ဟိရောမိထံသို့ ဖုန်းဆက်လိုက်သည့် အခါတွင် သူသည် ဒိုင်ကန်ယာမတွင် ရောက်ရှိနေသည်။ ၎င်းနေရာတွင် အာယနဲ၏ သင်တန်းကျောင်းတစ်ကျောင်း ရှိသည်ဟု သိရသည်။
ကုစာနာဂိသည် ကိရှိတာနိ မောင်းနှင်းသော ကားပေါ်တွင် ထိုင်လျက် ဒိုင်ကန်ယာမသို့ နှစ်ယောက်သား ထွက်ခွာလာကြသည်။ ခေတ်မီ အဆောက်အအုံများ၏ အလယ်တွင် ကြွေပြားများဖြင့် အလှဆင်ထားသည့် အဖြူရောင် တိုက်ကြီးတစ်လုံးကို သူတို့ တွေ့ရှိကြသည်။ ဝင်ပေါက်တံခါးမကြီးမှာ အော်တိုတံခါး မဟုတ်ပေ။ ယနေ့ခေတ်တွင် မြင်ရခဲသော လက်ဖွင့်တံခါးမျိုး ဖြစ်သည်။ သူတို့နှစ်ဦးသည် ဓာတ်လှေကားဖြင့် တတိယထပ်သို့ တက်လာခဲ့ကြသည်။ အခန်း (၃၀၅) ၏ တံခါးရွက်ပေါ်တွင် ‘အန်နဲဂေဟာ’ ဟူသော ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားသည်။ ကုစာနာဂိက လူခေါ်ခေါင်းလောင်းကို နှိပ်လိုက်သည်။
တံခါးပွင့်လာသည်။ ဟိရောမိသည် စိုးရိပ်စိတ် လွှမ်းနေသော ဟန်ပန်အမူအရာဖြင့် ခေါင်းထုတ်ကြည့်သည်။
“အနှောင့်အယှက် ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်” ကုစာနာဂိက ပြောပြီး အခန်းထဲသို့ ဝင်လိုက်သည်။ သူသည် လာရင်းအကြောင်းကို ပြောမည်ဟု ပြင်ဆင်ပြီးကာမှ မိမိကိုယ်မိမိ အရှိန်သတ်လိုက်ရသည်။ အခန်းထဲတွင် မာရှိဘ အာယနဲလည်း ရောက်ရှိနေကြောင်း တွေ့မြင်လိုက်ရသောကြောင့်ပင်။
“ဘာတွေ ထူးသေးလဲ ဆရာ” အာယနဲက အနားသို့ ရောက်လာသည်။
“ဆောရီးပဲ။ ခင်ဗျား ဒီမှာ ရှိနေမယ်လို့ ထင်မထားဘူး”
“ကျွန်မတို့ ရှေ့လျှောက် ဘယ်လိုဆက်လုပ်ကြမလဲ ဆိုတာ တိုင်ပင်နေကြတာပါ။ ဒါနဲ့ … ရှင်တို့ ဟိရောမိကို လာရှာတာ ဘာအကြောင်းရှိလို့လဲ။ သူလည်း ရှင်တို့ကို ဘာမှ ထွေထွေထူးထူး ထပ်ပြောနိုင်တော့မယ် မထင်ဘူး”
အာယနဲ၏ အသံမှာ တိုးညင်း၍ တည်ငြိမ်အေးဆေးသည်ဟု ဆိုနိုင်သော်လည်း ကုစာနာဂိကို အပြစ်တင်နေကြောင်း သိသာထင်ရှားနေသည်။ သူ၏ စိုးရိမ်ပူဆွေးနေသော အကြည့်အောက်တွင် ကုစာနာဂိ၏ ခန္ဓာကိုယ်မှာ အတွင်းသို့ အနည်းငယ် ကျုံ့ဝင်သွားသယောင် မှတ်ထင်နေရသည်။
“အခြေအနေက တိုးတက်မှု ရှိလာပါပြီ” ကုစာနာဂိက ဟိရောမိဘက်သို့ လှည့်၍ ပြောလိုက်သည်။ “ကျေးဇူးပြုပြီး ကျွန်တော်တို့နဲ့အတူ ရဲစခန်းကို ခဏလိုက်ခဲ့ပေးလို့ ရမလား”
ဟိရောမိ၏ မျက်လုံးများမှာ ပြူးကျယ်လျက် မျက်တောင်ကို အကြိမ်ကြိမ် ပုတ်ခတ်နေသည်။
“ဘာတွေ ဖြစ်နေလို့လဲ” အာယနဲက မေးသည်။ “ရှင်တို့က ဘာဖြစ်လို့ သူ့ကို ရဲစခန်း ခေါ်ချင်ရတာလဲ”
“အဲဒီကိစ္စကိုတော့ ကျွန်တော် အခု ပြောပြလို့ မဖြစ်သေးဘူး။ မစ္စဝါကာယာမာ၊ ကျေးဇူးပြုပြီး ကျွန်တော်တို့နဲ့ ခဏ လိုက်ခဲ့ပေးပါ။ စိတ်မပူပါနဲ့။ ကျွန်တော်တို့ ရဲကားနဲ့ လာတာ မဟုတ်ပါဘူး”
ဟိရောမိသည် စိုးရိမ်သော အကြည့်ဖြင့် အာယနဲကို ငေးကြည့်ပြီးနောက် ကုစာနာဂိဘက်သို့ လှည့်ကာ ခေါင်းညိတ်ပြသည်။ “ကောင်းပြီလေ။ အဲဒီမှာ အကြာကြီးတော့ မနေရဘူး မဟုတ်လား”
“ပြီးတာနဲ့ ပြန်ပို့ပေးပါ့မယ်”
“ဒါဆို ကျွန်မ ပြင်ဆင်စရာ ရှိတာ ပြင်ဆင်လိုက်ဦးမယ်”
ဟိရောမိသည် အခန်းထဲသို့ တစ်ခဏမျှ ဝင်ရောက်ပျောက်ကွယ်သွားပြီး အပေါ်ဝတ်ကုတ်အင်္ကျီနှင့် လက်ကိုင်အိတ်ကို ကိုင်လျက် ပြန်ထွက်လာသည်။
သူ့ကို စောင့်နေရစဉ် ကာလအတွင်း၌ ကုစာနာဂိသည် အာယနဲနှင့် မျက်နှာချင်း မဆိုင်မိစေရန် ရှောင်လွှဲနေခဲ့သည်။ သူသည် ထိုကာလတစ်လျှောက်လုံး မိမိအား စိုက်ကြည့်နေလိမ့်မည်ဟု ခံစားနေရသောကြောင့် ဖြစ်သည်။
ဟိရောမိကို ကိရှိတာနိက အခန်းထဲမှ ဆွဲထုတ်သွားသည့်အလား အခန်းအပြင်သို့ ရောက်သွားသည့်အခါတွင် ကုစာနာဂိလည်း ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ ထိုအချိန်မှာပင် အာယနဲသည် သူ၏ လက်မောင်းကို ဖမ်းကိုင်လိုက်လေသည်။ “ခဏလေး” သူ၏ လက်က ထင်မှတ်မထားလောက်အောင် အားကောင်းနေသည်။ “ရှင်တို့က ဟိရောမိကို အထင်လွဲနေကြပြီ ထင်တယ်။ သူက တရားခံ မဖြစ်နိုင်ပါဘူးရှင်”
ကုစာနာဂိသည် ဘာလုပ်ရမည်မှန်း မသိအောင် စိတ်ထဲ တွေဝေသွားသည်။ ကိရှိတာနိတို့သည် အိမ်ပေါက်ဝတွင် သူ့ကို စောင့်မျှော်နေကြသည်။
“မင်းတို့ ကားပေါ်တက်နှင့်လိုက်” ပြော၍ ကုစာနာဂိသည် တံခါးကို ပိတ်ပြီး အာယနဲဘက်သို့ လှည့်လိုက်သည်။
“အား … ဆောရီးပဲ” အာယနဲသည် ကုစာနာဂိ၏ လက်မောင်းကို ဖမ်းဆုပ်ထားရာမှ လွှတ်လိုက်သည်။ “ဒါပေမယ့် သူက ဘယ်လိုမှ လူသတ်တရားခံ မဖြစ်နိုင်ဘူးလေ။ တကယ်လို့သာ ရှင်တို့က သူ့ကို သံသယ ဝင်နေတယ်ဆိုရင်တော့ ရှင်တို့ အမှားကြီး မှားသွားပြီ”
“ကျွန်တော်တို့အနေနဲ့
ဖြစ်နိုင်ခြေ
အကုန်လုံးကို စစ်ဆေးအတည်ပြုဖို့ တာဝန်ရှိပါတယ်”
အာယနဲက မလျှော့သောဇွဲဖြင့် ခေါင်းခါယမ်းနေသည်။ “အဲဒီလို ဖြစ်နိုင်ခြေမျိုးက လုံးဝ မရှိနိုင်ဘူးလေ။ သူက ကျွန်မခင်ပွန်းကို ဘာအကြောင်းကြောင့်မှ သတ်မှာ မဟုတ်ဘူး။ အဲဒီအချက်ကို ရှင်တို့ ရဲဘက်ကလည်း နားလည်ပြီး ဖြစ်ပါလိမ့်မယ်”
“ဘာကို ဆိုလိုတာလဲ”
“ရှင်တို့လည်း သိနေပြီးသား မဟုတ်လား။ သူနဲ့ ကျွန်မခင်ပွန်းရဲ့ ဇာတ်လမ်းလေ”
ကုစာနာဂိသည် ထိုမေးခွန်းကြောင့် အငိုက်မိသွားသကဲ့သို့ ခံစားရကာ မနေတတ် မထိုင်တတ် ဖြစ်နေလေတော့သည်။ “ခင်ဗျားက သိထားပြီးပြီပဲကိုး”
“ရှေ့ရက်တုန်းက ကျွန်မ ဟိရောမိနဲ့ အဲဒီကိစ္စကို ဆွေးနွေးပြီးသွားပြီ။ ကျွန်မ သူ့ကို မရမက စစ်မေးလိုက်တော့ သူလည်း အမှန်အတိုင်း ဝန်ခံခဲ့တယ်”
ထို့နောက် အာယနဲသည် သူတို့၏ ပြောစကားများကို ကုစာနာဂိအား ပြန်လည် ပြောပြလိုက်သည်။ ထိုစကားများကို ကြားရသည့်အခါတွင် ကုစာနာဂိသည် အပြင်လူတစ်ယောက်ပင် ဖြစ်လင့်ကစား သက်ပြင်းကို မှုတ်ထုတ်လိုက်မိလေသည်။ ထို့ထက်ပို၍ သူ့ကို အံ့အားသင့်စေသည့် အချက်မှာ ထိုအမျိုးသမီးနှစ်ယောက်သည် အခန်းတစ်ခန်းအတွင်း၌ အတူထိုင်လျက် အလုပ်ကိစ္စကို ဆွေးနွေးတိုင်ပင်နေကြခြင်းပင် ဖြစ်သည်။ အာယနဲ၏ ခင်ပွန်းသည် ဤလောက၌ အသက်ရှင်လျက် မရှိတော့သောကြောင့်သာ ဤသူနှစ်ဦးသည် ဤသို့ ကြည်ကြည်သာသာ ဆက်ဆံနိုင်ကြခြင်းပေလော။ ကုစာနာဂိသည် ဤအမျိုးသမီးနှစ်ယောက်၏ စိတ်အခြေအနေကို နားမလည်နိုင်အောင် ဖြစ်နေရသည်။
“ဒီတစ်ခေါက် ကျွန်မ ဆပ်ပိုရိုကို ပြန်ရတဲ့ အကြောင်းအရင်းက ကျွန်မကို ခင်ပွန်းသည်က ကွာရှင်းခွင့် တောင်းလို့ရယ်ကြောင့်လည်း မဟုတ်ဘူး။ အဓိကက ကျွန်မအနေနဲ့ ဒီအိမ်မှာ ဆက်နေသွားဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့လို့ပါ။ အရင်က ကျွန်မ ရှင်တို့ကို လိမ်ပြောခဲ့မိတဲ့အတွက် ကျွန်မ တောင်းပန်ပါတယ်” အာယနဲက ဦးညွတ်၍ တောင်းပန်လေသည်။ “အဲဒီလို အခြေအနေမျိုးမှာ အဲဒီကလေးက ကျွန်မခင်ပွန်းကို ဘယ်လို အကြောင်းပြချက်နဲ့ သတ်နိုင်ပါ့မလဲ။ ကျေးဇူးပြုပြီး သူ့ကို အထင်မလွဲလိုက်ပါနဲ့”
အနူးအညွတ် တောင်းပန်နေသော သူ၏ အပြုအမူကြောင့် ကုစာနာဂိ၏ စိတ်ထဲ ဇဝေဇဝါ ဖြစ်နေမိသည်။ အာယနဲသည် မိမိ၏ခင်ပွန်းကို လုယူသွားခဲ့သော မိန်းမတစ်ယောက်အား အဘယ်ကြောင့် ဤမျှ စိတ်လိုလက်ရ ကာကွယ်ပေးနေရသနည်း။
“ခင်ဗျား ပြောတာတွေကို ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပုဂ္ဂလိက ခံစားချက်တွေအပေါ် အခြေခံပြီး အမှုကို ဆုံးဖြတ်ဖို့ မဖြစ်နိုင်ဘူး။ သက်သေအထောက်အထားတွေပေါ် မူတည်ပြီး ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်”
“သက်သေအထောက်အထား … ။ ရှင် ဆိုလိုချင်တာက ဟိရောမိကို လူသတ်တရားခံပါလို့ သက်သေပြနိုင်တဲ့ အထောက်အထားကို ရှင်တို့ ရထားပြီးပြီ ဆိုတဲ့ သဘောလား”
အာယနဲ၏ အကြည့်က လင်းလက်တောက်ပလာသည်။
ကုစာနာဂိသည် သက်ပြင်းချကာ တစ်ခဏမျှ စဉ်းစားချင့်ချိန်ပြီးနောက် ဆုံးဖြတ်ချက် ချလိုက်သည်။ ဟိရောမိအား မယုံသင်္ကာ ဖြစ်နေရသည့် အကြောင်းအရင်းကို အာယနဲအား ပြောပြလိုက်လျှင်လည်း သူတို့၏ စုံစမ်းစစ်ဆေးမှုကို မည်သို့မျှ အနှောင့်အယှက် ဖြစ်နိုင်မည် မဟုတ်ပေ။
“တရားခံက ဘယ်လို အဆိပ်ခတ်ခဲ့သလဲ ဆိုတာကို ကျွန်တော်တို့ လေ့လာတွေ့ရှိထားပြီ” မာရှိဘအိမ်မှ ရေနွေးခရားအိုးထဲတွင် အဆိပ်ကို တွေ့ရှိထားသည်မှ စ၍ အခင်းဖြစ်သည့်နေ့တွင် ထိုအိမ်သို့ ဟိရောမိမှ လွဲ၍ ဘယ်သူမျှ သွားရောက်ခဲ့ခြင်း မရှိကြောင်းတို့ကို အာယနဲအား ရှင်းပြလိုက်လေသည်။
“အဲဒီရေနွေးခရားအိုးထဲက … ဟုတ်လား”
“ယတိပြတ်တော့ ပြောလို့ မရဘူးပေါ့ဗျာ။ ဒါပေမယ့် အဲဒီတုန်းက မစ္စဝါကာယာမာ တစ်ယောက်တည်းကပဲ အဆိပ်ခတ်နိုင်တယ်။ ဒီတော့ ကျွန်တော်တို့ သူ့ကို မယုံသင်္ကာ မဖြစ်လို့ မရတော့ဘူး”
“ဒါပေမယ့် …” အာယနဲလည်း ဘာဆက်ပြောရမည်မှန်း သိပုံ မရတော့။
“ကျွန်တော် အလုပ်ရှိသေးလို့ ခွင့်ပြုပါဦး” ကုစာနာဂိသည် ဦးညွတ်ပြီး အခန်းထဲမှ ထွက်ခွာလာခဲ့သည်။
***
ဟိရောမိကို တိုကျိုရဲဌာနချုပ်သို့ ခေါ်ဆောင်လာပြီးသည်နှင့် မာမီယာသည် သူ့အား စစ်ကြောရေးခန်းမတွင် စတင် စစ်မေးလေတော့သည်။ ပုံမှန်အားဖြင့်ဆိုလျှင် စုံစမ်းရေးအဖွဲ့ခွဲ ရုံးထိုင်သည့် မဲဂူရိုရဲစခန်းတွင် စစ်ဆေးရမည် ဖြစ်သော်လည်း ဟိရောမိသည် သူ၏ အပြစ်ကို ဝန်ခံလာလိမ့်မည်ဟု မာမီယာက ယုံကြည်ထားပုံ ရသည်။ သူက ဖြောင့်ချက်ပေးသည်နှင့် တစ်ပြိုင်နက် ချက်ချင်း ဖမ်းဝရမ်းထုတ်ကာ သူ့အား မဲဂူရိုရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားမည်ဟု ကြံစည်ထားပေမည်။ ဤသို့အားဖြင့် မီဒီယာများ၏ အရှေ့တွင် မဏ္ဍပ်တိုင် တက်ပြပြီးသားလည်း ဖြစ်သွားပေလိမ့်မည်။
ကုစာနာဂိသည် သူ၏ ထိုင်ခုံတွင် ထိုင်လျက် စုံစမ်းစစ်ဆေးမှု ရလဒ်ကို စောင့်မျှော်နေစဉ် ဥကျုမိသည် အပြင်မှ ပြန်ရောက်လာသည်။ အခန်းတွင်းသို့ ရောက်လျှင်ရောက်ချင်း သူက ဟိရောမိသည် လူသတ်တရားခံ မဖြစ်နိုင်ကြောင်း ပြောဆိုလေတော့သည်။
ဥကျုမိ၏ ရှင်းလင်းဖော်ပြချက်ကို နားထောင်ပြီးသည့်အခါတွင် ကုစာနာဂိသည် ဖင်မငြိမ်နိုင် ဖြစ်လာတော့သည်။ ဥကျုမိ၏ အကြောင်းပြချက်များက လုံးဝဥဿုံ ယုတ္တိမဲ့နေသောကြောင့် မဟုတ်။ အကယ်၍သာ အဆိပ်ခတ်သူသည် ဟိရောမိ ဖြစ်နေခဲ့လျှင် အလောင်းကို တွေ့ရှိပြီးသည့်နောက်၌ သူသည် ရေနွေးခရားအိုးကို ဤအတိုင်း ပစ်ထားလိမ့်မည် မဟုတ်ပေ။ ဤအဆိုမှာ လွန်စွာမှ ယုတ္တိတန်နေသည်။
“နင် ဆိုလိုချင်တာက တခြားလူတစ်ယောက်က ခရားအိုးထဲကို အဆိပ်ခတ်ခဲ့တယ် ဆိုပါတော့။ အဲဒီလူက မစ္စစ်မာရှိဘပဲ ဖြစ်ရမယ်လို့ ငါ့ကို လာမပြောနဲ့နော်။ သူ ခတ်တာ လုံးဝ မဖြစ်နိုင်ဘူး”
“ဘယ်သူလဲ ဆိုတာတော့ ကျွန်မလည်း အတိအကျ မပြောတတ်ဘူး။ ပြောနိုင်တာကတော့ တနင်္ဂနွေနေ့ မနက် မစ္စဝါကာယာမာ ပြန်သွားပြီးတဲ့ နောက်မှာ တစ်ဦးတစ်ယောက်က မာရှိဘအိမ်ကို ဝင်သွားခဲ့တယ်”
ကုစာနာဂိက ခေါင်းခါသည်။ “သူ့အိမ်ကို ဝင်တဲ့သူ တစ်ယောက်မှ မရှိခဲ့ဘူးလေ။ အဲဒီနေ့က တစ်နေကုန်လုံး မစ္စတာမာရှိဘတစ်ယောက်တည်း အိမ်မှာ ရှိနေခဲ့တာ”
“ကျွန်မတို့ ရှာမတွေ့သေးတာရော မဖြစ်နိုင်ဘူးလား။ ဘယ်လိုပဲဖြစ်ဖြစ် မစ္စဝါကာယာမာကို စစ်ဆေးနေတာက အဓိပ္ပာယ်ကို မရှိဘူး။ အဓိပ္ပာယ် မရှိရုံတင် မကသေးဘူး။ သူရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုတောင် စော်ကားနှောင့်ယှက်ရာ ကျသွားနိုင်တယ်”
ဥကျုမိ၏ လေသံသည် မကြုံစဖူး ထူးကဲစွာ မာထန်နေသည်။ ကုစာနာဂိလည်း တဒင်္ဂမျှ ဆွံ့အသွားသည်။ ထိုအခိုက်မှာပင် သူ၏ အိတ်ကပ်ထဲမှ ဖုန်းသံမြည်လာသည်။ ကုစာနာဂိသည် ကယ်တင်ရှင် ရှာတွေ့သွားသည့်အလား ဖုန်းစခရင်ကို ငုံ့ကြည့်လိုက်သောအခါ ကြက်သေသေသွားရပြန်တော့သည်။ ဖုန်းခေါ်သူမှာ အာယနဲ ဖြစ်သောကြောင့်ပင်။
“အလုပ်ချိန်အတွင်းမှာ အနှောင့်အယှက် ပေးမိတဲ့အတွက် အနူးအညွတ် တောင်းပန်ပါတယ်။ တချို့စကားတွေ ရှင့်ကို ပြောပြသင့်တယ် ထင်လို့ ဖုန်းဆက်လိုက်တာပါ”
“ဘာများလဲ မသိဘူး” ကုစာနာဂိသည် ဖုန်းကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိသည်။
“ရေနွေးခရားအိုးထဲမှာ အဆိပ်တွေ့တယ် ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ အမြင်ကို ပြောပြချင်လို့ပါ။ ကျွန်မအထင်တော့ တစ်ယောက်ယောက်က ရေနွေးခရားအိုးထဲကို အဆိပ်ခတ်ထည့်ခဲ့တာ မဟုတ်ဘူးလို့ ထင်တယ်”
ဟိရောမိကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တိုးလျှိုးတောင်းပန်သော ဖုန်းသာ ဖြစ်လိမ့်မည်ဟု ကုစာနာဂိက မှတ်ထင်ထားခဲ့သည်။ မျှော်လင့်မထားသော စကားကို ကြားလိုက်ရသည့် အခါတွင်မူ သူ့စိတ်ထဲ ပို၍ပင် ညစ်ညူးသွားလေတော့သည်။ “ဘာဖြစ်လို့လဲ”
“ကျွန်မအနေနဲ့ ရှင်တို့ကို အစောကြီးကတည်းက ပြောပြခဲ့သင့်တာပါ။ ကျွန်မရဲ့ ခင်ပွန်းက ကျန်းမာရေးကို အတော်လေး အလေးထားတယ်။ ရေပိုက်ခေါင်းက ထွက်တဲ့ရေကို သူ ဘယ်တုန်းကမှ သောက်လေ့ရှိတာ မဟုတ်ဘူး။ ဟင်းချက်တဲ့အခါမှာတောင်မှ ရေသန့်စက်က ထွက်တဲ့ ရေကိုပဲ သုံးတယ်။ သောက်ရေအနေနဲ့ဆိုရင် သူက ရေသန့်ဗူးက ရေပဲ သောက်တယ်လေ။ ကော်ဖီဖျော်ရင်တောင် ကျွန်မက ရေသန့်ဗူးထဲက ရေနဲ့ ဖျော်ပေးရတယ်။ ဒါကြောင့် ကျွန်မထင်တယ်။ သူ့ဟာသူ ကော်ဖီဖျော်တုန်းကလည်း ရေသန့်ဗူးထဲက ရေကိုပဲ သုံးလိမ့်မယ် ထင်တယ်”
ကုစာနာဂိသည် သူ ပြောချင်နေသော စကား၏ အဓိပ္ပာယ်ကို နားလည်သွားသည်။ “ခင်ဗျား ဆိုလိုချင်တာက အဆိပ်ကို ရေသန့်ဗူးထဲမှာ ခတ်ထားခဲ့တာလည်း ဖြစ်နိုင်တယ်။ အဲဒီလိုလား”
နံဘေးတွင် ရှိနေသော ဥကျုမိသည် ကုစာနာဂိ၏ စကားကို ကြားသွားဟန် တူသည်။ သူ၏ မျက်ခုံးများ အထက်သို့ ပင့်တက်သွားသည်။
“အဲဒီလို ဖြစ်နိုင်ခြေလည်း ရှိသေးတယ်လို့ ကျွန်မ ထင်တာပဲ။ ဒါကြောင့် ရှင်တို့က ဟိရောမိ တစ်ယောက်တည်းကိုပဲ သံသယ ဖြစ်နေရင် သဘာဝ မကျတော့ဘူး။ တကယ်လို့သာ သောက်ရေသန့်ဗူးထဲကို အဆိပ်ခတ်ခဲ့တာဆိုရင် တခြားလူတွေမှာလည်း လုပ်ဖို့ အခွင့်အလမ်း ရှိနိုင်သေးတယ်”
“ခင်ဗျား ပြောတာ သဘာဝကျပါတယ်။ ဒါပေမယ့် တခြား ဘယ်သူက …”
“ဥပမာ ပြောရရင်” မာရှိဘ အာယနဲက စကားကို ဆက်လိုက်သည်။ “ကျွန်မလည်း ဖြစ်နိုင်တာပဲ”