မာတိကာကြည့်ရန်

အခန်း (၁၇) ပြစ်တင်စာ

 

ခရိုင်အတွင်း၌ လူအများစုသည် သူတို့၏ ဘဝများကို အသစ်တစ်ဖန် ပြန်လည် တည်ဆောက်နေကြရသည်။ ထိုနှစ်အတွင်း ဖြတ်သန်းရှင်သန်ခဲ့ကြသော ကျွန်မတို့မှာ အတွေ့အကြုံ အမြောက်အမြားကို တွေ့ကြုံခံစားခဲ့ကြရသည်။ ပထမဆုံးအနေဖြင့် ကပ်ရောဂါ၊ ထို့နောက် သူပုန်ထမှု။ လူဦးရေမှာလည်း သိသိသာသာ လျော့ပါးသွားသည်။ ဤရောဂန္တရကပ်နှင့် သတ္ထန္တရကပ်ဘေးတို့ကြောင့် သေကျေပျက်ဆီးခဲ့ရသော ဆွေမျိုးသားချင်းများအတွက် ကျွန်မတို့ ယူကျုံးမရ ဖြစ်ကြရသည်။ သို့သော် တစ်ချိန်တည်းမှာပင် ကံကောင်းထောက်မစွာ အသက်ရှင် ကျန်ရစ်ခွင့် ရရှိခဲ့ကြသောကြောင့်လည်း ကျွန်မတို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရပြန်သည်။ ကျွန်မတို့၏ ကိုယ်အလေးချိန်မှာလည်း တဖြည်းဖြည်း တိုးပွားလာသည်။ ယောက်ျားများသည် လယ်ကွင်းများဆီသို့ ပြန်လည် ရောက်ရှိသွားကြကာ သားများသည်လည်း သူတို့၏ စာသင်ခန်းမဆီသို့ ပြန်ရောက်သွားကြသည်။ အမျိုးသမီးကြီးများနှင့် မိန်းမငယ်ကလေးများမှာမူ သူတို့၏ အပေါ်ထပ် အခန်းဆောင်ထဲတွင် ရက်ကန်းရက်ရင်း၊ ဇာပန်းထိုးရင်းဖြင့် အိမ်တွင်းပုန်းများအဖြစ် ပြန်လည် နေထိုင်နေကြသည်။ ကျွန်မတို့ အားလုံးသည် ကျွန်မတို့၏ ကောင်းသော ကံကြမ္မာများနှင့် လန်းဆန်းတက်ကြွကာ ရှေ့သို့သာ ခရီးဆက်နေကြသည်။

ယခင်ကဆိုလျှင် ကျွန်မသည် ယောက်ျားတို့၏ ပြင်ပကမ္ဘာကို မည်သို့ ရှိမည်နည်းဟု မကြာခဏ စပ်စုချင်နေခဲ့မိသည်။ ယခုသော် ၎င်း၏ အနီးသို့ နောက်တစ်ကြိမ်မျှ သီပင် သီဝံ့တော့မည် မဟုတ်ကြောင်း ကျွန်မ ကျိန်ဆိုရဲသည်။ ကျွန်မ၏ ဘဝသည် အပေါ်ထပ် ခန်းဆောင်ထဲတွင်သာ ကုန်လွန်ရန် ဖြစ်တည်လာခဲ့ရသည်။ ကျွန်မ၏ လင်ညီမများကို ပြန်လည် တွေ့မြင်ခွင့် ရသည့်အတွက် ကျွန်မ ဝမ်းမြောက်နေသည်။ တစ်နေ့ခင်းလုံး သူတို့နှင့်အတူ အချုပ်အလုပ်များ၊ လက်ဖက်ရည်ဝိုင်း၊ သီချင်းများ၊ ပုံပြင်များနှင့် အချိန်ဖြုန်းရန်သာ တောင့်တနေခဲ့သည်။ သို့သော် ကျွန်မ၏ သားသမီးများကို မြင်ရသည်ထက်တော့ မည်သည့်အရာကမျှ ကျွန်မကို ပျော်ရွှင်ချမ်းမြေ့အောင် မပြုလုပ်နိုင်ပေ။ သူတို့နှင့် ကျွန်မ၏ မျက်လုံးများထဲတွင် သုံးလဟူသည် တစ်သက်တာတမျှ ကြာရှည်လွန်းခဲ့သည်။ သူတို့လည်း ကြီးထွားလာကြကာ အပြောင်းအလဲကြီး ပြောင်းလဲလာကြသည်။ အဝေးသို့ ရောက်ရှိနေစဉ် ကျွန်မ၏ သားကြီးသည် ၁၂ နှစ် ပြည့်မြောက်ခဲ့သည်။ ပဋိပက္ခ ဖြစ်ပွားနေသည့် ကာလအတွင်း၌ သားကြီးသည် စစ်သည်ရဲမက်များ၏ ကာကွယ်မှုကို အပြည့်အဝ ရရှိထားသော မြို့ပေါ်တွင် နေထိုင်ကာ သူ၏ ပညာကို အထစ်အငေါ့ မရှိ လေ့လာသင်ကြားနေခဲ့သည်။ သူသည် ဂန္ထဝင်စာပေများကို စတင် လေ့လာနေရပြီ ဖြစ်သည်။

တစ်တိုင်းပြည်လုံးရှိ စာသင်သားများသည် မည်သည့်နေရာတွင် တည်ရှိနေပါစေ၊ မည်သို့သော တိုင်းရင်း ဘာသာစကားများကို ပြောဆိုကြပါစေ၊ လူတိုင်းသည် တူညီသော ပြဋ္ဌာန်းစာအုပ် တစ်မျိုးတည်းကိုသာ လေ့လာသင်ယူကြရသည်။ တူညီသော စာမေးပွဲ တစ်ခုတည်းကိုသာ ဖြေဆိုကြရသည်။ သို့မှသာ ချင်ဧကရာဇ်အပေါ် ထားရှိသော သစ္စာစောင့်သိမှု၊ ချင်မင်းဆက်၏ တည်တံ့ခိုင်မြဲမှုနှင့် တိုင်းပြည်၏ ငြိမ်းချမ်းလုံခြုံမှုကို ကာကွယ်စောင့်ရှောက်ရာ ရောက်ပေလိမ့်မည်။ နေပြည်တော်နှင့် အလှမ်းကွာဝေးသော ကျွန်မတို့၏ ခရိုင်ကဲ့သို့ ပစ္စန္တရစ် အရပ်များ၌ အမှုထမ်းနေရသော ကျေးလက်အရာရှိငယ်များသည်ပင် တူညီသော လုပ်ထုံးလုပ်နည်းများနှင့် နည်းဥပဒေများကိုသာ ကျင့်သုံးကြရသည်။ ဘုရင်ဧကရာဇ်နှင့် သူတို့အကြားရှိ ဆက်ဆံရေးကို ပြည်သူများ နားလည်အောင် စနစ်တကျ စီမံထားကြသည်။ ကျွန်မ၏ သားသည် ဤနည်းအတိုင်းသာ ဆက်လက် ကြိုးစား သင်ယူသွားမည် ဆိုပါလျှင် သူသည် တစ်နေ့တွင် မင်းဧကရာဇ်၏ ရာထူးခန့်စာမေးပွဲကို မလွဲမသွေ ဝင်ရောက် ဖြေဆိုနိုင်ပေလိမ့်မည်။

ထိုနှစ်အတွင်း၌ ကျွန်မသည် ရွှယ်ဟွားနှင့် ကလေးဘဝကထက် ပိုမို ဆုံတွေ့ဖြစ်ကြသည်။ တိုင်းပြည်၏ တချို့ဒေသများတွင် သူပုန်သူကန်များ ထကြွသောင်းကျန်းနေကြဆဲ ဖြစ်သော်လည်း ကျွန်မတို့၏ ခင်ပွန်းများက ကျွန်မတို့ကို တားမြစ်ရန် မကြိုးစားခဲ့ကြပေ။ ဖြစ်ပွားခဲ့ပြီးသော အခြေအနေ အရပ်ရပ်ကြောင့် ကျွန်မသည် သားသတ်သမား၏ စောင့်ရှောက်မှုအောက်၌ လုံခြုံစွာ သွားလာ နေထိုင်နိုင်ကြောင်း ကျွန်မ၏ ခင်ပွန်းက မှတ်ယူထားသည်။ သားသတ်သမားကလည်း သူ့ဇနီးကို ကျွန်မအိမ်သို့ အလည်သွားရန် အားပေးအားမြှောက် ပြုလာခဲ့သည်။ အပြန်ခရီးတွင် အစားအစာများ၊ စာအုပ်များနှင့် ပိုက်ဆံများ လက်ဆောင်အဖြစ် ပြန်ပါလာမည် ဖြစ်ကြောင်း သူ အပိုင် တွက်ထားပြီး ဖြစ်သည်။ ကျွန်မတို့နှစ်ယောက် အတူတကွ ရှိနေကြစဉ်အတွင်း၌ မည်သူ့အိမ်တွင် နေနေရသည်ဖြစ်စေ၊ ကျွန်မတို့သည် ခုတင်တစ်လုံးတည်းတွင် အတူတူ အိပ်ခွင့်ရကြသည်။ ကျွန်မတို့၏ ခင်ပွန်းများသည် တခြားအခန်းတစ်ခန်းသို့ ပြောင်းရွှေ့ပေးကြသည်။ သားသတ်သမားသည်လည်း စောဒက မတက်ဝံ့တော့ဘဲ ကျွန်မခင်ပွန်း၏ လုပ်နည်းအတိုင်း လိုက်နာဆောင်ရွက်ခဲ့သည်။ ကျွန်မတို့၏ အလည်အပတ်ခရီးများ၊ အတူတကွ ရှိနေကြသော ကျွန်မတို့၏ ညများနှင့် ကျွန်မတို့၏ တီးတိုးစကားများကို သူတို့သည် မည်သည့်နည်းနှင့်မျှ တားမြစ်ပိတ်ပင်နိုင်မည် မဟုတ်ပေ။ နေပူပူ၊ မိုးရွာရွာ၊ နှင်းကျကျ၊ ကျွန်မတို့ ထိတ်လန့် ကြောက်ရွံ့ခြင်း မရှိတော့။

“နာခံ၊ နာခံ၊ နာခံ၊ ပြီးမှ ကိုယ်လုပ်ချင်တာလုပ်”

ကျွန်မနှင့် ရွှယ်ဟွားသည် ယခင်ကအတိုင်း ပွဲတော်ရက်များအတွင်း ဖူးဝေ၌ ဆက်လက် တွေ့ဆုံခဲ့ကြသည်။ စိန်စိန်းနှင့် စူးစူကို တွေ့မြင်ခွင့် ရသည့်အတွက် ရွှယ်ဟွားအဖို့ ကောင်းသည်ဟု ဆိုရမည်။ သူတို့နှစ်ဦးသည် သူတို့၏ ကောင်းမြတ်သော စိတ်သဘောထားများကြောင့် ဤမိသားစုအတွင်း၌ လူတကာ၏ လေးစားကြည်ညိုမှုကို ခံယူနေကြရသည်။ စိန်စိန်းသည် ‘မြေး’ အားလုံး၏ ချစ်ခြင်းကို ခံယူရသော အဘွားတစ်ယောက် ဖြစ်နေသည်။ ထို့အတူပင် စူးစူသည်လည်း ပါပါး အသက်ရှိစဉ်က ရရှိခဲ့သော အနေအထားထက် ပိုမိုသာလွန်သော အဆင့်အတန်းသို့ ရောက်ရှိနေသည်။ စိုက်ပျိုးရေးနှင့် စာရင်းအင်းကိစ္စများတွင် တာ့ကောသည် စူးစူ၏ အကြံပေးမှုကို များစွာ လိုအပ်နေသည်။ စူးစူကလည်း ထိုတာဝန်များကို ကျေကျေနပ်နပ် ဆောင်ရွက်ပေးနေသည်။ ဤသို့ဖြင့် စိန်စိန်းနှင့် စူးစူတို့၏ ဘဝမှာ မည်သူမျှ ထင်မှတ်မထားနိုင်လောက်အောင် သာယာချမ်းမြေ့နေသည်။

ထိုနှစ်က ကျွန်မနှင့် ရွှယ်ဟွားတို့ ကူဖောဘုရားကျောင်းသို့ သွားရောက်ကြသည့်အခါတွင် ကျွန်မတို့သည် သဒ္ဒါတရား ထက်သန်စွာ ပူဇော်ပသခဲ့ကြသည်။ လှူဒါန်းမှု အစုစုတို့ကို ပြုလုပ်ကြပြီးသည့် နောက်တွင် ကွမ်ရင်မယ်တော်ကို အကြိမ်ကြိမ် ရှိခိုးကန်တော့ခဲ့ကြသည်။ ကွမ်ရင်မယ်တော်၏ ကျေးဇူးတော်ကြောင့် အသက်နှင့်ခန္ဓာ အိုးစားမကွဲဘဲ ဆောင်းရာသီခရီးကြမ်းကို လွန်မြောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ရှိခိုးဦးချပြီးသည့်နောက်တွင် ကျွန်မတို့သည် လက်ချင်းချိတ်ကာ ကန်စွန်းဥကြော်ဆိုင်သို့ လမ်းလျှောက်သွားကြသည်။ ထိုနေရာတွင် ထိုင်လျက် ကျွန်မတို့ သမီးများ၏ အနာဂတ်အရေးကို အစီအစဉ် ချမှတ်ကြသည်။ အပြစ်ကင်းစင်သော ရွှေရောင်လီလီများ ရရှိစေနိုင်ရန်အတွက် ခြေထုပ်နည်းများကို ဆွေးနွေးတိုင်ပင်ကြသည်။ ကျွန်မတို့၏ အိမ်များသို့ ပြန်ရောက်သည့်အခါတွင် ပတ်တီးစများကို ကျွန်မတို့ စတင် ပြုလုပ်ကြသည်။ ဝေဒနာ သက်သာစေမည့် သစ်ဥသစ်ဖုများကို ဝယ်ယူစုဆောင်းကြသည်။ ကွမ်ရင်မယ်တော်အား ပူဇော်ရန် ဖိနပ်ကလေးများကို ဇာပန်းထိုးကြသည်။ ‘ခြေသေးအပျိုစင်’ အား ပသရန် ကောက်ညှင်းမုန့်လုံးများ ပြုလုပ်ကြသည်။ ထို့နောက် ကျွန်မတို့၏ သမီးများအား ခြေထောက်များ နူးညံ့ပျော့ပျောင်းစေရန်အတွက် ပဲနီမုန့်လုံးလေးများကို ခွံ့ကျွေးကြသည်။ ကျွန်မတို့သည် သမီးများ၏ လောင်ထုံးကိစ္စအတွက် အောင်သွယ်တော်ဝမ်နှင့် သီးခြားစီ တွေ့ဆုံခဲ့ကြသည်။ ကျွန်မနှင့် ရွှယ်ဟွားတို့ ပြန်လည် ဆုံတွေ့ကြသည့်အခါတွင် ကျွန်မတို့၏ ပြောစကားများကို ပြန်လည် ဖောက်သည်ချကြသည်။ သူ့စိန်စိန်းသည် ယခင်ကကဲ့သို့ပင် ဆေးဆိုးပန်းရိုက် မျက်နှာနှင့် ရှိနေပြီး ယခင်ကကဲ့သို့ပင် ပါးရည်နပ်ရည် ရှိသေးကြောင်း ပြောကြားကာ ရယ်မောခဲ့ကြရသည်။

ထိုနှစ်၏ နွေဦးနှင့် နွေရာသီ အစောပိုင်း ကာလများကို ပြန်လည် မြင်ယောင်ကြည့်လိုက်လျှင် ကျွန်မတို့ မည်မျှ ကြောင့်ကြမဲ့စွာ ပြုံးပျော်ခဲ့ကြကြောင်းကို ကျွန်မ၏ မျက်လုံးထဲတွင် ယခုပင် အတိုင်းသား တွေ့မြင်နေရသည်။ ကျွန်မသည် မိသားစုနှင့် အတူ ရှိနေသည်။ ကျွန်မ၏ လောင်ထုံးနှင့် အတူ ရှိနေသည်။ ကျွန်မ ပြောခဲ့သည့်အတိုင်း ကျွန်မ၏ဘဝသည် ရှေ့သို့သာ ဦးတည်နေခဲ့သည်။ ရွှယ်ဟွားမှာ ကျွန်မနှင့် အနည်းငယ် ခြားနားသည်။ သူသည် ယခင်ကကဲ့သို့ ပြန်လည် ပြည့်ဖြိုးလာခြင်း မရှိတော့ပေ။ အစားအသောက်ကိုလည်း ယခင်ကထက် ပိုမို ဇီဇာကြောင်လာခဲ့သည်။ တစ်နပ်လျှင် ထမင်းလုတ်အနည်းငယ်နှင့် ဟင်းရွက်အချို့သာ စားသုံးတတ်သည်။ ကျန်သည့်အချိန်များတွင် လက်ဖက်ရည်ကြမ်းကိုသာ အားရပါးရ သောက်နေတော့သည်။ သူ၏ မျက်နှာသည် စစ်ရှောင်စဉ်ကကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ပါးမှာလည်း ချောင်ကျနေသည်။ ထုံးခိုသို့ လာလည်သည့် အခါများတွင် သူ့၏ ငယ်သူငယ်ချင်းများထံသို့ အလည်သွားရန် ကျွန်မက အကြံပြုကြည့်သည်။ သူက အနုနည်းဖြင့် ငြင်းဆိုတတ်စမြဲ။

“သူတို့က ငါ့ကို တွေ့ချင်မှာ မဟုတ်ဘူး” သို့တည်းမဟုတ် “သူတို့က ငါ့ကို မှတ်မိမှာ မဟုတ်တော့ဘူး” စသည်ဖြင့် ပြောဆိုတတ်သည်။ သူ့ကို ကျွန်မက နားပူနားဆာ လုပ်လွန်းမက လုပ်နေသောကြောင့် နောက်ဆုံး၌ သူ သဘောတူလာရသည်။ နောက်နှစ်တွင် ကျင်းပပြုလုပ်မည့် ထုံးခိုရှိ လူးကောင်မလေးတစ်ယောက်၏ သီဆိုနှုတ်ဆက်ပွဲသို့ တက်ရောက်ရန် သူ သဘောတူခဲ့သည်။ ထိုကောင်မလေးသည် ရွှယ်ဟွား၏ နှစ်ဝမ်းကွဲ ညီမဖြစ်ပြီး ကျွန်မ၏ အိမ်နီးနားချင်းလည်း ဖြစ်သည်။

နေ့ခင်းအချိန်များတွင် ဇာပန်းထိုးနေစဉ် ရွှယ်ဟွားသည် ကျွန်မအနားတွင် လာထိုင်နေတတ်သည်။ သို့သော် သူသည် ပြတင်းပေါက်၏ အပြင်ဘက်သို့သာ ငေးမျှော်ကြည့်ကာ သူ့စိတ်က တစ်နေရာရာတွင် လွင့်မျောနေသည်။ တောင်ပေါ်တွင် နေထိုင်ခဲ့ရသော နောက်ဆုံးရက်၌ သူ၏ ဝိညာဉ်သည် ချောက်ကမ်းပါးထဲသို့ အပြီးအပိုင် ခုန်ချသွားခဲ့လေသလောဟု ကျွန်မ ယူဆချင်လာသည်။ သူ၏ ဝမ်းနည်းပူဆွေးမှုများကို တွေ့မြင်နေရသော်လည်း အရှိအတိုင်း လက်ခံနိုင်ရန် ကျွန်မ၏စိတ်က ငြင်းဆန်နေခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ ကျွန်မ၏ ခင်ပွန်းက ကျွန်မကို အကြိမ်ပေါင်းများစွာ သတိပေးခဲ့ဖူးသည်။

“နင်က သိပ်ကို စိတ်ဓာတ်ကြံ့ခိုင်တယ်” ကျင်းထျန်သို့ ရွှယ်ဟွား ပြန်သွားပြီးနောက် တစ်ညတွင် သူ ကျွန်မကို စကားဆိုခဲ့သည်။

“တောင်ပေါ်ကနေ ပြန်ရောက်လာပြီးကတည်းက နင့်ရဲ့ လုပ်ရပ်တွေကြောင့် နင့်ကို တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး လေးစားဂုဏ်ယူနေမိတယ်။ ငါတို့ရဲ့ မိသားစုကို လိုလေသေးမရှိအောင် နင် စီမံခန့်ခွဲနိုင်တယ်။ ငါတို့ရွာမှာရှိတဲ့ မိန်းမတိုင်းအတွက် စံထားလောက်တဲ့ အနေအထိုင်မျိုး ဖြစ်အောင် နင် နေထိုင်နိုင်ခဲ့တယ်။ ဒါပေမယ့် … ကျေးဇူးပြုပြီး ငါ့ကို စိတ်တော့ မဆိုးလိုက်ပါနဲ့နော်။ နင်က နင့်လောင်ထုံးအပေါ်မှာကျတော့ အမှန်ကို အမှန်တိုင်း၊ အရှိကို အရှိအတိုင်း မမြင်နိုင်ဘူး ဖြစ်နေတယ်။ သူက နင့်လို နေရာတိုင်းမှာတော့ တူနေနိုင်မှာ မဟုတ်ဘူးလေ။ ပြီးခဲ့တဲ့ ဆောင်းရာသီမှာတုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ သူ့အတွက်တော့ အတော်ကြီးကို ကြိတ်မနိုင် ခဲမရ ဖြစ်နေပုံရတယ်။ ငါ သူ့အကြောင်း ကောင်းကောင်း မသိပါဘူး။ ဒါပေမယ့် သေချာတာတစ်ခုကတော့ သူဟာ အခြေအနေဆိုးတွေနဲ့ ကြုံတွေ့နေရတဲ့ အချိန်တိုင်းမှာ သူ့ကိုယ်သူ သတ္တိရှိချင်ယောင် ဆောင်နေတယ်ဆိုတာကို နင် မြင်တွေ့နိုင်မှာပါ။ အခုပြောမယ့် ကိစ္စကို နားလည်နိုင်ဖို့အတွက် နင့်အနေနဲ့ အချိန်ယူချင် ယူရလိမ့်မယ်။ ဒါပေမယ့် နင် နားလည်ထားဖို့က လောကထဲမှာ ရှိတဲ့ ယောက်ျားတိုင်းက နင့်ယောက်ျား – ငါ – နဲ့ တထေရာတည်း တူမနေနိုင်ဘူး ဆိုတာပါပဲ”

ကျွန်မကို အသိပေး ပြောကြားလိုသော သတင်းစကားသည် ကျွန်မ၏ စိတ်ကို အကြီးအကျယ် ကသိကအောက် ဖြစ်စေခဲ့သည်။ မဟုတ်သေး။ ထိုမျှ မကပါ။ မိန်းမတို့၏ အတွင်းလောကထဲသို့ ကျူးကျော်ကာ ဝင်ရောက်စွက်ဖက်လာသည့်အတွက် ကျွန်မ ဒေါသထွက်မိသည်။ သို့သော် သူနှင့် ငြင်းခုန်မနေတော့ပါ။ ငြင်းခုန်နေ၍လည်း နေရာကျမည် မဟုတ်ပေ။ သို့သော်လည်း သူ မှားကြောင်းနှင့် ကျွန်မ မှန်ကြောင်း သက်သေပြရန် ကျွန်မစိတ်ထဲ တေးမှတ်ထားလိုက်သည်။ ထို့ကြောင့် ရွှယ်ဟွား နောက်တစ်ကြိမ် အလည်ရောက်လာသည့်အခါတွင် ကျွန်မသည် သူ့ကို ပိုမို၍ စေ့စေ့စပ်စပ် လေ့လာကြည့်ရှုခဲ့သည်။ သူ့စကားများကို နားထောင်ခဲ့သည်။ အမှန်တကယ် စိတ်နှစ်ကာ နားထောင်ခဲ့သည်။ ရွှယ်ဟွား၏ ဘဝသည် ယုတ်လျော့နိမ့်ကျနေသည်။ သူ၏ ယောက္ခမသည် သူ၏ အစားအစာများကို လျှော့ချထားသည်။ အသက်ရှင်သန်နိုင်ရေးအတွက် ပုံမှန်လိုအပ်ချက်၏ သုံးပုံတစ်ပုံ ပမာဏသာ ရှိသော ထမင်းကို ရွှယ်ဟွားအား စားခွင့်ပြုတော့သည်။

“ဘာမှမပါတဲ့ ဆန်ပြုတ်ကိုပဲ ငါ သောက်ခွင့်ရတယ်” သူက ပြောသည်။

“ဒါပေမယ့် ငါ ကျေနပ်ပါတယ်။ ဒီရက်ပိုင်းတွေမှာ ငါ သိပ်မှ မဆာဘဲဟာ”

ပို၍ ဆိုးရွားသည့် အချက်မှာ သားသတ်သမားသည် သူ့ကို ရိုက်မောင်းကြိမ်းမောင်း ပြုလုပ်နေဆဲပင်။

“သူ အဲဒီလို ထပ်မလုပ်တော့ပါဘူးလို့ နင် ပြောခဲ့ဖူးတယ်လေ” ကျွန်မယောကျ်ားသည် ထိုအချက်ကို ရှင်းလင်းပြတ်သားစွာ တွေ့မြင်နေခဲ့သည်။ သို့သော် ထိုကိစ္စကို ကျွန်မ မယုံကြည်ချင်သေး။

“သူက ငါ့ကို လုပ်လာမှတော့ ငါ ဘာတတ်နိုင်ဦးမှာလဲ။ ငါ သူ့ကို ပြန်မချနိုင်ဘူးလေ”

ရွှယ်ဟွားသည် ကျွန်မ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။ သူ၏ ပန်းထိုးထည်သည် သူ့ပေါင်ပေါ်တွင် ပဲပြား၏ မျက်နှာပြင်ကဲ့သို့ တွန့်ခေါက်ပျော့ခွေနေသည်။

“နင် ငါ့ကို ဘာဖြစ်လို့ ပြောမပြတာလဲ”

သူက ကျွန်မကို မေးခွန်းတစ်ခုဖြင့် တုံ့ပြန်လိုက်သည်။

“နင် ဘာမှ ပြောင်းလဲမပေးနိုင်တဲ့ ကိစ္စတစ်ခုအတွက်နဲ့ ငါက နင့်ကို ဘာဖြစ်လို့ ဒုက္ခပေးနေရဦးမှာလဲ”

“ငါတို့ ပြင်းပြင်းထန်ထန် ကြိုးစားမယ်ဆိုရင် ငါတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်နိုင်မှာပါ” ကျွန်မက ပြောသည်။

“ငါ့ဘဝကို ငါ ပြောင်းလဲနိုင်ခဲ့တယ်။ နင်လည်း ပြောင်းပစ်နိုင်ရမှာပေါ့”

သူက ကျွန်မကို ငေးစိုက်ကြည့်နေသည်။

“သူက နင့်ကို နေ့တိုင်း ရိုက်နှက်နေတာတော့ မဟုတ်ပါဘူးနော်”

ကျွန်မ၏ အသံကို တည်ငြိမ်အောင် ကြိုးစား ထိန်းချုပ်ထားရသည်။ သို့သော်လည်း သူ့အပေါ် နိုင်ထက်စီးနင်း ပြုလုပ်နေသည့် သူ့ယောက်ျား၏ အပြုအမူကို အကြီးအကျယ် စိတ်ပျက်နေမိသည်။ အခြေအနေတိုင်းကို ကြိတ်မှိတ်သည်းခံနေသော သူ့ကိုလည်း စိတ်တိုနေမိသည်။ ကျွန်မကို အမှန်အတိုင်း ဖွင့်မပြောဘဲ (နောက်တစ်ကြိမ်) ဖုံးကွယ်ခဲ့သည့်အတွက် နာကျင်ခံစားနေရသည်။

“တောင်တန်းတွေက သူ့ကို ပြောင်းလဲပစ်လိုက်တယ်။ သူတို့က ငါတို့အားလုံးကို ပြောင်းလဲပစ်လိုက်တယ်။ နင် အဲဒါကို သတိမထားမိဘူးလား”

“သူက နင့်ကို ဘယ်လောက်တောင် ရိုက်နှက်နေခဲ့တာလဲဟာ။ ငါ့ကို ပြောပြစမ်းပါဦး” ကျွန်မက သူ့ကို ထပ်မေးလိုက်ပြန်သည်။

“ငါ့ယောက်ျားအတွက် ငါ့ဘက်က တာဝန်မကျေခဲ့တာတွေ အများကြီးပါဟာ”

တစ်နည်းဆိုရလျှင် သူ့ခင်ပွန်း၏ ရက်စက်ကြမ်းကြုတ်မှုကို အတိအကျ ဖွင့်ဟဝန်ခံရန်ပင် သူ့၌ ခွန်အားမရှိပေ။

“နင် ငါ့ဆီလာပြီး ငါနဲ့အတူ လာနေပါလား”

“အိမ်က ထွက်ပြေးတယ်ဆိုတာ မိန်းမတစ်ယောက်အတွက် အဆိုးရွားဆုံး အလုပ်တစ်ခုပဲ” သူက ပြန်ဖြေသည်။

“နင် သိပါတယ်”

ကျွန်မ သိပါသည်။ ၎င်းမှာ လင်ယောက်ျား၏ လက်ဖြင့် သေသည်အထိ အပြစ်ပေးနိုင်သော ပြစ်မှုတစ်ခု ဖြစ်သည်။

“အဲဒါအပြင် ငါ ဘယ်တော့မှ ငါ့ကလေးတွေကို စွန့်ပစ်ထားခဲ့မှာ မဟုတ်ဘူး” ရွှယ်ဟွားက စကားဆက်သည်။

“ငါ့သားကို ငါ အကာအကွယ် ပေးဖို့ လိုသေးတယ်”

“ဒါပေမယ့် သူ့ကို နင့်ခန္ဓာကိုယ်နဲ့ ရင်းပြီး အကာအကွယ် ပေးမလို့လား” ကျွန်မ မေးလိုက်သည်။

တခြားအဖြေရော ဖြေနိုင်ဦးမှာတဲ့လား။

နှစ်ပေါင်းရှစ်ဆယ်စာ အတွေ့အကြုံများနှင့် ကျွန်မသည် ယခုလိုအချိန်၌ အတိတ်ကို ပြန်လည် တွေးဆကြည့်မိသည်။ မျှော်လင့်ချက် ကင်းမဲ့နေသော ရွှယ်ဟွားကို ကျွန်မ လွန်လွန်ကျူးကျူး စိတ်မရှည်နိုင်ခဲ့ကြောင်း တွေ့မြင်လာရသည်။ အတိတ်ကာလ၌ လောင်ထုံး၏ စိတ်မချမ်းမြေ့မှုများကို မည်သို့ တုံ့ပြန်ရမည်မှန်း ကျွန်မ ဝေခွဲမရ ဖြစ်နေသည့် အချိန်တိုင်းတွင် ကျွန်မသည် သူ့အား အိမ်ထောင်သည်တို့၏ ထုံးတမ်းစဉ်လာများနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာရန်သာ အတင်း ဖိအားပေး ပြောဆိုခဲ့သည်။ သူ့ဘဝတွင် ဖြစ်ပျက်နေသမျှသော ကြမ္မာဆိုးများကို ၎င်းနည်းများဖြင့် တွန်းလှန်နိုင်သည့်နှယ် အကြံပြုခဲ့သည်။ ယခုတစ်ကြိမ်တွင်လည်း သူ၏ ကြက်နှစ်ဖွား ခင်ပွန်းကို ကိုင်တွယ်နိုင်ရန်အတွက် အစီအစဉ်တစ်ခုကို ကျွန်မ ချပြ အကြံပေးလိုက်တော့သည်။ မြင်းနှစ်ဖွား မိန်းမတစ်ယောက်အနေဖြင့် သူ၏ ထက်သန်သော စိတ်ဆန္ဒများကို အသုံးပြု၍ အခြေအနေကို ပြောင်းလဲပစ်နိုင်လိမ့်မည်ဟု ကျွန်မ ယုံကြည်နေမိသည်။ သုံးစားမရသော သမီးတစ်ယောက်နှင့် အချစ်မခံရသော သားတစ်ယောက်သာ ရှိနေသည့်အတွက် သူ့အနေဖြင့် နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်နိုင်ရန် ကြိုးစားသင့်သည်။ ဘုရားကို များများ ရှိခိုးရန် သူ လိုပေလိမ့်မည်။ အာဟာရပြည့်ဝအောင် စားသုံးရန် လိုအပ်ပေမည်။ ထို့နောက် ခွန်အား ပြည့်ဖြိုးနိုင်ရန်အတွက် တိုင်းရင်းဆရာဝန်နှင့် သွားရောက် ဆွေးနွေးသင့်သည်။ သို့မှသာ သားယောက်ျားလေးတစ်ယောက် ရရန် အာမခံချက် ရှိပေလိမ့်မည်။ အကယ်၍သာ သူ့ခင်ပွန်းအား သူလိုချင်နေသည့် အရာကို ပေးအပ်နိုင်မည် ဆိုလျှင် သူ့ကို တန်ဖိုးရှိသူတစ်ယောက်အဖြစ် မှတ်ယူလာပေလိမ့်မည်။ သို့သော် ဤမျှနှင့် လုံလောက်ပါမည်လော … ။

တစ္ဆေကြီးပွဲတော် ကျင်းပသည့် ၇ လပိုင်း ၁၅ ရက်နေ့တွင် ကျွန်မသည် ရွှယ်ဟွားကို မေးခွန်းပေါင်းများစွာဖြင့် မထောက်မညှာ တရစပ် ပစ်ပေါက်ခဲ့မိသည်။ အခြေအနေ အရပ်ရပ်ကို တိုးတက်ကောင်းမွန်လာအောင် သူ့အား အကြံဉာဏ်များ ပေးနိုင်လိမ့်မည်ဟု ကျွန်မ ယုံကြည်ထားသည်။ ဥပမာ ဆိုရသော် သူသည် ပိုကောင်းမွန်သော ဇနီးမယားတစ်ယောက် ဖြစ်အောင် အဘယ်ကြောင့် မကြိုးစားနိုင်ရသနည်း။ သူသည် သူ့ခင်ပွန်းကို ပျော်ရွှင်အောင် ထားနိုင်ပါလျက်နှင့် အဘယ်ကြောင့် ပျော်ရွှင်အောင် မပြုလုပ်ပေးနိုင်ရသနည်း။ သူသည် သူ၏ ပါးပြင်ကို နီရဲစိုပြေလာစေရန် အဘယ်ကြောင့် မပြုလုပ်ခဲ့သနည်း။ စွမ်းအင်များ ပြည့်ဖြိုးလာစေရန်အတွက် သူသည် အဘယ်ကြောင့် အစားများများ မစားရသနည်း။ သူသည် ယခုချက်ချင်း အိမ်ပြန်သွားကာ သူ၏ ယောက္ခမကို ရှိခိုးတောင်းပန်၍ ယောက္ခမအတွက် အစားအစာ ချက်ပြုတ်ပေးခြင်း၊ အဝတ်အထည် ချုပ်လုပ်ပေးခြင်း၊ သီဆိုဖျော်ဖြေပေးခြင်း၊ ထိုအဘွားအိုကြီးအား စိတ်ကျေနပ်စေမည့် မည်သည့်အရာကိုမဆို ပြုလုပ်ပေးခြင်း စသည် လုပ်ရပ်များကို အဘယ်ကြောင့် မလုပ်နိုင်ရသနည်း။ အခြေအနေများ ပြန်လည် ကောင်းမွန် တည့်မတ်လာစေရန် သူ အဘယ်ကြောင့် အပြင်းအထန် မကြိုးစားရသနည်း။ လက်တွေ့ကျသော အကြံဉာဏ်များကို သူ့အား ပေးနိုင်ခဲ့သည်ဟု ကျွန်မ တွေးထင်ခဲ့သည်။ သို့သော် ရွှယ်ဟွား၏ စိုးရိမ်မှုနှင့် ကြောင့်ကြ ဗျာပါဒတို့ကိုမူကား ကျွန်မ လျစ်လျူရှုခဲ့မိသည်။ သို့ပါသော်လည်း ကျွန်မသည် လူးဖူးလန် ဖြစ်သောကြောင့်ပင် ကျွန်မကိုယ်ကျွန်မ မှန်သည်ဟုသာ အထင်ရောက်နေခဲ့သည်။

ထို့ကြောင့် သူ့အိမ်၌ ပြုလုပ်နိုင်သော အကြောင်းအရာများကို မေးမြန်းရန် မေးခွန်း ရှာမရတော့သည့်အခါတွင် ကျွန်မနှင့်အတူ နေနေရသည့် အချိန်များအကြောင်းကို ရွှယ်ဟွားအား မေးမြန်းလာမိတော့သည်။ ကျွန်မနှင့်အတူ ရှိနေရသည်ကို သူ ပျော်ကော ပျော်ပါ၏လော။ သူ့ကို ပေးလိုက်သော ပိုးထည်များကို သူ ဘဘောကျပါ၏လော။ လူးမိသားစုမှ သူ့ယောက်ျားထံသို့ အဆက်မပြတ် ပေးပို့နေသော လက်ဆောင်ပစ္စည်းများဖြင့် သူ့ယောက်ျား၏ မျက်နှာသာပေးမှုကို ရရှိအောင် သူ မကြံစည်နိုင်ဘူးလော။ ကျင်းထျန်ရှိ သူ့သားနှင့် ရွယ်တူကလေးများအတွက် စာရေး၊ စာဖတ် သင်ကြားပေးရန် ဆရာတစ်ယောက် ငှားရမ်းပေးထားသည်ကို သူ ကျေနပ် သဘောကျပါ၏လော။ ကျွန်မတို့၏ သမီးများကို လောင်ထုံးဖွဲ့ပေးခြင်းအားဖြင့် ကျွန်မကဲ့သို့ ချွမ်ရွက်၏ ကံကြမ္မာကိုလည်း ပြုပြင် ပြောင်းလဲပေးနိုင်လိမ့်မည် ဖြစ်ကြောင်း သူ နားလည်ပါ၏လော။

အကယ်၍သာ သူသည် ကျွန်မကို အမှန်အကန် ချစ်မြတ်နိုးခဲ့ပါလျှင် သူ၏ ဆိုးရွားသော အခြေအနေများကို ပိုမိုကောင်းမွန် လာစေရန်အတွက် အိမ်ထောင်ရှင်မများ၏ ထုံးတမ်းဓလေ့များကို ကျွန်မကဲ့သို့ အဘယ်ကြောင့် တစ်သဝေမတိမ်း မကျင့်သုံးခဲ့သနည်း။ ထိုမေးခွန်းများ အားလုံးအတွက် သူ၏ အဖြေမှာ သက်ပြင်းချခြင်း၊ သို့တည်းမဟုတ် ခေါင်းဆတ်ပြရုံမျှသာ။ သူ၏ အပြုအမူများက ကျွန်မကို ပို၍ စိတ်မရှည်နိုင်အောင် ပြုလုပ်နေကြသည်။ သို့ဖြင့် ကျွန်မသည် ပိုမိုများပြားသော မေးခွန်းများ၊ စေ့စေ့စပ်စပ် ကြံစည် စဉ်းစားထားသော အကြောင်းပြချက်များဖြင့် သူ အရှုံးမပေးမချင်း၊ ကျွန်မ ခိုင်းသည့်အတိုင်း လုပ်ပါမည်ဟု ကတိမပေးမချင်း သူ့ကို တွန်းဖိထားတော့သည်။ သို့သော် ကတိပေးသည့်အတိုင်း သူ မလုပ်ဆောင်ခဲ့ပါ။ ဤသို့ဖြင့် နောက်တစ်ကြိမ် ပြန်ဆုံကြသည့် အခါတွင် သူ့အပေါ် ထားရှိသော ကျွန်မ၏ အားမလို အားမရဖြစ်မှုသည် ပိုမို၍ သိသာထင်ရှားလာတော့သည်။ ငယ်ဘဝက ရှိထားခဲ့သော ရွှယ်ဟွား၏ မြင်းရိုင်းစိတ်ဓာတ်သည် ယခုအခါ၌ အဘယ်ကြောင့် ကျိုးကျေ ပျက်စီးနေရသနည်း ဆိုသည့်အချက်ကို ကျွန်မ နားမလည်နိုင်တော့ပေ။ ဒဏ်ရာရနေသော ဤမြင်းရိုင်းကလေးကို ကယ်တင်ပေးနိုင်လိမ့်မည်ဟုလည်း ကျွန်မက ရူးမိုက်စွာ ယုံကြည်နေဆဲပင်။

ↂↂↂ

ရှန်ဖုန်း ဆဋ္ဌမနှစ်၏ ၈ လပိုင်း ၁၅ ရက်နေ့တွင် ကျွန်မ၏ ဘဝသည် အပြီးအပိုင် ပြောင်းလဲသွားတော့သည်။ ထိုနေ့သည် ကျုံးချိုးပွဲတော်နေ့ ဖြစ်သည်။ ကျွန်မတို့၏ သမီးများကို ခြေစစည်းပေးရန် ရက်အနည်းငယ်သာ လိုပါတော့သည်။ ဤနှစ်၏ ပွဲတော်ရက်တွင် ရွှယ်ဟွားနှင့် သူ၏ သားသမီးများကို ကျွန်မအိမ်သို့ လာရောက် လည်ပတ်ကြရန် စီစဉ်ထားပြီး ဖြစ်သည်။ သို့သော် ကျွန်မအိမ်သို့ သူတို့ ရောက်မလာခဲ့ကြပါ။ အိမ်သို့ ရောက်လာသူမှာ လျန်းဟွားသာ ဖြစ်သည်။ တောင်ပေါ်ရှိ စစ်ရှောင်စခန်းတွင် နေထိုင်ကြစဉ်က ကျွန်မတို့နှင့် သစ်ပင်အောက်၌ အတူ နေထိုင်ခဲ့ကြသော အမျိုးသမီးများထဲမှ တစ်ယောက်ဖြစ်သည်။ အပေါ်ထပ် အခန်းဆောင်ထဲတွင် ကျွန်မနှင့်အတူ ရေနွေးကြမ်း သုံးဆောင်ရန် သူ့ကို ဖိတ်ကြားလိုက်သည်။

“ကျေးဇူးတင်ပါတယ်ရှင်” သူက ပြောသည်။

“ဒါပေမယ့် ထုံးခိုမှာရှိတဲ့ ကျွန်မမိဘအိမ်ကို သွားရဦးမှာမို့လို့ပါ”

“မိသားစုတိုင်းက အိမ်ထောင်ကျပြီးသွားတဲ့ သမီးတစ်ယောက်ကို အမြဲ ကြိုဆိုနေကြမှာပါ” ပြောရိုးပြောစဉ်အတိုင်း ကျွန်မ ပြန်ပြောလိုက်သည်။

“ရှင့်ကို တွေ့ရင် သူတို့ အရမ်းပဲ ဝမ်းသာနေကြလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်”

“ကျွန်မလည်း သူတို့ကို တွေ့ရလို့ ဝမ်းသာပါတယ်” ပြောပြီး သူသည် လမုန့်ထည့်ထားသော ခြင်းထဲသို့ လက်နှိုက်လိုက်သည်။

“ကျွန်မတို့ သူငယ်ချင်းက ရှင့်ကို ပစ္စည်းတစ်ခု ပေးခိုင်းလိုက်လို့ပါ”

သူသည် ကျစ်လစ်သွယ်လျသော အထုပ်ရှည်တစ်ထုပ်ကို ဆွဲထုတ်လိုက်သည်။ ရွှယ်ဟွားကို မကြာခင်ကမှ ပေးထားခဲ့သော ရေညှိရောင်ပိုးထည်စ တစ်ပိုင်းဖြင့် ထုပ်ပိုးထားသည်။ လျန်းဟွားသည် ၎င်းကို ကျွန်မထံသို့ ကမ်းပေးပြီးနောက် ဆုမွန်ကောင်း တောင်းကာ လမ်းချိုးထဲသို့ ယိုင်တိယိုင်ထိုးဖြင့် လျှောက်ဝင် ပျောက်ကွယ်သွားသည်။

ပုံသဏ္ဌာန်ကို ကြည့်ခြင်းအားဖြင့် လက်ထဲတွင် ကိုင်ဆောင်ထားသော အရာကို မည်သည့်အရာ ဖြစ်မှန်း ကျွန်မ သိနေသည်။ သို့သော် ရွှယ်ဟွားသည် အဘယ်ကြောင့် လူကိုယ်တိုင် ရောက်မလာဘဲ ဤယပ်တောင်ကို ပို့ပေးလိုက်ရသနည်း။ ကျွန်မ စဉ်းစားရကျပ်နေသည်။ ကျွန်မသည် အထုပ်ကို အပေါ်ထပ်သို့ ယူဆောင်သွားပြီး အခန်းထဲတွင် မည်သူမျှ မရှိတော့သည့် အချိန်ထိ စောင့်ဆိုင်းနေလိုက်သည်။ မကြာခင်တွင် ကျွန်မ၏ လင်ညီမများသည် ရွာထဲရှိ သူတို့၏ သူငယ်ချင်းများထံသို့ လမုန့်ဝေရန် ထွက်ခွာသွားကြသည်။ ကျွန်မ၏ သမီးကိုလည်း သူတို့နှင့် လိုက်သွားရန် ထည့်ပေးလိုက်သည်။ ပြေးနိုင်လွှားနိုင်သေးသည့် သူ၏ နောက်ဆုံးနေ့ရက်များကို အပြည့်အဝ ခံစားသင့်ကြောင်း သူ့ကို ပြောပြလိုက်သည်။ သူတို့အားလုံး ထွက်ခွာသွားသည့် အခါတွင် ကျွန်မသည် ပြတင်းပေါက်နံဘေးရှိ ထိုင်ခုံတွင် ထိုင်လိုက်သည်။ ပြတင်းပေါက်၏ မှန်ကူကွက်များမှ တစ်ဆင့် မှုန်တိမှုန်ဝါး လင်းရောင်ခြည်များသည် သစ်ရွက်သစ်ခက်နှင့် နွယ်ပင်များ အဖြစ် ကျွန်မ၏ အလုပ်စားပွဲပေါ်သို့ ဖြာကျနေကြသည်။ ကျွန်မသည် အထုပ်ကို အချိန်ကြာကြာ စိုက်ကြည့်နေမိသည်။ ကြောက်ရလန့်ရကောင်းမှန်း ကျွန်မ မသိနိုင်ခဲ့ပါ။ နောက်ဆုံးတွင် ကျွန်မသည် အထုပ်၏ အနားတစ်ဘက်ကို ဖြေလိုက်သည်။ ထို့နောက် နောက်တစ်ဘက်။ ရေညှိရောင် ပိုးပဝါကို ဖယ်ရှားလိုက်ပြီး ကျွန်မတို့၏ ယပ်တောင် ထွက်ပေါ်လာသည့် အခါတွင် ကျွန်မသည် ယင်းယပ်တောင်ကို ကောက်ကိုင်လိုက်သည်။ ထို့နောက် ယပ်တောင်၏ အလွှာတစ်လွှာချင်းစီကို ဖြည်းဖြည်းချင်း တွန်းဖွင့်လိုက်သည်။ တောင်ပေါ်မှ ကျွန်မတို့ ဆင်းမလာခင် နောက်ဆုံးညက ရေးသားခဲ့သော မီးသွေးရောင် အက္ခရာများ၏ နောက်တစ်လွှာထက်တွင် စာကြောင်းအသစ်တစ်ကြောင်းကို ကျွန်မ တွေ့မြင်လိုက်ရသည်။

“ငါ့မှာ ရှိနေတဲ့ ပြဿနာတွေက တော်တော်လေး များတယ်” ရွှယ်ဟွားက ဤသို့ ရေးသားထားသည်။ သူ၏ လက်ရေးသည် ကျွန်မထက် အမြဲတမ်း သာလွန် လှပနေသည်။ သူ၏ ခြင်ခြေထောက် မျဉ်းကြောင်းများသည် အလွန် သေးကွေးကြပြီး အဖျားသို့ ချွန်ဝင် ပျောက်ကွယ်သွားကြသည်။

“နင် မျှော်လင့်ထားသလို ငါ ဖြစ်မလာနိုင်တော့ဘူး။ ငါ့ရဲ့ ညည်းညူသံတွေကိုလည်း နောက်ဘယ်တော့မှ နင် မကြားရတော့ပါဘူး။ ဟိုညီအစ်မသုံးယောက်က ငါချစ်သလို ငါ့ကို ပြန်ချစ်ကြမယ်လို့ ကတိပြုကြတယ်။ ငါ့ဆီ စာရေးပါဦး။ အရင်ကလို ငါ့ကို နှစ်သိမ့်တဲ့ စာမျိုးတော့ မဟုတ်ဘူးပေါ့။ ငါတို့ ကလေးဘဝက အတူတူ ပျော်ရွှင်ခဲ့ကြတဲ့ အကြောင်းတွေ စားမြုံ့ပြန်ရအောင်ပါ”

ကျွန်မ၏ ရင်ထဲသို့ ဓားတစ်ချောင်းဖြင့် ခပ်နက်နက် ထိုးသွင်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ မထင်မှတ်ထားသော ဤစာကြောင့် ကျွန်မရင်ထဲ သိမ့်ကနဲ တုန်ခါသွားသည်။ အချစ် … ။ ကျွန်မတို့၏ လျှို့ဝှက်ယပ်တောင်ထဲတွင် သွေးသောက် ညီအစ်မများနှင့် ချစ်နေသည့်အကြောင်းကို သူ အမှန်တကယ်ပင် ပြောကြားနေခြင်းလော။ စာကြောင်းများကို ကျွန်မ နောက်တစ်ကြိမ် ထပ်ဖတ်ကြည့်သည်။ နားလည်ရခက်လျက်၊ ဝေခွဲရခက်လျက်၊ ရှုပ်ထွေးနောက်ကျုလျက်။

ဟိုညီအစ်မသုံးယောက်က ငါ့ကို ချစ်ကြမယ်လို့ ကတိပြုကြတယ်။

သို့သော် ကျွန်မနှင့် ရွှယ်ဟွားသည် ခံစားချက်များဖြင့် တွဲယှက်နှောင်ဖွဲ့ထားသော၊ အကွာအဝေးနှင့် အချိန်ကာလတို့၏ ပိုင်းခြားကန့်သတ်ခြင်းမှ ကင်းလွတ်ကြသော လောင်ထုံးများ ဖြစ်ကြသည်။ ကျွန်မတို့၏ နှောင်ကြိုးသည် ယောက်ျားတစ်ယောက်နှင့် အိမ်ထောင်ပြုရခြင်းထက် ပိုမို အရေးပါ အရာရောက်နေသင့်သည်။ သေခြင်းတရားက ကျွန်မတို့ကို မခွဲခွာမချင်း ကျွန်မတို့သည် တစ်ဦးပေါ်တစ်ဦး သစ္စာရှိစွာ၊ ရိုးဖြောင့်စွာ ဆက်ဆံပေါင်းသင်းသွားကြမည်ဟု ကတိကဝတ် ပြုထားကြသည်။ ယခုတော့ သူသည် သွေးသောက်ညီအစ်မများနှင့် မိတ်အသစ် ဖွဲ့နိုင်ရန်အတွက် ကျွန်မတို့၏ ကတိကဝတ်များ အားလုံးကို ဖောက်ဖျက်ပစ်လိုက်သည်နှင့် တူနေသည်။ သူ၏ လုပ်ရပ်သည် လက်မခံနိုင်လောက်အောင် အဓိပ္ပာယ် ကင်းမဲ့လွန်းနေသည်။ ထို့အပြင် ကျွန်မတို့သည် ရိုးရိုး သူငယ်ချင်းများအဖြစ် ဆက်လက် ခင်မင်သွားနိုင်သေးသည်ဟု သူက ဆိုနေပြန်သည်။ ထိုသို့သော စကားလုံးများကြောင့် ကျွန်မ၏ အသက်ရှူသံများပင် ရပ်တန့်သွားခဲ့ရသည်။

ကျွန်မအနေဖြင့် ဆိုလျှင် ကျွန်မခင်ပွန်းက ကျွန်မအထံသို့ လျှောက်လာပြီး သူ မယားငယ်တစ်ယောက် ယူထားပြီ ဖြစ်ကြောင်း ကျွန်မအား အသိပေးလိုက်သည်ကို ကြားရထက်ပင် သူ ယခု ရေးထားသော စာသည် အဆပေါင်း တစ်သောင်းမက ပိုမို ဆိုးရွားလွန်းနေသည်။ ထို့အပြင် အိမ်ထောင်သည်ဘဝဖြင့် သွေးသောက်ညီအစ်မ အသစ်များကို ဖွဲ့စည်းနိုင်သည့် အခွင့်အရေးများကို ကျွန်မကိုယ်တိုင် မရရှိခဲ့ဖူးသည့်အလား။ ကျွန်မ၏ ယောက္ခမသည် သွေးသောက်အသစ် ဖွဲ့ရန် ကျွန်မကို ပြင်းပြင်းထန်ထန် ဖိအားပေးခဲ့ဖူးသည်။ သို့သော် ကျွန်မ၏ ဘဝထဲ၌ ရွှယ်ဟွားတစ်ယောက်တည်းကိုသာ သိမ်းဆည်းထားရန် ကျွန်မ ကြံစည်ခဲ့သည်။ ဆုံးဖြတ်ခဲ့သည်။ အစီအစဉ် ချမှတ်ခဲ့သည်။ ယခုမူ သူသည် ကျွန်မကို ဘေးတစ်ဘက်သို့ တွန်းဖယ်ပစ်နေပြီလော။ အသည်းနှလုံးဖြင့် နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးခဲ့ရသော၊ သည်းသည်းလှုပ်မျှ တန်ဖိုးထားခဲ့ရသော၊ ကျွန်မ၏ ဘဝတစ်ခုလုံး ပုံအပ်ထားခဲ့မိသော ရွှယ်ဟွားသည် ကျွန်မနည်းတူ ကျွန်မကို ချစ်မြတ်နိုးခြင်း မရှိခဲ့ပေ။

ကျွန်မ၏ စိတ်ဓာတ်သည် အဝီစိသို့ ထိုးကျနေစဉ်မှာပင် သူ၏ စာထဲ၌ ရေးသားထားသော သွေးသောက်ညီအစ်မ သုံးယောက်ဟူသည် တောင်ပေါ်တွင် ဆုံဆည်းခဲ့ကြသော သူ့ရွာမှ ညီအစ်မများ ဖြစ်ကြကြောင်း ကျွန်မ သဘောပေါက်လာသည်။ ပြီးခဲ့သည့် ဆောင်းဥတုအတွင်းက ဖြစ်ပျက်ခဲ့သမျှသော အကြောင်းအရာများ အားလုံးကို ကျွန်မ၏ စိတ်ထဲတွင် ပြန်လည် ပုံဖော်ကြည့်နေမိသည်။ ပထမဆုံးည စုဖွဲ့သီဆိုကြစဉ်ကတည်းကပင် သူတို့သည် ရွှယ်ဟွားကို ကျွန်မထံမှ ခိုးထုတ်သွားရန် ကြံစည်နေခဲ့ကြသလော။ သစ္စာရှိသော ဇနီးတစ်ယောက်ထက် ပိုမို ငယ်ရွယ်သော၊ ပိုမို လှပသော၊ ပိုမို ချစ်စရာကောင်းသော အငယ်အနှောင်းများ၏ ဆွဲဆောင်သိမ်းသွင်းမှုကို ခံရသည့် လင်ယောက်ျားတစ်ယောက်ကဲ့သို့ သူသည် သူတို့၏ ဆွဲဆောင်မှုကို ခံခဲ့ရခြင်းပေလော။ ထိုမိန်းမများ၏ ခုတင်များက ပို၍ နွေးထွေးနေပါ၏လော။ သူတို့၏ ပွေ့ဖက်မှုများက ပိုမို မြဲမြံနေ၍လော။ သူတို့၏ ပုံပြင်များက သာလွန် လတ်ဆတ်နေသောကြောင့်ပေလော။ ထိုသူတို့ကို တွေ့မြင်ရသည့်အခါ၌ သူတို့၏ မျက်နှာများပေါ်တွင် လိုဘများနှင့် တာဝန်ဝတ္တရားများကို စိုးစဉ်းမျှ မတွေ့ရပေဘူးလော။

ဤနာကျင်ခံခက်သော ဝေဒနာသည် ယခင်က ခံစားခဲ့ရဖူးသမျှသော ဝေဒနာများနှင့် တစိုးတစိမျှ မတူဘဲ စိတ်နှလုံးကို ညှိုးချုံးသွားစေခဲ့သည်။ စိတ်ဓာတ်ကို အဝီစိသို့ ထိုးကျသွားစေခဲ့သည်။ လူကို မချိမဆံ့ ခံစားရစေခဲ့သည်။ ကလေးမွေးရသည့် နာကျင်မှုထက်ပင် သာလွန် ဆိုးရွားနေသေးသည်။ ထို့နောက် ကျွန်မ၏ အတွေးထဲသို့ တစ်စုံတစ်ရာ ဖျတ်ကနဲ ဝင်ရောက်လာသည်။ ထိုအချိန်မှ စ၍ ကျွန်မသည် ရွှယ်ဟွားကို ချစ်ကျွမ်းဝင်ခဲ့သော ကလေးမလေးတစ်ယောက်ကဲ့သို့ မပြုမူတော့ဘဲ စိတ်၏ ငြိမ်းချမ်းမှုကို ဓလေ့ထုံးစံများကသာ ဆောင်ကြဉ်းပေးနိုင်သည်ဟု ယုံကြည်သက်ဝင်ထားသော လူးဖူးလန်ကဲ့သို့ စတင် ပြုမူလာတော့သည်။ ရင်တွင်း၌ လှိုက်စားနေကြသော စိတ်ခံစားချက်များကို မှန်မှန်ကန်ကန် ခံစားကြည့်ခြင်းထက် ရွှယ်ဟွား၏ အပြစ်အနာအဆာများကို စတင် တူးဆွဖော်ထုတ်ရခြင်းက ကျွန်မအတွက် ပိုမို လွယ်ကူနေခဲ့သည်။

ယခင်ကဆိုလျှင် ကျွန်မသည် ရွှယ်ဟွားကို အမြဲတစေ အတိုင်းအဆမဲ့စွာ ခွင့်လွှတ်ပေးနိုင်ခဲ့သည်။ သို့သော် သူ၏ အားနည်းချက်များကို စတင် အာရုံပြုမိလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ လှည့်ဖြားမှုများ၊ သူ၏ ပရိယာယ်များနှင့် သူ၏ သစ္စာဖောက်မှုများသည် ကျွန်မ၏ စိတ်အစဉ်၌ အလျှိုလျှို ထွက်ပေါ်လာကြလေတော့သည်။ ရွှယ်ဟွားသည် ကျွန်မကို ဘဝတစ်လျှောက်လုံး လိမ်ညာခဲ့သည်ဟု ကျွန်မ မှတ်ထင်လာသည်။ သူ၏ မိသားစုအကြောင်း၊ သူ၏ အိမ်ထောင်ရေးအကြောင်း၊ ထို့အပြင် နှိပ်စက်ကလူ အပြုခံရသည့် ကိစ္စများနှင့် ပတ်သက်၍ပင် ကျွန်မကို လှည့်ဖြားခဲ့သည်။ သူသည် သစ္စာရှိသော လောင်ထုံးတစ်ယောက် မဖြစ်ခဲ့သည့်အပြင် သူငယ်ချင်းကောင်းတစ်ယောက်၏ စံနှုန်းကိုပင် မပြည့်မီခဲ့ပေ။ သူငယ်ချင်းတစ်ယောက်သည် ရိုးသား၍ ပွင့်ပွင့်လင်းလင်း ဆက်ဆံတတ်သည်။ ကျွန်မသည် ထိုမျှနှင့် အားမရနိုင်သေးဘဲ ပြီးခဲ့သော ရက်သတ္တပတ်များမှ အဖြစ်အပျက်များကိုလည်း ပြန်လည် တူးဆွနေမိတော့သည်။ ရွှယ်ဟွားသည် ကျွန်မ၏ ဓနအင်အားနှင့် ဂုဏ်အဆင့်အတန်းကို အခွင့်ကောင်းယူကာ ပိုမိုကောင်းမွန်သော အဝတ်အစားများ၊ ပိုမိုကောင်းမွန်သော အစားအသောက်များနှင့် သူ၏သမီးအတွက် ပိုမိုကောင်းမွန်သော အခြေအနေများ ပိုင်ဆိုင်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ သို့သော် ကျွန်မပေးသော အကြံပြုချက်များနှင့် အကူအညီများကိုတော့ သူ အားလုံး လျစ်လျူရှုထားခဲ့သည်။ ဥပေက္ခာ ပြုထားခဲ့သည်။ အနှပ်ခံရလေခြင်း၊ အလွန့်အလွန် မိုက်မဲလေခြင်းဟု ကျွန်မကိုယ်ကျွန်မ အပြစ်တင်နေမိသည်။

ထို့နောက် ထူးဆန်းဖွယ် အကောင်းဆုံးသော ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာတော့သည်။ မာမား၏ ရုပ်ပုံလွှာသည် ကျွန်မ၏ အတွေးအာရုံထဲတွင် ထင်ထင်ရှားရှား ထွက်ပေါ်လာသည်။ ကလေးတစ်ယောက် အနေဖြင့် သူ၏ အချစ်ကို ကျွန်မ အသည်းအသန် လိုချင်ခဲ့ဖူးကြောင်း ပြန်လည် သတိရလာသည်။ ခြေထောက် စည်းနှောင်ထားစဉ် ကာလအတွင်း၌ သူ၏ တောင်းဆိုမှု မှန်သမျှကို ကျွန်မ လိုက်နာ ဆောင်ရွက်ခဲ့မည် ဆိုလျှင် သူ၏ တွယ်တာမှုကို ရရှိလာနိုင်လိမ့်မည်ဟု ကျွန်မ တွေးထင်ခဲ့ဖူးသည်။ တစ်သဝေမတိမ်း လုပ်ပေးနိုင်ခဲ့သည်ဟု ကျွန်မ ယုံကြည်ပါသည်။ သို့သော် သူသည် ကျွန်မအပေါ်တွင် မည်သည့် ခံစားချက်ကိုမျှ ထုတ်ဖော်မပြခဲ့ပါ။ ရွှယ်ဟွားကဲ့သို့ပင် သူသည် သူ၏ တစ်ကိုယ်ရေ အကျိုးစီးပွားအတွက်သာ ရှေ့ရှုဆောင်ရွက်ခဲ့သည်။ မာမား၏ မုသားများနှင့် ကျွန်မအပေါ် အလေးထားမှု ကင်းမဲ့ခဲ့ခြင်းအတွက် ကျွန်မ၏ ပထမဆုံးသော တုံ့ပြန်ချက်မှာ ဒေါသပင် ဖြစ်သည်။ သူ့ကို လုံးဝဥဿုံ ခွင့်မလွှတ်နိုင်တော့ပေ။ ထို့နောက် အချိန်ကြာလာသည်နှင့်အမျှ သူနှင့် ဝေးရာ၊ ပို၍ ပို၍ ဝေးရာသို့သာ တဖြည်းဖြည်း ဖဲခွာလာမိတော့သည်။ ကျွန်မကို စိတ်ပိုင်းဆိုင်ရာအရ အနှောင့်အယှက် မပေးနိုင်သည့် နေရာသို့ ရောက်သည်အထိပေါ့။ ကျွန်မ၏ စိတ်နှလုံးကို ကာကွယ်နိုင်ရန်အတွက် ရွှယ်ဟွားနှင့် ပတ်သက်လာလျှင်လည်း ဤနည်းအတိုင်းသာ ကျွန်မ ကျင့်သုံးရပေမည်။ ကျွန်မကို မချစ်တော့သည့်အတွက် စိတ်ချုံးချုံးကျကာ သေလုမတတ် ခံစားနေရသော ကျွန်မ၏ အဖြစ်ကို မည်သူ့ကိုမျှ အသိခံမည် မဟုတ်ပေ။ ထို့အပြင် ကျွန်မ၏ ဒေါသနှင့် သောကကိုလည်း ကျွန်မ ဖုံးကွယ်ထားရဦးမည်။ ၎င်းတို့သည် ဂုဏ်သရေရှိသော အမျိုးသမီးတစ်ယောက်တွင် ရှိသင့်ရှိထိုက်သော အရည်အသွေးများ မဟုတ်ကြသောကြောင့် ဖြစ်သည်။

ကျွန်မသည် ယပ်တောင်ကို ခေါက်သိမ်းကာ အဝေးတစ်နေရာတွင် ပစ်ထားလိုက်သည်။ ရွှယ်ဟွားက ကျွန်မကို စာပြန်ရေးရန် တောင်းဆိုထားသည်။ ကျွန်မ စာမပြန်တော့ပါ။ သီတင်းပတ်တစ်ပတ် ကုန်လွန်သွားသည်။ ကျွန်မတို့ နှစ်ဦးသဘောတူထားသော နေ့တွင် ကျွန်မ၏ သမီးကို ခြေထုပ်ခြင်း မပြုလုပ်ပေးခဲ့ပါ။ နောက်တစ်ပတ် ကုန်လွန်သွားပြန်သည်။ လျန်းဟွားသည် ကျွန်မ၏ အိမ်တံခါးဝသို့ နောက်တစ်ကြိမ် ရောက်ရှိလာပြန်သည်။ ယခုတစ်ချိန်၌ သူနှင့်အတူ စာတစ်စောင် ပါလာသည်။ ၎င်းကို ယုံကမ်းက အပေါ်ထပ်ရှိ ကျွန်မထံသို့ ယူလာပေးသည်။ ကျွန်မသည် စာခေါက်ကို ဖြေကာ စာလုံးများကို ငေးစိုက်ကြည့်နေမိသည်။ စုတ်ချက်များသည် ယခုကအတိုင်း ကြွရွသေသပ်နေကြသည်။ သို့သော် ယခုအခါတွင် ၎င်းတို့ကို ဓားချက်များအဖြစ်သာ ကျွန်မ တွေ့မြင်နေရသည်။

နင်ဘာဖြစ်လို့ စာပြန် မရေးတာလဲ။ နင် နေမကောင်း ဖြစ်နေလို့လား။ ဒါမှမဟုတ် နင့်အိမ်ကို လာဘ်ဝင်နေလို့လား။ ငါ့သမီးကို ၂၄ ရက်နေ့က ခြေထောက်စည်းပေးလိုက်တယ်။ ငါတို့နှစ်ယောက် စည်းခဲ့ကြသလိုပေါ့။ နင်ရော အဲဒီနေ့မှာပဲ စလုပ်ဖြစ်ခဲ့တယ် မဟုတ်လား။ ငါ့အိမ် ပြတင်းပေါက်ကနေ နင့်ဆီကို လှမ်းကြည့်ဖြစ်တယ်။ ငါ့ရဲ့ နှလုံးသားက နင့်ဆီကို ပျံသွားပြီး ငါတို့ သမီးတွေအတွက် ပျော်ရွှင်ပါစေကြောင်း ဆုတောင်းပေးလိုက်တယ်။

ကျွန်မသည် စာကို တစ်ကြိမ် ဖတ်ပြီးသည်နှင့် ဆီမီးဖန်အိမ်အတွင်းရှိ မီးတောက်ဆီသို့ စာရွက်၏ အစွန်းတစ်ဘက်ကို ထိုးထည့်လိုက်သည်။ စက္ကူအနားစများ ကွေးကောက် တွန့်လိမ်သွားကာ စကားလုံးများ မီးခိုးဖြစ်သွားသည်အထိ စိုက်ကြည့်နေလိုက်သည်။ ရက်အနည်းငယ် ကြာသောအခါ ရာသီဥတုလည်း အေးမြလာသောကြောင့် ကျွန်မ၏ သမီးကို ခြေစည်းပေးလိုက်သည်။ ထိုရက်များအတွင်း၌ စာများ တစ်စောင်ပြီးတစ်စောင် ရောက်ရှိလာကြသည်။ ၎င်းတို့ကို တစ်စောင်ပြီးတစ်စောင် မီးရှို့ပစ်လိုက်သည်ချည်းသာ။

ကျွန်မ၏ အသက်လည်း ၃၃ နှစ် ရှိလာခဲ့ပြီ။ နောက်ထပ် ၇ နှစ် ထပ်နေရဦးမည် ဆိုလျှင် ကျွန်မ အတော် ကံကောင်းသည်ဟု ဆိုရပေမည်။ ၁၇ နှစ် ထပ်နေရဦးမည် ဆိုလျှင် ပို၍ ကံကောင်းသည်ဟုပင် ဆိုရတော့မည်။ ကျွန်မရင်တွင်း၌ ဖြစ်ပေါ်ခံစားနေရသော ဒုက္ခဝေဒနာကို နောက်တစ်နှစ် မဆိုထားနှင့်၊ နောက်ထပ်တစ်မိနစ်ပင် ဆက်လက် သည်းခံနိုင်စွမ်း မရှိတော့ပေ။ ကျွန်မ၏ ဆင်းရဲဒုက္ခသည် ကြီးကျယ်သည်ဟု ဆိုနိုင်သော်လည်း ခြေထုပ်စဉ်၊ ကပ်ရောဂါကို ရင်ဆိုင်ရစဉ်နှင့် စစ်ရှောင်စဉ် ကာလများက ကျင့်သုံးခဲ့သော နည်းနာနိဿျများအတိုင်း ကျွန်မကိုယ်ကျွန်မ ကယ်မစောင့်ရှောက်ရန် အားထုတ်ခဲ့သည်။ ရင်တွင်းမှ ဝေဒနာ အပိုင်းအစများကို လှီးထုတ်ပစ်နိုင်ရန် ကြိုးစားခဲ့သည်။ ကျွန်မ၏ အတွေးစဉ်ထဲတွင် အမှတ်ရစရာများ ထွက်ပေါ်လာသည့် အခါတိုင်း ၎င်းကို မင်နက်ဖြင့် သုတ်လိမ်းပစ်လိုက်သည်။ ကျွန်မ၏ အကြည့်က အမှတ်ရစရာ တစ်ခုခုကို တူးဆွနေခဲ့ပါလျှင် မျက်စိများကို စုံမှိတ်လိုက်ခြင်းဖြင့် ၎င်းကို မောင်းထုတ်ပစ်လိုက်သည်။ အကယ်၍ မှတ်ဉာဏ်၏ အပိုင်းအစတစ်ခုသည် အနံ့အဖြစ် ရောက်ရှိလာခဲ့ပါမူ ကျွန်မ၏ နှာခေါင်းကို ပန်းတစ်ပွင့်ထဲသို့ ထိုးထည့်ထားလိုက်သည်။ ဒယ်အိုးအတွင်းသို့ ကြက်သွန်ဖြူ အမြောက်အမြား ပစ်ထည့်ပစ်လိုက်သည်။ သို့တည်းမဟုတ် ငတ်ပြတ်ခဲ့သော ဘဝကို ပြန်လည် မြင်ယောင်ကြည့်လိုက်သည်။ အကယ်၍ ကျွန်မ၏ သမီးက ကျွန်မ၏ လက်ကို ထိတို့၍သော်လည်းကောင်း၊ ကျွန်မခင်ပွန်း၏ ထွက်သက်က ကျွန်မ၏ နားကို ထိတိုက်မိ၍ သော်လည်းကောင်း၊ ရေချိုးနေစဉ် ကျွန်မ၏ ရင်သားပေါ်သို့ လေပြေကလေး ဆော့သွေးလာ၍ သော်လည်းကောင်း၊ အရေပြား၏ အထိအတွေ့က အမှတ်ရစရာ တစ်စုံတစ်ခုကို တူးဆွလာခဲ့ပါမူ ကျွန်မသည် ကုတ်ဖဲ့၍၊ ပွတ်တိုက်၍၊ ခပ်ဆတ်ဆတ် ပုတ်ခတ်၍ ၎င်းအမှတ်တရများကို ဖယ်ရှားပစ်လိုက်သည်။ ကောက်ပင် ရိတ်သိမ်းနေသော တောင်သူဦးကြီးတစ်ယောက်သည် စိုက်ပျိုးမြေအတွင်းမှ ထွက်ရှိလာကြသော ကောက်ပဲသီးနှံများကို အားရှိပါးရှိ ရိတ်လှီး ဖြတ်သိမ်းနေသကဲ့သို့ ကျွန်မ၏ အပြုအမူကလည်း အကြင်နာ ကင်းမဲ့လွန်းနေသည်။ ကျွန်မ၏ မှတ်ဉာဏ်ထဲတွင် ကျန်ရှိနေသော အမှတ်တရ မှန်သမျှကို တစ်စွန်းတစ်စမျှ ကြွင်းမကျန်ရစ်ရလေအောင် တစ်ခုမကျန် ရှင်းထုတ်ပစ်နေမိတော့သည်။ ဤသည်မှာ ကျွန်မ၏ ဒဏ်ရာရ နှလုံးသားကို အကာအကွယ် ပေးနိုင်သည့် တစ်ခုတည်းသော နည်းလမ်းသာ ဖြစ်သည်ဟု ကျွန်မ နားလည်ထားသည်။

ရွှယ်ဟွား၏ အချစ်နှင့် သက်ဆိုင်သော မှတ်ဉာဏ်များက ကျွန်မကို ဆက်လက် နှိပ်စက်နေကြသည့် အခါတွင် မေရွက်၏ ဝိညာဉ်ကို အနားမှ မောင်းထုတ်နိုင်ရန်အတွက် ကျွန်မတို့ ပြုလုပ်ခဲ့ကြဖူးသည့် နည်းတူ ကျွန်မသည် ပန်းမျှော်စင်တစ်ခု တည်ဆောက်ခဲ့သည်။ ကျွန်မသည် ဤတစ္ဆေအသစ်ကို မောင်းထုတ်ပစ်ရမည်။ ကျွန်မကို နောက်ဘယ်တော့မှ မခြောက်လှန့်နိုင်ရန် ကာကွယ်ထားရမည်။ နက်ရှိုင်းစူးနစ်သော အချစ်၏ ပျက်ပြားသွားသော ကတိစကားများဖြင့် ကျွန်မကို ညှဉ်းဆဲနေခြင်းမှ ကာကွယ်ထားရမည်။ နှစ်ပေါင်းများစွာအတွင်း ကျွန်မအတွက် ရွှယ်ဟွား ပြုလုပ်ပေးခဲ့သော လက်ဆောင်ပစ္စည်းများ ထည့်ထားသည့် ခြင်းတောင်းများ၊ သေတ္တာများ၊ အံဆွဲများနှင့် ဗီဒိုများကို ကျွန်မ ရှင်းလင်းသုတ်သင် ပစ်လိုက်သည်။ ကျွန်မတို့၏ တစ်ဘဝတာအတွင်း၌ အပြန်အလှန် ရေးသားခဲ့သော စာများကို တစ်စောင်မကျန်ရအောင် ပြန်လည် ရှာဖွေခဲ့သည်။ ရှိသမျှ အရာအားလုံးကို ပြန်လည် ရှာတွေ့နိုင်ရန်မှာ လွယ်ကူသည့်ကိစ္စ မဟုတ်ပေ။ ကျွန်မတို့၏ ယပ်တောင်ကို ကျွန်မ ရှာမတွေ့တော့ပေ။ ထို့နောက် … ပစ္စည်း အတော်များများ ပျောက်ဆုံးနေသည်ပဲ ဆိုကြပါစို့။ သို့သော် ကျွန်မ ရှာတွေ့သည့် အရာမှန်သမျှကို ပန်းမျှော်စင်ထဲတွင် ထည့်ထားလိုက်သည်။ ထို့နောက် ကျွန်မ စာတစ်စောင် ရေးလိုက်သည်။

တစ်ချိန်တုန်းကတော့ နင်က ငါ့ရဲ့ နှလုံးသားကို နားလည်ပေးနိုင်ခဲ့တယ်။ အခုတော့ ငါ့အပေါ် နားလည် မပေးနိုင်တော့ဘူး။ နင့်ရဲ့ စကားလုံးတွေ အကုန်လုံးကို ငါ မီးရှို့ပစ်လိုက်ပြီ။ တိမ်ထုထဲမှာ အားလုံး ပျောက်ကွယ်သွားပါစေလို့ ငါ မျှော်လင့်နေမိတယ်။ ငါ့ကို သစ္စာဖောက်ခဲ့တဲ့၊ ငါ့ကို စွန့်ပစ်ခဲ့တဲ့ နင့်ကို ငါ့နှလုံးထဲကနေ အပြီးအပိုင် ထုတ်ပစ်လိုက်ပြီ။ ကျေးဇူးပြုပြီး … ကျေးဇူးပြုပြီး ငါ့ကို မနှောင့်ယှက်ပါနဲ့တော့။

ကျွန်မသည် စာရွက်ကို ခေါက်ကာ ပန်းမျှော်စင်၏ အပေါ်ထပ် အခန်းဆောင်မှ ပြတင်းပေါက်ကလေးထဲသို့ ထိုးထည့်လိုက်သည်။ ထို့နောက် လက်ကိုင်ပဝါများ၊ ရက်ကန်းထည်များနှင့် ပန်းထိုးထည်များကို လောင်ကျွမ်းနိုင်ရန်အတွက် ဆီများ လောင်းထည့်ကာ ပန်းမျှော်စင်၏ အောက်ခြေကို မီးတို့လိုက်လေတော့သည်။

သို့သော် ရွှယ်ဟွားသည် ကျွန်မကို ဆက်လက် ခြောက်လှန့်မြဲ ခြောက်လှန့်နေသည်။ ကျွန်မသမီး၏ ခြေထောက်ကို စည်းပေးနေသည့် အခါတွင် ရွှယ်ဟွားသည် အခန်းထဲတွင် ကျွန်မနှင့်အတူ ရှိနေသကဲ့သို့ မြင်ယောင်နေမိသည်။ သူ၏ လက်တစ်ဘက်ကို ကျွန်မ ပခုံးပေါ် တင်လျက် ကျွန်မကို တီးတိုး စကားဆိုနေသည်။

“ပတ်တီးစည်းတဲ့အခါမှာ ခေါက်ရာတွန့်ရာတွေ ပါမသွားစေနဲ့နော်။ နင့်သမီးကို နင့်ရဲ့ မိခင်မေတ္တာတွေ မြင်အောင် ပြသလိုက်စမ်းပါ” သူ၏ စကားသံများ နားထဲမှ ထွက်သွားစေရန် ကျွန်မ သီချင်း ဟစ်ဆိုလိုက်သည်။ တစ်ခါတစ်ရံတွင် ညအချိန်၌ ကျွန်မ၏ ပါးပြင်ပေါ်သို့ သူ၏ လက်တစ်ဘက် ကျရောက်လာသည်ဟု ခံစားနေရတတ်သည်။ ကျွန်မ အိပ်မပျော်နိုင်တော့ပါ။ မိမိကိုယ်ကိုယ်နှင့် သူ့အပေါ် ထွက်သော ဒေါသများနှင့် လုံးထွေး သတ်ပုတ်ရင်းသာ ကျွန်မ လဲလျောင်းနေမိသည်။ စိတ်ထဲမှလည်း အဆက်မပြတ် ရေရွတ်နေမိသည်။ ‘နင့်ကို မုန်းတယ်။ နင့်ကို မုန်းတယ်။ နင့်ကို မုန်းတယ်။ ကတိတွေကို နင် ချိုးဖောက်ခဲ့တယ်။ ငါ့ကို သစ္စာဖောက်ခဲ့တယ်’

လူနှစ်ဦးသည် ကျွန်မ၏ ဒုက္ခဝေဒနာများကို သက်သာရာ ရအောင် ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။ ပထမ တစ်ဦးမှာ (ရှက်ရှက်နှင့်သာ ဝန်ခံရပေတော့မည်) ကျွန်မ၏ သမီးဖြစ်သည်။ ဒုတိယတစ်ဦးမှာ (ပြောရမှာ ဝမ်းနည်းပါ၏) အောင်သွယ်တော်အိုကြီးဝမ် ဖြစ်သည်။ ကျွန်မ၏ မိခင်မေတ္တာသည် အင်မတန်မှ ထက်သန် အားကောင်းလှသည်။ ယွိအော်၏ ခြေထောက်ကို စည်းနှောင်ပေးသည့်အခါတွင် ကျွန်မ မည်မျှ ဂရုစိုက် အလေးထားခဲ့ကြောင်း သင် နားလည်နိုင်မည် မဟုတ်ပေ။ စန်းမေ့၏ စိတ်မကောင်းဖွယ်ရာ ဖြစ်ရပ်ကို ပြန်လည် အမှတ်ရနေသည့်အပြင် ခြေထုပ်ခြင်း အမှုကို ပိုးဝင်ခြင်း၊ ပုံပန်းမကျခြင်းနှင့် အသက်အန္တရာယ် ကျရောက်ခြင်းတို့ နည်းနိုင်သမျှ နည်းအောင် မည်သို့မည်ပုံ မှန်မှန်ကန်ကန် ပြုလုပ် ဆောင်ရွက်သင့်ကြောင်း ကျွန်မကို သင်ကြားပြသပေးခဲ့သော ယောက္ခမကြီး၏ သင်ခန်းစာများကလည်း များစွာ အထောက်အကူ ပြုခဲ့သည်။ သို့သော် ရွှယ်ဟွားကြောင့် ခံစားနေရသမျှသော နာကျင်မှုများကို ကျွန်မသမီး၏ ခြေထောက်များပေါ်သို့ ပြောင်းရွှေ့ပစ်လိုက်သည်။ ကျွန်မ၏ ရွှေရောင်လီလီကလေးများသည် ကျွန်မ၏ ပိုင်ဆိုင်မှု၊ ဆုံးရှုံးမှုအားလုံးတို့၏ အရင်းအမြစ်ပင် မဟုတ်ပါလော။

ကျွန်မသမီး၏ အရိုးများနှင့် ပင်ကိုစရိုက်သည် ပျော့ပျောင်း နူးညံ့ကြပါသော်လည်း သူသည် သနားစဖွယ် ငိုကြွေးနေခဲ့သည်။ ကျွန်မတို့ အခုမှ စလုံးရေး စသာ ရှိကြသေးသော်လည်း ကျွန်မသည် သူ့ကို မကြည့်ရက်နိုင်အောင် ဖြစ်နေရသည်။ ကျွန်မသည် ရင်တွင်းမှ ဒေါသများကို ကကြိုးဆင်လျက် ကျွန်မ၏ သမီးကို အခန်းတွင်း၌ ခေါက်တုံ့ခေါက်ပြန် မောင်းနှင်နေတော့သည်။ ထို့ရက်များအတွင်း၌ သူ၏ ခြေထောက်များကို ပြန်စည်းပေးရသည့် အခါတိုင်း ပတ်တီးစများကို ပိုမို တင်းကျပ်အောင် တုတ်နှောင်ပေးခဲ့သည်။ မာမား ပြောပြခဲ့သော စကားလုံးများဖြင့် သူ့ကို ပြစ်တင်ဝေဖန် … မဟုတ်သေး၊ သူ့ကို ပြင်းပြင်းထန်ထန် အော်ဟစ်မောင်းမဲခဲ့သည်။

“တကယ့် စစ်မှန်တဲ့ မိန်းမကောင်းတစ်ယောက်ဟာ သူ့ဘဝထဲကို ဘယ်သို့သော အကျည်းတန်မှုမျိုးကိုမှ အဝင်ခံမှာ မဟုတ်ဘူး။ အနာခံမှ အသာစံရမယ်တဲ့။ နာကျင်မှုကို ခံစားဖူးမှ စစ်မှန်တဲ့ အလှတရားကို ပိုင်ဆိုင်နိုင်မယ်။ ဆင်းရဲဒုက္ခကို ကြုံတွေ့ဖူးမှ စစ်မှန်တဲ့ ငြိမ်အေးမှုကို ရှာတွေ့နိုင်မယ်။ ငါက နင့်ကို စည်းပေး၊ တုပ်ပေးရပေမယ့် တကယ်တမ်း အကျိုးခံစားရမယ့်သူက နင်ပဲ”

ကျွန်မ၏ လုပ်ရပ်ကြောင့် အနည်းအကျဉ်းသော အကျိုးကျေးဇူးကို တန်ပြန် ခံစားရနိုင်လိမ့်မည်ဟု ကျွန်မ မျှော်လင့်ထားသည်။ ထို့အပြင် မာမား၏ ကတိစကားအတိုင်း ငြိမ်းချမ်းမှုကို ရှာတွေ့နိုင်လိမ့်မည်ဟု ကျွန်မ တောင့်တနေသည်။

ယွိအော်ကို ကောင်းစားစေလိုသော စေတနာဟု ခေါင်းစဉ်တပ်လျက် ကျွန်မသည် ထုံးခိုအတွင်းရှိ ခြေထုပ်ဆဲဖြစ်သော ကောင်မလေးများ၏ မိခင်များကို စကားကြောင်းလိုက်သည်။

“ကျွန်မတို့ အားလုံးက ဒီရွာမှာ အတူတူ နေနေကြတာလေ။ ကျွန်မတို့ အားလုံးမှာလည်း အေးချမ်းသာယာတဲ့ မိသားစုတွေ ရှိကြတယ်။ ဒီတော့ ကျွန်မတို့ရဲ့ သမီးတွေကို သွေးသောက်တွေအဖြစ် ဖွဲ့ပေးလိုက်ရရင် မကောင်းဘူးလား”

ယွိအော်၏ ခြေထောက်သည် ကျွန်မလောက်နီးနီး သေးကွေး၍ ပုံစံကျသည်။ သို့သော် နောက်ဆုံးရလဒ်ကို ကျွန်မ မသိရှိရသေးခင်မှာပင် အောင်သွယ်တော်ဝမ်သည် ၅ လပိုင်းအတွင်း၌ ကျွန်မထံသို့ ရောက်ရှိလာသည်။ ကျွန်မ၏ အမြင်တွင် သူသည် အနည်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိပေ။ သူသည် အမြဲတမ်း မိန်းမအိုကြီးတစ်ယောက်သာ ဖြစ်သည်။ သို့သော် ထိုနေ့က ကျွန်မသည် သူ့ကို ပို၍ အဆိုးမြင်သော အကြည့်ဖြင့် ကြည့်နေမိခဲ့သည်။ သူ့ကို ပထမဆုံး တွေ့ခဲ့ရစဉ်က သူ၏ အသက်သည် လွန်ရောကျွံရောမှ ၄၀ သာ ရှိပေဦးမည်။ ယခုအချိန် ကျွန်မ၏ အသက်ထက် သူ အများကြီး ငယ်ရွယ်ပါသေးသည်။ သို့သော် ကျွန်မ၏ မိခင်နှင့် ရွှယ်ဟွား၏ မိခင်တို့သည် အသက် ၄၀ ပတ်ဝန်းကျင်၌ပင် ကွယ်လွန်ခဲ့ကြရသည် မှန်သော်လည်း သူ့တို့ကို အသက်ရှည်သည်ဟု ခေါ်ဆိုနိုင်သည်။ အတိတ်ကို ပြန်ပြောင်း တွေးဆကြည့်သည့်အခါတွင် မုဆိုးမတစ်ယောက် ဖြစ်သွားသော အောင်သွယ်တော်ဝမ်သည် သူ့ယောက်ျားနှင့် လိုက်သေရန် ဆန္ဒရှိလိမ့်မည် မဟုတ်သည့်အပြင် နောက်တစ်အိမ်ထောင် ထူထောင်ရန်လည်း ဆန္ဒရှိလိမ့်မည် မဟုတ်ဟု ကျွန်မ ယုံကြည်သည်။ သူသည် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရန် ရွေးချယ်ခဲ့သည်။ အကယ်၍သာ သူ့တွင် ထက်မြက်မှုနှင့် စီးပွားရေးအမြင်များ ဖောဖောသီသီ မရှိခဲ့ပါမူ သူသည် လုပ်ငန်းကို အောင်မြင်အောင် စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့အပြင် သူသည် သူ၏ ခန္ဓာကိုယ်နှင့် မျက်နှာတို့ကို အစွမ်းကုန် မွမ်းမံ ပြင်ဆင်ထားတတ်သည်။ သူ၏ မျက်နှာတွင် ကျန်ရှိနေသေးသော အလှအပများကို ထင်ဟပ်လာစေရန်အတွက် မှုန်နံ့သာများဖြင့် ခြယ်သပြုပြင်ထားသည်။ ခရိုင်အတွင်းရှိ တခြားသော အိမ်ထောင်ရှင် မိန်းမများထက် တစ်မူထူးခြားနေစေရန်အတွက် သစ်လွင်တောက်ပြောင်သော အဝတ်အစားများကို ဝတ်ဆင်ထားသည်။ ယခုအခါ၌မူ သူ၏ အသက်မှာ ၇၀ နားသို့ပင် နီးကပ်လာနေပြီဟု ကျွန်မ ခန့်မှန်းကြည့်မိသည်။ ထို့ကြောင့် သူသည် မျက်နှာခြယ်များနှင့် တောက်ပြောင်သော ပိုးထည်ဝတ်ရုံများဖြင့် သူ့ကိုယ်သူ ဖုံးကွယ်ထားခြင်း မရှိတော့ပေ။ သူသည် ယခင်ကအတိုင်း ထက်မြက်ဆဲ၊ လာဘ်မြင်ဆဲ အဘွားအိုတစ်ယောက် ဖြစ်သော်လည်း သူ့တွင် အားနည်းချက်တစ်ခု ရှိသည်ကို ကျွန်မ ကောင်းကောင်းကြီး သိနေသည်။ သူသည် သူ၏ တူမကို အင်မတန်မှ ချစ်မြတ်နိုးရှာသည်။

“လူးဖူးလန်၊ မတွေ့ဖြစ်တာတောင် အတော်ကြာပြီနော်” သူက ဧည့်ခန်းဆောင်ထဲရှိ ထိုင်ခုံတစ်ခုံတွင် ဝင်ထိုင်ရင်း ပြောသည်။ ကျွန်မက လက်ဖက်ရည်ကြမ်း ချမပေးသည့်အခါတွင် သူသည် ဘေးဘီသို့ စိုးရိမ်တကြီး လှည့်ကြည့်သည်။

“ရှင့်အမျိုးသားရော အိမ်မှာ မရှိဘူးလား”

“လူးလောင်ရဲက နည်းနည်းနောက်ကျမှ အိမ်ပြန်ရောက်မှာပါ။ ဒါပေမယ့် ရှင် သူနဲ့ တွေ့ဖို့ အခုချိန် ရောက်လာတာ သိပ် စောလွန်းမနေဘူးလား။ ကျွန်မသမီးက အိမ်ထောင်ဖက် ရှာပေးဖို့အတွက် ငယ်လွန်းနေပါသေးတယ်”

အောင်သွယ်တော်ဝမ်က သူ့ပေါင်ကို ပုတ်ကာ ဟက်ဟက်ပက်ပက် ရယ်မောနေသည်။ ကျွန်မက ခပ်တည်တည်နှင့် ထိုင်နေသည်ကို သတိထားမိသွားသည့် အခါတွင် သူက ဣန္ဒြေကို ပြန်ဆယ်လိုက်သည်။

“ငါ အဲဒီကိစ္စအတွက် ဒီကို ရောက်လာတာ မဟုတ်ပါဘူးအေ။ ညည်းနဲ့ လောင်ထုံးကိစ္စ ဆွေးနွေးချင်လို့။ အခုကိစ္စက ငါတို့ မိန်းမသားတွေရဲ့ ကိစ္စပါ”

ကျွန်မသည် ကျွန်းကုလားထိုင်၏ လက်တန်းကို ကျွန်မ၏ လက်ညှိုးဖြင့် ဖြည်းညင်းစွာ ကတောက်တောက် ခေါက်နေမိတော့သည်။ အသံမှာ ကျယ်လောင်လှသဖြင့် ကျွန်မကိုယ်တိုင်ပင် ချောက်ချားလာမိသည်။ သို့သော် ကျွန်မ ခေါက်မြဲ ဆက်ခေါက်နေသည်။

သူသည် သူ၏ အင်္ကျီလက်ရှည်အတွင်းမှ ယပ်တောင်တစ်ချောင်းကို ဆွဲထုတ်လိုက်သည်။

“ညည်းသမီးအတွက် ဒီဟာ ယူလာခဲ့တယ်။ ငါကိုယ်တိုင် သူ့ကို ဒီဟာလေး ပေးလိုက်ချင်တယ်”

“ကျွန်မသမီးက အပေါ်ထပ်မှာပါ။ ဒါပေမယ့် လူးလောင်ရဲက သူကိုယ်တိုင် ဘာမှန်းညာမှန်း မသိသေးတဲ့ ပစ္စည်းတစ်ခုကို သူ့သမီးကို ပေးလိုက်တာမျိုး သဘောကျမှာ မဟုတ်ဘူး”

“ဒါပေမယ့် လူးဖူးလန်၊ ဒါက ငါတို့ မိန်းမတွေရဲ့ လျှို့ဝှက်စာတွေလေ”

“ဒါဆိုလည်း ကျွန်မကို ပေးပါ” ကျွန်မက လက်ကို ဆန့်တန်းလိုက်သည်။

အောင်သွယ်တော်အိုကြီးသည် တုန်ခါနေသော ကျွန်မ၏ လက်ကို ကြည့်ကာ တွန့်ဆုတ်နေသည်။

“ရွှယ်ဟွားက …”

“တော်ပါတော့” စကားသံက ကျွန်မ ရည်ရွယ်ထားသည်ထက် စူးရှပြတ်သားနေသည်။ ဤနာမည်ကို ကျွန်မ ထပ်မကြားနိုင်တော့ပြီ။ ကျွန်မသည် ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ကြိုးစားပြီးနောက် ပြောလိုက်သည်။

“ကျေးဇူးပြုပြီး ကျွန်မကို ယပ်တောင် ပေးပါ”

သူသည် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ယပ်တောင်ကို ကျွန်မလက်ထဲသို့ ထည့်ပေးလိုက်သည်။ ကျွန်မ၏ ဦးနှောက်ထဲတွင် အဆက်မပြတ် ထွက်ပေါ်လာကြသော အတွေးများနှင့် အမှတ်ရစရာများကို မင်အနက်ရောင် တို့ထားသော စုတ်တံတပ်ဖွဲ့ကြီးက တိုက်ခိုက် ချေမှုန်းနေကြသည်။ ဘိုးဘွားဘုံကျောင်းမှ ကြေးပန်းအိုးကြီးများကို တိုင်တည်ပြီး ကျွန်မကို ခွန်အားများ ပေးသနားပါရန် ဆုတောင်းလိုက်သည်။ ကျွန်မသည် ယပ်တောင်ကို တစ်ချက်တည်းဖြင့် အဆုံးထိရောက်အောင် ဆွဲဖွင့်လိုက်သည်။

နူးညံ့ဖြူစင်ပြီး မိန်းမတို့ တတ်အပ်တဲ့ ပညာအရပ်ရပ်ကို ကျွမ်းကျင်ပိုင်နိုင်တဲ့ အမျိုးကောင်းသမီးတစ်ယောက် ဒီအိမ်မှာ ရှိတယ်လို့ ငါ ကြားသိထားရပါတယ်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ရွှယ်ဟွားသည် ဤအတိုင်း နိဒါန်းပျိုးကာ ကျွန်မထံသို့ ရေးသားခဲ့ဖူးသည်။ ကျွန်မ ခေါင်းမော့ကြည့်လိုက်သည်။ အောင်သွယ်တော်ဝမ်သည် ကျွန်မကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။ ကျွန်မ၏ အမူအရာကို အကဲခတ်နေသည်။ သို့သော် ကျွန်မသည် လေငြိမ်သော ညတစ်ည၏ ကန်ရေ မျက်နှာပြင်တစ်ခုကဲ့သို့ တည်ငြိမ်နေအောင် မျက်နှာကို ထိန်းချုပ်ပြုပြင်ထားသည်။

ငါတို့ရဲ့ မိသားစုနှစ်စုက ပန်းပင်တွေကို စိုက်ပျိုးခဲ့ကြတယ်။ အခု ပန်းပွင့်လေးနှစ်ပွင့် ဖူးပွင့်လာကြပြီ။ သူတို့တွေ ဆုံတွေ့ကြဖို့ အဆင်သင့် ဖြစ်နေကြပြီလေ။ နင်နဲ့ငါက တစ်နှစ်တည်းမှာ မွေးခဲ့ကြတာဆိုတော့ ငါတို့တွေ လောင်ထုံး ဖွဲ့ကြရအောင်လား။ ငါတို့နှစ်ယောက် အတူတူ တိမ်တွေအထက်ကို ပျံသန်းသွားကြမယ်လေ။

စကားလုံး တစ်လုံးစီတိုင်းကို ဂရုတစိုက် ရေးသားနေသော ချွမ်ရွက်၏ နံဘေးတွင် ထိုင်လျက် တစ်လုံးချင်း ပြောပေးနေမည့် ရွှယ်ဟွား၏ အသံကို ကျွန်မ ကြားယောင်လာမိသည်။ ကျွန်မသည် ယပ်တောင်ကို ပြန်ပိတ်ကာ အောင်သွယ်တော်ဝမ်ထံသို့ ပြန်ကမ်းပေးလိုက်သည်။ ကျွန်မ၏ ဆန့်တန်းနေသော လက်ထဲမှ ယပ်တောင်ကို သူ လှမ်းမယူဘဲ ငေးစိုက်ကြည့်နေသည်။

“အောင်သွယ်တော်ဝမ်၊ တစ်ခုခု လွဲမှားနေပြီလို့ ကျွန်မ ထင်တယ်။ ဒီကောင်မလေးနှစ်ယောက်ရဲ့ ဇာတာအက္ခရာရှစ်လုံးက ကိုက်ညီမှု မရှိကြဘူး။ သူတို့တွေရဲ့ မွေးလနဲ့ မွေးရက်က တူကြတာမဟုတ်ဘူးလေ။ အရေးအကြီးဆုံး အချက်က … သူတို့ရဲ့ ခြေထောက်တွေ စထုပ်တဲ့ ရက်တွေကလည်း မတူညီကြဘူး။ ဒီတော့ ခြေထောက်တွေ ပြန်ကောင်းတဲ့ အချိန်ကလည်း လုံးဝ တူနိုင်ကြမယ် မထင်ဘူး။ နောက်ပြီးတော့ …” ကျွန်မသည် လက်တစ်ဘက်ကို ဝှေ့ယမ်းပြလိုက်သည်။

“မိသားစု အခြေအနေတွေကလည်း တူညီကြတာ မဟုတ်ဘူးလေ။ အဲဒီ အခြေခံသဘောတရားတွေကို လူတိုင်း နားလည်ထားကြမှာပါ”

အောင်သွယ်တော်ဝမ်၏ မျက်လုံးများက မှေးစင်းလာကြသည်။

“ညည်းတို့ ဘာတွေ ဖြစ်နေကြသလဲ ဆိုတာကို ငါ မသိဘူးလို့ ထင်နေတာလား” သူက နှာမှုတ်ကာ စကားဆိုသည်။

“ငါသိထားသလောက်တော့ ပြောပါရစေဦး။ ညည်းက ညည်းတို့ရဲ့ သံယောဇဉ်တွေကို အကြောင်းပြချက် မပေးဘဲ ဖြတ်တောက်ပစ်လိုက်တယ်။ ညည်းရဲ့ လောင်ထုံးခမျာ နားမလည်နိုင်စွာနဲ့ပဲ မျက်ရည်နဲ့မျက်ခွက် ဖြစ်နေရရှာတယ်”

“နားမလည်ဘူး … ဟုတ်လား။ သူ ဘာတွေ လုပ်ခဲ့သလဲ ဆိုတာကိုရော ရှင်သိရဲ့လား”

“အဲဒါ ညည်းတို့အချင်းချင်း ပြောရမယ့် ကိစ္စပါ” အောင်သွယ်တော်ဝမ်က စကားဆက်သည်။

“ဒါပေမယ့် မိခင်ကောင်းနှစ်ယောက်ရဲ့ တစ်ချိန်က ကတိစကားကိုတော့ ဖောက်ဖျက်ပစ်ဖို့ မသင့်ပါဘူး။ ကောင်မလေးနှစ်ယောက်မှာ ကောင်းမွန်တောက်ပတဲ့ အနာဂတ်တွေ ရှိနေကြတယ်။ သူတို့ခမျာလည်း သူတို့ အမေတွေလိုပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝတွေကို ပိုင်ဆိုင်ခွင့် ရှိပါတယ်”

အောင်သွယ်တော်ဝမ်၏ အကြံပြုချက်ကို ကျွန်မ မည်သို့မျှ လက်ခံနိုင်လိမ့်မည် မဟုတ်ပေ။ နာကျင်ကြေကွဲမှုတို့သည် ကျွန်မကို ချည့်နဲ့အောင် ပြုလုပ်ခဲ့ကြသည်။ အတိတ်ကာလများ၌ ကျွန်မသည် ရွှယ်ဟွား၏ အာရုံပြောင်းခြင်း၊ လွှမ်းမိုးခြင်းနှင့် စည်းရုံးသိမ်းသွင်းခြင်းကို ကြိမ်ဖန်များစွာ ခံခဲ့ရဖူးသည်။ ထို့အပြင် ရွှယ်ဟွားနှင့် သူ၏ သွေးသောက်များ ပြုံးပျော်နေကြသည်ကို ကျွန်မ မမြင်မတွေ့လိုပေ။ သူတို့ တရင်းတနှီး ဆက်ဆံနေကြပုံနှင့် တီးတိုးပြောဆိုနေကြပုံကို မြင်ယောင်ကြည့်ရုံမျှဖြင့် ကျွန်မ၏ နှလုံးမှာ တဆစ်ဆစ် နာကျင်လှသည်။

“ဒီမယ် အောင်သွယ်တော်ဝမ်၊ ကျွန်မရဲ့သမီးကို အောက်ကျနောက်ကျနိုင်တဲ့ သားသတ်သမား မိသားစုနဲ့ ဘယ်လိုနည်းနဲ့မှ ပတ်သက်ခွင့် ပြုမှာ မဟုတ်ဘူး”

အောင်သွယ်တော်ကြီး လက်လျှော့သွားစေရန်အတွက် ကျွန်မသည် စကားကို တမင်သက်သက် ဒေါသသံစွက်ကာ ပြောဆိုလိုက်သည်။ သို့သော် သူက ကျွန်မ၏ စကားကို မကြားလိုက်သည့်အလား ဤသို့ ပြောဆိုလာပြန်သည်။

“ညည်းတို့နှစ်ယောက်ရဲ့ ငယ်ငယ်တုန်းက ပုံရိပ်တွေကို ငါ အခုထိ မြင်ယောင်နေတုန်းပဲ။ တံတားကို ဖြတ်ကူးနေကြတုန်းက ဆိုရင် ညည်းတို့ရဲ့ အရိပ်တွေက မြစ်ရေပြင်မှာ ထင်ဟပ်နေကြတယ်။ ညည်းတို့ရဲ့ အလုံးအရပ်၊ ညည်းတို့ရဲ့ ခြေထောက်အရွယ်အစားနဲ့ ညည်းတို့ရဲ့ ဇွဲသတ္တိတွေက အားလုံး တထေရာတည်းချည်းပဲ။ သူ့အပေါ် သစ္စာရှိပါမယ်လို့ ညည်း တိုင်တည်ခဲ့ဖူးတယ်။ သူ့အနားကနေ တစ်ဖဝါးမှ မခွာပါဘူးလို့လည်း ညည်း ကတိပေးခဲ့ဖူးတယ်နော်။ ညည်းတို့နှစ်ယောက် ရာသက်ပန်လုံး အတူရှိနေပါ့မယ်။ ဘယ်တော့မှ မခွဲမခွာဘူး။ ဘယ်တော့မှ အနေမဝေးစေရဘူးလို့ ညည်း သစ္စာဆိုခဲ့ဖူးတယ်”

ထိုအရာများ အားလုံးကို ကျွန်မသည် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။ သို့သော် ရွှယ်ဟွားကကော။

“ရှင် ဘာတွေ ပြောနေသလဲဆိုတာ ရှင်ကိုယ်တိုင် သိရော သိရဲ့လား” ကျွန်မက ပြောလိုက်သည်။

“ရှင့်တူမနဲ့ ကျွန်မတို့ ကတိစာချုပ် လက်မှတ်ထိုးတုန်းက ရှင် ပြောခဲ့တယ်။ မယားငယ်လို ကြားလူတွေ ဝင်ခွင့်မရှိဘူး ဆိုတာလေ။ ရှင် အဲဒီစကားကို မှတ်မိသေးရဲ့လား။ အခု ပြန်သွားပြီး ရှင့်တူမကို မေးကြည့်စမ်းပါဦး။ သူ ဘာတွေ လုပ်ခဲ့သလဲ ဆိုတာ”

ကျွန်မသည် အောင်သွယ်တော်ကြီး၏ ပေါင်ပေါ်သို့ ယပ်တောင်ကို ပစ်တင်ပြီး မျက်နှာကို တစ်ဘက်သို့ လွှဲထားလိုက်သည်။ ကျွန်မ၏ နှလုံးသားသည် ကျွန်မ၏ ခြေထောက်များပေါ်သို့ ဖြတ်သန်း စီးဆင်းသွားခဲ့ဖူးသော မြစ်ရေကဲ့သို့ ခဲကျဉ်အေးစက်နေလေသည်။ အောင်သွယ်တော်ကြီးက ကျွန်မကို စိုက်ကြည့်ကာ သံသယများ၊ မေးခွန်းများနှင့် ထောက်ချင့် စဉ်းစားနေမည် ဖြစ်ကြောင်း ကျွန်မ ခံစားသိရှိနေသည်။ သို့သော် ဤကိစ္စကို ဆက်လက်ဆွေးနွေးရန် ဆန္ဒရှိပုံ မရတော့။ ယိုင်တိယိုင်ထိုးဖြင့် ထရပ်လိုက်သည့် အသံကို ကျွန်မ ကြားလိုက်ရသည်။ သူ၏ အကြည့်က ကျွန်မအပေါ်မှ တစ်ဖဝါးမှ မခွာသေးပေ။ ကျွန်မသည် မသိကျိုးကျွံပြုကာ မလှုပ်မယှက် ထိုင်မြဲ ထိုင်နေတော့သည်။

“ညည်းရဲ့ သဘောဆန္ဒကို ငါ ပြန်ပြောပြလိုက်ပါ့မယ်” သူ့ထံမှ စကားသံ ထွက်ပေါ်လာသည်။ သူ၏ အသံက ကြင်နာမှု၊ နားလည်မှုတို့နှင့် ပြည့်လျှမ်းနေသည်။ ထိုအချက်က ကျွန်မကို စိတ်မသိကအောက် ဖြစ်စေတော့သည်။

“ဒါပေမယ့် ညည်း သိထားဖို့ရာက … ညည်းဟာ သာမန်လူတစ်ယောက် မဟုတ်ဘူး။ အဲဒီအချက်ကို ငါ ဟိုးအစောကြီးကတည်းက သိထားနှင့်ပြီးသားပါ။ ဒီခရိုင်ထဲမှာ ရှိတဲ့ လူတွေအားလုံးက ညည်းရဲ့ ဘဝ၊ ညည်းရဲ့ ကံကြမ္မာကို အားကျနေကြတာ။ လူတိုင်းက ညည်းအတွက် အသက်ရှည်ပါစေ၊ ဓနဥစ္စာ ပေါကြွယ်ဝပါစေလို့ ဆုတောင်းပေးနေကြတာ။ ဒါပေမယ့် အခုတော့ ညည်းက အသည်းနှလုံးနှစ်ခုကို ချေမွပစ်လိုက်ပြီ။ သိပ် ဝမ်းနည်းစရာ ကောင်းတာပဲ။ ညည်းရဲ့ ငယ်ဘဝကို ငါ မှတ်မိနေပါသေးတယ်။ ညည်းမှာ လှပတဲ့ ခြေတစ်စုံကလွဲလို့ ဘာမှ မရှိခဲ့ဘူး။ အခုတော့ ညည်းဘဝမှာ အရာရာ အားလုံးက အလျှံပယ် ရှိနေခဲ့ပြီ။ လူးဖူးလန် … ညည်းမှာ ရုပ်ဝတ္ထုတွေတင် အလျှံပယ် ရှိနေခဲ့တာ မဟုတ်ဘူး။ အာဃာတတွေရော၊ ကျေးဇူးကန်းမှုတွေရော၊ ဘဝမေ့ခြင်းတွေပါ ညည်းမှာ အလျှံပယ် ရှိနေခဲ့ပြီ”

သူသည် တံခါးဆီသို့ ထော့နင်းထော့နင်း ထွက်ခွာသွားလေသည်။ ဝေါယာဉ်ထဲသို့ ဝင်၍ သူ့ကို ကျင်းထျန်သို့ ပို့ပေးရန် အထမ်းသမားများကို အမိန့်ပေးနေသံကိုပါ ကျွန်မ ကြားနေရသည်။ သူ့ကို နောက်ဆုံးစကားလုံးများ ပြောခွင့်ပြုခဲ့သည့်အတွက် ကျွန်မကိုယ်ကျွန်မပင် မယုံကြည်နိုင်အောင် ဖြစ်နေမိတော့သည်။

ↂↂↂ

တစ်နှစ် ကုန်လွန်သွားခဲ့သည်။ ရွှယ်ဟွား၏ ဝမ်းကွဲညီမ၏ သီဆိုနှုတ်ဆက်ပွဲလည်း နီးကပ်လာချေပြီ။ ကျွန်မသည် ယူကျုံးမရ ဖြစ်နေဆဲပင် ရှိနေသေးသည်။ ကျွန်မ၏ စိတ်ဝိညာဉ်သည် နှလုံးသားတစ်ခုကဲ့သို့ တဒိတ်ဒိတ် မြည်ကာ အဆက်မပြတ် လှုပ်ယမ်းတုန်ခါနေသည်။ အမျိုးသမီးတစ်ဦး၏ တေးဆိုသံကဲ့သို့ နိမ့်ချီမြင့်ချီဖြင့် ယမ်းခါလှုပ်ရှားနေသည်။ ကျွန်မနှင့် ရွှယ်ဟွားသည် ထိုမင်္ဂလာပွဲသို့ အတူတူ တက်ကြရန် တိုင်ပင်ထားခဲ့ကြသည်။ သူ လာဦးမည်လား ဆိုသည့်အချက်ကို ကျွန်မ မသိပါ။ အကယ်၍ သူ ရောက်လာခဲ့လျှင် သူနှင့် ထိပ်တိုက် မတွေ့ပါရစေနှင့်ဟုသာ ကျွန်မ မျှော်လင့်နေမိသည်။ မာမားနှင့် ရန်သတ္တရု ပြုခဲ့ရသကဲ့သို့ သူနှင့် ရန်မဖြစ်ချင်ပါ။

၁၀ လပိုင်း ၁၀ ရက်နေ့သို့ ရောက်ရှိလာသည်။ ဤနေ့သည် အိမ်နီးချင်းကောင်မလေး၏ မင်္ဂလာအခမ်းအနား အစီအစဉ်များကို စတင်ကျင်းပရာ နေ့ကောင်းရက်မြတ် ဖြစ်သည်။ ကျွန်မသည် ဘေးအိမ်၏ အပေါ်ထပ် အခန်းဆောင်ပေါ်သို့ တက်သွားသည်။ သတို့သမီးသည် အသားအရေ ဖြူဖျော့ဖျော့နှင့် တင့်တယ်လှပနေသည်။ သူ၏ သွေးသောက်များက သူ့ကို ဝိုင်းပတ်ကာ ထိုင်နေကြသည်။ အောင်သွယ်တော်ဝမ်ကို ကျွန်မ လှမ်းမြင်လိုက်သည်။ သူ၏ ဘေးဘက်၌ ရွှယ်ဟွား ထိုင်နေသည်။ သူ၏ ဆံပင်များက သန့်ရှင်းသပ်ရပ်စွာ အနောက်ဘက်သို့ လှန်ဖီးထားသည်။ ဆံပင်ကို နောက်စေ့တွင် အုံလုံးသိမ်းထား၍ အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်နှင့် လိုက်ဖက်လှသည်။ သူ၏ ကိုယ်ပေါ်တွင်လည်း ကျွန်မ ပေးခဲ့သော ဝတ်စုံကို ဝတ်ဆင်ထားသည်။ ဘယ်ညာနံရိုးတို့၏ ဆုံစည်းရာဖြစ်သော ရင်ညွန့်နေရာတွင် စူးကနဲ ထိုးအောင့်သွားသည်။ သွေးများသည် ကျွန်မ၏ ဦးနှောက်ထဲသို့ အရှိန်အဟုန်နှင့် တိုးဝင်လာသည့်အလား မိုက်ကနဲ ဖြစ်သွားရလောက်အောင် ခံစားလိုက်ရသည်။ ဤအခန်းထဲတွင် အခမ်းအနားတစ်လျှောက်လုံး ရွှယ်ဟွားနှင့် အတူတူ ထိုင်နေနိုင်ပါမည်လားဟု ကျွန်မ မပြောတတ်ပါ။ သို့သော် လူးဖူးလန်၏ ဂုဏ်သိက္ခာများ လျော့ပါးမသွားစေရန် ဣန္ဒြေအပြည့်ဖြင့် ထိုင်နေရသည်။ အခန်းတွင်းရှိ တခြားသူများ၏ မျက်နှာများကို ခပ်သွက်သွက် အကဲခတ်ကြည့်လိုက်သည်။ ရွှယ်ဟွားသည် ရန်းလျို၊ လျန်းဟွားနှင့် မေးဟွားတို့ကို အဖော်အဖြစ် အတူ ခေါ်မလာခဲ့ပေ။ စိတ်သက်သာရာ ရကာ လေပူများကို ဟူးကနဲ မှုတ်ထုတ်လိုက်မိသည်။ သူတို့ထဲမှ တစ်ဦးတစ်ယောက်သာ ရှိနေခဲ့ပါလျှင် ဤနေရာမှ ထွက်ပြေးမိပေလိမ့်မည်။

ကျွန်မသည် ရွှယ်ဟွားနှင့် သူ့စိန်စိန်းတို့၏ မျက်နှာချင်းဆိုင်ရှိ အခန်း၏ အခြားတစ်ဘက်တွင် နေရာယူလိုက်သည်။ အခမ်းအနားမှာ ထုံးစံအတိုင်း သီချင်းဆိုသံများ၊ ညည်းတွားရေရွတ်သံများ၊ ပုံပြင်ပြောသံများနှင့် ရယ်မောသံများဖြင့် ပြည့်နှက်နေသည်။ ထို့နောက် သတို့သမီး၏ မိခင်က ရွှယ်ဟွားအား ထုံးခိုမှ ထွက်ခွာချိန်မှ စ၍ သူ၏ ဘဝဇာတ်ကြောင်းကို ပြန်ပြောင်း ပြောပြပေးရန် တောင်းဆိုလေသည်။

“ကျွန်မ ဒီနေ့ ပြစ်တင်စာတစ်စောင် ရွတ်ဆိုပါ့မယ်” ရွှယ်ဟွားက ကြေညာလိုက်သည်။

၎င်းမှာ ကျွန်မ လုံးဝ မျှော်လင့်မထားမိသော ကိစ္စ ဖြစ်သည်။ ရွှယ်ဟွားသည် ကျွန်မအပေါ် ထားရှိသော မကျေနပ်ချက်များကို အဘယ်ကြောင့် လူသိရှင်ကြား ပြုလုပ်လိုရသနည်း။ ကျွန်မကို အပြစ်ပုံချရန် အဘယ်ကြောင့် ကြိုးစားချင်နေရသနည်း။ မည်သို့ဆိုစေ၊ သူ့၏ စွပ်စွဲချက်များကို ပြန်လည် ချေပသော သီချင်းတစ်ပုဒ်ကို ကြိုတင် ပြင်ဆင်ထားရပေတော့မည်။

“ရစ်ငှက်တစ်ကောင်ရဲ့ စူးစူးရှရှ အော်မြည်သံဟာ ဟိုးအဝေးအထိ ပျံ့နှံ့ရောက်ရှိသွားတယ်” သူက စတင် သီဆိုသည်။ ယခုကဲ့သို့သော ရိုးရာပွဲအတွက် ဆိုလေ့ဆိုထရှိသော နိဒါန်းပိုဒ်ကို ကြားရသည့်အခါတွင် အခန်းတွင်းရှိ အမျိုးသမီးများ အားလုံးသည် သူ့ထံသို့ အာရုံစိုက်လာကြသည်။ ထို့နောက် ရွှယ်ဟွားသည် ကြားနေကျဖြစ်သော တာဒါ တာဒါ တာဒါ ဟူသည့် စည်းချက်အတိုင်း သီဆိုမှုကို စတင်လိုက်သည်။

“ဒီကို လာရဲတဲ့ အစွမ်းသတ္တိတွေ ရနိုင်ဖို့အတွက် ကျွန်မ ငါးရက်တိတိ အမွှေးတိုင် ပူဇော်ပြီး ဘုရားရှိခိုးခဲ့ရတယ်။ ကျွန်မရဲ့ သူငယ်ချင်းဟောင်းတွေ အကြားမှာ မျက်နှာပန်း လှဖို့အတွက် ကျွန်မရဲ့ အဝတ်တွေနဲ့ ကျွန်မရဲ့ ခန္ဓာကိုယ်ကို သုံးရက်တိတိ နံ့သာရေနဲ့ ဆေးကြောသုတ်သင်ခဲ့တယ်။ ကျွန်မရဲ့ ဝိညာဉ်ကို ဒီသီချင်းထဲမှာ လုံးလုံးလျားလျား နှစ်မြှုပ်ထားတယ်။ ကလေးဘဝတုန်းက ကျွန်မဟာ သမီးတစ်ယောက်အဖြစ်နဲ့ အားလုံးရဲ့ အလိုလိုက်ခြင်းကို ခံခဲ့ရတယ်။ ဒါပေမယ့် ကျွန်မရဲ့ဘဝက ဘယ်လောက်တောင် ကြမ်းတမ်း ခက်ခဲခဲ့သလဲ ဆိုတာကို ဒီမှာ ရှိတဲ့ လူတွေအားလုံးက သိထားကြမှာပါ။ ကျွန်မရဲ့ မိဘအိမ်ကို ကျွန်မ ဆုံးရှုံးခဲ့ရတယ်။ ကျွန်မရဲ့ မိဘမောင်ဖွားတွေကို ကျွန်မ ဆုံးရှုံးခဲ့ရတယ်။ ကျွန်မတို့ရဲ့ မိသားစုထဲမှာ ရှိတဲ့ မိန်းမတွေဟာ မျိုးဆက်နှစ်ဆက်တိတိ ကံဆိုးမိုးမှောင် ကျခဲ့ရတယ်။ ကျွန်မရဲ့ ယောက်ျားက မကြင်နာတတ်ဘူး။ ကျွန်မရဲ့ ယောက္ခမက ရက်စက်ကြမ်းကြုတ်တယ်။ ကျွန်မ ၇ ကြိမ်တိတိ ကိုယ်ဝန်လွယ်ခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီအထဲက ကလေးသုံးယောက်ကပဲ ဒီကမ္ဘာမြေရဲ့ လေထုကို ရှူရှိုက်ခွင့် ရခဲ့ကြတယ်။ အခုတော့ သားတစ်ယောက်၊ သမီးတစ်ယောက်ပဲ အသက်ရှင်လျက် ကျန်ရစ်တော့တယ်။ ကျွန်မရဲ့ ကံကြမ္မာက ကျိန်စာမိနေသလိုပါပဲ။ အတိတ်ဘဝတွေတုန်းက ကျွန်မ အကုသိုလ်တွေကို လုပ်ခဲ့ဖူးလို့ပဲ ဖြစ်ရတော့မှာပေါ့။ ဒါကြောင့်လည်း အခုလို အနုပ်စုတ်ကုပ်စုတ် ဘဝကို ကျရောက်နေရတာ”

သတို့သမီး၏ သွေးသောက်များသည် ထင်ထားသည့်အတိုင်း ကရုဏာသက်ကာ ငိုကြွေးနေကြသည်။ သူတို့၏ မိခင်များသည် သီချင်းကို စိတ်ဝင်တစား နားထောင်နေကြကာ ဝမ်းနည်းစရာ ကောင်းသည့် အပိုင်းသို့ ရောက်လျှင် အုအုအိအိ အသံထွက်ကာ ကျိတ်၍ ငိုရှိုက်နေကြသည်။ မိန်းမတစ်ယောက်၏ လွန်ဆန်ရန် ခက်ခဲလှသော ဘဝကြမ္မာအတွက် ခေါင်းတခါခါ၊ နှာတရှုံ့ရှုံ့ဖြင့် နားထောင်နေကြသည်။ မိန်းမသားတို့၏ ဆင်းရဲဒုက္ခကို အကောင်းဆုံး တင်စားဖော်ပြနိုင်သည့်အတွက် ရွှယ်ဟွားကို ချီးမွမ်းနေကြသည်။

“ဒါပေမယ့် ကျွန်မရဲ့ဘဝမှာ ပျော်ရွှင်မှုတစ်ခုတော့ ရှိနေပါသေးတယ်။ ကျွန်မရဲ့ လောင်ထုံးပါပဲ” ရွှယ်ဟွားက တာဒါ တာဒါ တာဒါ စည်းချက်ဖြင့် ဆက်ဆိုနေသည်။

“ကျွန်မတို့ရဲ့ ကတိစာချုပ်ထဲမှာ ကျွန်မတို့အကြား ဘယ်တော့မှ ကြမ်းတမ်းခက်ထန်တဲ့ စကားလုံးတွေ မသုံးပါဘူးလို့ ကျွန်မတို့ ရေးသားခဲ့ကြတယ်။ လွန်ခဲ့တဲ့ ၂၇ နှစ်အတွင်း ကျွန်မတို့ အဲဒီအတိုင်း နေထိုင်နိုင်ခဲ့ကြတယ်။ ကျွန်မတို့က တစ်ယောက်ကိုတစ်ယောက် မှန်ကန်တဲ့ စကားတွေကိုပဲ ပြောခဲ့ကြတယ်။ ကျွန်မတို့ဟာ နွယ်ပင်တွေလို တစ်ယောက်ကိုတစ်ယောက် ထာဝရ ယှက်နွှယ်ဖက်တွယ်ထားခဲ့ကြတယ်။ ဒါပေမယ့် ကျွန်မရဲ့ ဝမ်းနည်းမှုတွေအကြောင်း သူ့ကို ပြောပြတဲ့အခါမှာ သူက ကျွန်မအပေါ် စိတ်ရှည်ရှည် မထားနိုင်ခဲ့ဘူး။ ကျွန်မရဲ့ စိတ်ဓာတ်တွေ အကြီးအကျယ် ကျဆင်းနေတာကို သူ မြင်တဲ့အခါမှာ ကျွန်မကို သူက သတိပေးတတ်တယ်။ ယောက်ျားမှန်ရင် လယ်ယာလုပ်ရမယ်။ မိန်းမမှန်ရင် ရက်ကန်းခတ်ရမယ်။ ကြိုးစားအားထုတ်သူ မှန်ရင် ဘယ်တော့မှ ငတ်မသေဘူးတဲ့။ ကျွန်မရဲ့ ကံကြမ္မာကို ကျွန်မ ပြောင်းလဲနိုင်ရမယ်လို့ ယုံကြည်ထားပါတဲ့။ သူက ကျွန်မကို အဲဒီလို အမြဲ သတိပေးတတ်တယ်။ ဒါပေမယ့်လေ … ကမ္ဘာပေါ်မှာ ဆင်းရဲတဲ့သူ၊ ကံဆိုးတဲ့လူ မရှိဘဲ ဘယ်နေပါ့မလဲနော်”

သူ့အတွက် ငိုရှိုက်နေကြသော အခန်းအတွင်းရှိ အမျိုးသမီးများကို ကျွန်မ ငေးကြည့်နေမိသည်။ ကျွန်မ၏ ရင်ထဲတွင် မူးမေ့လုမတတ် တလှပ်လှပ်နှင့် ခံစားနေရတော့သည်။

“နင် ဘာကြောင့် ငါ့ဆီကနေ ထွက်ပြေးသွားရတာလဲ” သူ၏ အသံမှာ ကျယ်လောင်ပြီး ချိုသာကြည်မြနေသည်။

“နင်နဲ့ငါက လောင်ထုံးတွေလေ။ ငါတို့ရဲ့ နေ့စဉ်ဘဝတွေမှာ လူချင်းအတူတူ ရှိမနေနိုင်ဘူး ဆိုရင်တောင် ငါတို့ရဲ့ ဝိညာဉ်တွေက အမြဲတမ်း နီးကပ်နေခဲ့ကြတာပါ”

ရုတ်ခြည်းဆိုသကဲ့သို့ သူသည် ခေါင်းစဉ်အသစ်သို့ ကူးပြောင်းလိုက်ပြန်သည်။

“ပြီးတော့ နင်က ဘာကြောင့် ငါ့သမီးကိုပါ ထိခိုက်အောင် လုပ်ချင်ရတာလဲ။ ချွမ်ရွက်ခမျာ အကြောင်းအရင်းကို နားလည်နိုင်ဖို့ ငယ်လွန်းနေပါသေးတယ်ဟာ။ နောက်ပြီး နင်ကလည်း ငါတို့ကို ဘာမှ ပြောမပြခဲ့ဘူး။ နင့်မှာ အငြိုးထားတတ်တဲ့ နှလုံးသားတစ်ခု ပိုင်ဆိုင်နေလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး။ ငါတို့ရဲ့ ကောင်းမြတ်တဲ့ စိတ်ခံစားချက်တွေဟာ ပင်လယ်တမျှ နက်ရှိုင်းခဲ့တယ် ဆိုတာကို ပြန်ပြီး အမှတ်ရပေးပါဦးလို့ ငါ တောင်းပန်ပါတယ်။ တတိယမြောက် မျိုးဆက်ကို ထပ်ပြီး ဒုက္ခတွေ့အောင် မလုပ်ချင်ပါနဲ့လား”

နောက်ဆုံး စာကြောင်းကို ရွှယ်ဟွား ရွတ်ဆိုပြီးသွားချိန်၌ အခန်းတွင်းရှိ လူများ၏ စိတ်အခြေအနေသည် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားလေတော့သည်။ မမျှမတ ဆက်ဆံခံရမှုအပေါ်တွင် အားလုံးက မကျေနိုင် မချမ်းနိုင် ဖြစ်နေကြသည်။ ကျွန်မထက် နိမ့်ကျသော မိန်းကလေးများ၏ ဘဝသည် အမှန်ပင် ခက်ခဲကြမ်းတမ်းလှပါသည်။ ကျွန်မအနေဖြင့် ပိုမိုခက်ခဲအောင် တကူးတကပင် သွားလုပ်နေစရာ မလိုအပ်ပေ။

ကျွန်မသည် မတ်တတ်ထရပ်လိုက်သည်။ ကျွန်မသည် ဤခရိုင်အတွင်းရှိ လူအများ လေးစားရသော လူးဖူးလန် ဖြစ်သည်။ လက်ရှိအခြေအနေကို ကျွန်မ လွှမ်းမိုးထားနိုင်ရမည်။ သို့သော် ဤကာလများအတွင်း၌ ကျွန်မ၏ ဦးခေါင်းနှင့် နှလုံးသားထဲတွင် နေ့စဉ်ရက်ဆက် မြည်ဟီးနေခဲ့သော ရင်တွင်းမှ တေးသံကို ကျွန်မ နားစွင့်နေမိသည်။

“ရစ်ငှက်တစ်ကောင်ရဲ့ စူးစူးရှရှ အော်မြည်သံဟာ ဟိုးအဝေးအထိ ပျံ့နှံ့ရောက်ရှိသွားတယ်” ကျွန်မ၏ စိတ်ကူးထဲတွင် ပုံဖော်ရေးသားထားသော ပြစ်တင်စာကို စတင်လိုက်သည်။ ကျွန်မသည် အရာအားလုံးကို ကြောင်းကျိုးညီညွတ်စွာ ရှိနေစေချင်သေးသည်။ သို့ဖြင့် ရွှယ်ဟွား၏ နောက်ဆုံးနှင့် တစ်ဘက်သတ် အဆန်ဆုံးသော စွပ်စွဲချက်ကို စတင် ချေပလိုက်သည်။ ကျွန်မသည် အမျိုးသမီးများကို တစ်ယောက်ချင်းစီ စေ့စေ့ကြည့်ကာ သီချင်းကို သီဆိုလိုက်သည်။

“အဲဒီကောင်မလေးနှစ်ယောက်က လောင်ထုံး မဖြစ်နိုင်ဘူး။ သူတို့တွေမှာ တူညီတာဆိုလို့ ဘာတစ်ခုမှ မရှိကြဘူး။ ရှင်တို့ရဲ့ အိမ်နီးချင်းဟောင်းက သူ့သမီးအတွက် တစ်ခုခု လုပ်ပေးချင်နေတယ်။ ဒါပေမယ့် ကျွန်မက ထုံးတမ်းစဉ်လာကိုတော့ ချိုးဖောက်မှာ မဟုတ်ဘူး။ ကျွန်မလို မိခင်တိုင်းက ကျွန်မ ငြင်းသလို ငြင်းဆန်ကြမှာပါပဲ”

ထို့နောက် “ဒီအခန်းထဲမှာ ရှိသမျှ မိန်းမတိုင်းဟာ ဘဝရဲ့ ကြမ်းတမ်းမှုကို လူတိုင်း နားလည်ကြတယ်။ မိန်းကလေးတွေ ဖြစ်တဲ့ ကျွန်မတို့ဟာ သုံးစားမရတဲ့ ကိုင်းဖျားကိုင်းနားတွေ အဖြစ်နဲ့ ကြီးပြင်းလာကြရတယ်။ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ မိသားစုအပေါ် ချစ်ကောင်း ချစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်မတို့ဟာ သူတို့နဲ့ အကြာကြီး အတူတူ နေခွင့် မရှိကြဘူး။ ကျွန်မတို့ သိမထားတဲ့ ကျေးရွာဆီ၊ ကျွန်မတို့ သိမထားတဲ့ မိသားစုဆီ၊ ကျွန်မတို့ သိမထားတဲ့ ယောက်ျားနဲ့ အသီးသီး အိမ်ထောင်ကျကြရတယ်။ ကျွန်မတို့ဟာ နေ့ညမပြတ် အလုပ်လုပ်ကြရတယ်။ တကယ်လို့သာ ကျွန်မတို့က စောဒက တက်မိမယ်ဆိုရင် ကျွန်မတို့အပေါ်ထားတဲ့ ယောက္ခမတွေရဲ့ မရှိမဲ့ရှိမဲ့ ထောက်ထား စာနာမှုလေးတွေကို ကျွန်မတို့ ဆုံးရှုံးကြရတယ်။ ကျွန်မတို့ ကလေးတွေကို မွေးဖွားပေးကြရတယ်။ တစ်ခါတလေမှာ သူတို့ သေဆုံးကြတယ်။ တစ်ခါတလေမှာ ကျွန်မတို့ သေဆုံးကြရတယ်။ ကျွန်မတို့ရဲ့ ခင်ပွန်းတွေက ကျွန်မတို့ကို ငြီးငွေ့သွားပြီ ဆိုရင် သူတို့က မယားငယ်တွေကို အိမ်ပေါ် ခေါ်လာတော့တာပဲ။ ကောက်ပဲသီးနှံ ရှားပါးတာတွေ၊ အင်မတန်မှ အေးခဲတဲ့ ဆောင်းဥတုတွေ၊ မိုးခေါင်တဲ့ သီးနှံစိုက်ပျိုးချိန်တွေ စတဲ့ ဘေးဒုက္ခ ပေါင်းစုံကို ကျွန်မတို့ ရင်ဆိုင်ကြရတယ်။ ဒါတွေက ဘာမှတော့ ထူးခြားတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီမိန်းမက သူ့ရဲ့ ပူဆွေးသောကတွေအတွက် လူအများရဲ့ အထူးအာရုံစိုက်မှုကို ခံချင်နေတယ်”

ရွှယ်ဟွားဘက်သို့ ကျွန်မ လှည့်လိုက်သည်။ သူ့ကို ကြည့်၍ သီဆိုနေစဉ်တွင် ကျွန်မ၏ မျက်လုံးများသည် မျက်ရည်များကြောင့် ကျိန်းစပ်နေကြလေသည်။ ထို့အပြင် ကျွန်မ၏ ပါးစပ်မှ စကားလုံးများ ထွက်ကျလာသည်နှင့် တစ်ပြိုင်နက် ကျွန်မ စိတ်ထိခိုက်နေမိတော့သည်။

“နင်နဲ့ငါက ယွမ်းယန်ငှက်မောင်နှံလို စုံတွဲတစ်တွဲ ဖြစ်ခဲ့ကြတယ်။ ငါကတော့ နင့်အပေါ် အမြဲတမ်း စစ်မှန်တဲ့ မေတ္တာနဲ့ ရှိမြဲ ရှိနေခဲ့တယ်။ ဒါပေမယ့် နင်ကတော့ သွေးသောက်ညီအစ်မတွေကို ပွေ့ဖက်နိုင်ဖို့အတွက် ငါ့ကို ဖယ်ရှောင်သွားခဲ့တယ်။ ကောင်မလေးတစ်ယောက်ဟာ တခြား ကောင်မလေးတစ်ယောက်ဆီကိုပဲ ယပ်တောင်တစ်ချောင်း ပို့တယ်။ တခြား ဘယ်သူ့ဆီကိုမှ စာ ထပ်မရေးတော့ဘူး။ မြင်းကောင်းတစ်စီးမှာ ကုန်းနှီးနှစ်ခု မရှိဘူး။ မိန်းမကောင်းတစ်ယောက်သာမှန်ရင် သူ့ရဲ့ လောင်ထုံးအပေါ် မရိုးမဖြောင့် မဆက်ဆံသင့်ဘူး။ နင့်ရဲ့ သစ္စာမဲ့မှုဟာ နင့်ယောက်ျား၊ နင့်ယောက္ခမ၊ နင့်ကလေးတွေ၊ နောက်ပြီး ဟုတ်တယ် … နင့်ရှေ့မှာ ရှိနေတဲ့ သစ္စာအဖောက်ခံလိုက်ရတဲ့ လောင်ထုံးဟောင်းက နင့်ကို စွမ်းအားရှိသလောက် မချစ်ခင် မမြတ်နိုးခဲ့ကြလို့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ နင့်ရဲ့ ကလေးဆန်တဲ့ အလိုဆန္ဒတွေက ငါတို့အားလုံးကို အရှက်ရစေခဲ့တယ်။ တကယ်လို့သာ ဒီနေ့မှာ ငါ့ယောက်ျားက မယားငယ်တစ်ယောက်ကို အိမ်ခေါ်လာခဲ့မယ် ဆိုရင် ငါဟာ ခုတင်ပေါ်ကနေ ဆွဲချခံရတော့မှာပဲ။ လျစ်လျူ အရှုခံရတော့မှာပဲ။ ငါ့ကို နည်းနည်းမှ အလေးထားမှာ မဟုတ်တော့ဘူး။ ဒီမှာရှိတဲ့ မိန်းမတွေ အားလုံးအတိုင်းပါပဲ၊ ငါလည်း အဲဒီလို အခြေအနေမျိုးကို မဖြစ်မနေ လက်ပိုက် ကြည့်နေရုံက လွဲလို့ ဘာမှ မတတ်နိုင်ဘူး။ ဒါပေမယ့် နင့်ရဲ့ လုပ်ရပ်မျိုးဆိုရင်တော့ …”

ကျွန်မ၏ လည်ချောင်းထဲတွင် စကားလုံးများ ဆို့နင့်သွားသည်။ အတန်တန် ကြိုးစား၍ တားဆီးထားခဲ့သော မျက်ရည်များကလည်း မျက်လုံးများမှ လွတ်ထွက်ကာ လျှံကျလာသည်။ ထိုတဒင်္ဂအတွင်း၌ ကျွန်မ ဆက်ပြောနိုင်တော့မည် မဟုတ်ကြောင်း တွေးထင် ယူဆနေမိသည်။ နာကျင်သော ခံစားမှုများကို တွန်းဖယ်ကာ အခန်းတွင်းရှိ မိန်းမများအားလုံး နားလည်နိုင်မည့် အကြောင်းအရာဆီသို့ အာရုံပြောင်းလိုက်သည်။

“ကျွန်မတို့ရဲ့ ခင်ပွန်းတွေဆီကနေ ချစ်ခင်တွယ်တာမှုတွေဟာ အချိန်မရွေး ဆုံးရှုံးသွားနိုင်တယ်လို့ ကျွန်မတို့ ကြိုတင် မျှော်လင့်ထားကြပြီးသားပါ။ ဒါက ယောက်ျားတွေရဲ့ အခွင့်အရေးပဲလေ။ မိန်းမသားတစ်ယောက်က ဘာတတ်နိုင်မှာတဲ့လဲ။ ဒါပေမယ့် မိန်းမသားတစ်ယောက် အနေနဲ့ ဒီလောက်တောင် မမျှတတဲ့၊ တစ်ဘက်သတ်ဆန်တဲ့၊ ရက်စက်ကြမ်းကြုတ်တဲ့ အဖိနှိပ်ခံ ဘဝမှာ နေနေရပါလျက်နဲ့ တခြားမိန်းမတစ်ယောက်ရဲ့ သစ္စာမဲ့မှုကို ထပ်ပြီး သည်းခံနေရဦးမယ်ဆိုရင် သိပ်ပြီး အညှာအတာ ကင်းမဲ့လွန်းရာ ကျမနေဘူးလား”

ကျွန်မသည် ဆက်လက် သီဆိုကာ ကျွန်မ၏ အိမ်နီးချင်းတို့အား ကျွန်မ၏ ရာထူးဂုဏ်သိန်၊ ရွာအတွက် ဆားဝယ်လာပေးသော ကျွန်မခင်ပွန်းအကြောင်း၊ သူပုန်ထစဉ်အခါက ထုံးခိုအတွင်းရှိ ရွာသူရွာသားများ အားလုံးကို ဘေးကင်းလုံခြုံရာသို့ ရောက်အောင် သူ မည်သို့ ကြိုးပမ်းဆောင်ရွက်ခဲ့ပုံ စသည်တို့ကို ပြန်လည် ပြောကြားလိုက်သည်။

“ကျွန်မရဲ့ အိမ့်တံခါးဝက သန့်ရှင်းစင်ကြယ်ပါတယ်” ကျွန်မက ရွတ်ဆိုပြီးနောက် ရွှယ်ဟွားဘက်သို့ မျက်နှာမူလိုက်သည်။

“ဒါပေမယ့် နင့်အိမ်ကရော”

ထိုတစ်ခဏ၌ ဒေါသလှိုင်းလုံးတို့သည် အပေါ်သို့ တလှိမ့်လှိမ့် ထိုးတက်လာတော့သည်။ အခန်းအတွင်းရှိ မည်သူကမျှ ကျွန်မ၏ အပြုအမူကို တားမြစ်နိုင်ခြင်း မရှိခဲ့ပေ။ ကျွန်မ၏ ရင်ကို ဓားတစ်ချောင်းဖြင့် ခပ်နက်နက် ထိုးစိုက်ခံလိုက်ရပြီး ထိုနက်ရှိုင်းသော၊ ခါးသီးသော ဓားဒဏ်ရာ အပေါက်မှ စကားလုံးများ အဆက်မပြတ် တစိမ့်စိမ့် ယိုစီး ထွက်ကျလာသကဲ့သို့ ရှိနေတော့သည်။ ရွှယ်ဟွား၏ အကြောင်းကို ကျွန်မ လုံးစေ့ပတ်စေ့ သိရှိထားသည်။ ကျွန်မသည် လူမှုဆက်ဆံရေး အမှားများကို မှန်ကန်တည့်မတ်အောင် ပြုလုပ်ပေးချင်ယောင် ဆောင်လျက် လူးဖူးလန်၏ တန်ခိုးအရှိန်အဝါဖြင့် တခြားသော မိန်းမအများ၏ အရှေ့တွင် သူ၏ အားနည်းချက်များကို တစ်ခုစီ ထုတ်ပြပြီး ရွှယ်ဟွားကို ပုတ်ခတ်ပြောဆိုခဲ့မိသည်။ ကျွန်မသည် အထိန်းအကွပ် မဲ့သွားပြီ ဖြစ်သောကြောင့် သူ့ကို မည်သို့မျှ ငဲ့ကွက်ထောက်ထားခြင်း မရှိတော့ပေ။ ထိုစဉ် လွန်ခဲ့သော နှစ်ပေါင်းများစွာက မှတ်ဉာဏ်တစ်ပိုင်းတစ်စသည် ဦးနှောက်ထဲ၌ အလိုအလျောက် ထွက်ပေါ်လာသည်။ စန်းမေ့၏ ခါယမ်းနေသော ခြေထောက်များနှင့် သူ၏ ခြေထောက်ပေါ်မှ တွဲလရွဲ လျောကျကာ လေထဲ ပျံလွင့် မျောပါနေသော ပတ်တီးစများကို ပြန်လည် မြင်ယောင်လာမိသည်။ ဆဲရေးပုတ်ခတ်သည့် စကားလုံးများ တစ်လုံးထွက်သွားသည့် အခါတိုင်းတွင် ကျွန်မ၏ ခြေထောက်ပေါ်မှ ပတ်တီးစများက တစ်ဆင့် ပြေလျော့သွားသည့်နှယ် ကျွန်မ ခံစားနေရသည်။ နောက်ဆုံး၌ ကျွန်မ၏ တွေးထင်ယူဆချက်များကို အလုံးစုံ ဖွင့်ထုတ်ခွင့် ရရှိလိုက်ခြင်းကြောင့် ကျွန်မ လွတ်လပ်ပေါ့ပါးသွားတော့သည်။ ထိုစဉ်က ကျွန်မ၏ စိတ်သဘောထားသည် လုံးလုံးလျားလျား မှားယွင်းနေကြောင်း သိရှိနိုင်ရန်အတွက် နှစ်ပေါင်းများစွာ အချိန်ပေးခဲ့ရသည်။ ပတ်တီးစများသည် လေထက်တွင် ဝဲပျံနေခြင်း မဟုတ်ဘဲ ကျွန်မလောင်ထုံး၏ အရှိုက်ကို ထိုးနှက်နေခဲ့သည်။ သူ၏ ပါးပြင်ကို တဖျပ်ဖျပ် ရိုက်ခတ်နေခဲ့သည်။ ထို့အပြင် ၎င်းတို့သည် တစ်စတစ်စ လျော့ရဲလာခြင်း မဟုတ်ဘဲ ကျွန်မကို တင်းကျပ်သည်ထက် တင်းကျပ်အောင် ရစ်ပတ်တုတ်နှောင်နေကြတော့သည်။ ကျွန်မ၏ ဘဝတစ်လျှောက်လုံး၌ မျှော်လင့် တောင့်တနေခဲ့သော နက်ရှိုင်းသည့် ချစ်ခြင်းမေတ္တာကို ကျွန်မထံမှ ညစ်ထုတ် ဖယ်ရှားပစ်ရန် ကြိုးစားနေလေတော့သည်။

“ရှင်တို့ရဲ့ အိမ်နီးချင်း ဖြစ်ခဲ့ဖူးတဲ့ ဒီမိန်းမက သူ့အမေရဲ့ ခန်းဝင်ပစ္စည်းတွေကို ပြုပြင်ပြီး သူ့ခန်းဝင်ပစ္စည်းအဖြစ် သူနဲ့အတူ ယူသွားခဲ့တယ်။ ဒါကြောင့် သနားစရာကောင်းတဲ့ သူ့အမေခမျာ လမ်းပေါ်ရောက်သွားတော့ ခြုံစရာစောင်တောင် မရှိရှာတော့ဘူး။ သူ့ကိုယ်ကို အနွေးဓာတ် ပေးနိုင်ဖို့အတွက် အဝတ်အစားတွေ မရှိရှာတော့ဘူး” ကျွန်မ ထုတ်ဖော်ပြောပြလိုက်သည်။

“ရှင်တို့ရဲ့ အိမ်နီးချင်း ဖြစ်ခဲ့ဖူးတဲ့ ဒီမိန်းမက အိမ်ကို သန့်ရှင်းအောင် ထိန်းသိမ်းမထားနိုင်ဘူး။ သူ့ယောက်ျားက ဒုစရိုက်အလုပ်နဲ့ အသက်မွေးနေတယ်။ သူတို့ရဲ့ အိမ်ရှေ့ကပြင်မှာ ဝက်တွေကို နေ့တိုင်း သတ်ဖြတ်နေခဲ့တယ်။ ရှင်တို့ရဲ့ အိမ်နီးချင်း ဖြစ်ခဲ့ဖူးတဲ့ ဒီမိန်းမမှာ ပင်ကိုစွမ်းရည်တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် သူက အဲဒီ အရည်အချင်းတွေကို အလဟဿ ဖြုန်းတီးပစ်နေတယ်။ သူ့ယောက်ျားအိမ်မှာ ရှိတဲ့ မိန်းမတွေကို နွီစူးသင်ပေးဖို့ ငြင်းဆန်နေခဲ့တယ်။ ရှင်တို့ရဲ့ အိမ်နီးချင်း ဖြစ်ခဲ့ဖူးတဲ့ ဒီမိန်းမက သူ့ရဲ့ အခြေအနေမှန်တွေကို လိမ်ညာဖုံးဖိခဲ့တယ်။ ကလေးဘဝတုန်းကလည်း ညာခဲ့တယ်။ အပျိုဘဝ ရောက်တော့လည်း ညာခဲ့တယ်။ အိမ်ထောင်ကျပြီး မိခင်တစ်ယောက် ဖြစ်လာတဲ့အထိ ဆက်ပြီး ညာနေတုန်းပဲ။ သူက ရှင်တို့အားလုံးကို ညာနေရုံတင် မကဘူး။ သူ့ရဲ့ လောင်ထုံးကိုပါ လိမ်ညာခဲ့တယ်”

ကျွန်မသည် တစ်ခဏမျှ ရပ်တန့်ကာ ကျွန်မ၏ ပတ်ပတ်လည်ရှိ အမျိုးသမီးများ၏ မျက်နှာများကို အကဲခတ်ကြည့်လိုက်သည်။

“သူက သူ့အချိန်တွေကို ဘာတွေအတွက် အသုံးချနေပါလိမ့်မလဲ။ ကျွန်မ ရှင်တို့ကို ပြောပြမယ်။ သူ့ရဲ့ ရမ္မက်ဆန္ဒအတွက်ပဲ။ တိရစ္ဆာန်တွေကမှ သူ့ရာသီနဲ့သူ မိတ်လိုက်ကြတာ။ ဒီမိန်းမကတော့ တစ်ချိန်လုံး ဒါပဲ တွေးနေတော့တာပဲ။ သူ ရင်းထနေပြီ ဆိုရင် တစ်အိမ်လုံး တုတ်တုတ်မှ မလှုပ်ရဲတော့ဘူး။ ကျွန်မတို့ စစ်ဘေးရှောင်ရင်း တောင်ပေါ်ကို ပြေးပုန်းကြတုန်းက …” ကျွန်မသည် ကိုယ်ခန္ဓာကို ရှေ့သို့ ယိမ်းလိုက်သည့်အခါတွင် တခြားသူများကလည်း ကျွန်မထံသို့ တိုးကပ်လာကြတော့သည်။

“သူက သူ့လောင်ထုံးဖြစ်တဲ့ ကျွန်မနဲ့ အတူတူ ရှိနေရမယ့်အစား လူမြင်ကွင်းမှာ အရှက်မရှိ သူ့ယောက်ျားနဲ့ ပလူးနေကြတယ်လေ။ သူ အခုလို ကံဆိုးနေရတဲ့ အကြောင်းအရင်းက အတိတ်က ပြုခဲ့ဖူးတဲ့ မကောင်းမှုတွေကြောင့် ဖြစ်ရမယ်လို့ သူ ပြောတယ်နော်။ ဒါပေမယ့် ကျွန်မ ပြောပြမယ်။ လူးဖူးလန်အနေနဲ့ ဒီစကားကို ကျွန်မ ပြောလိုက်မယ်။ အတိတ်ကံတွေက သူ့ကို မကောင်းကျိုး ပေးနေတာ မဟုတ်ဘူး။ ဒီဘဝမှာ သူလုပ်နေတဲ့ ဒုစရိုက်တွေက သူ့ကို မကောင်းကျိုးတွေ ပေးနေတာပဲ”

ရွှယ်ဟွားသည် ကျွန်မ၏ မျက်နှာချင်းဆိုင်တွင် ထိုင်လျက် မျက်ရည်များက သူ့ပါးပြင်ထက်မှ တသွင်သွင် စီးကျနေကြသည်။ သို့သော် ထိုစဉ်အခါက ကျွန်မရင်ထဲတွင် အထီးကျန်မှုကြောင့် စိတ်ဆင်းရဲ ညှိုးရော်ကာ ရှုပ်ထွေးနောက်ကျိနေသဖြင့် ဒေါသများကိုသာ တစ်လုံးပြီးတစ်လုံး ပစ်လွှတ်နေမိတော့သည်။

“ငါတို့ ကလေးဘဝတုန်းက ကတိစာချုပ်တစ်ခု ရေးထိုးခဲ့ကြတယ်။ ဒါပေမယ့် နင် ပေးခဲ့တဲ့ကတိကို နင်ကိုယ်တိုင်ပဲ ချိုးဖောက်ပစ်ခဲ့တယ်” ကျွန်မ နိဂုံးချုပ်လိုက်သည်။

ရွှယ်ဟွားသည် သက်ပြင်းရှည်ကြီးကို ချလိုက်သည်။

“ဘယ်တော့မဆို နင့်ကို အမှန်အတိုင်း ပြောပြပါလို့ နင် တစ်ခါက တောင်းဆိုခဲ့ဖူးတယ်။ ဒါပေမယ့် နင့်ကို အဲဒီလိုလည်း ပြောပြလိုက်ရော နင်က ငါ့ကို နားလည်မှု လွဲတော့တာပဲ။ နောက်ပြီး နင်က ငါပြောသမျှ စကားတွေကို အလိုမကျ ဖြစ်လာတယ်။ ငါ့အပေါ် အထင်အမြင် မသေးတဲ့ မိန်းမတွေကို ငါ့ရွာမှာ ငါ တွေ့ထားတယ်။ သူတို့က ငါ့ကို ဘယ်တော့မှ အပြစ်မရှာဘူး။ ငါ ဘယ်တော့မှ ဖြစ်မလာနိုင်တဲ့ လူတစ်ယောက် ဖြစ်အောင် သူတို့က ငါ့ကို ဘယ်တုန်းကမှ မတောင်းဆိုကြဘူး”

သူ ပြောနေသော စကား အခွန်းတိုင်းသည် ကျွန်မ၏ သံသယများကို ပိုမို ခိုင်မာစေခဲ့သည်။

“သူတို့က ငါ့ကို ဘယ်တော့မှ တခြားလူတွေရဲ့ အရှေ့မှာ သိက္ခာမချကြဘူး” ရွှယ်ဟွားက ဆက်ပြောသည်။

“ငါ သူတို့နဲ့အတူတူ ဇာပန်းထိုးတယ်။ ငါတို့တတွေ အခက်အခဲ တွေ့ကြရပြီ ဆိုရင် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် နှစ်သိမ့်ပေးတတ်ကြတယ်။ သူတို့က ငါ့ကို သနားပြမနေဘူး။ ငါ နေမကောင်းဘူးဆိုရင် သူတို့က ငါ့ဆီ လာလည်ကြတယ်။ … … ငါက အထီးကျန်စွာနဲ့ တစ်ယောက်တည်း ထီးတည်း နေနေရတယ်။ ငါ့ကို နှစ်သိမ့်ပေးနိုင်မယ့် အဖော်အပေါင်းတွေ နေ့စဉ်နေ့တိုင်း လိုအပ်နေတယ်။ နင် ရွေးချယ်ထားတဲ့ အချိန်ကျမှ လိုအပ်နေတာမျိုး မဟုတ်ဘူး။ ငါ့ရဲ့ စကားတွေကို နားထောင်ပေးမယ့် အဖော်အပေါင်းတွေ ငါ လိုအပ်တယ်။ သူတို့ရဲ့ အတိတ်မှတ်ဉာဏ်ထဲမှာ စွဲထင်ကျန်ရစ်နေတဲ့ ‘ငါ’ အဖြစ် မဟုတ်ဘဲ၊ သူတို့ ဖြစ်စေချင်တဲ့ ‘ငါ’ အဖြစ် မဟုတ်ဘဲ၊ ပကတိ ‘ငါ’ ရဲ့ စကားတွေကို နားထောင်ပေးမယ့်သူတွေ လိုအပ်နေတာ။ ငါဟာ တစ်ကောင်တည်း ပျံသန်းနေရတဲ့ ငှက်တစ်ကောင်လို ဖြစ်နေတယ်။ ငါ့ရဲ့ အဖော်ကို ရှာမတွေ့နိုင်ခဲ့ဘူး …”

သူ၏ နူးညံ့သိမ်မွေ့သော စကားလုံးများနှင့် အကြောင်းပြချက်များမှာ ကျွန်မ အကြောက်ရွံ့ဆုံးသော အရာများ ဖြစ်သည်။ ကျွန်မသည် မျက်လုံးများကို စုံမှိတ်ချကာ လျှံကျလာသော ကျွန်မ ခံစားချက်များကို တားမြစ်ပိတ်ဆို့နိုင်ရန် ကြိုးစားနေလိုက်သည်။ ကျွန်မကိုယ်ကျွန်မ ကာကွယ်နိုင်ရန်အတွက် နာကြည်းချက်များကို ရင်ထဲတွင် ဆက်လက် ထိန်းသိမ်းထားနိုင်ရမည်။ ကျွန်မ၏ မိခင်ကို ပြုမူဆက်ဆံခဲ့သကဲ့သို့ သူ့ကိုလည်း ဤနည်းအတိုင်း ပြုမူဆက်ဆံရပေမည်။ ကျွန်မ၏ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည့်အခါတွင် ရွှယ်ဟွားသည် မတ်တတ်ရပ်ကာ လှေကားရှိရာသို့ ဦးတည်၍ လှမ်းလျှောက်သွားနေလေပြီ။ အောင်သွယ်တော်ဝမ်က သူ့နောက်မှ လိုက်ပါသွားခြင်း မရှိဘဲ ထိုင်မြဲ ထိုင်နေသည်ကို တွေ့မြင်လိုက်ရသည့် အခိုက်အတန့်တွင်မူ ကျွန်မ၏ ရင်ထဲ၌ စူးနစ်သော ကရုဏာတရားတို့က တဖန် ထွက်ပေါ်လာကြပြန်သည်။ ကျွန်မတို့ လူအုပ်ထဲတွင် ကိုယ်ပိုင်အစွမ်းအစဖြင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေနိုင်သည့် တစ်ဦးတည်းသော အမျိုးသမီးကြီး – သူ၏ စိန်စိန်းသည်ပင် သူ့ကို နှစ်သိမ့်မှု မပေးနိုင်တော့ပေ။

ရွှယ်ဟွား၏ ရုပ်ပုံလွှာသည် လှေကားပေါ်မှ တစ်ဆင့်ပြီးတစ်ဆင့် ရွေ့လျား ပျောက်ကွယ်သွားသည်နှင့် ကျွန်မကိုယ်ကျွန်မ ကတိပေးလိုက်သည်။ ကျွန်မသည် သူနှင့် နောက် ဘယ်တော့မှ တွေ့ဆုံတော့မည် မဟုတ်။

ↂↂↂ

ထိုနေ့က အဖြစ်အပျက်များကို ပြန်လည် တွေးဆကြည့်သည့်အခါတွင် ကျွန်မသည် မိန်းမတစ်ယောက်တွင် ရှိသင့်ရှိအပ်သော တာဝန်ဝတ္တရားများကို ကြောက်ခမန်းလိလိ ချိုးဖောက်ခဲ့မိကြောင်း ကျွန်မ တွေ့မြင်လာရသည်။ သူ၏ လုပ်ရပ်များမှာ ခွင့်လွှတ်ပေးနိုင်စရာ အကြောင်း မရှိသည် မှန်သော်လည်း ကျွန်မ၏ ပြောစကားများမှာလည်း စက်ဆုပ်ရွံရှာဖွယ်ရာ ကောင်းနေတော့သည်။ ကျွန်မသည် ကျွန်မ၏ ဒေါသ၊ နာကျင်ခံခက်မှုနှင့် လက်စားချေလိုမှုတို့ကို မထိန်းချုပ်နိုင်ဘဲ သူတို့၏ စေစားရာအတိုင်း ကပြ အသုံးတော်ခံခဲ့သည်။ ဖြစ်ချင်တော့ ကျွန်မကို ကသိကအောက် ဖြစ်စေသော အရာများနှင့် နောက်ပိုင်းကာလ၌ ကျွန်မကို ပူဆွေးနောင်တ ကုက္ကုစ္စ ဖြစ်စေသော အရာများသည် ကျွန်မကို လူးဖူးလန်အဖြစ်သို့ ပီပီပြင်ပြင် ဖြစ်ပေါ်လာစေရန်အတွက် လှေကားထစ်များ ဖြစ်နေချေတော့သည်။ ကျွန်မ၏ ခင်ပွန်းက ကွေ့လင်သို့ သွားရောက်နေသည့် အချိန်တွင် ကျွန်မ မည်မျှ သတ္တိရှိကြောင်း ကျွန်မ၏ အိမ်နီးချင်းများက တွေ့မြင်နေကြသည်။ ရောဂန္တရကပ်အတွင်းက ကျွန်မ၏ ယောက္ခမကို ကျွန်မ မည်သို့ ပြုစုစောင့်ရှောက်ခဲ့ကြောင်းနှင့် ယောက္ခမ၏ ဈာပနအခမ်းအနားတွင် ပြုသင့်ပြုထိုက်သော ဝတ္တရားများကို ကျွန်မ မည်သို့ ကျေပွန်အောင် ဆောင်ရွက်ခဲ့ကြောင်းကို သူတို့ သိထားကြပြီး ဖြစ်သည်။ စစ်ရှောင်စခန်းမှ ပြန်ရောက်လာပြီး နောက်ပိုင်းတွင် နယ်စွန်နယ်ဖျားရှိ ကျေးရွာများသို့ ဆရာများ ပို့လွှတ်ပေးသည့်ကိစ္စ၊ ထုံးခိုအတွင်းရှိ အိမ်တိုင်း၏ သာရေးနာရေးများတွင် အားတက်သရော ပါဝင်ကူညီပေးသည့် ကိစ္စနှင့် ရွာသူကြီး၏ အိမ်သူဇနီးတစ်ယောက် အဖြစ် ကောင်းစွာ ဆောင်ရွက်သည့် ကိစ္စများကို သူတို့အားလုံးက မျက်စိဒေါက်ထောက်၍ ကြည့်ရှုနေခဲ့ကြသည်။ သို့သော် ကျွန်မတို့၏ ခရိုင်အတွက် မည်သည့် အမျိုးသမီးမဆို လုပ်သင့်လုပ်ထိုက်သော အလုပ်တစ်ခု ဖြစ်ပါလျက် ပြီးမြောက်အောင် ဆောင်ရွက်နိုင်သူ နည်းပါးလှသော ထိုအလုပ်ကို ကျွန်မကိုယ်တိုင် လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ထိုနေ့က လူးဖူးလန်၏ ဂုဏ်ပုဒ်ကို အစစ်အမှန် ရရှိခဲ့သည်။ မိန်းမတစ်ယောက်သည် ဣန္ဒြေသိက္ခာ ကြီးမြတ်သူတစ်ယောက်အဖြစ် လူအများ၏ စံနမူနာ ဖြစ်အောင် ကျင့်သုံးနေထိုင်သင့်သည်။ မိမိအိမ်ထောင်စု၏ ရှေ့ရေးအတွက် သင့်တော်လျောက်ပတ်သော အတွေးအကြံများ ရှိထားသင့်သည်။ ဤသို့သော အချက်များကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့မည် ဆိုလျှင် သူ၏ ကောင်းသတင်းသည် သူ၏ အိမ်တံခါးဝမှနေ၍ တခြားအိမ်များဆီသို့ ကျော်ဇောပျံ့နှံ့ သွားပေလိမ့်မည်။ ဤသို့ ကျင့်ကြံနေထိုင်ခြင်းဖြင့် တခြားမိန်းမများနှင့် ကလေးများကို လိမ္မာရေးခြား ရှိအောင် နည်းပေးလမ်းပြ ပြုလုပ်ပေးနိုင်ရုံသာ မကဘဲ ယောက်ျားများကိုလည်း ပြင်ပလောကတွင် အေးချမ်းလုံခြုံနိုင်အောင် စေ့ဆော်ပေးနိုင်သည်။ ဧကရာဇ်မင်းမြတ်ကို သူ၏ ရာဇပလ္လင်ပေါ်၌ မြဲမြံခိုင်ခံ့စေပြီး တိုင်းပြည်ငြိမ်းချမ်းရေးကို ရရှိစေနိုင်သည်။ ရွှယ်ဟွားသည် အောက်တန်းကျသော မိန်းမတစ်ယောက် ဖြစ်သောကြောင့် ကျွန်မတို့၏ ဘဝများထဲမှ အပြီးအပိုင် ဖယ်ထုတ်သင့်ကြောင်းကို လူအများ သိရှိစေရန် တတ်နိုင်သမျှသော နည်းလမ်းများဖြင့် ကျွန်မ ဆောင်ရွက်ခဲ့သည်။ ကျွန်မ အောင်မြင်ခဲ့ပါသည်။ ထို့ပြင်တမုံ့ ကျွန်မလောင်ထုံး၏ ဘဝကိုလည်း ရစရာမရှိအောင် နင်းချေဖျက်ဆီး ပစ်လိုက်မိလေတော့သည်။

ကျွန်မ၏ ပြစ်တင်သံသီချင်းသည် လူအများကြား၌ ရေပန်းစားလာသည်။ ၎င်းကို လက်ကိုင်ပဝါများနှင့် ယပ်တောင်များပေါ်၌ ရေးထိုး မှတ်တမ်းတင်ထားကြသည်။ ၎င်းကို ကောင်မလေးများအား ပညာပေး သင်ခန်းစာအဖြစ် သင်ကြားပေးကြသည်။ ထင်မှတ်မထားသော ဘဝ၏ ဘေးအန္တရာယ်များကို သတို့သမီးအား သတိပေးနိုင်ရန်အတွက် မင်္ဂလာပွဲများအတွင်း၌ ၎င်းသီချင်းကို သီဆိုတတ်ကြသည်။ ဤသို့ဖြင့် ရွှယ်ဟွား၏ အရှက်တကွဲ ကိုယ်ကျိုးနည်းရသည့် အဖြစ်သည် တစ်ခရိုင်လုံးသို့ ပျံ့နှံ့သွားလေတော့သည်။ ကျွန်မအနေဖြင့် ဆိုရလျှင်မူ ဖြစ်ပျက်ခဲ့သမျှသော ဤအရာအားလုံးတို့သည် ကျွန်မကို နလန်မထူနိုင်အောင် ချုံးချုံးကျသွားစေခဲ့သည်။ အကယ်၍သာ ကျွန်မ၏ ဘဝ၌ ချစ်ခြင်းမေတ္တာ မရှိခဲ့ပါမူ လူးဖူးလန် ဖြစ်ခြင်းသည် ဘာအဓိပ္ပာယ် ရှိပါတော့အံ့နည်း။

 

 

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *