မာတိကာကြည့်ရန်

(၃)

လမ်း၏ ဆင်ခြေလျောတစ်လျှောက်တွင် ကြီးကျယ်ခမ်းနားသော အိမ်ကြီးအိမ်ကောင်းများ အစီအရီ တည်ရှိနေကြသည်။ အိမ်တစ်လုံးချင်းစီ၏ အသွင်အပြင်များသည် မည်မျှ ကြီးကျယ်ခမ်းနားကြောင်းကို မှိန်ဖျော့ဖျော့သာ လင်းလက်နေကြသော လမ်းမီးရောင်ဖြင့်ပင်လျှင် တွေ့မြင်နိုင်သည်။ ဤရပ်ကွက်အတွင်း၌ နေထိုင်သူများသည် ဤသို့သော အိမ်ကြီးအိမ်ကောင်းတစ်လုံးကို ငွေလက်ငင်း
ပေးချေဝယ်ယူရန်အတွက်
 တကူးတက ငွေစုနေရမည့် သူများ မဟုတ်ပေ။

ရဲကား အမြောက်အမြားသည် လမ်းတစ်လျှောက်တွင် ရှေ့နောက်ဆင့်ကာ ရပ်တန့်ထားကြသည်။ ကုစာနာဂိသည် တက္ကစီမောင်းသမား၏ ပခုံးကို ပုတ်လိုက်သည်။ “ဒီနားမှာပဲ ရပ်လိုက်တော့”

ကားပေါ်မှ ဆင်းပြီးနောက် ကုစာနာဂိသည် လမ်းလျှောက်ရင်း လက်ပတ်နာရီကို ငုံ့ကြည့်လိုက်သည်။ ည ၁၀ နာရီ ထိုးကျော်ပြီ။ ‘ဒီနေ့လည်း မကြည့်ရပြန်တော့ဘူး’ သူ တွေးနေမိသည်။ ဤရုပ်ရှင်ကားကို ရုပ်ရှင်ရုံတွင် ရုံတင်ခဲ့စဉ်ကပင် သွားကြည့်ရန် သူ အခွင့်မကြုံခဲ့။ ထို့နောက် ရုပ်မြင်သံကြားမှ ထုတ်လွှင့်မည်ဟု သတင်းကြားရသောကြောင့် ခွေဆိုင်တွင် ဒီဗီဒီ သွားမဝယ်သေးဘဲ အောင့်အီးစောင့်မျှော်နေခဲ့သည်။ ဒီည ကြည့်ခွင့်ရပေတော့မည်ဟု ကြုံးဝါးနေခါမှ ရုတ်တရက် အလုပ်ဝင်လာပြန်သည်။ အိမ်ထဲမှ ဒရောသောပါး ထွက်လာခဲ့ရသောကြောင့် ရုပ်ရှင်ကားကို အချိန်မှတ်ပြီး ရက်ကော့ (record) လုပ်ရန် မေ့လျော့သွားခဲ့သည်။

ညဉ့်နက်နေသောကြောင့် ဖြစ်မည်။ အနီးအနားတွင် လာရောက် စပ်စုကြသော လူများကို မတွေ့ရပေ။ သတင်းဌာနမှ လူများလည်း ရောက်ရှိသေးဟန် မတူ။ ကုစာနာဂိ၏ ရင်ထဲတွင် တိတ်တဆိတ် မျှော်လင့်နေမိသည်။ တစ်နေ့ကူးသည်နှင့် အမှုလည်း ပြီးပြတ်သွားပါစေဟူ၍။

ပတ်ဝန်းကျင် လုံခြုံရေးကို တာဝန်ယူရသော ရဲသားသည် မျက်နှာထား ခပ်တင်းတင်းဖြင့် အခင်းဖြစ်သော လုံးချင်းတိုက်အိမ်၏ အပေါက်ဝတွင် ရပ်စောင့်နေသည်။ ကုစာနာဂိ ထုတ်ပြသော ရဲသက်သေခံ စာအုပ်ကို ကြည့်ပြီးသည့်အခါတွင် သူ့ကို ခေါင်းဆတ်ကာ ဝင်နိုင်ပြီ ဖြစ်ကြောင်း အချက်ပြလိုက်သည်။

ကုစာနာဂိသည် ခြံတံခါးမကြီးမှ အတွင်းသို့ ဝင်လိုက်ပြီးသည်နှင့် အခြေအနေကို ဝေ့ဝိုက်၍ အကဲခတ်ကြည့်နေသည်။ အိမ်တွင်းရှိ လျှပ်စစ်မီးများ အားလုံး ဖွင့်ထားဟန် တူသည်။ အတွင်းမှ လူများ၏ စကားပြောသံများကိုလည်း တိုးတိုးလျလျ ကြားနေရသည်။

သူသည် အရှေ့မျက်နှာစာရှိ မြက်ခင်းပြင်ကို ကျော်၍ ကြည့်လိုက်သည့်အခါ၌ ခြံစည်းရိုးအနားတွင် လူတစ်ယောက် ရပ်နေကြောင်း တွေ့လိုက်ရသည်။ မှောင်မိုက်လွန်းနေသောကြောင့် မည်သူမည်ဝါ ဖြစ်ကြောင်း သဲသဲကွဲကွဲ မမြင်ရပေ။ သို့သော် ထိုသူ၏ ခန္ဓာကိုယ် အချိုးအစားနှင့် ဆံပင် အတိုအရှည်ကို ကြည့်ခြင်းအားဖြင့် ကုစာနာဂိသည် ထိုသူကို ချက်ချင်း မှတ်မိသွားသည်။ ထိုသူ့ထံသို့ သူ လျှောက်သွားလိုက်သည်။

“နင် ဒီမှာ ဘာလုပ်နေတာလဲ”

ဥကျုမိ ကာအိုရုသည် သူ့ဘက်သို့ အသာအယာ လှည့်လာသည်။ သူ့ကို တွေ့မြင်ရသည့်အတွက် စိုးစိမျှ အံ့ဩပုံ မရ။ “မင်္ဂလာ ညခင်းပါ ဆရာ” လေသံကလည်း စဉ်းငယ်မျှ တုန်ယင်ခြင်း မရှိ။

“နင်က အိမ်ထဲမဝင်ဘဲ ဒီနေရာမှာ ဘာလာလုပ်နေတာလဲ”

“ဘာရယ် မဟုတ်ပါဘူး” ဥကျုမိသည် မျက်နှာသေဖြင့် ခေါင်းခါပြသည်။ “ခြံစည်းရိုးနဲ့ ပန်းခြံထဲမှာ ရှိတဲ့ ပန်းပင်တွေကို လာကြည့်နေတာ။ နောက်ပြီး လသာဆောင်ပေါ်က ပန်းပင်တွေကိုရော”

“လသာဆောင် …”

“ဟောဟိုမှာလေ” သူက အထက်ဘက်သို့ လက်ညှိုးထိုးပြသည်။

ကုစာနာဂိသည် အထက်သို့ ခေါင်းမော့ကြည့်လိုက်ရာ အပေါ်ထပ်တွင် လသာဆောင်တစ်ခု အမှန်တကယ် တည်ရှိနေသည်။ ၎င်းပေါ်မှ သစ်ပင်ပန်းမန်များ၏ အကိုင်းအခက်တို့သည် လက်ရန်း၏ အပြင်သို့ ကိုင်းညွတ်ထိုးထွက်နေကြသည်။ သို့သော် ယင်းမြင်ကွင်းသည်လည်း ထူးဆန်းကြီးကျယ်လှသော မြင်ကွင်းမျိုး မဟုတ်ပေ။

“နေစမ်းပါဦး။ နင်က ဘာဖြစ်လို့ အထဲကို မဝင်တာလဲ”

“အထဲမှာ လူတွေအများကြီးပဲ။ မျက်စိတောင် နောက်တယ်”

“နင်က လူကျပ်တဲ့နေရာမျိုး မကြိုက်ဘူးလား”

“လူအပြုံလိုက်ကြီးက နေရာတစ်ခုတည်းကို ဝိုင်းအုံပြီး လေ့လာနေရင် ဘာအဓိပ္ပာယ်မှ မရှိဘူးလို့ ကျွန်မကတော့ အဲဒီလို ယူဆတာပဲ။ နောက်ပြီး ထ.ရ.ဖ (အထောက်အထား ရှာဖွေရေးအဖွဲ့) ရဲ့ အလုပ်ကိုလည်း အနှောင့်အယှက် ပေးသလို ဖြစ်သွားနိုင်တယ်။ ဒါကြောင့် ပန်းခြံထဲ တစ်ပတ်လောက် ပတ်ကြည့်ဦးမယ်လို့ ဆုံးဖြတ်ထားတာ”

“နင့်ဟာက စုံစမ်းစစ်ဆေးနေတာနဲ့ တူမှ မတူဘဲ။ ပန်းပင်တွေ အလှကြည့်နေတာကို”

“စောစောကတင် တစ်ပတ် ပတ်ကြည့်ပြီးသွားပြီ”

“ထားပါတော့။ အခင်းဖြစ်တဲ့နေရာကိုရော ကြည့်ပြီးပြီလား”

“ခုနက ပြောပြီးပြီလေ။ အထဲ မရောက်သေးဘူးလို့။ ကျွန်မ အိမ်ပေါက်ဝ ရောက်ရောက်ချင်းမှာပဲ အပြင်ကို လှည့်ထွက်လာခဲ့တာ”

ဥကျုမိ၏ အေးစက်စက် လေသံကြောင့် ကုစာနာဂိသည် သူ့မျက်နှာကို နားမလည်နိုင်သော မျက်နှာထားဖြင့် ငေးကြည့်နေမိသည်။ အခင်းဖြစ်ပွားရာ နေရာသို့ တခြား မည်သူ တစ်ဦးတစ်ယောက်ထက်မဆို စောလျင်စွာ ရောက်ရှိနိုင်ရန် မျှော်လင့်တောင့်တနေခြင်းသည် မှုခင်းရဲတစ်ယောက်၏ ဗီဇစိတ်ဖြစ်သည်ဟု ကုစာနာဂိက အစဉ်အမြဲ မှတ်ယူထားခဲ့သည်။ သို့သော် ဤအယူအဆသည် ငယ်ရွယ်နုပျိုသော ဤမှုခင်းရဲမေနှင့် ချိန်ထိုးကြည့်လျှင် မည်သို့မျှ
ဆက်ဟပ်၍
 မရနိုင်အောင် ဖြစ်နေခဲ့သည်။

“နင့်အမြင်ကို ငြင်းမနေချင်ဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် နင် ငါနဲ့ ခဏလိုက်ခဲ့ဦး။ ဘယ်အရာကိုမဆို ကိုယ်တိုင် မျက်မြင်ဒိဋ္ဌ မြင်အောင် ကြည့်ထားသင့်တယ်”

ကုစာနာဂိသည် အိမ်တံခါးဝဆီသို့ မျက်နှာမူကာ လျှောက်လှမ်းသွားလေသည်။ ဥကျုမိသည် သူ့အနောက်မှ တိတ်တဆိတ် လိုက်ပါလာသည်။

အမှန်တကယ်ပင် အိမ်ထဲ၌ ရဲများဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့အထဲတွင် နယ်မြေခံ ရဲစခန်းမှ မှုခင်းရဲများလည်း ပါဝင်သည်။ ကုစာနာဂိ၏ လုပ်ဖော်ကိုင်ဖက်များလည်း ရောက်ရှိနေကြသည်။

အငယ်တန်း ရဲဝန်ထမ်းတစ်ဦး ဖြစ်သူ ကိရှိတာနိက ကုစာနာဂိကို မြင်သည့်အခါတွင် သွားဖြဲပြကာ သူ့ကို စကားဆိုလေသည်။ “ဒီလောက် အစောကြီး ဆရာ့ကို အလုပ်ထဲ ခေါ်ရတာ စိတ်မကောင်းပါဘူး”

“အဲဒါတွေ ပြောမနေပါနဲ့တော့ကွာ။ ဒါနဲ့ ဒါက တကယ့်ကို လူသတ်မှုပဲလား”

“မျက်မြင်အရတော့ မပြောနိုင်သေးဘူးဆရာ။ ဒါပေမယ့် ဖြစ်နိုင်ခြေ တော်တော်များတယ်”

“ဘာဖြစ်လို့လဲ။ ငါ့ကို အတိုချုံးပြီး ပြောပြစမ်းပါဦး”

“အတိုချုံးပြောရရင် ဒီအိမ်ရဲ့ အိမ်ရှင်အမျိုးသားက ရုတ်တရက် ဆုံးသွားတယ်။ ဧည့်ခန်းထဲမှာ သေသွားတာ။ အိမ်မှာလည်း တစ်ယောက်တည်းပဲ ရှိတယ်”

“တစ်ယောက်တည်း …”

“ဆရာ ဒီဘက်ကိုကြွ”

ကိရှိတာနိသည် ကုစာနာဂိတို့ကို ဧည့်ခန်းထဲသို့ ခေါ်ဆောင်သွားသည်။ ၎င်းမှာ မြက်ဖျာ အချပ် ၃၀ စာခန့် (မြက်ဖျာတစ်ချပ်လျှင် ဧရိယာ ၁.၆၂ စတုရန်းမီတာ ရှိသည်) ကျယ်သော အခန်းတစ်ခန်း ဖြစ်သည်။ အခန်းထဲတွင် အစိမ်းရောင် သားရေအစစ်ဖြင့် ချုပ်လုပ်ထားသော ဆိုဖာဝမ်းဆက်တစ်စုံ ရှိသည်။ အလယ်ခေါင်တွင် စကျင်ကျောက်ပြားဖြင့် ပြုလုပ်ထားသော စားပွဲကြီးတစ်လုံးကို ချထားသည်။ ၎င်းစားပွဲ၏ ဘေးဘက် ကြမ်းပြင်ပေါ်တွင် လဲကျနေသော လူတစ်ယောက်၏ ပုံသဏ္ဌာန်ကို အဖြူရောင်တိတ်ဖြင့် ပုံဖော်ထားသည်။

ကိရှိတာနိသည် ကုစာနာဂိဘက်သို့ လှည့်လိုက်သည်။ “သေဆုံးသူရဲ့ နာမည်က မာရှိဘ ယိုရှီတာကာပါ။ ဒီအိမ်ရဲ့ အိမ်ရှင်ပဲ”

“ဒါတော့ ငါသိတယ်လေ။ ဒီမရောက်ခင်ကတည်းက ကြားပြီးနှင့်ပြီ။ သူ့ကုမ္ပဏီက ဘာလုပ်တာလဲ”

“အိုင်တီကုမ္ပဏီ ထင်တယ်။ ဒီနေ့က တနင်္ဂနွေနေ့ဆိုတော့ သူ အလုပ်မသွားဘူး။ နေ့ခင်းပိုင်းမှာ အပြင်ထွက်ခဲ့သေးသလား ဆိုတာကိုတော့ လတ်တလော မသိရသေးဘူး”

“ကြမ်းပြင်က စိုနေတာပဲကော” ပါကေးကြမ်းပြင်ပေါ်တွင် အရည်တစ်မျိုးမျိုး ဖိတ်ကျထားသောကြောင့် ရေကွက်များ အထင်သား မြင်တွေ့နေရသည်။

“ကော်ဖီပါ ဆရာ” ကိရှိတာနိက ပြောသည်။ “အလောင်းကို တွေ့တဲ့အချိန်တုန်းက ကြမ်းပြင်ပေါ်မှာ ကော်ဖီတွေ ဖိတ်ကျထားတယ်။ ထ.ရ.ဖ က စုတ်ပြွန်နဲ့ နမူနာ ယူထားပြီးပြီ။ အဲဒီတုန်းက ကြမ်းပြင်ပေါ်မှာ ကော်ဖီခွက်တစ်ခွက်လည်း ရှိနေသေးတယ်”

“ဘယ်သူက အလောင်းကို စတွေ့တာလဲ”

“အဲ …” ကိရှိတာနိသည် မှတ်စုစာအုပ်ကို ဖွင့်၍ ဝါကာယာမာ ဟိရောမိ၏ နာမည်ကို ရွတ်ဆိုပြသည်။ “သူက သေဆုံးသူရဲ့ ဇနီးရဲ့ တပည့်မလို့ ပြောတယ်”

“တပည့် …”

“သေဆုံးသူရဲ့ ဇနီးက နာမည်ကျော် စပ်ထည်ပညာရှင်တစ်ယောက်ပါ”

“စပ်ထည် … အဲဒီလိုဟာမျိုး လုပ်တာတောင် နာမည်ကျော်နိုင်သေးတာလား”

“အဲဒီလို ပြောတာပဲ ဆရာ။ ကျွန်တော်လည်း အရင်က ကြားတောင် မကြားဖူးဘူး” ပြောပြီးနောက် ကိရှိတာနိသည် အကြည့်ကို ဥကျုမိထံသို့ ပြောင်းရွှေ့လိုက်သည်။ “မိန်းကလေးတွေကတော့ သိမလား မပြောတတ်ဘူး။ နာမည်က မီတာ အာယနဲတဲ့” ကိရှိတာနိက နာမည်ကို မှတ်စုစာအုပ်တွင် ရေးပြလိုက်သည်။

“မသိဘူး” ဥကျုမိက အားမနာတမ်း ငြင်းဆိုလိုက်သည်။ “မိန်းကလေးဆိုတာနဲ့ပဲ သိရရောလား”

“အဲ … မဟုတ်ပါဘူး။ ကျွန်တော် ရမ်းပြောကြည့်တာ” ကိရှိတာနိက ခေါင်းကုတ်နေသည်။

ဤသို့ နှုတ်လှံထိုးနေကြသော သူတို့နှစ်ယောက်ကို ကြည့်၍ ကုစာနာဂိသည် အသံထွက်အောင် ရယ်လိုက်မိသည်။ အတွေ့အကြုံ နည်းပါးသေးသော ကိရှိတာနိသည် အမျှော်ကြီး မျှော်ပြီးကာမှ ရောက်ရှိလာသော အငယ်တန်း
ရဲဝန်ထမ်းကို
 ဆရာကြီးအထာ လုပ်ပြရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤရဲမေကိုမူ ဤသို့ အနိုင်ယူချင်၍ မဖြစ်။

“အလောင်းတွေ့တဲ့ ဖြစ်စဉ်ကို ပြောစမ်းပါဦး” ကုစာနာဂိက ကိရှိတာနိကို မေးလိုက်သည်။

“တကယ်တော့ ဒီအိမ်ရဲ့ အိမ်ရှင်မက မနေ့ကပဲ သူ့အမေအိမ်ကို ပြန်သွားတယ်။ မပြန်ခင် သူ့အိမ်က သော့ကို မစ္စဝါကာယာမာဆီ အပ်ထားခဲ့တာ။ ဘယ်နေ့မှ အိမ်ပြန်လာနိုင်မလဲ ဆိုတာ မသေချာလို့ အရေးပေါ်လာခဲ့သည် ရှိသော် ဆိုပြီး အခုလို သော့အပ်ခဲ့တာလို့ ပြောတယ်။ ညရောက်တော့ မစ္စဝါကာယာမာက မစ္စတာမာရှိဘများ အကူအညီ တစ်ခုခု လိုအပ်လေမလား ဆိုပြီး စိတ်ပူတာနဲ့ ဖုန်းဆက်ကြည့်တာ။ လက်ကိုင်ဖုန်းရော၊ အထိုင်ဖုန်းပါ ကိုင်မယ့်သူ မရှိဘူးတဲ့။ ဒါနဲ့ သူလည်း စိတ်မချတာနဲ့ ဒီကို ပြေးလာကြည့်တယ်။ သူ့စကားအရ ဆိုရင် ပထမဆုံးအကြိမ် ဖုန်းဆက်တာ ညနေ ၇ နာရီကျော်ကျော်လောက်က။ ဒီအိမ်ကို ရောက်တော့ ၈ နာရီထိုးခါနီးပြီ”

“အိမ်ထဲ ဝင်ဝင်ချင်း အလောင်းကို တွေ့တယ် ဆိုပါတော့။ ဟုတ်လား”

“ဟုတ်တယ်။ အလောင်းကို တွေ့တွေ့ချင်းမှာပဲ သူက လက်ကိုင်ဖုန်းနဲ့ အရေးပေါ်ဖုန်းနံပါတ် ၁၁၉ ကို ဆက်လိုက်တယ်။ အရေးပေါ်ဌာနက လူတွေ ဒီကို ရောက်လာတော့ မာရှိဘ ယိုရှီတာကာက အသက်မရှိတော့ဘူး။ ဒါနဲ့ သူတို့က အနီးဝန်းကျင်မှာ ရှိတဲ့ ဆရာဝန်ကို ခေါ်ပြီး အလောင်းကို စစ်ဆေးခိုင်းခဲ့တယ်။ ဒါနဲ့ စစ်ဆေးကြည့်တဲ့အခါမှာ သေရတဲ့ အကြောင်းအရင်းက မသင်္ကာစရာ ကောင်းနေလို့ အရေးပေါ်ဝန်ထမ်းတွေက နယ်မြေရဲစခန်းကို အကြောင်းကြားလိုက်တယ်။ ဖြစ်စဉ်အကျဉ်းကတော့ အဲဒါပဲ ဆရာ”

ကုစာနာဂိသည် ပါးစပ်မှ အင်းထူးရင်း ခေါင်းကို ညိတ်ကာ ဥကျုမိကို မျက်စောင်းထိုးကြည့်လိုက်သည်။ မည်သည့်အချိန်က အနားမှ သူ ထွက်ခွာသည် မသိ။ သူသည် အရက်ခွက်ဗီဒိုအနားတွင် ရပ်နေလေသည်။

“အလောင်းကို တွေ့တဲ့သူက အခု ဘယ်မှာလဲ”

“မစ္စဝါကာယာမာက အခု ကင်းလှည့်ကားထဲမှာ အနားယူနေတယ်။ ခွဲမှူးလည်း သူ့အနားမှာ ရှိနေတယ်”

“ဘိုးတော်တောင် ရောက်နေပြီလား။ ကင်းလှည့်ကားထဲမှာ ထိုင်နေမှန်း ငါ သတိတောင် မထားမိခဲ့ဘူး” ကုစာနာဂိက မျက်မှောင်ကြုတ်နေသည်။ “ဘာကြောင့် သေရတယ် ဆိုတာကိုရော စုံစမ်းလို့ ရပြီးပြီလား”

“အဆိပ်မိတယ်လို့ သံသယရှိနေကြတယ်။ ကိုယ့်ဟာကိုယ် သေကြောင်းကြံတဲ့ ဖြစ်နိုင်ခြေကလည်း ရှိနိုင်သေးတာပဲ။ ဒါပေမယ့် သူများသတ်တာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ကိုပါ ခေါ်ထားတာပေါ့”

“အင်း” ကုစာနာဂိသည် ဥကျုမိကို ကြည့်ရင်း မီးဖိုဆောင်ထဲသို့ ဝင်သွားသည်။ “အလောင်းကို တွေ့တဲ့ အမျိုးသမီးနာမည်က ဝါကာယာမာ ဟိရောမိ မဟုတ်လား။ သူ ဒီအိမ်ထဲကို ဝင်တုန်းက အိမ်တံခါးကို လော့ချထားသေးလား”

“ချထားတယ် ပြောတယ်”

“ဒါဆို ပြတင်းပေါက်နဲ့ မှန်တံခါးတွေကရော။ အကုန်လုံး လော့ချထားတာပဲလား”

“နယ်မြေရဲစခန်းက ရဲတွေ ရောက်လာတော့ အပေါ်ထပ်က အိမ်သာရဲ့ ပြတင်းပေါက် ပွင့်နေတာကလွဲလို့ ရှိသမျှ ပြတင်းတံခါးအကုန်လုံး လော့ချထားတယ်လို့ ပြောတယ်”

“အပေါ်ထပ်မှာလည်း အိမ်သာ ရှိသေးတာလား။ အဲဒီပြတင်းပေါက်က လူတစ်ကိုယ်စာ ဝင်ထွက်လို့ ရနိုင်လား”

“စမ်းတော့ မကြည့်မိဘူး။ ဒါပေမယ့် ဝင်ထွက်လို့ မရနိုင်လောက်ဘူး ထင်တယ်”

“အဲဒီလိုဆိုမှတော့ ကိုယ့်ဟာကိုယ် သေကြောင်းကြံတာပဲ ဖြစ်တော့မှာပေါ့” ကုစာနာဂိသည် ဆိုဖာပေါ် ထိုင်ချကာ ခြေထောက်ကို ချိတ်တင်လိုက်သည်။ “ကော်ဖီထဲမှာ တစ်ယောက်ယောက်က အဆိပ်ခတ်ထားပါတယ်လို့ သူတို့က ဘာကြောင့် ထင်ရတာလဲ။ အဲဒီတရားခံကရော ဒီအိမ်ထဲကနေ ဘယ်လိုလုပ်ပြီး ထွက်ပြေးသွားခဲ့တာလဲ။ အတော်လေး ထူးဆန်းမနေဘူးလား။ နယ်မြေရဲစခန်းက ဘာကြောင့် လူသတ်မှုလို့ ယူဆရတာတဲ့လဲ”

“ဟုတ်လည်း ဟုတ်ပါတယ်။ ဒီလောက် အထောက်အထားနဲ့ ဆိုရင်တော့ လူသတ်မှုလို့ သတ်မှတ်ရတာ တော်တော်ခက်လိမ့်မယ်”

“ဒါ့အပြင် ဘာအထောက်အထားတွေရော ရထားလို့လဲ”

“နယ်မြေရဲစခန်းက ရဲတွေ အခင်းဖြစ်တဲ့ နေရာကို လေ့လာနေကြတဲ့ အချိန်မှာ မစ္စတာမာရှိဘရဲ့ လက်ကိုင်ဖုန်းကို ဖုန်းဝင်လာတယ်။ သူတို့ ဖုန်းကို ကိုင်ကြည့်လိုက်တော့ အေဘိစုမှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်က ဖုန်းဆက်လာတာ ဖြစ်နေတယ်။ မစ္စတာမာရှိဘက အဲဒီစားသောက်ဆိုင်မှာ ည ၈ နာရီအတွက် ထိုင်ခုံနှစ်ခုံစာ ဘွတ်ကင်ယူထားတယ်။ လူနှစ်ယောက် ညစာလာစားမယ်လို့ ပြောတယ်။ ဒါပေမယ့် ဧည့်သည်တွေက အချိန်မီ ရောက်မလာလို့ ဆိုင်ကနေ အကျိုးအကြောင်း သိရအောင် ဖုန်းဆက်မေးတယ်လို့ ပြောတယ်။ ဆိုင်ရဲ့ ပြောစကားအရ ဆိုရင် ညနေ ၆ နာရီခွဲလောက်မှာ ဘွတ်ကင်တင်တယ်တဲ့။ ဒါပေမယ့် စောစောက ပြောခဲ့သလိုပဲ။ မစ္စဝါကာယာမာက မစ္စတာမာရှိဘဆီ ၇ နာရီကျော်ကျော်လောက် ဖုန်းဆက်တော့ ဖုန်းကိုင်မယ့်သူ မရှိတော့ဘူး။ ၆ နာရီခွဲကမှ ဘွတ်ကင်လုပ်ထားခဲ့တာကို ၇ နာရီထိုး ကျော်တဲ့အချိန်မှာ ဆူဆိုက်လုပ်သွားတယ် ဆိုတော့ နားလည်ရ အတော်လေး ခက်မနေဘူးလား။ ကျွန်တော့်အမြင်အရတော့ နယ်မြေခံရဲတွေရဲ့ အယူအဆက အဓိပ္ပာယ် ရှိတယ်လို့ ထင်တာပဲ”

ကိရှိတာနိ၏ စကားကို ကြားရသည့်အခါတွင် ကုစာနာဂိသည် မျက်မှောင်ကို ကြုတ်လိုက်မိသည်။ ထို့နောက် လက်ညှိုးဖြင့် သူ၏ မျက်ခုံးမွေးကို ကုတ်နေတော့သည်။ “အဲဒီလိုဆိုရင်လည်း အစကတည်းက ပြောရောပေါ့ကွာ”

“ဆောရီးပဲဆရာ။ ဆရာရဲ့ မေးခွန်းတွေက များလွန်းအားကြီးတော့ အဲဒီကို တော်တော်နဲ့ မရောက်နိုင်ဘူး ဖြစ်သွားတယ်”

“ထားပါတော့ကွာ” ကုစာနာဂိသည် သူ၏ ဒူးကို တစ်ချက်ပုတ်ကာ မတ်တတ်ထရပ်လိုက်သည်။ ထိုအခိုက်တွင် ဥကျုမိသည် မီးဖိုဆောင်ထဲမှ ထွက်လာပြီး အရက်ခွက်ဗီဒိုအရှေ့သို့ ပြန်ရောက်နေပြန်သည်။ ကုစာနာဂိသည် သူ့အနားသို့ လျှောက်သွားပြီး သူ့အား မေးခွန်းထုတ်လိုက်လေသည်။ “ကိရှိတာနိက စေတနာနဲ့ ငါတို့ကို အမှုအကြောင်း ရှင်းပြနေတဲ့ဥစ္စာ။ နင်က ဘာဖြစ်လို့ ဝင်လိုက်ထွက်လိုက် လုပ်နေရတာလဲ”

“ကျွန်မ နားထောင်နေတယ်လေ။ ကျေးဇူးပဲ ဆရာကိရှိတာနိ”

“အန် … ရပါတယ်” ကိရှိတာနိက ပခုံးကို စုံမြှောက်လိုက်သည်။

“ဗီဒိုက ဘာထူးခြားနေလို့လဲ”

“ဆရာ ဒီမှာကြည့်ကြည့်” ဥကျုမိက ဗီဒိုအတွင်းသို့ လက်ညှိုးထိုးပြသည်။ “ဒီစင်ပေါ်မှာက တခြားနေရာတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် တစ်ခုခု လိုနေသလိုပဲ”

မှန်၏။ ယင်းနေရာတွင် ဟာတာတာ ဖြစ်နေသည်မှာ သိပ်တော့ သဘာဝမကျလှ။ ယခင်က ပန်းကန်ခွက်ယောက်တစ်ခုခု ထားဖူးရလိမ့်မည်ဟု ယူဆနိုင်သည်။

“ဟုတ်တယ်”

“စောစောက ကျွန်မ မီးဖိုဆောင်ထဲမှာ ကြည့်ကြည့်တော့ ဆေးကြောထားတဲ့ ရှန်ပိန်ခွက်ငါးခွက်ကို တွေ့တယ်”

“ဒါဆို အဲဒီခွက်တွေကို မူလက ဒီနေရာမှာ ထားထားတာ ဖြစ်မယ်”

“ဟုတ်လောက်တယ်”

“ဒီတော့ … နင်က ဘာတွေးမိလို့လဲ”

ကုစာနာဂိ၏ အမေးစကားကြောင့် ဥကျုမိသည် သူ့ကို ခေါင်းမော့ကြည့်လိုက်သည်။ နှုတ်ခမ်းကို လှုပ်ရန် ဟန်ပြင်ပြီးနောက် ခေါင်းကို ယမ်းလိုက်ပြန်သည်။ ပြောရန် ရည်ရွယ်ပြီးကာမှ စိတ်ပြောင်းသွားသည့်နှယ်။ “အရေးတော့ မကြီးပါဘူး။ ကျွန်မ တွေးနေမိတာက မကြာသေးခင်က ဒီအိမ်မှာ မိတ်ဆုံစားပွဲ လုပ်ခဲ့လိမ့်မယ် ထင်တယ်လို့။ ရှန်ပိန်ခွက်မျိုး ဆိုတာက အဲဒီလို မိတ်ဆုံစားပွဲမျိုးတွေမှာမှ သုံးတတ်ကြလို့လေ”

“အင်း၊ ဖြစ်နိုင်ပါတယ်။ သူတို့လို ပိုက်ဆံရှိကြတဲ့ လူတွေအတွက်တော့ မိတ်ဆုံစားပွဲတွေက ထမင်းစား ရေသောက်လို ဖြစ်နေကြတာ။ ဒါပေမယ့် စကားကို ပြန်ကောက်ရရင် ဒီအနီးနားဝန်းကျင်မှာ မိတ်ဆုံစားပွဲ လုပ်ခဲ့တယ် ဆိုရင်ကော … သေဆုံးသူရဲ့ ရင်ထဲမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံချင်တဲ့ သောကမျိုး မရှိနိုင်ပါဘူးလို့ အာမခံနိုင်တာမှ မဟုတ်ဘဲ” ကုစာနာဂိက ကိရှိတာနိကို လည်ပြန်ငဲ့ကြည့်ကာ စကားကို ဆက်ပြောလေသည်။ “လူဆိုတဲ့ အမျိုးက ရှုပ်ထွေးပြီး နားလည်ရခက်တဲ့အပြင် ဝိရောဓိတွေနဲ့ ပြည့်နှက်နေတဲ့ သတ္တဝါပဲ။ ပြီးခဲ့တဲ့ တစ်မိနစ်လောက်က လူတွေနဲ့ ပျော်လိုက်ပါးလိုက် လုပ်နေပေမယ့်၊ ပြီးခဲ့တဲ့ တစ်စက္ကန့်လောက်က စားသောက်ဆိုင်မှာ ဘွတ်ကင်တင်နေပေမယ့် သေချင်လာပြီ ဆိုရင်တော့ အချိန်မရွေး သေသွားနိုင်တာပဲ”

ကိရှိတာနိသည် နှုတ်မှ “ဟုတ်” ဟုသာ တုံ့ပြန်ပြီး ခေါင်းကို ညိတ်နေရသော်လည်း သူ၏ မျက်နှာထားမှာ နဝေတိမ်တောင် ဖြစ်နေသည့် ဟန်မျိုး။

“သူ့ဇနီးကရော” ကုစာနာဂိက မေးသည်။

“ဗျာ”

“အသတ်ခံရ … အဲ သေဆုံးသူရဲ့ ဇနီးကို မေးတာ။ သူ့ကိုရော အကြောင်းကြားထားပြီးပြီလား”

“ဆက်သွယ်လို့ မရသေးဘူး။ မစ္စဝါကာယာမာရဲ့ စကားအရဆိုရင် သူ့ဇနီးရဲ့ အမေ့အိမ်က ဆပ်ပိုရိုမှာ ရှိတာ။ မြို့တွင်းဧရိယာနဲ့ တော်တော်လေး လှမ်းတယ်။ ဆက်သွယ်လို့ ရပြီဆိုရင်တောင် ဒီညတော့ ဘယ်လိုနည်းနဲ့မှ ပြန်မရောက်နိုင်ဘူး”

“ဟော့ကိုင်းဒိုးမှာ ဆိုရင်တော့ ညတွင်းချင်းကို ဘယ်နည်းနဲ့မှ မရောက်နိုင်ဘူး” ကုစာနာဂိသည် ရင်ထဲမှ ကျိတ်ပျော်နေမိသည်။ အကယ်၍သာ သေဆုံးသူ၏ ဇနီးသည် ညတွင်းချင်း ပြန်ရောက်လာနိုင်မည် ဆိုလျှင် သူမရောက်မချင်း တစ်ဦးတစ်ယောက်က ထိုင်စောင့်နေရတော့မည်။ ယခုလို အခြေအနေမျိုးတွင် ခွဲမှူးမာမီယာသည် ၎င်းတာဝန်ကို ကုစာနာဂိအားသာ ပေးလိမ့်မည်မှာ မြေကြီးလက်ခတ် မလွဲပေ။

ယခုအချိန်တွင် အခါလင့်နေပြီ ဖြစ်သောကြောင့် ပတ်ဝန်းကျင် အိမ်နီးနားချင်းများထံမှ သတင်းများကို မနက်ဖြန်မှသာ စတင် စုဆောင်းကြပေလိမ့်မည်။ ကုစာနာဂိက သည်ညတွင် ဤမျှနှင့် အလုပ်သိမ်းရန် မျှော်လင့်တောင့်တနေသည့် အခိုက် တံခါးပွင့်လာသည်။ မာမီယာ၏ လေးထောင့်စပ်စပ် မျက်နှာက သူ၏ မြင်ကွင်းထဲသို့ တိုးဝင်လာတော့သည်။

“ကုစာနာဂိ၊ မင်း ရောက်နေပြီကိုး။ အတော်ကို နှေးတဲ့ကောင်ပဲ”

“ရောက်နေတာ ကြာပါပြီဆရာ။ ဖြစ်စဉ်အကျဉ်းချုပ်ကို ကိရှိတာနိဆီကနေ နားထောင်ပြီးသွားပါပြီ”

မာမီယာက ခေါင်းညိတ်ကာ နောက်လှည့်ပြောလိုက်သည်။ “အထဲကို ကြွပါ”

ဧည့်ခန်းထဲသို့ လျှောက်ဝင်လာသူမှာ အသက် ၂၄-၅ နှစ်အရွယ် ကိုယ်ခန္ဓာသေးသွယ်သော အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူ၏ ပခုံးထက်တွင် ဝဲပျံနေသော ဆံပင်များသည် ယခုခေတ် မိန်းကလေး အများစုတွင် မြင်ရခဲလှစွာသော သဘာဝ နက်မှောင်သည့် အမဲရောင်။ ဤသို့သော ဆံနွယ်များကြောင့် သူ၏ အသားအရေမှာ ပို၍ ဖြူစွတ်သွားသယောင်။ လက်ရှိ အခြေအနေတွင် သူ၏ မျက်နှာသည် ဖြူစွတ်နေသည်ဟု ပြောမည့်အစား ဖြူဖပ်ဖြူရော် ဖြစ်နေသည်ဟု သုံးနှုန်းမှသာ ပို၍ သင့်လျော်ပေလိမ့်မည်။ သို့သော် မည်သို့ပင်ရှိစေ၊ သူသည် မိန်းမလှတစ်ဦး ဖြစ်ကြောင်းကိုမူ မည်သို့မျှ ငြင်းကွယ်၍ မရနိုင်ပေ။ ထို့အပြင် ဝတ်ဆင်ခြယ်သထားပုံမှာလည်း သပ်ရပ်ကြော့ရှင်းနေသည်။

ထိုသူမှာ ဝါကာယာမာ ဟိရောမိဖြစ်ကြောင်း ကုစာနာဂိက ချက်ချင်း ရိပ်စားမိလိုက်သည်။

“ခင်ဗျား ဒီအိမ်ထဲကို ဝင်ဝင်ချင်းမှာပဲ အိမ်ရှင်ရဲ့ အလောင်းကို တွေ့လိုက်ရတယ်လို့ ပြောသံကြားတယ်။ အဲဒါ အမှန်ပဲလား။ ခင်ဗျားက အခုရပ်နေတဲ့ နေရာကနေ အလောင်းကို မြင်လိုက်ရတာလား”

မာမီယာ၏ အမေးစကားကို ကြားသည့်အခါတွင် ဟိရောမိသည် ခေါင်းကို ငုံ့ထားလျက် ဆိုဖာခုံဘက်သို့ ဝေ့ကြည့်လိုက်သည်။ အလောင်းကို တွေ့မြင်ခဲ့စဉ်က ပုံရိပ်များကို ပြန်လည် မြင်ယောင်ကြည့်နေသည့်နှယ်။ “ဟုတ်ကဲ့။ ဒီနားလောက်မှာပဲ ဖြစ်ပါလိမ့်မယ်”

သူ၏ ကိုယ်ခန္ဓာအချိုးအစားမှာ သွယ်လျပြီး မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေသောကြောင့်လား မဆိုနိုင်။ ကုစာနာဂိ၏ အမြင်တွင် သူသည် မတ်မတ်ရပ်နိုင်ဖို့ပင် ခက်ခက်ခဲခဲ ကြိုးစားယူနေရဟန် ရှိသည်။ အလောင်းကို တွေ့မြင်ခဲ့စဉ်က ဖြစ်ပေါ်ခဲ့သော ထိတ်လန့်တုန်လှုပ်မှုသည် ယခုအချိန်အထိ ပြယ်လွင့်ပျောက်ပျက်သေးခြင်း မရှိသေးကြောင်း အထင်းသား ပေါ်လွင်နေသည်။

“တမြန်မနေ့ညကလည်း ဒီအိမ်ကို ရောက်သေးတယ်ဆိုတော့ အဲဒါက အခင်းမဖြစ်ခင် ဒီအိမ်ကို နောက်ဆုံးအကြိမ် ရောက်ခဲ့တာလား” မာမီယာက သူ့ကို မေးလိုက်သည်။

ဟိရောမိက ခေါင်းညိတ်ကာ ဟုတ်မှန်ကြောင်း ပြန်ဖြေသည်။

“အခုလက်ရှိ အခန်းတွင်း အခြေအနေနဲ့ အဲဒီတုန်းက အခြေအနေ၊ ဘာတွေများ ကွာခြားနေတာ ရှိလဲ။ ဘယ်လောက် သေးမွှားတဲ့ အပြောင်းအလဲမျိုး ဖြစ်နေပါစေ၊ ကျွန်တော်တို့ကို ပြောပြပေးပါ”

ဟိရောမိသည် အခန်းတွင်းသို့ ဘေးဘီဝဲယာ လျှောက်ကြည့်ပြီး ခေါင်းကို ခါယမ်းလိုက်သည်။ “ကျွန်မ မပြောတတ်ဘူး။ တမြန်မနေ့က ဒီအိမ်မှာ လူတွေ အများကြီး ရှိတယ်။ အတူတူ ညစာစားခဲ့ကြတာ …” သူ၏ အသံက တုန်ယင်နေသည်။

မာမီယာက မျက်မှောင်ကြုတ်လျက် ခေါင်းညိတ်နေသည်။ မျက်နှာပေါ်မှ သူ၏ အမူအရာက “ဘာတတ်နိုင်မှာလဲ” ဟု ပြောနေသယောင်။ “ဒီနေ့ တစ်နေ့ကုန်လုံး အလုပ်ပင်ပန်းနေတာတောင် ခင်ဗျားကို ထပ်ပြီး ဒုက္ခပေးသလို ဖြစ်နေပြီ။ ကျွန်တော် တောင်းပန်ပါတယ်။ ဒီညတော့ ကောင်းကောင်းလေး အနားယူလိုက်ပါဦး။ ဒါပေမယ့် မနက်ဖြန်ကျရင် ကျွန်တော်တို့ ခင်ဗျားဆီကနေ သက်ဆိုင်တဲ့ သတင်းတချို့ ယူစရာ ရှိနေပါသေးတယ်။ အဆင်ပြေမယ် မဟုတ်လား”

“ကိစ္စ မရှိပါဘူး။ ဒါပေမယ့် ရှင်တို့ကို ထပ်ပြောပြစရာလည်း ဘာမှ မရှိတော့ဘူး ထင်တာပဲ”

“ခင်ဗျားပြောတာ မှန်ကောင်း မှန်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့က ဖြစ်နိုင်ရင် စုံနိုင်သမျှ စုံအောင် အဖြစ်အပျက် အသေးစိတ်ကို သိချင်တာပါ။ ကျေးဇူးပြုပြီး တတ်နိုင်သလောက် ကျွန်တော်တို့ကို ကူညီပါဦးလို့ တောင်းပန်ပါရစေ”

ဟိရောမိက ခေါင်းငုံ့မြဲ ငုံ့နေဆဲ။ “ဟုတ်” ဟုသာ တိုတိုပြတ်ပြတ် ပြန်ပြောလိုက်သည်။

“ရဲဘော်တစ်ယောက်က ခင်ဗျားကို အိမ်ပြန်ပို့ပေးပါလိမ့်မယ်” ပြောပြီး မာမီယာက ကုစာနာဂိကို လှမ်းကြည့်သည်။ “မင်း ဒီနေ့ ဘာနဲ့ လာတာလဲ။ ကားပါလား”

“ကျွန်တော် တက္ကစီငှားလာတာ”

“ဘာတုံးကွာ။ ဒီနေ့ကျမှ မင်းက …”

“အခုတလော ကျွန်တော် ကား သိပ်မမောင်းဖြစ်ဘူး”

မာမီယာသည် စိတ်ပျက်လက်ပျက်ဖြင့် ပါးစပ်မှ ကျွတ်ကနဲ အသံပြုလိုက်စဉ် ဥကျုမိထံမှ စကားသံ ထွက်ပေါ်လာသည်။ “ကျွန်မမှာ ကားပါတယ်”

ကုစာနာဂိက တအံ့တဩဖြင့် ခေါင်းလှည့်ကြည့်လိုက်မိသည်။ “နင် ကားမောင်းလာတယ် … ပိုက်ဆံအတော် ပေါနေပါလား”

“ကားမောင်းရင်း ညစာသွားစားဖို့ စီစဉ်နေတုန်း ဆရာတို့ဆီက ဖုန်းဝင်လာတာနဲ့ ဒီကို တန်းလာခဲ့တာပါ။ ဆောရီးပဲ”

“တောင်းပန်စရာ မလိုပါဘူး။ အဲဒီလိုဆိုရင် မစ္စဝါကာယာမာကို နင့်ကားနဲ့ အိမ်လိုက်ပို့ပေးလို့ ရမလား” မာမီယာက မေးသည်။

“ဟုတ်၊ ရပါတယ်။ ဒါပေမယ့် မသွားခင် မစ္စဝါကာယာမာကို မေးခွန်းတစ်ခု မေးလို့ ရမလား”

ဥကျုမိ၏ စကားကြောင့် မာမီယာ၏ မျက်နှာမှ အံအားသင့်သော အရိပ်အယောင် ထွက်ပေါ်လာသည်။ ဟိရောမိလည်း အနည်းငယ် တုန်လှုပ်သွားပုံ ရသည်။

“ဘာမေးမလို့လဲ” မာမီယာက မေးသည်။

ဥကျုမိသည် ရှေ့တစ်လှမ်းတိုးကာ သူ၏ မျက်လုံးအစုံဖြင့် ဟိရောမိ၏ မျက်နှာကို ပေါက်ထွက်လုမတတ် စိုက်ကြည့်နေသည်။ “မစ္စတာမာရှိဘက ကော်ဖီသောက်နေတုန်းမှာပဲ ရုတ်တရက် လဲကျသေဆုံးသွားတာ ဖြစ်ဖို့ များတယ်။ သူက ကော်ဖီသောက်ရင် ခွက်ခံ ပန်းကန်ပြားကို သုံးလေ့ မရှိဘူးလား”

ဟိရောမိသည် ပြူးတူးပျာတာ ဖြစ်ကာ အကြည့်များကို ရှောင်လွှဲနေလေသည်။ “အဲ ဟိုဟာ … သူတစ်ယောက်တည်း သောက်တဲ့အချိန်မှာ ဆိုရင်တော့ မသုံးဘူး ထင်တယ်”

“ဆိုတော့ကာ မနေ့က ဒါမှမဟုတ် ဒီနေ့ ဧည့်သည်လာသွားတဲ့ သဘောပေါ့။ အဲဒါကို ရှင်သိလား”

ဥကျုမိသည် အဘယ်ကြောင့် ဤသို့ အပိုင် ပြောနိုင်ရသနည်း။ ကုစာနာဂိသည် နားမလည်နိုင်သော မျက်နှာပေးဖြင့် တစ်စောင်းရပ်နေသော ဥကျုမိကို လှမ်းကြည့်လိုက်သည်။ “ဧည့်သည် လာခဲ့ဖူးတယ်လို့ နင်က ဘယ်လိုလုပ် သိတာလဲ”

“မီးဖိုဆောင်ထဲက လက်ဆေးကန်ထဲမှာ မဆေးရသေးတဲ့ ကော်ဖီခွက်တစ်ခွက်နဲ့ ခံပန်းကန်ပြား နှစ်ချပ် ရှိတယ်။ တကယ်လို့သာ မစ္စတာမာရှိဘတစ်ယောက်တည်း သောက်တယ် ဆိုရင် ခံပန်းကန်ပြား ရှိနေမှာ မဟုတ်ဘူး”

ကိရှိတာနိက မီးဖိုဆောင်ထဲသို့ ဝင်သွားပြီး ချက်ချင်း ပြန်ထွက်လာသည်။ သူက အတည်ပြုပေးလိုက်သည်။ “ဥကျုမိ ပြောတာ အမှန်ပဲ။ လက်ဆေးကန်ထဲမှာ ကော်ဖီခွက်တစ်ခွက်နဲ့ ခံပန်းကန်ပြား နှစ်ချပ် ရှိတယ်”

ကုစာနာဂိနှင့် မာမီယာတို့သည် တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ပြီးနောက် ချက်ချင်းဆိုသကဲ့သို့ သူတို့၏ အကြည့်များကို ဟိရောမိ၏ ကိုယ်ပေါ်သို့ ပြောင်းရွှေ့လိုက်ကြသည်။

“အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျား ဘာများ စဉ်းစားမိလဲ”

ဟိရောမိသည် မျက်နှာပျက်ကာ ခေါင်းကို ကမန်းကတန်း ခါယမ်းလိုက်သည်။ “ကျွန်မ … ကျွန်မ မသိဘူး။ တမြန်မနေ့ည ဒီအိမ်က ထွက်လာပြီးကတည်းက ကျွန်မ ဒီကို ထပ်မလာဖြစ်တော့ဘူး။ ဘယ်သူတွေ လာသေးသလဲ ဆိုတာကိုလည်း ကျွန်မ မသိဘူး”

ကုစာနာဂိသည် မာမီယာကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ပြန်သည်။ မာမီယာသည် တစ်စုံတစ်ရာကို တွေးတောနေဟန်ဖြင့် ခေါင်းညိတ်နေသည်။ ထို့နောက် “ကျွန်တော် နားလည်ပါပြီ။ အခုလို ညဉ့်နက်တဲ့အထိ ကျွန်တော်တို့ကို ပူးပေါင်းကူညီပေးတဲ့အတွက် အထူး ကျေးဇူးတင်ပါတယ်။ ဥကျုမိ၊ သူ့ကို အိမ်ပြန်ပို့ပေးလိုက်ပါဦး။ ကုစာနာဂိ၊ မင်းလည်း အတူလိုက်သွားလိုက်”

“ဟုတ်” ကုစာနာဂိသည် မာမီယာ၏ ရည်ရွယ်ချက်ကို သဘောပေါက်သည်။ ဟိရောမိသည် အကြောင်းအချက်တချို့ကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားမှန်း သိသာနေသည်။ မာမီယာက သူ့အား ထိုအရာများကို အစ်အောက်ကြည့်စေလိုသည်။

သုံးယောက်သား အိမ်ထဲမှ ထွက်လာပြီးသည့်အခါတွင် ဥကျုမိက ပြောသည်။ “ဒီမှာ ခဏ ရပ်စောင့်ပေးပါလား။ ဒီကို ကျွန်မ ကားမောင်းလာခဲ့မယ်” သူသည် သာမန် အရပ်သုံးကားကို မောင်းလာခဲ့သောကြောင့် အခပေး ယာဉ်ရပ်နားကွင်း၌ ကားကို ရပ်ထားခဲ့ရသည်။

ကားအလာကို စောင့်နေကြစဉ် ကုစာနာဂိသည် ဟိရောမိ၏ အခြေအနေကို တိတ်တဆိတ် အကဲခတ်ကြည့်သည်။ သူ့ကို ကြည့်ရသည်မှာ လုံးလုံးလျားလျား စိတ်ဓာတ်ကျနေသည့်ပုံ ပေါက်နေသည်။ လူသေအလောင်းကို တွေ့မြင်လိုက်ရသောကြောင့် ထိတ်လန့် တုန်လှုပ်နေသည့် အခြေအနေမျိုးထက် ပိုကဲသာလွန်နေသည်။

“ခင်ဗျား မချမ်းဘူးလား” ကုစာနာဂိက မေးသည်။

“ရပါတယ်”

“မူလအစီအစဉ်အတိုင်း ဆိုရင် ခင်ဗျား ဒီည အပြင်ထွက်ဖို့ ရှိလား”

“ဘယ် … ဘယ်လိုလုပ် ရှိနိုင်မလဲ”

“ဟုတ်လား။ ကျွန်တော် စောစောက စဉ်းစားကြည့်နေတာ။ ခင်ဗျား ဒီည သူများနဲ့ ချိန်းထားသေးသလားလို့”

ကုစာနာဂိ၏ စကားကို ကြားလိုက်ရသည့်အခါတွင် ဟိရောမိသည် တံတွေးကို နှစ်ကြိမ် သုံးကြိမ်မျှ မျိုချလိုက်သည်။ သူ၏ မျက်နှာက အနည်းနှင့်အများ ဟန်ပျက်နေသည်။

“ဒီမေးခွန်းကို သူတို့တွေ အကြိမ်ကြိမ် မေးခဲ့ပြီးလောက်ပြီ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော် နောက်ထပ်တစ်ခေါက် ထပ်မေးလို့ ရမလား”

“ဘာများလဲ”

“ဒီညမှာ မစ္စတာမာရှိဘဆီ ဖုန်းဆက်ဖို့ ခင်ဗျား ဘာကြောင့် စိတ်ကူးမိခဲ့တာလဲ”

“ကျွန်မ ပြောခဲ့ပြီးပြီပဲ။ ဆရာမက အိမ်သော့ကို ကျွန်မဆီမှာ အပ်ထားခဲ့တယ်လေ။ ဒီတော့ ကျွန်မအနေနဲ့ သူ့အိမ်ကို ပုံမှန် ဆက်သွယ်ဖို့ တာဝန်ရှိတယ်လို့ ယူဆမိတယ်။ တကယ်လို့သာ မစ္စတာမာရှိဘမှာ အကူအညီ လိုအပ်နေမယ် ဆိုရင် ကျွန်မ သူ့ကို ကူညီပေးရမယ်လေ”

“ဖုန်းဆက်တာ မကိုင်လို့ ခင်ဗျားက သူ့အိမ်ကို ရောက်သွားတယ် ဆိုပါတော့။ အဲဒီလိုလား”

သူက ခေါင်းကို အသာအယာ ညိတ်ပြီး “ဟုတ်တယ်” ဟု ပြောလိုက်သည်။

ကုစာနာဂိက နားမရှင်းသည့်ဟန်ဖြင့် ဆက်မေးလေသည်။ “လက်ကိုင်ဖုန်းကို မကိုင်ဘူး ဆိုတဲ့ အခြေအနေမျိုးက ပုံမှန် ဖြစ်တတ်တဲ့ သဘာဝပဲလေ။ အထိုင်ဖုန်းလည်း အတူတူပဲ။ အဲဒီအချိန်တုန်းက မစ္စတာမာရှိဘ အပြင်ထွက်သွားတာ ဖြစ်နိုင်တယ်လို့ ခင်ဗျား မတွေးကြည့်မိဘူးလား။ နောက်ပြီး ဖုန်းမကိုင်နိုင်တဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့နေရတာမျိုးလည်း ဖြစ်နိုင်တာပဲ”

ဟိရောမိသည် တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်သည်။ “ကျွန်မ မစဉ်းစားမိဘူး”

“ဘာဖြစ်လို့လဲ။ ခင်ဗျားက ဘာကို စိတ်ပူနေတာလဲ”

“ကျွန်မ ဘာကိုမှ စိတ်မပူပါဘူး။ အဲဒီတုန်းက စိတ်ထဲ တစ်မျိုးဖြစ်နေလို့ …”

“ဘယ်လို … စိတ်ထဲ တစ်မျိုးဖြစ်နေတယ် …”

“ဟုတ်တယ်လေ။ စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်နေတာကြောင့် ဒီအိမ်ကို ကျွန်မ လာကြည့်ကြည့်တာပေါ့။ မရဘူးလား”

“ရပါတယ်။ ကျွန်တော် တွေးကြည့်တာပါ။ တကယ်လို့သာ တခြားလူတစ်ယောက်က ခင်ဗျားဆီမှာ သော့အပ်ထားရုံသက်သက်နဲ့တင် ခင်ဗျားက ဒီလောက်တောင် ဂရုတစိုက် စောင့်ရှောက်ကြည့်ရှုပေးနေတယ် ဆိုတော့ ကျွန်တော့်အတွက် အထူးအဆန်း ဖြစ်နေလို့ပါ။ အဲဒီလိုလူမျိုးက အတော်ကို ရှာမှရှား ဖြစ်သွားပြီလေဗျာ။ နောက်ပြီး လက်တွေ့မှာလည်း ခင်ဗျား စိတ်ထင့်နေတဲ့အတိုင်း မကောင်းတာကြီးက တကယ် ဖြစ်လာခဲ့တာ ဆိုတော့ ခင်ဗျားရဲ့ လုပ်ရပ်က ချီးကျူးဂုဏ်ပြုချင်စရာ ဖြစ်နေတာပေါ့”

ဟိရောမိသည် မျက်နှာကို တစ်ဘက်သို့ လွှဲပစ်လိုက်သည်။ ကုစာနာဂိ၏ ပြောစကားသည် စိတ်ရင်းအတိုင်း ပြောဆိုနေခြင်း မဟုတ်ကြောင်း နားလည်နေသည့်နှယ်။

အိမ်ပေါက်ဝသို့ နီညိုရောင် ပါဂျယ်ရိုတစ်စီး ရောက်ရှိလာသည်။ ကားတံခါးပွင့်ကာ အထဲမှ ဥကျုမိ ထွက်လာသည်။

“ဖိုးဝှီးပါလား” ကုစာနာဂိ၏ မျက်လုံးများ ပြူးကျယ်သွားသည်။

“မောင်းရတာတော့ အတော် ညက်တယ်။ မစ္စဝါကာယာမာ၊ သွားကြရအောင်”

ဟိရောမိသည် နောက်ခုံတွင် ဝင်ထိုင်ပြီး ကုစာနာဂိလည်း သူ့ နံဘေးတွင် ဝင်ထိုင်လိုက်သည်။

ဥကျုမိသည် ယာဉ်မောင်းထိုင်ခုံတွင် ထိုင်ပြီးသည်နှင့် သွားရမည့် ခရီးစဉ်ကို လမ်းညွှန် app တွင် စက်တင်ထည့်နေလေသည်။ ဟိရောမိသည် ဂါကုဂဲအိ-ဒါအိဂကု ဘူတာရုံအနီးတွင် နေထိုင်ကြောင်း ကြိုတင် စုံစမ်းထားပြီး ဖြစ်ဟန်တူသည်။

ကားထွက်ပြီး များမကြာခင်မှာပင် ဟိရောမိထံမှ စကားသံ ထွက်ပေါ်လာသည်။ “မစ္စတာမာရှိဘက မတော်တဆ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လို့ သေသွားတာ မဟုတ်ဘူးလား”

ကုစာနာဂိက ယာဉ်မောင်းထိုင်ခုံဘက်သို့ လှမ်းကြည့်လိုက်သည်။ နောက်ကြည့်မှန်မှ လှမ်းကြည့်လိုက်သော ဥကျုမိနှင့် အကြည့်ချင်း ဆုံမိကြသည်။

“ရင်ခွဲစစ်ဆေးတဲ့ အဖြေမရမချင်း ကျွန်တော်တို့ ဘာကိုမှ အတိအကျ ပြောနိုင်ဦးမှာ မဟုတ်ဘူး”

“ဒါပေမယ့် ရှင်တို့ အားလုံးက လူသတ်မှုကို တာဝန်ယူရတဲ့ မှုခင်းရဲတွေ မဟုတ်လား”

“ကျွန်တော်တို့က မှုခင်းရဲတွေပါ။ ဒါပေမယ့် လက်ရှိအခြေအနေအရ လူသတ်မှု ဖြစ်နိုင်တယ် ဆိုတဲ့ မှန်းဆချက်မှာပဲ ရပ်တန့်နေပါသေးတယ်။ အဲဒီထက်တော့ ကျွန်တော်တို့လည်း ဘာမှ မပြောနိုင်သေးဘူး။ ပြောရရင် ကျွန်တော်တို့ ကိုယ်တိုင်လည်း ဘာမှ ဟုတ်တိပတ်တိ သိရသေးတာ မဟုတ်ဘူး”

“အဲဒီလိုလား” ဟိရောမိက တိုးညင်းစွာ ရေရွတ်လိုက်သည်။

“မစ္စဝါကာယာမာ၊ ကျွန်တော်ကို မေးခွန်းတစ်ခု မေးခွင့်ပြုပါ။ တကယ်လို့သာ ဒီအမှုက လူသတ်မှု ဖြစ်နေခဲ့မယ် ဆိုရင် လူသတ်တရားခံက ဘယ်သူ ဖြစ်နိုင်တယ် ဆိုတဲ့အပေါ် ခင်ဗျား စဉ်းစားမိတာမျိုး ရှိလား”

ဟိရောမိထံမှ စကားသံ ထွက်ပေါ်မလာဘဲ ပင့်သက်ရှိုက်သံကိုသာ ဦးစွာ ကြားလိုက်ရသည်။ ကုစာနာဂိသည် သူ၏ နှုတ်ခမ်းကို စိုက်ကြည့်နေသည်။ “ကျွန်မ မပြောတတ်ဘူး … မစ္စတာမာရှိဘနဲ့ ပတ်သက်ပြီးတော့ ပြောရမယ် ဆိုရင်လည်း သူက ဆရာမရဲ့ အမျိုးသားဆိုတာလောက်ပဲ သိတယ်။ တခြားဟာတွေကိုတော့ ကျွန်မ ဘာမှ မသိဘူး” သူက နုံးချိနေသော လေသံဖြင့် ပြန်ဖြေသည်။

“ဟုတ်လား။ ချက်ချင်း မဖြေနိုင်ရင်လည်း ကိစ္စမရှိပါဘူး။ တကယ်လို့ နောက်နောင် စဉ်းစားမိလာခဲ့ရင် ကျွန်တော်ကို အသိပေးပါဦးလို့ တောင်းဆိုပါရစေ”

သို့သော် ဟိရောမိက ခွန်းတုံ့ပြန်ခြင်း မရှိ။ ခေါင်းကလေးပင် ညိတ်ဖော်မရပေ။

ဟိရောမိသည် သူနေသည့် တိုက်ခန်းအရောက်တွင် ကားပေါ်မှ ဆင်းသွားသည်။ ကုစာနာဂိသည် ယာဉ်မောင်း ဘေးခုံတွင် ပြောင်းထိုင်လိုက်သည်။ “ဘယ်လို သဘောရလဲ” သူက ရှေ့တည့်တည့်သို့ ကြည့်ရင်း မေးလိုက်သည်။

“သူက အတော်ကို စိတ်ခိုင်တဲ့လူပဲ” ဥကျုမိသည် ကားစက်နှိုးရင်း ပြန်ဖြေသည်။

“စိတ်ခိုင်တယ် …”

“သူ ဒီတစ်လျှောက်လုံး မျက်ရည်မကျအောင် အောင့်ထားနိုင်ခဲ့တယ် မဟုတ်လား။ ကျွန်မတို့ရဲ့ အရှေ့မှာ သူ မျက်ရည်တစ်စက်ကလေးတောင် မကျခဲ့ဘူး”

“သူ့အတွက် အဲဒီလောက် ကြေကွဲစရာ မကောင်းလို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့”

“ဟင့်အင်း၊ ကျွန်မအထင်တော့ သူ ငိုတော့ ငိုခဲ့ဖူးမှာပဲ။ လူနာတင်ယာဉ်ကို စောင့်နေတဲ့ အတောအတွင်းမှာ တစ်ချိန်လုံး သူ ငိုနေလောက်တယ်”

“ဘာကြောင့် အဲဒီလို ပြောနိုင်ရတာလဲ”

“သူ့မျက်လုံးထောင့်မှာ ရှိတဲ့ မိတ်ကပ်ကို ကြည့်ကြည့်ပေါ့။ မိတ်ကပ်တွေ ပျက်သွားပြီးကာမှ ပြန်ဖာထားတဲ့ အရိပ်အယောင်တွေ တွေ့နေရတယ်”

ကုစာနာဂိသည် အငယ်တန်းရဲမေ၏ မျက်နှာတစ်ခြမ်းကို စူးစိုက် ကြည့်နေမိသည်။ “ဟုတ်လား”

“မှားစရာ မရှိပါဘူး”

“မိန်းမတွေရဲ့ အမြင်က တော်တော်ကို စူးရှတာပဲ။ ငါ နင့်ကို ချီးကျူးနေတာနော်”

“ကျွန်မ သိပါတယ်” သူက ပြုံးလျက် ပြန်ဖြေသည်။ “ဆရာ၊ ဆရာရဲ့ အမြင်ကရော”

“တစ်ခွန်းတည်း ပြောရရင် အတော်တော့ မသင်္ကာစရာ ကောင်းတယ်။ သူများအိမ်က သော့ကို ခဏ သိမ်းထားပေးရတယ်ပဲ ထားဦး။ ဘယ်မိန်းမပျိုကမှ ယောက်ျားတစ်ယောက်တည်း ရှိနေတဲ့အိမ်ကို အခုလို အလွယ်တကူ ဝင်ထွက်နေမှာ မဟုတ်ဘူး”

“ကျွန်မလည်း အဲဒီလိုပဲ သဘောရတယ်။ ကျွန်မသာဆိုရင် သေတောင် မသွားဘူး”

“တကယ်လို့သာ သူက သေဆုံးသူနဲ့ ထူးခြားတဲ့ ဆက်ဆံရေးမျိုး ရှိနေမယ် ဆိုရင်ရော။ ဒီစကားက စိတ်ကူးယဉ်လွန်းရာ ရောက်နေမလား”

ဥကျုမိသည် ထွက်သက်ကို မှုတ်ထုတ်လိုက်သည်။ “စိတ်ကူးယဉ် မဆန်ပါဘူး။ တကယ့်လက်တွေ့မှာလည်း အဲဒီလို ဖြစ်ချင် ဖြစ်နေမှာ။ နောက်ပြီး သူတို့နှစ်ယောက်က ဒီညမှာ ညစာအတူတူ စားဖို့ ချိန်းထားကြသေးတာပဲ မဟုတ်လား”

ကုစာနာဂိက ပေါင်ကို ပုတ်လိုက်သည်။ “နင်က ဟို အေဘိစုက စားသောက်ဆိုင်ကို ပြောတာလား”

“အချိန်ရောက်တာတောင်မှ ဧည့်သည်တွေက ရောက်မလာကြဘူး။ ဒါကြောင့်ပဲ ဆိုင်ဝန်ထမ်းက ဖုန်းဆက်ပြီး အကျိုးအကြောင်း မေးကြည့်တာလေ။ သူတို့ရဲ့ အပြောအရ နှစ်ယောက်စာ ဘွတ်ကင်လုပ်ထားတယ်။ အဲဒါ ဘာကို ဆိုလိုချင်သလဲဆိုတော့ ဘွတ်ကင်တင်ထားတဲ့ မစ္စတာမာရှိဘတစ်ယောက်တည်းတင် ပေါ်မလာတာ မဟုတ်ဘဲ သူရဲ့ အဖော်လည်း ပေါ်မလာဘူး”

“တကယ်လို့သာ သူရဲ့ အဖော်က ဝါကာယာမာ ဟိရောမိသာ ဆိုရင်တော့ အားလုံးက လိပ်ပတ်လည်သွားပြီ” ကုစာနာဂိက တစ်ဆက်တည်း အတည်ပြုလိုက်ပြန်သည်။ “ဟုတ်တယ်၊ မှားစရာ မရှိဘူး”

“တကယ်လို့သာ သူတို့နှစ်ယောက်မှာ ထူးခြားတဲ့ ဆက်ဆံရေးမျိုး ရှိနေခဲ့မယ် ဆိုရင် ကျွန်မအထင်တော့ မကြာခင် အထောက်အထား ရလာလောက်တယ်”

“ဘာဖြစ်လို့”

“ကော်ဖီခွက်။ လက်ဆေးကန်ထဲမှာ ရှိတဲ့ ကော်ဖီခွက်က သူတို့နှစ်ယောက် သုံးခဲ့တဲ့ဟာတွေ ဖြစ်မယ်။ တကယ်လို့ ကျွန်မတို့ရဲ့ အယူအဆ မှန်မယ်ဆိုရင် အဲဒီအထဲက တစ်ခုခုပေါ်မှာ သူရဲ့ လက်ဗွေရာ ရှိကို ရှိရမယ်”

“အဲဒီလိုလား။ သူတို့နှစ်ယောက်က
လူမြင်ကွယ်ရာမှာ
 ခြေရှုပ်နေတာ မှန်ပါတယ် ဆိုရင်တောင် အဲဒါကို အခြေခံပြီး မစ္စဝါကာယာမာကို သံသယတရားခံအဖြစ် သတ်မှတ်လို့ မရနိုင်သေးဘူး”

“ဒါတော့ ကျွန်မလည်း သိတာပေါ့” ပြောပြီး သူသည် ကားကို လမ်းဘေးတွင် ထိုးရပ်လိုက်သည်။ “ကျွန်မ ဖုန်းတစ်ကော ခေါ်လို့ ရမလား။ အတည်ပြုစရာလေး ရှိနေလို့”

“ရပါတယ်။ ဘယ်သူ့ဆီ ဆက်မလို့လဲ”

“မစ္စဝါကာယာမာဆီပေါ့” ဥကျုမိသည် တအံ့တဩ ဖြစ်နေသော ကုစာနာဂိ၏ အမူအရာကို ဂရုစိုက်မနေဘဲ လက်ကိုင်ဖုန်းကို ဆွဲထုတ်ပြီး ဖုန်းခေါ်နေတော့သည်။ မကြာခင် ဖုန်းဝင်သွားသည်။ “မစ္စဝါကာယာမာလား မသိဘူး။ ကျွန်မက မှုခင်းဌာနက ဥကျုမိပါ။ စောစောက ရှင့်ကို ဒုက္ခပေးသလို ဖြစ်သွားတယ်။ … … ဟင့်အင်း။ အရေးကြီးတယ် ရယ်လို့လည်း မဟုတ်ပါဘူး။ ကျွန်မ မေးဖို့ မေ့သွားလို့ပါ။ မနက်ဖြန်မှာ ဘာအစီအစဉ်တွေ ရှိလဲ မသိဘူး။ … … ဟုတ်လား။ ကျွန်မ နားလည်ပါပြီ။ အခုလို အချိန်မတော် ဖုန်းဆက်မိတဲ့အတွက် တောင်းပန်ပါတယ်။ မင်္ဂလာညချမ်းပါ” ပြောပြီး ဥကျုမိက ဖုန်းကို ချပစ်လိုက်သည်။

“သူက မနက်ဖြန် ဘာအစီအစဉ် ရှိတာတဲ့လဲ” ကုစာနာဂိက မေးသည်။

“လောလောဆယ်တော့ ယတိပြတ် မဆုံးဖြတ်ရသေးဘူး။ အိမ်မှာပဲ ရှိနေဖို့ များတယ်တဲ့။ နောက်ပြီး ပြောသေးတယ်။ သင်တန်းကျောင်းကိုလည်း ယာယီ နားထားလိုက်ဦးမယ်တဲ့”

“ဪ”

“ဒါပေမယ့် ဖုန်းခေါ်ရတဲ့ ကျွန်မရဲ့ ရည်ရွယ်ချက်က သူရဲ့ မနက်ဖြန် အစီအစဉ်ကို သိချင်ရုံသက်သက် မဟုတ်ဘူး”

“နင် ဆိုလိုချင်တာက …”

“သူရဲ့ အသံက သိသိသာသာကို ငိုသံပါနေတယ်။ သူက ကြိုးစားပြီး ဖုံးကွယ်ထားပေမယ့် တော်တော်ကြီးကို သိသာနေသေးတယ်။ ကြည့်ရတာ အိမ်ပြန်ရောက်လို့ တစ်ယောက်တည်း နေခွင့်ရတာနဲ့ တစ်ပြိုင်နက် အရင်က ဖုံးထား၊ ဖိထားရတဲ့ ခံစားချက်တွေက အကုန်လုံး ပေါက်ကွဲထွက်လာကြတာပဲ ဖြစ်မယ်”

ကုစာနာဂိသည် ကားထိုင်ခုံ နောက်မှီကို မှီထားရင်း ခါးကို မတ်မတ် ဆန့်ထားလိုက်သည်။ “နင်က အဲဒီအချက်ကို အတည်ပြုချင်လို့ သူ့ဆီ ဖုန်းခေါ်လိုက်တာကိုး”

“ကိုယ်နဲ့ သိပ်ပြီး မရင်းနှီးဘူး ဆိုရင်တောင် လူတွေ သေဆုံးတာကို မျက်မြင်ကိုယ်တွေ့ ကြုံရတဲ့အခါမှာ ကျွန်မတို့တတွေက စိတ်မထိန်းနိုင်ဘဲ သူ့အလိုလို ငိုမိတတ်ကြတာပဲ။ ဒါပေမယ့် အချိန်ကာလတစ်ခု လွန်သွားပြီးတာတောင်မှ ဆက်ငိုနေသေးတယ် ဆိုရင် …”

“ဆိုလိုတာက သေဆုံးသူအပေါ်မှာ သူမတူအောင် တစ်မူထူးခြားတဲ့ စိတ်ခံစားချက် ရှိနေတယ်။ အဲဒီလို မဟုတ်လား” ကုစာနာဂိသည် ပြုံးလျက် ဂျူနီယာရဲမေကို ငေးကြည့်နေသည်။ “ဘယ်ဆိုးလို့လဲ”

“ကျေးဇူးတင်ပါတယ်ရှင်” ဥကျုမိသည် ပြုံးလျက် ဘရိတ်နင်းထားသော ခြေထောက်ကို ဖယ်ရှားပစ်လိုက်သည်။

***

နောက်တစ်နေ့ နံနက် ၇ နာရီအရောက်တွင် တယ်လီဖုန်းသံက ကုစာနာဂိကို လှုပ်နှိုးလိုက်သည်။ မာမီယာထံမှ။

ကုစာနာဂိက ခနဲ့တဲ့တဲ့ လေသံဖြင့် ဖုန်းကို ပြန်ထူးလိုက်သည်။ “ဆရာက ဒီလောက်အစောကြီးလည်း ဖုန်းဆက်တာပဲနော်”

“အိမ်ပြန်ပြီး အိပ်ခွင့်ရတာကိုပဲ ကျေးဇူးတင်ဦး။ ဒီမနက် မဲဂူရိုရဲစခန်းမှာ အစည်းအဝေး ရှိတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ဖြစ်လိမ့်မယ် ထင်တယ်။ ဒီနေ့ညကစပြီး ငါ အဲဒီဘက်မှာ သွားနေရလောက်တယ်”

“ဆရာက အဲဒီကိစ္စကို ပြောပြဖို့အတွက် တကူးတက ဖုန်းဆက်လာတာလား”

“ဟုတ်မလားကွာ။ မင်း အခုချက်ချင်း ဟာနဲဒါကို သွားပေတော့”

“ဟာနဲဒါ … ဟာနဲဒါမှာ ဘာရှိလို့လဲ”

“ဟာနဲဒါကို သွားခိုင်းတယ် ဆိုမှတော့ လေယာဉ်ကွင်းမှာ လူတစ်ယောက် သွားကြိုခိုင်းချင်လို့ပေါ့ကွ။ မစ္စတာမာရှိဘရဲ့ အမျိုးသမီးက ဆပ်ပိုရိုကနေ ပြန်လာပြီ။ မင်း သူ့ကို သွားကြိုရမယ်။ တစ်ခါတည်း မဲဂူရိုရဲစခန်းကို ခေါ်လာခဲ့”

“ကာယကံရှင်ရဲ့ ခွင့်ပြုချက်ကိုရော ယူပြီးပြီလား ဆရာ”

“ပြောပြီးပြီပေါ့ကွာ။ မင်း ဥကျုမိကိုလည်း ဖုန်းဆက်လိုက်။ သူ ကားမောင်းပြီး ထွက်လာလိမ့်မယ်။ လေယာဉ်က ၈ နာရီ ဆို
က်မယ်
”

“၈ နာရီ” ကုစာနာဂိသည် ခုတင်ပေါ်မှ ချက်ချင်း ခုန်ထွက်လိုက်သည်။

ကိုယ်လက်မျက်နှာများကို အလျင်အမြန် သုတ်သင်နေစဉ် ကုစာနာဂိ၏ ဖုန်းက နောက်တစ်ကြိမ် မြည်လာပြန်သည်။ ယခုတစ်ကြိမ်မှာ ဥကျုမိထံမှ ဖြစ်သည်။ သူသည် ကုစာနာဂိနေရာ တိုက်၏ အရှေ့သို့ပင် ရောက်နေချေပြီ။

ယမန်နေ့ညက စီးခဲ့ရသော ပါဂျယ်ရိုသည် ယခုအခါ လူနှစ်ယောက်ကို တင်လျက်
ဟာနဲဒါလေဆိပ်သို့
 ဦးတည် ရွေ့လျားနေသည်။

“ဒီလို အလုပ်မျိုး လုပ်ရတာ အတော် ကံဆိုးတာပဲ။ နောက်ထပ် ဘယ်နှကြိမ်ပဲ ကြုံရကြုံရ အခုလို သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ မျက်နှာချင်း ဆိုင်ရမယ့် အလုပ်မျိုးနဲ့တော့ ဘယ်တော့မှ အသားကျနိုင်မယ် မထင်ဘူး”

“ဒါပေမယ့် ခွဲမှူးပြောတာကတော့ သေဆုံးသူရဲ့ မိသားစုကို တွေ့ဆုံတဲ့နေရာမှာ အပိုင်နိုင်ဆုံးလူက ဆရာ ကုစာနာဂိတဲ့လေ”

“အန် … ဘိုးတော်က အဲဒီလို ချီးကျူးတတ်သေးတာလား”

“နောက်ပြီး ပြောသေးတယ်။ လူတွေကို စိတ်ချလက်ချ ဖြစ်သွားအောင် ဆရာရဲ့ မျက်နှာက စွမ်းဆောင်ပေးနိုင်တယ်တဲ့”

“အဲဒါက ဘာစကားလဲ။ ငါ့ကို ပေါတောတော မျက်နှာမျိုး ရှိတယ်လို့ ပြောလိုက်သလိုပဲ” ကုစာနာဂိက တောက်ကနဲ မြည်အောင် တက်ခေါက်လိုက်သည်။

၇ နာရီ ၅၅ မိနစ်တွင် နှစ်ယောက်သား
လေယာဉ်ကွင်းသို့
 ရောက်ရှိခဲ့ကြသည်။ ဧည့်ကြိုခန်းမသို့ ရောက်သည့်အခါတွင် ခေတ္တမျှ စောင့်လိုက်ကြရသေးသည်။ ခရီးသည်များက ဥဒဟို သွားလာလျက်။ သူတို့နှစ်ဦးသည် များပြားလှစွာသော လူအုပ်ကြီးအတွင်းမှ မာရှိဘ အာယနဲကို အသည်းအသန် ရှာဖွေနေကြသည်။ အပြာရောင် ခရီးဆောင်အိတ်ကို ဆွဲလာမည့် သနပ်ခါးရောင် ကုတ်အင်္ကျီနှင့် အမျိုးသမီးကို စူးစိုက် ရှာဖွေနေကြသည်။

“ဟိုတစ်ယောက်လား မသိဘူး” ဥကျုမိ၏ အကြည့်များက တစ်နေရာသို့ စူးစိုက်ကြည့်နေသည်။

ကုစာနာဂိသည် ဥကျုမိ ကြည့်ရာအရပ်သို့ လှမ်းကြည့်လိုက်သည့်အခါ ပေးထားချက်များနှင့် လုံးဝကိုက်ညီသော အမျိုးသမီးတစ်ယောက်ကို တွေ့မြင်လိုက်ရလေသည်။ ပူဆွေးနေသော မျက်လုံးများသည် မျက်လွှာကို ချလျက် သူ၏ အထက်အောက် တစ်ကိုယ်လုံးတွင် တည်ငြိမ်လေးနက်မှုဟု ခေါ်ဆိုနိုင်သော အငွေ့အသက်များ ခြုံလွှမ်းထားလေသည်။

“သူပဲ ဖြစ်လိမ့်မယ် ထင်တယ်” ကုစာနာဂိ၏ အသံက အနည်းငယ် ကွဲအက်နေသည်။ သူ၏ စိတ်တွင် ယောက်ယက်ခတ်နေကာ အကြည့်ကို ထိုအမျိုးသမီးထံမှ ခွာမရအောင် ဖြစ်နေတော့သည်။ သူကိုယ်တိုင်ပင် နားမလည်နိုင်အောင် ဖြစ်နေရသည့် အချက်မှာ အဘယ်ကြောင့် ထိန်းမနိုင် သိမ်းမရအောင် တုန်ယင်နေရသနည်း ဟူသည့် အချက်ပင်။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *