မေရွက်ကွယ်လွန်ပြီး နှစ်နှစ်ခန့် ကြာညောင်းခဲ့ပြီ။ ၁၅ နှစ်အရွယ်က ထုံးထားခဲ့သော ကျွန်မ၏ ဇာမဏီဆံထုံးသည် ယခုအခါတွင် အိမ်ထောင်ပြုနိုင်သော အမျိုးသမီးငယ်နှင့် လိုက်ဖက်သည့် နဂါးမောက်ဆံထုံး အဖြစ်သို့ ပြောင်းလဲလာသည်။ ကျွန်မ၏ ယောက္ခမများထံမှ ပိတ်စများနှင့် ပိုက်ဆံများ ထပ်မံ ရောက်ရှိလာပြန်သည်။ ထို့အပြင် ကျောက်စိမ်းထည်၊ ငွေထည် လက်ဝတ်ရတနာများ ဖြစ်ကြသော နားတောင်းများ၊ လက်စွပ်များနှင့် လည်ဆွဲများကိုလည်း ပို့လာကြသည်။ ထို့နောက် မင်္ဂလာအခမ်းအနား ကျင်းပမည့် ရက်များအတွင်း ဧည့်သည်များကို ဧည့်ခံကျွေးမွေးရန်အတွက် လုံလောက်သည့် ဆန်အိတ် ၃၀ ကိုလည်း ပို့လာကြသေးသည်။ ဆန်အိတ်များနှင့် အတူပါလာသော ဝက်တစ်ပိုင်းကိုမူ ပါပါးသည် အပိုင်းပိုင်း ခုတ်ထစ်ကာ ဖူးဝေအတွင်းရှိ ရပ်မိရပ်ဖများထံသို့ ဝေငှပေးလိုက်သည်။ တစ်လတာ ကျင်းပမည့် မင်္ဂလာဧည့်ခံပွဲကို တရားဝင် စတင်ပြီ ဖြစ်ကြောင်း ကြေညာမောင်းခတ်လိုက်ခြင်းပင် ဖြစ်တော့သည်။ ပါပါးအတွက် အံ့အားအသင့်ဆုံးနှင့် အကျေနပ်ရဆုံးသော လက်ဆောင်ပစ္စည်းမှာ ကျွဲသစ်တစ်ကောင် ရောက်ရှိလာခြင်း ဖြစ်သည်။ ထူးခြားသော ကျွန်မ၏ အနာဂတ်အတွက် မိသားစုဝင်များ အားလုံးမှ အနှစ်နှစ် အလလ ကြိုးစားပြင်ဆင်ခဲ့ရသည့် အကျိုးရလဒ်ပင် ဖြစ်တော့သည်။ ထိုလက်ဆောင်တစ်ခုတည်းနှင့်ပင် ပါပါးသည် ကျွန်မတို့ရွာ၏ အချမ်းသာဆုံးသော ယောက်ျားသုံးဦးအနက် တစ်ဦးအပါအဝင် ဖြစ်သွားလေတော့သည်။
ထိုသီဆိုနှုတ်ဆက်ပွဲ တစ်လတာကာလအတွင်း ရွှယ်ဟွားသည် အမျိုးသမီးဆောင်အတွင်းတွင် ကျွန်မနှင့်အတူ ရှိနေခဲ့သည်။ ကျွန်မ၏ ခန်းဝင်ပစ္စည်းများ ပြင်ဆင်မှုကိစ္စကို အပြီးသတ် ဆောင်ရွက်သည့် လုပ်ငန်းစဉ် အစုစုတို့တွင် သူက ကျွန်မကို နည်းမျိုးစုံဖြင့် ကူညီဆောင်ရွက်ပေးခဲ့သည်။ သို့ဖြင့် ကျွန်မတို့ ပိုမိုနီးကပ်လာကြသည်။ အိမ်ထောင်ရေးနှင့် ပတ်သက်သည့် ထူးထွေဆန်းပြားသော အတွေးအခေါ်များ ကျွန်မတို့ကိုယ်စီ၌ ရှိကြသည် မှန်သော်လည်း ကျွန်မတို့၏ ရင်ခွင်ကိုယ်စီအတွင်းမှ ထိတွေ့ခံစားခဲ့ရသော ခန္ဓာကိုယ် အနွေးဓာတ်၊ နူးညံ့ပျော့ပျောင်းသော အထိအတွေ့နှင့် ကိုယ်သင်းရနံ့ အစရှိသည့် အရာများလောက် မည်သည့်အရာကမျှ ကျွန်မတို့ကို နှစ်သိမ့်ကျေနပ်မှု ပေးနိုင်လိမ့်မည် မဟုတ်ကြောင်း ကျွန်မနှင့် ရွှယ်ဟွားတို့က ယုံကြည်ထားကြသည်။ မည်သည့်အရာကမျှ ကျွန်မတို့၏ ချစ်ခြင်းကို ပြောင်းလဲသွားအောင် လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့အပြင် ကျွန်မတို့၏ အနာဂတ်ကို မျှော်တွေးလိုက်သည့်အခါတိုင်းတွင် ကျွန်မတို့၌ အပြန်အလှန် ဝေမျှစရာများ ပို၍ ပို၍သာ များပြားလာမည်ဖြစ်ကြောင်း ကျွန်မတို့ ယူဆခဲ့ကြသည်။
အမျိုးသမီးဆောင်ထဲမှ သီဆိုနှုတ်ဆက်သော နေ့ရက်များသည် ကျွန်မနှင့် ရွှယ်ဟွားအတွက်မူ ပိုမိုနက်ရှိုင်းသော ချစ်ကြည်ရေးခရီးစဉ်၏ အဦးအစသာ ဖြစ်သည်။ ဆယ်နှစ်တာခရီးကို အတူတကွ လက်တွဲလျှောက်လှမ်း ပြီးသည့်နောက်တွင် ကျွန်မတို့၏ ယှက်နွှယ်မှုသည် ပိုမို၍ နက်နဲသိမ်မွေ့သော အဆင့်သစ်၊ အသွင်သစ်သို့ ကူးပြောင်းသွားသည်။ နောက် နှစ်နှစ် သို့မဟုတ် သုံးနှစ်အကြာ ကျွန်မနှင့် ရွှယ်ဟွားလည်း မိမိတို့၏ ခင်ပွန်းသည်အိမ်များသို့ အပြီးအပိုင် ပြောင်းရွှေ့သွားရသည့်အခါတွင် ကျွန်မတို့ တစ်ယောက်အိမ်ကိုတစ်ယောက် တစ်ခါတစ်ရံ အလည်အပတ် သွားရောက်နိုင်လိမ့်မည်။ ချမ်းသာပြည့်စုံ၍ ဂုဏ်သိက္ခာကြီးမြင့်ကြသော ကျွန်မတို့၏ လင်တော်မောင်များက ကျွန်မတို့အတွက် ဝေါယာဉ်များ ငှားရမ်းပေးကြပေလိမ့်မည်။
ဤပွဲတော်ရက်များအတွင်း၌ ကျွန်မကို အဖော်ပြုရန် သွေးသောက်ညီအစ်မများ မရှိသောကြောင့် မာမား၊ စိန်စိန်း၊ ယောင်းမ၊ ကိုယ်ဝန်လွယ်ထားသော တာ့ကျယ်နှင့်အတူ ဖူးဝေရွာထဲမှ ရောက်လာကြသော အပျိုမလေးတချို့တို့က ကျွန်မ၏ ကောင်းခြင်းမင်္ဂလာအတွက် ဂုဏ်ပြုသီဆိုပေးကြသည်။ အောင်သွယ်တော်ဝမ်လည်း အခါအားလျော်စွာ ထိုအဖွဲ့ထဲသို့ ပူးပေါင်းဝင်ရောက်ခဲ့သည်။ တစ်ခါတစ်ရံတွင် ကြိုက်နှစ်သက်ရာ ပုံပြင်များကို ရွတ်ဆိုတတ်ကြပြီး တစ်ခါတလေ၌မူ တစ်ဦးတစ်ယောက်က တေးတစ်ပုဒ်ကို ရွေးချယ် သီဆိုလိုက်သည်နှင့် ကျန်သူများအားလုံးက နောက်မှ သံပြိုင်လိုက်ပေးတတ်ကြသည်။ တခြားအချိန်များတွင် ကျွန်မတို့သည် ကိုယ်ပိုင်ဘဝများအကြောင်းကို သီဆိုတတ်ကြပြန်သည်။ သူ့ဘဝသူ ကျေနပ်နှစ်သက်နေသော မာမားက ‘မာလာမေပုံပြင်’ ကို သီဆိုပြီး ကြေကွဲဖွယ် အဖြစ်အပျက်မှ နလန်မထနိုင်သေးသော စိန်စိန်း၏ လွမ်းချင်းတေးသံကြောင့်လည်း ကျွန်မတို့အားလုံး မျက်ရည်မဆည်နိုင် ဖြစ်ကြရပြန်သည်။
မင်္ဂလာဆောင် ဝတ်စုံတွင် ခါးစည်းရန်အလို့ငှာ ခါးပတ်တစ်ခု ပန်းထိုးနေသည့် နေ့လည်ခင်းတစ်ခု၌ အောင်သွယ်တော်ဝမ်သည် ကျွန်မတို့အိမ်သို့ ရောက်လာပြီး ကျွန်မတို့အား ‘ဝမ်မယား၏ ပုံပြင်’ ကို ပြောပြခဲ့သေးသည်။ သူသည် ခွေးခြေတစ်လုံးကို ရွှယ်ဟွားအနား ယူထိုင်လိုက်သည်။ ထိုစဉ်က ရွှယ်ဟွားသည် ကျွန်မ၏ စန်းချောင်စာအုပ်တွင် စာရေးရန် အတွေးနယ်ချဲ့နေသည်။ ကျွန်မ၏ ယောက္ခမများကို ကျွန်မအကြောင်း ပြောပြနိုင်ရန် အကောင်းဆုံး စကားလုံးများကို ရွေးချယ်စဉ်းစားနေသည်။ သူတို့နှစ်ဦးသည် အပြန်အလှန် တီတိုး ပြောဆိုနေကြသည်။ ရွှယ်ဟွားထံမှ “ဟုတ်ကဲ့၊ စိန်စိန်း” နှင့် “ဟင့်အင်း၊ စိန်စိန်း” ဟူသော အသံများ တစ်ခါတစ်ခါ ကြားနေရသည်။ ရွှယ်ဟွားသည် အောင်သွယ်တော်ကြီးကို အမြဲတမ်း ရိုရိုသေသေ ဆက်ဆံလေ့ရှိသည်။ ကျွန်မလည်း သူကဲ့သို့ ဆက်ဆံရန် ကြိုးစားခဲ့ပါသေးသည်။ သို့သော် များသောအားဖြင့် အောင်မြင်မှု မရခဲ့ပါ။
ကျွန်မတို့အားလုံးက သူ့ပုံပြင်ကို နားထောင်ရန် အသင့်ရှိနေကြကြောင်း သိရသည့်အခါတွင် အောင်သွယ်တော်ဝမ်သည် ခွေးခြေခုံပေါ်တွင် ပုံ့ပုံ့ကြီး ထိုင်ချလိုက်ကာ သူ၏ ပုံပြင်ကို စတင်လိုက်တော့သည်။
“တစ်ခါတုန်းက ဘာသာတရား ကိုင်းရှိုင်းပြီး ဆင်းရဲနွမ်းပါးတဲ့ ကောင်မလေးတစ်ယောက် ရှိခဲ့ဖူးတယ်” ယခုနှစ်များအတွင်း၌ အောင်သွယ်တော်ဝမ်၏ ဝင်ပေါက်ဝင်လမ်းများ အတော်လေး ဖြောင့်ဖြူးနေခဲ့သည်။ ထို့ကြောင့် ပုံပြင်ပြောနေသော သူ၏ လေသံနှင့် သူ၏ လှုပ်ရှားမှုများသည် ဟိုးယခင်အချိန်များကလောက် ပျာယာခတ် မနေတော့ပေ။
“သူ့မိသားစုက သူ့ကို သားသတ်သမားတစ်ယောက်နဲ့ အိမ်ထောင်ချပေးကြတယ်လေ။ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်တဲ့ လူတစ်ယောက်အနေနဲ့ ဒီထက်ဆိုးတဲ့ အိမ်ထောင်ရေးမျိုး ဘယ်ရှိနိုင်ပါတော့မလဲ။ ဘာသာတရား ကိုင်းရှိုင်းတဲ့ ဥပါသကာမတစ်ယောက် ဆိုပေသိ သူက ဇနီးမယား တစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်ဝတ္တရားတွေကို ဘာတစ်ခုမှ မလစ်ဟင်းရလေအောင် ဖြည့်ဆည်းပေးရှာတယ်။ သူတို့မှာ သားတစ်ယောက်နဲ့ သမီးတစ်ယောက်လည်း ထွန်းကားလာခဲ့တယ်။ ဒါပေမယ့် သူက အသားငါးတွေဆိုရင် လက်နဲ့တောင် မတို့ဘူး။ ပြီးတော့ နေ့တိုင်းနေ့တိုင်းလည်း ဘုရားဟော သုတ္တန်တွေကို ရွတ်ဖတ်ပူဇော်နေတတ်တယ်။ အထူးသဖြင့် သူ ရွတ်တတ်တာကတော့ ‘ဝဇီရသုတ္တန်’ ပေါ့။ သူက တရားတော်တွေ ရွတ်မနေဘူး ဆိုရင်တောင် သူ့ယောက်ျားကို သူ့အသက် မသတ်ဖို့ ချော့မော့ ဖျောင်းဖျနေတတ်တယ်။ ဒီအကုသိုလ်ကံတွေက ဝဋ်ကြွေးအဖြစ်နဲ့ တစ်နေ့မဟုတ်တစ်နေ့ ကိုယ့်ဆီ ပြန်ရောက်လာလိမ့်မယ်လို့လည်း သူ့ကို ခဏခဏ ရှင်းပြနေတတ်တယ်”
ထိုနေရာအရောက်တွင် အောင်သွယ်တော်ဝမ်သည် လက်တစ်ဘက်ကို ရွှယ်ဟွား၏ ပေါင်ပေါ်သို့ တင်ကာ နှစ်သိမ့်နေသည့်အလား သူ့ကို ပွတ်သပ်ပေးနေသည်။ ကျွန်မသာဆိုလျှင် ထိုမိန်းမကြီး၏ လက်ကို ချက်ချင်း ပယ်ချပစ်လိုက်မိပေလိမ့်မည်။ သို့သော် ရွှယ်ဟွားကတော့ ထိုသို့ မလုပ်ခဲ့ပါ။
“ဒါပေမယ့် သူ့ယောက်ျားက သူ့ကို ပြန်ပြောတယ်။ တချို့စကားတွေက တကယ့် အမှန်အတိုင်း ဟုတ်ချင်ဟုတ်မှာပေါ့လေ။ သူတို့မိသားစုအနေနဲ့ သားထိုးအလုပ်ကို ဘိုးစဉ်ဘောင်ဆက်ကတည်းက လုပ်လာခဲ့တာ မျိုးဆက် ဘယ်နှဆက် ရှိပြီလဲ ဆိုတာကိုတောင် ဘယ်သူမှ မရေတွက်နိုင်တော့ဘူးတဲ့” အောင်သွယ်တော်ဝမ်က ဆက်ပြောသည်။
“‘မင်း ရွတ်နေတဲ့ ဝဇီရသုတ်ကို နင့်ဟာနင် ဆက်ရွတ်ချင် ရွတ်နေ။ မင်း နောက်ဘဝမှာ ကောင်းစားချင် ကောင်းစားသွားလိမ့်မယ်။ ငါကတော့ ငါ့အလုပ်ငါ ဆက်လုပ်နေဦးမှာပဲ။ သတ်စရာရှိတာ ဆက်သတ်နေဦးမှာပဲ။ ဒါပေမယ့် ဒီဘဝမှာ ငါ့ကိုယ်ပိုင်မြေတွေ ဝယ်နိုင်လာလိမ့်မယ်။ ခံစရာ ရှိရင်လည်း နောက်ဘဝတွေမှာ ခံပါလေ့စေတော့။’ သူ့ယောက်ျားက အဲဒီလို ပြောလိုက်တယ်။ ဝမ်မယားဟာ သူကြိုက်ကြိုက် မကြိုက်ကြိုက် သူ့ယောက်ျားနဲ့ တစ်သက်လုံး တစ်ခုတင်တည်း အမြဲတမ်း အိပ်ရတော့မယ်ဆိုတာ သူ သိပါတယ်။ ဒါပေမယ့် ဝဇီရသုတ်ကို အထစ်အငေါ့ မရှိအောင် သူ ရွတ်ဆိုနိုင်တာရယ်၊ အဲဒီသုတ်အကြောင်း အတော်လေး နားလည်သဘောပေါက် နေတာရယ်ကို သူ့ယောက်ျားက သိသွားတဲ့အခါမှာတော့ သူ့ယောက်ျားက သူ့အတွက် ကိုယ်ပိုင်သီးသန့် အခန်းတစ်ခန်း စီစဉ်ပေးလိုက်တယ်။ ကျန်ရှိနေသေးတဲ့ အိမ်ထောင်သည် ဘဝတစ်လျှောက်လုံးမှာ ဗြဟ္မစရိယအကျင့် ကျင့်နိုင်အောင်လို့ပေါ့”
“အဲဒီလိုအချိန်မှာပဲ” ထိုသို့ ပြောပြီး အောင်သွယ်တော်ဝမ်၏ လက်တစ်ဘက်က ရွှယ်ဟွား၏ ကိုယ်ပေါ်သို့ ရောက်ရှိသွားပြန်သည်။ ယခုတစ်ကြိမ်၌ ရွှယ်ဟွား၏ ပခုံးပေါ်တွင် လက်ကို အသာအယာ တင်ထားလေသည်။
“ယမမင်းကြီးက လူ့ပြည်ကို တမန်တော်တွေ လွှတ်ပြီး စိတ်ကောင်းရှိတဲ့ လူတွေကို အရှာခိုင်းခဲ့တယ်။ သူတို့ ဝမ်မယားကို တွေ့သွားကြတာပေါ့။ သူရဲ့ စိတ်ထားဖြူစင်မှုကို ယုံကြည်သွားကြတာနဲ့ တစ်ပြိုင်နက် ငရဲပြည်မှာ ဝဇီရသုတ်ကို ရွတ်ဖတ်ပူဇော်ပေးဖို့ သူ့ကို ဖိတ်ကြားတော့တယ်။ အဲဒါ ဘာကို ဆိုလိုတယ် ဆိုတာ သူ သိတယ်လေ။ သူတို့က သူ့ကို သေခိုင်းနေကြတာ။ သူ့ကလေးတွေနဲ့ မခွဲခွာပါရစေနဲ့လို့ သူ အသည်းအသန် တောင်းပန်ရှာတယ်။ ဒါပေမယ့် သေမင်းတမန်တွေက သူ့ရဲ့ အသနားခံချက်ကို လက်မခံကြဘူး။ ဒါနဲ့ သူက သူ့ယောက်ျားကို မယားအသစ်တစ်ယောက် ထပ်ယူဖို့ ပြောတယ်။ သူ့ကလေးတွေကိုလည်း မိခင်အသစ်ရဲ့ စကားကို နားထောင်ဖို့နဲ့ မိခင်အသစ်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံကြဖို့ သွန်သင်ဆုံးမရှာတယ်။ အဲဒီစကားလုံးတွေ သူ့ပါးစပ်က ထွက်ပြီးသွားတာနဲ့ သူလည်း ကြမ်းပြင်ပေါ် ဗုန်းဗုန်းလဲပြီး အသက်ထွက်သွားပါရော”
“ငရဲပြည်ရောက်တဲ့အခါမှာ ဝမ်မယားကို မေးစစ်မှုတွေ အမျိုးမျိုး ပြုလုပ်ကြပြီးတဲ့နောက်မှာတော့ သူ့ကို ယမမင်းအရှေ့ ခေါ်သွားကြတယ်။ ယမမင်းကလည်း သူ့ရဲ့ ဒုက္ခသုက္ခတွေကို ခရေစေ့တွင်းကျ သိထားပြီးပြီဆိုတော့ သူ့ရဲ့ စိတ်ထားဖြူစင်မှုကိုလည်း ဘာမှ မေးခွန်းထုတ်နေစရာ မလိုတော့ဘူးပေါ့။ ဒါနဲ့ ယမမင်းက ဝမ်မယားကို ဝဇီရသုတ် အလွတ်ရွတ်ခိုင်းတော့တယ်။ ဒီတစ်ခေါက် သုတ္တန်ရွတ်တဲ့အခါမှာ စကားလုံး ၉ လုံး ကျကျန်ခဲ့တယ် ဆိုပေသိ ယမမင်းက အင်မတန် သဘောကျ ကျေနပ်တာကြောင့် သားယောက်ျားလေး တစ်ယောက်အဖြစ်နဲ့ လူ့ပြည်ကို ပြန်သွားဖို့ သူ့ကို ခွင့်ပြုလိုက်တယ်။ ဒီတစ်ခါမှာတော့ သူက ပညာတတ် အစိုးရအရှိရာတစ်ယောက်ရဲ့ အိမ်မှာ မွေးဖွားလာခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ နာမည်အစစ်ကိုတော့ သူ့ရဲ့ ခြေဖဝါးအောက်မှာ ရေးထိုးပေးလိုက်တယ်”
“ဝမ်မယားရဲ့ အတိတ်ဘဝဟာ စံထားလောက်တဲ့ ဘဝမျိုး ဆိုပေသိ သူက မိန်းမတစ်ယောက်ပဲ ဖြစ်ခဲ့တာကိုး” အောင်သွယ်တော်ဝမ်က ကျွန်မတို့ကို ရှင်းပြသည်။
“အခုတော့ သူက ယောက်ျားသားတစ်ယောက် အနေနဲ့ ဘယ်နေရာမှာမဆို ထူးချွန်နေခဲ့တယ်။ သူက ပညာရှင်တစ်ယောက်အနေနဲ့ အမြင့်ဆုံး ရာထူးကို ရခဲ့တယ်။ သူဟာ ချမ်းသာကြွယ်ဝမှု၊ ဂုဏ်သိက္ခာနှင့် ဩဇာတိက္ကမတွေ အလျှံပယ် ရလာခဲ့တယ်။ ဒါပေမယ့် သူ့မှာ ပိုင်ဆိုင်တာတွေ များလာလေလေ သူ့မိသားစုဟောင်းကို လွမ်းလာလေလေပဲ။ မိန်းမဘဝကို ပြန်ရချင်လေလေ ဖြစ်လာတယ်။ နောက်ဆုံးတော့ သူက ဘုရင်ကြီးကို သံတော်ဦးတင်လိုက်တော့တယ်။ သူ့ဘဝဇာတ်ကြောင်းကို လျှောက်ထားပြီးတဲ့နောက်မှာ သူ့ခင်ပွန်းဟောင်း နေတဲ့ ရွာကို ပြန်သွားခွင့်ပြုဖို့ တစ်ဆက်တည်း အသနားခံလိုက်တော့တယ်။ ယမမင်းဆီမှာ ကြုံခဲ့ရတဲ့ အတိုင်းပဲ သူ့ရဲ့ ရဲစွမ်းသတ္တိနဲ့ ဖြူစင်တဲ့နှလုံးဟာ ဘုရင်ကြီးကို ညွတ်နူးသွားစေခဲ့တယ်။ ဘုရင်ကြီးက သူ့ကို သွားခွင့်ပြုတဲ့အပြင် သူ့ယောက်ျားရွာရဲ့ ရာဇဝတ်တရားသူကြီးအဖြစ်တောင် ခန့်အပ်ပေးလိုက်သေးတယ်။ သူဟာ အရာရှိဝတ်စုံအပြည့်နဲ့ အဲဒီရွာကို ရောက်သွားတယ်။ လူတိုင်းက သူ့ဆီလာပြီး ရှိခိုးဦးတင်ကြတဲ့အခါမှာ သူဟာ သူ့ဖိနပ်တွေကို ချွတ်ပြပြီး သူ့ရဲ့ နာမည်အစစ်အမှန်ကို အများသိအောင် ဖွင့်ပြလိုက်တော့တယ်။ အဲဒီအချိန်မှာ အင်မတန် အိုမင်းနေပြီ ဖြစ်တဲ့ သူ့ယောက်ျားကို သူက ပြောတယ်။ သူ့ရဲ့ မယား ဖြစ်ချင်ပါသေးတယ်ပေါ့။ ဝမ်အဘိုးကြီးနဲ့ သားသမီးတွေက သူ့အုတ်ဂူရှိရာကို သွားကြပြီး အခေါင်းကို ဖွင့်လိုက်ကြတယ်။ အဲဒီအခါမှာ မိုးနတ်မင်းကြီး ထွက်ပေါ်လာပြီး သူတို့ ဝမ်မိသားစုတစ်စုလုံးဟာ သူတို့ရဲ့ ကောင်းမှုကုသိုလ်ကံတွေကြောင့် သံသရာစက်ရဟတ်ကနေ ကွင်းလွတ်ပြီး နိဗ္ဗာန်ဘုံမှာ ခံစားစံစားနိုင်ပြီ ဆိုတဲ့အကြောင်း ကြေညာတော်မူတယ်”
ကျွန်မ၏ အနာဂတ်ကံကြမ္မာကို အသိပေးလိုသောကြောင့်သာ အောင်သွယ်တော်ဝမ်သည် ဤပုံပြင်ကို ပြောပြခဲ့ခြင်း ဖြစ်သည်ဟု ကျွန်မ ယူဆခဲ့သည်။ ကျွန်မ၏ ယောက္ခမများ ဖြစ်ကြသော လူးမိသားစုသည် ဤခရိုင်အတွင်း၌ လူတကာ၏ လေးစားရိုသေမှုကို ခံနေရသော လူများ ဖြစ်သည် မှန်သော်လည်း အပင်မြင့်၍ လေပြင်းဒဏ် ပိုခံရသော သဘာဝလည်း ရှိနိုင်ပေလိမ့်မည်။ သူတို့သည် အများ၏ မျက်စိဆံပင်မွေး စူးစရာ အလုပ်များ၊ သို့တည်းမဟုတ် ညစ်ညမ်းယုတ်မာသော အလုပ်များကိုပင် လုပ်ကောင်း လုပ်ခဲ့ဖူးပေလိမ့်မည်။ ထို့အပြင် ကျားနှစ်မွေးသော လူတစ်ယောက်၏ သဘောသဘာဝအရ ဒေါသကြီးခြင်း၊ ရဲရင့်တက်ကြွခြင်းနှင့် စိတ်လိုက်မာန်ပါ လုပ်တတ်ခြင်း စသည့် အရည်အချင်းများကို ပိုင်ဆိုင်ထားသောကြောင့် ကျွန်မခင်ပွန်းသည်သည် လူပုံအလယ်၌ သူတစ်ပါးအား ထိုးကြိတ်ကန်ကျောက်ခြင်း၊ သို့တည်းမဟုတ် ခြေထောက်စည်းသည့် ရိုးရာဓလေ့ကို ပုတ်ခတ်ပြောဆိုခြင်းများ ပြုလုပ်ကောင်း ပြုလုပ်ခဲ့ပေလိမ့်မည်။ (သားထိုးတစ်ယောက် ဖြစ်နေခြင်းလောက် မဆိုးရွားပါဟု ကျွန်မ ဝန်ခံပါသည်။ မည်သို့ဆိုစေ၊ ထိုထိုအကျင့်ဆိုးများသည် အမှိုက်ကစ ပြသာဒ်မီးလောင်နိုင်သော အပြုအမူများ ဖြစ်ပေသည်။) မြင်းနှစ်မွေးသော မိန်းမတစ်ယောက်အနေဖြင့် ကျွန်မသည် မိမိခင်ပွန်း၏ ထိုထိုအကျင့်ဆိုးများကို ထိန်းကွပ်ရာတွင် အကူအညီ ပေးနိုင်ပေလိမ့်မည်။
မြင်းနှစ်မွေးသော မိန်းမတစ်ယောက်သည် ဦးဆောင်ဦးရွက် ပြုရမည်ကို မည်သည့်အခါမျှ ကြောက်ရွံ့တွန့်ဆုတ်ကာ မနေသင့်ချေ။ သူ၏ ဘဝလက်တွဲဖော်ကို အခက်အခဲများ ကင်းရှင်းပပျောက်သွားအောင် လမ်းညွှန်ပေးမှုများ ပြုလုပ်သင့်သည်။ ‘ဝမ်မယားပုံပြင်’ ၏ ဆိုလိုရင်း အနှစ်သာရကို ကျွန်မ ဤသို့ နားလည် သဘောပေါက်လိုက်သည်။ ဝမ်မယားအနေဖြင့် သူ မလုပ်စေချင်သော အလုပ်များကို မပြုလုပ်ရန် သူ့ယောက်ျားအား မဖျောင်းဖျနိုင်ခဲ့သော်လည်း သူ၏ ဘာသာတရား ကိုင်းရှိုင်းမှုနှင့် ကောင်းသော လုပ်ရပ်များသည် သူ့ယောက်ျား၏ အကုသိုလ်ဒုစရိုက်ကြောင့် တန်ပြန်ကျရောက်လာမည့် ဝဋ်ဒုက္ခများမှ သူ့ကို ကယ်တင်ပေးနိုင်ခဲ့သည့်အပြင် သူ့တို့၏ မိသားစုတစ်စုလုံးကိုလည်း နိဗ္ဗာန်ဘုံသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။ ဤပုံပြင်သည် ပညာပေးပုံပြင် အမြောက်အမြားထဲမှ အနည်းအကျဉ်းမျှသာ ရှိသော ပျော်ရွှင်ခြင်းနှင့် အဆုံးသတ်သည့် ပုံပြင်တစ်ပုဒ် ဖြစ်သည်။ ကျွန်မ၏ မင်္ဂလာပွဲ မကျင်းပမီ တစ်လအလို ဆောင်းဦးနှောင်းပိုင်းကာလတွင် ယင်းပုံပြင်က ကျွန်မကို ပျော်ရွှင်ချမ်းမြေ့စေခဲ့ပါသည်။
သို့သော်လည်း ‘စုဖွဲ့သီဆို နှုတ်ဆက်ခြင်း’ နေ့ရက်များအတွင်း၌ ကျွန်မ၏ ခံစားမှုများက အမျိုးမျိုး ထွေပြားနေခဲ့သည်။ မိသားစုကို ခွဲခွာရတော့မည် ဖြစ်သောကြောင့် ကျွန်မ ဝမ်းနည်းခဲ့ရသည်။ သို့သော် ကျွန်မ၏ ဘဝနှင့် ပတ်ဝန်းကျင် အခြေအနေများကို ယခုထက် ပိုမိုကျယ်ပြန့်စွာ တွေ့မြင်နိုင်ရန်အတွက် ကျွန်မ မျှော်လင့်တောင့်တနေခဲ့သည်။ ကျွန်မတို့၏ အိမ်ပြတင်းပေါက်မှ လှမ်းမြင်နေရသော ဘဝ၏ နှမ်းစေ့အမြင်လောက် မဟုတ်ဘဲ အောင်သွယ်တော်ဝမ်၏ ဝေါယာဉ်ကို စီးခဲ့ကြစဉ်အခါက ဝေါယာဉ်ပြတင်းမှ ကျွန်မနှင့် ရွှယ်ဟွားတို့ တွေ့မြင်ခဲ့ကြရသော အပြန့်ကျယ် ရှုမြင်ကွင်းမျိုးကို ကျွန်မ တွေ့မြင်လိုသည်။ ကျွန်မအတွက် သစ်ဆန်းသော၊ ပိုမိုကောင်းမွန်းသော အနာဂတ်က ကျွန်မအလာကို စောင့်မျှော်နေပြီ ဖြစ်ကြောင်း ကျွန်မ ယုံကြည်နေမိသည်။ ၎င်းမှာ ကျွန်မ၏ စရိုက်သဘာဝကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ မြင်းတစ်ကောင်သည် အခါအခွင့် သင့်ပါက ကမ္ဘာတစ်ခွင်လုံး ပြဲပြဲစင်အောင် လျှောက်သွားနေပေလိမ့်မည်။ နေရာအသစ်သို့ သွားရောက်ရမည်ကို ကျွန်မ သဘောကျ နှစ်ခြိုက်သည်။ ကျွန်မနှင့် ရွှယ်ဟွားသည် မြင်းတို့၏ သဘာဝအတိုင်း လိုက်နာဆောင်ရွက်နေပါသည်ဟု ကျွန်မ ပြောလိုက်ချင်သည်။ သို့သော် မြင်းများ (နှင့် မြင်းနှစ်ဖွားများ) သည် ထာဝစဉ် အမိန့်နာခံတတ်သူများ မဟုတ်ကြပါ။ ကျွန်မတို့သည် အပြောတစ်မျိုး၊ အလုပ်တစ်မျိုး လုပ်တတ်ကြသည်။ ကျွန်မတို့၏ ခံစားမှုက ဤသို့ ခံစားရသော်လည်း ကျွန်မတို့၏ နှလုံးသားက ထိုသို့လုပ်ရန် ညွှန်ကြားချင် ညွှန်ကြားတတ်သည်။
ကျွန်မတို့သည် အကြောင်းအရာတစ်ခုကို မျက်မြင်ဒိဋ္ဌ တွေ့မြင်နေရသော်လည်း လှည့်ကွက်တစ်ခုက ကျွန်မတို့၏ အမြင်အာရုံများကို လှည့်စားထားကြောင်း ကျွန်မတို့ နားမလည်နိုင်ကြပေ။ ကျွန်မတို့သည် ချစ်ခြင်းမေတ္တာနှင့် ပြည့်လျှမ်းနေသည့် လမ်းကြောင်းတစ်လျှောက် ဖြည်းဖြည်းချင်း လျှောက်သွားနေကြသည်။ ထို့နောက်တွင် ကျွန်မတို့ကို မြှူဆွယ်ဖြားယောင်းနေသော လမ်းမကြီးတစ်ခု၊ လမ်းသွယ်တစ်ခု၊ မြစ်တစ်စင်း … … စသည် စသည်တို့ကို ရှေ့နောက်ဆင့်ကာ တွေ့မြင်လာရတော့သည်။
၎င်းမှာ ကျွန်မ၏ ခံစားချက်ဖြစ်သည်။ ကျွန်မ၏ လောင်ထုံးဖြစ်သော ရွှယ်ဟွားသည်လည်း ကျွန်မနည်းတူ ခံစားနေရလိမ့်မည်ဟု ကျွန်မ ယူဆသည်။ သို့သော် သူက ကျွန်မအတွက် ပဟေဠိတစ်ခု ဖြစ်နေဆဲပင်။ ရွှယ်ဟွား၏ မင်္ဂလာပွဲက ကျွန်မထက် တစ်လသာ နောက်ကျသည်။ သို့သော် သူ့မျက်နှာပေါ်၌ စိတ်လှုပ်ရှားမှု သို့တည်းမဟုတ် ဝမ်းနည်းမှုဟူ၍ အရိပ်အယောင်မျှ မတွေ့ရချေ။ ထိုသို့ ဖြစ်ရမည့်အစား သူသည် သဘာဝမကျစွာ သိုသိုသိပ်သိပ် နေနိုင်လွန်းလှသည်။ သံပြိုင်သီချင်းများကို အမှားအယွင်း မရှိအောင် အေးအေးသာသာ သီဆိုနေခဲ့သည်။ ကျွန်မအတွက် ရည်ရွယ်ထားသော စန်းချောင်စာအုပ်ကို တည်တည်ငြိမ်ငြိမ် စိတ်ပါလက်ပါ ရေးသားနေခဲ့သည်။ သူ့ရင်ထဲ၌ ဖြစ်ပေါ်နေသော ကြောက်ရွံ့တုန်လှုပ်မှုက ကျွန်မထက် အဆပေါင်းများစွာ သာလွန်နေသော အကြောင်းကြောင့်ပေလော မသိ။
“အလကား၊ ကြောက်နေစရာလားအေရယ်” ကျွန်မ၏ အိပ်ရာခင်းများကို ခေါက်၍ ထုပ်ပိုးနေကြစဉ် သူက ရုတ်ခြည်း ပြန်ဖြေသည်။
“ငါလည်း မကြောက်ဘူး” ကျွန်မက ပြန်ဖြေလိုက်သည်။ သို့သော် ကျွန်မတို့နှစ်ယောက်စလုံးက ထိုစကားမျိုးကို အာမခံချက်အပြည့်ဖြင့် ပြောကြားလိုက်ခြင်း မဟုတ်ကြောင်းကိုမူ ကျွန်မ အပြည့်အဝ ယုံကြည်နေသည်။ ကလေးသူငယ်ဘဝ အိမ်အပြင်၌ ထွက်ကစားခွင့်ရခဲ့စဉ်က တိရစ္ဆာန်များ မိတ်လိုက်ကြသည်ကို ကျွန်မ မြင်ဖူးခဲ့သည်။ ကျွန်မလည်း ထိုနည်းတူ ပြုလုပ်ရတော့မည်ဟု သိရှိနေသည်။ သို့သော် မည်သို့ ဖြစ်လာမည်နည်း၊ သို့တည်းမဟုတ် မည်သို့ ပြုလုပ်ရမည်နည်း ဆိုသည့်အချက်ကိုမူ ကျွန်မ နားမလည်သေးပါ။ ကျွန်မထက် အစစအရာရာတွင် တတ်သိနားလည်ထားသော ရွှယ်ဟွားကိုယ်နှိုက်ပင်လျှင် ထိုကိစ္စမျိုး၌ ကျွန်မကို ကူညီပေးနိုင်လိမ့်မည် မဟုတ်ပေ။ ကျွန်မတို့၏ မိခင်တစ်ယောက်ယောက်ကသော်လည်းကောင်း၊ အစ်မကြီးများကသော်လည်းကောင်း၊ စိန်စိန်းကသော်လည်းကောင်း၊ သို့မတည်းမဟုတ် အောင်သွယ်တော်ကပင် ကျွန်မတို့ကို ထိုကိစ္စနှင့် ပတ်သက်၍ သင်ကြားပြသပေးမည်လောဟု ကျွန်မတို့နှစ်ယောက်စလုံးက မျှော်လင့်နေခဲ့ကြသည်။ သူတို့က ကျွန်မတို့ကို တခြားတခြား မြောက်မြားစွာသော အရာများကို သင်ကြားပေးခဲ့ဖူးသည် မဟုတ်ပါလော။
ထိုအကြောင်းအရာနှင့် ပတ်သက်၍ ကျွန်မတို့ နှစ်ယောက်စလုံး စိတ်မသက်မသာ ဖြစ်နေကြသောကြောင့် နောက်လာမည့် ရက်သတ္တပတ်အတွင်း ပြုလုပ်မည့် ကျွန်မတို့၏ အစီအစဉ်ကို ပြောကြားခြင်းဖြင့် စကားလမ်းကြောင်းကို လွှဲဖယ်ပစ်လိုက်ကြသည်။ မင်္ဂလာအခမ်းအနား ပြီးဆုံး၍ အိမ်သို့ ပြန်လာမည့်အစား ကျွန်မသည် ရွှယ်ဟွား၏ သီဆိုနှုတ်ဆက်ပွဲအတွက် သူ့အိမ်သို့ တန်းသွားမည် ဖြစ်သည်။ သူက ကျွန်မကို အကူအညီ ပေးခဲ့သည့်နည်းတူ သူ၏ မင်္ဂလာဆောင် အခမ်းအနားအတွက် ပြင်ဆင်မှုများ ပြုလုပ်ရာတွင်လည်း ကျွန်မကိုယ်တိုင် သူ့ကို ကူညီပေးချင်သည်။ ကျွန်မ သူ့အိမ်သို့ ရောက်ဖူးချင်နေသည်မှာ ယခုဆိုလျှင် ဆယ်နှစ်မျှ ရှိခဲ့ပြီ။ အမှန် ပြောရမည်ဆိုလျှင် ကျွန်မ၏ ခင်ပွန်းသည်နှင့် တွေ့ဆုံရမည်ထက်ပင် ပို၍ စိတ်လှုပ်ရှားနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လက်ထပ်ရမည့် ယောက်ျားအကြောင်းကို လုံးဝဥဿုံနီးပါး ကျွန်မ သိရှိထားခြင်း မရှိသော်လည်း ရွှယ်ဟွား၏ အိမ်နှင့် သူ့မိသားစုအကြောင်းကိုမူ ကြားဖူးနေခဲ့သည်မှာ နှစ်ပရိစ္ဆေဒ ကြာညောင်းခဲ့ချေပြီ။ နောက်ဆုံးတော့ ရွှယ်ဟွားအိမ်သို့ ရောက်ဖူးပေတော့မည်ဟု ကျွန်မရင်ထဲ၌ မျှော်လင့်ချက်များ ပြည့်လျှမ်းနေသော်လည်း သူက ယောင်တိယောင်ဝါး လုပ်နေဆဲပင်။
“နင့်ယောက္ခမအိမ်က တစ်ယောက်ယောက် ငါ့ဆီ ပို့ပေးပါလိမ့်မယ်ဟာ” ရွှယ်ဟွားက ပြောသည်။
“ငါ့ရဲ့ ယောက္ခမဘွားတော်က နင့်သီဆိုနှုတ်ဆက်ပွဲကို လာမယ်လို့ ထင်လား” ကျွန်မက မေးလိုက်သည်။ ထိုသို့ ပြုလုပ်ခဲ့မည် ဆိုလျှင် ကျွန်မ အကျေနပ်ကြီး ကျေနပ်မိပေလိမ့်မည်။ ကျွန်မ၏ လောင်ထုံးကို သူနှင့် ဆုံတွေ့ပေးချင်သည်။
“လူးဖူးလန်က အလုပ်သိပ်များတာဟ။ သူ့မှာ လုပ်စရာ အလုပ်တွေမှ နည်းတာ မဟုတ်ဘူး။ နင်လည်း တစ်နေ့တော့ အဲဒီလို ဖြစ်လာမှာပဲ”
“ဒါပေမယ့် နင့်မာမား၊ တာ့ကျယ်တို့နဲ့ ငါ တွေ့ချင်သေးတယ်။ နောက်ပြီး … … တခြား ဘယ်သူ့တွေကိုရော ဖိတ်ထားသေးလဲ”
မာမားနှင့် စိန်စိန်းတို့လည်း ရွှယ်ဟွား၏ သီဆိုနှုတ်ဆက်ပွဲတွင် တစ်စိတ်တစ်ဒေသမှ ပါဝင် ကူညီပေးကြလိမ့်မည်ဟု ကျွန်မ မျှော်လင့်ထားသည်။ သူသည် ကျွန်မတို့ မိသားစု၏ အဖွဲ့ဝင်တစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့သည်မှာ ဆယ်နှစ်ကျော် ရှိခဲ့ပြီ။ ထို့ကြောင့် သူတို့ကို သူ့အနီး၌ ရှိနေစေချင်ပေလိမ့်မည်ဟု ကျွန်မ တွေးထင်ခဲ့သည်။ သူက စကားတစ်ခွန်းသာ ပြန်ဖြေသည်။
“ဝမ်စိန်စိန်း လာလိမ့်မယ်”
အောင်သွယ်တော်ဝမ် အနေဖြင့် ဤရက်ပိုင်းများအတွင်း၌ ရွှယ်ဟွား၏ အိမ်သို့ မကြာခဏ ရောက်ရှိနေပေလိမ့်မည်။ ကျွန်မအိမ်သို့လည်း ဤသို့ ချောင်းပေါက်မတတ် ရောက်ခဲ့ပြီးပြီ မဟုတ်လား။ အောင်သွယ်တော်ဝမ်၏ အမြင်၌ ကျွန်မတို့၏ မင်္ဂလာအခမ်းအနားများသည် ခလုတ်မထိ ဆူးမငြိဘဲ အောင်အောင်မြင်မြင် ပြီးမြောက်ခဲ့သည်ဟု ဆိုရမည်။ တစ်နည်းဆိုရသော် အောင်သွယ်ကြေးများကို အထစ်အငေါ့ မရှိဘဲ မြိုးမြိုးမြက်မြက် ရရှိနိုင်ခဲ့သည်ဟု ဆိုလိုသည်။ သူ၏ လုပ်ရည်ကိုင်ရည်နှင့် စွမ်းဆောင်ရည်ကို တခြားသော အမျိုးသမီးများ (သူ၏ ဖောက်သည်များ ဖြစ်လာနိုင်သည့် မိခင်များ) အား ပြသနိုင်မည့် အခွင့်အရေးကို သူ မည်သည့်အခါမျှ အဆုံးအရှုံး ခံလိမ့်မည် မဟုတ်ပေ။
“ဝမ်စိန်စိန်း ရှိတာက လွဲလို့ မာမား ဘယ်လို စီစဉ်ထားမလဲဆိုတာ ငါလည်း မသိဘူး” ရွှယ်ဟွားက စကားဆက်သည်။
“အချိန်တန်ရင် သိရမှာပေါ့”
အိပ်ရာခင်းများကို ခေါက်လျက် ကျွန်မတို့ တစ်ခဏမျှ ငြိမ်သက်နေကြသည်။ ကျွန်မက သူ့မျက်နှာကို ခိုးကြည့်လိုက်သည်။ သူ့မျက်နှာက အတန်ငယ် တင်းမာနေသည်။ ရှေးပဝေသဏီကတည်းက ကိန်းအောင်းနေခဲ့သော ကျွန်မ၏ စိတ်မလုံခြုံမှုသည် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည် နိုးထလာသည်။ ကျွန်မကို သူနှင့် ထိုက်တန်သူ မဟုတ်ဟု ရွှယ်ဟွားက ထင်မြင်နေသေးသလော။ ကျွန်မ၏ မာမားနှင့် စိန်စိန်းတို့ကို ထုံးခိုမှ အမျိုးသမီးများနှင့် ဆုံတွေ့ပေးရမည်ကို သူ ရှက်ရွံ့နေခြင်းလော။
ထို့နောက်တွင် သူ၏ သီဆိုနှုတ်ဆက်ပွဲအကြောင်း ကျွန်မတို့ ပြောဆိုခဲ့ကြသည်များကို ကျွန်မ အမှတ်ရမိသည်။ ၎င်းပွဲတော်သည် ရွှယ်ဟွားမိခင်၏ ဆန္ဒအတိုင်းသာ ဖြစ်သင့်ပါသည်။
ရွှယ်ဟွား၏ တွဲလျားကျနေသော ဆံပင်များကို မ,ယူ၍ သူ၏ နားရွက်ပေါ်သို့ သပ်တင်ပေးလိုက်သည်။
“ငါ နင့်မိသားစုကို တွေ့ချင်လွန်းလှပြီ သိလား။ အဲဒီအချိန်ကျရင် အရမ်းကို ပျော်စရာကောင်းမှာပဲ”
“နင် စိတ်ပျက်သွားမှာကို ငါ စိုးရိမ်တယ်” ထိုစကားများကို ပြောကြားသော သူ၏ မျက်နှာက မအီမသာ။
“ငါ နင့်ကို ငါတို့အကြောင်း အများကြီး ပြောပြခဲ့ဖူးတယ်လေ။ ငါ့မာမားအကြောင်းရယ်၊ ငါ့ပါပါးအကြောင်းရယ် …”
“ပြီးတော့ ထုံးခိုနဲ့ နင့်အိမ်အကြောင်းလေ …”
“နင် မျှော်လင့်ထားသလို အကောင်းတွေချည်း ဘယ်လိုလုပ်ပြီး ဖြစ်လာနိုင်မှာတဲ့လဲ”
ကျွန်မ ရယ်လိုက်သည်။
“အရူးမလေး၊ နင် အသားလွတ် စိတ်ပူနေတာပါဟာ။ ငါ့စိတ်ကူးထဲမှာ ပေါ်လာသမျှ ရုပ်ပုံတိုင်းက နင့်ရဲ့ လှပတဲ့ စကားလုံးတွေကနေ တစ်ဆင့် ဖြစ်လာခဲ့ရတာပါအေ”
ↂↂↂ
မင်္ဂလာပွဲမကျင်းပမီ သုံးရက်အလိုတွင် ‘စိုးရိမ်ပူဆွေးခြင်းနေ့’ နှင့် သက်ဆိုင်သည့် အခမ်းအနားများကို ကျွန်မတို့ စတင်ကြသည်။ မာမားက စတုတ္ထမြောက် လှေကားထစ်တွင် ထိုင်လျက် လွမ်းချင်းကို သီဆိုနေချိန်၌ ရွာတွင်းရှိ အမျိုးသမီးများက အမျိုးသမီးဆောင်အတွင်း စုံစုံညီညီ ရောက်ရှိနေကြသည်။ လူအားလုံး၏ တရှုံ့ရှုံ့ ငိုကြွေးသံများက အခန်းတွင်း ပျံ့နှံ့နေလေသည်။
မာမားနှင့် ကျွန်မတို့ အပြန်အလှန် သီဆိုကြသော လွမ်းချင်းများ ပြီးဆုံးသည့်အခါတွင် ပါပါး၊ စူးစူနှင့် စိန်စိန်း၊ ထို့နောက် မောင်များနှင့် လွမ်းချင်းဆိုကြရပြန်သည်။ မကြာခင် ရရှိလာတော့မည့် ဘဝအသစ်ကို တွေးမျှော်ကာ ကျွန်မ၏ စိတ်က ရဲရင့်သွက်လက်နေသည်ဟု ဆိုနိုင်သော်လည်း ကျွန်မ၏ ခန္ဓာနှင့် ဝိညာဉ်ကမူ ဆာလောင်မှုဒဏ်ကြောင့် နွမ်းလျချည့်နဲ့နေသည်။ မင်္ဂလာအခမ်းအနား ကျင်းပရန် ဆယ်ရက်အလိုမှ စ၍ အခမ်းအနား ကျင်းပသည့်အနေထိ ဆယ်ရက်တာ ကာလအတွင်း၌ သတို့သမီးကို မည်သည့်အစာမျှ စားခွင့်မပြုသောကြောင့် ဖြစ်သည်။ ဤဓလေ့ထုံးစံကို လိုက်နာနေရခြင်းသည် အဘယ်ကြောင့်နည်း။ မိမိတို့၏ မိသားစုနှင့် ခွဲခွာရမည့်အချိန်တွင် ကျွန်မတို့ကို ပိုမို ဝမ်းနည်းကြေကွဲလာစေရန် ပြုလုပ်ပေးနေခြင်းလော။ မိမိတို့၏ လင်သားအိမ်သို့ ဝင်သည့်အခါတွင် ဦးကျိုးနေစေရန် အညွန့်ချိုးထားခြင်းပေလော။ သို့တည်းမဟုတ် မိမိတို့၏ လင်သားများအမြင်၌ ကျွန်မတို့ကို ပိုမိုဖြူစင် သန့်ရှင်းစေရန် ပြုလုပ်ပေးထားခြင်းပေလော။ အဖြေကို ကျွန်မ မည်သို့ သိနိုင်ပါအံ့နည်း။ ကျွန်မ သိတာ တစ်ခုတော့ ရှိသည်။ မိခင်အများစုကဲ့သို့ မာမားသည် အမျိုးသမီးဆောင်ထဲတွင် ကျွန်မအတွက် ကြက်ဥပြုတ်တချို့ ဝှက်ထားပေးခဲ့သည်။ သို့သော် ၎င်းတို့က ကျွန်မကို အပြည့်အဝ အားမဖြစ်စေခဲ့ပါ။ လုပ်ငန်းဆောင်တာ အသစ်အသစ်များနှင့်အတူ ကျွန်မ၏ စိတ်အခြေအနေကလည်း တစ်နေ့တခြား သာခွေယိုင် ဖြစ်လာတော့သည်။
နောက်တစ်နေ့ မနက်တွင် စိုးရိမ်ပူပန်စိတ်က ကျွန်မကို လှုပ်နှိုးလိုက်သည်။ ရွှယ်ဟွားက ကျွန်မ၏နံဘေးတွင် လဲလျောင်းနေသည်။ သူ၏ နူးညံ့သော လက်ချောင်းများဖြင့် ကျွန်မ၏ ပါးပြင်ကို ဖိညှစ်ကာ ကျွန်မကို စိတ်တည်ငြိမ်သွားစေရန် ကြိုးစားနေရှာသည်။ ယနေ့ ကျွန်မ၏ ယောက္ခမများကို မျက်နှာပြရတော့မည်။ ထိုသို့သော အကြောင်းကြောင့် ဘာအစားအစာမျှ မျိုမကျနိုင်သည်အထိ ကျွန်မ ကြောက်လန့်နေသည်။ ကျွန်မကိုယ်တိုင် ချုပ်လုပ်ထားခဲ့သော မင်္ဂလာဝတ်စုံကို ကျွန်မအား ရွှယ်ဟွားက ကူညီ ဝတ်ဆင်ပေးသည်။ ကျွန်မ၏ ယောက္ခမများ ပို့ပေးခဲ့သော ငွေလက်ကောက်ကို ကျွန်မ၏ လက်ကောက်ဝတ်တွင် သူ စွပ်ပေးသည်။ ထို့နောက် သူတို့၏ တခြားသော လက်ဆောင်များ ဖြစ်သည့် နားတောင်းများ၊ ဆွဲကြိုးနှင့် ဆံထိုးများကို ကျွန်မအား ဝတ်ဆင်ပေးသည်။ ကျွန်မ၏ အင်္ကျီပေါ်တွင် အလှဆင်ထားသော ငွေဆွဲပြားကလေးများ၏ ယိမ်းထိုးပွတ်တိုက်သံနှင့်အတူ ကျွန်မ၏ လက်ကောက်များက စည်းချက်ညီညာစွာ တချွင်ချွင် အသံပြုနေကြသည်။ ကျွန်မ၏ ခြေအစုံတွင် အနီရောင် မင်္ဂလာရှူးဖိနပ်ကို ဝတ်ဆင်ထားပြီး ကျွန်မ၏ ဦးခေါင်းထက်တွင်မူ ပုလဲလုံးကလေးများနှင့် ငွေဆွဲသီးများ တွဲလျားကျနေသော ခေါင်းဆောင်းပဝါကို တွေ့မြင်နိုင်သည်။ ၎င်းအရာများ အားလုံးသည် ကျွန်မ၏ ခြေလှမ်းတိုင်းတွင် သို့မဟုတ်ပါက ကျွန်မ၏ ဦးခေါင်းအလှုပ်တွင် ဘယ်ညာယိမ်းထိုးနေကြပေလိမ့်မည်။ ကျွန်မ၏ ခေါင်းဆောင်းပဝါအရှေ့တွင် ချထားသော အနီရောင်ပန်းဖွားများက မျက်နှာလွှားဇာအဖြစ် တည်ရှိနေသည်။ ကျွန်မ၏ ပတ်ဝန်းကျင်ကို တွေ့မြင်စွမ်းနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ အောက်အရပ်သို့ ငုံ့ကြည့်ရန်သာ ရှိတော့သည်။ သို့မှသာ ဣန္ဒြေရရ လမ်းလျှောက်နိုင်ပေလိမ့်မည်။
ရွှယ်ဟွားက ကျွန်မကို အောက်ထပ်သို့ လက်တွဲခေါ်ယူခဲ့သည်။ မည်သည့်အရာကိုမျှ မမြင်ရလေသောကြောင့် ကျွန်မ၏ ကိုယ်တွင်း၌ ခံစားချက်များ များများစားစား ဖြစ်ပေါ်လာတော့မည် မဟုတ်ဟု ယူဆလိုက်ပါက အမှားကြီး မှားပေလိမ့်မည်။ မာမား၏ အိုးနင်းခွက်နင်းနိုင်သော ခြေသံများ၊ စိန်စိန်းနှင့် စူးစူတို့ တီးတိုးပြောနေကြသည့် စကားသံများနှင့် ပါပါး၏ ထိုင်ခုံမှ တကျွိကျွိ မြည်သံကို ကြားနေရသည်။ ဖူးဝေရွာတွင်းရှိ ဘိုးဘေးဘီဘင်တို့အား ဦးညွတ်ရာ ဘိုးဘွားဘုံကျောင်းသို့ ကျွန်မတို့အားလုံး လမ်းလျှောက်သွားကြသည်။ ကျွန်မ၏ ဘဝကို အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးခဲ့သည့်အတွက် ကျွန်မ၏ ဘိုးဘေးဘီဘင်တို့ကို ထိုနေရာ၌ ကတညုတမင်္ဂလာအရ ရှိခိုးပူဇော်ရသည်။ ရွှယ်ဟွားသည် ကျွန်မ၏ နံဘေးတွင် စက္ကန့်မလပ် တည်ရှိနေပြီး လျှောက်လမ်းများတစ်လျှောက် ကျွန်မကို လမ်းညွှန်ပေးခြင်း၊ တီးတိုးအားပေးခြင်းနှင့် ဖြစ်နိုင်လျှင် ခပ်သွက်သွက် လျှောက်လှမ်းရန် သတိပေးခြင်းများ ပြုလုပ်ပေးခဲ့သည်။ ကျွန်မ၏ ယောက္ခမများသည် မကြာခင်အချိန်အတွင်း ရောက်ရှိလာကြတော့မည် ဖြစ်သောကြောင့် ကျွန်မကို ဤသို့ လောဆော်နေရခြင်း ဖြစ်သည်။
အိမ်ပြန်ရောက်သည့်အခါ ကျွန်မနှင့် ရွှယ်ဟွားက အပေါ်ထပ်သို့ ပြန်တက်သွားသည်။ ကျွန်မကို စိတ်တည်ငြိမ်စေရန်အတွက် သူက ကျွန်မလက်များကို ခပ်တင်းတင်း ဆုပ်ကိုင်ပေးထားသည်။ ထို့နောက် ကျွန်မ၏ ယောက္ခမများ ဘာလုပ်နေသည်ကို ကျွန်မ သိရှိစေရန် ပြောပြပေးနေသည်။
“နင့်မျက်စိတွေ မှိတ်ထားပြီး ငါ ပြောတာ မြင်ယောင်ကြည့်ကြည့်စမ်း” သူ၏ ဦးခေါင်းက အနားသို့ တိုးကပ်လာသည်။ သူ့နှုတ်မှ ထွက်ပေါ်လာသော စကားလုံးများကြောင့် ခေါင်းပေါ်မှ ပန်းဖွားများ ယိမ်းကနေကြသည်။
“လူးလောင်ရဲတို့တော့ ဝတ်ကောင်းစားလှတွေ ဝတ်ပြီး သူငယ်ချင်းတွေ၊ ဆွေမျိုးသားချင်းတွေနဲ့ တစ်အုပ်တစ်မကြီး ဖူးဝေကို ထွက်လာလောက်ပြီ။ ပြီးတော့ သူတို့နဲ့အတူ သံစုံတီးဝိုင်းတစ်ဝိုင်းလည်း ပါဦးမှာ။ သူတို့က လမ်းတစ်လျှောက်လုံး တီးခတ်လာပြီးတော့ ဒီနေ့တစ်နေ့လုံး ဒီလမ်းကို သူတို့ပဲ အပိုင်ရထားတဲ့အတိုင်း ကြေညာမောင်းခတ်နေလိမ့်မယ်” သူက အသံကို နှိမ့်ချလိုက်သည်။
“အခုချိန် သတို့သားက ဘယ်မှာ ရှိနေမလဲ၊ သိလား။ သူက နင့်ကို ထုံးခိုမှာ စောင့်နေမှာလေ။ နောက်နှစ်ရက်နေရင် နင် သူ့ကို တွေ့ရတော့မှာအေ့”
ထိုစဉ် တီးမှုတ်သံများကို ကျွန်မတို့ ကြားလာရသည်။ ဤအိမ်သို့ မကြာခင် ရောက်ရှိလာချေတော့မည်။ ကျွန်မနှင့် ရွှယ်ဟွားသည် ပြတင်းပေါက်ဆီသို့ လျှောက်သွားကြသည်။ ကျွန်မက ပန်းဖွားများကို ဖယ်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။ တီးဝိုင်းအဖွဲ့ကိုတော့ ကျွန်မတို့ မမြင်ရသေးပေ။ သို့သော် ကိုယ်စားလှယ်တော်တစ်ယောက်သည် ရွာလမ်းအတိုင်း ကျွန်မတို့အိမ်သို့ ချဉ်းကပ်လာကာ အိမ်ရှေ့၌ ရပ်တန့်လိုက်သည်ကို ကျွန်မတို့ တွေ့မြင်နေရသည်။ ထိုသူက အနီရောင်စက္ကူဖြင့် ထုပ်ပိုးထားသော စာတစ်စောင်ကို ပါပါးအား ကမ်းပေးလိုက်လေသည်။ ကျွန်မ၏ မိသားစုအသစ်က ကျွန်မအတွက် လာရောက်ကြခြင်း ဖြစ်ကြောင်း သဝဏ်လွှာ ဆက်သသည့် သဘောပင်။
ထို့နောက် တီးဝိုင်းအဖွဲ့သည် ရွာလမ်းချိုး၌ ရုတ်တရက် ထွက်ပေါ်လာသည်။ သူစိမ်းတစ်အုပ်တစ်မကြီးက အနောက်မှ လိုက်ပါလျက်။ ကျွန်မတို့၏ အိမ်ရှေ့သို့ ရောက်သည်နှင့် ရုတ်ရုတ်သဲသဲ အသံများ စတင် ကြားလာရတော့သည်။ အိမ်အောက်တွင် လူများက ရေများ၊ ဝါးရွက်များကို တီးဝိုင်းအဖွဲ့သားများ အပေါ်သို့ ပက်ဖြန်းနေကြသည်။ ရယ်မောသံများနှင့် နောက်ပြောင်ကျီစယ်သံများဖြင့် အုတ်အုတ်ကျက်ကျက် ဆူညံသွားတော့သည်။ ကျွန်မကို အောက်ထပ်သို့ ဆင်းလာရန် လှမ်းခေါ်ကြသည်။ ရွှယ်ဟွားကပင် နောက်တစ်ကြိမ် ကျွန်မလက်ကို တွဲကိုင်ကာ အောက်ထပ်သို့ ဖေးမခေါ်ဆောင်သွားသည်။ အမျိုးသမီး၏ သီဆိုသံကို ကျွန်မ ကြားနေရသည်။
“သမီးတစ်ယောက်ကို ကျွေးမွေးထိန်းကျောင်းပြီး သင့်လျော်ရာ ထိမ်းမြားလက်ထပ်ပေးရတဲ့ အလုပ်က တခြားလူတွေ အသုံးပြုနိုင်ဖို့ လမ်းကောင်းတစ်လမ်းကို ခင်းနေရသလိုပဲ”
ကျွန်မတို့ အိမ်ပြင်သို့ ထွက်လိုက်ကြပြီးနောက် အောင်သွယ်တော်ဝမ်က နှစ်ဘက်သော မိဘများကို မိတ်ဆက်ပေးသည်။ ယခုကဲ့သို့ ယောက္ခမများနှင့် ပထမဆုံးအကြိမ် ဆုံဆည်းခွင့်ရချိန်၌ ကျွန်မသည် အတတ်နိုင်ဆုံး ဣန္ဒြေသိက္ခာ အပြည့်ဖြင့် ရှိနေရမည်။ ထို့ကြောင့် သူတို့၏ ပုံပန်းသဏ္ဌာန်များကို ပြောပြပေးရန် ရွှယ်ဟွားအား တီးတိုးတောင်းဆိုခြင်းပင် မလုပ်နိုင်တော့ပေ။ သူကလည်း ကျွန်မကို တခြားအချိန်များကကဲ့သို့ တီတီတာတာ မပြောနိုင်တော့။ ထို့နောက် ကျွန်မ၏ မိဘများက ဧည့်ပရိသတ်များကို ဘိုးဘွားဘုံကျောင်းရှိရာသို့ ခေါ်ဆောင်သွားလေသည်။ ထိုနေရာတွင် ပထမဆုံးသော ဧည့်ခံကျွေးမွေးပွဲကို ကျင်းပရန် စီစဉ်ထားသည်။ ရွှယ်ဟွားနှင့် ရွာအတွင်းရှိ တခြားသော ပျိုမေများက ကျွန်မအနား ဝိုင်းထိုင်လိုက်ကြသည်။ မကြာခင် အထူးဟင်းလျာများ စားပွဲပေါ်သို့ ရှေ့နောက်ဆင့်ကာ ရောက်လာကြတော့သည်။ သောက်စရာ အရက်ယမကာလည်း လစ်ဟင်းခြင်း မရှိစေရ။
ရေချိန်ကိုက်ကာ သူတို့၏ မျက်နှာများ နီမြန်းနေကြ၏။ ထိုအခါ ကျွန်မသည် ယောက်ျားကြီးများနှင့် မိန်းမကြီးများ၏ နောက်ပြောင်ကျီစယ်စရာ ခေါင်းစဉ်တစ်ခု ဖြစ်လာရတော့သည်။ ဧည့်ခံပွဲတစ်လျှောက်လုံးတွင် ကျွန်မသည် လွမ်းတေးများကို သီဆိုနေရပြီး အမျိုးသမီးများက သံယောင်လိုက်ပေးကြသည်။
ယနေ့အထိဆိုလျှင် အစားအစာကို လူလူသူသူ စားခွင့် မရခဲ့သည်မှာ ၇ ရက်ရှိချေပြီ။ သို့ဖြင့် ကျွန်မမှာ ဟင်းနံ့များကြောင့် မူးဝေလာတော့သည်။
နောက်တစ်ရက်တွင် တရားဝင် နေ့လယ်စာဧည့်ခံပွဲကို ကျင်းပပြုလုပ်ကြသည်။ ကျွန်မ၏ ခန်းဝင်လက်ရာများနှင့် စန်းချောင်စာအုပ်များ အားလုံးကို စားပွဲပေါ်တွင် တည်ခင်းပြသထားပြီး ရွှယ်ဟွား၊ အမျိုးသမီးများနှင့် ကျွန်မတို့က သီချင်းများ ဖွဲ့နွဲ့သီဆိုကြသည်။ ထို့နောက် မာမားနှင့် စိန်စိန်းတို့က ကျွန်မကို အလယ်စားပွဲရှိရာသို့ ခေါ်လာကြသည်။ ကျွန်မ နေရာယူပြီးသည်နှင့် တစ်ပြိုင်နက် ကျွန်မ၏ ယောက္ခမ-အမေက ကျွန်မ၏ အရှေ့တွင် စွတ်ပြုတ်တစ်ပန်းကန် လာချပေးသည်။ မိသားစုအသစ်၏ ချစ်ခင်ကြင်နာမှုကို ပြသရန်အတွက် သူကိုယ်တိုင် အိမ်မှ ပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။ တစ်ငုံလောက်ဖြစ်ဖြစ် ကျွန်မ ပြေးစုပ်ချင်နေမိသည်။
ကျွန်မ၏ ပန်းဖွားများကြောင့် ယောက္ခမ၏ မျက်နှာကို မမြင်နိုင်သော်လည်း ကျွန်မ ခေါင်းငုံ့ကြည့်လိုက်သောအခါတွင် ကျွန်မ၏ ခြေထောက်များနည်းတူ သေးကွေးသည့် ရွှေရောင်လီလီကလေးများကို တွေ့မြင်လိုက်ရသည်။ ထိုစဉ် ကျွန်မရင်ထဲ ထိတ်ထိတ်ပျာပျာ ဖြစ်သွားလေတော့သည်။ သူ၏ ခြေထောက်များပေါ်တွင် ဝတ်ဆင်ထားသော ဖိနပ်များသည် ကျွန်မကိုယ်တိုင် သူ့အတွက် အထူးချုပ်လုပ်ပေးထားသော ဖိနပ်များ မဟုတ်ကြပါ။ အဘယ်ကြောင့် ထိုသို့ ဖြစ်ရသနည်း ဆိုသည့် အချက်ကိုလည်း ကျွန်မ မှန်းဆနိုင်ပါသည်။ သူ ဆင်မြန်းထားသော ဖိနပ်များပေါ်မှ ပန်းထိုးလက်ရာများသည် ကျွန်မ လုပ်နိုင်သည်ထက် အစစအရာရာ သာလွန် ကောင်းမွန်နေကြသည်။ ကျွန်မ အရှက်ခွဲခံလိုက်ရသည်။ ကျွန်မ၏ မိဘများ အရှက်ရကာ ယောက္ခမများက ကျွန်မကို အထင်မကြီးတော့မှာ သေချာနေသည်။
ဤသို့ ဆိုးဆိုးရွားရွား ခံစားနေရချိန်တွင် ရွှယ်ဟွားသည် ကျွန်မအနားသို့ ရောက်လာပြီး ကျွန်မ၏ လက်မောင်းကို ဆုပ်ကိုင်လိုက်ပြန်သည်။ ရိုးရာထုံးစံအရ ကျွန်မသည် ဧည့်ခံပွဲမှ ထွက်ခွာပေးရမည် ဖြစ်သောကြောင့် သူက ကျွန်မကို ဖေးမကာ ဘုံကျောင်းမှ အိမ်သို့ လိုက်ပို့ပေးသည်။ သူက ကျွန်မကို အပေါ်ထပ်ရောက်အောင် တွဲကူပြီး အပေါ်ထပ်ရောက်သည်နှင့် ကျွန်မ၏ ခေါင်းဆောင်းပဝါကို မ,တင်လိုက်သည်။ ကျွန်မ၏ မင်္ဂလာဆောင် ဝတ်စုံများကို ချွတ်ပေးကာ ညအိပ်ဝတ်စုံနှင့် ခြေစွပ်ဖိနပ်များကို ဝတ်ဆင်ပေးသည်။ တစ်ချိန်လုံး ကျွန်မ နှုတ်ဆိတ်နေမိသည်။ ယောက္ခမ စီးနင်းလာသော ဖိနပ်များ၏ လက်ရာမြောက် ပြီးပြည့်စုံခြင်းက ကျွန်မကို သောကပွားအောင် လုပ်ဆောင်နေကြဆဲပင်။ သို့သော် တစ်စုံတစ်ခု ပြောရမည်ကိုပင် ကျွန်မ ကြောက်ရွံ့နေသည်။ ရွှယ်ဟွားကိုပင် ဖွင့်ပြောရန် မဝံ့မရဲ ဖြစ်နေသည်။ ကျွန်မကို သူ စိတ်ပျက်သွားမည်ကိုလည်း စိုးစဉ်းမျှ မလိုလား။
ကျွန်မ၏ မိသားစုသည် ထိုနေ့ည တော်တော်လေး ညဉ့်နက်မှ အိမ်သို့ ပြန်ရောက်လာကြသည်။ အကယ်၍သာ ကျွန်မသည် ကာမစပ်ယှက်ခြင်းနှင့် သက်ဆိုင်သော အကြံဉာဏ် တစ်ခုခု တောင်းခံလိုသည် ဖြစ်အံ့။ ယခုအချိန်သည် အသင့်တော်ဆုံး အချိန် ဖြစ်သည်။ မာမားက အခန်းထဲသို့ ဝင်လာပြီး ရွှယ်ဟွားက အခန်းထဲမှ ထွက်ခွာသွားသည်။ မာမား၏ ပုံစံက စိုးရိမ်နေသည့်ပုံ။ ထိုစဉ် ကျွန်မ၏ စိတ်ထဲ ပထမဆုံး ဝင်လာသည့် အတွေးမှာ ယောက္ခမများသည် ဤမင်္ဂလာပွဲကို ဖျက်သိမ်းပစ်ချင်နေကြသည်ဟု မာမားက ကျွန်မကို လာအကြောင်းကြားခြင်းပေလော ဟူ၍ ဖြစ်သည်။ သူသည် သူ့တောင်ဝှေးကို ခုတင်ဘေးတွင် ထောင်ထားပြီး ကျွန်မ၏ နံဘေး၌ ဝင်ထိုင်လိုက်သည်။
“ငါ ညည်းကို အမြဲမပြတ် ပြောခဲ့ဖူးပါတယ်။ မိန်းမကောင်းတစ်ယောက်အနေနဲ့ သူ့ဘဝထဲကို ဘယ်လို အကျည်းတန်မှုမျိုးကိုမှ ဝင်ခွင့်မပြုရဘူး။ နောက်ပြီး အနာခံမှ အသာစံရမယ်ဆိုတဲ့ ဆိုရိုးစကားတောင် ရှိသေးတယ် မဟုတ်လား။ ဒုက္ခသုက္ခတွေ ကြုံထားဖူးတဲ့ သူမှသာလျှင် စစ်မှန်တဲ့ ပျော်ရွှင်မှုရဲ့ အရသာကို ခံစားတတ်မယ်”
ကျွန်မ အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ သို့သော် ကျွန်မ၏ ရင်တွင်း၌မူ ကြောက်ရွံ့မှုကြောင့် ဝုန်းဒိုင်းကြဲနေလေသည်။ ခြေစည်းနေသည့် ကာလအတွင်း၌ သူသည် ထိုစကားလုံးများကို အပ်ကြောင်းထပ်အောင် အကြိမ်ကြိမ် သုံးစွဲနေခဲ့သည်။ ကာမစပ်ယှက်သည့် ကိစ္စသည် ထိုမျှပင် ဆိုးရွားနိုင်သလော။
“ပိုင်ဟော၊ အခုပြောမယ့် စကားတွေကို ညည်း တစ်သက်လုံး မှတ်ထားနိုင်လိမ့်မယ်လို့ မာမား မျှော်လင့်တယ်။ ငါတို့က တစ်ခါတလေမှာ အကျည်းတန်မှု တချို့ကို ဖယ်ရှားပစ်ဖို့ မတတ်နိုင်ကြဘူး။ ဒီတော့ ညည်းမှာ သတ္တိရှိနေမှ ဖြစ်မယ်။ တစ်သက်လုံး မခွဲတမ်း နေပါမယ်လို့ ကတိပေးထားပြီးပြီ ဆိုမှတော့ အဲဒီအတိုင်း ဖြစ်အောင် ညည်း ကြိုးစားနိုင်ရမယ်။ ညည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ မိန်းမကောင်းတစ်ယောက် ဖြစ်လာအောင် ကြိုးစား”
ဤသို့ ပြောဆိုပြီးနောက် မာမားသည် မတ်တတ်ထရပ်ကာ တောင်ဝှေးကို လှမ်းယူပြီး အခန်းထဲမှ ဖြည်းဖြည်းနှင့်မှန်မှန် လမ်းလျှောက် ထွက်ခွာသွားတော့သည်။ ထိုတစ်ခဏ၌ ကျွန်မ၏ရင်ထဲ စိတ်သက်သာရာ ရရှိသွားသည်။ ထိုနည်းတူစွာပင် ကျွန်မ၏ စိတ်ကြံ့ခိုင်မှု၊ စွန့်စားလိုစိတ်နှင့် စိတ်ခွန်အားတို့မှာလည်း အလုံးစုံ ပျော့ခွေ အားလျော့ကုန်ကြသည်။ ယခုအခါတွင်မှ သတို့သမီးနှင့် အမှန်အကန် တူလာတော့သည်။ မိမိ၏ မိသားစုနှင့် ခွဲခွာရမည်ကို စိုးရိမ်နေသော၊ ဝမ်းနည်းနေသော၊ အလွန်အကျွံ ကြောက်ရွံ့နေသော သတို့သမီးတစ်ယောက်။
ရွှယ်ဟွားပြန်ရောက်လာပြီး ဖြူဖပ်ဖြူရော မျက်နှာနှင့် ကျွန်မကို တွေ့ရသောအခါ မာမားထိုင်ခဲ့သော နေရာတွင် ဝင်ထိုင်၍ ကျွန်မကို နှစ်သိမ့်နိုင်ရန် ကြိုးစားနေသည်။
“ဆယ်နှစ်တာ ကာလအတွင်းမှာ နင် လေ့ကျင့်သင်ယူခဲ့တဲ့ အရာရာတိုင်းဟာ ဒီနေ့ဒီအချိန်အတွက်ပဲ မဟုတ်ဘူးလား” သူက ကျွန်မကို ညင်ညင်သာသာ စကားဆိုသည်။
“‘မိန်းမမြတ်ကျင့်ထုံးကျမ်း’ ထဲမှာပါတဲ့ စည်းကမ်းဥပဒေတွေကို နင် လိုက်နာခဲ့တယ်။ နင်က စကားအရာမှာ ချိုသာသိမ်မွေ့ပြီး နှလုံးသားအရာမှာ ခိုင်မာကြံ့ခိုင်တယ်။ နင်က ဆံပင်ကို ဖြီးသင်တဲ့အခါမှာတောင် ကပိုကရိုနဲ့ ဣန္ဒြေရနေတယ်။ နင့်အတွက် ပါးနီဆိုးဆေး ဆိုတာမျိုးတွေ မလိုဘူး။ နင်က ဗိုင်း ဘယ်လို ငင့်ရမလဲ၊ ရက်ကန်း ဘယ်လို ခတ်ရမလဲ၊ အချုပ်အလုပ်၊ ဇာထိုးပန်းထိုး အကုန်လုံး ကျွမ်းကျင်တယ်။ အချက်အပြုတ်၊ အလျှော်အဖွပ်၊ အိမ်သန့်ရှင်းရေး၊ ရေနွေးကြမ်းကို အမြဲတမ်း ပူပြီး အဆင်သင့် ဖြစ်နေအောင်ရယ်၊ မီးလင်းဖိုမှာ ဘယ်လို မီးမွှေးရမလဲ ဆိုတာတွေကို နင် အကုန်လုံး နားလည်ထားတယ်။ နင်က နင့်ခြေထောက်တွေကို ကောင်းကောင်းမွန်မွန် စောင့်ရှောက် ထိန်းသိမ်းခဲ့တယ်။ နင်က အိပ်ရာဝင်ခါနီးတိုင်း ပတ်တီးစအဟောင်းတွေကို ဖယ်ရှားပစ်လေ့ ရှိတယ်။ နင့်ခြေထောက်တွေကို စေ့စေ့စပ်စပ် သန့်ရှင်းရေးလုပ်ပြီး ပတ်တီးစအသစ်နဲ့ ပြန်မစည်းခင်မှာလည်း အမွှေးနံ့သာနဲ့ လိမ်းကျံလိုက်သေးတယ်”
“ဒါဆို … အဝှာပြုတာကရော”
“အဝှာပြုတာ … ဘာဖြစ်လို့လဲ။ နင့် စိန်စိန်းနှင့် စူးစူတို့လည်း အဲဒါကို ဝမ်းပမ်းတသာ လုပ်နေကြတာပဲ မဟုတ်ဘူးလား။ နင့်မာမားနဲ့ ပါပါးလည်း ကလေးတွေ အများကြီးရအောင် အကြိမ်ကြိမ် လုပ်ခဲ့ပြီးကြပြီလေ။ ဇာထိုးပန်းထိုးတို့၊ သန့်ရှင်းရေး လုပ်တာတို့လောက်တော့ ခက်လိမ့်မယ် မထင်ပါဘူးဟာ”
ကျွန်မ အနည်းငယ် စိတ်သက်သာရာ ရလာသည်။ သို့သော် ရွှယ်ဟွားကတော့ အားလျှော့သေးဟန် မတူ။ သူက ကျွန်မကို ခုတင်ပေါ် အသာအယာ လဲချပေးပြီး ကျွန်မကို ပွေ့ဖက်ထားသည်။ ထို့နောက် ကျွန်မကို တိုးတိုးသာသာ အားပေးနေပြန်သည်။
“နင်က တကယ့်ကို မိခင်ကောင်းတစ်ယောက် ဖြစ်လာမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ နင်က လူတကာကို စောင့်ရှောက်တတ်တယ်လေ” သူက ကျွန်မနားထဲသို့ တီးတိုးစကားဆိုသည်။
“တစ်ချိန်တည်းမှာပဲ နင်က ဆရာကောင်းတစ်ယောက်လည်း ဖြစ်လာဦးမှာ။ ငါက ဘာဖြစ်လို့ သိနေတာလဲ သိလား။ နင် ငါ့ကို သင်ပေးခဲ့သမျှ အရာအားလုံးကိုပဲ ကြည့်ကြည့်ပါတော့လား” သူ တဒင်္ဂမျှ ရပ်တန့်လိုက်သည်။ သူ ပြောသမျှကို ကျွန်မ၏ ကိုယ်စိတ်နှစ်ပါးဖြင့် စူးစူးစိုက်စိုက် စိတ်ဝင်တစား နားထောင်နေမှန်း သေချာသွားသောအခါမှ ပိုမိုအရေးပါသော ခေါင်းစဉ်ကို တင်ပြလာလေသည်။
“နောက်ပြီး မနေ့ကနဲ့ ဒီနေ့မှာ လူးမိသားစုက လူတွေ နင့်ကို ဘယ်လို အကြည့်မျိုးတွေနဲ့ ကြည့်နေကြသလဲ ဆိုတာကို ငါ ကောင်းကောင်း သတိထားမိလိုက်တယ်”
ကျွန်မသည် သူ့လက်မောင်းထဲ ပြေးဝင်ကာ သူ့မျက်နှာကို တည့်တည့် ရင်ဆိုင်လိုက်သည်။
“ပြောပြစမ်းပါ။ နင် သိထားသမျှ အားလုံး ငါ့ကို ပြောပြစမ်းပါ”
“လူးဖူးလန်က နင့်အရှေ့ကို စွပ်ပြုတ်လာချတာ နင် မှတ်မိသေးလား”
အဘယ်မှာ မမှတ်မိဘဲ ရှိပါအံနည်း။ ၎င်းမှာ ကျွန်မတစ်သက်တာ အရှက်တကွဲ အကျိုးနည်းရခြင်းဟု ယူဆမှတ်ယူထားသော အကြောင်းအရပ်၏ စမှတ်ပင် ဖြစ်တော့သည်။
“နင့်တစ်ကိုယ်လုံး ဆတ်ဆတ်တုန်နေတယ်” ရွှယ်ဟွားက ဆက်ပြောသည်။
“နင် ဘာဖြစ်လို့ အဲဒီလို ဖြစ်နေရတာလဲ။ အခန်းထဲမှာ ရှိသမျှ လူအားလုံးက အဲဒါကို သတိထားမိနေကြတယ်။ လူတိုင်းက နင့်ရဲ့ ပျော့ညံ့မှုနဲ့ သူရဲဘောကြောင်မှု အကြောင်းကို တီးတိုးတီးတိုး သဖန်းပိုး လုပ်နေကြတာ။ နင့်ခေါင်းကလေးကို ခပ်ငိုက်ငိုက်ထားပြီး ထိုင်နေတဲ့အချိန်မှာ နင်ဟာ တကယ့်ကို ခြောက်ပစ်ကင်း သဲလဲစင်နေတဲ့ အပျိုစင်လေးတစ်ယောက်ပဲ။ လူးဖူးလန်က နင့်ကို ကျော်ပြီး သူ့ယောက်ျားကို လှမ်းကြည့်တယ်။ သူက သဘောကျကျေနပ်တဲ့ အထာနဲ့ ပြုံးပြတော့ သူ့ယောက်ျားက ပြန်ပြီး ပြုံးပြတယ်။ အဲဒါပဲကြည့်လေ။ လူးဖူးလန်က စည်းကမ်းတင်းကျပ်တယ် ဆိုပေမယ့် သူက အင်မတန် ကြင်နာတတ်တဲ့လူပါ”
“ဒါပေမယ့် …”
“နောက်ပြီး လူးမိသားစုဝင်တွေ နင့်ခြေထောက်တွေကို ဝိုင်းကြည့်နေကြတဲ့ အကြည့်တွေကို နင့်ကို မြင်လိုက်စေချင်တယ်၊ သိလား။ အိုး … ပိုင်ဟောရယ်၊ နင်ဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ လူးဖူးလန်အသစ်တစ်ယောက် ဖြစ်လာလိမ့်မယ် ဆိုတာကို ငါတို့ရွာတစ်ရွာလုံးက ကျေကျေနပ်နပ် ပျော်ပျော်ရွှင်ရွှင်ကြီး လက်ခံယုံကြည် ထားကြတယ် ဆိုတာ ငါ အပိုင်ပြောရဲတယ်။ အခုတော့ နင် အိပ်ပျော်အောင် အိပ်လိုက်ဦး။ နောက်ရက် နောက်ရက်တွေမှာ နင့်အတွက် လုပ်စရာတွေ အများကြီး ကျန်နေသေးတယ်လေ” ကျွန်မတို့ မျက်နှာချင်းဆိုင် လဲလျောင်းလိုက်ကြသည်။ ရွှယ်ဟွားက လုပ်နေကျ ထုံးစံအတိုင်း လက်တစ်ဘက်ကို ကျွန်မပါးပေါ် တင်လိုက်သည်။
“မျက်စိတွေ မှိတ်လိုက်တော့” သူက နူးညံ့စွာ အမိန့်ပေးလိုက်သည်။ သူ ပြောသကဲ့သို့ ကျွန်မ၏ မျက်လုံးများကို စုံမှိတ်ချလိုက်လေသည်။
ↂↂↂ
နောက်တစ်နေ့တွင် ကျွန်မ၏ ယောက္ခမများက ကျွန်မကို ထုံးခိုသို့ ခေါ်ဆောင်သွားရန်အတွက် ဖူးဝေသို့ အစောကြီး ရောက်နေကြသည်။ နေ့ခင်းပိုင်းတွင် ကျွန်မကို ခေါ်ဆောင်သွားကြမည် ဖြစ်သည်။ ရွာစပ်မှ ထွက်ပေါ်လာသော တီးမှုတ်သံများကို ကြားလိုက်ရသည်နှင့် ကျွန်မ၏ရင်က တလှပ်လှပ် တုန်လာတော့သည်။ စိတ်မထိန်းနိုင်တော့ဘဲ မျက်ရည်များ တဒီးဒီး ယိုဆင်းလာကြတော့သည်။ မာမား၊ စိန်စိန်း၊ တာ့ကျယ်နှင့် ရွှယ်ဟွားတို့အားလုံးမှာလည်း ကျွန်မကို အောက်ထပ်သို့ လိုက်ပို့ရင်းက ငိုယိုနေကြသည်။ သတို့သား၏ ကိုယ်စားလှယ်တော်များ အိမ်ပေါက်ဝသို့ ရောက်လာကြသည်။ ကျွန်မ၏ မောင်ဖွားများက စောင့်ဆိုင်းနေသော ဝေါယာဉ်များပေါ်သို့ ကျွန်မ၏ ခန်းဝင်ပစ္စည်းများကို တင်ဆောင်ပေးနေကြသည်။ ခေါင်းဆောင်းပဝါကို နောက်တစ်ကြိမ် ပြန်ဆောင်းလိုက်ရသောကြောင့် မည်သူ့ကိုမျှ မမြင်ရတော့ပေ။ သို့သော် မင်္ဂလာပွဲ၏ နောက်ဆုံး အခါသမယတွင် အပြန်အလှန် အမေးအဖြေလုပ်နေသည့် ကျွန်မမိသားစု၏ အသံများကို ကြားနေရသည်။
“မိန်းမသား ဆိုတာမျိုးက အိမ်ထောင်ပြုမှ တန်ဖိုးရှိတာ” မာမား၏ ကြွေးကြော်သံ ထွက်ပေါ်လာသည်။
“နှုတ်ဆက်ပါတယ် … မာမား” ကျွန်မက သူ့ကို စကားပြန်ရသည်။
“အဖိုးနည်းတဲ့ သမီးတစ်ယောက်ကို လူလားမြောက်အောင် မွေးမြူစောင့်ရှောက် ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”
“နှုတ်ဆက်လိုက်ပါတယ်၊ သမီးရယ်” ပါပါး၏ နူးညံ့သော စကားသံ။
ပါပါး၏ စကားသံကြောင့် ကျွန်မ၏ ပါးပြင်ပေါ်တွင် မျက်ရည်များ ချောင်းစီးလာကြပြန်သည်။ ကျွန်မသည် လှေကားလက်ရန်းကို ဆုပ်ကိုင်ထားလိုက်သည်။ ထိုခဏ၌ ကျွန်မ၏ ရင်ထဲတွင် အိမ်မှ ထွက်သွားလိုစိတ် လုံးဝ မရှိတော့ပေ။
“ငါတို့ မိန်းမသားတွေ ဆိုတာက ကိုယ်ရဲ့ မွေးရပ်မြေကို ခွဲခွာဖို့ မွေးဖွားလာရချည်းပဲ” စိန်စိန်းက ကျူးရင့်လိုက်သည်။
“ညည်းက တိမ်လွှာကြားထဲကို ပျံသန်းသွားတဲ့ ပြန်လမ်းမရှိ ငှက်ကလေး တစ်ကောင်လိုပဲ”
“သမီးကို ရယ်မောပျော်ရွှင်အောင် လုပ်ပေးခဲ့တဲ့ စိန်စိန်းကို ကျေးဇူး အများကြီး တင်ပါတယ်။ ကြေကွဲခြင်းရဲ့ အဓိပ္ပာယ် အစစ်အမှန်ကို ပြသပေးခဲ့တဲ့ စိန်စိန်းကို ကျေးဇူး အများကြီး တင်ပါတယ်။ တတ်ကျွမ်းရာ ပညာတွေကို မျှဝေသင်ကြားပေးတဲ့အတွက်လည်း ကျေးဇူး အများကြီး တင်ပါတယ်”
အမှောင်ထဲမှ ထွက်ပေါ်လာသော စိန်စိန်း၏ ငိုရှိုက်သံက ကျွန်မ၏ စကားများကို ပဲ့တင်ထပ်ပေးနေကြသည်။ သူတစ်ဦးတည်း ခံစားနေရသည်ကို မကြည့်ရက်နိုင်သည့်အလား ကျွန်မ၏ မျက်ရည်များကလည်း သူ့ကို အဖော်ပြုနေကြသည်။
ခေါင်းငုံ့ကြည့်လိုက်သည့်အခါတွင် နေလှောင်၍ ညိုရင့်နေသော စူးစူ၏ လက်များကို ကျွန်မလက်ပေါ်၌ တွေ့လိုက်ရသည်။ လှေကားလက်ရန်းပေါ် မြဲမြဲဆုပ်ကိုင်ထားသော ကျွန်မ၏ လက်ချောင်းများကို တစ်ချောင်းချင်း ခွာထုတ်နိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
“သမီးရဲ့ မင်္ဂလာဝေါယာဉ်က သမီးကို အပြင်မှာ စောင့်နေတယ်” သူ၏ အသံက အက်ကွဲနေသည်။
“စူးစူ …”
ထို့နောက် မောင်နှမများ၏ အသံများကို ကြားလာရသည်။ တစ်ဦးချင်းစီမှ ထွက်ပေါ်လာသော ကျွန်မအတွက် ကောင်းချီးပေး ဆုတောင်းနေကြသည့် အသံများ။ မျက်စိရှေ့တွင် ပိတ်ကာနေကြသော အနီရောင်ပန်းဖွားများကို ဖယ်ရှားပစ်ပြီး သူတို့ကို ကျွန်မ၏ မျက်လုံးများဖြင့် တတ်တတ်အပ်အပ် ကြည့်မြင်လိုက်ချင်သည်။
“တာ့ကော၊ ကျွန်မအပေါ် ကောင်းခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်” ကျွန်မက သီဆိုလိုက်သည်။
“အော့တိ၊ ဖင်ကွဲဘောင်းဘီ ဝတ်ထားရတဲ့ အချိန်တုန်းက နင့်ကို စောင့်ရှောက်ခွင့်ရခဲ့တာတွေကို ငါ အမှတ်ရနေတုန်းပဲ။ တာ့ကျယ်၊ တာ့ကျယ်ရဲ့ စိတ်ရှည်လက်ရှည် ဂရုစိုက်ပေးခဲ့မှုတွေအတွက် ကျေးဇူးတင်ပါတယ်”
အိမ်အပြင်ဘက်တွင် တီးဝိုင်း၏ တီးမှုတ်သံများက ပိုမို ကျယ်လောင်လာသည်။ ကျွန်မ လက်လှမ်းလိုက်သည်။ မာမားနှင့် ပါပါးက ကျွန်မ၏ လက်ကို ဖမ်းယူကာ ကျွန်မကို အိမ်အပြင်သို့ တွဲခေါ်သွားပေးကြသည်။ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်းတွင် ကျွန်မ၏ မျက်စိရှေ့မှ ပန်းဖွားများက ရှေ့တိုးနောက်ငင် ယိမ်းခါနေကြသည်။ အိမ်အပြင်သို့ ရောက်သည့်အခါတွင် ပန်းများနှင့်အတူ အနီရောင်ပိုးစနှင့် လွှမ်းခြုံထားသော ဝေါယာဉ်ကို တွေ့လိုက်ရတော့သည်။ ကျွန်မ၏ ဟွားကျောက် – ပန်းဖွားဝေါယာဉ် – က ခန့်ထည်လှပနေသည်။
ကျွန်မ၏ စေ့စပ်ပွဲ အောင်မြင် ပြီးဆုံးသည့်အချိန်မှ စ၍ နောက်ခြောက်နှစ်တာ ကာလအတွင်း၌ ကျွန်မကို ပြောကြားခဲ့သမျှသော စကားလုံးများသည် ကျွန်မ၏ စိတ်အာရုံထဲတွင် အလျှိုလျှို ထွက်ပေါ်လာကြသည်။ ကျွန်မသည် ကျားနှစ်ဖွားတစ်ယောက်ကို အိမ်ထောင်ပြုရမည်။ ကျွန်မတို့၏ ဇာတာအရ ကျွန်မအတွက် အကောင်းဆုံးသော မိတ်ဖက်၊ အိမ်ထောင်ဖက် ဖြစ်သည်။ ကျွန်မ၏ ခင်ပွန်းသည်မှာ ကျန်းမာသည်၊ ထက်မြက်သည်၊ ထို့နောက် ပညာတတ်တစ်ယောက် ဖြစ်သည်။ သူ၏ မိသားစုမှာ လူတကာ လေးစားကြည်ညိုခံရသော၊ ချမ်းသာကြွယ်ဝသော၊ ထို့နောက် ရက်ရောသော မိသားစုတစ်စု ဖြစ်သည်။ ကျွန်မထံသို့ ပေးပို့လာကြသော တင်တောင်းပဏ္ဏာများ၏ အရည်အသွေးနှင့် အရေအတွက်ကို ကြည့်ခြင်းအားဖြင့် ထိုအချက်များ မှန်ကန်ကြောင်း သိနိုင်ပါသည်။ ယခုအခါတွင်လည်း ကျွန်မ၏ ပန်းဖွားဝေါယာဉ်က ထိုအချက်များကို နောက်တစ်ကြိမ် ထောက်ခံပြနေသကဲ့သို့ ရှိနေတော့သည်။ ကျွန်မသည် မိဘတို့၏ လက်များကို လွှတ်ချလိုက်ကာ အိမ်ပြင်သို့ ထွက်လာခဲ့သည်။
ကျွန်မသည် ဘာမျှ မမြင်ရဘဲ တိုးမိတိုးရာ ရှေ့သို့ နှစ်လှမ်းတိုးလိုက်ပြီးနောက် ခြေလှမ်းများကို တုံ့ရပ်လိုက်သည်။ ဘယ်အရပ်သို့ ဦးတည်၍ သွားရမည်မှန်း ကျွန်မ မသိပေ။ ကျွန်မ၏ လက်နှစ်ဘက်ကို ဆန့်တန်းကာ ရွှယ်ဟွား၏ အကူအညီကို ငံ့လင့်နေသည်။ ထုံးစံအတိုင်း သူ ကျွန်မအနားသို့ ရောက်လာသည်။ ကျွန်မလက်ကို မြဲမြဲ ဆုပ်ကိုင်ကာ ကျွန်မကို ဝေါယာဉ်ရှိရာသို့ ခေါ်ဆောင်သွားလေသည်။ သူက တံခါးကို ဖွင့်လိုက်သည်။ ကျွန်မ၏ ဘေးပတ်ဝန်းကျင်တွင် ကြားနေရသော အသံများမှာ ငိုကြွေးရှိုက်ဖိုသံများသာ ဖြစ်သည်။ မာမားနှင့် စိန်စိန်းတို့က ထုံးတမ်းစဉ်လာအတိုင်း သမီးတစ်ယောက်ကို ခွန်းနှုတ်ခြွေသည့် တမ်းချင်းတစ်ပုဒ်ကို သီဆိုနေကြသည်။ ရွှယ်ဟွားက ကိုယ်ကို ကိုင်းညွှတ်လိုက်ပြီး မည်သူမျှ မကြားအောင် ကျွန်မကို တီးတိုး စကားဆိုသည်။
“ငါတို့နှစ်ယောက်က ထာဝစဉ် ထာဝရ လောင်ထုံးတွေဆိုတာကို လုံးဝ မမေ့လိုက်နဲ့နော်” ထို့နောက် သူသည် သူ့အင်္ကျီလက်အတွင်းမှ တစ်စုံတစ်ခုကို ဆွဲထုတ်ပြီး ကျွန်မ၏ အင်္ကျီထဲသို့ ထိုးထည့်ပေးလိုက်သည်။
“ဒါ နင့်အတွက် လုပ်ထားတာ” သူက ပြောသည်။
“ထုံးခိုသွားတဲ့ လမ်းပေါ်ရောက်ရင် နင် ဖတ်ကြည့်ကြည့်ပေါ့။ ငါတို့ အဲဒီမှာ ဆုံကြမယ်” ဝေါယာဉ်ထဲသို့ လှမ်းဝင်လိုက်ပြီးနောက် အထမ်းသမားများက ကျွန်မကို အဝေးသို့ ခေါ်ဆောင်သွားလေတော့သည်။
မာမား၊ စိန်စိန်း၊ ပါပါး၊ ရွှယ်ဟွားနှင့် ဖူးဝေမှ သူငယ်ချင်းတချို့က ရွာထိပ်ရောက်သည်အထိ ကျွန်မကို လိုက်ပါပို့ဆောင်ကြကာ ကျွန်မကို နောက်ဆုံးအနေဖြင့် ဆုမွန်ကောင်းများ တောင်းပေးနေကြသည်။ ကျွန်မမှာတော့ ဝေါယာဉ်ထဲ တစ်ယောက်တည်းထိုင်ကာ ငိုကြွေးလျက်။
နောက်သုံးရက်ကြာလျှင် ကျွန်မ၏ မိဘအိမ်သို့ ပြန်ခွင့်ရဦးမည် ဖြစ်ပါလျက် ကျွန်မ အဘယ်ကြောင့် ဤမျှ ပူဆွေး ဝမ်းနည်းနေရပါသနည်း။ ဤကိစ္စနှင့် ပတ်သက်၍ ကျွန်မ ဤသို့ ဖြေရှင်းပြနိုင်ပါသည်။ ကျွန်မတို့၏ ဒေသတွင် သမီးကညာတစ်ယောက် အိမ်ထောင်ကျ၍ လင့်အိမ်သို့ လိုက်သွားရခြင်းကို တရုတ်ဘာသာစကားဖြင့် ‘不落夫家’ (ပုလော့ဖှူးကျား) ဟု သုံးနှုန်းကြသည်။ ဆိုလိုသည့် အဓိပ္ပာယ်မှာ လင်သားအိမ်သို့ ချက်ချင်း မကျရောက်ခြင်း/မပြောင်းရွှေ့ရခြင်း ဖြစ်သည်။ ‘落’ (လော့) ဟူသော စကားလုံး၏ အဓိပ္ပာယ်မှာ ကျရောက်ခြင်း၊ ဆောင်းဦးကာလ ရွက်ဝါများ ကြွေကျခြင်း သို့တည်းမဟုတ် သေမင်းခံတွင်းသို့ ကျရောက်ခြင်း ဟူသည့် ကျရောက်ခြင်းနှင့် အနက်သဘော အတူတူပင် ဖြစ်သည်။ ကျွန်မတို့၏ ဒေသိယဘာသာစကားတွင် ‘ဇနီး’ ဟူသော စကားလုံးနှင့် ‘ဧည့်’ ဟူသော စကားလုံးမှာ နှစ်လုံးမကွဲ တစ်လုံးတည်းသာ ဖြစ်သည်။ ကျွန်မဘဝ၏ လက်ကျန်သက်တမ်း တစ်လျှောက်လုံး၌ ကျွန်မသည် ခင်ပွန်းအိမ်တွင် ဧည့်သည်တစ်ယောက်မျှသာ ဖြစ်နေပေတော့မည်။ အစားကောင်း အသောက်ကောင်းများ၊ နွေးထွေးယုယသော မေတ္တာဓာတ်များ၊ နူးညံ့ပျော့ပျောင်းသည့် နေရာထိုင်ခင်းများဖြင့် ဧည့်ခံပြုစု စောင့်ရှောက်ခံရမည့် ဧည့်ကောင်းဆောင်တာမျိုးတော့ မဟုတ်။ သူစိမ်းတစ်ယောက်၊ ဂြိုဟ်သားတစ်ကောင်နှင့် သံသယတရားခံ တစ်ယောက်အဖြစ်သာ အစဉ်အမြဲ ရှုမြင်ခံရမည့် ဧည့်သည်မျိုးသာ ဖြစ်တော့သည်။
ကျွန်မသည် အင်္ကျီအိတ်ထဲသို့ လက်နှိုက်ကာ ရွှယ်ဟွား၏ အထုပ်ကို ဆွဲထုတ်လိုက်သည်။ အဝတ်စဖြင့် ပတ်ထားသော ကျွန်မတို့၏ ယပ်တောင်။ ကျွန်မအတွက် ပျော်ရွှင်ဝမ်းမြောက်ဖွယ် စကားများကို ရေးသားထားလိမ့်မည်ဟု အမျှော်လင့်ကြီး မျှော်လင့်လျက် ယပ်တောင်ကို ဆွဲဖွင့်လိုက်သည်။
မိုးထက်ခတ်ပျံ ငှက်မောင်နှံ၊ လှိုက်သံရှိုက်သီ စည်းချက်ညီ။
တောင်ပံယှက်မှေး နေခြည်ထွေး၊ အနွေးဓာတ်ငုံ ရင်လွှမ်းခြုံ။
မြေပြင်တလွှား ပျံ့စီးပွား၊ များပြားဖြိုးဝေ ပြည့်စုံစေ။
ယပ်တောင်၏ အနားစွန်းရှိ ကနုတ်ပန်းခက်ထဲတွင် ငှက်ကလေးနှစ်ကောင် ယှဉ်တွဲပျံသန်းနေကြသည်။ ကျွန်မနှင့် ကျွန်မ၏ ခင်ပွန်း။ ကျွန်မတို့၏ နှစ်ဦးပိုင် ယပ်တောင်ပေါ်တွင် ကျွန်မ၏ ခင်ပွန်းကို ထည့်သွင်းခဲ့သည့်အတွက် ရွှယ်ဟွားကို အချစ်ပိုခဲ့ရသည်။
ထို့နောက် ပေါင်ပေါ်ရှိ ယပ်တောင်ထုပ်လာခဲ့သော လက်ကိုင်ပဝါကို ကျွန်မ ဖြန့်လိုက်သည်။ အထမ်းသမားများ၏ ခြေကြွပုံ စည်းချက်နှင့်အညီ လှုပ်ယမ်းနေကြသော ပန်းဖွားများကို လွန်၍ အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။ မင်္ဂလာရှိသော အခါသမယကို ဂုဏ်ပြုသည့်အနေဖြင့် လက်ကိုင်ပဝါပေါ်တွင် နွီစူးစာတစ်စောင်ကို ပန်းထိုးထားသည်။
စာ၏ အဖွင့်စကားမှာ သတို့သမီးများအား နှုတ်ခွန်းဆက်သသည့် အစဉ်အလာအတိုင်း ရေးသားထားသည်။
နင့်အတွက် ဒီစာကို ရေးနေရတဲ့အချိန်မှာ ငါ့အသည်းနှလုံးကို ဓားနဲ့ အမွှန်းခံရသလိုပဲ ငါ ခံစားနေရတယ်။ ငါတို့တွေ တစ်ယောက်ကိုတစ်ယောက် တစ်ဖဝါးမှ မခွဲကြစတမ်း၊ မချေမငံ မပြောကြစတမ်းလို့ အရင်တုန်းက သစ္စာဆိုခဲ့ကြဖူးတယ်လေ။
ထိုစကားလုံးများမှာ ကျွန်မတို့၏ ကတိစာချုပ်ပေါ်မှ စကားလုံးများ ဖြစ်သည်။ အတိတ်ကာလ၏ ပုံရိပ်များကို ပြန်မြင်ယောင်မိကာ ကျွန်မ ပြုံးလိုက်သည်။
====
ငါတို့တွေ တစ်သက်လုံးပဲ အတူတူ နေသွားရလိမ့်မယ်လို့ ငါ မျှော်လင့်ထားတာ။ ဒီနေ့လို ခွဲခွာရမယ့်နေ့မျိုး ရောက်လာလိမ့်မယ်လို့ ငါ လုံးဝ မယုံကြည်ခဲ့ဘူး။ ငါတို့တွေ ဘဝမှားပြီး မိန်းမတွေအဖြစ်နဲ့ ဒီလောကကို ရောက်လာကြတာကိုက ဝမ်းနည်းစရာပဲ။ ဒါပေမယ့် ဒါကိုက ငါတို့ရဲ့ ကံကြမ္မာပဲလေနော်။ ပိုင်ဟောရေ၊ ငါတို့နှစ်ယောက်က ယွမ်းယန်ငှက်မောင်နှံတွေလို နေခဲ့ကြဖူးတယ် ဆိုပေမယ့် အခုတော့ အရာရာက ပြောင်းလဲသွားပြီ။ နောက်များမကြာခင်မှာ နင် ငါ့အကြောင်းတွေ သိလာရတော့မှာပါ။ ငါရဲ့စိတ်က ဣန္ဒြေ မဆည်နိုင်လောက်အောင် တုန်ခါ လှုပ်ရှားလွန်းနေတယ်။ နင် ငါ့ကို ထပ်မချစ်နိုင်တော့မှာ တွေးပူရင်း အခုဆို ငါ့ရဲ့ မျက်လုံးတွေသာ မကဘဲ ငါ့ရဲ့ နှလုံးသားကပါ ငိုကြွေးနေကြပြီ။ ဘာပဲဖြစ်ဖြစ် နင် မြဲမြဲ မှတ်ထားပေးပါ။ နင် ငါ့အပေါ် ဘယ်လိုပဲ အမြင်ပြောင်းပြောင်း ငါ့ရဲ့ အချစ်ကတော့ နင့်အပေါ် ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ပါဘူးဟာ။
ရွှယ်ဟွား
====
ကျွန်မ မည်သို့ ခံစားနေရမည်ကို စာရှုသူ မှန်းဆနိုင်ပါသလား။ လွန်ခဲ့သော သီတင်းပတ်များအတွင်း၌ ရွှယ်ဟွားသည် တစ်မူထူးကဲစွာ အလွန့်အလွန် ငြိမ်သက် တိတ်ဆိတ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်မက သူ့ကို နောက်ထပ် မချစ်နိုင်တော့မည်ကို စိုးရိမ်ပူပန်နေသောကြောင့် ဖြစ်သည်။
သို့သော် မည်သို့ ဖြစ်နိုင်ပါအံ့နည်း။ သို့သော် ရွှယ်ဟွားအပေါ် ထားရှိသော ကျွန်မ၏ ခံစားချက်များ မကြာခင် ပြောင်းလဲလာတော့မည် ဖြစ်ကြောင်းကို ကျွန်မသည် ခင်ပွန်းအိမ်သို့ သွားရာ ပန်းဖွားဝေါယာဉ်ပေါ်တွင် ထိုင်နေစဉ်ကာလ၌ လုံးဝဥဿုံ မရိပ်စားမိခဲ့ပါ။ ကျွန်မ၏ရင်မှာ လေးလံလာပြီး ကျွန်မကို ယခုချက်ချင်း အိမ်ပြန်ပို့ပေးရန် အထမ်းသမားများကို အော်ဟစ် ခိုင်းစေလိုစိတ်များပင် တဖွားဖွား ဖြစ်ပေါ်လာခဲ့သည်။ လောင်ထုံး၏ စိုးရိမ်သောကများကို ကျွန်မ ဖြေဖျောက်ပေးလိုက်ချင်သည်။
သို့သော်လည်း ထုံးခိုရွာဝင်ဝသို့ ဆိုက်ရောက်လာသည်။ ဗျောက်အိုးဖောက်သံများ ထွက်ပေါ်လာသည်။ တီးဝိုင်း၏ တူရိယာ တီးမှုတ်သံများ ညံစီလာသည်။ လူများက ကျွန်မ၏ ခန်းဝင်ပစ္စည်းများကို ချပေးကြသည်။ ၎င်းပစ္စည်းများကို ကျွန်မ၏ အိမ်အသစ်ရှိရာသို့ တိုက်ရိုက် သယ်ဆောင်သွားကြရမည်။ သို့မှသာ သတို့သားသည် ကျွန်မကိုယ်တိုင် ချုပ်လုပ်ပေးထားသော မင်္ဂလာဆောင်ဝတ်စုံကို လဲလှယ်ဝတ်ဆင်နိုင်မည် ဖြစ်သည်။ ထို့နောက် ဆိုးရွား၍ ရင်းနှီးထားပြီး ဖြစ်သော အသံတစ်သံကို ကြားလိုက်ရသည်။ ကြက်တစ်ကောင်၏ လည်မျိုကို ဓားဖြင့် လှီးဖြတ်လိုက်ကြခြင်း ဖြစ်သည်။ ပန်းဖွားဝေါယာဉ်၏ အပြင်ဘက်တွင် တစ်စုံတစ်ယောက်က ကြက်လည်ချောင်းသွေးများဖြင့် ဖြန်းပတ်နေသည်။ ကျွန်မနှင့်အတူ လိုက်ပါလာနိုင်သည့် မကောင်းဆိုးဝါးတို့၏ အန္တရာယ်မှ တားဆီးကာကွယ်ပေးခြင်း။
နောက်ဆုံးတွင် တံခါးပွင့်လာပြီး ရွာ၏ အကြီးအကဲအဖြစ် သတ်မှတ်ခံထားရသည့် အမျိုးသမီးကြီးတစ်ဦးက ကျွန်မကို လက်တွဲကာ ဝေါယာဉ်အပြင်သို့ ထွက်နိုင်ရန် ဖေးမကူညီပေးသည်။ ထုံးခိုရွာ၏ အမျိုးသမီးအကြီးအကဲ အစစ်အမှန်မှာ ကျွန်မ၏ ယောက္ခမသာ ဖြစ်သည်။ သို့သော် ယခုမင်္ဂလာဆောင်အတွက်မူ ထုံးခိုရှိ အမျိုးသမီးကြီးများထဲမှ သားယောက်ျားလေး အများဆုံး မွေးဖွားပေးထားသော အမျိုးသမီးကြီးတစ်ယောက်ကို ရွေးချယ်ထားကြသည်။ သူက ကျွန်မကို အိမ်အသစ်ဆီသို့ လမ်းညွှန် ခေါ်ဆောင်သွားသည်။ သူတို့၏ အိမ်တံခါးမကြီးကို ကျော်ဝင်လိုက်သည်နှင့် ယောက္ခမများ၏ ရှေ့မှောက်သို့ တန်းရောက်သွားတော့သည်။ ယောက္ခမများအရှေ့တွင် ဒူးတုတ်ထိုင်ကာ သူတို့ကို သုံးကြိမ်တိုင် ရှိခိုးဦးချ ကန်တော့ရသည်။ အိမ်သူအိမ်သားများကို သစ္စာရှိရှိ လုပ်ကျွေးစောင့်ရှောက်ပါမည်ဟု သစ္စာတိုင်ရသည်။ ထို့နောက် ကျွန်မသည် သူတို့အတွက် ရေနွေးကြမ်းငှဲ့ကာ လက်အရောက် ဆက်သရသည်။ ၎င်းတို့ကို ပြုလုပ်ပြီးသည့်နောက်တွင် ကျွန်မကို မင်္ဂလာဦး အိပ်ခန်းဆောင်အတွင်းသို့ ခေါ်ဆောင်သွားသည်။ တံခါး ဟောင်းလောင်းဖွင့်ထားသော ၎င်းခန်းဆောင်အတွင်း၌ ကျွန်မတစ်ယောက်တည်း ထိုင်စောင့်နေရသည်။ ယခုအခါ ကျွန်မ၏ ခင်ပွန်းနှင့် မျက်နှာချင်းဆိုင် ဆုံတွေ့ခွင့်ရရန် မိနစ်အနည်းငယ်သာ လိုတော့သည်။ အောင်သွယ်တော်ဝမ်က ကျွန်မတို့အိမ်သို့ ပထမဆုံးအကြိမ် လာရောက်ပြီး ကျွန်မ၏ ခြေထောက်များကို ကြည့်ရှုစဉ်ကတည်းကပင် ဤအခါသမယကို စောင့်မျှော်နေခဲ့ရသည်။ သို့သော်လည်း ကျွန်မ၏ စိတ်က ပျာယာခတ်နေဆဲ၊ ရှုပ်ထွေးနေဆဲ၊ တုန်လှုပ်ခြောက်ခြားနေဆဲသာ ဖြစ်နေသည်။ ထိုလူသည် ကျွန်မအတွက်တော့ လုံးဝ မမြင်ဖူးသေးသည့် သူစိမ်းတစ်ယောက်မျှသာ ဖြစ်နေသေးသည်။ ထို့ကြောင့်လည်း သဘာဝကျစွာပင် သူ့အကြောင်းကို ကျွန်မ သိချင်နေသည်။ သူသည် ကျွန်မ၏ ရင်မှဖွားသော သားသမီးများ၏ ဖခင် ဖြစ်လာမည်။ ထို့ကြောင့်လည်း ထိုကိစ္စကို မည်သို့မည်ပုံ လုပ်ကိုင်ဆောင်ရွက်ရမည်နည်းဟုလည်း ကြောင့်ကြများနေသည်။ ထို့အပြင် ရွှယ်ဟွားထံမှ ဆန်းကြယ်သော စာတစ်စောင်ကို လက်ခံရရှိထားခဲ့သောကြောင့် တစ်ပူပေါ် နောက်တစ်ပူက ဆင့်နေပြန်တော့သည်။
မင်္ဂလာဦးအိပ်ခန်း၏ တံခါးကို ဆို့ပိတ်ရန်အတွက် စားပွဲတစ်လုံး မ,ရွှေ့နေသည့် အသံဗလံများကို ကြားနေရသည်။ ခေါင်းကို ငုံ့ထားစဉ် ပန်းဖွားများအောက်မှ ယောက္ခမများ၏ လှုပ်ရှားမှု အစုစုကို တွေ့မြင်နေရသည်။ ကျွန်မ၏ မင်္ဂလာအိပ်ရာခင်းများကို စားပွဲတစ်လုံးပေါ်သို့ ရွှေ့လိုက်ပြီး ဝိုင်ခွက်နှစ်ခွက်ကို အိပ်ရာခင်းပုံပေါ်၌ တင်ထားကြသည်။ ခွက်တစ်ခွက်ကို ချည်ကြိုးစိမ်းဖြင့် တွဲချည်ကာ ကျန်ခွက်တစ်ခွက်ကို ချည်ကြိုးအနီဖြင့် တွဲချည်ထားပြီး ထိုကြိုးနှစ်ချောင်းကိုလည်း တစ်နေရာတွင် ပူးချည်ထားသည်။
ထိုစဉ် သတို့သားသည် ဧည့်ကြိုခန်းမထဲသို့ ဝင်ရောက်လာပြီး လူအများ၏ ပျော်ရွှင်ရယ်မောသံများ ထွက်ပေါ်လာသည်။ ယခုတစ်ကြိမ်တွင်မူ ချောင်းကြည့်ရန် ကျွန်မ မကြိုးစားတော့ပါ။ ကျွန်မတို့၏ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းကို တတ်နိုင်သမျှ ရှေးရိုး အစဉ်အလာအတိုင်းသာ ဖြစ်နေစေချင်သည်။ သူသည် စားပွဲ၏ ဟိုမှာဘက်ခြမ်းမှ နေ၍ ချည်ကြိုးအနီကို ဆွဲထားသည်။ ကျွန်မကလည်း အခန်းထဲမှနေ၍ ကျွန်မဘက်မှ ချည်ကြိုးအစိမ်းကို ဆွဲထားသည်။ ထို့နောက် သူသည် စားပွဲပေါ်ရှိ အိပ်ရာခင်းပုံပေါ်သို့ ခုန်တက်ကာ အခန်းအတွင်းသို့ လွှားခနဲ ခုန်ဝင်လာတော့သည်။ ဤသို့ဖြင့် ကျွန်မတို့နှစ်ဦးမှာ အကြင်လင်မယားအဖြစ်သို့ တရားဝင် အရာမြောက်သွားကြတော့သည်။
ကျွန်မနှင့် ကျွန်မ၏ ခင်ပွန်းတို့ ပထမဆုံးအကြိမ် ပခုံးချင်း ယှဉ်ရပ်နေရသည့်အချိန်တွင် ခင်ပွန်း၏ အကြောင်းနှင့် ပတ်သက်၍ ကျွန်မ မည်မျှ ပြောနိုင်သနည်း။ ရေချိုးသန့်စင်ပြီးစ သူ့ကိုယ်ပေါ်မှ အမွှေးနံ့တစ်ခုကို ကျွန်မ ရနေသည်။ ခေါင်းငုံ့ကြည့်သည့်အခါတွင် ကျွန်မကိုယ်တိုင် ချုပ်လုပ်ပေးထားသော ဖိနပ်တစ်ရန်သည် သူ့ခြေထောက်များပေါ်တွင် သပ်ရပ်ပိရိစွာ တည်ရှိနေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် အနီရောင် မင်္ဂလာဘောင်းဘီကလည်း သူ့အရပ်နှင့် အလောတော် ဖြစ်နေသည်။ ထိုစဉ် ကျွန်မခင်ပွန်း၏ သူငယ်ချင်းများက မင်္ဂလာဦးအိပ်ခန်းထဲသို့ ဇွတ်တရွတ် တိုးဝင်လာကြသည်။ သူတို့ အလွန်အကျွံ မူးနေကြလေပြီ။ ခြေလှမ်းများက ယိုင်ထိုးနေကြသည့်အပြင် ပြောသည့်စကားများကလည်း အာလေးလျှာလေးနှင့် ဝူးဝူးဝါးဝါး ဖြစ်နေကြတော့သည်။ ကျွန်မတို့နှစ်ယောက် သားဦးမြန်မြန် ရရှိပါစေခြင်း အကျိုးငှာ မြေပဲနှင့် စွန်ပလွံသီးများ ယူလာကြသည်။ ထို့နောက် ကျွန်မတို့၏ဘဝ ချိုမြိန်သာယာစေရန်အတွက် သကြားလုံးများလည်း ပါလာကြသေးသည်။ သူတို့က ကျွန်မခင်ပွန်းကို မုန့်လုံးတစ်လုံး ခွံ့ကျွေးပြီးနောက် ကျွန်မအတွက် ရည်ရွယ်ထားသော မုန့်လုံးကိုမူ တိုက်ရိုက် ခွံ့မကျွေးဘဲ ကြိုးဖြင့်ချည်ကာ အပေါ်မြှောက်ထားပြီး ကျွန်မကို ခုန်ဖမ်းခိုင်းကြသည်။ သူတို့ပါးစပ်များမှ အယုတ္တအနတ္တ ပြက်လုံးများကို တစ်လျှောက်လုံး ပေါက်ပေါက်ဖောက်သကဲ့သို့ ပြောဆိုနေကြသည်။ သင်လည်း ကြားဖူးပါလိမ့်မည်။ ကျွန်မခင်ပွန်းသည် ယနေ့ညတွင် နွားသိုးတစ်ကောင်ကဲ့သို့ သန်မာနေပေလိမ့်မည်။ သို့မဟုတ်ပါက ကျွန်မသည် သိုးမလေးတစ်ကောင်ကဲ့သို့ ကျိုးနွံပိပြားနေလိမ့်မည်။ သို့တည်းမဟုတ် ကျွန်မ၏ ရင်သားနှစ်မြွှာသည် မက်မွန်သီးနှစ်လုံးကဲ့သို့ အင်္ကျီစမှ ကန်ထွက်ကာ ပွင့်အာ စူထွက်နေကြလိမ့်မည်။ သို့မဟုတ်ပါကလည်း ကျွန်မခင်ပွန်းသည် တလည်းသီးကဲ့သို့ မျိုးစေ့များစွာ ရှိနေပေလိမ့်မည်။ သို့တည်းမဟုတ် သားဦးတစ်ယောက်ရရန် ကျွန်မတို့အနေဖြင့် အဘယ်သို့သော ကိုယ်နေဟန်ထားဖြင့် သံဝါသပြုသင့်သည်။ စသည် … စသည်ဖြင့်။ မင်္ဂလာဦးည၌ ထိုထိုသော ခါးအောက်ပြက်လုံးများဖြင့် ဟာသလုပ် ရယ်မောနေကြသည်မှာ နေရာတကာ၌ ထုံးစံကဲ့သို့ပင် ဖြစ်နေပေပြီ။ သူတို့ နောက်ပြောင်နေကြသည်ကို ကျွန်မအနေဖြင့် မသိကျိုးကျွံ ပြုနေလိုက်ရုံမျှသာ။ သို့သော် ရင်တွင်း၌ မွန်းကျပ်ပိတ်လှောင်နေခဲ့သည်။
ထုံးခိုသို့ ကျွန်မ ရောက်ရှိနေသည်မှာ နာရီများစွာ ကြာမြင့်ခဲ့ချေပြီ။ ညဉ့်လည်း နက်လုပြီ။ အပြင်ဘက်တွင် ရွာသူရွာသားများက သောက်ကာစားကာနှင့် ပျော်ရွှင်မြူးထူးနေကြသည်။ ဗျောက်အိုးဖောက်သံများ ထွက်ပေါ်လာပြန်သည်။ အားလုံး အိမ်ပြန်ကြရန် အချက်ပေး အကြောင်းကြားခြင်း ဖြစ်သည်။ အချိန်တော်တော် ကြာသွားသည့်အခါတွင် အောင်သွယ်တော်ဝမ်သည် အိမ်ထဲသို့ ဝင်လာပြီး ကျွန်မတို့အတွက် မင်္ဂလာဦးအိပ်ခန်း၏ တံခါးကို ပိတ်ပေးလေသည်။ သို့ဖြင့် အခန်းထဲတွင် ကျွန်မနှင့်ခင်ပွန်း နှစ်ဦးတည်းသာ ကျန်ရစ်လေတော့သည်။
“ဟိုင်း” သူက စကားစလိုက်သည်။
“ဟိုင်း”
“နင် တစ်ခုခု စားပြီးပြီလား”
“ငါ အစာမစားနိုင်တာ နှစ်ရက်လောက် ရှိပြီ”
“ဒါဆို မြေပဲနဲ့ စွန်ပလွံသီးတွေ စားလိုက်ပါလား” သူက ပြောသည်။
“ငါ သူများကို လျှောက်မပြောပါဘူး”
ကျွန်မက ခေါင်းကို အသာအယာ ယမ်းခါလိုက်သည်။ ထိုစဉ် ခေါင်းပေါ်မှ ပုလဲလုံးကလေးများနှင့် ငွေဆွဲပြားကလေးများ၏ တွန်းတိုက်ထိခိုက်သံများ ထွက်ပေါ်လာသည်။ လှုပ်ရှားနေသော ပန်းဖွားများအကြားမှ သူ့ကို လှမ်းကြည့်လိုက်သည်။ သူ၏ မျက်လုံးများက အောက်ဘက်သို့ စိုက်ကြည့်နေကြသည်။ ကျွန်မ၏ ခြေထောက်များကို ငုံ့ကြည့်နေခြင်း ဖြစ်သည်။ ကျွန်မ ရှက်သွေးဖြာသွားသည်။ အသက်ကို အောင့်ထားလိုက်ကာ လှုပ်ယမ်းနေသည့် ပန်းဖွားများကို ငြိမ်သက်သွားအောင် ကြိုးစားနေမိသည်။ သို့မှသာ ရှက်စိတ်ဖြင့် နီမြန်းနေသော ကျွန်မ၏ ပါးပြင်များကို သူ မမြင်တွေ့နိုင်မည် ဖြစ်သည်။ ကျွန်မနှင့်သူ နှစ်ယောက်စလုံး တုတ်တုတ်မျှ မလှုပ်ဘဲ ထိုင်နေကြသည်။ သူက ကျွန်မကို လေ့လာအကဲခတ်နေမည် ဖြစ်ကြောင်း ကျွန်မ အတပ်သိနေသည်။ ကျွန်မ လုပ်နိုင်သမျှမှာ သည်းခံ၍ စောင့်နေရုံမျှသာ။
နောက်ဆုံး၌ ကျွန်မ၏ ခင်ပွန်းထံမှ စကားသံ ထွက်ပေါ်လာသည်။
“ငါ ကြားထားတာကတော့ နင်က အရမ်းလှတယ် ဆိုပဲ။ ဟုတ်လား”
“ခေါင်းဆောင်းပဝါကို လှပ်ပြီး ကိုယ့်ဘာသာပဲ ကြည့်လိုက်ပါတော့လား”
အသံက ကျွန်မ ရည်ရွယ်ထားသည်ထက် ပို၍ ငေါ့တော့တော့လေသံ ပေါက်နေသည်။ သို့သော် ကျွန်မခင်ပွန်းက သဘောကျစွာ ရယ်မောနေတော့သည်။ တစ်ခဏအကြာတွင် သူသည် ခေါင်းဆောင်းပဝါကို စားပွဲပေါ် တင်ပြီး ကျွန်မဘက်သို့ မျက်နှာ လှည့်လိုက်သည်။ ကျွန်မတို့နှစ်ယောက်၏ မျက်နှာများမှာ တစ်မီတာမျှပင် မကွာလှမ်းတော့ပေ။ သူက ကျွန်မမျက်နှာကို စေ့စေ့စပ်စပ် ကြည့်နေစဉ် ကျွန်မကလည်း သူ့မျက်နှာကို စူးစူးစိုက်စိုက် ပြန်ကြည့်နေမိသည်။ သူ့အကြောင်း ပြောခဲ့သော အောင်သွယ်တော်ဝမ်နှင့် ရွှယ်ဟွား၏ စကားများက အကုန်လုံး မှန်နေကြသည်။ သူ့မျက်နှာပေါ်တွင် ကျောက်ပေါက်မာ သို့မဟုတ် အမာရွတ် တစ်စိုးတစ်စိကိုမျှ ရှာမတွေ့ပေ။ သူသည် ပါပါးနှင့် စူးစူတို့ကဲ့သို့ မဲမှောင်သော အသားအရေ ပိုင်ရှင်မျိုး မဟုတ်။ လယ်ကွင်းများထဲ၌ နဖူးကချွေး ခြေမကျအောင် လုပ်ကိုင်ရသော အတန်းအစား မဟုတ်ကြောင်း သက်သေတည်နေသည်။ သူ၏ မေးရိုးနှင့် မေးစေ့တို့က ကားကားစွင့်စွင့်နှင့် ယုံကြည်ချက် ခိုင်မာသူတစ်ယောက် ဖြစ်ကြောင်း ဖော်ပြနေကြသည်။ ရိုင်းပျခက်ထန်သည့် မျက်နှာပေးမျိုး မဟုတ်။ နဖူးစွန်းမှ ဆံပင်များက ဖရိုဖရဲ ကျဆင်းနေကြပြီး သူ၏ လွတ်လပ်ပေါ့ပါးသည့် ဟန်ကို ဖော်ဆောင်နေကြသည်။ သူ၏ မျက်လုံးများကလည်း စိတ်သဘောထား ပြည့်ဝနေသည့် ဟန်အပြည့်ဖြင့် လင်းလက်တောက်ပနေကြသည်။
သူက ရှေ့တစ်လှမ်းတိုးလာကာ ကျွန်မ၏ လက်နှစ်ဘက်ကို ဆုပ်ကိုင်လိုက်သည်။
“ငါတို့ရဲ့ ဘဝတွေ ပျော်ရွှင်ချမ်းမြေ့နိုင်လိမ့်မယ်လို့ ငါ ယုံကြည်တယ်။ နင်နဲ့ငါ အတူတူ နေကြရင်ပေါ့”
၁၇ နှစ်အရွယ် ယောင်ဝ်တိုင်းရင်းသူ ပျိုမေတစ်ယောက်အတွက် ထို့ထက်ကောင်းသော စကားလုံးများကို မျှော်လင့်နိုင်ပါဦးမည်လော။ ကျွန်မ၏ ခင်ပွန်းကဲ့သို့ပင် ကျွန်မလည်း ကျွန်မတို့၏ ရွှေရောင်အနာဂတ်ကို လှမ်းမြင်နေရသည်။ ထိုနေ့ညက သူသည် ထုံးတမ်းစဉ်လာများ အားလုံးကို တစ်ခုမကျန် လိုက်နာဆောင်ရွက်ခဲ့သည်။ ကျွန်မ၏ သတို့သမီးဖိနပ်များကို ချွတ်ပြီး အနီရောင် ညအိပ်စွပ်ဖိနပ်များကို ဝတ်ဆင်ပေးခဲ့သည်ကအစ အလွဲအမှား မရှိခဲ့ပါ။ ရွှယ်ဟွား၏ နူးညံ့သော အထိအတွေ့နှင့် အသားကျနေပြီ ဖြစ်သောကြောင့် ကျွန်မ၏ ခြေထောက်များသည် သူ၏ လက်များနှင့် ထိတွေ့ကြသည့်အခိုက်တွင် ကျွန်မ မည်သို့ ခံစားခဲ့ရသည်ကို တိတိကျကျ မဖော်ပြတတ်ပါ။ သို့သော်လည်း ယခုအပြုအမူသည် မကြာခင် ဆက်ဖြစ်လာတော့မည့် အခင်းကိစ္စထက် ပို၍ပင် ရင်းနှီးကျွမ်းဝင်နေသည်ဟု ကျွန်မ ထင်မြင်မိသည်။ ကျွန်မ ဘာလုပ်နေမိသည်ကို ကျွန်မ သိမနေခဲ့ပါ။ သူလည်း သိနေလိမ့်မည် မဟုတ်ပေ။ ကျွန်မနေရာ၌ ရွှယ်ဟွားသာ ဖြစ်နေမည်ဆိုလျှင် သူစိမ်းတစ်ယောက်၏ ရင်ခွင်အောက်၌ သူ မည်သို့ တုံ့ပြန်ပြုမူလိမ့်မည်နည်းဟုသာ ကျွန်မ ကြိုးစားပုံဖော် ကြည့်နေခဲ့သည်။
ↂↂↂ
မင်္ဂလာဆောင်ပြီး နောက်တစ်ရက်တွင် ကျွန်မ အစောကြီး နိုးထလာခဲ့သည်။ အိပ်ပျော်နေသည့် ခင်ပွန်းသည်ကို ထားခဲ့ပြီးနောက် အိပ်ခန်းထဲမှ ထွက်လာခဲ့သည်။ စိုးရိမ်စိတ်များနှင့် နေမထိထိုင်မသာ ဖြစ်နေသော လူတစ်ယောက်၏ ခံစားချက်ကို သင် သိပါ၏လော။ ၎င်းမှာ ရွှယ်ဟွား၏ စာကို ဖတ်ပြီးသည့် အချိန်ကတည်းက ကျွန်မ ခံစားနေခဲ့ရသော ဝေဒနာပင် ဖြစ်သည်။ သို့သော် ထိုကိစ္စနှင့် ပတ်သက်၍ ကျွန်မ ဘာမျှ မလုပ်နိုင်သေးသည်။ ကျွန်မ၏ မင်္ဂလာအခမ်းအနား အတွင်း၌သာ မကဘဲ၊ ယမန်နေ့ည သို့တည်းမဟုတ် ယခုအချိန်ထိပင် ဘာမျှ မတတ်နိုင်သေးပေ။ သူ့ကို နောက်တစ်ကြိမ် ပြန်တွေ့ခွင့် မရခင် အချိန်ထိ ကျွန်မသည် ရိုးရာဓလေ့ ထုံးတမ်းများနှင့်အညီ အတတ်နိုင်ဆုံး လိုက်နာကျင့်သုံးသွားရပေမည်။ သို့သော် ၎င်းမှာ လွယ်မယောင်နှင့် ခက်ခဲနေသည်။ ကျွန်မ ဗိုက်ဆာနေသည်၊ ပင်ပန်းနွမ်းလျနေသည်၊ ထို့နောက် ခန္ဓာကိုယ်က နာကျင်နေသည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်းက အလွန်အကျွံ လမ်းလျှောက်ထားရသောကြောင့် ခြေထောက်များက နာကျင်ပင်ပန်းနေကြသည်။ ထို့အပြင် သူစိမ်းတို့၏ အလယ်၌ အသားမကျနိုင်ဘဲ ဖြစ်နေပြန်သည်။ ထိုအကြောင်းအရာများကို ခေါင်းထဲမှ ကြိုးစားမေ့ဖျောက်ပစ်ပြီး မီးဖိုချောင်ရှိရာသို့ လျှောက်လှမ်းသွားလိုက်သည်။ မီးဖိုချောင်ထဲတွင် ၁၀ နှစ်အရွယ် အစေခံကောင်မလေးတစ်ယောက် ဆောင့်ကြောင့်ထိုင်ကာ ကျွန်မကို စောင့်မျှော်နေသည်။ ကျွန်မ၏ ကိုယ်ပိုင်အစေခံကလေးပင် ဖြစ်ချေမည်။ မည်သူကမျှ ကျွန်မကို ကြိုတင်ပြောကြားထားခြင်း မရှိပေ။ ဖူးဝေရှိ အိမ်တိုင်းတွင် မည်သူမျှ အစေခံ မထားနိုင်ကြပါ။ သို့သော် အစေခံဖြစ်မှန်း ကျွန်မ ခွဲခြားသိနိုင်ရသည့် အဓိက အကြောင်းအရင်းမှာ ထိုကလေးမလေး၏ ခြေထောက်များမှာ စည်းနှောင် မထားသောကြောင့်သာ ဖြစ်သည်။ သူ့နာမည်က ယုံကမ်း။ အဓိပ္ပာယ်မှာ ယုံ – ရဲရင့်ခြင်းနှင့် ကမ်း – သံကဲ့သို့ မာကျောတောင့်တင်းခြင်း ဖြစ်သည်။ (နာမည်နှင့် အမှန်ပင် လိုက်ဖက်ကြောင်း မကြာခင် သိလာရသည်။) သူသည် ကျွန်မ မရောက်ခင်ကတည်းက မီးဖိုတွင် မီးမွှေးထားပြီး ဒယ်အိုးထဲသို့ ရေများ အဆင်သင့် ထည့်ပေးထားသည်။ ကျွန်မ လုပ်ရမည့် အလုပ်မှာ ၎င်းရေကို ကျို၍ ရေနွေးများကို ယောက္ခမများ မျက်နှာသန့်စင်နိုင်ရန်အလို့ငှာ သူတို့ထံသို့ ယူသွားပေးရန်သာ ဖြစ်သည်။ အိမ်ရှိ လူအယောက်စီတိုင်းအတွက်လည်း ကျွန်မ လက်ဖက်ရည်ကြမ်း ခပ်ပေးထားသည်။ မီးဖိုချောင်ထဲသို့ ရေနွေးကြမ်း လာယူကြသည့် အခါတွင် ကျွန်မက တစ်စက်မျှ မဖိတ်မစင်စေရဘဲ သူတို့ကို ငှဲ့ပေးလိုက်သည်။
ထိုနေ့နေ့ခင်းပိုင်းတွင် ကျွန်မ၏ ယောက္ခမများက ကျွန်မ၏ မိဘများအိမ်သို့ ဝက်သားများနှင့် မုန့်ချိုများ နောက်တစ်ကြိမ် ပို့လိုက်ကြပြန်သည်။ လူးမိသားစုသည် သူတို့၏ ဘိုးဘွားဘုံကျောင်းတွင် ဧည့်ခံပွဲကြီးတစ်ပွဲ ကျင်းပကြပြန်သည်။ ကျွန်မအနေဖြင့် ထိတို့ခွင့်မရသော နောက်ထပ် ဂုဏ်ပြုစားပွဲတစ်ပွဲသာ။ လူတကာ၏ ရှေ့မှောက်တွင် ကျွန်မ၏ ခင်ပွန်းနှင့် ကျွန်မတို့နှစ်ယောက်သည် မိုးမြေကို ဦးညွတ်ကန်တော့ကြရသည်။ ထို့နောက် ကျွန်မ၏ ယောက္ခမများ၊ ထို့နောက် လူးမိသားစု၏ ဘိုးဘွားဘီဘင်များ။ ထို့နောက် ကြွရောက်လာကြသော ဧည့်ပရိသတ်ထဲမှ ကျွန်မတို့ထက် အသက်အရွယ် ကြီးရင့်သူမှန်သမျှကို လိုက်လံ၍ ဦးညွတ် အရိုအသေ ပြုကြရသည်။ သူတို့က မေတ္တာတုံ့ပြန်သောအားဖြင့် ကျွန်မတို့ကို ဟုန်ပေါင်း (အိတ်နီဖြင့် ထည့်ထားသော ပိုက်ဆံ) များ ပြန်လည်ဝေငှကြသည်။ ထို့နောက်တော့ မင်္ဂလာဦးခန်းဆောင်သို့ ပြန်ကြရသည်။
နောက်တစ်ရက် (မင်္ဂလာအခမ်းအနား၏ တတိယမြောက်နေ့) သို့ ရောက်ရှိလာသည်။ ဤနေ့ဤရက်မှာ သတို့သမီးများအားလုံး မျှော်လင့်တောင့်တခဲ့ကြသော နေ့ရက်ဖြစ်သည်။ ထိုနေ့တွင် သတို့သမီး၏ မိသားစုဝင်များနှင့် သူငယ်ချင်းများက ရေးသားပြုလုပ်ပေးလိုက်သော စန်းချောင်စာအုပ်များကို ရွတ်ဖတ်ကြရသောကြောင့် ဖြစ်သည်။ သို့သော် ယခုအချိန်၌ ကျွန်မ၏ အတွေးများကို စိုးမိုးနေသူမှာ ရွှယ်ဟွားတစ်ယောက်သာ ဖြစ်တော့သည်။ ကျွန်မ သူ့ကို မြင်တွေ့ရပေတော့မည်။
တာ့ကျယ်နှင့် ယောင်းမတို့ ရောက်ရှိလာကြသည်။ သူတို့နှင့်အတူ စာအုပ်များ၊ ကျွန်မကို ကျွေးမည့် အစားအသောက်များကို ယူဆောင်လာကြသည်။ ၎င်းတို့မှာ အစာပြန်စားခွင့်ရမည့် ကျွန်မ၏ ပထမဆုံးသော အစားအသောက်များ ဖြစ်သည်။ စန်းချောင်စာအုပ်များကို လူးအိမ်တော်ရှိ အမျိုးသမီးများ ရွတ်ဖတ်ကြရာတွင် နားဆင်နိုင်ရန်အတွင် ထုံးခိုရွာမှ အမျိုးသမီးအမြောက်အမြားလည်း အိမ်တော်သို့ ရောက်ရှိနေကြသည်။ သို့သော် ရွှယ်ဟွားနှင့် မာမားတို့၏ အရိပ်အယောင်ကိုမူ မတွေ့မြင်ရပေ။ အဘယ်ကြောင့် သူတို့ ရောက်မလာကြသနည်း။ ကျွန်မ နားမလည်နိုင်အောင် ဖြစ်နေရသည်။ ထို့အပြင် ကျွန်မ အကြီးအကျယ် စိတ်ထိခိုက်သွားသည်။ … ထို့နောက် ရွှယ်ဟွားကို မတွေ့မြင်ရသည့်အတွက် ကျွန်မ ကြောက်ရွံ့ထိတ်လန့်နေမိသည်။ ယနေ့ကျင်းပမည့် အစီအစဉ်မှာ ကျွန်မ၏ အပျော်ရွှင်ရဆုံးသော အစီအစဉ်တစ်ခု ဖြစ်လိမ့်မည်ဟု ကျွန်မ ယူဆထားခဲ့သည်။ သို့သော် ကျွန်မအတွက် ပျော်ရွှင်စရာ ရှာမတွေ့တော့ပါ။
ကျွန်မ၏ စန်းချောင်စာအုပ်များပေါ်တွင် ထုံးတမ်းစဉ်လာအတိုင်း ရေးလေ့ရေးထ ရှိသော စာကြောင်းများ ပါဝင်သည်။ ကျွန်မ မရှိတော့သည့်အတွက် မိဘများမှာ မည်မျှ ဝမ်းနည်းပူဆွေးကြရကြောင်းအပြင် မိန်းမကောင်းအင်္ဂါနှင့် ကိုက်ညီသော ကျွန်မ၏ အရည်အသွေးများကို ထပ်ခါထပ်ခါ ရေးသားထားကြသည်။ ဥပမာ ဆိုရသော် “နင့်ကို ချက်ချင်း ခေါ်မသွားသေးဘဲ နှစ်အနည်းငယ် ဆိုင်းထားပေးဖို့ အဲဒီ ကံကောင်းတဲ့ မိသားစုကို ငါတို့ စည်းရုံးနိုင်ခဲ့ရင် သိပ်ကောင်းမှာပဲ” ဟုလည်း ရေးတတ်ကြသည်။ သို့မဟုတ်ပါက “အခု ငါတို့ ခွဲခွာရတဲ့အတွက် အင်မတန် ဝမ်းနည်းရပါတယ်။ နင့်ရဲ့ ယောက္ခမတွေက နင့်အပေါ် သက်ညှာပြီး သူတို့အိမ်ရဲ့ ဓလေ့ထုံးစံတွေကို စိတ်ရှည်လက်ရှည်နဲ့ သင်ပေးနိုင်ကြပါစေ” ဟူ၍လည်း ရေးထားကြသည်။ ရွှယ်ဟွား၏ စန်ချောင်းစာအုပ်ကလည်း ကျွန်မ မျှော်လင့်ထားသည့် အတိုင်း သူချစ်သော ငှက်များနှင့် တင်စားပြီး ရေးသားထားလေသည်။ “နဂါးနဲ့ဇာမဏီ၊ ဘုရားပေးတဲ့ စုံတွဲ” ဟု နိဒါန်းချီထားသော်လည်း ကျွန်မ၏ လောင်ထုံးသည်ပင် ရေးလေ့ရေးထ ထုံးစံအတိုင်းသာ ရေးသားထားလေသည်။