မာတိကာကြည့်ရန်

(၁၁)

                  

ဝါကာယာမာ ဟိရောမိကို အိမ်ပြန်ပို့ပေးရန်အတွက် ဥကျုမိသည် ကားမောင်းလျက် ရဲဌာနချုပ်မှ ထွက်ခွာလာခဲ့သည်။ အချိန်မှာ ည ၈ နာရီကျော်။

ဟိရောမိသည် စစ်ကြောရေးခန်းမတွင် နှစ်နာရီခန့် နေလိုက်ရပြီး ၎င်းမှာ မာမီယာ တွက်ဆထားသော အချိန်ထက် အများကြီး တိုတောင်းလွန်းနေသည်။

ဤသို့ ခပ်မြန်မြန် လက်စသတ်နိုင်ခဲ့ရသည့် အကြောင်းအရင်းမှာ မာရှိဘ အာယနဲ ခေါ်ဆိုခဲ့သော ဖုန်းကော၏ သက်ရောက်မှုက အဓိက အခန်းကဏ္ဍမှ ပါဝင်နေခဲ့သည်။ သူ၏ ထွက်ဆိုချက်အရ ဆိုလျှင် သူ၏ ခင်ပွန်း မာရှိဘ ယိုရှီတာကာသည် ကော်ဖီဖျော်သည့်အခါတွင် ရေသန့်ဗူးထဲမှ ရေကိုသာ အသုံးပြုရမည်ဟု သူ့အား ပညတ်ထားခဲ့ဖူးသည်ဟု သိရသည်။ အကယ်၍ ထိုစကားသာ အမှန်ဖြစ်မည် ဆိုလျှင် အဆိပ်ခတ်နိုင်သောသူမှာ ဟိရောမိတစ်ယောက်တည်း မကနိုင်တော့။ အဘယ်ကြောင့်ဆိုသော် လူသတ်တရားခံသည် ရေသန့်ဗူးထဲတွင် ကြိုတင်၍ အဆိပ်ခတ်ထားနိုင်သောကြောင့် ဖြစ်သည်။

မိမိမှာ အဆိပ်ခတ်သူ မဟုတ်ကြောင်း ငိုယိုတိုင်တည်နေသော ဟိရောမိကိုလည်း မာမီယာအနေဖြင့် မည်သို့ ကိုင်တွယ်ရမည်မှန်း မသိနိုင်အောင် အကျပ်ရိုက်နေခဲ့သည်။ သူ့အား ပြန်လွှတ်ပေးရန် ဥကျုမိက တောင်းဆိုလိုက်သည့်အခါတွင် မာမီယာသည် မတတ်နိုင်သည့်အဆုံး ခေါင်းညိတ်ကာ သဘောတူခဲ့ရလေသည်။

ဟိရောမိသည် အရှေ့ခုံတွင် ထိုင်လျက် နှုတ်ဆိတ်နေသည်။ ယခုအချိန်တွင် သူ၏ စိတ်ဓာတ်မှာ အဝီစိသို့ပင် ကျရောက်နေပြီ ဖြစ်ကြောင်း ဥကျုမိ မှန်းဆကြည့်နိုင်သည်။

မျက်နှာထား တင်းမာသော မှုခင်းရဲ၏ စစ်ကြောမှုအောက်တွင် ယောက်ျားသားများပင်
စိုးရိမ်ထိတ်လန့်၍သော်လည်းကောင်း၊
 ဒေါသထွက်၍သော်လည်းကောင်း စိတ်ကစဉ့်ကလျား ဖြစ်ကြရသည်သာ။ ထို့ကြောင့် ဟိရောမိ၏ မျက်လုံးအိမ်များအတွင်းမှ မျက်ရည်များ
ခန်းခြောက်သွားရန်အတွက်
 အချိန်အနည်းငယ် ပေးရပေလိမ့်မည်။

ဟိရောမိအနေဖြင့် စိတ်တည်ငြိမ်မှု ရလာခဲ့လျှင်ပင် သူသည် စကားပြောလိုသောဆန္ဒ ရှိနိုင်တော့မည် မဟုတ်ပေ။ ယခုအခါ ရဲဘက်က သူ့အား လူသတ်တရားခံအဖြစ် သံသယဝင်နေပြီ ဖြစ်ကြောင်း သိလာရသည့် အခါတွင် သူ့အား အိမ်သို့ လိုက်ပို့ပေးသည့် မှုခင်းရဲမေကိုလည်း မည်သို့မျှ အကောင်းမြင်နိုင်တော့မည် မဟုတ်ပေ။

ဟိရောမိက ဖုန်းကို ရုတ်တရက် ဆွဲထုတ်လိုက်သည်။ တစ်ဦးတစ်ယောက်က သူ့ထံ ဖုန်းခေါ်လာခြင်း ဖြစ်ရပေမည်။ သူက ဖုန်းလက်ခံခလုတ်ကို နှိပ်၍ “ဟယ်လို” ဟု တိုးတိုး ရွတ်ဆိုလိုက်သည်။

“… ခုနကလေးတင် ပြီးတယ်။ အခု ကျွန်မ အိမ်ပြန်နေပြီ။ ကားပေါ်မှာ။ … … မဟုတ်ဘူး။ ဟိုရဲမေက ကျွန်မကို လိုက်ပို့ပေးနေတာ။ … … ဟင့်အင်း၊ မဲဂူရိုရဲစခန်းက မဟုတ်ဘူး။ ရဲဌာနချုပ်က ထွက်လာတာ။ အိမ်ရောက်ဖို့ လိုဦးမယ်။ … … ဟုတ်၊ ကျေးဇူးပဲနော်”

ဟိရောမိသည် တိုးညင်းသော အသံဖြင့် တစ်ခဏမျှ ဖုန်းပြောပြီးနောက် ဖုန်းချလိုက်သည်။

ဥကျုမိသည် အသက်ကို မှန်မှန် ရှူလိုက်ပြီး သူ့ကို မေးခွန်းထုတ်လိုက်သည်။ “မစ္စစ်မာရှိဘ ခေါ်လာတာလား” ဟိရောမိ၏ ကိုယ်မှာ အနည်းငယ် တောင့်တင်းသွားကြောင်း သူ သတိထားမိလိုက်သည်။

“ဟုတ်တယ်။ ဘာများ ပြဿနာ ရှိလို့လဲ”

“စောစောတုန်းက သူ ဆရာကုစာနာဂိဆီ ဖုန်းဆက်လာသေးတယ်။ ရှင့်အတွက် အတော် စိတ်ပူနေတဲ့ပုံပဲ”

“ဟုတ်လား”

“ရှင်တို့နှစ်ယောက် မာရှိဘ ယိုရှီတာကာအကြောင်း ဆွေးနွေးခဲ့ကြပြီးပြီလို့ သတင်းကြားတယ်။ အဲဒါ အမှန်ပဲလား”

“ရှင် ဘယ်လိုလုပ် သိတာလဲ”

“မစ္စစ်မာရှိဘက ပြောပြခဲ့တယ်လို့ ဆရာကုစာနာဂိဆီက သိခဲ့ရတာ။ ရှင့်ကို သင်တန်းကျောင်းမှာ သွားခေါ်တုန်းက ပြောတာတဲ့”

ဟိရောမိထံမှ စကားသံ ထွက်ပေါ်မလာသောကြောင့် ဥကျုမိသည် သူ့ကို လှစ်ကနဲ ဝေ့ကြည့်လိုက်သည်။ သူသည် ခေါင်းငိုက်စိုက်ချလျက် အောက်သို့သာ တိတ်တဆိတ် ငုံ့ကြည့်နေသည်။ သူသည် ယင်းကိစ္စကို လူသိရှင်ကြား ဖြစ်သွားမည်ကို အစိုးရိမ်ကြီး စိုးရိမ်နေပေလိမ့်မည်။

“ကျွန်မရဲ့ စကားက စော်ကားသလိုလည်း ဖြစ်ချင် ဖြစ်သွားနိုင်တယ်။ ဒါပေမယ့် ကျွန်မအနေနဲ့ ဘယ်လိုမှ နားလည်လို့ မရတဲ့ ကိစ္စတစ်ခု ရှိနေတယ်။ ပုံမှန်အားဖြင့်ဆိုရင် ရှင်တို့နှစ်ယောက်က အဲဒီကိစ္စအပေါ် အခြေခံပြီး တစ်ယောက်ကိုတစ်ယောက် မမြင်ချင်လောက်အောင် မုန်းတီးသွားကြမယ် ဆိုလည်း ဒါ သဘာဝကျတဲ့ ဖြစ်စဉ်တစ်ခုပဲ။ ဒါပေမယ့် ရှင်တို့က အရင်ကလိုပဲ အခင်အမင်မပျက် ဆက်ပြီး တွဲနေနိုင်ကြသေးတယ်နော်”

“အဲဒါလား … ကျွန်မအထင်တော့ မစ္စတာမာရှိဘက ဒီလောကမှာ မရှိတော့တဲ့ အကြောင်းကြောင့် ဖြစ်မယ် ထင်တယ်”

“ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်မ နားလည်ပေးလို့ မရဘူး”

တဒင်္ဂမျှ တိတ်ဆိတ်နေပြီးမှ ဟိရောမိထံမှ “ဟုတ်မှာပဲ” ဟူသော အသံ ထွက်ပေါ်လာသည်။ သူတို့နှစ်ဦး၏ အကြားရှိ ထူးခြားဆန်းကြယ်သော ဆက်ဆံရေးကို သူကိုယ်တိုင်ပင် မည်သို့မျှ မရှင်းလင်း မဖော်ပြတတ်မှန်း သူ၏လေသံက ဝန်ခံနေသည့်နှယ်။

“ကျွန်မ ရှင့်ကို မေးခွန်း နှစ်ခု၊ သုံးခုလောက် မေးချင်တယ်။
ရနိုင်မလား
”

ဟိရောမိက သက်ပြင်းချလိုက်သည်။ “ဘာတွေများ မေးစရာ ကျန်သေးလို့လဲ” သူ၏လေသံက စိတ်မရှည်တော့သည့်နှယ်။

“အားတော့ နာပါတယ်။ ရှင်လည်း အခုနေ အတော်လေး ပင်ပန်းနေလောက်ပြီ။ ကျွန်မရဲ့ မေးခွန်းက ရိုးရိုးရှင်းရှင်းလေးပါ။ ရှင့်ကို မထိခိုက်နိုင်လောက်ပါဘူး”

“ဘာမေးမလို့လဲ”

“ရှင်က တနင်္ဂနွေနေ့မနက်မှာ မစ္စတာမာရှိဘနဲ့ ကော်ဖီအတူ သောက်ခဲ့သေးတယ်။ နောက်ပြီး အဲဒီကော်ဖီကို ရှင်ကိုယ်တိုင် ဖျော်ခဲ့တယ်”

“ဒီကိစ္စက လာပြန်ပြီလား” ဟိရောမိ၏ အသံတွင် ငိုသံပါလာသည်။ “ကျွန်မ ဘာမှ မလုပ်ခဲ့ပါဘူးရှင်။ အဲဒီအဆိပ်က ဘယ်ကဘယ်လို ရောက်လာမှန်းကို ကျွန်မ မသိဘူး”

“ကျွန်မ အဲဒီလို ဆိုလိုချင်တာ မဟုတ်ပါဘူး။ ကျွန်မ မေးချင်တာက ရှင် ကော်ဖီဖျော်ခဲ့တဲ့ နည်းလမ်းကိုပါ။ ရှင် အဲဒီတုန်းက
ဘယ်ကရေကို အသုံးပြုခဲ့တာလဲ
”

“ရေ …”

“ကျွန်မဆိုလိုတာက ရှင် အဲဒီတုန်းက ရေသန့်ဗူးထဲက ရေကို သုံးခဲ့တာလား။ ဒါမှမဟုတ် ရေပိုက်ခေါင်းထဲက ရေလား”

ဟိရောမိက နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြန်သည်။ “ရေပိုက်ခေါင်းထဲက”

“ရှင် အမှတ်မမှားပါဘူးနော်”

“မမှားပါဘူး။ ဘာဖြစ်လို့လဲ”

“ရှင်က ဘာဖြစ်လို့ ရေပိုက်ခေါင်းထဲက ရေကို သုံးရတာလဲ”

“ဘာဖြစ်လို့လဲ ဆိုတော့ … ဘာမှ ထွေထွေထူးထူး အကြောင်းမရှိပါဘူး။ ရေနွေးကျိုရတာ ပိုမြန်လို့ပဲပေါ့”

“အဲဒီတုန်းက မစ္စတာမာရှိဘရော အနားမှာ ရှိလား”

“ရှိတယ်လေ။ ကျွန်မ အဲဒီအကြောင်းကို ခဏခဏ ပြောခဲ့ပြီးပြီပဲ။ အဲဒီတုန်းက ကျွန်မ သူ့ကို ကော်ဖီဖျော်နည်း သင်ပေးနေခဲ့တာ” ငိုသံပါနေသော သူ၏ စကားသံထဲတွင် တင်းမာမှုတချို့ ရောစွက်လာသည်။

“ကျေးဇူးပြုပြီး သေချာ ပြန်စဉ်းစားကြည့်ပါဦး။ ကျွန်မ မေးချင်တာက ကော်ဖီဖျော်နေတဲ့ အချိန်မှာ မဟုတ်ပါဘူး။ ရေနွေးခရားအိုးထဲကို ရေထည့်နေတဲ့ အချိန်မှာ သူ ရှင့်အနားမှာ ရှိနေခဲ့သလား”

တစ်ခဏတာ တိတ်ဆိတ်သွားသည်။ မာမီယာသည် သူ့ကို မေးခွန်းပေါင်းများစွာ မေးခဲ့ပြီး ဖြစ်သည် မှန်သော်လည်း ဤမေးခွန်းကို လုံးဝ မေးခဲ့ဖူးခြင်း ရှိမည် မဟုတ်သည်မှာ သေချာလှပေသည်။

“အင်း …” သူ ရေရွတ်နေသည်။ “ဟုတ်တယ်။ ကျွန်မ ရေနွေးကျိုဖို့ ပြင်ဆင်နေတုန်းက သူ ကျွန်မအနားကို ရောက်မလာသေးဘူး။ ခရားအိုးကို မီးဖိုပေါ်တင်ပြီး မီးဖွင့်လိုက်ပြီးတော့မှ သူက မီးဖိုဆောင်ထဲ ရောက်လာပြီး ကော်ဖီဖျော်နည်းကို သူ့ကို လုပ်ပြပေးဖို့ ပြောတာ”

“ရှင် အမှတ်မမှားပါဘူးနော်”

“မမှားပါဘူး။ ကျွန်မ သတိရသွားပြီ”

ဥကျုမိသည် ကားကို လမ်းဘေးတွင် ထိုးရပ်ကာ အရေးပေါ် အချက်ပြမီးကို ဖွင့်ထားလိုက်သည်။ ထို့နောက် အရှေ့ဘက် ဘေးခုံတွင် ထိုင်နေသော ဟိရောမိကို စိုက်ကြည့်နေလေသည်။

“ရှင် ဘာလုပ်မလို့လဲ” ဟိရောမိက စိုးရိမ်စိတ်ဖြင့် ကိုယ်ကို အနောက်သို့ အနည်းငယ် ကျုံ့ထားလိုက်မိသည်။

“ရှင် အရင်တုန်းက ပြောခဲ့ဖူးတာကို ကျွန်မ မှတ်မိနေသေးတယ်။ ကော်ဖီဖျော်နည်းကို မစ္စစ်မာရှိဘဆီကနေ သင်ထားခဲ့တာဆို”

ဟိရောမိက ခေါင်းညိတ်ပြသည်။

“မစ္စစ်မာရှိဘက ဆရာကုစာနာဂိကို ပြောဖူးတယ်။ မစ္စတာမာရှိဘက ကျန်းမာရေးကို အရမ်း ဂရုစိုက်တယ်။ ဘယ်တုန်းကမှ ရေပိုက်ခေါင်းက ရေကို မသောက်ဘူး။ ဟင်းချက်ရင်တောင် ရေသန့်စက်ထဲက ရေကိုပဲ သုံးရမယ်။ ကော်ဖီဖျော်ရင် ရေသန့်ဗူးထဲက ရေကို သုံးရမယ်လို့ မစ္စစ်မာရှိဘကို မှာထားတယ်တဲ့။ အဲဒီကိစ္စကို ရှင် သိလား”

ဟိရောမိသည် မျက်လုံးပြူး
မျက်ဆံပြူးဖြင့်
 မျက်တောင်ကို အဆက်မပြတ် ခတ်နေလေသည်။ “ပြောမယ်ဆိုရင်တော့ ဆရာမက ကျွန်မကို အရင်တုန်းက အဲဒီလို ပြောခဲ့ဖူးသလိုပဲ။ ဒါပေမယ့် အဲဒီလောက် ဂရုစိုက်နေစရာ မလိုပါဘူးလို့လည်း သူပဲ ပြောခဲ့သေးတာ”

“ဟုတ်လား”

“သူ ပြောတာက ရေသန့်ဗူး သုံးမယ်ဆိုရင် တွက်ခြေမကိုက်တဲ့အပြင် ရေနွေးကျိုရတာလည်း အချိန် ပိုကုန်တယ်။ တကယ်လို့ မစ္စတာမာရှိဘက မေးလာခဲ့ရင် ရေသန့်ဗူးထဲက ယူသုံးတယ်လို့ ဖြေလိုက်ရင် ပြီးတာပဲ တဲ့လေ” ဟိရောမိသည် လက်နှစ်ဖက်ကို မျက်နှာတွင် အပ်ထားလိုက်သည်။ “ကျွန်မ အဲဒီကိစ္စကိုတောင် အခုမှ ပြန်သတိရတယ်”

“အဲဒီလိုဆိုတော့ မစ္စစ်မာရှိဘကိုယ်နှိုက်က ရေပိုက်ခေါင်းက ရေကိုပဲ သုံးတယ်လို့ ဆိုလိုတာလား”

“ဟုတ်တယ်။ ဒါကြောင့် အဲဒီနေ့မနက်ကလည်း ကျွန်မ မစ္စတာမာရှိဘအတွက် ကော်ဖီဖျော်ပေးတော့ အဲဒီကိစ္စကို တစ်ချက်ကလေးတောင်မှ သတိမရခဲ့ဘူး” ဟိရောမိသည် ဥကျုမိ၏ မျက်နှာကို ကြည့်လျက် ပြောသည်။

ဥကျုမိက ခေါင်းညိတ်လိုက်သည်။ နှုတ်ခမ်းတွင် ပြုံးရိပ်သမ်းလျက်။ “ကျွန်မ သဘောပေါက်ပါပြီ။ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ပြောပြီး အရေးပေါ် အချက်ပြမီးကို ပိတ်၍ လီဗာခလုတ်ကို နင်းချလိုက်လေသည်။

“ဟို … အဲဒီကိစ္စက သိပ်ကို အရေးကြီးနေလို့လား။ ကျွန်မ ရေပိုက်ခေါင်းက ရေနဲ့ ကော်ဖီဖျော်တာ ဘာပြဿနာများ ရှိနေလို့လဲ မသိဘူး”

“ပြဿနာရယ်လို့ မဟုတ်ပါဘူး။ ရှင်လည်း သိနေပြီပဲ။ ကျွန်မတို့က အခုဆို မစ္စတာမာရှိဘဟာ အဆိပ်ကြောင့် သေဆုံးခဲ့ရတယ်လို့ ယူဆထားကြတယ်။ ဒါကြောင့် သူ စားခဲ့၊ သောက်ခဲ့ဖူးတဲ့ အရာတွေ မှန်သမျှကို စုံတကာစေ့အောင် လေ့လာထားဖို့ လိုအပ်တယ်လေ”

“ဟုတ်လား … မစ္စဥကျုမိ၊ ကျွန်မကို ယုံပါ။ ကျွန်မ တကယ်ကို ဘာမှ မလုပ်ခဲ့ပါဘူး”

ဥကျုမိသည် အရှေ့တည့်တည့်ကိုသာ စိုက်ကြည့်နေရင်း တံတွေးကို မျိုချလိုက်သည်။ သူ့ကို အပြည့်အဝ ယုံကြည်ပါသည်ဟု နှုတ်မှ လွှတ်ကနဲ ထွက်သွားတော့မည့်ဆဲဆဲ။ သို့သော် မှုခင်းရဲတစ်ယောက်အနေဖြင့် ထိုသို့သော စကားမျိုးကို လုံးဝ ပြောဆို၍ မဖြစ်ပေ။ “ရဲဘက်ကနေ သံသယရှိနေတဲ့ လူက ရှင်တစ်ယောက်တည်း မဟုတ်ပါဘူး။ တစ်လောကလုံးမှာ ရှိနေသမျှ လူအားလုံးကို သံသယဝင်နိုင်တာပဲ မဟုတ်လား။ ဒါကြောင့်လည်း ရဲတွေကို လူတွေက အမြင်ကတ်ကြတာ နေမှာ”

ဥကျုမိထံမှ ကြားရသည့် အဖြေနှင့် သူ မျှော်လင့်ထားသည်တို့ မကိုက်ညီသောကြောင့်ပေလောမသိ။ ဟိရောမိသည် နောက်တစ်ကြိမ် နှုတ်ဆိတ်နေပြန်သည်။

ဥကျုမိသည် အနုပညာ သင်တန်းကျောင်း ဘူတာနံဘေးရှိ ကန်ထရိုက်တိုက်တစ်လုံး အရှေ့တွင် ကားကို ရပ်တန့်လိုက်သည်။ ကားပေါ်မှ ဆင်း၍ ကန်ထရိုက်တိုက်၏ တံခါးမကြီး ရှိရာသို့ ဦးတည်သွားနေသော ဟိရောမိကို ငေးကြည့်နေပြီးနောက် အဆောက်အအုံဆီသို့ အကြည့်ရောက်သွားသည်။ သူ တွေ့မြင်လိုက်ရသော မြင်ကွင်းကြောင့် ကားကို စက်သတ်လိုက်လေတော့သည်။ မှန်တံခါး၏ နောက်တွင် မာရှိဘ အာယနဲ ရပ်နေသည်။

ဟိရောမိလည်း အာယနဲကို တွေ့မြင်သွားသည်။ သိသိသာသာ အံ့အားသင့်သွားသည့် ပုံ။ အာယနဲသည် သူ၏ တပည့်ကို နှစ်သိမ့်သော အပြုံးဖြင့် ကြိုဆိုနေရာမှ ဥကျုမိ ပြေးလာသည်ကို မြင်လိုက်သည့်အခါတွင် သူ၏ မျက်နှာမှာ ချက်ချင်း တင်းမာသွားလေသည်။ ဟိရောမိလည်း နောက်ပြန် လှည့်ကြည့်ပြီး စိတ်ပျက်ညှိုးငယ်သွားသည်။

“ဘာကိစ္စများ ရှိသေးလို့လဲ” ဟိရောမိက လှမ်းမေးလိုက်သည်။

“မစ္စစ်မာရှိဘကို တွေ့လိုက်လို့ လာနှုတ်ဆက်တာပါ” ဥကျုမိက ပြောသည်။ “မစ္စဝါကာယာမာကို အချိန်အကြာကြီး ခေါ်ထားမိလို့ တောင်းပန်ပါတယ်” ပြောပြီး သူက ဦးညွတ်လိုက်သည်။

“ဟိရောမိကို သံသယတရားခံအဖြစ်ကနေ ပယ်ဖျက်နိုင်လိုက်ပြီလို့ ကျွန်မ ယူဆပါတယ်”

“သူ ကျွန်မတို့ကို ပြောပြခဲ့တာတွေ မနည်းလှပါဘူး။ မစ္စစ်မာရှိဘကလည်း ဆရာကုစာနာဂိကို တန်ဖိုးရှိတဲ့ သတင်းအချက်အလက်တစ်ခု တင်ပြပေးခဲ့တယ်လို့ သတင်းကြားပါတယ်။ အဲဒီအတွက် အင်မတန်မှ ကျေးဇူးတင်ပါတယ်”

“ရှင်တို့အတွက် အထောက်အပံ့ ဖြစ်တယ်လို့ ကြားရတော့ ဝမ်းသာမိပါတယ်။ ဒါပေမယ့် အခုလိုဖြစ်ရပ်မျိုး နောက်တစ်ကြိမ် ထပ်မဖြစ်ရင် ပိုကောင်းပါလိမ့်မယ်။ ဟိရောမိမှာ ဘာအပြစ်မှ မရှိပါဘူး။ ရှင်တို့ သူ့ကို အတင်းအကျပ် မေးနေကြမယ်ဆိုလည်း ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး”

“ကျွန်မမှာ အဲဒီလို လုပ်ဖို့ ဆုံးဖြတ်ပိုင်ခွင့် မရှိတဲ့အတွက် ဝမ်းနည်းပါတယ်ရှင်။ နောက်နောင်ကိုလည်း ရှင်တို့နှစ်ယောက်စလုံး ဆက်ပြီး ကူညီပေးသွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်”

“ကျွန်မ ရှင်တို့ကို ကူညီပေးသွားမှာပါ။ ဒါပေမယ့် ဟိရောမိကိုတော့ နောက် ဘယ်တော့မှ မနှောင့်ယှက်ပါနဲ့တော့”

အာယနဲ၏ လေသံမှာ ယခင်နှင့်မတူ ခက်ထန် မာကျောလွန်းနေသောကြောင့် ဥကျုမိက သူ့ကို တအံ့တဩ ငေးကြည့်နေမိသည်။

အာယနဲက ဟိရောမိဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “ဟိရောမိ၊ နင် အမှန်အတိုင်း မပြောလို့ မဖြစ်ဘူး။ တကယ်လို့သာ နင် ဘာမှ မပြောဘူးဆိုရင် ဘယ်သူမှ နင့်ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ ငါ ဘာကို ဆိုလိုတယ်ဆိုတာ နင် သဘောပေါက်တယ် မဟုတ်လား။ ရဲစခန်းမှာ အခုလို အချိန်အကြာကြီး နေလိုက်ရရင် နင့်ခန္ဓာကိုယ်ကိုလည်း ထိခိုက်သွားစေနိုင်တယ်။ ဟုတ်တယ်မလား”

ထိုစကားကို ကြားရသည့်အခါတွင် ဟိရောမိသည် တဒင်္ဂမျှ ကြက်သေသေသွားသည်။ နှလုံးသား၏ အနက်ရှိုင်းဆုံး တစ်နေရာတွင် မြှုပ်နှံထားသော လျှို့ဝှက်ချက်တစ်ခုကို လူသိရှင်ကြား ဖွင့်ချခံလိုက်ရသည့်နှယ်။ ယင်းမြင်ကွင်းကို တွေ့မြင်လိုက်ရသည့် ဥကျုမိ၏ ဦးနှောက်ထဲသို့ အတွေးတစ်ခု ဖျတ်ကနဲ ဝင်ရောက်လာသည်။

ဥကျုမိက ဟိရောမိကို စိုက်ကြည့်လျက် “မဟုတ်မှလွဲရော ရှင် … ”

“အခု အခါအခွင့်သင့်တုန်း နင် အမှန်အတိုင်း ပြောလိုက်ပါလား။ မှုခင်းရဲမေလည်း အနားမှာ ရှိနေတာနဲ့ အတော်ပဲ။ နောက်ပြီး နင့်ကိစ္စကို ငါ အစောကြီးကတည်းက သိနေခဲ့တာ” အာယနဲက ပြောသည်။

“ဆရာမက … မစ္စတာမာရှိဘဆီက ကြားခဲ့တာလား”

“သူဆီက မဟုတ်ပါဘူး။ ငါ့စိတ်ထဲမှာ အလိုလို သိနေတာပေါ့။ ငါလည်း မိန်းမပဲ ဥစ္စာ”

ထိုအခိုက်တွင် သူတို့ ဘာအကြောင်း ပြောဆိုနေကြသည်ကို ဥကျုမိ နားလည်ထားပြီး ဖြစ်သည်။ သို့သော် စကားလုံးများဖြင့် အတည်ပြုရပေဦးမည်။

“မစ္စဝါကာယာမာ၊
ရှင့်မှာ
 ကိုယ်ဝန်ရှိနေတာတော့ မဟုတ်ပါဘူးနော်” ဥကျုမိက တဲ့တိုးမေးချလိုက်သည်။

ဟိရောမိသည် အခိုက်အတန့်မျှ တုံ့ဆိုင်းဆိုင်း ဖြစ်နေပြီးကာမှ ခေါင်းညိတ်လိုက်သည်။ “နှစ်လရှိပါပြီ”

အာယနဲ၏ ခန္ဓာကိုယ်မှာ ဆတ်ကနဲ တွန့်သွားသည်ကို ဥကျုမိ၏ စူးရှသော မျက်လုံးတစ်စုံက မြင်ဖြစ်အောင် မြင်သွားခဲ့သည်။ သို့ဆိုလျှင် မာရှိဘ ယိုရှီတာကာထံမှ ကြားခဲ့ရခြင်း မဟုတ်ကြောင်း သေချာသလောက် ရှိနေသည်။

အာယနဲ၏ ပြောစကားအတိုင်း သူသည် မိန်းမတို့၏ ထူးခြားသော ဗီဇသိဖြင့် သိရှိနေခြင်း ဖြစ်မည်။ ထို့ကြောင့် ဟိရောမိကိုယ်တိုင်က ဝန်ခံလိုက်သည့် အခါတွင် သူ၏ ဗီဇသိကို ထောက်ခံလိုက်သကဲ့သို့ ဖြစ်နေသောကြောင့် စိတ်ထဲမှ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သော်လည်း အနည်းနှင့်အများတော့ ရင်ကို ရိုက်ခတ်တုန်လှုပ် သွားစေခဲ့သည်။

သို့သော်လည်း တဒင်္ဂအကြာတွင် အာယနဲသည် အခဲမကျေသော အကြည့်ဖြင့် ဥကျုမိကို လှည့်ကြည့်လေသည်။ “ဒီလောက်ဆို ရှင် သဘောပေါက်လောက်ရောပေါ့။ ဒီကာလအတွင်းမှာ သူ ကောင်းကောင်း အနားယူမှ ဖြစ်မယ်။ ရဲစခန်းမှာ နာရီပေါင်းများစွာ ဒုက္ခသွားခံနေဖို့ မသင့်ဘူး။ ရှင်လည်း မိန်းမတစ်ယောက်အနေနဲ့ ကိုယ်ချင်းစာ နားလည်ပေးနိုင်လိမ့်မယ်လို့ ယူဆပါတယ်”

ဥကျုမိအနေဖြင့် ခေါင်းညိတ်ပြရုံမှတစ်ပါး ဘာများ တတ်နိုင်ပါဦးမည်နည်း။ အမှန်ဆိုလျှင် ကိုယ်ဝန်ဆောင်ထားသော အမျိုးသမီးများကို စုံစမ်းစစ်ဆေးရာတွင် မည်သို့မည်ပုံ ပြုမူဆက်ဆံရမည် ဟူသော စည်းကမ်းချက်များကို ရဲဌာနမှ တရားဝင် ထုတ်ပြန်ထားပြီး ဖြစ်သည်။ “ကျွန်မ အထက်အရာရှိကို တင်ပြပေးပါ့မယ်။ နောင်နောင်ကိုလည်း အခုလို မဖြစ်အောင် ပိုပြီး ဂရုစိုက်သွားပါ့မယ်”

“အဲဒီလို ဖြစ်လာဖို့ မျှော်လင့်ပါတယ်” အာယနဲသည် ဟိရောမိကို ကြည့်၍ ဆက်ပြောသည်။ “ကဲ … အခုလိုဆိုတော့ နင့်အတွက် ပိုကောင်းမသွားဘူးလား။ နင်သာ သူတို့ကို ဆက်ပြီး ဖုံးကွယ်ထားရင် ဆေးရုံကိုတောင် သွားလို့ ရမှာ မဟုတ်တော့ဘူး”

ဟိရောမိက အာယနဲကို ငေးကြည့်နေသည်။ မျက်လုံးများက ပြိုတော့မည့်မိုးကဲ့သို့ ရီဝေလျက်။ သူ၏ နှုတ်ခမ်းများက ဆတ်ကနဲ လှုပ်ခါသွားသည်။ တောင်းပန်သော စကားတစ်ခုခုကို ပြောလိုက်ဟန် တူသည်။

“ကျွန်မ ရှင်တို့ကို အတိအလင်း ပြောစရာတစ်ခု ကျန်နေသေးတယ်” အာယနဲက ပြောသည်။ “မာရှိဘ ယိုရှီတာကာက ဟိရောမိ ဗိုက်ထဲက ကလေးရဲ့ အဖေပဲ။ ဒါကြောင့်လည်း သူက ကျွန်မကို ကွာရှင်းဖို့ ဆုံးဖြတ်ပြီး ဟိရောမိကို ရွေးချယ်ခဲ့တာ။ ဒါကြောင့် ဟိရောမိက ဘာအကြောင်းကြောင့် သူ့ဗိုက်ထဲက ကလေးရဲ့ အဖေကို သတ်ဖြတ်ဖို့ ကြံစည်ရမှာလဲ”

ဥကျုမိလည်း ဤသို့ ထပ်တူထပ်မျှ ခံစားလိုက်မိသည်။ သို့သော် ဘာတစ်ခွန်းမျှ တုံ့ပြန် ပြောမနေတော့။

အာယနဲသည် တုဏှိဘာဝေ လုပ်နေမိသော ဥကျုမိ၏ အပြုအမူကို မည်သို့ နားလည် သဘောပေါက်သွားသည် မသိ။ သူက ခေါင်းခါယမ်းကာ ဆက်ပြောလေသည်။ “ရှင်တို့ ရဲတွေရဲ့ ခေါင်းထဲမှာ ဘာတွေ စဉ်းစားနေကြသလဲ ဆိုတာကို ကျွန်မဖြင့် နားလည်လို့ကို မရတော့ဘူး။ သူ့မှာ သေစေလိုတဲ့ စေတနာက နည်းနည်းမှကို မရှိတာ။ တကယ်ဆို ရှိတယ်လို့ ယူဆလို့ ရနေတဲ့သူက ကျွန်မလေ”

***

ရဲဌာနချုပ်သို့ ပြန်ရောက်သည့်အခါတွင် မာမီယာနှင့် ကုစာနာဂိတို့လည်း ရုံးတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။ သူတို့သည် လူမဲ့ဈေးရောင်းစက်မှ ကော်ဖီဝယ်၍ သောက်နေကြသည်။ နှစ်ယောက်စလုံး စိတ်ပျက်လက်ပျက် ဖြစ်လျက်။

“ရေနဲ့ ပတ်သက်ပြီး ဝါကာယာမာ ဟိရောမိက ဘယ်လိုပြောလဲ” ဥကျုမိကို မြင်လိုက်ရသည်နှင့် ကုစာနာဂိက အလောသုံးဆယ် လှမ်းမေးလိုက်လေသည်။ “မာရှိဘ ယိုရှီတာကာကို သူကိုယ်တိုင် ကော်ဖီဖျော်ပေးတုန်းက ကိစ္စကို ပြောတာ။ နင် သူ့ကို မေးဖြစ်တယ် မဟုတ်လား”

“မေးဖြစ်တယ်။ သူ အဲဒီတုန်းက ရေပိုက်ခေါင်းထဲက ရေကိုပဲ သုံးတယ်တဲ့” ဟိရောမိထံမှ သိလာခဲ့ရသမျှ အချက်အလက်များ အားလုံးကို ထိုသူနှစ်ဦးအား ပြန်ပြောပြလိုက်သည်။

မာမီယာက အေးဆေးသော လေသံဖြင့် ပြောသည်။ “ဒါကြောင့် သူတို့နှစ်ယောက် အတူတူ ကော်ဖီသောက်ခဲ့တုန်းက ဘာမှ မဖြစ်ခဲ့ကြတာ နေမယ်။ တကယ်လို့သာ သောက်ရေသန့်ဗူးထဲကို အဆိပ်ခတ်ခဲ့တာ ဆိုရင်တော့ ပြဿနာက နားလည်ရလွယ်သွားပြီ”

“ဝါကာယာမာ ဟိရောမိရဲ့ စကားက အမှန် ဟုတ်ချင်မှ ဟုတ်မှာပေါ့” ကုစာနာဂိက ပြောသည်။

“မှန်ပါတယ်။ ဒါပေမယ့် သူ့စကားထဲမှာ ရှေ့နောက် မညီညွတ်တာ မပါဘူးဆိုတော့ကာ ဆက်ပြီး လိုက်ဖို့ရာကလည်း လမ်းဆုံးနေပြီ။ ငါတို့အနေနဲ့ အခု လုပ်နိုင်တာက တစ်ခုပဲ ကျန်တယ်။ ထ.ရ.ဖဆီက ရောက်လာမယ့် ပိုပြီး အသေးစိတ်တဲ့ အစီရင်ခံကို စောင့်ဖို့ပဲ”

“ဆရာတို့ ထ.ရ.ဖကို ရေသန့်ဗူးနဲ့ ပတ်သက်ပြီး မေးကြည့်ပြီးသွားပြီလား” ဥကျုမိက မေးသည်။

ကုစာနာဂိသည် စားပွဲမှ ဖိုင်တွဲတစ်ခုကို ကောက်ယူလိုက်သည်။ “ထ.ရ.ဖက ပြောတယ်။ မာရှိဘအိမ်က ရေခဲသေတ္တာထဲမှာ ရေသန့်ဗူးတစ်ဗူးပဲ ရှိတယ်။ အဖုံး ဖွင့်ထားပြီးသား။ ဗူးထဲက ရေကိုလည်း သူတို့ စစ်ဆေးကြည့်ပြီးသွားပြီ။ ဒါပေမယ့် အဆိပ်မတွေ့ဘူး”

“ဟုတ်လား။ ဒါပေမယ့် စောစောကပဲ ခွဲမှူး ပြောခဲ့တယ် မဟုတ်လား။ ထ.ရ.ဖဘက်က အသေးစိတ် အစီရင်ခံစာ မရသေးဘူး ဆိုတာလေ”

“ပြဿနာက အဲဒီလောက် မရိုးရှင်းဘူး” မာမီယာက နှုတ်ခမ်းကို မဲ့လိုက်သည်။

“ဆရာ ဆိုလိုတာက …”

“ရေခဲသေတ္တာထဲက ရေသန့်ဗူးက တစ်လီတာဆံ့တဲ့ ရေဗူး” ကုစာနာဂိက ဖိုင်တွဲကို ကြည့်လျက် ပြောနေသည်။ “ဗူးထဲမှာ ခန့်မှန်းခြေ ၉၀၀ မီလီလီတာရှိတဲ့ ရေတွေ ကျန်နေသေးတယ်။ သဘောပေါက်လား။ အဲဒီရေဗူးကို ဖွင့်ဖောက်ထားတာ မကြာသေးဘူး။ ၁၀၀ မီလီလီတာပဲ သုံးရသေးတယ်။ အဲဒီရေလောက်နဲ့ ကော်ဖီတစ်ခွက် ဖျော်သောက်ဖို့ရာလည်း နည်းလွန်းအားကြီး နေတယ်။ နောက်ပြီး ရေစစ်ခွက်ထဲမှာ ကျန်နေတဲ့ ကော်ဖီမှုန့်ရဲ့ ပမာဏကို ကြည့်ခြင်းအားဖြင့် ကော်ဖီနှစ်ခွက်စာ ဖျော်ထားတယ်လို့ ယူဆနိုင်တယ်”

ကုစာနာဂိ၏ ဆိုလိုရင်း အဓိပ္ပာယ်ကို ဥကျုမိ နားလည်သွားသည်။

“ဒီလိုဆိုရင် အဲဒီမတိုင်ခင်က တခြားရေသန့်ဗူးတစ်ဗူး ရှိခဲ့ရဦးမယ် ဆိုတဲ့ သဘောပေါ့။ အဲဒီဗူး ကုန်သွားလို့ နောက်တစ်ဗူးအသစ် ထပ်ဖွင့်ထားတာကြောင့် ရေခဲသေတ္တာထဲမှာ တွေ့နေရတဲ့ ရေသန့်ဗူးက လက်ကျန်ရေသန့်ဗူးပဲ ဖြစ်ရလိမ့်မယ်”

“ဟုတ်တယ်” ကုစာနာဂိက ခေါင်းညိတ်လိုက်သည်။

“ဒါဆို … အဆိပ်က ပထမဗူးထဲမှာ ခတ်ထားခဲ့တာ ဖြစ်နိုင်တယ် ဆိုတဲ့ သဘောပေါ့”

“တရားခံရဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် အဲဒီလိုပဲ လုပ်ရတော့မှာပေါ့” မာမီယာက ပြောသည်။ “တရားခံက အဆိပ်ခတ်ချင်လို့ ရေခဲသေတ္တာကို ဖွင့်လိုက်တဲ့ အခါမှာ အထဲမှာ ရေဗူးနှစ်ဗူး တွေ့ရတယ်။ တစ်ဗူးက လုံးဝ မသုံးရသေးတဲ့ ပါကင်ပိတ် အသစ်စက်စက်။ တကယ်လို့သာ မသုံးရသေးတဲ့ ဗူးထဲကို အဆိပ်ခတ်ချင်တယ် ဆိုရင် ပထမဆုံးအနေနဲ့ အဲဒီဗူးသစ်ရဲ့ ပါကင်ကို ဖောက်ရတော့မယ်။ ဒါပေမယ့် အဲဒီလိုသာ လုပ်လိုက်မယ်ဆိုရင် မစ္စတာမာရှိဘက အဲဒါကို သတိထားမိသွားနိုင်တယ်။ ဒီတော့ အဆိပ်ကို ဖွင့်ထားပြီးသား ဗူးထဲ ခတ်ထည့်ဖို့ပဲ ကျန်တော့တာပေါ့”

“ဒါဆို အဲဒီဗူးခွံအလွတ်ကို ရှာပြီး စစ်ဆေးကြည့်လိုက်ရင် အဖြေက ရှင်းနေပြီပဲ ဥစ္စာ”

“ရှာတယ်လေ” ကုစာနာဂိက ဖိုင်တွဲကို လှုပ်ယမ်းပြနေရင်း ပြောသည်။ “အဲဒီလောက်နဲ့ လုံလောက်မယ် ထင်လို့လား”

“မလုံလောက်ဘူးလား”

“သူတို့က မာရှိဘအိမ်မှာ ရှာလို့ ရနိုင်သမျှ ဗူးခွံအလွတ်တွေကို စစ်ဆေးကြည့်တယ်။ ဘာအာဆန်နစ်မှ မတွေ့ရဘူး။ ဒါပေမယ့် တရားခံ အမှုလုပ်တဲ့အချိန်တုန်းက အဲဒီဗူးခွံတွေကို မသုံးခဲ့ပါဘူးလို့လည်း ဘယ်လိုမှ သက်သေမပြနိုင်ဘူး”

“ဆရာ့စကားက ဘာအဓိပ္ပာယ်လဲ”

“အတိုချုပ် ပြောရရင် ဘာမှ မရေရာသေးဘူး ဆိုတာပဲ” မာမီယာက ဘေးမှ ဝင်ပြောသည်။ “ဗူးခွံထဲကနေ ရယူနိုင်တဲ့ ကြွင်းကျန်ပစ္စည်းကလည်း နည်းလွန်းအားကြီးတယ်။ အင်းလေ။ ဒါလည်း သူတို့ အပြစ်မှ မဟုတ်ဘဲ။ ဗူးခွံဆိုမှတော့ အလွတ်ကြီးပဲကို။ ဓာတ်ခွဲဌာနကို ပို့ပြီး စစ်ဆေးခိုင်းရင်တော့ ပိုပြီး တိကျတဲ့ သုံးသပ်ချက် အစီရင်ခံစာကို ရကောင်း ရနိုင်တာပေါ့။ လောလောဆယ်အထိတော့ အဲဒီအဖြေ ရောက်မလာသေးဘူး”

အဖြစ်မှန်ကို ယခုမှ ဥကျုမိ နားလည်သွားတော့သည်။ ထိုသူနှစ်ဦး အဘယ်ကြောင့် လက်မှိုင်ချလျက် သုန်သုန်မှုန်မှုန် ဖြစ်နေရသည်ကိုလည်း သဘောပေါက်သွားသည်။

“ဒါပေမယ့် ကျွန်တော့်အထင်ပြောရရင် ပလတ်စတစ် ဗူးခွံထဲကနေ အဆိပ်ကို တွေ့ခဲ့ရတယ် ဆိုရင်တောင် အခြေအနေက အများကြီး ပြောင်းလဲမသွားနိုင်ဘူး” ကုစာနာဂိသည် ဖိုင်တွဲကို စားပွဲပေါ်သို့ ပြန်တင်လိုက်သည်။

“သံသယတရားခံ ဖြစ်နိုင်တဲ့ ပရိဝုဏ်က ပိုပြီး ကျယ်ပြန့်သွားနိုင်တယ်” ဥကျုမိက ပြောသည်။

ကုစာနာဂိက မျက်ခုံးကို ဆွဲပင့်လိုက်သည်။ “နင် ခွဲမှူးရဲ့ စကားကို မကြားလိုက်ဘူးလား။ တကယ်လို့သာ တရားခံက ရေသန့်ဗူးထဲမှာ အဆိပ်ခတ်ခဲ့တာ ဆိုရင် ဖွင့်ပြီးသား ဗူးထဲမှာပဲ ခတ်ဖို့များတယ်။ နောက်ပြီး သေဆုံးသူက ကော်ဖီမဖျော်ခင်မှာ အဲဒီရေသန့်ဗူးကို လုံးဝ မသောက်ခဲ့ဘူး။ တစ်နည်းပြောရရင် တရားခံ အဆိပ်ခတ်တဲ့ အချိန်နဲ့ သေဆုံးချိန်နဲ့က ကြားမှာ ကွာဟချက် အများကြီး မရှိနိုင်ဘူး”

“ကျွန်မ အထင်ကတော့ သေဆုံးသူ ရေမသောက်ခဲ့တဲ့ အချက်အပေါ်မူတည်ပြီး အဆိပ်ခတ်ချိန်နဲ့ သေဆုံးချိန် နှစ်ခုရဲ့ ကြားကာလက တိုတောင်းပါတယ်လို့ ဆုံးဖြတ်တာ သဘာဝ မကျလှဘူးလို့ ယူဆတယ်။ သေဆုံးသူသာ ရေဆာခဲ့မယ်ဆိုရင် တခြား သောက်စရာ အရည်တွေ အများကြီး ရှိသေးတာပဲဥစ္စာ”

ထိုစကားကို ကြားရသည့်အခါတွင် ကုစာနာဂိသည် အောင်မြင်သူ၏ ဝင့်ဝါမှုမျိုးဖြင့် နှာမှုတ်လိုက်သည်။ “နင် မေ့သွားပြီ ထင်တယ်။ မစ္စတာမာရှိဘက တနင်္ဂနွေ ညတစ်ညတည်းမှာပဲ ကော်ဖီသောက်ခဲ့တာ မဟုတ်ဘူး။ သူက စနေနေ့ ညတုန်းကလည်း သူ့ဘာသူ ကော်ဖီဖျော်သောက်ခဲ့သေးတယ်။ ဝါကာယာမာ ဟိရောမိ ပြောဖူးတယ် မဟုတ်လား။ ရှေ့တစ်ရက်ညက မစ္စတာမာရှိဘ ဖျော်တဲ့ကော်ဖီက ခါးလွန်းလို့ နောက်တစ်နေ့မနက်မှာ သူကိုယ်တိုင် မစ္စတာမာရှိဘကို အရှေ့မှာထားပြီး လက်တွေ့ ဖျော်ပြခဲ့သေးတာတဲ့။ အဲဒီလိုဆိုတော့ စနေနေ့ညက သုံးခဲ့တဲ့ ရေသန့်ဗူးထဲမှာ အဆိပ်မရှိသေးလို့ပေါ့”

“စနေနေ့ညက မစ္စတာမာရှိဘ ဖျော်တဲ့ ကော်ဖီထဲမှာ ထည့်သုံးခဲ့တာ ရေသန့်ဗူးထဲကရေ ဟုတ်ချင်မှ ဟုတ်မှာပေါ့”

ကုစာနာဂိသည်
 ထိုင်ခုံပေါ်တွင် မှီချပြီး လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။ “နင်က ပေးထားချက်ကို ဖယ်ရှားပစ်ဖို့ စိတ်ကူးနေတာလား။ မစ္စတာမာရှိဘက ကော်ဖီဖျော်တဲ့အခါမှာ ရေသန့်ဗူးထဲက ရေပဲ သုံးကို သုံးလိမ့်မယ်လို့ မစ္စစ်မာရှိဘက ပြောခဲ့လို့သာလျှင် ငါတို့ အခုဒီမှာ ရေသန့်ဗူးကိစ္စကို ဆွေးနွေးနေကြတာ မဟုတ်ဘူးလား”

“သုံးကို သုံးလိမ့်မယ် ဆိုတဲ့ စကားလုံးကို ဖက်တွယ်ထားတာက သိပ်ကို အန္တရာယ်ကြီးတယ်လို့ ကျွန်မ ယူဆတယ်” ဥကျုမိက ဖြည်းဖြည်းမှန်မှန် ပြောလိုက်သည်။ “မစ္စတာမာရှိဘက ဘယ်လောက် အတိုင်းအတာအထိ အဲဒီအလေ့အကျင့်ကို စွဲစွဲမြဲမြဲ ကျင့်သုံးခဲ့သလဲ ဆိုတာကို ကျွန်မတို့ ကောင်းကောင်း သိကြတာ မဟုတ်ဘူး။ သူ့မှာ အဲဒီလို အကျင့်တစ်ခု ရှိတယ် ဆိုပေမယ့် သူ့မိန်းမကတောင် သူ့ရဲ့ တောင်းဆိုချက်ကို တိတိကျကျ လိုက်နာခဲ့တာ မဟုတ်ဘူး။ နောက်ပြီး မစ္စတာမာရှိဘ ကိုယ်နှိုက်ကလည်း ကိုယ်တိုင် ကော်ဖီမဖျော်ဖြစ်ခဲ့တာ တော်တော် ကြာနေပြီ။ အဲဒီတုန်းက ရေပိုက်ခေါင်းထဲက ရေကို အမှတ်တမဲ့ ထည့်မိသွားတယ် ဆိုရင်တောင် ထူးဆန်းတဲ့ ကိစ္စ မဟုတ်ဘူး။ သူတို့အိမ်က ရေပိုက်ခေါင်းမှာ ရေသန့်စက် တပ်ထားတယ်။ အဲဒီတုန်းက အဲဒါကို သုံးခဲ့တာရော မဖြစ်နိုင်ဘူးလား”

ကုစာနာဂိသည် စိတ်မရှည်နိုင်စွာဖြင့် ကျွတ်ကနဲ မြည်အောင် စုတ်သပ်လိုက်သည်။ “ဒီမယ်၊ နင်က နင့်စိတ်ထဲမှာ ရှိတဲ့ ထင်မြင်ချက်ကို သက်သေပြချင်တာနဲ့ပဲ ဇာတ်လမ်းတွေ လျှောက်ဆင်မနေနဲ့ဦး”

“ကျွန်မ ပြောချင်တာက ကျွန်မတို့က အဖြစ်မှန်ကို ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ဝေဖန်သင့်တယ် ဆိုတာပါပဲ” ဥကျုမိသည် အကြည့်ကို ကုစာနာဂိထံမှ အထက်အရာရှိထံသို့ ပြောင်းရွှေ့လိုက်သည်။ “တကယ်လို့သာ မာရှိဘအိမ်မှာ ရှိတဲ့ သောက်ရေသန့်ဗူးကို နောက်ဆုံး ဘယ်အချိန်မှာ၊ ဘယ်သူက သောက်ခဲ့သလဲ ဆိုတဲ့ အချက်ကို စုံစမ်းလို့ မရမချင်း ကျွန်မတို့ အဆိပ်ခတ်ခဲ့တဲ့ အချိန်ကိုလည်း တွက်ဆလို့ လုံးဝ မရနိုင်ဘူး”

မာမီယာသည် ပြုံးလျက် မေးစေ့ကို ပွတ်နေသည်။ “ကြည့်ရတာ များများ ငြင်းခုန်ဆွေးနွေးလေလေ အကျိုးရှိလေလေပဲကွ။ အရင်က ငါရဲ့ အယူအဆကလည်း ကုစာနာဂိနဲ့ သိပ်မကွာလှဘူး။ အခု မင်းတို့နှစ်ယောက် ငြင်းခုန်နေကြတာကို နားထောင်ပြီးတဲ့နောက်မှာ လူသစ်ကလေးရဲ့ အမြင်ဘက် ယိုင်ချင်ချင် ဖြစ်လာပြီ”

“ဆရာ” ကုစာနာဂိ၏ မျက်နှာက အောင့်သက်သက်။

“ဒါပေမယ့် …” မာမီယာသည် တည်ကြည်လေးနက်သော မျက်နှာဖြင့် ဥကျုမိကို ကြည့်လျက် ပြောနေသည်။ “အဆိပ်ခတ်တဲ့ အချိန်ကို အကြမ်းအားဖြင့် တွက်ဆလို့ ရနေပြီ။ နင်လည်း သိပြီးသားပဲ။ သောကြာနေ့ညက မာရှိဘအိမ်မှာ ညစာစားပွဲ လုပ်ခဲ့သေးတယ်”

“ကျွန်မ သိပါတယ်။ မိတ်ဆုံညစာစားပွဲပါ” ဥကျုမိက ပြန်ဖြေသည်။ “အဲဒီအချိန်က လူအတော်များများ သောက်ရေသန့်ဗူးထဲက ရေကို သောက်ခဲ့ဖူးမှာပဲ”

“ဆိုတော့ကာ … အဆိပ်ခတ်မယ်ဆိုရင် အဲဒီနောက်မှ ဖြစ်တော့မှာပေါ့” မာမီယာက လက်ညှိုးထောင်လိုက်သည်။

“ကျွန်မလည်း အဲဒီလိုပဲ ယူဆပါတယ်။ ဒါပေမယ့် အီကာအိတို့ လင်မယားကတော့ အဆိပ်ခတ်ဖို့ အခွင့်အရေး ရနိုင်မယ် မထင်ဘူး။ သူတို့နှစ်ယောက်အနေနဲ့ မီးဖိုဆောင်ထဲ လူမသိ သူမသိ ဝင်ဖို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ”

“အဲဒီလိုဆိုရင်တော့ သံသယ ရှိထိုက်တဲ့သူက နှစ်ယောက်ပဲ ကျန်တော့တာပေါ့”

“ခဏနေကြပါဦး” ကုစာနာဂိက အလျင်အမြန် ကြားဝင်ဖြတ်လိုက်သည်။ “ဝါကာယာမာ ဟိရောမိမှာ ပြဿနာ ရှိမရှိ ဆိုတာကို ခဏထားလိုက်ဦး။ မစ္စစ်မာရှိဘကို သံသယ ဝင်နေတာက ထူးဆန်းစရာ ကောင်းမနေဘူးလား။ သေဆုံးသူက ကော်ဖီဖျော်ရင် ရေသန့်ဗူးထဲက ရေနဲ့ ဖျော်တတ်တယ် ဆိုတဲ့ သတင်းအချက်အလက်ကို သူ ပေးထားတာလေဗျာ။ ဘယ်တရားခံကများ ရဲတွေရဲ့ သံသယမြှားဦးကို ကိုယ့်ဘက်လှည့်အောင် တမင် လုပ်ယူမှာလဲ”

“ကျွန်မတို့က အဲဒီအချက်ကို တစ်ချိန်မဟုတ်တစ်ချိန် ရှာတွေ့သွားနိုင်တယ်လို့ နားလည်ထားလို့လည်း ဖြစ်ချင် ဖြစ်မှာပေါ့” ဥကျုမိက ပြောသည်။ “တရားခံက ဒီလိုတွက်ဆပြီး အကွက်ချထားတာရော မဖြစ်နိုင်ဘူးလား။ … ရေသန့်ဗူးခွံထဲမှာ အဆိပ်ရှိမရှိ စစ်ဆေးသင့်တယ်လို့ ရဲဘက်က တစ်ချိန်မဟုတ် တစ်ချိန်တော့ တွေးမိလာမှာပဲ။ အဲဒီလို တွေးမိလာနိုင်မယ့် အတူတူ ကိုယ်က ဦးအောင် ထုတ်ပြောထားလိုက်ရင်ရော။ အဲဒီလိုလုပ်လိုက်ရင် ကိုယ့်အပေါ်ကို လွယ်လွယ်နဲ့ သံသယ မဝင်နိုင်တော့ဘူး”

ကုစာနာဂိသည် စိတ်လက် မကြည်မသာဖြင့် နှုတ်ခမ်းကို မဲ့လိုက်သည်။ “နင်နဲ့ စကားများများပြောရင် လူတောင် ရူးသွားနိုင်တယ်။ နင့်ကို ကြည့်ရတာ ဘာတွေပဲ ဖြစ်လာဖြစ်လာ မစ္စစ်မာရှိဘကို တရားခံပါလို့
အသေစွဲကိုင်ထားသလိုပဲ
”

“မဟုတ်သေးဘူး။ သူ ပြောတာ အဓိပ္ပာယ်ရှိတယ်” မာမီယာက ပြောသည်။ “ငါ့အထင်တော့ သူရဲ့ ထင်မြင်ချက်က ယုတ္တိရှိတယ်။ တကယ်လို့သာ မစ္စဝါကာယာမာက တရားခံ ဖြစ်ခဲ့မယ်ဆိုရင် အဆိပ်တွေ ပေနေတဲ့ ရေခရားအိုးကို ရှင်းမပစ်ဘဲ ဒီအတိုင်း ထားထားခဲ့တဲ့ ကိစ္စကနေ စပြီး ဝိရောဓိ ဖြစ်နေတဲ့ နေရာတွေမှ နည်းတာ မဟုတ်ဘူး။ တကယ်လို့ သေစေလိုတဲ့ စေတနာဘက်ကနေ ကြည့်မယ်ဆိုရင်တော့ မာရှိဘ အာယနဲက သံသယဖြစ်စရာ အကောင်းဆုံးပဲ”

ကုစာနာဂိက ပြန်လည် ချေပရန် ဟန်ပြင်နေစဉ်မှာပင် ဥကျုမိသည် လက်ဦးမှုယူ၍ စကားဆိုလိုက်သည်။ “သေစေလိုတဲ့ စေတနာ ဆိုလို့ စောစောကတင်ပဲ ကျွန်မ သတင်းတစ်ခု ကြားသိခဲ့ရတယ်။ အဲဒီသတင်းအရ ဆိုရင် မစ္စစ်မာရှိဘရဲ့ သေစေလိုတဲ့ စေတနာက ပိုပြီးတောင် ထင်ရှားလာသလိုပဲ”

“နင့်ကို ဘယ်သူ ပြောတာလဲ” မာမီယာက မေးသည်။

“ဝါကာယာမာ ဟိရောမိ”

ထို့နောက် မျက်စိရှေ့တွင် ရှိနေကြသော ယောက်ျားကြီးနှစ်ယောက်၏ စိတ်ထဲတွင် တစ်ခါသားမျှ တွေးပင် တွေးကြည့်ခဲ့ဖူးခြင်း မရှိသော သတင်းစကားကို ဥကျုမိထံမှ ကြားလိုက်ရလေတော့သည်။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *