သူပြန်သွားပြီးနောက် ထိုင်ခုံမှာ ထိုင်ရင်း စားပွဲပေါ်က လေးထောင့်ဗူးလေးကို မျက်တောင်မခတ်ဘဲ ကြည့်နေမိတယ်။ နောက်တော့ ကျွန်တော် ကောက်ယူပြီး ဖွင့်ကြည့်လိုက်တယ်။ ဗီဒီယိုတိတ်ခွေ တစ်ခွေ။ အောက်စက်ထဲ ထည့်လိုက်တဲ့အချိန်မှာ ကျွန်တော့်ရင်ဘတ်ထဲက အောင့်တောင့်တောင့် ခံစားလာခဲ့ရတယ်။
တိတ်ခွေထဲမှာ ဘာပါသလဲဆိုတာ ဝေဖြိုးကတော့ ကြည့်ပြီးခဲ့ပြီ။ အဲဒီတုန်းက အခွေကို ကျွန်တော့်အနေနဲ့ ပထမဆုံးအကြိမ် ကြည့်ခဲ့ရခြင်းပဲ။ သူရိန်ရဲ့ပန်းခြံထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်လိုက်ရတော့ ဦးနှောက်ထဲ သွေးခဲသွားသလို။ ညာဘက်အောက်ထောင့်မှာ ပေါ်နေတဲ့ ရက်စွဲတစ်ခုကလည်း ကျွန်တော့်ကို သွေးပျက်သွားစေခဲ့တယ်။ အဲဒီရက်က ကျွန်တော် သူ့ကို သတ်ဖို့ ကြိုးစားခဲ့တာလေ။
အနက်ရောင်အင်္ကျီ ဝတ်ထားတဲ့ လူတစ်ယောက်က ညအမှောင် မြင်ကွင်းထဲ လှုပ်ရှားနေတာကို တီဗီမျက်နှာပြင်မှာ အထင်အရှား ပေါ်နေတယ်။ ညအမှောင်ထဲမှာ ဆိုပေမယ့် အဲဒီလူရဲ့ မျက်နှာက ထင်ထင်ရှားရှား။ စောက်ရူးပဲ။ ကျွန်တော် ဘာဖြစ်လို့ မျက်နှာဖုံးစွတ်ဖို့ သတိမရခဲ့ရတာလဲ။ ဘယ်သူမဆို မြင်ရုံနဲ့ သိကြမှာ။ သူများအိမ်ထဲ ညကြီးအချိန်မတော် ခိုးဝင်နေတဲ့ လူတစ်ယောက်ဟာ ဦးပေါ်လွင်ပါလို့။ တိတ်ခွေထဲက ဦးပေါ်လွင်ဟာ ပန်းခြံနဲ့ ဘေးချင်းကပ်လျက်က အလုပ်ခန်းထဲကို ပြတင်းပေါက်ကတဆင့် ကျော်ဝင်နေတာကို ဗီဒီယိုကင်မရာက အမိအရ ဖမ်းရိုက်ထားနိုင်ခဲ့တယ်။
ဗီဒီယိုတိတ်ခွေမှာ ပါတာကတော့ အဲဒါပဲ။ ဒီလောက်နဲ့လည်း လုံလောက်နေပြီလေ။ ကျွန်တော့်အနေနဲ့ လူသတ်ဖို့ ကြိုးစားခဲ့တာကို ဘူးခံပြီး ငြင်းနိုင်ခဲ့ရင်တောင်မှ ဘာကြောင့် သူရိန့်အိမ်ထဲကို ခိုးကြောင်ခိုးဝှက် ဝင်ဖို့ ကြိုးစားခဲ့ရသလဲ ဆိုတာကိုတော့ ဖြေရှင်းနိုင်မှ ဖြစ်မယ်။
ဗီဒီယိုတိတ်ခွေကို ကြည့်လို့ပြီးတော့ စိတ်ထဲမှာ အတွေးပေါင်းစုံနဲ့ ရှုပ်ထွေးနေခဲ့တယ်။ လူသတ်ဖို့ ကြိုးစားပြီး မအောင်မြင်လို့ ထွက်ပြေးခဲ့ရတဲ့ မြင်ကွင်းတွေရော အတွေးထဲမှာ အစီအရီ ပေါ်လို့။ သူရိန် အဲဒီညက စကားတစ်ခွန်း ပြောခဲ့တာ အမှတ်ရသွားတယ်။ “မမေ့နဲ့ဦး။ သက်သေက ဒါ တစ်ခုတည်း မဟုတ်ဘူး။ မင်း ငြင်းချင်လို့တောင် ဘယ်လိုမှ ငြင်းလို့ မရဘူး” သူ ဒီဗီဒီယိုမှတ်တမ်းကို ရည်ရွယ်ပြီး ပြောတာပဲ ဖြစ်မယ်။
ကျွန်တော် ကြံရာမရ ဖြစ်နေတဲ့ အချိန်မှာပဲ ဖုန်းမြည်လာတယ်။ သူရိန့်ဆီက။ ကျွန်တော့်ကို သူ အနားမှာ ထိုင်ကြည့်နေတဲ့အတိုင်းပဲ။ အချိန်က ကွက်တိ။
“ကြည့်ပြီးပြီလား”
ဒီစကားကို ပြောလိုက်ရတာ သူ ကျေနပ်နေလိမ့်မယ်ဆိုတာ ကျွန်တော် ပြောရဲတယ်။ ကြည့်ပြီးကြောင်း ကျွန်တော် ပြန်ပြောလိုက်တယ်။
“ဒီတော့ … မင်း ဘယ်လို ထင်လဲ”
“မင်းကြိုသိထားတယ် မဟုတ်လား” ကျွန်တော့် အတွေးတွေထဲမှာ မင်းမူနေတဲ့ မေးခွန်း။
“ဘာကို သိရမှာလဲ”
“အဲဒီညက ငါ မင်းအိမ်ကို ခိုးဝင်လာလိမ့်မယ် ဆိုတာလေ။ ဒါကြောင့်လည်း မင်းက ကင်မရာနဲ့ ဖမ်းရိုက်ထားတာပေါ့”
သူက အားရပါးရ ရယ်ချလိုက်တယ်။ “ငါက ဘယ်လိုလုပ်ပြီး သိရမှာလဲ”
“ဒါပေမယ့် ငါနဲ့ …..”
“နေဦး နေဦး” သူက ကျွန်တော့စကားကို ဖြတ်ပြီး ဝင်ပြောတယ်။ “တခြားတစ်ယောက်ယောက်ကိုများ မင့်းအကြံ ပြောဖြစ်ခဲ့သေးတာလား။ အဲဒီညမှာ ငါ့ကို လာသတ်လိမ့်မယ်လို့ တခြား တစ်ယောက်ယောက်က ကြိုသိနေခဲ့တာများလား။ ဒီလိုသာဆိုရင်တော့ ငါ့ဆီ တစ်နည်းနည်းနဲ့ ရောက်လာနိုင်တာပဲ။ ‘နေ့ပြော နောက်ကြည့်’ ဆိုတဲ့ စကားပုံတောင် ရှိသေးတယ် မဟုတ်လားကွ”
ဇင်မာနဲ့ ကျွန်တော်တို့ ခြေပုန်းခုတ်နေတဲ့ ဇာတ်လမ်းကို ဝန်ခံစေချင်လို့ ဝေ့ဝိုက်ပြောနေတာပဲလား။ ဒါမှမဟုတ် ကျွန်တော့်ဆီက ဘယ်လိုမှ အစ်အောက်လို့ ရမှာမဟုတ်ဘူးဆိုတာ ကြိုတွက်ဆထားတာကြောင့် ကျွန်တော့်ကို ကလိနေတာပဲလား။ ကျွန်တော် ဘာမှ ပြန်မဖြေခဲ့ဘူး။
တစ်ခဏကြာတော့ သူက ဆက်ပြောတယ်။ “ဒီရက်ပိုင်း ရပ်ကွက်ထဲ သူခိုးတွေ သောင်းကျန်းနေတယ်လို့ သတင်းကြားရတာနဲ့ စိတ်ချရအောင် ဗီဒီယိုကင်မရာ ဆင်ထားခဲ့တာ။ သူခိုးတစ်ယောက်ယောက်တော့ ဖမ်းမိမှာပဲလို့ ငါ တွက်ထားတာကွ။ မင်း ဖြစ်နေလိမ့်မယ်လို့ ငါ ဘယ်တွေးမိမှာလဲ”
ယုတ္တိမရှိလိုက်တဲ့ အကြောင်းပြချက်။ ဒါပေမယ့် ကျွန်တော် ငြင်းနေချင်စိတ်လည်း မရှိဘူး။ “အဲတော့ … အဲဒီဗီဒီယိုကို ပြပြီး မင်းက ဘာလုပ်ချင်တာလဲ။ ငါ့ဆီက ဘာလိုချင်လို့လဲ”
“ရော် …. ရူးချင်ယောင် ဆောင်မနေစမ်းပါနဲ့ကွာ။ ငါ ထပ်ပြောနေစရာ လိုသေးလို့လား။ တစ်ခုတော့ သတိပေးထားရဦးမယ်။ အဲဒီ ဗီဒီယိုတိတ်ခွေက ကော်ပီနော်။ ငါ့မှာ မူရင်းခွေ ရှိသေးတယ်”
“မင်း ငါ့ကို အဲဒီလို အကျပ်ကိုင်ပြီး အတင်းရေးခိုင်းနေရင် ဘယ်လိုလုပ်ပြီး အဆင့်ရှိတဲ့ လက်ရာတွေ ရလာနိုင်တော့မှာလဲ” ပြောလိုက်ပြီးကာမှ ကျွန်တော် နောင်တရသွားခဲ့တယ်။ ကျွန်တော် သူ့ကို စာရေးပေးဖို့ သဘောတူလိုက်သလို ဖြစ်သွားတာကိုး။ တခြားရော ဘာရွေးစရာ ရှိသေးလို့လဲ။
“မင်း လုပ်နိုင်မှာပါ။ ငါ မင်းကို ယုံတယ်” သူက အောင်နိုင်သူတို့ရဲ့ လေသံနဲ့ စိတ်ချလက်ချ ဖြစ်သွားတဲ့ ပုံစံမျိုး။ “နောက်မှ ထပ်ပြောကြတာပေါ့” သူပြောပြီး ဖုန်းချသွားတယ်။
နောက်ပိုင်းရက်တွေမှာတော့ ကျွန်တော်ဟာ စိတ်ဝိဉာဉ် မရှိတဲ့ အရိပ်တစ်ခု လွင့်မျောနေသလိုပဲ နေ့စဉ်ဘဝကို ဖြတ်သန်းနေရတယ်။ တကယ်ကိုပဲ သူများရဲ့ အရိပ် ဖြစ်နေခဲ့ပြီပဲကိုး။ အရိပ်တောင်မှ သူများရဲ့ အနောက်မှာပဲ ပုံထင်နေရတဲ့ အရိပ်မျိုး။ တာဝန်မပျက် ကျောင်းသွားနေရပေမယ့် စာသင်ဖို့ရာလည်း စိတ်မပါတော့ဘူး။ ကျောင်းအုပ်ကြီးရဲ့ ဆူပူကြိမ်းမောင်းတာကိုလည်း မကြာခဏ ခံလာရတယ်။
တစ်ရက်မှာ ကျွန်တော် စာအုပ်ဆိုင်ရောက်တော့ သူရိန် စာအုပ်အသစ်ထွက်ကြောင်း သိလိုက်ရတယ်။ <စက္ကူမီးအိမ်> စာအုပ် ထွက်ပြီးတဲ့နောက် အသစ်ထွက်တဲ့ လုံးချင်းဝတ္ထုစာအုပ်ပဲ။ ကျွန်တော့်လက်တွေ တုန်ရီစွာနဲ့ပဲ စာအုပ်စင်ပေါ်က အဲဒီစာအုပ်ကို ယူပြီး ခပ်မြန်မြန် လှန်လှောကြည့်လိုက်တယ်။ ကျွန်တော်ရဲ့ ခြေထောက်တွေ ပျော့ခွေသွားပြီး စာအုပ်ဆိုင်ထဲမှာပဲ လဲကျသွားတော့မလို့။ ကျွန်တော် တွေးပြီး စိတ်ပူခဲ့တာတွေ တကယ် ဖြစ်လာခဲ့ပြန်ပြီ။ သူ့ကို ပေးခဲ့ဖူးတဲ့ ဒုတိယဝတ္ထုစာမူကို ပြန်ပြင်ရေးပြီး ထုတ်ဝေထားတဲ့ စာအုပ်ဖြစ်နေတယ်။
ကျွန်တော့်ရဲ့ ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်နေခဲ့ပြီ။ အဲဒီညက ဘာကြောင့်များ သူ့ကို သတ်ဖို့ ကြံစည်မိခဲ့ပါလိမ့်။ ကျွန်တော် သူနဲ့ ဝေးရာ တောအရပ်တစ်ခုခုမှာ ပြေးပုန်းနေဖို့ တွေးမိပြန်တယ်။ ဒါပေမယ့် ကျွန်တော့်မှာ အဲဒီလောက်တောင် လုပ်ဖို့ သတ္တိ မရှိခဲ့ဘူး။ တောအရပ်မှာ ကိုယ်ယောင်ဖျောက်ပြီး ပုန်းနေခဲ့ရင် ကျွန်တော်ရဲ့ စာရေးဆရာ အိပ်မက်တွေ ဘယ်တော့မှ အကောင်အထည် ဖော်နိုင်မှာ မဟုတ်တော့ဘူး။ ပိန်လှီချိနဲ့နေတဲ့ ကျွန်တော့်အတွက် လုပ်ကိုင်စားသောက်ဖို့ မလွယ်ပြန်ဘူး။ နောက်ပြီး ဇင်မာကို ပစ်ထားခဲ့ဖို့ရာလည်း ကျွန်တော့်မှာ ခွန်အားမရှိဘူး။ ဟိုကောင့်အနားမှာ စိတ်ဆင်းရဲနေရှာမယ့် သူ့ကို ကျွန်တော် ဘယ်လိုလုပ်ပြီး ပစ်ထားခဲ့ရက်မှာလဲ။
သူရိန်ရဲ့ ဝတ္ထုအသစ်ဟာ မကြာခင်မှာပဲ အရောင်းသွက် စာအုပ်စာရင်းဝင် ဖြစ်လာတယ်။ အဲဒီစာရင်းထဲမှာ သူရိန်ရဲ့ စာအုပ်ကို မြင်ရတိုင်း ကျွန်တော့်ရဲ့ ဒွိဟစိတ်ခံစားမှုက နှိပ်စက်နေတယ်။ ခါးခါးတူးတူး မုန်းတီးနေတဲ့ အကြားမှာ ‘ငါရေးထားတာကွ’ ဆိုတဲ့ မာန်ကလေးကလည်း စွက်ဖက်နေသေးတာ မဟုတ်လား။ ကျွန်တော့်နာမည်နဲ့ ထုတ်ဝေခဲ့ရင် ဒီလောက် ရောင်းကောင်းနိုင်ပါ့မလားလို့လည်း လက်တွေ့ကျကျ မတွေးလို့ မဖြစ်ဘူး။
ရက်အနည်းငယ်ကြာတော့ တနင်္ဂနွေတစ်နေ့မှာ သူရိန် ကျွန်တော့်အိမ်ကို ရောက်လာတယ်။ သူက အရင်လို ဘာမှမဖြစ်သလို ပုံစံနဲ့ ခပ်တည်တည် အိမ်ထဲဝင်လာပြီး ဆိုဖာခုံပေါ် ထိုင်နေခဲ့တယ်။
“ရော့ … ငါတို့ သဘောတူထားခဲ့တဲ့ အတိုင်းပဲ” သူ စာအိတ်တစ်အိတ်ကို စားပွဲပေါ် ပစ်တင်လိုက်ပြီး ပြောတယ်။
ကျွန်တော် စာအိတ်ကို လှမ်းယူလိုက်ပြီး အထဲကို ဖွင့်ကြည့်လိုက်တော့ တွေ့လိုက်ရတာက ငွေစက္ကူတစ်ထပ်။
“ဆယ်သိန်း” သူက ပြောတယ်။
“ဘာအဓိပ္ပာယ်လဲ”
“ဘာအဓိပ္ပာယ်ရမှာလဲ။ စာအုပ်ရောင်းရတဲ့ ပိုက်ဆံလေ။ မင်းကို ကတိပေးထားတဲ့အတိုင်း လာပေးတာပေါ့။ ၂၅% လေ”
ကျွန်တော် စာအိတ်ထဲက ပိုက်ဆံအထပ်လိုက်ကို စိတ်ကုန်တဲ့ အမူအရာနဲ့ စိုက်ကြည့်နေမိပြီး ခေါင်းခါပြလိုက်တယ်။ “ငါပြောခဲ့ပြီးပြီပဲ။ ငါ့ကိုယ်ငါ သစ္စာ မဖောက်ပါဘူးလို့”
“ဒီလောက် ခေါင်းမမာချင်စမ်းပါနဲ့ကွာ။ ငါတို့နှစ်ယောက် အလုပ်တစ်ခု တွဲလုပ်ကြတယ်လို့ သဘောထားလိုက်ပေါ့။ ဒီလိုပုံစံမျိုး လက်တွဲ အလုပ်လုပ်ကြတာကလည်း ဒီခေတ်မှာ အဆန်းမှ မဟုတ်တော့တာ။ မင်းရဲ့ ကြိုးစား အားထုတ်မှုအတွက် ရသင့်ရထိုက်တဲ့ အကျိုးအမြတ်တစ်ခုပါ”
“ဒါကို လက်တွဲ အလုပ်လုပ်တယ်လို့ ခေါ်နိုင်သေးတာလား” ကျွန်တော် သူရိန်ကို ကြည့်ပြီး ပြောလိုက်တယ်။ “မင့်းဟာက မိန်းကလေးတစ်ယောက်ကို အဓမ္မ မုဒိန်းကျင့်ပြီး လျော်ကြေးပေးနေတာမျိုးနဲ့ တူမနေဘူးလား”
“မတူဘူး”
“ဘယ်နေရာ မတူတာလဲ”
“ဘယ်အမျိုးကောင်းသမီးကများ မုဒိန်းအကျင့်ခံရပြီး အသံမထွက်ဘဲ နှုတ်ဆိတ်နေတာ ရှိလို့လဲ။ မင်းကတော့ ငြိမ်ခံနေတာလေ”
သူပြောတာ မှန်သင့်သလောက် မှန်နေတော့ ကျွန်တော် ရှက်ရှက်နဲ့ တိတ်ဆိတ်နေမိတယ်။ “ဘာပဲဖြစ်ဖြစ် …” ကျွန်တော် အားယူလိုက်ပြီး “ဒီပိုက်ဆံကို ငါ မယူနိုင်ဘူး” ပြောပြီး စာအိတ်ကို သူ့ဘက် တွန်းထိုးပေးခဲ့တယ်။
သူရိန်က စာအိတ်ကို စိုက်ကြည့်နေတယ်။ ပြန်ယူဖို့ သူ့မှာ စိတ်ကူးမရှိဘူး။ “ဒါဆိုလည်း ဒီမှာ ခဏသိမ်းထားတယ်လို့ပဲ သဘောထားလိုက်။ အမှန်အတိုင်း ပြောရရင် မင်းနဲ့ အနာဂတ်ကိစ္စတွေ ဆွေးနွေးဖို့ လာခဲ့တာ”
“အနာဂတ်ကိစ္စ …”
“အတိအကျပြောရရင် နောက်ထုတ်မယ့် စာမူအတွက်ပဲ။ မဂ္ဂဇင်းတိုက်တစ်တိုက်က ဝတ္ထုရှည်တစ်ပုဒ်ကို အခန်းဆက် ဖော်ပြချင်တဲ့အကြောင်း ငါ့ကို စကားကမ်းလှမ်းလာတယ်။ အဲဒါ ဘာရေးရရင် ကောင်းမလဲဆိုတာ မင်းနဲ့ လာဆွေးနွေးတာ”
သူ့ရဲ့ လေသံက ကျွန်တော့်ကို တကယ်ပဲ သူ့ရဲ့ ရှဲဒိုးစာရေးဆရာအဖြစ် သတ်မှတ်ထားပြီးတဲ့ပုံပဲ။ ကျွန်တော်က ကလန်ကဆန် လုပ်နေရင် သူက ဗီဒီယိုတိတ်ခွေနဲ့ ကိုင်ပေါက်ဦးမယ့် သဘောရှိတယ်။ ကျွန်တော် ခိုင်ခိုင်မာမာ ခေါင်းခါရမ်းလိုက်တယ်။ “မင်းလည်း စာရေးဆရာပဲ။ ကောင်းကောင်း နားလည်ရမှာပေါ့။ လက်ရှိ ငါ့ရဲ့ စိတ်အခြေအနေအရ ဘာဝတ္ထုမှ ရေးမထွက်နိုင်ဘူးဆိုတာ မင်း သဘောပေါက်သင့်တယ်။ ဒါမျိုးက အတင်းအကျပ် ညှစ်ယူလို့ ရတာ မဟုတ်ဘူး။ စိတ်ဓာတ်ခွန်အား အရရော၊ ကိုယ်ခန္ဓာအရရော ဘယ်လိုမှ မဖြစ်နိုင်ဘူး”
ဒါပေမယ့် သူကတော့ တစ်ပြားသားမှ မလျှော့ဘူး။ ကျွန်တော် လုံးဝ မျှော်လင့်မထားတဲ့ စကားကို သူ့ဆီက ကြားလိုက်ရတယ်။ “အခုချိန်မှာ မင်းကို အတင်းအကျပ် ရေးခိုင်းနေဖို့လည်း စိတ်မကူးပါဘူး။ မင်း ရေးထားပြီးသားထဲက တစ်ခုခုကို ထုတ်ပေးရတာတော့ ဘာမှ ခက်ခဲလိမ့်မယ် မထင်ဘူး”
“ပြီးထားသမျှ အကုန် မင်းဆီမှာပဲ။ ဘာမှ မကျန်တော့ဘူး။ မင်းမြင်တဲ့အတိုင်းပဲ”
“မညာချင်စမ်းပါနဲ့ကွာ။ ကျောင်းတွင်းစာစောင်တွေမှာ ရေးခဲ့တဲ့ စာတွေကရော”
“ဘာ၊ အဲဒါတွေ …” ကျွန်တော် တကယ့်ကို အံ့အားသင့်သွားတယ်။ “မရှိတော့ဘူး”
“ရွှီးပြန်ပြီ”
“တကယ်။ အကုန် လွှင့်ပစ်လိုက်ပြီ”
“မဖြစ်နိုင်တာ။ စာရေးတဲ့သူတစ်ယောက်က ဘယ်တော့မဆို ကိုယ့်ရဲ့ စာမူတွေကို တယုတယ သိမ်းထားတတ်ကြတာချည်းပဲ။ မင်းက မရှိဘူးဆိုပြီး အတင်း ငြင်းနေရင်တော့ ငါဘာသာငါပဲ ရှာယူလိုက်တော့မယ်။ မင်းရဲ့ ဗီဒိုတွေ သေတ္တာတွေကိုတောင် မွှေနေဖို့ မလိုဘူး။ ဟောဟို စာအုပ်စင်မှာ ရှာလိုက်ရင်ကိုပဲ တွေ့လောက်ပြီ”
ကျွန်တော့်ရဲ့ စာမူအဟောင်းတွေ အကုန်လုံးက စာအုပ်စင်ပေါ်မှာပဲ သိမ်းထားတာဆိုတော့ ကျွန်တော် ဟန်မဆောင်နိုင်အောင် ပျာယာခတ်သွားတယ်။ “နေဦး” ကျွန်တော် လှမ်းတားလိုက်တယ်။ “အလုပ်ဖြစ်မယ် မထင်ဘူး။ အဲဒါ ငါ ကျောင်းသားဘဝတုန်းက ရေးခဲ့တဲ့စာတွေ။ အရေးအသားပိုင်းရော ဇာတ်လမ်းပိုင်းပါ အကုန် ပွစိတက်နေတာပဲ။ ဘယ်လိုလုပ်ပြီး စာရေးဆရာတစ်ယောက်ရဲ့ စာမူနဲ့ တူမှာလဲ”
“ကိစ္စ မရှိဘူး။ ငါကလည်း မူချော လိုချင်တာမှ မဟုတ်တာ။ စာကြမ်းရရင်ကိုပဲ ရောင်းကုန်ပစ္စည်းတစ်ခု ဖြစ်အောင် လုပ်ဖို့က ငါ့တာဝန်ထား။ ပြီးတော့ မင်းနားလည်ထားဖို့က <စက္ကူမီးအိမ်> လို ဝတ္ထုမျိုးကို ငါသာ အရောင်တင်မပေးခဲ့ရင် စာပေမှတ်တမ်းမှာ အခုလို သမိုင်းဝင်လာခဲ့မှာ မဟုတ်ဘူး”
တခြားလူတစ်ယောက်ရဲ့ ဝတ္ထုကို ကူးချပြီး ဘာကြောင့် အဲဒီလောက် မာန်တက်နေနိုင်တာလဲဆိုတာ ကျွန်တော် နားမလည်နိုင်ဘူး။
သူ့ကို ဆိုဖာခုံပေါ်မှာပဲ ထိုင်စောင့်ဖို့ ပြောပြီး တခြားအခန်းထဲကို ဝင်ခဲ့တယ်။ ကျွန်တော့်ရဲ့ မှတ်စုစာအုပ်ဟောင်း ၈ အုပ်ကို ကျွန်တော့် အလုပ်ခန်းထဲက စာအုပ်စင် အပေါ်ဆုံးထပ်မှာ တင်ထားတာ။ အဲဒီအထဲက တစ်အုပ်ကို ရွေးယူနေတုန်း သူရိန်က အခန်းထဲ ဝင်လာပြီး ကျွန်တော် အနောက်မှာ ရပ်ကြည့်နေတယ်။
“မင်းကို အပြင်မှာ စောင့်နေဖို့ ပြောထားတာလေ”
သူက တစ်ခွန်းမှ ပြန်မပြောဘဲ ကျွန်တော့်အနား ရောက်လာတယ်။ ကျွန်တော့်လက်ထဲက စာအုပ်ကို ဆွဲယူလိုက်ပြီး အမြန် လှန်လှောကြည့်လိုက်တယ်။ ပြီးတာနဲ့ စာအုပ်စင်ပေါ် လှမ်းကြည့်ပြီး ကျန်တဲ့ စာအုပ်အားလုံးကို အမြန် ဆွဲယူသွားခဲ့တယ်။
“ငါ့ကို အနုံအ,အများ မှတ်နေတာလား” သူက ပါးစပ်ကို ရွဲ့ပြီး ပြုံးလိုက်တယ်။ “မင်း ငါ့ကို <ရောင်စုံမီးအိမ်> မူကြမ်းပေးပြီး ညာတာပါတေး လုပ်မလို့မလား”
ကျွန်တော် နှုတ်ခမ်းကို တင်းတင်းကိုက်ထားပြီး ခေါင်းငုံ့ထားခဲ့တယ်။
“ဒီတော့ … ဒါတွေ အကုန်လုံး ငါ ယူသွားပြီ”
“သူရိန်” ကျွန်တော် ခေါင်းမော့ပြီး သူ့ကို ပြောလိုက်တယ်။ “မင်း အခုလို လုပ်နေတာ ရှက်စရာ ကောင်းတယ်လို့ မထင်ဘူးလား။ ကလေးတစ်ယောက် ရေးထားတဲ့ စာကို ဖတ်ပြီးကာမှ ကိုယ်ပိုင်ဝတ္ထု ရေးနိုင်မှာဆိုတော့ မင်းရဲ့ အရည်အချင်းဆိုတာတွေက မြောင်းထဲရောက်ကုန်ပြီလား”
ကျွန်တော် နည်းနည်းလေး ဖြစ်ဖြစ် သူ့ကို စကားလုံးနဲ့ တိုက်ခိုက်လိုက်ရမှ ကျေနပ်နိုင်တော့မယ်။ ဒါကလည်း ကျွန်တော် လုပ်နိုင်တဲ့ အဆုံးစွန်ဆုံး တိုက်ခိုက်မှုပဲ။ ဒီစကားလုံးတွေကလည်း သူ့ရဲ့ ချက်ကောင်းကို ထိသွားပုံရတယ်။ မီးဟုန်းဟုန်းတောက်နေတဲ့ မျက်လုံးအစုံနဲ့ ကျွန်တော့်ကို ကြည့်ပြီး ကျွန်တော့်ရဲ့ အင်္ကျီကော်လံကို သူ့လက်နှစ်ဘက်နဲ့ တင်းတင်းဆုပ်ကိုင်ထားခဲ့တယ်။ “စာရေးဆရာတစ်ယောက်ရဲ့ ဘဝကို မင်း ဘယ်လောက် နားလည်လို့လဲ”
“ဟုတ်တယ်။ ငါက မင်းလို စာရေးဆရာ မဟုတ်ဘူး။ ဒါပေမယ့် ငါမင်းကို ပြောနိုင်တာ တစ်ခု ရှိတယ်။ တကယ်လို့ မင်းလိုလုပ်မှ စာရေးဆရာတစ်ယောက် ဖြစ်မယ်ဆိုရင် ငါ တစ်သက်လုံး စာရေးဆရာ မလုပ်တော့ဘူး”
“မင်းရဲ့ အိပ်မက်တွေကရော”
“အခု ငါ လန့်နိုးလာပြီ”
သူ ကျွန်တော်ကို လွှတ်လိုက်တယ်။ “မင်းက ငါ့ထက် အဲဒီအပိုင်းမှာ ပိုတော်ချင် တော်နေမှာပေါ့လေ” သူ ခပ်တိုးတိုးလေး ညည်းတွားပြီး အခန်းထဲက ထွက်သွားတယ်။
“နေဦး၊ မင်းဟာ မေ့ကျန်နေခဲ့ပြီ” ပိုက်ဆံအထပ်လိုက်ပါတဲ့ စာအိတ်ကို ယူပြီး သူ့ကို ကမ်းပေးလိုက်တယ်။ ကျွန်တော့်မျက်နှာနဲ့ စာအိတ်ကို တစ်လှည့်စီ ကြည့်ရင်း ပခုံးတွန့်ပြီး စာအိတ်ကို ပြန်ယူသွားခဲ့တယ်။
နောက်သုံးလလောက်ကြာတော့ သူရိန်ရဲ့ အခန်းဆက် ဝတ္ထုရှည်ကို မဂ္ဂဇင်းတစ်စောင်မှာ စပြီး ဖော်ပြလာခဲ့တယ်။ ကျွန်တော် သူ့စာကို ဖတ်ကြည့်လိုက်မှ ကျွန်တော်ရဲ့ မှတ်စုစာအုပ်ထဲက အစိတ်အပိုင်းတွေကို ကူးချထားမှန်း တွေ့ရပြန်တယ်။ ကျွန်တော် အဲဒီအချိန်မှာ သူ့ကို လက်မြှောက်အရှုံးပေးလိုက်လို့ပဲလား၊ ဒါမှမဟုတ် တရားရသွားလို့လား မသိဘူး။ ကျွန်တော် အံ့လည်း မအံ့ဩတော့ဘူး။ တုန်လည်း မတုန်လှုပ်တော့ဘူး။ ကျွန်တော် ကိုယ်တိုင်ကလည်း စာရေးဆရာ ဖြစ်ချင်စိတ် မရှိတော့ဘူး ဆိုပေမယ့် စာရေးဝါသနာက ဖျောက်မရတော့ ကိုယ်ရေးတဲ့စာတွေကို ပရိသတ်ဆီ တစ်နည်းနည်းနဲ့ တင်ပြခွင့်ရတာဟာလည်း မဆိုးသေးပါဘူးလို့ ကျေနပ်နေမိတယ်။
ဇင်မာ့ဆီက မကြာမကြာ ဖုန်းအဆက်အသွယ် ရနေသေးတယ်။ ပြောဖြစ်တိုင်းလည်း သူ့ယောက်ျားရဲ့ မကောင်းကြောင်းနဲ့ ကျွန်တော့်ကို တောင်းပန်ကြောင်းပဲ အမြဲပြောလေ့ရှိတယ်။ တစ်ခေါက်က “ရှင့်အနေနဲ့ ရဲစခန်း သွားပြီး ကိုယ့်အပြစ်ကို ဝန်ခံလိုက်တာကမှ အခုလို ခံစားနေရတာထက်စာရင် တော်ဦးမယ်။ ရှင် ကျွန်မကို ထောက်ထားနေစရာ မလိုပါဘူး။ ရှင်နဲ့သာ အတူနေရမယ်ဆိုရင် ကျွန်မအပေါ် ကျလာမယ့် အပြစ်ဒဏ်တွေ အားလုံးကို ရင်ဆိုင်ဖို့ အသင့်ပါပဲ” လို့ သူ ပြောခဲ့သေးတယ်။
သူရိန်ရဲ့ ကြိုးကိုင်ခြယ်လှယ်မှုကို ကျွန်တော် သည်းခံနေတာဟာ ဇင်မာကို ဒုက္ခမရောက်စေချင်လို့ ဆိုတာ ဇင်မာကိုယ်တိုင်လည်း ရိပ်မိနေခဲ့ပြီ။ သူ့ရဲ့ စကားကို ကြားရတော့ ကျွန်တော် ဝမ်းသာလွန်းလို့ မျက်ရည်တောင် ကျခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ လူချင်း မတွေ့နိုင်ကြတာတောင် နှလုံးသားချင်း နီးစပ်နေတယ်လို့ ခံစားလိုက်ရလို့ပါ။
“ဒီလောက် စိုးရိမ်မနေပါနဲ့။ ကို အကြံထုတ်နေပါတယ်။ ထွက်ပေါက်တစ်ခုခုတော့ ရှိရမှာပေါ့”
“ဒါပေမယ့် ကျွန်မကြောင့် ………..” သူ ပြောရင်း ငိုပါတော့တယ်။
ကျွန်တော် ဆက်ပြီး သူ့ကို နှစ်သိမ့်စကားတွေ ပြောနေခဲ့တယ်။ အမှန်အတိုင်း ပြောရရင် ရှေ့လျှောက် ဘာဆက်လုပ်ရမလဲဆိုတာ ကျွန်တော်လည်း မသိဘူး။ နည်းလမ်းတစ်ခုခု ရှိရမှာပေါ့လို့ ပါးစပ်က ပြောနေပေမယ့် အဲဒါ ကိုယ့်ကိုယ်ကိုယ် ပြန်ညာနေမှန်း ကျွန်တော် ကောင်းကောင်း သိတယ်။
အဲဒီအတိတ်ကို ပြန်စဉ်းစားမိတိုင်း ကျွန်တော့်ရင်မှာ နောင်တတွေနဲ့ပဲ ပြည့်နေခဲ့တယ်။ အဲဒီတုန်းက ဘာဖြစ်လို့ သူပြောသလို ရဲစခန်း မသွားခဲ့ပါလိမ့်။ အဲဒီလိုသာ လုပ်ခဲ့မယ်ဆိုရင် အခုချိန် လုံးဝ ခြားနားတဲ့ ဘဝသစ်တစ်ခုမှာ နေနေရမှာ။ အနည်းဆုံးတော့ ကျွန်တော့်ဘဝမှာ တန်ဖိုးအထားဆုံး အရာတစ်ခု ဆုံးရှုံးခဲ့မှာ မဟုတ်ဘူး။
ကျွန်တော် ယာဉ်တိုက်မှုအကြောင်းကို သတင်းစာထဲပါမှ သိခဲ့ရတာ။ နာမည်ကြီး စာရေးဆရာတစ်ယောက်ရဲ့ ဇနီးဖြစ်တာမို့ သတင်းစာတွေ၊ ဂျာနယ်တွေကလည်း ဒီသတင်းကို သာမန်ယာဉ်တိုက်မှုထက် ပိုပြီး ပြည့်ပြည့်စုံစုံ ဖြစ်အောင် အလုအယက် ဖော်ပြခဲ့ကြတယ်။
ရဲတွေအနေနဲ့ ဘယ်လောက်အထိ လေးလေးနက်နက် စုံစမ်းခဲ့သလဲ ဆိုတာတော့ ကျွန်တော် မသိဘူး။ ဇင်မာရဲ့ သေဆုံးမှုဟာ ယာဉ်မတော်တဆဖြစ်မှု ဆိုတာထက် ပိုတဲ့ သံသယမျိုး ဘယ်သူမှ ရှိခဲ့ပုံ မရဘူး။ စစကြားချင်း ကတည်းက ကျွန်တော် သဘောပေါက်ခဲ့တယ်။ သူဘာသာသူ အဆုံးစီရင်ခဲ့တာပဲ။ ဘာကြောင့်လဲဆိုတာ ကျွန်တော် ရှင်းပြနေဖို့ မလိုတော့ဘူး ထင်ပါတယ်။
သေချာပြန်စဉ်းစားကြည့်ရင် ကျွန်တော်က သူ့ကို သတ်ခဲ့တာ။ အရူးထပြီး သူရိန်ကို သတ်ဖို့သာ မကြံစည်ခဲ့ရင် ဒီလို အဖြစ်ဆိုးမျိုးလည်း သူ ကြုံရမှာ မဟုတ်ဘူး။
ဇင်မာ ဆုံးပြီးနောက်ပိုင်း သူရိန်ကတော့ အလုပ်နဲ့လက်နဲ့ မပြတ်ဘူး။ ကျွန်တော့်ဆီက ယူသွားတဲ့ စာမူတွေကို အသုံးချပြီး ဝတ္ထုတို၊ ဆောင်းပါးတွေ ရေးတဲ့အပြင် သူ့ကိုယ်ပိုင် လက်ရာတွေလည်း မကြာမကြာ တွေ့ရတယ်။ ဘယ်ဟာက လူကြိုက်များသလဲ၊ ဘယ်ဟာက အဆင့် ပိုမြင့်သလဲ ဆိုတဲ့ သုံးသပ်ချက်တွေကိုလည်း ကျွန်တော် စိတ်မဝင်စားချင်တော့ဘူး။
ဇင်မာဆုံးပြီး နှစ်ဝက်လောက်ကြာတော့ ကျွန်တော့်ဆီ အထုပ်တစ်ထုပ် အမြန်ချောနဲ့ ရောက်လာတယ်။ စာအိတ်ကြီးထဲမှာ လက်နှိပ်စက် စာလုံးတွေပါတဲ့ A4 စက္ကူစာရွက် အရွက် ၃၀။
အစကတော့ ကျွန်တော်က ဝတ္ထုတို စာမူတွေ ထင်နေတာ။ ဖတ်ကြည့်လိုက်တော့မှ ဇင်မာရဲ့ နေ့စဉ်မှတ်တမ်းနဲ့ သူရိန်ရဲ့ မှတ်ချက်စကားတွေကို တွဲထားတာ ဖြစ်နေတယ်။ နေ့စဉ်မှတ်တမ်းမှာတော့ ဇင်မာနဲ့ P (ကျွန်တော်) တို့ ဘယ်ပုံဘယ်နည်း ချစ်ခဲ့ကြကြောင်းနဲ့ ကိုယ့်လင်ကို သတ်ဖို့ ဘယ်လို ကြံစည်စီစဉ်ခဲ့ကြောင်း အသေးစိတ် ရေးထားတယ်။ သူရိန်ရဲ့ မှတ်ချက် အပိုင်းမှာတော့ ကိုယ့်ဇနီးတစ်ယောက်က ကိုယ့်အပေါ်မှာ အကြင်နာတွေ လျှော့နည်းလာလို့ ဘယ်လို ကြေကွဲရကြောင်းနဲ့ အထမမြောက်တဲ့ လူသတ်မှုအကြောင်းတွေကို စီကာပတ်ကုံး ရေးထားခဲ့တယ်။ ဒီအထိက အမှန်တရားနဲ့ အနီးစပ်ဆုံး တူပါတယ်။ ဒီနောက်ပိုင်းကတော့ ကြည့်ရတာ သူရိန်လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်းပဲ ဖြစ်မယ်။ သူ့ရဲ့ ဇာတ်လမ်းအရ ဇင်မာဟာ နောင်တအကြီးအကျယ်ရပြီး သူ့ကို ခွင့်လွှတ်ပေးဖို့ လင်တော်မောင်ကို တောင်းပန်ခဲ့တယ်။ သူရိန်နဲ့ နှစ်ယောက်အတူတူ နာရီပေါင်းများစွာ ညှိနှိုင်းဆွေးနွေးကြပြီး နောက်ဆုံးမှာ စလုံးရေး ပြန်စဖို့ နှစ်ဦးလုံးက သဘောတူခဲ့ကြတယ်။ သိပ်မကြာခင်မှာပဲ ဇင်မာဟာ ယာဉ်တိုက်မှုဖြစ်ပြီး ဆုံးတဲ့အကြောင်းနဲ့ ဇင်မာရဲ့ အသုဘအခမ်းအနားမှာ ဇာတ်လမ်းကို အဆုံးသတ်ထားတယ်။ သူ့ စာဖတ်ပရိသတ်တွေ အတွက်တော့ အင်မတန် စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ချင် ဖြစ်နေမှာပေါ့။ ကျွန်တော့်အတွက်ကတော့ စိတ်ပျက်ပြီး ဆွံ့အ,နေခဲ့တယ်။ “ဘာတွေလဲ။ ဘာလုပ်ဖို့လဲ”
အဲဒီညက သူရိန် ဖုန်းခေါ်လာတယ်။ “ဖတ်ပြီးပြီလား”
“အဲဒါ ဘာအတွက်လဲ။ မင်း ဘာဖြစ်လို့ အဲဒါတွေ ရေးရတာလဲ”
“နောက်တစ်ပတ်ထဲမှာ ငါ့အယ်ဒီတာကို ပေးမလားလို့ စဉ်းစားနေတာ။ နောက်လ မဂ္ဂဇင်းထဲ ပါလောက်တယ်”
“မင်း ရူးနေသလား။ အဲဒီလို လုပ်ရင် ဘာအကျိုးဆက်တွေ ရှိနိုင်သလဲဆိုတာ မင်း မစဉ်းစားမိဘူးလား”
“ဘာရှိနိုင်မှာမို့လဲ” သူရိန်က ထူးထူးခြားခြား တည်ငြိမ်နေတယ်။ အဲဒီလို သူ့ရဲ့တည်ငြိမ်မှုတိုင်းက ကျွန်တော့်ကို ကျောချမ်းစေခဲ့တာပဲ။
“မင်း အဲဒါတွေ လျှောက်ပို့နေရင် ငါလည်း အမှန်အတိုင်း ပြောချလိုက်မှာပဲ”
“ဘာပြောမှာလဲ”
“မေးစရာ လိုသေးတာလား။ မင်း ငါ့ရဲ့ စာမူတွေကို ခိုးချတဲ့ အကြောင်းပေါ့”
“ဪ …..” သူက တစ်ချက်ကလေးမှ စိတ်ပူပုံမရ။ “မင်းရဲ့စကားကို ဘယ်သူက ယုံမှာတဲ့လဲ။ မင်းမှာ အထောက်အထားရော ရှိလို့လား”
“အထောက်အထား ….”
ကျွန်တော် သက်ပြင်းချလိုက်မိတယ်။ ကျွန်တော့်ရဲ့ မှတ်စုစာအုပ်တွေကို သူရိန်က ယူသွားပါတယ်လို့ ကျွန်တော် ဘယ်လိုလုပ်ပြီး သက်သေပြရမလဲ။ ဟိုဝတ္ထုနှစ်အုပ်ရဲ့ စာမူကြမ်းတွေ ကျွန်တော့်ဆီမှာ ရှိတယ်ဆိုပေမယ့် အဲဒီလောက်နဲ့ သူ့ကို တိုင်တန်းလို့ ရပါ့မလား။ ဖြစ်ပျက်ခဲ့သမျှကို သက်သေခံနိုင်မယ့် တစ်ဦးတည်းသော လူကလည်း အခု လူ့လောကမှာ မရှိတော့ဘူး။
“အယ်ဒီတာဆီ အဲဒီစာတွေကိုမှ ပို့ရမယ်လို့လည်း မဟုတ်ပါဘူးကွာ။ ဘာစာမှ ပို့စရာမရှိရင်တော့ နောက်တစ်ပတ်ထဲ အဲဒါတွေ ပို့ပေးမှ ဖြစ်မှာ” သူ ဘာပြောချင်နေတာလဲ ဆိုတာ ကျွန်တော် အခုမှ သဘောပေါက်တော့တယ်။ သူက ဆက်ပြောတယ်။ “စာမျက်နှာ ၅၀။ အဲဒီ ပမာဏရှိတဲ့ စာမူသာ လက်ထဲမှာရှိနေရင် အဲဒါကိုပဲ အယ်ဒီတာဆီ ငါက ပို့ပေးတော့မှာပေါ့။ မဟုတ်ဘူးလား”
ဪ … ဟိုစာအိတ်ကို ပို့ပေးရတဲ့ ရည်ရွယ်ချက်က ဒါကိုး။ မရေးဘဲ မနေအောင်ကို ထောင်ချောက်ဆင်ထားခဲ့တာပဲ။ ဇင်မာရဲ့ ဂုဏ်သိက္ခာအတွက် အဲဒီအကြောင်းအရာတွေဟာ အပြင်ကို ပေါက်ကြားလို့ကို မဖြစ်ဘူးလေ။ ကျွန်တော်က မေးလိုက်တယ်။ “ဘယ်အချိန် လိုချင်တာလဲ”
“လာမယ့် တနင်္ဂနွေနေ့ မတိုင်ခင်ဆို ရပြီ”
“ဒါ နောက်ဆုံးအကြိမ် ဖြစ်ပါစေ”
သူ ဘာမှ ပြန်မဖြေဘူး။ “မင်း ပြီးရင် ငါ့ဆီ ဖုန်းဆက်လိုက်” လို့ ပြောပြီး ဖုန်းချသွားတယ်။
အဲဒီနေ့ကစပြီး ကျွန်တော်ဟာ သူရိန်ရဲ့ ရှဲဒိုးစာရေးဆရာ တရားဝင် စ,ဖြစ်ခဲ့တာပဲ။ အဲဒီကနေ စပြီး စုစုပေါင်း ဝတ္ထုတို ၁၇ ပုဒ်နဲ့ ဝတ္ထုရှည် ၃ ပုဒ် သူ့အတွက် ရေးပေးခဲ့တယ်။ အဲဒါတွေ အားလုံးကို ရဲဌာနက ရှာဖွေသိရှိ ထားပြီးသားပဲ။
သူရိန်ကို တွန်းလှန်ဖို့ ဘာဖြစ်လို့ မကြိုးစားခဲ့ရတာလဲ။ တကယ်ပဲ ဘာမှကို မတတ်နိုင်လို့လား။ ဝေဖြိုးက ဒီစာကို ဖတ်ပြီး အဲဒီလို စဉ်းစားနေလိမ့်မယ်လို့ ကျွန်တော် ယုံတယ်။ အမှန်အတိုင်း ပြောရရင် သူရိန်နဲ့ ဆက်ပြီး ငြင်းခုန်နေရတာကို ကျွန်တော် အတော်လေး ငြီးငွေ့သွားခဲ့ပြီ။ သူ တောင်းဆိုတဲ့အတိုင်း ရေးစရာရှိတာ ရေးပြီး အပ်စရာရှိတာ အပ်လိုက်ရင် သူကလည်း နှုတ်ပိတ်မြဲ နှုတ်ပိတ်နေမှာဆိုတော့ အဲဒါက ပိုပြီး စိတ်လက်ပေါ့ပါးစေလိမ့်မယ်။
ပြောရင်လည်း ယုံမှာမဟုတ်ဘူး။ နောက် နှစ်နှစ် သုံးနှစ်ကြာတော့ ကျွန်တော်တို့ နှစ်ယောက်ဟာ တကယ့်ကို စစ်မှန်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်သွားခဲ့ကြတယ်။ သူ ကျွန်တော့်ကို ကလေးစာပေ ဦးစားပေးထုတ်တဲ့ စာအုပ်တိုက်နဲ့ မိတ်ဆက်ပေးခဲ့တယ်။ သူကိုယ်တိုင်က ကလေးစာပေတွေကို စိတ်မဝင်စားလို့ ထင်ပါရဲ့။ ကျွန်တော့်အပေါ် အကြွေးဆပ်တယ်လို့ သဘောထားတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။
တစ်ရက်မှာတော့ ကျွန်တော် သိပ်ကြားချင်လွန်းတဲ့ စကားကို သူ ပြောလာတယ်။ “နောက်ဝတ္ထုတစ်ပုဒ် ပြီးသွားရင် မင်းကိုငါ ဘာမှ ထပ်မတောင်းဆိုတော့ဘူး။ ငါတို့ လက်တွဲပြီး လုပ်ခဲ့တာတွေ ရပ်တန်းက ရပ်ကြစို့”
“တကယ်လား” ကျွန်တော် ကိုယ့်နားကိုတောင် မယုံနိုင်အောင်ပဲ။
“ဟုတ်တယ်။ ဒါပေမယ့် မင်းကို ကလေးစာပေတွေပဲ ရေးခွင့်ပေးနိုင်မယ်။ နယ်ကျော်လာရင်တော့ ငါ့အဆိုး မဆိုနဲ့”
ကျွန်တော်ကိုယ်ကျွန်တော် အိပ်မက် မက်နေတယ်ပဲ ထင်နေတာ။ ကျွန်တော် လွတ်လပ်တော့မယ်။
နောက်မှ ကျွန်တော် သတိထားမိတယ်။ သူအခုလို စိတ်ပြောင်းသွားတာဟာ သူနဲ့ သန္တာတို့ရဲ့ မင်္ဂလာကိစ္စနဲ့လည်း ဆိုင်လိမ့်မယ်။ သူတို့ ကနေဒါမှာ ပြောင်းနေဖို့ စိတ်ကူးထားကြပြီး အဲဒီမှာ လူသစ် စိတ်သစ်နဲ့ နေနိုင်ဖို့ အတိတ်ဟောင်းတွေကို အကုန်လုံး စာရင်းရှင်းခဲ့ချင်ပုံ ရတယ်။
ကြင်စဦး ဇနီးမောင်နှံနှစ်ယောက် ကနေဒါကို သွားချင်လွန်းလို့ အဲဒီနေ့ရက်ကို စောင့်မျှော်နေကြတာထက် အဲဒီရက်ရောက်ဖို့ ကျွန်တော် မျှော်လင့်နေတာက အများကြီး ပိုလိမ့်မယ် ထင်တယ်။
နောက်ဆုံးတော့ အဲဒီနေ့ကို ရောက်ရှိခဲ့ပြီ။ <ရေခဲမုခ်ဦး> ရဲ့ ဇာတ်သိမ်းပိုင်း စာမူဖိုင်ကို ယူရင်း ကျွန်တော် သူရိန့်အိမ်ဆီ လှမ်းလာခဲ့တယ်။ သူ့ဆီ စာမူဖိုင် လှမ်းပေးတာဟာ ဒါနောက်ဆုံးပဲ ဖြစ်လိမ့်မယ်။ <ရေခဲမုခ်ဦး> ဝတ္ထုရဲ့ အခန်းဆက် ဖော်ပြမှု အဆုံးသတ်တာနဲ့ ကျွန်တော်တို့ရဲ့ ‘အထူးဆက်ဆံရေး’ ကလည်း အဲဒီမှာတင် နိဂုံးချုပ်ရတော့မှာပဲ။
ကျွန်တော့်ရဲ့ စာမူဖိုင်ကို လှမ်းယူပြီး ဗန်ကူးဗားက အိမ်အသစ်အကြောင်း စကားဖောင်ဖွဲ့နေခဲ့တယ်။ ကျွန်တော် စိတ်ရှည်လက်ရှည် နားထောင်ပေးပြီးတော့ ဒီနေ့လာရတဲ့ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကို ပြောပြလိုက်တယ်။
“အရင်က ပစ္စည်းတွေရော။ ဒီနေ့ ငါ့ကို ပြန်ပေးမယ်လို့ ပြောထားတာလေ”
“အရင်ပစ္စည်းတွေ … ဘာတွေလဲ”
တကယ် မမေ့ပါဘဲနဲ့ မေ့ချင်ယောင်ဆောင်ပြီး လူတစ်ဘက်သားကို မကလိလိုက်ရရင် နေသာထိုင်သာ ရှိမှာ မဟုတ်ဘူး။ အဲဒါ သူရိန်ရဲ့ ဝသီပဲ။
“မှတ်စုစာအုပ်၊ ငါ့စာအုပ်တွေလေ”
“မှတ်စုစာအုပ် …” သူ မသိချင်ယောင်ဆောင်ပြီး ခေါင်းခါပြခဲ့တယ်။ ပြီးတော့မှ “ဪ” လို့ တစ်ချက်အော်လိုက်ပြီး ခေါင်းတညိတ်ညိတ် လုပ်နေတယ်။ “ဟိုမှတ်စုစာအုပ်တွေလား။ ငါမေ့နေတယ်ကွာ” သူ့ စာရေးစားပွဲက အံဆွဲကို ဆွဲဖွင့်ပြီး အထဲက မှတ်စုစာအုပ်အဟောင်း ၈ အုပ်ကို ဆွဲထုတ်လိုက်တယ်။
ကျွန်တော့်ရဲ့ အနှစ်နှစ် အလလက ရတနာတွေ။ ဒီစာအုပ်တွေသာ ကျွန်တော့်လက်ထဲ ပြန်ရောက်ရင် သူရိန်ရဲ့ ခိုးကူးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သက်သေ အထောက်အထား ရှိပြီမဟုတ်လား။ နောက်ဆို သူ ကျွန်တော့်ကို တစ်ဘက်သတ် အနိုင်ကျင့်လို့ မရတော့ဘူး။
“မင်း အရမ်းပျော်နေတဲ့ပုံပဲ” သူ ပြောတယ်။
“ဆိုပါတော့”
“ငါ စဉ်းစားကြည့်နေတာကွ။ မင်း ဘယ်လို ရည်ရွယ်ချက်နဲ့ ဒီစာအုပ်တွေ ပြန်လိုချင်ရတာလဲ”
“ရည်ရွယ်ချက် … မင်း အရင် ထုတ်ဝေထားပြီးသား ဝတ္ထုတွေက ဒီမှတ်စုစာအုပ်ထဲကနေ ခိုးကူးထားတာပါလို့ ငါ သက်သေပြလို့ ရတာပေါ့”
“ဪ၊ ဒီလို နားလည်ကြည့်ရင်လည်း ရတာပဲ။ ငါ့ရဲ့ ဝတ္ထုတွေကို ဖတ်ပြီးမှ မင်းက ဒီစာအုပ်ထဲမှာ ချရေးထားတာပါလို့ ပြောရင်ရော”
“မင်းဘာပြောတယ်။ မင်းက တစ်လောကလုံးကို ညာဖို့ ကြိုးစားနေတာလား”
“ညာဖို့ … ဘယ်သူက ညာနေတာလဲဆိုတာ အများက ဆုံးဖြတ်ပါလိမ့်မယ်။ ဒီပစ္စည်းတွေကို မင်းက လူတကာ လျှောက်ပြနေမယ်ဆိုရင်တော့ ငါ့ကိုယ်ငါ ခုခံနိုင်ဖို့ ပြောသင့်တာ ပြောရတော့မှာပဲ။ အများက ဘယ်သူ့ကို ယုံမယ် ထင်သလဲ။ ထားပါ။ အဲဒီကိစ္စကို ငြင်းမနေချင်ဘူး။ တစ်ခုတော့ ရှိတယ်။ မင်းရဲ့ မှတ်စုစာအုပ်တွေကို ပြန်ယူပြီး ငါ့ကို နှိပ်ကွပ်နိုင်လိမ့်မယ်လို့ မင်း ထင်နေရင်တော့ အမှားကြီး မှားလိမ့်မယ်”
“သူရိန်” ကျွန်တော်သူ့ကို စိုက်ကြည့်လိုက်တယ်။ “မင်းအတွက် ငါ ဘယ်တော့မှ စာရေးမပေးတော့ဘူး။ ငါ မင်းအတွက် ရေးခဲ့တဲ့ …”
“<ရေခဲမုခ်ဦး> က နောက်ဆုံးတစ်ပုဒ်ပဲလို့ ပြောမလို့မလား။ ငါသိပါတယ်”
“ဒါဆို မင်းက ဘာလို့ အဲဒီလို စကားမျိုးတွေ ပြောနေရသေးတာလဲ”
“ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူးကွာ။ မင်းနဲ့ငါတို့ရဲ့ ဆက်ဆံရေးက အပြောင်းအလဲ မရှိနိုင်ဘူးလို့ ပြောချင်တာပါ” သူရိန်က နှုတ်ခမ်းကို ကွေးနေအောင် ပြုံးလိုက်တယ်။ ကျွန်တော် နားလည်လိုက်ပြီ။ သူ ကျွန်တော်ကို လိုအပ်လာရင် အသုံးချဦးမှာပဲ။
“ဗီဒီယိုတိတ်ခွေနဲ့ ဓားကရော၊ ဘယ်မှာလဲ” ကျွန်တော် သူ့ကို မေးလိုက်တယ်။
“တိတ်ခွေနဲ့ ဓား … ဘာတွေလဲ”
“ဟန်ဆောင် မနေစမ်းပါနဲ့။ ဟိုနေ့ညက ဓားနဲ့ တိတ်ခွေလေ”
“ငါ သေချာ သိမ်းထားပါတယ်။ အဲဒီနေရာကို ငါပဲသိတာ”
သူရိန် အဲဒီလို ပြောနေတုန်း တံခါးခေါက်သံ ကြားရတယ်။ သန္တာ အထဲဝင်လာပြီး မလင်းလင်းမော် ရောက်နေကြောင်း ပြောတယ်။ နဂိုက မတွေ့ချင်တဲ့သူ ဖြစ်နေပါလျက်နဲ့ တွေ့ဖို့ သူရိန်က ခေါ်ခိုင်းလိုက်တယ်။ ကျွန်တော့်ကို နှင်တဲ့ သဘောပဲ။
ကျွန်တော့်ရင်ထဲက ဒေါသမီးတွေကို သူများမမြင်အောင် မျိုသိပ်ရင်း သန္တာကို နှုတ်ဆက်ပြီး အိမ်ထဲက ထွက်လာခဲ့တယ်။ သန္တာက ကျွန်တော့်ကို ခြံဝင်းတံခါးဝအထိ လိုက်ပို့တယ်လို့ ကျွန်တော့်ရဲ့ ကိုယ်ရေးမှတ်စုထဲမှာ ရေးခဲ့တယ်။ အမှန်က ဝေဖြိုး ထောက်ပြခဲ့သလိုပါပဲ။ အိမ်ပေါက်ဝအထိပဲ သူလိုက်ပို့ခဲ့တာ။
အိမ်ပေါက်ဝကနေထွက်ပြီး ပန်းခြံဘက်ကို လှည့်ဝင်ခဲ့တယ်။ ပန်းခြံကနေတဆင့် သူရိန်ရဲ့ အလုပ်ခန်း ပြတင်းပေါက်နားမှာ ဝပ်လျက်သား နေပြီး သူနဲ့ မလင်းလင်းမော်တို့ရဲ့ စကားတွေကို ခိုးနားထောင်ခဲ့တယ်။ ကျွန်တော် ထင်ထားတဲ့အတိုင်း မလင်းလင်းမော်ရဲ့ တောင်းဆိုချက်တွေအပေါ် ပြတ်သားတဲ့ ဘာဆုံးဖြတ်ချက်မှ သူ မပေးနိုင်ခဲ့ဘူး။ မလင်းလင်းမော်က ပြင်ပေးဖို့ တောင်းဆိုနေတဲ့ <ဘေးမဲ့မြေ> ဝတ္ထုကိုလည်း ကျွန်တော် ရေးထားခဲ့တာလေ။ ဒါကြောင့် သူ့အနေနဲ့လည်း တစ်ပုဒ်လုံး ပြင်ပစ်ဖို့ရာ အခက်တွေ့နေတာ ဖြစ်မယ်။
မလင်းလင်းမော် စိတ်ပျက်လက်ပျက်နဲ့ ပြန်သွားပြီး မကြာခင်မှာပဲ သန္တာလည်း ဟော်တယ်ဆီ ထွက်သွားခဲ့တယ်။ အပေါ့အပါး သွားဖို့အတွက် သူရိန် အခန်းထဲက ထွက်သွားတာ သိရတော့ သူ့နောက်ကို လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ကို လုံးဝ ရှင်းပစ်မှ ဖြစ်တော့မယ်။ ဒီလို အခွင့်အရေးက နှစ်ခါ မရနိုင်ဘူး။ အခုချိန်မှ မလုပ်ရင် တစ်သက်လုံး သူကြိုးဆွဲရာ က,နေရတော့မှာပဲ။
ပြတင်းပေါက်ကို လော့ခ်ချမထားတာ အင်မတန် ကံကောင်းတယ်။ အထဲကို ကျော်ဝင်ပြီး ကျွန်တော် အဝင်တံခါးအကွယ်ကနေ သူ့ကို စောင့်နေခဲ့တယ်။ ကြေးရုပ် စက္ကူဖိတုံးကို လက်ထဲက မြဲမြဲ ဆုပ်ကိုင်ထားရင်းပေါ့။
နောက် ဘာတွေဆက်ဖြစ်သလဲဆိုတာကို ကျွန်တော် အသေးစိတ် ဖော်ပြနေစရာ မလိုတော့ပါဘူး။ အပေါက်ဝက သူဝင်လာတာနဲ့ သူ့နောက်စေ့ကို ကျွန်တော် ခပ်ပြင်းပြင်း ရိုက်ချပစ်လိုက်တယ်။ သူ ကြမ်းပြင်ပေါ် လဲကျသွားတော့ ပိုပြီး သေချာသွားအောင် ဖုန်းကြိုးနဲ့ လည်ပင်းကို ညှစ်သတ်ပစ်ခဲ့တယ်။
ဒီရှေ့လျှောက် ဆက်ဖြစ်တာကတော့ ဝေဖြိုး သုံးသပ်ခဲ့တဲ့ အတိုင်းပါပဲ။ ကျွန်တော့်ရဲ့ အလီဘိုင် သက်သေအတွက် သူရိန်ရဲ့ ကွန်ပျူတာကို အသုံးပြုခဲ့တယ်။ လူငယ်ဖတ် စုံထောက်ဝတ္ထုတစ်ပုဒ်အတွက် စဉ်းစားတုန်းက ရခဲ့တဲ့ အကြံအစည်အတိုင်း ကျွန်တော် အကွက်ချခဲ့တယ်။ ဟုတ်တယ်၊ ကလေးတွေအတွက် ရည်ရွယ်တာဆိုတော့ မပိရိခဲ့ဘူးပဲ ဆိုပါတော့။
ကိုယ့်ပြစ်မှုကို လူတွေ မသိပါစေနဲ့လို့ ဆုတောင်းနေခဲ့တာ။ ပြီးတော့ ပထမအကြိမ် သူ့ကို သတ်ဖို့ ကြိုးစားခဲ့တာကိုလည်း လူတွေ မသိစေချင်ခဲ့ဘူး။ ဒါကြောင့်လည်း ကနေဒါကနေ ပြန်ပို့လိုက်တဲ့ ဗီဒီယိုတိတ်ခွေကို ရရချင်း ကျွန်တော့်ဆီ အကြောင်းကြားပေးဖို့ သန္တာကို ပြောခဲ့တာ။
ဝေဖြိုးက ကျွန်တော်ရဲ့ လျှို့ဝှက်ချက်တွေကို တစ်ထစ်ပြီးတစ်ထစ် တူးထုတ်နိုင်ခဲ့တယ်။ ကိုယ့်အပြစ်နဲ့ ကိုယ်ပဲမို့ ကိုယ့်အမှုကို ဖော်တဲ့ စုံထောက်တစ်ယောက်ကို မုန်းနေဖို့လည်း လိုမယ် မထင်ပါဘူး။
ကျွန်တော် စစချင်းက ရေးခဲ့သလိုပဲ။ ဗီဒီယိုတိတ်ခွေကို <ပိုးစုန်းကြူး> စာအုပ်ထဲက တွေ့ခဲ့ရတယ်ဆိုတော့ ကျွန်တော် တော်တော် အံ့အားသင့်သွားခဲ့တယ်။ <ပိုးစုန်းကြူး> ဝတ္ထုဟာ သူရိန်ကိုယ်တိုင် ရေးခဲ့တဲ့ ဝတ္ထုအနည်းစုထဲက တစ်ပုဒ်ပဲ။ အဲဒီစာအုပ်ထဲမှာ ဇနီးသည်က လင်သားကို လုပ်ကြံဖို့ ကြိုးစားတဲ့ အပိုင်း ထည့်ရေးထားတယ်။ အဲဒါ ဟိုညက အဖြစ်အပျက်ကို အခြေခံပြီး ရေးထားတယ်ဆိုတာ မပြောပြလည်း သိမှာပါ။ ပြတင်းပေါက်က ကျော်ဝင်နေတဲ့ ကျွန်တော့်ရဲ့ ရုပ်ပုံကို မြင်ပြီး ဝတ္ထုနဲ့ ဆက်စပ်ကြည့်ခြင်းအားဖြင့် ဝေဖြိုးက တကယ့်အဖြစ်မှန်ကို ခန့်မှန်းသွားနိုင်တာပဲ ဖြစ်ရမယ်။ သေသွားတာတောင် သူ ကျွန်တော့်ကို အနိုင်ယူဖို့ ကြိုးစားသွားခဲ့သေးတာပဲ။ နောက်ဆုံးတော့ သူနိုင်ပါတယ်လေ။
ထိုက်သင့်တဲ့ အပြစ်ဒဏ်အားလုံးကို ခံယူဖို့ ကျွန်တော် အသင့်ဖြစ်နေခဲ့ပါပြီ။