၈ နှစ်တာခရီး လွန်မြောက်သွားပြန်သည်။ ထိုကာလအတွင်း၌ ရှန်ဖုန်းမင်းကြီး နတ်ရွာစံပြီး သူ့အရိုက်အရာကို ထုန်ကျစ်မင်းကြီးက ဆက်ခံလေသည်။ ထိုက်ဖင်သူပုန်ထမှုသည်လည်း အစွန်အဖျားရှိ ပြည်နယ်တစ်ခုတွင် နိဋ္ဌိတံသွားခဲ့သည်။ ကျွန်မ၏ သားကြီးသည် အိမ်ထောင်ရက်သားကျကာ သူ့ဇနီးတွင် ကိုယ်ဝန်ရှိနေပြီ ဖြစ်၍ ကျွန်မတို့၏ အိမ်သို့ ပြောင်းရွှေ့လာသည်။ ထို့နောက် သားတစ်ယောက် မျက်နှာမြင်သဖြင့် ကျွန်မ၏ ပထမဦးဆုံးသော မြေးအနှစ် ဖြစ်လာခဲ့သည်။ သားကြီးသည်လည်း ခရိုင်စစ် စာမေးပွဲကို အောင်မြင်ပြီး ဖြစ်၍ နောက်တစ်ဆင့်တက်ကာ ရာထူးခန့် စာမေးပွဲကို ဖြေဆိုနိုင်ရန်အတွက် စာပေလေ့လာ သင်ကြားမှုများကို အဆက်မပြတ် ပြုလုပ် ဆောင်ရွက်နေရသည်။ သို့ဖြင့် သူသည် သူ့ဇနီးကိုပင် အချိန်များများ မပေးနိုင်တော့ချေ။ သို့သော် သူ့ဇနီးသည် ကျွန်မတို့၏ အပေါ်ထပ် အခန်းဆောင်ထဲတွင် နေသာထိုင်သာ ရှိနေသည်ကို တွေ့မြင်နေရသည်။ သူသည် စည်းကမ်းသေဝပ်သော၊ အိမ်မှုကိစ္စများကို နိုင်နင်းသော အမျိုးသမီးငယ်တစ်ယောက် ဖြစ်သည်။ ကျွန်မ သူ့ကို အင်မတန် နှစ်သက်သဘောကျသည်။ ၁၆ နှစ်အရွယ် ရှိပြီဖြစ်သော ကျွန်မ၏ သမီး – ယွိအော်သည်ပင် အပျိုဖားဖား ဖြစ်နေခဲ့ပြီ။ သူ့ကို ကွေ့လင်မှ ဆန်ကုန်သည်တစ်ဦး၏ သားနှင့် စေ့စပ်ထားသည်။ အိမ်ထောင်ကျသည်နှင့် ယွိအော်ကို ကျွန်မ ထပ်တွေ့ရန် လွယ်ကူနိုင်တော့မည် မဟုတ်ပေ။ သို့သော် ဤရွှေဂဟေဆက်မှုသည် ကျွန်မတို့၏ ဆားလုပ်ငန်းကို ပိုမို၍ ကာကွယ်စောင့်ရှောက် ပေးနိုင်ပေလိမ့်မည်။ လူးမိသားစုသည် ဓနအင်အား တောင့်တင်းခိုင်မာလာကာ အများ၏ လေးစားကြည်ညိုမှုကို ခံယူ ရရှိနေသည့်အပြင် နာမည်ပျက်ဟူ၍လည်း စဉ်းငယ်မျှ မရှိခဲ့ပါ။ ကျွန်မ၏ အသက်မှာလည်း ၄၂ နှစ်ထဲသို့ ဝင်ရောက်ခဲ့ပေပြီ။ ဤကာလများအတွင်း၌ ရွှယ်ဟွားကို မှတ်ဉာဏ်ထဲမှ မေ့ဖျောက်ပစ်နိုင်ရန်အတွက် အစွမ်းကုန် ကြိုးစားနေခဲ့သည်။
ထုန်ကျစ် စတုတ္ထမြောက်နှစ်၏ ဆောင်းနှောင်းကာလ နေ့တစ်နေ့တွင် ယုံကမ်းသည် အပေါ်ထပ်သို့ ရောက်လာကာ ကျွန်မကို တစ်စုံတစ်ယောက်က တွေ့ဆုံလိုကြောင်း ကျွန်မအား တီးတိုးလာပြောလေသည်။ ဧည့်သည်ကို အပေါ်ထပ်သို့ ခေါ်လာရန် သူ့ကို ပြောလိုက်သည့် အခါတွင်မူ ယုံကမ်း၏ မျက်လုံးများသည် ဇာပန်းထိုးနေကြသော ကျွန်မ၏ ချွေးမနှင့် သမီးထံသို့ ကူးလူး ရောက်ရှိသွားသည်။ ထို့နောက် ကျွန်မကို ခေါင်းခါပြလေတော့သည်။ အကယ်၍သာ ယုံကမ်းသည် ရိုင်းရိုင်းပျပျ ပြုမူကျင့်ကြံလိုက်ခြင်း မဟုတ်ပါလျှင် ထူးခြားသော အကြောင်းတစ်စုံတစ်ရာ ရှိ၍သာ ဖြစ်ရပေမည်။ ကျွန်မသည် ဘာတစ်ခွန်းမျှ မပြောတော့ဘဲ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ဧည့်ခန်းထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုက်နက် စုတ်ပြတ်သော အဝတ်အစားများကို ဝတ်ဆင်ထားသည့် ကောင်မလေးတစ်ယောက်သည် ဒူးထောက်ကာ ကျွန်မကို ရှိခိုးဦးချနေတော့သည်။ ကျွန်မ၏ အပေးအကမ်း ရက်ရောမှုကို လူအများ သိရှိထားပြီး ဖြစ်၍ သူတောင်းစားများသည် ကျွန်မ၏ အိမ်တံခါးဆီသို့ မကြာခဏ ရောက်ရှိလာတတ်ကြသည်။
“လူးဖူးလန်၊ ကျွန်မကို လူးဖူးလန်ကပဲ အကူအညီ ပေးနိုင်ပါလိမ့်မယ်” ကောင်မလေးသည် ခယဝပ်တွားလျက်က ကျွန်မအနီးသို့ ရွေ့လျားလာပြီး ကျွန်မ၏ ခြေအစုံကို သူ၏ နဖူးဖြင့် ဦးတိုက်လိုက်လေတော့သည်။
ကျွန်မသည် ခေါင်းငုံ့ကာ သူ၏ ပခုံးကို လှမ်းကိုင်လိုက်သည်။
“ညည်းရဲ့ ဇလုံကို ပေးပါ။ ငါ အပြည့်ဖြည့်ပေးပါ့မယ်”
“ကျွန်မ သူတောင်းစား မဟုတ်ပါဘူးရှင်။ ကျွန်မ အစားအသောက် မလိုချင်ပါဘူး”
“ဒါဖြင့် ဘာအတွက်နဲ့ ဒီကို ရောက်လာရတာလဲ”
ကောင်မလေးက စတင် ငိုရှိုက်လေတော့သည်။ ကျွန်မက သူ့ကို ခေါင်းမော့ရန် ညွှန်ကြားလိုက်သော်လည်း သူက နေရာတွင် ဝပ်မြဲ ဝပ်နေသဖြင့် သူ၏ ပခုံးကို နောက်တစ်ကြိမ် လှမ်းပုတ်လိုက်ပြန်သည်။ ကျွန်မ၏ နံဘေးတွင် ယုံကမ်းသည် ကြမ်းပြင်ပေါ်သို့ ငေးစိုက်ကြည့်နေသည်။
“ကဲ ကဲ … ခေါင်းမော့စမ်းပါဦးဟဲ့” ကျွန်မ အမိန့်ပေးလိုက်သည်။
ကောင်မလေးသည် ခေါင်းမော့ကာ ကျွန်မ၏ မျက်နှာကို တည့်တည့် စိုက်ကြည့်နေသည်။ မည်သည့်နေရာတွင် ရောက်ရှိနေသည်ဖြစ်စေ၊ ဤမျက်နှာကို ကျွန်မ မမှတ်မိဘဲ နေမည် မဟုတ်ပါ။ ရွှယ်ဟွား၏ သမီးသည် သူ့မိခင်နှင့် တထေရာတည်း ချွတ်စွတ် တူနေသည်။ သူ၏ ခေါင်းပေါ်မှ ဆံပင်များသည် ဆံညှပ်များကို အန်တုလျက် သူ၏ မျက်နှာပေါ်သို့ နွယ်ပင်နှာမောင်းများသဖွယ် ဖရိုဖရဲ လိပ်ခွေဖြာကျနေကြသည်။ ချွမ်ရွက်ဟူသော နာမည်နှင့် လိုက်ဖက်စွာ မျက်နှာမှာ ကြည်လင်၍ ဝင်းပဖြူစင်နေသည်။ ဤကောင်မလေးကို မမွေးဖွားစဉ် ကတည်းကပင် ကျွန်မ သူနှင့် သိကျွမ်းနေခဲ့သည်။ ကျွန်မ၏ မှုန်ဝါးဝါး မှတ်ဉာဏ်ထဲတွင် ချွမ်ရွက်သည် လှပချောမောသော ကလေးငယ်လေးတစ်ဦးအဖြစ် အစဉ်အမြဲ ရှိနေခဲ့သည်။ ဤသို့ လှပချောမောသည့် ကလေးငယ်လေးကို ကျွန်မသမီး၏ လောင်ထုံးအဖြစ် လျာထားခဲ့ဖူးသည်။ ယခုသော် ကျွန်မ၏ အိမ်သို့ သူ ရောက်ရှိနေသည်။ သူ၏ နဖူးကို ကျွန်မ၏ ခြေဖမိုးများပေါ်တွင် ထိကပ်လျက် ကျွန်မ၏ အကူအညီကို တောင်းခံနေလေသည်။
“ကျွန်မမေမေက တော်တော်ကို မမာမကျန်း ဖြစ်နေပါတယ်။ ဒီဆောင်းရာသီကိုတောင် ကျော်နိုင်ပါ့မလား မပြောတတ်ပါဘူးရှင်။ ကျွန်မတို့ လုပ်ပေးနိုင်တာဆိုလို့ သူ့ရဲ့ စိတ်ဒဏ်ရာတွေကို ကုစားပေးဖို့ပဲ ရှိတော့တာပါ။ ကျေးဇူးပြုပြီး သူ့ကို လာတွေ့ပေးပါလားရှင်။ သူက သခင်မရဲ့ နာမည်ကိုပဲ တကြော်ကြော် ခေါ်နေရှာတာ။ သခင်မကလွဲလို့ သူ့ကို တခြား ဘယ်သူမှ ကယ်နိုင်မယ် မထင်တော့ပါဘူး”
လွန်ခဲ့သည့် ငါးနှစ်ကသာဆိုလျှင် ကျွန်မ၏ ရင်တွင်းမှ နာကျင်မှုသည် ပြင်းထန်နေလွန်းသောကြောင့် ဤကလေးမကို ချက်ချင်း နှင်ထုတ်ပစ်လိုက်မည်သာ ဖြစ်သည်။ သို့သော် ဤနှစ်ကာလများအတွင်း၌ ကျွန်မသည် လူးဖူးလန်၏ တာဝန်နှင့် ဝတ္တရားများကို အတော်များများ သင်ယူတတ်မြောက်လာခဲ့သည်။ ရွှယ်ဟွားကြောင့် ကျွန်မ ခံစားခဲ့ရသမျှသော ဝမ်းနည်းကြေကွဲမှုများအတွက် သူ့ကို မည်သို့မျှ ခွင့်လွှတ်နိုင်တော့မည် မဟုတ်ပေ။ သို့သော် ဤခရိုင်အတွင်းရှိ ကျွန်မ၏ ဂုဏ်သိက္ခာကို ငဲ့ညှာထောက်ထား၍ ကျွန်မကိုယ်ကိုယ် သနားကရုဏာနှင့် ပြည့်စုံသည့် အမျိုးသမီးကြီးတစ်ယောက်အဖြစ်ဖြင့် ကျွန်မ၏ မျက်နှာကို ပြရပေဦးတော့မည်။ ကျွန်မသည် ချွမ်ရွက်ကို အိမ်သို့ ပြန်ရန်ပြောပြီး မကြာခင် သူ့အိမ်သို့ အရောက်လာမည် ဖြစ်ကြောင်း ကတိပေးလိုက်သည်။ ထို့နောက်တွင် ကျင်းထျန်သို့ သွားရန် ဝေါယာဉ်တစ်စီးကို စီစဉ်ခိုင်းလိုက်လေသည်။ ဝေါယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလျက် ရွှယ်ဟွား၊ သားသတ်သမားနှင့် ယခုချိန်လောက်ဆိုလျှင် အိမ်ထောင်ပြုပြီးလောက်ပြီ ဖြစ်သော သူတို့၏ သား၊ ထို့အပြင် သွေးသောက်ညီအစ်မများနှင့် မျက်နှာချင်းဆိုင်နိုင်ရန် မိမိကိုယ်မိမိ စိတ်ခွန်အားများ ဖြည့်တင်းနေရသည်။
ရွှယ်ဟွား၏ အိမ်ရှေ့အရောက်တွင် ဝေါယာဉ်သည် မြေပြင်ပေါ်သို့ နိမ့်ဆင်းကျရောက်သွားသည်။ ထိုနေရာမှာ ဘာမျှ အပြောင်းအလဲ မရှိသေးချေ။ အိမ်နံရံတစ်ဘက်တွင် ထင်းပုံက ယခင်အတိုင်း အစီအရီ ထောက်မှီနေကြသည်။ ဒယ်ပိုင်းမီးဖိုထားရှိသော အိမ်ကပြင်သည် အသစ်အသစ်သော သွေးများကို သောက်သုံးရန် စောင့်ဆိုင်းနေသည်။ ထိုအရာများအားလုံးကို မြင်ရသည့်အခါတွင် ကျွန်မ၏ ခြေထောက်များ တုံ့ဆိုင်းသွားကြသည်။ သားသတ်သမား၏ လူရိပ်သည် မှောင်မိုက်သော တံခါးပေါက်အနီး ရိပ်ခနဲ ထွက်ပေါ်လာသည်။ ထို့နောက် ကျွန်မအနီးသို့ ရောက်ရှိလာတော့သည်။ ပို၍ အိုစာသွားသည်။ ပို၍ ပိန်လှီသွားသည်။ သို့သော် တခြားအရာများ အားလုံးမှာ ယခင်အတိုင်း ရှိနေကြဆဲ။
“သူ ခံစားနေရတာကို ကျွန်တော် မကြည့်ရက်နိုင်တော့လို့ပါဗျာ” ၎င်းမှာ ရှစ်နှစ်ကြာပြီးနောက်တွင် သူ့ထံမှ ကြားလာရသော ပထမဆုံး စကားလုံးများပင် ဖြစ်သည်။ သူသည် သူ့မျက်လုံးပေါ်မှ မျက်ရည်စများကို လက်ဖမိုးဖြင့် ခပ်ကြမ်းကြမ်း ပွတ်သပ်ပစ်လိုက်သည်။
“ကျွန်တော်ရဲ့ စီးပွားရေးလုပ်ငန်းမှာ တော်တော်လေး ကူဖော်လောင်ဖက် ရတဲ့ သားတစ်ယောက်ကို သူ ကျွန်တော်အတွက် မွေးဖွားပေးခဲ့တယ်။ လိမ္မာချက်ချာတဲ့ သမီးတစ်ယောက်ကိုလည်း သူ ကျွန်တော်အတွက် မွေးဖွားပေးခဲ့တယ်။ သူက ကျွန်တော့်အိမ်ကို လှသထက်လှအောင် ဖန်တီးပေးခဲ့တယ်။ ကျွန်တော့်အမေကို ကွယ်လွန်သွားတဲ့အထိ အနီးကပ် စောင့်ရှောက် ပြုစုပေးခဲ့တယ်။ သူက ဇနီးတစ်ယောက် လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်မှန်သမျှကို လုပ်ပေးခဲ့တယ်။ ဒါပေမယ့် ကျွန်တော်ကတော့ သူ့အပေါ် ရက်ရက်စက်စက် အနိုင်ကျင့်ခဲ့မိတယ်။ လူးဖူးလန်၊ အခုတော့ ကျွန်တော် နားလည်ပါပြီဗျာ” သူသည် ကျွန်မဘေးမှ ဖြတ်ကျော်သွားပြီး “သူ့အနေနဲ့ မိန်းကလေးအဖော်နဲ့ နေရရင် ပိုအဆင်ပြေပါလိမ့်မယ်” ဟု ဆိုကာ လယ်တောရှိရာသို့ တရွေ့ရွေ့ ထွက်ခွာသွားလေသည်။ ယင်းနေရာသည် ယောက်ျားသားတစ်ယောက် အနေဖြင့် တစ်ယောက်တည်းနေကာ သူ၏ ခံစားချက်များကို ဖောက်ထုတ်ပစ်ရာ အသင့်တော်ဆုံးသော နေရာတစ်နေရာပင် ဖြစ်တော့သည်။
ဤမျှ နှစ်ကာလများစွာ ကြာမြင့်လာခဲ့သည့်တိုင်အောင် ကျွန်မသည် သူနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ခက်ခဲမြဲ ခက်ခဲနေသေးသည်။ ရွှယ်ဟွားကို ကျွန်မ၏ မှတ်ဉာဏ်ထဲမှ အပြီးအပိုင် ထုတ်ပစ်လိုက်ပြီးပြီဟု ကျွန်မ တွေးထင်ထားခဲ့သည်။ သူ့ကို ကျွန်မ၏ နှလုံးသားထဲမှ အပြီးအပိုင် ဖြတ်ထုတ်ထားလိုက်ပြီဟု ကျွန်မ ယူဆထားခဲ့သည်။ ကျွန်မထက် သွေးသောက်ညီအစ်မများအပေါ် အချစ်ပိုခဲ့သည့်အတွက် သူ့ကို လုံးဝ ခွင့်လွှတ်နိုင်တော့မည် မဟုတ်ဟု ကျွန်မ အပြည့်အဝ ယုံကြည်ထားခဲ့သည်။ သို့သော် အိပ်ရာပေါ်တွင် လဲလျောင်းနေသော ရွှယ်ဟွားကို တွေ့မြင်လိုက်ရသည့် အခါတွင်မူ ၎င်းအတွေးများနှင့် ခံစားချက်များသည် ကြက်ပျောက်ငှက်ပျောက် ပြယ်လွင့် ပျောက်ဆုံးကုန်ကြသည်။ အချိန် – ဘဝ – သည် သူ့ကို ပြင်းပြင်းထန်ထန် ချေမွတိုက်စားပစ်လိုက်သည်။ ကျွန်မသည် သူ့အခန်းထဲ၌ ရပ်နေမိသည်။ ကျွန်မသည်ပင် အဘွားအိုတစ်ယောက် ဖြစ်နေခဲ့ပြီ ဆိုခြင်းမှာ မှန်ပါသည်။ သို့သော် ကျွန်မ၏ အသားအရေများသည် ခရင်များ၊ ပေါင်ဒါများနှင့် ဆယ်စုနှစ်တစ်ခုကြာမျှ နေရောင်၏ အကာအကွယ်အောက်တွင် နေထိုင်ခဲ့ရသောကြောင့် ချောမွတ်နေကြဆဲပင် ရှိနေသေးသည်။ ကျွန်မ၏ အဝတ်အစားများကလည်း ကျွန်မ၏ ရာထူးဂုဏ်သိန်ကို ထင်ဟပ်ပြသနေကြသည်။ အခန်း၏ ဟိုမှာဘက်ခြမ်းရှိ ခုတင်ပေါ်တွင် ရွှယ်ဟွား လဲလျောင်းနေသည်။ အဝတ်စုတ်များနှင့် ပတ်ထားသော အရုပ်ဆိုးဆိုး အဘွားကြီးတစ်ယောက်နှယ်။ သူ့သမီး၏ မျက်နှာကို ကျွန်မ ချက်ချင်း မှတ်မိနိုင်ခဲ့သော်လည်း ရွှယ်ဟွားကို ကျွန်မ မမှတ်မိနိုင်လောက်အောင် ဖြစ်နေခဲ့သည်။ အကယ်၍သာ သူ့ကို ကူဖောဘုရားကျောင်း၏ အပြင်ဘက်တွင် တွေ့မြင်ခဲ့ရပါမူ ကျွန်မ လုံးဝ မှတ်မိနိုင်လိမ့်မည် မဟုတ်ပေ။
မှန်ပါ၏။ တခြား အမျိုးသမီးများလည်း အခန်းတွင်း၌ ရှိနေကြသည်။ လျန်းဟွား၊ ရန်းလျိုနှင့် မေးဟွား။ ဤနှစ်ပေါင်းများစွာအတွင်း ကျွန်မ သံသယ ရှိနေခဲ့သည့်အတိုင်းပင် ရွှယ်ဟွား၏ သွေးသောက်ညီအစ်မများသည် စစ်ဘေးရှောင်စဉ်က သစ်ပင်အောက်တွင် အတူတူ နေခဲ့ကြဖူးသော အမျိုးသမီးများ ဖြစ်နေချေသည်။ ကျွန်မတို့ အပြန်အလှန် မနှုတ်ဆက်ဖြစ်ကြပါ။
ခုတင်အနားသို့ ကျွန်မ ချဉ်းကပ်သွားသည့်အခါတွင် ချွမ်ရွက်သည် ထိုင်ရာမှ ထကာ ဘေးတစ်ဘက်၌ သွားရပ်နေလေသည်။ ရွှယ်ဟွား၏ မျက်လုံးများမှာ ပိတ်လျက် သူ၏ မျက်နှာသည် ကြောက်စရာ ကောင်းလောက်အောင် သွေးဆုတ်ကာ ဖြူရော်နေသည်။ ကျွန်မသည် ဘာလုပ်ရမှန်း မသိသဖြင့် သူ့သမီးကို လှမ်းကြည့်လိုက်သည်။ ကောင်မလေးက ခေါင်းညိတ်ပြသည်နှင့် ကျွန်မသည် ရွှယ်ဟွား၏ အေးစက်နေသော လက်တစ်ဘက်ကို ကောက်ကိုင်လိုက်သည်။ သူ၏ မျက်လုံးများမှာ ပိတ်မြဲ ပိတ်နေကြဆဲ ဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် လူးလွန့်လာသည်။ ထို့နောက် သူ၏ ကွဲအက်နေသော နှုတ်ခမ်းများကို လျှာဖြင့် သပ်နေသည်။
“ငါ ခံစားနေရတယ် …” ရွှယ်ဟွားသည် သူ၏ ခေါင်းထဲမှ အတွေးတစ်ခုကို ထုတ်ပစ်ရန် ကြိုးစားနေသည့်နှယ် သူ၏ ခေါင်းကို ခါယမ်းနေလေသည်။
ကျွန်မသည် သူ့နာမည်ကို တိုးတိုးညင်သာ လှမ်းခေါ်လိုက်ပြီးနောက် သူ၏ လက်ချောင်းများကို အသာအယာ ဖိညှစ်ထားလိုက်သည်။
ကျွန်မလောင်ထုံး၏ မျက်တောင်များ တဖျတ်ဖျတ် ခါကာ ပွင့်ဟလာကြပြီး အာရုံစိုက်နိုင်ရန် ကြိုးစားနေသည်။ အစသော် သူ မြင်နေရသည်ကိုပင် ယုံနိုင်ဟန် မတူ။
“နင့်ရဲ့ အထိအတွေ့ကို ငါ ခံစားရနေတယ်” နောက်ဆုံးတွင် သူ့ထံမှ တီးတိုးရေရွတ်သံ ထွက်ပေါ်လာသည်။
“အဲဒါ နင်ပဲဆိုတာ ငါ သိနေတယ်” သူ၏ အသံမှာ ချည့်နဲ့လွန်းလှသည်။ သို့သော် သူ့အသံကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် နှစ်ပေါင်းများစွာ ခံစားခဲ့ရသော နာကျင်မှုများနှင့် ကြောက်ရွံ့ထိတ်လန့်မှုများသည် အလျှိုလျှို လွင့်ပျံပျောက်ဆုံးကုန်တော့သည်။ ရောဂါဖိစီးမှုကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာဒဏ်ချက်များ၏ နောက်ကွယ်တွင် လွန်ခဲ့သော နှစ်ပေါင်းများစွာက ကျွန်မကို လောင်ထုံးဖွဲ့ရန် ကမ်းလှမ်းဖိတ်ကြားနေသော ကလေးမလေးကို ကျွန်မ တွေ့မြင်၊ ကြားယောင်နေမိသည်။
“နင့်ရဲ့ ခေါ်သံကို ငါ ကြားရတယ်” ကျွန်မ မုသားဆိုလိုက်သည်။
“ဒါကြောင့် အတတ်နိုင်ဆုံး နင့်ဆီ မြန်မြန် ပြေးလာခဲ့တာပဲ”
“ငါ နင့်ကို စောင့်နေတာ”
သူ၏ မျက်နှာသည် မချိမဆန့်သော ဝေဒနာကြောင့် ရှုံ့မဲ့နေသည်။ သူ၏ တခြားလက်တစ်ဘက်က ဝမ်းဗိုက်ကို ဖိကပ် ဆုပ်ကိုင်ထားပြီး သူ၏ ခြေထောက်များက အလိုအလျောက် တွန်းကန်နေကြသည်။ ရွှယ်ဟွား၏ သမီးသည် ခပ်မဆိတ်ပင် အဝတ်စတစ်စကို ဇလုံထဲသို့ နှစ်၍ အရည်ညှစ်ပြီး ကျွန်မအား ကမ်းပေးလေသည်။ ကျွန်မသည် ၎င်းရေစိုဝတ်ကို လှမ်းယူပြီး ရွှယ်ဟွား၏ နဖူးပေါ်မှ ချွေးစေးများကို သုတ်သင်ပေးလိုက်သည်။
သူသည် ဝေဒနာကို မချိတင်ကဲ ခံစားနေရချိန်မှာပင် ကျွန်မကို စကားဆိုနေသည်။
“ဖြစ်ပြီးခဲ့သမျှ အရာရာ အားလုံးအတွက် ငါ တောင်းပန်ပါတယ်။ ဒါပေမယ့် နင့်အပေါ်မှာ ထားတဲ့ ငါ့ရဲ့ အချစ်တွေဟာ ဘယ်တုန်း ဘယ်အခါကမှ မယိမ်းယိုင်ခဲ့ဘူး ဆိုတာကိုတော့ နင့်ကို သိစေချင်တယ်”
သူ၏ တောင်းပန်စကားကို သဘောတူ ကျေနပ်ကြောင်း ပြောပြီးသည့် နောက်တွင် သူ၏ ဝေဒနာက နောက်တစ်ကြိမ် ထပ်ဖောက်လာပြန်သည်။ ယခုတစ်ကြိမ်တွင် ပထမအကြိမ်ကထက် ပိုမို ဆိုးရွားနေသည်။ နာကျင်မှု ဝေဒနာကြောင့် သူ၏ မျက်လုံးများ စုံပိတ်ထားကြသည်။ သူ့စကားသံများ နောက်တစ်ကြိမ် ထွက်ပေါ်မလာတော့ပေ။ ကျွန်မသည် အဝတ်စကို ရေစွတ်ကာ သူ၏ နဖူးပေါ်သို့ ပြန်တင်ထားလိုက်သည်။ ထို့နောက် သူ၏ လက်ကို ပြန်လည် ဆုပ်ကိုင်ကာ သူ့နံဘေး၌ နေဝင်သွားသည်အထိ ထိုင်နေခဲ့သည်။ ထိုအချိန်တွင် တခြားသော အမျိုးသမီးများလည်း အခန်းထဲမှ ထွက်ခွာသွားကြပြီး ချွမ်ရွက်လည်း ညစာချက်ပြုတ်ရန် အောက်ထပ်သို့ ဆင်းသွားလေသည်။ ရွှယ်ဟွားနှင့် နှစ်ယောက်တည်း ရှိနေသည့်အခိုက်တွင် ကျွန်မသည် သူ၏ ကိုယ်ပေါ်မှ ခြုံစောင်ကို ဆွဲခွာလိုက်သည်။ ရောဂါဝေဒနာ၏ နှိပ်စက်မှု ဒဏ်ကြောင့် အရိုးပေါ် အရေတင်သာ ကျန်နေသော ကမ္မဋ္ဌာန်းရုပ်၏ ဝမ်းဗိုက်ပေါ်တွင် ကလေးငယ် အရွယ်အစားမျှ ရှိသော အကျိတ်ကြီးတစ်ခု တည်ရှိနေသည်ကို တွေ့လိုက်ရသည်။
ယခုအချိန်ထိတိုင် ကျွန်မ၏ ခံစားချက်များကို အဓိပ္ပာယ် ဖွင့်ဆိုရန် ခက်ခဲလျက် ရှိနေသေးသည်။ ကျွန်မသည် နှစ်ပေါင်းများစွာ နာကျင်ခဲ့ရသည်။ ဒေါသအမျက် ခြောင်းခြောင်းထွက်ခဲ့ရသည်။ ရွှယ်ဟွားကို ဘယ်တော့မှ ခွင့်မလွှတ်နိုင်တော့ပြီဟု တွေးထင်ထားခဲ့သည်။ သို့သော် ကျွန်မသည် ထိုသို့သော စိတ်သောကများနှင့် တဝဲလည်လည် ရှိနေရမည့်အစား ကျွန်မလောင်ထုံး၏ ဖြစ်အင်ကို ကြည့်လျက် အတွေးများနှင့် ချာချာလည်နေကြသည်။ သူ၏ ဝမ်းဗိုက်သည် သူ့ကို နောက်ထပ်တစ်ကြိမ် သစ္စာဖောက်လိုက်ပြန်ပြီကော။ သူ၏ ကိုယ်တွင်းမှ အကျိတ်သည် သူ့ကိုယ်တွင်း၌ ပုန်းအောင်ခိုဝင်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ချေတော့မည်။ သူ့ကို ပြုစုစောင့်ရှောက်ရန် ကျွန်မတွင် တာဝန်ရှိသည် မဟုတ်ပါလား … ။
မဟုတ်သေးဘူး။ လုံးဝ မဟုတ်သေးဘူး။ ဤကာလတစ်လျှောက်လုံး၌ ကျွန်မ ထိခိုက်နာကျင်နေခဲ့ရသည့် အကြောင်းမှာ ကျွန်မသည် ရွှယ်ဟွားကို ချစ်နေဆဲပင် ဖြစ်သောကြောင့်သာတည်း။ သူသည် ကျွန်မ၏ အားနည်းချက်များကို တွေ့မြင်နိုင်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။ ထိုသို့သော အားနည်းချက်များကို မြင်တွေ့နေရပါလျက် ကျွန်မကို ဆက်လက် ချစ်ခင်နေသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်လည်း ဖြစ်သည်။ ထို့အပြင် ကျွန်မသည် သူ့ကို အမုန်းတီးဆုံး အချိန်များ၌ပင် သူ့ကို ချစ်ခင်နေခဲ့သည်။
ကျွန်မသည် ခြုံစောင်ကို သူ့ကိုယ်ပေါ်သို့ ပြန်ခြုံပေးပြီးနောက် သူ့အတွက် သင့်လျော်သည့် ဆရာဝန်ကို ပင့်ဆောင်ပေးရန် စတင် ကြံစည်တော့သည်။ ရွှယ်ဟွားသည် အစာကောင်းကောင်း စားရန် လိုအပ်သည်။ သူ့အတွက် မှော်ဆရာတစ်ယောက်ကိုလည်း ငှားရမ်းပေးရဦးမည်။ အဆိုးလောကဓံများကို ကျွန်မကိုယ်တိုင် တုဖက်ယှဉ်ပြိုင်နိုင်သည့်နည်းတူ သူ့ကိုလည်း ကျွန်မကဲ့သို့ ယှဉ်ပြိုင် တိုက်ခိုက်စေချင်သည်။ ရှုလော့၊ မိတ်ဆွေ။ ချစ်ခြင်းမေတ္တာ၏ သရုပ်သကန်ကို မည်သူမျှ ထိန်းချုပ်၍ မရကြောင်းကို ယခုအချိန်ထိ ကျွန်မ နားမလည်သေးပေ။ တခြားလူ တစ်ဦးတစ်ယောက်၏ ကံကြမ္မာကို မည်သို့မျှ ပြုပြင်ပြောင်းလဲပေးရန် မဖြစ်နိုင်ကြောင်းကို ယခုအချိန်ထိ ကျွန်မ သဘောမပေါက်သေးပေ။
ကျွန်မသည် ရွှယ်ဟွား၏ အေးစက်နေသော လက်တစ်ဘက်ကို ကျွန်မ၏ နှုတ်ခမ်းနှင့် ထိအောင် ဆွဲမြှောက်ယူလိုက်သည်။ ထို့နောက် အောက်ထပ်သို့ ဆင်းသွားလိုက်သည်။ သားသတ်သမားသည် ပျော့ခွေကာ စားပွဲပေါ်တွင် မျက်နှာအပ်၍ ထိုင်နေလေသည်။ ယခုအခါတွင် အရွယ်ရောက်သူတစ်ယောက် ဖြစ်နေပြီ ဖြစ်သော ရွှယ်ဟွား၏ သားသည် သူ့နှမ၏ အနီးတွင် ရပ်နေသည်။ သူတို့သည် ကျွန်မကို ငေးကြည့်နေကြသည်။ သူတို့၏ အကြည့်များတွင် ရွှယ်ဟွား၏ ဝိသေသ လက္ခဏာများကို တွေ့မြင်နေရသည်။ ဂုဏ်ယူဝံ့ကြွားသော၊ ခံနိုင်ရည်ရှိသော၊ ကာလကြာရှည် ဒုက္ခခံနေရသော၊ အသနားခံနေသော မျက်ဝန်းများပင်။
“ကျွန်မ အိမ်ပြန်လိုက်ဦးမယ်” ရွှယ်ဟွား၏ သား၏ မျက်နှာသည် စိတ်ပျက်အားငယ်စွာ တွန့်ရှုံ့သွားလေသည်။ သို့သော် ကျွန်မသည် နှစ်သိမ့်သည့်အနေဖြင့် လက်ကို မြှောက်လိုက်သည်။
“ကျွန်မ မနက်ဖြန် ပြန်လာပါ့မယ်။ ကျွန်မအတွက် အိပ်ဖို့ နေရာတစ်နေရာ စီစဉ်ပေးထားပါဦး။ ကျွန်မ ဒီနေရာကနေ တစ်ဖဝါးမှ ခွာမှာ မဟုတ်ပါဘူး။ သူ … …” ကျွန်မ ဘာမျှ ဆက်မပြောနိုင်တော့ပါ။
ဤအိမ်သို့ ရောက်သည်နှင့် ကျွန်မတို့သည် ဤတိုက်ပွဲကို နိုင်အောင် တိုက်ခိုက်နိုင်မည်ဟု ကျွန်မ ယူဆထားခဲ့သည်။ သို့သော် ကျွန်မတို့ အားလုံးအတွက် အချိန်နှစ်ပတ်သာ ရရှိခဲ့ကြသည်။ ရွှယ်ဟွားအပေါ် ထားရှိသော ကျွန်မ၏ နှစ်ပေါင်း ၈၀ စာ ချစ်ခြင်းမေတ္တာများကို ပြသရန်အတွက် ဤသီတင်းပတ်နှစ်ပတ်သာ ကျန်ရစ်တော့သည်။ ကျွန်မသည် ထိုအခန်းထဲမှ တစ်ကြိမ်တစ်ခါကလေးမျှ ဖယ်ခွာမသွားခဲ့ပေ။ ကျွန်မ၏ ခန္ဓာကိုယ်ထဲသို့ ဝင်သမျှသော အရာများကို ရွှယ်ဟွား၏ သမီးက ဤအခန်းထဲသို့ ယူဆောင်ပေးခဲ့သည်။ ကျွန်မ၏ ခန္ဓာကိုယ်ထဲမှ ထွက်သမျှ အရာများကို ရွှယ်ဟွား၏ သမီးက ဤအခန်းထဲမှ သယ်ထုတ်သွားခဲ့သည်။ ကျွန်မသည် ရွှယ်ဟွားကို နေ့စဉ်နေ့တိုင်း သန့်ရှင်းသုတ်သင်ပေးသည်။ ထို့နောက် ထိုရေဖြင့်ပင် ကျွန်မကိုယ်ကျွန်မ သန့်ရှင်းရေး ပြုလုပ်ခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဇလုံးတစ်လုံးတည်းကို မျှဝေသုံးစွဲခဲ့ခြင်းအားဖြင့် ရွှယ်ဟွားသည် ကျွန်မအား သူ၏ အချစ်ကို ပြသခဲ့သည်။ ယခုလည်း သူသည် ကျွန်မ၏ လုပ်ရပ်များကို တွေ့မြင်ရပြီး အတိတ်ကို အမှတ်တရကာ ဘာမျှ မပြောင်းလဲသေးကြောင်း သိရှိနိုင်ပေလိမ့်မည်။
ညအချိန် ကျန်လူများအားလုံး ထွက်ခွာသွားကြသည့် အခါတွင် ကျွန်မအတွက် ပြင်ဆင်ပေးထားသော ခေါက်ခုတင်မှ ဆင်းလာပြီး ရွှယ်ဟွား၏ နံဘေးတွင် ဝင်ရောက် လဲလျောင်းလိုက်သည်။ ကျွန်မသည် သူ၏ ရှုံ့တွတွန့်ကြေနေသော ရုပ်အတ္တဘောကို အနွေးဓာတ်ပေးနိုင်ရန်နှင့် သူ၏ အိပ်မက်များထဲသို့ ထိုးဖောက်ဝင်ရောက်ကာ သူ့ကို တအင့်အင့် မြည်အောင် ညည်းတွားစေသော ရောဂါဝေဒနာများမှ သက်သာရာ ရစေရန်အတွက် သူ့ကို လက်နှစ်ဘက်ဖြင့် ဖက်ထားလိုက်သည်။ ကျွန်မ၏ လက်များသည် ရေမြှုပ်များကဲ့သို့ သူ၏ ဝမ်းဗိုက်ထဲမှ အကျိတ်အခဲများကို စုပ်ယူသွားနိုင်ပါစေဟု ညအိပ်ရာဝင်ခါနီးတိုင်း ဆုတောင်းနေမိသည်။ နံနက်ခင်း အိပ်ရာနိုးသည့် အခါတိုင်းတွင် သူ၏ လက်ဖဝါးကို ကျွန်မ၏ ပါးပြင်ပေါ်၌ တွေ့ရစမြဲပင်။ သူ၏ ဟောက်ပက်ကျနေသော မျက်လုံးများက ကျွန်မကို စိုက်ကြည့်နေစမြဲပင်။
ကျင်းထျန်ရှိ ဗိန္ဓောဆရာသည် ရွှယ်ဟွားထံသို့ နှစ်ပေါင်းများစွာ လာရောက် ကုသပေးခဲ့ပြီး ဖြစ်သည်။ ယခုအခါ ကျွန်မသည် ကျွန်မ၏ ကိုယ်ပိုင်ဆရာဝန်ကို ပင့်ထားသည်။ သို့သော် သူသည် ရွှယ်ဟွားကို တစ်ချက်မျှ ကြည့်ပြီး ခေါင်းခါပြလေတော့သည်။
“လူးဖူးလန်၊ စိတ်မကောင်းပါဘူးခင်ဗျာ။ ဒီရောဂါက ကုသလို့ မပျောက်ကင်းနိုင်ပါဘူး။ အခုချိန်မှာ သခင်မ လုပ်နိုင်တာကတော့ သေမင်းအလာကို စောင့်နေရုံပါပဲ။ သူ့ရဲ့ ခြေစည်းအဝတ်အပေါ်က အသားအရေကို ကြည့်ကြည့်ပါ။ အခုဆို ခရမ်းရောင်သန်းနေတာ တွေ့ရပါလိမ့်မယ်။ ပထမဆုံးအနေနဲ့ သူ့ရဲ့ ဒူးခေါင်း၊ နောက်တော့ သူ့ရဲ့ ပေါင်တွေကို ကူးစက်လာပါလိမ့်မယ်။ ခန္ဓာကိုယ်ရဲ့ အင်္ဂါ အစိတ်အပိုင်းတွေက ရောင်ကိုင်းလာပြီး အသားအရေတွေ ခရမ်းရောင် သန်းလာပြီဆိုရင် သူ့ရဲ့ အသက်ကလည်း ယဲ့ယဲ့ကလေးပဲ ကျန်ပါတော့တယ်။ ကျွန်တော့် အထင်တော့ သူ့ရဲ့ အသက်ရှူသံဟာ မကြာခင် ပြောင်းလဲလာပါလိမ့်မယ်။ သခင်မလည်း အဲဒါကို သတိထားမိနိုင်ပါတယ်။ ဝင်သက်တစ်ချက် ပြင်းပြင်းရှူပြီး ထွက်သက်တစ်ချက် မှုတ်ထုတ်ပြီးတဲ့နောက်မှာ အသံအားလုံး ပျောက်ကွယ်သွားလိမ့်မယ်။ သူ့ကို ထွက်ခွာသွားပြီလို့ သခင်မ ယူဆနေတုန်းမှာပဲ နောက်ထပ် ဝင်သက်တစ်ချက်ကို သူ ထပ်ရှူပါလိမ့်ဦးမယ်။ မငိုပါနဲ့ လူးဖူးလန်။ အဲဒီအချိန် ရောက်ရင်တော့ ဘဝကို နိဂုံးချုပ်ဖို့ အတော်လေး နီးကပ်နေပါပြီ။ အဲဒါပြီးရင်တော့ သူ့ဝေဒနာတွေကိုတောင် သူ ခံစားရမှာ မဟုတ်တော့ပါဘူး”
ဆရာဝန်သည် ရေနွေးကြမ်းထဲတွင် ခတ်သောက်ရန်အတွက် ဆေးမြစ်တစ်ထုပ်ကို ပေးသွားသည်။ ကျွန်မသည် သူ့ကို ဆေးဖိုးဝါးခ ပေးပြီးနောက် သူ့ကို နောက်တစ်ကြိမ် ထပ်မပင့်ရန် ဆုံးဖြတ်လိုက်သည်။ သူ ထွက်ခွာသွားသည့် အခါတွင် သွေးသောက်ညီအစ်မများထဲမှ အသက်အကြီးဆုံး ဖြစ်သော လျန်းဟွားက ကျွန်မကို နှစ်သိမ့်နိုင်ရန် ကြိုးစားတော့သည်။
“ရွှယ်ဟွားရဲ့ ယောက်ျားက ဆရာဝန်တွေ အများကြီးကို ပင့်ခဲ့ပြီးပြီ။ ဒါပေမယ့် ဆရာဝန်တွေ ဘယ်လောက်ပဲ ထပ်ပင့်ပင့်၊ သူ့အတွက် ဘာမှ အကျိုးမထူးနိုင်တော့ဘူး”
ကျွန်မ၏ ရင်တွင်း၌ ခိုအောင်းနေခဲ့သော အမျက်ဒေါသတို့သည် ပြန်လည် ခေါင်းထောင်နိုင်ရန် ကြိုးစားလာကြသည်။ သို့သော် လျန်းဟွား၏ မျက်နှာပေါ်၌ ကရုဏာတရားနှင့် မေတ္တာတရားတို့ကို ကျွန်မ တွေ့မြင်နေရသည်။ ရွှယ်ဟွားကိုသာ မကဘဲ ကျွန်မကိုပါ စာနာသနားနေသည်။
အခါးဓာတ်သည် ဝမ်းအေးပြီး အဆိပ်အတောက်များကို ဖယ်ရှားပေးသည့် အစွမ်းသတ္တိရှိကြောင်း ကျွန်မ သတိရလာသည်။ ကြက်ဟင်းခါးသီးသည် ရွှယ်ဟွား၏ ရောဂါဝေဒနာကို ရပ်တန့်သွားအောင် ပြုလုပ်နိုင်လိမ့်မည်ဟု လက်ခံယုံကြည်လာမိသည်။ သို့ဖြင့် ရွှယ်ဟွား၏ သွေးသောက်များကို အကူအညီတောင်းကာ ကြာညှို့နိုင်နိုင် ထည့်ထားသော ကြက်ဟင်းခါးသီးကြော်နှင့် ကြက်ဟင်းခါးဟင်းရည်ကို ချက်ပြုတ်စေခဲ့သည်။ အမျိုးသမီးသုံးယောက်သည် ကျွန်မ တောင်းဆိုသည့်အတိုင်း ပြုလုပ်ပေးကြသည်။ ကျွန်မသည် ရွှယ်ဟွား၏ ခုတင်ပေါ်တွင် ထိုင်လျက် သူ့ကို တစ်ဇွန်းချင်းစီ ခွံ့ကျွေးခဲ့သည်။ အစပိုင်း၌ သူက ငြင်းဆန်ခြင်း မရှိဘဲ ကျွန်မအလိုကျ စားသုံးနေခဲ့သည်။ နောက်ပိုင်းတွင် သူသည် ပါးစပ်ကို မြဲမြဲစေ့ထားကာ အဝေးသို့သာ ငေးကြည့်နေတော့သည်။ သူ့အနား၌ ကျွန်မ ရှိနေသည်ကိုပင် မေ့လျော့သွားဟန် တူသည်။
သွေးသောက် ညီအစ်မအလတ်သည် ကျွန်မကို ရွှယ်ဟွားမှ ဝေးရာသို့ ဆွဲခေါ်သွားသည်။ လှေကားထိပ်သို့ အရောက်တွင် ရန်းလျိုသည် ကျွန်မလက်ထဲမှ ပန်းကန်လုံးကို လှမ်းယူကာ ကျွန်မကို တီးတိုးပြောလေသည်။
“ဒါတွေ လုပ်နေဖို့ အရမ်းကို နောက်ကျသွားပြီ။ သူ ဘာမှ စားချင်မှာ မဟုတ်တော့ဘူး။ သူ့ကို အေးအေးသာသာ ထွက်ခွာသွားခွင့် ပြုလိုက်ပါရှင်” ရန်လျိုသည် ကျွန်မ၏ မျက်နှာကို ဖွဖွပုတ်လိုက်သည်။ ထိုနေ့နောက်ပိုင်းတွင် ရွှယ်ဟွား၏ ကြက်ဟင်းခါးသီး အန်ဖတ်များကို သန့်ရှင်းရေး ပြုလုပ်ရသူမှာ သူပင် ဖြစ်နေတော့သည်။
ကျွန်မ၏ နောက်ဆုံး အစီအစဉ်မှာ မှော်ဆရာတစ်ယောက်ကို ပင့်ဆောင်ရန် ဖြစ်သည်။ သူသည် အခန်းထဲသို့ ရောက်လာသည်နှင့် ဤသို့ ကြေညာတော့သည်။
“သရဲတစ်ကောင်က ခင်ဗျား သူငယ်ချင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ဝင်ပူးနေတယ်။ စိတ်မပူပါနဲ့။ ကျွန်တော်တို့ ဒီကောင့်ကို အခန်းထဲကနေ နှင်ထုတ်ပစ်လိုက်တာနဲ့ သူလည်း နေပြန်ကောင်းလာပါလိမ့်မယ်။ ရွှယ်ဟွားရှောင်ကျယ် …” သူသည် ခုတင်ထက်သို့ ခါးညွှတ်လိုက်သည်။
“ဒါ ခင်ဗျား ရွတ်ဖတ်ရမယ့် ဂါထာပဲ” ထို့နောက် ကျွန်မတို့ အားလုံးကို သူက အမိန့်ပေးပြန်သည်။
“အားလုံး ဒူးထောက်ပြီး ဝိုင်းဆုတောင်းပေးကြရအောင်”
သို့ဖြင့် ချွမ်ရွက်၊ အောင်သွယ်တော်ဝမ် (မှန်၏။ အောင်သွယ်တော်ကြီးသည် ဤကာလတစ်လျှောက်လုံးတွင် များသောအားဖြင့် ကျွန်မတို့နှင့်အတူ ရှိနေခဲ့သည်)၊ သွေးသောက်ညီအစ်မ သုံးယောက်နှင့် ကျွန်မတို့သည် ကြမ်းပြင်ပေါ်သို့ ဒူးထောက်လိုက်ကြကာ ဘုရားစာများကို စတင် ရွတ်ဆိုခဲ့ကြသည်။ ရွှယ်ဟွားမှာမူကား သူရွတ်ဆိုရမည့် ဂါထာကို တိုးညင်းစွာ ထပ်ခါထပ်ခါ ရွတ်ဆိုပူဇော်နေတော့သည်။ ကျွန်မတို့အားလုံး ဒူးထောက်လျက် ရွတ်ဆိုနေကြသည်ကို မြင်ရသည့်အခါတွင် မှော်ဆရာကြီးသည် အိတ်ကပ်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်ယူ၍ ၎င်းအပေါ်တွင် အင်းကွက်များ ရေးသားလိုက်သည်။ ထို့နောက် ၎င်းစာရွက်ကို မီးရှို့ပြီး အခန်းတွင်း၌ ခေါက်တုံ့ခေါက်ပြန် ပြေးလွှားရင်း မကောင်းဆိုးဝါးကို နှင်ထုတ်နေလေတော့သည်။ ထို့နောက်တွင် သူသည် ဓားရှည်တစ်ချောင်းဖြင့် လေထုကို တရွှိရွှိ ပိုင်းဖြတ်လျက် ပါးစပ်မှလည်း ပွစိပွစိ ရွတ်ဖတ်နေတော့သည်။
“ဟဲ့ကောင် ထွက်စမ်း၊ ထွက်၊ ထွက်၊ အခု ထွက်သွားစမ်း”
သို့သော်လည်း ဘာမျှ အကျိုးမထူးခဲ့ပါ။ ကျွန်မသည် မှော်ဆရာကို ပိုက်ဆံပေးပြီး သူ့ကို ရွှယ်ဟွားအိမ်၏ ပြတင်းတံခါးမှ ငေးကြည့်နေမိသည်။ သူသည် မြည်းလှည်းစီးကာ ရွာထဲမှ လှုပ်လီလှုပ်လဲ့ ထွက်ခွာသွားလေသည်။ ထိုအချိန်မှ စ၍ ကျွန်မ သန္နိဋ္ဌာန် ချလိုက်သည်။ နေ့ကောင်းရက်သာ ရွေးရုံမှလွဲ၍ မည်သည့်အခါမျှ မှော်ဆရာ၊ ဗေဒင်ဆရာများကို ငှားရမ်းတော့မည် မဟုတ်ပေ။
မေးဟွားက ကျွန်မအနားသို့ လာရပ်သည်။
“ရွှယ်ဟွားက ရှင်တောင်းဆိုသမျှ အရာအားလုံးကို လုပ်ပေးခဲ့ပြီးပြီ။ ဒါပေမယ့် လူးဖူးလန်၊ ရှင်လည်း နားလည်နိုင်လိမ့်မယ် ထင်ပါတယ်။ အခု လုပ်ခဲ့သမျှ အရာအားလုံးက သူ ရှင့်အတွက် လုပ်ပေးနေတာချည်းပဲ။ သူ ခံစားနေရတဲ့ ဒုက္ခဝေဒနာက ရှည်ကြာလွန်းလှပါပြီ။ တကယ်လို့သာ သူဟာ ခွေးတစ်ကောင်ဆိုရင် ရှင် သူ့ကို ဒီလောက် ဒုက္ခခံနေရအောင် ဒီလိုပဲ ဆက်လုပ်နေဦးမှာလား”
ဒုက္ခဝေဒနာများသည် ပုံသဏ္ဌာန်မျိုးစုံဖြင့် တည်နေကြသည်။ ရွှယ်ဟွား ခံစားနေရသော ကာယိကဝေဒနာ၊ ဝေဒနာ ခံစားနေရသော သူ့ကို တွေ့မြင်နေရသည့်အတွက် ဖြစ်ပေါ်လာသော ပူဆွေးသောက၊ သူ့ကို ဤအတိုင်း ကြည့်မနေရက်လောက်အောင် တနုံ့နုံ့ ခံစားနေရသော ပူဆွေးသောက၊ လွန်ခဲ့သော ရှစ်နှစ်က သူ့ကို ပိုးစိုးပက်စက် ပြောခဲ့မိသည့်အတွက် ဖြစ်ပေါ်ခံစားနေရသော ပူဆွေးနောင်တ။ ထို့အပြင် ထိုစကားများကို ကျွန်မသည် မည်သည့် ရည်ရွယ်ချက်ဖြင့် ပြောကြားခဲ့ပါသနည်း။ ကျွန်မ၏ ရွာအတွင်းရှိ မိန်းမများ၏ လေးစားကြည်ညိုမှုကို ခံယူလို၍ပေလော။ ကျွန်မကို နာကျင်အောင် ပြုလုပ်ခဲ့သကဲ့သို့ ရွှယ်ဟွားကိုလည်း ပြန်လည် နာကျင်အောင် လက်စားချေခဲ့ခြင်းလော။ သို့တည်းမဟုတ် ၎င်းစကားများသည် ကျွန်မ၏ မာနကြောင့် ထွက်ပေါ်လာရခြင်းပေလော။ ကျွန်မနှင့်အတူ ရှိမနေသည့်အတွက် သူသည် တခြားလူများနှင့်လည်း အတူ ရှိမနေသင့်ဟု မှတ်ယူထားသောကြောင့်လော။ ကျွန်မသည် အကြိမ်တိုင်း အကြိမ်တိုင်းတွင် မှားယွင်းစွာ တုံ့ပြန်ပြုမူမိခဲ့သည်။ နောက်ဆုံးတစ်ကြိမ်၌လည်း ထို့အတူ မှားယွင်းနေဆဲပင်။
ဤရက်များအတွင်း၌ ရွှယ်ဟွား၏ သွေးသောက်ညီအစ်မများသည် ရွှယ်ဟွားကို မည်သို့ နှစ်သိမ့်ပေးကြပုံ၊ မည်သို့ စိတ်သက်သာရာ ရအောင် ပြုလုပ်ပေးပုံတို့ကို ကျွန်မကိုယ်တိုင် မျက်မြင်ဒိဋ္ဌ တွေ့မြင်ခဲ့ရသည်။ သူတို့သည် ကျွန်မလို နောက်ဆုံးအချိန်မှ သူ့ထံသို့ ရောက်ရှိလာကြသူများ မဟုတ်ပေ။ သူတို့သည် သူ့ကို နှစ်ပေါင်းများစွာ စောင့်ရှောက်ပေးခဲ့ကြသည်။ သူတို့သည် ဆန်အိတ်ကလေးများ၊ ဟင်းသီးဟင်းရွက်များနှင့် ထင်းများ ယူဆောင်လာခြင်းဖြင့် သူ့ကို ဆက်လက်ရှင်သန်သွားနိုင်ရန် ကူညီဖေးမခဲ့ကြသည်။ ယခုအခါတွင် သူတို့သည် သူတို့၏ အိမ်အလုပ်များကို ပစ်ထားလျက် သူ့ထံသို့ နေ့စဉ် ရောက်ရှိလာကြသည်။ သူတို့သည် ကျွန်မတို့၏ နှစ်ကိုယ်ကြားတွင် ဝင်ရောက် နှောင့်ယှက်ခြင်း အလျှင်း မပြုကြပေ။ သူတို့သည် ရွှယ်ဟွား၏ ကိုယ်စောင့်နတ်ကဲ့သို့ ရွှယ်ဟွားအတွက် စဉ်ဆက်မပြတ် ဆုတောင်းပေးနေကြသည်။ ရွှယ်ဟွား၏ ဝိညာဉ်ကို ခေါ်ဆောင်သွားမည့် သေမင်းတမန်များကို နှင်ထုတ်ပေးနေကြသည်။ ရွှယ်ဟွားကို လာရောက် နှောင့်ယှက်လိုသည့် သရဲသဘက်များကို ခြောက်လှန့်ရန် ဆီမီးများကို မပြတ်မလပ် ထွန်းညှိပေးနေကြသည်။ ထို့အပြင် ကျွန်မနှင့် ရွှယ်ဟွားတို့ကို နှစ်ယောက်တည်း သီးသန့်နေနိုင်ရန်အတွက် အလိုက်သိစွာ ရှောင်ဖယ်ပေးတတ်ကြသည်။
ကျွန်မ အိပ်တော့ အိပ်ခဲ့ပါလိမ့်မည်။ သို့သော် ကျွန်မ မမှတ်မိတော့။ ရွှယ်ဟွား၏ အနားတွင် ထိုင်စောင့်မနေရသည့် အခါမျိုးတွင် ကျွန်မသည် သူ့အတွက် နာရေးဖိနပ်များ ချုပ်လုပ်ပေးနေတတ်သည်။ သူ ကြိုက်နှစ်သက်မည့် အရောင်များကို ကျွန်မ ရွေးချယ်ထားသည်။ ကျွန်မသည် အပ်နဖားတွင် အပ်ချည်တပ်ကာ ဖိနပ်တစ်ဘက်တွင် ကြာပွင့်တစ်ပွင့် (ကြာရှည်ခံခြင်း) နှင့် လှေကားတစ်စင်း (အထက်သို့ တက်ခြင်း) ကို ဇာပန်းထိုးလိုက်သည်။ နိဗ္ဗာန်ဘုံသို့ တိုင်အောင် စဉ်ဆက်မပြတ် တက်လှမ်းနိုင်ပါစေကြောင်း ရွှယ်ဟွားအတွက် နိမိတ်ကောင်းပင် ဖြစ်တော့သည်။ တခြားတစ်ဘက်တွင်မူ သေးကွေးသော သမင်တစ်ကောင်နှင့် ကွေ့ကောက်နေသော အတောင်ပံများ ပါရှိသည့် လင်းနို့များ၏ ပုံကို ဇာပန်းထိုးလိုက်သည်။ ၎င်းမှာ သက်တမ်းရှည်ကြာခြင်း၏ နိမိတ်သင်္ကေတ ဖြစ်သည်။ မင်္ဂလာဆောင် ဝတ်စုံများနှင့် မွေးနေ့ပွဲများ၌ ချိတ်ဆွဲလေ့ရှိကြသော အလှဆင် နဖူးစီးများတွင် တွေ့မြင်ကြရတတ်သည့် နိမိတ်ပုံများနှင့် သဘောတရား အတူတူပင် ဖြစ်သည်။ ရွှယ်ဟွားအနေဖြင့် ဤဘဝ၊ ဤခန္ဓာကို စွန့်လွှတ်သွားရသည့်တိုင် သူ၏ အသွေးအသားများသည် သူ၏ သားသမီးများတွင် ဆက်လက် လည်ပတ် ရှင်သန်နေကြဦးမည် ဖြစ်ကြောင်း သူ့ကို သိထားစေချင်သည်။
ရွှယ်ဟွား၏ အခြေအနေမှာ ဆိုးသည်ထက် ဆိုးရွားလာသည်။ ဤအိမ်သို့ ရောက်စနေ့က သူ၏ ခြေထောက်များကို ပတ်တီးဖြေကာ ဆေးကြောပေးခဲ့ဖူးသည်။ ထိုစဉ်က သူ၏ ကွေးကောက်နေသည့် ခြေချောင်းကလေးများသည် ခရမ်းရင့်ရောင်အဖြစ်သို့ ပြောင်းလဲနေခဲ့ကြပြီ။ ဆရာဝန် ပြောခဲ့သည့်အတိုင်းပင် ယခုအခါ၌ ကြောက်မက်ဖွယ်ကောင်းသော သေမင်း၏ အရောင်သည် သူ၏ သလုံးသားများပေါ်တွင် တွယ်ကပ်နေလေသည်။ ရောဂါဝေဒနာနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် ရွှယ်ဟွားကို ကျွန်မ အားပေးခဲ့သည်။ အစောပိုင်းနေ့ရက်များတွင် ကျွန်မသည် သူ၏ မြင်းစိတ်ဓာတ်များကို ပြန်လည် မွေးမြူပါရန် တောင်းပန်ခဲ့သည်။ သူ့ကို ထိပါးရန် ကြိုးစားနေကြသည့် မကောင်းဆိုးဝါးများကို သူ၏ အနိုင်မခံ အရှုံးမပေးသော မြင်းစိတ်ဓာတ်ဖြင့် ပြန်လည် တိုက်ခိုက်ရန် တောင်းပန်ခဲ့သည်။ ယခုတော့ ကျွန်မ နားလည်ခဲ့ပါပြီ။ ယခုအခါတွင် သူ့ကို ဘဝကူးကောင်းအောင် လုပ်ပေးရုံမှတစ်ပါး ဘာမျှ မတတ်နိုင်တော့ပေ။
ယုံကမ်းသည် ဤအချင်းအရာများ အားလုံးကို တွေ့မြင်နေခဲ့သည်။ ကျွန်မထံသို့ လာရောက်လေ့ရှိသည့် နံနက်ခင်းတိုင်းတွင် သူသည် လတ်ဆတ်သော ကြက်ဥများ၊ သန့်ရှင်းသော အဝတ်အစားများနှင့် ကျွန်မခင်ပွန်း၏ အမှာစကားများကို သယ်ဆောင်လာတတ်သည်။ သူသည် ကျွန်မအပေါ်၌ နှစ်ပေါင်းများစွာ ကျိုးနွံနာခံ၍ သစ္စာရှိခဲ့သည်။ သို့သော် ယခုတစ်ကြိမ်၌မူ သူသည် သူ့အပေါ် ထားရှိသော ကျွန်မ၏ ယုံကြည်မှုကို တစ်ကြိမ်တစ်ခါ ချိုးဖောက်ခဲ့ဖူးကြောင်း ကျွန်မ တွေ့ရှိလာရသည်။ ဤသို့ ချိုးဖောက်ခဲ့သည့်အတွက်လည်း ကျွန်မသည် သူ့ကို ရာသက်ပန် ကျေးဇူးတင်၍ မဆုံးနိုင်အောင် ရှိနေတော့သည်။ ရွှယ်ဟွား မကွယ်လွန်မီ သုံးရက်အလိုတွင် ယုံကမ်းသည် ခါတိုင်းကဲ့သို့ နံနက်ခင်းအချိန်၌ ကျွန်မအထံသို့ ရောက်ရှိလာပြီး ကျွန်မ၏ အရှေ့တွင် ဒူးထောက်ချကာ ခြင်းတစ်ခြင်းကို ကျွန်မ၏ ခြေထောက်အနီးတွင် ချထားလိုက်သည်။
“သခင်မ၊ ကျွန်မ သခင်မနဲ့ ဒီလောက် နှစ်တွေအကြာကြီး အတူတူ နေလာခဲ့တာ” စိုးရိမ်ထိတ်လန့်မှုကြောင့် သူ၏ အသံက အက်ကွဲတုန်ခါနေသည်။
“သခင်မရဲ့ စိတ်ရင်းအမှန်က အဲဒီလို မဟုတ်ဘူး ဆိုတာကို ကျွန်မ ကောင်းကောင်း သိနေပါတယ်”
ဤသို့သော စကားများကို သူ ဘာကြောင့် ပြောဆိုနေကြောင်း ကျွန်မ နားမလည်နိုင်အောင် ဖြစ်နေရသည်။ ဤသို့သော အချိန်မျိုးကိုမှ ရွေးချယ်လျက် အဘယ်ကြောင့် အပြစ် ဝန်ခံနေရသနည်း။ ထို့နောက် သူသည် ခြင်းတောင်းပေါ်ရှိ အဝတ်စကို ဖယ်ရှားလိုက်ပြီး အထဲမှ ပေးစာများ၊ လက်ကိုင်ပဝါများ၊ ပန်းထိုးထည်များနှင့် ကျွန်မတို့၏ ယပ်တောင်ကို တစ်ခုချင်း ဆွဲထုတ်လိုက်လေသည်။ ကျွန်မ၏ အတိတ်ကို မီးရှို့ဖျက်ဆီးပစ်စဉ် အခါက ၎င်းပစ္စည်းများကို ကျွန်မ အသည်းအသန် ရှာဖွေခဲ့ဖူးသည်။ သို့သော် ဤအခိုင်းစေမကလေးသည် အိမ်မှ နှင်ချခံရမည့် အန္တရာယ်ကို မမှုနိုင်တော့ဘဲ ယင်းပစ္စည်းများကို ကာကွယ်ပေးခဲ့သည်။ ထို့အပြင် ဤနှစ်ပေါင်းများစွာအတွင်း၌ ၎င်းတို့ကို မပျောက်မပျက် သွားရအောင် ထိန်းသိမ်း စောင့်ရှောက်ခဲ့သည်။
ဤအချင်းအရာကို မြင်ကြရသည်တွင် ချွမ်ရွက်နှင့် သွေးသောက်ညီအစ်မများသည် အခန်းတွင်း၌ ဟိုဟိုဒီဒီ ပြေးလွှားကြကာ ရွှယ်ဟွား၏ ဇာပန်းထိုးပစ္စည်း ထည့်ရာ ခြင်းတောင်း၊ အံဆွဲများနှင့် ပစ္စည်းများကို လျှို့ဝှက်သိမ်းဆည်းနိုင်သည့် ခုတင်အောက်သို့ မွှေနှောက်ရှာဖွေကြတော့သည်။ မကြာခင် အချိန်အတွင်း၌ ရွှယ်ဟွားထံသို့ ရေးပေးခဲ့သမျှသော ကျွန်မ၏ ပေးစာများနှင့် သူ့အတွက် ကျွန်မ ပြုလုပ်ပေးခဲ့သမျှသော အရာအားလုံးတို့သည် ကျွန်မ၏ အနားသို့ ရောက်လာကြတော့သည်။ နောက်ဆုံးတွင် ကျွန်မ ဖျက်ဆီးပစ်ခဲ့သော အရာများမှ လွဲ၍ ကျန်ပစ္စည်းအားလုံးတို့သည် ကျွန်မ၏ ရှေ့မှောက်၌ အကုန်အစင် ရောက်ရှိနေကြသည်။
ရွှယ်ဟွား၏ နောက်ဆုံးနေ့ရက်များတွင် သူနှင့်အတူ လျှောက်လှမ်းခဲ့ကြသော ဘဝခရီးစဉ်ကို ကျွန်မသည် သူ့အား ပြန်ပြောင်း ပြောပြကာ အတိတ်၏ အမှတ်တရများကို ပြန်လည် စားမြုံ့ပြန်ခဲ့ကြသည်။ ကျွန်မတို့ နှစ်ယောက်စလုံး၏ မှတ်ဉာဏ်များထဲတွင် အရာပေါင်းများစွာတို့ကို ယခုတိုင် ထိန်းသိမ်း သိုလှောင်ထားကြဆဲ ဖြစ်သောကြောင့် ကျွန်မတို့ ရေးသားခဲ့သည့် စာပိုဒ်များကို တစ်လုံးတစ်ပါဒမျှ အချွတ်အချော် မရှိရလေအောင် နှုတ်တက်ရွရွ အလွတ် ရွတ်ဆိုပြနိုင်ကြသည်။ သို့သော် သူသည် စက္ကန့်နှင့်အမျှ ချည့်နဲ့အားနည်းလာနေပြီ ဖြစ်သဖြင့် ကျွန်မ၏ လက်ကို ဆုပ်ကိုင်ထားလျက် ကျွန်မ၏ စကားသံကို နားစွင့်နေခြင်းဖြင့်သာ ကျန်ရှိနေသေးသော အချိန်များကို ကုန်လွန်စေခဲ့သည်။
ညအချိန်၌ ပြတင်းပေါက်မှ ဖြာကျလာသော လရောင်တို့သည် ခုတင်ပေါ်တွင် အတူတကွ လဲလျောင်းနေကြသော ကျွန်မတို့အပေါ်သို့ ဖြန့်ကြက်ရောက်ရှိနေသည်။ လုံမပျိုဘဝသို့ ပြန်လည် ရောက်ရှိသွားသည့်နှယ် ခံစားနေရသည်။ ကျွန်မသည် သူ၏ လက်ဖဝါးပေါ်တွင် နွီစူးအက္ခရာများကို ရေးသားလိုက်သည်။ ခုတင်ထက် လရောင်ဖြာ …
“ငါ ဘာရေးလိုက်တာလဲ၊ သိလား”
“မသိဘူး” သူက ခပ်တိုးတိုး ပြန်ဖြေသည်။
“ငါ မပြောတတ်ဘူး”
သို့ဖြင့် ကျွန်မသည် ကဗျာကို ရွတ်ပြလိုက်ပြီး ရွှယ်ဟွား၏ မျက်လုံးထောင့်စွန်းများမှ ယိုစီးကျလာသော မျက်ရည်စများကို စိုက်ကြည့်နေမိသည်။ မျက်ရည်များသည် သူ၏ နားသယ်စပ်သို့ စီးဆင်းကာ နားများထဲသို့ ဖြတ်သန်း ပျောက်ကွယ်သွားကြသည်။
နောက်ဆုံးအကြိမ်အဖြစ် ကျွန်မတို့ စကားပြောဖြစ်ကြသည့် အခါတွင် သူက ကျွန်မကို ဤသို့ မေးလိုက်သည်။
“ငါ့အတွက် တစ်ခုလောက် လုပ်ပေးနိုင်မလား”
“ဘာမဆို လုပ်ပေးပါ့မယ်” ရင်ထဲတွင် ရှိသည့်အတိုင်း ကျွန်မ ပြန်ဖြေလိုက်ခြင်း ဖြစ်သည်။
“ငါ့ရဲ့ ကလေးတွေကို အဒေါ်အရင်းတစ်ယောက်လို ကြည့်ရှု စောင့်ရှောက်ပေးသွားပါနော်”
ကျွန်မ သူ့ကို ကတိပေးလိုက်သည်။
ရွှယ်ဟွား၏ ဒုက္ခဝေဒနာများကို သက်သာသွားအောင် မည်သည့်အရာကမျှ အကူအညီ မပေးနိုင်ခဲ့ကြပေ။ ကျန်ရှိနေသေးသည့် နောက်ဆုံးအချိန်များတွင် ကျွန်မသည် သူ့အား ကျွန်မတို့၏ ကတိစာချုပ်ကို ဖတ်ပြခဲ့သည်။ ကူဖောဘုရားကျောင်းသို့ ကျွန်မတို့ မည်သို့ သွားရောက်ခဲ့ပုံ၊ အနီရောင်စက္ကူကို ရွေးချယ်ခဲ့ပုံ၊ အတူတကွ ထိုင်ခဲ့ပုံနှင့် စကားလုံးများကို အတူတကွ ရေးသားခဲ့ကြပုံများကို သူ့အား ပြန်ပြောင်း ပြောပြခဲ့သည်။ ထို့နောက် ကျွန်မတို့ အချင်းချင်း အပြန်အလှန် ရေးသား ပေးပို့ခဲ့ကြသော စာများကို နောက်တစ်ကြိမ် ရွတ်ဖတ်ပြခဲ့သည်။ ကျွန်မတို့၏ ယပ်တောင်ပေါ်မှ ပျော်ရွှင်ဖွယ် အစိတ်အပိုင်းများကို သူ့အား ရွတ်ဖတ်ပြခဲ့သည်။ ကျွန်မတို့၏ ငယ်ဘဝမှ သီချင်းဟောင်းများကို သူ့အား ညည်းဆိုပြခဲ့သည်။ သူ့ကို ကျွန်မ မည်မျှ ချစ်ကြောင်း သူ့အား ပြောပြခဲ့သည်။ သူသည် ကျွန်မကို တမလွန်ဘဝ၌ စောင့်မျှော်နေလိမ့်မည်ဟု မျှော်လင့်ကြောင်း သူ့အား ပြောပြခဲ့သည်။ ကောင်းကင်ဘုံသို့ သွားရန် သူ့ကို လက်မလွှတ်လိုသော်လည်း တိမ်များအတွင်း၌ ပေါ့ပါးစွာ ပျံသန်းသွားလာနိုင်ရန်အတွက် သူ့ကို လွတ်လပ်ခွင့် ပေးလိုကြောင်း သူ့အား ပြောပြခဲ့သည်။
ရွှယ်ဟွား၏ အသားအရေသည် ဖြူစုပ်နေရာမှ ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ တစ်ဘဝတာ ခံစားခဲ့ရသမျှသော စိုးရိမ်ပူပန်မှုများသည်လည်း သူ၏ မျက်နှာထက်မှ လွင့်စင် ပျောက်ကွယ်သွားလေတော့သည်။ သွေးသောက်များ၊ ချွမ်ရွက်၊ အောင်သွယ်တော်ဝမ်နှင့် ကျွန်မတို့သည် ရွှယ်ဟွား၏ ဝင်သက်ထွက်သက်ကို ဂရုတစိုက် နားထောင်နေကြသည်။ ဝင်သက်တစ်ကြိမ်၊ ထွက်သက်တစ်ကြိမ်၊ ထို့နောက် ရပ်တန့်သွားသည်။ စက္ကန့်အနည်းငယ် ကုန်လွန်သွားသည်။ ထို့နောက် ဝင်သက်တစ်ကြိမ်၊ ထွက်သက်တစ်ကြိမ်၊ ထို့နောက် ရပ်တန့်သွားပြန်သည်။ ပို၍ အကြင်အနာ ကင်းမဲ့သော စက္ကန့်များ …။ ထို့နောက် ဝင်သက်တစ်ကြိမ်၊ ထွက်သက်တစ်ကြိမ်၊ ထို့နောက် ရပ်တန့်သွားသည်။ ကျွန်မတို့ အတူတူ ရှိနေကြစဉ် ဘဝတစ်လျှောက်လုံးတွင် သူ လုပ်နေကျအတိုင်း ရွှယ်ဟွား၏ ပါးပြင်ပေါ်သို့ ကျွန်မ၏ လက်ဖဝါးကို တစ်ချိန်လုံး အပ်ထားခဲ့သည်။ သူ၏ လောင်ထုံးသည် နောက်ဆုံးအချိန်အထိ သူနှင့်အတူ မခွဲတမ်း ရှိနေခဲ့ကြောင်း သူ့ကို သိစေချင်သည်။ သူ၏ နောက်ဆုံးဝင်သက်၊ နောက်ဆုံးထွက်သက်နှင့် နောက်ဆုံးသော ရပ်တန့်ခြင်းအထိပေါ့။
ဖြစ်ပျက်ခဲ့ပြီးသမျှသော အရာအားလုံးတို့သည် စိန်စိန်း သီဆိုပြခဲ့ဖူးသည့် ပညာပေးပုံပြင်ဖြစ်သော အစ်ကိုသုံးယောက်နှင့် မိန်းမငယ်အကြောင်းကို ပြန်လည် အမှတ်ရစေခဲ့သည်။ ယခုတော့ ကျွန်မ နားလည်ခဲ့ပြီ။ ထိုသီချင်းများနှင့် ပုံပြင်များကို လေ့လာသင်ယူကြရသည့် အကြောင်းအရင်းမှာ ကျွန်မတို့အား မည်သို့ ပြုမူနေထိုင်ရန် သင်ကြားပေးရုံမျှ မကဘဲ ကျွန်မတို့၏ ဘဝတစ်လျှောက်လုံးတွင် ထိုသို့သော အဖြစ်မျိုးနှင့် ဆင်ဆင်တူသည့် ဖြစ်ရပ်များကို ဆက်ခါဆက်ခါ တွေ့ကြုံ ဖြတ်သန်းသွားကြရလိမ့်မည် ဖြစ်သောကြောင့်ပင် ဖြစ်သည်။
ဧည့်ခန်းဆီသို့ ရွှယ်ဟွားကို သယ်ဆောင်လာကြသည်။ ကျွန်မသည် သူ့ကို သန့်ရှင်းဆေးကြောပေးပြီး သူ၏ သက်ရှည်ဝတ်စုံများကို ဝတ်ဆင်ပေးလိုက်သည်။ ၎င်းတို့ အားလုံးမှာ ဟောင်းနွမ်းစုတ်ပြတ်၍ အရောင်များ လွင့်ပြယ်နေကြပြီ ဖြစ်သော်လည်း အဆင်များသည် ကျွန်မ၏ ကလေးဘဝ တစ်လျှောက်လုံးတွင် တွေ့မြင်ခဲ့ရသော အဆင်များသာ ဖြစ်သည်။ အသက်အကြီးဆုံးသော သွေးသောက်ညီအစ်မသည် ရွှယ်ဟွား၏ ဆံပင်များကို ဖြီးသင်ပေးသည်။ သွေးသောက်ညီအစ်မ အလတ်ကမူ ရွှယ်ဟွား၏ မျက်နှာကို ပေါင်ဒါများ ပုတ်ပေးပြီး နှုတ်ခမ်းနီ ဆိုးပေးသည်။ အငယ်ဆုံး သွေးသောက်ညီအစ်မက သူ၏ ခေါင်းပေါ်တွင် ပန်းများ ပန်ဆင်ပေးသည်။ ရွှယ်ဟွား၏ ရုပ်ကလာပ်ကို အခေါင်းတစ်ခုထဲတွင် ထည့်ထားကြသည်။ ဧည့်ခန်းအတွင်းရှိ သူ၏ အခေါင်းဘေး၌ ကျွန်မတို့ ထိုင်နေကြစဉ် တီးဝိုင်းငယ်တစ်ခုက လွမ်းဆွတ်ဖွယ် သီချင်းများကို တီးမှုတ်နေကြသည်။ အသက်အကြီးဆုံးသော သွေးသောက်ညီအစ်မသည် သူ၏ ကိုယ်ပိုင်ပိုက်ဆံဖြင့် အမွှေးတိုင်များ ဝယ်၍ ထွန်းညှိပူဇော်ခဲ့သည်။ ညီအစ်မအလတ်သည်လည်း သူ၏ ကိုယ်ပိုင်ပိုက်ဆံဖြင့် ငွေစက္ကူများဝယ်၍ မီးရှို့ပေးခဲ့သည်။ အငယ်ဆုံးညီအစ်မမှာမူ အမွှေးတိုင်နှင့် ငွေစက္ကူဝယ်စရာ ပိုက်ဆံမရှိရကား သူ၏ မျက်ရည်ကိုသာ အရင်းပြု၍ အားရပါးရ ငိုကြွေးနေတော့သည်။
နောက်သုံးရက်အကြာတွင် သားသတ်သမား၊ သူ့သားနှင့် သွေးသောက်ညီအစ်မများ၏ ခင်ပွန်းများနှင့် သားများသည် အခေါင်းကို သုသာန်မြေသို့ သယ်ဆောင်သွားကြသည်။ သူတို့၏ ခြေလှမ်းများက အလွန် လျင်မြန်ကြသည်။ မြေပြင်ပေါ် ရှပ်၍ ပျံနေကြသည့်အလား။ ကျွန်မသည် ရွှယ်ဟွား၏ နွီစူးစာ အားလုံးနီးပါးကို ယူဆောင်လာပြီး ၎င်းတို့ကို မီးရှို့ပစ်လိုက်သည်။ ၎င်းတို့အထဲတွင် ကျွန်မ ပို့ပေးထားသော ပစ္စည်း အမြောက်အမြား ပါဝင်သည်။ တမလွန်ဘဝတွင် ကျွန်မတို့၏ သဝဏ်လွှာများကို သူ ရပါစေသတည်း။
သားသတ်သမား၏ အိမ်သို့ ကျွန်မတို့ ပြန်လာကြသည်။ ချွမ်ရွက်က လက်ဖက်ရည်ကြမ်း နှပ်နေစဉ် သွေးသောက်ညီအစ်မ သုံးယောက်သည် အပေါ်ထပ်သို့ တက်ကာ မရဏ၏ အငွေ့အသက်များ အားလုံးကို သန့်ရှင်းဆေးကြောနေကြသည်။
သူတို့အထံမှ ကြားသိခဲ့ရသော သတင်းတစ်ခုကြောင့် ကျွန်မ၏ ဘဝတွင် တစ်ကြိမ်တစ်ခါမျှ မကြုံခဲ့ဖူးသော ရှက်ရွံ့ခြင်းမျိုးဖြင့် အရှက်ကြီး ရှက်ကာ မွှန်ထူသွားတော့သည်။ ရွှယ်ဟွားသည် သူတို့၏ သွေးသောက်ညီအစ်မ မဟုတ်ကြောင်း သူတို့က ကျွန်မကို ပြောပြခဲ့သည်။ ကျွန်မ မယုံကြည်နိုင်ခဲ့ပါ။ သူတို့က ကျွန်မကို နားဝင်အောင် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေကြသည်။
“ဒါဆို ယပ်တောင်ပေါ်က စာတွေကို ဘယ်လို နားလည်ရမလဲ” ကျွန်မသည် သောကပွေလျက် ပြန်အော်လိုက်မိသည်။
“သူက ရှင်တို့နဲ့ ပေါင်းတော့မယ်လို့ ထည့်ရေးထားတယ်လေ”
“မဟုတ်ဘူး” လျန်းဟွားက ဆိုသည်။
“ဒီမှာ သူ့ကို နှစ်သိမ့်ပေးမယ့် သူငယ်ချင်းတွေ ရှိတယ်လို့ ရေးရတဲ့ အကြောင်းအရင်းက ရှင့်ကို သူ့အတွက် နောက်ထပ် စိတ်မပူပန်စေချင်လို့ပဲ”
ထိုစာသားများကို သူတို့ ကြည့်ခွင့်ရှိမလားဟု သူတို့ တောင်းဆိုကြသည်။ နောက်မှ ကျွန်မ သဘောပေါက်လာခဲ့ရသည်မှာ ရွှယ်ဟွားသည် ဤအမျိုးသမီးများကို နွီစူးစာ ဖတ်တတ်အောင် သင်ကြားပေးခဲ့သည်။ ယခု သူတို့သည် ကြက်အုပ်တစ်အုပ်ကဲ့သို့ ယပ်တောင်၏ ပတ်ပတ်လည်တွင် စုပြုံ ဝန်းရံနေကြသည်။ နှစ်ပေါင်းများစွာကြာအောင် ရွှယ်ဟွား သင်ကြားပေးခဲ့သောကြောင့် အက္ခရာများကို လက်ညှိုးများ ထိုးကာထိုးကာဖြင့် စကားလုံးများ၏ အဓိပ္ပာယ်ကို နားလည်နိုင်ရန် ကြိုးစားနေကြသည်။ သို့သော် နောက်ဆုံးစာကြောင်းသို့ ရောက်သည့်အခါတွင် သူတို့၏ အမူအရာများက တည်ကြည်လေးနက်လာကြသည်။
“ဒီမှာကြည့်” လျန်းဟွားသည် အက္ခရာများကို ထောက်လျက် လှမ်းပြောသည်။
“ဒီအထဲမှာ ကျွန်မတို့ သွေးသောက်တွေ ဖြစ်တဲ့အကြောင်း လုံးဝ မပါဘူး”
ကျွန်မသည် ယပ်တောင်ကို ဆတ်ခနဲ ဆွဲယူပြီး တစ်ယောက်တည်း အေးအေးဆေးဆေး ဖတ်နိုင်ရန်အတွက် အိမ်ထောင့်တစ်နေရာသို့ ထွက်ခွာသွားလိုက်သည်။ ရွှယ်ဟွားက ဤသို့ ရေးသားထားသည်။
ငါ့မှာ ရှိနေတဲ့ ပြဿနာတွေက တော်တော်လေး များတယ်။ နင် မျှော်လင့်ထားသလို ငါ ဖြစ်မလာနိုင်တော့ဘူး။ ငါ့ရဲ့ ညည်းညူသံတွေကိုလည်း နောက်ဘယ်တော့မှ နင် မကြားရတော့ပါဘူး။ ဟိုညီအစ်မသုံးယောက်က ငါချစ်သလို ငါ့ကို ချစ်ကြမယ်လို့ ကတိပြုကြတယ်။
“တွေ့ပြီမဟုတ်လား” လျန်းဟွားသည် အခန်းတစ်ဘက်မှ ကျွန်မကို လှမ်းပြောသည်။
“ရွှယ်ဟွားက ကျွန်မတို့ကို သူ့အကြောင်းတွေ ရင်ဖွင့်ချင်တယ်။ အပေးအယူအနေနဲ့ သူက ကျွန်မတို့ကို နွီစူးစာ သင်ပေးတယ်။ သူက ကျွန်မတို့ရဲ့ ဆရာမပါ။ နောက်ပြီး အဲဒီလို သင်ပေးတဲ့အတွက် ကျွန်မတို့က သူ့ကို လေးလည်း လေးစားကြတယ်။ ချစ်လည်း ချစ်ခင်ကြတယ်။ ဒါပေမယ့် သူ ကျွန်မတို့ကို မချစ်ခဲ့ဘူး။ သူက ရှင့်ကိုပဲ ချစ်တာ။ ရှင့်ဆီက တုံ့ပြန်လာမယ့် အချစ်ကို သူ တောင့်တခဲ့တယ်။ ဒါပေမယ့် သနားစိတ်နဲ့ သည်းမခံလိုစိတ်တွေ ရောပြွမ်းမနေတဲ့ ရှင့်ရဲ့ အချစ်စစ်ကိုပဲ သူက မျှော်လင့်ခဲ့တာ”
ကျွန်မ၏ ဉာဏ်တိမ်မှု၊ ခေါင်းမာမှုနှင့် အတ္တကြီးမှုတို့ကြောင့် ဖြစ်ပေါ်လာခဲ့ရသော ပြဿနာကြီးသည် ကျွန်မ၏ မိုက်မဲမှုနှင့် အဆင်အခြင် ကင်းမဲ့မှုတို့ကို ဖော်ပြနေသည်။ နွီစူးကို ကျွမ်းကျင်တတ်မြောက်သော အမျိုးသမီးတစ်ယောက် အနေဖြင့် ကျွန်မသည် အကြီးကျယ်ဆုံးသော အမှားတစ်ခုကို ပြုလုပ်ခဲ့မိသည်။ ကျွန်မသည် စကားလုံးတို့၏ ဖွဲ့စပ်ပုံ၊ ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာနှင့် အနက်ပြားပုံတို့ကို ထည့်သွင်းစဉ်းစားခြင်း မပြုခဲ့ပေ။ ထို့ထက် ပိုဆိုးသည်မှာ ကျွန်မ၏ တစ်ကိုယ်ကောင်းစိတ်ကြောင့် ရွှယ်ဟွားနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြစဉ်က ရရှိခဲ့သော သင်ခန်းစာကို ကျွန်မ မေ့လျော့သွားခဲ့သည်။ ကျွန်မကဲ့သို့သော သာမန် လယ်သမားတစ်ဦး၏ ဒုတိယမြောက် သမီးထက် သူသည် စကားလုံးများကို ပိုမို ပါးနပ်စွာနှင့် ပိုမို ရှုပ်ထွေးစွာ အမြဲတမ်း အသုံးပြုတတ်ခဲ့သည်။ အသိအမြင် ခေါင်းပါးသော ကျွန်မ၏ ပယောဂကြောင့် ရွှယ်ဟွားသည် ရှစ်နှစ်လုံးလုံး ဒုက္ခဝေဒနာကို ခံစားသွားခဲ့ရသည်။ ကျွန်မဘဝ၏ ကျန်ရှိနေသေးသော နှစ်ကာလများ (ရွှယ်ဟွား ဖြတ်သန်းခဲ့သော တစ်ဘဝစာနှင့် ညီမျှသည်) အတွင်း၌ ကျွန်မသည် နောင်တတရားနှင့်သာ လုံးလည်လိုက်လျက် ရှင်သန်သွားခဲ့ရသည်။
သို့သော် ထိုမျှနှင့် မပြီးသေးချေ။
“ရှင် စိတ်ကျေနပ်နိုင်အောင်လို့ သူက နည်းမျိုးစုံနဲ့ ကြိုးစားခဲ့တယ်” လျန်းဟွားက ပြောသည်။
“ကလေးမွေးပြီးပြီးချင်း စောနိုင်သမျှ စောစော သူ့ယောက်ျားနဲ့ အတူအိပ်တဲ့ ကိစ္စကိုတောင် သူ ရှင့်အတွက် လုပ်ပေးခဲ့တာ”
“အဓိပ္ပာယ် မရှိတာရှင်”
“ကလေးတစ်ယောက် ဆုံးရှုံးသွားတဲ့ အခါတိုင်းမှာ ရှင့်ရဲ့ ပြုမူဆက်ဆံပုံက သူ့ယောက်ျား၊ သူ့ယောက္ခမတွေနဲ့ ဘာမှ မထူးဘူး။ သူ့ကို စာနာမပေးကြဘူး” ရန်းလျိုက စကားဆက်သည်။
“သားယောက်ျားလေးတွေကို များများစားစား မွေးပေးနိုင်မှသာ သူ့ကို တန်ဖိုးရှိတဲ့ မိန်းမတစ်ယောက် ဖြစ်နိုင်မယ်လို့ ရှင် အမြဲတမ်း ပြောနေခဲ့တယ် မဟုတ်လား။ သူက ရှင့်စကားကို ယုံတယ်လေ။ ဒီတော့ ရှင်က သူ့ကို နောက်တစ်ကြိမ် ထပ်ကြိုးစားဖို့ ပြောတော့ သူက ရှင့်စကားအတိုင်း လိုက်လုပ်တော့တာပေါ့”
“အဲဒီအတိုင်းပဲ ကျွန်မတို့ ပြောသင့်တာ မဟုတ်ဘူးလား” ကျွန်မက မခံမရပ်နိုင်စွာ ပြန်ပြောလိုက်သည်။
“ကျွန်မတို့ မိန်းမသားအချင်းချင်း အဲဒီလိုပဲ နှစ်သိမ့်ရမှာ မဟုတ်ဘူးလား”
“ဒါပေမယ့် သူ နောက်ထပ် ကလေးတစ်ယောက်ကို ဆုံးရှုံးရတဲ့အခါမှာ အဲဒီ စကားလုံးတွေက သူ့ကို နှစ်သိမ့်မှု ပေးနိုင်လိမ့်ဦးမယ်လို့ ရှင် ထင်နေတာလား”
“အဲဒီတုန်းက ရှင်တို့မှ အနားမှာ မရှိဘဲ။ ကျွန်မရဲ့ ပြောစကား အတိအကျကို ရှင်တို့ ဘယ်လိုလုပ်ပြီး သိနိုင်ပါ့မလဲ”
“ထပ်ကြိုးစားဦး။ ထပ်ကြိုးစားဦး။ ထပ်ကြိုးစားဦး” မေးဟွားက မခံချင်အောင် ပြောသည်။
“အဲဒီလို စကားမျိုးတွေ မပြောခဲ့ပါဘူးလို့ ရှင် ငြင်းနိုင်လို့လား”
ကျွန်မ မငြင်းနိုင်ပါ။
“အခု ပြောနေတဲ့ ကိစ္စနဲ့ တခြား ကိစ္စတွေ အများကြီးမှာ ရှင့်ရဲ့ အကြံဉာဏ်အတိုင်း တစ်သဝေမတိမ်း လိုက်နာဆောင်ရွက်ဖို့အတွက် သူ့ကို တောင်းဆိုခဲ့တယ်” လျန်းဟွားက စကားကို ပြန်ကောက်လိုက်သည်။
“နောက်ပြီး သူက လိုက်လုပ်ပြန်တော့လည်း ရှင်က သူ့ကို အပြစ်တင်ပြန်ရော”
“ရှင်တို့ ကျွန်မရဲ့ စကားတွေကို နားလည်မှု လွဲနေကြပြီ”
“လွဲသွားလို့လား” ရန်းလျိုက မေးသည်။
“သူက ရှင့်အကြောင်းကိုချည်းပဲ တစ်ချိန်လုံး ပြောနေခဲ့တာ။ ရှင့် မကောင်းကြောင်းကို ရှင့်ကွယ်ရာမှာ တစ်ခွန်းတလေတောင် ဟမသွားခဲ့ဘူး။ ဒါပေမယ့် ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတာကိုတော့ ကျွန်မတို့ အမှန်အတိုင်း နားလည်လာခဲ့တယ်”
“သူဟာ လောင်ထုံးတစ်ယောက်အနေနဲ့ ရှင့်ကို ဘာအကြောင်းပြချက်မှ မရှိဘဲ ချစ်ခဲ့တယ်။ ရှင့်မှာ ဘယ်လို အရည်အသွေးတွေနဲ့ပဲ ပြည့်စုံနေ ပြည့်စုံနေ၊ ဘယ်လို အရည်အချင်းတွေပဲ ချို့ယွင်းနေ ချို့ယွင်းနေ၊ သူကတော့ ရှင့်ကို ချစ်မြဲ ချစ်နေမှာပဲ။ ဒါပေမယ့် ရှင်ကကျတော့ရော။ ရှင့်ခေါင်းထဲမှာ ယောက်ျားအတွေးတွေ များလွန်းနေတယ်။ ယောက်ျားတစ်ယောက် ချစ်တတ်တဲ့ ပုံစံမျိုးနဲ့ ရှင်က သူ့ကို ချစ်ပြီးတော့ ယောက်ျားတွေ ကျင့်သုံးတဲ့ ဥပဒေသတွေနဲ့ ရှင်က သူ့ကို တန်ဖိုးဖြတ်ခဲ့တာပဲ” မေးဟွားက စကားကို နိဂုံးချုပ်လိုက်သည်။
တစ်ပတ်ပြည့်သွားသည့် အခါတွင် လျန်းဟွားက နောက်တစ်ကျော့ စတင်လိုက်သည်။
“ကျွန်မတို့ တောင်ပေါ်မှာ နေခဲ့ကြရတဲ့ အချိန်တွေကို ရှင် မှတ်မိသေးတယ် မဟုတ်လား။ အဲဒီမှာ သူ ကလေးတစ်ယောက် ပျက်ကျခဲ့တယ်လေ” သူ၏ လေသံက ကျွန်မကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
“ကျွန်မ မှတ်မိတာပေါ့”
“အဲဒီအချိန်တုန်း ကတည်းက သူ မနေကောင်း ဖြစ်နေခဲ့တာပဲ”
“မဖြစ်နိုင်တာရှင်။ သားသတ်သမားကြောင့် …”
“အဲဒီနေ့က သူ့ယောက်ျားရဲ့ လက်ချက်ကြောင့်လည်း ဖြစ်ချင် ဖြစ်မှာပေါ့” ရန်လျိုးက ဝန်ခံစကား ဆိုသည်။
“ဒါပေမယ့် သူ့ကိုယ်ကနေ ထွက်လာတဲ့ သွေးတွေက အနက်ရောင် သွေးပုပ်တွေ။ နောက်ပြီး ပျက်ကျသွားတဲ့ ကလေးကို ကျွန်မတို့ ဘယ်သူမှ မတွေ့လိုက်ရဘူး”
“ကျွန်မတို့ ဒီမှာ သူနဲ့ နှစ်တွေအများကြီး အတူ နေခဲ့ကြတယ်။ အဲဒီလို အဖြစ်အပျက်မျိုးက အဲဒီတစ်ကြိမ်တင် မကဘူး။ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ဖြစ်ခဲ့ဖူးတယ်။ ပြစ်တင်စာကို ရှင် ရွတ်ဆိုနေတဲ့အချိန်မှာ သူဟာ အတော်ကို မမာမကျန်း ဖြစ်နေခဲ့ပြီ” မေးဟွားက နောက်တစ်ကြိမ် အဆုံးသတ်လိုက်ပြန်သည်။
ကျွန်မသည် ယခင်ကလည်း သူတို့ကို တစ်ခါမျှ အောင်အောင်မြင်မြင် မငြင်းခုန်နိုင်ခဲ့ဖူးချေ။ ယခုကဲ့သို့ ချက်ကျလက်ကျ ပြောလာသည့် အခါတွင် ကျွန်မ မည်သို့ ငြင်းဆိုနိုင်ပါအံ့နည်း။ အကျိတ်အလုံးသည် အချိန်တော်တော် ကြာကတည်းကပင် သူ့ဝမ်းဗိုက်ထဲ၌ တည်ရှိနေခဲ့ခြင်း ဖြစ်ရပေမည်။ အတိတ်မှ အကြောင်းအချက် အတော်များများသည်လည်း ယခုမှပင် လိပ်ပတ်လည်လာတော့သည်။ ရွှယ်ဟွား၏ ခံတွင်းပျက်နေခြင်းအကြောင်း၊ ဖြူဖျော့လွန်းနေသော သူ၏ အသားအရေ၊ ထို့အပြင် သူ့ကို အာဟာရပြည့်အောင် စားသောက်ရန်၊ သူ၏ ပါးများကို သွေးရောင်လျှမ်းစေရန်နှင့် သူ၏ ခင်ပွန်းအိမ်တွင် သဟဇာတ ညီညွတ်မျှတခြင်း အကျိုးငှာ လုပ်သင့်လုပ်ထိုက်သော အလုပ်မှန်သမျှ အားလုံးကို ကြိုးစားလုပ်ဆောင်ရန် သူ့ကို နားပူနားဆာ လုပ်ခဲ့စဉ်အခါက စွမ်းအင်များ ယုတ်လျော့နေသည့် သူ၏ ပုံပန်းသဏ္ဌာန် စသည့် အခြေအနေတို့ကို ယခုမှ နားလည် သဘောပေါက်လာတော့သည်။ ထို့နောက် လွန်ခဲ့သော နှစ်ပတ်က ဤအိမ်သို့ ပြန်လည် ရောက်ရှိခဲ့သည့် ပထမဆုံးနေ့တွင် သူ့ကို ခွင့်လွှတ်ပေးပါရန် ကျွန်မအား တိုးလျှိုးတောင်းပန်ခဲ့ကြောင်း ပြန်လည် သတိရလာသည်။ ကျွန်မသည် သူကဲ့သို့ မပြုမူနိုင်ခဲ့ပေ။ သူ့ခမျာ ဆိုးရွားလှစွာသော ဒုက္ခဝေဒနာကို အကြီးအကျယ် ခံစားနေရပါလျက်၊ သေမင်းနှင့် အကြိတ်အနယ် စစ်ခင်းနေရပါလျက်၊ သူ့ကို ချစ်နေဆဲဖြစ်ကြောင်း ကျွန်မ၏ ပါးစပ်မှ ကျေကျေနပ်နပ်ကြီး ပြောကြားနေပါလျက်နှင့်ပင် ကျွန်မသည် သူ့ကို တောင်းပန်စကား မဆိုခဲ့မိချေ။ သူ၏ နှလုံးသားသည် အစဉ်အမြဲ ဖြူစင်နေခဲ့ပြီး ကျွန်မ၏ နှလုံးသားမှာမူ အိုဟောင်းသော သစ်ကြားသီးခြောက်တစ်လုံးကဲ့သို့ ခြောက်သွေ့ရှုံ့တွကာ ခက်ထန်မာကြောနေသည်။
ယခုအခါတွင် ကွယ်လွန်ကုန်ပြီ ဖြစ်သော ထိုသွေးသောက်ညီအစ်မများအကြောင်းကို မကြာခဏ စဉ်းစားကြည့်မိသည်။ ကျွန်မသည် လူးဖူးလန် ဖြစ်သောကြောင့် သူတို့၏ နှုတ်ထွက်စကားများကို ဆင်ဆင်ခြင်ခြင် ပြောကြားခဲ့ရပေလိမ့်မည်။ သို့သော် သူတို့သည် အမှန်တရားကို ဖွင့်မပြောရမချင်း ကျွန်မကို ထိုအိမ်မှ ထွက်ခွာသွားခွင့် ပြုကြလိမ့်မည် မဟုတ်ပေ။
ကျွန်မသည် အိမ်သို့ ပြန်ရောက်လျှင် ယပ်တောင်နှင့် မီးမသင့်ခဲ့သော စာတချို့ကို ကိုင်ကာ အပေါ်ထပ် အခန်းဆောင်ထဲ၌ တစ်ယောက်တည်း နေနေခဲ့သည်။ ထို့နောက် မင်ခဲကို ကျောက်ပြင်ပေါ်တင်လျက် မင်ရည်ကို လမိုက်ညကဲ့သို့ မဲနက်သွားအောင် သွေးယူလိုက်သည်။ ယပ်တောင်ကို ဖွင့်ပြီး စုတ်တံကို မင်တို့ကာ နောက်ဆုံးဟု ယူဆရသည့် စာကြောင်းများကို စတင် ရေးသားလိုက်တော့သည်။
❝ ငါ့ရဲ့ နှလုံးသားကို အမြဲတမ်း နားလည်ပေးတတ်တဲ့ နင်ဟာ အခုဆိုရင်တော့ နွေးထွေးတဲ့ နေရောင်ခြည်အောက်က တိမ်တိုက်တွေရဲ့ အထက်မှာ ပျံသန်းနေလောက်ပြီ။ တစ်နေ့ကျရင် ငါတို့တွေ အတူတူ ပျံသန်းနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်။ ❞
အထက်ပါ စာကြောင်းများကို နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ကျွန်မ ဆင်ခြင် သုံးသပ်ရပေလိမ့်ဦးမည်။ ဤကမ္ဘာပေါ်တွင် ကျွန်မ အချစ်ခဲ့ဆုံးသော ပုဂ္ဂိုလ်တစ်ဦးအပေါ်သို့ ကျရောက်စေခဲ့သည့် ထိခိုက်နစ်နာမှုများ အားလုံးကို ကုစားနိုင်ရန်အတွက်၊ အဖက် ဆယ်နိုင်ရန် အတွက် တတ်နိုင်သမျှ ကျွန်မ လုပ်ဆောင်ရပေလိမ့်ဦးမည်။