မာတိကာကြည့်ရန်

(ခ)

ခုနက ပြောပြီးခဲ့တဲ့ အကြောင်းအချက်တွေကို အခြေခံပြီး စဉ်းစားလိုက်ရင် ဒီအမှုဟာ ကြိုတင်ကြံစည်မှုဆိုတာ အရှင်းကြီး ပေါ်နေပြီးသားပါ။ ခင်ဗျားအနေနဲ့ကျတော့ ကြိုတင်ကြံစည်ထားပါတယ်လို့ လူတွေကို မသိစေချင်ဘူး။ မမျှော်လင့်ဘဲ ကျူးလွန်မိတဲ့ လူသတ်မှုတစ်ခုအနေနဲ့ အထင်ခံရမှ ဖြစ်မယ်။ အဲဒီလိုမှ မထင်ခဲ့ရင် ခင်ဗျားရဲ့ လံကြုပ် အကြောင်းအရင်းကလည်း အသုံးမတည့်တော့ဘူး။

သတ်ဖြတ်မယ့် နည်းလမ်းအပေါ် ခင်ဗျား အတော်လေး စဉ်းစားခဲ့ပုံရတယ်။ ဓားနဲ့ အဆိပ်ကိုလည်း သုံးလို့ မဖြစ်ဘူး။ အဲဒီလို သုံးလိုက်ရင် ကြိုတင်ကြံစည်ထားတယ်ဆိုတာ ဗူးပေါ်သလို ပေါ်သွားလိမ့်မယ်။ လည်ပင်း ညှစ်သတ်ရင်ရော။ ခင်ဗျားတို့ နှစ်ယောက်ရဲ့ ခွန်အားဗလကို နှိုင်းယှဉ်ကြည့်ရင် အဲဒီနည်းလမ်းဟာ ဘယ်လိုမှ အလုပ် မဖြစ်နိုင်ဘူးဆိုတာ လွယ်လွယ်နဲ့ သဘောပေါက်နိုင်တယ်။ ဒါကြောင့် ခင်ဗျားဟာ အလစ်ချောင်း တိုက်ခိုက်ဖို့ နည်းလမ်းကို ရွေးချယ်ခဲ့တယ်။ အလစ်မှာ အမာထည် ပစ္စည်းတစ်ခုနဲ့ အနောက်ကနေ ရိုက်ချပြီးကာမှ သေတဲ့အထိ လည်ပင်းညှစ်သတ်လိုက်မယ်။

ဒါမျိုး လုပ်ဖို့ရာကလည်း လက်နက်တော့ ရှိမှ ဖြစ်မယ်။ ဦးသူရိန်ရဲ့ အိမ်မှာ အသင့်ရှိနေတဲ့ ပစ္စည်းကို အသုံးချနိုင်ရင် အကောင်းဆုံးပဲ။ ဒါကြောင့် ဦးသူရိန် အမြဲသုံးနေတဲ့ သူ့စားပွဲပေါ်က စက္ကူဖိတုံးကို ခင်ဗျား သတိရမိလိမ့်မယ်။ အဲဒီကြေးရုပ်နဲ့ နောက်စေ့ကို ရိုက်ရင် အဆင်ပြေနိုင်တယ်။ ဒီတော့ လည်ပင်းကို ညှစ်ဖို့ အတွက်ကရော။ ဖုန်းကြိုးရှိနေတာပဲ။ အဲဒီကောင်ကို သုံးလိုက်မှာပေါ့။ ခင်ဗျား အဲဒီလို တွေးနေလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။

အဲဒီအချိန်မှာ ခင်ဗျားစိတ်ထဲ မတင်မကျ ဖြစ်နေတာ တစ်ခုရှိတယ်။ အခင်းဖြစ်တဲ့နေ့မှာ ဦးသူရိန်က ပစ္စည်းတွေ အားလုံးနီးပါး ထုပ်ပိုးပြီး ပို့တန်ရာ ပို့ပြီးကုန်ပြီ။ လက်နက်အနေနဲ့ သုံးဖို့ ရည်ရွယ်ထားတဲ့ စက္ကူဖိတုံးက စားပွဲပေါ်မှာ မရှိတော့ရင် ဘယ်နှယ့်လုပ်မလဲ။ ဖုန်းကြိုးအတွက်က ပူစရာ မလိုဘူး။ ဦးသူရိန်က ရေးစရာရှိတာ အမြန်ရေးပြီး စာမူကို မဂ္ဂဇင်းတိုက်ဆီ လှမ်းပို့ရဦးမှာဆိုတော့ တယ်လီဖုန်းကို ဖြုတ်သိမ်းထားဖို့ မဖြစ်နိုင်သေးဘူး။

စိတ်ပူစရာက စက္ကူဖိတုံးပဲ။ စာရေးဆရာတစ်ယောက်အတွက် အဲဒီ ဖိတုံးက မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတစ်ခု မဟုတ်လေတော့ အစောကြီးကတည်းက သိမ်းဆည်းတဲ့အထဲ ပါသွားနိုင်စရာ ရှိတယ်။ ခင်ဗျား အဲဒီအချက်ကိုတောင် ထည့်ပြီး စဉ်းစားထားခဲ့တယ်။

စက္ကူဖိတုံးသာ မရှိရင် ဘယ်လို လုပ်မလဲ။ ဒီလို အခြေအနေမျိုးကို ဖြေရှင်းနိုင်ဖို့အတွက် ခင်ဗျားကိုယ်တိုင် လက်နက်တစ်ခု ပြင်ဆင်ထားမှ ဖြစ်မယ်လို့ ယူဆခဲ့တယ်။ ဒါကြောင့်လည်း ဒွန်ပဲရီညွန် ရှန်ပိန်ကို ခင်ဗျား အသင့်ပြင်ထားခဲ့တယ်။ စက္ကူဖိတုံးသာ မရှိခဲ့ဘူးဆိုရင် ခင်ဗျားအနေနဲ့ ရှန်ပိန်ပုလင်းကို လက်နက်အနေနဲ့ အသုံးချဖို့ ကြံစည်ထားခဲ့တယ်။

ခင်ဗျား ဦးသူရိန်အိမ်ကို ရောက်တဲ့အခါမှာ ရှန်ပိန်ပုလင်းကို ချက်ချင်း ထုတ်မပေးခဲ့ဘူး။ တကယ်လို့ တခြားလူလက်ထဲ ရောက်သွားခဲ့ရင် အဲဒါကို လက်နက်အဖြစ် သုံးဖို့ လုံးဝ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် ဦးသူရိန်နဲ့အတူ အလုပ်ခန်းထဲ ဝင်သွားပြီး စားပွဲပေါ်မှာ စက္ကူဖိတုံး ရှိမရှိ သေချာအောင် အရင် လုပ်ခဲ့ရတယ်။ အဲဒါကို မြင်လိုက်တဲ့အခါမှာ ခင်ဗျား စိတ်သက်သာရာ ရသွားမှာပေါ့။

နောက်တော့ မလင်းလင်းမော် ရောက်လာခဲ့တယ်။ ခင်ဗျား အခန်းထဲက ပြန်ထွက်လာပြီးတဲ့နောက် ဒေါ်သန္တာကို ရှန်ပိန်ပုလင်း ထုတ်ပေးခဲ့တယ်။ တကယ်လို့သာ စက္ကူဖိတုံး ရှိမနေဘူးဆိုရင် ရှန်ပိန်ပုလင်းကို ခင်ဗျား ထုတ်ပေးမှာ မဟုတ်ဘူး။ အဲဒီ ရှန်ပိန်ပုလင်းက လူသတ်လက်နက် ဖြစ်လာတော့မှာ။ ခင်ဗျားနေရာကနေ ဝင်ပြီး စဉ်းစားကြည့်မိတယ်။ ဖြစ်နိုင်ရင်တော့ ဦးသူရိန်ရဲ့ ကိုယ်ပိုင်ပစ္စည်း (စက္ကူဖိတုံး) ကို သုံးပြီး လူသတ်ရရင် ပိုပြီး ယုတ္တိရှိမှာပေါ့။

ခင်ဗျားရဲ့ ကိုယ်ရေးမှတ်စုထဲမှာ ရှန်ပိန်အကြောင်း ထည့်ရေးမထားခဲ့ဘူး။ ရဲတွေအတွက် သဲလွန်စတစ်ခု ဖြစ်သွားမှာစိုးလို့ မဟုတ်လား။ အဲဒီအကြောင်းကို ကျွန်တော် စကြားမိတော့ ရှန်ပိန်ထဲမှာ အဆိပ်ပါလေမလားလို့တောင် စိုးရိမ်လိုက်သေးတယ်။ အဲဒီ ရှန်ပိန်ကို သောက်ပစ်လိုက်တဲ့ ဟော်တယ်ဝန်ထမ်းကိုတောင် မေးလိုက်သေးတယ်။ အရသာ ဘယ်လို နေသလဲပေါ့။ အဖြေသိရမှ အဆိပ်ခတ်မယ့် ဖြစ်နိုင်ခြေကို မေ့ဖျောက်ပစ်ခဲ့တယ်။ သေချာ စဉ်းစားကြည့်တော့လည်း ခင်ဗျားဟာ အဆိပ်ခတ်မယ့် သူမျိုးတော့ မဟုတ်ဘူး။

နောက်ပြီး ကွန်ပျူတာနဲ့ တယ်လီဖုန်းကို သုံးပြီး အလီဘိုင်သက်သေ ဖန်တီးတဲ့ အပိုင်းက အတော်ပိုင်တာပဲ။ ကျွန်တော့်ရဲ့ အရာရှိနဲ့ လုပ်ဖော်ကိုင်ဖက် တချို့က အခုထိ နားမလည်ကြသေးဘူး။ မော်နီတာသာ ပွင့်မနေခဲ့ရင် အဲဒီအတွက် ကွင်းဆက်ပြတ်သွားလောက်တယ်။

ကျွန်တော် တစ်ခုလောက် မေးပါရစေဦး။ ကျွန်တော်တို့သာ အဲဒီ အကွက်တွေကို ဖော်မထုတ်နိုင်ခဲ့ရင် ခင်ဗျား ဘယ်လို နေမလဲ။ ခင်ဗျားအပေါ် သံသယ မဝင်ခဲ့ရင် ဘယ်နှယ့်လုပ်မလဲ။ နောက်ဆုံး အဖမ်းမခံရဘူး ဆိုရင်ရော …….။

ခင်ဗျား မဖြေချင်ဘူး ထင်တယ်။ ရပါတယ်၊ အရေးမကြီးတော့ပါဘူးဗျာ။ အခုချိန်မှာ အဲဒီလို မေးခွန်းမျိုး မေးရတာလည်း အဓိပ္ပာယ် မရှိတော့ပါဘူး။ ခင်ဗျား ဆင်ထားခဲ့တဲ့ ထောင်ချောက်ထဲကို ကျွန်တော်တို့က တည့်တည့်ကြီး တိုးဝင်ခဲ့ပြီးပြီပဲကိုး။

ပင်ပန်းနေပြီလား။ ပြောရတာတော့ နည်းနည်း ရှည်တယ်ဗျာ။ တစ်စိတ်လောက် သည်းခံပေးပါဦး။ ခင်ဗျားရဲ့ ကျေးဇူးကြောင့် ကျွန်တော်လည်း ဇက်ကြောတွေ တက်နေခဲ့တာ ကြာပြီ။

အဓိက မေးခွန်းက အခုမှ လာမှာ။ ခင်ဗျား ဘာဖြစ်လို့ အဲဒီလို လုပ်ရတာလဲ။ ပထမဆုံးအနေနဲ့ အဖမ်းခံရအောင် ခင်ဗျား လုပ်တယ်။ နောက်တော့ လူသတ်ရတဲ့ အကြောင်းအရင်း အတုတစ်ခုကို ဖန်တီးတယ်။ ဘာဖြစ်လို့လဲ။ ဘာကြောင့် အဲဒီလို လုပ်ရတာလဲ။ ဘယ်လို စဉ်းစားစဉ်းစား၊ စဉ်းစားလို့ ရမှာ မဟုတ်ဘူး။

ခင်ဗျားမှာ ဦးသူရိန်ကို သတ်ချင်ရတဲ့ တခြား အကြောင်းအရင်းတစ်ခု ရှိတယ်။ လူသတ်ခဲ့တာကို လူတွေ သိသွားမှာ ခင်ဗျား နည်းနည်းမှ မစိုးရိမ်ဘူး။ သတ်ရတဲ့ အကြောင်းအရင်း အစစ်အမှန်ကို သိသွားမှာ ခင်ဗျား အကြောက်ဆုံးပဲ။

အဲဒီ အကြောင်းအရင်း အစစ်အမှန်က ဘာလဲဆိုတာ ကျွန်တော် သိထားပေမယ့် ခင်ဗျားကိုယ်တိုင် ဝန်ခံတာကို ကျွန်တော် ကြားချင်မိတယ်။ ဆိုတော့ ………… ။ မပြောချင်ဘူးပေါ့။ အခုချိန်မှာ နှုတ်ဆိတ်နေလည်း အကြောင်းမထူးဘူးလို့ ကျွန်တော် ထင်တာပဲ။

မပြောဘူးပေါ့။ ကောင်းပြီလေ။ ခင်ဗျားအနေနဲ့ ပြောချင်တဲ့ ဆန္ဒ လုံးဝ မရှိဘူးဆိုတော့လည်း ကျွန်တော်ပဲ ပြောပြရမှာပေါ့။

ဒါ ဘာလဲ သိလား။ ဟုတ်တယ် စီဒီတစ်ချပ်။ သီချင်းခွေတော့ မဟုတ်ဘူး။ ဦးသူရိန် ကူးထားတဲ့ စီဒီအချပ်။ ဦးသူရိန်က ဝတ္ထုအတွက် နှစ်ပေါင်းများစွာ သုတေသနလုပ်လို့ ရထားသမျှ အချက်အလက်တွေ၊ ဓာတ်ပုံတွေ၊ ကုန်ကြမ်းတွေ အကုန်လုံးကို စီဒီထဲမှာ ကူးယူ သိမ်းထားတတ်တယ်။

ဦးသူရိန်ရဲ့ ဓာတ်ပုံတွေ အကုန်လုံးကို ကျွန်တော် ဘာလို့ ပြန်လှန်ပြီး စစ်ဆေးနေခဲ့တာလဲ ဆိုတာ ခင်ဗျား သိလား။ အဲဒီ ဓာတ်ပုံတွေကို နေရာတကျ စီစဉ်ကြည့်လိုက်ရင် အတိတ်သမိုင်းတွေကို ပုံဖော်လို့ ရသွားတယ်။ သူ့ရဲ့ အတိတ်လို့ ပြောလို့ရသလို ခင်ဗျားရဲ့ အတိတ်ဆိုလည်း မမှားဘူး။ အဲဒီ ဓာတ်ပုံတွေထဲမှာ ကျွန်တော် စိတ်အဝင်စားဆုံး ပုံတစ်ပုံ ရှိတယ်။ အဲဒီ ဓာတ်ပုံထဲမှာ ကျွန်တော် မျှော်လင့်ထားတဲ့ ရုပ်ပုံတွေ ပါနေမယ်ဆိုရင် ကျွန်တော် အရင်က ဂရုမစိုက်ခဲ့တဲ့ အကြောင်းအရာ တချို့ဟာ အရေးပါတဲ့ အထောက်အထားတွေ ဖြစ်လာလိမ့်မယ်။ နောက်ပြီး ကွင်းဆက်တွေအားလုံး ချိတ်ဆက်မိသွားနိုင်တယ်။

မူရင်းဓာတ်ပုံကတော့ အစောကြီးကတည်းက လွှင့်ပစ်ခံလိုက်ရပြီ။ ဒါပေမယ့် တစ်ချိန်က ဦးသူရိန်လက်ထဲ အဲဒီဓာတ်ပုံ ရောက်ခဲ့ဖူးတယ်လို့ ကြားရတော့ ဦးသူရိန်ဆီမှာ လက်ခံကော်ပီ ရှိနေနိုင်တယ်လို့ မျှော်လင့်ခဲ့တယ်။ ဟုတ်တယ်၊ ဒီစီဒီပဲ။ ကျွန်တော် ဒရမ်မာတွေ ခင်းနေမိတဲ့အတွက် ဆောရီးပါဗျာ။ ကျွန်တော် ဘယ်ဓာတ်ပုံကို ဆိုလိုသလဲ ဆိုတာ အခုလောက်ဆို ခင်ဗျား ရိပ်စားမိရောပေါ့။ ဦးထွန်းမောင်က အလယ်တန်း ကျောင်းသူလေးတစ်ယောက်ကို မတော်တရော် လုပ်နေတုန်း ရိုက်ထားခဲ့တဲ့ ဓာတ်ပုံဟောင်းလေး တစ်ပုံလေ။

ဓာတ်ပုံက တော်တော်လေးကို ရှင်းလင်းပြတ်သားတယ်။ အစကတော့ အဲဒီဓာတ်ပုံကို ပရင့်ထုတ်ပြီး ယူလာခဲ့မလို့ပါပဲ။ မလိုအပ်ဘူးလို့ ယုံကြည်လို့ မယူခဲ့တော့ဘူး။ ကျွန်တော် အဲဒီဓာတ်ပုံထဲမှာ ဘာမြင်လိုက်သလဲ၊ သိလား။ ကျွန်တော် မျှော်လင့်ထားတာနဲ့ တထေရာတည်းပဲ။ ဦးထွန်းမောင် မုဒိန်းကျင့်နိုင်အောင် ခင်ဗျား ကူညီပေးခဲ့တာ။ ကောင်မလေးကို ဖမ်းချုပ်ပေးထားတဲ့ သူက ခင်ဗျားပဲ။

ခင်ဗျားရဲ့ အလယ်တန်း ကျောင်းသားဘဝကို ကျွန်တော် လေ့လာခဲ့တယ်။ မတူတဲ့ လူတွေဆီကနေ မတူတဲ့ အကြောင်းအရာတွေ အများကြီး သိလာခဲ့ရတယ်။ အနိုင်ကျင့်မှုတွေ အကြောင်းကတော့ မကြာခဏ ကြားခဲ့ရတယ်။ တချို့ကတော့ ခင်ဗျားကို အနိုင်ကျင့်မှုရဲ့ သားကောင်လို့ ပြောကြတယ်။ တချို့ကတော့ ခင်ဗျားကို အနိုင်ကျင့်မှုရဲ့ လက်သည်လို့ ပြောကြတယ်။ ကျွန်တော့်အထင်တော့ နှစ်ခုစလုံး မှန်လိမ့်မယ်။ ခင်ဗျားဟာ အနိုင်ကျင့် ခံခဲ့ရတယ်။ ထွန်းမောင်တို့နဲ့ လက်တွဲလိုက်တဲ့ နောက်မှာလည်း ဆက်ပြီး အနိုင်ကျင့် ခံနေခဲ့ရတယ်။ အနိုင်ကျင့်ခံရတဲ့ ပုံစံပဲ ကွာသွားခဲ့တာ။

ခင်ဗျားရဲ့ ကျောင်းဆရာ အတွေ့အကြုံအရဆိုရင် ကျွန်တော် သိထားသလိုပဲ အနိုင်ကျင့်မှုတွေဟာ ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ဘူး။ အနိုင်ကျင့်မှုထဲမှာ ပါဝင်ပတ်သက်ဖူးတဲ့သူတွေသာ ကျောင်းထဲမှာ ဆက်ရှိနေသေးသရွေ့ အဲဒီ အနိုင်ကျင့်မှုဟာ ဘယ်တော့မှ အဆုံးသတ်မသွားနိုင်ဘူး။ တကယ်လို့ ဆရာတစ်ယောက်က သူ့အတန်းမှာ အနိုင်ကျင့်တာမျိုး မရှိဘူးလို့ ကြေညာနေခဲ့ရင် အဲဒါ သူ့ကိုယ်သူ ညာနေတာပဲ။

ဟိုကောင်မလေးနဲ့ ကိစ္စဟာ ခင်ဗျားအတွက် အမာရွတ်ကြီးတစ်ခု ဖြစ်ကျန်နေခဲ့မှာပဲဆိုတာ ကျွန်တော် ကိုယ်ချင်းစာလို့ ရတယ်။ ခင်ဗျားအနေနဲ့ ဆန္ဒရှိလွန်းလို့ အဲဒီလို ကူညီခဲ့တယ်လို့တော့ ကျွန်တော် မထင်ဘူး။ အဲဒီ ဖြစ်ရပ်အပေါ်မှာ ကျေနပ်သာယာနေမယ်လို့လည်း မယူဆဘူး။ တကယ်လို့ ထွန်းမောင်ရဲ့ ခိုင်းစေမှုကို ငြင်းဆန်ခဲ့ရင် ခင်ဗျား ဒုက္ခရောက်သွားနိုင်တယ်လို့ ရိုးရိုးလေး တွေးခဲ့တာပဲ ဖြစ်မယ်။ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့ ခံစားနေရတဲ့ ဒုက္ခဟာ ကာယိကဒုက္ခထက် အပုံကြီးဆိုးတယ်ဆိုတာ ကျွန်တော် ကိုယ်ချင်းစာနိုင်ပါတယ်။ အဲဒီနေ့ဟာ ခင်ဗျား အနိုင်ကျင့်ခံရတဲ့ နောက်ဆုံးနေ့ ဖြစ်သလို အဆိုးရွားဆုံး နေ့တစ်နေ့လည်း ဖြစ်နေလိမ့်မယ် ထင်တယ်။

အတိတ်က အရိပ်မဲကြီးကို မြှုပ်နှံ သင်္ဂြိုဟ်ပစ်ဖို့ရာက ခင်ဗျားအတွက် အရေးအကြီးဆုံး အလုပ်ပဲ။ ဘယ်လောက်ထိ အရေးကြီးသလဲဆိုရင် အဲဒီအတွက်နဲ့ လူသတ်ချင် သတ်ရပါစေလို့ ခင်ဗျား ခံယူထားမှာပဲ။

ဒါပေမယ့် ………

အဲဒီ ဟောင်းနွမ်းနေပြီ ဖြစ်တဲ့ အတိတ်ကို ဘာကြောင့် အခုမှ စိတ်ပူနေရတာလဲ။ ဦးသူရိန်အနေနဲ့ အဲဒီဓာတ်ပုံကို ရပြီးတဲ့ အချိန်ကစပြီး ဝတ္ထုထုတ်ဝေပြီးတဲ့ အချိန်အထိ အဲဒီအကြောင်း ဘယ်သူ့ကိုမှ အသိပေးခဲ့ပုံ မရဘူး။ ဒီလိုဆိုရင် ဒီလျှို့ဝှက်ချက်ဟာ ဒီအတိုင်း တိမ်မြုပ်သွားလိမ့်မယ်လို့ မယူဆနိုင်ဘူးလား။

ဦးသူရိန်က အဲဒီဓာတ်ပုံနဲ့ ခင်ဗျားကို အကျပ်ကိုင်ပါတယ်လို့ ပြောဖို့တော့ မကြိုးစားပါနဲ့ဗျာ။ တစ်ခါပဲ လိမ်လို့ရမယ်။

ကျွန်တော့်အထင် မလင်းလင်းမော်နဲ့ သက်ဆိုင်နေလိမ့်မယ်။ မလင်းလင်းမော်ဟာ ခင်ဗျားရဲ့ တည်ငြိမ်လုလု ရေမျက်နှာပြင်ကို ကိုင်လှုပ်လိုက်သလို ဖြစ်သွားခဲ့တယ်။ <ဘေးမဲ့မြေ> စာအုပ်နဲ့ ပတ်သက်ပြီး ဦးသူရိန်နဲ့ တရားရုံးမှာ ရင်ဆိုင်ဖို့အထိ သူက ပြင်ဆင်ထားပြီးနေပြီ။ ဦးသူရိန်အနေနဲ့လည်း ရှောင်လွှဲလို့ မရတဲ့ အခြေအနေကို ရောက်နေတယ်။ အဲဒါက ခင်ဗျားကို စိတ်ဒုက္ခ ရောက်စေတာပဲ။ တကယ်လို့ တရားရုံးမှာ အဲဒီဓာတ်ပုံကို သက်သေအဖြစ် တင်ပြခဲ့ရင် ဘယ်လို လုပ်မလဲ။

ကျွန်တော် ထင်တာ မမှားဘူးဆိုရင် ဦးသူရိန် အဲဒီဝတ္ထုကို စရေးကတည်းက ခင်ဗျား စိုးရိမ်နေခဲ့မှာပဲ။ မလင်းလင်းမော်က ဦးသူရိန်ကို စပြီး ဖိအားပေးလာတဲ့အခါမှာ ခင်ဗျားရဲ့ စိုးရိမ်မှုဟာ အထွတ်အထိပ်ကို ရောက်လာပြီး လူသတ်ဖို့အထိ ပြင်ဆင်ရတော့တာပဲ။

ဒီလောက်နဲ့ဆိုလည်း ပြဿနာအားလုံးကို မပြေလည်နိုင်သေးဘူး။ အရေးအကြီးဆုံး အကြောင်းအရာတစ်ခုကို ထည့်စဉ်းစားဖို့ ကျန်နေခဲ့သေးတယ်။

ခင်ဗျားနဲ့ ဦးသူရိန်တို့က ဘယ်လိုပုံစံ ရင်းနှီးကြတာလဲ။ ဘယ်လောက် ရင်းနှီးကြတာလဲ။

ကိုယ့်ရဲ့ အတိတ်ဆိုးကို လူမသိစေချင်လို့ နှုတ်ပိတ်ဖို့ လူသတ်တယ်ဆိုတာ နားလည်ပေးလို့ရတယ်။ ဒါပေမယ့် လျှို့ဝှက်ချက်ကို သိတဲ့သူဟာ ကိုယ်နဲ့ အရင်းနှီးဆုံး ပုဂ္ဂိုလ် ဖြစ်နေခဲ့မယ် ဆိုရင်ရော။ မလင်းလင်းမော်နဲ့ တရားရုံးမှာ အမှုရင်ဆိုင်ရမယ် ဆိုရင်တောင် ဦးသူရိန်အနေနဲ့ ခင်ဗျားရဲ့ လျှို့ဝှက်ချက်ကို ဆက်ပြီး ဖုံးကွယ်ပေးသွားလိမ့်မယ်လို့ ခင်ဗျား မယုံကြည်လို့လား။

ခင်ဗျားရဲ့ ဝန်ခံစာထဲမှာ ခင်ဗျားတို့ နှစ်ယောက်အကြားမှာရှိတဲ့ အာဃာတတွေကို အသေးစိတ် ရေးသားထားခဲ့တယ်။ အခု အဲဒါတွေ အားလုံးဟာ အလိမ်အညာတွေလို့ ဖော်ထုတ်ထားပြီးပြီဆိုတော့ ခင်ဗျားတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ကျွန်တော်ကပဲ အသစ်ပြန်ပြီး သုံးသပ်ပြရတော့မှာပဲ။

အခုလက်ရှိ စုဆောင်းထားသမျှ အထောက်အထားတွေအရ ဦးသူရိန်အနေနဲ့ ခင်ဗျားကို ဘယ်လို ဆက်ဆံခဲ့သလဲဆိုတာ ကျွန်တော်သိသလောက် ပြောပြမယ်။ ခင်ဗျားတို့ နှစ်ယောက်ဟာ အလယ်တန်းကျောင်းကနေ ထွက်ကတည်းက တစ်ယောက်နဲ့တစ်ယောက် မတွေ့ခဲ့ကြတော့ဘူး။ ပြန်တွေ့ကြတဲ့အခါမှာ ဦးသူရိန်ဟာ ကျောင်းသားဘဝက ဖြစ်ခဲ့တာတွေကို အားလုံး မေ့ပစ်လိုက်ပြီး ခင်ဗျားကို ကြည်ကြည်ဖြူဖြူ ငယ်သူငယ်ချင်းအဖြစ် လက်သင့်ခံခဲ့တယ်။ အဲဒါအပြင် ခင်ဗျားကို စာအုပ်တိုက်တချို့နဲ့ မိတ်ဆက်ပေးပြီး ကလေးစာပေလောကမှာ ရပ်တည်နိုင်အောင် ကူညီပေးခဲ့တယ်။ မလင်းလင်းမော်နဲ့ အကြိမ်ပေါင်းများစွာ တွေ့ခဲ့ပေမယ့် ခင်ဗျားဟာ <ဘေးမဲ့မြေ> စာအုပ်ကိစ္စမှာ ထူးထူးခြားခြား ဆက်စပ်ပါဝင်နေတယ် ဆိုတဲ့ အကြောင်းကို သူ လုံးဝ စကားမဟခဲ့ဘူး။

ဒီဖြစ်ရပ်တွေကနေ ဖော်ပြနေတဲ့ ဦးသူရိန်ရဲ့ စရိုက်နဲ့ သူ့ငယ်ဘဝက သဘာဝနဲ့ဟာ လုံးဝ အံဝင်ခွင်ကျ ဖြစ်နေတယ်။ လူတစ်ယောက်က ပြောဖူးတယ်။ “ဘယ်သူ့ကိုဖြစ်ဖြစ် သူကတော့ ရင်းရင်းနှီးနှီး ဆက်ဆံတာပဲ” တဲ့။

ကျွန်တော် စဉ်းစားကြည့်တယ်။ အနည်းဆုံး ဦးသူရိန်ကတော့ ခင်ဗျားကို ငယ်သူငယ်ချင်းကောင်း တစ်ယောက်အနေနဲ့ ဆက်ဆံခဲ့တာပဲ။

ဒီလို ကောက်ချက်ကို ချနိုင်ဖို့အတွက် ကျွန်တော့်မှာ အချိန်တော်တော် ပေးခဲ့ရတယ်။ ဘယ်လို ပြောရမလဲ။ ဒါက ကျွန်တော် အမှု စလိုက်လိုက်ချင်းတုန်းက နားလည်ထားတဲ့ ဦးသူရိန်နဲ့ အတော်ကြီးကို ကွာဟလွန်းနေတယ် မဟုတ်လား။ အမှန်အတိုင်း ပြောရရင် ဦးသူရိန်ရဲ့ ငယ်ဘဝကို လေ့လာနေတဲ့ ကာလတစ်လျှောက်လုံးမှာ အဲဒီ အမြင်က ကျွန်တော့်ကို တော်တော်လေး လွှမ်းမိုးနေခဲ့တာ။

ဒါနဲ့ ကျွန်တော်လည်း စဉ်းစားကြည့်တယ်။ ဘာဖြစ်လို့ အဲဒီလို ဝိရောဓိ ဖြစ်နေခဲ့ရတာလဲ။ ခင်ဗျားရဲ့ အကြံအဖန် ဝန်ခံစာကို ဖတ်ခဲ့မိလို့လား။ မဟုတ်သေးဘူး။ ပြောမယ်ဆိုရင် အဲဒီထက်ကို စောပြီး ဦးသူရိန်အပေါ် ကျွန်တော် အဆိုးမြင်နေခဲ့တယ်။ အဲဒီလို အဆိုးမြင်က ဘယ်ကနေ ရခဲ့တာလဲ။ နောက်ဆုံးမှ ကျွန်တော် ကိစ္စတစ်ခုကို သတိရမိတယ်။

အခင်းဖြစ်တဲ့ နေ့နဲ့ ပတ်သက်ပြီး ခင်ဗျား ရေးခဲ့တဲ့ မှတ်တမ်းထဲက အကြောင်းအရာတစ်ခုကို ကျွန်တော် သတိရသွားတယ်။

အဲဒီမှတ်တမ်းထဲမှာ အမှုနဲ့ တိုက်ရိုက် ပတ်သက်တဲ့ အစိတ်အပိုင်းတွေကိုပဲ ကျွန်တော်တို့ ဂရုစိုက်ခဲ့တာ။ တကယ်တမ်းမှာက အရေးမပါဘူးလို့ ထင်ရတဲ့ နေရာတစ်ခုမှာ ရည်ရွယ်ချက် ကြီးကြီးမားမားနဲ့ ထောင်ချောက်တစ်ခုကို ဆင်ထားခဲ့တယ်။

ခင်ဗျား မျက်နှာကို ကြည့်ရတာ ကျွန်တော် ဘာဆိုလိုသလဲဆိုတာ နားလည်သွားပုံရတယ်။ ဟုတ်တယ်၊ ကျွန်တော် ပြောချင်တာလည်း ကြောင်သတ်တဲ့ကိစ္စပဲ။ အဲဒီကြောင်ကို ခင်ဗျား သတ်လိုက်တာ မဟုတ်လား။

ကျွန်တော် ဓာတ်မြေဩဇာတွေ ရှာတွေ့ထားပြီ။ ခင်ဗျားရဲ့ အိမ်အပြင်က ဝရန်တာမှာ ပန်းအိုးနှစ်အိုး ချထားတာ ရှိတယ်။ အဲဒီပန်းအိုးထဲက မြေကြီးတွေထဲမှာ ဓာတ်မြေဩဇာတွေ ရောစပ်ထားတာ တွေ့ရတယ်။ ခင်ဗျား အဆိပ်လုံး လုပ်ပြီးတဲ့နောက် လက်ကျန် ဓာတ်မြေဩဇာတွေကို ဘယ်လို ရှင်းလင်းပစ်ရမှန်း မသိတာနဲ့ အဲဒီပန်းအိုးထဲက မြေကြီးတွေနဲ့ ရောမွှေထားခဲ့တယ်။ ဟုတ်တယ်မလား။

အခုတွေ့ထားတဲ့ ဓာတ်မြေဩဇာနဲ့ ကြောင်ရဲ့ အလောင်းကနေ ဓာတ်ခွဲလို့ ရထားတဲ့ ဓာတ်မြေဩဇာနဲ့က အမျိုးအစား အတူတူပဲ။ ကြောင်ရဲ့အလောင်းက လုံးဝ မပျက်စီးသေးဘူး။ အလောင်းကို သေတ္တာလေးနဲ့ အသေအချာထည့်ပြီး ပိုင်ရှင်က သူ့ခြံထဲမှာ မြှုပ်ထားခဲ့တာ။

ဘေးအိမ်က ကြောင်တွေ အရမ်းသောင်းကျန်းတယ်ဆိုတာ ဦးသူရိန်ပြောပြလို့ ခင်ဗျား သိထားတာဖြစ်မယ်။ ဒါမှမဟုတ် “သည်းခံနိုင်တဲ့ အကန့်အသတ်” ဆိုတဲ့ ဆောင်းပါးတိုလေးကို ဖတ်ဖူးထားတာ ဖြစ်မယ်။ ခင်ဗျားတို့ နှစ်ယောက်က ပုံမှန် စကားပြောဖြစ်ကြတာ ဆိုတော့ သူပြောလို့ သိရတာက ပိုဖြစ်နိုင်တယ်။

ခင်ဗျားက အဆိပ်လုံးတွေ ကြိုပြင်ဆင်ထားပြီး ဦးသူရိန်တို့ လင်မယား အိမ်မှာ မရှိတဲ့အချိန် သူ့ပန်းခြံထဲမှာ သွားချထားခဲ့လိမ့်မယ်။ ဒါနဲ့ပဲ ကြောင်က အဆိပ်မိပြီး သေသွားခဲ့တယ်။ ခင်ဗျား ဘာဖြစ်လို့ အဲဒီလို လုပ်ရတာလဲ။ အကြောင်းအရင်းက တစ်ခုပဲ ရှိတယ်။ ကျွန်တော် ခုနတုန်းက တစ်လျှောက်လုံး ပြောလာခဲ့ပြီးသား။ ဦးသူရိန်ရဲ့ စရိုက်တစ်ခုကို ဖန်တီးဖို့ မဟုတ်လား။ ရှင်းရှင်းပြောရရင် ဦးသူရိန်အပေါ် အဆိုးမြင်လာအောင် အကွက်ချခဲ့တာပဲ။

ဒီအမှုကို လိုက်မှ စာပေလောကအကြောင်းကို အတော်အတန် နားလည်သဘောပေါက် လာရတယ်။ စာပေလက်ရာတွေကို ဝေဖန်ကြတဲ့အခါမှာ “ဇာတ်ကောင်စရိုက်ကို ပုံဖော်ခြင်း” ဆိုတဲ့ ဝေါဟာရကို အတော် သုံးကြတယ်။ ကိုယ့်ရဲ့ ဇာတ်ကောင်ကို စာဖတ်သူတွေ နားလည်နိုင်အောင်ဆိုပြီး ဇာတ်ကောင်ရဲ့ စရိုက်ကို စာရေးသူက တိုက်ရိုက် ချပြတာမျိုး လုပ်လေ့မရှိဘူး။ အဲဒီထက် ပညာသားပါတာက သင့်လျော်မယ့် အပြုအမူနဲ့ စကားပြောတွေကို အသုံးပြုပြီး ဇာတ်ကောင်ရဲ့ စရိုက်ကို ပုံဖော်ပေးလေ့ရှိတယ်။

ဒါကြောင့် ခင်ဗျားရဲ့ ကိုယ်ရေးမှတ်တမ်းကို စရေးကတည်းက ဦးသူရိန်ရဲ့ သွေးအေးအေးနဲ့ ရက်စက်တတ်တဲ့ စရိုက်ကို စာဖတ်သူဆီ သွတ်သွင်းပေးဖို့ အားထုတ်ခဲ့တယ်။ ဆိုလိုတာက ရဲတွေအနေနဲ့ ဦးသူရိန်ကို ရက်စက်တဲ့ လူတစ်ယောက်လို့ အထင်ရောက်အောင် ကြောင်သတ်တဲ့ ကိစ္စကို စီမံခဲ့တာပဲ။

အခင်းဖြစ်တဲ့နေ့က ဦးသူရိန်ရဲ့ ပန်းခြံထဲမှာ ကြောင်ပိုင်ရှင် အမျိုးသမီးကို တွေ့ရလိမ့်မယ်လို့ ခင်ဗျား မျှော်လင့်ထားမယ် မထင်ဘူး။ ဒါပေမယ့် ခင်ဗျားအတွက်က အဲဒါ တကယ့် အခွင့်အရေး ကောင်းကြီးပဲ။ အဲဒီလို မတော်တဆ တွေ့တာကို အစတည်ပြီး ဦးသူရိန်နဲ့ ကြောင်ကိစ္စကို ယုတ္တိရှိအောင် အကွက်ချ ဇာတ်လမ်းဖော်သွားလို့ ရခဲ့တယ်။

ပြန်စဉ်းစားကြည့်တော့ ကျွန်တော် ရှက်တောင် ရှက်မိတယ်။ ခင်ဗျား ပုံဖော်ထားတဲ့ ဝင်္ကပါထဲမှာ ကျွန်တော်တို့ ကျေကျေနပ်နပ်ကြီး ပတ်ချာလှည့် သွားနေခဲ့တာ။ ခင်ဗျား ပထမဆုံး ရေးခဲ့တဲ့ မှတ်တမ်းကို အပြည့်အဝ ယုံလို့မရဘူးဆိုတာ သိပါလျက်နဲ့ ခင်ဗျားကို ကျွန်တော်တို့ ဖမ်းခဲ့တယ်။ လုံးဝ ထင်မထားတာက ကြောင်သတ်တဲ့ ကိစ္စတောင်မှ ခင်ဗျား ဆင်ထားတဲ့ အကွက်ဖြစ်နေတယ်။ တစ်လျှောက်လုံး ဦးသူရိန်ကို အဆိုးမြင်ပြီး အမှုကို လိုက်နေခဲ့မိတယ်။ ခင်ဗျားဟာ အတော် တော်တဲ့လူပဲလို့ ကျွန်တော် ချီးမကျူးလို့ကို မဖြစ်တော့ဘူး။

အဲဒီ ကြောင်သတ်တဲ့ ထောင်ချောက်ကို ကျွန်တော် သတိထားမိပြီးတဲ့အချိန်မှာ ကျွန်တော့်ခေါင်းထဲ အတွေးတစ်ခု ဝင်လာတယ်။ ခင်ဗျား ကြောင်ကို သတ်ရတဲ့ ရည်ရွယ်ချက်ဟာ ဒီအမှုကြီးတစ်ခုလုံးရဲ့ ရည်ရွယ်ချက် ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ နောက်တစ်မျိုး ပြောင်းပြောရရင် ဒီအမှုရဲ့ အဓိက ရည်ရွယ်ချက်က ဦးသူရိန်ကို သတ်ပစ်ရုံသက်သက် မဟုတ်ဘဲ ဦးသူရိန်နဲ့ နာမည်၊ ဂုဏ်သိက္ခာကိုပါ သတ်ပစ်ဖို့ ကြံစည်ခဲ့တာ ဆိုရင်ရော။

ခင်ဗျားရဲ့ အတိတ်နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်အတွက် နှုတ်ပိတ်ချင်လို့ လူသတ်တာ ဖြစ်နိုင်တယ်လို့ ကျွန်တော် ခုနက ပြောခဲ့တယ်။ အဲဒီအဆိုကို ခင်ဗျားကလည်း မငြင်းဆန်ခဲ့ဘူး။ အဲဒါလည်း မှန်သင့်သလောက် မှန်တာပဲ။ ဒါပေမယ့် အဲဒါက ဒီစီမံကိန်းကြီး တစ်ခုလုံးရဲ့ အကြောင်းအရင်း မဖြစ်နိုင်ဘူး။ သတ်ချင်လာအောင် တွန်းအားပေးခဲ့တဲ့ အကြောင်းပြချက်တစ်ခုလို့ပဲ ကျွန်တော် မြင်တယ်။

ဦးသူရိန် သေမှ ဖြစ်မယ်လို့ ဆုံးဖြတ်ပြီးသွားတဲ့ အခါမှာ ခင်ဗျား ဘာဆက်လုပ်မလဲ။ ပထမဆုံး ခင်ဗျား သတိရမိမှာက ‘ခင်ဗျားမှာ သင့်လျော်တဲ့ အကြောင်းအရင်း ရှိရမယ်’ ဆိုတာပဲ။ အဲဒီအကြောင်းအရင်းကို စုံထောက်တွေက ဖော်ထုတ်လို့ ရသွားပြီ ဆိုပါစို့။ အဲဒီလို ဖော်ထုတ်လိုက်တဲ့အခါမှာ အသတ်ခံရတဲ့သူကို ပိုပြီး နစ်နာသွားစေရုံသာ မကဘဲ လူသတ်တရားခံကိုပါ အသနားပိုသွားစေမယ့် အကြောင်းအရင်းမျိုး ဖြစ်နေရမယ်။ ဒီအတွက် ခင်ဗျား ဘာလုပ်ခဲ့သလဲ။ ကျွန်တော် အသေးစိတ် ပြောနေစရာ မလိုတော့ဘူး ထင်ပါတယ်။ ပထမဆုံး ဦးသူရိန်ရဲ့ ဇနီးဟောင်း မဇင်မာအောင်က ဖောက်ပြန်နေပါတယ်ဆိုတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ထွင်ခဲ့တယ်။ အဲဒီဇာတ်လမ်းကို အခြေခံပြီး ကိုယ့်ကိုယ်ကိုယ် ရှဲဒိုးစာရေးဆရာဖြစ်အောင် အကျပ်ကိုင်ခံရကြောင်း ဇာတ်လမ်းဆင်ပြန်တယ်။ ခင်ဗျားရဲ့ စီမံကိန်းအတိုင်း အားလုံး အောင်မြင်ခဲ့မယ်ဆိုရင် မဇင်မာအောင်ရော၊ ဦးသူရိန်ပါ နာမည်ပျက်ရမယ့် အပြင် ဦးသူရိန်ရဲ့ စာပေဂုဏ်သိက္ခာနဲ့ သူ ဖန်တီးထားခဲ့တဲ့ စာပေလက်ရာတွေကိုလည်း လုယူတာ ခံရဦးမယ်။

အလလ အရက်ရက် နာရီများစွာ အပင်ပန်းခံပြီး စာမူတွေ အတော်များများကို ကူးယူခဲ့ခြင်းအတွက် ခင်ဗျား မျှော်လင့်ထားတဲ့ ဆုလာဘ်က အဲဒါပဲ မဟုတ်လား။ ချမ်းချမ်းစီးစီးနဲ့ ဆောင်းညတစ်ညမှာ အအေးဒဏ်ခံပြီး ဗီဒီယိုသွားရိုက်ခဲ့တာလည်း အဲဒီအတွက်ပဲ မဟုတ်လား။ အဲဒီလောက် အပင်ပန်းခံ ဒုက္ခခံပြီး လုပ်ခဲ့တာတွေ အားလုံးဟာ အတိတ်ကို ဖုံးကွယ်ချင်လို့၊ နှုတ်ပိတ်ဖို့ သက်သက်ပဲ လို့တော့ ကျွန်တော် မယုံနိုင်ဘူး။ လူသတ်တယ်ဆိုတာက ဒီစီမံကိန်းထဲက အဆင့်လေးတစ်ဆင့်ပဲ။ အတိအကျ ပြောရရင် ဦးသူရိန် တည်ဆောက်ခဲ့သမျှနဲ့ ပိုင်ဆိုင်ခဲ့သမျှ အရာအားလုံးကို ဖြိုချပစ်ဖို့ ကြံစည်ထားတဲ့ စီမံကိန်းထဲက အဆင့်လေးတစ်ဆင့်ပဲ။

ကျွန်တော် အတော်လေး ခေါင်းခြောက်ခဲ့ရတယ်။ လူတစ်ယောက်ကို အဲဒီလောက် ရက်ရက်စက်စက် လုပ်ချင်လာအောင် ဘာတွေက တွန်းအားပေးခဲ့တာလဲ။ အသက်ရှင်ခွင့် ရနေသေးတဲ့ ကိုယ့်ရဲ့ လက်ကျန်အချိန်လေးအတွင်းမှာ တခြားလူတစ်ယောက်ရဲ့ ဘဝနဲ့ ဂုဏ်သိက္ခာတစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ ကြံရွယ်လုပ်ဆောင်နေခဲ့တာဟာ ဘာကြောင့်များပါလိမ့်။ ရိုးရိုးသားသား ပြောရရင် အဲဒီ အပြုအမူအတွက် ယုတ္တိရှိမယ့် ဖြေရှင်းချက်ကို ကျွန်တော် စဉ်းစားလို့ မရခဲ့ဘူး။ ဦးပေါ်လွင် ….. ခင်ဗျားကိုယ်တိုင် ရှင်းပြပေးနိုင်ရင် သိပ်ကောင်းမှာပဲ။

လွန်ခဲ့တဲ့ ဆယ်နှစ်က အဖြစ်အပျက်တစ်ခုကို ကျွန်တော် အမှတ်ရမိတယ်။ ခင်ဗျားလည်း မှတ်မိဦးမယ် ထင်ပါတယ်။ စာမေးပွဲကြီး ပြီးတဲ့နေ့မှာ ကျွန်တော့်ရဲ့ တပည့်တစ်ယောက်က ဂိုဏ်းစတားတစ်ယောက်ကို ဓားနဲ့ ထိုးခဲ့တဲ့ ကိစ္စလေ။ ကျွန်တော့်ရဲ့ တပည့်ကို ဘာကြောင့် အဲဒီလောက် ရက်ရက်စက်စက် အနိုင်ကျင့်ခဲ့ရတာလဲလို့ ရဲတွေက မေးတော့ သူ ပြောပြနိုင်တာက အချက်တစ်ခုတည်း။ “သောက်မြင်ကပ်လို့” တဲ့။ အမုန်းတရား သက်သက်ပဲ။ ရိုးရိုးလေးပဲ။ ငြိုးချင်လို့ကို ငြိုးနေတာ။

ခင်ဗျားရဲ့ စိတ်သဘောထားကလည်း သူတို့နဲ့ ထပ်တူကျနေလိမ့်မယ် ထင်တယ်။ ဦးသူရိန်အပေါ်မှာ ထားခဲ့တဲ့ အငြိုးဟာ တစ်လျှောက်လုံး ခင်ဗျားရင်ထဲမှာ ကိန်းအောင်းနေပြီး အချိန်ကြာလာတော့ ခင်ဗျားကိုယ်တိုင်တောင် ဘာကြောင့် သူ့ကို ငြိုးလို့ ငြိုးနေခဲ့မှန်း နားမလည်နိုင်တော့ဘူး။ အဲဒီ အငြိုးကပဲ ဒီအမှုအခင်းကို ဖန်တီးပေးခဲ့တဲ့ ရေသောက်မြစ် ဖြစ်နေတယ်။

အဲဒီ အငြိုးက ဘယ်ကနေ စဖြစ်ခဲ့တာလဲ။ ကျွန်တော် ခင်ဗျားတို့ နှစ်ယောက်စလုံးရဲ့ အတိတ်တွေကို သေသေချာချာ လေ့လာကြည့်ခဲ့တယ်။ ခင်ဗျားအနေနဲ့ ဦးသူရိန်အပေါ်မှာ အာဃာတ ထားရလောက်တဲ့ အဖြစ်အပျက်မျိုး တစ်ခုတလေမှ ကျွန်တော် မတွေ့ခဲ့ရဘူး။ သူဟာ အင်မတန်မှ သဘောသကာယ ကောင်းတဲ့ လူငယ်လေးတစ်ယောက်ပဲ။ ပြီးတော့ ခင်ဗျားရဲ့ ကျေးဇူးရှင်။ ခင်ဗျားနဲ့ ထွန်းမောင်တို့ ပေါင်းပြီး သူ့ကို အနိုင်ကျင့်ခဲ့ပေမယ့် အဲဒါကို ဗွေမယူဘဲ ခင်ဗျားကိုတောင် ကယ်ခဲ့သေးတယ်။

လူအများစုအတွက် ကျေးဇူးတရားလို့ မြင်တဲ့ အရာတွေက တချို့လူတွေ အတွက်ကျတော့ အမြင်ကတ်စရာ၊ မုန်းတီးစရာလို့ ထင်နေတတ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီ “ကျေးဇူးရှင်” ဆိုတဲ့ လူရဲ့ အရှေ့မှာ ကိုယ့်ရဲ့ မာနကလည်း အမောက်ထောင်နေခဲ့တာကိုး။

နောက်တော့ အရွယ်တွေ ကြီးရင့်လာပြီး ဦးသူရိန်နဲ့ ခင်ဗျားတို့ ပြန်ဆုံကြတယ်။ ဦးသူရိန်ဟာ ခင်ဗျားရဲ့ နေ့စဉ်ဘဝထဲ ပြန်ဝင်လာတဲ့အချိန်မှာ ခင်ဗျား သူ့ကို မနာလိုမဖြစ်ဘဲ ဘယ်နေပါ့မလဲ။ ဒီကမ္ဘာပေါ်မှာ ခင်ဗျား သည်းမခံနိုင်ဆုံး လူတစ်ယောက်ဟာ အခု ခင်ဗျား ရှေ့မှာ နာမည်ကြီး စာရေးဆရာတစ်ယောက် ဖြစ်နေခဲ့ပြီ။ ခင်ဗျား တောင့်တနေသမျှကို သူက ပိုင်ဆိုင်နေခဲ့ပြီ။ ကျွန်တော် စိတ်ကူးကြည့်မိတယ်။ ကလောင်သစ်ဆုကို ဦးသူရိန် ရခဲ့တုန်းက ခင်ဗျား ဘယ်လို ခံစားနေရမလဲလို့။ တစ်ကိုယ်လုံး တရှိန်းရှိန်း တဖိန်းဖိန်းနဲ့ နေမထိထိုင်မသာ ဖြစ်နေလိမ့်မယ် ထင်တယ်။

အဲဒီလို မကျေမချမ်း ဖြစ်နေပေမယ့်လည်း စာရေးဆရာ ဖြစ်ချင်တဲ့ ဆန္ဒကြောင့် ဦးသူရိန်ကို ခင်ဗျား သွားတွေ့ခဲ့သေးတာပဲ။ ဦးသူရိန်နဲ့သာ အဆက်အသွယ်မပြတ် နေခဲ့ရင် ခင်ဗျားရဲ့ အိပ်မက်တွေ အမြန်ဆုံး အကောင်အထည် ပေါ်လာနိုင်မယ်လို့ ခင်ဗျား ယုံကြည်ခဲ့တယ်။ ဒါကြောင့်လည်း ခင်ဗျား ရင်ထဲမှာ ကိန်းအောင်းနေတဲ့ အငြိုးတွေကို ယာယီ မျိုသိပ်ထားခဲ့တယ်။

ခင်ဗျားပဲ ကံဆိုးလို့လား၊ ဒါမှမဟုတ် အရည်အချင်း မပြည့်မီလို့လား။ ဒါတော့ ကျွန်တော်လည်း မသိဘူး။ ခင်ဗျားက မအောင်မြင်တဲ့အပြင် အူမကြီးကင်ဆာတောင် ရလိုက်သေးတယ်။

သေမင်းရဲ့ တံခါးခေါက်သံကို ကြားလိုက်ရတဲ့ တစ်ခဏမှာ ခင်ဗျားရင်ထဲ မျိုသိပ်ထားခဲ့ရတဲ့ အာဃာတတွေ အငြိုးတွေဟာ ပြန်လည် နိုးထလာခဲ့တယ်လို့ ကျွန်တော် ယူဆတယ်။ ကမ္ဘာလောကကြီးထဲက ဒီလိုတော့ ထွက်မသွားနိုင်ဘူးလို့ ခင်ဗျား တွေးမိလောက်တယ်။ နောက်ပြီး ခင်ဗျားရဲ့ ရင်ထဲက အငြိုးကို အရောင်တောက်လာအောင် ပွတ်တိုက်ပေးလိုက်တာက ဦးသူရိန် သိထားတဲ့ ခင်ဗျားရဲ့ လျှို့ဝှက်ချက်ပဲ။

“ဒီအကောင်ကို ဘာမှ မလုပ်လိုက်ရဘဲနဲ့တော့ ဒီလောကကြီးက ငါ ထွက်မသွားနိုင်ဘူး”

အဲဒါတွေကတော့ ကျွန်တော် စဉ်းစားလို့ရထားတဲ့ အဖြစ်မှန်ပဲ။ ဘာများ ပြောစရာ ရှိသလဲ။

ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းတဲ့။ ဒီတော့ ခင်ဗျားက ဝန်ခံတဲ့ သဘောပေါ့။

ဟူး …. ပြောရတာ များတော့ အာတောင် ခြောက်နေပြီ။ ဪ … နေဦး၊ ကျွန်တော် နည်းနည်း ဖြည့်ပြောစရာ ရှိသေးတယ်။

ခင်ဗျားနဲ့ ခင်ဗျားအမေတို့ရဲ့ ပြောစကားတွေအရ ခင်ဗျားတို့က ဦးသူရိန်နဲ့ တခြား အိမ်နီးချင်းတွေ အပေါ်မှာ အထင်အမြင် လွဲမှားနေတာတွေ ရှိတယ်လို့ ကျွန်တော် ခံစားရတယ်။ ကျွန်တော် ပြောရဲတာ တစ်ခုရှိတယ်။ ဦးသူရိန်အပေါ် ထားတဲ့ ခင်ဗျားရဲ့ မနှစ်မြို့တဲ့ သဘောထားဟာ ခင်ဗျားဆီမှာ မြစ်ဖျားခံတာတော့ လုံးဝ မဖြစ်နိုင်ဘူး။ ခင်ဗျားအမေရဲ့ လွဲမှားတဲ့ သဘောထားက ခင်ဗျားရဲ့ စရိုက်ကို မျိုးစေ့ချပေးခဲ့တယ်လို့ ကျွန်တော် ယုံကြည်တယ်။ အဲဒါ ခင်ဗျားကို နားလည်စေချင်တာပါ။ အခု ဖြစ်ပြီးခဲ့သမျှအတွက် ဦးသူရိန်ကို အပြစ်တင်လို့ မရဘူး။ အပြစ်တင်ချင်ရင်တော့ တင်ရမယ့်သူက ခင်ဗျား အမေပဲ။

ကဲဗျာ၊ ခင်ဗျားရဲ့ ခွဲစိတ်ကုသမှု ရာနှုန်းပြည့် အောင်မြင်ပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ်။ ဘာပဲဖြစ်ဖြစ် ခင်ဗျားကို အသက်ရှင်လျက် တွေ့ချင်နေသေးတယ်။

ကျွန်တော်တို့ တရားရုံးမှာ ပြန်ဆုံကြတာပေါ့။

 

ဖြိုးကျော်

၂၀၊ ၀၂၊ ၂၀၂၂ (တနင်္ဂနွေနေ့)

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *