ဥကျုမိသည် မဲဂူရိုရဲစခန်း၏ အစည်းအဝေး ခန်းမထဲတွင် စာရွက်စာတမ်းများ ပြင်ဆင်နေစဉ် မာမီယာသည် အနားသို့ ရောက်လာကာ သူ့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ဥကျုမိသည် မတ်တတ်ရပ်ပြီး သူ့အနီးသို့ ချဉ်းကပ်သွားသည်။
“ဟိုကိစ္စကို ငါ ဌာနမှူးတွေနဲ့ တိုင်ပင်ကြည့်ပြီးသွားပြီ” မာမီယာသည် ထိုင်ခုံတွင် ထိုင်ချပြီး စကားဆိုသည်။ သူ၏ မျက်နှာမှာ များစွာ မကောင်းလှချေ။
“ဖမ်းဝရမ်းကရော”
မာမီယာက ခေါင်းကို ခပ်ဖြည်းဖြည်း ခါယမ်းနေသည်။ “အခုတော့ မဖြစ်နိုင်သေးဘူး။ တရားခံကို တိုက်ရိုက်စွဲဆိုနိုင်တဲ့ သက်သေအထောက်အထားက အရမ်းကို နည်းလွန်းနေသေးတယ်။ ဆရာဂယ်လီလီယိုရဲ့ သုံးသပ်ချက်က အင်မတန်မှ ပြောင်မြောက်တယ် ဆိုပေမယ့်လည်း သက်သေသက္ကာယနဲ့ တိတိကျကျ ထုတ်မပြနိုင်ဘူး ဆိုရင်တော့ သူ့ကို ဘယ်လိုနည်းနဲ့မှ တရားစွဲနိုင်မှာ မဟုတ်ဘူး”
“ကျွန်မ စိုးရိမ်နေတဲ့အတိုင်း ဖြစ်လာခဲ့တာပဲ” ဥကျုမိ၏ ခေါင်းမှာ အောက်သို့ ငိုက်စိုက်ကျသွားသည်။ ယုကာဝါပြောခဲ့သည့်အတိုင်း ဖြစ်နေချေပြီ။
“ဌာနမှူးနဲ့ အုပ်ချုပ်ရေးမှူးလည်း အဲဒီကိစ္စအတွက် ခေါင်းခြောက်နေကြတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက အဆိပ်ခတ်ထားပြီး ဒီကြားထဲမှာ တစ်ဖက်လူကို အဆိပ်မသောက်မိအောင် နည်းမျိုးစုံသုံးပြီး ကာကွယ်ပေးထားတယ် ဆိုတာမျိုးက ရာဇဝင်မှာ ရှိခဲ့ဖူးတာ မဟုတ်ဘူး။ အဲဒါကို လုပ်ကြံသတ်ဖြတ်မှုပါလို့ ဘယ်လိုလုပ်ပြီး ခေါင်းစဉ်တပ်ရပါ့မလဲ။ သူတို့နှစ်ယောက်စလုံးက အခုချိန်ထိကို မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ ရှိနေတုန်းပဲ။ အမှန်အတိုင်း ဝန်ခံရရင် ငါလည်း သူတို့နဲ့ မထူးဘူး။ ဖြစ်နိုင်တဲ့ အဖြေက ဒီတစ်မျိုးတည်း ရှိတယ် ဆိုပေမယ့်လည်း စိတ်ထဲမှာတော့ ဇဝေဇဝါနဲ့ ယုံရခက်ကြီး ဖြစ်နေတုန်းပဲ”
“ဆရာယုကာဝါရဲ့ စကားကို ကြားခါစတုန်းက ကျွန်မကိုယ်တိုင်လည်း ဘယ်လိုမှ မယုံနိုင်ခဲ့ဘူး”
“တကယ့်ဟာပဲ။ ဒီလောကကြီးမှာ အဲဒီလို ဂေါက်တီးဂေါင်ကြောင် တွေးတတ်တဲ့ လူတွေက ရှိနေတတ်သေးတာပဲ။။ အဲဒီ အာယနဲဆိုတဲ့ အမျိုးသမီးက ပေါ့သေးသေးတော့ မဟုတ်ဘူး။ ခေါင်းသုံးပြီး စဉ်းစားချင့်ချိန်ကြည့်ရုံ သက်သက်နဲ့ တရားခံကို ဖော်ထုတ်ပေးနိုင်တဲ့ ဆရာကလည်း တကယ့်ကို ခေသူ မဟုတ်ဘူးပဲ။ သူတို့ရဲ့ ဦးနှောက်တွေက ဘယ်လိုများ ဖွဲ့စည်းထားကြလဲ မသိဘူး” မာမီယာက မျက်နှာကို ရှုံ့မဲ့လျက် စကားဆိုသည်။ “အခုချိန်ထိတော့ ဆရာရဲ့ သုံးသပ်ချက်က မှန်သလား၊ မှားသလား ဆိုတာကို ဘယ်လိုမှ သက်သေမပြနိုင်သေးဘူး။ အဲဒီလို သက်သေ မပြနိုင်ဘူး ဆိုရင်တော့ မာရှိဘ အာယနဲကို လက်ဖျားနဲ့တောင် ထိလို့ ရမှာ မဟုတ်ဘူး”
“ကျုကူအိ ဂျွန်ကိုဘက်က အခြေအနေကရော။ ထ.ရ.ဖက သူ့မိဘအိမ်ကို လူလွှတ်ပြီး စစ်ဆေးစရာရှိတာ စစ်ဆေးနေကြပြီ မဟုတ်လား”
မာမီယာက ခေါင်းညိတ်ပြသည်။ “သူတို့ အာဆန်နစ်ထည့်ထားခဲ့ဖူးတဲ့ ဗူးခွံကို ယူပြီး Spring-8 ကို ပို့ထားပြီ ပြောတယ်။ ဒါပေမယ့် အဲဒီဗူးခွံထဲမှာ ရှိနေတဲ့ အာဆန်နစ်နဲ့ ဒီအမှုမှာ သုံးထားတဲ့ အာဆန်နစ်က အမျိုးအစားနဲ့ အချိုးအစားပါ ထပ်တူကျနေပါတယ် ဆိုရင်တောင် အဲဒီအချက်က ခိုင်မာတဲ့ သက်သေအဖြစ်နဲ့ ဘယ်လိုမှ သုံးလို့ ရမှာ မဟုတ်ဘူး။ အဲ … ယုံမှတ်နိုင်လောက်တဲ့ သက်သေအဖြစ်တောင် သုံးလို့ရမယ် မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့သာ မာရှိဘ ယိုရှီတာကာကသာ ကျုကူအိ ဂျွန်ကိုရဲ့ ရည်းစားဟောင်း ဖြစ်နေခဲ့ရင် မာရှိဘ ယိုရှီတာကာကိုယ်တိုင်က အဲဒီအာဆန်နစ်တွေကို ပိုင်ဆိုင်ခဲ့တာလည်း ဖြစ်နိုင်တယ်”
ဥကျုမိသည် လေပူများအား အားပါးတရ မှုတ်ထုတ်ပစ်လိုက်သည်။ “ဒါဆို ဘယ်လိုအရာကိုမှ သက်သေလို့ သတ်မှတ်လို့ ရမှာလဲ။ ကျေးဇူးပြုပြီး ကျွန်မကို ပြောပြပါဦး။ ကျွန်မ ဘယ်လိုအရာမျိုးကို သွားရှာရမှာလဲ။ ဆရာကသာ လမ်းညွှန်ချက်ပေးမယ် ဆိုရင် ဘာကြီးဖြစ်နေနေ ကျွန်မ ရအောင် ရှာလာခဲ့မယ်။ ဒါမှမဟုတ် ဆရာယုကာဝါ ပြောခဲ့သလို ဒီအမှုက တကယ့်ကို စင်းလုံးချောတဲ့ ပြစ်မှုမျိုးလား”
မာမီယာက မျက်မှောင်ကြုတ်လျက် “ငါ့ဘေးနားလာပြီး ပွစိပွစိ လုပ်မနေစမ်းနဲ့ဟာ။ သူ အမှုလုပ်ခဲ့တာကို ဘယ်လို သက်သေပြရမှန်း မသိလို့ ဦးနှောက်ခြောက်နေရတဲ့ အထဲမှာ။ ငါတို့ဆီမှာ သက်သေအဖြစ် သတ်မှတ်လို့ရတဲ့ ပစ္စည်းဆိုလို့ အာဆန်နစ်အမှုန်တွေ တင်ကျန်နေခဲ့တဲ့ ရေသန့်စက်တစ်လုံးပဲ ရှိတယ်။ ဌာနမှူးရဲ့ အကြံပြုချက်က ဘာလဲဆိုတော့ အဲဒီရေသန့်စက်ကို သက်သေခံပစ္စည်းအဖြစ် အသုံးပြုနိုင်အောင် ကြံဆကြည့်ရင် ကောင်းမယ်တဲ့”
အထက်အရာရှိ၏ အကြံပြုချက်ကို ကြားရသည့်အခါတွင် ဥကျုမိသည် နှုတ်ခမ်းကို ပေါက်ထွက်လုမတတ် ကိုက်ထားလိုက်မိသည်။ သူ၏ စကားမှာ အလံဖြူ ထောင်လိုက်သကဲ့သို့ ဖြစ်နေသောကြောင့်ပင်။
“အဲဒီလို နှုတ်ခမ်းကြီး စူပုပ်မနေစမ်းပါနဲ့ဟာ။ ငါ အရှုံးမပေးသေးပါဘူး။ တစ်နည်းနည်းတော့ တွေ့လာဦးမှာပါ။ စင်းလုံးချောတဲ့ ပြစ်မှုမျိုးဆိုတာ အဲဒီလောက် လွယ်လွယ်နဲ့ လုပ်လို့ရတာ မဟုတ်ဘူး”
ဥကျုမိသည် ခေါင်းကို အသာအယာ ညိတ်လိုက်ပြီးနောက် မာမီယာကို နောက်တစ်ကြိမ် ဦးညွတ်၍ အရိုအသေ ပေးလိုက်ပြန်သည်။ ထို့နောက် နောက်သို့ ချာကနဲ လှည့်ကာ ထွက်ခွာသွားလေသည်။ ဤကဲ့သို့ ဦးညွှတ်၍ အရိုအသေ ပေးလိုက်ခြင်းမှာ ခွဲမှူး၏ အကြံပြုချက်ကို လက်သင့်ခံလိုက်သည်ဟု ဆိုလိုရာ မရောက်ပေ။
စင်းလုံးချောသည့် ပြစ်မှုမျိုးကို ဤမျှ လွယ်လွယ်ကူကူ ပြုလုပ်၍ မရနိုင်ကြောင်း သူကိုယ်တိုင် ရှင်းရှင်းပြတ်ပြတ် သိရှိထားပြီး ဖြစ်သည်။ သို့သော် မာရှိဘ အာယနဲ၏ ကြိုတင်ပြင်ဆင်ထားမှုများသည် လူသာမန်တို့အဖို့ လွန်စွာမှ လုပ်နိုင်ခဲလှသော အမှုများ ဖြစ်သည်။ လုံးဝ လုပ်နိုင်ခြေ မရှိဟုပင် ဆိုကောင်း ဆိုနိုင်လိမ့်မည်။ ထို့ကြောင့် ဤအမှုသည် ရာဇဝင်တွင်လောက်မည့် စင်းလုံးချောပြစ်မှုမျိုး ဖြစ်သွားမည်ကို ဥကျုမိက အစိုးရိမ်ကြီး စိုးရိမ်နေမိသည်။
သူသည် မူလနေရာတွင် ပြန်ထိုင်လိုက်ပြီးနောက် လက်ကိုင်ဖုန်းကို ဆွဲထုတ်၍ စာတိုများကို စစ်ဆေးကြည့်နေသည်။ ကုစာနာဂိထံမှ သတင်းကောင်းများ ဝင်ရောက်လာပါစေဟု သူ့ရင်ထဲတွင် ကြိတ်၍ ဆုတောင်းနေမိသည်။ သို့သော် လက်ကိုင်ဖုန်းထဲတွင် သူ၏ မိခင်ထံမှ စာတိုတစ်စောင်သာ ရောက်ရှိနေလေသည်။