ကုစာနာဂိသည် ဝင်သက်ကို အားရပါးရ ရှူသွင်းလိုက်ပြီး လူခေါ်ခေါင်းလောင်း ခလုတ်ကို နှိပ်ချလိုက်သည်။ သူသည် တံခါးပေါ်တွင် ချိတ်ဆွဲထားသော ‘အန်နာဂေဟာ’ ဟူသော ဆိုင်းဘုတ်ကို ငေးကြည့်နေရင်း ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်နေမိသည်။ ရင်ခုန်သံများ အဘယ်ကြောင့် မြန်နေရသနည်း။
အင်တာကွန်းထဲမှ မေးမြန်းသံ ထွက်မလာဘဲ တံခါးမကြီးသာ တိုက်ရိုက် ပွင့်ဟလာတော့သည်။ အာယနဲ၏ ဖြူဖွေးနေသော မျက်နှာသည် တံခါး၏ အနောက်တွင် ထွက်ပေါ်လာသည်။ မိခင်တစ်ဦးက သားငယ်ကို ကြည့်နေဘိသကဲ့သို့ နူးညံ့ချိုသာသော အကြည့်ဖြင့် ကုစာနာဂိကို စိုက်ကြည့်နေသည်။ “သိပ် အချိန်မှန်တာပဲ”
“အဲ … ဟုတ်လား” ကုစာနာဂိက လက်ပတ်နာရီကို ငုံ့ကြည့်သည်။ နေ့ခင်း နှစ်နာရီတိတိ။ သူသည် အာယနဲထံသို့ ကြိုတင်ဖုန်းဆက်ထားပြီး နှစ်နာရီတွင် လာတွေ့မည်ဟု ချိန်းဆိုထားခဲ့သည်။
သူက “အထဲကို ကြွပါ” ဟုဆို၍ ကုစာနာဂိကို အိမ်ထဲသို့ ဝင်စေသည်။
ရှေ့တစ်ခေါက်က ဤနေရာသို့ သူ ရောက်ရှိခဲ့ရသည့် အကြောင်းအရင်းမှာ ဝါကာယာမာ ဟိရောမိအား အမှုစစ်ဆေးရန် လာရောက်ခေါ်ယူခြင်း ဖြစ်သည်။ ထိုစဉ်က သူသည် ဤအခန်းကို စေ့စေ့စပ်စပ် ကြည့်ရှုခွင့် မရခဲ့ပေ။ သို့သော် ယခုအချိန်တွင်မူ ယခင်ကထက် ထူးပြားဆန်းကြယ်သော ကွာခြားချက်တစ်ခု ရှိနေသည်ဟု
ခံစားနေရသည်။
အလုပ်စားပွဲနှင့် ပရိဘောဂ ပစ္စည်းများက မည်သို့မျှ ပြောင်းလဲသွားခြင်း မရှိခဲ့။ သို့သော် ကြီးမြတ်သော အရာတစ်ခုခု လစ်ဟာနေသကဲ့သို့ ခံစားနေရသည်။
အာယနဲက သူ့ကို ထိုင်ရန် နေရာပေးသည်။ သူသည် ထိုင်ချလိုက်ပြီးနောက် ဘေးပတ်ပတ်လည်သို့ မျက်စိဝေ့ကြည့်လိုက်သည်။
အာယနဲသည် ရေနွေးကြမ်းခရားအိုးကို ကိုင်လျက် ခွက်ထဲသို့ လက်ဖက်ရည်များ လောင်းထည့်နေသည်။ “နေရာက ရှုပ်ပွခတ်နေတော့ အားနာစရာကြီး။ ဟိရောမိရဲ့ ပစ္စည်းတွေက ဒီလောက်တောင် များနေလိမ့်မယ်လို့ ထင်တောင် ထင်မထားမိဘူး”
ကုစာနာဂိက ခေါင်းညိတ်ပြသည်။
ဟိရောမိ အလုပ်ထွက်တော့မည့် အကြောင်းကို ကြားသိရသည့်အခါတွင် ကုစာနာဂိသည် ထူးဆန်းအံ့ဩခြင်း မဖြစ်ခဲ့ပေ။ သဘာဝကျသည့် ကိစ္စတစ်ရပ်ပင် မဟုတ်ပါလော။ မာရှိဘ ယိုရှီတာကာနှင့် တွဲနေသည့် တိတ်တိတ်ပုန်း ဇာတ်လမ်းကို တရားဝင် ဝန်ခံလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် ပုံမှန်အားဖြင့် မိန်းကလေးတိုင်း ဤသို့ ပြုလုပ်ကြမည်သာ ဖြစ်သည်။
အာယနဲသည် ဟိုတယ်မှ နေ၍ ဤအခန်းသို့ ယမန်နေ့က ပြောင်းရွှေ့လာခဲ့သည်ဟု ဆိုသည်။ သူသည် သူ့အိမ်သို့ ပြန်နေရန် အစီအစဉ် ရှိသေးပုံ မရ။ ဤသည်ကိုလည်း ကုစာနာဂိ နားလည်ပေးနိုင်သည်။
အာယနဲသည် ရေနွေးကြမ်းခွက်ကို ကုစာနာဂိ၏ အရှေ့သို့ ရွှေ့ပေးလိုက်သည်။
“ဒီနေ့မနက် ကျွန်မ ဟိုကို သွားလိုက်သေးတယ်” ပြောပြီး အာယနဲသည် ကုစာနာဂိ၏ ရှေ့မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည်။
“ခင်ဗျား အိမ်ကိုလား”
သူသည် လက်ချောင်းများကို စားပွဲပေါ် တင်ပြီး ခေါင်းညိတ်လိုက်သည်။ “ကျွန်မ အိမ်ပြန်တာက ပန်းပင်တွေ ရေလောင်းလိုက်ချင်လို့လေ။ ဒါပေမယ့် သူတို့လေးတွေ အကုန်လုံး ခြောက်ကုန်ပြီ”
“ဆောရီးပဲဗျာ။ အိမ်သော့ကို ကျွန်တော့်ဆီမှာ အပ်ထားပါလျက်နဲ့ ကျွန်တော်လည်း အချိန်မအားတာကြောင့် ရေလောင်း မပေးနိုင်ခဲ့ဘူး”
အာယနဲက လက်ကို အလျင်အမြန် ယမ်းခါလိုက်သည်။ “မဟုတ်တာရှင်။ အဲဒီတုန်းကလည်း ကျွန်မက မျက်နှာပြောင်တိုက်ပြီး ဆရာကုစာနာဂိကို အကူအညီ တောင်းခဲ့တာပါ။ ကျွန်မက ရှင့်ကို အပြစ်တင်နေတာ မဟုတ်ရပါဘူးရှင်။ စိတ်မရှိပါနဲ့”
“ကျွန်တော် ပေါ့ဆလို့ ဖြစ်ရတာပဲဗျာ။ နောက် သတိထားပါ့မယ်”
“ရပါတယ်။ မလိုတော့ပါဘူးရှင်။ နောက်ကျရင် ကျွန်မကိုယ်တိုင် နေ့တိုင်း ရေသွားလောင်းပါ့မယ်”
“ဟုတ်လား။ ကူညီ မပေးနိုင်ခဲ့တဲ့အတွက် စိတ်မကောင်းပါဘူး။ ဒါဆိုလည်း အိမ်သော့ကို ခင်ဗျားဆီ ပြန်အပ်ထားတာပဲ ပိုကောင်းလိမ့်မယ် ထင်တယ်”
အာယနဲသည် တဒင်္ဂမျှ စဉ်းစားနေပြီးနောက် ကုစာနာဂိ၏ မျက်နှာကို တည့်တည့်ကြည့်လျက် မေးလိုက်သည်။ “နောက်ကျရင် ရဲဘက်က ကျွန်မအိမ်ကို သွားပြီး စစ်ဆေးဖို့ မလိုအပ်တော့ဘူးလား”
“အဲဒါတော့ မပြောတတ်သေးဘူး”
“အဲဒီလိုဆိုမှတော့ သော့ကို ဆရာပဲ ယူထားလိုက်ပါဦး။ ဆရာတို့ အိမ်ထဲဝင်ပြီး စစ်ဆေးချင်ရင် ကျွန်မဆီ တကူးတက ပြေးလာနေစရာ မလိုတော့ဘူးပေါ့”
“ကောင်းပြီလေ။ ကျွန်တော်ပဲ ဆက်ကိုင်ထားလိုက်ပါ့မယ်” ကုစာနာဂိသည် ဘယ်ဘက်ရင်အုံကို လက်ဖဝါးဖြင့် ပုတ်ပြလိုက်သည်။ မာရှိဘအိမ်၏ သော့ကို ၎င်းနေရာရှိ အိတ်ကပ်ထဲတွင် ထည့်ထားခြင်း ဖြစ်သည်။
“ဒါနဲ့ … ဟိုရေပန်းခရားအိုးကြီးက ဆရာကုစာနာဂိ ဝယ်ထားတာ ထင်တယ်”
အာယနဲ၏ စကားကြောင့် ရေနွေးခွက်ကို သောက်ရန် နှုတ်ခမ်းတေ့ထားသော လက်သည် လေပေါ်တွင် ရုတ်တရက် ရပ်တန့်သွားသည်။ အားနေသော တခြားလက်တစ်ဖက်ဖြင့် ခေါင်းကုတ်လျက် “သံဗူးခွံကို အပေါက်ဖောက်ပြီး ရေလောင်းတဲ့ အိုင်ဒီယာက အတော်တော့ အဟုတ်သားဗျ။ ဒါပေမယ့် ရေပန်းခရားအိုးကြီးနဲ့ လောင်းရင်တော့ ပိုထိရောက်တာပေါ့ဗျာ … ကျွန်တော် ဝင်လျှာရှည်မိပြီ ထင်တယ်”
အာယနဲက ပြုံးလျက် ခေါင်းခါနေသည်။ “အဲဒီလောက် ကြီးတဲ့ ရေပန်းခရားမျိုး ဝယ်လို့ရတယ်လို့ ကျွန်မ အရင်က မသိခဲ့ဘူး။ သုံးကြည့်လိုက်တော့ အတော်လေး အဆင်ပြေသား။ ငါ ဘာလို့ အဲဒီလို မတွေးမိပါလိမ့် လို့တောင် စဉ်းစားနေတာ။ ကျေးဇူးပါပဲရှင်”
“အခုလို ကြားရမှပဲ စိတ်ချနိုင်တော့တယ်ဗျာ။ ခင်ဗျားက ဟိုသံဗူးခွံကိုပဲ ပိုသဘောကျနေတာလားလို့ ကျွန်တော်က စိုးရိမ်နေတာ”
“သိပ်ပြီး သဘောကျတယ်လည်း မဟုတ်ပါဘူးရှင်။ အဲဒါကို လွှင့်ပစ်လိုက်ပြီလား”
“ဗျာ … မရဘူးလား”
“ဘယ်ကလာရှင်။ ဆရာ့ကို ဒုက္ခပေးသလို ဖြစ်နေပြီ”
အာယနဲသည် ခေါင်းငုံ့လျက် ပြုံးနေစဉ် စာအုပ်စင်ပေါ်တွင် တင်ထားသော ဖုန်းမှ အသံမြည်လာသည်။ သူက “ခဏနော်” ဟု ဆိုကာ မတ်တတ်ထ၍ ဖုန်းသွားကိုင်လေသည်။ “မင်္ဂလာပါရှင်၊ အန်နာဂေဟာကပါ။ … အိုး မစ္စအိုတာလား … ရှင် … ဟုတ်တယ်။ … ဟုတ်လား” အာယနဲသည် ပြုံးမြဲ ပြုံးနေဆဲ။ သို့သော် သူ၏ နှုတ်ခမ်းစွန်းနှစ်ဖက်သည် အနည်းငယ် တင်းမာနေကြောင်း ကုစာနာဂိ တွေ့မြင်နေရသည်။ ဖုန်းချလိုက်ပြီးသည့် နောက်တွင် သူ၏ သူငယ်အိမ်များက ဟိုဟိုဒီဒီ ပြေးလွှားနေလေသည်။
“ဆောရီးပဲနော်” ဟု ဆိုကာ အာယနဲသည် ထိုင်ခုံတွင် ပြန်လာထိုင်သည်။
“ဘာဖြစ်လို့လဲ” ကုစာနာဂိက မေးသည်။
အာယနဲ၏ မျက်ဝန်းထဲတွင် အဖော်မဲ့နေသော အရိပ်အယောင်များ ယှက်သန်းနေသည်။ “သင်တန်းသားတစ်ယောက် ဖုန်းဆက်လာတာပါ။ အိမ်မှာ အလုပ်ကိစ္စ ရှိနေလို့ သင်တန်းကို ဆက်မတက်ဖြစ်တော့ဘူးတဲ့။ သူ ဒီမှာ တက်နေတာ ၃ နှစ်တောင် ရှိသွားခဲ့ပြီလေ”
“ဟုတ်လား။ အိမ်ထောင်ရှင်မတစ်ယောက်က အပြင်ထွက်ပြီး လက်မှုပညာ သင်ရတာ ဆိုတော့ တယ်ပြီး လွယ်လှမယ် မထင်ဘူး”
အာယနဲက ပြုံးရယ်လျက် “မနေ့ကတည်းက စပြီး သင်တန်းသားတွေက တစ်ယောက်ပြီးတစ်ယောက် ဖုန်းဆက်လာကြတယ်။ သင်တန်း ဆက်မတက်ဖြစ်တော့ဘူး ဆိုတဲ့ အကြောင်းပေါ့။ ဒါနဲ့ပါဆို ငါးယောက် ရှိပြီ”
“အမှုနဲ့ သက်ဆိုင်နေလို့လား”
“အဲဒီသက်ရောက်မှုလည်း ပါချင် ပါမှာပေါ့။ ဒါပေမယ့် အဓိက အကြောင်းအရင်းကတော့ ဟိရောမိ အလုပ်ထွက်သွားလို့ပါ။ ဒီနှစ်ပိုင်းအတွင်းမှာ ဟိရောမိကပဲ တာဝန်ယူပြီး သင်ပေးနေတာလေ။ ဒီသင်တန်းသားတွေ အားလုံးက ပြောမယ်ဆိုရင် သူ့တပည့်တွေချည်းပဲ”
“ဒါဆို ဆရာ အလုပ်ထွက်သွားလို့ တပည့်တွေက ဆက်မတက်ချင်တော့တဲ့ သဘောပေါ့”
“အဲဒီလောက်လည်း သူ့အပေါ် သံယောဇဉ် ရှိလို့ ဟုတ်ချင်မှ ဟုတ်မှာပါ။ သင်တန်းသားတွေက ဒီကျောင်းအပေါ် ဖီးမလာတော့တာလည်း ဖြစ်ချင် ဖြစ်မှာပေါ့။ မိန်းမတွေက အဲဒီလိုမျိုး ကိစ္စတွေမှာ သိပ်ကို ဇီဇာကြောင်တတ်တာ မဟုတ်လား”
“အင်း …” ကုစာနာဂိ၏ နှုတ်မှ အင်းဟုသာ ဝတ်ကျေတန်းကျေ ထူးလိုက်ရသည်။ သူ့စိတ်ထဲတွင်မူ နားလည်ရ ခက်ခဲနေဆဲ။ သူတို့သည် အာယနဲထံမှ ပညာသင်ချင်သောကြောင့်သာ လာတက်နေခြင်း မဟုတ်လော။ ယခုအခါတွင် အာယနဲ၏ တိုက်ရိုက်သင်ကြားပေးမှုကို လက်ခံရရှိတော့မည် ဖြစ်သောကြောင့် သင်တန်းသားများသည် ပို၍ပင် ပျော်ရွှင်ဝမ်းမြောက်သင့်သည် မဟုတ်ပါလော။ သူ၏ အတွေးအာရုံထဲတွင် ဥကျုမိ၏ ရုပ်ပုံ ထွက်ပေါ်လာသည်။ သည်ကောင်မလေးသာဆိုလျှင် ယင်းခံစားချက်ကို ကိုယ်ချင်းစာနိုင်မည်လားဟု မဆိုနိုင်။ ကုစာနာဂိ တွေးနေမိသည်။
“ကျွန်မအထင်တော့ ရှေ့လျှောက်လည်း သင်တန်းနားမယ့် ဖုန်းတွေ ဆက်ဝင်လာဦးမှာပဲ။ ဒါမျိုးကိစ္စက သံကွင်းဆက်သက်ရောက်မှုလို ဖြစ်ရင် အတွဲလိုက် အတွဲလိုက် ဖြစ်တတ်တာမျိုး မဟုတ်လား။ ဒါကြောင့် သင်တန်းတွေ အားလုံးကို ယာယီဖြစ်ဖြစ် ရပ်နားပစ်လိုက်တော့မယ်လို့ ကျွန်မ စဉ်းစားနေတာ” အာယနဲသည် မေးစေ့ကို လက်နှစ်ဖက်ဖြင့် ထောက်လျက် စကားကို ဆုံးအောင် ပြောပြီးသည့်နောက်တွင် ခါးကို ဆတ်ကနဲ မတ်ချပစ်လိုက်သည်။ “ဆောရီးပါရှင်။ ဆရာကုစာနာဂိနဲ့ မဆိုင်တဲ့ စကားတွေကို ပြောနေမိတယ်”
အာယနဲက သူ့ကို စိုက်ကြည့်နေသောကြောင့် ကုစာနာဂိသည် အကြည့်ကို ကြမ်းပြင်ပေါ်သို့ လွှဲချပစ်လိုက်သည်။ “အခုလို ဖြစ်နေတော့ ခင်ဗျားလည်း စိတ်ချမ်းသာမယ် မထင်ဘူး။ ကျွန်တော်တို့ ဒီအမှုကို တရားခံပေါ်အောင် အမြန်ဆုံး ကြိုးစားပါ့မယ်။ ဒီကြားထဲမှာတော့ ပေါ့ပေါ့ပါးပါးပဲ နေလိုက်ပေါ့ဗျာ”
“ဟုတ်တယ်။ တစ်ယောက်တည်း စိတ်ပြေလက်ပျောက် ခရီးလေးဘာလေး ထွက်ရမယ်”
“အဲဒီအစီအစဉ် မဆိုဘူး”
“ပေါ့ပေါ့ပါးပါးနဲ့ ခရီးမထွက်ရတာလည်း အတော်ကြာသွားပြီ။ အရင်တုန်းကတော့ ကျွန်မတစ်ယောက်တည်း နိုင်ငံခြားတောင် သွားခဲ့ဖူးသေးတယ်”
“ခင်ဗျား အရင်က အင်္ဂလန်မှာ ပညာသွားသင်ခဲ့ဖူးသေးတယ် မဟုတ်လား”
“ကျွန်မ မိဘတွေဆီက ကြားခဲ့တယ် ထင်တယ်။ အဲဒါ ပဝေသဏီက ကိစ္စတွေပါရှင်” အာယနဲသည် တစ်ခဏမျှ ခေါင်းကို ငုံ့လိုက်ပြီးနောက် ချက်ချင်း ပြန်မော့လိုက်သည်။ “ဒါနဲ့ ကိစ္စတစ်ခုလောက် ဆရာကုစာနာဂိကို အကူအညီ တောင်းချင်တယ်။ အဆင်ပြေမယ် ဆိုရင်ပေါ့”
“ဘာများလဲ” ကုစာနာဂိသည် ရေနွေးကြမ်းတစ်ငုံ သောက်ပြီး ခွက်ကို စားပွဲပေါ် ပြန်တင်လိုက်သည်။
“ဒီနံရံကို ကြည့်ကြည့်ပါဦး။ တစ်ခုခု ဟာမနေဘူးလား” အာယနဲသည် နံဘေးရှိ နံရံဘက်သို့ ခေါင်းငဲ့ကာ မေးထိုးပြသည်။
နံရံသည် အမှန်ပင် ဟာလာဟင်းလင်း ဖြစ်နေသည်။ ယခင်က တစ်စုံတစ်ခု ချိတ်ဆွဲထားခဲ့ဖူးသောကြောင့် လေးထောင့်စပ်စပ် အရိပ်တစ်ခုသာ ထင်ကျန်နေသည်။
“အရင်က ဒီနေရာမှာ စပ်ထည်ပန်းချီကားတစ်ကား ချိတ်ထားခဲ့ဖူးတယ်။ အဲဒါက ဟိရောမိရဲ့ လက်ရာလေ။ ဒါကြောင့် ကျွန်မ သူ့ကို လက်ဆောင်ပေးလိုက်တယ်။ ဒီတော့ ဒီနေရာမှာ ကွက်လပ်ကြီး ဖြစ်သွားတော့တာပေါ့။ ဒါကြောင့် တစ်ခုခု ချိတ်မလားလို့ ကျွန်မ စဉ်းစားနေတာ”
“ဟုတ်လား။ ဘာချိတ်မယ် စိတ်ကူးထားလဲ”
“အင်း၊ ဒီနေ့ အိမ်ကနေ သယ်လာခဲ့တယ်” အာယနဲသည် မတ်တတ်ရပ်ပြီး အခန်းထောင့်တွင် ချထားသော စက္ကူအိတ်ကြီးတစ်လုံးကို သယ်ဆောင်လာသည်။ အိတ်မှာ ဘေးနှစ်ဖက် ဖောင်းကားနေသည်။
“ဘာကြီးလဲ” ကုစာနာဂိက မေးသည်။
“ကျွန်မတို့ အိပ်ခန်းထဲမှာ ချိတ်ထားတဲ့ စပ်ထည်ပန်းချီကားပါ။ ဟိုဘက်မှာ ဒီအတိုင်း ပစ်ထားရတာ ဆိုတော့”
“ဟုတ်တာပေါ့” ကုစာနာဂိသည် မတ်တတ်ထရပ်လိုက်သည်။ “ဒါဆိုလည်း အခုပဲ ချိတ်လိုက်ကြရအောင်လား”
“အင်း” ဟု ဆိုကာ အာယနဲသည် ပစ္စည်းကို ဆွဲထုတ်ရန် စက္ကူအိတ်ထဲသို့ လက်နှိုက်လိုက်လေသည်။ သို့သော် သူ ရပ်တန့်သွားသည်။ “အယ် … ဆရာကုစာနာဂိရဲ့ လာရင်းကိစ္စကို အရင် လုပ်လိုက်တာ ကောင်းမယ် ထင်တယ်။ ဒီနေ့ ကျွန်မကို လာတွေ့တာ အကြောင်းရှိလို့ မဟုတ်လား”
“ကိစ္စ မရှိပါဘူး။ ခင်ဗျားရဲ့ ပန်းချီကားကို အရင် ချိတ်ကြတာပေါ့”
အာယနဲသည် အလေးအနက်ထားသော မျက်နှာဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။ “မဟုတ်သေးပါဘူး။ ဆရာက အလုပ်ကိစ္စအတွက်နဲ့ လာတာပဲ ဥစ္စာ။ အဲဒီအလုပ်ကို အရင် ပြီးအောင် လုပ်မှ ဖြစ်မှာပေါ့”
ကုစာနာဂိက မချိပြုံးပြုံးလျက် ခေါင်းညိတ်ပြသည်။ အိတ်ကပ်ထဲမှ မှတ်စုစာအုပ်ကို ဆွဲထုတ်ပြီး အာယနဲကို နောက်တစ်ကြိမ် မော့ကြည့်လိုက်သည့်အခါတွင် သူ၏ နှုတ်ခမ်းမှာ ခပ်တင်းတင်း စေ့ပိတ်ထားလေသည်။ “ဒါဆို ကျွန်တော် မေးခွန်းတချို့ မေးပါရစေ။ ခင်ဗျားအတွက် စိတ်မကောင်းစရာတွေ ဖြစ်လာနိုင်ပေမယ့် အမှုမှန်ပေါ်ဖို့အတွက် လုပ်ရတာဆိုတော့ မမေးမဖြစ် မေးရမှာမို့ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ”
“ရပါတယ်”
“ခင်ဗျားခင်ပွန်းနဲ့ ခင်ဗျားတို့ မတွေ့ဆုံကြခင်က သူနဲ့ တွဲနေတဲ့ အမျိုးသမီးရဲ့ နာမည်ကို ကျွန်တော်တို့ စုံစမ်းလို့ ရထားပါပြီ။ သူ့နာမည်က ကျုကူအိ ဂျွန်ကိုတဲ့။ ခင်ဗျား အဲဒီနာမည်ကို ကြားဖူးလား”
“ကျုကူအိ …”
“ကျုကူအိ ဂျွန်ကိုပါ” ကုစာနာဂိသည် မှတ်စုစာအုပ်ပေါ်တွင် ရေးထားသော ၎င်းနာမည်ကို အာယနဲအား ထောက်ပြသည်။
အာယနဲသည် ကုစာနာဂိကို စိုက်ကြည့်၍ ပြန်ဖြေသည်။ “မကြားဖူးပါဘူး။ အခုမှ ကြားဖူးတာပဲ”
“ဒါဆို ရုပ်ပြပန်းချီဆရာ အကြောင်းကိုရော ခင်ဗျားခင်ပွန်းဆီက ကြားဖူးထားတာ ရှိလား”
“ရုပ်ပြပန်းချီဆရာ …” အာယနဲသည် မျက်မှောင်ကြုတ်လျက် အသည်းအသန် စဉ်းစားနေသည်။
“ကျုကူအိ ဂျွန်ကိုက ရုပ်ပြပန်းချီ ဆွဲတဲ့ လူတစ်ယောက်ပါ။ ဒါကြောင့် ခင်ဗျားရဲ့ ခင်ပွန်းက အတိတ်ကအကြောင်းတွေကို ပြန်ပြောပြတဲ့အခါမှာ အဲဒီလို သူငယ်ချင်းတစ်ယောက် ရှိခဲ့ဖူးကြောင်း ပြောများ ပြောခဲ့ဖူးမလားလို့”
အာယနဲသည် ကြမ်းပြင်ကို ငေးကြည့်လျက် လက်ဖက်ရည်ကို သောက်နေသည်။ “ဆောရီးပဲ။ ရုပ်ပြကာတွန်းတို့၊ ရုပ်ပြပန်းချီဆရာတို့ အကြောင်းတွေကို ကျွန်မခင်ပွန်းဆီက တစ်ခါမှ မကြားဖူးဘူး။ တကယ်လို့သာ သူ ပြောဖူးတာ မှန်ရင်တော့ ကျွန်မ မမှတ်မိဘဲ မနေပါဘူး။ အဲဒါတွေက သူနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းတွေ မဟုတ်လား”
“ဟုတ်လား။ အဲဒီလိုဆိုရင်လည်း ဘာတတ်နိုင်ဦးမှာလဲ”
“ဒါနဲ့ … အဲဒီတစ်ယောက်က အမှုနဲ့ ဘယ်လို ပတ်သက်နေလို့လဲ” အာယနဲက မေးသည်။
“အတိအကျတော့ မပြောနိုင်သေးဘူး။ ကျွန်တော်တို့ စုံစမ်းနေတုန်းပါ”
“ဪ” သူက မျက်လွှာကို ချထားလိုက်သည်။ မျက်တောင်ကို တဖျပ်ဖျပ် ခတ်လိုက်သည့် အခါတိုင်း၌ သူ၏
ကော့ညွတ်ရှည်လျားသော
မျက်တောင်မွေးများ လေထဲတွင် လွန့်လူး လှုပ်ရှားသွားလေသည်။
“နောက်ထပ် မေးခွန်းတစ်ခုလောက် ထပ်မေးပါရစေ။ ဒီလိုမေးခွန်းမျိုးကို မမေးသင့်ဘူး ဆိုပေမယ့်
ကာယကံရှင်နှစ်ယောက်စလုံးက
ဒီလောကမှာ မရှိကြတော့ဘူး ဆိုတော့”
“နှစ်ယောက် …” အာယနဲက ခေါင်းမော့ကြည့်သည်။
“ဟုတ်တယ်။ တကယ်တော့ စောစောက ပြောတဲ့ ကျုကူအိ ဂျွန်ကိုဆိုတဲ့ အမျိုးသမီးက လွန်ခဲ့တဲ့ နှစ်နှစ်က ကွယ်လွန်သွားခဲ့တယ်”
အာယနဲက “ဪ” ဟု ဆိုကာ မျက်လုံးများ ပြူးကျယ်သွားသည်။
“ခင်ဗျားရဲ့ ခင်ပွန်းက ကျုကူအိ ဂျွန်ကိုနဲ့ တွဲနေတဲ့ အချိန်မှာ သူ့အသိုင်းအဝိုင်းမှာ ရှိတဲ့ လူတွေကို အသိမခံခဲ့ဘူးလို့ ယူဆရတယ်။ ဒီတော့ ကျွန်တော်တို့မှာ အတော်ကို ခက်ခက်ခဲခဲနဲ့ စုံစမ်းယူခဲ့ရတယ်။ ဘာဖြစ်လို့ အဲဒီလုပ်ခဲ့ရတယ်လို့ ခင်ဗျား ထင်သလဲ။ ခင်ဗျားခင်ပွန်းနဲ့ ခင်ဗျား တွဲနေတုန်းကရော သူက အဲဒီလိုပဲ တိတ်တိတ်ပုန်း တွဲခဲ့တာလား”
အာယနဲသည် လက်ဖက်ရည်ပန်းကန်လုံးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် အတန်ကြာ စဉ်းစားနေသည်။ ထို့နောက် ခေါင်းမော့လာပြီး “ကျွန်မတို့ တွဲခဲ့ကြတုန်းကတော့ ကျွန်မခင်ပွန်းက အဲဒီလို လူအသိမခံတာမျိုး မလုပ်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မနဲ့သူနဲ့ ပထမဆုံး စတွေ့ကြတုန်းက သူရဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ မစ္စတာအီကာအိလည်း အနားမှာ ရှိနေတာပဲဟာ”
“အင်း၊ ဟုတ်တာပဲ”
“ဒါပေမယ့် အဲဒီတုန်းကသာ အနားမှာ မစ္စတာအီကာအိ ရှိမနေဘူးဆိုရင် ကျွန်မရဲ့ ခင်ပွန်းက ကျွန်မတို့အကြောင်းကို တခြားလူတွေ မသိအောင် တတ်နိုင်သလောက် ဖုံးဖိဖို့ ကြိုးစားနေမလားတော့ မပြောတတ်ဘူး”
“ဘာဖြစ်လို့လဲ”
“လူမသိရင် နောက်ပိုင်း လမ်းခွဲရလွယ်တယ်လေ။ အနားကလူတွေ တောင်တောင်ဤဤ လျှောက်ပြောမှာလည်း ပူစရာ မလိုတော့ဘူးပေါ့။ မဟုတ်ဘူးလား”
“ဒါဆို သူက အစကတည်းက လမ်းခွဲဖို့အတွက်ပါ ကြိုတင် ပြင်ဆင်ထားတယ် ဆိုပါတော့”
“ဒီလိုပြောရင် ပိုမှန်မယ် ထင်တယ်။ ကလေး မွေးမပေးနိုင်တဲ့လူအတွက် ကြိုတင် ပြင်ဆင်ထားတယ်ပေါ့ရှင်။ သူရဲ့ ရည်ရွယ်ချက်က အဲဒီအခြေအနေ ရောက်ပြီဆိုတာနဲ့ ခပ်မြန်မြန် တိကနဲ ဖြတ်ချပစ်နိုင်ဖို့ပဲ။ သူ့အတွက်ကတော့ အိမ်ထောင်မပြုခင်ကတည်းက ကိုယ်ဝန်ရှိနေတဲ့ အာမခံချက်မျိုး ပိုပြီး လိုချင်တယ်”
“ဒီလိုဆိုတော့ ကလေးမွေးခြင်းက သူ့အတွက် အိမ်ထောင်ပြုခြင်းရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ပေါ့။ ဒါပေမယ့် ခင်ဗျားတို့နှစ်ယောက်က ကိုယ်ဝန်ရှိလာလို့ အိမ်ထောင်ပြုခဲ့ကြတာမှ မဟုတ်ဘဲ။ ဘာဖြစ်လို့လဲ”
အဓိပ္ပာယ်ပါသော အပြုံးဖြင့် ပြုံးနေသည့် အာယနဲ၏ မျက်ဝန်းများထဲတွင် နားလည်ရန် ခက်ခဲသော လင်းရောင်ခြည်များကို ပထမဆုံးအကြိမ်အဖြစ် တွေ့မြင်လိုက်ရသည်။
“အကြောင်းအရင်းက ရိုးရိုးလေးပါ။ ကျွန်မက သူ့ကို ခွင့်မပြုခဲ့ဘူးလေ။ အိမ်ထောင်မပြုမချင်း ကျွန်မတို့ အကာအကွယ်သုံးပြီး နေကြမယ်လို့ သဘောတူထားခဲ့ကြတာ”
“ဒါဆို ကျုကူအိ ဂျွန်ကိုနဲ့ တွဲနေကြတဲ့ ကာလအတွင်းမှာ ခင်ဗျားယောက်ျားက အကာအကွယ် မသုံးခဲ့ဘူးလို့ ယူဆရတော့မှာပေါ့”
ဤသို့သော စကားမျိုးကို အာယနဲ၏ အရှေ့တွင် ပြောဆိုရသည်မှာ ဝန်လေးဖွယ် ကောင်းလှသည်။ သို့သော် ကုစာနာဂိသည် ဘာကိုမျှ ဂရုမစိုက်နိုင်တော့ပေ။
“အဲဒီလိုပဲ ဖြစ်မယ် ထင်ပါတယ်။ ဒါကြောင့် နောက်ဆုံးကျတော့ အဲဒီမိန်းမက စွန့်ပစ်ခံခဲ့ရတာပေါ့”
“စွန့်ပစ်ခံရတယ် …”
“ကျွန်မရဲ့ ခင်ပွန်းက အဲဒီလို လူစားမျိုးလေ”
သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ခိုတွဲရစ်သီနေသည်။ ဝမ်းသာစရာကောင်းသော အကြောင်းအရာတစ်ခုကို မြိန်ရေရှက်ရေ ပြောဆိုနေရသည့်နှယ်။
ကုစာနာဂိသည် မှတ်စုစာအုပ်ကို သိမ်းလိုက်သည်။ “ကျွန်တော် နားလည်ပါပြီ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးပါပဲ”
“မေးလို့ ပြီးသွားပြီလား”
“ပြီးပါပြီ။ ဆောရီးဗျာ။ စိတ်ထိခိုက်စရာ အကြောင်းတွေကို အစ ပြန်ဖော်ပေးလိုက်သလို ဖြစ်သွားတယ်”
“ရပါတယ်။ ကျွန်မခင်ပွန်းနဲ့ မတွေ့ခင်တုန်းကလည်း ကျွန်မ တခြား ယောက်ျားလေးတွေနဲ့ တွဲခဲ့ဖူးတာပဲဥစ္စာ”
“ဪ၊ ဟုတ်ကဲ့”
ကုစာနာဂိက မျက်နှာမဲ့သွားသော်လည်း အာယနဲမှာမူ အပြုံး မပျက်ပေ။ “အယ် … ကျွန်တော် ခင်ဗျား ပန်းချီကားကို နံရံမှာ ချိတ်ပေးမယ်လေ”
အာယနဲသည် “ဟုတ်ကဲ့” ဟု ဆိုကာ စက္ကူအိတ်ထဲသို့ လက်နှိုက်လိုက်ပြန်သည်။ သို့သော် ချက်ချင်းပင် စိတ်ကူးပြောင်းသွားသည့်အလား လက်ကို ပြန်ထုတ်လိုက်ပြန်သည်။
“ဒီနေ့တော့ ထားလိုက်ပါတော့ရှင်။ သေချာစဉ်းစားကြည့်တော့ နံရံပေါ်မှာလည်း သန့်ရှင်းရေး မလုပ်ရသေးဘူး။ နံရံပေါ် သန့်သန့်ပြန့်ပြန့် ဖြစ်အောင် လုပ်ပြီးမှ ကျွန်မဘာသာပဲ ချိတ်လိုက်ပါတော့မယ်”
“အဲဒီလိုလား။ ဒီနေရာမှာသာ ချိတ်လိုက်မယ်ဆိုရင် အတော်ကို လှသွားမှာ။ အကူအညီလိုအပ်ရင် အားမနာပါနဲ့ဗျာ။ အချိန်မရွေးပြောပါ”
“ကျေးဇူးပါရှင်” အာယနဲက ဦးညွှတ်လိုက်သည်။
အန်နဲဂေဟာမှ ထွက်ခွာလာပြီးနောက်တွင် စောစောက မေးမြန်းခဲ့သော မေးခွန်းများ၊ အာယနဲ၏ ဖြေဆိုမှုများ၊ ထိုအဖြေများအပေါ် သူ၏ တုံ့ပြန်မှု၊ စသည်တို့ကို ပြန်လည် ဆင်ခြင်ကြည့်နေမိသည်။ ထိုသို့ ပြန်လည်စဉ်းစားနေစဉ် သူ၏ ဦးခေါင်းထဲ၌ အသံတစ်သံ ထွက်ပေါ်လာသည်။ ယုကာဝါ၏ အသံ။
“မင်းက ပျော့ညံ့တဲ့ မှုခင်းရဲတစ်ယောက် မဟုတ်ဘူး ဆိုတာကို ငါ ယုံပြီးသားပါ။ ကိုယ့်ရဲ့ ခံစားချက်အတွက်နဲ့ ယုံကြည်ရာကို စွန့်လွှတ်တတ်တဲ့ လူစားမျိုးမှ မဟုတ်တာ”
သူ့စကား မှန်ပါစေဟု ကုစာနာဂိ ဆုတောင်းနေမိတော့သည်။