ဖုန်းသံကို ကြားရသည့်အခါ ဟိရောမိသည် မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။
သူသည် အိပ်ပျော်နေခြင်း မဟုတ်ဘဲ ခုတင်ပေါ်တွင် မျက်လုံးမှိတ်လျက် လှဲရုံမျှ
လဲလျောင်းနေခြင်း
ဖြစ်သည်။ ယနေ့ညသည်လည်း ယမန်နေ့ညကဲ့သို့ အိပ်မပျော်သည့် ညတစ်ည ဖြစ်နေဦးမည်ဟု သူ ကြိုတင် တွက်ဆထားသည်။ အနီးအနားတွင် တစ်ချိန်က ယိုရှီတာကာ ပေးခဲ့သော အိပ်ဆေးတချို့ ရှိနေသည်။ သို့သော် သူ မသောက်ရဲ။
လေးလံနေသော ခန္ဓာကိုယ်ကို သူ မ,ထူလိုက်သည့် အခါတွင် ဦးခေါင်းထဲ တဆစ်ဆစ် နာကျင်နေကြောင်း ခံစားလိုက်ရသည်။ ဖုန်းရှိရာသို့ လက်လှမ်းရသည်ကပင် ပင်ပန်းလွန်းလှချည့်။ ညကြီးမင်းကြီး ဘယ်သူများ ဖုန်းခေါ်လာသနည်း။ နာရီကို လှမ်းကြည့်လိုက်သည်။ ၁၀ နာရီ ထိုးလုထိုးခင်။
ဖုန်းမျက်နှာပြင်ပေါ်မှ နာမည်ကို တွေ့မြင်ရသည့် အခါတွင် မျက်နှာကို ရေအေးဖြင့် အပက်ခံလိုက်ရဘိသကဲ့သို့ ရုတ်ခြည်း လန်းဆန်းကြည်လင်လာသည်။ အာယနဲ၏ ဖုန်း။ သူသည် ဖုန်းလက်ခံခလုတ်ကို အလျင်အမြန် နှိပ်ချလိုက်သည်။
“ဟယ်လို ကျွန်မ ဟိရောမိပါ” သူ၏ အသံက အနည်းငယ် ကွဲအက်နေသည်။
“ငါပါ။ ဆောရီးပဲနော်။ အိပ်ပျော်နေပြီ ထင်တယ်”
“မအိပ်သေးပါဘူး။ လှဲပဲ လှဲနေတာ။ ဒါနဲ့ … ဒီနေ့မနက်က ဆရာမဆီ ပြန်မလာနိုင်တဲ့အတွက် တောင်းပန်ပါတယ်”
“ကိစ္စ မရှိဘူး။ နေလို့ ကောင်းသွားပြီလား”
“ဟုတ်ကဲ့။ ဆရာမလည်း အတော် ပင်ပန်းနေရောပေါ့” ဟိရောမိသည် နှုတ်မှ ဤသို့ မေးလိုက်မိသော်လည်း စိတ်ထဲတွင်မူ တခြားအကြောင်းအရာကို စဉ်းစားနေမိသည်။ မှုခင်းရဲများသည် သူနှင့် ယိုရှီတာကာတို့၏ အကြောင်းကို အာယနဲအား အမှန်အတိုင်း ဖွင့်ပြောလိုက်ပြီလောဟု စိတ်ပူနေသည်။
“တကယ်တော့ ပင်ပန်းနေပြီ။ ဘာတွေ ဖြစ်သွားခဲ့တယ် ဆိုတာကိုလည်း အခုထိ နားမလည်နိုင်သေးဘူး … … အဲဒါတွေ အားလုံးက တကယ် ဖြစ်ပျက်သွားခဲ့တာပါလို့ အခုချိန်ထိ ဘယ်လိုမှ လက်ခံလို့ မရသေးဘူး ဖြစ်နေတယ်”
ဟိရောမိလည်း ထိုနည်းလည်းကောင်းပင်။ အိပ်မက်ဆိုးကြီးတစ်ခုကို အခန်းဆက်ဖြင့် မြင်မက်နေရသည့်နှယ်။ “ကျွန်မ နားလည်ပေးနိုင်ပါတယ်” ဟုသာ တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သည်။
“ဟိရောမိ၊ နင် တကယ် နေကောင်းသွားတာရော ဟုတ်လို့လား။ ကျန်းမာရေး ဂရုစိုက်ဦးနော်”
“ကျွန်မ နေကောင်းသွားပါပြီ။ မနက်ဖြန်ဆို အလုပ်သွားနိုင်လောက်တယ်”
“အလုပ်က အရေးမကြီးပါဘူး။ ငါ နင့်ကို အခု တွေ့လို့ ရမလား”
“ဆရာမက အခုချက်ချင်း တွေ့ချင်တာလား” သူ၏ ရင်ထဲ ထိတ်ကနဲ ပျာယာခတ်သွားသည်။ “ဘာကိစ္စရှိလို့လဲ”
“ငါ နင်နဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးစရာ ရှိလို့ပါ။ အချိန် ခဏလောက် ပေးနိုင်ရင် ရပါတယ်။ တကယ်လို့ နင် အရမ်းပင်ပန်းနေရင် ငါ နင့်ဆီ လာခဲ့မယ်လေ”
ဟိရောမိသည် လက်ကိုင်ဖုန်းကို နားနားသို့ ဖိကပ်ပြီး ခေါင်းကို ခါယမ်းလိုက်သည်။ “မဟုတ်တာ။ ကျွန်မပဲ ဆရာမအိမ်ကို ထွက်လာခဲ့ပါမယ်။ နောက်တစ်နာရီလောက်ဆိုရင် ဆရာမဆီ ရောက်လောက်တယ်”
“ငါ အခု ဟိုတယ်မှာ တည်းနေတာ”
“ဪ … ဟုတ်လား”
“ရဲဌာနက ငါ့အိမ်ကို ထပ်ပြီး စစ်ဆေးကြဦးမှာ ဆိုတော့ သူတို့က ဒီတစ်ညအတွက် ငါ့ကို ဟိုတယ်မှာ တည်းဖို့ စီစဉ်ပေးထားကြတယ်။ ဒါကြောင့် ဆပ်ပိုရိုကနေ သယ်လာတဲ့ ခရီးဆောင်အိတ်ထဲက အဝတ်အစားတချို့ကို ယူပြီး ဟိုတယ်မှာ လာတည်းနေတာ”
အာယနဲသည် ရှီနာဂါဝါ ဘူတာရုံ၏ နံဘေးတွင် ရှိသော ဟိုတယ်တစ်လုံးတွင် တည်းခိုနေသည်။ ဟိရောမိသည် “ကျွန်မ အခုချက်ချင်း ထွက်လာခဲ့မယ်” ဟု ပြောပြီး ဖုန်းချလိုက်သည်။ အပြင်ထွက်ရန် ပြင်စရာ ရှိသည်များကို ပြင်ဆင်နေသည့် အတောအတွင်း၌ အာယနဲသည် သူ့အား အဘယ်ကြောင့် ညကြီးမင်းကြီး တွေ့ချင်နေရသနည်း ဟူသည့်အချက်ကို အပြန်ပြန် အထပ်ထပ် စဉ်းစားနေမိသည်။ အာယနဲသည် မိမိ၏ ကျန်းမာရေးကို အမှန်တကယ် စိတ်ပူပန်နေခဲ့သည် မှန်လျှင် မိမိအား အဘယ်ကြောင့် ညကြီးအချိန်မတော် သူ့ထံသို့ လာရောက်ရန် ဆင့်ခေါ်နေရသနည်း။ သူသည် အချိန် ထပ်မဆွဲနိုင်လောက်အောင် အရေးကြီးသော အကြောင်းအရာတစ်ခုကို မိမိအား ပြောပြလိုသောကြောင့်သာလျှင် မိမိကို ယခုကဲ့သို့ ခေါ်ယူခြင်း ဖြစ်ရလိမ့်မည်ဟု ဟိရောမိ ယူဆလိုက်သည်။
ရှီနာဂါဝါဘူတာသို့ သွားရာ လမ်းတစ်လျှောက် ဓာတ်ရထားပေါ်တွင် ဟိရောမိသည် အာယနဲ၏ နှုတ်မှ ထွက်ကျလာမည့် အကြောင်းအရာကို ခန့်မှန်းတွက်ဆကြည့်နေမိသည်။ မှုခင်းရဲများသည် သူနှင့် ယိုရှီတာကာတို့၏ တိတ်တိတ်ပုန်း ဇာတ်လမ်းကို အာယနဲအား ပြောပြလိုက်ပြီလော။ စောစောက ဖုန်းပြောကြစဉ်အတွင်း သူ၏ လေသံထဲတွင် ခက်ထန်မာကျောသည့် အရိပ်အယောင်ကို စိုးစိမျှ မခံစားခဲ့ရသည် မှန်သော်လည်း သူသည် ရင်ထဲမှ ခံစားချက်များကို အားတင်း၍ မျိုသိပ်ထားသောကြောင့်သာ ပေါက်ကွဲထွက်မလာခဲ့ခြင်း ဖြစ်ရပေမည်။
ခင်မင်ရင်းနှီးခဲ့သည့် ကာလတစ်လျှောက်လုံးတွင် ဣန္ဒြေတည်ငြိမ် အေးဆေးပြီး ခက်ထန်ကြမ်းတမ်းသည့် အမူအရာများကို အပြင်သို့ ထုတ်ပြလေ့မရှိသော အာယနဲသည် သူ၏ လင်ယောက်ျားနှင့် ဖောက်ပြန်နေသည့် မိန်းမတစ်ယောက်ကို မည်သို့မည်ပုံ ရင်ဆိုင်တွေ့ဆုံမည်နည်းဟု ဟိရောမိ မတွေးမကြံတတ်အောင် ဖြစ်နေရသည်။ ထိုသို့ မတွေးမကြံတတ်သော အကြောင်းကြောင့်ပင်လျှင် ဟိရောမိ၏ စိတ်ထဲတွင် အတိုင်းအဆ မရှိသော ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုတို့ကို ခံစားနေရလေသည်။ သို့သော် သူ့အား တဲ့တိုး မေးလာခဲ့မည် ဆိုလျှင် ဝေ့လည်ကြောင်ပတ် လုပ်မနေတော့ဘဲ အမှန်အတိုင်း ဝန်ခံပြီး တောင်းပန်လိုက်တော့မည်ဟု သူ အစောကြီးကတည်းက ဆုံးဖြတ်ထားခဲ့သည်။ အာယနဲသည် သူ့အား မည်သို့မျှ ခွင့်လွှတ်နိုင်လိမ့်မည် မဟုတ်ပေ။ သူ့အား တပည့်အဖြစ်မှပင်
ရပ်စဲချင်
ရပ်စဲပစ်လိမ့်မည်။
သို့သော် မည်သို့ တတ်နိုင်ပါဦးမည်နည်း။ ယခုအခါတွင် ပြတ်ပြတ်သားသား လုပ်ရန် အချိန်တန်ပြီဟု သူ ယူဆသည်။
ဟိုတယ်သို့ ရောက်သည့်အခါတွင် ဟိရောမိသည် အာယနဲထံသို့ ဖုန်းဆက်လိုက်သည်။ အာယနဲက သူ့အား အခန်းသို့ တက်လာရန် ပြောသည်။
အာယနဲသည် သနပ်ခါးရောင် ညဝတ်အင်္ကျီကို ဝတ်ဆင်လျက် သူ့ကို စောင့်မျှော်နေသည်။ “ဒီလောက် ပင်ပန်းနေတာတောင် နင့်ကို ဒီခေါ်လိုက်ရတာ စိတ်တော့ မကောင်းဘူး”
“ရပါတယ်။ ဆရာမ ဘာပြောစရာ ရှိလို့လဲ”
“အရင် ထိုင်ပါဦး” အခန်းထဲတွင် တစ်ယောက်ထိုင် ဆိုဖာခုံနှစ်လုံး ချထားသည်။ အာယနဲက သူ့ကို ထိုင်ရန် လက်ပြလိုက်သည်။
ဟိရောမိသည် ထိုင်ခုံတွင် ထိုင်ပြီး အခန်းတွင်းကို ဝေ့ဝိုက်ကြည့်လိုက်သည်။ ၎င်းမှာ နှစ်ယောက်အိပ်ခန်း တစ်ခန်းဖြစ်သည်။ ခုတင်နံဘေးတွင် ဖွင့်ထားသော ခရီးဆောင်အိတ်တစ်လုံး ရှိသည်။ အထဲတွင် အင်္ကျီ အမြောက်အမြားကို တွေ့မြင်နေရသည်။ အာယနဲသည် ဤနေရာတွင် ကာလရှည်နေရန် အစောကြီးကတည်းက ဆုံးဖြတ်ထားပြီး ဖြစ်ရပေမည်။
“ဘာသောက်မလဲ”
“ဟင့်အင်း၊ မသောက်တော့ပါဘူး”
“နင့်အတွက် တစ်ခွက်တော့ ငှဲ့ထားလိုက်ပါမယ်။ နင် သောက်ချင်တဲ့အချိန် သောက်ပေါ့” အာယနဲသည် ရေခဲသေတ္တာထဲမှ ဝူးလုံလက်ဖက်ရည်ဗူးကို ယူ၍ ခွက်နှစ်ခွက်ထဲသို့ လောင်းထည့်လိုက်သည်။
ဟိရောမိက ကျေးဇူးတင်ကြောင်း ခေါင်းဆတ်ပြပြီးနောက် လက်ဖက်ရည်ခွက်ကို လက်ဆန့်တန်းကာ ကောက်ကိုင်လိုက်သည်။ စစ်စင် သူ အာခြောက်၍ ရေငတ်နေသည်မှာ ကြာလှပေပြီ။
“ရဲတွေက နင့်ကို ဘာတွေ မေးတာလဲ” အာယနဲသည် ယခင်ကကဲ့သို့ နူးညံ့ပျော့ပျောင်းသော လေသံဖြင့် မေးလိုက်သည်။
ဟိရောမိသည် ခွက်ကို ပြန်ချပြီး နှုတ်ခမ်းကို သပ်လိုက်သည်။ “မစ္စတာမာရှိဘကို တွေ့တုန်းက အခြေအနေတွေကို မေးတာပါ။ နောက်ပြီး ကျွန်မကို ဘာသဲလွန်စများ ရှိသလဲလို့လည်း မေးသေးတယ်”
“သဲလွန်စနဲ့ ပတ်သက်ပြီး နင် ဘယ်လို ဖြေလိုက်တာလဲ”
ဟိရောမိက သူ၏ ရင်ဘက်နားတွင် လက်ကို
ခါယမ်းလိုက်သည်။
“ဘာသဲလွန်စမှ ကျွန်မ မသိပါဘူး။ ကျွန်မ သူတို့ကို အဲဒီလိုပဲ ပြန်ဖြေလိုက်တာပဲ”
“ဟုတ်လား။ အဲဒီအပြင်ရော သူတို့ ဘာမေးသေးလဲ”
“တခြားတော့ ဘာမှ မမေးတော့ပါဘူး … အဲဒီလောက်ပဲ” ဟိရောမိက ခေါင်းကို ငုံ့ထားလိုက်သည်။ သူနှင့် ယိုရှီတာကာတို့ ကော်ဖီအတူ သောက်ခဲ့သည့် ကိစ္စကို မေးခွန်းထုတ်ခံရကြောင်း သူ မည်သို့ ပြောပြနိုင်ပါအံ့နည်း။
အာယနဲက ခေါင်းညိတ်ကာ ခွက်ကို ကောက်ကိုင်ပြီး ဝူးလုံလက်ဖက်ရည်တစ်ငုံ မော့သောက်လိုက်သည်။ သူသည် ခွက်ကို နဖူးတွင် ကပ်ထားပြီး နဖူးကို အပူကျစေရန် ကြိုးစားနေသည့်နှယ်။
“ဟိရောမိ” အာယနဲက သူ့ကို လှမ်းခေါ်လိုက်သည်။ “ငါ နင့်ကို ပြောစရာ ရှိတယ်”
ဟိရောမိသည် ထိတ်ထိတ်ပျာပျာဖြင့် ခေါင်းမော့ကြည့်လေသည်။ သူတို့နှစ်ဦး အကြည့်ချင်း ဆုံမိသွားသည်။ အာယနဲသည် သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်ဟု မူလက ခံစားရနေသော်လည်း တစ်ခဏအကြာတွင် နောက်ခံစားချက်တစ်မျိုး ပြောင်းလဲသွားသည်။ အာယနဲ၏ မျက်ဝန်းထဲတွင် မုန်းတီးခြင်းနှင့် အမျက်ဒေါသတို့၏ အရိပ်အယောင်ကို လုံးဝ မတွေ့ရပေ။ ဝမ်းနည်းပူဆွေးနေသော၊ ဟင်းလင်းလစ်ဟာနေသော ခံစားချက်တစ်မျိုးကိုသာ ဖော်ဆောင်နေကြသည်။ သူ၏ နှုတ်ခမ်းထက်မှ မပီတပီ ခပ်ယဲ့ယဲ့ အပြုံးစများက ၎င်းခံစားချက်ကို ပိုမို ခိုင်မာစေခဲ့သည်။
“သူက ငါ့ကို လမ်းခွဲကြဖို့ ပြောလာခဲ့တယ်လေ” အာယနဲက ခံစားချက်မဲ့သော လေသံဖြင့် ပြောသည်။
ဟိရောမိက မျက်လွှာချထားမိသည်။ သူ၏ မျက်နှာပေါ်တွင် အံ့ဩထိတ်လန့်သည့် အမူအရာမျိုး လုပ်ပြသင့်သော်လည်း
သူ့တွင်
ထိုသို့ပြုလုပ်ရန် စွမ်းအင်များ ကုန်ခမ်းနေသည်။ အာယနဲကို မော့ကြည့်ရန်ပင် သူ ဝန်လေးနေခဲ့သည်။
“သောကြာနေ့ မစ္စတာအီကာအိတို့ အိမ်ရောက်မလာသေးခင် အခန်းထဲမှာ ငါ့ကို ပြောခဲ့တာ။ ပြီးတော့ ပြောသေးတယ်။ ကလေးမမွေးနိုင်တဲ့ မိန်းမတစ်ယောက်နဲ့ အိမ်ထောင်တစ်ခု ထူထောင်ရတာ ဘာအဓိပ္ပာယ်မှ မရှိဘူး လို့လည်း ပြောသေးတယ်”
ဟိရောမိသည် ခေါင်းငိုက်စိုက် ချပြီး သူ ပြောသမျှကို နားထောင်နေရုံသာ။ ယိုရှီတာကာသည် ကွာရှင်းပြတ်စဲရန် အာယနဲအား တောင်းဆိုထားသည်ဟု သိထားပြီး ဖြစ်သော်လည်း ထိုသို့သော စကားမျိုးကို သူ ပြောကြားခဲ့လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။
“နောက်ပြီး သူက ငါ့နေရာမှာ အစားထိုးဖို့အတွက် ချစ်သူတစ်ယောက် ရှာတွေ့ထားပြီတဲ့။ နာမည်ကိုတော့ ငါ့ကို ပြောမပြဘူး။ ငါ မသိတဲ့လူလို့ပဲ သူက ပြောတယ်”
ဟိရောမိ၏ ရင်ထဲ တလှပ်လှပ် လှုပ်ရှားလာသည်။ အာယနဲသည် သူတို့နှစ်ယောက်၏ အကြောင်းကို ဘာဆိုဘာမျှ မသိ ဆိုသည်မှာ ဟုတ်နိုင်ပါမည်လော။ သူသည် ဘာကိုမျှ ဂရုမစိုက်သည့် ဟိတ်ဟန်မျိုးဖြင့် ထောင်ချောက်ထဲသို့ တစ်ဆင့်ပြီးတစ်ဆင့် ကျုံးသွင်းရန် ကြိုးစားနေခြင်းသာ ဖြစ်ပေလိမ့်မည်။
“ဒါပေမယ့် သူ ငါ့ကို ညာနေတယ်ဆိုတာ ငါ သိတယ်။ သူ ချိန်နေတဲ့သူက ငါ့အသိထဲကပဲ ဖြစ်ရမယ်။ ပြီးတော့ တော်တော်ကို ရင်းနှီးတဲ့ အထဲက။ အဲဒါကြောင့်မို့လည်းပဲ အဲဒီမိန်းမရဲ့ နာမည်ကို သူ ပြောမပြရဲတာပေါ့။ နင်ရော ဘယ်လိုထင်လဲ”
အာယနဲ၏ ရင်ဖွင့်စကားကို ကြားရသည့်အခါတွင် ဟိရောမိ၏ ရင်ထဲ တင်းကျပ်သည်ထက် တင်းကျပ်လာသည်။ သူ ဆက်လက်၍ သည်းမခံနိုင်တော့။ ခေါင်းမော့လိုက်သည့် အခါတွင် သူ၏ မျက်လုံးအစုံ၌ မျက်ရည်များ ပြည့်လျှံနေကြသည်။
အာယနဲသည် သူ၏ အဖြစ်သနစ်ကို တွေ့မြင်ရသည်တွင် ထူးဆန်းအံ့ဩသော မည်သည့် အမူအရာကိုမျှ မပြဘဲ မျက်နှာပေါ်၌ ခြောက်ကပ်ကပ် အပြုံးတစ်ခုသာ ရှိနေသည်။ အာယနဲက မျက်နှာသေဖြင့် မေးလိုက်သည်။ “ဟိရောမိ၊ အဲဒီလူက နင် မဟုတ်လား” လေသံက အပြစ်လုပ်ထားသည့် ကလေးတစ်ယောက်ကို နူးညံ့ညင်သာစွာ မာန်မဲနေသည့်ပုံမျိုး။
ဟိရောမိသည် မည်သို့ ပြန်ဖြေရမည်မှန်း မသိနိုင်အောင် ဖြစ်နေမိသည်။ ရှိုက်သံများ ထွက်ပေါ်မလာစေရန် သူသည် နှုတ်ခမ်းကို ခပ်တင်းတင်း စေ့ပိတ်ထားလေသည်။ မျက်ရည်များသာ တာကျိုးသွားသည့်အလား တသွင်သွင် စီးဆင်းလျက်။
“အဲဒီလူက … နင် မဟုတ်လား”
ဤသို့သော အခြေအနေမျိုးတွင် မည်သို့မျှ ငြင်းဆန်၍ မရနိုင်တော့ပေ။ ဟိရောမိက ခေါင်းကို အသာအယာ ညိတ်လိုက်သည်။
အာယနဲက ထွက်သက်ကို အားရပါးရ မှုတ်ထုတ်ပစ်လိုက်သည်။ “ထင်သားပဲ”
“ဆရာမ၊ ကျွန်မ …”
“အင်း၊ ငါ သိပါတယ်။ နင် ဘာမှ ပြောပြနေစရာ မလိုတော့ပါဘူး။ သူ ကွာရှင်းဖို့ မပြောခင်ကတည်းက ငါ ရိပ်မိနေခဲ့တာ။ ပြောရရင် အဲဒီထက်တောင် ပိုစောသေးတယ်။ ငါ့ဘာသာ လက်သင့်မခံနိုင်ခဲ့တာပဲ ရှိတာ။ … … ငါ နေ့တိုင်း သူ့အနားမှာ ရှိနေခဲ့တာ ဆိုတော့ မရိပ်မိဘဲ ဘယ်နေပါ့မလဲ။ နောက်ပြီး သူက ဟန်လုပ်တဲ့အပိုင်းနဲ့ လိမ်ညာတဲ့အပိုင်းတွေမှာ သူထင်သလို ကျွမ်းကျင်တာ မဟုတ်ဘူး”
“ဆရာမတော့ ကျွန်မကို စိတ်ဆိုးနေမှာပဲ”
အာယနဲက ခေါင်းကို ငဲ့စောင်းလျက် ပြောသည်။ “ဘယ်လို ပြောရမလဲ။ စိတ်ဆိုးတယ်လို့ပဲ ပြောရမယ် ထင်တယ်။ ငါ့အထင်တော့ သူက နင့်ကို မြှူဆွယ်ခဲ့တာပဲ ဖြစ်မယ်။ ဒါပေမယ့် နင် ဘာဖြစ်လို့ မငြင်းဆန်ခဲ့တာလဲ။ အဲဒါကို ငါ စဉ်းစားလို့ မရခဲ့ဘူး။ ဒါပေမယ့်လည်း နင်က ငါ့ယောက်ျားကို လုယူသွားခဲ့တယ်လို့ အဲဒီလို ငါ မခံစားရဘူး။ တကယ်ပြောတာ။ ဘာဖြစ်လို့လဲ ဆိုတော့ သူက မျက်နှာများတတ်တဲ့သူ မဟုတ်လို့ပဲ။ ငါ့အထင် ပြောရရင် အရင်ဦးဆုံး အနေနဲ့ သူက ငါ့အပေါ်မှာ စိတ်ကုန်သွားခဲ့တယ်။ အဲဒီနောက်မှာမှ သူရဲ့ အကြည့်တွေက နင့်ကိုယ်ပေါ်ကို ပြောင်းရွှေ့သွားတယ်။ ငါ့ကိုယ်ငါတောင် မုန်းနေမိသလိုပဲ။ ဘာဖြစ်လို့ သူ့လက်ကို မြဲမြဲမြံမြံ ဆုပ်ကိုင်မထားနိုင်ခဲ့တာလဲ ဆိုပြီး ငါ့ကိုယ်ငါ မုန်းတယ်”
“ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ အဲဒီလို မလုပ်သင့်ဘူး ဆိုတာကို ကျွန်မ သိပါတယ်။ ဒါပေမယ့် ထပ်ပြန်တလဲလဲ ကြုံနေရတဲ့ မစ္စတာမာရှိဘရဲ့ ညှို့ဓာတ်တွေကို ကျွန်မ ဘယ်လိုမှ လျစ်လျူမရှုနိုင်ခဲ့ဘူး”
“ထပ် မပြောပါနဲ့တော့” အာယနဲက ပြောသည်။ အသံမှာ စောစောက အသံနှင့် လုံးဝ ကွဲပြားနေသည်။ မာကြောအေးစက်နေသည့် လေသံ။ “နင် ပြောတာကို ဆက်နားထောင်နေရင် နင့်ကိုပါ ငါ မုန်းမိလိမ့်မယ်။ သူက နင့်ကို ဘယ်ပုံဘယ်နည်း မြှူဆွယ်ခဲ့သလဲ ဆိုတာကို ငါ နားထောင်ချင်နေတယ်လို့များ နင် ထင်နေတာလား”
သူ့စကားမှာ အမှန်ပင် ဖြစ်သည်။ ဟိရောမိသည် ခေါင်းကို ငုံ့ထားလျက်က ဘယ်ညာ ယမ်းခါနေမိသည်။
“ငါတို့ မင်္ဂလာဆောင်မယ် ဆိုတုန်းက အချိန်းအချက်တစ်ခု လုပ်ထားခဲ့ကြတယ်” အာယနဲ၏ အသံသည် ပြန်လည် တည်ငြိမ်အေးဆေးလာသည်။ “တစ်နှစ်နေလို့မှ ကလေးမရရင် ငါတို့ရဲ့ အိမ်ထောင်ရေးကို ပြန်လည် သုံးသပ်ကြမယ်လို့ အပြန်အလှန် ကတိပေးခဲ့ကြတယ်။ ငါတို့ နှစ်ယောက်စလုံးလည်း အသက်အရွယ်တွေ မငယ်ကြတော့ဘူးလေ။ ဟုတ်တယ်မလား။ ဒါကြောင့် ငါတို့က ကိုယ်ဝန်ရအောင် ဆေးကုနေဖို့လည်း အချိန်အများကြီး မပေးနိုင်တော့ဘူး။ အမှန်အတိုင်း ဝန်ခံရရင် သူရဲ့ ရွေးချယ်မှုအသစ်က နင်ဖြစ်နေလို့ပဲ ငါ တော်တော်လေး ခံစားခဲ့ရတယ်။ ဒါပေမယ့် သူ့နေရာကနေ ကြည့်မယ်ဆိုရင် သူ့ကတိသူ အကောင်အထည် ဖော်သွားရုံပါပဲ”
“အဲဒီအကြောင်းကို ကျွန်မ သူ့ဆီကနေ မကြာမကြာ ကြားခဲ့ဖူးတယ်” ဟိရောမိက ခေါင်းငုံ့လျက် ပြောသည်။
ယိုရှီတာကာနှင့် တွေ့ဆုံခဲ့သော စနေနေ့ညကလည်း သူ့ထံမှ ထိုစကားကို ကြားခဲ့ရသေးသည်။ ယိုရှီတာကာသည် ထိုစဉ်က ‘ကစားပွဲစည်းကမ်း’ ဟူသော စကားလုံးကို အသုံးပြုခဲ့သည်။ ကစားပွဲစည်းကမ်းကို ထိုသို့ သတ်မှတ်ထားသောကြောင့် အာယနဲက မဖြစ်မနေ သဘောတူရလိမ့်မည် ဟူ၍။ သူ ဤသို့ ပြောခဲ့သည်ဟု ဟိရောမိ မှတ်မိနေသည်။ ထိုစဉ်က ထိုစကားလုံး၏ အနက်အဓိပ္ပာယ်ကို ဟိရောမိ ကောင်းစွာ နားမလည်ခဲ့ပေ။ သို့သော် ယခု အာယနဲ၏ စကားကို ကြားရသည့်အခါတွင် အာယနဲသည် သူ့ယောက်ျားကို နားလည်ပေးနိုင်စွမ်း ရှိသူတစ်ယောက် ဖြစ်ကြောင်း သိရှိလာရသည်။
“ဒီတစ်ခေါက် ငါ ဆပ်ပိုရိုကို ပြန်ရတဲ့ အကြောင်းအရင်းက စိတ်ပြေလက်ပျောက် နေလိုက်ချင်လို့ပါ။ စွန့်ပစ်ခံရတော့မယ့် လူတစ်ယောက်အနေနဲ့ ဒီအိမ်ကြီးထဲမှာ ဆက်ပြီး ပေကပ်နေမယ် ဆိုရင် သိပ်ကို သနားစရာ ကောင်းလွန်းမနေဘူးလား။ နင့်ကို အိမ်သော့ ပေးခဲ့တယ် ဆိုတာကလည်း သူ့အပေါ်မှာ ရှိနေတဲ့ သံယောဇဉ်ကို ဖြတ်တောက်ပစ်လိုက်ချင်လို့ပဲ။ ငါ အိမ်မှာ မရှိတော့တဲ့အချိန် နင်တို့ တွေ့ဆုံကြလိမ့်မယ်ဆိုတာကို ငါ ကြိုတွက်ထားပြီးသားပါ။ မဟုတ်လည်း နင်တို့က ချိန်းတွေ့ကြမှာပဲဥစ္စာ။ နင့်ကို ငါကိုယ်တိုင် အိမ်သော့ အပ်ထားလိုက်တော့ ငါလည်း စိတ်လက်ပေါ့ပါးသွားတာပေါ့”
အာယနဲက သူ့အား အိမ်သော့ အပ်ခဲ့စဉ်က အခြေအနေများကို ပြန်လည် မြင်ယောင်ကြည့်မိသည်။ အာယနဲက ဤမျှ ပြတ်သားစွာ ဆုံးဖြတ်ထားခဲ့ကြောင်းကို ထိုစဉ်က ဟိရောမိသည် လုံးဝ ရိပ်စားမိခဲ့ခြင်း မရှိပေ။ ထိုသို့ ဖြစ်ရမည့်အစား ဆရာမ၏ ယုံကြည်မှုကို အပြည့်အဝ ရရှိထားသည့်အတွက် သူ့ကိုယ်သူ ကျေနပ်ပျော်ရွှင်နေခဲ့မိသည်။ ထိုစဉ်က အာယနဲသည် အိမ်သော့ လက်ခံယူမည့် သူ့ကို မည်သို့သော စိတ်ခံစားချက်မျိုးဖြင့် စိုက်ကြည့်နေခဲ့သနည်း။ ထိုအချက်ကို စဉ်းစားကြည့်မိသောအခါ ဟိရောမိ၏ စိတ်ထဲ နေမထိ ထိုင်မသာ ဖြစ်နေမိတော့သည်။
“နင် ရဲအရာရှိတွေကို နင်တို့အကြောင်း ပြောပြလိုက်သေးလား”
ဟိရောမိက အသာအယာ ခေါင်းညိတ်လိုက်သည်။ “သူတို့လည်း ရိပ်မိနေကြတော့ ကျွန်မလည်း အမှန်အတိုင်းပဲ ဝန်ခံလိုက်ရတော့တာပေါ့”
“အဲဒီလိုလား။ ဟုတ်လည်း ဟုတ်ပါတယ်လေ။ အဲဒီတုန်းက နင်က သူ့ကို စိုးရိမ်လို့ ဆိုပြီး အိမ်ကို အပြေးသွားကြည့်ခဲ့တယ်။ အဲဒီအချက်က ဘယ်လိုပဲကြည့်ကြည့် သဘာဝ မကျဘူး။ ဒီလိုဆိုတော့ ရဲတွေက နင်တို့နှစ်ယောက် အကြောင်းကို သိနေပါလျက်နဲ့ ငါ့ကို တစ်ခွန်းလေးတောင် မဟကြဘူးပေါ့”
“ဟုတ်လား”
“သူတို့က မသိချင်ယောင် ဆောင်ပြီး ငါ့ကို တိတ်တဆိတ် အကဲခတ်ကြည့်ချင်လို့ ထင်တယ်။ သူတို့က ငါ့ကို သံသယဝင်နေကြပြီ နေမှာ”
“ရှင် …” ဟိရောမိသည် အာယနဲကို အထိတ်တလန့် ငေးကြည့်နေသည်။ “သံသယဝင်တယ် … ဆရာမကို …”
“သာမန်အားဖြင့် စဉ်းစားကြည့်မယ်ဆိုရင် ငါ့မှာ သေစေလိုတဲ့ စေတနာ ရှိနေတယ်။ မဟုတ်ဘူးလား။ ယောက်ျားလုပ်တဲ့လူရဲ့ သစ္စာဖောက်မှုကို ခံထားရတော့ လူသတ်ချင်စိတ် ရှိလာနိုင်တာပေါ့”
မှန်ပါ၏။ သို့သော် ဟိရောမိသည် အာယနဲကို တစိုးတစိမျှ သံသယ မဝင်ခဲ့ဖူးပေ။ ယိုရှီတာကာ အသတ်ခံရသည့် အချိန်က သူသည် ဆပ်ပိုရို၌ ရှိနေခဲ့သည် မဟုတ်လား။ ထို့အပြင် ယိုရှီတာကာ၏ စကားအရ အာယနဲသည် ကွာရှင်းပြတ်စဲရန် သဘောတူထားပြီး ဖြစ်သည်။ ထိုအချက်ကိုလည်း သူ အခိုင်အမာ ယုံကြည်ထားသည်။ နောက်တစ်ကြိမ် ထပ်၍ မိုက်မဲခဲ့ခြင်းပေလော။
“ဒါပေမယ့် ရဲတွေက ငါ့ကို မသင်္ကာဖြစ်နေလည်း အရေးမစိုက်ပါဘူး။ ဘာမှ အရေးပါတာမှ မဟုတ်ဘဲ” အာယနဲသည် လက်ကိုင်အိတ်ကို အနားသို့ ဆွဲရွှေ့ပြီး အိတ်ထဲမှ လက်ကိုင်ပဝါဖြင့် အောက်မျက်ခမ်းများကို သုတ်နေသည်။ “အရေးကြီးတာက ဘာတွေ ဖြစ်သွားခဲ့တာလဲ။ သူ ဘယ်လိုဖြစ်လို့ အဲဒီအဖြစ်မျိုးနဲ့ ကြုံခဲ့ရတာလဲ။ … … ဟိရောမိ၊ နင် တကယ်ပဲ ဘာမှ မသိဘူးလား။ နင် သူ့ကို နောက်ဆုံးတွေ့ခဲ့တာ ဘယ်အချိန်လောက်ကလဲ”
“မနေ့မနက်က။ အဲဒီတုန်းက သူနဲ့ကျွန်မ ကော်ဖီသောက်ခဲ့ကြသေးတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့လည်း ရဲတွေက ကျွန်မကို မေးခွန်းတွေ အများကြီး မေးခဲ့ကြသေးတယ်”
“ဟုတ်လား” အာယနဲက ခေါင်းကို ငဲ့စောင်းကာ တစ်ခဏကြာမျှ စဉ်းစားနေသည်။ ထို့နောက် ဟိရောမိကို ပြန်ကြည့်ပြီး “နင် ဘာမှ မဖုံးကွယ်ထားပါဘူးနော်။ နင် သိထားသမျှ အရာအားလုံး သူတို့ကို ပြောပြလိုက်တယ် မဟုတ်လား”
“ဟုတ်။ အကုန်လုံး ပြောပြထားပြီးပါပြီ”
“ကောင်းတယ်။ မေ့သွားတာတွေကို ပြန်သတိရလာရင်လည်း သူတို့ကို ပြန်ပြောပြဖို့ မမေ့နဲ့ဦး။ သူတို့က နင့်ကိုလည်း မသင်္ကာဖြစ်နေကြမှာ သေချာတယ်”
“သူတို့က ကျွန်မကို အစောကြီးကတည်းက မသင်္ကာနေကြတာ ဖြစ်မှာပါပဲ။ စနေနဲ့ တနင်္ဂနွေ နှစ်ရက်စလုံးမှာ မစ္စတာမာရှိဘနဲ့ မျက်နှာချင်းဆိုင် တွေ့ခဲ့တဲ့ လူဆိုလို့ လက်ရှိအချိန်ထိ ကျွန်မတစ်ယောက်ပဲ ရှိနေတာလေ”
“အဲဒီလိုလား။ ရဲတွေက အဲဒီအချက်တွေကို အခြေခံပြီး လူတွေကို သံသယ ဖြစ်တတ်ကြတာပဲ”
“ဟုတ် … ကျွန်မ ဒီနေ့ ဆရာမနဲ့ လာတွေ့တဲ့ အကြောင်းကိုရော ရဲတွေကို အမှန်အတိုင်း ပြောပြလိုက်ရမလား”
ဟိရောမိ၏ မေးခွန်းကို ကြားသည့်အခါတွင် အာယနဲသည် နဖူးပေါ်သို့ လက်တင်ကာ စဉ်းစားနေသည်။ “ဒါလား … ဖုံးကွယ်နေစရာ အကြောင်းလည်း မရှိပါဘူး။ ငါကတော့ အေးဆေးပါ။ ဝေ့လည်ကြောင်ပတ် လုပ်နေရင် သူတို့ရဲ့ သံသယစိတ်က ပိုပြီး ကြီးလာလိမ့်မယ်”
“ဟုတ်”
အာယနဲက ပင့်သက်ကို ရှိုက်လိုက်သည်။ နှုတ်ခမ်းများကလည်း တင်းမာခြင်း မရှိတော့။ “ပြောရရင်တော့ အတော် ထူးဆန်းဖို့ ကောင်းတဲ့ ကိစ္စပဲ။ ယောက်ျားရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ မိန်းမတစ်ယောက်က သူ့ယောက်ျားရဲ့ တိတ်တိတ်ပုန်းရည်းစားနဲ့ အခန်းတစ်ခန်းထဲမှာ အတူတူ ထိုင်ပြီး စကားပြောနေကြတယ်။ အဲဒီ မိန်းမနှစ်ယောက်က
ငြင်းခုံသတ်ပုတ်နေတာလည်း
မရှိဘူး။ လမ်းပျောက်နေတဲ့ ခံစားချက်မျိုးပဲ ရှိနေကြတယ်။ ငါတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ရန်သူအဖြစ်နဲ့ မမြင်နိုင်တဲ့ အဓိကအကြောင်းအရင်းက သူ ဒီလောကမှာ မရှိတော့လို့ ဖြစ်မယ် ထင်တယ်နော်”
ဟိရောမိက ဘာမျှ တုံ့ပြန်မှု မပြု။ သို့သော် သူ၏ အတွေးကလည်း ထိုနည်းလည်းကောင်းပင်။ သို့သော် ဟိရောမိအနေဖြင့် ဆိုရပါမူ အကယ်၍သာ ယိုရှီတာကာသည် သေရွာမှတဖန် ပြန်ရှင်လာခဲ့မည် ဆိုပါက အာယနဲ၏ မည်သို့သော ဆဲဆိုကြိမ်းမောင်းမှုမျိုးကိုမဆို အသာတကြည် လက်ခံမိပေလိမ့်မည်။ ယခုအချိန်တွင် သူ၏ ဆုံးရှုံးမှုသည် အာယနဲထက်ပင် အပုံကြီး သာလွန်နေသည်ဟု သူ ယုံကြည်နေသည်။ သို့သော် သူ့အနေဖြင့် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ရင်ဖွင့် ပြောဆို၍ မရပေ။