မာတိကာကြည့်ရန်

အခန်း (၂) သူငယ်ဘဝ

 

ကျွန်မနာမည်က ပိုင်ဟော – လီလီပန်းဟု အဓိပ္ပာယ်ရသည်။ တောက်ကွမ်း တတိယနှစ်၊ ခြောက်လ၊ ၅ ရက်နေ့တွင် မွေးဖွားသည်။ ကျွန်မ၏ ဇာတိရွာဖြစ်သော ဖူးဝေရွာကလေးသည် ဟူနန်ပြည်နယ်၏ ရုံမင်းခရိုင်တွင် တည်ရှိသည်။ ရုံမင်းမြို့သည် ‘ထာဝရလင်းလက်သောမြို့’ ဟူသော ဂုဏ်သတင်းဖြင့် ထင်ပေါ်ကျော်ကြားသည်။ ဤနေရာတွင် အခြေချ နေထိုင်ကြသော လူအများစုမှာ ယောင်ဝ်လူမျိုးစု၏ နောင်လာနောက်သားများ ဖြစ်ကြသည်။ ဖူးဝေရွာသို့ အလည်အပတ် ရောက်ရှိလာသော ကွက်စိပ်ဟောဆရာ၏ ပြောပြချက်အရ သိရသည်မှာ ယောင်ဝ်လူမျိုးတို့သည် လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင့်နှစ်ရာကျော် ထန်မင်းဆက်အတွင်းက ဤဒေသသို့ ပထမဆုံး ရောက်ရှိလာခဲ့ကြခြင်း ဖြစ်ကြောင်း ကျွန်မ ကလေးဘဝက ကြားဖူးခဲ့သည်။ သို့သော် နောက် နှစ်ပေါင်းတစ်ရာကျော် ကြာမြင့်ပြီးနောက် မြောက်ပိုင်း မွန်ဂိုတပ်ကြီး၏ ကျူးကျော်တိုက်ခိုက်မှုကို ပုန်းရှောင်နိုင်ရန် အလို့ငှာ ဤဒေသသို့ စစ်ပြေးဒုက္ခသည်များအဖြစ် မိသားစုအများအပြား ရောက်ရှိလာခဲ့ကြသည်။ ကျွန်မတို့ ဒေသရှိ ပြည်သူပြည်သားများအနေဖြင့် အလျှံပယ် ကုံလုံပြည့်စုံသည်ဟု မဆိုနိုင်သော်လည်း ရွာသူမိန်းမသားများအဖို့ ရွှံ့ထဲညွန်ထဲ ရုန်းကြကန်ကြရလောက်သည် အထိတော့ မချို့ငဲ့ဖူးကြချေ။

ကျွန်မတို့သည် ယီမိသားစုမှ ဆင်းသက်လာသော မျိုးဆက်ဖြစ်ပြီး ယီမျိုးရိုးသည် ယောင်ဝ်မျိုးနွယ်စု၏ သမ္ဘာအရင့်ဆုံးသော မျိုးရိုးများထဲမှ တစ်ခုဖြစ်သည်။ ဤဒေသအတွင်း၌ ၎င်းမျိုးရိုး မိသားစုဝင်များကို အများဆုံး တွေ့မြင်ရသည်။ ကျွန်မပါပါးနှင့် စူးစူ (ဘထွေး) တို့သည် ဤပြည်နယ်၏ အနောက်ပိုင်းတွင် နေထိုင်သော မြေရှင်တစ်ဦးထံမှ ၇ မူ (***၁ မူ = ၀.၁၆၅ ဧက) မြေကို ငှားရမ်းပြီး စပါး၊ ဝါ၊ ကန်စွန်းဥနှင့် တခြားသီးပင်စားပင်တချို့ကို စိုက်ပျိုးကြသည်။ ကျွန်မ၏ အိမ်သည် ဤဒေသတွင် တွေ့ရတတ်သည့် သူသူကိုယ်ကိုယ် အိမ်များကဲ့သို့သော နှစ်ထပ်အိမ်တစ်လုံးမျှသာ ဖြစ်ပြီး တောင်ဘက်သို့ မျက်နှာမူထားသည်။ အပေါ်ထပ် တစ်ထပ်လုံးသည် မိန်းမသားများ စုဝေးရာ နေရာအဖြစ် သီးသန့် အသုံးပြုပြီး အပျိုဆောင်လည်း ဖြစ်သည်။ အောက်ထပ်တွင်မူ အိမ်ထောင်ရှင်များ၏ အခန်းများ အသက အသက ရှိကြပြီး အကောင်ပလောင်များ မွေးမြူထားသော သီးသန့်အခန်းကြီးလည်း ရှိသေးသည်။ ထိုမွေးမြူရေး အခန်းထဲတွင် ကြက်ဥ သို့မဟုတ် လိမ္မော်သီးများနှင့် ပြည့်နှက်နေသော ခြင်းတောင်းများကို လည်းကောင်း၊ ကြွက်များ၏ ရန်၊ မွေးမြူထားသော ကြက်များ၊ ဝက်များ၏ ရန်မှ ကာကွယ်နိုင်ရန်အတွက် ထုပ်တန်းပေါ်တွင် တွဲလောင်း ချိတ်ဆွဲထားသော ကြိုးဖြင့် သီကုံးထားသည့် ငရုတ်သီးတွဲများကို လည်းကောင်း တွေ့မြင်နိုင်သည်။ မြေညီထပ်၏ နံရံတစ်ဘက်တွင် စားပွဲတစ်လုံးနှင့် ခုံတန်းရှည်တချို့ ရှိပြီး တခြားသော နံရံဘက်မှာမူ မာမားနှင့် စိန်စိန်းတို့၏ ထမင်းဟင်းချက်ပြုတ်ရာ မီးဖိုချောင် ဖြစ်သည်။ ကျွန်မတို့၏ ပင်မဆောင် – ဧည့်ခန်းဆောင်ကြီးထဲတွင် ပြတင်းပေါက်များ ဖောက်မထားသောကြောင့် လေဝင်လေထွက် ကောင်းမွန်စေရန်နှင့် လင်းလင်းချင်းချင်း ဖြစ်နေစေရန်အတွက် အိမ်တံခါးမကြီးကို အမြဲတစေ ဖွင့်ထားရသည်။ ဧည့်ခန်းဆောင်မှ လွဲ၍ ကျန်ရှိသော ကျွန်မတို့၏ သီးသန့်ခန်းများမှာ အလွန်ကျဉ်းမြောင်းသည်။ ကျွန်မတို့၏ ဖဝါးအောက်တွင်မူ ဝါထိန်သော ဤမဟာပထဝီမြေကြီးသာ ရှိသည်။ မဆွက ကျွန်မ ပြောခဲ့သည့်အတိုင်းပင် တိရစ္ဆာန်များသည် ကျွန်မတို့နှင့် တစ်မိုးအောက်တည်း အတူနေနေကြသည်။

ကျွန်မသည် ကလေးဘဝ၏ ရသင့်ရထိုက်သော ပျော်ရွှင်မှုမျိုးကို ရရှိခဲ့ပါ၏လော ဟူသည့် မေးခွန်းကို ကျွန်မဘာသာ တစ်ခါသားမျှ တွေးမကြည့်ဖူးခဲ့ချေ။ ကျွန်မသည် အများသူငါကဲ့သို့ သာမန် မိန်းကလေးတစ်ယောက်မျှသာ ဖြစ်ပြီး သာမန် ရွာကလေးတစ်ရွာ၏ သာမန် မိသားစုတစ်စုတွင် ကြီးပြင်းလာခဲ့ရသူ ဖြစ်သည်။ ဤလောက၌ မိမိတို့နှင့် မတူကွဲပြားသော နေနည်းထိုင်နည်းမျိုး ရှိသေးသည်ဟု ကျွန်မ မသိခဲ့စဖူး။ ထိုကိစ္စနှင့် ပတ်သက်၍လည်း ဘယ်တုန်းကမျှ ဗျာပါကြောင့်ကြ ပွားခဲ့ဖူးခြင်း မရှိ။ သို့သော် ကျွန်မ၏ ပတ်ဝန်းကျင်မှ အရာကိစ္စများကို စတင် သတိထားမိလာသော၊ စတင် ဆင်ခြင်စဉ်းစားမိလာသော ထိုနေ့ထိုရက်ကိုကား ကျွန်မ မှတ်မိနေသည်။ ထိုစဉ်က ကျွန်မ အသက်ငါးနှစ် ပြည့်ပြီးခါစ။ လူ့ဘဝ၏ ကြီးကျယ်သော ခြေလှမ်းတစ်လှမ်းကို ကြွလှမ်းခဲ့ပြီးပြီဟု ကိုယ့်ကိုယ်ကိုယ် ယူဆနေမိသော အချိန်ဖြစ်သည်။ ထိုနေ့က မိုးမလင်းခင် ဝေလီဝေလင်းကတည်းက ကျွန်မ နိုးနေခဲ့ပြီး တစ်ခုခုကို အခဲမကျေသယောင် စိတ်က ခိုးလိုးခုလု ဖြစ်နေသည်။ ထိုသို့သော မကြည်မသာ ဖြစ်နေခြင်းကြောင့်ပင် ထိုနေ့တစ်နေ့တာအတွင်း မြင်တွေ့ကြုံဆုံလာရမည့် အရေးအခင်းများကို ပိုမို သတိထားမိအောင် ဖန်တီးနေတော့သည်။

ကျွန်မသည် တာ့ကျယ်နှင့် ညီမ စန်းမေ့၏ အကြားတွင် အိပ်သည်။ အိပ်ရာမှ နိုးသောအခါတွင် ကျွန်မသည် အခန်း၏ အခြားတစ်ဘက်တွင် အိပ်သော ဝမ်းကွဲညီမဖြစ်သူ မေရွက်ကို လှမ်းကြည့်လိုက်သည်။ သူက ကျွန်မနှင့် သက်တူရွယ်တူ ဖြစ်သည်။ ထိုစဉ်က သူ မနိုးသေး။ သို့ဖြင့် ကျွန်မလည်း ညီအစ်မများ၏ အရိပ်အခြေကို ကြည့်ကာ ပြန်လှဲနေလိုက်သည်။ ကျွန်မသည် ကျွန်မထက် လေးနှစ်ကြီးသော တာ့ကျယ်ဘက်သို့ မျက်နှာလှည့်ထားသည်။ ကျွန်မတို့သည် ခုတင်တစ်လုံးတည်းပေါ်၌ အတူတူ အိပ်ကြရသော်လည်း သူ့ကို ကျွန်မက သိပ်နားလည်သည် မဟုတ်။ ကျွန်မ၏ ခြေဖဝါးကလေးကို ထုပ်စည်းပြီးသကာလ တခြားသော မိန်းမများနှင့်အတူ ဤအမျိုးသမီးဆောင်အတွင်း အတူထိုင်ရသည့် ထိုနေ့သို့ မရောက်မချင်း ကျွန်မ သူ့အကြောင်းကို ကောင်းကောင်း မသိခဲ့ပါ။ စန်းမေ့ဘက်သို့ လှည့်မအိပ်မိသည့်အတွက် ကျွန်မ ဝမ်းမြောက်နေမိသည်။ သူသည် ကျွန်မအောက် တစ်နှစ်သာ ငယ်သော်လည်း ကျွန်မ၏ အမြင်တွင်မူ သူ့ကို မလောက်လေး မလောက်စားဟုသာ အစဉ်အမြဲ မှတ်ယူထားသည်။ ကျွန်မ၏ ညီအစ်မများကလည်း ကျွန်မကို ချစ်ကြလိမ့်မည်ဟု ကျွန်မ မထင်။ သို့သော် ကျွန်မတို့၏ တစ်ဦးပေါ်တစ်ဦး ပေယျာလကန် ပြုနေသည့် အပြုအမူသည် ကျွန်မတို့၏ ဆန္ဒအစစ်အမှန်ကို ဖုံးအုပ်ထားသော မျက်နှာဖုံးတစ်ခုမျှသာ ဖြစ်သည်။ ကျွန်မတို့ အားလုံးက မာမား၏ အလေးဂရုပြုမှုကို ခံယူချင်ကြသည်။ ကျွန်မတို့ အားလုံးက ပါပါး၏ အာရုံစိုက်မှုကို ငံ့လင့်နေကြသည်။ ကျွန်မတို့ အားလုံးက နေ့စဉ် တာ့ကောနှင့် အချိန်ကြာကြာ နေနိုင်ရန် မျှော်လင့်နေကြသည်။ သားဦးယောက်ျားလေးသည် ကျွန်မတို့မိသားစု၏ အဖိုးအထိုက်တန်ဆုံး ရတနာတစ်ခု မဟုတ်ပါလား။ မေရွက်နှင့် ပေါင်းသင်းဆက်ဆံရသည့်အခါတွင် ထိုသို့သော သဝန်တိုမှုမျိုးကို စိုးစဉ်းမျှ မတွေ့ရ။ ကျွန်မတို့သည် အခင်ဆုံး သူငယ်ချင်းများ ဖြစ်ကြသည်။ နှစ်ဦးစလုံး အိမ်ထောင်ရက်သား မကျမချင်း ကျွန်မတို့ တပူးတွဲတွဲ နေနိုင်ကြသေးသည့်အတွက် ကျွန်မတို့ ပျော်ရွှင်ကြသည်။

အမှန်တော့ ကျွန်မတို့ မိန်းကလေး လေးယောက်က ရုပ်ချင်းဆင်ကြသည်။ ကျွန်မတို့ အကုန်လုံးတွင် နက်မှောင်သော တိုနံ့နံ့ ဆံကေသာများကို ပိုင်ဆိုင်ထားကြသည်။ အလွန်အမင်း ပိန်ကပ်ပါးလျားကြပြီး အရပ်အမောင်းမှာလည်း တစ်ဦးနှင့်တစ်ဦး မတိမ်းမယိမ်းမျှသာ။ တာ့ကျယ်၏ အပေါ်နှုတ်ခမ်းထက်တွင် မှဲ့တစ်ပွင့်ရှိသည်။ မာမား ဆံပင်ဖြီးသင်ပေးသည်ကို သဘောမကျသော စန်းမေ့၏ ဦးခေါင်းထက်မှ ဆံပင်သည် ငှက်သိုက်ကဲ့သို့ ရှုပ်ပွနေသည်။ ထိုအချက်များမှ လွဲ၍ ကျွန်မတို့ကို ခွဲခြားသတ်မှတ်နိုင်ရန်အတွက် ထူးထွေဆန်းပြားသော အမှတ်အသား ဟူ၍လည်း များများစားစား မရှိပေ။ မေရွက်တွင် နာမည်နှင့် လိုက်ဖက်အောင် လပြည့်ဝန်းကဲ့သို့ လှပလုံးဝန်းသော မျက်နှာပြင် ရှိသည်။ ကျွန်မကျတော့ရော … ကျွန်မသည် ပြေးလွှားနေရသည်ကို နှစ်သက်သောကြောင့် ကျွန်မ၏ ခြေထောက်များမှာ တောင့်တင်းခိုင်မာကြသည်။ ထို့အတူ ကျွန်မ၏ လက်မောင်းများကလည်း ကျွန်မ၏ မောင်လေး ပိစိကွေးကို အမြဲ ချီမထားရသောကြောင့် သန်မာနေကြသည်။

“ကလေးမတွေ” မာမားသည် အောက်ထပ်မှ ကျွန်မတို့ကို အော်ခေါ်နေသည်။

သူ၏အသံသည် အိမ်တွင်းရှိ တခြားသော သူများအားလုံးကို မိမိတို့၏ အိပ်ရာအသီးသီးမှ နိုးထလာအောင် လှုပ်နှိုးနိုင်စွမ်း ရှိသည်။ တာ့ကျယ်က အင်္ကျီကို ခပ်သုတ်သုတ် ဝတ်ကာ အောက်ထပ်သို့ အရင် ပြေးဆင်းသွားသည်။ မေရွက်နှင့် ကျွန်မတို့က အတန်ငယ် နောက်ကျသည်။ ကျွန်မတို့သည် မိမိ၏ အဝတ်အစားများကို ဝတ်ဆင်ရမည့်အပြင် စန်းမေ့ကိုလည်း ဝတ်ပေးရဦးမည်။ အားလုံးပြီးမှ ကျွန်မတို့ သုံးယောက်က အောက်သို့ အတူတူ ဆင်းကြသည်။ အောက်ထပ်တွင် စိန်စိန်းက တံမြက်စည်း လှည်းနေသည်။ စူးစူက လေကလေးတချွန်ချွန်နှင့်။ မောင်လေးကို ကျောပိုးထားသော မာမားသည် ရေနွေးကျိုရန် ခရားအိုးထဲသို့ နောက်ဆုံး ရေတစ်မှုတ်ကို လောင်းထည့်နေစဉ် တာ့ကျယ်က ဆန်ပြုတ်ထဲ ထည့်ရန်အတွက် ကြက်သွန်မိတ်ကို လှီးနေသည်။ တာ့ကျယ်က ကျွန်မကို အေးဆေးသော အမူအရာဖြင့် လှမ်းကြည့်သည်။ ထိုအကြည့်ဖြင့် ကျွန်မကို တစ်စုံတစ်ရာ အသိပေးနေခြင်း ဖြစ်သည်။ ဤမနက်ခင်း၌ သူသည် တစ်မိသားစုလုံး၏ ထောက်ခံမှုကို ရရှိပြီး ဖြစ်ကြောင်း၊ ထို့အပြင် ကျန်တစ်နေ့တာလုံးတွင်လည်း ခလုတ်မထိ ဆူးမငြိဘဲ ဖြတ်သန်းသွားနိုင်တော့မည် ဖြစ်ကြောင်း ကျွန်မကို မျက်နှာရိပ်ပြနေသည်ဟု ကျွန်မက ယူဆသည်။ ကျွန်မ၏ ရင်တွင်း၌ တနုံ့နုံ့ ခံစားနေရ၏။ ကျွန်မ၏ အာရုံ၌ ထင်ဟပ်နေသော သူ၏ တစ်ကိုယ်တော် ကျေနပ်နှစ်သိမ့်နေမှုသည် အနှစ်မဲ့သော ရိုကျိုးမှုတစ်မျိုးမျှသာ ဖြစ်ကြောင်း၊ ၎င်းမှာ အိမ်ထောင်ပြုပြီးနောက် သူ၏ ကံကြမ္မာသာ ဖြစ်ကြောင်း ထိုစဉ်က ကျွန်မ နားမလည်ခဲ့ပေ။

“မေရွက်၊ ပိုင်ဟော … ဒီကို မြန်မြန်လာကြစမ်း”

စိန်စိန်းက ကျွန်မတို့ကို မနက်တိုင်း ထိုသို့ တကြော်ကြော် အော်ခေါ်လေ့ရှိသည်။ ကျွန်မတို့ သူ့ထံ ပြေးသွားကြသည်။ စိန်စိန်းက မေရွက်ကို နမ်းရှုပ်လိုက်ပြီး ကျွန်မ၏ တင်ပါးလေးကို ချစ်ခင်စွာ အသာအယာ ပုတ်လိုက်သည်။ ထိုစဉ် စူးစူက အနားသို့ ရုတ်တရက် ရောက်ရှိလာသည်။ မေရွက်ကို စွေ့ကနဲ ပွေ့ချီပြီး မွှေးမွှေးပေးလေသည်။ မေရွက်ကို အောက်သို့ ပြန်ချပြီးသည့်အခါတွင် ကျွန်မကို မျက်စိတစ်ဘက် မှိတ်ပြပြီး ပါးကလေးကို ဖိညှစ်လိုက်သည်။

ရှေးဆိုရိုးတစ်ခု ရှိသည်။ အသွင်တူမှ အိမ်သူဖြစ်၏ ဟူ၍။ ထိုနေ့မနက်က ကျွန်မသည် စူးစူနှင့် စိန်စိန်းကို ကြည့်ပြီး ကောက်ချက်ချမိသည်။ သူတို့နှစ်ဦးစလုံး၏ ရုပ်ရည်ရူပကာမှာ အကျည်းတန်သည် ဟုပင် ဆိုနိုင်စရာ ရှိသည်။ ထို့ကြောင့်လည်း သူတို့နှစ်ဦးသည် အင်မတန်မှ လိုက်ဖက်သော စုံတွဲတစ်တွဲပါတကား။ စူးစူသည် ပါပါး၏ ညီအရင်း ဖြစ်သည်။ ခြေနှစ်ဘက်သည် လေးကိုင်းသဏ္ဌာန် ရှိပြီး ပြောင်သောနဖူးနှင့် ဝင်းပလုံးဝန်းသော မျက်နှာပြင်ကို ပိုင်ဆိုင်ထားသည်။ စိန်စိန်းမှာမူ ဝဖိုင့်ဖိုင့် ခန္ဓာကိုယ် ရှိ၍ သွားများသည် မဟာ ပထဝီမြေကြီးမှ အပြိုင်အရိုင်း ထိုးထွက်နေကြသော မှိုဖူးများနှယ် သူ၏ ခံတွင်းထဲမှ နှုတ်ခမ်းအပြင်ဘက်သို့ အလုအယက် ထွက်ပြူနေကြသည်။ သူ၏ ခြေဖဝါးများကို ထုပ်ထားဖူးခဲ့သော်လည်း သေးငယ်သည်ဟု မဆိုနိုင်။ ၁၄ စင်တီမီတာခန့် ရှည်ပြီး ကျွန်မ၏ နောက်နောင် ဖြစ်လာမည့် ခြေဖဝါးထက် နှစ်ဆမျှ ကြီးသည်။ သူတစ်ပါးကို သွားပုပ်လေလွင့် ပြောတတ်သော ရွာသူများထံမှ ကျွန်မ ကြားခဲ့ဖူးသည်။ ကိုယ်ခန္ဓာ အဆစ်အပေါက် ကြီးပြီး စွင့်ကားသည့် တင်ပါးဆုံကြီးများ ပိုင်ဆိုင်ထားသော စိန်စိန်းသည် ခြေဖဝါးနှစ်ဘက် ကြီးနေသောကြောင့်သာလျှင် သားရတနာ မဖွားမြင်နိုင်ခြင်း ဖြစ်သည်ဟု အတင်းအဖျင်း ပြောဆိုကြသည်။ သို့သော် ကျွန်မတို့၏ အိမ်ဂေဟာထဲတွင်မူ ထိုသို့သော ပြစ်တင် ရမယ်ရှာမှုမျိုးကို မကြားခဲ့ဖူးပါ။ စူးစူကိုယ်နှိုက်ကပင် ထိုအကြောင်းနှင့် ပတ်သက်၍ စကားပင် မဟခဲ့စဖူး။ ကျွန်မ၏ အမြင်တွင် သူတို့နှစ်ဦး၏ အိမ်ထောင်ရေးသည် သာယာစိုပြေနေသည်။ စူးစူသည် ကြင်နာယုယတတ်သော လင်ယောက်ျားတစ်ယောက် ဖြစ်ပြီး စိန်စိန်းသည် အိမ်ထောင်မှု နိုင်နင်းသော မယားကောင်းတစ်ယောက် ဖြစ်သည်။ နေ့စဉ်နေ့တိုင်း သူတို့၏ ပျော်ရွှင်ချမ်းမြေ့ဖွယ် ကမ္ဘာလေးကို မီးဖိုနံဘေး၌ တွေ့မြင်နေရသည်။

ကျွန်မ၏ မိခင်ကမူ ဤအခန်းထဲတွင် ကျွန်မ ရှိကြောင်း ယခုအချိန်ထိ သတိထားမိသေးပုံ မပေါ်။ ကျွန်မ မှတ်မိသလောက်ဆိုရလျှင် သိတတ်သည့် အရွယ်မှစ၍ ဤသည်မှာ ဖြစ်ရိုးဖြစ်စဉ် အခြေအနေမျှသာ ဖြစ်သည်။ သို့သော်လည်း ကျွန်မအပေါ် ထားရှိသော သူ၏ လျစ်လျူရှုမှုကို ထိုနေ့က ကျွန်မ ထင်ထင်ရှားရှား ခံစားသိရှိလိုက်ရသည်။ ကျွန်မ၏ အသည်းနှလုံးသည် ညှိုးငယ်စိတ်ဖြင့် နစ်မွန်းသွားပြီး မဆွက စူးစူနှင့်စိန်စိန်းတို့အထံမှ ကူးစက်ထားခဲ့သော ကြည်နူးမှု အရိပ်အယောင်တို့သည်လည်း တစ်ခဏအတွင်း ကြက်ပျောက်ငှက်ပျောက် လွင့်ရှကုန်သည်။ ထို့နောက် ထိုခံစားမှုသည်လည်း မြန်မြန်ဆန်ဆန် လွင့်ပြယ်သွားပြန်သည်။ ကျွန်မထက် ၆ နှစ်ကြီးသော တာ့ကောက သူ၏ နံနက်ခင်း လုပ်ငန်းဆောင်တာများတွင် ကူညီလုပ်ကိုင်ပေးရန် ကျွန်မကို အကူအညီ တောင်းလာသောကြောင့် ဖြစ်သည်။

မြင်းနှစ်တွင် မွေးဖွားခဲ့သောကြောင့်လားဟု မဆိုနိုင်ပါ။ အိမ်အပြင်ဘက်၌ လှုပ်လှုပ်ရှားရှား လုပ်ရသော အလုပ်မျိုးကို ကျွန်မက နှစ်ခြိုက်ပျော်ပိုက်သည်။ သို့သော် ၎င်းထက် ပို၍ အဓိကကျသော အချက်မှာ တာ့ကောနှင့် တစ်နေ့တာ လက်ပွန်းတတီး နေခွင့် ရရှိတော့မည် ဖြစ်သောကြောင့်ပင်။ ကျွန်မကိုယ်ကျွန်မ မိကံကောင်းဟု ဘဝင်လေဟပ်နေမိသည်။ ကျွန်မ၏ ညီအစ်မများက ကျွန်မကို စိတ်ထဲမှ ကျိတ်၍ မုန်းတီးနေကြမည်ကို ကျွန်မ သိနေသည်။ သို့သော် ကျွန်မ ဂရုမစိုက်ပါ။ တာ့ကောက ကျွန်မကို စကားလှမ်းပြောစဉ်တွင်လည်းကောင်း၊ ကျွန်မကို ပြုံးပြစဉ်တွင်လည်းကောင်း သိမ်ငယ်စိတ်များကို မခံစားရတော့ချေ။

ကျွန်မတို့ အိမ်အပြင်ဘက်သို့ ပြေးထွက်ခဲ့ကြသည်။ တာ့ကောသည် ရေတွင်းထဲမှ ရေငင်ကာ သစ်သားရေပုံးတစ်ပုံး တစ်ပုံးစီတွင် ရေအပြည့်ဖြည့်ပေးပြီး ကျွန်မတို့အား အိမ်သို့ သယ်သွားခိုင်းသည်။ အိမ်အတွက် ရေခပ်ပြီးသောအခါတွင် နောက်တစ်ဖန် အပြင်ထွက်ကာ ထင်းကောက်ကြရသည်။ ကျွန်မတို့ ကောက်ထားသမျှသော ထင်းခြောက်များကို တစ်နေရာတွင် ခဏယာယီ ပုံထားပြီး တာ့ကောက သေးငယ်သော ထင်းချောင်းကလေးများကို ကျွန်မအား ပေးသည်။ ကျွန်မက ရင်တွင် ပိုက်ထားကာ ကိုယ်ကိုယ်တိုင်ကလည်း ကျန်ရှိသော ထင်ချောင်းများကို လက်တစ်ဘက်ဖြင့် ကောက်ယူသည်။ ထို့နောက် ကျွန်မတို့အတူတူ အိမ်သို့ ပြန်ခဲ့ကြသည်။ အိမ်သို့ ရောက်သည့်အခါတွင် ထင်းခြောက်များကို ကျွန်မက မာမားလက်ထဲသို့ ကိုယ်တိုင်ကိုယ်ကျ ထိုးအပ်လိုက်ပြီး သူ့ထံမှ ပွင့်အန်လာမည့် ကောင်းချီးပေးသံကို ငံ့လင့်နေမိသည်။ ကလေးငယ်တစ်ယောက် အနေဖြင့် ရေအပြည့်ပါသော ရေပုံးတစ်ပုံး သို့မဟုတ် ထင်းတစ်စီးကို အိမ်အရောက် သယ်လာခဲ့ရသည်မှာ လွယ်ကူသည့် ကိစ္စတော့ မဟုတ်ပေ။ သို့သော် မာမားထံပါးမှ မည်သို့သော စကားမျိုးမှ ပွင့်ဟမလာခဲ့။

နှစ်ပရိစ္ဆေဒများစွာ ကြာညောင်းလာပြီးနောက် ယနေ့လို အချိန်မျိုးမှာပင် ကျွန်မသည် မာမားနှင့် ထိုနေ့က အဖြစ်အပျက်ကို ပြန်လည်တွေးဆကြည့်ရန် ဝန်လေးနေသည်။ သေချာတကာ အသေချာဆုံးကိစ္စမှာ ကျွန်မသည် သူ့အတွက် ဘာမျှ အရေးမပါ။ ကျွန်မသည် ဤမိသားစု၏ တတိယမြောက် ကလေးဖြစ်သည်။ တစ်ပြားမတန်သော ဒုတိယမြောက် သမီးမိန်းကလေးလည်း ဖြစ်နေသည်။ မဖိတ်မစင်ဘဲ ကံကောင်းထောက်မစွာ အရွယ်ရောက် လူလားမြောက်ချိန် မတိုင်ခင်အထိ ကျွန်မကိုယ်ပေါ်၌ သူ၏ ခွန်အားများကို အလဟဿ မဖြုန်းတီးပစ်လို။ ကျွန်မအပေါ်တွင် ထားသော သူ၏ သဘောထားမှာ တခြားသော မိခင်များက သူတို့၏ သမီးများအပေါ်တွင် ထားရှိသော သဘောထားများနှင့် တထေရာတည်း တူညီကြပါသည်။ ယာယီဧည့်သည်တစ်ယောက်၊ သို့တည်းမဟုတ် လင်ယောက်ျားအိမ်သို့ လိုက်မသွားမီ ကျွေးမွေးထားရသော ပါးစပ်တစ်ပေါက်မျှသာ။ ထိုစဉ်က ကျွန်မအသက်မှာ ငါးနှစ်မျှသာ ရှိသေးသော်လည်း ကျွန်မသည် သူ၏ အလေးဂရုပြုမှုနှင့် မထိုက်တန်ကြောင်းကို ကျွန်မ သဘောပေါက် နားလည်နေခဲ့ပြီ။ သို့သော် ရုတ်ချည်းပင် ထိုအရာကို မွတ်သိပ်နေပြန်သည်။ တာ့ကောကို ကြည့်သော အကြည့်မျိုး၊ ဆက်ဆံသော ဆက်ဆံမှုမျိုးဖြင့် သူ ကျွန်မကို ကြည့်ရန်၊ ဆက်ဆံရန် အစဉ်အမြဲ တောင့်တခဲ့သည်။ ၎င်းမှာ ကျွန်မဘဝ၏ ပထမဆုံးသော တနုံ့နုံ့ ခံစားနေခဲ့ရသည့် ရင်တွင်းဆန္ဒ ဖြစ်သော်လည်း အလုပ်ရှုပ်နေစဉ် အနှောင့်အယှက် ပေးသည်ကို စိုးစဉ်းမျှ သည်းမခံတတ်သော မာမား၏ သဘောသဘာဝကို နားမလည်နိုင်လောက်အောင် ကျွန်မ မတုံးအခဲ့ပါ။ စကားကို ကျယ်လောင်လောင် ပြောမိသဖြင့် ကျွန်မကို ကြိမ်းမောင်းသည့် အခါလည်း ရှိခဲ့ဖူးသည်။ သူ၏ သွားလမ်းပေါ်တွင် ကာဆီးကာဆီး လုပ်မိသကဲ့သို့ ဖြစ်သည့်အခါမျိုးတွင်လည်း ကျွန်မကို အဝေးသို့ မောင်းထုတ်သည့် အကြိမ်ရေကလည်း မနည်းလှချေ။ သို့ဖြင့် ကျွန်မသည် တာ့ကျယ်ကဲ့သို့ နေရန် တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။ အိမ်မှုကိစ္စများကို ငြိမ်ငြိမ်ဆိတ်ဆိတ်နှင့် တတ်စွမ်းသလောက် ကူညီလုပ်ဆောင်ပေးရန်သာ ရှိတော့သည်။

ကျွန်မ၏ အဘွားဖြစ်သူ နိုင်နိုင်းသည် ထိုအချိန်မျိုးတွင် ဒယီးဒယိုင်ဖြင့် အခန်းထဲသို့ ဝင်လာတတ်သည်။ သူ၏ မျက်နှာက ဆီးသီးခြောက်တစ်လုံးနှင့် တူလှသည်။ သူ၏ ခါးမှာ ကုန်းလွန်းကိုင်းလွန်းနေသောကြောင့် သူနှင့် ကျွန်မ၏ အကြည့်များက မျဉ်းတစ်ပြေးတည်း ဆုံတွေ့တတ်ကြသည်။

“ညည်းနိုင်နိုင်းကို သွားကူလိုက်ဦးလေ” မာမားက အမိန့်ပေးသည်။

“သူ လိုတာ ကူလုပ်ပေးလိုက်စမ်း”

မာမား ခိုင်းသမျှကို ပြုလုပ်ပေးမည်ဟု သန္နိဋ္ဌာန် ချထားပြီး ဖြစ်သော်လည်း ကျွန်မ ဝန်လေးနေသည်။ နံနက်ခင်းအချိန်တွင် နိုင်နိုင်း၏ ခံတွင်းမှ အနံ့ဆိုးများ ထွက်နေတတ်ပြီး သွားချေးများနှင့် စေးကပ်ကပ်ဖြစ်နေသောကြောင့် သူ့အနားသို့ မည်သူကမျှ မကပ်ချင်ကြ။ ကျွန်မသည် သူ့ထံသို့ တုံ့တုံ့ဆိုင်းဆိုင်းဖြင့် ရောက်ရှိသွားပြီး အသက်အောင့်ထားလိုက်သည်။ သို့သော် သူက ကျွန်မကို စိတ်မရှည်စွာ လက်ခါပြပြီး အနားမှ မောင်းထုတ်သည်။ ကျွန်မက ဒရောသောပါး ပြေးထွက်သွားသောကြောင့် ပါပါးကို တိုးတိုက်မိတော့သည်။ ထိုသူမှာ လူ ၁၁ ဦး ပါဝင်သော ဤအိမ်ထောင်စု၏ အရေးအပါဆုံးသော ပုဂ္ဂိုလ်ကြီးပေတည်း။

သူက ကျွန်မကို မည်သို့မျှ ပြစ်တင်မောင်းမဲခြင်း မပြု။ မည်သူ့ကိုမျှလည်း စကားတစ်ခွန်းမျှ မပြောချေ။ ကျွန်မ သိရသလောက်ဆိုလျှင် ထိုနေ့နောက်ပိုင်းတွင်လည်း သူ့ထံမှ ဘာမျှ မကြားခဲ့ရပေ။ ပါပါးက ထိုင်ခုံတွင် ထိုင်ချလိုက်ပြီး ဇနီးသည်၏ အပြုအစုကိုသာ စောင့်မျှော်နေသည်။ အကြမ်းပန်းကန်ထဲသို့ နှုတ်ဆိတ်စွာ ရေနွေးငှဲ့ပေးနေသည့် မာမား၏ လှုပ်ရှားမှု အဝဝကို မျက်တောင်မခတ်ဘဲ ကျွန်မ စိုက်ကြည့်နေမိသည်။ ဤသို့စိုက်ကြည့်နေသော ကျွန်မ၏ အပြုအမူကို မာမား သတိထားမိသွားလေမည်လောဟု အစပိုင်း၌ ကျွန်မ စိုးရိမ်ခဲ့သည်။ သို့သော် နံနက်ခင်းအချိန် လုပ်ဆောင်ရသော ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်၌ သူ၏ စိတ်အာရုံသည် ကျွန်မ၏ ဖခင်ထံတွင်သာ ပိုမို စူးစိုက်ထားသည်။

ပါပါးသည် မာမားကို ရိုက်မောင်းပုတ်မောင်း မပြုသည့်အပြင် မယားငယ်လည်း မထားပေ။ သို့သော် မာမားက ပါပါးကို အမြဲတစေ သတိဝိရီယဖြင့် ဆက်ဆံတတ်သောကြောင့် ကျွန်မတို့လည်း သူ့ကို အရိပ်တကြည့်ကြည့် ဖြစ်လာတော့သည်။

မာမားက မောင်ငယ်လေးကို နို့တိုက်နေစဉ် စိန်စိန်းက ပန်းကန်လုံးနှင့် တူများကို တစ်စုံစီ သူ့နေရာနှင့် ချပြီး ပန်းကန်တိုင်း၌ ဆန်ပြုတ်များကို ဖြည့်လေသည်။ ကျွန်မတို့အားလုံး စားသောက်ပြီးကြသောအခါ ပါပါးနှင့် စူးစူတို့က ယာထဲ ဆင်းသွားကြသည်။ မာမား၊ စိန်စိန်း၊ နိုင်နိုင်းနှင့် တာ့ကျယ်တို့က အပေါ်ထပ်တက်ကာ အမျိုးသမီးဆောင်ဆီသို့ ချီတက်သွားကြသည်။ သူတို့နှင့်အတူ အပေါ်သို့ လိုက်သွားချင်လှသော်လည်း ကျွန်မက အသက်မပြည့်သေးပေ။ ပို၍ ဆိုးရွားသည့်အချက်မှာ ကျွန်မတို့ ကလေးတစ်သိုက် အပြင်သို့ အတူတကွ ထွက်သွားကြလျှင် ကျွန်မသည် တာ့ကောကို မောင်ပိုင်စီးခွင့် မရတော့ဘဲ မောင်ငယ်လေး၊ စန်းမေ့တို့နှင့် ဝေမျှရပေတော့မည်။

မောင်ငယ်လေးကို ကျောပိုးထားလျက်က ကျွန်မသည် တခြားသူများနှင့်အတူ မြက်ရိတ်ခြင်းနှင့် ဝက်စာအတွက် သစ်ဥတူးခြင်း အလုပ်များကို လုပ်ဆောင်ကြသည်။ စန်းမေ့ကလည်း တတ်နိုင်သမျှ ကျွန်မတို့နှင့် အတူတူ လိုက်ပါလာသည်။ ဤအစုတ်ပလုတ်မလေးသည် အင်မတန်မှ ကူလီကူမာ လုပ်တတ်သည်။ သူက အလိုလိုက်ခံရသော ကလေးဆိုးတစ်ယောက်ကဲ့သို့ ဟန်ပန်ထုတ်တတ်သည်။ သို့သော် ဤအိမ်တွင်း၌ ထိုသို့သော အခွင့်ထူးမျိုးကို တကယ်တမ်း ပိုင်ဆိုင်ခွင့် ရှိသူများမှာ ကျွန်မ၏ အစ်ကိုနှင့် မောင်လေးနှစ်ဦးတည်းသာ ရှိသည်။ အမှန်တရားက မည်သို့ပင် ဖြစ်နေပါစေ၊ သူက ဤမိသားစုထဲတွင် အချစ်ခံရဆုံးသူဟု သူ့ကိုယ်သူ အထင်ရောက်နေသည်။

လုပ်ငန်းဆောင်တာများ ပြီးဆုံးသည်နှင့် ကျွန်မတို့၏ လေးဦးအဖွဲ့သည် ရွာအတွင်းသို့ ဝင်၍ လမ်းကြိုလမ်းကြားမှ ဖြတ်ကာ ဟိုဟိုဒီဒီ လျှောက်သွားကြသည်။ ကြိုးခုန်နေသော ကောင်မလေးများကို မြင်လျှင် တာ့ကောက ရပ်တန့်လိုက်ပြီး ကျွန်မထံမှ မောင်လေးကို ပွေ့ချီယူငင်ကာ ကျွန်မကို တစ်ခဏမျှ ကြိုးခုန်ခွင့်ပေးသည်။ ထို့နောက် ကျွန်မတို့ အိမ်ပြန်၍ နေ့လယ်စာ စားကြသည်။ ထမင်းဟင်းက ရိုးရိုးရှင်းရှင်းသာ။ ထမင်းဖြူနှင့် ဟင်းသီးဟင်းရွက်များ။ ထို့နောက် တာ့ကောသည် တခြားယောက်ျားများနှင့်အတူ အပြင်သို့ ထွက်သွားပြီး ကျန်ရှိနေသော ကျွန်မတို့က အပေါ်ထပ်သို့ တက်လိုက်ကြသည်။ မာမားသည် မောင်လေးကို နို့ချိုတိုက်ကျွေးပြီးနောက် မောင်လေးနှင့် စန်းမေ့တို့ကို နေ့ခင်းတစ်ရေး အိပ်စေသည်။ ကျွန်မ၏ အသက်အရွယ်မှာ ဥမမည် စာမမြောက်မျှသာ ရှိသေးသော်လည်း ကျွန်မသည် နိုင်နိုင်း၊ စိန်စိန်း၊ ညီအစ်မများ၊ အထူးသဖြင့် မာမားနှင့်အတူ အမျိုးသမီးများ၏ အဆောင်ထဲ၌သာ နေလိုသည်။ မာမားနှင့် နိုင်နိုင်းက အထည်ရက်နေကြပြီး မေရွက်နှင့်ကျွန်မက အတူတကွ ချည်လုံး လုံးနေကြသည်။ စိန်စိန်းသည် တစ်နေရာတွင် ထိုင်ကာ စုတ်တံကိုင်လျက် ထူးဆန်းသော စာလုံးများကို ဂရုတစိုက် ရေးသားနေသည်။ တာ့ကျယ်ကမူ သူ၏ သွေးသောက်ညီအစ်မ လေးယောက်တို့၏ အလာကို စောင့်စားလျက်။

များမကြာခင်မှာပင် လှေကားခွင်မှ သေးကွေးသော ခြေထောက်တို့၏ တိုးတိုးညင်သာသော ခြေသံလေးစုံကို ကြားလာရတော့သည်။ တာ့ကျယ်သည် သူတို့အား တစ်ယောက်ချင်းစီ ဖက်ယမ်းနှုတ်ဆက်လိုက်ပြီးနောက် သူတို့ငါးဦးသားသည် ထောင့်တစ်နေရာတွင် ဝိုင်းပတ်ထိုင်ကာ တွတ်ထိုးနေကြတော့သည်။ သူတို့၏ စကားဝိုင်းတွင် ကျွန်မ ဝင်ပါနှောင့်ယှက်သည်ကို သူတို့ မနှစ်မြို့ကြပေ။ သို့သော်လည်း ကျွန်မက သူတို့ကို စိတ်ဝင်တစား လေ့လာကြည့်နေမိသည်။ နောက်နှစ်နှစ်ကြာလျှင် ကျွန်မတွင်လည်း ကိုယ်ပိုင် သွေးသောက်ညီအစ်မများ ပိုင်ဆိုင်လာတော့မည် မဟုတ်ပါလား။ ထိုမိန်းကလေးများ အားလုံးသည် ဖူးဝေရွာမှ ဖြစ်ကြသည်။ ဆိုလိုသည်မှာ လေညင်းခံပွဲတော်နှင့် ငှက်နှင်ပွဲတော်ကဲ့သို့သော စုဝေးခွင့်ရှိသည့် နေ့ထူးနေ့မြတ်များတွင်သာ မကဘဲ သူတို့သည် တစ်အိမ်အိမ်တွင် အချိန်မရွေး စုဝေးနိုင်ကြသည်။

ညီအစ်မအဖြစ် သစ္စာတိုင်တည်ခြင်း အမှုကို မိန်းကလေးများသည် အသက် ၇ နှစ် ပြည့်မှသာ ဆောင်ရွက်ခွင့် ရှိသည်။ သူတို့၏ ခင်မင်ရင်းနှီးမှုကို ခိုင်သည်ထက် ခိုင်မြဲစေရန် သူတို့၏ ဖခင်များသည် တစ်ဦးလျှင် ဆန် ၂၅ ကျင်း (***၁ ကျင်း 斤= ၅၀၀ ဂရမ်) ကျစီ ကျွန်မတို့အိမ်၌ သိမ်းဆည်းထားကြသည်။ နောင်တစ်ချိန်တွင် သူတို့ထဲမှ တစ်ဦးတစ်ယောက် အိမ်ထောင်ပြုသွားလျှင် သူ၏ အဖို့အစုကို ရောင်းချပြီး သူ၏ သွေးသောက်များက သူ့အတွက် လက်ဖွဲ့ပစ္စည်းများ ဝယ်ပေးနိုင်လိမ့်မည်။ နောက်ဆုံး ကျန်ရှိသော ဆန်များကို နောက်ဆုံးမှ အိမ်ထောင်ပြုသော သွေးသောက်ညီအစ်မ၏ မင်္ဂလာဆောင်အတွက် ရောင်းချရပေမည်။ ထိုသို့ဖြင့် သူတို့၏ သစ္စာတိုင်တည်မှုသည်လည်း နိဋ္ဌိတံသွားလိမ့်မည်။ မိန်းကလေးများသည် အိမ်ထောင်ပြုကြသည့်အခါတွင် ခင်ပွန်းသည်များ၏ ဝေးလံခေါင်သီသော ကျေးရွာများဆီသို့ အသီးသီး အသကအသက လိုက်ပါသွားရမည်မှာ ဓမ္မတာပင်။ ထိုနေရာသစ်၌ သူတို့သည် သားသမီးများကို ကျွေးမွေးစောင့်ရှောက်ရင်း၊ ယောက္ခမကို ကျိုးနွံပြုစုရင်းဖြင့် အလုပ်များနေကြတော့မည် ဖြစ်သောကြောင့် သံယောဇဉ် အဟောင်းအမြင်းတို့ကို ဂရုစိုက်နိုင်တော့မည် မဟုတ်ပေ။

တာ့ကျယ်သည် သူ၏ သူငယ်ချင်းမများနှင့် အတူ ရှိနေစဉ်အတွင်းမှာလည်း သူတစ်ပါး၏ အာရုံစိုက်မှုကို ရရှိရန်အတွက် တကူးတကန့် ကြိုးစားခြင်း မပြုခဲ့။ သူသည် နေရာတွင် ပုံ့ပုံ့ကလေးထိုင်ကာ တခြားမိန်းကလေးများနှင့်အတူ ပန်းထိုးနေတတ်သည်။ သူတစ်ပါးပြောသော ပြက်လုံးများကို ငြိမ်ငြိမ်ကလေး နားထောင်နေတတ်သည်။ သူတို့၏ တွတ်ထိုးသံများနှင့် ခိုးခိုးခစ်ခစ် ရယ်မောသံများ ပွက်လောညံလာသည့် အခါတွင်မူ မာမားက သူတို့ကို တိုးတိုးတိတ်တိတ်နေရန် မျက်နှာထားတင်းတင်းဖြင့် မာန်မဲလေတော့သည်။ ထိုစဉ် ကျွန်မ၏ ဦးခေါင်းထဲသို့ အတွေးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။ နိုင်နိုင်း၏ သက်ကြီးပိုင်း သွေးသောက်ညီအစ်မများ လာလည်ကြစဉ် မာမားသည် ထို့သို့ တစ်ခါမျှ မလုပ်ခဲ့စဖူး။ သားသမီးများ အရွယ်ရောက်လာကြသောအခါတွင် နိုင်နိုင်းသည် ဖူးဝေရွာအတွင်းရှိ သွေးသောက်ညီအစ်မ ငါးယောက်ဖြင့် ဖွဲ့စည်းထားသော အုပ်စုသစ်တစ်ခုတွင် ပါဝင်ရန် ဖိတ်ကြားခြင်း ခံခဲ့ရသည်။ ယခုအခါ သူတို့အထဲမှ တခြားနှစ်ယောက်နှင့် နိုင်နိုင်းတို့သာ သက်ရှိထင်ရှား ကျန်ရစ်တော့သည်။ သူတို့အားလုံးမှာ မုဆိုးမများ ဖြစ်ကြပြီး တစ်ပတ်လျှင် အနည်းဆုံး တစ်ကြိမ်မျှ တွေ့ဆုံတတ်ကြသည်။ သူတို့ အတူတူ ရှိနေကြသည့် အခါတိုင်း ရယ်မောနေတတ်ကြပြီး ကျွန်မတို့လို ကလေးငယ်များ နားမလည်နိုင်သည့် ညစ်တီးညစ်ပတ် ပြက်လုံးများကိုလည်း ပြောဆိုတတ်ကြသည်။ ထိုသို့သော အခြေအနေမျိုးတွင် မာမားသည် သူ၏ ယောက္ခမကို တားမြစ်ဟန့်တားရဲသည့် သတ္တိမျိုး မရှိပေ။ သို့မဟုတ်ပါကလည်း သူ အလွန်တရာ အလုပ်ရှုပ်နေသောကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။

ချည်ကုန်သွား၍ အသစ်သွားယူရန် မာမားက မတ်တတ်ရပ်လိုက်သည်။ သူသည် တစ်ခဏကြာ တုတ်တုတ်မျှ မလှုပ်ဘဲ ရပ်မြဲအတိုင်း ရပ်နေလေသည်။ သူက တစ်စုံတစ်ရာကို လေးလေးနက်နက် တွေးတောနေဟန်ဖြင့် တစ်နေရာရာသို့ ငေးမိငေးရာ ငေးနေသည်။ ထိုခဏ၌ ကျွန်မသည် သူ၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားပြီး

“သမီးကို ကြည့်ပါဦး။ သမီးကို ကြည့်ပါဦး” ဟု အားရပါးရ အော်ဟစ်ပစ်လိုက်ချင်သည်။ သို့သော် ကျွန်မ ထိုသို့ မပြုလုပ်ခဲ့ပါ။

နိုင်နိုင်း (မာမား၏ မိခင်) သည် မာမား၏ ခြေဖဝါးများကို ထုပ်ပေးစဉ်က ပေါ့ပေါ့ဆဆ ထုပ်ပေးခဲ့မိသောကြောင့် သူ၏ ခြေဖဝါးများသည် စံမှီသော ရွှေရောင်လီလီကလေးများ ဖြစ်ရမည့်အစား အကျည်းတန်နေတော့သည်။ လမ်းလျှောက်သည့်အခါတွင် ဒယိမ်းဒယိုင် ဖြစ်မနေစေရန်အတွက် ဝါးတစ်ချောင်းကို တောင်ဝှေးအဖြစ် အသုံးပြုကာ သူ့ကိုယ်သူ ထိန်းညှိနေရရှာသည်။ ဝါးတောင်ဝှေးကို အသုံးမပြုလျှင် မာမားသည် မတ်တတ်ရပ်နိုင်ရန်အတွက် လက်နှစ်ဘက်ကို ခါးမှာ ထောက်ထားလျက် ခြေနှစ်ဘက်ကို ကားကာ အားပြုထားရသည်။ သူ့ခြေထောက်ပေါ်တွင် တည်တည်ငြိမ်ငြိမ် မရပ်နိုင်သောကြောင့်လည်း တခြားသူများက သူ့ကို ပွေ့ဖက်ခြင်း၊ နမ်းရှုပ်ခြင်းများ ပြုလုပ်ရန် ခဲယဉ်းလှသည်။

“မေရွက်နဲ့ ပိုင်ဟောကို အပြင်မှာ သွားဆော့ခိုင်းလိုက်ပါလား” စိန်စိန်းက မာမား၏ အတွေးစကို ဖြတ်တောက်ပစ်လိုက်သည်။

“သူတို့ သူ့အစ်ကိုကြီးကို အလုပ် ကူလုပ်ပေးလို့လည်း ရတာပဲ”

“သူက သူတို့ ကူစရာ မလိုပါဘူးအေ”

“ကျွန်မ သိပါတယ်” စိန်စိန်းက ဆက်ပြောသည်။

“ဒါပေမယ့် ဒီကနေ့ ရာသီဥတုက ကောင်းကကောင်းနဲ့ … …”

“မဖြစ်ပါဘူး” မာမားက မျက်နှာတင်းတင်းဖြင့် ပြောသည်။

“ဒီအိမ်က မိန်းကလေးတွေ ရွာထဲမှာ လမ်းသလားနေတာမျိုး ငါ မကြိုက်ဘူး။ သူတို့တတွေက အိမ်ထဲမှာ နေပြီး တစ်ခုခု သင်ယူနေကြရမှာ”

သို့သော် စိန်စိန်းက ထိုကိစ္စနှင့် ပတ်သက်လာလျှင် ထူးထူးခြားခြား ခေါင်းမာသည်ဟု ဆိုရမည်။ သူက ကျွန်မတို့ကို ရွာထဲ၌ ဟိုဟိုဒီဒီ လျှောက်သွားကြည့်စေချင်သည်။ ရွာစွန်ရွာဖျားအထိ သွားပြီး ပြင်ပလောကကို ကြည့်စေချင်သည်။ များမကြာခင် အမျိုးသမီးဆောင်၏ ပြတင်းပေါက်မှ လှမ်းမြင်ရသော မြင်ကွင်းကိုသာ ကျွန်မတို့ ကြည့်နိုင် မြင်နိုင်တော့မည် ဖြစ်ကြောင်း သူ သိထားသည်။

“သူတို့ခမျာလည်း အချိန် ဘယ်နှလမှ မကျန်တော့ဘူးလေ” စိန်စိန်းက စောဒကတက်လိုက်သည်။ သို့သော် မကြာခင် ကျွန်မတို့ကို ခြေထုပ်ပေးတော့မည် ဖြစ်ပြီး ခြေဖမိုးပေါ်ရှိ အရိုးများ ကျိုးပဲ့ကာ ခြေထောက်ပေါ်မှ အရေပြားများ ဆွေးရိသွားကြလိမ့်မည် ဆိုသည့် အကြောင်းကိုမူ သူ ဖွင့်မပြောခဲ့ပေ။

“သူတို့ ပြေးနိုင်တုန်းလေး ပြေးကြပါစေလား”

မာမားကို ကြည့်ရသည်မှာ အစဉ်အမြဲ နွမ်းဟိုက်နေတတ်သည်။ သူသည် သားသမီးငါးယောက် မွေးထားပြီး ထိုအထဲမှ သုံးယောက်မှာ ငါးနှစ်ပင် မပြည့်တတ်သေး။ အခန်းသန့်ရှင်းရေး၊ အချက်အပြုတ်၊ အလျှော်အဖွပ်၊ အချုပ်အလုပ်နှင့် ငွေဝင်ငွေထွက် စာရင်းများကို မှတ်သားခြင်း စသော အိမ်မှုကိစ္စ အဝဝကို သူတစ်ဦးတည်းက ဒိုင်ခံ လုပ်ဆောင်နေရသည်။ မည်သည့်အပိုင်းတွင်မှ လစ်ဟင်းသည် မရှိရလေအောင် အစွမ်းကုန် ထိန်းကွပ်ထားနိုင်သည်။ ဤအိမ်တွင် မာမား၏ အရှိန်အဝါသည် စိန်စိန်းထက် မြင့်သည်။ သို့သော် မှန်သည်ဟု ယူဆထားသော သူ၏ အယူအဆများနှင့် ပတ်သက်၍ နေ့စဉ်နှင့်အမျှ ငြင်းခုန်မနေနိုင်အား။

“ကောင်းပြီလေ” မာမားက သက်ပြင်းချကာ သဘောတူလိုက်သည်။

“သူတို့ ထွက်ဆော့ကြပါစေပေါ့”

ကျွန်မသည် ဝမ်းသာအားရဖြင့် မေရွက်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီးနောက် ကျွန်မတို့ ခုန်ဆွခုန်ဆွ လုပ်နေကြသည်။ မာမား စိတ်မပြောင်းခင် အိမ်ပြင်သို့ မြန်မြန် ထွက်သွားရန် စိန်စိန်းက ကျွန်မတို့ကို မောင်းထုတ်လေတော့သည်။ တာ့ကျယ်နှင့် သူ၏ သွေးသောက်ညီအစ်မများက တစ်ဘက်မှနေ၍ ကျွန်မတို့ကို အားကျသော မျက်ဝန်းများဖြင့် လှမ်းကြည့်နေကြသည်။ ကျွန်မနှင့် မေရွက်တို့လည်း အောက်ထပ်သို့ ပြေးဆင်းသွားပြီး အိမ်ပြင်သို့ ထွက်သွားကြသည်။ နေ့တစ်နေ့တွင် ညနေခင်း နေဝင်ရီတရော အချိန်သည် ကျွန်မ သဘောအကျဆုံး အချိန်ဖြစ်သည်။ နေရောင်က ခပ်နွေးနွေး၊ လေပြေက ခပ်မွှေးမွှေးနှင့် ပုစဉ်းရင်ကွဲများက ခပ်ဆွေးဆွေး တေးသီနေကြသော အခါသမယပင်။ အိမ်မှ ကျွဲကြီးကို ရေချရန် ဆွဲသွားသော တာ့ကောနှင့် ဆုံနိုင်ရန်အတွက် ကျွန်မတို့သည် ရွာလမ်းအတိုင်း ခပ်သုတ်သုတ် ပြေးသွားကြသည်။ သူသည် ကျွဲကြီး၏ ကျောပေါ်တွင် တက်ထိုင်ကာ ခြေထောက်တစ်ဘက်ကို ခေါက်တင်ထားပြီး ကျန်တစ်ဘက်ကို နံဘေး၌ တွဲလောင်းချထားသည်။ မေရွက်နှင့် ကျွန်မသည် တာ့ကော၏ အနောက်တွင် တန်းစီရပ်လျက် ဝင်္ကပါကဲ့သို့ ကျဉ်းမြောင်းပွေလီသော ရွာလမ်းအတိုင်း ဖြတ်လျှောက်လာကြသည်။ ထိုသို့သော အရှုပ်အထွေးများက ကျွန်မတို့ကို တစ္ဆေသရဲများနှင့် သူခိုးဓားပြများ၏ ရန်မှ ကာကွယ်ပေးထားသယောင်။ မည်သည့် လူကြီးကိုမျှ ကျွန်မတို့ မတွေ့ရပါ။ ယောက်ျားများသည် လယ်ယာများ၌ အလုပ်ဝင်နေကြပြီး မိန်းမများကမူ အိမ်အပေါ်ထပ်ရှိ အခန်းထဲတွင် ရှိနေကြပေလိမ့်မည်။ ယခုကဲ့သို့သော အချိန်မျိုး၌ ရွာလမ်းကို ကလေးများနှင့် တိရစ္ဆာန်များက မောင်ပိုင်စီးထားကြသည်။ ကြက်များ၊ ဘဲများ၊ ဆူဖြိုးနေသော ဝက်မကြီးများနှင့် ဝက်ပေါက်ကလေးများသည် ဟိုမှဒီမှ လမ်းဖြတ်ကူးနေကြသည်။

ကျွန်မတို့သည် ရွာပြင်သို့ ထွက်လာကြပြီး အနိမ့်အမြင့် မညီသော ကျောက်ခင်းလမ်းလေးအတိုင်း လျှောက်လာကြသည်။ ထိုလမ်းကလေးပေါ်တွင် လူနှင့် ဝေါယာဉ်တို့ အလွယ်တကူ ဖြတ်သန်းသွားလာနိုင်သော်လည်း နွားလှည်း သို့မဟုတ် မြင်းလှည်းများအတွက်တော့ ကျဉ်းမြောင်းလွန်းနေသည်။ ကျွန်မတို့သည် ထိုလမ်းကျဉ်းလေးအတိုင်း မြစ်ကမ်းပါးရောက်သည် အထိ လျှောက်လာခဲ့ကြပြီး ထိုမြစ်ငယ်ကို ကန့်လန့်ဖြတ်၍ ခင်းထားသည့် ဘယ်ညာယိမ်းတတ်သော တံတားအရောက်တွင် ရပ်တန့်လိုက်ကြသည်။ တံတား၏ အလွန်တွင် ထွန်ယက်ထားသော လယ်ယာမြေတို့က မိုးကုပ်စက်ဝန်း ဆုံးသည်အထိ တနံတလျား တည်ရှိနေကြသည်။ ကျွန်မတို့၏ အထက်တွင် ဖြန့်ကျက်ထားသော မိုးကောင်းကင်ကြီးသည် ပိန်ညင်းငှက်၏ အမွေးအတောင်များ ကဲ့သို့ ပြာလဲ့နေသည်။ ဟိုးအဝေးတစ်နေရာမှ ကျေးရွာများကို ကျွန်မတို့ ရိုးတိုးရိပ်တိတ် လှမ်းမြင်နေရသည်။ ကျွန်မ၏ ဘဝတစ်သက်တာတွင် ထိုနေရာများသို့ ရောက်ဖူးလိမ့်မည်ဟုလည်း မည်သည့်အခါကမျှ တွေးတောခဲ့ဖူးခြင်း မရှိ။ ကျွန်မတို့သည် မြစ်ကမ်းပါးဆီသို့ ဖြည်းဖြည်းသာသာ ဆင်းလိုက်ကြသည်။ ထိုနေရာတွင် ပေါက်ရောက်နေသော ကျူပင်များသည် လေယူရာအတိုင်း ယိမ်းနွဲ့နေကြသည်။ ကျွန်မသည် ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်ချပြီး ဖိနပ်များကို ချွတ်ပစ်လိုက်သည်။ ထို့နောက် ရေတိမ်သည့် နေရာသို့ လျှောက်သွားသည်။ ယခုအချိန် ပြန်စဉ်းစားကြည့်လျှင် ၎င်းမှာ လွန်ခဲ့သော နှစ်ပေါင်း ၇၀ ခန့်က အဖြစ်အပျက်များသာ။ သို့သော် ခြေချောင်းကလေးများ၏ အကြားသို့ တိုးဝင်လာသည့် ရွှံ့နွံတို့၏ အိစက်သော အထိအတွေ့၊ ခြေဖဝါးပေါ်မှ ဖြတ်စီးသွားသော ရေထုနှင့် အရေပြားပေါ်မှ အေးမြမြ ခံစားမှုတို့ကို ကျွန်မ မှတ်မိနေသေးသည်။ ထိုနေ့က မေရွက်နှင့် ကျွန်မတို့ လွတ်လပ်စွာ မြူးထူးပျော်ပိုက်နေကြသည်။ ထိုသို့သော လွတ်လပ်မှုမျိုးကို နောင်တစ်ဖန် ထပ်ရနိုင်တော့မည် မဟုတ်မှန်း ထိုစဉ်က ကျွန်မတို့ မသိခဲ့ကြပေ။ သို့သော် ထိုနေ့မှ စတင်ကာ ကျွန်မသည် တခြားသော ကိစ္စတစ်ခုကိုလည်း ထူးထူးခြားခြား မှတ်မိနေခဲ့သည်။ အိပ်ရာမှ ကျွန်မ နိုးထလာသည့် အချိန်တိုင်းတွင် ကျွန်မ၏ မိသားစုကို ထူးခြားသော အမြင်တစ်မျိုးဖြင့် မြင်လာမိတော့သည်။ သူတို့က ကျွန်မကို ထူးဆန်းသော ခံစားချက်များဖြင့် ပြည့်နှက်စေခဲ့သည်။ ညှိုးငယ်မှု၊ ကြေကွဲမှု၊ မနာလိုမှုနှင့် မြောက်မြားစွာသော အကြောင်းကိစ္စတို့အပေါ် မမျှမတဟု ရုတ်တရက် ထင်မြင်လာစေသော မတရားသော ခံစားချက်။ မြစ်ရေသည် ကျွန်မထံမှ အရာအားလုံးတို့ကို တိုက်စားယူငင်သွားတော့သည်။

ထိုနေ့ညက ညစာစားပြီးသောအခါ ကျွန်မတို့သည် အိမ်ကပြင်မှာ ထိုင်ကာ အေးမြသော ညလေပြေကို ခံစားလျက် ပါပါးနှင့် စူးစူတို့ ဆေးပြောင်းအရှည်ကြီးများ သောက်ရှူနေသည်ကို ထိုင်ကြည့်နေကြသည်။ လူတိုင်း ပင်ပန်းနေကြပြီ။ မာမားသည် တစ်နေ့တာအတွင်း နောက်ဆုံးအကြိမ်အဖြစ် မောင်ငယ်လေးကို နို့တိုက်ပြီး သူ့ကို ချော့သိပ်နေသည်။ တစ်နေ့လုံး အိမ်မှုကိစ္စများနှင့် အလုပ်ရှုပ်နေခဲ့သဖြင့် သူလည်း နွမ်းလျနေသည်။ မည်သို့ပင်ဖြစ်စေ သူ့အတွက် အလုပ်က ဆုံးခန်းတိုင်သည် မရှိ။ ကျွန်မသည် သူ့ကို နှစ်သိမ့်အားပေးရန်အတွက် လက်နှစ်ဘက်ဖြင့် ပွေ့ဖက်လိုက်သည်။

“ဖယ်စမ်းဟယ်။ ပူလိုက်တာ” သူက ကျွန်မကို အသာအယာ တွန်းဖယ်ပစ်လိုက်သည်။

ကျွန်မ၏ စိတ်ပျက်အားငယ်သွားမှုကို ပါပါးက မြင်သွားဟန် တူ၏။ ကျွန်မကို သူ့ပေါင်ပေါ်သို့ ပွေ့တင်လိုက်သည်။ တိတ်ဆိတ်ငြိမ်သက်နေသော ညအမှောင်ယံထဲတွင် ကျွန်မသည် သူ့အတွက် အဖိုးအနဂ္ဃ ထိုက်တန်နေသည်။ ထိုတစ်ခဏ၌ ကျွန်မသည် သူ၏ လက်ဖဝါးပေါ်မှ ရတနာတစ်ပါး ဖြစ်ခဲ့ပါပြီကော။

 

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *