ကျွန်မ၏ သားကြီး ငါးနှစ်ပြည့်မြောက်သည့်အခါတွင် ကျွန်မ၏ ခင်ပွန်းက သားကြီးကို အရေးအဖတ် သင်ကြားပေးရန်အတွက် ဆရာတစ်ယောက် ငှားရမ်းမည် ဖြစ်ကြောင်း စတင်ပြောကြားလာတော့သည်။ ကျွန်မတို့မှာ ယောက္ခမများနှင့် တစ်အိမ်တည်း အတူနေကြရပြီး ကိုယ်ပိုင် ငွေကြေးဥစ္စာလည်း မရှိကြသောကြောင့် ယောက္ခမများ၏ ခွင့်ပြုချက်ကို မဖြစ်မနေ တောင်းခံရတော့သည်။ ယောက္ခမများကလည်း လိုလိုချင်ချင် သဘောတူခဲ့ကြပြီး အိမ်သို့ ဆရာရောက်လာသည့် ပထမဆုံးနေ့တွင် သူတို့လည်း အထူး ဝမ်းမြောက်နေခဲ့ကြသည်။ ဤသို့ဖြင့် သားကြီးသည် အိမ်အပေါ်ထပ်မှ ထွက်ခွာသွားရတော့သည်။ သူ ထွက်ခွာသွားသည်ကို ကျွန်မက မျက်ရည်စက်လက်ဖြင့် ငေးကြည့်နေခဲ့မိသော်လည်း ၎င်းမှာ ကျွန်မဘဝ၏ မော်အကြွားနိုင်ဆုံးသော အခါသမယပင် ဖြစ်တော့သည်။ တစ်နေ့နေ့တွင် နေပြည်တော်မှ ရာထူးခန့် စာမေးပွဲများကို ဝင်ရောက် ဖြေဆိုနိုင်လိမ့်မည်ဟုလည်း ကျွန်မ တိတ်တခိုး မျှော်လင့်ထားခဲ့သည်။ ကျွန်မမှာ မိန်းမသားတစ်ယောက် ဖြစ်ပင်ဖြစ်ငြားသော်လည်း ၎င်းစာမေးပွဲများသည် အဆင်းရဲဆုံးသော စာဆိုပညာရှင်တစ်ယောက်ကိုပင် စုတ်တိစုတ်ချာ အခြေအနေတစ်ခုမှ အဆင့်အတန်း မြင့်မားသော ဘဝတစ်ခုဆီသို့ ကူးပြောင်းသွားစေနိုင်သည့် လှေကားထစ်များ ဖြစ်ကြောင်း သိရှိထားသည်။ သို့တစေ အပေါ်ထပ် အခန်းဆောင်ထဲတွင် သူ မရှိတော့သည့်အတွက် ကျွန်မရင်ထဲ ဟာတာတာ ဖြစ်နေခဲ့သည်။ ဒုတိယသား၏ ပြောင်တိပြောင်ချော် အမူအရာများ၊ မယားငယ်များ၏ မြည်တွန်တောက်တီးသံများ၊ လင်ညီမများ၏ ငြင်းခုံငြူစူသံများက ထိုလေဟာနယ်ကို ဖြည့်ဆည်းနိုင်စွမ်း မရှိခဲ့ပေ။ ရွှယ်ဟွားထံသို့ ရံဖန်ရံခါ အလည်အပတ် သွားရောက်ရခြင်းသည်ပင် ၎င်းခံစားချက်အတွက် နှစ်သိမ့်မှု မပေးနိုင်ခဲ့ပါ။ ဝမ်းမြောက်စရာ ကောင်းသည့်အချက်မှာ နှစ်သစ်ကူးပြောင်းပြီးသည့် လဆန်းရက်ထဲတွင် ကျွန်မ၌ ကိုယ်ဝန်ရှိနေပြီ ဖြစ်ကြောင်း သိရှိလိုက်ခြင်း ဖြစ်သည်။
ထိုအချိန်၌ အပေါ်ထပ် အခန်းဆောင်ထဲတွင် အလွန် စည်ကားသိုက်မြိုက်နေသည်။ တတိယညီ စန်းတိ၏ ဇနီးလည်း အိမ်သို့ ပြောင်းလာပြီး သမီးတစ်ယောက် မျက်နှာမြင်ထားသည်။ သူ့နောက်မှ အိမ်သို့ ဝင်ရောက်လာသူမှာ စတုတ္ထညီ စစ်တိ၏ ဇနီး ဖြစ်သည်။ သူက လူတိုင်းကို ကျယ်ကျယ်လောင်လောင် ပြစ်တင်ဝေဖန်နေတတ်သည်။ သူသည်လည်း သမီးတစ်ယောက် ဖွားမြင်ခဲ့သည်။ ယောက္ခမသည် သူ၏ စတုတ္ထချွေးမကိုမှ ရွေးကာ မညှာမတာ ဆက်ဆံတတ်သည်။ သူ့ခမျာလည်း နောက်ပိုင်း၌ မီးဖွားစဉ်အတွင်း သားနှစ်ယောက်ကို ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် အိမ်အတွင်းရှိ တခြားသော မိန်းမများသည် ကျွန်မ၏ မင်္ဂလာသတင်းကို နားခါးနေကြလိမ့်မည်ဟု ဆိုနိုင်ပါသည်။ ယခုအခါ အပေါ်ထပ် အခန်းဆောင်အတွင်း၌ ဇနီးမယား တစ်ယောက်ယောက်၏ လစဉ် ရာသီသွေး ဆင်းခြင်းကိစ္စထက် ပို၍ အံ့ဩထိတ်လန့်စရာကောင်းသော အကြောင်းကိစ္စ မရှိတော့ပေ။ လူတိုင်း သိနေကြသည်။ လူတိုင်း ထိုအကြောင်းကို ပြောဆိုနေကြသည်။ လူးဖူးလန်က ထိုဖြစ်စဉ်များကို မသိမသာ မှတ်သားထားပြီး မိန်းမငယ်များ အားလုံး ကြားနိုင်အောင် လေသံပြတ်ပြတ်ဖြင့် သတိပေးထားသည်။
“ဇနီးတစ်ယောက်ဖြစ်ပြီး သားတစ်ယောက်တောင် မွေးမပေးနိုင်ရန် အချိန်မရွေး အစားထိုးခံရမယ် မှတ်ပါ” သူ့နှုတ်မှ ဤသို့ ထွက်ဆိုလိုက်ရသော်လည်း သူ့ခင်ပွန်း၏ မယားငယ်များကို အူထဲ အသည်းထဲမှ လှိုက်၍ မုန်းတီးနေမည်မှာ သေချာပါသည်။
ယခု အခန်းဆောင်တွင်းသို့ မျက်လုံး ဝေ့ကြည့်လိုက်သည့်အခါတွင် မနာလို ဝန်တိုမှုများနှင့် တငွေ့ငွေ့ လှိုက်စားနေသော မကျေမချမ်းမှုများကို တွေ့မြင်နေရသည်။ သို့သော်လည်း ကျွန်မ၏ ဝမ်းဗိုက်ထဲမှ နောက်ထပ် သားရတနာတစ်ယောက် ထွက်လာသည်ကို စောင့်ဆိုင်းကြည့်ရှုရုံမှ လွဲ၍ သူတို့ ဘာများ တတ်နိုင်ပါဦးမည်နည်း။ သို့ရာတွင် ကျွန်မ၏ စိတ်က အပြောင်းအလဲ ဖြစ်ပေါ်နေသည်။ သမီးတစ်ယောက်ကို ကျွန်မ လိုချင်နေသည်။ လက်တွေ့ကျကျ စဉ်းစားကြည့်လျှင် ကျွန်မ၏ ဒုတိယသားသည် ကျွန်မ၏ ရင်ခွင်မှ စွန့်ခွာကာ ယောက်ျားများ၏ ကမ္ဘာလောကထဲသို့ မကြာခင် ဝင်ရောက်သွားပေတော့မည်။ သမီးမိန်းကလေးများမှာမူကား သူတို့ အိမ်ထောင်မကျမချင်း သူတို့၏ မိခင်များကို စွန့်ပစ်သွားရိုး ထုံးစံမရှိချေ။ ကျွန်မ၏ လျှို့ဝှက်ရည်မှန်းချက်သည် ရွှယ်ဟွား၏ သတင်းကြောင့် အလျှံညီးညီး တောက်လောင်လာပြန်သည်။ သူလည်း ကိုယ်ဝန် ရှိနေချေပြီ။ သို့သော် သူ့အနားတွင်လည်း သမီးမိန်းကလေးတစ်ယောက် ရှိနေသင့်ကြောင်း ကျွန်မ မည်သို့ ပြောထွက်ပါအံ့နည်း။
ကျွန်မတို့၏ စိတ်ကူးစိတ်သန်းများနှင့် မျှော်လင့်ချက်များကို တွေ့ဆုံမျှဝေခွင့်ရမည့် ပထမဆုံးနှင့် အကောင်းဆုံး အခွင့်အရေးသည် ၆ လ၊ ၆ ရက်နေ့တွင် ကျရောက်သော ရသာခံပွဲတော်၌ ဖြစ်သည်။ လူးမိသားစုနှင့် ငါးနှစ်ကြာမျှ အတူ နေထိုင်ပြီးနောက်တွင် ကျွန်မ၏ ယောက္ခမသည် ရွှယ်ဟွားအပေါ် ထားသော သဘောထားကို လုံးဝ ပြင်ဆင်ပြောင်းလဲတော့မည် မဟုတ်ကြောင်း နားလည် သဘောပေါက်လာခဲ့သည်။ ပွဲတော်ရက်များအတွင်း၌ ကျွန်မတို့နှစ်ယောက် လူချင်း တွေ့ဆုံဖြစ်ခဲ့ကြသည်ကို သူ သိနေမည်သာ ဖြစ်သည်။ ကျွန်မ သံသယ မဝင်မိပါ။ သို့သော်လည်း အိမ်ထောင့်တာဝန်များကို ကျေပွန်နေသရွေ့၊ ကျွန်မတို့၏ ဆက်ဆံရေးကို ဖုံးဖုံးဖိဖိ လုပ်နေသေးသရွေ့ သူက ဤကိစ္စကို မသိကျိုးကျွံ ပြုနေမည်သာ ဖြစ်သည်။
ကျွန်မနှင့် ရွှယ်ဟွားသည် ယခင်က နေ့ရက်များအတိုင်း ကျွန်မ၏ မိဘအိမ် အပေါ်ထပ် အခန်းထဲ၌ ပျော်ရွှင်ချမ်းမြေ့ဖွယ် နေ့ရက်များကို ဖြတ်သန်းခဲ့ကြသည်။ ခုတင်ပေါ်တွင် ကလေးများ ရှိနေကြသောကြောင့် ယခင်ကကဲ့သို့ ပူးပူးကပ်ကပ် နေထိုင်ခွင့် မရကြတော့ပေ။ သို့သော် ကျွန်မတို့ တီးတိုးပြောမြဲ ပြောနေခဲ့ကြသည်။ ကျွန်မအတွက် အဖော်ကောင်း ဖြစ်လာနိုင်မည့် သမီးတစ်ယောက် လိုချင်ကြောင်း သူ့ကို ဖွင့်ဟဝန်ခံလိုက်သည်။ ရွှယ်ဟွားသည် သူ၏ ဝမ်းဗိုက်ကို လက်ဖြင့် အသာအယာ ပွတ်သပ်နေရင်း ကျွန်မကို တိုးညှင်းသောအသံဖြင့် စကားဆိုလာသည်။ သမီးမိန်းကလေးများသည် ဖခင်၏ မျိုးဆက်ကို မဆက်ခံနိုင်သည့် အသုံးမကျသော အကိုင်းအခက်များသာ ဖြစ်ကြောင်း သူက သတိပေးသည်။
“သူတို့က ငါ့တို့အတွက် လုံးဝ အသုံးမတည့်တာမျိုး မဟုတ်ပါဘူးဟာ” ကျွန်မက ပြောသည်။
“သူတို့လေးတွေ မမွေးသေးခင် ငါတို့ သူတို့နှစ်ယောက်ကို လောင်ထုံး လုပ်ပေးလို့ မရနိုင်ဘူးလား”
“ပိုင်ဟော၊ ငါတို့က အဖိုးနည်း အိုးကွဲတွေပါဟာ” ရွှယ်ဟွားက ထထိုင်လိုက်သည်။ လရောင်ထဲတွင် သူ့မျက်နှာကို ကျွန်မ တွေ့မြင်နေရသည်။
“နင် အဲဒါကို သိပြီးသားပါ။ မဟုတ်ဘူးလား”
“မိန်းမဆိုတာက သားတွေရဲ့ မိခင်လေ” ကျွန်မက သူ့စကားကို ပြင်ဆင်ပေးလိုက်သည်။ ၎င်းအကြောင်းကြောင့်ပင် ကျွန်မသည် ခင်ပွန်းသည်အိမ်၌ နေရာကောင်းတစ်ခု ခိုင်မြဲနေခဲ့ပေသည်။ ရွှယ်ဟွားတွင် သားတစ်ယောက် ထွန်းကားထားသည့် အတွက်ကြောင့်လည်း သူ့နေရာကို မြဲနေရခြင်း ဖြစ်ပေသည်။
“ငါသိပါတယ်။ သားတွေရဲ့ မိခင် ဆိုပေမယ့် …”
“ဒီတော့ ငါတို့ရဲ့ သမီးတွေက ငါတို့ရဲ့ အဖော်တွေပေါ့”
“ငါ့မှာ နှစ်ယောက်တောင် ဆုံးရှုံးခဲ့ရပြီးပြီလေ”
“ရွှယ်ဟွား၊ နင် ငါတို့ရဲ့ သမီးတွေကို လောင်ထုံး မဖြစ်စေချင်ဘူးလား” ကျွန်မ၏ အကြံပြုချက်ကို သူ မည်သို့မျှ ပယ်ချနိုင်လိမ့်မည် မဟုတ်ပေ။
သူက ကျွန်မကို ကြည့်လျက် ခပ်ယဲ့ယဲ့ ပြုံးနေသည်။
“ဖြစ်စေချင်တာပေါ့ဟာ။ ဒါပေမယ့် ငါတို့မှာ သမီးတွေ ရှိဖို့ လိုသေးတယ် မဟုတ်လား။ ငါတို့နှစ်ယောက် ဒီလောကမှာ မရှိတော့ဘူး ဆိုရင်တောင် သူတို့နှစ်ယောက်က ငါတို့ရဲ့ အချစ်တွေကို လက်ဆင့်ကမ်းသွားနိုင်တယ်လေ”
“ကောင်းပြီ … ကတိနော်။ အခု ငါ့ဘေးနား လာလှဲနေလိုက်စမ်းပါဟာ။ နင့် မျက်မှောင်ကြီးကို ကုတ်မထားစမ်းပါနဲ့။ အခုဟာက ပျော်ရွှင်စရာကောင်းတဲ့ အချိန်ကာလကလေးလေ။ အတူတူ ရှိနေတုန်း ပျော်ပျော်လေး နေလိုက်ကြရအောင်လား”
နောက်နှစ်နွေဦးကာလတွင် ကျွန်မတို့နှစ်ယောက်သည် သမီးငယ်များကို ကိုယ်စီပိုက်ချီလျက် ဖူးဝေသို့ ပြန်ရောက်လာကြသည်။ သူတို့၏ မွေးရက်နှင့် မွေးလများက တစ်ထပ်တည်း ကျမနေကြပေ။ ကျွန်မတို့သည် သူတို့၏ အနှီးများကို ဖယ်ထုတ်ပြီး သူတို့၏ ခြေဖဝါးကလေးများကို လက်ဖြင့် ဆုပ်ကိုင်ထားလိုက်ကြသည်။ ကလေးဘဝ၌ပင်လျှင် သူတို့၏ ခြေထောက် အရွယ်အစားက ကွဲပြားနေကြသည်။ မိခင်တစ်ယောက်၏ မျက်လုံးထဲတွင် ကိုယ့်သမီးကိုယ် အမြဲ လှသည်ဟု ယူဆနေမည် ဖြစ်သော်လည်း ကျွန်မ၏ သမီး ယွိအော်ထက် ရွှယ်ဟွား၏ သမီး ချွမ်ရွက်က ပိုမို လှပတင့်တယ်နေကြောင်း ဝန်ခံရပေမည်။ ယွိအော်၏ အသားအရေမှာ လူးမိသားစုဝင်များထဲတွင် အမဲဆုံးဟု ဆိုရပေမည်။ ချွမ်ရွက်၏ အသားအရေမှာမူ မက်မွန်သီး၏ အတွင်းသားကဲ့သို့ ဝင်းမှည့်အိညက်နေသည်။ ယွိအော်ကို နာမည်နှင့် လိုက်အောင် ကျောက်စိမ်းကဲ့သို့ မာကျောတောင့်တင်းစေလိုသည်။ ရွှယ်ဟွားသည် ကျွန်မ၏ ညီမဝမ်းကွဲဖြစ်သူ မေရွက်ကို သတိရအောက်မေ့သောကြောင့် သူ့သမီးကို ချွမ်ရွက်ဟု မှည့်ခေါ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ချွမ်ရွက်ကိုလည်း မေရွက်ထက် ပိုမို ကျန်းမာပျော်ရွှင်နိုင်ပါစေဟု ကျွန်မ ဆန္ဒပြုမိသည်။ သူတို့နှစ်ဦး၏ ဇာတာ အက္ခရာ ရှစ်လုံးမှာလည်း တစ်ဦးနှင့်တစ်ဦး အမြီးအမောက် မတည့်ပေ။ သို့သော် ကျွန်မ ဂရုမစိုက်ပါ။ ဤကလေးမများသည် တစ်ချိန်တွင် လောင်ထုံးများ ဖြစ်ကို ဖြစ်စေရမည်။
ကျွန်မတို့ ယပ်တောင်ကို ဖွင့်ကာ ကျွန်မတို့၏ ဘဝများကို အတူတကွ ရှုစားနေကြသည်။ ပျော်ရွှင်မှုပေါင်း မြောက်မြားစွာကို ဤယပ်တောင်ပေါ်၌ မှတ်တမ်းတင်ထားသည်။ ကျွန်မတို့၏ လောင်ထုံးဖြစ်မှု၊ ကျွန်မတို့၏ မင်္ဂလာ အခမ်းအနားများ၊ သားမောင်များ၏ မွေးဖွားခြင်းများ၊ သမီးများ၏ မွေးဖွားခြင်းများ၊ သူတို့၏ လာလတ္တံ့သော လောင်ထုံးဖြစ်မှု။
တစ်နေ့ကျရင် ဒီကောင်မလေးနှစ်ယောက်က အတူပြန်ဆုံကြပြီး လောင်ထုံးတွေ ဖြစ်လာကြလိမ့်မယ်။ သူတို့နှစ်ယောက်က ယွမ်းယန်ငှက်မောင်နှံတစ်တွဲလိုပေါ့။ နောက်ထပ် ယွမ်းယန်ငှက်တစ်တွဲက ဝမ်းမြောက်ဝမ်းသာနဲ့ တံတားတစ်စင်းပေါ်မှာ အတူထိုင်ရင်း သူတို့လေးတွေ မိုးကောင်းကင်ပေါ် ပျံလွှားဆော့ကစားနေတာကို ငေးကြည့်နေကြလိမ့်မယ်။
ကျွန်မက ဤသို့ ရေးသားလိုက်သည်။ ယပ်တောင်အစွန်းရှိ ကနုတ်ပန်းခက်ပေါ်တွင် ရွှယ်ဟွားသည် လဝန်းဆီသို့ ပျံတက်နေသော အတောင်ပံ သေးသေးလေး နှစ်စုံကို ရေးဆွဲလိုက်သည်။ ထို့နောက် တခြားငှက်နှစ်ကောင်သည် ဘေးချင်းယှဉ်လျက် အသိုက်ဖွဲ့ထားကြပြီး ကောင်းကင်ထက်မှ အတောင်ပံလေး နှစ်စုံကို မော့ကြည့်နေကြသည်။
ရေးဆွဲပြီးသွားသောအခါ ကျွန်မတို့ အတူတကွ ထိုင်လျက် မိမိတို့၏ သမီးငယ်များကို ချော့သိပ်နေလိုက်ကြသည်။ ကျွန်မရင်ထဲ ကြည်နူးပျော်ရွှင်နေသည်။ သို့သော်လည်း လောင်ထုံးဖွဲ့ရန် လိုအပ်သည့် အခြေခံ စည်းမျဉ်းများကို ပေယျာလကန် လုပ်လိုက်မိခြင်းအတွက် ကျွန်မစိတ်ထဲ တနုံ့နုံ့ ဖြစ်ကာ အတွေးမျှင် မပြတ်ဘဲ ရှိနေတော့သည်။ တားမြစ်ချက်တစ်ခုကို ကျွန်မတို့ ချိုးဖောက်မိပါပြီကော။
ↂↂↂ
နှစ်နှစ်အကြာတွင် ရွှယ်ဟွားထံမှ စာတစ်စောင် ရောက်လာသည်။ ဒုတိယမြောက် သားရတနာကို မီးရှူးသန့်စင်ပြီး ဖြစ်ကြောင်း အသိပေးသည့်စာ ဖြစ်သည်။ သူသည် ထိုကိစ္စအတွက် ဝင့်ကြွားဝမ်းမြောက်နေပြီး ကျွန်မလည်း အူမြူးနေမိသည်။ သူ၏ ခင်ပွန်းသည်အိမ်တွင် ယခင်ကထက် ပိုမို၍ မျက်နှာပန်းလှနေတော့မည်မှာ သေချာပါသည်။ သို့သော် ကျွန်မတို့ အချိန်ကြာကြာ မပျော်လိုက်ရပါ။ ရွှယ်ဟွား၏ သတင်းကို ကြားရပြီး သုံးရက်မြောက်နေ့တွင် ကျွန်မတို့ သတင်းဆိုးတစ်ခုကို ကြားလာရသည်။ တောက်ကွမ်းဘုရင် နတ်ရွာစံပြီ ဟူသတတ်။ သူ၏ သားတော်တစ်ပါးဖြစ်သူ မင်းသားရှန်ဖုန်းက ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့ပြီး တိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်နေခဲ့သော်လည်း ဒေသအသီးသီး၌ နိုင်ငံရေးအခြေအနေမှာ မငြိမ်မသက် ဖြစ်လာတော့သည်။
ရွှယ်ဟွားတို့ မိသားစု၏ ခါးသက်သော ဘဝအတွေ့အကြုံမှ သင်ခန်းစာများကို ကျွန်မ ရခဲ့ဖူးသည်။ ရှင်ဘုရားတစ်ပါး နတ်ရွာစံသွားသည်နှင့် တစ်ပြိုင်နက် သူ၏ မှူးကြီးမတ်ရာများသည် ယခင်ကကဲ့သို့ ပစားပေးခြင်း မခံရတော့ဘဲ ရာထူးအပြောင်းအရွှေ့များ ဖြစ်ပေါ်လာတော့သည်။ ထိုမှတစ်ဆင့် အုပ်ချုပ်ရေး ကသောင်းကနင်း ဖြစ်မှုများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်မှုများသည် နန်းတော်တွင်း၌သာ မကတော့ဘဲ နိုင်ငံတနံတလျားသို့ ပျံ့နှံ့သွားတော့သည်။ ထုံးခို၏ ပြင်ပတွင် ဖြစ်ပျက်နေကြသော အကြောင်းအရာများကို ညစာထမင်းဝိုင်း၌ ကျွန်မ၏ ယောက္ခမ-အဖေ၊ ခင်ပွန်းနှင့် သူ၏ ညီများ ဆွေးနွေးပြောဆိုနေကြအခါ ကျွန်မနားထဲသို့ တစ်စွန်းစ နှစ်စွန်းစ ဝင်ရောက်လာကြသည်။ တစ်နေရာတွင် တော်လှန်ပုန်ကန်မှုများ ဖြစ်ပေါ်နေကြောင်းနှင့် လယ်ပိုင်ရှင်ကြီးများက သူတို့၏ သီးစားများထံမှ သီးစားခများကို ပိုမိုတောင်းခံနေကြကြောင်း စသည်တို့ ဖြစ်သည်။ ကျွန်မ၏ မိဘများကဲ့သို့သော အောက်ခြေလူတန်းစားများ ဒုက္ခရောက်ကြပေတော့မည်။ သို့သော် ထိုကိစ္စများမှာ လူးအိမ်တော်နှင့် လားလားမျှ မသက်ဆိုင်ပါပေ။
ဘကြီးတော်သည် သူ၏ ရာထူး အဆောင်အယောင်များ ရုတ်သိမ်းခံရလိုက်သောကြောင့် ထုံးခိုသို့ ပြန်ရောက်လာသည်။ သူ၏ ဝေါယာဉ်အပြင်ဘက်သို့ လှမ်းထွက်လာသောအခါတွင် ကျွန်မတို့ အားလုံးက သူ့ကို ဦးညွှတ် အရိုအသေ ပြုကြသည်။ သူက ခေါင်းမော့ခွင့် ပြုလိုက်သည့်အချိန်တွင် ပိုးထည်ဝတ်ရုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးကို တွေ့မြင်လိုက်ရသည်။ သူ၏ မျက်နှာပေါ်တွင် မှဲ့နှစ်လုံး ရှိသည်။ မှဲ့ပေါ်တွင် ပေါက်နေတတ်သော အမွေးအမျှင်များကို လူတိုင်းက တန်ဖိုးထားတတ်ကြသည်။ ဘကြီးတော်လူး၏ အမွေးများကလည်း တစ်မူထူးခြားနေသည်။ အနည်းဆုံး ဆယ်ပင်မျှ ရှိမည်။ မှဲ့ပေါ်မှ ဖြာထွက်နေကြသော အမွေးတိုင်းသည် တုတ်ခိုင်သန်မာပြီး ဆွတ်ဆွတ်ဖြူကာ အရှည် လက်နှစ်ဆစ်ခန့် ရှိကြသည်။ သူနှင့် အတော်အတန် ရင်းနှီးလာသည့် အခါတွင်မှ ကျွန်မ သိလာရသည့် အချက်မှာ သူသည် ထိုအမွေးများကို ဆော့ကစားနေတတ်ခြင်းပင် ဖြစ်သည်။ အမွေးများ ပိုမို ရှည်ထွက်လာစေရန်အတွက် အပြင်သို့ မကြာမကြာ ဆွဲထုတ်ပေးနေသည့်နှယ်။
သူ၏ ထက်မြက်သော မျက်လုံးများက အိမ်ရှိ လူအားလုံး၏ မျက်နှာများကို တစ်ယောက်စီ ကြည့်ရှုပြီးသည့်နောက်တွင် ကျွန်မ၏ သားကြီးထံ၌ ရပ်တန့်သွားသည်။ ယခုအခါ ကျွန်မ၏ သားကြီးမှာ ၈ နှစ်အရွယ်သို့ ရောက်နေချေပြီ။ ထုံးစံအရ သူ့ညီကို စတင် နှုတ်ဆက်ရမည် ဖြစ်သော်လည်း ဘကြီးတော်လူးသည် သူ၏ အကြောပြိုင်းပြိုင်းထနေသော လက်တစ်ဘက်ကို အပြင်သို့ ဆန့်ထုတ်ပြီး သားကြီး၏ ပခုံးပေါ်သို့ တင်လိုက်သည်။
“စာအုပ် အထောင်အသောင်း ဖတ်ပြီးရင် မင်းရဲ့ စကားလုံးတွေက မြစ်တစ်စင်းလို စီးဆင်းလာလိမ့်မယ်” နန်းတွင်း၌ နှစ်ပေါင်းများစွာ ကျင်လည်ရှင်သန်ခဲ့သော ပညာရှိ ပီပါပေ၏။ သူ၏ အသံမှာ ဩဇာအပြည့်နှင့် ဟိန်းထွက်နေသည်။
“ကဲ … ကောင်ကလေးရေ၊ ငါ့ကို အိမ်ပြန်ဖို့ လမ်းပြပါဦးလား” ဤသို့ဖြင့် လူးအိမ်တော်၏ ဘုန်းတန်ခိုးအကြီးဆုံးသော ပုဂ္ဂိုလ်ကြီးသည် ကျွန်မ၏ သားကို လက်တွဲကာ ရွာဂိတ်ဝမှ အတွင်းသို့ လျှောက်ဝင်သွားလေသည်။
နောက်ထပ်နှစ်နှစ် ကုန်လွန်သွားပြန်သည်။ ကျွန်မ၏ တတိယမြောက်သားကို မျက်နှာမြင်ပြီးသည်မှာ မကြာသေးပေ။ အရာရာကို ပုံမှန်အတိုင်း ဖြစ်အောင် ကျွန်မတို့အားလုံး အစွမ်းကုန် ကြိုးစားနေကြသော်လည်း ဘကြီးတော်လူး၏ အငြိမ်းစားဘဝနှင့် သီးစားခ တိုးမြှင့်လာခြင်းကြောင့် ဖြစ်ပေါ်လာသော သူပုန်ထမှုတို့ အကြားတွင် အရာရာ မူမမှန်နိုင်တော့သည်ကို လူတိုင်း တွေ့မြင်နေကြရသည်။ ယောက္ခမကြီးသည် သူ သောက်ရှူနေသော ဆေးရွက်ကြီးများကို ခြိုးခြံချွေတာလာသည်။ ခင်ပွန်း၏ လယ်ကွင်းထဲ နေချိန်မှာ ယခင်ကထက် ပိုမို ရှည်လျားလာသည်။ တစ်ခါတစ်ရံ လက်နက်ကိရိယာများကို သူကိုယ်တိုင် ကိုင်ဆောင်လျက် လယ်သမားများနှင့် ပခုံးချင်းယှဉ်ကာ ဝင်ကူပေးနေတတ်သည်။ ကျောင်းဆရာလည်း ထွက်ခွာသွားပြီ ဖြစ်၍ ၎င်းနေရာတွင် ဘကြီးတော်လူးက အစားဝင်၍ သားကြီးကို သင်ကြားပြသပေးသည်။ အပေါ်ထပ်အခန်းဆောင်တွင်လည်း ပုံမှန် ရနေကျ လက်ဆောင်များ ဖြစ်သော ပိုးထည်များနှင့် ပန်းထိုးချည်များ လျော့နည်းလာသည့်အလျောက် ဇနီးမယားများနှင့် မယားငယ်များ အကြားရှိ ငြူစူစောင်းမြောင်းသံများကလည်း ပိုမို ကျယ်လောင်လာခဲ့သည်။
ထိုနှစ်က ကျွန်မနှင့် ရွှယ်ဟွားတို့ ဖူးဝေ၌ ပြန်ဆုံကြချိန်တွင် ကျွန်မ၏ မိသားစုနှင့် အတူ မရှိဖြစ်သည့် အချိန်က များနေခဲ့သည်။ မှန်ပါ၏။ သူတို့နှင့်အတူတူ ကျွန်မ ထမင်းစားဖြစ်ခဲ့သည်။ ညအချိန်တွင် ငယ်ဘဝကကဲ့သို့ သူတို့နှင့်အတူတူ အိမ်ကပြင်၌ ထိုင်ဖြစ်ခဲ့သည်။ သို့သော် မာမားနှင့် ပါပါးကို တွေ့ချင်သောကြောင့် ဤအိမ်သို့ သွားရောက်ခဲ့ခြင်း မဟုတ်ပါ။ ရွှယ်ဟွားကို မြင်လို၍၊ ရွှယ်ဟွားနှင့် အတူ နေလို၍သာ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ကျွန်မတို့၏ အသက်များပင် ၃၀ ပြည့်ခဲ့ပြီ။ ကျွန်မတို့၏ လောင်ထုံးသက်တမ်းမှာလည်း ၂၃ နှစ် ရှိခဲ့ချေပြီ။ ထိုမျှ အချိန်များ ကုန်လွန်သွားခဲ့သည်ကို ယုံရခက်နေကြဆဲပင်။ ကျွန်မတို့၏ နှလုံးသားများ တစ်ချိန်က ဤမျှ နီးနီးကပ်ကပ် ရှိနေခဲ့ဖူးကြသည်ကို ပို၍ပင် ယုံကြည်ရခက်နေသည်။ ရွှယ်ဟွားကို လောင်ထုံးတစ်ယောက်အဖြစ် ကျွန်မ ချစ်ပါသည်။ သို့သော် ကျွန်မ၏ နေ့ရက်များသည် သားသမီးများ၊ နေ့စဉ် ဝေယျာဝစ္စများနှင့် မလူးသာ မလွန့်သာ ဖြစ်နေခဲ့သည်။ ယခုအခါတွင် ကျွန်မသည် သားသုံးယောက်နှင့် သမီးတစ်ယောက်တို့၏ သားသည်မိခင်တစ်ယောက် ဖြစ်နေသည်။ သူ့မှာတော့ သားနှစ်ယောက်နှင့် သမီးတစ်ယောက်။ ခံစားချက်များဖြင့် ယှက်နွှယ်ထားသော ကျွန်မတို့၏ အနှောင်အထုံးကို မည်သည့်အရာကမျှ ဖြတ်တောက်ပစ်နိုင်လိမ့်မည် မဟုတ်ဟု ကျွန်မတို့ ယုံကြည်ထားကြသည်။ လင်ယောက်ျားနှင့် ဖွဲ့ယှက်ထားသော အနှောင်အထုံးထက်ပင် ကျွန်မတို့၏ သံယောဇဉ်က ပိုမိုနက်ရှိုင်း၍ ပိုမို ခိုင်မာသည်ဟု ယုံကြည်ထားကြသည်။ သို့သော် ချစ်စိတ်၏ ပြင်းပြမှုသည် တစ်နေ့တခြား ယုတ်လျော့လာခဲ့သည်။ ထိုကိစ္စအတွက် ကျွန်မတို့ စိတ်မပူပန်ခဲ့ကြပါ။ နက်ရှိုင်းသော ချစ်ခြင်းမေတ္တာ မှန်သမျှတို့သည် အိမ်ထောင်သည်ဘဝတွင် ကြုံတွေ့ရမြဲဖြစ်သည့် လက်တွေ့ကျသော လောကဓံ၏ အထုအထောင်းများကို ခံနိုင်ရည် ရှိရပေမည်။ မုဆိုးမဘဝသို့ ရောက်ရှိလာကြလျှင် ကျွန်မတို့သည် ယခင်ကအတိုင်း နောက်တစ်ကြိမ် အတူယှဉ်တွဲ နေထိုင်ခွင့် ရကြဦးမည် ဖြစ်ကြောင်း ကျွန်မတို့ နားလည်ထားကြသည်။ လက်ရှိအချိန်မှာတော့ ကျွန်မတို့၏ နေ့စဉ်ဘဝကို စုံနိုင်သမျှ စုံအောင် အချင်းချင်း ဝေမျှခံစားနေရုံသာ တတ်နိုင်ပေသည်။
ရွှယ်ဟွား၏အိမ်တွင် အငယ်ဆုံး ယောင်းမလည်း အိမ်ထောင်ကျသွားပြီ ဖြစ်၍ တစ်ချိန်က သူတို့အတွက် လုပ်ကိုင်ပေးခဲ့ရသော လုပ်ငန်းဆောင်တာများလည်း ယခု မရှိတော့ပြီ။ သူ၏ ယောက္ခမ-အဖေလည်း ကွယ်လွန်သွားခဲ့ပြီ။ ဝက်တစ်ကောင်ကို သတ်ဖြတ်နေစဉ် ထိုဝက်၏ အသည်းအသန် ရုန်းကန်လှုပ်ရှားကြောင့် ဓားသည် သူ့လက်ထဲမှ လွတ်ထွက်သွားပြီး သူ့လက်မောင်းပေါ်သို့ ခပ်နက်နက် စိုက်ဝင်သွားသည်။ သို့ဖြင့် ဝက်ပေါင်းများစွာကို ဇီဝိန်ချုပ်စေခဲ့သော အိမ်ရှေ့ကပြင်မှာပင် သူလည်း သွေးထွက်လွန်ကာ ဆုံးပါးသွားတော့သည်။ ယခုအခါတွင် ရွှယ်ဟွား၏ ခင်ပွန်းသည် အိမ်၏ အရှင်သခင် ဖြစ်လာခဲ့သည်။ သို့ပါသော်လည်း သူ အပါအဝင် အိမ်အမိုးအကာအောက်ရှိ လူအားလုံးသည် သူ့မိခင်၏ ထိန်းချုပ်မှုအောက်တွင် ပိပြားသေဝပ်စွာ နေနေကြရဆဲပင်။ ရွှယ်ဟွား၌ တခြား ခိုကိုးစရာ ဘယ်သူမျှ မရှိသည့် အဖြစ်ကို သိနေသော သူ့ယောက္ခမသည် သူ့အပေါ် ပို၍ပင် နိုင်ထက်စီးနင်း ပြုလာတော့သည်။ သူ့ယောက်ျားကလည်း သိလျက်နှင့် မသိချင်ယောင် ဆောင်နေခဲ့သည်။ သို့သော် ရွှယ်ဟွားအတွက် ဖြေသိမ့်စရာ သားငယ်တစ်ယောက် ရှိနေသေးသည်။ သူ၏ ဒုတိယသားသည် ယခုအခါတွင် ကျန်းမာသန်စွမ်းပြီး လေးဘက်ထောက်လျက် ဟိုဟိုဒီဒီ လျှောက်သွားနေတတ်ပြီ။ လူအားလုံးက ဤကလေးကို ချစ်ခင်ကြသည်။ သားအကြီးဆုံးကိုမူ လူကြီး ဖြစ်လာဖို့ မဆိုထားနှင့်၊ လူ့ဘဝတွင် ဆယ်နှစ်မှ ပြည့်အောင် နေနိုင်ပါမည်လောဟု သံသယ ဝင်နေကြသည်။
ရွှယ်ဟွား၏ လက်ရှိ ဘဝအခြေအနေမှာ ကျွန်မကဲ့သို့ မြင့်မားခြင်း မရှိသော်လည်း သူက ကျွန်မထက် ပိုပြီး ပြင်ပလောကအကြောင်းကို အာရုံစိုက်နေခဲ့သည်။ နားစွင့်နေခဲ့သည်။ ဖြစ်လည်း ဖြစ်သင့်ပါပေသည်။ သူသည် ပြင်ပလောကအကြောင်းကို ကျွန်မထက် အမြဲတမ်း ပိုစိတ်ဝင်စားနေခဲ့သည်။ ကျွန်မ ကြားဖူးထားသော သူပုန်အဖွဲ့ကို ‘ထိုက်ဖင်ထျန်းကော်’ (ငြိမ်းချမ်းသော ကောင်းကင်နိုင်ငံတော်) ဟုခေါ်ကြောင်း သူက ရှင်းပြသည်။ သူတို့သည် နယ်မြေကို တည်ငြိမ်အေးချမ်းအောင် ကြံဆောင်နေကြသည်။ သူတို့သည် ကျွန်မတို့ ယောင်ဝ်တိုင်းရင်းသားများကဲ့သို့ သရဲတစ္ဆေများ၊ နတ်ဒေဝတာများနှင့် ဗောဓိသတ္တများကို ယုံကြည်ဆည်းကပ်ကြသည်။ ၎င်းဝိညာဉ်လောကသည် အသီးအနှံများ အထွက်တိုးခြင်း၊ ကျန်းမာခြင်းနှင့် သားရတနာ ထွန်းကားခြင်း စသည့် အမှုကိစ္စများကို လွှမ်းမိုးချုပ်ကိုင်ထားကြောင်း သူတို့က ယုံကြည်ကြသည်။ ထို့အပြင် အရက်သေစာ၊ ဘိန်း၊ အလောင်းအစား၊ ကခုန်ခြင်းနှင့် ဆေးရွက်ကြီးတို့ကိုလည်း သူတို့က ပိတ်ပင်ထားကြသည်။ မြေယာများကို မြေရှင်ကြီးများထံမှ သိမ်းယူရမည်ဟု သူတို့က အဆိုပြုကြသည်။ ၎င်းမြေရှင်ကြီးများသည် ဒေသ၏ ၉၀% ရှိသော မြေများကို ပိုင်ဆိုင်ထားပြီး ဒေသထွက်သီးနှံ၏ ၇၀% ကို သူတို့ လက်ခံရရှိကြသည်။ ၎င်းစိုက်ပျိုးမြေများကို သီးစားချခံထားရသော တောင်သူလယ်သမားများအား အညီအမျှ ခွဲဝေပေးသင့်သည်ဟု အဆိုပြုကြသည်။ ကျွန်မတို့ ပြည်နယ်ထဲတွင် သိန်းပေါင်းများစွာသော အောက်ခြေလူတန်းစားများသည် သူတို့၏ အိမ်များကို စွန့်ခွာပြီး ၎င်းသူပုန်တပ်ထဲသို့ ပူးပေါင်းဝင်ရောက်သွားကြကာ ရွာပေါင်းများစွာနှင့် မြို့ပေါင်းများစွာကို သိမ်းပိုက်လိုက်ကြသည်။ ရွှယ်ဟွားသည် သူတို့၏ ခေါင်းဆောင်အကြောင်းကိုလည်း ပြောပြသေးသည်။ ထိုခေါင်းဆောင်ဆိုသူသည် မိုးနတ်မင်း၏ သားတော်တစ်ပါးဟု သူ့ကိုယ်သူ ယုံကြည်နေသည်။ ထို့နောက် ကောင်းကင်ဘုံဟု ခေါ်သည့်အရာ အကြောင်း၊ နိုင်ငံခြားသားများကို ရွံရှာမုန်းတီးသည့် အကြောင်းနှင့် မန်ချူးအစိုးရ၏ အကျင့်ပျက်ခြစားမှုများ အကြောင်းတို့ကို ပြောပြခဲ့သေးသည်။ ကျွန်မကို ရွှယ်ဟွားက ဘာပြောချင်နေမှန်း ကျွန်မ နားမလည်ခဲ့ပါ။ တခြားခရိုင်မှ လာသောသူများသည်ပင် ကျွန်မအတွက်တော့ နိုင်ငံခြားသားနှင့် ဘာမျှ မခြားပါ။ ကျွန်မသည် အပေါ်ထပ် အခန်းဆောင်၏ နံရံလေးဘက်ကြား၌သာ ရှင်သန်ခဲ့ရသည်။ သို့သော် ရွှယ်ဟွားတွင် အဝေးသို့ ပျံသန်းကာ ကြည့်ရှု၊ ရှာဖွေ၊ စူးစမ်းနေတတ်သော စိတ်တစ်ခု ရှိနေသည်။
အိမ်သို့ ပြန်ရောက်သောအခါတွင် ကျွန်မခင်ပွန်းကို ထိုက်ဖင်သူပုန်တပ်အကြောင်း မေးကြည့်သည်။ သူက ဤသို့ ပြန်ဖြေသည်။
“ဇနီးမယားတစ်ယောက်ဟာ သူ့သားသမီး ကိစ္စနဲ့ သူ့မိသားစု ပျော်ရွှင်ဖို့အတွက်ပဲ စိတ်ပူပန်သင့်တယ်။ တကယ်လို့သာ နင့်မိဘတွေက နင့်ကို အခုလို စိတ်ဗျာများနေအောင် လုပ်နေမယ် ဆိုရင် နောက်တစ်ခါ အဲဒီကို လည်ပတ်ခွင့် ပေးနိုင်မှာ မဟုတ်တော့ဘူး”
ပြင်ပလောကအကြောင်း ကျွန်မ ဘာတစ်ခွန်းမျှ ထပ်မဟတော့ပေ။
ↂↂↂ
မိုးခေါင်ခြင်းကြောင့် ဖြစ်ပေါ်လာသော ကောက်ပဲသီးနှံ ရှားပါးပြတ်လပ်ခြင်း ဒုက္ခသည် ထုံးခိုရွာရှိ တောင်သူလယ်သမားတစ်ဦး၏ အဆင့်အနိမ့်ဆုံး စတုတ္ထမြောက် သမီးမှသည် လူတကာ လေးစားကြည်ညိုခံရသော ဘကြီးတော်လူးအထိ ရွာသူရွာသားတိုင်းထံသို့ ရိုက်ခတ်လာတော့သည်။ ကျွန်မတို့၏ ရိက္ခာဂိုဒေါင်များ ခါလီဖြစ်သွားသည်ကို မမြင်ရမချင်း ထိုကိစ္စအတွက် ကျွန်မ စိတ်မပူပန်ခဲ့ပေ။ များမကြာခင်၌ ယောက္ခမကြီးသည် လက်ဖက်ရည်များ ကြမ်းပြင်ပေါ်သို့ ဖိတ်စင်သည့်ကိစ္စ၊ မီးဖိုထဲတွင် ထင်းများ အလွန်အကျွံ ထိုးထားသည့် ကိစ္စ စသည်တို့ကို ကြီးကြပ်လာတော့သည်။ ယောက္ခမ-အဖေသည် အလယ်တည် ပန်းကန်ထဲမှ အသားဟင်းများကို ယခင်ကကဲ့သို့ အများအပြား နှိုက်ယူစားသုံးခြင်း မပြုတော့ပေ။ ထိုဟင်းကောင်းကျွေးကောင်းများကို သူ့မြေးများအား ဦးစားပေး၍ နှိုက်ယူစေခဲ့သည်။ နန်းတွင်း၌ နေထိုင်ခဲ့ဖူးသော ဘကြီးတော်လူးကလည်း လက်ရှိ အခြေအနေအပေါ် မည်သို့မျှ စောဒက မတက်ခဲ့ပါ။ သို့သော် သူသည် တစ်နေ့တခြား ဆိုးရွားလာနေသော အခြေအနေကို သတိထားမိသည်နှင့်အမျှ ကျွန်မ၏ သားကြီးကို ယခင်ကထက် ပိုမို ဖိစီးကြပ်မတ်လာတော့သည်။ ဤကောင်လေးသည် ရွှေဘုံစံဘဝသို့ ပြန်ရောက်အောင် ဆောင်ကြဉ်းပေးနိုင်မည့် ဤမိသားစု၏ အနာဂတ်ကြယ်ပွင့်ကလေးဟု မျှော်လင့်ထားသည်။
၎င်းက ကျွန်မ၏ ခင်ပွန်းကို စိန်ခေါ်နေလေသည်။ ညအခါ ခုတင်ပေါ် လဲလျောင်းနေချိန်တွင် သူက ကျွန်မကို ဖွင့်ဟပြောဆိုလာသည်။
“ဘကြီးက ငါတို့သားကို အတော်လေး မျှော်လင့်ထားပုံ ရတယ်။ ကောင်လေးကို စာသင်ပေးတဲ့အတွက် ငါ ဝမ်းသာပါတယ်။ ဒါပေမယ့် အရှည်ကို မျှော်တွေးကြည့်မယ် ဆိုရင် ငါတို့ သူ့ကို မြို့ကြီးပေါ်ပို့ပြီး ပညာသင်ပေးနိုင်မှ ဖြစ်လိမ့်မယ်။ အခုလို အခြေအနေမျိုးမှာ အဲဒီလို လုပ်ပေးနိုင်ဖို့ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ဘူး။ ငါတို့ရဲ့ လက်ရှိ အခြေအနေကို တစ်ခရိုင်လုံးက လူတွေတောင် သိနေကြပြီ။ ရှေ့လျှောက် ငတ်မသေချင်ဘူး ဆိုရင်တော့ ငါတို့ပိုင်တဲ့ လယ်တချို့ကို မကြာခင် ထုတ်ရောင်းပစ်မှကို ဖြစ်တော့မယ်” အမှောင်ထုထဲတွင် ကျွန်မ၏ ခင်ပွန်းက ကျွန်မလက်ကို ဆုပ်ကိုင်ထားသည်။
“ပိုင်ဟော၊ ငါ့မှာ အကြံအစည်တစ်ခု ရှိတယ်။ ပါပါးနဲ့လည်း တိုင်ပင်ကြည့်ပြီးသွားပြီ။ ဒါပေမယ့် နင်နဲ့ ငါတို့သားတွေကို ငါ စိတ်မချဘူး ဖြစ်နေတယ်”
ကျွန်မ စောင့်စားနေမိသည်။ ကြောက်ရွံ့နေမိသည်။ သူ ဘာစကားများ ပြောလာဦးမှာပါလိမ့်။
“လူတစ်ယောက်အတွက် အသက်ရှင် နေထိုင်နိုင်ဖို့ရာ လိုအပ်တဲ့ အခြေခံပစ္စည်းတွေ ရှိတယ်” သူက စကားဆက်သည်။
“လေ၊ နေ၊ ရေနဲ့ ထင်းကို အလကား ရနိုင်တယ်။ အလျှံအပယ်ကြီးတော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ ဒါပေမယ့် ဆားကိုတော့ အလကား မရနိုင်ဘူး။ ပြီးတော့ လူတွေ အသက်ရှင်နိုင်ဖို့အတွက် ဆားက မရှိမဖြစ် လိုအပ်တဲ့ အရာဝတ္ထုတစ်ခုပဲ”
ကျွန်မလက်ဖြင့် သူ့ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားလိုက်သည်။ သူ ဘာကို ဆိုလိုချင်နေပါလိမ့်။
“ငါတို့ရဲ့ နောက်ဆုံးလက်ကျန်ငွေကို ယူလို့ ရနိုင်မလားလို့ ပါပါးကို ငါ မေးကြည့်ပြီးပြီ” သူက ဆက်ပြောသည်။
“ကွေ့လင်ကို သွားပြီး ငါ ဆား ဝယ်ချင်တယ်။ ပြီးတော့ ဒီမှာ ပြန်လာရောင်းမယ်လေ။ ပါပါးရဲ့ ခွင့်ပြုမိန့်ကို ငါ ရခဲ့ပြီ”
တွေ့ကြုံလာနိုင်သည့် အန္တရာယ်များကို ကျွန်မ ရေတွက်၍ပင် ပြနိုင်တော့မည် မဟုတ်ပေ။ ကွေ့လင်သည် နောက်ပြည်နယ်တစ်ခုတွင် တည်ရှိသော မြို့ကြီးတစ်မြို့ ဖြစ်သည်။ ထိုနေရာသို့ ရောက်ရန် သူသည် သူပုန်တို့၏ ထိန်းချုပ်နယ်မြေကို ဖြတ်သန်းသွားရပေမည်။ ထိုနေရာမှ လူများသည် သူပုန်တပ်ဖွဲ့ဝင်များ မဟုတ်လျှင်လည်း ထင်ရာစိုင်းတတ်သော အိုးအိမ်မဲ့ လယ်သမားများသာ ဖြစ်ကြသည်။ ၎င်းလူများသည် ဓားပြများအဖြစ် အသွင်ပြောင်းကာ ခရီးသွားများထံမှ လုယက်စားသောက်နေကြရသည်။ ထို့အပြင် ဆားလုပ်ငန်း ကိုယ်နှိုက်ကလည်း အန္တရာယ်များသော လုပ်ငန်းတစ်ခု ဖြစ်သည်။ ထို့သို့သော အကြောင်းကြောင့်လည်း ကုန်လက်ကျန် ပြတ်လပ်သည့် ဒုက္ခကို အမြဲတမ်း ကြုံတွေ့နေရခြင်း ဖြစ်သည်။ ဆားလုပ်ငန်းကို ချုပ်ကိုင်ထားသော ကျွန်မတို့၏ ပြည်နယ်အတွင်းရှိ ကုန်သည်များတွင် ကိုယ်ပိုင် ကြေးစားတပ်များ ကိုယ်စီ ရှိကြသည်။ ကျွန်မခင်ပွန်းကတော့ တစ်ကိုယ်တည်းသာ။ နယ်ပိုင်စစ်ဘုရင်များ၊ သို့မဟုတ် စဉ်းလဲသော ကုန်သည်များနှင့် ညှိနှိုင်းဆွေးနွေးရန် သူ့တွင် အတွေ့အကြုံ မရှိပေ။ အထက်ပါ အကြောင်းအရာများကို ထည့်သွင်း စဉ်းစားရန် မလိုအပ်ဘူးပဲ ထားဦး။ ကျွန်မ၏ မိန်းမသားစိတ်ဖြင့် တွေးမျှော်ကြည့်လိုက်လျှင် ကွေ့လင်မှ မိန်းမချောကလေးများ၏ ရုပ်ပုံများက ကျွန်မ အာရုံထဲ ထင်ဟပ်လာနေတော့သည်။ အကယ်၍ သူ၏ စွန့်စားခန်းကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်ခဲ့ပါလျှင် သူသည် လှကညာတစ်ယောက် သို့မဟုတ် အမြောက်အမြားကို မယားငယ်အဖြစ် အိမ်သို့ ခေါ်ဆောင်လာနိုင်သည်။ ဣတ္ထိယတို့၏ သဘာဝအတိုင်း ဝန်တိုစိတ်က ချက်ချင်း အမောက်ထောင်လာတော့သည်။
“အရိုင်းပန်းတွေကို ခူးဆွတ်ခဲ့မယ်လို့တော့ ရှင် မကြံနဲ့နော်”
“မယားကောင်းတစ်ယောက်ရဲ့ တန်ဖိုးက သူ့မျက်နှာမှာ ရှိတာ မဟုတ်ပါဘူး။ သူ့ရဲ့ ကိုယ်ကျင့်သိက္ခာအပေါ်မှာ တည်မှီတာပါ” သူက ကျွန်မကို အာမခံစကား ဆိုသည်။
“နင်က ငါ့အတွက် သားတွေကို မွေးပေးထားတယ်လေ။ ငါ့ရဲ့ ကိုယ်ခန္ဓာက မိုင်ပေါင်းများစွာ ခရီးသွားနေပေမယ့် ငါ့ရဲ့ မျက်လုံးတွေက မကြည့်သင့်တဲ့ အရာတွေအပေါ် လုံးဝ မရောက်စေရပါဘူး” သူက တစ်ခဏမျှ ရပ်တန့်ပြီး စကားဆက်ပြန်သည်။
“နင့်အပေါ် ငါ အမြဲ သစ္စာရှိနေမှာပါ။ ဖြားယောင်းမှုတွေကိုလည်း ရှောင်ရှားပြီး မာမားရဲ့ ဆုံးမစကားတွေကို အမြဲ နာခံမယ်။ ပြီးတော့ ငါတို့ရဲ့ သားတွေအတွက် ကောင်းမွန်တဲ့ အနာဂတ် ဖြစ်အောင် ငါ ကြိုးစားမယ်”
“ငါလည်း နင့်လိုပါပဲ” ကျွန်မ ကတိပြုလိုက်သည်။
“ဒါပေမယ့် ငါ့ကိုယ်ငါတော့ ဘယ်တော့မှ စိတ်ပူနေမှာ မဟုတ်ဘူး”
ကျွန်မ၏ တခြားသော ပူပန်မှုအကြောင်းကို ပြောပြရန် စိတ်ကူးနေစဉ်မှာပင် သူ့ထံမှ စကားသံ ထွက်ပေါ်လာသည်။
“လူတချို့ စိတ်ဒုက္ခ ရောက်နေတာနဲ့ပဲ ငါတို့တတွေက ဘာမှ မလုပ်ဘဲ ငုတ်တုတ်ထိုင်နေရတော့မှာလား။ ငါတို့ရဲ့ လမ်းမကြီးတွေ၊ မြစ်တွေကို ဆက်ပြီး အသုံးချနေရမယ်လေ။ အဲဒါတွေကို တရုတ်ပြည်သူတွေ အားလုံးက ပိုင်ဆိုင်ထားကြတာ”
သူ၏ ခရီးစဉ်မှာ တစ်နှစ်မျှ ကြာနိုင်သည်ဟု သူက ပြောသည်။
ↂↂↂ
ခင်ပွန်းသည် ထွက်ခွာသွားသည့် အချိန်မှ စ၍ ကျွန်မ စိတ်ပူပန်ခဲ့ရသည်။ နေ့ကို လစား၍ လပေါင်းများစွာ ကုန်လွန်သွားသည့်အခါတွင် ကျွန်မ၏ စိုးရိမ်စိတ်နှင့် ကြောက်စိတ်တို့က ဆထက်ထပ်ပိုး တိုးပွားလာလေသည်။ အကယ်၍သာ သူ တစ်စုံတစ်ရာ ဖြစ်ခဲ့ပါမူ ကျွန်မ၏ဘဝလည်း မည်သို့ ဖြစ်ပျက်လာလိမ့်မည်နည်း။ မုဆိုးမတစ်ယောက်အနေဖြင့် ကျွန်မတွင် ရွေးချယ်စရာလမ်း များများစားစား ရှိမည် မဟုတ်ပေ။ ကျွန်မ၏ သားသမီးများက ကျွန်မကို စောင့်ရှောက်နိုင်ရန် ငယ်ရွယ်လွန်းနေသေးသောကြောင့် ကျွန်မ၏ ယောက္ခမ-အဖေက ကျွန်မကို တခြား ယောက်ျားထံသို့ ရောင်းချပစ်လိုက်နိုင်သည်။ ထိုသို့သော အခြေအနေမျိုးနှင့်သာ ကြုံတွေ့ရမည် ဆိုလျှင် ကျွန်မသားသမီးများကို နောက်တစ်ကြိမ် ပြန်တွေ့နိုင်ရန် အခွင့်အလမ်း ရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့်လည်း မုဆိုးမအများအပြားက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခဲ့ခြင်း ဖြစ်ရပေမည်ဟု ကျွန်မ နားလည် သဘောပေါက်လာသည်။ သို့သော် နေ့နေ့ညည ငိုကြွေးပူဆွေးနေရုံဖြင့်လည်း မပြီးသေး။ အပေါ်ထပ် အခန်းဆောင်ထဲတွင် ရှိနေစဉ်ကာလအတွင်း၌ ကျွန်မ၏ ခင်ပွန်းကို မည်မျှပင် စိုးရိပ်ပူပန်၍ လွမ်းဆွတ်နေပါစေ၊ အပြင်ပန်းအရ တည်ငြိမ်၍ ဣန္ဒြေရအောင် ကျွန်မ ကြိုးစား နေထိုင်ခဲ့သည်။
သားကြီး၏ မျက်နှာကို တွေ့မြင်နေရလျှင် ကျွန်မ အတန်ငယ် စိတ်ချမ်းသာရာ ရနိုင်ပေမည်။ သို့ဖြင့် ယခင်က တစ်ခါမျှ မလုပ်ခဲ့ဖူးသော အလုပ်တစ်ခုကို ကျွန်မ လုပ်ဆောင်လိုက်သည်။ အပေါ်ထပ် အခန်းဆောင်ထဲမှ မိန်းမများအတွက် ရေနွေးကြမ်းအိုး ပြင်ဆင်ပေးသည့် တာဝန်ကို ရယူလိုက်ခြင်း ဖြစ်သည်။ ဤတာဝန်အရ တစ်နေ့လျှင် အပေါ်ထပ်နှင့် အောက်ထပ်ကို အကြိမ်ပေါင်းစွာ အတက်အဆင်း ပြုလုပ်နေရသည်။ အောက်ထပ်သို့ ရောက်လျှင် သားကြီး၏ စာအန်သံကို ကြားရနိုင်မည့် တစ်နေရာတွင် တိတ်တဆိတ် ထိုင်နေကာ သားကြီး၏ အသံကို နားစွင့်နေတတ်သည်။
“မိုး၊ မြေ၊ လူ” သားကြီးက ရွတ်ဆိုနေသည်။
“နေ၊ လ၊ ကြယ်။ မိုးက မြေကို မလွန်ဆန်နိုင်၊ မြေက လူကို မလွန်ဆန်နိုင်”
“ယောက်ျားလေးတိုင်းက ဒီစကားလုံးတွေကို အလွတ် ဆိုနိုင်တယ်ကွ။ မင်း သူတို့ရဲ့ အဓိပ္ပာယ်ကို သိလား” ဘကြီးတော်လူးက လေးနက်သောအသံဖြင့် မေးလိုက်သည်။
သားကြီးသည် အဖြေကို မှန်မှန်ကန်ကန် ဖြေနိုင်ပါမည်လောဟု သင် သံသယ ရှိနေပါသလား။ သံသယ မဝင်လိုက်ပါနှင့်။ ကျွန်မ ရှင်းပြပါရစေ။ အကယ်၍သာ သူသည် မေးခွန်းကို မှားယွင်း ဖြေဆိုခဲ့ပါမူ ဘကြီးတော်လူးက သူ၏ လက်ဖဝါးကို ဝါးခြမ်းပြားဖြင့် တစ်ချက် ရိုက်နှက်ပေလိမ့်မည်။ ထိုမေးခွန်းကို နောက်တစ်ရက် ထပ်မှားပါက ပြစ်ဒဏ်က နှစ်ဆတက်သွားပေမည်။
“မိုးကောင်းကင်က သင့်လျော်တဲ့ ရာသီဥတုကို ဖန်တီးပေးတယ်။ ဒါပေမယ့် မြေကြီးနဲ့သာ အလှမ်းကွာနေရင် အဲဒါက ဘာမှ သုံးစားလို့ မရတော့ဘူး” သားကြီးက ပြန်ဖြေသည်။
“တကယ်လို့ လူ့လုပ်အားရဲ့ အကူအညီသာ မရရင် မြေကြီးက ဘယ်လောက်ပဲ မြေဩဇာ ပြည့်ဝနေပါစေ၊ ဘာမှ အသုံးတည့်မှာ မဟုတ်ဘူး”
ရင်တွင်းမှ ဖြစ်ပေါ်လာသော ပီတိသောမနဿသည် မှောင်မိုက်နေသော အခန်းထောင့်ကို လင်းလက်လာစေသယောင်။ သို့သော် ဘကြီးတော်လူးသည် အဖြေမှန်တစ်ပုဒ် ကြားရရုံဖြင့် သင်ခန်းစာကို အဆုံးသတ်ပေးလိမ့်မည် မဟုတ်။
“သိပ်ကောင်းတယ်။ အခု ငါတို့ရဲ့ တိုင်းပြည်အကြောင်း ပြောကြရအောင်။ ကိုယ့်ရဲ့ မိသားစုကို စွမ်းရည်ပြည့်ဝလာအောင်၊ အားကောင်းလာအောင် လုပ်နိုင်မယ်ဆိုရင်၊ လောကနီတိကျမ်းထဲက ထုံးနည်းတွေကို လိုက်နာနိုင်မယ် ဆိုရင် အိမ်ထောင်စုတစ်စုဟာ တည်ငြိမ်ပြီး အေးချမ်းလာလိမ့်မယ်။ မိသားစုတိုင်း မိသားစုတိုင်းက ဒီနည်းအတိုင်းသာ လုပ်ဆောင်သွားနိုင်မယ်ဆိုရင် မြို့ရွာ ငြိမ်းချမ်းပြီး တိုင်းပြည်လည်း သာယာဝပြောလာလိမ့်မယ်။ ဒီသဘောတရားက သာမန် ပြည်သူတစ်ယောက် အတွက်လည်း မှန်သလို တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ရှင်ဘုရင်အတွက်လည်း ဒီသဘောတရားအတိုင်းပဲ။ ဒါပေမယ့် ပုန်ကန်မှုတစ်ခုက နောက်ထပ် ပုန်ကန်မှုတစ်ခုကို ထပ်ဆင့် မွေးဖွားပေးနိုင်တာကြောင့် မကြာခင်မှာပဲ တိုင်းပြည်ကြီးက ဖရိုဖရဲ ဖြစ်သွားနိုင်တယ်။ ကောင်လေး … မင်း မြဲမြဲ မှတ်ထားကွာ။ ငါတို့မိသားစုမှာ မြေတွေ ပိုင်ထားတယ်။ ငါ ဒီမှာ မရှိခင်တုန်းကတော့ မင်းအဘိုးက အဲဒါတွေကို အုပ်ချုပ်ပေးခဲ့တယ်။ ဒါပေမယ့် ငါ့မှာ ဘာအာဏာပါဝါမှ မရှိတော့ဘူး ဆိုတာကို လူတွေ သိနေကြပြီ။ ပုန်ကန်မှုတွေအကြောင်းကိုလည်း သူတို့ မြင်နေ၊ ကြားနေရတယ်။ ဒီတော့ ငါတို့တတွေ ကြပ်ကြပ် သတိထားနေမှ ဖြစ်မယ်”
သို့ရာတွင် သူ စိုးရွံ့နေခဲ့သော ကြောက်မက်ဖွယ် အဖြစ်အပျက်သည် ထိုက်ဖင်သူပုန်ထမှု အသွင်သဏ္ဌာန်မျိုးဖြင့် ရောက်ရှိလာခဲ့ခြင်း မဟုတ်ပေ။ ကျွန်မတို့၏ ဘဝများပေါ်သို့ အမှောင်ထု မဖုံးလွှမ်းခင် နောက်ဆုံး ကြားခဲ့ရသော သတင်းမှာ ရွှယ်ဟွား၏ မင်္ဂလာသတင်းပင် ဖြစ်သည်။ သူ၏ ဝမ်းကြာတိုက်တွင် နောက်တစ်ကြိမ် သန္ဓေ ခပြန်လေပြီ။ ကျွန်မသည် လက်ကိုင်ပဝါ တစ်ထည် ပေါ်တွင် ဇာပန်းထိုး၍ ကျန်းမာပျော်ရွှင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်သည်။ ထို့နောက် ပုလဲပြာ မြစ်ယဉ်ကြောမှ ခုန်ပျံမြူးထူးနေသော ငွေငါးတစ်ကောင်၏ ပုံဖြင့် အလှဆင်လိုက်သည်။ နွေရာသီအတွင်း ကိုယ်ဝန်ဆောင်သော သူတစ်ယောက်အတွက် ကြင်နာမှု အပေးနိုင်ဆုံးသော၊ ထို့အပြင် အေးမြကြည်လင်သော ပုံရိပ်တစ်ခု ဖြစ်သည်ဟု ကျွန်မ ယုံကြည်ထားသည်။
ထိုနှစ်၏ အပူလှိုင်းသည် ကျွန်မတို့ထံသို့ စောလျင်စွာ ရောက်ရှိလာခဲ့သည်။ မိဘအိမ်များသို့ ပြန်ရမည့်အရေးကလည်း စောလွန်းနေသေးသည်။ ထို့ကြောင့် ကျွန်မတို့ မိန်းမများနှင့် ကလေးများသည် အပေါ်ထပ် အခန်းဆောင်ထဲတွင်သာ အသာခွေလျက် အချိန်ကို စောင့်ပြီးရင်း စောင့်နေကြရသည်။ အပူချိန် ဆက်လက် မြင့်တက်လာသောအခါ ထုံးခိုနှင့် ရွာနီးချုပ်စပ်ရှိ ယောက်ျားများသည် ကလေးများကို မြစ်ရှိရာသို့ ခေါ်ဆောင်သွားကြပြီး ရေကစားခြင်းနှင့် ရေကူးခြင်းများ ပြုလုပ်ကြသည်။ ၎င်းမြစ်မှာ ကျွန်မ ငယ်ဘဝက ခြေထောက်စိမ်ခဲ့သော မြစ်ပင် ဖြစ်သည်။ ထို့ကြောင့် ကျွန်မ၏ ယောက္ခမနှင့် မတ်များက ကလေးများကို မြစ်ရှိရာသို့ ခေါ်သွားပေးမည်ဟု ပြောဆိုလာသည့်အခါတွင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရသည်။ ရွာရှိ ရေတွင်းများတွင် ပိုးကျထားသောကြောင့် သုံးမရနိုင်လောက်အောင် နံဟောင်နေသည်။ ထို့ကြောင့် ခြေကြီးမများသည် ၎င်းမြစ်၌ပင်လျှင် အဝတ်လျှော်ခြင်းနှင့် သောက်ရေသုံးရေ ခပ်ခြင်းများကို ပြုလုပ်နေကြရတော့သည်။
ပထမဆုံးသော အူရောင်ငန်းဖျား ရောဂါသည်ကို ခရိုင်၏ အကောင်းဆုံး ကျေးရွာဖြစ်သော ကျွန်မတို့၏ ထုံးခိုတွင် စတင် တွေ့ရှိခဲ့ရသည်။ ကျွန်မတို့၏ သီးစားလယ်သမားတစ်ဦး၏ သားကြီးရတနာကို အလဲထိုးသွားခဲ့ပြီးနောက် တစ်မိသားစုလုံးထံသို့ ပျံ့နှံ့ကာ အကုန်လုံးကို သေမင်းထံသို့ ခေါ်ငင်သွားခဲ့သည်။ ရောဂါလက္ခဏာသည် ကိုယ်ပူခြင်းဖြင့် စတင်ပြီး နောက်မှ အကြီးအကျယ် ခေါင်းကိုက်လာတော့သည်။ ထို့နောက်တွင် ဝမ်းဗိုက်ထဲ မအီမသာ ဖြစ်လာတော့သည်။ တစ်ခါတစ်ရံတွင် ချောင်းခြောက် ဆိုးခြင်းသော်လည်းကောင်း၊ အင်ပျဉ် အနီကွက်ထခြင်းသော်လည်းကောင်း ဆက်လက် ဖြစ်ပေါ်လာတတ်သည်။ သို့သော် ဝမ်းလျှောဝမ်းပျက် ဖြစ်လာသည်နှင့် တစ်ပြိုင်နက် နာရီပိုင်းအတွင်းမှာပင် ဇီဝိန်ချုပ်သွားတော့သည်။ ကလေးတစ်ယောက် ဖျားနာနေသည်ဟု သတင်းကြားလျှင် ကြားချင်း မည်သို့ ဆက်လက် ဖြစ်ပွားလာတော့မည်ကို ကျွန်မတို့ ကြိုတင် သိရှိနေကြသည်။ ပထမဆုံးအနေဖြင့် ထိုကလေး သေဆုံးလိမ့်မည်။ ထို့နောက် အခြားသော ညီအစ်ကိုမောင်နှမများ၊ ထို့နောက် အမေ၊ ထို့နောက် အဖေ။ ဖျားနာနေသော ကလေးငယ်ကို စွန့်ခွာမသွားနိုင်သော မိခင်တစ်ယောက်နှင့် သေအံ့မူးမူး ဖြစ်စေသော ဇနီးသည်ကို ပစ်မထားရက်နိုင်သော လင်ယောက်ျားတစ်ယောက်။ ထိုသို့သော အဖြစ်အပျက်မျိုးကို ကျွန်မတို့ ထပ်ခါ ထပ်ခါ ကြားနေခဲ့ရသည်။ မကြာခင်မှာပင် ခရိုင်အတွင်းရှိ ကျေးရွာများအားလုံး၌ အလောင်းများ ပုံထပ်လာတော့သည်။
လူးမိသားစုသည် ရွာသူရွာသားများနှင့် အဆက်အသွယ် ဖြတ်ကာ အိမ်တံခါးများကို လုံးဝ ပိတ်ထားလိုက်ကြသည်။ အိမ်စေများလည်း ပျောက်ကွယ်ကုန်သည်။ ယောက္ခမ-အဖေက အဝေးသို့ ပို့လွှတ်လိုက်ခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ အကြောက်လွန်၍ ထွက်ပြေးကြခြင်းလည်း ဖြစ်နိုင်ပေလိမ့်မည်။ ယနေ့အချိန်ထိ ထိုကိစ္စကို ဂဃနဏ မသိရှိသေးပါ။ အိမ်ရှိ မိန်းမများသည် သူတို့၏ ကလေးများကို ခေါ်လျက် အပေါ်ထပ် အခန်းဆောင်ထဲ၌ စုဝေးနေကြသည်။ ဤအခန်းက ထူးထူးခြားခြား လုံခြုံနေသည့်အလား။ တတိယ လင်ညီမ၏ သားငယ်တွင် ရောဂါလက္ခဏာကို ပထမဆုံး တွေ့ရှိလာရသည်။ ကလေး၏ နဖူးက ကျစ်ကျစ်တောက် ပူနေသည်။ ပါးပြင်က ရဲမှည့်နေသည်။ ထိုအချင်းအရာကို မြင်လိုက်ရသည်နှင့် ကျွန်မ၏ ကလေးများကို ကျွန်မ၏ အိပ်ခန်းထဲသို့ ခေါ်ဆောင်သွားတော့သည်။ ကျွန်မ၏ သားကြီးကိုလည်း ကျွန်မထံသို့ ပြန်ခေါ်ထားလိုက်သည်။ ထုံးစံအရဆိုလျှင် အိမ်တွင် လင်ယောက်ျား မရှိသောကြောင့် ကျွန်မသည် သားကြီး၏ ဆန္ဒကို လေးစားလိုက်နာရမည့် ဝတ္တရား ရှိသည်။ သို့သော် သူ့ကို ရွေးချယ်ခွင့် ပေး၍ မဖြစ်။
“မာမားတစ်ယောက်တည်းပဲ ဒီအခန်းထဲကနေ ထွက်ခွင့်ရှိတယ်” ကျွန်မ၏ ကလေးများကို ရာဇသံပေးထားသည်။
“မာမား ဒီအခန်းထဲမှာ မရှိရင် တာ့ကောရဲ့ စကားကို အားလုံးက နားထောင်ရမယ်။ တာ့ကော ဘာပြောပြော၊ လုံးဝ နားထောင်ကြရမယ်နော်”
ကြောက်စရာကောင်းသော ထိုကာလအတွင်း၌ ကျွန်မသည် မနက်တစ်ကြိမ်၊ ညတစ်ကြိမ်သာ အိပ်ခန်းထဲမှ အပြင်ထွက်သည်။ ဤသို့သော ကပ်ရောဂါသည် အချိန်တန်လျှင် သူ့အလိုလို ပျောက်ကွယ်သွားနိုင်သည်ကို ကျွန်မ သိထားသည်။ အခန်းတွင်းမှ မစင်အိုးများကို ကျွန်မကိုယ်တိုင် ဂရုတစိုက် ထွက်သွန်လေ့ရှိသည်။ ကျွန်မလက်များ၊ ခြေထောက်များ၊ အဝတ်အစားများနှင့် အိုးများကို ပြင်ပ အရာဝတ္ထုများနှင့် မထိမတို့မိစေရန် အထူးသတိထား ကိုင်တွယ်ရသည်။ ရေတွင်းမှ ငန်ငြိငြိရေကို ကိုယ်တိုင်ငင်ပြီး ကျိုချက်ကာ သန့်နိုင်သမျှ သန့်အောင် စစ်ယူထားသည်။ အစားအသောက်များကို ကျွန်မ စိုးရိမ်မိသည်။ သို့သော်လည်း ဘာမျှ မတတ်နိုင်။ ကျွန်မတို့ မစားဘဲလည်း အသက်ရှင်နိုင်မည် မဟုတ်။ ဘာလုပ်ရမည်မှန်း မသိနိုင်အောင် ဝေခွဲမရ ဖြစ်နေခဲ့သည်။ ခြံထွက် သီးနှံများကို မချက်မပြုတ်ဘဲ အစိမ်းအတိုင်း စားသင့်ပါ၏လော။ သို့သော် ကျွန်မတို့၏ စိုက်ခင်းများထဲတွင် အသုံးပြုသည့် မစင်မြေဩဇာများနှင့် လူထောင်ပေါင်းများစွာအပေါ် နေ့ချင်းညချင်း ပျံ့နှံ့သွားသော ဖျားနာမှုကို ဆက်စပ် တွေးကြည့်လိုက်မိသည့်အခါတွင် အစိမ်းအတိုင်း စားသုံးရန် မသင့်ကြောင်း ရိပ်စားမိလာသည်။ ငယ်စဉ်အခါ နေမကောင်းဖြစ်စဉ်က မာမား ချက်ပြုတ်ပေးလေ့ ရှိသော အရာကို ပြန်လည် သတိရလာသည်။ ဆန်ပြုတ်။ သို့ဖြင့် တစ်နေ့လျှင်နှစ်ကြိမ် ဆန်ပြုတ်တည်တော့သည်။
ကျန်သည့်အချိန်များတွင် ကျွန်မတို့သည် အခန်းတွင်း၌သာ အောင်းနေကြသည်။ နေ့ခင်းပိုင်း၌ ဟိုဒီသွားလာနေကြသော လူသံများကို ကျွန်မတို့ ကြားနေရသည်။ ညအချိန်၌မူ ဝေဒနာကြောင့် ညည်းညူ အော်ဟစ်နေသံများနှင့် ဝမ်းနည်းပူဆွေးနေသော မိခင်တို့၏ ငိုကြွေးသံများသာ ကျွန်မတို့ထံသို့ ပျံ့လွင့်လာသည်။ နံနက်ခင်းအချိန်၌ ကျွန်မသည် တံခါးနားရပ်လျက် နားစွင့်ကာ သတင်းပလင်း နားထောင်တတ်သည်။ မည်သူဖြင့် ဘယ်အချိန်က သေသွားရှာပြီ ဟူသည့် သတင်းမျိုး။ မိမိကိုယ်ကိုယ်မှလွဲ၍ မည်သူကမျှ စောင့်ရှောက်မည့်သူ မရှိကြရှာသော မယားငယ်များသည် အထီးကျန်စွာ၊ သောကကြီးစွာဖြင့် တစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်ကြသည်။
ရွှယ်ဟွားနှင့် ကျွန်မ၏ ခင်ပွန်းတို့အတွက် နေ့နေ့ညည စိုးရိမ်ပူပန်နေမိသည်။ ကျွန်မနည်းတူ သူရော ကိုယ့်ကိုယ်ကိုယ် လုံခြုံအောင် စောင့်ရှောက်နိုင်ပါ၏လော။ သူ နေရော ကောင်းပါ၏လော။ သေများ သေသွားပြီလား။ သူ၏ သနားစရာ သားကြီးခမျာ ဤတောင်ကို ကျော်နိုင်ပါမည်လော။ သူတို့ တစ်မိသားစုလုံး ပျက်စီးသွားကြပြီလော။ ကျွန်မ၏ ခင်ပွန်းရော အဆင်ပြေပါ၏လော။ တခြားပြည်နယ်ထဲတွင် သို့မဟုတ် လမ်းပေါ်တွင် ဒုက္ခတွေ့နေပြီလော။ သူတို့နှစ်ယောက်ထဲမှ တစ်ယောက်ယောက်အပေါ်၌ တစ်စုံတစ်ရာ ဖြစ်ပွားလာခဲ့လျှင် ဘာဆက်လုပ်ရမည်မှန်း ကျွန်မ သိနိုင်မည် မဟုတ်ပေ။ ကြောက်ရွံ့ထိတ်လန့်မှု၏ တတိတိ ဝါးမျိုစားသောက်ခြင်းကို ကျွန်မ ခံနေရသည်။
ကျွန်မ၏ အိပ်ခန်းတွင် ပြတင်းပေါက်တစ်ပေါက် ပါရှိသည်။ သို့သော် ကျွန်မအတွက် မြင့်လွန်းနေသောကြောင့် အပြင်သို့ လှမ်းကြည့်ရန် မဖြစ်နိုင်ပေ။ ပြင်ပမှ လူသေကောင်တို့၏ အပုပ်နံ့များသည် စိုစွတ်သော လေထုထဲတွင် ရောနှောပျံ့ဝင်နေကြသည်။ ကျွန်မတို့၏ နှာခေါင်းနှင့် ပါးစပ်များကို ပိတ်ထားသော်လည်း ၎င်းအနံ့များကို ရှောင်လွှဲ၍ မရခဲ့။ မသတီစရာ ဆိုးရွာသော အနံ့အသက်များက ကျွန်မတို့၏ မျက်လုံးများနှင့် လျှာများကို ထိုးဆွနေကြသည်။ တစ်နေ့အတွင်း မဖြစ်မနေ လုပ်ရမည့် အလုပ်များကို ဦးနှောက်ထဲ၌ ကျွန်မ တေးမှတ်ထားသည်။ ကွမ်ရင်မယ်တော်ကို မကြာမကြာ ရှိခိုးပူဇော်ရမည်။ ကလေးများကို ကြက်သွေးရောင် အဝတ်စဖြင့် လုံခြုံအောင် ထုပ်ထားရမည်။ သားကောင်ရှာနေသော သရဲတစ္ဆေများကို ခြောက်လှန့်ရန်အတွက် အိပ်ခန်းကို တစ်နေ့သုံးကြိမ် တံမြက်စည်းလှည်းရမည်။ ကျွန်မတို့ ရှောင်ကြဉ်ရမည့် အစားအစာများကိုလည်း စာရင်းလုပ်ထားသည်။ ကြော်လှော်ထားသော အစားအစာများနှင့် ဆီပူထိုးထားသော အစားအစာများ။ အကယ်၍သာ မိမိ၏ ခင်ပွန်းသည် အိမ်တွင် ရှိနေပါလျှင် မေထုန်မှုကို ရှောင်ကြဉ်ရမည်။ သို့သော် သူ အိမ်မှာ မရှိသောကြောင့် ကျွန်မတစ်ယောက်တည်း နိုးနိုးကြားကြား နေနေရုံသာ။
တစ်နေ့ ဆန်ပြုတ်ကြိုနေစဉ် ကျွန်မ၏ ယောက္ခမသည် ကြက်သေတစ်ကောင်ကို လက်ချောင်းများတွင် တွဲလဲဆွဲလျက် မီးဖိုချောင်ထဲသို့ ဝင်ရောက်လာသည်။
“ဒီကောင်တွေကို ဒီအတိုင်း အလဟဿ ပစ်ထားလို့ မဖြစ်ဘူး” သူက ခပ်ပြတ်ပြတ် ပြောလာသည်။ ကြက်နှင့် ကြက်သွန်ဖြူကို တုံးတစ်ပြီးနောက် သူက စကားဆိုပြန်သည်။
“အသားနဲ့ ဟင်းသီးဟင်းရွက် မစားရရင် ညည်းကလေးတွေက ကပ်ရောဂါကြောင့် မသေဘဲ အာဟာရချို့တဲ့ပြီး သေကုန်ကြလိမ့်မယ်”
ကြက်ကို ကျွန်မ ငေးကြည့်နေမိသည်။ ကျွန်မ၏ ခံတွင်း၌ သွားရည်များ ယိုစီးကျလာကာ အစာအိမ်ကလည်း တဂွီဂွီနှင့် ဆန္ဒပြလာသည်။ သို့သော် အိမ်ထောင်သည်ဘဝ တစ်လျှောက်လုံးတွင် ပထမဆုံးအကြိမ်အဖြစ် ကျွန်မသည် သူ့စကားကို မကြားချင်ယောင် ဆောင်လိုက်ရသည်။ ကျွန်မ ဘာမျှ ခွန်းတုံ့မပြန်တော့။ ပန်းကန်လုံးများထဲသို့ ဆန်ပြုတ်များ လောင်းထည့်ကာ လင်ပန်းပေါ်သို့ အစီအရီ ကောက်တင်လိုက်သည်။ ကျွန်မ၏ အိပ်ခန်းသို့ ပြန်သွားစဉ် ဘကြီးတော်လူး၏ အခန်းရှေ့၌ ခဏရပ်၍ တံခါးခေါက်ပြီးနောက် သူ့အတွက် ဆန်ပြုတ်တစ်ပန်းကန် ချန်ထားပေးလိုက်သည်။ ထို့သို့ ပြုလုပ်ပေးရမည့်တာဝန် ကျွန်မ၌ ရှိနေသည်။ သူသည် ဤမိသားစုကြီးတစ်ခုလုံးတွင် အသက်အကြီးဆုံးနှင့် အလေးစားခံရဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည့်အပြင် သားကြီး၏ ဆရာသမားလည်း ဖြစ်နေသေးသည်။ အနန္တောအနန္တ ငါးပါးထဲ၌ ဆရာသည် မိဘ၏ အနောက်ကပ်လျက်တွင် တည်ရှိနေသည်။ သားသမီးတို့အတွက် မိဘ၏ ကျေးဇူးသည် ပထမဟု ဆိုရပါလျှင် ဆရာ၏ ကျေးဇူးသည် ဒုတိယလိုက်ရပေမည်။
တခြားသော ဆန်ပြုတ်ပန်းကန်များကို ကလေးများဆီသို့ သယ်ယူသွားလိုက်သည်။ ဆန်ပြုတ်မှာ ဗလာဆန်ပြုတ်ဖြစ်သောကြောင့် ကြက်သွန်မြိတ်ကိုလည်း မတွေ့ရ၊ အသားဖတ်လည်း မတွေ့ရ၊ တခြားသော အခြောက်ခံ ဟင်းသီးဟင်းရွက်လည်း တွေ့ရမည် မဟုတ်ပေ။ ထိုအခြေအနေကို သည်းမခံနိုင်တော့သောကြောင့် ယွိအော်က ကကျည်ကကြောင်လုပ်ကာ ဆန္ဒပြလေသည်။ ကျွန်မသည် သူ့ပါးကို တစ်ချက် ဖြတ်ရိုက်လိုက်ရသည်။ ဤသို့ဖြင့် တခြားသော ကလေးများခမျာ သူတို့၏ ခံစားချက်များကို မျိုသိပ်ထားရတော့သည်။ ယွိအော်ကမူ အောက်နှုတ်ခမ်းကို တင်းတင်းကိုက်ထားလျက် မျက်ရည်မကျအောင် ထိန်းချုပ်ထားသည်။ ကျွန်မသည် သူတို့၏ အပြုအမူများကို ပေယျာလကန်ပြုကာ တံမြက်စည်းကိုင်လျက် အခန်းတွင်း လှည်းကျင်းနေလိုက်သည်။
ရက်များစွာ ကုန်လွန်သွားခဲ့သည်။ ကျွန်မတို့၏ အခန်းတွင်း၌ မည်သူမျှ ရောဂါကူးစက်ခံရခြင်း မရှိချေ။ သို့သော် ပိုမို လွန်ကဲလာသော အပူဒဏ်ကြောင့် အသေကောင်တို့၏ အပုပ်နံ့မှာ ယခင်ထက် ပိုမို ဆိုးရွားလာလေသည်။ တစ်ညနေ မီးဖိုချောင်သို့ ရောက်သောအခါတွင် အခန်း၏ အလယ်ခေါင် အမှောင်ထုထဲ၌ ကျောက်တိုင်တစ်တိုင်ကဲ့သို့ မလှုပ်မယှက် ရပ်နေသော တတိယ လင်ညီမကို တွေ့လိုက်ရသည်။ တစ်ကိုယ်လုံးတွင်လည်း ခေါင်းအစမှ ခြေအဆုံးထိ နာရေးဝတ်ရုံဖြူကို ဝတ်ဆင်ထားသည်။ သူ၏ အသွင်သဏ္ဌာန်ကို ကြည့်ခြင်းအားဖြင့် သူ၏ ကလေးများနှင့် ခင်ပွန်းတို့ သေဆုံးကုန်ကြပြီ ဖြစ်ကြောင်း ကျွန်မ ခန့်မှန်းလိုက်မိသည်။ အသက်မဲ့နေသော၊ ဟာလာဟင်းလင်း ဖြစ်နေသော သူ၏ ကျိုးတိုးကြောင်တောင် အကြည့်ကြောင့် ကျွန်မ၏ ကိုယ်ကာယသည် နေရာတွင် မလှုပ်မယှက်နိုင်အောင် တောင့်တင်းသွားသည်။ သူက တုတ်တုတ်မျှ မလှုပ်ပေ။ သူ၏ တစ်မီတာအကွာ ရပ်နေသော ကျွန်မကိုလည်း သတိထားမိပုံမရ။ ကျွန်မရင်ထဲ ထိတ်လန့်ကြောက်ရွံ့ကာ ရှေ့တိုးရကောင်းနိုးနိုး၊ နောက်ဆုတ်ရကောင်းနိုးနိုး ဖြစ်နေတော့သည်။ အိမ်အပြင်ဘက်မှ ညဉ့်ငှက်တို့၏ ငှက်ဆိုးထိုးသံများနှင့် ကျွဲညည်းသံ သဲ့သဲ့ကို ကြားနေရသည်။ ထိုစဉ် ကျွန်မ၏ ဦးနှောက်ထဲသို့ ရူးမိုက်သော အတွေးတစ်ခု ဖြတ်ဝင်လာသည်။ တိရစ္ဆာန်များ အဘယ်ကြောင့် မသေဆုံးကြရသနည်း။ သို့တည်းမဟုတ် သူတို့ တစွတ်စွတ် သေနေသည့် သတင်းကို ကျွန်မတို့ထံသို့ မည်သူကမျှ လာမပြောပြခြင်းပေလော။
“သောက်သုံးမကျတဲ့ ဝက်မကျတော့ သေမသေနိုင်ဘူး” ကြမ်းတမ်းခက်ထန်သော အသံတစ်သံသည် ကျွန်မ၏ နောက်ကျောဘက်မှ ထွက်ပေါ်လာသည်။
တတိယ လင်ညီမက မျက်တောင်ပင် မခတ်။ သို့သော် ကျွန်မသည် အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည်။ ကျွန်မတို့၏ ယောက္ခမ။ သူ၏ ဆံပင်များသည် ဖားလျားကျလျက် မျက်နှာအနီးတွင် ဝေ့ဝဲနေကြသည်။
“နင့်လို ဟာမမျိုးကို ငါတို့အိမ်ထဲ ခေါ်သွင်းလာခဲ့ဖို့ မကောင်းဘူး။ နင်က ငါတို့ လူးမိသားစုကို ဖျက်ဆီးနေတာပဲ။ သောက်ကျင့်မကောင်းတဲ့ အရိုင်းအစိုင်းဝက်မ”
ယောက္ခမသည် လင်ညီမ၏ မျက်နှာပေါ်သို့ တံတွေးထွေးထုတ်လိုက်သည်။ မျက်နှာပေါ်မှ တံတွေးကို သုတ်ပစ်ရန်ပင် သူ့ခမျာ စိတ်ဝင်စားပုံ မရပေ။
“နင့်လိုကောင်မမျိုး မြန်မြန် သေလိုက်ဖို့ပဲ ကောင်းတယ်” ယောက္ခမကြီးသည် ပူဆွေးမှုနှင့် ဒေါသတို့ ပေါင်းစပ်ထားသော နီးမြန်နေသည့် မျက်နှာဖြင့် ကျိန်ဆဲနေလေသည်။
“တကယ်လို့ မသေသေးဘူး ဆိုရင်လည်း … ကွမ်ရင်မယ်တော်ဘုရား၊ ကျေးဇူးပြုပြီး သူ့ကို ဝဋ်လည်အောင် လုပ်ပေးတော်မူပါ။ ဆောင်းဝင်တာနဲ့ လူးလောင်ရဲကတော့ နင့်ကို တခြားလူဆီ ပေးပစ်မှာပဲ။ ဒါပေမယ့် ငါသာ ငါ့နည်းငါ့ဟန်နဲ့ လုပ်ပိုင်ခွင့် ရမယ်ဆိုရင် နင့်ကို နေ့ကူးအောင်တောင် ထားနေမှာ မဟုတ်ဘူး”
ဤသို့ပြောဆိုပြီးနောက် ယောက္ခမကြီးသည် နံရံကို အမှီပြုလျက် မီးဖိုချောင် အပြင်သို့ ချာကနဲ လှည့်ထွက်သွားလေတော့သည်။ အခန်းထဲ၌ ရပ်နေသော ကျွန်မကို စိုးစဉ်းမျှ သတိထားမိပုံ မရပေ။ လင်ညီမဘက်သို့ ကျွန်မ လှည့်ကြည့်လိုက်ပြန်သည်။ ဝိညာဉ်မဲ့နေသော လူတစ်ယောက်ကဲ့သို့ နေရာတွင် ငူငူကြီး ရပ်လျက်ပင် ရှိနေသေးသည်။ ဤကိစ္စတွင် ဝင်ပါရန် မသင့်ကြောင်း ကျွန်မ သိပါသည်။ သို့ရာတွင် ကျွန်မသည် သူ့အနားသို့ တိုးကပ်သွားပြီး သူ့ကို ပွေ့ဖက်ကာ ထိုင်ခုံရှိရာသို့ ဆွဲခေါ်သွားလိုက်သည်။ ကျွန်မသည် ရေနွေးတစ်အိုး တည်လိုက်ပြီးနောက် အနီးမှ ရှာတွေ့သော ရေဇလုံထဲတွင် အဝတ်စကို ရေစွတ်ကာ သူ့မျက်နှာကို သန့်စင်ပေးလိုက်သည်။ ထို့နောက် ၎င်းအဝတ်စကို မီးဖိုထဲသို့ ပစ်ထည့်ကာ မီးရှို့ပစ်လိုက်သည်။ ရေနွေးဆူသည်နှင့် တစ်ပြိုင်နက် ရေနွေးကြမ်းတစ်အိုး ခတ်ကာ သူ့အတွက် ရေနွေးကြမ်းတစ်ခွက် ငှဲ့ပေးလိုက်သည်။ သူ့အရှေ့တွင် ချပေးထားသော အကြမ်းပန်းကန်ကို သူ ကိုင်၍ပင် မကြည့်ခဲ့ပါ။ ယခုထက်လည်း ကျွန်မ ဘာမျှ မလုပ်တတ်တော့။ သို့ဖြင့် ဆန်ပြုတ်အိုးကို မီးဖိုပေါ်သို့ တင်ကာ ချိုးမကပ်စေရန် ယောင်းမဖြင့် အသာအယာ မွှေနေလိုက်တော့သည်။
“ငါ့ကလေးတွေရဲ့ ငိုရှိုက်သံကို ကြားရဖို့ ငါ ကြိုးစားနေတာ။ ငါ့ယောက်ျားကိုလည်း တွေ့ရနိုးနိုးနဲ့ နေရာတကာ လိုက်ရှာကြည့်သေးတယ်” လင်ညီမ၏ တီးတိုးရေရွတ်သံကို ကြားရသောကြောင့် သူ့ကို လှည့်ကြည့်လိုက်သည်။ ကျွန်မကို ပြောနေသလားပေါ့။ ကျွန်မ အထင်မှားနေခြင်း ဖြစ်ကြောင်း ကြောင်တောင်ငေးနေသော သူ့မျက်လုံးများက ဖော်ပြနေကြသည်။
“တကယ်လို့ ငါသာ နောက်အိမ်ထောင် ပြုလိုက်ရင် တမလွန်မှာ ငါ့ယောက်ျားနဲ့ ကလေးတွေကို ဘယ်လိုလုပ် ပြန်ဆုံနိုင်ပါတော့မလဲ”
သူ့ကို နှစ်သိမ့်ပေးရန်အတွက် စကားလုံး ရှာမတွေ့ခဲ့ပါ။ သူ၏ အရိပ်ခိုရာ၊ မှီခိုအားထားရာ အစောင့်အရှောက်သည် သူ့ကို စွန့်ခွာသွားခဲ့ပြီ။ သူသည် မတ်တတ်ထရပ်ကာ မီးဖိုချောင်ထဲမှ လှုပ်လီလှုပ်လဲ့ ထွက်ခွာသွားတော့သည်။ မီးပုံးလွှတ်ပွဲတော်အတွင်း၌ လွှတ်တင်လိုက်သော မီးပုံးတစ်ခုကဲ့သို့ ဘယ်ညာယိမ်းကာ အဝေးသို့ လွင့်မျောသွားလေတော့သည်။ ကျွန်မလည်း ဆန်ပြုတ်အိုးကို ပြန်မွှေနေလိုက်သည်။
နောက်တစ်နေ့ နံနက်ခင်း အိမ်အောက်ထပ်သို့ ရောက်သည့်အခါတွင် တစ်စုံတစ်ရာ ပြောင်းလဲနေသည်ကို ကျွန်မ သတိထားမိလိုက်သည်။ ယုံကမ်းနှင့် တခြားအိမ်စေနှစ်ယောက် ပြန်ရောက်လာကာ မီးဖိုချောင်ကို သန့်ရှင်းရေး လုပ်နေကြသည်။ ထင်းချောင်းများကို စုပုံနေကြသည်။ ယုံကမ်းက ကျွန်မကို သတင်းပို့သည်။ ယနေ့နံနက် ခပ်စောစောအချိန်တွင် တတိယ လင်ညီမသည် ဆပ်ပြာဆီသောက်၍ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားပြီ ဖြစ်ကြောင်း ပြောပြသည်။ အကယ်၍သာ သူသည် သူ၏ အစီအစဉ်ကို နောက်ထပ် နာရီအနည်းငယ်မျှ ရွှေ့ဆိုင်းထားခဲ့ပါလျှင် မည်သို့ ဖြစ်ပျက်လာလိမ့်မည်နည်းဟု ကျွန်မ မကြာခဏ စဉ်းစားကြည့်နေမိသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်မ၏ ယောက္ခမသည် နေ့လယ် ထမင်းစားချိန်တွင် အဖျားတက်၍ မူးမေ့သွားသောကြောင့် ဖြစ်သည်။ သူ့ချွေးမကို မှိုချိုးမျှစ်ချိုး မပြောခင် ညကတည်းက သူ ဖျားနာခဲ့တာပဲ ဖြစ်မည်။
ယခု ကျွန်မ အကျပ်တွေ့နေရပြီ။ တစ်ခုခုကို ပြတ်ပြတ်သားသား ဆုံးဖြတ်ရပေတော့မည်။ ကျွန်မ၏ ကလေးများကို ဘေးရန်ကင်းအောင် အိပ်ခန်းတွင်း ထိန်းသိမ်းထားနိုင်သော်လည်း ကျွန်မသည် ချွေးမတစ်ယောက်အနေဖြင့် မိမိခင်ပွန်း၏ မိဘများကို ပြုစုစောင့်ရှောက်ပေးရန် တာဝန် ရှိနေသည်။ ဤတာဝန်သည် သူ့တို့ကို ရေပူရေအေး ကမ်းလှမ်းပေးနေရုံနှင့် မပြီးသေး။ သူတို့၏ အဝတ်အစားများကို လျှော်ဖွပ်ပေးရုံ၊ သူတို့၏ ပြစ်တင်ဝေဖန်သံများကို အပြုံးဖြင့် တုံ့ပြန်တတ်ရုံနှင့် မပြီးသေးပေ။ သူတို့ကို ပြုစုစောင့်ရှောက်ခြင်း ဟူသည် သူတို့ကို လူတကာ၏ အထက်တွင် ထား၍ ကိုးကွယ် ပသထားရမည်ဟု ဆိုလိုသည်။ ကျွန်မ၏ မိဘများ၊ ကျွန်မ၏ လင်ယောက်ျား၊ ကျွန်မ၏ သားသမီးများ အားလုံးထက် သာလွန်၍ ဦးတင်ထားရမည်။ အိမ်တွင် လင်ယောက်ျား မရှိသောကြောင့် လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ဆောင်နိုင်ရန်အတွက် ကပ်ရောဂါအပေါ် ထားရှိသော ကျွန်မ၏ ကြောက်စိတ်ကို မေ့ဖျောက်ထားရပေတော့မည်။ ကျွန်မ၏ သားသမီးများအပေါ် ထားရှိသော ခံစားချက်များကို နှလုံးသားထဲမှ နှင်ထုတ်ထားရပေတော့မည်။ အကယ်၍ ကျွန်မ မလုပ်ဆောင်ခဲ့သည် ရှိသော်၊ အကယ်၍ ယောက္ခမ ဆုံးပါးသွားခဲ့သည် ရှိသော် ကျွန်မသည် ခေါင်းမဖော်ဝံ့လောက်အောင် အရှက်တကွဲ အကျိုးနည်းရပေတော့မည်။
သို့သော် ကျွန်မ၏ ကလေးများကို လွယ်လွယ်နှင့် စွန့်လွှတ်၍ မဖြစ်။ တခြားသော လင်ညီမများသည် သူတို့၏ မိသားစုနှင့်အတူ သူတို့၏ အခန်းများထဲ၌ နေထိုင်နေကြသည်။ သူတို့၏ အခန်းများထဲတွင် မည်သို့ ဖြစ်ပျက်နေကြသည်ကို ကျွန်မ မသိနိုင်ပါ။ သူတို့ ဖျားနာကောင်း ဖျားနာနေကြမည်။ သူတို့ သေဆုံးကောင်း သေဆုံးနေကြမည်။ ကျွန်မ၏ ကလေးများကို ယောက္ခမ-အဖေ၏ လက်အတွင်းသို့ ထိုးအပ်၍ မဖြစ်သေး။ ကျွန်မ သူ့ကို မယုံ။ သူသည် ယမန်နေ့ညက သူ့ဇနီးနှင့် အတူတူ ရှိနေခဲ့သလော။ ဖျားနာလာမည့် နောက်ဝေဒနာရှင်တစ်ဦးမှာ သူ မဖြစ်နိုင်ဘူးလော။ ထို့အပြင် ရောဂန္တရကပ် စတင်ကတည်းက ကျွန်မသည် ဘကြီးတော်လူးကို တစ်ခါမျှ လူချင်း မတွေ့ဖြစ်တော့ပါ။ ဆန်ပြုတ်ကို မနက်ညတစ်ကြိမ်စီ သူ့အခန်းရှေ့ ချပေးထားကာ အချိန်တန်လျှင် သူ့သောက်ပြီးသား ပန်းကန်လွတ်ကို ပြန်သိမ်းပေးရုံမျှသာ သူနှင့် ဆက်ဆံဖြစ်ခဲ့သည်။
ကျွန်မသည် မီးဖိုချောင်ထဲတွင် ထိုင်ကာ လက်ချောင်းများကို ဆော့ကစားလျက် ဗျာများနေသည်။ ယုံကမ်းသည် ကျွန်မအရှေ့သို့ ရောက်လာပြီး ဒူးထောက်ချကာ စကားဆိုလာသည်။
“ကလေးတွေကို ကျွန်မ စောင့်ရှောက်ပေးပါ့မယ်”
ယုံကမ်းသည် ကျွန်မ၏ လက်ကို တွဲလျက် မင်္ဂလာဆောင်ပြီး နောက်တစ်ရက်တွင် ရွှယ်ဟွား၏ အိမ်သို့ လိုက်ပို့ပေးခဲ့သည်။ မီးတွင်းကာလ၌ ကျွန်မကို လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ပေးခဲ့သည်။ ကျွန်မအပေါ် သစ္စာရှိစွာဖြင့် ကျွန်မ၏ လောင်ထုံးထံသို့ စာများ ပို့ပေးခဲ့သည်။ ထိုသို့သော အမှုကိစ္စများကို ကျွန်မအတွက် လုပ်ဆောင်ပေးနေရင်းနှင့်ပင် သူသည် ကျွန်မ၏ မျက်စိအောက်၌ ဆယ်နှစ်သမီးအရွယ် ကလေးမလေးတစ်ယောက် ဘဝမှ ၂၄ နှစ်အရွယ် ခြေကြီးမ မိန်းမပျိုတစ်ယောက်အဖြစ်သို့ ကြီးပြင်း ရောက်ရှိလာခဲ့သည်။ ကျွန်မအမြင်၌ သူသည် အကျည်းတန်သော မိန်းမငယ်တစ်ယောက် ဖြစ်သည် မှန်သော်လည်း သူ့တွင် အဖျားအနာ မရှိ၊ ကျန်းမာပကတိ အကောင်းအတိုင်း ရှိနေသည်ကိုတော့ ကျွန်မ သိသည်။ ကျွန်မ၏ ကလေးများကို သူ၏ သားသမီး အရင်းချာကဲ့သို့ ပြုစုစောင့်ရှောက် ပေးလိမ့်မည်ကိုလည်း ကျွန်မ သိနေသည်။
ကလေးများအတွက် အစားအသောက်နှင့် ရေကို မည်သို့ ပြင်ဆင်ပေးရမည် ဖြစ်ကြောင်း အတိအကျ ညွှန်ကြားပြီးနောက် သက်စောင့်အလို့ငှာ သူ့ကို ဓားတစ်ချောင်း ပေးလိုက်သည်။ တခြားလူ မဝင်အောင် တံခါးစောင့်ရမည် ဖြစ်သောကြောင့် မထင်မှတ်သော အခြေအနေများ ဖြစ်ပေါ်လာခဲ့လျှင် အကာအကွယ်အဖြစ် အသုံးပြုနိုင်ရန် ဖြစ်သည်။ ဤသို့ဖြင့် ကျွန်မသည် ကလေးများကို ကံကြမ္မာ၏ လက်အတွင်းသို့ ဝကွက်ထိုးအပ်ကာ မိမိ၏ စိတ်အာရုံကို လင်ယောက်ျား၏ မိခင်ထံသို့ ပြောင်းရွှေ့လိုက်တော့သည်။
နောက်ငါးရက်အတွင်း၌ ကျွန်မသည် ချွေးမတစ်ယောက် လုပ်နိုင်သမျှသော နည်းလမ်းအဖုံဖုံဖြင့် ယောက္ခမကို အစွမ်းကုန် ပြုစုပေးခဲ့သည်။ အပေါ့အလေး ထမစွန့်နိုင်တော့သည့်အတွက် ကိုယ်ပေါ်တွင် ပေကျံနေကြသော အညစ်အကြေးများကို ကျွန်မကိုယ်တိုင် ဆေးကြောသုတ်သင်ပေးခဲ့သည်။ ကျွန်မ၏ သားသမီးများအတွက် ပြုလုပ်ပေးသကဲ့သို့ သူ့အတွက်လည်း ဆန်ပြုတ်ပြုတ်ပေးခဲ့သည်။ ထို့နောက် ကျွန်မငယ်စဉ်က မြင်ဖူးခဲ့သော မာမား၏ လုပ်ရပ်အတိုင်း ကျွန်မ၏ လက်မောင်းသွေးကို ဖောက်ကာ ဆန်ပြုတ်ထဲ ထည့်ကြိုပေးခဲ့သည်။ ၎င်းမှာ ချွေးမတစ်ယောက်၏ အမြင့်မြတ်ဆုံးသော လက်ဆောင်တစ်ခု ဖြစ်သည်။ ကျွန်မ၏ အသက်ဓာတ်သည် သူ့ကို ပြန်လည်သန်စွမ်းလာအောင် အထောက်အပံ့ ပေးနိုင်လိမ့်မည်ဟု ကျွန်မ မျှော်လင့်ထားခဲ့သည်။
သို့သော် ဤကပ်ရောဂါ၏ ကြောက်မက်ဖွယ်ကောင်းပုံကို ကျွန်မ ပြောပြနေစရာ လိုမည် မထင်ပါ။ ဘာဆက်ဖြစ်လာမည်ကို သင် သိနေလောက်ပါပြီ။ မှန်၏။ သူ ကွယ်လွန်သွားခဲ့သည်။ သူသည် ကျွန်မအပေါ်တွင် အမြဲတမ်း မျှမျှတတ ဆက်ဆံတတ်သည်။ တစ်ခါတစ်ရံတွင် ကျွန်မအပေါ် ချစ်ခင်ကြင်နာမှုများ ပြသတတ်သည်။ ထို့ကြောင့် ကျွန်မအတွက် ဖြေမဆည်နိုင် ဖြစ်ခဲ့ရသည်။ သူကဲ့သို့သော ဂုဏ်သတင်းမွှေးသည့် အမျိုးသမီးတစ်ယောက်အတွက် လုပ်သင့်လုပ်ထိုက်သော အလုပ်မှန်သမျှကို ကျွန်မ အပြည့်အဝ လုပ်ဆောင်ပေးနိုင်ခြင်း မရှိခဲ့ကြောင်း သူ၏ နောက်ဆုံးအချိန်တွင် ကျွန်မ နားလည် သိရှိလိုက်သည်။ စန္ဒကူးနံ့သာ ဖြန်းဆွတ်ထားသော ရေနွေးဖြင့် သူ၏ ကိုယ်ပေါ်မှ အညစ်အကြေးများနှင့် သူ၏ ညှိုးခြောက်နေသော ကိုယ်ခန္ဓာကို ဆေးကြောသုတ်သင်ပေးလိုက်သည်။ သူ၏ သက်ရှည်ဝတ်စုံများကို ဝတ်ဆင်ပေးပြီးနောက် သူ၏ နွီစူးစာများကို အင်္ကျီလက်နှင့် အပေါ်ဝတ်အင်္ကျီထဲသို့ ထိုးထည့်ပေးလိုက်သည်။ ယောက်ျားများနှင့် မတူသည့်အချက်မှာ သူသည် နာမည်ကောင်းရရန်အတွက်၊ ရာစုနှစ်ပေါင်းများစွာ ကျော်ဇောထင်ရှားရန်အတွက် စာကို ရေးသားခဲ့ခြင်း မဟုတ်ပေ။ သူ၏ အတွေးနှင့် သူ၏ ခံစားချက်များကိုသာ သူငယ်ချင်းများထံသို့ ရေးသားခဲ့ခြင်း ဖြစ်သည်။ သူ၏ သူငယ်ချင်းများကလည်း သူ့ထံသို့ ဤနည်းအတိုင်း ရေးသားပေးပို့ခဲ့ကြသည်။ ပုံမှန်အခြေအနေမျိုး၌သာ ဆိုလျှင် ၎င်းပစ္စည်းများကို သူ၏ အုတ်ဂူရှေ့တွင် မီးရှို့ပေးရမည် ဖြစ်သည်။ သို့သော် အပူဒဏ်နှင့် ကပ်ရောဂါတို့ကြောင့် အလောင်းများကို အလျင်အမြန် မြေမြှုပ်သင်္ဂြိုဟ်နေကြရသည်။ ထို့ကြောင့် ဖုန်းရွှေ၊ နွီစူးနှင့် သားသမီးတို့၏ ဝတ္တရားများကို ယခုအချိန်၌ ဘေးချိတ်ထားကြရသည်။ ကျွန်မအနေဖြင့် အတတ်နိုင်ဆုံး လုပ်ပေးနိုင်သည့် ကိစ္စမှာ တမလွန်ဘဝတွင် သူ့သူငယ်ချင်းများ၏ စာများကို အဆင်ပြေပြေ ဖတ်နိုင်၊ ဆိုနိုင်ရန် ပြုလုပ်ပေးရုံမျှသာ ဖြစ်သည်။ ကျွန်မ၏ လုပ်ငန်းဆောင်တာများ ပြီးဆုံးသွားသည်နှင့် သူ၏ အခေါင်းကို မြေမြှုပ်သင်္ဂြိုဟ်ရန်အတွက် သုသာန်မြေသို့ သယ်ဆောင်သွားကြလေတော့သည်။
ကျွန်မ၏ ယောက္ခမသည် အသက်ရှည်သူတစ်ဦး ဖြစ်သည်။ ထို့အတွက် ကျွန်မ ဝမ်းမြောက်ရပေမည်။ ထို့အပြင် ယောက္ခမ ဆုံးပါးသွားသောကြောင့် ကျွန်မသည် ဤမိသားစု၏ အိမ်ထောင်ဦးစီးတစ်ယောက် ဖြစ်လာသည်။ ယခုအခါတွင် တခြားသော လင်ညီမများ အားလုံးသည် ကျွန်မ၏ စကားကို နားခံကြရတော့မည်။ ကောင်းကောင်းမွန်မွန် အဆက်ဆံခံလိုလျှင် ကျွန်မ၏ မျက်နှာသာပေးမှုကို ရရှိရန် လိုအပ်ပေလိမ့်မည်။ လောင်ရဲ၏ မယားငယ်များ အားလုံးလည်း သေဆုံးကြကုန်ပြီ ဖြစ်သဖြင့် ပိုမို၍ သဟဇာတဖြစ်သော အခြေအနေကို ကျွန်မ လိုလားသည်။ အသေချာဆုံး အချက်မှာ ဤအမိုးအကာအောက်တွင် နောက်ထပ် မယားငယ်များ မည်သည့်အခါမျှ ရှိလာတော့မည် မဟုတ်ပေ။
များမကြာခင်မှာပင် ကပ်ရောဂါပိုးသည် ကျွန်မတို့၏ ခရိုင်အတွင်းမှ ထွက်ခွာသွားလေတော့သည်။ ကျွန်မတို့၏ တံခါးများကို ဖွင့်လှစ်လိုက်ကြသည်။ ကျွန်မတို့၏ နေ့စဉ်ဘဝကို အသစ်တစ်ဖန် ပြန်လည် စတင်လိုက်ကြတော့သည်။ ကျွန်မတို့၏ မိသားစုထဲတွင် ကျွန်မ၏ ယောက္ခမ၊ စန်းတိ၊ သူ၏ မိသားစုနှင့် လောင်ရဲ၏ မယားငယ်များ ကွယ်လွန်ခဲ့ကြသည်။ အော့တိ၊ စစ်တိနှင့် သူတို့၏ မိသားစုများ ရှင်သန် ကျန်ရစ်ကြသည်။ ကျွန်မ၏ မိဘအိမ်တွင် မာမားနှင့် ပါပါးတို့ ဆုံးပါးခဲ့ကြသည်။ ကျွန်မ၏ နောက်ဆုံးခရီးစဉ်တွင် သူတို့နှစ်ဦးနှင့် အချိန်များများ မနေဖြစ်ခဲ့သည်ကို ကျွန်မ နောင်တရနေမိသည်။ သို့သော် ကျွန်မ ခြေထုပ်ရသည့် အချိန်မှစ၍ ပါပါးနှင့် ဆက်ဆံရေးမှာ လုံးဝနီးပါး ပြတ်တောက်သွားခဲ့သည်။ ထို့အပြင် ရွှယ်ဟွား၏ အကြောင်းနှင့် ပတ်သက်၍ မာမားနှင့် စကားများခဲ့သည့် အချိန်မှစကာ သူနှင့် ယခင်ကအတိုင်း ဘယ်တော့မှ ပြန်မဖြစ်တော့ပေ။ အိမ်ထောင်ကျပြီးသွားသော သမီးတစ်ယောက်အနေဖြင့် ကျွန်မ၏ တစ်ခုတည်းသော တာဝန်ဝတ္တရားမှာ ကွယ်လွန်သူ မိဘများအတွက် ဝမ်းနည်းအောက်မေ့ဖွယ် ကာလကို တစ်နှစ်သတ်မှတ်၍ ထုံးတမ်းစဉ်လာအတိုင်း နေထိုင်ပေးသွားရုံမျှသာ ဖြစ်သည်။ ကျွန်မအပေါ် လုပ်ဆောင်ခဲ့သမျှသော၊ ကျွန်မအတွက် လုပ်ဆောင်ပေးခဲ့သမျှသော မျောက်နှစ်ဖွား မိခင်၏ လုပ်ရပ်များ အားလုံးကို ဂုဏ်ယူဝမ်းမြောက်နိုင်ရန် ကျွန်မ ကြိုးစားခဲ့ပါသည်။ သို့သော်လည်း ကျွန်မ ကြေကွဲဝမ်းနည်း မနေခဲ့ပါ။
အချုပ်ဆိုရသော် ကျွန်မတို့ ကံကောင်းခဲ့ပါသည်။ အခန်းကိုယ်စီမှ ထွက်လာသည့် နေ့မှစ၍ ဘကြီးတော်လူးနှင့် ကျွန်မသည် ဟုတ်ဟုတ်ငြားငြား စကားမပြောဖြစ်ခဲ့ပါ။ သို့သော် ထို့နေမှစ၍ သူသည် ယခင်ကကဲ့သို့ နူးညံ့ပျော့ပျောင်းသော ပင်စင်စား အဘိုးကြီးတစ်ယောက် မဟုတ်တော့ဘဲ သူ၏ ရှိသမျှ အချိန်၊ ရှိသမျှ ခွန်အားနှင့် ရှိသမျှ စိတ်စွမ်းအားတို့ကို ကျွန်မ၏ သားအပေါ်တွင် အကုန်လုံး ပုံအောထားလေတော့သည်။ ကျွန်မတို့အတွက် ပြင်ပမှ ကျောင်းဆရာ ငှားရန် လုံးဝ မလိုအပ်တော့ပေ။ ကျွန်မ၏ သားကလည်း သူ၏ သင်ခန်းစာများကို တစ်ချက်ကလေးမျှ လစ်ဟာခဲ့သည် မရှိ။ မင်္ဂလာဦးညနှင့် ဘုရင်မင်းမြတ်၏ ရွှေပေလွှာတွင် မိမိ၏ နာမည်ကို ရေးထိုးကြေညာခံရသောအချိန်သည် လူ့ဘဝ၏ တန်ဖိုးအရှိဆုံး အချိန်များ ဖြစ်ကြောင်း သူ နားလည် သဘောပေါက်လာခဲ့သည်။ မင်္ဂလာဦးညတွင် သားတို့၏ ဝတ္တရားရှိသည့်အတိုင်း မျိုးဆက်ပြန့်ပွားရေး တာဝန်ကို ထမ်းဆောင်ခွင့် ရတော့မည် ဖြစ်သောကြောင့် သူ့အတွက် တန်ဖိုးအရှိဆုံး ကာလ ဖြစ်သည်။ ဘုရင်မင်းမြတ်၏ ရွှေပေလွှာထဲတွင် မိမိနာမည် ရေးသွင်းဖော်ပြခံရလျှင် သူသည် မထင်ပေါ်သော ကျွန်မတို့၏ ခရိုင်ငယ်လေးကို လွန်၍ တစ်တိုင်းတစ်ပြည်လုံးက သိသော ထင်ပေါ်ကျော်ကြားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပေမည်။
အထက်ပါ ကိစ္စများ ဘာတစ်ခုမျှ ဖြစ်မလာမီ ကျွန်မခင်ပွန်းသည် အိမ်သို့ ပြန်ရောက်လာလေသည်။ ရွာဝင်လမ်းမကြီးပေါ်သို့ သူ၏ ဝေါယာဉ် ဆိုက်ရောက်လာသည်ကို မြင်ရသည့်အခါတွင် ကျွန်မ၏ ရင်ထဲ၌ မည်မျှ လွတ်လပ်ပေါ့ပါးသွားကြောင်း ကျွန်မ ရှင်းလင်း ဖွင့်ဆိုပြနိုင်မည် မဟုတ်ပေ။ သူ၏ အနောက်တွင်လည်း ဆားအိတ်နှင့် အခြားကုန်စည်များ အပြည့်တင်ထားသော နွားလှည်းများက တသီတတန်းကြီး လိုက်ပါလာကြသည်။ စိတ်ပူပန်ခဲ့သမျှ၊ ငိုကြွေးမြည်တမ်းခဲ့သမျှ အကြောင်းအရာတို့သည် ကံကောင်းထောက်မစွာဖြင့် ဘာတစ်ခုမျှ ဖြစ်မလာခဲ့ပေ။ ဖြစ်မလာသေးဟု ဆိုချင်လည်း ဆိုနိုင်ပါသည်။ ဝမ်းသာလုံးဆို့ကာ မျက်ရည်များပင် လည်လာခဲ့ရသည်။ လှည်းပေါ်မှ ကုန်စည်များကို ကျွန်မတို့၏ လူများက အောက်သို့ ချနေကြစဉ် ထုံးခိုရှိ မိန်းမများအားလုံးက လာရောက်စပ်စုကြသည်။ ကျွန်မတို့ ကိုယ်နှင့် လွယ်ထားကြရသော ဝန်ထုပ်ဝန်ပိုးများ၊ ကြောက်ရွံ့စိတ်များနှင့် ပူဆွေးသောကများ လျော့ပါးသွားကာ ကျွန်မတို့အားလုံး ငိုရှိုက်မိကြသည်။ ကျွန်မ၏ ခင်ပွန်းကို ပြန်လည် ဆုံတွေ့ရခြင်းသည် ကျွန်မအတွက် – ကျွန်မတို့ အားလုံးအတွက် ဟုလည်း ဆိုနိုင်ပါသည် – မင်္ဂလာရှိသော နိမိတ်ပင် ဖြစ်တော့သည်။ လပေါင်းများစွာ ကြုံကြိုက်ခဲ့သော ဒုက္ခသုက္ခတွင်းမှ လွတ်မြောက်ကာ ပထမဆုံး ကြုံတွေ့ကြရသည့် ကောင်းသော နိမိတ်လက္ခဏာပင် ဖြစ်တော့သည်။
ကျွန်မတို့၏ ဆားကို ခရိုင်အတွင်းရှိ ပြည်သူလူထုက အလုအယက် ဝယ်ယူခဲ့ကြသည်။ ၎င်းအရောင်းအဝယ်မှ စို့စို့ပို့ပို့ ရရှိလိုက်သော ဝင်ငွေသည် ကျွန်မတို့၏ ဘဏ္ဍာရေး စိုးရိမ်ရမှု အခြေအနေများကို လွင့်ပါးသွားစေခဲ့သည်။ ပေးဆောင်သင့်သည့် အခွန်များကို ကျွန်မတို့ ပေးဆောင်လိုက်ကြသည်။ ယခင်က ရောင်းထုတ်ပစ်ခဲ့ရသော လယ်မြေများကို ပြန်လည် ဝယ်ယူခဲ့သည်။ လူးမိသားစု၏ ဓနအင်အားနှင့် ဂုဏ်သိက္ခာသည်လည်း ပြန်လည် ဖြိုးမောက်လာခဲ့သည်။ ထိုနှစ်၏ ကောက်ပဲသီးနှံ အထွက်နှုန်းကလည်း ယခင်နှစ်များထက် ပိုမို ထွက်ရှိသောကြောင့် ရိတ်သိမ်းချိန် ဖြစ်သော ဆောင်းဦးကာလကို ကျွန်မတို့ လည်တဆန့်ဆန့်ဖြင့် ငံ့လင့်နေခဲ့ကြသည်။ မှောင်မိုက်သော အဆိုးလောကဓံ နေ့ရက်များကို ဖြတ်သန်းခဲ့ပြီး နောက်တွင် ကျွန်မတို့၏ စိတ်မှာ ဘယ်တုန်းကမျှ ဤသို့ လွတ်လပ်ပေါ့ပါးခြင်း မရှိခဲ့ဖူးပေ။ ယောက္ခမ-အဖေသည် ပန်းချီဆရာများ ငှားရမ်းကာ အိမ်ပြင်နံရံပေါ်၌ ပန်းချီကားအသစ်များကို ထပ်မံ ရေးဆွဲစေသည်။ ကျွန်မတို့၏ ကုံလုံကြွယ်ဝမှုနှင့် ဘုန်းကံကြီးမားမှုတို့ကို အိမ်နီးချင်းများနှင့် ရွာသို့ လာရောက်လည်ပတ်မည့် ဧည့်သည်များအား ၎င်းနံရံဆေးရေး ပန်းချီများက ဖော်ပြပေးပေလိမ့်မည်။ ယခုအခါတွင် ကျွန်မသည် အိမ်ပြင်ထွက်၍ ၎င်းတို့ကို ကြည့်ရှုပိုင်ခွင့် ရှိပြီ ဖြစ်သည်။ ပိုးထည်ဝတ်ရုံကြီး ဝတ်ဆင်ထားသော ကျွန်မ၏ ခင်ပွန်းသည် ကွေ့လင်မှ ကုန်သည်များနှင့် ကူးသန်းရောင်းဝယ်ရန်အတွက် လှေဖြင့် မြစ်ကြေသို့ စုန်ဆင်းသွားသည်။ အိမ်တွင်းရှိ မိန်းမများသည် ပိုးဂါဝန်များ ဝတ်ဆင်လျက် သူတို့၏ ဇာထိုးပန်းထိုးများကို လုပ်ဆောင်ရင်း ကျွန်မခင်ပွန်း၏ ပျော်ရွှင်ဝမ်းမြောက်ဖွယ် အိမ်အပြန်ခရီးကို စောင့်မျှော်နေကြသည်။
အိမ်ပြင်နံရံတွင် ရေးခြယ်ထားသော ပန်းချီကားများ အားလုံးသည် ယောက္ခမ-အဖေ၏ ကိုယ်လုံးပြည့် ရုပ်ပုံမှ လွဲ၍ တကယ့် ဖြစ်ရပ်မှန်များသာ ဖြစ်သည်။ ထိုပန်းချီကားထဲ၌ သူသည် နောက်မှီ ထိုင်ခုံအမြင့်ပေါ်တွင် ထိုင်လျက် သူ၏ ပိုင်ဆိုင်မှုများ အားလုံးကို ဂုဏ်ယူဝင့်ကြွားသော အကြည့်ဖြင့် ကြည့်ရှုနေသည်။ တကယ့်လက်တွေ့၌မူကား သူ၏ ဇနီးကို ဆုံးရှုံးလိုက်ရသည့် အချိန်မှ စ၍ ပြင်ပရုပ်ဝတ္ထုများအပေါ် ဘာတစ်ခုမျှ စိတ်ဝင်စားမှု မရှိတော့ပေ။ လယ်ကွင်းများဆီသို့ လမ်းလျှောက်ထွက်သွားသော တစ်နေ့တွင် သူသည် လမ်းပေါ်၌ပင် လူမသိသူမသိ ကွယ်လွန်သွားခဲ့သည်။ ကျွန်မတို့၏ ပထမဆုံးသော တာဝန်မှာ ဤခရိုင်အတွင်း၌ တစ်ခါမျှ မမြင်ဖူးသေးသော ဝမ်းနည်းပူဆွေးမှုမျိုးကို ဖန်တီးပြုလုပ်ပေးရန် ဖြစ်သည်။ ယောက္ခမကြီးကို အခေါင်းသွင်းကာ အိမ်ပြင်၌ ငါးရက် ထားခဲ့သည်။ ကျွန်မတို့သည် တီးဝိုင်းတစ်ဝိုင်းငှားကာ နေ့ညမပြတ် တီးမှုတ်စေခဲ့သည်။ ခရိုင်အတွင်းမှ လူအများသည် အခေါင်းရှေ့သို့ လာကာ နောက်ဆုံးအကြိမ်အဖြစ် ဂါရဝပြု ဦးညွတ်သွားကြသည်။ ဧည့်သည်တို့သည် အကူငွေ ပိုက်ဆံများ ထည့်ထားသည့် စာအိတ်ဖြူများကိုလည်းကောင်း၊ ပိုးထည် စာတန်းပိတ်ကားများကို လည်းကောင်း၊ ယောက္ခမကြီးအား ဂုဏ်ပြုထားသည့် စကားလုံးများပါသော စာခွေများကိုလည်းကောင်း အမှတ်တရလက်ဆောင်အဖြစ် အသီးသီး ပေးအပ်ကြသည်။ သားများ အားလုံးနှင့် ချွေးမများ အားလုံးသည် သုသာန်မြေသို့ ဒူးထောက်လျက် လျှောက်သွားကြရသည်။ ထုံးခိုမှ ရွာသူရွာသားများနှင့် တခြားရွာမှ ဧည့်သည်များသည် ကျွန်မတို့၏ အနောက်မှ လမ်းလျှောက်လိုက်ကြသည်။ အစိမ်းရောင် လယ်ကွင်းများတစ်လျှောက် တရွေ့ရွေ့ သွားနေကြစဉ် ဤလူအုပ်ကြီးသည် ကျွန်မတို့၏ ကိုယ်ပေါ်မှ အဖြူရောင် ဝတ်ရုံများကြောင့် အဖြူရောင်မြစ်တစ်စင်းနှင့်ပင် တူနေတော့သည်။ ခြေကို ခုနစ်လှမ်း လှမ်းလျှောက်ပြီးသည့် အခါတိုင်း၌ ပရိသတ်အားလုံးသည် ဦးခေါင်းများကို မြေကြီးနှင့် ထိကာ တစ်ကြိမ် ဦးခိုက်ကြရသည်။ သုသာန်မြေမှာ တစ်ကီလိုမီတာခန့် ဝေးကွာသောကြောင့် ကျောက်လမ်းမပေါ်၌ ကျွန်မတို့ အကြိမ်မည်မျှ ရပ်တန့်ခဲ့ကြရမည်ကို သင် မှန်းဆကြည့်နိုင်ပါသည်။
တီးဝိုင်း၏ အဖွဲ့သားများက သူတို့၏ နှဲများ၊ ပလွေများ၊ လင်းကွင်းများနှင့် ဗုံများကို တီးမှုတ်နေကြစဉ် လူကြီး၊ လူငယ် မှန်သမျှတို့သည် ပူဆွေးသောကများဖြင့် ဆွဲဆွဲငင်ငင် ငိုကြွေးနေသည်။ ကျွန်မ၏ ခင်ပွန်းသည် သားကြီးသြရသ ဖြစ်သည်နှင့်အညီ ငွေစက္ကူ မီးရှို့ခြင်းနှင့် မီးရှူးပစ်ဖောက်ခြင်းများကို ပြုလုပ်ပေးရသည်။ ထို့အပြင် ဘုန်းတော်ကြီး အမြောက်အမြား ပင့်ကာ ဘဝကူးကောင်းစေရန် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ရောဂန္တရကပ်အတွင်း သေဆုံးသွားကြရသော လူများ အားလုံးအတွက်လည်း တမလွန်ဘဝ ကောင်းစားနိုင်ရေးအတွက် ကုသိုလ်ကောင်းမှုများ ပြုလုပ်ပေးကြသည်။ မြေမြှုပ်သင်္ဂြိုဟ် ပြီးသည့်အခါတွင် တစ်ရွာလုံးအတွက် မီးခိုးတိတ် ဧည့်ခံပွဲတစ်ပွဲကို စီစဉ်ကျင်းပပေးခဲ့သည်။ ဧည့်သည်များ ပြန်လည် ထွက်ခွာကြသည့်အခါ လူးမိသားစု၏ ဂုဏ်သိက္ခာကြီးမားသော အမျိုးသားများက ဧည့်သည်တစ်ယောက်စီတိုင်းကို ကံကောင်းစေရန်အတွက် အကြွေစေ့တစ်စေ့၊ သေခြင်း၏ ခါးသက်သော အရသာကို ဖယ်ရှားပစ်ရန်အတွက် သကြားလုံးတစ်လုံးနှင့် ခန္ဓာကိုယ် သန့်စင်ရန်အတွက် ပဝါတစ်ပိုင်းတို့ကို ကမ်းပေးခဲ့သည်။ နာရေးအခမ်းအနား၏ ပထမဆုံး ရက်သတ္တပတ်ကို ဤနည်းနှင်နှင် ဖြတ်သန်းခဲ့ကြရသည်။ ကျွန်မတို့၏ အောက်မေ့ဖွယ် နာရေးအခမ်းအနားကို ၄၉ ရက်တိတိ ကျင်းပပြုလုပ်ခဲ့ကြသည်။ ထိုရက်များအတွင်း၌ ရိုးရာကန်တော့ပွဲများ၊ လှူပွဲတန်းပွဲများ၊ စားသောက်ဧည့်ခံပွဲများ၊ တရားပွဲများ၊ ငိုချင်းများနှင့် မျက်ရည်များဖြင့် ပြည့်နှက်နေခဲ့သည်။ ဤအခမ်းအနားများ ပြီးဆုံးသွားသည့်အခါတွင် (ခင်ပွန်းသည်နှင့် ကျွန်မတို့၏ တရားဝင် ဝမ်းနည်းအောက်မေ့ဖွယ် ကာလမှာ ဤမျှနှင့် မပြီးဆုံးသေးချေ) လူတိုင်း၏ အမြင်၌ ကျွန်မ၏ ခင်ပွန်းနှင့် ကျွန်မတို့သည် လူးသခင်နှင့် လူးသခင်မ အသစ်စက်စက်များ ဖြစ်လာကြလေတော့သည်။