နောက်သုံးနှစ်အတွင်း၌ ရွှယ်ဟွားသည် ကျွန်မအိမ်သို့ လခြား ရောက်ရှိလာတတ်သည်။ သူ့ကိုယ်ပေါ်တွင် တိမ်လွှာတိမ်ခက်များ ထိုးထားသည့် မိုးပြာရောင် ဝတ်ရုံကို ဝတ်မလာတော့ပေ။ ၎င်းအစား အဖြူရောင် အနားကွပ်ထားသော ခရမ်းပြာနုရောင် ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ထိုဝတ်ရုံမှာ သူကဲ့သို့သော ငယ်ရွယ်သည့် ကလေးတစ်ယောက်နှင့် မည်သို့မျှ လိုက်ဖက်မနေဘဲ အကြည့်ရ ဆိုးနေသည်။ အပေါ်ထပ် အမျိုးသမီးဆောင်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် သူ့အတွက် မာမား ပြင်ဆင်ပေးထားသည့် အင်္ကျီနှင့် အလျင်အမြန် လဲလှယ်လိုက်သည်။ ဤသို့ဖြင့် ကျွန်မတို့နှစ်ယောက်သည် အပြင်ပန်းအရရော အတွင်းပိုင်းအရပါ လောင်ထုံးများ ဖြစ်သွားကြတော့သည်။
ကျွန်မသည် ယခုအချိန်ထိ ရွှယ်ဟွား၏ ဇာတိရွာဖြစ်သော ထုံးခိုသို့ မရောက်ဖူးသေးပါ။ ထိုကိစ္စနှင့် ပတ်သက်၍ ကျွန်မ စကားတစ်ခွန်းမျှ မဟဖြစ်ပေ။ ကျွန်မအိမ်ရှိ လူကြီးများအားလုံးကလည်း ထိုထူးခြားသော အစီအစဉ်အကြောင်းကို ဆွေးနွေးကြသည်ဟု ကျွန်မ မကြားမိ။ ထို့နောက် ကျွန်မ အသက် ၉ နှစ်ပြည့်ပြီးသော နေ့တစ်နေ့တွင် မာမားက အောင်သွယ်တော်ဝမ်အား ထိုအကြောင်း မေးမြန်းနေသည်ကို ကျွန်မ ကြားလိုက်ရသည်။ သူတို့က အိမ်ရှေ့၌ မတ်တတ်ရပ်ကာ စကားပြောနေကြခြင်း ဖြစ်သောကြောင့် သူတို့၏ စကားသံများက ကျွန်မထံသို့ ပြတင်းပေါက်မှတစ်ဆင့် ဝင်ရောက်လာကြသည်။
“ကျွန်မတို့ဘက်ကချည်းပဲ ရွှယ်ဟွားကို ကျွေးမွေးနေရတယ်လို့ ကျွန်မ ယောက်ျားက ပြောနေတယ်” မာမားက တခြားသူများ မကြားရလေအောင် အသံကို နှိမ့်ကာ ပြောနေသည်။
“သူ အလည်လာတိုင်း ကျွန်မတို့မှာ သောက်ရေရော၊ အစားအစာတွေရော၊ ပြီးတော့ လျှော်ရဖွတ်ရတာတွေရော သူ့အတွက်နဲ့ အလုပ်တွေ ပိုများနေရတယ်။ ပိုင်ဟောအနေနဲ့ ဘယ်တော့ ထုံးခိုကို အလည်သွားနိုင်မလဲ ဆိုတာ သူ သိချင်နေတယ်။ ဒါက လုပ်နေကျ ထုံးစံပဲ မဟုတ်လား”
“ထုံးစံအရ လောင်ထုံးဖွဲ့ကြတော့မယ် ဆိုရင် ဇာတာက လုံးဝကို တစ်ထပ်တည်း ကျနေမှ ရတာ” အောင်သွယ်တော်ဝမ်က မာမားကို သတိပေးလိုသည့်ဟန်ဖြင့် ပြန်ပြောသည်။
“ဒါပေမယ့် ကျွန်မတို့အားလုံး သိထားတဲ့အတိုင်းပဲ။ အရမ်းကို အရေးပါတဲ့ အချက်တစ်ခုက ထပ်တူကျမနေဘူး။ ရွှယ်ဟွားက သူ့ထက် အဆင့်နိမ့်ကျတဲ့ မိသားစုတစ်စုဆီ ရောက်လာရတယ်” အောင်သွယ်တော်ဝမ်က တစ်ခဏမျှ ရပ်နားပြီးနောက် ဆက်ပြောသည်။
“ကျွန်မ ပထမဆုံးအကြိမ် ဒီကို ရောက်လာတုန်းက ရှင်တို့ထဲက ဘယ်သူမှ အဲဒီကိစ္စကို စောဒက မတက်ခဲ့ကြဘူး”
“ဟုတ်ပါတယ်။ ဒါပေမယ့် …”
“ရှင်က လက်ရှိ အနေအထားကို နားမလည်သေးဘူးဆိုတာ သိသာနေတာပဲ” အောင်သွယ်တော်ဝမ်က စိတ်ဆိုးမာန်ဆိုးနှင့် ဆက်ပြောသည်။
“ပိုင်ဟောနဲ့ သင့်လျော်မယ့် အိမ်ထောင်ဖက်တစ်ယောက်ကို ထုံးခိုကနေ ရှာပေးမယ်လို့ ကျွန်မ ပြောခဲ့ဖူးတယ်။ တကယ်လို့သာ အိမ်ထောင်မကျခင် ပိုင်ဟောရဲ့ မျက်နှာသွင်ပြင်ကို သတို့သားဘက်က မြင်သွားခဲ့မယ်ဆိုရင် အဲဒီမင်္ဂလာကိစ္စက သဲထဲရေသွန် ဖြစ်သွားတော့မှာပဲ။ နောက်ပြီး ရွှယ်ဟွားနဲ့ ရှင်တို့ မိသားစုနှစ်စုရဲ့ အခြေအနေ ကွာခြားမှုပေါ် အခြေခံပြီး ရွှယ်ဟွားတို့ မိသားစုကို တခြားလူတွေက မလိုတမာ ပြောလာကြလိမ့်မယ်။ ရှင်တို့နဲ့ အဆက်အသွယ် ဖြတ်ဖို့ သူတို့ဘက်က ရှင်တို့ကို တောင်းဆိုမလာတာပဲ ရှင်တို့ ကံကောင်းလှပြီ။ အဲဒီလို ဖြစ်လာပါစေလို့ ရှင့်ယောက်ျားက မျှော်လင့်နေတယ်ဆိုရင်လည်း အဲဒီလို လုပ်ဖို့ နောက်တော့ မကျသေးပါဘူး။ ယီးတီးယားတား လုပ်ချင်တယ်ဆိုရင်လည်း ရှင်တို့ သဘောပဲ”
မာမားလည်း ဘာမှ မလုပ်တတ် မကိုင်တတ်အောင် ဖြစ်သွားရသည်။
“အောင်သွယ်တော်ဝမ်ရယ်၊ ကျွန်မ အပြောမတတ်တာကို ဗွေမယူပါနဲ့ရှင်။ အိမ်ထဲဝင်ထိုင်ပြီး ရေနွေးကြမ်းလေး ဘာလေး သုံးဆောင်သွားပါဦး”
မာမား၏ အရှက်ရမှုနှင့် ထိတ်လန့်တုန်လှုပ်မှုတို့ကို ထိုနေ့က ကျွန်မ နဖူးတွေ့ ဒူးတွေ့ တွေ့မြင်လိုက်ရသည်။ ကျွန်မမိသားစုအတွက် ကြီးလေးသော ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေပါစေ၊ သူ့အနေဖြင့် ကျွန်မတို့၏ လောင်ထုံးဆက်ဆံရေးကို မည်သို့မျှ ပွန်းပဲ့သွားအောင် လုပ်ဆောင်၍ မဖြစ်ပေ။
ရွှယ်ဟွား၏ အိမ်သူအိမ်သားများက ကျွန်မကို သူတို့သမီးနှင့် အဆင့်အတန်း မတူဟု ယူဆကြကြောင်း ကြားသိလိုက်ရသည့်အခါတွင် ကျွန်မ မည်သို့ ခံစားခဲ့ရသနည်းဟု သင် သိကောင်း သိချင်ပေလိမ့်မည်။ ကျွန်မ မည်သို့မျှ မခံစားခဲ့ရပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်မသည် ရွှယ်ဟွား၏ ချစ်ခြင်းမေတ္တာနှင့် ထိုက်တန်သူတစ်ယောက် မဟုတ်ကြောင်း သိထားပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ကျွန်မက သူ့ကို ချစ်သကဲ့သို့ ကျွန်မကို ပြန်ချစ်လာအောင် နေ့စဉ်နေ့တိုင်း ကျွန်မ အစွမ်းကုန် ကြိုးစားခဲ့သည်။ မာမားသည် အောင်သွယ်တော်ဝမ်၏ အရှေ့၌ ကျွန်မအတွက်နှင့် မျက်နှာပျက်ခဲ့ရသည်။ ထို့အတွက် ကျွန်မ စိတ်မကောင်း ဖြစ်ရသည်။ အရှက်ရမိသည်ဟု ပြောလျှင် ပိုမှန်ပါလိမ့်မည်။ အမှန်အတိုင်း ဝန်ခံရလျှင် ပါပါး၏ စိုးရိမ်ကြောင့်ကြမှု၊ မာမား၏ စိတ်ကသိကအောက် ဖြစ်မှု၊ အောင်သွယ်တော်ဝမ်၏ ဇွတ်တရွတ်နိုင်မှုနှင့် ကျွန်မတို့နှစ်ယောက်အကြားရှိ ထူးခြားသည့် အစီအစဉ်များကို ကျွန်မ တစ်ခုမျှ စိတ်မဝင်စားပါ။ ကျွန်မ၏ ခင်ပွန်းလောင်း မမြင်တွေ့နိုင်အောင် ထုံးခိုသို့ အလည်အပတ် သွားနိုင်သည်ပဲ ထားဦး။ ကျွန်မလောင်ထုံး၏ ဘဝကို နားလည်သဘောပေါက်နိုင်ရန်အတွက် ကျွန်မအနေဖြင့် ထိုနေရာသို့ တကူးတက သွားနေစရာပင် မလိုအပ်တော့ဟု ကျွန်မ ယူဆထားသည်။ သူ့ရွာအကြောင်း၊ သူ့မိသားစုအကြောင်းနှင့် လှပသော သူ့အိမ်အကြောင်းတို့ကို ကျွန်မကိုယ်တိုင် ကြည့်မြင်လေ့လာနိုင်သည်ထက် အကြောင်းအရာ အတော်များများကို သူ့ထံမှ ကျွန်မ ကြားသိထားခဲ့ပြီး ဖြစ်သည်။ သို့သော် ပြဿနာက ထိုမျှနှင့် လက်စမသတ်သေး။
အောင်သွယ်တော်ဝမ်နှင့် အောင်သွယ်တော်ကောင်းတို့သည် အစဉ်အမြဲ နယ်မြေလုနေကြသည်။ ဖူးဝေရွာ၏ နယ်ခံ အောင်သွယ်တော်တစ်ယောက် အနေဖြင့် အောင်သွယ်တော်ကောင်းသည် တာ့ကျယ်အတွက် အိမ်ထောင်ဖက်ကောင်းတစ်ယောက်ကို ရှာဖွေ ညှိနှိုင်းပေးနိုင်သကဲ့သို့ တာ့ကောအတွက်လည်း တခြားရွာတစ်ရွာမှ သင့်လျော်သည့် မိန်းကလေးတစ်ယောက်ကို ရှာဖွေပေးထားသည်။ သူက မေရွက်နှင့် ကျွန်မအတွက်လည်း ထိုသို့ ပြုလုပ်ပေးနိုင်ရန် မျှော်လင့်ထားသည်။ သို့သော် အောင်သွယ်တော်ဝမ်သည် ကျွန်မ၏ ကံကြမ္မာကို ပြောင်းလဲပစ်နိုင်ခဲ့သည့်အပြင် မေရွက်၏ ကံကြမ္မာကိုလည်း ပြောင်းလဲပစ်ခဲ့သည်။ ထို့ကြောင့် အောင်သွယ်တော်ကောင်းအတွက်လည်း သက်ရောက်မှု ရှိလာတော့သည်။ ထိုအခကြေးငွေများသည် သူ့ပိုက်ဆံအိတ်ထဲသို့ ဝင်ရောက်လာတော့မည် မဟုတ်ပေ။ သို့ဖြင့် အောင်သွယ်တော်ကောင်း၏ လက်စားချေမှုက စတင်လာတော့သည်။
အောင်သွယ်တော်ကောင်းသည် ထုံးခိုရှိ ရွှယ်ဟွား၏ မိသားစုထံသို့ သွားရောက်ကာ စားခွက်လုနိုင်ရန် ကြိုးစားတော့သည်။ ထိုသတင်းက မကြာမြင့်မီမှာပင် အောင်သွယ်တော်ဝမ်ထံသို့ ပေါက်ကြားသွားသည်။ သူတို့နှစ်ယောက်အကြားရှိ ယှဉ်ပြိုင်တိုက်ခိုက်မှုသည် ကျွန်မတို့နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိဟု ဆိုနိုင်သော်လည်း တစ်နေ့တွင်မူ ကျွန်မတို့အိမ်သည် သူတို့နှစ်ဦး၏ စစ်တလင်း ဖြစ်လာခဲ့ရသည်။ ထိုနေ့က အောင်သွယ်တော်ဝမ်သည် ရွှယ်ဟွားကို လာကြိုသောကြောင့် ကျွန်မတို့၏ အိမ်သို့ ရောက်ရှိလာသည်။ ထိုစဉ် တာ့ကျယ်၏ မင်္ဂလာအခမ်းအနား ကျင်းပမည့်နေ့တွင် သယ်ဆောင်ရမည့် ပစ္စည်းပစ္စယများနှင့် ပတ်သက်၍ ပါပါးနှင့် တိုင်ပင်ရင်း ဖရုံစေ့စားနေသော အောင်သွယ်တော်ကောင်းနှင့် အိမ်ထဲတွင် ပက်ပင်း တိုးမိကြတော့သည်။ ပါပါး၏ အရှေ့တွင် အမျိုးသမီးကြီး နှစ်ယောက်စလုံးက ဘာမျှ မပြောဘဲ ဂုဏ်သိက္ခာကို ထိန်းထားကြသည်။ အောင်သွယ်တော်ကောင်းအနေဖြင့် ဆွေးနွေးစရာ ရှိသည်များကို ဆွေးနွေးပြီးသည်နှင့် တစ်ပြိုင်နက် အိမ်မှ ထွက်ခွာသွားမည် ဆိုလျှင် ကတောက်ကဆတ် ဖြစ်မှုကို ရှောင်လွှဲနိုင်ပေလိမ့်မည်။ သို့သော် သူသည် အပေါ်ထပ်သို့ တက်လာကာ ထိုင်ခုံတစ်လုံးတွင် ထိုင်ချလိုက်ပြီး သူ၏ လုပ်ငန်းကျွမ်းကျင်မှုများကို လေတစ်လုံး မိုးတစ်လုံး ဝါကြွားနေတော့သည်။ အောင်သွယ်တော်ကောင်း၏ ရိသဲ့သဲ့ စကားများကြောင့် နောက်ဆုံးတွင် အောင်သွယ်တော်ဝမ်လည်း မခံမရပ်နိုင် ဖြစ်လာလေသည်။
“ဇီးတင်ချင်နေတဲ့ ခွေးမတွေသာ ဒီလောက် အဝေးကြီး ခရီးနှင်ပြီး ငါတို့ရွာကို ရောက်လာနိုင်တာအေ့။ ပြီးတော့ ငါ့တူမလေးတစ်ယောက်ကို ချီပြေးနိုင်ဖို့ ကြိုးစားနေသေးတယ်။ အံ့ဩပါရဲ့တော်” အောင်သွယ်တော်ဝမ်ထံမှ မာဆတ်ဆတ် စကားသံ ထွက်ပေါ်လာသည်။
“ထုံးခိုက ရှင့်ရွာ မဟုတ်ပါဘူး၊ အဒေါ်ကြီး” အောင်သွယ်တော်ကောင်းက ဖြည်းဖြည်းချင်း ပြန်ဖြေသည်။
“တကယ်လို့ အဲဒါက ရှင့်ရွာ ဆိုရင်လည်း ဘယ်နှယ့်ဘယ်လိုကြောင့် ဖူးဝေအထိ လာပြီး အနံ့ခံနေရတာတုံး။ ရှင်ပြောတဲ့ သဘောအတိုင်းဆိုရင် ပိုင်ဟောနဲ့ မေရွက်တို့က ကျွန်မလူတွေ ဖြစ်သင့်တာပေါ့။ အဲဒီအတွက်နဲ့ ရှင့်ကို ကျွန်မက တရှုံ့ရှုံ့ ငိုပြနေလို့လား”
“ဒီကလေးမတွေရဲ့ မင်္ဂလာကိစ္စကို ငါ မရအရ စီစဉ်ပေးရမှာပဲ။ ပြီးတော့ ရွှယ်ဟွားအတွက်ရောပေါ့။ နင် ငါ့ထက်ကောင်းအောင် လုပ်မပေးနိုင်ပါဘူး”
“သိပ်လည်း အပြောမကြီးနဲ့ဦး။ ရှင် သူ့အစ်မကြီးအတွက် ကောင်းကောင်း လုပ်မပေးနိုင်ခဲ့ဘူးလေ။ ရွှယ်ဟွားရဲ့ လက်ရှိ အခြေအနေအရ ဆိုရင် ကျွန်မကသာ အသင့်တော်ဆုံးပဲ”
ထိုစကားများကို သူတို့ ပြောဆိုနေကြစဉ် ရွှယ်ဟွားလည်း အခန်းထဲတွင် ရှိနေသည်။ ရွှယ်ဟွားနှင့် သူ့အစ်မကြီးတို့၏ မင်္ဂလာကိစ္စကို အထိန်းအကွပ်မဲ့ ပြောဆိုနေကြပုံမှာ အရည်အသွေး ညံ့ဖျင်းသော ဆန်အိတ်နှစ်အိတ်ကို အပြိုင်အဆိုင် ဈေးနှိမ်နေကြသည့် ကုန်သည်နှစ်ဦး၏ ပြောဆိုပုံနှင့် တူလှပေသည်။ ရွှယ်ဟွားသည် အောင်သွယ်တော်ဝမ်၏ နံဘေးတွင် တိတ်တဆိတ် ရပ်နေပြီး အိမ်ပြန်ရန် စောင့်ဆိုင်းနေသည်။ သူ့လက်ထဲတွင် ပန်းထိုးထားသော အဝတ်စတစ်ပိုင်းကို ကိုင်ထားပြီး သူ့လက်ချောင်းများနှင့် ၎င်းအဝတ်စကို ဆွဲလိမ်နေသည်။ သူ့ခေါင်းကို အောက်သို့ ငိုက်စိုက်ချထားသော်လည်း သူ့မျက်နှာနှင့် နားများ နီရဲနေသည်ကို ကျွန်မ တွေ့မြင်နေရသည်။ အခြေအနေ ကြည့်ရသည်မှာ သူတို့၏ ရန်ပွဲက အဆုံးသတ်ရန် အလားအလာ မရှိသေးပေ။ ထိုစဉ် အောင်သွယ်တော်ဝမ်သည် အကြောပြိုင်းပြိုင်းထနေသော သူ၏ လက်တစ်ဘက်ကို ရွှယ်ဟွား၏ ပခုံးသေးသေးလေးပေါ်သို့ အသာအယာတင်လိုက်သည်။ ထိုတစ်ခဏမှာပင် ကျွန်မသည် အောင်သွယ်တော်ဝမ်၏ တပ်ခေါက်နိုင်စွမ်းနှင့် ရွှယ်ဟွားအပေါ်တွင် ထားရှိသည့် သနားငဲ့ညှာမှုကို တွေ့မြင်လိုက်ရသည်။
“အောက်တန်းစားတွေနဲ့ စကားနိုင် လုမနေအားဘူး” သူက ဒေါသတကြီး ပြောသည်။
“လာ၊ ငါတို့ ပြန်ကြစို့။ ငါတို့ အဝေးကြီး သွားကြရဦးမှာ”
ပြဿနာမှာ ထိုမျှနှင့် နိဋ္ဌိတံသွားပြီဟု ကျွန်မတို့ ယူဆထားကြသော်လည်း ထိုနေ့မှ စ၍ သူတို့နှစ်ယောက်သည် ရှားစောင်းစေးနှင့် မျက်ချေးကဲ့သို့ ဖြစ်လာကြတော့သည်။ ဖူးဝေသို့ အောင်သွယ်တော်ဝမ်၏ ဝေါယာဉ် ရောက်လာသည်ဟု ကြားရသည်နှင့် တစ်ပြိုင်နက် အတောက်ပြောင်ဆုံးသော အဝတ်အစားများကို ဝတ်ဆင်၍ ပါးအို့နီဆိုးကာ ကျွန်မတို့ အိမ်နားသို့ … အဲ … ဇီးတင်ချင်နေသော ခွေးမကြီးတစ်ကောင်ကဲ့သို့ အနံ့ခံရန် ရောက်ရှိလာတော့သည်။
ↂↂↂ
ကျွန်မနှင့် ရွှယ်ဟွားတို့ အသက် ၁၁ နှစ် ပြည့်မြောက်လာသည့်အခါတွင် ကျွန်မတို့၏ ခြေထောက်များ လုံးဝဥဿုံ ကောင်းမွန်လာကြသည်။ ကျွန်မ၏ ခြေထောက်များက သန်မာပြီး ပုံသဏ္ဌာန်လည်း ပုံစံကျကာ အရှည် ၇ စင်တီမီတာ ရှိသည်။ ရွှယ်ဟွား၏ ခြေထောက်များက အတန်ငယ် ပိုကြီးပြီး မေရွက်က ရွှယ်ဟွားထက် ပိုကြီးနေသည်။ သို့သော် ပုံသဏ္ဌာန်က အချိုးကျနသည်။ မူလကပင် အိမ်မှုကိစ္စများကို ပိုင်နိုင်ကျွမ်းကျင်စွာ လုပ်ဆောင်တတ်သော မေရွက်အဖို့ ယခုအခါ လှပသော ခြေထောက်တစ်စုံကို ပိုင်ဆိုင်ထားသောကြောင့် လင်ကောင်းသားကောင်းရရန် ပူပန်စရာ မလိုတော့ပေ။ သို့ဖြင့် အောင်သွယ်တော်ဝမ်သည် ကျွန်မတို့ သုံးယောက်၏ မင်္ဂလာကိစ္စအတွက် စတင် လုံးပမ်းလေသည်။ ကျွန်မတို့ သုံးယောက်စလုံး၏ ဇာတာအက္ခရာရှစ်လုံးကို ယူဆောင်ပြီး ခင်ပွန်းလောင်းများ၏ ဇာတာများနှင့် ညှိနှိုင်းတိုက်ဆိုင်ကြည့်ကြသည်။ ထို့အပြင် ကျွန်မတို့အတွက် စေ့စပ်ကြောင်းလမ်းမည့် နေ့ကောင်းရက်သာကိုပါ တစ်ပါတည်း ရွေးချယ်ပေးလေတော့သည်။
အောင်သွယ်တော်ဝမ် တွက်ဆထားသည့် အတိုင်းပင် ကျွန်မ၏ အပြစ်အနာအဆာ ကင်းစင်သော ရွှေရောင်လီလီကလေးများသည် ကျွန်မအတွက် ကောင်းမွန်သော အိမ်ထောင်ရေးတစ်ခုကို ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။ သူသည် ကျွန်မကို ထုံးခိုမှ အကောင်းဆုံး လူးမိသားစုထဲတွင် အိမ်ထောင်ကျနိုင်အောင် စီစဉ်ပေးခဲ့သည်။ ကျွန်မ ခင်ပွန်းလောင်း၏ ဘကြီးသည် နန်းတွင်းပညာရှိတစ်ဦး ဖြစ်ပြီး ရှင်ဘုရင်ထံမှ မြေဧကပေါင်းများစွာကို ဆုတော်လာဘ်တော်အဖြစ် ရရှိထားသည်။ ဘကြီးတော်လူး (အများက သူ့ကို ဤသို့ ခေါ်ဝေါ်ကြသည်) တွင် အမွေဆက်ခံနိုင်မည့် သားသမီး ကျောထောက်နောက်ခံ မရှိပေ။ သူသည် နေပြည်တော်၌သာ နေထိုင်ပြီး သူပိုင် မြေကွက်များကို သူ၏ ညီဖြစ်သူ ကျွန်မ၏ ယောက္ခမလောင်းက ကြည့်ရှုစောင့်ရှောက် ပေးထားရသည်။ ကျွန်မ၏ ယောက္ခမအဖေမှာ ထိုရွာ၏ သူကြီးမင်း ဖြစ်ပြီး ထိုဒေသမှ တောင်သူလယ်သမားများကို သီးစားချထားပေးသည်။ ကျွန်မ၏ ခင်ပွန်းသည် နောင်တွင် ရွာသူကြီးအဖြစ် ဆက်ခံရန် အလားအလာ ရှိသူဟု အများက ယူဆထားကြသည်။ မေရွက်မှာမူ ကျွန်မထက် အနည်းငယ် ချို့ငဲ့သော လူးမိသားစုတစ်စုထဲသို့ အိမ်ထောင်ကျမည် ဖြစ်သည်။ သူ့ခင်ပွန်းလောင်း၏ ဖခင်မှာ တောင်သူတစ်ဦး ဖြစ်ပြီး ပါပါးနှင့် စူးစူတို့ ပိုင်ဆိုင်သည့် လယ်မြေထက် လေးဆကြီးသော မြေတို့ကို စီမံခန့်ခွဲနေသူ ဖြစ်သည်။ ၎င်းအခြေအနေသည် ကျွန်မတို့အတွက်တော့ ကောင်းလွန်းနေသည်။ သို့သော် ကျွန်မ၏ ယောက္ခမလောင်းက သူ့အစ်ကိုအစား အုပ်ချုပ်စီမံပေးနေရသည့် မြေပမာဏထက်တော့ အများကြီး အပုံကြီး လျော့နည်းနေသေးသည်။
“မေရွက်နဲ့ ပိုင်ဟော” အောင်သွယ်တော်ဝမ်က ပြောသည်။
“ညည်းတို့နှစ်ယောက်က ညီအစ်မ အရင်းတွေလို ချစ်ခင်ကြတာ။ အခုတော့ ညည်းတို့တတွေက ငါ့အစ်မနဲ့ ငါ့လို ဖြစ်တော့မယ်။ ငါတို့နှစ်ယောက်စလုံးကလည်း အိမ်ထောင်ကျလို့ ထုံးခိုကို ရောက်လာကြတာပဲ။ ငါတို့နှစ်ယောက်စလုံး ဒုက္ခသုက္ခတွေ ကြုံတွေ့ခဲ့ကြရတယ် ဆိုပေမယ့် တစ်ဘဝလုံး အတူတူ နေသွားခွင့်ရလို့ သိပ်ကို ကံကောင်းတယ်”
မှန်၏။ ကျွန်မနှင့် မေရွက်တို့ နှစ်ယောက်စလုံးသည် ထိုစဉ်က လွန်စွာ အူမြူးနေခဲ့ကြသည်။ အိမ်ထောင်မှုများနှင့် လုံးပမ်းနေကြရမည့် ဇနီးသည်ဘဝမှ ငြိမ်ငြိမ်ဆိတ်ဆိတ် ထိုင်နေရမည့် မုဆိုးမဘဝသို့ ရောက်သွားသည့်တိုင် ကျွန်မတို့ နှစ်ဦးသားသည် အရာရာကို ဝေမျှခံစားနိုင်ကြပေတော့မည်။
ရွှယ်ဟွား၏ အိမ်ထောင်ဖက်မှာမူ ထုံးခိုမှ မဝေးလှသည့် ကျင်းထျန်ရွာသား ဖြစ်သည်။ အောင်သွယ်တော်ဝမ် ၏ စကားအတိုင်း ပြောရမည်ဆိုလျှင် ကျွန်မနှင့် မေရွက်တို့သည် မိမိတို့၏ အိမ်ပြတင်းပေါက်များမှ နေ၍ ကျင်းထျန်ရွာကို လည်းကောင်း၊ ရွှယ်ဟွား၏ အိမ်ပြတင်းပေါက်ကိုလည်းကောင်း တွေ့မြင်နိုင်သည်။ ရွှယ်ဟွား၏ ခင်ပွန်းလောင်းနှင့် ပတ်သက်လျှင် ကြက်နှစ်မွေးသည် ဆိုသည့်အချက်မှ လွဲ၍ သူ့မိသားစုအကြောင်းကို ဘာမျှ ဂဃနဏ မကြားခဲ့ရဖူးပေ။ ကြက်နှစ်မွေးသူနှင့် မြင်းနှစ်မွေးသူတို့သည် မင်္ဂလာဆောင်သင့်သော မိတ်ဖက်အတွဲ မဟုတ်ကြောင်း လူတိုင်း သိထားပြီး ဖြစ်သောကြောင့် ထိုကိစ္စအတွက် ကျွန်မတို့ အတန်ငယ် စိုးရိမ်ပူပန်ခဲ့ကြသည်။ (ကြက်သည် မြင်း၏ ကျောပေါ်တွင် ထိုင်ချင်သောကြောင့် မလိုက်ဖက်ဟု ယူဆကြသည်)
“စိတ်ပူမနေပါနဲ့၊ ကောင်မလေးတွေရယ်” အောင်သွယ်တော်ဝမ် က ကျွန်မတို့ကို နှစ်သိမ့်စကားဆိုသည်။
“ငါ ဗေဒင်ဆရာဆီမှာ သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ ဓာတ်ကြီးငါးပါးကို အသေအချာ တွက်ခိုင်းကြည့်ပြီးပါပြီ။ မီးနဲ့ ရေကို အတူထားမိသလို မဖြစ်စေရဘူးလို့ ငါ အာမခံပါတယ်။ အစစအရာရာ အဆင်ပြေသွားပါလိမ့်မယ်” သူ၏ ပြောစကားများကြောင့် ကျွန်မတို့အားလုံး စိတ်လက်ပေါ့ပါးသွားသည်။
မကြာခင် ကျွန်မနှင့် မေရွက်၏ သတို့သားအိမ်များမှ ပထမဆုံးသော တင်တောင်းပဏ္ဏာများ ရောက်ရှိလာသည်။ ပိုက်ဆံများ၊ သကြားလုံးများနှင့် ဝက်သားများ ပါသည်။ စိန်စိန်းနှင့် စူးစူတို့က ဝက်ခြေထောက်တစ်ချောင်း လက်ခံရရှိပြီး မာမားနှင့် ပါပါးတို့ကမူ ဝက်ကောင်လုံးကင် တစ်ကောင်ကို လက်ခံရရှိသည်။ သူတို့က ဝက်ကင်ကို အပိုင်းပိုင်း လှီးဖြတ်ကာ ဆွေမျိုးသားချင်းကို ဝေပေးလိုက်သည်။ ကျွန်မ၏ မိဘများက သတို့သားမိသားစုအား သားသမီး ပွားစီးစေကြောင်း ကောင်းသော နိမိတ်ဆောင်သည့် ကြက်ဥများနှင့် ဆန်များကို တန်ပြန်လက်ဆောင် ထည့်ပေးလိုက်သည်။ သို့ဖြင့် မင်္ဂလာကိစ္စ၏ ဒုတိယအဆင့် ရောက်အလာကို ကျွန်မတို့ စောင့်မျှော်နေကြတော့သည်။ ထိုအချိန်တွင် သတို့သားမိသားစုဘက်မှ မင်္ဂလာအခမ်းအနား ကျင်းပမည့်နေ့ကို သတ်မှတ်ကြလိမ့်မည်။
ထိုစဉ်က ကျွန်မတို့ မည်မျှ ပျော်ရွှင်နေကြမည်ကို မှန်းဆကြည့်၍ ရနိုင်ပါသည်။ ကျွန်မတို့ တစ်ဦးချင်းစီ၏ အနာဂတ်ခရီးလမ်းက သတ်သတ်မှတ်မှတ်နှင့် ဖြောင့်ဖြူးနေသည်။ ထို့အပြင် အနာဂတ်ကာလတွင် ကျွန်မတို့ ရှင်သန်နေထိုင်ရမည့် မိသားစုအခြေအနေသည် လက်ရှိအခြေအနေထက် အများကြီး သာလွန်နေသည်။ ကျွန်မတို့၏ ကြင်နာတတ်သော နှလုံးသားများဖြင့် ကျွန်မတို့၏ ယောက္ခမများကို ကျေနပ်နှစ်သက်အောင် ဆောင်ရွက်ပေးနိုင်မည့်အပြင် အခက်အခဲအမျိုးမျိုးကိုလည်း အလွယ်တကူ ကျော်လွှားနိုင်လိမ့်မည်ဟု ကလေးပီပီ စွဲလမ်းယုံကြည်နေခဲ့ကြသည်။ ထိုရက်များအတွင်း ကျွန်မတို့သည် အချုပ်အလုပ်များနှင့် တစ်နေကုန် အလုပ်ရှုပ်နေကြသည်။ သို့သော် တစ်ယောက်ကိုတစ်ယောက် အဖော်ပြုခွင့် ရနေကြသောကြောင့် ကျွန်မတို့အားလုံး ပျော်ရွှင်နေကြသည်သာ။
စိန်စိန်းက ကျွန်မတို့အား နွီစူးကို ဆက်လက် သင်ကြားပေးနေဆဲ။ ယခုအခါတွင် ကျွန်မတို့ ရွှယ်ဟွားထံမှလည်း နွီစူးကို သင်ယူနေကြသည်။ ကျွန်မတို့ထံသို့ ရောက်ရှိလာသည့် အခါတိုင်းတွင် သူ အသစ် သင်ယူထားသော နွီစူးအက္ခရာများကို ကျွန်မတို့အား သင်ကြားပေးတတ်သည်။ တချို့စကားလုံးများကိုမူ သူ့အစ်ကိုထံမှ ခိုးသင်လာခဲ့ခြင်း ဖြစ်သည်။ နွီစူး၏ အက္ခရာအများစုမှာ ယောက်ျားအက္ခရာများကို စာလုံးစောင်း ရေးထားရုံမျှသာ ဖြစ်သည်။ တချို့ စကားလုံးများမှာမူ သူ့မိခင်ထံမှ သင်ယူလာခြင်း ဖြစ်သည်။ သူ့မိခင်က နွီစူးကို တစ်ဘက်ကမ်းခတ် ကျွမ်းကျင်သည်။ ကျွန်မတို့သည် မိမိတို့၏ လက်ဖဝါးပေါ်တွင် လက်ချောင်းများဖြင့် ရေးခြစ်ကာ နွီစူးအက္ခရာများကို နာရီပေါင်းများစွာ လေ့ကျင့်ကြရသည်။ နွီစူးအက္ခရာများသည် ယောက်ျားအက္ခရာကဲ့သို့ မဟုတ်ဘဲ အသံထွက်ကိုသာ ဦးစားပေးသည့် အက္ခရာများ ဖြစ်သောကြောင့် ၎င်း၏ အဓိပ္ပာယ်များက အလွယ်တကူနှင့် ရောပြွမ်း ရှုပ်ထွေးသွားတတ်သည်။ ထို့ကြောင့် စိန်စိန်းက ကျွန်မတို့ကို ဂရုတစိုက် သင်ကြားရန် ဘေးမှနေ၍ အမြဲ သတိပေးနေရသည်။
“စကားလုံးတိုင်းကို သူ့နေရာနဲ့သူ နေရာတကျ သုံးတတ်မှ ဖြစ်မယ်” စိန်စိန်းက သူ၏ သင်ခန်းစာ ပြီးဆုံးသည့် အခါတိုင်းတွင် ကျွန်မတို့ကို သတိပေးတတ်သည်။
“စကားလုံးတစ်လုံးကို အဓိပ္ပာယ်ကောက် လွဲလိုက်တာနဲ့ အများကြီး ဒုက္ခရောက်သွားနိုင်တယ်”
ထိုသို့သော သတိစကားများကို ပြောပြီးသည့်နောက်တွင် စိန်စိန်းက ကျွန်မတို့ကို ဂုဏ်ပြုသည့်အနေဖြင့် နွီစူးကို တီထွင်ခဲ့သော အမျိုးသမီး၏ စိတ်လှုပ်ရှားဖွယ်ရာ ဇာတ်လမ်းကို ပြောပြလေသည်။
“စုန့်မင်းဆက် ကာလတုန်းကပေါ့။ အင်း … အခုချိန်ကနေ ပြန်တွက်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော် အချိန်တုန်းကပေါ့။ စုန့်ကျဲကျုံးဘုရင်ကြီးက တစ်နိုင်ငံလုံး တိုင်းခန်းလှည့်လည်ပြီး ကိုယ်လုပ်တော်တွေ ရွေးချယ်နေတယ်။ သူက တစ်နေရာကနေ တစ်နေရာ တိုင်းခန်းလှည့်လည်ရာကနေ တစ်နေ့တော့ ငါတို့ရဲ့ ခရိုင်ကို ရောက်လာတယ်။ ကျင်းထျန်ရွာမှာ အကြားအမြင် ဗဟုသုတနဲ့ ကြွယ်ဝတဲ့ ဟူးမျိုးဆက် တောင်သူကြီးတစ်ယောက်ရှိကြောင်း ဘုရင်ကြီးက သတင်းကြားသတဲ့။ ဟုတ်တယ် … ကျင်းထျန်ဆိုတာ နောင် ရွှယ်ဟွား အိမ်ထောင်ကျမယ့် ရွာပဲ။ ဟူးလောင်ရဲရဲ့ သားဟာ နေပြည်တော် ရာထူးခန့် စာမေးပွဲမှာ အမှတ်ကောင်းကောင်းနဲ့ အောင်ထားလို့ ရာထူးကြီးကြီး ရထားတဲ့ ပညာတတ် လူငယ်တစ်ယောက်ပဲ။ ဒါပေမယ့် ဘုရင်ကြီး အမှန်တကယ် စိတ်ဝင်စားနေတာက ဟူးအိမ်တော်ရဲ့ သမီးကြီး ယွီရှုတ်ကိုပါ။ ဟူးလောင်ရဲက သူ့သမီး ယွီရှုတ်ကို ဟိုးငယ်ငယ်ကတည်းက စာရေးစာဖတ် ကိုယ်တိုင် သင်ပေးခဲ့တယ်။ အဲဒါအပြင် သူက အဆိုအတီး အကသာမကဘဲ ဇာထိုးပန်းထိုး၊ ဘာပဲလာလာ အကုန်လုံး ကျွမ်းကျင်တယ်။ ဘုရင်ကြီးက သူ့ကို မြင်ပြီး သဘောကျ နှစ်ခြိုက်တော်မူတာကြောင့် ဟူးလောင်ရဲနဲ့ မင်္ဂလာကိစ္စ တိုင်ပင်ပါတော့တယ်။ မကြာပါဘူး။ ယွီရှုတ်ကို ကိုယ်လုပ်တော်အဖြစ် နေပြည်တော်ကို ခေါ်ဆောင်သွားတယ်။ ဇာတ်လမ်းက ဒီလိုနဲ့ ပျော်ပျော်ရွှင်ရွှင် အဆုံးသတ်သွားမယ် ထင်လား။ ဟူးလောင်ရဲ မိသားစုအနေနဲ့ ဘုရင်မင်းမြတ်ရဲ့ လက်ဆောင်ပဏ္ဏာ အမျိုးမျိုးကို လက်ခံရရှိပြီး သမီးဖြစ်တဲ့ ယွီရှုတ်ကလည်း နန်းတွင်းမှာ လိုလေးသေးမရှိအောင် ပြည့်ပြည့်စုံစုံ နေရတယ် ဆိုပေမယ့် ကောင်မလေးတွေ … ညည်းတို့ မြဲမြဲမှတ်ထားကြနော်။ ယွီရှုတ်လို အစစအရာရာ ကျွမ်းကျင်လိမ္မာတဲ့ မိန်းကလေးတစ်ယောက်တောင်မှ ကိုယ့်ရဲ့ မိဘမောင်ဖွားတွေကို လွမ်းဆွတ် သတိရတတ်သေးတာပဲ။ သူ့အမေဆိုရင် မျက်ရည်လည်ရွှဲနဲ့ပေါ့။ သူ့ညီအစ်မတွေဆိုလည်း တရှုံ့ရှုံ့နဲ့ ဝမ်းနည်းလို့ မပြီးနိုင်ဘူး။ ဒါပေမယ့် ယွီရှုတ်ကိုတော့ ဘယ်သူမှ မီနိုင်မယ် မထင်ဘူး”
ဇာတ်လမ်း၏ ထိုတစ်စိတ်တစ်ဒေသကို ကျွန်မတို့ ကောင်းကောင်း မှတ်မိနေကြသည်။ သူ၏ အိမ်သူအိမ်သားများနှင့် ခွဲခွာရသည့် အချိန်မှ စ၍ ယွီရှုတ်၏ ကြမ္မာဆိုးက စတင်လာခဲ့သည်။ ယွီရှုတ်၏ အရည်အချင်းက မည်မျှပင် များပြားနေပါစေ၊ ဘုရင်မင်းမြတ်ကို အစဉ်အမြဲ ဝမ်းမြောက်ပျော်ရွှင်နေရန် လုပ်ဆောင်ထားနိုင်မည် မဟုတ်ပေ။ မကြာခင်မှာပင် ယွီရှုတ်၏ ဝိုင်းစက်လှပသော မျက်နှာ၊ ဗာဒံစေ့မျက်ဝန်းများ၊ ချယ်ရီရောင် နှုတ်ခမ်းများနှင့် ရုံမင်းခရိုင်တွင် ပြောစမှတ်ပြုရလောက်သည့် အရည်အချင်းများသည် ဘုရင်မင်းမြတ်၏ မျက်လုံးထဲ၌ နန်းတွင်းရှိ တခြားသော ကိုယ်လုပ်တော်များနှင့် ဘာမျှ ကွဲပြားမှု မရှိတော့ပေ။ သနားစရာကောင်းသော ယွီရှုတ်ခမျာ နန်းတွင်း၏ အသံတိတ်စစ်ပွဲအတွင်း၌ အဖော်မဲ့သော တစ်ကောင်ကြွက်ဘဝသို့ ရောက်နေရှာသည်။ မည်သည့် မိဖုရား၊ မည်သည့် ကိုယ်လုပ်တော်ကမျှ သူ့ကို အဖက်မလုပ်ချင်ကြ။ သူ့ခမျာ အထီးကျန်ပြီး ဝမ်းနည်းပူဆွေးနေရသော်လည်း သူ့မိခင်နှင့် ညီအစ်မများထံသို့ မည်သူမျှ မသိအောင် ဆက်သွယ်နိုင်မည့် နည်းလမ်းလည်း သူ့တွင် မရှိချေ။ သတိလက်လွတ် ရေးမိသော စကားလုံးတစ်လုံးက သူ့ကို ဦးခေါင်းနှင့်ခန္ဓာ အိုးစားကွဲစေနိုင်သကဲ့သို့ နန်းတွင်းတစ်နေရာရှိ ရေတွင်းတစ်တွင်း၌ တိတ်တဆိတ် ဖျောက်ဖျက်ခြင်းကိုလည်း ခံရနိုင်သည်။
“ယွီရှုတ်ခမျာ နေ့နေ့ညည တစ်ယောက်တည်း အထီးကျန်နေရရှာတယ်။ ရင်ဖွင့်လို့ ရမယ့်သူ မရှိတော့လည်း ခံစားချက်မှန်သမျှကို တစ်ယောက်တည်း မျိုသိပ်ထားရရှာတယ်” စိန်စိန်းက ဆက်ပြောသည်။
“အကျင့်မကောင်းတဲ့ မောင်းမတွေနဲ့ မိန်းမစိုးတွေက သူ့ကို တစ်နေကုန် မျက်စိဒေါက်ထောက် ကြည့်နေကြတာ။ ယွီရှုတ်ကတော့ သူဘာသာ ဇာထိုးပန်းထိုး လုပ်လိုက်၊ လက်ရေးလှ ရေးလိုက်နဲ့ တစ်ယောက်တည်း အေးအေးသာသာ နေနေရှာတယ်။ ဒါတောင် အဲဒီအယုတ်တမာတွေက သူ့ကို ကဲ့ရဲ့ချင်ကြသေးတာလေ။ ‘ဒီလောက် စုတ်ပဲ့တဲ့ လက်ရာမျိုး အခုမှ မြင်ဖူးတော့တယ်’ တို့၊ ဒါမှမဟုတ်ရင်လည်း ‘ကြည့်ကြစမ်းပါဦး။ တောထဲက မျောက်တစ်ကောင်က ယောက်ျားတွေ စာရေးသလို အတုခိုးပြီး လိုက်လုပ်နေတယ်’ တို့ မဲ့ကာရွဲ့ကာ ပြောကြသေးတာ။ သူတို့ပါးစပ်က ထွက်လာသမျှ စကားလုံးတွေက မိုက်ရိုင်းစော်ကားတဲ့ စကားလုံးတွေ ဖြစ်နေပေမယ့်လည်း ယွီရှုတ်ကတော့ စာရေးမပြတ်ခဲ့ဘူး။ ဒါပေမယ့် သူရေးနေတာက ယောက်ျားတွေရဲ့ အက္ခရာတွေတော့ မဟုတ်ဘူး။ အက္ခရာတွေရဲ့ ပုံသဏ္ဌာန်ကို ပြောင်းပစ်လိုက်တယ်။ ခပ်စောင်းစောင်းလေး ဖြစ်အောင် ပြင်လိုက်တယ်။ စာလုံးတွေကို မိန်းမဆန်အောင် ကနွဲ့ကလျ လုပ်ပစ်လိုက်တယ်။ အဲဒါနဲ့ပဲ ယောက်ျားအက္ခရာနဲ့ နည်းနည်းလေးမှ မတူတော့တဲ့ အက္ခရာအသစ်တွေကို ဖန်တီးနိုင်ခဲ့တယ်။ သူ ဘာလုပ်နေတာလဲ ဆိုတော့ သူ့အိမ်မှာရှိတဲ့ သူ့အမေနဲ့ သူ့ညီအစ်မတွေဆီကို စာရေးဆက်သွယ်နိုင်ဖို့အတွက် လျှို့ဝှက်အက္ခရာတွေကို တိတ်တဆိတ် တီထွင်နေတာပေါ့”
ယွီရှုတ်၏ မိခင်နှင့် ညီအစ်မများသည် ထိုလျှို့ဝှက်အက္ခရာများကို မည်သို့ ဖတ်တတ်ခဲ့ကြသနည်းဟု ကျွန်မနှင့် မေရွက်က စိန်စိန်းကို အကြိမ်ကြိမ် မေးမြန်းခဲ့ဖူးသည်။ ယနေ့မှ ဤပဟေဠိကို စိန်စိန်းက ကျွန်မတို့အား ဖြေရှင်းပြလေသည်။
“ကြည့်ရတာ သဘောကောင်းတဲ့ မိန်းမစိုးတစ်ယောက်ယောက်က ယွီရှုတ်ရဲ့ စာတစ်စောင်ကို နန်းတွင်းထဲကနေ ခိုးထုတ်ပေးခဲ့လို့ နေမှာပေါ့။ အဲဒီစာထဲမှာ အသေးစိတ် ရှင်းပြထားလောက်တယ်။ ဒါမှမဟုတ် စာထဲမှာ ဘာရေးထားမှန်း နားမလည်တာနဲ့ သူ့ညီအစ်မတွေက စာရွက်ကို လုံးချေပြီး တစ်နေရာကို လွှတ်ပစ်ထားလိုက်ရော။ နောက်ပိုင်း စိတ်ကူးပေါက်တဲ့ အခါကျမှ လုံးချေထားတဲ့ စာရွက်ကို ပြန်ယူကြည့်ရင်း ခပ်စောင်းစောင်း ရေးထားတဲ့ စကားလုံးတွေကို ကြည့်တတ်၊ အဓိပ္ပာယ် ဖော်တတ်သွားတာလည်း ဖြစ်နိုင်တာပဲ။ အဲဒီနောက်တော့ အချိန်ကြာလာတာနဲ့အမျှ အသံထွက်ပေါ် မူတည်ပြီး အဓိပ္ပာယ်ကောက်ရတဲ့ အက္ခရာ အသစ်အသစ်တွေကို အဲဒီမိသားစုရဲ့ မိန်းမတွေက တီထွင်လာခဲ့ကြတယ်။ အခု ညည်းတို့တတွေ သင်နေကြတဲ့ဟာတွေပေါ့။ တကယ်တော့ အဲဒီလို မေးခွန်းမျိုးတွေက ယောက်ျားတွေသာ အထူးအထွေ စိတ်ဝင်စားတတ်ကြတာပါအေ” ထိုကဲ့သို့သော မေးခွန်းများသည် ကျွန်မမိန်းမသားများနှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း ကျွန်မတို့ကို သူက လေသံမာမာဖြင့် သတိပေးဆုံးမသည်။
“ယွီရှုတ်ရဲ့ ဘဝဇာတ်ကြောင်းထဲကနေ ငါတို့ သိသင့်သိထိုက်တဲ့ အချက်က ဘာလဲဆိုတော့ သကာဖုံးနေတဲ့ သူ့ဘဝရဲ့ အတွင်းပိုင်းမှာ ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာကို မျှဝေနိုင်ဖို့အတွက် သူ နည်းလမ်းတစ်ခု ရှာတွေ့ခဲ့တယ် ဆိုတဲ့ အချက်ပဲ။ နောက်ပြီး သူပေးခဲ့တဲ့ လက်ဆောင်ကို ငါတို့ရဲ့ ဘိုးဘေးဘီဘင် အဆက်ဆက်က အခုချိန်ထိ ရောက်အောင် လက်ဆင့်ကမ်းပြီး သယ်လာခဲ့ကြတယ်”
ကျွန်မတို့အားလုံး တစ်ခဏမျှ ငြိမ်သက်သွားကြသည်။ အဖော်မဲ့ အထီးကျန်နေရှာသော ကိုယ်လုပ်တော်ကို စိတ်ကူးထဲ မြင်ယောင်ကြည့်နေကြခြင်း ဖြစ်မည်။ စိန်စိန်းက တိတ်ဆိတ်မှုကို သီချင်းသံဖြင့် ဖြိုခွဲလိုက်သည်။ ထို့နောက် ကျွန်မတို့ သုံးယောက်က နောက်မှ သံယောင်လိုက်ကြသည်။ ထိုစဉ် မာမားက ဘေးမှ တိတ်တဆိတ် နားစွင့်နေသည်။ ကြေကွဲဖွယ်ကောင်းသော သီချင်းတစ်ပုဒ် ဖြစ်သည်။ ဟူးယွီရှုတ်ကိုယ်တိုင် သီဆိုခဲ့သော သီချင်းတစ်ပုဒ် ဖြစ်သည်ဟုလည်း အများက ပြောကြသည်။ ထိုစဉ်အခါက သူ ခံစားခဲ့ရသော ဝမ်းနည်းကြေကွဲမှုများကို သီချင်းအဖြစ် ကျွန်မတို့ ဖွင့်အန်ချလိုက်ကြသည်။
“ရင်တွင်းက စီးကျတဲ့ မျက်ရည်၊ ဖွဲ့တည်လာတဲ့ ဤစာပန်းကုံး၊
ယောက်ျားတွေ မမြင်နိုင်တဲ့ အသံတိတ်ပုန်ကန်မှုတစ်ခုပဲ။
ငါတို့ရဲ့ ဘဝဇာတ်ကြောင်းတွေ၊ အလွမ်းကားဖြစ်အောင် ခြယ်မှုန်းကြစို့။
အိုး … မေမေ၊ အိုး … ညီအစ်မတွေ၊ ကြားပါရဲ့လား။ ကျွန်မအသံ ကြားရဲ့လား”
ကျွန်မတို့၏ သီကျူးသံက ပြတင်းပေါက်မှ ကျော်ကာ လမ်းမထက်ဆီသို့ ပျံ့နှံ့သွားသည်။
“ကလေးမတွေ၊ ကောင်းကောင်း မှတ်ထားကြနော်။ လောကမှာ ရှိသမျှ ယောက်ျားတိုင်းက ရှင်ဘုရင် မဖြစ်နိုင်ပေမယ့် မိန်းကလေးတိုင်းကတော့ ဇနီးမယား ဖြစ်ကြရတယ်။ ငါတို့ခရိုင်က မိန်းကလေးတွေအတွက် ယွီရှုတ်က နွီစူးအက္ခရာကို တီထွင်ပေးခဲ့တယ်။ ဘာကြောင့် တီထွင်ပေးခဲ့တာလဲ ဆိုတော့ ငါတို့ရဲ့ မိဘအိမ်နဲ့ အစဉ်အမြဲ အဆက်အသွယ် လုပ်နိုင်အောင်လို့ပဲ”
ပုံပြင် နားထောင်ပြီးသွားသည့်အခါ ကျွန်မတို့သည် အပ်၊ အပ်ချည်များကို ပြန်ကိုင်ကာ ပန်းထိုးအလုပ်ကို စတင်ကြတော့သည်။ နောက်တစ်နေ့တွင် စိန်စိန်းက ပုံပြင်ကို ကျွန်မတို့အား နောက်တစ်ကြိမ် ထပ်ပြောပြပေလိမ့်ဦးမည်။
ↂↂↂ
ဟိုလုပ်ဒီလုပ်နှင့်ပင် ကျွန်မနှင့် ရွှယ်ဟွားတို့ ၁၃ နှစ်ထဲသို့ ဝင်လာကြသည်။ ကျွန်မတို့၏ သင်ယူမှုကလည်း ဘက်စုံထောင်စုံ ဖြစ်လာသည်။ ထို့အပြင် အိမ်မှုကိစ္စ အဝဝတို့ကိုလည်း နေ့စဉ်နေ့တိုင်း ကူညီဆောင်ရွက်ပေးကြရသည်။ ရွှယ်ဟွား၏အိမ်မှ မိန်းမသားများသည် အနုစိတ်သော ပညာရပ်များကို သူ့အား ပိုင်ပိုင်နိုင်နိုင် သင်ကြားပေးနိုင်ခဲ့ကြသော်လည်း အကြမ်းပတမ်း လုပ်ကိုင်ရသည့် ချက်ပြုတ်လျှော်ဖွတ်ခြင်း ကဲ့သို့သော အိမ်တွင်းမှု ပညာရပ်များကို သူ့အား ကောင်းစွာ မပို့ချပေးနိုင်ခဲ့ကြပေ။ ထို့ကြောင့် ရွှယ်ဟွားသည် အိမ်တွင်းမှုပညာရပ်များကို ကျွန်မနှင့် အတူလုပ်ကိုင်ရင်း ကျွန်မထံမှ သင်ယူရတော့သည်။ နံနက် မိုးလင်းသည့်နှင့် တစ်ပြိုင်နက် အိပ်ရာမှ ထကာ ကျွန်မတို့ မီးဖိုချောင်ထဲသို့ ဝင်ရောက်ပြီး မီးမွှေးကြရသည်။ ပန်းကန်ခွက်ယောက်များ ဆေးကြောပြီးသည့်နောက်တွင် ကျွန်မတို့ ဝက်စာ စပ်ကြသည်။ နေ့လယ်အချိန်တွင် ကျွန်မတို့သည် အိမ်အပြင်သို့ မိနစ်အနည်းငယ်မျှ ထွက်ကာ ခြံထဲမှ ဟင်းသီးဟင်းရွက်များကို ခူးကြရသည်။ ထို့နောက် နေ့လယ်စာ ချက်ပြုတ်ကြသည်။ ယခင်က ထိုအလုပ်များအားလုံးကို မာမားနှင့် စိန်စိန်းတို့က လုပ်ဆောင်ခဲ့ကြရသော်လည်း ယခုမူ သူတို့က ကျွန်မတို့ကို ကြီးကြပ်ပေးနေကြသည်။ နေ့ခင်းအချိန်များကို ကျွန်မတို့ အမျိုးသမီးဆောင်ထဲ၌ ကုန်လွန်ကြသည်။ ညနေရောက်လာသည့်အခါတွင် ကျွန်မတို့သည် ညစာအတွက် ချက်ပြုတ်ပြင်ဆင်ကြတော့သည်။
တစ်နေ့မပြတ် စက္ကန့်မလပ်ရအောင် သင်ခန်းစာများက ကျွန်မတို့ကို ကြိုဆိုနေကြသည်။ ဤအိမ်ရှိ မိန်းကလေးတိုင်းက (ကျွန်မသည် ရွှယ်ဟွားကိုပါ ထိုစာရင်းထဲမှာ ထည့်တွက်ထားသည်) တပည့်ကောင်းများ ဖြစ်အောင် အစွမ်းကုန် ကြိုးစားခဲ့ကြသည်။ အချုပ်အလုပ်အပိုင်းတွင် မေရွက်၏ လက်ရာက အကောင်းဆုံး ဖြစ်သည်။ ကျွန်မနှင့် ရွှယ်ဟွားက သူ့လောက် စိတ်မရှည်။ ချက်ရပြုတ်ရသည်ကို ကျွန်မ သဘောကျသော်လည်း အချုပ်အလုပ်၊ အဖာအထေးကို သိပ်တော့ စိတ်မဝင်စားလှ။ သန့်ရှင်းရေး လုပ်ရသည်ကိုလည်း ကျွန်မတို့ မည်သို့မျှ မနှစ်မြို့ကြပေ။ ရွှယ်ဟွားက ကျွန်မတို့ထဲ၌ ချာတူးအလန်ဆုံး ဖြစ်သည်။ ထို့အတွက် မာမားနှင့် စိန်စိန်းက သူ့ကို ပြစ်တင်မောင်းမဲခြင်း မပြုပါ။ သို့ပါသော်လည်း ကျွန်မနှင့် မေရွက်တို့ကိုမူ တံမြက်စည်း ပြောင်အောင် မလှည်းသည့်အခါတွင်လည်းကောင်း၊ ပါပါး၏ အင်္ကျီများကို သန့်ရှင်းအောင် မလျှော်မဖွတ်သည့် အခါတွင်လည်းကောင်း သူတို့က မထောက်မညှာ ပစ်တင်မောင်းမဲကြတော့သည်။ သူတို့က ရွှယ်ဟွားအပေါ်တွင် အထူးသက်ညှာတတ်ကြသည်။ ကျွန်မအထင် ပြောရမည်ဆိုလျှင် နောင်တစ်ချိန်၌ ရွှယ်ဟွားတွင် ကိုယ်ပိုင် အစေခံများ ရှိလာနိုင်သည်ဟု သူတို့ ယူဆထားသောကြောင့်လည်း ဖြစ်နိုင်သည်။ ထိုသို့ဆိုလျှင် ရွှယ်ဟွားအနေဖြင့် မည်သည့်အလုပ်ကိုမျှ သူကိုယ်တိုင် လုပ်နေစရာ လိုတော့မည် မဟုတ်ပေ။ ကျွန်မကတော့ ထိုသို့ မမြင်ပါ။ သူ့အနေဖြင့် အိမ်တွင်းသန့်ရှင်းရေးကို ကောင်းကောင်းမွန်မွန် သင်ယူခွင့် မရခဲ့သည့် အကြောင်းအရင်းမှာ သူဌေးသမီးတစ်ယောက်ကဲ့သို့ ကျော့ကျော့မော့မော့ နေတတ်သော စရိုက်နှင့် ဘဝတစ်လျှောက်လုံး ပင်ပင်ပန်းပန်း လက်တွေ့ မလုပ်မကိုင်ခဲ့ရသောကြောင့် ဖြစ်ပေလိမ့်မည်။
၎င်းတို့အပြင် အိမ်ရှိ အမျိုးသားများထံမှလည်း ပညာသင်ယူရသေးသည်။ သို့သော် သင်တို့ မျှော်မှန်းထားသည့် နည်းလမ်းမျိုးဖြင့် မဟုတ်ပါ။ သူတို့က ကျွန်မတို့ကို မည်သည့်အခါကမျှ ကိုယ်ထိလက်ရောက် သင်ကြားပေးဖူးခြင်း မရှိ။ ထိုသို့ လုပ်ရိုးလုပ်စဉ်လည်း မရှိ။ ကျွန်မ ဆိုလိုသော သင်ယူမှု ဆိုသည်မှာ ရွှယ်ဟွား၏ အပြုအမူအပေါ်တွင် ပါပါးနှင့် စူးစူတို့က မည်သို့ တုံ့ပြန်ကြသည်ကို လေ့လာသင်ယူရခြင်း ဖြစ်သည်။ ယာဂုသည် ချက်ပြုတ်ရ အလွယ်ဆုံးသော စားစရာတစ်မျိုး ဖြစ်သည်။ ဆန်နှင့်ရေ အမြောက်အမြားထည့်ကာ ယောက်မဖြင့် အဆက်မပြတ် မွှေနေရုံသာ။ ထို့ကြောင့် နံနက်စာအတွက် ရွှယ်ဟွားကို ယာဂုကျိုရန် တာဝန်ပေးထားသည်။ ပါပါး ကြက်သွန်မြိတ် ကြိုက်တတ်သည်ကို ရွှယ်ဟွား တွေ့ရှိသွားသည့်အခါတွင် သူသည် ပါပါး၏ ပန်းကန်လုံးထဲသို့ ကြက်သွန်မြိတ်များ မပျက်မကွက် ပိုပိုသာသာ ထည့်ပေးလေ့ ရှိတော့သည်။ ထမင်းစားကြသည့်အခါတွင် မာမားနှင့် စိန်စိန်းတို့သည် ဟင်းပန်းကန်များကို စားပွဲပေါ်၌ စုံစုံညီညီ တင်ထားကာ ပါပါးနှင့် စူးစူတို့ ကိုယ့်ဘာသာ ခူးခပ်စားကြသည်ကို တစ်နေရာမှ တိတ်တဆိတ် ကြည့်နေတတ်ကြသည်။ ရွှယ်ဟွားကမူ ထိုသို့ မဟုတ်ပေ။ သူသည် ခေါင်းကို အနည်းငယ် အောက်ချကာ ဟင်းတစ်ခွက်ချင်းစီ ကိုင်လျက် စားပွဲဘေးပတ်လည်တွင် လှည့်လည်နေတတ်သည်။ ဟင်းတစ်မယ်ချင်းစီကို ယူ၍ ပါပါးကို ဦးအောင် ကမ်းပေးတတ်သည်။ ထို့နောက် စူးစူထံသို့၊ ထို့နောက် တာ့ကော၊ ထို့နောက် မောင်လေးထံသို့။ သူတို့နှင့် အရောတဝင် လုပ်လွန်းရာလည်း မရောက်အောင် တစ်ချိန်တည်းမှာပင် မိမိ၏ အကြင်နာတရားနှင့် ချစ်ခင်မှုကိုလည်း ပြသရာရောက်အောင် ရွှယ်ဟွားသည် သူတို့နှင့် မနီးလွန်း မဝေးလွန်းသော နေရာ၌ ရပ်နေတတ်သည်ကို ကျွန်မ သတိထားမိသည်။ သူတို့အပေါ် ဂရုတစိုက် ဆက်ဆံတတ်သော ရွှယ်ဟွား၏ အပြုအမူများကြောင့် သူတို့၏ အပြုအမူများသည်လည်း ယခင်ကကဲ့သို့ မဟုတ်တော့ဘဲ သိသိသာသာ ပြောင်းလဲလာကြောင်း ကျွန်မ သတိထားမိလာသည်။ ယခင်ကဆိုလျှင် ထမင်းစား စားပွဲ၌ ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် စားစရာများကို ပါးစပ်ထဲသို့ အားရပါးရ သွတ်သွင်းကြပြီး ပလုတ်ပလောင်း ဝါးစားကြတော့သည်။ ထို့နောက် ပါးစပ်မှ အရိုးအရင်းများကို ကြမ်းပြင်ပေါ်သို့ ဖွီဖွမ်နှင့် ထွေးထုတ်တတ်ပြီး ဗိုက်ပြည့်သွားသည့်အခါ ဗိုက်ပွတ်ကာ ထွက်သွားကြတော့သည်။ ယခုမူ ရွှယ်ဟွားကို ပြုံးပြနှုတ်ဆက်ကာ စကားစမြည်ပင် ပြောနေကြလေသည်။
ကျွန်မ တတ်သိနားလည်လိုသော ဗဟုသုတသည် အပေါ်ထပ် အမျိုးသမီးဆောင်ထဲမှ အသိပညာများ၊ အောက်ထပ်တွင် သိရှိခဲ့ရသော အရာများနှင့် နွီစူး သင်ကြားရမှုထက် အပုံကြီး ကျော်လွန်နေသည်။ ကျွန်မ၏ အနာဂတ်ကို သိချင်နေသည်။ စကားကို ဇယ်ဆက်သကဲ့သို့ မနားတမ်း တတွတ်တွတ် ပြောတတ်သော ရွှယ်ဟွား၏ အကျင့်ကြောင့် ကျွန်မ ကံကောင်းသည်ဟု ဆိုရမည်။ ထုံးခိုနှင့် ပတ်သက်သည့် အကြောင်းအရာ အတော်များများကို သူ့ထံမှ ကြားသိခဲ့ရသည်။ ယခုအခါတွင် သူသည် ဤရွာနှစ်ရွာအကြား အကြိမ်ကြိမ် သွားလာနေရသောကြောင့် ခရီးလမ်းကြောင်းကို အလွတ် ရနေပြီ။ ရွှယ်ဟွားက ဤသို့ ပြောပြသည်။
“နင့်ယောက်ျားအိမ်ကို သွားရင် မြစ်နဲ့ စပါးခင်းတွေ အများကြီးကို ဖြတ်ရမယ်။ ဖူးဝေရွာထိပ်ကနေ လှမ်းမြင်ရတဲ့ ကုန်းမြင့်လေးတွေဘက်ကို တည့်တည့် သွားရမှာ။ ထုံးခိုရွာက အဲဒီတောင်ကုန်းတွေရဲ့ ရင်ခွင်ထဲ ရောက်နေသလိုပဲ။ ငါ့ပါပါးက ပြောတယ်ဟ။ အဲဒီတောင်ကုန်းတွေ ရှိနေသရွေ့ ငါတို့ရွာလည်း ရှိနေမှာပဲတဲ့။ ငါတို့ ထုံးခိုရွာရဲ့ ဖုန်းရွှေက တော်တော်ကောင်းတော့ ငလျင်ဒဏ်တွေ၊ အဆာငတ်တဲ့ ဘေးတွေ၊ ဓားပြတွေရဲ့ ဘေးရန်တွေ မခံစားကြရဘူး”
ရွှယ်ဟွား၏ ပြောစကားများကြောင့် ထုံးခို၏ ပုံပန်းသဏ္ဌာန်က ကျွန်မ၏ အာရုံထဲတွင် ရုပ်လုံးပေါ်လာသည်။ သို့သော် ကျွန်မ၏ ခင်ပွန်းလောင်းနှင့် ယောက္ခမလောင်းများ အကြောင်းကို သူ ပြောပြသည့်အခါတွင် ဖြစ်ပေါ်လာသည့် ခံစားမှုများနှင့်တော့ နှိုင်းယှဉ်၍ မရပေ။ မင်္ဂလာကိစ္စနှင့် ပတ်သက်၍ အောင်သွယ်တော်ဝမ်နှင့် ကျွန်မတို့၏ ဖခင်များ ဆွေးနွေးကြသည့်အခါမျိုး၌ ကျွန်မနှင့် မေရွက်တို့သည် သူတို့အနားတွင် ရှိမနေကြသော်လည်း မည့်သည့် အကြောင်းအရာများ ဆွေးနွေးပြောဆိုကြမည်ကို ကျွန်မတို့ အကြမ်းဖျင်း ခန့်မှန်းနိုင်ကြသည်။ ထုံးခိုရှိ မိသားစုတိုင်းသည် လူးမျိုးဆက်များ ဖြစ်ကြပြီး ယေဘုယျအားဖြင့် တစ်ရွာလုံး ပြည့်စုံကုံလုံကြသည်။ ထိုအချက်သည်ပင် ကျွန်မတို့၏ ဖခင်များ အဓိက စိတ်ဝင်စားကြသည့် အချက် ဖြစ်သည်။ သို့သော် ကျွန်မတို့ အဓိက စိတ်ဝင်စားသည့် ကိစ္စမှာ ကျွန်မတို့၏ ခင်ပွန်း၊ ယောက္ခမနှင့် အိမ်တွင်းရှိ တခြားသော မိန်းမများအကြောင်း ဖြစ်သည်။ ထိုကိစ္စနှင့် ပတ်သက်လာလျှင် ရွှယ်ဟွားတစ်ယောက်တည်းကသာ ကျွန်မကို ဖြေကြားပေးနိုင်ပေလိမ့်မည်။
“နင်က သိပ်ကံကောင်းတာပဲ၊ ပိုင်ဟော” တစ်နေ့၌ ရွှယ်ဟွားက ကျွန်မကို ပြောသည်။
“အဲဒီ လူးမိသားစုက ကောင်လေးကို ငါ တစ်ခါ မြင်ဖူးတယ်။ ပြောမယ်ဆိုရင် သူနဲ့ငါနဲ့က ဝမ်းကွဲမောင်နှမတွေပဲ။ နည်းနည်းတော့ အမျိုးဝေးတာပေါ့။ သူ့ဆံပင်တွေက ညအချိန်မှာဆိုရင် နက်ပြာရောင် တောက်နေတယ်။ သူက ကောင်မလေးတွေကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံတတ်တယ်။ သူ ရထားတဲ့ လမုန့်ကို တစ်ယောက်တည်း စားပစ်လို့ ရပါလျက်နဲ့တောင် ငါ့ကို တစ်ခါ ခွဲကျွေးဖူးတယ်” ရွှယ်ဟွား၏ ပြောစကားအရဆိုလျှင် ကျွန်မ၏ ခင်ပွန်းလောင်းမှာ ကျားနှစ်မွေးသူ ဖြစ်သည်။ ကျွန်မကဲ့သို့ နိုးကြားတက်ကြွသူ ဖြစ်သောကြောင့် လိုက်ဖက်သည်ဟု ဆိုရပေမည်။
လူးမိသားစုနှင့် အံဝင်ခွင်ကျ ဖြစ်စေရန် သိသင့်သိထိုက်သည့် အချက်များကိုလည်း သူက ကျွန်မကို ပြောပြခဲ့သေးသည်။
“သူတို့က အလုပ်သိပ်များတဲ့ မိသားစုပဲ” သူက ရှင်းပြသည်။
“လူးလောင်ရဲက ရွာသူကြီးလည်း ဖြစ်တော့ ဧည့်သည်တွေ အများကြီးကို လက်ခံတွေ့ဆုံရတယ်။ ရွာထဲကရော၊ ရွာပြင်ကရော အမျိုးမျိုးပဲ။ အဲဒါအပြင် အဲဒီအိမ်ထဲမှာ နေနေကြတဲ့ လူတွေက အများကြီးဆို အများကြီးပဲ။ သူတို့မှာ သမီး မရှိဘူး ဆိုပေမယ့် ချွေးမတွေတော့ အများကြီး ရောက်လာဦးမှာ။ နင်ကတော့ အကြီးဆုံး ချွေးမ ဖြစ်မှာပဲ။ နင်က သူတို့အိမ်ထဲ စ ဝင်ဝင်ချင်းမှာပဲ နင့်အဆင့်အတန်းက မြင့်နေပြီ။ တကယ်လို့သာ သားဦးလေး ရလိုက်ပြီဆိုရင်တော့ အဲဒီနေရာမှာ နင် ရာသက်ပန် မြဲသွားပြီသာ မှတ်ပေတော့။ ဒါပေမယ့် ဘုရင်ကြီးရဲ့ ကိုယ်လုပ်တော် ယွီရှုတ်လို ဒုက္ခသုက္ခမျိုး ကြုံမလာနိုင်ဘူးလို့တော့ ဘယ်သူမှ အာမမခံနိုင်ဘူး။ လူးဖူးလန် [*** လူးသခင်မ – Lady Lū]က လူးလောင်ရဲအတွက် သားလေးယောက် မွေးပေးထားတာတောင် သူ့မှာ မယားငယ် သုံးယောက် ရှိနေသေးတယ်။ သူက ရွာသူကြီးဆိုတော့ မယားငယ် မရှိလို့လည်း မဖြစ်ဘူးလေ။ ဒါမှလည်း ရွာသူကြီးရဲ့ ဂုဏ်ဒြပ်နဲ့ ကိုက်ညီမှာပေါ့”
ကျွန်မအနေဖြင့် ထိုကိစ္စကို ပို၍ စိုးရိမ်ပူပန်သင့်သည်။ ဖခင်ဖြစ်သူက မယားငယ်များ အမြောက်အမြား ထားရှိသောကြောင့် သားဖြစ်သူကလည်း ထိုနည်းတူ လိုက်လုပ်နိုင်ခြေ ရှိသည်။ သို့သော် ထိုစဉ်က ကျွန်မမှာ ငယ်ရွယ်နုနယ်၍ အပြစ်ကင်းစင်သေးသော ကလေးငယ်တစ်ယောက်မျှသာ ဖြစ်သောကြောင့် ထိုသို့သော အတွေးများ ခေါင်းထဲ ဝင်မလာခဲ့ပေ။ ထိုသို့ တွေးတတ်သည် ဆိုစေဦး။ ဖြစ်ပေါ်လာမည့် အိမ်တွင်းရေး ပဋိပက္ခများကို ကျွန်မ နားလည်နိုင်စွမ်း မရှိခဲ့ပါ။ ကျွန်မ၏ မျက်မှောက် ကမ္ဘာလေးထဲတွင် မာမားနှင့် ပါပါး၊ စိန်စိန်းနှင့် စူးစူ၊ ထိုမျှသာ ရှိသည်။ ရိုးရိုးနှင့် ရှင်းရှင်းသာ။
ရွှယ်ဟွား၏ ဦးခေါင်းက အနားရှိ မေရွက်ဘက်သို့ လှည့်သွားသည်။ သူသည် ကျွန်မတို့၏ ပြောစကားများကို တစ်လျှောက်လုံး ငြိမ်ငြိမ်ဆိတ်ဆိတ် နားထောင်နေသည်။ ရွှယ်ဟွားက ပြောသည်။
“မေရွက်၊ ငါ နင့်အတွက် ဝမ်းသာတယ်၊ သိလား။ နင် သွားရမယ့် လူးမိသားစုနဲ့လည်း ငါ ရင်းနှီးတယ်။ နင့်ရဲ့ သတို့သားက ဝက်နှစ်ဖွားလေ။ ပြီးတော့ သူက တောင့်တောင်ဖြောင့်ဖြောင့်ရယ်။ ရည်ရည်မွန်မွန် ရှိပြီး ဉာဏ်လည်း ထက်တယ်။ နင်က ဆိတ်နှစ်ဖွားဆိုတော့ ဆိတ်တစ်ကောင်လို သူ့ကို တုန်နေအောင် ချစ်လောက်တယ်။ နင်တို့ကလည်း တကယ့်ကို လိုက်ဖက်တဲ့အတွဲပဲ”
“ဒါဆို ကျွန်မရဲ့ ယောက္ခမကရော ဘယ်လို လူမျိုးလဲ” မေရွက်က မဝံ့မရဲ မေးလိုက်သည်။
“အဲဒီကြီးဒေါ်က ငါ့မာမားဆီ နေ့တိုင်းလာတယ်ဟ။ သူက ငါမြင်ဖူးသမျှထဲမှာ စိတ်သဘောထား အပြည့်ဆုံး လူပဲ”
ရွှယ်ဟွား၏ မျက်လုံးအိမ်ထဲတွင် မျက်ရည်များ ရုတ်ခြည်း ပြည့်လျှံသွားသည်။ ကျွန်မနှင့် မေရွက်တို့ အူကြောင်ကြောင် ဖြစ်သွားပြီး နောက်ပြောင်နေသည်ဟု ထင်မှတ်လိုက်သောကြောင့် တခစ်ခစ် ရယ်မိကြသည်။ ကျွန်မ၏ လောင်ထုံးက မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မျက်ရည်များကို သိမ်းဆည်းလိုက်သည်။
“ငါ့မျက်လုံးတွေထဲ သရဲတစ်ကောင် ဝင်သွားလို့” ဟု ပြောကာ ကျွန်မတို့နှင့် အတူ လိုက်ရယ်တော့သည်။ ရယ်၍ဝသော အခါတွင်မှ သူသည် စောစောက စကားကို ဆက်ပြောလေသည်။
“မေရွက်၊ နင်ကတော့ အတော်ကို သဘောကျမှာပဲ။ သူတို့က နင့်ကို နှစ်နှစ်ကာကာ ချစ်ကြမှာပါ။ အဲဒါထက် ပိုကောင်းတဲ့ အချက်က နင် ပိုင်ဟောအိမ်ကို နေ့တိုင်း သွားလည်လို့ ရတယ်။ နင်တို့နှစ်အိမ်က တကယ့်ကို နီးနီးလေးရယ်”
ရွှယ်ဟွားက ကျွန်မကို လှမ်းကြည့်သည်။
“နင့်ယောက္ခမကြီးက သိပ်ကို ရှေးရိုးဆန်တဲ့ မိန်းမကြီး။ သူက မိန်းမတို့ လိုက်နာရမယ့် စည်းကမ်းမှန်သမျှကို တစ်ခုမကျန် လိုက်နာတတ်တယ်။ သူက အပြောအဆို သိပ်ပါးနပ်တာ။ ဝတ်ပုံစားပုံကိုလည်း အတော်လေး ဂရုစိုက်တယ်။ အိမ်ကို ဧည့်သည်တွေ ရောက်လာပြီ ဆိုတာနဲ့ ရေနွေးကြမ်း ပူပူလေးက ချက်ချင်း ရောက်လာတော့တာပဲ” ရွှယ်ဟွားက ကျွန်မအား ထိုကိစ္စနှင့် ပတ်သက်သော လုပ်ထုံးလုပ်နည်းများကို သင်ကြားပေးပြီး ဖြစ်သောကြောင့် အမှားတစ်စုံတစ်ရာ လုပ်မိမည်ကို စိုးရိမ်စရာ မလိုတော့ပေ။
“နင်တို့အိမ်က အစေခံတွေက ငါ့အိမ်ထက်တောင် များသေးတယ်” ရွှယ်ဟွားက စကားဆက်သည်။
“နင့်ယောက္ခမ လူးဖူးလန်အတွက် အထူးဟင်းလျာ စီစဉ်ပေးဖို့ကလွဲပြီး ကျန်တာတွေကို နင်ကိုယ်တိုင် ချက်နေစရာ မလိုဘူး။ ပြီးတော့ ကလေးတွေကိုတောင် နင် ဆန္ဒမရှိရင် ကိုယ်တိုင် အချီအချော့ လုပ်နေစရာ လိုမှာ မဟုတ်ဘူး”
သူ ဗရုတ်သုက်ခ လျှောက်ပြောနေခြင်းသာ ဖြစ်မည်။ အထက်ပါ စကားများကို ကြားခဲ့ရစဉ်က ဤသို့ ကျွန်မ တွေးနေခဲ့မိသည်။
ကျွန်မခင်ပွန်းလောင်း၏ ဖခင်အကြောင်းကို သူ့အား ထပ်မေးလိုက်သည်။ သူက မိနစ်ပိုင်းမျှ စဉ်းစားပြီး အဖြေပေးလာသည်။
“လူးလောင်ရဲက အပေးအကမ်း ရက်ရောတယ်။ စိတ်ရင်းကောင်းတယ်။ ပြီးတော့ ထက်လည်း ထက်တယ်။ ဒါကြောင့်လည်း ရွာသူကြီး ဖြစ်နေတာပေါ့။ လူတိုင်းက သူ့ကို လေးစားကြတယ်လေ။ ဒီတော့ သူ့သားနဲ့ သူ့မိန်းမကိုလည်း အားလုံးက လေးစားကြတာပေါ့” သူက ကျွန်မမျက်လုံးများကို ပေါက်ထွက်မတတ် စိုက်ကြည့်ပြီး စောစောက စကားကို ထပ်ပြောပြန်သည်။
“နင် သိပ်ကို ကံကောင်းတာပဲ”
ရွှယ်ဟွား၏ စကားများကို ကြားရသည့်အခါတွင် ကျွန်မ၏ နှစ်လိုဖွယ်ကောင်းသော ခင်ပွန်း၊ သားများနှင့်အတူ ထုံးခို၌ နေထိုင်ရမည့် သာယာချမ်းမြေ့သော ဘဝလေးကို စိတ်ကူးမယဉ်ဘဲ အဘယ်မှာ နေနိုင်ပါအံ့တော့နည်း။
ↂↂↂ
ထိုကာလအတွင်း၌ ကျွန်မ၏ ဗဟုသုတများသည် ကျွန်မတို့ ရွာသိမ်ရွာငယ်ကလေး၏ နယ်နိမိတ်ကို ကျော်လွန်ကာ အဝေးသို့ လွန်စွာ ပျံ့နှံ့ကျယ်ပြန့်လာခဲ့သည်။ ကျွန်မနှင့် ရွှယ်ဟွားတို့သည် ကူဖောဘုရားကျောင်းသို့ ၅ ကြိမ်တိုင်တိုင် ရောက်ခဲ့ပြီးပြီ။ ကျွန်မတို့သည် နှစ်စဉ်နှစ်တိုင်း ဘုရားကျောင်းသို့သွားကာ ရှိခိုးဆုတောင်းကြသည်။ ထို့နောက် ဈေးတန်းသို့ သွားပြီး ဇာထိုးပန်းထိုးအတွက် လိုအပ်သော ပိတ်စနှင့် ချည်ရောင်စုံတို့ကို ဝယ်ယူကြသည်။ ခရီးစဉ်ကို အဆုံးမသတ်ခင်၌ ဘကြီးကျို၏ သကြားကပ် ကန်စွန်ဥကြော်ကိုလည်း အစဉ်အလာမပြတ် အားပေးကြသေးသည်။ ဝေါယာဉ်ထဲ ထိုင်နေကြစဉ်အတွင်းမှာလည်း အောင်သွယ်တော်ဝမ် အိပ်ငိုက်နေသည့် အခါမျိုးတွင် ဝေါယာဉ်အပြင်မှ ရှုမျှော်ခင်းများကို တဝကြီး ခံစားကြသည်။ ထိုထိုရွာများသို့ ပေါက်ရောက်နိုင်သော လမ်းအဖုံဖုံ၊ ကွေ့ကိကွေ့ကောက် တွန့်လိမ်စီးဆင်းနေကြသော မြစ်အသွယ်သွယ်နှင့် မတိမ်းမစောင်း ဖြောင့်တန်းစီးဆင်းနေကြသော တူးမြောင်းအလီလီတို့ကို ကျွန်မတို့ တွေ့မြင်ကြရသည်။ ၎င်းရေလမ်းများမှတစ်ဆင့် ကျွန်မတို့၏ ခရိုင်ကလေးသည် တစ်နိုင်ငံလုံးရှိ အခြားဒေသများနှင့် အဆက်အသွယ် ပြုလုပ်ကြရကြောင်း အထမ်းသမားများထံမှ ကြားသိရသည်။ ကျွန်မတို့၏ အပေါ်ထပ် အမျိုးသမီးဆောင် အတွင်း၌မူ နံရံလေးဘက်ကိုသာ ကျွန်မတို့ တွေ့မြင်နိုင်သည်။ သို့သော် ကျွန်မတို့ ခရိုင်ရှိ ယောက်ျားများသည် ကျွန်မတို့ မိန်းမသားများကဲ့သို့ ပြင်ပလောကနှင့် အဆက်အသွယ် ဖြတ်စရာ မလိုပါ။ သူတို့ ဆန္ဒရှိလျှင် မည်သည့်နေရာသို့မဆို ရေလမ်းခရီးဖြင့် သွားလာနိုင်သည်။
ဤကာလအတွင်း၌ အောင်သွယ်တော်နှစ်ဦး၏ အရောက်အပေါက်က ကျဲပါးသွားသည် ဟူ၍ မရှိ။ ကျွန်မတို့၏ မင်္ဂလာကိစ္စများ သတ်သတ်မှတ်မှတ် စီစဉ်ထားပြီး ဖြစ်သောကြောင့် ကျွန်မတို့ နားအေးပါးအေး နေရပေမည်ဟု မမှတ်ယူလိုက်ပါနှင့်။ သူတို့က အိမ်သို့ မပြတ်လာကာ ပလီပလာ လုပ်နေကြသည်။ မတော်တဆ ခြေချော်လက်ချော် ဖြစ်မှုများ ကြုံတွေ့ရနိုင်သည် မဟုတ်လား။ သူတို့သည် ဤအိမ်အတွင်းရှိ မင်္ဂလာကိစ္စ လေးခုအတွက် ဗျာများနေကြသည်။ တာ့ကော၏ ဇနီးသည်အတွက် မင်္ဂလာကြေး၊ မိန်းကလေး သုံးယောက်၏ ခန်းဝင်ကြေးများနှင့် အထူးသဖြင့် အောင်သွယ်ကြေးများကို ပါပါးထံမှ မယုတ်မလျော့ ရရှိနိုင်ရန် သူတို့ တတ်စွမ်းသမျှ ကြိုးစားလုံးပမ်းနေကြသည်။ သို့သော် ကျွန်မအသက် ၁၃ နှစ်အရွယ် တစ်ခုသော နွေနေ့တစ်နေ့၌ ထိုအမျိုးသမီးနှစ်ဦး၏ တိုက်ပွဲက ရုတ်တရက် အရှိန် မြင့်တက်လာတော့သည်။
အဖြစ်အပျက်၏ အစအဦးပိုင်းတွင် အခြေအနေက ရိုးစင်းသည်။ ကျွန်မတို့အားလုံး အပေါ်ထပ် အမျိုးသမီးဆောင်ထဲ၌ ရှိနေကြစဉ် အောင်သွယ်တော်ကောင်းက သူ၏ မကျေနပ်ချက်တစ်ခုကို ပွစိပွစိ ပြောနေသည်။ ရွာအတွင်းရှိ တချို့အိမ်များက သူ့အား ပေးစရာရှိသည့် အောင်သွယ်ကြေးများကို အချိန်မှန် မပေးကြခြင်းအပေါ် မကျေမနပ် ညည်းတွားနေခြင်း ဖြစ်သည်။ ကျွန်မတို့ မိသားစုကပဲ သူ့ကို ပေးစရာ အကြွေး ရှိနေသည့်အလား။
“တောင်ပေါ်မှာ တောင်သူတွေ သူပုန်ထနေကြလို့ အစစအရာရာ ခက်ခဲကုန်ကြပြီ” အောင်သွယ်တော်ကောင်းက ပြောသည်။
“ကုန်စည်တွေက ဆင်းမလာတော့ဘူး။ ထွက်လို့လည်း မရတော့ဘူး။ အားလုံးရဲ့ လက်ထဲမှာ ငွေတွေ ပြတ်ကုန်ကြပြီလေ။ အဲဒါကြောင့်ပဲ တချို့အိမ်တွေက သူတို့ သမီးတွေရဲ့ စေ့စပ်ကြောင်းလမ်းထားတာကို ဖျက်သိမ်းပစ်လိုက်ကြတော့မယ်လို့ ကြားနေရတယ်။ မင်္ဂလာခန်းဝင်ကြေးကို သူတို့ မတတ်နိုင်ကြတော့ဘူးလေ။ အခုဆိုရင် အဲဒီကောင်မလေးတွေ သူများအိမ်မှာ မွေးစားမယားပဲ လုပ်လို့ ရတော့မယ်”
ကျွန်မတို့ ခရိုင်၏ လတ်တလော အခြေအနေမှာ ကောင်းမွန်လှသည် မဟုတ်။ ထို့အချက်ကို လူတိုင်း သိရှိထားပြီး ဖြစ်သည်။ သို့သော် အောင်သွယ်တော်ကောင်း၏ နောက်ပိုင်းစကားများက ကျွန်မတို့ကို တအံ့တဩ ဖြစ်စေခဲ့သည်။
“ဟိုကောင်မလေး ရွှယ်ဟွားရဲ့ အခြေအနေတောင် သိပ်မဟန်လှဘူး။ သူနဲ့ ပိုပြီး သင့်လျော်မယ့် အိမ်ထောင်ဖက်ကို ရှာပေးဖို့ အချိန်တော့ မီပါသေးတယ်”
ထိုသို့သော ခနဲ့တဲ့တဲ့ စကားလုံးများကို ကြားနိုင်ရန် အနားတွင် ရွှယ်ဟွား ရှိမနေသည့်အတွက် ကျွန်မ ဝမ်းမြောက်နေမိသည်။
“ရှင်အခု ပြောနေတဲ့ မိသားစုက ဒီခရိုင်မှာ ရှိတဲ့ အကောင်းဆုံး မိသားစုတွေထဲက တစ်ခု ဆိုတာကိုလည်း မမေ့နဲ့ဦး” အောင်သွယ်တော်ဝမ်က ပြန်ပက်လိုက်သည်။ သူ၏ စကားသံမှာ ဆီကဲ့သို့ နူးညံ့ပျော့ပျောင်း မနေဘဲ ကျောက်ဆောင်ကျောက်ခဲကဲ့သို့ ကြမ်းထော်နေသည်။
“အတိတ်က ဆိုရင်တော့ ဟုတ်ကောင်း ဟုတ်မှာပေါ့၊ အဒေါ်ကြီးရယ်။ အဲဒီလောင်ရဲက အခုဆိုရင် လောင်းကစားတွေ အလွန်အကျွံ လုပ်ပြီး မယားငယ်တွေ တရားလွန် ထားနေတယ်”
“သူ့လို ဂုဏ်ဒြပ်ရှိတဲ့ လူတစ်ယောက်အတွက် အဲဒီကိစ္စက ဘာများ ထူးဆန်းစရာ ရှိနေလို့လဲ။ အေးပေါ့လေ၊ နင့်လို ဟာမမျိုးက ဘာသိမှာလဲ။ နင်က ဆွေကြီးမျိုးကြီးတွေနဲ့ ဆက်ဆံဖူးတာမှ မဟုတ်တာ”
“ဟား ဟား ဟား၊ အတော် ရယ်ရတာပဲ။ ရှင်မို့လို့ မျက်နှာပြောင်တိုက်ပြီး ပြောရဲတယ်။ အဲဒီမိသားစု ဘယ်ဘဝရောက်နေသလဲ ဆိုတာကို ဒီခရိုင်မှာ မသိတဲ့လူ မရှိဘူး။ တောင်ပေါ်မှာ ပြဿနာတက်နေတဲ့ ကိစ္စရယ်၊ အသီးအနှံ ထွက်နှုန်းမကောင်းတာရယ်၊ အလုပ်အပေါ် စိတ်မဝင်စားတာရယ်ကို ပေါင်းလိုက်ရင် သူ့လို ဆေးပြောင်းပဲ ရှူဖို့ စိတ်ဝင်စားတဲ့ လူတစ်ယောက်အတွက် ဘာမှ မျှော်လင့်စရာ မရှိတော့ဘူး …”
“အောင်သွယ်တော်ကောင်း” မာမား၏ စကားသံက ကြားဖြတ်ဝင်ရောက်လာသည်။
“ကျွန်မကလေးတွေရဲ့ မင်္ဂလာကိစ္စအတွက် ရှင် ဒုက္ခခံပြီး ဆောင်ရွက်ပေးနေတာကို ကျွန်မ ကျေးဇူးတင်လို့ မဆုံးပါဘူး။ ဒါပေမယ့် သူတို့လေးတွေက အခုမှ ကလေးတွေပဲ ရှိကြသေးတာပါ။ သူတို့ရဲ့ အရှေ့မှာ အခုလို စကားမျိုးတွေ မပြောသင့်ဘူးလို့ ကျွန်မ ထင်တယ်။ ရှင်လည်း တခြားအိမ်တွေကို ဝင်စရာ ရှိဦးမှာပဲ။ ကျွန်မ ရှင့်ကို အိမ်ပေါက်ဝအထိ လိုက်ပို့ပေးပါ့မယ်”
မာမားက အောင်သွယ်တော်ကောင်းကို လက်တစ်ဘက်ဖြင့် ထိုင်ခုံပေါ်မှ ဆွဲမြှောက်ကာ လှေကားရှိရာသို့ ဒရွတ်တိုက် ပါသွားလုမတတ် ဆွဲခေါ်သွားတော့သည်။ သူတို့ အောက်ထပ်သို့ ဆင်းသွားသည်နှင့် စိန်စိန်းက အောင်သွယ်တော်ဝမ်အတွက် ရေနွေးငှဲ့ပေးလိုက်သည်။ အောင်သွယ်တော်ဝမ်သည် နေရာတွင် တုတ်တုတ်မျှ မလှုပ်ဘဲ ထိုင်နေသည်။ တစ်စုံတစ်ခုကို နက်နက်ရှိုင်းရှိုင်း စဉ်းစားနေဟန် ရှိသည်။ သူ၏ အကြည့်များက အဝေးတစ်နေရာ၌ တွဲလဲခိုနေကြသည်။ တစ်ခဏအကြာတွင် မျက်တောင်ကို သုံးလေးချက်မျှ ခတ်ပြီး ပြန်လည် သတိဝင်လာကာ ဘေးဘီသို့ လှည့်ကြည့်သည်။ ထို့နောက် ကျွန်မကို သူ့အနားလာရန် ခေါ်လိုက်သည်။ ကျွန်မ၏ အသက်မှာ ၁၃ နှစ် ရှိပြီ ဖြစ်သော်လည်း သူ့ကို ကြောက်ရွံ့နေဆဲပင် ရှိသေးသည်။ ရွှယ်ဟွားထံမှ အတုခိုးကာ သူ့ကို ကျွန်မက စိန်စိန်းဟု တရင်းတနှီး ခေါ်နေခဲ့သော်လည်း ကျွန်မ၏ ရင်တွင်း၌မူ သူသည် ကြောက်စရာကောင်းသော အောင်သွယ်တော်ဝမ်သာ ဖြစ်မြဲ ဖြစ်နေသေးသည်။ သူ့အနားသို့ ရောက်သွားသောအခါတွင် သူသည် ကျွန်မကို နီးသည်ထက် နီးအောင် လှမ်းဆွဲကာ သူ့ပေါင်နှစ်ဖက်ဖြင့် ကျွန်မကို ညှပ်ထားလိုက်သည်။ ထို့နောက် ပထမဆုံးအကြိမ် တွေ့ကြစဉ်ကကဲ့သို့ ကျွန်မ၏ လက်မောင်းနှစ်ဘက်ကို မြဲမြဲ ဆုပ်ကိုင်ထားလေသည်။
“အခုဒီမှာ ကြားခဲ့သမျှ အကြောင်းအရာတွေ ရွှယ်ဟွားကို လုံးဝ လုံးဝ မပြောပြရဘူးနော်။ သူက ရိုးသားတဲ့ ကလေးမလေး တစ်ယောက်ပါ။ အဲဒီမိန်းမကြီးရဲ့ မဟုတ်တမ်းရား စကားတွေကြောင့် သူ့ကို မထိခိုက်စေချင်ဘူး”
“သမီး သဘောပေါက်ပါတယ်၊ စိန်စိန်း”
သူက ကျွန်မကို အားရှိပါးရှိ ခါယမ်းလိုက်သည်။
“ဘယ်တော့မှ မပြောရဘူးနော်”
“သမီး ကတိပေးပါတယ်”
ထိုစဉ်က သူတို့၏ ပြောစကားများကို ကျွန်မ တစ်စွန်းတစ်စမျှပင် နားမလည်ခဲ့ပါ။ နားလည်သည် ဆိုစေဦး၊ ကျွန်မအနေဖြင့် ထိုသို့သော ဆိုးယုတ်သည့် အတင်းအဖျင်းများကို ရွှယ်ဟွားအား ပြန်ပြောပြလိမ့်မည် မဟုတ်။ ရွှယ်ဟွားကို ကျွန်မ ချစ်သည်။ အောင်သွယ်တော်ကောင်း၏ အဆိပ်ပြင်းသော မှတ်ချက်များကို ထပ်ဆင့် ဖောက်သည်ချခြင်းဖြင့် သူ့ကို နာကျင်အောင် ဘယ်တော့မျှ ပြုလုပ်လိမ့်မည် မဟုတ်ပေ။
ထိုသို့ ဖြစ်ပျက်ပြီး နောက်ပိုင်းတွင် မာမားက ပါပါးကို တစ်စုံတစ်ရာ ပြောလိုက်ဟန် တူသည်။ ထိုနေ့မှစ၍ အောင်သွယ်တော်ကောင်းသည် ကျွန်မတို့၏ အိမ်ထဲသို့ ဝင်ခွင့် မရတော့ပေ။ နောက်နောင်တွင် အလုပ်ကိစ္စများ ဆွေးနွေးတိုင်ပင်စရာ ရှိပါက အိမ်ရှေ့ကပြင်၌ ခွေးခြေခုံထုတ်ကာ ထိုနေရာ၌ပင် ထိုင်ရင်း စကားပြောကြသည်။ မာမားနှင့် ပါပါးက ဤမျှ ရွှယ်ဟွားကို ဂရုတစိုက် ရှိခဲ့ကြသည်။ သူက ကျွန်မ၏ လောင်ထုံး ဖြစ်သည်။ သို့သော် သူတို့က ကျွန်မကို ချစ်သကဲ့သို့သာ သူ့ကို ချစ်ကြခြင်း ဖြစ်သည်။
ↂↂↂ
ဆယ်လပိုင်းသို့ ရောက်ရှိလာပြန်ပြီ။ အိမ်ပြတင်းပေါက် အပြင်ဘက်တွင် ဆောင်းဦးရာသီ၏ ကြည်စင်သော ကောင်းကင်ပြာဝယ် နွေနေကဲ့သို့ တောက်ပသော သူရိယနေမင်းသည် အပူဓာတ်များကို မှုတ်ထုတ်နေသည်။
တာ့ကျယ်၏ မင်္ဂလာဧည့်ခံပွဲသို့ ရောက်ရန် တစ်လသာ လိုတော့သည်။ သတို့သားမိသားစုထံမှ လက်ဆောင်ပဏ္ဏာများ နောက်ဆုံးအသုတ်အဖြစ် ရောက်ရှိလာကြသည်။ တာ့ကျယ်၏ သွေးသောက်ညီအစ်မများသည် သူတို့၏ ဆန် ၂၅ ကျင်းကို ရောင်းချကာ သူ့အတွက် လက်ဆောင်များ ဝယ်ထားကြသည်။ ထိုလုံမပျိုများသည် ကျွန်မတို့အိမ်သို့ လာပြီး အပေါ်ထပ် အမျိုးသမီးဆောင်အတွင်း၌ အတူဝိုင်းထိုင်ကာ မိန်းမသီချင်းများကို သီဆိုကြသည်။ ရွာအတွင်းနေ တခြားသော အမျိုးသမီးများလည်း အိမ်သို့ ရောက်ရှိလာကြကာ စကားစမြည်ပြောခြင်း၊ အကြံဉာဏ်ပေးခြင်းနှင့် အိမ်သားများအား အားပေးစကားပြောခြင်းများ ပြုလုပ်ကြသည်။ ကျွန်မတို့သည် မိန်းမသီချင်းများ သီဆိုခြင်း၊ ပုံပြင်များ ပြောကြားခြင်းဖြင့် ၂၈ ရက်တာ ကုန်ဆုံးသွားသည်။ တာ့ကျယ်၏ သွေးသောက်များသည် တာ့ကျယ်၏ အိပ်ရာခင်းများ ချုပ်လုပ်ရာတွင်လည်းကောင်း၊ သူ၏ မိသားစုဝင်အသစ်များတွက် ချုပ်လုပ်ထားသော ဖိနပ်များကို ထုပ်ပိုးရာတွင်လည်းကောင်း ဝိုင်းဝန်း ကူညီခဲ့ကြသည်။ တာ့ကျယ်အတွက် ရေးသားထားသော စန်းချောင်စာအုပ်များကိုလည်း ကျွန်မတို့ ပြင်ဆင်ပြီးကြပြီ။ ၎င်းစာအုပ်များသည် တာ့ကျယ်ကို မိသားစုအသစ်အတွင်းရှိ မိန်းမများနှင့် မိတ်ဆက်ပေးကြပေလိမ့်မည်။ ထို့ကြောင့် သူ၏ အကောင်းဆုံး အရည်အချင်းများနှင့် ဝိသေသလက္ခဏာများကို ပေါ်လွင်အောင် အသင့်လျော်ဆုံး စကားလုံးများဖြင့် ဖော်ပြနိုင်ရန်အတွက် ကျွန်မတို့အားလုံးက အစွမ်းကုန် ကြိုးစားခဲ့ကြသည်။
တာ့ကျယ်၏ အိမ်အသစ်သို့ မသွားရောက်မီ သုံးရက်အလိုသည် ‘စိုးရိမ်ပူဆွေးခြင်းနေ့’ ဖြစ်သည်။ မာမားသည် လှေကား၏ စတုတ္ထအဆင့်တွင် ထိုင်ကာ ခြေထောက်များကို တတိယအဆင့်တွင် ချထားလျက် လွမ်းချင်းကို စတင် သီဆိုသည်။
“သမီးကြီးရေ၊ သမီးက မာမားလက်ထဲက ပုလဲလေးတစ်လုံးပါ။ မာမားရဲ့ မျက်လုံးအိမ်တွေက မျက်ရည်တွေနဲ့ ပြည့်လျှံသွားကြပြီ။ မာမားရဲ့ ပါးပြင်ထက်မှာလည်း မျက်ရည်ချောင်းအစုံက စီးဆင်းလျက်ပေါ့။ သမီး မရှိတော့ရင် အခန်းထဲ ဟာသွားတော့မှာပဲ”
တာ့ကျယ်၊ သူ၏ သွေးသောက်ညီအစ်မများနှင့် ရွာမှ အမျိုးသမီးများအားလုံးသည် မာမား၏ ဝမ်းနည်းပူဆွေးသံကို ကြားကြရသည့်အခါတွင် အားလုံး တရှုံ့ရှုံ့နှင့် ငိုကြွေးကြတော့သည်။
စိန်စိန်းက မာမား၏ သံစဉ်စည်းချက်အတိုင်း နောက်မှ လိုက်ဆိုသည်။ အခါတိုင်းကဲ့သို့ပင် စိန်စိန်းသည် ပူဆွေးမှုများအကြားတွင် အကောင်းမြင်တတ်သော သူ၏ ဗီဇကို ရောစွက်ထားသည်။
“ငါက အကျည်းတန်တယ်။ ဉာဏ်လည်း မကောင်းဘူး။ ဒါပေမယ့် စိတ်ထားကိုတော့ အမြဲတမ်း ဖြူစင်နေအောင် ထားနိုင်ဖို့ ကြိုးစားနေတယ်။ ငါက ငါ့ယောက်ျားကို ချစ်တယ်။ ပြီးတော့ သူကလည်း ငါ့ကို ချစ်တယ်။ ငါတို့နှစ်ယောက်က အရုပ်လည်းဆိုး၊ တုံးလည်း တုံးအတဲ့ ယွမ်းယန်ငှက်မောင်နှံတစ်တွဲပါ။ ငါတို့မှာ သာယာချမ်းမြေ့တဲ့ ဘဝကို ပိုင်ဆိုင်ထားကြသလိုပဲ သမီးကြီးလည်း ပိုင်ဆိုင်ပါစေလို့ စိန်စိန်း ဆုတောင်းပေးပါတယ်”
ကျွန်မအလှည့်သို့ ရောက်သောအခါ ကျွန်မသည် အသံကို မြှင့်တင်လိုက်သည်။
“တာ့ကျယ်၊ တာ့ကျယ်နဲ့ ခွဲခွာရတော့မှာမို့ ပိုင်ဟောလေ၊ ရင်ထဲအသည်းထဲကနေ လှိုက်လှိုက်ပြီး ငိုကြွေးနေမိတယ်။ တကယ်လို့ ကျွန်မတို့သာ သားယောက်ျားလေးတွေ ဖြစ်ကြမယ်ဆိုရင် အခုလို ခွဲခွာရတဲ့ ဒုက္ခမျိုးတွေ ကြုံရမှာ မဟုတ်တော့ဘူးနော်။ သားယောက်ျားလေးတွေသာ ဖြစ်ကြရင် ပါပါးနဲ့ စူးစူတို့လို၊ တာ့ကောနဲ့ မောင်လေးတို့လို ကျွန်မတို့လည်း တစ်သက်လုံး မခွဲတမ်း အတူနေထိုင်ခွင့် ရလာနိုင်တယ်။ တာ့ကျယ်က သွားတော့မယ်ဆိုတော့ ကျွန်မတို့အားလုံး အရမ်း ဝမ်းနည်းကြတယ်။ အပေါ်ထပ်က အခန်းထဲမှာလည်း တာ့ကျယ် မရှိရင် သိသိသာသာကြီး တိတ်ဆိတ်သွားတော့မှာပဲ”
ကျွန်မသည် ရွှယ်ဟွားထံမှ သင်ယူထားသော အရာများကို တာ့ကျယ်ကြားအောင် သီဆိုပေးမည်ဟု ဆုံးဖြတ်လိုက်သည်။ ၎င်းမှာ သူ့ကို ပေးနိုင်သော အကောင်းဆုံး လက်ဆောင်ပင် ဖြစ်သည်။
“နွေရာသီမှာ ဘယ်လောက်ပဲ အေးမြနေပါစေ၊ ဆောင်းရာသီမှာ ဘယ်လောက်ပဲ နွေးထွေးနေပါစေ၊ လူတိုင်းလူတိုင်း အဝတ်အစားကို လိုအပ်ကြတာပဲ။ ဒါကြောင့် သူများတွေ တကူးတက မတောင်းဆိုခင်ကတည်းက သူတို့အတွက် အဝတ်အစားတွေ ချုပ်လုပ်ပေးထားရမယ်။ စားပွဲပေါ်မှာ ဟင်းအမယ်တွေ အလျှံပယ် ရှိနေတယ် ဆိုရင်တောင်မှ ယောက္ခမတွေကို အရင် သုံးဆောင်ခိုင်းရမယ်။ အလုပ်ကို ကြိုးကြိုးစားစား လုပ်ပြီး အချက်သုံးချက်ကို အမြဲ သတိရနေပါ။ ယောက္ခမတွေကို အမြဲတမ်း လေးစားသမှုနဲ့ အကောင်းဆုံး ဆက်ဆံပါ။ ခင်ပွန်းသည်ကို ချစ်မြတ်နိုးပြီး အဝတ်အစားတွေ လိုလေးသေးမရှိအောင် ပြင်ဆင်ပေးပါ။ သားသမီးတွေကို ချစ်ခင်ပြီး သူတို့ရဲ့ စံနမူနာအဖြစ် ဗိုင်းကောင်းကျောက်ဖိ နေထိုင်တတ်ပါစေ။ တာ့ကျယ်သာ အဲဒီအချက်တွေကို လုပ်နိုင်မယ်ဆိုရင် တာ့ကျယ်ရဲ့ မိသားစုအသစ်ကလည်း တာ့ကျယ်ကို ပြန်ပြီး ကြင်ကြင်နာနာ ဆက်ဆံလာပါလိမ့်မယ်။ အဲဒီလို မိသားစုမျိုးမှာ တည်ငြိမ်အေးဆေးတဲ့ စိတ်သဘောထားကို အမြဲတမ်း ထိန်းသိမ်းထားပါ”
တာ့ကျယ်၏ သွေးသောက်များက ကျွန်မ၏နောက်မှ ဆက်ဆိုကြသည်။ သူတို့သည် တာ့ကျယ်ကို အင်မတန် ချစ်ခင်ကြသည်။ သူသည် လူတကာအပေါ်တွင် ထောက်ထားညှာတာတတ်သူ ဖြစ်ပြီး လက်မှုရေးရာလည်း ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။ သူတို့၏ သွေးသောက်အဖွဲ့လေးတွင် ညီအစ်မတစ်ယောက် အိမ်ထောင်ကျသွားခြင်းသည် အဖွဲ့ထဲမှ လူတစ်ယောက် လျော့သွားခြင်း မည်ပေသည်။ နောက်ဆုံး မိန်းကလေးတစ်ယောက် အိမ်ထောင်ကျသွားသည်နှင့် အဖိုးတန်လှသော သူတို့၏ သွေးသောက်အဖွဲ့လည်း ပျက်ပြယ်သွားတော့သည်။ အတူရှိကြစဉ်အခါက အတူတကွ လုပ်ဆောင်ခဲ့ကြသော ဇာထိုးပန်းထိုးခြင်းနှင့် ရက်ကန်းရက်ခြင်း စသည့် အမှတ်ရစရာများသာ သူတို့တွင် ကျန်ရှိပေတော့မည်။ သူတို့၏ အနာဂတ် နေ့ရက်များတွင် သူတို့ကို နှစ်သိမ့်ပေးစရာ ဟူ၍ သူတို့၏ စန်းချောင်စာအုပ်များ အတွင်းမှ စာသားများသာ ကျန်ရစ်ပေတော့မည်။ သူတို့အထဲမှ တစ်ဦးတစ်ယောက် သေဆုံးသွားလျှင် ကျန်ရှိသော ညီအစ်မများက သူတို့၏ ပေးစာများ၊ စာအုပ်များကို ပိုင်ရှင်နှင့်အတူ တမလွန်ဘဝသို့ လိုက်ပါသွားနိုင်ရန်အလို့ငှာ ဈာပနအခမ်းအနားသို့ လာရောက်၍ မီးရှို့ပေးပါမည်ဟု အဓိဋ္ဌာန် ပြုထားကြသည်။ သူ၏ ခွဲခွာမှုအပေါ် ညီအစ်မများက ဝမ်းနည်းပက်လက် ဖြစ်ကြသည် မှန်သော်လည်း သူတို့က သူ့ကို ပျော်ရွှင်ပါစေကြောင်း ဆန္ဒပြုပေးကြသည်။
လူတိုင်း သီဆိုပြီးသွား၍ မျက်ရည်များလည်း ချောင်းပေါက်မတတ် ကျဆင်းပြီးသွားချိန်တွင် ရွှယ်ဟွားက ထူးခြားသော တင်ဆက်မှုတစ်ခုကို စတင်လိုက်သည်။
“ကျွန်မကတော့ တာ့ကျယ်အတွက် ဘာသီချင်းမှ ဆိုဖို့ စိတ်ကူးမရှိပါဘူး” သူက ပြောသည်။
“အဲဒါအစား ပိုင်ဟောနဲ့ ကျွန်မတို့ရဲ့ ရင်ထဲမှာ တာ့ကျယ်ကို ဘယ်လိုပုံစံမျိုးနဲ့ ထာဝရ သိမ်းဆည်းထားသလဲ ဆိုတာကို ပြချင်ပါတယ်” သူ၏ အင်္ကျီလက်ရှည်ထဲမှ ကျွန်မတို့၏ ယပ်တောင်ကို ဆွဲထုတ်ပြီး ဖွင့်ပြလိုက်လေသည်။ ထို့နောက် ကျွန်မတို့ အတူတကွ ရေးသားထားသော နှစ်ကြောင်းကဗျာကို ရွတ်ဆိုလေသည်။
“တာ့ကျယ်၊ ကျွန်မတို့၏ ကြင်နာတတ်သော၊ ဣန္ဒြေရသော အကောင်းဆုံးသူငယ်ချင်း။ ကျွန်မတို့ရင်ထဲမှာ ထာဝစဉ် ထင်ကျန်စွဲမြဲနေမည့် ပျော်ရွှင်ဖွယ် အမှတ်တရတစ်ခု” ထို့နောက် ရွှယ်ဟွားသည် ယပ်တောင်၏ အပေါ်နှုတ်ခမ်းနားမှ ပန်းဆီရောင် ပန်းပွင့်ငယ်တစ်ပွင့်ကို လက်ညှိုးထိုးပြလိုက်သည်။ ကျွန်မတို့၏ ရင်ထဲတွင် တာ့ကျယ် အမြဲထာဝရ တည်ရှိနေကြောင်းကို သရုပ်ဖော်သည့်အနေဖြင့် ကနုတ်ပန်းခက်များအတွင်း၌ ၎င်းပန်းပွင့်ကို ဖြည့်ဆွဲထားခဲ့ခြင်း ဖြစ်သည်။
နောက်တစ်နေ့တွင် ကျွန်မတို့အားလုံး ဝါးရွက်များကို ခူးဆွတ်ထားကြပြီး ရေပုံးများကိုလည်း ရေအပြည့် ဖြည့်ထားကြသည်။ တာ့ကျယ်၏ မိသားစုဝင်အသစ်များ ရောက်ရှိလာသောအခါ ကျွန်မတို့သည် သူတို့၏ ကိုယ်ပေါ်သို့ ဝါးရွက်များ ကျဲပက်ကြသည်။ မင်္ဂလာဦး ဇနီးမောင်နှံတို့၏ ချစ်ခြင်းမေတ္တာများသည် ဝါးရွက်များကဲ့သို့ အစဉ်အမြဲ စိမ်းစိုလတ်ဆတ်နေစေရန် ရည်ရွယ်သည်။ ထို့နောက် ရေပုံးထဲမှ ရေများဖြင့် သတို့သား မိသားစုကို ဖြန်းပက်ကြပြန်သည်။ သတို့သမီးသည် ဤရေကဲ့သို့ ဖြူစင်သန့်ရှင်းကြောင်း သတို့သား၏ မိသားစုကို ပြောကြားလိုက်ခြင်း ဖြစ်သည်။ မင်္ဂလာပွဲမှာ ရယ်မောပျော်ရွှင်သံများနှင့် ပြည့်နှက်နေတော့သည်။
အစားအသောက်များ၊ တမ်းချင်းများဖြင့် နာရီများစွာ ကုန်လွန်သွားသည်။ ခန်းဝင်ပစ္စည်းများကို လူတကာ တွေ့မြင်နိုင်ရန် ခင်းကျင်းပြသထားသောကြောင့် တာ့ကျယ်၏ လက်ရာ အရည်အသွေးကို လူတိုင်းက သုံးသပ်ဝေဖန်နေကြသည်။ သတို့သမီးကလေးကမူ နီဆွေးသော မျက်လုံးများနှင့် တစ်နေကုန် တစ်နေခမ်း လှပနေတော့သည်။ နောက်တစ်ရက်တွင် တာ့ကျယ်သည် ဝေါယာဉ်စီးကာ အိမ်မှ ထွက်ခွာသွားသည်။ ထိုအခါ လူများက ထိုသူများအပေါ်သို့ ရေများဖြင့် ဖြန်းပက်ကြပြန်သည်။ ပါးစပ်မှလည်း
“လင်နောက် လိုက်သွားတဲ့ သမီးဆိုတာ ဖြန်းပက်လိုက်တဲ့ ရေလိုပဲ” ဟု အော်ဟစ်လိုက်ကြသေးသည်။ ကျွန်မတို့အားလုံး ရွာစပ်အထိရောက်အောင် လိုက်သွားကြသည်။ တံတားဖြတ်ကာ ဖူးဝေမှ ထွက်ခွာသွားသော သူတို့၏ ရှုမြင်ကွင်းကို ကျွန်မတို့ ငေးမောရင်း ကျန်ရစ်ခဲ့ကြသည်။ မင်္ဂလာဆောင်ပြီးနောက် သုံးရက်မြောက်သောနေ့တွင် ကျွန်မတို့သည် ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ထားသော ကောက်ညှင်းမုန့်များ၊ လက်ဆောင်ပစ္စည်းငယ်များနှင့် စန်းချောင်းစာအုပ်များကို တာ့ကျယ်၏ အိမ်သစ်ဆီသို့ ပို့ပေးကြရသည်။ သူတို့အိမ်ရှိ မိန်းမသားများက အမျိုးသမီးဆောင်ထဲတွင် ၎င်းစန်းချောင်းစာအုပ်များကို ရွတ်ဖတ်ပြကြပေမည်။ ထုံးတမ်းစဉ်လာအရ နောက်တစ်ရက်တွင် တာ့ကောသည် အိမ်မှ ကျွဲလှည်းဖြင့် တာ့ကျယ်ကို ပြန်သွားခေါ်ရသည်။ တာ့ကျယ်အနေဖြင့် သူ၏ ခင်ပွန်းသည်ထံသို့ တစ်နှစ်အတွင်း အကြိမ်အနည်းငယ် သွားရောက်လည်ပတ်သည်မှ အပ ကျန်အချိန်များအားလုံးတွင် ကျွန်မတို့နှင့် အတူတူ ရှိနေရသည်။ ပထမဆုံးသော ပဋိသန္ဓေကို လွယ်ထားရသည့် အချိန်ထိ ဖြစ်သည်။
တာ့ကျယ်၏ မင်္ဂလာကိစ္စနှင့် ပတ်သက်၍ ကျွန်မအတွက် မေ့မရနိုင်ဆုံးသော အဖြစ်အပျက်တစ်ခုက နွေဦးကာလ၏ နေ့တစ်နေ့တွင် ဖြစ်ပျက်ခဲ့သည်။ ထို့နေ့မှာ သူ့ခင်ပွန်းထံသို့ အလည်သွားပြီးနောက် မိဘအိမ်သို့ ပြန်ရောက်လာသည့် ပထမဆုံးသော နွေနေ့တစ်နေ့ ဖြစ်သည်။ ယခင်ကဆိုလျှင် သူသည် အိမ်ထောင့်တစ်နေရာတွင် ဣန္ဒြေရရ ထိုင်ကာ အချုပ်အလုပ်များကို အသံမထွက်ဘဲ ငြိမ်ငြိမ်ဆိမ်ဆိမ် လုပ်ကိုင်နေတတ်သည်။ ဘယ်တုန်းဘယ်အခါကမျှ စောဒက တက်ဖူးသည် မရှိဘဲ မိဘစကားကို ကျိုးနွံစွာ လိုက်နာခဲ့သည်။ ယခုအခါ၌မူ သူသည် ကြမ်းပြင်ပေါ် ဒူးထောက်လျက် မျက်နှာကို မာမား၏ ပေါင်နှစ်လုံးကြားတွင် ဝှက်ကာ ငိုယိုနေလေသည်။ သူ့ယောက္ခမက သူ့ကို အပြစ်မရှိ အပြစ်ရှာနေခဲ့သည်။ သူ့ကို ကြိမ်းမောင်း ဆဲဆိုနေခဲ့သည်။ သူ့ခင်ပွန်းသည် လူရည်မနပ်သည့်အပြင် စိတ်ကြမ်းလူကြမ်း တစ်ယောက် ဖြစ်သည်။ သူ့ယောက္ခမများက သူ့ကို တစ်မိသားစုလုံးအတွက် သုံးရေခပ်ပေးရန်နှင့် အဝတ်အစားများအားလုံး လျှော်ဖွတ်ပေးရန် တောင်းဆိုနေကြသည်။ သူ၏ လက်ချောင်းများ ပုံပျက်ပန်းပျက် ဖြစ်နေသည်ကို ကြည့်ခြင်းအားဖြင့် သူ၏ လက်ရှိအခြေအနေကို သိနိုင်ပါသည်။ ထိုလူများသည် သူ့ကို မကျွေးမွေးလိုကြသည့်အပြင် ကျွန်မတို့ မိသားစုကိုပါ အပြစ်တင်နေကြသည်။ မိဘအိမ်မှ ပြန်လာသည့်အခါတွင် အစားအသောက်များ လုံလုံလောက်လောက် မသယ်လာရကောင်းလားဟု ငြူစူနေကြသည်။
မေရွက်၊ ရွှယ်ဟွားနှင့် ကျွန်မတို့ သုံးယောက်သည် ခေါင်းချင်းဆိုင် ပူးကပ်ကာ တာ့ကျယ်အတွက် စုတ်သပ်နေကြသည်။ သူ့အတွက် ပူဆွေးဝမ်းနည်းခြင်း ဖြစ်နေကြသော်လည်း ကျွန်မတို့၏ ရင်တွင်း၌မူ ထိုကဲ့သို့သော ကြမ္မာဆိုးများသည် မိမိတို့ထံသို့ မည်သည့်နည်းနှင့်မျှ ကျရောက်လာနိုင်မည် မဟုတ်ကြောင်း အခိုင်အမာ ယုံကြည်နေကြသည်။
မာမားသည် လက်တစ်ဘက်ဖြင့် တာ့ကျယ်၏ ဦးခေါင်းကို ပွတ်သပ်ပေးနေပြီး သောကဖြင့် တဆတ်ဆတ် တုန်နေသော သူ၏ ကျောကုန်းကို ကျန်လက်တစ်ဘက်ဖြင့် အသာအယာ ပုတ်နေသည်။ စိတ်မပူပန်ရန်နှင့် ၎င်းတို့မှာ ယာယီပြဿနာများသာ ဖြစ်ကြောင်း မာမားက သူ့ကို နှစ်သိမ့်ပြောကြားလိမ့်မည်ဟု ကျွန်မ မျှော်လင့်ထားမိသည်။ သို့သော် ဘာတစ်ခွန်းမျှ ထွက်ကျမလာခဲ့ပေ။ ခိုကိုးရာမဲ့သော မာမား၏ မျက်လုံးများက စိန်စိန်းကို စစ်ကူတောင်းသည့်အနေဖြင့် လှမ်းကြည့်သည်။
“ငါ့အသက်လည်း ၃၈ နှစ်ထဲ ရောက်နေပြီပေါ့အေ” စိန်စိန်း၏ စကားလုံးများသည် ကိုယ်ချင်းစာနာမှုကြောင့် မဟုတ်ဘဲ မျိုသိပ်သည်းခံထားမှုမှ ယိုစိမ့်ထွက်ကျလာကြသည်။
“ငါရဲ့ ဘဝကြီးက စိတ်ပျက်စရာ ဘဝကြီးပဲ။ အတော်အတန် ပြည့်စုံတဲ့ မိသားစုတစ်စုမှာ မွေးဖွားလာခဲ့တယ် ဆိုပေမယ့် ငါ့ရဲ့ ခြေအစုံနဲ့ ဒီမျက်ခွက်ကြီးက လက်ရှိ ကြုံတွေ့နေရတဲ့ ဘဝမျိုးရောက်အောင် ဖန်တီးပေးလိုက်တာပဲ။ အရုပ်ဆိုးပြီး တုံးအတဲ့ ငါ့လို မိန်းမတစ်ယောက်တောင် လင်ရနိုင်သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယောက်ျားတစ်ယောက်အနေနဲ့ ဘယ်လောက်ပဲ ဉာဏ်နုံ့နဲတဲ့ လူတစ်ယောက် ဖြစ်နေပါစေ၊ သူ့မျိုးရိုးကိုတော့ ဆက်ထိန်းသွားရဦးမှာပဲ မဟုတ်လား။ ဒါကြောင့် မယားတစ်ယောက်တော့ ယူကို ယူရမှာပဲ။ ငါ့ကို လက်ခံနိုင်မယ့် အကောင်းဆုံး မိသားစုတစ်စုကို ငါ့အဖေက ငါ့အတွက် ရွေးချယ်ပေးခဲ့တယ်။ ငါလည်း နင့်လို ငိုခဲ့ဖူးတာပါပဲ။ အဲဒီလို ငိုနေတော့ရော ဘာထူးသွားမှာမို့လဲ။ ကံကြမ္မာက ငိုလိုက်ရုံနဲ့ ပြောင်းလဲသွားမှာမှ မဟုတ်တာ။ ငါက သားတစ်ယောက်တောင်မှ မွေးမပေးနိုင်ခဲ့ဘူး။ ဒါကြောင့် ယောက္ခမအိမ်မှာ ငါ့ကို သုံးစားမရတဲ့ မိန်းမတစ်ယောက်လို့ မြင်ကြတယ်။ ငါလည်း သားတစ်ယောက်လောက်တော့ မွေးလိုက်ချင်တာပေါ့။ ပျော်ပျော်ရွှင်ရွှင် ဘဝမျိုး နေချင်တာပေါ့။ ငါ့သမီးကို ငါနဲ့အတူ အမြဲတမ်း နေနိုင်ပါစေလို့တောင် မျှော်လင့်နေခဲ့ဖူးတယ်။ ဒါမှ ငါ့ရဲ့ ဒုက္ခသုက္ခတွေကို ရင်ဖွင့်ပြစရာ အနားမှာ လူတစ်ယောက် ရှိနေမှာလေ။ ဒါပေမယ့် မိန်းမသားတစ်ယောက်အနေနဲ့ အရှိတရားကို လက်တွေ့ကျကျ လက်ခံလိုက်ရုံပဲ တတ်နိုင်တယ်။ အားလုံးက ကံစီမံရာအတိုင်း ပြဋ္ဌာန်းထားပြီးသားပဲ။ ညည်း ဘယ်လိုမှ ရှောင်ပုန်းလို့ မရနိုင်ဘူး”
စိန်စိန်း၏ ပြောစကားများကြောင့် ကျွန်မတို့ အကြီးအကျယ် တုန်လှုပ်သွားကြသည်။ ကျွန်မတို့၏ အမြင်၌ စိန်စိန်းသည် အိမ်တွင် အပျော်တတ်ဆုံး လူတစ်ယောက် ဖြစ်သည်။ သူနှင့် စူးစူတို့နှစ်ယောက် မည်မျှ ချမ်းမြေ့ပျော်ရွှင်ကြကြောင်းကို ကျွန်မတို့အား အမြဲ ပြောပြတတ်သည်။ ထို့အပြင် ကျွန်မတို့ကို ရယ်ရယ်မောမောနှင့် နွီစူးကို ဟာသနှောကာ အမြဲ သင်ကြားပေးတတ်သည်။ မေရွက်က ကျွန်မအနားသို့ တိုးကပ်လာပြီး ကျွန်မ၏ လက်ကို တင်းတင်း ဆုပ်ကိုင်ထားလေသည်။ သူ၏ မျက်လုံးအိမ်ထဲတွင် မျက်ရည်ဥများဖြင့် အရောင်တလက်လက် ဝင်းပနေသည်။ ယခုပြောခဲ့သော စိန်စိန်း၏ စကားများကို နောက်နောင်တွင် အမျိုးသမီးဆောင်ထဲ၌ တစ်ခါမျှ ထပ်မကြားရတော့ပါ။ သူ၏ ဘဝသည် မည်ရွေ့မည်မျှ ကြမ်းတမ်းခက်ထန်စွာ ဖြတ်သန်း ရုန်းကန်နေရကြောင်း ကျွန်မ တစ်ခါသားမျှ မတွေးခဲ့စဖူး။ သို့သော် ယခုလိုအချိန်၌ အတိတ်မှ နေ့ရက်များကို ကျွန်မ ပြန်မြင်ယောင်ကြည့်မိသည်။ သူ၏ စိတ်ပျက်ဖွယ် ဘဝခရီးလမ်း တစ်လျှောက်လုံး၌ အပြုံးပန်းကို အစဉ်အမြဲ ပန်ဆင်ထားတတ်သော စိန်စိန်း၏ မျက်နှာပြင်က အထင်းသား ပေါ်လွင်လာသည်။
ထိုစကားလုံးများက တာ့ကျယ်ကို မည်သို့မျှ နှစ်သိမ့်နိုင်လိမ့်မည် မဟုတ်ကြောင်း ပြောစရာ လိုမည် မဟုတ်ပေ။ လက်နှစ်ဘက်ဖြင့် နားများကို အုပ်ပိတ်ထားကာ ရှိုက်ငင်သံက ပိုမို ပြင်းထန်းလာသည်။ မာမားအနေဖြင့် တစ်ခွန်းနှစ်ခွန်းတော့ မဖြစ်မနေ ပြောရပေလိမ့်မည်။ သို့သော် သူ့နှုတ်ဖျားမှ ထွက်လာကျလာသော စကားလုံးများသည် ‘ယင်း’ ဘက်ခြမ်း၏ အနုတ်လက္ခဏာဆောင်သည့် သဘော၊ နက်မှောင်သည့် သဘောနှင့် မိန်းမဆန်သည့် သဘောများကို ကိုယ်စားပြုနေကြသည်။
“ညည်းက အခုဆိုရင် သူများရဲ့ မယားဖြစ်နေပြီ” မာမားသည် အေးစက်တည်ငြိမ်သော လေသံဖြင့် စကားစလိုက်သည်။
“ဒီတော့ မျက်မြင်အခြေအနေနဲ့ အံဝင်ခွင်ကျ ဖြစ်အောင် နေတတ်ဖို့ လိုတယ်။ ယောက္ခမက ညည်းကို မကြည်ဖြူဘူး။ ယောက်ျားကလည်း ညည်းကို မချစ်ဘူး။ ဒါမျိုးဆိုတာက လူတိုင်း ကြုံတတ်ကြတယ်။ ဒါပေမယ့် လူတိုင်းလူတိုင်း တောင့်ခံလာခဲ့ကြတာချည်းပဲ မဟုတ်လား။ ငါတို့လည်း ညည်းကို ဒီမှာပဲ အမြဲ ရှိနေစေချင်တာပေါ့။ မိန်းမဆိုတာက အရွယ်ရောက်လာရင် အိမ်ထောင်ပြုကြရတာပဲလေ။ ညည်းအနေနဲ့ မိဘအိမ် ပြန်ချင်ပါတယ်ဆိုပြီး မျက်ရည်တစမ်းစမ်း လုပ်ချင် လုပ်နေလို့ ရတယ်။ အိမ်ကနေ ညည်း ဆင်းသွားလို့ ငါတို့ကလည်း စိတ်မကောင်း ဖြစ်နေကြတယ် ဆိုပေမယ့် အဲဒီကိစ္စက ငါတို့ ရွေးချယ်ဆုံးဖြတ်နိုင်တဲ့ ကိစ္စမျိုး မဟုတ်ဘူး။ စကားပုံတစ်ခုတောင် ရှိသေးတယ်လေ။ ‘သမီးကညာ လင်မရရင် တန်ဖိုးမရှိဘူး။ တောင်ယာတောမြေ မီးမရှို့ရင် မြေဆီမဖြစ်ဘူး’ တဲ့”