မိမိလွယ်ထားရသော ကလေးတစ်ယောက် မွေးဖွားလာသည်နှင့် တစ်ပြိုင်နက် မိမိရင်သွေးကို မိခင်က ချစ်ခင်လိမ့်မည်။ ဤသို့ ကျွန်မတို့ မိန်းမသားများအပေါ် အများက ယုံကြည်မျှော်လင့်ထားကြသည်။ သို့သော် မွေးဖွားလာသော ကလေးမှာ သမီးတစ်ယောက်ဖြစ်ကြောင်း သိလာရသည့်အချိန်တွင် ကျွန်မတို့အထဲမှ မည်ရွေ့မည်မျှသော မိခင်များသည် စိတ်ပျက်အားငယ်ခြင်း မဖြစ်ဘဲ ရှိနိုင်ပါအံ့နည်း။ သို့တည်းမဟုတ် သင်၏ သားရတနာသည် သင်၏ ရင်ခွင်ထဲ၌ တစ်ရံမစဲ အဆက်မပြတ် ငိုကြွေးနေသည်ကို မြင်၍ ယောက္ခမဖြစ်သူက မျက်စောင်းတခဲခဲ လုပ်နေပေလိမ့်မည်။ သင်၏ အသွေးအသားမှဖြစ်သော နို့ရည်ကို ခါးနေရကောင်းလားဟု အပြစ်တင်နေသည့်နှယ် သင့်ကို မျက်စောင်းထိုးနေသည့် ယောက္ခမကို မြင်ရသည့်အခါတွင် မည်သူသည် စိတ်မပျက်၊ အားမငယ်ဘဲ နေနိုင်ပါအံ့နည်း။ ကျွန်မတို့သည် မိမိတို့၏ သမီးများကို ရင်နှင့်အမျှ ချစ်ပေလိမ့်မည်။ သို့သော် မိန်းမကောင်းတစ်ယောက် ဖြစ်လာနိုင်စေရန်အတွက် သူတို့ကို ဒုက္ခအမျိုးမျိုးဖြင့် လေ့ကျင့်သင်ကြားပေးရမည်။ ကျွန်မတို့သည် ပိုမိုများပြားသော ချစ်ခြင်းမေတ္တာဖြင့် ကျွန်မတို့၏ သားများကို ချစ်ခဲ့ကြသော်လည်း သူတို့၏ ကမ္ဘာလောကအတွင်းသို့ မည်သည့်အခါမျှ ဝင်ရောက်ခွင့် မရခဲ့ပေ။ သူတို့၏ ပြင်ပကမ္ဘာသည် ယောက်ျားများအတွက်သာ။ စေ့စပ်ကြောင်းလမ်းပြီးသည့် နေ့မှစ၍ ကျွန်မတို့သည် တစ်ခါသားမျှ မမြင်ဖူးသော လင်သားများကို ချစ်ခင် မြတ်နိုးလိမ့်မည်ဟု ကျွန်မတို့အပေါ် မျှော်လင့်ထားကြသည်။ သူတို့၏ မျက်နှာများကို နောက်ထပ် ခြောက်နှစ်ကြာမှာသာလျှင် ကျွန်မတို့ မြင်ခွင့် ရပေလိမ့်မည်။ ကျွန်မတို့၏ ယောက္ခမများကို ချစ်ရမည်ဟု ကျွန်မတို့ကို ဆိုဆုံးမထားကြသည်။ သို့သော် ထိုမိသားစုအတွင်းသို့ ဝင်ရောက်ရသည့်အခါတွင် ကျွန်မတို့သည် သူစိမ်းအဖြစ်လည်းကောင်း၊ ထိုအိမ်၏ အဆင့်အနိမ့်ဆုံးသော လူတစ်ယောက်အဖြစ် လည်းကောင်း၊ အစေခံထက် တစ်ဆင့်မျှသာ သာလွန်သော လူတစ်ယောက်အဖြစ် လည်းကောင်း ဝင်ရောက်ကြရသည်။ ကျွန်မတို့သည် မိမိခင်ပွန်းသည်၏ ဘိုးဘေးဘီဘင်များကို ရိုသေလေးစားရမည်။ မိမိတို့နှင့် သွေးသားတော်စပ်သည့် ဘိုးဘေးများကို ရင်တွင်းမှ မည်မျှ ချစ်ခင်တန်ဖိုးထားနေပါစေ၊ ခင်ပွန်းသည်၏ ဘိုးဘေးအပေါ် ထားရှိရမည့် ဝတ္တရားနှင့် လုပ်ဆောင်ရမည့် ထုံးတမ်းစဉ်လာများကို မပျက်မကွက် လုပ်ဆောင်ပေးရမည်။ ကျွန်မတို့၏ မိဘများသည် ကျွန်မတို့ကို ပြုစုစောင့်ရှောက်ပေးခဲ့ကြသောကြောင့် ကျွန်မတို့က သူတို့ကို ချစ်မြတ်နိုးကြသည်။ သို့သော် ကျွန်မတို့သည် မိသားစုအတွက် တန်ဖိုးမဲ့သော ကျောက်ဖြုန်းများသာ ဖြစ်ကြသည်။ မိသားစု၏ အရင်းအမြစ်များကို ကျွန်မတို့က ဖြုန်းတီးနေကြသည်။ ကျွန်မတို့သည် တခြားမိသားစုအတွက် မွေးမြူပေးထားရသော သမီးများသာ ဖြစ်သည်။ မိမိ၏ မိဘအိမ်၌ မည်မျှပင် ပျော်ရွှင်ချမ်းမြေ့နေပါစေ၊ ကျွန်မတို့သည် ထိုအိမ်မှ တစ်နေ့မဟုတ် တစ်နေ့ မဖြစ်မနေ ခွဲခွာကြရမည်။ မိမိ၏ မိသားစုကို ကျွန်မတို့ မည်မျှ ချစ်သည် ဆိုဆို၊ ၎င်းအချစ်သည် ခွဲခွာခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဝမ်းနည်းကြေကွဲမှုနှင့် အဆုံးသတ်ရမည် ဖြစ်ကြောင်း ကျွန်မတို့ နားလည်ထားသည်။ အမျိုးမျိုး အပြားပြားသော ဤအချစ်အားလုံးသည် ဝတ္တရား၊ လေးစားမှုနှင့် ကျေးဇူးသိတတ်မှုတို့မှ မြစ်ဖျားခံကြသည်။ ကျွန်မတို့၏ ခရိုင်အတွင်းမှ အများစုသော မိန်းမများ သိထားသကဲ့သို့ ဤအချစ်များသည် ဝမ်းနည်းမှု၊ သဘောထားကွဲလွဲမှုနှင့် ကြမ်းကြုတ်ရက်စက်မှုတို့၏ ဇာစ်မြစ်များပင် ဖြစ်တော့သည်။
သို့သော်လည်း လောင်ထုံးနှစ်ဦး၏ ချစ်ခြင်းမေတ္တာမှာ တစ်မူထူးခြားပေသည်။ အောင်သွယ်တော်ဝမ် ပြောသကဲ့သို့ လောင်ထုံးဆက်ဆံရေးမှာ ကိုယ်ပိုင်ဆန္ဒ၌သာ အရင်းခံသည်။ ကျွန်မနှင့် ရွှယ်ဟွားတို့ ပထမဆုံးအကြိမ် ဆက်သွယ်ခဲ့ကြစဉ်က ယပ်တောင်ပေါ်တွင် ရေးခဲ့သော စကားလုံးများသည် ကျွန်မတို့၏ ရင်တွင်းမှ အမှန်အကန် ယိုစိမ့်ကျလာခဲ့သည့် စကားလုံးများ မဟုတ်ခဲ့သော်ငြားလည်း ဝေါယာဉ်ထဲ၌ ကျွန်မတို့နှစ်ယောက် မျက်လုံးချင်း ဆုံမိကြသည့်အခါတွင်မူ ကျွန်မတို့နှစ်ယောက်အကြား၌ ထူးခြားသော တစ်စုံတစ်ရာ ဖြတ်သန်းစီးဆင်းနေကြောင်း ကျွန်မ ခံစားခဲ့ရသည်။ အချစ်မီးပွားလေးတစ်ခု သို့မဟုတ် အချစ်မျိုးစေ့လေးတစ်စေ့နှင့် တူလှသည်။ သို့သော် မီးပွားလေးတစ်ခုက အခန်းတစ်ခန်းလုံးကို နွေးထွေးသွားအောင် မလုပ်ဆောင်နိုင်သကဲ့သို့ မျိုးစေ့တစ်စေ့ကလည်း ကျီတစ်လုံးပြည့်အောင် အသီးအနှံများ ထုတ်လုပ်မပေးနိုင်ပေ။ နက်ရှိုင်းသောအချစ် သို့မဟုတ် ရင်နင့်အောင် ချစ်သည့်အချစ်ကို ဖြည်းဖြည်းချင်း ပြုစုပျိုးထောင်ပေးရမည်။ တရှိန်းရှိန်း တောက်လောင်နေသော အချစ်မျိုးကို ထိုစဉ်က ကျွန်မ မသိခဲ့ပါ။ ကျွန်မ စဉ်းစားနိုင်သမျှမှာ နို့မစင်သေးသည့် ကလေးဘဝက တာ့ကောနှင့် မြစ်ကမ်းနံဘေး လမ်းအတူလျှောက်ကြစဉ်က မြင်ဖူးခဲ့သော စပါးခင်းများသာ ဖြစ်သည်။ လယ်ကွင်းထဲရှိ စပါးပင်များ ရှင်သန်ကြီးထွားလာသကဲ့သို့ ကျွန်မတို့၏ အချစ်ကို တိုးပွားသည်ထက် တိုးပွားလာအောင် ကြိုးစားအားထုတ်မှု၊ မယိမ်းမယိုင်သည့် စိတ်ဆန္ဒနှင့် မိုးနတ်မင်း၏ ကောင်းချီးဩဘာဖြင့် လုပ်ဆောင်နိုင်ပေလိမ့်မည်။ ယခုအချိန် ပြန်စဉ်းစားကြည့်သည့်အခါ၌ အတော်ပင် ရယ်စရာ ကောင်းနေသည်။ ကျွန်မသည် ဘဝအကြောင်းကို အနည်းအကျဉ်းမျှသာ သိထားခဲ့သော်လည်း လယ်သမားတစ်ယောက် စဉ်းစားသကဲ့သို့ စဉ်းစားနေတတ်ခဲ့သည်။
ဤသို့ဖြင့် ကျွန်မ၏ ‘မြေပြင်’ ကို စတင် စိုက်ပျိုးတော့သည်။ ကျွန်မသည် ပါပါးထံမှ စာရွက်တစ်ရွက် တောင်းသည်။ သို့တည်းမဟုတ် တာ့ကျယ်၏ ခန်းဝင်ပစ္စည်းထဲမှ အဝတ်စ အပိုင်းငယ်တစ်ပိုင်းကို တောင်းသည်။ ၎င်းတို့မှာ ထွန်ယက်စိုက်ပျိုးမည့် ကျွန်မ၏ မြေပြင်ဖြစ်သည်။ ကျွန်မ၏ ‘မျိုးစေ့’ များမှာ ကျွန်မ ရေးခြစ်မည့် နွီစူးအက္ခရာများ ဖြစ်သည်။ အောင်သွယ်တော်ဝမ်က ကျွန်မ၏ ‘ထယ်ရေး’ ဖြစ်လာသည်။ ကျွန်မ ခြေထောက်၏ တိုးတက်မှု အခြေအနေကို လာရောက်ကြည့်ရှုသည့်အခါတွင် ကျွန်မ၏ သဝဏ်လွှာကို ရွှယ်ဟွားထံသို့ ပို့ပေးရန် သူ့အား ထည့်ပေးလိုက်သည်။ စာတစ်စောင်လည်း ဖြစ်ချင် ဖြစ်မည်။ ရက်ကန်းပိတ်စပိုင်း တစ်ပိုင်းလည်း ဖြစ်ချင် ဖြစ်မည်။ သို့မဟုတ်ပါက ပန်းထိုးထားသော လက်ကိုင်ပဝါတစ်ထည်လည်း ဖြစ်ချင် ဖြစ်နေမည်။
နေရောင်မရှိလျှင် ဘယ်အရာမှ ပေါက်ဖွားရှင်သန်နိုင်မည် မဟုတ်။ ၎င်းကိုတော့ လယ်သမားက ထိန်းချုပ်နိုင်စွမ်း မရှိ။ ရွှယ်ဟွားသည် ကျွန်မ၏ နေမင်းကြီး ဖြစ်သည်ဟု ကျွန်မ ယုံကြည်လာသည်။ သူ့ထံမှ ဖြာကျလာသော နေရောင်မှာ ကျွန်မဆီသို့ ပြန်ကြားလာသည့် နွီစူးစာများပင် ဖြစ်တော့သည်။ ရွှယ်ဟွားထံမှ ပြန်စာရသည့် အခါတိုင်းတွင် ကျွန်မတို့ တစ်အိမ်သားလုံး ခေါင်းချင်းဆိုင်ကာ အဓိပ္ပာယ်ကို ဖော်ထုတ်နိုင်ရန် ကြိုးစားကြရသည်။ သူ အသုံးပြုထားသော စကားလုံးနှင့် ဝါကျများသည် စိန်စိန်း၏ ကျွမ်းကျင်မှုနယ်ပယ်ကို ကျော်လွန်နေသောကြောင့် ဖြစ်သည်။
ကျွန်မ၏ အရေးအသားက ကလေးကလား ဆန်သည်။ ဥပမာဆိုရလျှင် “ငါ နေကောင်းတယ်။ နင်ရော နေကောင်းလား။ ” သူ၏ ပြန်စာထဲတွင်မူ “ငှက်ကလေးနှစ်ကောင်က သစ်ပင်တစ်ပင်ရဲ့ ဟိုးထိပ်ဖျား အကိုင်းတစ်ကိုင်းမှာ နားနေကြတယ်။ သူတို့က ကောင်းကင်ပေါ်ကို အတူတကွ ပျံသန်းသွားတယ် ” ဟူ၍။ ကျွန်မက ဤသို့ ရေးတတ်သည်။
“ဒီနေ့ မာမားက ငါ့ကို ကောက်ညှင်းထုပ် ဘယ်လိုထုပ်ရသလဲ ဆိုတာ သင်ပေးတယ်။” ရွှယ်ဟွားက ဤသို့ စာပြန်တတ်သည်။
“ဒီနေ့ ငါ ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်လိုက်တယ်။ မိုးပေါ်ပျံသန်းရင်း အဖော်ရှာနေတဲ့ ဇာမဏီငှက်ကို ငါ သတိရသွားတယ်။ နောက်ပြီး နင့်ကိုလည်း သတိရသွားတယ်။” ကျွန်မက ဤသို့ ရေးတတ်သည်။
“တာ့ကျယ်ရဲ့ မင်္ဂလာဆောင်အတွက် နေ့ကောင်းရက်သာ ရွေးပြီးသွားပြီ။” သူက ဤသို့ စာပြန်သည်။
“နင့်တာ့ကျယ်က အခုဆိုရင် မင်္ဂလာကိစ္စရဲ့ ဒုတိယအဆင့်ကို ရောက်သွားပြီ။ သူ နင်တို့နဲ့အတူ နှစ်အနည်းငယ်တော့ နေနိုင်ဦးမှာပါ။” ကျွန်မက ဤသို့ ရေးသည်။
“ငါ အများကြီး အများကြီး သင်ချင်တယ်ဟာ။ နင်က သိပ်ဉာဏ်ကောင်းတာပဲ။ နင် သိထားတာတွေမှ အများကြီးပဲ။ ငါ နင့်ရဲ့ တပည့် လုပ်လို့ ရနိုင်မလား။” သူက စာပြန်သည်။
“ငါလည်း နင့်ဆီက သင်နေတာပဲလေ။ အဲဒီလိုမှ ငါတို့နှစ်ယောက်က ငှက်သိုက်ထဲမှာ အတူတူ နေနေကြတဲ့ ယွမ်းယန်ငှက်မောင်နှံနဲ့ တူသွားမှာ။” ကျွန်မက ဤသို့ ရေးလိုက်သည်။
“ငါရေးတဲ့ စာတွေက ကလေးကလား ဆန်နေတယ်။ နင် ငါနဲ့အတူ ဒီမှာ ရှိနေရင် သိပ်ကောင်းမှာပဲ။ ညကျရင်လည်း ငါတို့ တွတ်ထိုးလို့ ရနိုင်သေးတယ်။” သူထံမှ ဤသို့ စာပြန်လာသည်။
“အမှောင်ထုထဲမှာ သီချင်းဆိုနေကြတဲ့ နိုက်တင်ဂေးငှက် နှစ်ကောင်လိုပေါ့။”
သူ၏ စကားလုံးများက ကျွန်မကို ထိတ်လန့် တုန်လှုပ်စေသကဲ့သို့ ရွှင်လန်း မြူးကြွစေခဲ့သည်။ သူသည် ဉာဏ်ရည်ထက်မြက်ပြီး ကျွန်မထက် အစစအရာရာတွင် သာလွန်တတ်မြောက်နေသည်။ သို့သော် ၎င်းအချက်ကို ကျွန်မ ကြောက်ရွံထိတ်လန့်နေခြင်း မဟုတ်ပါ။ သူ၏ ပြန်စာတိုင်းတွင် ငှက်များ၊ ပျံသန်းခြင်းနှင့် ကမ္ဘာမြေ၏ အဝေးတစ်နေရာအကြောင်းကို အမြဲ ထည့်ရေးတတ်သည်။ ယခုအချိန်ထိ သူ၏ ပြဋ္ဌာန်းခံဘဝကို ဆန့်ကျင်ကာ သူ ပျံသန်းနေဆဲ။ ကျွန်မ မည်မျှပင် အခြိမ်းအခြောက် ခံနေရပါစေ၊ သူ၏ အတောင်ပံနှစ်ဘက်ကို မြဲမြဲ ဆုပ်ကိုင်ကာ သူနှင့်အတူ အမြင့်ဆုံးတစ်နေရာသို့ ပျံတက်သွားလိုက်ချင်သည်။
ကျွန်မကသာ တစ်စုံတစ်ခုကို သူ့ထံသို့ ဦးအောင် မပေးပို့ခဲ့ပါလျှင် ရွှယ်ဟွားသည် ကျွန်မထံသို့ ဘာတစ်ခုမျှ မပို့တတ်ပေ။ အဦးဆုံး ပို့လာသော ယပ်တောင်ကတော့ ခြွင်းချက်။ ထိုကိစ္စက ကျွန်မကို မည်သို့မျှ စိတ်အနှောင့်အယှက် မဖြစ်စေခဲ့ပါ။ သူ ကျွန်မအပေါ် ညွတ်နူးလာအောင် ကျွန်မ ကြိုးစားနေမိသည်။ ကျွန်မ၏ စာများဖြင့် သူ့ကို ရေလောင်းပေးသည်။ သူက ကျွန်မကို အညွန့်သစ်တစ်ခက် သို့မဟုတ် အဖူးသစ်တစ်ငုံ ပေးခြင်းဖြင့် ကျွန်မကို အမြဲတမ်း တုံ့ပြန်ခဲ့သည်။ သို့သော် အတားအဆီးတစ်ခုက ကျွန်မကို ခြေမကိုင်မိ လက်မကိုင်မိဖြစ်အောင် လုပ်နေသည်။ ကျွန်မ သူ့ကို နောက်တစ်ကြိမ် တွေ့ချင်သေးသည်။ သူ့အနေဖြင့် ကျွန်မကို သူ့အိမ်သို့ အလည်လာရန် ဖိတ်ကြားရပေဦးမည်။ သို့သော် ဘာဖိတ်ကြားစာမျှ ရောက်မလာခဲ့ပေ။
တစ်နေ့တွင် အောင်သွယ်တော်ဝမ် ကျွန်မတို့ဆီ ပေါက်ချလာသည်။ ယခုတစ်ကြိမ်တော့ သူနှင့်အတူ ယပ်တောင်ပါ ပါလာခဲ့သည်။ ကျွန်မသည် ယပ်တောင်ခေါက်ကို အဆုံးထိ ဖွင့်မချလိုက်ဘဲ ပထမဆုံးသော သုံးခေါက်ကိုသာ ဖွင့်လိုက်သည်။ ပထမအခေါက်တွင် ရွှယ်ဟွား၏ ပထမဆုံး စာရှိပြီး ကျွန်မ၏ ပြန်စာက ဒုတိယအခေါက်ပေါ်တွင် ရေးထားခဲ့သည်။ တတိယအခေါက်ပေါ်တွင်မူ ရွှယ်ဟွား၏ နောက်ဆုံးပေးစာ ပါရပေမည်။
နင့်မိသားစု သဘောတူမယ်ဆိုရင် ၁၁ လပိုင်းမှာ နင့်အိမ်ကို လာလည်ချင်တယ်။ အဲဒီအချိန်ကျရင် ငါတို့ အတူတူ ထိုင်ပြီး ချုပ်စရာရှိတာ ချုပ်ကြမယ်။ ပြောစရာရှိတာ တီးတိုးပြောကြမယ်။
ယပ်တောင်ပေါ်ရှိ ကနုတ်ပန်းခက်ထဲတွင် အနုစိတ်၍ လှပသေသပ်သော ပန်းပွင့်တစ်ပွင့်ကို သူ ထပ်ဆွဲထားသည်။
ထိုနေ့သို့ ရောက်ရှိလာသည်။ ကျွန်မသည် ဝေါယာဉ်ရောက်အလာကို ပြတင်းပေါက်မှတစ်ဆင့် ရွာလမ်းမပေါ်သို့ ငေးမျှော်ကြည့်နေမိသည်။ အိမ်ရှေ့တွင် ဝေါယာဉ် ရပ်လိုက်သောအခါ ကျွန်မသည် အိမ်အောက်ထပ်သို့ ပြေးဆင်းကာ လမ်းပေါ်ရှိ ကျွန်မ၏ လောင်ထုံးကို ပြေးကြိုလိုက်ချင်သည်။ သို့သော် ထိုသို့ မဖြစ်နိုင်ပါ။ မာမားသည် အိမ်ရှေ့သို့ ထွက်သွားပြီး ဝေါယာဉ်တံခါးကို ဖွင့်ပေးလိုက်သောအခါ ရွှယ်ဟွားက အထဲမှ ထွက်လာသည်။ ယခင်ကအတိုင်း တိမ်ဖြူကလေးများ ထိုးထားသော မိုးပြာရောင် ပိုးထည်ဝတ်ရုံကိုသာ ဝတ်ဆင်ထားသည်။ ၎င်းဝတ်ရုံသည် အပြင်ထွက်လျှင် ဝတ်ဆင်လေ့ရှိသော ဝတ်စုံသာ ဖြစ်လိမ့်မည်ဟု ထိုခဏ၌ ကျွန်မ အတွေးပေါက်သွားသည်။ ထို့အပြင် ကျွန်မတို့အိမ်သို့ အလည်လာသည့် အခါတိုင်း ၎င်းဝတ်ရုံကိုသာ အစဉ် ဝတ်ဆင်လာရသည့် အကြောင်းမှာ ကျွန်မတို့အား မသိမ်ငယ်စေလိုသောကြောင့်သာ ဖြစ်မည်ဟု ကျွန်မ မှတ်ယူထားခဲ့သည်။
သူနှင့်အတူ မည်သည့် အစားအစာ၊ မည်သည့် အဝတ်အစားမျှ ပါမလာခဲ့ပေ။ အောင်သွယ်တော်ဝမ်က ရှေ့တစ်ခေါက်ကကဲ့သို့ သူ့ကို သတိပေးစကား ပြောကြားသည်။ လိမ်လိမ်မာမာ နေရန်၊ ကြေးကြွပ် မများရန်၊ မျက်စိဖွင့် နားစွင့်၍ သင်ယူရန်နှင့် မိဘကို ဂုဏ်သိက္ခာကျအောင် မလုပ်ရန် စသည့်စကားများကို ယခင်ကအတိုင်း ပြောဆိုလေသည်။ ရွှယ်ဟွား၏ နှုတ်မှ “ဟုတ် စိန်စိန်း” ဟု ပြန်ဖြေလိုက်သော်လည်း သူ့နားထဲသို့ တစ်လုံးမျှ ဝင်လိမ့်မည် မဟုတ်ကြောင်း ကျွန်မ အတပ် ပြောနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် လမ်းပေါ်တွင် ရပ်လျက် မျက်လုံးများက ပြတင်းပေါက်ဆီသို့ ငေးကြည့်ကာ ကျွန်မ၏ အရိပ်အယောင်ကို ရှာဖွေနေသောကြောင့် ဖြစ်သည်။
မာမားက ရွှယ်ဟွားကို အပေါ်ထပ်သို့ ချီမလာခဲ့သည်။ သူ၏ ခြေထောက်များက အမျိုးသမီးဆောင်၏ ကြမ်းပြင်နှင့် ထိလိုက်သည့် အချိန်မှ စ၍ သူ့စကားသံများက မနားတမ်း တရစပ် ထွက်ကျလာတော့သည်။ သူက ပြောလိုက် ရယ်လိုက်၊ စလိုက် ပြောင်လိုက်၊ ချော့လိုက် မြှူလိုက်၊ မြှောက်လိုက် အားပေးလိုက်၊ တွတ်ထိုးလိုက် ရင်ဖွင့်လိုက် လုပ်နေတော့သည်။ သို့သော် သူသည် အဝေးသို့ ပျံထွက်သွားချင်သော သူ၏ အတွေးများဖြင့် ကျွန်မကို စိတ်ညစ်အောင် လုပ်ဆောင်မည့် မိန်းကလေးမျိုး မဟုတ်ပေ။ သူသည် အဆော့မက်သော၊ အပျော်ကြိုက်သော၊ အနောက်သန်သော ကလေးငယ်မျှသာ ဖြစ်သည်။ မိန်းမငယ်တစ်ယောက်၏ ရင်တွင်းစကားကို ရေပက်မဝင်အောင် တီတီတာတာ ပြောနေတတ်သူ ဖြစ်သည်။
ကျွန်မက သူ့ထံ တပည့်ခံမည်ဟု ပြောခဲ့ဖူးသောကြောင့် ကျွန်မအိမ်သို့ ရောက်သည့် ပထမဆုံးနေ့မှာပင် ‘စံတော်ဝင်မိန်းမသား’ ကျမ်းထဲမှ အကြောင်းအရာများကို ကျွန်မအား သင်ကြားပေးတော့သည်။ ပြုံးရယ်သည့်အခါတွင် သွားမပေါ်အောင် ပြုံးရမည်၊ ယောက်ျားများနှင့် စကားပြောသည့်အခါတွင် အော်ကြီးဟစ်ကျယ် မပြောဆိုရ စသည် စသည်။ သို့သော် သူက ကျွန်မထံ၌လည်း တပည့်ခံလိုပါသည်ဟု ရေးခဲ့ဖူးသည်။ ထို့ကြောင့် ကောက်ညှင်းရွှေကြည် ပြုလုပ်နည်းကို သူ့အား သင်ပေးရန် တောင်းဆိုတော့သည်။ ထို့အပြင် ‘ရေ ဘယ်လို ငင်ရတာလဲ’၊ ‘ဝက်စာ ဘယ်လို ကျွေးရတာလဲ’ စသည့် ထူးဆန်းသော မေးခွန်းများကိုလည်း မေးသေးသည်။ ထိုကိစ္စမျိုးကို မိန်းကလေးတိုင်းက သိထားပြီး ဖြစ်သောကြောင့် ကျွန်မက အားရပါးရ အော်ရယ်လိုက်မိသည်။ ရွှယ်ဟွားကတော့ သူလုံးဝ မသိကြောင်း ကျိန်ဆိုနေပြန်သည်။ ကျွန်မကို နောက်ပြောင်နေခြင်း ဖြစ်မည်ဟု ကျွန်မ ယူဆသည်။ သို့သော် ရွှယ်ဟွားကမူ သူအမှန်တကယ် မတတ်ကြောင်း အခိုင်အမာ ပြောနေလေတော့သည်။ ထိုအခါ တခြားသူများအားလုံးက ကျွန်မကို ဝိုင်းဝန်း အနိုင်ကျင့်လာကြသည်။
“ရေ ဘယ်လိုငင်သလဲ ဆိုတာကို တကယ် မသိတဲ့သူက နင်ပဲ နေမှာပေါ့” တာ့ကျယ်က လှမ်းအော်လိုက်သည်။
“ပြီးတော့ ဝက်စာ ဘယ်လို ကျွေးရသလဲ ဆိုတာကိုလည်း မေ့သွားလောက်ပြီ နေမှာ” စိန်စိန်းပါ ပါလာသည်။
“မှတ်မိသေးလား။ အဲဒီတုန်းက ညည်း လန့်ပြီး ထွက်ပြေးတာ ဖိနပ်တောင် ဘယ်နား ကျကျန်ခဲ့မှန်း မသိဘူးလေ”
တော်တော် များသွားချေပြီ။ ကျွန်မ၏ ဒေါသက ငယ်ထိပ်သို့ ဆောင့်တက်လာသည်။ ကျွန်မသည် လက်နှစ်ဘက်ကို နောက်ပစ်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး သူတို့ကို စိုက်ကြည့်နေမိသည်။ သို့သော် သူတို့၏ ပြုံးဖြဲဖြဲ လုပ်နေသော မျက်နှာများကို မြင်ရသည့်အခါတွင် ကျွန်မ၏ ဒေါသများ အရည်ပျော်ကျသွားတော့သည်။ ထို့အပြင် သူတို့ကို ဒီထက်ဒီ ပျော်ရွှင်လာအောင် ပြုလုပ်ပေးချင်နေသည်။
အခန်းတွင်းရှိ လူများအားလုံးက ကျွန်မ၏ သရုပ်ပြမှုကို ကြည်ရွှင်သော မျက်နှာထားနှင့် ရှုစားနေကြသည်။ ကျွန်မ၏ ခြေထောက်ကလေးမှာ ပြန်လည်သက်သာလာခါစ ဖြစ်သောကြောင့် ယိုင်တိယိုင်ထိုး ခြေလှမ်းများဖြင့် အခန်း၏ ဟိုမှာဘက်မှ ဒီမှာဘက်သို့ ကူးလူးကာ ရေခပ်သည့်ဟန်ကို လုပ်ပြနေရသည်။ ထို့နောက် မြက်ရိတ်ပြီး တခြားအစာပလာများ ရောကာ ဝက်စာပြုလုပ်ပုံကို သရုပ်ပြနေရသည်။ မေရွက်က ဆီးထွက်ကျမတတ် အူနှိပ်ကာ ရယ်မောနေလေသည်။ ခန်းဝင်ပစ္စည်းများ ချုပ်လုပ်နေခြင်းဖြင့် အလုပ်ရှုပ်နေသော တာ့ကျယ်သည်ပင် တည်မနေနိုင်တော့ဘဲ အင်္ကျီလက်နှင့် ကွယ်ကာ ခိုးရယ်နေသည်။ ရွှယ်ဟွားကို ကျွန်မ မော့ကြည့်လိုက်သည့်အခါ သူက လက်ခုတ်တီးကာ ဝမ်းမြောက်သော အကြည့်ဖြင့် ကျွန်မကို စိုက်ကြည့်နေသည်။ ကြည့် … ရွှယ်ဟွားက ထိုသို့သော လူမျိုး။ သူသည် အခန်းထဲသို့ ရောက်လာပြီးနောက် ကျွန်မကိုယ်တိုင် အိပ်မက်ပင် မမက်ဖူးသော အလုပ်မျိုးကို ကျွန်မအား စကားလုံး အနည်းငယ်ဖြင့် လုပ်ခိုင်းနိုင်သည်။ ကျွန်မ၏ အမြင်၌ လျှို့ဝှက်သော၊ နာကျင်ဖွယ် အတိဖြစ်သော၊ ဝမ်းနည်းကြေကွဲဖွယ် ဖြစ်သော ဤအခန်းဆောင်ကို သူက ရွှင်မြူးဖွယ်ကာလ၏ အိုအေစစ်ဖြစ်အောင်၊ ဩဘာလက်ခုတ်သံနှင့် အပြောင်အပြက် ရယ်မောသံများ ပြည့်လျှံသွားအောင် လျှပ်တပြက်အတွင်း လုပ်ဆောင်နိုင်ခဲ့သည်။
ယောက်ျားများနှင့် စကားပြောသည့်အခါတွင် စကားကို တိုးညင်းစွာ ပြောဆိုရန် ကျွန်မကို သင်ကြားပေးထားသော်ငြားလည်း ညစာစားချိန်၌ ရွှယ်ဟွား၏ ဗလုံးဗထွေး စကားသံများကြောင့် ပါပါးနှင့် စူးစူတို့ပါ အသောမသတ်နိုင်အောင် ရယ်မောနေကြရတော့သည်။ ကျွန်မ၏ မောင်လေးသည်ပင် ရွှယ်ဟွား၏ ကိုယ်ပေါ်သို့ တစ်နေကုန် တက်ချီဆင်းချီ လုပ်နေလေသည်။ ရွှယ်ဟွား၏ ပေါင်ခွင်ကို သစ်ပင်တစ်ပင်ပေါ်မှ အသိုက်တစ်ခုဟု မှတ်ထင်နေသည့် မျောက်တစ်ကောင်အလား တက်ချီဆင်းချီနှင့် အလုပ်ရှုပ်နေသည်။ ရွှယ်ဟွားတွင် တက်ကြွမှုများနှင့် အမြဲ ပြည့်နှက်နေသည်။ သူ မည်သည့်နေရာသို့ ရောက်ရောက်၊ ထိုနေရာမှ လူများအား ပျော်ရွှင်မှုများ ဆောင်ကြဉ်းပေးသည်။ သူ၏ ဘဝပေး အခြေအနေက ကျွန်မတို့ထက် အပုံကြီး သာလွန်သည်။ ထိုအချက်ကို မည်သူမျှ ငြင်းနိုင်မည် မဟုတ်ပေ။ သို့သော် ယခုကိစ္စမှာ သူ့အတွက်တော့ စွန့်စားခန်းတစ်ခုလို ဖြစ်နေသည်။ ကျွန်မတို့အတွက်မူ သူသည် လှောင်အိမ်ထဲမှ လွတ်ထွက်လာသော ဇာမဏီငှက်တစ်ကောင် ဖြစ်ပြီး မျက်စိလည် လမ်းမှားကာ ကြက်ခြံထဲသို့ ရောက်ရှိလာသည်နှင့် တူလှသည်။ သူ၏ ရောက်ရှိလာခြင်းအတွက် ကျွန်မတို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရသည်။ သူကရော … ။ သူလည်း ထိုနည်းလည်းကောင်းပင်။
ညအိပ်ရာ ဝင်ခါနီး၍ မျက်နှာသစ်ချိန်သို့ ရောက်ရှိလာပြန်သည်။ အိမ်သို့ ပထမဆုံးအကြိမ် ရွှယ်ဟွား လာရောက်ခဲ့စဉ်က ကျွန်မ ခံစားခဲ့ရသော စိတ်ကသိကအောက် ဖြစ်မှုကို ပြန်လည် သတိရလာသည်။ ကျွန်မက သူ့ကို မျက်နှာ အလျင်သစ်ရန် အရိပ်အခြေ ပြလိုက်သော်လည်း သူက ငြင်းဆန်နေသည်။ အကယ်၍ ကျွန်မက ဦးအောင် မျက်နှာသစ်လိုက်လျှင် ရေက သူ့အတွက် သန့်တော့မည် မဟုတ်ပေ။ သို့သော် ရွှယ်ဟွားထံမှ စကားသံ ထွက်ပေါ်လာသည်။
“ငါတို့ အတူတူ သစ်ရအောင်လေ” ကျွန်မ၏ ‘တောင်သူအလုပ်’ နှင့် ကြီးမားသော စိတ်ဆန္ဒက ကျွန်မ လိုလားတောင့်တနေသော အသီးအပွင့်များကို ထုတ်လုပ်ပေးနေပြီ ဖြစ်ကြောင်း ကျွန်မ နားလည်လိုက်သည်။ ကျွန်မတို့၏ ကိုယ်များကို တစ်ပြိုင်နက်တည်း ကိုင်းညွှတ်လိုက်ပြီး လက်များကို ရေဇလုံထဲသို့ ပြိုင်တူနှစ်ကာ ကျွန်မတို့၏ မျက်နှာများပေါ်သို့ လက်ခုပ်ထဲမှ ရေဖြင့် တစ်ချိန်တည်း ဖြန်းပက်လိုက်ကြသည်။ သူက ကျွန်မကို တံတောင်နှင့် တို့လိုက်သည်။ ရေဇလုံထဲရှိ ရေပြင်ကို ငုံ့ကြည့်လိုက်သည့်အခါတွင် လှိုင်းတွန့်ကလေးများအကြား၌ ရောင်ပြန်ဟပ်နေသော ကျွန်မတို့၏ မျက်နှာနှစ်ခုကို မြင်နေရသည်။ ရေစက်ရေပေါက်များသည် သူ၏ မျက်နှာပြင်ပေါ်မှ တတောက်တောက် စီးကျနေသကဲ့သို့ ကျွန်မ၏ မျက်နှာပြင်ပေါ်မှလည်း ယိုစီးကျနေကြသည်။ သူက ရေဇလုံထဲမှ ရေအနည်းငယ်ကို လက်ခုတ်ဖြင့် ကော်ခပ်ပြီး ကျွန်မကို လှမ်းပက်သည်။ ထိုသို့ ရေဇလုံတစ်လုံးတည်းကို အတူတကွ မျှသုံးနေကြသည့် ထိုအခိုက်အတန့်၌ ကျွန်မ၏ လောင်ထုံးလည်း ကျွန်မကို ချစ်ကြောင်း ကျွန်မ နားလည်လိုက်သည်။