Show contents

(ဂ)

အဲဒီနောက်တော့ ကျွန်တော် သူရိန်ဆီ အရောက်အပေါက် နည်းသွားတယ်။ သူရိန်ကို မယုံတော့လို့ မဟုတ်ပါဘူး။ ကျွန်တော်နဲ့ ဇင်မာ့အကြားမှာ ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်နေဖို့ မဖြစ်နိုင်ကြောင်း ကိုယ့်ဘာသာကိုယ် နားလည်လာလို့ပါ။ သူရိန်က အကင်းပါးတဲ့ လူတစ်ယောက်ပဲ။ ကျွန်တော်တို့ နှစ်ယောက်အကြောင်းကို လုံးဝ သတိမထားမိဘူး ဆိုတာမျိုးက မဖြစ်နိုင်သလောက်ပဲလေ။ တစ်ခါတလေ သူ ကျွန်တော့်ကို စိုက်ကြည့်နေရင် အဲဒီ အကြည့်မှာ အဓိပ္ပာယ်တွေ အများကြီး ပါတယ်လို့ ခံစားနေရတယ်။

ခက်တာက ဇင်မာ့ကို မတွေ့ဘဲလည်း အကြာကြီး မနေနိုင်ပြန်ဘူး။ သူနဲ့ အပြင်ဘက် လူမြင်ကွင်းမှာ တွေ့ဖို့ ဆိုတာကလည်း အင်မတန်မှ အန္တရာယ်များတယ် မဟုတ်လား။ ဒါနဲ့ တိတ်တဆိတ် တိုင်ပင်လိုက်ကြပြီး ကျွန်တော့်တိုက်ခန်းမှာပဲ ချိန်းတွေ့ကြဖို့ ဆုံးဖြတ်ခဲ့တယ်။ ဝေဖြိုး သတိထားမိမယ် ထင်ပါတယ်။ ကျွန်တော်နေတဲ့ ကန်ထရိုက်တိုက်က အခန်းလွတ်တွေ အများကြီးပဲ ဆိုတော့ လူနေကျဲပြီး လူဝင်လူထွက်ကိုလည်း သိပ် သတိထားမိကြမှာ မဟုတ်ဘူး။ သတိထားမိတယ်ပဲ ထားဦး။ ဇင်မာကို သိကြတာမှ မဟုတ်တာ။

သူရိန် ခရီးဝေး ထွက်တဲ့ နေ့မျိုးတွေမှာ ဇင်မာ ကျွန်တော့်အိမ် ရောက်လာတတ်တယ်။ အများအားဖြင့်တော့ ကျွန်တော့်ဆီမှာ ညအိပ်လေ့ မရှိပေမယ့် အမြဲတမ်း အတူတကွ ညစာစားပြီးမှ ပြန်တယ်။ ကျွန်တော်တို့ ချက်ပြုတ်စားကြရင် သူက သူ့အကြိုက်ဆုံး ခါးစည်းအဝတ်ကို အမြဲ ဝတ်လျက်။ (ဟုတ်တယ်။ ဝေဖြိုး ကျွန်တော့်အိမ်ထဲမှာ ရှာတွေ့ခဲ့တဲ့ ခါးစည်းပဲ။) မီးဖိုချောင်ထဲမှာ ခါးစည်းအဝတ်ကို ဝတ်ရင်း ချက်ပြုတ်နေတဲ့ သူ့ကို မြင်ရတိုင်း ကိုယ့်ဘာသာကိုယ် ညားခါစ လင်မယားတွေလို့ ဘဝင်လေဟပ်နေတော့တာပဲ။

ဆုံစည်းမှုကြောင့် ရတဲ့ ဝမ်းသာမှု ပမာဏအတိုင်းပဲ ခွဲခွာရချိန်မှာလည်း တဖန် ကြေကွဲခဲ့ကြရတယ်။ သူ အိမ်ပြန်ရတော့မယ့် အချိန်ရောက်တိုင်း နံရံပေါ်က နာရီစက္ကန့်တံကို ကြည့်ရင်း နှုတ်ဆိတ်နေခဲ့ကြတယ်။

“တစ်ရက် နှစ်ရက်တည်း နေရလည်း ကိစ္စမရှိဘူး။ တစ်လောကလုံးမှာ ကိုတို့ နှစ်ယောက်တည်း ရှိရင် သိပ်ကောင်းမှာပဲ” ကျွန်တော်တို့ အဲဒီလို အမြဲ ပြောဖြစ်ကြတယ်။ အဲဒီလို မဖြစ်နိုင်မှန်း သိပါလျက်နဲ့လည်း တူညီတဲ့ အိပ်မက်တစ်ခုကို မက်မိနေကြဆဲ။

တစ်နေ့တော့ ကျွန်တော်တို့ရဲ့ အိပ်မက်တွေ အကောင်အထည် ဖော်နိုင်မယ့် အခွင့်အရေးတစ်ခု ရလာခဲ့တယ်။ သူရိန်ဟာ အလုပ်ကိစ္စနဲ့ အမေရိကားကို တစ်ပတ်လောက် ခရီးထွက်ရမယ်။ အလုပ်ကိစ္စဆိုတော့ သူနဲ့ အယ်ဒီတာ၊ နှစ်ယောက်တည်း သွားမှာ။

ဒီလို အခွင့်အရေးက ရခဲဘိတောင်း။ ကျွန်တော်တို့ ဝမ်းသာအားရ တိုင်ပင်ကြတော့တာပေါ့။ ဒီလို နှစ်ယောက်တည်း နေခွင့်ရရင် ဘာလုပ်ကြမလဲ။ နောက်ဆုံး ကျွန်တော်တို့ ငပလီကို ခရီးထွက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ခရီးသွားကုမ္ပဏီတစ်ခုနဲ့ ဆက်သွယ်ပြီး ဟော်တယ် ဘွတ်ကင်လုပ်တယ်။ လေယာဉ်လက်မှတ်တွေ ဝယ်ခဲ့တယ်။ ဘယ်နှရက်ပဲ ရရ၊ ဇနီးမောင်နှံတွေလို တူနှစ်ကိုယ် လည်ပတ်ခွင့်ရရင် ကျွန်တော့်အတွက် သေပျော်ပါပြီ။

ကံဆိုးစွာနဲ့ပဲ မျှော်လင့်ချက်ကြီးက အရည်ပျော်သွားခဲ့တယ်။ ခင်ဗျားတို့ သိထားတဲ့ အတိုင်းပဲ။ ကျွန်တော်တို့ရဲ့ ငပလီခရီးစဉ်က အထမမြောက်ခဲ့ဘူး။ သူရိန်ရဲ့ အမေရိကား ခရီးစဉ် ရုတ်တရက် ဖျက်သိမ်းလိုက်တာကြောင့် ကျွန်တော်တို့ ကြံခဲ့လေသမျှ သဲရေကျပေါ့။ အမေရိကား မသွားရလို့ သူရိန် စိတ်ပျက်နေတာထက် ကျွန်တော်တို့က အပုံကြီးသာမယ်ဆိုတာ ပြောဖို့တောင် လိုမယ် မထင်ဘူး။

အဲဒီအချိန်က စပြီး ဇင်မာ ကျွန်တော့်ဆီ လာတဲ့အကြိမ်ရေကလည်း နည်းသထက် နည်းလာတယ်။ အကြောင်းအရင်း သိရတော့ ကျွန်တော့်မျက်နှာတစ်ခုလုံး ဖြူစုပ်သွားတယ်။ သူရိန်က ကျွန်တော်တို့ အကြောင်းကို သိသွားလောက်ပြီ ဖြစ်ကြောင်း ဇင်မာက ပြောလာတယ်။ သူ နောက်ထပ် ပြောတဲ့ စကားကတော့ လောကမှာ ကျွန်တော် မကြားချင်ဆုံး စကားပဲ။ “ကျွန်မတို့ ရပ်တန်းက ရပ်ကြရအောင်” တဲ့။

“သူသာ ကျွန်မတို့အကြောင်း သိသွားခဲ့ရင် ရှင့်ကို သူ တစ်ခုခု လုပ်လိမ့်မယ်။ ရှင့်ကို ဒုက္ခမရောက်စေချင်ဘူး” သူက ထပ်ပြောတယ်။

“ကို မကြောက်ဘူး။ ဒါပေမယ့် ………”

ကျွန်တော့်အတွက်နဲ့ သူပါလိုက်ပြီး စိတ်ဆင်းရဲရမှာကိုလည်း ကျွန်တော် မလိုလားဘူး။ သူရိန်ရဲ့ စရိုက်အရဆိုရင် လွယ်လွယ်ကူကူနဲ့ ကွာရှင်းပေးမှာလည်း မဟုတ်ဘူး။ ကျွန်တော် သူ့ကို လက်လွှတ်လိုက်ဖို့ကလည်း မတွေးရဲသေး။ ရက်ပေါင်းများစွာ ကျွန်တော် ဦးနှောက်ခြောက်နေခဲ့တယ်။ ကျောင်းမှာလည်း စာသင်ဖို့ စိတ်မဝင်စားနိုင်တော့ဘဲ ဘယ်လို ဖြေရှင်းမလဲ ဆိုတာကိုပဲ အသည်းအသန် စဉ်းစားနေခဲ့တယ်။ နောက်ဆုံးတော့ ကျွန်တော် ဆုံးဖြတ်ချက် ချလိုက်တယ်။

ခင်ဗျားတို့ သဘောပေါက် သွားလောက်ပြီ ထင်တယ်။ ဝေဖြိုးတောင် ခန့်မှန်းလို့ ရနေပြီ ဆိုမှတော့ ကျွန်တော့်အနေနဲ့လည်း ဝေ့လည်ကြောင်ပတ် လုပ်နေဖို့ မသင့်တော့ဘူး။ ဟုတ်တယ်၊ ကျွန်တော် သူရိန်ကို သတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။

ဒီလို ရေးထားတာ ဖတ်ရရင် တချို့က ထူးဆန်းနေမှာပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူ့ကို သတ်ပစ်ဖို့ရာ ကျွန်တော် အကြာကြီး မစဉ်းစားလိုက်ရဘူး။ အဲဒီ မတိုင်ခင်ကတည်းက သူရိန်ကို မြန်မြန် သေပါစေလို့ ဆုတောင်းနေမိခဲ့တာ။ ကိုယ်ချစ်နေတဲ့ သူတစ်ယောက်ဟာ တခြားလူတစ်ယောက်ရဲ့ ဇနီးမယား ဖြစ်နေပါလားလို့ တွေးမိတိုင်း သူ့ကို မြန်မြန် သေစေချင်ခဲ့တာပဲ။ တကယ်တမ်း ကျွန်တော်ကသာ သူများ ဇနီးမယားကို လုယူချင်တာ ဖြစ်နေပါလျက်နဲ့ စောစောကလို အတွေးမျိုး တွေးနေတာကတော့ အတော် မတရားတာပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ကိုယ်တိုင် သတ်ပစ်ချင်လောက်အောင် ဖြစ်နေခဲ့တယ် ဆိုတာကိုတော့ ဝန်ခံရလိမ့်မယ်။

ကျွန်တော့်အကြံကို ဇင်မာက အကြောက်အကန် ငြင်းပယ်နေမယ်ဆိုတာ ပြောဖို့တောင် မလိုဘူး။ သူ့အတွက်နဲ့ ဒီလို ဒုစရိုက်မျိုးကို မလုပ်ပါနဲ့လို့တောင် ငိုယိုပြီး တောင်းပန်နေရှာတာ။ သူ့ရဲ့ မျက်ရည်ဟာ ကျွန်တော့်ကို ပိုလို့တောင် ရူးသွပ်စေခဲ့တယ်။ ပိုလို့တောင် စိတ်လှုပ်ရှားစေခဲ့တယ်။ သူရိန်ကို သတ်ပစ်တာက လွဲလို့ တခြား ရွေးစရာ ဘာကျန်နေသေးလို့လဲ။

“မင်း ဘာမှ စိတ်မပူနဲ့။ ကို တစ်ယောက်တည်း လှုပ်ရှားမယ်။ နောက်ဆုံး မအောင်မြင်ခဲ့ဘူး ဆိုရင်တောင် မင်းကို လုံးဝ မထိခိုက်စေရဘူး။ ကို တစ်ယောက်တည်း အဖမ်းခံမယ်” ကျွန်တော့်ကို ရူးနေပြီ၊ ကြောင်နေပြီလို့ ခင်ဗျားတို့ စွပ်စွဲချင် စွပ်စွဲနိုင်ပါတယ်။

ကျွန်တော့်ကို ဘယ်လို တားတား မရတော့ဘူးဆိုတာကို သူ သဘောပေါက်သွားလို့ ထင်ပါတယ်။ ဒါမှမဟုတ် အတူနေနိုင်ဖို့ရာ တခြားနည်းလမ်း မရှိတော့ဘူးဆိုတာ နားလည်သွားလို့ ထင်တယ်။ သူလည်း ကျွန်တော့်အကြံကို သဘောတူခဲ့တယ်။ ဒါပေမယ့် သူက ကျွန်တော် တစ်ယောက်တည်း လှုပ်ရှားဖို့ သဘောမတူခဲ့ဘူး။ ကျွန်တော် သူ့ကို အန္တရာယ် မကျရောက်စေချင်ပေမယ့် သူ့ရဲ့ သဘောထားက ပြတ်သားတယ်။ ‘အတူတူ လုပ်ရင်လုပ်၊ မဟုတ်ရင် လုံးဝ မလုပ်နဲ့’ တဲ့။

ကျွန်တော်တို့ သူရိန်ကို ဘယ်လို သတ်ရမလဲဆိုတာ အတူတကွ အစီအစဉ် ချခဲ့ကြတယ်။ ပိပိရိရိ လုပ်နိုင်ဖို့ လိုတာ မှန်ပေမယ့် အတွေ့အကြုံမှ မရှိကြတာ။ ဖောက်ထွင်းခံရတယ် ဆိုတဲ့ ပုံစံမျိုးပေါက်အောင် လုပ်မယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီနေ့က ဒီဇင်ဘာလ ၁၃ ရက်နေ့။

ည မှောင်သွားတဲ့အထိ ကျွန်တော် စောင့်ပြီးမှ ပန်းခြံထဲ တိတ်တဆိတ် ဝင်ခဲ့တယ်။ အဲဒီအချိန်က ဘာအဝတ်အစား ဝတ်ထားတယ်ဆိုတာကို ဝေဖြိုးက သိထားပြီးနေပြီ။ ကျွန်တော်သာ မျက်နှာဖုံး စွပ်ထားခဲ့ရင် အခုလို ဝန်ခံစာ ရေးရတဲ့ဘဝမျိုး ရောက်မယ်လို့ မထင်ဘူး။ အဲဒီတုန်းကတော့ ဘယ်စဉ်းစားမိခဲ့မှာလဲ။

သူရိန့်အလုပ်ခန်းထဲက မီးတွေ ပိတ်ထားတယ်။ ကျွန်တော် စိတ်လှုပ်ရှားစွာပဲ ပြတင်းတံခါးရွက်ကို တွန်းကြည့်လိုက်တယ်။ လွယ်လွယ်ပဲ ပွင့်သွားတော့ ကျွန်တော် အခန်းထဲကို ကျော်ဝင်ခဲ့တယ်။ အခန်းထောင့်က ဆိုဖာပေါ်မှာ လှဲနေတဲ့ သူရိန်ကို ကျွန်တော် မြင်လိုက်တယ်။ မျက်စိမှိတ်ပြီး လှဲလျက် အသက်ရှူသံ ခပ်ဖြည်းဖြည်းနဲ့ အိပ်ပျော်နေလောက်ပြီ။ နောက်တစ်ရက် အလုပ်အပ်စရာရှိလို့ ညလုံးပေါက် အလုပ်လုပ်ရမယ်မှန်း သိတာကြောင့် ကျွန်တော်တို့ ဒီညကို လုပ်ကြံဖို့ ရွေးချယ်ခဲ့တာ။ အလုပ်အတွက်နဲ့ တစ်ညလုံး သူ့ အလုပ်ခန်းထဲမှာပဲ ရှိနေမယ်ဆိုတာကို ဇင်မာက ကြိုသိနှင့်ပြီးသား။

သူအလုပ်အပ်စရာ ရှိပါလျက်နဲ့ ဘာကြောင့် ဆိုဖာပေါ်မှာ အိပ်နေရသလဲ ဆိုတာကို ကျွန်တော် ရှင်းပြရလိမ့်ဦးမယ်။ သူ့ရဲ့ ညစာထဲမှာ အိပ်ဆေးတွေကို ဇင်မာက ထည့်ထားခဲ့တယ်။ သူရိန်က အဲဒီ အိပ်ဆေးမျိုးကို မကြာမကြာ သုံးတတ်တာကြောင့် ဓာတ်ခွဲ စစ်ဆေးလို့ သွေးထဲမှာ အဲဒီဆေးတွေ တွေ့ရရင်တောင် အဆန်းမဟုတ်တော့ဘူး။ အခု ဆိုဖာပေါ်မှာ သူရိန် လဲနေတာ မြင်ရတော့ အားလုံးဟာ အစီအစဉ်တကျပဲလို့ ယုံကြည်ခဲ့တယ်။ ဇင်မာက သူရိန် အိပ်ပျော်နေကြောင်း တွေ့ရတာနဲ့ ပြတင်းတံခါးကို လော့ခ်ဖြုတ်ပြီး အခန်းမီးကို ပိတ်ပေးခဲ့တယ်။

ကျန်တာကတော့ ကျွန်တော့် အလုပ်ပဲ။ ကျွန်တော်ဟာ တုန်ရီနေတဲ့ လက်နဲ့ ဓားကို အင်္ကျီအိတ်ထဲက ဆွဲထုတ်လိုက်တယ်။ ဟုတ်တယ်၊ ဝေဖြိုးတို့ ဟိုတစ်နေ့က သူရိန်ရဲ့ ပစ္စည်းတွေနဲ့အတူ တွေ့ခဲ့ရတဲ့ ဓားပဲ။

ဘယ်နေရာကို ထိုးမှ တစ်ချက်တည်းနဲ့ သေသွားနိုင်တာလဲ။ ကျွန်တော် မသိဘူး။ ရင်ဘတ်ကို ထိုးချလိုက်တာပဲ ကောင်းမယ်လို့ ကျွန်တော် စဉ်းစားနေတယ်။ လက်ကလည်း တုန်နေတော့ ကိုင်ရတာ မြဲအောင်ဆိုပြီး လက်အိတ်ချွတ်လိုက်တယ်။ ကိစ္စပြီးသွားမှ လက်ဗွေရာကို ဖျက်လိုက်ရင် ပြီးတာပဲ မဟုတ်လား။ ကျွန်တော် လက်နှစ်ဘက်နဲ့ ဓားကို တင်းတင်း ဆုပ်ကိုင်ထားပြီး နှလုံးသားဆီ တည့်တည့် ထိုးချလိုက်ဖို့ ပြင်လိုက်တယ်။

အဲဒီအချိန်မှာပဲ သူရိန်ရဲ့ မျက်လုံးနှစ်လုံး ပွင့်လာတယ်။

ကျွန်တော့်တစ်ကိုယ်လုံး တောင့်တင်းသွားတယ်။ ဓားနဲ့ ထိုးချဖို့ နေနေသာသာ ပါးစပ်တောင် မလှုပ်နိုင်တော့ဘူး။

ဒါပေမယ့် သူရိန်ကတော့ ခပ်သွက်သွက်ပဲ ရှောင်ထွက်သွားခဲ့တယ်။ ကျွန်တော် သတိပြန်ဝင်လာချိန်မှာတော့ သူ့လက်နဲ့ ကျွန်တော့်ခေါင်းကို ဆိုဖာခုံပေါ်မှာ အားပြင်းပြင်းနဲ့ ဖိထားကြောင်း သိလိုက်ရတယ်။ လက်ထဲမှာလည်း ဓားမရှိတော့ဘူး။ ကျွန်တော်က လူဗလံလေး ဆိုပေမယ့် သူက အားကစား ပုံမှန် လုပ်နေတဲ့ လူတစ်ယောက်လေ။

“မင်း ဒါဘာလုပ်တာလဲ။ ဘာဖြစ်လို့ ငါ့ကို သတ်ချင်ရတာလဲ” သူရိန်က မေးတယ်။ ကျွန်တော့်မှာလည်း ဖြေစရာ မရှိဘူး။

သူက ဇင်မာကို လှမ်းခေါ်လိုက်တယ်။ မကြာခင်မှာပဲ မျက်နှာဖြူရော်နေတဲ့ ဇင်မာ ရောက်လာတယ်။ သူရိန်ရဲ့ ခေါ်သံကို ကြားကတည်းက ဘာတွေဖြစ်ကုန်ပြီလဲဆိုတာ ကြိုရိပ်မိမှာပေါ့။

“ရဲစခန်းကို အခု ဖုန်းဆက်။ ငါ့ကို သတ်ဖို့ လုပ်နေတယ်လို့ ပြော” သူရိန်က အော်ပြောတယ်။

ဇင်မာက တုတ်တုတ်မျှ မလှုပ်ဘူး။

“ဘာလုပ်နေတာလဲ။ ကြောင်ကြည့်မနေနဲ့။ ဖုန်းမြန်မြန်ဆက်လေ”

“အဲ …. အဲ …. အဲဒါ ဦးပေါ်လွင်လေ”

“ငါသိသားပဲ။ အဲဒါနဲ့ပဲ ခွင့်လွှတ်ရမတဲ့လား။ သူက ငါ့ကို သတ်ဖို့ လုပ်နေတာလေ”

“ဟို … ဟို …. ကျွန်မ ……”

ဇင်မာက သူလည်း ကြံရာပါဖြစ်ကြောင်း ပြောတော့မလို့။ သူက အမြန် တားလိုက်တယ်။ “စကား ရှည်မနေနဲ့”

‘ဘယ်လိုကြောင့်’ ဆိုတာ ကျွန်တော် မသိပေမယ့် သူရိန်က ကျွန်တော်တို့ရဲ့ အစီအစဉ်ကို ကြိုသိနေပြီးသား။ အိပ်ချင်ယောင်ဆောင်ပြီး ကျွန်တော့်အလာကို သူ စောင့်နေခဲ့တယ်။

“ဒီမယ် ပေါ်လွင်” ကျွန်တော့်ခေါင်းကို သူ့လက်နဲ့ ဖိထားရင်း ပြောတယ်။ “သူများအိမ်ထဲ ကျူးကျော်ဝင်ရောက်တာနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို မင်း မဖတ်ဖူးဘူးလား။ ကိုယ့်အိမ်ထဲ ကျူးကျော် ဝင်လာတဲ့သူကို အိမ်ရှင်က ခုခံပိုင်ခွင့် ရှိတယ်ဆိုတာ သိတယ်မလား။ ကိုယ့်ရဲ့ ပိုင်နက်ထဲမှာ တခြား လူတစ်ယောက်ယောက်က ကိုယ့်ကို အန္တရာယ်ပြုဖို့ ကြံရွယ်လာရင် အဲဒီလူကို မတော်တဆ သတ်မိသွားရင်တောင် အိမ်ရှင်မှာ ဘာအပြစ်မှ မရှိဘူးဆိုတာ ကြားဖူးတယ် မဟုတ်လား။ အခု အခြေအနေက အဲဒီ ဥပဒေထဲကနဲ့ အတော် နီးစပ်နေပြီ။ အခုချိန်မှာ ငါ မင်းကို သတ်ပစ်လိုက်လည်း ဘယ်သူမှ ငါ့ကို အပြစ်တင်နေမှာ မဟုတ်ဘူး”

သူ့ရဲ့ အေးစက်နေတဲ့ လေသံကြောင့် ကျွန်တော့်မှာ ဇောချွေးတွေ ပြန်နေခဲ့ပြီ။ သူက တကယ် လုပ်မှာ မဟုတ်ဘူးလို့ ယုံကြည်ရပေမယ့်လည်း တကယ် လုပ်ခဲ့ရင်ဆိုတဲ့ အတွေးနဲ့တင် ကျွန်တော့်မှာ နေစရာ မရှိတော့ဘူး။

“ဒါပေမယ့် မင်းကံကောင်းပါတယ်။ ငါ ဒီနေ့ လူမသတ်ချင်သေးဘူး။ ရိုးရိုးသားသား ပြောရရင် မင်းကို သတ်တော့ရော ဘာထူးမှာလဲ။ မင်းကို ရဲလက်ထဲ အပ်လိုက်ရုံပဲ” သူ ဇင်မာကို တစ်ချက် မဲ့ပြုံး ပြုံးပြလိုက်ပြီး ကျွန်တော့်ကို စူးစူးရဲရဲ ကြည့်နေခဲ့တယ်။ “ဒါပေမယ့် မင်းကို ထောင်ထဲထည့်လိုက်တော့ရော ငါ့အတွက် ဘာအကျိုး ရှိမှာမို့လဲ”

သူ ဘာကြောင့် အဲဒီလို စကားတွေ ပြောနေသလဲဆိုတာ ကျွန်တော် နားမလည်နိုင်ခဲ့ဘူး။ တွေးနိုင်တဲ့ စိတ်အခြေအနေမျိုးလည်း ရှိတော့တာမှ မဟုတ်ဘဲ။

ကျွန်တော့်ခေါင်းကို ဖိထားတဲ့ သူ့လက်တွေကို ဖြေလျှော့လိုက်ပြီး သူ မတ်မတ် ရပ်လိုက်တယ်။ ဆိုဖာပေါ်မှာ ရှိတဲ့ စောင်နဲ့ သူ့လက်ကို ပတ်လိုက်ပြီး ကြမ်းပြင်ပေါ် ကျနေတဲ့ ဓားကို ကောက်ကိုင်တယ်။ “ငါမင်းကို ဒီနေ့ လွှတ်ပေးလိုက်မယ်။ မင်း ပြတင်းပေါက်ကနေ လစ်ပေတော့”

ကျွန်တော် မယုံနိုင်အောင်ဘဲ အံ့အားသင့်ပြီး သူရိန်ကို ကြည့်နေမိတယ်။ သူကတော့ ကျေကျေနပ်နပ်ကြီး ပြုံးလို့။

“ဘာ ကြောင်ကြည့်နေတာလဲ။ ငါ စိတ်မပြောင်းခင် ငါ့ရှေ့က ထွက်သွားရင်ကောင်းမယ်”

“မင်း .. ဘာလုပ်ချင်တာလဲ” တုန်နေတဲ့ အသံတွေကိုတောင် မထိန်းနိုင်တော့ဘူး။

“အခုချိန် ပြောလိုက်ရင် ကစားပွဲက ဘယ်လှတော့မလဲ။ မင်း ပြန်တော့ကွာ။ ဒါပေမယ့် …..” သူ့လက်ထဲက ဓားကို ထောင်ပြတယ်။ “ဒါကိုတော့ သက်သေအဖြစ်နဲ့ သိမ်းထားရလိမ့်မယ်”

ဓားပေါ်မှာ ကျွန်တော် လက်ဗွေရာတွေတော့ ရှိတယ်။ တကယ်ပဲ သက်သေအဖြစ်နဲ့ သုံးလို့ ရပါ့မလား။ ကျွန်တော် တွေးနေတာကို သူ ရိပ်မိသွားပုံ ရတယ်။ သူရိန်က “မမေ့နဲ့ဦး။ သက်သေက ဒါ တစ်ခုတည်း မဟုတ်ဘူး။ မင်း ငြင်းချင်လို့တောင် ဘယ်လိုမှ ငြင်းလို့ မရဘူး။ နောက်တစ်ခေါက်မှ မင်းကို ပြတာပေါ့”

အဲဒါ ဘာပါလိမ့်မလဲ။ ကျွန်တော် လုံးဝ တွေးလို့ မရခဲ့ဘူး။ ကျွန်တော် ဇင်မာ့ကို လှမ်းကြည့်လိုက်တော့ သူလည်း မျက်လုံးတွေ နီရဲပြီး မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေပြီ။ ဒီလောက် ဝမ်းနည်းနေတဲ့ လူတစ်ယောက်ကို ကျွန်တော် တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ နောက်ထပ်လည်း မမြင်ရတော့ပါဘူး။

ကျွန်တော် ပြတင်းပေါက်ကနေပဲ ကျော်တက်ပြီး အိမ်ပြန်ခဲ့တယ်။ ကျွန်တော် သူတို့နဲ့ ဝေးရာ ရှောင်ထွက်သွားဖို့ အကြိမ်ကြိမ် စဉ်းစားခဲ့ဖူးတယ်။ အဲဒီလို လုပ်ရင် ဇင်မာ့အပေါ် ထိခိုက်လာနိုင်တယ် ဆိုတဲ့ အတွေးနဲ့ ကျွန်တော် မပြေးနိုင်ခဲ့ဘူး။

ဒီတော့ ကျွန်တော့်အပေါ် အကြောက်တရားတွေ နေ့စဉ် စိုးမိုးနေတော့တာပေါ့။ သူရိန်က တစ်နေ့မဟုတ် တစ်နေ့ ကျွန်တော့်ကို လက်စား ပြန်ချေမှာပဲ။ ဘယ်လိုပုံစံနဲ့ ပြန်ပြီး လက်စားချေမလဲ ဆိုတာ မသိရတော့ အဲဒါက ပိုပြီး ခြောက်ခြားစေခဲ့တယ်။ အဲဒီနေ့က စပြီး ကျွန်တော် သူရိန့်အိမ်လည်း မသွားတော့ဘူး။ ဇင်မာနဲ့လည်း မတွေ့ဖြစ်တော့ဘူး။ သူရိန် အလုပ်ကိစ္စနဲ့ အပြင် ထွက်သွားရင်တော့ ဇင်မာက ကျွန်တော့်ဆီ ဖုန်းခေါ်လာတတ်တယ်။

“အဲဒီညက အကြောင်းကို သူ လုံးဝ မပြောတော့ဘူး။ အကုန် မေ့ပစ်လိုက်သလိုပဲ” သူက ပြောတယ်။ သူရိန်က တကယ်ပဲ မေ့နိုင်ပါ့မလား။ သူက အဲဒီလို တိတ်ဆိတ်နေလေလေ ကျွန်တော့်အတွက် အန္တရာယ်က ပိုကြီးလေလေပဲလို့ ခံစားနေရတယ်။

သူ့ရဲ့ လက်စားချေမှုအတွက် လအနည်းငယ် စောင့်လိုက်ရတယ်။ ကျွန်တော် စာအုပ်ဆိုင်ရောက်မှ သတိထားမိတာ။ ဝေဖြိုးကတော့ ခန့်မှန်းလို့ ရနေလောက်ပြီ။ ဟုတ်တယ်၊ သူရိန်ရဲ့ စာအုပ်အသစ် <စက္ကူမီးအိမ်> ထုတ်ဝေခဲ့တယ်။ အဲဒီစာအုပ်က ကျွန်တော်ရဲ့ ပထမဆုံး လုံးချင်းဝတ္ထု <ရောင်စုံမီးအိမ်> ကို ပြန်ပြင်ပြီး ရေးထားတာ။

အိပ်မက်ဆိုးတွေ မက်နေတယ်လို့ပဲ ထင်မိတယ်။ ကျွန်တော် လုံးဝ မယုံကြည်နိုင်ခဲ့ဘူး။ မဟုတ်ဘူး၊ မယုံချင်ခဲ့တာ။

ကျွန်တော် သေချာစဉ်းစားကြည့်တယ်။ ဒါက အကောင်းဆုံး လက်စားချေမှုပဲ ဖြစ်မယ်။ စာရေးဆရာတစ်ယောက် ဖြစ်ချင်တဲ့ ကျွန်တော့်အနေနဲ့ အသည်းခွဲ ခံလိုက်ရသလိုပဲ။ ဒီလောက် ရက်စက်တဲ့ အပြစ်ဒဏ်မျိုးကို သူရိန်က လွဲလို့ ဘယ်သူက စဉ်းစားတတ်မှာလဲ။

စာရေးဆရာတစ်ယောက်အနေနဲ့ သူ့ရဲ့ ဝတ္ထုဟာ ဘဝတစ်ခြမ်းပဲလေ။ ခပ်လွယ်လွယ် ပြောရရင် ကိုယ့်သားသမီးလိုပဲ။ စာရေးဆရာ တစ်ယောက်အနေနဲ့ သူ့ရဲ့ စာပေလက်ရာကို ချစ်တဲ့အချစ်ဟာ မိဘက သားသမီးကို ချစ်တဲ့အချစ်မျိုးနဲ့ အတူတူပဲ။

ကျွန်တော့်ရဲ့ ဝတ္ထုကို သူရိန်က ခိုးသွားခဲ့ပြီ။ အခု သူက သူ့နာမည်နဲ့ ထုတ်ဝေခဲ့ပြီဆိုတော့ လူတွေရဲ့ မှတ်ဉာဏ်ထဲမှာ <စက္ကူမီးအိမ်> ဟာ သူရိန်ရဲ့ ဝတ္ထု ရာသက်ပန် ဖြစ်သွားခဲ့ပြီပေါ့။ စာပေမှတ်တမ်းတွေမှာလည်း ဒီလိုပဲ မှတ်သားကြတော့မှာ။ ကျွန်တော်က ကန့်ကွက်မှသာလျှင် ဒါကို ဟန့်တားနိုင်မှာလေ။ ကျွန်တော် ဒီလို လုပ်မှာ မဟုတ်ဘူးဆိုတာ သူ ကြိုတင် တွက်ဆထားခဲ့မှာပဲ။

ဟုတ်တယ်။ အခုလို လက်စားအချေ ခံရမှတော့လည်း ကျွန်တော့်အနေနဲ့ ငြိမ်ခံနေရုံက လွဲလို့ ဘာရှိဦးမှာလဲ။ တကယ်လို့ ကျွန်တော်က ဆန့်ကျင်ခဲ့မယ်ဆိုရင် သူက ကျွန်တော့်ကို စကားတစ်ခွန်းတည်းနဲ့ အရှိုက်ထိုးပစ်လိမ့်မယ်။ “မင်း ထောင်ထဲ မဝင်ချင်ရင် တိတ်တိတ်နေ”

တကယ်လို့ ဝတ္ထုခိုးချခံရတာ ဖွင့်ဟလိုက်မယ်ဆိုရင် သူရိန့်အိမ်ကို ခိုးဝင်တဲ့ကိစ္စနဲ့ သူ့ကို သတ်ဖို့ ကြံစည်ခဲ့တဲ့ အကြောင်းကိုလည်း ဖွင့်ချလိုက်သလို ဖြစ်သွားမယ်။ ရဲစခန်းမှာ ကိုယ်တိုင် သွားအဖမ်းခံပြီး <ရောင်စုံမီးအိမ်> ဝတ္ထုကနေ <စက္ကူမီးအိမ်> စာအုပ် ဖြစ်သွားတဲ့အကြောင်း ပြောပြလိုက်ချင်တယ်။ ရဲစခန်းကို ဖုန်းခေါ်ဖို့ ဖုန်းခွက်ကို ကိုင်ပြီးကာမှ ကျွန်တော် မလုပ်ဖြစ်ခဲ့ဘူး။

လူသတ်ဖို့ ကြံစည်မှုနဲ့ အဖမ်းခံရမှာကို စဉ်းစားပြီး ကြောက်နေခဲ့တယ်။ နောက်ပြီး ဇင်မာ့ကိုလည်း ကြံရာပါအဖြစ်နဲ့ ဖမ်းကြဦးမှာ။ ကျွန်တော်က တစ်ယောက်တည်း လုပ်ပါတယ်လို့ ဘယ်လောက်ပဲ ထွက်ဆိုထွက်ဆို၊ နောက်ဆုံး စစ်ဆေးလို့ သက်သေတွေ့သွားခဲ့ရင် ဇင်မာလည်း ပြေးလို့ မလွတ်ဘူး။ ရဲတွေကို ညာနိုင်တယ်ပဲထား၊ သူရိန်ကရော ဇင်မာ့ကို ဒီအတိုင်း လွှတ်ထားပါ့မလား။ ကျွန်တော့်အတွက် မျှော်လင့်ချက်တွေ လုံးဝ ပျောက်ဆုံးနေပေမယ့် ဇင်မာကိုတော့ တည်ငြိမ်အေးချမ်းတဲ့ ဘဝမျိုးမှာပဲ နေစေချင်ခဲ့တယ်။ ဒီစာကို ဖတ်ပြီး “ဒီဘဝရောက်နေတာတောင် ကယ်တင်ရှင်ကြီး လုပ်ချင်နေသေးတယ်” လို့ ရဲဘော်တွေကတော့ ရယ်ချင်နေကြမှာပဲ။ ကျွန်တော့်ကိုယ်ကျွန်တော် လှည့်ဖြားနေတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ဒီလိုမှ မလှည့်ဖြားခဲ့ရင် နာကျည်းစရာကောင်းတဲ့ ဒီလို နေ့ရက်တွေကို ကျွန်တော် ဘယ်လိုလုပ်ပြီး ဖြတ်သန်းနိုင်ခဲ့ပါ့မလဲ။

အဲဒီ ကာလတွေမှာ ဇင်မာတောင် ကျွန်တော်ကို မနှစ်သိမ့်နိုင်ခဲ့ဘူး။ တစ်ခါတလေ သူရိန် သတိမထားမိချိန်တွေမှာ ကျွန်တော့်ဆီ ဖုန်းဆက်လာတတ်တယ်။ ဖုန်းထဲမှာ နာကျင်စွာ တိတ်ဆိတ်နေတာက လွဲပြီး ကျွန်တော်တို့ ပြောနိုင်တာဆိုလို့ ကြေကွဲမှုနဲ့ အဓိပ္ပာယ်မဲ့တဲ့ စကားတွေပဲ ရှိတော့တယ်။

“ရှင့်အပေါ် သူ ဒီလောက် ရက်စက်လိမ့်မယ်လို့ ကျွန်မ ထင်မထားခဲ့ဘူး။ ရှင့်ရဲ့ ဝတ္ထုကို သူ ဒီလို ………..”

“မတတ်နိုင်ဘူးလေ”

“ကျွန်မကြောင့် အဲဒီလို ဖြစ်ရတာ”

“မင်းနဲ့ မဆိုင်ပါဘူး။ ကိုယ့်ဘာသာ အ,လို့ ခံရတယ်လို့ပဲ အောက်မေ့တယ်။ ကိုယ့်အပြစ်နဲ့ကိုယ်ပဲ”

အဲဒါသာ ကြည့်တော့။ ကိုယ်ချစ်တဲ့သူနဲ့ စကားပြောနေရတာတောင် ကျွန်တော့်မှာ ဝမ်းမသာနိုင်ခဲ့ဘူး။ ဟိုး ချောက်နက်နက်ထဲ ကျသွားသလိုပဲ။ မျှော်လင့်ချက် ဘာမှ မရှိတော့ဘူး။

အနာပေါ် တုတ်ကျတယ်ပဲ ပြောရမလား။ တစ်ပူပေါ် တစ်ပူဆင့်တယ်ပဲ ဆိုရမလား မသိဘူး။ <စက္ကူမီးအိမ်> စာအုပ်က မထင်မှတ်နိုင်လောက်အောင် ‘ပေါက်’ သွားခဲ့တယ်။ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ ဒီစာအုပ်အကြောင်း ဆွေးနွေးတာတွေ ဖတ်ရတိုင်း ကျွန်တော့်ကို ဓားနဲ့ မွှန်းနေသလိုပဲ။ စာပေဆု ရနိုင်တယ်လို့ သုံးသပ်ကြတော့ ဝမ်းသာမိတာပါပဲ။ နောက်မှ လက်တွေ့ဘဝကို ပြန်သတိရပြီး “ဪ …. အဲဒါ သူရိန်လေ၊ ငါမှမဟုတ်တာ” ဆိုတဲ့ ခံစားချက်ကို ခံစားကြည့်စေချင်တယ်။ ကိုယ်ချင်းစာ ကြည့်စေချင်တယ်။

အခု သူက အင်မတန် ရေပန်းစားတဲ့ လူတစ်ယောက် ဖြစ်လာတဲ့အပြင် အမျိုးသားစာပေဆုပါ ရသွားခဲ့တယ်။ မာန်တက်နေတဲ့ အပြုံးနဲ့ သူ့မျက်နှာကို သတင်းစာတွေ၊ ဂျာနယ်တွေမှာ မြင်လိုက်ရတဲ့ ခဏမှာ ကျွန်တော် ဘာဖြစ်နေမလဲဆိုတာ တွေးကြည့်လို့ ရနိုင်မှာပါ။ ကျွန်တော် ညပေါင်းများစွာ အိပ်မပျော်ခဲ့ဘူး။

တစ်ရက်တော့ တံခါးခေါက်သံကြားလို့ တံခါးချောင်းကြည့်ပေါက်ကနေ ကြည့်လိုက်တာ နှလုံးခုန်နှုန်းတွေ ပိုမြန်သွားတယ်။ သူရိန်ပါလား။ သူ့အိမ်မှာ သူ့ကို သတ်ဖို့ကြံပြီးကတည်းက အခုမှ ပြန်တွေ့ကြရတာပဲ။ အိမ်ထဲမှာ လူမရှိချင်ယောင်ဆောင်ပြီး မထူးဘဲ နေဦးမလို့။ ရှောင်နေလို့လည်း ပြဿနာက အေးမှာ မဟုတ်ဘူးဆိုပြီး တံခါး ဖွင့်ပေးလိုက်တယ်။

သူရိန်က ခပ်ရေးရေး ပြုံးနေတယ်။ “မင်း အိပ်နေတာလား”

“မအိပ်ဘူး” တနင်္ဂနွေနေ့မှာ အလုပ်မရှိတော့ ညအိပ်ဝတ်စုံနဲ့။

“ကောင်းတယ် ကောင်းတယ်။ ငါမင်းရဲ့ အိပ်မက် လှလှလေးတွေကို မနှောင့်ယှက်ချင်ပါဘူး” သူက အထဲကို တစ်ချက် လှမ်းကြည့်လိုက်တယ်။ “ငါ အထဲ ဝင်လို့ ရမလား။ မင်းနဲ့ စကားနည်းနည်း ပြောချင်တယ်”

“ရပါတယ်။ အိမ်ထဲမှာ နည်းနည်း ပွနေမှာပဲ”

“ကိစ္စ မရှိပါဘူး။ ငါတို့က အလှဓာတ်ပုံ ရိုက်မလို့မှ မဟုတ်တာ”

အရောင်းသွက် စာရေးဆရာ ဖြစ်သွားပြီဆိုတော့ အလှဓာတ်ပုံ ရိုက်ခံဖို့ အခွင့်အရေးတွေ ပိုများလာတာပေါ့။ ဒီမှာလာပြီး အထာပေးနေစရာ လိုလို့လား။

သူက ကျွန်တော့်ကို ကြည့်ပြီး “မင်းလည်း ငါ့ကို ပြောစရာ ရှိမှာပေါ့။ အများကြီးကို ရှိလောက်တယ်”

ကျွန်တော် ဘာမှ ပြောချင်စိတ် မရှိဘူး။ ကျွန်တော်တို့ ဧည့်ခန်းဆီ သွားနေတုန်း သူက အခန်းပတ်ပတ်လည်ကို မျက်စိ ကစားနေတယ်။ ကျွန်တော် နည်းနည်းလေး စိတ်ပူသွားတယ်။ ဇင်မာ လာထားတဲ့ အစအနတွေ ကျန်များ ကျန်နေဦးမလား။ ဇင်မာရဲ့ ခါးစည်းကိုလည်း ကျွန်တော် လျှော်ဖွတ်ပြီး ဗီဒိုထဲ သိမ်းထားပြီးပြီ။

“တစ်ယောက်တည်းသမားအတွက်ဆိုရင် တော်တော် သန့်ရှင်းနေတယ်လို့ ပြောရမယ်” ကြည့်လို့ ဝတော့ စကား စ,လာတယ်။

“ဟုတ်လား”

“ဒါမှမဟုတ် ……. လာပြီး သန့်ရှင်းရေး လုပ်ပေးတဲ့သူများ ရှိလို့လား”

ဒီစကားကြားရတော့ ကျွန်တော် မသိမသာ သူ့ကို လှမ်းကြည့်လိုက်တယ်။ သူ့ မျက်နှာမှာက အေးစက်တဲ့ အပြုံးနဲ့။ ငါသိပါတယ်ကွာ ဆိုတဲ့ အထာ။

“ပြောစရာရှိတယ်ဆို။ ဘာကိစ္စလဲ”

“ဒီလောက်လည်း မလောပါနဲ့” သူ စီးကရက်တစ်လိပ် မီးညှိလိုက်ပြီး အခု လူပြောများနေတဲ့ ဝန်ကြီးလာဘ်စားမှုအကြောင်းကို ပြောနေတော့တယ်။ ဒီလို ဖြည်းဖြည်းချင်း ညှင်းနေရတာ သူ့အတွက် အရသာ ရှိနေပုံရတယ်။ ကျွန်တော် သည်းမခံနိုင်လောက်အောင် အမူအရာတွေ ပျက်နေပြီဆိုမှ ဘာမှ မဖြစ်ခဲ့သလို လေသံမျိုးနဲ့ “ဒါနဲ့ <စက္ကူမီးအိမ်> စာအုပ်နဲ့ ပတ်သက်ပြီး …….”

ကျွန်တော် ခါးကို မတ်လိုက်ပြီး သူ ဆက်ပြောမယ့် စကားကို စောင့်နေခဲ့တယ်။

“မင်းကို ငါ တောင်းပန်ရလိမ့်မယ် ထင်တယ်။ မင်း ရေးထားတဲ့ စာမူထဲက တချို့ အပိုင်းတွေနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆင်ဆင်တူနေတယ်။ မင်း ဝတ္ထုက ဘာနာမည်ပါလိမ့်။ <ရောင်စုံမီးအိမ်> … ဟုတ်တယ်မလား”

ကျွန်တော် သူ့ကို စိုက်ကြည့်နေမိတယ်။ ကိုယ်ကြားလိုက်တဲ့ စကားကိုတောင် မယုံနိုင်တော့ဘူး။ သူ ဒီလောက်တောင် အရှက် ကင်းမဲ့နေပြီလား။ တိုက်တိုက်ဆိုင်ဆိုင် ဆင်ဆင်တူနေတယ် … အဲဒါကို “ခိုးကူး” တယ်လို့ မခေါ်ရင် “ခိုးကူး” ဆိုတဲ့ စကားလုံးကို အဘိဓာန်ထဲက ထုတ်ပစ်လိုက်တာပဲ ကောင်းမယ်။ ကျွန်တော် စိတ်လိုက်မာန်ပါ မပြောမိအောင် ကြိုးစားပြီး သည်းခံနေရတယ်။

သူက ဆက်ပြောတယ်။ “ဒါပေမယ့် ‘တိုက်ဆိုင်တယ်’ လို့ပဲ ပြောနေရင်လည်း သိပ်တော့ သဘာဝ မကျလှဘူး။ ဘယ်လိုပြောရမလဲ။ ငါ အဲဒီ အကြောင်းအရာကို ရေးနေတုန်း အချိန်မှာပဲ မင်းရဲ့ စာမူကို ဖတ်ခဲ့ရတယ်။ ဒါကြောင့် မင်း စာမူရဲ့ လောင်းရိပ်မိသွားခဲ့တယ်လို့ ပြောရမယ်။ ဒါ ငြင်းလို့ မရတဲ့ အချက်ပဲ။ ငါ့ရဲ့ အတွင်းစိတ်ထဲမှာ စဉ်းစားထားတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေက မင်းရဲ့ စာမူတွေထဲမှာ အထင်းသား မြင်ခဲ့ရတယ်လို့ ပြောရင် ပိုမှန်မယ်။ သီချင်းရေးဆရာတွေမှာ မကြာခဏဆိုသလို ဒါမျိုး အဖြစ်အပျက်တွေကို ကြုံကြရတာပဲ မဟုတ်လား။ မတိုင်ပင်ပါဘဲ တခြားသူနဲ့ ဆင်တူနေတဲ့ သီချင်းတွေ ရေးမိတတ်ကြတယ်လေ”

ကျွန်တော် တစ်ခွန်းမှ ပြန်မပြောဘဲ သူ ပြောသမျှကို နားစိုက်ထောင်နေခဲ့တယ်။ အဲဒီအချိန် ကျွန်တော့်ဆီ အင်မတန် ထူးဆန်းတဲ့ အတွေးတစ်ခု ဝင်လာတယ်။ ‘ဒီလို အဆင့်မရှိတဲ့ စကားမျိုးကို ငါက ယုံနေမယ်လို့ ဒီလူက ထင်နေတာလား’

“အခု စာအုပ်ကိစ္စနဲ့ ပတ်သက်ပြီး မင်း အရေးတယူ မလုပ်တာ သိပ်မှန်တယ်။ ငါတို့က သူစိမ်းတွေမှ မဟုတ်တာ။ ငါတို့ ခင်ခဲ့ကြတာ နှစ်ပေါင်းလည်း မနည်းတော့ဘူး။ မင်း စိတ်လိုက်မာန်ပါ မလုပ်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းနိုင်တာ အားလုံးတွက် အကောင်းဆုံးပဲ”

သူ ပြောလိုက်တဲ့စကားကို ကျွန်တော် ဒီလို နားလည်ရမယ် ထင်တယ်။ “မင်း မဆိုးဘူး။ အကင်းပါးတယ်။ နောက်လည်း မင်းပါးစပ်ကို ကောင်းကောင်း ပိတ်ထား။ ဘယ်တော့မှ ဒီအကြောင်း မပြောနဲ့။ ဒါဆို မင်းရဲ့ အထ မမြောက်တဲ့ လူသတ်မှုအကြောင်းကို ငါလည်း ထုတ်ပြောဖြစ်မှာ မဟုတ်တော့ဘူး”

“ကဲ … ပြောနေလိုက်တာ လာရင်းကိစ္စဆီကို မရောက်သေးဘူး”

ဘာတွေများ အရူးချေးပန်း ပြောဦးမလို့လဲ ဆိုတဲ့ အတွေးနဲ့ သူ့ကို မော့ကြည့်လိုက်တယ်။

“စောနက ပြောခဲ့သလိုပဲ။ အကြောင်းအရင်း အမျိုးမျိုး ပေါင်းစပ်မိပြီး <စက္ကူမီးအိမ်> ဆိုတဲ့ စာအုပ်တစ်အုပ် ထုတ်ဝေခဲ့ပြီးပြီ။ ဒီစာအုပ်ကို လူတွေက အတော်လေး သဘောကျကြတယ်။ အမျိုးသားစာပေဆု ဆိုတဲ့ ဂုဏ်ယူစရာ အသိအမှတ်ပြုမှု တစ်ခုကိုလည်း ရခဲ့ပြီ။ ဒီလိုအောင်မြင်မှုမျိုးက ဖွဲမီးလိုသာ ဖြစ်နေရင် သိပ် နှမြောစရာ ကောင်းမှာပဲ”

ကျွန်တော့်မျက်နှာမှာ သွေးမရှိတော့သလို ခံစားနေရတယ်။ သူက ဒုတိယမ္ပိ လုပ်ချင်နေသေးတာကိုး။ <ရောင်စုံမီးအိမ်> ကနေ <စက္ကူမီးအိမ်> ဖြစ်သွားခဲ့သလို ကျွန်တော့်ရဲ့ ဒုတိယ ဝတ္ထုကိုလည်း မောင်ပိုင်စီးဖို့ စကားကျောင်းနေပြီ။

“မင်း အဲဒါကိုလည်း ခိုးကူးဦးမလို့လား”

သူရိန်က မျက်မှောင်ကြုတ်လိုက်တယ်။ “ခိုးကူး ဆိုတဲ့ စကားလုံးကို သုံးတာ တော်တော် ပညာရှိ မဆန်တာပဲ”

“ဘာလို့ ဟန်ဆောင်နေရတာလဲ။ ဒီမှာ တခြားလူ ရှိတာမှ မဟုတ်တာ။ မင်း ဘယ်လိုပဲ စကားလုံးအလှ သုံးသုံး၊ ‘ခိုးကူး’ က ‘ခိုးကူး’ ပဲ”

သူရိန်က တည်တည်ငြိမ်ငြိမ်ပဲ။ “မင်း ကြည့်ရတာ ‘ခိုးကူး’ ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပာယ်ကို နားလည်ပုံ မရဘူး။ အဘိဓာန်ထဲကို ရှာကြည့်ကြည့်ပါဦး။ အခု မရှာနိုင်ရင်လည်း ငါ ပြောပြမယ်။ “သူတစ်ပါး၏ အရေးအသား၊ ဖန်တီးမှု စသည်တို့၏ အကုန်လုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကို ဖြစ်စေ ကိုယ့်အရေးအသား၊ ဖန်တီးမှု ဖြစ်လေဟန် ပိုင်ရှင်၏ ခွင့်ပြုချက်မရဘဲ ကူးယူအသုံးပြုခြင်း” တဲ့။ ကဲ တွေ့လား။ တကယ်လို့ ငါက ခွင့်ပြုချက် မရဘဲ ယူသုံးတယ်ဆိုရင်တော့ ခိုးကူးတာပေါ့ကွာ။ အဲဒီလို မဟုတ်ဘဲ ခွင့်ပြုချက် ရတယ် ဆိုရင်တော့ ……”

ကျွန်တော် ဘယ်တုန်းက ခွင့်ပြုခဲ့ဖူးပါလိမ့်။ ကျွန်တော် တွေးနေခဲ့တယ်။ “ငါ့ရဲ့ ဒုတိယ ဝတ္ထုတစ်ပုဒ်ကိုလည်း မင်းက ထပ်ကူးချပြီး ငါက ဘာမှ မပြောဘဲ နှုတ်ဆိတ်နေရမယ်ပေါ့။ အဲဒီလိုလား”

သူက ပခုံးကို ပင့်လိုက်တယ်။ “မင်း ငါ့ကို အထင်လွဲနေပြီ။ ငါ မင်းနဲ့ အပေးအယူ တစ်ခု လုပ်မလို့ လာတာ။ အင်မတန် ကောင်းတဲ့ အပေးအယူပေါ့”

“မင်းရဲ့ အပေးအယူကို ငါ သိတယ်။ မင်းခိုးချတာကို ငါက နှုတ်ပိတ်နေမယ်ဆိုရင် မင်း ငါ့ကို ရဲလက် မအပ်ဘူး။ အဲဒီညကအကြောင်း မပြောဘူး။ အဲဒီလို မဟုတ်လား”

“ဒေါသတွေ သိပ်မကြီးစမ်းပါနဲ့ကွာ။ ငါမင်းကို ပြောပြီးပြီပဲ။ အဲဒီညက ကိစ္စကို ဗွေမယူတော့ပါဘူးလို့။ ငါပြောမယ့် အပေးအယူ ဆိုတာက အနာဂတ်အတွက် အခွင့်အလမ်းတွေကို ပြောတာ”

သူပြောတဲ့ “အနာဂတ် အခွင့်အလမ်း” ဆိုတာကြီးကို ကျွန်တော် နားမလည်ဘူး။ ဘယ်လိုတွေးတွေး ကျွန်တော့်အတွက် ကောင်းနိုင်တာ တစ်ခုမှ မရှိဘူး။ ဒါပေမယ့် သူ ဘာဆက်ပြောမလဲဆိုတာ သိရအောင် ကျွန်တော် နှုတ်ဆိတ်နေလိုက်တယ်။

“ဒီမယ် ပေါ်လွင်၊ မင်းမှာ အစွမ်းအစ ရှိတယ်။ ဒါပေမယ့် အစွမ်းအစ ရှိမှုနဲ့ ထုတ်ဝေသူကြိုက်တဲ့ စာရေးဆရာ ဖြစ်မှုက တစ်ဘာသာဆီပဲ။ မင်း နားလည်အောင် ပြောရရင် အရောင်းသွက်တဲ့ စာရေးဆရာနဲ့ အစွမ်းအစ ရှိမှုဟာ တိုက်ရိုက်ဆက်စပ်မှု မရှိဘူး။ အဲဒီအဆင့်ထိ ရောက်ဖို့ဆိုရင် ကံတော်တော် ကောင်းမှ ရမယ်။ ဘယ်လို ကံကောင်းရမလဲ၊ ကံကောင်းအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ ဘယ်သူမှ ပြောနိုင်တာ မဟုတ်ဘူး။ လူတိုင်း လိုချင်နေကြတာပဲ။ ရအောင်လည်း ကြံစည်နေကြတာပဲ။ ဒါပေမယ့် လိုချင်တိုင်း ကြံတိုင်း ရတဲ့ အရာမျိုး မဟုတ်ဘူး”

သူဟာ ဒီစကားတွေကို အတည်ပေါက် ပြောနေကြောင်း သူ့အမူအရာ ကြည့်ရင် သိနိုင်တယ်။ စာရေးဆရာတစ်ယောက် ဖြစ်ဖို့ ကြိုးစားရုန်းကန်ခဲ့ရတဲ့ သူ့အကြောင်းသူ ပြန်တွေးမိပြီး ပြောနေတာ ဖြစ်မယ်လို့ ကျွန်တော် ခံစားမိတယ်။

“အခုချိန် <စက္ကူမီးအိမ်> စာအုပ် အရမ်းအောင်မြင်နေတာဟာ မင်းရဲ့ ဇာတ်လမ်းတွေ သိပ်ကောင်းလို့လို့ မင်း ထင်နေတာလား။ ကောင်းတယ်ဆိုတာ ငြင်းလို့ မရပေမယ့် ကောင်းနေရုံနဲ့လည်း မလုံလောက်သေးဘူးကွ။ တကယ်လို့ အဲဒီစာအုပ်ကို ငါ့နာမည်နဲ့ မဟုတ်ဘဲ မင်းနာမည်နဲ့ ထုတ်မယ်ဆိုရင် ဘာတွေ ဖြစ်ကုန်မယ်ထင်သလဲ။ စာရေးဆရာနာမည်မှာ ပေါ်လွင်လို့ ပုံနှိပ်ထားမယ်ဆိုရင် ရလဒ်က ဘာဖြစ်လာမလဲ။ မင်း တွေးကြည့်ဖူးလား”

“စမ်းမကြည့်ဘဲ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ”

“ငါပြောရဲတယ်။ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ လူတွေရဲ့ ဥပေက္ခာ ပြုခြင်းကို ခံရမယ်။ မကြာခင် မေ့သွားမယ်။ ပင်လယ်ထဲကို ကျောက်ခဲလေးတစ်လုံး ပစ်ချလိုက်သလိုပဲ။ ကြာရင် ဘယ်သူမှ အမှတ်ရတော့မှာ မဟုတ်ဘူး”

ဒါက တကယ့်ကို အဝင်ဆိုးတဲ့ သုံးသပ်ချက်တစ်ခုပဲ။ ဒါပေမယ့် ကျွန်တော် ငြင်းလို့ မရဘူး။ စာပေလောကနဲ့ ပတ်သက်ပြီး ဒီအကြောင်းတွေကို အနည်းနဲ့အများ ကျွန်တော် ကြားဖူးနေပြီးသား။

“ဒါကြောင့် မင်းနာမည်ကို သုံးခဲ့ရတယ် ဆိုပါတော့။ မင်း အခုလိုလုပ်ခဲ့တာ မှန်တယ်၊ သင့်တော်တယ်လို့ ပြောချင်နေတာလား”

“ငါပြောချင်တာက စာရေးသူနေရာမှာ ‘ပေါ်လွင်’ မဟုတ်ဘဲ ‘သူရိန်’ ဖြစ်နေတာဟာ အဲဒီစာအုပ်အတွက် ကံကောင်းတယ် ပြောရမယ်။ ဒီလိုသာ မဟုတ်ခဲ့ရင် လူတွေ ဒီလောက် အများကြီးက သူ့ကို အဖက်လုပ်ကြမှာ မဟုတ်ဘူး”

“ဒီလိုဆိုတော့ ငါကပဲ မင်းကို ကျေးဇူးတင်ရမလိုပဲ”

“ဘယ်လိုမှ သဘောမထားပါနဲ့ကွာ။ ငါပြောနေတာ အမှန်တရားပဲလေ။ တကယ်တမ်း ရောင်းကောင်းတဲ့ စာအုပ်တစ်အုပ် ဖြစ်ဖို့ဆိုတာ တော်ရုံတန်ရုံနဲ့ ဖြစ်နိုင်တာ မဟုတ်ဘူး”

“အဲဒါ မင်းမပြောလည်း ငါ သိပါတယ်”

“မင်း သိတယ်ဆိုရင် ငါပြောချင်တဲ့ အဓိပ္ပာယ်ကို မင်း နားလည်နိုင်ရမှာပေါ့။ ငါ ဖြစ်စေချင်တာက ဒီနေ့က စပြီး မင်းဟာ စာရေးဆရာ ‘သူရိန်’ ပဲ”

“ဘာပြောတယ်”

“အဲလောက် အလန့်တကြား မလုပ်စမ်းပါနဲ့ကွာ။ ငါကငါပဲ။ မင်းကမင်းပဲ။ ဒီလို စဉ်းစားကြည့်ရအောင်လား။ ‘သူရိန်’ ဆိုတာ လူတစ်ယောက်နာမည် မဟုတ်ဘဲ စာအုပ် ရောင်းကောင်းဖို့ သုံးတဲ့ အမှတ်တံဆိပ်တစ်ခုလို့ ယူဆလိုက်။ သဘောပေါက်ပြီလား”

နောက်ဆုံးတော့ ကျွန်တော် နားလည်သွားပြီ။ “မင်းရဲ့ ရှဲဒိုးစာရေးဆရာအဖြစ် ငါ့ကို အသုံးချချင်တယ် ဆိုပါတော့”

“မင်း စကားက တော်တော် နားခါးတာပဲ။ ဘာဖြစ်ဖြစ်လေ … အဲဒီ သဘောပါပဲ”

ကျွန်တော် စူးစူးကြီး စိုက်ကြည့်လိုက်တယ်။ “မင်းမို့ ပြောထွက်တယ်ကွာ”

“စိတ်ကူးမလွဲနဲ့။ ငါ စောနက ပြောခဲ့သလိုပဲ။ ဒါက မင်းအတွက် လုံးဝ အကျိုးမယုတ်စေရဘူး”

“ဒီထက် အကျိုးယုတ်တာ ဘာရှိဦးမှာလဲ”

“မင်း ငါပြောတာ နားထောင်ဦး။ တကယ်လို့ မင်း ငါ့အတွက် ဝတ္ထုကောင်းတစ်ပုဒ် ရေးပေးမယ်ဆိုရင် ပုံနှိပ်ပြီး ရောင်းရတဲ့ အကျိုးအမြတ်ထဲက မင်းကို ၂၅% ပေးမယ်။ ဘယ်လိုလဲ”

“လေးပုံတစ်ပုံ … တကယ် စာရေးရတဲ့သူက တစ်ဝက်တောင် မရဘူးပေါ့။ တော်တော်ကို အကျိုးမယုတ်တာပဲဟ”

“ဒါဆို ငါမေးမယ်။ တကယ်လို့ မင်းနာမည်နဲ့ စာအုပ်ထုတ်မယ် ဆိုရင် ဘယ်လောက် ရောင်းရမယ်လို့ မင်း ထင်သလဲ။ ငါ့နာမည်နဲ့ ရောင်းလို့ရမယ့် ၂၅% ထက် ပိုမယ် ထင်လား”

သူက ဒီလို တဲ့တိုးမေးလိုက်တော့ ကျွန်တော် ဘာဖြေရမှန်း မသိတော့ဘူး။ တကယ်လို့ ကျွန်တော်ရဲ့ နာမည်နဲ့ ထုတ်ဝေခဲ့ရင် လေးပုံတစ်ပုံ မပြောနဲ့။ ငါးပုံတစ်ပုံ၊ ခြောက်ပုံတစ်ပုံတောင် ရမှာ မဟုတ်ဘူး။

“ဘယ်လောက်ရရ …” ကျွန်တော် အဲဒီအကြောင်း တစ်ခဏ စဉ်းစားပြီး ပြောလိုက်တယ်။ “ငွေအတွက်နဲ့ ငါ့ကိုယ်ငါ သစ္စာဖောက်မှာ မဟုတ်ဘူး”

“သဘောမတူဘူး ဆိုပါတော့”

“အမှန်ပဲ”

“ဪ ……” သူရိန်က အံ့ဩသွားတဲ့ ပုံနဲ့။ “မင်း ငါ့ကို ငြင်းလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”

သူ့ရဲ့ အေးစက်စက် လေသံက ကျွန်တော့်ကို ကျောချမ်းသွားစေပြန်တယ်။ ချက်ချင်း အမူအရာ ပြောင်းသွားပြီး ကောက်ကျစ်တဲ့ အပြုံးမျိုး သူ့မျက်နှာမှာ တွေ့လိုက်ရတယ်။

“အစတော့ ကောင်းရောင်းကောင်းဝယ် လုပ်ဖို့ ရည်ရွယ်တာပဲ။ မင်းက အလိုက်ကန်းဆိုး မသိဘူးဆိုတော့ ငါလည်း မတတ်နိုင်ဘူး” ပြောပြီး သူ့ဘေးအိတ်ထဲက လေးထောင့်ဗူးလေးကို စားပွဲပေါ် တင်လိုက်တယ်။ “ဒါကို ငါ ဒီမှာ ထားခဲ့မယ်။ ငါပြန်သွားရင် မင်းဘာသာမင်း အေးအေးဆေးဆေး ကြည့်ပေါ့။ ကြည့်ပြီးရင်တော့ ငါ့ဆီ ဖုန်းဆက်လိုက်။ အဲဒီအချိန်ကျရင် မင်း အချိုးပြောင်းလောက်ပြီ ထင်ပါရဲ့”

“အဲဒါ ဘာလဲ”

“ဖွင့်ကြည့်ရင် သိရမှာပေါ့” သူရိန် ထရပ်လိုက်တယ်။ သူ ကျွန်တော့်ကို စကားတစ်ခွန်းမှ ပြန်မပြောတော့ဘဲ ဒါမှမဟုတ် တစ်ချက်ကလေးမှ ပြန်လှည့်မကြည့်တော့ဘဲ အိမ်ထဲက ထွက်သွားခဲ့တယ်။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *