ကျင်းထျန်မှ မိသားစု လေးစုသည် အခက်အလက် ဝေဖြာနေသော သစ်ပင်ကြီးတစ်ပင်၏ အကာအကွယ်အောက်တွင် အတူတကွ နေထိုင်နေကြသည်။ သို့သော် တုန်လှုပ်ချောက်ချားဖွယ် အတွေ့အကြုံများမှာမူ နှစ်ည သို့မဟုတ် တစ်ပတ်နှင့်လည်း ကုန်ဆုံးသွားဖွယ် မရှိသေးပေ။ ကျွန်မတစ်သက်တွင် ကြုံဖူးခဲ့သမျှသော နှစ်များအားလုံးထက် ထိုနှစ်၏ နှင်းမုန်တိုင်းဒဏ်က ပိုမို ဆိုးရွားခဲ့သည်။ ရေခဲလုမတတ် အေးမြသော အပူချိန်ကို စက္ကန့်မလပ် တောင့်ခံနေကြရသည်။ ကျွန်မတို့၏ ထွက်သက်များသည် အခိုးအငွေ့များအဖြစ် တောင်ကြားရှိ တိမ်ခိုးတိမ်ငွေ့အတွင်းသို့ လျှိုးဝင် ပျောက်ကွယ်သွားကြသည်။ ကျွန်မတို့မှာ အချိန်ရှိသရွေ့ ဆာလောင်မွတ်သိပ်နေကြသည်။ စစ်ပြေးဒုက္ခသည်များအဖြစ် ရက်ပေါင်း မည်မျှကြာကြာ ထွက်ပြေးပုန်းရှောင် နေကြရဦးမည်ကို မည်သူမျှ မဝေခွဲနိုင်သောကြောင့် မိသားစုတိုင်းသည် သူတို့၏ စားနပ်ရိက္ခာများကို ချွေတာရေး စနစ်ဖြင့် သိုမှီး သိမ်းဆည်းထားကြသည်။ ချောင်းဆိုးခြင်း၊ အအေးမိခြင်းနှင့် လည်ချောင်းနာခြင်း စသော ရောဂါဝေဒနာတို့သည် ဤစခန်းအတွင်းရှိ လူများအကြား၌ လှည့်လည် ဖြစ်ပွားနေတော့သည်။ ယင်းသို့သော ရောဂါများနှင့် မညှာမတာ ကြမ်းတမ်းရက်စက်သော ဆောင်းညများကြောင့် ယောက်ျားများ၊ မိန်းမများနှင့် ကလေးငယ်များ တဖြုတ်ဖြုတ် သေဆုံးနေကြသည်။
ဤတောတောင်များအတွင်းရှိ အခြားသော မိန်းမအများစုနည်းတူ ကျွန်မ၏ ခြေထောက်များသည် တောင်တက် ခရီးစဉ်အတွင်း၌ အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။ ကျွန်မတို့တွင် သီးခြားလွတ်လပ်သော ကိုယ်ပိုင်နယ်မြေ မရှိကြသောကြောင့် ယောက်ျားများ၏ အရှေ့တွင် မိမိတို့၏ ခြေထောက်များကို ပတ်တီးဖြေခြင်း၊ သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် ပတ်တီးပြန်စည်းခြင်းများ ပြုလုပ်ကြရသည်။ ထို့အပြင် အခြားသော လုပ်ဆောင်ချက်များအတွက်လည်း မိမိတို့၏ ရှက်စိတ်များကို ပမာမထားဘဲ မသိကျိုးကျွံ ပြုကာ နေတတ်လာကြသည်။ အများသုံးအိမ်သာ ကျင်းအသစ်များ အတွင်း၌လည်းကောင်း၊ သစ်ပင်တစ်ပင်၏ နောက်ကွယ်၌လည်းကောင်း လင်မယားတို့၏ ချစ်တင်းနှောခြင်း ကိစ္စကို ဆောင်ရွက်တတ်လာကြသည်။ သို့သော် ဤနေရာရှိ အမျိုးသမီးအများစုနှင့် မတူညီသည့် အချက်မှာ ကျွန်မတွင် ကိုယ်ပိုင်မိသားစု မရှိပေ။ ကျွန်မ၏ သားကြီးနှင့် တခြားသော သားသမီးများကို အလွန်အမင်း လွမ်းဆွတ် တမ်းတနေမိသည်။ ကျွန်မ၏ ခင်ပွန်း၊ သူ၏ ညီများ၊ လင်ညီမများ၊ သူတို့၏ သားသမီးများအပြင် အိမ်စေများကိုပင် အချိန်ရှိသရွေ့ စိုးရိမ်ပူပန်နေမိသည်။ သူတို့သည် ရုံမင်းမြို့သို့ ဘေးမသီ ရန်မခဘဲ ချောချောမောမောမှ ရောက်ပါလေစ။
ကျွန်မ၏ ခြေထောက်များ ပြန်လည်သက်သာလာကာ သွေးမထွက်တော့ဘဲ ကောင်းကောင်းမွန်မွန် ရပ်နိုင်၊ လမ်းလျှောက်နိုင်ရန်အတွက် တစ်လနီးပါးမျှ အချိန်ကြာမြင့်ခဲ့သည်။ ၁၂ လ၏ လဆန်းပိုင်း နေ့ရက်များတွင် ကျွန်မ၏ မောင်ဖွားများနှင့် သူတို့၏ မိသားစုများ၊ တာ့ကျယ်နှင့် သူ၏ မိသားစုကို ရှာဖွေနိုင်ရန်အလို့ငှာ နေ့စဉ်နေ့တိုင်း အပြင်သို့ထွက်ရန် ကျွန်မ ဆုံးဖြတ်လိုက်သည်။ သူတို့လည်း ဤတောဤတောင်ထဲ၌ လုံလုံခြုံခြုံ ရှိနေကြလိမ့်မည်ဟု ကျွန်မ မျှော်လင့်ထားသည်။ သို့သော် ဤနေရာ တနံတလျား၌ ပြန့်ကျဲနေသော ဒုက္ခသည် တစ်သောင်းကျော်အတွင်း၌ သူတို့ကို မည်သို့ ရှာဖွေရပါအံ့နည်း။ ကျွန်မသည် တစ်နေထွက်သည်နှင့် တစ်ပြိုင်နက် ခြုံစောင်တစ်ထည်ကို ပခုံးပေါ် လွှားတင်လျက် ရှာပုံတော်ခရီးကို မဝံ့မရဲ စတင်လိုက်တော့သည်။ ကျွန်မ၏ နေ့စဉ်ခရီးကို အသေအချာ မှတ်သားထားရသည်။ အကယ်၍သာ ရွှယ်ဟွားတို့အထံသို့ ပြန်နိုင်မည့် လမ်းခရီးကို ရှာမတွေ့ခဲ့ပါမူ ကျွန်မသည် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသကဲ့သို့သာ ဖြစ်နေပေတော့မည်။
တစ်နေ့တွင် – ရှာဖွေရေး စတင်ပြီး နှစ်ပတ်အကြာလောက်တွင် – ကျောက်အမိုးစွန်းကြီးတစ်ခုအောက်၌ ပူးကပ် ထိုင်နေကြသော ကောထန်ရွာမှ လူတစ်စုအထံသို့ ကျွန်မ ရောက်ရှိသွားသည်။ သူတို့ကို တာ့ကျယ်အကြောင်း ကျွန်မ မေးကြည့်လိုက်သည်။
“အင်း၊ သိတာပေါ့” အမျိုးသမီးတစ်ယောက်က ပြန်ဖြေသည်။
“ပထမညကတည်းက ငါတို့ သူနဲ့ ကွဲသွားကြတာပဲ” သူ၏ သူငယ်ချင်းက ပြောသည်။
“သူ့ကို တွေ့ရင် ငါတို့ဆီ လာခဲ့ဖို့ ပြောပေးစမ်းပါ။ ဒီနေရာမှာ နောက်ထပ် မိသားစုတစ်စုလောက်တော့ ထပ်ဝင်လို့ ရပါသေးတယ်”
သူတို့၏ ခေါင်းဆောင်ဟု ယူဆရသော တခြားလူတစ်ယောက်က ကျွန်မကို သတိပေးဟန်ဖြင့် ပြောနေသေးသည်။ ဤနေရာတွင် ကောထန်ရွာမှ လူများကိုသာ လက်ခံနိုင်မည် ဟူ၍။
“ကျွန်မ နားလည်ပါတယ်” ကျွန်မ ပြောလိုက်သည်။
“ဒါပေမယ့် ရှင်တို့ သူ့ကို တွေ့ခဲ့မယ်ဆိုရင် ကျွန်မ သူ့ကို လိုက်ရှာနေတဲ့အကြောင်း ပြောပြပေးပါလား။ ကျွန်မက သူ့ညီမပါ”
“သူ့ညီမ … ဒါဆို ရှင်က လူးဖူးလန် ပေါ့”
“ဟုတ်ပါတယ်” ကျွန်မက သတိနှင့် ပြန်ဖြေလိုက်သည်။ ကျွန်မက သူတို့အား တစ်စုံတစ်ရာ ပေးနိုင်လိမ့်မည်ဟု ယူဆနေလျှင် အမှားကြီး မှားပေလိမ့်မည်။
“ရှင့်ကို လူတစ်စု လာရှာကြသေးတယ်”
ကျွန်မ၏ ပါးစပ်ထဲမှ စကားလုံးများ အလျင်စလို ထွက်ကျလာသည်။
“သူတို့က ဘယ်သူတွေလဲ။ ကျွန်မ အစ်ကိုတို့လား”
အမျိုးသမီးများသည် တစ်ယောက်မျက်နှာကို တစ်ယောက် ပြန်ကြည့်နေကြသည်။ ထို့နောက် ကျွန်မထံသို့ အကြည့် ပြန်ရောက်လာကာ ကျွန်မကို ခြေဆုံးခေါင်းဆုံး ကြည့်နေကြပြန်သည်။ သူတို့၏ ခေါင်းဆောင်ထံမှ စကားသံ ထွက်ပေါ်လာပြန်သည်။
“အခုချိန်မှာ သွားသတိ၊ လာသတိနဲ့ နေကြရတာဆိုတော့ သူတို့ကလည်း သူတို့ ဘယ်သူလဲဆိုတာ ပြောမပြကြဘူး။ သူတို့အထဲက တစ်ယောက်ကတော့ သူတို့ရဲ့ သခင် ဖြစ်မယ်ထင်တယ်။ သေချာတာကတော့ အဲဒီလူက ခန့်ခန့်ညားညား၊ သားသားနားနားပဲ။ သူ့ဖိနပ်တွေနဲ့ အဝတ်အစားတွေက အကုန်လုံး အပျံစားတွေချည်းပဲ။ သူ့ဆံပင်တွေက နဖူးကနေ ဒီလို ဖြာကျနေကြတာ”
ကျွန်မ၏ ခင်ပွန်းပင် ဖြစ်ရပေတော့မည်။ လွဲစရာ မရှိတော့။
“သူတို့ ဘာပြောသွားသေးလဲ။ သူ အခု ဘယ်မှာလဲ။ ဘယ်လို …”
“ကျွန်မတို့ ဘာမှ မသိဘူး။ တကယ်လို့သာ ရှင်ဟာ လူးဖူးလန် မှန်ရင် ရှင့်ကို လူတွေက အခု လိုက်ရှာနေကြပြီပဲ။ မစိုးရိမ်ပါနဲ့တော့” ထိုအမျိုးသမီးသည် ကျွန်မ၏ လက်ကို အသာအယာ လှမ်းပုတ်လိုက်သည်။
“သူ ပြန်လာဦးမယ်လို့ ပြောသွားပါတယ်”
သို့သော် အစွမ်းကုန် ကြိုးစား၍ ရှာဖွေပါသော်လည်း ၎င်းနှင့် ဆင်ဆင်တူသည့် တခြားသော အကြောင်းတစ်စုံတစ်ရာကိုမျှ ကျွန်မ မကြားရတော့ပေ။ သို့ဖြင့် ထိုအမျိုးသမီးများသည် ကျွန်မကို မနာလိုသောကြောင့်သာ ထိုသို့ ဇာတ်လမ်းဆင်၍ လိမ်ညာခဲ့ခြင်း ဖြစ်ရမည်ဟု များမကြာခင် ကျွန်မ ယုံကြည်လာတော့သည်။ သို့သော် သူတို့ကို တွေ့ခဲ့သော ကျောက်အမိုးစွန်းအောက်သို့ ကျွန်မ ပြန်ရောက်သွားသောအခါတွင် ထိုနေရာ၌ တခြားသော မိသားစုများ ရောက်ရှိနေကြသည်ကိုသာ တွေ့လိုက်ရတော့သည်။ ကျွန်မသည် လူးဖူးလန် ဖြစ်သော်ငြားလည်း မည်သူကမျှ ကျွန်မကို မှတ်မိနိုင်တော့မည် မဟုတ်ပေ။ ဂန္ဓမာပန်းပွင့်ဖြင့် လက်ရာမြောက်စွာ တန်ဆာဆင်ထားသော ကျွန်မ၏ ကိုယ်ပေါ်မှ ခရမ်းပြာနုရောင် ပိုးထည်အင်္ကျီသည်လည်း ညစ်ပတ်ပေရေကာ စုတ်ပြဲနေလေပြီ။ ကျွန်မ၏ ဖိနပ်အစုံသည်လည်း ကျွန်မ၏ သွေးများကြောင့် မည်းညစ်နေကြသည်။ ဤတစ်ရန်တည်းကိုသာ နေ့စဉ်နေ့တိုင်း ဝတ်ဆင်ထားရသောကြောင့်လည်း ပွန်းပဲ့စုတ်ပြတ်နေကြသည်။ နေဒဏ်၊ လေဒဏ်၊ အအေးဒဏ်ကြောင့် ကျွန်မ၏ မျက်နှာတွင် မည်သို့သော အပြောင်းအလဲများ ဖြစ်ပေါ်နေမည်ကို ကျွန်မ မှန်းဆကြည့်နိုင်သည်။ ယခုကဲ့သို့ အသက်ရှစ်ဆယ်အရွယ် အဘွားအိုတစ်ယောက် အနေဖြင့် ကျွန်မ၏ အတိတ်၊ ထိုစဉ်ကာလကို ပြန်လည် ငဲ့စောင်းကြည့်လိုက်သည့်အခါတွင် ကျွန်မသည် ပြိန်ဖျင်းသော၊ မိုက်မဲသော မိန်းမငယ်တစ်ယောက်သာ ဖြစ်ကြောင်း မထောက်မညှာ သုံးသပ်ရပေတော့မည်။ ထိုစဉ်အချိန်က အစာရေစာ ပြတ်လပ်ခြင်းနှင့် အတောမသတ်နိုင်သော အအေးဒဏ်တို့သည် ကျွန်မတို့၏ အသက်ဇီဝိန်ကို အချိန်မရွေး နုတ်ယူသွားနိုင်ပါလျက်နှင့် ကျွန်မသည် အဓိပ္ပာယ်မဲ့စွာ မာန်တက်နေခဲ့မိသည်။ ဝင့်ဝါနေခဲ့မိသည်။
ရွှယ်ဟွား၏ ခင်ပွန်းသည် ကျွန်မတို့၏ လူအုပ်စုကလေးထဲတွင် သူရဲကောင်းတစ်ယောက် ဖြစ်နေသည်။ သူ၏ အသက်မွေးမှု လုပ်ငန်းမှာ မသန့်ရှင်းသော မိစ္ဆာအာဇီဝတစ်ခု ဖြစ်ပင် ဖြစ်သော်ငြားလည်း သူသည် မည်သည့် အလုပ်ကိုမဆို တစ်ချက်ကလေးမျှ ညည်းညူမနေဘဲ၊ ခိုကပ်မနေဘဲ လိုအပ်သည်ဟု ယူဆလျှင် သူ့သဘောနှင့်သူ လုပ်ဆောင်ပေးတတ်သည်။ မည်သူ၏ ကျေးဇူးတင်ခြင်းကိုမျှလည်း တောင်းခံနေလေ့ မရှိ။ သူသည် ကြက်နှစ်ဖွားတစ်ယောက်ပီပီ၊ ခန္ဓာကိုယ် ကြည့်ပျော်ရှုပျော် ရှိခြင်း၊ နှိုင်းချိန်တတ်ခြင်း၊ တက်ကြွထက်သန်ခြင်း၊ လိုအပ်ပါက သတ်ရဲဖြတ်ရဲသော ဇရှိခြင်း စသော ကြန်အင်လက္ခဏာများနှင့် ပြည့်စုံသူတစ်ယောက် ဖြစ်သည်။ ကမ္ဘာမြေပေါ်၌ ဆက်လက် အသက်ရှင်သန်နိုင်ရန် ရုန်းကန်လှုပ်ရှားရခြင်းသည် သူ၏ ပင်ကိုဗီဇပင် ဖြစ်သည်။ သူသည် အမဲလိုက်တတ်သည်။ တိရစ္ဆာန်တစ်ကောင်၏ ကိုယ်တွင်း အညစ်အကြေးများကို သန့်စင်တတ်သည်။ လဟာပြင်ထဲ၌ မီးဖိုကာ ၎င်းတို့ကို ချက်ပြုတ်တတ်သည်။ ထို့အပြင် ကျွန်မတို့အား အနွေးဓာတ် ဆောင်ကြဉ်းပေးနိုင်ရန်အတွက် တိရစ္ဆာန် သားရေများကို အခြောက်လှန်းတတ်သည်။ သူသည် လေးလံသော ထင်းစည်းများနှင့် ရေများကို သယ်ဆောင်နိုင်သည်။ မောသည်၊ ပန်းသည်ဟူ၍ မတွေ့ရ။ ဤတောင်တန်းပေါ်၌ သူသည် ဒုစရိုက်သမားတစ်ယောက် မဟုတ်တော့ဘဲ ကာကွယ်စောင့်ရှောက်သူတစ်ယောက် ဖြစ်နေသည်။ ဤသို့သော ခေါင်းဆောင်တစ်ယောက် ဖြစ်နေသည့်အတွက် ရွှယ်ဟွားသည် များစွာ ဂုဏ်ယူ ဝမ်းမြောက်နေလေသည်။ ထို့အပြင် ကျွန်မကို ဆက်လက် ရှင်သန်နိုင်အောင် အထောက်အကူ ပြုခဲ့သော သူ၏ လုပ်ဆောင်ချက် အစုစုအတွက် ကျွန်မသည် သူ့ကို အဆုံးအစ မရှိ ကျေးဇူးတင်နေခဲ့သည်။ ယခုအထိလည်း ကျေးဇူးတင်နေဆဲပင်။
အိုင်ယာ … သူ၏ ကြွက်အမေအကြောင်းကို ပြောပင် မပြောချင်တော့ပါ။ သူသည် အမြဲလိုလို ကုပ်ချောင်းကုပ်ချောင်းနှင့် ခြေပုန်းခုတ်နေတတ်သည်။ ဤမျှဆိုးရွားသော ပတ်ဝန်းကျင် အခြေအနေမျိုးမှာပင် သူ၏ စွပ်စွဲရှုတ်ချသံနှင့် ပြစ်တင်ဝေဖန်သံတို့မှာ ရပ်စဲသွားခဲ့သည် မရှိ။ ဘာမျှ အရေးမပါသော အကြောင်းကိစ္စများကိုပင် တစ်စိတ်ကို တစ်အိတ်လုပ်ကာ ပြောဆိုနေတတ်သည်။ သူသည် မီးပုံနှင့် အနီးဆုံး နေရာတွင် အမြဲထိုင်လျက် ပထမဆုံးညက ကိုင်ဆောင်ခဲ့သော ခြုံစောင်ကို လက်မှ လုံးဝ မချတော့ပေ။ ထို့အပြင် အခွင့်ရသည်နှင့် သူတစ်ပါး၏ ခြုံစောင်များကိုပါ မောင်ပိုင်စီးချင်သေးသည်။ သူ့ထံမှ ပြန်မတောင်းမချင်း မည်သည့်အခါမျှ အလိုက်တသိ ပြန်ပေးတတ်သူ မဟုတ်။ သူသည် အစားအစာများကို သူ၏ အင်္ကျီလက်ရှည်အတွင်း၌ ဖွက်ထားတတ်ပြီး ကျွန်မတို့၏ အလစ်တွင်သာ ၎င်းတို့ကို ထုတ်ယူ စားသုံးတတ်သည်။ ကြွက်များသည် သွေးသားတော်စပ်သော ကိုယ့်အုပ်စုနှင့်ကိုယ်သာ သီးခြား နေထိုင်တတ်သော တိရစ္ဆာန်များ ဖြစ်သည်ဟု ကျွန်မတို့ ကြားဖူးထားကြသည်။ ဤအချက်ကို ကျွန်မတို့ နေ့တိုင်း တွေ့မြင်နေရသည်။ သူသည် သူ့သားကို တစ်ရံမပြတ် နားပူနားဆာ လုပ်နေတတ်သည်။ အခါမလပ် ကြိုးကိုင် ခြယ်လှယ်နေတတ်သည်။ သို့သော် သူ ထိုသို့ ပြုလုပ်ရန် လိုအပ်မည် မဟုတ်ပေ။ သူ့သားသည် သူ လုပ်သင့်လုပ်ထိုက်သော အလုပ်များကို သူ့သဘောနှင့်သူ လုပ်ဆောင်ပေးနေခဲ့သည်။ သားအလိမ္မာတစ်ယောက်အဖြစ် မိခင်၏ စကားကို မြေဝယ်မကျ နားထောင်ပေးခဲ့သည်။ ထို့ကြောင့် ထိုမိန်းမကြီးက သူ့ချွေးမထက် ပိုမိုများပြားသော အစားအစာများကို တောင်းဆိုလာသည့်အခါတွင် သားဖြစ်သူသည် သူ့ဇနီးထက် သူ့မိခင်ကိုသာ ဦးစားပေးခဲ့သည်။ ကျွန်မသည် သားသမီးကျင့်ဝတ်ကို လေးစားလိုက်နာတတ်သော သမီးတစ်ယောက် ဖြစ်သည်နှင့်အညီ ယင်းဆုံးဖြတ်ချက်ကို မည်သို့မျှ စောဒကတက်ရန် ဆန္ဒမရှိပေ။ သို့ဖြင့် ကျွန်မနှင့် ရွှယ်ဟွားသည် ကျွန်မ၏ အဖို့အစုကိုသာ ဝေခွဲစားသုံးခဲ့ကြသည်။ ကျွန်မတို့၏ ဆန်အိတ်ထဲတွင် ဆန်များ ဖင်ကပ်သာ ကျန်တော့သည့် တစ်နေ့တွင် သားသတ်သမား၏ မိခင်သည် ရွှယ်ဟွား၏ သားကြီးကို အစာမပေးသင့်တော့ကြောင်း ပြောဆိုလာတော့သည်။
“အဲဒီလောက် ပျော့ညံ့တဲ့ လူတစ်ယောက်အတွက်နဲ့ တန်ဖိုးရှိတဲ့ အစားအစာတွေကို အသားလွတ် မဖြုန်းတီးပစ်သင့်ဘူး”
ကောင်လေးကို ကျွန်မ လှမ်းကြည့်လိုက်သည်။ သူ၏အသက်မှာ ကျွန်မ၏ သားကြီးကဲ့သို့ ယခုမှ ၁၁ နှစ်သာ ရှိသေးသည်။ သူသည် ဟောက်ပက်ကျနေသော မျက်လုံးများဖြင့် သူ့အဘွားကို ငေးကြည့်နေသည်။ ပြန်လည်တွန်းလှန်ရန်ပင် ခွန်အားရှိဟန် မတူ။ ရွှယ်ဟွားသည် သူ့အစား တစ်စုံတစ်ရာ ပြန်ပြောပေးသင့်ပါသည်။ သူ၏ ပထမဆုံးသော ရင်သွေးပင် မဟုတ်ပါလော။ သို့သော် ကျွန်မ၏ လောင်ထုံးသည် ထိုကောင်လေးကို ချစ်သင့်သလောက် မချစ်ခဲ့ပေ။ သူ၏ သားကြီးခမျာ အသက်အန္တရာယ်ဖြင့် ခြိမ်းခြောက်ခံနေရသည်။ ထိုအခါမျိုး၌ပင်လျှင် သူ၏ မျက်လုံးများသည် သားကြီးအထံတွင် ရှိမနေကြဘဲ သူ၏ ဒုတိယသားထံ၌သာ မှီတွယ်နေကြသည်။ ဒုတိယသားက ထက်မြက်သည်၊ ဒူပေနာပေခံသည်၊ သန်မာသည် မှန်သော်လည်း ကျွန်မသည် သားကြီးကို ထိုအဖြစ်မျိုးသို့ အရောက်မခံနိုင်ပါ။ သူတို့၏ လုပ်ရပ်သည် ထုံးတမ်းစဉ်လာများ အားလုံးကို သွေဖည်ဆန့်ကျင်နေကြသည်။ ကလေးကို သေကျေပျက်စီးအောင် အဘယ်ကြောင့် ဤသို့ ပစ်ထားခဲ့ရသနည်းဟု ကျွန်မ၏ ဘိုးဘေးများက မေးမြန်းလာခဲ့လျှင် ကျွန်မ မည်သို့ ဖြေရပါအံ့နည်း။ ထိုသနားစဖွယ် ကောင်ကလေးနှင့် တမလွန်ဘဝ၌ ပြန်ဆုံကြလျှင် ကျွန်မ သူ့ကို မည်သို့ မျက်နှာပြရပါအံ့နည်း။ သားကြီးတစ်ယောက်အနေဖြင့် သူသည် ကျွန်မတို့အားလုံးထက် အစားအစာ ပိုရထိုက်သည်။ သူ့ဖခင် သားသတ်သမားထက်ပင် ပိုရထိုက်သည်။ ဤသို့ဖြင့် ကျွန်မသည် ကျွန်မ၏ ရိက္ခာဝေစုကို ရွှယ်ဟွားနှင့် သူ့သားကြီးတို့အား ဝေမျှပေးခဲ့သည်။ ထိုကိစ္စကို သားသတ်သမား ရိပ်စားမိသွားသောအခါ သူသည် ကောင်ကလေးကို ရိုက်နှက်လေတော့သည်။ ထို့နောက် သူ့ဇနီးကို။
“ဒီအစားအစာတွေက လူးဖူးလန်အတွက်ကွ”
သူတို့နှစ်ယောက်စလုံးထံမှ တုံ့ပြန်ဖြေကြားသံ ထွက်ပေါ်မလာခင်မှာပင် သူ၏ ကြွက်အမေက ကြားဝင်လာတော့သည်။
“ငါသား၊ ဘာဖြစ်လို့ အဲဒီမိန်းမကို အစားအစာတွေ ပေးနေရသေးတာလဲ။ သူက ငါ့တို့အတွက်တော့ သူစိမ်းပဲ။ ကိုယ့်သွေးသားရင်းချာတွေအတွက် ထည့်စဉ်းစားဦးမှပေါ့။ နင်ရယ်၊ နင့်ဒုတိယသားရယ်၊ ငါရယ်ကလွဲလို့ ဘယ်သူက ဒီထက် ပိုအရေးကြီးနိုင်ဦးမှာလဲ”
ထင်ထားခဲ့သည့် အတိုင်းပင်၊ သူ ပြောခဲ့သော စကားထဲ၌ သားကြီးနှင့် ချွမ်ရွက်တို့ မပါဝင်ခဲ့ပါ။ သူတို့ခမျာ စားကြွင်းစားကျန်များ စား၍ ရှင်သန်နိုင်ရန် အနိုင်နိုင် ကြိုးစားနေကြရရှာပြီး တစ်နေ့ထက် တစ်နေ့လည်း ပိုမို၍ ပိန်လှီချည့်နဲ့လာကြသည်။
သို့ရာတွင် သားသတ်သမားသည် ပထမဆုံးအကြိမ်အဖြစ် သူ့မိခင်၏ ဖိအားပေးမှု အောက်၌ ပြိုလဲမသွားခဲ့ပေ။
“လူးဖူးလန်က ကျွန်တော်တို့ရဲ့ ဧည့်သည်ပဲလေ။ သူ့ကိုသာ အရှင်လတ်လတ် ပြန်ပို့ပေးနိုင်ခဲ့ရင် ကျွန်တော်တို့ကို တစ်ခုခု ဆုချမှာ သေချာတယ်”
“ပိုက်ဆံလား” သူ့မိခင်က ဆိုသည်။
အကယ်ပင် ကြွက်ပီသသော မေးခွန်းပါတကား။ ထိုမိန်းမကြီးသည် သူ၏ ငမ်းငမ်းတက်နေသော လိုချင်လောဘကို ဖုံးဖိထားနိုင်ခြင်း မရှိပေ။
“လူးလောင်ရဲအနေနဲ့ ကျွန်တော်တို့အတွက် ငွေကြေးအပြင် တခြား လုပ်ပေးနိုင်တာတွေ အများကြီး ရှိပါတယ်ဗျာ”
မိန်းမကြီးသည် မျက်လုံးများကို မှေးစဉ်းလျက် ထိုကိစ္စကို အသည်းအသန် ဆင်ခြင်သုံးသပ်နေသည်။ သူ ဘာမျှ ပြန်မပြောနိုင်မီ ကျွန်မက ဝင်ပြောလိုက်သည်။
“အဲဒီလိုသာ ဆုချရကြေး ဆိုရင်တော့ ကျွန်မအတွက် ဝေစုများများ လိုချင်တယ်။ အဲဒီလိုမှ မဟုတ်ရင် …” ဤနေရာအရောက်တွင် ကျွန်မသည် ယောက္ခမကြီး၏ မယားငယ်တစ်ယောက်ကဲ့သို့ မျက်နှာကို ရှုံ့မဲ့ထားလိုက်သည်။
“ရှင်တို့ မိသားစုက ကျွန်မအပေါ် ဖော်ရွေမှု မရှိဘူး။ မငဲ့ညှာဘူး။ ရိုင်းရိုင်းပျပျ ဆက်ဆံပြီး သူများပိုက်ဆံကို မတရား လိုချင်နေကြတာပါလို့ ကျွန်မ ပြောပြလိုက်ရုံပဲ”
ထိုနေ့က ပြုလုပ်ခဲ့သော ကျွန်မ၏ စွန့်စားမှုမှာ နယ်နယ်ရရ စွန့်စားမှု မဟုတ်ပေ။ သားသတ်သမားသည် ကျွန်မကို အဖွဲ့ထဲမှ ချက်ချင်း နှင်ထုတ်ပစ်လိုက်နိုင်သည်။ သို့ရာတွင် သူသည် သူ့မိခင်၏ ပြစ်တင်မောင်းမဲမှုများကို မျက်ကွယ်ပြုကာ ကျွန်မကို ရိက္ခာအများဆုံး ခွဲဝေပေးခဲ့သည်။ ဤသို့ဖြင့် ကျွန်မ၏ ဝေစုကို ရွှယ်ဟွား၊ သူ၏ သားကြီးနှင့် ချွမ်ရွက်တို့အား မျှဝေပေးနိုင်ခဲ့သည်။ အို မိုးနတ်မင်းကြီး … ကျွန်မတို့မှာ ဆာလောင်မြဲ ဆာလောင်နေကြဆဲပါတကား။ ကျွန်မတို့သည် ဖုတ်ကောင်နှင့်မခြား အသက်မသေရုံ တမယ်သာ ကျန်ရှိတော့သည်။ တစ်နေတာလုံး မလှုပ်မယှက် လဲလျောင်းကာ မျက်စိများကို စုံမှိတ်ထားကြသည်။ ကျွန်မတို့၏ လက်ကျန် စွမ်းအင်များကို ချွေတာသည့်အနေဖြင့် ဝင်သက်ကိုပင် တတ်နိုင်သမျှ မျှဉ်း၍ ရှူနေကြရသည်။ မိမိအိမ်တွင် နေထိုင်ရစဉ်က ဘာမျှ မပြောပလောက်သော ရောဂါများသည် ဤချိုင့်ဝှမ်းအတွင်းရှိ လူဦးရေကို နည်းသည်ထက် နည်းအောင် လုပ်ဆောင်နေတော့သည်။ အစာရေစာ ရှားပါးခြင်း၊ ခွန်အားချည့်နဲ့ခြင်း၊ ပူနွေးသော လက်ဖက်ရည်ကြမ်းကို မသောက်သုံးရခြင်းနှင့် ကိုယ်ခံအား ကောင်းစေသော ဆေးဝါးများ မရှိခြင်းတို့ကြောင့် ထိုဘေးဘယများကို တွန်းလှန်နိုင်ရန်အတွက် မည်သူ့မျှ မတတ်နိုင်ကြပေ။ လူများ ပိုမို၍ သေဆုံးလာရသည်နှင့်အမျှ ကျွန်မတို့၏ အုပ်စုထဲတွင် မိမိ၏ ကိုယ်ခန္ဓာကို ရွေ့လျားသွားအောင် စွမ်းဆောင်နိုင်သူမှာလည်း နည်းသည်ထက် နည်းပါးလာတော့သည်။
ရွှယ်ဟွား၏ သားကြီးသည် တတ်နိုင်သမျှ ကျွန်မ၏ အနားတွင်သာ နေနေတော့သည်။ သူသည် အချစ်မခံရသူတစ်ယောက် ဖြစ်သည် မှန်သော်လည်း သူ့မိသားစုက ယုံကြည်ထားသကဲ့သို့ စဉ်းစားဉာဏ် ကင်းမဲ့သူတစ်ယောက်တော့ မဟုတ်ပေ။ ကျွန်မနှင့် ရွှယ်ဟွားတို့ ကူဖောဘုရားကျောင်းသို့ သွားကာ ကျွန်မတို့၏ သားများအတွက် ဆုတောင်းပေးခဲ့ကြသော ထိုနေ့ကို ကျွန်မ မြင်ယောင်လာမိသည်။ သူတို့အား သဘာဝ အလှတရားကို ချစ်မြတ်နိုးတတ်သော၊ အနုပညာကို ခံစားတတ်သော သားရတနာများ ဖြစ်ရန် ကျွန်မတို့ မျှော်လင့်ခဲ့ကြသည်။ ရွှယ်ဟွား၏ သားကြီးသည် စာပေကို တေ့တေ့ဆိုင်ဆိုင် သင်ကြားခွင့် မရခဲ့သော်လည်း သူ့တွင် တတ်လွယ်သိလွယ်သော အရည်အချင်းများ ငုပ်လျှိုးနေကြောင်း ကျွန်မ တွေ့မြင်နေရသည်။ သူ့ကို ယောက်ျားစာများ ရေးတတ်စေရန်အတွက် ကျွန်မ သင်မပေးနိုင်ပါ။ သို့သော် ဘကြီးတော်လူးက ကျွန်မ၏ သားကို စာသင်ကြားပေးခဲ့စဉ် ကျွန်မ ကြားခဲ့ရသော စကားလုံးများကို သူ့အား ပြန်ပြောပြပေးနိုင်သည်။
“တရုတ်လူမျိုးတွေ တန်ဖိုးအထားဆုံး အရာဝတ္ထု ငါးခုက ဘာတွေလဲဆိုတော့ မိုး၊ မြေ၊ ဧကရာဇ်၊ မိဘနဲ့ ဆရာသမားတွေပဲ …” ကျွန်မ မှတ်မိသမျှသော စကားလုံးများ ကုန်ဆုံးသွားသည့်အခါ မိန်းမများ ပြောလေ့ရှိသော ပညာပေး ပုံပြင်တစ်ပုဒ်ကို သူ့အား ပြောကြားခဲ့သည်။ ဒုတိယသားသည် အရာရှိကြီးတစ်ဦး ဖြစ်ကာ မိဘထံသို့ ပြန်ရောက်လာသော ဇာတ်လမ်းဖြစ်သည်။ သို့သော် ကျွန်မသည် ဤသနားစရာ ကောင်လေး၏ အခြေအနေနှင့် လိုက်လျောညီထွေ ဖြစ်အောင် ပုံပြင်ကို ပြုပြင်လိုက်သည်။
“သားကြီးဟာ မြစ်တစ်လျှောက် ပြေးလွှားနေတယ်” ကျွန်မ စတင်လိုက်သည်။
“သူက ဝါးပင်တစ်ပင်လို စိမ်းလန်းလို့ပေါ့။ သူက ဘဝအကြောင်း ဘာမှ မသိရှာသေးဘူး။ သူက သူ့မာမား၊ ပါပါး၊ ညီငယ်၊ ညီမငယ်နဲ့ အတူတူ နေတယ်။ ညီငယ်က သူ့အဖေရဲ့ စီးပွားရေးလုပ်ငန်းကို ဆက်ခံလိမ့်မယ်။ ညီမငယ်က အိမ်ထောင်ရက်သား ကျသွားလိမ့်မယ်။ မာမားနဲ့ ပါပါးတို့ရဲ့ မျက်လုံးတွေက သူတို့သားကြီးကို ကြည့်တယ်ရယ်လို့ကို မရှိဘူး။ သူတို့တွေက သားကြီးကို စိုက်ကြည့်နေကြပြီ ဆိုရင်လည်း သူ့ခေါင်းကို ဖရဲသီးကြီးလို ယောင်ကိုင်းလာအောင် ထုနှက်ကြတော့တာပဲ”
ကောင်ကလေးသည် ကျွန်မအနားသို့ ရွှေ့လာကာ သူ၏ အကြည့်များကို မီးပုံအထက်မှ ကျွန်မမျက်နှာပေါ်သို့ ပြောင်းလိုက်ကြသည်။
“တစ်နေ့တော့ အဲဒီကောင်လေးက သူ့အဖေ ပိုက်ဆံသိမ်းထားတဲ့ နေရာကို သွားတယ်။ ပိုက်ဆံတချို့ကို နှိုက်ယူပြီး သူ့အိတ်ကပ်ထဲမှာ ဖွက်ထားလိုက်တယ်။ ပြီးတော့ သူ့အမေ အစားအစာတွေ သိုလှောင်ထားတဲ့ နေရာကို သွားပြန်တယ်။ သားရေအိတ်ထဲကို သူ သယ်နိုင်သမျှ ထည့်လိုက်ပြန်တယ်။ အဲဒီနောက်တော့ သူဟာ ဘယ်သူ့ကိုမှ နှုတ်မဆက်တော့ဘဲ အိမ်နဲ့ဝေးရာ လယ်ကွင်းတွေဆီကို လမ်းလျှောက် ထွက်လာခဲ့တော့တယ်။ သူဟာ မြစ်ကို ဖြတ်ကူးပြီး လမ်းတွေလည်း အများကြီး ဆက်လျှောက်ခဲ့တယ်။ ကွေ့လင်ရောက်တဲ့အထိ လမ်းလျှောက်သွားတော့တာပေါ့။ တောတွေ တောင်တွေကို ဖြတ်သွားရတဲ့ အဲဒီခရီးက အင်မတန်မှ ခက်ခဲတယ်လို့ သား ယူဆထားတယ် မဟုတ်လား။ ဆောင်းရာသီ အိမ်အပြင်မှာ နေထိုင်ရတာ ခက်ခဲတယ်လို့ သား ယူဆထားတယ် မဟုတ်လား။ အဲဒါက ဘာမှ မပြောပလောက်သေးပါဘူး။ လမ်းပေါ်မှာဆိုရင် သူ့မှာ သူငယ်ချင်း မရှိဘူး။ ထောက်ပံ့မယ့်သူ မရှိဘူး။ သူ့နောက်ကျောမှာ အဝတ်ပဲ ရှိတယ်။ သူ့မှာ ပါလာတဲ့ ပိုက်ဆံနဲ့ အစားအစာတွေ ကုန်သွားတဲ့အခါကျတော့ ဆက်လက် ရှင်သန်နိုင်ဖို့အတွက် သူ့ခမျာ တောင်းစားရရှာတယ်”
ကောင်လေး၏ မျက်နှာမှာ နီရဲလာသည်။ မီးပုံ၏ အပူဒဏ်ကြောင့်တော့ မဟုတ်။ ရှက်စိတ်ကြောင့် ဖြစ်သည်။ သူ့မိခင်ဘက်မှ အဘိုးအဘွားများ ဤဘဝသို့ ကျရောက်သွားခဲ့ရကြောင်း သူ ကြားဖူးထားပေလိမ့်မည်။
“အဲဒါကို အောက်တန်းကျတဲ့ အလုပ်လို့ လူတချို့က ပြောကြတယ်” ကျွန်မက ပုံပြင်ကို ဆက်လိုက်သည်။
“ဒါပေမယ့် အသက်ရှင်နိုင်ဖို့ နည်းလမ်းက ဒီတစ်နည်းပဲ ရှိတော့တယ် ဆိုရင်တော့ သတ္တိများများ မွေးထားဖို့ လိုအပ်တာပေါ့”
မီးပုံ၏ အခြားတစ်ဘက်တွင် ရှိသော သားသတ်သမား၏ အမေက ခပ်ပြတ်ပြတ် လှမ်းပြောသည်။
“ညည်းက ပုံပြင်ကို တလွဲကြီး ပြောနေပါပေါ့လား”
ကျွန်မ သူ့ကို ဂရုမစိုက်အားပါ။ ယင်းပုံပြင်ကို ကျွန်မ ကောင်းကောင်း သိပါသည်။ သို့သော် ဤကလေးကို ဆောက်တည်ရာ ရသွားအောင် ကျွန်မ တစ်စုံတစ်ရာ ပြောပြထားချင်သည်။
“ကောင်လေးက ကွေ့လင်ရဲ့ လမ်းတွေပေါ် လျှောက်သွားနေခဲ့တယ်။ အရာရှိ အဝတ်အစား ဝတ်ထားတဲ့ လူတွေကို လိုက်ရှာနေခဲ့တယ်။ တွေ့ပြီဆိုရင် သူတို့တွေ ဘာစကားပြောသလဲ ဆိုတာကို သူက သေချာနားထောင်တယ်။ နောက်ပြီး သူတို့အတိုင်း လိုက်ပြောကြည့်တယ်။ သူက လက်ဖက်ရည်ဆိုင် အရှေ့မှာ ထိုင်ပြီး ဆိုင်ထဲ ဝင်သမျှ လူတွေနဲ့ စကားပြောနိုင်ဖို့ ကြိုးစားတယ်။ သူ့ရဲ့ လေယူလေသိမ်းက ဟန်ကျပန်ကျ ဖြစ်သွားတဲ့ အခါကျမှ သူ့ကို လှည့်ကြည့်တဲ့လူ ပေါ်လာတော့တယ်”
ဤနေရာတွင် ကျွန်မသည် ပုံပြင်ကို စိတ်ကြိုက် ပြုပြင်လိုက်သည်။
“သား၊ ကြင်နာတတ်တဲ့သူဆိုတာ ဒီလောကမှာ ရှိစမြဲပါပဲ။ သား ယုံချင်မှ ယုံနိုင်လိမ့်မယ်။ ဒါပေမယ့် တစ်နေ့ကျရင် သူတို့နဲ့ ဆုံနိုင်ပါလိမ့်မယ်။ သားအနေနဲ့ သားကို အထောက်အပံ့ ပေးနိုင်မယ့် တစ်စုံတစ်ယောက်ကို အမြဲတမ်း ရှာဖွေနေသင့်တယ်”
“ဒေါ်ဒေါ့်လို လူမျိုးလား” သူက မေးသည်။
သူ့အဘွားက နှာမှုတ်ပြသည်။ ကျွန်မသည် သူ့ကို နောက်တစ်ကြိမ် လျစ်လျူရှုထားလိုက်ပြန်သည်။
“အဲဒီလူကြီးက ကောင်လေးကို အစေခံအဖြစ်နဲ့ သူ့အိမ်ကို ခေါ်သွားခဲ့တယ်” ကျွန်မက ပုံပြင်ကို ပြန်ကောက်သည်။
“ကောင်လေးက သူ့ရဲ့ ဝေယျာဝစ္စတွေကို လုပ်ပေးတဲ့နည်းတူ လူကြီးကလည်း သူ့ကို တတ်အပ်သမျှ ပညာတွေကို သင်ကြားပေးတယ်။ သူ့မှာ သင်ပေးစရာ ကုန်သွားတဲ့အခါကျတော့ သူ့အတွက် ဆရာတစ်ယောက် ငှားပေးတယ်။ နှစ်တွေ အများကြီး ကြာလာတော့ သူလည်း အရွယ်ရောက်တဲ့ လူကြီးတစ်ယောက် ဖြစ်လာပြီပေါ့။ သူက ရာထူးခန့် စာမေးပွဲကို ဝင်ဖြေပြီး အရာရှိတစ်ယောက် ဖြစ်သွားတော့တယ်။ အဆင့်အနိမ့်ဆုံး ရာထူးပေါ့လေ” ကျွန်မ ဖြည့်ပြောလိုက်သည်။ ထိုအဆင့်လောက်ဆိုလျှင် ရွှယ်ဟွား၏ သားအတွက် ဖြစ်နိုင်ခြေ ရှိသည်။
“အရာရှိက သူ့ဇာတိရွာကို ပြန်ရောက်လာတယ်။ သူတို့ အိမ်ရှေ့မှာ ရှိတဲ့ ခွေးက သူ့ကို မှတ်မိတဲ့အနေနဲ့ သုံးကြိမ် ဟောင်ပြီး သူ့ကို ကြိုဆိုလိုက်တယ်။ မာမားနဲ့ ပါပါးတို့ အိမ်ထဲက ထွက်လာကြတယ်။ သူတို့က သူ့သားကို မမှတ်မိကြတော့ဘူး။ သူ့ညီလည်း ထွက်လာတယ်။ သူလည်း သူ့အစ်ကိုကို မမှတ်မိဘူး။ ညီမလေးကရော။ သူက အိမ်ထောင်ကျသွားပြီလေ။ သူ ဘယ်သူလဲ ဆိုတာ သူတို့ကို ပြောပြလိုက်တော့ သူတို့အားလုံးက သူ့ကို ဦးကုန်းချကြတော့တယ်။ သိပ်မကြာခင်မှာပဲ သူ့ကို ဟိုဟာလုပ်ပေးပါ၊ ဒီဟာလုပ်ပေးပါနဲ့ တောင်းဆိုကြတော့တာပေါ့။ ‘ငါတို့ ရေတွင်းအသစ်တစ်လုံး လိုနေတယ်။ ရေတွင်းတူးဖို့ ငါတို့အတွက် သား လူငှားပေးနိုင်မလား’ လို့ သူ့အဖေက ပြောတယ်။ ‘အမေ့မှာ ဝတ်စရာ ဘာပိုးထည်အင်္ကျီမှ မရှိပါဘူး သားရယ်။ အမေ့အတွက် ပိုးထည်တွေ ဝယ်ပေးနိုင်မလား’ လို့ သူ့အမေက ပြောတယ်။ ‘ကျွန်တော်က ကျွန်တော်တို့ မိဘတွေကို နှစ်တွေ အများကြီး ပြုစုစောင့်ရှောက်လာခဲ့ရတာ။ အဲဒီ ကုန်ကျစရိတ်တွေကို အစ်ကို ပြန်ပေးနိုင်မလား’ လို့ သူ့ညီငယ်က ပြောတယ်။ သူတို့တတွေ သူ့အပေါ် ဘယ်လောက် ရက်ရက်စက်စက် ဆက်ဆံခဲ့ကြသလဲ ဆိုတာကို အရာရှိက မှတ်မိနေသေးတယ်လေ။ သူဟာ သူ့ဝေါယာဉ်ထဲကို ပြန်ဝင်သွားပြီး ကွေ့လင်ကို ပြန်သွားတော့တယ်။ အဲဒီမှာပဲ သူဟာ အိမ်ထောင်ကျပြီး သားတွေ အများကြီးနဲ့ ဘဝကို ပျော်ပျော်ကြီး နေထိုင်သွားတော့တယ်”
“ဟေ့ … ညည်းက အဲဒီပုံပြင်ကို ပြောပြပြီး နဂိုကတည်းက ဘာအဖြစ်မှ မရှိတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဘဝကို နစ်မွန်းသွားအောင် လုပ်ချင်နေလား” မိန်းမကြီးသည် မီးပုံထဲသို့ နောက်တစ်ကြိမ် တံတွေးထွေးထည့်ကာ ကျွန်မကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။
“ဘာမျှော်လင့်ချက်မှ မရှိတော့တဲ့ လူတစ်ယောက်ကို ဘာဖြစ်လို့ မျှော်လင့်ချက်တွေ ပေးချင်နေရတာလဲ။ ညည်း ဘာကြောင့် အဲဒီလို လုပ်နေရတာလဲ”
အဖြေကို ကျွန်မ သိသည်။ သို့သော် ဤကြွက်အိုမကြီးကို ကျွန်မ ဘယ်တော့မှ ပြောပြလိမ့်မည် မဟုတ်ပေ။ ကျွန်မတို့၏ အခြေအနေမှာ သာမန်အခြေအနေမျိုးတွင် ရှိမနေကြောင်း ကျွန်မ သိပါ၏။ သို့သော် ကိုယ်ပိုင်မိသားစုနှင့် ဝေးကွာနေရသူ ကျွန်မအဖို့ ကူညီဖေးမပေးမည့်သူ တစ်စုံတစ်ယောက်ကို ကျွန်မ လိုအပ်သည်။ ကျွန်မ၏ စိတ်ထဲတွင် ကျွန်မ၏ ခင်ပွန်းကို ဤကောင်လေး၏ အကျိုးတော်ဆောင်အဖြစ် ကျွန်မ မြင်နေသည်။ အဘယ်ကြောင့် မဖြစ်နိုင်ပါအံ့နည်း။ ကလေးဘဝတွင် ကျွန်မကို ရွှယ်ဟွားက အကူအညီ ပေးနိုင်ခဲ့သည် ဆိုပါလျှင် ကျွန်မ၏ မိသားစုသည်လည်း ဤကောင်လေး၏ အနာဂတ်ကို ပြောင်းလဲသွားအောင် လုပ်ဆောင်ပေးနိုင်မည်သာ ဖြစ်သည်။
ↂↂↂ
များမကြာခင်မှာပင် ကျွန်မတို့၏ အနီးအနားရှိ တောင်ကုန်း တောင်တန်းများပေါ်တွင် သားရဲတိရစ္ဆာန်များ ရှားပါးသည်ထက် ရှားပါးလာသည်။ မြောက်မြားစွာသော လူသားတို့၏ တည်ရှိနေမှုက သူတို့ကို ဤတောဤတောင်မှ နှင်ထုတ်လိုက်ခြင်းပေလော။ ယခုနှစ် ဆောင်းဥတု၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် ကျွန်မတို့ လူသားများကဲ့သို့ အမြောက်အမြား သေကျေပျက်စီးကြခြင်းလည်း ဖြစ်ပေလိမ့်မည်။ တောင်သူလယ်သမားများ ဖြစ်ခဲ့ကြသော ယောက်ျားများ အားလုံးလည်း ချည့်နဲ့လာကြသည်။ စစ်ပြေးကြစဉ်အခါက ရိက္ခာကို တစ်နိုင်တစ်ပိုင်သာ သယ်ဆောင်လာခဲ့ကြရသောကြောင့် ၎င်းရိက္ခာများ ကုန်ဆုံးသွားသည်နှင့် တစ်ပြိုင်နက် သူတို့ မိသားစုများသည်လည်း ငတ်တစ်လှည့် ပြတ်တစ်လှည့် ဖြစ်ကုန်ကြတော့သည်။ ခင်ပွန်းသည် အမြောက်အမြားတို့သည် ရိက္ခာဖြည့်ဆည်းရန် အလို့ငှာ သူတို့၏ ဇနီးမယားများကို တောင်အောက်သို့ ဆင်း၍ ရွာသို့ ပြန်ကြရန် ခိုင်းစေနေကြသည်။ ကျွန်မတို့၏ ခရိုင်အတွင်း၌ စစ်အတွင်း ဗရုတ်ဗရက်ကာလတွင် မိန်းမများကို ထိပါးစော်ကားခွင့် မရှိပေ။ ထို့အတွက်ကြောင့် မိန်းမများသည် အစာရေစာနှင့် တခြားရိက္ခာများ ရှာဖွေစုဆောင်းရန် မကြာခဏ စေလွှတ်ခြင်း ခံကြရသည်။ စစ်မက်ကာလအတွင်း၌ မိန်းမတစ်ယောက်ကို ထိပါးနှောင့်ယှက်ခြင်းသည် မီးလောင်ရာ လေပင့်သကဲ့သို့ ရန်မီးကို ပိုမို ကြီးထွားစေနိုင်သည်။ သို့သော် ထိုက်ဖင်သူပုန်နှင့် ဟူနန်တပ်မကြီးတို့သည် မည်သူမျှ ဤဒေသခံများ မဟုတ်ကြပါ။ ယောင်ဝ်လူမျိုးတို့၏ ဓလေ့ထုံးစံကို သူတို့ သိကြမည်၊ သို့မဟုတ် လိုက်နာကြမည် မဟုတ်ပေ။ ထို့အပြင် ဆာလောင်မွတ်သိပ်မှုကြောင့် ကိုယ်ခန္ဓာ ချည့်နဲ့ကာ ကိုယ့်ခြေထောက်ပေါ်တွင်ပင် ကိုယ်မရပ်နိုင်တော့သည့် ကျွန်မတို့ မိန်းမသားများသည် ဤမျှခက်ထန်သော ဆောင်းဥတုအတွင်း၌ အဘယ်သို့ တောင်အောက်ဆင်း၍ ရိက္ခာများကို အဘယ်သို့လျှင် တောင်ပေါ်သို့ သယ်ဆောင်လာနိုင်ပါမည်နည်း။
သို့ဖြင့် အနည်းအကျဉ်းသော ယောက်ျားတစ်စုကို အုပ်စုဖွဲ့၍ သတိကြီးကြီး ထားလျက် တောင်အောက်သို့ စေလွှတ်ရလေတော့သည်။ ကျွန်မတို့ စွန့်ခွာထွက်ပြေးလာခဲ့ကြသော ရွာများတွင် အစားအစာများနှင့် တခြား လိုအပ်သော ပစ္စည်းပစ္စယများကို ရလိုရငြား သွားရောက် ရှာဖွေကြသည်။ သူတို့အထဲမှ တချို့တလေသာ ပြန်ရောက်လာကြသည်။ ခေါင်းဖြတ်ခံထားရသော သူငယ်ချင်းများနှင့် တိုင်များတွင် ချိတ်ဆွဲထားသော ခေါင်းပြတ်များကို မြင်ခဲ့ရကြောင်း သူတို့ထံမှ ကြားသိကြရသည်။ ထိုသတင်းကို ကြိတ်ချေနိုင်စွမ်း မရှိကြသော မုဆိုးမ အသစ်စက်စက်များသည် မိမိကိုယ်ကိုယ် နည်းမျိုးစုံဖြင့် သေကြောင်းကြံကြတော့သည်။ တချို့က သူတို့ ကြိုးစားပမ်းစား တက်လာကြသော ချောက်ကမ်းပါးထဲသို့ ခုန်ချလိုက်ကြသည်။ တချို့က မီးပုံမှ မီးကျီခဲများကို မျိုချလိုက်ကြသည်။ တချို့က သူတို့၏ လည်ချောင်းများကို ကိုယ်တိုင် လှီးဖြတ်ပစ်လိုက်ကြသည်။ တချို့က အစာငတ်ခံကာ သေလမ်းကို ရွေးချယ်လိုက်ကြသည်။ ဤသို့ မရဏလမ်းစဉ်ကို မရွေးချယ်ခဲ့ကြသော တချို့သော မုဆိုးမများသည် တခြားမီးပုံအနီးရှိ တခြားသော ယောက်ျားများနှင့် ဘဝအသစ် ထူထောင်ခြင်းဖြင့် မိမိ၏ ဂုဏ်သိက္ခာကို ပိုမိုညှိုးမှိန်အောင် သူတို့ကိုယ်တိုင် ပြုလုပ်ခဲ့ကြသည်။ မုဆိုးမတစ်ယောက် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို တချို့မိန်းမများသည် ဤတောတောင်အတွင်း၌ မေ့လျော့နေကြဟန် တူသည်။ ကျွန်မတို့သည် ဆင်းရဲငတ်ပြတ်နေသော်မှ၊ ကျွန်မတို့သည် ငယ်ရွယ်နုပျိုနေသော်မှ၊ ကျွန်မတို့တွင် သားသမီးများ ရှိနေသော်မှ ကျွန်မတို့၏ လင်ယောက်ျားများအပေါ် သစ္စာထားသည့် အနေဖြင့် သူတို့ကို အရှက်ရအောင် ပြုလုပ်မည့်အစား မိမိ၏ ကိုယ်ကျင့်သိက္ခာကို စောင့်ရှောက်ထိန်းသိမ်းလျက် သေရသည်ကပင် သာ၍ မြတ်ပါသေးသည်။
ကျွန်မ၏ သားသမီးများနှင့် ခွဲခွာနေရသောကြောင့် ကျွန်မသည် ရွှယ်ဟွား၏ သားသမီးများကို အနီးကပ် လေ့လာကြည့်နေမိသည်။ ရွှယ်ဟွား၏ ဩဇာက သူ့တို့အပေါ် မည်မျှ သက်ရောက်မှု ရှိနေသည်ကို စောင့်ကြည့်ခဲ့သည်။ သူတို့ထံမှတစ်ဆင့် ရွှယ်ဟွားကို ပိုမို နားလည်နိုင်ရန် ကြိုးစားခဲ့သည်။ ထို့အပြင် ကျွန်မ၏ သားသမီးများကို အပြင်းအထန် လွမ်းဆွတ်နေသောကြောင့်လည်း သူတို့ကို ကျွန်မ၏ သားသမီးများနှင့် နှိုင်းယှဉ် စာနာမိနေခဲ့သည်။ အိမ်တွင် ကျွန်မ၏ သားကြီးသည် သူ ရသင့်ရထိုက်သော နေရာမှန်ကို ရရှိနေပြီး ဖြစ်သည်။ သူ၏ တောက်ပသော အနာဂတ်ဘဝသည် တနံတလျား အပြန့်ကျယ်လျက် ရှိနေသည်။ ဤမိသားစု၌မူ ရွှယ်ဟွား၏ သားကြီးသည် ရွှယ်ဟွားထက်ပင် အောက်ကျနောက်ကျသော ဘဝသို့ ရောက်ရှိနေသည်။ မည်သူကမျှ သူ့ကို မချစ်ကြပေ။ သူ့ခမျာ လမ်းပျောက်နေရှာသည်။ သို့သော် ကျွန်မ၏ အမြင်၌ သူသည် ကျွန်မ၏ လောင်ထုံးနှင့် အတူဆုံး ဖြစ်သည်။ ကြင်နာတတ်သည်။ နူးညံ့သိမ်မွေ့သည်။ ထို့သို့သော အကြောင်းကြောင့်လည်း ရွှယ်ဟွားသည် သူ့ကို ရက်ရက်စက်စက် ကျောခိုင်းထားခြင်း ဖြစ်ရပေမည်။
ကျွန်မ၏ ဒုတိယသားသည် ထက်မြက်လိမ္မာသော သားတစ်ယောက် ဖြစ်သည်။ သို့သော် သားကြီးကဲ့သို့ စူးစမ်းလိုစိတ်မျိုး သူ့တွင် မရှိပေ။ ကျွန်မတို့နှင့်အတူ နေထိုင်သွားမည့် သူ၏ တစ်ဘဝတာခရီးကို ကျွန်မ မှန်းဆကြည့်မိသည်။ မိန်းမပျိုတစ်ယောက်နှင့် အိမ်ထောင်ပြုမည်။ သားသမီးများ ပွားစီးမည်။ ထို့နောက် သူ့အစ်ကိုအတွက် အလုပ်လုပ်ကိုင်ပေးမည်။ ရွှယ်ဟွား၏ ဒုတိယသားမှာမူကား ဤမိသားစု၏ မျှော်လင့်ချက် အလင်းရောင်တစ်ခု ဖြစ်နေသည်။ သူသည် သူ့ဖခင်ကဲ့သို့ တောင့်တင်းသန်မာသည်။ ပုသည်။ သန်စွမ်းသော ခြေလက်များနှင့် တုတ်တုတ်ခိုင်ခိုင် ရှိသူ ဖြစ်သည်။ ဤသူငယ်သည် ဘာကိုမျှ ကြောက်ရရွံ့ရကောင်းမှန်း မသိ။ အအေးဒဏ်ကိုပင် မတုန်မလှုပ် တောင့်ခံနေခဲ့သည်။ ဆာလောင်မှုကြောင့် ညည်းညူဖူးသည်လည်း မရှိခဲ့။ သူသည် သူ့ဖခင်နောက်တွင် အရိပ်သဖွယ် တကောက်ကောက် လိုက်နေခဲ့သည်။ အမဲလိုက် ထွက်သည့် အခါတွင်လည်း ထပ်ကြပ်မကွာ လိုက်ပါသွားတတ်သည်။ အမဲလိုက်ရာတွင် သူသည် သူ့ဖခင်ကို တစ်စုံတစ်ရာ အထောက်အကူ ပေးနိုင်ဟန် ရှိသည်။ သို့မဟုတ်ပါက သားသတ်သမားသည် ဤသို့သော ကိစ္စမျိုးကို လုံးဝ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။ သားကောင်ကို ထမ်းလျက် ပြန်ရောက်လာကြသည့် အခါတွင် ကောင်လေးသည် သူ့ဖခင်၏ နံဘေး၌ ဆောင့်ကြောင့်ထိုင်ကာ သားကောင် လှီးဖြတ်ကိုင်တွယ်ပုံကို ဂရုတစိုက် စူးစမ်းနေတတ်သည်။ ဤသို့သော တူညီချက်များမှတစ်ဆင့် ကျွန်မသည် ရွှယ်ဟွားကို ပိုမို နားလည်လာခဲ့ရသည်။ သူ့ခင်ပွန်းသည် ရိုင်းစိုင်းကောင်း ရိုင်းစိုင်းမည်။ စေးနည်းကောင်း စေးနည်းမည်။ အစစအရာရာ၌ ကျွန်မ၏ လောင်ထုံးထက် နိမ့်ကျကောင်း နိမ့်ကျပေလိမ့်မည်။ သို့သော် ဤကောင်လေးအပေါ်၌ ထားရှိသော ရွှယ်ဟွား၏ မျက်နှာသာပေးမှုသည် သူ့ခင်ပွန်းအား သူ မည်မျှ အလေးထားကြောင်းကို ပြသရာ ရောက်နေသည်။
ချွမ်ရွက်၏ မျက်နှာသွင်ပြင်နှင့် ဟန်ပန်အမူအရာသည် ကျွန်မ၏ သမီးနှင့် လုံးဝ ခြားနားနေသည်။ ယွိအော်၏ အင်္ဂါရုပ်သည် ကျွန်မ၏ ရွက်ကြမ်းရေကြို မိသားစုထံမှ အမွေဆက်ခံထားသည်။ ထိုသို့သော အကြောင်းကြောင့်လည်း ကျွန်မသည် သူ့ကို ဗိုင်းကောင်းကျောက်ဖိ ဖြစ်အောင် ကြပ်ကြပ်မတ်မတ် ထိန်းအုပ်ထားရသည်။ ဆားလုပ်ငန်းမှ ရရှိလာသော ငွေကြေးဥစ္စာဖြင့် အလျှံပယ် များပြားသော ခန်းဝင်ပစ္စည်းများကို သူ့အတွက် ဖန်တီးပေးနိုင်သောကြောင့် သူသည် လင်ကောင်းသားကောင်းတော့ ရနိုင်ပေလိမ့်မည်။ ယွိအော်သည် ဇနီးကောင်းတစ်ယောက် ဖြစ်လာနိုင်သည်ဟု ကျွန်မ ယုံကြည်ထားသည်။ သို့သော် ချွမ်ရွက်သည် ကျွန်မကဲ့သို့သော အခွင့်အရေးမျိုးသာ ရရှိနိုင်ခဲ့မည် ဆိုလျှင် အများနှင့်မတူ တစ်မူထူးခြားသော စံတော်ဝင် ဇနီးတစ်ယောက် ဖြစ်လာနိုင်ပေသည်။
ထိုအရာအားလုံးတို့သည် ကျွန်မ၏ မိသားစုကို လွမ်းဆွတ်လာအောင် တစ်နည်းတစ်ဖုံ ဖန်တီးနေကြသည်။
ကျွန်မသည် အထီးကျန်စိတ်ဖြင့် အရာရာ စိုးရွံ့နေခဲ့သည်။ သို့သော် ညအချိန်များ၌ ရွှယ်ဟွားနှင့်အတူ နေခွင့်ရရှိနေသောကြောင့် သက်သာရာ ရရှိခဲ့သည်။ သို့သော် … ကျွန်မ မည်သို့ ပြောရပါအံ့။ လူအများ စုပြုံနေထိုင်နေကြရသည့် ဤသို့သော အခြေအနေမျိုး၌ပင်လျှင် သားသတ်သမားသည် ကျွန်မ၏ လောင်ထုံးနှင့် ချစ်ဗျူဟာ ခင်းချင်နေသေးသည်။ မီးပုံနံဘေးရှိ မြေကွက်လပ်ပေါ်၌ သူတို့သည် စောင်ကို ခြုံလျက် သူတို့၏ အခင်းကိစ္စကို ဆောင်ရွက်ခဲ့ကြသည်။ ကျန်လူ အားလုံးက မျက်နှာလွှဲ၍ သူတို့ကို မမြင်ချင်ယောင် ဆောင်နေကြရတော့သည်။ သို့သော် ကျွန်မတို့၏ နားများကိုတော့ လွှဲထား၊ ပိတ်ထား၍ ရမည် မဟုတ်ပါ။ ရံဖန်ရံခါ တအင့်အင့် မြည်သံတချို့ ကြားရသည်မှအပ သားသတ်သမားသည် သူ့ကိစ္စကို တိတ်တိတ်ဆိတ်ဆိတ် လုပ်ဆောင်သွားခဲ့သည်ကိုပင် ကြံဖန် ကျေးဇူးတင်ရသေးသည်။ သို့သော် စိတ်ကျေနပ်မှုကြောင့် ထွက်ပေါ်လာသော တအိအိ ရှိုက်ညည်းသံများကို တစ်ကြိမ်တစ်ခါမက ကြားနေရပြန်သည်။ သားသတ်သမားထံမှတော့ မဟုတ်။ ကျွန်မ၏ လောင်ထုံးထံမှ ဖြစ်သည်။ ၎င်းအချင်းအရာကို ကျွန်မ နားမလည်နိုင်ဘဲ ဖြစ်နေရသည်။ သူတို့၏ ကိစ္စဝိစ္စများ ပြီးဆုံးသွားသည့်အခါတွင် ရွှယ်ဟွားသည် ကျွန်မထံသို့ ပြန်ရောက်လာပြီး ကျွန်မကို ငယ်ဘဝကကဲ့သို့ လက်နှစ်ဘက်ဖြင့် ပွေ့ဖက်ထားတော့သည်။ သူ့ထံမှ ရာဂရနံ့များကို ကျွန်မ နမ်းရှူနေရသည်။ သို့သော် အေးခဲသော ယခုလို ရာသီဥတုမျိုးတွင် သူ၏ ကိုယ်အနွေးဓာတ်ကို ရရှိသောကြောင့် ကျွန်မ ဝမ်းမြောက်မိပါသည်။ အကယ်၍ ကျွန်မနံဘေး၌ သူ ရှိမနေခဲ့ပါလျှင် ထိုည၌ သေဆုံးသွားနိုင်သော နောက်မိန်းမတစ်ယောက်သည် ကျွန်မပင် ဖြစ်သွားနိုင်သည်။
ဤသို့သော သံဝါသကိစ္စများကြောင့် ရွှယ်ဟွား၌ ကိုယ်ဝန်ရှိလာခဲ့ပြန်သည်။ အအေးဒဏ်၊ အနေအထိုင် ကြမ်းတမ်းခြင်းနှင့် အာဟာရချို့တဲ့မှုတို့ကြောင့် ကျွန်မကဲ့သို့ ဓမ္မတာထိမ်ခြင်းမျိုး ဖြစ်ပါစေဟု ကျွန်မ မျှော်လင့်နေခဲ့မိပါသေးသည်။ သူသည် ထိုသို့သော စကားမျိုးကို လုံးဝဥဿုံ ကြားချင်သူ မဟုတ်။
“ငါ အရင်ကလည်း ဗိုက်ကြီးဖူးတာပဲဟာ။ ဖြစ်တတ်တဲ့ လက္ခဏာတွေကို ငါ သိပါတယ်” သူက ဆိုသည်။
“ဒါဆိုလည်း နောက်ထပ် သားတစ်ယောက် ရပါစေလို့ ငါ ဆုတောင်းပေးပါတယ်”
“ဒီတစ်ခါ …” သူ၏ မျက်လုံးများသည် ပျော်ရွှင်မှုနှင့် စိတ်ချရမှုတို့ကြောင့် အရောင်တဖျတ်ဖျတ် လက်နေကြသည်။
“သားတစ်ယောက် ရကို ရမှာ”
“ဒါပေါ့။ သားဆိုတာမျိုးက အမြဲတမ်း မင်္ဂလာတစ်ပါးပဲ။ နင့်သားကြီးအတွက်လည်း နင် ဂုဏ်ယူဝမ်းမြောက်သင့်တယ်”
“အင်း” သူ၏ တုံ့ပြန်သံက သိပ်တော့ အားမပါလှ။ ထို့နောက် သူက စကားဆက်သည်။
“နင်တို့နှစ်ယောက် တပူးတွဲတွဲ ရှိနေကြတာ ငါတွေ့တယ်။ နင် သူ့ကို သဘောကျတယ်။ ဒါပေမယ့် သူ့ကို နင့်သားမက်အဖြစ် သတ်မှတ်နိုင်လောက်အောင် နင် သူ့ကို သဘောကျနိုင်ပါ့မလား”
ကျွန်မ ထိုကောင်လေးကို သဘောကျပါသည်။ သို့သော် ၎င်းအဆိုပြုချက်မှာ လုံးဝ မဖြစ်နိုင်ပေ။
“ငါတို့ မိသားစုနှစ်စုအတွင်းမှာ ယောက်ျားနဲ့ မိန်းမကို တွဲဖက်ပေးတာမျိုး မလုပ်သင့်ဘူး” ကျွန်မသည် လူးဖူးလန်ဘဝသို့ ရွှယ်ဟွား၏ အထောက်အပံ့များကြောင့်သာ ရောက်ရှိလာရခြင်း ဖြစ်သည်။ ချွမ်ရွက်ကိုလည်း ဤနည်းအတိုင်း ကျွန်မ လုပ်ပေးချင်သည်။ သို့သော် ကျွန်မ၏ သမီးကို ဤမျှနိမ့်ကျသော ဘဝထဲသို့ လုံးဝ အရောက်ခံနိုင်လိမ့်မည် မဟုတ်ပေ။
“ငါ့တို့သမီးတွေရဲ့ မေတ္တာစစ် မေတ္တာမှန်ကမှ အများကြီး ပိုအရေးကြီးတာပါ။ နင်ရော အဲဒီလို မထင်ဘူးလား”
“အေးပေါ့။ နင်ပြောတာ အမှန်ပဲ” ရွှယ်ဟွားက ပြန်ဖြေသည်။ ကျွန်မ၏ ခံစားချက် အစစ်အမှန်ကိုတော့ သူ သိဟန် မတူပေ။
“ငါတို့ အိမ်ပြန်ရောက်တာနဲ့ အရင်က စီစဉ်ထားတဲ့အတိုင်း ဝမ်းစိန်စိန်းကို ခေါ်တွေ့ကြမယ်။ ကောင်မလေးတွေရဲ့ ခြေထောက်တွေ ပုံစံအသားကျသွားပြီ ဆိုတာနဲ့ သူတို့ကို ကူဖောဘုရားကျောင်း သွားခိုင်းပြီး သဘောတူစာချုပ်ကို လက်မှတ်ထိုးခိုင်းလိုက်မယ်။ ယပ်တောင်တစ်ချောင်း ဝယ်ပြီး သူတို့ဘဝတွေကို အတူတူ ရေးမှတ်ကြလိမ့်မယ်။ ပြီးတော့ ကန်စွန်းဥကြော်ကိုလည်း အတူတူ စားကြလိမ့်မယ်”
“နင်နဲ့ငါလည်း ဆယ်ရှမှာ ဆုံကြမယ်လေ။ တကယ်လို့သာ ငါတို့ ပိပိရိရိ နေနိုင်ရင် သူတို့နှစ်ယောက်ကိုလည်း ကြည့်နေလို့ ရသေးတယ်”
“နင်က သူတို့ကို စောင့်ကြည့်မယ်လို့ ပြောနေတာလား” ရွှယ်ဟွားက မယုံတယုံ လှမ်းမေးလိုက်သည်။ ကျွန်မက ပြုံးပြလိုက်သည့်အခါတွင် သူ့ထံမှ ရယ်သံ ထွက်ပေါ်လာတော့သည်။
“ငါက ငါ့ကိုယ်ငါ အကြံအဖန် များလှပြီ အောက်မေ့နေတာ။ အခုတော့ ငါ့ထက် အကြံကြီးတဲ့သူ တွေ့နေပါပကော”
ထိုလများနှင့် သီတင်းပတ်များအတွင်း၌ ကျွန်မတို့၏ ဘဝကို ပင်ပန်းကြမ်းတမ်းစွာ ဖြတ်သန်းနေခဲ့ကြရသည်။ သို့သော်လည်း ကျွန်မတို့ သမီးများ၏ အစီအစဉ်က ကျွန်မတို့ကို မျှော်လင့်ချက်များ ပေးကာ ၎င်းနေ့ရက်များအတွင်း၌ ဘဝ၏ ကောင်းမြတ်ခြင်းများကိုသာ တွေးတောစိတ်ကူးခဲ့ကြသည်။ ရွှယ်ဟွား၏ သားငယ်၏ ငါးနှစ်ပြည့် မွေးနေ့ပွဲကို ကျွန်မတို့ ဆင်နွှဲခဲ့ကြသည်။ သူကလေးမှာ အင်မတန်မှ ပျော်တတ်သော ကလေးတစ်ယောက် ဖြစ်သည်။ သူနှင့် သူ့ဖခင်တို့၏ အမူအရာများကို ကြည့်ရင်း ကျွန်မတို့ အပန်းဖြေကြရသည်။ သူတို့သည် ဝက်နှစ်ကောင်ကဲ့သို့ သရုပ်ဆောင်ကာ အနံ့ခံခြင်း၊ လှည့်လည်သွားလာခြင်းနှင့် ခန္ဓာကိုယ်အချင်းချင်း တွန်းတိုက်ခြင်းများ ပြုလုပ်နေကြသည်။ သူတို့နှစ်ယောက်စလုံး၏ ကိုယ်ပေါ်တွင် ဖုန်များ၊ အမှိုက်သရိုက်များဖြင့် ပေပွနေကာ တစ်ယောက်ကိုတစ်ယောက် အဖော်ပြုလျက် မြူးထူးပျော်ရွှင်နေကြသည်။ သားကြီးသည် မိန်းမများနှင့် အတူထိုင်နေရသည်ကို ကျေနပ် သဘောကျနေသည်။ ဤကောင်လေးကို ကျွန်မ စိတ်ဝင်တစား ရှိနေသောကြောင့် ရွှယ်ဟွားကလည်း သူ့ကို ယခင်ကထက် ဂရုတစိုက် ရှိလာသည်။ ရွှယ်ဟွားနှင့် ကောင်လေးတို့၏ အကြည့်ချင်း ဆုံမိကြသည့်အခါတွင် သူသည် သူ့မိခင်ကို နှစ်လိုစွာ ပြုံးပြတတ်သည်။ ဤသို့ ပြုမူလိုက်သည့် အခါတိုင်းတွင် သူ့မိခင်၏ မျက်နှာပေါ်၌ ချိုမြသော၊ ဟန်ဆောင်မှု ကင်းသော၊ ထက်မြက်သော သွင်ပြင်လက္ခဏာများကို ကျွန်မ တွေ့မြင်လိုက်ရသည်။ ရွှယ်ဟွားကလည်း သူ့ကို တန်ပြန် စိုက်ကြည့်နေတတ်သည်။ အတိအကျ ဆိုရပါလျှင် မိခင်မေတ္တာဖြင့် ထုံးမွှမ်းနေသော အကြည့်မျိုးတော့ မဟုတ်ပေ။ ယခင်က သူ ထင်မှတ်ထားသည့် အရာထက် ယခု မြင်တွေ့နေရသောအရာကို ပို၍ သဘောကျနေသည့် ပုံမျိုး။
တစ်နေ့တွင် ကောင်လေးကို သီချင်းတစ်ပုဒ် သင်ပေးနေစဉ် ရွှယ်ဟွားက စကားဆိုလာသည်။
“သူ့ကို ငါတို့ မိန်းမသီချင်းတွေ သင်မပေးသင့်ဘူး။ ငယ်ငယ်က ကဗျာတချို့ကို ငါတို့ သင်ခဲ့ဖူးတာပဲ”
“နင့်အမေဆီကလား”
“နင်လည်း နင့်ယောက်ျားအိမ်မှာ ကဗျာတွေ အတော်များများ သင်ခဲ့ရမှာပေါ့”
“အင်း”
ကျွန်မတို့ နှစ်ယောက်စလုံး စိတ်လှုပ်ရှားကာ ကျွန်မတို့ သိထားသော ကဗျာခေါင်းစဉ်များကို ရေပက်မဝင်အောင် ပြောနေမိကြသည်။
ရွှယ်ဟွားသည် သူ့သား၏ လက်ကို ကိုင်လိုက်သည်။
“သူ့ကို ပညာတတ် ယောက်ျားတစ်ယောက် ဖြစ်အောင် ငါတို့ တတ်နိုင်သလောက် သင်ပေးကြရအောင်”
ကျွန်မတို့ နှစ်ယောက်စလုံးသည် ပညာတတ်များ မဟုတ်ကြသောကြောင့် ဤမျှနှင့် မလုံလောက်သေးမှန်း ကျွန်မ သိနေသည်။ သို့သော် ကောင်လေးသည် ရေနွေးအိုးထဲသို့ ပစ်ထည့်လိုက်သော မှိုခြောက်တစ်ပွင့်နှင့် တူနေသည်။ သူသည် ကျွန်မတို့ ပေးနိုင်သမျှ အရာအားလုံးကို စုပ်ယူထားလိုက်သည်။ မကြာခင်မှာပင် သူသည် ကျွန်မနှင့် ရွှယ်ဟွားတို့ ကလေးဘဝက များစွာ နှစ်ခြိုက်ခဲ့ကြသော ထန်ခေတ် ကဗျာများကို ရွတ်ဆိုနိုင်လာခဲ့သည်။ ထို့အပြင် ကျွန်မ၏ သားကို စာကူလုပ်ပေးစဉ်က မှတ်သားထားခဲ့သော ဂန္ထဝင်ကဗျာများကိုလည်း အပိုဒ်လိုက် ရွတ်ဆိုတတ်လာခဲ့သည်။ ရွှယ်ဟွား၏ မျက်နှာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် စစ်မှန်သော ဂုဏ်ယူဝင့်ကြွားသည့် အပြုံးကို ကျွန်မ တွေ့မြင်ခဲ့ရတော့သည်။ ကျန်ရှိသော မိသားစုဝင်များကမူ ဤသို့ ခံစားနေကြရမည် မဟုတ်ပေ။ သို့သော် ရွှယ်ဟွားသည် ပထမဆုံးအကြိမ်အဖြစ် သူတို့၏ သဘောထားများကို လျစ်လျူရှုလာနိုင်ခဲ့သည်။ အပြင်သို့ ချောင်းကြည့်နိုင်ရန်အတွက် ဝေါယာဉ်၏ ကန့်လန်ကာကို ဆွဲဖယ်ပစ်ခဲ့သော ကောင်မလေးကို ကျွန်မ ပြန်လည် မြင်ယောင်လာသည်။
ထိုစဉ်က နေ့ရက်များသည် အအေးပိုကာ နေရထိုင်ရသည်မှာလည်း သက်သောင့်သက်သာ မရှိကြပေ။ စက္ကန့်တိုင်းတွင် အကြောက်တရားများ၊ အခက်အခဲများနှင့် ပြည့်နှက်နေသည်။ သို့သော် ရွှယ်ဟွားကို ကြည့်ရသည်မှာ ပျော်ရွှင်လန်းဆန်းနေသည်။ ဤသို့သော အသွင်အပြင်မျိုးဖြင့် သူ့ကို မမြင်တွေ့ခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လှပြီ။ ကိုယ်ဝန်လွယ်ထားသော သူ့အနေဖြင့် အစားအစာကို အလုံအလောက် မရရှိသော်လည်း သူ၏ စိတ်အခံကြောင့် ဖန်မီးအိမ်တစ်လုံး ထွန်းညှိထားသည့်နှယ် သူ၏ အသားအရေများက ဝင်းလက် တောက်ပနေကြသည်။ သူသည် ကျင်းထျန်မှ သွေးသောက်ညီအစ်မ သုံးယောက်နှင့် တွဲနေရသည်ကို နှစ်ခြိုက် သဘောကျနေသည်။ ထို့အပြင် သူ့ယောက္ခမနှင့် နှစ်ယောက်တည်း ပိတ်လှောင်မနေရသော ဘဝမျိုးကို မြိန်ရေရှက်ရေ ဖြတ်သန်းနေလေသည်။ ထိုမိန်းမများနှင့် အတူထိုင်လျက် ရွှယ်ဟွားသည် မကြားရတာ ကြာပြီ ဖြစ်သော သီချင်းများကို သီဆိုနေခဲ့သည်။ မှောင်မိုက်၍ ငြီးငွေ့ဖွယ်ကောင်းသော အိမ်ကလေး၏ အချုပ်အနှောင်မှ ကင်းလွတ်လျက် ဤလဟာပြင်ထဲတွင် မြင်းရိုင်းတစ်ကောင်ကဲ့သို့ လွတ်လပ်ပေါ့ပါးကာ သူ၏ မြင်းစိတ် မြင်းမာန်များ နိုးကြွလာလေသည်။
ကျွန်မတို့ ဤနေရာရောက်ပြီး ဆယ်ပတ်အကြာ အေးခဲသော ညတစ်ညတွင် ရွှယ်ဟွား၏ ဒုတိယသားငယ်သည် မီးပုံနံဘေး၌ ခွေခွေကလေး အိပ်စက်နေရင်းမှ ပြန်လည် နိုးထလာနိုင်ခြင်း မရှိတော့ပေ။ သူ့ကို မည်သည့်အရာက သတ်ပစ်လိုက်မှန်း ကျွန်မ မသိပါ။ ဖျားနာမှုလော၊ ဆာလောင်မှုလော၊ သို့တည်းမဟုတ် အအေးဒဏ်လော။ သို့သော် နံနက်ခင်း အလင်းရောင်၏ အောက်တွင် သူ့ခန္ဓာကိုယ်ကလေးကို နှင်းထုက ဖုံးလွှမ်းထားကြောင်း ကျွန်မတို့ တွေ့မြင်ကြရသည်။ သူ့၏ မျက်နှာကလေးမှာ အေးခဲကာ ပြာနှမ်း၍ နေချေပြီ။ ရွှယ်ဟွား၏ အော်မြည်ငိုကြွေးသံသည် တောတစ်ခုလုံး ဟိန်းထွက်သွားသည်။ သို့သော် သားသတ်သမား၏ ပရိဒေဝမီးက ပိုမို ပြင်းထန်ပေမည်။ သူသည် ကောင်လေးကို ပွေ့ချီထားကာ ပါးပြင်တစ်လျှောက် မျက်ရည်များ စီးကျနေခဲ့သည်။ ရက်သတ္တပတ်ပေါင်းများစွာ ကြာအောင် ဖုန်မှုန့်များဖြင့် ကြွပ်တက်နေခဲ့သော သူ၏ မျက်နှာပေါ်တွင် မျက်ရည်စီးကြောင်းများ အထင်သား ပေါ်နေတော့သည်။ သူ့ကို မည်သို့မျှ နှစ်သိမ့်၍ မရပေ။ ကောင်လေးကိုလည်း ချီမြဲ ချီထားသည်။ သူ့ဇနီး သို့မဟုတ် သူ့မိခင်၏ စကားကိုပင် မကြားသယောင် ပြုနေခဲ့သည်။ သူ၏ မျက်နှာကို ကလေး၏ ကိုယ်ပေါ်တွင် အပ်ထားကာ တခြားသူများ၏ တိုးလျှိုး တောင်းပန်သံများကို မသိကျိုးကျွံ ပြုနေခဲ့သည်။ ကျွန်မတို့၏ အုပ်စုထဲမှ လယ်သမားများသည် သူ့အနားတွင် ဝိုင်းထိုင်လိုက်ကြပြီး သူ့ကို တိုးတိုးတိတ်တိတ် ဖျောင်းဖျကြပါသော်လည်း ဘာမျှ အကြောင်းမထူးပေ။ သူသည် မကြာခဏ ဆိုသကဲ့သို့ မျက်နှာကို ပင့်ကာ ကောင်းကင်သို့ မော့ကြည့်ရင်း ငိုကြွေးနေတတ်သည်။
“ဘာဖြစ်လို့ ကျွန်တော်ရဲ့ သားအလိမ္မာကိုမှ ရွေးခေါ်သွားရတာလဲဗျာ” ဤသို့သော နှလုံးကြေကွဲနေသည့် သားသတ်သမား၏ မေးခွန်းမျိုးကို နွီစူးပုံပြင်နှင့် သီချင်းအမြောက်အမြားထဲတွင် ကျွန်မတို့ တွေ့မြင်နိုင်သည်။ မီးပုံအနီးရှိ တခြားသော မိန်းမများ၏ မျက်နှာများကို လှမ်းကြည့်လိုက်သည်တွင် ထုတ်ဖော်မေးမြန်းခြင်း မပြုသော သူတို့၏ ရင်တွင်းဖြစ် မေးခွန်းတစ်ခုကို ကျွန်မ တွေ့မြင်လိုက်ရသည်။ ကလေးတစ်ယောက်ကို ဆုံးရှုံးရသည့်အခါတွင် ကျွန်မတို့ မိန်းမသားများ ဝမ်းနည်းရသကဲ့သို့၊ ပူဆွေးရသကဲ့သို့ ယောကျ်ားတစ်ယောက် – ဤသားသတ်သမား – သည် မိန်းမများကဲ့သို့ ထပ်တူထပ်မျှ ခံစားတတ်ပါ၏လော။
ကျန်ရှိသူများ အားလုံးက လွမ်းဆွတ်ဖွယ်သီချင်းများကို သီဆိုနေကြစဉ် သူသည် တစ်ဆံခြည်မျှ မရွေ့မလျားဘဲ ဤပုံစံအတိုင်း နှစ်ရက်ကြာမျှ ထိုင်နေခဲ့သည်။ တတိယမြောက်နေ့တွင် သူသည် ကလေးကို ရင်ဝယ်ပိုက်ကာ မတ်တတ်ထရပ်လိုက်သည်။ ထို့နောက် မီးပုံမှ ဝေးရာသို့ ထွက်ခွာသွားပြီး တခြားသော မိသားစုများကို ဖြတ်ကျော်ကာ သစ်တောထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားလေသည်။ နောက်နှစ်ရက်အကြာတွင် သူသည် လက်ဗလာဖြင့် ကျွန်မတို့အထံသို့ ပြန်ရောက်လာသည်။ ရွှယ်ဟွားက သူ့သားကို မည်သည့်နေရာတွင် မြှုပ်နှံထားခဲ့ကြောင်း မေးမြန်လိုက်သည့်အခါ၌ သားသတ်သမားသည် နောက်ပြန်လှည့်လာကာ သူ့ကို ပိုးစိုးပက်စက် ရိုက်နှက်လေတော့သည်။ သူ၏ ရိုက်ချက်က မည်မျှ ပြင်းထန်သနည်း ဆိုလျှင် ရွှယ်ဟွားခမျာ အတော်လှမ်းလှမ်းသို့ ရောက်သွားသည်အထိ လွင့်ထွက်သွားပြီး နှင်းပုံတစ်ပုံပေါ်သို့ ဖုတ်ခနဲ ဖင်ထိုင်လျက် လဲကျသွားတော့သည်။
သားသတ်သမားသည် ဆက်လက်၍ ရွှယ်ဟွားကို မညှာမတာ ရိုက်နှက်နေခဲ့သောကြောင့် ကိုယ်ဝန်ပျက်ကျကာ ကျွန်မတို့၏ စခန်းအတွင်းရှိ မြေပြင်တစ်လွှားတွင် သွေးရာများနှင့် မြင်မကောင်းအောင် ဖြစ်သွားတော့သည်။ သို့သော် ကျွန်မတို့သည် ပျက်ကျသွားသော သန္ဓေသားကို မည်သည့်နေရာတွင်မျှ ရှာမတွေ့ခဲ့ပေ။ သားသတ်သမားကမူ နောက်ထပ် မိန်းကလေးတစ်ယောက်ကို ဤလောကမှ နှင်ထုတ်နိုင်ခဲ့သည်ဟု မှတ်ယူနေခဲ့သည်။
“မိန်းမတွေရဲ့ အတွင်းစိတ်လောက် ကောက်ကျစ်စဉ်းလဲတာ ဒီလောကမှာ ဘာမှ မရှိဘူး” ဤဆိုရိုးစကားကို ကျွန်မတို့ တစ်ခါမျှ မကြားဖူးသည့်အလား သူက အပြန်ပြန် အထပ်ထပ် ကြွေးကြော်နေလေသည်။ ကျွန်မတို့မှာ သူ့ကို အဖက်မလုပ်နိုင်တော့ဘဲ ရွှယ်ဟွားကိုသာ ဂရုတစိုက် ပြုစုကြရသည်။ ရွှယ်ဟွား၏ ကိုယ်ပေါ်မှ သွေးစသွေးနများကို ဆေးကြောပေးနိုင်ရန်အတွက် ရေနွေးကျိုကြသည်။ သူ၏ ဘောင်းဘီကို ချွတ်၍ ပေါင်ပေါ်တွင် ပေရေနေသော အညစ်အကြေးများကို ရေနွေးဖြင့် သန့်စင်ပေးကြသည်။ ထို့နောက် သူ၏ မင်္ဂလာခန်းဝင် ခြုံစောင်တစ်ထည်ထဲမှ ဂွမ်းစများကို ဆွဲထုတ်၍ ၎င်းဂွမ်းစများဖြင့် သူ၏ ခြေထောက်နှစ်ချောင်း အကြားမှ အဆက်မပြတ် ယိုစီးထွက်ကျနေသော ရွံစရာကောင်းသည့် သွေးပုပ်များကို ဟန့်တားထားရသည်။
ယခုအချိန်၌ ကျွန်မ ပြန်လည် တွေးတောကြည့်မိသည်။ တောင်တန်းများအကြား၌ စဉ်ဆက်မပြတ် ရိုက်နှက်ခံနေရသော ဤသီတင်းပတ် နှစ်ပတ်ကို ဘေးမသီ ရန်မခဘဲ ကျော်လွန် ကူးမြောက်နိုင်ခဲ့သည်မှာ ရွှယ်ဟွားအတွက် အံ့ဩဖွယ် ဖြစ်ရပ်တစ်ခုဟု ကျွန်မ ယူဆသည်။ သားလျှောထားသဖြင့် သွေးထွက်လွန်ကာ သူ၏ ခန္ဓာကိုယ်မှာ အင်မတန်မှ ချည့်နဲ့နေခဲ့သည်။ သူ့ခင်ပွန်း၏ နေ့စဉ်ရက်ဆက် အပြစ်ပေး ဒဏ်ခတ်မှုများကြောင့် သူ၏ ခန္ဓာကိုယ်မှာ ပွန်းပဲ့ဖူးယောင်နေခဲ့သည်။ ကျွန်မသည် အဘယ်ကြောင့် ထိုအမိုက်သားကို မတားမြစ်ခဲ့ပါသနည်း။ ကျွန်မသည် လူးဖူးလန် ဖြစ်သည်။ ယခင်ကဆိုလျှင် ကျွန်မ လိုအပ်သည့်အ ရာများကို ပြုလုပ်ပေးရန် သူ့အား ခိုင်းစေနိုင်ခဲ့သည်။ ဤတစ်ကြိမ်၌ အဘယ်ကြောင့် မပြုလုပ်ခဲ့ရပါသနည်း။ ကျွန်မသည် လူးဖူးလန် ဖြစ်နေသောကြောင့်လည်း ဘာမျှ မလုပ်နိုင်ခဲ့ခြင်း ဖြစ်ရပေမည်။ သူသည် ကိုယ်ခန္ဓာ သန်စွမ်းသော ယောက်ျားတစ်ယောက် ဖြစ်သည်။ သူ၏ ကိုယ်ကာယဖြင့် တစ်ပါးသူအား နိုင်ထက်စီးနင်း ပြုလုပ်ရန်လည်း ရှက်ရွံ့တွန့်ဆုတ်တတ်သူ မဟုတ်ပေ။ ကျွန်မမှာ လူမှုရေးအရ အဆင့်အတန်း မြင့်သည်ဟု ဆိုနိုင်သော်လည်း အထီးကျန်သော မိန်းမသားတစ်ယောက်မျှသာ ဖြစ်သည်။ ကျွန်မတွင် ဘာစွမ်းအားမျှ မရှိပေ။ ကျွန်မ၏ အားနည်းချက်ကို သူ ကောင်းကောင်း သိထားပေလိမ့်မည်။
ကျွန်မလောင်ထုံး၏ အနိမ့်ကျဆုံးသော အချိန်ကာလများတွင် ကျွန်မ၏ ခင်ပွန်းကို မည်မျှ လိုအပ်ကြောင်း ကျွန်မ သတိထားမိလာသည်။ ကျွန်မအနေဖြင့် ဆိုလျှင် မိမိ၏ ခင်ပွန်းနှင့် အတူရှိနေရသော အချိန်နာရီတိုင်းတွင် မိမိ၏ တာဝန်ဝတ္တရားများကို ကျေပွန်အောင် ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း၊ မိမိ သရုပ်ဆောင်ရမည့် အခန်းကဏ္ဍများကို ပီပြင်စွာ သရုပ်ဆောင်ပေးခြင်း စသည်ဖြင့်သာ ကုန်လွန်ခဲ့ရသည်။ သူနှင့် ထိုက်တန်သည့် ဇနီးမယားကောင်းတစ်ယောက် မဖြစ်နိုင်ခဲ့သည့်အတွက် အချိန်တိုင်း အခါတိုင်း ကျွန်မ စိတ်ထိခိုက်ခဲ့ရသည်။ ဤတောင်များပေါ်မှ ပြန်ဆင်းနိုင်ခဲ့လျှင် အများသူငါ ကြည့်ကောင်းရုံ သရုပ်ဆောင်တစ်ယောက်မျှ မဟုတ်တော့ဘဲ လူးဖူးလန်ဟူသော ဂုဏ်ပုဒ်နှင့် အမှန်တကယ် ထိုက်တန်သော မိန်းမတစ်ယောက် ဖြစ်လာအောင် ကြိုးစားဆောင်ရွက် သွားမည်ဟု သန္နိဋ္ဌာန် ချထားသည်။ ထိုသို့ ဖြစ်လာရန်လည်း အကြီးအကျယ် ဆန္ဒဖြစ်ပေါ်နေခဲ့သည်။ သို့သော် ၎င်းဆန္ဒများ အကောင်အထည် ပေါ်မလာခင်မှာပင် ကျွန်မသည် ရွှယ်ဟွား၏ ခင်ပွန်းထက် ပိုမိုကြမ်းကြုတ်၊ ပိုမိုရက်စက်သော လုပ်ရပ်များကို လုပ်ဆောင်လာခဲ့မိတော့သည်။
သစ်ပင်အောက်ရှိ မိန်းမများသည် ရွှယ်ဟွားကို စက္ကန့်မလပ် စောင့်ရှောက်ပေးနေကြသည်။ သူ၏ ကိုယ်ပေါ်မှ ပွန်းရာပဲ့ရာများကို နှင်းရည်ဖြင့် ဆေးကြောပေးကာ အနာမရင်းစေရန် ပြုလုပ်ပေးခဲ့ကြသည်။ ကျွန်မတို့၏ ကိုယ်ပေါ်မှ အဝတ်အစားများကို ဖြဲစုတ်၍ သူ၏ ဒဏ်ရာများကို စည်းနှောင်ပေးကြသည်။ ခွဲတမ်းအဖြစ် သားသတ်သမားထံမှ ရရှိထားသော သားကောင်များ၏ ခြင်ဆီများဖြင့် ရွှယ်ဟွားအတွက် စွပ်ပြုတ်ပြုတ်ပေးရန် ထိုမိန်းမများက ကြံစည်ခဲ့ကြသေးသည်။ ရွှယ်ဟွားသည် သက်သတ်လွတ်သမား ဖြစ်ကြောင်း သူတို့ကို အသိပေးလိုက်သောအခါတွင် ကျွန်မတို့သည် နှစ်ယောက်တစ်စု ဖွဲ့ကာ တောထဲသို့ အလှည့်ကျ သွားရောက်ပြီး သစ်ခေါက်များနှင့် သစ်မြစ်များကို ရှာဖွေကြသည်။ ကျွန်မတို့သည် သစ်မြစ်စုံဟင်းခါး ပြုလုပ်၍ သူ့ကို တိုက်ကျွေးခဲ့ကြသည်။ စိတ်သက်သာရာ ရစေရန်အတွက် ကျွန်မတို့ သီချင်းဆိုကြသည်။
သို့ရာတွင် ကျွန်မတို့၏ အပြုအမူနှင့် စကားလုံးများသည် သူ့ကို စိတ်သက်သာရာ ရစေရန် မစွမ်းဆောင်နိုင်ခဲ့ပါ။ သူသည် မအိပ်စက်တော့ဘဲ ဒူးနှစ်လုံးကို လက်ဖြင့် ပိုက်ထားလျက် မီးပုံဘေးတွင် ထိုင်နေတတ်သည်။ သူ၏ ကိုယ်ခန္ဓာတစ်ခုလုံးသည်လည်း ပူဆွေးသောကများဖြင့် တဆတ်ဆတ် တုန်နေကြသည်။ ကျွန်မတို့အထဲတွင် မည်သူမျှ သန့်ပြန့်သော အဝတ်အစားများ မရှိကြပါ။ သို့သော် အပြင်ပန်းအားဖြင့် သေသပ်နိုင်သမျှ သေသပ်အောင် ကျွန်မတို့ ကျင့်သုံးနေထိုင်ကြသည်။ ရွှယ်ဟွားသည် ဤကိစ္စများကို လုံးဝ စိတ်ဝင်စားခြင်း မရှိတော့ပေ။ နှင်းပျော်ရည်များနှင့် မျက်နှာသစ်ရန် သူ ငြင်းဆန်နေသည်။ အင်္ကျီ၏ အနားသားဖြင့် သွားများကို ပွတ်တိုက်ဆေးကြောရန် သူ ဆန္ဒ မရှိတော့ပေ။ ခေါင်းပေါ်မှ တွဲလရွဲကျနေကြသော သူ၏ ဆံပင်များက ကျွန်မ၏ သေအံ့မူးမူး ယောက္ခမကြီးကို အမှတ်ရစေသည်။ သူသည် ကျွန်မ၏ တတိယ လင်ညီမနှင့် ပို၍ ပို၍ပင် တူလာသည်။ သူ၏စိတ်သည် ကျွန်မတို့နှင့်အတူ ရှိမနေတော့ဘဲ အဝေးတစ်နေရာသို့သာ လွင့်မျောနေတော့သည်။
ဤသို့ဖြင့် တစ်နေ့သောအခါတွင် ရွှယ်ဟွားသည် မီးပုံနံဘေးမှ ကုန်းရုန်းထကာ နှင်းတောင်များ ရှိရာသို့ လမ်းလျှောက်ထွက်သွားတော့သည်။ သူသည် အိပ်မက်ယောင်နေသူ တစ်ယောက်နှယ် မျှော်လင့်ချက်မဲ့စွာ၊ တွယ်တာရာမဲ့စွာ၊ အနှောင်အဖွဲ့မဲ့စွာ လျှောက်လှမ်းနေတတ်သည်။ ကျွန်မသည် သူ့ကို ခွင့်တောင်းမနေတော့ဘဲ နေ့စဉ်နေ့တိုင်း သူ့လက်မောင်းကို ဆုပ်ကိုင်လျက် သူနှင့်အတူ လမ်းလျှောက်ထွက်ခဲ့သည်။ ကျွန်မတို့ နှစ်ယောက်သည် ရေခဲတမျှ အေးစက်နေသော ကျောက်တုံးကျောက်စိုင်များပေါ်တွင် ကျွန်မတို့၏ ခြေသေးကလေးများဖြင့် ယိမ်းထိုးကာ လျှောက်လှမ်းခဲ့ကြသည်။ သူသည် ကျောက်ဆောင် ကမ်းပါးပြတ်ဆီသို့ တိုးကပ်သွားကာ အဆုံးအစ မမြင်ရသော ဟင်းလင်းပြင်ကြီးထဲသို့ သူ၏ ပူဆွေးသောကများကို ဖောက်ထုတ်ပစ်တတ်သည်။ သူ၏ ငိုရှိုက်သံတို့သည် တသုန်သုန် တိုက်ခတ်နေသော မြောက်လေနှင့်အတူ အဝေးသို့ လွင့်ပျံသွားကြသည်။
ဤတောတောင်အတွင်းသို့ ထွက်ပြေးလာကြစဉ်က ကြုံတွေ့ခဲ့ရသည့် ဆိုးရွားသော အဖြစ်အပျက်များကို ပြန်လည် မြင်ယောင်လာသဖြင့် ကျွန်မ တုန်လှုပ်ချောက်ချားနေမိသည်။ မီတာပေါင်းများစွာ နက်ရှိုင်းသော ချောက်များအတွင်းသို့ လျှိုးဝင် ပျောက်ကွယ်သွားကြသော မိန်းမများ၏ စူးစူးဝါးဝါး အော်ဟစ်သံများကို ပြန်လည် ကြားယောင်လာသည်။ ရွှယ်ဟွားကမူ ကျွန်မကဲ့သို့ တုန်လှုပ်ခြောက်ခြားနေဟန် မရှိပေ။ သူသည် ချောက်ကမ်းပါးအစွန်းတွင် ရပ်လျက် လေဟုန်စီးနေသော သိမ်းငှက်များကို ငေးကြည့်နေသည်။ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်နှင့် ချောက်ထဲသို့ အလွယ်တကူ ပြုတ်ကျသွားနိုင်သည့် အနေအထားမျိုးတွင် ကျွန်မတို့ ရောက်ရှိနေကြသည်။ သို့သော် ကျွန်မသည် သူ့အနားမှ တစ်ဖဝါးမျှ မခွာခဲ့ပါ။ သူ့လက်မောင်းကို တစ်စက္ကန့်မျှ လွှတ်မပစ်ခဲ့ပါ။
သူ့ကို မြေကြီးနှင့် ကပ်တွယ်ပေးထားနိုင်မည့် အကြောင်းအရာများကို ကျွန်မ ကြိုးစား၍ ပြောကြည့်ခဲ့သည်။ ဥပမာ ဆိုရလျှင် “ငါတို့ သမီးတွေရဲ့ ကိစ္စအတွက် အောင်သွယ်တော်ဝမ်ကို နင်ပဲ ဆက်သွယ်မလား။ ဒါမှမဟုတ် ငါပဲ သူ့ကို ဆက်သွယ်လိုက်ရမလား” ဟူ၍။ သူ့အထံမှ မည်သည့် တုံ့ပြန်မှုမျှ မရသည့်အခါတွင် ကျွန်မသည် နောက်ထပ်တစ်မျိုး ကြိုးစားကြည့်ရပြန်သည်။
“နင့်အိမ်နဲ့ ငါ့အိမ်က နီးနီးလေးလေ။ ကောင်မလေးတွေ အချင်းချင်း တွေ့ဆုံနိုင်ဖို့အတွက် သူတို့ကို ဘာဖြစ်လို့ လောင်ထုံးဖြစ်တဲ့အထိ စောင့်ခိုင်းနေဦးမလဲ။ နင်တို့နှစ်ယောက် ငါ့အိမ်ကို လာလည်ကြပါလား။ သူ့တို့ ခြေထောက်တွေကို ငါတို့ အတူတူ စည်းပေးကြရအောင်။ ဒါဆို အဲဒီနေ့ရက်တွေက သူတို့နှစ်ယောက်အတွက် အမှတ်တရနေ့ရက်တွေ ဖြစ်သွားလိမ့်မယ်” သို့တည်းမဟုတ် “ဟိုမှာကြည့်စမ်း၊ ရွှယ်ဟွား။ နွေဦးတောင် ရောက်တော့မှာပဲ။ မကြာခင် ငါတို့ ဒီနေရာကနေ ထွက်ခွာနိုင်တော့မယ်”
ဤဆယ်ရက်အတွင်း၌ သူ့ထံမှ အင်းအဲ ဟူသော အဖြေလောက်ကိုသာ ကျွန်မ ရရှိခဲ့သည်။
ထို့နောက် ဆယ့်တစ်ရက်မြောက်နေ့တွင် သူသည် ကမ်းပါးပြတ်ပေါ်၌ ရပ်နေစဉ် သူ့ထံမှ စကားသံ ထွက်ပေါ်လာတော့သည်။
“ငါ ကလေးငါးယောက်တောင် ဆုံးရှုံးခဲ့ပြီးပြီ။ အဲဒီလို ဖြစ်တိုင်းလည်း ငါ့ယောက်ျားက ငါ့ကိုချည်းပဲ အပြစ်တင်ခဲ့တယ်။ စိတ်အခဲမကျေတာတွေ ကြုံလာတဲ့အခါတိုင်း သူက ပြဿနာအားလုံးကို လက်သီးနဲ့ပဲ ဖြေရှင်းတတ်တယ်။ သူရဲ့ ဒေါသတွေကို ဖောက်ထုတ်တော့မယ် ဆိုရင်လည်း ငါက အမြဲတမ်း ကံဆိုးသူ မယ်ရှင် ဖြစ်ရတော့တာပဲ။ ငါ့ရဲ့ ကိုယ်ဝန်က မိန်းကလေးတွေချည်း ဖြစ်ဖြစ်နေလို့ သူက ငါ့ကို စိတ်ဆိုးနေတာပဲ ဖြစ်ရမယ်လို့ ငါ အဲဒီလို တွေးကြည့်ခဲ့ဖူးတယ်။ ဒါပေမယ့် အခုကျတော့ ငါ့သားလေး … … သူ တစ်ချိန်လုံး ခံစားနေရတဲ့ အရာက အဲဒီလို ပူပန်သောကမျိုးမှ ဟုတ်ရဲ့လား” သူသည် ပြောစကားကို ရပ်တန့်လိုက်ပြီး တစ်စုံတစ်ရာ စဉ်းစားနေဟန်ဖြင့် ခေါင်းကို ငဲ့စောင်းထားသည်။
“ဘယ်ပဲဖြစ်ဖြစ်ပါလေ။ သူ့လက်သီးတွေက တစ်နေရာရာကိုတော့ ထိုးကို ထိုးရဦးမှာပဲ” သူသည် စိတ်ပျက်လက်ပျက်ဖြင့် စကားကို အဆုံးသတ်လိုက်သည်။
သို့ဆိုလျှင် ဤသို့သော ညှင်းပန်းနှိပ်စက်မှုများသည် သားသတ်သမားအိမ်သို့ အပြီးအပိုင် ပြောင်းရွှေ့စ နှစ်ကတည်းက စတင်ခဲ့သည်ဟု ဆိုရပေမည်။ သူ့ခင်ပွန်း၏ ဤသို့သော အပြုအမူများသည် ကျွန်မတို့၏ ခရိုင်အတွင်း၌ ပုံမှန် တွေ့မြင်နေကျ ရိုးအီနေသော၊ အများလက်ခံထားသော အပြုအမူများသာ ဖြစ်သည်။ သို့ပါလျက် ရွှယ်ဟွားသည် ဤအကြောင်းများကို ကျွန်မအား ဤမျှ ကြာမြင့်စွာ ဖုံးကွယ်ထားခဲ့သည့်အတွက် ကျွန်မ နာကျင်ခံခက် ဖြစ်နေမိသည်။ သူသည် ကျွန်မကို ဘယ်တော့မှ ထပ်ညာတော့မည် မဟုတ်ဟု ကျွန်မ ယူဆထားခဲ့သည်။ ကျွန်မတို့ နှစ်ယောက်အကြားတွင် လျှို့ဝှက်ချက်ဟူ၍ ဘာမျှ မရှိတော့ဟု ကျွန်မ ယုံကြည်ထားခဲ့သည်။ သို့သော် ထိုကိစ္စအတွက် ကျွန်မ စိတ်မကောင်း မဖြစ်ခဲ့ပါ။ ဤသို့ ဖြစ်ရမည့်အစား ကျွန်မကိုယ်ကျွန်မ အပြစ်ရှိသည်ဟုသာ ခံစားနေရသည်။ စိတ်မချမ်းမြေ့စရာ အခြေအနေမျိုးတွင် ဤမျှ ကာလကြာမြင့်စွာ နေထိုင်ရသည့် ကျွန်မလောင်ထုံး၏ စိတ်ပျက်ဖွယ်ဘဝကို ကျွန်မ စိုးစဉ်းမျှ ရိပ်စားမိခဲ့ခြင်း မရှိပေ။
“ရွှယ်ဟွား …”
“နေဦး၊ ငါ ပြောတာ ဆုံးအောင် နားထောင်ပါဦး။ နင်က ငါ့ယောက်ျားကို မကောင်းဆိုးဝါးလို့ ထင်နေမှာပဲ။ ဒါပေမယ့် သူက မကောင်းဆိုးဝါးတစ်ယောက် မဟုတ်ပါဘူး”
“သူက နင့်ကို လူလိုတောင် မဆက်ဆံဘူးလေ”
“ပိုင်ဟော၊ သူက ငါ့လင်ပါ” သူသည် သတိပေးစကား ပြောဆိုပြီးနောက်တွင် သူ၏ အတွေးများသည် ပိုမိုနက်မှောင်သော အရပ်ဆီသို့ ငုပ်လျှိုးသွားကြသည်။
“ငါ ဟိုးအစောကြီးကတည်းက သေချင်နေခဲ့တာ။ ဒါပေမယ့် ငါ့အနားမှာ တစ်ယောက်မဟုတ် တစ်ယောက်က အမြဲ ရှိနေခဲ့တယ်”
“အဲဒီလို စကားမျိုး မပြောစမ်းပါနဲ့ဟာ”
သူက ကျွန်မစကားကို မသိချင်ယောင် ဆောက်လျက် ဆက်ပြောသည်။
“နင် ကံတရားအကြောင်း ဘယ်နှခါလောက် တွေးကြည့်ဖူးလဲ။ ငါ အဲဒီအကြောင်းကို နေ့တိုင်းနီးပါး တွေးနေခဲ့တာ။ တကယ်လို့သာ ငါ့အမေက ငါ့အဖေအိမ်မှာ အိမ်ထောင်မကျခဲ့ရင် ဘာဖြစ်လာမလဲ။ တကယ်လို့သာ ငါ့အဖေက ဆေးပြောင်းမရှူခဲ့ဖူးရင် ဘာဖြစ်လာနိုင်မလဲ။ တကယ်လို့သာ ငါ့မိဘတွေက ငါ့ကို သားသတ်သမားနဲ့ အိမ်ထောင်ချမပေးခဲ့ရင် ဘာဖြစ်လာမလဲ။ တကယ်လို့သာ ငါ သားတစ်ယောက် မွေးပေးနိုင်ခဲ့ရင် ဘာဖြစ်လာမလဲ။ ငါ့မိသားစုကို ငါ ကယ်တင်နိုင်ပါ့မလား။ အို ပိုင်ဟောရယ် … နင့်အရှေ့မှာ အခုလို အခြေအနေမျိုးတွေနဲ့ ရင်ဆိုင်နေတာ ငါ အရမ်း ရှက်တာပဲ …”
“ငါ ဘယ်တုန်းကမှ …”
“ငါ့မိဘအိမ်ကို နင် စရောက်ဖူးကတည်းက ငါ့ကို နင် သနားနေခဲ့တာ မဟုတ်လား။ ငါ သိနေပါတယ်ဟာ” သူက ကျွန်မကို စကားဖြတ်မပြောရန် ခေါင်းခါပြသည်။
“နင် မငြင်းချင်စမ်းပါနဲ့။ ငါ ပြောတာ ဆက်ပြီး နားထောင်စမ်းပါဦး”
တစ်ခဏမျှ ရပ်နားကာ သူက စကားကို ဆက်သည်။
“နင် ငါ့ကို တွေ့တဲ့အချိန်မှာ အခြေအနေတွေက ဒီလောက်တောင် ဆိုးဝါးနေပါလားလို့ နင် တွေးနေမှာပဲ။ ဒါပေမယ့် ငါ့မာမားရဲ့ အခြေအနေက ငါ့ထက်တောင် အများကြီး ပိုဆိုးပါသေးတယ်။ ငါ ကလေးဘဝတုန်းကဆိုရင် သူ ငိုနေတာကို နေ့တိုင်းညတိုင်း ကြားနေခဲ့ရတယ်။ သူ သေချင်နေမှာပဲလို့ ငါ အတပ် ပြောရဲတယ်။ ဒါပေမယ့် သူ ငါ့ကို စွန့်ပစ်မထားခဲ့ဘူး။ နောက်ပြီး ငါ့ယောက်ျားဆီကို ငါ အပြီးအပိုင် ထွက်ခွာသွားတဲ့အခါမှာ သူက ငါ့အဖေကိုလည်း စွန့်ပစ်မသွားခဲ့ဘူး”
သူ့စကား၏ ဦးတည်ရာကို တွေ့မြင်နေရပြီ ဖြစ်သောကြောင့် ကျွန်မ ဝင်ထောက်လိုက်သည်။
“နင့်မာမားက နာကျည်းနေတဲ့ နှလုံးသားတစ်ခုကို ဘယ်တော့မှ လက်ခံထားမှာ မဟုတ်ဘူးလေ။ သူ ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး”
“သူက ငါ့ပါပါးနဲ့ လမ်းပေါ်ရောက်တဲ့အထိ လက်တွဲ မပျက်ခဲ့ဘူး။ သူတို့ ဘာတွေ ဖြစ်ကုန်ခဲ့ကြသလဲ ဆိုတာကို ငါ ဘာမှ မသိရတော့ဘူး။ ဒါပေမယ့် သေချာတာ တစ်ခုကတော့ သူဟာ ငါ့ပါပါးကို တစ်ယောက်တည်း ပစ်ထားပြီး ဘယ်တော့မှ အရင် ထွက်ခွာသွားမှာ မဟုတ်ဘူးဆိုတာပဲ။ အခုဆိုရင် ၁၂ နှစ်တောင် ရှိသွားခဲ့ပြီ။ သူ့တို့ကို ငါ အကူအညီ ပေးနိုင်ခဲ့ရင် ကောင်းမှာပဲလို့ မကြာခဏ တွေးမိနေတုန်းပဲ။ မာမား ငါ့ဆီကို လာနိုင်ပါ့မလား။ ငါဟာ အိမ်ထောင်ရက်သား ကျပြီး ငါ့ပါပါးရဲ့ မနှစ်မြို့စရာ လုပ်ရပ်တွေ၊ ငါ့မာမားရဲ့ ဝမ်းနည်းမှုတွေနဲ့ ဝေးရာမှာ ပျော်ပျော်ရွှင်ရွှင် နေရပါစေလို့ ငါ စိတ်ကူးယဉ်ခဲ့ဖူးတယ်။ ငါ့ယောက်ျားအိမ်မှာ သူတောင်းစားတစ်ယောက် ဖြစ်လာလိမ့်မယ်လို့တော့ ဘယ်တုန်းကမှ ထင်မထားခဲ့မိဘူး။ နောက်တော့ ငါစားလို့ရမယ့် အစားအစာတွေကို အိမ်သယ်လာပေးအောင် ငါ့ယောက်ျားနဲ့ ဘယ်လို ညှိနှိုင်းယူရမလဲ ဆိုတာကို ငါ နားလည်လာခဲ့တယ်။ တွေ့လား … ပိုင်ဟော။ ငါတို့ကို ပြောပြမထားတဲ့ ယောက်ျားတွေအကြောင်းက တကယ့်ကို အများကြီးပဲ။ ငါတို့က သူတို့ကို ကျေနပ်မှု ပေးနိုင်မယ်ဆိုရင် သူတို့ကို ပျော်ရွှင်နေအောင် ငါတို့ လုပ်ပေးနိုင်တယ်။ ပြီးတော့ နင်သိတဲ့အတိုင်းပဲ၊ တကယ်လို့သာ ငါတို့ ဆန္ဒရှိမယ် ဆိုရင် အဲဒါက ငါတို့အတွက်လည်း ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်တာပဲ”
အိမ်ထောင်ပြုအံ့ဆဲဆဲ မိန်းမပျိုများကို စကားလုံးများဖြင့် ချောက်လှန့်တတ်သော ဘွားတော်ကြီးများနှင့် သူသည် အလွန်တူနေလေသည်။
“နင် ငါ့ကို လိမ်ညာဖုံးကွယ်ထားဖို့ မသင့်ဘူး။ ငါက နင့်ရဲ့ လောင်ထုံးပါ။ နင် ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်”
သူ၏ အကြည့်သည် တိမ်တောင်တိမ်တိုက်များဆီမှ ဖယ်ခွာလာပြီး ကျွန်မကို မမှတ်မိတော့သည့်အလား တဒင်္ဂမျှ စိုက်ကြည့်နေသည်။
“ပိုင်ဟော …” သူ၏ အသံတွင် ဝမ်းနည်းမှုနှင့် စာနာထောက်ထားမှုတို့ ရောစွက်နေသည်။
“နင့်ဆီမှာ ဘာမဆို အကုန်လုံး ရှိနေတယ်။ ဒါပေမယ့် နင် ဘာမှ မသိသေးဘူး”
သူ၏ စကားလုံးက ကျွန်မရင်ကို နင့်ခနဲ ခံစားရစေသည်။ သို့သော် ယခုအချိန်၌ ထိုကိစ္စကို ကျွန်မ မတွေးအားသေးပါ။ သူ့ထံမှ ဝန်ခံစကား ကြားလာရသောကြောင့် ဖြစ်သည်။
“ငါ့ယောက်ျားနဲ့ငါက မိန်းမတစ်ယောက် လိုက်နာရမယ့် မီးနေသည် စည်းကမ်းတွေကို မလိုက်နာခဲ့ကြဘူး။ ငါတို့နှစ်ယောက်စလုံးက သားတွေ အများကြီးကို လိုချင်နေခဲ့ကြတာကိုး”
“သားတွေက မိန်းမတစ်ယောက်ရဲ့ ရတနာ …”
“ဒါပေမယ့် ဘာတွေ ဆက်ဖြစ်လာခဲ့သလဲ။ နင် တွေ့နေရပြီပဲ။ မိန်းကလေးတွေ အများကြီးပဲ ငါ့ဗိုက်ထဲကို ရောက်လာကြတယ်”
ငြင်းပယ်ရန် ခက်ခဲလှသည့် ဤသို့သော ပုစ္ဆာမျိုးအတွက် ကျွန်မတွင် လက်တွေ့ကျသော အဖြေတစ်ခု ရှိနေခဲ့သည်။
“သူတို့ရဲ့ ကံဇာတာကိုက ဒီလိုပဲ ဖြစ်လာဖို့ အကြောင်းဖန်နေတာကိုး။ သူတို့ရဲ့ အတိတ်ကံကိုက တစ်ခုခု လွဲမှားနေတာ ဖြစ်မယ်။ ဒါကိုပဲ ကြံဖန် ကျေးဇူးတင်ရမလို ဖြစ်နေတယ်လေ။ ငါတို့ မိန်းမတွေအတွက်ကတော့ နောက်တစ်ခေါက် ထပ်ပြီး ကြိုးစားကြည့်ရုံပဲ ရှိတာ မဟုတ်လား”
“ပိုင်ဟောရယ် … နင် အဲဒီလို စကားမျိုး ပြောလိုက်တိုင်း ငါ့ရင်ထဲမှာ ဟာခနဲ ဖြစ်ဖြစ်သွားတယ်။ ငါ့နားထဲမှာ သစ်ရွက်လေတိုးသံပဲ ကြားရတော့တယ်။ ငါ့ရဲ့ ခြေထောက်အောက်မှာ ရှိတဲ့ ကမ္ဘာမြေကြီးက ငါ့ကို လက်မခံချင်လောက်အောင် ဒယိမ်းဒယိုင် ဖြစ်နေတာကို နင် ခံစားမိရဲ့လား။ နင် ပြန်တော့ဟာ။ ငါ ငါ့မာမားနဲ့ အတူတူ နေလိုက်ဦးမယ်”
ရွှယ်ဟွားသည် သူ၏ ပထမဆုံး သမီးကို ဆုံးရှုံးခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ချေပြီ။ ထိုစဉ်အချိန်က သူ၏ ကြေကွဲဝမ်းနည်းမှုကို ကျွန်မ နားလည် မပေးနိုင်ခဲ့ပေ။ သို့ရာတွင် ယခုအခါ၌ ဘဝ၏ အကျည်းတန်မှုများကို များစွာ တွေ့ကြုံခဲ့ရပြီး ဖြစ်သောကြောင့် အရာရာကို တစ်မူထူးခြားစွာ ကြည့်မြင်တတ်လာခဲ့သည်။ အကယ်၍သာ မုဆိုးမတစ်ယောက်သည် သူ့ခင်ပွန်းမိသားစု၏ ဂုဏ်သိက္ခာကို အဖက်ဆယ်ပေးရန်အတွက် မိမိကိုယ်ကိုယ် ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ပြုလုပ်ခြင်း၊ သို့တည်းမဟုတ် သေကြောင်းကြံခြင်းတို့ ပြုလုပ်ပါက ၎င်းလုပ်ရပ်ကို အပြည့်အဝ လက်သင့်ခံနိုင်သည်ဟု ဆိုခဲ့ပါမူ ကလေးတစ်ယောက် သို့မဟုတ် ကလေးများစွာ ဆုံးရှုံးရခြင်းကြောင့် မိခင်တစ်ယောက်သည် အစွန်းရောက်သော အမှုကို မလုပ်သင့်ဟု အဘယ်ကြောင့် ဆိုရပါအံ့နည်း။ ကျွန်မတို့သည် ထိုကလေးများကို ထိန်းသိမ်း စောင့်ရှောက်ရသူများ ဖြစ်ကြသည်။ သူတို့ကို ကျွန်မတို့ ချစ်ခင် စုံမက်ကြသည်။ သူတို့ နာမကျန်း ဖြစ်သည့်အခါတွင် ကျွန်မတို့ ပြုစု ယုယကြသည်။ သားယောက်ျားလေးများ ဖြစ်ခဲ့ပါလျှင် ယောက်ျားတို့၏ ပြင်ပလောကထဲသို့ ပထမဆုံး ခြေလှမ်းကို လျှောက်လှမ်းနိုင်ရန်အတွက် သူတို့ကို ကျွန်မတို့ လေ့ကျင့် ပြင်ဆင်ပေးခဲ့ကြသည်။ သမီးမိန်းကလေးများ ဖြစ်ခဲ့ပါမူကား သူတို့၏ ခြေထောက်များကို ကျွန်မတို့ကိုယ်တိုင် စည်းနှောင်ပေးကြသည်။ ကျွန်မတို့၏ လျှို့ဝှက်စာ ရေးသားနည်းကို သူတို့အား သင်ကြားပေးကြသည်။ ဇနီးကောင်း၊ ချွေးမကောင်းနှင့် မိခင်ကောင်းများ ဖြစ်လာစေရန်အတွက် သူတို့ကို လေ့ကျင့် သင်ကြားပေးကြသည်။ သို့မှသာ သူတို့သည် အိမ်အသစ်များရှိ အမျိုးသမီးဆောင်များထဲတွင် အံဝင်ခွင်ကျ နေထိုင်နိုင်ကြပေမည်။ သို့သော် မည်သည့်မိန်းမကမျှ သူတို့၏ သားသမီးများထက် အသက်ပိုမရှည်သင့်ပေ။ ၎င်းမှာ သဘာဝ၏ နိယာမတရားကို ဆန့်ကျင်နေခြင်းသာ ဖြစ်သည်။ အကယ်၍ အသက်ရှည်နေခဲ့ပါမူ သူသည် အဘယ်ကြောင့် ချောက်ကမ်းပါးပြတ်ထဲသို့ ခုန်ချရန် ဆန္ဒမပြုသင့်ပါသနည်း။ အဘယ်ကြောင့် သစ်ကိုင်းတစ်ကိုင်းတွင် ကြိုးဆွဲချရန် ဆန္ဒမပြုသင့်ပါသနည်း။ အဘယ်ကြောင့် ဆပ်ပြာဆီမျိုရန် ဆန္ဒမပြုသင့်ပါသနည်း။
“နေ့တိုင်းနေ့တိုင်းမှာ ငါ့ခေါင်းထဲကို အဖြေတစ်ခုပဲ ရောက်ရောက်လာတယ်” ရွှယ်ဟွားသည် နက်ရှိုင်းသော ချောက်ကမ်းပါးပြတ်ထဲသို့ ငေးစိုက်ကြည့်လျက် ဝန်ခံစကားဆိုသည်။
“ဒါပေမယ့် ငါ့အတွေးထဲမှာ နင့်စိန်စိန်းရဲ့ မျက်နှာက ပေါ်လာပြန်ရော။ ပိုင်ဟောရာ … သူ ဘယ်လောက် ခံစားခဲ့ရသလဲ ဆိုတာ နင် ပြန်တွေးကြည့်စမ်းပါဦး။ သူ့ရဲ့ ဒုက္ခဆင်းရဲကို ငါတို့ ဘယ်လောက်တောင် ဥပေက္ခာ ပြုမိခဲ့ကြသလဲ ဆိုတာကို နင် တွေးကြည့်မိဖူးလား”
ကျွန်မက အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
“သူ ဆိုးဆိုးဝါးဝါး ခံစားခဲ့ရမှာ အမှန်ပဲ။ ဒါပေမယ့် ငါတို့က သူ့အတွက် ဖြေသိမ့်ရာ ဖြစ်ခဲ့မယ်လို့ ငါ ထင်တယ်”
“မေရွက်ကလေးက ဘယ်လောက်တောင် ချစ်စရာ ကောင်းလိုက်သလဲ။ သေသွားတာတောင် ကပိုကရိုကလေးနဲ့ ဘယ်လောက်တောင် ဣန္ဒြေ ရလိုက်သလဲ။ နင့်စိန်စိန်း အိမ်ပြန်ရောက်လာတော့ သူ့ရုပ်အလောင်းဘေးမှာ အကြာကြီး ရပ်နေခဲ့တာကိုရော နင် မှတ်မိသေးလား။ ငါတို့က စိန်စိန်းကို မခံစားရအောင် ဆိုပြီး မေရွက်ရဲ့ မျက်နှာကို ပိတ်စတွေနဲ့ ပတ်ထားလိုက်ကြတယ်လေ။ စိန်စိန်းခမျာ သူ့သမီးရဲ့ မျက်နှာကို နောက်ဆုံးအနေနဲ့တောင် မြင်ခွင့် ရမသွားရှာဘူး။ ငါတို့ ဘာဖြစ်လို့ အဲဒီလောက်တောင် ရက်စက်ခဲ့ကြရတာလဲ”
မေရွက်၏ ရုပ်အလောင်းသည် ရုပ်ပျက်ဆင်းပျက် ဖြစ်ကာ မိခင်တစ်ယောက်၏ မှတ်ဉာဏ်ထဲတွင် လက်မခံနိုင်လောက်အောင် ဆိုးရွားလွန်းနေခဲ့သည်ဟု ကျွန်မ ပြန်လည် ဖြေကြားနိုင်သည်။ သို့သော် ကျွန်မ ထိုသို့ မဖြေဖြစ်ခဲ့ပါ။
“ငါတို့ ရွာပေါ် ပြန်ရောက်တာနဲ့ စိန်စိန်းဆီ သွားလည်ရအောင်လား။ ငါတို့ကို တွေ့ရင် သူ အရမ်း ဝမ်းသာသွားမှာ”
“သွားချင်ရင် နင်ပဲ သွားပါ” ရွှယ်ဟွားက ဆိုသည်။
“ငါ မလိုက်တော့ဘူး။ ငါ သူ့အကြောင်းတွေကို အများကြီး အများကြီး သတိရနေခဲ့တယ်။ ဒါပေမယ့် နင် တစ်ခု သိထားဖို့က … သူက ငါ့ကို သည်းခံတတ်အောင် နေ့တိုင်း သတိပေးနေသလိုပဲ”
သူသည် မြူဆိုင်းနေသော တောင်ကုန်းများကို နောက်ဆုံးအကြိမ်အဖြစ် လှမ်းကြည့်ပြီး စကားဆိုသည်။
“ငါတို့ ပြန်သင့်ပြီ ထင်တယ်။ နင်လည်း ချမ်းနေလောက်ရောပေါ့။ နောက်ပြီး နင့်ကို အကူအညီ တောင်းစရာ ရှိတယ်။ ငါ့အတွက် တစ်ခုခု ရေးပေးဖို့ပေါ့”
သူသည် အင်္ကျီလက်ရှည်ထဲမှ ကျွန်မတို့၏ ယပ်တောင်ကို ဆွဲထုတ်လိုက်သည်။
“ဒါကို ငါ ရအောင် ယူလာခဲ့တယ်။ ငါတို့အိမ်ကို သူပုန်တွေက မီးရှိုးသွားရင် ဒီယပ်တောင်ပါ ပါသွားနိုင်တယ်လေ”
သူ၏ မျက်လုံးများက ကျွန်မကို စိုက်ကြည့်နေကြသည်။ ယခုအခါတွင် သူသည် မူမှန်သည့် အနေအထားသို့ ပြန်ရောက်နေချေပြီ။ သူသည် သက်ပြင်းကို မှုတ်ထုတ်ကာ ခေါင်းကို ခါယမ်းလိုက်သည်။
“နင့်ကို ဘယ်တော့မှ မညာတော့ပါဘူးလို့ ငါ ပြောခဲ့တယ်နော်။ အမှန်အတိုင်း ဝန်ခံရရင် ငါတို့ ဒီတောင်ပေါ်မှာပဲ သေရတော့မယ်လို့ ငါ ထင်ထားခဲ့တာ။ ငါတို့အတွက် ဒီယပ်တောင် မရှိလို့ မဖြစ်ဘူးလေ”
သူက ကျွန်မ၏ လက်မောင်းကို လှမ်းဆွဲသည်။
“ချောက်ကမ်းပါးနဲ့ ဝေးဝေးနေစမ်းပါ ပိုင်ဟောရယ်။ နင် အဲဒီနားမှာ ရပ်နေတာ အသည်းယားလွန်းလို့ပါ”
စခန်းသို့ လမ်းလျှောက် ပြန်လာကြပြီးနောက် စုတ်တံတစ်ချောင်းနှင့် မင်ရအောင် ကျွန်မတို့ ကြံဖန် ဖန်တီးယူကြသည်။ မီးပုံထဲမှ မီးဆွဲထားသော ထင်းချောင်းနှစ်ချောင်းကို ထုတ်ယူ၍ အအေးခံလိုက်ကြသည်။ ၎င်းထင်းချောင်းများမှ မီးသွေးများကို ကျောက်ခဲဖြင့် ခြစ်ယူကာ မီးသွေးမှုန့်များကို စနစ်တကျ သိမ်းဆည်းထားကြသည်။ ထို့နောက် သစ်မြစ်များ ထည့်ကျိုထားသည့် ရေနွေးပူနှင့် ၎င်းမီးသွေးမှုန့်များကို ရောမွှေလိုက်သည်။ ဆေးမင်ကဲ့သို့ မဲနက်ခြင်း၊ ပျစ်ခဲခြင်း မရှိသော်လည်း ဤမျှဖြင့် အလုပ်ဖြစ်နိုင်သည်။ ထို့နောက် ဝါးခြင်းတောင်းတစ်လုံးမှ ဝါးခြမ်းစိတ်တစ်စိတ်ကို ဆွဲထုတ်ကာ အဖျားချွန်၍ ၎င်းကို စုတ်တံအဖြစ် အသုံးပြုနိုင်ရန် ပြင်ဆင်လိုက်ကြသည်။ ကျွန်မတို့၏ စစ်ဘေးရှောင်ခရီးစဉ်ကို နွီစူးဖြင့် ကျွန်မတို့ တစ်လှည့်စီ မှတ်တမ်းတင်လိုက်ကြသည်။ ရွှယ်ဟွား၏ သားငယ် သေဆုံးခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ အေးခဲသော ညများအကြောင်း၊ ထို့နောက် ချစ်သောသူနှင့် ပေါင်းဖော်ရခြင်း၏ ချမ်းသာသုခများ။ ရေးသား၍ ပြီးဆုံးသောအခါတွင် ရွှယ်ဟွားသည် ယပ်တောင်ကို အသာအယာ ပိတ်လိုက်ပြီး သူ၏ အင်္ကျီလက်ရှည်ထဲသို့ ပြန်ထိုးထည့်လိုက်သည်။
ထိုညက သားသတ်သမားသည် ကျွန်မ၏ လောင်ထုံးကို ထပ်မံ ရိုက်နှက်ခြင်း မပြုတော့ပေ။ အကြမ်းဖက်မည့်အစား သူတို့ အဖက်ကြမ်းကြပြန်သည်။ ကိစ္စပြီးသည့်အခါတွင် ရွှယ်ဟွားသည် ကျွန်မရှိရာ မီးပုံအနီးသို့ ပြန်ရောက်လာကာ ခြုံစောင်အတွင်းသို့ လျှိုဝင်သွားသည်။ ကျွန်မ၏ နံဘေးတွင် ခပ်ကွေးကွေး လဲလျောင်းလျက် သူ၏ လက်ဖဝါးကို ကျွန်မ၏ ပါးပြင်ပေါ်၌ ကပ်ထားလေသည်။ မြောက်မြားလှစွာသော အိပ်ပျက်ညများကြောင့် သူ ပင်ပန်းလွန်းနေသည်။ သူ၏ ခန္ဓာကိုယ်သည် အလျင်အမြန် နုံးချည့်ပျော့ခွေလာကြောင်း ကျွန်မ သတိထားမိနေသည်။ အိပ်ပျော်ကာနီးတွင် သူက တီးတိုးရေရွတ်လိုက်သည်။
“သူ ငါ့ကို အစွမ်းကုန် ချစ်နေတုန်းပါပဲ။ အခြေအနေတွေအားလုံး ပြန်ကောင်းလာတော့မှာပါ။ နင် တွေ့ပါလိမ့်မယ်။ အခုဆို သူ စိတ်ပြောင်းလာနေပြီလေ”
ကျွန်မ တွေးကြည့်မိသည်။ သူ စကားက မှန်ကောင်း မှန်ပါလိမ့်မည်။ သို့သော် ထိုသူ၏ ကြေကွဲဝမ်းနည်းမှု သို့မဟုတ် ဒေါသများကို ကျွန်မ၏နံဘေးမှ အချစ်ရဆုံးသော ပုဂ္ဂိုလ်ထံသို့ နောက်တစ်ကြိမ် ဖွင့်အန် ထုတ်မပစ်သေးသရွေ့သာ မှန်နိုင်ပေမည်။
ↂↂↂ
နောက်တစ်နေ့တွင် ကျွန်မတို့၏ ရွာများသို့ လုံခြုံစွာ ပြန်နေနိုင်ပြီ ဖြစ်ကြောင်း သတင်းစကားကို ကျွန်မတို့ ကြားလာရသည်။ တောတောင်များအတွင်း၌ သုံးလတာမျှ နေထိုင်ခဲ့ရအပြီးတွင် မရဏတရား၏ နောက်ဆုံး စာမျက်နှာကို ကျွန်မတို့ တွေ့မြင်ခဲ့ကြပြီးပြီဟု ကျွန်မ ဆိုလိုက်ချင်ပါသည်။ သို့သော် ထိုသို့ မဟုတ်ပါ။ အသွားခရီးတွင် ချန်ထားပစ်ခဲ့သမျှသော အရာအားလုံးကို ပြန်လည် ဖြတ်ကျော်ခဲ့ကြရပြန်သည်။ အဘိုးအိုများ၊ အမယ်အိုများ၊ ကလေးသူငယ်များ၊ အားလုံးအားလုံး ပုပ်ပွနံဟောင်နေကြသည်။ သဘာဝတရား၏ တိုက်စားမှုဒဏ်၊ တိရစ္ဆာန်များ၏ ကိုက်ခဲမှုဒဏ်နှင့် ပိုးကောင်မွှားကောင်တို့၏ ဝါးမျိုမှုဒဏ်ကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းများသည် ဖရိုဖရဲ ပြိုကွဲကာ ရိရွဲပုပ်ပြဲနေကြသည်။ နေရောင်ခြည်၏ တောက်ပမှုအောက်တွင် အရိုးများ ဖွေးဖွေးလှုပ်နေကြသည်။ အလောင်းပေါ်မှ အဝတ်အစားများက သူတို့ကို မည်သူမည်ဝါ ဖြစ်ကြောင်း ထုတ်ဖော် ပြသနေကြသည်။ သို့ဖြင့် မကြာခဏဆိုသကဲ့သို့ ငိုကြွေးသံများနှင့် နောင်တပူဆွေးသံများကို ကြားနေရတော့သည်။
ထိုမျှ မကသေးပါ။ ကျွန်မတို့အထဲမှ လူအများစုသည် သေမင်းနှင့် လက်တစ်ကမ်းအကွာတွင် ရပ်တည်နေရသည့်အလား အားအင် ချည့်နဲ့နေကြဆဲသာ ဖြစ်သည်။ ယခုအခါတွင် ကျွန်မတို့၏ အိမ်ပြန်ခရီးစဉ်မှာ ဒုက္ခတွင်းမှ လွတ်မြောက်ရာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေကြပြီ။ တောင်ဆင်း လမ်းခရီး၌ သေဆုံးကြရသူ လူအများစုမှာ မိန်းမများ ဖြစ်ကြသည်။ ကျွန်မတို့၏ ခြေသေးကလေးများပေါ်တွင် ဟန်ချက်မပျက်အောင် လျှောက်လှမ်းနေရသည်မှာ ပင်ပန်းလွန်းလှချည့်။ ကျွန်မတို့၏ ညာဘက်တွင် ရှိသော ချောက်နက်တွင်းဆီသို့ ကျွန်မတို့ကို ဆွဲငင် ခေါ်ယူနေကြသည်။ ယခုတစ်ကြိမ်၌ နေ့အခါ ဖြစ်သောကြောင့် ကျွန်မတို့သည် စီစီညံသော အော်ဟစ်သံများကို ကြားရရုံမျှ မကတော့ဘဲ လေထုထဲတွင် အချည်းနှီး ရုန်းကန်နေကြသည့် မိန်းမများ၏ ယက်ကန်ယက်ကန် ဖြစ်နေသော လက်မောင်းများကိုပါ တွေ့မြင်လိုက်ရသည်။ ရှေ့တစ်ရက်ကသာဆိုလျှင် ကျွန်မသည် ရွှယ်ဟွားကို စိုးရိမ်မိနေပေလိမ့်မည်။ ယနေ့တွင်မူ သူ့မျက်နှာသည် တည်ငြိမ်မှု အပြည့်ဖြင့် လှမ်းလိုက်သည့် ခြေလှမ်းတိုင်းကို တစ်လှမ်းမျှ လွဲချော်မသွားရလေအောင် ဂရုတစိုက် လျှောက်လှမ်းနေလေသည်။
သားသတ်သမားသည် သူ၏ မိခင်ကို ကျောပိုးထားသည်။ လမ်းခရီးတစ်နေရာ၌ မိခင်တစ်ယောက်သည် ပုံပျက်ပန်းပျက် ဖြစ်နေသော သူ့ကလေးငယ်၏ ရုပ်အလောင်းကို အိမ်သို့ သယ်ဆောင်ပြီး ရိုးရာအတိုင်း သင်္ဂြိုဟ်ပေးရန် ထုပ်ပိုးနေလေသည်။ ထိုသို့ ပြုလုပ်နေသည်ကို မြင်တွေ့သွားသောအခါတွင် ရွှယ်ဟွား၏ ခြေလှမ်းများမှာ တုံ့ဆိုင်းသွားလေတော့သည်။ သားသတ်သမားသည် ထိုအချင်းအရာကို သတိထားမိသွားသည့်နှင့် သူ့မိခင်ကို ကျောပေါ်မှ ချကာ ရွှယ်ဟွား၏ လက်မောင်းကို လှမ်းကိုင်လိုက်သည်။
“နင်တို့ ရှေ့ဆက်လျှောက်ကြ။ မကြာခင် ငါတို့လှည်းကို တွေ့ရတော့မှာ။ ကျင်းထျန်ကို လှည်းစီးပြီး နင်တို့ ပြန်နှင့်ကြတော့” သူက ရွှယ်ဟွားကို ညင်ညင်သာသာ လှမ်းပြောလိုက်သည်။ ရွှယ်ဟွား၏ အကြည့်များသည် ကလေးအလောင်းကို ထုပ်ပိုးနေသော မိခင်အထံမှ မစွန့်ခွာနိုင်သေးပေ။ သားသတ်သမားက စကားကို ဆက်လိုက်သည်။
“ငါ နောက်ကနေ အမီ လိုက်လာခဲ့မယ်။ ပြီးတော့ သားလေးရဲ့ အရိုးတွေကိုလည်း အိမ်ရောက်အောင် ငါ သယ်လာခဲ့မယ်။ ငါ ကတိပေးပါတယ်။ သူက ငါတို့အနားမှာပဲ အမြဲ ရှိနေရမယ်”
ရွှယ်ဟွားသည် ခါးကို မတ်ကာ အထုပ်အပိုးနှင့် အမျိုးသမီးကို မကျော်ချင့် ကျော်ချင်ဖြင့် ဖြတ်ကျော်လာခဲ့သည်။
လက်တွန်းလှည်းသည် သူတို့ ထားခဲ့သော နေရာတွင် မရှိတော့ပေ။ ၎င်းနှင့် တခြား ပစ္စည်းအမြောက်အမြားတို့သည်လည်း ဤသုံးလအတွင်း၌ အကုန်လုံး ပျောက်ဆုံးကုန်ကြသည်။ သူပုန်တပ်ကသော်လည်းကောင်း၊ ဟူနန်တပ်မကြီးကသော်လည်းကောင်း ယူဆောင်သွားခြင်း ဖြစ်ရပေမည်။ သို့သော် မြေပြန့်သို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့် ကျွန်မတို့၏ နာကျင်ကိုက်ခဲမှုများ၊ သွေးထွက်သံယိုမှုများနှင့် ဆာလောင်မွတ်သိပ်မှုများကို သတိမရနိုင်တော့ဘဲ ကျွန်မတို့၏ အိမ်များဆီသို့သာ ခပ်သွက်သွက် လှမ်းလျှောက်လာကြတော့သည်။
ကျွန်မ သိထားမိသလောက် ဆိုလျှင် ကျင်းထျန်သည် များစွာ ထိခိုက်ပျက်ဆီးခဲ့ခြင်း မရှိပေ။ ကျွန်မသည် သားသတ်သမား၏ မိခင်ကို အိမ်ထဲသို့ တွဲခေါ်သွားခဲ့ပြီး အိမ်အပြင်သို့ ပြန်ထွက်လာခဲ့သည်။ ကျွန်မ အိမ်ပြန်ချင်နေသည်။ ဤမျှဝေးသော ခရီးကို လျှောက်လှမ်းလာခဲ့ပြီးခါမှ လီအနည်းငယ်သာ ကွာလှမ်းတော့သည့် ထုံးခိုသို့ လမ်းလျှောက် ပြန်နိုင်ကြောင်း ကျွန်မ သိနေသည်။ သို့သော် သားသတ်သမားသည် ကျွန်မတို့ အိမ်ပြန်ရောက်ပြီ ဖြစ်ကြောင်းနှင့် ကျွန်မအား လာရောက်ခေါ်ငင်နိုင်ကြောင်းကို ကျွန်မခင်ပွန်းထံသို့ သွားရောက် အသိပေးရန် ထွက်ခွာသွားလေတော့သည်။
သူ အိမ်မှ ထွက်ခွာသွားလျှင်သွားချင်း ရွှယ်ဟွားသည် ကျွန်မကို လှမ်းဖက်လိုက်သည်။
“လာ” သူက ပြောသည်။
“ငါတို့မှာ အချိန်အများကြီး မရှိတော့ဘူး”
သူသည် ကျွန်မကို အိမ်ထဲသို့ ဆွဲခေါ်သွားသည်။ ကျွန်မ၏ မျက်လုံးများသည် ကျွန်မ၏ရွာသို့ အပြေးလှမ်းနေသော လမ်းပေါ်မှ သားသတ်သမားကိုသာ ငေးမျှော်ကြည့်နေမိသည်။ အပေါ်ထပ်သို့ ရောက်ရှိသွားသည့်အခါတွင် သူက စကားစသည်။
“တစ်ချိန်တုန်းက ငါ့ရဲ့ ခန်းဝင်ပစ္စည်းတွေအတွက် နင် အများကြီး အကူအညီ ပေးခဲ့ဖူးတယ်နော်။ အခုတော့ အဲဒီကျေးဇူးကို ငါ အနည်းအကျဉ်းဖြစ်ဖြစ် ပြန်ဆပ်လိုက်ပါရစေ”
သူသည် သေတ္တာတစ်လုံးကို ဖွင့်၍ အထဲမှ နက်ပြာရောင် အင်္ကျီတစ်ထည်ကို ဆွဲထုတ်လိုက်သည်။ ၎င်းအင်္ကျီ၏ အရှေ့မျက်နှာစာတွင် တိမ်ခက်တစ်ခက်နှင့် အလှဆင်ထားသော မိုးပြာနုရောင် ပိုးထည်တစ်စဖြင့် အကွက်ဖော်ထားသည်။ ယင်းပိုးထည်အစသည် ရွှယ်ဟွားနှင့် ပထမဆုံးအကြိမ် တွေ့ဆုံကြစဉ်အခါက သူ ဝတ်ခဲ့သော အင်္ကျီမှ ဖြစ်ကြောင်း ကျွန်မ မှတ်မိနေသည်။ သူက ၎င်းအင်္ကျီကို ကျွန်မအား လက်ဆောင်ပေးလေသည်။
“နင့်ယောက်ျားနဲ့ ပြန်တွေ့ရမယ့်အချိန်မှာ နင် ဒီအင်္ကျီကို ဝတ်ထားမယ်ဆိုရင် ငါ့ကို ဂုဏ်ပြုလိုက်သလိုပါပဲ”
ရွှယ်ဟွား၏ ပုံပန်းသဏ္ဌာန်မှာ မည်မျှ ဆိုးရွားနေကြောင်း ကျွန်မ တွေ့မြင်နေရသည်။ သို့သော် ကျွန်မခင်ပွန်း၏ အမြင်၌ ကျွန်မ မည်သို့ ဖြစ်ပျက်နေမည် ဆိုသည့်အချက်ကိုမူ ကျွန်မ ထည့်သွင်း မစဉ်းစားမိချေ။ ကျွန်မသည် ဂန္ဓမာပွင့် ထိုးထားသော ခရမ်းပြာနုရောင် ပိုးထည်အင်္ကျီကို သုံးလလုံးလုံး မလဲတမ်း ဝတ်ဆင်ခဲ့ရသည်။ ၎င်းဝတ်စုံမှာ ညစ်ပတ်ပေရေနေသည့်အပြင် မှန်ထဲ၌ ကျွန်မကိုယ်ကျွန်မ ပြန်ကြည့်မိသည့်အခါတွင် ရွံထဲ၊ နှင်းပုံထဲ၌ သုံးလကြာ နေထိုင်ရခဲ့သော နေလှောင်ထားသည့် မျက်နှာကို တွေ့မြင်နေရသည်။ နေမင်း၏ စူးရှသော အလင်းရောင်သည် မြင့်မားသော တောင်ကုန်းပေါ်ရှိ ကျွန်မ၏ မျက်နှာကို အညှာအတာ ကင်းမဲ့စွာ တိုက်စားထားလေသည်။
ကျွန်မသည် ထင်သာမြင်သာရှိသော ကိုယ်အင်္ဂါများနှင့် အနံ့ထွက်နိုင်သော အင်္ဂါအစိတ်အပိုင်းများကိုသာ ဆေးကြောရန် အချိန်ရတော့သည်။ ကျွန်မ၏ လက်ဖဝါးများ၊ လက်မောင်းများ၊ မျက်နှာ၊ လည်ပင်း၊ ချိုင်းကြားနှင့် ကျွန်မ၏ ပေါင်နှစ်လုံးအကြားတို့ကို ဆေးကြောသန့်စင်ခွင့် ရလိုက်သည်။ ရွှယ်ဟွားသည် ကျွန်မကို တတ်စွမ်းသမျှ ကူညီဆောင်ရွက်ပေးသည်။ ကျွန်မ၏ ဆံပင်များကို ဖီးသင်ပေးသည်။ ဖုန်အလိမ်းလိမ်း ကပ်နေသော ဆံပင်များကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ဆံထုံးပြင်ထုံးပေးသည်။ ထို့နောက် သန့်ရှင်းသော ခေါင်းစည်းပဝါဖြင့် ဆံပင်များကို အသေအချာ ထုပ်ပိုးပေးလေသည်။ သူ၏ ခန်းဝင်ဘောင်းဘီကို ကျွန်မအား ကူဝတ်ပေးနေစဉ်မှာပင် မြင်းပုကလေး၏ ခွာရိုက်သံနှင့် မြင်းလှည်းဘီးတို့၏ တကျွီကျွီ မြည်သံများ နီးသည်ထက် နီးကပ်လာသည်ကို ကြားလာကြရသည်။ သူသည် ကျွန်မ၏ အင်္ကျီကြယ်သီးများကို အလျင်အမြန် တပ်ပေးနေသည်။ ကျွန်မတို့နှစ်ယောက်သည် မျက်နှာချင်း ပူးကပ်စွာ ရပ်နေကြသည်။ သူသည် သူ၏ လက်ဖဝါးကို ကျွန်မ၏ ရင်ဘတ်ပေါ်ရှိ မိုးပြာရောင်ပိုးသားပေါ်သို့ ဖိတင်ထားလိုက်သည်။
“သိပ်ကို လှသွားပြီ” သူက စကားဆိုသည်။
ကျွန်မ၏ အချစ်ရဆုံးသောသူကို မျက်စိရှေ့တွင် တွေ့မြင်နေရသော်လည်း တောင်အောက်မဆင်းခင်က သူ ပြောခဲ့သော စကားများကို ပြန်လည် ကြားယောင်လာသောကြောင့် စိတ်မသက်မသာ ခံစားနေမိသည်။ ကျွန်မသည် သူ၏ လက်ရှိဘဝကို သနားစိတ် ဝင်နေသည်ဟု သူ ဆိုခဲ့သည် မဟုတ်လား။ ထိုကိစ္စကို ဖြေရှင်းချက် မပေးဘဲ ကျွန်မ သူ့ထံမှ ထွက်ခွာမသွားလိုပေ။
“ငါ ဘယ်တုန်းကမှ နင့်ကို …” ထိမိသော စကားလုံးများကို ကျွန်မ အသည်းအသန် ရှာဖွေနေမိသည်။ နောက်ဆုံး ကျွန်မ အရှုံးပေးလိုက်ပါသည်။
“ငါ့ထက် နိမ့်ကျတယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး”
သူက ပြုံးသည်။ ကျွန်မ၏ ရင်ခုန်သံများသည် သူ၏ လက်ဖဝါးပြင်ကို ရိုက်ခတ်နေကြသည်။
“နင် ပြောတာ အမှန်ပါပဲ”
ထို့နောက် ကျွန်မ ဘာမျှ ထပ်မပြောနိုင်ခင်မှာပင် ကျွန်မခင်ပွန်း၏ အသံကို ကြားလာရတော့သည်။
“ပိုင်ဟော၊ ပိုင်ဟော၊ ပိုင်ဟောရေ”
ထိုသို့ ကြားလိုက်ရသည်နှင့် ကျွန်မ သူ့ထံသို့ ပြေးလေတော့သည်။ မှန်၏။ ကျွန်မ ပြေးသွားခဲ့သည်။ အောက်ထပ်သို့ ပြေးဆင်းကာ အိမ်အပြင်သို့ ပြေးထွက်သွားခဲ့သည်။ သူ့ကို တွေ့မြင်ရသည့်အခါတွင် ကျွန်မသည် သူ့ရှေ့၌ ဒူးညွတ်ကျသွားကာ သူ၏ ခြေထောက်များအကြား၌ ဦးခေါင်းကို ဝှက်ထားမိလေတော့သည်။ ကျွန်မ၏ မျက်နှာသွင်ပြင်နှင့် ကိုယ်မှ အနံ့အသက်များကြောင့် အကြီးအကျယ် ရှက်ရွံ့နေမိသည်။ သူသည် ကျွန်မကို မ,ထူလိုက်ပြီး သူ့ရင်ခွင်ထဲ၌ ပွေ့ဖက်ထားလေသည်။
“ပိုင်ဟော၊ ပိုင်ဟော၊ ပိုင်ဟော …” သူသည် ကျွန်မကို အကြိမ်ကြိမ် အထပ်ထပ် နမ်းရှုပ်နေရင်း ကျွန်မနာမည်ကိုလည်း တီးတိုး ရေရွတ်နေလေသည်။ ဘေးလူများ၏ အကြည့်များကို ကျွန်မတို့ လုံးလုံးလျားလျား ဂရုမစိုက်နိုင်တော့ပေ။
“တာ့လန်” ယခင်က သူ့ကို တစ်ကြိမ်တစ်ခါမျှ နာမည်တပ်၍ မခေါ်ခဲ့ဖူးချေ။
သူသည် ကျွန်မ၏ ပခုံးနှစ်ဘက်ကို ဆုပ်ကိုင်ကာ ကျွန်မ၏ မျက်နှာကို မြင်နိုင်ရန်အတွက် ကျွန်မကို အနောက်သို့ အနည်းငယ် တွန်းရွှေ့လိုက်သည်။ သူ့မျက်လုံးများမှ မျက်ရည်များ ယိုစီးကျလာကြသည်။ ထို့နောက် ကျွန်မကို သူ့ရင်ခွင်ထဲသို့ နောက်တစ်ကြိမ် ဆွဲသွင်းကာ ကျွန်မကို ခပ်တင်းတင်း ဖက်ထားလိုက်ပြန်သည်။
“ငါ ရွာထဲက လူတိုင်းကို ထုံးခိုကနေ လုံလုံခြုံခြုံနဲ့ ထွက်ခွာသွားနိုင်အောင် စီစဉ်ပေးနေခဲ့ရတယ်” သူက ရှင်းပြသည်။
“ပြီးတော့ ငါတို့ရဲ့ သားသမီးတွေကိုလည်း လမ်းပေါ်မှာ ဘေးကင်းအောင် ကြည့်ရှုပေးနေရသေးတာ …”
နောက်ပိုင်း အတော်ကြာမှ အပြည့်အဝ နားလည် သဘောပေါက်လာရသည့် အချက်မှာ ဤအပြုအမူများသည် ကျွန်မ၏ ခင်ပွန်းကို ရက်ရောသော၊ တော်သော သူကြီးတစ်ဦး၏ သားတစ်ယောက်အဖြစ်မှ အများသူငါ လေးစားကြည်ညိုကြသော သူကြီးမင်းတစ်ယောက် အဖြစ်သို့ ပြောင်းလဲပေးလိုက်ခြင်း ဖြစ်သည်။
စကားကို ဆက်လက်ပြောဆိုနေစဉ် သူ၏ ခန္ဓာကိုယ်မှာ လှိုက်ဖိုတုန်ယင်နေသည်။
“ငါ နင့်ကို ခဏခဏ ထွက်ရှာခဲ့တယ်”
ကျွန်မတို့၏ မိန်းမသီချင်းများတွင် ဤသို့ အကြိမ်ကြိမ် သီဆိုခဲ့ကြသည်။
“ကျွန်မယောက်ျားအပေါ် ဘာခံစားချက်မှ မရှိဘူး” သို့တည်းမဟုတ် “ကျွန်မယောက်ျားက ကျွန်မအပေါ် ဘာခံစားချက်မှ မရှိဘူး” ၎င်းတို့မှာ သံပြိုင်ပိုဒ်များတွင် ထပ်ခါထပ်ခါ ပါဝင်တတ်သော ရေပန်းစားသည့် စာကြောင်းများ ဖြစ်သည်။ သို့သော် ထိုနေ့တွင် ကျွန်မသည် ကျွန်မ၏ ခင်ပွန်းအပေါ်၌ နက်နက်ရှိုင်းရှိုင်း ခံစားနေမိသည်။ သူလည်း ကျွန်မအပေါ် ထိုနည်းတူ ခံစားနေမည်သာ။
ကျင်းထျန်တွင် နောက်ဆုံးနေခဲ့သော မိနစ်ပိုင်းသည် ကျွန်မ၏ မှတ်ဉာဏ်ထဲ၌ မပီဝိုးတဝါး ဖြစ်နေသည်။ ကျွန်မခင်ပွန်းသည် သားသတ်သမားကို ဆုလာဘ်အဖြစ် မြိုးမြိုးမြက်မြက် ပေးကာ ကျေးဇူးဆပ်ခဲ့သည်။ ကျွန်မနှင့် ရွှယ်ဟွားတို့ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်လိုက်ကြသည်။ သူက ယပ်တောင်ကို အိမ်သို့ ယူသွားရန် ကျွန်မအား ပေးသည်။ သို့သော် ယပ်တောင်ကို သူ့ထံ၌သာ သိမ်းထားစေချင်သည်။ ဆင်းရဲဒုက္ခများသည် သူ့ထံပါး၌ တဝဲလည်လည် ရှိနေကြဆဲပင် ဖြစ်သည်။ ကျွန်မသည် ပျော်ရွှင်မှုများကိုသာ စဉ်ဆက်မပြတ် ခံစားနေရသည်။ ကျွန်မသည် ရွှယ်ဟွား၏ သားကို နှုတ်ဆက်ပြီး ယောက်ျားစာများ လေ့လာနိုင်ရန်အတွက် သူ့ထံသို့ မှတ်စုစာအုပ်တချို့ ပို့ပေးမည်ဟု ကတိပေးလိုက်သည်။ နောက်ဆုံးတွင် ကျွန်မသည် ရွှယ်ဟွား၏ သမီးအရှေ့၌ ခါးကို ကိုင်းညွတ်ပြီး စကားဆိုလိုက်သည်။
“သမီးနဲ့ မကြာခင်မှာ တွေ့ကြဦးမယ်နော်”
ထို့နောက် ကျွန်မသည် လှည်းပေါ်သို့ တက်လိုက်ပြီး ကျွန်မ၏ ခင်ပွန်းက ဇက်ကြိုးကို ဆတ်လိုက်လေတော့သည်။ ကျွန်မသည် ရွှယ်ဟွားကို လှည့်ကြည့်ကာ လက်ပြနှုတ်ဆက်လိုက်သည်။ ထို့နောက် ကျွန်မ၏ အိမ်ရှိရာ၊ ကျွန်မ၏ မိသားစုရှိရာ၊ ကျွန်မ၏ ဘဝရှိရာ ထုံးခိုဘက်သို့ မျက်နှာမူလိုက်လေတော့သည်။