုပဲ စိတ်နှစ်ပြီး လုပ်လာခဲ့တယ်။ အိမ်ထောင်ရှင်မ တစ်ယောက်အနေနဲ့ လုံးဝ အပြစ်ပြောစရာ မရှိဘူး။ မာရှိဘ အိမ်မှာ ရှိနေတဲ့ အချိန်ဆိုရင် သူလည်း တစ်နေကုန်လုံး ဧည့်ခန်းထဲက ဆိုဖာခုံမှာ ထိုင်နေတတ်တယ်။ စပ်ထည်တွေ ချုပ်နေရင်းနဲ့ လင်သားတစ်ယောက်ကို ပြုစုဖို့အတွက် အခါအခွင့်ကို ထိုင်စောင့်နေတတ်တယ်။ ဒါပေမယ့် မာရှိဘအတွက်ကျတော့ အဲဒီလုပ်ရပ်တွေက ဘာမှ တန်ဖိုးမရှိသလိုပဲ။ သူ့အမြင်မှာက မိန်းမတစ်ယောက်ဖြစ်ပြီး ကလေးတစ်ယောက်မှ မွေးမပေးနိုင်ဘူး ဆိုရင် ဆိုဖာပေါ် ထိုင်နေလည်း အဲဒါ အလှပြပစ္စည်းနဲ့ ဘာမှ မထူးဘူး။ နေရာတောင် ရှုပ်သေးတယ်လို့ ယူဆချင် ယူဆနေမှာ”
“… … အဲဒီစကားက တော်တော်ကို တရားလွန်တာပဲဗျာ။ သူက ဘာဖြစ်လို့ အဲဒီလောက်တောင် ကလေးလိုချင်နေရတာလဲ”
“အဲဒါလား … ကျွန်တော် ကိုယ်တိုင်လည်း ကလေးတစ်ယောက်ကို အသည်းအသန် လိုချင်နေတာပဲ။ ဒါပေမယ့် သူ့လောက်တော့ မဆိုးဘူးပေါ့ဗျာ။ ဒါပေမယ့် ကလေးတစ်ယောက်လည်း တကယ် ရလာရော အဲဒီခံစားချက်က ဘာနဲ့မှ နှိုင်းယှဉ်လို့ မရဘူးဗျ” မကြာခင်ကမှ ဖခင်တစ်ယောက် ဖြစ်လာခဲ့သော အီကာအိသည် စကားပြောနေစဉ် အတွင်းမှာပင် သားသမီးအပေါ် ထားသော ချစ်ခြင်းမေတ္တာဖြင့် ပီတိပြုံး ပြုံးနေလေသည်။ “ဒါပေမယ့် အဲဒီကိစ္စက သူရဲ့ ရှင်သန်ကြီးပြင်းရာ ဘဝအတွေ့အကြုံနဲ့ ပိုပြီး သက်ဆိုင်လိမ့်မယ် ထင်တယ်”
“ခင်ဗျားရဲ့ သဘောက …”
“မာရှိဘက ဆွေမျိုးသားချင်း တစ်ယောက်မှ မရှိတဲ့ တစ်ကောင်ကြွက် ဆိုတာကို ခင်ဗျားတို့ ရဲတွေက စုံစမ်းထားပြီးလောက်ရောပေါ့”
“အဲဒီလို သတင်းကြားထားတယ်”
အီကာအိက ခေါင်းညိတ်သည်။ “မာရှိဘရဲ့ မိဘတွေက သူ ငယ်ငယ်တုန်းကတည်းက ကွဲသွားကြတယ်လို့ ကြားဖူးတယ်။ အဲဒီတုန်းက သူက သူ့အဖေနဲ့အတူ နေခဲ့ရတာ။ ဒါပေမယ့် အဖေက အလုပ်ပဲ စိတ်ဝင်စားတော့ အိမ်ကို မပြန်သလောက်ပဲ။ ဒါကြောင့် သူ့အဘိုးအဘွားတွေက သူ့ကို မွေးစားခဲ့ကြတာ။ နောက်တော့ အဘိုးနဲ့အဘွားကလည်း ရှေ့ဆင့်နောက်ဆင့် ဆုံးကုန်တယ်။ အဲဒီအပြင် သူ့အဖေကလည်း အသက်သုံးဆယ် မပြည့်ခင်မှာပဲ ဦးနှောက်သွေးကြောပေါက်ပြီး ရုတ်တရက် ကွယ်လွန်သွားခဲ့တယ်။ ဒါနဲ့ သူလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ခိုကိုးရာမဲ့ဘဝ ရောက်သွားတော့တာပဲ။ သူ့ အဘိုးအဘွားနဲ့ အဖေတို့ ထားခဲ့တဲ့ ပိုက်ဆံကြောင့် စားဝတ်နေရေးမှာ အခက်အခဲ မရှိခဲ့ဘူး၊ နောက်ပိုင်း ကိုယ်ပိုင် ကုမ္ပဏီတောင် ထောင်နိုင်ခဲ့တယ် ဆိုပေမယ့် မိသားစုချစ်ခြင်း ဆိုတာကိုတော့ သူ ဘယ်လိုမှ မရနိုင်တော့ဘူး”
“အဲဒါကြောင့် သူက ကလေးတစ်ယောက်ကို
ငမ်းငမ်းတက်
လိုချင်နေတယ် ဆိုပါတော့”
“ကျွန်တော့်အထင်တော့ သူက သူနဲ့ သွေးတော်သားစပ်တဲ့ ဆွေမျိုးရင်းချာတစ်ယောက်ကို လိုချင်ပုံ ရတယ်။ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ပဲ ချစ်ပါတယ် ပြောပြော၊ ချစ်သူနဲ့ ဇနီးမယား ဆိုတာတွေက အဲဒီအပိုင်းမှာ အပြင်လူလို့ ပြောလို့ရတယ်လေ” အီကာအိ၏ လေသံမှာ အေးစက်မာကြောနေသည်။ သူ၏ ရင်ထဲတွင်လည်း ဤသို့သော ယုံကြည်မှုမျိုး ရှိရပေလိမ့်မည်။ ထို့ကြောင့်သာလျှင် သေဆုံးသူ၏ ဒဿနအမြင်ကို သူလည်း လက်သင့်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။
“ရှေ့ရက်တွေတုန်းက ကျွန်တော် ကြားထားခဲ့တာ တစ်ခုရှိတယ်။ မစ္စတာမာရှိဘနဲ့ သူ့ဇနီးသည်တို့ ပထမဆုံးအကြိမ် စဆုံကြတုန်းက ခင်ဗျားလည်း အနားမှာ ရှိနေတယ်လို့ ပြောတယ်။ ပါတီပွဲတစ်ခုမှာလေ”
“ဟုတ်ပါတယ်။ အဲဒီပါတီပွဲက တရားဝင်အရတော့ စီးပွားရေး လုပ်ငန်းအသီးသီးက လူတွေ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးခင်မင်အောင် လုပ်ပေးတဲ့ တွေ့ဆုံပွဲ သဘောမျိုးပေါ့။ ဒါပေမယ့် တကယ့်တကယ်တမ်းကတော့ စီးပွားရေးလုပ်ငန်းပေါင်းစုံမှာ အောင်မြင်နေကြတဲ့ ယောက်ျားမိန်းမတွေကို အတွဲရှာပေးတဲ့ ပါတီပွဲမျိုးပါ။ ကျွန်တော် အဲဒီတုန်းက အိမ်ထောင်ကျပြီးနေပြီ။ မာရှိဘက အဖော်ခေါ်တာနဲ့ အတူ လိုက်သွားခဲ့တာ။ သူ့စကားအတိုင်း ပြန်ပြောရရင်တော့ သူက သူ့ဖောက်သည်ရဲ့ ဖိတ်ကြားမှုကို မငြင်းသာလို့ အဲဒီပါတီပွဲကို တက်ခဲ့ရတယ်တဲ့။ အနှစ်ချုပ်လိုက်တော့ အဲဒီပါတီပွဲမှာ တွေ့ဆုံရင်းနှီးခဲ့တဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ပြုဖြစ်သွားတယ်။ လူ့ဘဝက တကယ့်ကို မှန်းဆရခက်တာပဲဗျ။ အင်း … အဲဒါကိုပဲ ရှေးဘဝရေစက်လို့ ခေါ်တာ ထင်တယ်”
“ခင်ဗျား ပြောချင်တဲ့ ရေစက်ဆိုတာ …”
ကုစာနာဂိ၏ မေးခွန်းကြောင့် အီကာအိ မျက်နှာပျက်သွားသည်။ မပြောသင့်သော စကားကို ပြောလိုက်မိသောကြောင့် နောင်တရသွားဟန် တူသည်။
“အာယနဲနဲ့ မသိခင်တုန်းက သူ့မှာ ချစ်သူ ကောင်မလေးတစ်ယောက် ရှိခဲ့သေးတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ အဲဒီကောင်မလေးနဲ့ လမ်းခွဲပြီးတဲ့ နောက်မှာ စောစောက ပြောတဲ့ ပါတီပွဲလုပ်ခဲ့တာပဲ။ မာရှိဘက သူ့ရည်းစားနဲ့ ပေါင်းရတာ ဘယ်လိုမှ အဆင်မပြေတော့လို့ စိတ်ထဲ ပူပန်သွားခဲ့ပုံ ရပါတယ်ဗျာ” အီကာအိသည် လက်ညှိုးကို နှုတ်ခမ်းတွင် တေ့လိုက်သည်။ “အခုကိစ္စကို ကျေးဇူးပြုပြီး အာယနဲ မသိပါစေနဲ့ဗျာ။ မာရှိဘကလည်း ကျွန်တော်ကို မပြောမိဖို့ တောင်းဆိုခဲ့ဖူးတယ်”
“ဒါဆို အဲဒီတုန်းကရော ဘာအကြောင်းကြောင့် အဲဒီကောင်မလေးနဲ့ လမ်းခွဲခဲ့ကြတာလဲ”
အီကာအိက ခေါင်းကို ငဲ့စောင်းလျက် ပြောသည်။ “အဲဒါတော့ ကျွန်တော်လည်း အသေအချာ မသိဘူး။ အဲဒီလို ကိစ္စမျိုးတွေမှာ တစ်ယောက်ကိုတစ်ယောက် မစွက်ဖက်ကြဖို့ ကျွန်တော်တို့က တိတ်တဆိတ် သဘောတူညီမှု ယူထားကြတာ။ ကျွန်တော် မှန်းတာ မလွဲဘူး ဆိုရင်တော့ ကလေးမမွေးနိုင်လို့ပဲ ဖြစ်လိမ့်မယ်”
“သူတို့ အဲဒီတုန်းက မင်္ဂလာမဆောင်ရသေးဘူး မဟုတ်လား”
“ကျွန်တော် ခဏခဏ ပြောခဲ့ပြီးပြီပဲဗျာ။ သူ့အတွက်ကကျတော့ ကလေးရဖို့က အရေးအကြီးဆုံးပဲ။ ဗိုက်ပေါ်မှ မင်္ဂလာဆောင်တာက သူ့အတွက် ပိုပြီး လက်တွေ့ကျတာပေါ့ဗျာ”
ထို့သို့သော အကြောင်းကြောင့် ဝါကာယာမာ ဟိရောမိကို ရွေးချယ်ခဲ့ခြင်းပေလော။
ဤလောကကြီးတွင် ယောကျ်ားတို့ အရောင်အသွေး စုံလင်စွာ အမျိုးမျိုး အစားစား ရှိနေကြပါ၏။ ကုစာနာဂိအတွက် အထူးအဆန်း မဟုတ်တော့ဟု မှတ်ယူထားခဲ့သည်။ သို့သော် မာရှိဘ ယိုရှီတာကာ၏ ယင်းခံယူချက်ကိုမူ သူ နားလည်ပေးဖို့ရာ ခက်ခဲလွန်းနေသည်။ ကလေး မရလျှင်လည်း ရှိစေဦး။ အာယနဲ ကဲ့သို့သော အမျိုးသမီးတစ်ယောက်နှင့် တစ်ဘဝလုံး အတူ နေထိုင်သွားရခြင်းသည် ပျော်ရွှင်ချမ်းမြေ့မှုတစ်မျိုးပင် မဟုတ်တုံလော။
“မစ္စတာမာရှိဘရဲ့ အရင်ကောင်မလေးက ဘယ်လိုလူမျိုးလဲ”
အီကာအိက ပြန်လည်တွေးဆကြည့်သည်။ “ကျွန်တော်လည်း အသေအချာတော့ မသိဘူး။ အဲဒီလို ကောင်မလေးတစ်ယောက် ရှိတယ် ဆိုတာလောက်ပဲ မာရှိဘ ပြောလို့ သိခဲ့တာ။ သူက ကျွန်တော်နဲ့တောင် မိတ်ဆက်မပေးခဲ့ဖူးဘူး။ အဲဒီကောင်က တစ်ခါတလေကျရင် အင်မတန်မှ လျှို့ဝှက်တတ်တယ်။ ကြည့်ရတာ မင်္ဂလာဆောင်ဖို့ မစီစဉ်မချင်း သူတို့နှစ်ယောက်အကြောင်းကို လူသိရှင်ကြား အသိခံချင်ပုံ မရဘူး”
“အဲဒီတုန်းက သူနဲ့ အဲဒီအမျိုးသမီးနဲ့က ကြည်ကြည်ဖြူဖြူ လမ်းခွဲခဲ့ကြတာလား”
“အဲဒီလိုပဲ ဖြစ်မယ် ထင်ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သူကလည်း ဘာမှ ထွေထွေထူးထူး မပြောဖူးဘူး” ပြောပြီးနောက် အီကာအိသည် တစ်စုံတစ်ခုကို ရိပ်စားမိသွားပုံဖြင့် ကုစာနာဂိကို စိုက်ကြည့်နေတော့သည်။ “ခင်ဗျားတို့က အဲဒီတစ်ယောက်ကိုပါ အမှုနဲ့ ပတ်သက်နေလိမ့်မယ်လို့ ယူဆနေတာတော့ မဟုတ်ပါဘူးနော်”
“အဲဒီလိုတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့က သေဆုံးသူနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို စုံနိုင်သမျှ စုံအောင် နားလည်နိုင်ဖို့ ကြိုးစားကြည့်နေရုံသက်သက်ပါ”
အီကာအိက လက်ခါပြသည်။ “တနင်္ဂနွေနေ့မှာ အဲဒီကောင်မလေးကို မာရှိဘက သူ့အိမ် ခေါ်ထားမလားလို့ ခင်ဗျားတို့ တွေးဆကြည့်နေမယ် ဆိုရင်တော့ အမှားကြီး မှားသွားလိမ့်မယ်။ အဲဒီကောင်က ဘယ်တော့မှ အဲဒီလို မလုပ်ဘူး”
“မစ္စတာမာရှိဘက ပါးစပ်ထဲမှာ ဘယ်တော့မှ ဆေးလိပ်နှစ်ချောင်း ခဲမထားတတ်ဘူးလို့ ပြောချင်တာလား”
“ဟုတ်တယ်” အီကာအိက ခေါင်းညိတ်ပြသည်။
“ကျွန်တော် သဘောပေါက်ပါပြီ။ ကျွန်တော်တို့ ထည့်သွင်းစဉ်းစားပါ့မယ်” ကုစာနာဂိသည် နာရီကို ကြည့်ပြီး မတ်တတ်ထရပ်လိုက်သည်။ “အလုပ်ရှုပ်နေတဲ့ကြားက ကျွန်တော်တို့ကို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူး အထူးတင်ပါတယ်ဗျာ”
ကုစာနာဂိက ကိုယ်ကိုလှည့်ပြီး တံခါးဝဆီသို့ လျှောက်သွားလိုက်သည်နှင့် အီကာအိလည်း အနားသို့ အပြေးရောက်လာကာ သူ့အတွက် တံခါးဖွင့်ပေးလေသည်။
“အား … ကျေးဇူးကမ္ဘာပါဗျာ”
“မစ္စတာကုစာနာဂိ” အီကာအိသည် လေးနက်သော အကြည့်ဖြင့် သူ့ကို စိုက်ကြည့်လိုက်သည်။ “ကျွန်တော့်အနေနဲ့ ခင်ဗျားတို့ရဲ့ စုံစမ်းစစ်ဆေးတဲ့ ကိစ္စတွေကို စွက်ဖက်ဖို့ ဆန္ဒမရှိပါဘူး။ ဒါပေမယ့် ကျွန်တော် တစ်ခုလောက် တောင်းဆိုပါရစေ”
“ဘာများလဲခင်ဗျ”
“မာရှိဘက ယောက်ျားကောင်းတစ်ယောက်လို့ သတ်မှတ်လို့ မရပါဘူး။ ခင်ဗျားတို့ စုံစမ်းကြည့်လိုက်တာနဲ့ သူရဲ့ အတိတ်က အကြောင်းတွေ အတော်များများကို သိလာနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်အမြင်အရတော့ သူရဲ့အတိတ်က ဒီအမှုနဲ့ ဘယ်လိုမှ ပတ်သက်ဆက်စပ်နေမယ် မထင်ဘူး။
အခုလက်ရှိအချိန်မှာ
ကုမ္ပဏီက ရုန်းကန်နေဆဲအချိန် ဖြစ်နေလေတော့ အတိတ်က ဇာတ်လမ်းဟောင်းတွေကို တတ်နိုင်သလောက် ပြန်မလှန်ကြရင် ကောင်းမယ်”
အီကာအိသည် ကုမ္ပဏီ၏ ဂုဏ်သိက္ခာ ထိခိုက်သွားမည်ကို စိုးရိမ်နေဟန် တူသည်။
“ကျွန်တော်တို့ စုံစမ်းလို့ ရခဲ့မယ် ဆိုရင်တောင် မီဒီယာဆီကို မပေါက်ကြားစေရပါဘူး။ အဲဒါတော့ စိတ်ချပါ” ပြောပြီး ကုစာနာဂိ အခန်းထဲမှ ထွက်ခွာသွားသည်။
ကုစာနာဂိ၏ ရင်ထဲတွင် အခဲမကျေနိုင် ဖြစ်နေသေးသည်။ မှန်၏။ မာရှိဘ ယိုရှီတာကာကြောင့်ပင်။ မိန်းမများကို သားဖောက်စက်
အဖြစ်
ရှုမြင်နေသော မာရှိဘ၏ ခံယူချက်ကို စဉ်းစားမိတိုင်း ရင်ထဲ တအုံ့နွေးနွေး ခံစားနေရသည်။ မာရှိဘသည် သူ့ဘဝတွင် ကြုံတွေ့ခဲ့ဖူးသမျှသော လူအားလုံးကို ဤသို့ယူဆထားလျှင် မခက်ပေဘူးလော။ ဥပမာ ကုမ္ပဏီ၏ ဝန်ထမ်းများသည် သူ့ကုမ္ပဏီ လည်ပတ်နိုင်ရေးအတွက် လှုပ်ရှားရုန်းကန်ပေးနေကြသော ပင်နီယံအစိတ်အပိုင်း ကလေးများသာ ဖြစ်သည်။ သူ၏ ဖောက်သည်များသည်လည်း အလွယ်တကူ နှိုက်ယူနိုင်သော ငွေတွင်းများသာ ဖြစ်သည် ဟူသော အတွေးမျိုး။
သူ၏ ဤသို့သော ခံယူချက်ကြောင့်ပင် လူပေါင်းများစွာကို ယခင်က ထိခိုက်နစ်နာအောင် ပြုလုပ်ခဲ့ဖူးပေလိမ့်မည်။ သို့ဆိုလျှင် ထိုလူများအထဲမှ တစ်ယောက်နှစ်ယောက်က သူ့ကို အစိမ်းလိုက် ဝါးစားချင်လောက်အောင် မုန်းတီးကာ မြန်မြန် သေပါစေဟု ဆုတောင်းနေကြပေမည်။
ဟိရောမိအပေါ် ထားသည့် သံသယကိုလည်း လုံးဝ ဖယ်ရှားပစ်၍ မရနိုင်သေးပေ။ ဥကျုမိ၏ အမြင်အရ သူသည် သူ့ရင်သွေး၏ ဖခင်ကို သတ်ဖြတ်လိုစိတ် ရှိလိမ့်မည် မဟုတ်ဟု ယူဆသည်။ သို့သော် အီကာအိ၏ စကားကို ကြားလိုက်ရသည့်အခါတွင်မူ ထိုသို့ ဆုံးဖြတ်ရန် စောလွန်းနေသေးသည်ဟု ကုစာနာဂိက ယုံကြည်သွားမိသည်။ မာရှိဘသည် အာယနဲနှင့် လွမ်းခွဲပြီးသည်နှင့် တစ်ပြိုင်နက် ဟိရောမိနှင့် ရွှေဂဟေဆက်ရန် ကြံစည်ထားဟန် တူသည်။ သို့သော် ဟိရောမိသည် သူ၏ ရင်သွေးကို ဝမ်းဖြင့် လွယ်ပေးထားသောကြောင့်သာ လက်ထပ်ရန် စီစဉ်ခြင်း ဖြစ်ပြီး အမှန်တကယ် ချစ်မြတ်နိုးသောကြောင့် မဟုတ်ပေ။ သူသည် သူ့ဝသီအတိုင်း မင်္ဂလာပွဲအတွက် ဟိရောမိအပေါ် တစ်ကိုယ်ကောင်းဆန်သော တောင်းဆိုချက်များ တောင်းဆိုခဲ့ပါလျှင် ဟိရောမိသည်လည်း သူ့ကို
အသည်းနင့်အောင်
မုန်းတီးရွံရှာသွားပေလိမ့်မည်။
ပြောသာ ပြောရသည်။ ဥကျုမိ၏ အမြင်ရှုထောင့်တစ်ခုကို သူ မည်သို့ ချေပရမည်မှန်း မသိပေ။ ဟိရောမိသည် အလောင်းကို ပထမဆုံး တွေ့ရှိခဲ့သူ ဖြစ်ပါလျက် အဘယ်ကြောင့် အဆိပ်နှင့် ပတ်သက်သော ကြွင်းကျန်ပစ္စည်းများကို မဖယ်ရှားပစ်ခဲ့သနည်း။ ဟိရောမိသာ တရားခံ ဖြစ်ခဲ့လျှင် ဤအချက်သည် သဘာဝယုတ္တိနှင့် လုံးဝ ဆန့်ကျင်နေသည်။ သတိမေ့လျော့ သွားခဲ့ခြင်းပေလော။ ဤသို့ ယူဆရန်မှာလည်း သဘာဝမကျ။
ကုစာနာဂိက တွေးကြည့်သည်။ မည်သို့ပင်ဖြစ်စေ၊ မာရှိဘနှင့် အာယနဲတို့ မဆုံတွေ့သေးခင်က တွဲခဲ့ဖူးသော အမျိုးသမီးကို ဦးစွာ ရှာကြည့်သင့်သည်ဟု ယူဆသည်။ သူသည် ထိုသူကို မည်သို့ သဲလွန်စ ရှာရအံ့နည်းဟု စဉ်းစားနေရင်း မာရှိဘ၏ ကုမ္ပဏီထဲမှ ထွက်ခွာလာခဲ့လေသည်။
***
မာရှိဘ အာယနဲ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ၏ သူငယ်အိမ်သည် ဟိုဟိုဒီဒီ ယမ်းခါလှုပ်ရှားနေသည်ကို ကုစာနာဂိ သတိထားမိသည်။ သူ၏ မေးခွန်းသည် အာယနဲအပေါ် တော်တော် ရိုက်ချက်ပြင်းသွားပုံ ရသည်။ “ရှင်က … ကျွန်မခင်ပွန်းရဲ့ အရင်ရည်းစားကို မေးနေတာလား”
“ခင်ဗျားကို အခုလို ကသိကအောက် ဖြစ်စေမယ့် မေးခွန်းမျိုး မေးရတာ အားတော့နာပါတယ်” ကုစာနာဂိက ထိုင်လျက် ဦးညွှတ် တောင်းပန်လိုက်သည်။
ထိုစဉ်က သူတို့နှစ်ယောက်သည် အာယနဲ၏ ယာယီ တည်းခိုရာဖြစ်သော ဟိုတယ်၏ ဧည့်ခန်းမဆောင်တွင် ထိုင်နေကြခြင်း ဖြစ်သည်။ မေးစရာ မေးခွန်းရှိသည်ဟု ကုစာနာဂိက ဖုန်းဆက်၍ ချိန်းဆိုထားခဲ့ခြင်း ဖြစ်သည်။
“အဲဒီကိစ္စက အမှုနဲ့ ဘယ်လိုများ ပတ်သက်နေလို့လဲ”
ကုစာနာဂိက ခေါင်းခါလိုက်သည်။ “အခုချိန်ထိတော့ ပြောရခက်ပါသေးတယ်။ ဒါပေမယ့် ခင်ဗျားရဲ့ ခင်ပွန်းက သူများသတ်လို့ သေဆုံးရတာ ဖြစ်ဖို့များနေတော့ ကျွန်တော်တို့အနေနဲ့ သူ့ကို သေစေလိုတဲ့ ဆန္ဒရှိသူ မှန်သမျှကို ရှာထုတ်ရမယ့် တာဝန် ရှိနေပါတယ်။ ဒါကြောင့် အတိတ်က အကြောင်းတွေကို ပြန်ပြီး စုံစမ်းနေရတာပါ”
အာယနဲ၏ နှုတ်ခမ်းမှာ မသိမသာ တွန့်သွားပြီး မျက်လုံးအစုံမှာမူ ကုစာနာဂိကို စိုက်ကြည့်နေသည်။ ထို့နောက် ထင်သာမြင်သာအောင် ပြုံးပြလေသည်။ “အဲဒီလူက တခြားကောင်မလေးတွေနဲ့ လမ်းခွဲတဲ့အခါမှာ ကျွန်မနဲ့ လမ်းခွဲခဲ့သလို ပြဿနာပေါင်း တစ်သောင်းခြောက်ထောင်နဲ့ လမ်းခွဲခဲ့ရလိမ့်မယ်လို့ ရှင်တို့က ယူဆထားတယ် ထင်တယ်”
“အဲ … မဟုတ်ပါဘူး” ကုစာနာဂိသည် သူ၏ စိတ်ရင်းအမှန်ကို ရှင်းပြလိုက်ချင်သော်လည်း အောင့်ထားလိုက်ရသည်။ သူသည် အာယနဲကို နောက်တစ်ကြိမ် ပြန်စိုက်ကြည့်ကာ စကားဆက်လိုက်သည်။ “ခင်ဗျားရဲ့ ခင်ပွန်းက သူ့အတွက် ကလေးမွေးပေးနိုင်မယ့် မိန်းမကို ရှာနေခဲ့တယ်လို့ ကျွန်တော်တို့ သတင်းရထားပါတယ်။ အဲဒီလို အတွေးအခေါ်မျိုး ရှိတဲ့ ယောက်ျားတစ်ယောက်က တရားလွန် လုပ်လာခဲ့ရင် တစ်ဖက်လူကို စိတ်ဒဏ်ရာ ရသွားစေနိုင်တယ်လေ။ ဒါကြောင့် တစ်ချိန်တစ်ခါက သူ့ကြောင့် စိတ်ဒဏ်ရာ ရခဲ့ဖူးတဲ့ မိန်းကလေးတစ်ဦးတစ်ယောက်က သူ့အပေါ် အငြိုးအတေး ထားထားတာမျိုး ဖြစ်လာနိုင်တယ်”
“ကျွန်မလိုလား”
“ဗျာ … မ … မဟုတ်ပါဘူး”
“ကိစ္စ မရှိပါဘူးရှင်” သူက ခေါင်းဆတ်ပြသည်။ “ဟိုရဲဘော်နာမည်က ဥကျုမိ ထင်တယ်။ ရှင်လည်း သူ့ဆီကနေ သတင်းကြားပြီးလောက်ရောပေါ့။ နောက်ဆုံးတော့ ဟိရောမိက မာရှိဘရဲ့ ဆန္ဒကို ဖြည့်ပေးနိုင်ခဲ့တယ်လေ။ ဒါကြောင့် ဟိရောမိကို ရွေးချယ်ပြီး ကျွန်မကို စွန့်လွှတ်ခဲ့တာပေါ့။ ကျွန်မရဲ့ ရင်ထဲမှာ သူ့ကို နည်းနည်းလေးမှ မမုန်းပါဘူးလို့ ပြောရင်တော့ ကျွန်မ လိမ်ရာကျသွားမှာပဲ”
“ဒါပေမယ့် ခင်ဗျားက အမှုမလုပ်နိုင်ဘူးလေ”
“ဟုတ်လို့လား”
“လက်ရှိ အခြေအနေအရ ပြောရင် ကျွန်တော်တို့ ရေသန့်ဗူးခွံထဲကနေ ဘာအဆိပ်ကိုမှ ရှာမတွေ့သေးဘူး။ ဒါကြောင့် ရေခရားအိုးထဲကို အဆိပ်ခတ်ခဲ့တယ် ဆိုတဲ့ အယူအဆက အန္တရာယ် အကင်းဆုံးပဲ။ ခင်ဗျားအနေနဲ့ကျတော့ အဲဒီအချက်ကို လုံးဝ မလုပ်နိုင်ဘူး။ ဒါကြောင့် … မာရှိဘအိမ်ကို တနင်္ဂနွေနေ့က တစ်ယောက်ယောက် ရောက်လာပြီး အဆိပ်ခတ်သွားတယ် လို့ပဲ ကျွန်တော်တို့ ယူဆနိုင်လိမ့်မယ်။ အဲဒီလူက အိမ်ထဲကို ဖောက်ထွင်းပြီး ဝင်ခဲ့တယ် ဆိုတဲ့ ဖြစ်နိုင်ခြေက တော်တော်ကို နည်းတယ်။ ဒီတော့ ခင်ဗျားရဲ့ခင်ပွန်းက သူ့ကို ခေါ်သွင်းခဲ့တာပဲ ဖြစ်မယ်။ ဒါပေမယ့် လုပ်ငန်းနယ်ပယ်ထဲမှာ အဲဒီလူကို ကျွန်တော်တို့ ရှာမတွေ့ခဲ့ဘူး ဆိုတော့ သူ့နဲ့ တော်တော် ရင်းနှီးပြီး အိမ်ထဲကို တိတ်တဆိတ် ခေါ်သွင်းနိုင်တဲ့ လူမျိုးဆိုလို့ စဉ်းစားစရာ အများကြီး မကျန်တော့ဘူး”
“အဲဒီလိုဆိုတော့ လက်ရှိချစ်သူ ဖြစ်ချင်ဖြစ်၊ မဟုတ်ရင် ရည်းစားဟောင်းပဲ ဖြစ်ရတော့မယ်။ အဲဒီလိုလား” အာယနဲသည် နဖူးရှေ့တွင် ဝဲကျနေသော ဆံစများကို လက်ဖြင့် ပွတ်သပ်လိုက်သည်။ “ဒါတော့ ကျွန်မလည်း မတတ်နိုင်တော့ဘူး။ မာရှိဘက ကျွန်မကို အဲဒီလိုကိစ္စမျိုး တစ်လုံးတလေမှ ပြောပြဖူးတာ မဟုတ်ဘူး”
“အရေးမပါဘူးလို့ ထင်ရတဲ့ အသေးအမွှား ကိစ္စလေးတွေ ဖြစ်နေပါစေ ကိစ္စမရှိ
ပါဘူး။
ဟိုးအရင် သူ ခင်ဗျားနဲ့ အာလာပသလ္လာပ ပြောကြတုန်းက အမှတ်တမဲ့ ပြောဖူးတာမျိုး မရှိဘူးလား”
သူ ပခုံးတွန့်လိုက်သည်။ “အဲဒါ … သူတစ်ခါမှ မပြောဖူးဘူး။ သူက အဲဒီလိုကိစ္စမျိုးမှာ အင်မတန်မှ သတိဝီရိယကြီးတဲ့ လူတစ်ယောက်ပါ။ လမ်းခွဲခဲ့ဖူးတဲ့ ကောင်မလေးတွေနဲ့ အတူတူ ထိုင်ခဲ့ဖူးတဲ့ စားသောက်ဆိုင်တို့၊ အရက်ဘားတို့ကိုတောင် သူက ဘယ်တော့မှ ပြန်သွားတော့တာ မဟုတ်ဘူး”
“ဟုတ်လား” ကုစာနာဂိ စိတ်ပျက်သွားသည်။ ယခင်က မာရှိဘ ချိန်းတွေ့ခဲ့ဖူးသော ဆိုင်များသို့ သွား၍ သတင်းယူလိုက်ဦးမည်ဟု သူ မူလက ကြိုတင်တွက်ဆထားသည်။
မာရှိဘ ယိုရှီတာကာသည် အမှန်ပင် သတိကြီးသော လူတစ်ယောက် ဖြစ်ပေလိမ့်မည်။ သူ့တွင် ဟိရောမိအပြင် တခြား တိတ်တိတ်ပုန်းတစ်ယောက် ရှိနေသေးသည်ဟု သက်သေပြနိုင်မည့် မည်သည့် သဲလွန်စကိုမျှ သူ၏ အိမ်နှင့် ကုမ္ပဏီရုံးခန်းရှိ ကိုယ်ပိုင် ပစ္စည်းများထဲတွင် ရှာဖွေတွေ့ရှိခြင်း မရှိပေ။ သူ၏ လက်ကိုင်ဖုန်းထဲတွင် သိမ်းထားသော ဖုန်းနံပါတ်များထဲတွင်လည်း လုပ်ငန်းနှင့် ပတ်သက်သည့် မိန်းမများကို ဖယ်ရှားပစ်လိုက်လျှင် ကျန်သူများ အားလုံးမှာ ယောက်ျားများ၏ ဖုန်းနံပါတ်များသာ ဖြစ်နေကြသည်။ အမှန်စင်စစ် ဟိရောမိ၏ ဖုန်းနံပါတ်ကိုပင် သိမ်းဆည်းထားခြင်း မရှိပေ။
“ရှင်တို့ကို အကူအညီ မပေးနိုင်တဲ့အတွက် တောင်းပန်ပါတယ်”
“တောင်းပန်စရာ မလိုပါဘူးဗျာ”
အာယနဲက နောက်တစ်ကြိမ် တောင်းပန်ရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ၏ နံဘေးရှိ လက်ကိုင်အိတ်ထဲမှ ဖုန်းသံ ထွက်ပေါ်လာသည်။ သူသည် ဖုန်းကို အလျင်အမြန် ဆွဲထုတ်ကာ “ဖုန်းကိုင်လို့ ရမလား” ဟု မေးလေသည်။
ကုစာနာဂိက ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်၊ ကျွန်မ အာယနဲပါ”
ဖုန်းကိုင်စအချိန်တွင် အာယနဲ၏ အမူအရာမှာ တည်တည်ငြိမ်ငြိမ် ရှိနေခဲ့သော်လည်း တစ်ခဏတွင်းမှာပင် သူ၏ နဖူးကြောများ တွန့်ရှုံ့သွားလေတော့သည်။ သူက စိုးရိမ်တကြီး မျက်နှာဖြင့် ကုစာနာဂိကို လှမ်းကြည့်သည်။ “အင်း၊ ကိစ္စ မရှိပါဘူး။ တခြားရော ဘာပြောစရာ ရှိသေးလဲ။ … … ဪ၊ အဲဒီလိုလား။ ကောင်းပြီလေ။ ကျေးဇူးပါပဲ” ဖုန်းကို ချလိုက်ပြီးနောက် ပါးစပ်ကို လက်ဖြင့် အုပ်လျက် “ဒုက္ခပဲ” ဟု ပြောလိုက်ဟန် တူသည်။ “မစ္စတာကုစာနာဂိ ဒီမှာ ရှိနေတယ် ဆိုတာကို ကျွန်မ သူ့ကို ပြောဖို့ မေ့သွားတယ်”
“ဘယ်သူ ဖုန်းဆက်လာတာလဲဗျ”
“မစ္စဥကျုမိ”
“သူက ဘာတွေ ပြောလိုက်လို့လဲ”
“ကျွန်မအိမ်က မီးဖိုဆောင်ကို နောက်တစ်ကြိမ် ထပ်စစ်ဆေးချင်လို့တဲ့။ အဲဒါ ကျွန်မဆီ ခွင့်လှမ်းတောင်းတာပါ။ နောက်ပြီး သိပ်တော့ အရေးမကြီးပါဘူးလို့လည်း ပြောသေးတယ်”
“ထပ်စစ်ဆေးမယ် … ဒီကောင်မလေး ဘာတွေ လျှောက်လုပ်နေတာလဲ မသိဘူး” ကုစာနာဂိသည် မေးစေ့ကို ပွတ်လျက် ရှေ့တည့်တည့်သို့ ငေးကြည့်နေသည်။
“အဆိပ် ဘယ်လို ခတ်ခဲ့သလဲ ဆိုတာကို ထပ်လေ့လာကြည့်မလို့ နေမှာပေါ့”
“ဟုတ်မှာပေါ့လေ” ကုစာနာဂိသည် နာရီကြည့်ပြီး စားပွဲပေါ်မှ ဘေလ်စာရွက်ကို ကောက်ယူလိုက်သည်။ “ကျွန်တော်လည်း လိုက်သွားကြည့်လိုက်ဦးမယ်။ ခွင့်ပြုမယ် မဟုတ်လား”
“ရတာပေါ့ရှင်” အာယနဲက ခေါင်းညိတ်၍ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် “ကျွန်မ တစ်ခုလောက် အကူအညီ တောင်းချင်တယ်”
“ဘာကူညီပေးရမလဲ”
“ရှင့်ကို အဲဒီလိုကိစ္စမျိုး အကူအညီ တောင်းရတာ အားတော့ နာပါတယ်”
“ဘာကိစ္စလဲ။ ပြောမှာသာ ပြောပါ”
“ကျွန်မကို ပန်းပင်တွေ ရေလောင်းပေးလို့ ရမလား။ ကျွန်မက ဟိုတယ်မှာ တစ်ရက်၊ နှစ်ရက်လောက်ပဲ နေရလိမ့်မယ်လို့ အောက်မေ့နေတာ … ”
“အင်း” ကုစာနာဂိက ခေါင်းညိတ်လိုက်သည်။ “ခင်ဗျားလည်း ကျွန်တော်တို့ လုပ်တာနဲ့ ကိုယ့်အိမ်ကိုတောင် ပြန်မနေရတဲ့ ဘဝမျိုး ရောက်နေပြီ။ ကျွန်တော်တို့လည်း တကယ် အားနာမိပါတယ်။ ဒါပေမယ့် အခုဆိုရင် သက်သေခံပစ္စည်း ရှာဖွေစုဆောင်းတဲ့ အလုပ်က ပြီးသလောက် ရှိသွားပါပြီ။ ခင်ဗျားလည်း အိမ်ပြန်နေချင်ရင် နေလို့ ရတော့မှာပါ။ ဥကျုမိရဲ့ ထပ်မံ စစ်ဆေးဦးမယ် ဆိုတဲ့ ကိစ္စပြီးသွားရင်တော့ ကျွန်တော် ခင်ဗျားကို အကြောင်းကြားပေးပါ့မယ်”
“ရပါတယ်။ ကိစ္စ မရှိပါဘူး။ ကျွန်မက ကိုယ့်သဘောနဲ့ကိုယ် ဒီမှာ လာနေနေတာပါ။ နောက်ပြီး အဲဒီလောက် ကြီးတဲ့ အိမ်ကြီးတစ်လုံးထဲမှာ တစ်ယောက်တည်း ထီးတည်းနေရမှာကလည်း တွေးကြည့်ရင် ရင်နာစရာပါပဲ”
“အဲဒါလည်း ဟုတ်တာပဲ”
“အခုလို ရှောင်ပုန်းနေလို့ မသင့်တော်ဘူး ဆိုတာကိုလည်း ကျွန်မ သိပါတယ်။ ဒါပေမယ့် ခင်ပွန်းသည်ရဲ့ ဈာပနအခမ်းအနားအတွက် ရက်မသတ်မှတ်နိုင်သေးခင်တော့ ဒီမှာပဲ ဆက်နေလိုက်ဦးမယ်လို့ စိတ်ကူးထားတယ်”
“ကျွန်တော့် မှန်းကြည့်သလောက်တော့ သိပ်ကြာမယ် မထင်တော့ပါဘူး။ မစ္စတာ မာရှိဘရဲ့ ရုပ်အလောင်းကို ခင်ဗျားဆီ ပြန်အပ်နိုင်တော့မှာပါ”
“ဟုတ်လား။ ဒါဆို ကျွန်မလည်း ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ထားရတော့မှာပေါ့” ပြောပြီး အာယနဲသည် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်နေသည်။ “ကျွန်မ နဂို စိတ်ကူးထားတာက မနက်ဖြန် အဝတ်အစား ပြန်ယူရင်းနဲ့မှ လမ်းကြုံတုန်း ပန်းပင်ရေလောင်းမလို့ပဲ။ ဒါပေမယ့် သူတို့လေးတွေကို စောနိုင်သမျှ စောအောင် ရေလောင်းပေးချင်နေတာလေ။ သူတို့ကို တစ်ချိန်လုံး စိတ်ပူနေမိတယ်”
ကုစာနာဂိသည် သူ၏ ဆိုလိုရင်းစကားကို နားလည်လိုက်သောကြောင့် ရင်ဘတ်ကို ပုတ်ကာ စကားဆိုလိုက်သည်။ “ကျွန်တော် နားလည်ပါတယ်။ အဲဒီကိစ္စကို ကျွန်တော့်တာဝန် ထားပါ။ ပန်းခြံနဲ့ လသာဆောင်ပေါ်က ပန်းပင်တွေ မဟုတ်လား”
“တကယ်ရော အဆင်ပြေရဲ့လားရှင်။ ကျွန်မရဲ့ တောင်းဆိုချက်က တရားလွန်ရာများ ကျနေမလား မသိဘူး”
“ခင်ဗျားက ကျွန်တော်တို့ကို ဒီလောက်တောင် ကူညီထားတာပဲ ဥစ္စာ။ ကျွန်တော်တို့ကလည်း ဘာမဟုတ်တဲ့ အလုပ်ကလေးကို ပြန်ကူညီရမှာပေါ့ဗျာ။ နောက်ပြီး အဲဒီမှာလည်း အားယားနေတဲ့လူတွေ ရှိတယ်။ အဲဒီကိစ္စအတွက် စိတ်သာ ချလိုက်တော့”
ကုစာနာဂိက မတ်တတ်ထရပ်လိုက်သောအခါ အာယနဲသည်လည်း နောက်မှ လိုက်ရပ်လေသည်။ ကုစာနာဂိ၏ မျက်နှာကို ကြည့်လျက် “အိမ်က ပန်းပင်လေးတွေ ရေငတ်ပြီး သေသွားမှာ ကျွန်မ မကြည့်ရက်ဘူး” သူ၏ လေသံမှာ တိုးလျှိုးတောင်းပန်နေသည့်နှယ်။
“ခင်ဗျားက ပန်းပင်တွေကို တော်တော် တန်ဖိုးထားတာပဲဗျ” ဆပ်ပိုရိုမှ ပြန်ရောက်သည့်နေ့တွင် အာယနဲသည် အိမ်သို့ ပြန်ရောက်ရောက်ချင်း ပန်းပင်များ ရေလောင်းခဲ့သည်ကို ကုစာနာဂိ ပြန်လည် အမှတ်ရသွားသည်။
“လသာဆောင်ပေါ်က ပန်းပင်တွေက ကျွန်မ အိမ်ထောင်မကျခင်ကတည်းက စိုက်ထားခဲ့တာ။ တစ်ပင်ချင်းစီ တစ်ပင်ချင်းစီမှာ အမှတ်ရစရာတွေ ရှိနေကြတယ်။ ဒီတစ်ခေါက် ဖြစ်သွားခဲ့တဲ့ ကိစ္စကြောင့် သူတို့ကိုပါ ဆုံးရှုံးသွားရတာမျိုး ကျွန်မ အဖြစ်မခံနိုင်ဘူး”
အာယနဲ၏ အကြည့်တစ်စုံသည် တဒင်္ဂမျှ အဝေးသို့ ငေးကြည့်နေကြသည်။ သို့သော် ရုတ်ခြည်းဆိုသကဲ့သို့ ကုစာနာဂိ၏ ကိုယ်ပေါ်သို့ ပြန်ရောက်လာသည်။ သူ၏ မျက်ဝန်းများထဲတွင် ယောက်ျားသားများ ရူးသွပ်သွားနိုင်လောက်သည့် လင်းရောင်ခြည်တချို့ ဖြာထွက်နေကြသည်။ ကုစာနာဂိသည် ထိုမျက်ဝန်းများကို မျက်နှာချင်း မဆိုင်ရဲသဖြင့် မျက်လွှာကို ချထားလိုက်မိသည်။
“ကျွန်တော် အဲဒီပန်းပင်တွေကို ရေလောင်းပေးပါ့မယ်။ စိတ်ချပါ” ပြောပြီး ကုစာနာဂိသည် ငွေရှင်းကောင်တာသို့ ထွက်ခွာလာခဲ့သည်။
ကုစာနာဂိသည် ဟိုတယ်ရှေ့တွင် တက္ကစီတစ်စီး ငှား၍ မာရှိဘအိမ်သို့ ဦးတည် ထွက်ခွာလာခဲ့သည်။ အာယနဲ၏ ပုံရိပ်က သူ၏ အတွေးကမ္ဘာထဲတွင် ပဲ့တင်ထပ်လျက် မည်သို့မျှ ဖယ်ရှားပစ်၍ မရနိုင်အောင် ဖြစ်နေသည်။ သူသည် ကားပြတင်းပေါက်ကို ကျော်လျက် အပြင်သို့ ငေးမိငေးရာ ငေးကြည့်နေရာမှ အကြည့်တစ်စုံသည် စူပါမားကတ်ကြီးတစ်ခု၏ ဆိုင်းဘုတ်ကြီးပေါ်၌ တွဲလဲခိုနေသည်။ ထို့နောက် ကိစ္စတစ်ခုကို ရုတ်တရက် သတိရသွားသည်။
“ဆောရီးပဲဗျာ။ ကျွန်တော် ဒီမှာပဲ ဆင်းလိုက်တော့မယ်” ကုစာနာဂိက ကားဆရာကို ကမန်းကတန်း လှမ်းပြောလိုက်သည်။
စူပါမားကတ်ကြီးအတွင်းမှ ပစ္စည်းတစ်ခု ဝယ်ယူလာပြီးသည့် နောက်တွင် သူသည် တက္ကစီတစ်စီးကို တားလိုက်ပြန်သည်။ သူ ဝယ်လိုသော ပစ္စည်းကို အလွယ်တကူ ဝယ်ယူလိုက်နိုင်သောကြောင့် သူ့စိတ်ထဲတွင် အကျေနပ်ကြီး ကျေနပ်နေသည်။
***
မာရှိဘအိမ်၏ အနီးအနားသို့ ရောက်သည့်အခါတွင် အိမ်ရှေ့၌ ရဲကားတစ်စီး ရပ်ထားသည်ကို တွေ့လိုက်ရသည်။ ‘အတော် ပြဿနာရှာတဲ့ ဟာမလေးပဲ’ ဟု ကုစာနာဂိက တွေးသည်။ ဤသို့သာဆိုလျှင် ဤအိမ်မှ လူများအကြောင်းကို ပတ်ဝန်းကျင်က အချိန် အတန်ကြာအောင် မေးလားမြန်းလားဖြင့် စပ်စပ်စုစု လုပ်နေကြပေဦးတော့မည်။
တံခါးမကြီး၏ နံဘေးတွင် ဝတ်စုံပြည့် ဝတ်ဆင်ထားသော ရဲသားတစ်ဦး ရပ်စောင့်နေသည်။ အခင်းဖြစ်ပွားသည့် နေ့က အိမ်ပေါက်ဝတွင် တာဝန်အရ ရပ်စောင့်နေသော ရဲဘော်ပင် ဖြစ်သည်။ ထိုသူသည်လည်း ကုစာနာဂိကို မှတ်မိနေသေးပုံ ရသည်။ သူ လျှောက်လာသည်ကို မြင်သည့်အခါတွင် ခေါင်းဆတ်ပြကာ သူ့ကို နှုတ်ဆက်လေသည်။
အိမ်ထဲသို့ ရောက်သွားသည်နှင့် ဖိနပ်ချွတ်တွင် ဖိနပ်သုံးရန် ချွတ်ထားသည်ကို ကုစာနာဂိ တွေ့လိုက်ရသည်။ ၎င်းအထဲမှ အားကစားဖိနပ်တစ်ရန်ကို ယခင်က ဥကျုမိ ဝတ်ခဲ့ဖူးကြောင်း သူ မှတ်မိနေသည်။ ကျန်နှစ်ရန်မှာ ယောက်ျားစီးဖိနပ်များ ဖြစ်ကြသည်။ ၎င်းတို့တွင် တစ်ရန်မှာ လျော့ရဲစုတ်ပြတ်နေသည့် အပေါစား သားရေဖိနပ်တစ်ရန် ဖြစ်သည်။ အခြားတစ်ရန်သည် ပြောင်လတ်တောက်ပနေရုံတင် မကဘဲ ဖိနပ်ပေါ်တွင် ‘ARMANI’ ဟူသော အသားတံဆိပ်ကိုပင် တွေ့မြင်နေရသည်။
ကုစာနာဂိသည် စင်္ကြံလမ်းအတိုင်း ဧည့်ခန်းထဲသို့ ဝင်လာခဲ့သည်။ တံခါးမှာ ပွင့်လျက်။ အထဲတွင် လူရိပ်လူခြေကို မတွေ့ရ။ ခဏအကြာတွင် မီးဖိုဆောင်ဘက်မှ ယောက်ျားတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
“လက်နဲ့ တို့ထိထားဖူးတဲ့ လက်ရာ မရှိဘူးပဲ”
“ဟုတ်တယ်မလား။ ထ.ရ.ဖ ကလည်း အဲဒီပစ္စည်းကို ဘယ်သူမှ မကိုင်တာ တစ်နှစ်လောက် ရှိပြီလို့ အတည်ပြုချက် ပေးတယ်” ၎င်းမှာ ဥကျုမိ၏ အသံဖြစ်သည်။
ကုစာနာဂိသည် မီးဖိုဆောင်ဘက်သို့ လှမ်းကြည့်လိုက်ရာ ဥကျုမိနှင့် အမျိုးသားတစ်ယောက်သည် လက်ဆေးကန်နားတွင် ငုတ်တုတ်ထိုင်နေကြသည်ကို တွေ့မြင်လိုက်ရသည်။ လက်ဆေးကန်၏ အောက်ဘက်တံခါးသည် ဖွင့်ထားသောကြောင့် ထိုအမျိုးသား၏ မျက်နှာကို ကွယ်ထားသလို ဖြစ်နေသည်။ ကိရှိတာနိသည် ထိုသူနှစ်ဦး၏ နံဘေးတွင် ရပ်နေသည်။
ကိရှိတာနာသည် လူဝင်လာသည်ကို သတိထားမိသွားသည်။ “အာ … ဆရာ”
ဥကျုမိသည် အသံကြား၍ နောက်လှည့်ကြည့်ရာ မျက်နှာတွင် သူခိုးလူမိသွားသည့် ဟန်ပန်မျိုး ထွက်ပေါ်လာလေသည်။
“နင်တို့ ဘာလုပ်နေကြတာလဲ” ကုစာနာဂိက မေးသည်။
ဥကျုမိသည် မျက်တောင် ပေကလပ် ပေကလပ်နှင့် “ဆရာ ဘယ်လိုလုပ် ဒီကို …”
“ငါမေးတာ အရင် ဖြေစမ်းပါဦး။ နင်တို့ ဒီမှာ ဘာလာလုပ်နေတာလဲ”
“မင်းက ဘာဖြစ်လို့ အခုလို အလုပ်အပေါ် စိတ်ဝင်စားနေတဲ့ လက်အောက်ငယ်သားကို ဟောက်ချင်နေရတာလဲ” လက်ဆေးကန် အောက်ဘက်သို့ ခေါင်းလျှို၍ လေ့လာနေသော အမျိုးသားသည် ပြောပြီးသည်နှင့် ခေါင်းကို ထုတ်၍ တစ်ဘက်သို့ လှည့်ကြည့်လိုက်သည်။
ကုစာနာဂိသည် ရုတ်တရက် ထိတ်လန့်သွားကာ ကြက်သေသေသွားသည်။ ထိုသူမှာ သူနှင့် အင်မတိ အင်မတန် ရင်းနှီးသော သူတစ်ယောက်။ “ယုကာဝါ၊ မင်းက ဘယ်လိုလုပ် ဒီရောက်နေတာလဲ” ပြောပြီးပြီးချင်းမှာပင် သူသည် အကြည့်ကို ဥကျုမိထံသို့ ပြောင်းရွှေ့လိုက်သည်။ “နင်က ငါ့ကိုတောင် အသိမပေးဘဲ ဒီငနဲကို အကူအညီ သွားတောင်းတယ်ပေါ့။ ဟုတ်လား”
ဥကျုမိသည် နှုတ်ခမ်းကို ကိုက်လျက် စကားမပြော တုဏှိဘော လုပ်နေသည်။
“မင်းစကားက အတော် ထူးဆန်းတာပဲ။ ဥကျုမိက သူ့ဟာသူ ဘယ်သူနဲ့ တွေ့ချင်တွေ့ချင် မင်းကို အစီရင်ခံစာ တင်နေရဦးမှာလား” ယုကာဝါသည် မတ်တတ်ရပ်ကာ ကုစာနာဂိကို ပြုံးပြလိုက်သည်။ “မတွေ့တာ ကြာပြီနော်။ အသားအရေတွေ စိုပြေလို့ပါလား။ အခုလို တွေ့ရတာ ဝမ်းသာတယ်ကွာ။ ကျန်းမာဖို့က အရေးကြီးဆုံးပဲ ကိုယ့်လူရေ”
“မင်းက အမှုစစ်တာတွေကို အကူအညီ မပေးချင်တော့ဘူးဆို”
“အခြေခံ သဘောတရားအရတော့ အဲဒီအိုင်ဒီယာက လုံးဝ မပြောင်းလဲသေးဘူးပေါ့ကွာ။ ဒါပေမယ့် တစ်ခါတလေတော့လည်း ခြွင်းချက်ဆိုတာ ရှိကြစမြဲ မဟုတ်လား။ ဥပမာ ပြောရရင် အခုလို မျက်စိရှေ့မှာ သိပ္ပံပညာရှင်တွေ စိတ်ဝင်စားနိုင်လောက်တဲ့ ပဟေဠိတစ်ခု ရှိနေတဲ့အခါမျိုးပေါ့။ အင်း … ဒီအမှုနဲ့ ပတ်သက်ရင်တော့ တခြားအကြောင်းအရင်းလည်း ရှိနေသေးတယ်။ ငါ မင်းကို အစီရင်ခံနေစရာ မလိုဘူး မဟုတ်လား” ယုကာဝါသည် ဥကျုမိကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
ကုစာနာဂိလည်း ဥကျုမိဘက်သို့ လှည့်ကြည့်လေသည်။ “နင်ပြောတဲ့ ‘ထပ်မံ စစ်ဆေးမယ်’ ဆိုတာ ဒီကိစ္စကို ပြောတာလား”
ဥကျုမိသည် တအံတဩ ဖြစ်ကာ တစ်နေကုန် ပါးစပ်ဟလျက် ဖြစ်နေတော့သည်။ “ဆရာက မစ္စစ်မာရှိဘဆီက ကြားလာတာလား”
“နင် ဖုန်းဆက်တဲ့ အချိန်တုန်းက ငါ မစ္စစ်မာရှိဘနဲ့ စကားပြောနေတာ။ ဟုတ်သား။ အရေးကြီးတဲ့ အလုပ်တစ်ခု မေ့သွားတော့မလို့။ … ကိရှိတာနိ၊ မင်း အခု အလုပ်မရှိဘူး မဟုတ်လား”
ရုတ်တရက် အခေါ်ခံလိုက်ရသောကြောင့် ကိရှိတာနိ၏ ခါးမှာ ရုတ်ခြည်းပင် ဆတ်ကနဲ ထောင်မတ်သွားသည်။ “အခု အမိန့်အရ ဆရာယုကာဝါရဲ့ တွေ့ရှိချက်တွေကို ဘေးကနေ နားထောင်ပေးနေတာပါ။ ဥကျုမိ တစ်ယောက်တည်းဆိုရင် နားကြားလွဲတာ၊ လွတ်သွားတာတွေ ဖြစ်သွားမှာ စိုးလို့”
“ငါ မင်းအစား နားထောင်ပေးထားမယ်။ မင်း ပန်းခြံထဲသွားပြီး ပန်းပင်တွေ ရေလောင်းပေးစမ်းကွာ”
ကိရှိတာနာသည် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာ “ရေလောင်းပေးရမယ် …”
“မစ္စစ်မာရှိဘက ငါတို့ အမှုစစ်တာကို အဆင်ပြေအောင် ဆိုပြီး အိမ်တစ်လုံးလုံးကိုတောင် ငါတို့ကို ထိုးအပ်ထားသေးတာပဲ။ သူ့အတွက် ရေလောင်းပေးရတာ ဘာမှ ဖြစ်မသွားပါဘူးကွာ။ မင်း ပန်းခြံထဲက အပင်တွေကိုပဲ လောင်းပေးရုံပါ။ အပေါ်ထပ် လသာဆောင်က အပင်တွေကို ငါ လောင်းလိုက်မယ်”
ကိရှိတာနိသည် အလိုမကျစွာ မျက်မှောင်ကြုတ်လျက် ရပ်နေသည်။ တစ်ခဏကြာမှ “ဟုတ်ကဲ့” ဟုဆိုကာ မီးဖိုဆောင်ထဲမှ ထွက်သွားလေသည်။
“ခဏနေပါဦး။ ‘ထပ်မံ စစ်ဆေးမယ်’ ဆိုတဲ့ ကိစ္စက ဘယ်နှယ့်ဘယ်လို ရောက်လာရတာလဲ။ ငါ့ကို တစ်ယောက်ယောက်လောက် ရှင်းပြစမ်းပါဦးလား” ကုစာနာဂိသည် လက်ထဲတွင် ကိုင်ထားသော အိတ်ကို ကြမ်းပြင်ပေါ် ချကာ ပြောလိုက်သည်။
“အဲဒါ ဘာပစ္စည်းလဲ ဆရာ” ဥကျုမိက မေးသည်။
“နင်ရဲ့ ‘ထပ်မံ စစ်ဆေးမယ်’ နဲ့ လားလားမှ မဆိုင်ဘူး။ စပ်စုမနေနဲ့တော့။ ကဲ … မင်းပဲ ပြောပြစမ်းပါဦး” ကုစာနာဂိသည် လက်နှစ်ဖက် ခပ်တင်းတင်း ပိုက်လျက် ယုကာဝါကို စိုက်ကြည့်နေသည်။
ယုကာဝါသည် Armani တံဆိပ်ဟု ယူဆရသော ဘောင်းဘီရှည်၏ အိတ်ကပ်ထဲတွင် လက်အိတ်စွတ်ထားသော လက်နှစ်ဖက်ကို ထိုးထည့်ထားသည်။ လက်ဆေးကန်ကို မှီလျက်။ “မင်း လက်အောက်က ဟောဒီကောင်မလေးက ငါ့ကို လာတွေ့ပြီး မေးခွန်းတစ်ခု လာမေးတယ်။ အဝေးတစ်နေရာမှာ ရောက်နေတဲ့ လူတစ်ယောက်ရဲ့ သောက်ဖွယ်ထဲကို အဆိပ်လှမ်းခတ်လို့ ရနိုင်သလားတဲ့။ နောက်ပြီး ကြိုတင်ပြင်ဆင်ထားတဲ့ လှည့်ကွက်ကလည်း ဘာသဲလွန်စမှ မကျန်ခဲ့ရဘူးတဲ့။ အောင်မလေးကွာ။ အဲဒီလောက် ခက်တဲ့ မေးခွန်းမျိုးက ရူပဗေဒရဲ့ ပညာရှင်လောကမှာတောင် တော်တန်ရုံ တွေ့ရတတ်တာ မဟုတ်ဘူးကွ” သူက ပြောပြီး ပခုံးတွန့်ပြသည်။
“အဝေးတစ်နေရာ …” ကုစာနာဂိက ဥကျုမိကို စိုက်ကြည့်လိုက်သည်။ “နင်က မစ္စစ်မာရှိဘကို မယုံသင်္ကာ ဖြစ်နေတုန်းပဲကိုး။ နင်က သူ့ကို တရားခံပါလို့ တရားသေ ဆုပ်ကိုင်ထားပြီးမှ ဘယ်လို မှော်အတတ်မျိုးနဲ့ အဆိပ်ခတ်လို့ ရမလဲ ဆိုတာ ယုကာဝါကို သွားမေးတယ် ဆိုပါတော့။ ဟုတ်လား”
“ကျွန်မ သံသယ ရှိနေတာ မစ္စစ်မာရှိဘ တစ်ယောက်တည်း မဟုတ်ပါဘူး။ စနေ၊ တနင်္ဂနွေမှာ အလီဘိုင် ရထားတဲ့လူက အမှုလုပ်လို့ ရနိုင်သလား ဆိုတာကိုပဲ ကျွန်မ သိချင်တာပါ”
“ဘာထူးသွားလို့လဲ။ နင်က မစ္စစ်မာရှိဘကို မဲနေတာပဲ ဥစ္စာ” ကုစာနာဂိ၏ အကြည့်သည် ယုကာဝါထံသို့ ရောက်ရှိသွားသည်။ “ဘာဖြစ်လို့ လက်ဆေးကန်အောက်ဘက်ကို စစ်ဆေးကြည့်နေရတာလဲ”
“ဥကျုမိရဲ့ ပြောစကားအရ မင်းတို့ နေရာသုံးနေရာမှာ အဆိပ်အကြွင်းအကျန်တွေ တွေ့ထားတယ်” ယုကာဝါသည် လက်အိတ်စွတ်ထားသော လက်ဖြင့် လက်သုံးချောင်း ထောင်လျက် စကားဆက်ပြောသည်။ “ပထမဆုံးက သေဆုံးသူ သောက်ခဲ့တဲ့ ကော်ဖီထဲမှာ။ နောက်တစ်နေရာက ကော်ဖီနှပ်ပြီးလို့ ကျန်ခဲ့တဲ့ ကော်ဖီမှုန့်နဲ့ ရေစစ်စက္ကူပေါ်မှာ။ နောက်ဆုံးတစ်နေရာက ရေနွေးတည်တဲ့ ရေခရားအိုးထဲမှာ။ ဒါပေမယ့် အဲဒီနောက်ပိုင်းက ကိစ္စတွေကိုတော့ မင်းတို့ ရှင်းမပြနိုင်တော့ဘူး။ ဖြစ်နိုင်ခြေ နှစ်ခု ရှိတယ်။ တစ်၊ ရေခရားအိုးထဲကို တိုက်ရိုက် အဆိပ်ခတ်တဲ့နည်း။ နှစ်၊ ရေထဲကို အဆိပ်ခတ်တဲ့နည်း။ တကယ်လို့ ရေထဲကို ဆိုရင် ဘယ်ရေထဲမှာ ခတ်ခဲ့တာလဲ။ ဒါလည်း ဖြစ်နိုင်ခြေ နှစ်ခု ရှိတယ်။ သောက်ရေသန့် မဟုတ်ရင် ပိုက်ခေါင်းက ထွက်တဲ့ရေပဲ”
“ပိုက်ခေါင်းက ထွက်တဲ့ရေ … မင်း ပြောချင်တာက ရေပိုက်ခေါင်းထဲက ထွက်တဲ့ရေထဲမှာ အဆိပ်ခတ်ထားတယ် ဆိုတဲ့ သဘောလား” သူ၏ မေးခွန်းကို ‘ဟွန့်’ ဖြင့် နှာမှုတ်၍ အဆုံးသတ်လိုက်သည်။
ယုကာဝါသည် မျက်နှာ တစ်ချက်မပျက်ဘဲ စကားကို ဆက်ပြောလေသည်။ “ဖြစ်နိုင်ခြေတွေ အရမ်း များလွန်းနေတဲ့ အခါမျိုးမှာ ဖယ်ထုတ်နည်းကို သုံးတာက သဘာဝ အကျဆုံးပဲ။ ထ.ရ.ဖက ရေပိုက်ခေါင်းနဲ့ ရေသန့်စက်ထဲမှာ ထူးခြားတာ မတွေ့ရဘူးလို့ အစီရင်ခံထားတယ် မဟုတ်လား။ ဒါပေမယ့် ငါရဲ့အကျင့်အတိုင်း မျက်စိနဲ့ တပ်အပ်မမြင်ရရင် ကျေနပ်တာ မဟုတ်ဘူး။ ဒါကြောင့် လက်ဆေးကန်ရဲ့ အောက်ဘက်ကို လာပြီး လေ့လာကြည့်တာ။ တကယ်လို့သာ ရေပိုက်ထဲမှာ တစ်ခုခု လုပ်ထားချင်တယ် ဆိုရင် ဒီနေရာမှာ လုပ်မှ ဖြစ်မယ်”
“ဒီတော့ ဘာထူးလဲ”
ယုကာဝါက ခေါင်းကို အသာအယာ ခါလိုက်သည်။ “ရေပိုက်၊ ရေသန့်စက်နဲ့ သူရဲ့ ဆက်ကြောင်းတွေမှာ ထိထား၊ တို့ထားတဲ့ လက်စလက်နတွေ မတွေ့ရဘူး။ အဲဒါတွေ အကုန်လုံးကို ဖြုတ်ပြီး စစ်ဆေးကြည့်လို့ ရတယ် ဆိုပေမယ့် ဘာမှ ထူးလာလိမ့်မယ် မထင်ဘူး။ အဲဒီလိုဆိုတော့ အဆိပ်က ရေထဲမှာ ခတ်ခဲ့တယ်လို့ ယူဆရင် အဲဒီရေက ရေသန့်ဗူးထဲက ရေပဲ ဖြစ်ရတော့မယ်လို့ တွက်ဆနိုင်တယ်”
“ရေသန့်ဗူးခွံထဲမှာလည်း အဆိပ် အကြွင်းအကျန်တွေ ရှာမတွေ့ဘူး”
“ဓာတ်ခွဲဌာနရဲ့ အဖြေက ထွက်မလာသေးဘူးလေ” ဥကျုမိက ဝင်ပြောသည်။
“မတွေ့နိုင်ပါဘူး။ ငါတို့ ထ.ရ.ဖကလည်း နယ်နယ်ရရမှ မဟုတ်တာ” ကုစာနာဂိသည် ရင်ခွင်တွင် ပိုက်ထားသော လက်နှစ်ဖက်ကို ဖယ်ရှားကာ ခါးထောက်လျက် ယုကာဝါကို စိုက်ကြည့်နေသည်။ “အဲဒါက မင်းရဲ့ သုံးသပ်ချက်လား။ အပင်ပန်းခံပြီး ဒီကို တကူးတက ပြေးလာပြီးကာမှ မင်းရဲ့ ကောက်ချက်က ဘာမှ ထူးခြားမနေပါလား”
“ရေနဲ့ ပတ်သက်တဲ့ ကောက်ချက်ကတော့ စောစောက ပြောခဲ့တဲ့အတိုင်းပေါ့။ ဒါပေမယ့် ရေခရားအိုးနဲ့ ပတ်သက်တာကတော့ အခုမှ စမလို့ ရှိသေးတယ်။ ငါ မင်းကို ပြောခဲ့ပြီးပြီ မဟုတ်လား။ အဆိပ်က ရေခရားအိုးထဲကို တိုက်ရိုက် ထည့်ခတ်ခဲ့တာလည်း ဖြစ်နိုင်တယ်လို့”
“အဲဒါက ငါ အလေးထား လေ့လာချင်တဲ့ ခေါင်းစဉ်ပဲ။ ဒါပေမယ့် ကြိုပြောထားရဦးမယ်။ တနင်္ဂနွေနေ့ မနက်တုန်းက ရေခရားအိုးထဲမှာ ဘာအဆိပ်မှ မရှိခဲ့ဘူး။ ဝါကာယာမာ ဟိရောမိ လိမ်မပြောခဲ့ဘူး ဆိုရင်ပေါ့”
ယုကာဝါက ဘာမျှ ပြန်မဖြေ။ လက်ဆေးကန်နံဘေးတွင် ချထားသော ရေခရားအိုးတစ်လုံးကို ကောက်ကိုင်လိုက်သည်။
“အဲဒါက …” ကုစာနာဂိက မေးသည်။
“ဒီရေခရားအိုးက အခင်းဖြစ်တုန်းက သုံးခဲ့တဲ့ ရေခရားအိုးနဲ့ တစ်ပုံစံတည်းပဲ။ ဥကျုမိ စီစဉ်ပေးထားတာ” ယုကာဝါသည် ရေခရားအိုးထဲသို့ ရေပူများကို လောင်းထည့်ပြီး လက်ဆေးကန်ထဲသို့ ပြန်သွန်ချလိုက်သည်။ “ဒီခရားအိုးမှာ ဘာမှ ကလိထားတာ မရှိဘူး။ ပုံမှန် ခရားအိုးတစ်လုံးပဲ” ထို့နောက် သူသည် ခရားအိုးထဲသို့ ရေအပြည့်ဖြည့်ကာ ဂတ်စ်မီးဖိုပေါ်သို့ တင်၍ မီးဖွင့်လိုက်သည်။
“မင်း အဲဒီလို လုပ်ပြနေလို့ ဘာအဓိပ္ပာယ် ရှိမှာလဲ”
“ကဲပါ။ စောင့်ကြည့်စမ်းပါဦး” ယုကာဝါသည် ကိုယ်ကို လက်ဆေးကန်နား ပြန်မှီနေလိုက်သည်။ “မင်းက တရားခံကို တနင်္ဂနွေနေ့က လာတဲ့ ဧည့်သည်လို့ ထင်နေတာ မဟုတ်လား။ သူက ရေခရားအိုးထဲကို အဆိပ်ခတ်ခဲ့တယ် ဆိုပြီးတော့”
“အဲဒီဖြစ်နိုင်ခြေ တစ်ခုပဲ ကျန်တော့တာ မဟုတ်ဘူးလား”
“တကယ်လို့သာ အဲဒီအတိုင်း ဖြစ်ခဲ့မယ်ဆိုရင် တရားခံက အင်မတန်မှ အန္တရာယ်များတဲ့ နည်းလမ်းတစ်ခုကို ရွေးချယ်ခဲ့တာပဲ။ မစ္စတာမာရှိဘက တရားခံ သူ့အိမ်လာမယ့်ကိစ္စကို တခြားလူကို ပြောပြနိုင်တယ်လို့ သူ မတွေးမိဘဲ နေပါ့မလား။ ဒါမှမဟုတ် တရားခံက မစ္စတာမာရှိဘ မရှိတဲ့ အချိန်မှာ အိမ်ထဲ တိတ်တိတ်ကလေး ခိုးဝင်ပြီး အဆိပ်ခတ်ခဲ့တယ်လို့ မင်းတို့က ယူဆနေကြတာလား”
“ငါ့အမြင် ပြောရရင် ခိုးဝင်တာက လုံးဝ မဖြစ်နိုင်သလောက်ပဲ။ ငါ မှန်းဆရသလောက်ဆိုရင် တရားခံဟာ မစ္စတာမာရှိဘရဲ့ လူသိမခံချင်တဲ့ လူရင်းထဲကပဲ ဖြစ်မယ်”
“အဲဒီလိုလား။ ဒါဆို မစ္စတာမာရှိဘက တရားခံကို အိမ်နီးချင်းတွေနဲ့လည်း မတွေ့စေချင်ဘူးပေါ့” ယုကာဝါက ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဥကျုမိဘက်သို့ လှည့်ကာ “နင် စိတ်မပူနဲ့တော့။ ကြည့်ရတာ နင့်ဆရာက ဆင်ခြင်တုံတရား လုံးဝ ကင်းပျောက်သွားတာမျိုး မဟုတ်သေးဘူး”
“မင်းစကားက ဘာသဘောလဲ” ကုစာနာဂိ၏ အကြည့်သည် သူတို့နှစ်ဦး၏ မျက်နှာများပေါ်သို့ ခေါက်တုံ့ခေါက်ပြန် သွားလာနေသည်။
“ဘာမှ မဟုတ်ပါဘူးကွာ။ ငါပြောချင်တာက မင်းတို့ နှစ်ယောက်စလုံးမှာ ဆင်ခြင်တုံတရား အပြည့်ရှိနေကြတဲ့ အတွက်ကြောင့် အမြင်မတူတာက အားသာချက်တစ်ခုတောင် ဖြစ်သွားနိုင်တယ်လို့”
ယုကာဝါ၏ လေသံသည် လူတစ်ယောက်ကို မှိုချိုးမျှစ်ချိုး ပြောလိုသော လေသံမျိုး ပေါက်နေသောကြောင့် ကုစာနာဂိသည် သူ့ကို မျက်စောင်းခဲလိုက်သည်။ ယုကာဝါကမူ ဂရုမစိုက်သည့် ဟန်ပန်ဖြင့် စပ်ဖြဲဖြဲ လုပ်နေလေသည်။
တစ်ခဏအကြာတွင် ခရားအိုးထဲမှ ရေများ ဆူပွက်လာသည်။ ယုကာဝါသည် မီးကို ပိတ်ကာ အဖုံးဖွင့်ပြီး အထဲသို့ ငုံ့ကြည့်လိုက်သည်။ “ကြည့်ရတာ ရလဒ်က မဆိုးဘူးပဲ” ပြောပြီး သူသည် ခရားအိုးထဲမှ ရေများကို လက်ဆေးကန်ထဲသို့ သွန်ချလိုက်သည်။
ခရားအိုး၏ နှုတ်သီးမှ ထွက်လာသော အရည်များကို တွေ့မြင်ရသည့် အခါတွင် ကုစာနာဂိ အံ့အားသင့်သွားသည်။ ခရားအိုးထဲသို့ ထည့်စဉ်အခါက သာမန် ရိုးရိုးရေများကို ထည့်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင် သွေးရောင် ရေများအဖြစ် ပြောင်းလဲသွားပေပြီ။
“ရေက ဘယ်လို ဖြစ်သွားတာလဲ”
ယုကာဝါသည် ခရားအိုးကို လက်ဆေးကန်ထဲသို့ ချကာ ကုစာနာဂိကို ပြုံးပြလိုက်သည်။ “စောစောတုန်းက ရေခရားအိုးကို ဘာမှ လုပ်မထားဘူး ဆိုတာက မင်းကို ညာတာ။ တကယ်တော့ ခရားအိုးရဲ့ အတွင်းဖင်မှာ ဆေးနီမှုန့် ထည့်ထားတာ။ ဂျယ်လတင်
[1]
နဲ့ ကွာမကျအောင် ကပ်ထားတာပေါ့ကွာ။ ရေက ပူလာတာနဲ့အမျှ ဂျယ်လတင်ကလည်း တဖြည်းဖြည်း အရည်ပျော်လာတယ်။ နောက်ဆုံးကျတော့ ဆေးနီမှုန့်တွေက ရေထဲ ရောက်ကုန်ရော” ပြောပြီးသည်နှင့် သူသည် လေးနက်သော မျက်နှာထားသို့ ချက်ချင်း ပြောင်းလဲသွားသည်။ ထို့နောက် ဥကျုမိကို “ဒီအမှုမှာ မစ္စတာမာရှိဘက မဆုံးခင်မှာ ဒီရေခရားအိုးကို အနည်းဆုံး နှစ်ခါတော့ သုံးခဲ့ဖူးလိမ့်မယ်။ ဟုတ်တယ်မလား”
“ဟုတ်တယ်။ စနေနေ့ညနဲ့
တနင်္ဂနွေနဲ့
မနက်မှာ သုံးခဲ့ဖူးတယ်” ဥကျုမိက ဖြေသည်။
“အသုံးပြုတဲ့ ဂျယ်လတင်ရဲ့ အရည်အသွေးနဲ့ ပမာဏကို ချိန်ညှိနိုင်မယ် ဆိုရင် ဒုတိယအကြိမ် အသုံးပြုတဲ့အချိန်ထိ အဆိပ်ကို အပြင် ပျော်ထွက်မသွားဘဲ တတိယအကြိမ် ရောက်မှ ပျော်ထွက်လာအောင် လုပ်လို့ ရနိုင်တယ်။ ခင်ဗျားတို့ ထ.ရ.ဖနဲ့ အဲဒီကိစ္စကို အတည်ပြုကြည့်ပါလား။ တစ်ချိန်တည်းမှာပဲ အဆိပ်ကို ရေခရားအိုးရဲ့ ဘယ်နေရာမှာ ကပ်ထားမလဲ ဆိုတာကိုလည်း ထည့်စဉ်းစားရလိမ့်မယ်။ လိုအပ်မယ်ဆိုရင် ဂျယ်လတင်အပြင် တခြားပစ္စည်းတွေနဲ့လည်း စမ်းကြည့်စေချင်တယ်”
ဥကျုမိသည် “ဟုတ်ကဲ့” ဟု ဖြေကာ ယုကာဝါ၏ ညွှန်ကြားချက်များကို မှတ်စုစာအုပ်တွင် ရေးမှတ်နေလေသည်။
“ဘယ်လိုလဲ၊ ကုစာနာဂိ။ မင်းမျက်နှာက ရှုံ့မဲ့နေတာပဲ” ယုကာဝါက ခနဲ့သော လေသံဖြင့် လှမ်းပြောလိုက်သည်။
“ဘယ်မှာ မဲ့နေလို့လဲ။ ဒါနဲ့ နေစမ်းပါဦး။ ဒီလောက် ထူးခြားတဲ့ လုပ်နည်းလုပ်ဟန်မျိုးကို သာမန်လူတစ်ယောက်က စဉ်းစားမိပါ့မလား”
“မင်းက ဒီနည်းလမ်းကို ထူးခြားတယ်လို့ ပြောချင်တာလား။ ဘယ်ကလာကွာ။ ဂျယ်လတင်ကို နေ့တိုင်း သုံးနေတဲ့ လူတစ်ယောက်အတွက်တော့ ဘာများ ထူးဆန်းနေမှာမို့လို့လဲ။ ဥပမာ ပြောရရင် ဟင်းချက်တာ ဝါသနာပါတဲ့ အိမ်ရှင်မတွေပေါ့”
ယုကာဝါ၏ စကားကြောင့် ကုစာနာဂိသည် အံကို ကြိတ်လိုက်မိသည်။ ဤရူပဗေဒပညာရှင်သည် မစ္စစ်မာရှိဘကို တရားခံအဖြစ် မှတ်ယူထားပြီ ဖြစ်ကြောင်း သိသာထင်ရှားနေသည်။ ဥကျုမိထံမှ ကူးစက်သွားခြင်းသာ ဖြစ်ရပေလိမ့်မည်။
ထိုအခိုက်မှာပင် ဥကျုမိ၏ လက်ကိုင်ဖုန်းတွင် ဖုန်းဝင်လာသည်။ ဖုန်းတွင် နှစ်ခွန်း၊ သုံးခွန်း ပြောပြီးသည့်နောက်၌ ကုစာနာဂိကို ကြည့်ကာ လှမ်းပြောလိုက်သည်။ “ဓာတ်ခွဲဌာနဘက်က အစီရင်ခံ ထွက်လာပြီ။ ရေသန့်ဗူးခွံထဲမှာ ဘာအဆိပ်မှ မတွေ့ရဘူးတဲ့”