မာတိကာကြည့်ရန်

အမှာစာ

ဒီဝတ္ထုက အချစ်ဝတ္ထု တစ်ပုဒ်ပါပဲ။ ဒါပေမယ့် ကောင်မလေးနှစ်ယောက်ရဲ့ သူငယ်ချင်း အချစ်ကို ဖွဲ့သီထားတဲ့ ဝတ္ထုတစ်ပုဒ်ပါ။ ဟိုးကလေးဘဝ ၇ နှစ်သမီးဘဝ ကတည်းက ချစ်ခဲ့ခင်ခဲ့ကြတဲ့ ကောင်မလေးနှစ်ဟာ သေတဲ့အထိ ရိုးမြေကျ ချစ်သွားခဲ့ကြတယ်။ ဒါပေမယ့် သူတို့ရဲ့ အချစ်ခရီးက ဖြောင့်ဖြောင့်ဖြူးဖြူးနဲ့ တစ်သမတ်တည်း ချစ်ကြည်နေကြတာတော့ မဟုတ်ဘူး။ လူတွေမှာ ရှိတတ်တဲ့ အတ္တတွေ၊ မာနတွေ၊ အာဃာတတွေနဲ့ အရောင်ဆိုးလိုက်တော့ သူတို့ရဲ့ အချစ်ခရီးက နိမ့်တုံမြင့်တုံနဲ့ လှိုင်းထန်လာရတော့တယ်။ အဲဒီမိန်းကလေးနှစ်ယောက်ရဲ့ ချစ်ခြင်းဘွဲ့ ဇာတ်လမ်းလေးက သမီးရည်းစားတွေရဲ့ ချစ်ခြင်းဘွဲ့ ဇာတ်လမ်းတွေလို စိတ်ဝင်စားစရာ ကောင်းနေတယ်။ ပိုပြီး စိတ်ဝင်စားစရာ ကောင်းစေတဲ့ အချက်ကတော့ ဒီဝတ္ထုထဲမှ ပါနေတဲ့ ဇာတ်ကောင်တွေရဲ့ သရုပ်၊ ဇာတ်အိမ်ထိုင်ထားတဲ့ ခေတ်စနစ်ရဲ့သဘောသဘာဝ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ကိုးကွယ်ယုံကြည်မှု စံနှုန်းတွေနဲ့ မိန်းမတွေရဲ့ စရိုက်သဘောထားတွေကို အပီပြင်ဆုံး ဖြစ်အောင် မူရင်း စာရေးဆရာမ Lisa See ဟာ ပိုင်ပိုင်နိုင်နိုင် ရေးဖွဲ့ပြသသွားခဲ့တယ်။

ဒီဝတ္ထုဟာ ကျနော့်အတွက်တော့ အင်မတန် ထူးခြားတဲ့ ဝတ္ထုတစ်ပုဒ်ပါပဲ။ ဒါကြောင့်လည်း ဘာသာပြန် ဖြစ်သွားတယ်လို့ ဆိုနိုင်ပါတယ်။ ကျနော် ဘာသာပြန်ချင်လောက်အောင် ထူးခြားနေတဲ့ အချက်တချို့ကို တင်ပြပါရစေ။

ဒီဝတ္ထုမှာ ပါတဲ့ အဓိကဇာတ်ကောင်တစ်ယောက် ဖြစ်တဲ့ ပိုင်ဟောကို ၁၈၂၃ ခုနှစ်မှာ မွေးဖွားခဲ့တယ်။ ဒီတော့ ကျနော်တို့ အခု ဖတ်ရမယ့် ဝတ္ထုရဲ့ ဇာတ်အိမ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ က အဖြစ်အပျက်တွေကို အခြေခံထားတာပေါ့။ အဲဒီ ပိုင်ဟောဆိုတဲ့ ကောင်မလေးဟာ တရုတ်လူမျိုး (ဟန်လူမျိုး) မဟုတ်ဘူး။ တရုတ်ပြည်ရဲ့ လူနည်းစု တိုင်းရင်းသားတစ်မျိုး ဖြစ်တဲ့ ယောင်ဝ်လူမျိုးပါ။ ဒါကြောင့် ဒီဝတ္ထုထဲမှာ ယောင်ဝ်လူမျိုးတွေရဲ့ ဓလေ့ထုံးစံတွေကိုလည်း တွေ့ရပါလိမ့်ဦးမယ်။ ပြောရရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ က တရုတ်ပြည်ရဲ့ ယောင်ဝ်တိုင်းရင်းသူနှစ်ယောက်ဟာ ဘဝကို ဘယ်ပုံ ဘယ်နည်း ရုန်းကန်ခဲ့ရသလဲ။ ဘဝကို ဘယ်လို ဖြတ်သန်းခဲ့ရသလဲ။ ခေတ်စနစ်ရဲ့ အထိန်းအကွပ်၊ အချုပ်အချယ်တွေကြားမှာ ဘယ်လို လူးလွန့်ခဲ့ရသလဲ ဆိုတာတွေကို စာရေးသူက တော်တော်လေး စေ့စေ့စပ်စပ် ဖော်ပြထားတယ်။ တရုတ်တို့ရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေကိုလည်း တော်တော်စုံအောင် ရေးပြထားတယ်။ ဥပမာ မင်္ဂလာဆောင် ပွဲတစ်ပွဲကို ဘယ်လို ကျင်းပသလဲ။ ဈာပနပွဲ (သို့) အသုဘအခမ်းအနားကို ဘယ်လို ကျင်းပသလဲ။ ဓလေ့ထုံးစံအရ ဘာတွေ ပြင်ဆင်ကြရသလဲ ဆိုတာနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ က လူတွေရဲ့ ယုံကြည်မှု အလေ့အထတွေကို တင်ပြပေးထားတယ်။

တရုတ်တွေရဲ့ ဓလေ့ထုံးစံနဲ့ ပတ်သက်လာရင် ကျနော်က ကိုယ့်ကိုယ်ကိုယ် သိလှပြီလို့ အောက်မေ့နေခဲ့တာ။ မြန်မာပြည်မှာ နေထိုင်ကြတဲ့ တရုတ်တွေရဲ့ ဓလေ့စရိုက်နဲ့ ယုံကြည်မှုဆိုင်ရာ ခံယူချက်တွေကိုလည်း ကြုံရင် ကြုံသလို လေ့လာကြည့်ခဲ့ဖူးတယ်။ ဒါပေမယ့် ဒီစာအုပ် ဖတ်လိုက်ရတဲ့ အခါမှာ ကိုယ် မသိထားတဲ့ ဓလေ့တွေ၊ ရိုးရာတွေကို အတော်များများ တွေ့လာရတယ်။ ဥပမာ ပြောရရင် မင်္ဂလာမဆောင်ခင်မှာ သတို့သမီးဟာ ဆယ်ရက်တိတိ ဘာအစားအစာမှ စားခွင့် မရှိဘူး ဆိုတာမျိုး။ မင်္ဂလာဆောင်ပြီးရင်လည်း သတို့သမီးက ကိုယ်ဝန် မရမချင်း ယောက်ျားအိမ်မှာ နေခွင့် မရဘဲ ကိုယ့်မိဘအိမ်ကို ပြန်နေရတာမျိုး။ (ဒါကတော့ ယောင်ဝ်လူမျိုးတွေရဲ့ ဓလေ့ဖြစ်ပါလိမ့်မယ်) ဒါပေမယ့် ယောက်ျားအိမ်ကိုတော့ တစ်နှစ်မှာ ငါးခါလောက် သွားခွင့် ရှိတယ်ပေါ့။ ကိုယ်ဝန်ဆောင်နိုင်အောင် လုံးပမ်းရဦးမှာကိုး။ အဲဒီလို အလည်သွားနေတဲ့ အချိန်ကာလတွေမှာ ယောက္ခမအိမ်က ထမင်းမကျွေးလို့ ကိုယ့်စရိတ်နဲ့ကိုယ် နေရတာမျိုး။ အသုဘ အခမ်းအနားပြီးလို့ လူသေရဲ့ ဝိညာဉ်က အသက်ရှင်နေတဲ့ လူတွေကို ခြောက်လှန့်နေတယ်လို့ ယူဆရင် ပန်းမျှော်စင်ဆောက်ပြီး မီးရှို့ပေးရတာမျိုး။ သားတစ်ယောက် ကိုယ်ဝန် ရနိုင်ဖို့အတွက် ဘုရားကျောင်းသွားပြီး ကွမ်ရင်မယ်တော်ဆီက ဖိနပ် သွားခိုးရတာမျိုး။ ဒါက ကျနော် အနည်းအကျဉ်းပဲ ဥပမာ ထုတ်ပြသေးတာပါ။ ဝတ္ထုထဲမှာ ကျနော် သိမထားတဲ့ ရိုးရာဓလေ့ အယူအဆတွေက အများကြီးမို့ အတော်တော့ စိတ်ဝင်စားစရာ ကောင်းတယ်။

ဒီစာအုပ်ရဲ့ နောက်ထပ် ထူးခြားချက် တစ်ခုကိုလည်း ပြောပြချင်သေးတယ်။ စောစောက ပြောခဲ့သလို ဒီဝတ္ထုထဲမှာ တရုတ်လူမျိုးတွေရဲ့၊ အထူးသဖြင့် ယောင်ဝ်တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့တွေ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ က တရုတ်လူမျိုးတွေရဲ့ ဘာသာရေးယုံကြည်မှုနဲ့ စရိုက် လက္ခဏာတွေကို ဖတ်ရလိမ့်မယ်လို့ စာဖတ်သူ သဘောပေါက်ပြီး လောက်ပြီ။ အဲဒီ (လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ က) ရိုးရာဓလေ့စရိုက်တွေကို စာရေးသူဟာ သေသေချာချာ သုတေသန လုပ်ပြီးမှ ရေးသားခဲ့တာ။ အဲ … အင်မတန်မှ ထူးခြားနေတဲ့ အချက်ကတော့ တရုတ်တွေရဲ့ ဓလေ့စရိုက်ကို စေ့စေ့ပေါက်ပေါက် ရေးသားဖော်ကျူးနေတဲ့ မူရင်းစာရေးဆရာဟာ တရုတ် မဟုတ်ဘဲ အနောက် နိုင်ငံသူ တစ်ယောက် ဖြစ်နေခြင်းပဲ။ တရုတ်သွေး လုံးဝ မပါတာတော့ မဟုတ်ဘူး။ သူ့အဖေဘက်က အဘေးဟာ တရုတ်လူမျိုး ဖြစ်တာကြောင့် သူက တရုတ်သွေး ရှစ်ပုံတစ်ပုံ ပါတယ်လို့တော့ ပြောလို့ ရတာပေါ့။ ဒါပေမယ့် ဒီ အမေရိကန် စာရေးဆရာမ Lisa See ဟာ တရုတ်တို့ရဲ့ ရိုးရာဓလေ့ကို တော်တော်လေး စေ့စေ့ပေါက်ပေါက် လေ့လာထားကြောင်း ဝတ္ထုဖတ်ရင်း သိလာပါလိမ့်မယ်။ သူဟာ အခုချိန်ထိ (၂၀၂၃ ခုထိ) လုံးချင်းဝတ္ထု ၁၂ အုပ် ထုတ်ထားပြီးပါပြီ။ ဒီစာရေးဆရာမရဲ့ ထူးခြားချက် ကတော့ သူရဲ့ ဝတ္ထုတိုင်းလိုလိုက မိန်းမတွေကို ရေးဖွဲ့တာပဲများတယ်။ ဟုတ်ပါတယ်။ အခုဖော်ပြမယ့် ဒီဝတ္ထုကလည်း ၁၉ ရာစုက တရုတ်အမျိုးသမီးတွေရဲ့ ဘဝအခြေအနေနဲ့ စိတ်နေ သဘောထားကို ဦးစားပေးပြီး ဖွဲ့နွဲ့ရေးသားထားတာပါ။

ဒီစာအုပ်ကို ဘာသာပြန်ချင် လာရတဲ့ နောက်ထပ် အကြောင်းအရင်း နှစ်ခုလည်း ရှိပါသေးတယ်။ ငယ်ငယ်က ကျနော်တို့ ဘေးအိမ်မှာ ငှားနေကြတဲ့ တရုတ်မိသားစု တစ်စု ရှိခဲ့ဖူးတယ်။ ကျနော် ၁၀ နှစ်သား ကျော်ကျော်လောက်က ဆိုတော့ အတော် ကြာပြီပေါ့။ သူတို့ မိသားစုရဲ့ အသက်အကြီးဆုံး အဘွားကြီးက မနက်မနက်ဆို အပြင်ထွက်ပြီး နေပူဆာ လှုံလေ့ရှိတယ်။ အဘွားကြီးက တရုတ်ပြည်က လာတာဆိုတော့ ဗမာစကား မတတ်ဘူး။ မနက်ဆိုရင် သူ့ဟာသူ တစ်ယောက်တည်း ခွေးခြေခုံနဲ့ နေပူဆာ လှုံပြီး အတော်ကြာရင် အထဲ ပြန်ဝင်သွားတာပဲ။ ဘယ်သူနဲ့မှလည်း စကားမပြောဘူး။ အဲ … ထူးခြားတာကတော့ သူ့ခြေထောက်တွေပဲ။ ကျနော်တို့ မြန်မာတွေ ခေါ်ကြတဲ့ ခြေသေးမပေါ့။ ကျနော့်ဘဝမှာ ပထမဆုံးနဲ့ နောက်ဆုံး အရှင်လတ်လတ် မြင်ဖူးတဲ့ ခြေသေးမပဲ။ ဒါပေမယ့် ဖိနပ်ဝတ်လျက်နဲ့ပဲ မြင်ခွင့်ရခဲ့တာပါ။ သူ့ခြေထောက်ကလေး တွေက ကျနော်ရဲ့ (အဲဒီတုန်းက ဆယ်နှစ်ကျော်ပဲ ရှိသေးတာ) လက်သီးဆုပ်ထက်တောင် သေးနေသေးတယ်။ ကျနော်က ထူးခြားတာ မြင်ရင် သိပ်စပ်စုတတ်တာ ဆိုတော့ အဲဒီ ခြေသေး တွေက ကျနော်ရဲ့ သုတေသန ခေါင်းစဉ်တစ်ခု ဖြစ်လာတော့တာပဲ။

ကလေးဆိုတော့လည်း ကလေးသဘာဝ အလျောက်ပေါ့။ ကလေးတစ်ယောက် တတ်နိုင် သလောက် လေ့လာရတာပေါ့။ ဟိုချောင်း ဒီချောင်း၊ မရရင် လူကြီးတွေ မေး။ ခက်တာက လူကြီးတွေတောင် အဲဒီ ခြေသေးတွေအကြောင်း ကောင်းကောင်း သိတာ မဟုတ်ဘူး။ ကျနော် သိချင်တာကို ဥပမာ ပြောပြရရင် အဲဒီ ခြေထောက်တွေက ဘာကြောင့် သေးနေရတာလဲ။ လူကြီးတွေက ပြောတယ်။ သူတို့ရဲ့ ခြေထောက်တွေ၊ ခြေဖဝါးတွေကို ဟိုးငယ်ငယ်ကတည်းက ထုပ်ထားတာ။ ဆက်ပြီး ကြီးမလာအောင်တဲ့။ အိုကေ။ နောက်ထပ် မေးခွန်းတစ်ခုက မိန်းမတွေက ဘာကြောင့် အဲဒီလို လုပ်ရတာလဲ။ ဒီတော့ သူတို့အဖြေက ခြေထောက် သေးသေးလေးတွေ ဆိုရင် ပိုလှတယ်လို့ ယူဆလို့ပေါ့ တဲ့။ ဒါတော့ ကလေးတစ်ယောက် အနေနဲ့ လိုက်မမီဘူး။ နောက်တစ်ခု ထပ်မေးတယ်။ မိန်းမတိုင်း အဲဒီလို လုပ်ရတာလား။ ဟုတ်တယ်၊ တရုတ်ပြည်က မိန်းမအကုန်လုံး ခြေထောက်ထုပ်ရတယ်။ မန်ချူးဘုရင်က မလုပ်မနေရ အမိန့်ထုတ်ထားတယ် တဲ့။ ဒါက နောက်ဆုံး မေးခွန်း။ ဘုရင်က ဘာဖြစ်လို့ မိန်းမတွေကို အဲဒီလို လုပ်ခိုင်းရတာလဲ။ သူတို့ရဲ့ အဖြေက “မိန်းမတွေကို နှိပ်ကွပ်တာပေါ့ကွာ။ ခြေသေးလေးတွေနဲ့ ဆိုတော့ ပြေးချင်တိုင်း ပြေးမရ၊ လုပ်ချင်တိုင်း လုပ်မရတော့ ယောက်ျားတွေအပေါ် အပြည့်အဝ မမှီခိုချင်လို့ မရတော့ဘူးပေါ့” တဲ့။

အဲဒီအဖြေတွေ ရဖို့ လူတွေ အများကြီး မေးထားရတာ။ ဒီအဖြေတွေကို ယုံသလားလို့ ကျနော့်ကို မေးရင် မယုံဘူးလို့ ဖြေရမှာပဲ။ အနည်းဆုံးတော့ အပြည့်အဝ မယုံဘူးပေါ့။ ဘာကြောင့် မယုံတာလဲ လို့ မေးလာရင် ကျနော် မဖြေတတ်ဘူး။ အထူးသဖြင့် နောက်ဆုံး အဖြေကို ကျနော် လက်မခံဘူး။ မိန်းမတွေကို နှိပ်ကွပ်ချင်လို့ တမင် အဲဒီလို ခြေထောက်ထုပ်ခိုင်းတာ ဆိုတာကိုပေါ့။ အသက်တဖြည်းဖြည်း ကြီးလာလို့ ပိုပြီး စဉ်းစားဝေဖန်တတ်လာတော့ ပိုလို့တောင် မယုံနိုင် တော့တယ်။ နောက်ပြီး အသက်ကြီးလာမှ သိရတဲ့ အချက်တစ်ခုက ခြေသေးသေးလေး‌တွေ ဖြစ်လာအောင် ခြေထောက်ကို ထုပ်စည်းထားရုံ သက်သက် မဟုတ်ဘဲ ခြေချောင်းလေးတွေကိုပါ ခေါက်ချိုး ပစ်ထားတယ်လို့ သိလိုက်ရတော့ ကျနော်အတွက် မေးခွန်းအသစ်တွေ ထပ်ထွက် လာပြန်တယ်။ မိန်းကလေးတွေက ဘာဖြစ်လို့ ခြေထောက်အရိုး အကျိုးခံပြီး၊ အနာခံပြီး ခြေထောက်ကို ထုပ်ခဲ့ကြတာလဲ။ လှချင်ရုံ သက်သက်မှ ဟုတ်ရဲ့လား။

ကျနော်တို့ မြန်မာနိုင်ငံမှာ ကယန်း (ပဒေါင်) တိုင်းရင်းသူတွေဟာ လည်ပင်းကို သံကွင်း စွပ်ကြတယ်။ ဒါကရော လှချင်ရုံ သက်သက်ပဲလား။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ လောက်က မြန်မာပြည်မှာ ယောက်ျားမှန်ရင် ပေါင်အပြည့် ထိုးကွင်းထိုးရတယ်။ ဒီခေတ်အခေါ် တက်တူးပေါ့။ မထိုးရင် ယောက်ျားမစစ်ဘူး လို့တောင် အပြောခံရတာ။ ဒါကရော “ငါဟဲ့ ယောက်ျား” လို့ ကြွားချင်ရုံ သက်သက်ကြောင့်ပဲလား။ အာဖရိကက လူရိုင်းတချို့မှာ နား၊ နှာခေါင်း၊ နှုတ်ခမ်းကို အပေါက် ဖောက်ပြီး နို့ဆီဗူးခွံလောက် ရှိတဲ့ စလင်ဒါတစ်ခု စွပ်တတ်ကြတယ်။ နာဂတွေလည်း အရင်က လုပ်တယ် ထင်တယ်။ ဒါကရော လှချင်ရုံ သက်သက်ပဲလား။ ဒါတွေအားလုံးက မန်ချူးခေတ် တရုတ်မတွေ ခြေသေးအောင် အရိုးချိုးပစ်တာနဲ့ သဘောသဘာဝ တူညီလိမ့်မယ် ထင်တယ်။ ဘာကြောင့် အဲဒီလို လုပ်ကြတာလဲ။ အဲဒီလို လုပ်ရဲလာအောင်၊ ကိုယ့်ကိုယ်ကိုယ် အနာခံ ရလောက်အောင် ဘာတွေက တွန်းအားပေးနေတာလဲ။ ဒါမှမဟုတ် ဖိအားပေးနေတာလဲ။

ဟုတ်တယ်။ ဒီဝတ္ထုထဲမှာ ခြေထုပ်တဲ့အကြောင်းကို တခမ်းတနား ရေးဖွဲ့ထားတယ်။ အဲဒီခေတ်မှာ ရှိတဲ့ လူတွေ၊ အထူးသဖြင့် မိန်းမတွေရဲ့ mindset (တွေးခေါ်ပုံ အလေ့အထ) ကို သိသာအောင် ဖော်ပြထားတယ်။ နောက်ပြီး ခြေထုပ်တဲ့အခါမှာ ဘယ်လို အဆင့်ဆင့် လုပ်ဆောင် ရသလဲ။ ဘာ‌တွေကို ဘယ်လို ပြင်ဆင်ရသလဲ။ ဘာတွေ ဖြစ်လာတတ်သလဲ။ အကောင်းဆုံး ဖြစ်အောင် ဘယ်လို လုပ်ဆောင်ရသလဲ။ စတာတွေကို အခန်းတစ်ခန်းဖွဲ့ပြီး စိတ်ဝင်စားစရာ ဖြစ်အောင် ရေးဖွဲ့ထားတယ်။ ခြေထုပ်တာနဲ့ ပတ်သက်ပြီး မိန်းမတွေက ဘယ်လို သဘောထားသလဲ၊ ယောက်ျားတွေကရော ဘယ်လို သဘောထားသလဲ ဆိုတာ ဒီဝတ္ထု ဖတ်ပြီးရင် နားလည် သဘောပေါက်လာပါလိမ့်မယ်။

နောက်ပြီး ဒီဝတ္ထုထဲမှာ နောက်ထပ် (ကျနော့်အတွက်) စိတ်ဝင်စားစရာ ကောင်းတဲ့ အကြောင်း တစ်ခုကတော့ မိန်းမတွေရဲ့ လျှို့ဝှက်စာရေးသားနည်း ဖြစ်တဲ့ နွီစူး အကြောင်းပဲ။ နွီ ဆိုတာ မိန်းမ၊ စူး ဆိုတာ စာအုပ်၊ စာ။ မိန်းမစာ ပေါ့။ တရုတ်ပြည်မှာ အခုလက်ရှိ သုံးနေ၊ တွေ့နေရတဲ့ စာလုံး အက္ခရာတွေက ယောက်ျားစာပေါ့။ ရှေးခေတ်မှာ မိန်းမတွေက စာမှ မသင်ရဘဲဟာ။ ဒါပေမယ့် မိန်းမတွေက သူတို့အချင်းချင်း တိတ်တဆိတ်၊ ဒါမှမဟုတ် လျှို့ဝှက် ဆက်သွယ်နိုင်ဖို့အတွက် စာရေးသားနည်း စနစ်တစ်ခုကို တီထွင်ခဲ့တယ်။ တီထွင်တဲ့သူရဲ့ နာမည်က ယွီရှုတ်တဲ့။ ဒီ နွီစူး ရေးသားနည်းကို မိန်းမတွေက သူတို့ မိန်းမ အချင်းချင်းကိုပဲ ရေးလေ့ရှိတယ်။ ယောက်ျား တွေကိုလည်း ပေးမဖတ်ရဘူး။ အမြင်မခံရဘူး။ ဖွက်ထားရတယ်ပေါ့။ ဒါကြောင့် နွီစူးက မိန်းမစာ၊ မိန်းမတွေရဲ့ လျှို့ဝှက် စာရေးသားနည်း ဖြစ်လာခဲ့တယ်။ အဲဒီ ရေးသားနည်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀ လောက်ကတည်းက တရုတ်ပြည်မှာ ရှိနေခဲ့ပြီ။ ဒါပေမယ့် တိုင်းသိပြည်သိ ကမ္ဘာသိ ဖြစ်လာတာကတော့ နှစ်ပေါင်း ၆၀ လောက်ပဲ ရှိသေးတယ်။ အဲဒီ နွီစူးနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တွေကိုလည်း ဒီဝတ္ထုထဲမှာ လှလှပပလေး ဖွဲ့ယှက်ရေးသားထားတယ်။

ဒီဝတ္ထုတစ်ပုဒ်လုံးက တရုတ်ပြည်မှာပဲ (အတိအကျ ပြောရရင် ဟူနန်ပြည်နယ်၊ ရုံမင်းခရိုင် ထဲမှာ) ကျောရိုးခံပြီး ရေးသားထားတော့ ဇာတ်ကောင် အားလုံးက တရုတ်လူမျိုးတွေ ချည်းပဲ။ တရုတ်တို့ရဲ့ ယဉ်ကျေးမှု၊ ရိုးရာဓလေ့၊ ကိုးကွယ်ယုံကြည်မှု၊ လူ့စရိုက် စတာတွေကို ဖတ်ရမှာပါပဲ။ ဒါကြောင့်လည်း မူရင်း စာရေးဆရာမက ဒီဝတ္ထုတစ်အုပ်လုံးကို တရုတ် အငွေ့အသက်ရအောင် အစွမ်းကုန် ကြိုးစားထားပါတယ်။ ပြောရရင် ဒီဝတ္ထုထဲမှာ ပါတဲ့ ဥပမာ ဥပမေယျတွေကအစ တရုတ် စကားပုံ၊ တရုတ်ဆိုရိုးတွေကိုပဲ သုံးထားတယ်။ ဝေါဟာရ အများစုကိုလည်း တရုတ်နာမည်တွေကိုပဲ တိုက်ရိုက် အသံဖလှယ်ထားတယ်။ ဥပမာ လောင်ထုံး ဆိုတာကို ဒီဝတ္ထုထဲမှာ ခဏခဏ တွေ့ရပါလိမ့်မယ်။ စာရေးသူက သူတို့ အင်္ဂလိပ်လို့ Old Same လို့ မကြာမကြာ သုံးသလိုပဲ မူရင်း တရုတ်လို လောင်ထုံးလို့လည်း မကြာမကြာ ထည့်သုံးထားတယ်။

အဲ … ပြောစရာရှိတာကတော့ သူက ဇာတ်ကောင် နာမည်တွေကိုတော့ အကုန်လုံး အင်္ဂလိပ် နာမည်တွေ ပေးထားတယ်။ Snow Flower, Lily, Peony, Beautiful Moon, Spring Moon, Lotus …. စသဖြင့်ပေါ့။ ဒီတော့ ကျနော်က တရုတ်ရဲ့ အငွေ့အသက် အပြည့်အဝ ရသွားအောင် အဲဒီ နာမည်တွေ အားလုံးကို တရုတ်ဘာသာပြန် စာအုပ်ကနေ ယူပြီး တရုတ်နာမည်တွေ ပြောင်းထားလိုက်တယ်။ မြန်မာအသံထွက်လည်း ထွက်ရတာ လုံးဝ ခက်မနေဘူး။ Snow Flower ကို ရွှယ်ဟွား၊ Lily ကို ပိုင်ဟော၊ မူတန်း၊ မေရွက်၊ ချွမ်ရွက်၊ လျန်းဟွား .… စသဖြင့်ပေါ့။ နောက်ပြီး အဖေအမေကိုလည်း ပါပါး မာမား၊ ဦးလေး ဒေါ်လေးကို စူးစူ စိန်စိန်း၊ အစ်ကိုကြီး – တာ့ကော၊ အစ်မကြီး – တာ့ကျယ်၊ အဘွား – နိုင်နိုင်း၊ ပြီးတော့ အများကြားဖူးနေတဲ့ လောင်ရဲ (သခင်ကြီး)၊ သူ့ရဲ့ မိန်းမကို ဖူးလန် (သခင်မ) စသဖြင့် တရုတ်အသံနဲ့ပဲ တိုက်ရိုက် ဖလှယ်ပြီး ရေးထားပါတယ်။ မြန်မာတွေနဲ့ စိမ်းတဲ့၊ ဒါမှမဟုတ် စိတ်ဝင်စားစရာ ကောင်းတဲ့ ဝေါဟာရတချို့ကိုတော့ အောက်ခြေ မှတ်စု ထုတ်ပြီး သီးခြား ရှင်းပြပေးထားပါတယ်။

ဒီဝတ္ထုရဲ့ မူရင်းစာရေးသူက အနောက်နိုင်ငံသူလို့ ကျနော် ပြောခဲ့ပြီးပါပြီ။ သူဟာ ဒီစာအုပ်ကို ရေးနိုင်ဖို့အတွက် အတော်ကို ကြိုးကြိုးစားစား သုတေသန လုပ်ထားရှာတာပါ။ အတော် ကြိုးစား ထားတာပါ။ ဒါပေမယ့်လည်း တရုတ်လူမျိုး တစ်ယောက်၊ native တစ်ယောက် မဟုတ်လေတော့ အမှား ဘယ်ကင်းနိုင်မလဲနော်။ တရုတ်ဝေါဟာရ တချို့ကို မှားယွင်းသုံးစွဲထားတာမျိုး ဒီဝတ္ထုထဲမှာ အနည်းအကျဉ်း တွေ့ရပါတယ်။ အဲဒီလို ပါလာပြီ ဆိုရင် တရုတ် ဘာသာပြန် ဆရာက လိမ္မာပါးနပ်စွာ ပြင်ဆင်၊ ဒါမှမဟုတ် ရှောင်တိမ်းသွားတယ်။ ကျနော်လည်း အဲဒီလို နေရာမျိုးဆိုရင် တရုတ် ဘာသာပြန် ဆရာရဲ့ နည်းအတိုင်း လိုက်လိုက်ပါတယ်။ နောက်ပြီး ဒီဝတ္ထုထဲမှာ ပါတဲ့ ထန်ခေတ် ကဗျာတစ်ပုဒ်မှာ ဒုတိယစာကြောင်းကို အဓိပ္ပာယ် မှားပြန်ထားတာ တွေ့ရတယ်။ ဒါကြောင့် ကျနော် အနေနဲ့ မူရင်း ထန်ခေတ်ကဗျာကိုပဲ ကြည့်ပြီး တရုတ်မူရင်းအတိုင်း ပြန်ဆိုထားပါတယ်။ “ခုတင်ထက် လရောင်ဖြာ” ဆိုတဲ့ ကဗျာလေးပါ။

ဒီလောက်ဆိုရင် ဒီဝတ္ထုထဲမှာ ဘာတွေ ဖတ်ရမလဲ၊ ဘာအကြောင်းတွေ ပါမလဲ ဆိုတာ သိလောက်ရောပေါ့။ ၇ နှစ်သမီးကတည်းက ခင်မင်လာကြတဲ့၊ ချစ်ခင်လာကြတဲ့ ကောင်မလေး နှစ်ယောက်ရဲ့ ဘဝအကြောင်းကို တောက်တောက်ပြေးတဲ့ အရွယ်ကစပြီး သေခါနီးအချိန်ထိ စာဖတ်သူကို ဆွဲခေါ်သွားပါလိမ့်မယ်။ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာဟာ သူတို့ရဲ့ လင်ယောက်ျားတွေ အပေါ် ထားတဲ့ ချစ်ခြင်းထက်တောင် ပိုတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ချစ်ချစ်လေ။ အချစ်ငတ်ခဲ့တဲ့ သူရဲ့ ကိုယ်ခန္ဓာမှာ အမြစ်တွယ်နေတဲ့ အတ္တ၊ မာနနဲ့ ပဋိပက္ခ ဖြစ်လာတဲ့ အခါမှာတော့ ကတောက်ကဆ ဆိုတာ ရှိလာတတ်စမြဲပေါ့။ သူတို့နှစ်ယောက် ဘယ်လောက်တောင် ချစ်ကြသလဲ၊ ဘယ်လို ပြဿနာတွေ တက်ကြသလဲ ဆိုတာကိုတော့ ဝတ္ထုထဲမှာပဲ ဆက်လက် ရှုစားကြပါတော့ ပြောကြားရင်း …..

မူရင်း – Snow Flower and the Secret Fan by Lisa See

ဖြိုးကျော်

 

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *