မာတိကာကြည့်ရန်

(၃၀)

ချိန်းဆိုထားသော ကော်ဖီဆိုင်သို့ ရောက်သည့်အခါတွင် အရင်ရောက်နှင့်နေသော ဝါကာယာမာ ဟိရောမိကို ကုစာနာဂိ တွေ့မြင်လိုက်ရသည်။ သူသည် ဟိရောမိဆီသို့ အလျင်အမြန် လျှောက်သွားလိုက်သည်။

“ဆောရီးပါဗျာ။ စောင့်ရတာ တော်တော်ကြာသွားပြီ ထင်တယ်”

“ဟင့်အင်း၊ ကျွန်မလည်း အခုလေးတင်မှ ရောက်တာပါ”

“ခင်ဗျားကို အမြဲ အနှောင့်အယှက် ပေးနေမိတဲ့အတွက် စိတ်မကောင်းပါဘူး။ ကျွန်တော် တတ်နိုင်သမျှ စကားကို တိုတိုနဲ့ လိုရင်းပဲ ပြောပါ့မယ်”

“ကျွန်မကို အဲဒီလောက် အားနာနေဖို့ မလိုပါဘူးရှင်။ ကျွန်မက အခုလည်း အလုပ်အကိုင် ရှိတာမှ မဟုတ်ဘဲ။ အားနေတာပဲ ဥစ္စာ” ဟိရောမိက ပြောပြီး ခပ်ယဲ့ယဲ့ ပြုံးပြသည်။

သူနှင့် နောက်ဆုံးအကြိမ် တွေ့ခဲ့ရသည့် အချိန်နှင့် နှိုင်းစာကြည့်လျှင် သူ၏ မျက်နှာမှာ ယခင်ကထက် သွေးရောင်လွှမ်းလျက် ရှိသည်။ သူ၏စိတ်မှာ အတော်အတန် တည်ငြိမ်သွားပေပြီဟု ကုစာနာဂိက တွက်ဆနေမိသည်။

စားပွဲထိုးမလေးတစ်ယောက် သူတို့အနားသို့ ရောက်ရှိလာသည်။ ကုစာနာဂိက ကော်ဖီတစ်ခွက် မှာလိုက်ပြီးနောက် ဟိရောမိကို လှမ်းမေးလိုက်သည်။ “ခင်ဗျားအတွက် နွားနို့တစ်ခွက် မှာလိုက်ရမလား”

“ဟင့်အင်း၊ ကျွန်မ လီမွန်တီးပဲ သောက်တော့မယ်” ဟိရောမိက ပြန်ဖြေသည်။

စားပွဲထိုးမလေး ထွက်ခွာသွားသည့် အခါတွင် ကုစာနာဂိသည် ဟိရောမိကို ပြုံးပြကာ “ဆောရီးပဲ။ ခင်ဗျားအရင်က နွားနို့မှာသောက်ဖူးသလားလို့။ အဲဒါကြောင့် …”

သူက “ရပါတယ်” ဟု ပြောပြီး ခေါင်းဆတ်ပြသည်။ “ကျွန်မလည်း နွားနို့ကို အထူးတလည် ကြိုက်နေတာတော့ မဟုတ်ဘူး။ အခုဆို ဖြစ်နိုင်ရင် နွားနို့ကို မသောက်ချင်တော့ဘူး”

“အဲ … ထူးခြားတဲ့ အကြောင်းအရင်းများ ရှိနေလို့လား”

ကုစာနာဂိ၏ မေးခွန်းကို ကြားရသည်တွင် ဟိရောမိသည် ခေါင်းကို ငဲ့စောင်းလျက် “ကျွန်မ အဲဒီမေးခွန်းကို မဖြစ်မနေ ဖြေပေးဖို့ လိုအပ်တာလား”

“အား … မဟုတ်ပါဘူး။ မဖြေလည်း ကိစ္စမရှိပါဘူး” ကုစာနာဂိက လက်ကို ခါယမ်းနေသည်။ “ခင်ဗျားက အချိန်ရတယ်လို့ ပြောတာကြောင့် ကျွန်တော်က ရောက်တတ်ရာရာ လျှောက်ပြောမိတာပါ။ ဒါဆို ကျွန်တော်တို့ လိုရင်းကိုပဲ ပြောကြပါစို့။ ဒီနေ့ ကျွန်တော် ခင်ဗျားကို ခေါ်တွေ့ရတဲ့ အကြောင်းအရင်းက ခင်ဗျားဆီကနေ မာရှိဘအိမ်ရဲ့ မီးဖိုဆောင်နဲ့ ပတ်သက်တဲ့ အချက်အလက်တချို့ စုံစမ်းချင်လို့ပါ။ သူတို့အိမ်က ရေပိုက်ခေါင်းမှာ ရေသန့်စက်တပ်ထားတာကို ခင်ဗျား သိတယ် မဟုတ်လား”

“သိပါတယ်”

“ဒါဆို ခင်ဗျား အရင်တုန်းက အဲဒီစက်ကို သုံးခဲ့ဖူးလား”

“မသုံးဖူးဘူး” ဟိရောမိက စဉ်းစားမနေဘဲ တစ်မုဟုတ်ချင်း ပြန်လည် ဖြေကြားလိုက်သည်။

“ခင်ဗျားရဲ့ အဖြေက သိပ်ကို ပြတ်သားလွန်းနေတယ်။ တစ်ခဏလောက်တော့ စဉ်းစားရလိမ့်ဦးမယ်လို့ ကျွန်တော်က ထင်ထားတာ”

“စဉ်းစားစရာ မလိုပါဘူးရှင်။ အစကတည်းက ကျွန်မက သူတို့ရဲ့ မီးဖိုဆောင်ထဲကို သိပ်ပြီး ဝင်ဖြစ်တာမှ မဟုတ်တာ။ တစ်ခါမှလည်း ကူပြီး ဟင်းမချက်ပေးခဲ့ဖူးဘူး။ ဒါကြောင့်လည်း အဲဒီရေသန့်စက်ကို တစ်ခါမှ မသုံးခဲ့ဖူးဘူးလေ။ အရင်က ရဲဘော်ဥကျုမိကိုလည်း ကျွန်မ ပြောခဲ့ဖူးပါတယ်။ ဆရာမက ကျွန်မကို ကော်ဖီဖျော်ခိုင်းတဲ့အခါမျိုး၊ ဒါမှမဟုတ် လက်ဖက်ရည်တည်ခိုင်းတဲ့ အခါမျိုးမှာမှ ကျွန်မက သူတို့ရဲ့ မီးဖိုဆောင်ထဲကို ဝင်ဖြစ်တာ။ နောက်ပြီး ဆရာမက ဟင်းချက်နေရင်းမို့ လက်မအားတဲ့ အချိန်မျိုးမှာမှ ကျွန်မကို အဲဒီလို ခိုင်းတတ်တာပါ”

“ဒါဆို ခင်ဗျားက သူတို့ရဲ့ မီးဖိုဆောင်ထဲကို တစ်ယောက်တည်း တစ်ခါမှ မဝင်ဖူးဘူးပေါ့”

ဟိရောမိ၏ မျက်နှာပေါ်တွင် ထူးဆန်းအံ့ဩသည့် အရိပ်အယောင်များ ထင်ရှားဖြစ်ပေါ်လာသည်။ “ဆရာ ဘာရည်ရွယ်ချက်နဲ့ ကျွန်မကို အဲဒီလို မေးရတာလဲ။ ကျွန်မ နားမလည်ဘူး”

“ခင်ဗျားအနေနဲ့ နားလည်ဖို့ မလိုအပ်ပါဘူး။ သေသေချာချာ ပြန်စဉ်းစားကြည့်ပေးပါဦး။ အရင်က ခင်ဗျားတစ်ယောက်တည်း သူတို့ရဲ့ မီးဖိုဆောင်ထဲကို ဝင်ခဲ့ဖူးသလား”

သူသည် မျက်မှောင်ကြုတ်လျက် တဒင်္ဂမျှ စဉ်းစားနေသည်။ ထို့နောက် ကုစာနာဂိကို စိုက်ကြည့်ကာ “မဝင်ဖူးလောက်ဘူး ထင်တာပဲ။ နောက်ပြီး ဆရာမက သူတို့မီးဖိုဆောင်ထဲ တခြားလူ ဝင်တာကို လုံးဝ မကြိုက်ဘူးလို့ ကျွန်မ အဲဒီလိုပဲ အမြဲတမ်း မှတ်ယူထားတာ”

“အခွင့်မရှိရင် မဝင်ရဘူးလို့ သူက ခင်ဗျားကို ပြောထားခဲ့ဖူးလို့လား”

“အဲဒီလိုတော့ ပေါ်တင်ကြီး မပြောဖူးပါဘူး။ ဒါပေမယ့် ကျွန်မကတော့ အဲဒီလို ခံစားနေရတာပဲ။ နောက်ပြီး မီးဖိုဆောင်ဆိုတာ အိမ်ရှင်မတွေရဲ့ ရဲတိုက်ပဲ ဆိုတဲ့ ဆိုရိုးစကားလည်း ရှိတယ် မဟုတ်လား”

“အဲဒီလိုတော့ ကြားဖူးတာပဲ”

မှာထားသည်များ စားပွဲပေါ်သို့ ရောက်ရှိလာသည်။ ဟိရောမိသည် လက်ဖက်ရည်ခွက်ထဲသို့ သံပရာသီး ညှစ်ထည့်ပြီး လီမွန်တီးကို အရသာခံ၍ ဖြည်းဖြည်းချင်း စုပ်သောက်နေသည်။ သူ့ကို ကြည့်ရသည်မှာ အခြေအနေအားလုံး မူမှန်အဆင့်သို့ ပြန်လည် ရောက်ရှိနေလေပြီ။

ဆန့်ကျင်ဘက်အားဖြင့် ကုစာနာဂိ၏ ရင်မှာ လေးလံထိုင်းမှိုင်းနေသည်။ ဟိရောမိ ပြောခဲ့သော စကားသည် ယုကာဝါ၏ သုံးသပ်ချက်ကို အပြည့်အဝ ထောက်ခံနေသည် မဟုတ်လား။

သူသည် ကော်ဖီတစ်ငုံ မော့သောက်ကာ မတ်တတ်ထရပ်လိုက်သည်။ “အခုလို ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ဟိရောမိက ဝိုင်းစက်နေသော မျက်လုံးများဖြင့် ပြူးကြည့်နေသည်။ “မေးလို့ ပြီးသွားပြီလား”

“ကျွန်တော် သိချင်တာ သိရပါပြီ။ ဖြည်းဖြည်းသုံးဆောင်ပါ” ပြောပြီး သူသည် စားပွဲပေါ်မှ ဘေလ်စာရွက်ကို ယူ၍ အပေါက်ဝဘက်သို့ ထွက်ခွာသွားလေသည်။

ကော်ဖီဆိုင်ထဲမှ ထွက်ခွာလာပြီး တက္ကစီတစ်စီး တားစီးရန် ဟန်ပြင်နေစဉ်မှာပင် လက်ကိုင်ဖုန်းမှ အသံမြည်လာသည်။ ဆက်လာသူမှာ ယုကာဝါ။

ယုကာဝါက အဆိပ်ခတ်နည်းနှင့် ပတ်သက်၍ သူနှင့် တိုင်ပင်စရာ ရှိသည်ဟု ဆိုလာသည်။

“ကိစ္စတချို့ကို အခုချက်ချင်း မင်းဆီကနေ အတည်ပြုချက် ရယူချင်တယ်။ တစ်နေရာရာမှာ တွေ့ကြရအောင်လား”

“အဲဒီကိစ္စဆိုရင်တော့ ငါ အခုပဲ မင်းဆီ လာခဲ့မယ်။ နေစမ်းပါဦး။ ဘာများ အဲဒီလောက် အရေးကြီးနေရတာလဲ။ ငါ့ဆီကနေတောင် အတည်ပြုချက် ယူရဦးမယ်လို့။ မင်းက မင်းရဲ့ သီအိုရီအပေါ် ယုံကြည်ချက်အပြည့် ရှိနေပြီးသားပဲ မဟုတ်ဘူးလား”

“ယုံကြည်ချက်ကတော့ တစ်ပြားသားမှ မလျော့ဘူး ငါ့ကောင်။ အဲဒီလို ယုံကြည်ထားလို့လည်းပဲ အတည်ပြုကြည့်ချင်တာပေါ့။ ငါ့ဆီသာ မြန်မြန် လာခဲ့စမ်းပါကွာ”

ပြောပြီးသည်နှင့် ယုကာဝါသည် ဖုန်းကို ချပစ်လိုက်သည်။

***

မိနစ်သုံးဆယ်ခန့် ကြာသွားပြီးနောက် ကုစာနာဂိသည်
အင်ပီရီယယ်တက္ကသိုလ်၏
ပင်မတံခါးမှ လျှောက်ဝင်လာခဲ့သည်။

“လူသတ်တရားခံက အဲဒီနည်းလမ်းကို အသုံးပြုခဲ့ပါတယ် ဆိုတဲ့ ပေးထားချက်ပေါ် အခြေခံပြီး ဒီအမှုကြီးရဲ့ အမှုသွားအမှုလာကို အနုလုံ ပဋိလုံ စဉ်းစားကြည့်လိုက်တဲ့ အခါမှာ ကိစ္စတစ်ခုက ငါ့ကို ခိုးလိုးခုလုဖြစ်အောင် စိတ်အနှောင့်အယှက် ပေးနေတယ်။ မင်းတို့ရဲ့ စုံစမ်းစစ်ဆေးမှုအတွက် အထောက်အကူ ပြုကောင်းပြုနိုင်မယ် ထင်လို့ ဖုန်းဆက်ပြီး မင်းကို ခေါ်လိုက်ရတာပဲ” သူတို့နှစ်ဦး ဆုံမိလျှင် ဆုံမိချင်း ယုကာဝါက ကုစာနာဂိကို ပြောသည်။

“ကြည့်ရတာ မင်းပြောချင်တဲ့ ကိစ္စက အတော်ကို အရေးကြီးမယ် ထင်တယ်”

“တော်တော်ကို အရေးကြီးတယ်။ ငါ အခု မင်းဆီကနေ အတည်ပြုချင်တဲ့ ကိစ္စက ဘာလဲဆိုတော့ အမှုဖြစ်ပြီးတဲ့နောက်မှာ အာယနဲက သူ့အိမ်ကို ပြန်ရောက်ရောက်ချင်း ဘာတွေ လုပ်ခဲ့သလဲ ဆိုတဲ့ အချက်ပဲ။ ငါ မှတ်တာ မမှားဘူးဆိုရင် အဲဒီအချိန်မှာ သူက မင်းနဲ့အတူ ရှိနေခဲ့တယ် မဟုတ်လား”

“ဟုတ်တယ်။ အဲဒီတုန်းက ငါနဲ့ဥကျုမိက နှစ်ယောက်အတူ သူ့ကို အိမ်ပြန်ပို့ပေးခဲ့ကြတာ”

“အဲဒီတုန်းက သူ အိမ်ပြန်ရောက်ရောက်ချင်း ပထမဆုံးအနေနဲ့ ဘာလုပ်ခဲ့တာလဲ” ယုကာဝါက မေးသည်။

“ပထမဆုံး … အဲဒါလား။ အဲဒီတုန်းက သူ အခင်းဖြစ်တဲ့နေရာကို ကြည့်တယ် …”

ယုကာဝါသည် ခေါင်းကို ခါယမ်းနေသည်။ “သူ မီးဖိုဆောင်ထဲကို ဝင်သွားလိမ့်မယ်။ ပြီးတော့ မီးဖိုဆောင်ထဲမှာ ရှိတဲ့ ရေပိုက်ခေါင်းကို ဖွင့်ပစ်လိမ့်မယ်။ ဟုတ်တယ်မလား”

ကုစာနာဂိသည် တစ်ခဏမျှ စဉ်းစားကြည့်လိုက်သည်နှင့် ထိုစဉ်က အဖြစ်အပျက်များ အားလုံးသည် သူ၏ အတွေးအာရုံထဲသို့ တစ်ခုချင်း တန်းစီ ဝင်ရောက်လာကြသည်။

“ဟုတ်တယ်။ မင်းပြောတဲ့အတိုင်းပဲ။ သူ ရေပိုက်ခေါင်းကို ဖွင့်ခဲ့သေးတယ်”

“သူက အဲဒီရေတွေကို ဘာလုပ်ပစ်ခဲ့တာလဲ။ ငါ မှန်းတာ မမှားဘူးဆိုရင် သူ အဲဒီတုန်းက ရေအတော်များများကို အသုံးပြုခဲ့လိမ့်မယ်” ယုကာဝါ၏ မျက်ဝန်းများ အရောင်တောက်လာကြသည်။

“ပန်းပင် ရေလောင်းတာလေ။ သူက သူ့ပန်းပင်တွေ ညှိုးခြောက်နေတာကို မကြည့်ရက်ဘူးလို့ ပြောပြီး ရေပုံးထဲ ရေအပြည့်ထည့်ပြီး အပေါ်ထပ်မှာ စိုက်ထားတဲ့ ပန်းပင်တွေကို ရေသွားလောင်းခဲ့တာပဲ”

“အဲဒါပဲ” ယုကာဝါသည် ကုစာနာဂိကို လက်ညှိုးထိုးလျက် ဆက်ပြောသည်။ “အဲဒါ သူ့အဆိပ်ခတ်နည်းရဲ့ နောက်ဆုံးအဆင့်ပဲ”

“အဆိပ်ခတ်နည်းရဲ့ နောက်ဆုံးအဆင့် …”

“တရားခံရဲ့ နေရာကနေ နေပြီး ငါ တွေးကြည့်တယ်။ အဲဒီတုန်းက သူဟာ ရေသန့်စက်ထဲက အဆိပ်တွေကို ဂရုမစိုက်တော့ဘဲ အိမ်ကနေ ထွက်သွားခဲ့တယ်။ အဆိပ်ခတ်ပြီး သတ်ပစ်ချင်တဲ့ သူ့ရဲ့ ပစ်မှတ်ကလည်း သူ မျှော်လင့်ထားတဲ့အတိုင်း အဆိပ်ရေသောက်ပြီး သေသွားခဲ့ပြီ။ ဒါပေမယ့် အဲဒီအချိန်မှာ သူ စိတ်ချလက်ချ နေလို့ မရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရေသန့်စက်ထဲမှာ အဆိပ်တွေ ကျန်ချင် ကျန်နေနိုင်သေးတယ်”

ကုစာနာဂိ၏ ခါးမှာ အလိုအလျောက် ဆတ်ကနဲ တည့်မတ်သွားသည်။ “သိပ်ဟုတ်တာပေါ့”

“တကယ်လို့သာ အဲဒီအတိုင်း ပစ်ထားလိုက်မယ်ဆိုရင် တရားခံအတွက် အင်မတန်မှ အန္တရာယ် များလွန်းတယ်။ အဲဒီရေတွေကို တစ်ယောက်ယောက်ကများ မတော်တဆ သောက်မိသွားရင် ဒုတိယမြောက် မာရှိဘ နောက်တစ်ယောက် ထပ်ပေါ်ချင် ပေါ်လာနိုင်တယ်။ အဲဒီလိုသာဆိုရင်တော့ ရဲဘက်ကလည်း သူရဲ့ လုပ်နည်းလုပ်ဟန်ကို ချက်ချင်း ရိပ်မိသွားမှာ အမှန်ပဲ။ ဒါကြောင့် တရားခံရဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် သူ့အနေနဲ့ သက်သေတွေကို အမြန်ဆုံး ဖျောက်ဖျက်ပစ်ဖို့ အကြံမထုတ်ဘဲ နေမှာ မဟုတ်ဘူး”

“ဒါကြောင့် သူက ပန်းပင်တွေကို ရေလောင်းခဲ့တာလား”

“အဲဒီတုန်းက ရေပုံးထဲကို ထည့်တဲ့ရေတွေက ရေသန့်စက်ထဲက ထွက်တဲ့ရေတွေ။ ရေပုံးတစ်ပုံးစာလောက်သာ ဆက်တိုက် ဖွင့်ချပစ်လိုက်ရင် ရေသန့်စက်ထဲမှာ ကြွင်းကျန်နေတဲ့ အာဆန်နစ်တွေကလည်း အကုန်လုံး ဆေးထုတ်ပစ်လိုက်သလို ဖြစ်သွားမှာပဲ။ ဒါကြောင့်လည်း ငါတို့မှာ Spring-8 ရဲ့ အကူအညီကို ယူပြီး စစ်ဆေးကြည့်ရတဲ့ဘဝမျိုး ရောက်သွားတော့တာပေါ့။ တစ်နည်းပြောရရင် အဲဒီတုန်းက တစ်ဖက်လှည့်နဲ့ ပန်းပင်ရေလောင်းခဲ့တဲ့ လုပ်ရပ်က တကယ်တော့ မင်းတို့ စုံထောက်တွေရဲ့ မျက်စိအောက်မှာ သက်သေအထောက်အထားကို လှလှပပနဲ့ ပညာသားပါပါ ဖျောက်ဖျက်ပစ်ခဲ့တာပဲ”

“ဒါဆို အဲဒီရေတွေက …”

“အဲဒီရေတွေသာ ကျန်နေဦးမယ်ဆိုရင် သက်သေအဖြစ် အသုံးပြုကောင်း ပြုနိုင်လိမ့်မယ်” ယုကာဝါက ပြောသည်။ “ရေသန့်စက်ထဲကနေ အာဆန်နစ် မော်လီကျူးတချို့ကို ရှာတွေ့ခဲ့တယ် ဆိုတဲ့ အချက်လောက်နဲ့ အမှုတည်ဆောက်လို့ မရနိုင်ဘူး။ သူ အဲဒီလို အဆိပ်ခတ်ခဲ့ပါတယ်လို့ သက်သေပြချင်ရင် နည်းလမ်းတစ်ခုပဲ ရှိတယ်။ အခင်းဖြစ်တဲ့နေ့မှာ ရေသန့်စက်ထဲကနေ အာဆန်နစ်အဆိပ်ပါတဲ့ ရေတွေ အများကြီး ထွက်ခဲ့ပါတယ်လို့ အထောက်အထား တင်ပြနိုင်ရင်တော့ ငါရဲ့ သီအိုရီကို သက်သေပြလို့ ရလာလိမ့်မယ်”

“စောစောက ငါ မင်းကို ပြောခဲ့ပြီးပြီလေကွာ။ အဲဒီရေတွေနဲ့ ပန်းပင်တွေကို ရေလောင်းပစ်လိုက်ပါပြီဆိုနေ”

“အဲဒီလိုဆိုရင် အဲဒီပန်းအိုးတွေထဲက မြေကို ယူပြီး ဓာတ်ခွဲကြည့်ပေါ့။ Spring-8 နဲ့သာဆိုရင် အာဆန်နစ်တွေ ရှာမတွေ့ဘဲ နေမှာ မဟုတ်ဘူး။ မြေကြီးထဲမှာ ပျော်ဝင်နေတဲ့ အဆိပ်တွေက အာယနဲ လောင်းတဲ့ ရေထဲက ပါလာပါတယ်လို့ သက်သေပြဖို့ရာ ခက်ကောင်း ခက်နိုင်လိမ့်မယ်။ ဒါပေမယ့် အနည်းဆုံးတော့ သက်သေအထောက်အထားအသစ်တွေ ရလာနိုင်တယ်လေ”

ယုကာဝါ၏ စကားကို ကြားရသည့်အခါတွင် အရာဝတ္ထုတစ်ခုသည် ကုစာနာဂိ၏ ဦးနှောက်ထဲတွင် ရိုးတိုးရိပ်တိပ် ကိုယ်ယောင်ပြလာသည်။ ၎င်းအရာဝတ္ထုကို ဦးနှောက်ထဲတွင် ထင်ရှားပြတ်သားလာစေရန် သူ ကြိုးစားကြည့်သည်။ သို့သော် မှုန်တိမှုန်ဝါးသာ။ ၎င်းအရာဝတ္ထုမှာ သူ မြင်ဖူးသော အရာတစ်ခု ဖြစ်နေပါလျက်နှင့် မြင်ဖူးခဲ့သည်ကိုပင် မေ့ချင်ချင် ဖြစ်နေလေပြီ။

လည်ချောင်းထဲတွင် ငါးရိုးစူးခဲ့ဖူးသော မှတ်ဉာဏ်အပိုင်းအစ တချို့က သူ၏ အတွေးကွန်ရက်ထဲသို့ အမှတ်မထင် တိုးဝင်ကပ်ငြိလာသည့်နှယ်။

ကုစာနာဂိသည် ပင့်သက်ရှိုက်ကာ ယုကာဝါ၏ မျက်နှာကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။

“ဘာလဲ။ ငါ့မျက်နှာပေါ်မှာ ဘာတွေ ပေနေလို့လဲ” ယုကာဝါက မေးသည်။

“မဟုတ်ပါဘူး” ကုစာနာဂိက ခေါင်းခါလိုက်သည်။ “ငါ မင်းကို အကူအညီတောင်းစရာ တစ်ခုရှိတယ်။ မဟုတ်သေးဘူး။ ထောက် (၁) ရဲ့ ရဲဘော်တစ်ယောက်အနေနဲ့ အင်ပီရီယယ်တက္ကသိုလ်က ပါမောက္ခယုကာဝါကို အကူအညီတောင်းစရာ တစ်ခု ရှိတယ်”

ယုကာဝါ၏ ဟန်ပန်အမူအရာမှာလည်း ရုတ်ချည်းဆိုသကဲ့သို့ လေးနက်တည်ကြည်သွားသည်။ သူသည် လက်ညှိုးထိပ်ဖြင့် မျက်မှန်ကို အထက်သို့ ပင့်တင်လိုက်သည်။ “ဆိုစမ်းပါဦး”

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *