မာတိကာကြည့်ရန်

(၂၆)

အီကာအိ၏ ဥပဒေအကြံပေး ကုမ္ပဏီသည် အဲဘီစုဘူတာမှ ၅ မိနစ်ခန့် လမ်းလျှောက်ရသော ခြောက်ထပ်တိုက်တစ်လုံး၏ စတုတ္ထထပ်တွင် ရှိသည်။ အသက် ၂၀ စွန်းစွန်းသာ ရှိသေးသည့် မီးခိုရောင် ဝတ်စုံဝတ်ဆင်ထားသော ဝန်ထမ်းကောင်မလေးတစ်ယောက်သည် ဧည့်ကြိုကောင်တာတွင် ထိုင်နေသည်။

ကြိုတင် ချိန်းဆိုထားပြီး ဖြစ်သော်လည်း ကုစာနာဂိသည် ဧည့်တွေ့ဆောင်တွင် ထိုင်စောင့်နေရသေးသည်။ ဧည့်တွေ့ဆောင်ဟု ဆိုရသော်လည်း စင်စစ်မှာမူ စားပွဲတစ်လုံးနှင့် သံကုလားထိုင်များသာ ရှိသော အခန်းကျဉ်းကလေး တစ်ခန်းသာ ဖြစ်သည်။ ဤသို့သော အခန်းမျိုးမှာ တစ်ခန်းတည်း မဟုတ်။ အများအပြားပင် ရှိနေသေးသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် ဤကုမ္ပဏီတွင် ရှေ့နေအမြောက်အမြား ခန့်ထားပုံ ရသည်။ အီကာအိသည် အဘယ်ကြောင့် မာရှိဘ ယိုရှီတာကာ၏ ကုမ္ပဏီကို အပြည့်အဝ ကူညီအုပ်ချုပ်ပေးနိုင်ခဲ့သနည်း ဟူသည့် အချက်ကိုလည်း ကုစာနာဂိ သဘောပေါက်လာခဲ့သည်။

၁၅ မိနစ်ခန့် ကြာသောအခါမှ အီကာအိသည် ကုစာနာဂိထံမှောက်သို့ ရောက်ရှိလာသည်။ သို့သော် သူသည် တောင်းပန်စကားကို တစ်ခွန်းမျှ မဆိုဘဲ “မင်္ဂလာပါ” ဟူသော စကားဖြင့်သာ နိဒါန်းပျိုးလိုက်သည်။ ကုစာနာဂိကို အလုပ်လာရှုပ်နေသည်ဟု ယူဆထားသောကြောင့်ပေလော မဆိုနိုင်။

“အမှုက ဘာများ ထူးသေးလဲဗျ။ အာယနဲဆီကတော့ ဘာမှ မကြားမိသလိုပဲ” အီကာအိက ထိုင်ခုံပေါ် ထိုင်ချလိုက်ပြီး စကားဆိုသည်။

“ထူး၏၊ မထူး၏တော့ မပြောတတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ အချက်အလက်အသစ်တွေကိုတော့ ထပ်ရထားတယ်။ အခု ခင်ဗျားကို ပြောပြခွင့် မရှိသေးတာကိုတော့ စိတ်မကောင်းပါဘူးဗျာ”

အီကာအိက မချိပြုံး ပြုံးနေသည်။ “ကိစ္စ မရှိပါဘူးဗျာ။ ကျွန်တော်က သတင်းနှိုက်ဖို့လည်း စိတ်ကူးမရှိပါဘူး။ အဲဒီလောက်လည်း အားမနေဘူးဗျ။ နောက်ပြီး အခုဆိုရင် မာရှိဘရဲ့ ကုမ္ပဏီကလည်း ဗရုတ်ဗရက် ကာလကို လွန်မြောက်ပြီးလို့ တည်ငြိမ်အေးဆေးတဲ့ အခြေအနေမျိုး ရှိနေပြီလေ။ ဒီတော့ ကျွန်တော် စိတ်အဝင်စားဆုံး ကိစ္စကတော့ ဘယ်လိုပဲ ပြီးပြီး၊ ဒီအမှု မြန်မြန် ပြီးပြတ်သွားဖို့ပါပဲ။ ခင်ဗျား ဒီနေ့ ကျွန်တော့်ကို လာတွေ့တာ ဘာအကြောင်း ရှိလို့လဲ။ ခင်ဗျားလည်း အခုဆို သဘောပေါက်နေလောက်ပါပြီ။ ကျွန်တော်က မာရှိဘရဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေမှာ ဘာမှ မယ်မယ်ရရ သိထားတာ မဟုတ်ဘူး”

သူက လက်ပတ်နာရီကို ငုံ့ကြည့်သည်။ အဓိပ္ပာယ်မှာ ပြောစရာရှိသည်ကို မြန်မြန်ပြောပါ ဟူသော သဘော။

“ကျွန်တော် ခင်ဗျားကို မေးစရာတစ်ခု ရှိလို့ပါ။ အဲဒီကိစ္စကို ခင်ဗျား မသိဘဲ နေမှာ မဟုတ်ဘူး။ အဲ … ခင်ဗျား တစ်ယောက်တည်းပဲ သိလိမ့်မယ်လို့ ပြောရင် ပိုမှန်လိမ့်မယ် ထင်တယ်”

အီကာအိသည် အံ့အားသင့်နေသော မျက်နှာထားဖြင့် ပြန်မေးသည်။ “ကျွန်တော် တစ်ယောက်တည်းပဲ သိမယ် … ဘာကိစ္စများပါလိမ့်”

“မာရှိဘ ယိုရှီတာကာနဲ့ အာယနဲတို့ ပထမဆုံးအကြိမ် ဆုံတွေ့ကြတဲ့ ကိစ္စပါ။ ခင်ဗျား အဲဒီတုန်းက အနားမှာ ရှိနေခဲ့တယ်ဆို။ ရှေ့တစ်ခေါက်က အဲဒီလို ပြောခဲ့တယ်လို့ ကျွန်တော် မှတ်မိတာပဲ”

“ဒီကိစ္စ လာပြန်ပြီလား” အီကာအိက လေပူများ မှုတ်ထုတ်ကာ စိတ်ပျက်နေကြောင်း အတိအလင်း ဖော်ပြလိုက်သည်။

“သူတို့နှစ်ယောက် အဲဒီပါတီပွဲမှာ ဘာတွေပြောပြီး၊ ဘာတွေလုပ်ခဲ့ကြသလဲ ဆိုတာကို ကျွန်တော် အသေးစိတ် သိချင်ပါတယ်။ ပထမဆုံးအနေနဲ့ သူတို့နှစ်ယောက် ဘယ်လို စတွေ့ခဲ့ကြသလဲ ဆိုတာကို ကျွန်တော်ကို ပြောပြနိုင်မလား”

ဤမေးခွန်းကို ကြားရသည်တွင် အီကာအိသည် တအံတဩ ဖြစ်လျက် မျက်မှောင်ကြုတ်ထားသည်။ “အဲဒီကိစ္စက အမှုနဲ့ ဘယ်လိုများ ပတ်သက်နေလို့လဲ”

ကုစာနာဂိသည် ဘာတစ်ခွန်းမျှ ပြန်လည် ဖြေကြားခြင်း မရှိဘဲ မချိပြုံးသာ ပြုံးနေလေသည်။

အီကာအိက နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြန်သည်။ “ဒါလည်း လျှို့ဝှက်ချက်ပဲလား။ ဒါပေမယ့် ခင်ဗျားဟာက အတော် နားလည်ရခက်တဲ့ ကိစ္စပဲ။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က အဖြစ်အပျက်က အမှုနဲ့ ဘယ်လိုမှ ပတ်သက်နိုင်စရာ မရှိပါဘူးဗျာ”

“တကယ်တမ်း ပတ်သက်ခြင်း ရှိမရှိ ဆိုတာကိုလည်း ကျွန်တော်တို့ မဝေခွဲနိုင်သေးပါဘူး။ အဲဒီတုန်းက ဖြစ်ပျက်ခဲ့သမျှကို ကျွန်တော်ကို ပြောပြပေးစေချင်ပါတယ်”

“ခင်ဗျားပုံ ကြည့်ရတာ လုံးဝ မသက်ဆိုင်တာတော့ မဖြစ်နိုင်ဘူး။ … ထားပါတော့ဗျာ။ ဘယ်ကဘယ်လို စပြောရပါ့မလဲ”

“ရှေ့တစ်ခေါက် ခင်ဗျားပြောဖူးတာက အတွဲရှာတဲ့ ပါတီပွဲတစ်ပွဲမှာ ဆိုလားလို့။ အဲဒီလို ပါတီပွဲတွေမှာ ဂိမ်းတွေ အမျိုးမျိုး စီစဉ်ထားတတ်တယ်လို့ ကြားဖူးတယ်။ ယောက်ျားလေးနဲ့ မိန်းကလေးတွေအကြား ပိုပြီး ရင်းရင်းနှီးနှီး ဖြစ်သွားအောင် စီစဉ်ထားတာတဲ့။ အဲဒီအချက်က အမှန်ပဲလား။ ဥပမာ ပါတီပွဲတက်တဲ့သူက ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်တဲ့အနေနဲ့ စကားထွက်ပြောရတာမျိုးပေါ့”

အီကာအိက လက်ခါပြသည်။ “အဲဒီလို မရှိပါဘူးဗျာ။ ရိုးရိုးမိတ်ဆုံစားပွဲ ပုံစံမျိုးပါပဲ။ အဲဒီလို ထူးထူးဆန်းဆန်း ဂိမ်းတွေ စီစဉ်ထားရင် ကျွန်တော်က အဲဒီပွဲကို တက်တောင် တက်ဖြစ်မှာ မဟုတ်ဘူး”

ကုစာနာဂိက ခေါင်းညိတ်လိုက်သည်။ သူ ပြောသည်မှာလည်း ဟုတ်တုတ်တုတ်။ “ဒါဆို အာယနဲကလည်း အဲဒီပါတီပွဲကို လာတက်ခဲ့တယ်။ ဟုတ်တယ်မလား။ အဲဒီတုန်းက သူနဲ့အတူ သူငယ်ချင်းတွေရော ပါလာသေးလား”

“မပါဘူး။ တစ်ယောက်တည်း လာတာလို့ ထင်တယ်။ တခြားလူတွေနဲ့လည်း စကားစမြည်ပြောတာမျိုး မရှိဘူး။ တစ်ယောက်တည်း ဘားကောင်တာမှာ ကော့တေးသောက်နေတာ”

“ဒါဆို အဲဒီတုန်းက သူတို့နှစ်ယောက်ထဲမှာ ဘယ်သူက စကားစပြောခဲ့တာလဲ”

“မာရှိဘပါ” အီကာအိက ချက်ချင်း ပြန်ဖြေသည်။

“မစ္စတာမာရှိဘ …”

“အဲဒီတုန်းက ကျွန်တော်တို့လည်း ဘားဘောင်တာမှာ ထိုင်ပြီး အရက်သောက်နေကြတာ။ အာယနဲနဲ့ဆိုရင် ထိုင်ခုံနှစ်ခုံပဲ ခြားတယ်။ မာရှိဘက သူရဲ့ ဖုန်းအိတ်ကို လှကြောင်း ချီးကျူးလိုက်တာ”

မှတ်တမ်းယူနေသော ကုစာနာဂိ၏ လက်သည် ရုတ်တရက် ရပ်တန့်သွားသည်။ “ဖုန်းအိတ် … ဟုတ်လား”

“သူ အဲဒီတုန်းက ဖုန်းကို ဘားကောင်တာပေါ် တင်ထားတာ။ သူ့ဖုန်းအိတ်က စပ်ထည်နဲ့ ချုပ်ထားတာလေ။ ဖုန်းစခရင်နေရာကိုတောင် ကြည့်ရလွယ်အောင် အပေါက်ဖောက်ထားသေးတယ်။ မာရှိဘက ‘လှလိုက်တာ’ လို့ ပြောလိုက်တာလား။ ဒါမှမဟုတ် ‘အတော် ထူးခြားတာပဲ’ လို့ ပြောလိုက်တာလားတော့ ကျွန်တော် မမှတ်မိတော့ဘူး။ သေချာတာကတော့ သူက စကားစလိုက်တာပဲ။ သူ့စကားသံကို ကြားတော့ အာယနဲက ပြုံးပြီး သူရဲ့ ကိုယ်ပိုင်လက်ရာဖြစ်ကြောင်း ပြန်ပြောတယ်။ အဲဒီနောက်တော့ သူတို့နှစ်ယောက်က ကြာလေ ရေပက်မဝင်လေ ပြောနေကြတော့တာပဲ”

“အဲဒါ သူတို့နှစ်ယောက် ပထမဆုံးအကြိမ် တွေ့ကြတဲ့ အခေါက် မဟုတ်လား”

“ဟုတ်တယ်။ ကျွန်တော်လည်း ထင်တောင် ထင်မထားဘူး။ အဲဒီလူနှစ်ယောက်က နောက်ဆုံးတော့ အိမ်ထောင်ပြုတဲ့အထိ ခရီးရောက်သွားခဲ့ကြတယ်”

ကုစာနာဂိသည် အနောက်ဘက်သို့ ကိုယ်ကို အတန်ငယ် ယို့လိုက်သည်။ “အဲဒီလို ပါတီပွဲမျိုးကို မစ္စတာမာရှိဘနဲ့ ခင်ဗျား တစ်ခါပဲ တက်ခဲ့ဖူးတာမလား”

“ဒါပေါ့။ အဲဒီတစ်ခါပဲ”

“ဒါဆို မစ္စတာမာရှိဘကရော။ သူက အခုလိုပဲ သူစိမ်းမိန်းကလေးတွေနဲ့ အသားလွတ် ဝင်ရောတတ်တာပဲလား”

အီကာအိသည် အတိတ်ကို ပြန်ပြောင်း၍ တွေးကြည့်နေသည်။ “ဘယ်လို ပြောမလဲ။ သူက သူစိမ်းမိန်းကလေးတွေကို ဝင်လုံးရမှာ ကြောက်နေ ရွံ့နေတတ်တဲ့ လူစားမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် ကျောင်းတက်နေတုန်းကလည်း သူက တစ်နေကုန် မိန်းမတွေနဲ့ အချိန်ကုန်နေတတ်တဲ့ လူစားမျိုးလည်း မဟုတ်ပြန်ဘူး။ သူ အရင်က အမြဲလိုလို ပြောနေတတ်တယ်။ မိန်းမတွေမှာ အရေးကြီးဆုံးက အပေါ်ယံအလှ မဟုတ်ဘူး။ ကိုယ်တွင်းအလှက အရေးကြီးဆုံးပဲတဲ့။ သူက အဲဒီစကားလုံးကို ဟိတ်ဟန်လုပ်ပြီး ပြောခဲ့တယ်လို့တော့ ကျွန်တော် မထင်ဘူး။ သူရဲ့ အတွင်းစိတ်ထဲမှာ အဲဒီလိုကို ယုံကြည်ထားလို့ပဲ ဖြစ်ရမယ်”

“ဒါဆို အဲဒီတုန်းက ပါတီပွဲမှာ သူက အာယနဲကို စပြီး ဝင်ရောခဲ့တာဆိုတော့ မစ္စတာမာရှိဘအတွက်လည်း အဲဒါ မလုပ်စဖူး အလုပ်တစ်ခုကို လုပ်ခဲ့တဲ့ သဘောပေါ့”

“ဟုတ်တယ်။ ကျွန်တော်တောင် အံ့ဩသွားခဲ့တာဗျ။ ဒါပေမယ့် အဲဒါကို ရှေးရေစက်လို့ပဲ ခေါ်ရမလား မသိပါဘူးဗျာ။ ကျွန်တော် နားလည်တာကတော့ သူတို့ရဲ့ ရင်ထဲမှာ အတိတ်က အချစ်မေတ္တာတွေ ကိုယ်စီ ရှိနေကြလို့ နောက်ဆုံးတော့ ပေါင်းစပ်ခွင့် ရသွားတယ်လို့ပဲ အောက်မေ့ပါတယ်”

“ဒါဆို သူတို့နှစ်ယောက် ဆုံကြတဲ့အချိန်မှာ သဘာဝမကျတဲ့ နေရာများ မရှိခဲ့ဘူးလား။ သေးသေးမွှားမွှား ဆိုရင်လည်း ကိစ္စ မရှိပါဘူး”

အီကာအိသည် တဒင်္ဂမျှ စဉ်းစားနေဟန် ပြုပြီး ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။ “ကျွန်တော်လည်း ကောင်းကောင်း မမှတ်မိတော့ပါဘူးဗျာ။ အဲဒီတုန်းကတော့ သူတို့နှစ်ယောက်က ရေပက်မဝင်အောင် စကားဖောင်ဖွဲ့နေတော့ ကျွန်တော့်ကိုတောင် မေ့နေကြတယ်။ ဒါနဲ့ … မစ္စတာကုစာနာဂိ၊ ခင်ဗျားရဲ့ မေးခွန်းမှာ ထူးခြားတဲ့ အနက်အဓိပ္ပာယ်တစ်ခု ပါနေသလိုပဲဗျ။ ကျွန်တော်ကို အရိပ်အမြွက်လောက် ပြောမပြနိုင်ဘူးလား”

ကုစာနာဂိက ပြုံးလျက် မှတ်စုစာအုပ်ကို အိတ်ကပ်ထဲသို့ ပြန်သိမ်းလိုက်သည်။ “ပြောပြနိုင်တဲ့ အချိန်ရောက်ရင် ကျွန်တော် ခင်ဗျားကို ပြောပြပါ့မယ်။ အခုလို မအားလပ်တဲ့အကြားက အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်ဗျာ”

သူသည် မတ်တတ်ထရပ်ပြီး တံခါးပေါက်ရှိရာသို့ ဦးတည်သွားသည်။ ထို့နောက် ခေါင်းကို နောက်ပြန်လှည့်ပြီး “ဒီနေ့ လာတွေ့တဲ့ကိစ္စကို ကျေးဇူးပြုပြီး ဘယ်သူ့ကိုမှ မပြောပြပါနဲ့။ မစ္စစ်မာရှိဘကိုလည်း မသိပါစေနဲ့ဗျာ”

အီကာအိ၏ မျက်လုံးများ မှေးစင်းသွားသည်။ “ခင်ဗျားတို့က သူ့ကို သံသယဝင်နေကြတာလား”

“အဲဒီလို မဆိုလိုပါဘူး။ ဒါပေမယ့် ကူညီပေးပါဦး”

ကုစာနာဂိသည် နောက်ထပ် ထွက်ပေါ်လာမည့် မေးခွန်းများကို မဖြေကြားလိုသောကြောင့် အခန်းထဲမှ အလျင်အမြန် ထွက်ခဲ့လေတော့သည်။

အဆောက်အအုံထဲမှ ထွက်ပြီး လူသွားစင်္ကြံပေါ်သို့ ရောက်သည့် အခါတွင် ကုစာနာဂိသည် သက်ပြင်းကို အားရပါးရ ချလိုက်မိလေသည်။

အီကာအိ၏ စကားအရဆိုလျှင် ထိုစဉ်က အာယနဲသည် မာရှိဘ ယိုရှီတာကာကို ဦးအောင် ဆက်သွယ်ခဲ့ခြင်း မဟုတ်ပေ။ ပါတီပွဲတွင် သူတို့နှစ်ယောက် တွေ့ဆုံခဲ့ခြင်းမှာ ရှေးရေစက် ရှိသောကြောင့်သာ ဖြစ်ရပေမည်။

သို့သော် တကယ့် အဖြစ်မှန်က အသို့ရှိအံ့နည်း။

ကျုကူအိ ဂျွန်ကိုကို သိကျွမ်းခြင်း ရှိမရှိ အာယနဲအား မေးမြန်းခဲ့စဉ်အခါက အာယနဲသည် ကုစာနာဂိကို ယတိပြတ် ငြင်းဆိုခဲ့သည်။ ဤအချက်ကို ကုစာနာဂိသည် အတော်ပင် စိတ်ဝင်စားနေသည်။ ကျုကူအိ ဂျွန်ကိုနှင့် အာယနဲတို့ မသိဘဲ နေမည် မဟုတ်ပေ။

ကျုကူအိ ဂျွန်ကို၏ ‘နှင်းလူလဲကျပြီ’ ဟူသော ရုပ်ပြစာအုပ်ထဲတွင် ပါရှိသော ရုပ်ပုံပန်းချီကားသည် အာယနဲ၏ စပ်ထည်ပန်းချီကားနှင့် တထေရာတည်း တူညီနေသည်။ ယင်းစပ်ထည်ပန်းချီကား၏ ဒီဇိုင်းကို ဆွဲခဲ့သူမှာလည်း အာယနဲပင် ဖြစ်သည်။ တခြားသူများ၏ ဒီဇိုင်းများကို ကူးယူခဲ့ခြင်း မရှိ။ စပ်ထည်အနုပညာရှင် မီတာ အာယနဲသည် မည်သည့်အခါမဆို ကိုယ်တိုင် တီထွင်ဖန်တီးထားသော ဒီဇိုင်းကိုသာ စပ်ထည်ချုပ်လုပ်တတ်သူ ဖြစ်သည်။ ထိုသို့ဆိုလျှင် ကျုကူအီသည် အာယနဲ၏ ယင်းစပ်ထည်ပန်းချီကားကို တစ်နေရာရာတွင် တွေ့ဖူးခဲ့ရပေလိမ့်မည်။

စုဆောင်းရရှိထားသော သတင်းအချက်အလက်များအရ ဆိုလျှင် ထိုစပ်ထည်ပန်းချီကားသည် အာယနဲ၏ လက်ရာအယ်လ်ဘမ်ထဲတွင် မှတ်တမ်းတင် ပုံနှိပ်ထားခြင်း မရှိပေ။ အကယ်၍ ကျူကူအိသည် ယင်းပန်းချီကားကို မြင်ခဲ့ဖူးသည် ဆိုလျှင် ပြပွဲခန်းမအတွင်း၌ မြင်ခဲ့ဖူးခြင်းသာ ဖြစ်ရပေမည်။ သို့သော် ထိုသို့သော ပြပွဲမျိုးတွင် ဓာတ်ပုံရိုက်ခွင့် မရှိပေ။ အကယ်၍ ဓာတ်ပုံမရှိလျှင် ပြင်ပလက်ရာနှင့် တထေရာတည်းနီးပါး တူညီနေအောင် ရေးဆွဲနိုင်ရန် ခဲယဉ်းလွန်းလှပေသည်။

ထိုအချက်များကို ထည့်သွင်းစဉ်းစားကြည့်လိုက်မည် ဆိုလျှင် ကျူကူအိသည် ယင်းပန်းချီကားကို အပြင်တွင် အေးအေးဆေးဆေး ကြည့်ရှုခွင့် ရခဲ့ဖူးရပေလိမ့်မည်။ ထို့ကြောင့် သူသည် အာယနဲနှင့် ခင်မင်ရင်းနှီးသူတစ်ယောက် ဖြစ်ရမည်။ အာယနဲသည် အဘယ်ကြောင့် လိမ်ညာခဲ့ရသနည်း။ သူသည် အဘယ်ကြောင့် ကျူကူအိကို မသိပါဟု ဖြေဆိုခဲ့ရသနည်း။ ဤသို့ လိမ်ညာခဲ့ခြင်းမှာ ကွယ်လွန်သွားသော သူ့ခင်ပွန်းသည် သူ့သူငယ်ချင်း၏ ရည်းစားဟောင်း ဖြစ်ခဲ့ဖူးသည် ဆိုသော အချက်ကို ဖုံးကွယ်ချင်ရုံ သက်သက်မျှ ရိုးရှင်းပါ၏လော။

ကုစာနာဂိသည် နာရီကို ငုံ့ကြည့်လိုက်သည်။ ညနေ ၄ နာရီထိုးကျော်ပြီ။ ထွက်ခွာဖို့ အချိန်တန်ပြီဟု သူ တွေးနေမိသည်။ သူသည် ယုကာဝါကို ၄ နာရီခွဲတွင် လာတွေ့မည်ဟု ချိန်းထားခဲ့သည်။ သို့သော် လက်ရှိအချိန်တွင် သူ၏ စိတ်မှာ အတန်ငယ် လေးလံထိုင်းမှိုင်းနေသည်ဟု ခံစားနေရသည်။ ဖြစ်နိုင်မည်ဆိုလျှင် သူ ယုကာဝါကို မတွေ့လိုပေ။ အဘယ်ကြောင့်ဆိုသော် ယုကာဝါသည် သူ မကြားချင်ဆုံးသော ကောက်ချက်နှင့်အတူ သူ့ကို စောင့်ဆိုင်းနေပေလိမ့်မည်။ သို့သော် ဤအမှုကို တာဝန်ယူ ကိုင်တွယ်နေရသည့် မှုခင်းရဲတစ်ယောက်အနေဖြင့် ယုကာဝါ ပြောမည့်စကားကို ကိုယ်တိုင်ကိုယ်ကျ နားထောင်ရန် သူ့တွင် တာဝန်ရှိနေသေးသည်။ ထို့အပြင် လတ်တလော ဖြစ်ပေါ်ခံစားနေရသော ကတုန်ကယင် ခံစားမှုများကို အဆုံးသတ် ပစ်လိုက်ချင်သည့် စိတ်ဆန္ဒတစ်ခုကလည်း သူ၏ ရင်တွင်းတစ်နေရာ၌ ကိန်းအောင်းနေလေတော့သည်။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *