မာတိကာကြည့်ရန်

(၁၉)

မဲဂူရိုရဲစခန်း၏ အစည်းအဝေးခန်းမအတွင်း၌ ဥကျုမိသည် အစီရင်ခံစာ ရေးနေသည်။ ထိုစဉ် ကုစာနာဂိနှင့် ကိရှိတာနိတို့ နှစ်ဦးသည် မျက်နှာမသာမယာဖြင့် စခန်းသို့ ပြန်ရောက်လာသည်။

“ဘိုးတော်ပြန်ရောက်ပြီလား” ကုစာနာဂိက ဒေါမာန်ပါပါ မေးလိုက်သည်။

“ခွဲမှူးက ရုံးခန်းထဲမှာ ရှိတယ်”

ကုစာနာဂိသည် ဘာမျှ ပြန်မပြောတော့ဘဲ အခန်းထဲမှ ထွက်ခွာသွားသည်။ ကိရှိတာနိသည် ဥကျုမိကို လက်နှစ်ဖက် ဖြန့်ကားပြသည်။ ထိန်းမနိုင်ဘူး ဟူသည့် သဘောမျိုး။

“ကြည့်ရတာ ရာသီဥတု မကောင်းဘူး ထင်တယ်” ဥကျုမိက ကိရှိတာနိကို မေးလိုက်သည်။

“ကျွန်တော်တို့ မာရှိဘ ယိုရှီတာကာရဲ့ အရင် ရည်းစားဟောင်းကို ရှာတွေ့ခဲ့ပြီ”

“ဟုတ်လား။ တွေ့တယ်လည်း ပြောသေးတယ်။ ဘာဖြစ်လို့ အဲဒီမျက်နှာကြီး ဖြစ်နေရတာလဲ”

“မှန်းထားတဲ့အတိုင်း ဖြစ်မလာလို့လေဗျာ” ကိရှိတာနိသည် ခေါက်ကုလားထိုင်တစ်လုံးကို ဆွဲယူ ထိုင်လိုက်သည်။

ကိရှိတာနိထံမှ အကြောင်းစုံ ကြားရသည့် အခါတွင် ဥကျုမိလည်း တအံ့တဩ ဖြစ်သွားခဲ့ရသည်။

“ကျွန်တော်တို့ စာအုပ်တိုက်ကနေ အဲဒီအမျိုးသမီးရဲ့ ဓာတ်ပုံကို ငှားလာခဲ့တယ်။ ပြီးတော့ သူနဲ့ မစ္စတာမာရှိဘတို့ ချိန်းတွေ့လေ့ရှိတဲ့ လက်ဖက်ရည်ဆိုင်ကို ပြန်သွားပြီး အဲဒီက စားပွဲထိုးမလေးကို ဓာတ်ပုံပြကြည့်တယ်။ အတည်ပြုကြည့်ခဲ့တယ်။ စားပွဲထိုးမလေးကတော့ သူမှသူပဲ လုံးဝ သေချာတယ်တဲ့။ ဇာတ်လမ်းက အဲဒီမှာတင် တစ်ခန်းရပ်သွားရော။ ရည်းစားဟောင်းလက်ချက်ကြောင့် သေရတယ် ဆိုတဲ့ ဆရာရဲ့ အယူအဆက အဲဒီမှာတင် နိဋ္ဌိတံသွားတယ်”

“အဲဒါကြောင့် သူက စူ
ပုပ်နေတာကိုး
”

“ကျွန်တော်လည်း အတော် စိတ်ဓာတ်ကျသွားတယ်။ သူနဲ့ တစ်နေကုန် ပြေးထား လွှားထားရတာလေဗျာ။ နောက်ဆုံးကျ ရလဒ်က အဲဒီလိုကြီး ဖြစ်သွားတော့ အမောတောင် ဆို့သွားတယ်”

ကိရှိတာနိ ခါးကြောဆန့်နေသည့် အချိန်တွင် ဥကျုမိထံသို့ ဖုန်းဝင်လာသည်။ ယုကာဝါထံမှ ဖြစ်နေသည်။ သူနှင့် နေ့ခင်းကမှ လူချင်း တွေ့ခဲ့ကြသေးသည်။

“ဟယ်လို ဆရာ၊ ဘာများ ပြောစရာ ကျန်သွားလို့လဲ”

“ခင်ဗျား အခု ဘယ်မှာလဲ” ယုကာဝါက အသံကြားသည်နှင့် မေးခွန်းထုတ်လိုက်သည်။

“မဲဂူရိုရဲစခန်းမှာ”

“ခင်ဗျားနဲ့ တွေ့ပြီး နောက်ပိုင်းမှာ ကျွန်တော် အများကြီး စဉ်းစားဖြစ်ခဲ့တယ်။ ခင်ဗျားကို တစ်ခု လုပ်ခိုင်းချင်တာ ရှိလို့ အခု တွေ့လို့ ရမလား”

“ဟုတ်။ ပြဿနာတော့ မရှိပါဘူး။ ဆရာ ဘာလုပ်ပေးစေချင်တာလဲ”

“လူချင်းဆုံရင် ပြောပြမှာပေါ့။ ဆုံမယ့်နေရာကို ခင်ဗျား ရွေးလိုက်” ယုကာဝါ၏ စကားသံထဲတွင် ရှားရှားပါးပါး တက်ကြွသံများ ရောစွက်နေသည်။

“ရပါတယ်။ ကျွန်မ တက္ကသိုလ်ကိုပဲ လာခဲ့လိုက်မယ်”

“ကျွန်တော် ကျောင်းမှာ မရှိတော့ဘူး။ မဲဂူရိုရဲစခန်းဘက်ကို အခု လာနေပြီ။ ဘယ်နေရာမှာ ဆုံကြမလဲ”

ဥကျုမိသည် အနီးအနားရှိ မိသားစု စားသောက်ဆိုင်တစ်ဆိုင်တွင် ဆုံရန် သူ့ကို ချိန်းဆိုလိုက်သည်။ ယုကာဝါက “ဟုတ်ပြီလေ” ဟု ဆိုကာ ဖုန်းချသွားသည်။ ဥကျုမိသည် တစ်ဝက်တစ်ပျက် ရေးထားသော အစီရင်ခံစာကို အိတ်ထဲ ထိုးထည့်ကာ အပေါ်ဝတ်အင်္ကျီကို ကောက်ယူလိုက်သည်။

“ဆရာယုကာဝါဆီကလား” ကိရှိတာနိက မေးသည်။

“ဟုတ်တယ်။ ကျွန်မကို ပြောစရာ ရှိလို့တဲ့လေ”

“အေးဗျာ။ သူသာ အဆိပ်ခတ်ပုံ ပဟေဠိကို ဖြေရှင်းပေးနိုင်ရင် တော်တော်လေး ခရီးရောက်သွားနိုင်တယ်။ ခင်ဗျား သေသေချာချာလည်း နားထောင်ခဲ့ဦးနော်။ အဲဒီဆရာရဲ့ ဖြေရှင်းချက်တွေက ရှုပ်ကရှုပ်နဲ့။ မှတ်စုမှတ်ဖို့လည်း မမေ့နဲ့ဦး”

“မမေ့ပါဘူး” ဟု ဆိုကာ ဥကျုမိသည် အစည်းအဝေးခန်းမထဲမှ ထွက်လာခဲ့သည်။

ချိန်းထားသော နေရာသို့ အရောက်တွင် ဥကျုမိသည် နေရာတွင် ထိုင်လျက် လက်ဖက်ရည်တစ်ငုံကို မော့သောက်လိုက်စဉ်မှာပင် ဆိုင်ထဲသို့ ယုကာဝါ ဝင်ရောက်လာသည်။ သူသည် ဥကျုမိ၏ မျက်နှာချင်းဆိုင် ထိုင်ခုံတွင် ဝင်ထိုင်ပြီး စားပွဲထိုးအား ကိုကိုးတစ်ခွက် မှာသည်။

“ကော်ဖီ မသောက်တော့ဘူးလား”

“အီသွားပြီ။ ခင်ဗျားနဲ့ မတွေ့ခင်ကတည်းက ကော်ဖီနှစ်ခွက် သောက်ပြီးသွားပြီ” ယုကာဝါက နှုတ်ခမ်းကို မဲ့လိုက်သည်။ “တကူးတက ခေါ်လိုက်ရတာတော့ အားနာပါတယ်”

“ရပါတယ်။ ဆရာ ပြောစရာ ရှိတာ ပြောပါ”

ယုကာဝါသည် “အင်း” ဟု ဆိုပြီး မျက်လွှာကို ချထားလိုက်သည်။ ထို့နောက် ဥကျုမိကို ပြန်မော့ကြည့်ကာ “ကျွန်တော် မေးခွန်းတစ်ခု အရင် မေးပါရစေ။ ခင်ဗျား အခုချိန်ထိ မစ္စစ်မာရှိဘကို သံသယ ဝင်နေတုန်းပဲလား”

“ဒါလား … ဟုတ်ကဲ့။ ကျွန်မ အခုထိ သူ့ကို မသင်္ကာ ဖြစ်နေတုန်းပဲ”

“အဲဒီလိုလား” ယုကာဝါသည် လက်တစ်ဖက်ကို အင်္ကျီအိတ်ကပ်ထဲသို့ ထိုးထည့်ပြီး စာရွက်ခေါက်တစ်ခုကို ဆွဲထုတ်ကာ စားပွဲပေါ် တင်ထားလိုက်သည်။ “ခင်ဗျား ဖတ်ကြည့်ကြည့်လိုက်”

ဥကျုမိသည် စာရွက်ကို ဖြန့်ပြီး အထဲတွင် ရေးထားသော စာများကို ဖတ်ကြည့်သည်။ ထို့နောက် မျက်မှောင်ကြုတ်လျက် “ဘာတွေလဲ ဆရာ”

“ခင်ဗျားကို စုံစမ်းကြည့်စေချင်တဲ့ အချက်တွေပဲ။ စေ့စေ့စပ်စပ် လုပ်စေချင်တယ်။ မပေါ့ဆပါနဲ့”

“စာရွက်ပေါ်က အချက်တွေကို စစ်ဆေးကြည့်ပြီးရင် ပဟေဠိကို ဖြေရှင်းနိုင်တော့မယ်ပေါ့ …”

ယုကာဝါသည် မျက်တောင်ကို ခတ်ပြီး သက်ပြင်းကို မှုတ်ထုတ်လိုက်သည်။ “ဟင့်အင်း။ မဖြေရှင်းနိုင်လောက်သေးဘူး။ ခင်ဗျားကို စုံစမ်းခိုင်းတယ် ဆိုတာကလည်း ဖြေရှင်းလို့ ရနိုင်၊ မရနိုင် ဆိုတဲ့ အချက်ကို အတည်ပြုချင်လို့ပဲ။ ခင်ဗျားတို့ရဲ့ စကားနဲ့ ပြောရရင် အထောက်အထား မှန်ကန်မှု ရှိမရှိ စစ်ဆေးခြင်း ပေါ့ဗျာ”

“ဘယ်လိုကြီးလဲ”

“ဒီနေ့ ခင်ဗျား ပြန်သွားပြီးတဲ့နောက်မှာ ကျွန်တော် အများကြီး စဉ်းစားဖြစ်တယ်။ မစ္စစ်မာရှိဘက အဆိပ်ခတ်ခဲ့တယ်လို့ ယူဆကြည့်မယ် ဆိုရင် သူက ဘယ်လိုနည်းနဲ့ အဆိပ်ခတ်မလဲ။ ကျွန်တော် ဘယ်လိုမှ စဉ်းစားလို့ မရဘူး။ နောက်ဆုံး ထွက်လာတဲ့ ကောက်ချက်ကတော့ ဒါက အဖြေမရှိတဲ့ ပုစ္ဆာပဲ။ ခြွင်းချက်တစ်ခုက လွဲလို့ပေါ့”

“ခြွင်းချက်တစ်ခု … ဒါဆို အဖြေရှာတွေ့သွားပြီလို့ ပြောလို့ မရဘူးလား”

“ရတော့ ရတယ်။ ဒါပေမယ့် အဲဒါက စိတ်ကူးယဉ် အဖြေပဲ”

“ပြောလေ ရှုပ်လေ ဖြစ်ကုန်ပြီ”

“ဆိုလိုတာကဗျာ … သီအိုရီအရတော့ ဖြစ်နိုင်တယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာကျတော့ ဘယ်လိုမှ မလုပ်နိုင်ဘူး။ ဟော့ကိုင်းဒိုးမှာ ရောက်နေတဲ့ ဇနီးသည်က တိုကျိုမှာ ရှိနေတဲ့ လင်ယောက်ျားကို အဆိပ်သောက်ခိုင်းဖို့ရာ နည်းလမ်းက တစ်နည်းပဲ ရှိတယ်။ ဒါပေမယ့် အဲဒီနည်းလမ်းကို အကောင်အထည် ဖော်နိုင်ဖို့အတွက် ဖြစ်နိုင်ခြေက သုညဖြစ်ဖို့ အပြန်တစ်ရာမက နီးစပ်တယ်။ နားလည်သွားပြီလား။ အဲဒီလို နည်းလမ်းနဲ့ အမှုလုပ်လို့ ရတယ် ဆိုပေမယ့် အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ဘူး”

ဥကျုမိက ခေါင်းကို ခါးယမ်းလိုက်သည်။ “ကျွန်မ ကောင်းကောင်း နားမလည်ဘူး။ ဆရာ ပြောတဲ့အတိုင်းဆိုရင် နောက်ဆုံးကျတော့ မဖြစ်နိုင်ဘူးလို့ပဲ ပြောရတော့မှာ မဟုတ်ဘူးလား။ ဆရာက အဲဒီ မဖြစ်နိုင်တာကို သက်သေပြဖို့အတွက် ကျွန်မကို သွားစုံစမ်းခိုင်းနေတာလား”

“အဖြေမရှိဘူးလို့ သက်သေပြနိုင်တာကလည်း အင်မတန်မှ အရေးကြီးတဲ့ ကိစ္စတစ်ခုပဲ”

“ကျွန်မက အဖြေကို လိုချင်တာလေ။ သီအိုရီတွေ ဘာတွေက ကျွန်မတို့အတွက် နည်းနည်းလေးမှ အရေးမကြီးဘူး။ ဒီပြစ်မှုအတွက် အမှန်တရားကို ကွက်ကွက်ကွင်းကွင်း ပေါ်လာအောင် ကျွန်မတို့ မဖြစ်မနေ ရှာထုတ်ရမယ်။ အဲဒါက ကျွန်မတို့ရဲ့ အလုပ်ပဲ”

ယုကာဝါက ခပ်မဆိတ် ထိုင်နေသည်။ ထိုအခိုက် စားပွဲထိုးက ကိုကိုးတစ်ခွက် လာချပေးသည်။ ယုကာဝါသည် ခွက်ကို အသာအယာ ကောက်ကိုင်ပြီး တစ်ငုံ မော့သောက်လိုက်သည်။ “ဟုတ်ပါတယ်။ ကျွန်တော်လည်း သဘောတူတယ်”

“ဆရာ …”

ယုကာဝါသည် လက်ဆန့်တန်းကာ စားပွဲပေါ်မှ စာရွက်ကို ကောက်ယူလိုက်သည်။ “သိပ္ပံပညာကို လေ့လာတဲ့ လူတိုင်းလိုလိုမှာ အကျင့်တစ်ခု ရှိတယ်။ စိတ်ကူးယဉ်အဖြေ ဆိုရင်တောင်မှ အဲဒီလို အဖြေတစ်ခုအတွက် ရေဆုံးမြေဆုံး လိုက်တတ်ကြတယ်။ ဒါပေမယ့် ခင်ဗျားတို့က သိပ္ပံပညာရှင်တွေ မဟုတ်တော့ အဲဒီလို အဖြေမျိုး ရှိနိုင်၏၊ မရှိနိုင်၏ ဆိုတဲ့ ကိစ္စအပေါ် ခင်ဗျားတို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အလေလွင့် မခံချင်ကြဘူး” သူသည် စက္ကူကို ပြန်ခေါက်ပြီး အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်။ ထို့နောက် ပြုံးလျက် “ဒီကိစ္စကို မေ့ပစ်လိုက်ပါတော့ဗျာ”

“ဆရာ၊ ကျေးဇူးပြုပြီး အဆိပ်ခတ်တဲ့ နည်းလမ်းကို ပြောပြပါလား။ ကျွန်မ နားထောင်ပြီးမှ လုပ်သင့်၊ မလုပ်သင့် ဆုံးဖြတ်ပါရစေ။ အချိန်ကုန်ခံဖို့ ထိုက်တန်တယ်လို့ ကျွန်မ ယူဆရင် စောစောက အချက်တွေကို ကျွန်မ စုံစမ်းပေးပါ့မယ်”

“မဖြစ်ဘူး”

“ဘာဖြစ်လို့လဲ”

“အဆိပ်ခတ်တဲ့ နည်းလမ်းကို ကြားပြီးတာနဲ့ ခင်ဗျားရဲ့ စိတ်ထဲမှာ ဘက်လိုက်မှုတွေ ခိုကပ်လာနိုင်တယ်။ ဘက်လိုက်ပြီ ဆိုတာနဲ့ စုံစမ်းစစ်ဆေးမှုကို ဓမ္မဓိဋ္ဌာန်ကျကျ လုပ်နိုင်မှာ မဟုတ်တော့ဘူး။ ပြောင်းပြန် စဉ်းစားကြည့်ရင် တကယ်လို့သာ စုံစမ်းစစ်ဆေးဖို့ ဆန္ဒမရှိရင် အဲဒီနည်းလမ်းကိုလည်း သိစရာ မလိုတော့ဘူး။ ဘာပဲဖြစ်ဖြစ် အခုချိန်မှာ ခင်ဗျားကို ပြောပြလို့ မဖြစ်သေးဘူး”

ယုကာဝါသည် ဘေလ်စာရွက်ကို လှမ်းယူလိုက်သည်။ သို့သော် ဥကျုမိက ဦးအောင် ကောက်ယူလိုက်ပြီး “ကျွန်မ ရှင်းလိုက်ပါ့မယ်”

“ဘယ်ဖြစ်မလဲဗျ။ ကျွန်တော်က ခင်ဗျားရဲ့ အချိန်ကို အသားလွတ် ဖြုန်းလိုက်သလို ဖြစ်သွားပြီလေ”

ဥကျုမိသည် နောက်လက်တစ်ဖက်ကို သူ့ထံသို့ ဆန့်တန်းလိုက်သည်။ “စောစောက စာရွက်ခေါက်ကလေး ကျွန်မကို ပြန်ပေးပါ။ ကျွန်မ စုံစမ်းလိုက်ပါ့မယ်”

“စိတ်ကူးယဉ်အဖြေနော်”

“ဘာပဲဖြစ်ဖြစ် ဆရာ ဘာကို ရှာချင်နေတာလဲ ဆိုတာကိုတော့ ကျွန်မ သိအောင် လုပ်မှ ဖြစ်မယ်”

ယုကာဝါသည် သက်ပြင်းချလျက် စာရွက်ခေါက်ကို ပြန်ထုတ်လိုက်သည်။

ဥကျုမိသည် စာရွက်ခေါက်ပေါ်မှ စာများကို နောက်တစ်ကြိမ် ပြန်ဖတ်ပြီးနောက် သူ၏ အိတ်ထဲသို့ ထည့်လိုက်သည်။ “တကယ်လို့သာ အဖြေက ဆရာပြောသလို စိတ်ကူးယဉ်အဖြေ ဖြစ်မနေဘူး ဆိုရင် ပဟေဠိကလည်း အလိုလို ဖြေရှင်းပြီးသား ဖြစ်သွားနိုင်တယ် မဟုတ်လား”

ယုကာဝါက တုဏှိဘော လုပ်နေသည်။ လက်ညှိုးထိပ်ဖြင့် မျက်မှန်ကိုင်းကို ပင့်တင်ပြီးနောက် တိုးညှင်းသောအသံဖြင့် “ဘယ်လို ပြောရမလဲ …”

“အဲဒီလို မဟုတ်ဘူးလား”

“တကယ်လို့သာ စိတ်ကူးယဉ်အဖြေ မဟုတ်ဘူးဆိုရင်” သူ၏ မျက်လုံးအိမ်မှ အလင်းရောင်များ တဖျတ်ဖျတ် တောက်ပလာသည်။ “ခင်ဗျားတို့ ရှုံးသွားနိုင်တယ်။ ကျွန်တော်လည်း ဘယ်လိုနည်းနဲ့မှ နိုင်နိုင်စရာ မရှိတော့ဘူး။ တကယ့်ကို ဟာကွက် ထောက်ကွက်မရှိတဲ့ စင်းလုံးချောမှုခင်းတစ်ခုလို့ ပြောရတော့မှာပဲ”

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *