အပေါ်ထပ်မှ ဆင်းလာကြသော မာရှိဘဇနီးမောင်နှံကို တွေ့မြင်လိုက်ရသည်နှင့် ပြဿနာ တစ်စုံတစ်ရာ ရှိနေပြီ ဖြစ်ကြောင်းကို ဝါကာယာမာ ဟိရောမိ သတိထားလိုက်မိသည်။ သူတို့ နှစ်ဦးစလုံး၏ မျက်နှာပေါ်တွင် အပြုံးပန်းများ ပန်ဆင်ထားကြသည်။ သို့သော် ထိုအပြုံးများမှာ ဟန်ဆောင်သော အပြုံး၊ တမင်လုပ်ယူထားသော အပြုံးများသာ ဖြစ်ကြောင်း သိသာလွန်းနေသည်။ အထူးသဖြင့် အာယနဲ … သူ၏ အပြုံးက အတင်း လုပ်ယူထားရသည့်နှယ်။ ဟိရောမိသည် ထိုအချက်ကို မသိချင်ယောင် ဆောင်နေလိုက်သည်။ လျှာမရှည်သင့်သည်ကို လျှာရှည်မိလျှင် အပျက်သဘော ဆောင်သွားတတ်ကြောင်း သူ၏ ဗီဇသိစိတ်က သူ့ကို သတိပေးနေသည်။
“စောင့်ရတာ ကြာသွားပြီ ထင်တယ်။ အီကာအိဆီက ဖုန်းဝင်လာသေးလား” ယိုရှီတာကာ၏ အသံက အနည်းငယ် မာဆတ်နေသည်။
“စောစောလေးကတင် ကျွန်မဆီ ဖုန်းဆက်လာတယ်။ နောက်ငါးမိနစ်နေရင် ရောက်မယ်တဲ့”
“ဒါဆို ငါတို့ ရှန်ပိန်တွေ ဘာတွေ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားရအောင်”
“ကျွန်မ လုပ်လိုက်မယ်” အာယနဲက ပြောသည်။ “ဟိရောမိ၊ ဖန်ခွက်တွေကို နေရာချလိုက်ပါလား”
“ဟုတ်”
“ငါလည်း ကူလုပ်ပေးမယ်လေ”
မီးဖိုခန်းထဲသို့ ဝင်သွားသော အာယနဲကို တစ်ခဏမျှ ငေးကြည့်နေပြီးနောက် ဟိရောမိသည် နံရံတွင် တွဲမှီထားသော အရက်ခွက်ဗီဒို၏ တံခါးရွက်ကို ဆွဲဖွင့်လိုက်သည်။ သူ၏ မျက်စိရှေ့တွင် တွေ့မြင်နေရသော ဤရှေးဟောင်း ပရိဘောဂပစ္စည်းသည် ယန်းသုံးသန်းခန့်မျှ တန်ဖိုးရှိကြောင်း သူ ကြားဖူးထားသည်။ ထို့အပြင် ဤဗီဒိုအတွင်း၌ ထားသိုသိမ်းဆည်းသော ပစ္စည်းများ၏ တန်ဖိုးများမှာလည်း ငမြောက်ငခြောက်တော့ မဟုတ်။ သူသည် ဘာကာရ ရှန်ပိန်ခွက် သုံးခွက်နှင့် ဗီးနစ် ရှန်ပိန်ခွက် နှစ်ခွက်ကို ဗီဒိုထဲမှ ဂရုတစိုက် ဆွဲထုတ်လိုက်သည်။ မာရှိဘဇနီးမောင်နှံသည် အထူးဧည့်သည်များကို ဧည့်ခံသည့်အခါတွင် ဗီးနစ်ဖန်ခွက်များကိုသာ အသုံးပြုလေ့ရှိသည်။
ယိုရှီတာကာသည် ခံပန်းကန်ပြား ငါးချပ်ကို လူရှစ်ယောက် ထိုင်လောက်သော ထမင်းစား စားပွဲပေါ်တွင် နေရာတကျ ချခင်းလိုက်သည်။ သူသည် ဤသို့သော မိသားစု မိတ်ဆုံစားပွဲမျိုးနှင့် အသားကျပြီးသူ ဖြစ်သည်။ ဟိရောမိသည်လည်း ဤမိသားစု၏ လုပ်ထုံးလုပ်နည်းများကို နားလည်ထားပြီးသူ ဖြစ်သည်နှင့်အညီ အရက်ခွက်များကို ယိုရှီတာကာ ခင်းထားသော ခံပန်းကန်ပြားများပေါ်တွင် မှောက်တင်ထားလိုက်သည်။
မီးဖိုဆောင်ထဲမှ ရေသံများ ထွက်ပေါ်လာသည်။
“ရှင် ဆရာမကို ဘာတွေ ပြောထားတာလဲ” ဟိရောမိက လေးသံတိုးတိုးဖြင့် မေးသည်။
“ဘာမှ မဟုတ်ပါဘူး” ယိုရှီတာကာက သူ့ကို စောင်းငဲ့မကြည့်ဘဲ ပြန်ဖြေသည်။
“ပြောလိုက်ပြီလား”
ယိုရှီတာကာသည် ယခုမှ သူ့ကို ခေါင်းမော့ကြည့်သည်။ “ဘာကိုလဲ”
ဟိရောမိက စကားပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် တံခါးခေါင်းလောင်းသံ မြည်လာသည်။
“ဧည့်သည်တွေ ရောက်ပြီဟေ့” ယိုရှီတာကာသည် မီးဖိုဆောင်ဘက်သို့ လှမ်းအော်ပြောလိုက်သည်။
“ကျွန်မ လက်မအားသေးဘူး။ မောင်ပဲ တံခါးသွားဖွင့်ပေးလိုက်တော့” အာယနဲက ပြန်ဖြေသည်။
ယိုရှီတာကာက ခေါင်းညိတ်ပြကာ နံရံပေါ်မှ အင်တာကွန်းဆီသို့ လျှောက်သွားလေသည်။
နောက်ဆယ်မိနစ်အကြာ၌ စားပွဲ၏ ပတ်ပတ်လည်တွင် လူအားလုံး နေရာယူထားပြီးလေပြီ။ လူတိုင်း၏ မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာလျက်။ သို့သော် ဟိရောမိ၏ အမြင်၌ ထိုအပြုံးများက အတင်း လုပ်ယူထားမှန်း သိသာလွန်းနေသည်။ ဤသို့သော အခမ်းအနားမျိုး၏ ပျော်ရွှင်မှု အငွေ့အသက်ကို မလွင့်ပြယ်စေရန်အတွက် မည်သို့သော မျက်နှာအမူအရာမျိုးကို ထားရှိသင့်ကြောင်း သူတို့ အားလုံး နားလည်သဘောပေါက်ထားပြီး ဖြစ်သည်။ လူသားတို့သည် ဤသို့သော မာယာမျိုးကို မည်သို့မည်ပုံ တတ်မြောက်ခဲ့ကြသနည်းဟု ဟိရောမိက သိချင်နေသည်။ သေချာသည့်အချက်မှာ ဤကျွမ်းကျင်မှုမျိုးသည် မွေးရာပါ ပညာမျိုး မဟုတ်ပေ။ အာယနဲသည် ဤသို့သော အခင်းအကျင်းမျိုးနှင့် အသားကျရန်အတွက် တစ်နှစ်တာမျှ အချိန်ယူခဲ့ရကြောင်းကို ဟိရောမိ ကောင်းကောင်း သိထားသည်။
“အာယနဲ ချက်တဲ့ ဟင်းက အရင်လို စားကောင်းနေတုန်းပဲ။ တော်တန်ရုံလူဆိုရင် အခုလို အရသာမျိုးထွက်အောင် စိမ်ရည်ကို အချိုးကျ စပ်တတ်မှာ မဟုတ်ဘူး” အီကာအိ ယူကီကိုသည် ပါးစပ်ထဲသို့ ငါးတစ်တုံး ပစ်ထည့်လိုက်ပြီး အသံထွက်ကာ ချီးကျူးနေလေတော့သည်။ ဟင်းအမယ်တိုင်းကို မည်မျှ ကောင်းမွန်ကြောင်း ချီးကျူးရမည့် တာဝန်မှာ သူ၏ တာဝန် ဖြစ်သည်။
“နင်ကကျတော့ သူများ လုပ်ပြီးသားကိုပဲ ဝယ်တတ်တာ” ဘေးနားတွင် ထိုင်နေသော ယူကီကို၏ ခင်ပွန်းဖြစ်သူ တတ်ဆုဟီကိုက ပြောသည်။
“အဲဒီလို မတရား မပြောပါနဲ့နော်။ ကျွန်မကိုယ်တိုင်လည်း တစ်ခါတလေတော့ လုပ်တတ်ပါတယ်”
“နင်လုပ်ရင် လွန်ရောကျွံရောမှ အာအိုဂျိဆော့စ်လောက်ပဲ လုပ်တတ်တာ မဟုတ်လား။ ပြီးရင် ချက်သမျှ ဟင်းတွေထဲ အဲဒီဆော့စ်တွေကို အကုန် လျှောက်ထည့်တော့တာပဲ”
“မရဘူးလား။ စားလို့ ကောင်းနေတာပဲ ဥစ္စာ”
“ကျွန်မလည်း အဲဒီဆော့စ်ကို ကြိုက်တယ်” ဤစကားကို ပြောသူမှာ အာယနဲ ဖြစ်သည်။
“တွေ့လား။ ပြီးတော့ ကျန်းမာရေးအတွက်လည်း အကျိုးရှိတယ်”
“အာယနဲ၊ သူ့ကို သိပ်ပြီး မြှောက်ပေးမနေနဲ့ဗျ။ တော်ကြာ တစ်နေ့ကျရင် အမဲသားနှပ်ထဲမှာပါ အာအိုဂျိဆော့စ်တွေ ထည့်ချက်နေလိမ့်ဦးမယ်”
“အယ် … အဲဒီလို ဆိုရင်လည်း စားလို့ ကောင်းလောက်တယ်။ နောက်တစ်ခေါက်ကျမှ စမ်းကြည့်ကြည့်ရဦးမယ်”
ယူကီကို၏ စကားတစ်ခွန်းကြောင့် ထမင်းစားပွဲလည်း အတော်အတန် မြိုင်ဆိုင်သွားတော့သည်။ တတ်ဆုဟီကိုတစ်ဦးတည်းသာ မျက်နှာသေဖြင့် ထိုင်မြဲ ထိုင်နေသည်။
တတ်ဆုဟီကိုသည် စီးပွားရေးလုပ်ငန်းများ၏ ဥပဒေအကြံပေးအဖြစ် အသက်မွေးနေသူ ဖြစ်သည်။ မာရှိဘ ယိုရှီတာကာ၏ ကုမ္ပဏီသည်လည်း တစ်ခု အပါအဝင် ဖြစ်သည်။ သို့သော် ယိုရှီတာကာ၏ ကုမ္ပဏီတွင်မူ သူသည် ဥပဒေအကြံပေးမျှသာ မဟုတ်ပေ။ ကုမ္ပဏီ၏ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များတွင်လည်း ပါဝင်ဆောင်ရွက်ပေးရကြောင်း ကြားဖူးထားသည်။ သူနှင့် ယိုရှီတာကာတို့သည် တက္ကသိုလ် ကျောင်းသားဘဝကတည်းက ခင်မင်ခဲ့ကြသူများ ဖြစ်သည်။
တတ်ဆုဟီကိုသည် ဝိုင်စိမ်ရေခဲဗူးထဲမှ ဝိုင်တစ်ပုလင်းကို ဆွဲထုတ်လိုက်ပြီး ဟိရောမိ၏ ဖန်ခွက်ထဲသို့ ဝိုင်ထည့်ပေးရန်
ဟန်ပြင်လိုက်သည်။
“အဲ … ကျွန်မအတွက် မလုပ်ပါနဲ့တော့” ဟိရောမိသည် ခွက်ဝကို လက်ဖြင့် ပိတ်ကာထားသည်။
“ဘာဖြစ်လို့လဲ။ နင် အရင်တုန်းကတော့ အရက်ကို သိပ်ကြိုက်တာပဲ မဟုတ်လား”
“ကြိုက်တော့ ကြိုက်ပါတယ်။ ဒါပေမယ့် အခုတော့ မသောက်တော့ဘူး။ ကျေးဇူးပါပဲရှင်”
အီကာအိသည် အူတိအူကြောင်ဖြစ်လျက် ခေါင်းကို ညိတ်ပြီး ဝိုင်ကို ယိုရှီတာကာ၏ ခွက်ထဲသို့ ထည့်ပေးလိုက်သည်။
“နေမကောင်းလို့လား” အာယနဲက မေးသည်။
“ဟင့်အင်း၊ ဘာမှ မဖြစ်ပါဘူး။ အခုတလော သူငယ်ချင်းတွေနဲ့ အပြင်ထွက်ပြီး ခဏခဏ သောက်ဖြစ်နေတာ။ ခဏနေကျရင်လည်း သောက်ရဦးမှာဆိုတော့ လစ်မစ်လွန်သွားမှာ စိုးလို့ပါ”
“လူငယ်ဘဝကတော့ ပျော်စရာတွေချည်းပဲ” အီကာအိသည် အာယနဲအတွက် အရက်ဖြည့်ပေးလိုက်ပြီးနောက် ဘေးနားတွင် ထိုင်နေသော ဇနီးသည်ကို တစ်ချက်ဝေ့ကြည့်ကာ သူ၏ ဖန်ခွက်ထဲသို့ သူဘာသာ လောင်းထည့်လိုက်သည်။ “ယူကီကိုလည်း အရက်ဖြတ်ထားရတယ်လေ။ ဒါကြောင့် အခုတလော တစ်ယောက်တည်းပဲ သောက်သောက်နေရတယ်”
“အရက်ဖြတ်ထားတယ် …” ခရင်းကိုင်ထားသော ယိုရှီတာကာ၏ လက်တစ်ဖက်သည် လမ်းတစ်ဝက်တွင် ရပ်တန့်သွားသည်။ “ဒါပေါ့၊ ဒါပေါ့။ အစားလည်း ရှောင်ရဦးမယ် ထင်တယ်”
“ဟုတ်တယ်။ ကလေးကို မိခင်နို့ပဲ အားပြုပြီး တိုက်နေတာဆိုတော့လေ” အီကာအိသည် အရက်ခွက်ကို လှုပ်ယမ်းကာ ပြောနေသည်။ “အရက်တွေ နို့ရည်ထဲ ရောက်ကုန်ရင် မကောင်းဘူး မဟုတ်လား”
“ဒါဆို နင် ဘယ်လောက်ကြာကြာ အရက်ဖြတ်ထားရမှာလဲ” ယိုရှီတာကာက ယူကီကိုကို မေးလိုက်သည်။
“အဲ … ဆရာဝန်ပြောတာတော့ တစ်နှစ်လောက် အရက်ဖြတ်ရမယ်တဲ့”
“တစ်နှစ်ခွဲ မဟုတ်ဘူးလား” အီကာအိက ပြောသည်။ “နှစ်နှစ်ဆိုရင်လည်း လုပ်သင့်တာပဲ။ မဟုတ်သေးပါဘူး။ နင် တစ်ခါတည်း အရက်ကို အပြီးသာ ဖြတ်လိုက်ပါတော့လား။ ဘယ်လိုလဲ”
“နင်ကလေ တကယ်ပဲ။ နောက်နောင်ကျရင် ကလေးကို ငါပဲ ပင်ပင်ပန်းပန်းနဲ့ ပြုစုစောင့်ရှောက်ရဦးမှာ။ တကယ်လို့သာ ငါ ကြိုက်တဲ့ အရက်ကို လုံးဝ သောက်ခွင့်မပေးတော့ဘူး ဆိုရင် ဘယ်လိုလုပ်ပြီး ခံနိုင်ရည် ရှိတော့မှာလဲ။ ဒီလိုလုပ်ပါလား။ ငါ့အစား နင် ကလေးထိန်းပေးမယ် ဆိုရင်တော့ နင့်အကြံပြုချက်ကို ငါ စဉ်းစားပေးမယ်လေ”
“တော်ပြီ၊ တော်ပြီ။ တစ်နှစ်လွန်တာနဲ့ ဘီယာပဲဖြစ်ဖြစ်၊ ဝိုင်ပဲဖြစ်ဖြစ်၊ နင်ဟာနင် သောက်ချင်ရာ သောက်ပေတော့။ ဒါပေမယ့် တစ်နှစ်လောက်တော့ သည်းခံလိုက်ပါဦးဟာ”
ယူကီကိုသည် နှုတ်ခမ်းကို စူကာ “ငါ သိပါတယ်” ဟု ပြောပြီး တဒင်္ဂအတွင်းမှာပင် နှုတ်ခမ်းမှာ ပြုံးယောင်သမ်းလာသည်။ သူ၏ မျက်နှာတွင် ကြည်နူးမှု အရိပ်အယောင်များ ပြည့်လျှမ်းနေသည်။ ခင်ပွန်းသည်နှင့် စကားအချီအချ ပြောရသည်ကပင် သူ့အတွက် တုနှိုင်းမရနိုင်သော ပျော်ရွှင်မှုကို ပေးစွမ်းနေသယောင်။
ယူကီကိုသည် လွန်ခဲ့သော နှစ်လခန့်က သားတစ်ယောက်ကို အောင်မြင်စွာ ဖွားမြင်နိုင်ခဲ့သည်။ ၎င်းမှာ နှစ်ရှည်လများ စောင့်စားခဲ့ရသည့် သူတို့နှစ်ဦး၏ ပထမဆုံးသော သားဦးကလေးပင် ဖြစ်သည်။ အီကာအိ တတ်ဆုဟီကိုသည် ယခုအခါ အသက် ၄၂ နှစ် ရှိပြီ ဖြစ်ပြီး ယူကီကို၏ အသက်မှာ ၃၅ နှစ် ဖြစ်သည်။
ယနေ့ည၏ မိတ်ဆုံစားပွဲကို ယိုရှီတာကာက အဆိုတင်သွင်းခဲ့ပြီး အာယနဲမှာ လက်တွေ့ အကောင်အထည် ဖော်ရသူ ဖြစ်သည်။ အီကာအိတို့ ဇနီးမောင်နှံ၏ သားရတနာ မီးရှူးသန့်စင်ခြင်းအတွက် ဂုဏ်ပြုရန်ဟူသော ရည်ရွယ်ချက်ဖြင့် ဤညစာစားပွဲကို စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။
“ဒီည ကလေးကို ဘယ်သူနဲ့ ထားခဲ့တာလဲ။ မင်းအဖေအမေက ကလေးထိန်းနိုင်ပါ့မလား” ယိုရှီတာကာသည် အီကာအိ ဇနီးမောင်နှံကို တစ်လှည့်စီ ငေးကြည့်နေသည်။
အီကာအိက ခေါင်းညိတ်ပြသည်။ “သူတို့နှစ်ယောက်က အားမာန်အပြည့်ပဲ။ သူတို့က ကလေးကို ကောင်းကောင်း စောင့်ရှောက်နိုင်တယ်တဲ့လေ။ ငါတို့နှစ်ယောက်ကို ဒီည လွတ်လွတ်လပ်လပ်သာ သွားကြပေတော့တဲ့။ အခုလိုအချိန်မျိုး အနားမှာ မိဘရှိတာ အတော်ကို အဆင်ပြေတာပဲ”
“ဒါပေမယ့် အမှန်အတိုင်း ဝန်ခံရရင် သိပ်တော့ စိတ်မချချင်သေးဘူး။ အမေက ကလေးကို မတရားနင်း အလိုလိုက်လွန်း အားကြီးတယ်။ သူငယ်ချင်းတွေကလည်း ပြောကြတယ်။ ကလေးက တစ်ကြိမ်နှစ်ကြိမ်လောက် ငိုတာ သဘာဝကျတယ်။ အဲဒါကို ရေးကြီးခွင်ကျယ် လုပ်နေဖို့ မလိုဘူးတဲ့လေ” ယူကီကိုက မျက်မှောင်ကုတ်လျက် ပြောသည်။
ယူကီကို၏ ဖန်ခွက်ထဲတွင် ဘာမျှ ထည့်မထားသည်ကို သတိထားမိသွားသောအခါ ဟိရောမိသည် မတ်တတ်ထရပ်လိုက်သည်။ “ကျွန်မ ရေသွားယူလိုက်ဦးမယ်”
“ရေခဲသေတ္တာထဲမှာ ရေသန့်ဗူးရှိတယ်။ တစ်ဗူး ယူလာခဲ့လိုက်ပါလား” အာယနဲက ပြောသည်။
ဟိရောမိသည် မီးဖိုဆောင်ထဲသို့ ဝင်သွားပြီး ရေခဲသေတ္တာကို ဆွဲဖွင့်လိုက်သည်။ ၎င်းမှာ တံခါးနှစ်ပေါက်ပါသော ရေခဲသေတ္တာကြီး ဖြစ်သည်။ တံခါးတစ်ချပ်၏ အတွင်းဘက် အကန့်ထဲတွင် ရေသန့်ဗူးများစွာကို စီစီရီရီ တွေ့မြင်နေရသည်။ သူသည် ရေသန့်ဗူးတစ်ဗူးကို ဆွဲထုတ်ပြီး ရေခဲသေတ္တာ၏ တံခါးကို ပြန်ပိတ်လိုက်သည်။ မိမိ၏ နေရာသို့ ပြန်ရောက်ပြီး ထိုင်ခုံ၌ ထိုင်ချမည် အပြုတွင် အာယနဲနှင့် အကြည့်ချင်း ဆုံမိသည်။ အာယနဲသည် နှုတ်ခမ်းကို လှုပ်ရုံမျှလှုပ်ကာ သူ့ကို ကျေးဇူးတင်ကြောင်း လှမ်းပြောလေသည်။
“ကလေးမွေးပြီးတဲ့နောက်မှာ မင်းတို့ရဲ့ ဘဝလည်း အတော်အတန် ပြောင်းလဲသွားမှာပဲနော်” ယိုရှီတာကာက မေးသည်။
“အလုပ်လုပ်နေတဲ့ အချိန်ကလွဲလို့ ကျန်တဲ့ အချိန်တွေ အားလုံးမှာ ဒီကလေးတစ်ယောက်နဲ့ပဲ ပတ်ချာလည် ယမ်းနေတော့တာ” အီကာအိက ပြောသည်။
“ဒါလည်း မတတ်နိုင်ဘူးလေ။ နောက်ပြီး အလုပ်လုပ်ရတာလည်း မတူတော့ဘူး မဟုတ်လား။ ကလေးတစ်ယောက် ရလာတော့ မိဘတွေမှာ ဝတ္တရားတစ်ခု ပိုတိုးလာတယ်လေ။ ဒီတော့ အလုပ်လုပ်ရတာ အရင်ကထက် ခွန်အားတစ်ခု ပိုတိုးလာတာပေါ့”
“အဲဒါတော့ ဟုတ်တယ်”
အာယနဲသည် ဟိရောမိ၏ လက်အတွင်းမှ ရေသန့်ဗူးကို လှမ်းယူလိုက်ပြီး လွတ်နေသော ဖန်ခွက်ထဲသို့ လောင်းသွန်ထည့်နေသည်။ သူ၏ နှုတ်ခမ်းစွန်းသည်လည်း အပြုံးကြောင့် ကွေးညွတ်နေသည်။
“ဒါနဲ့ … မင်းတို့ရော ဘယ်လိုလဲ။ ကလေးယူဖို့ အချိန်တန်ပြီလေကွာ” အီကာအိသည် ယိုရှီတာကာကို လှမ်းကြည့်ပြီးနောက် အကြည့်ကို အာယနဲထံသို့ ရွှေ့လိုက်ပြန်သည်။ “မင်းတို့ နှစ်ယောက်လည်း မင်္ဂလာဆောင်တာ တစ်နှစ်လောက် ရှိပြီ။ နှစ်ယောက်တစ်ကမ္ဘာ နေရတဲ့ဘဝကိုလည်း ငြီးငွေ့လောက်ရောပေါ့”
“ဒီမယ်” ယူကီကိုသည် သူ့ခင်ပွန်း၏ လက်မောင်းကို အသာအယာ လှမ်းပုတ်လိုက်သည်။ “ရှင်က နေရာတကာ ဝင်ပါချင်တာပဲ”
“အေးပေါ့ကွာ။ လူတိုင်းမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ရှိကြတာပဲ မဟုတ်လား” အီကာအိသည် သွားဖြဲပြကာ ဖန်ခွက်ထဲမှ ဝိုင်များကို တစ်ကျိုက်တည်းဖြင့် ကုန်အောင် မော့သောက်ပစ်လိုက်သည်။ ထို့နောက် ဟိရောမိဘက်သို့ လှည့်ပြီး “ဟိရောမိ၊ နင်ရော ဘယ်လိုလဲ။ အဲ … အထင်တော့ မလွဲလိုက်နဲ့ဦး။ ငါက နင့်ရဲ့ သင်တန်းကိစ္စကို မေးတာ။ အဆင်ပြေရဲ့ မဟုတ်လား”
“ဟုတ်၊ အဆင်ပြေပါတယ်။ ဒါပေမယ့် နားမလည်တာတွေတော့ အများကြီး ရှိသေးတာပေါ့”
“နင်က အခု သင်တန်းကိစ္စတွေအားလုံး ဟိရောမိကို လွှဲထားလိုက်ပြီလား” ယူကီကိုက အာယနဲကို မေးသည်။
အာယနဲက ခေါင်းညိတ်ပြသည်။ “အခုဆိုရင် ဟိရောမိကို သင်ပေးစရာ ဘာမှ မကျန်တော့ဘူး”
“တယ် ဟုတ်ပါလား” ယူကီကိုက ချီးကျူးလေးစားသော အကြည့်ဖြင့် ဟိရောမိကို ငေးကြည့်နေသည်။
ဟိရောမိသည် နှုတ်ခမ်းကို လျှာဖြင့် သပ်ပြီး ခေါင်းကို ငုံ့ထားလိုက်သည်။ အမှန်ဆိုလျှင် အီကာအိဇနီးမောင်နှံသည် ဟိရောမိ၏ အလုပ်ကိစ္စကို များစွာ စိတ်ဝင်စားလှသည် မဟုတ်ပေ။ မိသားစုနှစ်စု၏ အလယ်တွင်
ကြားညပ်နေသော
ကောင်မလေးတစ်ယောက်ကို နေရထိုင်ရ မခက်စေရန် စကားဦး လှည့်ပေးရုံမျှသာ ဖြစ်ကောင်းဖြစ်ပေမည်။
“ဒါနဲ့ ငါ နင်တို့ကို ပစ္စည်းတစ်ခု ပေးစရာ ရှိတယ်” ထိုသို့ ပြော၍ အာယနဲသည် နေရာမှ ထကာ ဆိုဖာထိုင်ခုံအနောက်မှ စက္ကူအိတ်တစ်လုံးကို လှမ်းယူလိုက်သည်။ “ရော့”
အိတ်ထဲမှ ပစ္စည်းကို မြင်ရသည့်အခါတွင် ယူကီကိုသည် လက်နှစ်ဖက်နှင့် သူ၏ ပါးစပ်ကို အုပ်ကာ အင်မတိ အင်မတန် အံ့ဩသွားသည့် အမူအရာမျိုးဖြင့် အားကနဲ ထအော်လိုက်သည်။ ၎င်းမှာ အဝတ်စပိုင်းကလေးများဖြင့် အနုစိတ် စပ်ချုပ်ထားသော အိပ်ရာခင်း ဖြစ်သည်။ တစ်ခုပဲ ရှိသည်။ ပုံမှန်အိပ်ရာခင်းထက် အများကြီး ပိုသေးနေသည်။
“နင်တို့ကလေးရဲ့ ပုခက်အတွက် အိပ်ရာခင်း လုပ်ရအောင်လေ” အာယနဲက ပြောသည်။ “ပုခက်နဲ့ မအိပ်တော့တဲ့ အချိန်ကျရင် ပန်းချီကားအဖြစ်နဲ့ နံရံမှာ ချိတ်ထားလို့ရတယ်”
“အရမ်းလှတာပဲ။ ကျေးဇူးပဲ အာယနဲ” ယူကီကိုသည် လွန်စွာမှ ကျေးဇူးတင်ရှိသော ဟန်ပန်ဖြင့် စပ်ထည်အိပ်ရာခင်းကို ရင်ခွင်ထဲ၌ အားရပါးရ ပွေ့ပိုက်ထားလေသည်။ “နင့်လက်ဆောင်ကို သားလေးလည်း သဘောကျလောက်တယ်။ ကျေးဇူးပဲဟာ”
“တကယ့်ကို လက်ရာမြောက်တာပဲ။ ဒါတစ်ခုပြီးဖို့ အချိန် ဘယ်လောက်တောင် ပေးလိုက်ရတာလဲ” အီကာအိ၏ အကြည့်သည် ဟိရောမိထံသို့ ရောက်ရှိသွားသည်။ သူ့ထံမှ အဖြေတစ်ခုခု တောင်းခံနေသယောင်။
“နှစ်ဝက်လောက်တော့ ကြာမယ် ထင်တယ်” ဤကဲ့သို့သော စပ်ထည်မျိုး ပြုလုပ်ရာတွင် လိုအပ်သည့် လုပ်ငန်းအဆင့်ဆင့်ကို ဟိရောမိသည် များစွာ ရင်းနှီးကျွမ်းဝင်ခြင်း မရှိသေးပေ။ ထို့ကြောင့် သူသည် အတည်ပြုချက် တောင်းခံသည့် အနေဖြင့် အာယနဲကို လှမ်းကြည့်လိုက်သည်။
“ငါလည်း အတိအကျတော့ မမှတ်မိတော့ဘူး” အာယနဲသည် ခေါင်းကို ငဲ့စောင်းကာ စဉ်းစားနေသည်။ “နင်တို့ သဘောကျရင် ပြီးတာပဲ မဟုတ်လား”
“ငါတို့ကတော့ အဟုတ် သဘောကျတာပေါ့။ ဒါပေမယ့် အားနာစရာကြီးဟာ။ ယောက်ျား … နင် သိလား။ ဒီပစ္စည်းကို အပြင်မှာ ရောင်းရင် ပိုက်ဆံဘယ်လောက် ရနိုင်သလဲ ဆိုတာ။ မီတာအာယနဲရဲ့ လက်ရာစစ်စစ်သာဆိုရင် ဂင်ဇာက ပြခန်းတွေမှာ ယန်းတစ်သန်းနဲ့ ရောင်းလို့ရတယ်”
အီကာအိ၏ မျက်လုံးများ ပြူးကျယ်သွားကာ ထူးဆန်းအံ့ဩနေသည်။ အဝတ်ဖြတ်စ ကလေးများဖြင့် ချုပ်စပ်ပြုလုပ်ထားသော ဤပစ္စည်းသည် ထင်မှတ်မထားလောက်အောင် တန်ကြေးရှိနေပါတကား ဟူသော အတွေးက သူ၏ မျက်နှာပေါ်၌ အထင်းသား ပေါ်လွင်နေသည်။
“အာယနဲက အဲဒီအတွက် တော်တော်လေး အပင်ပန်းခံထားတာနော်” ယိုရှီတာကာက ပြောသည်။ “ငါ အိမ်မှာ အနားယူနေတဲ့အချိန်တိုင်း သူက ဟောဟိုက ဆိုဖာပေါ်မှာထိုင်ပြီး တစ်နေကုန် တစ်နေခန်း အပ်တစ်ချောင်းနဲ့ ချုပ်ပြီးရင်း ချုပ်နေတော့တာ။ မမှောင်မချင်း ထိုင်ရာက မထတော့ဘူး။ တကယ် လက်လန်တယ်” ပြောပြီး ဧည့်ခန်းထဲမှ ဆိုဖာခုံရှိရာသို့ မေးငေါ့ပြလေသည်။
“တော်သေးတယ်။ အချိန်မှီပြီးပေလို့” အာယနဲက မျက်နှာ ပြုံးစိစိဖြင့် ခပ်တိုးတိုး ဝင်ပြောသည်။
ထမင်းစားပြီးသည့် အခါ၌ ယောက်ျားနှစ်ယောက်သည် ဆိုဖာခုံပေါ်တွင် ထိုင်ပြီး ဝီစကီထပ်မော့ရန် ကြံစည်နေကြသည်။ ယူကီကိုက ကော်ဖီသောက်ချင်သည်ဟု ဆိုလာသောကြောင့် ဟိရောမိသည် နေရာမှ ထရပ်ကာ မီးဖိုဆောင်ထဲသို့ ဝင်သွားလေသည်။
“ကော်ဖီကို ငါပဲ ဖျော်လိုက်မယ်။ ဟိရောမိ၊ ရေခဲသေတ္တာထဲမှာ ရေခဲတုံးတွေ ရှိတယ်။ အရက်ထဲ ထည့်သောက်ရအောင် နင် သူတို့ကို ယူပေးလိုက်ပါလား” အာယနဲက ဤသို့ ပြောပြီး ရေပိုက်ခေါင်းကို ဖွင့်ကာ ရေနွေးခရားအိုးထဲသို့ ရေများ ဖြည့်နေလေသည်။
ရေခဲတုံးများကို ဗန်းထဲထည့်ကာ ဧည့်ခန်းထဲသို့ ပြန်ရောက်သွားသည့် အခါတွင် သူတို့၏ စကားဝိုင်းသည် ပန်းပင်များအကြောင်းကို ပြောဆိုနေကြသည်။ မာရှိဘတို့၏ ပန်းဥယျာဉ်ထဲရှိ သစ်ပင်ပန်းမန်များကို မြောက်မြားလှစွာသော စလိုက်မီးလုံးကလေးများဖြင့် နေရာစုံ ထောင့်စုံမှ အလင်းပေးထားသောကြောင့် ညအချိန်မှာပင် အရောင်အသွေး စုံလင်သော ပန်းပင်များ၏ အလှတရားကို ရှုမြင်ခံစားနိုင်သည်။
“ဒီလောက် ပန်းပင်တွေ အများကြီးကို ထိန်းသိမ်းစောင့်ရှောက်ရတာ အတော်တော့ ပင်ပန်းမှာပဲ” အီကာအိက ပြောသည်။
“ငါလည်း မသိဘူး။ ဒါတွေအားလုံးကို အာယနဲကပဲ လုပ်နေတာ။ အပေါ်ထပ် ဝရန်တာမှာလည်း ပန်းပင်တွေ စိုက်ထားသေးတယ်။ သူတစ်ယောက်တည်း ဒုက္ခခံပြီး နေ့တိုင်းနေ့တိုင်း ပန်းပင်ရေလောင်းနေတာတော့ တွေ့တာပဲ။ အတော်တော့ ပင်ပန်းမယ့်ပုံပဲ။ ဒါပေမယ့် သူကတော့ အဲဒီလို လုပ်နေရတာကိုပဲ ပျော်နေပုံရတယ်။ အခုလို ဖြူနီပြာဝါ အရောင်ပေါင်းစုံ မြင်နေရတာကိုပဲ အူထဲအသည်းထဲက သဘောကျနေတာ ဖြစ်မယ် ထင်တယ်” ကြည့်ရသည်မှာ ယိုရှီတာကာသည် ဤသို့သော စကားခေါင်းစဉ်မျိုးကို များစွာ စိတ်ဝင်စားလှခြင်း မရှိပေ။ ဟိရောမိ သိထားသော ယိုရှီတာကာသည် သဘာဝလောကကြီးနှင့် သစ်ပင်ပန်းမန်များကို လုံးဝ လုံးဝ စိတ်ပါဝင်စားသူတစ်ယောက် မဟုတ်။
ကော်ဖီခွက်သုံးခွက် သယ်ဆောင်လာသော အာယနဲကို မြင်လိုက်ရသည့် အခါတွင်မှ ဟိရောမိလည်း သတိပြန်ဝင်လာကာ အရက်ထဲသို့ အလျင်အမြန် ရေရောပေးလိုက်သည်။
ည ၁၁ နာရီ လွန်သွားသည်နှင့် အီကာအိတို့ ဇနီးမောင်နှံလည်း အိမ်ပြန်ရန် ဟန်ပြင်ကြတော့သည်။
“အခုလို အစားကောင်း အသောက်ကောင်းနဲ့ ပြုစုဧည့်ခံတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်ပြီး ဒီလောက်တောင် လက်ရာမြောက်တဲ့ ပစ္စည်းကိုလည်း ငါတို့ကို လက်ဆောင်ပေးလိုက်သေးတယ်။ အတော်တော့ အားနာစရာ ကောင်းနေပြီ” အီကာအိက မတ်တတ်ရပ်ကာ စကားဆိုသည်။ “နောက်တစ်ခါကျရင်တော့ ငါ့အလှည့်ပေါ့ကွာ။ ပြောသာ ပြောရတယ်။ တစ်နေကုန် ကလေးထိန်းနေရတာနဲ့ တစ်အိမ်လုံးလည်း ရှုပ်ပွခတ်နေပြီ”
“နောက်နေ့ကျရင် ငါ အိမ်ရှင်းထားလိုက်မယ်” ယူကီကိုသည် သူ့ခင်ပွန်း၏ ခါးကို လှမ်းတို့လိုက်ပြီး အာယနဲကို ပြုံးပြလိုက်သည်။ “ငါတို့ရဲ့ မင်းသားလေးကို ကြည့်ရအောင် အိမ်ကိုလည်း လာလည်ကြဦးလေ။ သူ့မျက်နှာက မုန့်ပျားသလက်လို ဝိုင်းစက်နေတာပဲ”
“လာရမှာပေါ့” အာယနဲက ပြန်ဖြေသည်။
ဟိရောမိလည်း အိမ်ပြန်ရန် ဟန်ပြင်လိုက်သည်။ သူသည် အိမ်ထဲမှ အီကာအိလင်မယားနှင့် အတူထွက်ရန် ဆုံးဖြတ်ထားသည်။ အီကာအိသည် တက္ကစီတစ်စီး ငှားမည်ဖြစ်ပြီး သူ့ကိုလည်း အိမ်အရောက် ပို့ပေးမည် ဖြစ်သည်။
“ဟိရောမိ၊ မနက်ဖြန်ကျရင် ငါ နှစ်ရက်၊ သုံးရက်လောက် ခရီးထွက်ဦးမယ်” အိမ်ပေါက်ဝတွင် ဖိနပ်စီးနေစဉ် ဟိရောမိ၏ နားထဲသို့ အာယနဲ၏ စကားသံက စီးဝင်လာသည်။
“မနက်ဖြန်ကစပြီး သုံးရက်ဆက်တိုက် ရုံးပိတ်တာဆိုတော့ နင် ဟိုဒီလျှောက်လည်မလို့လား” ယူကီကိုက မေးသည်။
“မဟုတ်ဘူး။ အလုပ်ကိစ္စရှိလို့ အမေ့အိမ် ခဏပြန်မလို့”
“အမေ့အိမ် … ဆပ်ပိုရိုကိုလား”
အာယနဲက ပြုံးလျက် ခေါင်းညိတ်ပြသည်။ “အဖေက အခုတလော ကျန်းမာရေး သိပ်မကောင်းဘူး။ အဲဒါ သွားကြည့်ချင်လို့။ ဒါပေမယ့် ဆိုးဆိုးဝါးဝါးကြီးတော့ မဟုတ်ပါဘူး”
“အသက်ကြီးပြီ ဆိုတော့လည်း စိုးရိမ်စရာပေါ့။ အဲဒီလို ဖြစ်နေတာတောင် အာယနဲက ဒုက္ခခံပြီး ငါတို့ကို ဂုဏ်ပြုနေသေးတယ်။ တကယ့်ကို အားနာစရာကြီး” အီကာအိက ခေါင်းကို ပွတ်သပ်ရင်း ပြောနေသည်။
အာယနဲက ခေါင်းကို ခါယမ်းလိုက်သည်။ “စိတ်ထဲ မထားပါနဲ့။ ဘာမှ အပန်းကြီးတာမှ မဟုတ်တာ။ ဟိရောမိ၊ အကြောင်းကိစ္စ ရှိရင် ငါ့လက်ကိုင်ဖုန်းကို ဆက်လိုက်နော်”
“ဆရာမက ဘယ်တော့လောက် ပြန်ရောက်မှာလဲ”
“အခုတော့ မပြောနိုင်သေးဘူး” အာယနဲသည် ခေါင်းကို စဉ်းငယ် ငဲ့စောင်းလိုက်သည်။ “ပြန်ဖို့
ရက်သတ်ပြီးရင်
နင့်ဆီ ဖုန်းဆက်လိုက်မယ်”
“ဟုတ်”
ဟိရောမိက ယိုရှီတာကာကို ဝေ့ကြည့်လိုက်သည်။ သို့သော် သူသည် တခြားတစ်နေရာသို့ ငေးစိုက်ကြည့်နေလေသည်။
မာရှိဘအိမ်မှ ထွက်လာကြပြီးနောက် လမ်းမပေါ်သို့ ရောက်သည့်အခါတွင် အီကာအိသည် တက္ကစီတစ်စီးကို လှမ်းခေါ်လိုက်သည်။ ကားပေါ်မှ အရင်ဆုံး ဆင်းရမည့် ဟိရောမိသည် ကားထဲသို့ နောက်ဆုံးမှ ဝင်လိုက်သည်။
“ငါတို့ ကလေးကိစ္စကို ပြောတာ နည်းနည်းများ များသွားသလား မသိဘူး” တက္ကစီက အဝေးသို့ မရောက်သေးခင်မှာပင် ယူကီကို၏ မေးခွန်းက ထွက်ပေါ်လာသည်။
“ဘာဖြစ်လို့လဲ။ ကိစ္စမရှိပါဘူးကွာ။ ဒီတစ်ခေါက် ငါတို့ကို တကူးတက ညစာခေါ်ကျွေးတဲ့ ကိစ္စကလည်း သားလေးမွေးတာကို ဂုဏ်ပြုချင်လို့ပဲ ဥစ္စာ” ကားရှေ့ခန်းတွင် ထိုင်နေသော အီကာအိက ပြောသည်။
“အဲဒီလို မဟုတ်ဘူးလေ။ ငါ စိုးရိမ်တာက ငါတို့ရဲ့ အပြုအမူ၊ အပြောအဆိုက သူတို့ကို စော်ကားသလို ဖြစ်နေမလားလို့။ သူတို့ကလည်းပဲ ကလေးကို အရမ်း လိုချင်နေကြတာ မဟုတ်လား”
“ယိုရှီတာကာ ပြောတာတော့ ကြားဖူးတယ်”
“မွေးများ မမွေးနိုင်တော့လို့လား မသိဘူးနော်။ ဟိရောမိ၊ နင်ရော ဘာကြားသေးလဲ”
“ဟင့်အင်း။ ကျွန်မ ဘာမှ ပြောသံမကြားမိဘူး”
“ဟုတ်လား …” ယူကီကို၏ လေသံက အားလျော့စိတ်ပျက်သွားသည့် အသံမျိုး။ ဟိရောမိက တွေးကြည့်နေမိသည်။ သည်လင်မယားနှစ်ယောက်သည် သူ့ထံမှ စကားအစ်အောက်လို၍သာလျှင် သူ့ကို အိမ်ပြန်လိုက်ပို့ပေးမည်ဟု သဘောကောင်းချင်ယောင် ဆောင်နေကြခြင်းသာ ဖြစ်ပေလိမ့်မည်။
***
နောက်တစ်နေ့တွင် ဟိရောမိသည် ထုံးစံအတိုင်း နံနက် ၉ နာရီအချိန်၌ အိမ်မှ ထွက်ပြီး ဒိုင်ကန်ယာမရှိ အန်နဲဂေဟာသို့ ဦးတည်လာခဲ့သည်။ သူတို့သည် ကန်ထရိုက်တိုက်တစ်လုံးပေါ်ရှိ အခန်းတစ်ခုကို ပြန်လည်ပြုပြင်၍ စပ်ထည်သင်တန်းကျောင်းအဖြစ် ဖွင့်လှစ်ထားသည်။ ထိုကျောင်း၊ ထိုအန်နဲဂေဟာကို စတင် တည်ထောင်ခဲ့သူမှာ အာယနဲ ဖြစ်သည်။ ယခုအခါတွင် သင်တန်းသားပေါင်း နှစ်ဆယ်ကျော် ရှိပြီး သူတို့အားလုံးသည်လည်း မီတာအာယနဲထံမှ ပညာရည် သောက်စို့လိုကြသောကြောင့်သာ ဤနေရာသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။
တိုက်ခန်း၏ ဓာတ်လှေကားထဲမှ ထွက်လိုက်သည့် အခါတွင် စာသင်ခန်း၏ တံခါးပေါက်ဝ၌ ရပ်နေသော အာယနဲနှင့် သူ၏ နံဘေးမှ ခရီးဆောင်အိတ်တို့ကို တွေ့မြင်လိုက်ရသည်။ အာယနဲသည် ဟိရောမိကို မြင်လိုက်သည်နှင့် ပြုံး၍ ဆီးကြိုနှုတ်ဆက်သည်။
“ဆရာမ ဘယ်လိုလုပ် ဒီရောက်လာတာလဲ”
“ဘာရယ် မဟုတ်ပါဘူး။ ဒါလေး နင့်ဆီမှာ ခဏ ထားခဲ့ချင်လို့” ပြောပြီး အာယနဲသည် အိတ်ကပ်ထဲမှ သော့တစ်ချောင်းကို ထုတ်၍ ဟိရောမိကို လှမ်းပေးလိုက်သည်။
“ဒါက …”
“ငါ့အိမ်သော့လေ။ မနေ့က နင့်ကို ပြောခဲ့သလိုပေါ့။ ဘယ်အချိန်မှ ငါ ပြန်ရောက်နိုင်မလဲ မပြောတတ်သေးဘူး။ ဒီတော့ အိမ်ရဲ့ လုံခြုံရေးကို နည်းနည်း စိတ်ပူမိတယ်။ ဒါကြောင့် လိုရမယ်ရ ဒီသော့ကို နင့်ဆီမှာပဲ အပ်ထားခဲ့လိုက်မယ်”
“ဪ … ဒီလိုလား”
“ယူမထားချင်လို့လား”
“ဟင့်အင်း၊ ယူမထားချင်လို့ မဟုတ်ပါဘူး။ … ဆရာမ၊ ဆရာမဆီမှာရော သော့အပို ရှိသေးတာလား”
“ငါ့ကို စိတ်မပူပါနဲ့။ ငါ အိမ်ပြန်လာတော့မယ် ဆိုရင် နင့်ကို ကြိုပြီး ဆက်သွယ်လိုက်မှာပေါ့။ တကယ်လို့ အဲဒီအချိန်မှာ နင် အဆင်မပြေဘူး ဆိုရင်တောင် ညရောက်ရင် ငါ့ယောကျ်ားလည်း အိမ်ပြန်ရောက်ရောပေါ့”
“ဒီလိုဆိုလည်း ကျွန်မပဲ ကူသိမ်းထားပေးလိုက်ပါ့မယ်”
“အင်း၊ ကူညီပါဦး” အာယနဲသည် ဟိရောမိ၏ လက်တစ်ဖက်ကို ဆွဲမ,ကာ
လက်ဖဝါးထဲသို့
သော့ကို ထည့်ပေးလိုက်သည်။ ထို့နောက် လက်သီးဆုပ်ဖြစ်သွားစေရန် ကျန်လက်တစ်ဖက်ဖြင့် ဟိရောမိ၏ လက်ချောင်းများကို ကွေးညွတ်သွားအောင် ဖိချကာ လက်နှစ်ဖက်ဖြင့် ၎င်းလက်သီးဆုပ်ကို တင်းတင်းကျပ်ကျပ် ဖိကိုင်ထားလေသည်။ ထို့နောက်တွင် “ဘိုင်” ဟုဆိုကာ ခရီးဆောင်အိတ်ကို ဆွဲ၍ ထွက်ခွာသွားလေတော့သည်။
ဟိရောမိသည် အာယနဲ၏ ကျောပြင်ကို ငေးကြည့်နေရင်း “ဆရာမ” ဟု လွှတ်ကနဲ လှမ်းခေါ်လိုက်မိသည်။
အာယနဲ၏ ခြေလှမ်းများ တုံ့ရပ်သွားသည်။ “ဘာပြောစရာ ရှိလို့လဲ”
“ဘာမှ မဟုတ်ပါဘူး။ လမ်းမှာ ဂရုစိုက်ဦးလို့ ပြောမလို့”
“ကျေးဇူးပဲ” အာယနဲသည် လွတ်နေသော လက်တစ်ဖက်ဖြင့် တာ့တာပြကာ ခြေလှမ်းများကို နောက်တစ်ဖန် လှမ်းလိုက်လေတော့သည်။
***
သင်တန်းများအားလုံးသည် ညမှောင်ခါမှ ပြီးဆုံးသွားသည်။ ထိုနေ့ တစ်နေကုန်လုံးတွင် သင်တန်းသားများ တစ်သုတ်ပြီးတစ်သုတ် ဝင်လာလိုက်၊ ပြန်ထွက်သွားလိုက်ဖြင့် အလုပ်ရှုပ်လိုက်သည်မှာ ဟိရောမိအတွက် အသက်ဝဝရှူချိန်ပင် မရနိုင်အောင် ဖြစ်ခဲ့ရသည်။ နောက်ဆုံးအသုတ် ကျောင်းသားများ ပြန်သွားချိန်ရောက်မှ သူ၏ ကျောနှင့် ပခုံးတွင် မခံမရပ်နိုင်အောင် နာကျင်နေကြောင်း သတိထားမိတော့သည်။
သိမ်းဆည်းစရာ ရှိသည်များကို သိမ်းဆည်းပြီး၍ စာသင်ခန်းထဲမှ ထွက်ခွာတော့မည် အပြုတွင် ဟိရောမိ၏ လက်ကိုင်ဖုန်းမှ အသံမြည်လာသည်။ ဖုန်းမျက်နှာပြင်ကို တစ်ချက် လှမ်းကြည့်ပြီး တံတွေးမျိုချလိုက်မိသည်။ ဖုန်းခေါ်လာသူက ယိုရှီတာကာ။
“ဒီနေ့ သင်ရမယ့် အတန်းတွေအားလုံး ပြီးသွားပြီ မဟုတ်လား” ဖုန်းကိုင်လျှင် ကိုင်ချင်း ယိုရှီတာကာ၏အသံ ထွက်ပေါ်လာသည်။
“အခုလေးတင် ပြီးတယ်”
“အင်း။ ငါ အခု ဧည့်သည်တချို့နဲ့ ညစာစားနေတယ်။ စားပြီးတာနဲ့ အိမ်ပြန်မှာ။ နင် ငါ့အိမ်ကို အရင် သွားနှင့်ပါလား”
သူ၏ စကားသံက ဘာမျှ အရေးမပါသည့်ဟန်ဖြင့် ပေါ့ပါးလွတ်လပ်လွန်းနေသည်။ ဟိရောမိပင် မည်သို့ တုံ့ပြန်ရမှန်း မသိအောင် အူကြောင်ကြောင် ဖြစ်သွားရသည်။
“ဘာလဲ။ မအားဘူးလား”
“အလုပ်တော့ မရှိပါဘူး။ ဒါပေမယ့် … အဲဒီလို လုပ်လို့ ကောင်းပါ့မလား”
“ဘာ မကောင်းစရာ အကြောင်းရှိလဲ။ နင်လည်း သိပြီးသားပဲဥစ္စာ။ သူ ဒီရက်ပိုင်းအတွင်း အိမ်ကို ပြန်လာနိုင်ဦးမှာ မဟုတ်ဘူး”
ဟိရောမိသည် နံဘေးရှိ လက်ကိုင်အိတ်ကို စူးစူးနစ်နစ် ငေးစိုက်ကြည့်နေမိသည်။ ထိုအိတ်ထဲတွင် သည်မနက်ကမှ လောလောလတ်လတ် လက်ခံရရှိထားသော အိမ်သော့တစ်ချောင်း ရှိနေသည်။
“နောက်ပြီး ငါ နင့်ကို ပြောစရာစကားလည်း ရှိနေသေးတယ်” သူက ပြောသည်။
“ဘာပြောမလို့လဲ”
“တွေ့မှ ပြောကြတာပေါ့။ ငါ ၉ နာရီလောက် အိမ်ပြန်ရောက်မယ်။ နင် မလာခင် ငါ့ဆီ ဖုန်းအရင် ဆက်ခဲ့လိုက်” ပြောပြီးသည်နှင့် ချက်ချင်း သူ ဖုန်းချသွားသည်။
***
အီတာလျံခေါက်ဆွဲဆိုင်တစ်ဆိုင်တွင် ညစာစားပြီးသည့်နောက်၌ ဟိရောမိသည် ယိုရှီတာကာထံသို့ ဖုန်းဆက်လိုက်သည်။ ယိုရှီတာကာသည် အိမ်ပြန်ရောက်နေပြီ ဖြစ်၍ သူ့ကို မြန်မြန်လာရန် လောဆော်နေသည်။ သူ၏ လေသံကို နားထောင်ရသည်မှာ အတော်အတန် စိတ်ရွှင်လန်းနေပုံ ရသည်။
မာရှိဘအိမ်သို့ သွားစဉ် တက္ကစီပေါ်၌ ဟိရောမိသည် သူ့ကိုယ်သူ ရွံမုန်းလာမိသည်။ တစ်ဖက်မှကြည့်လျှင် ယိုရှီတာကာ၏ ပေါ့ပြက်သော စိတ်သဘောထားကို သူ စဉ်းငယ်မျှ သဘောမကျပေ။ သို့သော် အခြားတစ်ဖက်တွင်လည်း သူသည် ရင်တလှပ်လှပ်ဖြစ်ကာ ပျော်ရွှင်ကျေနပ်နေမိသည်ကို ဝန်ခံရပေမည်။
ယိုရှီတာကာသည် ဟိရောမိကို ဝမ်းပမ်းတသာ ကြိုဆိုလေသည်။ သူ၏ အမူအရာက တစ်ချက်ကလေးမျှ ခိုးကြောင်ခိုးဝှက် လုပ်နေရသည့် ဟန်ပန်မျိုး မပေါက်ပေ။ ကြောင့်ကြပူပန်စိတ်မျိုး စိုးစဉ်းမျှ ရှိဟန် မတူ။
ဧည့်ခန်းသို့ ရောက်သည့်အခါ၌ ဧည့်ခန်းထဲတွင် ဝေ့ဝဲပျံ့နှံ့နေသော ကော်ဖီအနံ့ကို ဟိရောမိ ရလိုက်သည်။
“ကိုယ်တိုင် ကော်ဖီမဖျော်ရတာတောင် အတော် ကြာသွားပြီ။ အရသာရော အိုကေပါ့မလား မပြောတတ်ဘူး” ယိုရှီတာကာသည် မီးဖိုဆောင်ထဲသို့ ဝင်သွားသည်။ ထို့နောက် လက်တစ်ဖက်စီတွင် ကော်ဖီခွက်တစ်ခွက်စီ ကိုင်လျက် ဧည့်ခန်းဘက်သို့ ပြန်ရောက်လာသည်။ ခွက်ခံပန်းကန်ပြားများ ပါမလာခဲ့။
“ရှင် မီးဖိုဆောင်ထဲ ဝင်တာကို ကျွန်မဖြင့် အရင်က တစ်ခါမှ မမြင်ဖူးဘူး”
“ဟုတ်လား။ ဟုတ်မှာပါပဲ။ သူနဲ့ အိမ်ထောင်ကျပြီးကတည်းက အိမ်မှုကိစ္စကို ဘာတစ်ခုမှ လုပ်စရာ မလိုတော့ဘူး”
“ဆရာမက အိမ်ထောင်မှု နိုင်နင်းတာကြောင့်နေမှာ” ဟိရောမိသည် ပြောပြီး ကော်ဖီတစ်ငုံ စုပ်သောက်လိုက်သည်။ ကော်ဖီက ခါးတူးနေသည်။
ယိုရှီတာကာ၏ မျက်နှာလည်း ရှုံ့မဲ့နေသည်။ “ကော်ဖီမှုန့်ထည့်တာ လက်လွန်သွားပြီ”
“ကျွန်မ အသစ်ထပ်ဖျော်လိုက်မယ်”
“နေပါ။ နောက်မှပေါ့။ အဲဒါ ခဏထားလိုက်ဦး” သူသည် ကော်ဖီခွက်ကို စကျင်ကျောက်ပြား စားပွဲပေါ် တင်လိုက်သည်။ “ငါ သူ့ကို မနေ့က ပြောပြလိုက်ပြီ”
“ထင်သားပဲ”
“ဒါပေမယ့် တစ်ဖက်လူက နင်ဆိုတာကိုတော့ ငါ မပြောလိုက်ဘူး။ သူနဲ့ မသိတဲ့ မိန်းမတစ်ယောက်လို့ပဲ ငါ ပြောထားတာ။ သူ ယုံမယုံတော့ ငါလည်း မပြောတတ်ဘူး”
ဟိရောမိသည် ယနေ့နံနက်က အခြေအနေကို ပြန်လည် မြင်ယောင်ကြည့်မိသည်။ အာယနဲက သူ့ကို သော့ပေးစဉ် အာယနဲ၏ မျက်နှာထားကို ပြန်လည် ပုံဖော်ကြည့်သည်။ ပြုံးချိုနေသော မျက်နှာဟန်ပန်၏ နောက်ကွယ်တွင် မည်သို့သော အကောက်ကြံမှုမျိုးကို ဖုံးဖိကွယ်ဝှက်ထားသနည်း။ သူ အဓိပ္ပာယ် မဖွင့်တတ်ပေ။
“ဆရာမက ဘယ်လို ပြန်ပြောလဲ”
“သူက သဘောတူတယ်တဲ့လေ”
“တကယ်ကြီးလား”
“တကယ်ပေါ့။ ငါ နင့်ကို အစောကြီးကတည်းက ပြောခဲ့ဖူးသားပဲ။ သူ ကန့်ကွက်မှာ မဟုတ်ဘူးလို့”
ဟိရောမိက ခေါင်းကို ခါယမ်းလိုက်သည်။ “ဒီလိုစကားမျိုးကို ကျွန်မအနေနဲ့ မပြောသင့်ဘူး ဆိုပေမယ့် ပြောစရာ ရှိတာတော့ ပြောရမှာပဲ။ သူ အခုလို လွယ်လွယ်နဲ့ လက်ခံလိုက်တာကတော့ ကျွန်မဖြင့် နားမလည်နိုင်အောင်ပဲ”
“ဒါက ကစားပွဲစည်းကမ်းပဲလေ။ ဒါပေမယ့် အဲဒီစည်းကမ်းကို ငါက သတ်မှတ်ခဲ့တယ်ပဲ ဆိုပါတော့။ ဘာပဲဖြစ်ဖြစ်ပါလေ။ အခုဆိုရင် ဘာမှ စိတ်ပူစရာ၊ ခေါင်းရှုပ်စရာ မလိုတော့ဘူး။ ပြဿနာအားလုံး ပြေလည်သွားပြီ”
“ဒါဆို ကျွန်မလည်း စိတ်ချလက်ချ နေလို့ရပြီပေါ့”
“ဒါပေါ့” ပြောပြီး ယိုရှီတာကာသည် လက်ကို ဆန့်တန်းကာ ဟိရောမိ၏ ပခုံးကို လှမ်းဖက်ပြီး သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ ဟိရောမိသည် သူ၏ ရင်ခွင်ကို မှီလျက် ယိုရှီတာကာ၏ နှုတ်ခမ်းတစ်စုံက သူ့နားနားသို့
ရွေ့လျားလာသည်ကို
ခံစားသိနေရသည်။
“ဒီည မပြန်နဲ့တော့နော်”
“ရှင်တို့ရဲ့ လင်မယားအိပ်ခန်းထဲမှာ အိပ်ရမှာလား”
ယိုရှီတာကာသည် နှုတ်ခမ်းကို ကွေးညွတ်သွားအောင် ပြုံးလိုက်သည်။ “ဧည့်သည်ဆောင်မှာ အိပ်ကြမယ်လေ။ အဲဒီအခန်းထဲမှာလည်း နှစ်ယောက်အိပ်ခုတင် ရှိတယ်”
ဟိရောမိက အသာအယာ ခေါင်းညိတ်လိုက်သည်။ ရင်ထဲတွင်မူ စိတ်ရှုပ်ထွေးမှုများ၊ ပေါ့ပါးလွတ်လပ်မှု အနည်းအကျဉ်းနှင့် ခါတွတ်၍ မရနိုင်သေးသော စိုးရိမ်သောကများ
ရောပြွမ်းယှက်တင်နေသည်။
နောက်တစ်နေ့ နံနက်ခင်းတွင် ဟိရောမိသည် မီးဖိုဆောင်အတွင်း၌ ကော်ဖီဖျော်ရန် ပြင်ဆင်နေသည်။ ထိုစဉ် အနားသို့ ယိုရှီတာကာ ရောက်ရှိလာပြီး ကော်ဖီဖျော်နည်းကို သူ့အား ပြန်ပြပေးရန် တောင်းဆိုလာသည်။
“ကျွန်မလည်း ဆရာမဆီက သင်ထားတာ”
“ကိစ္စ မရှိဘူး။
ငါ့ကို
ဖျော်ပြစမ်းပါ” ယိုရှီတာကာသည် လက်ပိုက်လျက် အနားတွင် ရပ်နေသည်။
ဟိရောမိသည် ကော်ဖီစစ်ခွက်တွင် စက္ကူရေစစ်ကို တပ်ဆင်ပြီးနောက် ကော်ဖီမှုန့်များကို စစ်ခွက်ထဲသို့ ချိန်ဇွန်းဖြင့် ခပ်ထည့်လိုက်သည်။ ယိုရှီတာကာသည် အနားသို့ တိုးကပ်လာပြီး ကော်ဖီပမာဏကို မှတ်သားနေသည်။
“ပထမဆုံးအနေနဲ့ ရေပူနည်းနည်း ထည့်ရမယ်။ နည်းနည်းပဲနော်။ နောက်ပြီး အမှုန့်တွေ ပွတက်လာတဲ့အထိ ခဏစောင့်ရမယ်” ဟိရောမိသည် ရေနွေးခရားအိုးကို မ,ကာ စစ်ခွက်ထဲသို့ ရေနွေးပူအနည်းငယ် လောင်းထည့်လိုက်သည်။ စက္ကန့်နှစ်ဆယ်ခန့် ကြာသည့်အခါမှ ရေနွေးပူများ ထပ်မံ လောင်းထည့်ပြန်သည်။ “အခုလို ရေနွေးပူကို အဝိုင်းပတ်ပတ်ပြီး လောင်းထည့်ပေးရင် ကော်ဖီတွေ အထက်ကို လျှံတက်လာလိမ့်မယ်။ ဒါကြောင့် လောင်းထည့်တဲ့အချိန်မှာ နည်းနည်း သတိထားရမယ်။ နောက်ပြီး ကော်ဖီခရားအိုးထဲက ရေချိန်မှတ်ကိုလည်း ကြည့်ဖို့ မမေ့နဲ့ဦး။ နှစ်ယောက်စာ လုံလောက်ပြီ ဆိုတာနဲ့ ကော်ဖီစစ်ခွက်ကို ဖယ်လိုက်တော့။ မဟုတ်ရင် အရသာက ပေါ့သွားလိမ့်မယ်”
“အတော်တော့ ရှုပ်ထွေးတာပဲ”
“အရင်က
ကိုယ့်ဘာသာကိုယ်
ဖျော်သောက်ခဲ့ဖူးတယ် မဟုတ်လား”
“ကော်ဖီဖျော်စက်နဲ့ပဲ လုပ်ခဲ့ဖူးတာလေ။ အိမ်ထောင်ကျပြီးတော့ အာယနဲက အဲဒီစက်ကို လွှင့်ပစ်လိုက်တယ်။ ကိုယ့်ဟာကိုယ် လက်နဲ့ဖျော်တဲ့ ကော်ဖီကမှ ပိုပြီး သောက်ကောင်းတယ် ဆိုပဲ”
“ဆရာမက ရှင် ကော်ဖီကြိုက်တတ်မှန်း သိလို့ ပိုပြီးမွှေး၊ ပိုပြီးသောက်ကောင်းတဲ့ ကော်ဖီကို သူ့လက်နဲ့ တယုတယ ဖျော်တိုက်ချင်လို့ နေမှာပေါ့”
ယိုရှီတာကာသည် မချိပြုံးပြုံးကာ ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းနေသည်။ သူ့အတွက်နှင့် အာယနဲ၏ အနစ်နာခံ ပေးဆပ်ခဲ့မှုများအကြောင်းကို ဟိရောမိက ပြောလိုက်သည့် အခါတိုင်းတွင် သူသည် ဤသို့သော ဟန်ပန်မျိုးကို ပြုလုပ်ပြတတ်လေ့ရှိသည်။
ဟိရောမိ ဖျော်ပေးထားသော ကော်ဖီကို သောက်ပြီးသည့် အခါတွင် ယိုရှီတာကာသည် ကော်ဖီကို အားပါးတရ ချီးကျူးနေတော့သည်။
အန်နဲဂေဟာရှိ သင်တန်းများကို တနင်္ဂနွေနေ့များတွင် ပိတ်ထားလေ့ရှိသည်။ သို့သော် ဟိရောမိသည် အိကဲဘုကုရိုတွင် ဖွင့်လှစ်ထားသော အနုပညာသင် ကျောင်းတစ်ကျောင်း၌ အချိန်ပိုင်းဆရာအဖြစ် သင်ကြားပေးနေသေးသည်။ ဤအလုပ်သည်လည်း အာယနဲထံမှ လက်လွှဲယူထားသော အလုပ်တစ်ခု ဖြစ်သည်။
ယိုရှီတာကာသည် ဟိရောမိအား အလုပ်ပြီးပြီးချင်း ဖုန်းဆက်ရန် မှာထားသည်။ သူနှင့် ညစာအတူစားရန် ကြံစည်ထားဟန် တူသည်။ ဟိရောမိအနေဖြင့်လည်း ငြင်းဆန်ရန် အကြောင်း မရှိပေ။
၇ နာရီကျော်တွင် အနုပညာသင်ကျောင်း၏ အလုပ်များ ပြီးပြတ်သွားသည်။ ဟိရောမိသည် သိမ်းဆည်းစရာ ရှိသည်များကို သိမ်းဆည်းနေရင်း ယိုရှီတာကာထံသို့ ဖုန်းဆက်လိုက်သည်။ ဖုန်းဝင်သွားသော်လည်း ဖုန်းကိုင်မည့်သူ မရှိပေ။ သို့ဖြင့် သူသည် မာရှိဘအိမ်ရှိ အထိုင်ဖုန်းဆီသို့ ဆက်ကြည့်ပြန်သည်။ ထိုနည်းလည်းကောင်း ဖုန်းကိုင်မည့်သူ မရှိပေ။
အိမ်အပြင်သို့ ထွက်သွားခြင်းပေလော။ သို့သော် လက်ကိုင်ဖုန်းကိုမူ ယူမသွားဘဲ အိမ်တွင် ပစ်ထားခဲ့လိမ့်မည် မဟုတ်။
နောက်ဆုံး ဟိရောမိသည် ကြံရာမရဘဲ မာရှိဘအိမ်သို့ သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ လမ်းတစ်လျှောက်တွင် သူသည် အကြိမ်ကြိမ် ဖုန်းဆက်ကြည့်သေးသည်။ ယခုကအတိုင်း ကိုင်မည့်သူ မရှိပေ။
သူသည် ယိုရှီတာကာ၏ အိမ်အရှေ့သို့ ရောက်ရှိလာသည်။ အိမ်အပြင်ဘက်မှ ကြည့်လျှင် ဧည့်ခန်းရှိ အခန်းမီးများက လင်းနေသည်။ သို့သော်လည်း ဖုန်းကိုင်မည့်သူ မရှိ။
ဟိရောမိသည် စိတ်ကို တည်ငြိမ်အောင် ကြိုးစားပြီး အိတ်ထဲမှ သော့ကို ထုတ်ယူလိုက်သည်။ ၎င်းမှာ အာယနဲက သူ့ထံတွင် အပ်နှံထားခဲ့သော သော့ဖြစ်သည်။
အိမ်ခန်းတံခါးမကြီးကို အတွင်းဘက်မှ လော့ချထားသည်။ သူသည် တံခါးသော့ကို လှည့်ဖွင့်ကာ တံခါးရွက်ကို တွန်းဖွင့်လိုက်သည်။ ဝင်ပေါက်မျက်နှာကျက်ပေါ်ရှိ မီးလုံးကလည်း လင်းထိန်နေသည်။
ဟိရောမိသည် ဖိနပ်ကို ချွတ်၍ လျှောက်လမ်းအတိုင်း အိမ်အတွင်းသို့ လျှောက်ဝင်လာခဲ့သည်။ အခန်းတွင်း၌ ကော်ဖီရနံ့က ထုံသင်းလျက်။ နံနက်ခင်းက ဖျော်ခဲ့သော ကော်ဖီ၏ ရနံ့သည် ယခုချိန်အထိ သင်းပျံ့နေစရာ အကြောင်းမရှိပေ။ ယိုရှီတာကာကိုယ်တိုင် နောက်တစ်ကြိမ် ထပ်ဖျော်ထားခြင်းသာ ဖြစ်ရပေမည်။
ဧည့်ခန်းတံခါးကို တွန်းဖွင့်လိုက်ပြီးသည့် အခိုက်အတန့်တွင် ဟိရောမိသည် ကြက်သေသေသွားသည်။ ယိုရှီတာကာသည် ကြမ်းပြင်တွင် လဲနေပြီး နံဘေးတွင် ကော်ဖီခွက်တစ်ခွက် မှောက်လျက် ရှိနေသည်။ အနက်ရောင် ကော်ဖီရည်များသည် ပါကေးကြမ်းပြင်ပေါ်တွင် ပျံ့ကြဲဖိတ်စင်နေကြသည်။
လူနာတင်ယာဉ်ကို လှမ်းခေါ်ရမည်။ ဖုန်းဆက်ခေါ်ရမည်။ ဖုန်းနံပါတ် … ဖုန်းနံပါတ် … ဖုန်းနံပါတ်က ဘယ်လောက်လဲ။ ဟိရောမိသည် တုန်ယင်နေသော လက်ဖြင့် လက်ကိုင်ဖုန်းကို အိတ်ထဲမှ ဆွဲထုတ်လိုက်သည်။ သို့သော် မည်သည့်နံပါတ်ကို ခေါ်ဆိုရမည်နည်း။ သူ မည်သို့မျှ စဉ်းစားမရတော့ပြီ။