ကျွန်မကို ခြေထုပ်ရန် ပြင်ဆင်မှုသည် မည်သူ တစ်ဦးတစ်ယောက်မျှ မမှန်းဆနိုင်လောက်အောင် အချိန်ကြာမြင့်ခဲ့သည်။ မြို့ပေါ်တွင် နေထိုင်ကြသော အိမ်ကြီးရခိုင်များမှ အမျိုးကောင်း သမီးကလေးများကို ၃ နှစ်သမီးအရွယ်မှာပင် ခြေထုပ်ပေးကြသည်။ ကျွန်မတို့နှင့် ဟိုးအဝေးတစ်နေရာတွင် တည်ရှိကြသော ပြည်နယ်တချို့တွင်မူ မိန်းကလေးများကို ယာယီသဘောအဖြစ်သာ ခြေစည်းပေးကြသည်။ သတို့သားလောင်း၏ အမြင်၌ ဆွဲဆောင်မှု ရှိစေရန် ပြုလုပ်ပေးကြခြင်းမျှသာ ဖြစ်သည်။ ထိုမိန်းကလေးများကို အသက် ၁၃ နှစ်အရွယ် ရောက်မှသာ ခြေစည်းပေးကြသည်။ ထို့အပြင် သူတို့၏ ခြေချောင်းရိုးများကလည်း ကျိုးပဲ့သွားခြင်း မရှိပေ။ ခြေစည်းထားသော သူတို့၏ ပတ်တီးစများကလည်း လျော့ရဲရဲမျှသာ။ အိမ်ထောင်ကျပြီးသွားသည်နှင့် သူတို့၏ ခြေထောက်များမှာ တစ်ဖန် လွတ်လပ်သွားကြပြန်သည်။ သို့မှသာ သူတို့၏ ခင်ပွန်းသည်များနှင့် လယ်ယာမြေထဲ၌ သူတို့ အလုပ်အတူတူ လုပ်နိုင်ကြပေမည်။
ဆင်းရဲနုံချာသော မိန်းကလေးများက ခြေထုပ်ရိုးထုံးစံ မရှိပေ။ သူတို့ဘဝ မည်သို့ အဆုံးသတ်သွားမည်ကို ကျွန်မတို့ သိထားကြသည်။ သူတို့သည် အစေခံများအဖြစ် ရောင်းချခံချင်လည်း ခံကြရမည်။ သို့မဟုတ်ပါက မွေးစားချွေးမအဖြစ် ကလေးဘဝကတည်းက ယောက္ခမလောင်း၏ အိမ်၌ သွားနေရမည်။ ထိုမိသားစုများက သူတို့ကို အိမ်ထောင်သားမွေး ပြုနိုင်သော အရွယ်ရောက်သည်အထိ ကျွေးမွေးထားကြမည်။ ကျွန်မတို့ နေထိုင်ကြီးပြင်းရာ ဤအလယ်အလတ်တန်းစား ရွာကလေးတွင် ကျွန်မကဲ့သို့သော မိန်းကလေးတစ်ယောက် အနေဖြင့် ပုံမှန်ဆိုလျှင် ၆ နှစ်သမီးအရွယ်မှ စပြီး ခြေထုပ်ရသည်။ နှစ်နှစ်ကြာမျှ ထုပ်လေ့ရှိကြသည်။
တာ့ကောနှင့် အပြင်မှာ ပြေးလွှားဆော့ကစားနေကြစဉ် အရွယ်ကတည်းက မာမားသည် ကျွန်မအတွက် ခြေစည်းဝတ်အဖြစ် အသုံးပြုနိုင်ရန်အတွက် ရှည်လျားသော ပိတ်ပြာစကို စတင် ပြုလုပ်နေခဲ့သည်။ မာမားသည် ကျွန်မအတွက် ပထမဆုံးသော ဖိနပ်တစ်ရံကို ကိုယ်တိုင်ကိုယ်ကျ ချုပ်လုပ်ပေးခဲ့ဖူးသည်။ သို့သော် ကွမ်ရင်ဘုံကျောင်း၌ ပသရန်အတွက် ခြေသေးဖိနပ်တစ်ရံကိုမူ ပို၍ပင် စိတ်ရှည်လက်ရှည် ဂရုတစိုက် ချုပ်လုပ်ခဲ့သေးသည်။ ထိုဖိနပ်သည် ၃.၅ စင်တီမီတာသာ ရှည်ပြီး မာမား၏ မင်္ဂလာခန်းဝင်ပစ္စည်းထဲမှ ကျန်ရှိသော အနီရောင် ပိုးထည်စဖြင့် ချုပ်လုပ်ထားသည်။
၎င်းမှာ ကျွန်မအပေါ် ထားရှိသော မာမား၏ ဂရုတစိုက်ရှိမှုကို ပထမဆုံးအကြိမ်မြောက် ရိုးတိုးရိပ်တိပ် ခံစားလိုက်ရခြင်း ဖြစ်သည်။
ကျွန်မနှင့်မေရွက်တို့ ခြောက်နှစ်ပြည့်သောအခါ မာမားနှင့် စိန်စိန်းတို့သည် ခြေထုပ်ပေးရန်အတွက် ဗေဒင်မေး၍ နေ့ကောင်းရက်သာ ရွေးကြသည်။ ခြေထုပ်ခြင်း စတင်ရန် အကောင်းဆုံးအချိန်မှာ ဆောင်းဦးကာလဖြစ်သည်ဟု သူတို့က ပြောကြသည်။ သို့သော် အကြောင်းအရင်းမှန်မှာ ဆောင်းပေါက်လာသည်နှင့်အမျှ ချမ်းစိမ့်သော ရာသီဥတုက ခြေထောက်များကို ထုံထိုင်းသွားအောင် အကူအညီ ပေးနိုင်သောကြောင့်သာ။ ကျွန်မ စိတ်လှုပ်ရှားနေခဲ့ပါသလော။ ဟင့်အင်း ဟုသာ ကျွန်မ ဖြေလိုပါသည်။ အဘယ်ကြောင့် ဆိုသော် ကျွန်မ အကြီးအကျယ် ထိတ်လန့်နေသောကြောင့်ပါတည်း။
တာ့ကျယ်၏ ခြေထုပ်သော အစောပိုင်း နေ့ရက်များကို မမှတ်မိနိုင်လောက်အောင် ထိုစဉ်က ကျွန်မ ငယ်လွန်းသေးသည်။ သို့သော် ဝူမိသားစုမှ ကောင်မလေး၏ အာခေါင်ခြစ်အော်သံကို မကြားဖူးသူ ဟူ၍ ကျွန်မတို့ရွာတွင် ရှိနိုင်အံ့မထင်။
မာမားသည် ဗေဒင်ဆရာဟူကို အိမ်အောက်ထပ်၌ ကြိုဆိုဧည့်ခံသည်။ ရေနွေးကြမ်း ငှဲ့ပေးပြီးနောက် သူ့အား ဖရဲစေ့တစ်ပန်းကန်ကို တည်ခင်းဧည့်ခံလေသည်။ ကောင်းကောင်းမွန်မွန် တွက်ချက်ပေးချင်လာအောင် မာမားက သူ့ကို တလေးတစား ဆက်ဆံသည်။ သူက ကျွန်မကို စတင် တွက်ချက်ပေးသည်။ ကျွန်မ၏ ဇာတာကိုကြည့်ပြီး တစ်ခဏကြာမျှ တွေးဆနေသည်။ ထို့နောက် သူက စကားဆိုလာသည်။
“ကျွန်တော် အဲဒီကလေးကို တွေ့ချင်တယ်” အခြေအနေမှာ ဖြစ်ရိုးဖြစ်စဉ် မဟုတ်သောကြောင့် ကျွန်မကို လာခေါ်စဉ် မာမား၏ မျက်နှာပေါ်တွင် စိုးရိမ်မှု အရိပ်အယောင်များ ပြည့်လျှမ်းနေလေသည်။ သူက ကျွန်မကို ဗေဒင်ဆရာအရှေ့သို့ ခေါ်ဆောင်လာပြီး ကျွန်မ၏ ပခုံးနှစ်ဘက်ကို သူ၏ လက်ချောင်းများဖြင့် တင်းတင်းဆုပ်ကိုင်ထားသည်။ ကျွန်မကို မလှုပ်ရှားနိုင်အောင် ဖမ်းဆုပ်ထားသော သူ၏ အပြုအမူက ကျွန်မကို တုန်လှုပ်သွားစေခဲ့သည်။ ထိုလူကြီးကလည်း မျက်တောင်မခတ်ဘဲ ကျွန်မကို ခြေဆုံးခေါင်းဆုံး အကဲခတ်နေသည်။
“မျက်လုံး၊ ကောင်းတယ်။ နား၊ ကောင်းတယ်။ အဲဒီပါးစပ်” ထိုစဉ် သူက မာမားကို လှမ်းကြည့်ပြီး ဆက်ပြောလိုက်သည်။
“သူက သာမန်ကလေးတစ်ယောက် မဟုတ်ဘူးနော်”
မာမားသည် စေ့ထားသော သွားများအကြားမှ ဝင်သက်ကို ရှိုက်သွင်းလိုက်သည်။ ၎င်းမှာ ဗေဒင်ဆရာတစ်ဦး၏ နှုတ်မှ ထွက်ကျလာသည့် အဆိုးရွားဆုံးသော ကြေညာချက်တစ်ခုပင်။
“တခြားလူနဲ့ ဆွေးနွေးကြည့်ဖို့ လိုလိမ့်ဦးမယ်” သူက ပြောသည်။
“ကျွန်တော်တို့ အောင်သွယ်တော်တစ်ယောက် သွားရှာလိုက်ရင် ကောင်းမယ်ထင်တယ်။ ဘယ်လို သဘောရလဲ”
ဗေဒင်ဆရာနှင့် အောင်သွယ်တော်တို့ လက်ဝါးချင်းရိုက်ကာ အကြံအဖန်လုပ်၍ ခွင်ဖန်နေသည်ဟု ယူဆမည့်သူ ရှိကောင်း ရှိနိုင်ပါသည်။ သို့သော် မာမားသည် တစ်စက္ကန့်မျှပင် တုံ့ဆိုင်းမနေဘဲ ချက်ချင်း သဘောတူလိုက်သည်။ သူ့စိတ်ထဲ၌ အင်မတန် ကြောက်ရွံ့နေ၍လော မဆိုနိုင်။ သို့မဟုတ် သူ့တာဝန် သူ့ဝတ္တရားဟု ခံယူထားသောကြောင့်လည်း ဖြစ်နိုင်ပါသည်။ သူသည် ငွေရေးကြေးရေးအတွက် ပါပါး၏ သဘောတူ ခွင့်ပြုချက်ကိုပင် တောင်းခံမနေတော့ပေ။
“မြန်မြန် ပြန်လာခဲ့ပါရှင်” မာမားက ပြောသည်။
“ကျွန်မတို့ ဆရာ့ကို စောင့်နေပါ့မယ်”
ဗေဒင်ဆရာ ထွက်ခွာသွားသည့်အခါတွင် ကျွန်မတို့အားလုံး အတွေးကိုယ်စီဖြင့် ရှုပ်ထွေးစွာ ကျန်ရစ်ခဲ့ကြသည်။ ထိုနေ့ညက မာမား နှုတ်ဆိတ်နေခဲ့သည်။ တကယ်တော့ သူ ကျွန်မကို တစ်ချက်ကလေးမျှပင် ကြည့်ဖော်မရခဲ့ပါ။ စိန်စိန်းကလည်း ရယ်စရာပြက်လုံးများ မထုတ်တော့။ နိုင်နိုင်းသည် အခန်းထဲသို့ စောစော ဝင်သွားပြီး အခန်းထဲမှ ဘုရားရှိခိုးသံကို ကျွန်မ ကြားနေရသည်။ ပါပါးနှင့် စူးစူတို့က အဝေးကြီးသို့ လမ်းလျှောက်ထွက်သွားကြသည်။ အိမ်တွင်းရာသီဥတု ထိုင်းမှိုင်းနေသည်ကို သတိထားမိ၍ပေလော မသိ။ ကျွန်မ၏ မောင်ဖွားနှစ်ယောက်ပင် မှိုင်တိုင်တိုင် ဖြစ်နေကြသည်။
နောက်တစ်နေ့တွင် အိမ်ရှိ အမျိုးသမီးများ စောစောထကြသည်။ အချိုပွဲ ကိတ်မုန့်များ ဖုတ်ပြီးလေပြီ။ ဂန္ဓမာလက်ဖက်ရည်အိုးလည်း အဆင်သင့် နှပ်ထားပြီးပြီ။ ထို့နောက် အထူးဟင်းလျာများကိုလည်း ကြောင်အိမ်ထဲမှ ထုတ်လာကြသည်။
ပါပါးသည် အိမ်သို့ ကြွရောက်လာမည့် ဧည့်သည်တော်များကို ကြိုဆိုရန်အတွက် ယနေ့ ယာထဲသို့ မဆင်းပေ။ ဤသို့သော ထူးခြားမှု အစုစုက လက်ရှိ အခြေအနေ၏ လေးနက်မှုကို ပြသနေကြသည်။ အခြေအနေကို ပိုမို၍ ဆိုးဝါးစေသည့် အချက်မှာ ဗေဒင်ဆရာ ခေါ်လာသောသူသည် ရွာခံဖြစ်သူ အောင်သွယ်တော်ကောင်း မဟုတ်ဘဲ ဤခရိုင်အတွင်းမှ အချမ်းသာဆုံး ရွာကြီးဖြစ်သော ထုံးခိုရွာ၏ အောင်သွယ်တော်ဝမ် ဖြစ်နေခြင်းပင်။
ဤနေရာတွင် ပြောစရာ ရှိသည်မှာ ရွာခံ အောင်သွယ်တော်ပင် ကျွန်မတို့အိမ်သို့ မရောက်ဖူးသေးပါ။ ကျွန်မတို့ဆီသို့ လာရန် အောက်ထစ်ဆုံး တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့် စောင့်ရပေဦးမည်။ ထိုအချိန်ရောက်လျှင် တာ့ကောအတွက် ဇနီးလောင်း ရှာပေးရန် အတွက်လည်းကောင်း၊ တာ့ကျယ်အတွက် ခင်ပွန်းလောင်း ရွေးချယ်ပေးရန် အတွက်လည်းကောင်း အောင်သွယ်တော်အဖြစ် ဆောင်ရွက်ပေးရန်အလို့ငှာ ရောက်ရှိလာပေလိမ့်မည်။ သို့ဖြင့် အောင်သွယ်တော်ဝမ်၏ ဝေါယာဉ်က ကျွန်မတို့၏ အိမ်ရှေ့တွင် ရပ်တန့်သွားသောအခါ မည်သူမျှ ဝမ်းမမြောက်နိုင်ကြပေ။ အမျိုးသမီးဆောင်ထဲမှနေ၍ အောက်ဘက်သို့ ငုံ့ကြည့်လိုက်စဉ် ဘေးဘီအိမ်မှ လူများသည် အိမ်ပြင်ထွက်ကာ တအံ့တဩ ငေးမောနေကြသည်ကို ကျွန်မ တွေ့လိုက်ရသည်။ ပါပါးက ဦးခေါင်းကို နှိမ့်ကာနှိမ့်ကာဖြင့် အရိုအသေ ပေးနေသည်။ သူ၏ နဖူးက မြေကြီးပေါ်ရှိ ဖုန်မှုန့်များနှင့် အကြိမ်ကြိမ် ပွတ်တိုက်နေလေတော့သည်။ ထိုမြင်ကွင်းကို မြင်ရသည့်အခါ ကျွန်မ၏ရင်ထဲ ဆို့နင့်သွားသည်။ ပါပါးသည် အစိုးရိမ်ကြီးသူတစ်ယောက် ဖြစ်သည်။ တကယ့်ကို ရေမရောသော ယုန်နှစ်ဖွား တစ်ယောက်ပါပေ။ ဤအိမ်အတွင်းရှိ မိသားစုဝင်တိုင်းအပေါ်တွင် သူ အစွမ်းကုန် တာဝန်ကျေပွန်ခဲ့ပါသည်။ သို့သော် ယခုကဲ့သို့သော အခြေအနေမျိုးကို သူ တစ်ခါမျှ မတွေ့မကြုံခဲ့စဖူး။ စူးစူကလည်း ဟိုယောင်ယောင် ဒီယောင်ယောင် လျှောက်သွားနေသည်။ ဖော်ရွေ၍ ပျော်ပျော်ရွှင်ရွှင် နေလေ့ရှိသော စိန်စိန်းသည်ပင် စူးစူ၏ နံဘေး၌ တောင့်တောင့်ကြီး ရပ်နေလေသည်။ အိမ်ပေါ်ထပ်မှ လှမ်းမြင်နေရသော လူတစ်ဦးချင်းစီ၏ မျက်နှာသွင်ပြင်သည် ကောက်ချက်တစ်ခုချရန် လုံလောက်သော သက်သေအထောက်အထားများ ဖြစ်နေကြသည်။ တစ်ခုခုတော့ လွဲနေချေပြီတကား။
သူတို့အားလုံး အထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ကျွန်မသည် ခိုးနားထောင်နိုင်ရန်အတွက် လှေကားအပေါ်ဆုံးအထစ်သို့ တိတ်တဆိတ် လျှောက်သွားသည်။ အောင်သွယ်တော်ဝမ် နေရာယူပြီးသည့်အခါ သူ့ကို လက်ဖက်ရည်နှင့် အချိုပွဲတို့ဖြင့် ဧည့်ခံကြသည်။ ပါပါးထံမှ ပဋိသန္တာရစကားတချို့ ထွက်ပေါ်လာသည့်အချိန်တွင် သူ့အသံက တိုးညင်းလွန်းနေသည်။ သို့သော် အောင်သွယ်တော်ဝမ်သည် ချို့ငဲ့သော ဤအိမ်ကလေးသို့ အချည်းနှီးသော စကားများ ပြောရန် လာရောက်ခဲ့ခြင်း မဟုတ်ပေ။ သူ၏ ရည်ရွယ်ချက်မှာ ကျွန်မကို တွေ့ရန် ဖြစ်သည်။ ရှေ့တစ်ရက်ကကဲ့သို့ ကျွန်မကို အောက်ထပ်သို့ ဆင်းလာရန် လှမ်းခေါ်သည်။ ခြေဖဝါးများက မည်မျှပင် ကြီး၍ လှုပ်ရှားမှုက မည်မျှပင် ထောင့်တောင့်တောင့် ဖြစ်နေပါစေ၊ အသက် ခြောက်နှစ်သာ ရှိသေးသော ကျွန်မသည် သိမ်မွေ့နိုင်သမျှ သိမ်မွေ့ကာ အိမ်ဦးခန်းထဲသို့ ဆင်မယဉ်သာ လျှောက်ဝင်သွားလိုက်သည်။
အခန်းထဲမှ လူကြီးများကို ကျွန်မ ဝေ့ကြည့်လိုက်သည်။ အချိန်ကာလ၏ တိုက်စားမှုကြောင့် မှတ်ဉာဏ်၏ အစိတ်အပိုင်းတချို့ ပွန်းပဲ့ကြွေလွင့် သွားတတ်သည်ဟု ဆိုရသော်ငြားလည်း ထိုနေ့ထိုရက်က သူတို့၏ မျက်နှာသွင်ပြင်များသည် ကျွန်မ၏ မှတ်ဉာဏ်ထဲ၌ အရာမယွင်းဘဲ ထင်ထင်ရှားရှား ရှိနေကြပါသေးသည်။ နိုင်နိုင်းသည် လက်ချောင်းဆယ်ချောင်းကို ပတ္တာဆက်ကာ ထိုင်နေပြီး မျက်လုံးများက သူ့လက်ချောင်းများကို ငေးစိုက်ကြည့်နေကြသည်။ သူ၏ အသားအရေက ပါးလျားလျော့ရဲနေကာ နားသယ်စပ်မှ သွေးကြောစိမ်းစိမ်းများကိုပင် တွေ့မြင်နေရသည်။ ပါပါးက စိတ်နောက်ကျုစွာဖြင့် စကားတစ်ခွန်းမျှ မပြောဘဲ ငုတ်တုတ်ထိုင်နေသည်။ စူးစူနှင့် စိန်စိန်းတို့ကလည်း ဝင်ပေါက်ဝနားတွင် ယှဉ်တွဲ ရပ်နေကြသည်။ ဖြစ်ပေါ်လာတော့မည့် အရေးအခင်း၌ ပါဝင်ရန် စိုးရွံ့နေသကဲ့သို့ လွတ်သွားမည်ကိုလည်း စိုးထိတ်နေကြသည့်နှယ်။ ကျွန်မအတွက် မေ့မရနိုင်ဆုံးသော အရာမှာ မာမား၏ မျက်နှာသာ ဖြစ်တော့သည်။ သူ၏ သမီးကညာတစ်ယောက်အနေဖြင့် သူ့ကို အမှန်ပင် လှပသည်ဟု ကျွန်မ ယူဆသည်။ သို့သော် သူ၏ စိတ်ရင်းစေတနာကို ထိုနေ့ရောက်မှသာ ကျွန်မ မှန်မှန်ကန်ကန် တွေ့မြင်ခွင့် ရခဲ့ခြင်း ဖြစ်သည်။ သူ့ကို မျောက်နှစ်မွေးသူတစ်ယောက် ဖြစ်မှန်း ယခင်ကပင် သိထားပြီး ဖြစ်သော်လည်း သူ၏ စရိုက်လက္ခဏာများထဲတွင် ထိုကဲ့သို့သော ပါးနပ်ချက်ချာမှုမျိုး တည်ရှိနေမှန်း ယခင်က သတိမထားမိခဲ့စဖူး။ သူ၏ မေးရိုးကားကားကြီး အောက်တွင် အရိုင်းဆန်မှုများကို သိုဝှက်ထားခဲ့သည်။ နက်မှောင်သော သူငယ်အိမ်တို့၏ နောက်ကွယ်တွင် အကွက်ချ ကြံစည်မှုများက ပုန်းအောင်းနေကြသည်။ ထို့နောက် … ထို့နောက် … မည်သို့ နာမည်တပ်ရမည်မှန်း မသိသေးသည့် အရာများ။ ယောက်ျားသားတစ်ယောက် ကဲ့သို့သော အကြံကြီးမှုက သူ၏ အရေပြားပေါ်တွင် တဖိတ်ဖိတ် တောက်နေကြသည်ဟုသာ ကျွန်မ ဆိုလိုက်ချင်တော့သည်။
အောင်သွယ်တော်ဝမ်၏ အရှေ့တွင် ကျွန်မကို မတ်မတ် ရပ်ခိုင်းထားသည်။ သူ ဝတ်ဆင်ထားသော ပိုးထည်ဝတ်ရုံကို လှပသည်ဟု ကျွန်မ ထင်သည်။ သို့သော် ကလေးတစ်ယောက်က အလှတရားကို မည်သို့ ခံစားတတ်ပါဦးမည်နည်း။ ယခုအချိန် ပြန်စဉ်းစားကြည့်လျှင် ထိုသို့သော ဝတ်စားဆင်ယင်မှုသည် တောက်ပြောင်လွန်းနေပြီး မုဆိုးမတစ်ယောက်နှင့် လိုက်ဖက်ခြင်း မရှိဟု ယူဆနိုင်သည်။ သို့သော် ထိုစဉ်က အောင်သွယ်တော်သည် သာမန် မိန်းမတစ်ယောက် မဟုတ်ချေ။ သူသည် ယောက်ျားများနှင့် ကူးလူးဆက်ဆံရသည်။ တင်တောင်းမည့် ငွေကြေးဥစ္စာကို ဆွေးနွေးညှိနှိုင်းရသည်။ သတို့သမီး၏ ခန်းဝင်ပစ္စည်းအတွက် ဈေးဆစ်ပေးရသည်။ ထို့အပြင် ခမည်းခမက်အိမ်များသို့ ဟိုဒီ ပြေးလွှားနေရပြန်သည်။ အောင်သွယ်တော်ဝမ်သည် ကျယ်လောင်စွာ အော်ရယ်တတ်ပြီး သူ၏ စကားလုံးများက ပက်ကျိရှုံးလောက်အောင် ချွဲပစ်နေသည်။ သူက ကျွန်မကို ရှေ့သို့ ကြည့်ခိုင်းပြီး ကျွန်မကို သူ၏ ဒူးနှစ်လုံးဖြင့် ညှပ်ထားကာ ကျွန်မ၏ မျက်နှာကို ပေါက်ထွက်လုမတတ် စိုက်ကြည့်နေသည်။ ထိုခဏမှာပင် ကျွန်မသည် လူအများ လျစ်လျူရှုခံရသော ကိုယ်ပျောက်လူသားဘဝမှ အများ၏ အကြည့်ကို ဖမ်းစားနိုင်သည့် ညှို့ဓာတ်ရှိသော ရူပါရုံတစ်ခု အဖြစ်သို့ ပြောင်းလဲလာခဲ့သည်။
အောင်သွယ်တော်ဝမ်က ဗေဒင်ဆရာထက် ပိုပြီး စေ့စပ်သေချာသည်။ သူက ကျွန်မ၏ နားပန်များကို ညှစ်ကြည့်သည်။ လက်ညှိုးများဖြင့် ကျွန်မ၏ အောက်မျက်ခမ်းများကို အောက်သို့ ဆွဲကြည့်သည်။ ထို့နောက် ကျွန်မကို အထက်အောက်ဝဲယာ ကြည့်ရန် ညွှန်ကြားသည်။ သူ၏ လက်ဖဝါးနှစ်ဘက်ဖြင့် ကျွန်မ၏ ပါးပြင်နှစ်ဘက်ကို ညှပ်ထားပြီး ဘယ်ညာလှည့်ကြည့်သည်။ ကျွန်မ၏ လက်တစ်ဘက်ကို ဆတ်ကနဲ ဆွဲမြှောက်ကာ ပခုံးမှ လက်ကောက်ဝတ်တိုင်အောင် သူ့လက်တစ်ဘက်ဖြင့် ကြမ်းတမ်းစွာ ဖိညှစ်သွားသည်။ ထို့နောက်တွင် သူ၏ လက်ဖဝါးနှစ်ဘက်က ကျွန်မ၏ တင်ပါးပေါ်သို့ ရောက်လာကြသည်။ ကျွန်မ၏ အသက်မှာ ယခုမှ ၆ နှစ် ပြည့်ရုံမျှသာ ရှိသေးသည်။ ကလေးမွေးနိုင်စွမ်းကို မည်သို့ စစ်ဆေးနိုင်ဦးမည်နည်း။ သို့သော် သူကတော့ သူ့ထုံးစံအတိုင်း လုပ်မြဲ လုပ်နေသည်။ မည်သူကမျှလည်း တားမြစ်ခြင်း မပြုကြ။
ထို့နောက် သူသည် အံ့ဩဖွယ် အကောင်းဆုံးသော အပြုအမူတစ်ခုကို ပြုလုပ်လိုက်သည်။ ထိုင်နေရာမှ ထကာ ကျွန်မကို သူ့ထိုင်ခုံတွင် ဝင်ထိုင်ခိုင်းခြင်း ဖြစ်သည်။ ကျွန်မအနေဖြင့် ကြည့်လျှင် ထိုသို့ ပြုလုပ်ခြင်းမှာ လွန်စွာ ရိုင်းပျသော အပြုအမူ ဖြစ်သည်။ ကျွန်မသည် မာမားကိုတစ်လှည့်၊ ပါပါးကိုတစ်လှည့် ကြည့်ကာ မည်သို့ ဆက်လုပ်ရမည်ကို စစ်ကူတောင်းကြည့်သည်။ သို့သော် သူတို့သည် အိမ်တွင် မွေးထားသော အကောင်ပလောင်များကဲ့သို့ မလှုပ်မယှက် ငူငူကြီး ရပ်နေကြသည်။ ပါပါး၏ မျက်နှာက ညိုမဲနေသည်။ ထိုစဉ်က သူ မည်သို့ စဉ်းစားနေသည်ကိုပင် ကျွန်မ ခန့်မှန်းကြည့်နိုင်သည်။ ဤသို့ စဉ်းစားနေပေလိမ့်မည်။ သူ့ကို မွေးထုတ်လိုက်သည်နှင့် တပြိုင်နက် အဘယ်ကြောင့် ချောင်းထဲသို့ ချက်ချင်း မစွန့်ပစ်ခဲ့မိသနည်း။
အောင်သွယ်တော်ဝမ်သည် ခရိုင်အတွင်းရှိ အခြားသော ထင်ပေါ်ကျော်ကြားသည့် အောင်သွယ်တော်များကဲ့သို့ တုဏှိဘာဝေ နေတတ်သည့် သိုးအုပ်၏ ဆုံးဖြတ်ချက်ချခြင်းကို စောင့်မျှော်နေမည့်သူ မဟုတ်ပေ။ သူက ကျွန်မကို ချီမြှောက်လိုက်ပြီး ထိုင်ခုံပေါ် ပွေ့တင်လိုက်သည်။ ထို့နောက် သူသည် ကျွန်မရှေ့တွင် ဒူးထောက်ထိုင်ချကာ ကျွန်မ၏ ဖိနပ်နှင့် ခြေအိတ်များကို တစ်ခုမကျန် ချွတ်ပေးနေသည်။ အခန်းထဲ၌ နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်သည်။ သူသည် မဆွက ကျွန်မ၏ မျက်နှာကို လုပ်သကဲ့သို့ ကျွန်မ၏ ခြေဖဝါးများကိုလည်း ဘယ်ပြန်ညာပြန် လှည့်ကြည့်နေသည်။ ထို့နောက် သူ၏ လက်မလက်သည်းဖြင့် ကျွန်မ၏ ခြေဖဝါးအခွက်ကို ထက်အောက်စုန်ဆန် ပွတ်ဆွဲကြည့်နေတော့သည်။
အောင်သွယ်တော်ဝမ်က ဗေဒင်ဆရာကို လှမ်းကြည့်ပြီး ခေါင်းညိတ်ပြသည်။ သူက မတ်တတ်ရပ်လိုက်ပြီး သူ့လက်ညှိုးကို ကွေးချည်ဆန့်ချည်ဖြင့် ကျွန်မကို ထိုင်ခုံမှ ထရန် အချက်ပြနေတော့သည်။ သူ နေရာတကျ ပြန်ထိုင်ပြီးသည်နှင့် ဗေဒင်ဆရာက လည်ချောင်းရှင်းလိုက်သည်။
“ခင်ဗျားသမီးရဲ့ အခြေအနေက လူတကာထက် ပိုပြီး ထူးခြားနေတယ်။ မနေ့တုန်းကတည်းက ကျွန်တော် အတော်အတန် ရိပ်စားမိနေပါပြီ။ သေချာသွားအောင်လို့ ဒီနေ့ အောင်သွယ်တော်ဝမ်ကို တကူးတက လာစစ်ဆေးကြည့်ခိုင်းရတာပဲ။ သူလည်း ကျွန်တော်ရဲ့ အမြင်ကို လုံးဝ လက်ခံသဘောတူတယ်။ ခင်ဗျားသမီးရဲ့ မျက်နှာက ပိန်ပိန်ရှည်ရှည်လေးဆိုတော့ ဆန်စေ့တစ်စေ့ လိုပဲ။ သူ့ရဲ့ ပြည့်ဖောင်းတဲ့ နားပန်အရ သူဟာ သဘောထားပြည့်ဝတဲ့ လူတစ်ယောက်လို့ အဓိပ္ပာယ် ရတယ်။ ဒါပေမယ့် အရေးအကြီးဆုံးက သူ့ရဲ့ ခြေထောက်တွေပဲ။ သူ့ရဲ့ ခြေဖဝါးအခွက်က အင်မတန်မှ မြင့်တယ်။ ဒါပေမယ့် အပြည့်အဝ မဖွံ့ဖြိုးသေးဘူး။ အဲဒါ ဘာကို ဆိုလိုသလဲဆိုတော့ ကလေးအမေ … ခင်ဗျား သူ့ကို ခြေစည်းပေးဖို့အတွက် နောက်ထပ် တစ်နှစ်လောက် ထပ်စောင့်ရဦးမယ်” သူ၏ ပြောစကားကို တခြားလူက ကြားဖြတ်ဝင်ပြောသည်ကို တားမြစ်နေသည့်နှယ် သူ့လက်တစ်ဘက်ကို အထက်သို့ မြှောက်တင်လိုက်သည်။
“အသက် ၇ နှစ်ရောက်မှ ခြေစည်းတယ် ဆိုတာဟာ ကျွန်တော်တို့ရွာရဲ့ ထုံးစံတော့ မဟုတ်ပါဘူး။ ဒါကို ကျွန်တော် သိပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ သမီးကို အသေအချာ လေ့လာကြည့်လိုက်ရင် ခင်ဗျားတို့လည်း သဘောပေါက်လာမှာပါ …”
ဗေဒင်ဆရာဟူက စကားကို တဒင်္ဂမျှ ရပ်တန့်လိုက်သည်။ နိုင်နိုင်းသည် လိမ္မော်သီးပန်းကန်ကို သူ့ရှေ့သို့ တိုးပေးလိုက်သည်။ သို့ဖြင့် သူ၏ အတွေးများကို စုစည်းရန် အချိန်ရသွားဟန် တူသည်။ သူက လိမ္မော်သီးတစ်လုံးကို ကောက်ယူကာ အခွံနွှာပြီး အခွံကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။ လိမ္မော်သီးတစ်စိတ်ကို သူ့ပါးစပ်ထဲသို့ ပစ်မထည့်ခင် စကားဆက်ပြန်သည်။
“ခြောက်နှစ်အရွယ်မှာ အရိုးတွေက ပျော့ပျော့ပျောင်းပျောင်း ရှိသေးတယ် ဆိုပေမယ့် ခင်ဗျားသမီးအနေနဲ့ကျတော့ ဒီအသက်အရွယ်မှာ အပြည့်အဝ မဖွံ့ဖြိုးသေးဘူး။ ခင်ဗျားတို့ရွာအတွက်တော့ ဒီနှစ်ပိုင်းတွေက အင်မတန်မှ ခက်ခဲကြတာကိုးဗျာ။ ဒါကြောင့် ဒီရွာထဲမှာ ရှိတဲ့ တခြားကလေးမတွေလည်း ဒီအတိုင်းပဲ ဖြစ်နေမယ်ထင်တယ်။ ဒါ ရှက်စရာ မဟုတ်ပါဘူး”
ထိုအချိန်အထိ ကျွန်မတို့၏ မိသားစုသည် တခြားမိသားစုနှင့် တစ်စုံတစ်ရာ ကွာခြားနေနိုင်သည်၊ သို့မဟုတ် ကျွန်မသည် တခြားသူနှင့် တစ်စုံတစ်ရာ ကွာခြားနေနိုင်သည်ဟု ကျွန်မ တစ်ကြိမ်တစ်ခါမျှ မတွေးခဲ့ဖူးပေ။
ဗေဒင်ဆရာဟူသည် လိမ္မော်သီးတစ်စိတ်ကို သူ့ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ပြီး တွေးရင်းတောရင်း ဝါးစားနေသည်။ ထို့နောက် ဆက်ပြောသည်။
“ခင်ဗျားသမီးက အာဟာရချို့တဲ့လို့ သေးကွေးတာအပြင် သူ့ရဲ့ ဖဝါးအခွက်ကလည်း သာမန်လူတွေထက် ပိုမြင့်နေတယ်။ ဆိုလိုတာကဗျာ … တကယ်လို့သာ အခုချိန်မှာ အမြော်အမြင် ရှိရှိ ကြံဆောင်နိုင်မယ်ဆိုရင် ကျွန်တော်တို့ ခရိုင်ထဲမှာ အကောင်းဆုံးဖြစ်တဲ့ ပြစ်မျိုးမှဲ့မထင်တဲ့ ခြေတစ်စုံကို သူ ပိုင်ဆိုင်လာလိမ့်မယ်”
ဗေဒင်ဆရာပြောသော စကားများကို တချို့သောလူများက ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။ သူတို့၏ စကားများကို ယေဘုယျကျသော အကြံပြုချက်များဟုသာ တချို့သော လူများက ယူဆကြလိမ့်မည်။ မည်သို့ပင်ဆိုစေ၊ ဆောင်းဦးရာသီသည် ခြေစည်းရန် အကောင်းဆုံးရာသီ ဖြစ်ပြီး နွေဦးရာသီသည် ကလေးမွေးရန် အကောင်းဆုံး အခါသမယ ဖြစ်သည်။ လေညင်းတဖြူးဖြူး တိုက်ခတ်နေသည့် လှပသော တောင်ကုန်းကလေးသည် ကွယ်လွန်သူများကို ဖုတ်ကျည်းသင်္ဂြိုဟ်ရန် ဖုန်းရွှေအကောင်းဆုံး နေရာတစ်ခု ဖြစ်သည်။ သို့သော် ဤဗေဒင်ဆရာက ကျွန်မကိုယ်ပေါ်မှ တစ်စုံတစ်ရာကို တွေ့ရှိသွားခဲ့ပြီး ၎င်းသည် ကျွန်မ၏ ဘဝလမ်းကြောင်းကို ပြောင်းလဲပစ်ခဲ့လေသည်။ ထိုအချိန်ထိ အခန်းထဲတွင် တိတ်ဆိတ်မှုက ကြီးစိုးနေဆဲ။ မည်သည့်နေရာတွင်မှ ပျော်ရွှင်မှု အငွေ့အသက်ကို မတွေ့ရချေ။ ပို၍ ဆိုးဝါးသော အရာများက ရှေ့တွင် ငံ့လင့်နေကြောင်း ကျွန်မ သိရှိနေသည်။
အောင်သွယ်တော်ဝမ်၏ အသံက ဆိတ်ငြိမ်နေမှုကို ဖြိုခွဲလိုက်သည်။
“ဒီကောင်မလေးက အင်မတန်မှ ချစ်စရာကောင်းပါတယ်။ ဒါပေမယ့် ရွှေရောင်လီလီလေးတွေ ပိုင်ဆိုင်ထားဖို့ရာက ဒီလှတပတ မျက်နှာလေးထက် ပိုပြီး အရေးကြီးတယ် မဟုတ်လား။ လှတပတ မျက်နှာလေးကတော့ မိုးနတ်မင်းကြီးရဲ့ ကျေးဇူးတော်ပေါ့လေ။ သို့ကလို ဆိုပေမယ့် သေးလျတဲ့ ခြေတစ်စုံက သူ့ရဲ့ လူမှုအဆင့်အတန်းကို ပိုပြီး မြင့်သွားအောင် မြှင့်တင်ပေးနိုင်တယ်။ ဒီကိစ္စမှာ ရှင်တို့တတွေရဲ့ အမြင်က ကျွန်မနဲ့ ထပ်တူကျနေမှာပါပဲ။ အဲ … ဘယ်လို ဆက်လုပ်ကြမလဲ ဆိုတာကိုတော့ ကလေးအဖေပဲ ဆုံးဖြတ်ပေတော့” သူက ပါပါးကို တည့်တည့်ကြီး စိုက်ကြည့်နေသည်။ ထို့နောက် သူ ဆက်ပြောသည့် စကားလုံးများသည် မာမားကို တမင် ရည်ရွယ်ပြီး ပြောနေဟန် တူသည်။
“ကိုယ့်အိမ်က သမီးကညာအတွက် လင်ကောင်းသားကောင်း ရှာပေးတဲ့ကိစ္စကလည်း ဆိုးယုတ်တဲ့ ကိစ္စမျိုးတော့ မဟုတ်ဘူး။ ဂုဏ်သရေရှိတဲ့ မိသားစုနဲ့ ခမည်းခမက် တော်လိုက်ရရင်ဖြင့် ရှင်တို့ရဲ့ လူမှုအဆင့်အတန်းကိုလည်း မြှင့်တင်ပေးသွားနိုင်တယ်။ မက်မောလောက်စရာ မင်္ဂလာကြေးအပြင် ရေရှည်မှာလည်း စီးပွားရေးအရရော လူမှုရေးအရပါ ရှင်တို့အတွက် မှီခိုအားထားရာတစ်ခု ဖြစ်လာနိုင်တယ်။ ဒီနေ့ ရှင်တို့တတွေ ကျွန်မကို အခုလို နွေးနွေးထွေးထွေး ကြိုဆိုဧည့်ခံတဲ့အပေါ် ကျွန်မ အကျေနပ်ကြီး ကျေနပ်မိပါတယ်” သူက စိတ်မပါ့တပါဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။ ကျွန်မတို့အိမ်၏ ချို့တဲ့နုံချာမှုကို အထူးပြုလိုဟန်ဖြင့် ဆက်ပြောသည်။
“ရှင်တို့သမီးရဲ့ ကံကြမ္မာက ရှင်တို့ မိသားစုအတွက် ရတောင့်ရခဲတဲ့ အခွင့်အရေးကောင်း တစ်ခုပဲ။ တကယ်လို့သာ ကလေးအမေက ကိုယ့်တာဝန်ကို ကျေပွန်အောင် လုပ်နိုင်မယ်ဆိုရင်တော့ ဒီလို အညတရ ကလေးမလေးတစ်ယောက်က ထုံးခိုမှာ ရှိတဲ့ မိသားစုကြီးတစ်ခုရဲ့ ချွေးမလည်း ဖြစ်သွားနိုင်တယ်”
ထုံးခို ဆိုပါကလား။
“အဲဒီလို ဖြစ်နိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ” ပါပါးက သတိကြီးစွာဖြင့် ပြောလိုက်သည်။
“ဒါပေမယ့် ကျွန်တော်တို့ မိသားစု အခြေအနေက ခင်ဗျား မြင်တဲ့အတိုင်းပဲလေ။ ကျွန်တော်တို့ ခင်ဗျားအတွက် အောင်သွယ်ကြေးကို ပေးနိုင်မယ် မထင်ဘူး”
“ဒီမယ် ကလေးအဖေ” အောင်သွယ်တော်ဝမ်က နူးညံ့သော လေသံဖြင့် ပြန်ဖြေသည်။
“ရှင့်သမီးရဲ့ ခြေထောက်သာ ကျွန်မမျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာခဲ့မယ်ဆိုရင် သတို့သားဘက်က ရမယ့် ဟုန်ပေါင်းနဲ့တင် ကျွန်မအတွက် လုံလောက်နေပါပြီ။ နောက်ပြီး ရှင်တို့လည်း မင်္ဂလာကြေးအနေနဲ့ လက်ဆောင်ပဏ္ဏာတွေ ဖောဖောသီသီကြီး ရလိမ့်ဦးမယ်။ ကဲ ကြည့်လေ၊ ရှင်တို့ရော ကျွန်မရော အားလုံးအတွက် အကျိုးရှိတဲ့ ကိစ္စပဲ မဟုတ်လား”
ပါပါးထံမှ တုံ့ပြန်သံ မကြားရ။ ယခင်ကလည်း သူသည် လယ်တောထဲမှ အမှုကိစ္စများကို အိမ်သူအိမ်သားများအား ပြန်ပြောပြလေ့ မရှိ။ သူ၏ ခံစားချက်များကိုလည်း ကျွန်မတို့အား မဖွင့်ဟတတ်။ သရောကြီးခိုင်းသည့် နှစ်၏ ဆောင်းရက်တစ်ရက်ကို ကျွန်မ အမှတ်ရနေသေးသည်။ အိမ်တွင် သိုလှောင်ထားသော စားသောက်ဖွယ်ရာများ ပြောင်လုနီးနီး ဖြစ်သောအခါ ပါပါးသည် တစ်ယောက်တည်း တောင်ပေါ်တက်ကာ အမဲလိုက်ထွက်တော့သည်။ သို့သော် ထိုသားရဲတိရစ္ဆာန်များ အားလုံးသည်လည်း ဒုဗ္ဘိက္ခန္တရကပ်ကြောင့် ငတ်ပြတ်သေဆုံးကုန်ကြသည်။ ဘာမျှ မရနိုင်သည့်အဆုံးတွင် ပါပါးသည် သစ်ဥများတူး၍ အိမ်ပြန်ရောက်လာခဲ့သည်။ မာမားနှင့် နိုင်နိုင်းက ထိုသစ်ဥများကို အသားအနည်းအကျဉ်းနှင့် ရောကာ စွပ်ပြုတ်လုပ်ပြီး သောက်ကြရတော့သည်။ ယခုမျက်စိတစ်မှိတ်အတွင်း၌ ပါပါးသည် ထိုစဉ်က ဒုက္ခသုက္ခများကို ပြန်လည်မြင်ယောင်မိမည်လား မဆိုနိုင်။ ကျွန်မကြောင့် ဖြစ်ပေါ်လာနိုင်သည့် လက်ဆောင်ပဏ္ဏာများသည် ဤမိသားစုအတွက် ကြီးမားသော အထောက်အကူ ဖြစ်နိုင်ကြောင်း သူ တွေးဆနေပေလိမ့်မည်။
“အဲဒါအပြင် …” အောင်သွယ်တော်ကြီးက စကားဆက်သည်။
“ရှင့်သမီးက လောင်ထုံးရဲ့ စံနှုန်းနဲ့လည်း ကိုက်ညီနေတယ်လို့ ကျွန်မ ယုံကြည်တယ် …”
‘လောင်ထုံး’ ဟူသည့် စကားလုံး၏ အနက်အဓိပ္ပာယ်ကို ကျွန်မ သိသည်။ လောင်ထုံးနှင့် သွေးသောက်ညီအစ်မသည် သဘောသဘာဝအရ လုံးဝ ခြားနားသည်။ လောင်ထုံးဆိုသည်မှာ မတူကွဲပြားသော ရွာနှစ်ရွာမှ ကောင်မလေးနှစ်ယောက်၏ အချစ်တော်ဖွဲ့ခြင်းမျိုး ဖြစ်ပြီး ဘဝတစ်လျှောက်လုံး အသက်နှင့်ကိုယ် အိုးစားမကွဲသရွေ့ တည်မြဲသွားကြသည်။ သွေးသောက်ညီအစ်မမှာမူ နှစ်ယောက်တည်း မဟုတ်တော့ဘဲ မိန်းကလေး အများအပြား ပါဝင်သည်။ အိမ်ထောင်ကျသွားသည်နှင့် သူတို့၏ အထုံးအနှောင်ကလည်း ပျက်ပြယ်သွားတော့သည်။ ကျွန်မသည် ဤအသက် ဤအရွယ်အထိ လောင်ထုံးကို မမြင်ဖူးခဲ့ပေ။ မိမိကိုယ်တိုင် လောင်ထုံးတစ်ယောက် ရှိလာနိုင်သည်ဟုလည်း တစ်ခါသားမျှ မတွေးခဲ့စဖူး။ မာမားနှင့် စိန်စိန်းတို့သည် အပျိုဘဝက သူတို့၏ ဇာတိရွာတွင် သွေးသောက်ညီအစ်မများ ရှိခဲ့ဖူးကြသည်။ ယခု တာ့ကျယ်မှာလည်း သွေးသောက်ညီအစ်မ တစ်စုရှိနေပြီ။ နိုင်နိုင်းသည်လည်း ဤရွာမှ မုဆိုးမ အမယ်အိုများနှင့် ကူးလူးဆက်ဆံနေသည်။ သူတို့မှာ နိုင်နိုင်း၏ သက်ကြီးပိုင်း သွေးသောက်ညီအစ်မများ ဖြစ်ကြသည်။ အကယ်၍ အကြောင်းတစ်စုံတစ်ရာ မထူးခြားခဲ့ပါလျှင် ကျွန်မသည်လည်း သူတို့နည်းတူသာ ဖြစ်လိမ့်မည်ဟု ကျွန်မ ယူဆခဲ့သည်။ သို့သော် လောင်ထုံးဟူသည် အလွန့်အလွန် ထူးခြားသည်။ ထိုကိစ္စအတွက် ကျွန်မ ဝမ်းမြောက်နေသင့်ပါလျက် ကျွန်မသည် အိမ်တွင်းရှိ တခြားလူများကဲ့သို့ မျက်ကလူးဆန်ပျာ ဖြစ်နေမိသည်။ ဤအရေးကိစ္စမှာ ယောက်ျားသားများ၏ ရှေ့မှောက်တွင် ဆွေးနွေးပြောဆိုသင့်သော အကြောင်းအရပ် မဟုတ်ပေ။ ပါပါးက မျိုသိပ်ခြင်းငှာ မစွမ်းနိုင်တော့ဘဲ အထိန်းအချုပ်မဲ့စွာဖြင့် ဝင်ပါလာလေတော့သည်။
“ကျွန်တော်တို့အိမ်က ဘယ်မိန်းမမှာမှ လောင်ထုံး မရှိခဲ့ဖူးဘူးဗျ”
“ရှင်တို့အိမ်မှာ မရှိတဲ့ ပစ္စည်းတွေကဖြင့် နည်းနည်းနောနောမှ မဟုတ်တာပဲ။ အနည်းဆုံးတော့ အခုချိန်ထိပေါ့ရှင်” အောင်သွယ်တော်ဝမ်က ပြောရင်း မတ်တတ်ထရပ်လိုက်သည်။
“ရှင်တို့ အိမ်သူအိမ်သားတွေ အချင်းချင်း တိုင်ပင်လိုက်ကြဦးပေါ့။ တစ်ခုတော့ သတိပေးပါရစေရှင်။ အခွင့်အရေးဆိုတာမျိုးက နေ့တိုင်း ရောက်လာတတ်တာမျိုး မဟုတ်ဘူး။ နောက်နှစ်ရက်နေမှ ကျွန်မ ဒီကို ထပ်လာခဲ့ဦးမယ်”
အောင်သွယ်တော်နှင့် ဗေဒင်ဆရာတို့ ပြန်သွားကြပြီ။ နောက်နောင်လည်း ကျွန်မ၏ တိုးတက်မှု အခြေအနေကို လာကြည့်ဦးမည်ဟု မပြန်ခင် ပြောသွားသေးသည်။ ကျွန်မသည် မာမားနှင့်အတူ အပေါ်ထပ်သို့ တက်လာခဲ့သည်။ အမျိုးသမီးဆောင်ထဲသို့ ရောက်လျှင်ရောက်ချင်း သူသည် ကိုယ်ကို ကျွန်မဘက်သို့ လှည့်ကာ အောက်ထပ်ခန်းမဆောင်ထဲ၌ ကျွန်မကို ကြည့်ခဲ့ဖူးသည့် မျက်နှာပေးအတိုင်း ကျွန်မကို စိုက်ကြည့်လေသည်။ ထို့နောက် ကျွန်မ ဘာမျှ မပြောလိုက်ရခင်မှာပင် ကျွန်မ၏ ပါးကို ဘယ်ပြန်ညာပြန် ရိုက်ချလိုက်တော့သည်။
“ဂြိုဟ်မွှေတဲ့ကောင်မ … နင့်ရဲ့ အဖေကို ဘယ်လောက်တောင် ဒုက္ခပေးလိုက်မိပြီလဲ ဆိုတာ နင်သိရဲ့လား” ကြမ်းတမ်းခက်တရော်သော စကားလုံးများ။ သို့သော် ထိုရိုက်ချက်သည် ကံကောင်းခြင်းများ ဆောင်ကြဉ်းရန်နှင့် မကောင်းဆိုးဝါးများကို မောင်းထုတ်ပစ်ရန် အတွက် ဖြစ်ကြောင်း ကျွန်မ သိနေခဲ့သည်။ မည်သို့ဆိုစေ၊ ကျွန်မ၏ ခြေထောက်ကို ရွှေရောင်လီလီများဖြစ်အောင် ပြောင်းလဲပစ်နိုင်မည်ဟု မည်သူကမျှ အာမခံနိုင်မည် မဟုတ်ပေ။ မာမား၏ မိခင်ဖြစ်သူ နိုင်နိုင်းက မာမား၏ ခြေဖဝါးများကို မတော်တရော် လုပ်ပစ်ခဲ့သည့်နည်းတူ မာမားကလည်း ကျွန်မကို ထိုနည်းလည်းကောင်း လုပ်ပစ်နိုင်သေးသည်။ သူက တာ့ကျယ်၏ ခြေထောက်များကို အကောင်းဆုံး စည်းပေးခဲ့သည်။ သို့သော် ဘာမဆို ဖြစ်နိုင်ခြေ ရှိသည် မဟုတ်ပါလား။ ထိုသို့ ဖြစ်လာခဲ့လျှင် ချီးမြှောက်ခံရမည့်အစား ကျွန်မသည် မာမားကဲ့သို့ အကျည်းတန်သော ခြေထောက်ရွဲကြီးများဖြင့် ဒယီးဒယိုင် သွားကာ လူကို လဲမကျစေရန် လက်ကားယား ခြေကားယားဖြင့် အမြဲတစေ ထိန်းမတ်နေရတော့မည်။
ကျွန်မမျက်နှာမှာ နာကျင်နေသော်လည်း ရင်တွင်း၌ ကြည်နူးပျော်ရွှင်နေသည်။ ထိုရိုက်ချက်မှာ မာမားက သူ၏ မိခင်မေတ္တာကို ကျွန်မအား ပထမဆုံးအကြိမ် ပြသလိုက်ခြင်း ဖြစ်သည်။ မပြုံးမရယ်မိစေရန်အတွက် ကျွန်မသည် နှုတ်ခမ်းကို ကိုက်ထားလိုက်ရတော့သည်။
မာမားသည် ကျွန်မကို ထိုနေ့တစ်နေ့လုံး စကားမပြောတော့ချေ။ သူသည် အောက်ထပ်သို့ ဆင်းပြီး စိန်စိန်း၊ စူးစူ၊ ပါပါး၊ နိုင်နိုင်းတို့နှင့် စကားပြောနေသည်။ စူးစူသည် စိတ်သဘောထား ပြည့်ဝသူတစ်ယောက် ဖြစ်သည်။ သို့သော် သားကြီးမဟုတ်သော သူ့အတွက် ဤအိမ်၌ ပြောရေးဆိုခွင့် မရှိပေ။ ယခုကိစ္စသည် ကောင်းကျိုးတစ်စုံတစ်ရာ ရှိလာနိုင်ကြောင်း စိန်စိန်းက သိရှိထားသည်။ သို့သော်လည်း သားရတနာ မွေးဖွားမပေးနိုင်သော မိန်းမတစ်ယောက် ဖြစ်နေသည့်အပြင် ဒုတိယသား၏ ဇနီးမယား ဖြစ်သောကြောင့် ဤမိသားစုအတွင်း၌ စိန်စိန်းမှာ မျက်နှာအငယ်ရဆုံးနှင့် အဆင့်အနိမ့်ဆုံး ဖြစ်သည်။
မာမားသည်လည်း ဤအိမ်တွင် ဘာမျှ မဟုတ်ချေ။ သို့သော် အောင်သွယ်တော်နှင့် စကားပြောနေစဉ်က မာမား၏ မျက်နှာအမူအရာကို တွေ့မြင်ထားသောကြောင့် သူ မည်သို့ တွေးဆနေမည်ကို ကျွန်မ သိနေသည်။ ဤအိမ်တွင် ပါပါးနှင့် နိုင်နိုင်းတို့၏ စကားကသာ အတည်ဖြစ်သည်။ သို့သော်လည်း သူတို့နှစ်ဦးစလုံးသည်လည်း တခြားသူများ၏ လွှမ်းမိုးမှုကို ခံရနိုင်သေးသည်။ အောင်သွယ်တော်၏ စကားအရဆိုလျှင် ယခုကိစ္စသည် ကျွန်မအတွက် မင်္ဂလာရှိသော နိမိတ်တစ်ခု ဖြစ်သည်။ သို့သော် အခြားတစ်ဘက်မှ လှည့်တွေးကြည့်ရမည်ဆိုလျှင် ပါပါးသည် ကျွန်မအတွက် မင်္ဂလာခန်းဝင်များ တင့်တောင့်တင့်တယ် ထည့်ပေးနိုင်ရန် လွန်စွာ ပင်ပန်းဆင်းရဲ ခံရတော့မည် ဟူသည့် သဘောမျိုး သက်ရောက်နေသည်။ အကယ်၍သာ သူသည် အောင်သွယ်တော်၏ ဆုံးဖြတ်ချက်ကို မလိုက်နာနိုင်လျှင် ဤရွာ၌ မျက်နှာမပြဝံ့အောင် သိမ်ငယ်နေရမည့်အပြင် ဤခရိုင်တွင်း၌လည်း မျက်နှာငယ်ရပေတော့မည်။
ထိုနေ့က ကျွန်မ၏ ကံကြမ္မာအတွက် သူတို့ မည်သို့ ဆုံးဖြတ်လိုက်ကြသည်ကို ကျွန်မ အသေအချာ မသိခဲ့ပါ။ သို့သော် ကျွန်မ စိတ်ထဲ ရှင်းလင်းပြတ်သားစွာ သိရှိနေသည်မှာ ထိုနေ့မှ စ၍ အစစအရာရာ ပြောင်းလဲလာခြင်း ဖြစ်သည်။ မေရွက်၏ ကံကြမ္မာသည်လည်း အလိုက်သင့် ပြောင်းလဲခဲ့လေတော့သည်။ ကျွန်မသည် မေရွက်ထက် လအနည်းငယ် ပိုကြီးသော်လည်း သူတို့က ကျွန်မတို့နှစ်ယောက်ကို တစ်ချိန်တည်းအတူတူ ခြေစည်းပေးရန် ဆုံးဖြတ်ခဲ့ကြသည်။ ကျွန်မသည် ယခင်ကကဲ့သို့ အိမ်အပြင်ဘက်တွင် လုပ်စရာ ရှိသည်များကို လုပ်ကိုင်နေရသော်လည်း တာ့ကောနှင့် မြစ်ကမ်းနားဘေးသို့ နောက်တစ်ကြိမ် ထပ်မရောက်ဖြစ်တော့ပေ။ ကျွန်မ၏ ခြေထောက်များကို မြစ်ရေများ တိုးဖြတ်တွန်းတိုက်သွားစဉ် ခံစားခဲ့ရသော အေးမြမှုကိုလည်း နောက်တစ်ကြိမ် ခံစားခွင့် မရရှိတော့ချေ။ ထိုနေ့မတိုင်ခင်အထိ မာမားသည် ကျွန်မကို တစ်ခါမျှ မရိုက်ခဲ့ဖူးပါ။ သို့သော် ထိုနေ့က ရိုက်ချက်သည် နောက်နောင် ကြုံတွေ့လာရဦးမည့် လောကဓံ ရိုက်ချက်များ၏ ဈေးဦးပေါက်သဘော ဖြစ်လာခဲ့သည်။ အဆိုးရွားဆုံး အချက်မှာ ပါပါးသည် ကျွန်မကို ယခင်ကကဲ့သို့ နောက်ဘယ်တော့မျှ ထပ်မကြည့်တော့ခြင်း ဖြစ်သည်။ ဆေးပြောင်းရှူနေသည့် ညနေခင်းအချိန်များတွင် သူ၏ ပေါင်ပေါ်၌ ထိုင်ခွင့် မရတော့ပြီ။ ထိုတစ်ခဏအတွင်းမှာပင် ကျွန်မသည် တန်ဖိုးမဲ့သော မိန်းမငယ်တစ်ဦးဘဝမှ မိသားစုအတွက် တစ်စုံတစ်ရာ တန်ဖိုးရှိလာနိုင်သော လူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ကွမ်ရင်မယ်တော်အရှေ့၌ ပူဇော်ပသရန် ကျွန်မအတွက် မာမား ချုပ်လုပ်ပေးထားသော ခြေသေးဖိနပ်ကို ယူသွားကြပြီ။ မေရွက်အတွက်လည်း ထိုနည်းလည်းကောင်းပင်။ အောင်သွယ်တော်ဝမ်သည် သူ့ကိုယ်ပိုင်ဝေါယာဉ်ဖြင့် လစဉ် ကျွန်မအိမ်သို့ ရောက်လာလေ့ရှိသည်။ ရောက်တိုင်းလည်း ကျွန်မကို ခေါင်းစခြေဆုံး အကဲခတ်တတ်ပြီး အိမ်မှုကိစ္စများ သင်ယူမှု အခြေအနေကို မေးမြန်းတတ်သည်။ ကျွန်မအပေါ် သူ မည်မျှ ကောင်းကြောင်း ကျွန်မ မပြောလိုပါ။ တကယ်တော့ ကျွန်မသည် သူ့အတွက် လာဘ်ရွှင်လာအောင် လုပ်ပေးနိုင်မည့် လာဘ်ခေါ်ရုပ် တစ်ရုပ်မျှသာ ဖြစ်သည်။
ↂↂↂ
နောက်တစ်နှစ်တွင် အပေါ်ထပ် အမျိုးသမီးဆောင်ထဲမှ သင်ခန်းစာများကို ကျွန်မ စတင် စိတ်ဝင်စားလာခဲ့သည်။ သို့သော် ကျွန်မ အတော်များများကို သိနေခဲ့ပြီ။ ယောက်ျားများသည် ဤအမျိုးသမီးဆောင်ထဲသို့ တော်တန်ရုံ မဝင်ရောက်ကြမှန်း ကျွန်မ သိနေသည်။ ဤအခန်းမှာ မိန်းမများအတွက် သီးသန့်အခန်း ဖြစ်သည်။ ကျွန်မတို့သည် အခန်းထဲတွင် လုပ်စရာရှိသည်များကို လုပ်ချင် လုပ်နေကြမည်။ သို့မဟုတ်ပါက မိမိတို့၏ ခံစားချက်များကို ရင်ဖွင့်နေကြမည်။ ကျွန်မ၏ တစ်ဘဝတာလုံးကိုလည်း ဤသို့သော အခန်းမျိုးထဲ၌ ကုန်ဆုံးသွားရပေဦးမည်ဟု ကျွန်မ သိနေခဲ့သည်။ တွင်းပြင်လောက နှစ်ဌာန၏ ခြားနားချက်ကိုလည်း ကျွန်မ နားလည်လာခဲ့သည်။ ယောက်ျားက အိမ်ပြင်ကိစ္စကို အုပ်စိုးပြီး မိန်းမက အိမ်တွင်းရေးကို ချုပ်ကိုင်သည်။ ၎င်းမှာ ကွန်ဖြူးရှပ်အတွေးအခေါ်၏ မဏ္ဍိုင်ပင် ဖြစ်သည်။ သင်သည် ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ဧကရာဇ်ဖြစ်စေ၊ ကျွန်ဖြစ်စေ၊ မိန်းမမှန်လျှင် အိမ်တွင်းမှာသာ နေရပြီး ပြင်ပလောကသည် ယောက်ျားများအတွက် ဖြစ်သည်။ မိန်းမများသည် အပြုအမူအရ သော်လည်းကောင်း၊ အတွေးအကြံအရ သော်လည်းကောင်း မည်သည့်နည်းနှင့်မျှ ထိုနယ်နိမိတ်ကို ဖြတ်ကျော်ခွင့် မရှိပေ။ ကျွန်မတို့၏ တစ်သက်တာလုံးကို ကွန်ဖြူးရှပ်၏ စံနှုန်းနှစ်ခုက လွှမ်းမိုးထားကြောင်းကိုလည်း ကျွန်မ သိရှိခဲ့သည်။ ပထမစံနှုန်းမှာ နာသုံးနာ ဖြစ်သည်။ အိမ်ထောင်မကျခင် ဖခင်၏ အမိန့်ကို နာခံရမည်။ အိမ်ထောင်ကျပြီးလျှင် ခင်ပွန်း၏ အမိန့်ကို နာခံရမည်။ ခင်ပွန်းဆုံးလျှင် သား၏ အမိန့်ကို နာခံရမည်။ ဒုတိယစံနှုန်းဖြစ်သော ဝတ်လေးဝတ်မှာ မိန်းမတစ်ယောက် လိုက်နာရမည့် ကျင့်ဝတ်လေးခု ဖြစ်သည်။ ကိုယ်ကျင့်သိက္ခာ – ရိုးသားဖြူစင်ပြီး တည်ကြည်ဖြောင့်မတ်သော ကိုယ်စိတ်သဘောထား၊ ပီယဝါစာ – ချိုသာပြီး သင့်တင့်လျောက်ပတ်သောစကား၊ ဂုဏ်ကျက်သရေ – အနေအထိုင် ပိရိသေသပ်ပြီး ခန့်ညားသော အမူအရာနှင့် လက်မှုပညာ – အချုပ်အလုပ် အကြော်အလှော် စသည့် အိမ်တွင်းမှု နိုင်နင်းခြင်း တို့ဖြစ်သည်။ အကယ်၍ မိန်းကလေးများသည် ဤကျင့်ဝတ်စည်းမျဉ်းများမှ သွေဖည်မသွားခဲ့ပါလျှင် ဂုဏ်သရေရှိသော မိန်းမကောင်းများအဖြစ်သို့ ဆိုက်ရောက်ကြရမည်သာ။
ကျွန်မ၏ သင်ယူလေ့လာမှုသည် ယခုအခါ လက်တွေ့ကျကျ လုပ်ကိုင်ရသော လုပ်ငန်းဆောင်တာများဆီသို့ ကူးပြောင်းလာခဲ့ပြီ။ အပ်နဖားထိုးခြင်းကိုလည်းကောင်း၊ ချည်ကြိုးအရောင် ရွေးချယ်ခြင်းကိုလည်းကောင်း၊ အပ်ကြောင်းများကို ညီညီစိပ်စိပ် ဖြစ်အောင် ချုပ်ခြင်းကိုလည်းကောင်း ကျွန်မ တတ်မြောက်လာခဲ့သည်။ ဤအရာများသည် မေရွက်၊ စန်းမေ့နှင့် ကျွန်မတို့အတွက် အလွန်တရာ အရေးပါလှသည်။ အဘယ်ကြောင့်ဆိုသော် ခြေထုပ်ထားစဉ် နှစ်နှစ်တာ ကာလမျှ ဝတ်ဆင်ထားရမည့် ဖိနပ်ငယ်ကို ကျွန်မတို့ကိုယ်တိုင် စတင် ချုပ်လုပ်ကြရတော့မည်။ ထို့ကြောင့် နေ့ခင်းစီးဖိနပ်၊ ညအိပ်ချိန်အတွက် သီးသန့်ကွင်းထိုးဖိနပ်နှင့် တင်းကျပ်သော ခြေအိတ်အစုံများစွာတို့ကို ကျွန်မတို့ လိုအပ်လာလိမ့်မည်။ ကျွန်မတို့သည် ၎င်းတို့ကို ကြီးစဉ်ငယ်လိုက် ပြုလုပ်ကြရသည်။ ဆိုလိုသည်မှာ လက်ရှိ ခြေထောက်အရွယ်အစားနှင့် သင့်တော်မည့် ဖိနပ်များကို ဦးစွာ ပြုလုပ်ကြပြီး နောက်ပိုင်း၌ ပို၍ ပို၍သေးသော ဖိနပ်များကို ပြုလုပ်ကြရသည်။
ပို၍ အရေးကြီးသည်မှာ စိန်စိန်းက ကျွန်မကို နွီစူး စသင်ပေးသည်။ သူသည် အဘယ်ကြောင့် ကျွန်မကို ထိုမျှ စိတ်ဝင်တစား သင်ကြားပေးနေရသနည်း ဆိုသည့်အချက်ကို ထိုစဉ်က ကောင်းစွာ နားမလည်ခဲ့ပါ။ ကျွန်မသာ စိတ်ဝင်တစားဖြင့် သင်ကြားနေလျှင် မေရွက်လည်း အားကျမခံ သင်ယူချင်လာလိမ့်မည်ဟု ကျွန်မ ရူးမိုက်စွာ ယုံကြည်ခဲ့မိသည်။ အကယ်၍ မေရွက်သာ နွီစူးကို ကောင်းကောင်း သင်ယူနိုင်ခဲ့လျှင် သူ့မိခင်ထက် သာလွန်ကောင်းမြတ်သော အိမ်ထောင်သည်ဘဝကို ပိုင်ဆိုင်လာလိမ့်မည်ဟု ယူဆနေခဲ့မိသည်။ သို့သော် တကယ့်လက်တွေ့၌ စိန်စိန်းသည် နွီစူးကဲ့သို့သော လျှို့ဝှက်ဆန်းကျယ်သည့် အက္ခရာများကို ကျွန်မတို့၏ ဘဝထဲသို့ သွတ်သွင်းပေးပြီး မေရွက်နှင့် ကျွန်မတို့က ၎င်း၏ အနှစ်သာရကို ရာသက်ပန် မျှဝေခံစားသွားကြရန် မျှော်လင့်ထားခြင်း ဖြစ်သည်။ ယင်းကိစ္စကို အကြောင်းပြု၍ စိန်စိန်းနှင့် မာမား၊ နိုင်နိုင်းတို့အကြား၌ ပဋိပက္ခများ ဖြစ်လာနိုင်လိမ့်မည်ဟုလည်း ကျွန်မ ထင်မှတ်မထားခဲ့။ မာမားနှင့် နိုင်နိုင်းတို့သည် နွီစူးအကြောင်း ဘာမျှ မသိချေ။ ပါပါးနှင့် စူးစူတို့က ယောကျ်ားသုံး အက္ခရာများကို နကန်းတစ်လုံးမျှ မသိသကဲ့သို့ပင်။
ယခင်က ကျွန်မသည် ယောက်ျားသုံး အက္ခရာများကို တစ်ခါမျှ မမြင်ဖူးသောကြောင့် နွီစူးနှင့် နှိုင်းယှဉ်သုံးသပ်ရန် မစွမ်းသာခဲ့။ ယခုတော့ ကျွန်မ ပြောနိုင်ခဲ့ပြီ။ ယောက်ျားသုံး အက္ခရာများသည် ပို၍ ထင်ထင်ပေါ်ပေါ် ရှိကြသည်။ အက္ခရာတိုင်းက စတုရန်းကွက်ထဲတွင် သေသပ်လှပနေသည်။ ကျွန်မတို့၏ နွီစူး အက္ခရာများကမူ ခြင်တစ်ကောင်၏ ခြေထောက်များအလား၊ သို့တည်းမဟုတ် ငှက်ခြေရာများနှင့် တူလှသည်။ ယောက်ျားအက္ခရာများနှင့် မတူသည့် အချက်မှာ နွီစူး၏ အက္ခရာတစ်လုံးချင်းစီတိုင်းတွင် သီးခြားအနက် တစ်ခုစီရှိသည်ဟု သတ်မှတ်၍ မရနိုင်ခြင်း ဖြစ်သည်။ နွီစူးအက္ခရာများမှာ အသံထွက်ကိုသာ ဦးစားပေး ဖော်ပြထားသည်။ ထို့ကြောင့် နွီစူးအက္ခရာတစ်လုံးသည် ၎င်းနှင့် အသံထွက်တူသော စကားလုံးများ အားလုံးကို ကိုယ်စားပြုထားသည်။ (မြန်မာစာနှင့် ဥပမာပြုရမည်ဆိုလျှင် ကြင်၊ ကျင်၊ ကြဉ်၊ ကျဉ် – ဤစကားလုံး လေးလုံးသည် အသံထွက်တူကြသောကြောင့် ဤသို့ လေးမျိုး ရေးမည့်အစား ‘ကြင်’ ဟုသာ တစ်မျိုးတည်း ရေးသားထားသည့် သဘောမျိုး ဖြစ်သည်။) ထိုသို့သော အကြောင်းကြောင့် အက္ခရာတစ်လုံးချင်းစီကို အဓိပ္ပာယ်ကောက် မလွဲမှားစေရန် အထူးသတိပြုကြရသည်။ မာမားနှင့် နိုင်နိုင်းကဲ့သို့သော မိန်းမအများစုသည် နွီစူးကို သင်ယူဖူးခြင်း မရှိကြသော်လည်း သူတို့သည် ကျေးလက်တေးတချို့နှင့် ပုံပြင်တချို့ကိုမူ နားလည် သဘောပေါက်ကြသည်။ ၎င်းကျေးလက်တေးသီချင်းများနှင့် ပုံပြင်အများစုတွင် တူညီသော စည်းချက်ဝါးချက်များ ပါရှိကြသည်။
စိန်စိန်းက နွီစူး၏ အထူးဥပဒေသများကို ကျွန်မအား သင်ကြားပေးသည်။ ပေးစာများ၊ သီချင်းများ၊ ကိုယ်ရေးရာဇဝင်များ၊ မိန်းမသားတို့၏ လုပ်ငန်းဆောင်တာနှင့် သက်ဆိုင်သော သင်ခန်းစာများ၊ နတ်ဘုရားများထံ ဆုတောင်းစာများနှင့် မပါမဖြစ်သော နာမည်ကျော် ပုံပြင်များကို ရေးသားနိုင်ရန်အတွက် ဖြစ်သည်။ စုတ်တံနှင့် မင်နက်ကို အသုံးပြု၍လည်း နွီစူးကို စာရွက်နှင့် ယပ်တောင်များပေါ်၌ ရေးသားနိုင်သည်။ လက်ကိုင်ပဝါပေါ်တွင်လည်း အပ်ချည်ဖြင့် ရေးထိုးချုပ်လုပ်နိုင်ပြီး အဝတ်စပေါ်တွင်လည်း ရက်လုပ်နိုင်သေးသည်။ အမျိုးသမီး ပရိသတ်၏ ရှေ့တွင် နွီစူးသီချင်းကို သီဆိုနိုင်သေးသော်လည်း အမျိုးသမီး ပရိသတ်၏ ရှေ့တွင်သာ သီဆိုရမည်။ ထို့အပြင် တစ်ဦးတည်း သီးသန့် ဖတ်ရှုရန်နှင့် အမှတ်တရအဖြစ် သိမ်းဆည်းထားရန်အတွက်လည်း နွီစူးကို ရေးနိုင်သေးသည်။ သို့သော် အရေးအကြီးဆုံးသော စည်းကမ်းချက်နှစ်ခု ရှိသည်။ ၎င်း၏ တည်ရှိနေမှုကို ယောက်ျားများအား အသိမပေးရန်နှင့် ၎င်းကို ယောက်ျားများအား မည်သည့်နည်းနှင့်မျှ ထိတို့ခွင့် မပြုရန်တို့ ဖြစ်သည်။
ↂↂↂ
ကျွန်မနှင့် မေရွက်သည် နေ့စဉ်နေ့တိုင်း အတတ်ပညာ အသစ်များကို သင်ယူကြရင်း နေ့ရက်များက တရွေ့ရွေ့ ကုန်ဆုံးသွားကြပြီး ကျွန်မ၏အသက် ၇ နှစ်ပြည့်ပြီးသွားသည့်နောက်၌ ဗေဒင်ဆရာသည် အိမ်သို့ နောက်တစ်ကြိမ် ရောက်လာပြန်သည်။ ယခုတစ်ချိန် လာရောက်ခြင်းမှာ အိမ်ရှိ ကောင်မလေးသုံးယောက် – မေရွက်၊ ကျွန်မနှင့် စန်းမေ့ – အတွက် ခြေစည်းရန် နေ့ကောင်းရက်သာ ရွေးချယ်ပေးခြင်း ဖြစ်သည်။ ကျွန်မတို့အထဲတွင် စန်းမေ့တစ်ယောက်သာ ခြေစည်းရန် စံညီသော အသက်အရွယ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူသည် ကျွန်မတို့ သုံးယောက်စလုံး၏ ဇာတာ အက္ခရာရှစ်လုံး[5]ကို တောင်းယူပြီး တွက်ချက်ကြည့်သည်။ ထိုသို့ တွက်ချက်ပြီးသောအခါ သူက ဤဒေသရှိ မိန်းကလေးများ ခြေစည်းရန် အထူးသတ်မှတ်ထားသော နေ့ရက်ကိုသာ ရွေးချယ်လိုက်တော့သည်။ ၈ လပိုင်း ၂၄ ရက်။ ထိုနေ့တွင် ခြေစည်းမည့် မိန်းမငယ်များသည် ‘ခြေသေးအပျိုစင်’ ထံသို့ သွားရောက်၍ ပူဇော်ပသကြသည်။ ထိုနတ်မိမယ်က ခြေစည်းမည့် ထိုကလေးမများကို စောင့်ရှောက်သမှု ပြုပေလိမ့်မည်။
မာမားနှင့် စိန်စိန်းတို့လည်း ကျွန်မတို့ကို ခြေစည်းပေးရန်အတွက် စတင် ပြင်ဆင်နေကြသည်။ ခြေစည်းပိတ်စ အမြောက်အမြားကို အရန်သင့် ပြင်ဆင်ထားသည်။ သူတို့က ကျွန်မတို့အား ပဲနီလေးမုန့်လုံးကို စားခိုင်းကြသည်။ ကျွန်မတို့၏ အရိုးများကို မုန့်လုံးကဲ့သို့ နူးညံ့ပျော့ပျောင်းစေရန်နှင့် မုန့်လုံးကဲ့သို့ သေးကွေးသော ခြေထောက်ကလေးများ ပိုင်ဆိုင်လာစေရန် ဆုတောင်းပတ္ထနာ ပြုခြင်းလည်း မည်၏။ လျင်မြန်သော အဟုန်ဖြင့် ထိုနေ့သည် မိမိထံသို့ ရောက်ရှိလာခဲ့သည်။ ရွာထဲမှ အမျိုးသမီးအမြောက်အမြား ကျွန်မတို့ထံ လာရောက်အားပေးကြသည်။ ထိုသူများထဲတွင် တာ့ကျယ်၏ သွေးသောက်များလည်း ပါသည်။ သူတို့က ကျွန်မတို့ကို ကံကောင်းပါစေဟု ဆုတောင်းပေးကြပြီး ကျွန်မတို့အတွက် သကြားလုံးများ ယူလာပေးသည်။ အမျိုးသမီးတစ်ယောက်အဖြစ်သို့ တရားဝင် ချဉ်းနင်းဝင်ရောက်လာသည့်အတွက် ကျွန်မတို့အား ဂုဏ်ပြုကြခြင်း ဖြစ်သည်။ အိမ်ထဲ၌ ကောင်းချီးပေးသံများ ပြည့်လျှမ်းနေသည်။ လူတိုင်းလူတိုင်း အင်မတန် ပျော်ရွှင်နေကြသည့်ပုံ။ ပြောပြောဆိုဆို၊ ရယ်ရယ်မောမောနှင့် သီချင်းလေး တအေးအေး။ ထိုစဉ်က ကျွန်မတို့ကို ပြောမပြခဲ့သော အကြောင်းအရာ အမြောက်အမြားကို ယခုမှ ကျွန်မ သိခဲ့ရသည်။ ခြေထုပ်ထားစဉ်အတွင်း အသက်နှင့်ကိုယ် အိုးစားကွဲသွားနိုင်သည် ဆိုသည့် အချက်ကို ကျွန်မတို့အား သူတို့ မပြောခဲ့ကြ။ အိမ်ထောင်ကျပြီး ယောက္ခမအိမ် ရောက်သည့် အခါမှ ယောက္ခမ၏ ပြောပြချက်အရ ကျွန်မ သိခဲ့ရသည်မှာ ခြေထုပ်ထားစဉ်အတွင်း မိန်းကလေး ၁၀ ယောက်လျှင် ၁ ယောက်သည် ၎င်းဒဏ်ကြောင့် အသက်ဆုံးရှုံးကြရသည် ဟူ၍။ ကျွန်မတို့ ခရိုင်တစ်ခုတည်း၌ သာမကဘဲ တရုတ်ပြည် တစ်ပြည်လုံးတွင် ထိုနှုန်းထားအတိုင်း မိန်းမငယ်များ သေဆုံးနေကြရသည်။
ထိုစဉ်က ကျွန်မ သိထားသမျှမှာ ခြေထုပ်ခြင်းသည် ကျွန်မအတွက် ပိုမိုကောင်းမွန်သော အိမ်ထောင်ဖက်တစ်ယောက်ကို ရရှိစေနိုင်သည်။ ဤသို့ဖြင့် မိန်းမသားတစ်ဦး၏ ဘဝတွင် ရရှိပိုင်ဆိုင်နိုင်သည့် အဆုံးအစ မရှိသော ချစ်ခြင်းမေတ္တာနှင့် အမြင့်မားဆုံးသော ပျော်ရွှင်ချမ်းမြေ့မှုတို့ကို ခံစားစံစားနိုင်ရန် ပိုမို နီးစပ်သွားစေသည်။ ၎င်းမှာ သားရတနာ ဖွားမြင်ခြင်းပင် ဖြစ်သည်။ ထိုရည်မှန်းချက်ကို ပြည့်မီနိုင်ရန်အတွက် ကျွန်မအနေဖြင့် အပြစ်အနာအဆာကင်းသော ခြေသေးတစ်စုံ ရှိရပေမည်။ ထိုသို့ အပြစ်ကင်းစင်နိုင်ရန် ဝိသေသ ၇ ချက်နှင့် ကိုက်ညီရမည်။ ၎င်းတို့မှာ အလျားတိုခြင်း၊ အနံကျဉ်းခြင်း၊ ဖြောင့်တန်းခြင်း၊ ထိပ်ချွန်ခြင်း၊ ခုံးမောက်ခြင်းတို့အပြင် မွေးပျံ့ခြင်းနှင့် အထိအတွေ့ နူးညံ့ခြင်းတို့ ဖြစ်ကြသည်။ ထိုသို့သော လိုအပ်ချက်များထဲတွင် အလျားသည် အရေးအပါဆုံး ဖြစ်သည်။ လက်မတစ်ချောင်း၏ အလျားကဲ့သို့ ၇ စင်တီမီတာသည် နှစ်လိုဖွယ် အကောင်းဆုံးသော စံနှုန်းဖြစ်သည်။ ဒုတိယမြောက် အရေးကြီးဆုံးအချက်မှာ ခြေထောက်၏ ပုံသဏ္ဌာန် ဖြစ်သည်။ အပြစ်ကင်းစင်သော ခြေထောက်တစ်ချောင်းသည် ကြာဖူးကြာငုံ၏ အသွင်သဏ္ဌာန်မျိုး ရှိနေသင့်သည်။ ဖနောင့်ဘက်တွင် ပြည့်ဖောင်းလုံးဝန်းကာ အဖျားသို့ ရှူးထွက်နေပြီး ခန္ဓာကိုယ်တစ်ခုလုံး၏ အလေးချိန်ကို ခြေမတစ်ချောင်းတည်းဖြင့် ထောက်ကန်ထားရမည်။ ဆိုလိုသည်မှာ ကျန်ခြေချောင်းလေးချောင်းနှင့် ခြေဖမိုးပေါ်ရှိ အရိုးများကို ချိုးပစ်ပြီး ခြေဖနောက်နှင့် ထိကပ်သွားသည်အထိ အောက်ဘက်သို့ ခေါက်သိမ်းထားရမည် ဖြစ်သည်။ ထို့အပြင် ခေါက်သိမ်းထားသော ရှေ့ခြေနှင့် ခြေဖနောင့်၏ အကြားတွင် တစ်ကျပ်စေ့တစ်စေ့ကို ဖွက်ထားနိုင်လောက်အောင် နက်ရှိုင်းမှု ရှိရမည်။ အထက်ပါ တောင်းဆိုချက်များ အားလုံးကို ပြည့်မီအောင် ဆောင်ရွက်ပေးနိုင်မည် ဆိုလျှင် ချမ်းမြေ့ပျော်ရွှင်မှုသည် ဆုလာဘ်အဖြစ် ကျွန်မထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပေလိမ့်မည်။
၈ လ ၂၄ ရက်နေ့၏ နံနက်ခင်းပိုင်းတွင် ကျွန်မတို့သည် ‘ခြေသေးအပျိုစင်’ အား မုန့်လုံးကြီးဖြင့် ပူဇော်ပသကြသည်။ ကျွန်မတို့၏ မိခင်များက ကွမ်ရင်မယ်တော်၏ ရုပ်တုရှေ့တွင် ခြေသေးဖိနပ်များကို ဆက်သကြသည်။ ထို့နောက် မာမားနှင့် စိန်စိန်းတို့သည် အလာမ်၊ ချုပ်ဆေး၊ ကတ်ကြေး၊ အထူးစီမံထားသော လက်သည်းညှပ်၊ အပ်နှင့် အပ်ချည်တို့ကို ယူလာကြသည်။ သူတို့သည် ယခင်က ကြိုတင်ပြုလုပ်ထားခဲ့သော ပတ်တီးပိတ်စများကို ဖြန့်လိုက်သည်။ ပိတ်စတစ်စစီသည် အနံ ၅ စင်တီမီတာ၊ အလျား ၃ မီတာ ရှိပြီး အနည်းငယ် ကော်တင်ထားသည်။ ထို့နောက်တွင် အိမ်ရှိ အမျိုးသမီးများ အကုန်လုံး အပေါ်ထပ်သို့ တက်လာကြသည်။ တာ့ကျယ်သည် ပိုးစာမြစ်၊ တရုတ်ဆီးသီး၊ ကလေးကျင်ငယ်ရည်၊ ဆေးပင်နှင့် ဆေးမြစ်များ စိမ်ထားသည့် ရေနွေးဇလုံတစ်လုံးကို ကိုင်လျက် နောက်ဆုံးမှ ရောက်လာသည်။
ကျွန်မသည် ခြေစည်းမည့်သူ သုံးယောက်ထဲတွင် အသက်အကြီးဆုံး ဖြစ်သည့်အလျောက် ကျွန်မကို ဦးစွာ စည်းပေးကြသည်။ ကျွန်မကလည်း မည်မျှ ရဲရင့်ကြောင်း ပြသရန် စိတ်ပိုင်းဖြတ်ထားသည်။ မာမားသည် ကျွန်မ၏ ခြေထောက်များကို ရေဖြင့် ဆေးကြောပေးပြီးနောက် တစ်ရှူးများ ကျုံ့ဝင်သွားစေရန်နှင့် သွေးများ အထိန်းအကွပ်မရှိ စီးကျလာခြင်းမှ ကာကွယ်နိုင်ရန် ခြေထောက်နှစ်ဘက်ကို အလာမ်ဖြင့် သုတ်လိမ်းပေးသည်။ သူသည် ကျွန်မ၏ ခြေသည်းများကို တိုနိုင်သမျှ တိုအောင် ညှပ်ပစ်လိုက်သည်။ ထိုသို့ ညှပ်နေစဉ်အတွင်း၌ ပတ်တီးစများကို ရေစိမ်ထားသည်။ ခြောက်သွေ့သွားသည့်အခါ ခြေထောက်ပေါ်၌ ပိုမို၍ တင်းကြပ်သွားစေရန် ဖြစ်သည်။ နောက်တစ်ဆင့်အနေဖြင့် မာမားသည် ပတ်တီးစ၏ အနားတစ်ဘက်ကို ကိုင်၍ ကျွန်မ၏ ခြေဖမိုးပေါ်တွင် တင်လိုက်သည်။ ထို့နောက် ကျွန်မ၏ ခြေချောင်းလေးချောင်း စလုံးကို ခြေဖဝါးအောက်ထဲသို့ ကွေးဝင်သွားသည်အထိ ပတ်တီးစဖြင့် တင်းကျပ်အောင် စည်းနှောင်လိုက်သည်။ ၎င်းမှနေ၍ ပတ်တီးစဖြင့် ခြေဖနောင့် ပတ်ပတ်လည်ကိုပါ တစ်ပါတည်း ပတ်ထားလိုက်သည်။
ဦးအောင် ပတ်ထားသော ပတ်တီးစနှစ်စကို မြဲမြံစေရန်အတွက် ခြေချင်းဝတ် ပတ်လည်၌ နောက်ထပ်တစ်စဖြင့် ထပ်စည်းပြန်သည်။ ထိုသို့ ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ကျွန်မ၏ ခြေဖဝါးအောက်တွင် ခြေချောင်းများနှင့် ခြေဖနောက်တို့ ထိကပ်သွားပြီး အကြား၌ အကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာစေရန် ဖြစ်သည်။ သို့သော် ခြေမတစ်ချောင်းကိုမူ လမ်းလျှောက်နိုင်ရန်အတွက် ချန်လှပ်ထားခဲ့သည်။ မာမားသည် ပြင်ဆင်ထားသော ပတ်တီးစများ ကုန်သည်အထိ ၎င်းအဆင့်များကို ထပ်ခါထပ်ခါ ပြုလုပ်နေသည်။ စိန်စိန်းနှင့် နိုင်နိုင်းတို့သည် မာမား၏ ပခုံးအထက်မှနေ၍ စည်းထားသော ပတ်တီးစများ လျော့ရဲလျှောကျသွားခြင်း ရှိမရှိကို တစ်လျှောက်လုံး မျက်စိဒေါက်ထောက်ကာ စောင့်ကြည့်နေခဲ့ကြသည်။ နောက်ဆုံးတွင် မာမားသည် ပတ်တီးစကို လွတ်ထွက်မသွားစေရန် မြဲနေအောင် ချည်နှောင်လိုက်သည်။ သို့ဖြင့် ကျွန်မ၏ ခြေထောက်သည်လည်း အတုပ်အနှောင်ထဲမှ မည်သို့မျှ ရုန်းထွက်၍ မရနိုင်တော့ပေ။
ကျွန်မ၏ နောက်ခြေတစ်ဘက်ကို တုပ်နှောင်ပြီးသည့်နောက်တွင် စိန်စိန်းက မေရွက်၏ ခြေထောက်ကို လုပ်ငန်းစတော့သည်။ ထိုစဉ် စန်းမေ့သည် ရေငတ်သည်ဟု ဆိုကာ ရေသောက်ရန် အောက်ထပ်သို့ ဆင်းသွားသည်။ မေရွက်၏ ခြေထောက်များကို စည်းပြီးသည့်အခါတွင် မာမားက စန်းမေ့ကို အော်ခေါ်လေသည်။ သို့သော် သူ့ထံမှ စကားပြန် မရချေ။ အကယ်၍သာ လွန်ခဲ့သည့် တစ်နာရီက ဆိုလျှင် သူ့ကို သွားရှာရန် ကျွန်မကို စေခိုင်းပေလိမ့်မည်။ သို့သော် ယခုအချိန်မှ စတင်ကာ နောက်နှစ်နှစ်ကြာသည်အထိ ကျွန်မတို့သည် အောက်ထပ်သို့ ဆင်းခွင့်မရတော့ပေ။ မာမားနှင့် စိန်စိန်းတို့က အောက်ထပ်တွင် ရှာကြည့်ကြသော်လည်း လူရိပ်လူယောင် မတွေ့ရသဖြင့် အိမ်ပြင်သို့ ထွက်ရှာကြသည်။ ကျွန်မသည် ပြတင်းပေါက်ရှိရာသို့ ပြေးသွားပြီး အပြင်ဘက်မှ အခြေအနေကို အကဲခတ်ရန် စိတ်ကူးလိုက်မိသေးသည်။ သို့သော် ကျွန်မ ခြေထောက်များက စတင် နာကျင်စ ပြုလာလေပြီ။ ခြေချောင်းများကို နည်းနည်းမျှ မလှုပ်ရှားနိုင်အောင် ပတ်တီးဖြင့် တုပ်နှောင်ထားသောကြောင့် သွေးလည်ပတ်မှုလည်း ရပ်တန့်သွားချေပြီ။ ကျွန်မက မေရွက်ကို လှမ်းကြည့်လိုက်သောအခါ သူ့မျက်နှာသည် သူ့နာမည်အတိုင်း လတစ်စင်းကဲ့သို့ ဖြူရော်နေသည်။ မျက်ရည်စီးကြောင်းနှစ်ခုက သူ့ပါးပြင်အထက်တွင် အထင်းသား။
အိမ်အပြင်ဘက်ရှိ မာမားနှင့် စိန်စိန်းတို့၏ အသံများကို ကြားနေရသည်။ သူတို့က
“စန်းမေ့၊ စန်းမေ့” ဟု တကြော်ကြော် အော်လျက်။
နိုင်နိုင်းနှင့် တာ့ကျယ်တို့ကလည်း ပြတင်းပေါက်ဆီသို့ သွားကာ အပြင်ဘက်သို့ ငေးကြည့်နေသည်။
“အိုင်ယား …” နိုင်နိုင်းက ညည်းတွားနေသည်။
တာ့ကျယ်က ကျွန်မတို့ဘက် လှည့်ကြည့်သည်။
“မာမားနဲ့ စိန်စိန်းတို့ ဟိုဘက်ဘေးအိမ်ထဲမှာ။ စန်းမေ့အော်နေတာ နင်တို့ မကြားကြဘူးလား”
ကျွန်မနှင့် မေရွက်က ဘာမျှ မကြားကြောင်း ခေါင်းခါပြကြသည်။
“မာမား အခု စန်းမေ့ကို အိမ်ဘက် ဒရွတ်တိုက် ဆွဲခေါ်လာနေပြီ”
ထိုစဉ် စန်းမေ့၏ အော်ဟစ်သံကို ကျွန်မတို့ ကြားလာရသည်။
“ဟင့်အင်း … မသွားဘူး။ သမီး ခြေထောက်မစည်းချင်ဘူး” မာမားက သူ့ကို ကျယ်လောင်စွာ ဆဲဆိုလိုက်သည်။
“အတော် သောက်သုံးမကျတဲ့ကောင်မ။ မိဘဘိုးဘွားတွေရဲ့ မျက်နှာကို အိုးမဲသုတ်မယ့် ဟာမ”
ထိုစကားလုံးများက အကျည်းတန်လှသော်လည်း အထူးအဆန်းတော့ မဟုတ်။ ကျွန်မတို့ရွာထဲတွင် ထိုသို့သော စကားသံများကို နေ့တိုင်းလိုလို ကြားနေကြရသည်။
စန်းမေ့ကို အိမ်ထဲသို့ တွန်းချလိုက်သည်။ သို့သော် ကြမ်းပြင်ပေါ်သို့ ပုံလျက် လဲကျသွားပြီး များမကြာခင်မှာပင် ကုန်းရုန်းထကာ အိမ်ထောင့်တစ်နေရာသို့ ပြေး၍ ထိုနေရာ၌ ကုပ်နေတော့သည်။
“နင် ကြိုက်ကြိုက် မကြိုက်ကြိုက်၊ နင့်မှာ ရွေးချယ်စရာ မရှိဘူး” မာမားက ပြောလိုက်သည်။ စန်းမေ့သည် အရူးတစ်ယောက်ပမာ လေးဘက်လေးတန်သို့ မျက်ကလူးဆန်ပျာ လှမ်းကြည့်နေသည်။ ဝင်ရောက်ပုန်းအောင်းနိုင်မည့် နေရာတစ်နေရာ ရှိလိုရှိငြား ရှာဖွေနေဟန်တူသည်။ သို့သော်လည်း သူ ပြေးမလွတ်ခဲ့ပါ။ မာမားနှင့် စိန်စိန်းတို့က သူ့ကို နှစ်ဘက်ညှပ်ကာ ဖမ်းလိုက်ကြသည်။ စန်းမေ့က နောက်ဆုံးအကြိမ်အဖြစ် ရုန်းထွက်နိုင်ရန် ကြိုးစားခဲ့သော်လည်း တာ့ကျယ်၏ လက်ရ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ ခမျာမှာ ယခုမှ ၆ နှစ်သာ ရှိသေးသော်လည်း သူ တတ်နိုင်သမျှ အစွမ်းကုန် ခုခံတွန်းလှန်သွားခဲ့သည်။ တာ့ကျယ်၊ စိန်စိန်းနှင့် နိုင်နိုင်းတို့က သူ့ကို မလှုပ်နိုင်အောင် ဝိုင်းဖိထားကြစဉ် မာမားက သူ့ကို အလျင်အမြန် ခြေစည်းပေးရသည်။ စန်းမေ့၏ အော်ဟစ်သံက ရပ်နားသွားသည် မရှိ။ ရုန်းရင်းကန်ရင်းဖြင့် သူ၏ လက်တစ်ဘက်သည် အချုပ်အနှောင်မှ တစ်ခါတလေ လွတ်မြောက်သွားတတ်သော်လည်း မကြာခင် ပြန်လည်ဖမ်းဆီးခြင်း ခံလိုက်ရသည်သာ။ စန်းမေ့၏ ခြေထောက်ကို ဆုပ်ကိုင်ထားသော မာမား၏လက်များ လွတ်ထွက်သွားသည့် တစ်ခဏတွင် သူ၏ ခြေထောက်သည် အထက်သို့ မြောက်တက်ကာ ယမ်းခါလာတော့သည်။ ခြေထောက်နှင့် တွဲပါလာသည့် ရှည်လျားသော ပတ်တီးစသည် ကျွမ်းဘားမယ်တစ်ယောက်၏ လက်ထဲရှိ ဖဲကြိုးစကဲ့သို့ လေထဲ၌ ဝေ့ဝဲနေတော့သည်။ မေရွက်နှင့် ကျွန်မတို့သည် ဤသို့သော အဖြစ်အပျက်ကြောင့် ကြောက်ဒူးတုန်နေကြသည်။ ထိုအပြုအမူမျိုးကို ကျွန်မတို့၏ မိသားစုတွင် မည်သူ တစ်ဦးတစ်ယောက်မျှ မလုပ်သင့်၊ မလုပ်ထိုက်။ သို့သော် ကျွန်မတို့ လုပ်နိုင်သမျှမှာ ငုတ်တုတ်ထိုင်လျက် ငေးကြည့်နေရုံမျှသာ။ အဘယ်ကြောင့်ဆိုသော် ခြေဖမိုးပေါ်ရှိ နာကျင်မှုသည် ယခုအခါ ခြေတစ်ချောင်းလုံးပေါ်သို့ ကူးစက်ပျံ့နှံ့လာချေပြီ။ နောက်ဆုံးတွင် မာမားသည် သူ၏ တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်ပြီးသွားခဲ့သည်။ သူသည် စန်းမေ့၏ တုပ်နှောင်ထားသော ခြေထောက်ကို ကြမ်းပေါ်သို့ ပစ်ချပြီး သူ၏ အငယ်ဆုံး သမီးကို စိတ်ပျက်လက်ပျက် ငုံ့ကြည့်နေသည်။ ထို့နောက် နှုတ်မှ စကားတစ်ခွန်း ထွက်ကျလာသည်။
“အလကားဟာမ”
နောက်မိနစ်အနည်းငယ်နှင့် သီတင်းပတ်အနည်းငယ်မှ အဖြစ်အပျက်များကို ကျွန်မ ရေးရပေတော့မည်။ ကျွန်မ၏ ရှည်လျားလှသော တစ်ဘဝတာ ကာလအပိုင်းအခြားနှင့် နှိုင်းယှဉ်ကြည့်လျှင် ထိုကြားကာလသည် ဘာမျှ မပြောပလောက်သော်လည်း ကျွန်မ တစ်ယောက်တည်းအတွက်တော့ အဆုံးအစ မရှိသယောင် ထင်ခဲ့ရသည်။
မာမားသည် အသက်အကြီးဆုံး ဖြစ်သော ကျွန်မကို ပထမဆုံး စိုက်ကြည့်လိုက်သည်။ “ထစမ်း” အဘယ်ကြောင့် ထိုသို့ ခိုင်းစေရသည်ကို ကျွန်မ နားမလည်နိုင်အောင် ဖြစ်နေသည်။ ကျွန်မ၏ ခြေထောက်များက တဆတ်ဆတ် တုန်ခါနေကြသည်။
လွန်ခဲ့သော မိနစ်အနည်းငယ်ကအထိ သတ္တိရှိသည်ဟု ကျွန်မကိုယ်ကျွန်မ အာမခံနိုင်သေးသည်။ ယခုမူ မိမိကိုယ်မိမိ မည်မျှပင် ကြိုးစားမျိုသိပ်ထားသော်လည်း မျက်ရည်များကို တားဆီးမရနိုင်တော့။
စိန်စိန်းက မေရွက်၏ ပခုံးကို ပုတ်လိုက်သည်။
“လမ်းလျှောက်ကြည့်စမ်း”
စန်းမေ့ကတော့ ကြမ်းပြင်ပေါ်တွင် ငိုယိုနေဆဲ။
မာမားက ကျွန်မကို ထိုင်ခုံပေါ်မှ ဆွဲမလိုက်သည်။ ယခုအချိန်၌ ခံစားနေရသော ဝေဒနာကို ‘နာ’ ဟူသော ဝေါဟာရဖြင့် ဖော်ပြရန် မဖြစ်နိုင်တော့ပေ။ ကျွန်မ၏ ခြေချောင်းလေးများကို ခြေဖဝါးအောက်သို့ ခေါက်သွင်း၍ တင်းကျပ်စွာ တုပ်နှောင်ထားသောကြောင့် ကျွန်မ၏ ကိုယ်အလေးချိန် တစ်ခုလုံးသည် ၎င်းတို့အပေါ်သို့ အပြည့်အဝ ကျရောက်နေသည်။ အနာသက်သာစေရန်အတွက် ကျွန်မသည် ခြေဖနောင့်ကို အားပြုကြည့်လိုက်သည်။ ထိုအချင်းအရာကို မြင်တွေ့သွားသော မာမားက ကျွန်မကို တစ်ချက် လှမ်းရိုက်သည်။
“လျှောက်စမ်း”
ကျွန်မ တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားခဲ့ပါသည်။ ပြတင်းပေါက်ဆီသို့ ယိုင်ထိုးယိုင်ထိုးဖြင့် သွားနေစဉ် မာမားက စန်းမေ့ကို ကြမ်းပြင်ပေါ်မှ မ,ချီပြီး တာ့ကျယ်ဆီသို့ ဆွဲခေါ်သွားသည်။ ထို့နောက် “သူ့ကို တွဲပြီး အခန်းထဲမှာ အသွားအပြန် ၁၀ ခေါက် လျှောက်ပေးလိုက်” ဟု ပြောလိုက်သည်။ ထိုစကားကို ကြားရသောအခါတွင် မိမိလည်း ၁၀ ကြိမ် လျှောက်ရမည့်အဖြစ်မှ မလွတ်ကင်းနိုင်ကြောင်းကို သဘောပေါက်သွားသည်။
လက်ရှိ အခြေအနေများကို မျက်မြင်ဒိဋ္ဌ တွေ့မြင်နေရသော စိန်စိန်းသည် ဤအိမ်၌ အဆင့်အနိမ့်ဆုံး ဖြစ်သည့်အလျောက် သူ့သမီးကို လက်မှ ဆွဲထူကာ ထိုင်ခုံမှ ထစေတော့သည်။ မာမားက ကျွန်မကို တွဲလျက် အခန်းတွင်း အသွားအပြန် လမ်းလျှောက်နေစဉ် ခံစားနေရသော ကာယိကဒုက္ခကြောင့် မျက်ရည်များသည် တာကျိုးသည့်အလား ထိန်းမနိုင် သိမ်းမရ ယိုစီးကျနေတော့သည်။ ကျွန်မ၏ တအီအီ ငိုကြွေးနေသံကိုပင် ကျွန်မကိုယ်တိုင် ပြန်ကြားနေရသည်။ စန်းမေ့၏ အော်ဟစ်ငိုကြွေးသံကလည်း မစဲသေးပေ။ တာ့ကျယ်၏ လက်အတွင်းမှ ရုန်းထွက်ရန်ပင် ကြိုးစားနေလေသည်။ နိုင်နိုင်းသည် ဤအိမ်တွင် ဩဇာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး သူ၏ လတ်တလော တာဝန်မှာ ခြေစည်းခြင်း လုပ်ငန်းအရပ်ရပ်ကို လွဲချော်ခြင်း ရှိမရှိ ကြီးကြပ်ပေးရန်သာ ဖြစ်သည်။ သို့သော် သူသည် စန်းမေ့၏ လွတ်နေသေးသော ကျန်လက်တစ်ဘက်ကို ဖမ်းဆွဲထားလိုက်သည်။ သို့ဖြင့် စန်းမေ့သည် အလိုမတူသော်လည်း မိမိ၏ တစ်ဘက်တစ်ချက်တွင် မိမိထက် ပိုမိုအားကောင်းသော လူနှစ်ယောက်က ဖမ်းဆုပ်ထားသောကြောင့် အမိန့်ကို မဖြစ်မနေ နာခံနေရတော့သည်။ သို့သော် ပါးစပ်ကတော့ အလိုမတူကြောင်း အော်ဟစ်ညည်းညူနေဆဲပင်။ မေရွက်သည် ဤမိသားစုအတွင်း၌ သူ့မိခင်ကဲ့သို့ အဆင့်နိမ့်ကျသူတစ်ယောက် ဖြစ်သော်လည်း မိမိကိုယ်မိမိ သမီးကောင်းတစ်ယောက် ဖြစ်ကြောင်း ပြသသည့်အနေဖြင့် သူတစ်ဦးတည်းကသာ သူ၏ ခံစားချက်ကို သိုသိပ်စွာ ဖုံးဖိထားနိုင်ခဲ့သည်။
အသွားအပြန် ဆယ်ခေါက် လျှောက်ပြီးသည့်နောက်တွင် မာမား၊ စိန်စိန်းနှင့် နိုင်နိုင်းတို့သည် ကျွန်မတို့ကို အခန်းထဲ၌ ပစ်ထားခဲ့ကြသည်။ ခန္ဓာကိုယ်ပေါ်မှ ကြီးမားသော ဒုက္ခဝေဒနာသည် ကျွန်မတို့ သုံးယောက်ကို မူးမေ့သွားလောက်သည်အထိ ထိုးနှက်နေကြသည်။ သို့သော် ကျွန်မတို့အပေါ် ကျရောက်လာမည့် စီရင်ချက်က အခုမှ စလုံးရေးပင် မစရသေး။ ဗိုက်ထဲမှ တဂွီဂွီ အော်မြည်နေသော်လည်း ကျွန်မတို့မှာ အစားကို မျိုမကျနိုင်လောက်အောင် ခံစားနေကြရသည်။ နောက်ဆုံးတော့ အိမ်တွင်းရှိ လူများအားလုံး အိပ်ရာပေါ်သို့ ရောက်ကုန်ကြပြီ။ အိပ်ရာပေါ်၌ ကျောဆန့်ခွင့်ရခြင်းမှာ ကျေးဇူးကြီးမားလှပါဘိ။ ကျွန်မတို့၏ ခြေထောက်များကို တခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် တစ်ပြေးတည်း ထားခွင့်ရခြင်းမှာလည်း သက်သာရာတစ်ခုပင်။ သို့သော် နာရီများ တစ်စတစ်စ ကုန်လွန်သွားသည်နှင့် ဝေဒနာအသစ်တစ်မျိုးက ကျွန်မတို့ကို စတင် ထိုးနှက်လာတော့သည်။ ကျွန်မတို့၏ ခြေထောက်များသည် ရဲရဲနီနေသော မီးသွေးဖိုပေါ်တွင် အကင် ခံထားရသကဲ့သို့ တဆစ်ဆစ် နာကျင်နေကြပြီး ယောင်ယမ်းညည်းညူသံများက ကျွန်မတို့၏ ပါးစပ်များမှ လျှံကျလာကြသည်။ သနားစရာကောင်းသော တာ့ကျယ်သည် ကျွန်မတို့နှင့်အတူ တစ်ခန်းတည်း၌ အိပ်နေရသည်။ သူသည် နတ်သမီးပုံပြင်များဖြင့် ကျွန်မတို့ကို စိတ်သက်သာရာရအောင် အစွမ်းကုန် ကြိုးစားခဲ့သည်။ သူက အညင်သာဆုံးသော နည်းလမ်းဖြင့် ကျွန်မတို့ကို အသိပေးခဲ့သည်။ တရုတ်ပြည်တွင်းရှိ မိန်းကလေးတိုင်းသည် မိန်းမကောင်းတစ်ယောက်၊ ဇနီးတစ်ယောက်နှင့် ဂုဏ်သရေရှိသော မိခင်တစ်ယောက် ဖြစ်လာနိုင်ရန်အတွက် ဤသို့သော အတွေ့အကြုံမျိုးကို ယုတ်လတ်မြတ် မရွေး မည်သူမဆို ခံစားကြရသည်ချည်းသာ ဟူ၍။
ထိုညက ကျွန်မတို့ မည်သူမျှ အိပ်မပျော်ကြပေ။ သို့သော် ပထမနေ့၌ ခံစားရသော ဒုက္ခဝေဒနာကို မည်မျှ ကြီးကျယ်ပါသည်ဟု ကျွန်မတို့ ယူဆထားစေကာမူ ဒုတိယနေ့၏ ဝေဒနာသည် ယမန်နေ့ထက် နှစ်ဆတိုးလာစမြဲ ဖြစ်သည်။ ကျွန်မတို့ သုံးယောက်စလုံးက ခြေထောက်တွင် စည်းထားသော ပတ်တီးများကို ဖြေပစ်ရန် ကြိုးစားခဲ့ကြသော်လည်း စန်းမေ့ တစ်ယောက်တည်းကသာ ခြေတစ်ဘက် လွတ်လပ်ခဲ့ဖူးသည်။ မာမားက သူ၏ ခြေလက်များကို ရိုက်နှက်ပြီး တစ်ဖန်ပြန်စည်းကာ ဒဏ်ခတ်သည့်အနေဖြင့် အခန်းထဲတွင် သူ့ကို ၁၀ ခေါက် ပိုလျှောက်ခိုင်းသည်။ မာမားက သူ့ကို ခပ်ကြမ်းကြမ်း လှုပ်ခါပြီး ထပ်ခါထပ်ခါ ပြောနေတော့သည်။
“နင် သူများအိမ်မှာ မယားငယ် လုပ်ချင်လို့လား။ အချိန် နောက်မကျသေးဘူးနော်။ နင့်ထိုက်နဲ့ နင့်ကံပဲ”
ထိုကဲ့သို့သော ခြိမ်းခြောက်မှုမျိုးကို ကျွန်မတို့ မွေးကတည်းက ကြားနေခဲ့ရသော်လည်း တကယ့်လက်တွေ့တွင် ကျွန်မတို့အားလုံး မယားငယ်ကို မမြင် မတွေ့ခဲ့စဖူး။ ဖူးဝေကဲ့သို့သော ဆင်းရဲသည့် ဒေသတွင် ပြောရဆိုရခက်သော၊ ခြေထောက်ကြီးသော စွန့်ပစ်ခံ မိန်းကလေးများကို မယားငယ်အဖြစ် မည်သူကမျှ မကျွေးမွေးထားနိုင်ကြပေ။ သို့သော် ကျွန်မတို့သည် မြေခွေးစုန်းကို မမြင်ဖူးပါဘဲနှင့်လည်း ၎င်း၏ တည်ရှိနေမှုကို ကျွန်မတို့ ယုံကြည်နေကြသည်။ ထို့ကြောင့် မာမားက ထိုသို့ ခြိမ်းခြောက် ဟိန်းဟောက်လိုက်သည်နှင့် စန်းမေ့လည်း ယာယီအားဖြင့် ငြိမ်ကျသွားပြန်သည်။
စတုတ္ထမြောက်နေ့တွင် ပတ်တီးစည်းထားသော ကျွန်မတို့၏ ခြေထောက်များကို ရေနွေးဇလုံထဲတွင် စိမ်ကြရသည်။ ထို့နောက် ပတ်တီးများကို ဖြေလိုက်ကြပြီး မာမားနှင့် စိန်စိန်းတို့က ခြေသည်းများ ညှပ်ပစ်ခြင်း၊ အသားမာများကို လှီးထုတ်ခြင်း၊ ခြောက်သွေ့သော အရေပြားကို ဖယ်ရှားပေးခြင်း၊ အလာမ်များ ပိုမို၍ သုတ်လိမ်းပေးခြင်းနှင့် ပုပ်ဟောင်နေသော အသားစိုင်များမှ ထွက်ပေါ်နေသော အနံ့ဆိုးများကို ဖုံးဖိနိုင်ရန်အတွက် အမွှေးနံ့သာများ လိမ်းကြံခြင်းတို့ ပြုလုပ်ကြသည်။ ထို့နောက် ပတ်တီးစအသစ်များဖြင့် ခြေထောက်များကို တစ်ဖန် ပြန်စည်းလိုက်ကြသည်။ ယခုတစ်ကြိမ်တွင် ယခင်ကထက် ပို၍ တင်းကျပ်လာသည်။ ထို့သို့ နေ့ရက်များက တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးနေကြပြီး ကုန်ဆုံးသွားခဲ့သော ယမန်နေ့၏ အဖြစ်အပျက်များသည် နေ့သစ်တစ်နေ့သို့ ရောက်တိုင်း တစ်ကျော့ပြန်လာကြစမြဲ။ လေးရက်ပြည့်သည့် အခါတိုင်း ပတ်တီးအသစ်ကို လဲကြရသည်။ နှစ်ပတ်ပြည့်သည့် အခါတိုင်း ဖိနပ်အသစ်တစ်ရန် လဲကြရသည်။ အသစ်လဲရသော ဖိနပ်သည် ယခင်ဖိနပ်ထက် အရွယ်အစား ပိုသေးသွားသည်။ အိမ်နီးနားချင်းမှ အမျိုးသမီးများက ကျွန်မတို့ထံ လာရောက်လည်ပတ်ကြသည်။ ကျွန်မတို့၏ အရိုးများ ပိုမို လျင်မြန်စွာ နူးညံ့ပျော့ပျောင်းလာစေရန် ဟူသော စေတနာဖြင့် တချို့က ပဲနီလေးမုန့်လုံးများ သယ်ဆောင်လာကြသည်။ ကျွန်မတို့၏ ခြေထောက်များ သေးသွယ်၍ အဖျားရှူးစေရန် ဟူသော စေတနာဖြင့် တချို့က ငရုတ်သီးတောင့်အခြောက်များ သယ်ဆောင်လာကြသည်။ တာ့ကျယ်၏ သွေးသောက်များက သူတို့ ခြေစည်းကြစဉ်က အသုံးတည့်ခဲ့သော ပစ္စည်းများကို လက်ဆောင်အဖြစ် ယူလာကြသည်။
“စုတ်တံရဲ့ ထိပ်ဖျားကို ကိုက်ထား။ စုတ်တံရဲ့ ထိပ်က သေးပြီး အဖျားချွန်သွားတာဆိုတော့ နင့်ခြေထောက်လည်း စုတ်တံထိပ်ဖျားလိုပဲ သေးသွယ်ပြီး ချွန်ထက်နေလိမ့်မယ်” သို့တည်းမဟုတ် “ရေသစ်အယ်သီးကို များများစား။ ဒါမှ နင့်ခြေထောက်က ပိုပိုပြီး သေးသွယ်လာမှာ”
အမျိုးသမီးဆောင်သည် လေ့ကျင့်ရေး ခန်းမအဖြစ်သို့ ရုတ်ခြည်း ပြောင်းလဲသွားသည်။ အိမ်မှုကိစ္စများကို ကျွန်မတို့ လုပ်စရာ မလိုတော့။ အခန်းထဲတွင် တစ်နေကုန် တစ်နေခန်း စင်္ကြံလျှောက်နေကြရသည်။ နေ့တိုင်းနေ့တိုင်း မာမားနှင့် စိန်စိန်းတို့က ကျွန်မတို့ကို ယခင်ကထက် တိုး၍ တိုး၍ လျှောက်ခိုင်းကြသည်။ နေ့တိုင်းနေ့တိုင်း နိုင်နိုင်းက တစ်နေရာမှနေ၍ မျက်စိဒေါက်ထောက် ကြည့်နေသည်။ ပင်ပန်းလာသည့်အခါတွင် သူသည် ခုတင်ပေါ် လဲလျောင်းနေလျက်က ကျွန်မတို့ကို ညွှန်ကြားနေတတ်သည်။ အအေးဓာတ် ပိုကဲလာသည်နှင့်အမျှ နိုင်နိုင်း၏ ကိုယ်ပေါ်မှ ခြုံစောင်သည်လည်း ထူသည်ထက် ထူလာတော့သည်။ နေ့အချိန်က နည်းသည်ထက် နည်းလာပြီး ညတာရှည်လာသည်။ နိုင်နိုင်း၏ စကားသံကလည်း နည်းသည်ထက် နည်းလာပြီး တိုသည်ထက် တိုလာသည်။ နောက်ပိုင်းတွင် သူ့ထံမှ ဘာအသံမျှ မကြားရတော့ဘဲ စန်းမေ့ကိုသာ စူးစူးစိုက်စိုက် ကြည့်နေတတ်သည်။ စန်းမေ့ကို လမ်းလျှောက်မရပ်ရန် မျက်လုံးအကြည့်များဖြင့် ညွှန်ကြားနေသည့်နှယ်။
ကျွန်မတို့အတွက်မူ ဝေဒနာက လျော့ပါးသွားခြင်း မရှိ။ မည်သို့ လျော့သွားနိုင်ပါအံ့နည်း။ သို့သော် မိန်းမများအားလုံးအတွက် အရေးအပါဆုံးသော သင်ခန်းစာကို ကျွန်မတို့ သင်ကြားတတ်မြောက်လာခဲ့သည်။ ၎င်းမှာ ကျွန်မတို့၏ အနာဂတ် ကောင်းစားရေးအတွက် ကျွန်မတို့ ကျိုးနွံနာခံရမည် ဟူ၍။
အစောပိုင်း သီတင်းပတ် အနည်းငယ်အတွင်းမှာပင် ကျွန်မတို့ သုံးယောက်၏ အနာဂတ်ပုံရိပ်များသည် ကျွန်မ၏ ဦးနှောက်ထဲ၌ ထင်ဟပ်လာကြသည်။ မေရွက်က ယခင်အတိုင်း လှပပြီး လောကဓံကို ကြံ့ကြံ့ခံနိုင်သူ။ စန်းမေ့ကတော့ တစ်နေကုန် အပြစ်ဖို့နေတတ်သော ဇနီးမယားတစ်ယောက်။ မိမိ၏ ကြမ္မာဆိုးအတွက်သာ အစဉ်အမြဲ ညည်းတွားနေတတ်ပြီး လက်ဝယ် ပိုင်ဆိုင်ထားသော အရာများကို တန်ဖိုးထားရကောင်းမှန်း မသိသူတစ်ယောက်သာ။ ကျွန်မကကော …။ အထူးခြားဆုံးဟု သတ်မှတ်ခံထားရသော ကျွန်မကတော့ ဘာကိုမျှ စောဒကတက်မနေဘဲ ကံစီမံရာအတိုင်း လက်ခံပေလိမ့်မည်။
တစ်နေ့သော် ယခင်ကအတိုင်း အခန်းထဲ အသွားအပြန် လမ်းလျှောက်နေစဉ် တစ်စုံတစ်ခု ကျိုးကြေသွားသည့် အသံကို ကျွန်မ ကြားလိုက်ရသည်။ ကျွန်မ၏ ခြေချောင်းတစ်ချောင်း ကျိုးသွားသည့်အသံ။ ထိုအသံကို ကျွန်မ၏ ကိုယ်ခန္ဓာအတွင်းမှ ထွက်ပေါ်လာသည်ဟု ထင်မှတ်နေခဲ့သည်။ သို့သော် ၎င်းအသံက အခန်းအတွင်းရှိ လူအားလုံး ကြားနိုင်လောက်အောင် ကျယ်လောင် ပြတ်သားလွန်းလှသည်။ မာမား၏ မျက်လုံးများက ကျွန်မကို စူးစိုက်ကြည့်နေသည်။
“ဆက်လျှောက်။ တိုးတက်လာပြီ” လမ်းလျှောက်နေသော ကျွန်မ၏ ခန္ဓာကိုယ်တစ်ခုလုံးက တဆတ်ဆတ် တုန်ခါနေသည်။ ညရောက်သည့်အခါ ကျွန်မ၏ ခြေချောင်း ရှစ်ချောင်းစလုံး ကျိုးပဲ့ကုန်သည်။ သို့သော် ကျွန်မကတော့ လျှောက်မြဲ လျှောက်လျက်သာ။ ခြေလှမ်း တစ်လှမ်းစီတိုင်း၏ ကိုယ်အလေးချိန် ဖိအားအောက်တွင် ကျိုးပြတ်သွားကြသော ခြေချောင်းများကို ကျွန်မ ခံစားသိရှိနေရသည်။ ၎င်းတို့က ကျွန်မ၏ ဖိနပ်များထဲတွင် လျော့တိလျော့ရဲ တွန်းထိုးလှုပ်ရှားလျက်။ တစ်ချိန်က အရိုးအဆစ်များဖြင့် တောင့်ခံ၍ နေရာယူထားခဲ့သည့် အသားစိုင်သည် ယခုအခါတွင် ထုသားပေသား ကျကာ ကျောက်ကျောသဖွယ် အသွင်ပြောင်းသွားချေပြီ။ ကျွန်မ၏ ခန္ဓာကိုယ်တစ်လျှောက် ဖြတ်သန်းစီးဆင်းနေသော နာကျင်ကိုက်ခဲမှုကို အေးခဲသည့် ရာသီဥတုက ထုံထိုင်းသွားအောင် မပြုလုပ်နိုင်ခဲ့ပေ။ မာမားကတော့ ကျွန်မ၏ ကြိုးစားအားထုတ်မှုကို အားမလို အားမရ ဖြစ်နေသေးသည်။ ထိုနေ့ညက သူသည် တာ့ကောအား မြစ်ကမ်းနံဘေးမှ ကျူရိုးတစ်ကြောင်း ဖြတ်ယူခိုင်းခဲ့သည်။ ထို့နောက် ကျွန်မ၏ ခြေထောက်များကို ကျူရိုးဖြင့် ရိုက်ကာ ရိုက်ကာ နှစ်ရက်ဆက်တိုက် မပြတ် လမ်းလျှောက်ခိုင်းနေတော့သည်။
ပတ်တီးစများ ဖြေချသည့် တစ်နေ့တွင် ကျွန်မသည် ယခင်ကအတိုင်း ခြေထောက်များကို ရေနွေးစိမ်ထားသည်။ သို့သော် အရိုးများ နေရာပြန်ချရန်အတွက် နှိပ်နယ်ပေးမှုကို တွေ့ကြုံခံစားခဲ့ရသည့် ထိုတစ်ခဏကို ကျွန်မတစ်သက် မေ့နိုင်တော့မည် မဟုတ်ပေ။ မာမားသည် သူ၏ လက်ချောင်းများဖြင့် ကျွန်မ၏ လျော့ရဲကျနေသော အရိုးများကို ခြေဖဝါးအောက်တွင် နေရာတကျ ရှိနေစေရန် တွန်းရွှေ့ပေးနေသည်။ ထိုတဒင်္ဂထက် မည့်သည့်အခါကမျှ မာမား၏ မိခင်မေတ္တာကို ကျွန်မ ရှင်းလင်းပြတ်သားစွာ မမြင်ခဲ့ရဖူးပေ။
“တကယ့် စစ်မှန်တဲ့ မိန်းမကောင်းတစ်ယောက်ဟာ သူ့ဘဝထဲကို ဘယ်သို့သော အကျည်းတန်မှုမျိုးကိုမှ အဝင်ခံမှာ မဟုတ်ဘူး” သူက ထိုစကားလုံးများကို ဖန်တရာတေအောင် ပြောဆိုပြီး ကျွန်မ၏ ဦးနှောက်ထဲသို့ ရိုက်သွင်းပေးခဲ့သည်။
“အနာခံမှ အသာစံရမယ်တဲ့။ နာကျင်မှုကို ခံစားဖူးမှ စစ်မှန်တဲ့ အလှတရားကို ပိုင်ဆိုင်နိုင်မယ်။ ဆင်းရဲဒုက္ခကို ကြုံတွေ့ဖူးမှ စစ်မှန်တဲ့ ငြိမ်းအေးမှုကို ရှာတွေ့နိုင်မယ်။ ငါက နင့်ကို စည်းပေး၊ တုပ်ပေးရပေမယ့် တကယ်တမ်း အကျိုးခံစားရမယ့်သူက နင်ပဲ”
မေရွက်၏ ခြေချောင်းများက ရက်အတန်ငယ်ကြာမှ ကျိုးကြသည်။ သို့သော် စန်းမေ့၏ အရိုးများကမူ တင်းခံနေကြဆဲ။ မာမားက တာ့ကောကို ကျောက်တုံးငယ်များ အရှာခိုင်းပြန်သည်။ ယခုတစ်ကြိမ်၌ ခြေချောင်းများကို ဖိအား ပိုပေးနိုင်ရန်အတွက် စန်းမေ့၏ ခြေဖမိုးပေါ်တွင် ကျောက်တုံးငယ်များကို ထည့်ကာ စည်းနှောင်ပေးတော့သည်။ ဂျစ်ကန်ကန်နိုင်သော စန်းမေ့အကြောင်းကို ကျွန်မ ပြောခဲ့ဖူးပါသည်။ သို့သော် ယခုအခါ သူ၏ ငိုသံမှာ ပို၍ပင် ကျယ်လောင်လာတော့သည်။ သူ၏ ငိုရှိုက်သံကြောင့် လူကြီးများက သူ့ကို ငဲ့ညှာလာလိမ့်မည်ဟု ထင်နေပုံရသည်။ သူ၏ ထိုကဲ့သို့သော အပြုအမူမျိုးသည် ဂရုစိုက်မှုကို ပို၍ ခံယူလိုသောကြောင့်သာ ဖြစ်သည်ဟု ကျွန်မနှင့် မေရွက်တို့က ယူဆခဲ့ကြသည်။
မည်သို့ဆိုစေ မာမားသည် သူ၏ စိတ်ခွန်အား အများစုကို ကျွန်မ၏ ကိုယ်ပေါ်၌သာ ပုံအော၍ အသုံးချခဲ့သည်။ သို့သော် ကျွန်မတို့၏ ခြေထောက်များပေါ်ရှိ ပတ်တီးစများကို အလုံးစုံ ဖြေချပြီးသည့်နောက်တွင် စန်းမေ့၏ ခြေထောက်သည် ကျွန်မတို့နှစ်ယောက်၏ ခြေထောက်များနှင့် သိသိသာသာ ကွဲပြားနေသည်။ ကျွန်မနှင့် မေရွက်၏ ပတ်တီးစများသည် ယခင်ကအတိုင်း သွေးများ၊ ပြည်ပုပ်များနှင့် စေးထန့်နေတတ်သော်လည်း စန်းမေ့၏ ကိုယ်ခန္ဓာအနှံ့ ယိုစိမ့်ထွက်နေကြသော အရည်များထံမှ ကွဲပြားခြားနားသော အနံ့ဆိုးသစ်တစ်မျိုးကို ထုတ်လွှတ်နေသည်။ ကျွန်မနှင့် မေရွက်၏ ခြေထောက်ပေါ်ရှိ အရေပြားမှာ ညှိုးရော်ခြောက်သွေ့သော ဖြူဖပ်ဖပ် အရောင်မျိုး ဖြစ်နေပြီး စန်းမေ့၏ အရေပြားမှာမူ ပန်းတစ်ပွင့်ကဲ့သို့ ပန်းရောင်ယှက်သန်းနေသည်။
အောင်သွယ်တော်ဝမ်သည် အိမ်သို့ နောက်ထပ်တစ်ကြိမ် ရောက်လာပြန်သည်။ မာမား၏ လုပ်ငန်းတာဝန်ကို စစ်ဆေးပြီးနောက် အကိုက်အခဲ သက်သာစေမည့် တိုင်းရင်းဆေးဝါးတချို့ကို အကြံပြုသွားသည်။ နှင်းများ အသည်းအသန် ကျသည့် ရက်သို့ မရောက်မချင်း ၎င်းဆေးခါးများကို ကျွန်မ မတို့မထိခဲ့ပေ။ ထိုနေ့က ကျွန်မ၏ ခြေဖမိုးအလယ်ရှိ အရိုးများ ကျိုးပြတ်ထွက်ကုန်ကြသည်။ ထိုနေ့များအတွင်း၌ ခံစားနေရသော ကာယိကဒုက္ခနှင့် သစ်ဥသစ်ဖုများ၏ အစွမ်းတို့ ပေါင်းစပ်ကာ ကျွန်မ၏စိတ်မှာ နောက်ကျုနေတော့သည်။ ထိုစဉ် စန်းမေ့၏ အခြေအနေမှာလည်း ရုတ်တရက် ပြောင်းလဲလာသည်။ သူ၏ ကိုယ်အပူချိန်က မြင့်တက်လာသည်။ မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှမ်းနေပြီး အဖျားဒဏ်ကြောင့် သတိ မရတစ်ချက် ရတစ်ချက် ဖြစ်နေတော့သည်။ ဝိုင်းစက်သည့် မျက်နှာပြင်ကလည်း ချောင်ကျသွားလေပြီ။ မာမားနှင့် စိန်စိန်းက အောက်ထပ်တွင် နေ့လယ်စာအတွက် ထမင်းဟင်း ပြင်ဆင်နေကြစဉ် တာ့ကျယ်သည် ညီမငယ်လေးကို သနားသဖြင့် သူ့ကို ခုတင်ပေါ်၌ ခြေဆန့်လက်ဆန့် လဲလျောင်းနေစေသည်။ ကျွန်မနှင့် မေရွက်တို့က လမ်းတစ်ပတ်လျှောက်ပြီးရာမှ ခဏတစ်ဖြုတ် အနားယူကြသည်။ ထိုင်နေသည်ကို မြင်သွားလျှင် အဆူခံရမည် စိုးသောကြောင့် နှစ်ယောက်သား စန်းမေ့၏ နံဘေး၌ ရပ်နေကြသည်။ တာ့ကျယ်သည် စန်းမေ့၏ ခြေထောက်များကို ဝေဒနာ သက်သာလို သက်သာငြား နှိပ်နယ်ပေးနေသည်။
ဆောင်းရာသီ၏ အအေးဆုံး အခါသမယ ဖြစ်သောကြောင့် ကျွန်မတို့ ဝတ်ထားသော ကိုယ်ပေါ်မှ အနွေးထည်များသည်လည်း အထူထဲဆုံး အချိန်ပင် ဖြစ်သည်။ စန်းမေ့၏ ခြေသလုံးကြွက်သားများကို နှိပ်နယ်ပေးနိုင်ရန်အတွက် တာ့ကျယ်သည် ကျွန်မတို့၏ အကူအညီဖြင့် စန်းမေ့၏ ဘောင်းဘီထူကို ဒူးခေါင်းအထိရောက်အောင် လိပ်တင်လိုက်သည်။ ထိုအချိန်မှာပင် စန်းမေ့၏ ပတ်တီးစအောက်ဘက်မှ နေ၍ ပေါင်ရင်းသို့တိုင် မြစ်လက်တက်များကဲ့သို့ စီးဆင်းနေကြသော အနီရောင် အရေးအကြောင်းများကို တွေ့မြင်လိုက်ရတော့သည်။ ကျွန်မတို့သည် တစ်ယောက်ကို တစ်ယောက် တစ်ခဏတာမျှ ငေးကြည့်နေမိကြပြီးနောက် တခြားခြေထောက် တစ်ဘက်ကိုလည်း အလျင်အမြန် စစ်ဆေးကြည့်ကြတော့သည်။ ထူးမခြားနားပင်။
တာ့ကျယ်သည် အောက်ထပ်သို့ အလျင်အမြန် ဆင်းသွားပြီး ကျွန်မတို့၏ လေ့လာတွေ့ရှိချက်ကို အစီရင်ခံရင်း သူ၏ တာဝန်ပေါ့လျော့မှုကိုလည်း ဝန်ခံလိုက်သည်။ မာမား၏ လက်ဝါးက တာ့ကျယ်၏ မျက်နှာပေါ်သို့ ကျရောက်လာလိမ့်မည်ဟု ကျွန်မတို့ မျှော်လင့်ထားကြသော်လည်း အခြေအနေက ထိုသို့ မဖြစ်ခဲ့ပါ။ မာမားနှင့် စိန်စိန်းတို့ အပေါ်ထပ်သို့ အလျင်အမြန် တက်လာကြသည်။ သူတို့သည် မတ်တတ်ရပ်လျက် အခန်းတွင်းသို့ အကဲခတ်နေကြသည်။ ခြေထောက်အောက်ပိုင်း ဟာလာဟင်းလင်း ဖြစ်နေသော စန်းမေ့သည် လဲလျောင်းလျက်က မျက်နှာကျက်တစ်နေရာသို့ ငေးစိုက်ကြည့်နေသည်။ ကျွန်မတို့ ကောင်မလေးနှစ်ယောက်မှာမူ တစ်နေရာ၌ ငြိမ်ငြိမ်ကုပ်ကုပ် ရပ်နေကြကာ ကျရောက်လာမည့် အပြစ်ဒဏ်ကို စောင့်မျှော်နေကြသည်။ နိုင်နိုင်းကမူ ခုတင်ပေါ်ရှိ ဖုံထူထူအောက်၌ အိပ်မောကျနေဆဲ။ စိန်စိန်းက အခြေအနေကို တစ်ချက်ကြည့်ပြီးနောက် ရေနွေးကျိုရန် အောက်ထပ်သို့ ဆင်းသွားတော့သည်။
မာမားက ခုတင်ဆီသို့ လျှောက်သွားသည်။ သူ့လက်ထဲတွင် ဝါးတောင်ဝှေး မပါသောကြောင့် အတောင်ကျိုးနေသော ငှက်တစ်ကောင်ကဲ့သို့ ယိုင်တိယိုင်ထိုးနှင့် လျှောက်လှမ်းနေရသည်။ ဤသို့သော အခြေအနေမျိုးတွင် သူ၏ သမီးရင်းချာကို ကူညီရန် မည်သို့မျှ မဖြစ်နိုင်ချေ။ အပေါ်ထပ်သို့ စိန်စိန်း ပြန်ရောက်လာသောအခါ မာမားသည် စန်းမေ့၏ ပတ်တီးစများကို စတင် ဖြေချလေသည်။ အနံ့ဆိုးတစ်ခုက အခန်းတွင်းသို့ တစ်ခဏချင်း ပျံ့နှံ့သွားသည်။ စိန်စိန်းထံမှ ပျို့အန်သံ ထွက်ပေါ်လာသည်။ အပြင်တွင် နှင်းများ တခဲနက် ကျနေသော်လည်း တာ့ကျယ်သည် အနံ့ဆိုးများ ထွက်သွားစေရန်အတွက် ပြတင်းပေါက်များကို ကာထားသည့် စက္ကူကို အပေါက်ဖောက်လိုက်သည်။ နောက်ဆုံး၌ စန်းမေ့၏ ခြေထောက်ကို လုံးလုံးလျားလျား တွေ့မြင်လာရသည်။ ပြည်ပုပ်များသည် နက်ပြာရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး သွေးများသည် အညိုရောင် ရွှံ့ဗွက်များကဲ့သို့ ပျစ်ခဲနေသည်။ စန်းမေ့ကို လဲလျောင်းနေရာမှ ထိုင်နေသည့် အနေအထားရောက်အောင် ထူမ,လိုက်ပြီးနောက် သူ၏ အတုပ်အနှောင်မဲ့ ခြေထောက်များကို ရေနွေးဇလုံထဲသို့ ထည့်လိုက်သည်။ သူ၏ စိတ်အာရုံက အဝေးတစ်နေရာသို့ ရောက်နေသည့်နှယ် သူ့ထံမှ မည်သည့်အသံမျှ ထွက်ပေါ်မလာပေ။
လွန်ခဲ့သော ရက်သတ္တပတ်ပေါင်းများစွာက ထွက်ပေါ်ခဲ့သော စန်းမေ့၏ အော်သံဟစ်သံများသည် မတူကွဲပြားသော အဓိပ္ပာယ်တစ်ခုကို ဖော်ဆောင်နေကြသည်။ အဖြစ်ဆိုးတစ်ခု ကြုံတွေ့လာနိုင်သည်ကို ပထမဆုံးနေ့ကတည်းက သူ သိရှိနေခဲ့လေသလော။ ထိုသို့သော အကြောင်းကြောင့် သူက ခုခံနေခဲ့ခြင်းလော။ ရုန်းရင်းဆန်ခတ် ဖြစ်နေသည့်အကြားတွင် အမှားတစ်ခုခုကို မာမားသည် အမှုမဲ့အမှတ်မဲ့ ကျူးလွန်မိခဲ့ခြင်းလော။ စန်းမေ့၏ သွေးအဆိပ်သင့်ခြင်းသည် ခြေစည်းခြင်းကြောင့် ဖြစ်ပေါ်လာရသလော။ အောင်သွယ်တော်ဝမ်၏ ပြောစကားအတိုင်း ဆိုလျှင် သူသည်လည်း ကျွန်မနည်းတူ အာဟာရ ချို့တဲ့နေခဲ့ခြင်းလော။ ယခုလို ဒုက္ခသုက္ခများနှင့် ကြုံတွေ့ရလောက်အောင် သူသည် အတိတ်ဘဝက မည်သို့သော မကောင်းမှုများကို ကျူးလွန်ခဲ့ပါသနည်း။
ရောင်ရမ်းမှုများ ပြေပျောက်သွားစေရန် အလို့ငှာ မာမားက ခြေထောက်များကို ပွတ်တိုက်ပေးနေသည်။ စန်းမေ့ခမျာ မျော့မျော့သာ ကျန်တော့သည်။ ဇလုံအတွင်းမှ ရေများသည်လည်း အဆိပ်ရေများအလား ခဏချင်း မဲပုပ်သွားသည်။ နောက်ဆုံးတွင် မာမားသည် ဒုက္ခိတခြေအစုံကို ရေထဲမှ ဆယ်လိုက်ပြီး မျက်နှာသုတ်ပဝါဖြင့် ကျကျနန သုတ်ပေးသည်။
“မာမား …” မာမားက သူ့ယောက္ခမကြီးကို လှမ်းခေါ်လိုက်သည်။
“မာမားက ကျွန်မထက် ပိုပြီး အတွေ့အကြုံ ရှိပါတယ်။ ကျွန်မကို လာကူပေးပါဦးလား”
သို့သော် နိုင်နိုင်းသည် သူ၏ ဂွမ်းကပ်ခြုံစောင်အောက်မှ တုတ်တုတ်မျှ မလှုပ်။ မာမားနှင့် စိန်စိန်းတို့ကလည်း သဘောထား မတိုက်ဆိုင်နိုင်ဘဲ ရှိနေကြသည်။
“ငါတို့ သူ့ခြေထောက်ကို အပြင်မှာ လေသလပ်ထားရင် ကောင်းမယ်” မာမားက အကြံပြုသည်။
“အဲဒါ အဆိုးဆုံးပဲပေါ့” စိန်စိန်းက စကားပြန်သည်။
“သူ့ရဲ့ အရိုးတော်တော်များများက ကျိုးနေပြီ။ တကယ်လို့ သူ့ခြေထောက်ကို ကောင်းကောင်း စည်းမထားဘူးဆိုရင် အဲဒီအရိုးတွေက ဘယ်လိုမှ ပြန်ဆက်သွားနိုင်တော့မှာ မဟုတ်ဘူး။ သူလည်း ဒုက္ခိတတစ်ယောက် ဖြစ်သွားပြီး သူ့ကို ယူမယ့်လူလည်း ရှိမှာ မဟုတ်တော့ဘူး”
“သူ့ကို လုံးဝ ဆုံးရှုံးသွားရတာနဲ့ စာရင် အပျိုကြီးဘဝနဲ့ အသက်ရှင်နေသေးတာကမှ တော်သေးတယ်လေ”
“အဲဒီလိုကြီး အသက်ရှင်နေတော့ရော ဘာအဓိပ္ပာယ် ရှိဦးမှာလဲ” စိန်စိန်းက တုံ့ပြန်သည်။
“အစ်မက မိခင်တစ်ယောက်ရဲ့ မေတ္တာနဲ့ အဲဒီစကားကို ပြောတယ်ပဲ ထားဦး။ အဲဒီလို လုပ်လိုက်ရင် သူ့မှာ ဘာအနာဂတ်မှ ရှိမှာ မဟုတ်တော့ဘူး”
သူတို့၏ ငြင်းခုန်မှုက အတောမသတ်နိုင်သေး။ စန်းမေ့သည် နေရာတွင် မလှုပ်မယှက်။ သူတို့သည် စန်းမေ့၏ ခြေထောက်နှစ်ချောင်းကို အလာမ်များ သုတ်လိမ်းပေးပြီးနောက် ပြန်စည်းလိုက်ကြသည်။ ဒုတိယနေ့တွင် နှင်းများက ယမန်နေ့အတိုင်း တဖွဲဖွဲ ကျနေကြသည်။ စန်းမေ့၏ အခြေအနေကမူ ပိုမို၍ ဆိုးရွားလာသည်။ ကျွန်မတို့ အိမ်က ငွေကြေးမပြည့်စုံသော်လည်း ပါပါးသည် နှင်းတောထဲ ဖြတ်ကာ ကျေးလက်ဆရာဝန်တစ်ယောက် ပင့်လာခဲ့သည်။ ထိုသူက စန်းမေ့ကို ကြည့်ပြီး ခေါင်းယမ်းပြလေတော့သည်။ ဆရာဝန်၏ ထိုသို့သော အပြုအမူကို ကျွန်မ၏ ဘဝတွင် ပထမဆုံး မြင်ခဲ့ရဖူးခြင်း ဖြစ်သည်။ တမလွန်လောကသို့ ထွက်ခွာသွားတော့မည့် ချစ်ရသူတစ်ယောက်၏ ဝိညာဉ်ကို ကျွန်မတို့ တားဆီးထားရန် အစွမ်းအစ မဲ့နေကြောင်း ဖော်ပြနေသည်။ သင့်အနေဖြင့် တွန်းလှန်ရန် ကြိုးစားကြည့်နိုင်ပါသည်။ သို့သော် သေမင်းတမန်၏ လာရောက်ခေါ်ငင်ခြင်းကို ခံရပြီ ဆိုလျှင် ဘာမျှ မတတ်နိုင်တော့ပေ။ သေမင်းတမန်၏ ရှေ့မှောက်၌ ကျွန်မတို့သည် အမိန့်ကို နာခံရုံသာ တတ်စွမ်းနိုင်တော့သည်။ ဆရာဝန်က အနာအုံဆေးနှင့် ဆေးမြစ်တချို့ ပေးသည်။ သူသည် သဘောကောင်း၍ ရိုးသားသော လူတစ်ယောက် ဖြစ်သည့်အလျောက် ကျွန်မတို့ မိသားစု၏ အခြေအနေကို နားလည် သဘောပေါက်သည်။
“စိတ်မကောင်းပါဘူး။ ကျွန်တော် ဒီလောက်ပဲ လုပ်ပေးနိုင်တော့တယ်” သူက ပါပါးကို ပွင့်ပွင့်လင်းလင်း ပြောရှာသည်။
“ဒါတောင် သဲထဲရေသွန်သလို ဖြစ်နေမှာပဲ”
သို့သော် ထိုနေ့အတွက် သတင်းဆိုးမှာ ဤမျှနှင့် အဆုံးမသတ်သေးပေ။ ကျွန်မတို့က ဆရာဝန်ကို အရိုအသေ ပေးပြီးသောအခါတွင် သူက အခန်းတွင်းသို့ ဝေ့ဝိုက်ကြည့်ရာ စောင်အောက်မှ နိုင်နိုင်းကို တွေ့သွားသည်။ သူသည် နိုင်နိုင်းအနားသို့ သွားပြီး နဖူးကို စမ်းကြည့်သည်။ ထို့နောက် သွေးစမ်းကြည့်ပြန်သည်။ သူက ပါပါးကို မော့ကြည့်ပြီး ပြောလိုက်သည်။
“ခင်ဗျားရဲ့ မိခင်ကြီးက အတော် နေမကောင်းဖြစ်နေတာပဲ။ ခင်ဗျားတို့ ဘာကြောင့် အဲဒီကိစ္စကို စောစောက မပြောကြတာလဲ”
ထိုမေးခွန်းကို ပါပါး မည်သို့ ဖြေနိုင်ပါအံ့နည်း။ သူသည် မိဘကို ရိုသေသော သားကောင်းတစ်ယောက် ဖြစ်သည်။ သို့သော် သူက ယောက်ျားတစ်ယောက်လည်း ဖြစ်နေပြန်သည်။ ဤကိစ္စသည် အိမ်တွင်းရေးကိစ္စသာ ဖြစ်သည်။ ထို့အတူပင် နိုင်နိုင်းကို စောင့်ရှောက်ရမည့် တာဝန်သည် သားဖြစ်သူ ပါပါး၏ ဝတ္တရားလည်း ဖြစ်နေပြန်သည်။ ပါပါးနှင့် စူးစူတို့ အိမ်အောက်ထပ်၌ ဆေးပြောင်းရှူနေချိန်တွင် အပေါ်ထပ်ရှိ လူနှစ်ယောက်၏ ကျန်းမာရေးမှာ သေလောက်သည်အထိ စိုးရိမ်နေရသည်။
ကျွန်မတို့ မိသားတစ်စုလုံး၏ ဦးခေါင်းများထဲ၌ မေးခွန်းများ နောက်တစ်ကြိမ် ပြည့်လျှံလာပြန်သည်။ အသုံးမကျသော ကောင်မလေးများ၏ အပေါ်၌ အလွန်အကျွံ အာရုံစိုက်ခဲ့ခြင်းဖြင့် ကျွန်မတို့အိမ်၏ တန်ဖိုးအထားရဆုံးသော အမျိုးသမီးကြီးတစ်ဦးကို လျစ်လျူရှုရာ ရောက်ခဲ့လေသလော။ အခန်းထဲတွင် စန်းမေ့နှင့်အတူ အသွားအပြန် လမ်းလျှောက်ပေးရခြင်းကြောင့် နိုင်နိုင်း၏ ကျန်းမာရေး ထိခိုက်သွားရခြင်းလော။ စန်းမေ့၏ မရပ်မနား ငိုကြွေးညည်းတွားသံများကို စိတ်ကုန်သွားသောကြောင့် နိုင်နိုင်းသည် ဤငြီးငွေ့ဖွယ်လူ့ဘုံကို စွန့်ခွာသွားရန် ဆုံးဖြတ်ခဲ့သလော။ စန်းမေ့ကို အကြောင်းပြု၍ ရောက်ရှိလာသော သေမင်းတမန်သည် နိုင်နိုင်းကိုပါ တစ်ပါတည်းအတူ ခေါ်ဆောင်သွားခြင်းပေလော။
ပြီးခဲ့သော ရက်သတ္တပတ်ပေါင်း များစွာက စန်းမေ့အပေါ် ထားရှိခဲ့ကြသော အာရုံစိုက်မှုများ အားလုံးသည် ယခုအခါ နိုင်နိုင်းအထံသို့ ရွှေ့ပြောင်းသွားကြသည်။ ပါပါးနှင့် စူးစူတို့သည် ဆေးပြောင်းရှူချိန်၊ အစာစားချိန်နှင့် အနားယူချိန်မှ လွဲ၍ ကျန်အချိန်များတွင် နိုင်နိုင်းအနားမှ တစ်ဖဝါးမျှ မခွာကြတော့ပေ။ စိန်စိန်းသည် ထမင်းဟင်း ချက်ပြုတ်ခြင်း၊ အဝတ်အစား လျှော်ဖွတ်ခြင်းစသော အိမ်မှုကိစ္စ အဝဝနှင့် တခြားသူများအား ပြုစုစောင့်ရှောက်သည့် တာဝန်တို့ကို တစ်ဦးတည်း လက်လွှဲယူလိုက်သည်။ မာမား အိပ်စက်အနားယူသည်ကို ကျွန်မ မတွေ့ရတော့ပေ။ အကြီးဆုံး ချွေးမတစ်ယောက် အနေဖြင့် သူ့တွင် ဘဝပေး တာဝန်ကြီးနှစ်ရပ် ရှိသည်။ ဤမိသားစုအတွက် သားရတနာ ဖွားမြင်ပေးရန်နှင့် ခင်ပွန်းသည်၏ မိခင်ကို ပြုစုစောင့်ရှောက်ရန်။ သူ့အနေဖြင့် နိုင်နိုင်း၏ နေမှုထိုင်မှု ကိစ္စများအပေါ်တွင် ရာနှုန်းပြည့် စိတ်နှစ်ထားခဲ့သင့်သည်။ သို့သော် ထိုသို့ ပြုလုပ်ရမည့်အစား ယောက်ျားသားတစ်ယောက်၏ အကြံကြီးမှုမျိုးက သူ့ဦးနှောက်ကို စိုးမိုးသွားခဲ့သောကြောင့် သူ၏ စွမ်းအားမှန်သမျှကို ကျွန်မ၏ ကိုယ်ပေါ်၌ မြှုပ်နှံခဲ့တော့သည်။ လှပရွှန်းစိုတော့မည့် ကျွန်မ၏ အနာဂတ်အတွက် ကျွန်မကိုသာ အပြည့်အဝ အာရုံစိုက်ခဲ့သည်။ ယခုမူ သူ၏ တာဝန် ပေါ့လျော့မှုမှ ပေါက်ဖွားလာသော စိတ်ပိုင်းဖြတ်မှုဖြင့် နိုင်နိုင်းအတွက် ရိုးရာဓလေ့ ပူဇော်ပသမှုတို့ကို အမျိုးစုံအောင် ပြုလုပ်နေတော့သည်။ ကွမ်ရင်မယ်တော်နှင့် ကွယ်လွန်ပြီး ဘိုးဘွားများကို စားသောက်ဖွယ်ရာ အဖြာဖြာတို့ဖြင့် ပသနေသည်။ အချိန်ပြည့် ဆုတောင်းပတ္ထနာ ပြုမနေလျှင်လည်း ဂါထာမန္တာန်များ ရွတ်ဖတ်ပူဇော်နေတတ်သည်။ သူ့ကိုယ်ပိုင် သွေးဖြင့်ပင် ဆန်ပြုတ်ပြုတ်ကာ နိုင်နိုင်းကို အသက်ခွန်အား ဖြည့်ဆည်းပေးခဲ့သေးသည်။
လူတိုင်းလူတိုင်းက နိုင်နိုင်းအတွက် အလုပ်ရှုပ်နေကြချိန်တွင် ကျွန်မနှင့် မေရွက်တို့မှာ စန်းမေ့၏ အခြေအနေကို စောင့်ကြည့်ရန် တာဝန်ကျလေသည်။ ကျွန်မတို့၏ အသက်မှာ ၇ နှစ်သာ ရှိသေးသဖြင့် သူ့ကို သက်သောင့်သက်သာ ဖြစ်သွားစေရန်အတွက် မည်သို့ ပြုမူ၍ မည်သို့ ပြောဆိုရမည်ကိုပင် နားမလည်ကြချေ။ သူ၏ ဝဋ်ဒုက္ခက ပြင်းထန်လွန်းလှသည်။ သို့သော် ၎င်းမှာ ကျွန်မ မြင်ခဲ့ရဖူးသမျှထဲတွင် အပြင်းထန်ဆုံးသော ဝဋ်ဒုက္ခမျိုး မဟုတ်သေးပေ။ လေးရက်ကြာပြီးနောက်တွင် စန်းမေ့သည် လူ့လောကကို အပြီးအပိုင် စွန့်ခွာသွားတော့သည်။ တိုတောင်းလှသော သူ၏ သက်တမ်းနှင့်မမျှသော ဒုက္ခနှင့် နာကျင်မှုများကို သူ ကြုံတွေ့ခံစားခဲ့ရရှာသည်။
နိုင်နိုင်းလည်း နောက်တစ်ရက်၌ အနိစ္စရောက်သည်။ ဝေဒနာ ခံစားနေရသည့် အရိပ်အယောင်ကို သူ့တွင် မည်သူမျှ မတွေ့မြင်ခဲ့ကြ။ ဆောင်းဦးရွက်ကြွေများအောက်ရှိ ခူကောင်တစ်ကောင်ကဲ့သို့ သူ၏ ကိုယ်ခန္ဓာမှာ ကွေးသည်ထက်ကွေး၊ သေးသည်ထက် သေးသွားရုံမျှသာ ရှိခဲ့သည်။
ↂↂↂ
မြေမြှုပ်သင်္ဂြိုဟ်မှု ပြုလုပ်ရန် မြေကြီးက မာလွန်းနေသည်။ နိုင်နိုင်း၏ အသက်ရှင်ဆဲ သွေးသောက်ညီအစ်မနှစ်ယောက်က နိုင်နိုင်းကို လာရောက် နှုတ်ဆက်ကြသည်။ လွမ်းဆွတ်တသဖွယ် သီချင်းများကို သီဆိုကြသည်။ သူ၏ ရုပ်အလောင်းကို ဂွမ်းထည်ဖြင့် ပတ်ပြီး သူ့အတွက် သက်ရှည်ဝတ်စုံများ [6] ကို ဝတ်ဆင်ပေးကြသည်။ သူသည် အသက်ရှည်ရှည် နေခဲ့ရသော အမျိုးသမီးကြီး ဖြစ်သောကြောင့် သူ၏ သက်ရှည်ဝတ်စုံကိုလည်း အထည်ပေါင်းများစွာ ဝတ်ဆင်ပေးရသည်။ စန်းမေ့၏ အသက်မှာ ၆ နှစ်မျှသာ ရှိသေးသည့်အပြင် အသက်ရှိစဉ်အခါကလည်း သူ့ကို အနွေးဓာတ်ပေးနိုင်မည့် အဝတ်အစား များများစားစား မရှိခဲ့ပေ။ တမလွန်ဘဝ၌ သူ့ကို ကြိုဆိုကြမည့် အပေါင်းအဖော်လည်း များများစားစား ရှိမည် မဟုတ်။ သူ့တွင် ဆောင်းရာသီဝတ် အဝတ်အစား တစ်စုံနှင့် နွေရာသီဝတ် အဝတ်အစား တစ်စုံသာ ရှိသည်။ ၎င်းတို့မှာလည်း ကျွန်မနှင့် တာ့ကျယ်တို့၏ ဝတ်ထားပြီးသား အကျများသာ ဖြစ်ကြသည်။ နိုင်နိုင်းနှင့် စန်းမေ့တို့သည် နှင်းလွှာအောက်၌ လက်ကျန်ဆောင်းကာလများကို ဖြတ်သန်းခဲ့ကြရသည်။
နိုင်နိုင်းနှင့် စန်းမေ့တို့ ကွယ်လွန်သည့်အချိန်နှင့် မြေမြှုပ်သင်္ဂြိုဟ်မည့်အချိန် ကြားကာလတွင် အပေါ်ထပ်ရှိ အမျိုးသမီးအဆောင်ထဲ၌ အပြောင်းအလဲများစွာ ဖြစ်ပျက်ခဲ့သည်။ ကျွန်မနှင့် မေရွက်ကမူ ယခင်ကအတိုင်း သွားချည်ပြန်ချည် လမ်းလျှောက်နေကြရသည်။ ကျွန်မတို့သည် ထုံးစံအတိုင်း လေးရက်တစ်ကြိမ် ခြေထောက်ဆေးကြသည်။ နှစ်ပတ်လျှင်တစ်ကြိမ် ပိုသေးကွေးသော ဖိနပ်သစ်များကို လဲဝတ်ကြရသည်။ ထူးခြားသွားသည့်အချက်မှာ မာမားနှင့် စိန်စိန်းတို့သည် ကျွန်မတို့ကို ယခင်ကထက် ပိုမိုတင်းကျပ်စွာ ဆက်ဆံလာကြသည်။ ကျွန်မတို့ကလည်း ယခင်ကထက် ပိုမို၍ သတိထားလာကြတော့သည်။ အာခံခြင်းနှင့် စောဒကတက်ခြင်းများလည်း အလျင်းမရှိခဲ့။ ခြေထောက်ဆေးသည့် အချိန်သို့ ရောက်တိုင်း ကျွန်မတို့၏ မျက်လုံးများသည် မာမားနှင့် စိန်စိန်းတို့ကဲ့သို့ ခြေထောက်ပေါ်မှ သွေးနှင့် ပြည်ပုပ်များကိုသာ စူးစူးစိုက်စိုက် ကြည့်နေတတ်ကြသည်။ ကျွန်မတို့ ကောင်မလေးများသာ ကျန်တော့သည့် ညဉ့်အချိန်တိုင်းနှင့် တစ်နေ့တာ တာဝန်ကို စတင်၍ မလုပ်ဆောင်ရမီ နံနက်ခင်းအချိန်တိုင်းတွင် တာ့ကျယ်သည် ကျွန်မတို့၏ ခြေထောက်များကို ပိုးဝင်ရောင်ရမ်းခြင်း ရှိမရှိ စစ်ဆေးကြည့်ရှုပေးသည်။
ခြေထောက် စစည်းခဲ့ရသည့် အစောပိုင်း လများကို ကျွန်မ မကြာမကြာ နောက်ကြောင်းပြန် စဉ်းစားကြည့်လေ့ရှိသည်။ မာမား၊ စိန်စိန်း၊ နိုင်နိုင်းနှင့် တာ့ကျယ်တို့သည် ကျွန်မကို အားပေးစကားများ အကြိမ်ကြိမ် အထပ်ထပ် ပြောကြားခဲ့ကြသည်။ ထိုစကားများကို ကျွန်မ ယခုအချိန်ထိ မှတ်မိနေပါသေးသည်။ ၎င်းတို့အထဲတွင် “ကြက်ကို လင်တော်ရင် ကြက်လို နေရမယ်။ ခွေးကို လင်တော်ရင် ခွေးလို နေရမယ်” ဟူသော စကားတစ်ခွန်းလည်း အပါအဝင် ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာမြင့်သည်အထိ ထိုစကား၏ အနက်အဓိပ္ပာယ်ကို ကျွန်မ နားမလည်ခဲ့ပေ။ မည်သို့သော အိမ်ထောင်ဖက်မျိုးနှင့် ထိုက်တန်သနည်း ဆိုသည့်ကိစ္စသည် ကျွန်မ၏ ခြေထောက် အကြီးအသေးအပေါ် မူတည်နေသည်။ အပြစ်အနာအဆာ ကင်းစင်သည့် ခြေထောက်ငယ်တစ်စုံသည် ယောက္ခမလောင်းများ အရှေ့တွင် ကျွန်မ၏ စည်းကမ်းသေဝပ်မှုကို လည်းကောင်း၊ အာဝေဏိက ဒုက္ခများအပြင် နောက်နောင် ကြုံတွေ့လာနိုင်သည့် အဆိုးလောကဓံများအပေါ် ကျွန်မ၏ သည်းညည်းခံနိုင်စွမ်းကို လည်းကောင်း သက်သေပြနေသည့်နှယ် အထောက်အထားအဖြစ် တည်ရှိနေကြပေမည်။ ကျွန်မကို ကျွေးမွေးစောင့်ရှောက်ခဲ့သော မိသားစုဝင်များ၊ အထူးသဖြင့် မွေးသမိခင်အပေါ်တွင် ထားရှိသည့် ကျွန်မ၏ ရိုကျိုးနာခံတတ်မှုကို လောကလူအများအား အပြစ်ကင်းစင်သည့် ထိုခြေထောက်ငယ်တစ်စုံက သက်သေသက္ကာယအဖြစ် ထုတ်ဖော်ပြသ ပေးကြပေလိမ့်မည်။ ထိုအချက်ကြောင့်ပင် ယောက္ခမလောင်းကလည်း ကျွန်မအပေါ်တွင် အကောင်းမြင် သဘောထားများ ပေါက်ဖွားလာလိမ့်မည်။ ကျွန်မကိုယ်တိုင် ချုပ်လုပ်ခြယ်သထားသော ဖိနပ်များသည် ကျွန်မ၏ အချုပ်အလုပ် စွမ်းရည်နှင့် တခြားသော အိမ်ထောင်မှု ပိုင်နိုင်ခြင်းကို ခင်ပွန်းလောင်း၏ မိသားစုဝင်များအား လှစ်ဟပြသရာ၌ အကူအညီ ပေးကြပေလိမ့်မည်။ ထို့အပြင် ထိုစဉ်က ကျွန်မ လုံးဝ သိရှိထားခြင်း မရှိခဲ့သော အကြောင်းအရာတစ်ခု ရှိနေသေးသည်။ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်တို့ ချစ်ရည်လူးကြသည့် အချိန်အတွင်းမှာပင် ကျွန်မ၏ ခြေအစုံသည် ခင်ပွန်းသည်ကို အရူးအမူးဖြစ်အောင် တစ်စုံတစ်ရာ စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ကျွန်မတို့ ဇနီးခင်ပွန်းနှစ်ယောက် ရွှေလက်တွဲသွားခဲ့ကြသည့် ကာလတစ်လျှောက်လုံးတွင် ကျွန်မ၏ ခြေထောက်များကို တွေ့မြင်လိုသောဆန္ဒနှင့် သူ့လက်ထဲ၌ တယုတယ ဆုပ်ကိုင်ထားလိုသော ဆန္ဒတို့သည် သူ့ထံမှ ပျောက်ကွယ်သွားခဲ့ဖူးသည် မရှိ။ သားသမီး ငါးယောက် မွေးဖွားပြီးသည့် နောက်ပိုင်းသာ မကဘဲ ကျွန်မ၏ တခြားသော ရုပ်ခန္ဓာ အစိတ်အပိုင်းများက သူ၏ ရမ္မက်ဇောများကို ဖြေလျှော့မပေးနိုင်တော့သည့် အချိန်နောက်ပိုင်းတွင်လည်း ထိုဆန္ဒများသည် သူ့ထံမှ လုံးဝ ငုပ်လျှိုးသွားခဲ့ခြင်း မရှိပေ။