မာတိကာကြည့်ရန်

အခန်း (၁၉) နောင်တ

 

ယခုအခါတွင် ကျွန်မသည် ကျွန်မ၏ လက်ဖြင့် ချက်ပြုတ်ရန်၊ ရက်ကန်းရက်ရန်နှင့် ဇာပန်းထိုးရန် မဖြစ်နိုင်လောက်အောင် အိုမင်းမစွမ်း ဖြစ်နေခဲ့ပြီ။ ယင်းလက်များကို ပြန်ကြည့်လိုက်သည့်အခါတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသည့်အတွက် ဇရာ၏ အရေးအကြောင်းများ၊ အကွက်အပြောက်များကို တွေ့မြင်နေရသည်။ အိမ်အပြင်ဘက် နေမင်း၏ အောက်တွင် လှုပ်ရှားရုန်းကန်ခဲ့ရသော နေ့ရက်များနှင့် အမျိုးသမီးဆောင်ထဲတွင် တစ်ဘဝလုံး နီးပါးမျှ ခိုကပ်နေထိုင်ခဲ့ရသော နှစ်ကာလများမှာ ကြာတောင့်ကြာရှည် ရှည်လျားလွန်းလှသည်။ ကျွန်မ၏ အရေပြားမှာ အတွန်းအတိုက်၊ အထိအပုတ် ဒဏ်ကိုပင် ခံနိုင်ရည် မရှိတော့လောက်အောင် ပါးလျလွန်းနေသည်။ မင်သွေးစာရေးခြင်း အလုပ်ကိုလည်း မပြုလုပ်နိုင်တော့ပေ။ ကျွန်မ၏ လက်ဆစ်များမှာ ဖူးရောင်နေကြသည်။ ယင်နှစ်ကောင်သည် ကျွန်မ၏ ခြေထောက်ပေါ်တွင် ရပ်နားနေကြသည်။ ၎င်းတို့ကို မောင်းနှင်ရန်ပင် ကျွန်မတွင် ခွန်အား မရှိတော့ပေ။ ကျွန်မ၏ မျက်လုံးများ – အမယ်အိုတစ်ယောက်၏ အရည်ရွှန်းလဲ့သော မျက်လုံးများ – သည် အတိတ်၏ နေ့ရက်များအတွင်း၌ မျက်ရည်များ အလွန်အကျွံ စီးကျခဲ့ကြသည်။ ကျွန်မ၏ ပါးလျသော ငွေရောင် ဆံပင်များသည် ကျွန်မ၏ ခေါင်းစည်းပဝါအတွင်းရှိ ဆံညှပ်များ အကြားမှ အောက်သို့ အလျှိုလျှို ခုန်ဆင်းနေကြသည်။ ဧည့်သည်များ ရောက်လာသည့် အခါတွင် သူတို့က ကျွန်မကို စေ့စေ့ မကြည့်မိစေရန် ကြိုးစားနေကြသည်။ ကျွန်မကလည်း သူတို့ကို စေ့စေ့ကြည့်ရန် ကြိုးပမ်းမနေတော့ပါ။ ကျွန်မ၏ သက်တမ်းက လိုသည်ထက်ပင် ပိုလွန်ကာ ရှည်လွန်းလှပေသည်။

ရွှယ်ဟွား ကွယ်လွန်သွားသည့် အချိန်၌ ကျွန်မ၏ ဘဝမှာ တစ်ဝက်မျှ ကျိုးရုံသာ ရှိသေးသည်။ ကျွန်မ၏ ဆန်ဆီဆားနေ့ရက်များက မကုန်လွန်သေးပေ။ သို့သော် ကျွန်မ၏ စိတ်ထဲ၌မူ ကျွန်မသည် ဆိတ်ဆိတ်ငြိမ်ငြိမ် ထိုင်နေရသည့်ဘဝကို စတင်နေရသကဲ့သို့ ခံစားနေရသည်။ အမျိုးသမီး အများစုအတွက် ၎င်းဘဝသည် သူတို့၏ လင်ယောက်ျားများ ကွယ်လွန်သည့် အချိန်မှ စတင်ကြသည်။ ကျွန်မအတွက်မူ ရွှယ်ဟွားကို ဆုံးရှုံးရသည့် အချိန်မှ စတင်ခဲ့လေသည်။ ကျွန်မသည် ‘တစ်ဦးတည်းသော မသေသေးသူ’ ဖြစ်လာခဲ့သော်လည်း အရာရာသည် ကျွန်မကို လုံးဝဥဿုံ တိတ်ဆိတ်ငြိမ်သက်သွားရန် အခွင့်မပေးခဲ့ချေ။ ကျွန်မ၏ ခင်ပွန်းနှင့် မိသားစုသည် ကျွန်မကို ဇနီးအဖြစ်၊ မိခင်အဖြစ် လိုအပ်နေကြသည်။ ကျွန်မ၏ ပတ်ဝန်းကျင် အသိုင်းအဝိုင်းသည် ကျွန်မကို လူးဖူးလန်အဖြစ် လိုအပ်နေကြသည်။ ထို့နောက် ရွှယ်ဟွား၏ ကလေးများကလည်း ရှိနေသေးသည်။ သူတို့ကို ကြည့်ရှုစောင့်ရှောက် ပေးခြင်းအားဖြင့် ကျွန်မလောင်ထုံး၏ အချစ်ကြွေးကို ပြန်လည် ပေးဆပ်ရပေမည်။ သို့သော် အမှန်တကယ် ရက်ရောသော၊ ရှင်းသန့်ဖြူစင်သော စိတ်သဘောထားဖြင့် လုပ်ဆောင်နိုင်ရန် ကိစ္စမှာ လွယ်ကူလှသည် မဟုတ်ပေ။ အထူးသဖြင့် မည်သို့ ပြုလုပ်ရမည် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း နားမလည်သည့် အခါမျိုး၌ ပို၍ပင် ခက်ခဲလှတော့သည်။

ရွှယ်ဟွား ကွယ်လွန်ပြီးနောက် လအနည်းငယ်အကြာတွင် ကျွန်မ ပထမဆုံး ပြုလုပ်ခဲ့သော အရာမှာ သူ့သမီး၏ မင်္ဂလာဆောင် အခမ်းအနားများ၌ သူ၏ နေရာကို အစားထိုး ဝင်ရောက်ခဲ့ခြင်းပင် ဖြစ်သည်။ ချွမ်ရွက်သည် သူ၏ အိမ်ထောင်ရေးကိစ္စနှင့် ပတ်သက်၍ တွန့်ဆုတ်တွေဝေနေဟန် ရှိသည်။ မိဘအိမ်မှ ခွဲခွာရမည်ကို ဝမ်းနည်းဆုတ်နစ်နေသည်။ သူ့မိခင်အပေါ် မညှာမတာ ဆက်ဆံခဲ့သော သူ့ဖခင်၏ လုပ်ရပ်များကို တွေ့မြင်ထားသောကြောင့်လည်း သူ၏ မရေရာသော အနာဂတ်အပေါ် စိုးရွံ့ထိတ်လန့်နေသည်။ ၎င်းတို့မှာ အိမ်ထောင်ပြုအံ့ဆဲဆဲ မိန်းမပျိုတိုင်း၏ စိုးရွံ့မှုမျိုးမျှသာ ဖြစ်ကြောင်း သူ့ကို ကျွန်မ ရှင်းပြခဲ့သည်။ သို့သော် သူ၏ မင်္ဂလာဦးည၌ သူ့ခင်ပွန်း အိပ်ပျော်သွားသည့်နောက်တွင် ချွမ်ရွက်သည် ရွာ၏ ရေတွင်းထဲသို့ ခုန်ချကာ သူ့ကိုယ်သူ အဆုံးစီရင်သွားလေတော့သည်။

“အဲဒီကောင်မလေးက သူ့မိသားစုအသစ်ကိုပါ ဒုက္ခပေးရုံတင် မကဘူး။ သောက်ရေ မရအောင် လုပ်ပြီး တစ်ရွာလုံးကိုပါ ဒုက္ခပေးသွားတယ်”

မကျေနပ်သော စကားသံများက ဟိုမှဒီမှ လျှံကျလာကြသည်။

“အဲဒီကောင်မကတော့ သူ့အမေ အတိုင်းပါပဲအေ။ ပြစ်တင်စာအကြောင်း ညည်းတို့ မှတ်မိသေးတယ် မဟုတ်လား”

ရွှယ်ဟွား၏ ဂုဏ်သိက္ခာကို ထိုးချေဖျက်ဆီးပစ်ခဲ့သည့် ကျွန်မ ရေးဖွဲ့ခဲ့သော စာသည် ယခုအခါတွင် ကျွန်မ၏ လိပ်ပြာကို ပြန်လှန် တိုက်ခိုက်နေတော့သည်။ သို့ဖြင့် ထိုသို့သော ပြောစကားများကို ကြားရသည့် အခါတိုင်း ကျွန်မသည် သူတို့ကို နှုတ်ပိတ်သွားစေရန် အားထုတ်ရတော့သည်။ ကျွန်မ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ကျွန်မသည် မသန့်ရှင်းသော လူများကို ခွင့်လွှတ်တတ်သည့်၊ ကူညီပံ့ပိုးတတ်သည့် လူတစ်ယောက်အဖြစ်သို့ ရောက်ရှိလာခဲ့သည်။ သို့သော်လည်း ရွှယ်ဟွားအတွက် ကြိုးစားဆောင်ရွက်ခဲ့သော ကျွန်မ၏ ပထမဆုံးသော ကြိုးပမ်းချက်သည် မည်မျှ မရှုမလှ ရှုံးနိမ့်ခဲ့ကြောင်းကို ကျွန်မ သိရှိခဲ့သည်။ ထိုကလေးမလေး၏ သေဆုံးမှုအကြောင်းကို ယပ်တောင်ပေါ်တွင် ရေးသားသော နေ့သည် ကျွန်မဘဝ၏ အဆုံးရွားဆုံးသော နေ့တစ်နေ့ ဖြစ်ခဲ့လေသည်။

နောက်တစ်ဆင့်အနေဖြင့် ကျွန်မ၏ ခွန်အားများကို ရွှယ်ဟွား၏ သားအပေါ်၌ စူးစိုက်ထားခဲ့သည်။ အယုတ်ညံ့ဆုံးသော ပတ်ဝန်းကျင် အခြေအနေတွင် နေထိုင်ခဲ့ရသော်လည်း၊ သူ့ဖခင်၏ ထောက်ပံ့မှုကို စိုးစဉ်းမျှ မရရှိခဲ့သော်လည်း သူသည် ယောက်ျားတို့၏ အက္ခရာများကို သေစာရှင်စာမျှ ဖတ်တတ်လာခဲ့သည်။ အထူးသဖြင့် ဂဏန်းသင်္ချာတွင် ကျွမ်းကျင်ခဲ့သည်။ သို့ပါလျက် သူသည် သူ့ဖခင်၏ အသက်မွေးမှု လုပ်ငန်းကို ဆက်လက် လုပ်ဆောင်ပေးနေရသောကြောင့် သူ့ဘဝကို မနှစ်မြို့နိုင်အောင် ဖြစ်နေရသည်။ ကျွန်မသည် သူ၏ ဇနီးကို သွားတွေ့ခဲ့သည်။ သူ၏ ဇနီးမှာ သူ့မိဘအိမ်တွင် နေထိုင်နေရဆဲသာ ဖြစ်သည်။ ဤတစ်ကြိမ်၌ ကျွန်မသည် မှန်ကန်သင့်မြတ်သော ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့သည်။ ကလေးမလေးတွင် ကိုယ်ဝန်ရှိလာခဲ့သည်။ သို့သော် သားသတ်သမား၏ အိမ်သို့ ပြောင်းနေရတော့မည့် ကိစ္စက ကျွန်မကို နာကျင်ခံခက် အောင့်သက်သက် ဖြစ်စေခဲ့သည်။ ပုံမှန်အားဖြင့်ဆိုလျှင် ယောက်ျားတို့၏ ပြင်ပလောကကို ဝင်ရောက်စွက်ဖက်လေ့ မရှိသော်လည်း ကျွန်မသည် ဤကောင်လေးအတွက် အလုပ်အသစ်တစ်ခုကို ရှာဖွေပေးရန် ကျွန်မခင်ပွန်းအား တိုက်တွန်း ပြောဆိုခဲ့သည်။ ယခုအခါတွင် ကျွန်မ၏ ခင်ပွန်းသည် ဘကြီးတော်လူး၏ စည်းစိမ်ဥစ္စာ အားလုံးကို အမွေဆက်ခံခွင့် ရရှိရုံတင် မကဘဲ ဆားလုပ်ငန်းမှ ရရှိသော အကျိုးအမြတ်များကြောင့် ကျွန်မတို့ ပိုင်ဆိုင်သော လယ်မြေများသည် ကျင်းထျန်သို့ပင် တနံတလျား ပျံ့နှံ့ရောက်ရှိနေလေပြီ။ ကျွန်မ၏ ခင်ပွန်းသည် သီးစားခများ ကောက်ခံပေးရန်အတွက် ရွှယ်ဟွား၏ သားကို ငှားရမ်းလိုက်သည့်အပြင် သူ့အတွက် အိမ်တစ်လုံးနှင့် ကိုယ်ပိုင် ဥယျာဉ်ခြံတစ်ခြံကိုပါ ပေးအပ်ခဲ့သည်။ နောက်ဆုံးတွင် သားသတ်သမားသည် သူ့အလုပ်မှ အနားယူကာ သူ့သားနှင့်အတူ လာနေတော့သည်။ ထိုအိမ်၏ ဆည်းလည်းသံလေး ဖြစ်သော သူ၏ မြေးကို တုန်နေအောင် ချစ်ရှာတော့သည်။ ဤကောင်လေးနှင့် သူ၏ မိသားစုလည်း ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားနိုင်ကြသည်။ သို့သော် ရွှယ်ဟွားကို အကြွေးဆပ်ရန်အတွက် ဤမျှနှင့် မလုံလောက်သေးကြောင်း ကျွန်မ နားလည်ထားသည်။

ↂↂↂ

ကျွန်မ၏ ရာသီသွေးများ ရပ်တန့်သွားသည့် အသက် ၅၀ အရွယ်တွင် ကျွန်မ၏ ဘဝသည် တစ်ဆစ်ချိုး ပြောင်းလဲသွားပြန်သည်။ ကျွန်မသည် သူတစ်ပါးကို ရေပူရေအေး ကမ်းလှမ်းရသည့် ဘဝမှ သူတစ်ပါး၏ ရေပူရေအေး ကမ်းလှမ်းခြင်းကို ခံယူရသည့် ဘဝသို့ ကူးပြောင်းသွားလေသည်။ သို့သော် သူတို့၏ လုပ်ဆောင်ချက်များကို စောင့်ကြပ်ကြည့်ရှုခြင်း၊ စိတ်တိုင်းမကျသည့် အခါများတွင် ထောက်ပြပြင်ဆင်ပေးခြင်း စသည်တို့ကို ပြုလုပ်နေဆဲ ဖြစ်သည်။ သို့သော် ကျွန်မ တင်ပြခဲ့ဖူးသည့်အတိုင်း ကျွန်မသည် အေးအေးသာသာ နေထိုင်လိုသည့် စိတ်သဘောထားမျိုးသာ ရှိနေခဲ့သည်။ ကျွန်မသည် သက်သတ်လွတ် စားသူတစ်ယောက် ဖြစ်လာပြီး ကြက်သွန်ဖြူနှင့် ဝိုင်အရက်ကဲ့သို့သော အပူစာ၊ အစပ်စာများကို ရှောင်ကြဉ်လာခဲ့သည်။ ကျွန်မသည် ဘုရားဟော သုတ္တန်များကို အာရုံပြုလျက် ဥပုသ်သီတင်း ဆောက်တည်ကာ လိင်ဆက်ဆံခြင်း ကဲ့သို့သော ညစ်ညမ်းသည့် ကာယကံအမှုများကို စွန့်လွှတ်ရှောင်ကြဉ်ရန် ဆုံးဖြတ်လိုက်သည်။ ကျွန်မ၏ အိမ်ထောင်သက် တစ်လျှောက်လုံးတွင် ကျွန်မ၏ ခင်ပွန်းအား မည်သည့် အငယ်အနှောင်းကိုမျှ အိမ်သို့ ခေါ်ဆောင်မလာနိုင်ရန် နည်းမျိုးစုံဖြင့် လျှို့ဝှက် ကြံစည်ခဲ့ဖူးသော်ငြားလည်း ယခုအခါတွင် သူ့ကို ကြည့်ကာ စာနာသနားနေမိသည်။ သူ၏ ဘဝတစ်လျှောက်လုံး၌ မခိုမကပ် မနားမနေ အလုပ်ကြိုးစားခဲ့ခြင်းအတွက် သူ့အနေဖြင့် ချမ်းသာသုခများကို ထိုက်ထိုက်တန်တန် ခံစား စံစားသင့်ပါသည်။ သို့ဖြင့် သူ ကိုယ်တိုင် လှုပ်ရှားလာမည့် အရေးကို စောင့်မျှော်မနေတော့ဘဲ (သူ ဘယ်တော့မှ လှုပ်ရှားလိမ့်မည် မဟုတ်ဟု ယူဆရပါသည်) ကျွန်မ၏ တာဝန်တစ်ရပ် ဖြစ်သည်ဟု မှတ်ယူကာ သူ့ကို ပျော်တော်ဆက်ရန်အတွက် မယားငယ် တစ်ယောက်မကဘဲ သုံးယောက်တိတိကို ကျွန်မကိုယ်တိုင် ရှာဖွေ၍ အိမ်သို့ ခေါ်ဆောင်လာပေးခဲ့သည်။ သူတို့ကို ကျွန်မကိုယ်တိုင် ရွေးချယ်ပေးထားခြင်း ဖြစ်သောကြောင့် လှပချောမောသည့် မိန်းမငယ်များနှင့် ဒွန်တွဲပါလာတတ်သည့် မနာလို ဝန်တိုမှုများနှင့် သေးနုပ်သော သဘောထား ကွဲလွဲမှုများကို ကျွန်မ ကာကွယ်နိုင်ခဲ့သည်။ သူတို့နှင့် သားသမီးများ ထွန်းကားလာလျှင်လည်း ကျွန်မ စိတ်မလှုပ်ရှားတော့ပြီ။ စင်စစ်အားဖြင့် ကျွန်မခင်ပွန်း၏ ဂုဏ်သိက္ခာသည် ဤကျေးရွာအတွင်း၌ ပို၍ပင် ကြီးထွားလာခဲ့သည်။ သူသည် မိန်းမအများကို ကျွေးမွေး ထောက်ပံ့ထားနိုင်ကြောင်း ထုတ်ဖော်ပြသရာ ရောက်နေသည့်အပြင် ဤခရိုင်အတွင်းရှိ ယောက်ျားများ အားလုံးထက် ကိုယ်ကာယ သန်စွမ်းကြံ့ခိုင်သူတစ်ယောက် ဖြစ်ကြောင်း သက်သေပြသကဲ့သို့ ဖြစ်နေပေတော့သည်။

ကျွန်မတို့ လင်မယားနှစ်ယောက်၏ ဆက်ဆံရေးသည် အဖော်မွန်ကောင်း၊ ပါရမီဖြည့်ဖက် အဆင့်သို့ ပြောင်းလဲ ရောက်ရှိလာသည်။ သူသည် လက်ဖက်ရည်သောက်ရန်နှင့် ကျွန်မနှင့် စကားစမြည် ပြောရန်အတွက် အမျိုးသမီးဆောင်ထဲသို့ မကြာခဏ ရောက်လာတတ်သည်။ ကျွန်မတို့၏ အိမ်တွင်းရေးသည် ပဋိပက္ခ မရှိဘဲ တည်ငြိမ်အေးချမ်းနေသောကြောင့် သူ့အား များစွာ စိတ်သက်သာရာ ရစေခဲ့သည်။ သို့ဖြင့် ပြင်ပလောက၏ ပရမ်းပတာ ဖြစ်မှု၊ မတည်ငြိမ်မှုနှင့် အကျင့်ပျက် ယိုယွင်းမှုတို့ကြောင့် ဖြစ်ပေါ်လာသော သူ၏ စိတ်ပူပန်မှုများသည် အိမ်သို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် တစ်စစီ လွင့်ပျောက်ကုန်တော့သည်။ ကျွန်မတို့ နှစ်ယောက်သည် ယခုကဲ့သို့ အတူတကွ ရှိနေကြရသည်ကို များစွာ ကျေနပ် နှစ်ခြိုက်မိကြသည်။ ကျွန်မတို့၏ ဘဝတစ်သက်တာအတွင်း ဖြတ်သန်း နေထိုင်ခဲ့ရသော တခြားသော အချိန်များထက်ပင် သာလွန်ကောင်း သာလွန်ပေလိမ့်မည်။ ကျွန်မတို့သည် ဥယျာဉ်တစ်ခု ပြုစုပျိုးထောင်ခဲ့ကြပြီး ၎င်းဥယျာဉ်သည် နည်းမျိုးစုံဖြင့် ကျွန်မတို့အနီး၌ ပွင့်လန်းဝေဆာနေသည်။ ကျွန်မတို့၏ သားများအားလုံးလည်း အိမ်ထောင်ရက်သား ကျကုန်ကြပြီ။ သူတို့၏ ဇနီးများ အားလုံးကလည်း သူတို့၏ မျိုးဆက်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ကြသည်။ ကျွန်မတို့အိမ်သည် မြေးပေါင်းများစွာ၏ ဆည်းလည်းသံများဖြင့် စည်ဝေနေသည်။ ကျွန်မတို့က သူတို့ အားလုံးကို ချစ်ကြသည်။ သို့သော် ကျွန်မနှင့် သွေးသားမတော်စပ်သည့် ကလေးငယ်တစ်ယောက်ကို သူတို့ အားလုံးထက် ပို၍ ကျွန်မ စိတ်ဝင်စားနေမိသည်။ ကျွန်မသည် ထိုကလေးမကို ကျွန်မအနားတွင် ရှိနေစေချင်သည်။

ကျင်းထျန်ရှိ အိမ်ငယ်ကလေးထဲတွင် သီးစားခ ကောက်ခံသူ၏ ဇနီးသည် သမီးမိန်းကလေး တစ်ယောက်ကို မျက်နှာမြင်ခဲ့သည်။ ကျွန်မသည် ရွှယ်ဟွား၏ မြေးဖြစ်သော ဤကလေးမလေးကို ကျွန်မ၏ မြေးအကြီးကောင်နှင့် စုံဖက်ပေးချင်သည်။ အကယ်၍သာ မိသားစုနှစ်စုလုံးသည် ရွှေဂဟေဆက်ရန် ဆုံးဖြတ်ပြီး ဖြစ်ခဲ့ပါမူ၊ အကယ်၍သာ သတို့သားမိသားစုသည် တင်တောင်းပဏ္ဏာများကို စတင် ပေးပို့ရန် ဆန္ဒရှိခဲ့ပါမူ၊ အကယ်၍သာ သတို့သမီးမိသားစုသည် ၎င်းပဏ္ဏာများကို လက်ငင်း လိုအပ်နိုင်လောက်အောင် စီးပွားရေး ချို့ငဲ့ခဲ့ပါမူ အသက်ရှစ်နှစ်အရွယ်သာ ရှိသေးသော ကလေးနှစ်ဦးကို စေ့စပ်ကြောင်းလမ်းပေးခြင်းသည် စောလွန်းသည်ဟု မဆိုသာပေ။ ကျွန်မတို့သည် ထိုအခြေအနေများ အားလုံးနှင့် ကိုက်ညီနေသည်ဟု ကျွန်မ ခံစားရသည်။ ထို့အပြင် အိမ်ထောင်သက် ၃၂ နှစ်အတွင်း၌ ကျွန်မသည် ခင်ပွန်းသည်ကို အရှက်ရအောင်၊ ဂုဏ်သိက္ခာ ပျက်ယွင်းအောင် တစ်ခါသားမျှ မပြုလုပ်ခဲ့ဖူးသည့်အတွက် ကျွန်မ၏ ခင်ပွန်းကလည်း ဤတောင်းဆိုမှုကို ကျွန်မအား ရက်ရက်ရောရော အခွင့်ပြုခဲ့လေသည်။

ကောင်မလေး၏ ခြေထောက်များကို တုပ်နှောင်ရန် အချိန်ကျရောက်လာသည့် အခါတွင် ကျွန်မသည် အောင်သွယ်တော်ဝမ်ကို အိမ်သို့ ဆင့်ခေါ်လိုက်သည်။ ထိုအဖွားအိုကြီးကို ခြေကြီးမနှစ်ယောက်က ဧည့်ခန်းထဲသို့ တွဲခေါ်လာကြသည်။ ယခုအခါတွင် တခြားသော အောင်သွယ်တော်များ၌ လုပ်ငန်းကိုင်ငန်းများ ပိုမို ရရှိနေသည်ဟု ဆိုရသော်လည်း လက်ရှိ မျက်မြင်အခြေအနေကို ကြည့်ရခြင်းအားဖြင့် မကြောင့်မကြ နေနိုင်ရန်အတွက် သူ့တွင် စုဆောင်းငွေ အလျှံပယ် ရှိထားပြီး ဖြစ်ကြောင်း နားလည်နိုင်သည်။ သို့သော်လည်း ဇရာက အောင်သွယ်တော်ဝမ်ကို ညှာတာ ထောက်ထားလိမ့်မည် မဟုတ်ပေ။ သူ၏ မျက်နှာမှာ ရှုံ့တွနေသည်။ သူ၏ မျက်လုံးအစုံမှာ တိမ်ဖုံးကွယ်လျက် ဘာကိုမျှ မမြင်ရတော့ချေ။ ခံတွင်းမှာလည်း ဟောင်းလောင်းဖြစ်လျက် ဆံကေသာမှာလည်း ကျိုးတိုးကျဲတဲသာ ကျန်ရှိတော့သည်။ သူ၏ ကုန်းနေသော ခါးကြောင့် ခန္ဓာကိုယ်မှာ အတွင်းသို့ ကျုံ့ဝင်နေသည်။ သူသည် အားနည်းချည့်နဲ့လွန်းနေပြီ ဖြစ်သောကြောင့် အကူမပါဘဲ လမ်းမလျှောက်နိုင်တော့ပေ။ ထိုသို့သော အနေအထားများကို တွေ့မြင်ထားရသောကြောင့်ပင်လျှင် ကျွန်မသည် ဤမျှ အသက်ရှည်ရှည် နေထိုင်လိုခြင်း အလျှင်း မရှိခဲ့ပေ။ သို့ရာတွင် ကျွန်မ၏ ဆန္ဒ မပြည့်ဝခဲ့ပါ။

လက်ဖက်ရည်ကြမ်းနှင့် သစ်သီးယိုများဖြင့် သူ့ကို တည်ခင်းဧည့်ခံလိုက်သည်။ ကျွန်မတို့သည် တစ်ခဏမျှ ပဋိသန္ဓာရစကားများ ပြောဆိုကြသည်။ သူသည် ကျွန်မကို လုံးဝ မှတ်မိလိမ့်မည် မဟုတ်ဟု ကျွန်မ ယုံကြည်နေသည်။ ထိုအချက်ကို အားသာချက်အဖြစ် ကျွန်မ အသုံးပြုနိုင်လိမ့်မည်ဟု ကျွန်မ တွေးဆနေခဲ့သည်။ ကျွန်မတို့ တောင်တောင်ဤဤ လျှောက်ပြောကြပြီးသည့် နောက်တွင် ကျွန်မသည် စကားကို လိုရင်းသို့ ဆွဲခေါ်လိုက်သည်။

“ကျွန်မရဲ့ မြေးကလေးအတွက် သင့်လျော်မယ့် သတို့သမီးလောင်းတစ်ယောက်ကို ကျွန်မ ရှာနေပါတယ်”

“အဲဒီအတွက် ကျွန်မက ကလေးရဲ့ အဖေနဲ့ စကားပြောသင့်တာ မဟုတ်ဘူးလား” အောင်သွယ်တော်ဝမ်က မေးသည်။

“သူက ခရီးလွန်နေပါတယ်။ ကျွန်မကို သူ့အစား ညှိနှိုင်းပေးပါလို့ တောင်းဆိုထားပါတယ်”

အဘွားအိုသည် တစ်စုံတစ်ခုကို စဉ်းစားနေသည့်အလား သူ၏ မျက်လုံးများကို မှိတ်ထားလိုက်သည်။ ထိုသို့မဟုတ်လျှင် သူ အိပ်ပျော်သွားခြင်းသာ ဖြစ်ရပေမည်။

“ကျင်းထျန်မှာ အလားအလာရှိတဲ့ ကလေးမလေးတစ်ယောက်အကြောင်း ကျွန်မ ကြားထားတယ်” ကျွန်မက အသံကို မြှင့်တင်ကာ အော်ပြောလိုက်သည်။

“သူက သီးစားခ ကောက်ခံတဲ့ လူတစ်ယောက်ရဲ့ သမီးပါ”

အောင်သွယ်တော်ဝမ်၏ နှုတ်မှ ထွက်ကျလာသော စကားများသည် ကျွန်မ မည်သူ ဖြစ်ကြောင်း အတိအကျ သိထားသည်ဟု ထောက်ပြနေသကဲ့သို့ ဖြစ်နေသည်။

“ဘာဖြစ်လို့ သူ့ကို မွေးစားချွေးမအနေနဲ့ အိမ်မခေါ်ထားတာလဲ” သူက မေးသည်။

“ရှင်တို့ရဲ့ ဆွေဂုဏ်မျိုးဂုဏ်က အင်မတန်မှ ကြီးပါတယ်။ ရှင့်ရဲ့ သားနဲ့ ချွေးမကလည်း ဒီအစီအစဉ်ကို ကျေကျေနပ်နပ် သဘောတူနိုင်လိမ့်မယ် ဆိုတာ ကျွန်မ အပိုင် ပြောရဲပါတယ်”

အကယ်စင်စစ် သူတို့သည် ကျွန်မ၏ လုပ်ရပ်ကို များစွာ မနှစ်မြို့ကြချေ။ သို့သော် သူတို့ ဘာတတ်နိုင်အံ့နည်း။ ကျွန်မ၏ သားသည် စာသင်သားတစ်ယောက် ဖြစ်သည်။ သူသည် ငယ်ငယ်ရွယ်ရွယ် အသက် ၃၀ ဖြင့်ပင် နေပြည်တော် ရာထူးခန့်စာမေးပွဲ၏ ပြည်နယ်အဆင့်ကို လောလောလတ်လတ် အောင်မြင်ထားပြီးသူ တစ်ယောက် ဖြစ်သည်။ သူ၏ စိတ်အာရုံနှင့် စိတ်ဝင်စားမှုသည် တခြားတစ်နေရာသို့ ရောက်ချင် ရောက်နေမည်။ သို့မဟုတ်ပါက သူသည် တိုင်းပြည်အနှံ့ ခရီးသွားနေပေလိမ့်မည်။ သူသည် အိမ်သို့ ပြန်လာခဲပြီး ပြန်ရောက်လျှင်လည်း သူတွေ့မြင်ခဲ့သမျှသော ထူးဆန်းထွေလာ အံ့ဩဖွယ် ကိစ္စများကိုသာ ကျွန်မတို့အား ပြောပြခြင်းဖြင့် အချိန်ကုန်နေတော့သည်။ အနီရောင် မုတ်ဆိတ်များနှင့် ကိုးရိုးကားရားနိုင်သော အရပ်ရှည်ရှည် တိုင်းတစ်ပါးသားများအကြောင်း၊ ခါးကို အသက်မရှူနိုင်လောက်အောင် တင်းကျပ်စွာ စည်းနှောင်ထားသည့် သူတို့၏ ဇနီးမယားများ အကြောင်းတို့အပြင် ထိုမိန်းမများ၏ ခြေထောက်များက ကြီးမားလွန်းသောကြောင့် သူတို့၏ ခြေသံများမှာ ကမ်းတင်နေသော ငါးတစ်ကောင်ကဲ့သို့ တဖျပ်ဖျပ် မြည်ဟည်းနေကြကြောင်းတို့ကို ရေပက်မဝင်အောင် ပြောနေတတ်သည်။ မည်သို့ဆိုစေ ကျွန်မ၏သားသည် ဖခင်စကားကို မြေဝယ်မကျ နားထောင်တတ်သော သားလိမ္မာတစ်ယောက် ဖြစ်သကဲ့သို့ ကျွန်မ၏ ချွေးမကလည်း ကျွန်မ၏ စကားကို နာခံရမည်သာ ဖြစ်သည်။ သို့စင်လျက် ကျွန်မချွေးမသည် ဤဆွေးနွေးပွဲ၌ လုံးဝ ပါဝင်ခြင်း မပြုဘဲ သူ၏ အခန်းထဲတွင် တစ်ယောက်တည်း ကျိတ်ငိုနေလေသည်။

“ကျွန်မက ခြေကြီးမတစ်ယောက်ကို ရှာနေတာ မဟုတ်ဘူး” ကျွန်မက ပြောလိုက်သည်။

“ကျွန်မက ဒီခရိုင်ထဲက ခြေထောက်အလှဆုံး ကောင်မလေးတစ်ယောက်နဲ့ ပေးစားချင်တာ”

“အဲဒီကလေးက အခု ခြေထောက်တောင် မထုပ်ရသေးဘူးလေ။ အာမ မခံ …”

“ဒါပေမယ့် ရှင် အဲဒီခြေထောက်တွေကို တွေ့ပြီးပြီလေ။ ကျွန်မ ပြောတာ ဟုတ်တယ်မလား၊ အောင်သွယ်တော်ဝမ်။ ရှင်က အကြားအမြင်များတဲ့ လူတစ်ယောက်ပါ။ ဘယ်လို ရလဒ်မျိုး ထွက်လာနိုင်မယ်လို့ ရှင် ထင်သလဲ”

“ရလဒ်ကောင်းထွက်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို အဲဒီကလေးရဲ့ အမေက နားလည်လိမ့်မယ် မထင်ဘူး”

“ဒါဆို ကျွန်မကိုယ်တိုင် စောင့်ကြည့်ပေးမှာပေါ့”

“စေ့စပ်ကြောင်းလမ်းဖို့ ရှင့်မှာ ရည်ရွယ်ချက် ရှိနေတယ်ဆိုရင် ကလေးမလေးကို ဒီအိမ်ပေါ် ခေါ်ထားလို့ ဘယ်ဖြစ်ပါ့မလဲ” အောင်သွယ်တော်ဝမ်က မကျေနပ်သံဖြင့် ပြောသည်။

“ဒါက မသင့်လျော်တဲ့ ကိစ္စပဲလေ။ ရှင့်မြေးက သူ့ရဲ့ အနာဂတ် ဇနီးလောင်းကို ကြိုမြင်သွားလို့ ဘယ်ဖြစ်မလဲ”

သူသည် စဉ်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိသေးပေ။ ကျွန်မသည်လည်း ထိုနည်းလည်းကောင်းပင်။

“ရှင်ပြောတာကို ကျွန်မ လက်ခံပါတယ်။ ကျွန်မ ကလေးမလေးရဲ့ အိမ်ကို သွားမှာပါ”

“အဲဒီလို လုပ်လို့တော့ ဘယ်တော်ပါ့မလဲ”

“ကျွန်မ အဲဒီကို မကြာခဏ သွားလည်မှာပါ။ သူ့ကို သင်ပေးစရာတွေ အများကြီး ရှိနေတယ်”

အသည်းအသန် တွေးဆနေသော အောင်သွယ်တော်ဝမ်၏ မျက်နှာကို ကျွန်မ စိုက်ကြည့်နေမိသည်။ ထို့နောက် ကျွန်မသည် ကိုယ်ကို အရှေ့သို့ ကိုင်းညွှတ်ကာ အဘွားအို၏ လက်ကို ကျွန်မ၏ လက်ဖြင့် အုပ်ကိုင်ထားလိုက်သည်။

“ကျွန်မ ယုံကြည်ပါတယ် စိန်စိန်း၊ ကလေးမလေးရဲ့ အဘွားကလည်း ဒီကိစ္စကို သဘောတူနိုင်ပါလိမ့်မယ်”

မျက်ရည်ဥများသည် အောင်သွယ်တော်ကြီး၏ မျက်လုံးအိမ်တွင် တွဲလွဲခိုနေကြသည်။

“အဲဒီကောင်မလေးအနေနဲ့ မိန်းမတွေ တတ်အပ်တဲ့ လက်မှုပညာတွေကို သင်ကြားဖို့ လိုလိမ့်ဦးမယ်” ကျွန်မသည် စကားကို အလောတကော ပြောလိုက်သည်။

“သူ ခရီးထွက်ဖို့ လိုလိမ့်ဦးမယ်။ အဲ … သူ့ရဲ့ ရည်မှန်းချက်က မိန်းမတွေရဲ့ လောကကို ကျော်လွန်သွားဖို့တော့ မသင့်ဘူးပေါ့။ ဒါပေမယ့် နှစ်စဉ်နှစ်တိုင်း ကူဖောဘုရားကျောင်းကို သွားလည်ဖို့လောက်တော့ ရှင် သဘောတူနိုင်လိမ့်မယ်လို့ ကျွန်မ ထင်တယ်။ အဲဒီမှာ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ ကန်စွန်းဥကြော်ဆိုင်ကို အခု သူ့မြေးက အမွေဆက်ခံပြီး ဆိုင်ဆက်ဖွင့်ထားတယ်လို့ ကျွန်မ ကြားတယ်”

ကျွန်မသည် ကျွန်မ၏ ဆန္ဒအတိုင်း မဖြစ်မနေ ရအောင် အကောင်အထည် ဖော်ကာ ရွှယ်ဟွား၏ မြေးမလေးကို ကျွန်မ၏ စောင့်ရှောက်မှုအောက် မရောက်ရောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ သူ၏ ခြေထောက်များကို ကျွန်မကိုယ်တိုင် စည်းနှောင်ပေးခဲ့ပြီး ပေးနိုင်သမျှသော မိခင်မေတ္တာများကို သူ့အား ပုံအော ပေးခဲ့သည်။ သူ၏ မိဘအိမ် အပေါ်ထပ်ရှိ အခန်းဆောင်ထဲတွင် သူ့ကို လက်တွဲကာ ဟိုဘက်ထိပ် ဒီဘက်ထိပ် လမ်းလျှောက် ကျင့်ပေးခဲ့သည်။ မူတန်း၏ ခြေထောက်များသည် စံမီသော ရွှေရောင်လီလီများ ဖြစ်လာကြသည်။ ကျွန်မ၏ ခြေထောက်များနှင့် တစ်ရွယ်တည်းနီးပါး တူညီကြသည်။ မူတန်း၏ ခြေထောက်ရိုးများ ပြန်လည် အထိုင်ချနေသည့် လပေါင်းများစွာအတွင်း၌ ကျွန်မသည် သူ့ထံသို့ နေ့တိုင်းနီးပါး သွားရောက်ခဲ့သည်။ သူ၏မိဘများက သူ့ကို လွန်စွာ ချစ်ခင်စုံမက်ကြသည်။ သို့သော် သူ့ဖခင်သည် အတိတ်၏ အကြောင်းချင်းတများကို မေ့ဖျောက်ပစ်ရန် ကြိုးစားနေသည်။ သူ၏ မိခင်မှာမူ ထိုကိစ္စကို ဘာမျှ မသိချေ။ သို့ဖြင့် ကျွန်မသည် သူ့ဘွားအေနှင့် လောင်ထုံးတို့၏ ရှုပ်ထွေးပွေလီသော ဇာတ်လမ်းကို သူ့အား ပြောပြခဲ့သည်။ သူတို့၏ ပေးစာများနှင့် သီချင်းများအကြောင်း၊ သူတို့၏ ခင်မင်မှုနှင့်လောကဓံလှိုင်းများအကြောင်းကို သူ့အား ပြောပြလိုက်သည်။

“သမီးရဲ့ ဘွားဘွားက ပညာတတ်မိသားစုတစ်စုမှာ မွေးဖွားလာခဲ့တာ။ ဘွားဘွားကို သူ သင်ပေးခဲ့ဖူးသမျှတွေ သမီးကို ပြန်သင်ပေးမယ်နော်။ အချုပ်အလုပ်တွေ၊ ဣန္ဒြေသိက္ခာရှိအောင် နေနည်းထိုင်နည်းတွေနဲ့ အရေးအကြီးဆုံးက ဘွားဘွားတို့ မိန်းမသားတွေရဲ့ လျှို့ဝှက်စာ ရေးသားနည်းပဲ”

မူတန်းသည် သင်ပေးသမျှကို စိတ်ရှည်လက်ရှည်ဖြင့် ဝီရိယရှိရှိ ကြိုးစား သင်ယူခဲ့သည်။ သို့သော် တစ်နေ့တွင် သူက ကျွန်မကို ဤသို့ ပြောလာသည်။

“သမီးရဲ့ လက်ရေးက အတော်ကို ကြည့်ရဆိုးတာပဲနော်။ ဘွားဘွား သမီးကို ခွင့်လွှတ်ပေးနိုင်မယ် မဟုတ်လားဟင်”

သူသည် ရွှယ်ဟွား၏ မြေးအရင်း ဖြစ်သည် မှန်သော်လည်း သူ့ထံ၌ ကျွန်မ၏ ရုပ်ပုံလွှာကို ပြန်လည် တွေ့မြင်နေရသည်။

ↂↂↂ

တစ်ခါတစ်ရံ၌ ကျွန်မ တွေးကြည့်မိသည်။ ရွှယ်ဟွား၏ သေဆုံးခြင်းနှင့် ကျွန်မခင်ပွန်း၏ သေဆုံးခြင်း၊ ဤနှစ်ခုတွင် မည်သူ၏ သေဆုံးခြင်းက ကျွန်မကို ပိုမို၍ ယူကျုံးမရ ဖြစ်စေခဲ့သနည်း။ သူတို့နှစ်ဦးစလုံးကြောင့် ကျွန်မ အကြီးအကျယ် ခံစားခဲ့ရသည်။ သို့သော် သူတို့နှစ်ဦးတွင် တစ်ဦးသာလျှင် ဈာပနအခမ်းအနားကို လူများစွာဖြင့် သိုက်သိုက်မြိုက်မြိုက် ပို့ဆောင် ကျင်းပနိုင်ခဲ့သည်။ ထိုအခမ်းအနားတွင် သုသာန်သို့ သွားရာ လမ်းတစ်လျှောက်၌ သူ၏ သားသုံးယောက်သည် ဒူးများကို ထောက်လျက် သူ၏ အခေါင်းကို မြေမြှုပ်သင်္ဂြိုဟ်ရာ သုသာန်မြေသို့ လိုက်ပါ ပို့ဆောင်ခဲ့ကြသည်။ ကျွန်မခင်ပွန်းသည် ကျွန်မ၏အသက် ၅၇ နှစ်အရွယ်တွင် တမလွန်သို့ ထွက်ခွာသွားခဲ့သည်။ ထိုအသက်အရွယ်သည် နောက်အိမ်ထောင် ပြုဦးမည်လောဟု စိုးရိမ်ရမည့် အသက်အရွယ်မျိုး မဟုတ်တော့ပေ။ ကာမဖောက်ပြားမည့် မုဆိုးမမျိုး ဖြစ်သွားလေမလားဟု ပူပန်ရမည့် အရွယ်မျိုးလည်း မဟုတ်တော့ပေ။ ကျွန်မသည် ခင်ပွန်း မကွယ်လွန်ကတည်းကပင် မေထုန်မှုကို ရှောင်ကြဉ်သော ဗြဟ္မစရိယအကျင့်ကို ကျင့်သုံးနေထိုင်ခဲ့သည်။ ထိုအကျင့်ဖြင့် နှစ်ပေါင်းများစွာ သန့်သန့်ရှင်းရှင်း နေထိုင်ခဲ့သောကြောင့် ခင်ပွန်းသည် ဆုံးပါးသွားသည့် အခါတွင် ကျွန်မသည် မုဆိုးမနှစ်ထပ်ကွမ်း ဖြစ်သွားခဲ့သည်။ ဤစာအုပ်ထဲတွင် ကျွန်မ၏ ခင်ပွန်းအကြောင်းကို များစွာ ဖတ်ရလိမ့်မည် မဟုတ်ပေ။ ၎င်းအကြောင်းအရာ အားလုံးတို့ကို ကျွန်မ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိထဲတွင် ထည့်သွင်းရေးသားထားသည်။ သို့သော် အနည်းအကျဉ်းမျှ ကျွန်မ ပြောပြချင်ပါသည်။ သူသည် ကျွန်မ၏ ခွန်အားဖြစ်သည်။ တစ်နေ့ပြီးတစ်နေ့ ဆက်လက် ရှင်သန်သွားနိုင်ရန်အတွက် ကျွန်မကို ခွန်အားများ မွေးဖွားပေးခဲ့သည်။ သူ၏ တစ်နေ့သုံးနပ်စာကို ပြည့်စုံကုံလုံမှု ရှိအောင် စီမံပေးခဲ့ရသည်။ သူ့ကို စိတ်အပန်းပြေစေရန်အတွက် နည်းလမ်းများကို ဉာဏ်သုံးကာ ရှာကြံစဉ်းစားခဲ့ရသည်။ သူ ထွက်ခွာသွားသည့် နောက်ပိုင်းတွင် ကျွန်မ၏ စားသောက်ချင်စိတ်တို့သည်လည်း ယုတ်လျော့သည်ထက် ယုတ်လျော့လာသည်။ ဤခရိုင်အတွင်းရှိ မိန်းမအပေါင်းတို့၏ စံပြခေါင်းဆောင် ဖြစ်နေဖို့လည်း ကျွန်မ စိတ်မဝင်စားတော့ပေ။ နေ့ကို လစား၍ လကို နှစ်မျိုသွားသည်နှင့်အမျှ အချိန်ကာလများကိုလည်း ကျွန်မ မေ့လျော့လာတော့သည်။ ရာသီစက်ဝန်း၏ လည်ပတ်နေမှုကိုလည်း ပေယျာလကန် ပြုတတ်လာသည်။ နှစ်ကာလ တို့သည်လည်း တဖြုတ်ဖြုတ်နှင့် ဆယ်စုနှစ်များ တစ်ခုပြီးတစ်ခု ကုန်လွန်သွားကြသည်။

အသက်ရှည်ခြင်း၏ ဆိုးကျိုးတစ်ခုမှာ လူပေါင်းမြောက်မြားစွာတို့သည် သင့်ကို ကျော်၍ အလျှိုလျှို ပျောက်ကွယ်သွားကြသည်ကို တွေ့မြင်နေရခြင်းပင် ဖြစ်သည်။ ကျွန်မသည် အားလုံးနီးပါးထက်ပင် သက်ဆိုးရှည်ခဲ့သည်။ ကျွန်မ၏ မိဘများ၊ ကျွန်မ၏ စိန်စိန်းနှင့် စူးစူ၊ ကျွန်မ၏ ညီအစ်ကို မောင်နှမများ၊ အောင်သွယ်တော်ဝမ်၊ ကျွန်မ၏ ခင်ပွန်း၊ ကျွန်မ၏ သမီး၊ ကျွန်မ၏ သားနှစ်ယောက်၊ ကျွန်မ၏ ချွေးမများအားလုံးတို့အပြင် ယုံကမ်းသည်ပင် ကျွန်မကို စောလျင်စွာ မျက်ကွယ်ပြုသွားခဲ့ကြသည်။ ကျွန်မ၏ သားကြီးသည် ကုန်းစိန်း[8] အဖြစ်မှသည် ကျင့်စစ်[9] တစ်ယောက် အဖြစ်သို့ ဆက်လက် တက်လှမ်းသွားနိုင်ခဲ့သည်။ ဘုရင်မင်းမြတ်သည် သူ၏ အဖြေလွှာကို ကိုယ်တော်တိုင် ဖတ်ရှုတော်မူခဲ့သည်။ တရားသူကြီးအဖြစ် ခန့်အပ်ခံရပြီးသည့်နောက်တွင် ကျွန်မ၏ သားကြီးသည် များသောအားဖြင့် အိမ်ကပ်ခွင့် မရတော့ပေ။ သို့သော် သူသည် လူးမိသားစု၏ ဂုဏ်အရှိန်အဝါကို မျိုးဆက်ပေါင်းများစွာ ကြာသည်အထိ ဆက်လက် ထိန်းသိမ်းပေးနိုင်ခဲ့သည်။ သူသည် သားအလိမ္မာ ဖြစ်သည့် အားလျော်စွာ သားတစ်ယောက်၏ ဝတ္တရားများကို မည်သည့်အခါတွင်မျှ မေ့ပျောက်သွားလိမ့်မည် မဟုတ်ကြောင်း ကျွန်မ ယုံကြည်ထားသည်။ သူသည် ကျွန်မ၏ နောက်ဆုံးခရီးစဉ်အတွက် ကြီးကျယ်ခမ်းနားသော အခေါင်းတစ်လုံးကို မှာပေးထားသည်။ ရွှယ်ဟွား၏ ဘေးတော်နှင့် ဘကြီးတော်လူးတို့၏ နာမတော်တို့နှင့်အတူ သားကြီး၏ နာမည်သည် ထုံးခိုရှိ ဘိုးဘွားဘုံကျောင်း၏ ရွှေရောင်နံရံပေါ်တွင် ခမ်းနားထည်ဝါစွာ တည်ရှိနေပေလိမ့်မည်။ ထိုနာမည်သုံးခုတို့သည် အဆောက်အအုံကြီး ပြိုကျပျက်စီးသွားသည့်တိုင်အောင် ထာဝရ တည်တံ့နေပေလိမ့်မည်။

ယခုအခါတွင် မူတန်းသည် အသက် ၃၇ နှစ် အရွယ်သို့ ရောက်ရှိခဲ့ပြီ။ လူးဖူးလန်အဖြစ်သို့ ကျွန်မ ရောက်ရှိခဲ့သည့် ကျွန်မ၏ အသက်ထက် ၆ နှစ်မျှ ပိုကြီးနေသည်။ အကြီးဆုံး မြေးယောက်ျားလေး၏ ဇနီးဖြစ်သောကြောင့် ကျွန်မ မျက်စိမှိတ်သွားသည့်အခါတွင် သူသည် လူးဖူးလန်အသစ် ဖြစ်လာလိမ့်မည်။ သူ့တွင် သားနှစ်ယောက်နှင့် သမီးသုံးယောက် ရှိပြီး နောက်ထပ် ကလေးများစွာ ပွားစီးလာနိုင်သေးသည်။ သူ၏ အကြီးဆုံးသားကို တခြားရွာမှ မိန်းကလေးတစ်ယောက်နှင့် လက်ဆက်ပေးခဲ့သည်။ ထိုမိန်းကလေးသည် မကြာခင်ကမှ သားတစ်ယောက်၊ သမီးတစ်ယောက် – အမြွှာပူးလေးတစ်စုံကို မျက်နှာမြင်ထားသည်။ သူတို့၏ မျက်နှာကလေးများကို တွေ့မြင်ရသည့်အခါတွင် ကျွန်မသည် ရွှယ်ဟွားနှင့် ကျွန်မတို့၏ မျက်နှာကလေးများကို ပြန်လည် မြင်ယောင်လာမိသည်။ ကျွန်မတို့သည် မိမိတို့၏ မိဘမျိုးရိုးကို အဓွန့်ရှည်အောင် ဆောင်ရွက်မပေးနိုင်ကြသောကြောင့် သမီးမိန်းကလေးများကို အသုံးမကျသော အခက်အလက်များဟု လူကြီးသူမများက ခေါ်ဝေါ်ခဲ့ကြသည်။ ကျွန်မတို့မှာ မိမိတို့နှင့် လက်ဆက်ကြသည့် လင်ယောက်ျား၏ မျိုးရိုးကိုသာ နာမည်မတိမ်ကောအောင် လုပ်ဆောင်ပေးနိုင်ကြသည်။ သို့ရာတွင် သားရတနာများ မွေးဖွားပေးနိုင်လောက်အောင် ကံကောင်းဖို့တော့ လိုပေလိမ့်ဦးမည်။ ဤနည်းဖြင့် မိန်းမတစ်ယောက်သည် သူ့လင်တော်မောင် မိသားစု၏ ပိုင်ဆိုင်ပစ္စည်းအဖြစ်သို့ ထာဝရ သက်ဆင်း ရောက်ရှိသွားလေတော့သည်။ ရှင်လျှင်လည်း သူ့အိမ်၏ လူသာ ဖြစ်၍ သေလျှင်လည်း သူ့အိမ်၏ တစ္ဆေသာ ဖြစ်ရပေတော့မည်။ ဤအချက်များ အားလုံးတို့သည် မြေကြီးလက်ခတ် မလွဲသော အမှန်တရားများသာ ဖြစ်ကြသည်။ သို့သော် ဤရက်များ အတွင်း၌ ကျွန်မသည် အကျေနပ်ကြီး ကျေနပ်နေမိသည်။ ရွှယ်ဟွား၏ အသွေးအသားများနှင့် ကျွန်မ၏ အသွေးအသားများသည် ပေါင်းစပ်ကြလျက် မကြာခင်သော အချိန်အတွင်း၌ လူးအိမ်တော်ကြီး၏ အရှင်သခင်အသစ်များ ဖြစ်လာကြပေတော့မည်။

‘ ဗဟုသုတ နည်းပါးသော မိန်းမတစ်ယောက်သည် ပညာတတ်သော မိန်းမတစ်ယောက်ထက် သာလွန် ကောင်းမွန်၏ ’

ဤဆိုရိုးစကားကို ကျွန်မ အစဉ်အမြဲ ယုံကြည်ခဲ့သည်။ ကျွန်မ၏ ဘဝတစ်လျှောက်လုံးတွင် ကျွန်မသည် ပြင်ပလောက၌ ဖြစ်ပျက်နေသမျှသော အရာအားလုံးတို့ကို မကြားမိအောင် နားပိတ်ထားခဲ့သည်။ ထို့အပြင် ယောက်ျားတို့၏ စာအရေးအသားကိုလည်း သင်ယူရန် မည်သည့်အခါကမျှ စိတ်မကူးခဲ့ဖူးချေ။ သို့သော် မိန်းမကောင်းတို့၏ နည်းနာနိဿျများ၊ ပုံတိုပတ်စများနှင့် နွီစူးကို ကျွန်မ သင်ယူခဲ့သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ကျင်းထျန်တွင် မူတန်းနှင့် သူ၏ သွေးသောက်ညီအစ်မများအား နွီစူးအက္ခရာများကို သင်ကြားပေးနေစဉ်အခါက မိန်းမအမြောက်အမြားသည် သူတို့၏ ကိုယ်ရေးရာဇဝင်များကို ချရေးပေးပါရန် ကျွန်မကို တောင်းဆိုခဲ့ကြသည်။ ကျွန်မ သူတို့ကို မငြင်းဆန်ရက်ခဲ့ပါ။ သို့ဖြင့် ကျွန်မသည် ကြက်ဥသုံးလုံးနှင့် ကြေးပြားတစ်ပြားကို အခကြေးငွေအဖြစ် သတ်မှတ်ကာ သူတို့အတွက် ရေးသားပေးခဲ့သည်။ ဤသို့ ပြုလုပ်ရခြင်းမှာ ကြက်ဥ သို့မဟုတ် ပိုက်ဆံကို ကျွန်မ လိုချင်နေသောကြောင့် မဟုတ်ပါ။ ကျွန်မ၏ လူးဖူးလန်ဟူသော ဂုဏ်သိက္ခာကို အရိုအသေ တန်သွားမည် စိုးသောကြောင့် အလကား ပြုလုပ်မပေးခဲ့ခြင်းသာ ဖြစ်သည်။ ဤမျှ မကသေးပါ။ ကျွန်မသည် သူတို့အား သူတို့၏ ဘဝများကို ကောင်းစွာ တန်ဖိုးထားတတ်စေချင်သည်။ သူတို့၏ ဘဝများသည် များသောအားဖြင့် စိတ်ဆင်းရဲစရာများနှင့်သာ နေ့ညမပြတ် ကြုံတွေ့ ခံစားခဲ့ရသည်မှာ မှန်ပါ၏။ သူတို့သည် ဆင်းရဲနုံချာသော၊ ကြမ်းတမ်းခက်ခဲသော မိသားစုများမှ ပေါက်ဖွားလာကြပြီး နုနယ်သော အရွယ်တွင် အိမ်ထောင်ကျခဲ့ကြရသည်။ မိန်းမတို့၏ အာဝေဏိက ဒုက္ခများ ဖြစ်ကြသည့် မိဘများကို ခွဲခွာခဲ့ရသော ဒုက္ခဝေဒနာ၊ သားသမီး ဆုံးရှုံးရသော ဒုက္ခဝေဒနာနှင့် ယောက္ခမအိမ်တွင် ဂုဏ်သိက္ခာ ညှိုးငယ်စွာဖြင့် ဆင်းဆင်းရဲရဲ နေထိုင်ကြရသော ဒုက္ခဝေဒနာများကို လည်စင်းခံခဲ့ကြရသည်။ ပို၍ ကံဆိုးရှာသော သူများအဖို့၌ ညှဉ်းဆဲရိုက်ပုတ်တတ်သော လင်ယောက်ျားများကို ရရှိထားကြသည်။ ကျွန်မသည် မိန်းမများအကြောင်းနှင့် သူတို့၏ ဒုက္ခဝေဒနာများအကြောင်းကို အတော်များများ သိရှိထားသော်လည်း ယောက်ျားများ၏ အကြောင်းကိုမူ လုံးဝဥဿုံ သိရှိထားခြင်း မရှိပေ။ အကယ်၍သာ ယောက်ျားတစ်ယောက်သည် သူ၏ ဇနီးမယားကို တန်ဖိုးထားရကောင်းမှန်း မသိခဲ့ပါလျှင် နောက်နောင်၌ သူ့ကို မည်သို့ ချစ်ခင်မြတ်နိုးနိုင်ပါတော့အံ့နည်း။ အကယ်၍သာ သူသည် သူ့ဇနီးကို ဥမှန်မှန် ဥချပေးသော ကြက်မတစ်ကောင်လောက်မျှ တန်ဖိုးမထားလျှင်၊ အလေးအပင်များကို ထမ်းပိုးထားနိုင်သည့် ကျွဲတစ်ယောက်လောက်မျှ တန်ဖိုးမထားလျှင် ထိုယောက်ျားသည် သူ့ဇနီးကို ထိုတိရစ္ဆာန်များထက် မည်သို့ အလေးထားနိုင်ပါတော့အံ့နည်း။ မိန်းမများသည် ယောက်ျားများကဲ့သို့ ရဲရင့်ကောင်းမှ ရဲရင့်ပေလိမ့်မည်။ သန်စွမ်းကောင်းမှ သန်စွမ်းပေလိမ့်မည်။ သည်းခံနိုင်စွမ်း နည်းကောင်း နည်းပေလိမ့်မည်။ သူတစ်ပါးကို မမှီခိုဘဲ ကိုယ်စွမ်းကိုယ်စဖြင့် ရှင်သန်နိုင်စွမ်း ရှိကောင်းမှ ရှိပေလိမ့်မည်။ ဤသို့သော အကြောင်းများကြောင့် သူတို့၏ လင်ယောက်ျားများသည် သူတို့၏ တန်ဖိုးကို အသိအမှတ်ပြုရန် ဝန်လေးနေကြသည်။

မိန်းမတို့၏ နိမ့်တုံမြင့်တုံ ဇာတ်လမ်းအဖုံဖုံတို့ကို ကြားနာပြီးသည့် အချိန်တွင် ကျွန်မသည် မိမိ၏ ကိုယ်ပိုင် ဘဝဇာတ်ကြောင်းကို ပြန်လည်တွေးတောကြည့်နေမိသည်။ နှစ်ပေါင်းလေးဆယ်အတွင်း၌ အတိတ်၏ နေ့ရက်များသည် နောင်တကုက္ကုစ္စများနှင့်သာ ပြည့်လျှမ်းနေခဲ့သည်။ ကျွန်မ၏ ဘဝအတွင်း၌ လူတစ်ဦးတည်းကသာ အမှန်တကယ် အရေးပါခဲ့သည်။ သို့သော် ကျွန်မသည် ဆိုးဝါးယုတ်မာသော လင်ယောက်ျားထက်ပင် သူ့ကို ရက်ရက်စက်စက် မညှာမတာ ဆက်ဆံခဲ့မိသည်။ ရွှယ်ဟွားက ကျွန်မအား သူ၏ သားသမီးများကို အဒေါ်အရင်းတစ်ယောက်သဖွယ် ကြည့်ရှုစောင့်ရှောက်ပေးရန် ပြောဆိုပြီးသည့်နောက်၌ သူက ဤသို့ ပြောဆိုခဲ့သေးသည်။ ဤစကားများသည် ကျွန်မကို ပြောသော သူ၏ နောက်ဆုံးစကားများပင် ဖြစ်တော့သည်။

“ငါက နင့်လောက် မတော်ဘူး ဆိုပေမယ့် မိုးနတ်မင်းကြီးက ငါတို့နှစ်ယောက်ကို ပေါင်းစပ်ပေးလိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်။ ငါတို့နှစ်ယောက် ကမ္ဘာတည်သရွေ့ အတူတူ နေခွင့်ရကြမှာပါ”

ဤအကြောင်းအရာကို ကျွန်မသည် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပြန်လည် တွေးတောကြည့်မိသည်။ သူသည် မှန်ရာကို ပြောဆိုခဲ့ခြင်းမှ ဟုတ်ပါလေစ။ အကယ်၍သာ တမလွန်လောကသည် အညှာအတာ ကင်းမဲ့သော လောကတစ်ခု ဖြစ်နေပါလျှင် မည်သို့ ပြုရအံ့နည်း။ သို့သော် သေခြင်းတရားသည် ရှင်သန်ခြင်း၏ လိုအပ်ချက်နှင့် လိုအင်ဆန္ဒများကို ဆက်လက် ဝါးမျိုစားသောက်နေဦးမည် ဆိုပါလျှင် ကျွန်မသည် ရွှယ်ဟွားနှင့်သော်လည်းကောင်း၊ ကျွန်မအလျင် သေနှင့်ပြီးကြသော တခြားလူများနှင့် သော်လည်းကောင်း ပြန်လည်တွေ့ဆုံရန် တစ်နေ့တခြား နီးကပ်သည်ထက် နီးကပ်လာချေပြီ။

“ရွှယ်ဟွား၊ ငါ ပြောတာ ကြားရဲ့လား။ ငါ့ကို ခွင့်လွှတ်ပေးပါဟာ”

 

စာဖတ်သူ တစ်ယောက်စီတိုင်း အထူး ကျေးဇူးတင်ရှိပါသည်။

ဖြိုးကျော်

၂၀၂၃ ခု၊ ဩဂုတ်လ၊ ၂ ရက်နေ့။ ညနေ ၅ နာရီ ၁၃ မိနစ်။

=======

 

 

 

အဆုံးထိ ဖတ်ပေးခဲ့လို့

 

ကျေးဇူးတင်ပါတယ်

 

 

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *