ဤရွာထဲမှ ရွာသူရွာသားတို့၏ စကားနှင့် ပြောရမည် ဆိုလျှင် ကျွန်မမှာ ‘တစ်ဦးတည်းသော မသေသေးသူ’ ဖြစ်သည်။ ကျွန်မသည် အသက် ၈၀ အရွယ်ရှိ မုဆိုးမတစ်ယောက်။ ခင်ပွန်းကွယ်လွန်ပြီး နောက်ပိုင်းကာလများတွင် နေ့ရက်တို့မှာ မူမမှန်စွာ ရှည်လျားလွန်းနေသည်။ မူတန်းနှင့် တခြားသူများ ပြင်ဆင်ပေးကြသော မည်သည့် ဟင်းလျာကိုမျှ ကျွန်မ ထူးထူးထွေထွေ စိတ်မဝင်စားနိုင်တော့ပေ။ ဤအမိုးအကာအောက်တွင် ဖြစ်ပေါ်လာတတ်သည့် ပေါ့ပြက်သော ပျော်ရွှင်မှုများကိုလည်း မျှော်လင့်မနေတော့။ ယခုအချိန်တွင် ကျွန်မကို စိတ်ဝင်စားမှု ဖြစ်ပေါ်စေသည့် တစ်ခုတည်းသော အရာမှာ အတိတ်မှ အမှတ်တရများသာ ဖြစ်သည်။ နှစ်ပရိစ္ဆေဒများစွာ ကုန်လွန်သွားပြီးသည့် နောက်တွင်မှ အလုံးစုံကို ကျွန်မ ဖွင့်ဟခွင့် ရလေတော့သည်။ ယခင်ကဆိုလျှင် ကျွန်မသည် လူလားမြောက်ရန်အတွက် မိဘမောင်ဖွားများ၏ ပြုစုစောင့်ရှောက်မှုကို မှီခိုခဲ့ရသည်။ ထို့နောက်တွင် အသက်မွေးမှုအတွက် ခင်ပွန်းသည်၏ မိသားစုကို မှီခိုခဲ့ရပြန်သည်။ ထို့ကြောင့် ဖြစ်ကြောင်းကုန်စင်ကို အမှန်အတိုင်း ဖွင့်ပြောပြရန် မဖြစ်နိုင်ခဲ့ပါ။ ယခုသော် ထိုသို့ မဟုတ်ပြီ။ ကျွန်မတွင် တစ်ဘဝစာ ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြရန် ရှိနေသည်။ ကျွန်မတွင် နောက်ထပ် ဆုံးရှုံးနိုင်စရာလည်း မရှိတော့သကဲ့သို့ ထောက်ထားစရာလည်း လူမကျန်တော့။
ကျွန်မ ဤမျှ နှစ်ကာလပေါင်းများစွာ ဖြတ်သန်း ရှင်သန်လာခဲ့ပြီးပြီ ဖြစ်သောကြောင့် မိမိ၏ အားသာချက်နှင့် အားနည်းချက်များကို ခရေစေ့တွင်းကျ နားလည်ထားပြီးချေပြီ။ ထိုအရာတို့မှာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ကျွန်မတစ်ယောက်တည်းပဲ မဟုတ်ပါလော။ ကျွန်မ၏ ဘဝတစ်လျှောက်လုံးသည် အချစ်ကို ငတ်မွတ်တောင့်တရင်းနှင့်ပင် ကုန်ဆုံးခဲ့ရသည်။ ထိုသို့ မဖြစ်သင့်ကြောင်း ကျွန်မ သိပါသည်။ မိန်းမငယ်လေးတစ်ယောက် အနေဖြင့်ဖြစ်စေ၊ ထို့နောက်တွင် ဇနီးသည်တစ်ယောက် အနေဖြင့်ဖြစ်စေ၊ အချစ်ကို ကျွန်မ မလိုချင်သင့်ပါ။ မတောင့်တသင့်ပါ။ သို့သော် အချစ်နှင့် ပတ်သက်သည့် မလျော်ကန် မသင့်မြတ်သော ထိုဆန္ဒကို တရှိုက်မက်မက် လိုချင်တောင့်တနေခဲ့သည်။ ထိုအချက်သည်ပင် ကျွန်မ၏ တစ်သက်တာလုံး၌ ကြုံတွေ့ခဲ့ရသော ဒုက္ခထိုထိုတို့၏ ရေသောက်မြစ်တစ်ခု ဖြစ်လာတော့သည်။
တစ်ချိန်တစ်ခါက မိခင်၏ ဂရုတစိုက် ပြုစုယုယမှုကို စိတ်ကူးယဉ်ခဲ့ဖူးသည်။ မိသားစု၏ ချစ်ခြင်းမေတ္တာကို စိတ်ကူးယဉ်ခဲ့ဖူးသည်။ ထိုသို့သော ချစ်ခြင်းမေတ္တာကို ရရှိနိုင်ရန်အတွက် ကျွန်မသည် အစစအရာရာ နာခံခဲ့သည်။ ကျိုးနွံခဲ့သည်။ ၎င်းမှာ စံနမူနာပြ အမျိုးသမီးတစ်ယောက်အနေဖြင့် ရှိသင့်ရှိထိုက်သော အရည်အချင်းတစ်ရပ်ဟု ဆိုရမည် ဖြစ်သော်လည်း ကျွန်မသည် သူတို့ ခိုင်းစေသမျှကို လုပ်ဆောင်ပေးရာ၌ ပိုပိုသာသာ ရိုကျိုးလွန်းခဲ့သည်။ သူတို့ထံမှ အရိုးရှင်းဆုံးသော ကြင်နာမှုကို ရရှိနိုင်ရန်အလို့ငှာ သူတို့၏ လိုလားတောင့်တချက် မှန်သမျှကို ကျွန်မက ကြိုးစား၍ အကောင်အထည် ဖော်ပေးခဲ့သည်။ ကျွန်မ၏ ခြေဖဝါးအစုံသည် ဤခရိုင်တစ်ခုလုံးတွင် အသေးငယ်ဆုံး ဖြစ်သည်။ ထိုသို့ အကောင်းဆုံး ပုံသဏ္ဌာန်ကို ရရှိနိုင်ရန်အတွက် ကျွန်မ၏ အရိုးများကို တဂျွတ်ဂျွတ် ကျိုးစေခဲ့သည်။
အရိုးတွင်းမှ တဆစ်ဆစ် နာကျင်သော ဝေဒနာများကို ဆက်လက် သည်းခံရန် မစွမ်းသာတော့ပြီဟု ကျွန်မ ခံစားနေရသည့် အခါရောက်တိုင်း၊ သွေးအလိမ်းလိမ်း လူးပေနေသော ခြေစည်းအဝတ်ပေါ်သို့ မျက်ရည်ကြီးငယ် တပေါက်ပေါက်ကျမိသည့် အခါရောက်တိုင်း မာမား၏ နူးညံ့ချိုပျောင်းသော အားပေးစကားများက ကျွန်မ၏ နားထဲသို့ တိုးဝင်လာတတ်ကြသည်။ နောက်ထပ်တစ်နာရီ ဆက်လက် တောင့်ခံသွားရန်၊ နောက်ထပ်တစ်ရက် ဆက်လက် တောင့်ခံသွားရန်၊ နောက်ထပ်တစ်လ ဆက်လက် တောင့်ခံသွားရန် … … ။ နောက်ထပ် အချိန် အနည်းငယ်မျှ ဆက်လက် သည်းခံလိုက်ခြင်းအားဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို မာမားက ကျွန်မအား မပြတ် သတိပေးခဲ့သေးသည်။ ဤသို့သော ထူးခြားပြောင်မြောက်သည့် နည်းလမ်းဖြင့် မာမားသည် ကျွန်မကို မည်သို့မည်ပုံ သည်းညည်းခံရန် သင်ကြားပေးခဲ့သည်။ –– ခြေထုပ်ခြင်းနှင့် မီးဖွားခြင်း စသော ကိုယ်ခန္ဓာ၏ နာကျင်ခံခက်မှုများသာ မကဘဲ နှလုံးသားနှင့် စိတ်ဝိညာဉ်ထဲသို့ စူးဝင်နစ်မြုပ်စေသည့် မရေမတွက်နိုင်သော နာကြည်းခံခက်မှုများပါ အကျုံးဝင်သည်။ မာမားသည် ကျွန်မကိုယ်ပေါ်ရှိ အားနည်းချက်များကို ညွှန်ပြပြီး ၎င်းတို့ကို အားသာချက်များအဖြစ်သို့ မည်သို့မည်ပုံ ပြောင်းလဲအသုံးပြုရမည် ဖြစ်ကြောင်း ကျွန်မကို သင်ကြားပေးခဲ့သည်။ ကျွန်မတို့ နိုင်ငံတွင် ထိုသို့သော မိခင်မေတ္တာကို ကျွန်မတို့က ထိမ်အိုက် (疼爱) ဟု သုံးနှုန်းကြသည်။ ၎င်းသည် ယောကျ်ားတို့၏ ဘာသာဝေါဟာတွင် အက္ခရာနှစ်ခုဖြင့် ဖွဲ့စည်းထားကြောင်း ကျွန်မ၏သားက ကျွန်မကို ပြောပြဖူးသည်။ ပထမအက္ခရာမှာ နာကျင်ခြင်းဟု အဓိပ္ပာယ်ရပြီး ဒုတိယအက္ခရာမှာ အချစ်ဖြစ်သည်။ ၎င်းသည်ပင် မိခင်တစ်ယောက်၏ အချစ်။
ခြေထုပ်ခြင်း အမှုသည် ကျွန်မ၏ ခြေဖဝါးအစုံကိုသာ ပြောင်းလဲပစ်ခဲ့သည် မဟုတ်။ ကျွန်မ၏ စရိုက်တစ်ခုလုံးကိုပါ ပြောင်းလဲပစ်ခဲ့သည်။ ကျွန်မ၏ ရင်ထဲတွင် ထူးဆန်းသော ခံစားမှုတစ်မျိုးက အမြဲ ရှိနေခဲ့သည်။ ထိုစဉ်က ကြုံတွေ့ခဲ့ရသော အတွေ့အကြုံသည် ကျွန်မ၏ ဘဝတစ်လျှောက်လုံးတွင် ဆက်လက် ဖြစ်ပျက်နေသည့်နှယ်။ နာခံကျိုးနွံသော ကလေးမလေး တစ်ယောက်အဖြစ်မှ ခိုင်မာပြတ်သားသော လုံမပျိုအဖြစ်သို့ လည်းကောင်း၊ ထို့နောက် ခင်ပွန်းသည်မိသားစု၏ တောင်းဆိုလာသမျှသော အမှုကိစ္စတို့ကို စောဒကမတက်ဘဲ လိုက်နာကျင့်ကြံခဲ့သော အမျိုးသမီးငယ်တစ်ယောက် အဖြစ်မှ ကျေးလက်ထုံးတမ်းဓလေ့နှင့် စည်းမျဉ်းစည်းကမ်းများကို တင်းကျပ်စွာ ဖော်ဆောင်ရသူ ဖြစ်သည့် ခရိုင်၏ အဆင့်အမြင့်ဆုံး ဂုဏ်သရေရှိ အမျိုးသမီးကြီး အဖြစ်သို့လည်းကောင်း၊ အဆင့်ဆင့် ပြောင်းလဲလာခဲ့သော ကျွန်မ၏ ဘဝဖြစ်စဉ် တစ်လျှောက်လုံးတွင် ထိုခံစားမှုက အစဉ်အမြဲ တည်ရှိနေခဲ့သည်။ ကျွန်မ၏အသက် လေးဆယ်ထဲသို့ ချင်းနင်းဝင်ရောက်လာချိန်တွင် ခြေထုပ်ခြင်း၏ တင်းကျပ်မှု ဝေဒနာသည် ကျွန်မ၏ ရွှေရောင်လီလီများ[1] မှ တစ်ဆင့် ကျွန်မ၏ နှလုံးအိမ်ထဲသို့ ပြောင်းရွှေ့သွားသည်။ ကျွန်မ ချစ်သော၊ ကျွန်မကို ချစ်သော ထိုသူများကို မည်သည့်နည်းနှင့်မျှ ခွင့်မလွှတ်နိုင်လောက်အောင် ထိုနှလုံးအိမ်ထဲ၌ မတရားမှုများနှင့် နာကျည်းမှုများကို တင်းကျပ်စွာ ဖမ်းဆုပ်ထားခဲ့သည်။
နွီစူးကို အသုံးပြုခြင်းဖြင့်သာ ကျွန်မ၏ မွန်းကျပ်မှုများကို ဖောက်ထုတ်ပစ်နိုင်ခဲ့သည်။ ၎င်းမှာ အမျိုးသမီးများသာ သီးသန့်ပိုင်ဆိုင်သော လျှို့ဝှက်စာရေးသားနည်း ဖြစ်သည်။ ကျွန်မ၏ ဘဝထဲသို့ နွီစူး၏ ပထမဆုံးအကြိမ် ထိုးဖောက်ဝင်ရောက်လာမှုသည် ရွှယ်ဟွားထံမှ လက်ခံရခဲ့သော ယပ်တောင်တစ်ချောင်းမှ အစပြုခဲ့သည်။ ရွှယ်ဟွားမှာ ကျွန်မ၏ လောင်ထုံး[2] ဖြစ်ပြီး ကျွန်မ၏ နွီစူးစာ ရေးဖော်ဖြစ်သည်။ ယခု ထိုယပ်တောင်ကို စားပွဲပေါ်တွင် ချထားသည်။ ထို့နောက် ဒုတိယအကြိမ်မှာ ရွှယ်ဟွားနှင့် တွေ့ရစဉ်က ဖြစ်သည်။ ကျွန်မသည် ရွှယ်ဟွားနှင့် မည်မျှပင် ကွဲပြားခြားနားနေစေကာမူ ကျွန်မသည် လေးစားထိုက်သော ဇနီးမယားတစ်ယောက် အဖြစ်လည်းကောင်း၊ ချီးမွမ်းထိုက်သော ချွေးမတစ်ယောက် အဖြစ်လည်းကောင်း၊ သားသမီးများအပေါ် ကြင်နာယုယတတ်သော မိခင်တစ်ယောက် အဖြစ်လည်းကောင်း အစဉ်အမြဲ ကြိုးစားနေခဲ့သည်။ အင်မတိ အင်မတန်မှ ခက်ခဲပင်ပန်းသော ကာလများတွင် ကျွန်မ၏ နှလုံးသားသည် ကျောက်စိမ်းတမျှ မာကျောနေခဲ့သည်။ ကြုံလာသမျှသော ကြေကွဲဝမ်းနည်းဖွယ်ရာတို့ကို ကျွန်မရင်တွင်းမှ ရှိရှိသမျှသော ခွန်အားတို့ဖြင့် တောင့်ခံခဲ့သည်။
သို့သော် ယခုအခါ ကျွန်မသည် မုဆိုးမတစ်ယောက်သာ ဖြစ်၍ ရိုးရာဓလေ့၏ တောင်းဆိုမှုအတိုင်း ဤနေရာတွင် တစ်ယောက်တည်း ငြိမ်သက်စွာ ထိုင်နေရသည်။ ကျွန်မ နားလည်ပါသည်။ ပြင်ပလောကအကြောင်းကို ဘာမျှ မသိတော့သည်မှာ သမနိရှည် ကြာခဲ့ချေပြီကော။
ရှန်ဖုန်း ပဉ္စမနှစ် [3] ၏ ဆိုးရွားသော လသုံးလမှ လွဲ၍ ကျွန်မဘဝ၏ အချိန်အများစုကို အပေါ်ထပ်ရှိ အမျိုးသမီးဆောင်ထဲတွင်သာ လွန်မြောက်ခဲ့ရသည်။ မှန်ပါ၏။ ဘုံကျောင်းသို့ ကျွန်မ သွားခဲ့သည်။ မိဘအိမ်သို့ ပြန်ခဲ့ဖူးသည်။ ထို့အပြင် ရွှယ်ဟွားကိုလည်း သွားတွေ့ခဲ့ဖူးသည်။ သို့သော် ပြင်ပလောကအကြောင်းကို ကျွန်မ များများစားစား မသိပါ။ အခွန်ကိစ္စ၊ မိုးခေါင်ရေရှားသည့် ပြဿနာနှင့် သူပုန်ထမှုအကြောင်းကို အမျိုးသားများ ဆွေးနွေးနေကြသည်ကို ကျွန်မ ကြားဖူးခဲ့ပါသည်။ သို့သော် ထိုထိုပြဿနာများသည် ကျွန်မ၏ ဘဝနှင့် သိသိသာသာ အလှမ်းကွာနေကြသည်။ ကျွန်မ ဘဝနှင့် လက်တွေ့ စပ်ဟပ်သော အရာများမှာ ဇာထိုးပန်းထိုးခြင်း၊ ရက်ကန်းရက်ခြင်း၊ ချက်ပြုတ်ကြော်လှော်ခြင်း၊ ထို့အပြင် ကျွန်မလင်သား၏ မိသားစုဝင်များ၊ ကျွန်မ၏ သားသမီးများ၊ ကျွန်မ၏ မြေးမြစ်များနှင့် နွီစူးတို့သာ ဖြစ်တော့သည်။ ကျွန်မ၏ တစ်ဘဝတာသည် တခြားသောသူများနှင့် မည်သို့မျှ ခြားနားနိုင်လိမ့်မည် မဟုတ်ပါ။ –– ပျိုမျစ်နုနယ်သူ ကလေးမလေးတစ်ယောက်၏ နေ့ရက်များမှ အစပြု၍ သားသည်မိခင်၏ နေ့ရက်များ၊ မြေးမြစ်များ၏ ဆူညံစည်ကားသော နေ့ရက်များမှသည် ယခုကဲ့သို့သော တိတ်ဆိတ်ငြိမ်သက်စွာ ထီးတည်းထိုင်နေရသည့် ဘဝသို့ … ။
ကျွန်မသည် အတွေးများနှင့် အရှေ့တွင် ရှိနေသော ဤယပ်တောင်တို့ကို အဖော်ပြု၍သာ တစ်ကိုယ်တည်း ဤနေရာ၌ ထိုင်နေမိသည်။ ယပ်တောင်ကို ကောက်ကိုင်ကြည့်သည့်အခါတွင် ၎င်းသည် ကျွန်မ၏ လက်ထဲတွင် ငှက်တောင်ပမာ ပေါ့ပါးနေသည်ကို ထူးဆန်းစွာ တွေ့ရသည်။ သို့သော် ၎င်းအပေါ်၌ များစွာ များစွာသော ရွှင်လန်းဖွယ်နှင့် ကြေကွဲဖွယ် အဖြစ်အပျက်များကို မှတ်တမ်းတင်ခဲ့ဖူးသည်။ ၎င်းခေါက်ယပ်တောင်ကို ကျွန်မ အငမ်းမရ ဖွင့်ကြည့်လိုက်သည်။ ယပ်တောင်ဆွဲဖွင့်လိုက်ချိန်တွင် ထွက်ပေါ်လာသော တစ်လွှာချင်း၏ ပွတ်တိုက်သံများသည် ကျွန်မ၏ နှလုံးအိမ်တွင် တစ်ချက်ချင်း ပဲ့တင်ထပ်သွားကြပြီး ထိုစဉ်ကာလက တလှပ်လှပ် လှုပ်ခါခဲ့ဖူးသော နှလုံးသားကို ပြန်လည်ခံစားနေရသည့်နှယ်။ အတိတ်၏ အောက်မေ့ဖွယ် အဖုံဖုံတို့သည် ဒီလှိုင်းပမာ လှိမ့်ကာလှိမ့်ကာဖြင့် အလုံးအရင်း ဝင်ရောက်လာတော့သည်။
လွန်ခဲ့သည့် နှစ်ပေါင်းလေးဆယ်အတွင်း၌ ယင်းယပ်တောင်ကို ကျွန်မ ကြိမ်ဖန်များစွာ ဖတ်ရှုဖြစ်ခဲ့သည်မှာ သားချော့တေးတစ်ပုဒ်ကဲ့သို့ပင် အလွတ်ရနေပြီ။
ကျွန်မထံသို့ ၎င်းယပ်တောင် ပထမဆုံး ရောက်ရှိလာခဲ့သော နေ့ကို ကျွန်မ ကောင်းစွာ မှတ်မိနေသည်။ ခေါက်ယပ်တောင်ကို ဆွဲဖွင့်နေသော ကျွန်မ၏ လက်ချောင်းကလေးများက တုန်ယင်နေခဲ့ကြသည်။ ထိုအချိန်ကတည်းကပင် ယပ်တောင်၏ ထိပ်ပိုင်းအနားတစ်လျှောက်၌ ရိုးရှင်းသော သစ်ခက်ပန်းမန်များဖြင့် တန်ဆာဆင်ထားသည်။ ယပ်တောင်၏ ပထမဆုံးအခေါက်တွင်မူ အထက်မှအောက်သို့ လှပကျော့ရှင်းစွာ ရေးသားထားသော ရွှယ်ဟွား၏ စာတစ်ကြောင်းကို တွေ့ရသည်။
ထိုစဉ်က နွီစူး၏ အက္ခရာများကို များများစားစား မဖတ်တတ်သေးသောကြောင့် ဘထွေး၏ ဇနီးဖြစ်သူ စိန်စိန်းက ကျွန်မကို ဖတ်ပြပေးခဲ့သည်။
နူးညံ့ဖြူစင်ပြီး မိန်းမတို့ တတ်အပ်တဲ့ ပညာအရပ်ရပ်ကို ကျွမ်းကျင်ပိုင်နိုင်တဲ့ အမျိုးကောင်းသမီးတစ်ယောက် ဒီအိမ်မှာ ရှိတယ်လို့ ငါ ကြားသိထားရပါတယ်။ နင်နဲ့ငါက မွေးနှစ်၊ မွေးလ၊ မွေးရက်တွေ တိုက်တိုက်ဆိုင်ဆိုင် တူညီနေကြတယ်လေ။ ဒီတော့ ငါတို့နှစ်ယောက် လောင်ထုံးတွေအဖြစ် သစ္စာတိုင်ကြရရင် မကောင်းပေဘူးလား။
သေသပ်လှပသော စာလုံးတို့သည် ကျွန်မ၏ အမြင်အာရုံတွင် ယခုနောက်တစ်ဖန် ပြန်လည် ထင်ဟပ်လာသောအခါ ထိုစကားလုံးများ၏ အကြားတွင် သူငယ်ဘဝက ရွှယ်ဟွားကို ကျွန်မ ပြန်မြင်ယောင်လာမိသည်။ ထို့အပြင် နောင်အခါ ဖြစ်ပေါ်လာမည့် ဇွဲနပဲကြီးသော၊ ရိုးစင်းဖြောင့်မတ်သော၊ တခြားလူများအတွက်သာ ပူပန်တတ်သော အရွယ်ရောက်သူ ရွှယ်ဟွား၏ ပုံပန်းသဏ္ဌာန်ကိုပါ မြင်ယောင်လာပြန်သည်။
ကျွန်မ၏ မျက်လုံးများက တခြားသော အခေါက်များပေါ်ရှိ စာကြောင်းများပေါ်သို့ ရှပ်ပြေးသွားကြသည်။ ဤတွင် ကျွန်မတို့၏ အကောင်းမြင်စိတ်များ၊ ကြည်နူးနှစ်သိမ့်မှုများ၊ အပြန်အလှန် လေးစားကြည်ညိုမှုများ၊ တစ်ယောက်ပေါ်တစ်ယောက် ထားရှိခဲ့သော သစ္စာစကားများကို ကျွန်မ တွေ့မြင်နေရသည်။ ထိုရိုးရှင်းသော သစ်ခက်ပန်းနွယ်တို့သည် နှင်းပွင့် (ရွှယ်ဟွား) နှင့် လီလီပန်း (ပိုင်ဟော) များအဖြစ်သို့ ဆန်းကြယ်ခမ်းနားစွာ အသွင်ပြောင်းသွားကြပြီး ကျွန်မတို့၏ ထာဝရ သဘောဆောင်သော လောင်ထုံးအဖြစ်ကို သရုပ်ဖော်နေသည့်နှယ် ကျွန်မ၏ အာရုံထဲ၌ မြင်ယောင်လာသည်။ ညာဘက်လက်မောင်းပေါ်သို့ ဖြာကျနေသော လရောင်သည် ကျွန်မတို့ နှစ်ယောက်လုံးအပေါ်သို့ စီးဖြာကျနေသယောင် မှတ်ထင်လာသည်။ ကျွန်မတို့သည် သစ်မြစ်များ ယှက်နွှယ်နေကြသည့် နွယ်ပင်ကြီးနှစ်ပင်နှင့် တူကြသည်။ နှစ်ပေါင်းထောင်ချီ၍ တည်တံ့နေကြသော သစ်ပင်ကြီးများနှင့်လည်း တူကြသည်။ တစ်သက်တာလုံး မခွဲမခွာ သစ္စာတည်ကြသော ယွမ်းယန်ငှက်မောင်နှံ [4] တစ်စုံနှင့်လည်း တူကြသည်။ ယပ်တောင်ခေါက် တစ်ခေါက်ပေါ်တွင် ရွှယ်ဟွားက ဤသို့ ရေးသားထားသည်။ ငါတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ဘယ်အရာကမှ နှောင့်ယှက်ဖြိုခွဲလို့ မရစေရဘူး။ သို့သော် တခြားအခေါက်ပေါ်တွင်မူ အထင်လွဲမှားမှု၊ အယုံအကြည် ကင်းမဲ့မှုနှင့် အက်ကြောင်းလိုက်နေသော နိဂုံးကမ္ပတ်ကို တွေ့မြင်ရပြန်သည်။ ကျွန်မအနေဖြင့် အချစ်သည် တန်ဖိုးမဖြတ်နိုင်သော ပိုင်ဆိုင်မှုတစ်ခု ဖြစ်သည်။ တခြား မည်သူတစ်ဦးတစ်ယောက်နှင့်မျှ မျှဝေနိုင်လိမ့်မည် မဟုတ်။ ဤအချက်ကပင် ကျွန်မနှင့် ကျွန်မ၏ လောင်ထုံးဖြစ်သော ရွှယ်ဟွားတို့၏ ချစ်ကြည်မှုကို အက်ကြောင်းထင်စေခဲ့တော့သည်။
ကျွန်မသည် ယခုအချိန်ထိလည်း အချစ်အကြောင်းကို သင်ယူနေဆဲပင်။ အချစ်ကို နားလည်ပြီဟု ကျွန်မ အထင်ရောက်ခဲ့သည်။ မိခင်အချစ်သာ မကဘဲ သားသမီးက သူ့မိခင်အပေါ်တွင် ထားသောအချစ်၊ ဇနီးသည်က သူ့ခင်ပွန်းအပေါ်တွင် ထားသောအချစ်နှင့် လောင်ထုံးအပေါ်တွင် ထားသောအချစ် စသည် စသည်။ တခြားသော အချစ်အမျိုးအစားများကိုလည်း ကျွန်မ ကြုံတွေ့ခဲ့ဖူးသည်။ ကရုဏာလွှမ်းသော အချစ်၊ ကြည်ညိုလေးမြတ်သော အချစ်နှင့် ကျေးဇူးသိတတ်သော အချစ်။ သို့သော် ရွှယ်ဟွားနှင့် နှစ်ပေါင်းများစွာ အပြန်အလှန် ရေးသားခဲ့သော လျှို့ဝှက်ယပ်တောင်ပေါ်မှ ထိုထိုဤဤသော အက္ခရာများကို ကြည့်နေရင်း ကျွန်မ နားလည်သဘောပေါက်လာသည်။ ကျွန်မသည် အရေးအပါဆုံးသော အချစ်ကို မည်သည့်အခါကမျှ အမှန်တကယ် တန်ဖိုးမထားခဲ့ဖူးပေ။ –– နက်ရှိုင်းသော နှလုံးသားတစ်နေရာတွင် ကိန်းအောင် သန္ဓေတည်နေသော သူ၏ အချစ်။
ပြီးခဲ့သည့် နှစ်ကာလများအတွင်း၌ ကျွန်မသည် နွီစူး မသင်ခဲ့ဖူးသော အမျိုးသမီးများအတွက် ကိုယ်ရေးအတ္ထုပ္ပတ္တိ အမြောက်အမြားကို ကူးရေးပေးခဲ့သည်။ ဝမ်းနည်းဖွယ်ရာများနှင့် နာကျည်းချက်များကိုလည်းကောင်း၊ မတရားမှုများနှင့် ကံဆိုးမိုးမှောင်ကျမှုများကိုလည်းကောင်း ကျွန်မ ကြားနာခဲ့ရသည်။ ထိုကံဆိုးမများ၏ မဖြောင့်ဖြူးသော ဘဝများကို ကျွန်မ မှတ်တမ်းတင်ပေးခဲ့သည်။ ကြားခဲ့ရသမျှသော အကြောင်းအရာများ အားလုံးကို တစ်လုံးမကျန် တစ်ပါဒ်မယွင်း ရေးခြစ်မှတ်သားပေးခဲ့သည်။ သို့သော် မိန်းမများ၏ အကြောင်းချင်းတများကို သိလာရလေလေ ယောက်ျားများ၏ အကြောင်းခြင်းရာကို နကန်းတစ်လုံးမျှ မသိကြောင်း နားလည်လာလေလေ ဖြစ်လာတော့သည်။ သူတို့သည် စစ်မက်တစ်ခုပြီး တစ်ခု၌ ပါဝင်ပတ်သက်နေကြရသော စစ်သည်တော်များ အဖြစ်သော်လည်းကောင်း၊ သဘာဝတရားနှင့် အန်တုဖက်ပြိုင်နေရသော တောင်သူလယ်သမားများ အဖြစ်သော်လည်းကောင်း၊ သို့မဟုတ်ပါက အရက်နွံနစ်ကာ အထီးကျန်ကမ္ဘာထဲတွင် ကူကယ်ရာမဲ့ ရုန်းကန်နေကြရသူများ အဖြစ်သော်လည်းကောင်း၊ ယောက်ျားများကို ထို့ထက်ပို၍ ကျွန်မ နားမလည်ခဲ့ပါ။ ၎င်းမှာ ယောက်ျားမိန်းမပေါင်း များစွာတို့၏ ဘဝအစုံစုံ၊ ဇာတ်ကြောင်းအဖုံဖုံမှ ကောက်နုတ်ထားခြင်း ဖြစ်ကြောင်း ကျွန်မ၏ ကိုယ်ပိုင်ဘဝကို လည်ပြန်ငဲ့ကြည့်လိုက်ခြင်းအားဖြင့် တွေ့မြင်နေရသည်။ ကျွန်မသည် ရံဖန်ရံခါ အပြစ်ရှာတတ်သော နိမ့်ကျသည့် မိန်းမသားတစ်ဦးသာ ဖြစ်သည်။ သို့သော် အတွင်းသန္တာန်၌မူ ယောက်ျားသားတို့၏ စစ်ပွဲများကဲ့သို့ ကြမ်းတမ်းလှိုင်းထန်သော ပင်လယ်ပြင်ကြီးနှယ်။ ၎င်းမှာ ကျွန်မ၏ ပကတိ အရှိတရားနှင့် ပတ်ဝန်းကျင်၏ တောင်းဆိုချက်များအရ ဖြစ်သင့်ဖြစ်ထိုက်သော ကျွန်မ၏ တိုက်ပွဲပင် ဖြစ်တော့သည်။
ဤစာများကို ရေးသားရသည့် ကျွန်မ၏ ရည်ရွယ်ချက်မှာ ကျွန်မ၏ နောက်မျိုးဆက်များအတွက် ဖြစ်သည်။ ကျွန်မအနိစ္စရောက်သည်နှင့် ဤစာများကို မီးရှို့ပေးပါမည်ဟု ကျွန်မမြေး၏ ဇနီးသည် မူတန်းက ကျွန်မကို ကတိပေးထားပြီး ဖြစ်သည်။ သို့မှသာ ကျွန်မ၏ ပုံဝတ္ထုများသည် ကျွန်မ၏ ဝိညာဉ်ထက် စောလျင်စွာ သူတို့ကို ရှာဖွေတွေ့ရှိနိုင်မည်။ တမလွန်လောကတွင် သူတို့နှင့် ပြန်လည် မတွေ့ဆုံကြမီ ကျွန်မ၏ လုပ်ဆောင်ချက်များကို ကျွန်မ၏ ဘိုးဘွားမိဘများ၊ လင်သား စသူတို့အား ကျွန်မ၏ ကိုယ်ပိုင် စကားလုံးများဖြင့် ရှင်းလင်းပြောပြရန် ကျွန်မ ဆန္ဒပြုပါသည်။ အထူးသဖြင့် ရွှယ်ဟွားကိုပေါ့။