ရွှယ်ဟွားနှင့် ကျွန်မတို့၏ အသက်မှာ ယခုအခါ ၁၅ နှစ်ထဲ ရောက်ရှိလာကြပြီ။ ကျွန်မတို့၏ ဦးထိပ်တွင်လည်း ဇာမဏီဆံထုံးက မားမားမတ်မတ် ဟန်ရေးပြနေကြသည်။ ကျွန်မတို့ မကြာခင် အိမ်ထောင်ပြုကြတော့မည် ဟူသည့် သဘော။
ကျွန်မတို့သည် ခန်းဝင်ပစ္စည်းများအတွက် စတင် ပြင်ဆင်လာကြသည်။ ကျွန်မတို့၏ လေသံများက နူးညံ့ပျော့ပျောင်းလာပြီး ကျွန်မတို့၏ ခြေလှမ်းများကလည်း ရွှေရောင်လီလီများဖြင့် ဆင်မယဉ်သာ လှမ်းလျှောက်တတ်လာကြသည်။ နွီစူးကိုလည်း ကျွန်မတို့ ကျွမ်းကျင်ပိုင်နိုင်လာကြသည်။ ကျွန်မတို့နှစ်ယောက် ခွဲခွာနေကြရသည့် အခါမျိုးဆိုလျှင် ကျွန်မတို့ နေ့တိုင်းနေ့တိုင်း စာရေးဆက်သွယ်ဖြစ်ကြသည်။ ကျွန်မတို့၏ ရာသီသွေးကလည်း ဓမ္မတာအတိုင်း လစဉ်မှန်မှန် ရောက်ရှိလာသည်။ ကျွန်မတို့သည် တံမြက်စည်းလှည်းခြင်း၊ ခြံထဲမှ ဟင်းသီးဟင်းရွက်များ ဆွတ်ခူးခြင်း၊ ထမင်းဟင်းများ ချက်ပြုတ်ခြင်း၊ ဆေးကြောလျှော်ဖွတ်ခြင်း၊ ရက်ကန်းရက်ခြင်းနှင့် ချုပ်လုပ်ဖာထေးခြင်း စသော အိမ်မှုကိစ္စများတွင် ဝင်ရောက်ကူညီကြသည်။ ကျွန်မတို့ကို အရွယ်ရောက်သူ မိန်းမများအဖြစ် သတ်မှတ်ထားကြသော်လည်း ကျွန်မတို့တွင် အိမ်ထောင့်တာဝန်များ မရှိပေ။ ဆန္ဒရှိလျှင် အလည်အပတ် သွားရောက်နိုင်သည့် လွတ်လပ်မှုမျိုးကို ကျွန်မတို့ ရရှိနေကြဆဲ ဖြစ်သည်။ အပေါ်ထပ် အခန်းဆောင်ထဲတွင် နာရီပေါင်းများစွာ ခေါင်းချင်းရိုက်ရင်း ကျွန်မတို့ တီးတိုးစကား ပြောဆိုကြသည်။ ဇာထိုးပန်းထိုးကြသည်။ ကလေးငယ်ဘဝကတည်းက လိုလားတောင့်တခဲ့သော အချစ်မျိုးဖြင့် ကျွန်မတို့နှစ်ယောက် တစ်ဦးကိုတစ်ဦး အပြန်အလှန် ချစ်ခင်မြတ်နိုးကြသည်။
ထိုနှစ်၏ လေညင်းခံပွဲတော်နေ့များတွင် ရွှယ်ဟွားသည် ကျွန်မတို့အိမ်၌သာ အမြဲမပြတ် ရှိနေခဲ့သည်။ ထိုပွဲတော်နေ့ကို တစ်နှစ်တာ၏ အပူဆုံးအချိန်များတွင် သတ်မှတ်ထားသည်။ ထိုကာလတွင် နှစ်ဟောင်းမှ သိမ်းဆည်းထားခဲ့သော ရိက္ခာစပါးများ ကုန်ဆုံးခါနီးအချိန်နှင့် နှစ်သစ်၏ ကောက်စပါးများ မရိတ်သိမ်းနိုင်သေးသည့် အချိန်တို့ တိုက်ဆိုင်နေသည်။ သို့ဖြင့် အိမ်တစ်အိမ်၏ ရာထူးအနိမ့်ဆုံးသူများ ဖြစ်ကြသော ဇနီးမယားများကို သူတို့၏ မိဘအိမ်များဆီသို့ ရက်အနည်းငယ်ဖြစ်စေ၊ တစ်ခါတစ်ရံ တစ်လကိုးသီတင်းဖြစ်စေ ပြန်ပို့ထားကြသည်။ ၎င်းကို ကျွန်မတို့က ပွဲတော်ဟု ခေါ်သည်။ အမှန်တကယ်တွင်မူ အလိုမရှိအပ်သော ပါးစပ်ပေါက်များကို ယောက္ခမအိမ်ရှိ ထမင်းဝိုင်းများမှ ရက်အတန်ကြာအောင် ပထုတ်ထားခြင်းသာ ဖြစ်ပေသည်။
ထိုစဉ်က တာ့ကျယ်သည် သူ့ခင်ပွန်းသည်အိမ်သို့ အပြီးအပိုင် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်သည်။ သူ၏ ပထမဆုံးသော ကလေးကို မကြာခင် မျက်နှာမြင်ရတော့မည် ဖြစ်သောကြောင့် သူ့အနေဖြင့် ယောက္ခမအိမ်မှ ဘယ်သို့မျှ ထွက်ခွာသွား၍ မဖြစ်နိုင်ပေ။ မာမားသည် မောင်ငယ်လေးကို ခေါ်ကာ သူ့မိဘအိမ်သို့ ပြန်သွားသည်။ စိန်စိန်းလည်း သူ့မိဘအိမ်သို့ ပြန်သွားပြီ ဖြစ်သော်လည်း မေရွက်သည် သူ့မိခင်နှင့် အတူလိုက်မသွားဘဲ သူ၏ သွေးသောက်များအိမ်တွင် နေနေခဲ့သည်။ ယောင်းမလည်း သူ့သမီးငယ်ကို ပွေ့ကာ မိဘအိမ်သို့ ပြန်သွားသည်။
အိမ်တွင်းရှိ ယောကျ်ားသုံးယောက် ဖြစ်ကြသော ပါပါး၊ စူးစူနှင့် တာ့ကောတို့မှာ ရက်အတန်ကြာမျှ လွတ်လွတ်လပ်လပ် နေခွင့်ရနေသောကြောင့် လွန်စွာ ရွှင်လန်းနေကြသည်။ သူတို့အတွက် ရေနွေးကြမ်းပူပူ၊ ဆေးတံသောက်ဆေးနှင့် ဖရဲသီးစိတ်များကိုသာ မပြတ်မလပ်အောင် စီစဉ်ပေးရန် ကျွန်မနှင့် ရွှယ်ဟွားကို တောင်းဆိုကြသည်။ သူတို့အတွက် တခြားဘာမျှ လုပ်ပေးစရာ မလိုပေ။ သီတင်းပတ်ပေါင်းများစွာ ကြာညောင်းရှည်လျားသော လေညင်းခံပွဲတော်အတွင်း၌ ကျွန်မနှင့် ရွှယ်ဟွားတို့သည် အပေါ်ထပ်အခန်းဆောင်ထဲတွင် သုံးရက်တိုင်တိုင် နှစ်ကိုယ်တည်း ဖြတ်သန်းခဲ့ကြရသည်။
ပထမည၌ ကျွန်မတို့သည် ဘေးချင်းကပ် လဲလျောင်းကာ ကျွန်မတို့၏ ခြေစွပ်များ၊ ညအိပ်စွပ်ဖိနပ်များ၊ အတွင်းခံအင်္ကျီများနှင့် အပေါ်ဝတ်အင်္ကျီများ ဝတ်လျက် အိပ်ပျော်သွားကြသည်။ လေညင်းခံနိုင်ရန်အတွက် ကျွန်မတို့၏ ခုတင်ကို ပြတင်းပေါက်အောက်နားသို့ တိုးရွှေ့ထားခဲ့ကြသည်။ သို့သော် လေက ငြိမ်ချက်သား ကောင်းနေတော့သည်။ မကြာခင် လပြည့်တော့မည်။ အခန်းတွင်းသို့ ဖြာကျလာသော လင်းရောင်စဉ်တန်းများက ချွေးပျံနေကြသော ကျွန်မတို့၏ မျက်နှာများပေါ်တွင် ရောင်ပြန်ဟပ်နေကြသည်။ ထိုလရောင်ကြောင့် ပို၍ ပူသည်ဟုပင် ကျွန်မတို့ ခံစားနေရသည်။
နောက်တစ်နေ့၏ ညအပူချိန်က ပိုမို မြင့်တက်လာသည်။ ကျွန်မတို့၏ အပေါ်ဝတ်များကို ချွတ်ပစ်ရန် ရွှယ်ဟွားက အကြံပြုသည်။
“ဒီမှာ ဘယ်သူမှ မရှိဘူး” သူက ပြောသည်။
“ဘယ်သူကမှလည်း သိနိုင်မှာ မဟုတ်ဘူးလေ” အပေါ်ဝတ်များ ဖယ်ရှားလိုက်သည့်အခါ အတန်ငယ် လွတ်လပ်ပေါ့ပါးသွားသည်။ သို့သော် ထိုမျှနှင့် မလုံလောက်သေး။ အေးမြမှုကို ကျွန်မတို့ ပိုမို တောင့်တနေကြသည်။
ကျွန်မတို့ နှစ်ကိုယ်တည်း နေခွင့်ရခဲ့သော တတိယမြောက်နေ့သည် လပြည့်နေ့ ဖြစ်သည်။ သို့ဖြင့် အပေါ်ထပ်အခန်းဆောင်တစ်ခုလုံးသည် လရောင်ထဲ၌ ဝင်းထိန်တောက်ပနေသည်။ ယောက်ျားများ အိပ်စက်သွားပြီ ဖြစ်ကြောင်း သေချာသည့်အခါတွင် ကျွန်မတို့၏ အပေါ်ဝတ်နှင့် အတွင်းခံများအားလုံးကို ကိုယ်ပေါ်မှ ဖယ်ရှားပစ်လိုက်ကြသည်။ ကိုယ်ပေါ်တွင် ခြေစွပ်နှင့် ညအိပ်ခြေစွပ်ဖိနပ်မှ အပ ဘာမျှ မရှိတော့ပေ။ ကျွန်မတို့၏ ခန္ဓာကိုယ်ပေါ်သို့ ပြေးလွှားတိုက်ခတ်လာသော လေပြေ၏ အထိအတွေ့ကို ခံစားမိကြသည်။ သို့သော် ကျွန်မတို့ မျှော်လင့်တောင့်တနေသော အေးမြလတ်ဆတ်သည့် လေပြေလေညင်းများ မဟုတ်ကြပါ။ ကျွန်မတို့၏ ခန္ဓာကိုယ်သည် အဝတ်ဝတ်ထားစဉ်က ကဲ့သို့ပင် ပူမြဲ ပူနေဆဲ။
“ဒီလောက်နဲ့လည်း ဘာမှ မထူးသေးဘူးပဲ” ရွှယ်ဟွားက ကျွန်မ၏ ရင်တွင်းစကားကို ဖွင့်ဟလိုက်သည်။
သူက ထထိုင်လိုက်ပြီး ကျွန်မတို့၏ ယပ်တောင်ကို လှမ်းယူသည်။ သူသည် ယပ်တောင်ကို အသာအယာ ဆွဲဖွင့်ပြီး ကျွန်မ၏ ကိုယ်ကို အထက်အောက် ယပ်ခတ်ပေးလေသည်။ ကျွန်မ၏ အရေပြားပေါ်သို့ ကျရောက်လာကြသော လေများသည် လေပူများဟု ဆိုရသော်လည်း အတော်အတန်တော့ နေသာထိုင်သာ ရှိသွားသည်။ သို့သော် ရွှယ်ဟွားသည် သူ၏ မျက်မှောင်ကို ရုတ်ချည်း ကုတ်လိုက်ကာ ယပ်တောင်ကို ပြန်ခေါက်သိမ်း၍ ဘေးတစ်နေရာတွင် ချထားလိုက်သည်။ သူက ကျွန်မ၏ မျက်နှာကို စေ့စေ့ စိုက်ကြည့်နေသည်။ ထို့နောက် သူ၏ အကြည့်များသည် ကျွန်မ၏ လည်ချောင်းမှ တစ်ဆင့် အောက်သို့ လျှောဆင်းသွားကာ ကျွန်မ၏ ရင်သားများ၊ ထို့နောက် ဗိုက်သားပေါ်သို့ ကျရောက်လာသည်။ သူ၏ ရဲတင်းသော အကြည့်ကြောင့် ကျွန်မ ရှက်ရွံ့နေဖို့ ကောင်းသည်။ သို့သော် သူသည် ကျွန်မ၏ လောင်ထုံး မဟုတ်ပါလော။ သူနှင့် ကျွန်မအကြား၌ ဘာမျှ ဖုံးကွယ်နေစရာ၊ ရှက်ရွံ့နေစရာ မလိုအပ်တော့ပေ။
ကျွန်မ ခေါင်းမော့ကြည့်လိုက်သောအခါ သူ၏ လက်ညှိုးကို ပါးစပ်နားဆီသို့ မ,ရွှေ့နေကြောင်း တွေ့လိုက်ရသည်။ သူ၏လျှာက အပြင်သို့ ထိုးထွက်လာသည်။ လပြည့်ည၏ လင်းရောင်ခြည်အောက်တွင် ၎င်းလျှာသည် ပန်းရောင်သန်းလျက် တဖိတ်ဖိတ် တောက်ပနေသည်။ လက်ညှိုးကို စွတ်စိုနေသော လျှာဖျားပေါ် ပွတ်ဆွဲပြီးနောက် ၎င်းလက်ညှိုးကို ကျွန်မ၏ ဗိုက်ပေါ်သို့ တင်လိုက်သည်။ ဝမ်းဗိုက်ပေါ်တွင် လက်ညှိုးထိပ်ဖျားဖြင့် ညာမှ ဘယ်သို့ မျဉ်းတစ်ကြောင်း ဆွဲလိုက်ပြီးနောက် ဘယ်မှ ညာသို့ နောက်ထပ်မျဉ်းတစ်ကြောင်း ထပ်ဆွဲပြန်သည်။ ထို့နောက် ကန့်လန့်ဖြတ်မျဉ်း နှစ်ကြောင်း။ အရေပြားပေါ်တွင် တင်ကျန်နေခဲ့သော စိုစိစိ အေးမြမြ ခံစားမှုကြောင့် ကျွန်မ၏ တစ်ကိုယ်လုံးတွင် ကြက်သီးမွှေးညှင်းများ တဖြန်းဖြန်း ထလာလေတော့သည်။ ကျွန်မ၏ မျက်လုံးများကို မှိတ်ချလိုက်မိသည်။ ထိုခံစားမှုများ တရိပ်ရိပ် ပျောက်ကွယ်သွားမည်ကို စောင့်ဆိုင်းနေသည့်နှယ်။ သိပ်မကြာလိုက်ပါ။ အစိုဓာတ်က လုံးဝ ပျောက်ကွယ်သွားသည်။ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည့်အခါတွင် ရွှယ်ဟွားက ကျွန်မ၏ မျက်လုံးများကို တည့်တည့် စိုက်ကြည့်နေသည်။
“နေလို့ ကောင်းလား” သို့သော် သူက ကျွန်မအဖြေကို စောင့်မနေပါ။
“အဲဒါ အက္ခရာတစ်လုံးပဲ” သူက ရှင်းပြသည်။
“အဲဒါ ဘာအက္ခရာလဲ ဆိုတာ ပြောပြနိုင်မလား”
ထိုအခါမှ သူ ဘာလုပ်နေခဲ့သည်ကို ကျွန်မ သဘောပေါက်လာတော့သည်။ သူက ကျွန်မ ဗိုက်သားပေါ်တွင် နွီစူးအက္ခရာတစ်လုံး ရေးခြစ်ခဲ့သည်ပဲ။ ယခင်ကလည်း ကြမ်းပြင်ပေါ်၊ တစ်ယောက်ယောက်၏ လက်ဖဝါးပေါ်နှင့် လက်ဖမိုးပေါ်တွင် ကျွန်မတို့ မကြာခဏ ထိုသို့ ရေးခြစ်ခဲ့ဖူးကြသည်။
“ငါ နောက်တစ်ခါ ထပ်ရေးပြမယ်” သူက ပြောသည်။
“သတိထားကြည့်နော်” သူက သူ့လက်ချောင်းကို စုပ်လိုက်သည်။ ပထမတစ်ကြိမ်ကဲ့သို့ ကျွန်မကိုယ်ပေါ်တွင် လက်ချောင်းစိုစိုဖြင့် တောင်ခြစ်မြောက်ခြစ် ရေးဆွဲနေလေသည်။ ကျွန်မ၏ အရေပြားပေါ်တွင် အေးခနဲ ခံစားလိုက်ရသည်နှင့် တစ်ပြိုင်နက် ကျွန်မ၏ မျက်လုံးများ အလိုအလျောက် မှိတ်သွားကြသည်။ ထိုခံစားချက်က ကျွန်မရင်ကို လေးလံဆို့ကျပ်စေသည်။ ပထမတစ်ကြိမ်ကကဲ့သို့ပင် ကိုယ်ပေါ်တွင် ခံစားနေရသော အေးမြမြ ခံစားမှုများ လုံးဝ ပျောက်ကွယ် မသွားမချင်း ကျွန်မ၏ မျက်လုံးများကို စုံမှိတ်ထားမိသည်။ ကျွန်မ မျက်လုံးဖွင့်ကြည့်သောအခါ ရွှယ်ဟွားက ကျွန်မကို ‘ကဲပြော’ ဟူသော အကြည့်မျိုးဖြင့် ငုံ့ကြည့်နေသည်။
“ခုတင်” ကျွန်မ ပြောလိုက်သည်။
“မှန်တယ်” သူက ခပ်တိုးတိုး ပြန်ဖြေသည်။
“နင့်မျက်လုံးတွေ ပိတ်ထားဦး။ ငါ နောက်တစ်လုံး ထပ်ရေးဦးမယ်”
ယခုတစ်ကြိမ် သူရေးသည့် စကားလုံးမှာ ပိုမို ကျစ်လစ်ပြီး သေးငယ်သည်။ ညာဘက် နံရိုးပေါ်တွင် ရေးခြစ်လိုက်သော ထိုစကားလုံးကို ကျွန်မ ချက်ချင်း မှတ်မိသွားသည်။ ၎င်းမှာ ‘ဖြာ’ ဟူသော ကြိယာဖြစ်သည်။
ကျွန်မ အဖြေပေးလိုက်သောအခါ သူ့မျက်နှာကို ကျွန်မ၏ နားနားသို့ ရောက်အောင် ကိုယ်ကို ကိုင်းညွှတ်ပြီး “တော်တယ်” ဟု တီးတိုးပြောလိုက်သည်။
ထို့နောက် ကျွန်မ၏ ဘယ်ဘက် နံရိုးပေါ်တွင် စာများ ထပ်ရေးပြန်သည်။
“လရောင်” ကျွန်မက ပြောပြီး မျက်လုံးများကို ဖွင့်လိုက်သည်။
“ခုတင်ထက် လရောင်ဖြာ”
ကျွန်မကို သူ သင်ကြားပေးထားသော ထန်ခေတ်ကဗျာတစ်ပုဒ်၏ အဖွင့်စာကြောင်းကို ကျွန်မ မှတ်မိနေသောကြောင့် သူ ပြုံးနေသည်။ ထို့နောက် ကျွန်မတို့ နေရာပြောင်းလိုက်ကြသည်။ သူ ကျွန်မကို လုပ်ခဲ့သကဲ့သို့ သူ၏ ခန္ဓာကိုယ်ကိုလည်း ကျွန်မ အချိန်ယူကာ စိုက်ကြည့်နေခဲ့သည်။ ဖြောင့်စင်းသော လည်တိုင်၊ အနည်းငယ် မို့မောက်နေသော ရင်သားများ၊ ပန်းထိုးရန် အရန်သင့်စောင့်မျှော်နေသော ပိုးသားပဝါကဲ့သို့ ပြန့်ပြောကျယ်ဝန်းသည့် ဗိုက်သား၊ အပေါ်သို့ အနည်းငယ် ငေါထွက်သော တင်ရိုးနှစ်စုံ၊ အနီရောင်ပိုးချည် စွပ်ဖိနပ်များအတွင်းသို့ လျှိုးဝင် ပျောက်ကွယ်သွားသော သွယ်လျလျ ပေါင်တံတစ်စုံ။
ထိုစဉ်က ကျွန်မသည် အိမ်ထောင်မကျသေးသော အပျိုဖြန်းကလေး တစ်ယောက်သာ ဖြစ်သည်။ ထို့ကြောင့် ယောက်ျားမိန်းမတို့၏ ဃရာဝါသကိစ္စများကို ဘာမျှ မသိသေးပါ။ ယောက်ျားတစ်ယောက်ကို ဆွဲဆောင်နိုင်သော အရာများထဲတွင် ရွှန်းစိုတောက်ပသော အနီရောင် စွပ်ဖိနပ်များ ဝတ်ဆင်ထားသည့် ဝင်းပဖြူစင်သော ကိုယ်လုံးတီး မိန်းမတစ်ယောက်ကို တွေ့မြင်ရခြင်းထက် ပိုမိုသာလွန်သော စွဲမက်ဖွယ် အလှတရားမျိုး ရှိနိုင်တော့မည် မဟုတ်ကြောင်း အရွယ်ရောက်မှ ကျွန်မ နားလည်လာခဲ့သည်။ ထိုနေ့ညကလည်း ကျွန်မကိုယ်တိုင် ထိုစွပ်ဖိနပ်များအပေါ်သို့ မျက်စိရောက်နေခဲ့မိကြောင်း ဝန်ခံရပေလိမ့်မည်။ ၎င်းတို့မှာ ရွှယ်ဟွား၏ နွေရာသီဝတ် စွပ်ဖိနပ်များ ဖြစ်သည်။ ပန်းထိုးဒီဇိုင်းအနေဖြင့် အဆိပ်ဘုရင် ၅ ကောင်ကို ဖိနပ်ပေါ်တွင် အလှထိုးထားသည်။ ၎င်းတို့မှာ ကင်းခြေများ၊ ဖားပြုပ်၊ ကင်းမြီးကောက်၊ မြွေနှင့် ကင်းလိပ်ချောတို့ ဖြစ်သည်။ ရိုးရာယုံကြည်မှုအရ ၎င်းတို့သည် နွေရာသီအတွင်း ဖြစ်ပေါ်လာတတ်သော အမှောင့်ပယောဂများ – ကာလဝမ်း၊ ပလိပ်၊ အူရောင်ငန်းဖျား၊ ငှက်ဖျားနှင့် ငန်းဖျားရောဂါ – ကို ကာကွယ်နိုင်ကြသည်။ သူ၏ ချုပ်ရိုးချုပ်ရာများက သူ၏ ကိုယ်ခန္ဓာတစ်ကိုယ်လုံးကဲ့သို့ အပြစ်ဆိုဖွယ်ရာ မရှိအောင် ပြီးပြည့်စုံနေသည်။
ကျွန်မ၏ လက်ချောင်းကို ပါးစပ်ဖြင့် စုပ်လျက် ရွှယ်ဟွား၏ ဖြူဖွေးသော အသားအရေကို ငေးကြည့်နေမိသည်။ စိုထန့်ထန့် လက်ညှိုးဖြင့် သူ၏ ချက်အထက်နား ဝမ်းဗိုက်တစ်နေရာကို တို့ထိလိုက်သည့်အခါတွင် သူသည် ဝင်သက်ကို အားရပါးရ ရှူသွင်းလိုက်သည်။ သူ၏ ရင်သားများ မြင့်တက်လာပြီး ဗိုက်သားက ချပ်ဝင်သွားသည်။ ထို့နောက် သူ၏ အရေပြားတခွင်၌ ကြက်သီးမွှေးညှင်းများ ထိုးထောင်ထနေကြလေသည်။
“မြေ” သူ့ထံမှ စကားသံ ထွက်ပေါ်လာသည်။ မှန်၏။ နောက်အက္ခရာတစ်လုံးကို ချက်၏ အောက်နား၌ ရေးခြစ်လိုက်သည်။ “ပေါ်” သူက ဆိုသည်။ ထို့နောက် သူ လုပ်ခဲ့သည့်အတိုင်း တစ်သဝေမတိမ်း လိုက်နာကာ သူ၏ ညာဘက် နံရိုးထက်တွင် အက္ခရာတစ်လုံး ရေးလိုက်သည်။ “နှင်း” ယခု သူ၏ ညာဘက် နံရိုးပေါ်။ “ခဲ” သူက ထိုကဗျာကို အလွတ်ရပြီးသား ဖြစ်သောကြောင့် သူ့အတွက် စကားလုံးများက အထူးအဆန်း ဖြစ်မနေတော့ပေ။ သူ၏ အရေပြားပေါ်တွင် ဖြတ်လျှောက်နေသော အထိအတွေ့ကို ခံစားနေရုံမျှသာ။ ကျွန်မကိုယ်ပေါ်တွင် သူ ရေးခြစ်ခဲ့သော နေရာများအတိုင်း ကျွန်မ လိုက်ရေးခဲ့သည်။ ယခု ကျွန်မသည် နေရာသစ်တစ်ခုကို ရှာနေမိသည်။ ဘယ်ညာနံရိုးများ ဆုံရာ အစာအိမ်၏ အထက်ပိုင်းရှိ ရင်ညွန့်တည့်တည့် နူးညံ့သော နေရာလေးကို ကျွန်မ ရွေးချယ်လိုက်သည်။ ကျွန်မ၏ ကိုယ်ပိုင် အတွေ့အကြုံအရ ပြောရမည်ဆိုလျှင် ထိုနေရာသည် အထိအတွေ့၊ စိုးရွံ့မှုနှင့် အချစ်အတွက် ထိလွယ်ရှလွယ် ခံစားလွယ်သော နေရာတစ်ခု ဖြစ်သည်။ ရွှယ်ဟွားသည် လက်ချောင်းစိုစို၏ အထိအတွေ့ကြောင့် တွန့်ခနဲ ဖြစ်သွားလေသည်။
“သလို”
ကျွန်မ မည်သို့ ပြုလုပ်ချင်နေသည်ကို ကောင်းကောင်း သိပါသည်။ သို့သော်လည်း ကျွန်မ တဒင်္ဂမျှ တွန့်ဆုတ်နေမိသည်။ ကျွန်မ၏ လက်ညှိုးက လျှာဖျားတွင် ဟိုဟိုဒီဒီ ရွေ့လျားနေသည်။ အိုက်စပ်ပူလောင်နေသော ရာသီဥတု၊ လင်းချင်းဖြာကျနေသော လရောင်နှင့် ကျွန်မကဲ့သို့ ခံစားလွယ်သော ရွှယ်ဟွား၏ အသားအရေ စသည်တို့၏ လှုံ့ဆော်မှုအောက်တွင် ကျွန်မသည် သတ္တိမွေးကာ စိုစွတ်နေသော လက်ချောင်းဖြင့် သူ၏ ရင်သားတစ်ဘက်ပေါ်တွင် စာတစ်လုံး ရေးချလိုက်သည်။ သူ၏ နှုတ်ခမ်းတစ်စုံ ပွင့်ဟလာပြီး ရှိုက်ဖိုသံတစ်သံက ညည်းသံနှင့်အတူ ထွက်ပေါ်လာလေသည်။ သူ၏ နှုတ်မှ မည်သည့် အက္ခရာမျှ ထွက်ကျမလာခဲ့ပါ။ ကျွန်မကလည်း တကူးတကန့် မျှော်လင့်ထားခြင်း မရှိပေ။ စာကြောင်း၏ နောက်ဆုံးအက္ခရာကို ရေးသားရန်အတွက် ကျွန်မသည် သူ့နံဘေးတွင် ဝင်ရောက် လဲလျောင်းလိုက်သည်။ သူ၏ အရေပြားက မည်သို့ တုံ့ပြန်မည်ကို အနီးကပ် တွေ့မြင်လိုသောကြောင့် ဖြစ်သည်။ ကျွန်မသည် လက်ချောင်းကို တံတွေးစွတ်၍ အက္ခရာကို ချရေးပြီး သူ၏ ရင်သားများ တင်းရင်းနီရဲလာသည်ကို စိုက်ကြည့်နေမိသည်။ ကျွန်မတို့ နှစ်ယောက်စလုံး တစ်ခဏမျှ မလှုပ်မယှက် ငြိမ်သက်သွားကြသည်။ စဉ်းငယ်မျှ ကြာပြီးနောက်တွင် ရွှယ်ဟွားသည် မျက်စိစုံမှိတ်ထားလျက် စာကြောင်းကို တီးတိုးရွတ်ဆိုလိုက်သည်။
“မြေပြင်လွှာ နှင်းခဲနေသလို”
သူက ကျွန်မနှင့် မျက်နှာချင်း ဆိုင်နိုင်ရန်အတွက် ကိုယ်ကို ကျွန်မဘက်သို့ လှည့်လိုက်သည်။ ထို့နောက် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ကျွန်မတို့ အတူတူ ရှိနေကြစဉ် ညစဉ်ညတိုင်း လုပ်လေ့လုပ်ထ ရှိသည့်နည်းတူ ကျွန်မ၏ ပါးတစ်ဘက်ကို သူ့လက်ဖြင့် ခပ်တင်းတင်း ဖိကပ်ထားလေသည်။ သူ့မျက်နှာက လရောင်ထဲ၌ တဖိတ်ဖိတ် တောက်ပနေသည်။ ထို့နောက် သူ့လက်သည် လည်တိုင်ဆီသို့ လျောဆင်းသွားကာ ကျွန်မ၏ ရင်နှစ်မြွှာကို ဖြတ်၍ နံရိုးပေါ်သို့ ရောက်ရှိသွားသည်။
“ရေးဖို့ နောက်နှစ်ကြောင်း ကျန်နေသေးတယ်”
သူက ထထိုင်ပြီး ကျွန်မက ပက်လက်လှန်ပေးလိုက်သည်။ ကုန်လွန်သွားခဲ့သော ညအချိန်များကို ပူလှပါသည်ဟု ကျွန်မ ယူဆထားခဲ့သည်။ သို့သော် လရောင်အောက်တွင် ယခုကဲ့သို့ မိမွေးတိုင်း ဖမွေးတိုင်း လဲလျောင်းနေစဉ် ရင်တွင်း၌ လောင်မြိုက်နေသော အပူမီးသည် ရာသီဥတုကြောင့် ဖြစ်ပေါ်လာတတ်သော မည်သည့် အပူရှိန်ထက်မဆို မနှိုင်းယှဉ်သာအောင် ကြီးမားနေလေတော့သည်။
ရွှယ်ဟွားက ပထမဆုံး အက္ခရာကို ရေးသားတော့မည် ဖြစ်သောကြောင့် ကျွန်မစိတ်ကို မနည်းကြီး တည်ငြိမ်အောင် ကြိုးစားနေရသည်။ သူက ခုတင်စွန်းနားသို့ ရွှေ့သွားကာ ကျွန်မ၏ ခြေထောက်များကို ညင်ညင်သာသာ မ,ယူပြီး သူ့ပေါင်ပေါ် ချထားလိုက်သည်။ ကျွန်မ၏ ဘယ်ဘက်ခြေချင်းဝတ်နား အနီရောင် စွပ်ဖိနပ်၏ အထက်တွင် စရေးလေတော့သည်။ ရေးပြီးသောအခါတွင် သူ၏ အာရုံက ညာဘက် ခြေချင်းဝတ်အပေါ်သို့ ရောက်သွားသည်။ ဤသို့ဖြင့် ခြေစည်းပတ်တီးစ၏ အထက်ဘက်တွင် ဘယ်ညာပြောင်း၍ တစ်လှည့်စီ ရေးနေတော့သည်။ မြောက်မြားစွာသော နာကျင်မှုများနှင့် ဝမ်းနည်းကြေကွဲမှုများ၊ မြောက်မြားစွာသော ဂုဏ်ယူဖွယ်နှင့် အလှတရားတို့ ကိန်းအောင်းရာဖြစ်သည့် ကျွန်မ၏ ခြေထောက်များအထက်တွင် သာယာကြည်နူးမှုများ ရိုးတိုးရွတ မြူးကြွနေကြလေသည်။ ကျွန်မတို့ လောင်ထုံးဖြစ်ခဲ့ကြသည်မှာ ၈ နှစ်မျှ ကြာညောင်းခဲ့ပြီ။ ဘယ်တုန်းကမှ ဤမျှ နီးကပ်မှု မရှိခဲ့စဖူး။ သူ ရေးခြစ်လိုက်သော စာကြောင်းမှာ “ခေါင်းမော့ကာ လရောင်မျှော်” ဖြစ်သည်။
ကျွန်မ ခံစားခဲ့ရသော အတွေ့အကြုံများကို သူလည်း ခံစားရစေရန်အတွက် ကျွန်မ စိတ်လောနေမိသည်။ ကျွန်မသည် သူ၏ ရွှေရောင်လီလီကလေးများကို လက်ထဲ ဆုပ်ကိုင်ထားပြီး ခြေထောက်များကို ကျွန်မပေါင်ပေါ်သို့ တယုတယ တင်ထားလိုက်သည်။ ထို့နောက် ကျွန်မအဖို့ အသည်းအခိုက်ဆုံး နေရာတစ်ခုကို ရွေးချယ်လိုက်သည်။ ခြေဖနောင့်၏ အထက်နှင့် ခြေမျက်စိတို့ ဆုံရာ ချိုင့်ဝှမ်းတွင် ‘ခေါင်း’ ဟု အဓိပ္ပာယ်ရသော အက္ခရာတစ်လုံးကို လည်းကောင်း၊ နောက်ခြေတစ်ဘက်ပေါ်တွင် ‘ငိုက်’ ဟူသော စကားလုံးကို လည်းကောင်း ရေးခြစ်လိုက်လေသည်။
သူ့ခြေအစုံကို ခုတင်ပေါ်သို့ ပြန်ချပြီးနောက် ခြေသလုံးပေါ်တွင် နောက်ထပ် အက္ခရာတစ်လုံးကို ထပ်ရေးလိုက်သည်။ ထို့နောက်တွင် သူ၏ ဒူးအထက်နားရှိ ပေါင်တံ၏ အတွင်းဘက်တစ်နေရာကို ရွေးချယ်လိုက်ပြန်သည်။ ကျွန်မ၏ နောက်ဆုံး စကားလုံးနှစ်လုံးအတွက်မူ သူ၏ ပေါင်းရင်းနားရှိ အမြင့်ဆုံးတစ်နေရာကို ရွေးချယ်ထားလိုက်သည်။ ကျွန်မသည် ကိုယ်ကို အောက်သို့ ဝပ်ချကာ အလှပဆုံးသော စကားလုံးများ ဖြစ်အောင် စိတ်ပါလက်ပါ ရေးနေမိတော့သည်။ ရေးခြစ်ခဲ့သော နေရာများကိုလည်း ကျွန်မ လေဖြင့် အသာအယာ မှုတ်ပေးခဲ့သည်။ သူ ခံစားရနိုင်သည့် အထိအတွေ့ ခံစားမှုကို တင်ကြို မှန်းဆရင်း သူ့ခြေထောက်ပေါ်မှ မွေးညှင်းကလေးများ ဘယ်ညာ ယိမ်းကနေကြသည်ကို ငေးကြည့်နေမိသည်။
အားလုံး ပြီးဆုံးသည့်အခါတွင် ယင်းထန်ခေတ်ကဗျာကို ကျွန်မတို့ အတူတကွ ရွတ်ဆိုလိုက်ကြသည်။
ခုတင်ထက် လရောင်ဖြာ၊
မြေပြင်လွှာ နှင်းခဲနေသလို။
ခေါင်းမော့ကာ လရောင်မျှော်၊
ခေါင်းငိုက်၍ ရွာကိုလွမ်း။
၎င်းကဗျာသည် ဝေးတစ်မြေ ရောက်နေသော ကဗျာစာဆိုတစ်ဦး၏ အိမ်လွမ်းစိတ်ဖြင့် ရေးဖွဲ့ထားသော ကဗျာတစ်ပုဒ်ဖြစ်ကြောင်း ကျွန်မတို့အားလုံး သိရှိထားကြသည်။ သို့သော် ထိုနေ့ညမှ စတင်ကာ ထိုကဗျာသည် ကျွန်မနှင့် ရွှယ်ဟွားတို့အကြောင်းကို ရေးဖွဲ့ထားခြင်း ဖြစ်သည်ဟု ကျွန်မ ရာသက်ပန် ယုံမှတ်ထားတော့သည်။
ရွှယ်ဟွားသည် ကျွန်မ၏ နေအိမ် ဖြစ်သကဲ့သို့ ကျွန်မသည်လည်း သူ၏ နေအိမ် ဖြစ်သည်။