မာတိကာကြည့်ရန်

အခန်း (၁၁) အမှန်တရား

 

ပုံမှန်အားဖြင့် ဆိုလျှင် မင်္ဂလာဆောင်ပြီး စတုတ္ထမြောက်နေ့၌ ကျွန်မ ဖူးဝေသို့ ပြန်ခွင့်ရမည် ဖြစ်သည်။ သို့သော် ကျွန်မသည် ရွှယ်ဟွားအိမ်သို့ သွား၍ သူ၏ သီဆိုနှုတ်ဆက်ပွဲတွင် ပါဝင်ဆင်နွှဲနိုင်ရန် ဆန္ဒရှိနေခဲ့သည်။ ယခုအခါ သူ့ကို နောက်တစ်ကြိမ် တွေ့မြင်ရရန် နီးကပ်လာပြီ ဖြစ်၍ ယခင်ကထက် ပိုမို စိတ်လှုပ်ရှားနေမိသည်။ ကျွန်မ၏ ပုံမှန်ဝတ်စုံဖြစ်သည့် ဝါးရုံအဆင် ပန်းထိုးထားသော ရေညှိစိမ်းရောင် ပိုးအင်္ကျီနှင့် ဘောင်းဘီတို့ကို ဝတ်ဆင်ထားသည်။ ထုံးခိုရွာအတွင်း၌ တွေ့မြင်ရမည့် လမ်းသွားလမ်းလာ လူအများကိုသာမက အကြားဖြင့်သာ နှစ်ပေါင်းများစွာ ရင်းနှီးနေခဲ့ရသော ရွှယ်ဟွား၏ မိသားစုကိုပါ မိမိအပေါ် ကောင်းမွန်သော စိတ်သဘောထားများ ဖြစ်ပေါ်လာစေရန် ကျွန်မ တောင့်တနေခဲ့သည်။ ထုံးခိုရွာ၏ လမ်းများတစ်လျှောက်တွင် ယုံကမ်း – ကျွန်မ၏ အစေခံကောင်မလေး – က ကျွန်မကို ဦးဆောင် ခေါ်သွားသည်။ သူက ကျွန်မ၏ အဝတ်အစားများ၊ ပန်းထိုးချည်များ၊ အဝတ်စများနှင့် ရွှယ်ဟွားအတွက် ရည်ရွယ်ပြင်ဆင်ထားသော စန်းချောင်စာအုပ်ကို ခြင်းထဲထည့်ကာ သယ်လာပေးသည်။ ယုံကမ်း၏ လမ်းညွှန်ပေးမှုကို ရရှိသည့်အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိသော်လည်း အနားတွင် လူပိုတစ်ယောက် ရှိနေသည့်အတွက်တော့ စိတ်မသက်မသာ ဖြစ်နေမိသည်။ နေသားကျအောင် ကြိုးစားနေထိုင်ရမည့် အရာများထဲတွင် ၎င်းမှာ တစ်ခုအပါအဝင် ဖြစ်သည်။

ဖူးဝေနှင့် နှိုင်းယှဉ်ကြည့်လျှင် ထုံးခိုမှာ အဆမတန်ကြီးသော ရွာကြီးတစ်ရွာ ဖြစ်သည်။ အင်မတန်မှလည်း စည်ကားသည်။ လမ်းများကလည်း သန့်ရှင်းသပ်ရပ်ကြပြီး ဟိုဟိုဒီဒီ ဖြတ်သန်း သွားလာနေကြသော ကြက်ဘဲဝက်ခွေးတို့ကိုလည်း မတွေ့ရပေ။ ရွှယ်ဟွား ပြောပြခဲ့ဖူးသော အိမ်ပုံစံနှင့် အတော်လေး ဆင်တူသည့် အိမ်ကြီးတစ်လုံး၏ အရှေ့တွင် ကျွန်မတို့ ရပ်တန့်လိုက်ကြသည်။ အေးဆေးတည်ငြိမ်၍ လှပခန့်ညားသော နှစ်ထပ်တိုက်တစ်လုံး ဖြစ်သည်။ ဤရွာသို့ ရောက်ရှိနေသည်မှာ ရက်ပိုင်းသာ ရှိသေးသောကြောင့် ရွာ၏ ဓလေ့ထုံးစံများကို သင်ယူချိန် မရရှိသေးပါ။ သို့သော် တချို့ထုံးစံတို့မှာ ဖူးဝေ၏ ထုံးစံများနှင့် တထေရာတည်း တူညီနေကြသည်။ သူတစ်ပါးအိမ်သို့ ဧည့်သည်အဖြစ် ရောက်ရှိကြသည့်အခါတွင် ကျွန်မတို့က အိမ်ရှင်များကို အော်ခေါ်နှုတ်ဆက်ခြင်း၊ သို့မဟုတ် တံခါးခေါက်ခြင်းများ မပြုလုပ်ကြချေ။ ယုံကမ်းသည် အိမ်တံခါးမကြီးကို ဆွဲဖွင့်ကာ အိမ်ထဲသို့ လှမ်းဝင်သွားသည်။ ကျွန်မသည် သူ့အနောက်မှ ထပ်ကြပ်မကွာ လိုက်ဝင်သွားသည့်အခါတွင် ထူးဆန်းသည့် အနံ့တစ်မျိုးက ကျွန်မတို့ကို ရုတ်တရက် ဆီးကြို နှုတ်ဆက်လေတော့သည်။ မစင်ပုပ်နံ့နှင့် အသားပုပ်နံ့တို့ ရောစပ်ထားပြီး ၎င်းအပေါ်၌ အော်ဂလီဆန်ချင်စရာ ကောင်းသော ချိုမြမြ အနံ့တစ်မျိုးက ဖုံးအုပ်ထားသည်။ ၎င်းအနံ့၏ မူလဇာစ်မြစ်ကို ကျွန်မ မခန့်မှန်းတတ်သော်လည်း လူတစ်ယောက်ယောက်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်းကိုတော့ ကျွန်မ သိရှိနေသည်။ ကျွန်မ၏ အစာအိမ်က ပုန်ကန်ထကြွလာသည်။ သို့သော် ကျွန်မ၏ မျက်လုံးများက ပို၍ပင် အာဏာဖီဆန်နေကြသည်။ သူတို့ မြင်တွေ့နေရသော အရာများကို လက်သင့်ခံရန် ငြင်းဆန်နေကြသည်။

ဧည့်ခန်းဆောင်သည် ကျွန်မ၏ မိဘအိမ်ကထက် အဆမတန် ကြီးမားကျယ်ပြန့်သည်။ သို့သော် အတွင်းထဲ၌ ပရိဘောဂများက မရှိသလောက် နီးပါးနေသည်။ စားပွဲတစ်လုံးသာ မြင်ရ၍ ထိုင်ခုံများ မရှိ။ အမျိုးသမီးဆောင်သို့ တက်သွားနိုင်သည့် ကွေ့ကောက်သော လက်ရန်းတစ်ခုကို လှမ်းမြင်နေရသည်။ ကျွန်မ၏ မိဘအိမ်ရှိ ပစ္စည်းအဖုံဖုံထက် အရည်အသွေး သာလွန်ကောင်းမွန်ကြောင်း သိသာနေသည့် အနုပညာ လက်ရာမြောက်သော ၎င်းပစ္စည်းတချို့မှအပ တခြား ဘာမျှ မရှိချေ။ ယခုအခါ ဆောင်းဝင်တော့မည် ဖြစ်သောကြောင့် ရာသီဥတုက သိသိသာသာ အေးမြနေသည်။ သို့သော် မီးလင်းဖိုတွင်လည်း ဘာမီးမျှ မရှိ။ အခန်းကလည်း ညစ်ပတ်ပေရေနေသည်။ ကြမ်းပြင်ပေါ်တွင် စားကြွင်းစားကျန်များက ဟိုဟိုဒီဒီ ပြန့်ကျဲလျက်။ အိပ်ခန်းများသို့ ဦးတည်နေသည်ဟု ယူဆရသည့် တခြားသော တံခါးများကိုလည်း တွေ့မြင်နေရသည်။ အိမ်အပြင်ပန်းကို တွေ့မြင်ထားသော လမ်းသွားလမ်းလာ သူစိမ်းတစ်ဦးအတွက် ထင်မှတ်မထားသည့် မြင်ကွင်းတစ်ခု ဖြစ်နေသည့်အပြင် ရွှယ်ဟွား ပြောပြခဲ့ဖူးသော အခြေအနေနှင့်လည်း တက်တက်စင်အောင် ကွဲလွဲနေလေသည်။ အိမ်မှား၍ ဝင်ခဲ့မိခြင်းပေလော။

မျက်နှာကျက်အနီးရှိ ပြတင်းပေါက်များစွာထဲတွင် ပြတင်းပေါက်တစ်ပေါက်မှ လွဲ၍ ကျန်ပြတင်းပေါက်များ အားလုံးကို ပိတ်ထားကြသည်။ ထိုပြတင်းပေါက်မှ ဖြာကျလာသော အလင်းတန်းတစ်ခုက အမှောင်ထုကို နှစ်ပိုင်းပိုင်းထားသည်။ ထိုမှိုင်းပျပျ ညိုမှောင်မှောင် အရိပ်ထဲရှိ ရေဇလုံတစ်လုံးအနီး၌ ဆောင့်ကြောင့်ထိုင်နေသော အမျိုးသမီးကြီးတစ်ဦးကို တွေ့မြင်လိုက်ရသည်။ သူ၏ ကိုယ်ပေါ်တွင် ဆင်းရဲနုံချာသည့် တောင်သူတစ်ဦး၏ စုတ်ပြတ်ညစ်ထေးသော အဝတ်အစားများကို ဝတ်ဆင်ထားသည်။ ကျွန်မတို့ မျက်လုံးချင်း ဆုံမိကြသည်။ သူက သူ့အကြည့်ကို ချက်ချင်း ရှောင်လွှဲကာ မျက်နှာကို အောက်ချပြီး မတ်တတ်ထရပ်လိုက်သည်။ သူ၏ အသားအရေက ကြွေထည်ပစ္စည်းကဲ့သို့ ဝင်းပစိုပြေကာ လှပနေသည်။ သူက လက်ဆုပ်ချီကာ ကျွန်မကို အရိုအသေပြု နှုတ်ဆက်လိုက်သည်။

“ပိုင်ဟောရှောင်ကျယ် ထင်ပါရဲ့။ ကြိုဆိုပါတယ်ရှင်၊ ကြိုဆိုပါတယ်” သူက လေသံကို တိုးညင်းစွာ ပြောနေသည်။ လတ်တလော တိုးမြှင့်သွားသော ကျွန်မ၏ ဂုဏ်သိန်ရာထူးကြောင့်တော့ မဖြစ်နိုင်။ စိုးရွံ့ထိတ်လန့်မှုကြောင့်သာ ဖြစ်ရပေမည်။

“ခဏစောင့်ဦးနော်။ ရွှယ်ဟွားကို ခေါ်ပေးမယ်”

ယခု ကျွန်မ အကြီးအကျယ် တုန်လှုပ်ခြောက်ခြားသွားသည်။ ဤအိမ်သည် ရွှယ်ဟွား၏အိမ်သာ ဖြစ်ရပေတော့မည်။ လွဲစရာ မရှိတော့။ သို့သော် မည်သို့ ဖြစ်နိုင်ပါအံ့နည်း။ အခန်းကို ဖြတ်၍ လှေကားရှိရာသို့ လှမ်းလျှောက်သွားနေစဉ် ထိုအမျိုးသမီးကြီး၏ ရွှေရောင်လီလီများကို ကျွန်မ တွေ့လိုက်ရသည်။ ကျွန်မ၏ ခြေထောက်များကဲ့သို့ သေးသေးကွေးကွေးများသာ။ အခိုင်းအစေများထဲတွင် ထိုမျှ သေးကွေးသော ခြေထောက်မျိုးကို နောက်တစ်စုံရှာတွေ့ရန် ဖြစ်နိုင်မည် မဟုတ်ပေ။

ထိုအမျိုးသမီးကြီးက အပေါ်ထပ်မှ တစ်ယောက်ယောက်နှင့် စကားပြောနေသည်ကို ကျွန်မ ကြိုးစားပြီး နားထောင်ကြည့်နေသည်။ ကျွန်မနားကိုပင် ကျွန်မ မယုံနိုင်အောင် ဖြစ်သွားရသည်။ ဟုတ်၏။ ဂျစ်ကန်ကန်နိုင်သော၊ အငြင်းအခုန် သန်သော လေသံမျိုးဖြင့် ရွှယ်ဟွား၏ စကားသံကို ကြားလိုက်ရသည်။ ကျွန်မ တုန်လှုပ်သွားမိသည်။ ၎င်းမှာ ကျွန်မ၏ ခံစားချက်ပင် ဖြစ်သည်။ ကျွန်မ အကြီးအကျယ် တုန်လှုပ်သွားသည်။ ရင်းနှီးသော ၎င်းအသံကို ကြားလိုက်ရပြီးသည့်နောက်တွင် အိမ်ကြီးသည် ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်သွားပြန်သည်။ ၎င်းတိတ်ဆိတ်မှုကြောင့် ကျွန်မကိုယ်ကျွန်မ ငရဲပြည်သို့ ရောက်သွားသလားဟုပင် ထင်လိုက်မိသည်။ ကျွန်မ၏ ကိုယ်ခန္ဓာတစ်ခုလုံးက ထိုခံစားချက်ကို တွန်းလှန်နေသည့်နှယ်။ ကျွန်မ၏ အသားအရေများ ပြာနှမ်းလာကြသည်။ ရွှယ်ဟွား၏ မိဘများ သဘောကျ နှစ်ခြိုက်စေရန်အတွက် ဝတ်ဆင်လာခဲ့သော ရေညှိစိမ်းရောင် ပိုးထည်အောက်တွင် ကျွန်မ တဆတ်ဆတ် တုန်နေသည်။ ယခုလိုအချိန်မျိုးတွင် မည်မျှကောင်းသော အဝတ်အစားမျိုးကို ဝတ်ဆင်လာသည် ဖြစ်စေ၊ ပြတင်းပေါက်မှ ဖြတ်တိုက်လာသော လေစိမ်း သို့တည်းမဟုတ် ဤထူးဆန်းမှောင်မိုက်သော၊ နံစော် ကြောက်ရွံ့ဖွယ်ကောင်းသော နေရာမျိုးတွင် နေရသည့်အတွက် ဖြစ်ပေါ်လာသည့် စိုးရွံ့ထိတ်လန့်မှုဒဏ်ကို မည်သို့မျှ အကာအကွယ် ပေးနိုင်လိမ့်မည် မဟုတ်ပေ။

ရွှယ်ဟွား၏ ရုပ်သွင်က လှေကားထိပ်တွင် ထွက်ပေါ်လာသည်။

“အပေါ်တက်ခဲ့လေ”

ကျွန်မသည် နေရာတွင် မလှုပ်မယှက် ရပ်နေရင်း မိမိ၏ ခံစားချက်များကို ကြိတ်ချေနိုင်ရန် ကြိုးစားနေမိသည်။ ထိုစဉ် ကျွန်မ၏ အင်္ကျီစကို တစ်ယောက်ယောက်က လှမ်းဆွဲလိုက်သောကြောင့် ကျွန်မ၏ ခြေလှမ်းကို စတင်လိုက်သည်။

“ဒီလိုနေရာမျိုးမှာ သခင်မလေးကို ထားပစ်ခဲ့ရတာ လောင်ရဲသိရင် ကျွန်မကို ဆူလိမ့်မယ်” ယုံကမ်းက စိုးရွံ့သော အမူအရာဖြင့် ပြောလာသည်။

“ဒီကို လာမယ့်အကြောင်း လောင်ရဲသိပါတယ်” ကျွန်မက ဘာမျှ တွေးတောမနေဘဲ ပြန်ဖြေလိုက်သည်။

“ပိုင်ဟော” ရွှယ်ဟွား၏ လေသံက ဝမ်းနည်းကြေကွဲသံများ ရောစွက်နေသည်။ ထိုလေသံမျိုး ကျွန်မ တစ်ခါမျှ မကြားခဲ့စဖူး။

ထို့နောက် လွန်ခဲ့သော ရက်အနည်းငယ်က ဖြစ်ပွားခဲ့သော ပုံရိပ်တချို့သည် ကျွန်မ၏ ဦးနှောက်ထဲတွင် ထင်ဟပ်လာကြသည်။ မိန်းမတစ်ယောက်အနေဖြင့် အကျည်းတန်မှုတချို့ကို ရှောင်လွှဲ၍ မရနိုင်သောကြောင့် သတ္တိရှိရှိ ရင်ဆိုင်ရမည် ဖြစ်ကြောင်း မာမားက ကျွန်မကို ပြောခဲ့ဖူးသည်။

“တစ်သက်လုံး မခွဲတမ်း နေပါမယ်လို့ ကတိပေးထားပြီးပြီ ဆိုမှတော့ အဲဒီအတိုင်း ဖြစ်အောင် ညည်း ကြိုးစားနိုင်ရမယ်။ ညည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ မိန်းမကောင်းတစ်ယောက် ဖြစ်လာအောင် ကြိုးစား” သူက ဤသို့ ပြောခဲ့သည်။ မာမားသည် ဤစကားများကို ကျွန်မယောက်ျားအား ရည်ရွယ်၍ ပြောကြားခဲ့ခြင်း မဟုတ်ပေ။ လက်ရှိ တွေ့မြင်နေရသော ပစ္စက္ခအခြေအနေကို ရည်ရွယ်ခဲ့ခြင်းသာ ဖြစ်သည်။ ရွှယ်ဟွားသည် ကျွန်မ၏ တစ်ဘဝလုံးစာ လောင်ထုံးတစ်ယောက် ဖြစ်သည်။ သူ့အပေါ်တွင် ထားရှိသော နက်ရှိုင်းကြီးမားသည့် မေတ္တာသည် ကျွန်မခင်ပွန်း ဖြစ်လာသည့် ယောက်ျားတစ်ယောက်အပေါ် ထားရှိသော ခံစားချက်ထက်ပင် အပုံကြီး သာလွန်နေသည်။ ကျွန်မတို့မှာ စစ်မှန်သော ရေမရောသော လောင်ထုံးများ ဖြစ်ကြသည်။

ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သောအခါတွင် ယုံကမ်း၏ သက်ပြင်းချသံ သဲ့သဲ့ကို ကြားလိုက်ရသည်။ ကျွန်မ ဘာဆက်လုပ်ရမှန်း မသိတော့ပေ။ ယခင်က အစေခံများနှင့် တစ်ချိန်တစ်ခါမျှ ဆက်ဆံဖူးခဲ့သည်မှ မဟုတ်ဘဲ။ ကျွန်မက ယုံကမ်း၏ ပခုံးကို ပုတ်ပြီး တုံ့ဆိုင်းဆိုင်းလေသံဖြင့် ပြောလိုက်သည်။

“ကဲ … ညည်းပြန်တော့” ကျွန်မက ကိုယ့်ကိုယ်ကိုယ် သခင်မတစ်ယောက်ပုံ ပေါက်အောင် ကြိုးစားပြုမူလိုက်ရသည်။

“ငါ ဒီမှာ အဆင်ပြေမှာပါ”

“တကယ်လို့ အကြောင်းတစ်ခုခုကြောင့် အိမ်ပြန်ချင်တယ် ဆိုရင်လည်း အိမ်အပြင်ကိုသာ ရောက်အောင် ထွက်ပြီး တွေ့တဲ့သူကို အကူအညီ တောင်းလိုက်ပါ” ယုံကမ်းက စိုးရိမ်ဆဲ အကြည့်များနှင့် အကြံပြုနေသည်။

“ဒီမှာက လူးလောင်ရဲတို့ကို မသိတဲ့သူ ဘယ်သူမှ မရှိဘူး။ သူတို့က သခင်မလေးကို လူးအိမ်တော်ရောက်အောင် လိုက်ပို့ပေးပါလိမ့်မယ်”

ကျွန်မသည် သူ့လက်ထဲမှ လက်ဆွဲခြင်းကို လှမ်းယူလိုက်သည်။ သူက ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ တုတ်တုတ်မျှ မလှုပ်ဘဲ ရပ်နေသောကြောင့် သူ့ကို ပြန်သွားနိုင်ပြီ ဖြစ်ကြောင်း ခေါင်းဆတ်ပြလိုက်သည်။ သူလည်း မတတ်နိုင်သည့်အဆုံး သက်ပြင်းချ၍ ဦးညွတ်အရိုအသေ ပြုပြီး တံခါးဝဆီသို့ ထွက်ခွာသွားလေတော့သည်။

လက်ဆွဲခြင်းကို လက်ထဲတွင် မြဲမြဲဆုပ်ကိုင်ထားလျက် ကျွန်မ လှေကားများပေါ်သို့ လှမ်းတက်ခဲ့လိုက်သည်။ ရွှယ်ဟွားအနားသို့ ရောက်သည့်အခါတွင် မျက်ရည်များနှင့် စိုစိုရွှဲနေသော သူ့ပါးပြင်များကို တွေ့မြင်လိုက်ရသည်။ သူသည် အစေခံမိန်းမများကဲ့သို့ ပုံပန်းမကျ၊ အဖာရာ ဗရပျစ်နှင့် မီးခိုးရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ ကျွန်မသည် အပေါ်ထပ်သို့ မရောက်မီ လှေကားတစ်ထစ်အလိုတွင် ရပ်တန့်ကာ သူ့ကို လှမ်းပြောလိုက်သည်။

“ဘာမှ ပြောင်းလဲမသွားပါဘူး။ ငါတို့က လောင်ထုံးတွေပဲဟာ”

သူက ကျွန်မလက်ကို လှမ်းကိုင်ကာ နောက်ဆုံးတစ်ဆင့် လှမ်းတက်နိုင်အောင် ဖေးကူပေးလေသည်။ ထို့နောက် အမျိုးသမီးဆောင်ထဲသို့ နှစ်ယောက်သား လှမ်းဝင်သွားကြသည်။ ဤနေရာသည် တစ်ချိန်တစ်ခါက အင်မတန်မှ စိုပြေသာယာခဲ့သော ခန်းဆောင်တစ်ခု ဖြစ်ခဲ့ရမည်ဟု ကျွန်မ အတပ်ပြောနိုင်သည်။ ဤအခန်းသည် ကျွန်မ၏ မိဘအိမ်ကထက် နှစ်ဆမျှ ပိုကြီးပြီး ပြတင်းကျည်းပေါင်များပေါ်တွင် ထွင်းထုထားသော ပန်းပုလက်ရာများသည် အနုစိတ်၍ လက်ရာမြောက်လှသည်။ သို့သော်လည်း ယခုအခါတွင်မူ ဤအခန်းထဲ၌ ခြေနင်း ချည်ရစ်ဘီးတစ်စင်းနှင့် ခုတင်တစ်လုံးမှ လွဲ၍ ဘာမျှ မရှိတော့ပေ။ အောက်ထပ်၌ တွေ့ခဲ့ရသည့် လှပသော အမျိုးသမီးကြီးသည် သူ့လက်နှစ်ဘက်ကို ပေါင်ပေါ်တွင် ပိရိသေသပ်စွာ ယှက်တင်လျက် ခုတင်စွန်း၌ ကျက်သရေရှိစွာ ထိုင်နေလေသည်။ သူ၏ ကိုယ်ပေါ်မှ တောင်သူ အဝတ်အစားများက သူ၏ ဂုဏ်သရေကို ဖုံးဖိထားစွမ်း မရှိကြချေ။

“ပိုင်ဟော” ရွှယ်ဟွားက ပြောသည်။

“ဒါက ငါ့မာမားလေ”

ကျွန်မသည် အရှေ့သို့ တိုးသွားကာ ကျွန်မ၏ လောင်ထုံးကို ဤကမ္ဘာမြေသို့ ပို့ဆောင်ပေးခဲ့သူအား ဦးညွှတ်၍ အရိုအသေ ပြုလိုက်သည်။

“ဧည့်ဝတ်မကျေတာ ရှိရင် သည်းခံပေးပါကွယ်။ သမီးကို ရေနွေးကြမ်းနဲ့ပဲ ဧည့်ခံနိုင်လိမ့်မယ်” ရွှယ်ဟွား၏ မာမားက ပြောပြီး မတ်တတ်ရပ်လိုက်သည်။

“ညည်းတို့နှစ်ယောက်လည်း ပြောစရာ စကားတွေ အများကြီး ရှိနေမှာပဲ” ပြောပြီး အခန်းထဲမှ လှုပ်လီလှုပ်လဲ့ဖြင့် ထွက်ခွာသွားလေသည်။ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းက ဣန္ဒြေသိက္ခာအပြည့်ဖြင့် ပနံရလှပေသည်။

မိဘအိမ်မှ ထွက်ခွာလာခဲ့ရသည့် လွန်ခဲ့သော ၄ ရက်က ကျွန်မသည် မျက်ရည်လည်ရွှဲ ဖြစ်နေခဲ့သည်။ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်းနှင့် ကြောက်ရွံခြင်းတို့က ကျွန်မကို တက်ညီလက်ညီ နှိပ်စက်လွှမ်းမိုးနေခဲ့ကြသည်။ ယခုသော် ရွှယ်ဟွား၏ ခုတင်ပေါ်၌ ကျွန်မ ထိုင်နေရပြီ။ လိပ်ပြာမလုံခြင်း၊ ရှက်ရွံ့ခြင်း၊ စိတ်ကသိကအောက်ဖြစ်မှုနှင့် နောင်တတရားတို့ကြောင့် ကျဆင်းလာရသည့် မျက်ရည်များကို သူ၏ ပါးပြင်ထက်၌ တွေ့မြင်နေရသည်။

“ငါ့ကို အမှန်အတိုင်း ပြောပြစမ်းပါဟာ” ဟု ကျွန်မ သူ့ကို အော်ပြောလိုက်ချင်သည်။ သို့သော်လည်း သူ့နှုတ်ဖျားမှ အလိုလို ထွက်ကျလာမည့် အမှန်တရားကို ကျွန်မ အသာအကြည် ငံ့လင့်နေမိသည်။ ရွှယ်ဟွား၏ နှုတ်ခမ်းဖျားမှ ထွက်ကျလာမည့် စကားလုံးတိုင်းသည် သူ၏ မရှိမဲ့ရှိမဲ့ ဂုဏ်သိက္ခာများကို ချိုးဖဲ့ တိုက်စားပစ်လိုက်သည် မဟုတ်ပါလား။

“နင်နဲ့ငါ မတွေ့ဖူးခင် ဟိုးအရင်ကဆိုရင်” နောက်ဆုံးတော့ ရွှယ်ဟွားထံမှ စကားသံ ထွက်ပေါ်လာသည်။

“ငါတို့မိသားစုက ဒီခရိုင်မှာ အချမ်းသာဆုံး မိသားစုတွေထဲက တစ်စုပေါ့ဟာ။ နင် ခန့်မှန်းကြည့်လို့ ရနိုင်ပါတယ်” ဟာလာဟင်းလင်း ဖြစ်နေသော ဘေးဘီဝန်းကျင်သို့ အားကိုးရာမဲ့စွာ သူ ငေးကြည့်နေသည်။

“တစ်ချိန်ကတော့ သိပ်ကို ခမ်းနားကြီးကျယ်ခဲ့တာပေါ့။ အဲဒီတုန်းကဆိုရင် ငါတို့မှာ ဘာမှ လိုလေးသေးမရှိအောင်ကိုပဲ ပြီးပြည့်စုံခဲ့ကြတယ်။ ငါ့ရဲ့ အဘေးက နန်းတွင်းပညာရှိကြီးလေ။ ဒီတော့ ဘုရင်မင်းမြတ်က သူ့ကို လယ်မြေကောင်းတွေ မူပေါင်းများစွာ ပေးသနားတော်မူထားတာပေါ့”

ကျွန်မ တိတ်တဆိတ် နားထောင်နေသည်။ အတွေးများကတော့ ချာချာလည်လျက်။

“အဲဒီဘုရင်ကြီး နတ်ရွာစံသွားပြီးတဲ့နောက်မှာ ငါ့ရဲ့ အဘေးတော်လည်း အရင်လို မျက်နှာသာ အပေးမခံရတာနဲ့ ရာထူးကနေ အနားယူပြီး ဇာတိရွာကို ပြန်လာခဲ့တယ်။ သူ့ဘဝက အေးအေးသာသာပါပဲ။ သူ ကွယ်လွန်သွားပြီးတဲ့နောက်မှာတော့ သူ့သားဖြစ်တဲ့ ငါ့အဘိုးက ပိုင်ဆိုင်မှုတွေကို လက်လွှဲရယူတယ်။ ငါ့အဘိုးမှာ အလုပ်သမားတွေ အများကြီးနဲ့ အစေခံတွေ အများကြီး ရှိတယ်။ သူ့မှာ မယားသုံးယောက်တောင် ရှိတယ် ဆိုပေမယ့် အကုန်လုံးက သူ့အတွက် သမီးတွေချည်းပဲ မွေးပေးခဲ့ကြတယ်။ နောက်ဆုံးတော့ ငါ့ရဲ့အဘွားက သားတစ်ယောက် မွေးပေးနိုင်ခဲ့လို့ အဲဒီအိမ်မှာ ဂုဏ်သိက္ခာတက်ခဲ့ရတာပေါ့။ သူတို့က ငါ့မာမားကို အဲဒီသားနဲ့ အိမ်ထောင်ချပေးကြတယ်။ ရွာထဲက လူတွေက မာမားကို ဟူးယွီရှုတ်နဲ့ တူတယ်လို့ ချီးကျူးကြတယ်လေ။ ဟူးယွီရှုတ် ဆိုတာက သိပ်ကို ကိုယ်စွမ်းကိုယ်စ ရှိပြီး ကျက်သရေ မင်္ဂလာနဲ့ ပြည့်စုံလို့ ဘုရင်မင်းမြတ်ကတောင် အရူးအမူး ဖြစ်ခဲ့ရတဲ့ မိန်းမလှတစ်ဦးကိုး။ ငါ့ပါပါးက နန်းတွင်းပညာရှိတစ်ယောက် မဟုတ်ပေမယ့် ဂန္ထဝင်စာပေတွေကို နှံ့စပ်ကျွမ်းကျင်တဲ့ လူတစ်ယောက်ပါပဲ။ ဒါကြောင့်လည်း လူတွေက သူ့ကို ထုံးခိုရဲ့ ရွာသူကြီးဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးခဲ့ကြတာပေါ့။ မာမားကလည်း အဲဒီလိုပဲ ယုံကြည်ခဲ့တာလေ။ ဒါပေမယ့် အဲဒီလို မမြင်ကြတဲ့ လူတွေကလည်း ရှိသေးတာပဲ။ ပါပါးက ဒီအိမ်မှာ တစ်ဦးတည်းသော သားယောက်ျားလေး ဆိုတော့ နှမတွေအများကြီးနဲ့ မောင်းမတွေ အများကြီးကြားထဲမှာ ကြီးပြင်းလာခဲ့ရတာ မဟုတ်လား။ ဒီတော့ မိန်းမတွေအကြားမှာ ကြီးပြင်းလာရတဲ့ ပါပါးဟာ ပျော့ညံ့တဲ့ ယောက်ျားတစ်ယောက် ဖြစ်နေတယ်ဆိုတာကို ငါ့အဘိုးအဘွားတွေက ရိပ်စားမိကြတယ်။ ငါ့ရဲ့ စိန်စိန်းကလည်း သူ့ကို သရဲဘောကြောင်တဲ့သူ၊ မကောင်းမှု ဒုစရိုက်မှာ ပျော်မွေ့တဲ့သူလို့ ယူဆထားတာ”

အတိတ်ကာလ၏ အကြောင်းဗျုပ္ပတ်များကို ပြန်ပြောနေစဉ် ရွှယ်ဟွား၏ မျက်လုံးများသည် ဟိုးအဝေးတစ်နေရာသို့ ငေးမျှော်ကြည့်နေကြသည်။

“ငါ့ကိုမွေးပြီး နှစ်နှစ်ကြာတော့ ငါ့အဘိုးအဘွားတွေလည်း ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားကြတယ်” သူက စကားကို ဆက်သည်။

“ငါတို့ မိသားစုမှာ လိုချင်တာ အကုန် ရှိတယ်။ အဝတ်အစားတွေ၊ အစားအသောက်တွေ၊ အိမ်စေအလုပ်သမားတွေ အားလုံး အလျှံပယ် ရှိတယ်။ ပါပါးက ခရီးထွက်ရင် ငါ့ကို ခေါ်သွားတတ်တယ်။ မာမားက ငါ့ကို ကူဖောဘုရားကျောင်းကို ခေါ်သွားတတ်တယ်။ ငါ ကလေးဘဝတုန်းက အများကြီး မြင်ခဲ့ရ၊ အများကြီး သင်ယူခဲ့ရတယ်။ ဒါပေမယ့် ပါပါးက အဘိုးရဲ့ မယားသုံးယောက်ကိုလည်း စောင့်ရှောက်ပေးထားရတယ်။ နောက်ပြီး သူ့ရဲ့ နှမအရင်းအချာ လေးယောက်နဲ့ သူ့မိထွေးတွေကနေ ပေါက်ဖွားလာကြတဲ့ ဖအေတူ မအေကွဲနှမ ငါးယောက်ကိုလည်း တင့်တောင်းတင့်တယ် အိမ်ထောင်ချပေးနိုင်ဖို့ စီမံပေးခဲ့ရသေးတယ်။ ပြီးတော့ သူက သူ့ရဲ့ လယ်လုပ်သားတွေနဲ့ အိမ်စေတွေအတွက် နေအိမ်တွေ၊ စားစရာတွေနဲ့ အလုပ်အကိုင်တွေ လိုလေးသေးမရှိအောင် စီမံပေးရသေးတာ။ သူ့ရဲ့ နှမရင်းတွေနဲ့ ဖအေတူ မအေကွဲ နှမတွေကို သင့်လျော်တဲ့ အိမ်ထောင်ဖက်တွေနဲ့ နေရာချပေးနိုင်ခဲ့တယ်။ ပါပါးက လူတကာအရှေ့မှာ သူ့ကိုယ်သူ စွမ်းဆောင်ရှင်ကြီးတစ်ယောက်လို နေပြချင်တာလေ။ ခန်းဝင်ကြေးတွေကလည်း ရှေ့ရှေ့ မင်္ဂလာဆောင်တစ်ခုထက် နောက်နောက် မင်္ဂလာဆောင်က ပိုပိုပြီး တရားလွန် လက်ဖွာလာခဲ့တယ်။ ဒါနဲ့ပဲ ငါတို့ပိုင်ခဲ့တဲ့ လယ်ကွက်တွေကို လယ်ပိုင်ရှင်ကြီး တစ်ယောက်ဆီမှာ တတိတိ ရောင်းထုတ်လာရတော့တာပေါ့။ ဒါမှလည်း သတို့သမီးရဲ့ ခန်းဝင်ကြေးအတွက် ပိုးထည်တွေနဲ့ ဝက်တွေ များများစားစား ဝယ်နိုင်မှာကိုး။ ငါ့မာမားက နင်တွေ့တဲ့အတိုင်းပဲ သိပ်ကို လှတယ်။ အပြင်ပန်းတင် မကဘဲ အတွင်းစိတ်ကလည်း အဲဒီလို လှနေတာပဲ။ နင်နဲ့ မတွေ့ခင်က ငါ ဖြစ်နေခဲ့တဲ့ ပုံစံအတိုင်းပဲ၊ သူက အလိုလိုက်ပြီး ဖူးဖူးမှုတ် ခံထားရတယ်။ ဇာထိုးပန်းထိုးနဲ့ နွီစူးက လွဲလို့ မိန်းမတွေရဲ့ အိမ်မှုကိစ္စအကြောင်းကို သူက ဘာမှ သိတာမဟုတ်ဘူး။ ပြီးတော့လည်း ပါပါးက …” ရွှယ်ဟွားသည် တဒင်္ဂမျှ တုံ့ဆိုင်းသွားပြီးနောက် စဉ်းစားမနေတော့ဘဲ ပြောချပစ်လိုက်သည်။

“ပါပါးက ဆေးပြောင်းလဲ ရှူသေးတယ်လေ”

ရွှယ်ဟွား၏ မိသားစုနှင့် ပတ်သက်၍ အောင်သွယ်တော်ကောင်း၏ ခနဲ့တဲ့တဲ့ ပြောစကားများကို ကျွန်မ ပြန်လည် ကြားယောင်လာသည်။ ရွှယ်ဟွား၏ ဖခင်သည် လောင်းကစားများနှင့်သာ အချိန်ကုန်နေတတ်ပြီး မယားငယ်များ ယူခြင်းနှင့် ဆေးပြောင်းသောက်ရှူခြင်း စသည့် အကြောင်းတို့ကိုလည်း သူ ပြောခဲ့ဖူးသည်။ ထိုစဉ်က ကျွန်မမှာ ၉ နှစ်အရွယ်သာ ရှိသေးသောကြောင့် ဆေးပြောင်းရှူခြင်းကို ဆေးလိပ်အလွန်အကျွံ သောက်ခြင်း ဟူ၍သာ ယူဆထားခဲ့သည်။ ရွှယ်ဟွား၏ ဖခင်မှာ ဘိန်းစားတစ်ယောက်၊ အာဖျံကွီးတစ်ယောက် ဖြစ်နေကြောင်းကို ယခုမှ ကျွန်မ သဘောပေါက် နားလည်လာသည်။ ထို့အပြင် ထိုနေ့က အောင်သွယ်တော်ကောင်း ပြောခဲ့သည့် စကားလုံး၏ အဓိပ္ပာယ်ကို ကျွန်မမှလွဲ၍ အမျိုးသမီးဆောင်အတွင်းရှိ လူတိုင်းက နားလည်ထားပြီး ဖြစ်ကြောင်းကိုလည်း ကျွန်မ ယခုမှ သဘောပေါက်လာရသည်။ ကျွန်မ၏ မာမား သိနေခဲ့သည်။ စိန်စိန်းလည်း သိနေခဲ့သည်။ အောင်သွယ်တော်ဝမ်လည်း သိနေခဲ့သည်။ သူတို့အားလုံး သိနေခဲ့ကြသော်ငြားလည်း ၎င်းဗဟုသုတကို ကျွန်မအား မပြောပြသင့်ကြောင်း သူတို့အားလုံးက တိတ်တဆိတ် သဘောတူထားကြသည်။

“နင့်ပါပါးက အခု ရှိသေးတယ် မဟုတ်လား” ကျွန်မ မရဲတရဲ မေးလိုက်သည်။ မှန်၏။ အကယ်၍သာ သူ ကွယ်လွန်သွားခဲ့ပြီး ဖြစ်လျှင် သူ ကျွန်မကို အစောကြီးကတည်းက ပြောပြထားပေလိမ့်မည်။ သို့သော် သူ ကျွန်မကို ပြောခဲ့ဖူးသော မုသားစကားက နည်းနည်းနောနော မဟုတ်လား။ ယခုကိစ္စကိုလည်း အမှန်အတိုင်း မပြောဘဲ ထိန်ချန်ထားခဲ့ခြင်းလည်း ဖြစ်နိုင်သည်။

ရွှယ်ဟွားက ခေါင်းကို ညိတ်ပြပြီး ဘာမျှ ဆက်မပြောတော့ပေ။

“သူက အောက်ထပ်မှာလား” အိမ်ခန်းမထဲ၌ လွှမ်းမိုးအုပ်စိုးနေသည့် ထူးဆန်းဖွယ် အော်ကလီဆန်စရာ အနံ့အသက်ကို ကျွန်မ သတိရသွားသည်။

သူက မလှုပ်မယှက် တောင့်တောင့်ကြီး ထိုင်နေသည်။ ထို့နောက် သူက သူ့မျက်ခုံးများကို ပင့်တင်လိုက်သည်။ ကျွန်မ၏ အမေးကို ဟုတ်ပါသည်ဟူ၍ ဤနည်းဖြင့် ပြန်လည် ဖြေကြားလိုက်သည်ဟု ကျွန်မ ယူဆလိုက်သည်။

“ငါတို့ ဘဝကံကြမ္မာရဲ့ အပြောင်းအလဲက သရောကြီးခိုင်းတာကနေ စတာပဲ” ရွှယ်ဟွားက စကားဆက်သည်။

“နင် မှတ်မိသေးတယ် မဟုတ်လား။ ငါတို့ အဲဒီတုန်းက မတွေ့ဖူးကြသေးဘူး။ အဲဒီနှစ်က မိုးခေါင်လို့ အသီးအနှံတွေ မဖြစ်ရတဲ့ကြားထဲ ဆောင်းတွင်းမှာပါ နှင်းတွေထူလို့ အသီးအနှံတွေ ပျက်စီးကြရတာလေ”

ကျွန်မ မည်သို့ မေ့ဖျောက်နိုင်ပါမည်နည်း။ ထိုစဉ်က ကျွန်မတို့ စားခဲ့ရသော အကောင်းဆုံး အစားအစာမှာ တရုတ်မုန်လာခြောက်ကို ဆန်ပြုတ်နှင့် ရောကျိုသောက်ရခြင်း ဖြစ်သည်။ မာမားအနေဖြင့် ထိုသို့ မချွေတာ၍လည်း မဖြစ်။ ပါပါးနှင့် စူးစူတို့ကလည်း တတ်နိုင်သလောက် အစာမစားဘဲ နေခဲ့ကြသည်။ ကံကောင်းထောက်မစွာဖြင့် ကျွန်မတို့အားလုံး ထိုဒုဗ္ဘိက္ခန္တရကပ်ကို ဖြတ်ကျော်နိုင်ခဲ့ကြသည်။

“ပါပါးက ကြိုတင်ပြင်ဆင်မှု ဘာမှ မလုပ်ခဲ့ဘူးလေ။ သူက သူ့ဆေးပြောင်းကိုပဲ ရှူနေပြီး ငါတို့အားလုံးကို မေ့ပစ်ထားတယ်။ တစ်နေ့တော့ ငါ့အဘိုးရဲ့ မယားငယ်တွေအားလုံး အိမ်ကနေ ထွက်သွားကြတယ်။ သူတို့ရဲ့ ဇာတိရွာကို ပြန်ကြတာ ဖြစ်မှာပေါ့။ ဒါမှမဟုတ်လည်း နှင်းတောထဲမှာ သေကုန်ကြတာ ဖြစ်မယ်။ ဘယ်သူမှ မသိနိုင်ကြဘူးလေ။ နွေဦးရောက်တဲ့ အချိန်မှာတော့ အိမ်ထဲမှာ ငါ့မိဘတွေရယ်၊ ငါ့အစ်ကိုနှစ်ယောက်ရယ်၊ ငါ့ညီမနှစ်ယောက်ရယ်နဲ့ ငါရယ်ပဲ ကျန်တော့တယ်။ အပြင်ပန်းမှာတော့ ငါတို့ရဲ့ ဘဝတွေက အများအားကျ ဂုဏ်ယူစရာပေါ့။ ဒါပေမယ့် တကယ့် လက်တွေ့မှာကျတော့ အကြွေးရှင်တွေက ငါ့တို့အိမ်ကို ပုံမှန်ဝင်ထွက်နေကြပြီ။ ပါပါးက လယ်ကွက်တွေ အားလုံးကို ရောင်းထုတ်ပစ်လိုက်ရတယ်။ နောက်ဆုံးတော့ ဒီတစ်အိမ်ပဲ ကျန်တော့တာပေါ့။ ဒါတောင် သူက ငါတို့အားလုံးထက် သူ့ဆေးပြောင်းကိုပဲ ပိုပြီး သံယောဇဉ် ရှိပုံရတယ်။ အို … ပိုင်ဟောရယ်၊ အိမ်မှာရှိခဲ့တဲ့ ပရိဘောဂပစ္စည်းတွေ အားလုံးက ဘယ်လောက်တောင် လှနေမလဲဆိုတာ နင် စိတ်ကူးကြည့်လို့တောင် ရနိုင်မယ် မထင်ဘူး။ အဲဒီပစ္စည်းတွေကို သူ ပေါင်မပစ်ခင်တုန်းက ငါ့ကိုတောင် ရောင်းပစ်ဖို့ စိတ်ကူးခဲ့သေးတာ”

“အိမ်စေအဖြစ်နဲ့ ရောင်းပစ်မလို့လား”

“ပိုဆိုးတာပေါ့။ မွေးစားချွေးမအဖြစ်နဲ့လေ”

ကျွန်မ စိတ်ကူးဖြင့်ပင် တွေးမကြည့်ဝံ့သည့် အဆိုးရွားဆုံးသော အကြောင်းအရာ ဖြစ်သည်။ သင့်ကို ခြေထောက်စည်းမပေးဘဲ သင်သည် သူစိမ်းတို့၏ အလယ်၌ ကြီးပြင်းလာရပေမည်။ ထိုမိသားစုက ချွေးမတစ်ယောက်ကို တရားဝင် ထိမ်းမြားလက်ထပ်ယူလိုခြင်း မရှိလောက်အောင် အောက်တန်းကျပြီး သင့်ကို အစေခံတစ်ယောက်ထက်ပင် နှိမ့်ချ ဆက်ဆံကြပေလိမ့်မည်။ ယခုအခါတွင် ကျွန်မကိုယ်တိုင် အိမ်ထောင်ကျနေပြီးပြီ ဖြစ်သောကြောင့် ၎င်းဘဝ၏ ဆိုးယုတ်နိမ့်ကျပုံကို ကျွန်မ ကောင်းစွာ နားလည်သဘောပေါက်နေသည်။ အကယ်၍ သင်သည် မွေးစားချွေးမအဖြစ် အရောင်းချခံရမည် ဆိုပါက သင် အရွယ်ရောက်သည့်အခါ၌ သင်သည် ဤအိမ်ရှိ ယောက်ျားအားလုံး၏ လိင်ကျွန်အဖြစ် ဆက်ဆံခံရခြင်းထက် ဘာမျှ မပိုနိုင်တော့ပေ။

“ငါတို့ညီအစ်မတွေကို ငါ့မာမားရဲ့ ညီမက ကယ်တင်ပေးခဲ့တာပဲ” ရွှယ်ဟွားက ဆက်ပြောသည်။

“နင်နဲ့ငါ လောင်ထုံးတွေ မဖြစ်ကြခင်က ငါ့တာ့ကျယ်အတွက် အိမ်ထောင်ဖက်တစ်ယောက် သူ ရှာပေးခဲ့တယ်။ တာ့ကျယ်က အဲဒီတုန်းကတည်းက စပြီး တစ်ခါမှ အိမ်ကို ပြန်မလာတော့ဘူး။ ပြီးတော့ စိန်စိန်းက တာ့ကောကို ပညာသင်အဖြစ်နဲ့ မြို့ကြီးတစ်မြို့ကို ပို့လိုက်တယ်။ ဒီနေ့ ငါ့မောင်ငယ်က နင့်ယောက်ျားရဲ့ မိသားစုပိုင်တဲ့ လယ်တွေမှာ အလုပ်ဝင်နေတယ်။ ငါ့ရဲ့ ညီမကတော့ နင်သိတဲ့အတိုင်းပဲ ဆုံးသွားရှာပြီ”

သို့သော် တစ်ခါမျှ မမြင်ဖူးခဲ့သော လူများအကြောင်းကို ကျွန်မ စိုးစဉ်းမျှ စိတ်မဝင်စားပါ။ ထို့အပြင် ယခင်က ကျွန်မ ကြားခဲ့ဖူးသမျှမှာလည်း မုသားများသာ ဖြစ်နေခဲ့သည်။

“ဒါဆို နင်ကရော”

“စိန်စိန်းက ငါ့ရဲ့ အနာဂတ်ကို ကတ်ကြေးတွေ၊ ပတ်တီးစတွေနဲ့ ပြောင်းပစ်ခဲ့တယ်။ ပါပါးက ကန့်ကွက်ပါသေးတယ်။ ဒါပေမယ့် နင်သိတဲ့အတိုင်းပဲလေ။ ဝမ်းစိန်စိန်းက ဆုံးဖြတ်ချက်တစ်ခုကို ချထားပြီးပြီ ဆိုရင် ဘယ်သူကမှ သူ့ကို ဆုံးဖြတ်ချက် ပြောင်းသွားအောင် မလုပ်နိုင်ကြဘူး”

“ဝမ်းစိန်စိန်း …” ကျွန်မ၏အတွေးများ ရှုပ်ထွေးကုန်သည်။

“နင်ပြောနေတာက ငါတို့ရဲ့ ဝမ်းစိန်စိန်းလား။ ဟိုအောင်သွယ်တော်ကြီးလေ”

“ဟုတ်တယ်။ သူက ငါ့မာမားရဲ့ ညီမပဲ”

ကျွန်မ၏ နားထင်များကို လက်ချောင်းများဖြင့် ဖိထားလိုက်မိသည်။ ရွှယ်ဟွားနှင့် ပထမဆုံးအကြိမ် တွေ့ဆုံကြပြီးနောက် ကျွန်မတို့ ကူဖောဘုရားကျောင်းသို့ သွားရောက်ခဲ့စဉ်အခါက သူသည် အောင်သွယ်တော်ကြီးကို စိန်စိန်းဟု ခေါ်ဝေါ်ခဲ့သည်။ ထိုသို့ ခေါ်ဝေါ်ခြင်းမှာ လေးစားသမှုဖြင့် ခေါ်ဝေါ်ခဲ့ခြင်းသာ ဖြစ်သည်ဟု ကျွန်မ အထင်ရောက်ခဲ့သည်။ ထို့ကြောင့်လည်း ကျွန်မက အောင်သွယ်တော်ဝမ်နှင့် စကားပြောသည့်အခါတိုင်းတွင် လေးစားသမှုဖြင့် စိန်စိန်းဟု သူ့ကို အာလုပ်ပြုခဲ့သည်။ အတော်ပင် ရူးသွပ်မိုက်မဲခဲ့လေစွ။

“နင် ငါ့ကို တစ်ခါမှ မပြောပြဖူးဘူးနော်” ကျွန်မက ပြောလိုက်သည်။

“ဝမ်းစိန်စိန်းအကြောင်းလား။ နင် သိထားပြီးသားလို့ ငါ ထင်နေတာ”

‘နင် သိထားပြီးသားလို့ ငါ ထင်နေတာ’ ဤစကားကို နားလည်နိုင်ရန် ကျွန်မ ကြိုးစားနေရသည်။

“ပါပါးအပေါ် မြင်တဲ့ ဝမ်းစိန်စိန်းရဲ့ အမြင်တွေက မှန်တယ်လို့ ပြောရမယ်” ရွှယ်ဟွားက စကားဆက်သည်။

“ပါပါးက ပျော့ညံ့တဲ့ လူတစ်ယောက် ဆိုတာကို သူက နားလည်ထားတယ်။ နောက်ပြီး သူက ငါ့အကြောင်းကိုလည်း နားလည်ထားပြန်တယ်။ ငါက အမိန့်နာခံတတ်တဲ့ လူတစ်ယောက် မဟုတ်ဘူး။ ပတ်ဝန်းကျင်ကိုလည်း စိတ်ဝင်စားလေ့ မရှိဘူး။ နောက်ပြီး အိမ်မှုကိစ္စတွေမှာလည်း သုံးစားလို့ မရဘူးဆိုတာ သူ သိနေတယ်။ မာမားက ငါ့ကို ဇာထိုးပန်းထိုး ဘယ်လို လုပ်ရမလဲ၊ ဘယ်လို ဝတ်စားရမလဲ၊ ယောက်ျားတွေ အရှေ့မှာ ဘယ်လို ပြုမူနေထိုင်ရမလဲ၊ နွီစူးကို ဘယ်လို ရေးဖတ်ရလဲ ဆိုတာတွေလောက်ပဲ သင်ပေးနိုင်တာ။ စိန်စိန်းက မိန်းမသားတစ်ယောက် ဆိုပေမယ့် အောင်သွယ်တော်တစ်ယောက်အနေနဲ့ စီးပွားရေးလာဘ်မြင်တယ်။ ငါတို့မိသားစုနဲ့ ငါ့ရဲ့ ကံကြမ္မာက ဘယ်ဘက်ကို ဦးတည်နေသလဲ ဆိုတာကို သူ ကောင်းကောင်း သိမြင်နေတယ်။ ဒါကြောင့် သူ ငါ့အတွက် လောင်ထုံး စ ရှာပေးတော့တာပဲ။ ဒါမှ ငါ့ရဲ့ ကောင်းသတင်းတွေကို နိုင်ငံတနံတလျား ဖြန့်ဝေပေးသလို ဖြစ်သွားလိမ့်မယ်လို့ မျှော်လင့်ထားပုံ ရတယ်။ ငါက ပညာတတ်တယ်၊ သစ္စာရှိတယ်၊ ကျိုးနွံနာခံတယ်၊ …”

“နောက်ပြီး မယားကောင်း တစ်ယောက်လည်း ဖြစ်တယ်” သူ့စကားကို ကျွန်မ အဆုံးသတ်ပေးလိုက်သည်။ ကျွန်မလည်း ထိုအတိုင်း ဖြစ်နေခဲ့သည် မဟုတ်လား။

“စိန်စိန်းက ခါတိုင်း အောင်သွယ်လုပ်ပေးနေကျ နယ်မြေထက်ကို လွန်ပြီး တစ်ခရိုင်လုံး နှံ့နေအောင် လိုက်ရှာတော့တာပဲ။ နင့်အကြောင်းကို ဗေဒင်ဆရာဆီကနေ ကြားလာရတဲ့ အထိပေါ့။ သူ နင့်ကို တွေ့ပြီးတာနဲ့ ငါ့ရဲ့ ကံကြမ္မာကို နင်နဲ့ တွဲချည်ထားဖို့ သူ ဆုံးဖြတ်လိုက်တယ်”

“ငါ နားမလည်ဘူး”

ရွှယ်ဟွားက မချိတရိ ပြုံးလိုက်သည်။

“နင်က အထက်ကို တက်နေပြီး ငါက အောက်ကို ထိုးဆင်းနေတဲ့လူလေ။ နင်နဲ့ငါ စတွေ့ကြတဲ့ အချိန်တုန်းကတော့ ငါ ဘာမှ နားမလည်သေးပါဘူး။ ငါက နင့်ဆီကနေ ပညာတွေ သင်ယူဖို့ ဖြစ်လာခဲ့တာပဲ”

“ဒါပေမယ့် တကယ်တမ်းကျတော့ နင်ကပဲ ငါ့ကို သင်ပေးခဲ့တာလေ။ နင့်ရဲ့ ပန်းထိုးလက်ရာက အမြဲတမ်း ငါ့ထက် ကောင်းနေတာချည်းပဲ။ ပြီးတော့ နင်က နွီစူးကိုလည်း အတော်လေး ကျွမ်းကျင်တယ်။ ဂုဏ်သရေရှိ လူကြီးလူကောင်း အိမ်မှာ ဘယ်လိုနေ ဘယ်လိုထိုင်ရမယ် ဆိုတာကိုလည်း နင်ပဲ ငါ့ကို သင်ပေးခဲ့တာ …”

“နင် ငါ့ကို ရေငင်နည်း၊ အဝတ်လျှော်နည်း၊ ဟင်းချက်နည်းနဲ့ အိမ်သန့်ရှင်းရေး လုပ်နည်းတွေ သင်ပေးခဲ့တယ်လေ။ အဲဒါတွေကို ငါက ငါ့မာမားကို ပြန်သင်ပေးဖို့ ကြိုးစားခဲ့သေးတာ။ ဒါပေမယ့် သူကတော့ အရင်ပုံစံအတိုင်းပါပဲ”

ရွှယ်ဟွား၏ မိခင်သည် ကုန်လွန်လေပြီးသော အတိတ်ကာလထဲတွင်သာ လွင့်မျောသာယာနေကြောင်းကို ကျွန်မ မှန်းဆသိရှိနိုင်သည်။ ကျွန်မ၏ လောင်ထုံးကိုယ်တိုင်သည်ပင် အတိတ်၏ ပျော်ရွှင်မှု ခန်းဆီးအကြားမှ အရာရာကို ရှုမြင်သုံးသပ်နေခြင်း ဖြစ်ကြောင်း ကျွန်မ ယူဆမိသည်။ သူနှင့် ရင်းနှီးသိကျွမ်းခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ချေပြီ။ မိန်းမသားတစ်ယောက်၏ အတွင်းစိတ်သန္တာန်သည် ဖြူစင်သန့်ရှင်းပြီး အပူအပင် ကင်းမဲ့နေသင့်သည် ဟူသော အယူအဆကို သူ ယုံကြည်လက်ခံထားကြောင်း ကျွန်မ သိထားသည်။ အရာရာသည် နဂိုရှိရင်းစွဲ ပုံစံသို့ တစ်နည်းနည်းဖြင့် ပြန်လည် ရောက်ရှိသွားလိမ့်မည်ဟု သူ တွေးဆထားကောင်း တွေးဆထားပေလိမ့်မည်။

“နင့်ဆီကနေ ငါ့ဘဝအသစ်အတွက် သိထားသင့် သိထားထိုက်တဲ့ ပညာတွေကို ငါ သင်ယူခဲ့ရတယ်” ရွှယ်ဟွားက ပြောသည်။

“ဒါပေမယ့် နင့်လောက်တော့ သန့်ပြန့်နေအောင် ဘယ်တုန်းကမှ မလုပ်နိုင်ခဲ့ဘူး”

မှန်၏။ သူ မည်သည့်အခါကမျှ ထိုကိစ္စတွင် ကျွန်မကို မယှဉ်နိုင်ခဲ့ပါ။ ဘဝပေးကောင်းသော သူ၏ လက်ရှိအဆင့်အတန်းအရ ကျွန်မတို့ကဲ့သို့သော ဆင်းရဲနုံချာသည့် မိသားစုဝင်များ ပြုလုပ်ရသည့် အိမ်မှုကိစ္စ အလုပ်ကြမ်းများကို သူနှင့် လားလားမျှ မသက်ဆိုင်ဟု ပေါ့ပေါ့ဆဆ ယူဆထားသောကြောင့်သာ ဖြစ်ရမည်ဟူ၍ ကျွန်မ ယခင်က မှတ်ထင်ခဲ့သည်။ ယခုတော့ ကျွန်မ သဘောပေါက်ခဲ့ပြီ။ မျက်စိရှေ့၌ မျက်ဝါးထင်ထင် တွေ့မြင်နေရသော အကျည်းတန်မှုများကို အသိအမှတ် ပြုရသည်ထက် ဟိုးအမြင့်တစ်နေရာမှ တိမ်တိုက်များပေါ်တွင် စိတ်ကူးယဉ် လွင့်မျောနေရသည်က သူ့ကို ပိုမို သက်သောင့်သက်သာ ဖြစ်စေနိုင်မည် မဟုတ်လား။

“ဒါပေမယ့် နင့်အိမ်က ငါ့အိမ်ထက် အများကြီး ပိုကြီးတော့ သန့်ရှင်းလုပ်ရတာလည်း ငါတို့ထက် ပိုခက်မှာပေါ့။ ပြီးတော့ နင် အဲဒီတုန်းက ဘာမှ နားမလည် မသိတတ်သေးတဲ့ ကလေးလေးပဲ ရှိသေးတာဥစ္စာ” ကျွန်မက ရူးရူးမိုက်မိုက် အထွန့်တက်နေမိသည်။ သူ၏ စိတ်ခံစားချက်ကို သက်သာလို သက်သာငြား ကြိုးစားနေမိခြင်း ဖြစ်သည်။

“ပြီးတော့ နင့်မှာက …”

“ငါ့အမေက နည်းနည်းမှ ကူဖော်လောင်ဖက် မရပါဘူးဟာ။ အဖေက ဘိန်းစားတစ်ယောက်။ အစ်ကိုတွေ၊ အစ်မတွေကလည်း တစ်ယောက်ပြီးတစ်ယောက် ဒီအိမ်ကနေ ထွက်သွားကုန်ကြပြီ”

“ဒါပေမယ့် နင်လည်း မကြာခင် အိမ်ထောင်ပြုရတော့မယ်လေ”

ရုတ်တရက် ဆိုသကဲ့သို့ အောင်သွယ်တော်ကောင်းနှင့် အောင်သွယ်တော်ဝမ်တို့ နောက်ဆုံး ငြင်းခုန်ခဲ့ကြသောနေ့ကို ပြန်လည် သတိရလာသည်။ ရွှယ်ဟွား၏ သတို့သားလောင်းနှင့် ပတ်သက်ပြီး သူ ဘာပြောခဲ့ပါလိမ့်။ သူတို့၏ စေ့စပ်ပွဲနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ကြားဖူးသမျှ ကျွန်မ ပြန်လည် တူးဖော်ကြည့်နေမိသည်။ သို့သော် ရွှယ်ဟွားသည် သူ၏ ခင်ပွန်းလောင်းနှင့် ပတ်သက်သော အကြောင်းအရာများကို ပြောခဲဆိုခဲလှသည်။ ရွှယ်ဟွား၏ တင်တောင်းပဏ္ဏာများကိုပင် ကျွန်မတို့အား ပြခဲဘိတောင်း။ သူ ချုပ်လုပ်ဆဲ ချည်ထည်နှင့် ပိုးထည်တချို့ကို ကျွန်မတို့ မြင်ဖူးသည်မှာ မှန်ပါသည်။ သို့သော် ၎င်းတို့မှာ သူ၏ ကိုယ်ပိုင်ဖိနပ်အတွက် နေ့စဉ် လုပ်နေကျ နိစ္စဓူဝ အလုပ်လေးများသာ ဖြစ်ကြောင်း သူ အစဉ်အမြဲ ပြောနေတတ်သည်။ ဘာမျှ စာဖွဲ့လောက်စရာ မဟုတ်ပါ ဟူ၍။

ကြောက်မက်ဖွယ် အတွေးစတစ်ခုက ကျွန်မခေါင်းထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။ ရွှယ်ဟွားသည် အဆင့်အတန်း နိမ့်ကျသော မိသားစုတစ်စုထံ၌ အိမ်ထောင်ရက်သား ကျရပေတော့မည်လား။ မေးစရာ မေးခွန်းတစ်ခုသာ ကျန်တော့သည်။ မည်မျှ နိမ့်ကျသနည်း။

ရွှယ်ဟွားက ကျွန်မ၏ အတွေးများကို တွေ့မြင်နေရသည့်နှယ် သူ့စကားများကို ဆက်လိုက်သည်။

“စိန်စိန်းကတော့ ငါ့အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးထားတာပါပဲ။ ငါ လယ်သမားတစ်ယောက်နဲ့တော့ အိမ်ထောင်ပြုမှာ မဟုတ်ဘူး”

သူ့စကားက ကျွန်မအတွက် အနည်းငယ် အောင့်သက်သက် ဖြစ်ချင်စရာ။ ကျွန်မက လယ်သမားတစ်ယောက်ရဲ့ သမီးပဲ မဟုတ်လား။

“ဒါဆို သူက ကုန်သည်လား” ကုန်သည်ဟူသည် လူအများ လေးစားအားကျရသော အလုပ်အကိုင် မဟုတ်စေကာမူ ရွှယ်ဟွား၏ ပျောက်ဆုံးသွားသော ဂုဏ်သိက္ခာအချို့ကိုတော့ ပြန်လည် အဖက်ဆယ်ပေးနိုင်ပေလိမ့်မည်။

“ဝမ်စိန်စိန်း ပြောခဲ့ဖူးတဲ့ အတိုင်းပါပဲ၊ ဒီအနီးနားက ကျင်းထျန်ရွာမှာ ငါ အိမ်ထောင်ကျမယ်။ ဒါပေမယ့် ငါ့ယောက်ျားရဲ့ မိသားစုက …” သူ၏နှုတ်က တွန့်ဆုတ်တုံ့ဆိုင်းနေသည်။

“သူတို့က သားသတ်သမားတွေ”

ဝိုး … ဤသည်ထက် ဆိုးရွားယုတ်ညံ့သော ထိမ်းမြားလက်ထပ်ခြင်းမျိုး ရှိနိုင်ပါဦးမည်လော။ ရွှယ်ဟွား၏ ခင်ပွန်းလောင်းတွင် ငွေကြေးဥစ္စာ အတန်အသင့် ရှိကောင်း ရှိနိုင်ပါသည်။ သို့သော် သူ၏ အသက်မွေးမှုမှာ သမ္မာအာဇီဝ မကျသော၊ ရွံဖွယ်အတိဖြစ်သော အသက်မွေးမှုမျိုးသာ ဖြစ်သည်။ ကျွန်မ၏ အတွေးထဲတွင် ကျွန်မ၏ မင်္ဂလာအခမ်းအနား ပြင်ဆင်ခဲ့ကြစဉ် လွန်ခဲ့သောတစ်လက အကြောင်းအရာများကို ပြန်လည်မြင်ယောင်လာသည်။ အထူးအားဖြင့် ရွှယ်ဟွား၏ နံဘေးတွင်ထိုင်ကာ ရွှယ်ဟွားကို နှစ်သိမ့်ရန်၊ တိတ်တဆိတ် ချော့မော့နားချရန် ကြိုးစားနေသော အောင်သွယ်တော်ဝမ်၏ ပုံရိပ်များကို ပြန်လည် ပုံဖော်ကြည့်နေမိသည်။ ထို့နောက် အောင်သွယ်တော်ကြီး ပြောသည့် ‘ဝမ်မယားပုံပြင်’ ကို အမှတ်ရလာသည်။ ၎င်းပုံပြင်မှာ ကျွန်မကို ရည်ရွယ်ခြင်း မဟုတ်ဘဲ ရွှယ်ဟွားကို ရည်ရွယ်ပြောကြားနေခြင်း ဖြစ်ကြောင်း ယခုမှ သဘောပေါက်လာတော့သည်။

မည်သို့ ခွန်းတုံ့ပြန်ရမည်မှန်း ကျွန်မ မသိတော့။ ကိုးနှစ်သမီး အရွယ်ကတည်းက စ၍ ၎င်းအမှန်တရားကို အပိုင်းပိုင်း အပြတ်ပြတ်အနေဖြင့် ကျွန်မ ကြားသိခဲ့ရသည်။ သို့သော် ၎င်းကို အသိအမှတ် ပြုဖို့ဝေးစွ။ ယုံကြည်ရန်ပင် ဝန်လေးခဲ့သည်။ ယခု ကျွန်မ စဉ်းစားနေမိသည်။ ကျွန်မ၏ လောင်ထုံးကို ပျော်ရွှင်ချမ်းမြေ့လာအောင် ပြုလုပ်ပေးရန်မှာ ကျွန်မ၏ တာဝန် မဟုတ်ပါလော။ ဤဒုက္ခသုက္ခများကို မေ့ပျောက်သွားအောင် ပြုလုပ်ပေးရန်မှာ ကျွန်မ၏ တာဝန် မဟုတ်ပါလော။ အရာရာ အဆင်ပြေလာလိမ့်မည်ဟု ယုံကြည်လာအောင် ပြုလုပ်ပေးရန်မှာ ကျွန်မ၏ တာဝန်ပင် မဟုတ်ပါလော။

ရွှယ်ဟွားကို လက်နှစ်ဘက်ဖြင့် ကျွန်မ သိုင်းဖက်လိုက်သည်။

“အနည်းဆုံးတော့ နင် ဘယ်တော့မှ ငတ်မသေနိုင်တော့ဘူးပေါ့” ကျွန်မ ဤသို့ နှစ်သိမ့်လိုက်သည်။ ဤစကား မှားယွင်းနေကြောင်း ကျွန်မ နောင်အခါမှ သိလာခဲ့ရသည်။

“မိန်းမသားတစ်ယောက်အနေနဲ့ ဒီထက် ဆိုးတဲ့ အခြေအနေမျိုးတွေကိုတောင် ကြုံလာတတ်သေးတာပဲ” အမှန်အတိုင်း ဝန်ခံရမည် ဆိုလျှင် ထို့ထက်ဆိုးရွားသော အခြေအနေ မည်သို့ ရှိမည်ကို ကျွန်မ မပြောပြတတ်ပါ။

ကျွန်မ၏ ရင်ခွင်ထဲတွင် သူ မျက်နှာအပ်ကာ ငိုကျွေးပါတော့သည်။ တစ်ခဏမျှ အကြာတွင် သူက ကျွန်မကို တွန်းဖယ်လိုက်သည်။ သူ၏ မျက်လုံးအိမ်များထဲတွင် မျက်ရည်များနှင့် ပြည့်နှက်နေကြသော်လည်း သူ့မျက်နှာပေါ်၌ ဝမ်းနည်းမှုကို မတွေ့ရဘဲ ခက်ထန်မှုကိုသာ တွေ့မြင်နေရသည်။

“နင် ငါ့ကို သနားနေစရာ မလိုပါဘူး”

ကျွန်မ သူ့ကို ကရုဏာသက်နေခြင်း မဟုတ်ရပါ။ စိတ်ရှုပ်ထွေးမှုနှင့် ဝမ်းနည်းမှုများကြောင့် ကျွန်မ နေရထိုင်ရ ခက်လာသည်။ ကျွန်မကို ပေးခဲ့သော သူ၏ စာတစ်စောင်သည် ကျွန်မ၏ မင်္ဂလာဦး ပျော်ရွှင်မှုများကို ချေမွပစ်ခဲ့ဖူးသည်။ စန်းချောင်စာအုပ်များကို ရွတ်ဖတ်ကြစဉ် အခါက သူ မတက်ရောက်ခဲ့ခြင်းအတွက်လည်း ကျွန်မ အကြီးအကျယ် စိတ်မကောင်း ဖြစ်ခဲ့ရသည်။ ယခုလည်း နောက်တစ်ကြိမ်။ ရွှယ်ဟွားက မိမိကို သစ္စာဖောက်ခဲ့သည် ဟူသော ခံစားချက်သည် ထိုသို့သော စိတ်ဒဏ်ရာများ၏ ဖိစီးမှုအောက်တွင် ကြိမ်မီးအုံးကဲ့သို့ တမြေ့မြေ့ နှိပ်စက်နေတော့သည်။ ညပေါင်းများစွာ ကျွန်မတို့ အတူတူ ရှိနေခဲ့ကြပါလျက် အဘယ်ကြောင့် အမှန်တရားကို သူ ဖွင့်မပြောခဲ့ရသနည်း။ သူ၏ အနာဂတ် ကံကြမ္မာကို ရိုးရိုးသားသား မယုံကြည်ခဲ့ရုံ သက်သက်ပေလော။ သူ၏ စိတ်ကူးယဉ် အိပ်မက်ထဲတွင် သူသည် အမြဲတမ်းလိုလို အဝေးသို့ ပျံသန်းလွတ်မြောက်နေသောကြောင့် သူ၏ လက်တွေ့ဘဝမှန်တွင်လည်း ထိုသို့သာ ဖြစ်လာလိမ့်မည်ဟု သူ ယူဆထားခြင်းပေလော။ ကျွန်မတို့၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့သည် ငှက်များနှင့်အတူ ကောင်းကင်ယံသို့ ဆန်တက် ပျံသန်းသွားနိုင်လိမ့်မည်ဟု သူ အမှန်တကယ် ယုံကြည်ထားခြင်းပေလော။ များပြားလှစွာသော သူ၏ လျှို့ဝှက်ချက်များကို မပြောပြဘဲ ထိမ်ချန်ထားရသည့် အကြောင်းအရင်းမှာ သူ့ကိုယ်သူ အရှက်မရစေရန် ကြိုးစားနေခြင်း သက်သက်ပေလော။ ၎င်းလျှို့ဝှက်ချက်များကို မည်သူကမျှ ဘယ်တော့မှ သိလာနိုင်လိမ့်မည် မဟုတ်ဟု သူ ယုံကြည်ထားပါသလား။

ကျွန်မကို လိမ်ညာခဲ့သည့်အတွက် ရွှယ်ဟွားကို ကျွန်မ စိတ်ဆိုးသင့်လှပေသည်။ သို့သော် လတ်တလောအချိန်တွင် ထိုသို့ ဖြစ်မနေခဲ့ပါ။ ကျွန်မသည် ထူးခြားသော အနာဂတ်တစ်ခုအတွက် ကောက်နုတ် ရွေးချယ်ခံထားရသူ တစ်ယောက်ဖြစ်သည်ဟု ကျွန်မကိုယ်ကျွန်မ ယုံကြည်ထားခဲ့သည်။ ထိုယုံကြည်မှုကပင် ကျွန်မကို တစ်ကိုယ်ကောင်းဆန်စေခဲ့ပြီး ကျွန်မ၏ အနီးကပ်ဆုံးတွင် ရှိနေခဲ့သော အရာများကို အမြင်ဝေဝါးစေခဲ့သည်။ ရွှယ်ဟွား၏ အတိတ်နှင့် အနာဂတ်အကြောင်းများကို မေးခွန်းထုတ်ရန် ပေါ့လျော့ခဲ့မှုမှာ ကျွန်မ၏ ချွတ်ယွင်းချက်သာ ဖြစ်သည် မဟုတ်ပါလား။

ကျွန်မ၏ အသက်မှာ ၁၇ နှစ်သာ ရှိသေးသည်။ ကျွန်မ၏ ကုန်လွန်ခဲ့ပြီးသော ဆယ်စုနှစ်တစ်ခုလုံးကို အိမ်အပေါ်ထပ် အမျိုးသမီးဆောင်ထဲ၌သာ ကုန်ဆုံးခဲ့ရသည်။ ကျွန်မ၏ သီးခြားအနာဂတ်ကို တွေ့မြင်နေကြသည့် ယောက်ျား၊ မိန်းမများနှင့် ဝန်းရံကာ ဖြတ်သန်းခဲ့ရသည်။ သို့သော် သူတို့ – မာမား၊ စိန်စိန်း၊ ပါပါး၊ စူးစူ၊ အောင်သွယ်တော်ကောင်း၊ အောင်သွယ်တော်ဝမ်၊ သည့်အပြင် ရွှယ်ဟွား – အားလုံးအကြောင်းကို ကျွန်မ တွေးကြည့်သောအခါတွင် ဤအမှုကိစ္စကြီးတစ်လုံး၌ တာဝန်အရှိဆုံးသူ၊ အပြစ်တင် အထိုက်ဆုံးသူမှာ ကျွန်မ၏ မိခင်သာ ဖြစ်တော့သည်။ အောင်သွယ်တော်ဝမ်က သူ့ကို အစပိုင်းတွင် လှည့်စားခဲ့ခြင်း ရှိကောင်း ရှိမည်။ သို့သော် အမှန်တရားကို သူ တဖြည်းဖြည်း ရိပ်စားမိလာပြီး ကျွန်မကို ဖွင့်မပြောပြရန် ဆုံးဖြတ်ခဲ့သည်။ ယခုအချိန်တွင် သူ့အပေါ် ထားသော ကျွန်မ၏ သဘောထားသည် ရှုပ်ထွေးပွေလီသော ခံစားချက်များနှင့် ရောယှက်ပြည့်နှက်နေသည်။ ရံဖန်ရံခါ တွေ့မြင်ရတတ်သော သူ၏ ချစ်ခင်နှစ်သက်မှု အရိပ်နိမိတ်များသည် မြှုပ်ကွက်ကို ဖုံးဖိထားပေးမည့် ကြီးမားသော မုသားများ၏ တစ်စိတ်တစ်ဒေသသာ ဖြစ်ကြောင်း ကျွန်မ ယခုမှ တွေ့မြင်လာသည်။ ကျွန်မတို့၏ မိသားစုတစ်ခုလုံးကို ကောင်းကျိုးပေးနိုင်မည့် မွန်မြတ်ရှိသော ထိမ်းမြားလက်ထပ်ခြင်းကို မတိမ်းမစောင်း ထိန်းကျောင်းပေးနိုင်ရန်အတွက် ၎င်းမုသားများကို အသုံးပြုခဲ့ခြင်းသာ ဖြစ်ပေသည်။

ကျွန်မစိတ်များ အလွန်အကျွံ ထွေပြားရှုပ်ထွေးနေသည်။ ၎င်းသည်ပင် နောင်ဖြစ်ပေါ်လာလတ္တံ့သော အခင်းအကျင်းများ၏ ကနဦးအစ ဖြစ်မည်ဟု ကျွန်မ ယူဆသည်။ ကျွန်မကိုယ်ကျွန်မပင် နားမလည်နိုင်အောင် ဖြစ်နေရသည်။ မည်သည့်အရာက အရေးကြီးကြောင်းကိုလည်း ကျွန်မ မမြင်နိုင်တော့။ နားလည်း မလည်နိုင်တော့။ ကျွန်မသည် အိမ်ထောင်ကျထားပြီးသူ တစ်ယောက်ဖြစ်သောကြောင့် တစ်စုံတစ်ခုကို သိနားလည်ထားသည်ဟု အထင်ရောက်နေသော မိုက်မဲသည့် မိန်းမငယ်တစ်ယောက်မျှသာ ဖြစ်သည်။ လက်ရှိပြဿနာများကို မည်သို့ ဖြေရှင်းရမည်ကိုလည်း ကျွန်မ မသိ။ ထို့ကြောင့် ၎င်းတို့ကို ကျွန်မ၏ အနက်ရှိုင်းဆုံး၊ အနက်ရှိုင်းဆုံးသော တစ်နေရာတွင် မြှုပ်နှံထားလိုက်သည်။ သို့သော် ကျွန်မ၏ ခံစားချက်များကတော့ ပျောက်ကွယ်သွားခြင်း မရှိခဲ့။ ပျောက်လည်း ပျောက်ကွယ်သွားနိုင်မည် မဟုတ်။ ပမာခိုင်းရမည်ဆိုလျှင် ရောဂါရှိသော ဝက်တစ်ကောင်၏ အသားတစ်တုံးကို မျိုချထားသောကြောင့် ကျွန်မ၏ ရင်တွင်း၌ တဖြည်းဖြည်း ပုပ်သိုးလာနေသကဲ့သို့ ဖြစ်နေသည်။

ↂↂↂ

ယဉ်ကျေးသိမ်မွေ့မှု၊ သနားကြင်နာတတ်မှုနှင့် စိတ်ဓာတ်ခိုင်မာမှုတို့ကြောင့် အများသူငါ၏ လေးစားရိုသေမှုကို ခံယူနေရသော လူးသခင်မ – လူးဖူးလန်အဖြစ်သို့ ကျွန်မ မရောက်ရှိသေးပါ။ သို့သော် ရွှယ်ဟွား၏ အိမ်ထဲသို့ လှမ်းဝင်လိုက်သည့် အချိန်မှစ၍ ကျွန်မ၏ရင်ထဲ၌ အသစ်အဆန်း တစ်စုံတစ်ရာကို ခံစားနေရသည်။ ရောဂါစွဲကပ်နေသည့် ဝက်သားတုံးအကြောင်းကို ပြန်တွေးကြည့်မည်ဆိုလျှင် ကျွန်မ ဘာကို ဆိုလိုနေကြောင်း သင် နားလည်လာပါလိမ့်မည်။ ကျွန်မတွင် ရောဂါ မရှိနေကြောင်း သို့မဟုတ် မဖျားမနာကြောင်း ဟန်ဆောင်ရပေတော့မည်။ ထို့ကြောင့် ကျွန်မ၏ ဆန္ဒကို အကျိုးရှိရှိ အသုံးချခဲ့သည်။ ဘဝပေးအခြေအနေ ဆိုးဝါးယုတ်ညံ့နေသော လူများအပေါ်တွင် ကြင်နာသနားခြင်းနှင့် ရက်ရောပေးကမ်းခြင်းအားဖြင့် ကျွန်မခင်ပွန်း၏ မိသားစုကို ဂုဏ်သရေတက်အောင် ဆောင်ရွက်ပေးလိုသည်။ မည်သို့ ဆောင်ရွက်ပေးရမည်ကိုလည်း ကျွန်မ အမှန်ပင် မသိခဲ့ပါ။ ထိုအရာများက ကျွန်မနှင့် အစိမ်းသက်သက်များသာ ဖြစ်ခဲ့သည် မဟုတ်လား။

ရွှယ်ဟွား၏ မင်္ဂလာပွဲမှာ တစ်လပင် မလိုတော့ပေ။ ထို့ကြောင့် သူနှင့် သူ့မိခင်တို့ကို ကူညီကာ အိမ်ကို သန့်ရှင်းရေး လုပ်ပေးခဲ့သည်။ ဤအခန်းကို သတို့သမီး၏ မင်္ဂလာအခန်းဆောင်နှင့် တူစေရန် ကျွန်မ လုပ်ပေးလိုက်ချင်ပါသည်။ သို့သော် အခန်းများအတွင်း၌ ထုံမွှမ်းနေကြသည့် ဆိုးရွားသော အနံ့အသက်များကိုမူ လူတိုင်း လက်ပိုက်ကြည့်နေရတော့သည်။ ၎င်း စိတ်ညစ်ညူးဖွယ် ချိုပျင်းပျင်းအနံ့များသည် ရွှယ်ဟွား၏ဖခင် သောက်ရှူနေသည့် ဘိန်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ နောက်ထပ် အော်ဂလီဆန်ချင်စရာ အနံ့ဆိုးတစ်ခုမှာ သူ့ဖခင်၏ ထွေးခံမှ ဖြစ်သည်။ ပြတင်းပေါက်များ ပိတ်ထား၍ လေဝင်လေထွက် မကောင်းသောကြောင့် ယခုလို အေးမြသည့် ရာသီဥတုမျိုးမှာပင် ထိုလူကြီး၏ ဆိုးရွားသော အနံ့အသက်များသည် အိမ်ထဲ၌ ခိုအောင်းနေကြတော့သည်။

ဤအိမ်၏ အခြေအနေကို ကျွန်မ မကြာခင် ရိပ်စားမိလာသည်။ အောက်ထပ်၏ အခန်းတစ်ခန်းအတွင်း၌ မှောင်ရိပ်ခိုနေသည့် ယောက်ျားတစ်ယောက်ကို အပေါ်ထပ်မှ မိန်းမနှစ်ယောက်က အကြောက်တရားအပြည့်နှင့် ဆက်ဆံနေကြရသည်။ သူက သူတို့နှစ်ယောက်ကို လှမ်းခေါ်လိုက်သည့်အခါတွင် သူတို့၏ တိမ်ဝင်သွားသော အသံများနှင့် တုန်ယင်နေသော အပြုအမူများကို ကျွန်မကိုယ်တိုင် တွေ့မြင်ကြုံတွေ့ခဲ့ရသည်။ ထို့နောက် အပုပ်နံ့နှင့် အမှိုက်ပုံကြားထဲတွင် လဲလျောင်းနေသော ထိုလူကြီးကိုလည်း မြင်ခဲ့ရသည်။ ဆင်းရဲမွဲတေမှုက ငယ်ထိပ်ကို တက်ဆောင့်နေပြီ ဖြစ်သော်လည်း အလိုလိုက်ခံထားရသော ကလေးဆိုးကြီးတစ်ယောက်ကဲ့သို့ စိတ်ကောက်တတ်၊ စိတ်ဆိုးဒေါသထွက်တတ်သေးသည်။ ယခင်က ဇနီးနှင့် သမီးအပေါ်တွင် ကိုယ်ထိလက်ရောက် ရိုက်ပုတ်ကြိမ်းမောင်းခြင်းများ ပြုကောင်း ပြုခဲ့နိုင်သော်လည်း ယခုအခါတွင်မူ ဘိန်းမှိန်းမှိန်းနေသော ဒုက္ခိတတစ်ယောက်မျှသာ ဖြစ်နေတော့သည်။ သူ့ထိုက်နှင့်သူ့ကံ ဖြစ်ချင်ရာ ဖြစ်ပေတော့ဟု တစ်ယောက်တည်း ပစ်ထားလိုက်ဖို့သာ ကောင်းတော့သည်။

ကျွန်မ၏ ခံစားချက်များကို မပေါ်လွင်စေရန် ကျွန်မ ကြိုးစားနေခဲ့သည်။ ကျွန်မ၏ မျက်ရည်များကို ထည့်မတွက်လျှင်တောင် ဤအိမ်ကြီးအတွင်း၌ ကျခဲ့ရသည့် မျက်ရည်က နည်းလှသည် မဟုတ်။ ရွှယ်ဟွား၏ တင်တောင်းပဏ္ဏာများကို ကျွန်မ တောင်းကြည့်ခဲ့သည်။ ဤသားထိုးမိသားစုက သိပ်အညံ့ကြီး ဟုတ်ဟန်မတူ ဟူ၍ ကျွန်မ တွေးထင်ထားသောကြောင့် ဖြစ်သည်။ ရွှယ်ဟွား ပန်းထိုးနေသော ပိုးထည်ပိတ်စများကို ကျွန်မ မြင်ဖူးထားခဲ့သည်။ ထိုမိသားစုသည် အကျင့်စာရိတ္တအရ ခြစားယိုယွင်းနေကြသော်လည်း အတန်အသင့်တော့ ငွေကြေးပြည့်စုံကြရပေမည်။

ရွှယ်ဟွားသည် သစ်သားသေတ္တာကို ဖွင့်ပြီး သူ ပြုလုပ်ပြင်ဆင်ထားသော အရာအားလုံးကို ခုတင်ပေါ်သို့ ဂရုတစိုက် တင်နေသည်။ မေရွက်ဆုံးသည့်နေ့က လက်စသတ်ခဲ့သော မိုးပြာရောင် ပိုးဖိနပ်ကို ကျွန်မ တွေ့လိုက်ရသည်။ ၎င်းပိုးထည်ဖြင့်ပင် ချုပ်လုပ်ထားသော အင်္ကျီတစ်ထည်။ ထို့နောက် အရွယ်အစား မတူသည့် ဖိနပ်ငါးရန်ကို ခုတင်ပေါ်တွင် ညီညီညာညာ စီထားလိုက်သည်။ ၎င်းဖိနပ်ငါးရန်ကို ပိတ်စတစ်မျိုးတည်းဖြင့် ချုပ်လုပ်ထားသော်လည်း မတူညီသော အပြောက်အမွမ်းများဖြင့် တန်ဆာဆင်ထားသည်။ ထိုအဆင်ဒီဇိုင်းများ အားလုံးကို ကောင်းကောင်းကြီး ရင်းနှီးနေသည်။ ထို့နောက်မှ ကျွန်မ ရုတ်တရက် သဘောပေါက်သွားသည်။ ၎င်းတို့မှာ ကျွန်မတို့ ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့ကြစဉ်က ရွှယ်ဟွား ဝတ်ဆင်ခဲ့သော အင်္ကျီအပေါ်မှ အဆင်များပင် ဖြစ်သည်။

ကျွန်မ၏ လက်များက သူ၏ တခြားသော ခန်းဝင်ပစ္စည်းများ အပေါ်သို့ ရောက်ရှိသွားသည်။ ဤခရမ်းပြာနုရောင် ပိတ်စသည် ၉ နှစ်သမီးအရွယ်က ရွှယ်ဟွား ဝတ်ဆင်ခဲ့သော ခရီးသွားဝတ်စုံမှ ဖြတ်ထုတ်ထားခြင်း ဖြစ်ရမည်။ ယခုအခါ၌ ၎င်းပိတ်စကို ဖြတ်ကပ်ညှပ်ကာ အတွင်းခံအင်္ကျီနှင့် ဖိနပ်တို့ ဖြစ်နေချေပြီ။ ဤအရာမှာ ကျွန်မ သဘောအကျဆုံးသော အဖြူအနားကွပ်ထားသည့် မဲနယ်ရင့်ရောင် ရက်ကန်းချည်ထည် ဖြစ်သည်။ ယခုအခါတွင်မူ အင်္ကျီ၏ အနားသားများ၊ ခေါင်းပေါင်းများ၊ ခါးပတ်များနှင့် အိပ်ရာခင်း၏ အဆင်တန်ဆာများ ဖြစ်နေတော့သည်။ ရွှယ်ဟွား၏ တင်တောင်းပဏ္ဏာ အစစ်အမှန်မှာ အနည်းအကျဉ်းမျှသာ။ သို့သော် သူ၏ ကိုယ်ပိုင်အဝတ်အစားများကို အပိုင်းပိုင်း ဖြတ်ကာ သူမတူသည့် ခန်းဝင်ပစ္စည်းများဖြစ်အောင် ပြင်ဆင်ထားလေသည်။

“နင်က တကယ့်ကို ဇနီးကောင်းတစ်ယောက် ဖြစ်လာမှာပါ” သူ၏ ပြင်ဆင်ထားမှုကို အမှန်တကယ် အံ့ဩလေးစားမိသောကြောင့် ပြောလိုက်ခြင်း ဖြစ်သည်။

ပထမဆုံးအကြိမ်အဖြစ် ရွှယ်ဟွား၏ ရယ်သံ လွင်လွင်ကလေး ထွက်ပေါ်လာသည်။ ကျွန်မ အမြဲတမ်း သဘောကျ နှစ်ခြိုက်ခဲ့ရသော အသံကလေး။ ညှို့ဓာတ်ပြင်းသော ဆည်းလည်းသံကလေး။ ကျွန်မလည်း သူနှင့်အတူ လိုက်ရယ်လိုက်တော့သည်။ ရွှယ်ဟွား၏ ကံကြမ္မာသည် ကျွန်မ စိတ်ကူး မျှော်မှန်းနိုင်သည်ထက် လွန်စွာ့လွန်စွာ အလှမ်းကွာလွန်းနေသည်။ ဤကမ္ဘာလောကကြီး၏ တရားမျှတခြင်း၊ မှန်ကန်သင့်မြတ်ခြင်းနှင့်လည်း လွန်စွာ့လွန်စွာ အလှမ်းကွာလွန်းနေသည်။ ဤသို့ ဆိုးဝါးသော အခြေအနေမျိုးတွင် ရုန်းကန် လွန့်လူးနေရပါလျက် ရွှယ်ဟွားသည် ဒုက္ခအခက်အခဲများ အကြားမှ အံ့ဩဖွယ်များကို လုပ်ဆောင်နိုင်ခဲ့သေးသည်။

“နင့်လက်ရာတွေက တကယ်ပဲ …”

“စစချင်းတော့ ငါ မလုပ်နိုင်သေးဘူးပေါ့ဟာ” ရွှယ်ဟွားက လေကို အားရပါးရ ရှူသွင်းပြီး စကားကို ဖြတ်ပြောသည်။

“နင်နဲ့ တွေ့ရမယ် ဆိုတုန်းက ငါ့မာမားက သူ့ရဲ့ ခန်းဝင်ဝတ်စုံတွေကို ဖြတ်ပြီး ငါ့အတွက် အင်္ကျီတွေ ချုပ်ပေးခဲ့တာလေ။ အခုတော့ ငါ့ယောက်ျားနဲ့ ယောက္ခမအတွက် အဲဒီအင်္ကျီတွေကို ထပ်ဖြတ်လိုက်ရတယ်”

ဟုတ်သည်ပဲ။ ထိုကြောင့်သာလျှင် ထိုစဉ်က ရွှယ်ဟွားဝတ်ထားသော အင်္ကျီသည် ကလေးတစ်ယောက်နှင့် လုံးဝ မလိုက်ဖက်ဘဲ အဘွားကြီးပုံ ပေါက်နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်သာလျှင် ရွှယ်ဟွားသည် သူ့အင်္ကျီအိတ်ကပ်မှ ဖွာနေသော ချည်စချည်နများကို လူမသိသူမသိ ဆွဲဆွဲဖြတ်နေခဲ့ခြင်း ဖြစ်သည်။ ‘တယ် အ,တဲ့ငါပါလား’ ဟု တွေးမိကာ မျက်နှာတစ်ပြင်လုံး နီရဲလာလေတော့သည်။ သို့ဖြင့် ပါးပြင်ကို နှစ်ဘက်နှင့် အုပ်ကာ အားရပါးရ အော်ရယ်ပစ်လိုက်သည်။

“ငါ့ယောက္ခမက အဲဒါကို သတိထားမိသွားမလား မသိဘူးနော်” ရွှယ်ဟွားက မေးသည်။

“ငါတောင်မှ သတိမထားမိဘူး ဆိုမှတော့ …” ရယ်ရလွန်းသောကြောင့် ကျွန်မ ဆက်မပြောနိုင်တော့ပါ။

၎င်းမှာ မိန်းကလေးများနှင့် မိန်းမကြီးများသာ နားလည်နိုင်သော ဟာသတစ်ခု ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ ကျွန်မတို့ကို လုံးလုံးလျားလျား အသုံးမကျသူများအဖြစ် ရှုမြင်ကြသည်။ ကျွန်မတို့၏ မိဘမောင်ဖွားများက ကျွန်မတို့ကို ချစ်ကြသည်မှန်သော်လည်း ကျွန်မတို့သည် သူတို့အတွက် ဝန်ထုပ်ဝန်ပိုးမျှသာ ဖြစ်သည်။ မိသားစုအသစ်အတွင်းသို့ အိမ်ထောင်ကျသွားသည်နှင့် လင်ယောက်ျားများ၏ အရှေ့တွင် လူလုံးမပြဘဲ ကိုယ်ရောင်ဖျောက်၍ နေထိုင်ကြရသည်။ ညအချိန် သူတို့နှင့် နှစ်ပါးသွားလျှင်လည်း သူစိမ်းပြင်ပြင်မျှသာ။ ထို့နောက် ယောက္ခမများ၏ အလိုဆန္ဒ ဟူသမျှကိုလည်း ဖြည်းဆည်းပေးကြရသေးသည်။ အကယ်၍ ကံကောင်းပါလျှင် သားယောက်ျားလေး မွေးဖွားပြီး ယောက်ျား၏အိမ်၌ မိမိ၏ နေရာ၊ မိမိ၏ ဌာနန္တရကို မြဲမြံအောင် ပြုလုပ်ထားနိုင်သည်။ ထိုသို့မှမဟုတ်လျှင် ယောက္ခမများ၏ အငြူအစူ၊ မယားငယ်များ၏ ရိုင်းပျမှုနှင့် သမီးများ၏ စိတ်ပျက်လက်ပျက် ဖြစ်နေကြသော မျက်နှာများကို ကျွန်မတို့ ရင်ဆိုင်ကြရပေမည်။ မိန်းမမာယာကို (၁၇ နှစ်သမီးအရွယ် ကျွန်မတို့အနေဖြင့် ထိုအကြောင်းကို ဘာမျှ နားမလည်သေးပါ) ကျွန်မတို့ သုံးတတ်သည် မှန်သော်လည်း ကျွန်မတို့၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်မည့် အရာမှာ ၎င်းအပြင် တခြားဘာမျှ မရှိသလောက် ရှားလှပေသည်။ ကျွန်မတို့၏ ဘဝမှာ ကျားသနားမှ နွားချမ်းသာရသော ဘဝမျိုး ဖြစ်သည်။ သူတစ်ပါး၏ ကျေနပ်ပျော်ရွှင်မှု အပေါ်တွင်သာ အပြည့်အဝ တည်မှီနေသည်။ ထို့ကြောင့်လည်း ရွှယ်ဟွားနှင့် သူ့မိခင်တို့ ပြုလုပ်ခဲ့သမျှ အရာရာတိုင်းသည် ကျွန်မ လိုက်မမီနိုင်သော လုပ်ဆောင်ချက်များသာ ဖြစ်နေတော့သည်။

ရွှယ်ဟွား၏ မိသားစုက ရွှယ်ဟွား၏ မိခင်ထံသို့ တင်တောင်းပဏ္ဏာအဖြစ် ပေးပို့ခဲ့သော ပိတ်စများကို ခန်းဝင်ပစ္စည်းအဖြစ် အသွင်ပြောင်းပြီးသည့်နောက်တွင် ၎င်းခန်းဝင်အင်္ကျီများကိုပင် လှပသော သမီးငယ်အတွက် အဝတ်အစားများအဖြစ် နောက်တစ်ကြိမ် အသွင်ပြောင်းခဲ့ကြပြန်သည်။ ယခုတစ်ကြိမ်တွင်မူ သူတို့သည် ၎င်းသမီးငယ်၏ အဝတ်အစားများကို သားသတ်သမား၏ အိမ်သို့ အိမ်ထောင်ကျသွားတော့မည့် အမျိုးသမီးငယ်အတွက် အရည်အသွေး ပြည့်မီသော ခန်းဝင်ပစ္စည်းများအဖြစ် ထပ်မံ ပြောင်းလဲလိုက်ကြပြန်သည်။ ၎င်းအရာအားလုံးမှာ ပကာသနများဟုသာ ယောက်ျားများက ခပ်ပေါ့ပေါ့ ယူဆထားကြသော မိန်းမသားတို့၏ လုပ်ငန်းဆောင်တာများ ဖြစ်သည်။ ထို့အပြင် ၎င်းသည် မိန်းမတို့၏ ဘဝကို ပြောင်းလဲသွားအောင် ပြုလုပ်နိုင်ကြသည်။

ခန်းဝင်ပစ္စည်းက အများကြီး လိုအပ်နေသေးသည်။ ရွှယ်ဟွားအနေဖြင့် အိမ်အသစ်သို့ ပြောင်းရွှေ့သွားလျှင် တစ်သက်စာလုံး ဝတ်ရန် အဝတ်အစား လုံလုံလောက်လောက် ပါသွားဖို့ လိုသည်။ ယခုတော့ သူ့တွင် မဆိုစလောက်ကလေးသာ ရှိနေသည်။ ကျန်နေသေးသည့် တစ်လဆိုသော အချိန်အတွင်း၌ ကျွန်မတို့ ဘာလုပ်နိုင်မည်နည်းဟု ကျွန်မ အပြေးအလွှား တွေးကြည့်နေမိသည်။

ရွှယ်ဟွား၏ သီဆိုနှုတ်ဆက်ပွဲတွင် ပါဝင်ရန်အတွက် အမျိုးသမီးဆောင်ထဲသို့ အောင်သွယ်တော်ဝမ် ရောက်လာသည့်အခါတွင် ကျွန်မသည် သူ့ကို ကျွန်မ၏ မိဘအိမ်သို့ သွားပေးရန် တောင်းပန်ရတော့သည်။ ဤသည် … ဤသည်တို့ကို ယူလာခဲ့ပေးပါဟူ၍ မှာကြားရတော့သည်။

ထိုမိန်းမကြီးသည် ကျွန်မကို ဟိုးယခင်ကတည်းက အကောင်းမြင်လှသည် မဟုတ်။ ထို့အပြင် သူသည် ကျွန်မကို (ကျွန်မ မိသားစုကို မဟုတ်) လိမ်ညာခဲ့သေးသည်။ ကျွန်မကတော့ သူ့ကို မည်သည့်အခါကမျှ ဂရုမစိုက်ခဲ့ဖူးပါ။ ယခု သာ၍ပင် ဝေးပါသေးသည်။ သို့သော် သူက ကျွန်မမှာကြားထားသမျှကို တိတိကျကျ ဆောင်ရွက်ပေးခဲ့သည်။ (ယခုမူ ကျွန်မ၏ အဆင့်အတန်းသည် သူ့ထက် အပိုကြီး သာလွန်ခဲ့ပြီ မဟုတ်လား။) နာရီအနည်းငယ် ကြာသည့်အခါတွင် ခြင်းကြီးခြင်းငယ် ကိုင်ဆောင်လျက် ကျွန်မ၏ မိဘအိမ်မှ ပြန်ရောက်လာသည်။ ခြင်းတစ်ခြင်းထဲတွင် မုန့်လုံးကြီးများ၊ ကျွန်မယောက္ခမများ ပို့ပေးခဲ့သော ဝက်သားတုံးများနှင့် ကျွန်မတို့၏ ခြံဝင်းထဲမှ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ ထည့်ထားသည်။ အိမ်ပြန်ရောက်လျှင် ကိုက်ဖြတ်မည်ဟု ရည်ရွယ်ထားသော ပိတ်စများကိုမူ နောက်ခြင်းတစ်ခြင်းထဲတွင် တွေ့ရသည်။ အသားတုံးကို စားနေသော ရွှယ်ဟွားမာမား၏ ပုံပန်းသဏ္ဌာန်ကို ကျွန်မ မေ့ဖျောက်ပစ်နိုင်တော့မည် မဟုတ်ပေ။ သူသည် အာဟာရ ပြတ်လပ်နေခဲ့သော်လည်း ဣန္ဒြေသိက္ခာရှိသော အမျိုးသမီးကောင်း တစ်ယောက်ပီပီ စားစရာကို မြင်ရရုံဖြင့် မျက်ရည်ဖြိုင်ဖြိုင် ကျနေတတ်သော အစားမျိုးထဲမှ မဟုတ်ပေ။ သူ့နေရာ၌ ကျွန်မ၏ မိသားစုဝင် တစ်ဦးဦးသာဆိုလျှင် ဝမ်းသာလုံးဆို့၍ ငိုမိပေလိမ့်မည်။ သို့သော် သူသည် ဝါးတူဖြင့် ဝက်သားတုံးကို ဆွဲဖြဲပြီး သူ၏ နှုတ်ခမ်းဖျားဆီသို့ ဣန္ဒြေရစွာ မြှောက်တင်လိုက်သည်။ သူ၏ ချုပ်တည်းနိုင်မှုနှင့် ကာယိန္ဒြေ ထိန်းချုပ်နိုင်မှုတို့က ကျွန်မကို သင်ခန်းစာတစ်ပုဒ် သင်ကြားပေးခဲ့သည်။ ၎င်းသင်ခန်းစာကို ယနေ့အချိန်ထိ မသွေမဖည် လိုက်နာဆောင်ရွက်နေဆဲပင် ရှိသေးသည်။ သင့်ဘဝသည် မည်မျှပင် ဆိုးရွားသော အခြေအနေမျိုးနှင့် ကြုံတွေ့နေပါစေ၊ သင်၏ ဂုဏ်သိက္ခာကြီးမြတ်သော မိန်းမသားတစ်ယောက် ဘဝမှ မည်သည့်အခါမျှ နိမ့်ကျမသွားပါစေနှင့်။

အောင်သွယ်တော်ဝမ်၏ အလုပ်က ထိုမျှနှင့် မပြီးပြတ်သေး။

“သီဆိုနှုတ်ဆက်ပွဲအတွက် ကျွန်မတို့ ကောင်မလေးတွေ လိုလိမ့်ဦးမယ်” ကျွန်မက ပြောလိုက်သည်။

“ရွှယ်ဟွားရဲ့ တာ့ကျယ်ကို ခေါ်ပေးလို့ ရနိုင်မလား”

“သူ့ရဲ့ ယောက္ခမတွေက သူ့ကို ဒီအိမ် ပြန်လာခွင့် ပေးကြမှာ မဟုတ်ဘူး”

၎င်းအမှန်တရားကို လက်ခံနိုင်ရန် ကျွန်မ ကြိုးစားနေရသည်။ ထိုသို့သော ကိစ္စမျိုး ဖြစ်လာနိုင်သည်ဟု ကျွန်မ ဘယ်တုန်းကမျှ မတွေးခဲ့စဖူး။

“ကောင်မလေးတွေ လိုသေးတယ်လေ” ကျွန်မက အထွန့်တက်လိုက်သည်။

“ပိုင်ဟောရှောင်ကျယ်၊ ဒီကို ဘယ်သူမှ လာချင်ကြမှာ မဟုတ်ဘူး” အောင်သွယ်တော်ဝမ်က အမှန်အတိုင်း ဖွင့်ပြောလာသည်။

“ငါ့မတ်ရဲ့ နာမည်က တော်တော်ဆိုးတယ်အေ့။ ဘယ်မိသားစုကမှ သူတို့ရဲ့ သမီးပျိုတွေကို ဒီအိမ်ထဲ အဝင်ခံချင်မှာ မဟုတ်ဘူး။ ညည်းမာမားနဲ့ စိန်စိန်း ဆိုရင်ရော။ သူတို့က လက်ရှိ အခြေအနေကို သိနေကြပြီးသား …”

“ဟင့်အင်း” ကျွန်မ သူတို့နှင့် မျက်နှာချင်း မဆိုင်လိုသေး။ ထို့အပြင် ရွှယ်ဟွားကို သူတို့ထံမှ အသနားခံနေရမည့် အဖြစ်မျိုး မရောက်စေချင်။ ကျွန်မလောင်ထုံး လိုအပ်နေသည်မှာ သူစိမ်းများသာ ဖြစ်သည်။

မင်္ဂလာဆောင်မှ ရရှိထားသော ငွေကြေးတချို့ ကျွန်မတွင် ရှိနေသည်။ ၎င်းထဲမှ တချို့ကို အောင်သွယ်တော်ဝမ်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

“ကောင်မလေး သုံးယောက် မရမချင်း ပြန်မလာနဲ့တော့။ သူတို့အဖေတွေကို စိန်စိန်း သင့်တော်မယ် ထင်သလောက် ပိုက်ဆံပေးလိုက်ပါ။ နောက်ပြီး သူတို့ကို ပြောလိုက်ပါဦး။ သူတို့သမီးတွေကို ကျွန်မ တာဝန်ယူပါတယ်လို့”

ထုံးခိုရွာ၏ အကောင်းဆုံး မိသားစုတွင် ချွေးမအသစ်စက်စက် ဖြစ်နေသော ကျွန်မအဖို့ မိမိ၏ လက်ရှိ ဂုဏ်အရှိန်အဝါဖြင့် လူတချို့ကို စည်းရုံးသိမ်းသွင်းနိုင်လိမ့်မည်ဟု ကျွန်မ ယုံကြည်သည်။ သို့သော် ကျွန်မ၏ နောက်ကွယ်၌ အတင်းအဖျင်း ပြောမည့်သူကလည်း ရှိနိုင်သေးသည်။ ကျွန်မ၏ ယောက္ခမများကလည်း ယခုလိုကိစ္စမျိုး၌ သူတို့၏ ရာထူးဂုဏ်သိန်ကို အသုံးချခဲ့ခြင်းအပေါ် နားလည်ပေးနိုင်လိမ့်မည် မဟုတ်ပေ။ ထို့အပြင် အောင်သွယ်တော်ဝမ်ကလည်း ထိုကိစ္စကို မချိန်မဆဘဲ ပစ္စလက်ခတ် လုပ်လိမ့်မည်မဟုတ်။ သူ၏ စီးပွားရေးကို ထုံးခိုတွင် ဆက်လက် လုပ်ဆောင်သွားရပေဦးမည်။ ကျွန်မကို လူးမိသားစုထံသို့ ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့သည့် နှစ်ရှည်စီမံကိန်းကြီး၏ အသီးအပွင့်ကို သူ ယခုမှ ခူးဆွတ်ခွင့် ရခါစ ဖြစ်သည်။ သူ၏ လက်ရှိအခြေအနေကို ယိုယွင်းပျက်ပြားသွားအောင် သူ လုပ်လိုမည် မဟုတ်ပေ။ သို့သော်လည်း သူသည် သူ့တူမ၏ အကျိုးစီးပွားအလို့ငှာ စည်းကမ်းပေါင်း မြောက်မြားစွာကို အတင်းအဓမ္မ ပြုပြင်ယူခဲ့ဖူးသည်။ နောက်ဆုံးတော့ အောင်သွယ်တော်ဝမ်၏ တွက်ချက်ချိန်ဆမှုက ပြီးဆုံးသွားသည့် အနေဖြင့် ခေါင်းတစ်ချက် ညိတ်ကာ ထွက်ခွာသွားလေတော့သည်။

နောက်တစ်နေ့တွင် ကျွန်မ၏ ယောက္ခမထံ၌ အလုပ်လုပ်နေကြသော လယ်သမားများ၏ သမီးသုံးယောက်ကို ခေါ်၍ သူ ပြန်ရောက်လာသည်။ တစ်နည်းဆိုရသော် ထိုသူတို့မှာ ကျွန်မကဲ့သို့သော မိန်းကလေးများ ဖြစ်ကြသည်။ ကျွန်မကဲ့သို့ ထူးခြားသော အားသာချက်များ မရှိခြင်းမျှသာ ကွာသည်။

ထိုတစ်လအတွင်း၌ အရာရာကို ကျွန်မက ဦးဆောင် ဆောင်ရွက်ခဲ့သည်။ တမ်းချင်းများ သီဆိုရာတွင် ထိုကောင်မလေးများကို ကျွန်မက ဦးဆောင်ခဲ့သည်။ သူတို့နှင့် လုံးဝ ရင်းနှီးထားခြင်း မရှိသော ရွှယ်ဟွားအတွက် စန်းချောင်စာအုပ်များ ရေးသားရာတွင်လည်း ကျွန်မက သူတို့အတွက် အကောင်းဆုံး စကားလုံးများကို ရှာဖွေပေးခဲ့သည်။ အကယ်၍ သူတို့ မရေးတတ်သော နွီစူးအက္ခရာများ ရှိပါက ကျွန်မက သူတို့အစား ရေးပေးခဲ့သည်။ အကယ်၍ အိပ်ရာခင်း ပြုလုပ်ရာ၌ အီးလေးဆွဲနေပါက သူတို့ကို အနားခေါ်၍ ကြိမ်းမောင်းဆူပူပေးရသည်။

ကျွန်မ၏ တာ့ကျယ် မည်သို့ ကြုံတွေ့ခဲ့သည်ကို မှတ်မိသေးပါ၏လော။ ကျွန်မတို့၏ အိမ်မှ ထွက်ခွာရန် သူ မည်မျှ ဝမ်းနည်းကြေကွဲနေခဲ့သည် ဖြစ်စေ၊ လူအများက သူ၏ အိမ်ထောင်ရေးကို သင့်တင့်လျောက်ပတ်သော အိမ်ထောင်ရေးဟုသာ ယုံကြည်ခဲ့ကြသည်။

တာ့ကျယ်၏ သီချင်းများမှာ ကြေကွဲဖွယ် ကောင်းလွန်းသည်လည်း မဟုတ်၊ ဝမ်းမြောက်ဖွယ် ကောင်းလွန်းသည်လည်း မဟုတ်။ ၎င်းတို့က သူ၏ အနာဂတ်ကို ပြညွှန်နေကြသည်။ ကျွန်မ၏ အိမ်ထောင်ရေးနှင့် ပတ်သက်၍လည်း ကျွန်မ၏ ခံစားချက်များက အကောင်းအဆိုး ရောပြွမ်းနေကြသည်။ အိမ်မှ ထွက်ခွာရမည်ကို ကျွန်မလည်း ဝမ်းနည်းခဲ့ပါသည်။ သို့သော် ကျွန်မ၏ဘဝ ပိုမို ကောင်းမွန်လာမည့် အရေးကို တွေးကာ ရင်ခုန်ခဲ့ရသည်။

ကျွန်မကို ကျွေးမွေး စောင့်ရှောက်ခဲ့သည့်အတွက် မိဘများအား ချီးကျူးဂုဏ်ပြုသည့် သီချင်းများကို ကျွန်မ သီဆိုခဲ့သည်။ ကျွန်မ၏ဘဝ ကောင်းစားရေးအတွက် မဆုတ်မနစ် ကြိုးပမ်းပေးခဲ့ကြသော သူတို့ကို ကျေးဇူးတင်သည့် အနေဖြင့် သီချင်းများကို ကျွန်မ သီဆိုခဲ့သည်။ သို့ပေမယ့်လည်း ရွှယ်ဟွား၏ အနာဂတ်မှာ အားရဖွယ် တစ်စက်မျှ မရှိ။ မည်သူကမျှ ထိုအချက်ကို ငြင်းဆန်နိုင် သို့တည်းမဟုတ် ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ကျွန်မတို့၏ သီချင်းများမှာ ညှိုးငယ်မှု၊ လွမ်းဆွတ်မှုများနှင့် ပြည့်နှက်နေလေတော့သည်။

“မာမား …” တစ်နေ့တွင် ရွှယ်ဟွားက ဤသို့ သီဆိုလိုက်သည်။

“ပါပါးက သမီးကို နေရောင်ရတဲ့ တောင်ကုန်းပေါ်မှာ စိုက်ပျိုးဖို့ မစွမ်းဆောင်နိုင်ခဲ့ဘူး။ ဒါကြောင့် သမီးကတော့ အမှောင်ထဲမှာပဲ အမြဲတမ်း ရှင်သန်သွားရတော့မယ်”

သူ့မိခင်က ပြန်လည် သီဆိုလိုက်သည်။

“ဟုတ်တာပေါ့ သမီးရယ်။ ပန်းပွင့်လှလှကလေး တစ်ပွင့်ကို နွားချေးပုံပေါ် စိုက်ထားသလိုပါပဲကွယ်”

ကျွန်မနှင့် တခြားသော ကောင်မလေးသုံးဦးတို့ကလည်း သဘောတူသည့်အနေဖြင့် အသံကိုမြှင့်ကာ ၎င်းစာကြောင်းများကို အကြိမ်ကြိမ် အထပ်ထပ် ရွတ်ဆိုလိုက်ကြသည်။ အားလုံး၏ စိတ်များ လေးပင်နေကြသော်လည်း ဓလေ့ထုံးစံအတိုင်း ပြုမူနေကြရသည်။

ↂↂↂ

ရာသီဥတုက အေးသည်ထက် အေးလာသည်။ တစ်နေ့တွင် ရွှယ်ဟွား၏ မောင်ငယ်တစ်ယောက် အလည်ရောက်လာပြီး ပြတင်းပေါက်ကို စက္ကူဖြင့် ကာရံပေးသွားသည်။ အသည်းခိုက်မည့် အအေးဓာတ်ကတော့ လျှော့၍ မသွားပေ။ ကျွန်မတို့၏ လက်ချောင်းများ တောင့်တင်းကာ အအေးဒဏ်ကြောင့် နီမြန်းလာကြသည်။ ကောင်မလေး သုံးယောက်ခမျာ ဘာမျှ စောဒက မတက်ဝံ့ကြ။ သို့သော် ကျွန်မတို့ ဤအတိုင်း ဆက်သွား၍ မဖြစ်နိုင်တော့မှန်း သိလာသောကြောင့် အောက်ထပ်ရှိ မီးဖိုချောင်ထဲသို့ ရွှေ့ရန် အကြံပြုရတော့သည်။ မီးဖိုချောင်ထဲရှိ သံဒယ်ပိုင်း မီးသွေးမီးဖိုဖြင့် ကျွန်မတို့ကို အနွေးဓာတ်ပေးနိုင်သည်။ အောင်သွယ်တော်ဝမ်နှင့် ရွှယ်ဟွား၏ မာမားတို့က ကျွန်မ၏ အကြံပြုချက်ကို လိုက်လျောလိုက်ကြသည်။ ကျွန်မတွင် အရှိန်အဝါရှိကြောင်း နောက်တစ်ကြိမ် သက်သေပြလိုက်ခြင်းပင်။

ရွှယ်ဟွားအတွက် စန်းချောင်စာအုပ်ကို ကျွန်မ လွန်ခဲ့သော ရက်ပေါင်းများစွာက ကြိုတင်ပြုလုပ်ထားခဲ့သည်။ ၎င်းစာအုပ်ထဲတွင် ရွှယ်ဟွားနှင့် သူ၏အနာဂတ် အလားအလာကို သာယာချမ်းမြေ့ဖွယ် ဖြစ်အောင် အမွှမ်းတင် ရေးသားထားခဲ့သည်။ သို့သော် ၎င်းအရာများသည် ပစ္စက္ခအခြေအနေနှင့် လုံးဝ မစပ်ဟပ်တော့ပေ။ ကျွန်မ အသစ်တစ်အုပ် ပြန်ရေးလိုက်သည်။ စာအုပ်၏ အဖုံးကို မဲနယ်ရောင် ပိတ်စဖြင့် ဖုံးအုပ်၍ ကောက်ရိုးစက္ကူ အနည်းငယ်ကို ခေါက်ကာ အပ်ချည်ကြိုးဖြူဖြင့် အနှောင့်ကို ချုပ်သီလိုက်သည်။ အဖုံး၏ အတွင်းဘက် မျက်နှာပြင် ထောင့်စွန်းများတွင် အနီရောင် စက္ကူပန်းကနုတ်များကို ကပ်ထားသည်။ ပထမဆုံး စာမျက်နှာပေါ်၌ ရွှယ်ဟွားအတွက် နှုတ်ဆက်လွမ်းချင်းကို ရေးသားလိုက်သည်။ နောက်စာမျက်နှာပေါ်တွင် သူ၏ မိသားစုအသစ်အတွက် သူ့အကြောင်း မိတ်ဆက်စာကို ရေးထားသည်။ နောက်ကျန်သည့် စာမျက်နှာများကိုမူ အလွတ်အတိုင်း ထားကာ နောက်တစ်ချိန် သူ ရေးလိုရာ ရေးနိုင်ရန်အတွက် ချန်ထားခြင်း ဖြစ်သည်။ သို့မဟုတ်ပါကလည်း သူ၏ ပန်းထိုးအဆင် ဒီဇိုင်းပုံများကို ၎င်းစာမျက်နှာများပေါ်တွင် ရေးမှတ်ထားနိုင်သည်။ ကျွန်မသည် မင်ခဲကို ကျောက်ပြင်တွင် အသာအယာ သွေးလိုက်ပြီး စုတ်တံကို မင်တို့ကာ နွီစူးအက္ခရာများ ရေးရန် ဟန်ပြင်လိုက်သည်။ ကျွန်မ၏ စုတ်ချက်တိုင်းကို တတ်နိုင်သမျှ အလှပဆုံး ဖြစ်အောင် ကြိုးစားခဲ့သည်။ ဤရက်များအတွင်း၌ ကြုံတွေ့ခဲ့ရသော ခံစားချက် အဖုံဖုံတို့ကြောင့် ယောက်ယက်ခတ်နေသည့် ကျွန်မ၏ စိတ်နှင့် လက်ကို ကြိုးစားထိန်းချုပ်ကာ စန်းချောင်စာအုပ်ကို မှဲ့တစ်ပေါက်မစွန်းစေရန် လုံ့လပြုခဲ့သည်။

ရက်သုံးဆယ် ကုန်လွန်သွားသောအခါ ‘စိုးရိမ်ပူဆွေးခြင်းနေ့’ သို့ ရောက်ရှိလာသည်။

ရွှယ်ဟွားက အပေါ်ထပ် အမျိုးသမီးဆောင်ထဲ၌ ထိုင်နေသည်။ သူ့မိခင်သည် လှေကား၏ စတုတ္ထမြောက်အထစ်တွင် ထိုင်လျက် ကျွန်မတို့၏ လွမ်းချင်းများကို သီဆိုကြသည်။ ရွှယ်ဟွားဖခင်၏ ပြစ်တင်မောင်းမဲသံများကို ဥပေက္ခာပြုကာ ခံစားချက်များနှင့် အကြံပြုချက်များကို အသံကျယ်ကျယ်ဖြင့် ဖွင့်အန် သီဆိုပစ်လိုက်သည်။

“မိန်းမကောင်းတစ်ယောက်ဟာ သူ့ယောက်ျားရဲ့ အားနည်းချက်ကို အကြောင်းပြုပြီး သူ့ကို ရွံရှာစက်ဆုပ်တာမျိုး မလုပ်သင့်ဘူး” ‘ဝမ်မယားပုံပြင်’ ကို သတိရမိသောကြောင့် ကျွန်မ ဤသို့ ရွတ်ဆိုလိုက်သည်။

“ဘဝအခြေအနေ ကောင်းမွန်လာအောင် နင့်ရဲ့ မိသားစုကို ပြုစုပျိုးထောင်ပေးပါ။ နင့်ယောက်ျားကို ပြုစုယုယပါ။ နာခံကျိုးနွံပါ”

ရွှယ်ဟွား၏ မိခင်နှင့် စိန်စိန်းတို့ကလည်း ဤအယူအဆကို သံယောင်လိုက်ကာ သီဆိုကြသည်။

“သမီးကောင်းတစ်ယောက် ဖြစ်ဖို့အတွက် ငါတို့တွေ ကျိုးနွံနာခံခဲ့ကြရတယ်” သူတို့နှစ်ယောက် သံပြိုင် သီဆိုလိုက်ကြသည်။ သူတို့၏ စည်းချက်ညီသော အသံများကို ကြားရသည်တွင် သူတို့၏ သံယောဇဉ်နှင့် ချစ်ခြင်းမေတ္တာကို မည်သူကမျှ သံသယ ဝင်နိုင်လိမ့်မည် မဟုတ်ပေ။

“ငါတို့တတွေက အပေါ်ထပ် အခန်းတွေထဲမှာပဲ အမြဲ နေနေကြရတယ်။ ဣန္ဒြေသိက္ခာ မစွန်းမထင်းအောင် နေကြရတယ်။ ရိုးရိုးကုပ်ကုပ် နေကြရတယ်။ မိန်းမတို့ တတ်အပ်တဲ့ လက်မှုပညာတွေကို တတ်ကျွမ်းနားလည်အောင် သင်ယူကြရတယ်။ အရွယ်ရောက်တော့ သျှောင်နောက် ဆံထုံးပါ ဆိုသလို ငါတို့ ကိုယ့်အိမ်ကို ခွဲခွာကြရတယ်။ အဲဒါ ငါတို့ မိန်းမသားတွေရဲ့ အာဝေဏိကဒုက္ခပဲ။ ငါတို့ရဲ့ လင်ယောက်ျားအိမ်ကို ရောက်သွားပြီ ဆိုရင်တော့ ကမ္ဘာလောကအသစ်နဲ့ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ကြရတော့မယ်။ တစ်ခါတလေတော့ ဘဝက ပိုကောင်းသွားတယ်။ တစ်ခါတလေတော့ ပိုဆိုးသွားတယ်”

“အနည်းဆုံးတော့ ငါတို့ရဲ့ ကလေးဘဝတွေကို အတူတကွ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ကြရတယ်လေ” ပျော်ရွှင်ဖွယ် နေ့ရက်များကို ပြန်အမှတ်ရစေရန် ကျွန်မက ရွှယ်ဟွားကို သတိပေး သီဆိုလိုက်သည်။

“နှစ်တွေ အများကြီးမှာ တစ်နှစ်ပြီးတစ်နှစ် ငါတို့နှစ်ယောက် တစ်ဖဝါးမကွာ အတူ နေခဲ့ကြတယ်။ အခုလည်း အရင်လိုပဲ အတူတူ ရှိနေဦးမှာပါ”

ထို့နောက် ယပ်တောင်ပေါ်တွင် ပထမဆုံးအကြိမ် အပြန်အလှန် ရေးခဲ့ကြသော စာသားများနှင့် ကျွန်မတို့၏ လောင်ထုံးစာချုပ်ပေါ်မှ စာသားများကို ပြန်လည် ရွတ်ဆိုလိုက်သည်။

“ငါတို့နှစ်ယောက် အရင်လိုပဲ တီးတိုးပြောကြဦးမယ်။ ငါတို့ကြိုက်တဲ့ အပ်ချည်အရောင်တွေကို ငါတို့ အတူတူ ရွေးကြဦးမယ်။ အတူတူ ဇာထိုးပန်းထိုး လုပ်ကြဦးမယ်”

လှေကားထိပ်သို့ ရွှယ်ဟွား ရောက်ရှိလာပြီး သူ၏ အသံက အောက်ထပ်ရှိ ကျွန်မထံသို့ ပျံ့လွင့်လာတော့သည်။

“ဇာမဏီငှက်နှစ်ကောင်လို ငါတို့နှစ်ယောက် စိတ်လွတ်ကိုယ်လွတ် အမြဲတမ်း ပျံသန်းနေနိုင်လိမ့်မယ်လို့ ငါ ထင်ထားခဲ့တာ။ အခုတော့ ငါက အသေကောင်ကြီးလို ရေကန်တစ်ကန်ရဲ့ အောက်ခြေဆီကို နစ်မြုပ်သွားနေပြီ။ ငါတို့နှစ်ယောက် အရင်လိုပဲ ဆက်နေဦးမယ်ဆိုတဲ့ နင့်ရဲ့စကားကို ငါ ယုံပါတယ်။ ဒါပေမယ့် ငါ့ရဲ့ အိမ်တံခါးမကြီးက နင့်ဟာနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့ ရနိုင်မှာ မဟုတ်တော့ဘူး”

သူက လှေကားအတိုင်း အောက်ဘက်သို့ တဖြည်းဖြည်း ဆင်းလာပြီး သူ့မိခင်၏ ဘေးနားတွင် ဝင်ထိုင်လိုက်သည်။ မျက်ရည်များ ဒရဟော စီးကျလာတော့မည်လားဟု ကျွန်မတို့ တွေးဆနေကြသည်။ သို့သော် ထိုသို့ မဟုတ်ခဲ့ပါ။ သူက သူ့မိခင်ကို လက်နှစ်ဘက်ဖြင့် ပွေ့ဖက်ကာ ရွာသူ သူငယ်မတို့၏ လွမ်းချင်းများကို တိတ်ဆိတ်စွာ နားထောင်နေသည်။ သူ၏ ခံစားချက်မဲ့နေသော ရုပ်ပုံလွှာကို တွေ့မြင်နေရသောကြောင့် ကျွန်မ မအံ့ဩဘဲ မနေနိုင်ပါ။ ထိုစဉ်က ကျွန်မသည်ပင် ကျွန်မ၏ မင်္ဂလာဆောင်တွင် စိတ်လှုပ်ရှားနေခဲ့သကဲ့သို့ ဤအခမ်းအနား၌လည်း ဝမ်းနည်းငိုကြွေးနေခဲ့ပါသည်။ ကျွန်မကိုယ်တိုင် ခံစားခဲ့ရဖူးသကဲ့သို့ ရွှယ်ဟွား၏ ခံစားချက်များသည် ရှုပ်ထွေးနေပါသလော။ သူသည် သူ့မိခင်ကို အမှန်ပင် လွမ်းဆွတ်တမ်းတ နေပေလိမ့်မည်။ သို့သော် သူ၏ မသတီစရာ ဖခင်ကြီးကို လွမ်းဆွတ်နေပါမည်လော။ မိသားစုနှင့် အတူနေရခိုက် သူ၏ နေ့စဉ်ဘဝ၌ အခြေအနေဆိုးများ ကျရောက်နေပြီ ဖြစ်ကြောင်း အခါမလပ် သတိပေး အချက်ပြနေခဲ့သည့် ဗလာကျင်းနေသော ဤအိမ်ကြီးအတွင်း အထီးကျန်စွာ ခြေလှမ်းလှမ်းခဲ့ရသည်များကို သူ လွမ်းဆွတ် တမ်းတနေပါဦးမည်လော။ သားသတ်သမားတစ်ဦးနှင့် အိမ်ထောင်ပြုရသည်မှာ ဆိုးယုတ်သောကိစ္စ ဖြစ်သည် မှန်သော်လည်း လက်ရှိ မျက်မြင်ဒိဋ္ဌ အခြေအနေထက် ပိုမို ဆိုးရွားနိုင်ပါဦးမည်လော။ ရွှယ်ဟွားသည် ကျွန်မကဲ့သို့ မြင်းနှစ်မွေးသူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ဗီဇသတ္တိအရ ကျွန်မကဲ့သို့ပင် စွန့်စားရသည့် အလုပ်မျိုးကို လွန်စွာ အားသန်လှပေသည်။ သို့သော် … ကျွန်မတို့နှစ်ယောက်စလုံး မြင်းနှစ်မွေးသူ လောင်ထုံးများ ဖြစ်ကြသော်လည်း ကျွန်မ၏ ခြေထောက်များသည် အစဉ်အမြဲ မြေပြင်နှင့် ထိကပ်နေခဲ့သည်။ ဆိုလိုသည်မှာ လက်တွေ့ကျသည်၊ သစ္စာရှိသည်၊ နာခံကျိုးနွံတတ်သည်။ သို့တစေ သူ၏ မြင်းမှာ မြင်းပျံတစ်ကောင် ဖြစ်နေသောကြောင့် လှပ၍ နူးညံ့သိမ်မွေ့သော စိတ်နှလုံး ရှိသော်ငြားလည်း အမြင့်သို့သာ ပျံသန်းချင်နေသည်။ သူ့ကို ဇက်ကိုင်မည့် မည်သူ တစ်ဦး တစ်ယောက်ကို မဆို ပြန်လှန် တိုက်ခိုက်ရန် အသင့် ရှိနေသည်။

နောက်နှစ်ရက် ကြာသောအခါတွင် ရွှယ်ဟွား၏ ပန်းဖွားဝေါယာဉ် ရောက်ရှိလာသည်။ ယခုတစ်ကြိမ်၌လည်း သူသည် မျက်ရည် မကျခဲ့ပေ။ ပြုပြင်ပြောင်းလဲရန် မဖြစ်နိုင်သည့် သူ၏ ကံကြမ္မာကို တော်လှန် ပုန်ကန်ခြင်းမျိုးလည်း မပြုလုပ်ခဲ့ပါ။ သူသည် ဝမ်းနည်းစရာ ကောင်းလောက်အောင် နည်းပါးလှသော လူအုပ်အကြားတွင် တဒင်္ဂမျှ တုံ့ရပ်နေပြီးကာမှ မည်ကာမတ္တ အလှဆင်ထားသော ဝေါယာဉ်ထက်သို့ တက်လှမ်းသွားလေသည်။ ကျွန်မ ငှားရမ်းထားသော ကောင်မလေးသုံးယောက်သည် ပန်းဖွားဝေါယာဉ် လမ်းကြားထဲသို့ ချိုးကွေ့ ပျောက်ကွယ်သွားသည်အထိပင် မစောင့်နိုင်ကြတော့ဘဲ သူတို့အိမ်သို့ ပြန်သွားကြလေတော့သည်။ ရွှယ်ဟွား၏ မိခင်လည်း အိမ်ထဲသို့ ဝင်ရောက်သွားပြီ ဖြစ်သောကြောင့် ကျွန်မနှင့် အောင်သွယ်တော်ဝမ် နှစ်ယောက်တည်းသာ လမ်းပေါ်တွင် ကျန်ရစ်ခဲ့တော့သည်။

“ညည်းကတော့ ငါ့ကို ယုတ်မာတဲ့ ဘွားတော်ကြီးပဲလို့ အောက်မေ့နေမှာပဲ” အောင်သွယ်တော်က ပြောသည်။

“ဒါပေမယ့် ညည်း နားလည်ထားဖို့က ငါ ညည်းမာမားနဲ့ ညည်းစိန်စိန်းကို ဘယ်တုန်းကမှ မညာခဲ့ဖူးဘူး။ မိန်းမသားတစ်ယောက်ရဲ့ ဘဝတစ်သက်တာ အတွင်းမှာ သူ့ရဲ့ ကိုယ်ပိုင်ကံကြမ္မာကို ပြောင်းလဲသွားအောင် လုပ်နိုင်တဲ့ အခွင့်အရေးဆိုလို့ ဘာမှ များများစားစား မရှိဘူး။ သူများအတွက် ဆိုတာကိုတော့ စကားထဲ ထည့်တောင် ပြောမနေနဲ့တော့။ ဒါပေမယ့် …”

သူ၏ ဆင်ခြေဆင်လက်များကို မကြားချင်တော့၍ လက်မြှောက်ကာ သူ့ကို ဟန့်တားလိုက်သည်။ ဆင်ခြေများ ပေးနေခြင်းထက် ထူးခြားသော တစ်စုံတစ်ရာကို ကျွန်မ သိနေခဲ့သည်။

“လွန်ခဲ့တဲ့ နှစ်တွေ အများကြီးတုန်းက ရှင် ကျွန်မအိမ်ကို လာပြီး ကျွန်မ ခြေထောက်တွေကို ကြည့်ခဲ့တယ် …”

“ညည်းက တကယ်ရော ထူးခြားတာ ဟုတ်ရဲ့လားလို့ မေးချင်နေတာ မဟုတ်လား” ကျွန်မက ခေါင်းညိတ်ပြလိုက်သည့်အခါတွင် သူက ကျွန်မကို စူးစူးရဲရဲ စိုက်ကြည့်နေလေသည်။

“သင့်လျော်တဲ့ လောင်ထုံးတစ်ယောက် ရှာဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။ ငါ့ရဲ့ တူမလေးနဲ့ သင့်တော်မယ့် တစ်စုံတစ်ယောက်ကို ရှာပေးဖို့အတွက် နိုင်ငံအနှံ့မှာ ငါနဲ့ ခင်တဲ့ ဗေဒင်ဆရာတွေ အများကြီး ရှိတယ်။ ဟုတ်တယ် … အဆင့်အတန်းမြင့်တဲ့ မိသားစုက တစ်ယောက်ယောက်ကို ငါ ပိုပြီး လိုချင်ခဲ့တာတော့ အမှန်ပဲ။ ဒါပေမယ့် ဗေဒင်ဆရာကြီးဟူက ညည်းကို ရှာတွေ့ခဲ့တယ်လေ။ ညည်းရဲ့ ဇာတာ အက္ခရာရှစ်လုံးက ငါ့တူမလေးနဲ့ အံဝင်ခွင်ကျ ဖြစ်နေတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သူက ငါ့ဆီ လာကိုလာရဦးမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ညည်းခြေထောက်တွေက အမှန်တကယ်ကို ထူးခြားနေလို့ပေါ့။ ငါ့တူမကို ညည်းရဲ့ လောင်ထုံးအဖြစ် သတ်မှတ်သည် ဖြစ်စေ၊ မသတ်မှတ်သည် ဖြစ်စေ၊ ညည်းရဲ့ ကံကြမ္မာက ကောင်းတဲ့ အလှည့်အပြောင်းနဲ့ ကြုံကိုကြုံဖို့ ရှိတယ်။ ဒီတော့ ငါ့ရဲ့ ဆန္ဒက ညည်းတို့ရဲ့ ပတ်သက်ဆက်နွှယ်မှု ကနေတစ်ဆင့် သူ့ရဲ့ ကံကြမ္မာကိုလည်း ပြောင်းလဲသွားစေချင်တယ်။ သူ့ဘဝ ကောင်းစားနိုင်ဖို့အတွက် မုသားတွေ အများကြီးကို ငါ ပြောခဲ့တယ်။ ဒါပေမယ့် အဲဒီအတွက်နဲ့တော့ ညည်းကို ဘယ်တော့မှ တောင်းပန်နေမှာ မဟုတ်ဘူး”

ကျွန်မသည် အောင်သွယ်တော်ဝမ်၏ နီမြန်းနေသော မျက်နှာကို စိုက်ကြည့်ကာ တွေးဆနေသည်။ သူ့ကို မုန်းပစ်လိုက်ချင်သည်။ သို့သော် မည်သို့ မုန်းနိုင်ပါအံ့နည်း။ ဤကမ္ဘာတွင် သူ့အတွက် အရေးအကြီးဆုံးသော လူသားတစ်ယောက်ကို အခြားလူများထက် အလေးထား အရေးပေးကာ ထိုသူ၏ ကောင်းစားရေးအတွက် သူ အကောင်းဆုံး ပြုလုပ်ပေးခဲ့သည် မဟုတ်ပါလား။

ↂↂↂ

ရွှယ်ဟွား၏ တာ့ကျယ်က စန်းချောင်စာအုပ်များကို သွားရောက် ပို့ဆောင်ပေးမည် မဟုတ်သောကြောင့် သူ့နေရာတွင် ကျွန်မ အစားဝင်လိုက်သည်။ ကျွန်မ၏ မိဘများက ကျွန်မဆီသို့ ဝေါယာဉ်တစ်စီး ပို့လွှတ်ပေးသည်။ ဤသို့ဖြင့် အချိန်တိုအတွင်း ကျင်းထျန်ရွာသို့ ရောက်ရှိသွားလေသည်။ ထိုနေ့က ရွာတွင်း၌ အသံများ တိတ်ဆိတ်နေသည်။ ထူးခြားသည့် အခမ်းအနားတစ်ခု ကျင်းပနေကြောင်း သိသာထင်ရှားနိုင်သော မည်သည့် အတီးအမှုတ်၊ မည်သည့် အပြင်အဆင်ကိုမျှ မတွေ့ရပေ။ ဝေါယာဉ်အပြင်သို့ ခြေလှမ်းလိုက်သည်နှင့် ညစ်ပတ်ပေရေနေသော လမ်းမပေါ်သို့ ရောက်ရှိသွားသည်။ မျက်နှာချင်းဆိုင်တွင် ခပ်နိမ့်နိမ့် အဖီ ထုတ်ထားသော အိမ်ပုတစ်လုံးနှင့် နံရံတွင် မှီထားသော ထင်းပုံတစ်ပုံကို တွေ့နေရသည်။ တံခါးပေါက်၏ ညာဘက်တွင်မူ အုတ်ခုံတွင် မြှုပ်ထားသော ဧရာမဒယ်အိုးကြီးနှင့် တူသည့် အရာတစ်ခုကို တွေ့မြင်ရသည်။

ကျွန်မ၏ ရောက်ရှိလာမှုအတွက် ဧည့်ခံပွဲတစ်ခု ပြင်ဆင်ထားသင့်ပါသည်။ သို့သော် ဘာမျှ မတွေ့ရပါ။ ထုံးစံအရ ရွာ၏ ဂုဏ်သိက္ခာမြင့်မားသော အမျိုးသမီးများက ကျွန်မကို ကြိုဆိုနှုတ်ဆက်ရပေမည်။ သူတို့ လာရောက်နှုတ်ဆက်ကြပါသည်။ သို့သော် သူတို့၏ ပြောပုံဆိုပုံများက အရိုင်းဆန်လှသည်။ ဤရွာသည် ထုံးခိုမှ လီအနည်းငယ်မျှသာ ကွာလှမ်းသော်လည်း ဤဒေသနှစ်ခု၏ လူမှုပတ်ဝန်းကျင်မှာ မိုးနှင့်မြေပမာ ကွာချင်တိုင်း ကွာခြားနေတော့သည်။

ကျွန်မကို အိမ်၏ ဧည့်ခန်းမထဲသို့ ခေါ်ဆောင်သွားပြီး စန်းချောင်စာအုပ် ရွတ်ဖတ်ခြင်း အခမ်းအနားကို စတင်လိုက်ကြသည်။ မျက်မြင်အနေအထားအရ ကြည့်လျှင် ဤအိမ်သည် ကျွန်မ၏ မိဘအိမ်နှင့် များစွာ မကွာခြားလှပေ။ ငရုတ်သီးခြောက်များ ထုပ်တန်းပေါ်၌ တွဲလဲခိုနေကြသည်။ လေးဘက်လေးတန်ရှိ နံရံများမှာလည်း ဆေးသုတ်မထားသော အကြမ်းထည် အုတ်နံရံများသာ ဖြစ်သည်။ ရုပ်ဝတ္ထုများ ဤသို့ဤနှယ် အသွင်တူကြသကဲ့သို့ ဤအိမ်တွင်းရှိ လူများသည်လည်း ကျွန်မ၏မိသားစုနှင့် စရိုက်ချင်း တူညီကြပါစေဟု ကျွန်မ ဆုတောင်းနေမိသည်။ ဤအခမ်းအနား၌ ရွှယ်ဟွား၏ ခင်ပွန်းကို ကျွန်မ တွေ့ခွင့် မရခဲ့ပါ။ သူ၏ မိခင်နှင့်တော့ ဆုံခဲ့ပါသည်။ မုဆိုးတစ်ပိုင်း မိန်းမရိုင်း တစ်ယောက်သာ။ သူ၏ မျက်လုံးနှစ်လုံးက အတွင်းသို့ ပူးကပ်လုမတတ် ရှိနေကြပြီး နှုတ်ခမ်းများက ပါးလျလွန်းသည်။ စိတ်သဘောထား သေးသိမ်ပြီး ကြမ်းကြုတ်ရက်စက်တတ်သည့် လက္ခဏာများပင် ဖြစ်တော့သည်။

ရွှယ်ဟွားသည် အခန်းထဲသို့ ဝင်ရောက်လာပြီး စန်းချောင်စာအုပ်များ ချထားသည့် စားပွဲအနောက်ရှိ ခုံတန်းရှည်တွင် ဝင်ထိုင်၍ ငြိမ်သက်စွာ စောင့်မျှော်နေသည်။ အိမ်ထောင်သည်တစ်ယောက် ဖြစ်သွားသည့်အတွက် ကျွန်မကိုယ်ကျွန်မ ပြောင်းလဲသွားသည်ဟု ခံစားခဲ့ရသော်လည်း ကျွန်မ၏ မျက်လုံးများထဲတွင် သူသည် အနည်းငယ်မျှ ပြောင်းလဲမသွားပေ။ ကျင်းထျန်မှ အမျိုးသမီးကြီးများသည် စန်းချောင်စာအုပ်များ၏ နံဘေး၌ ဝန်းရံကာ စာအုပ်များကို သူတို့၏ ညစ်ပတ်ပေရေသော လက်များဖြင့် ဟိုကိုင်ဒီကိုင် ပြုလုပ်နေကြသည်။ စာအုပ်များ၏ ထောင့်များတွင် ကပ်ထားသော ပန်းအလှ အပြင်အဆင်များ အကြောင်းနှင့် စာအုပ်အဖုံးများ အကြောင်းကိုသာ သူတို့အချင်းချင်း အပြန်အလှန် ပြောဆိုနေကြသော်လည်း စာအုပ်အတွင်းရှိ လက်ရေးလက်သားများ၊ အကြောင်းအရာများနှင့် ပတ်သက်၍မူ မည်သူကမျှ ဝေဖန်ပြောဆိုခြင်း မပြုကြပေ။

မိနစ်အနည်းငယ်မျှ ကြာသောအခါ ရွှယ်ဟွား၏ ယောက္ခမသည် ထိုင်ခုံတစ်လုံးဆီသို့ လျှောက်လှမ်းလာရာ အခြားသော အမျိုးသမီးများသည်လည်း အခန်း၏ ပတ်ပတ်လည်၌ နေရာယူလိုက်ကြသည်။ စည်းနှောင်ထားသော သူ၏ ခြေထောက်များသည် ကျွန်မ၏ မိခင်လောက်တော့ မဆိုးရွာလှသော်လည်း သူ၏ အလျင်စလို လှုပ်ရှားတတ်ပုံက သူ့နှုတ်မှ ထွက်သော မနှစ်မြို့ဖွယ် လေယူလေသိမ်းထက်ပင် သူ၏ အဆင့်အတန်းကို ဖော်ပြနေတော့သည်။ သူက ထိုင်ခုံတွင် ထိုင်ချလိုက်ပြီးနောက် သူ၏ ချွေးမအသစ်စက်စက်ကို မကျေမချမ်းသော အကြည့်ဖြင့် စိုက်ကြည့်နေသည်။ ထို့နောက် ခံစားချက်မဲ့သော မျက်လုံးများဖြင့် ကျွန်မကို လှမ်းကြည့်လိုက်ပြန်သည်။

“ရှင်က လူးမိသားစုဝင်နဲ့ အိမ်ထောင်ကျတယ်လို့ ကြားသိရတယ်။ အတော်လေး ကံကောင်းတာပဲ” စကားလုံးများက ယဉ်ကျေးချိုသာသော်လည်း ပြောပုံဆိုပုံက အော်ကလီဆန်ချင်စရာ။

“ရှင်နဲ့ ကျွန်မချွေးမက နွီစူးမှာ အတော်လေး ကျွမ်းကျင်တယ်လို့ လူတွေက ပြောနေကြတယ်။ ကျွန်မတို့ရွာမှာ ရှိတဲ့ မိန်းမတွေကတော့ အဲဒီလို ပဝေသဏီက ပစ္စည်းတွေကို သိပ်စိတ်ဝင်စားလှတာ မဟုတ်ဘူး။ ကျွန်မတို့ နွီစူးကို ဖတ်တတ်ပါတယ်။ ဒါပေမယ့် ရှင် ရွတ်တာကိုပဲ ကျွန်မတို့ နားထောင်ပါရစေ။ အဲဒါက ပိုကောင်းပါလိမ့်မယ်”

ကျွန်မက ဤသို့ မယူဆ။ ဤမိန်းမကြီးသည် ကျွန်မ၏ မိခင်ကဲ့သို့ နွီစူး မဖတ်တတ်သူ တစ်ယောက်သာ ဖြစ်ရပေမည်။ အခန်းပတ်ပတ်လည်ရှိ တခြားအမျိုးသမီးများကို ကျွန်မ ဝေ့ကြည့်လိုက်သည်။ စာအရေးအသားနှင့် ပတ်သက်၍ သူတို့ထံမှ မည်သည့် ဝေဖန်ချက်မျှ မကြားခဲ့ရသည့် အကြောင်းအရင်းမှာ သူတို့ကိုယ်တိုင် နွီစူးကို မကျွမ်းကျင် မပိုင်နိုင်ကြသောကြောင့်သာ ဖြစ်ရပေလိမ့်မည်။

“ကျွန်မတို့ရဲ့ အတွေးအမြင်တွေကို အခုလို စက္ကူပေါ်မှာ ခွေးခြစ်ကြောင်ခြစ် ရေးပြီး ဖုံးကွယ်နေဖို့ မလိုပါဘူး” ရွှယ်ဟွား၏ ယောက္ခမက စကားကို ဆက်သည်။

“ဒီအခန်းထဲမှာ ရှိတဲ့ လူတိုင်းက ကျွန်မ ဘာတွေးနေသလဲ ဆိုတာကို သိကြတယ်” သူ့စကားကြောင့် ရယ်မောသံများ ထွက်ပေါ်လာသောအခါ သူက လက်ချောင်းသုံးချောင်းထောင်ကာ သူ့သူငယ်ချင်းများကို အရယ်ရပ်ရန် အချက်ပြလိုက်သည်။

“ကျွန်မချွေးမရဲ့ စန်းချောင်စာအုပ်တွေကို ရှင် ဖတ်ပြတာ နားထောင်ခွင့်ရမယ်ဆိုရင် ကျွန်မတို့အတွက် ဝမ်းမြောက်ဂုဏ်ယူစရာ ဖြစ်ပါလိမ့်မယ်။ ထုံးခိုရဲ့ မိသားစုကြီးတစ်ခုမှာ မွေးဖွားကြီးပြင်းလာတဲ့ မိန်းကလေးတစ်ယောက်ကနေ ကျွန်မရဲ့ ချွေးမ ဖြစ်လာတာဆိုတော့ သူတို့မိသားစုဝင်တွေက သူ့ကို ဘယ်လို ဝေဖန်သုံးသပ်ကြမလဲဆိုတာ ကျွန်မတို့ ကြားချင်လွန်းလှတယ်”

ထိုမိန်းမကြီး၏ စကားလုံးတိုင်းတွင် လှောင်ပြောင် ထေ့ငေါ့သံများ ရောစွက်နေသည်။ ၁၇ နှစ်သာ ရှိသေးသော ကျွန်မအနေဖြင့် အတတ်နိုင်ဆုံး ဣန္ဒြေဆည်ထားရသည်။ ပထမဆုံးအနေဖြင့် ရွှယ်ဟွား၏ မိခင် ရေးသားထားသော စန်းချောင်စာအုပ်ကို ကောက်ယူကာ ဖွင့်ဖတ်လိုက်သည်။ သူ၏ သိမ်မွေ့နူးညံ့သော အသံကို ပြန်လည် အာရုံပြု၍ သူ၏ လေယူလေသိမ်းအတိုင်း ဖြစ်အောင် ကြိုးစားရွတ်ဆိုလိုက်လေသည်။

“မင်္ဂလာအခမ်းအနားပြီးတဲ့ သုံးရက်မြောက်နေ့မှာ သမီးရဲ့ အိမ်တော်ကို တင်ပြနိုင်ဖို့အတွက် ဒီစာကို မာမား ရေးလိုက်ပါတယ်။ သမီးနဲ့ မာမားတို့ ခွဲခွာခဲ့ကြရတာ အခုဆို သုံးရက်တောင် ရှိသွားပြီ။ မာမားတို့ မိသားစုမှာ ကြမ္မာဆိုးထန်ခဲ့လေတော့ သမီးခမျာလည်း ကျပ်တည်းတဲ့ ရွာတစ်ရွာမှာ အိမ်ထောင်ကျရရှာတယ်” ပုံမှန်အားဖြင့် ရေးလေ့ရေးထ ရှိသော စန်းချောင်စာအုပ်၏ မူလရေးထုံးကို သွေဖည်၍ ရွှယ်ဟွား၏ မိခင်က မိသားစုအသစ်ကို စာထဲတွင် ထည့်ရေးထားသည်။

“ကျွန်မသမီးလေးရဲ့ ခန်းဝင်ပစ္စည်းတွေ ချို့ငဲ့နုံချာနေတဲ့အတွက် သမီးကို ရှင်တို့ ကရုဏာထား သက်ညှာ သနားနိုင်လိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ ခန်းဝင်ပစ္စည်းတွေရဲ့ အပေါ်ဆုံး အထပ်မှာတောင် ရိုးစင်းလွန်းနေပါတယ်။ ကျေးဇူးပြုပြီး အဲဒီအကြောင်းကို မပြောကြပါနဲ့တော့”

ထို့နောက်တွင် သူတို့မိသားစု၏ အဆိုးလောကဓံများ အကြောင်းကို ပြောကြားထားသည်။ သူတို့၏ ဂုဏ်သိက္ခာများ ကျဆင်းခဲ့ရပုံနှင့် လက်ရှိ ကြုံတွေ့နေရသော ဆင်းရဲနွမ်းပါးပုံများလည်း ပါဝင်သည်။ သို့သော် ကျွန်မ၏ မျက်လုံးများသည် ထိုစကားလုံးများကို မသိကျိုးကျွံပြုကာ ခုန်ကျော်ပစ်လိုက်သည်။ ၎င်းတို့အစား စကားလုံးအသစ်များကိုသာ နှုတ်တိုက် ရွတ်ဆိုလိုက်လေတော့သည်။

“ကျွန်မရဲ့ ရွှယ်ဟွားလေးလို မိန်းမကောင်းတစ်ယောက်ဟာ မြင့်မြတ်ကောင်းမွန်တဲ့ နေရာတစ်ခုမှာ ရှိနေသင့်တာပါ။ သူလိုလူမျိုးက ရည်မွန်သင့်မြတ်တဲ့ မိသားစုနဲ့မှ ထိုက်တန်တာလေ”

ကျွန်မသည် စာအုပ်ကို မျက်စိအရှေ့မှ ခွာ၍ အခန်းထဲသို့ ဝေ့ကြည့်လိုက်သည်။ အားလုံး တိတ်ဆိတ်ငြိမ်သက်လျက် ထိုင်နေကြသည်။ ထို့နောက် ကျွန်မ ပြင်ဆင်ထားခဲ့သော စန်းချောင်စာအုပ်ကို ကောက်ကိုင်၍ ဖွင့်လိုက်သည်။ ကျွန်မ၏ မျက်လုံးများက ရွှယ်ဟွား၏ ယောက္ခမကို အကဲခတ်ကြည့်နေမိသည်။ ကျွန်မ၏ လောင်ထုံးတွင် ကျွန်မကဲ့သို့သော အစောင့်အရှောက်တစ်ယောက် ထာဝစဉ် ထာဝရ တည်ရှိနေမည် ဖြစ်ကြောင်း သူ့ကို သိထားစေချင်သည်။

“လူတွေက ငါတို့ မိန်းကလေးတွေကို သျှောင်နောက်ပါသွားတဲ့ ဆံထုံးတွေလို့ ပြောချင် ပြောကြလိမ့်မယ်” ကျွန်မသည် ရွှယ်ဟွားရှိရာဘက်သို့ မျက်နှာမူလျက် ရွတ်ဆိုလိုက်သည်။

“ဒါပေမယ့် ငါတို့ရဲ့ ရင်ထဲမှာတော့ ဘယ်တုန်း ဘယ်အခါကမှ ကွဲကွာ မသွားခဲ့ဖူးဘူး။ နင်က အောက်ကို ဆင်းနေတယ်။ ငါက အထက်ကို တက်နေတယ်။ နင့်မိသားစုက တိရစ္ဆာန်တွေကို သတ်ပြီး အသက်မွေးနေတယ်။ ငါ့မိသားစုကတော့ ဒီခရိုင်မှာ အချမ်းသာဆုံး မိသားစုတစ်စု။ ငါ့ရဲ့ ရင်ထဲက နှလုံးသားလို နင်က ငါ့ရဲ့ အနီးအနားမှာ အမြဲတမ်း ရှိနေတယ်။ ငါတို့ရဲ့ အနာဂတ်တွေက ဟိုးအရင်ကတည်းက အတူတူ ပူးချည်ထားခဲ့ပြီးသားလေ။ ငါတို့ဟာ မြစ်ကျယ်ကြီးတစ်စင်းကို ဖြတ်ခင်းထားတဲ့ တံတားတစ်စင်းနဲ့ တူတယ်။ ငါတို့ ဘေးချင်းယှဉ်ပြီး မခွဲတမ်း လျှောက်လှမ်းကြမယ်”

ကျွန်မ၏ ဆိုလိုရင်းအနက်ကို ရွှယ်ဟွား၏ ယောက္ခမကြီးအား ကြားသိစေချင်သည်။ သို့သော် သူ၏ သံသယမျက်လုံးများက ကျွန်မကို စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။ သူ၏ ပါးလျသော နှုတ်ခမ်းနှစ်လွှာမှာလည်း စိတ်အလိုမကျမှုကြောင့် ပိပြားနေချေပြီ။

စာအုပ်၏ အဆုံးသို့ ရောက်သည့်အခါတွင် ကျွန်မသည် စာကြောင်းအနည်းအကျဉ်းကို ထပ်ထည့်လိုက်ပြန်သည်။

“နင်ရဲ့ အဆင်မပြေမှုတွေကို သူများတွေ မြင်အောင် လျှောက်မပြလိုက်နဲ့။ သူများရဲ့ အရှေ့မှာ မျက်ရည်မကျမိစေနဲ့။ ဂုဏ်သိက္ခာ မရှိတဲ့ လူတွေရဲ့ အရှေ့မှာ နင်နဲ့ နင့်မိသားစုကို လှောင်ပြောင်စရာ အဖြစ် မခံပါနဲ့။ ထုံးတမ်းစဉ်လာတွေကို လိုက်နာပါ။ နင့်ရဲ့ သောကထွေပြားနေတဲ့ မျက်နှာပေါ်မှာ မျက်ခုံးတွေကို တွန့်ခေါက်မသွားပါစေနဲ့။ ငါတို့နှစ်ယောက်က သေတစ်ပန်သက်တစ်ဆုံး လောင်ထုံးတွေပါ”

ရွှယ်ဟွားနှင့် ကျွန်မတို့ နှစ်ယောက်တည်း သီးခြားစကားပြောခွင့် မရခဲ့ပါ။ စန်းချောင်စာအုပ်များကို ရွတ်ဖတ်ပြီးသည်နှင့် တစ်ပြိုင်နက် ကျွန်မကို ဝေါယာဉ်ရှိရာသို့ ပြန်လိုက်ပို့ကြသည်။ ထို့နောက် ကျွန်မ၏ မိဘအိမ်သို့ ပြန်လာခဲ့ရတော့သည်။ ကျွန်မတစ်ယောက်တည်း ရှိနေသော အချိန်၌ ကျွန်မတို့၏ ယပ်တောင်ကို ဖြေ၍ ဖွင့်ကြည့်လိုက်မိသည်။ ကျွန်မတို့၏ ထူးခြားဆန်းကြယ်သော အတိတ်၏ အမှတ်ရစရာများကို ယပ်တောင်၏ သုံးပုံတစ်ပုံတွင် မှတ်တမ်းတင်ထားသည်။ မှန်ပါပေသည်။ ကျွန်မတို့ ခရိုင်အတွင်းရှိ အသက်ရှည်သည်ဟု ဆိုစမှတ်ပြုကြသော မိန်းမများ၏ သက်တမ်း သုံးပုံတစ်ပုံကို ကျွန်မတို့ ရှင်သန် ဖြတ်သန်းခဲ့ပြီးကြလေပြီ။ ယခုအချိန်ထိ ကြုံတွေ့ခဲ့သော ကျွန်မတို့ ဘဝ၏ ထိုထိုဤဤ အဖြစ်အပျက်များ အားလုံးကို အစအဆုံး ပြန်လှန် ငေးကြည့်နေမိသည်။ မရေမတွက်နိုင်သော ပျော်ရွှင်ချမ်းမြေ့မှုများ၊ မြောက်မြားလှစွာသော ဝမ်းနည်းကြေကွဲမှုများ၊ အဆုံးအစ မရှိသော လှိုက်လှဲနွေးထွေးမှုများ။

ကျွန်မ၏ မင်္ဂလာအခမ်းအနားနှင့် ပတ်သက်၍ ရွှယ်ဟွား ရေးသားထားသည့် နောက်ဆုံးစာကြောင်းကို ကျွန်မ ဖွင့်ကြည့်လိုက်သည်။ ယပ်တောင်အခေါက် တစ်ဝက်မျှ ရေးသားထားပြီး ဖြစ်သည်။ ကျွန်မသည် မင်သွေးပြီး စုတ်တံကို ကောက်ကိုင်လိုက်သည်။ ကျွန်မကို ကောင်းချီးပေးထားသည့် သူ့စကားလုံးများ၏ အောက်တည့်တည့်တွင် ကျွန်မ၏ စုတ်ချက်ကို ဂရုတစိုက် တို့ထိလိုက်သည်။

ဇာမဏီငှက်တစ်ကောင်ဟာ ကြက်ဖကြီးတစ်ကောင်ရဲ့ အထက်မှာ ပျံသန်းနေတယ်။

သူ့အနား ဝေ့ဝိုက်ဖြတ်သန်းနေတဲ့ လေတွေကို သူ ထိတွေ့ ခံစားနေရတယ်။

ဘယ်အရာကမှ သူ့ကို မိုးပေါ်ကနေ ပြုတ်ကျသွားအောင် မလုပ်နိုင်ဘူး။

ယခုအချိန်တွင် ကျွန်မတစ်ယောက်တည်း အထီးကျန်စွာ ထီးတည်းထိုင်လျက် ထိုစကားလုံးများကို ရေးသားနေရင်းမှ ရွှယ်ဟွား၏ ကြမ္မာဆိုး တည်းဟူသော အမှန်တရားကို စိတ်ဒုန်းဒုန်းချကာ လက်ခံသွားနိုင်တော့သည်။ ယပ်တောင်အနားစွန်းတွင် ရှိသော ကနုတ်ပန်းခက်ထဲတွင် မျက်ရည်များ စီးကျနေသည့် ညှိုးရော်နွမ်းချိနေသော ပန်းပွင့်လေးတစ်ပွင့်ကို ဖြည့်စွက်လိုက်သည်။ မင်များ ခြောက်သွားသည်အထိ စောင့်ဆိုင်းပြီးနောက် ယပ်တောင်ကို ပြန်ပိတ်လိုက်လေတော့သည်။

 

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *