ကျွန်မ၏ မိဘများက သမီးတစ်ယောက် အိမ်ပြန်ရောက်လာသည်ကို တွေ့မြင်ရ၍ အင်မတန်မှ ဝမ်းမြောက် ပျော်ရွှင်နေကြသည်။ သို့သော် ကျွန်မ၏ ယောက္ခမအိမ်မှ ထည့်ပေးလိုက်သော မုန့်ချိုများကို မြင်ရသည့်အခါတွင် ပိုမို၍ပင် ပျော်ရွှင်ကြသည်ဟု ကျွန်မ တွေးထင်မိသည်။ အမှန်အတိုင်း ဝန်ခံရမည် ဆိုလျှင် သူတို့ကို တွေ့မြင်ရသည့်အတွက် ကျွန်မ ဝမ်းမမြောက်လှပါ။ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုလုံး ကျွန်မကို လိမ်ညာခဲ့ကြသည် မဟုတ်လား။ ထိုကိစ္စက ကျွန်မ၏ ရင်ထဲ၌ တအုံနွေးနွေး မြှိုက်လောင်နေဆဲပင် ရှိနေသေးသည်။ ယခုအခါတွင် ကျွန်မသည် စိတ်မချမ်းမြေ့ဖွယ် ခံစားချက်များကို မြစ်ရေလျဉ်ဖြင့် ဆေးကြောပစ်လိုက်နိုင်သည့် ကလေးမလေး မဟုတ်တော့ပေ။ ကျွန်မ၏ မိသားစုကို ပျစ်ပျစ်နှစ်နှစ် စွပ်စွဲ ပြစ်တင်ပစ်လိုက်ချင်သည်။ သို့သော် သားသမီးတစ်ယောက်အနေဖြင့် စောင့်ထိန်းရမည့် ဝတ္တရားများကို လိုက်နာရန် တာဝန်ရှိသောကြောင့် ကျွန်မ အောင့်အည်းသည်းခံနေလိုက်သည်။ သို့ဖြင့် ကျွန်မ၏ မကျေနပ်မှုကို အနုနည်းဖြင့် ပြသခဲ့သည်။ တတ်နိုင်သလောက် သူတို့နှင့် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ခပ်ကင်းကင်း နေနေလိုက်တော့သည်။
အစပိုင်း၌ ကျွန်မ၏ မိသားစုက ထိုအပြောင်းအလဲကို သတိထားမိပုံ မရပေ။ သူတို့က ထုံးစံရှိသည့်အတိုင်း ပြုမြဲပြု၍ ပြောမြဲ ပြောနေကြသည်။ ကျွန်မကလည်း သူတို့၏ ချဉ်းကပ်မှုများကို ငြင်းဆန်ရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ မာမားက ကျွန်မ၏ အင်္ဂါဇာတ်ကို စစ်ဆေးကြည့်လိုသည်။ သို့သော် ကျွန်မက ရှက်သည်ဟု ဆိုကာ သူ့ကို ငြင်းဆန်လိုက်သည်။ စိန်စိန်းက ကာမစပ်ယှက်သည့်အကြောင်း မေးလာသည်။ သို့သော် ကျွန်မက အလွန်အင်မတန် ရှက်ရွံ့ဟန်ဆောင်လျက် အနားမှ ထထွက်လာခဲ့သည်။ ပါပါးက ကျွန်မ၏လက်ကို ဆုပ်ကိုင်ရန် ကြိုးစားသည်။ သို့သော် လင်ရှိမယားတစ်ယောက်အတွက် ထိုသို့သော အပြုအမူမှာ မသင့်လျော်တော့ကြောင်း စောင်းပါးရိပ်ခြည် ပြောခဲ့သည်။ တာ့ကောက ရယ်စရာ ပုံပြင်များ ပြောရန် ကျွန်မကို အဖော်ညှိသည်။ သူ့အနေဖြင့် သူ့ဇနီးကိုသာ အဖော်ပြုသင့်ကြောင်း ကျွန်မက သူ့အား ပြောခဲ့သည်။ အော့တိက ကျွန်မ၏ မျက်နှာထားကို မြင်ရသည်နှင့် အဝေးတစ်နေရာတွင် ရှောင်နေတော့သည်။ ထိုအခြေအနေကို ပြောင်းလဲသွားဖို့ ကျွန်မ ကြိုးစားလိမ့်မည် မဟုတ်ပါ။ သူ မိန်းမရသည့် အခါတွင် သိလာပါလိမ့်မည်ဟုသာ နွေးနွေးထွေးထွေး အကြံပြုခဲ့သည်။ စူးစူတစ်ယောက်တည်းသာလျှင် စိတ်ရှုပ်ထွေးသော အကြည့်နှင့် ကိုယ်အင်္ဂါများ စိတ်လှုပ်ရှားစွာ တုန်ယင်လျက် ကျွန်မထံမှ သနားကရုဏာကို ငံ့လင့်နေသည်။ သို့သော် ကျွန်မ ဘာမျှ ထုတ်မပြောခဲ့ပါ။ ကျွန်မ၏ လုပ်မြဲကိစ္စများကို ဆက်လက် လုပ်ဆောင်နေခဲ့သည်။ အပေါ်ထပ် အမျိုးသမီးဆောင်ထဲတွင် လုပ်စရာ ရှိသည်တို့ကို တိတ်ဆိတ်ငြိမ်သက်စွာ လုပ်ဆောင်နေခဲ့သည်။ ကျွန်မ၏ ကိုယ်နှုတ်နှစ်ပါးကို ယဉ်ကျေးအောင် ပြုမူနေထိုင်ခဲ့သည်။ လွန်လွန်ကျွံကျွံ မပြောမိစေရန် စောင့်ထိန်းခဲ့သည်။ ဤအိမ်တွင် ကျွန်မ၏ မောင်ငယ်မှလွဲ၍ ကျန်သူအားလုံးမှာ ကျွန်မထက် အသက်ကြီးရင့်သူများ ဖြစ်သည်။ အိမ်ထောင်ကျပြီးသူတစ်ယောက် ဖြစ်နေပါစေ၊ သူတို့ကို တစ်စုံတစ်ရာ စွပ်စွဲပြစ်တင်ရန် ကျွန်မတွင် အခွင့်အာဏာ မရှိပေ။
သို့သော် ဤအတိုင်း ဆက်နေသွားရန် ရေရှည် မဖြစ်နိုင်သည့်အပြင် ကြာလာသည်နှင့်အမျှ ကျွန်မ၏ အမူအရာကို သတိမထားမိဘဲ နေမည် မဟုတ်ပေ။ ကျွန်မ၏ အပြုအမူက အဘက်ဘက်တွင် ယဉ်ကျေးချိုသာသည်ဟု ဆိုနိုင်စေကာမူ မာမားအတွက်တော့ ဤအပြုအမူမှာ လက်ခံနိုင်လောက်စရာ မရှိပေ။ ဤအိမ်အတွင်း၌ လူအများကြီး ရှိနေပါလျက် အများနှင့် ဖယ်ကာ ကျွန်မတစ်ယောက်တည်း သီးခြားခွဲနေသည့် အပြုအမူကို သူက သဘောထားသေးသိမ်မှုဟု ယူဆသည်။
အိမ်သို့ ပြန်ရောက်ပြီး ငါးရက်မြောက်သောနေ့တွင် မာမားသည် စိန်စိန်းကို ရေနွေးကြမ်း စီစဉ်ပေးရန် ခိုင်းစေပြီး အပေါ်ထပ်မှ ပ,ထုတ်ပစ်လိုက်သည်။ စိန်စိန်း ထွက်သွားသည်နှင့် တစ်ပြိုင်နက် မာမားသည် အခန်းတွင်း ဖြတ်လျှောက်လာပြီး ကျွန်မထိုင်နေသော စားပွဲနံဘေးတွင် သူ၏ တောင်ဝှေးကို မေးတင်ကာ ကျွန်မ၏ လက်မောင်းကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။ သူ၏ လက်သည်းများက ကျွန်မ၏ အသားထဲသို့ ဖောက်ဝင်သွားကြတော့သည်။
“အခု ညည်းကိုယ်ညည်း ဘာကောင်မများ အောက်မေ့နေလို့လဲ” ကျွန်မ ထင်ထားသည့်အတိုင်း သူ တရှူးရှူး တရှဲရှဲနှင့် ဒေါသထွက်နေသည်။
“သူကြီးသားနဲ့ အိပ်လိုက်ရလို့ ညည်းကိုယ်ညည်း သိပ်အဆင့်မြင့်သွားပြီ ထင်နေတာလား”
သူ့မျက်လုံးများကို ကျွန်မ တည့်တည့် စိုက်ကြည့်လိုက်သည်။ သူ့ကို တစ်ခါသားမျှ ကျွန်မ မရိုမသေ မဆက်ဆံခဲ့ဖူးပါ။ ယခုမူ ကျွန်မ၏ မျက်နှာပေါ်တွင် ဒေါသ၏ အခိုးအငွေ့များ ပြည့်လျှမ်းလာသည်။ သူကလည်း ကျွန်မကို တန်ပြန် စိုက်ကြည့်နေသည်။ သူ၏ အေးစက်သော အကြည့်များဖြင့် ကျွန်မကို ချည့်နဲ့သွားအောင် လုပ်နိုင်လိမ့်မည်ဟု ယုံကြည်ထားဟန် တူသည်။ သို့သော် သူ့အကြည့်ကို ကျွန်မ လွှဲဖယ်မပစ်ခဲ့ပါ။ ထို့နောက် လျှပ်တစ်ပြက်အတွင်း ကျွန်မလက်မောင်းကို လွှတ်ပြီး နောက်တစ်လှမ်းဆုတ်ကာ ကျွန်မ၏ ပါးကို အားပါးတရ လွှဲရိုက်ချလိုက်သည်။ ရိုက်ချက်ကြောင့် တစ်ဘက်သို့ စောင်းငဲ့သွားသော ကျွန်မ၏ ဦးခေါင်းကို ချက်ချင်း ပြန်ထောင်မတ်ကာ သူ၏ မျက်လုံးများကို နောက်တစ်ကြိမ် ပြန်စိုက်ကြည့်နေလိုက်သည်။ ထိုအပြုအမူက မာမား၏ ရင်ကို ထပ်မံ ထိုးဆွလိုက်ဟန် တူသည်။
“ညည်းရဲ့ အပြုအမူက ငါတို့ကို ဂုဏ်သိက္ခာမဲ့အောင် လုပ်နေသလိုပဲ” သူက ပြောသည်။
“နည်းနည်းလေးမှ အရှက်မရှိဘူး”
“အရှက်မရှိဘူး …” ကျွန်မက အသံ ခပ်တိုးတိုးဖြင့် ပြန်လည် ရေရွတ်လိုက်သည်။ ကျွန်မ၏ တည်ငြိမ်သော ပဲ့တင်သံသည် သူ၏ ဒေါသအိုးကို ယမ်းဖြူးပေးသကဲ့သို့ ဖြစ်နေမည် ဖြစ်ကြောင်း ကျွန်မ သိနေသည်။ ထို့နောက် ကျွန်မသည် သူ၏ လက်မောင်းကို ဖမ်းဆုပ်ကာ မျက်နှာချင်းဆိုင် စကားပြောနိုင်ရန်အတွက် ကျွန်မနံဘေးရှိ ထိုင်ခုံပေါ်သို့ သူ့ကို ဆွဲချလိုက်သည်။ သူ၏ တောင်ဝှေးက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
အောက်ထပ်မှ စိန်စိန်း၏အသံ ထွက်ပေါ်လာသည်။
“အဆင်ပြေရဲ့လား၊ ယောင်းမ”
မာမားက အေးတိအေးစက် လေသံဖြင့် ပြန်ဖြေသည်။
“ကိစ္စ မရှိဘူး။ ရေနွေးရရင်သာ အပေါ် ယူခဲ့ပေးပါ”
ကျွန်မ၏ ခန္ဓာကိုယ်မှာ ဒေါသကြောင့် တသိမ့်သိမ့် တုန်နေသည်။ ထိုအချက်ကို သတိထားမိသော မာမားက ကျွန်မကို ကြည့်ပြီး ပြုံးနေတော့သည်။ ကျွန်မသည် မာမား၏ လက်မောင်းကို သူ ဆုပ်ကိုင်ခဲ့သကဲ့သို့ ပေါက်ထွက်မတတ် ဖမ်းဆုပ်ထားသည်။ ထို့နောက် တခြားသူများ မကြားစေခြင်းအလို့ငှာ အသံကို နှိမ့်လျက် ပြောလိုက်သည်။
“မာမားက လူညာမကြီးပဲ။ မာမားနဲ့ အိမ်မှာ ရှိတဲ့ လူတွေ အားလုံးက သမီးကို လိမ်ခဲ့ ညာခဲ့ကြတယ်။ ရွှယ်ဟွားရဲ့ အကြောင်းကို ဘယ်တော့မှ မသိနိုင်တော့ဘူးလို့များ မာမားတို့ ထင်နေကြတာလား”
“ငါတို့ ညည်းကို ပြောမပြခဲ့ဘူး ဆိုတာက ရွှယ်ဟွားကို ငဲ့ညှာခဲ့လို့ပဲ” သူက ညည်းညူသံဖြင့် ပြန်ဖြေသည်။
“ငါတို့ ရွှယ်ဟွားကို ချစ်တယ်။ သူကလေးက ဒီမှာ ပျော်နေရှာတာ။ ညည်းအမြင်တွေကို ပြောင်းလဲသွားအောင် ငါတို့က ဘာအကြောင်းကြောင့် လုပ်ပစ်ရမှာလဲ”
“ပြောပြတော့ရော သမီးက သူ့အပေါ် ဘာပြောင်းလဲသွားနိုင်မှာမို့လဲ။ သူက သမီးရဲ့ လောင်ထုံးလေ”
မာမားက မေးစေ့ကို အရှေ့သို့ ငေါထုတ်ပြီးနောက် သူ၏ ဗျူဟာကို တစ်မျိုး ပြောင်းပစ်လိုက်သည်။
“ငါတို့ လုပ်ခဲ့သမျှဟာ ညည်း ကောင်းစားဖို့အတွက်ချည်းပဲ”
ကျွန်မ၏ လက်သည်းများက သူ၏ လက်မောင်းထဲသို့ ပိုမို စူးဝင်သွားကြသည်။
“သမီး ကောင်းစားဖို့ ဆိုတာထက် မာမားတို့ ကောင်းစားဖို့အတွက် ဆိုရင် ပိုမှန်လိမ့်မယ် ထင်တယ်”
ကျွန်မ၏ လက်သည်းများကြောင့် နာကျင်မှု ဝေဒနာကို သူ ကောင်းကောင်း ခံစားနေမည်မှာ သေချာသည်။ သို့သော် သူ၏ ကိုယ်ခန္ဓာက နာကျင်ခံခက် ဖြစ်နေရမည့်အစား နူးညံ့ပျော့ပျောင်းသည့်ပုံ ပေါက်လာသည်။ သူ့နှုတ်မှ ဆင်ခြေဆင်လက်များ ထွက်ကျလာလိမ့်မည်ဟု ကျွန်မ မျှော်လင့်ထားပြီး ဖြစ်သည်။ သို့သော် သူ ပေးလာသည့် ဆင်ခြေမှာ ဤသို့ဤပုံ ဖြစ်နေလိမ့်မည်ဟု ကျွန်မ မည်သည့်အခါကမျှ တွေးမထင်ထားခဲ့ဖူးချေ။
“သမီးတို့နှစ်ယောက်ရဲ့ ရင်းနှီးမှု အတိုင်းအတာနဲ့ သမီးရဲ့ အပြစ်ကင်းစင်တဲ့ ခြေထောက်က သာယာကောင်းမွန်တဲ့ အိမ်ထောင်ရေးတစ်ခုကို ဖော်ဆောင်ပေးနေကြတယ်။ အဲဒါ သမီးတစ်ယောက်တည်း အတွက်တင် မဟုတ်ဘူး။ သမီးရဲ့ ညီမလေးအတွက်ပါ အကောင်းတွေကို ဖန်တီးပေးနိုင်တယ်။ မေရွက်လည်း ပျော်ရွှင်တဲ့ ဘဝမျိုး ရလာနိုင်တယ်”
သူ၏ ဆင်ဝှေ့ရန်ရှောင် စကားက ကျွန်မ၏ သည်းခံနိုင်စွမ်းကို ဖောက်ခွဲနေသည်။ သို့သော် ကျွန်မကိုယ်ကျွန်မ တည်ငြိမ်အောင် ကြိုးစားလိုက်သည်။
“မေရွက်က လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကမှ ဆုံးသွားခဲ့တာပါ” ကျွန်မ၏ အသံက အက်ကွဲကွဲ ထွက်ပေါ်လာသည်။
“ရွှယ်ဟွား ဒီအိမ်ကို ရောက်တာ ဟိုးလွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းကပဲ။ မာမားတို့က သမီးကို သူ့အခြေအနေမှန် ရှင်းပြဖို့ အချိန် နည်းနည်းကလေးမှတောင် မရခဲ့ဘူးလား”
“မေရွက် …”
“ဒီကိစ္စက မေရွက်နဲ့ မဆိုင်ပါဘူး”
“ညည်းက သူ့ကို အပြင် ခေါ်ထုတ်သွားခဲ့တာလေ။ ညည်းသာ အဲဒီလို မလုပ်ခဲ့ဘူးဆိုရင် ဒီနေ့ ဒီနေရာမှာ သူရော ရှိချင် ရှိနေမှာ။ ညည်းကြောင့် ညည်းစိန်စိန်းလည်း အသည်းကွဲခဲ့ရတယ်”
မျောက်နှစ်မွေးသော မာမားထံမှ ဤသို့သော ကူလီကူမာ စကားလုံးများ ထွက်လာနိုင်သည်ဟု ကျွန်မ ကြိုတင် မှန်းဆထားသင့်ပါသည်။ မည်သို့ပင်ဆိုစေ၊ သူ၏ ထိုးနှက်ချက်က အင်မတန် ပြင်းထန်လွန်းနေသည်။ မယုံကြည်နိုင်လောက်အောင် အညှာအတာ ကင်းမဲ့လွန်းလှသည်။ သို့သော် ကျွန်မ ဘာတတ်နိုင်မည်နည်း။ ကျွန်မသည် ကိုယ်ဝန်ဆောင်ပြီး ဤအိမ်မှ အပြီးအပိုင် ထွက်ခွာမသွားမချင်း ဤမိသားစုကို မှီခိုနေရပေဦးမည်။ မြင်းနှစ်မွေးသော မိန်းကလေးတစ်ယောက် အနေဖြင့် အကြံအဖန်များသော မျောက်တစ်ကောင်ကို မည်သို့ ယှဉ်နိုင်ပါအံ့နည်း။
မာမားက သူ၏ အသာစီးရနေမှုကို ရိပ်စားမိသွားပုံ ရသည်။
“ညည်းသာ သမီးအလိမ္မာတစ်ယောက်ဆိုရင် ငါ့ကို ကျေးဇူးတင်သင့်တယ်”
“ဘာကို ကျေးဇူးတင်ရမှာလဲ”
“ငါ ကိုယ်တိုင်တောင် ဒီတစ်သက် ဘယ်လိုမှ မရနိုင်တဲ့ ဘဝမျိုး ညည်းကို ပေးခဲ့တာလေ” သူက သူ၏ ပုံပျက်နေသော ခြေထောက်များကို လက်ညှိုးထိုးပြသည်။
“ငါကိုယ်တိုင် ညည်းရဲ့ ခြေထောက်တွေကို စည်းပေး၊ ထုပ်ပေးခဲ့တယ်။ အခုတော့ ထိုက်သင့်တဲ့ အကျိုးကျေးဇူးတွေ ခံစားနေရပြီ မဟုတ်လား”
သူ၏ စကားလုံးများက ကျွန်မကို အတိတ်၏ အချိန်ကာလများဆီသို့ လွင့်မျောသွားစေခဲ့သည်။ ခြေထောက် စည်းနှောင်ခံထားရခြင်းကြောင့် အဆိုးရွားဆုံးသော နာကျင်ခံခက်မှုများ ခံစားနေရသည့်အချိန်တွင် ဤသို့သော ကတိစကားမျိုးကို သူ အကြိမ်ကြိမ် အထပ်ထပ် ပြောပြခဲ့ဖူးသည်။ ထို အလွန်အမင်း ဆိုးရွာသော နေ့ရက်များအတွင်း၌ သူ့ထံမှ စိုးစဉ်းမျှသော မိခင်မေတ္တာကိုပင် ခံစားခဲ့ရခြင်း မရှိကြောင်း ကျွန်မ ထိတ်လန့်တုန်လှုပ်စွာ သိရှိနားလည်လာသည်။ ထိုစဉ်က ကျွန်မအပေါ်သို့ ကျရောက်လာခဲ့သော နာကျင်မှု ဝေဒနာ အစုစုတို့သည် သူ၏ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒနှင့် တောင့်တမှုများကို ဖြည့်စွမ်းပေးရန်အတွက်သာ ဖြစ်သည်။
ကျွန်မရင်တွင်း၌ တောက်လောင်နေသော ဒေါသမီးများနှင့် စိတ်ပျက်ညစ်ညူးခြင်းတို့က သည်းခံနိုင်သည့် အဆင့်ကို ကျော်လွန်လာကြသည်။
“နောက်နောင် ဘယ်တော့မှ မာမားတို့ဆီကနေ ကြင်နာမှု တစ်စုံတစ်ရာ ရလာလိမ့်မယ်လို့ မမျှော်လင့်တော့ဘူး” သူ့လက်မောင်းကို အကြမ်းပတမ်း လွှတ်ချပစ်လိုက်သည်။
“ဒါပေမယ့် မြဲမြဲ မှတ်ထားပါ။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဒီမိသားစုကြီးကို အုပ်ချုပ်နိုင်တဲ့ အခွင့်အာဏာရအောင် မာမား သမီးကို လုပ်ပေးခဲ့တယ်။ စိတ်ချပါ။ အဲဒီလို ထက်မြက်တဲ့၊ အပေးအကမ်း ရက်ရောတဲ့ မိန်းမတစ်ယောက် ဖြစ်လာအောင် သမီး လုပ်ပြမယ်။ ဒါပေမယ့် မာမားတို့ရဲ့ လုပ်ရပ်အပေါ် သမီး ခွင့်လွှတ်လာလိမ့်မယ်လို့တော့ ဘယ်တော့ ဘယ်တော့မှ မမျှော်လင့်ပါနဲ့”
မာမားသည် ခါးကို ကိုင်း၍ တောင်ဝှေးကို ကောက်ယူပြီး ကိုယ်ကို တောင်ဝှေးဖြင့် ထောက်မှီထားလိုက်သည်။
“ညည်းကို အိမ်ထဲ ခေါ်သွင်းမိတဲ့ လူးမိသားစုကိုတော့ သနားမိပါရဲ့။ ညည်း ဒီအိမ်ကနေ အပြီးအပိုင် ထွက်သွားမယ့်နေ့က ငါ့ဘဝရဲ့ အပျော်ဆုံးနေ့တစ်နေ့ ဖြစ်လာလိမ့်မယ်။ အဲဒီမတိုင်ခင်တော့ ညည်းအချိုးတွေကို ပြင်ထားရင် ကောင်းမယ်”
“မပြင်ဘူး ဆိုရင်ရော … သမီးကို အငတ်ထား မလို့လား”
မာမားက ကျွန်မကို သူစိမ်းတစ်ယောက်အလား စိုက်ကြည့်နေသည်။ ထို့နောက် သူ့ထိုင်ခုံ ရှိရာသို့ ထော့နင်းထော့နင်းဖြင့် လှည့်ထွက်သွားလေတော့သည်။ ရေနွေးကြမ်းခရားနှင့် အပေါ်ထပ်သို့ စိန်စိန်း ရောက်လာသည့်အခါတွင် သူ ဘာမျှ ထပ်မပြောတော့ပေ။
နောက်ပိုင်း အချိန်ကာလများတွင် အခြေအနေမှာ များစွာ ထူးခြားသွားခြင်း မရှိပေ။ အိမ်တွင်းရှိ တခြားသူများ ဖြစ်ကြသော မောင်နှစ်ယောက်၊ စိန်စိန်း၊ စူစူးနှင့် ပါပါးတို့အပေါ်တွင် ကျွန်မ၏ သဘောထားမှာ အတန်ငယ် ပျော့ပျောင်းလာသည်။ မာမားကိုမူ ကျွန်မ၏ ဘဝထဲမှ လုံးဝ ထုတ်ပစ်ထားလိုက်ချင်သည်။ သို့သော် လက်ရှိအခြေအနေအရ ထိုသို့ ပြုလုပ်ရန် လုံးဝ မဖြစ်နိုင်ပေ။ ကိုယ်ဝန်လွယ်ပြီး မီးဖွားရန် အဆင်သင့် ဖြစ်သည်အထိ ဤအိမ်တွင် ကျွန်မ ဆက်ရှိနေရပေဦးမည်။ ကျွန်မ၏ ခင်ပွန်းအိမ်သို့ အပြီးအပိုင် ပြောင်းရွှေ့သွားပြီးသည့် နောက်၌ပင်လျှင် ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများအရ ကျွန်မသည် မိဘအိမ်သို့ တစ်နှစ်အတွင်း၌ အကြိမ်ပေါင်းများစွာ မဖြစ်မနေ ပြန်လာရပေဦးမည်။ သို့သော် စိတ်ပိုင်းဆိုင်ရာအရ မာမားနှင့် အမှီအခိုကင်းရန် ကျွန်မ ကြိုးစားခဲ့သည်။ ကျွန်မတို့ တစ်မိုးတစ်ရံအောက်ရှိ အခန်းတစ်ခန်းထဲတွင် အတူတူ ရှိနေကြသော်လည်း မိခင်၏ ကြင်နာမှုကို မလိုအပ်တော့သည့် အရွယ်ရောက်သူ မိန်းမကြီးတစ်ယောက်နှယ် ပြုမူနေထိုင်ခဲ့သည်။ အပြင်ပန်းတွင် ဓလေ့ထုံးတမ်းနှင့် စည်းမျဉ်းစည်းကမ်းများကို တစ်သဝေမတိမ်း လိုက်နာ ဆောင်ရွက်နေသော်လည်း ကျွန်မ၏ ခံစားချက်များကို တစ်ခါတစ်ရံ လှစ်ဟပြတတ်သည်မှ အပ ကျန်အချိန်များတွင် ကျွန်မ၏ မကျေနပ်ချက်များအတွက် တိတ်တဆိတ် ဆန္ဒပြနေခဲ့သည်။ ဤသို့သော အနေအထိုင်မျိုးကို ကျွန်မတစ်သက်တာတွင် ပထမဆုံးအကြိမ် ဆောင်ရွက်ရခြင်း ဖြစ်သော်လည်း အားလုံးနှင့် အဆင်ပြေကြောင်း တွေ့ရှိလာရသည်။ မိသားစုက ကျွန်မ၏ အပြုအမူကို အလိုက်အထိုက် လက်သင့်ခံလာကြသည်။ ကျွန်မသည် ယခင်ကအတိုင်း သမီးအလိမ္မာတစ်ယောက် ဖြစ်မြဲ ဖြစ်နေဆဲပင်။ နောက်ပိုင်းကာလ၌ ဤသို့သော အပြုအမူမျိုးကို နောက်တစ်ကြိမ် ထပ်လုပ်ခဲ့ပါသေးသည်။ အကြောင်းအရင်းက ကွဲပြားခြားနားသောကြောင့် ရလဒ်မှာလည်း အတိဒုက္ခနှင့် ထုံးမွှမ်းထားသော ရလဒ်တစ်ခုသာ ဖြစ်ပေါ်လာခဲ့သည်။
ရွှယ်ဟွားသည် ကျွန်မကို ယခင်ကထက် ပိုမို၍ ခင်မင်တွယ်တာလာသည်။ တစ်ယောက်ကိုတစ်ယောက် မကြာခဏ စာရေးဆက်သွယ်တတ်ကြပြီး အောင်သွယ်တော်ဝမ်က ကျွန်မတို့၏ စာများကို ပို့ဆောင်ပေးရသည်။ သူ၏ အခြေအနေကို ကျွန်မ စိတ်ပူနေသည်။ သူ၏ ယောက္ခမက သူ့ကို ကောင်းကောင်းမွန်မွန်မှ ဆက်ဆံပါ၏လော။ ကာမစပ်ယှက်သည့်ကိစ္စကို သူ မည်သို့ ရင်ဆိုင်ဖြေရှင်းနေသနည်း။ သူ့မိဘအိမ်၏ အခြေအနေက ပိုမို ဆိုးရွာလာနေသလော။ ထို့နောက် ကျွန်မသည် သူ့ကို ယခင်ကကဲ့သို့ ဂရုတစိုက် မရှိတော့မည့် အရေးကိုလည်း သူက စိုးရိမ်နေခဲ့သည်။ ကျွန်မတို့ လူချင်း တွေ့ဆုံချင်ကြသည်။ သို့သော် ယခင်လို ခန်းဝင်ပစ္စည်း လုပ်ရန် ဟူသော အကြောင်းပြချက်မျိုးဖြင့် ကျွန်မတို့ တွေ့ဆုံ၍ မရတော့ပေ။ ကျွန်မတို့ကို ခွင့်ပြုထားသည့် တစ်ခုတည်းသော ခရီးစဉ်မှာ လင်ယောက်ျားအိမ်သို့ ယာယီ အလည်သွားရောက်ခြင်းမျှသာ ရှိသည်။
ကျွန်မ၏ ခင်ပွန်းထံသို့ တစ်နှစ်လျှင် လေး၊ ငါးရက်မျှ သွားရောက်တတ်သည်။ အိမ်မှ ထွက်ခွာသည့် အချိန်တိုင်းတွင် မိဘအိမ်ရှိ မိန်းမများက မျက်ရည်လည်ရွှဲ နှုတ်ဆက်တတ်ကြသည်။ ထိုသို့ ထွက်ခွာသည့် အခါတိုင်းတွင် ကျွန်မအနေဖြင့် ကိုယ့်ရိက္ခာနှင့်ကိုယ် အမြဲ သယ်သွားရသည်။ ယောက္ခမအိမ်သို့ တရားဝင် မပြောင်းရွှေ့ရသေးသရွေ့ သူတို့က ကျွန်မအတွက် အစားအစာ စီစဉ်ပေးလိမ့်မည် မဟုတ်ပေ။ ထုံးခိုတွင် နေရသည့် ကာလအတွင်း၌ ကျွန်မအပေါ် ပြုမူဆက်ဆံကြပုံကို ကြည့်၍ ကျွန်မ အားတက်ခဲ့ရသည်။ မိဘအိမ်သို့ ပြန်ရောက်သည့် အခါတွင်လည်း ကျွန်မမိသားစု၏ ခံစားချက်များက ချိုတိုတို ခါးတားတား ဖြစ်နေကြသည်။ သူတို့နှင့် ခွဲခွာခဲ့ရသည့် ညများတွင် ကျွန်မသည် သူတို့အတွက် အဖိုးတန် ရတနာတစ်ပါးအဖြစ် ထင်မှတ်ခံရပြီး မကြာခင် အပြီးအပိုင် ခွဲခွာသွားတော့မည် ဟူသည့် အမှန်တရားကို ဆေးခါးကြီးသဖွယ် မဝံ့မရဲ သောက်မျိုနေကြရသည်။
အကြိမ်များစွာ ခရီးထွက်ပြီးသည်နှင့် အမျှ ကျွန်မလည်း ယခင့်ယခင်ကထက် ပိုမို ရဲတင်းလာတော့သည်။ ခရီးလမ်းကြောင်းကို အလွတ်ရ မှတ်မိသည်အထိ ဝေါယာဉ်၏ ပြတင်းမှ အပြင်သို့ ငေးကြည့်နေတတ်သည်။ ရွှံ့ထူသော၊ လှည်းဘီးရာ အပြိုင်းအရိုင်း မွထနေသော လမ်းကျဉ်းကလေးကိုသာ ယေဘုယျအားဖြင့် သွားလာနေရသည်။ စပါးခင်းများနှင့် ကန်စွန်းခင်းများက လမ်းဘေးဝဲယာတွင် မျက်စိတစ်ဆုံး ရှုမဆုံးအောင် ပျံ့နှံ့နေသည်။ ထုံးခို၏ ရွာစွန် ဆင်ခြေဖုံးတွင် ထင်းရှူးပင်တစ်ပင်က လမ်းမပေါ် ကိုင်းမိုးလျက် လမ်းသွားလမ်းလာများအား ခရီးဦးကြို ပြုနေသည့်နှယ်။ ဘယ်ဘက် ခပ်လှမ်းလှမ်း တစ်နေရာတွင် ရွာ၏ ငါးမွေးကန်တစ်ကန် ရှိသည်။ ကျွန်မ ဖြတ်ကျော်လာခဲ့သော နောက်ကျောဘက်တွင်မူ မြစ်ကလေးတစ်စင်းက ဝေ့ဝိုက်စီးဆင်းနေသည်။ ကျွန်မ၏ အရှေ့တည့်တည့်တွင်တော့ ရွှယ်ဟွား ပြောပြခဲ့သည့်အတိုင်း ထုံးခိုသည် တောင်ကုန်းတောင်တန်းများ၏ ရင်ခွင်ထဲတွင် တိတ်ဆိတ်အေးချမ်းစွာ တည်ရှိနေသည်။
ထုံးခိုရွာဝင်ပေါက်တွင် အထမ်းသမားများက ကျွန်မကို အောက်သို့ ချပေးလိုက်သည်နှင့် တစ်ပြိုင်နက် ငါးကြင်းကွက်သဏ္ဌာန် ဖြန့်ခင်းထားသော လမ်းခင်းကျောက်တုံးများပေါ်သို့ ကျွန်မ လှမ်းထွက်လိုက်သည်။ ဤနေရာသည် မြင်းခွာပုံသဏ္ဌာန် ရှိ၍ ညာဘက်အခြမ်း၌ ရွာ၏ စပါးကျီ ရှိပြီး ဘယ်ဘက်အခြမ်း၌ မြင်းဇောင်းတစ်ခု ရှိသည်။ ဆေးရောင်စုံ ခြယ်သထားသော ကျောက်ဆစ်ရုပ်တုများဖြင့် အလှဆင်ထားသည့် မုခ်ဦးထောက်တိုင်များပေါ်တွင် အနုစိတ်ပုံဖော်ထားသော ခေါင်မိုးကို တွေ့ရနိုင်သည်။ ၎င်း၏ တံစက်မြိတ်သည် ကောင်းကင်ထက်သို့ ဝေ့ဝိုက်တက်နေကြသည်။ နံရံများပေါ်တွင် ဗောဓိသတ္တတို့၏ ဇာတ်နိပါတ်တော်များကို ရေးဆွဲထားသည်။ အရှေ့ဘက်မုခ်ဦး၏ တံခါးခုံမှာ အလွန်မြင့်သည်။ ထုံးခိုသည် ဤခရိုင်အတွင်း၌ အဆင့်အတန်း အမြင့်ဆုံးသော ရွာတစ်ရွာ ဖြစ်ကြောင်း ဧည့်သည်အားလုံးကို အသိပေးထားသည့် သဘောဖြစ်သည်။ အောနစ်ကျောက်ဖြင့် ထုလုပ်ထားသော ငါးပျံနှစ်ကောင်ကို တံခါး၏ တစ်ဘက်တစ်ချက်စီတွင် ချထားသည်။ ခရီးသွားများ မြင်းပေါ်မှ အလွယ်တကူ သက်ဆင်းနိုင်ရန် ခြေနင်းခုံအဖြစ် ပြုလုပ်ပေးထားခြင်း ဖြစ်သည်။
မုခ်ဦးတံခါးကို လွန်လိုက်သည်နှင့် ထုံးခို၏ ပင်မခြံဝန်းထဲသို့ ရောက်ရှိသွားသည်။ ၎င်းမှာ ကျယ်ပြန့်ပြီး ဧည့်သည်များကို ခရီးဦးကြို ပြုနေသည့်အပြင် ဖုန်းရွှေ အစီအမံများဖြင့် ဒီဇိုင်းရေးဆွဲထားသော ရှစ်မြှောင့်ပုံ လိပ်ခုံးမိုးကြီးကလည်း လက်ရာမြောက်စွာ အုပ်မိုးပေးထားသည်။ ကျွန်မ၏ ညာဘက်ရှိ ဒုတိယဂိတ်ဝမှ အထဲသို့ ဝင်သွားမည် ဆိုလျှင် ထုံးခို၏ ဘုံဧည့်ခန်းမဆောင်သို့ ရောက်ရှိပေလိမ့်မည်။ ၎င်းနေရာတွင် သာမန် ဧည့်သည်များကို ဧည့်ခံကြိုဆိုမှုများနှင့် ပွဲလမ်းအနည်းငယ်တို့ကို ပြုလုပ်လေ့ရှိသည်။ ၎င်း၏ နောက်တွင် ဘိုးဘွားဘုံကျောင်း ရှိသည်။ ထိုနေရာတွင် သံတမန်များနှင့် အစိုးရအရာရှိများကို ဧည့်ခံကျွေးမွေးတတ်ပြီး မင်္ဂလာဆောင်ကဲ့သို့ ပွဲကြီးလမ်းကြီးများကိုလည်း ကျင်းပလေ့ရှိသည်။ ရွာသူရွာသားများ၏ ပျဉ်ထောင်အိမ်ငယ်များကို ဘုံကျောင်းအလွန်တွင် တွေ့ရနိုင်သည်။
ကျွန်မ၏ ယောက္ခမအိမ်သည် ကျွန်မ၏ ဘယ်ဘက်အခြမ်းရှိ ဒုတိယဂိတ်ပေါက်မှ ဝင်သွားရသည့် အခြားဘက်တစ်ခြမ်းတွင် ခန့်ထည်စွာ တည်ရှိနေသည်။ ဤဧရိယာအတွင်းရှိ အိမ်များအားလုံးမှာ အိမ်ကြီးအိမ်ကောင်းများ ဖြစ်သည်။ သို့သော် ကျွန်မ ယောက္ခမ၏ အိမ်ကမူ ထူးထူးခြားခြား လှပနေသည်။ ဤအိမ်၌ နေထိုင်ရသည်ကို ယနေ့အချိန်အထိ ကျွန်မ ပျော်ရွှင်ဝမ်းမြောက်နေမိသည်။ အိမ်ကြီးမှာ အများသူငါကဲ့သို့ နှစ်ထပ်အိမ် ဖြစ်သည်။ အုတ်တိုက် အမျိုးအစားဖြစ်ပြီး အပြင်ဘက် မျက်နှာစာကို အင်္ဂတေမံထားသည်။ အပြင်ဘက် တံစက်မြိတ်အောက်ရှိ နံရံပေါ်တွင် စာသင်ကြားနေကြသော၊ ဂီတတူရိယာများ တီးမှုတ်နေကြသော၊ လက်ရေးပန်းချီ ရေးဆွဲနေကြသော၊ စာရင်းအင်းများ စစ်ဆေးနေကြသော ချစ်စဖွယ် လုံမပျိုများနှင့် ကြည်ညိုဖွယ် လုလင်ပျိုများ၏ ပန်းချီကားချပ်များကို တွေ့မြင်နိုင်သည်။ ဤသို့သော လုပ်ငန်းဆောင်တာများကို ဤအိမ်ကြီးအတွင်း၌ နေ့စဉ်နှင့်အမျှ ပြုလုပ်နေကြရသောကြောင့် ဤအိမ်ကြီးတွင် နေထိုင်ကြသည့် လူများ၏ အရည်အသွေး၊ အချိန်ကို မည်သို့ အကျိုးရှိစွာ အသုံးချနေပုံ စသည်တို့ကို လမ်းသွားလမ်းလာတို့အား ဤရုပ်ပုံကားချပ်များဖြင့် အသိပေး ကြေညာထားသည်။ အတွင်းဘက် နံရံများကို တောင်ပေါ်မှ ရသည့် သစ်မာများဖြင့် အကွက်ဖော်ထားသည်။ အခန်းများကိုမူ ပန်းပုထွင်း ကော်လန်တိုင်များ၊ မှန်ကူကွက် ပြတင်းတံခါးများ၊ ပန်းကနုတ် လက်ရန်းတန်းများနှင့် အကြီးအကျယ် အလှဆင်ထားကြသည်။
ဧည့်ခန်းဆောင်အတွင်းသို့ ပထမဆုံးအကြိမ် ရောက်ရှိစဉ်အခါက ယနေ့အချိန်အခါကဲ့သို့ ကြီးကျယ်ခန့်ညားသော ပရိဘောဂပစ္စည်းများ၊ ပြောင်ဝင်းနေသော သစ်သားကြမ်းခင်း၊ မြင့်မားသော လေသာပြတင်းများမှ တဖြူးဖြူး တသုန်သုန် တိုက်ခတ်နေကြသော လေပြေအေးကလေးများနှင့် အရှေ့ဘက်နံရံတစ်လျှောက်တွင် စိန်မှန်ကူကွက်သဏ္ဌာန် ပုံဖော်အလှဆင်ထားသော သစ်သားလေသာဆောင်သို့ သွားရာ လှေကားထစ်များကို တွေ့မြင်ရသည်။ ထိုစဉ်က ကျွန်မ၏ ယောက္ခမများသည် မြေညီထပ်၏ အိမ်နောက်ဘက်အခြမ်းရှိ အကျယ်ဆုံးအခန်းအတွင်း၌ အိပ်စက်ကြသည်။ ကျွန်မ၏ မတ်တစ်ယောက်စီတိုင်းတွင် ကိုယ်ပိုင် အခန်းများ ရှိကြပြီး ဧည့်ခန်းဆောင်၏ ပတ်ပတ်လည်တွင် တည်ရှိကြသည်။ အချိန်ကာလတစ်ခုသို့ ရောက်ရှိသောအခါတွင် သူတို့၏ ဇနီးများက ထိုအိပ်ခန်းများထဲသို့ ရောက်ရှိလာကြသည်။ အကယ်၍ သူတို့တွင် သားယောက်ျားလေး မထွန်းကားပါက ထိုမိန်းမများသည် အခြားသော အခန်းတစ်ခုခုသို့ ပြောင်းရွှေ့ပေးရပြီး ၎င်းတို့၏ နေရာတွင် အငယ်အနှောင်းများ သို့တည်းမဟုတ် မွေးစားချွေးမများက အစားဝင်ရောက်လာတော့သည်။
ကျွန်မ၏ အလည်အပတ် ခရီးစဉ်အတွင်း၌ ညအချိန်သည် ကျွန်မခင်ပွန်းသည်နှင့် သံဝါသပြုရန်သာ ဦးစားပေး ဆောင်ရွက်ကြရသည်။ ကျွန်မတို့ သားတစ်ယောက် ရရှိရန် လိုအပ်သည်။ သို့ဖြင့် သားတစ်ယောက် မျက်နှာမြင်နိုင်ဖို့အရေး လိုအပ်သည့် အရာမှန်သမျှကို ကျွန်မတို့ နှစ်ယောက်စလုံးက အထူး ကြိုးစားဆောင်ရွက်ကြသည်။ ထိုကိစ္စမှ လွဲလျှင် ကျွန်မတို့ လင်မယားနှစ်ယောက်သည် တစ်ယောက်မျက်နှာကို တစ်ယောက်က မြင်ရခဲလှသည်။ သူက သူ၏ နေ့အချိန်များကို သူ့ဖခင်နှင့် ဖြတ်သန်းကာ ကျွန်မက သူ့မိခင်နှင့် ဖြတ်သန်းနေရသည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ကျွန်မတို့သည် တစ်ယောက်အကြောင်းကို တစ်ယောက်က ပိုမို သိရှိလာကြသည်။ ထို့သို့သော အကြောင်းကြောင့်လည်း ကျွန်မတို့၏ ညပိုင်း လင်မယားကိစ္စများက ဝတ်ကျေတန်းကျေ အဆင့်ထက် ပိုလွန်လာတော့သည်။
အိမ်ထောင်ရေး အများစုမှာကဲ့သို့ ဆက်ဆံရေးကောင်းတစ်ခု ဖန်တီးနိုင်ရန် ကျွန်မအတွက် အရေးအကြီးဆုံး ပုဂ္ဂိုလ်မှာ ကျွန်မ ယောက္ခမ – ခင်ပွန်း၏ အမေပင် ဖြစ်သည်။ လူးဖူးလန်အကြောင်း ပြောပြခဲ့သော ရွှယ်ဟွား၏ နှုတ်ထွက်စကား အားလုံးမှာ မှန်သည်ဟု ဆိုရမည်။ ကျွန်မ၏ မိဘအိမ်တွင် ပြုလုပ်ခဲ့သကဲ့သို့ အိမ်မှုကိစ္စ အဝဝကို ဤအိမ်၌ ကျွန်မ ပြုလုပ်ခဲ့သည်။ လက်ဖက်ရည်နှပ်ခြင်း၊ နံနက်စာ ပြုလုပ်ခြင်း၊ အဝတ်အစားနှင့် အိပ်ရာခင်းများကို လျှော်ဖွတ်ခြင်း၊ နေ့လယ်စာ ပြင်ဆင်ခြင်း၊ ချုပ်လုပ်ဖာထေးခြင်း၊ ဇာပန်းထိုးခြင်းနှင့် နေ့လယ်ခင်းအချိန်၌ ရက်ကန်းရက်ခြင်းအပြင် နောက်ဆုံး ညစာချက်ပြုတ်ခြင်း စသည်တို့ကို ကျွန်မ၏ ယောက္ခမက မျက်စိဒေါက်ထောက်၍ ကြည့်နေခဲ့သည်။ ယောက္ခမက ကျွန်မကို သူ့စိတ်ကြိုက် စေခိုင်းညွှန်ကြားတတ်သည်။ ဘူးသီးဟင်းခါး ချက်သည့် အခါမျိုးတွင် သူက ဤသို့ ပြောလာတတ်သည်။ “ဘူးသီးစိတ်တွေကို ခပ်သေးသေး စိတ်စမ်းပါအေ” သို့တည်းမဟုတ် “ညည်း ဘူးသီးစိတ်တွေ လှီးထားလိုက်တာများ ဝက်ကျွေးမလို့ ကျနေတာပဲ” ဟူ၍။ ကျွန်မ၏ ရာသီသွေးက အိပ်ရာခင်းပေါ်သို့ ပေကျံသွားသည့် အခါမျိုးတွင် “ချောင်ကြိုချောင်ကြားထဲက အညစ်အကြေးတွေပါ ပြောင်သွားအောင် နာနာ ပွတ်တိုက်စမ်းအေ” ဟု ပြောတတ်သည်။ ဤအိမ်သို့ ကျွန်မ ယူဆောင်လာသော အစာများနှင့် ပတ်သတ်၍လည်း သူက တစ်ချက်နှစ်ချက် အနံ့ခံကြည့်ကာ ဤသို့ ပြောတတ်သည်။
“နောက်တစ်ခါကျရင် အနံ့ပြင်းတဲ့ အစာအစားတွေ ယူမလာနဲ့အေ။ နင့်အနံ့တွေကြောင့် ငါ့ယောက်ျားနဲ့ သားတွေ ခံတွင်းပျက်သွားနိုင်တယ်” အလည်အပတ် ခရီးစဉ် ပြီးဆုံးသည်နှင့် ကျွန်မကို ချက်ချင်း အိမ်ပြန်ပို့လိုက်ကြသည်။ ကျေးဇူးတင်စကား၊ သို့မဟုတ် နှုတ်ဆက်စကား တစ်ခွန်းပင် မကြားလိုက်ရ။
ဤအချက်များ အားလုံးကို အနှစ်ချုပ်ကြည့်ရလျှင် အရာရာသည် ကျွန်မအတွက် မဆိုးလွန်း၊ မကောင်းလွန်းသော ပုံမှန်အခြေအနေမျှသာ ဖြစ်သည်ဟု ဆိုရမည်။ လူးဖူးလန်က ကျွန်မအပေါ် မျှမျှတတ ဆက်ဆံသည်။ ကျွန်မကလည်း အရာရာ နာခံကျိုးနွံပြီး သင်ယူတတ်မြောက်ချင်စိတ် အပြည့်ထားသည်။ တစ်နည်းဆိုရသော် ကျွန်မတို့ နှစ်ဘက်စလုံးက မည်သည့်အရာကို မျှော်လင့်ထားရမည်မှန်း နားလည်ထားကြပြီး ဖြစ်၍ ကျွန်မတို့၏ တာဝန်ဝတ္တရားများကို ဖြည့်စွမ်းနိုင်ရန်အတွက် အကောင်းဆုံး ကြိုးစားနေခဲ့ကြသည်။ ဥပမာ ဆိုရသော် ကျွန်မ အိမ်ထောင်ကျပြီး ပထမဆုံး ကြုံတွေ့ရသည့် နှစ်ဆန်းနှစ်ရက်နေ့တွင် ကျွန်မ၏ ယောက္ခမကြီးသည် ထုံးခိုရွာအတွင်းရှိ မိန်းမပျိုများနှင့် ကျွန်မကဲ့သို့ အိမ်ထောင်ကျပြီးကာစ မိန်းမငယ်များကို အိမ်သို့ ဖိတ်ကြားလိုက်သည်။ သူက ဧည့်သည်များအတွက် ရေနွေးကြမ်းနှင့် အချိုပွဲများ စီစဉ်ထားသည်။ သူက အားလုံးကို ယဉ်ယဉ်ကျေးကျေးနှင့် သိမ်သိမ်မွေ့မွေ့ ဆက်ဆံသည်။ အိမ်မှ အားလုံး ထွက်ခွာကြသောအခါတွင် ကျွန်မတို့ကလည်း သူတို့နှင့်အတူ လိုက်သွားကြသည်။ ထိုနေ့က ကျွန်မတို့ တခြားအိမ် ငါးအိမ်သို့ လည်ပတ်ခဲ့ကြ၍ ချွေးမအသစ် ငါးယောက်နှင့် ဆုံဆည်းခဲ့သည်။ အကယ်၍သာ ရွှယ်ဟွားကဲ့သို့ လောင်ထုံး မရှိခဲ့ပါမူ ကျွန်မသည် သူတို့ကို စိတ်လိုလက်ရ အကဲခတ်နေခဲ့မိပေလိမ့်မည်။ အိမ်ထောင့်ရှင်ဘဝ သွေးသောက်ညီအစ်မအသစ်များ ဖွဲ့စည်းနိုင်ရန်အတွက် သင့်လျော်နိုင်မည့်သူများကို ရှာဖွေနေခဲ့မိပေလိမ့်မည်။
ↂↂↂ
တစ်နှစ်တစ်ကြိမ် သွားမြဲဖြစ်သော ကူဖောဘုရားကျောင်း၏ ဘုရားဖူးခရီးစဉ်တွင် ရွှယ်ဟွားနှင့်ကျွန်မတို့ ပြန်လည် ဆုံတွေ့ခွင့် ရခဲ့ကြသည်။ ကျွန်မတို့ နှစ်ယောက်အကြားတွင် ပြောစရာ စကားများ အမြောက်အမြား ရှိနေလိမ့်မည်ဟု သင် ယူဆပေလိမ့်မည်။ သို့သော် ကျွန်မတို့ နှစ်ယောက်စလုံး ငြိမ်ချက်သား ကောင်းနေခဲ့ကြသည်။ ကျွန်မကို နှစ်ပေါင်းများစွာ လိမ်ညာခဲ့ခြင်းနှင့် နိမ့်ကျသော သူ၏ အိမ်ထောင်ရေးအတွက် သူ နောင်တရနေပုံ ပေါ်သည်ဟု ကျွန်မ ယူဆသည်။ သို့သော် ကျွန်မလည်း နေမထိ ထိုင်မသာ ခံစားနေရသည်။ ရွှယ်ဟွား၏ လှည့်ဖျားခဲ့မှုများ အကြောင်းကို စကားထဲ လုံးဝ ထည့်မပြောဘဲနှင့် မာမားအပေါ် လတ်တလော ခံစားနေရသည့် ကျွန်မ၏ ခံစားချက်များကို သူအား မည်သို့ ဆွေးနွေး တိုင်ပင်ရမည်မှန်း ကျွန်မ မသိခဲ့ပါ။ ၎င်းအကြောင်းအရာများကို ပြော၍ မဖြစ်သည့်အထဲ ပို၍ ဖွင့်ဟရခက်ခဲသည့် အကြောင်းအရာများကလည်း ရှိနေပြန်သေးသည်။ ယခုအခါ ကျွန်မတို့ နှစ်ယောက်စလုံးတွင် ကာမပိုင် လင်ယောက်ျားများ ရှိကြပြီး ဖြစ်သောကြောင့် ထိုလင်ယောက်ျားများနှင့် ပွတ်တီးပွတ်တာ ချွတ်တီးချွတ်တာ လုပ်ခဲ့ကြသည့် ကိစ္စထိုထိုမှာလည်း မိန်းကလေးအချင်းချင်းပင် ဖွင့်ဟရန် ခက်ခဲရလောက်အောင် ရှက်ရွံ့ဖွယ် ကောင်းလှတော့သည်။ ယောက္ခမ-အဖေက အိပ်ခန်းဝတွင် လာရောက် ခိုးနားထောင်သည့် အခါများနှင့် ယောက္ခမ-အမေက အိပ်ရာခင်းများကို လာရောက်စစ်ဆေးသော နံနက်ခင်းအခါများတွင် မျက်နှာကို ဘယ်နား သွားထားရမှန်း မသိအောင် ဖြစ်ခဲ့ရသည်။ မည်သို့ဆိုစေ၊ ကျွန်မနှင့် ရွှယ်ဟွားတို့သည် အကြောင်းအရာ တစ်ခုခုကိုတော့ မပြောမဖြစ် ပြောရပေဦးမည်။ ကိုယ်ဝန်ရရန် လုပ်ဆောင်ရမည့် မိန်းမသားတို့၏ တာဝန်ဝတ္တရားအကြောင်း ဆွေးနွေးပြောဆိုခြင်းက ထိုထိုအငြင်းပွားဖွယ် ခေါင်းစဉ်များနှင့် နှိုင်းစာလျှင် ပို၍ အန္တရာယ်ကင်းသည်ဟု ခံစားရသည်။
မိမိ၏ ဝမ်းကြာတိုက်တွင် သန္ဓေသားတစ်ယောက် ခိုင်မြဲစွာ တည်တံ့နိုင်ရေးအတွက် အရေးပါသည့် အခြေခံ အကြောင်းအချက်များနှင့် မိမိတို့၏ လင်ယောက်ျားများက ၎င်းနည်းနာများကို လိုက်နာ၏၊ မလိုက်နာ၏ စသည့် ကိစ္စများကို ကျွန်မတို့ ပြောဆိုဆွေးနွေးခဲ့ကြသည်။ လူသား၏ ကိုယ်ခန္ဓာသည် စကြဝဠာ၏ ပုံစံငယ်တစ်ခုသာ ဖြစ်ကြောင်း လူတိုင်း သိရှိထားကြသည်။ မျက်လုံးများနှင့် နားများသည် နေနှင့်လ ဖြစ်သည်။ ဝင်သက်ထွက်သက်သည် လေထု ဖြစ်ပြီး သွေးသည် မိုးစက်မိုးပေါက်များ ဖြစ်သည်။ အပြန်အလှန်အားဖြင့် ၎င်းအခြေခံ သဘောတရားများသည် သန္ဓေသားတစ်ခု ဖွံ့ဖြိုးစည်ပင်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေကြသည်။ ထိုသို့သာ အမှန်ဖြစ်လျှင် မိုးရေမိုးပေါက်များ ခေါင်မိုးပေါ်မှ သွန်ကျနေသည့် အခါမျိုး၌ ကာမစပ်ယှက်ခြင်း ကိစ္စကို မပြုလုပ်သင့်ပေ။ သန္ဓေသားကို လှောင်ပိတ်ခြင်းနှင့် ချုပ်ချယ်ခြင်းများ ဖြစ်ပေါ် ခံစားရစေနိုင်သောကြောင့် ဖြစ်သည်။ မိုးကြိုးမုန်တိုင်းများ ကျနေသည့် အခါတွင်လည်း မေထုန်မှီဝဲခြင်း ကိစ္စကို မပြုလုပ်သင့်ပေ။ ပျက်သုဉ်းခြင်းနှင့် ကြောက်ရွံထိတ်လန့်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ခံစားချက်များ ကလေးငယ်၏ စိတ်တွင် ရှင်သန် ပေါက်ဖွားလာနိုင်သောကြောင့် ဖြစ်သည်။ ခင်ပွန်းသည် သို့မဟုတ် ဇနီးမယားက ပရိဒေဝ ဖိစီးနေလျှင်လည်း သံဝါသပြုခြင်း ကိစ္စကို မပြုလုပ်သင့်ပေ။ နောက်နောက် မျိုးဆက်များဆီသို့ အမှောင် (ယင်း) ဓာတ်များ လက်ဆင့်ကမ်း ပြန့်ပွားသွားနိုင်သောကြောင့်ပင်။
“အလုပ်တွေ အရမ်း ပင်ပင်ပန်းပန်း လုပ်ထားရင်လည်း အဝှာမပြုသင့်ဘူးလို့ ငါ ကြားဖူးတယ်” ရွှယ်ဟွားက ကျွန်မကို ပြောသည်။
“ဒါပေမယ့် အဲဒီဟာကို ငါ့ယောက္ခမကြီးကတော့ ယုံမယ် မထင်ဘူး”
သူ ပင်ပန်းနေပုံ ရသည်။ ကျွန်မသည်လည်း ကျွန်မ၏ ခင်ပွန်းအိမ်မှ ပြန်ရောက်လာတိုင်း ဤသို့ ခံစားရမြဲ ဖြစ်သည်။ တကုပ်ကုပ်နှင့် တစ်နေကုန် မနေမနား အလုပ် လုပ်နေရသည်။ အားလုံးကို သွားဖြဲပြကာ အယဉ်ကျေးဆုံး ဆက်ဆံ ပြုမူနေရသည့်အပြင် အမြဲတမ်းလည်း စောင့်ကြည့်ခံနေရသေးသည်။
“ငါ့ယောက္ခမကလည်း အဲဒီကိစ္စကို လက်မခံဘူးဟ” စာနာနားလည်စွာ ကျွန်မ စကားဆိုလိုက်သည်။
“ငင်လွန်းတဲ့တွင်း ရေခန်းလွယ်တယ် ဆိုတာကို သူတို့ မကြားဖူးကြဘူး ထင်တယ်”
ယောက္ခမများ၏ စိတ်သဘောထားကို စိတ်ပျက်သည့်အနေဖြင့် ခေါင်းများကို အသီးသီး ခါယမ်းလိုက်ကြသည်။ ကျွန်မတို့တွင် တခြားသော စိုးရိမ်စိတ်များလည်း ရှိနေသေးသည်။ မကျန်းမာသော သို့မဟုတ် ဉာဏ်ပညာနုံ့နှေးသော သားယောက်ျားလေးကို ကိုယ်ဝန်လွယ်ရလျှင်လည်း တစ်ဒုက္ခ။
“စိန်စိန်းက ငါ့ကို ကိုယ်ဝန်လွယ်သင့်တဲ့ အကောင်းဆုံးအချိန်အကြောင်း ပြောဖူးတယ်” ကျွန်မက စကားပြန်စသည်။ သူ လွယ်ထားခဲ့ဖူးသမျှ ကလေးများထဲတွင် မေရွက်မှလွဲ၍ ကျန်သူအားလုံး ဆုံးပါးသွားခဲ့ကြောင်း ကျွန်မတို့ သိရှိထားသော်လည်း ကျွန်မတို့က စိန်စိန်း၏ လိမ္မာကျွမ်းကျင်မှုကို ယုံကြည်နေကြဆဲပင်။
“နင့်ဘဝမှာ စိတ်မချမ်းမြေ့တာမျိုး လုံးဝ မရှိသင့်ဘူး”
“ငါ သိတယ်” ရွှယ်ဟွားက သက်ပြင်းချလိုက်သည်။
“ရေငြိမ်မှ ငါးတွေ အသက်ရှူ ဝမယ်၊ လေငြိမ်မှ သစ်ပင်တွေ မြဲမြဲ ရပ်နိုင်မယ်” သူက ရွတ်ဆိုလိုက်သည်။
“လပြည့်ညလို လင်းလက်နေတဲ့ တိတ်ဆိတ်ညမျိုး ငါတို့ လိုအပ်တယ်။ လပြည့်ည ဆိုတာက နိမိတ်ကျမ်းအရ ကိုယ်ဝန်ဆောင်မိခင်ရဲ့ ပြည့်ဝန်းနေတဲ့ ဝမ်းဗိုက်နဲ့ မိခင်ရဲ့ ဖြူစင်သန့်ရှင်းမှုကို ကိုယ်စားပြုတယ်လေ”
“ကောင်းကင်မှာ တိမ်သလာ ကင်းစင်နေတဲ့ အချိန်ဆိုရင် စကြဝဠာကြီးက တည်ငြိမ်ပြီး အသစ်အသစ်တွေအတွက် အဆင်သင့် ဖြစ်နေတဲ့ သဘောပဲ” ရွှယ်ဟွားက ဝင်ရောက်ဖြည့်စွက်လိုက်သည်။
“ပြီးတော့ ငါတို့နဲ့ ငါတို့ရဲ့ ယောက်ျားတွေကသာ စိတ်ချမ်းသာနေကြမယ် ဆိုရင် မြားက ပစ်မှတ်ဆီကို တည့်တည့်ရောက်အောင် ပျံသွားလိမ့်မယ်။ စိန်စိန်းက ပြောတယ်။ အဲဒီလို အခြေအနေမျိုးမှာ ဆိုရင် အဆိပ်အပြင်းဆုံး ပိုးကောင်တွေတောင် တွင်းထဲက ထွက်ပြီး မိတ်လိုက်တတ်ကြတယ်တဲ့”
“ဘယ်လို အနေအထားမျိုးတွေ လိုအပ်သလဲ ဆိုတာ ငါသိပါတယ်” ရွှယ်ဟွားက သက်ပြင်းကို နောက်တစ်ကြိမ် ချလိုက်ပြန်သည်။
“ဒါပေမယ့် ခက်တာက အဲဒီအနေအထားတွေ အားလုံးကို တစ်ချိန်တည်း တစ်ပြိုင်တည်း ဖြစ်လာအောင် လုပ်ဖို့ မဖြစ်နိုင်ဘူး”
“ငါတို့ ကြိုးစားရမှာပေါ့”
ဤသို့ဖြင့် ကျွန်မတို့၏ အိမ်ထောင်သည်ဘဝဖြင့် ကူဖောဘုရားကျောင်းသို့ ပထမဆုံးအကြိမ်မြောက် ဘုရားဖူးခရီးစဉ်တွင် ရွှယ်ဟွားနှင့် ကျွန်မသည် အလှူဒါန ပြု၍ ကြံစည်ထားသည်များ ချောမွေ့ပါစေကြောင်း ဆုတောင်းခဲ့ကြသည်။ အထက်ပါ ကိုယ်ဝန်ဆောင်နည်း နိဿရည်းများကို လိုက်နာဆောင်ရွက်ခဲ့သော်လည်း ကျွန်မတို့ ကိုယ်ဝန် မရခဲ့ကြပါ။ တစ်နှစ်အတွင်း၌ အကြိမ်ရေ အနည်းငယ်သာ ကာမစပ်ယှက်ခွင့် ရသူအဖို့ လွယ်လွယ်ကူကူနှင့်ပင် ပဋိသန္ဓေ ဆောင်နိုင်လိမ့်မည်ဟု သင် ထင်မှတ်ထားပါသလား။ ကျွန်မ၏ ခင်ပွန်းသည် တစ်ခါတစ်ရံ စိတ်တက်ကြွလွန်နေသောကြောင့် သူ၏ သုတ်ရည်များက ကျွန်မ၏ ကိုယ်အတွင်းသို့ မဝင်ရောက်သည့် အခါများပင် ရှိခဲ့ဖူးသည်။
အိမ်ထောင်သည်ဘဝဖြင့် ကူဖောဘုရားကျောင်းသို့ ဒုတိယအကြိမ်မြောက် ရောက်ကြသည့်အခါတွင် ကျွန်မတို့၏ ဆုတောင်းသံများက ပိုမို ကျယ်လောင်လာကြသည်။ အလှူဒါနများကိုလည်း ပိုမို ရက်ရောစွာ ပေးလှူလာကြတော့သည်။ ထို့နောက် ကျွန်မတို့၏ လုပ်မြဲဓမ္မတာအတိုင်း ကန်စွန်းဥကြော်ဆိုင်သို့ ဝင်ကာ အထူးကြက်ဟင်းလျာနှင့် ကျွန်မတို့ အထူးနှစ်ခြိုက်ကြသော အချိုပွဲကို နေ့လည်စာအဖြစ် သုံးဆောင်ကြသည်။ ကျွန်မတို့မှာ ဟင်းလျာနှင့် အချိုပွဲတို့ကို တန်းတန်းစွဲ ကြိုက်နှစ်သက်ကြသော်လည်း ဝမ်းမြောက်ဝမ်းသာ သုံးဆောင်နိုင်ကြသည်တော့ မဟုတ်ပေ။ ကျွန်မတို့ ကိုယ်စီ မှတ်သားထားသော ဗဟုသုတများကို အချင်းချင်း ဖလှယ်ကြလျက် ကိုယ်ဝန်ဆောင်နိုင်ရန် နည်းဗျူဟာအသစ်များကို ကြိုးစား ဖော်ထုတ်နေကြရသည်။
နောက်နောက်ပိုင်း လများအတွင်း၌ လူးအိမ်တော်သို့ ကျွန်မ အလည်ရောက်သည့် အခါတိုင်း ယောက္ခမ၏ ကြည်ဖြူနှစ်လိုမှုကို ရရှိနိုင်ရန်အတွက် အစွမ်းကုန် ကြိုးစားခဲ့သည်။ မိဘအိမ်တွင် နေရသည့် အခါတွင်လည်း အားလုံးနှင့် သဟဇာတဖြစ်အောင် ကြိုးစား နေထိုင်ခဲ့သည်။ သို့သော် မည်သည့်နေရာတွင် ရောက်နေသည် ဖြစ်စေ၊ ကျွန်မကို ‘အမြုံမပေလော’ ဟု ထင်ကြေးပေးနေကြသည့် အကြည့်မျိုးဖြင့် အားလုံးက ကြည့်ရှုလာကြသည်။ လအနည်းငယ် ကြာသောအခါ ရွှယ်ဟွား၏ စာတစ်စောင်ကို အောင်သွယ်တော်ဝမ်ထံမှ လက်ခံရရှိသည်။ အောင်သွယ်တော်ကြီး ပြန်သွားသည်အထိ စောင့်ပြီးမှ စာကို ဖွင့်ဖတ်လိုက်သည်။ နွီစူးဖြင့် ဤသို့ ရေးသားထားသည်။
❝ငါ့မှာ ကိုယ်ဝန်ရှိနေပြီ။ နေ့တိုင်းနေ့တိုင်း ငါ့ဗိုက်ထဲမှာ အီလည်လည် ဖြစ်နေတယ်။ ငါ့မာမားက ပြောတယ်။ ကလေးက ငါ့ဗိုက်ထဲမှာ နေရတာ ပျော်လို့ အဲဒီလို ဖြစ်နေတာတဲ့။ သားယောက်ျားလေး ဖြစ်ပါစေလို့ ငါ ဆုတောင်းနေတယ်။ နင့်ဆန္ဒလည်း အမြန်ဆုံး ပြည့်နိုင်ပါစေလို့ ငါ ဆုတောင်းပေးနေပါတယ်။ ❞
ဤတစ်ချီတွင်တော့ ရွှယ်ဟွားက ကျွန်မကို အနိုင်ပိုင်းသွားသည်မှာ ကျွန်မအတွက် မယုံနိုင်စရာ။ ကျွန်မသည် သူ့ထက် ရာထူးဂုဏ်သိန် မြင့်မားသူ ဖြစ်သည်။ ထို့ကြောင့် ကျွန်မကသာလျှင် ဦးစွာ ကိုယ်ဝန်ရှိသင့်သည် မဟုတ်လား။ ရှက်စိတ်ဖြင့် မွှန်ထူနေသောကြောင့် ထိုမင်္ဂလာသတင်းကို မာမားနှင့် စိန်စိန်းတို့အား ပြောပြရန် ဝန်လေးနေသည်။ သူတို့ မည်သို့ တုံ့ပြန်လိမ့်မည်ကို ကျွန်မ သိနေသည်။ မာမားက ကျွန်မကို ပြစ်တင်မောင်းမဲလိမ့်မည်။ စိန်စိန်းက ရွှယ်ဟွားအစား အပျော်ကြီး ပျော်နေပေလိမ့်မည်။
ကျွန်မ ခင်ပွန်းထံသို့ နောက်တစ်ကြိမ် သွားရောက် လည်ပတ်၍ ခုတင်ပေါ် နှစ်ပါးသွားသည့်အခါတွင် ကျွန်မသည် ခြေထောက်နှစ်ဘက်ဖြင့် သူ့ကို ခွလျက် သူ့ကိစ္စ ပြီးမြောက်သည်အထိ ကျွန်မ၏ အထက်တွင် မိုးနေစေရန် သူ့လည်ပင်းကိုလည်း လက်နှစ်ဖက်ဖြင့် သိုင်းဖက်ထားလိုက်သည်။ ကျွန်မ သူ့ကို မည်မျှ ကြာအောင် ဖက်ထားမိသည် မသိ။ ကျွန်မ၏ ရင်ခွင်ထဲ၌ ပျော့ခွေကာ အိပ်ပျော်သွားခါမှ သတိဝင်လာတော့သည်။ တော်တော် ကြာသည်အထိ အိပ်မပျော်သေးဘဲ လဲလျောင်းလျက် အသက်ကို မှန်မှန် ရှူရှိုက်နေမိသည်။ အပြင်ဘက်၌ ဝင်းပနေမည့် လပြည့်ဝန်းကို စိတ်ထဲ မြင်ယောင်ရင်း ပြတင်းပေါက်နံဘေးမှ ဝါးရွက်တို့ လှုပ်ခတ်ပွတ်တိုက်သံများကို တိတ်တဆိတ် နားစွင့်နေမိလေသည်။ မနက် အိပ်ရာနိုးသည့် အခါတွင် သူသည် ကျွန်မကိုယ်ပေါ်တွင် မရှိတော့ဘဲ ကျွန်မနံဘေး၌ နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။ ယခုအချိန် ဘာလုပ်ရမည်ကို ကျွန်မ သိနေသည်။ ကျွန်မ၏ လက်ကို ခြုံစောင်အတွင်းသို့ ထိုးသွင်းပြီး သူ၏ ငယ်ပါကို တောင့်တင်းလာသည်အထိ ဆုပ်ကိုင်ထားလိုက်သည်။ သူ၏ မျက်လုံးများ ဖွင့်လာတော့မည်ဟု သေချာသွားသည့်အခါမှ ကျွန်မ၏ လက်ကို ပြန်ရုတ်ကာ ကျွန်မ၏ မျက်လုံးများကိုလည်း မှိတ်ထားလိုက်သည်။ ကျွန်မတို့နှစ်ယောက်သည် တစ်ချီတစ်ပွဲ နောက်တစ်ကြိမ် နွှဲလိုက်ကြပြန်သည်။ သူ အိပ်ရာမှ ထပြီး တစ်နေ့တာ လုပ်ငန်းများ စတင်နိုင်ရန် အဝတ်အစားများ ပြင်ဆင်ဝတ်စားသည့်အခါတွင် ကျွန်မသည် ခုတင်ပေါ်၌ တုတ်တုတ်မျှ မလှုပ်ဘဲ ငြိမ်နေလိုက်သည်။ ကျွန်မ လုပ်သင့်လုပ်ထိုက်သည့် အလုပ်များကို စတင်လုပ်ဆောင်နေသည့် ယောက္ခမကြီး၏ အသံဗလံများကို မီးဖိုချောင်ထဲမှ ကြားနေရသည်။ ကျွန်မ၏ ခင်ပွန်းက ကျွန်မကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် တစ်ကြိမ် စိုက်ကြည့်သွားသည်။ ကျွန်မ၏ လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရန်အတွက် ခုတင်မှ ယခုချက်ချင်း မထလျှင် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်ဟု သတိပေးနေသည့်နှယ်။ သူသည် ကျွန်မကို တချို့သောသူ၏ လင်ယောက်ျားများကဲ့သို့ မငေါက်ငမ်း၊ မရိုက်နှက်တတ်ပါ။ သို့သော် နှုတ်ဆက်စကားလေး တစ်ခွန်းပင် မပြောဘဲ အခန်းထဲမှ ထွက်ခွာသွားသည်။ တစ်ခဏအကြာတွင် သူနှင့် သူ့မိခင်တို့၏ စကားပြောသံများကို ခပ်တိုးတိုး ကြားလိုက်ရသည်။ မည်သူမျှ ကျွန်မဆီ ရောက်မလာပါ။ နောက်ဆုံးတွင် ကျွန်မသည် အိပ်ရာမှ ထကာ အဝတ်အစား ဝတ်ဆင်ပြီး မီးဖိုချောင်ဆီသို့ ထွက်လာခဲ့သည်။ မီးဖိုချောင်ထဲတွင် ယောက္ခမကြီးက ကျွန်မကို အပြုံးနှင့် ကြိုဆိုနေစဉ် ယုံကမ်းနှင့် တခြား ကောင်မလေးများက တစ်ယောက်ကိုတစ်ယောက် မျက်စပစ်နေကြသည်။
ↂↂↂ
ကျွန်မ၏ မိဘအိမ်သို့ ပြန်ရောက်ပြီး နှစ်ပတ်အကြာ ခုတင်ပေါ်မှ အိပ်ရာနိုးလာသည့် အခါတွင် အိမ်ကြီးတစ်ခုလုံးသည် မြေခွေးစုန်း၏ ပြုစားမှုကို ခံထားရသည့်အလား သွက်သွက်လည်ကာ ခါယမ်းနေလေသည်။ ထို့နောက် ရေတစ်ဝက်ဖြည့်ထားသော ထွေးခံထဲသို့ အန်ချလိုက်မိတော့သည်။ ထိုစဉ် စိန်စိန်းသည် ကျွန်မထံသို့ အလောတကော ပြေးလာကာ ကျွန်မနံဘေး၌ ဒူးထောက်ထိုင်ချလိုက်ပြီး သူ၏လက်ဖြင့် ကျွန်မမျက်နှာပေါ်မှ ချွေးစေးများကို သုတ်ပေးနေသည်။
“ဒီတစ်ခါတော့ ညည်း ငါတို့ကို အပြီးအပိုင် ခွဲသွားတော့မှာပဲ” သူက ပြုံးလျက် ပြောနေသည်။ သူ ဤသို့ မပြုံးမရယ်ခဲ့သည်မှာ အလွန့်အလွန်ပင် ကြာခဲ့လေပြီ။ သူ၏ ကျယ်ဝန်းနက်ရှိုင်းသော ပါးစပ်ပေါက်က တော်တော်နှင့် ပြန်မစေ့နိုင်ခဲ့ပေ။
ထိုနေ့ နေ့လယ်ခင်းပိုင်းတွင် ကျွန်မသည် စုတ်တံကို မင်တို့၍ ရွှယ်ဟွားထံသို့ စာတစ်စောင် ရေးလိုက်သည်။
❝ ဒီနှစ် ကူဖောဘုရားကျောင်းမှာ ငါတို့နှစ်ယောက် ပြန်ဆုံကြရင် ငါတို့တွေ လပြည့်ဝန်းကြီးလို လုံးဝန်းနေကြတော့မှာပဲ။ ❞
ↂↂↂ
သင် မှန်းဆနိုင်ပါလိမ့်မည်။ မာမားသည် ခြေစည်းစဉ်ကကဲ့သို့ ဤလများအတွင်း၌ ကျွန်မကို တင်းတင်းကျပ်ကျပ် ဆက်ဆံခဲ့သည်။ ကျွန်မ ထင်ပါသည်။ ၎င်းမှာ သူ၏ ဝသီပင် ဖြစ်ရမည်။ ဘယ်အရာကိုမဆို အဆိုးချည်းကိုသာ တွေးပူနေတတ်သည်။
“တောင်ကုန်းတွေပေါ် လျှောက်မတက်နဲ့နော်” ကျွန်မကို ယခင်က ဤသို့ ပြုလုပ်ရန် ခွင့်ပြုခဲ့ဖူးသည့်နှယ် အသည်းအသန် တားမြစ်နေတတ်သည်။
“တံတားကျဉ်းကျဉ်းလေးတွေကို ဖြတ်မကူးနဲ့”၊
“ခြေထောက်တစ်ဘက်တည်း ထောက်ပြီး မတ်တတ်မရပ်နဲ့”၊
“လကြတ်တာ မကြည့်နဲ့”၊
“ရေပူနဲ့ မချိုးနဲ့” စသည် စသည်။ တကယ့်လက်တွေ့တွင် ကျွန်မသည် ထိုသို့သော အန္တရာယ်များနှင့် ကြုံတွေ့နိုင်ရန် မည်သည့် နေရာသို့မျှ သွားခွင့်မရခဲ့ပေ။ သို့သော် အစားရှောင်ရန် ကိစ္စမှာ နောက်တစ်ဘာသာ ဖြစ်သည်။ ကျွန်မတို့ ဒေသတွင် နေထိုင်ကြသော ရွာသူရွာသားများမှာ မိမိတို့၏ မာလာ့ (အပူအစပ်) ဟင်းလျာများအတွက် ဂုဏ်ယူမဆုံး ရှိနေကြသူများ ဖြစ်သည်။ သို့သော် ကျွန်မမှာ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ငရုတ်ကောင်း စသည်တို့ဖြင့် ချက်ပြုတ်ထားသော မည်သည့် အပူအစပ်စာကိုမျှ စားခွင့်မရပေ။ ဗိုက်ထဲရှိ ကလေးအချင်းကို ဒုက္ခပေးနိုင်သည်ဟု ဆိုကြသည်။ သိုးကလေးသားကိုလည်း လုံးဝ စားခွင့်မရ။ မွေးလာသော ကလေးငယ်က ချူချာတတ်သည်ဟု ဆိုကြသည်။ အကြေးခွံပါသော ငါးကိုလည်း စားခွင့်မရပေ။ မီးဖွားရ ခက်တတ်သောကြောင့်ဟု ဆိုကြသည်။ ထို့အပြင် ငန်လွန်းသော၊ ခါးလွန်းသော၊ ချိုလွန်းသော၊ ချဉ်လွန်းသော၊ အနံ့ပြင်းသော အစားအစာများမှာ ကျွန်မအတွက် တားမြစ်အစာ ဖြစ်နေကြသည်။ ထို့ကြောင့် ပဲနက်စေ့၊ ကြက်ဟင်းခါးသီး၊ မက်မွန်ဒိန်ချဉ်၊ ချဉ်စပ်ဟင်းရည် စသည်တို့ကို လုံးဝ ထိတို့ခွင့် မရတော့ပေ။ ကျွန်မကို စားခွင့်ပြုထားသော ဟင်းလျာများမှာ အရည်ကျဲဟင်းရည်၊ ဟင်းရွက်ကြော်၊ ထမင်းနှင့် လက်ဖက်ရည်ကြမ်းတို့သာ ကျန်ရှိတော့သည်။ ထိုကန့်သတ်ချက်များကို ကျွန်မ ကျေကျေနပ်နပ် လက်သင့်ခံခဲ့သည်။ ကျွန်မ၏ ရင်တွင်း၌ တစ်နေ့တခြား ကြီးထွား ရင့်သန်လာနေသည့် ကလေးငယ်၏ အကျိုးစီးပွားအတွက်ပဲ မဟုတ်ပါလား။
ကျွန်မ၏ ခင်ပွန်းနှင့် ယောက္ခမများလည်း အမှန်ပင် ပျော်ရွှင်ဝမ်းမြောက်ကြသည်။ သို့ဖြင့် သူတို့သည် ကျွန်မ၏ အပြီးအပိုင် ပြောင်းရွှေ့လာမှုအတွက် ပြင်ဆင်ကြတော့သည်။ လာမည့် ၇ လပိုင်း လကုန်ရက်တွင် နေ့လစေ့၍ မျက်နှာမြင်ရမည် ဖြစ်သည်။ ထိုရက်မတိုင်ခင်တွင် ကျွန်မသည် ကူဖောဘုရားကျောင်းသို့ သွား၍ သားဦးကလေး မွေးဖွားပါစေကြောင်း ဆုတောင်းလိုက်ချင်သေးသည်။ ၎င်းမှ အပြန်တွင်သာ ထုံးခိုသို့ သွားမည်ဟု စိတ်ကူးထားသည်။ ကျွန်မ၏ ယောက္ခမများကလည်း ထိုဘုရားဖူး အစီအစဉ်ကို သဘောတူကြသည်။ အမွေဆက်ခံနိုင်မည့် သားယောက်ျားလေး ရရန်အတွက် သူတို့ကလည်း မည်သည့်အရာကိုမဆို ပြုလုပ်ပေးရန် အသင့်ရှိကြသူများ ဖြစ်သည်။ ထို့ကြောင့် ကျွန်မကို ခရီးမပန်းစေရန်အတွက် ကူဖောဘုရားကျောင်းမှ အပြန်တွင် တည်းခိုရိပ်သာတစ်ခု၌ တစ်ညတာ နားခိုနိုင်ရန် စီစဉ်ပေးကြသည်။ ထို့အပြင် ကျွန်မ၏ ယောက္ခမများက ကျွန်မအတွက် ဝေါယာဉ်တစ်စီးပင် တကူးတက လွှတ်ပေးခဲ့သည်။ ကျွန်မသည် မိဘအိမ်၏ အိမ်ပေါက်ဝတွင် ရပ်ကာ လူအားလုံး၏ မျက်ရည်များနှင့် ကောင်းချီးပေးမှုများကို တိတ်တဆိတ် ခံယူပြီး ဝေါယာဉ်ထဲသို့ ဝင်သွားလိုက်သည်။ နောက်လာမည့် နှစ်များတွင် လေညင်းခံပွဲတော်၊ တစ္ဆေကြီးပွဲ၊ ငှက်နှင်ပွဲနှင့် ရသာခံပွဲများ အပြင် မိဘအိမ်တွင် ကျင်းပမည့် အခမ်းအနား မှန်သမျှကို တက်ရောက်နိုင်ရန်အတွက် မိဘအိမ်သို့ ထပ်ခါထပ်ခါ ရောက်လာရပေဦးမည်။ ထို့ကြောင့် ယခုတစ်ကြိမ်မှာ ရာသက်ပန် နှုတ်ဆက်ခွဲခွာရခြင်းမျိုး မဟုတ်ဘဲ တာ့ကျယ်ကဲ့သို့ ယာယီလမ်းခွဲရခြင်းမျိုးသာ ဖြစ်တော့သည်။
ယခုအချိန်တွင် ကျွန်မထက် ကိုယ်ဝန် စောလွယ်ခဲ့သော ရွှယ်ဟွားသည် ကျင်းထျန်တွင် ရောက်ရှိ နေထိုင်နေလေပြီ။ ထို့ကြောင့် ကျွန်မ သူ့ကို ဝင်ခေါ်လိုက်သည်။ သူ၏ ဗိုက်မှာ အတော်ပင် ပူနေပြီ။ ဤခရီးရှည်ကြီး သွားရန် သူ့မိသားစုအသစ်က ခွင့်ပြုပေးလိုက်သည်ကိုပင် မယုံနိုင်အောင် ဖြစ်နေရသည်။ ကျွန်မတို့နှစ်ယောက်၏ ပုံသဏ္ဌာန်များက ရယ်ချင်စရာ ကောင်းနေသည်။ အမှိုက်သရိုက်များ အကြားတွင် ရပ်လျက် တစ်ယောက်နှင့်တစ်ယောက် ပွေ့ဖက်နိုင်ရန် ကြိုးစားနေကြသည်။ ကျွန်မတို့၏ အလယ်တွင် ဗိုက်နှစ်လုံးက ဆီးကာနေသောကြောင့် အတော်ကြာကြာ ရယ်မောလိုက်ကြသေးသည်။ သူ့ကို သိကျွမ်းခင်မင်ခဲ့ဖူးသော နှစ်ကာလများ အားလုံးထက်ပင် ယခုအခါ၌ သူက ပိုမို လှပနေသည်။ ဘဝ၏ စစ်မှန်သော ပျော်ရွှင်ချမ်းမြေ့မှုက သူ့ခန္ဓာကိုယ်မှ တရိပ်ရိပ် တရှိန်ရှိန် ဖြာထွက်နေသည့်နှယ် ထင်မြင်ရသည်။
ဘုရားကျောင်းသို့ သွားသော ခရီးစဉ် တစ်လျှောက်လုံးတွင် ရွှယ်ဟွား၏ စကားသံက ခရားရေလွှတ်သကဲ့သို့ တတွတ်တွတ် ထွက်ပေါ်နေတော့သည်။ သူ၏ ကိုယ်ခန္ဓာက မည်သို့ ခံစားနေရကြောင်း၊ သူ့ဗိုက်ထဲမှ ကလေးကို မည်မျှ ချစ်ကြောင်းနှင့် သူ့ခင်ပွန်းအိမ်သို့ ပြောင်းရွှေ့ပြီးသည့် အချိန်မှစ၍ အားလုံးက သူ့ကို မည်မျှ ကြင်နာဂရုစိုက်ကြောင်း စသည်ဖြင့် တရစပ် ပြောနေတော့သည်။ သူ့လည်ပင်းတွင် ဝတ်ဆင်ထားသော ကျောက်ဖြူဆွဲပြားကို သူက လက်ဖြင့် ဆုပ်ကိုင်ထားသည်။ မွေးဖွားလာမည့် ကလေးငယ်ကို သူ့ခင်ပွန်းကဲ့သို့ ညိုမှောင်သော အသားအရေမျိုး မဖြစ်စေဘဲ ကျောက်ဆွဲပြား၏ နို့နှစ်ရောင် ဖြူဝင်းသော အသားမျိုး ပိုင်ဆိုင်လာစေရန် ရည်ရွယ်၍ ဆွဲထားခြင်း ဖြစ်သည်။ ကျွန်မလည်း ကျောက်ဖြူဆွဲပြားတစ်ကုံး ဝတ်ဆင်ထားသော်လည်း ရွှယ်ဟွားနှင့် သဘောဆန္ဒချင်း ကွဲပြားနေသည်။ ကျွန်မ၏ ရင်သွေးကို ခင်ပွန်းသည်၏ အသားအရေမျိုး မဖြစ်အောင် ကာကွယ်လိုခြင်း မဟုတ်ဘဲ ကျွန်မကဲ့သို့ မဖြစ်အောင် ကာကွယ်ထားလိုသောကြောင့် ဖြစ်သည်။ ကျွန်မ၏ ငယ်ဘဝနေ့ရက်များကို နေရိပ်ထဲ၌ ဖြတ်သန်းခွင့် ရခဲ့သော်လည်း ကျွန်မ၏ အသားအရေက သဘာဝအလျောက်ပင် ကျွန်မလောင်ထုံး၏ နို့နှစ်ရောင် အသားအရေထက် များစွာ နက်မှောင်နေသည်။
လွန်ခဲ့သော နှစ်များအတွင်းက ဘုရားကျောင်းသို့ ဘုရားဖူး လာရောက်ကြပြီ ဆိုလျှင် လှူစရာ ရှိသည်ကို မြန်မြန်လှူပြီး ဦးသုံးကြိမ် ကုန်းချကာ ဘုရားကျောင်းထဲမှ ခပ်မြန်မြန် ထွက်လာခဲ့ကြစမြဲ ဖြစ်သည်။ ယခုအခါ၌မူ ကျွန်မတို့၏ လုံးဝန်းသော ဗိုက်များကို ပွေ့ပိုက်လျက် ဂုဏ်ယူစွာဖြင့် ဘုရားကျောင်းထဲသို့ ဖြည်းဖြည်းချင်း လျှောက်ဝင်ခဲ့ကြသည်။ တခြားသော ကိုယ်ဝန်ဆောင် မိခင်များကို လှမ်းကြည့်လျက် မည်သူ့ဗိုက်က ပိုကြီးကြောင်း၊ မည်သူ့ဗိုက်က ပိုမြင့်ကြောင်း၊ မည်သူ့ဗိုက်က ပိုနိမ့်ကြောင်း စသည်ဖြင့် ခန့်မှန်းကြည့်နေကြသည်။ သို့သော် ကျွန်မတို့၏ အတွေးအကြံနှင့် နှုတ်ထွက်စကားများကိုတော့ မြင့်မြတ်ဖြူစင်သော အတွေးများနှင့် စကားများကိုသာ တွေးမိ၊ ပြောမိစေရန် သတိရှိရှိ စောင့်ရှောက် ထိန်းသိမ်းနေရသည်။ ဤသို့သော ကိုယ်၊ နှုတ်၊ စိတ်အမူအရာများသည် ကျွန်မတို့၏ သားများထံသို့ ကူးစက်ပျံ့နှံ့သွားနိုင်သည် မဟုတ်ပါလား။
လှူဒါန်းဖွယ်ရာများ ဆက်ကပ်ပူဇော်ရာ စားပွဲသို့ ရောက်ကြသောအခါ ၎င်းစားပွဲတွင် ကလေးဖိနပ်များ အစုံတစ်ရာခန့် ပသထားသည်ကို တွေ့ရသည်။ ကျွန်မတို့ နှစ်ယောက်စလုံးက ယပ်တောင်များတွင် ကဗျားများ ရေးလျက် ကွမ်ရင်မယ်တော်အား ပူဇော်ခဲ့ကြသည်။ ကျွန်မ၏ ယပ်တောင်ပေါ်တွင် သားဆုပန်သည့် ကဗျာကို ရေးသားထားသည်။ နိဂုံးပိုင်း၌ …
❝ကွမ်ရင်မယ်တော် စောင့်ရှောက် ဆောင်မတော်မူပါ။ မယ်မယ်ဘုရားဆီမှာ သားဆုပန်တဲ့ လူတွေ အများကြီး ရှိတယ်ဆိုတာ တပည့်တော်မ သိပါတယ်။ ဒါပေမယ့် တပည့်တော်မရဲ့ ဆုတောင်းသံကိုတော့ မယ်မယ်ဘုရား ကြားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တပည့်တော်မရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတော်မူပါ ဘုရား။ ❞
ထိုစာများကို ရေးသားခဲ့စဉ်က သင့်လျော်မှန်ကန်လိမ့်မည်ဟု ကျွန်မ ယူဆထားခဲ့သည်။ သို့သော် ယခုအချိန်တွင် ရွှယ်ဟွား၏ ယပ်တောင်ပေါ်မှ စာများကို သိချင်နေမိသည်။ ယပ်တောင်ပေါ်တွင် နှစ်လိုဖွယ် အပြင်အဆင်၊ ချစ်စဖွယ် စကားလုံးများနှင့် ပြည့်နှက်နေပေလိမ့်မည်။ ကွမ်ရင်မယ်တော်က ရွှယ်ဟွားကို ပိုလွန်၍ မျက်နှာသာ ပေးလိမ့်မည်လောဟု ကျွန်မ စိုးရိမ်လာသည်။ ကျွန်မ စိတ်ထဲမှ အသံတိတ် ရွတ်ဆိုနေမိတော့သည်။
“တပည့်တော်ကို စောင့်ရှောက်တော်မူပါ။ တပည့်တော်ကို ဆောင်မတော်မူပါ”
ရွှယ်ဟွားနှင့် ကျွန်မသည် ယပ်တောင်များကို မိမိတို့၏ ညာဘက်လက်များဖြင့် ဆွမ်းတင်စားပွဲပေါ်သို့ အတူတကွ တင်လိုက်ကြသည်။ ထိုသို့ တင်နေစဉ်အတွင်းမှာပင် ဘယ်ဘက်လက်များဖြင့် ဆွမ်းတင်စားပွဲပေါ်မှ ကလေးဖိနပ်တစ်ရန်ကို ဆတ်ခနဲ ဆွဲယူကာ အင်္ကျီလက်ရှည်ထဲတွင် ဖွက်ထားလိုက်ကြသည်။ ထို့နောက် လူမမိစေရန် ဘုရားကျောင်းထဲမှ ခပ်သုတ်သုတ် ထွက်ခွာလာခဲ့ကြတော့သည်။ ကျန်းမာသန်စွမ်းသော ကလေးတစ်ယောက်ကို အရူးအမူး လိုချင်ကြသည့် ရုံမင်းခရိုင်မှ မိန်းမတိုင်းသည် ဘုရားကျောင်း၏ လှူဖွယ်ဝတ္ထုတင်သော စားပွဲပေါ်မှ ဖိနပ်တစ်ရန်ကို လူမသိ သူမသိ ခိုးယူတတ်ကြသည်။ အဘယ်ကြောင့်နည်း။ သင် သိထားသည့်အတိုင်း ကျွန်မတို့၏ ဒေသိယစကား၌ ဖိနပ်နှင့် ကလေးတို့၏ အသံထွက်မှာ အတူတူပင် ဖြစ်သည်။ သားသမီးများ ဖွားမြင်လာသည့်အခါတွင် ခိုးယူလာခဲ့သော ဖိနပ်တစ်ရန်ကို ဘုရားကျောင်းသို့ ပြန်ပို့ပေးပြီး ကျေးဇူးတင်သည့်အနေဖြင့် အလှူဒါနများ ပြုလုပ်တတ်ကြသည်။
ကျွန်မတို့သည် ကောင်းကင်ပြာ အောက်တွင် ခြေချမိသည်နှင့် ထုံးစံအတိုင်း အပ်ချည်ဆိုင်သို့ လျှောက်သွားကြတော့သည်။ ၁၂ နှစ်သမီး အရွယ်ကကဲ့သို့ ကျွန်မတို့၏ စိတ်ကူးထဲမှ ဒီဇိုင်းအဆင်များနှင့် လိုက်ဖက်မည့် ချည်အရောင်များကို ရှာဖွေကြသည်။ ရွှယ်ဟွားက အစိမ်းဘက်သန်းသော ချည်ရောင်စုံကို ကိုင်၍ ကျွန်မကို ပြသည်။ နွေဦးကဲ့သို့ စိမ်းတောက်တောက် အရောင်၊ ညှိုးရော်သော မြက်ကဲ့သို့ စိမ်းရင့်ရင့် အရောင်၊ နွေနှောင်းကာလ သစ်ရွက်များကဲ့သို့ စိမ်းပုပ်ပုပ် အရောင်၊ မိုးစိုရေညှိကဲ့သို စိမ့်စို့စို့အရောင်၊ မငြိုးမခြောက်ခင် သစ်ရွက်များကဲ့သို့ စိမ်းဖျော့ဖျော့အရောင် စသည်ဖြင့် အရောင်မှာ စုံလင်လှပေသည်။
“မနက်ဖြန် အိမ်အပြန်ကျရင် မြစ်ဘေးမှာ ခဏနားကြရအောင်” ရွှယ်ဟွားက စကားဆိုသည်။
“ခေါင်းပေါ်မှာ ပျံသန်းရွေ့လျားနေတဲ့ တိမ်တောင်တိမ်တိုက်တွေကို ငါတို့ ထိုင်ကြည့်ကြရအောင်လား။ ကျောက်စရစ်တုံးတွေကို တွန်းထိုးစီးဆင်းနေတဲ့ မြစ်ရေရဲ့ တေးသွားကို ငါတို့ နားထောင်ကြမယ်လေ။ နောက်ပြီး ဇာပန်းထိုးရင်းနဲ့ သီချင်းဆိုကြတာပေါ့။ အဲဒီလိုဆိုရင် ငါတို့ မွေးလာမယ့် သားကလေးတွေက သဘာဝ အလှတရားကို ချစ်မြတ်နိုးတတ်တဲ့၊ အနုပညာကို ခံစားတတ်တဲ့ သားကလေးတွေ ဖြစ်လာလိမ့်မယ်”
သူ့ပါးကို ကျွန်မ နမ်းရှုပ်လိုက်သည်။ ရွှယ်ဟွား၏ အဝေး၌ ရှိနေချိန်များတွင် ကျွန်မ၏ စိတ်သည် တစ်ခါတစ်ရံ အမိုက်မှောင်အတွင်း ကျက်စားနေတတ်ကြသည်။ သို့သော် ယခုအချိန်၌ သူ့ကို ချစ်မြဲအတိုင်း ချစ်နေမိသည်။ အို … ဘုရားရေ၊ ကျွန်မ၏ လောင်ထုံးကို လွမ်းဆွတ်လိုက်ပါဘိ။
ကျွန်မတို့၏ ကူဖောဘုရားဖူး ခရီးစဉ်သည် ကန်စွန်းဥကြော်ဆိုင်၏ နေ့လယ်စာမှ မပါလျှင် ပြည့်စုံနိုင်မည် မဟုတ်ပေ။ ဗိုက်ကြီးတကားကားနှင့် လမ်းလျှောက်လာသော ကျွန်မတို့ နှစ်ယောက်ကို ဘကြီးကျို မြင်လိုက်သည်နှင့် သွားမပါသော သွားဖုံးများ ပေါ်အောင် ပြုံးရယ်နေတော့သည်။ သူက ကျွန်မတို့အတွက် အထူးဟင်းလျာ ပြုလုပ်ပေးသည်။ ကိုယ်ဝန်ဆောင်မိခင်အတွက် သင့်တင့်လျောက်ပတ်သော ဟင်းလျာများကို ဂရုတစိုက် စီစဉ်ပေးသည်။ ကျွန်မတို့ကလည်း အလုတ်စီတိုင်းကို အရသာခံလျက် ဖြည်းဖြည်းချင်း စားသုံးခဲ့ကြသည်။ ထို့နောက် ကျွန်မတို့ အထူးစွဲမက် နှစ်ခြိုက်ကြသော သကြားကပ် ကန်စွန်းဥကြော် ရောက်လာသည်။ ရွှယ်ဟွားနှင့် ကျွန်မသည် မကြာခင် မီးဖွားတော့မည့် အိမ်ထောင့်ရှင် မိခင်လောင်းများနှင့် မတူဘဲ အူမြူးနေကြသည့် ကလေးမလေးများနှင့်သာ တူနေကြတော့သည်။
ထိုညက တည်းခိုရိပ်သာတွင် ညအိပ်ဝတ်စုံများကို လဲလှယ်ဝတ်ဆင်ပြီးနောက် ရွှယ်ဟွားနှင့် ကျွန်မသည် ခုတင်ပေါ်တွင် မျက်နှာချင်းအပ်ကာ လဲလျောင်းနေကြသည်။ ထိုညမှာ ကျွန်မတို့ နှစ်ယောက်စလုံး မိခင်များ မဖြစ်ကြခင် အတူတကွ နေထိုင်ခွင့်ရသော နောက်ဆုံးည ဖြစ်သည်။ ကိုယ်ဝန်ဆောင် မိခင်တစ်ယောက်အနေဖြင့် ‘ဆောင်ရန်ရှောင်ရန်’ သင်ခန်းစာပေါင်း မြောက်မြားစွာကို ကျွန်မတို့ ကြားနာ သင်ယူခဲ့ကြပြီးပြီ။ ၎င်း ‘ဆောင်ရန်ရှောင်ရန်’ များက မိမိတို့ ရင်နှင့်လွယ်ထားရသော သန္ဓေသားအပေါ် မည်သို့ အကျိုးသက်ရောက်နိုင်သည် ဆိုသည့် သင်ခန်းစာပေါင်း မြောက်မြားစွာကိုလည်း ကျွန်မတို့ ကြားနာ သင်ယူခဲ့ကြပြီးပြီ။ အကယ်၍သာ ကျွန်မ၏သားသည် ကျွန်မတို့၏ ပြောစကားကို ဝမ်းဗိုက်ထဲမှ ကြားနိုင်ခဲ့ပါလျှင်၊ သို့တည်းမဟုတ် ကျောက်ဖြူဆွဲပြား၏ အထိအတွေ့ကို အရေပြားမှ ကျော်လွန်၍ ဝမ်းဗိုက်ထဲမှ သူကလေးက ခံစား သိရှိနိုင်ခဲ့ပါလျှင် ရွှယ်ဟွားအပေါ် ထားရှိသည့် ကျွန်မ၏ ချစ်ခြင်းမေတ္တာကိုလည်း သူ အမှန်ပင် ခံစား သိရှိနိုင်ပေလိမ့်မည်။
ရွှယ်ဟွားသည် သူ၏ လက်အစုံကို ကျွန်မ၏ ဝမ်းဗိုက်ပေါ်သို့ တင်ထားလိုက်သည်။ ကျွန်မကလည်း သူ့နည်းတူ သူ့ပေါ်သို့ တင်ထားလိုက်သည်။ ဗိုက်ထဲမှ ကလေးငယ်၏ တွန်းထိုးခြင်း၊ ကန်ကျောက်ခြင်း စသည့် အထိအတွေ့များနှင့် ကျွန်မ နေသားတကျ ရှိနေခဲ့လေပြီ။ သူသည် အများအားဖြင့် ညအချိန်၌ တွန်းကန်လေ့ရှိသည်။ ယခုအခါတွင် ရွှယ်ဟွား၏ ဗိုက်ထဲမှ ကလေးငယ်က လှုပ်ရှားနေသည်ကို ကျွန်မ၏လက်ဖဝါး မှတစ်ဆင့် ခံစားသိနေရသည်။ ထိုတဒင်္ဂ၌ ကျွန်မတို့ထက် နီးကပ်ရင်းနှီးသော မိန်းမနှစ်ယောက်သည် ဤလောက၌ ရှိနိုင်တော့မည် မဟုတ်ပေ။
“အတူတူ ရှိနေခွင့် ရတဲ့အတွက် ငါ အရမ်း ပျော်တာပဲ” ရွှယ်ဟွားက ပြောနေရင်း ကျွန်မ၏ ကလေးငယ်က တံတောင်ဖြင့် သို့မဟုတ် ဒူးဖြင့် ထိုးတိုက်သွားခဲ့သည့် နေရာကို သူ့လက်ညှိုးထိပ်ဖြင့် ပွတ်ဆွဲနေသည်။
“ငါလည်း ပျော်တယ်”
“နင့်သားကို ငါ ခံစားကြည့်လို့ ရတယ်။ သူက နင့်လိုပဲ သန်မာတယ်”
သူ၏ စကားလုံးများက ကျွန်မကို အားအင်ပြည့်စေသည်။ မိခင်တစ်ယောက်အနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိသည်။ သူ့လက်ညှိုးကို ပြန်ရုတ်လိုက်ပြီးနောက် သူ၏ နွေးထွေးသော လက်အစုံကို ကျွန်မ၏ ဝမ်းဗိုက်ပေါ်သို့ နောက်တစ်ကြိမ် တင်ထားလိုက်ပြန်သည်။
“နင့်ကို ချစ်သလိုပဲ သူ့ကိုလည်း ငါ ချစ်တယ်” ဤသို့ ပြောကြားပြီးနောက် ငယ်ဘဝကကဲ့သို့ လက်တစ်ဘက်ဖြင့် ကျွန်မပါးကို အသာအယာ ပွတ်သပ်နေသည်။ ကျွန်မ၏ပါးကို လက်တစ်ဘက်နှင့် ကိုင်လျက်ပင် ကျွန်မတို့ နှစ်ယောက်စလုံး အိပ်ပျော်သွားတော့သည်။
နောက်လာမည့် ရက်သတ္တပတ် အနည်းငယ်အကြာတွင် ကျွန်မ အသက်နှစ်ဆယ်ပြည့်မည်။ မကြာခင် ကလေး မျက်နှာမြင်၍ ကျွန်မ၏ ဘဝအစစ်အမှန်လည်း ယခုမှ စတင်ရပေတော့မည်။