အူရောင်ငန်းဖျား ကပ်ရောဂါ ကာလအတွင်း၌ ရွှယ်ဟွားနှင့် သူ၏မိသားစုတို့ မည်သို့ ဖြစ်ပျက်ခဲ့ကြသည်ကို ကျွန်မ မသိသေးပါ။ ကျွန်မ၏ သားသမီးများအပေါ် စိတ်ပူပန်နေမှု၊ ကျွန်မ၏ ယောက္ခမ-အမေအပေါ်တွင် တည်ရှိနေသော တာဝန်ဝတ္တရားများနှင့် ကျွန်မ၏ ချစ်လင် ပြန်လည်ရောက်ရှိလာသောကြောင့် အပျော်ကြီး ပျော်ရွှင်နေခြင်းတို့အပြင် ယောက္ခမ-အဖေ၏ အနိစ္စရောက်ခြင်းနှင့် နာရေးအခမ်းအနား၊ နောက်ဆုံးအနေဖြင့် အဆင်သင့် မဖြစ်သေးခင် အစောတလျင် ရောက်ရှိလာသော ကျွန်မတို့၏ အိမ်ကြီးရှင်ဘဝ၊ အစရှိသော လောကဓံ၏ ဝဲဩဃထဲ၌ ဝဲလည်မျောပါရင်း ကျွန်မဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ကျွန်မ၏ လောင်ထုံးကို မေ့လျော့နေခဲ့မိသည်။ ဤသို့ဖြင့် တစ်နေ့တွင် သူ့ထံမှ စာတစ်စောင် ရောက်ရှိလာသည်။
ပိုင်ဟောရေ …
နင် အသက်ရှင်လျက် ရှိနေသေးတယ်လို့ ငါ ကြားသိရတယ်။ နင့်ယောက္ခမတွေအကြောင်း သတင်းကြားရတာ စိတ်မကောင်းပါဘူး။ နင့်ရဲ့ ပါပါးနဲ့ မာမားအကြောင်း ကြားရတော့ ပိုလို့တောင် စိတ်မကောင်း ဖြစ်မိသေးတယ်။ ငါ သူတို့ကို သိပ်ချစ်ခဲ့တာ။
ငါတို့လည်း ကပ်ရောဂါကြီးကို ကျော်လွန်နိုင်ခဲ့တယ်လေ။ အစောပိုင်း ရက်တွေမှာတော့ ငါ သားလျှောခဲ့ရပြန်တယ်။ နောက်ထပ် သမီးလေးတစ်ယောက်ပေါ့။ ငါ့ယောက်ျားကတော့ ကောင်းတယ်လို့တောင် ပြောနေသေးတာ။ တကယ်လို့သာ ကလေးတွေ အကုန်လုံး အဖိတ်အစင် မရှိခဲ့ဘူးဆိုရင်တော့ ငါ့မှာ သမီးချည်းပဲ လေးယောက်တောင် ရှိနေလောက်ပြီ။ မတွေးဝံ့စရာပဲ။ ဒါပေမယ့် အသက်မရှိတော့တဲ့ ကလေးတစ်ယောက်ကို ကိုယ့်လက်ထဲမှာ သုံးကြိမ်သုံးခါတောင် ပွေ့ပိုက်ခဲ့ရတာ ဆိုတော့ သိပ်ကို များလွန်းမနေဘူးလား။
နောက်တစ်ကြိမ် ထပ်ပြီးကြိုးစားဖို့ နင်က ငါ့ကို အမြဲ ပြောနေခဲ့တယ်နော်။ ငါ ကြိုးစားမှာပါ။ နင့်လို သားသုံးယောက် ရနိုင်ပါစေလို့ ငါလည်း မျှော်လင့်နေတာပဲ။ နင်ပြောခဲ့သလိုပေါ့ဟာ။ သားတွေဆိုတာက မိန်းမတစ်ယောက်ရဲ့ ရတနာတွေလေ။
ငါတို့ဆီမှာတော့ လူတွေအများကြီး သေကြတယ်။ အခုတော့ ဒီမှာ အတော်ကို တိတ်ဆိတ်သွားပြီ။ ဒါပေမယ့် ငါ့ယောက္ခမကတော့ အသက်ရှင်လျက်ပဲ။ သူက နေ့တိုင်း ငါ့အကြောင်းကို မကောင်းချည်း ပြောနေတော့တာပဲ။ ငါ့ယောက်ျားနဲ့လည်း ငါ့ကို ရန်တိုက်ပေးသေးတယ်။
ငါ့ဆီ လာလည်ပါဦးလား။ ငါတို့ရဲ့ ဘဝတွေက နင်တို့နဲ့ နှိုင်းစာရင် ဘာမှ မပြောပလောက်ဘူး ဆိုပေမယ့် နင် ငါ့အနားမှာ ရှိနေရင် ဒုက္ခသုက္ခတွေ အားလုံးကို ငါ မေ့ပစ်ထားနိုင်တယ်။ ငါ့ကို ချစ်ရင် ငါ့ဆီ လာခဲ့ပါနော်။ ငါတို့ သမီးတွေကို ခြေမစည်းပေးခင် ငါ နင်နဲ့ ပြန်ဆုံချင်သေးတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း နင်နဲ့ တိုင်ပင်စရာတွေ ရှိနေသေးတယ်။
ရွှယ်ဟွား
တမလွန်ဘဝသို့ ကူးပြောင်းသွားပြီ ဖြစ်သော ယောက္ခမကို ပြန်လည်မြင်ယောင်လျက် မယားတစ်ယောက်၏ တာဝန်နှင့် ပတ်သက်၍ ပြောခဲ့သော သူ့စကားများကို ခဏတိုင်းဆိုသလို ပြန်လည် ကြားယောင်နေသည်။ “နာခံ၊ နာခံ၊ နာခံ၊ ပြီးမှ ကိုယ်လုပ်ချင်တာလုပ်” ဟူ၍။ အမြဲတစေ စောင့်ကြည့်နေတတ်သော ယောက္ခမကြီး၏ မျက်လုံးများ မရှိတော့ပြီ ဖြစ်၍ ရွှယ်ဟွားနှင့် ထင်ထင်ပေါ်ပေါ် တွေ့ဆုံနိုင်ပြီ ဖြစ်သည်။
ကျွန်မ၏ ခင်ပွန်းတွင်တော့ အကြောင်းပြချက်ပေါင်း အထောင်အသောင်း ရှိနေသေးသည်။ ကျွန်မတို့၏ သားသမီးများမှာ ယခုအခါတွင် ၁၁ နှစ်သား တစ်ယောက်၊ ၈ နှစ်သား တစ်ယောက်၊ တစ်နှစ်ခွဲသား တစ်ယောက်နှင့် မကြာခင်ကမှ ၈ နှစ်ပြည့်သွားခဲ့သော သမီးတစ်ယောက်တို့ ဖြစ်သည်။ သူက ကျွန်မကို အိမ်မှာ အမြဲ ကပ်နေစေချင်သည်။ သူ၏ စိတ်ပူပန်မှုများ လျော့ကျသွားစေရန်အတွက် ကျွန်မ ရက်ပေါင်းများစွာ ကြိုးစားခဲ့ရသည်။ စိတ်တည်ငြိမ်လာစေရန်အတွက် သူ့ကို သီချင်းဆိုပြခဲ့သည်။ သူ၏ နှလုံးသားကို နူးညံ့ပျော့ပျောင်းသွားစေရန်အတွက် သားသမီးများဖြင့် အကြံအဖန် လုပ်ခဲ့ရသည်။ သူ ကြိုက်နှစ်သက်သော ဟင်းလျာများကို ချက်ပြုတ်ပေးခဲ့သည်။ လယ်တောမှ ပြန်ရောက်လာသည့် အခါတိုင်း သူ့ခြေထောက်များကို ကျွန်မကိုယ်တိုင် ဆေးကြော နှိပ်နယ်ပေးခဲ့သည်။ ထို့အပြင် သူ၏ သွေးသားတောင်းဆိုမှုတို့ကိုလည်း စိတ်ကျေနပ်အောင် ဖြည့်ဆည်းပေးခဲ့သည်။ ကျွန်မ မည်မျှပင် ကြိုးစားကြိုးစား၊ သူက ကျွန်မကို ဘယ်မျှ မသွားစေချင်။ သူ့စကားကို တစ်သဝေမတိမ်း နားထောင်ရန် မျှော်လင့်နေဆဲ။
၁၀ လပိုင်း ၂၈ နေ့တွင် ကျွန်မ၏ ကိုယ်ပေါ်မှ ခရမ်းပြာနုရောင် ပိုးထည်ဝတ်ရုံသည် ဂန္ဓမာပန်းတစ်ပွင့်ကို ဇာပန်းထိုးထားသောကြောင့် ဆောင်းဥတုနှင့် ပနံရနေသည်။ အပျိုဘဝက ချုပ်လုပ်ထားခဲ့သော အဝတ်အစားများကိုသာ တစ်သက်လုံး ဝတ်ဆင်သွားရမည်ဟု ကျွန်မ ထင်မှတ်ထားခဲ့ဖူးသည်။ ကျွန်မ၏ ယောက္ခမ-အမေသည် ဤမျှ ခပ်စောစော မျက်နှာလွှဲသွားလိမ့်မည်ဟု ထိုစဉ်က ကျွန်မ ထင်မှတ်မထားခဲ့။ ထို့အပြင် သူပိုင်အဝတ်အထည် အများအပြားကို လုံးဝ မတို့မထိဘဲ တခြားသူအတွက် ချန်လှပ် စွန့်ခွာသွားလိမ့်မည်ဟုလည်း မတွေးခဲ့စဖူး။ ခင်ပွန်းသည်၏ စီးပွားဥစ္စာသည် ဒီရေအလား တစ်နေ့တခြား တိုးပွားလာသောကြောင့် ကောင်းပေ့ဆိုသည့် စူးကျိုးမှ ပိုးထည်များကို အတိုင်းအဆ မရှိ ဝယ်ယူခွင့် ရနိုင်လာလိမ့်မည်ဟု ကျွန်မ မမျှော်လင့်ခဲ့စဖူး။ သို့ပါသော်လည်း ရွှယ်ဟွားသည် ကလေးဘဝက ကျွန်မ၏ အဝတ်အစားများ ဝတ်ဆင်ခဲ့ရသည်ကို အမှတ်ရလျက် သူ့ထံတွင် သွားရောက်နေထိုင်မည့် သုံးညတာခရီးအတွက် ကျွန်မ ဘာအဝတ်အစားမျှ အပို မယူဆောင်တော့ပေ။
ရွှယ်ဟွား၏ အိမ်ရှေ့ အရောက်တွင် ဝေါယာဉ်ပေါ်မှ ကျွန်မ ဆင်းလိုက်သည်။ သူသည် အိမ်ရှေ့ ကပြင်တွင် ထိုင်လျက် ကျွန်မကို စောင့်မျှော်နေသည်။ သူ ဝတ်ဆင်ထားသော အပေါ်ဝတ်ရုံ၊ ဘောင်းဘီရှည်၊ ခါးစည်းအဝတ်နှင့် ခေါင်းစည်းပဝါတို့မှာ မဲနယ်မြေရောင် ဖြူဖော့ဖော့ ချည်ထည်များ ဖြစ်ပြီး မြင်မကောင်းအောင် ပေရေစုတ်ပြဲနေကြသည်။ အိမ်ထဲသို့ ချက်ချင်း မဝင်ကြသေးဘဲ ညနေခင်း၏ လေပြေနွေးအကြား၌ နှစ်ယောက်သား ပူးကပ်ထားကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လျက် ကြည်နူးနေမိကြသည်။ ရောက်တတ်ရာရာ အကြောင်းများကို ပြောကြားနေသည့် သူ၏ စကားသံများကို နားထောင်နေရင်းမှ ဧရာမဒယ်ပိုင်းကြီးကို ပထမဆုံးအကြိမ်အဖြစ် ရှင်းရှင်းပြတ်ပြတ် တွေ့မြင်လိုက်ရတော့သည်။ ဝက်အသေကောင်များ၏ အရေပြားကို ပျော့ပျောင်းလာစေရန်နှင့် ဝက်မွှေးများ ချွတ်ရန် အသုံးပြုခဲ့သော ဧရာမဒယ်ပိုင်းကြီး။ အပြင်ဆောင်၏ ပွင့်အာနေသော တံခါးပေါက်မှတစ်ဆင့် အတွင်းထုပ်တန်းပေါ်၌ တွဲလောင်းချိတ်ဆွဲထားသော အသားတစ်များကို တွေ့မြင်နေရသည်။ ညှီစို့စို့ အနံ့အသက်များက ကျွန်မ၏ အစာအိမ်ကို ညှစ်ဆုပ် နှိပ်စက်နေကြသည်။ အဆိုးတကာ့ အဆိုးဆုံး ကိစ္စမှာ ကျွန်မတို့ ထိုင်နေရာ အိမ်ကပြင်ဆီသို့ အစာရှာရန် ခေါက်တုံ့ခေါက်ပြန် ရောက်လာတတ်သော ဝက်မကြီးနှင့် သူ၏ ကလေးများပင်။ ကျွန်မနှင့် ရွှယ်ဟွားတို့ နေ့လယ်စာ စားပြီးသည့်အခါတွင် သူသည် ထမင်းကျန်၊ ဟင်းကျန်ပါသော ပန်းကန်လုံးများကို မြေပေါ်၌ချကာ ဝက်များကို အစာကျွေးတော့သည်။
ဝက်တစ်ကောင်စီ ထည့်ထားသော ဝက်ခြင်းလေးခြင်းကို လှည်းပေါ်တင်လျက် တွန်း၍ အိမ်ပြန်ရောက်လာသော သားသတ်သမားကြီးကို တွေ့မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် အိမ်အပေါ်ထပ်သို့ ကျွန်မတို့ တက်သွားကြတော့သည်။ အပေါ်ထပ်တွင် ရွှယ်ဟွား၏ သမီးက ဇာပန်းထိုးနေပြီး သူ၏ ယောက္ခမက ဝါစိုင်များကို ဆေးကြောနေသည်။ အခန်းမှာ အောက်စော်နံပြီး မိုက်မှောင်နေသည်။ အိမ်၏ ပြတင်းပေါက်သည် ကျွန်မ၏ မိဘအိမ်ထက် သေးငယ်ကာ ဘာမျှ မွမ်းမံခြယ်သထားခြင်း မရှိပေ။ သို့သော်လည်း ၎င်းပြတင်းပေါက်မှနေ၍ ထုံးခိုရှိ ကျွန်မ၏ အိမ်ပြတင်းပေါက်ကို လှမ်းမြင်နေရသည်။ ဤနေရာတွင် ထိုင်နေ၍လည်း ဝက်ညှီနံ့မှ လွတ်မြောက်နိုင်ခြေ မရှိ။
ကျွန်မတို့သည် အသီးသီး နေရာယူလိုက်ကြကာ မိမိတို့အတွက် အရေးပါဆုံးသော အကြောင်းအရာကို စကားစလိုက်ကြတော့သည်။ သမီးများ၏ အရေးကိစ္စပင်။
“သူတို့ကို ဘယ်အချိန်လောက် စပြီး ခြေစည်းပေးရင် ကောင်းမလဲ။ နင် အဲဒါ စဉ်းစားပြီးပြီလား” ရွှယ်ဟွားက မေးလာသည်။
ပုံမှန်အားဖြင့် ဆိုလျှင် ဤအရွယ်သည် ခြေထုပ်ရန် အသင့်လျော်ဆုံးနှင့် အမှန်ကန်ဆုံးသော အချိန်ကာလ ဖြစ်သည်။ ကျွန်မတို့၏ အတွေးအကြံများ တစ်ထပ်တည်း ကျနေပါစေကြောင်း ကျွန်မ မျှော်လင့်တောင့်တနေမိသည်။
“ငါတို့အမေတွေက ငါတို့ကို ၇ နှစ်ပြည့်ပြီးမှ ခြေထုပ်ပေးခဲ့ကြတာလေ။ ဒါကြောင့် အခု ငါတို့ ပျော်ပျော်ရွှင်ရွှင်နဲ့ နေကြရတာ မဟုတ်လား” ကျွန်မက စကားကို ဂရုတစိုက် ပြောဆိုလိုက်သည်။
ရွှယ်ဟွား၏ မျက်နှာမှ ပြုံးပန်းပွင့်လာသည်။
“ငါတို့နှစ်ယောက်ရဲ့ ဇာတာတွေက တစ်ထပ်တည်း ကျနေတာလည်း မပြောနဲ့တော့။ ငါတို့ရဲ့ အတွေးတွေကအစ တစ်ထပ်တည်း ကျနေတော့တာပဲ။ ငါတို့ သမီးတွေရဲ့ ဇာတာအက္ခရာ ရှစ်လုံးကို တိုက်ဆိုင်ကြည့်ရုံတင် မကဘဲ သူတို့ရဲ့ ဇာတာနဲ့ ငါတို့ရဲ့ ဇာတာကိုပါ တိုက်ဆိုင် စစ်ဆေးကြည့်ရင် ပိုမကောင်းဘူးလား။ ငါတို့နှစ်ယောက် လုပ်ခဲ့ကြသလိုပဲ သူတို့နှစ်ယောက်ကိုလည်း တစ်ရွယ်တည်း၊ တစ်ရက်တည်းမှာပဲ ခြေစည်းပေးကြရရင် ကောင်းမယ် ထင်တယ်”
ရွှယ်ဟွား၏ သမီးကို ကျွန်မ လှမ်းကြည့်လိုက်မိသည်။ ချွမ်ရွက်သည် သူ့မိခင် ပျိုနုစဉ်ကကဲ့သို့ လှပကြော့ရှင်းနေသည်။ ပိုးသားကဲ့သို့ နုညက်သော အသားအရေနှင့် နူးညံ့ပျော့ဆင်းနေသော အနက်ရောင် ဆံကေသာတို့နှင့် တင့်တယ်နေသည်။ သို့သော် သူ၏ အမူအရာက လောကကြီးကို အရှုံးပေးနေသယောင်။ သူ၏ ဦးခေါင်းကို အတတ်နိုင်ဆုံး ငုံ့ထားကာ သူ၏ ဇာထိုးပန်းထိုး အလုပ်ထဲတွင် အကြည့်ကို နှစ်မြှုပ်ထားသည်။ သူ၏ အနာဂတ်ကံကြမ္မာကို လုံးဝ စိတ်မဝင်စားလေဟန်။
“သူတို့နှစ်ယောက်က ယွမ်းယန်ငှက်မောင်နှံတွေလို လိုက်ဖက်ညီနေမှာပဲ” သဘောတူညီမှုကို အလွယ်တကူ ရရှိလိုက်သည့်အတွက် ကျွန်မ စိတ်သက်သာရာ ရသွားသည်။ သို့သော် သမီးနှစ်ယောက်၏ ဇာတာများ နေ့သင့်နံသင့် ဖြစ်မနေခြင်းအတွက် ကျွန်မတို့၏ ဇာတာများက အထိုက်အလျောက် ဖာထေးပေးနိုင်ကောင်းပါရဲ့ ဟုသာ ကျွန်မတို့၏ စိတ်ထဲမှ တိတ်တခိုး မျှော်လင့်နေကြပေလိမ့်မည်။
အနားတွင် ချွမ်ရွက်ရှိနေသည့်အတွက် ရွှယ်ဟွားတစ်ယောက် အင်မတန် ကံကောင်းသည်ဟု ဆိုရပေမည်။ သို့မဟုတ်လျှင် သူသည် သူ့ယောက္ခမနှင့်သာ တစ်နေကုန် တစ်နေခမ်း နှစ်ပါးသွားနေရတော့မည်။ ကျွန်မ ပြောပြပါရစေဦး။ ထိုမိန်းမကြီး၏ စိတ်ဓာတ်သည် ယခင်ကအတိုင်း ရင့်သီးခက်ထန်နေဆဲပင်။ သူသည် စကားတစ်ခွန်းကိုသာ ထပ်ပြန်တလဲလဲ ရေရွတ်နေတတ်သည်။
“နင့်သားကြီးက မိန်းမတစ်ယောက်နဲ့ ဘာမှ မထူးဘူး။ တကယ့် ငပျော့ကောင်။ ဝက်တစ်ကောင်ကို သတ်နိုင်တဲ့ ခွန်အားမျိုး ဘယ်တော့များမှ ရလာနိုင်မှာလဲ”
လူးဖူးလန်ဘဝနှင့် လုံးဝ မအပ်စပ်သော အတွေးတစ်ခုက ကျွန်မ၏ ခေါင်းထဲသို့ ဝင်ရောက်လာသည်။ ကပ်ဆိုးကာလအတွင်း၌ သေမင်းတမန်များသည် သူ့ကို အဘယ်ကြောင့် ခေါ်မသွားရလေသနည်း။
ညနေစာ ဟင်းလျာများက ကျွန်မ၏ ငယ်ဘဝကို ပြန်လည် အောက်မေ့တမ်းတစေခဲ့သည်။ ပဲတောင့်ရှည်နှပ်၊ ဝက်ခြေထောက်ရှူးရှဲ၊ ရွှေဖရုံစိတ်ကြော်နှင့် ကောက်ညှင်းရွှေကြည်တို့ ဖြစ်သည်။ ကျင်းထျန်တွင် စားသုံးခဲ့ရသော ထမင်းအနပ်စီတိုင်းတွင် ဝက်သားဟင်းမှာ တစ်နည်းမဟုတ် တစ်နည်းဖြင့် ပါဝင်တတ်စမြဲ။ ဝက်ခေါက်ပဲနက်စေ့ကြော်၊ ဝက်နားရွက်မြေအိုး၊ ဝက်အူလိမ်အစပ်ချက်၊ ဝက်သိုအိုးကပ် စသည် စသည်။ ရွှယ်ဟွားသည် ၎င်းတို့ကို တစိုးတစိမျှ မတို့မထိပါ။ ထမင်းကို ဟင်းသီးဟင်းရွက်များနှင့်သာ လွှေးနေခဲ့သည်။
သူ့ယောက္ခမကြီးသည် ညစာစားပြီးသည်နှင့် အိပ်ခန်းထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။ လောင်ထုံးနှစ်ယောက်ကို ခုတင်တစ်လုံးတည်း၌ အတူတူ အိပ်စက်စေရမည်ဟု ထုံးတမ်းစဉ်လာအရ သတ်မှတ်ထားသော်ငြားလည်း (လင်ယောက်ျားသည် တခြား တစ်နေရာတွင် တစ်ယောက်တည်း အိပ်စက်ရမည်ဟု ဆိုလိုသည်) သားသတ်သမားသည် တခြားတစ်နေရာသို့ ပြောင်းရွှေ့မပေးနိုင်ကြောင်း အတိအလင်း ကြေညာလေတော့သည်။ သူ၏ အကြောင်းပြချက်မှာ
“မိန်းမတွေရဲ့ အတွင်းစိတ်လောက် ကောက်ကျစ်စဉ်းလဲတာ ဒီလောကမှာ ဘာမှ မရှိဘူး” ဟူ၍။ မှန်ပါ၏။ ၎င်းမှာ ရှေးဆိုရိုးစကားတစ်ခု ဖြစ်သည်။ သို့သော် လူးဖူးလန်ကို ထိုသို့ ပိုးစိုးပက်စက် ပြောသင့်ပါ၏လော။ မည်သို့ဆိုစေ၊ ဤအိမ်သည် သူ့အိမ် ဖြစ်သည်။ အိမ်ရှင်၏စကားကို လိုက်နာဆောင်ရွက်ရမည် မဟုတ်ပါလား။
ရွှယ်ဟွားသည် ကျွန်မကို အပေါ်ထပ်သို့ ပြန်ခေါ်လာပြီး သန့်ရှင်း၍ အနားဖွာနေသော သူ၏ ခန်းဝင်အိပ်ရာခင်း တချို့ဖြင့် ကျွန်မအတွက် အိပ်ရာပြင်ပေးလေသည်။ မျက်နှာသစ်ရန်အတွက် ရေနွေးဇလုံကိုလည်း ဗီဒိုပေါ်တွင် တင်ထားပေးသည်။ ကျွန်မသည် အဝတ်စတစ်စကို ရေဆွတ်ပြီး လောင်ထုံး၏ မျက်နှာပေါ်မှ စိုးရိမ်ကြောင့်ကြမှုများကို ရေစိုအဝတ်ဖြင့် သုတ်သင်ပေးလိုက်ချင်သည်။ ထိုသို့ စိတ်ကူးနေစဉ် သူသည် ကျွန်မထံသို့ ဝတ်စုံတစ်ထည် ယူလာပေးသည်။ သူ့ကိုယ်ပေါ်မှ အဝတ်နှင့် ထပ်တူနီးပါး တူညီနေသော ဝတ်စုံ။ ၎င်းတို့မှာ သူ့မိခင်၏ ခန်းဝင်ပစ္စည်းတချို့ကို ဖြတ်ကပ်ညှပ်၍ ပြင်ချုပ်ထားသော ဝတ်စုံများ ဖြစ်ကြောင်း ကျွန်မ မှတ်မိနေပါသေးသည်။ ရွှယ်ဟွားသည် အရှေ့သို့ တိုးကပ်လာပြီး ကျွန်မ၏ ပါးကို နမ်းရှုပ်ကာ နားနားကပ်လျက် တီးတိုဆိုလိုက်သည်။
“မနက်ဖြန်ကျရင် ငါတို့ တစ်နေကုန်လုံး အတူတူ ရှိနေကြဦးမှာလေ။ ငါ့ရဲ့ ပန်းထိုးထည်တွေ နင့်ကို ပြရဦးမယ်။ ပြီးတော့ ငါတို့ရဲ့ ယပ်တောင်ကိုလည်း ကြည့်စေချင်သေးတယ်။ နောက်ပြီး နင့်ကို ပြောစရာတွေ အများကြီး ကျန်နေသေးတယ် သိလား” ပြောပြီးနောက် ကျွန်မကို တစ်ယောက်တည်း ထားကာ အခန်းထဲမှ ထွက်ခွာသွားတော့သည်။
ကျွန်မသည် ဆီမီးခွက်ကို ငြှိမ်းသတ်လိုက်ပြီးနောက် ခြုံစောင်ထဲ၌ လဲလျောင်းနေသည်။ ပြတင်းပေါက်မှ ဖြာကျနေသော ပြည့်လုပြည့်ခင် ငွေလမင်း၏ လင်းရောင်ခြည်တို့သည် ကျွန်မကို အတိတ်နှစ်ပေါင်းများစွာဆီသို့ ခေါ်ဆောင်သွားသည်။ ခြုံစောင်အထက်၌ မျက်နှာအပ်ထားစဉ် ကျွန်မ၏ နှာခေါင်းသို့ လာရောက် တိုးတိုက်ကြသော ရွှယ်ဟွား၏ ကိုယ်သင်းရနံ့တို့သည် အပျိုစင်ဘဝ အတူရှိနေခဲ့ကြစဉ်ကကဲ့သို့ လတ်ဆတ်ဆဲ၊ သင်းပျံ့ဆဲ။ ရမ္မက်ဆန္ဒကြောင့် ဖြစ်ပေါ်လာသော ညည်းတွားသံ သဲ့သဲ့ကို ပြန်လည် ကြားယောင်လာသည်။ အမှောင်ခန်းထဲ၌ တစ်ယောက်တည်း လဲလျောင်းနေရင်း ရှက်စိတ်ဖြင့် မျက်နှာထူပူသွားသည်။ ထို့နောက် ခေါင်းကို ခါယမ်းကာ အတွေးများကို မောင်းထုတ်ပစ်လိုက်သည်။ သို့သော် အသံများက အာရုံထဲမှ ပျောက်ကွယ်မသွားကြ။ ကျွန်မ ထထိုင်လိုက်သည်။ အရင်းစစ်သော် ထိုအသံများသည် ကျွန်မ၏ ဦးနှောက်ထဲမှ ထွက်ပေါ်နေသော အသံများ မဟုတ်ကြ။ ရွှယ်ဟွား၏ အခန်းထဲမှ ထွက်ပေါ်နေခြင်း။ ကျွန်မ၏ လောင်ထုံးနှင့် သူ့ခင်ပွန်းတို့ ချစ်ဗျူဟာ ခင်းနေကြပါပကော။ ကျွန်မ၏ လောင်ထုံးသည် သက်သတ်လွတ် စားသုံးသူတစ်ယောက် ဖြစ်ကောင်း ဖြစ်လာနိုင်သော်လည်း ဝမ်မယားပုံပြင်ကဲ့သို့ မည်သည့်အခါမျှ ဖြစ်လာနိုင်မည် မဟုတ်ပေ။ ကျွန်မသည် နားကို ပိတ်လျက် အိပ်ပျော်နိုင်အောင် ကြိုးစားကြည့်သည်။ ခက်ခဲလိုက်သည့် ဖြစ်ခြင်း။ ကောင်းသော ကံကြမ္မာ၏ ဆောင်ကြဉ်းပေးမှုကြောင့် ရောက်ရှိခဲ့ရသော ကျွန်မ၏ လက်ရှိဘဝ အခြေအနေသည် ကျွန်မကို စိတ်မရှည်သောသူ၊ သည်းခံနိုင်စွမ်း မရှိသောသူ အဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။ ဤဒေသနှင့် ဤနေရာတွင် နေထိုင်ကြသော လူများ၏ ညစ်ညမ်းသော သဘောသဘာဝသည် ကျွန်မ၏ စိတ်ခံစားမှု၊ ကျွန်မ၏ အသွေးအသားနှင့် ကျွန်မ၏ စိတ်ဝိညာဉ်တို့ကို တတိတိ တိုက်စားချိုးဖဲ့နေကြသည်။
နောက်တစ်နေ့နံနက်ခင်းတွင် သားသတ်သမားသည် သူ၏ တစ်နေ့တာ လုပ်ငန်းအတွက် အိမ်မှ ထွက်ခွာသွားသည်။ သူ၏ မိခင်သည် သူ့အခန်းထဲသို့ ပြန်ဝင်သွားသည်။ ကျွန်မသည် ရွှယ်ဟွားကို ကူညီ၍ ပန်းကန်ခွက်ယောက်များ ဆေးကြောခြင်း၊ ရေစင်အောင် သုတ်ခြင်း၊ ထင်းများ သယ်ဆောင်ခြင်း၊ ရေငင်ခြင်း၊ နေ့လယ်စာအတွက် ဟင်းသီးဟင်းရွက်များ လှီးသင်ခြင်း၊ ဝက်သားသိုလှောင်ခန်းထဲသို့ သွားကာ ဝက်သားတစ်များ ယူငင်ခြင်းနှင့် သူ၏သမီးကို ထိန်းကျောင်းခြင်း စသည့် အလုပ်များကို လုပ်ဆောင်ပေးခဲ့သည်။ ၎င်းကိစ္စဝိစ္စများ အားလုံး ပြီးဆုံးသည်နှင့် ကျွန်မတို့ ရေချိုးနိုင်ရန်အတွက် ရွှယ်ဟွားက ရေနွေးကျိုတော့သည်။ သူသည် ရေနွေးခရားအိုးကို အပေါ်ထပ် အခန်းဆောင်ထဲသို့ သယ်ဆောင်လာပြီး တံခါးကို ပိတ်လိုက်သည်။ ကျွန်မတို့ နှစ်ယောက်အကြားတွင် ဘယ်တုန်းဘယ်အခါကမျှ ဖုံးကွယ် သိုဝှက်ထားစရာ စိုးစဉ်းမျှ မရှိခဲ့စဖူး။ ယခုလည်း ဖုံးကွယ်နေစရာ ဘာအကြောင်း ရှိဦးမည်နည်း။ ၁၀ လပိုင်းအတွင်းသို့ ချဉ်းနင်း ဝင်ရောက်နေသော်ငြားလည်း ဤအခန်းကျဉ်းကလေး၏ လေထုသည် အံ့ဩစရာ ကောင်းလောက်အောင် နွေးထွေးနေသည်။ သို့သော် ရွှယ်ဟွား၏ လက်ထဲမှ အဝတ်စိုနှင့် ထိတွေ့လိုက်ရသည့် အခါတိုင်းတွင် ကျွန်မ၏ အရေပြားပေါ်၌ ကြက်သီးမွေးညင်းများ တဖျန်းဖျန်း ထောင်ထလာကြတော့သည်။
သို့သော် ဤအကြောင်းအရာကို လင်ယောက်ျားတစ်ယောက်၏ လေသံမျိုးနှင့် စဉ်းငယ်မျှ မတူအောင် ကျွန်မ မည်သို့ ပြောပြရပါအံ့နည်း။ သူ့ကို ကျွန်မ စိုက်ကြည့်နေမိသည်။ သူ၏ အမြဲတစေ လှပနေခဲ့သော ဖြူဝင်းသည့် အသားအရေသည် ရင့်ရော်လုလု၊ ညိုမှောင်လုလု ဖြစ်လာကြသည်။ သူ၏ အမြဲတစေ ချောမွေ့ နူးညံ့နေခဲ့သော လက်တို့ ကြမ်းထော်လာနေကြသည်။ သူ၏ နှုတ်ခမ်းထက်နှင့် မျက်လုံးထောင့်စွန်းများ၌ အရေးအကြောင်းများ သိသာထင်ရှားလာသည်။ နောက်ပြန်လှန်ဖြီးထားသော သူ၏ ဆံပင်များကို ဗလာကျင်းနေသော လည်တံအထက်၌ စုချည်ထားသည်။ ငွေရောင် ဆံခြည်မျှင်တို့က ဟိုတစ်စ ဒီတစ်စ ပြူထွက်လျက်။ သူသည် ကျွန်မနှင့် သက်တူရွယ်တူ ဖြစ်သည်။ ၃၂ နှစ်။ ကျွန်မတို့၏ ခရိုင်အတွင်းရှိ မိန်းမများသည် အသက် ၄၀ နှင့်အထက် မနေကြရသူကသာ များသည်။ သို့သော် မကြာခင်ကမှ ကွယ်လွန်သွားခဲ့သော ကျွန်မ၏ ယောက္ခမသည် အသက် ၅၁ နှစ်ဟုသာ ဆိုရသော်လည်း အပြင်ပန်းအားဖြင့် များစွာ ကြည့်ပျော်ရှုပျော်ရှိသော အမျိုးသမီးတစ်ဦး ဖြစ်ခဲ့သည်။
ထိုည၏ ထမင်းစားပွဲပေါ်တွင် ဝက်သားဟင်းခွက်များ ပိုမို များပြားနေသည်။
ↂↂↂ
ယခင်က အာရုံစိုက်ခဲ့ဖူးခြင်း မရှိသည့် ယောက်ျားတို့၏ ဗလောင်ဆူနေသော ကမ္ဘာကြီး – ပြင်ပလောကကြီး – သည် ရွှယ်ဟွားနှင့် ကျွန်မ၏ ဘဝများကို တွန်းဖဲ့တိုက်စားရန်အတွက် ကျွန်မတို့ထံသို့ တဖြည်းဖြည်း ချဉ်းကပ်လာနေသည်။ သူ့အိမ်သို့ ရောက်ပြီး ဒုတိယမြောက်ညတွင် ကြားလိုက်ရသည့် ကျယ်လောင်စူးရှသော အသံဗလံများကြောင့် ကျွန်မတို့ လန့်နိုးလာခဲ့ကြသည်။ ကျွန်မတို့အားလုံး အောက်ထပ်ခန်းမထဲ၌ စုဝေးကြကာ အားလုံး (သားသတ်သမားပါ မကျန်) ကြောက်ဒူးတုန်နေခဲ့ကြသည်။ တစ်နေရာရာ၌ အိမ်တစ်အိမ် မီးလောင်နေသည်။ တစ်ရွာလုံးလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ ကျွန်မတို့၏ ကိုယ်ပေါ်မှ အဝတ်အစားများသည် ဖုန်များနှင့် မီးခိုးပြာများဖြင့် ပေကျံနေကြသည်။ သံပုံးတီးသံနှင့် မြင်းခွာသံများက ကျွန်မတို့၏ နားထဲ၌ ပဲ့တင်ထပ်လျက်။ မိုက်မှောင်နေသော ည၏ အမှောင်ထုထဲတွင် မည်သို့ ဖြစ်ပျက်နေကြသည်ကို ကျွန်မတို့ နားမလည်နိုင်အောင် ဖြစ်နေကြသည်။ ရွာတစ်ရွာတည်း၌သာ ကျရောက်နေသော ဘေးဒုက္ခပေလော။ သို့တည်းမဟုတ် ထို့ထက်ပို၍ ဆိုးရွားနေသလော။
ဘေးဒုက္ခကြီးတစ်ခုက နီးကပ်သည်ထက် နီးကပ်လာသည်။ ကျွန်မတို့၏ အနီးနားရှိ ကျေးရွာများမှ လူများသည် အသက်လုကာ ဟိုဟိုဒီဒီ ပြေးလွှားနေကြသည်။ သူတို့၏ လယ်ကွင်းများကို စွန့်ခွာ၍ ဘေးကင်းရာ တောင်ကုန်းများဆီသို့ ထွက်ခွာနေကြသည်။ နောက်တစ်နေ့မနက်တွင် ရွှယ်ဟွား၏ အိမ်ပြတင်းပေါက်မှ သူတို့ကို လှမ်းမြင်နေရသည်။ ယောက်ျားများ၊ မိန်းမများနှင့် ကလေးများ။ လက်တွန်းလှည်းများ သို့တည်းမဟုတ် နွားလှည်းများဖြင့် သွားသူက သွားနေကြသည်။ ခြေလျင် လျှောက်သူက လျှောက်နေသည်။ မြင်းပုကလေးများဖြင့် ခရီးနှင်သူက နှင်နေကြသည်။ သားသတ်သမားသည် ရွာထိပ်သို့ ပြေးထွက်သွားပြီး ဒုက္ခသည် လူအုပ်ကြီးရှိရာသို့ လှမ်းအော်မေးလိုက်သည်။
“ဘာတွေ ဖြစ်နေကြတာလဲဗျ။ စစ်ဖြစ်နေတာလား”
အသံများက တစ်သံပြီးတစ်သံ ထွက်ပေါ်လာကြသည်။
“ထိုက်ဖင်သူပုန်တပ်ကို နှိမ့်နင်းဖို့ ဘုရင်မင်းမြတ်က အမိန့်ချလိုက်ပြီ”
“သူပုန်တွေကို မောင်းထုတ်ဖို့ ဘုရင့်တပ်မတော် ရောက်နေပြီ”
“နေရာတကာမှာ တိုက်ပွဲတွေ ဖြစ်နေကြတယ်”
သားသတ်သမားသည် လက်နှစ်ဘက်ဖြင့် ပါးစပ်ပေါက်ကို ကာလျက် လှမ်းအော်လိုက်သည်။
“ဟေး … ငါတို့ ဘာလုပ်ရမလဲ”
“ပြေးဟေ့၊ ပြေးတော့ဟ”
“တိုက်ပွဲက ဒီကို မကြာခင် ရောက်လာတော့မှာ”
ကျွန်မသည် ကြောက်စိတ်များနှင့် မွှန်ထူကာ မှင်တက်မိသွားသည်။ ကျွန်မ၏ ခင်ပွန်းသည် ကျွန်မကို အဘယ်ကြောင့် လာမခေါ်ရသေးသနည်း။ နှစ်ပေါင်းများစွာ ကြာပြီးကာမှ အဘယ်ကြောင့် ယခုလို အချိန်အခါမျိုးကိုမှ တကူးတက ရွေးပြီး ရွှယ်ဟွားထံသို့ ရောက်လာခဲ့ရသနည်း။ ကျွန်မကိုယ်ကျွန်မ ထပ်ခါထပ်ခါ အပြစ်တင်မဆုံး ဖြစ်နေမိတော့သည်။ ဤသည်ပင် ကံတရား၏ လှည့်ကွက်ပင် မဟုတ်ပါလား။ အကောင်းဆုံး၊ အဆင်ပြေဆုံးဟု ယူဆရသော ရွေးချယ်မှုများကို သင် ပြုလုပ်လိုက်သည်။ သို့သော် မိုးနတ်မင်းကြီး၏ အစီအစဉ်ကမူ သင့်အကြံအစည်နှင့် ခြားနားနေနိုင်သည်။
ကျွန်မသည် ရွှယ်ဟွားကို ကူညီကာ သူနှင့် သူ့ကလေးများအတွက် ပစ္စည်းပစ္စယများ သိမ်းဆည်းပေးသည်။ ကျွန်မတို့သည် မီးဖိုချောင်သို့ သွား၍ ဆန်များ၊ လက်ဖက်ခြောက်များနှင့် အရက်များကို သယ်နိုင်သမျှ ထုပ်ပိုးကြသည်။ အရက်ကို သောက်ရန်နှင့် အနာဆေးရန်အတွက် အသုံးပြုနိုင်သည်။ နောက်ဆုံးတွင် ရွှယ်ဟွား၏ မင်္ဂလာခန်းဝင် အိပ်ရာခင်းကြီး လေးခုဖြင့် ပစ္စည်းပစ္စယများကို ထုပ်ပိုးကာ တံခါးအနီးတွင် ချထားကြသည်။ အရာအားလုံး ပြင်ဆင်ပြီးသည့်အခါတွင် ကျွန်မ၏ ခရီးသွား ပိုးထည်ဝတ်စုံကို ဝတ်ဆင်လျက် အိမ်ရှေ့ကပြင်သို့ ထွက်ကာ ကျွန်မ၏ ခင်ပွန်းကို စောင့်မျှော်နေခဲ့သည်။ သို့သော် သူ ရောက်မလာခဲ့ပါ။ ထုံးခိုသို့သွားရာ လမ်းမပေါ်သို့ ကျွန်မ လှမ်းကြည့်လိုက်သည်။ လမ်းမပေါ်၌လည်း လူများ ပျားပန်းခတ်မျှ ရွေ့လျား သွားလာနေကြသည်။ တစ်ခုပဲ ကွဲပြားနေသည်။ ထိုလူများသည် ရွာအနောက်ဘက်ရှိ တောင်ကုန်းများဆီသို့ သွားရောက်ကြခြင်း မဟုတ်ဘဲ လယ်ကွင်းများကို ဖြတ်၍ ရုံမင်းမြို့သို့ ချီတက်နေကြခြင်း ဖြစ်သည်။ တောင်ကုန်းပေါ်သို့ ချီတက်နေကြသော လူအုပ်နှင့် မြို့ပေါ်သို့ ရွေ့လျားနေကြသော လူအုပ်။ ထိုလူအုပ်နှစ်အုပ်က ကျွန်မကို စိတ်ရှုပ်ထွေးစေခဲ့သည်။ ရွှယ်ဟွား အမြဲတစေ ပြောနေခဲ့သော စကားတစ်ခွန်း ရှိသည်။ ရွာပတ်ဝန်းကျင်မှ တောင်ကုန်းတောင်တန်းများသည် ကျွန်မတို့ကို ထွေးပွေ့ထားသော လက်များနှင့် တူ၏ ဟူ၍။ သို့ဆိုလျှင် ထုံးခိုမှ လူများသည် အဘယ်ကြောင့် ဆန့်ကျင်ဘက်အရပ်သို့ ခရီးနှင်နေကြသနည်း။
ညနေ နေဝင်ခါနီးအချိန်တွင် ထုံးခိုမှ လူအုပ်ကြီးကို ဖြတ်ကျော်ကာ ကျင်းထျန်သို့ ဦးတည်လာနေသော ဝေါယာဉ်တစ်စီးကို ကျွန်မ တွေ့လိုက်ရသည်။ ကျွန်မထံသို့ လာနေခြင်း ဖြစ်ကြောင်း ကျွန်မ သိနေသည်။ သို့သော် သားသတ်သမားက တစ်စက္ကန့်မျှ ထပ်မစောင့်လိုတော့။
“သွားဖို့ အချိန်တန်ပြီဗျ” ငှက်ဆိုးထိုးသံဖြင့် သူ အော်လိုက်သည်။
ကျွန်မ နေခဲ့လိုက်ချင်သည်။ ကျွန်မကို လာခေါ်မည့် သူများအား စောင့်စားလိုသည်။ သားသတ်သမားက နေခွင့်မပြု။
“ဒါဆို ကျွန်မ ဝေါယာဉ်ဆီ လျှောက်သွားလိုက်မယ်” ကျွန်မ ပြောလိုက်သည်။ ပြတင်းပေါက်တွင် အကြိမ်ပေါင်း မြောက်မြားစွာ ထိုင်လျက် ဤနေရာသို့ လမ်းလျှောက်လာမည်ဟု ကျွန်မ စိတ်ကူးခဲ့ဖူးသည်။ ယခု ကျွန်မ၏ မိသားစုထံသို့ လမ်းလျှောက်မသွားနိုင်ပေဘူးလော။
သားသတ်သမားသည် သူ့လက်ကို လေထဲသို့ ဆတ်ကနဲ မြှောက်ချီကာ ကျွန်မကို ဘာမျှ ဆက်မပြောရန် တားမြစ်လိုက်သည်။
“ယောက်ျားတွေ အများကြီး လာနေကြတယ်ဗျ။ မိန်းမသားတစ်ယောက် လမ်းသလားနေရင် သူတို့က ခင်ဗျားကို ဘယ်လို ဝိုင်းလုပ်ကြမလဲ ဆိုတာ ခင်ဗျား သိရဲ့လား။ တကယ်လို့သာ ခင်ဗျား တစ်ခုခု ဖြစ်သွားရင် ခင်ဗျားမိသားစုကလည်း ကျုပ်ကို ဒီအတိုင်း ပစ်ထားမှာ မဟုတ်ဘူး”
“ဒါပေမယ့် …”
“ပိုင်ဟော …” ရွှယ်ဟွား၏ စကားသံက ကြားဖြတ်ဝင်ရောက်လာသည်။
“ငါတို့နဲ့ လိုက်ခဲ့ပါဟာ။ ငါတို့ တစ်ခဏလောက် ပုန်းခိုနေကြရုံပါ။ အားလုံးပြီးသွားရင် ငါတို့ နင့်မိသားစုဆီ လိုက်ပို့ပေးပါ့မယ်။ အခုချိန်မှာက လုံခြုံဖို့ အဓိကလေ”
သားသတ်သမားသည် သူ့မိခင်၊ သူ့ဇနီး၊ ကလေးငယ်များနှင့် ကျွန်မကို လှည်းပေါ်သို့ ပင့်တင်ပေးသည်။ သူနှင့် သူ့သားကြီးတို့က ကျွန်မတို့ကို တွန်းခေါ်သွားစဉ် ကျင်းထျန်၏ အနောက်ဘက်ရှိ လယ်ကွင်းများဆီသို့ ကျွန်မ ငေးကြည့်နေမိသည်။ မီးတောက်မီးလျှံများနှင့် မီးခိုးမှိုင်းလုံးများသည် လေထုထဲတွင် ထကြွသောင်းကျန်းနေကြသည်။
ရွှယ်ဟွားသည် သူ့ခင်ပွန်းနှင့် သားကြီးဆီသို့ ရေများ ကမ်းပေးနေသည်။ ယခုအခါတွင် ဆောင်းလယ်ကာလကို လွန်မြောက်လာပြီး ဖြစ်နေသောကြောင့် နေဝင်၍ နေခြည်၏ အနွေးဓာတ်များ ပျောက်ဆုံးသွားသည်နှင့် တစ်ပြိုင်နက် အအေးဓာတ်သည် ကျွန်မတို့ကိုယ်ပေါ်သို့ တခဲနက် ကျရောက်လာတော့သည်။ သို့သော် ရွှယ်ဟွား၏ ခင်ပွန်းနှင့် သားကြီးတို့ခမျာ နွေနေ့တစ်နေ့၌ ခရီးသွားနေရသည့်နှယ် ချွေးများဖြင့် တစ်ကိုယ်လုံး ရွှဲရွှဲစိုနေကြသည်။ ချွမ်ရွက်သည် မည်သူကမျှ မတောင်းဆိုရပါဘဲနှင့် လှည်းပေါ်မှ ခုန်ဆင်းလိုက်သည်။ မောင်အငယ်ဆုံးကိုလည်း သူ့ရင်ခွင်၌ ထွေးပိုက်ထားလိုက်သည်။ ကောင်ကလေးကို ခါးထစ်ခွင်လျက် သယ်ဆောင်သွားပြီး နောက်တော့ ကျောပိုးထားလိုက်ပြန်သည်။ နောက်ဆုံးတွင် သူ့ကို မြေပေါ်သို့ ချကာ လက်တစ်ဘက်ကို ဆွဲလျက် လမ်းလျှောက်လာကြသည်။ ချွမ်ရွက်၏ တခြားလက်တစ်ဘက်မှာမူ လှည်းတန်းကို ကိုင်ထားလျက်။
သားသတ်သမားသည် သူ၏ ဇနီးနှင့် မိခင်ကို မကြာခင် ရပ်တန့် အနားယူနိုင်တော့မည် ဖြစ်ကြောင်း အားပေးစကား ပြောနေခဲ့သည်။ သို့သော် ကျွန်မတို့ ရပ်တန့်ခွင့် မရခဲ့ပါ။ ကျွန်မတို့သည် ကံဆိုးမိုးမှောင်ကျနေသော လူအုပ်ကြီးထဲမှ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သည်။ နံနက်ဆည်းဆာ မလာမီ အမိုက်မှောင်ဆုံးသော အကာလအချိန်တွင် ပထမဆုံးသော မတ်စောက်တောင်ကုန်းတစ်ခုသို့ ရောက်ရှိကြသည်။ သားသတ်သမား၏ မျက်နှာက ရှုံ့မဲ့နေသည်။ အကြောများ ပြိန်းပြိန်းထကာ လက်မောင်းများကလည်း တဆတ်ဆတ် တုန်ခါရင်း လှည်းကို တောင်ကုန်းထက်သို့ တွန်းတင်နေသည်။ နောက်ဆုံးတော့ ခြေကုန်လက်ပန်းကျကာ ကျွန်မတို့ အနောက်၌ လဲပြိုသွားလေတော့သည်။ ရွှယ်ဟွားသည် လှည်းအစွန်းသို့ ရွေ့လျားသွားကာ သူ့ခြေထောက်များကို အပြင်ဘက်သို့ တစ်ခဏမျှ တွဲလောင်း ချထားလိုက်သည်။ ထို့နောက်မှ မြေပြင်ပေါ်သို့ ခုန်ချလိုက်လေတော့သည်။ သူက ကျွန်မကို စိုက်ကြည့်နေသည်။ ကျွန်မလည်း သူ့ကို ပြန်ကြည့်လိုက်သည်။ ရွှယ်ဟွား၏ ကျောအနောက်ဘက်မှ မိုးကောင်းကင်သည် မီးတောက်မီးလျှံများကြောင့် နီရဲနေသည်။ လေထုထဲမှ ဖြတ်သန်းရောက်ရှိလာသော အသံဗလံများသည် ကျွန်မကို လှည်းပေါ်မှ တွန်းချလိုက်သည့်နှယ်။ ရွှယ်ဟွားနှင့် ကျွန်မသည် အိပ်ရာခင်းဖြင့် ထုပ်ထားသော အထုပ်နှစ်ထုပ်ကို ကျောတွင် ပိုးလိုက်ကြသည်။ သားသတ်သမားသည် ဆန်အိတ်ကို ပခုံးတွင် ထမ်းလျက် ကလေးများက သူတို့ နိုင်သမျှ အစားအစာများကို သယ်ဆောင်လာကြသည်။ ထိုအခါမှ ကျွန်မ တစ်စုံတစ်ရာကို သတိထားမိလာတော့သည်။ အကယ်၍သာ ကျွန်မတို့၏ ပုန်းရှောင်ရေး ခရီးစဉ်သည် နာရီပိုင်းမျှသာ ကြာမြင့်မည်ဆိုလျှင် အဘယ်ကြောင့် ဤမျှ များပြားသော ရိက္ခာများကို သယ်ဆောင်လာရပါသနည်း။ ကျွန်မ၏ ခင်ပွန်းနှင့် သားသမီးများကို ရက်ပေါင်းများစွာ ခွဲခွာရတော့မည်လော။ လောလောဆယ်တွင် ကျွန်မသည် ဤတောကြီးမျက်မဲထဲ၌ သားသတ်သမားနှင့် အတူ ရှိနေရသည်။ ကျွန်မသည် မျက်နှာကို လက်နှစ်ဘက်ဖြင့် အုပ်လျက် စိတ်ကို အနိုင်နိုင် ချုပ်တည်းထိန်းသိမ်းနေရသည်။ ကျွန်မ၏ အားနည်းချက်ကို သူ့အား မြင်ခွင့်မပေးနိုင်။
တခြားသူများနည်းတူ ကျွန်မတို့လည်း ခြေလျင်ခရီး နှင်ခဲ့ကြသည်။ ရွှယ်ဟွားနှင့် ကျွန်မသည် သားသတ်သမား၏ မိခင်ကို တစ်ဘက်တစ်ချက်စီမှ တွဲကိုင်လျက် သူ့ကို တောင်ပေါ်သို့ ဆွဲခေါ်ခဲ့ကြသည်။ သူ့ကြောင့် ကျွန်မတို့နှစ်ယောက်လည်း အပန်းကြီး ပန်းခဲ့ရသည်။ တကယ်ပင် ကြွက်နှစ်ဖွား ပီသပါပေ၏။ ရှေးတရောအခါ ဗုဒ္ဓဘုရားရှင်သည် သူ၏ စကားတော်ကို လက်ဆင့်ကမ်း သယ်ဆောင်ပေးရန် ကြွက်ကို စေခိုင်းတော်မူသည်။ စဉ်းလဲသော ဤကြွက်သတ္တဝါသည် မြင်းကို လိုက်ပို့ပေးရန် အကူအညီ တောင်းတော့သည်။ မြင်းက ဉာဏ်အမျှော်အမြင် ရှိစွာ သူ့ကို ငြင်းဆန်လိုက်သည်။ ထိုအချိန်စ၍ မြင်းနှင့် ကြွက်တို့သည် ကမ္ဘာ့ရန်သူများ ဖြစ်လာကြတော့သည်။ သို့သော် ဤမျှ မှောင်ကြီးမင်းကြီးထဲမှ ခလုတ်တံသင်းများသော လမ်းခရီးပေါ်၌ ကျွန်မတို့ မြင်းနှစ်ကောင်ကလည်း ဘာများ တတ်နိုင်ပါအံ့နည်း။
ကျွန်မတို့၏ အနီးဝန်းကျင်ရှိ ယောက်ျားများ၏ မျက်နှာထားများမှာ ဝမ်းနည်း ညှိုးရော်နေကြသည်။ သူတို့သည် နေအိမ်များနှင့် အိမ်မွေးတိရစ္ဆာန်များကို ပစ်ထားခဲ့ကြရသည်။ အိမ်ပြန်ရောက်သည့်အခါတွင် အိမ်မှာ ပြာပုံမျှသာ ကျန်ရစ်တော့မည်လောဟု သူတို့ စိတ်ပူပန်နေကြသည်။ မိန်းမများ၏ မျက်နှာများသည် စိုးရွံ့မျက်ရည်များဖြင့် ကြောင်ကြောင်ကြားကြား ဖြစ်နေကြသည်။ ခြေထုပ်ပြီးသည့် အချိန်မှစ၍ ရေတွက်လျှင် ယနေ့ တစ်ညတာ လမ်းလျှောက်နေရသော ခရီးစဉ်သည် တစ်ဘဝစာလုံး လျှောက်ခဲ့ဖူးသည့် ခရီးအကွာအဝေးနှင့် ညီမျှနေသည်။ ထိုသို့ မရပ်မနား လျှောက်လှမ်းနေရသောကြောင့် ခြေထောက်၏ နာကျင်မှု ဝေဒနာကလည်း သူတို့၏ မျက်ရည်များကို ပိုမို စီးကျစေခဲ့သည်။ ကလေးများသည် အကြောက်လွန်နေကြသောကြောင့် ဘာအသံမျှပင် မထွက်နိုင်ကြတော့ပေ။ ကျွန်မတို့၏ စစ်ဘေးရှောင် ခရီးစဉ်မှာ ယခုမှ အစသာ ရှိပါသေးသည်။
နောက်တစ်နေ့ နေ့လယ်ရောက်သည်အထိ ကျွန်မတို့ တစ်ဗီဇနာလေးမျှ ရပ်နားခွင့် မရခဲ့ပေ။ ယခုအချိန်တွင် တောင်လမ်းခရီးသည် ကျဉ်းသည်ထက် ကျဉ်းလာကာ မတ်စောက်သည်ထက် မတ်စောက်လာသည်။ ထိုခရီးစဉ်တွင် မြင်မြင်သမျှ ကြားကြားသမျှတို့မှာ ဘာတစ်ခုမျှ စိတ်ချမ်းသာစရာ မရှိ။ တစ်ခါတစ်ရံတွင် ကျွန်မတို့သည် ထိုင်လျက် အနားယူနေကြသော သက်ကြီးရွယ်အိုများကို ဖြတ်ကျော်လာခဲ့ကြသည်။ သူတို့ခမျာ ပြန်ထခွင့် ရကြတော့မည် မဟုတ်ပေ။ မိဘများကို ဤနည်းအတိုင်း စွန့်ပစ်ထားခဲ့သည်ကို မြင်ရလိမ့်မည်ဟု ကျွန်မ ဘယ်တုန်း ဘယ်အခါကမျှ တွေးပင် တွေးမကြည့်ခဲ့စဖူး။ ကျွန်မတို့ လမ်းလျှောက်နေကြစဉ် လမ်းဘေးမှ တီးတိုးတောင်းဆိုနေသံများကိုလည်း ကျွန်မတို့ မကြာခဏ ကြားနေကြရသည်။ သူ့၏ သား သို့မဟုတ် သမီးအား ထပ်ခါထပ်ခါ ရေရွတ်ပြောဆိုနေသော နောက်ဆုံးစကားလုံးများ။
“ငါ့ကို ဒီမှာပဲ ထားခဲ့ပါတော့ကွယ်။ အဆင်ချောသွားပြီဆိုမှ မနက်ဖြန် ငါ့ကို ပြန်လာခေါ်ကြပေါ့” သို့တည်းမဟုတ် “နင်တို့ ဆက်သွားကြ။ သားတွေကို ဂရုစိုက်ကြနော်။ နှစ်သစ်ကူးကျရင် ငါ့ကို အစားအသောက်နဲ့ ကန်တော့ဖို့ မမေ့ကြနဲ့ဦး” ထိုသို့သော လူများ၏ အနီးမှ ဖြတ်သန်းရသည့် အခါတိုင်းတွင် ကျွန်မ၏ မာမားကို ပြန်လည် သတိရလာမိသည်။ သူ့အနေဖြင့် ဤခရီးကို တောင်ဝှေးတစ်ချောင်း၏ အကူအညီဖြင့် မည်သို့မျှ လျှောက်လှမ်းနိုင်မည် မဟုတ်ပေ။ သူ့ကို တစ်နေရာတွင် ချန်ထားခဲ့ရန် ကျွန်မတို့ကို တောင်းဆိုလာလိမ့်မည်လော။ ပါပါးသည် သူ့ကို ဤသို့ စွန့်ခွာထားခဲ့ရက်ပါမည်လော။ တာ့ကောကရော။
ခြေထောက် စစည်းစဉ်ကကဲ့သို့ ကျွန်မ၏ ခြေထောက်များ နာကျင်လာကြသည်။ ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါတိုင်းတွင် ခြေဖဝါး၏ နာကျင်မှုသည် ပေါင်ရင်းထက်သို့တိုင် ထိုးဖောက်လာတော့သည်။ သို့သော် ကျွန်မ၏ ဒုက္ခဝေဒနာက များစွာ တော်သေးသည်ဟု ဆိုရပေမည်။ ကျွန်မနှင့် ရွယ်တူ၊ သို့မဟုတ် ပိုငယ်သော မိန်းမများ၏ ခြေထောက်များသည် ခရီးပြင်း နှင်ရသည့်ဒဏ်ကြောင့် ခြေထောက်အရိုးများ ကျိုးခြေကုန်ကြသည်ကို တွေ့မြင်နေရသည်။ သို့မဟုတ် ကျောက်ခဲများနှင့် တိုက်ခိုက်မိခြင်းကြောင့် ခြေထောက်များ ကွဲရှကုန်ကြသည်ကို တွေ့မြင်နေရသည်။ ဒူးခေါင်းအထက်ပိုင်းတွင် မည်သည့် ဒဏ်ရာမျှ မရရှိကြသော်လည်း ဒုက္ခိတများပမာ လမ်းမလျှောက်နိုင်ကြတော့ပေ။ သူတို့သည် နေရာတွင် မလှုပ်မယှက် လဲလျောင်းလျက် ငိုယိုနေကြသည်။ ဆာလောင်မွတ်သိပ်မှုဒဏ်နှင့် အအေးဒဏ်ကြောင့် သေရမည့် အချိန်ကို လဲလျောင်းရင်း စောင့်မျှော်နေကြရုံသာ။ သို့သော် ကျွန်မတို့၏ ဗလာကျင်းနေသော နှလုံးသားထဲတွင် အရှက်ကို သိုဝှက်ထားလျက် သူတို့ကို လှည့်မကြည့်နိုင်အားဘဲ ရှေ့သို့သာ ခရီးနှင်ခဲ့ကြသည်။ ပူပန်သောကနှင့် စိုးရွံ့မှု၏ အသံများကို တတ်စွမ်းနိုင်သမျှ ကြိတ်မှိတ် မျိုသိပ်ထားကြသည်။
ဒုတိယမြောက်ည၏ အမှောင်ထုထဲတွင် ကျွန်မတို့ အားလုံးကို မျှော်လင့်ချက် ကင်းမဲ့နေမှုက ဖမ်းစားဝါးမျိုထားသည်။ ပိုင်ဆိုင်သမျှတို့ကို စွန့်ပစ်ထားခဲ့ရပြီ။ လူအများသည်လည်း သူတို့၏ မိသားစုနှင့် တစ်ကွဲတစ်ပြားစီ ဖြစ်ကုန်ကြသည်။ မယားပျောက်နေသော လင်ယောက်ျားများ၊ သားသမီး ပျောက်နေသော မိခင်များနှင့် ပြည့်နှက်နေသည်။ ယခုအချိန်သည် ခြေထောက်ကို စတင် စည်းနှောင်ကြသော ဆောင်းနှောင်းကာလ ဖြစ်သည်။ ထို့ကြောင့် ခြေရိုးကျိုးကာစ မိန်းမငယ် အမြောက်အမြားကို လမ်းတွင် ကျွန်မတို့ ဆုံတွေ့ခဲ့ကြသည်။ ယခုမူ သူတို့ကို အစားအစာများ၊ ပိုလျှံသော အဝတ်အထည်များ၊ သောက်ရေ၊ ဘိုးဘွားမှတ်တိုင်များ၊ ခန်းဝင်လက်ဆောင်ပစ္စည်းများနှင့် မိသားစုပိုင် ရတနာများကဲ့သို့ လမ်းတွင် စွန့်ပစ်ထားခဲ့ကြသည်။ ထို့အပြင် ဖြတ်သွားဖြတ်လာများကို တောင်းပန်တိုးလျှိုးနေကြသော ကောင်ကလေးများကိုလည်း ကျွန်မတို့ တွေ့မြင်ခဲ့ရသည်။ တတိယမြောက်၊ သို့မဟုတ် စတုတ္ထမြောက်၊ သို့မဟုတ် ပဉ္စမမြောက် သားများပင် ဖြစ်ပေလိမ့်မည်။ သို့သော် မိမိ၏ အချစ်ဆုံးသားငယ်ကို လက်တစ်ဘက်တွင် ဆုပ်ကိုင်ထားလျက် ကျန်လက်တစ်ဘက်တွင် ခင်ပွန်း၏ လက်ကို မြဲမြဲ ကိုင်တွယ်ထားကာ ကိုယ့်လမ်းကိုယ် ဆက်လျှောက်နေရသော သင်သည် တခြားသူများကို မည်သို့ အကူအညီ ပေးနိုင်ပါအံ့နည်း။ သင်သည် သင့်ဘဝ ရှေ့ရေးအတွက် စိုးရွံ့ထိတ်လန့်နေရပါလျှင် တခြားလူအကြောင်းကို ထည့်သွင်း စဉ်းစားပေးနိုင်တော့မည် မဟုတ်ပေ။ သင် ချစ်သော လူများ၏ အကြောင်းကိုသာ သင် စဉ်းစားပေလိမ့်မည်။ ဤမျှနှင့် လုံလောက်ချင်မှ လုံလောက်ပေမည်။
ခေါင်းလောင်းသံများ ကင်းဆိတ်နေသောကြောင့် အချိန်နာရီကို ကျွန်မတို့ မသိကြရပေ။ သို့သော် လောကဓာတ်တစ်ခွင်လုံး မှောင်မဲနေပြီး ကျွန်မတို့အားလုံး လဲပြိုလုမတတ် ပင်ပန်းနေကြသည်။ ယခုအခါတွင် ကျွန်မတို့ လမ်းလျှောက်လာခဲ့ရသည်မှာ ၃၆ နာရီ မကတော့ပေ။ တစ်ချက်ကလေးမျှ အနားယူခွင့် မရခဲ့ကြ။ အစားအစာကို တစိုးတစိမျှ မဝါးမျိုကြရ။ ရံဖန်ရံခါ ရေတစ်စုပ်တစ်ငုံမျှသာ သောက်သုံးခဲ့ကြရသည်။ ကြောက်မက်ဖွယ်ကောင်းသော ညည်းတွား အော်ဟစ်သံများကို ကျွန်မတို့ ကြားလာကြရသည်။ ၎င်းတို့မှာ မည်သို့သော အသံမျိုး ဖြစ်သနည်း ဆိုသည့်အချက်ကို မည်သူမျှ တွေးပင် မတွေးကြည့်ဝံ့ကြပေ။ အအေးဓာတ်ကလည်း လွန်ကဲလာသည်။ ကျွန်မတို့ အနီးရှိ သစ်ရွက်များနှင့် သစ်ကိုင်းများ အေးခဲနေကြပြီ။ ရွှယ်ဟွားသည် မဲနယ်ရောင် ချည်ထည်အင်္ကျီကို ဝတ်ဆင်ထားပြီး ကျွန်မမှာ ပိုးထည်အင်္ကျီနှင့် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ ကျွန်မတို့၏ ဝတ်ရုံများသည် ကျွန်မတို့ထံ ချဉ်းကပ်ကျူးကျော်လာသည့် အအေးဓာတ်ကို များစွာ ကာကွယ်ပေးနိုင်ခဲ့ခြင်း မရှိပေ။ ကျွန်မတို့၏ ဖိနပ်များအောက်ရှိ ကျောက်ခဲများကလည်း ချော်လာကြပြီ။ ကျွန်မ၏ ခြေထောက်များသည် သွေးအလူးလူးနှင့် ဖြစ်နေပြီ ဖြစ်ကြောင်း ကျွန်မ သိနေသည်။ ခြေထောက်များက ထူးထူးခြားခြား နွေးထွေးနေသောကြောင့် ဤသို့ အပိုင်ပြောနိုင်ခြင်း ဖြစ်သည်။ သို့သော်လည်း ကျွန်မတို့ လျှောက်မြဲ လျှောက်နေကြရသည်။ သားသတ်သမား၏ မိခင်သည် ကျွန်မတို့ နှစ်ယောက်အကြား၌ ယိမ်းထိုးကာ သိုင်းကွက်နင်းနေသည်။ သူသည် ချည့်နဲ့သော မိန်းမအိုတစ်ယောက် ဖြစ်သော်လည်း သူ၏ ကြွက်ဗီဇက သူ့ကို ဆက်လက်ရှင်သန်ရန် တွန်းအားပေးနေလေသည်။
လမ်းကြောင်းသည် တစ်မီတာ၏ သုံးပုံတစ်ပုံမျှသာ ကျန်သည်အထိ ကျဉ်းမြောင်းလာသည်။ ညာဘက်မှာက တောင်။ ယခုအခါ တောင်ကုန်းဟု ကျွန်မ သုံးနှုန်း၍ မဖြစ်တော့ပေ။ ကျွန်မတို့၏ ခြေလှမ်းများကို မလှမ်းချင့် လှမ်းချင်ဖြင့် တစ်လှမ်း လှမ်းလိုက်ရသည့် အခါတိုင်းတွင် ကျွန်မတို့၏ ပခုံးများသည် ညာဘက်ရှိ မတ်စောက်သော တောင်ကမ်းပါးယံနှင့် ပွတ်တိုက်နေမိတော့သည်။ ဘယ်ဘက်တွင်ကား ကမ်းမမြင် လမ်းမမြင်သော ချောက်နက်ကြီးတစ်ခု။ ထိုချောက်၏ အောက်ခြေကို ကျွန်မတို့ လှမ်းမမြင်ရပေ။ ကျွန်မ၏ အရှေ့တွင် ရှိနေသော လူတန်းကြီးနှင့် အနောက်တွင် ရှိနေသော လူတန်းကြီးထဲ၌ ခြေထုပ်ထားသော အမျိုးသမီး အမြောက်အမြား ပါဝင်နေသည်။ ကျွန်မတို့မှာ မုန်တိုင်းအကြားမှ ပန်းပွင့်များနှင့် တူနေကြသည်။ ကျွန်မတို့၏ အဓိက အားနည်းချက်မှာ ကျွန်မတို့၏ ခြေထောက်မျှသာ မဟုတ်ပေ။ ကျွန်မတို့၏ ခြေထောက်ကြွက်သားများသည် တစ်ခါမျှ ဤသို့ ပြင်းပြင်းထန်ထန် မလှုပ်ရှားခဲ့ဖူးသောကြောင့် နာကျင်ကိုက်ခဲနေကြသည်။ တုန်ယင်နေကြသည်။ ယမ်းခါနေကြသည်။ အကြောဆွဲသည့်အလား ဆန့်ငင်ဆန့်ငင် ဖြစ်နေကြသည်။
ကျွန်မတို့သည် မိသားစုတစ်စု၏ အနောက်မှ တစ်နာရီကြာမျှ လိုက်ပါလာကြသည်။ အဖေ၊ အမေနှင့် ကလေးသုံးယောက်ပါသော မိသားစုတစ်စု။ တစ်နာရီမျှ ကြာသောအခါတွင် ထိုမိခင်အမျိုးသမီးသည် ကျောက်တုံးတစ်တုံးကို နင်းမိကာ အဆုံးအစ မသိရသော ချောက်နက်ထဲသို့ ချော်ကျသွားလေတော့သည်။ ငယ်သံပါအောင် အော်ဟစ်လိုက်သော သူ၏ စူးစူးဝါးဝါး အော်သံသည် ကျယ်လောင်လှသည်။ ရှည်လျားလွန်းလှသည်။ ထို့နောက် အနန္တလောကထဲသို့ တိမ်ဝင် ပျောက်ကွယ်သွားလေတော့သည်။ ဤသို့သော မရဏ၏ အော်မြည်သံမျိုးကို ကျွန်မတို့ တစ်ညလုံး ကြားနေကြရသည်။ ထိုအချိန်မှစ၍ ကျွန်မ၏ လက်နှစ်ဘက်ကို ဘယ်ညာဆန့်တန်းကာ ကျောက်နံရံတွေ အလေ့ကျ ပေါက်ရောက်နေကြသော မြက်ပင်၊ နွယ်ပင်များကို လက်နှစ်ဘက်ဖြင့် အမိအရ ဖမ်းကိုင်ထားတော့သည်။ ကျောက်နံရံများမှ ဟိုဒီထိုးထွက်နေကြသော ကျောက်ဆောင်ကျောက်ခဲများကြောင့် ကျွန်မလက်များ ပေါက်ပြဲချင် ပေါက်ပြဲသွားကြပါစေ၊ ကျွန်မ မမှုနိုင်တော့ပြီ။ ညသန်းခေါင်၏ စူးစူးဝါးဝါး အော်ဟစ်သူ နောက်တစ်ယောက် မဖြစ်စေရန် ကျွန်မ ဘာမဆို လုပ်ဆောင်ရပေတော့မည်။
ချိုင့်ဝှမ်းလွင်ပြင်ဆီသို့ ကျွန်မတို့ ရောက်ရှိလာကြသည်။ လေးဘက်လေးတန်၌ တောင်တန်းများက ကျွန်မတို့ကို ကာရံပေးထားကြသည်။ လူတချို့သည် မီးများပင် မွေးထားကြပြီ။ ကျွန်မတို့ ရောက်ရှိနေသော ဤအမြင့်ပေမျိုးနှင့် ဤချိုင့်ဝှမ်းနေရာမျိုးတွင် ကျွန်မတို့၏ ထင်းမီးရောင်ကို ထိုက်ဖင်သူပုန်များ တွေ့မြင်နိုင်လိမ့်မည် မဟုတ်ပေ။ ယုတ်စွအဆုံး မတွေ့မမြင်ပါစေနှင့်ဟု ကျွန်မတို့ ဆုတောင်းနေမိကြသည်။ ကျွန်မတို့သည် ချိုင့်ဝှမ်းမြေထဲသို့ ဖြည်းဖြည်းချင်း ဆင်းလိုက်ကြတော့သည်။
ကျွန်မတွင် မိသားစု မပါသောကြောင့် ဖြစ်မည် ထင်၏။ မီးရောင်ဖြင့် မြင်မြင်သမျှတို့မှာ ကလေးငယ်များ၏ မျက်နှာပြင်များသာ ဖြစ်နေလေသည်။ သူတို့၏ မျက်လုံးများက အသက်မပါဘဲ ကြောင်တောင်တောင် ငေးမောနေကြသည်။ သူတို့ခမျာ အဘိုး သို့မဟုတ် အဘွားတစ်ယောက်ကို လမ်းခရီးတွင် ဆုံးရှုံးခဲ့ဟန် တူ၏။ သို့တည်းမဟုတ် အမေ၊ အစ်မ တစ်ယောက်ယောက် ဆုံးရှုံးခဲ့ခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ သူတို့အားလုံး ကြောက်ရွံ့ထိတ်လန့်နေကြသည်။ ကလေးတစ်ယောက်ကို ဤသို့သော အခြေအနေမျိုးနှင့် တွေ့မြင်ရခြင်းသည် ဖြစ်သင့်ဖြစ်ထိုက်သော အကြောင်းကိစ္စတစ်ခု မဟုတ်ပေ။
ရွှယ်ဟွားသည် ကျင်းထျန်ရွာမှ မိသားစုသုံးစုကို သတိထားမိသွားသည်။ သူတို့သည် သစ်ပင်ကြီးတစ်ပင်အောက်၌ အကျအန နေရာယူထားကြပြီး ဖြစ်သည်။ သို့ဖြင့် ကျွန်မတို့အားလုံး ထိုနေရာ၌ ရပ်တန့်လိုက်ကြတော့သည်။ သားသတ်သမား၏ ပခုံးထက်တွင် ထမ်းလာသော ဆန်အိတ်ကို ထိုသူတို့ တွေ့မြင်သွားကြသည့် အခါတွင် သူတို့သည် မီးဖိုနံဘေး၌ သူ့အတွက် တစ်နေရာစာ ရအောင် ကျုံ့ထိုင်ပေးလိုက်ကြသည်။ ကျွန်မ ထိုင်ချလိုက်ပြီးနောက် ခြေထောက်နှင့် လက်များကို မီးပြလိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် တဖျဉ်းဖျဉ်းနှင့် မြိုက်လောင်လာတော့သည်။ မီး၏ အပူဒဏ်က လာဟပ်သောကြောင့်တော့ မဟုတ်။ အေးခဲနေကြပြီ ဖြစ်သော အရိုးများနှင့် အသားများ အရည်ပျော်လာသောကြောင့်သာ ဖြစ်သည်။
ရွှယ်ဟွားနှင့် ကျွန်မသည် ကလေးများ၏ လက်များကို ပွတ်သပ်ပေးကြသည်။ သူတို့အားလုံး တိတ်တဆိတ် ငိုကြွေးနေကြသည်။ သားကြီးပင် အဆစ်ပါလိုက်သေးသည်။ ကျွန်မတို့သည် ကလေးသုံးယောက်ကို ပူးကပ်သွားအောင် တစ်နေရာသို့ ဆွဲသွင်းကာ ခြုံစောင်တစ်ထည်ဖြင့် လွှမ်းခြုံပေးထားလိုက်သည်။ ကျွန်မနှင့် ရွှယ်ဟွားက နောက်စောင်တစ်ထည်အောက်၌ ကွေးနေကြသည်။ ရွှယ်ဟွား၏ ယောက္ခမကြီးကမူ စောင်တစ်ထည်လုံးကို တစ်ယောက်တည်း မောင်ပိုင်စီးကာ နှပ်နေလေသည်။ နောက်ဆုံး စောင်တစ်ထည်မှာ သားသတ်သမားအတွက်။ သူက ကျွန်မတို့ကို လက်ခါပြသည်။ ထို့နောက် သူသည် ကျင်းထျန်မှ လူတစ်ယောက်ကို အနားသို့ ဆွဲခေါ်ကာ ထိုသူနှင့် တီးတိုးပြောဆိုပြီး ခေါင်းတညိတ်ညိတ် လုပ်နေကြသည်။ စကားဆုံးသည့်အခါတွင် ရွှယ်ဟွားအနားသို့ ရောက်လာပြီး ငုတ်တုတ်ထိုင်ကာ စကားဆိုလိုက်သည်။
“ငါ ထင်းသွားရှာလိုက်ဦးမယ်”
ရွှယ်ဟွားသည် သူ့လက်မောင်းကို မြဲမြံစွာ ဖမ်းဆုပ်ထားလေသည်။
“ဟင့်အင်း၊ ဘယ်မှ မသွားပါနဲ့လား။ ငါတို့ကို ပစ်မထားခဲ့ပါနဲ့”
“မီးမရှိရင် ငါတို့ ဒီညတောင် ခံမှာ မဟုတ်ဘူး” သူက ပြောသည်။
“နင် သတိမထားမိဘူးလား။ နှင်းတွေ ကျလာတော့မယ်”
သူ့လက်မောင်းပေါ်မှ ရွှယ်ဟွား၏ လက်ချောင်းများကို အသာအယာ ဖယ်ချလိုက်သည်။
“ငါ မရှိတုန်း ငါတို့ရဲ့ အိမ်နီးနားချင်းတွေက နင်တို့ကို စောင့်ရှောက်ပေးပါလိမ့်မယ်။ ဘာမှ ကြောက်မနေနဲ့။ နောက်ပြီး …” ဤနေရာအရောက်တွင် သူသည် အသံကို နှိမ့်ချလိုက်သည်။
“လိုအပ်မယ်ဆိုရင် အဲဒီလူတွေကို အဝေးရောက်အောင် တွန်းထုတ်ပစ်လိုက်။ နင်နဲ့ နင့်သူငယ်ချင်းအတွက် နေရာကျယ်ကျယ် ရတာပေါ့။ နင် လုပ်နိုင်ပါတယ်”
သူ လုပ်နိုင်လိမ့်မည် မဟုတ်ဟု ကျွန်မ တွေးနေမိသည်။ သို့သော် ကျွန်မ၏ မိသားစုနှင့် ခွဲခွာလျက် ဤနေရာ၌ အသက်ပျောက်၍ မဖြစ်သေးပေ။ ဤသို့ အဖြစ်မခံနိုင်ပါ။
ကျွန်မတို့အားလုံးသည် မျက်လုံးများကို မဖွင့်ချင်လောက်အောင် ပင်ပန်းနေကြသော်လည်း အိပ်စက်ရန် ကြောက်ရွံ့နေကြသည်။ ကျွန်မတို့၏ မျက်လုံးများကိုပင် မပိတ်ဝံ့အောင် ဖြစ်နေကြသည်။ ထို့အပြင် ကျွန်မတို့အားလုံး ဆာလောင်နေကြသည်။ ငတ်မွတ်နေကြသည်။ မီးပုံပတ်ပတ်လည်၌ ထိုင်နေကြသော အမျိုးသမီးများသည် (နောက်မှ ကျွန်မ သိရသည်မှာ ထိုသူများသည် အိမ်ထောင်သည် သောက်သွေးညီအစ်မများ ဖြစ်ကြသည်) ကျွန်မတို့၏ စိုးရိမ်စိတ်များကို ဖယ်ရှားပစ်နိုင်ရန်အတွက် ပုံပြင်တစ်ပုဒ် သီဆိုခဲ့ကြသည်။ သူတို့၏ သီဆိုသံကြောင့် ရယ်စရာကောင်းသော အဖြစ်အပျက်တစ်ခုကို သတိရလာမိသည်။ ကျွန်မ ယောက္ခမသည် နွီစူး၌ တစ်ဘက်ကမ်းခတ် ကျွမ်းကျင်သည်ဟု ဆိုနိုင်သော်ငြားလည်း ယခုကဲ့သို့သော ဆိုဆိုပြောပြော သီဆိုဟန်ကို သူ အနည်းငယ်မျှ ကျွမ်းကျင် ပိုင်နိုင်ခြင်း မရှိပေ။ နွီစူးအက္ခရာ တစ်လုံးချင်းစီ၏ ခြားနားချက်ကို နားလည်လွန်းနေသောကြောင့်လားဟု မဆိုနိုင်ပါ။ သူသည် စာတစ်စောင်ကို အပြစ်အနာအဆာ ကင်းအောင် မည်သို့ ရေးဖွဲ့ရမည်၊ ချစ်စဖွယ် ကဗျာတစ်ပုဒ်ကို မည်သို့ စပ်ဆိုရမည် စသည်တို့ကို သီချင်းတစ်ပုဒ်၏ သိင်္ဂါရရသကို ခံစားခြင်းထက် ပိုမို စိတ်ပါဝင်စားခဲ့သည်။ ထိုသို့သော အကြောင်းကြောင့်လည်း ကျွန်မနှင့် ကျွန်မ၏ လင်ညီမများသည် ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့ကြသော သီချင်းဟောင်းများကို သူ့အရှေ့တွင် မည်သူမျှ မဆိုဝံ့ခဲ့ကြချေ။ ထိုနေ့ညက သူတို့ သီဆိုခဲ့ကြသော တေးသီချင်းများ အားလုံးကို ကျွန်မ ရင်းနှီးနေသည်။ သို့သော် သီချင်းတစ်ပုဒ်ကိုတော့ ကလေးဘဝက တစ်ခါမျှသာ ကြားဖူးခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ ယောင်ဝ်လူမျိုးတို့၏ အကြောင်းကို ဖွဲ့ဆိုထားသော သီချင်း ဖြစ်သည်။ ယောင်ဝ်လူမျိုးတို့၏ မြစ်ဖျားခံရာ ဇာတိမြေအကြောင်းနှင့် ရဲဝံ့စွန့်စားသော လွတ်လပ်ရေး တိုက်ပွဲအကြောင်း ရေးဖွဲ့ထားသည်။
“ငါတို့က ယောင်ဝ်လူမျိုးတွေပါ” လျန်းဟွား – ကျွန်မထက် ဆယ်နှစ်ခန့် ကြီးသည်ဟု ယူဆရသော အမျိုးသမီး – က စတင် သီဆိုလိုက်သည်။
“ဟိုးရှေးရှေးတုန်းက တရုတ်ပြည်ကို ဟန်မင်းဆက် ဧကရာဇ်တစ်ပါး အုပ်ချုပ်နေတယ်။ အဲဒီအချိန်မှာ ယုတ်မာတဲ့ စစ်သူကြီးတစ်ယောက်ရဲ့ ပုန်ကန်ခြားနားမှုကြီးတစ်ခု ဖြစ်ပေါ်လာတယ်။ အဲဒီအခါ ဖန်ဟူးလို့ အမည်ရတဲ့ ခွေးဝဲစားတစ်ကောင်ဟာ ဘုရင်ကြီးရဲ့ အခက်အခဲကို ကြားသိသွားပြီး အဲဒီ သူပုန်စစ်သူကြီးကို ယှဉ်ပြိုင်တိုက်ခိုက်ဖို့ စိန်ခေါ်လိုက်တယ်။ တိုက်ပွဲမှာ ဖန်ဟူးက အနိုင်ရသွားတာကြောင့် ဘုရင်ကြီးက သဘောကျ နှစ်ခြိုက်တော်မူပြီး သူ့ရဲ့ တတိယသမီးတော်နဲ့ လက်ဆက်ပေးလိုက်တယ်။ ဖန်ဟူးကတော့ ပျော်တာပေါ့လေ။ ဒါပေမယ့် သမီးတော်လေးခမျာ ခွေးနဲ့ လက်ထပ်ရမှာမို့ ရှက်ရှာတယ်။ ခွေးတစ်ကောင်နဲ့ အိမ်ထောင် မပြုချင်ဘူး။ ဒါပေမယ့်လည်း အမိန့်က အမိန့်ပဲလေ။ ဘာတတ်နိုင်မှာလဲ။ ဒါနဲ့ ရှင်ဘုရင်ရဲ့ အမိန့်ကို မလွန်ဆန်တော့ဘဲ လက်ဆက်ပြီး သူနဲ့ ဖန်ဟူးတို့ဟာ တောနက်ကြီးတစ်ခုထဲကို ထွက်ခွာသွားကြတယ်။ အဲဒီတောတောင်တွေထဲမှာပဲ ကလေး ၁၂ ယောက် ထွန်းကားခဲ့တယ်။ ပထမဆုံးသော ယောင်ဝ်လူမျိုးတွေပေါ့။ သူတို့တွေ အရွယ်ရောက်လာကြတဲ့အခါမှာ ချန်းကျားတုန့် – အိမ်တစ်ထောင်လှိုဏ်ဂူ – မြို့ကို တည်ထောင်ခဲ့ကြတယ်”
ပုံပြင်၏ ပထမပိုင်း ပြီးဆုံးသွားသည့်အခါ ရန်းလျို – နောက်အမျိုးသမီးတစ်ယောက် – က သီချင်းကို ဆက်လက် သီဆိုလိုက်သည်။ ရွှယ်ဟွားခမျာ ကျွန်မ၏ နံဘေးတွင် တဆတ်ဆတ် တုန်နေရှာသည်။ ကျွန်မတို့ ကလေးဘဝက တာ့ကျယ်နှင့် သူ၏ သွေးသောက် ညီအစ်မများ၊ သို့တည်းမဟုတ် မာမားနှင့် စိန်စိန်းတို့ ၎င်းပုံပြင်ကို သီဆိုကြစဉ် အခြေအနေများကို သူ ပြန်လည် မြင်ယောင်မိနေခြင်းပေလော။
“ဒီနေရာလောက် ရေခံမြေခံ ကောင်းတဲ့နေရာ ရှိနိုင်ပါဦးတော့မလား” ရန်းလျိုက ဤသို့ မေးခွန်းထုတ်လိုက်သည်။
“ဒီလို ဝင်ပေါက်တစ်ပေါက်တည်း ရှိတဲ့ ကျောက်ဂူကြီးလောက် လုံခြုံတဲ့နေရာ ရှိနိုင်ပါဦးတော့မလား။ ချန်းကျားတုန့်ဟာ ယောင်ဝ်လူမျိုးတွေအတွက် ဘူမိနက်သန်ပဲ။ ဒါပေမယ့် အဲဒီလို သုခဘုံလေးတစ်ခုတောင် အစဉ်ထာဝရ အနှောက်အယှက် ကင်းမဲ့မနေနိုင်ဘူးလေ”
ထိုစဉ် တခြားမီးပုံးများ နံဘေး၌ အသီးသီး ထိုင်နေကြသော အမျိုးသမီးများထံမှ စုပေါင်းရွတ်ဆိုသံကို ကျွန်မ ကြားလာရသည်။ ယောက်ျားများသည် ကျွန်မတို့၏ သီဆိုနေမှုကို ဟန့်တားသင့်ပါ၏။ ကျွန်မတို့၏ အသံများကို သူပုန်များ ကြားသွားနိုင်သည် မဟုတ်လား။ သို့သော် မိန်းမများ၏ ပကတိ ရိုးစင်းသော အသံများက ကျွန်မတို့အားလုံးကို ခွန်အားနှင့် ရဲစွမ်းသတ္တိများ ဆောင်ကြဉ်းပေးနေကြသည်။
ရန်းလျိုက ဆက်ဆိုသည်။
“နှစ်ပေါင်းများစွာ ကြာပြီး ယွမ်မင်းဆက် အုပ်စိုးတဲ့ ကာလမှာ ဒေသခံ အရာရှိတစ်ယောက်ဟာ ဒေသအတွင်း လှည့်ပတ်သွားလာရင်းနဲ့ လှိုဏ်ဂူနဲ့ ယောင်ဝ်လူမျိုးတွေကို တွေ့သွားတော့တယ်။ လူတိုင်းလူတိုင်းဟာ ထည်ထည်ဝါဝါ ဝတ်ဆင်ထားကြတယ်။ လူတိုင်းလူတိုင်းဟာ ဝဖြိုးစိုပြေနေကြတယ်။ အခုလို သွားရည်ကျချင်စရာ ရေကောင်းမြေကောင်း ရှိတဲ့ သတင်းကို လောဘကြီးတဲ့ ရှင်ဘုရင်က ကြားသွားတဲ့အခါမှာ ယောင်ဝ်တိုင်းရင်းသားတွေအပေါ် အခွန်အတုတ် မတန်တဆ စည်းကြပ်လာတော့တယ်”
ကျွန်မတို့၏ ဆံပင်နှင့် မျက်နှာများပေါ်သို့ နှင်းမှုန်များ ကျဆင်းလာသည့် အခါတွင် ရွှယ်ဟွားသည် ကျွန်မကို မြဲမြဲမြံမြံ ဖက်ထားလျက် ပုံပြင်၏ နောက်စာပိုဒ်တစ်ပိုဒ်ကို အသံမြှင့်ကာ အော်ဆိုလိုက်သည်။
“ငါတို့ ဘာကြောင့် ပေးရမှာလဲ။ ယောင်ဝ်တိုင်းရင်းသားများက သိချင်ကြတယ်” သူ၏ အသံက အအေးဒဏ်ကြောင့် တုန်ခါနေသည်။
“သူတို့ရဲ့ရွာကို ကျူးကျော်သူတွေရဲ့ ရန်က ကာကွယ်နိုင်ဖို့အတွက် သူတို့ဟာ တောင်ထိပ်မှာ ကတုတ်ကျင်းတစ်ခုကို ကျောက်တုံးကျောက်ခဲတွေနဲ့ တည်ဆောက်ကြတယ်။ ရှင်ဘုရင်က အခွန်မှူးသုံးယောက် စေလွှတ်ပြီး ညှိနှိုင်းစေခဲ့တယ်။ သူတို့ သုံးယောက်က လှိုဏ်ဂူထဲ ဝင်သွားပြီး ပြန်ထွက်မလာကြတော့ဘူး။ ရှင်ဘုရင်က နောက်ထပ် သုံးယောက် စေလွှတ်ပြန်တယ်”
ကျွန်မတို့၏ မီးပုံတစ်ဝိုက်ရှိ အမျိုးသမီးများက ဝင်ရောက် သီဆိုကြသည်။
“သူတို့ ပြန်ထွက်မလာကြတော့ဘူး”
“ရှင်ဘုရင်က တတိယမြောက် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ပြန်တယ်” ရွှယ်ဟွား၏ အသံက အားပါလှသည်။ ဤသို့သော အသံမျိုးကို သူ့ထံမှ တစ်ခါမျှ မကြားဖူးပေ။ သူ၏ အသံမှာ ရှင်းလင်းပြတ်သားပြီး တောင်နံရံများတစ်လျှောက် ပဲ့တင်ထပ်နေသည်။ အကယ်၍ သူပုန်များက သူ့အသံကို ကြားသွားလျှင်လည်း ကြောက်ရွံ၍ ထွက်ပြေးကြမည်သာ။
“သူတို့ ပြန်ထွက်မလာကြတော့ဘူး” ကျွန်မတို့ မိန်းမများက တုံ့ပြန် ဖြေဆိုလိုက်ကြသည်။
“ရှင်ဘုရင်က စစ်တပ် လွှတ်လိုက်တယ်။ သွေးထွက်သံယိုတွေ ဖြစ်လာတော့တာပါပဲ။ ယောက်ျားတွေ၊ မိန်းမတွေနဲ့ ကလေးတွေ … ယောင်ဝ်တိုင်းရင်းသားတွေ သေကျေပျက်စီးကြရတယ်။ ဘာလုပ်ကြမလဲ။ ဘာဆက်လုပ်ကြမလဲ။ ရွာသူကြီးက ကျွဲချိုကြီးတစ်ခု ယူလာပြီး အဲဒါကို ၁၂ ပိုင်း ပိုင်းပစ်လိုက်တယ်။ အုပ်စု ၁၂ စုကို ကျွဲချိုတစ်ပိုင်းစီ ပေးပြီး သူတို့ကို ပြောလိုက်တယ်။ လူစုခွဲပြီး ကြိုးစားရှင်သန်ကြပါ”
“လူစုခွဲပြီး ကြိုးစားရှင်သန်ကြပါ” ကျွန်မတို့ မိန်းမများက သံယောင်လိုက်ကြသည်။
“ဒီလိုနဲ့ပဲ ယောင်ဝ်တိုင်းရင်းသားတွေဟာ တောတွေ၊ တောင်တွေ၊ ချိုင့်ဝှမ်းတွေ၊ ဒီပြည်နယ်၊ ဟိုပြည်နယ် ပျံ့ကုန်ကြတယ်” ရွှယ်ဟွားက ပုံပြင်၏ နိဂုံးပိုင်းကို အစပျိုးလိုက်သည်။
ကျွန်မတို့၏ အုပ်စုထဲတွင် အငယ်ဆုံး အမျိုးသမီးဖြစ်သော မေးဟွားက ပုံပြင်ကို နိဂုံးချုပ်လိုက်သည်။
“သူတို့က ပြောကြတယ်။ နောက်နှစ်ပေါင်းငါးရာ ကြာတဲ့အခါမှာ ယောင်ဝ်တိုင်းရင်းသားတွေဟာ ဘယ်နေရာမှာပဲ ရောက်နေကြပါစေ။ သူတို့ရဲ့ ဘိုးဘေးလှိုဏ်ဂူကြီးဆီ ပြန်လာပြီး သူတို့ရဲ့ ကျွဲချို အစိတ်အပိုင်းတွေကို ပြန်ဆက်ကြလိမ့်မယ်။ ပြီးတော့ ကျွန်မတို့ရဲ့ သုခဘုံလေးကို ပြန်လည် တည်ဆောက်ကြလိမ့်မယ်။ အဲဒီအချိန်က မကြာခင် ရောက်လာတော့မှာပါ”
ယင်းပုံပြင်ကို လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ကျွန်မ ကြားဖူးနေခဲ့သည်။ မည်သို့ နားလည်ရမည်မှန်း ကျွန်မ မသိခဲ့ပါ။ ယောင်ဝ်တိုင်းရင်းသားများသည် လျှို့ဝှက်သော လှိုဏ်ဂူ၊ သူတို့၏ ကတုတ်ကျင်းနှင့် တောင်တန်းများ၏ နောက်ကွယ်၌ သူတို့ကိုယ်သူတို့ လုံခြုံကြသည်ဟု ယုံကြည်ခဲ့ကြသည်။ ယခုလည်း ကျွန်မ သိချင်နေမိသည်။ ကျွန်မတို့ ခိုအောင်းရာ ဤတောင်ကုန်းချိုင့်ဝှမ်းအတွင်းသို့ မည်သူတို့ ကျူးကျော်ဝင်ရောက်လာနိုင်သနည်း။ ထိုသူများ ဝင်ရောက်လာလျှင် မည်သို့သော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သနည်း။ ထိုက်ဖင်သူပုန်များက ကျွန်မတို့အပေါ် ဗိုလ်ကျစိုးမိုးနိုင်ရန် ကြိုးစားပေလိမ့်မည်။ ဟူနန်တပ်မကြီးကလည်း ကျွန်မတို့ကို သူပုန်များအဖြစ် တလွဲ မှတ်ယူကြပေလိမ့်မည်။ မည်သို့ဆိုစေ၊ ကျွန်မတို့သည် ကျွန်မတို့၏ ဘိုးဘေးဘီဘင်များကဲ့သို့ နိုင်ခြေမရှိသော တိုက်ပွဲတစ်ခုကို ဆင်နွှဲကြရမည်လော။ ကျွန်မ တွေးကြည့်သည်။ ထိုက်ဖင်သူပုန်များသည် ကျွန်မတို့ ယောင်ဝ်တိုင်းရင်းသားများနည်းတူ အခွန်အတုတ် ကြီးမြင့်မှုကို ပုန်ကန် ခြားနားခဲ့ကြသည်။ ကံကျွေးချစနစ်ကို တော်လှန်နေကြသည်။ သူတို့သည် အမှန်တရား၏ ဘက်တော်သားများ မဟုတ်ပေလော။ ကျွန်မတို့သည် သူတို့နှင့် မပူးပေါင်းသင့်ပေဘူးလော။ အကယ်၍သာ သူတို့နှင့် မပူးပေါင်းလျှင် ကျွန်မတို့ ဘိုးဘေးများ၏ သဘောဆန္ဒကို ဆန့်ကျင်ရာ ရောက်မနေဘူးလော။
ထိုညက မည်သူမျှ အိပ်မပျော်ခဲ့ကြပါ။