မာတိကာကြည့်ရန်

အခန်း (၄) ယပ်တောင်

 

ခြေထောက် စစည်းသည်မှ ၆ လမြောက်အကြာ၊ နိုင်နိုင်းနှင့် စန်းမေ့တို့ ကွယ်လွန်ပြီး နှစ်လအကြာတွင် နှင်းများ အရည်ပျော်ကာ မြေကြီးလည်း ပျော့ပျောင်းလာသည်။ သို့ဖြင့် နိုင်နိုင်းနှင့် စန်းမေ့တို့ကိုလည်း မြေမြှုပ်သင်္ဂြိုဟ်ရန် ပြင်ဆင်ရတော့သည်။ ယောင်ဝ်တိုင်းရင်းသားတို့၏ တစ်ဘဝတာ အတွင်း၌ … မဟုတ်သေး၊ တရုတ်လူမျိုးအားလုံး၏ တစ်ဘဝတာ အတွင်း၌ အရေးအကြီးဆုံးသော အကြောင်းကိစ္စ သုံးခု ရှိသည်။ ထိုအကြောင်းကိစ္စများအတွက် ငွေကို အလုံးအရင်းဖြင့် သုံးစွဲတတ်ကြသည်။ ၎င်းတို့မှာ ဖွားမြင်ခြင်း၊ အိမ်ထောင်ပြုခြင်းနှင့် သေဆုံးခြင်းတို့ ဖြစ်သည်။ ကျွန်မတို့အားလုံးသည် ကောင်းကောင်းမွန်မွန် ဖွားမြင်လာကြရန်နှင့် ဂုဏ်သိက္ခာရှိရှိ မင်္ဂလာဆောင်ကြရန် ဆန္ဒရှိကြသည့်နည်းတူ အသေဖြောင့်၍ အခေါင်းလှရန်လည်း အားလုံးက မျှော်လင့်ထားကြသည်။ သို့သော် ကံကြမ္မာနှင့် မျက်မှောက်အခြေအနေတို့သည် မည်သူ့ကိုမျှ မျက်နှာသာ ပေးမည် မဟုတ်ပေ။

နိုင်နိုင်းသည် ဤမိသားစုတစ်ခုလုံး၏ ဦးစီးဦးဆောင်တစ်ယောက် ဖြစ်ပြီး အများအတွက် စံပြုထိုက်သော ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။ စန်းမေ့ကမူ ဘာမျှ စာမတင်လောက်သော သာမန် ကလေးမကလေးမျှသာ။ ပါပါးနှင့် စူးစူတို့သည် ရနိုင်သမျှသော ပိုက်ဆံကို စုစည်း၍ မြို့ပေါ်မှ အခေါင်းဆက်သမားတစ်ယောက် ငှားကာ နိုင်နိုင်းအတွက် အခေါင်းကောင်းကောင်းတစ်လုံး ပြုလုပ်ပေးကြသည်။ စန်းမေ့အတွက်တော့ သေတ္တာသေးသေးတစ်လုံး ပြုလုပ်ပေးကြသည်။ နိုင်နိုင်း၏ နောက်ဆုံးခရီးဖြစ်သော အသုဘအခမ်းအနားကို ကျင်းပသည့်အခါတွင် သူ၏ သွေးသောက်ညီအစ်မများလည်း နောက်ထပ်တစ်ဖန် ရောက်ရှိလာကြသည်။

မိမိတို့ မိသားစု၏ ဆင်းရဲမွဲတေမှုကို နောက်ထပ်တစ်ကြိမ် တွေ့မြင်ရပြန်သည်။ ကျွန်မတို့တွင် ယခုထက် ငွေအနည်းငယ် ပိုရှိခဲ့ပါမူ ပါပါးသည် နိုင်နိုင်း၏ တစ်ဘဝတာ လုပ်ဆောင်ချက်များအပေါ် ဂုဏ်ပြုသည့်အနေဖြင့် သူ့အတွက် ကမ္ဗည်းကျောက်စာ ထိုးပေးနိုင်ပေလိမ့်မည်။ သို့တည်းမဟုတ် ဗေဒင်ဆရာတစ်ယောက် ပင့်ကာ မြေမြှုပ်သင်္ဂြိုဟ်ရန် ဖုန်းရွှေအကောင်းဆုံးမြေကို နိုင်နိုင်းအတွက် ရွေးချယ်ပေးနိုင်ပေလိမ့်မည်။ သို့မဟုတ်ပါက သင်္ချိုင်းမြေအထိ နာရေးလိုက်ပို့နိုင်ရန် ပါပါးသည် သူ၏ သမီးနှင့် တူမများအတွက် ဝေါယာဉ်တစ်စီး ငှားရမ်းပေးနိုင်ပေလိမ့်မည်။

သို့သော် လက်ရှိအခြေအနေအရ ၎င်းကိစ္စများ တစ်ခုမျှ မဖြစ်နိုင်တော့ပြီ။ မာမားက ကျွန်မကို ကျောပိုး၍လည်းကောင်း၊ စိန်စိန်းက မေရွက်ကို ကျောပိုး၍လည်းကောင်း ခရီးနှင်ခဲ့ကြရသည်။ နာရေးကို လိုက်ပါပို့ဆောင်ကြသော ကျွန်မတို့ အဖွဲ့ငယ်ကလေးသည် နေအိမ်မှ မဝေးလှသော နေရာတစ်နေရာသို့ လမ်းလျှောက်သွားကြသည်။ ကျွန်မတို့၏ ပိုင်နက်မြေအတွင်းမှာပင် ရှိနေသေးသည်။ ပါပါးနှင့် စူးစူက သုံးကြိမ်တိုင်တိုင် ရှိခိုးဦးချ၍ ကန်တော့ကြသည်။ မာမားက မြေပုံရှေ့တွင် ဝပ်တွားကာ ခွင့်လွှတ်ပါရန် ရှိခိုးတောင်းပန်နေသည်။ ကျွန်မတို့က ဘေးမှနေ၍ ငွေစက္ကူများကို မီးရှို့ပေးနေကြသည်။ နာရေးလာ ဧည့်ပရိသတ်များကို ကျွန်မတို့ ဧည့်ဝတ်ပြုနိုင်သည့် အရာမှာလည်း သကြားလုံးမျှသာ။

နိုင်နိုင်းက နွီစူးကို မဖတ်တတ်သော်လည်း သူ့တွင် နွီစူးအက္ခရာဖြင့် ရေးသားထားသော စန်းချောင် [7] စာအုပ်များ ရှိသည်။ ၎င်းစာအုပ်များကို လွန်ခဲ့သော နှစ်ပေါင်းများစွာ သူ အိမ်ထောင်ကျစဉ်အခါက လက်ခံရရှိထားခဲ့သည်။ ၎င်းစာအုပ်များနှင့်အတူ တခြားသော ကိုယ်ပိုင်ပစ္စည်းတချို့တို့ကို သူ၏ သွေးသောက်ညီအစ်မများက စုစည်းကာ သူ၏ အုတ်ဂူအရှေ့တွင် မီးရှို့ပေးကြသည်။ တမလွန်ဘဝရှိ နိုင်နိုင်း၏ အထံသို့ ၎င်းတို့ကို ပို့ဆောင်ပေးခြင်း ဖြစ်သည်။ မီးရှို့နေကြစဉ် သူတို့က ဤသို့လည်း သီဆိုနေကြသည်။

“တခြား ညီအစ်မတွေကိုလည်း ရှာဖြစ်အောင် ရှာလိုက်ဦးနော်။ နင်တို့ သုံးယောက် အတူတူ ရှိနေကြရင် ပျင်းရလိမ့်မည် မထင်ပါဘူး။ ငါတို့ကိုလည်း မမေ့လိုက်နဲ့နော်။ ငါတို့တတွေက သေကွဲကွဲနေရပြီ ဆိုပေမယ့် အသည်းနှလုံးတွေက ဝေးမသွားကြသေးပါဘူး။ ငါတို့ရဲ့ ချစ်ခြင်းတွေက ကမ္ဘာတည်သရွေ့ပါ”

စန်းမေ့အကြောင်းကိုမူ မည်သူမျှ စကားမဟကြပေ။ တာ့ကောပင်လျှင် သူ့ကို ဘာမျှ ပြောစရာ ရှိပုံမရ။ စန်းမေ့တွင် ကိုယ်ပိုင် အထိမ်းအမှတ်စကား ဘာတစ်ခုမျှ မရှိသောကြောင့် စန်းမေ့ကို ဘိုးဘေးတို့နှင့် မိတ်ဆက်ပေးနိုင်ရန်အတွက် မာမား၊ စိန်စိန်းနှင့် တာ့ကျယ်တို့က နွီစူးဖြင့် မိတ်ဆက်စာများကို ရေးသားပေးကြသည်။ ထို့နောက် ယောက်ျားများ ထွက်ခွာသွားကြသောအခါ ထိုစာများကို ကျွန်မတို့ မီးရှို့လိုက်ကြသည်။

ကွယ်လွန်သူ နိုင်နိုင်းအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် သုံးနှစ်တာကာလကို ယခုမှ စတင် ဖြတ်သန်းရခြင်း ဖြစ်သော်လည်း ကျွန်မတို့၏ နေ့ရက်များမှာ ခါတိုင်းကဲ့သို့ ရွေ့လျားမြဲ ရွေ့လျားနေကြသည်။ ခြေထောက်စည်းထားရသော ကျွန်မအတွက် အပင်ပန်း အခက်ခဲဆုံး ကာလမှာ လွန်မြောက်သွားခဲ့လေပြီ။ မာမားသည် ကျွန်မကို ယခင်ကကဲ့သို့ ရိုက်နှက်မောင်းမဲခြင်း မပြုတော့ပေ။ ကျွန်မ၏ ကိုယ်ပေါ်မှ နာကျင်ကိုက်ခဲမှုများသည်လည်း တဖြည်းဖြည်း လျော့ပါးလာကြသည်။ ယခုအချိန်တွင် ကျွန်မနှင့် မေရွက်တို့အတွက် အရေးအပါဆုံး အလုပ်မှာ ပုံသဏ္ဌာန်အသစ်သို့ ပြောင်းလဲလာသော ခြေထောက်ကလေးများကို အနားပေးရင်း တစ်နေရာ၌ ငြိမ်ငြိမ်ထိုင်နေရခြင်း ဖြစ်သည်။ နံနက် အစောပိုင်းအချိန်များတွင် ကျွန်မတို့နှစ်ယောက်သည် တာ့ကျယ်၏ ကြီးကြပ်မှုဖြင့် အချုပ်အသီများကို လေ့ကျင့်ကြရသည်။ နေမြင့်လာသည့် အခါတွင် မာမားက ကျွန်မအား ဗိုင်းငင့်ခြင်းအတတ်ကို သင်ကြားပေးပြီး နေ့လယ်ခင်းအချိန်၌ ရက်ကန်းရက်ကြရသည်။ စိန်စိန်းကလည်း မေရွက်အား ရက်ကန်းရက်ခြင်းနှင့် ဗိုင်းငင့်ခြင်းအတတ်များကို သင်ကြားပေးသည်။ ညနေ နေစောင်းသောအခါတွင် နွီစူးသင်ကြားခြင်းကို စတင်သည်။ စိန်စိန်းက ရိုးရှင်းလွယ်ကူသော စကားလုံးများကို ကျွန်မတို့အား စိတ်ရှည်လက်ရှည်နှင့် ဟာသနှောကာ သင်ကြားပေးသည်။

အသက် ၁၁ နှစ် ရှိပြီဖြစ်သော တာ့ကျယ်သည် စန်းမေ့ကို ကြီးကြပ်စရာ မလိုတော့ပြီ ဖြစ်သောကြောင့် အိမ်တွင်းမှု အတတ်များကို ပြန်လည် သင်ကြားနေသည်။ ရွာထဲမှ အောင်သွယ်တော်ကောင်းသည် ယခုတလောတွင် အိမ်သို့ အရောက်အပေါက် များလာသည်။ တာ့ကောနှင့် တာ့ကျယ်တို့၏ မင်္ဂလာကိစ္စအတွက် စေ့စပ်ဆွေးနွေးမှုများ စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။ အောင်သွယ်တော်ကောင်း၏ ဇာတိရွာဖြစ်သော ကောင်းကြားရွာတွင် ကျွန်မတို့နှင့် အခြေအနေ မတိမ်းမယိမ်း ရှိသော မိသားစုတစ်စု၌ တာ့ကောနှင့် စုံဖက်ပေးရန် သင့်လျော်သည့် မိန်းမငယ်တစ်ယောက် ရှိသည်။

အောင်သွယ်တော်ကောင်းသည် ဤရွာနှစ်ရွာသို့ အမြဲတမ်း ကူးလူးသွားလာနေသောကြောင့် နွီစူးစာများကိုလည်း တစ်ရွာမှ တစ်ရွာသို့ ပုံမှန် ပို့ဆောင်ပေးနေရသည်။ ၎င်းမှာ ချွေးမလောင်းအတွက် ကောင်းသော ကိစ္စဖြစ်သည်။ ထို့အပြင် စိန်စိန်းသည်လည်း ကောင်းကြားမှ ဤရွာသို့ အိမ်ထောင်လာကျနေရသူ ဖြစ်သည်။ ယခုအခါ သူသည် သူ၏ မိသားစုနှင့် ပိုမိုလွယ်ကူစွာ ဆက်သွယ်နိုင်ပေတော့မည်။ သူ အူမြူးနေသည်။ သွားများ အအေးပတ်လုမတတ် ပြုံးဖြဲဖြဲ ဖြစ်နေသော သူ၏ မျက်နှာကို ဤရက်အတွင်း လူတိုင်း တွေ့မြင်နေရသည်။

တာ့ကျယ်သည် တည်ငြိမ်သော ဣန္ဒြေ၊ လှပသော ရုပ်အဆင်းနှင့် ပြည့်စုံသူတစ်ယောက် ဖြစ်ကြောင်း မြင်ဖူးသူများ အားလုံးက တစ်ညီတစ်ညွတ်တည်း အသိအမှတ် ပြုထားရသူ ဖြစ်သည်။ သူသည် အလှမ်းဝေးလှသော ဂယ်ထန်ရွာသားတစ်ယောက်နှင့် အိမ်ထောင်ပြုရမည်။ ထိုမိသားစုသည် ကျွန်မတို့အိမ်ထက် စီးပွားရေးအခြေအနေ ပိုကောင်းသည်။ ကျွန်မတို့အတွက် စိတ်မကောင်း ဖြစ်ရသည့်အချက်မှာ တာ့ကျယ်နှင့် မကြာမကြာ မတွေ့ဆုံနိုင်တော့ခြင်းပင် ဖြစ်သည်။ သို့သော် မင်္ဂလာအခမ်းအနား ကျင်းပမည့်နေ့မှာ ၆ နှစ်မျှ လိုပါသေးသည်။ ထို့အပြင် ကျွန်မတို့အိမ်မှ အပြီးအပိုင် ထွက်ခွာရန် နောက်ထပ် ၂ နှစ် သို့မဟုတ် ၃ နှစ်ခန့် ထပ်စောင့်ရဦးမည်။ ပဋိသန္ဓေ မလွယ်ရသေးခင် လင်သားအိမ်သို့ အပြီးအပိုင် ပြောင်းရွှေ့နေထိုင်ခြင်း မပြုရ ဟူသည့် ရိုးရာဓလေ့ကို ကျွန်မတို့ ခရိုင်အတွင်း၌ လက်ခံကျင့်သုံးကြသောကြောင့် ဖြစ်သည်။

အောင်သွယ်တော်ကောင်းသည် အောင်သွယ်တော်ဝမ်နှင့် အဘက်ဘက်၌ အကွာကြီး ကွာလှသည်။ စကားလုံးတစ်လုံးတည်းနှင့် ခိုင်းနှိုင်းရမည်ဆိုလျှင် သူသည် ‘တောဂိုက်’ ပင် ဖြစ်သည်။ အောင်သွယ်တော်ဝမ်၏ အဝတ်အစားများမှာ ပိုးထည်များ ဖြစ်ပြီး အောင်သွယ်တော်ကောင်းကမူ ချည်ကြမ်းထည်များကိုသာ ဝတ်ဆင်လေ့ရှိသည်။ အောင်သွယ်တော်ဝမ်၏ နှုတ်ထွက်စကားများက ပျားသကာကဲ့သို့ ချိုမြနေပြီး အောင်သွယ်တော်ကောင်း၏ စကားသံများက ရွာခွေး၏ ဟောင်သံကဲ့သို့ ခက်ထရော်နေသည်။ သူသည် အပေါ်ထပ် အမျိုးသမီးဆောင်ထဲသို့ ရောက်သည်နှင့် ခုံတန်းရှည်ပေါ်တွင် ထိုင်ပြီး အိမ်ရှိ မိန်းကလေးများ အားလုံး၏ ခြေထောက်များကို ပြခိုင်းတော့သည်။ တာ့ကျယ်နှင့် မေရွက်တို့ကတော့ သူ့ကို မဖြစ်မနေ ပြကြရစမြဲ။ ကျွန်မ၏ မင်္ဂလာကိစ္စကို အောင်သွယ်တော်ဝမ်အား အပြီး အပ်နှံထားပြီး ဖြစ်သော်လည်း မာမားသည် ကျွန်မ၏ ခြေထောက်ကို အောင်သွယ်တော်ကောင်းအား ပြဖြစ်အောင် ပြလိုက်သေးသည်။ ထိုအခါမျိုးတွင် သူ့ထံမှ ဖရုဿဝါစာများ ထွက်ကျလာတော့သည်။

“ဒီကောင်မလေးရဲ့ ခြေဖဝါး အကွဲကြောင်းက အတော်နက်တာပဲ။ သူ့ကို ယူမယ့် ယောက်ျားကတော့ အပျော်ကြီး ပျော်နေတော့မှာပဲဟေ့” သို့မဟုတ်လျှင် “သူ့ရဲ့ ခြေဖနောင့်ကို ကြည့်စမ်းပါဦးအေ။ အိတ်တစ်အိတ်နဲ့ တူမနေဘူးလား။ ပြီးတော့ ရှေ့ခြေက အရှေ့ကို သေးသေးသွယ်သွယ်လေး ထိုးထွက်နေတော့ ဒါကိုမြင်တိုင်း သူ့ယောက်ျားက သူ့ဖွားဖက်တော်ကိုချည်း မြင်ယောင်နေတော့မှာပဲ။ မယားကံကောင်းတဲ့ အဲဒီယောက်ျားကတော့ ညရှိသရွေ့ ငရုတ်ဆုံချည်း ထောင်းချင်နေတော့မှာပဲဟေ့”

ထိုစကားလုံးများ၏ ဆိုလိုရင်း အနက်အဓိပ္ပာယ်ကို ထိုစဉ်က ကျွန်မ နားမလည်ခဲ့ပါ။ နားလည်ပြီးနောက်တွင် မာမားနှင့် စိန်စိန်းတို့၏ အရှေ့၌ ထိုသို့သော စကားမျိုးကို အပြောခံခဲ့ရသည့်အတွက် ကျွန်မ ရှက်ရွံ့ခဲ့မိသည်။ သို့သော် သူတို့က အောင်သွယ်တော်ကောင်းနှင့်အတူ ရယ်မောနေကြသည်။ ထိုသို့ ပြောကြားစဉ်က ကျွန်မတို့ ကောင်မလေး သုံးယောက်စလုံး လက်တစ်ကမ်းတွင် ရှိနေကြသော်လည်း ကျွန်မ ပြောခဲ့ပြီးသည့်အတိုင်းပင်၊ ထိုစကားလုံးများနှင့် သူတို့၏ ဆိုလိုရင်းအနက်များသည် လက်လှမ်း မမီနိုင်လောက်အောင် ကျွန်မတို့၏ အတွေ့အကြုံနှင့် အသိပညာနယ်ပယ်ကို ကျော်လွန်နေကြသည်။

ထိုနှစ် လေးလပိုင်း ၈ ရက်နေ့တွင် နွားရိုင်းတိုက်ပွဲတော်အတွက် တာ့ကျယ်၏ သွေးသောက်များသည် ကျွန်မတို့အိမ်သို့ ရောက်ရှိလာကြသည်။ ကောင်မလေးငါးယောက်တို့သည် အိမ်ထောင်မှုကို မည်မျှ နိုင်နင်းကြောင်း အစွမ်းပြကြတော့သည်။ သွေးသောက်ညီအစ်မအဖြစ် သစ္စာတိုင်တည်ကြစဉ် သူတို့၏ မိဘများက ပေးလိုက်သော ဆန်များကို တခြားတစ်နေရာသို့ အငှားချကာ ၎င်းမှ ရသော အကျိုးအမြတ်ကို သူတို့၏ ပျော်ပွဲရွှင်ပွဲ အသုံးစရိတ်အဖြစ် အသုံးပြုကြသည်။ ထို့အပြင် ကောင်မလေးတိုင်းက သူတို့အိမ်မှ ဟင်းတစ်မယ်စီ ယူလာကြပြန်သည်။ ၎င်းတို့မှာ ဆန်ကြာဆံစွပ်ပြုတ်၊ ဆားဘဲဥခါကြက်ဥချက်၊ ဝက်ခြေထောက်အစပ်ချက်၊ ပဲတောင့်ရှည်နှပ်နှင့် ဆန်ချိုမုန့်တို့ ဖြစ်ကြသည်။ သူတို့အားလုံး အတူတကွ ချက်ပြုတ်ကြသော ဟင်းလျာများလည်း ရှိသေးသည်။ မိန်းကလေးများ အားလုံးက မုန့်လုံးများကို တက်ညီလက်ညီ လုံးကြကာ ပေါင်းအိုးဖြင့် ပေါင်းပြီး သံပရာရည်နှင့် ငရုတ်ဆီရောထားသည့် ကြာညို့ထဲတွင် စိမ်ထားကြသည်။ သူတို့သည် ရယ်ရယ်မောမောနှင့် စားသောက်ကြပြီး စန်းကူးပုံပြင်နှင့် ငါးကြင်းပုံပြင်ကဲ့သို့သော နွီစူးပုံပြင်များကို ရွတ်ဆိုကြသည်။ စန်းကူးပုံပြင်ထဲတွင် ပိုက်ဆံချမ်းသာသော လူတစ်ယောက်၏ သမီးသည် သူ၏ ဆင်းရဲသော ခင်ပွန်းအပေါ်၌ သစ္စာရှိစွာ သက်ဆုံးတိုင် ပေါင်းသင်းနေထိုင်သွားခဲ့သည်။ အခက်အခဲ ဒုက္ခပေါင်းများစွာကို ခင်ပွန်းသည်နှင့်အတူ ခါးစည်းခံကာ နောက်ဆုံး၌ ချမ်းသာပျော်ရွှင်၍ ပြည့်စုံကြွယ်ဝသော ဘဝကို ပိုင်ဆိုင်သွားကြသည့် ပုံပြင်ဖြစ်သည်။ ငါးကြင်းပုံပြင်မှာမူ ငါးကြင်းတစ်ကောင်သည် ချစ်စဖွယ် မိန်းမငယ်တစ်ယောက်အဖြစ် ဖန်ဆင်းကာ ထက်မြက်သော စာဆိုတစ်ယောက်နှင့် မေတ္တာမျှပြီး နောက်ဆုံး၌ သူ၏ ဘဝမှန်ကို ဖွင့်ဟဝန်ခံသော ပုံပြင်ဖြစ်သည်။

သို့သော် သူတို့အနှစ်သက်ဆုံး ပုံပြင်မှာ မိန်းမငယ်တစ်ယောက်နှင့် ညီအစ်ကိုသုံးယောက်၏ ပုံပြင် ဖြစ်သည်။ သူတို့အနေဖြင့် ၎င်းပုံပြင်ကို အစအဆုံး မရသော်လည်း မာမားကို ဦးဆောင်သီဆိုပေးရန် မတောင်းဆိုကြဘဲ ၎င်းအစား စိန်စိန်းကို စကားထောက်အဖြစ် ပြုလုပ်ပေးရန် တောင်းပန်ခဲ့ကြသည်။ ကျွန်မနှင့် မေရွက်တို့လည်း သူတို့နှင့် ပူးပေါင်းကာ ဝင်ဆိုခဲ့ကြသည်။ ၎င်းပုံပြင်မှာ လူကြိုက်များသော ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။ ဝမ်းနည်းကြေကွဲဖွယ် ဇာတ်လမ်းမျိုးဖြစ်ပြီး တစ်ချိန်တည်းမှာပင် အကျည်းတန်သည့် လူ့သဘာဝကို သရော်ထားသည်။ ကျွန်မတို့အဖို့မူ နွီစူးကို လေ့ကျင့်နိုင်ရန်အတွက် ၎င်းသီချင်းကို သီဆိုခြင်းက အကောင်းဆုံးသော နည်းလမ်းတစ်ခုပင် ဖြစ်တော့သည်။

စိန်စိန်း၏ သွေးသောက်တစ်ယောက်က ၎င်းပုံပြင်ကို လက်ကိုင်ပဝါတွင် ပန်းထိုးကာ သူ့ကို လက်ဆောင်ပေးခဲ့ဖူးသည်။ စိန်စိန်းသည် ထိုလက်ကိုင်ပဝါကို ထုတ်ပြီး အသာအယာ ဖွင့်လိုက်သည်။ ကျွန်မနှင့် မေရွက်တို့က သူ့ဘေးနားတွင် သွားထိုင်လိုက်ကြသည်။ သူ သီဆိုသည့်အခါတွင် ပန်းထိုးထားသည့် အက္ခရာများကို ကြည့်ကာ သူနှင့်အတူ လိုက်ဆိုနိုင်ရန် ဖြစ်သည်။

စိန်စိန်းက ကျွန်မတို့အတွက် နိဒါန်းပျိုးလိုက်သည်။

“ဟိုးရှေးရှေးတုန်းက ကောင်မလေးတစ်ယောက်မှာ အစ်ကို သုံးယောက်ရှိတယ်။ သူတို့ အားလုံးမှာ မယားတွေ အသီးသီး ရှိကြပေမယ့် ကောင်မလေးမှာတော့ အိမ်ထောင် မရှိရှာဘူး။ သူက စိတ်သဘောထား ပြည့်ဝပြီး အလုပ်ကြိုးစားပေမယ့်လည်း သူ့အစ်ကိုတွေကတော့ သူ့အတွက် ခန်းဝင်ပစ္စည်း စီစဉ်မပေးချင်ကြဘူး။ ဘယ်လောက် ကံဆိုးလိုက်တဲ့ ကောင်မလေးလဲနော်။ ဒါပေမယ့် သူ ဘာတတ်နိုင်မှာတဲ့လဲ”

မာမားက ပြန်ဖြေသည်။

“သိပ် သနားစရာကောင်းတာပဲ။ ဒါနဲ့ ပန်းခြံထဲက သစ်ပင်ကြီးတစ်ပင်မှာ ကြိုးဆွဲချပြီး သတ်သေသွားရှာတယ်”

မေရွက်၊ ကျွန်မ၊ တာ့ကျယ်နှင့် သူ၏ ညီအစ်မများက သံပြိုင် ပါဝင်ကြသည်။

“တာ့ကောက ပန်းခြံကို ဖြတ်သွားတော့ သူ့ကို မမြင်ချင်ယောင် ဆောင်နေတယ်။ အော့ကောက ပန်းခြံကို ဖြတ်လျှောက်လာတော့လည်း သေနေတဲ့သူ့ကို မမြင်ချင်ယောင် ဆောင်သွားပြန်တယ်။ စန်းကော မြင်သွားတဲ့အခါမှာ မျက်ရည်လည်ရွှဲဖြစ်ပြီး သေသွားတဲ့ နှမငယ်အတွက် ရင်ထဲကနေ ကျိတ်ဆုတောင်းပေးနေတယ်”

ကျွန်မ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော မာမားက ခေါင်းမော့ကြည့်သည်။ သူ့ကို ငေးစိုက်ကြည့်နေမိသော ကျွန်မ၏ မျက်လုံးများနှင့် အကြည့်ချင်း ဆုံသွားလေသည်။ ကျွန်မသီဆိုနေသော စာသားများမှာ ဤနေရာရောက်သည်အထိ တစ်လုံးတစ်ပါဒမျှ အမှားအယွင်း မရှိသောကြောင့် မာမားက သဘောကျစွာဖြင့် ကျွန်မကို စိတ်လိုလက်ရ ပြုံးပြလေသည်။

စိန်စိန်းက ပုံပြင်၏ ဒုတိယအပိုဒ်ကို စတင်လိုက်သည်။

“ဟိုးရှေးရှေးတုန်းက ကောင်မလေးတစ်ယောက်မှာ အစ်ကိုသုံးယောက် ရှိတယ်။ သူ သေသွားတဲ့အခါမှာ သူ့အလောင်းကို စောင့်ရှောက်ပေးချင်တဲ့သူ တစ်ယောက်မှ မရှိကြဘူး။ သူ အသက်ရှင်စဉ်တုန်းက သွက်လက်ချက်ချာခဲ့ပေမယ့် သူ့ရဲ့ အစ်ကိုတွေက သူ့ကို မစောင့်ရှောက်ချင်ကြဘူး။ ဘယ်လောက်တောင် ရက်စက်ကြသလဲနော်။ နောက်တော့ ဘာဆက်ဖြစ်သွားသလဲ”

“သူ့ကို သေသေရှင်ရှင် ဘယ်သူကမှ စိတ်မဝင်စားကြဘူးလေ။ သူ့အလောင်းကနေ အပုပ်နံ့ ထွက်လာတဲ့အထိပေါ့” မာမားက ဝင်ထောက်လိုက်သည်။

ထို့နောက် ကျွန်မတို့ မိန်းကလေးများက လူသိများသော စာပိုဒ်ကို ရွတ်ဆိုလိုက်ကြသည်။

“တာ့ကောက ပိတ်စတစ်စ ယူပြီး သူ့အလောင်းကို ဖုံးလိုက်တယ်။ အော့ကောက ပိတ်စနှစ်စ ယူလာတယ်။ စန်းကောက ပိတ်စတွေ အများကြီး ယူလာပြီး တမလွန်ဘဝမှာ နွေးနွေးထွေးထွေး နေနိုင်အောင် နှမငယ်ကို အထပ်ထပ် ပတ်ပေးလိုက်တယ်”

“ကောင်မလေးတစ်ယောက်မှာ အစ်ကိုသုံးယောက် ရှိတယ်” စိန်စိန်းက ဆက်ဆိုသည်။

“သူရဲ့ ဝိညာဉ်အတွက် အဝတ်အစားတော့ ဆင်ပြီးသွားပြီ။ ဒါပေမယ့် သူ့အစ်ကိုတွေက သူ့အတွက် အခေါင်းဝယ်ဖို့ ဘယ်သူကမှ ပိုက်ဆံ မထုတ်ချင်ကြဘူး။ သူ အသက်ရှင်စဉ်တုန်းက ဘယ်လောက်ပဲ သွက်လက်ချက်ချာ ရှိပါစေလေ၊ သူ့အစ်ကိုတွေကတော့ ပိုက်ဆံထုတ်ဖို့ တွန့်တိုနေကြတယ်။ ဘယ်လောက်တောင် မတရားလိုက်သလဲနော်။ သူ့ရဲ့ ဝိညာဉ်က နားခိုရာ ရှာတွေ့နိုင်ပါ့မလား”

“အထီးကျန်စွာ၊ အထီးကျန်စွာ” မာမားက ဆက်ဆိုသည်။

“သူ့ဝိညာဉ်က ခိုကိုးရာမဲ့စွာ လွင့်မျောလျက်ပေါ့”

စိန်စိန်းသည် ကျွန်မတို့အတွက် စကားလုံးများကို တစ်လုံးချင်း တစ်လုံးချင်းစီ ထောက်ပြပေးနေသည်။ မသိသေးသော စကားလုံးများ အမြောက်အမြား ပါဝင်သောကြောင့် ကျွန်မတို့ အတော်လေး အားစိုက်နေရသည်။

“တာ့ကောက ပြောတယ်။ ‘ငါတို့ သူ့ကို သေတ္တာထဲ ထည့်နေစရာ မလိုပါဘူးကွာ။ ဒီအတိုင်းလည်း အဆင်ပြေနေတာပဲ။’ အော့ကောက ပြောတယ်။ ‘အိမ်ထဲမှာရှိတဲ့ သေတ္တာအဟောင်းကို ငါတို့ သုံးကြရအောင်လား။’ စန်းကောက ပြောတယ်။ ‘ဒါ ကျွန်တော့်မှာ ရှိတဲ့ ပိုက်ဆံအကုန်ပဲ။ ကျွန်တော် နှမလေးအတွက် အခေါင်းတစ်လုံး သွားဝယ်ပေးမယ်’”

နိဂုံးပိုင်းသို့ ရောက်သည့်အခါတွင် ပုံပြင်၏ စည်းချက်က ပြောင်းလဲသွားသည်။ စိန်စိန်းက သီဆိုလိုက်သည်။

“ဟိုးရှေးရှေးတုန်းက ကောင်မလေးတစ်ယောက်မှာ အစ်ကိုသုံးယောက် ရှိတယ်။ သူတို့ရဲ့ အပြုအမူတွေက တရားလွန်တွေချည်းပဲ။ အခု နှမငယ်လေး ဘာဆက်ဖြစ်ဦးမလဲ။ တာ့ကောက စိတ်ပုပ်တယ်။ အော့ကောက သွေးအေးတယ်။ စန်းကောကတော့ အကြင်နာတရား ရှိတယ်”

တခြားသော ညီအစ်မများက လိုက်မဆိုကြတော့ဘဲ ကျွန်မနှင့် မေရွက်တို့အား ပုံပြင်ကို အဆုံးသတ်စေသည်။

“တာ့ကောက ပြောတယ်။ ‘ငါတို့ သူ့ကို ကျွဲကျောင်းတဲ့ လမ်းဘေးမှာ မြှုပ်လိုက်ကြရအောင်’” (လူတကာ၏ ခြေနင်းဖတ် ထာဝရ ဖြစ်နေစေရန်)

“အော့ကောက ပြောတယ်။ ‘သူ့ကို တံတားအောက်မှာ မြှုပ်ကြရအောင်’” (မြစ်ရေနှင့်အတူ မျောပါသွားစေရန်)

“ဒါပေမယ့် စိတ်သဘောထား ပြည့်ဝတဲ့ စန်းကောက ဘယ်တော့မဆို ကြင်နာတတ်တယ်။ သူက ပြောတယ်။ ‘ငါတို့ သူ့ကို အိမ်နောက်ဖေးမှာ မြှုပ်ကြရအောင်။ ဒါမှ ငါတို့ သူ့ကို အမြဲတမ်း အမှတ်ရနေကြမှာ။’ နောက်ဆုံးမှာတော့ လူ့ဘဝတုန်းက မပျော်မရွှင်နဲ့ နေခဲ့ရတဲ့ နှမငယ်ဟာ တမလွန်ဘဝမှာ သာယာချမ်းမြေ့မှုကို ရှာတွေ့သွားခဲ့တယ်”

ထိုပုံပြင်ကို ကျွန်မ အင်မတန် နှစ်သက် သဘောကျသည်။ မာမား၊ စိန်စိန်းတို့နှင့်အတူ နွီစူးသီချင်း သီဆိုရသည်ကလည်း ကျွန်မအတွက် ကြည်နူးစရာပင်။ ထို့အပြင် နိုင်နိုင်းနှင့် စန်းမေ့တို့၏ သေဆုံးခြင်းက ကျွန်မအား ထိုပုံပြင်၏ အာဘော်ကို ပိုမို သဘောပေါက် နားလည်လာစေခဲ့သည်။ မိန်းကလေးတစ်ယောက် သို့မဟုတ် မိန်းမတစ်ယောက်၏ တန်ဖိုးသည် လူတစ်ဦးနှင့် တစ်ဦးအကြား၌ လုံးဝ မတူညီကြောင်းကို ထိုပုံပြင်က ကျွန်မအား ပြောပြနေသည်။ ထို့အပြင် မိမိချစ်သောသူတစ်ယောက် သေဆုံးသွားသည့်နောက်၌ သူ့ကို မည်သို့ ပြုစုစောင့်ရှောက်ရမည် ဟူသော လက်တွေ့ညွှန်ကြားချက်များကို ထိုပုံပြင်က ကျွန်မအား သင်ကြားပေးခဲ့သည်။ ရုပ်အလောင်းကို မည်သို့ ကိုင်တွယ်သင့်ပုံ၊ မည်သို့သော သက်ရှည်ဝတ်စုံများကို ပြင်ဆင်သင့်ပုံ၊ မည်သည့်နေရာတွင် မြေမြှုပ်သင့်ပုံ စသည် စသည်။ ကျွန်မတို့ မိသားစုသည် ထိုစည်းကမ်းများကို လိုက်နာနိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့ကြသည်။ ကျွန်မသည်လည်း ဇနီးမယားတစ်ယောက်နှင့် မိခင်တစ်ယောက် ဖြစ်သည့်အခါတွင် အားလုံးနည်းတူ လိုက်နာရပေလိမ့်မည်။

ↂↂↂ

နွားရိုင်းတိုက်ပွဲတော်ပြီး၍ နောက်တစ်ရက်တွင် ကျွန်မတို့အိမ်သို့ အောင်သွယ်တော်ဝမ် ပေါက်ချလာပြန်သည်။ ယခုကဲ့သို့ မကြာမကြာ သူ လာရောက်နေသည်ကို ကျွန်မ စိတ်ပျက်စ ပြုလာပြီ။ သူ ရောက်လာသည့် အခါတိုင်း ကျွန်မတို့အိမ်တွင် စိတ်မချမ်းမြေ့မှုများနှင့် စိုးရိမ်စိတ်များက ပို၍ ပို၍ တိုးပွားလာတတ်သည်။ တာ့ကျယ်၏ မင်္ဂလာကိစ္စနှင့် ပတ်သက်၍မူ အိမ်ရှိလူတိုင်းက ကျေနပ် သဘောကျနေကြသည်။ တာ့ကောလည်း မကြာခင် အိမ်ထောင်ပြုတော့မည် ဖြစ်သောကြောင့် ကျွန်မတို့အိမ်တွင် ပထမဆုံးသော ချွေးမ ရရှိလာတော့မည့် ကိစ္စအတွက် လူတိုင်း စိတ်လှုပ်ရှားနေကြသည်။ သို့သော် မကြာသေးသော အချိန်ကမှ ကျွန်မတို့မိသားစုအတွင်း၌ နာရေးနှစ်ခုကို ကြုံခဲ့ရသေးသည်။ ထိုထိုခံစားချက်များကို ယာယီ ဘေးဖယ်ထားပြီး နာရေးအခမ်းအနား နှစ်ခုနှင့် မကြာခင် ကြုံဆုံရတော့မည့် မင်္ဂလာအခမ်းအနား နှစ်ခုအတွက် လိုအပ်မည့် အသုံးစရိတ်များက ကျွန်မတို့ မိသားစုအတွက် မစားသာလှ။ ထို့ကြောင့် ထိုသို့သော အခြေအနေမျိုးတွင် ကျွန်မအတွက် လင်ကောင်းသားကောင်း ရခြင်း မရခြင်း ကိစ္စသည် မိသားစုအတွက် များစွာ အရေးပါနေတော့သည်။ ၎င်းမှာ ကျွန်မတို့ မိသားစု၏ ရေရှည် ရပ်တည်နိုင်ရေးကို ပြဋ္ဌာန်းနေသောကြောင့် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလုံးက ကျွန်မပခုံးပေါ်သို့ ပိကျလာလေသည်။

အောင်သွယ်တော်ဝမ်သည် အပေါ်ထပ်ရှိ အမျိုးသမီးဆောင်ထဲသို့ ဝင်ရောက်လာပြီး ယဉ်ကျေးသမှုဖြင့် တာ့ကျယ်၏ ဇာထိုးပန်းထိုးများကို ယူကြည့်ကာ ချီးကျူးစကားများ ပြောနေသည်။ သူသည် ပြတင်းပေါက်နား မှီလျက် ခုံတန်းရှည်တစ်လုံးတွင် ဝင်ထိုင်သည်။ ယခုအခါ ဤမိသားစုအတွင်း၌ ရာထူးအမြင့်ဆုံးသော မိန်းမတစ်ယောက် အဖြစ်သို့ ရာထူးတက်သွားပြီ ဖြစ်သော မာမားသည် စိန်စိန်းကို ရေနွေးကြမ်းယူလာရန် လက်ပြအချက်ပေးလိုက်သည်။ ထိုအတောအတွင်း၌ အောင်သွယ်တော်ဝမ်သည် စကားများကို တောင်တောင်ဤဤ လျှောက်ပြောနေတော့သည်။ လတ်တလော ဖြစ်ပျက်နေသော ရာသီဥတုအကြောင်း ပြောချင် ပြောသည်။ မကြာခင် ကျင်းပတော့မည့် ဘုံကျောင်းမှ ပွဲတော်များ၏ အပြင်အဆင်များအကြောင်း ရောက်ချင် ရောက်သွားသည်။ မြစ်ကမ်းတွင် ရောက်ရှိနေသော ကွေ့လင်းမြို့မှ သယ်ဆောင်လာသည့် ကုန်ပစ္စည်းများအကြောင်းလည်း ပါသေးသည်။ စိန်စိန်းက သူ့ကို ရေနွေးကြမ်း ငှဲ့ပေးလိုက်သောအခါမှသာ သူ၏စကားက လိုရင်းသို့ ရောက်လာတော့သည်။

“ချစ်ယောင်းမရေ” သူက စကားစသည်။

“နောင်တစ်ချိန်မှာ ရှင့်သမီးက ထုံးခိုရွာရဲ့ ဂုဏ်သရေရှိ မိသားစုတစ်စုနဲ့ ကံစပ်နိုင်တယ် ဆိုတဲ့အကြောင်းကို ကျွန်မတို့ ဟိုးအရင်ကတည်းက ပြောခဲ့ဖူးတယ်နော်” သူက ကိုယ်ကို အရှေ့သို့ ကိုင်းညွှတ်လိုက်ပြီး တီးတိုးစကားဆိုသည်။

“ကျွန်မကိုယ်တိုင်ကလည်း အဲဒီကိစ္စကို အင်မတန်မှ စိတ်ဝင်စားတယ်။ နောက်နှစ်အနည်းငယ် ကြာရင်တော့ ကျွန်မတို့ စေ့စပ်ပွဲလေး လုပ်လို့ရပြီ” ထိုစဉ် သူသည် ခါးကို မတ်မတ်ပြန်ထားလိုက်ပြီး ခံတွင်းရှင်းကာ စကားဆက်ပြန်သည်။

“ဒါပေမယ့် ဒီနေ့ ကျွန်မ လာရတဲ့ အကြောင်းအရင်းကတော့ တခြားကိစ္စပါပဲ။ ကျွန်မ ပထမဆုံးအကြိမ် လာတုန်းက ပြောခဲ့တဲ့ အကြောင်းကို ရှင်တို့ မှတ်မိသေးလား။ ပိုင်ဟောအတွက် လောင်ထုံးတစ်ယောက် ရှာပေးနိုင်တယ် ဆိုတဲ့ ကိစ္စလေ” အောင်သွယ်တော်ဝမ်က တစ်ခဏမျှ နှုတ်ဆိတ်နေပြီးမှ စကားဆက်ပြန်သည်။

“ယောက်ျားခြေလှမ်းနဲ့ဆိုရင် ထုံးခိုရွာကို ဒီကနေ ၄၅ မိနစ်လောက် လျှောက်ရမယ်။ အဲဒီမှာရှိတဲ့ မိသားစုအားလုံးနီးပါးက လူးမျိုးဆက်တွေ။ သူတို့အထဲကနေ ပိုင်ဟောနဲ့ လောင်ထုံးဖြစ်ဖို့ သင့်လျော်မယ့် ကလေးမလေးတစ်ယောက်ကို ကျွန်မ ရွေးထားတယ်။ သူ့နာမည်က ရွှယ်ဟွားတဲ့”

မာမား၏ နှုတ်မှ ထွက်ကျလာသော ပထမဆုံး မေးခွန်းကို ကြည့်ခြင်းအားဖြင့် သူသည် ထိုကိစ္စကို ကြားပြီးပြီးချင်း လုံးဝ မေ့မသွားသည့်အပြင် ကြားပြီးသည့်နောက်တွင်လည်း ထိုကိစ္စနှင့် ပတ်သက်၍ အနုစိတ် စဉ်းစားဝေဖန်နေခဲ့သည် ဆိုသည့်အချက်မှာ လယ်ပြင်ဆင်သွားသကဲ့သို့ ကျွန်မတို့အားလုံး၏ အမြင်၌ အထင်အရှား ပေါ်လွင်နေပေသည်။

“ဇာတာက ဘယ်လိုနေလဲ” မာမား၏ တည်ငြိမ်အေးဆေးသော လေသံက တိကျပြတ်သားသည့် သူ၏ စိတ်သဘောထားကို ဖုံးကွယ်ထားခြင်း မရှိပေ။

“သူတို့နှစ်ယောက်ရဲ့ ဇာတာ အက္ခရာရှစ်လုံးတွေသာ မကိုက်ညီဘူးဆိုရင် ဒီကိစ္စ ဆက်ဆွေးနွေးဖို့ အကြောင်းမရှိတော့ဘူး”

“ယောင်းမရေ၊ တကယ်လို့သာ ဇာတာ မကိုက်ညီဘူးဆိုရင် ဒီနေ့ ကျွန်မ ဒီကို လာတောင် လာနေမှာ မဟုတ်ဘူး” အောင်သွယ်တော်ဝမ်က အေးအေးဆေးဆေး ပြန်ဖြေသည်။

“ပိုင်ဟောနဲ့ ရွှယ်ဟွားတို့ နှစ်ယောက်စလုံးက မြင်းနှစ်မှာ မွေးကြတာချည်းပဲ။ တကယ်လို့သာ ရှင်တို့ အမေနှစ်ယောက်စလုံးရဲ့ ပြောစကားတွေက အမှားမပါဘူး ဆိုရင်တော့ သူတို့နှစ်ယောက်ရဲ့ မွေးလ၊ မွေးရက်နဲ့ မွေးချိန်တွေက အားလုံး တစ်ထပ်တည်းပဲ။ သူတို့နှစ်ယောက်စလုံးရဲ့ မောင်နှမ အရေအတွက်ကလည်း အတူတူပဲ။ နောက်ပြီး သူတို့က အိမ်မှာ နံပါတ်သုံးချည်းပဲ …”

“ဒါပေမယ့် …”

အောင်သွယ်တော်ဝမ်က လက်မြှောက်ကာ မာမားကို ဆက်မပြောရန် တားမြစ်လိုက်သည်။

“ရှင် ဘာပြောမလို့လဲဆိုတာ ကျွန်မသိတယ်။ လူးမိသားစုရဲ့ တတိယမြောက် သမီးလည်း မရှိရှာတော့ဘူး။ ဒီကိစ္စက သိပ်အရေးကြီးလှတာ မဟုတ်ပါဘူး။ အိမ်တစ်အိမ်မှာ ကလေးဘယ်နှယောက် သေခဲ့သလဲ ဆိုတဲ့ ကိစ္စမျိုးကို ဘယ်သူကမှ အလုပ်ရှုပ်ခံပြီး စဉ်းစားနေကြမှာ မဟုတ်ဘူး။ အထူးသဖြင့် သေတဲ့သူက မိန်းကလေး ဆိုရင်ပေါ့” သူက မာမားကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။ တစ်ခုခု ပြန်ပြောရန် စိန်ခေါ်နေသည့် အကြည့်မျိုး။ မာမားက ခေါင်းကို တစ်ဘက်ကို လှည့်ကာ သူ့အကြည့်ကို ရှောင်လွှဲလိုက်သည့် အခါတွင်မှ သူက စကားဆက်သည်။

“ပိုင်ဟောနဲ့ ရွှယ်ဟွား၊ အဲဒီကောင်မလေးနှစ်ယောက်ရဲ့ အရပ်အမောင်းကလည်း မတိမ်းမယိမ်းပဲ။ ရုပ်ရည်ကလည်း သူမသာ ကိုယ်မသာပဲ။ အရေးအကြီးဆုံး အချက်က သူတို့နှစ်ယောက်စလုံးရဲ့ ခြေစစည်းတဲ့ရက်ကလည်း တစ်ရက်တည်း။ နောက်ပြီး ရွှယ်ဟွားရဲ့ အဘေးက နန်းတွင်းပညာရှိတစ်ယောက်လေ။ လူမှုရေးနဲ့ စီးပွားရေး အဆင့်အတန်းကတော့ သူမတူတဲ့ အဆင့်အတန်းမျိုးပေါ့” အကယ်၍သာ ဆွေးမျိုးသားချင်းထဲ၌ နန်းတွင်းပညာရှိကဲ့သို့သော အဆင့်အတန်းမျိုးရှိသည့် လူတစ်ဦး ရှိနေခဲ့ပါလျှင် ဤမိသားစုသည် မည်မျှ လူရာဝင်ပြီး မည်မျှ ပြည့်စုံကြွယ်ဝမည် ဆိုသည့်အကြောင်းကို အောင်သွယ်တော်ဝမ် အနေဖြင့် တကူးတက ရှင်းပြနေစရာ မလိုပေ။

“ညည်းတို့ မိသားစုနှစ်စုရဲ့ နောက်ခံအခြေအနေက အများကြီး ကွာဟနေတယ် ဆိုပေမယ့် ဒီကောင်မလေးနှစ်ယောက်မှာ ထပ်တူညီနေတဲ့ အချက်တွေ အများကြီး ရှိနေတာကြောင့် ရွှယ်ဟွားရဲ့ အမေကလည်း အခုကိစ္စကို ကန့်ကွက်မှာ မဟုတ်ဘူး”

မာမားက တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။ ကျွန်မ၏ စိတ်ထဲတွင်မူ ဂနာမငြိမ် ဖြစ်နေပြီး ထိုင်ခုံပေါ်မှ လွှားကနဲ ခုန်ဆင်းကာ မြစ်ကမ်းစပ်သို့ ပြေးသွားပြီး အသံကုန်ဟစ်၍ ပျော်ရွှင်မှုတို့ကို ဖွင့်ထုတ်ပစ်လိုက်ချင်သည်။ ကျွန်မသည် စိန်စိန်း၏ မျက်နှာကို မနေနိုင် မထိုင်နိုင် လှမ်းကြည့်လိုက်မိသည်။ ပါးစပ်ကို အစွမ်းကုန် ဖြဲကာ ပြုံးပျော်နေသည်ကို မြင်ရလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း ၎င်းအစား ရင်တွင်းမှ အပျော်များကို ကြိုးစားဖုံးကွယ်ထားသည့် အနေဖြင့် နှုတ်ခမ်းတစ်စုံကိုသာ ခပ်တင်းတင်း စေ့ပိတ်ထားလေသည်။ စိန်စိန်းသည် တုတ်တုတ်မျှ မလှုပ်ဘဲ ဣန္ဒြေရရ ထိုင်နေသည်။ သူ၏ လက်ချောင်းများကသာ စိတ်လှုပ်ရှားမှုကို လှစ်ဟနေကြသည်။ ယခုတစ်ကြိမ် တွေ့ဆုံမှု၏ အရေးပါပုံကို သူ့ထက် ပို၍ မည်သူမျှ သိနိုင်လိမ့်မည် မဟုတ်ပေ။ ကျွန်မသည် မေရွက်နှင့် တာ့ကျယ်တို့ကို လူမရိပ်မိအောင် တိတ်တခိုး လှမ်းကြည့်လိုက်သည်။ သူတို့၏ မျက်လုံးများသည် ဝမ်းမြောက်မှုဖြင့် လင်းလက်နေကြသည်။ ယနေ့ည အိမ်သားများအားလုံး အိပ်သွားသည့်အချိန်တွင် ကျွန်မတို့အတွက် တိုးတိုးပြောစရာ ရှိလာခဲ့ချေပြီ။

“ပုံမှန်ဆိုရင်တော့ ကလေးမလေးတွေ ရှစ်နှစ် ဒါမှမဟုတ် ကိုးနှစ်ပြည့်ပြီးတဲ့ ကျုံးချိုးပွဲတော်ရောက်မှ ကျွန်မက ဒီလိုကိစ္စမျိုးကို တိုင်ပင်လေ့ရှိတာပါ” အောင်သွယ်တော်ဝမ်က စကားဆက်သည်။

“ဒါပေမယ့် အခုကိစ္စကို စောစောစီးစီး ဆုံးဖြတ်နိုင်ရင် ရှင့်သမီးအတွက် အကျိုးပိုရှိလိမ့်မယ်။ သူ့ဆီမှာ အားသာချက်တွေ အများကြီး ရှိတယ် ဆိုပေမယ့် အိမ်မှုကိစ္စ သင်ယူတဲ့ အပိုင်းမှာတော့ ဒီထက်ပိုပြီး အားစိုက်ထုတ်နိုင်မှ ဖြစ်မယ်။ ဒါမှလည်း အခြေအနေ ပိုကောင်းတဲ့ မိသားစုတစ်စုရဲ့ ချွေးမအဖြစ် ထိုက်တန်တော့မပေါ့”

“ကျွန်မသမီးက ရှင်ထင်သလို မဟုတ်ဘူးနော်” မာမား၏ မတူကွဲပြားသော အတွေးများ ထွက်ကျလာသည်။

“သူက အင်မတန်မှ ခေါင်းမာတယ်။ ပြောစကားလည်း နားမထောင်ဘူး။ ရှင်ပြောတဲ့အတိုင်း အဆင်ပြေရော ပြေနိုင်ပါ့မလား ဆိုတာ ကျွန်မလည်း မဝေခွဲတတ်တော့ဘူး။ လူးမိသားစုက ကလေးမလေးကို စိတ်ထိခိုက်အောင် လုပ်မယ့်အစား သူ့အတွက် သွေးသောက်ညီအစ်မပဲ ရှာပေးလိုက်တာ ကောင်းမယ် ထင်တယ်”

မျက်စိတစ်မှိတ်အတွင်းမှာပင် ယခင်က ရှိနေခဲ့သော ကျွန်မ၏ ပျော်ရွှင်မှုများသည် လေလွင့်ပျောက်ကွယ်သွားကာ ပိန်းပိတ်အောင်မှောင်သည့် အခန်းတစ်ခန်းထဲသို့ ရောက်ရှိသွားသည့်နှယ် ခံစားလိုက်ရသည်။ ကျွန်မသည် မိမိ၏ မိခင်ကို အလွန်အင်မတန် နားလည်ပါသည်ဟု ဆိုနိုင်သော်လည်း ထိုစဉ်က မိခင်ရွှေ့ခဲ့သော အကွက်များကို နားလည်သဘောပေါက်ရန် ငယ်လွန်းနေသေးသည်။ ကျွန်မအပေါ် မညှာမတာ ပြောဆိုခဲ့သော ထိုစကားလုံးများသည် စေ့စပ်ဆွေးနွေးပွဲ၏ ပရိယာယ်ကလေးမျှသာ ဖြစ်သည်။ ကျွန်မ၏ မင်္ဂလာကိစ္စကို ပါပါးနှင့် အောင်သွယ်တော်ဝမ်တို့ ထိပ်တိုက်ဆွေးနွေးခဲ့ကြစဉ် အခါကလည်း ကျွန်မကို ပါပါးက တစ်ပြားမတန်အောင် ပြောဆိုခဲ့သည်။ ထိုသို့ ပြောဆိုထားခြင်းဖြင့် နောက်တစ်ချိန်၌ ယောက္ခမအိမ်နှင့် လောင်ထုံး၏ အိမ်သားများထံမှ ရောက်ရှိလာနိုင်သည့် တိုင်တောညည်းညူသော စကားများအတွက် ကျွန်မ၏ မိဘများက ကြိုတင်၍ အကာအကွယ် ယူထားနိုင်သည်။ ထို့အတူ ထိုသို့ပြုလုပ်ခြင်းဖြင့် အောင်သွယ်ကြေးကို လျော့နိုင်သမျှ လျော့အောင် ဈေးဆစ်နိုင်သည့်အပြင် ကျွန်မ၏ ခန်းဝင်ပစ္စည်းကိုလည်း လျှော့ချပစ်နိုင်သေးသည်။

အောင်သွယ်တော်ဝမ် အတွက်တော့ ဘာမျှ အနှောင့်အယှက် ဖြစ်ပုံ မရပေ။

“ရှင့်ဘက်က အဲဒီလို တွေးထင်နေတာလည်း သဘာဝကျပါတယ်။ ကျွန်မဘက်ကလည်း ကိုယ့်အပူနဲ့ ကိုယ်ပါပဲ။ ဒါပေမယ့် ဒီနေ့အတွက်တော့ ဒီလောက်နဲ့ပဲ တော်ကြတာပေါ့” သူ၏ တစ်ခဏတာမျှ နှုတ်ဆိတ်နေမှုသည် ရည်ရွယ်ချက်ရှိရှိ လုပ်နေဟန်တူသည်။ လုံးဝဥဿုံ သေချာနေသည့်အချက်မှာ သူ၏ ပြောစကားတိုင်းနှင့် အပြုအမူတိုင်းကို ကာလရှည်ကြာ ပြင်ဆင်လေ့ကျင့်ထားခဲ့ခြင်း ဖြစ်သည်။ သူသည် အင်္ကျီလက်ရှည်အတွင်းသို့ လက်နှိုက်ပြီး ယပ်တောင်ကို ဆွဲထုတ်၍ ကျွန်မကို လှမ်းပေးသည်။ ထို့နောက် သူက ကျွန်မခေါင်းပေါ်မှ ကျော်ကာ မာမားကို စကားလှမ်းပြောလေသည်။

“ရှင့်သမီးရဲ့ အနာဂတ်အတွက် အချိန်ယူပြီး အေးအေးဆေးဆေး စဉ်းစားလိုက်ပါဦး”

ကျွန်မသည် ယပ်တောင်ကို ဆွဲဖွင့်လိုက်ပြီး အခေါက်တစ်ခေါက်ပေါ်၌ အထက်အောက် ရေးထားသော စာများနှင့် ယပ်တောင်၏ အစွန်းအဖျားတွင် အလှဆင်ထားသော ကနုတ်ပန်းခက်များကို ငေးကြည့်နေမိသည်။

မာမားက မျက်နှာထားတင်းတင်းနှင့် အောင်သွယ်တော်ဝမ်ကို ပြောလိုက်သည်။

“ကျွန်မတို့ အခကြေးငွေကိစ္စကို မဆွေးနွေးရသေးဘူးလေ။ ရှင်က ကျွန်မသမီးကို အဲဒီပစ္စည်း ပေးလိုက်ပြီလား”

အောင်သွယ်တော်ဝမ်သည် မကောင်းသော အနံ့အသက်များကို ခါယမ်းနေသည့်ဟန်ဖြင့် လက်ကို ဝှေ့ယမ်းကာ ပြောသည်။

“မင်္ဂလာကိစ္စလိုပါပဲ။ ရှင်တို့ဆီကနေ တစ်ပြားမှ မယူဘူး။ ဟိုကောင်မလေးအိမ်က ကျွန်မကို ပေးပါလိမ့်မယ်။ နောက်ပြီး ရှင့်သမီးအတွက် လောင်ထုံးတစ်ယောက် စီစဉ်ပေးတယ် ဆိုတာကလည်း သူ့ရဲ့ အဆင့်အတန်းကို မြှင့်တင်ပေးလိုက်ချင်လို့ပဲ။ အချိန်ကျမှ သတို့သားဘက်ကနေ မင်္ဂလာကြေး များများ တောင်းရတော့မှာပေါ့။ ဒါကြောင့် ကျွန်မကတော့ ဒီအစီအစဉ်ကို အင်မတန်မှ သဘောကျတယ်”

ထိုစဉ် သူသည် မတ်တတ်ရပ်ကာ လှေကားဘက်သို့ ခြေလှမ်းအနည်းငယ်မျှ လှမ်းပြီး အနောက်သို့ လှည့်လာပြန်သည်။ လက်တစ်ဘက်ကို စိန်စိန်းပခုံးပေါ်တွင် တင်ကာ တစ်ခန်းလုံးရှိ လူများအားလုံးကို ရည်ရွယ်၍ စကားဆိုလိုက်သည်။

“ရှင်တို့အားလုံး ခေါင်းထဲ ထည့်ထားရမယ့် ကိစ္စတစ်ခု ရှိသေးတယ်။ ဒီမိန်းမကလည်း သူ့သမီးကို သင်ကြားပြသထားတာ အင်မတန်မှ ကောင်းတယ်။ နောက်ပြီး မေရွက်နဲ့ ပိုင်ဟောတို့ကလည်း တစ်ယောက်ကိုတစ်ယောက် ညီအစ်မအရင်းတွေလို အင်မတန်မှ ချစ်ခင်ရင်းနှီးကြတယ် ဆိုတာကို ကျွန်မ သတိထားမိနေတယ်။ တကယ်လို့သာ ရှင်တို့အားလုံးက ပိုင်ဟောရဲ့ လောင်ထုံးကိစ္စကို သဘောတူမယ်ဆိုရင် ပိုင်ဟောကို ထုံးခိုမှာ အိမ်ထောင်ကျနိုင်အောင် ကျွန်မ အာမခံနိုင်တဲ့အပြင် မေရွက်အတွက်လည်း အဲဒီရွာကနေ သတို့သားတစ်ယောက်ယောက် ရှာပေးဖို့ ကျွန်မ ထည့်သွင်း စဉ်းစားပါ့မယ်”

ထိုစကားသည် ကျွန်မတို့အားလုံးကို ထိတ်ထိတ်ပျာပျာ ဖြစ်သွားစေခဲ့သည်။ ကျွန်မသည် စောင့်စည်းအပ်သော ဣန္ဒြေသိက္ခာတို့ကို အမှတ်မရနိုင်တော့ဘဲ အနားရှိ မေရွက်ကို လှည့်ကြည့်လိုက်မိသည်။ သူ၏ မျက်နှာပေါ်တွင်လည်း ကြည်နူးမှုတို့က အထင်းသား ပေါ်လွင်လျက်။

အောင်သွယ်တော်ဝမ်သည် ဆန့်တန်းထားသော လက်ကို ပြန်ရုပ်ပြီး ဆန်းလပမာ ကွေးထားလိုက်သည်။

“တစ်ခုတော့ ရှိတာပေါ့လေ။ ရှင်တို့က အောင်သွယ်တော်ကောင်းနဲ့ ပြောဆိုပြီးလောက်ရောပေါ့။ ကျွန်မ သူ့နေရာကို ဝင်လုချင်စိတ် မရှိဘူး” သူ၏ စကားသွားအရဆိုလျှင် “သူ့စီးပွားရေးကို ဝင်မလုချင်” ဟူသည့် သဘော။

စေ့စပ်ဆွေးနွေးရာတွင် မာမားသည် အောင်သွယ်တော်ဝမ်ကို တုဖက်ယှဉ်ပြိုင်နိုင်စွမ်း မရှိကြောင်း သိသာနေသည်။ အောင်သွယ်တော်ဝမ်က မာမားကို တိုက်ရိုက် စကားဆိုလိုက်သည်။

“အခုကိစ္စက မိန်းမတွေ ဆုံးဖြတ်ရမယ့် ကိစ္စပဲလို့ ကျွန်မ ယူဆတယ်။ ဒါကလည်း ရှင်တို့သမီးအတွက် ရှင်တို့ ချမှတ်ပေးနိုင်တဲ့ ဆုံးဖြတ်ချက် အနည်းအကျဉ်းထဲက တစ်ခုပေါ့။ ကျွန်မတို့ အတွင်းကျကျ မဆွေးနွေးကြခင်မှာ ဖခင်ရဲ့ သဘောတူညီမှုကိုလည်း လိုအပ်တာ အမှန်ပဲ။ ကဲ … ကလေးအမေ၊ ကျွန်မ မပြန်ခင် ရှင့်ကို နောက်ဆုံး အကြံတစ်ခု ပေးခဲ့ပါရစေ။ မယားပြောတော့ တစ်ညဆိုတဲ့ စကားပုံတောင် ရှိသေးတယ်မလား။ ဒီတော့ သူ့အဖေ သဘောတူလာအောင် ခုတင်ပေါ်မှာ လေချိုလေး များများသွေးပေးပေါ့ရှင်”

မာမားနှင့် စိန်စိန်းသည် အောင်သွယ်တော်ဝမ်ကို ဝေါယာဉ်တွင်းသို့အရောက် လိုက်ပို့ပေးကြသည်။ ကျွန်မ၊ မေရွက်နှင့် တာ့ကျယ်တို့မှာမူ ဝမ်းသာလုံးဆို့ကာ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားကြသည်။ ဤမျှ ကောင်းမွန်သော အကြောင်းကိစ္စများ ကျွန်မထံတွင် ဖြစ်ပေါ်လာနိုင်ပါသလား။ မေရွက်လည်း ထုံးခိုတွင် အိမ်ထောင်ကျနိုင်မည်လော။ ကျွန်မတို့နှစ်ယောက်၏ လက်ကျန်နေ့ရက်များကို အမှန်တကယ်ပင် အတူတကွ ရှင်သန်ဖြတ်သန်း သွားနိုင်ကြမည်လော။ တာ့ကျယ်သည် သူ့ဘဝကံကြမ္မာအတွက် အားမလို အားမရ ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း အောင်သွယ်တော်၏ အဆိုပြုချက်များအားလုံး အကောင်အထည် ပေါ်လာပါစေဟု ရင်ထဲ အသည်းထဲမှ နှစ်နှစ်ကာကာ မျှော်လင့်နေခဲ့ပေမည်။ ထိုကိစ္စများက ကျွန်မတို့ တစ်မိသားစုလုံးကို ကောင်းကျိုးဖြစ်ထွန်းစေနိုင်သည် မဟုတ်ပါလား။

ကျွန်မတို့ ကောင်မလေးတစ်စု၏ ရင်ထဲ၌ အပျော်ကြီး ပျော်ရွှင်နေကြသော်လည်း မည်သို့ ပြုမူနေထိုင်ရမည်ကို ကျွန်မတို့ မမေ့လျော့ခဲ့ပေ။ မေရွက်နှင့် ကျွန်မက ခြေထောက်များ အနားရရန် ပြန်ထိုင်လိုက်ကြသည်။

တာ့ကျယ်၏ ခေါင်းက ကျွန်မလက်ထဲ၌ ဆုပ်ကိုင်ထားဆဲဖြစ်သော ယပ်တောင်အနီးသို့ တိုးကပ်လာသည်။

“ဘာတွေ ရေးထားတာလဲ”

“ကျွန်မလည်း မဖတ်တတ်ဘူး။ ကူပါဦး”

ယပ်တောင်ကို ဖွင့်လိုက်သောအခါ တာ့ကျယ်နှင့် မေရွက်တို့က ကျွန်မ၏ ပခုံးတစ်ဘက်ဆီမှ ခေါင်းပြူလာကြသည်။ ကျွန်မတို့ သုံးယောက်သည် ယပ်တောင်ပေါ်မှ စကားလုံးများကို တစ်လုံးပြီးတစ်လုံး လိုက်ကြည့်ကာ ဖတ်တတ်သော စကားလုံးတချို့ကို ရှာဖွေနေကြသည်။ ကောင်မလေး၊ ကောင်း၊ မိန်းမ၊ အိမ်၊ နင်၊ ငါ။

ကျွန်မတို့ကို အကူအညီ ပေးနိုင်သောသူမှာ စိန်စိန်းတစ်ယောက်တည်းသာ ရှိကြောင်း သိထားသည်နှင့်အညီ စိန်စိန်းသည် အပေါ်ထပ်သို့ အလျင်ဦးဆုံး ပြန်ရောက်လာသည်။ သူက စကားလုံး တစ်လုံးချင်းစီကို လက်ညှိုးဖြင့် ထောက်သွားသည်။

❝နူးညံ့ဖြူစင်ပြီး မိန်းမတို့ တတ်အပ်တဲ့ ပညာအရပ်ရပ်ကို ကျွမ်းကျင်ပိုင်နိုင်တဲ့ အမျိုးကောင်းသမီးတစ်ယောက် ဒီအိမ်မှာ ရှိတယ်လို့ ငါ ကြားသိထားရပါတယ်။ နင်နဲ့ငါက မွေးနှစ်၊ မွေးလ၊ မွေးရက်တွေ တိုက်တိုက်ဆိုင်ဆိုင် တူညီနေကြတယ်လေ။ ဒီတော့ ငါတို့နှစ်ယောက် လောင်ထုံးတွေအဖြစ် သစ္စာတိုင်ကြရရင် မကောင်းပေဘူးလား။ ❞

ရွှယ်ဟွားဟု အမည်ရသည့် ထိုကောင်မလေးထံသို့ ကျွန်မ စာမပြန်နိုင်သေးခင် ကျွန်မတို့ အိမ်သားများ၌ ညှိနှိုင်းဆုံးဖြတ်စရာ ကိစ္စအများအပြား ရှိနေကြသည်။ တာ့ကျယ်၊ မေရွက်နှင့် ကျွန်မတို့သည် အိမ်တွင်း၌ ပြောရေးဆိုခွင့် မရှိကြသော်လည်း ကျွန်မတို့သည် လှေကားခွင်၌ နာရီပေါင်းများစွာ ဝမ်းလျားမှောက်လျက် လောင်ထုံးဖွဲ့ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်အကြောင်း တိုင်ပင်ဆွေးနွေးနေကြသည့် မာမားနှင့် စိန်စိန်းတို့၏ စကားများကို ခိုးနားထောင်ခဲ့ကြသည်။ မာမားသည် အကွက်မြင်သော မိန်းမတစ်ယောက် ဖြစ်သည်။ သို့သော် စိန်စိန်းသည် ကျွန်မတို့အိမ်ထက် ပိုမိုသာလွန်သော မိသားစုမှ လာခဲ့ရသူတစ်ယောက် ဖြစ်သောကြောင့် သူ၏ ပညာအရည်အချင်းကလည်း ကျွန်မတို့အားလုံးထက် အပုံကြီး သာသည်။ သို့သော်လည်း ဤမိသားစု၏ အဆင့်အနိမ့်ဆုံးသော မိန်းမတစ်ယောက် အနေဖြင့် သူ၏ အပြောအဆို၊ အပြုအမူတို့ကို သတိပြုနေရသည်။ အထူးသဖြင့် မာမားက သူ၏ ဘဝတစ်ခုလုံးကို အုပ်စိုးထားနိုင်သည့် ယခုလိုအချိန်မျိုးတွင် ဖြစ်သည်။

“လောင်ထုံးဖွဲ့တဲ့ ကိစ္စက အိမ်ထောင်ပြုသလို အရေးကြီးတာပဲ” စိန်စိန်းက စကားပြောသည့် အခါတိုင်း ဤစကား တစ်ခွန်းဖြင့် အမြဲစလေ့ရှိသည်။ သူ၏ ပြောစကားထဲတွင် အောင်သွယ်တော်ဝမ်၏ စကားများကို မကြာခဏ ပြန်ကျော့လေ့ ရှိသော်လည်း သူ့အမြင်တွင် အရေးအကြီးဆုံးဟု ယူဆထားသော ဤစကားစဉ်သို့သာ အကြိမ်တိုင်း ပြန်ဆိုက်ရောက်လာတတ်သည်။

“လောင်ထုံးဆိုတာမျိုးက လွတ်လပ်တဲ့ ရွေးချယ်ခွင့်အောက်မှာ ပေါက်ဖွားလာတဲ့ ပေါင်းစည်းမှုတစ်ခုပဲ။ ချစ်ခြင်းမေတ္တာတွေနဲ့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အဖော်ပြုရင်း သေတစ်ပန် သက်တစ်ဆုံး ပေါင်းသင်းသွားကြရတာလေ။ အိမ်ထောင်ပြုတဲ့ ကိစ္စမှာကျတော့ ရွေးချယ်ပိုင်ခွင့် မရှိဘူး။ သူ့မှာ ရည်ရွယ်ချက်တစ်ခုပဲ ရှိတယ်။ သားတွေ များများ မွေးပေးနိုင်ဖို့ပဲ”

သားယောက်ျားလေး မွေးဖွားခြင်းနှင့် ပတ်သက်သော စကားလုံးများကို ကြားရသည့်အခါတိုင်းတွင် မာမားက သူ၏ လင်ညီမကို စိတ်သက်သာရာ ရစေရန် ကြိုးစားပြောဆိုတတ်သည်။

“နင့်မှာ မေရွက်လေး ရှိနေပြီပဲဥစ္စာ။ သူက အင်မတန်မှ လိမ္မာရေးခြားရှိတဲ့ ကလေးတစ်ယောက်ပါအေ။ အိမ်မှာရှိတဲ့ လူတိုင်းက သူ့ကို အရမ်းချစ်ကြတာပဲ မဟုတ်လား”

“ဒါပေမယ့် သူလည်း အချိန်တန်ရင် လင့်အိမ်လိုက်သွားရမှာပဲ။ အဲဒီအချိန်ကျရင်တော့ သူ ကျွန်မကို အပြီးအပိုင် ခွဲခွာသွားတော့မှာ။ ဒါပေမယ့် အစ်မမှာက တစ်သက်လုံး အတူနေဖို့ သားနှစ်ယောက် ရှိသေးတယ်လေ”

နေ့စဉ်နေတိုင်း သူတို့၏ ပြောစကားများထဲတွင် ထိုသို့သော ဝမ်းနည်းကြေကွဲဖွယ်ရာ အကြောင်းအရာများ ပါလာလေ့ရှိသည်။ မာမားကလည်း ပိုမို လက်တွေ့ကျသော ခေါင်းစဉ်များဆီသို့ မရောက်ရောက်အောင် အမြဲတမ်း လမ်းကြောင်းတည့်ပေးရလေ့ရှိသည်။

“တကယ်လို့သာ ပိုင်ဟောမှာ လောင်ထုံး ရှိလာပြီဆိုရင် သူ့မှာ သွေးသောက်အစ်ညီမ မရှိနိုင်တော့ဘူး။ ဒါပေမယ့် ငါတို့အိမ်မှာ ရှိတဲ့ မိန်းမတွေ အားလုံးမှာ …”

သွေးသောက်ညီအစ်မများ ရှိကြသည်ဟူသော မာမား၏ စကား မဆုံးခင်မှာပင် စိန်စိန်း၏ အသံက ဖြတ်ဝင်လာသည်။

“တကယ်လို့ လိုအပ်လာမယ်ဆိုရင် သူ့ရဲ့ သွေးသောက်အစ်ညီမအဖြစ် ဘယ်သူ့ကိုမဆို ခေါ်ဖြည့်လို့ ရပါတယ်။ ပိုင်ဟော မင်္ဂလာမဆောင်ခင် အိမ်အပေါ်ထပ်မှာ ဝိုင်းထိုင်ပြီး သီချင်းအတူ ဆိုပေးမယ့် မိန်းကလေး များများစားစား လိုချင်တယ်ဆိုရင်လည်း အိမ်နီးနားချင်းက အပျိုလေးတွေကို အကူအညီတောင်းလို့ ရတာပဲဟာ”

“အဲဒီမိန်းကလေးတွေက သူ့အကြောင်း သိကြတာ မဟုတ်ဘူးလေ” မာမားက ပြောသည်။

“သူ့ရဲ့ လောင်ထုံးကတော့ သူ့အပေါ် နားလည်မှာပေါ့။ သူတို့နှစ်ယောက်စလုံး အိမ်ထောင်ကျသွားပြီးတဲ့ အချိန်ကျရင် သူတို့ရဲ့ အပြန်အလှန် နားလည်မှုက အစ်မနဲ့ ကျွန်မတို့ရဲ့ ကိုယ့်လင်သားအပေါ် နားလည်တဲ့ နားလည်မှုထက်ကို သာကောင်း သာသွားနိုင်တယ်” စိန်စိန်းသည် ထုံးစံအတိုင်း ပြောစကားကို တစ်ခဏမျှ တုံ့ရပ်ထားလိုက်သည်။

“ပိုင်ဟောက ကျွန်မတို့နဲ့ လုံးဝမတူတဲ့ လမ်းကို လျှောက်ခွင့်ရတယ်” တဒင်္ဂအကြာတွင် သူက စကားဆက်သည်။

“လောင်ထုံးဆက်ဆံရေးက သူ့ကို တန်ဖိုးမြှင့်ပေးရာ ရောက်လိမ့်မယ်။ ပြီးတော့ ထုံးခိုရွာက ဆွေကြီးမျိုးကြီး မိသားစုရဲ့ ချွေးမတစ်ယောက်အဖြစ် ထိုက်တန်ကြောင်း အဲဒီရွာက လူတွေကို ပြသရာလည်း ရောက်တယ်။ နောက်ပြီး လောင်ထုံးအချင်းချင်းရဲ့ ဆက်ဆံရေးက ရာသက်ပန် တည်မြဲတာမျိုး ဖြစ်လို့ အိမ်ထောင်ပြုလိုက်တာနဲ့ ပျက်ပြယ်သွားမှာ မဟုတ်ဘူး။ အဲဒီလိုဆိုတော့ ကျွန်မတို့နဲ့ ထုံးခိုရဲ့ ဆက်ဆံရေးကလည်း ပိုပြီး ခိုင်မြဲသွားမယ်။ အစ်ကိုကြီးနဲ့ အိမ်မှာရှိတဲ့ လူတွေအားလုံးအတွက် အကာအကွယ် ပိုရတာပေါ့။ ပိုင်ဟောအနေနဲ့ ယောက္ခမအိမ်က မိန်းမတွေအကြားမှာ သူ့ရဲ့ အဆင့်အတန်းကို မြှင့်တင်ချင်တယ်ဆိုရင် အခုပြောခဲ့တဲ့ အရာတွေ အကုန်လုံးက သူ့ကို အကူအညီ ပေးနိုင်လိမ့်မယ်။ သူဟာ အကျည်းတန်တဲ့ မျက်နှာ၊ အရုပ်ဆိုးတဲ့ ခြေထောက်ပိုင်ရှင် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ သူ့မှာ ခြောက်ပစ်ကင်း သဲလဲစင်တဲ့ ရွှေရောင်လီလီလေးတွေ ရှိတယ်။ ဒါ့အပြင် သူ့ရဲ့ သစ္စာရှိမှုနဲ့ မိန်းမသားတွေရဲ့ လျှို့ဝှက်ဘာသာစကားကို ရေးသားနိုင်မှု စွမ်းရည်တွေကို လူတကာအလယ်မှာ သက်သေပြနိုင်ရုံမကဘဲ သူတို့ ထုံးခိုရွာက ကောင်မလေးတစ်ယောက်ရဲ့ လောင်ထုံးတောင် ဖြစ်နေလိုက်သေးတယ်လေ”

မာမားနှင့် စိန်စိန်းတို့၏ ဆွေးနွေးပွဲသည် တစ်နေ့တစ်မျိုးနှင့် ဆုံးပဲ မဆုံးနိုင်တော့။ ကျွန်မ နေ့တိုင်း ခိုးနားထောင်ဖြစ်သည်။ ကျွန်မ မကြားခဲ့ရသော စကားမှာ ပါပါးနှင့် မာမားတို့၏ တီးတိုးစကားများသာ။ ထိုကိစ္စနှင့် ပတ်သက်၍ ခုတင်ပေါ်တွင် သူတို့နှစ်ဦး မည်သို့ ပြောဆိုဆွေးနွေးကြသည်ကို ကျွန်မ မသိခဲ့ရပေ။ အကယ်၍ ကျွန်မသာ လောင်ထုံးဖွဲ့ဖြစ်လျှင် အသုံးစရိတ်များ တစ်ပုံကြီး တိုးလာ၍ ပါပါးအတွက် ဝန်ပိလာပေတော့မည်။ လောင်ထုံးနှင့် နှစ်ဘက်မိသားစုအကြားတွင် အပြန်အလှန်အားဖြင့် လက်ဆောင်များကို မကြာမကြာ ပေးပို့ကြရမည်။ ကျွန်မတို့အိမ်သို့ ရွှယ်ဟွား လာလည်သည့်အခါများတွင် သူ့ကို ကျွေးမွေးဧည့်ခံရဦးမည်။ ထို့အပြင် ထုံးခိုရွာသို့ အလည်အပတ်သွားလျှင် ကုန်ကျဦးမည့် ကုန်ကျစရိတ်များ။ ၎င်းတို့မှာ ပါပါးအတွက် မနိုင်ဝန်များ ဖြစ်လာချေတော့မည်။ သို့သော် အောင်သွယ်တော်ဝမ် ပြောခဲ့သည့် အတိုင်းပင်၊ အခြေအနေ အားလုံးသည် ပါပါးကို မာမားက မည်သို့ သိမ်းသွင်းမည်နည်း ဆိုသည့်အချက်ပေါ်တွင် တည်မှီနေသည်။ စိန်စိန်းကလည်း စူးစူကို စည်းရုံးခြင်းဖြင့် အကူအညီ ပေးခဲ့သေးသည်။ မေရွက်၏ အနာဂတ်က ကျွန်မနှင့် တွဲယှက်နေပြီကော။ ယောက်ျားတို့၏ ဆုံးဖြတ်ချက်များကို ပြောင်းလဲသွားအောင် ဘယ်မိန်းမမျှ စွမ်းဆောင်နိုင်မည် မဟုတ်ဟု မည်သူ ပြောခဲ့ပါသနည်း။ မိုက်မဲလှပေစွ။

အတိုချုံ့ ပြောရမည်ဆိုလျှင် ကျွန်မ၏ မိသားစုသည် ကျွန်မ မျှော်လင့်ထားသည့် လမ်းကို ရွေးချယ်ခဲ့ကြသည်။ ယခု ဖြေရှင်းရမည့် နောက်ပြဿနာတစ်ခုမှာ … ရွှယ်ဟွားကို မည်သို့ စာပြန်ရမည်နည်း။ ရွှယ်ဟွားအား ပထမဦးဆုံးသော လက်ဆောင်အဖြစ် ပေးရန် ရည်ရွယ်၍ ကျွန်မကိုယ်တိုင် ချုပ်လုပ်ထားသော ဖိနပ်ပေါ်တွင် မာမားက ပန်းခက်တချို့ထိုးကာ ထပ်မံ အလှဆင်ပေးသည်။ သို့သော် ပြန်စာကို မည်သို့ ရေးရမည် ဆိုသည့် အပိုင်းတွင်မူ သူ ဘာမျှ မတတ်နိုင်ပေ။ ထုံးတမ်းစဉ်လာအားဖြင့် ပြန်စာကို ယပ်တောင်အသစ်ပေါ်တွင် ရေး၍ ပို့ပေးရမည်။ တစ်သက်တာ မခွဲတမ်း ပေါင်းသင်း နေထိုင်ကြတော့မည့် မင်္ဂလာဦး မောင်နှံနှစ်ဦးက အထိမ်းအမှတ် လက်ဆောင်များကို အပြန်အလှန် လဲလှယ်ကြသကဲ့သို့ လောင်ထုံးနှစ်ဦးကလည်း နွီစူးစာများ ရေးသားထားသည့် ယပ်တောင်များကို အပြန်အလှန် ပေးပို့ လဲလှယ်ကြသည်။ ကျွန်မ၏ ခေါင်းထဲ၌ ရှေးထုံးကို ချိုးဖောက်ရာရောက်သည့် မတူကွဲပြားသော အတွေးအကြံတစ်ခု ရှိနေသည်။

ရွှယ်ဟွား ပို့လာပေးသော ယပ်တောင်ထိပ်ရှိ ကနုတ်ပန်းခက်များကို မြင်ရသည့်အခါတွင် “ခက်လက်ယှက်ဖြာ၊ ရာထောင်မယွင်း၊ ရင်ချင်းဆက်သွယ်” ဟူသော ကဗျာစာသားကို သတိရမိသွားသည်။ ၎င်းသည်ပင် ကျွန်မ မျှော်လင့်တောင့်တနေသော မေတ္တာဖြစ်သည်။ နက်ရှိုင်းသည်။ အပြန်အလှန် ယှက်နွှယ်နေသည်။ ရာသက်ပန် ခိုင်မြဲနေသည်။ ကျွန်မသည် ဤယပ်တောင်ကို ကျွန်မတို့ နှစ်ဦးအကြားရှိ ချစ်ခြင်းမေတ္တာ၏ အထိမ်းအမှတ် ဖြစ်စေချင်သည်။ ကျွန်မ၏ အသက်အရွယ်မှာ ၇ နှစ်ကျော်ကျော်မျှသာ ရှိသေးသော်လည်း ကျွန်မတို့နှစ်ယောက်၏ လျှို့ဝှက်ပေးစာများကို သယ်ဆောင်ပေးမည့် ဤယပ်တောင်၏ အရေးပါမှုကို ကျွန်မ ကောင်းစွာ နားလည်ထားခဲ့သည်။

ရွှယ်ဟွား ပေးပို့လာသော ယပ်တောင်ပေါ်တွင်သာ ပြန်စာကို ရေးရန် ဆုံးဖြတ်ပြီးသော အခါတွင် ကျွန်မသည် စိန်စိန်းထံမှ အကူအညီ တောင်းခံရတော့သည်။ နွီစူးဖြင့် မည်သို့ စနစ်တကျ ပြန်စာ ရေးသားရသနည်း ဆိုသည့် ကိစ္စကို သူ့ထံမှ နည်းနာခံရသည်။ အထက်ပါ အကြောင်းအရာနှင့် ပတ်သက်၍ ကျွန်မတို့ တစ်နေကုန် ဆွေးနွေးတိုင်ပင်ကြသည်။ ပြန်လှန်ပေးပို့သော လက်ဆောင်ပစ္စည်းသည် ထုံးတမ်းစဉ်လာနှင့် ဆန့်ကျင်နေခဲ့ပါမူ ကျွန်မ ရေးသားမည့် နွီစူးပြန်စာသည် အစဉ်အလာ စည်းကမ်းများနှင့် တတ်နိုင်သမျှ ကိုက်ညီရန် လိုအပ်ပေလိမ့်မည်။ စိန်စိန်းက စာရွက်တစ်ရွက်ပေါ်တွင် ကျွန်မအစား ပြန်စာကို ဦးစွာ ရေးသားလိုက်သည်။ ဖတ်ကြည့်ရာတွင် သဘောကျ နှစ်သက်သောကြောင့် စုတ်တံကိုင်ကာ တစ်နေကုန် တစ်နေခမ်း စိတ်တိုင်းမကျမချင်း အရေးကျင့်ပါတော့သည်။ နောက်ဆုံး၌ ကျွန်မသည် ကျောက်ပြင်ပေါ်တွင် ရေစက်ချကာ မင်ခဲဖြင့် မဲမှောင်နေသော မင်များရအောင် သွေးယူလိုက်သည်။ ထို့နောက် မင်တို့ထားသော စုတ်တံကို လက်မ၊ လက်ညှိုးနှင့် လက်ခလယ်အကြားတွင် တည့်တည့်မတ်မတ် ဆုပ်ကိုင်ကာ ယပ်တောင်ထိပ်ဖျားရှိ ကနုတ်ပန်းခက်များ၏ အကြား၌ လီလီပန်း သေးသေးတစ်ပွင့်ကို ရေးဆွဲလိုက်သည်။ ပြန်စာကိုမူ ရွှယ်ဟွား၏ လှပသေသပ်သော စာလုံးများ၏ ဘေးကပ်လျက် အခေါက်ပေါ်တွင် ရေးရန် ဆုံးဖြတ်လိုက်သည်။ နိဒါန်းစကားကို ရေးရိုးရေးစဉ်အတိုင်း စတင်ကာ စာကိုယ်မှာလည်း ခန့်ညား၍ ပနံရလှသည်။

❝ ငါ နင့်ဆီ စာပြန်လိုက်ပါတယ်။ ငါ တစ်ခုလောက် ပြောပါရစေ။ ငါ့ရဲ့ ဘဝအခြေက ဆင်းရဲပြီး လူမှုစည်းကမ်းတွေကို နားမလည်ဘူးလို့ပဲ ဆိုဆို၊ ငါ့အနေနဲ့ နင်တို့မိသားစုလို ဆွေကြီး မျိုးကြီးတွေနဲ့ ဘယ်လိုမှ မလိုက်ဖက်ဘူးလို့ပဲ ပြောပြော၊ ငါ ဒီနေ့ နင့်ဆီကို ဒီစာရေးပြီး ပြောပြချင်တဲ့ အကြောင်းကတော့ ငါတို့နှစ်ယောက်ကို အတူဆုံဆည်းအောင် ကံကြမ္မာက လုပ်ပေးခဲ့တယ် ဆိုတဲ့ အချက်ပါပဲ။ နင်ပြောခဲ့တဲ့ စကားက ငါ့ရင်ထဲမှာ ရှိနေတဲ့ ငါ့ရဲ့ စိတ်ကူးနဲ့ တထေရာတည်းရယ်။ ငါတို့က ယွမ်းယန်ငှက်မောင်နှံတွေလေ။ ငါတို့က မြစ်ပေါ်က တံတားလေးတစ်စင်းပေါ့။ လူတွေအားလုံးက ငါတို့အတွဲကို အားကျနေကြတော့မှာ။ ငါ့ရဲ့ နှလုံးသားနဲ့ စစ်မှန်တဲ့ မေတ္တာက နင့်တစ်ယောက်တည်း အတွက်ပဲ ဆိုတာကို ယုံပါ။ ❞

ထိုစကားလုံးများ အားလုံးသည် ကျွန်မ၏ ရင်တွင်းမှ ပေါက်ဖွားလာခဲ့သော ရင်တွင်းဖြစ် စကားများ လုံးဝ မဟုတ်ခဲ့ပါ။ ဤသည်မှာလည်း သဘာဝ ကျပါသည်။ ၇ နှစ်အရွယ် ကလေးတစ်ယောက်သည် နက်ရှိုင်းသော ချစ်ခြင်းမေတ္တာ၊ စစ်မှန်သော ခင်မင်ရင်းနှီးမှုနှင့် သက်ဆုံးတိုင် မြဲမြံမည့် ကတိစကားတို့ကို မည်သို့မည်ပုံ နားလည် သဘောပေါက်နိုင်ပါဦးမည်နည်း။ ထို့အပြင် ကျွန်မတို့သည် တစ်ယောက်နှင့်တစ်ယောက် မြင်တွေ့ဖူးကြသေးသည် မဟုတ်။ ကျွန်မတို့ တွေ့ဆုံခွင့်ရပြီ ဆိုလျှင်ပင် ထိုသို့သော ခံစားချက်များကို ကျွန်မတို့ နားလည်နိုင်ဦးမည် မဟုတ်ပေ။ ၎င်းတို့မှာ ကျွန်မ၏ မင်တံအောက်မှ အက္ခရာမျှသာ ဖြစ်သည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ထိုသို့ အကောင်အထည် ပေါ်လာပါစေဟု မျှော်လင့်နေသော ကျွန်မ၏ ဆန္ဒမျှသာ ဖြစ်သည်။

ကျွန်မသည် ယပ်တောင်နှင့် ကိုယ်တိုင်ချုပ်လုပ်ထားသော ပန်းထိုးဖိနပ်ကို အဝတ်ဖြင့် အသေအချာ ထုပ်ပိုးပြီးနောက် ရွှယ်ဟွားထံသို့ အောင်သွယ်တော်ဝမ်အား ပို့ခိုင်းလိုက်သည်။ တကယ်တမ်း ပို့ခိုင်းပြီးသည့် အခါတွင်မူ ကျွန်မရင်ထဲ၌ စိုးရိမ်စိတ်များ လျှံတက်လာသည်။ ကျွန်မ၏ အခြေအနေသည် ရွှယ်ဟွား၏ မိသားစုနှင့် နှိုင်းစာလျှင် နိမ့်ကျလွန်းနေသလော။ ကျွန်မ၏ လက်ရေးလက်သားများကို တွေ့မြင်ရသည့် အခါတွင် ကျွန်မ၏ အောက်ကျနောက်ကျနိုင်မှုကို သတိထားမိသွားနိုင်သလော။ ဓလေ့ထုံးတမ်းကို ဖောက်ဖျက်လိုက်သည့် ကျွန်မ၏ အပြုအမူကြောင့် ကျွန်မကို စည်းကမ်းမဲ့သော ပရမ်းပတာ မိန်းကလေးတစ်ယောက်ဟု သူတို့ မှတ်ထင်သွားမည်လော။ သို့ဖြင့် ကျွန်မနှင့် အဆက်အသွယ် ဖြတ်ပစ်လိုက်ကြမည်လော။

ထိုသို့သော အတွေးများက ကျွန်မကို အချိန်ပြည့် နှိပ်စက်နေကြသည်။ ထိုအချိန်၌ ကျွန်မလုပ်နိုင်သည့် အလုပ်မှာ တိတ်တဆိတ် စောင့်ဆိုင်းနေရုံမျှသာ။ အမျိုးသမီးဆောင်ထဲ၌ သင်စရာ ရှိသည်တို့ကို ဆက်လက်သင်ယူရင်း အရိုးအခြင်များ ပြန်လည် သန်စွမ်းလာစေရန် ခြေအစုံကို အပြည့်အဝ အနားပေးထားရမည်။

ယပ်တောင်ပေါ်တွင် ရေးဆွဲထားသော ပုံနှင့်စာများကို အောင်သွယ်တော်ဝမ် မြင်သွားသည့်အခါတွင် သူ၏ နှုတ်ခမ်းများက အလိုမကျမှုကို ဖော်ပြနေကြသည်။ ထို့နောက် အတန်ကြာမှ ကျွန်မ၏ စိတ်စေတနာကို နားလည် သဘောပေါက်သွားသည့် ဟန်ဖြင့် ခေါင်းညိတ်ပြလေသည်။

“ညည်းတို့နှစ်ယောက်က တကယ့်ကို လိုက်ဖက်တဲ့ အတွဲပဲ။ ဒီကလေးမနှစ်ယောက်က ဇာတာလောက်တင် ကိုက်ညီတာ မဟုတ်ဘူး။ သူတို့ရဲ့ စိတ်ဓာတ်နဲ့ စရိုက်လက္ခဏာတွေကလည်း တစ်ထပ်တည်းပဲ။ ဒါတော့ အတော် စိတ်ဝင်စားစရာ ကောင်းသွားပြီ” သူ၏ နောက်ဆုံး စကားတစ်ခွန်းကြောင့် ရွှယ်ဟွား၏အကြောင်းကို ကျွန်မ သိချင်လာသည်။

“နောက်တစ်ဆင့်အနေနဲ့ကတော့ သူတို့ရဲ့ လောင်ထုံးဖွဲ့မှုကို တရားဝင် ဖြစ်သွားအောင် လုပ်ပေးဖို့ပဲ။ ဒီကလေးမနှစ်ယောက်ကို ကူဖောဘုရားကျောင်းဆီ ကျွန်မကိုယ်တိုင် ခေါ်သွားပြီး အဲဒီမှာ နှစ်ဦးသဘောတူ လက်မှတ်ထိုးခိုင်းမယ်။ ယောင်းမရေ … သူတို့ရဲ့ သွားရေးလာရေးကို ကျွန်မပဲ အစအဆုံး စီစဉ်ပေးပါ့မယ်။ လမ်းတော့ နည်းနည်းပါးပါး လျှောက်ရမှာပေါ့” အောင်သွယ်တော်ဝမ် သည် အဝတ်စ၏ ထောင့်လေးထောင့်ကို ကိုင်၍ ယပ်တောင်နှင့် ဖိနပ်များကို အသေအချာ ထုပ်ပိုးလိုက်သည်။ ထို့နောက် ကျွန်မ၏ လောင်ထုံး အလောင်းအလျာကို ပေးရန် ၎င်းတို့ကို သူနှင့်အတူ ယူဆောင်သွားလေတော့သည်။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *