ကျွန်မ၏ စိတ်မှာ ယောက်ယက်ခတ်နေသည်။ ထိုင်လျက် ခြေနှစ်ဘက်ကို အနားပေးထားစဉ် အတောအတွင်း ကျွန်မ၏ စိတ်က မကြာခင် ရွှယ်ဟွားနှင့် ဆုံတွေ့ရတော့မည့် အကြောင်းကိုသာ တွေးနေမိသည်။ ထို့အပြင် မာမားနှင့် စိန်စိန်းတို့ကလည်း ကျွန်မနည်းတူ စိတ်လှုပ်ရှားနေကြသည်။ သူတို့ကိုယ်တိုင် တစ်ခါသားမျှ မြင်ဖူးထားခြင်း မရှိသေးသော ကျွန်မတို့၏ သဘောတူစာချုပ်နှင့် ပတ်သက်၍ ရွှယ်ဟွားနှင့် ကျွန်မတို့ မည်သို့မည်ပုံ ရေးသားသင့်ကြောင်း အကြံပြုနေကြသည်။ ကျွန်မတို့ အိမ်ရှေ့သို့ အောင်သွယ်တော်ဝမ်၏ ဝေါယာဉ် ရောက်လာသည့်အခါတွင် ကျွန်မသည် ရိုးရိုး ချည်ထည်ဝတ်စုံ တစ်ထည်ကို ဝတ်ဆင်လျက် သပ်သပ်ရပ်ရပ် ပြင်ဆင်ထားနှင့်ပြီး ဖြစ်နေသည်။ ကျွန်မကို အပေါ်ထပ်မှ အိမ်အပြင် ရောက်သည်အထိ မာမားက ချီမပေးသည်။ နောက်ထပ် ဆယ်နှစ်အကြာ ကျွန်မ အိမ်ထောင်ပြုသည့် အခါတွင်လည်း မင်္ဂလာဝေါယာဉ်ပေါ်သို့ ထိုနည်းအတိုင်း ရောက်ရှိခဲ့ရသည်။ မကြာခင် ကြုံတွေ့ရတော့မည့် ဘဝအသစ်အပေါ် ထိတ်လန့်စိုးရွံ့မှုနှင့် ကျွန်မ ရင်းနှီးခဲ့ဖူးသော အရာရာတို့ကို ကျောခိုင်း ထွက်ခွာရတော့မည် ဖြစ်သောကြောင့် ဖြစ်ပေါ်လာသော ဝမ်းနည်းဆို့နင့်မှုတို့က ကျွန်မစိတ်ကို စိုးမိုးနေကြသည်။ သို့သော် ယခုတွေ့ဆုံမှုအတွက်တော့ ကျေနပ်နှစ်သက်မှုနှင့် စိတ်လှုပ်ရှားမှုတို့က ကျွန်မရင်ကို လွှမ်းမိုးနေလေသည်။ ရွှယ်ဟွားက ကျွန်မကို သဘောကျပါ့မလား။
အောင်သွယ်တော်ဝမ်က ဝေါယာဉ်ကန့်လန့်ကာကို ဆွဲဖွင့်လိုက်သည်။ မာမားက ကျွန်မကို မြေကြီးပေါ်သို့ ချလိုက်သောအခါ ကျွန်မသည် ကျဉ်းမြောင်းသော ထိုအခန်းကျဉ်းကလေးထဲသို့ လျှောက်ဝင်သွားသည်။ ကျွန်မ ထင်ထားသည်ထက် ရွှယ်ဟွားက ပို၍ လှပတင့်တယ်နေသည်။ သူ၏ မျက်လုံးအစုံက မက်မွန်သီးကဲ့သို့ ဝိုင်းစက်ရွှန်းစိုနေသည်။ ပုလဲကဲ့သို့ ဖြူဝင်းအိညက်နေသော သူ၏ အသားအရေကို ကြည့်ခြင်းအားဖြင့် သူသည် ကျွန်မကဲ့သို့ အိမ်အပြင်တွင် ပြေးလွှားလှုပ်ရှားနေရသူ တစ်ယောက် မဟုတ်ကြောင်း ထင်ရှားနေသည်။ သူ၏ နံဘေးရှိ အနီရောင် လိုက်ကာစမှ ပြူထွက်လာသော ပန်းဆီရောင် လင်းရောင်ခြည်တို့က သူ၏ နက်မှောင်သော ဆံစများကို တလက်လက် တောက်ပနေစေသည်။ ထိုနေ့က သူ့ကိုယ်ပေါ်တွင် မိုးပြာရောင် ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ၎င်းအပေါ်၌ တိမ်ညွန့်တိမ်လွှာများကို လှပသေသပ်စွာ ထိုးသီထားသည်။ သူ့အတွက် တကူးတက ချုပ်လုပ်ထားသော ဇာပန်းထိုးဖိနပ်ကိုလည်း သူ၏ ခြေအစုံပေါ်၌ တွေ့မြင်လိုက်ရသည်။ သူ စကားတစ်ခွန်းမျှ မပြောပါ။ ကျွန်မကဲ့သို့ သူလည်း စိတ်လှုပ်ရှားနေပေလိမ့်မည်။ သူက ကျွန်မကို ပြုံးပြသည်နှင့် ပြန်ပြုံးပြလိုက်သည်။
ဝေါယာဉ်ပေါ်၌ ထိုင်စရာ တစ်နေရာသာ ပါရှိသောကြောင့် ထိုနေရာလေးတွင် ကျွန်မတို့ သုံးယောက်သား ကျပ်ကျပ်တည်းတည်း ထိုင်လိုက်ကြရသည်။ ဝေါယာဉ်ကို ဘက်မျှစေရန်အတွက် အောင်သွယ်တော်ဝမ်က ကျွန်မတို့နှစ်ယောက်၏ အလယ်တွင် ဝင်ထိုင်သည်။ အထမ်းသမားများက ကျွန်မတို့ကို ချီမလိုက်ပြီး ဒယီးဒယိုင်ဖြင့် များမကြာခင် ရွာအထွက်ရှိ တံတားဆီသို့ ရောက်ရှိသွားတော့သည်။ ဝေါယာဉ်ကို ကျွန်မ တစ်ခါမျှ မစီးခဲ့ဖူးပေ။ ဝေါယာဉ်ကို မယမ်းမခါရလေအောင် အထမ်းသမား လေးယောက်က မည်မျှပင် ကြိုးစား၍ ထမ်းပိုးခဲ့ကြစေကာမူ ကန့်လန့်ကာများ ချထားသည့်အတွက် အလုံပိတ် ဖြစ်နေခြင်းအပြင် နေ့အပူချိန်၊ ကျွန်မ၏ ရင်တွင်းမှ သောကများနှင့် ဘယ်ညာယိုင်ထိုးနေသော လှုပ်ရှားမှုတို့ကြောင့် ကျွန်မရင်ထဲ အော်ဂလီဆန်လာသည်။ နေအိမ်မှ အဝေးတစ်နေရာသို့လည်း ကျွန်မ တစ်ခါမျှ မရောက်စဖူး။ ထို့ကြောင့် အပြင်ရှုခင်းများကို ပြတင်းပေါက်မှ မြင်တွေ့နိုင်သော်မှ ကျွန်မတို့ ဘယ်နေရာ ရောက်နေသည်၊ သို့မဟုတ် မည်မျှ ခရီးနှင်ရဦးမည် စသည်တို့ကို ကျွန်မအနေဖြင့် သိရှိနိုင်မည် မဟုတ်ပေ။ ကူဖောဘုရားကျောင်းကို ကျွန်မ လူပြောသူပြောသာ ကြားဖူးခဲ့သည်။ မည်သူ မကြားဖူးဘဲ ရှိပါအံ့နည်း။ နှစ်စဉ် ၅ လပိုင်း ၁၀ ရက်နေ့သို့ရောက်သည့် အခါတိုင်း အမျိုးသမီးများသည် ထိုဘုရားကျောင်းသို့ သွားရောက်ကာ သားဆုပန်ကြသည်။ ထိုသို့ သွားရောက်ဆုပန်သော လူအရေအတွက်မှာ ထောင်သောင်းမက များပြားလှသည်ဟု ဆိုသည်။ ကန့်လန့်ကာအပြင်ဘက်မှ ဆူညံသံများ ကြားလာရသည်။ မြင်းလှည်းများ၏ ခြူသံများက တချွင်ချွင် မြည်လျက်။ “ဘေးကို၊ ဘေးကို” ဟူသော ကျွန်မတို့၏ အထမ်းသမားများထံမှ ထွက်ပေါ်လာသည့် အသံများကလည်း စီစီညံလာတော့သည်။ ထို့နောက် လမ်းဘေးဆိုင်များမှ ဈေးဝယ်ခေါ်နေသော အသံများ။ ဘုရားကျောင်း၌ ပူဇော်နိုင်ရန်အတွက် အမွေးတိုင်၊ ဖယောင်းတိုင်နှင့် တခြား ပူဇော်ဖွယ်ပစ္စည်းများကို အော်ဟစ်ရောင်းချနေသော အသံများ။ ကျွန်မတို့၏ လမ်းဆုံးပန်းတိုင်သို့ ရောက်ရှိပြီဖြစ်ကြောင်း ကျွန်မ နားလည်လိုက်သည်။
ဝေါယာဉ် တုံ့ရပ်သွားသည်နှင့် အထမ်းသမားများက ဝေါယာဉ်ကို မြေပြင်ပေါ်သို့ ဗုန်းကနဲ မြည်အောင် ပစ်ချလိုက်သည်။ အောင်သွယ်တော်ဝမ်က ကိုယ်ကို ရှေ့ကိုင်းညွှတ်ကာ ကန့်လန့်ကာကို ဆွဲဖွင့်လိုက်သည်။ ကျွန်မတို့ကိုတော့ မလှုပ်မယှက် ထိုင်နေရန် ညွှန်ကြားပြီး အပြင်သို့ ထွက်သွားသည်။ ကျွန်မ၏ မျက်လုံးအစုံကို အသာအယာ မှိတ်ထားလိုက်သည်။ ခရီးစဉ် ပြီးဆုံးသွားသည့်အတွက် စိတ်ထဲမှ ဝမ်းမြောက်နေမိသည့် တစ်ချိန်တည်းမှာပင် ဗိုက်ထဲမှ မအီမလည် ဖြစ်နေသော ခံစားချက်များကို ငြိမ်သက်သွားအောင် ကြိုးစားနေရသည်။ ထိုစဉ် နားထဲသို့ တိုးဝင်လာသော အသံတစ်သံက ကျွန်မ၏ ရင်တွင်းခံစားချက်ကို လှစ်ဟလိုက်သည့်နှယ်။
“ကောင်းလိုက်တာ။ အခုမှ ငြိမ်ငြိမ်ထိုင်ရတော့တယ်ဟယ်။ ဘယ်လိုမှ ဆက်သည်းမခံနိုင်တော့ဘူး။ ငါ့မျက်နှာက ဘယ်လိုဖြစ်နေလဲဟင်”
ရွှယ်ဟွားကို ကျွန်မ မျက်စိဖွင့်ကြည့်လိုက်သည်။ မူလက ဖြူဥနေသော မျက်နှာကလေးမှာ ယခု အစိမ်းရောင် သန်းနေသည်။ ကျွန်မလည်း သူ့လိုပင် ဖြစ်နေပေမည်။ သို့သော် သူ၏ မျက်လုံးများက ဖြူစင်ရိုးသားမှုဖြင့် အရောင်လဲ့နေသည်။ သူက ပခုံးကို ပင့်လိုက်ပြီး ကျွန်မကို ပြုံးပြသည်။ သူ့အပြုံးက သေဖော်သေဖက် ညှိနေသည့် အပြုံးမျိုး။ သူက သူ့နံဘေးရှိ ကျောမှီကူရှင်ကို ပုတ်လိုက်သည်။
“အပြင်မှာ ဘာတွေ ဖြစ်နေသလဲဆိုတာ ကြည့်ကြည့်ရအောင်”
ကျွန်မတို့၏ ဇာတာများ ကိုက်ညီနေကြရခြင်း၏ အဓိက အကြောင်းအရင်းမှာ ကျွန်မတို့နှစ်ယောက်စလုံး မြင်းနှစ်တွင် မွေးဖွားကြသောကြောင့် ဖြစ်သည်။ ထိုသို့သောအကြောင်းကြောင့် ဖြစ်မည် ထင်သည်။ ကျွန်မတို့နှစ်ယောက်စလုံးက စွန့်စွန့်စားစား လုပ်ရသည်ကို သဘောကျ နှစ်ခြိုက်ကြသည်။ သူက ကျွန်မ၏ မျက်လုံးများကို စိုက်ကြည့်နေသည်။ ထိုသို့ ပြုလုပ်ရန် ဇရှိပါသလောဟု မေးနေသည့်နှယ်။ ကျွန်မစိတ်ထဲ ရွံ့တွန့်တွန့် ဖြစ်နေသည်ကိုတော့ ဝန်ခံရပေမည်။ သို့သော် ကျွန်မက ပင့်သက်ကို အားရပါးရ ရှူသွင်းပြီး သူ့အနားသို့ တိုးကပ်သွားလိုက်သည်။ သူက ပြတင်းလိုက်ကာကို တစ်ဘက်သို့ ဆွဲဖယ်လိုက်သောအခါ အသံလာရာ ရုပ်အသွင်အပြင်များကို တွေ့မြင်လာရသည်။ မြင်မြင်သမျှသော အရာရာတိုင်းက ကျွန်မကို အံ့အားသင့်စေသည်။ ယောင်ဝ်တိုင်းရင်းသားတို့၏ အထည်ဆိုင်များတွင် အသွေးအရောင် စုံလင်သော အဝတ်စမျိုးစုံကို အစီအရီ ခင်းကျင်းထားသည်။ မာမားနှင့် စိန်စိန်းတို့ ရက်လုပ်ခဲ့ဖူးသည့် အဝတ်အထည်တိုင်းထက် ရွှန်းစိုတောက်ပနေကြသည်။ ဟိတ်ကြီးဟန်ကြီး ဝတ်ဆင်ထားကြသော ဇာတ်အဖွဲ့သားများ အနားမှ ဖြတ်လျှောက်သွားကြသည်။ လူတစ်ယောက်က ဝက်တစ်ကောင်ကို ကြိုးဖြင့် ဆွဲခေါ်သွားသည်။ ဈေးတွင် ရောင်းချရန်အတွက် ဝက်တစ်ကောင်ကို ဤသို့ ဆွဲခေါ်သွားခြင်းမျိုး ကျွန်မ တစ်ခါမျှ မမြင်ဖူးခဲ့ပါ။ စက္ကန့်ပိုင်းအတွင်းမှာပင် ကျွန်မတို့၏ အရှေ့၌ ဝေါယာဉ်များ တစ်စီးပြီးတစ်စီး ရပ်တန့်လာကြသည်။ ၎င်းဝေါယာဉ်များ အထဲတွင် ဘုရားကျောင်းသို့ လာရောက် ပသကြမည့် အိမ်ထောင့်ရှင် အမျိုးသမီးများ ပါဝင်လိမ့်မည်ဟု ကျွန်မတို့ ယူဆကြသည်။ တခြားသော အမျိုးသမီးအမြောက်အမြားလည်း လမ်းပေါ်တွင် ဥဒဟို သွားလာနေကြသည်။ ဝေးရပ်မြေတွင် အိမ်ထောင်ရက်သားကျသော သွေးသောက် ညီအစ်မများအနေဖြင့် ဤနေ့ထူးနေ့မြတ်မျိုး၌သာ ပြန်လည်ဆုံဆည်းခွင့်ကို ရရှိကြသည်။ သူတို့သည် လှပသော အဝတ်အစားများနှင့် လက်ရာမြောက်သည့် ဇာပန်းထိုး ခေါင်းပေါင်းပဝါများကို ဝတ်ဆင်ထားကြသည်။ ထိုသို့ သူ့အဖွဲ့နှင့်သူ စုဖွဲ့လျက် သူတို့၏ ရွှေရောင်လီလီများဖြင့် လမ်းပေါ်၌ ကနွဲ့ကလျ လမ်းလျှောက်နေကြသည်။ ဤနေရာတွင် မြင်မြင်ရာ မှန်သမျှက အလှအပများဖြင့် ကျွန်မကို ဆွဲဆောင်နေသည်။ ၎င်းတို့အနက် ဝေါယာဉ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသော မွေးကြိုင်သင်းပျံ့သည့် ရနံ့သည် ကျွန်မ၏ နှာခေါင်းကို ညှို့ယူဖမ်းစားထားသည်။
“နင် ဒီနေရာကို ရောက်ဖူးလား” ရွှယ်ဟွားက မေးလိုက်သည်။ ကျွန်မ ခေါင်းခါပြလိုက်သည်နှင့် သူ့စကားသံများက တတွတ်တွတ် ထွက်ပေါ်လာတော့သည်။
“ငါ့မာမားနဲ့ ဒီကို အရင်က ခဏခဏ ရောက်ဖူးတယ်။ ဒီရောက်တဲ့အခါတိုင်း အမြဲ ပျော်စရာကောင်းတယ်။ ငါတို့ ဘုရားကျောင်းထဲလည်း ဝင်သေးတယ်။ ဒီနေ့ ငါတို့ အဲဒီကို ရောက်ဦးမယ် ထင်လား။ ဒါပေမယ့် မသွားလောက်ဘူး ထင်ပါတယ်ဟာ။ အဲဒီကို ရောက်ဖို့ အဝေးကြီး လမ်းလျှောက်ရဦးမှာ။ ဒါပေမယ့် ကန်စွန်းဥကြော် ရောင်းတဲ့ အသည်ဆီတော့ ငါ သွားချင်သေးတယ်။ မာမားက အဲဒီကို အမြဲတမ်း လိုက်ပို့ပေးတယ်ဟ။ နင် အနံ့မရဘူးလား။ ဘကြီးကျိုရဲ့ ကန်စွန်းဥက ဒီနယ်မှာ စားလို့ အကောင်းဆုံးပဲ” ဤနေရာသို့ သူ အကြိမ်ပေါင်းများစွာ ရောက်ခဲ့ဖူးပေလိမ့်မည်ဟု ကျွန်မ တွေးနေမိသည်။
“သူ ဘယ်လို လုပ်သလဲဆိုတာ နင် သိလား။ သူက ကန်စွန်းဥ အတုံးလေးတွေကို အတွင်းပျော့ပြီး အပြင်ကျွတ်သွားတဲ့အထိ ကြော်လိုက်တယ်။ ပြီးတော့ ဒယ်အိုးထဲကို သကြားထည့်ပြီး ပျော်သွားတဲ့အထိ မီးပြင်းတိုက်တယ်လေ။ ပိုင်ဟော … နင် သကြားဆိုတာကို သိလား။ အဲဒါကတော့ ဒီလောကမှာ အရသာအရှိဆုံး ပစ္စည်းပဲ၊ သိလား။ အဲဒီဒယ်အိုးထဲက သကြားတွေသာ အညိုရောင် ပြောင်းသွားပြီ ဆိုရင် စောစောက ကြော်ထားတဲ့ ကန်စွန်းဥအတုံးတွေကို ဒယ်အိုးထဲ ပစ်ထည့်ပြီး မွှေပစ်လိုက်တော့တာပဲ။ အတုံးတိုင်းကို သကြားရည်တွေ လူးသွားတဲ့အထိပေါ့။ ပြီးသွားပြီ ဆိုရင်တော့ ပန်းကန်ပြားထဲ ထည့်ပြီးတော့ နင်ထိုင်နေတဲ့ စားပွဲမှာ လာချပေးတာပေါ့။ ရေကျက်အေးတစ်ပန်းကန်လည်း ပါသေးတယ်။ အဲဒီ သကြားရည်လူးထားတဲ့ ကန်စွန်းဥတွေ ဘယ်လောက် ပူသလဲဆိုတာကို ပြောပြရင် နင် ယုံမှာတောင် မဟုတ်ဘူး။ အဲဒါ တစ်တုံးလောက် ပါးစပ်ထဲ ပစ်ထည့်လိုက်ရင် ပူလွန်းလို့ လျှာတောင် အပေါက်ဖြစ်သွားနိုင်တယ်ဟ။ ဒါကြောင့် တူနဲ့ တစ်တုံးချင်းစီ ညှပ်ပြီး ရေထဲမှာ ခဏလောက် စိမ်လိုက်ရတယ်။ အဲဒီအခါမှာ ရှဲ ရှဲ ရှဲ ဆိုတဲ့ အသံတွေ ထွက်လာရော။ နောက်တော့ အပေါ်က သကြားတွေက မာပြီး ခဲသွားတယ်။ တစ်ကိုက် ကိုက်လိုက်ရင် သကြားလူးထားတဲ့ ကန်စွန်းဥရဲ့ ကြွပ်ရွနေတဲ့ အပေါ်လွှာရဲ့ အရသာကို အရင်ဆုံး ခံစားရပြီးတော့ နောက်မှ နူးညံ့တဲ့ အတွင်းသားရဲ့ အရသာကို တစိမ့်စိမ့် ခံစားရတာ။ စိန်စိန်းက ငါတို့ကို ခေါ်သွားလောက်မှာပါနော်။ နင်ရော ဘယ်လိုထင်လဲ”
“စိန်စိန်း …”
“နင် စကားပြောတတ်သားပဲ။ ငါ့က နင့်ကို လက်ရေးလှလှလေးတွေပဲ ရေးတတ်တာလို့ ထင်နေတာ”
“ငါက နင့်လိုတော့ စကားတွေ အများကြီး မပြောတတ်ဘူး” ကျွန်မက တည်ငြိမ်စွာ ပြန်လည် ဖြေကြားလိုက်သော်လည်း စိတ်ထဲမှာတော့ တနုံ့နုံ့ ခံစားနေရသည်။ နန်းတွင်းပညာရှိတစ်ဦး၏ မြစ်နှင့် သာမန်တောင်သူတစ်ယောက်၏ သမီးတို့၏ အကြားအမြင် ဗဟုသုတက ကွာချင်တိုင်း ကွာနေတော့သည်။
သူက ကျွန်မလက်ကို ဆုပ်ကိုင်လိုက်သည်။ သူ့လက်ဖဝါးများက ခြောက်သွေ့ကာ နွေးထွေးနေကြသည်။
“မပူပါနဲ့ဟာ။ နင်အခုလို တိတ်တိတ်ဆိတ်ဆိတ် နေတတ်တာကို ငါ ဗွေမယူပါဘူး။ ငါက စကားများလွန်းလို့ ပြဿနာ တက်ပေါင်းလည်း မနည်းတော့ဘူး။ ငါက စကားမပြောခင် ကိုယ်ပြောမယ့် စကားကို သေသေချာချာ စဉ်းစားလေ့ ရှိတာမှ မဟုတ်ဘဲ။ နင်ကတော့ ငါနဲ့ တခြားစီပဲ။ နင်က စံတော်ဝင် ဇနီးကောင်းတစ်ယောက် ဖြစ်မှာ သေချာတယ်။ နင်က စကားလုံးတိုင်းကို သေသေချာချာ သတိထားပြီးမှ ပြောတတ်တာ ဆိုတော့လေ”
ကြည့် … ပထမဆုံးရက်မှာပင် ကျွန်မတို့နှစ်ဦးက တစ်ဦးကိုတစ်ဦး နားလည်သဘောပေါက်နေကြပေပြီ။ သို့သော် နောင်အနာဂတ်ကာလ၌ အမှားများ မကျူးလွန်မိစေရန် ကျွန်မတို့ကို ၎င်းနားလည်မှုက တားဆီးပေးနိုင်ပါမည်လော။
အောင်သွယ်တော်ဝမ်က ဝေါယာဉ်တံခါးကို ဆွဲဖွင့်လိုက်သည်။
“ကောင်မလေးတွေ … သွားကြစို့။ ကိစ္စအားလုံး စီစဉ်ပြီးသွားပြီ။ ခြေလှမ်း ဆယ်လှမ်းလောက် လှမ်းရင် ရောက်ပြီ။ နင်တို့ကိုသာ လမ်းတွေ အများကြီး လျှောက်ခိုင်းမိရင် နင်တို့ အမေတွေက ငါ့ကို ပြဿနာ ရှာကြလိမ့်မယ်”
ကျွန်မတို့နှင့် မဝေးသော တစ်နေရာတွင် စက္ကူပစ္စည်းများ ရောင်းသည့် ဆိုင်တစ်ဆိုင် ရှိသည်။ အနီရောင်ပန်းဆိုင်းများ၊ လာဘ်ခေါ်စာတမ်းများ၊ အနီရောင်နှင့် ရွှေရောင် မင်္ဂလာစက္ကူများအပြင် ကူဖောဘုရားကျောင်းအတွင်းရှိ ကွမ်ရင်မယ်တော်၏ ပုံတော်များကို ဆိုင်အတွင်း၌ သူ့နေရာနှင့်သူ နေရာတကျ အလှဆင်ထားသည်။ ဆိုင်အရှေ့ရှိ စားပွဲပေါ်တွင် အရောင်အသွေး စုံလင်လှသော ရောင်းကုန်ပစ္စည်းများကို ခင်းကျင်းထားသည်။ စားပွဲ၏ တစ်ဘက်တစ်ချက်စီတွင် ဆိုင်အတွင်းသို့ ဝင်ရောက်နိုင်သော လမ်းကျဉ်းကလေး တစ်ခုစီ ရှိသည်။ လမ်းပေါ်မှ ပြိုကျလာမည့် ဆူညံသံများကို ကာကွယ်ထားသည့်အနေဖြင့် ဘေးဘက်တွင် စားပွဲရှည် သုံးလုံးနှင့် ကာရံထားသည်။ ဆိုင်၏ အလယ်ခေါင် တည့်တည့်တွင် စားပွဲတစ်လုံး ခင်းထားပြီး ၎င်းစားပွဲပေါ်တွင် စုတ်တံနှင့် စက္ကူများ ချထားသည်။ စားပွဲ၏ တစ်ဘက်တစ်ချက်တွင် နောက်မှီ ကုလားထိုင်တစ်လုံးစီ ချပေးထားသည်။ ကတိစာချုပ်အဖြစ် အသုံးပြုရန်အတွက် အောင်သွယ်တော်ဝမ်က ကျွန်မတို့ကို ဆိုင်အတွင်းမှ စက္ကူတစ်ရွက်ကို စိတ်ကြိုက် ရွေးချယ်ခိုင်းသည်။ ကျွန်မသည် ကလေးတစ်ယောက်ပီပီ ဘာမျှ မယ်မယ်ရရ မဟုတ်သည့် ဆုံးဖြတ်ချက်များကိုသာ ချခဲ့ဖူးသူ ဖြစ်သည်။ ဥပမာဆိုရလျှင် ထမင်းစားနေကြစဉ် ပါပါး၊ စူးစူ၊ တာ့ကောနှင့် အိမ်ရှိ အခြားသူများသည် သူတို့၏ ပန်းကန်များထဲသို့ ဟင်းများ ထည့်ပြီးကြသည့်အခါတွင် ကျွန်မသည် မိမိပန်းကန်အတွင်းသို့ မည်သည့်ဟင်း ထည့်မည်ကို ကိုယ်တိုင် ဆုံးဖြတ်နိုင်သည်။ ယခုအခါ၌မူ ကျွန်မသည် စိတ်ကြိုက် စက္ကူတစ်ရွက်ကို ကိုယ်တိုင် ရွေးချယ်ပိုင်ခွင့် ရပေပြီ။ ပျော်လိုက်သည့် ဖြစ်ခြင်း။ ဆိုင်အတွင်းရှိ ကုန်ပစ္စည်းတိုင်းကို ကျွန်မလက်ဖြင့် ကိုင်ကြည့်ချင်လှသောကြောင့် မရိုးမရွ ဖြစ်နေသည်။ ကျွန်မနည်းတူ ၇ နှစ်သာ ရှိသေးသော ရွှယ်ဟွားကမူ တည်ငြိမ်အေးဆေးကာ ဆွေကြီးမျိုးကြီးပီပီ ဣန္ဒြေရလှသည်။
အောင်သွယ်တော်ဝမ်က ပြောသည်။
“ကလေးမလေးတွေ … ဒီနေ့ ဝယ်တဲ့ ပစ္စည်းတွေအတွက် ငါပဲ အကုန် ပိုက်ဆံရှင်းပေးမယ်။ အခုဟာက ဆုံးဖြတ်ချက် သေးသေးလေးပဲ ဆုံးဖြတ်ရသေးတာ။ နောက်နောင်ကျရင် နင်တို့ ဆုံးဖြတ်ရမှာတွေက အများကြီးပဲ။ အိပဲ့အိပဲ့ လုပ်မနေကြနဲ့အေ”
“ဟုတ်၊ စိန်စိန်း” ရွှယ်ဟွားက ကျွန်မတို့နှစ်ယောက်ကိုယ်စား ဖြေကြားလိုက်သည်။ ထို့နောက် ကျွန်မကို မေးခွန်းထုတ်လေတော့သည်။
“နင် ဘယ်ဟာကို သဘောကျလဲ”
ကျွန်မက စာရွက်ကြီးတစ်ရွက်ကို လက်ညှိုးထိုးပြလိုက်သည်။ သူ၏ အရွယ်အစားကို ကြည့်ခြင်းအားဖြင့် အရေးပါသော ပွဲကြီးလမ်းကြီးများနှင့် အံဝင်ခွင်ကျ ဖြစ်ပေလိမ့်မည်။
ရွှယ်ဟွားသည် စက္ကူ၏ အနားသတ် ရွှေဘောင်ကို လက်ချောင်းဖြင့် သုံးသပ်ကြည့်သည်။
“ရွှေဘောင်က အရည်အသွေး မကောင်းဘူး” ဟု ပြောပြီး သူက စက္ကူကို နေရောင်ထဲတွင် ထောင်ကြည့်ပြန်သည်။
“ဒီစက္ကူက ပါးလွန်းတယ်။ ပါးလိုက်တာမှ ပိုးဟတ်အတောင်ပံ ကျနေတာပဲ။ ဒီမှာ ကြည့်ကြည့်လေ။ နေရောင်ကိုတောင် ထုတ်ချင်းပေါက် မြင်နေရတယ်” သူက စက္ကူကို စားပွဲသို့ ပြန်ချလိုက်ပြီး သူ ကြည့်နေကျပုံစံအတိုင်း ကျွန်မ၏ မျက်လုံးများကို လေးလေးနက်နက် စိုက်ကြည့်နေသည်။
“ငါတို့က ကြာရှည်ခံတဲ့ စက္ကူမျိုးကို ရွေးရမှာ။ ဒါမှ ငါတို့ ချစ်ခြင်းမေတ္တာရဲ့ အဖိုးတန်မှုနဲ့ ရေရှည်တည်တံ့မှုကို ကိုယ်စားပြုနိုင်မှာပေါ့”
သူ့ပြောစကားများကို ကျွန်မ နားမလည်နိုင်အောင် ဖြစ်နေသည်။ သူ၏ လေယူလေသိမ်းက ကျွန်မတို့ ဖူးဝေ၏ လေယူလေသိမ်းနှင့် အနည်းငယ် ကွာခြားသည်။ သို့သော် ၎င်းမှာ အဓိက အကြောင်းအရင်းတော့ မဟုတ်။ ကျွန်မက ထူအနူနသူ တစ်ယောက်ဖြစ်ပြီး သူက ပါးနပ်ချက်ချာသူတစ်ယောက် ဖြစ်သည်။ သူ၏ အသိပညာသည် ကျွန်မ၏ မာမားနှင့် စိန်စိန်းတို့၏ သိမှုနယ်ပယ်ထက် အပုံကြီး သာလွန်နေလေသည်။
သူက ကျွန်မကို ဆိုင်အတွင်းသို့ ဆွဲခေါ်လာပြီး တိုးတိုးတိတ်တိတ် ပြောသည်။
“သူတို့က အကောင်းစား ပစ္စည်းတွေကို ဆိုင်အတွင်းပိုင်းမှာ ထားတတ်ကြတယ်” သူက ပုံမှန်လေသံဖြင့် ကျွန်မကို မေးလာသည်။
“လောင်ထုံး၊ ဒါဆိုရင်ရော ဘယ်လိုနေလဲ”
ယခုကဲ့သို့ ပစ္စည်းတစ်စုံတစ်ရာကို ကျွန်မအား ကြည့်ရှုခိုင်းခံရခြင်းမှာ ကျွန်မဘဝ၏ ပထမဆုံးသော အတွေ့အကြုံ ဖြစ်သည်။ ရွှယ်ဟွားပြသော စက္ကူနှင့် စောစောက ကျွန်မ ရွေးချယ်ခဲ့သော ဆိုင်ရှေ့မှ စက္ကူ၏ သိသာထင်ရှားသော ကွာခြားချက်ကို ကျွန်မ၏ တောသူမ မျက်လုံးများဖြင့်ပင် တွေ့မြင်နေရသည်။ ၎င်းမှာ အရွယ်အစား ပိုငယ်ပြီး ဟိတ်ဟန်မများလှပေ။
“စမ်းကြည့်ရအောင်” ရွှယ်ဟွားက ပြောသည်။
၎င်းစက္ကူကို ကျွန်မ ကောက်ယူလိုက်သည်။ ကိုင်ရသည်မှာ လက်ထဲ စီးစီးပိုင်ပိုင် ရှိသည်။ ထို့နောက် ရွှယ်ဟွားကဲ့သို့ နေရောင်ထဲ ထောင်ကြည့်လိုက်ပြန်သည်။ စာရွက်က အတော်လေး ထူသည်။ တစ်ဘက် နေရောင်ခြည်မှ မှုန်ပျပျ ရောင်နီမျှသာ တွေ့မြင်ရသည်။
ကျွန်မတို့ ဘာမျှ တိုင်ပင်နေစရာ မလိုတော့ဘဲ ဆိုင်ရှင်လက်ထဲသို့ ၎င်းစက္ကူကို ထိုးပေးလိုက်လေသည်။ အောင်သွယ်တော်ဝမ်က ကျသင့်ငွေ ရှင်းပေးလိုက်ပြီးနောက် ဆိုင်အလယ်ခေါင်ရှိ စားပွဲသို့ လာကာ သဘောတူစာချုပ်ရေးရန် ပြင်ဆင်ကြသည်။ ရွှယ်ဟွားနှင့် ကျွန်မတို့သည် စားပွဲ၏ တစ်ဘက်တစ်ချက်ရှိ ထိုင်ခုံနှစ်လုံးပေါ်တွင် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။
“ငါတို့လို စားပွဲတစ်လုံးမှာ အတူတူထိုင်ပြီး သဘောတူစာချုပ် ရေးခဲ့ဖူးတဲ့ ကောင်မလေးတွေ ဘယ်လောက်များများ ရှိမယ်လို့ နင် ထင်လဲ” ရွှယ်ဟွားက မေးသည်။
“အကောင်းတကာ့ အကောင်းဆုံး စာချုပ်ဖြစ်အောင် ငါတို့ ရေးမှ ဖြစ်မယ်” သူက မျက်မှောင်ကြုတ်ကာ မေးလိုက်ပြန်သည်။
“ငါတို့ ဘာရေးရရင် ကောင်းမလဲဟင်”
ကျွန်မ၏ နားထဲတွင် မာမားနှင့် စိန်စိန်းတို့၏ ပြောစကားများ ပြန်လည် ကြားယောင်လာသည်။
“ငါတို့က မိန်းကလေးတွေလေ” ကျွန်မ ပြောလိုက်သည်။
“ဒီတော့ အစဉ်အလာအတိုင်းပဲ ရေးရမှာပေါ့”
“ဒါတော့ ဒါပေါ့ဟာ” ရွှယ်ဟွားက အနည်းငယ် စိတ်မရှည်ဟန်ဖြင့် ပြောသည်။
“ဒါပေမယ့် ဒီဟာကို ငါတို့နှစ်ယောက်အကြောင်း ရေးထားတဲ့ သီးသန့်စာချုပ်မျိုး ဖြစ်အောင် နင် မရေးချင်ဘူးလား”
အမှန်အတိုင်း ဝန်ခံရမည်ဆိုလျှင် မည်သို့ ဖြစ်သင့်သည်ကို ကျွန်မကိုယ်တိုင် ရှင်းရှင်းပြတ်ပြတ် နားမလည်ခဲ့ပေ။ သူက ကျွန်မထက် ဗဟုသုတ ပိုများသည် မဟုတ်လား။ သူက ဤနေရာသို့ ယခင်က အကြိမ်ပေါင်းများစွာ ရောက်ခဲ့ဖူးသည်။ ကျွန်မကတော့ မည်သည့်နေရာကိုမျှ မရောက်စဖူး။ ကျွန်မတို့၏ သဘောတူစာချုပ်ထဲတွင် မည်သည့် အကြောင်းအရာများ ပါဝင်သင့်သည်ကို သူ သိရှိထားပုံ ရသည်။ ကျွန်မမူကား စိန်စိန်းနှင့် မာမားတို့ စိတ်ကူးကြံဆထားသည့် အချက်အလက်များကိုသာ မှီခိုအားထားနေရသည်။ ကျွန်မ၏ အကြံပြုချက်တိုင်းက မေးခွန်းထုတ်နေသကဲ့သို့ ဖြစ်နေတော့သည်။
“ကျွန်မတို့ တစ်သက်တာလုံး လောင်ထုံးအဖြစ် မခွဲမခွာစတမ်း ရှိနေကြမယ် … ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် သစ္စာမဖောက်စတမ်း ပေါင်းသင်းဆက်ဆံ သွားကြမယ် … ကျွန်မတို့ အပေါ်ထပ် အမျိုးသမီးဆောင်ထဲမှာ အိမ်မှုကိစ္စတွေကို အတူတကွ လုပ်ဆောင်ကြမယ် … ။ အဲဒီလို ရေးရင်ရော”
ရွှယ်ဟွားသည် ကျွန်မကို ဝေါယာဉ်ထဲတွင် ထိုင်နေကြစဉ်တုန်းကကဲ့သို့ ပွင့်လင်းရိုးသားသော အကြည့်ဖြင့် ကြည့်နေသည်။ သူ မည်သို့ စဉ်းစားနေမည်ကို ကျွန်မ မတွေးဆတတ်ပါ။ ကျွန်မ၏ ပြောစကားထဲတွင် အမှား ပါသွားခဲ့သလော။ ကျွန်မ၏ ပြောပုံဆိုပုံက လွဲမှားနေခဲ့သလော။
တစ်ခဏမျှအကြာတွင် သူသည် စုတ်တံကို ကောက်ကိုင်ပြီး မင်တို့လိုက်သည်။ ယနေ့တစ်နေ့တာအတွင်း၌ ကျွန်မ၏ အားနည်းချက် အဖုံဖုံကို သူ တွေ့မြင်သွားခဲ့ပေပြီ။ ယပ်တောင်ပေါ်မှ ကျွန်မ၏ လက်ရေးကို ကြည့်ခြင်းအားဖြင့် သူ့လောက် လက်ရေး မလှသည်ကို သူ သိထားပြီးလည်း ဖြစ်သည်။ သို့သော် ကျွန်မ၏ အကြံပြုချက်အတိုင်း လုပ်ဆောင်နေကြောင်းကို သူ ရေးနေသည့် စာလုံးများက ဖော်ပြနေကြသည်။ ကျွန်မ၏ ခံစားချက်နှင့် သူ၏ လှပသေသပ်သော စုတ်ချက်များကို ပေါင်းစပ်လိုက်ခြင်းအားဖြင့် ကျွန်မတို့ နှစ်ယောက်၏ ဘုံအတွေးအမြင်များ စာရွက်ပေါ်၌ ရုပ်လုံးပေါ်လာကြလေတော့သည်။
စာရွက်ပေါ်တွင် ရေးထားသကဲ့သို့ ကျွန်မတို့၏ ချစ်ခြင်းမေတ္တာများ ထာဝစဉ် ထာဝရ တည်တံ့နေလိမ့်မည်ဟု ကျွန်မတို့ မမှိတ်မသုန် ယုံကြည်ခဲ့ကြသည်။ သို့သော် နောင်တစ်ချိန် ဖြစ်ပေါ်လာမည့် ကသောင်းကနင်း ဖြစ်ရပ်ကို ကျွန်မတို့ ကြိုမြင်နိုင်စွမ်း မရှိခဲ့ပါ။ မည်သို့ဆိုစေ၊ စကားလုံး အတော်များများကို ကျွန်မ မှတ်မိနေပါသေးသည်။ အဘယ်သို့ မေ့နိုင်ပါအံ့နည်း။ ၎င်းတို့မှာ ကျွန်မ၏ ရင်တွင်းမှ ပေါက်ဖွားပွင့်အံကျလာသော စကားလုံးများပင်။
❝ ထုံးခိုရွာမှ ကျွန်မ ရွှယ်ဟွားနှင့် ဖူးဝေရွာမှ ကျွန်မ ပိုင်ဟောတို့သည် တစ်ဦးအပေါ်တစ်ဦး သစ္စာမြဲတည်ကာ မေတ္တာထုံမွှမ်းသော စကားလုံးများဖြင့် တစ်ဦးကိုတစ်ဦး ချိုသာစွာ ဆက်ဆံ ပြောဆိုကြပါမည်။ စိတ်နှလုံးညွတ်နူးအောင် ကျင့်သုံးနေထိုင်ကြပါမည်။ ကျွန်မတို့သည် အမျိုးသမီးအဆောင်ထဲတွင် အတူတကွ ဇာပန်းထိုး၍ တီးတီးတိုးတိုး တွတ်ထိုးကြမည်။ ကျွန်မတို့သည် နာသုံးနာနှင့် ဝတ်လေးဝတ်ကို လိုက်နာကြပြီး ကွန်ဖြူးရှပ်၏ ညွှန်ကြားချက်အတိုင်း မိန်းမကောင်း မိန်းမမြတ်ဖြစ်အောင် နေထိုင်ကျင့်ကြံသွားကြပါမည်။ ယနေ့ ကျွန်မတို့ – ရွှယ်ဟွားနှင့် ပိုင်ဟော – ဤနေရာ၌ သစ္စာစကားဆို၍ တိုင်တည်ပါသည်။ ကျွန်မတို့ နှစ်ယောက်သည် လီတစ်သောင်းမှ စီးဆင်းလာသော ချောင်းငယ်နှစ်စင်းကဲ့သို့ မြစ်ကြီးတစ်စင်းထဲ၌ ပေါင်းဆုံရပါစေသား။ ကျွန်မတို့ နှစ်ယောက်သည် ပန်းခြံတစ်ခုတည်း၌ နှစ်ပေါင်းတစ်သောင်းတိုင်တိုင် အတူတကွ ရှင်သန်ဖူးပွင့်ခွင့်ရသော ပန်းနှစ်ပွင့် ဖြစ်ရပါစေသား။ တစ်ယောက်ကိုတစ်ယောက် တစ်ဖဝါးမျှ မခွာဘဲ၊ နာနာကျည်းကျည်း စကားများ မပြောမဆိုဘဲ လောင်ထုံးများအဖြစ် သက်ဆုံးတိုင် ပေါင်းဖက်ကြပါမည်ဟု ကျွန်မတို့ သစ္စာပြုပါသည် ❞
သဘောတူစာချုပ်အောက်၌ ကျွန်မတို့နှစ်ယောက်၏ နာမည်များကို နွီစူးအက္ခရာဖြင့် လက်မှတ်ရေးထိုးနေကြသည်ကို အောင်သွယ်တော်ဝမ်က လေးလေးနက်နက် စိုက်ကြည့်နေသည်။
“ညဉ်းတို့နှစ်ယောက် လောင်ထုံးတွေ ဖြစ်သွားတဲ့အတွက် ငါ ဝမ်းသာလို့ မဆုံးဘူးအေ” သူ ကြေညာလိုက်သည်။
“လူတွေကို မင်္ဂလာကိစ္စအတွက် အောင်သွယ်ပေးရသလိုပဲ။ စိတ်သဘောထား နူးညံ့တဲ့လူကို စိတ်သဘောထား နူးညံ့တဲ့သူနဲ့ တွဲဖက်ပေးရတယ်။ မျက်နှာလှတဲ့သူကို မျက်နှာလှတဲ့သူနဲ့ တွဲဖက်ပေးရတယ်။ ဉာဏ်ပညာ ထက်မြက်တဲ့သူကို ဉာဏ်ပညာ ထက်မြက်တဲ့သူနဲ့ တွဲဖက်ပေးရတယ်။ ဒါပေမယ့် အိမ်ထောင်ရေးကိစ္စနဲ့ မတူတဲ့အချက်က လောင်ထုံးဆက်ဆံရေးမှာ တတိယလူ ဝင်လို့ မရဘူးအေ့” ဤနေရာအရောက်တွင် သူ၏ စူးစူးဝါးဝါး ရယ်မောသံ ထွက်ပေါ်လာသည်။
“မယားငယ်လို ကြားလူတွေ ဘာတွေ ဝင်ခွင့် မရှိဘူး။ ငါပြောတာ နားလည်ရဲ့လား၊ ကောင်မလေးတွေ။ အခုဟာက နှလုံးသားနှစ်ခုရဲ့ ပေါင်းစည်းခြင်းပဲ။ ဘယ်အရာကမှ ညည်းတို့ကို ဝေးကွာသွားအောင် ပိုင်းခြားပစ်လို့ မရဘူး။ အကွာအဝေးကပဲ ဖြစ်ဖြစ်၊ နားလည်မှု လွဲတာပဲ ဖြစ်ဖြစ်၊ အထီးကျန်မှုကပဲ ဖြစ်ဖြစ်၊ ပိုမိုသာလွန်တဲ့ အိမ်ထောင်ရေး အခြေအနေကပဲ ဖြစ်ဖြစ် ညည်းတို့ကို ဘာကမှ ဝေးကွာသွားအောင် မလုပ်နိုင်ဘူး။ တခြားကောင်မလေးတွေ၊ ဒါမှမဟုတ် မိန်းမတွေက ညည်းတို့နှစ်ယောက်အကြား ကြားဝင်ပါလာရုံနဲ့လည်း ညည်းတို့ရဲ့ လောင်ထုံးဆက်ဆံရေးက ပျက်ပြယ်မသွားဘူး”
ကျွန်မတို့သည် အပြန်ဆယ်လှမ်းခရီးဖြင့် ဝေါယာဉ်ဆီသို့ ပြန်ရောက်လာခဲ့ကြသည်။ ဤလအနည်းငယ်အတွင်း၌ လမ်းလျှောက်ရသည့် အလုပ်မှာ လူကို ပင်ပန်းဆင်းရဲစေသော အလုပ်တစ်ခု ဖြစ်ခဲ့သည်။ သို့သော် ယခုအချိန်၌မူ ကျွန်မသည် မိမိကိုယ်မိမိ ယောင်ဝ်မယ်တော်အဖြစ် မှတ်ထင်နေမိသည်။ ထိုသူမှာ တရုတ်ပြည်၏ ပထမဆုံးသော ခြေသေးမဖြစ်သည်။ ရွှေရောင်ကြာပွင့်တစ်ပွင့်ပေါ်၌ ထိုအမျိုးသမီးကြီး ကပြသောအခါ တိမ်တောင်တိမ်လိပ်များအပေါ် လွင့်မျောနေသည့်အလား မှတ်ထင်ကြရသည်။ ယခုအခါ ကျွန်မ၏ ခြေလှမ်းတိုင်းက ကြီးမားသော ပျော်ရွှင်မှုကြောင့် ငြိမ့်ညောင်း အိညက်နေတော့သည်။
အထမ်းသမားများက ကျွန်မတို့ကို ဈေးတန်း၏ အစည်းကားဆုံးနေရာသို့ သယ်ဆောင်သွားကြသည်။ အနည်းငယ် လည်ဆန့်ကြည့်လိုက်လျှင် ကြက်သွေးရောင် နံရံတံတိုင်းများ၊ ရွှေချထားသော ပန်းပုရုပ်ထုများနှင့် အစိမ်းရောင် အုတ်ကြွပ်မိုးထားသော ဘုရားကျောင်းကို လှမ်းမြင်နိုင်သည်။ အောင်သွယ်တော်ဝမ်က ကျွန်မတို့နှစ်ယောက်အား ငွေပြားတစ်ပြားစီ ပေးပြီး လောင်ထုံးဖြစ်ခြင်း အထိမ်းအမှတ်အတွက် လက်ဆောင်ပစ္စည်းများ ဝယ်ကြရန် ပြောသည်။ ကျွန်မအနေဖြင့် ကိုယ်ပိုင်ဆုံးဖြတ်ချရန် အခွင့်အရေး မရခဲ့ဖူးသကဲ့သို့ ပိုက်ဆံကိုင်၍ သုံးစွဲခွင့်ကိုလည်း တစ်ခါမျှ မရခဲ့ဖူးချေ။ ကျွန်မ၏ လက်တစ်ဘက်တွင် ငွေပြားတစ်ပြားကို ဆုပ်ကိုင်လျက် ကျန်လက်တစ်ဘက်ဖြင့် ရွှယ်ဟွား၏ လက်ကို မြဲမြဲ ဆုပ်ကိုင်ထားသည်။ ကျွန်မ၏ နံဘေးတွင် ရှိနေသော ဤကောင်မလေးသည် မည်သို့သော အရာမျိုးကို သဘောကျ နှစ်ခြိုက်ပါအံနည်းဟု ကျွန်မ အသည်းအသန် စဉ်းစားနေမိသည်။ သို့သော် ကျွန်မ၏ ပတ်ဝန်းကျင်ရှိ အမျိုးမျိုး အဖုံဖုံသော အံ့ဩဖွယ် ပစ္စည်းများက ဘာရွေးရမှန်း မသိနိုင်လောက်အောင် စိတ်ကို ထွေပြားစေသည်။
ယခုတစ်ချိန်တွင်လည်း ရွှယ်ဟွား၏ ဦးဆောင်မှုကြောင့် အဆင်ပြေခဲ့ရသည်ကို ကျေးဇူးတင်ရပေမည်။
“ငါ စိတ်ဝင်စားတဲ့ ပစ္စည်းတစ်ခု ရှိတယ်” သူက အသံစာစာဖြင့် အော်ပြောလိုက်သည်။ သူက ပြေးတော့မည့်အလား ခြေလှမ်းကို နှစ်လှမ်းသုံးလှမ်းမျှ ခပ်သွက်သွက် လှမ်းလိုက်ပြီးခါမှ ရုတ်တရက် ကိုယ်ရှိန်သတ်သွားသည်။
“တစ်ခါတစ်ခါ ငါ့ခြေထောက်ကို မေ့မေ့သွားတယ်ဟာ” သူ၏ မျက်နှာပေါ်တွင် နာကျင်ခံခက်သော အရိပ်အယောင်များ ယှက်သန်းနေသည်။
ကျွန်မ၏ ခြေထောက်က သူ့ခြေထောက်ထက် အနာကျက် ပိုမြန်ခဲ့သည်။ ကျွန်မတို့ (သို့မဟုတ် ကျွန်မ) စိတ်ရှိသလောက် ပြေးလွှားမြူးထူးခွင့် မရသည့်အတွက် ကျွန်မစိတ်ထဲ စနိုးစနောင့် ဖြစ်ခဲ့ရသည်။
“ငါတို့ ဖြေးဖြေးပဲ သွားကြမယ်လေ” ကျွန်မ ပြောလိုက်သည်။
“ငါတို့က တစ်ခါတည်းနဲ့ နေရာအကုန် ရောက်ဖူးစရာမှ မလိုတာပဲ …”
“… နောက်ကျရင် နှစ်တိုင်းနှစ်တိုင်း ငါတို့နှစ်ယောက် ဒီကို အတူလာကြရမှာပဲ ဥစ္စာ” ရွှယ်ဟွားက ကျွန်မ၏ လက်ကို တင်းတင်း ဆုပ်ကိုင်ထားလျက် ကျွန်မ၏စကားကို အဆုံးသတ်လိုက်သည်။
ကျွန်မတို့နှစ်ယောက်၏ ဖြစ်အင်ကိုလည်း ရှုစားကြပါဦး။ ပထမဆုံးအကြိမ် အတူခရီးထွက်ကြသော လောင်ထုံးနှစ်ယောက်သည် ယိုင်လဲကျသွားအောင် လုပ်ပစ်နိုင်သော ခြေတစ်စုံကို စိတ်ထဲ အမှတ်ရနေပါလျက်က ဣန္ဒြေရအောင် ကြိုးစားပမ်းစား လျှောက်လှမ်းနေကြရသည်။ ထို့နောက် တောက်ပြောင်သော ဝတ်စုံနှင့် အမျိုးသမီးကြီးတစ်ယောက်က သူတို့ကို
“ရပ်စမ်း၊ အခုရပ်စမ်း။ အဲဒီလို ဗရုတ်သုက်ခ လျှောက်လုပ်နေရင် ငါတို့ အခုပဲ အိမ်ပြန်ကြမယ်” ဟူ၍ အော်ဟစ်ငေါက်ငမ်းနေပြန်သည်။ ကံကောင်းထောက်မစွာပင် ကျွန်မတို့ ဝေးဝေးလံလံ မသွားခဲ့ရပါ။ ရွှယ်ဟွားက ဇာထိုးပန်းထိုး အပိုပစ္စည်းအရောင်းဆိုင် အတွင်းသို့ ကျွန်မကို ဆွဲခေါ်သွားသည်။
ကျွန်မတို့နှစ်ယောက်၏ ရွေးချယ်မှုက ထပ်တူကျသည်ဟု ဆိုရမည်။ ကျွန်မတို့ သဘောကျ နှစ်သက်သော အရောင်များက တူညီနေကြသည်။ ထို့နောက် တစ်ယောက်နှင့်တစ်ယောက် တိုင်ပင်စရာ မလိုအပ်ပါဘဲ သစ်ရွက်သစ်ခက်နှင့် ပန်းပွင့်များ ထိုးနိုင်မည့် ချည်အရောင်များကို ရွေးချယ်ခဲ့ကြသည်။ ပိုက်ဆံရှင်းပြီးသည့်နောက်တွင် အထုပ်ပိုက်ကာ ဝေါယာဉ်ရှိရာသို့ ပြန်လာခဲ့ကြသည်။ ဝေါယာဉ်ထဲသို့ ရောက်သည့်အခါတွင် ရွှယ်ဟွားက အောင်သွယ်တော်ဝမ် ကို ပူဆာတော့သည်။
“စိန်စိန်း၊ သမီးတို့ကို ကန်စွန်းဥသည်ဆီ ပို့ပေးပါနော် နော် နော်” ရွှယ်ဟွားက အရိုးခံစိတ်ဖြင့် အောင်သွယ်တော်ဝမ်အား ညွတ်နူးလာအောင် ကြိုးစားနေသည်ကို မြင်ရသည့်အခါတွင် လောင်ထုံးလေး၏ သတ္တိဗျတ္တိကြောင့် ကျွန်မလည်း ငြိမ်မနေနိုင်တော့ဘဲ စစ်ကူဝင်မိတော့သည်။
“ဟုတ်ပါတယ် စိန်စိန်းရယ်။ သွားရအောင်နော်” အောင်သွယ်တော်ဝမ် အနေဖြင့် ငြင်းဆန်နိုင်လိမ့်မည် မဟုတ်ပေ။ သူ၏ ဝဲယာတစ်ဘက်တစ်ချက်တွင် ထိုင်နေကြသော ကောင်မလေးနှစ်ယောက်က သူ၏ အင်္ကျီလက်ရှည်နှစ်ဘက်ကို ဆွဲကာ သဘောမတူမချင်း ဆန္ဒပြနေကြသည်။ ထိုသို့ အတင့်ရဲသော တောင်းဆိုမှုမျိုးကို ပုံမှန်အားဖြင့် သားကြီး ဩရသများသာ တောင်းဆိုပိုင်ခွင့် ရှိသည် မဟုတ်လား။
ဒါ နောက်ဆုံးအကြိမ်ပဲ ဖြစ်ပါစေ ဟူသော သတိပေးချက်ဖြင့် သူက ကျွန်မတို့၏ ဆန္ဒကို လိုက်လျောခဲ့သည်။ သူ့ထုံးစံအတိုင်း ကြွပ်ဆတ်သော လေသံဖြင့်
“ငါက ဆင်းရဲတဲ့ မုဆိုးမတစ်ယောက်ပါအေ။ ညည်းတို့လို ဘာမဟုတ်တဲ့ သူငယ်နှပ်စား နှစ်ယောက်အတွက် ပိုက်ဆံတွေ အကုန်ခံနေရင် ဒီခရိုင်မှာ ငါ့မျက်နှာကို ဘယ်နေရာ သွားထားရပါတော့မလဲ။ ညည်းတို့က ငါ့ကို မွဲအောင် လုပ်ချင်နေကြတာလားအေ။ ငါ့ကို စွန့်ပစ်ခံဘဝနဲ့ တစ်ယောက်တည်း သေစေချင်ကြတာလား”
သူက အပေါက်သာ ဆိုးသော်လည်း ဆိုင်ရှေ့သို့ ရောက်သွားသည့်အခါတွင်မူ အစစအရာရာ အဆင်သင့် ပြင်ဆင်ထားနှင့်ပြီးလေပြီ။ စားပွဲလေးတစ်လုံး ခင်းထားပြီး လေးဘက်လေးတန်တွင် သစ်သားခွေးခြေသုံးလုံး ချပေးထားသည်။
ဘကြီးကျိုက ကြက်အရှင်တစ်ကောင် အနားသို့ ယူလာကာ မြှောက်ပြသည်။
“ဒီမယ် ဒေါ်ဝမ်၊ ကျွန်တော်က ခင်ဗျားအတွက်ဆို အမြဲတမ်း အကောင်းဆုံးပဲ ချန်ထားပေးတာဗျ” ဟု ဘကြီးကျိုက ပြောသည်။ မိနစ်အနည်းငယ် ကြာသောအခါ သူသည် ဒယ်အိုးမီးဖိုတစ်လုံး ကျွန်မတို့ထံသို့ ယူလာသည်။ အိုး၏ အောက်ဘက်တွင် မီးသွေးမီးဖြင့် အပူပေးထားဆဲ။ စောစောက တွေ့မြင်ခဲ့ရသော စွပ်ပြုတ်ရည်၊ ဂျင်း၊ ကြက်သွန်နီနှင့် အတုံးအတုံး ခုတ်ထစ်ထားသော ကြက်သားတုံးများသည် ယခုအခါ ဒယ်အိုးထဲတွင် ကူးခတ်ကာ အမြှုပ်တစီစီ ထနေသည်။ တောက်တောက်စင်းထားသော ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ငရုတ်ဆီရောထားသော ဆော့တစ်ပန်းကန်လည်း စားပွဲပေါ်တွင် ရှိနေသည်။ ကြက်သွန်ဖြူကို အမွှာလိုက်ထည့်ကာ ဆီပူတိုက်ထားသည့် ပဲကြီးစိမ်းအပြည့် ပါသော လင်ပန်းတစ်ချပ်ကလည်း ကျွန်မတို့ကို မြှူဆွယ်နေသည်။ ရသမျှသော ကြက်သားတုံးများကို လက်ထဲမှ ဝါးတူများဖြင့် ညှပ်၍ ဟင်းရည်ထဲမှ ဆည်ယူကာ အားရပါးရ ကိုက်စားကြသည်။ ထို့နောက် စားမရသော ကြက်ရိုးများကို မြေပြင်ပေါ်သို့ ထွေးထုတ်ပစ်လိုက်ကြသည်။ ဤမျှ ခံတွင်းတွေ့ပြီးသကာလ ဤမျှ ခေါင်းမဖော်စတမ်း စားသောက်နေရစေကာမူ ကျွန်မသည် စောစောက ရွှယ်ဟွား ပြောခဲ့သော ကန်စွန်းဥကြော်ကို စားရန်အတွက် ဗိုက်ထဲ၌ တစ်နေရာစာ ချန်ထားလိုက်သေးသည်။ သကြားရည်လူးထားသော ကန်စွန်းဥတုံးသည် ရေနှင့် ထိတွေ့သည့်အခါ ထွက်ပေါ်လာသော တရှဲရှဲ မြည်သံ၊ ကြွပ်ရွသော အခွံနှင့် နူးညံ့သော အတွင်းသားတို့မှ ထွက်ပေါ်လာသည့် ထူးကဲမွှေးပျံ့သော အရသာ – ၎င်းအရာအားလုံးတို့မှာ သူပြောပြထားသကဲ့သို့ တထေရာတည်းပင်။
အိမ်မှာ ရှိစဉ်ကကဲ့သို့ ကျွန်မသည် ရေနွေးခရားအိုးကို ယူကာ သုံးယောက်စလုံးအတွက် ရေနွေးကြမ်း ငှဲ့ပေးလိုက်သည်။ ရေနွေးခရားအိုးကို စားပွဲပေါ် ပြန်ချလိုက်သည့် အခါတွင် အလိုမကျသော စုတ်သပ်သံကို ရွှယ်ဟွားထံမှ ကြားလိုက်ရသည်။ တစ်ခုခု မှားလုပ်လိုက်မိပြန်ပြီ ထင်၏။ သို့သော် ဘာမှန်း ကျွန်မ မသိ။ ရွှယ်ဟွားက သူ့လက်ဖဝါးကို ကျွန်မ၏ လက်ပေါ်သို့ အုပ်တင်လိုက်ပြီး ရေနွေးခရားအိုးကို ညွှန်ပြသည်။ ရေနွေးခရားအိုး၏ နှုတ်သီးကို အောင်သွယ်တော်ဝမ်ဘက် ဦးတည်ထားရာမှ တခြားတစ်နေရာသို့ ရွေ့သွားအောင် ကျွန်မတို့နှစ်ယောက် အတူတူ ရွှေ့လိုက်ကြသည်။
“ခရားအိုးရဲ့ နှုတ်သီးကို လူတစ်ယောက်ယောက်ဘက် ဦးတည်ထားတာက မယဉ်ကျေးတဲ့ အပြုအမူပဲ” ရွှယ်ဟွားက တည်ငြိမ်သော လေသံဖြင့် ပြောလာသည်။
ထိုသို့ အပြောခံလိုက်ရသည့်အတွက် ကျွန်မ ရှက်ဖို့ ကောင်းပါ၏။ သို့သော် ထိုသို့ ဖြစ်ရမည့်အစား လူကြီးသူမများ၏ ဆုံးမသွန်သင်မှုအောက်၌ စည်းကမ်းသေဝပ်စွာ ဗိုင်းကောင်းကျောက်ဖိ နေခဲ့ရသော ကျွန်မလောင်ထုံး၏ ဘဝကို အားကျနှစ်ခြိုက်နေမိသည်။
ကျွန်မတို့ စားသောက်ပြီး၍ ဝေါယာဉ်နားသို့ ပြန်ရောက်သောအခါ အထမ်းသမားများသည် ဝေါယာဉ်လက်ကိုင်တန်းများကို မှီလျက် အိပ်ပျော်နေကြသည်။ အောင်သွယ်တော်ဝမ်က လက်ခုတ်တီးကာ အသံပြုလိုက်သည်နှင့် သူတို့အားလုံး မတ်တတ်ရပ်ပြီးသား ဖြစ်သွားကြတော့သည်။ ဤသို့ဖြင့် ကျွန်မတို့၏ အပြန်ခရီး စတင်ကြတော့သည်။ အပြန်လမ်းခရီး၌ အောင်သွယ်တော်ဝမ်က ကျွန်မတို့နှစ်ယောက်ကို အတူ ကပ်ထိုင်ခိုင်းသည်။ ထိုသို့ ထိုင်လိုက်သောအခါ ဝေါယာဉ်က တစ်ဘက်စောင်းနင်း ဖြစ်ကာ အထမ်းသမားများအတွက် ထမ်းရခက်သွားသည်။ ထိုစဉ်က ဥမမည် စာမမြောက်သေးသော ကလေးမလေးနှစ်ယောက်၏ ပုံရိပ်များကို ကျွန်မ၏ မျက်လုံးအိမ်များအတွင်း ပြန်လည် မြင်ယောင်လာသည်။ အတူတကွ ခိုးခိုးခစ်ခစ် ရယ်မောကြလျက် ဝယ်လာခဲ့သော ချည်လုံးများကို ခွဲဝေနေကြသည်။ လက်ကလေးများကလည်း တစ်ယောက်ကိုတစ်ယောက် ဆုပ်ကိုင်ထားလျက်။ အောင်သွယ်တော်ဝမ် အိပ်ငိုက်နေသည့်အခါတွင် ပြတင်းလိုက်ကာကို လှန်လှောကာ တရိပ်ရိပ် ဖြတ်သန်းသွားနေသော အပြင်ရှုခင်းများကို ခိုးကြည့်ရသည်ကလည်း အမော။ အထမ်းသမားများ၏ တွန်းထိုးယမ်းခါနေသော ခြေလှမ်းများနှင့် တွန့်ခေါက်မို့မောက်နေသော မညီမညာ လမ်းခရီးကြောင့် ဖြစ်ပေါ်လာတတ်သော မအီမသာ ဖြစ်မှုကိုပင် သတိမရနိုင်လောက်အောင် ကျွန်မတို့နှစ်ဦး၏ စိတ်များက တစ်ဦးအပေါ်တစ်ဦး၌သာ နစ်ဝင်နေကြသည်။
၎င်းမှာ ကူဖောဘုရားကျောင်းသို့ ကျွန်မတို့ ပထမဆုံးအကြိမ် ရောက်ခဲ့ဖူးခြင်း ဖြစ်သည်။ နောက်တစ်နှစ်တွင်လည်း ကျွန်မတို့ကို အောင်သွယ်တော်ဝမ်က ကူဖောဘုရားကျောင်းသို့ ခေါ်သွားသေးသည်။ ထိုစဉ်က ဘုရားကျောင်းထဲသို့ ဝင်ကာ ပထမဆုံးအကြိမ်မြောက် ဘုရားဖူးခွင့် ရခဲ့သည်။ ကျွန်မတို့နှစ်ယောက် အိမ်ထောင်ကျပြီးကြသည့် နောက်ပိုင်းတွင်လည်း အခါအခွင့်သင့်လျှင် ဤနေရာ၌ ဆုံဆည်းဖြစ်ကြသည်။ တွေ့ဆုံကြသည့်အခါတိုင်း ဘုရားကျောင်းထဲသို့ ဝင်ကာ ဘုရားရှိခိုးပြီး သားရတနာ ဖွားမြင်ပါစေကြောင်း ဆုတောင်းခဲ့ကြသည်။ ပထမဆုံးအကြိမ် ပန်းထိုးချည်များ ဝယ်ယူခဲ့ဖူးသော ဆိုင်သို့ သွားကာ လိုအပ်သည်များကို ယခင်ကအတိုင်း ဝယ်မြဲ ဝယ်ယူခဲ့ကြသည်။ ထိုသို့ သွားရောက် ဝယ်ယူသည့် အခါတိုင်း ပထမဆုံးအကြိမ် လာရောက်ခဲ့စဉ်က ကလေးမလေးနှစ်ယောက်၏ ငယ်ရွယ်နုနယ်သည့် ပုံရိပ်များကို မြင်ယောင်မိကြစမြဲ။ တစ်နေ့တာ ကုန်ဆုံးခါနီး အချိန်သို့ ရောက်လျှင် ဘကြီးကျို၏ ဆိုင်၌ တစ်ထောက်နားကာ သကြားရည်ပူ လူးထားသော ကန်စွန်းဥကြော်ကို စားသုံးရန်လည်း မေ့လျော့သွားခဲ့သည် မရှိ။
ကျွန်မတို့ နေဝင်ဖျိုးဖျအချိန်၌ ဖူးဝေသို့ ပြန်ရောက်ခဲ့သည်။ ထိုနေ့၌ပင် ကျွန်မသည် မိသားစုတည်းဟူသော နယ်နိမိတ်ကို ကျော်လွန်၍ သာမန် သူငယ်ချင်းမျှသာ မဟုတ်သော တိုးတိုးတိုင်ပင်ဖော် တစ်ယောက်ကို ရရှိခဲ့သည်။ ထိုသူနှင့် လောင်ထုံးဖွဲ့ရန် စာချုပ်ရေးထိုးခဲ့သည်။ ထိုတစ်နေ့တာ ကုန်လွန်သွားမည်ကို ကျွန်မ မလိုလားခဲ့။ သို့သော် အိမ်သို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ထိုတစ်နေ့တာကို အဆုံးသတ်ပစ်ရတော့မည် ဖြစ်ကြောင်း ကျွန်မ သိနေသည်။ ကျွန်မသည် ဝေါယာဉ်ထဲတွင် ထိုင်လျက်က မြင်ယောင်ကြည့်နေမိသည်။ ကျွန်မကို အိမ်တွင် ချပြီးသည်နှင့် အထမ်းသမားများက ရွှယ်ဟွားတို့၏ ဝေါယာဉ်ကို ကျွန်မနှင့် ဝေးရာသို့ ထမ်းခေါ်သွားကြပေလိမ့်မည်။ ထို့နောက် ရွှယ်ဟွားက သတ္တိမွေးကာ ပြတင်းပေါက်လိုက်ကာကို ဆွဲဖယ်ပြီး ကျွန်မဆီသို့ လက်ပြ၍ ဝှေ့ယမ်းနှုတ်ဆက်နေလိမ့်မည်။ ထိုသို့ လက်ပြနှုတ်ဆက်ရင်း ဝေါယာဉ်ကလေးသည် လမ်းကွေ့တစ်နေရာသို့ ချိုးဝင်ပျောက်ကွယ်သွားပေမည်။ ရင်တွင်း၌ စွဲကျန်ရစ်နေသော ကျွန်မ၏ ပျော်ရွှင်မှု များစွာတို့ကမူ မပျောက်မပျက်ဘဲ ထာဝရ တည်တံ့သွားမည် ဖြစ်ကြောင်း ကျွန်မ ခံစားနေရသည်။
နောက်ဆုံးတော့ အိမ်ပေါက်ဝသို့ ရောက်ရှိလာခဲ့သည်။ ဝေါယာဉ်အပြင်ဘက်သို့ ကျွန်မ တိုးထွက်နေစဉ် အောင်သွယ်တော်ဝမ်က ရွှယ်ဟွားကိုပါ အပြင်ထွက်ရန် ညွှန်ကြားနေလေသည်။
“ကောင်မလေးတွေ၊ တာ့တာနော်။ နောက်နှစ်ရက်နေမှ ရွှယ်ဟွားကို ပြန်လာခေါ်မယ်” သူက ဝေါယာဉ်အပြင်ဘက်သို့ ကိုယ်တစ်ပိုင်း ထုတ်ပြီး ကျွန်မလောင်ထုံး၏ ပါးပြင်ကို လက်ဖြင့် ညှစ်လိုက်သည်။
“လိမ်လိမ်မာမာနေနော်။ ကကျည်ကကြောင် မလုပ်ရဘူး၊ ကြားလား။ အရာရာ မျက်စိဖွင့်၊ နားစွင့်ထား။ သမီးမေမေ ဂုဏ်ယူရတဲ့ သမီးကောင်းတစ်ယောက် ဖြစ်ပါစေ”
ကျွန်မ၏ အိမ်ပေါက်ဝ၌ ကျွန်မတို့နှစ်ယောက် ရပ်နေကြစဉ်က ကျွန်မရင်ထဲ မည်သို့ ဖြစ်ပျက်နေခဲ့သည်ကို ကျွန်မ စာမဖွဲ့တတ်အောင် ဖြစ်ခဲ့ရသည်။ ပျော်ရွှင်မှု နယ်ပယ်ထက် ကျော်လွန်သည်ဟုသာ ဆိုပါရစေတော့။ သို့သော် ကျွန်မတို့ကို စောင့်မျှော်နေသည့် အိမ်တွင်းအခြေအနေကိုလည်း ကျွန်မ သိနေသည်။ ကျွန်မ၏ မိသားစုနှင့် ကျွန်မ၏ အိမ်ကို ကျွန်မ ချစ်ပါသည်။ သို့သော် ရွှယ်ဟွားသည် မိမိတို့ထက် သာလွန်ကောင်းမွန်သော မိသားစုနောက်ခံ အခြေအနေနှင့် အသားကျနေသူတစ်ယောက် ဖြစ်ကြောင်းကိုလည်း ကျွန်မ သိနေခဲ့သည်။ ထို့အပြင် လဲဝတ်စရာ အဝတ်အစား ဘာညာလည်း သူနှင့်အတူ ပါမလာခဲ့ပေ။
မာမားက ကျွန်မတို့နှစ်ယောက်ကို ထွက်ကြိုသည်။ သူက ကျွန်မကို နမ်းရှုပ်ပြီး ရွှယ်ဟွား၏ ပခုံးကို ကိုင်ကာ ကျွန်မတို့နှစ်ယောက်ကို အိမ်အတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။ ကျွန်မတို့ အပြင်သွားနေကြစဉ် မာမား၊ စိန်စိန်းနှင့် တာ့ကျယ်တို့က အိမ်ခန်းမကြီးကို သန့်ရှင်းတောက်ပြောင်နေအောင် ကြိုးစားပမ်းစား လှဲကျင်းထားကြသည်။ အမှိုက်သရိုက်များ ဘာတစ်ခုမျှ မရှိတော့ပေ။ တိုးလို့တွဲလောင်း ဖြစ်နေခဲ့ကြသော အဝတ်အစားများကိုလည်း မတွေ့ရတော့။ စားပွဲပေါ်မှ ပန်းကန်ပြားများလည်း တစ်နေရာ၌ ခိုအောင်းနေကြသည်။ တစ်ချိန်က ဖုန်အလိမ်းလိမ်း ချေးအထပ်ထပ်နှင့် ညစ်ပတ်နေခဲ့သော ကြမ်းပြင်သည်ပင် တောက်ပြောင်၍ အစိုဓာတ်ဖြင့် အေးမြနေသည်။
ကျွန်မအိမ်ရှိ လူအားလုံးနှင့် (တာ့ကောအပါအဝင်) ရွှယ်ဟွားကို မိတ်ဆက်ပေးခဲ့သည်။ ညစာ စားကြသည့်အခါတွင် ရွှယ်ဟွားသည် သူ အသုံးပြုမည့် ဝါးတူကို ရေနွေးကြမ်းပန်းကန်ထဲသို့ ထည့်ကာ ဆေးကြောနေသည်ကို ကျွန်မ တွေ့မြင်လိုက်ရသည်။ ထိုအပြုအမူကလေးမှ လွဲ၍ ကျွန်မတို့၏ မိသားစုဝင် အားလုံး ကြုံဖူးသမျှထက် ပိုမိုယဉ်ကျေးသိမ်မွေ့သော အမူအရာများကို တွေ့မြင်နေရသော်လည်း သူ၏ ခံစားချက် အစစ်အမှန်ကို အကောင်းဆုံး သိုဝှက်ထားနိုင်ခဲ့သည်။ ရွှယ်ဟွားအကြောင်း ကျွန်မ ကောင်းကောင်း နားလည်သည်။ ရင်တွင်းမှ ဖြစ်ပေါ်လာသော အံ့ဩထိတ်လန့်မှုများကို အပြုံးမျက်နှာဖြင့် ဖုံးကွယ်ထားခြင်းမျှသာ ဖြစ်သည်။ ကျွန်မတို့ ကဲ့သို့သော ဘဝမျိုးကို သူ တစ်ခါမျှ ကြုံဆုံဖူးလိမ့်မည် မဟုတ်ဟု ကျွန်မ ယူဆသည်။
ရှည်လျားသော တစ်နေ့တာကို ဖြတ်သန်းခဲ့ပြီးနောက် ကျွန်မတို့ လွန်စွာ ပင်ပန်းနေကြသည်။ အပေါ်ထပ်သို့ တက်ရန် အချိန်ရောက်လာသောအခါ ကျွန်မရင်ထဲ၌ နောက်ထပ်တစ်ကြိမ် ထိတ်ခနဲ ဖြစ်လာရပြန်သည်။ သို့သော် အိမ်အတွင်းရှိ မိန်းမများအားလုံးက အပေါ်ထပ်၌လည်း ရှင်းစရာ ရှိသည်များကို ရှင်းလင်းထားပြီး ဖြစ်သည်။ အိပ်ရာခင်းများကို နေပြထားကြသည်။ ထို့အပြင် ကျွန်မတို့၏ နိစ္စဓူဝ လုပ်ငန်းဆောင်တာများတွင် အသုံးပြုသော ပစ္စည်းပစ္စယများမှာလည်း သူ့နေရာနှင့်သူ သေသေသပ်သပ် တည်ရှိနေကြသည်။
ကျွန်မတို့ ဆေးကြောသန့်စင်နိုင်ရန်အတွက် ရေဇလုံတစ်လုံးကို မာမားက ညွှန်ပြသည်။ ၎င်းအနားတွင် ကျွန်မ၏ ဝတ်စုံနှစ်စုံနှင့် တာ့ကျယ်၏ ဝတ်စုံတစ်စုံ ချထားသည်။ အားလုံး လတ်ဆတ်သန့်ရှင်းလျက်။ ကျွန်မတို့အိမ်၌ နေထိုင်စဉ် အတောအတွင်း ဝတ်ဆင်ရန် ရွှယ်ဟွားအတွက် ချပေးထားခြင်း ဖြစ်သည်။ ကျွန်မက ရွှယ်ဟွားကို ဦးစွာ ဆေးကြောစေသည်။ သို့သော် သူ၏ လက်ချောင်းများက ရေနှင့် ထိပင် ထိပါလေစဟု ကျွန်မ သံသယ ဝင်မိသည်။ ရေကို မသန့်ရှင်းဟု သူ ယူဆထားသောကြောင့်လော မသိ။ ကျွန်မ ကမ်းပေးသော ညအိပ်ဝတ်စုံကို ကိုယ်နှင့် အဝေးဆုံးသို့ ရောက်အောင် လက်ချောင်းနှစ်ချောင်းဖြင့် ညှပ်ယူလိုက်ပြီး ဘယ်ပြန်ညာပြန် လှည့်ကြည့်နေသေးသည်။ သူ့ကို ကမ်းပေးလိုက်သည့်အရာသည် တာ့ကျယ်၏ အသစ်လွင်ဆုံးသော ညအိပ်ဝတ်စုံ မဟုတ်ဘဲ ငါးသေတစ်ကောင် ဖြစ်နေရော့သလား။
သူက ဘေးဘီသို့ ဝေ့ကြည့်လိုက်သောအခါတွင် ကျွန်မတို့အားလုံးက သူ့ကို စိုက်ကြည့်နေကြကြောင်း တွေ့ရှိသွားသည်။ သို့ဖြင့် ဘာတစ်ခွန်းမျှ မဟတော့ဘဲ ညအိပ်ဝတ်စုံကို လဲဝတ်လိုက်သည်။ ထို့နောက် ကျွန်မတို့ ခုတင်ပေါ် တက်ကြသည်။ ထိုညအပြင် နောက်နောင် ရွှယ်ဟွားလာအိပ်သည့် ညတိုင်းတွင် တာ့ကျယ်သည် မေရွက်နှင့်အတူ တခြားနေရာ၌ သွားအိပ်ကြတော့သည်။
ညအိပ်ခါနီး မာမားက ကျွန်မတို့ကို လာနှုတ်ဆက်သည်။ သူက ခါးညွှတ်၍ ကျွန်မကို နမ်းရှုပ်ပြီး နားနားကပ်ကာ တိုးတိုးပြောသွားသည်။
“အောင်သွယ်တော်ဝမ်က မာမားတို့ ဘာလုပ်ထားသင့်တယ် ဆိုတာတွေကို အကုန်လုံး ပြောထားပြီးသား။ ဘာမှ စိတ်ပူမနေနဲ့။ ပျော်ပျော်နေ ပိစိလေး”
သို့ဖြင့် ကျွန်မတို့နှစ်ယောက်သည် ဂွမ်းစောင်သေးသေးလေးအောက်၌ ဘေးချင်းယှဉ်ကာ အိပ်လိုက်ကြသည်။ ကျွန်မတို့ ကောင်မလေးနှစ်ယောက်သည် ခေါင်းမထူချင်လောက်အောင် ပင်ပန်းနွမ်းနယ်နေစေကာမူ ချက်ချင်း မအိပ်နိုင်သေးဘဲ တွတ်ထိုးနေကြသည်။ ရွှယ်ဟွားက ကျွန်မ၏ မိသားစုအကြောင်းကို မေးမြန်းသည့်နည်းတူ ကျွန်မကလည်း သူ့အကြောင်းကို မေးမြန်းခဲ့သည်။ ကျွန်မက စန်းမေ့သေဆုံးပုံကို သူ့အား ပြောပြခဲ့သည်။ သူ့ညီမလေးမှာ ချောင်းဆိုးရောဂါကြောင့် သေဆုံးခြင်းဖြစ်ကြောင်းကိုလည်း ကျွန်မအား ပြောပြသည်။ သူက ကျွန်မတို့ ရွာအကြောင်းကို မေးသည်။ ‘ဖူးဝေ’ ဆိုသည်မှာ ကျွန်မတို့၏ ဒေသိယစကားအရ စုပေါင်းအလှတရားဟု အဓိပ္ပာယ်ရကြောင်း ကျွန်မက သူ့အား ပြောပြသည်။ ‘ထုံးခို’ ၏ အဓိပ္ပာယ်မှာ သစ်တောအဝ ဖြစ်ကြောင်း သူက ရှင်းပြသည်။ သူ့အိမ်သို့ သွားလည်ပတ်သည့်အခါ၌ အဘယ်ကြောင့် ထိုသို့ နာမည်တွင်ကြောင်းကို တွေ့မြင်နိုင်ပေလိမ့်မည်။
လရောင်သည် ပြတင်းမှန်ကူကွက်မှတစ်ဆင့် ရွှယ်ဟွား၏ မျက်နှာပေါ်သို့ ဖြာကျနေသည်။ တာ့ကျယ်နှင့် မေရွက်တို့ အိပ်ပျော်သွားကြပြီး ဖြစ်သော်လည်း ရွှယ်ဟွားနှင့် ကျွန်မတို့ကတော့ ပြောစရာစကား မကုန်ကြသေး။ မိန်းမတစ်ယောက်အနေဖြင့် မိမိတို့၏ ခြေသေးများအကြောင်းကို မဆွေးနွေးသင့်ကြောင်း၊ ထိုသို့ ဆွေးနွေးခြင်းသည် မသင့်လျော်သကဲ့သို့ မိန်းမ မဆန်ရာရောက်ကြောင်း၊ ထို့အပြင် ထိုသို့သော စကားလုံးများက ယောက်ျားများ၏ အမျက်ဒေါသကို နှိုးဆွပေးရာသာ ရောက်ကြောင်း စသည်ဖြင့် လူကြီးသူမများက ကျွန်မတို့ကို ဆိုဆုံးမထားကြသည်။ သို့သော် ကျွန်မတို့နှစ်ယောက်မှာ ခြေစည်းထားဆဲဖြစ်သော ကလေးငယ်မျှသာ ရှိသေးသည်။ ကျွန်မတို့အတွက် ထိုကိစ္စမျိုးသည် ယခုအချိန်ကဲ့သို့ အတိတ်၏ အမှတ်ရစရာများ မဟုတ်ဘဲ ထိုစဉ်ထိုအခါက နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်နေရသော နာကျင်ခံခက်မှုသာ ဖြစ်နေသည်။ ရွှယ်ဟွားက သူ့အမေကို မည်သို့ ပုန်းရှောင်ခဲ့ပုံနှင့် သူ့အဖေကို မည်သို့ အသနားခံခဲ့ပုံတို့ကို ကျွန်မအား ပြောပြခဲ့သည်။ သူ့အဖေကလည်း ထိုကိစ္စကို သဘောတူရန် တဲတဲကလေးမျှသာ လိုတော့သည်။ ထိုသို့သာ သဘောတူခဲ့ပါလျှင် ရွှယ်ဟွားသည် သူ့သက်တမ်းတစ်လျှောက် အပျိုကြီးဘဝဖြင့် မိဘအိမ်တွင်သာ အရိုးထုတ်သွားရပေတော့မည်။ သို့မဟုတ်ပါကလည်း တခြားသူ တစ်ဦးတစ်ယောက်၏ အိမ်တွင် အစေခံဘဝဖြင့် အရိုးထုတ်သွားရပေမည်။
“ဒါပေမယ့် ပါပါးက သူ့ဆေးပြောင်းကို စရှူပြီ ဆိုတာနဲ့ သူ့ကတိတွေ အားလုံးကို မေ့သွားတော့တာပဲ” ရွှယ်ဟွားက ရှင်းပြသည်။
“သူက ငါ့ကို စိတ်မဝင်စားတော့ဘူး ဆိုတော့ မာမားနဲ့ စိန်စိန်းတို့က ငါ့ကို အပေါ်ထပ်ခေါ်သွားပြီး ထိုင်ခုံတစ်ခုံမှာ ချည်ထားတော့တာပဲ။ အဲဒါကြောင့်လည်း ငါက နင့်လို တစ်နှစ်နောက်ကျပြီးမှ ခြေစည်းဖြစ်တာပေါ့” ဤသို့ဖြင့် သူသည် ကံစီမံရာအတိုင်း ခေါင်းငုံ့ခံသွားခဲ့သည်ဟု ဆိုလိုရာ မရောက်ပေ။ အစောပိုင်း လအနည်းငယ်အတွင်း၌ သူသည် အဆက်မပြတ် ပုန်ကန်မြဲ ပုန်ကန်နေခဲ့သည်။ တစ်ကြိမ်၌မူ သူသည် ခြေထောက်စည်းထားသော ပတ်တီးစများအားလုံးကို ဖြေပစ်နိုင်ခဲ့သည်။
“အဲဒီကတည်းက စပြီး မာမားက ငါ့ကို ထိုင်ခုံမှာ အသေချည်ထားတော့တာပဲဟ။ ခြေစည်းထားတဲ့ ပတ်တီးတွေကိုလည်း တင်းနိုင်သမျှ တင်းအောင် ချည်ထားတော့တာ”
“နင် ဘယ်လိုပဲ ကြိုးစားကြိုးစား ကံကြမ္မာကိုတော့ အန်တုလို့ မရပါဘူးဟာ” ကျွန်မက ပြောသည်။
“အားလုံးက ပြဋ္ဌာန်းထားနှင့်ပြီးသားပဲ”
“ငါ့မာမားကလည်း အဲဒီလို ပြောတာပဲ” ရွှယ်ဟွားက ပြန်ပြောသည်။
“ခြေထောက်ပေါ်က အရိုးတွေ ကျိုးသွားအောင် ငါ့ကို လမ်းလျှောက်ခိုင်းတဲ့ အချိန်ရောက်မှ သူက ငါ့ကို ထိုင်ခုံပေါ်ကနေ ကြိုးဖြေပေးတယ်။ နောက်ပြီး အိမ်သာတက်တဲ့ အချိန်ရောပေါ့။ အဲဒီလို အချိန်မျိုးဆိုရင် ငါက ပြတင်းပေါက် အပြင်ဘက်ကိုပဲ အမြဲ ငေးကြည့်နေတတ်တာ။ ငှက်ကလေးတွေ လွတ်လွတ်လပ်လပ် ပျံသန်းနေကြတာကို ငေးကြည့်နေမိတယ်။ တိမ်တွေ ငြိမ့်ငြိမ့်ကလေး ရွေ့လျားနေတာကို ငေးကြည့်နေမိတယ်။ လဝန်းကြီး ပြည့်သွားလိုက် လျော့သွားလိုက် ဖြစ်နေတာကို ငေးကြည့်နေမိတယ်။ ပြတင်းပေါက်ရဲ့ ဟိုမှာဘက်ခြမ်းမှာ ရှိတဲ့ အပြင်လောကကြီးက အပြောင်းအလဲတွေ များလွန်းအားကြီးတော့ ပြတင်းပေါက်ရဲ့ အတွင်းဘက်ခြမ်းမှာ ဖြစ်ပျက်နေတဲ့ ငါ့ရဲ့ ဘဝကိုတောင် မေ့သလိုလို ဖြစ်သွားတယ်”
သူ၏ အတွေးများက ကျွန်မကို တုန်လှုပ်သွားစေခဲ့သည်။ ရွှယ်ဟွား၏ စရိုက်လက္ခဏာသည် အမှန်တကယ်ပင် လွတ်လပ်မှုကို ခုံမင်နှစ်သက်သော မြင်းတစ်ကောင်နှင့် တူလှသည်။ ထူးခြားသည်မှာ သူ့မြင်းတွင် ကမ္ဘာမြေပြင်၏ အထက်သို့ ဝေးသည်ထက် ဝေးအောင် ပို့ဆောင်ပေးနိုင်သည့် အတောင်ပံတစ်စုံ ရှိနေသည်။ ကျွန်မ၏ မြင်းမှာမူ အိပဲ့အိပဲ့သာ လျှောက်တတ်သော မြင်းတစ်ကောင် ဖြစ်နေသည်။ သို့သော် ပြဋ္ဌာန်းခံဘဝ၏ စည်းဘောင်ကလနားကို ကျော်လွန်၍ သွေးတိုးစမ်းချင်သည့် ဇကလေးက ကျွန်မ၏ ရင်တွင်း၌လည်း ကိန်းအောင်းလျက် ရှိနေသေးသည်။ ၎င်းသည် တစ်ခါတစ်ရံ၌ ကြီးမားပြင်းထန်သော အာသာဆန္ဒအဖြစ်သို့ ရောက်ရှိလာတတ်သည်။
ရွှယ်ဟွားသည် ကျွန်မအနီးသို့ တိုးကပ်လာကာ မျက်နှာချင်း ထိကပ်လုမတတ် ဖြစ်သွားသည်။ သူ့လက်ကို ကျွန်မပါးပေါ်သို့ အသာအယာ တင်လိုက်ပြီး စကားဆိုသည်။
“ငါတို့နှစ်ယောက် လောင်ထုံးဖြစ်နေရတဲ့အတွက် ငါ အရမ်း ဝမ်းသာတာပဲ” ထို့နောက် သူ့မျက်လုံးများကို စုံမှိတ်လိုက်ကာ အိပ်ပျော်သွားလေတော့သည်။
သူ့နံဘေးတွင် လဲလျောင်းနေလျက်က လရောင်ဖြာကျနေသော သူ့မျက်နှာကို ငေးကြည့်နေမိသည်။ ကျွန်မ၏ ပါးပြင်ပေါ်ရှိ သူ့လက်ဖဝါးကလေး၏ အလေးချိန်ကို ထိတွေ့ခံစားရင်း ထွက်သက်ဝင်သက်၏ ရှူရှိုက်သံများကို နားစွင့်နေမိသည်။ အစဉ်အမြဲ မျှော်လင့်တောင့်တနေသကဲ့သို့ ကျွန်မကို သူ ချစ်လာအောင် မည်သို့ လုပ်ရပါအံ့နည်း။ ကျွန်မ သိချင်နေမိတော့သည်။