မာတိကာကြည့်ရန်

(၁၃)

“ကျွန်တော်တို့ အခု ကွယ်လွန်သူအတွက် အသံတိတ် ဆုတောင်းလိုက်ကြရအောင်”

အခမ်းအနားမှူး၏ ကြေညာချက်နှင့်အတူ ဝါကာယာမာ ဟိရောမိသည် မျက်လုံးကို စုံမှိတ်၍ ဦးညွှတ်လိုက်သည်။ ခန်းမထဲတွင် တေးသံများ ပျံ့လွင့်လာသည်။ ဟိရောမိ တအံ့တဩ ဖြစ်သွားမိသည်။ တေးသံမှာ ဘီတယ်လ်၏ The Long and Winding Road သီချင်း။ မာရှိဘ ယိုရှီတာကာသည် ဘီတယ်လ်၏ အမာခံပရိသတ်တစ်ဦး ဖြစ်သည်။ ကားမောင်းနေစဉ်တွင် ဘီတယ်လ်၏ သီချင်းကို အမြဲ ဖွင့်ထားလေ့ရှိသည်။ ယခု ဖွင့်ထားသည့် သီချင်းမှာ သူ၏ အကြိုက်ဆုံး သီချင်းပင်။ ဖြည်းဖြည်းမှန်မှန် တီးခတ်နေသော စည်းချက်များက ဆွတ်ပျံ့ဖွယ် အငွေ့အသက်များကို ဖြန့်ကြဲပေးနေသည့်နှယ်။ ဤသီချင်းကို ထုတ်လွှင့်ရန် ရွေးချယ်ပေးခဲ့သူမှာ အာယနဲပင် ဖြစ်ရမည်ဟု ဟိရောမိက ခါးသီးစွာ တွေးနေမိသည်။ တေးသွား၏ လွမ်းဆွတ်ဖွယ် အငွေ့အသက်သည် ဤသို့သော အခမ်းအနားမျိုးနှင့် လိုက်ဖက်လွန်းမက လိုက်ဖက်လွန်းနေသည်။ ယိုရှီတာကာနှင့် ပတ်သက်သမျှသော သေးသေးမွှားမွှား ကိစ္စလေးများပါမကျန် ဟိရောမိ၏ အတွေးအာရုံထဲသို့ တစ်ခုချင်းစီ ခြေစုံပစ်၍ ဝင်ရောက်လာကြသည်။ သူ၏ ရင်ထဲ သိမ့်ကနဲ လှိုက်ကနဲ။ ကျစရာ မျက်ရည်များ ကုန်ခမ်းသွားပြီဟု ထင်မှတ်ထားခဲ့သော်လည်း ခပ်တင်းတင်း စေ့ပိတ်ထားသော မျက်လုံးအစုံ၌ နောက်ထပ်တစ်ဖန် မျက်ရည်ဥများ သီးလာကြပြန်သည်။

ဟိရောမိအနေဖြင့် လူအများ၏ ရှေ့မှောက်တွင် မျက်ရည်ကြီးငယ် တစ်ပေါက်ပေါက်ကျရန် မသင့်လျော်မှန်း သူကိုယ်တိုင် သိရှိထားပါ၏။ ကွယ်လွန်သူနှင့် တိုက်ရိုက်ပတ်သက်ခြင်း မရှိသော သူကဲ့သို့ မိန်းမတစ်ယောက်က အော်ကြီးဟစ်ကျယ် ငိုကြွေးနေမည် ဆိုလျှင် ပတ်ဝန်းကျင်မှ လူများသည် သံသယဝင်ကာ တောင်တောင်ဤဤ လျှောက်တွေးကြပေတော့မည်။ ပို၍ အရေးကြီးသည်မှာ မည်သို့ပင်ဖြစ်စေ သူ၏ သောကဗျာပါ ပူဆွေးငိုကြွေးနေသော ပုံပန်းသဏ္ဌာန်ကို အာယနဲအား မမြင်စေလို။

တိတ်တဆိတ် ဆုတောင်းကြပြီးသည့် နောက်တွင် ပန်းကပ်သော အခမ်းအနားကို စတင်လေသည်။ ကြွလာသော ဧည့်သည်များသည် တန်းစီလျက် ကန်တော့စင်သို့ ပန်းများ လာရောက်ဆက်ကပ်ကြသည်။ ယိုရှီတာကာသည် ဘာသာတရားကို အလေးထားခဲ့သူတစ်ယောက် မဟုတ်ပေ။ ယခု အခမ်းအနားသည်လည်း အာယနဲ၏ အစီအစဉ်သာ ဖြစ်ရပေမည်။ သူသည် ကန်တော့စင်၏ နံဘေးတွင် ရပ်လျက် ပန်းကပ်သူများကို ဦးညွှတ်ကာ ကျေးဇူးတုံ့ပြန်နေသည်။

ယိုရှီတာကာ၏ ရုပ်အလောင်းကို ရဲစခန်းမှ သုသာန်ဇရပ်သို့ ယမန်နေ့က ရွှေ့ပြောင်းပေးခဲ့သည်။ ထို့နောက် အီကာအိ တတ်ဆုဟီကိုက ယနေ့ ကျင်းပနေသော ပန်းကပ်အခမ်းအနားကို စီစဉ်ပေးခဲ့သည်။ ယနေ့ညတွင် အသုဘရှုအခမ်းအနားကို ညလုံးပေါက် ကျင်းပမည် ဖြစ်ပြီး နောက်တစ်နေ့မနက်တွင် ဈာပနအခမ်းအနားကို ကြီးကျယ်ခမ်းနားစွာ ကျင်းပကြပေမည်။

ပန်းကပ်ရန် ဟိရောမိ၏ အလှည့်သို့ ရောက်ရှိလာသည်။ သူသည် အမျိုးသမီးဝန်ထမ်းတစ်ဦး၏ လက်မှ ပန်းစည်းကို လှမ်းယူပြီး ကန်တော့စင်ပေါ်သို့ တင်လိုက်သည်။ သူသည် ဓာတ်ပုံကို ခေါင်းမော့ကြည့်ကာ လက်အုပ်ချီလိုက်သည်။ ဓာတ်ပုံထဲမှ ယိုရှီတာကာသည် အသားအရောင် မဲနက်ပြီး ပြုံးချိုရွှင်ပျလျက်။

မျက်ရည် မကျမိစေရန် မျိုသိပ်ထားရမည်ဟု သူ့ကိုယ်သူ သတိပေးထားသည်။ သို့သော် ထိုအခိုက်အတန့်လေးတွင် ဗိုက်ထဲမှ ရုတ်တရက် ပျို့တက်လာသည်။ သူသည် လက်အုပ်ချီထားသော လက်နှစ်ဖက်ဖြင့် ပါးစပ်ကို အလျင်အမြန် အုပ်ထားလိုက်ရသည်။

သူသည် ပျို့အန်ချင်စိတ်ကို ကြိုးစားမျိုသိပ်လျက် ကန်တော့စင်မှ အလျင်အမြန် ဖဲခွာသွားရန် စိတ်ကူးလိုက်သည်။ ထိုစဉ် ခေါင်းမော့ကြည့်လိုက်ရာ ရင်ထဲ ထိတ်ကနဲ ဖြစ်သွားရပြန်သည်။ အာယနဲသည် သူ၏ အရှေ့တွင် ရပ်နေသည်။ အာယနဲ၏ မျက်နှာပေါ်တွင် ပရိဒေဝမီးကို အတင်း မျိုသိပ်ထားသော အရိပ်အယောင်များ ထင်ဟပ်လျက် ရှိနေသည်။ သူသည် ဟိရောမိကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်လျက်။

ဟိရောမိသည် ဦးညွှတ်၍ သူ့အနားမှ ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။

“ဟိရောမိ” အာယနဲက သူ့ကို နူးညံ့စွာ လှမ်းခေါ်လိုက်သည်။ “နင် နေလို့ရော ကောင်းရဲ့လား”

“ဟုတ်၊ နေကောင်းပါတယ်”

အာယနဲသည် ခေါင်းညိတ်ပြီး မျက်နှာကို ကန်တော့စင်ဘက်သို့ ပြန်လှည့်လိုက်သည်။

ဟိရောမိသည် ခန်းမထဲမှ အလျင်အမြန် ထွက်လာခဲ့သည်။ ဖြစ်နိုင်လျှင် ယခုချက်ချင်းပင် အပြင်သို့ ရောက်သွားလိုက်ချင်သည်။

ထွက်ပေါက်ဆီသို့ ခြေလှမ်းသွက်သွက် လှမ်းလျှောက်သွားနေစဉ်မှာပင် တစ်ဦးတစ်ယောက်က သူ့ပခုံးကို လှမ်းပုတ်လိုက်သည်။ နောက်လှည့်ကြည့်လိုက်သည့်အခါ အီကာအိ ယူကီကိုသည် သူ့အနောက်တွင် ရပ်နေလေသည်။ “အား … ဟယ် … ဟယ်လို” သူ အလျင်အမြန် နှုတ်ဆက်လိုက်သည်။

“နင်လည်း သနားစရာပဲ။ ရဲတွေရဲ့ မေးခွန်းအများကြီးကို ဖြေရလို့ နင်လည်း ပင်ပန်းနေရောပေါ့” ယူကီကို၏ မျက်နှာပေါ်တွင် သနားစာနာသော အမူအရာများ ဖုံးလွှမ်းနေသော်လည်း မျက်လုံးများမှာ စူးစမ်းလိုစိတ်ဖြင့် အရောင်လက်နေကြသည်။

“ဟုတ်၊ အားလုံး ပြီးသွားလောက်ပြီ ထင်ပါတယ်”

“အဲဒီရဲတွေက ဘယ်လို အလုပ်လုပ်နေကြလဲ မသိဘူး။ အခုချိန်ထိကို တရားခံ ဘယ်သူလဲဆိုတာ အစအနတောင် ရှာမတွေ့ကြသေးဘူး”

“ဟုတ်ပါ့”

“ငါ့ယောကျ်ားကလည်း ပြောတယ်။ မြန်မြန်သာ မဖြေရှင်းနိုင်ဘူးဆိုရင် ကုမ္ပဏီကိုပါ ထိခိုက်လာနိုင်တယ်တဲ့။ မစ္စစ်မာရှိဘကလည်း အမှုမှန် မပေါ်မချင်း အိမ်မပြန်ဘူးတဲ့လေ။ အေးလေ။ ဟုတ်လည်း ဟုတ်တာပဲ။ တရားခံ မမိသေးတော့ အဲဒီအိမ်မှာ နေရတာ ကြက်သီးထချင်စရာပေါ့”

ဟိရောမိသည် “ဟုတ်တယ်” ဟုဆိုကာ အလိုက်အထိုက် ခေါင်းညိတ်နေရသည်။

“ဟေ့” ဟူသော အသံတစ်သံ ထွက်ပေါ်လာသည်။ ခေါင်းလှည့်ကြည့်လိုက်ရာ အီကာအိ တတ်ဆုဟီကိုသည် သူ ရှိရာသို့ လမ်းလျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

“နင်တို့ ဘာလုပ်နေကြတာလဲ။ ဟိုဘက်က အခန်းထဲမှာ အစားအသောက်တွေ ပြင်ဆင်ပြီးသွားပြီတဲ့လေ”

“ဟုတ်လား။ ဒါဆို ဟိရောမိ၊ ငါတို့ သွားကြရအောင်”

“ဆောရီးပဲ။ ကျွန်မ မလိုက်တော့ဘူး”

“ဘာဖြစ်လို့လဲ။ နင်က မစ္စစ်မာရှိဘကို စောင့်နေတာလား။ ဧည့်သည်တွေ အများကြီး ရောက်နေတာဆိုတော့ သူလည်း ဘယ်လိုမှ အားမယ် မထင်ဘူး”

“မဟုတ်ဘူး။ ကျွန်မ အိမ်ပြန်တော့မလို့ပါ”

“ဟုတ်လား … နင် ငါ့ကို ခဏလောက် စောင့်ပါဦးလား”

အီကာအိက “ဟေ့” ဟု အော်ကာ မျက်မှောင်ကြုတ်လျက် ဆက်ပြောသည်။ “သူလည်း သူ့အကြောင်းနဲ့သူ ရှိမှာပေါ့။ ဘာဖြစ်လို့ ဇွတ်အတင်းခေါ်နေရတာလဲ”

‘သူ့အကြောင်း’ ဟူသော စကားလုံးက ဟိရောမိ၏ ရင်ကို လှပ်ကနဲ လှုပ်ခါသွားစေသည်။ သူသည် အီကာအိကို ခေါင်းမော့ကြည့်လိုက်မိသည်။ သူ၏ အေးစက်သော အကြည့်များ တစ်ဖက်သို့ ဖဲခွာသွားသည်ကို တွေ့မြင်လိုက်ရသည်။

“ဆောရီးပဲ။ ကျွန်မတို့ နောက်နေ့မှ အေးအေးဆေးဆေး စကားပြောကြတာပေါ့။ … ကျွန်မ ပြန်လိုက်ဦးမယ်”

ဟိရောမိသည် သူတို့နှစ်ဦးကို ဦးညွှတ်ပြီး ခေါင်းငုံ့လျက် ထွက်ခွာလာခဲ့လေသည်။

အီကာအိ တတ်ဆုဟီကိုသည် သူနှင့် ယိုရှီတာကာတို့၏ အကြောင်းကို သိထားပြီး ဖြစ်ပေလိမ့်မည်။ အာယနဲက သူ့ကို ပြောပြလိုက်ခြင်းပေလော။ သို့တည်းမဟုတ် ရဲဘက်က ပြောပြထားခြင်းလည်း ဖြစ်နိုင်သည်။ လက်ရှိ အခြေအနေကို ကြည့်ခြင်းအားဖြင့် ယူကီကိုသည် ယင်းကိစ္စကို လုံးဝ သိထားဟန် မတူ။ အီကာအိသည် သူ့ကို မည်သို့ မှတ်ထင်လိမ့်မည်နည်း။ ဟိရောမိ တွေးနေမိသည်။

နောက်နောင်တွင် မည်သို့ နေထိုင်သွားရပါအံ့နည်း။ ဤသို့ စဉ်းစားလိုက်မိသည့် အခါတိုင်းတွင် စိုးရိမ်စိတ်များသည် ဟိရောမိ၏ ရင်ထဲသို့ နောက်တစ်ဖန် လှိုက်တက်လာကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ယိုရှီတာကာနှင့် သူ၏ တိတ်တိတ်ပုန်း ဇာတ်လမ်းကို သိရှိသူမှာလည်း များသည်ထက် ပို၍ များလာလိမ့်မည်။ ထိုသို့သာဆိုလျှင် သူသည် အာယနဲ၏ အနီးအနားတွင် မည်သည့်နည်းနှင့်မျှ နေနိုင်တော့မည် မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် နောက်နောင်၌ ဟိရောမိသည် မာရှိဘအိမ်သို့ တတ်နိုင်သမျှ မချဉ်းကပ်သင့်တော့ကြောင်း သူကိုယ်တိုင် နားလည်သဘောပေါက်ထားသည်။ အာယနဲသည် သူ့ကို အမှန်တကယ် ခွင့်လွှတ်နိုင်လိမ့်မည်ဟု သူ မည်သို့မျှ ယုံကြည်၍ မရပေ။

အထူးသဖြင့် အာယနဲ၏ စောစောက အကြည့်ကို သူ မှတ်မိနေသေးသည်။ ပန်းကပ်နေစဉ် အခါက အာယနဲ၏ အရှေ့တွင် သူ့ပါးစပ်သူ ပိတ်ခဲ့မိသည့် အပြုအမူကို နောင်တရနေမိသည်။ ကိုယ်ဝန်ကြောင့် ပျို့တက်လာခြင်း ဖြစ်ကြောင်း အာယနဲ သိကို သိရပေလိမ့်မည်။ ထို့ကြောင့်သာလျှင် သူ့ကို နေကောင်းပါ၏လောဟု မေးခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ကွယ်လွန်သူ ခင်ပွန်းသည်၏ အပျော်မယားသက်သက်သာ ဖြစ်နေခဲ့ပါလျှင် အာယနဲသည် သဘောထားကြီးစွာဖြင့် သူ့ကို ခွင့်လွှတ်ကောင်း ခွင့်လွှတ်ပေလိမ့်မည်။ ယခုသော် ကိုယ်ဝန်လွယ်ထားသော လင်လုဖက်တစ်ယောက် …

အာယနဲသည် ယခင်ကတည်းက ဟိရောမိ၏ ကိုယ်ဝန်ကိစ္စကို သတိထားမိပြီး ဖြစ်ပါလိမ့်မည်။ သို့သော် မှန်းဆ၍ သိခြင်းနှင့် မျက်မြင်ဒိဋ္ဌ ကြုံတွေ့ရခြင်းတို့သည် မည်သို့ တူနိုင်ပါအံ့နည်း။

အာယနဲသည် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ဥကျုမိ အမည်ရှိသော ရဲမေအား ဟိရောမိ၏ ကိုယ်ဝန်ကိစ္စကို ဖွင့်ပြောခဲ့သည်။ ၎င်းနောက်ပိုင်းတွင် သူသည် ဟိရောမိအား ထိုအကြောင်း တစ်ခွန်းမျှ မဟတော့ပေ။ ဟိရောမိကလည်း ဦးအောင် စကားဟရန် အခက်တွေ့နေသည်။ ထို့ကြောင့် ဤကိစ္စနှင့် ပတ်သက်၍ အာယနဲ၏ ခံစားချက်ကို မည်သို့မျှ မမှန်းဆတတ်အောင် ဖြစ်နေရသည်။

ဘာဆက်လုပ်ရအံ့နည်း။ ဤသို့ စဉ်းစားမိတိုင်း ဟိရောမိ၏ ခေါင်းမှာ ချာချာလည်နေတော့သည်။

ကလေးကို ဖျက်ချသင့်သည်ဟု ဟိရောမိ သိပါ၏။ အကယ်၍ မွေးထုတ်ခဲ့လျှင်လည်း ကလေးကို ပျော်ရွှင်ချမ်းမြေ့စွာ ရှင်သန်ကြီးထွားခွင့်ရအောင် ပြုလုပ်ပေးနိုင်လိမ့်မည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိပေ။ ကလေးမှာ အဖမဲ့ကလေးတစ်ယောက် ဖြစ်နေသည့်အပြင် သူကိုယ်တိုင်ကလည်း မကြာခင်သော အချိန်တွင် ဘဏ္ဍာရေး အကျပ်အတည်းနှင့် ကြုံတွေ့လာရတော့မည်။ မှန်၏။ အကယ်၍သာ ကလေးကို သတ္တိရှိရှိ မွေးဖွားခဲ့ပါလျှင် အာယနဲထံမှ လက်ဝေခံ ရယူထားသော အလုပ်များကို ဆက်လုပ်၍ မဖြစ်နိုင်တော့ပြီ။

ဘယ်ဘက်သို့ လှည့်ကာတွေးတွေး သူ့တွင် တခြား ရွေးချယ်စရာလည်း မရှိ။ ဆုံးဖြတ်ချက်ချရန် အခက်တွေ့နေဆဲ။ ယခုကဲ့သို့ တွေဝေတွန့်ဆုတ်နေခြင်းမှာ ယိုရှီတာကာ၏ ချစ်ခြင်းမေတ္တာများက သူ၏ ရင်ထဲ၌ ပျံ့ဝင်နှံ့စပ် ရှိနေကြဆဲပင် ဖြစ်နေသောကြောင့်လော မဆိုနိုင်။ သူ ချန်ရစ်ထားခဲ့သည့် တစ်ခုတည်းသော ‘အမွေအနှစ်’ ကို စွန့်ပစ်ရန် နှမြောတသ ဖြစ်နေမိသည်။ သို့မဟုတ်ပါက ဣတ္ထိယတို့၏ ဗီဇစိတ်မှ ပေါက်ဖွားဖြစ်ပေါ်လာသည့် သန္ဓေသားအပေါ် ထားရှိသော မိခင်မေတ္တာကြောင့်လော။

မည်သို့ပင်ဆိုဆို သူ့အတွက် အချိန်များစားစား မကျန်တော့ပေ။ နှစ်ပတ်အတွင်း အပြီးသတ် ဆုံးဖြတ်ရမည်ဟု သူ့ကိုယ်သူ သတိပေးထားသည်။

သုသာန်ဇရပ်မှ ထွက်ပြီး လမ်းဘေးတွင် တက္ကစီငှားရန် ကြံရွယ်နေစဉ် သူ့နာမည် ခေါ်သံကို ကြားလိုက်ရလေသည်။

ခေါ်သူကို တွေ့မြင်လိုက်ရသည့်အခါတွင် ဟိရောမိ၏ စိတ်မှာ ပို၍ လေးလံသွားရတော့သည်။ ကုစာနာဂိ အမည်ရသော မှုခင်းရဲသည် သူ့ထံသို့ တန်းတန်းမတ်မတ် လျှောက်လာနေသည်။

“ကျွန်တော် ခင်ဗျားကို လိုက်ရှာနေတာဗျ။ အခု အိမ်ပြန်တော့မလို့လား”

“ဟုတ်၊ လူက နည်းနည်း ပင်ပန်းနေလို့”

ဤမှုခင်းရဲသည် သူ ကိုယ်ဝန်လွယ်ထားသည့် ကိစ္စကို သိထားပြီး ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အနှောင့်အယှက် ကင်းကင်း နေနိုင်ရန်အတွက် သူ နေထိုင်မကောင်းကြောင်းကို ထိုသူ့အား အတိအလင်း ပြောကြားထားသင့်သည်ဟု သူ ယူဆသည်။

“အားတော့ နာပါတယ်ဗျာ။ ခင်ဗျား ပင်ပန်းနေတာကို သိသိကြီးနဲ့ ဒုက္ခပေးသလို ဖြစ်နေပြီ။ ကျွန်တော် မေးခွန်း အနည်းအကျဉ်း မေးချင်လို့ပါ။ အချိန်မကြာစေရပါဘူး”

ဟိရောမိသည် စိတ်ထဲမှ မကျေနပ်ချက်များကို ကြိုးစား၍ မျိုသိပ်ထားလိုက်သည်။ “အခုလား”

“ဟုတ်ပါတယ်။ အားတော့ နာပါရဲ့ဗျာ”

“ရဲစခန်းကို လိုက်ရဦးမှာလား”

“မလိုပါဘူး။ အေးအေးဆေးဆေး စကားပြောလို့ ရတဲ့နေရာ ရှာကြတာပေါ့” ကုစာနာဂိသည် ဟိရောမိ၏ အဖြေကိုပင် စောင့်မနေတော့ဘဲ တက္ကစီတစ်စီးကို တား၍ ကားဆရာကို ဟိရောမိ နေထိုင်ရာ တိုက်ခန်းအနီးသို့ မောင်းခိုင်းလိုက်သည်။ တကယ်ပင် အချိန်တိုအတွင်း ပြီးနိုင်ကောင်းပါရဲ့။ ဟိရောမိ၏ လေးလံနေသော စိတ်မှာ အတန်ငယ် ပေါ့ပါးသွားသည်။

သူတို့သည် မိသားစု စားသောက်ဆိုင်တစ်ဆိုင်၏ ရှေ့တွင် ကားကို ရပ်လိုက်သည်။ ဆိုင်ထဲတွင် လူများများစားစား မရှိ။ သူတို့နှစ်ဦးသည် ဆိုင်၏ အတွင်းဘက်အကျဆုံး စားပွဲခုံ ရှိရာသို့ သွားပြီး မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။

လက်ဖက်ရည်နှင့် ကော်ဖီကို ကိုယ်တိုင်ယူစနစ်ဖြင့် မှာယူသောက်သုံးရမည် ဖြစ်သောကြောင့် ဟိရောမိက နွားနို့တစ်ခွက် မှာသည်။ ထိုသို့သော အကြောင်းကြောင့်လား မသိ။ ကုစာနာဂိကလည်း ကိုကိုးအပူတစ်ခွက် မှာလိုက်သည်။

“ဒီလိုနေရာမျိုးက အများအားဖြင့် ဆေးလိပ်သောက်ခွင့် မရှိဘူး။ ခင်ဗျားအနေနဲ့ဆိုရင် ဒီလို ပတ်ဝန်းကျင်မျိုးက ပိုပြီး သင့်လျော်မယ် ထင်တယ်” ကုစာနာဂိသည် မျက်နှာကို အချိုသာဆုံး ပြုံးလျက် စကားဆိုလိုက်သည်။

ကုစာနာဂိသည် ဟိရောမိ၏ ကိုယ်လေးလက်ဝန် ဖြစ်နေသည့်ကိစ္စကို သိထားပြီးပြီ ဖြစ်ကြောင်း နိမိတ်ပြလို၍ ဤစကားကို ပြောဆိုလိုက်ခြင်း ဖြစ်တန်ရာသည်။ သို့သော် ကလေးကို ဖျက်ချသင့်မသင့် ဆုံးဖြတ်ရခက်နေသော ဟိရောမိအဖို့ ယင်းစကားမှာ သူ့ကို ခနဲ့နေသည့်နှယ် ဖြစ်နေတော့သည်။

“ဒါနဲ့ … ကျွန်မကို ဘာကိစ္စ တွေ့ချင်ရတာလဲ” သူက ခေါင်းအောက်ချလျက် မေးလိုက်သည်။

“ဆောရီးပဲ။ ခင်ဗျားလည်း အတော် ပင်ပန်းနေလောက်ပြီ။ ဒီတော့ စကားပလ္လင်လည်း ခံမနေတော့ပါဘူး” ကုစာနာဂိက ကိုယ်ကို အရှေ့သို့ ယို့လိုက်သည်။ “ကျွန်တော် ခင်ဗျားကို မေးချင်တဲ့ မေးခွန်းက တခြားတော့ မဟုတ်ပါဘူး။ မာရှိဘ ယိုရှီတာကာရဲ့ အမျိုးသမီးတွေနဲ့ ဆက်ဆံရေးကို သိချင်လို့ပါ”

ဟိရောမိသည် ဆတ်ကနဲ ခေါင်းမော့ကြည့်လိုက်သည်။ “ရှင့်စကားက ဘာအဓိပ္ပာယ်လဲ”

“ဒီလိုလေ။ ကျွန်တော် ဆိုလိုချင်တဲ့ အဓိပ္ပာယ်က မစ္စတာမာရှိဘမှာ ခင်ဗျားအပြင် တခြား တွဲနေတဲ့ မိန်းကလေးတွေ ရှိနေသေးသလား”

ဟိရောမိသည် ခါးကို မတ်ကာ မျက်တောင်ခတ်လိုက်မိသည်။ သူ လုံးဝ ထင်မှတ်မထားသော မေးခွန်း။ ဘာပြန်ဖြေရမှန်း မသိအောင် ကြက်သေသေနေတော့သည်။

“ရှင်က ဘာဖြစ်လို့ အဲဒီလို မေးရတာလဲ”

“သူ့မှာ တခြားမိန်းမတစ်ယောက် ရှိနေသေးတာလား”

“ရှင်တို့က ရှိနေတယ်လို့ သတင်းရထားတဲ့ အတွက်ကြောင့် ကျွန်မကို မေးနေတာ မဟုတ်ဘူးလား” သူ၏ လေသံက မာထန်လာသည်။

ကုစာနာဂိက ခပ်ယဲ့ယဲ့ပြုံးလျက် လက်ကို ဖြည်းညင်းစွာ ခါးယမ်းလိုက်သည်။ “ဘာအထောက်အထားမှ မရှိသေးပါဘူးဗျာ။ အဲဒီလို ဖြစ်နိုင်ခြေ ရှိတယ်လို့ တွေးဆမိလို့သာ ခင်ဗျားဆီမှာ လာစုံစမ်းကြည့်တာပါ”

“ကျွန်မ မသိဘူး။ ရှင်တို့က ဘာဖြစ်လို့ အဲဒီကိစ္စကို သိချင်လာရပြန်တာလဲ”

ကုစာနာဂိသည် မျက်နှာကို ပြန်တည်ပြီး လက်နှစ်ဖက်ကို စားပွဲပေါ်တွင် ကြက်ခြေခတ်ပုံ တင်ထားလိုက်သည်။ “ခင်ဗျား သိထားတဲ့အတိုင်းပဲ။ မစ္စတာမာရှိဘက အဆိပ်သင့်ပြီး ဆုံးတာဆိုတော့ အဲဒီတုန်းက အခြေအနေကို ပြန်သုံးသပ်ကြည့်လိုက်ရင် မာရှိဘအိမ်ကို အဲဒီနေ့က ရောက်ခဲ့တဲ့သူကပဲ အဆိပ်ခတ်လို့ ရနိုင်လိမ့်မယ်။ ဒါကြောင့်လည်း ခင်ဗျားကို အရင်ဆုံး သံသယဝင်မိခဲ့ကြတာပဲ”

“ကျွန်မ မလုပ်ပါဘူးလို့ ပြောခဲ့ပြီးပြီပဲရှင်”

“ခင်ဗျား ဘယ်လို ခံစားနေရမယ်ဆိုတာကို ကျွန်တော်တို့ နားလည်ပါတယ်။ တကယ်လို့ ခင်ဗျားသာ တရားခံ မဟုတ်ဘူးဆိုရင် သူ့အိမ်ကို ဘယ်သူတွေ ရောက်ခဲ့သေးသလဲ။ လက်ရှိအချိန်ထိ အဲဒီလူကို မစ္စတာမာရှိဘရဲ့ ကုမ္ပဏီအသိုင်းအဝိုင်းနဲ့ မိတ်ဆွေအသိုင်းအဝိုင်းထဲမှာ ရှာမတွေ့သေးဘူး။ ဒါနဲ့ ကျွန်တော်တို့ စဉ်းစားကြည့်တယ်။ မစ္စတာမာရှိဘအနေနဲ့ တခြားလူတွေ မသိအောင် တိတ်တိတ်ပုန်း ချိန်းတွေ့နေတဲ့ လူတစ်ယောက်ယောက်များ ရှိနေနိုင်ဦးမလားပဲ”

ကုစာနာဂိ၏ ဆိုလိုရင်း သဘောကို ယခုမှ ဟိရောမိ ရိပ်စားမိတော့သည်။ သို့သော် ဤသို့ ဗရုတ်သုတ်ခ အတွေးမျိုးကို သူ လက်ခံ၍ မရ။ “ရှင် သူ့ကို အထင်လွဲနေပြီ ထင်ပါတယ်။ သူက
ထင်ရာစိုင်းတတ်တဲ့
 သူမျိုးဆိုပေမယ့် ရှင်ထင်သလို မျက်နှာများတဲ့ ယောက်ျား မဟုတ်ဘူးရှင့်။ ကျွန်မလို မိန်းမမျိုးနဲ့ ခြေပုန်းခုတ်နေလို့ ရှင်တို့က အဲဒီလို ယူဆနေတာလားတော့ မသိဘူး။ နောက်ပြီး သူက ကျွန်မအပေါ်မှာလည်း အပျော်ကြံခဲ့တာ လုံးဝ မဟုတ်ဘူး”

ထိုသို့ အခိုင်အမာ ယုံကြည်ထားကြောင်း သိသာစေရန်အတွက် ဟိရောမိသည် လေသံကို ခပ်မာမာ ပြောချလိုက်သည်။ သို့သော် ကုစာနာဂိကို မည်သို့မျှ ပြောင်းလဲသွားအောင် လုပ်နိုင်ပုံ မရပေ။

“ခင်ဗျား ဆိုလိုချင်တဲ့ သဘောက သူမှာ တခြား တွဲစရာမိန်းမ မရှိဘူး။ အဲဒီလိုလား”

“ဟုတ်တယ်”

“ဒါဆို သူရဲ့ အရင်က ရည်းစားဟောင်းတွေနဲ့ ပတ်သက်ပြီးတော့ကော၊ ခင်ဗျား ဘာသိထားတာ ရှိလဲ”

“သူ အရင်က တွဲခဲ့ဖူးတဲ့ ကောင်မလေးတွေကို ပြောတာလား။ နည်းနည်းပါးပါး ရှိခဲ့ဖူးတယ် လို့တော့ ကျွန်မ ကြားဖူးတယ်။ ဒါပေမယ့် တစ်ခါမှတော့ အတိအကျ မပြောပြဖူးဘူး”

“ခင်ဗျား ဘာများ မှတ်မိထားတာ ရှိလဲ။ ဥပမာ အလုပ်အကိုင်တို့၊ ဒါမှမဟုတ် သူတို့ ချိန်းတွေ့ကြတဲ့ နေရာတို့ပေါ့”

မတတ်နိုင်သည့်အဆုံးတွင် ဟိရောမိသည် မှတ်မိနိုင်သမျှကို မှတ်ဉာဏ်ထဲတွင် ပြန်လည် ရှာဖွေကြည့်နေသည်။ ယိုရှီတာကာသည် သူ၏ ရည်းစားဟောင်းများနှင့် ပတ်သက်သော အကြောင်းအရာတချို့ကို ပြောပြခဲ့ဖူးကြောင်း အမှတ်ရနေသည်။ ထိုအထဲမှ တချို့တလေကို သူ သတိရနေဆဲပင်။ “သူ အရင်က စာပေလုပ်ငန်းနဲ့ ပတ်သက်တဲ့ သူ
တစ်ယောက်နဲ့
 ရည်းစားဖြစ်ခဲ့ဖူးတယ်လို့ ကျွန်မကို သူ ပြောဖူးတယ်”

“စာပေလုပ်ငန်း … အယ်ဒီတာကို ပြောတာလား”

“မဟုတ်ဘူး။ ကျွန်မ မှတ်တာ မမှားဘူး ဆိုရင်တော့ စာရေးတဲ့သူ ဖြစ်မယ်”

“ဒါဆို ဝတ္ထုရေး ဆရာပေါ့။ ဟုတ်လား”

ဟိရောမိက ပခုံးတွန့်ပြသည်။ “အတိအကျတော့ မပြောတတ်ဘူး။ သူ ပြောခဲ့တာကို ကျွန်မ မှတ်မိသလောက် ပြန်ပြောပြရရင် စာအုပ်ထုတ်ခါနီးတိုင်း သူ့ကို ဖတ်ခိုင်းပြီး ဘယ်လို မြင်လဲ၊ ဘယ်လို ခံစားရသလဲလို့ အတင်း မေးလေ့ရှိတယ်။ အတော် စိတ်ပျက်ဖို့ ကောင်းတာပဲတဲ့။ ကျွန်မ အဲဒီတုန်းက သူ့ကို ဘာစာအုပ်ထုတ်တာလဲလို့ မေးခဲ့ဖူးသေးတယ်။ ဒါပေမယ့် သူက ဟိုလိုလို ဒီလိုလို လျှောက်ပြောပြီး စကားလမ်းကြောင်းကို လွှဲပစ်လိုက်တယ်။ သူက သူ့ရဲ့ အရင်ဇာတ်လမ်းတွေကို ပြန်မေးတာမျိုး မကြိုက်တတ်တော့ ကျွန်မလည်း နောက် ဘာမှ ထပ်မမေးဖြစ်တော့ဘူး”

“အဲဒါအပြင်ရော … တခြား ဘာရှိသေးလဲ”

“သူက ဘားမယ်တို့၊ သဘင်သည်တို့ကို လုံးလုံး စိတ်မဝင်စားဘူးလို့ သူ ပြောဖူးတယ်။ အတွဲရှာတဲ့ ပါတီပွဲတွေမှာလည်း ပွဲစီစဉ်တဲ့ လူတွေက ကိုယ်ဟန်ပြမယ်တွေကို ပိုက်ဆံပေးပြီး ငှားထားတတ်လို့ အဲဒီလို ပွဲမျိုးတွေကိုလည်း သူက သဘောမကျဘူး”

“ဒါပေမယ့် သူနဲ့ မစ္စစ်မာရှိဘနဲ့က အဲဒီလို အတွဲရှာတဲ့ ပါတီပွဲမှာ တွေ့ခဲ့ကြတာပဲ မဟုတ်ဘူးလား”

“အဲဒီလို ကြားမိတာပဲ” ပြောပြီး သူ မျက်လွှာချထားသည်။

“ဒါဆို မစ္စတာမာရှိဘက သူရဲ့ အရင်ရည်းစားဟောင်းတွေနဲ့ ပြန်ဆက်သွယ်တတ်တာမျိုးရော ရှိလား”

“ကျွန်မ သိသလောက်တော့ မရှိခဲ့ဖူးဘူး” ဟိရောမိသည် ကုစာနာဂိကို မျက်လုံးပင့်ကြည့်လိုက်သည်။ “အဲဒီမိန်းမတွေက တရားခံ ဖြစ်နိုင်လို့လား”

“ကျွန်တော်တို့ အထင်တော့ တော်တော် ဖြစ်နိုင်ခြေ ရှိတယ်။ ဒါကြောင့် ခင်ဗျားကို စေ့စေ့စပ်စပ် ပြန်စဉ်းစားကြည့်စေချင်တာပါ။ ယောက်ျားတွေ ဆိုတာက ရည်းစားထားတဲ့ ကိစ္စတွေမှာ မိန်းမတွေလို လျှို့ဝှက်သိုသိပ်လေ့ မရှိကြဘူး။ တစ်ခါတစ်ခါကျရင် အမှတ်တမဲ့နဲ့ လွှတ်ကနဲ ပြောမိတတ်ကြတယ်လေ”

“ရှင် ဘယ်လောက်ပြောပြော ကျွန်မကတော့ …” ဟိရောမိသည် သူ့အရှေ့မှ နွားနို့ခွက်ကို လှမ်းယူပြီး တစ်ငုံ မော့သောက်လိုက်သည်။ ပါးစပ်ထဲသို့ နွားနို့တစ်ငုံ ဝင်ရောက်သွားသည်နှင့် နွားနို့မှာခဲ့မိသည့်အတွက် သူ နောင်တ ရသွားသည်။ အမှန်စင်စစ် သူ လက်ဖက်ရည် အဖန်တစ်ခွက်ကိုသာ မှာလိုက်သင့်သည်။ နွားနို့တစ်ငုံကြောင့် သူ၏ နှုတ်ခမ်းစွန်းများကို ပေစွန်းသွားစေနိုင်သည် မဟုတ်လား။ ထိုစဉ် အကြောင်းအရာတစ်ခုသည် သူ့ခေါင်းထဲသို့ ဖျတ်ကနဲ ဝင်ရောက်လာ၍ ခေါင်းကို ဆတ်ကနဲ မော့လိုက်လေသည်။

“ဘာဖြစ်လို့လဲ” ကုစာနာဂိက အလျင်အမြန် မေးခွန်းထုတ်လိုက်သည်။

“သူက ကော်ဖီကြိုက်တဲ့သူ ဆိုပေမယ့် လက်ဖက်ရည်နဲ့ ပတ်သက်ပြီးတော့လည်း တော်တော်လေး နားလည်နှံ့စပ်တယ်။ အဲဒီအချက်နဲ့ ပတ်သက်ပြီး ကျွန်မ သူ့ကို မေးကြည့်ခဲ့ဖူးတယ်။ အဲဒါ သူ့ရည်းစားဟောင်းကို အကြောင်းပြုပြီး သိထားခဲ့တာတွေတဲ့။ အဲဒီမိန်းမက လက်ဖက်ရည် အတော် ကြိုက်ပုံရတယ်။ နောက်ဆုံး လက်ဖက်ခြောက် ဝယ်တဲ့ဆိုင်တောင်မှ တစ်ဆိုင်တည်းမှာပဲ သတ်သတ်မှတ်မှတ် ဝယ်လေ့ရှိတယ်တဲ့။ နီဟွန်းဘာရှိမှာ ရှိတဲ့ လက်ဖက်ခြောက်ဆိုင်လို့ ကျွန်မ မှတ်မိနေတယ်”

ကုစာနာဂိသည် မှတ်စုစာအုပ်တွင် ရေးမှတ်ရင်း မေးခွန်းထုတ်လိုက်သည်။ “အဲဒီဆိုင်ရဲ့ ဆိုင်နာမည်က ဘာတဲ့လဲ”

“ဆောရီးပဲ။ ကျွန်မ အဲဒါတော့ မမှတ်မိတော့ဘူး။ သူ ပြောကို မပြောပြခဲ့တာလည်း ဖြစ်ချင်ဖြစ်မယ်”

“လက်ဖက်ခြောက်ဆိုင် …” ကုစာနာဂိသည် မှတ်စုစာအုပ်ကို ပိတ်ကာ နှုတ်ခမ်းကို မဲ့လိုက်သည်။

“ကျွန်မ အဲဒီလောက်ပဲ မှတ်မိတော့တယ်။ ဆောရီးပါပဲ။ ရှင်တို့ကို မကူညီနိုင်တဲ့အတွက် စိတ်မကောင်းပါဘူး”

“ဘယ်ဟုတ်မလဲဗျာ။ ကျွန်တော်ကို အများကြီး ပြောပြထားပြီးပြီပဲဥစ္စာ။ အများကြီး အကျိုးရှိနိုင်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ မစ္စစ်မာရှိဘကိုလည်း အဲဒီလို မေးခွန်းတွေ မေးခဲ့ပြီးသွားပြီ။ သူလည်း မစ္စတာမာရှိဘဆီကနေ ဘာမှ မကြားဖူးဘူးတဲ့။ ကျွန်တော့်အထင်တော့ မစ္စတာမာရှိဘရဲ့ အတွင်းစိတ်ထဲမှာ သူ့ဇနီးထက် ခင်ဗျားကို ပိုချစ်ပုံ ရပါတယ်”

မှုခင်းရဲ၏ စကားသည် ဟိရောမိကို အတန်ငယ် မအီမသာ ဖြစ်သွားစေခဲ့သည်။ ထိုသူသည် သူ့ကို နှစ်သိမ့်လို၍သာ ထိုစကားကို ပြောကြားခဲ့ခြင်းလော။ သို့တည်းမဟုတ် တင်းမာမှုများကို လျှော့ချလို၍ ပြောကြားခဲ့ခြင်းလော။ ဟိရောမိ ကောင်းစွာ ဝေခွဲ၍ မရနိုင်သော်လည်း ဤသို့ ပြောကြားခြင်းဖြင့် သူ့အား နေသာထိုင်သာ ရှိသွားစေလိမ့်မည်ဟု ယူဆနေခဲ့ပါလျှင် အမှားကြီး မှားသွားပေလိမ့်မည်။ “ရှင့် မေးခွန်းတွေ မေးလို့ ကုန်သွားပြီလား။ ကျွန်မ အိမ်ပြန်ချင်လာပြီ”

“ပင်ပန်းနေတဲ့ကြားက ကျွန်တော်တို့ကို အခုလို ကူညီပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်ဗျာ။ တကယ်လို့ ခင်ဗျား တစ်ခုခု စဉ်းစားလို့ ရခဲ့ရင် ကျွန်တော်တို့ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်”

“ဟုတ်ကဲ့။ အဲဒီအချိန်ကျရင် ကျွန်မ ရှင်တို့ဆီ ဖုန်းဆက်လိုက်ပါမယ်”

“ကျွန်တော် ခင်ဗျားကို လိုက်ပို့ပေးပါရစေ”

“မလိုပါဘူး။ နှစ်လှမ်း သုံးလှမ်းဆို ရောက်နေပြီပဲဥစ္စာ” ဟိရောမိသည် ပြောပြီး မတ်တတ်ထရပ်လိုက်သည်။ စားပွဲပေါ်မှ ဘေလ်ကို တစ်ချက်ကလေးမျှ ငဲ့မကြည့်ဘဲ၊ “နွားနို့အတွက် ကျေးဇူးတင်ပါတယ်” ဟုပင် ပြောဖော်မရဘဲ ဆိုင်ထဲမှ ထွက်ခွာသွားလေတော့သည်။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *