မာတိကာကြည့်ရန်

(၂၄)

ဟီရိုရှီးမားဘူတာသို့ မကြာခင် ဆိုက်ရောက်တော့မည် ဖြစ်ကြောင်း ကြေညာသံ ထွက်ပေါ်လာသည်။ ဥကျုမိသည် နားကြပ်ကို ဖြုတ်၍ အိုင်ပေါ့နှင့်အတူ အိတ်ထဲသို့ ထိုးထည့်ကာ မတ်တတ်ထရပ်လိုက်သည်။

ဘူတာရုံ လူသွားစင်္ကြံပေါ်သို့ ရောက်ရှိသောအခါတွင် သူသည် မှတ်စုစာအုပ်ထဲမှ လိပ်စာကို နောက်တစ်ကြိမ် ပြန်ဖတ်ကြည့်သည်။ ကျုကူအိ ဂျွန်ကို၏ မိဘအိမ်သည် ဟီရိုရှီးမားမြို့၏ အရှေ့ဘက်ခြမ်းရှိ တာကာယာချိုစီရင်စုတွင် ရှိသည်။ အနီးဆုံးဘူတာမှာ နိရှိ-တာကာယာ ဖြစ်သည်။ ယနေ့ လာရောက်မေးမြန်းမည့် အကြောင်းကို ဂျွန်ကို၏ မိခင်အား ဖုန်းဆက် အကြောင်းကြားထားပြီးခဲ့ပြီ။ ယခင်ကလည်း ကုစာနာဂိသည် ဂျွန်ကို သေကြောင်းကြံခြင်းနှင့် ပတ်သက်သော အကြောင်းအချက်များကို ဖုန်းဆက်၍ မေးမြန်းထားခဲ့သောကြောင့် ဖြစ်မည် ထင်သည်။ ဂျွန်ကို၏ မိခင် – ကျုကူအိ ယိုကိုသည် ဥကျုမိနှင့် ဖုန်းပြောနေစဉ် တုံ့ဆိုင်းတုံ့ဆိုင်းနှင့် ဇဝေဇဝါ ဖြစ်နေဟန် တူသည်။ အဘယ်ကြောင့် ယခုအချိန်တွင် ဤကိစ္စကို ပြန်လည် စိတ်ဝင်စားနေရသေးသနည်းဟုလည်း နားမလည်နိုင်စွာဖြင့် အံ့ဩထူးဆန်း၍လည်း နေပေလိမ့်မည်။

ဟီရိုရှီးမားဘူတာသို့ ဆိုက်ရောက်သည့်အခါတွင် သူသည် ကုန်စုံဆိုင်လေးတစ်ဆိုင်မှ ရေသန့်ဗူးတစ်ဗူး ဝယ်ယူပြီး စန်ယိုပင်မရထားလိုင်းကို တက်စီးလိုက်သည်။ နိရှိ-တာကာယာဘူတာသို့ ရောက်ရန် နောက်ထပ် ၉ ဘူတာ၊ အချိန်အားဖြင့် ၄၅ မိနစ်ကြာ စီးရပေဦးမည်။ ဥကျုမိသည် အိတ်ထဲမှ အိုင်ပေါ့ကို နောက်တစ်ကြိမ် ပြန်ထုတ်ပြီး ဖူကူယာမား မာစာဟာရု၏ တေးသံကို နားဆင်နေသည်။ သောက်ရေသန့်ဗူးကို တစ်ငုံ မော့သောက်ပြီးနောက် ဗူးခွံပေါ်မှ တံဆိပ်ကို အမှတ်မထင် ဖတ်ကြည့်လိုက်မိသည်။ အညွှန်းအရဆိုလျှင် ဤရေဗူးထဲမှ ရေသည် ရေသွက်ဖြစ်သည်။ သို့သော် သူသည် ယုကာဝါ ရှင်းပြခဲ့သည့် ရေစေးရေသွက်နှင့် ဆိုင်သော သဘောတရားရေးရာများကို တစ်လုံးတစ်ပါဒမျှ မကျန်အောင် မေ့လျော့သွားခဲ့ချေပြီ။

ရေ … ရေ … ရေအကြောင်းနှင့် ဆက်စပ်တွေးမိသည်မှာ …

ယုကာဝါသည် သောက်ရေသန့်စက်ထဲတွင် အာဆန်နစ်ထည့်ခဲ့သည်ဟု အခိုင်အမာ ယုံကြည်ထားပုံ ရသည်။ သို့သော် သူသည် ဥကျုမိနှင့် ကုစာနာဂိတို့အား အဆိပ်ခတ်သည့် နည်းလမ်းကို ပြောပြရန် အကြောက်အကန်
ငြင်းဆန်နေခဲ့သည်။
 ကုစာနာဂိ၏ စကားအရဆိုလျှင် ‘ဤအဆိပ်ခတ်သည့် နည်းလမ်းကို အသုံးမပြုခဲ့ကြောင်း မည်သို့မျှ သက်သေမပြနိုင်သောကြောင့်’ မိမိတို့ ဆွဲမိဆွဲရာ တစ်ဖက်သတ် ဆွဲယူကြံဆမည်ကို ယုကာဝါက စိုးရိမ်နေသည်။

ယုကာဝါ တွေးကြံထားသော နည်းလမ်းမှာ မည်သို့သော နည်းလမ်း ဖြစ်နိုင်ပါသနည်း။ ဥကျုမိသည် ယုကာဝါ ပြောခဲ့ဖူးသော စကားတစ်ခွန်းကို သတိရလာသည်။

သီအိုရီအရ ဖြစ်နိုင်ပြီး လက်တွေ့တွင် အကောင်အထည် ဖော်နိုင်ရန် မဖြစ်နိုင်လောက်အောင် ခဲယဉ်းသော နည်းလမ်း။

ယင်းနည်းလမ်းကို သူ တွေးမိခါစက ပြောခဲ့သော သူ၏ မှတ်ချက်ပင် ဖြစ်သည်။ ထို့နောက် ဥကျုမိသည် သူ ညွှန်ကြားထားသော စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ပြီးသည့်နောက်တွင် သူ့အား ရလဒ်ကို အစီရင်ခံခဲ့သည်။ ထိုစဉ်ကလည်း သူသည် ‘ဤကဲ့သို့ လုံးဝ မဖြစ်နိုင်’ ဟု ပြောခဲ့သေးသည်။

ပြောခဲ့သော စကားလုံးများကို လုံးကောက်အဓိပ္ပာယ်အရ နားလည်ကြည့်ရမည် ဆိုလျှင် ယုကာဝါ တွေးကြံထားသော နည်းလမ်းသည် လက်တွေ့နှင့် အလွန်အင်မတန်မှ အလှမ်းကွာနေသည်။ သို့ရာတွင် ဤနည်းလမ်းကို အသုံးပြုနိုင်ခြေ အလွန် များသည်ဟုလည်း သူက အခိုင်အမာ ယူဆနေပြန်သေးသည်။

ယုကာဝါသည် ဥကျုမိအား အဆိပ်ခတ်ပုံ နည်းလမ်းကို တိကျသေချာစွာ ပြောပြခဲ့ခြင်း မရှိဘဲ သူ့ကို ညွှန်ကြားချက်တချို့သာ ပေးခဲ့သည်။ ပထမဆုံးအနေဖြင့် ရေသန့်စက်ကို နောက်တစ်ကြိမ် စေ့စပ်သေချာစွာ ပြန်လည် စစ်ဆေးရန် ဖြစ်သည်။ ရေသန့်စက်ထဲတွင် သံသယဖြစ်ဖွယ် ပစ္စည်းများ ကြွင်းကျန်နေခြင်း ရှိမရှိ သိရှိနိုင်ရန်အတွက် Spring-8 သုတေသနဌာနသို့ ပို့နိုင်လျှင် အကောင်းဆုံး ဖြစ်သည်ဟု အကြံပြုခဲ့သည်။ ထို့အပြင် ရေစစ်ပြွန်၏ ကုန်ထုတ်အမှတ်စဉ်ကိုလည်း စုံစမ်းခိုင်းထားသေးသည်။

ယခုအချိန်ထိ Spring-8 ဘက်မှ ဓာတ်ခွဲခန်းအဖြေ ထွက်မလာသေးပေ။ သို့သော် တခြားသော အချက်အလက်များကို ယုကာဝါအား အစီရင်ခံပြီး ဖြစ်သည်။ ထ.ရ.ဖ၏ သုံးသပ်ချက်အရဆိုလျှင် မာရှိဘအိမ်ရှိ ရေသန့်စက်တွင် သံသယဖြစ်ဖွယ် လက်စလက်နများ စိုးစဉ်းမျှ မတွေ့ရကြောင်း ဖော်ပြထားသည်။ စက်အတွင်းမှ ရေစစ်များကို အလဲအလှယ်မလုပ်ဘဲ အသုံးပြုနေခဲ့သည်မှာ တစ်နှစ်ခန့်မျှ ကြာခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ရေစစ်ပြွန်ပေါ်တွင် တက်နေသော ဖုန်မှုန့်များသည် ခြေရာလက်ရာ မပျက်ဘဲ အကောင်းပကတိ တင်မြဲအတိုင်း တင်နေကြသည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ၎င်းရေစစ်ပြွန်များကို မတို့မထိခဲ့သည်မှာ နှစ်ချီနေခဲ့ပြီဟု ဆိုရပေမည်။ ကုန်ထုတ်အမှတ်စဉ်မှာလည်း တစ်စုံတစ်ရာ မှားယွင်းနေခြင်း မရှိပေ။

အစီရင်ခံချက်များကို နားထောင်ပြီးသည့်အခါတွင် ယုကာဝါသည် “ကျွန်တော် သိပါပြီ။ ကျေးဇူးတင်ပါတယ်” ဟူ၍သာ ပြန်လည် တုံ့ပြန်ခဲ့သည်။ ထို့နောက် ဥကျုမိ၏ စကားပြန်ကိုပင် မစောင့်တော့ဘဲ သူ့ဘက်မှ ဦးအောင် ဖုန်းချသွားလေသည်။

ယုကာဝါအနေဖြင့် သူ့အား အရိပ်အမြွက်မျှ ပြောပြသင့်သည်ဟု ဥကျုမိ ယူဆသည်။ သို့သော် ဤရူပဗေဒပညာရှင်ထံမှ ဤသို့ မျှော်လင့်တောင့်တနေခြင်းမှာ အချည်းနှီးသာ ဖြစ်ရပေမည်။

ယခင်က ကုစာနာဂိကို ပြောကြားခဲ့သော ယုကာဝါ၏ စကားတစ်ခွန်းကို ဥကျုမိသည် အမှန်ပင် ပိုမို၍ စိတ်ဝင်စားနေခဲ့မိသည်။ အခင်းဖြစ်ပွားချိန်၏ မဖြစ်မီနှင့် ဖြစ်ပြီး ကာလတိုကလေးကိုသာ အာရုံစိုက်မနေရန် ကုစာနာဂိအား ယုကာဝါက အကြံပြုခဲ့သည်ဟု ကြားသိရသည်။ အတိတ်ကာလသို့ နောက်ပြန် ဆုတ်နိုင်သမျှ ဆုတ်၍ အခြေအနေများကို စုံနိုင်သမျှ စုံအောင် လေ့လာစုံစမ်းရန် အကြံပြုခဲ့သည်။ အာဆန်နစ် အဆိပ်သောက်၍ မိမိကိုယ်ကိုယ် သေကြောင်းကြံခဲ့သော ကျုကူအိ ဂျွန်ကိုအမှုသည်လည်း ယုကာဝါကို ကြီးစွာသော စိတ်ဝင်စားမှု ဖြစ်ပေါ်စေခဲ့သည်။

သူ၏ စိတ်ထဲတွင် မည်သို့ တွေးဆနေသနည်း။ သူသည်လည်း မာရှိဘ အာယနဲကို လူသတ်တရားခံအဖြစ် မှတ်ယူထားသည် မဟုတ်ပါလော။ အကယ်၍သာ အာယနဲသည် တရားခံ ဖြစ်နေခဲ့ပါမူ အခင်းဖြစ်ပွားချိန်၏ အရှေ့နောက်ကာလကိုသာ စစ်ဆေးစုံစမ်းကြည့်ရုံဖြင့် လုံလောက်နေပြီ မဟုတ်ပါလော။ လွန်လေပြီးသော အတိတ်ကာလက ကြီးမားသော ပဋိပက္ခတစ်ခု အမှန်တကယ် ရှိခဲ့ဖူးသည် ဆိုစေဦးတော့။ ယုကာဝါသည် ဤသို့သော အတိတ်ဇာတ်လမ်းကို ကြားချင်ရုံသက်သက်မျှဖြင့် အထူးတလည် စိတ်ဝင်စားနေမည့်သူမျိုး မဟုတ်ပေ။

အတွေးနယ်ချဲ့နေစဉ်မှာပင် အိုင်ပေါ့ထဲမှ ဖူကူယာမား မာစာဟာရူ၏ သီချင်းအယ်ဘမ်သည် ပြီးဆုံးသွားပြီး နောက်ထပ် အဆိုတော်တစ်ဦး၏အသံ ထွက်ပေါ်လာသည်။ သူသည် သီချင်းနာမည်ကို အသည်းအသန် စဉ်းစားကြည့်နေစဉ် နိရှိ-တာကာယာဘူတာသို့ ဆိုက်ရောက်သွားလေတော့သည်။

ကျုကူအိအိမ်သည် ဘူတာရုံမှ ၅ မိနစ်ခန့် လမ်းလျှောက်သွားရသည့် နေရာတွင် ရှိသည်။ အနောက်တိုင်းပုံစံ နှစ်ထပ်တိုက်တစ်လုံး ဖြစ်ပြီး တောင်စောင်းပေါ်တွင် ဆောက်လုပ်ထားသည်။ နံဘေးတွင် ညို့ညို့မှိုင်းနေသော တောအုပ်ကြီး ရှိသည်။ ဤမျှခန့်ထည်သော အိမ်ကြီးသည် တစ်ကိုယ်တည်းနေသော အမျိုးသမီးကြီးတစ်ယောက်အတွက် ကြီးမားလွန်းနေမည်လား။ ဥကျုမိ တွေးနေမိသည်။ ကျုကူအိ ဂျွန်ကို၏ ဖခင်သည် ကွယ်လွန်သွားခဲ့ပြီး ဖြစ်၍ ဤမိသားစု၏ သားကြီး ဩရသမှာလည်း အိမ်ထောင်ကျပြီး ဟီရိုရှီးမားမြို့တွင်းသို့ ပြောင်းရွှေ့သွားခဲ့ချေပြီ။

သူသည်
လူခေါ်ခေါင်းလောင်းကို
 နှိပ်လိုက်သည့်အခါတွင် ဖုန်းထဲမှ ကြားခဲ့ဖူးသော အသံက အင်တာကွန်းထဲမှ ထွက်ပေါ်လာသည်။ လာရောက်တွေ့ဆုံမည့် အချိန်ကို ကြိုတင် အကြောင်းကြားထားပြီးသောကြောင့် ဖြစ်မည် ထင်သည်။ ထိုသူသည် တုံ့ဆိုင်းတွန့်ဆုတ်နေခြင်း မရှိဘဲ တံခါးဖွင့်ပေးလေသည်။

ကျုကူအိ ယိုကိုသည် အသက်အားဖြင့် ၆၀ ကျော် ၇၀ နားတွင် ရှိပြီး သေးသွယ်ပါးလျားသော အမျိုးသမီးကြီးတစ်ဦး ဖြစ်သည်။ ဥကျုမိတစ်ယောက်တည်း ရောက်ရှိလာသည်ကို မြင်ရသည်တွင် သူ၏ မျက်နှာပေါ်၌ စိတ်လက်ပေါ့ပါးသွားသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။ ခန္ဓာကိုယ် တုတ်ခိုင်သန်မာသော ရဲဘော်တစ်ဦးကိုပါ အတူခေါ်လာလိမ့်မည်ဟု မျှော်လင့်ထားလေရော့သလား မဆိုနိုင်။

ကျုကူအိအိမ်၏ အပြင်ပန်းအပြင်အဆင်မှာ အနောက်တိုင်းပုံစံမျိုး ဖြစ်သော်လည်း အိမ်တွင်း၌မူ အခန်းပြင်ဆင်ဖွဲ့စည်းပုံမှာ ဂျပန်ရိုးရာအတိုင်း တည်ဆောက်ထားသည်။ ဥကျုမိသည် အိမ်ရှင်အမယ်အိုကြီးနှင့်အတူ မြက်ဖျာ ၁၂ ချပ်ခန့် အကျယ်ရှိသော အခန်းတစ်ခန်းထဲသို့ လျှောက်ဝင်လာခဲ့သည်။ အလယ်ခေါင်တည့်တည့်တွင် စားပွဲပုတစ်လုံး ချထားပြီး နံရံတစ်ဘက်တွင် ဘုရားစင်တစ်စင် ပူဇော်ထားသည်။

“အဝေးကြီးကနေ လာရတဲ့အတွက် ခရီးပန်းနေလောက်ရောပေါ့” ယိုကိုသည် ရေနွေးကြမ်းခရားအိုးထဲမှ လက်ဖက်ရည်များ ငှဲ့ပေးနေစဉ် စကားဆိုသည်။

“မပန်းပါဘူး။ အဒေါ်ကို အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်။ အခုချိန်ကျမှ အဒေါ့်သမီးအကြောင်းကို ပြန်လာမေးနေတော့ အဒေါ်လည်း အံ့အားသင့်နေမှာပဲ ထင်တယ်”

“ဟုတ်တာပေါ့ သမီးရယ်။ အဲဒီကိစ္စကို ပြီးပြတ်သွားပြီလို့ အဒေါ်က ယူဆထားတာ။ ရေနွေးလေး သုံးဆောင်ပါဦး” ယိုကိုသည် လက်ဖက်ရည်ပန်းကန်ကို ဥကျုမိအရှေ့သို့ ချပေးလိုက်သည်။

“အဲဒီတုန်းက ရေးထားခဲ့တဲ့ မှတ်တမ်းကို ဖတ်ကြည့်တော့ သတ်သေရတဲ့ အကြောင်းအရင်းကို မဖော်ထုတ်နိုင်သေးလို့ ရေးထားတာ တွေ့ရတယ်။ အဲဒီအချက်နဲ့ပတ်သက်ပြီး အဒေါ်ကရော အခုထိ မဆုံးဖြတ်နိုင်သေးဘူးလား”

ဥကျုမိ၏ မေးခွန်းကို နားထောင်ပြီးသည့် နောက်တွင် ယိုကိုသည် ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။ “အဲဒီတုန်းကလည်း ဘာသဲလွန်စမှ ဟုတ်တိပတ်တိ ရခဲ့တာ မဟုတ်ဘူး။ သူနဲ့ အနီးကပ် ပေါင်းသင်းနေကြတဲ့ လူတွေတောင် ဘာမှ ပြောပြနိုင်တာ မရှိဘူး ဆိုမှတော့ အဒေါ့်အထင် သိပ်ကို အထီးကျန်လွန်းခဲ့လို့ ထင်ပါရဲ့ကွယ်”

“အထီးကျန်လွန်းတယ် …”

“အဲဒီကလေးက ပုံဆွဲရတာကို သဘောကျတယ်လေ။ ရုပ်ပြပန်းချီဆရာတစ်ယောက် ဖြစ်အောင် ကြိုးစားမယ်ဆိုပြီး တိုကျိုကို ထွက်သွားခဲ့တာပဲ။ ဒါပေမယ့် သူက နဂိုကတည်းကမှ တစ်ယောက်တည်းပဲ ထီးတည်းနေတတ်တဲ့ သူမျိုးလေ။ နောက်ပြီး မြို့ကြီးပြကြီးပေါ်မှာ
ဆွေရိပ်မျိုးရိပ်ကလည်း
 မရှိတော့ ရုပ်ပြပန်းချီဆရာဖြစ်ဖို့ အတော်လေး ခက်ခဲဟန် တူပါရဲ့။ အဲဒီအချိန်တုန်းက သူ့အသက်က ၃၄ နှစ် ရှိပြီဆိုတော့ သူ့ရှေ့ရေးအတွက်လည်း ပူပန်နေရှာမှာပေါ့။ တကယ်လို့သာ သူ့အနားမှာ တိုင်ပင်ဖော် တိုင်ပင်ဖက် တစ်ယောက်လောက် ရှိခဲ့မယ်ဆိုရင် အဲဒီအခြေအနေမျိုးလည်း ဆိုက်ရောက်သွားနိုင်လိမ့်မယ် မထင်ဘူး”

ကြည့်ရသည်မှာ ယိုကိုသည် ယခုအချိန်ထိ သူ့သမီးတွင် ရည်းစားသနာ ရှိခဲ့ဖူးကြောင်း သိရှိသေးဟန် မတူ။

“သူ မဆုံးခင်က အိမ်ကို တစ်ခေါက် ပြန်လာခဲ့သေးတယ်လို့ ကြားမိတယ်” ဥကျုမိသည်
အစီရင်ခံစာထဲမှ
 အချက်တစ်ချက်ကို ပြန်လည် အတည်ပြုကြည့်လိုက်သည်။

“ဟုတ်တယ်။ အဲဒီတုန်းက သူ့ကိုကြည့်ရတာ ငိုင်တိငိုင်တိုင်နဲ့။ သေချင်စိတ် ပေါက်နေလိမ့်မယ်လို့တော့ ဘယ်ထင်မိပါ့မလဲ …” ယိုကိုသည် မျက်တောင်ကို တဖျပ်ဖျပ်ခတ်၍ မျက်ရည်မကျအောင် ကြိုးစားထိန်းချုပ်နေသည်။

“ဒါဆို အဲဒီတုန်းက အဒေါ်ကို မူမမှန်တဲ့ စကားမျိုးတွေ မပြောခဲ့ဘူးပေါ့”

“မပြောဘူး။ အဒေါ်က သူ့ကို နေကောင်းရဲ့လားလို့ မေးတော့ သူက ကောင်းပါတယ်လို့ပဲ ပြန်ဖြေတယ်” ယိုကို၏ ခေါင်းက အောက်သို့ ဆတ်ကနဲ ငိုက်ကျသွားသည်။

ဥကျုမိ၏ အတွေးအာရုံထဲ၌ မွေးရပ်မြေတွင် ကျန်ရစ်ခဲ့သော မိခင်၏ မျက်နှာကို ပြန်လည် မြင်ယောင်လာမိသည်။ သူ တွေးကြည့်သည်။ မိမိသာဆိုလျှင် သတ်သေရန် ဆုံးဖြတ်ချက်ချပြီး၍ မိခင်ကို နောက်ဆုံးအကြိမ် သွားရောက်တွေ့ဆုံစဉ် သူ့ကို မည်သို့ မျက်နှာချင်းဆိုင်ရပါအံ့နည်း။ မျက်နှာမပြဝံ့အောင် ရှက်ရွံ့နေမည်လော။ သို့တည်းမဟုတ် ဂျွန်ကိုကဲ့သို့ ဘာမျှ မဖြစ်ဟန်ဆောင်၍ နေသွားမည်လော။

ယိုကိုက ခေါင်းထောင်လာပြီး “ဂျွန်ကို သတ်သေတဲ့ကိစ္စက ဘာများ ပြဿနာ ရှိနေလို့လဲ”

ယင်းသည်သာလျှင် သူ စိတ်အဝင်စားဆုံးသော မေးခွန်း ဖြစ်ပေလိမ့်မည်။ သို့သော် လတ်တလောအချိန်တွင် အမှုနှင့် ပတ်သက်သည့် အတွင်းသတင်းများကို သူ့အား ပြောပြ၍ မဖြစ်သေးပေ။

“ကျွန်မတို့ တခြားအမှုတစ်ခုကို စစ်ဆေးနေတုန်းမှာ ဒီအမှုက ရောညှပ်ပြီး ပါလာတာကြောင့်ပါ။ ဒါပေမယ့် ကျွန်မတို့ဆီမှာက ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ရှိမနေတော့ အဒေါ်ဆီကနေ အချက်အလက်တချို့ လာစုတဲ့ သဘောပါပဲ”

“ဪ … အဲဒီလိုလား” ယိုကို၏ မျက်နှာက နားလည်ရခက်နေတဲ့ ဟန်မျိုး။

“အဓိကကတော့ အဆိပ်နဲ့ ပတ်သက်တဲ့ ကိစ္စပါ”

ဥကျုမိ၏ စကားကြောင့် ယိုကို၏ မျက်ခုံးမွေးများ ထိုးထောင်သွားကြသည်။ “သမီး ပြောတဲ့ အဆိပ်ဆိုတာက …”

“အဒေါ်ရဲ့ သမီးက အဆိပ်သောက်ပြီး သတ်သေသွားခဲ့တယ်လို့ ကျွန်မတို့ သိထားပါတယ်။ အဲဒီတုန်းက သူ ဘာအဆိပ်ကို သောက်ခဲ့သလဲဆိုတာ အဒေါ် မှတ်မိသေးလား”

ဤမေးခွန်းသည် ယိုကိုကို နှုတ်ဆိတ်သွားစေခဲ့သည်။ သူ၏ မျက်နှာတွင် သောကရိပ်များ လွှမ်းဝေလာသည်။ ဥကျုမိသည် ယင်းအမူအရာကို သတိမေ့ခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုလိုက်ပြီး “စိန်မှုန့်ပါ” ဟု အဖြေပေးလိုက်သည်။

“လွန်ခဲ့တဲ့နှစ်ရက်က ကျွန်မတို့ရဲဌာနက ကုစာနာဂိဆိုတဲ့ ရဲအရာရှိက အဒေါ်ကို မေးခွန်းမေးခဲ့သေးတယ်လေ။ အဲဒီတုန်းက အဒေါ်က အိပ်ဆေးသောက်ပြီး သတ်သေခဲ့ပါတယ်လို့ ဖြေလိုက်တယ် မဟုတ်လား။ ဒါပေမယ့် မှတ်တမ်းထဲမှာက စိန်မှုန့်သောက်ပြီး သတ်သေခဲ့တယ်လို့ ရေးထားတယ်။ အဒေါ် အဲဒီကိစ္စကို လုံးဝ မသိဘူးလား”

“အဲ … အဲဒါ …” အဘယ်ကြောင့်မှန်း မသိ။ ယိုကိုသည် မျက်စိမျက်နှာပျက်လျက် စကားကို ထစ်ငေါ့ထစ်ငေါ့ ဆိုနေလေသည်။ “အဲဒီကိစ္စက … ဘာပြဿနာများ ရှိနေလို့လဲ။ ဟိုဟာ … အဲ … အိပ်ဆေးသောက်တယ်လို့ ပါးစပ်က လွှတ်ကနဲ ထွက်သွားခဲ့မိတာပါ”

ဥကျုမိ၏ စိတ်ထဲ ထူးဆန်းအံ့ဩနေသည်။ “အဒေါ့်သမီးက အိပ်ဆေးသောက်ပြီး သတ်သေခဲ့တာ မဟုတ်မှန်း သိပါလျက်နဲ့ ဘာဖြစ်လို့ အဲဒီလို ဖြေခဲ့ရတာလဲ”

ယိုကို၏ မျက်နှာသည် တဆတ်ဆတ် တုန်ခါနေလေသည်။ သူက တိုးညင်းသော အသံဖြင့် “အဒေါ် တောင်းပန်ပါတယ်။ အဲဒီကိစ္စက ပြီးပြတ်သွားပြီဆိုတော့ သူဘယ်လိုပဲ သေခဲ့သေခဲ့၊ အရေးမပါတော့ဘူးလို့ ယူဆမိတာကြောင့် ပြီးစလွယ် ဖြေလိုက်တာပါ”

“အဆိပ်သောက်ပြီး သတ်သေခဲ့ပါတယ်လို့ အဒေါ်က မသိစေချင်လို့ အဲဒီလို ဖြေလိုက်တာ မဟုတ်လား”

ယိုကိုသည် နောက်တစ်ကြိမ် ဆွံ့အသွားပြန်သည်။ ထူးခြားသော အကြောင်းအရင်း တစ်ခုခုရှိရမည်ဟု ဥကျုမိ ရိပ်စားမိသွားသည်။

“အဒေါ် …”

“ဆောရီးပဲ” ယိုကိုသည် ကိုယ်ကို အနောက်သို့ အနည်းငယ် ယို့လိုက်ပြီး လက်နှစ်ဖက်ဖြင့် မြက်ဖျာပေါ် ထောက်ထားလေသည်။ ခေါင်းငိုက်စိုက်ချလျက် “တကယ့်ကို တောင်းပန်ပါတယ်။ အဲဒီတုန်းက အဒေါ် ဘယ်လိုမှ ပြောမထွက်ခဲ့လို့ပါ …”

လုံးဝ ထင်မှတ်မထားသော သူ၏ အပြုအမူကြောင့် ဥကျုမိသည်လည်း ခြေမကိုင်မိ လက်မကိုင်မိအောင် ဖြစ်နေရသည်။ “အဒေါ်အနေနဲ့ တောင်းပန်နေဖို့ မလိုပါဘူးရှင်။ ဘယ်လို ဖြစ်ခဲ့တယ် ဆိုတာကိုပဲ ပွင့်ပွင့်လင်းလင်း ပြောပြပေးပါ။ အဒေါ် တစ်ခုခုတော့ သိထားမှာပါ”

ယိုကိုသည် ခေါင်းကို ဖြည်းဖြည်းချင်း မော့ကာ မျက်တောင်များကို မနားတမ်း ခတ်နေလေသည်။ “အဲဒီစိန်မှုန့်တွေက အဒေါ့်အိမ်ကဟာတွေပါ”

ဥကျုမိထံမှ “ရှင်” ဟူသော အာမေဍိတ်သံ ထွက်သွားလေသည်။ “အစီရင်ခံစာထဲမှာ ‘အရင်းအမြစ်မသိ’ လို့ ရေးထားတာလေ”

“အဒေါ် ပြောမထွက်ခဲ့ဘူး။ အဲဒီအချိန် ရဲတွေ မေးကြမြန်းကြတုန်းကတော့ အဲဒီစိန်မှုန့်တွေကို ဘယ်ကရမှန်း မသိဘူးလို့ အဒေါ် ဖြေခဲ့တာ။ အဲဒါတွေကို အဒေါ့်အိမ်ကနေ သူ ယူသွားခဲ့တာပါလို့ အဒေါ် ဘယ်လိုမှ ပြောမထွက်ခဲ့ဘူး။ ဒါကြောင့် မသိဘူးလို့ ဖြေခဲ့မိတာပေါ့။ နောက်ပိုင်းကျ ဘာမှ ဆက်မမေးတော့တာနဲ့ အဒေါ်လည်း … … အဒေါ် တောင်းပန်ပါတယ်”

“နေပါဦးရှင်။ အဲဒီစိန်မှုန့်တွေက အဒေါ့်အိမ်က ပစ္စည်းတွေပါလို့ အဒေါ် ပြောခဲ့တယ်နော်။ သေရော သေချာလို့လား”

“လွဲစရာ မရှိပါဘူး။ အဒေါ့်ယောက်ျား ရှိစဉ်တုန်းက ကြွက်သတ်ဖို့အတွက်ဆိုပြီး သူ့သူငယ်ချင်းဆီကနေ တောင်းထားခဲ့တာ။ အရင်ကတည်းက ဂိုဒေါင်ထဲမှာပဲ သိမ်းထားခဲ့တယ်”

“ဒါဆို အဒေါ့်သမီးက အဲဒီစိန်မှုန့်တွေကို ယူသွားခဲ့ပါတယ်လို့ အဒေါ် ဘယ်လိုလုပ်ပြီး ပြောနိုင်ရတာလဲ”

ယိုကိုက ခေါင်းဆတ်လိုက်ပြီး “အမှုစစ်တဲ့ ရဲတွေဆီကနေ စိန်မှုန့်အကြောင်းကို ကြားရပြီးတဲ့နောက်မှာ အဒေါ် ဂိုဒေါင်ထဲဝင်ပြီး စစ်ဆေးကြည့်လိုက်တယ်။ အရင်တုန်းက သိမ်းထားတဲ့နေရာမှာ အဲဒီစိန်မှုန့်အိတ် မရှိတော့ဘူး။ လတ်စသတ်တော့ သမီးက အိမ်ပြန်ပြီး အဲဒီပစ္စည်းကို လာယူတာပါလားလို့ အဲဒီအခါကျမှ သဘောပေါက်သွားတော့တယ်”

ဥကျုမိသည် အအံ့ဩကြီး အံ့ဩနေသောကြောင့် မှတ်တမ်းယူရန်ပင် အတော်ကြာကြာ မေ့လျော့နေခဲ့သည်။ ထို့ကြောင့် စောစောက ပြောခဲ့သော စကားများကို အလျင်အမြန် ရေးမှတ်လိုက်လေသည်။

“အဒေါ် တကယ်ကို ပြောမထွက်ခဲ့တာပါ။ သမီးက အိမ်ကို ပြန်လာခဲတယ်လေ။ ရောက်တောင့်ရောက်ခဲ ပြန်ရောက်လာပြန်တော့လည်း သတ်သေချင်လောက်အောင် ခံစားနေရရှာတဲ့ သူရဲ့ စိတ်ခံစားချက်ကို အဒေါ်က မရိပ်စားမိရုံတင် မကဘဲ အိမ်ကနေ အဆိပ်တွေ တိတ်တဆိတ် ခိုးယူသွားတာကိုလည်း သတိမထားမိခဲ့ဘူး။ ဒါကြောင့် လိမ်ခဲ့ညာခဲ့မိတာပါ … … အဲဒီလို လိမ်ညာခဲ့မိလို့ သမီးတို့လုပ်ငန်းအပေါ် အနှောင့်အယှက် ဖြစ်သွားခဲ့တယ်ဆိုရင် အဒေါ် အနူးအညွတ် တောင်းပန်ပါတယ်။ အဒေါ့်အနေနဲ့ လူသိရှင်ကြား တရားဝင် တောင်းပန်ရမယ် ဆိုရင်လည်း ကိစ္စမရှိပါဘူး။ အဒေါ် လုပ်ပေးနိုင်ပါတယ်။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်ပေါ့” ယိုကိုသည် အကြိမ်ကြိမ် ဦးညွှတ်လျက် တိုးလျှိုးတောင်းပန်နေလေသည်။

“ဂိုဒေါင်ကို ကျွန်မ ကြည့်ကြည့်လို့ ရမလား” ဥကျုမိက မေးသည်။

“ဂိုဒေါင်ကို ကြည့်ချင်တာလား။ ရပါတယ်”

ဥကျုမိက မတ်တတ်ရပ်ကာ “ကျေးဇူးပါ အဒေါ်” ဟု ပြောလိုက်သည်။

ဂိုဒေါင်သည် ခြံ၏ အနောက်ဘက် ထောင့်တစ်နေရာတွင် တည်ရှိသည်။ သံပြားများဖြင့် ကာရံထားသော ရိုးရိုးအဆောက်အအုံတစ်ခုမျှသာ ဖြစ်သော်လည်း ကြီးမားကျယ်ပြန့်သောကြောင့် အိမ်ထောင်ပရိဘောဂ အဟောင်းအမြင်းများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်း အဟောင်းများနှင့် ဂျပ်ဖာများကို ကျယ်ကျယ်လွင့်လွင့် သိမ်းဆည်းထားနိုင်သည်။ ဂိုဒေါင်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ဖုန်နံ့နှင့် ကျက်ခိုးနံ့များက နှာခေါင်းထဲသို့ တိုးဝင်လာကြသည်။

“စိန်မှုန့်တွေကို ဘယ်နားမှာ ထားထားခဲ့တာလဲ” ဥကျုမိက မေးသည်။

“ဟောဟိုနေရာမှာ” ယိုကိုသည် ဖုန်များ အလိမ်းလိမ်း တက်နေသည့် စင်တစ်စင်ပေါ်မှ သံဗူးခွံ အလွတ်တစ်လုံးကို လက်ညှိုးထိုးပြသည်။ “အဒေါ် မှတ်မိတာတော့ စိန်မှုန့်ထည့်ထားတဲ့ ပလတ်စတစ်အိတ်ကို အဲဒီမှာ ထားထားတာပဲ”

“အဒေါ့်သမီးက ဘယ်လောက်လောက် ယူသွားခဲ့တာလဲ”

“တစ်အိတ်လုံးကို မတွေ့တော့တာပဲ။ ခန့်မှန်းချေ ဒီလောက်လောက်တော့ ရှိမယ် ထင်တယ်” ယိုကိုသည် လက်ခုတ်ဖြင့် အရွယ်အစားတစ်ခု လုပ်ပြသည်။

“နည်းတဲ့ ပမာဏမဟုတ်ဘူးနော်” ဥကျုမိက ပြောသည်။

“ဟုတ်တယ်။ အဒေါ့်အထင်တော့ ဟင်းရည်သောက် ပန်းကန်လုံးတစ်လုံးစာ အပြည့်နီးနီးလောက် ရှိလိမ့်မယ်”

“သတ်သေဖို့ရာကတော့ အဲဒီလောက် လိုမယ် မထင်ဘူး။ နောက်ပြီး မှတ်တမ်းထဲမှာ ရေးထားတဲ့အတိုင်းဆို အခင်းဖြစ်တဲ့နေရာမှာ စိန်မှုန့်တွေ အဲဒီလောက် အများကြီး မတွေ့ခဲ့ရဘူး”

ယိုကိုက တွေးဆပြီး “ဟုတ်တယ်။ အဒေါ်လည်း အဲဒါကို ထူးဆန်းနေတာ … ဂျွန်ကိုများ လွှင့်ပစ်လိုက်သလား မပြောတတ်ဘူး”

ဤသို့ ဖြစ်နိုင်ခြေ မရှိဟု ဥကျုမိက ယူဆသည်။ သတ်သေရန် ကြံစည်နေသော လူတစ်ယောက်သည် ကျန်ရှိနေသော အဆိပ်များကို မည်သို့ ဖြေရှင်းရအံ့နည်း ဟူသည့် ပြဿနာမျိုးကို စိတ်ဝင်စားနေလိမ့်မည် မဟုတ်ပေ။

“အဒေါ် ဂိုဒေါင်ထဲကို ပုံမှန် ရောက်ဖြစ်လား”

“မရောက်ဖြစ်ပါဘူး။ အခုဆို လာစရာအကြောင်းက ဘာမှ မရှိတော့ဘူးလေ။ ဒါကြောင့် ဒီတံခါးကို မဖွင့်ဖြစ်တာတောင် အတော်ကြာနေပြီ”

“ပုံမှန်ဆိုရင် ဂိုဒေါင်ကို သော့ခတ်ထားတတ်လား”

“သော့လား။ အင်း … ပုံမှန်ကတော့ သော့ခတ်ထားတာပါပဲ”

“ဒါဆို ဒီနေ့ကစပြီး ဒီဂိုဒေါင်တံခါးကို သော့ခတ်ပေးထားပါလား။ ကျွန်မတို့ နောက်တစ်ခေါက် လာပြီး စစ်ဆေးချင် စစ်ဆေးရဦးမှာ”

ယိုကို၏ မျက်လုံးများ ပြူးကျယ်လာသည်။ “ဒီဂိုဒေါင်ကို စစ်ဆေးမလို့လား”

“အဒေါ့်အပေါ် ဝန်မပိအောင် တတ်နိုင်သလောက် ကျွန်မတို့ ကြိုးစားပါ့မယ်”

စကားဆုံးသည့်အခါတွင် ဥကျုမိ၏ ရင်တွင်း၌ အမျိုးအမည် မသိသော ခံစားချက်တစ်ခုက တလှပ်လှပ်ဖြင့် နိုးကြားထကြွနေသည်။ မာရှိဘ ယိုရှီတာကာကို သတ်ဖြတ်ရာတွင် အသုံးပြုခဲ့သော အာဆန်နစ်အမှုန့်များ၏ အရင်းအမြစ်ကို ခြေရာခံ၍ မရသေးပေ။ အကယ်၍သာ ယင်းအမှုန့်များနှင့် ဤဂိုဒေါင်အတွင်းမှ ယူဆောင်သွားသော အမှုန့်များ တူညီနေခဲ့ပါမူ အမှုကြီးတစ်ခုလုံး၏ အခင်းအကျင်းသည် လုံးဝဥဿုံ ပြောင်းလဲသွားပေတော့မည်။

သို့သော် အထောက်အထားအဖြစ် သိမ်းဆည်းရယူရန်အတွက် ဤဂိုဒေါင်ထဲတွင် လက်ကျန် မရှိတော့ပေ။ စင်ပေါ်စင်အောက်တွင် ကြွင်းကျန်ခဲ့သော အာဆန်နစ်အမှုန်များကိုသာ ရှာဖွေစုဆောင်းရပေတော့မည်။ တိုကျိုမြို့သို့ ပြန်ရောက်သည့်အခါတွင် မာမီယာနှင့် တိုင်ပင်ဆွေးနွေးကြည့်ရမည်ဟု သူ တွေးတောနေသည်။

“ဒါနဲ့ အဒေါ့်ဆီမှာ အဒေါ့်သမီးရဲ့ သေတမ်းစာတစ်စောင် ရှိနေတယ်လို့ သတင်းကြားမိတယ်။ စာတိုက်ကနေ ပို့လာခဲ့တာလား”

“ဟုတ်တယ်။ အဒေါ့်ဆီမှာ ရှိတယ်”

“ကျွန်မ ကြည့်ကြည့်လို့ ရမလား”

ယိုကိုသည် တဒင်္ဂမျှ စဉ်းစားနေပြီးနောက် ခေါင်းညိတ်ပြလေသည်။

သူတို့နှစ်ဦးသည် အိမ်ထဲသို့ ပြန်ဝင်လာကြသည်။ ယခုတစ်ကြိမ်တွင် ယိုကိုသည် ဥကျုမိအား ဂျွန်ကို၏ အခန်းသို့ ခေါ်ဆောင်သွားသည်။ ၎င်းမှာ မြက်ဖျာ ၈ ချပ်စာ အကျယ်ရှိသော အနောက်တိုင်းပုံစံ အခန်းတစ်ခန်း ဖြစ်သည်။ အခန်းထဲတွင် ဂျွန်ကို အသုံးပြုခဲ့သော စာရေးစားပွဲနှင့် ခုတင်တို့ ယခုတိုင် ရှိနေဆဲပင်။

“သမီးရဲ့ ပစ္စည်းတွေအားလုံးကို စုပြီး ဒီအခန်းထဲမှာ သိမ်းထားတာ။ တစ်နေ့ကျရင်တော့လည်း ရှင်းပစ်ရမှာပေါ့လေ” ယိုကိုသည် အံဆွဲတစ်ခုကို ဆွဲ၍ အပေါ်ဆုံးမှ စာတစ်စောင်ကို လှမ်းယူလိုက်သည်။ “ဒီစာပဲ”

“ကျွန်မကို ကြည့်ခွင့်ပြုပါ” ဟု ဆိုပြီး ဥကျုမိသည် စာကို လှမ်းယူလိုက်သည်။

သေတမ်းစာတွင် ပါဝင်သော အကြောင်းအရာများသည် ကုစာနာဂိထံမှ ကြားထားရသည်တို့နှင့် များစွာ ကွာခြားမှု မရှိပေ။ စာထဲတွင် သတ်သေရသည့် အကြောင်းအရင်းကို ဖော်ပြထားခြင်း မရှိသော်လည်း လူ့ဘဝအပေါ် ငြီးငွေ့စိတ်ပျက်နေသည့် ခံစားမှုများကို စကားလုံးများတွင် အထင်အရှား တွေ့မြင်နေရသည်။

“အဲဒီတုန်းက သူ့အတွက် တစ်ခုခု လုပ်ပေးခဲ့သင့်တယ်လို့ အဒေါ် အခုချိန်ထိ နောင်တရနေမိတုန်းပဲ။ တကယ်လို့သာ သူ့အပေါ် နည်းနည်းလေး ပိုပြီး အာရုံစိုက်ခဲ့မိရင် သူ့ရင်ထဲမှာ ခံစားနေရတဲ့ သောကတွေကို သတိထားမိနိုင်လောက်တယ်” ယိုကို၏ အသံမှာ တုန်ယင်နေသည်။

ဥကျုမိလည်း မည်သို့ ဖြေသိမ့်ပေးရမည်မှန်း စဉ်းစားမရသောကြောင့် နှုတ်ဆိတ်လျက် စာကို အံဆွဲထဲသို့ ပြန်ထည့်ပေးရန် ဟန်ပြင်လိုက်သည်။ ထိုစဉ်မှာပင် အံ့ဆွဲထဲ၌ တခြားစာများ ရှိနေသေးသည်ကို သတိထားမိသွားသည်။

“ဒါတွေက …”

“သမီး ပို့လာတဲ့ စာတွေလေ။ အဒေါ်က အီးမေးလ်မသုံးတတ်တော့ သာကြောင်းမာကြောင်း ပြောချင်တဲ့ အခါမျိုးမှာ သူက စာနဲ့ပဲ အဒေါ့်ဆီ ရေးပေးလေ့ရှိတယ်”

“ကျွန်မ ကြည့်ကြည့်လို့ ရမလား”

“ရပါတယ်။ အဒေါ် ရေနွေးခွက်တွေ ဒီကို ယူလာခဲ့လိုက်မယ်”

ယိုကိုသည် ပြောပြီး အခန်းထဲမှ ထွက်ခွာသွားသည်။

ဥကျုမိသည် ထိုင်ခုံကို အနားသို့ ဆွဲယူထိုင်ကာ စာများကို စတင် ဖတ်ရှုလေသည်။ စာတွင်း၌ ပါရှိသော အကြောင်းအရာများမှာ များသောအားဖြင့် သူ ဆွဲနေသော ရုပ်ပြများအကြောင်းနှင့် သူ လုပ်နေသော အလုပ်များအကြောင်းကို သူ့မိခင်အား ပြောပြနေခြင်းမျှသာ။ သူ၏ ချစ်သူရည်းစားနှင့် တခြားအပေါင်းအသင်းများ အကြောင်းကို တစ်စိုးတစ်စိမျှ ရေးသားဖော်ပြထားခြင်း မရှိပေ။

စာများကို ဆက်လက် ဖတ်ရှုရန် မလိုအပ်တော့ဟု ယူဆကာ လက်စသတ်လိုက်တော့မည်ဟု ဆုံးဖြတ်လိုက်သည့် အခိုက်အတန့်မှာပင် အနီရောင် နှစ်ထပ်ဘတ်စ်ကားတစ်စီးပုံ ရိုက်နှိပ်ထားသော ပို့စ်ကတ်တစ်စောင်ပေါ်တွင် အကြည့်များ ရပ်တန့်သွားသည်။ ပို့စ်ကတ်၏ နောက်ကျောတွင် ရေးသားထားသော အပြာရောင်စာလုံးများကို ဖတ်ရှုနေစဉ်အတွင်း ဥကျုမိသည် အသက်ရှူရန်ပင် မေ့လျော့သွားခဲ့လေသည်။

အမေ နေကောင်းတယ် မဟုတ်လား။ သမီး အခု လန်ဒန်ရောက်နေတယ်။ ဒီမှာ ဂျပန်က ကောင်မလေးတစ်ယောက်နဲ့ တွေ့ပြီး မိတ်ဆွေဖြစ်သွားခဲ့တယ်။ သူက ဟော့ကိုင်းဒိုးကလေ။ အခု အင်္ဂလန်မှာ ကျောင်းလာတက်နေတာ။ မနက်ဖြန်ကျရင် သူ သမီးကို လာခေါ်ပြီး သမီးတို့ မြို့ထဲကို ဟိုနားဒီနား လျှောက်လည်ကြမှာ။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *