မာတိကာကြည့်ရန်

အခန်း (၉) မေရွက်

 

နောက်တစ်နေ့တွင် မေရွက် ပြန်ရောက်လာပြီး ကျွန်မတို့၏ လုပ်ငန်းဆောင်တာများ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ လွန်ခဲ့သော လအနည်းငယ်ခန့်က ကျွန်မတို့၏ သတို့သားမိသားစုများသည် မင်္ဂလာအခမ်းအနား ကျင်းပမည့် နေ့ကောင်းရက်သာများကို ကျွန်မတို့ထံသို့ ပေးပို့လာကြသည်။ ၎င်းနှင့်အတူ တရားဝင် တင်တောင်းပဏ္ဏာ၏ ပထမအဆိုင်းကိုလည်း ပို့လာပေးသည်။ ပိုမိုများပြားသော ဝက်နှင့် သကြားလုံးများ၊ ထို့အပြင် ကျွန်မတို့၏ ခန်းဝင်ပစ္စည်းများ ထည့်ရန်အတွက် သစ်သားသေတ္တာ အလွတ်များလည်း ပါသည်။ အရေးအကြီးဆုံး အနေဖြင့် ပိတ်စများကိုလည်း သူတို့ ပေးပို့လာကြသည်။

ကျွန်မတို့ မိသားစုဝင်များ အားလုံးအတွက် မာမားနှင့် စိန်စိန်းတို့က အဝတ်အထည်များကို ချုပ်လုပ်ပေးသည်ဟု ကျွန်မ ပြောခဲ့ဖူးပါသည်။ ယခုအခါတွင်မူ ကျွန်မနှင့် မေရွက်တို့သည် ကိုယ့်အဝတ်အစားကို ကိုယ့်ဘာသာကိုယ် ရက်လုပ်လာကြရသည်။ ကျွန်မတို့ ဝတ်ဆင်ကြသည့် အဝတ်အထည်များသည် အမှန်တကယ်ပင် အိမ်တွင်းဖြစ်များ ဖြစ်ကြသည်။ ဝါကို ပါပါးနှင့် စူးစူတို့က စိုက်ပျိုးသည်။ ဝါကောက်သည့်အလုပ်ကို အိမ်ရှိ အမျိုးသမီးများက လုပ်ကိုင်ကြသည်။ အဆင်ဒီဇိုင်းများ ပြုလုပ်သည့် ပျားဖယောင်းနှင့် အဝတ်စကို ဆေးပြာရောင်ဆိုးသော မဲနယ်များကို ကျွန်မတို့ ချွေချွေတာတာ သုံးစွဲကြရသည်။

ရွှယ်ဟွား ပုံမှန် ဝတ်ဆင်လေ့ရှိသည့် လှပသောပိုးထည်၊ ဆန်းကျယ်သော အပြောက်အမွမ်းများနှင့် ချုပ်လုပ်အလှဆင်ထားသော အပေါ်ဝတ်ရုံများ၊ ဘောင်းဘီရှည်များနှင့် ခေါင်းစည်းပဝါများကို အန်တုဘက်ပြိုင်နိုင်သည့် တစ်စုံတည်းသော အဝတ်အစားမှာ ကျွန်မ၏ မင်္ဂလာဝတ်စုံသာ ဖြစ်သည်။ ရွှယ်ဟွား ဝတ်ခဲ့ဖူးသမျှ အဝတ်အစားများထဲတွင် ကျွန်မ သဘောအကျဆုံး အဝတ်အစားမှာ သူ၏ မဲနယ်ရောင် အပေါ်ဝတ်အင်္ကျီ ဖြစ်သည်။ ၎င်းအင်္ကျီပေါ်ရှိ တစ်မူထူးခြားသော အဆင်ဒီဇိုင်းနှင့် အချိုးကျ သေသပ်လှသော ဖြတ်သားတို့သည် ဖူးဝေရွာအတွင်းရှိ အိမ်ထောင်ရှင် အမျိုးသမီးများ၏ မည်သည့် အဝတ်အထည်နှင့် ယှဉ်ယှဉ်၊ အကွာကြီး ကွာခြားနေတော့သည်။ ရွှယ်ဟွားက ၎င်းဝတ်ရုံကို အရောင်မွဲခြောက်၍ ဆွေးမြည့်သွားသည်အထိ ဝတ်ဆင်နေဆဲ ဖြစ်သည်။ ကျွန်မ ပြောလိုသည်မှာ ၎င်းအဝတ်စနှင့် ၎င်း၏ ဖြတ်သားကို ကျွန်မ စွဲလမ်းသွားခဲ့သည်။ ထုံးခိုတွင် နေ့စဉ်နေ့တိုင်း ဝတ်ဆင်ရန် သင့်လျော်မည့် အဝတ်အထည်များကို ကျွန်မ ချုပ်လုပ်ထားချင်သည်။

ယောက္ခမအိမ်မှ ပေးပို့လာသော ချည်ထည်များသည် ကျွန်မအတွက် အသစ်အဆန်းများ ဖြစ်နေကြသည်။ အသားနူးညံ့ကာ အဆင်ဒီဇိုင်းက ဆန်းပြားလှသည်။ အရောင်မှာလည်း ကျွန်မတို့ ယောင်ဝ်တိုင်းရင်းသားများ အသည်းစွဲ နှစ်ခြိုက်တတ်ကြသည့် မဲနယ်ရောင် ခပ်ရင့်ရင့်မျိုး ဖြစ်သည်။ ထိုလက်ဆောင်ပစ္စည်းကို မြင်လိုက်ရသည့်အခါ၌ ကျွန်မတွင် သင်ယူစရာနှင့် လုပ်ကိုင်စရာ အတော်များများ ကျန်ရှိနေသေးကြောင်းကို နားလည်လိုက်သည်။ သို့သော် ဤချည်ထည်များသည် ပိုးထည်များနှင့် နှိုင်းစာလျှင် ဘာမျှ မပြောပလောက်သေးပေ။ ကျွန်မအတွက် ပို့ပေးလာသော ပိုးထည်များသည် အရည်အသွေးသာ ကောင်းမွန်သည် မဟုတ်ဘဲ အရောင်ကလည်း ပြောစရာမရှိအောင် ပြီးပြည့်စုံနေသည်။ အနီရောင်သည် အာဝါဟဝိဝါဟ မင်္ဂလာအပြင်၊ မွေးနေ့မင်္ဂလာ၊ နှစ်ပတ်လည်မင်္ဂလာ၊ နှစ်သစ်ကူးပွဲတော်နှင့် တခြားပွဲကြီးလမ်းကြီးများအတွက် လိုက်ဖက်သော အရောင်ဖြစ်သည်။ မရမ်းရောင်နှင့် အစိမ်းရောင်၊ နှစ်ရောင်စလုံးသည် ငယ်ရွယ်သော ဇနီးမယားတစ်ယောက်နှင့် လိုက်ဖက်သင့်လျော်သည်။ ခဲပြာရောင် (မုန်တိုင်းမဆင်ခင် ကောင်းကင်အရောင်) နှင့် စိမ်းပြာရောင် (နွေရာသီ ကျေးလက်ရေကန်၏ အရောင်) တို့သည် ကျွန်မ၏ သားသည်မိခင်ကာလနှင့် နောက်ပိုင်း မုဆိုးမဘဝတို့နှင့် ပနံသင့်လှသည်။ အနက်ရောင်နှင့် နက်ပြာရောင်သည် ကျွန်မ၏ အိမ်အသစ်ရှိ ယောကျ်ားများအတွက် ဖြစ်သည်။ တချို့သော ပိုးထည်များမှာ ပြောင်များ ဖြစ်ကြပြီး တချို့တွင် ဝမ်းမြောက်ခြင်း အထိမ်းအမှတ် မင်္ဂလာသင်္ကေတများ၊ ပျိုနီပန်းခက်များနှင့် တိမ်နွယ်တိမ်ခက် အဆင်များ ပန်းထိုးထားသည်။

ကျွန်မ၏ ယောက္ခမများ ပို့လာပေးသော ပိုးထည်နှင့် ချည်ထည်အလိပ်များကို ကျွန်မစိတ်တိုင်းကျ လုပ်ချင်သလို လုပ်နိုင်ရန် ပေးပို့လာခြင်း မဟုတ်ပေ။ မေရွက်နှင့် ရွှယ်ဟွားတို့ကဲ့သို့ပင် ကျွန်မသည်လည်း ၎င်းအထည်အလိပ်များကို အသုံးပြု၍ ခန်းဝင်ပစ္စည်းများ ပြုလုပ်ရန် ပြင်ဆင်ရမည်။ ယောင်ဝ်တိုင်းရင်းသူ အမျိုးသမီးများ၏ ရိုးရာယုံကြည်မှုအရ သူတို့၏ လင်ယောက်ျားအိမ်မှ မည်သည့် ပစ္စည်းကိုမျှ မယူသင့်သောကြောင့် ကျွန်မတို့သည် တစ်သက်တာပတ်လုံး အသုံးပြုနိုင်ရန် လုံလောက်သော အိပ်ရာခင်းများ၊ ခေါင်းအုံးစွပ်များ၊ ဖိနပ်များနှင့် အဝတ်အထည်များကို ကြိုတင်ချုပ်လုပ်ထားရမည်။ အိပ်ရာခင်းအကြောင်းကို ကျွန်မ ပြောပြချင်သေးသည်။ ၎င်းတို့ကို ပြုလုပ်ရသည်မှာ ပျင်းစရာ ကောင်းသကဲ့သို့ စိတ်လည်း အိုက်ရသည်။ လင်ယောက်ျားအိမ်သို့ အိပ်ရာခင်းများများ ယူသွားနိုင်လျှင် သားသမီးများများ ပွားစီးလိမ့်မည်ဟု လူတိုင်းက ယုံကြည်ထားကြသောကြောင့် ကျွန်မတို့က အိပ်ရာခင်းကို များနိုင်သမျှ များအောင် ချုပ်လုပ်ကြသည်။

ကျွန်မတို့ သဘောအကျဆုံး အရာမှာ ဖိနပ်များ ချုပ်လုပ်ရခြင်း ဖြစ်သည်။ ကျွန်မတို့သည် ကျွန်မတို့၏ လင်သား၊ ယောက္ခမများနှင့် အိမ်သစ်တွင် နေထိုင်သည့် အခြားလူအားလုံး – ညီအစ်ကိုများ၊ မောင်နှမများ၊ လင် ညီအစ်မများနှင့် ကလေးများအားလုံး – အတွက် ဖိနပ်များ ချုပ်လုပ်ပေးရသည်။ (ကျွန်မက ကံကောင်းသည်။ ကျွန်မ၏ ခင်ပွန်းသည် သားအကြီးဆုံး ဖြစ်ပြီး သူ့အောက်တွင် ညီသုံးယောက်သာ ရှိသည်။ ယောက်ျားဝတ်ဖိနပ်များမှာ ရိုးရှင်းသောကြောင့် ၎င်းတို့ကို မြန်မြန်ဆန်ဆန် ချုပ်လုပ်နိုင်သည်။ မေရွက်ခမျာ မသက်သာခဲ့ပါ။ သူ့အိမ်သစ်တွင် သားတစ်ယောက်၊ သူ၏ မိဘနှစ်ပါး၊ ညီအစ်မ ငါးယောက်၊ ဒေါ်လေးတစ်ယောက်၊ ဦးလေးတစ်ယောက်နှင့် သူတို့၏ သားသမီး သုံးယောက်တို့ နေထိုင်ကြသည်။) ကျွန်မတို့ မိန်းကလေးများသည် ကိုယ်ကိုယ်တိုင်အတွက် ဖိနပ် ၁၆ ရန်လည်း ချုပ်လုပ်ခဲ့ကြသည်။ လေးရာသီအတွက် တစ်ရာသီ လေးရန်နှုန်း ဖြစ်သည်။ ကျွန်မတို့ ချုပ်လုပ်ခဲ့ရသည့် တခြားအရာများနှင့် မတူသည့် အချက်မှာ ဖိနပ်ချုပ်ခြင်းသည် လွန်စွာ လက်ဝင်လှသည်။ သို့သော် ဖိနပ်ချုပ်ရသည်ကို ကျွန်မတို့ ပျော်ရွှင်နှစ်ခြိုက်ကြသည်။ ဖိနပ်ခုံ ပြုလုပ်ရသည်မှ စ၍ ဖိနပ်အလှဆင်သည့် ဇာထိုးပန်းထိုး၏ နောက်ဆုံး ချုပ်ရာအထိ ကျွန်မတို့၏ စိတ်ကို နှစ်ကာ အစွမ်းကုန် ဂရုတစိုက် ချုပ်လုပ်ခဲ့ကြသည်။ ဖိနပ်ချုပ်ခြင်းသည် ကျွန်မတို့၏ အတတ်ပညာအပြင် အနုပညာစွမ်းရည်ကိုလည်း ပြသခွင့်ရသည်။ ထို့အပြင် ၎င်းသည် ကြည်နူးပျော်ရွှင်ဖွယ် အပြုသဘောဆောင်သည့် သတင်းစကားတစ်ခုကိုလည်း ဖော်ညွှန်းနေသည်။ ကျွန်မတို့၏ ဒေသိယစကားတွင် ‘ဖိနပ်’ ဟူသော စကားလုံး၏ အသံထွက်သည် ‘ကလေး’ ဟူသော စကားလုံး၏ အသံထွက်နှင့် အသံထွက်ချင်း ဆင်တူနေသည်။ အိပ်ရာခင်းကဲ့သို့ပင် ကျွန်မတို့ ဖိနပ်များများ ချုပ်လေလေ သားသမီးများများ ပွားစီးလေလေ ဖြစ်တော့သည်။ ၎င်းနှစ်ခု၏ ခြားနားချက်မှာ ဖိနပ်ချုပ်ခြင်းသည် အနုစိတ်ရသော လုပ်ငန်းမျိုး ဖြစ်ပြီး အိပ်ရာခင်း ချုပ်ခြင်းမှာမူ ခွန်စိုက်အားစိုက် လုပ်ရသည့် အလုပ်မျိုး ဖြစ်သည်။ ကျွန်မတို့ မိန်းကလေးသုံးယောက်က တစ်ယောက်နှင့်တစ်ယောက် ဘေးချင်းယှဉ်လျက် ချုပ်လုပ်ကြသောကြောင့် တစ်ယောက်၏ ဖိနပ်အဆင်ကို တခြားတစ်ယောက်နှင့် နှိုင်းယှဉ်ဝေဖန်ခြင်း၊ အကြံပေးခြင်းနှင့် အားပေးခြင်းများကို အပြန်အလှန် ပြုလုပ်တတ်ကြသည်။

မတော်ရသေးသော ကျွန်မတို့၏ မိသားစုဝင်အသစ်များက သူတို့၏ ခြေထောက် အရွယ်အစားများကို ကျွန်မတို့ထံ ပေးပို့လာကြသည်။ ကျွန်မတို့သည် ကျွန်မတို့၏ လင်ယောက်ျားများကို တစ်ခါမျှ မမြင်ဖူးသောကြောင့် သူတို့ ဝသည်၊ ပိန်သည်၊ ရှည်သည်၊ ပုသည်၊ သို့မဟုတ် ကျောက်ပေါက်မာ ရှိသည် စသည့် အချက်များကို မသိရှိရသေးသော်လည်း သူတို့၏ ခြေထောက် အရွယ်အစားကိုမူ ကျွန်မတို့ သိထားသည်။ ကျွန်မတို့သည် စိတ်ကစားတတ်သော မိန်းမငယ်အရွယ်မျှသာ ရှိသေးသောကြောင့် ၎င်းခြေထောက် အရွယ်အစားများကို ကြည့်၍ ကျွန်မတို့၏ ခင်ပွန်းများအကြောင်းကို ရမ်းသန်း ခန့်မှန်းကြည့်ကြသည်။ တချို့အချက်က တိုက်တိုက်ဆိုင်ဆိုင် မှန်နေတတ်သော်လည်း အများစုကတော့ လွဲတတ်ပါသည်။

ကျွန်မတို့သည် ခြေရာနမူနာများဖြင့် ပိတ်စများကို ဖြတ်တောက်ကြသည်။ ထို့နောက် ခြေရာဖြတ်စ သုံးစကို ကော်ဖြင့် ကပ်သည်။ ထိုကဲ့သို့သော အစုံများ မြောက်မြားစွာ ပြုလုပ်ပြီး ၎င်းတို့ကို ပြတင်းပေါက်ခုံ၌ အခြောက်လှန်းကြသည်။ ခြောက်သွားသောအခါ ကော်ကပ်ထားသော ၎င်းဖြတ်စ သုံးစုံကို ထပ်၍ ထူထဲခိုင်မာသော ဖိနပ်အောက်ခံပြား ဖြစ်အောင် တွဲချုပ်လိုက်သည်။ ဆန်စေ့နှင့် တူသော ရိုးရှင်းသည့် အဆင်မျိုးကို လူအများစုက ချုပ်လုပ်တတ်ကြသော်လည်း မိသားစုဝင် အသစ်များ၏ အထင်ကြီးမှုကို ခံယူလိုသောကြောင့် ထူးခြားသော ဒီဇိုင်းများကို ကျွန်မတို့ ချုပ်လုပ်ခဲ့ကြသည်။ အတောင်ပံ ဖြန့်ကားထားသော လိပ်ပြာတစ်ကောင်ကို ခင်ပွန်းသည်အတွက်၊ ငွားငွားစွင့်စွင့် ပွင့်လန်းနေသော ဂန္ဓမာပန်းတစ်ပွင့်ကို ယောက္ခမ-အမေအတွက်၊ သစ်ကိုင်းတစ်ကိုင်းပေါ် နားခိုနေသော ပရစ်တစ်ကောင်ကို ယောက္ခမ-အဖေအတွက် ချုပ်လုပ်ခဲ့သည်။ ၎င်းအလုပ်များ အားလုံးသည် ဖိနပ်အောက်ခံပြားအတွက်သာ ရှိသေးသည်။ သို့သော် ကျွန်မတို့၏ လုံ့လအစုစုသည် လင်သားမိသားစု၏ နှစ်လိုချစ်ခင်မှုကို ရရှိနိုင်ရန် မျှော်လင့်တောင့်တနေသော ပြယုဂ်များအဖြစ် ရှုမြင်ကြသည်။

အရှေ့တွင် ဖော်ပြခဲ့သကဲ့သို့ ယခုနှစ်၏ လေညင်းခံပွဲတော် နေ့ရက်များသည် မခံမရပ်နိုင်လောက်အောင် အိုက်စပ်ပူလောင်လှသည်။ အပေါ်ထပ် အခန်းဆောင်ထဲတွင် ကျွန်မတို့အားလုံး ချွေးတဒီးဒီး ကျလျက် ရှိကြသည်။ အောက်ထပ်မှာလည်း အနည်းငယ် သက်သာရုံမျှသာ ရှိပေမည်။ အပူဒဏ် သက်သာလို သက်သာငြား ရေနွေးကြမ်းများကို ဖိသောက်နေကြရသည်။ အပါးလွှာ အပေါ့ပါးဆုံးသော နွေရာသီဝတ် အင်္ကျီ၊ ဘောင်းဘီများနှင့်ပင် အပူဒဏ်ကို အလူးအလဲ ခံနေကြရသည်။ သို့ဖြင့် ငယ်ဘဝမှ အမှတ်ရစရာ အေးမြသော အတွေ့အကြုံများကို ကျွန်မတို့ စားမြုံ့ပြန်ကြသည်။ ကျွန်မက မြစ်ထဲ ခြေထောက်စိမ်ခဲ့ရသည့် အကြောင်းကို ပြောပြသည်။ မေရွက်က ဆောင်းဝင်ခါနီးအချိန် လယ်ကွင်းထဲ ပြေးလွှားစဉ် လေပြေအေးကလေးများ ပါးပြင်ကို ဖြတ်ပြေးကြသည့် အကြောင်းကို ပြောပြသည်။ ရွှယ်ဟွားက သူ့အဖေနှင့် မြောက်ခွင်သို့ ခရီးသွားစဉ် မွန်ဂိုလီးယားဘက်မှ ဖြတ်တိုက်လာသည့် အသည်းခိုက်သော လေအေးများအကြောင်းကို ပြောပြသည်။ ထိုစကားလုံးများကြောင့် ကျွန်မတို့ သက်သာရာ မရသည့်အပြင် မိမိကိုယ်ကိုယ် ညှဉ်းဆဲသကဲ့သို့ပင် ဖြစ်နေတော့သည်။

ပါပါးနှင့် စူးစူတို့ကလည်း ကျွန်မတို့ကို သနားနေကြသည်။ ရာသီဥတု၏ နှိပ်စက်မှုဒဏ်ကို သူတို့က ကျွန်မတို့ထက် ပိုနားလည်ပေမည်။ သူတို့သည် အညှာအတာ ကင်းမဲ့သော နေလုံးကြီး၏ အောက်တွင် နေ့စဉ်နေ့တိုင်း အလုပ်လုပ်နေကြရသည်။ ကျွန်မတို့အိမ်တွင် အပူရှောင်နိုင်သော ပန်းမန်ဥယျာဉ်မျိုး မထားနိုင်ပါ။ သစ်ပင်ကြီးများအောက်တွင် လေညင်းခံထွက်နိုင်ရန်အတွက် ဝေါယာဉ်များကို ငှားရမ်းနိုင်သည့် ဓနအင်အားမျိုးလည်း မရှိပါ။ သူစိမ်းတစ်ရံဆံများ မမြင်နိုင်အောင် အကာအကွယ်ပေးနိုင်သည့် လေဟာပြင်မျိုးလည်း မရှိပါ။ သို့ဖြင့် ပါပါးသည် စူးစူ၏ အကူအညီဖြင့် အိမ်၏ မြောက်ဘက် မျက်နှာစာတွင် ကြိုးတန်းကာ မာမား၏ အဝတ်များဖြင့် အမိုးလိုက်ကာများ ပြုလုပ်ပေးသည်။ ထို့နောက် ဆောင်းတွင်း၌ အသုံးပြုသော ဂွမ်းစောင်များကို မြေကြီးပေါ် ချခင်းပြီး ကျွန်မတို့ သက်သောင့်သက်သာ ထိုင်နိုင်ရန် စီစဉ်ပေးတော့သည်။

“ယောက်ျားတွေက နေ့ခင်းဆို လယ်ထဲ ဆင်းကြတာ” ပါပါးက ပြောသည်။

“နင်တို့ကို သူတို့ မြင်မှာ မဟုတ်ဘူး။ ရာသီဥတု မပြောင်းမချင်း နင်တို့ ကောင်မလေးတွေ ဒီမှာ လုပ်စရာရှိတာ လုပ်နိုင်တယ်။ တစ်ခုပဲရှိတယ်။ နင်တို့အမေတွေကို ပြန်မပြောပြရဘူးနော်”

မေရွက်သည် ဇာထိုးပန်းထိုး လုပ်ရန်အတွက် သူ၏ သွေးသောက်များအိမ်သို့ လမ်းလျှောက်သွားလေ့ရှိသည်။ ကျွန်မမှာမူ ကလေးဘဝကတည်းက ဖူးဝေရွာတွင် အိမ်ပြင်သို့ တစ်ခါမျှ မထွက်ခဲ့ဖူးချေ။ မှန်ပါ၏။ ကျွန်မ အိမ်ပြင်ထွက်ပြီး အောင်သွယ်တော်ဝမ်၏ ဝေါယာဉ်ထဲသို့ ဝင်သွားခဲ့ဖူးသည်။ ကျွန်မတို့၏ ခြံစိုက်ခင်းထဲမှ ဟင်းသီးဟင်းရွက်များ ခူးဆွတ်ခဲ့ဖူးသည်။ သို့သော် ထို့ထက်ပို၍ကား အိမ်ရှေ့မှ ရွာလမ်းကို ပြတင်းပေါက်မှ ငုံ့ကြည့်ရုံမျှသာ ကျွန်မတွင် အခွင့်အရေး ရရှိခဲ့သည်။ မိမိရွာ၏ နိစ္စဓူဝ စည်းချက်များကို မခံစားခဲ့ရသည်မှာ နှစ်ပရိစ္ဆေဒ ကြာညောင်းခဲ့လေပြီ။

ကျွန်မတို့ အထူးပျော်ရွှင် ကြည်နူးခဲ့ကြသည်။ ပူပင် ပူငြားသော်လည်း ကျွန်မတို့ ပျော်ကြသည်။ အရိပ်ထဲတွင် ထိုင်ကာ လေညင်းခံပွဲတော် ဟူသည့် အမည်နာမအတိုင်း အေးမြသော လေပြေလေညင်းများကို အမှန်တကယ် ခံယူခွင့် ရနေကြသည်။ ထိုသို့ လေညင်းခံကြလျက် ဖိနပ်များ၏ အပေါ်ပိုင်းကို ကျွန်မတို့ ပန်းထိုးကြသည်။ ဖိနပ်များကို အပြီးသတ် ချုပ်လုပ်ကြသည်။ မေရွက်က သူ၏ မင်္ဂလာပွဲဝင် ဖိနပ်များအပေါ်၌ အထူး အာရုံစိုက်နေသည်။ ၎င်းမှာ သူချုပ်ခဲ့သမျှသော ဖိနပ်များထဲတွင် တန်ဖိုးအရှိဆုံးနှင့် အထူးခြားဆုံးသော ဖိနပ်တစ်ရန် ဖြစ်သည်။ ပန်းရောင်နှင့် အဖြူရောင် ကြာပွင့်များသည် သူ၏ ဖြူစင်မှုနှင့် သားသမီး ပွားစီးနိုင်စွမ်းကို ကိုယ်စားပြုနေကြသည်။ ရွှယ်ဟွားသည် သူ့ ယောက္ခမ-အမေအတွက် တိမ်စိုင်များနှင့် အလှဆင်ထားသော မိုးပြာရောင် ပိုးသားဖိနပ်တစ်ရန်ကို လက်စသတ်လိုက်သည်။ ကျွန်မတို့၏ နံဘေးရှိ အိပ်ရာခင်းပေါ်တွင် ခံခံညားညား ရပ်တည်နေကြသော ၎င်းဖိနပ်အစုံသည် သိမ်မွေ့နူးညံ့ကာ ကျော့ရှင်းလှပနေသည်။ အတုယူရမည့် သို့မဟုတ် လိုက်နာဆောင်ရွက်ရမည့် စံနမူနာဖြစ်ကြောင်း ကျွန်မတို့ကို အနုနည်းဖြင့် သတိပေးနေသည်။ ၎င်းတို့ကို ကြည့်ရင်း ကျွန်မရင်ထဲ ကြည်နူးနေမိသည်။ ထို့အပြင် ရွှယ်ဟွားနှင့် ပထမဆုံးအကြိမ် ဆုံတွေ့ကြစဉ်က သူ ဝတ်ဆင်ထားခဲ့သော ဝတ်ရုံကို ကျွန်မ ပြန်လည်မြင်ယောင်လာမိသည်။ သို့သော် ရွှယ်ဟွားကမူ ကျွန်မကဲ့သို့ လွမ်းဆွတ်ဖွယ် အတိတ်ကြောင်းကို ပြန်တွေးကြည့်ရန် စိတ်ဝင်စားပုံ မရ။ သူက နောက်ဖိနပ်တစ်ရန်ကို ချုပ်ရန် ပြင်ဆင်နေသည်။ ယခုတစ်ခါ အဖြူရောင်အနားကွပ်ထားသော ပန်းရောင်ပိုးထည်နှင့် အလုပ်ရှုပ်နေသည်။ ပန်းရောင်ဟု အဓိပ္ပာယ်ရသော အက္ခရာနှင့် အဖြူရောင်ဟု အဓိပ္ပာယ်ရသော အက္ခရာနှစ်လုံးကို တွဲရေးထားလျှင် ကလေးအမြောက်အမြားဟု အဓိပ္ပာယ်ထွက်လေသည်။ ကောင်းကင်နှင့် ပတ်သက်သော အဆင်ဒီဇိုင်းများကို ရွေးချယ်တတ်သည်မှာ ရွှယ်ဟွား၏ ဝသီလို ဖြစ်နေသည်။ ယခုတစ်ကြိမ်၌လည်း မိုးပေါ်သို့ ပျံတက်နေသော ငှက်များကို ပန်းထိုးနေလေသည်။

ထိုအချိန်တွင် ကျွန်မသည် ယောက္ခမ-အမေအတွက် ဖိနပ်တစ်ရန်ကို လက်စသတ်နေသည်။ သူ၏ ဖိနပ်အရွယ်အစားမှာ ကျွန်မထက် ယောင်ယောင်လေး ကြီးသည်။ ထိုအချက်ကို သိလိုက်ရသည့်အခါ ကျွန်မ အတိုင်းအဆ မရှိ ဂုဏ်ယူသွားမိသည်။ ကျွန်မ၏ ခြေထောက်အရွယ်အစားကို ကြည့်ခြင်းအားဖြင့် ကျွန်မသည် သူ့သားနှင့် ထိုက်တန်ကြောင်း သူ မှတ်ယူသွားပေလိမ့်မည်။ ကျွန်မသည် ကျွန်မ၏ ယောက္ခမ-အမေကို မတွေ့ဖူးသေးသောကြောင့် သူနှင့် ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန်များကို ကျွန်မ မသိသေးပါ။ သို့သော် နွေနေပူ၏ နေ့ရက်များအတွင်းတွင် ကျွန်မသည် အေးမြမှုထက် မည်သည့်အရာကိုမျှ စိတ်ထဲ မထည့်နိုင်ခဲ့ပေ။ ကျွန်မချုပ်နေသော ဖိနပ်၏ အဆင်ဒီဇိုင်းမှာ စမ်းချောင်းနံဘေးရှိ မိုးမခပင်အောက်တွင် အနားယူနေကြသော မိန်းမများ၏ ရှုမျှော်ခင်းပုံ ဖြစ်သည်။ ၎င်းမှာ ကဗျာဆန်လှသော်လည်း ရွှယ်ဟွား၏ ဖိနပ်များပေါ်တွင် အလှဆင်ထားသော ဒဏ္ဍာရီလာ ငှက်သတ္တဝါများလောက် စိတ်ကူးယဉ် မဆန်လှပေ။

အမျိုးကောင်းသားများနှင့် စေ့စပ်ကြောင်းလမ်းထားသော ကျွန်မတို့ မိန်းမပျိုသုံးယောက်သည် အိပ်ရာခင်းပေါ်တွင် ဒူးတုပ်ထိုင်လျက် ကြည်သာရွှင်ပျသော မျက်နှာထားများနှင့် မိမိတို့၏ ခန်းဝင်ပစ္စည်းများကို ပြင်ဆင်ချုပ်လုပ်နေကြသည်။ အနားမှ ဖြတ်သန်းသွားသူ လူအပေါင်းတို့အား ကျွန်မတို့၏ ဣန္ဒြေရသော အပြုအမူများကို လှစ်ဟပြနေသကဲ့သို့ ဖြစ်နေသောကြောင့် ထိုမြင်ကွင်းသည် လှပသေသပ်၍ အချိုးကျနသော ပန်းချီကားတစ်ချပ်နှင့် တူနေပေတော့သည်။ ထင်းကောက်ရန် သို့မဟုတ် ကျွဲရေချရန် ထွက်လာကြသော ကလေးငယ်များက လမ်းပေါ်တွင် ရပ်တန့်ကာ ကျွန်မတို့ကို စကားလှမ်းပြောကြသည်။ မောင်ငယ်၊ နှမငယ်များကို ထိန်းကျောင်းနေကြရသော သူငယ်မကလေးများက သူတို့၏ မောင်ငယ်၊ နှမငယ်များကို ကျွန်မတို့အား တစ်ခဏမျှ ချီချော့ခွင့် ပြုကြသည်။ ကျွန်မတို့၏ ကိုယ်ပိုင်ကလေးများကို အချီအချော့ ပြုလုပ်ရလျှင် အဘယ်သို့ ရှိအံ့နည်းဟု ကျွန်မတို့ စိတ်ကူးယဉ်ကြည့်ကြသည်။ ရွာတွင်းရှိ ဂုဏ်အဆင့်အတန်းမြင့်သော မုဆိုးမကြီးများက ကျွန်မတို့ထံသို့ ယိုင်ထိုးယိုင်ထိုးနှင့် ရောက်လာကြပြီး အတင်းပြောပြကြသည်။ ကျွန်မတို့၏ ဇာထိုးပန်းထိုး လက်ရာများကို သုံးသပ်ဝေဖန်ကြသည်။ ကျွန်မတို့၏ ဖြူဖွေးသော ပုလဲရောင် အသားအရေကို ပုတ်ခတ်သွားလိုက်သေးသည်။

ငါးရက်မြောက်နေ့တွင် အောင်သွယ်တော်ကောင်းသည် ကျွန်မတို့ထံသို့ ရောက်ချလာသည်။ ဂယ်ထန်ရွာတွင် အောင်သွယ်လုပ်ရာမှ ပြန်ရောက်လာခြင်း ဖြစ်သည်။ အသွားတွင် ကျွန်မတို့၏ စာကို တာ့ကျယ်ထံ လမ်းကြုံဝင်ပို့ပေးပြီးနောက် အပြန်တွင်လည်း တာ့ကျယ်၏ ပြန်စာတစ်စောင်ကို သယ်လာပေးသည်။ ကျွန်မတို့အထဲတွင် အောင်သွယ်တော်ကောင်းကို သဘောကျသူ မည်သူမှ မပါပေ။ သို့သော် လူကြီးသူမများအား ရိုရိုသေသေ ဆက်ဆံရန် ငယ်စဉ်ကတည်းက သင်ကြားပြသခြင်း ခံထားရသောကြောင့် ကျွန်မတို့သည် သူ့ကို ရေနွေးကြမ်းဖြင့် တည်ခင်းဧည့်ခံကြသည်။ သူက ကျေးဇူးတင်စကားဆိုကာ ငြင်းဆန်လိုက်သည်။ ကျွန်မတို့၏ ကိုယ်ပေါ်မှ ခြူးတစ်ပြားမျှ ထွက်ကျလာစရာ အကြောင်းမရှိသည်ကို သိထားပြီး ဖြစ်သောကြောင့် ကျွန်မတို့ကို စာပေးပြီးသည်နှင့် ဝေါယာဉ်ပေါ်တက်ကာ ပြန်ထွက်သွားတော့သည်။ လမ်းကွေ့တွင် ဝေါယာဉ် ရွေ့လျား ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေပြီးမှ ဇာထိုးအပ်ဖြင့် ကော်ကပ်ထားသော စာအိတ်ကို ဖွင့်လိုက်သည်။ ထိုနေ့ညက ဖြစ်ပွားလာခဲ့သော အဖြစ်အပျက်ကြောင့် ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ သို့မဟုတ်ပါကလည်း တာ့ကျယ်၏ စာထဲတွင် စံမီသော နွီစူးစာကြောင်းများကို ဖောဖောသီသီ သုံးနှုန်းထားသောကြောင့်လည်း ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ ကျွန်မ၏ မှတ်ဉာဏ်ထဲတွင် တာ့ကျယ်၏ စာထဲမှ အကြောင်းအရာ အတော်များများ ထင်ကျန်နေသေးသည်။

ကျွန်မရဲ့ မိသားစုဝင်များသို့

ဒီနေ့ ဒီစာကို ရေးဖို့ စုတ်တံကို ကောက်ကိုင်လိုက်တာနဲ့ ကျွန်မရဲ့ စိတ်က အိမ်ကို အရင်ဆုံး ပျံသန်းသွားနှင့်ပြီ။

ကျွန်မရဲ့ ကျေးဇူးရှင် မိဘနှစ်ပါး၊ စိန်စိန်းနဲ့ စူးစူကို ကျန်းမာပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

အတိတ်ရဲ့ နေ့ရက်တွေကို ပြန်တွေးလိုက်မိတိုင်း ကျွန်မရဲ့ မျက်ရည်တွေက တားမနိုင်ဆီးမရ ထွက်ကျလာတော့တယ်။

အိမ်ကနေ ထွက်ခွာလာခဲ့ရတဲ့အတွက် အခုချိန်ထိ ဝမ်းနည်းကြေကွဲနေတုန်းပဲ။

ကျွန်မရဲ့ ဗိုက်က အခုဆိုရင် ကလေးနဲ့မို့ အတော်ကို စူထွက်နေပြီ။ ပြီးတော့ ဒီနှစ်ရာသီဥတုကြောင့် ကျွန်မ အတော်ကို ပူစပ်ပူလောင် ဖြစ်နေတယ်။

ကျွန်မရဲ့ ယောက္ခမတွေကတော့ အခုထိ အညှာအတာ ကင်းမဲ့နေကြတုန်းပဲ။

အိမ်မှုကိစ္စအကုန်လုံးကို ကျွန်မပဲ ဒိုင်ခံ လုပ်နေရတယ်။

အခုလို အတွင်းအပြင် နှစ်ခုလုံး ပူလောင်နေတဲ့ ကာလမျိုးမှာ စိတ်ချမ်းသာဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲလေ။

ညီမလေးတွေ … ပါပါးနဲ့မာမားကို စောင့်ရှောက်ကြပါနော်။

ကျွန်မတို့ မိန်းမတွေအနေနဲ့ မျှော်လင့်နိုင်စရာ တစ်ခုပဲ ရှိတယ်။ အဲဒါ ကျွန်မတို့ရဲ့ မိဘတွေ သက်တမ်းရှည်ရှည် နေနိုင်လိမ့်မယ် ဆိုတာပဲ။

ဒါမှ ပွဲတော်အချိန်တွေမှာ ကျွန်မတို့အတွက် အလည် ပြန်လာစရာ နေရာတစ်နေရာ ရှိနေမယ်လေ။

ကျွန်မတို့ရဲ့ မိဘအိမ်မှာဆိုရင် ကျွန်မတို့ကို တန်ဖိုးထားမယ့်လူက အမြဲတမ်း တစ်ယောက်မဟုတ် တစ်ယောက်တော့ ရှိနေကြတယ်။

ဒါကြောင့် မိဘတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံကြပါ။

ပါပါးမာမားတို့ရဲ့ သမီးကြီး၊ တာ့ကျယ်။

စာကို ဖတ်ပြီးသည်နှင့် ကျွန်မမျက်လုံးများကို စုံမှိတ်ပစ်လိုက်သည်။ တာ့ကျယ်၏ ဝမ်းနည်းပူဆွေးနေသော မျက်နှာကို မြင်ယောင်ကြည့်မိသည်။ ထို့နောက် မိမိ၏ ကြည်နူးပျော်ရွှင်နေမှုကိုလည်း စဉ်းစားမိပြန်သည်။ ကိုယ်ဝန်မရခင်စပ်ကြား လင်သားအိမ်သို့ ပြောင်းနေစရာ မလိုသော ထုံးတမ်းစဉ်လာကို ကျွန်မတို့ လိုက်နာ ကျင့်သုံးကြသည့်အတွက် ကျွန်မ ကျေးဇူးတင်မိသည်။ မင်္ဂလာဆောင်ရန် ကျွန်မအတွက် နှစ်နှစ် လိုပါသေးသည်။ ယောက္ခမအိမ်သို့ အပြီးအပိုင် ပြောင်းရွှေ့ရန်အတွက်မူ နောက်ထပ် သုံးနှစ်ခန့် အချိန်ရပေဦးမည်။

ရှိုက်သံနှင့် ဆင်ဆင်တူသော အသံတစ်သံကြောင့် ကျွန်မ၏ အတွေးစများ ပြတ်တောက်ကာ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ ရွှယ်ဟွားကို လှမ်းကြည့်လိုက်သည့်အခါတွင် ညာဘက်သို့ ပြူးကြောင်ကြောင်နှင့် ငေးကြည့်နေသည့် သူ၏ နားလည်ရခက်သော အမူအရာကို တွေ့မြင်လိုက်ရသည်။ ကျွန်မက သူ၏ အကြည့်တို့ ဦးတည်ရာ ဖြစ်သော မေရွက်ကို လှမ်းကြည့်လိုက်ပြန်သည်။ သူသည် လည်ပင်းကို ပွတ်သပ်နေပြီး အသက်ရှူဟန်မှာ ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်လျက်။

“ဘာဖြစ်လို့လဲ” ကျွန်မ မေးလိုက်သည်။

မေရွက်၏ ရင်ဘတ်သည် “အူအူ အူအူ” ဟူသော အသံနှင့်အတူ လေများကို ရှူသွင်းလျက် အထက်သို့ ကြွတက်လာသည်။ ထိုအသံကို ကျွန်မ ဘယ်တော့မှ မေ့နိုင်တော့မည် မဟုတ်ပေ။

သူက ကျွန်မကို သူ၏ ချစ်စရာကောင်းသော မျက်လုံးများနှင့် စိုက်ကြည့်နေသည်။ သူ့လက်သည် ပွတ်သပ်နေရာမှ ရပ်တန့်ကာ လည်ပင်းကို ခပ်တင်းတင်း ဖိအုပ်ထားသည်။ သူက မတ်တတ်ထရပ်ဖို့ မကြိုးစားပါ။ နွေနေ့ခင်း၏ အရိပ်အာဝါသအောက်တွင် ထိုင်နေသော အမျိုးသမီးငယ်တစ်ဦး၏ အသွင်အပြင်အတိုင်း ဒူးတုပ်ကာ ထိုင်မြဲ ထိုင်နေသည်။ သူ၏ ချုပ်လုပ်ဆဲ ချုပ်ထည်ကလည်း သူ့ပေါင်ပေါ်တွင် တည်မြဲ တည်နေသည်။ သို့သော် သူ၏ လက်ဖဝါးအောက်ရှိ လည်ပင်းနေရာ၌ စတင် ရောင်ကိုင်းလာနေသည်ကို ကျွန်မ တွေ့မြင်နေရသည်။

“ရွှယ်ဟွား၊ ရွှယ်ဟွား” ကျွန်မ အလောတကြီး အော်ခေါ်လိုက်သည်။

“ပါပါးနဲ့ စူးစူတို့ကို အမြန် သွားခေါ်ပေးစမ်းပါ”

ခြေသေးကလေးများဖြင့် အတတ်နိုင်ဆုံး ပြေးထွက်သွားသော ရွှယ်ဟွား၏ ရုပ်ပုံလွှာကို ကျွန်မ၏ မျက်စိထောင့်စွန်းမှ တွေ့မြင်နေရသည်။ ပုံမှန်အားဖြင့် ညင်သာနူးညံ့စွာ ပြောဆိုတတ်သော သူ၏ လေသံမှာ ယခုအခါ စူးရှ၍ တုန်ယင်နေသည်။

“ကယ်ကြပါဦး၊ ကယ်ကြပါဦး”

မေရွက်၏ အနားသို့ ကျွန်မ တိုးကပ်လိုက်သည်။ သူ၏ ကိုယ်ပေါ်ရှိ အဝတ်စတစ်စပေါ်တွင် ဆန့်ငင်ဆန့်ငင် ဖြစ်နေသော ပျားတစ်ကောင်ကို တွေ့လိုက်ရသည်။ ကျွန်မညီမလေး၏ လည်ပင်းကို ပျားတုပ်လိုက်တာပဲ ဖြစ်မည်။ ကျွန်မသည် သူ၏ တခြားလက်တစ်ဘက်ကို ကောက်ကိုင်ကာ ကျွန်မ၏ လက်များဖြင့် ဆုပ်ကိုင်ထားလိုက်သည်။ သူ၏ ပါးစပ်က ပွင့်ဟလာသည်။ သူ၏ လျှာသည်လည်း သွေးရောင်လွှမ်းလျက် ရောင်ကိုင်းလာနေသည်။

“ငါ ဘာလုပ်ပေးရမလဲ” ကျွန်မ မေးလိုက်သည်။

“ငါ အဲဒီအဆူးကို ဖယ်ထုတ်ပေးရမလား” အချိန်နှောင်းနေပြီ ဖြစ်ကြောင်း ကျွန်မတို့ နှစ်ယောက်စလုံး သိထားပြီး ဖြစ်သည်။

“နင် ရေသောက်ချင်လား” ကျွန်မ မေးလိုက်သည်။

မေရွက်က ဘာမျှ ပြန်မဖြေနိုင်ပါ။ ယခုအခါ သူသည် နှာခေါင်းဖြင့်သာ အသက်ရှူနေရသည်။ ဝင်သက်ထွက်သက်တိုင်းကလည်း အလွန်အကျွံ အားစိုက်ထုတ်နေရဟန်။

ရွာထဲတစ်နေရာမှ ရွှယ်ဟွား၏ အသံကို ကြားလိုက်ရသည်။

“ပါပါး … စူးစူ … တာ့ကော … ဘယ်သူရှိလဲ။ ဒီမှာ ကယ်ကြပါဦး”

ရှေ့ရက်အနည်းငယ်က ကျွန်မတို့၏ အိပ်ရာခင်းနားတွင် စုံပြုံနေခဲ့ကြသော ကလေးများသည် ယခုအခါ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်ကာ မေရွက်ကို အထိတ်တလန့် ငေးကြည့်နေကြသည်။ သူ၏ လည်ပင်း၊ လျှာ၊ မျက်ခွံနှင့် လက်နှစ်ဘက်စလုံး ရောင်းကိုင်းနေကြသည်။ သူ၏ မျက်နှာသည်လည်း လှပသော လဝန်းဖြူရောင်မှ ပန်းဆီရောင်၊ ပန်းဆီရောင်မှ ကြက်သွေးရောင်၊ ကြက်သွေးရောင်မှ မရမ်းဆီရောင်၊ ထို့နောက် အစိမ်းရောင်သို့ ပြောင်းလဲခဲ့ချေပြီ။ ယခုအခါ သရဲဝတ္ထုထဲမှ မကောင်းဆိုးဝါးနှင့် တူနေတော့သည်။ ဖူးဝေ၏ မုဆိုးမတချို့ ရောက်လာကြသည်။ သူတို့က ခေါင်းများကို ခါယမ်းပြီး စုတ်သပ်နေကြသည်။

မေရွက်က ကျွန်မကို စိုက်ကြည့်နေသည်။ သူ့လက်မှာ ဖောင်းအစ်ပြည့်တင်းနေပြီး သူ့လက်ချောင်းများသည် ကျွန်မလက်ဖဝါးထဲတွင် ဝက်အူချောင်းများနှင့် တူနေတော့သည်။ အရေပြားက တင်းရင်းနေပြီး မကြာခင် ပေါက်ကွဲသွားတော့မည့်နှယ်။ သူ၏ ဖောင်းကားအစ်မို့နေသော လက်တစ်ဘက်ကို ကျွန်မလက်ထဲတွင် ဆုပ်ကိုင်ထားလိုက်သည်။

“မေရွက်၊ သေချာနားထောင်။ နင့်ပါပါး လာနေပြီ။ သူ့ကို ခဏစောင့်ဦးနော်။ သူက နင့်ကို သိပ်ချစ်တာ။ ငါတို့အားလုံးကလည်း နင့်ကို ချစ်တာပါပဲ။ မေရွက် … ငါပြောတာ ကြားလား”

အသက်ကြီးသော အမျိုးသမီးများ၏ ငိုသံများ ထွက်လာသည်။ ကလေးများက တစ်ယောက်ကိုတစ်ယောက် လက်များ တွဲယှက်ထားကြသည်။ ကျေးလက်သူတို့၏ ဘဝက ကြမ်းတမ်းလွန်းသည်။ ကျွန်မတို့ထဲမှ မည်သူသည် သေခြင်းတရားကို မမြင်ဖူးဘဲ ရှိပါအံ့နည်း။ သို့သော် ယခုကဲ့သို့သော နောက်ဆုံးအချိန်မျိုးတွင် ဤသို့သော သတ္တိရှိမှု၊ ဤသို့သော တည်ငြိမ်မှုနှင့် သေခြင်းတရားကို စောင့်ဆိုင်းနေသည့် ရည်ရွယ်ချက်၏ ဤသို့သော အလှတရားမျိုးကို မြင်တွေ့နိုင်ရန် ခက်ခဲလှသည်။

“နင်က ငါ့အပေါ် အင်မတန်ကောင်းတဲ့ ညီမလေးတစ်ယောက်ပါ။ ငါ နင့်ကို အမြဲတမ်း ချစ်နေမှာပါ။ ဘယ်တော့ ဘယ်တော့မှ မေ့ပစ်နိုင်မှာ မဟုတ်ဘူး” ကျွန်မ ပြောလိုက်သည်။

မေရွက်က အသက်ရှူနိုင်ရန် နောက်တစ်ကြိမ် ကြိုးစားနေသည်။ တံခါးပတ္တာမှ တကျွီကျွီ အသံပေးနေသကဲ့သို့ ရှိုက်သံက ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်ထဲသို့ ဘာလေမျှ ဝင်ရောက်သွားပုံ မရပေ။

“မေရွက် … မေရွက် …”

ဆိုးရွားသော အသံကြီး ရပ်တန့်သွားသည်။ ပုံပျက်ပန်းပျက် ဖြစ်နေသော မျက်နှာပေါ်တွင် သူ၏ မျက်လုံးများက ပြူးကျယ်နေကြသည်။ သို့သော် သူက ကျွန်မကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် စိုက်ကြည့်နေသည်။ ကျွန်မပြောခဲ့သော စကားများ အားလုံးကို သူ ကြားသည်။ သူ့ခန္ဓာကိုယ်ထဲသို့ မည်သည့်လေမျှ ဝင်ထွက်ခွင့်မရတော့သည့် သူ့ဘဝ၏ နောက်ဆုံးအချိန်လေးတွင် သူက ကျွန်မကို သတင်းစကားများ ပါးနေသည်ဟု ခံစားလာရသည်။

‘မာမားကို ပြောပေးပါ။ ငါ သူ့ကို သိပ်ချစ်တယ်လို့။ ပါပါးကိုလည်း ပြောပေးပါ။ ငါ သူ့ကိုလည်း သိပ်ချစ်တာပဲ။ ပြီးတော့ နင့်ရဲ့ မိဘတွေကိုလည်း ပြောပြပေးပါ။ ငါ့အတွက် သူတို့ လုပ်ပေးခဲ့သမျှကို ငါ ကျေးဇူးတင်လို့ မဆုံးပါဘူးလို့။ အိမ်မှာရှိတဲ့လူတွေ ငါ့အတွက်နဲ့ ဒုက္ခမဖြစ်ကြပါစေနဲ့’

ထို့နောက် သူ့ခေါင်းက တစ်ဘက်သို့ ငိုက်ကျသွားလေသည်။

မည်သူမျှ မလှုပ်မယှက်ကြ။ အရာအားလုံးသည် ကျွန်မဖိနပ်ပေါ်တွင် အလှထိုးထားသည့် ရုပ်စုံများကဲ့သို့ ငြိမ်သက်နေကြသည်။ ငိုရှိုက်သံနှင့် နှာရှုပ်သံတို့ကသာ တစ်စုံတစ်ရာ လွဲမှားနေပြီ ဖြစ်ကြောင်း ဖော်ပြနေသည်။

စူးစူသည် ရွာလမ်းအတိုင်း အမောတကော ပြေးလာကာ ဝိုင်းပတ်နေသော အနားရှိလူများကို တွန်းဖယ်ပြီး မေရွက်နှင့် ကျွန်မတို့ ထိုင်နေသည့် နေရာအတွင်းသို့ တိုးဝင်လာသည်။ မေရွက်၏ အမူအရာက ဘာမျှ မဖြစ်ခဲ့သကဲ့သို့ တည်ငြိမ် အေးချမ်းနေသောကြောင့် ၎င်းအနေအထားကပင် သူ့ကို မျှော်လင့်ချက် ပေးနေသယောင်။ သို့သော် ကျွန်မ၏ မျက်နှာထားနှင့် အနားရှိလူများ၏ မျက်နှာရိပ် မျက်နှာကဲများက သူ့မျှော်လင့်ချက်ကို ရိုက်ချိုးပစ်နေကြသည်။ သူသည် ဒူးကို ထောက်ချလိုက်သည်နှင့် ပြင်းထန်စွာ ငိုကြွေးတော့သည်။ မေရွက်၏ မျက်နှာကို အနီးကပ် မြင်လိုက်ရသည့်အခါတွင်မူ သည်းထန်သော သူ၏ ငိုကြွေးသံက ပို၍ပင် ကျယ်လောင်လာလေသည်။ ငယ်ရွယ်သော ကလေးငယ်တချို့ ထွက်ပြေးသွားကြသည်။ လယ်ကွင်းထဲတွင် ပင်ပင်ပန်းပန်း အလုပ်လုပ်နေရာမှ ကျွန်မတို့ထံ အမောတကော ပြေးလာရသော သူ၏ ကိုယ်ပေါ်တွင် ချွေးများနှင့် ပြည့်နှက်နေမည် ဖြစ်ကြောင်း ကြည့်စရာမလိုဘဲ အနံ့ရရုံနှင့် ကျွန်မ သိနေသည်။ သူ၏ မျက်လုံးများမှ ဖြာကျလာသော မျက်ရည်များသည် သူ၏ နှာခေါင်း၊ ပါးပြင်များနှင့် မေးရိုးကို ဖြတ်ကျော်စီးဆင်းကာ ရွဲရွဲစိုနေသော ချွေးခံအင်္ကျီပေါ်တွင် ရောနှော ပျောက်ကွယ်သွားကြသည်။

မကြာခင် ပါပါး ရောက်လာပြီး ကျွန်မနံဘေးတွင် ဒူးထောက်ထိုင်ချလိုက်သည်။ စက္ကန့်အနည်းငယ် ကြာသည့်အခါတွင် တာ့ကောသည် ရွှယ်ဟွားကို ကုန်းပိုးလျက် လူအုပ်ကြီးထဲသို့ တိုးဝင်လာပြီး ဟောဟဲလိုက်နေသည်။

စူးစူက မေရွက်ကို အဆက်မပြတ် စကားပြောနေသည်။

“ထစမ်းပါဦး၊ ကောင်မလေးရဲ့။ ထစမ်းပါဦး။ ငါ နင့်မာမားကို ခေါ်ပေးမယ်လေ။ သူက နင် မရှိလို့ မဖြစ်ဘူး။ ထစမ်းပါဦး။ ထကြည့်စမ်းပါဦး”

သူ့အစ်ကိုဖြစ်သော ကျွန်မအဖေက သူ့လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။

“အချိန်နှောင်းသွားပြီကွာ”

စူးစူ၏ ကိုယ်ဟန်အနေအထားသည် မေရွက်ကဲ့သို့ ပျော့ခွေနေသည်။ ခေါင်းငိုက်စိုက်ချကာ လက်နှစ်ဘက်က ပေါင်ပေါ် ပုံ့ပုံ့ကလေးတင်ထားလျက် ဒူးတုတ်၍ ထိုင်နေသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ သူ့ခန္ဓာကို ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်အောင် ဒုက္ခပေးနေကြသော အထိန်းအကွပ်မဲ့ ပူဆွေးသောကများနှင့် မျက်လုံးအစုံမှ ယိုစိမ့်ထွက်နေသော ကြွေကွဲမှုများသာ ဖြစ်သည်။

ပါပါးက မေးလိုက်သည်။

“မင်း သူ့ကို ချီမလား။ ဒါမှမဟုတ် ငါ …”

စူးစူက ခေါင်းခါပြသည်။ နှုတ်ဆိတ်လျက်ပင် ဖိထိုင်ထားသော ခြေထောက်တစ်ဘက်ကို ဆွဲ၍ မုဆိုးထိုင် ထိုင်ကာ မြေပြင်၌ သူ့ကိုယ်ကိုယ် တည်ငြိမ်သွားအောင် ကြိုးစားလိုက်သည်။ ထို့နောက် မေရွက်ကို ပွေ့ချီကာ အိမ်ထဲသို့ သယ်ဆောင်သွားလေသည်။ ရွှယ်ဟွားမှ လွဲ၍ ကျွန်မတို့အားလုံး ကြက်သေသေနေမိကြသည်။ ရွှယ်ဟွားကမူ အိမ်ထဲသို့ ပြေးဝင်သွားပြီး ယောက်ျားများ တောထဲမှ ပြန်လာသည့်အခါတွင် အဆင်သင့် သောက်သုံးနိုင်ရန် အသင့် ပြင်ဆင်ပေးထားသော စားပွဲပေါ်မှ အကြမ်းပန်းကန်များကို ဖယ်ရှားလိုက်သည်။ စူးစူက မေရွက်ကို စားပွဲပေါ် တင်လိုက်သည်။ ယခုအခါတွင် မေရွက်၏ မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်တွင် ပျားဆိပ်များ မည်မျှ ပျံ့နှံနေကြောင်းကို လူတိုင်း တွေ့မြင်နိုင်သည်။ ကျွန်မစိတ်ထဲမှ တွေးကြည့်နေမိသည်။ အဆိပ်တက်ချိန်က ငါးမိနစ်ထက် ဘာမျှ မပိုခဲ့ပါ။

ရွှယ်ဟွားက ကျွန်မတို့အားလုံးကို နောက်တစ်ကြိမ် လှုပ်နှိုးလိုက်ပြန်သည်။

“ဒီမယ် ဒီမယ်၊ အိမ်က တခြားလူတွေကို သမီးတို့ အကြောင်းကြားရဦးမယ်လေ”

မေရွက်၏ သေဆုံးမှုအကြောင်း စိန်စိန်းအား ပြောပြရမည်ကို သတိရသွားသည့်အခါတွင် စူးစူ၏ ရှိုက်သံက ပို၍ ပြင်းထန်လာသည်။ စိန်စိန်းအကြောင်းကိုမူ ကျွန်မ တွေးပင် တွေးမကြည့်ရဲပါ။ မေရွက်သည် သူ၏ တစ်ခုတည်းသော ပျော်ရွှင်မှု ဖြစ်ခဲ့သည်။ မေရွက်အပေါ် ကျရောက်ခဲ့သော ကြမ္မာဆိုးကြောင့် ကျွန်မသည် အကြီးအကျယ် တုန်လှုပ်နေဆဲ။ ဘာကိုမျှ တွေးခေါ်ခံစားနိုင်စွမ်း မရှိသေးပေ။ ယခုအခါတွင် ကျွန်မ၏ ခြေထောက်များမှာ ပျော့ခွေယိုင်နဲ့နေပြီး မျက်လုံးအိမ်များက မျက်ရည်များနှင့် အိုင်ထွန်းနေသည်။ ကျွန်မ၏ ချစ်လှစွာသော ညီမငယ်အတွက် ဖြစ်ပေါ်လာသော ပဋိဒေဝမီး၊ စိန်စိန်းနှင့် စူးစူတို့အတွက် ဖြစ်ပေါ်လာသော သနားကရုဏာတို့က မျက်ရည်များအဖြစ် မျက်လုံးအိမ်များမှ ဖြိုင်ဖြိုင် စီးကျနေတော့သည်။ ရွှယ်ဟွားက ကျွန်မကို လက်တစ်ဘက်ဖြင့် ပွေ့ဖက်ကာ ထိုင်ခုံရှိရာသို့ တွဲခေါ်လာသည်။ ထို့နောက် ဆက်လုပ်ရမည့် လုပ်ငန်းစဉ်များကို မှာကြားနေတော့သည်။

“တာ့ကော၊ စိန်စိန်းရဲ့ မိဘရွာကို အခု သွားလိုက်ပါလား” သူက ညွှန်ကြားနေသည်။

“ကျွန်မမှာ ပိုက်ဆံနည်းနည်း ရှိတယ်။ အဲဒီပိုက်ဆံနဲ့ သူ့အတွက် ဝေါယာဉ် ငှားပေးလိုက်ပါ။ ပြီးတော့မှ မာမားရဲ့ မိဘရွာကို သွား။ သူ့ကို ပြန်ခေါ်လာခဲ့။ သူ့ကိုတော့ ကျွန်မကို ခေါ်ခဲ့သလို ကျောပိုးပြီး ခေါ်လာခဲ့ရမှာပဲ။ အော့တိက တာ့ကောအတွက် အကူရကောင်း ရလိမ့်မယ်။ ဒါပေမယ့် မြန်မြန်လုပ်နော်။ စိန်စိန်းကို နှစ်သိမ့်ဖို့အတွက် အနားမှာ မာမား မရှိလို့ မဖြစ်ဘူး”

ထို့နောက် ကျွန်မတို့ စောင့်ဆိုင်းနေကြရသည်။ စူးစူသည် စားပွဲအနီးရှိ ခွေးခြေတစ်လုံးတွင် ထိုင်ကာ မေရွက်အပေါ် မှောက်လျက် ငိုကြွေးနေသောကြောင့် မေရွက်၏ အင်္ကျီတစ်ပြင်လုံး မျက်ရည်များနှင့် ရွှဲရွှဲစိုနေတော့သည်။ ပါပါးက စူးစူကို ဖျောင်းဖျဖို့ ကြိုးစားပါသေးသည်။ သို့သော် မည်သို့ ဖြစ်နိုင်ပါအံ့နည်း။ သူ့ကို စိတ်သက်သာရာရအောင် မည်သို့ ဖျောင်းဖျနိုင်မည်နည်း။

ယောင်ဝ်တိုင်းရင်းသားတို့သည် သူတို့၏ သမီးများကို မည်သို့မျှ ချစ်ခင်ကြင်နာခြင်း မရှိဟု ပြောဆိုနေခဲ့ကြသည်။ အားလုံး မုသားများသာ ဖြစ်သည်။ ကျွန်မတို့ တန်ဖိုးမဲ့ကောင်း မဲ့နေမည်။ ကြီးဒေါ်နွား အငှားကျောင်းရသကဲ့သို့ ကျွန်မတို့ကို တခြားမိသားစုအတွက် ကျွေးမွေး သုတ်သင်ပေးခဲ့ရခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သို့သော် ကျွန်မတို့၏ မိဘမောင်ဖွားများက ကျွန်မတို့အပေါ် နက်နက်ရှိုင်းရှိုင်း မခံစားမိစေရန် အတတ်နိုင်ဆုံး ကြိုးစားနေကြသည့် အကြားမှာပင် ရံဖန်ရံခါ ကျွန်မတို့ အချစ်ခံကြရသည်။ မြတ်နိုးခံကြရသည်။ ဤသို့ မဟုတ်လျှင် နွီစူးစာထဲ၌

“ကျွန်မသည် ပါပါး၏ လက်ဖဝါးပေါ်မှ ပုလဲကလေးတစ်လုံး ဖြစ်သည်” ဟူသော စာကြောင်းမျိုးကို ကျွန်မတို့ အဘယ်ကြောင့် မကြာခဏ တွေ့မြင်နေကြရပါသနည်း။

မိဘတစ်ယောက်အနေဖြင့် ကျွန်မတို့သည် အလွန်အကျွံ ဂရုမစိုက်မိစေရန် ကြိုးစားခဲ့ကြခြင်းလည်း ဖြစ်နိုင်သည်။ ကျွန်မသည် ကျွန်မသမီးကို အလေးမထားရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် မည်သို့ တတ်နိုင်မည်နည်း။ သားများကဲ့သို့ပင် သမီးကိုလည်း ကျွန်မ၏ နို့ချိုဖြင့် ကျွေးမွေးစောင့်ရှောက်ခဲ့ရသည်။ သူက ကျွန်မရင်ခွင်ထဲတွင် မျက်ရည်ကျခဲ့ဖူးသည်။ ထို့နောက် သူက နွီစူးစာတွင် ကျွမ်းကျင်လိမ္မာပြီး ထက်မြက်သော မိန်းမကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားလုပ်ဆောင်ခြင်းဖြင့် ကျွန်မကို ဂုဏ်ပြုခဲ့သည်။ သို့သော် ယခုအခါတွင်မူ စူးစူ၏ လက်ဖဝါးပေါ်မှ ပုလဲလုံးကလေးသည် သူ့ကို အပြီးတိုင် စွန့်ခွာသွားပေတော့မည်။

ကျွန်မသည် မေရွက်၏ မျက်နှာကို ငေးစိုက်ကြည့်နေရင်း ကျွန်မတို့ မည်မျှ ရင်းနှီးနီးကပ်ခဲ့ကြောင်းကို ပြန်တွေးနေမိသည်။ ကျွန်မတို့သည် ခြေထောက်များကို တစ်ချိန်တည်း တစ်ပြိုင်တည်း အတူတူ စည်းခဲ့ကြသည်။ ကျွန်မတို့နှစ်ယောက်စလုံး တစ်ရွာတည်းတွင် အတူတူ အိမ်ထောင်ကျကြမည်။ ကံကြမ္မာက ကျွန်မတို့ကို အရာရာ နီးကပ်အောင် စီစဉ်ပေးပြီးကာမှ ယခုတော့ သေကွဲ ကွဲကြရအောင် ဖန်တီးလာပြန်သည်။

ကျွန်မတို့အနားတွင် ရွှယ်ဟွားတစ်ယောက်တည်း အလုပ်ရှုပ်နေသည်။ သူက ကျွန်မတို့အားလုံးအတွက် ရေနွေးကြမ်းများ ငှဲ့ပေးနေသည်။ သို့သော် မည်သူမျှ မတို့မထိကြ။ ထို့အပြင် အိမ်ထဲမှ အဖြူရောင် နာရေးဝတ်စုံများ ရှာလာပြီး ကျွန်မတို့ကို ပေးသည်။ ထို့နောက် အိမ်ပေါက်ဝတွင် ရပ်ကာ သတင်းလာမေးသူများကို ပြန်လှန်နှုတ်ဆက်နေသည်။ အောင်သွယ်တော်ဝမ်လည်း သူ၏ ဝေါယာဉ်ဖြင့် ပေါက်ချလာသည်။ ရွှယ်ဟွားက သူ့ကို အိမ်ထဲသို့ ခေါ်လာခဲ့သည်။ အောင်သွယ်တော်ဝမ်၏ နှုတ်မှ သူ၏ အောင်သွယ်ကြေး ဆုံးရှုံးမှုအပေါ် ညည်းညူသံများ ထွက်ကျလာလိမ့်မည်ဟု ကျွန်မ မျှော်လင့်ထားခဲ့သည်။ သို့သော်ငြားလည်း သူ့အား ကူညီခွင့်ပြုပါရန် သူက ပန်ကြားလာသည်။

မေရွက်၏ အနာဂတ်သည် သူ့လက်ခုတ်ထဲ ကျရောက်နေသည်နှင့် အညီ မေရွက်၏ နောက်ဆုံးခရီးကို လိုက်ပို့ရန်လည်း သူ့တွင် တာဝန်ရှိသည်ဟု သူ ခံစားနေရပေမည်။ သို့သော် မေရွက်၏ ပုံပျက်ပန်းပျက် ဖြစ်နေသော မျက်နှာနှင့် ဘီလူးတစ်ကောင်ကဲ့သို့ တုတ်ခိုင် ဖောင်းအစ်နေသော လက်ချောင်းများကို မြင်လိုက်ရသည့်အခါတွင် လန့်မအော်မိစေရန် သူ့ပါးစပ်ကို လက်တစ်ဘက်ဖြင့် အလျင်အမြန် ပိတ်ဆို့ထားလိုက်သည်။ ရာသီဥတုက ပူပြင်းလွန်းသောကြောင့် သူ့ကို အေးအေးလူလူ ထားနိုင်သည့် နေရာမျိုး မရှိပေ။ မေရွက်၏ ရုပ်အလောင်းကလည်း အပူရှိန်ကြောင့် အလျင်အမြန် အသွင်ပြောင်းနေလေသည်။

“သူ့အမေ ရောက်လာဖို့ အချိန်ဘယ်လောက် လိုသေးလဲ” အောင်သွယ်တော်ဝမ်က မေးသည်။

ကျွန်မတို့ မသိကြပါ။

“ရွှယ်ဟွား၊ ကောင်မလေးရဲ့ မျက်နှာကို ပိတ်ပါးကလေးနဲ့ အုပ်ထား။ ပြီးတော့ သူ့ကို သက်ရှည်ဝတ်စုံတွေ ဝတ်ပေးထားလိုက်။ အဲဒါကို အခုလုပ်ကြ။ ဘယ်အမေကမှ ကိုယ့်သမီးကို ဒီလိုကြီး မြင်ချင်မှာ မဟုတ်ဘူး” ရွှယ်ဟွားသည် အပေါ်ထပ်သို့ သွားရန် လှည့်မည်အပြုတွင် အောင်သွယ်တော်ဝမ်က သူ့အင်္ကျီစကို ဖမ်းကိုင်လိုက်သည်။

“ငါ ထုံးခိုကိုသွားပြီး ညည်းအတွက် နာရေးဝတ်စုံတွေ ယူလာခဲ့ပေးမယ်။ ငါ မပြောမချင်း ဒီအိမ်ကနေ ဘယ်ကိုမှ မသွားနဲ့” သူက ရွှယ်ဟွားကို လွှတ်လိုက်ပြီး မေရွက်ကို နောက်ဆုံးတစ်ကြိမ် စိုက်ကြည့်၍ အိမ်အပြင်သို့ ထွက်သွားတော့သည်။

စိန်စိန်းရောက်လာသည့် အချိန်တွင် ပါပါး၊ စူးစူ၊ ကျွန်မ၏ မောင်ဖွားများနှင့် ကျွန်မတို့သည် ဂုန်နီစများ စွတ်လျက် နာရေးဝတ်စုံများ ဝတ်ဆင်ထားပြီး ဖြစ်သည်။ မေရွက်၏ ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း ပိတ်ပါးဖြင့် လုံလုံခြုံခြုံ ပတ်ထားပြီးသည့်အပြင် သူ၏ တမလွန်ခရီးစဉ်အတွက် သက်ရှည်ဝတ်စုံများကိုလည်း ဝတ်ဆင်ပေးထားပြီး ဖြစ်သည်။ ထိုနေ့က အိမ်တွင်း၌ မျက်ရည်ပေါင်းများစွာ တသွင်သွင် စီးဆင်းခဲ့ကြသည်။ သို့သော် စိန်စိန်းသည် မျက်ရည်တစ်စက်မျှ မကျခဲ့ပေ။ သူသည် သူ့သမီးထံသို့ ဒယီးဒယိုင် လျှောက်သွားပြီး သူ့သမီး၏ အဝတ်များကို လက်ဖြင့် အသာအယာ ပွတ်သပ်နေသည်။ ထို့နောက် သူ့သမီး၏ နှလုံးအထက်တွင် လက်ကို တင်ထားကာ နာရီပေါင်းများစွာ မလှုပ်မယှက်နှင့် ဤအတိုင်း ရပ်နေလေသည်။

စိန်စိန်းသည် အသုဘအခမ်းအနားအတွက် လုပ်သင့်လုပ်ထိုက်သည်များကို ရိုးရာဓလေ့အတိုင်း တစ်ခုမကျန် ပြုလုပ်ခဲ့သည်။ သူသည် မြေမြှုပ်မည့် သင်္ချိုင်းမြေသို့ ဒူးထောက်ကာ လျှောက်သွားခဲ့သည်။ မေရွက်အတွက် ငွေစက္ကူများနှင့် အဝတ်အစားများ မီးရှို့ပေးခဲ့သည်။ ထို့နောက် မေရွက်၏ နွီစူးစာများ အားလုံးကို စုစည်းကာ သူ့အတွက် မီးရှို့ပေးခဲ့ပြန်သည်။ အခမ်းအနား ပြီးဆုံးသောအခါ ကျွန်မတို့၏ အိမ်အတွင်း၌ သူ့အတွက် ကန်တော့စင်သေးသေးတစ်ခု ပြုလုပ်ကာ နေ့တိုင်း အစားအသောက်များနှင့် ပသလေသည်။ စိန်စိန်းသည် ကျွန်မတို့၏ အရှေ့တွင် မျက်ရည်တစ်စက်မျှ မကျခဲ့ဖူးသော်လည်း ညအိပ်ချိန်၌ သူ၏ ခုတင်ထက်မှ လျှံထွက်လာတတ်သည့် အသံများကို ကျွန်မ လုံးဝ မေ့နိုင်မည် မဟုတ်ပါ။ သူ့ဝိညာဉ်၏ အနက်တကာ့ အနက်ရှိုင်းဆုံးသော နေရာတစ်ခုမှ ညည်းတွားသံများ ထွက်ပေါ်နေခဲ့သည်။ ကျွန်မတို့ ဘယ်သူမျှ အိပ်မပျော်ခဲ့ကြပါ။ ဘယ်သူကမှလည်း သူ့ကို ဖြေသိမ့်မှု မပေးနိုင်ခဲ့ကြ။

ကျွန်မနှင့် ကျွန်မမောင်များသည် သူ့အရှေ့ မျက်နှာမပြမိစေရန် တတ်နိုင်သမျှ ကြိုးစားခဲ့ကြသည်။ ကျွန်မတို့၏ အသံများနှင့် မျက်နှာများသည် သူ၏ နာကျင်ခံခက်သော ဆုံးရှုံးမှုကို သတိရသွားစေနိုင်သည် မဟုတ်လား။ မနက်ခင်းအချိန်များတွင် အိမ်ရှိ ယောက်ျားသားများ လယ်ထဲသို့ ဆင်းသွားကြသည်နှင့် စိန်စိန်းသည် သူ့အခန်းတွင်းသို့ ဝင်ကာ ပြန်ထွက်မလာတော့။ သူသည် တစ်နေကုန်နီးပါး လဲလျောင်းလျက် နံရံကို မျက်နှာအပ်ကာ မာမားပို့ပေးသော ထမင်းတစ်ပန်းကန်မှ လွဲ၍ ဘာမျှ ကျွေးလို့မရတော့ပေ။ တစ်နေ့လုံး ထိုသို့ တိတ်တိတ်ဆိတ်ဆိတ် လဲလျောင်းနေပြီး ညအချိန် လူခြေတိတ်သောအခါတွင်မှ ကြောက်မက်ဖွယ် ညည်းတွားသံက နောက်တစ်ဖန် ထွက်ပေါ်လာတော့သည်။

လူတစ်ယောက် သေသွားသည့်အခါတွင် သူ၏ ဝိညာဉ်တစ်စိတ်တစ်ဒေသသည် ယမမင်းထံသို့ သွားရောက်ရပြီး ကျန်သည့် အစိတ်အပိုင်းက သူ၏ မိသားစုအနီးတွင် တဝဲလည်လည်နှင့် စောင့်ရှောက်ပေးနေတတ်သည်ဟု လူအားလုံးက လက်ခံယုံကြည်ထားကြသည်။ သို့သော် အိမ်ထောင်မကျခင် ကွယ်လွန်သွားကြသော အမျိုးသမီးငယ်များအတွက်မူ ထိုသို့ မဟုတ်ပါ။ သူ၏ ဝိညာဉ်သည် တခြားသော မိန်းမပျိုလေးများကို တွယ်ကပ်၍ နှောင့်ယှက်နေတတ်သည်။ သူတို့ကို ခြောက်လှန့်ရန်အတွက် မဟုတ်ဘဲ တမလွန်လောကတွင် သူ့ကို အဖော်ပြုနိုင်ရန်အတွက် တခြားသူများကို လာရောက် ခေါ်ငင်ခြင်း ဖြစ်သည်ဟု ယုံကြည်ထားကြသည်။ စိန်စိန်းထံမှ ညစဉ်ညတိုင်း ထွက်ပေါ်လာတတ်သော ညည်းတွားသံကြောင့် ကျွန်မတို့မှာ မေရွက်ကို ပိုမို၍ သတိရလာတော့သည်။ သို့ဖြင့် ကျွန်မနှင့် ရွှယ်ဟွားတို့လည်း အန္တရာယ်ရှိလာပြီ ဖြစ်ကြောင်း ပိုမို၍ နားလည်လာရသည်။

တစ်မနက်တွင် ရွှယ်ဟွားက အစီအစဉ်တစ်ခုကို တင်ပြလာသည်။

“မေရွက်အတွက် ပန်းမျှော်စင်တစ်ခု လုပ်ပေးကြရအောင်လား”

ပန်းမျှော်စင်ဖြင့် မေရွက်၏ ဝိညာဉ်ကို ချွေးသိပ်ထားနိုင်သည်။ သူ့ဝိညာဉ်သည် နေစရာနေရာ ရှိသွားပြီ ဖြစ်သောကြောင့် ကျွန်မတို့ကို လာရောက်နှောင့်ယှက်တော့မည် မဟုတ်ပေ။

ပိုက်ဆံချမ်းသာသော မိသားစုများသည် ပန်းမျှော်စင်လုပ်သော ကျွမ်းကျင်ပညာရှင်များထံသို့ သွားရောက်ပြီး ပန်းမျှော်စင်တစ်ခု ပြုလုပ်ခိုင်းတတ်ကြသည်။ သို့သော် ကျွန်မနှင့် ရွှယ်ဟွားသည် အထပ်များစွာပါသော ပန်းမျှော်စင်ကို ကိုယ်ကိုယ်တိုင် ပြုလုပ်ကြရန် ဆုံးဖြတ်ခဲ့ကြသည်။ ဘုံခုနစ်ဆင့်ရှိသော ပြသာဒ်တစ်ခုကဲ့သို့ ပြုလုပ်ကြမည် ဖြစ်သည်။ အောက်ဆုံးထပ်၏ ဝင်ပေါက်ဝတွင် ခွေးခြင်္သေ့နှစ်ကောင်ကို အစောင့်အဖြစ် ထားထားသည်။ အတွင်းနံရံပေါ်တွင် နွီစူးဖြင့် ရေးထားသော ကဗျာများနှင့် တန်ဆာဆင်ထားသည်။ တစ်ထပ်ကို ကခုန်ရန်၊ နောက်တစ်ထပ်ကို လေဟုန်စီးရန် ဖန်တီးပေးထားသည်။ အိပ်ခန်း၏ မျက်နှာကျက်ကိုလည်း လနှင့် ကြယ်နက္ခတ်တာရာများဖြင့် အလှဆင်ပေးထားသည်။ နောက်တစ်ထပ်တွင်မူ အမျိုးသမီးဆောင် လုပ်ပေးထားပြီး အပြင်ဘက်မှ ရှုခင်းများကို လွတ်လွတ်လပ်လပ် ရှုစားနိုင်ရန်အတွက် လေးဘက်လေးတန်တွင် ပြတင်းပေါက်များ ဖောက်ပေးထားသည်။ ထိုအခန်းထဲတွင် စားပွဲတစ်လုံး ချပေးထားပြီး ၎င်းအပေါ်တွင် ကျွန်မတို့ ကြိုက်နှစ်သက်သော ချည်လုံးများ၊ မင်၊ စက္ကူနှင့် စုတ်တံတစ်ချောင်းကို တင်ပေးထားသည်။ မေရွက်အနေဖြင့် သူ၏ တစ္ဆေသူငယ်ချင်း အသစ်များထံ နွီစူးဖြင့် စာရေးခြင်းနှင့် ဇာထိုးပန်းထိုးခြင်းများ ပြုလုပ်နိုင်ပေလိမ့်မည်။ ကျွန်မတို့သည် အစေခံများနှင့် ဖျော်ဖြေရေးသမားများကို ရောင်စုံစက္ကူများမှ ညှပ်ယူပြီး အထပ်တိုင်းတွင် ထားပေးခဲ့ကြသည်။ ထိုသို့ဆိုလျှင် မေရွက်လည်း အဖော်ရကာ ပျင်းရိငြီးငွေ့တော့မည် မဟုတ်ပေ။ မေရွက်အတွက် ပန်းမျှော်စင် ပြုလုပ်ပေးသည့်အပြင် ကျွန်မတို့သည် သူ့အတွက် တမ်းချင်းတစ်ပုဒ်လည်း ရေးစပ်ခဲ့ကြသည်။ အကယ်၍သာ ပန်းမျှော်စင်သည် မေရွက်အတွက် ပျော်ရွှင်မှုကို ရာသက်ပန် ဆောင်ကြဉ်းပေးနိုင်မည် ဆိုလျှင် ကျွန်မတို့၏ တမ်းချင်းသည် သူ့အတွက် နောက်ဆုံးနှုတ်ဆက်စကားများသာ ဖြစ်ပေလိမ့်မည်။

တစ်နေ့တွင် ရာသီဥတုမှာ သာယာကောင်းမွန်လာသောကြောင့် ကျွန်မနှင့် ရွှယ်ဟွားတို့သည် မေရွက်မြှုပ်နှံရာ သုသာန်မြေသို့ သွားရောက်ခွင့် ရခဲ့ကြသည်။ သုသာန်သို့ သွားရမည့် ခရီးမှာ ဝေးလှသည် မဟုတ်ပါ။ မေရွက်ဆုံးသည့်နေ့က ပါပါး၊ စူးစူတို့ထံသို့ ရွှယ်ဟွား ပြေးသွားခဲ့ရသည့် ခရီးအကွာအဝေးလောက်ပင် ဝေးလံခြင်း မရှိပေ။ ကျွန်မတို့နှစ်ယောက်သည် အုတ်ဂူအရှေ့တွင် ခဏတဖြုတ် ထိုင်ကြပြီးနောက် ရွှယ်ဟွားက မေရွက်အတွက် ပန်းမျှော်စင်ကို မီးရှို့ပေးလိုက်သည်။ တတိတိ လောင်ကျွမ်းနေသော ပန်းမျှော်စင်ကြီးကို ငေးမျှော်ကြည့်ရင်း တခြားသော ကမ္ဘာတစ်ခုတွင် ၎င်းပန်းမျှော်စင်ထဲ၌ ပျော်ရွှင်မြူးကြွနေသည့် မေရွက်၏ ရုပ်ပုံလွှာကို မှန်းမျှော်ကြည့်နေမိကြသည်။ ထို့နောက် ကျွန်မတို့သည် မေရွက်အတွက် ရေးစပ်ထားသော တမ်းချင်းကို ထုတ်ယူကာ စတင် သီဆိုကြတော့သည်။

မေရွက်၊ ပန်းမျှော်စင်က နင့်အတွက် ငြိမ်းချမ်းမှုကို ယူဆောင်ပေးနိုင်ပါစေ။

နင် ငါတို့ကို မေ့ပစ်လိုက်ပါတော့။ ဒါပေမယ့် ငါတို့ကတော့ နင့်ကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။

ငါတို့ နင့်ကို အမြဲ ပသနေမှာပါ။ နှစ်သစ်ကူးပွဲတော် ရောက်ရင်လည်း နင့်ရဲ့အုတ်ဂူကို ငါတို့ သန့်ရှင်းရေး လာလုပ်ပေးကြမယ်။

ဟိုဟိုဒီဒီ လျှောက်တွေးမနေနဲ့နော်။

ပန်းမျှော်စင်ပေါ်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေသွားပါတော့။

ကိစ္စပြီးသည်နှင့် ကျွန်မတို့ အိမ်သို့ လမ်းလျှောက်ပြန်လာခဲ့ကြသည်။ အပေါ်ထပ်ရောက်သည့်အခါတွင် ကျွန်မတို့နှစ်ဦး ဘေးချင်းကပ် ထိုင်လိုက်ကြသည်။ ကျွန်မတို့သည် ယပ်တောင်ပေါ်တွင် တမ်းချင်းကို တစ်လှည့်စီ ကူးရေးလိုက်ကြပြီး ယပ်တောင်၏ ကနုတ်ပန်းခက်အထဲတွင် မေရွက်၏ မျက်နှာကဲ့သို့ ဝိုင်းစက်လှပသော လပြည့်ဝန်းတစ်ခုကို ဖြည့်ဆွဲလိုက်လေသည်။

ပန်းမျှော်စင်သည် ကျွန်မနှင့် ရွှယ်ဟွားတို့ကို မေရွက်ဝိညာဉ်၏ နှောင့်ယှက်မှု ဒဏ်မှ ကာကွယ်ပေးခဲ့သော်လည်း စူးစူနှင့် စိန်စိန်းတို့အတွက်မူ မည်သို့မျှ ဖြေသိမ့်မှု မပေးနိုင်ခဲ့ပေ။ အရာရာတိုင်းသည် မိုးနတ်မင်း၏ အလိုကျအတိုင်းသာ ဖြစ်ကြရသည်။ ကျွန်မတို့ကဲ့သို့သော လူသာမန်များအနေဖြင့် ကံကြမ္မာကို ခေါင်းငုံ့ခံရုံမှ လွဲ၍ ဘာမျှ မတတ်နိုင်ပေ။ ကံဇာတ်ဆရာ၏ ကြိုးဆွဲရာအတိုင်းသာ ကပြအသုံးတော် ခံကြရပေမည်။

ထိုကိစ္စကို ‘ယင်း’ နှင့် ‘ယန်’ ဖြင့်လည်း ဖြေရှင်းပြနိုင်သေးသည်။ မိန်းမနှင့် ယောက်ျား၊ အမှောင်နှင့် အလင်း၊ ကြေကွဲမှုနှင့် ပျော်ရွှင်မှု စသည် စသည်။ ၎င်းအရာများက မျှခြေတစ်ခုကို ဖန်တီးထားသည်။ ရွှယ်ဟွားနှင့် ကျွန်မတို့ကဲ့သို့ လေညင်းခံပွဲတော်၏ အစပိုင်းကာလများတွင် အဆုံးစွန်သော ပျော်ရွှင်မှုများကို ရယူခဲ့ကြသောကြောင့် နောက်ပိုင်းတွင် မေရွက်၏ သေဆုံးခြင်း တည်းဟူသော အရက်စက်ဆုံး လမ်းကြောင်းဖြင့် အဆုံးသတ်ခဲ့ရသည်။ ယခင်ကဆိုလျှင် စိန်စိန်းနှင့် စူးစူတို့ကဲ့သို့သော ပျော်ရွှင်ချမ်းမြေ့ဖွယ် လူသားနှစ်ဦးသည် ယခုအခါတွင် ခိုကိုးရာမဲ့သော အထီးကျန်လူသားများအဖြစ်သို့ ပြောင်းလဲသွားသည်။ ကျွန်မအဖေ ဆုံးပါးသွားသည့် နောက်တွင် သူတို့လင်မယားသည် တာ့ကော၏ မျက်နှာကို ကြည့်နေရတော့မည်။ သူတို့ကို ဤအိမ်အတွင်း ဆက်လက် နေထိုင်ခွင့် ပြုခြင်း၊ မပြုခြင်းနှင့် ဤအိမ်မှ သူတို့ကို နှင်ချခြင်း၊ မချခြင်းသည် တာ့ကော၏ အဆုံးအဖြတ်အပေါ်၌သာ တည်မှီနေတော့သည်။ ကျွန်မတို့၏ မိသားစုကလေးသည် နဂိုမူလကမှ ချို့ချို့ငဲ့ငဲ့ နေလာသည့်အထဲတွင် အာဝါဟဝိဝါဟ မင်္ဂလာများ၏ ဖိအားများကလည်း ဗူးလေးရာ ဖရုံဆင့်သကဲ့သို့ ဖြစ်နေတော့သည်။ … … ၎င်းအရာများ အားလုံးက သဘာဝလောက၏ မျှခြေကို ဖျက်ဆီးပစ်လိုက်သည်။ သို့ဖြင့် တစ်ဘက်စောင်းနင်း ဖြစ်သွားသော ချိန်ခွင်လျှာကို ပြန်လည် တည့်မတ်ပေးရန်အတွက် မိုးနတ်မင်းသည် ရိုးသားဖြူစင်သော ကလေးမလေးတစ်ယောက်၏ အသက်နှင့် အလဲအထပ် လုပ်ပစ်လိုက်သည်။ ဤလောကတွင် မွေးဖွားခြင်းရှိလျှင် သေဆုံးခြင်းလည်း ရှိလာရမည်သာ။ ဤသည်ပင် ‘ယင်း’ နှင့် ‘ယန်’ ၏ စစ်မှန်သော အနှစ်သာရ ဖြစ်တော့သည်။

 

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *