Show contents

(ခ)

ဝန်ခံစာကို ဘာကြောင့် ရေးနေရသလဲ ဆိုတဲ့ အကြောင်းအရင်းကတော့ အဲဒါပဲ။ ဒီဝန်ခံစာဟာ တခြားလူ ဖတ်ဖို့ ရည်ရွယ်ချက်နဲ့ ရေးတဲ့ ကျွန်တော်ရဲ့ နောက်ဆုံးစာပဲ ဖြစ်လိမ့်မယ်လို့ ယူဆတယ်။ အဲဒီလို တွေးလိုက်တော့ စကားလုံး တစ်လုံးမှ အလေ့အလွင့် မရှိအောင် ရေးရမယ်လို့ ခံယူလိုက်မိတယ်။ ခက်တာက စာတွေ စီကုံးဖွဲ့နွဲ့နေဖို့ ကျွန်တော့်မှာလည်း အချိန် များများစားစား မရှိတော့ဘူး။

ကျွန်တော် အရင်က ဝေဖြိုးကို ပြောခဲ့သလိုပဲ။ ကျွန်တော်နဲ့ ဇင်မာ (ဇင်မာအောင်) ဟာ လွန်ခဲ့တဲ့ ၇ နှစ်က ဆုံစည်းခဲ့ကြတယ်။ အဲဒီအချိန်က သူရိန်ဟာ အချိန်ပြည့် စာရေးဆရာ ဖြစ်နေပြီး ‘ကလောင်သစ်ဆု’ ကို ရထားခဲ့တာလည်း နှစ်နှစ်ကျော် ရှိနေပြီ။ ဆုရ ဝတ္ထုတိုကို ခေါင်းစဉ်တည်ပြီး တခြားဝတ္ထုတိုတွေနဲ့ ပေါင်းလို့ လုံးချင်းစာအုပ်တစ်အုပ် ထုတ်ဝေခဲ့ပြီးပြီ။ အဲဒါအပြင် တခြား ဝတ္ထုရှည် သုံးအုပ်လည်း ထုတ်ဝေထားတယ်။ “လင်းလက်လာမယ့် အနာဂတ် ကြယ်တစ်ပွင့်” လို့ စာအုပ်တိုက်တွေက သူ့ကို သုံးသပ်ခဲ့ကြတာ ကျွန်တော် မှတ်မိနေသေးတယ်။ သူတို့တိုက်က ထွက်တဲ့ စာရေးဆရာလက်သစ်တွေကို အဲဒီလိုပဲ မြှောက်ပင့် ရေးခဲ့ကြတာ ထုံးစံပဲ မဟုတ်လား။

ကျွန်တော်တို့က ငယ်သူငယ်ချင်းတွေဆိုတော့ သူ စာရေးဆရာ စဖြစ်ပြီ ဆိုကတည်းက ကျွန်တော် သူ့ရဲ့ သတင်းတွေကို အရင်ထက်ပိုပြီး အာရုံစိုက်နေမိခဲ့တယ်။ သူ့ရဲ့ အောင်မြင်မှုတွေကို ကြားရတိုင်း ချီးကျူးတာက တစ်ဘက်၊ မနာလို ဖြစ်နေတာက တစ်ဘက်နဲ့ပေါ့။ ဒါကိုတော့ ကျွန်တော် ဝန်ခံရလိမ့်မယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း အဲဒီအချိန်က စာရေးဆရာ သိပ်ဖြစ်ချင်နေခဲ့တာကိုး။

ကျွန်တော်တို့ နှစ်ယောက် ငယ်ငယ်ကတည်းက စာရေးဆရာ အိပ်မက်အတွက် မကြာခဏ တိုင်ပင်ခဲ့ကြတယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံးက စာဖတ်ဝါသနာပါတော့ စိတ်ဝင်စားစရာ စာအုပ်တွေ တွေ့ရင် တစ်ယောက်ကိုတစ်ယောက် လက်တို့ခဲ့ကြတာပဲ။ သူ့အကြိုက် ကိုယ့်အကြိုက် ဖလှယ်ခဲ့ကြတယ်။ စာပေအရေးအသားပိုင်းအတွက် ဆရာကြီးရွှေဥဒေါင်းနဲ့ သိပ္ပံမောင်ဝရဲ့ စာတွေကို လေ့လာဖို့ သူကပဲ အကြံပေးခဲ့တာ။ ကျွန်တော်ကတော့ ဘာသာပြန်အတွက် ဆရာမြသန်းတင့်နဲ့ ဆရာမောင်ထွန်းသူတို့ကို အကြံပြုခဲ့တာပဲ။

သူရိန်က အမြဲပြောတယ်။ “သူတို့လို စာအုပ်မျိုးတွေ ငါလည်း သိပ်ရေးချင်တာပဲ” တဲ့။ “တစ်နေ့နေ့ စာရေးဆရာ ဖြစ်ကိုဖြစ်ရမယ်” စသဖြင့်ပေါ့။ အဲဒီလို စကားမျိုးကို သူကတော့ အမြဲ ခံတွင်းတွေ့နေတတ်တယ်။ ကျွန်တော်က သူ့လို ရဲရဲကြီး အာမ,မခံရဲပေမယ့် တိတ်တခိုး အိပ်မက်မက်ခဲ့ရတာပါပဲ။ ဒီလောက်ဆို ကျွန်တော် ဘာလို့ မနာလိုစိတ် ဖြစ်သလဲဆိုတာ သဘောပေါက်ရောပေါ့။ သူက အားရပါးရ လှော်ခတ်နေချိန်မှာ ကျွန်တော်က ကမ်းစပ်ကနေ ငေးပြီး အားကျနေရတဲ့ ဘဝမျိုး။

သူ့ရဲ့ အောင်မြင်မှုအတွက် ကျွန်တော် ရင်ထဲက လှိုက်လှိုက်လှဲလှဲကို ဝမ်းမြှောက်ဖူးခဲ့တာပါ။ နောက်ပြီး သူ့ရဲ့ အောင်မြင်မှုက ကျွန်တော့်အတွက်လည်း အခွင့်အလမ်းတစ်ခု ဖြစ်ချင်ဖြစ်နေမှာလေ။ သူက အခုဆိုရင် စာအုပ်တိုက်တွေ၊ မဂ္ဂဇင်းတိုက်တွေနဲ့ ခင်မင်နေပြီဆိုတော့ ကျွန်တော့်အတွက် လိုအပ်နေတဲ့ အဆက်အသွယ်ကောင်းတွေလည်း ရလာနိုင်တယ် မဟုတ်လား။

ဒီလို တွေးလိုက်မိတော့လည်း ချက်ချင်းပဲ သူ့ဆီ ပြေးသွားချင်လိုက်တာ။ ငယ်သူငယ်ချင်း အချင်းချင်း ပြန်တွေ့ရတယ်ဆိုတာထက် စာပေဝါသနာတူချင်း ပြန်တွေ့ကြရတာက သူ့အတွက်ရော ကိုယ့်အတွက်ပါ ပိုပြီး အဓိပ္ပာယ် ရှိမယ် မဟုတ်လား။ ဒါကြောင့် ချက်ချင်း သွားမတွေ့သေးဘဲ သူ ထုတ်ထားသမျှ စာအုပ်တွေ၊ ဝတ္ထုတွေကို ဖတ်ပြီးမှ သွားတွေ့မယ်၊ သွားဆွေးနွေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။

ကိုယ့်သူငယ်ချင်းတစ်ယောက် စာရေးဆရာ ဖြစ်နေပြီဆိုတဲ့ မခံချင်စိတ်နဲ့ပဲ ကျွန်တော်လည်း ပိုပြီး ကြိုးစားဖြစ်ခဲ့တယ်။ ပိုပြီး စာရေးဖြစ်ခဲ့တယ်။ ကျောင်းသားဘဝ ကတည်းက ကျောင်းတွင်းစာစောင်လေးတွေမှာ ဆောင်းပါးလေးတွေ၊ ဝတ္ထုတိုလေးတွေ ရေးခဲ့ဖူးတာဆိုတော့ ကျွန်တော့်အတွက်က ဒီ့ထက်ဒီ ပိုကြိုးစားဖို့ပဲ လိုတာလေ။

ကျွန်တော် ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင်နေတဲ့ အကြောင်းအရာတစ်ရပ်ကို အခြေခံပြီး ဝတ္ထုတစ်ပုဒ် အစမ်းရေးကြည့်မယ်လို့ စိတ်ကူးလိုက်တယ်။ ဒါနဲ့ ကျွန်တော် ငယ်ငယ်က နေခဲ့တဲ့ အိမ်ရဲ့ အနီးနားမှာရှိတဲ့ မီးပုံးပျံဆရာကြီးကို သတိရခဲ့တယ်။ ကျွန်တော်တို့ ကလေးတွေကတော့ မီးပုံးဆရာကြီးလို့ ချစ်စနိုး ခေါ်ကြတာပဲ။ သီတင်းကျွတ်ဆိုရင် သူက ကလေးတွေဆော့ဖို့ မီးပုံးပျံ အသေးလေးတွေ အမြဲလုပ်ပေးနေတာဆိုတော့ ကလေးတွေက သူ့ကို ချစ်ကြတယ်။ ကလေးသဘာဝအရတော့ ဆော့ရပြီးရော ပျော်ကြပေမယ့် ကျွန်တော်ကတော့ ကလေးဘဝကတည်းက သူမီးပုံးလုပ်တာကို စိတ်ဝင်တစား သွားသွားပြီး ကြည့်လေ့ရှိတယ်။ ကျွန်တော့်အတွက် မမေ့နိုင်တဲ့ ငယ်ဘဝ မှတ်ဉာဏ် အပိုင်းအစတွေကို အသုံးချပြီး ဝတ္ထုတစ်ပုဒ် ရေးဖို့ ကြိုးစားခဲ့တာပဲ။ ဒါနဲ့ လခစား ဝန်ထမ်းတစ်ယောက်က မီးပုံးပျံတွေအပေါ် ချစ်သက်ဝင်ပြီး မီးပုံးပျံလုပ်နည်း သင်ရာက မီးပုံးပျံဆရာ ဖြစ်လာတဲ့ ဇာတ်လမ်းတစ်ပုဒ် ထွက်ပေါ်လာတယ်။ အဲဒီဝတ္ထုကို ကျွန်တော်က <ရောင်စုံမီးအိမ်> လို့ နာမည်ပေးလိုက်တယ်။

ဒီလိုနဲ့ နှစ်နှစ်ကြာသွားတော့ ကျွန်တော် သူရိန်ဆီ စာတစ်စောင် ရေးဖို့ ဆုံးဖြတ်ခဲ့တယ်။ သူ့စာအုပ်တွေ အကုန်ဖတ်ပြီးကြောင်း စာထဲမှာ ထည့်ရေးခဲ့တယ်။ ဒီထက် ပိုပြီး ကြိုးစားဖို့နဲ့ သူ့ကို အမြဲ အားပေးနေမှာ ဖြစ်ကြောင်းလည်း ပါတယ်။ သူ့ကို အရမ်းတွေ့ချင်ကြောင်းလည်း ထည့်ရေးထားတာဆိုတော့ သူ ချက်ချင်းပဲ အကြောင်းပြန်လာတယ်။ လုံးဝ မမျှော်လင့်ခဲ့ဘူး။ အတိအကျ ပြောရရင်တော့ သူ ကျွန်တော့်ဆီ ဖုန်းဆက်လာခဲ့တာ။ ကျွန်တော့်စာထဲမှာ ဖုန်းနံပါတ်ပါ ထည့်ရေးခဲ့တာကိုး။

သူက အဖော်မက်တယ် ပြောရမယ်။ ကျွန်တော်တို့လည်း အလယ်တန်း အောင်ပြီးကတည်းက မတွေ့ဖြစ်ကြတော့တာလေ။

“မင်း ကျောင်းဆရာဖြစ်နေတယ်လို့ ငါ့ အမေပြောလို့ သိရတာ။ အဲဒီလို တည်ငြိမ်တဲ့ အလုပ်အကိုင်မျိုး ရှိတာ အတော် ဟန်ကျတာပဲ။ ငါ့မှာတော့ ပုံမှန် ဝင်ငွေဆိုတာမျိုး မရှိတော့ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာတောင် မရေရာပါဘူးကွာ” ပြောပြီးတော့ ပေါ့ပေါ့ပါးပါး ရယ်မောနေတယ်။ ပေါ့ပါးနိုင်တာကလည်း သူက အဲဒီအချိန်မှာ ဝင်ငွေ ပုံမှန် မရှိဘူး ဆိုပေမယ့် အတန်အသင့် နာမည်ရနေတဲ့ စာရေးဆရာ ဖြစ်နေပြီကိုး။

ကျွန်တော်တို့ အဲဒီနေ့က ဖုန်းထဲမှာ အတော်ကြာကြာ စကားပြောဖြစ်ခဲ့ကြတယ်။ နောက်တော့မှ အပြင်ချိန်းပြီး ကော်ဖီဆိုင်မှာ၊ နောက်တော့ ထမင်းဆိုင်မှာ မကြာမကြာ တွေ့ဖြစ်ခဲ့တယ်။ ကျွန်တော်က ကျောင်းဆင်းချိန်မှာ ကျောင်းကနေ တစ်ခါတည်း သူနဲ့ ချိန်းထားတဲ့ နေရာကို သွားတယ်။ သူကတော့ ရောက်လာရင် ဂျင်းဘောင်းဘီ၊ ရှပ်အင်္ကျီနဲ့ ပေါ့ပေါ့ပါးပါး ဝတ်စားလို့။ ကျွန်တော် အဲဒီအချိန်က ခေါင်းထဲ အတွေးတစ်ခု ဝင်ခဲ့တာ မှတ်မိနေသေးတယ်။ “သူများဝန်ထမ်း မလုပ်ရတဲ့ ဘဝက တယ် .. လွတ်လပ်သကိုး” ဆိုတဲ့ အတွေး။ ပြောရရင် ကျွန်တော်က သူ့ကို အားကျနေတာ။

အစပိုင်းတော့ ငယ်ဘဝအကြောင်း၊ သူငယ်ချင်းတွေအကြောင်း ပြောရင်း တဖြည်းဖြည်းနဲ့ စကားလမ်းကြောင်းက သူရိန်ရဲ့ ဝတ္ထုတွေဆီ ရောက်သွားတယ်။ သူ ရေးထားသမျှ စာအုပ်တွေကို အကုန်ဖတ်ထားတာ သိသွားတော့ သူ အတော်ကို အံ့ဩနေခဲ့တယ်။ သူ့အပြောအရဆိုရင် အယ်ဒီတာတွေတောင် နောက်ထပ် နောက်ထပ် အသစ်ရေးဖို့ တောင်းဆိုနေပေမယ့် ထွက်သမျှ စာအုပ်ကို တစ်ဝက်တောင် ဖတ်ဖူးကြတာ မဟုတ်ဘူးတဲ့။ အဲဒီစကား ကြားရတော့ ကျွန်တော် အံ့အားသင့်ရမယ့် အလှည့် ဖြစ်ပြန်ရော။

သူကတော့ အမြဲအားတက်တရောနဲ့ မနားတမ်း ပြောနေတတ်တယ်။ ဒါပေမယ့် သူ့စာအုပ် ရောင်းအားအကြောင်း မေးမိတဲ့အခါမှာတော့ မျက်နှာက အုံ့မှိုင်းသွားရော။

“‘ကလောင်သစ်ဆု’ ရရုံလောက်နဲ့ စာအုပ်တွေ ရောင်းကောင်းမယ်လို့ မတွက်လိုက်နဲ့ ကိုယ့်လူ။ လူအများစုက အဲဒီဆုကို သတိထားမိတာ မဟုတ်ဘူး။ အဲ …. သူ့ထက် အရာရောက်တဲ့ ဆုမျိုးဆိုရင်တော့ အခြေအနေက တစ်မျိုးပေါ့”

ကိုယ့်ရဲ့ ငယ်ဘဝ အိပ်မက်တွေ အကောင်အထည် ဖော်နိုင်လို့ စာရေးဆရာ ဖြစ်သွားပြီ ဆိုရင်တောင်မှ လူမမြင်နိုင်တဲ့ စိတ်သောကတွေက ရှိတတ်သေးတာပါလားလို့ ကျွန်တော် တွေးနေမိခဲ့တယ်။

နောက်ပိုင်း ကျွန်တော် အသေအချာ ပြန်စဉ်းစားကြည့်မှ အဲဒီအချိန်ဟာ သူ့အတွက် စာရေးဖို့ ကုန်ကြမ်းတွေ ခမ်းခြောက်နေတဲ့ အချိန်မျိုး၊ ခေါင်းထဲက ဘာမှ မထွက်တဲ့ ဘဝမျိုး ဖြစ်နေလိမ့်မယ်လို့ တွေးဆမိတယ်။ အဲဒီအချိန်တုန်းကတော့ ကျွန်တော်လည်း အဲဒီလောက် တွေးမကြည့်မိခဲ့ဘူး။

ကျွန်တော်လည်း ဝတ္ထုတစ်ပုဒ် ရေးကြည့်နေကြောင်း သူ့ကို ပြောဖြစ်ခဲ့တယ်။ တစ်နေ့နေ့ စာရေးဆရာတစ်ယောက် ဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက် ရှိကြောင်းကိုပါ သူ့ကို ထပ်ပြောဖြစ်ခဲ့သေးတယ်။

“ပြီးသွားပြီလား” သူက ကျွန်တော့်ကို မေးတယ်။

“ဟင့်အင်း မပြီးသေးဘူး။ ရေးနေတာကြာပြီ။ မကြာခင်တော့ အဆုံးသတ်နိုင်တော့မယ် ထင်တာပဲ”

“ပြီးရင် ငါ့ဆီ ယူလာခဲ့လေ။ ငါဖတ်ကြည့်ပြီး အဆင်ပြေရင် စာအုပ်တိုက်တချို့နဲ့ မိတ်ဆက်ပေးမယ်”

“တကယ်လား။ မင်း အဲဒီလိုပြောတော့ ငါ ရေးအားရှိတာပေါ့ကွာ။ ငါ့မှာ ဘာအဆက်အသွယ်မှ မရှိတော့ စာမူကို ဘယ်ပို့လို့ ပို့ရမှန်း မသိဘူး ဖြစ်နေတာ။ စာမူပြိုင်ပွဲတွေပဲ ဝင်ပြိုင်ရတော့ မလိုပဲ”

“အဲဒီ ပြိုင်ပွဲတွေကို အပင်ပန်းခံပြီး သွားပြိုင် မနေစမ်းပါနဲ့ကွာ။ ကံစမ်းရသလိုပဲကွ။ ဒိုင်လူကြီး ကြိုက်တတ်တဲ့ ခေါင်းစဉ်မျိုး မဟုတ်ရင် မင်းစာက မိုးပျံအောင် ကောင်းနေပါစေ။ တစ်သက်လုံး ဆုမရဘူးမှတ်”

“အဲဒါတော့ ကြားဖူးတယ်ကွ”

“ဟုတ်တယ် …. စာအုပ်တိုက်နဲ့ တိုက်ရိုက် ဆက်သွယ်လိုက်တာက အတော် ကိစ္စအေးတယ်” သူရိန်က ယုံကြည်ချက် အပြည့်နဲ့ ပြောနေခဲ့တယ်။

ကျွန်တော်မှာ မျှော်လင့်ချက်တစ်ခု ရှိသွားပြီဆိုတော့ စာရေးရတာလည်း ပိုပြီး ခရီးတွင်လာတယ်။ နဂိုက တစ်ဝက်လောက် ပြီးဖို့တောင် တစ်နှစ်ကျော်ကျော် အချိန် ပေးလာခဲ့ရတာကနေ သူရိန်နဲ့ တွေ့ပြီးတဲ့နောက် တစ်လလောက်အကြာမှာပဲ ရေးလို့ ပြီးသွားတယ်။ စာရေးစက္ကူနဲ့ဆိုရင် စာမျက်နှာပေါင်း ၄၀၀ ကျော်ရှိမယ်။

ဝတ္ထုရေးပြီးသွားတော့ သူရိန်ဆီ ဆက်သွယ်လိုက်တယ်။ သူက အဲဒီ စာမူကို အမြန်ချောနဲ့ ပို့ပေးဖို့ ပြောတာကြောင့် ကျွန်တော် မိတ္တူတစ်စုံကူးပြီး သူ့ဆီ ပို့ပေးလိုက်တယ်။ ကျွန်တော် နောက်လုပ်နိုင်တဲ့ အပိုင်းကတော့ သူ့ဆီက အဖြေကို စောင့်ဖို့ပဲ ရှိတော့တာပေါ့။ အဲဒီနေ့က စပြီး ကျွန်တော် ကျောင်းမှာ အလုပ်လုပ်ရတာ စိတ်နဲ့လူနဲ့ မကပ်တော့ဘူး။

ဒါပေမယ့် သူရိန်က တော်တော်နဲ့ အကြောင်းမပြန်ဘူး။ သူ အလုပ်ရှုပ်နေတာပဲ ဖြစ်မယ် ဆိုပြီးတော့ ဖုန်းဆက်ပြီးတောင် မမေးဖြစ်ဘူး။ ကြာတော့ ကျွန်တော် စိတ်ဓာတ်ကျလာတယ်။ “ငါ့ဝတ္ထုက တော်တော် စုတ်ပဲ့လွန်းလို့ အကြောင်းပြန်ရ ခက်နေတာများလား” ဆိုတဲ့ အတွေးက ကျွန်တော်ကို နေ့စဉ်နေ့တိုင်း နှိပ်စက်နေတော့တာပဲ။

အမြန်ချောနဲ့ စာမူပို့ပြီး တစ်လအကြာမှာတော့ ကျွန်တော် မနေနိုင်တော့ဘူး။ ဘာပဲဖြစ်ဖြစ်ဆိုတဲ့ စိတ်နဲ့ သတ္တိမွေးပြီး သူ့ဆီ ဖုန်းဆက်ခဲ့တယ်။ သူ့ရဲ့ အဖြေကြောင့် ကျွန်တော် စိတ်ပျက်သွားပြန်တယ်။ သူက မဖတ်ရသေးဘူးတဲ့။

“အားနာစရာပဲကွာ။ ဒီရက်ပိုင်း ပြဿနာတစ်ခု တက်နေလို့ ဖြေရှင်းနေရတာနဲ့ အချိန်မပေးနိုင်သေးဘူး ဖြစ်နေတယ်”

သူက အဲဒီလို ပြောလာတော့လည်း ကျွန်တော် ဘာတတ်နိုင်မှာလဲ။ “ရပါတယ်ကွ။ လောမှ မလောတာ။ မင်းအလုပ်က ပိုအရေးကြီးပါတယ်” ကျွန်တော်ကတောင် သူ့ကို ပြန်အားပေးလိုက်တယ်။

“မင်းရဲ့ ချောစာ ရရချင်း ငါ ရှေ့ပိုင်း နည်းနည်း ဖတ်လိုက်သေးတယ်။ မီးပုံးပျံလုပ်တဲ့ ဆရာအကြောင်း ရေးထားတာ ထင်တယ်”

“အင်း”

“ငါတို့ရဲ့ အနောက်ဘက် လမ်းကြားက ဟိုအဘိုးအိုကြီး အကြောင်းမဟုတ်လား”

သူရိန်က အဲဒီ မီးပုံးဆရာကြီးကို မှတ်မိနေသေးသားပဲ။ ဟုတ်ကြောင်း ကျွန်တော် ပြန်ဖြေလိုက်တယ်။

“ငယ်ငယ်က ဘဝတွေ သိပ်သတိရတာပဲကွာ။ အားတာနဲ့ ချက်ချင်း ဖတ်လိုက်မယ်”

“မင့်း အခုအလုပ်က ကြာဦးမှာလား”

“တစ်လလောက်တော့ လုံးပန်းရဦးမှာ။ ဘာပဲဖြစ်ဖြစ်ကွာ။ ငါ ဖတ်လို့ပြီးတာနဲ့ မင်းကို လှမ်းပြောမယ်”

“အေးအေး၊ ဖတ်ပြီးရင်တော့ ဖုန်းဆက်ဦးကွ” ကျွန်တော် ဖုန်းချလိုက်တယ်။ စာရေးတဲ့အလုပ်ကလည်း အတော် ပင်ပန်းတာပဲ။ အဲဒီတုန်းက ကျွန်တော် သူရိန်ကို နည်းနည်းမှ သံသယ မရှိခဲ့မိဘူး။

နောက်ထပ်တစ်လ ကုန်သွားပြန်ပြီ။ သူ့ဆီက ဘာသတင်းမှ မရ။ အတင်း တွန်းဖိပြီး လောနေရတာလည်း အားနာစရာကြီး။ ကိုယ်ရေးထားတဲ့ ဝတ္ထုကို ကောင်း၏၊ ဆိုး၏ ဆိုတာကို သိချင်နေတာကလည်း တစ်ပိုင်းသေလို့။ နောက်ဆုံးတော့ အောင့်မနေနိုင်တော့ဘဲ သူ့ဆီ ဖုန်းခေါ်လိုက်ပြန်တယ်။

“ငါတောင်းပန်ပါတယ်ကွာ။ ဖတ်လို့ မပြီးသေးဘူး” သူ့ရဲ့ အဖြေကြောင့် နောက်တစ်ခေါက် စိတ်ပျက်ရပြန်တယ်။ “အလုပ်က မထင်မှတ်ဘဲ အချိန်တွေ ကြာနေတယ်ကွာ။ နည်းနည်း ထပ်စောင့်ပေးလို့ ရဦးမလား”

“ရပါတယ်ကွ ….” ပွင့်ပွင့်လင်းလင်း ပြောရရင် စောင့်နေရတဲ့ အလုပ်က ကိုယ့်ဘာသာကိုယ် နှိပ်စက်နေသလိုပဲ။ ဒါနဲ့ ကျွန်တော် ပြောလိုက်တယ်။ “တကယ်လို့ မင်း မအားဘူးဆိုရင် ကူဖတ်ပေးနိုင်မယ့် လူတစ်ယောက်ယောက်ကို မိတ်ဆက်ပေးပါလား။ ဥပမာ အယ်ဒီတာ တစ်ယောက်ယောက်ပေါ့ကွာ”

သူ့ရဲ့ လေသံက ချက်ချင်းပဲ တင်းမာသွားတယ်။ “ဘယ်ဖြစ်မလဲ။ ကိုယ်တိုင်တောင် အရည်အသွေးတို့၊ ဇာတ်လမ်းတို့ မသိသေးဘဲနဲ့ အမြဲ အလုပ်ရှုပ်နေတတ်တဲ့ အယ်ဒီတာကို သွားထိုးပေးလို့ ဘယ်ဖြစ်မှာတုံး။ သူတို့မှာ နေ့တိုင်း စာမူတစ်ပုံကြီးနဲ့ ပတ်ချာလည် ဝိုင်းနေကြတာ။ သူများကို မိတ်ဆက်ပေးမယ် ဆိုရင်တောင် ကိုယ်က အရင် ဖတ်ထားပြီးမှ ဖြစ်မှာပေါ့။ မင်းက ငါ့ကို မယုံဘူး ဆိုရင်လည်း မင်းရဲ့ စာမူကို ငါပြန်ပို့ပေးလိုက်မယ်”

သူ့စကား ကြားရတော့ ကျွန်တော် ဆွံ့အသွားတယ်။ “ငါ အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူးကွာ။ မင်း ဒီလောက် အလုပ်ပင်ပန်းနေတာကို ငါက နှောင့်ယှက်နေသလို ဖြစ်နေသလားလို့ပါ။ မင်းကို ဝန်မပိစေချင်လို့ တခြားသူ တစ်ယောက်ယောက်များ ကူညီနိုင်မလားလို့ ပြောမိတာပါ”

“ဒီလောကမှာ လူသစ်တစ်ယောက်ရဲ့ စာမူကို စိတ်ပါလက်ပါ ဖတ်ပေးတတ်တဲ့သူက အင်မတန် ရှားတယ်ကွ။ စိတ်ချပါ။ ငါ မင်းစာမူကို ပြီးအောင် ဖတ်မှာပါ။ ငါ ကတိပေးတယ်”

“ကောင်းပါပြီကွာ” ကျွန်တော် ဖုန်းချလိုက်တယ်။

ကျွန်တော် ထင်တဲ့အတိုင်းပဲ။ နောက်နှစ်ပတ်သာ ကုန်သွားပြန်တယ်။ စာမလာ သတင်းမကြား။ စိတ်ဆိုးလည်း မတတ်နိုင်တော့ဘူး ဆိုပြီး ကျွန်တော် ဖုန်းထပ်ဆက်ရပြန်တယ်။

“ငါ အခုပဲ မင်းဆီ ခေါ်တော့မလို့ကွ” ဘာဖြစ်လို့မှန်း မသိဘူး။ သူ့အသံက အေးတိအေးစက် နိုင်လွန်းနေတော့ ကျွန်တော် စိုးရိမ်စိတ် ဝင်လာတယ်။

“ဖတ်ပြီးသွားပြီလား”

“အင်း၊ အခုပဲ ပြီးတယ်”

‘ဖတ်ပြီးတာကိုပဲ ငါ့အခေါ် စောင့်နေရသေးတာလား’ ကျွန်တော့်စိတ်ထဲမှာ ဖြစ်နေတဲ့ ဒေါသကို မျိုသိပ်လိုက်တယ်။ “ဘယ်လိုနေလဲ” သူရဲ့ အမြင်ကို သိချင်ဇောကြီးပြီး ကျွန်တော် မေးလိုက်တယ်။

“အင်း ဒါက …….” သူက စက္ကန့်အနည်းငယ် ငြိမ်သွားပြီး “ဖုန်းထဲမှာ ပြောလို့ အဆင်မပြေဘူး။ ငါ့အိမ် လာခဲ့လို့ ရမလား။ ငါတို့ အေးဆေး ဆွေးနွေးတာပေါ့”

သူ့စကားကြားတော့ ကျွန်တော် စိတ်ရှုပ်သွားတယ်။ ကျွန်တော် သိချင်တာက စိတ်ဝင်စားစရာ ကောင်းတယ်၊ မကောင်းဘူး ဆိုတာပဲ။ အခုတော့ သူ့လုပ်ပုံက စိတ်မရှည်ချင်စရာ။ ဒါပေမယ့် တကူးတက သူ့အိမ်ကို လာဖို့ ခေါ်ပြီး အသေးစိတ် ဆွေးနွေးမယ်ဆိုတော့ သူ စာအုပ်ကို စိတ်ပါလက်ပါနဲ့ အစအဆုံး ဖတ်ပြီးသွားပြီလို့ ယူဆရမှာပဲ။ “ဟာ … လာခဲ့မှာပေါ့” ကျွန်တော် အလောတကြီး ပြောလိုက်မိတယ်။

ဒီလိုနဲ့ ကျွန်တော် သူရိန့်အိမ်ကို ပထမဆုံးအကြိမ် ရောက်ခဲ့ရတယ်။ အဲဒီတစ်နေ့ဟာ ကျွန်တော်ဘဝတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်လိမ့်မယ်လို့ ဘယ်ထင်ထားမိခဲ့မှာလဲ။

အဲဒီတုန်းက အခုနေတဲ့အိမ်ကို သူ ဝယ်ထားပြီးတာ မကြာသေးဘူး။ သူ့အလုပ်က ရတဲ့ ပိုက်ဆံနဲ့ ဒီအိမ်ကို ဝယ်ပါတယ်လို့ အများကို ကြေညာထားပေမယ့် သူ့အဖေဆီက အမွေရထားတဲ့ ပိုက်ဆံ အတော်တော်များများ ပါလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ သူရိန်ရဲ့ အဖေ ဆုံးတာ နှစ်နှစ်ပဲ ရှိသေးတယ်။ အခု သူက ရောင်းအားကောင်းတဲ့ စာရေးဆရာ ဖြစ်လာလို့ တော်သေးတယ်။ နို့မို့ ဒီလို ခြံကြီးအိမ်ကြီးရဲ့ အသုံးစရိတ်က မစားသာလောက်ဘူး။

ကျွန်တော် သူ့အိမ်ကိုသွားတော့ လက်ဆောင်အဖြစ် ဝီစကီတစ်ပုလင်း ယူသွားခဲ့တယ်။ သူရိန်က ဟိတ်ကြီးဟန်ကြီးနဲ့ ကျွန်တော်ကို နှုတ်ဆက်တယ်။ သူဘေးမှာ ရပ်နေတာကတော့ ဇင်မာပေါ့။ အခုချိန် ပြန်စဉ်းစားကြည့်တော့ အများပြောကြတဲ့ ‘မြင်မြင်ချင်း ချစ်မိတယ်’ ဆိုတာ အဲဒါကို ပြောတာများလားပဲ။ ဇင်မာကို မြင်လိုက်ရတဲ့ တစ်ခဏမှာ ကျွန်တော့်ရဲ့ အသည်းနှလုံးထဲ နွေးကနဲ ခံစားလိုက်ရတယ်။ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ခံစားချက်မျိုး။ အဲဒါ ကျွန်တော်တို့ ပထမဆုံး တွေ့ဖူးခြင်းပဲ။ အတိအကျ ပြောရရင် သံသရာထဲက ပါရမီဖြည့်ဖက် ဘဝကြင်ဖော်နှစ်ယောက် ပြန်လည်ဆုံစည်းကြခြင်းပဲ ဖြစ်လိမ့်မယ်။ ကျွန်တော် သူ့ မျက်နှာကို ငေးစိုက်ကြည့်နေမိပြီး ပြောဖို့ စကားလုံးတွေ မရှိတော့ သလိုမျိုး။

ကျွန်တော် မတ်တတ်မေ့နေတာကို သူရိန်က သတိထားမိပုံ မရဘူး။ သူက ဇင်မာကို ကော်ဖီဖျော်ပေးဖို့ ပြောပြီး ကျွန်တော်တို့ အလုပ်ခန်းထဲ ဝင်ခဲ့ကြတယ်။

စာမူအကြောင်းကို အရင်ဆုံး ပြောလိမ့်မယ် ထင်ထားတာ။ တခြားအကြောင်းအရာတွေ တောရောက်တောင်ရောက်နဲ့ လိုရင်းကို မရောက်နိုင်ဘူး။ နိုင်ငံရေး အကြောင်းတွေ ရောက်သွားလိုက်၊ ကျွန်တော်ရဲ့ ကျောင်းဆရာ အလုပ်အကြောင်းတွေ မေးလိုက်နဲ့ ဇင်မာ ကော်ဖီ လာပို့ပေးပြီးသွားတဲ့ နောက်ကိုပဲ တခြား မဆိုင်တာတွေကို ဆက်ပြီး ပြောနေခဲ့တယ်။

နောက်ဆုံးတော့ ကျွန်တော် မအောင့်နိုင်တော့ဘူး။ “ဒါနဲ့ ငါ့ ဝတ္ထုက ဘယ်လိုနေလဲ။ မကောင်းဘူးဆိုလည်း ပွင့်ပွင့်လင်းလင်းသာ ပြောကွာ”

သူ စောစောကလို ဟီးဟီးဟားဟား မျက်နှာပေးမျိုး မဟုတ်တော့ဘဲ သူ့ရဲ့ အမြင်ကို ပြောပြတယ်။ “မဆိုးပါဘူး။ ဇာတ်လမ်းကို သဘောကျတယ်”

“မင်းက မဆိုးပါဘူးဆိုတော့ အကောင်းလည်း မဟုတ်ဘူးလို့ ပြောချင်တာလား”

“အဲ …. အဲဒီလိုပဲ ဆိုပါတော့။ စာအုပ်ကောင်းဆိုတာ စာဖတ်သူကို စာအုပ်ထဲ မြုပ်နေအောင် ဆွဲဆောင်နိုင်ရမယ်။ ပြောရရင် ဟင်းလျာက ကောင်းပြီး ဟင်းအစပ် မတည့်ဘူး ဆိုတဲ့ သဘောမျိုးပေါ့ကွာ”

“ခြုံပြောရရှိရင် ဘယ်နားက မကောင်းတာလဲ”

“အင်း …. ဇာတ်ကောင်တွေက ဆွဲဆောင်မှု မရှိဘူးလို့ ပြောရမယ် ထင်တယ်။ ဇာတ်လမ်းက ရှုပ်ထွေးလွန်းတာကြောင့် ဖြစ်မယ်”

“ဇာတ်ကွက်တွေ နေရာတကျ မဖြစ်ဘူးလို့ ဆိုလိုချင်တာလား”

“ဟုတ်မယ်။ ဒါပေမယ့် ကလောင်သစ်အနေနဲ့ ဒီလောက်ရေးနိုင်တာ အတော် ဟုတ်နေပြီ။ အဖွဲ့အနွဲ့ ကောင်းတယ်။ လိုအပ်တဲ့ ဇာတ်ကွက်တွေ အားလုံး ပြည့်စုံတယ်။ တစ်ခုရှိတာက အဲဒီ ဇာတ်ကွက်တွေကို နေရာချတဲ့အခါမှာ စာဖတ်သူတွေ ဒါမှမဟုတ် စာအုပ်တိုက်ကို အပြည့်အဝ ဆွဲဆောင်နိုင်ဖို့ ကောင်းမွန်တဲ့ ဖွဲ့စည်းပုံတစ်ခုခု လိုအပ်နေတယ်။ ဇာတ်လမ်းက စိတ်ဝင်စားစရာ ကောင်းရုံနဲ့တော့ စာပေထုတ်ကုန်တစ်ခု ဖြစ်လာဖို့ မလုံလောက်ဘူး”

စိတ်ထဲက ဒီလို စကားတွေအတွက် ကြိုတင်ပြင်ဆင်ထားခဲ့ပေမယ့် တကယ်တမ်း အပြင်မှာ ကြားလာရတော့လည်း စိတ်မဆင်းရဲဘဲ မနေပြန်ဘူး။ ‘ဒီမှာမှားနေတယ်၊ ဒီနေရာ ပြင်လိုက်ကွာ’ ဆိုတာလို ထင်သာမြင်သာရှိတဲ့ အားနည်းချက်မျိုး ဆိုရင်လည်း တော်သေးတယ်။ အခုဟာက ‘ဖတ်လို့ကောင်းတယ်၊ ဆွဲဆောင်မှု မရှိဘူး’ ဆိုတဲ့ သုံးသပ်ချက်အတွက် ဘယ်ကနေ ဘယ်လို စပြင်ရမှန်းတောင် မသိတော့ဘူး။ တစ်ဘက်လှည့်နဲ့ ပြောရရင် ‘ပါရမီ မရှိဘူး’ ဆိုတဲ့ အဓိပ္ပာယ်မျိုး။

“ဒီဇာတ်လမ်းကို အခြေခံပြီး ရှုထောင့်တစ်မျိုးကနေ ပြောင်းရေးမယ် ဆိုရင်ရော ပိုကောင်းနိုင်မလား” ကျွန်တော်က အရှုံးမပေးသေးဘဲ ကိုယ့်ဘာသာကိုယ် အားပေးတဲ့အနေနဲ့ မေးလိုက်တယ်။

သူက ခေါင်းခါတယ်။ “ဇာတ်လမ်းတစ်ခုထဲမှာပဲ အသေထိုင်နေတာမျိုးက မကောင်းဘူးကွ။ အဲဒီ မီးပုံးပျံဆရာကြီးကို မေ့လိုက်ကွာ။ အဲလိုမှ မလုပ်ရင် မင်း တိုးတက်မှာ မဟုတ်ဘူး။ လုံးဝ အသွင်မတူတဲ့ ဇာတ်လမ်းတစ်ပုဒ် ရေးတာ ပိုကောင်းလိမ့်မယ်”

သူပြောတာလည်း အဓိပ္ပာယ် ရှိတာပဲ။ နောက်ဇာတ်လမ်းတစ်ပုဒ် ရေးပြီးရင်လည်း ကျွန်တော့်စာမူကို ဖတ်ပေးဦးမယ်မလားလို့ မေးလိုက်တယ်။ အချိန်မရွေးပါ သူငယ်ချင်းရာတဲ့။

ဒါနဲ့ ကျွန်တော် နောက်ထပ် ဝတ္ထုတစ်ပုဒ်ကို စရေးခဲ့တယ်။ ဘယ်လိုကြိုးစားကြိုးစား တိုးတက်မလာဘူး။ ပထမ ဝတ္ထုရေးတုန်းက ကျွန်တော် ဝတ္ထုထဲမှာ မြုပ်နေတယ်လို့တောင် ပြောလို့ရတယ်။ အခု ဒုတိယ ဝတ္ထု စမယ်ဆိုတော့ အရာအားလုံးက ကျွန်တော့်ကို အနှောင့်အယှက် ပေးနေသလိုပဲ။ တစ်ခါတလေမှာ စကားလုံး တစ်လုံးအတွက်နဲ့ စားပွဲပေါ်မှာ နာရီပေါင်းများစွာ အချိန်ကုန်ခဲ့တယ်။ ဖြစ်နိုင်တာက အခုချိန် ကျွန်တော့်ဆီမှာ စာဖတ်ပရိသတ် – သူရိန် – တစ်ယောက်ရှိနေပြီ ဆိုတဲ့ ဖိအားကြောင့် ထင်တယ်။ နောက်ပိုင်းမှ ကျွန်တော် သဘောပေါက်လာတယ်။ ကိုယ့်စာဖတ်ပရိသတ်ကို သိပ်အလေးထားလွန်းတာလည်း နေရာတိုင်းတော့ မကောင်းဘူး။ အဲဒါကပဲ အပျော်တမ်းနဲ့ အလုပ်သဘောရဲ့ ကွာခြားချက် ဖြစ်မယ် ထင်တယ်။

အဲဒီလို လောင်းရိပ်အောက်မှာပဲ ကျွန်တော်ရဲ့ ဒုတိယဝတ္ထုက တော်တော်နဲ့ အကောင်အထည် မဖော်နိုင်ခဲ့ဘူး။ ဒါပေမယ့် အဲဒီကြားကာလမှာတော့ သူရိန့်အိမ်ကို မကြာမကြာ သွားနေခဲ့တယ်။ ငယ်သူငယ်ချင်းဆိုတော့လည်း ခင်မင်မှုက နက်ရှိုင်းကြတာကိုး။ ကျွန်တော့်အနေနဲ့က စာရေးဆရာတစ်ယောက်ရဲ့ ဘဝကို လေ့လာခွင့်ရတာဟာ အင်မတန် စိတ်ဝင်စားစရာ ကောင်းတဲ့ ကိစ္စတစ်ခုပဲ။ သူရိန်အနေနဲ့ကလည်း ကျွန်တော်ကနေတဆင့် ပြင်ပကမ္ဘာနဲ့ ပိုမို နီးစပ်ခွင့်ရတော့ သူ့အတွက်လည်း အကျိုးမယုတ်ခဲ့ဘူး။ သူ စာရေးဆရာ ဖြစ်ပြီးကတည်းက ပြင်ပလောကနဲ့ တဖြည်းဖြည်း အဆက်ပြတ်လာကြောင်းကို သူရိန်က အမှတ်တမဲ့ ပြောခဲ့ဖူးတယ်။

နောက်ပြီး ကျွန်တော် သူရိန့်အိမ်ကို သွားရတဲ့ တခြားရည်ရွယ်ချက်ကလည်း ရှိနေသေးတယ်။ ဒါတော့ ပွင့်ပွင့်လင်းလင်း ဝန်ခံမှ ဖြစ်မယ်။ ကျွန်တော် ဇင်မာ့ကို မြင်ချင်နေခဲ့တာလေ။ ကျွန်တော် သူ့အိမ်ရောက်တိုင်းမှာ အမြဲတမ်း နွေးထွေးတဲ့ အပြုံးနဲ့ ကြိုဆိုတတ်တယ်။ မိတ်ကပ်တွေနဲ့ အလှပြင်ထားတာထက် သူ့ရဲ့ အိမ်နေရင်း သနပ်ခါးဘဲကြားအလှကို ပိုပြီး ရင်ခုန်ခဲ့မိတယ်။ သူ အသေအချာ အလှပြင်ထားတာမျိုး ကျွန်တော် တစ်ခါမှ မမြင်ဖူးပေမယ့် အဲဒီလို ပြင်ဆင်ထားရင်လည်း မင်းသမီးတစ်ပါးလို လှနေလောက်တယ်။ ဒါပေမယ့် အဲဒီလိုမျိုး ဆိုရင်တော့ သူရိန်နဲ့က ပိုပြီး လိုက်ဖက်လိမ့်မယ် ထင်တယ်။ ကျွန်တော့်အနေနဲ့ကတော့ အိမ်ရဲ့ အငွေ့အသက်ကို ပေးနိုင်မယ့် အိမ်နေရင်း သဘာဝ အလှမျိုးနဲ့ ဟန်ဆောင်စရာမလိုတဲ့ အပြုံးမျိုးကို ပိုပြီး နှစ်သက်မိတယ်။

တစ်ခေါက်က ကျွန်တော် ကြိုတင်အကြောင်းမကြားဘဲ သူ့အိမ်ကို ရောက်သွားခဲ့တယ်။ ဒီနားလေးမှာ အလုပ်ကိစ္စရှိလို့ လာရင်း လမ်းကြုံ ဝင်လာခဲ့တာပါလို့ အကြောင်းပြခဲ့တယ်။ အမှန်က အိမ်မှာ အလုပ်လုပ်နေရင်းကနေ သူ့ရဲ့ အပြုံးကို မြင်ချင်လာတာနဲ့ သူ့ဆီ အရောက်သွားခဲ့တာပါ။ ကျွန်တော် ရောက်သွားတော့ သူရိန်က အိမ်မှာ မရှိဘူး။ သူရိန်ကို လာတွေ့တာပါလို့ အကြောင်းပြထားတော့ “နေကောင်းလား” မေးပြီး လှည့်ပြန်ရုံပဲ ရှိတော့တာပေါ့။

ဒါပေမယ့် ထူးဆန်းစွာနဲ့ပဲ ဇင်မာက အိမ်ထဲ ဝင်ထိုင်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ သူ ကိတ်မုန့်တစ်လုံး ဖုတ်ထားတာမို့ ကြုံတုန်း မြည်းစမ်းသွားစေချင်ကြောင်း ပြောတယ်။ ပြန်တော့မယ် တကဲကဲ ပါးစပ်က ပြောနေပေမယ့် စိတ်ထဲမှာက ရခဲတဲ့ ဒီလို အခွင့်အရေးမျိုးကို လက်မလွှတ်ချင်တာနဲ့ မျက်နှာပြောင်တိုက်ပြီး အိမ်ထဲ ဝင်သွားခဲ့တယ်။

အဲဒီတုန်းက သူ့အိမ်မှာ ထိုင်ခဲ့ရတဲ့ ၂ နာရီကာလဟာ ဘဝမှာ အပျော်ရွှင်ခဲ့ရဆုံး အချိန်တွေပဲ။ ကျွန်တော့်စိတ်တွေ တက်ကြွနေခဲ့ပြီး စကားတွေ ရွှမ်းရွှမ်း ဝေနေခဲ့တယ်။ သူက စိတ်အနှောင့်အယှက် ဖြစ်တဲ့ အမူအရာ တစ်ချက် မပြဘဲ မိန်းမပျိုကလေးလို တခစ်ခစ် ရယ်မောနေခဲ့တယ်။ သူနဲ့ စကားပြောနေစဉ်မှာ ကျွန်တော့် မျက်နှာက နီရဲ ထူပူနေလိမ့်မယ် ထင်တယ်။ အိမ်အပြင်ထွက်တော့ မျက်နှာကို လေပြေတစ်ချက် အဝေ့မှာ ရေဖြန်းလိုက်သလို ရှဲကနဲ အေးမြသွားတဲ့ အဲဒီ အထိအတွေ့ကို ကျွန်တော် အခုချိန်ထိ အမှတ်ရနေတုန်းပဲ။

နောက်တော့ ကျွန်တော်ဟာ ဝတ္ထုအတွက် သူရိန်ဆီက အကြံဉာဏ်တောင်းဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့အိမ်ကို မကြာမကြာ ဝင်ထွက်နေခဲ့တော့တယ်။ တကယ်တမ်းကတော့ ဇင်မာရဲ့ အပြုံးတစ်ပွင့်ကို မြင်ချင်ရုံ သက်သက်ပဲ။ သူရိန်ကတော့ သတိထားမိပုံ မရဘူး။ သူကလည်း ကျွန်တော့်ကို တွေ့ချင်တဲ့ အကြောင်းအရင်း ရှိနေခဲ့တယ်ဆိုတာကို အချိန်လွန်မှ သိခဲ့ရတယ်။

နောက်ဆုံးတော့ ကျွန်တော် ဒုတိယဝတ္ထုကို အဆုံးသတ်နိုင်ခဲ့ပြီ။ သူရိန် ဖတ်နိုင်အောင် အမြန်သွားပေးခဲ့ပြီး သူ့ရဲ့ သုံးသပ်ချက်ကို စောင့်မျှော်နေခဲ့တယ်။ ဝမ်းနည်းစွာ ကောင်းတာက အဲဒီစာအုပ်ကိုလည်း သူ သဘောမကျခဲ့ပြန်ဘူး။

“ရိုးအီနေတဲ့ အချစ်ဇာတ်လမ်းဟောင်းကြီး တစ်ပုဒ်လိုပဲ” သူက ပြောတယ်။ “လူငယ်တစ်ယောက်က အသက်ကြီးတဲ့ မိန်းမတစ်ယောက်ကို ချစ်ကြိုက်တဲ့ ဇာတ်လမ်းက အပုံကြီး ရှိနေခဲ့ပြီးသားလေ။ လတ်ဆတ်တဲ့ အရသာလေး ရှိမှ ကောင်းမယ်။ ပြီးတော့ ဇာတ်ကောင်အမျိုးသမီးနဲ့ ပတ်သက်ရင်လည်း တချို့နေရာတွေက သဘာဝ မကျဘူး။ လောကမှာ အမှန်တကယ် မရှိနိုင်တဲ့ ဇာတ်ရုပ်တစ်ခုကို ဖန်တီးယူထားသလိုပဲ”

အညှာအတာ ကင်းမဲ့လှတဲ့ ဝေဖန်ချက်ပေပဲ။ ကျွန်တော် တော်တော်လေး တင်းသွားတယ်။ အထူးသဖြင့် နောက်ဆုံးစကားတွေက ကျွန်တော့်ကို ပိုပြီး နာကျည်းစေခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူရိန် ဝေဖန်လိုက်တဲ့ “သဘာဝမကျတဲ့ ဇာတ်ရုပ်” ဆိုတာ ဇင်မာကို နမူနာယူပြီး သရုပ်ဖော်ထားတာလေ။

“ငါ့မှာ စာရေးဆရာတစ်ယောက် ဖြစ်ဖို့ကို ပါရမီ မပါတာပဲလား” ကျွန်တော် သူရိန်ကို မေးလိုက်တယ်။

သူက တစ်ခဏ စဉ်းစားပြီး ပြန်ဖြေတယ်။ “မင်းမှာ အလုပ်အကိုင် အတည်တကျ ရှိနေတာပဲ။ ဒီလောက် စိတ်လောနေဖို့ မလိုပါဘူး။ စာအုပ်ထုတ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်ဘဲ ဝါသနာအရ ရေးတယ်ဆိုတဲ့ စိတ်သဘောထားနဲ့ ဆက်ရေးသွားရင် ပိုကောင်းမယ် ထင်တယ်”

ဒီလို စကားလောက်နဲ့တော့ ကျွန်တော့်ကို နှစ်သိမ့်လို့ ရမှာ မဟုတ်တော့ဘူး။ ကျွန်တော် အရင်က ရူးရူးမူးမူး စိတ်ကူးယဉ်ခဲ့မိတယ်။ ဝတ္ထု နှစ်ပုဒ်တောင် ရေးခဲ့ပြီးပြီဆိုတော့ အတော်ကို ဟုတ်နေပြီပဲပေါ့။ ကျွန်တော် ဘယ်အပိုင်းမှာ အားနည်းနေတာလဲ ဆိုတာနဲ့ ပတ်သက်ပြီး အတော်ကို ဦးနှောက်စားခဲ့တယ်။ အခုချိန်မှာ ဇင်မာရဲ့ သိမ်မွေ့နူးညံ့တဲ့ အားပေးစကား ကြားရရင်တောင် အရာရောက်တော့မယ် မထင်ဘူး။

စိတ် အကြီးအကျယ် ထိခိုက်သွားတာကလည်း တစ်ကြောင်း၊ နေ့နေ့ညည မအိပ်မနားဘဲ စာရေးခဲ့တဲ့ ပင်ပန်းမှု ဒဏ်ကလည်း တစ်ကြောင်းမို့ ထင်ပါတယ်။ ကိုယ်ခံအားနည်းပြီး အဖျားဝင်လိုက်တာ အိပ်ရာပေါ် ဗုန်းဗုန်းလဲတော့တာပဲ။ အဲဒီအချိန်မှာ တစ်ကိုယ်ရည်တစ်ကာယ လူပျိုကြီးတစ်ယောက်ရဲ့ ဒုက္ခကို ပိုပြီး ခံစားရတော့တယ်။ အထီးကျန်မှု စောင်ကို ခြုံလျက် အေးစက်နေတဲ့ အိပ်ရာထဲမှာ တစ်ယောက်တည်း လှဲလျောင်းရင်းပေါ့။

အဲဒီအချိန်မှာ ကျွန်တော့်ရဲ့ ကံကြမ္မာအလှည့်အပြောင်းဟာ မခေါ်ဘဲ ရောက်လာခဲ့တယ်။ ဒီကိစ္စ ကျွန်တော် ဝေဖြိုးကို ပြောခဲ့ပြီးပြီ။ ဟုတ်တယ်၊ ဇင်မာ ကျွန်တော့်အိမ် ရောက်လာခဲ့တယ်။ တံခါးရွက် ချောင်းကြည့်ပေါက်ကနေ သူ့မျက်နှာကို မြင်လိုက်ရတော့ အဖျားပိုးဝင်ပြီး မြင်မိမြင်ရာ လျှောက်မြင်နေတယ်လို့ ကျွန်တော် ထင်လိုက်မိသေးတာ။

“ရှင် ဖျားနေလို့ အလုပ်မသွားနိုင်ဘူးဆိုတာ ကိုသူရိန်ဆီက သိခဲ့ရတယ်” မနေ့က သူရိန် ဖုန်းဆက်လာတုန်း နေမကောင်းလို့ ခုတင်ပေါ် လဲနေကြောင်း သူ့ကို ပြောဖြစ်တာ အမှန်ပဲ။

ကျွန်တော် သူ့ကို မြင်ရလို့ စိတ်လှုပ်ရှားနေတာကို သူက သတိမထားမိသလိုနဲ့ မီးဖိုချောင်ထဲ တန်းဝင်သွားပြီး ကျွန်တော့်အတွက် နေ့လယ်စာ ချက်ပြုတ်ပေးတော့တယ်။ လိုအပ်တဲ့ ဟင်းသီးဟင်းရွက်တွေကို တစ်ပါတည်း ယူလာခဲ့ပြီးသား။ တိမ်တွေပေါ် လမ်းလျောက်နေရသလို ပီတိတွေ တစ်လှပ်လှပ်နဲ့ပေါ့။ အဖျားကြောင့် မဟုတ်တာတော့ သေချာတယ်။

ကျွန်တော့်အတွက် သူချက်ပေးတဲ့ ဟင်းရွက်စွပ်ပြုတ်ဟာ ဘာနဲ့မှ တုနှိုင်းမမီပဲ။ အမှန်အတိုင်း ပြောရရင် အဲဒီတုန်းက ကျွန်တော် ခံတွင်းပျက်နေခဲ့တယ်။ သူက ကျွန်တော့်အတွက် ရောက်လာပြီး ထမင်းဟင်း ချက်ပေးနေတယ်လို့ တွေးမိတာနဲ့ ကျွန်တော့်မှာ အတိုင်းအဆမရှိ ပျော်လိုက်သည့် ဖြစ်ခြင်း။

နေမကောင်းလို့ ကျွန်တော် ကျောင်းကို တစ်ပတ်ခွင့်ယူလိုက်တယ်။ ပင်ကိုယ် ကိုယ်ခံအားနည်းတဲ့ ကျွန်တော်က တစ်ခါဖျားလိုက်ရင် တော်တော်နဲ့ မသက်သာတော့ဘူး။ အဲဒီလို ဖြစ်နေတာကိုပဲ စိတ်ပျက်နေခဲ့ဖူးတာ။ ဒီတစ်ခါတော့ အဲဒီ ကိုယ်ခံအားနည်းတာကိုပဲ ကြံဖန် ကျေးဇူးတင်ရမလို ဖြစ်နေပြီ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီကာလအတွင်း ဇင်မာက ကျွန်တော့်ကို ၃ ခေါက်တောင် လာပြုစုခဲ့တယ်။ တတိယအကြိမ် သူအိမ်ရောက်လာတော့ “သူရိန်က လာခိုင်းတာလား” လို့ ကျွန်တော် သူ့ကို မေးခဲ့မိတယ်။

“ကျွန်မ ဒီကိုလာမယ်လို့ သူ့ကို ပြောမထားဘူး”

“ဘာဖြစ်လို့လဲ”

“အဲ ……” သူ တစ်ခဏ ငြိမ်သွားပြီး ကျွန်တော့်ကို တောင်းပန်သလို အမူအရာနဲ့ ပြောတယ်။ “ဒီကို ကျွန်မလာတာ သူ မသိပါစေနဲ့လား”

“ရပါတယ်” သူဘာကြောင့် လာသလဲဆိုတာ ကျွန်တော် သိပ်သိချင်ပေမယ့် ဇွတ်အတင်း မေးမနေတော့ဘူး။

နေကောင်းသွားတော့ ကျွန်တော် သူ့ရဲ့ ပြုစုစောင့်ရှောက်မှုကို ကျေးဇူးတင်တဲ့အနေနဲ့ ညစာကျွေးဖို့ စိတ်ကူးလိုက်မိတယ်။ လက်ဆောင်တစ်ခုခု ပေးမယ်ဆိုရင် သူရိန်မသိအောင် သိုဝှက်ထားဖို့က မလွယ်လှဘူး။ အစတော့ သူက တွေဝေနေပြီး နောက်တော့ သဘောတူခဲ့တယ်။ သူရိန်ဟာ အလုပ်ကိစ္စနဲ့ နှစ်ရက်လောက် ခရီးဝေးထွက်ဖို့ ရှိနေတယ်။ ဒါနဲ့ အဲဒါ အသင့်လျော်ဆုံး အချိန်ပဲဆိုပြီး သူရိန် ခရီးထွက်တဲ့နေ့ကို ရွေးချယ်ခဲ့ကြတယ်။

ကျွန်တော်တို့ ကချင်ရိုးရာ စားသောက်ဆိုင်လေး တစ်ဆိုင်ကို ရွေးချယ်ခဲ့တယ်။ အဲဒီညက သူ အိမ်မပြန်တော့ဘဲ ကျွန်တော့်တိုက်ခန်းမှာပဲ ညအိပ်ခဲ့တယ်။

ကျွန်တော်တို့ နှစ်ယောက်ဟာ တစ်ခဏတာ စိတ်ကစားခဲ့ကြတာပါလို့ ဝေဖြိုးကို ကျွန်တော် ပြောခဲ့ဖူးတယ်။ အဲဒီစကားကို ပြန်ပြင်ပါရစေ။ ကျွန်တော်တို့ နှစ်ယောက်ဟာ ရင်ထဲအသည်းထဲကကို ချစ်ကြိုက်ခဲ့ကြတာပါ။ ကျွန်တော့်အတွက်ကတော့ တစ်ခဏတာ သာယာလိုတဲ့ စိတ်မျိုး သဘောထားမျိုး လုံးဝမဟုတ်တာ ကျိန်ပြောရဲတယ်။ ပထမဆုံး အကြိမ် သူ့ကို စမြင်ကတည်းက သူဟာ ကျွန်တော့်ဘဝရဲ့ နတ်မိမယ်၊ ပါရမီဖြည့်ဖက်ပဲလို့ ခံယူခဲ့ပြီးသား။ ကျွန်တော်တို့ နှစ်ယောက်ရဲ့ တရားဝင် အချစ်ဇာတ်လမ်းဟာ အဲ့ဒီညက စတယ်လို့ ပြောရမယ်။

အချိန်တွေ ကုန်လွန်သွားခဲ့တယ်။ ဟုတ်တယ်၊ နိဂုံးဆီလည်း တဖြည်းဖြည်း ချဉ်းကပ်နေခဲ့ပြီ။ တစ်နေ့တော့ ဇင်မာ့ဆီက သူရိန်နဲ့ ပတ်သက်တဲ့ စိတ်တုန်လှုပ်ဖွယ်ရာ သတင်းတစ်ခု ကြားခဲ့ရတယ်။ “ကိုသူရိန်က ရှင့်ကို ကလိန်ကကျစ် လုပ်နေတာ။ အဲဒါ ရှင်သိလား” သူ ဝမ်းနည်းစွာနဲ့ ပြောတယ်။

“ဘာကို ဆိုလိုတာလဲ”

“ရှင် စာရေးဆရာတစ်ယောက် မဖြစ်အောင် တမင် လုပ်နေတာ။ ရှင့်ရဲ့ အိပ်မက်တွေကို စွန့်လွှတ်သွားအောင်လေ”

“ကို ရေးတဲ့ ဝတ္ထုက သုံးစား မရလို့လား”

“ဟင့်အင်း၊ အဲ့လို မဟုတ်ဘူး။ ဆန့်ကျင့်ဘက်ပဲ။ ရှင့်ဝတ္ထုက သူ့ဟာထက် ပိုကောင်းနေလို့ သူ မနာလို ဖြစ်နေတာ”

“ဟုတ်ပါ့မလား”

“ကျွန်မလည်း အစက ဘယ်စဉ်းစားခဲ့မိမလဲ။ အဲ … အတိအကျပြောရရင် မစဉ်းစားချင်ခဲ့တာ။ အဲဒီလိုမှ မဟုတ်ရင်လည်း သူ့အမူအရာ ပျက်နေတာကို ကျွန်မလည်း အဓိပ္ပာယ် မဖွင့်တတ်တော့ဘူး”

“ဘယ်လို ပျက်နေလို့လဲ”

“ကျွန်မ မှတ်မိနေတယ်။ ရှင် ပထမဆုံး ဝတ္ထုပို့ပေးတုန်းက သူ အပင်ပန်းခံပြီး အာရုံစိုက် ဖတ်ဖို့ ရည်ရွယ်ထားပုံ မရဘူး။ သူပြောဖူးတယ်။ ‘ကလောင်လက်သစ်တွေရဲ့ အဆင့်မရှိတဲ့ စာတွေဖတ်ရင် သူ့ရဲ့ ကိုယ်စွမ်းကိုယ်စကိုတောင် ထိခိုက်သွားနိုင်တယ်’ တဲ့။ ‘နည်းနည်းပါးပါး လှန်လှောပြီး သဘောလောက် ပြန်ပြောနိုင်ရင် တော်ရောပေါ့’ တဲ့”

“အမ် … ဟုတ်လား”

“တကယ်တမ်းကျတော့ ရှင့်ဝတ္ထုကို စ ဖတ်မိတာနဲ့ သူ လက်က မချနိုင်တော့ဘူး။ သူ့ စရိုက်ကို ကျွန်မ နားလည်တာပေါ့။ သူက စိတ်မရှည်တတ်တော့ စိတ်ဝင်စားစရာ မကောင်းဘူးလို့ ယူဆလိုက်တာနဲ့ အဲဒီစာအုပ်ကို ပစ်ထုတ်ပြီး လှည့်ကို မကြည့်တော့ဘူး။ ဒီတော့ ရှင့်ဝတ္ထုကို ဒီလောက် အသည်းအသန် ဖတ်နေပြီ ဆိုကတည်းက ရှင့်ရဲ့ ကလောင်အောက်မှာ နစ်မြောနေလို့ပဲ ဖြစ်ရမယ်”

“ဒါပေမယ့် အဲဒီဝတ္ထုကို အဆင့်မရှိဘူးလို့ သူက ပြောခဲ့တာလေ”

“ဒါကြောင့် သူ့မှာ အကြံဆိုးရှိရမယ်လို့ သတိထားမိတာပေါ့။ ရှင် ခဏခဏ သူ့ဆီ ဖုန်းဆက်ပြီး ဖတ်ပြီးပြီလားလို့ မေးခဲ့တယ်လေ။ သူက ရှင့်ကို မဖတ်ရသေးဘူးလို့ ပြောပြောနေတာ ကြားသားပဲ။ အဲဒါ ရှင့်ကို သူ လိမ်နေတာ။ ကြည့်ရတာ အဲဒီအချိန်က ရှင့်ကို ဘယ်ပုံဘယ်နည်း တုံ့ပြန်ရမလဲဆိုတာ အကြံမရသေးလို့ ဖြစ်မယ်။ နောက်ဆုံး ထွက်လာတဲ့ သူ့ရဲ့ အကြံက ရှင့်ရဲ့ ဝတ္ထုကို တစ်ပြားမတန်အောင် ပြောပစ်ပြီး ရှင့်ရဲ့ စာရေးဆရာ အိပ်မက်ကို ရိုက်ချိုးပစ်ဖို့ပဲ ဖြစ်လိမ့်မယ်။ သူ ဒီလောက် စိတ်ပါလက်ပါနဲ့ ရှင့်ဝတ္ထုကို ဖတ်ခဲ့ပြီးတော့မှ စိတ်ဝင်စားစရာ မကောင်းဘူးလို့ ပြောထွက်ခဲ့တာ ကျွန်မဖြင့် အံ့ဩလို့ မဆုံးဘူး”

“သူ အဲဒီဝတ္ထုကို စိတ်ဝင်တစား ဖတ်တယ်ဆိုတာကလည်း ကိုတို့ ငယ်ဘဝက ရင်းနှီးခဲ့ကြတဲ့ လူတစ်ယောက်အကြောင်း ရေးထားလို့ ဖြစ်ချင် ဖြစ်မှာပေါ့” သူ့စကားကို ကျွန်တော် ယုံဖို့ ခက်ခဲနေတာနဲ့ သူရိန့်အစား စောဒက တက်ကြည့်ခဲ့တယ်။

သူက ယုံကြည်ချက် အပြည့်နဲ့ “သူက အဲဒီလို လူစားမျိုး မဟုတ်ဘူး။ သူ့ကိုယ်သူကလွဲလို့ ဘယ်သူ့ကိုမှ စိတ်ဝင်စားတာ မဟုတ်ဘူးရှင့်”

သူက ဒီလောက် ယုံကြည်ချက် အပြည့်နဲ့ ပြောနေမှတော့ ကျွန်တော့်အနေနဲ့ သံသယ မဖြစ်ဘဲ မနေနိုင်တော့ဘူး။ ဇင်မာဟာ တခြား လူတစ်ယောက်အပေါ် ချစ်မိနေလို့ ကိုယ့်လင်ကို အပုပ်ချတတ်တဲ့ မိန်းမစားမျိုး မဟုတ်ဘူး ဆိုတာတော့ ကျွန်တော် အပြည့်အဝ ယုံကြည်တယ်။

သူရိန်ဟာ ဒီနောက်ပိုင်း စာရေးရတာ ခရီးမတွင်တော့ဘဲ စွမ်းရည်တွေ ခန်းခြောက်နေသလို ဖြစ်နေကြောင်း ဇင်မာက ပြောပြတယ်။ ဈေးကွက် လိုအပ်ချက်အရ ဝတ္ထုတွေ များများရေး၊ စာအုပ်တွေ များများ ထုတ်ဖို့ လိုအပ်လာပေမယ့် သူ့ဘက်က ရေးနိုင်တာ နည်းသထက် နည်းလာနေတယ်။ သူ့ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကလည်း ခန်းသထက် ခန်းလာတယ်။ ဒါကြောင့်လည်း ကျွန်တော့်လို အပျော်တမ်း စာရေးသူတစ်ယောက်က ဒီလို ဝတ္ထုမျိုး ရေးနိုင်တာကို သူ လက်မခံနိုင်တာ ဖြစ်မယ်။

“ကိုသူရိန်ဆီ ရှင့်ဝတ္ထုတွေ ထပ်ယူမလာတာ အကောင်းဆုံး ဖြစ်မယ်လို့ ကျွန်မ ထင်တယ်။ ရိုးသားပြီး ရှင့်အတွက် တကယ် အထောက်အကူ ဖြစ်မယ့် တခြားတစ်ယောက်ယောက်ကို ရှာပါလား”

“နေပါဦး။ တကယ်လို့ သူရိန်က ကို့ကို စာအုပ် မထုတ်ဝေဖြစ်အောင် တားမြစ်ဖို့ ကြိုးစားနေတယ်ဆိုရင် ဘာဖြစ်လို့ သူက ဒုတိယဝတ္ထုကို ဖတ်နေရသေးတာလဲ။ ပစ်ထားလိုက်ရုံပဲ မဟုတ်လား”

“ရှင် ကျွန်မယောက်ျားကို နားမလည်သေးပါဘူး။ သူ ရှင့်ကို ပေါ်တင်ကြီး မလုပ်ပစ်တာက ရှင့်စာမူတွေ တခြားသူဆီ ရောက်မသွားစေချင်လို့ပေါ့။ စိတ်ပျက်သွားအောင် ရှင့်ကို လုပ်ပြီး စာရေးချင်စိတ် မရှိတော့အောင် သူက ကြံစည်နေတာ။ ရှင့်ကို ကြိုးရှည်ရှည်နဲ့ လှန်ထားတာလေ။ တခြား ဘယ်အယ်ဒီတာနဲ့မှ မိတ်ဆက်ပေးဖို့လည်း သူ့မှာ စိတ်ကူးမရှိဘူး” ကျွန်တော့်ကိုယ်စား နာကျည်းပေးနေတဲ့ လေသံမျိုးနဲ့။

သူရိန် ကျွန်တော့်အပေါ် ဒီလို လုပ်ရက်လိမ့်မယ်လို့ ယုံကြည်ဖို့ အင်မတန် ခက်နေခဲ့တယ်။ ဇင်မာက လုပ်ကြံဖန်တီးပြီး ပြောနေပါတယ်လို့လည်း မယုံချင်ဘူး။ ကျွန်တော် လတ်တလော ဘာမှ မလုပ်နိုင်သေးကြောင်း ဇင်မာ့ကို ပြောဖြစ်ခဲ့တယ်။ မသိချင်ယောင်ဆောင်ပြီး ခဏ စောင့်ကြည့်ကြဖို့ပဲ ဆုံးဖြတ်နိုင်ခဲ့တယ်။ ဇင်မာက ကျေနပ်ပုံ မရပေမယ့် ဘာမှလည်း ဆက်မပြောတော့ဘူး။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *