❝ ပိုင်ဟော
အမေတစ်ယောက်အနေနဲ့ ငါ ဒီစာကို ရေးလိုက်ပါတယ်။
မနေ့ကပဲ ငါ မျက်နှာမြင်တယ်။
ဆံပင်တွေ မဲနက်နေတဲ့ သားလေးတစ်ယောက်ပဲ။
သူက အရပ်ရှည်ပြီး ပိန်တယ်။
မီးတွင်းကနေတော့ မထွက်ရသေးဘူး။
ငါနဲ့ ငါ့ယောက်ျားနဲ့ ရက်တစ်ရာ ခွဲအိပ်ကြရမှာ။
အိမ်အပေါ်ထပ်မှာ ထိုင်နေတဲ့ နင့်မျက်နှာကို ငါ မြင်ယောင်နေမိတယ်။
နင့်သားသားသတင်းကို ငါ စောင့်မျှော်နေမယ်နော်။
ကျန်းမာဝဖြိုးတဲ့ သားလေးတစ်ယောက် မွေးဖွားလာပါစေလို့ ငါ ဆန္ဒပြုပါတယ်။
နင်လည်း ရှောရှောရှူရှူနဲ့ မီးဖွားနိုင်ပါစေလို့ ငါ ဆုတောင်းပေးနေမယ်။
နင့်ကို တွေ့ချင်လိုက်တာလည်း လွန်ရောပဲ။
သားလေးရဲ့ တစ်လပြည့် မွေးနေ့ပွဲကိုလည်း လာတက်ဦးနော်။
ငါတို့ရဲ့ ယပ်တောင်ပေါ်မှာ ငါ့သားအကြောင်း ဘာရေးထားသလဲဆိုတာ နင် တွေ့ရလိမ့်မယ်။
ရွှယ်ဟွား ❞
ရွှယ်ဟွားအနေဖြင့် ယခုကဲ့သို့ ကျန်းမာသော သားတစ်ယောက်ကို ဖွားမြင်နိုင်ခဲ့သည့်အတွက် ကျွန်မ ဝမ်းသာ ပျော်ရွှင်ခဲ့သည်။ ရှေ့လျှောက်လည်း ကျန်းကျန်းမာမာ ရှိနေနိုင်ပါစေဟု ကျွန်မ ဆုတောင်းနေမိသည်။ ကျွန်မတို့ ဒေသ၏ ဘဝများက ကြမ်းတမ်းလွန်းလှသောကြောင့် ဤသို့ ဆုတောင်းပေးနေရခြင်း ဖြစ်သည်။ ကျွန်မတို့ မိန်းမသားများသည် လူလားမြောက်သော သားသမီးငါးယောက် ဖြစ်ထွန်းနိုင်ရန် မျှော်လင့်တောင့်တကြသည်။ ဤသို့ ဆုတောင်းပြည့်နိုင်ရန်အတွက် ကျွန်မတို့မှာ နှစ်စဉ် သို့မဟုတ် နှစ်နှစ်တစ်ကြိမ် ကိုယ်ဝန်ဆောင်နေကြရသည်။ ကလေးအများစုသည် ကိုယ်ဝန်ပျက်ကျ၍ သော်လည်းကောင်း၊ မီးဖွားစဉ်၌ သော်လည်းကောင်း၊ ငယ်ငယ်ရွယ်ရွယ်နှင့် နာမကျန်းဖြစ်၍ သော်လည်းကောင်း ပျက်စီးကြရသည်။ သမီးမိန်းကလေးများမှာ အစာအာဟာရ ချို့တဲ့မှုနှင့် လျစ်လျူရှုခံရမှုတို့ကြောင့် ကိုယ်ခန္ဓာချည့်နဲ့ကာ ရောဂါထူပြောပြီး ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးကြရသည်။ တချို့မှာလည်း ကျွန်မ၏ ညီမငယ်ကဲ့သို့ ခြေထုပ်စဉ် အသက်ပျောက်ကြရသည်။ တချို့ကလည်း မီးဖွားစဉ်၊ တချို့ကလည်း အာဟာရချို့တဲ့၍ အလုပ်ပင်ပန်းမှုဒဏ်ကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် အသက်ဆုံးရှုံးကြရသည်။ သို့တည်းမဟုတ် ကျွန်မတို့ ချစ်သော သူများထက်ပင် အသက်ပိုရှည်တတ်ကြသည်။ မိဘတို့၏ အဖိုးတန် ရတနာများ ဖြစ်ကြသော သားယောက်ျားလေးများလည်း အလွယ်တကူ သေဆုံးနိုင်ကြသည်။ ယောက်ျားကြီးများ အဖို့လည်း အသက်အန္တရာယ်က လက်တစ်ကမ်းတွင် ရှိနေသည်။ ထိခိုက်ပွန်းပဲ့ခြင်း မှတစ်ဆင့် ပိုးဝင်ခြင်း၊ အစာအဆိပ်သင့်ခြင်း၊ လယ်ကွင်းထဲ သို့မဟုတ် လမ်းမများပေါ် ခိုက်ရန်ဖြစ်ခြင်း၊ မိသားစုကြီးတစ်ခုလုံးကို ကျွေးမွေးစောင့်ရှောက်ရသည့် ဖိအားကို နှလုံးက ခံနိုင်ရည် မရှိတော့ခြင်း စသည့် အန္တရာယ်များက သူတို့၏ အသက်ဝိညာဉ်ကို ထုတ်ယူသွားတတ်ကြသည်။ ထို့ကြောင့်လည်း ရွာတိုင်း၌ မုဆိုးမများ ပုံအောနေခြင်း ဖြစ်သည်။ မည်သို့ဆိုစေ၊ ဘဝသစ်တစ်ခု၏ ပထမဆုံး ငါးနှစ်တာ ကာလသည် ယောက်ျားကလေးနှင့် မိန်းကလေးများ အားလုံးအတွက် အကဲဆတ်သော နှစ်ကာလများပင် ဖြစ်တော့သည်။
ကျွန်မသည် ရွှယ်ဟွား၏ သားငယ်အတွက်တင်မကဘဲ မိမိ၏ ရင်နှင့်လွယ်ရသော ရင်သွေးအတွက်ပါ စိတ်ပူနေမိသည်။ ကျွန်မအနေဖြင့် ဤအာဝေဏိက ဒုက္ခအတွက် ထိတ်လန့်ပြနေရန် မဖြစ်နိုင်သကဲ့သို့ ကျွန်မကို အားပေးရန်နှင့် နှစ်သိမ့်ပေးရန် အတွက်လည်း အနားတွင် တစ်ယောက်မျှ မရှိပေ။
ကျွန်မ၏ မိဘအိမ်တွင် ရှိနေစဉ်အခါက မာမားသည် ကျွန်မကို လက်တွေ့ကျသော အကြံဉာဏ်များ ပေးရမည့်အစား တင်းကျပ်လွန်းသော ရှေးရိုးစွဲ အစဉ်အလာများကို ကျင့်သုံးခြင်းဖြင့်သာ အလုပ်များနေခဲ့သည်။ အကြိမ်ပေါင်းများစွာ ကိုယ်ဝန်ပျက်ကျခဲ့ဖူးသော စိန်စိန်းမှာမူ ကျွန်မထံသို့ ကံဆိုးမိုးမှောင်ကျမှုများ ကူးစက်လာမည်ကို စိုးရိမ်သောကြောင့် ကျွန်မကို ရှောင်ဖယ်ဖယ် ပြုလုပ်နေခဲ့သည်။ ယခု ခင်ပွန်းသည်အိမ်၌လည်း ကျွန်မမှာ တစ်ကိုယ်တည်း၊ တစ်ယောက်တည်းသာ။ ကျွန်မ၏ ယောက္ခမများနှင့် ခင်ပွန်းက ကလေး၏ ကောင်းခြင်း၊ ဆိုးခြင်းကို စိတ်ဝင်တစား ရှိကြသည်မှာ မှန်ပါ၏။ သို့သော် ကျွန်မ၏ ဝမ်းဗိုက်အတွင်းမှ အသေကောင်ကလေး ထွက်လာမည်ကို မည်သူကမျှ ပူပန်နေကြဟန် မတူပေ။
ရွှယ်ဟွား၏စာက အတိတ်နိမိတ် ကောင်းသည်ဟု ကျွန်မ ယူဆသည်။ အကယ်၍သာ မီးဖွားခြင်းအမှုသည် သူ့အတွက် လွယ်ကူ ချောမွေ့ခဲ့ပါမူ ကျွန်မ၏ ရင်သွေးနှင့် ကျွန်မသည်လည်း ကျန်းမာချမ်းသာစွာ ကိစ္စပြီးနိုင်လိမ့်မည်။ ကိုယ်စီဘဝအသစ်၌ နေထိုင်နေကြရသော်လည်း တစ်ဦးအပေါ်တစ်ဦး ထားရှိကြသော ကျွန်မတို့၏ ချစ်ခြင်းမေတ္တာက ပျက်ပြယ်ခြင်း မရှိသေးကြောင်း ကြားသိရသဖြင့် ကျွန်မ တစ်အားတက်ရသည်။ ကျွန်မတို့၏ အိမ်ထောင်သည်ဘဝ စတင်လျှောက်လှမ်းချိန်တွင် ကျွန်မတို့၏ ချစ်ခြင်းမေတ္တာမှာ ပို၍ ခိုင်မာလာသည်ဟုပင် ဆိုနိုင်သည်။ ပေးစာများမှတစ်ဆင့် ကျွန်မတို့၏ တုန်လှုပ်ချောက်ချားဖွယ် အတွေ့အကြုံများနှင့် စိတ်ရွှင်လန်းဖွယ် အောင်မြင်မှုတို့ကို အချင်းချင်း မျှဝေခဲ့ကြသည်။ သို့သော်လည်း ဒေသ သို့မဟုတ် မိသားစု၏ တင်းကျပ်သော စည်းကမ်း ဥပဒေသများကို ကျွန်မတို့ မဖြစ်မနေ လိုက်နာ ဆောင်ရွက်ကြသည်။ ခင်ပွန်းသည်အိမ်တွင် အခြေချ နေထိုင်နေကြရသော အိမ်ထောင်ရှင်မများ အဖြစ်ဖြင့် ကျွန်မတို့၏ ကလေးကလား အပြုအမူများကို စွန့်လွှတ်နိုင်ရမည်။ ကျွန်မတို့သည် စာများကို သတ်မှတ်ထားသော ပုံစံ၊ သတ်မှတ်ထားသော စံနှုန်းများဖြင့် သိုသိုသိပ်သိပ် ရေးကြရသည်။ ထိုသို့ ရေးရသည့် အကြောင်းအရင်း တစ်စိတ်တစ်ဒေသမှာ ကျွန်မတို့ အိမ်ထောင်ရှင်မများသည် မိသားစုအသစ်၏ လုပ်ပုံကိုင်ပုံ အသစ်များကို သင်ယူ လေ့လာနေကြသော သူစိမ်းများသာ ဖြစ်သောကြောင့် ဖြစ်သည်။ နောက်ထပ် အကြောင်းအရင်းတစ်ခုမှာ ကျွန်မတို့၏ စာများကို မည်သူမဆို ဖောက်ဖတ်နိုင်သောကြောင့်ပင်။
ကျွန်မတို့၏ စကားလုံးများသည် အနှောင့်အသွား လွတ်နေဖို့ လိုသည်။ လက်ရှိ အနေအထားနှင့် ပတ်သက်၍ အဆိုးမြင်လွန်းသော အမြင်များ ရေးသား၍ မဖြစ်ပေ။ ပုံမှန်အားဖြင့် အိမ်ထောင်ရှင်မတစ်ယောက်၏ ပေးစာထဲတွင် မကျေနပ်ချက်များ သို့တည်းမဟုတ် ညည်းညူ တိုင်ကြားချက်များ တစ်ခုမဟုတ်တစ်ခု ပါတတ်လေရာ လုံးဝ မပါလျှင်လည်း သဘာဝ ကျတော့မည် မဟုတ်ပေ။ ကျွန်မတို့ မည်မျှ သနားစရာကောင်းကြောင်း၊ မည်မျှ ခိုကိုးရာ မဲ့နေကြောင်း၊ မည်မျှ အလုပ်လုပ်ရကြောင်း၊ မိဘအိမ်ကို မည်မျှ လွမ်းဆွတ်နေကြောင်းနှင့် မည်မျှ ဝမ်းနည်းကြေကွဲနေကြောင်း စသည်ဖြင့် ရေးတတ်ကြသည်။ ကျွန်မတို့၏ ခံစားချက်များကို တိုက်ရိုက် ဖော်ညွှန်း၍ ရေးသား တင်ပြနိုင်သော်လည်း ကျေးဇူးကန်းသော၊ ရင့်သီးကြမ်းကြုတ်သော၊ လူကြီးမိဘအပေါ် မခန့်လေးစားပြုသော စကားလုံး အသုံးအနှုန်းများ ပါ၍ မဖြစ်ပေ။ မိမိတို့ဘဝ၏ အဖြစ်သနစ်အမှန်ကို လူကြားသူကြား ထုတ်ဖော်ဖွင့်ဟတတ်သော ချွေးမတစ်ယောက်သည် မိဘမောင်ဖွားများနှင့် လင်သားမိသားစုကိုပါ အရှက်ရစေသောသူ ဖြစ်၏။ ထို့ကြောင့်လည်း ကျွန်မ၏ ဇာတ်လမ်းကို ထုတ်ဖော် ပြောပြနိုင်ရန်အတွက် သူတို့အားလုံး ကွယ်လွန်သည်အထိ စောင့်ဆိုင်းနေခဲ့ရခြင်း ဖြစ်ပေသည်။
အစပိုင်း၌ ကျွန်မ ကံကောင်းခဲ့သည်ဟု ဆိုရပါမည်။ ကျွန်မတွင် တင်ပြစရာ ဆိုးဆိုးဝါးဝါး အဖြစ်အပျက်ဟူ၍ ဘာမျှ မရှိခဲ့ပါ။ ကျွန်မတို့ စေ့စပ်ကြောင်းလမ်း ပြီးစဉ်ကတည်းက သိရှိထားခဲ့ရသည်မှာ ကျွန်မခင်ပွန်းသည်၏ ဘကြီးသည် မင်းတိုင်ပင်ခံ အမတ်တစ်ဦး ဖြစ်သည်။ ငယ်ငယ်က ကျွန်မ ကြားဖူးခဲ့သော ဆိုရိုးစကားတစ်ခု ရှိသည်။
“တကယ်လို့သာ လူတစ်ယောက်ဟာ အစိုးရအရာရှိတစ်ယောက် ဖြစ်လာခဲ့ရင် သူ့မိသားစုရဲ့ ခွေးတွေ၊ ကြောင်တွေအကုန်လုံး နတ်ပြည်ရောက်ကြရတော့တာပဲ” ဟူ၍။ ယခုသော် နဖူးတွေ့ ဒူးတွေ့ ကြုံနေရချေပြီ။ ဘကြီးတော်လူးသည် နေပြည်တော်တွင် နေထိုင်ပြီး သူ၏ ပိုင်ဆိုင်မှု မှန်သမျှကို ကျွန်မ ယောက္ခမဖြစ်သူ လူးလောင်ရဲက ကြည့်ရှုစောင့်ရှောက် ပေးထားရသည်။ ကျွန်မ၏ ယောက္ခမကြီးခမျာ နေ့တိုင်းလိုလို နေထွက်မှ နေဝင်အထိ လယ်တောထဲသို့ သွားပြီး တောင်သူလယ်သမားများနှင့် သီးနှံများအကြောင်း ဆွေးနွေး ပြောဆိုရသည်။ စိုက်ပျိုးမြေများကို ကြီးကြပ်ရသည်။ ထုံးခိုရွာ၏ မြို့မျက်နှာဖုံး လူကြီးသူမများနှင့် တွေ့ဆုံရသည်။ လယ်မြေများတွင် ဖြစ်ပေါ်လာနိုင်သည့် ကိစ္စအဝဝနှင့် တာဝန်ဝတ္တရားများ အားလုံးသည် သူ့ပခုံးထက်၌သာ တည်ရှိနေသည်။ ဘကြီးတော်လူးကမူ ဓနဥစ္စာများ မည်သို့မည်ပုံ ဖြစ်ပေါ်လာသည်ကို တစိုးတစိမျှ စိတ်ပူစရာ မလိုဘဲ အလိုရှိတိုင်း သုံးဖြုန်းနိုင်ခဲ့သည်။ သူ၏ ဂုဏ်ရောင်ဂုဏ်ဝါကြောင့် အငယ်ဆုံး ညီနှစ်ယောက်မှာလည်း ကျွန်မတို့၏ အိမ်အနီးအနားတွင် ကြောင့်ကြမဲ့စွာ နေနိုင်ခဲ့ကြသည်။ ကျွန်မတို့၏ အိမ်လောက်တော့ ခန့်ညားသေသပ်မှု မရှိပေ။ သူတို့သည် ကျွန်မတို့နှင့်အတူ မကြာခဏ ညစာ လာစားတတ်ကြပြီး သူတို့၏ ဇနီးများကလည်း ကျွန်မတို့၏ အပေါ်ထပ် အမျိုးသမီးဆောင်ထဲသို့ နေ့တိုင်းနီးပါး ရောက်ရှိနေတတ်သည်။ တစ်နည်းဆိုရသော် ဘကြီးတော်လူး၏ မိသားစုဝင် – ခွေးများ၊ ကြောင်များမှစ၍ မီးဖိုချောင်ထဲတွင် အလုပ်ကြမ်း လုပ်ကြရသော ခြေကြီးမ အိမ်စေငါးယောက် အပါအဝင် – အားလုံးသည် သူ၏ အရိပ်အာဝါသကြောင့် ကောင်းကျိုးချမ်းသာကို ခံစား စံစားနေကြရသည်။
ဘကြီးတော်လူးသည် ဤမိသားစုကြီး၏ အခေါင်အချုပ် ပုဂ္ဂိုလ် ဖြစ်သည်။ ကျွန်မသည် ဤအိမ်တော်၏ ဦးဆုံး ချွေးမဖြစ်ခြင်းနှင့် ခင်ပွန်းအတွက် သားဦးတစ်ယောက် မွေးဖွားပေးနိုင်ခဲ့ခြင်းတို့ကြောင့် ကျွန်မ၏ ဌာနန္တရကို မြဲမြံအောင် လုပ်ဆောင်နိုင်ခဲ့သည်။ သားငယ်ကို မွေးဖွားပြီး၍ ဝမ်းဆွဲက ကျွန်မလက်ထဲသို့ ကလေးကို ထည့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် မီးဖွားရခြင်းကြောင့် ဖြစ်ပေါ်ခဲ့ရသော ကာယိက ဒုက္ခဝေဒနာများအားလုံး ကင်းစင် လွင့်ပျောက်သွားတော့သည်။ ထို့အပြင် ကျွန်မ ကိုယ်ပေါ်သို့ ကျရောက်လာနိုင်သော ကြမ္မာဆိုးများ အားလုံးကို စိတ်ပူပန်စရာ မလိုအပ်တော့ပြီ ဖြစ်သောကြောင့်လည်း စိတ်သက်သာရာ ရရှိသွားသည်။ အိမ်တော်ရှိ လူများအားလုံး ပျော်ရွှင်မြူးထူးနေကြကာ သူတို့၏ ကျေးဇူးတုံ့ပြန်မှုများက ကျွန်မထံသို့ နည်းမျိုးစုံဖြင့် ရောက်ရှိလာကြသည်။ ကျွန်မ၏ ယောက္ခမ-အမေသည် ကျွန်မအတွက် စိမ်ရည်၊ ဂျင်း၊ မြေပဲတို့ဖြင့် ပြုလုပ်ထားသော အာဟာရစွတ်ပြုတ်ကို ပြုလုပ်ပေးသည်။ နို့ထွက်အား ကောင်းစေပြီး သားအိမ်ကျုံ့စေသည်ဟု ဆိုသည်။ ကျွန်မ၏ ယောက္ခမ-အဖေကလည်း သူ၏ မယားငယ်များမှတစ်ဆင့် ကျွန်မထံသို့ အပြာရောင် ဘရိုကိတ်ပိုးထည်တစ်အုပ် ပို့ပေးခဲ့သည်။ သူ၏ မြေးဦးလေးအတွက် အင်္ကျီချုပ်လုပ်ပေးနိုင်ရန် ဖြစ်သည်။ ကျွန်မ၏ ခင်ပွန်းက ကျွန်မအနားတွင် ထိုင်ကာ ကျွန်မနှင့် စကားများ ပြောနေခဲ့သည်။
ဤသို့သော အကြောင်းများကြောင့် လူးမိသားစုအတွင်းသို့ အိမ်ထောင်ကျလာကြသော မိန်းမငယ်များနှင့် နွီစူးသင်ယူကြသော ကျွန်မ၏ တပည့်မကလေးများကို သားတစ်ယောက် မြန်မြန်ရရန် ကြိုးစားသင့်ကြောင်း မကြာခဏ ဆုံးမပြောဆိုတတ်သည်။ သားရတနာများသည် မိန်းမသားတို့၏ အခြေခံအုတ်မြစ် ဖြစ်သည်။ သူတို့က မိန်းမတစ်ယောက်ကို အသိအမှတ် ပြုခံရအောင် ပြုလုပ်ပေးကြသည်။ ထို့အပြင် ဂုဏ်သိက္ခာရှိမှု၊ အစောင့်အရှောင့် ခံရမှုနှင့် ငွေရေးကြေးရေးဆိုင်ရာ အာမခံချက်တို့ကိုလည်း ဖော်ဆောင်ပေးနိုင်သေးသည်။ မိမိ၏ ခင်ပွန်းသည်နှင့် ဘိုးဘွားဘီဘင်တို့အကြားရှိ ပေါင်းကူးတံတားသဖွယ် သားရတနာများက ရွက်ဆောင်ပေးကြသည်။ ဤသို့သော ရလဒ်မျိုးကို ယောက်ျားတစ်ယောက်သည် ဇနီးမယားတစ်ယောက်၏ အကူအညီ မပါဘဲ လုပ်ဆောင်ရန် လုံးဝ မဖြစ်နိုင်ပေ။ သားယောက်ျားလေးတိုင်း၏ အကြီးမားဆုံး တာဝန်တစ်ခုဖြစ်သော မျိုးဆက် တည်တံ့ခိုင်မြဲရေးကို အာမခံပေးနိုင်သူမှာ သူတို့၏ ဇနီးမယားသာ ဖြစ်သည်။ ထိုသို့ မျိုးဆက်တည်တံ့အောင် လုပ်ဆောင်နိုင်မှသာလျှင်လည်း သားသမီးဝတ်ကို ကျေပွန်ရာရောက်ပြီး မိဘဘိုးဘွားများကို အကောင်းဆုံးနည်းဖြင့် ကျေးဇူးဆပ်ရာ ရောက်ပေလိမ့်မည်။ ဤသို့ သားရတနာတစ်ယောက် ဖွားမြင်ပေးနိုင်ခြင်းမှာ ဇနီးသည် မိန်းမများအတွက်လည်း အကြီးမြတ်ဆုံးသော ဂုဏ်ကျက်သရေကို ဆောင်နေပေသည်။ ထိုအရာများ အားလုံးကို ကျွန်မ လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သောကြောင့် ဖရဏာပီတိ ဂွမ်းဆီထိနှယ် ဝမ်းမြောက်ကြည်နူး ဖြစ်နေမိတော့သည်။
❝ ရွှယ်ဟွား
ငါ့သားလေးက အခု ငါ့ဘေးမှာ အိပ်နေတယ်။
ငါ မီးတွင်းက မထွက်ရသေးဘူး။
ငါ့ယောက်ျားက မနက်ဆိုရင် ငါ့ဆီကို လာလည်တတ်တယ်။
သူ့မျက်နှာက ပြုံးလို့ ပျော်လို့ပါအေ။
ငါ့သားလေးကတော့ သူ့မျက်လုံး ပြူးပြူးလေးတွေနဲ့ ငါ့ကို အမြဲ စူးစမ်းနေတတ်တယ်။
တစ်လပြည့်မွေးနေ့မှာ နင့်ကို တွေ့ချင်လှပြီ သိလား။
ငါ့သားအတွက် ငါတို့ရဲ့ ယပ်တောင်ပေါ်မှာ စကားလုံး လှလှလေးတွေနဲ့ ရေးထားပေးစမ်းပါ။
နင့်ရဲ့ မိသားစုအကြောင်းလည်း ငါ့ကို ပြောပြဦးလေ။
ငါ့ယောက်ျားနဲ့ ငါက သိပ်ပြီး မတွေ့ဖြစ်ကြဘူးဟ။ နင်ရော …
နင် ရှိနေတဲ့နေရာကို ငါ့အိမ် ပြတင်းပေါက်ကနေ လှမ်းကြည့်နေဖြစ်တယ်။
နင်ကတော့ ငါ့နှလုံးသားထဲမှာ အမြဲတမ်း သီချင်းဆိုနေတတ်တာပဲ။
ငါ နင့်ကို နေ့တိုင်း သတိရနေတယ်ဟာ။
ပိုင်ဟော ❞
အိမ်ထောင်ဦးကာလကို ‘ဆန်ဆီဆား’ နေ့ရက်များဟု အဘယ်ကြောင့် ခေါ်ဆိုကြကြောင်း သင်သိပါသလား။ အကြောင်းဆိုရသော် ထိုနေ့ရက်များတွင် ဇာထိုးပန်းထိုးခြင်း၊ ရက်ကန်းရက်ခြင်း၊ ချုပ်လုပ်ဖာထေးခြင်း၊ ဖိနပ်ချုပ်ခြင်း၊ ချက်ပြုတ်ခြင်း၊ ပန်ကန်းဆေးခြင်း၊ အိမ်သန့်ရှင်းခြင်း၊ အဝတ်လျှော်ခြင်း၊ မီးဖိုကို မီးမပြတ် ထိုးပေးနေရခြင်းအပြင် ကိုယ်နှင့် ကောင်းကောင်းမသိသေးသော ယောက်ျားတစ်ယောက်နှင့် ကာမစပ်ယှက်ရန် ညအချိန် အသင့်စောင့်နေရခြင်း စသည့် သာမန်အိမ်တွင်းမှု ကိစ္စများနှင့်သာ နိစ္စဓူဝ အချိန်ကုန် နေရသောကြောင့် ဖြစ်ပါသည်။ သားဦးသမီးဦးကို မျက်နှာမြင်ထားသော အတွေ့အကြုံ နုနယ်သေးသည့် မိခင်ငယ်များ အနေဖြင့် အလုပ်တစ်ခုကို ထပ်ပြန်တလဲလဲ လုပ်နေကြရသောကြောင့် စိတ်ပျက် ငြီးငွေ့ဖွယ်နှင့် စိတ်သောကရောက်ဖွယ် နေ့ရက်များကိုလည်း ရင်ဆိုင်ကြုံတွေ့ကြရသည်။
ကလေးက ဘာကြောင့် ငိုနေရသနည်း။ ဗိုက်ဆာနေ၍လား။ နို့ချိုရော လုံလုံလောက်လောက် စို့ရပါ၏လော။ ကလေးက အိပ်ရော အိပ်ပါရဲ့လား။ သူ အအိပ်များ လွန်နေပြီလား။ ထို့နောက် ဖျားနာခြင်း၊ အဖုအပိန့်ထခြင်း၊ ပိုးကောင်မွှားကောင် ကိုက်ခြင်း၊ အပူလွန်ကဲခြင်း၊ အအေးလွန်ကဲခြင်း၊ လေနာထခြင်း၊ ထို့အပြင် နှစ်စဉ်နှစ်တိုင်း ကလေးများကို သေမင်းဆီသို့ ခေါ်ဆောင်သွားတတ်သော ခရိုင်အနှံ့ ဖြစ်ပွားလေ့ရှိသည့် ကပ်ဆိုးဘေးဆိုးများကလည်း တစ်မှောင့်။ တိုင်းရင်းဆေး ဆရာဝန်များ၏ ကြိုးစားအားထုတ်မှုက မည်သို့ပင် ရှိစေ၊ ဘိုးဘွားကန်တော့စင်များ၌ မည်သို့ပင် ပူဇော်ပသပါစေ၊ မိခင်၏ မျက်ရည်များ မည်မျှပင် ကျဆင်းပါစေ၊ သေမင်းတမန်၏ လက်မှ ပြန်လုနိုင်ရန် ခဲယဉ်းလှသည်။ မိမိ၏ ရင်ခွင်အတွင်း၌ နို့ချိုကို သောက်စို့နေသော ကလေးငယ်အပြင် ကျွန်မတို့ အိမ်ထောင်ရှင် မိန်းမသားများတွင် ပိုမို ကြီးလေးသော တာဝန်ဝတ္တရားတစ်ခု ရှိနေသေးသည်။ ၎င်းမှာ မျိုးဆက် အဆက်ပေါင်းများစွာ ကြာရှည်တည်တံ့ ပြန့်ပွားသွားစေနိုင်ရန်အတွက် အာမခံချက်အဖြစ် သားယောက်ျားလေးများကို များနိုင်သမျှ များအောင် မွေးဖွားပေးရမည် ဖြစ်သည်။ သို့သော် မီးဖွားပြီးနောက် ရက်သတ္တပတ် အနည်းငယ်အတွင်း၌ ကျွန်မတွင် တခြား စိတ်ပူပန်စရာ ရှိနေခဲ့ပြန်သည်။ ၎င်းမှာ ကျွန်မ၏ ချွေးမတာဝန်၊ မယားတာဝန်၊ မိခင်တာဝန်တို့နှင့် လုံးဝ မသက်ဆိုင်ပါ။
သားငယ်၏ တစ်လပြည့် မွေးနေ့ပွဲသို့ ရွှယ်ဟွားကို ဖိတ်ကြားရန် ယောက္ခမအား ခွင့်တောင်းကြည့်သည့်အခါတွင် သူက တစ်ချက်လွှတ်အမိန့်ဖြင့် ပယ်ချပစ်လိုက်သည်။ ကျွန်မတို့၏ ခရိုင်အတွင်းရှိ လူများက ၎င်းကို ရိုင်းပျသော စော်ကားမှုတစ်ခုဟု မှတ်ယူကြသည်။ ယောက္ခမက ဤသို့ ငြင်းဆန်လာလိမ့်မည်ဟု ကျွန်မ မှန်းဆမိ၍ စိတ်ရှုပ်ထွေးနေခဲ့ရသော်လည်း သူ၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲသွားအောင်လည်း လုပ်နိုင်စွမ်း မရှိပေ။ ထိုနေ့မှာ ကျွန်မဘဝ၏ အရေးအပါဆုံးသော၊ အစည်းကား အသိုက်မြိုက်ဆုံးသော နေ့ထူးနေ့မြတ်တစ်ခု ဖြစ်လာခဲ့သည်။ ထိုနေ့ကို ရွှယ်ဟွားမပါဘဲ ဖြတ်သန်းခဲ့ရသည်။ လူးမိသားစုသည် ဘိုးဘွားဘုံကျောင်းသို့ သွား၍ တခြားသော မိသားစုဝင်များ၏ နာမည်ရှိရာ နံရံပေါ်တွင် ကျွန်မသားငယ်၏ နာမည်ကို ချိတ်ဆွဲလိုက်ကြသည်။ ရှင်သန်ခြင်း၏ အမှတ်နိမိတ်ဖြစ်သော ကြက်ဥနီများကို ဧည့်သည်များနှင့် ဆွေးမျိုးမိတ်သင်္ဂဟများအား ဝေငှခဲ့သည်။ ၎င်းအပြင် ခမ်းနားကြီးကျယ်သော စားသောက်ဖွယ်ရာများနှင့်လည်း တည်ခင်းဧည့်ခံသေးသည်။ ဧည့်ခံစားပွဲပေါ်တွင် ငှက်သိုက်စွတ်ပြုတ်၊ ၆ လကြာ စိမ်ထားသော ချိုးဆားရည်စိမ်၊ ထို့အပြင် ဝိုင်စိမ်ထားသော ဘဲကို ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်နီတောင့်၊ ငရုတ်စိမ်းတောင့်တို့ဖြင့် ပေါင်းထားသော ဝိုင်စိမ်ဘဲပေါင်း စသည်တို့ကို တွေ့မြင်နိုင်သည်။
အခမ်းအနား ကျင်းပစဉ် ကာလတစ်လျှောက်လုံး၌ ရွှယ်ဟွားကို ကျွန်မ ပြင်းပြင်းပြပြ လွမ်းဆွတ်နေခဲ့သည်။ မွေးနေ့ပွဲ ပြီးသည့်နောက်တွင်မှ သူ့ထံသို့ စာတစ်စောင် ပေးပို့ပြီး မွေးနေ့ပွဲအကြောင်းကို မှတ်မိသမျှ စုံလင်အောင် အသေးစိတ် ပြောပြလိုက်သည်။ ဆိုးရွားစွာ လျစ်လျူရှုခံခဲ့ရသော သူ့အတွက် ဤစာသည် အနာပေါ် တုတ်ကျသကဲ့သို့ ဖြစ်သွားနိုင်ကြောင်း ကျွန်မ တွေးမနေချင်တော့။ သို့သော် သူက အခြေအနေကို အရှိအတိုင်း လက်သင့်ခံလိုက်ကြောင်း သိသာနေသည်။ သူက ကျွန်မထံသို့ ပန်းထိုးထားသော ကလေးဝတ်အင်္ကျီတစ်ထည်နှင့် လှပသော ဦးထုပ်လေးတစ်လုံးကို လက်ဆောင်အဖြစ် ပို့ပေးခဲ့သည်။
ကျွန်မ၏ ယောက္ခမက ၎င်းပစ္စည်းများကို တွေ့မြင်သွားသည့်အခါ ဤသို့ ဆိုလာသည်။
“မိခင်တစ်ယောက်အနေနဲ့ သူ့ဘဝထဲ ဘယ်သူတွေကို ပေးဝင်သင့်သလဲဆိုတာ ဂရုတစိုက် ရွေးချယ်ထားသင့်တယ်။ ညည်းသားရဲ့ အမေက သားသတ်သမားတစ်ယောက်ရဲ့ မိန်းမနဲ့ အဆက်အဆံ ရှိနေဖို့ မကောင်းဘူး။ ယဉ်ကျေးသိမ်မွေ့တဲ့ မိခင်တစ်ယောက်ကသာ ယဉ်ကျေးသိမ်မွေ့တဲ့ သားတစ်ယောက်ကို ပြုစု ပျိုးထောင်ပေးနိုင်တယ်။ ဒါကြောင့် ညည်းအနေနဲ့ ငါတို့ရဲ့ ဆန္ဒကို တစ်သဝေမတိမ်း လိုက်နာဖို့ ငါတို့ မျှော်လင့်ပါတယ်”
သူ၏ ပြောစကားအရ ဆိုလျှင် ကျွန်မ၏ ယောက္ခမများသည် ရွှယ်ဟွားကို မွေးနေ့ပွဲသို့ မတက်ရောက်စေချင်ရုံမျှမက ကျွန်မကိုလည်း သူနှင့် လုံးဝ အဆက်အသွယ် ဖြတ်စေလိုကြောင်း နားလည် သဘောပေါက်လာခဲ့သည်။ ကျွန်မ အကြီးအကျယ် တုန်လှုပ်သွားခဲ့သည်။ ကြောက်လန့်သွားခဲ့သည်။ ကလေး မီးဖွားပြီးသည့်နောက်တွင် ပထမဆုံးအကြိမ်အဖြစ် ကျွန်မ အသည်းအသန် ငိုကြွေးခဲ့သည်။ ကျွန်မ ဘာဆက်လုပ်ရမည်နည်း။ ဤကိစ္စ၌ ယောက္ခမများကို တော်လှန်ပုန်ကန် ရပေတော့မည်။ မည်မျှ အန္တရာယ် ကြီးလိမ့်မည်ကို ကျွန်မ မတွေးဆတတ်ခဲ့ပါ။
ထိုကာလများအတွင်း၌ ရွှယ်ဟွားနှင့် ကျွန်မတို့သည် နေ့စဉ်နီးပါးမျှ တစ်ယောက်ကို တစ်ယောက် လျှို့ဝှက်စွာ စာရေးဆက်သွယ်နေခဲ့ကြသည်။ နွီစူးကို ယောကျ်ားများက မြင်လည်း မမြင်ဖူး၊ ဖတ်လည်း ဖတ်တတ်လိမ့်မည် မဟုတ်ဟု ယခင်က ကျွန်မ ယူဆထားခဲ့သည်။ သို့သော် လူးအိမ်တော်သို့ ရောက်လာသည့် အခါတွင်မူ ဤအိမ်မှ ယောက်ျားများအားလုံး ရေးတတ်၊ ဖတ်တတ် နေသည်ကို တွေ့မြင်လိုက်ရသည်။ ကျွန်မတို့၏ နွီစူးမှာ သူတို့အတွက် လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ပေ။ သို့ဖြင့် ဤခရိုင်အတွင်းမှ ယောက်ျားများလည်း နွီးစူးအကြောင်းကို သိနေကြပေ လိမ့်မည်ဟု ကျွန်မ အတွေးပေါက်လာသည်။ မသိနိုင်ဘဲ အသို့ ရှိအံ့နည်း။ သူတို့ ဝတ်ဆင်ထားသော ပန်းထိုး ဖိနပ်များပေါ်တွင် နွီစူးစာများ ရေးထိုးထားသည်။ အဝတ်အစား များပေါ်တွင် ရက်လုပ် ထားသော နွီစူးစာကြောင်းများကို သူတို့ တွေ့မြင်ပေလိမ့်မည်။ ကျွန်မတို့ ဆိုသော နွီစူးသီချင်းများကို သူတို့ ကြားပေလိမ့်မည်။ ကျွန်မတို့၏ စန်းချောင် စာအုပ်များကိုလည်း မမြင်ဖူးဘဲ နေမည် မဟုတ်ပေ။ ယောက်ျားများက ကျွန်မတို့၏ နွီစူးစာကို သူတို့စာလောက် အဆင့်အတန်း မမြင့်ဟူ၍သာ ယူဆထားခြင်း ဖြစ်ရပေမည်။
ယောက်ျားများတွင် သံကဲ့သို့ မာကျောသော နှလုံးသားများ ရှိပြီး မိန်းမများမှာ ရေဖြင့် ပြုလုပ်ထားသည်ဟု ဆိုရိုးစကား ရှိသည်။ ဤအချက်ကို ယောက်ျားအက္ခရာများနှင့် မိန်းမအက္ခရာများကို နှိုင်းယှဉ် ကြည့်ခြင်းအားဖြင့် သိရှိနိုင်သည်။ ယောက်ျား အရေးအသား စနစ်တွင် အက္ခရာပေါင်း ၅၀၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားပြီး အက္ခရာတိုင်းတွင် မတူကွဲပြားသော ထူးခြားမှု၊ နက်နဲသော အဓိပ္ပာယ်နှင့် သိမ်မွေ့သော ကွဲပြားချက်များ ကိုယ်စီ ရှိနေကြသည်။ ကျွန်မတို့၏ မိန်းမ အရေးအသားစနစ်တွင် အက္ခရာ ၆၀၀ ခန့်သာ ရှိပြီး အသံထွက်တူသော အက္ခရာဖြင့် နောက်ထပ် စာလုံးပေါင်း ၁၀၀၀၀ ကျော်ရအောင် မွေးယူကြသည်။ ယောက်ျားအက္ခရာများကို နားလည် သဘောပေါက်နိုင်ရန် တစ်သက်တာမျှ အချိန်ပေးပြီး သင်ယူကြရသော်လည်း မိန်းမအက္ခရာများကိုမူ ကျွန်မတို့ ကလေးငယ်ဘဝကပင် တတ်မြောက်လာခဲ့ကြသည်။ ထို့နောက် စာကြောင်း၏ အဓိပ္ပာယ်ကို အသံထွက်ဖြင့် မှန်းဆ ဖော်ထုတ်ယူကြရသည်။ ယောက်ျားများက ဂန္ထဝင်စာပေများ၊ စာရင်းဇယားများ၊ ကောက်ပဲသီးနှံအကြောင်း စသည့် ပြင်ပလောကအကြောင်းကို ရေးမှတ်ကြသည်။ မိန်းမများမူကား သားသမီးများ၊ နေ့စဉ် လုပ်ငန်းဆောင်တာများ၊ စိတ်ခံစားချက်များ စသည့် အတွင်းလောကအကြောင်းကို ရေးသားကြသည်။ လူးအိမ်တော်မှ ယောက်ျားများသည် နွီစူးနှင့် ဇာထိုးပန်းထိုးတွင် ကျွမ်းကျင်လိမ္မာသော သူတို့၏ ဇနီးမယားများအတွက် ဂုဏ်ယူ ဝမ်းမြောက် ကြသော်လည်း ဝမ်းရေးအတွက် အရေးပါသော ဝက်ချီးလောက်နှင့်သာ နွီစူးကို တန်းတူ သဘောထားကြသည်။
ယောက်ျားများက ကျွန်မတို့၏ နွီစူးကို အရေးမပါဟု ယူဆထားကြသောကြောင့် ကျွန်မ ရေးသားပေးပို့သော သို့မဟုတ် လက်ခံရရှိသော စာများကိုလည်း အာရုံစိုက်ကြလိမ့်မည် မဟုတ်ပေ။ ကျွန်မ၏ ယောက္ခမ-အမေကတော့ တစ်မျိုးတစ်ဘာသာ ဖြစ်နိုင်သည်။ သူ့ကိုတော့ သတိထား ရှောင်ကွင်းသွားဖို့ လိုအပ်ပေမည်။ ကျွန်မ မည်သူ့ထံသို့ စာရေးပေးပို့ခြင်း ဖြစ်ကြောင်းကို ယခုအချိန်ထိတော့ သူ သိလိုဟန် မရှိသေး။ သို့ဖြင့် ရွှယ်ဟွားနှင့် ကျွန်မတို့သည် နောက်သီတင်းပတ်ပေါင်း များစွာအထိ လုံခြုံစွာ စာပေးစာယူ လုပ်နိုင်ခဲ့ကြသည်။ ကျွန်မတို့၏ စာများ၊ ပန်ထိုးထားသော လက်ကိုင်ပဝါများနှင့် ရက်ကန်းထည်များကို ရွာနှစ်ရွာသို့ ကူးလူးပို့ဆောင်ပေးနေသူအဖြစ် ယုံကမ်းကို အသုံးချခဲ့ကြသည်။ ကျွန်မသည် အပေါ်ထပ် ပြတင်းပေါက်မှနေ၍ သူ့ကို ကြည့်နေတတ်သည်။ ယင်းခရီးစဉ်ကို ကျွန်မကိုယ်တိုင် သွားရလျှင် ကောင်းလေစွ ဟူ၍လည်း ကြိမ်ဖန်များစွာ စဉ်းစားခဲ့ဖူးသည်။ ခရီးအကွာအဝေးက ဝေးလှသည် မဟုတ်ပါ။ ယခုအခါတွင် ကျွန်မ ခြေထောက်များကလည်း ဤမျှခရီးကို အသော့နှင်ရန် ကျန်းမာသန်စွမ်းနေကြပြီ။ သို့သော် ဓလေ့ထုံးတမ်းများက ကျွန်မတို့ကို တားမြစ်ပိတ်ပင်ထားသည်။ အမျိုးသမီးတစ်ယောက်သည် ဤမျှ အကွာအဝေးကို လျှောက်လှမ်းနိုင်သည် မှန်သော်လည်း လမ်းပေါ်တွင် သူတစ်ဦးတည်း သွားလာရန် မသင့်လျော်ပေ။ အောက်တန်းစားများ၏ ပြန်ပေးဆွဲခြင်းကို ခံရနိုင်မည့် အန္တရာယ် ရှိသည်။ ထို့အပြင် သင့်တင့်လျောက်ပတ်သော အဖော်အပေါင်း – သူ၏ ခင်ပွန်း၊ သူ၏ သားများ၊ သူ၏ အောင်သွယ်တော်၊ သို့မဟုတ်ပါက သူ၏ အထမ်းသမားများ – မပါပါက ဂုဏ်သိက္ခာ ကျဆင်းခြင်းမှာ ပိုမိုကြီးမားသော အန္တရာယ်ပင် ဖြစ်တော့သည်။ ရွှယ်ဟွားထံသို့ ကိုယ်တိုင် လမ်းလျှောက်သွားနိုင်သော်လည်း ထိုသို့သော အန္တရာယ်မျိုး ကျရောက်အောင်တော့ ကိုယ့်ကိုယ်ကိုယ် မည်သည့်အခါမျှ ပြုလုပ်လိမ့်မည် မဟုတ်ပေ။
❝ ပိုင်ဟော၊
နင်က ငါ့မိသားစုအသစ်အကြောင်း မေးထားတယ်နော်။
ငါ သိပ်ကို ကံကောင်းတာပဲ။
ငါ့ရဲ့ မိဘအိမ်မှာတုန်းက ဘာပျော်ရွှင်မှုမှ ငါ မရခဲ့ဘူး။
ငါ့မာမားနဲ့ ငါက တစ်နေ့လုံး၊ တစ်ညလုံး အသံတိတ် နေနေခဲ့ကြရတယ်။
ပါပါးရဲ့ မယားငယ်တွေ၊ ငါ့အစ်ကိုတွေ၊ ငါ့အစ်မတွေနဲ့ အိမ်စေတွေအကုန်လုံး ထွက်သွားကြတယ်။
ငါ့မိဘအိမ်က ခါလီပဲ ကျန်ခဲ့တော့တာပေါ့။
အခုတော့ ငါ့မှာ ယောက္ခမနှစ်ယောက်ရယ်၊ ငါ့ယောက်ျားရယ်၊ သူ့ရဲ့ ညီမတွေရယ် ရှိတယ်။
ငါ့ယောက်ျားအိမ်မှာ မယားငယ်လည်း မရှိဘူး။ အိမ်စေ ဆိုတာလည်း မရှိဘူး။
ရှိသမျှ အလုပ်တွေကို ငါပဲ ဒိုင်ခံလုပ်ရတယ် ဆိုပါတော့။
အလုပ်ပင်ပန်းတာကို ငါ မမှုပါဘူးဟာ။
ငါ သိသင့်သိထိုက်တဲ့ ပညာတွေ အားလုံးကို နင့်ဆီ၊ နင့်တာ့ကျယ်ဆီ၊ နင့်မာမားဆီနဲ့ နင့်စိန်စိန်းဆီကနေ ငါ ရခဲ့တယ်။
ဒါပေမယ့် ဒီမှာ နေကြတဲ့ မိန်းမတွေကတော့ နင်တို့ မိသားစုနဲ့ မတူကြဘူး။
သူတို့က အပျော်အပါးတွေ မကြိုက်ကြဘူး။
သူတို့က ပုံပြင်တွေလည်း မပြောကြဘူး။
ငါ့ယောက္ခမ-အမေက ကြွက်နှစ်မှာ မွေးတာလေ။
မြင်းနှစ်မွေးတဲ့ ငါ့လိုလူမျိုးအတွက် ဘယ်လောက် ကံဆိုးမလဲဆိုတာ နင့်ဘာသာပဲ တွေးကြည့်ပေတော့ဟာ။
ကြွက်တွေရဲ့ အမြင်မှာ ငါတို့ မြင်းတွေက အတ္တကြီးပြီး စဉ်းစားဆင်ခြင်ဉာဏ် မရှိဘူးတဲ့။ ငါ အဲဒီလို မဟုတ်တာ နင် အသိဆုံးပါပဲ။
မြင်းတွေကတော့ ကြွက်တွေကို အကြံကြီးတယ်၊ အလိုကြီးတယ်လို့ ယုံကြည်ထားကြတာပဲ။ တကယ်လည်း သူက အဲဒီလိုပဲလေ။
ဒါပေမယ့် သူ ငါ့ကို ရိုက်နှက်တာမျိုး မလုပ်ပါဘူး။
ပြီးတော့ ယောက္ခမတွေက ချွေးမတွေအပေါ် နိုင်ထက်စီးနင်း ဆက်ဆံတတ်သလို သူ ငါ့ကို အော်တာငေါက်တာမျိုးလည်း မလုပ်တတ်ဘူး။
ငါ့မာမားနဲ့ ပါပါးတို့အကြောင်းကို နင် ကြားပြီးပြီလား။
ငါ့ယောက်ျားအိမ်ကို အပြီးအပိုင် ပြောင်းနေပြီး သိပ်မကြာခင်မှာပဲ သူတို့ရဲ့ နောက်ဆုံး ပိုင်ဆိုင်မှုတွေ အကုန်လုံးကို ရောင်းချပစ်လိုက်ကြတယ်။
သူတို့ ရောင်းရငွေတွေ ပိုက်ပြီး ညတွင်းချင်း ရွာက လစ်ထွက်သွားကြတယ်လေ။
သူတောင်းစားတွေအဖြစ်နဲ့ သူတို့မှာ အခွန်ဆောင်ဖို့၊ အကြွေးဆပ်ဖို့ တာဝန်ဝတ္တရားတွေ မရှိကြတော့ဘူး။
ဒါပေမယ့်ဟာ … အခု သူတို့ ဘယ်နေရာမှာ ရှိနေကြသလဲ ဆိုတာ ငါ မသိဘူး။
ငါ့မာမားအတွက် ငါ အရမ်း စိတ်ပူတာပဲ။
သူ အသက်မှ ရှိသေးရဲ့လား။
ဘဝများ ကူးသွားပြီလား မသိဘူးနော်။
ငါ ဘာသတင်းမှကို မကြားရတော့ဘူး။
သူ့ကို နောက်တစ်ခါ ထပ် မတွေ့ရတော့ဘူး ထင်ပါတယ်ဟာ။
ငါတို့ မိသားစုတွေ ဒီလို ကြမ္မာဆိုးတွေနဲ့ ကြုံရလိမ့်မယ်လို့ရော ဘယ်သူတွေက ကြိုတင် တွက်ဆနိုင်ခဲ့ကြမှာတဲ့လဲ။
သူတို့တွေ အရင်ဘဝက အကုသိုလ်တွေ အများကြီး လုပ်ထားခဲ့လို့ပဲ ဖြစ်လိမ့်မယ်။
တကယ်လို့ သူတို့ လုပ်ထားခဲ့တယ် ဆိုရင် ငါကရော … ။
သူတို့နဲ့ ပတ်သက်တဲ့ သတင်းတစ်ခုခု ကြားထားတာ မရှိဘူးလား။ ရှိရင် ငါ့ကို ပြောပြပါလားဟာ။
နင်ရော … ဘယ်လိုနေလဲ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိရဲ့ မဟုတ်လား။
ရွှယ်ဟွား ❞
ယခုအခါ ရွှယ်ဟွား၏ မိဘများနှင့် ပတ်သက်သော ဝမ်းနည်းစရာ သတင်းဆိုးကို ကြားသိရပြီ ဖြစ်သောကြောင့် ကျွန်မသည် အိမ်တော်အတွင်းရှိ အတင်းအဖျင်း စကားများကို ရှေးကထက် ပိုမို ဂရုစိုက်၍ သတိထား နားထောင်လာတော့သည်။ ခရိုင်အတွင်း လှည့်လည်သွားလာနေကြသော အရောင်းကိုယ်စားလှယ်များနှင့် ကုန်သည်များထံမှ သတင်းအစအနများ ကြားလာရသည်။ သစ်ပင်တစ်ပင်အောက်တွင် ရွှယ်ဟွား၏ မိဘများ အိပ်စက်နေကြသည်ကို မြင်သူက မြင်ခဲ့ကြသည်။ ညစ်ပေစုတ်ပြတ်သော အဝတ်အစားများ ဝတ်ဆင်လျက် အစားအစာ တောင်းရမ်းနေကြသည်ကို မြင်သူက မြင်ခဲ့ကြသည်။ တစ်ချိန်တစ်ခါက ကျွန်မလောင်ထုံး၏ မိသားစုသည် ထုံးခိုတွင် မည်သို့မည်ပုံ တန်ခိုးထွားခဲ့ကြောင်းနှင့် သူ၏ လှပချောမောသော အမေသည် နန်းတွင်းပညာရှိ၏ မိသားစုဝင်တစ်ဦးနှင့် အိမ်ထောင်ပြုရတော့မည် ဖြစ်သောကြောင့် မည်သို့မည်ပုံ ခံစားနေရမည် ဖြစ်ကြောင်းတို့ကို ကျွန်မ မကြာခဏ တွေးကြည့်နေမိခဲ့သည်။ ယခုမူ သူ့ခမျာ ဒုက္ခရောက်နေလိုက်သည့် ဖြစ်ခြင်း။ သူ၏ ရွှေရောင်လီလီများလည်း ယခုတော့ ဘာမျှ မတတ်နိုင်တော့ပြီ။
ဩဇာကြီးမားသော မိတ်ဆွေသင်္ဂဟများ မရှိသောကြောင့် ရွှယ်ဟွား၏ မိဘများသည် ကျားသနားမှ နွားချမ်းသာရာရမည့် ဘဝမျိုးသို့ ရောက်ရှိသွားကြသည်။ ရွှယ်ဟွားခမျာလည်း မိဘအိမ်ဟူ၍ မရှိတော့သောကြောင့် မိဘမဲ့ကလေးတစ်ယောက်၏ ဘဝထက်ပင် အခြေအနေ ဆိုးရွားသွားတော့သည်။ လူအများ၏ ပေးစာကမ်းစာဖြင့် ရှင်သန်နေရသော သူတောင်းစားများအဖြစ်သို့ သက်ဆင်း ပျောက်ကွယ်သွားသော မိဘများသည် သက်ရှိထင်ရှား ရှိနေခြင်းထက် သေဆုံးသွားသည်ကမှ ပိုကောင်းလိမ့်ဦးမည်ဟု ကျွန်မ ယူဆသည်။ အနိမ့်ဆုံးအားဖြင့် သူတို့ကို ဘိုးဘေးများနှင့်အတူ မိမိ၏ ကျေးဇူးရှင်များအဖြစ် ဂုဏ်ပြု၍ ရှိခိုးဦးချနိုင်သေးသည်။
သူတို့ မည်သည့်အချိန်တွင် ကွယ်လွန်အနိစ္စ ရောက်သွားမည်နည်း။ ဤသည်ကိုလည်း သူ မသိနိုင်။ သို့ဆိုလျှင် သူတို့အတွက် သင့်တင့်လျောက်ပတ်သော ဈာပနအခမ်းအနားကိုလည်း ကျင်းပလုပ်ဆောင်ပေးနိုင်မည် မဟုတ်တော့ပေ။ နှစ်သစ်ကူးပွဲတော်တွင် သူတို့၏ အုတ်ဂူများကို သန့်ရှင်းပေးနိုင်ဖို့တော့ ဝေလာဝေးတော့သည်။ ယခုလို အချိန်မျိုးတွင် ရွှယ်ဟွား မည်မျှ ခံစားနေရမည်ကို မှန်းဆကြည့်ရုံဖြင့် သိနိုင်ပါသည်။ ပို၍ ဆိုးရွားသည့် အချက်မှာ သူ၏ သောကဝေဒနာများကို ဝေမျှနားဆင်ပေးရန်အတွက် အနားတွင် ကျွန်မ ရှိမနေပေးနိုင်ခြင်းပင် ဖြစ်သည်။ ဤအချက်က သူ့ကိုတင် မကဘဲ ကျွန်မကိုပါ အကြီးအကျယ် နေမထိ ထိုင်မသာ ဖြစ်နေစေတော့သည်။
စိတ်ချမ်းသာရဲ့လား ဟု ရွှယ်ဟွားက နောက်ဆုံးအနေဖြင့် ကျွန်မကို မေးခွန်းထုတ်သွားသည်။ မည်သို့ ပြန်လည် ဖြေကြားရမည်မှန်း ကျွန်မ မသိပေ။ အိမ်အသစ်ရှိ မိန်းမများအကြောင်းကို ကျွန်မ ရေးသင့်ပါ၏လော။ အပေါ်ထပ် အမျိုးသမီးဆောင်ထဲတွင် တစ်ဦးပေါ်တစ်ဦး မေတ္တာမထားနိုင်ကြသော မိန်းမအမြောက်အမြားနှင့် ပြည့်နှက်နေသည်။
ကျွန်မသည် ဤအိမ်တော်သို့ အစောဆုံး ရောက်ရှိလာသော ချွေးမဖြစ်သည်။ သို့သော် ထုံးခိုသို့ ကျွန်မ ရောက်ရှိပြီး များမကြာခင်တွင် ဒုတိယသားဖြစ်သော အော့တိ၏ ဇနီးလည်း ဤအိမ်အတွင်းသို့ ပြောင်းရွှေ့လာတော့သည်။ သူက အိမ်ထောင်ကျပြီး ချက်ချင်းလိုလို ကိုယ်ဝန်ဆောင်နိုင်ခဲ့သည်။ သူက အသက် ၁၈ နှစ်ပင် မပြည့်တတ်သေး။ မိဘများကို လွမ်းဆွတ်သည်ဟု ဆိုကာ အချိန်ရှိသရွေ့ ငိုယိုနေတတ်သည်။ သမီးတစ်ယောက် မွေးဖွားလာသည့် အခါတွင်မူ ယောက္ခမ၏ အငြိုအငြင်ကိုပါ ခံလာရတော့သည်။ အော့တိ၏ ဇနီးနှင့် အဆင်ပြေစေရန် ကျွန်မ ချဉ်းကပ်ကြည့်ခဲ့ပါသေးသည်။ သို့သော် သူသည် အိမ်ထောင့်တစ်နေရာတွင် ခိုကပ်ကာ သူ့အမေနှင့် သွေးသောက်များထံသို့ စာရေးရန်သာ အစဉ်အမြဲ အားထုတ်နေတတ်သည်။ အော့တိ၏ ဇနီးသည် ယောက္ခမကြီး၏ မျက်နှာသာပေးမှုကို ရရှိနိုင်ရန်အတွက် လိုသည်ထက်ပို၍ အရိုအသေပေးခြင်း၊ ကပ်ဖားယက်ဖား ပြောဆိုခြင်း၊ မိသားစုအတွင်း နေရာရရန် မသမာသောနည်းဖြင့် ကြံဆောင်ခြင်း စသော မလျော်ကန်သည့် နည်းလမ်းများဖြင့် နေ့ညမပြတ် ကြိုးပမ်းအားထုတ်နေခဲ့သည်။ ထို့အပြင် လူးလောင်ရဲ၏ မယားငယ်သုံးယောက်သည်လည်း တစ်ယောက်ကိုတစ်ယောက် အမြဲ ရန်ဆောင်နေကြပြီး သူတို့၏ မျက်နှာများက မနာလို ဝန်တိုမှုများဖြင့် အကျည်းတန်ကာ သနားစရာလည်း ကောင်းနေတော့သည်။ ဤသို့သော အကြောင်းအရာများကို ရွှယ်ဟွားအား ပြောပြချင်နေသော်လည်း ကျွန်မ မရေးဝံ့ခဲ့ပါ။
ကျွန်မ၏ ခင်ပွန်းအကြောင်းကိုရော ရွှယ်ဟွားအား မပြောပြနိုင်ဘူးလော။ ပြောပြနိုင်သည်ဟု ကျွန်မ ယူဆသည်။ သို့သော် ဘာပြောပြရမှန်း ကျွန်မ မသိပါ။ ကျွန်မသည် သူနှင့် ဆုံတွေ့ရခဲလှသည်။ သူ့ကို တွေ့မြင်ရသည့် အခါတွင်လည်း သူက တခြားတစ်ဦးတစ်ယောက်နှင့် စကားပြောနေခြင်းလည်း ဖြစ်မည်။ သို့မဟုတ်ပါက အရေးကြီးသော အလုပ်ကိစ္စတစ်ခုခုကို လုပ်ကိုင်နေခြင်းလည်း ဖြစ်မည်။
နေ့ခင်းအချိန်များ၌ သူသည် လယ်ယာများဆီသို့ သွား၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေတတ်သည်။ လုပ်ငန်းများ ကြီးကြပ်နေသည်လည်း ရှိသည်။ ထိုသို့သော အချိန်မျိုးတွင် ကျွန်မသည် အပေါ်ထပ်အဆောင်ထဲတွင် ဇာထိုးပန်းထိုး လုပ်ချင် လုပ်နေမည်။ သို့မဟုတ်ပါကလည်း တခြား အလုပ်တစ်ခုခု လုပ်နေတတ်သည်။ နံနက်စာ၊ နေ့လယ်စာနှင့် ညစာစားချိန်များတွင် ကျွန်မသည် သူ့ကို ခူးခပ်ပြုစုပေးရသည်။ ကျွန်မ၏ မိသားစု ထမင်းဝိုင်းတွင် ရွှယ်ဟွား ပြုမူခဲ့ဖူးသကဲ့သို့ ဣန္ဒြေရစွာ၊ တိတ်ဆိတ်ငြိမ်သက်စွာ သူ့ကို အလုပ်အကျွေး ပြုမြဲ ဖြစ်သည်။ ထိုသို့သော အချိန်မျိုးတွင် သူက ကျွန်မကို စကားပြောလေ့ မရှိပါ။ တစ်ခါတစ်ရံတွင် ကျွန်မတို့၏ အခန်းထဲသို့ သားလေးကို ကြည့်ရန်၊ သို့တည်းမဟုတ် ကျွန်မနှင့် အတူ‘နေ’ရန် ခပ်စောစော ရောက်လာတတ်သည်။ ကျွန်မတို့၏ လင်မယားဘဝမှာ တခြားသော လင်မယားများနှင့် ဘာမျှ ခြားနားလိမ့်မည် မဟုတ်ဟု ကျွန်မ ယူဆသည်။ ရွှယ်ဟွားတို့ လင်မယားသည်လည်း ထိုနည်းလည်းကောင်းသာ ဖြစ်နေမည် ဖြစ်သောကြောင့် ကျွန်မတွင် ထွေထွေထူးထူး ရေးစရာ မရှိပေ။
ကျွန်မ၏ဘဝတွင် ရင်ဆိုင် ကြုံတွေ့နေရသည့် အဓိကကျသော ပဋိပက္ခမှာ သူနှင့် ပတ်သက် ဆက်စပ်နေသောကြောင့် ရွှယ်ဟွား၏ နောက်ဆုံး မေးခွန်းကို ကျွန်မ မည်သို့ ဖြေကြားရပါအံ့နည်း။
“ရွှယ်ဟွားဆီကနေ ညည်း ပညာတွေ အများကြီး ရခဲ့တယ်ဆိုတာ ငါ လက်ခံပါတယ်” တစ်နေ့တွင် ကျွန်မ၏ လောင်ထုံးထံသို့ စာရေးနေသည်ကို ယောက္ခမကြီး မြင်တွေ့သွားပြီး ဤသို့ စကားဆိုလာသည်။
“အဲဒီအတွက်လည်း ငါတို့က သူ့ကို ကျေးဇူးတင်လျက်ပါပဲ။ ဒါပေမယ့် အခုဆိုရင် သူက ငါတို့ရဲ့ ရွာသား မဟုတ်တော့ဘူး။ လူးလောင်ရဲ၏ စောင့်ရှောက်မှုအောက်မှာ မရှိတော့ဘူး။ သူ့ရဲ့ ကံကြမ္မာကို ပြောင်းလဲသွားအောင် ဘယ်သူမှ လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ ညည်း သိတဲ့အတိုင်းပဲ၊ ငါတို့ဆီမှာ အိမ်ထောင်ရှင်မတွေကို ကာကွယ် စောင့်ရှောက်ပေးထားတဲ့ နည်းထုံးဥပဒေတွေ ရှိတယ်။ အထူးသဖြင့် စစ်ပွဲတွေနဲ့ နယ်မြေလုပွဲတွေ ဖြစ်တဲ့ အခါမျိုးတွေမှာပေါ့။ ဧည့်သည်တွေအဖြစ် ရှိနေကြတဲ့ အိမ်ထောင်ရှင်မတွေကို ရန်ပွဲတွေ၊ စီးနင်းတိုက်ခိုက်မှုတွေနဲ့ တိုက်ပွဲတွေ အတွင်းမှာ ထိခိုက်ဆုံးရှုံးမှု မဖြစ်အောင် ကာကွယ်ပေးကြရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါတို့ မိန်းမသားတွေကို ငါတို့လင်ယောက်ျားတွေရဲ့ ကျေးရွာတွေက ပိုင်ဆိုင်ကြသလို ငါတို့ရဲ့ ဇာတိကျေးရွာတွေကလည်း ပိုင်ဆိုင်ကြတယ်လို့ အားလုံးက ထင်မြင်ယူဆထားကြလို့ပဲ။ ဒီမှာ ပိုင်ဟော … ညည်း သိထားဖို့က ငါတို့လို အိမ်ထောင်ရှင်မတွေအဖို့ နေရာနှစ်နေရာရဲ့ အစောင့်အရှောက်ကို ရရှိနေကြတယ်။ ပြီးတော့ အဲဒီနေရာတွေကိုလည်း ငါတို့က သစ္စာရှိနေဖို့ လိုအပ်တယ်။ ဒါပေမယ့် ညည်းသာ ရွှယ်ဟွားရဲ့ ရွာမှာ မတော်တဆ တစ်ခုခု ဖြစ်လာခဲ့မယ်ဆိုရင် ငါတို့ လုပ်ပေးနိုင်သမျှကလည်း လက်စားချေတာတွေနဲ့ အဆုံးအစ မရှိတဲ့ ရန်ပွဲတွေကိုပဲ ဖြစ်ပွားလာစေလိမ့်မယ်”
ကျွန်မသည် လူးဖူးလန်၏ ဆင်ခြေများကို စကားနည်း ရန်စဲသဘောဖြင့် နာခံလိုက်ရသော်လည်း သူ၏ အကြောင်းပြချက်များမှာ ဘာမျှ အခြေအမြစ် မရှိကြောင်း သိရှိနေသည်။ ရွှယ်ဟွား၏ မိဘနှစ်ပါးမှာ ဂုဏ်သိက္ခာ ညှိုးမှိန်ခဲ့ရသူများ ဖြစ်ပြီး ရွှယ်ဟွားကိုယ်တိုင်ကလည်း ဒုစရိုက် ငမိုက်သားနှင့် အိမ်ထောင်ကျနေသောကြောင့်သာ ဖြစ်သည်။ သူနှင့် ဆက်သွယ်နေခြင်းကို ကျွန်မ၏ ယောက္ခမများက လုံးဝ မနှစ်မြို့သည်မှာ ရှင်းနေပါသည်။
“ရွှယ်ဟွားရဲ့ ကံကြမ္မာက ကြိုတင် ပြဋ္ဌာန်းထားပြီးသားပါ” သူက စကားကို ဆက်သည်။
“ဒါပေမယ့် ညည်းဘဝနဲ့က ပြဒါးတစ်လမ်း သံတစ်လမ်းပဲ။ ကိုယ်နဲ့ ဘယ်လိုမှ မသင့်လျော်တော့တဲ့ လောင်ထုံးတစ်ယောက်ကို အဆက်အသွယ် ဖြတ်ပြီး သူနဲ့ ထားခဲ့တဲ့ ကတိကဝတ်တွေကို ဖျက်သိမ်းပစ်ဖို့ ဆုံးဖြတ်ခဲ့မယ် ဆိုရင် အဲဒီလို ချွေးမမျိုးကို ငါနဲ့ လူးလောင်ရဲတို့က ပိုပြီး သဘောကျ နှစ်ခြိုက်မိမှာ အမှန်ပဲ။ တကယ်လို့သာ ညည်းအတွက် အဖော်တွေ ဘာတွေ လိုအပ်မယ်ဆိုရင်လည်း ငါ ညည်းကို မိတ်ဆက်ပေးခဲ့ဖူးတဲ့ ထုံးခိုက အိမ်ထောင်သည် မိန်းကလေးတွေနဲ့ သွေးသောက်ဖွဲ့ပါလို့ ညည်းကို အကြံပေးချင်တယ်”
“ကျွန်မ သူတို့ကို မှတ်မိပါတယ်။ ကျေးဇူးတင်ပါတယ်” ကျွန်မ မျှော်လင့်ချက်မဲ့စွာ ရေရွတ်နေမိသော်လည်း ရင်တွင်း၌ အထိတ်တလန့် အော်ဟစ်ငိုကြွေးနေသည်။ လုံးဝ၊ လုံးဝ၊ လုံးဝပဲ။
“သူတို့က ညည်းကို သွေးသောက်ညီအစ်မအဖြစ် ပါဝင်စေချင်ကြတယ်”
“ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်”
“သူတို့ရဲ့ ဖိတ်ခေါ်မှုကို ဂုဏ်ယူစရာအဖြစ်နဲ့ ညည်း သေသေချာချာ စဉ်းစားသင့်တယ်”
“ကျွန်မ စဉ်းစားပါ့မယ်”
“ညည်းရဲ့ အတွေးတွေထဲကနေ ရွှယ်ဟွားကို လုံးဝ ဖယ်ထုတ်ပစ်ဖို့ လိုလိမ့်မယ်လို့ ငါ ပြောချင်တာပဲ” ကျွန်မ၏ ယောက္ခမက သူ၏ ပြောနေကျ ဆုံးမဩဝါဒဖြင့် စကားကို အဆုံးသတ်လိုက်သည်။
“ကံမကောင်း အကြောင်းမလှတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဘဝဖြစ်အင်တွေက ငါ့မြေးလေးအပေါ် လွှမ်းမိုးသက်ရောက်နေတာမျိုး ငါ လုံးဝ အဖြစ်မခံနိုင်ဘူး”
လူးလောင်ရဲ၏ မယားများသည် သူတို့၏ ပါးစပ်များကို လက်များဖြင့် အုပ်လျက် ကျိတ်ရယ်နေကြသည်။ ကျွန်မ ဒုက္ခရောက်နေသည်ကို မြင်ရသောကြောင့် သူတို့ ဝမ်းသာပျော်ရွှင်နေကြသည်။ ဤသို့သော အခြေအနေမျိုးတွင် သူတို့၏ အဆင့်အတန်းက မြင့်တက်လာပြီး ကျွန်မက နိမ့်ဆင်းသွားတော့သည်။ သို့သော် ဤသို့ မကြာမကြာ ပစ်တင်မောင်းမဲ ခံနေရသည်မှအပ ယောက္ခမသည် ကျွန်မ၏ မိခင်အရင်းထက်ပင် ကျွန်မကို ပို၍ ချစ်ခင်ကြင်နာခဲ့သည်။ ရွှယ်ဟွား ပြောကြားဖူးသကဲ့သို့ သူသည် မိန်းမသားတို့ လိုက်နာကျင့်ကြံအပ်သော စည်းကမ်းဥပဒေများကို တစ်သဝေမတိမ်း လိုက်နာနေခဲ့ခြင်းသာ ဖြစ်သည်။
“သမီးမိန်းကလေးက ဖခင်ကို နာခံရမယ်။ ဇနီးမယားက လင်ယောက်ျားကို နာခံရမယ်။ မုဆိုးမက သားကို နာခံရမယ်” ဤစကားကို ကျွန်မ၏ သက်တမ်းတစ်လျှောက်လုံးတွင် မကြာမကြာ ကြားနေခဲ့ရသည်။ ထို့ကြောင့်လည်း ကျွန်မ တုန်လှုပ်ခြောက်ခြားခြင်း မရှိတော့ပါ။ သို့သော် တစ်နေ့သ၌ ယောက္ခမသည် သူ၏ ခင်ပွန်းနှင့် စိတ်အခန့်မသင့် ဖြစ်ကြသောအခါတွင် သူက ကျွန်မအား နဂိုမှန်အဆိုတစ်ခုကို သင်ကြားပေးခဲ့သည်။ “နာခံ၊ နာခံ၊ နာခံ၊ ပြီးမှ ကိုယ်လုပ်ချင်တာလုပ်” ဟူ၍။ ယခုအချိန်တွင် ရွှယ်ဟွားနှင့် တွေ့ဆုံရန် ကိစ္စအတွက် ကျွန်မကို ယောက္ခမများက တားမြစ်နိုင်သည် မှန်သော်လည်း သူ့ကို မချစ်ရန် ကျွန်မကို ဘယ်တော့မှ ပိတ်ပင်နိုင်လိမ့်မည် မဟုတ်ပေ။
❝ ရွှယ်ဟွားရေ …
ငါ့ယောက်ျားက ငါ့အပေါ် ကောင်းပါတယ်။
ငါတို့ မိသားစုပိုင်တဲ့ လယ်ကွင်းတွေ အကုန်လုံး ဘယ်နားမှာ ရှိတယ် ဆိုတာတောင် ငါ မသိဘူး။
ငါလည်း အလုပ်ကြိုးစားနေတယ်။
ငါ ဘာပဲလုပ်လုပ်၊ ငါ့ယောက္ခမက မျက်စိဒေါက်ထောက်ပြီး ကြည့်နေတတ်တယ်ဟ။
ငါတို့အိမ်တော်က မိန်းမတွေအားလုံးက နွီစူးကို ရေးတတ်၊ ဖတ်တတ်ကြတယ်။
ငါ့ယောက္ခမက ငါ့ကို အက္ခရာအသစ်တွေ သင်ပေးတယ်။
နောက်တစ်ခေါက် ငါတို့ ပြန်ဆုံကြရင် ငါ နင့်ကို ရေးပြမယ်။
ငါတော့ နေ့တိုင်းလိုလို ဇာထိုးပန်းထိုး လုပ်တယ်။ ရက်ကန်းရက်တယ်။ ဖိနပ်အသစ် ချုပ်တယ်။ ဗိုင်းငင့်တယ်။ အစားအသောက်တွေ ပြင်ဆင်ချက်ပြုတ်တယ်။
ငါ့မှာ သားတစ်ယောက် ရှိပြီဆိုတော့ နောက်ထပ် သားတစ်ယောက် ရပါစေလို့ ဘုရားမှာ အမြဲ ဆုတောင်းနေမိတယ်။
နင်လည်း ဆုတောင်းဖို့ မမေ့နဲ့နော်။
ငါ ပြောတာ သေချာနားထောင်။
နင့်ယောက်ျားကို ကျိုးနွံနာခံရမယ်။
နင့်ယောက္ခမကိုလည်း ကျိုးနွံနာခံရမယ်။
သိပ်ပြီးတော့လည်း အစိုးအရိမ် ကြီးမနေပါနဲ့။
ဟိုးအရင်တုန်းက ငါတို့နှစ်ယောက် အတူတူ ဇာပန်းထိုးခဲ့တာတွေ၊ ညမှာ တီးတိုးစကား ပြောခဲ့တာတွေကို မေ့မပစ်လိုက်နဲ့ဦးနော်။
ငါတို့နှစ်ယောက်က ယွမ်းယန်ငှက်မောင်နှံ နှစ်ကောင်ပဲ။
ငါတို့နှစ်ယောက်က မိုးပေါ် ပျံတက်နေကြတဲ့ ဇာမဏီငှက်နှစ်ကောင်ပဲ။
ပိုင်ဟော ❞
နောက်စာတစ်စောင်ထဲတွင် ရွှယ်ဟွားသည် သူ့သား ထိုင်တတ်နေပြီ ဖြစ်ကြောင်း ရေးသားထားသည်မှ လွဲ၍ သူ့မိသားစုအသစ်အကြောင်း ဘာမျှ ဖော်ပြထားခြင်း မရှိပေ။ စာဆုံးခါနီးတွင်မူ ကျွန်မအကြောင်း မေးမြန်းစုံစမ်းထားသည်။
❝ နင်တို့ ဘာတွေ စားကြ၊ သောက်ကြသလဲဆိုတာ ငါ့ကို ပြောပြပါလား။ ပြီးတော့ နင်တို့တွေ ဘာအကြောင်း ပြောကြဆိုကြသလဲ။
သူတို့တွေ ထမင်းမစားခင်မှာ ဂန္ထဝင်ကဗျာတွေကို ရွတ်ဆိုကြသေးလား။
နင့်ယောက္ခမက ယောက်ျားတွေကို ပုံတိုပတ်စတွေ ပြောပြတတ်လား။
ထမင်းစားဝိုင်းမှာ သူက သီချင်းတွေ ဘာတွေရော ဆိုပြသေးလား။ ❞
❝ နင်တို့ ဘာတွေ စားကြ၊ သောက်ကြသလဲဆိုတာ ငါ့ကို ပြောပြပါလား။ ပြီးတော့ နင်တို့တွေ ဘာအကြောင်း ပြောကြဆိုကြသလဲ။
သူတို့တွေ ထမင်းမစားခင်မှာ ဂန္ထဝင်ကဗျာတွေကို ရွတ်ဆိုကြသေးလား။
နင့်ယောက္ခမက ယောက်ျားတွေကို ပုံတိုပတ်စတွေ ပြောပြတတ်လား။
ထမင်းစားဝိုင်းမှာ သူက သီချင်းတွေ ဘာတွေရော ဆိုပြသေးလား။ ❞
အမှန်အတိုင်း ဖြစ်အောင် ကျွန်မ ကြိုးစား ဖြေဆိုခဲ့သည်။ ကျွန်မတို့အိမ်မှ ယောက်ျားများသည် ဘဏ္ဍာရေးအကြောင်းကိုသာ ဆွေးနွေးပြောဆိုကြသည်။ မည်သည့်နေရာက မည်သည့်မြေကို အငှားချပေးနိုင်မည် ဖြစ်ကြောင်း၊ မည်သူက ၎င်းမြေကို ငှားရမ်းမည် ဖြစ်ကြောင်း၊ သီးစားခ မည်မျှ ရရှိမည်ဖြစ်ကြောင်း၊ အခွန် မည်မျှ ပေးဆောင်ရမည် ဖြစ်ကြောင်း စသည် စသည်။ သူတို့၏ ဆန္ဒမှာ ‘ခပ်မြင့်မြင့် ရောက်ရန်’ မဟုတ်ဘဲ ‘တောင်ထိပ်သို့ ရောက်ရန်’ သာ ဖြစ်သည်။ မင်္ဂလာရှိသော နှစ်သစ်အခါသမယတွင် မိသားစုတိုင်းက ဤသို့ ဆန္ဒပြုတတ်ကြသည်။ သူတို့၏ ဆန္ဒများ ပြီးမြောက်စေရန်အတွက် ထူးခြားဆန်းကျယ်သော ဟင်းလျာများ စီမံဖန်တီး၍ နှစ်သစ်ကို စတင်တတ်ကြသည်။ သို့သော် ကျွန်မ၏ ယောက္ခမများကမူ အလုပ်ကို အသည်းအသန် ကြိုးစားလုပ်ဆောင်ခြင်းဖြင့်သာ သူတို့၏ ဆန္ဒများကို ပြီးမြောက်အောင် အကောင်အထည် ဖော်ခဲ့ကြသည်။ သူတို့၏ စကားဝိုင်းက ကျွန်မအတွက် ပျင်းရိငြီးငွေ့ဖွယ် ကောင်းလွန်းလှသည်။ သူတို့၏ စကားများကို ကျွန်မ တစိုးတစိမျှ နားမလည်ပါ။ နားလည်ရန်အတွက်လည်း အားစိုက်ထုတ်နေလိမ့်မည် မဟုတ်။ သူတို့၏ ပိုင်ဆိုင်မှုသည် ထုံးခိုရှိ မည်သူ တစ်ဦးတစ်ယောက်ထက်မဆို သာလွန်နေသည်။ သူတို့ ဘာတွေကို ထပ်ပြီး လိုချင်နေသေးသနည်း။ ကျွန်မ နားမလည်နိုင်တော့။ သို့သော် သူတို့၏ မျက်လုံးများက တောင်ထိပ်မှ ခွာရန် လုံးလုံးလျားလျား ဆန္ဒရှိပုံ မရ။
ယခုအချိန်တွင် ရွှယ်ဟွားကို ပိုမို၍ ပျော်ရွှင် ချမ်းမြေ့နေစေချင်သည်။ ကျွန်မတို့ ဇနီးသည်များ အားလုံးသည် ကိုယ်နှင့် လုံးဝ ရင်းနှီးထားခြင်း မရှိသော ပတ်ဝန်းကျင်အသစ်သို့ ပြောင်းရွှေ့လာကာ နေသားတကျ ဖြစ်အောင် ကြိုးစားနေကြရသည် မဟုတ်လား။ တစ်နေ့သော ညနေခင်း မှောင်ရီပျိုးချိန် ကျွန်မ သားငယ်ကို နို့ချိုတိုက်ကျွေးနေစဉ် အိမ်ပေါက်ဝမှ အောင်သွယ်တော်ဝမ်၏ ဝေါယာဉ်ရပ်နားသံကို ကြားလိုက်ရသည်။ အိမ်အပေါ်ထပ်သို့ သူ တက်လာလိမ့်မည်ဟု ကျွန်မ မျှော်လင့်နေခဲ့သော်လည်း အခန်းထဲသို့ အမှန်တကယ် ဝင်ရောက်လာသူမှာ ယောက္ခမ ဖြစ်နေသည်။ သူက မကျေနပ်သော မျက်နှာအမူအရာဖြင့် မျက်မှောင်ကြုတ်လျက် ကျွန်မနံဘေးရှိ စားပွဲပေါ်သို့ စာတစ်စောင် ပစ်ချသွားသည်။ သားငယ် အိပ်ပျော်သွားသည်နှင့် တစ်ပြိုင်နက် ရေနံဆီမီးအိမ်ကို အနားသို့ ဆွဲယူပြီး စာအိတ်ကို ဖွင့်ကြည့်လိုက်သည်။ စာရေးဟန်က တစ်စုံတစ်ရာ ထူးခြားနေသည်။ ထိုအချက်ကို ကျွန်မ သတိထားမိသောကြောင့် ရင်တမမနှင့်ပင် စာကို စဖတ်လိုက်တော့သည်။
❝ ပိုင်ဟော …
ငါ အိမ်ပေါ်ထပ်မှာ ထိုင်ရင်း ငိုနေမိတယ်။ အိမ်အပြင်ဘက်မှာ ငါ့ယောက်ျားက ဝက်တစ်ကောင်ကို သတ်နေလေရဲ့။ ငါ အဲဒီအသံတွေ ကြားနေရတယ်ဟာ။ သူ့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေက ဒုစရိုက်အကုသိုလ်တွေကို ဆထပ်ထမ်းပိုး တိုးပွားအောင် လုပ်နေသလိုပဲ။
ငါ ဒီအိမ်ကို ရောက်တဲ့ ပထမဆုံးနေ့မှာ ငါ့ယောက္ခမက ငါ့ကို အိမ်အပြင်ထွက်ပြီး ဝက်သတ်တာ ကြည့်ခိုင်းခဲ့တယ်။ ငါတို့ရဲ့ အသက်မွေးလုပ်ငန်းက ဒါပဲ ဆိုတာကို သိရအောင် ငါ့ကို အနီးကပ် ခေါ်ပြခဲ့တာပဲ။ ငါ့ယောက်ျားနဲ့ ယောက္ခမ-အဖေက အိမ်ရှေ့ကို ဝက်တစ်ကောင် မ,လာကြတယ်။ အတိအကျ ပြောရရင်တော့ ဝက်တစ်ကောင်ကို ခြေထောက်တွေ ကြိုးတုပ်ပြီး ထမ်းပိုးနဲ့ ဇောက်ထိုး ထမ်းလာကြတာ။ ဝက်ခမျာ သူတို့နှစ်ယောက်ရဲ့ အကြားမှာ တကျီကျီအော်ရင်း မျက်ရည်တွေတွေကျပြီး ငိုနေရှာတယ်ဟာ။ သူ ဘာဖြစ်တော့မယ် ဆိုတာကို သူ သိနေပြီလေ။ အခုတော့ အဲဒီအသံတွေကို အကြိမ်ပေါင်း မရေအတွက်နိုင်အောင် ကြားခဲ့ရလို့ ငါ နားရည်ဝနေပြီ။ သူတို့တွေ ဘာဖြစ်တော့မယ် ဆိုတာကို သူတို့ အားလုံးက ကြိုသိနေကြတော့ သူတို့ရဲ့ တကွီကွီ အော်သံတွေက ငါတို့ တစ်ရွာလုံးကို ပဲ့တင်ထပ်နေတော့တာပဲ။
ငါ့ယောက္ခမ-အဖေက ဝက်ကို ရေနွေးအပြည့် ဖြည့်ထားတဲ့ ဒယ်အိုးကြီးတစ်လုံးနားမှာ ချလိုက်တယ်။ (ငါတို့ အိမ်ရှေ့မှာ ချထားတဲ့ ဒယ်အိုးကြီးကို နင် မှတ်မိသေးလား။ အုတ်ခုံပေါ် တင်ထားတဲ့ ဟာကြီးလေ။ သူ့အောက်မှာတော့ မီးသွေးမီးဖိုကြီးတစ်ခု ရှိတယ်။) ငါ့ယောက်ျားက ဝက်ရဲ့ လည်ချောင်းကို လှီးဖြတ်ပစ်လိုက်တယ်။ ဝက်သွေးခဲ လုပ်ဖို့အတွက် သူက သွေးတွေကို အရင် ခံတယ်။ ပြီးတော့မှ ဝက်ကို ဒယ်အိုးကြီးထဲ ပစ်ထည့်လိုက်တာပဲ။ ရေနွေးပူနဲ့ ပြုတ်လိုက်တော့ သူ့ရဲ့ အရေခွံက နူးညံ့သွားတာပေါ့။ ဝက်ကိုယ်ပေါ်က အမွေးတွေကို ရိတ်ပေးဖို့ ယောက်ျားက ငါ့ကို ခိုင်းတယ်။ အဲတော့ ငါလည်း ငိုလိုက်မိတော့တာပေါ့။ ဒါပေမယ့် ဝက်အော်တာလောက်တော့ ဘယ်ကျယ်ပါ့မလဲ။ ငါ သူတို့ကို ပြောတယ်။ အဲဒီလို ဒုစရိုက်အလုပ်မျိုး နောက်တစ်ခါ ကြည့်လည်း မကြည့်ပါရစေနဲ့၊ လုပ်လည်း မလုပ်ပါရစေနဲ့လို့ ငါ သူတို့ကို ငိုယိုတောင်းပန်တာပေါ့။ ယောက္ခမက ငါ့ကို ပျော့ညံ့တယ်ဆိုပြီး အပြစ်တောင် တင်နေသေးတယ်။
တစ်နေ့ထက်တစ်နေ့ ငါက ဝမ်မယားနဲ့ ပိုပိုပြီး တူလာသလိုပဲဟာ။ ငါတို့တွေကို စိန်စိန်း အဲဒီပုံပြင် ပြောပြခဲ့တာကို နင် မှတ်မိသေးတယ် မဟုတ်လား။ ငါ အခုဆိုရင် သက်သတ်လွတ်စားတဲ့ လူတစ်ယောက်တောင် ဖြစ်နေပြီ။ ဒါကိုလည်း သူတို့က ဂရုမစိုက်ပါဘူး။ သူတို့ စားဖို့အတွက် အသား ပိုကျန်တာကိုးဟ။
ဒီကမ္ဘာပေါ်မှာ ငါတစ်ယောက်တည်း အထီးကျန်နေသလိုကြီး ခံစားနေရတယ်ဟာ။ ငါ့ဘဝမှာ နင်နဲ့ ငါ့သားက လွဲလို့ တခြား တွယ်တာစရာ ဘာမှ မရှိတော့သလိုပဲ။
အရင်က နင့်ကို ညာခဲ့မိတဲ့အတွက် ငါ တကယ် စိတ်မကောင်းပါဘူး။ နောက်နောင် ဘယ်တော့မဆို အမှန်အတိုင်းပဲ ဖွင့်ပြောမယ်လို့ ငါ ကတိပေးပါတယ်။ ဒါပေမယ့်ဟာ … အကျည်းတန် အရုပ်ဆိုးတဲ့ ငါ့ရဲ့ဘဝအကြောင်းကို နင် သိသွားမှာကိုလည်း ငါ မလိုလားဘူး။
ငါ ပြတင်းပေါက်နားမှာ ထိုင်ပြီး အပြင်က လယ်ကွင်းတွေဆီ လှမ်းမျှော်ကြည့်တတ်တယ်။ ငါ့ရဲ့အိမ်၊ ငါ့ရဲ့ ဇာတိရွာ ရှိတဲ့ဘက်ကိုပေါ့။ နင်လည်း နင့်အိမ် ပြတင်းပေါက်ကနေ ငါ့ကို လှမ်းကြည့်နေလိမ့်မယ်လို့ ငါ မြင်ယောင်နေမိတယ်။ ငါ့ရဲ့ နှလုံးသားက အဲဒီလယ်ကွင်းတွေကို ဖြတ်ကျော်ပျံသန်းပြီး နင့်ဆီကို ခရီးနှင်သွားနေတယ်။ နင် အဲဒီမှာ ထိုင်နေတယ် မဟုတ်လား။ နင် ငါ့ကို မြင်ရလား။ ငါ ရှိနေတာကို ခံစားမိရဲ့လား။
နင်သာ မရှိရင် ငါ အရမ်း ဝမ်းနည်းနေမိမှာပဲ။ ငါ့ဆီ စာပြန်ဖို့၊ ဒါမှမဟုတ် ငါ့ဆီ လာလည်ဖို့ ငါ တောင်းပန်ပါတယ်။
ရွှယ်ဟွား ❞
ဆိုးဝါးလိုက်သည့် ဖြစ်ခြင်း။ ကျွန်မသည် ကျင်းထျန်ရွာ ရှိရာဘက်သို့ ပြတင်းပေါက်မှ လှမ်းကြည့်လိုက်သည်။ ရွှယ်ဟွား၏ မျက်နှာကို မြင်လိုမြင်ငြား ဆန္ဒပြုလျက်ပေါ့။ သူ ယခုကဲ့သို့ ဒုက္ခခံစားနေရသည်ကို သိရှိရခြင်းကြောင့် ကျွန်မလည်း တုန်လှုပ်သွားမိသည်။ သူ့အနားထိုင်ကာ သူ့ကို ပွေ့ဖက်နှစ်သိမ့်ခွင့် မရနိုင်သည့်အတွက်လည်း စိတ်မကောင်း ဖြစ်နေမိသည်။
အပေါ်ထပ် အခန်းဆောင်အတွင်းရှိ ယောက္ခမနှင့် တခြားသော မိန်းမများ၏ ရှေ့တွင် ကျွန်မသည် စာရွက်တစ်ရွက် ဆွဲထုတ်ကာ မင်သွေးလိုက်သည်။ စုတ်တံကို မကိုင်ခင် ရွှယ်ဟွား၏စာကို နောက်တစ်ကြိမ် ပြန်ဖတ်လိုက်သည်။ ယခုတစ်ကြိမ်မှ ကျွန်မ ကောင်းကောင်း သဘောပေါက်လာသည်။ သူသည် ဇနီးသည်များ၏ ရေးရိုးရေးစဉ် အစဉ်အလာဖြစ်သော ပုံစံကျစာကြောင်းများကို ရှောင်လွှဲ၍ သူ့ဘဝအကြောင်းကိုသာ နွီစူးဖြင့် ဘွင်းဘွင်းရှင်းရှင်း ပွင့်ပွင့်လင်းလင်း တဲ့တိုး ရေးသားထားသည်။
သူ၏ ဘာမထီသော လုပ်ရပ်ကြောင့် နွီစူး၏ ရည်ရွယ်ချက် အစစ်အမှန်ကိုလည်း ကျွန်မ သဘောပေါက် နားလည်လာသည်။ နွီစူး၏ သဘောသဘာဝမှာ တစ်ဦးကိုတစ်ဦး ကနွဲ့ကလျနှင့် ကဗျာဆန်ဆန် ရေးသားနေဖို့ မဟုတ်ပေ။ ခင်ပွန်းသည်၏ မိသားစုအတွင်းမှ အမျိုးသမီးများကို ကျွန်မတို့အကြောင်း မိတ်ဆက် ပြောကြားနေရခြင်းမျိုးလည်း မဟုတ်ပေ။ နွီစူးက ကျွန်မတို့အား ဖွင့်ဟပြောဆိုခွင့်ကို ပေးအပ်ထားသည်။ နွီစူးသည် ကျွန်မတို့၏ ခြေသေးလေးများအစား အဝေးသို့ ရောက်အောင် ကျွန်မတို့ကို သယ်ဆောင်ပေးသွားသည်။ ရွှယ်ဟွား ရေးထားသကဲ့သို့ ကျွန်မတို့၏ အတွေးများကို လယ်ကွင်းများပေါ် ဖြတ်ကျော်၍ အဝေးသို့ လွင့်ပျံ့သွားနိုင်အောင် ဆောင်ရွက်ပေးသည်။ အိမ်တွင်းရှိ ယောက်ျားများသည် ကျွန်မတို့ထံမှ အရေးပါသော စကားများကို ကြားရလိမ့်မည်ဟု မည်သည့်အခါကမျှ မျှော်လင့်မထားခဲ့ကြ။ ကျွန်မတို့တွင် ခံစားချက်များ ရှိနေလိမ့်မည်၊ သို့တည်းမဟုတ် ထူးထွေဆန်းပြားသော အတွေးအကြံများ တင်ပြလာလိမ့်မည် ဟုလည်း ဘယ်တုန်းကမျှ မျှော်လင့်ထားခြင်း မရှိ။ ယောက္ခမ-အမေနှင့် အိမ်ရှိ တခြားသော မိန်းမကြီးများက ကျွန်မတို့ကို ပို၍ပင် တားမြစ်ပိတ်ပင်တတ်ကြသည်။ သို့သော် ရွှယ်ဟွားနှင့် ကျွန်မတို့သည် အတူတကွ ရှိနေကြသည် ဖြစ်စေ၊ ကွဲကွာနေကြရသည် ဖြစ်စေ၊ ဤနေရာမှနေ၍ မိမိတို့ဘဝ၏ အဖြစ်သနစ်မှန်များကို ထုတ်ဖော် ရေးသားနိုင်ကြသည်။
အိမ်ထောင်သက် နုနယ်နေသေးသော ဇနီးသည်များ ရေးလေ့ရေးထရှိကြသည့် သမားရိုးကျ စာကြောင်းများကို ဖယ်ထုတ်၍ ကျွန်မ၏ အတွေးအမြင်အစစ်ကို ရေးသားဖော်ပြလိုသည်။ ကျွန်မ၏ မိဘအိမ် အပေါ်ထပ်ရှိ အခန်းဆောင်ထဲတွင် ပူးကပ်ကာ ကျွန်မတို့ အတူတကွ စကားပြောဆိုခဲ့ဖူးကြသည့်အတိုင်း ပေးစာများကိုလည်း ဤသို့သာ ရေးသားရပေလိမ့်မည်။
ရွှယ်ဟွားကို ကျွန်မ တွေ့မှ ဖြစ်မည်။ အရာရာ ပိုကောင်းလာနိုင်ပါသည်ဟု ကျွန်မ သူ့ကို ပြောကြားမှ ဖြစ်မည်။ သို့သော် ယောက္ခမ၏ ဆန္ဒကို သွေဖည်၍ သူ့ထံသို့ အလည်အပတ် သွားရောက်ခဲ့ပါမူ ကျွန်မသည် အဆိုးရွားဆုံးသော ပြစ်မှုတစ်ခုကို ကျူးလွန်ရာ ရောက်ပေတော့မည်။ ၎င်းကိစ္စနှင့် နှိုင်းယှဉ်လျှင် စာများကို တိတ်တဆိတ် ခိုးဖတ်၊ ခိုးရေးနေခြင်းမှာ ပမွှားမျှသာ ဖြစ်သည်။ သို့သော် ကျွန်မ၏ လောင်ထုံးကို တွေ့မြင်လိုလျှင်တော့ စွန့်စားမှ ဖြစ်ပေတော့မည်။
❝ ရွှယ်ဟွား …
နင် အဲဒီလို ဘဝမျိုး ကျရောက်နေတယ် ဆိုတာကို တွေးလိုက်မိတိုင်း ငါ မျက်ရည်ကျနေမိတယ်။ နင့်ဘဝမှာ အဲဒီလို အကျည်းတန်မှုတွေ ကြုံတွေ့နေရတာ နင်နဲ့ မတန်လိုက်တာဟာ။ ငါတို့ တွေ့ဖြစ်အောင် တွေ့မှ ဖြစ်မယ်။ ငှက်နှင်ပွဲတော်ကျရင် ငါ့မိဘအိမ်ကို နင် လာခဲ့ပါလား။ ငါတို့ရဲ့ သားလေးတွေကိုလည်း ခေါ်လာခဲ့ကြမယ်လေ။ ငါတို့ နောက်တစ်ကြိမ် ပျော်ပျော်ရွှင်ရွှင် နေကြရအောင်။
နင့်ရဲ့ ဒုက္ခသုက္ခတွေကို ကြာရင် နင် မေ့သွားမှာပါ။ နင် မြဲမြဲ မှတ်ထားပါဟာ။ ရေတွင်းနား နေတဲ့သူက ဘယ်တော့မှ ရေမငတ်ဘူး။ ညီအစ်မနား နေတဲ့သူက ဘယ်တော့မှ စိတ်မဆင်းရဲရဘူး တဲ့။ ငါ့ရဲ့နှလုံးသားထဲမှာတော့ နင်ဟာ ငါ့ရဲ့ ထာဝရညီမပဲ။
ပိုင်ဟော ❞
အပေါ်ထပ် အခန်းဆောင်ထဲတွင် ထိုင်လျက် ကျွန်မ အစီအစဉ် ချနေသည်။ စီမံကိန်း ရေးဆွဲနေသည်။ သို့သော် ကြောက်စိတ်တော့ အရှိသား။ ရိုးရှင်းမှုသည် အကောင်းဆုံးဟု ယူဆရသည်။ ကျွန်မ၏ အိမ်အပြန်ခရီးစဉ်တွင် ရွှယ်ဟွားကို တစ်ပါတည်း ဝင်ခေါ်လိုက်နိုင်သည်။ သို့သော် ၎င်းအစီအစဉ်မှာ လူသိ အလွယ်ဆုံးနည်းလည်း ဖြစ်နေပြန်သည်။ လောင်ရဲ၏ မယားငယ်များက ကျွန်မကို ပြတင်းပေါက်မှ စောင့်ကြည့်နေလျှင် ကျွန်မ၏ ဝေါယာဉ်က ကျင်းထျန်ဘက်သို့ ချော်တောငေါ့သွားသည်ကို သူတို့ မမြင်ဘဲ နေမည် မဟုတ်ပေ။ ပို၍ အန္တရာယ် ကြီးမားသည့် အကြောင်းမှာ လမ်းပေါ်တွင် မိန်းမပေါင်းများစွာ ပျားပန်းခပ်မျှ သွားလာနေပေလိမ့်သည်။ ကျွန်မ၏ ယောက္ခမသည်လည်း ပွဲတော်အတွက် သူ့မိဘအိမ်သို့ ပြန်ရမည် ဖြစ်သည်။ ကျွန်မတို့ နှစ်ယောက်ကို လူတကာက တွေ့မြင်နိုင်သည်။ လူးမိသားစုကို မျက်နှာလို မျက်နှာရ လုပ်သည့် အနေဖြင့် ကျွန်မတို့အကြောင်းကို လူတချို့က သွားရောက် တိုင်တောနိုင်သည်။ သို့သော် ပွဲတော်ကာလသို့ ဆိုက်ရောက်လာသောအခါတွင် ကျွန်မသည် အရဲကိုးကာ အားတင်းထားလိုက်သည်။ ကျွန်မတို့ အောင်မြင်ရမည်သာ။
ↂↂↂ
နှစ်လပိုင်း တစ်ရက်နေ့ကို စိုက်ပျိုးရာသီ၏ အစဟု သတ်မှတ်ထားသည်။ ထို့ကြောင့် ငှက်နှင်ပွဲတော်၏ အစလည်း ဖြစ်ပေသည်။ ထိုနေ့နံနက်ပိုင်း၌ အိမ်တွင်းရှိ အမျိုးသမီးများသည် အိပ်ရာမှ စောစော ထ၍ ကောက်ညှင်းမုန့်လုံးများ ပြုလုပ်ကြသည်။ ထိုစဉ် အိမ်အပြင်ဘက်၌ ငှက်များက ယောက်ျားများ၏ ပျိုးကြဲချိန်ကို ငံ့လင့်စောင့်စားနေကြသည်။ ကျွန်မသည် ယောက္ခမ၏ အနားတွင် ရပ်လျက် မုန့်လုံးလေးများ လုံးပေးနေသည်။ မျိုးစပါးများကို ကာကွယ်နိုင်ရန်အတွက် ယင်းဆန်မုန့်လုံးများကို အသုံးပြုရပေမည်။ အချိန်ကျသည့်အခါတွင် ထုံးခိုရှိ မိန်းမပျိုများသည် မုန့်လုံးများ ထည့်ထားသည့် ငှက်စာဗန်းများကို အိမ်အပြင်သို့ ထုတ်လာကြပြီး လယ်ကွင်းများအနီး၌ ငှက်များကို အစာကျွေးကြသည်။ တစ်ချိန်တည်းမှာပင် ယောက်ျားများက အဆိပ်ရည်ဖြန်းထားသော ဆန်စေ့များကို လယ်ကွင်းစပ်များတွင် ငှက်များအတွက် ချပေးထားကြသည်။ အဆိပ်ရည် လူးထားသော ဆန်စေ့များကို ငှက်တစ်ကောင်ကောင်က ပထမဆုံး ကိုက်ချီလိုက်သည်နှင့် တစ်ပြိုင်နက် ထုံးခိုရှိ အိမ်ထောင်ရှင်မများသည် ဝေါယာဉ်ထဲသို့ လှမ်းဝင်သူက ဝင်သွားကြသည်။ မြည်းလှည်းပေါ်သို့ လှမ်းတက်သူက တက်သွားကြသည်။ ခြေကြီးမများ၏ ပခုံးထက်သို့ ခွတက်သူက တက်သွားကြသည်။ လယ်ကွင်းများကို ဖြတ်၍ သူတို့၏ ဇာတိရွာများဆီသို့ အသီးသီး အသက အသက ပြန်ကုန်ကြတော့သည်။ အမယ်အိုများက ကျွန်မတို့ကို ဤသို့ ပြောပြခဲ့ဖူးသည်။ အကယ်၍သာ ရွာမှ ကျွန်မတို့ မထွက်ခွာပါက ကျွန်မတို့၏ လင်ယောက်ျားများ စိုက်ပျိုးမည့် မျိုးစပါးများကို ငှက်များက စားပစ်ကုန်ကြလိမ့်မည်။ ထို့နောက် ကျွန်မတို့ကလည်း သူတို့အတွက် သားယောက်ျားလေးများ မွေးပေးနိုင်တော့မည် မဟုတ်ပေ။
စီစဉ်ထားသည့်အတိုင်း ကျွန်မ၏ အထမ်းသမားများက ဝေါယာဉ်ကို ကျင်းထျန်တွင် ရပ်တန့်လိုက်ကြသည်။ ကျွန်မကို တစ်ဦးတစ်ယောက်က မြင်သွားမည် စိုး၍ ဝေါယာဉ်အပြင်ဘက်သို့ ကျွန်မ မထွက်တော့ပါ။ တံခါးပွင့်သွားပြီး ရွှယ်ဟွားက ဝေါယာဉ်ထဲသို့ ဝင်ရောက်လာသည်။ သူ့သားက ပခုံးထက်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေသည်။ ကူဖောဘုရားကျောင်းတွင် နောက်ဆုံးအကြိမ် တွေ့ဆုံကြပြီးကတည်းက သူ့ကို ပြန်မတွေ့ရသည်မှာ ၈ လ ရှိပြီ။ သူသည် အလုပ်များကို ဇယ်ဆက်သကဲ့သို့ အဆက်မပြတ် လုပ်ကိုင်ခဲ့ရသူ ဖြစ်သည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်ထားစဉ်က ဖောင်းပွခဲ့ရသော ကိုယ်ခန္ဓာသည် ယခုအခါတွင် ကိုယ်ရေစစ်နေသင့်သည်။ သို့သော်လည်း ဝတ်ရုံအတွင်းရှိ သူ၏ ကိုယ်ခန္ဓာမှာ ယခင်ကဲ့သို့ လုံးဝန်းနေသေးသည်။ ကျွန်မ၏ သားနှင့် နှိုင်းယှဉ်ကြည့်လျှင် သူ့သားမှာ သိသိသာသာ ပိန်လှီနေရှာသော်လည်း သူ၏ ရင်နှစ်မွှာက ကျွန်မထက် ပိုကြီးနေသည်။ သူ၏ ဝမ်းဗိုက်ကလည်း အပြင်သို့ စူထွက်နေသည်။ ထို့ကြောင့်သာလျှင် သူ့သားကို ရင်ခွင်၌ ပွေ့ပိုက်မထားဘဲ ကုန်းပိုးထားရခြင်း ဖြစ်ပေမည်။
ကျွန်မ မြင်နိုင်ရန်အတွက် သူက သူ့သားကို ညင်ညင်သာသာ ဆွဲရွှေ့လိုက်သည်။ နို့စို့နေသော ကျွန်မသားငယ်ကိုလည်း အထက်သို့ မြှောက်ချီကာ ကလေးနှစ်ယောက် မျက်နှာချင်း ဆိုင်ပေးလိုက်သည်။ ယခုအခါတွင် သူတို့သည် ၇ လသားနှင့် ၆ လသားများ ဖြစ်နေကြပြီ။ ကလေးအားလုံး ချစ်စရာကောင်းသည်ဟု လူအများက ပြောစမှတ် ပြုတတ်ကြသည်။ ကျွန်မ၏သားက ချစ်စရာ ကောင်းပါ၏။ သို့သော် သူ့သားခမျာ နက်မှောင်ပါးလျသော ဆံပင်များကို ပိုင်ဆိုင်ထားသော်ငြားလည်း ခန္ဓာကိုယ်မှာ ကျူရိုးပမာ ပိန်လှီနေသည်။ ဝါဖန့်ဖန့် အသားအရေနှင့် သုန်မှုန်မှေးလျော့သော မျက်နှာပေးက ရောဂါသည်ကလေး တစ်ယောက်ပမာ ဖြစ်နေသည်။ သို့သော်လည်း ကျွန်မက သူ့သားအကြောင်းကို မဖြစ်မနေ ချီးမွမ်းပြောဆိုလိုက်ရသည်။ သူလည်း ထိုနည်းလည်းကောင်းပင်။
ကျွန်မတို့၏ ခန္ဓာကိုယ်များသည် အထမ်းသမားများ၏ ခြေလှမ်းစည်းချက်အတိုင်း အထက်အောက်ဘယ်ညာ ယိမ်းနွဲ့ခါယမ်းနေကြသည့် အခါတွင် ကျွန်မတို့၏ စကားဝိုင်းကလည်း မြိုင်ဆိုင်နေသည်။ ကဗျာတစ်ကြောင်းပါသော ပိတ်စတစ်စကို ရက်လုပ်နေသည်ဟု သူက ဆိုသည်။ ၎င်းမှာ အင်မတန် ခက်ခဲ၍ လက်ဝင်သော အလုပ်တစ်ခု ဖြစ်သည်။ ကျွန်မက ချိုးဆားရည်စိမ် ပြုလုပ်နည်းကို သင်ယူနေကြောင်း သူ့ကို ပြောပြသည်။ သူ၏ အလုပ်နှင့် နှိုင်းစာလျှင် လွယ်ကူသော အလုပ်ဟု ဆိုရမည်။ မပုပ်မသိုးအောင် မှန်မှန်ကန်ကန် ဆောင်ရွက်တတ်လျှင် အလွယ်တကူ ပြီးမြောက်အောင်မြင်နိုင်သည်။ သို့သော် ၎င်းကိစ္စများမှာ ရိုးရှင်းသော အလ္လာပသလ္လာပ စကားများသာ ဖြစ်သည်။ ထို့ထက် လေးနက်သော အကြောင်းအရာများကို ပြောစရာ ရှိနေသေးသည်။ ကျွန်မက သူ၏ လက်ရှိအခြေအနေကို တီးခေါက်ကြည့်သောအခါတွင် သူက စိုးစဉ်းမျှပင် တွန့်ဆုတ်မနေဘဲ ချက်ချင်း ဖြေကြားလာလေသည်။
“မနက်မနက် အိပ်ရာကနေ နိုးလာပြီဆိုရင် ငါ့မှာ သားအတွက် ကြည်နူးနေရတာကလွဲလို့ ဘာပျော်ရွှင်မှုမှ မရှိတော့သလိုပဲ” သူ့မျက်လုံးများက ကျွန်မကို စေ့စေ့ကြည့်လျက် ရင်ဖွင့်နေသည်။
“ငါက အဝတ်လျှော်တဲ့ အချိန်တွေ၊ ထင်းသယ်တဲ့ အချိန်တွေမှာ ဆိုရင် သီချင်းကလေး တညည်းညည်းနဲ့ ဆိုနေရတာကို သဘောကျတယ်။ ဒါပေမယ့် ငါ့ယောက်ျားက ငါ့သီချင်းသံ ကြားရရင် ဒေါသထွက်တော့တာပဲ။ သူ စိတ်တိုနေတဲ့ အခါမျိုးဆိုရင် ငါ့ကို အိမ်ပြင်ထွက်ခွင့် မပေးတော့ဘူး။ ပုံမှန်လုပ်နေကျ အိမ်မှုကိစ္စ လုပ်ဖို့က လွဲလို့ပေါ့ဟာ။ သူ စိတ်ကြည်နေပြီ ဆိုရင်တော့ ညနေပိုင်းကျရင် ဝက်သတ်တဲ့ အိမ်ရှေ့ကပြင်မှာ ငါ့ကို ထိုင်ခွင့်ပေးတယ်။ ဒါပေမယ့် အဲဒီလို ထိုင်ခွင့်ရတိုင်း အဲဒီနေရာမှာ အသတ်ခံသွားကြရတဲ့ တိရစ္ဆာန်တွေရဲ့ အကြောင်းတွေကိုချည်း ငါ တွေးနေမိတော့တာပဲ။ ညအချိန် အိပ်ပျော်သွားတဲ့အခါမှာ နောက်တစ်နေ့ ပြန်နိုးလာလိမ့်ဦးမယ် ဆိုတာကို ငါ သိနေတယ်။ ဒါပေမယ့် ငါ့အတွက် အရုဏ်ဦးဆိုတာ မရှိတော့ဘူး။ အမှောင်ထုပဲ ရှိတော့တယ်”
သူ့ကို အားပေးနိုင်ရန် ကျွန်မ ကြိုးစားကြည့်လိုက်သည်။
“နင် မကြာခင်ကမှ မိခင်တစ်ယောက် ဖြစ်လာရလို့ တောင်တောင်ဤဤတွေ လျှောက်တွေးနေမိတာ ဖြစ်မှာပါအေရယ်။ နောက်ပြီး ‘ဆောင်းတွင်းအိပ်မက် ကယောက်ကယက်’ ဆိုတဲ့ စကားပုံတောင် ရှိသေးတယ် မဟုတ်လား”
ကျွန်မ၏ မိဘမောင်ဖွားများကို လွမ်းဆွတ် သတိရသောအခါ၊ သို့တည်းမဟုတ် ညတာရှည်သော အေးခဲမှုဒဏ်က ကျွန်မ၏ နှလုံးသားကို တဆစ်ဆစ် ထိုးဆွနေသော အခါမျိုးတွင် စိတ်အားငယ်ကာ ညှိုးရော်နွမ်းခြောက် နေတတ်သည်။ ထိုသို့သော အထီးကျန်ဆန်မှု ဝေဒနာမျိုးကို သူလည်း ခံစားနေရပေလိမ့်မည်ဟု ကျွန်မ အတပ်မပြောနိုင်ပါ။
“အခု နွေဦးရာသီ ရောက်ပြီလေဟာ” ဤစကားမှာ သူ့ကို ရည်ရွယ်သကဲ့သို့ ကိုယ့်ဘာသာကိုယ် ရည်ရွယ်လိုက်ခြင်းလည်း ဖြစ်သည်။
“နေ့တာရှည်တဲ့ ရက်တွေအတွင်းမှာ ငါတို့ ပိုပျော်ရမှာပါ”
“နေ့တာတိုမှ ငါ့ဘဝက နေလို့ ပိုကောင်းတာပါဟာ” သူက အမှန်အတိုင်း ဖွင့်ဟလာသည်။
“ငါ့ယောက်ျားနဲ့ငါ အိပ်ရာဝင်သွားကြပြီ ဆိုမှ ပွစိပွစိ အသံတွေက ရပ်သွားတော့တာ။ ငါ နှပ်ထားတဲ့ လက်ဖက်ရည်က ညံ့ကြောင်း ညည်းတွားနေတဲ့ ငါ့ယောက္ခမ-အဖေရဲ့ အသံကို အဲဒီအချိန်ကျရင် မကြားရတော့ဘူး။ ငါ့ကို ပျော့ညံ့လို့ဆိုပြီး တဗျစ်တောက်တောက် ဆူနေတတ်တဲ့ ငါ့ယောက္ခမ-အမေရဲ့ အသံကိုလည်း မကြားရတော့ဘူး။ အင်္ကျီ မသန့်လို့ ဆိုပြီး ပွပွစိစိ ပြောနေတဲ့ ငါ့ယောင်းမအသံလည်း မကြားရတော့ဘူး။ ရွာသူရွာသားတွေရဲ့ အရှေ့မှာ အရှက်မကွဲစေနဲ့ ဆိုပြီး ငါ့ကို ကြိမ်းမောင်းနေတဲ့ ယောက်ျားရဲ့ အသံကိုလည်း မကြားရတော့ဘူး။ ပြီးတော့ ငါ့သားကလည်း တစ်နေကုန် အာပြဲလျှာပြဲနဲ့ တကျည်ကျည် ငိုပြီးရင်း ငိုနေတော့တာပဲ”
လောင်ထုံး၏ အခြေအနေမှာ ဤမျှ ဆိုးဝါးနေကြောင်း ကြားသိရလိုက်၍ ကျွန်မ တုန်လှုပ်ချောက်ချားသွားသည်။ သူ စိတ်ဆင်းရဲနေသည်။ တစ်ဦးကိုတစ်ဦး ပိုမို ပွင့်လင်းစွာ ဆက်ဆံပြောဆိုပါမည်ဟု လွန်ခဲ့သော ရက်အနည်းငယ်က မိမိကိုယ်မိမိ ကတိပေးထားခဲ့သော်ငြားလည်း သူ့ကို မည်သို့ ပြောဆိုရမည်မှန်း မသိအောင် အခက်တွေ့နေသည်။ စိတ်ရှုပ်ထွေးလာသည့် အခါမျိုးနှင့် ခွတီးခွကျ အခြေအနေမျိုးကို ကြုံလာရသည့် အခါတိုင်းတွင် ကျွန်မ၏ ရှေးရိုးစွဲ အမူအကျင့်က နေရာယူလာကြစမြဲ ဖြစ်သည်။
“ငါ့ယောက်ျားနဲ့ ယောက္ခမရဲ့ အလိုဆန္ဒတွေကို လိုက်လျောပေးနိုင်ဖို့ ငါ အမြဲတမ်း ကြိုးစားတယ်။ ဒီတော့ ငါ့ဘဝကလည်း ပိုပြီး နေသာထိုင်သာ ရှိလာတာပေါ့” ကျွန်မက အကြံပြုလိုက်သည်။
“နင်လည်း အဲဒီအတိုင်း လုပ်ကြည့်သင့်တယ်။ နင် အခု စိတ်ဆင်းရဲချင် စိတ်ဆင်းရဲလိမ့်မယ်။ ဒါပေမယ့် တစ်နေ့ နင့်ယောက္ခမ သေသွားတဲ့အခါမှာ နင်က အိမ်ရှင်မအစစ် ဖြစ်လာမှာပဲ။ သားယောက်ျားလေး မွေးပေးထားတဲ့ နံပါတ်တစ် မယားတိုင်းက အဆုံးသတ်မှာ အဲဒီအိမ်ကို အုပ်စိုးခွင့် ရသွားတာချည်းပဲလေ”
သူက မချိတရိ ပြုံးနေသည်။ သူ့သားအကြောင်း ညည်းညူပြစ်တင်ခဲ့သော စကားကို သေသေချာချာ ပြန်တွေးကြည့်နေမိသည်။ သူ့ကို မည်သို့မျှ နားမလည်နိုင်အောင် ဖြစ်သွားရသည်။ သားရတနာသည် မိန်းမတစ်ယောက်၏ ဘဝ ဖြစ်သည်။ သား၏ လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းပေးရန် အလုပ်မှာ သူ၏ တာဝန် ဝတ္တရားပင် မဟုတ်ပါလော။
“မကြာခင်မှာ နင့်သားလေးက လမ်းလျှောက်နိုင်တော့မှာပါ။ သူ့အနောက် တကောက်ကောက် လိုက်နေရတာနဲ့ပဲ နင် စိတ်ညစ်ဖို့တောင် အချိန်ရမှာ မဟုတ်တော့ဘူး”
သူက ကလေးကို ခပ်တင်းတင်း ဖက်ထားလိုက်သည်။
“ငါ့မှာ နောက်တစ်ဗိုက် ရှိနေပြန်ပြီ”
ကျွန်မက သူ့ကို ဝမ်းမြောက်ကြောင်း ပြောလိုက်ပြီးခါမှ စိတ်ထဲ နဝေတိမ်တောင် ဖြစ်နေမိသည်။ သို့သော် သူ့စကားက ကျွန်မ၏ သံသယတချို့ကိုတော့ ဖြေရှင်းပေးနိုင်လိုက်သည်။ သူ ကိုယ်လေးလက်ဝန် ဖြစ်နေသောကြောင့်သာလျှင် ရင်သားက ပြည့်ဖြိုးနေပြီး ဝမ်းဗိုက်က ချပ်ချပ်ရပ်ရပ် ရှိမနေခြင်းပင်။ သို့သော် သူသည် အဘယ်ကြောင့် ဤမျှ မြန်မြန် ကိုယ်ဝန်ရှိလာရသနည်း။ သူ့စာထဲတွင် ရေးခဲ့သော စည်းမစောင့်မှု ဆိုသည်မှာ ဤကိစ္စပင်လော။ သူနှင့် သူ့ယောက်ျားသည် ရက် ၁၀၀ မပြည့်ခင် မီးတွင်းကာလ၌ အတူအိပ်ခဲ့ကြဖူးသလော။ ဤသို့သာ ဖြစ်ရပေတော့မည်။
“နောက်ထပ် သားတစ်ယောက် ရပါစေလို့ ငါ ဆုတောင်းပေးပါတယ်ဟာ” အတွေးစကို ဖြတ်၍ ကျွန်မ စကားဆိုလိုက်သည်။
“ငါလည်း အဲဒီလို မျှော်လင့်တာပဲ” သူက သက်ပြင်းချသည်။
“ငါ့ယောက်ျားက ပြောတယ်ဟ။ သမီးတစ်ယောက် ရတာထက် ခွေးတစ်ကောင် ရတာကမှ ပိုကောင်းဦးမယ်တဲ့”
ဤအမှန်တရားကို ကျွန်မတို့အားလုံး သိကြသည်သာ။ သို့သော် မည်သူက မိမိ၏ ကိုယ်ဝန်ဆောင် ဇနီးမယားကို ဤသို့ ပြောရက်ပါအံ့နည်း။
ဝေါယာဉ်က အိကနဲ နိမ့်ဆင်းသွားသည်ဟု ခံစားလိုက်ရသည်။ ထို့နောက် ကျွန်မ၏ အစ်ကိုနှင့် မောင်လေးတို့၏ ဝမ်းမြောက်ဝမ်းသာ အော်မြည်နှုတ်ဆက်သံက ကျွန်မကို စိတ်သက်သာရာ ရစေခဲ့သည်။ ရွှယ်ဟွား၏ နောက်ဆုံးစကားကို ကျွန်မ တစ်စုံတစ်ရာ တုံ့ပြန်စရာ မလိုတော့သောကြောင့် ဖြစ်သည်။ ကျွန်မ အိမ်ပြန်ရောက်လေပြီ။
အိမ်က အတော်အတန် ပြောင်းလဲနေသည်။ ယခုအခါ တာ့ကောနှင့် သူ့ဇနီးတွင် ကလေးနှစ်ယောက် ရှိနေကြပြီ။ ယောင်းမက ငှက်နှင်ပွဲတော်အတွက် သူ့မိဘအိမ်သို့ ပြန်သွားခဲ့သည်။ သို့သော် ကလေးများကို ကျွန်မတို့နှင့် ဆုံတွေ့ပေးရန်အတွက် အိမ်တွင် ချန်ထားခဲ့သည်။ မောင်လေးကတော့ ယခုထိ အိမ်ထောင် မပြုရသေး။ သို့သော် မင်္ဂလာအခမ်းအနားအတွက် ပြင်ဆင်မှုများ လုပ်ဆောင်နေကြသည်။ သူလည်း တရားဝင် ယောက်ျားတစ်ယောက် ဖြစ်နေချေပြီ။ တာ့ကျယ်သည် သူ၏ သမီးနှစ်ယောက်၊ သားတစ်ယောက်နှင့် အိမ်သို့ ပြန်ရောက်လာသည်။ သူ၏ ရုပ်ရည်မှာ အရင်ကထက် ပိုမို အိုစာလာသည် မှန်သော်လည်း ကျွန်မတို့၏ မျက်လုံးထဲတွင်တော့ သူ၏ ငယ်ရုပ်ကိုသာ မြင်ယောင်နေဆဲ ဖြစ်သည်။ မာမားသည် ယခင်ကကဲ့သို့ ကျွန်မကို လွယ်လွယ်နှင့် ပြစ်တင်မောင်းမဲ၍ မရတော့ပေ။ သို့သော် မကြာမကြာ သွေးတိုးစမ်းနေဆဲပင်။ ဤနေ့ရက်အတွင်း၌ ထမင်းစားမည့် ပါးစပ်ပေါက်များ များစွာ တိုးပွားလာသောကြောင့် စိတ်ဖိစီးမှုကို ပါပါး ခံစားနေရမှန်း သိသာပါသည်။ သို့ပေမင့် သူ ဂုဏ်ယူဝမ်းမြောက်နေ၏။
ကလေးအားလုံးကို စုပေါင်းရေတွက်လိုက်မည် ဆိုလျှင် ဤအမိုးအကာအောက်၌ အသက် ၆ လမှ ၆ နှစ်အကြား ရှိသော ကလေးငယ်ပေါင်း ၇ ယောက် ရှိနေသည်။ ကြမ်းပြင်တစ်လျှောက် ဟိုဟိုဒီဒီ ဖြတ်သန်း ပြေးလွှားနေကြသော ခြေသံကလေးများ၊ လူကြီးများကို တစာစာ ဟစ်ခေါ်နေသော အသံစူးစူးကလေးများ၊ တိတ်ဆိတ် ငြိမ်သက်သွားစေရန်အတွက် သီဆို ဖြေဖျော်ပေးနေရသော လူကြီးများ၏ သီချင်းသီဆိုသံများ စသည့် အသံများက အိမ်တွင်း၌ ပဲ့တင်ထပ်နေတော့သည်။ အိမ်တွင်း၌ ကလေးများနှင့် စည်ကား သိုက်မြိုက်နေသည်ကို စိန်စိန်းက ကြည်နူး ပျော်ရွှင်နေသည်။ တစ်အိမ်လုံး ကလေးများနှင့် ပြည့်နေစေချင်သည်မှာ သူ၏ ဘဝအိမ်မက်တစ်ခု မဟုတ်လား။ သို့သော်လည်း မကြာခဏ ဆိုသလို သူ၏ မျက်လုံးများက မျက်ရည်များနှင့် ပြည့်လျှမ်းနေတတ်ပြန်သည်။ အကယ်၍သာ ဤလောကကြီးက တရားမျှတခဲ့မည် ဆိုပါလျှင် ယခုလိုအချိန်မျိုး၌ မေရွက်သည်လည်း သူ့ကလေးများနှင့် ဤနေရာတွင် ရှိနေပေလိမ့်မည်။
ကျွန်မတို့သည် စကားပြောလိုက်၊ ရယ်မောလိုက်၊ စားသောက်လိုက်၊ အိပ်စက်လိုက်နှင့် သုံးရက်တာ ကုန်ဆုံးသွားသည်။ မည်သူကမျှ ငြင်းခုံခြင်း၊ အပုပ်ချခြင်း၊ ပြစ်တင်ခြင်းနှင့် စွပ်စွဲခြင်းများ မပြုလုပ်ကြပေ။ ရွှယ်ဟွားနှင့် ကျွန်မအတွက်မူ အပေါ်ထပ် အခန်းဆောင်ထဲမှ ညအချိန်မှာ အကောင်းဆုံး အချိန် ဖြစ်သည်။ ကျွန်မတို့၏ သားများကို ကျွန်မတို့၏ ကြားအလယ်ခေါင်တွင် သိပ်ထားကြသည်။ သူတို့လေးနှစ်ယောက်၏ ခန္ဓာကိုယ်များကို ဘေးတစောင်း ကြည့်လိုက်လျှင် သူတို့၏ ခြားနားချက်မှာ ပို၍ပင် သိသာ ထင်ရှားလွန်းနေသည်။ ကျွန်မ၏ သားမောင်သည် ဝဖြိုးပြီး ခေါင်းပေါ်မှ ဆံပင်များမှာ အုံထူကာ သူ့ဖခင်နည်းတူ အထက်သို့ ထောင်တက်နေကြသည်။ သူသည် အချိန်ရှိတိုင်း နို့စို့နေတတ်ပြီး နို့ရည်ကို ဂလုဂလု မြည်အောင် သောက်စို့လေ့ရှိသည်။ ကျွန်မကို မော့ကြည့်ကာ ပြုံးပြသည့် အခါမျိုးလောက်၌သာ နို့စို့ခြင်း အလုပ်ကို တစ်ခဏမျှ ရပ်နားတတ်သည်။ ရွှယ်ဟွား၏ သားအတွက်မူ နို့စို့ရခြင်းက အနည်းငယ် ခက်ခဲနေဟန် ရှိသည်။ သူ၏ ကျောပြင်ကလေးကို ရွှယ်ဟွားက ခပ်ဖွဖွ ပုတ်လိုက်သည်နှင့် ဗိုက်ထဲမှ နို့ရည်များ ပြန်လည် အန်ထွက်လာတတ်သည်။ ထိုကလေးက ဇီဇာကြောင်ပုံလည်း ရသည်။ ညနေပိုင်းအချိန်များ၌ တဝါးဝါးနှင့် အဆက်မပြတ် ငိုနေလေ့ရှိသည်။ သူ စိတ်ဆိုးနေပြီ ဆိုလျှင် မျက်နှာတစ်ပြင်လုံး နီရဲလာပြီး သူ၏ ဖင်ကလေးမှာလည်း ရဲတက်လာကာ အဖုအပိမ့်များပင် ထွက်လာတတ်သည်။ သို့သော် ခြုံစောင်အတွင်းသို့ ကျွန်မတို့ လေးယောက်စလုံး ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ကလေးနှစ်ယောက်စလုံးက ငြိမ်သက်ကာ ကျွန်မတို့၏ တီးတိုးစကားများကို နားထောင်နေကြသည်။
“နင် အဝှာပြုရတာ သဘောကျလား” အားလုံး အိပ်သွားပြီ ဖြစ်ကြောင်း သေချာသွားသည့်အခါတွင် ရွှယ်ဟွားက မေးခွန်းမေးလိုက်သည်။
မိန်းမကြီးများ၏ နှုတ်မှ ထွက်လာတတ်သော ယုတ်တီးယုတ်ပတ် ပြက်လုံးများနှင့် ကိုယ်ပိုင် အတွေ့အကြုံကို ရွှတ်နောက်နောက် ပြောပြလေ့ရှိသော စိန်စိန်း၏ ဟာသများကို ကျွန်မတို့ နှစ်ပေါင်းများစွာ နားရည်ဝအောင် ကြားဖူးခဲ့ကြသည်။ ထိုသို့ ကြားဖူးစဉ်က နားမလည် ပါးမလည်နှင့် အူလည်လည် ရှိခဲ့ကြသော်လည်း ယခုတော့ ၎င်းပြက်လုံးများကို ကျွန်မတို့ ကောင်းကောင်း နားလည်လာခဲ့ကြပေပြီ။
“ငါ့ယောက်ျားနဲ့ ငါက ယွမ်းယန်ငှက်မောင်နှံတွေလိုပဲ” ကျွန်မ၏ တုံ့ပြန်စကားကို မကြားရသည့်အခါတွင် ရွှယ်ဟွားက စကားကို ဆက်ပြောလိုက်သည်။
“ငါတို့နှစ်ယောက်က အတူတကွ ပျံသန်းနေကြရင်းနဲ့ တစ်ဦးကိုတစ်ဦး ပျော်ရွှင်မှုတွေ ပေးနိုင်ခဲ့ကြတယ်”
သူ၏ ပြောစကားကြောင့် ကျွန်မ စိတ်ပျက်တွေဝေသွားမိသည်။ ယခင် နှစ်ပေါင်းများစွာ လုပ်ခဲ့သည့်နည်းတူ ယခုလည်း ကျွန်မကို လိမ်ညာနေပြန်ပြီလား မသိ။ စိတ်ရှုပ်ထွေးမှုကြောင့် တိတ်ဆိတ်ငြိမ်သက်နေစဉ် သူက စကားဆက်သည်။
“ငါတို့ နှစ်ယောက်စလုံးက အဲဒါလုပ်ရတာကို သဘောကျတယ် ဆိုပေမယ့်လည်း ငါ့ယောက်ျားက စည်းမစောင့်တဲ့အတွက် ငါ စိတ်အနှောက်အယှက် ဖြစ်ရတယ်ဟ။ မီးတွင်းကြီးထဲမှာ အဲဒီကိစ္စကို စောင့်ထိန်းရမယ် မဟုတ်လား။ သူက မီးဖွားပြီး ရက် ၂၀ ပဲ အောင့်အည်း စောင့်ဆိုင်းပေးခဲ့တယ်လေ” သူက စကားကို တစ်ခဏ ရပ်လိုက်ပြီး သူ့ရင်ထဲ ရှိသည့်အတိုင်း ဝန်ခံလိုက်သည်။
“ငါ သူ့ကို အပြစ်မမြင်ပါဘူးဟာ။ ငါလည်း သဘောတူခဲ့တာပဲ မဟုတ်လား။ ငါ ကိုယ်တိုင်ကလည်း အဲဒီလို ဖြစ်ချင်နေခဲ့တာလေ”
သူ၏ ရမ္မက်ဆန္ဒအကြောင်း ကြားသိရသောကြောင့် စိတ်ရှုပ်ထွေးသွားခဲ့ရသော်လည်း ကျွန်မ စိတ်သက်သာရာတော့ ရရှိလိုက်သည်။ သူ ကျွန်မကို မထိမ်မဝှက်ဘဲ အမှန်အတိုင်း ပြောနေခြင်းသာ ဖြစ်ရပေတော့မည်။ မည်သူကမျှ ဤသို့သော အကြောင်းအရာမျိုးဖြင့် အမှန်တရားကို ဖုံးကွယ်ကြလိမ့်မည် မဟုတ်ပေ။ ညစ်ညမ်းဆိုးယုတ်သော အပြုအမူတစ်ခုကို ပြုလုပ်ဆောင်ရွက်ခြင်းထက် ရှက်စရာကောင်းသည့်အရာ လောကတွင် ရှိနိုင်တော့မည် မဟုတ်ပေ။
“တော်တော်ဆိုးဆိုးပဲဟာ” ကျွန်မက တီးတိုးပြန်ပြောလိုက်သည်။
“နင် စည်းကမ်းတွေကို လိုက်နာသင့်တယ်”
“မလိုက်နာဘူး ဆိုရင်ရော … ။ ငါလည်း ငါ့ယောက်ျားလို ဒုစရိုက်ကောင် ဖြစ်လာတော့မှာလား”
ယင်းအတွေးက ကျွန်မခေါင်းထဲသို့ ရောက်ရှိနေပြီး ဖြစ်သည်။ သို့သော် ကျွန်မက ဤသို့ ပြောလိုက်သည်။
“နင့်ကို နာမကျန်း ဖြစ်တာတို့၊ သေသွားတာတို့ မဖြစ်စေချင်ဘူး”
အမှောင်ထုထဲတွင် သူ့ရယ်သံက ဟိန်းထွက်လာသည်။
“အဝှာပြုလို့ ဘယ်သူမှ နေမကောင်း မဖြစ်ပါဘူးဟာ။ ဇိမ်တောင် ရှိသေးတယ်ဟ။ တစ်နေကုန် တစ်နေခန်း ငါ့ယောက္ခမအတွက် အလုပ်တွေ အသည်းအသန် လုပ်ပေးနေရတာ။ ညအချိန်မှာ တစ်ခဏလောက်တောင် ဇိမ်ခံခွင့် မရှိတော့ဘူးလား။ နောက်ပြီး ငါ နောက်ထပ် သားတစ်ယောက် ထပ်ရရင် ပိုပြီးတောင် ပျော်ရဦးမှာ”
နောက်ဆုံးအချက်မှာ မှန်ကန်ကြောင်း ကျွန်မ သဘောပေါက်သည်။ ကျွန်မတို့ နှစ်ယောက်အကြားတွင် အိပ်စက်နေသော ဤကလေးငယ်မှာ ချည့်နဲ့လွန်းလှသည်။ ရွှယ်ဟွားအနေဖြင့် နောက်ထပ် သားတစ်ယောက်ရှိရန် လိုအပ်သည်။ … ဖွဟဲ့ မပြောကောင်း မဆိုကောင်း …
သုံးရက်ဆိုသော အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ကျွန်မလည်း စိတ်လက် ပေါ့ပါးလာခဲ့သည်။ ဝေါယာဉ်ဖြင့် ရွှယ်ဟွားကို သူ့အိမ်သို့ ပြန်ပို့ပေးပြီးနောက် ကျွန်မလည်း အိမ်သို့ ပြန်လာခဲ့သည်။ လမ်းတွင် မည်သူမျှ ကျွန်မတို့ကို သတိထားမိဟန် မတူပါ။ အထမ်းသမားများကို ပေးလိုက်သည့် ငွေကြေးပမာဏကလည်း သူတို့ကို နှုတ်ပိတ်ထားနိုင်ခဲ့သည်။ ဤအောင်မြင်မှုကြောင့် ကျွန်မ အားတက်လာခဲ့သည်။ နောက်နောင်တွင်လည်း ရွှယ်ဟွားနှင့် မကြာခဏဆိုသလို တွေ့ဆုံခွင့် ရနိုင်ပေတော့မည်။ တစ်နှစ်အတွင်း၌ အိမ်ထောင်သည် မိန်းမများကို မိဘအိမ်သို့ ပြန်ရန် ညွှန်ကြားတောင်းဆိုထားသော ပွဲတော်ပေါင်းများစွာ ရှိသည်။ ထို့အပြင် ကျွန်မတို့နှစ်ယောက်သည် ကူဖောဘုရားကျောင်းသို့လည်း တစ်နှစ်တစ်ကြိမ်ကျ ဘုရားဖူး ထွက်လိုက်ကြသေးသည်။ ကျွန်မတို့မှာ အိမ်ထောင်သည် အမျိုးသမီးများ ဖြစ်သည် မှန်သော်လည်း လောင်ထုံးများလည်း ဖြစ်နေကြသေးသည် မဟုတ်ပါလား။ ယောက္ခမ၏ စကားကို ဂရုမစိုက်နိုင်တော့ပြီ။
နောက်ပိုင်းလများတွင် ရွှယ်ဟွားနှင့် ကျွန်မသည် တစ်ယောက်ကိုတစ်ယောက် အဆက်အသွယ် မပြတ်ဘဲ စာပေးစာယူ လုပ်နေခဲ့ကြသည်။ ကျွန်မတို့၏ စကားလုံးများသည် ကောင်းကင်၌ ပျံဝဲနေကြသော ငှက်နှစ်ကောင်ကဲ့သို့ လွတ်လပ်မြူးထူးစွာ လယ်ကွင်းများတစ်လျှောက် စုန်ချီဆန်ချီဖြင့် သွားလာပျံသန်းနေကြသည်။ သူ၏ စောဒနာသံများ လျော့ပါးသွားသကဲ့သို့ ကျွန်မ၏ စာများတွင်လည်း ထိုအကြောင်းများ လျော့နည်းသွားသည်။ ကျွန်မတို့မှာ ငယ်ရွယ်သော မိခင်များ ဖြစ်သည့်အလျှောက် ကျွန်မတို့၏ နေ့စဉ်ဘဝများသည်လည်း သားငယ်တို့၏ စွန့်စားခန်း အသစ်အသစ်များနှင့် ပြည့်နှက်နေတော့သည်။ ပထမဆုံး သွားကလေး ထွက်လာခြင်း၊ ပထမဆုံး စကားစပြောတတ်ခြင်း၊ ပထမဆုံး ခြေလှမ်းကို လှမ်းလျှောက်တတ်ခြင်း စသည် စသည်များ။ မိမိတို့ အိမ်အသစ်များ၏ စည်းချက်ဝါးချက်များနှင့် အသားကျလာခြင်း၊ ယောက္ခမ ကျေနပ်အောင် မည်သို့ ပြုမူနေထိုင်ရမည်ကို သဘောပေါက် နားလည်လာခြင်းနှင့် ဇနီးမယား၏ တာဝန်ဝတ္တရားများကို ချိန်ညှိတတ်လာခြင်းတို့ကြောင့် ကျွန်မတို့နှစ်ယောက်စလုံး ကျေနပ်ရောင့်ရဲတတ်လာကြပြီဟု ကျွန်မ ယူဆသည်။ ကျွန်မ၏ ခင်ပွန်းအကြောင်းနှင့် ကျွန်မတို့၏ လင်မယား အတွင်းရေးများအကြောင်းကို ရွှယ်ဟွားအား စာရေးပြောပြရခြင်းအပေါ် ယခင်ကကဲ့သို့ ရှိုးတိုးရှန့်တန့် ဖြစ်မနေတော့ပေ။ ရှေးဆိုရိုးစကားတစ်ခုကို ယခုတော့ ကျွန်မ နားလည်နိုင်ခဲ့ပြီ။
“ခုတင်ပေါ်တက်စဉ် လင်ယောက်ျား၊ ခုတင်အောက်ဆင်းတော့ အမျိုးကောင်းသား ” ဟူ၍။ ခုတင်အောက် ဆင်းသွားသော သူ့ကို ကျွန်မက ပိုပြီး သဘောကျ နှစ်ခြိုက်မိသည်။ နေ့ခင်းအချိန်များ၌ သူသည် ကွန်ဖြူးရှပ်၏ ‘ကထာကျမ်း’ လာ ‘ဆင်ခြင်ဖွယ် ၉ မျိုး’ ကို စောင့်ဆည်းလိုက်နာတတ်သူ ဖြစ်သည်။ သူသည် သဘောပေါက်လွယ်သူ၊ ဂရုတစိုက် နားထောင်တတ်သူ၊ ဖော်ရွေသူတစ်ယောက် ဖြစ်သည်။ ရိုးရိုးကုပ်ကုပ် နေတတ်ခြင်း၊ သစ္စာရှိခြင်း၊ ဂါရဝတရား ထားတတ်ခြင်းနှင့် သမာသမတ်ကျခြင်းတို့မှာ သူ၏ ဂုဏ်ပုဒ်များ ဖြစ်ကြသည်။ သို့လောသို့လော ဖြစ်လာသည့် အခါများတွင် သူ့ဖခင်ကို မေးခွန်းများ မေးမြန်းတတ်ပြီး ကြုံတောင့်ကြုံခဲ စိတ်ဆိုးဒေါသထွက်လာလျှင်လည်း ၎င်းဒေါသကို အပြင်သို့ မရောက်အောင် ဂရုတစိုက် သိုဝှက်ထိန်းသိမ်း ထားတတ်သည်။ ညအချိန် ခုတင်ပေါ်သို့ တက်လာလျှင်လည်း သူ့ကို ကျေနပ်နှစ်သိမ့်မှု ပေးခွင့်ရသည့်အတွက် ကျွန်မ ပျော်သည်။ သို့သော် သူ့ကိစ္စ အထမြောက် ပြီးဆုံးသွားသည့် အခါမျိုးတွင် ကျွန်မ စိတ်လက်ပေါ့ပါးသွားရပြန်သည်။ ငယ်စဉ်အခါက စိန်စိန်းပြောခဲ့သော စကားတချို့ကို ကျွန်မ ယခုချိန်ထိ နားမလည်နိုင်သေးပါ။ ထို့အပြင် ဇိမ်တွေ့သည် ဆိုသော ရွှယ်ဟွား၏ ပြောစကားကိုလည်း ကျွန်မ အဓိပ္ပာယ် မဖွင့်တတ်သေး။ သို့သော် အဝိဇ္ဇာက ကျွန်မကို မည်မျှပင် ဖုံးလွှမ်းနေပါစေ၊ ကျွန်မ သိထားတာ တစ်ချက်တော့ ရှိသည်။ စည်းကမ်းဖောက်လျှင် တစ်နည်းတစ်ဖုံဖြင့် ပြန်လည် ပေးဆပ်ရရိုး ရှိသည် မဟုတ်ပါလား။
❝ ပိုင်ဟောရေ …
ငါ့သမီးလေးကို မွေးမွေးချင်းမှာပဲ ပစ်လိုက်ရတယ်။ သူ့ခမျာ တစ်ရက်မှတောင် မနေလိုက်ရဘဲ ဒီလောကကြီးကို စွန့်ခွာသွားရရှာတယ်။ ဒါကြောင့် ဘဝရဲ့ ဒုက္ခအဖုံဖုံကိုလည်း သူ နားမလည်လိုက်ရဘူးပေါ့။ သူ့ခြေထောက်ကလေးတွေကို ငါ ကိုင်ကြည့်တယ်။ သူတို့ကလေးတွေက ခြေစည်းရတဲ့ ဒုက္ခကို ဘယ်တော့မှ သိသွားရှာမှာ မဟုတ်တော့ဘူး။ သူ့ရဲ့ မျက်လုံးလေးတွေကို ငါ ကိုင်ကြည့်တယ်။ မိဘအိမ်ကို ခွဲခွာရလို့ ဖြစ်ပေါ်လာတဲ့ ဝမ်းနည်းကြေကွဲမှုတွေ၊ သူ့အမေကို နောက်ဆုံးအကြိမ် တွေ့မြင်ရလို့ ဖြစ်ပေါ်လာတဲ့ ဝမ်းနည်းကြေကွဲမှုတွေ၊ သေဆုံးသွားတဲ့ ကိုယ့်ရင်သွေးကို ခွဲခွာနှုတ်ဆက်ရလို့ ဖြစ်ပေါ်လာတဲ့ ဝမ်းနည်းကြေကွဲမှုတွေကို သူတို့ ဘယ်တော့မှ ကြုံတွေ့နိုင်မှာ မဟုတ်တော့ဘူး။ ငါ့ရဲ့ လက်ချောင်းတွေကို သူ့ရဲ့ နှလုံးပေါ် တင်ကြည့်တယ်။ သူ့ခမျာ နာကျင်မှုတွေ၊ ဝမ်းနည်းမှုတွေ၊ အထီးကျန်မှုတွေ၊ အရှက်ရမှုတွေကို ဘယ်တော့မှ နားလည်ခွင့် ရမှာ မဟုတ်တော့ဘူး။ တမလွန်ဘဝမှာ ရောက်နေတဲ့ သူကလေးကို ငါ မြင်ယောင်ကြည့်မိတယ်။ သူ ငါ့မာမားနဲ့များ အတူတူ ရှိနေမလား မသိဘူးနော်။ သူတို့တွေရဲ့ ကံကြမ္မာတွေကို ငါ ဘာမှ မသိခဲ့ရဘူး။
အိမ်မှာ ရှိတဲ့ လူတွေအားလုံးက ငါ့ကို အပြစ်တင်ကြတယ်။ ငါ့ ယောက္ခမက ပြောတယ်။
“သားယောက်ျားလေးမှ မွေးမပေးနိုင်ဘူး ဆိုရင် နင့်ကို ဘာအတွက်နဲ့ ချွေးမ တော်နေရဦးမလဲ” တဲ့။ ငါ့ယောက်ျားက ပြောတယ်။
“နင် ငယ်ပါသေးတယ်။ ကလေးတွေ အများကြီး ထပ်ပြီး မွေးနိုင်သေးတယ်။ နောက်တစ်ခါကျရင် ငါ့အတွက် သားတစ်ယောက် ရအောင် မွေးပေး” တဲ့။
ဒီအိမ်မှာ ငါ့ရဲ့ သောကတွေကို ဘယ်လိုနည်းနဲ့မှ ဖွင့်ထုတ်ပိုင်ခွင့် မရှိဘူး။ ဘယ်သူကမှလည်း ငါ့စကားကို တခုတ်တရ နားမထောင်ပေးချင်ကြဘူး။ နင့်အသံကို ကြားပါရစေလို့ ငါ အမြဲ မျှော်လင့်နေခဲ့တာ။
ငါ့ကိုယ်ငါ ငှက်တစ်ကောင်အဖြစ် မြင်ယောင်ကြည့်မိတယ်။ တိမ်တွေကြားထဲမှာ ပျံသန်းနေတဲ့အခါမှာ ငါ့အောက်က ကမ္ဘာမြေပြင်ဟာ တော်တော် ဝေးဝေးကြီးမှာ ခပ်မှိန်မှိန်ပဲ ရှိနေခဲ့မှာပဲ။
ငါ့ရဲ့ ဗိုက်ထဲက ကလေးကို အစောင့်အရှောက် ပေးနိုင်ဖို့အတွက် ငါ့လည်ပင်းမှာ ဆွဲထားခဲ့တဲ့ ကျောက်စိမ်းဆွဲပြားက ငါ့ရင်ကို ဖိစီးနှိပ်စက်နေတယ်။ သေသွားတဲ့ ငါ့ရဲ့ သမီးပိစိကွေးလေးကို အတွေးထဲက ဘယ်လိုမှ ထုတ်ပစ်လို့ မရဘူး ဖြစ်နေတယ်ဟာ။
ရွှယ်ဟွား ❞
ကိုယ်ဝန်ပျက်ကျခြင်းမှာ ကျွန်မတို့ခရိုင်တွင် ပုံမှန် ဖြစ်လေ့ဖြစ်ထ ရှိသော ကိစ္စရပ်တစ်ခု ဖြစ်နေချေပြီ။ ထို့အပြင် မိန်းမများကလည်း ထိုကိစ္စကို ရေးကြီးခွင်ကျယ် လုပ်၍ ကြီးကျယ်သော ကိစ္စအဖြစ် မှတ်ယူနေကြမည် မဟုတ်ပေ။ အထူးသဖြင့် ယင်းသို့ ပျက်ကျသော ကလေးမှာ သမီးမိန်းကလေး ဖြစ်နေခဲ့လျှင်ပေါ့။ အသေမွေးသော ကလေးငယ်က သားယောက်ျားကလေး ဖြစ်နေပါမှ ၎င်းကို ပြဿနာတစ်ခုအဖြစ် ရှုမြင်ကြသည်။ အကယ်၍သာ မိန်းကလေး ဖြစ်ခဲ့ပါမူ မိဘများက ကျိတ်၍ပင် ဝမ်းသာနေတတ်ကြသည်။ အသုံးမကျသော ပါးစပ်တစ်ပေါက်ကို မည်သူကမျှ ကျွေးမွေးလိုမည် မဟုတ်ပေ။ ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်း၌ ထိုသို့သော အဖြစ်သနစ်မျိုးသည် ကျွန်မ၏ ရင်သွေးထံသို့လည်း ကျရောက်လာနိုင်သည် မဟုတ်ပါလား။ ထို့ကြောင့် ရွှယ်ဟွား၏ သတင်းစကားက ကျွန်မကို ကြက်သေ သေသွားစေခဲ့သည်။ သို့သော် မိမိ၏ ရင်၌ဖြစ်သော သမီးမိန်းကလေးတစ်ယောက်သည် ပြင်ပလေကို တစ်ချက်ကလေးမျှ ရှူရှိုက်မသွားရဘဲ သေဆုံးသွားခဲ့ပါလျှင် ကျွန်မ မည်သို့ ခံစားရမည်နည်း။ ထိုအချက်ကို ကျွန်မ လုံးဝ သိနားလည်နိုင်ခြင်း မရှိကြောင်း ရိုးရိုးသားသား ဝန်ခံရပေမည်။ ထို့ကြောင့်လည်း ရွှယ်ဟွား၏ လက်ရှိ ခံစားချက်ကို ကြားသိရသောအခါတွင် ကျွန်မစိတ်ထဲ၌ နောက်ကျု ရှုပ်ထွေးနေလေသည်။
ကျွန်မကို မကွယ်မဝှက် အမှန်အတိုင်း ဖွင့်ဟပြောပြပါရန် ရွှယ်ဟွားကို ကျွန်မ တောင်းဆိုခဲ့သည်။ သို့သော် ယခုကဲ့သို့ အဖြစ်မှန်များကို အိတ်သွန်ဖာမှောက် ပြောပြလာသည့် အခါမှာတော့ မည်သို့ တုံ့ပြန်ရမှန်း ကျွန်မ မသိတော့ပေ။ ကိုယ်ချင်းစာစိတ်ထားကာ သူ့ကို ပြန်ကြားလိုက်ချင်ပါသည်။ သူ့ကို နှစ်သိမ့်မှု ရအောင်နှင့် စိတ်သက်သာမှု ရအောင် ကျွန်မ ပြုလုပ်ပေးချင်ပါသည်။ သို့သော် သူ၏ အတွေ့အကြုံများက ကျွန်မကို ခြောက်လှန့်နေကြသည်။ ကျွန်မ မည်သို့ ရေးရမည်မှန်း မသိနိုင်တော့ပေ။ ရွှယ်ဟွား၏ ဘဝတစ်လျှောက်တွင် ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်များ – သူ၏ ကလေးဘဝ အတွေ့အကြုံများ၊ ဆိုးရွားနုံချာသည့် သူ၏ အိမ်ထောင်ရေးနှင့် လက်ရှိအဖြစ်အပျက်များ – အားလုံးကို နားလည်သဘောပေါက်နိုင်ရန် ကျွန်မ အတော်ပင် ကြိုးစားယူရဦးမည်။ ကျွန်မ၏ အသက်က ယခုမှ ၂၁ နှစ်ထဲ ဝင်ရောက်ခါစသာ ရှိသေးသည်။ ဘဝ၏ စစ်မှန်သော အခက်အခဲ အကျပ်အတည်းများကို ယခုအချိန်ထိ စိုးစဉ်းမျှ မကြုံတွေ့ဖူးသေး။ ကျွန်မ၏ ဘဝက အစစ အရာရာ အဆင်ပြေနေသည်။ ထို့ကြောင့် သူ့ကို ကိုယ်ချင်း စာနာပေးရန်အတွက် ကျွန်မ၌ အခက်တွေ့နေရတော့သည်။
ကျွန်မချစ်သော သူ့ထံသို့ စာပြန်ရေးရန်အလို့ငှာ အသင့်လျော်ဆုံး စကားလုံးများကို စိတ်ကူးဖြင့် ရှာဖွေကြည့်နေမိသည်။ သို့သော် ပြန်စာပေါ်မှ ကျွန်မ၏ စကားလုံးများက ရှက်စရာပင် ကောင်းနေတော့သည်။ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက ကျင့်သားရနေခဲ့သော ရှေးရိုးအစဉ်အလာ နည်းအတိုင်း ရင်တွင်း ခံစားချက်များကို ဖုံးအုပ်လျက် စာပြန်လိုက်သောကြောင့် ဖြစ်သည်။ စုတ်တံကို ကောက်ကိုင်လိုက်ပြီးသည့်နောက်တွင် ကျွန်မသည် အိမ်ထောင်သည် အမျိုးသမီးများနှင့် သင့်တော်လျောက်ပတ်သော ရေးရိုးရေးစဉ် စာကြောင်းများဖြင့် အန္တရာယ်ကင်းစေရန် နိဒါန်းပျိုးလိုက်သည်။ ဘဝက မည်မျှပင် ခက်ခဲကြမ်းတမ်းစေကာမူ မိန်းမသားတို့၏ တစ်ခုတည်းသော အစောင့်အရှောက်မှာ သူ၏ တည်ငြိမ်အေးဆေးသော ကာယိန္ဒြေသာ ဖြစ်ကြောင်း ရွှယ်ဟွားကို သတိပေးလိုသည်။ နောက်တစ်ကြိမ် ကိုယ်ဝန်ရရန် သူ ကြိုးစားသင့်သည်။ မြန်မြန် ရလေ ကောင်းလေ ဖြစ်သည်။ မိန်းမများ၏ တာဝန်ဝတ္တရားမှာ သားရတနာများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနေရန် မဟုတ်ပါလား။
❝ ရွှယ်ဟွားရေ …
အပေါ်ထပ် အခန်းဆောင်ထဲမှာ ထိုင်ရင်း ငါ နက်နက်နဲနဲ တွေးကြည့်နေမိတယ်။
ငါ နင့်ကို နှစ်သိမ့်ပေးနိုင်ဖို့အတွက် ဒီစာကို ရေးလိုက်ပါတယ်။
ငါ ပြောတာ သေချာ နားထောင်ပါဦး။
အချစ်ရေ … နင့်စိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်ပါ။
နင့်နံဘေးမှာ ငါ အမြဲ ရှိနေတယ်လို့ မြင်ယောင်ကြည့်စမ်းပါ။
နင့်လက်တွေကို ငါ မြဲမြဲ ဆုပ်ကိုင်ပေးထားတယ်။
နင်နဲ့အတူတူ ငိုကြွေးနေတယ်။
ငါတို့ရဲ့ မျက်ရည်တွေက စမ်းချောင်းလေးခုအဖြစ်နဲ့ ထာဝရ စီးဆင်းနေကြတယ်။
နင် မြဲမြဲ မှတ်ထားပါဟာ။
နင့်ရဲ့ သောကတွေက ဒုနဲ့ဒေး ရှိချင် ရှိနေလိမ့်မယ်။ ဒါပေမယ့် နင် ဘယ်တော့မှ အထီးကျန်မနေပါဘူး။
သိပ်လည်း ဝမ်းနည်းမနေပါနဲ့တော့။
အားလုံးက ကံစီမံရာတွေပဲ မဟုတ်လား။ ချမ်းသာခြင်း၊ ဆင်းရဲခြင်းတွေလိုပဲပေါ့ဟာ။
ကလေးတွေ အများကြီးပဲ သေဆုံးနေကြရတယ်။
မိခင်အတွက်တော့ ရင်နာစရာပေါ့။
ငါတို့က အဲဒါတွေကို ထိန်းချုပ်လို့မှ မရဘဲဟာ။
ငါတို့ လုပ်နိုင်တာက နောက်တစ်ခါ ထပ်ပြီး ကြိုးစားကြည့်ဖို့ပဲ။
နောက်တစ်ခါ … သားလေးတစ်ယောက်ပေါ့။
ပိုင်ဟော ❞
ထို့နောက် နှစ်နှစ် ကုန်လွန်သွားပြန်သည်။ ကျွန်မ၏ သားမှာ ယခုအခါ လမ်းလျှောက်တတ်၊ စကားပြောတတ်နေပြီ။ ရွှယ်ဟွား၏သားက ကျွန်မသားထက် ပိုစောသည်။ စောလည်း စောသင့်ပါသည်။ သူ့သားက ၆ လ ပိုကြီးသည် မဟုတ်လား။ သို့သော် သူ့သား၏ ခြေထောက်များက ကျွန်မသားကဲ့သို့ မတုတ်ခိုင်ကြ။ သူ၏ ပိန်လှီသေးကွေးမှုက ခန္ဓာကိုယ်မှာတင် မကဘဲ စိတ်ဓာတ်ကိုပါ လွှမ်းမိုးနေသည်ဟု ထင်ရသည်။ သူ့ကို မထက်မြက်ဟု ဆိုလိုခြင်း မဟုတ်ပါ။ သူက အင်မတန် ဉာဏ်ကောင်းသူတစ်ယောက် ဖြစ်ပါသည်။ သို့သော် ကျွန်မသားလောက်တော့ မဟုတ်။ သုံးနှစ်အရွယ်တွင် ကျွန်မ၏သားက စုတ်တံကိုင်ကာ စာရေးစ ပြုနေလေပြီ။ ယခုအခါ အပေါ်ထပ် အခန်းဆောင်၏ အချစ်တော်လေးတစ်ယောက် ဖြစ်နေသည်။ လောင်ရဲ၏ မယားငယ်များသည်ပင် သူ့ထံသို့ အကြည့်မရောက်ဘဲ မနေနိုင်ကြပေ။ သူတို့၏ အချုပ်အလုပ်များကို လုပ်ကိုင်နေကြရင်း သားငယ်အကြောင်း ပြောဆိုငြင်းခုံနေတတ်ကြသည်။
ကျွန်မ၏ သားကြီး သုံးနှစ် လွန်မြောက်သည့်အခါတွင် ဒုတိယသားကို ဖွားမြင်ခဲ့သည်။ ရွှယ်ဟွားခမျာ ကျွန်မကဲ့သို့ ကံမကောင်းရှာပါ။ သူ့အနေဖြင့် သူ့ယောက်ျားနှင့် သံဝါသပြုရသည်ကို နှစ်ခြိုက်ပျော်မွေ့ကောင်း ပျော်မွေ့နေပါလိမ့်မည်။ သို့သော် ဘာအဖူးအပွင့်မျှ ထွက်မလာခဲ့ပေ။ ဒုတိယမြောက် သမီးတစ်ယောက်ကိုသာ နောက်ထပ်တစ်ကြိမ် အသေမွေးခဲ့ပြန်သည်။ ထိုသို့သော ဆုံးရှုံးမှုများ ကြုံကြိုက်လာပြီးသည့် နောက်တွင် သူ့ကို တိုင်းရင်းဆေးဆရာနှင့် သွားပြ၍ ဆေးဝါးအကူအညီဖြင့် သားတစ်ယောက် ထွန်းကားလာနိုင်စေရန်နှင့် သူ့ယောက်ျား၏ လိင်စွမ်းအားကို မြှင့်တင်ပေးရန် ကျွန်မ အကြံပြုခဲ့သည်။ ကျွန်မ၏ အကြံဉာဏ်အတိုင်း ဆောင်ရွက်ခဲ့မှုကြောင့် သူနှင့် သူ့ယောက်ျားတို့ အဘက်ဘက်မှ အဆင်ပြေလာကြောင်း ကျွန်မ ကြားသိခဲ့ရသည်။