Show contents

(က)

အင်တာဗျူး – ဦးစိုးနိုင် (အတန်းဖော်)

ခင်ဗျား သိချင်တာတွေ အတိအကျ ပြောပြနိုင်လိမ့်မယ်လို့တော့ မထင်ဘူး။ အလယ်တန်း ကျောင်းသားဘဝကဟာဆိုတော့ အတော် ကြာခဲ့ပြီပဲ။ နှစ်နှစ်ဆယ်လောက် ရှိရောပေါ့။ ကျွန်တော့်မှတ်ဉာဏ်တွေက ကောင်းပါသေးတယ်။ ဒါပေမယ့် ကလေးဘဝကဆိုတော့လေ။

ပွင့်ပွင့်လင်းလင်း ပြောရရင်ဗျာ။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကအချိန်ထိ ဒီလောကမှာ ‘သူရိန်’ ဆိုတဲ့ စာရေးဆရာတစ်ယောက် ရှိတယ်လို့ကို မသိတာ။ ကျွန်တော် စာအုပ်မဖတ်တာလည်း နှစ်ချီနေပြီ။ ကျွန်တော်က ဆံသဆရာလေ။ ကိုယ့်ဖောက်သည်နဲ့ ခေတ်အကြောင်း စနစ်အကြောင်း စကားစမြည် ပြောကြရတာဆိုတော့ စာအုပ်ဖတ်သင့်မှန်းတော့ သိတယ်ဗျာ။ ဒါပေမယ့် အချိန်ကို မပေးနိုင်တာ။ သတင်းစာထဲမှာ လူသတ်မှုအကြောင်း ဖတ်လိုက်ရမှ သူရိန်အကြောင်း သိရတာပဲ။ သူရိန်နဲ့ ပေါ်လွင်တို့ရဲ့ ငယ်ဘဝ အကြောင်းတွေကိုသာ အရေးလုပ်ပြီး မရေးကြရင် သူတို့က ကျွန်တော့်ရဲ့ ကျောင်းနေဖက် အတန်းဖော်တွေ ဆိုတာတောင် သိလိုက်ရမှာ မဟုတ်ဘူး။

ဟုတ်တယ်။ ကျွန်တော် ပေါ်လွင်ကို မှတ်မိတယ်။ သူရိန်ကိုလည်း မှတ်မိတယ်။ မှတ်မိတယ် ဆိုရုံပဲ။ အတိအကျတော့ မပြောတတ်ဘူး။ သူတို့နှစ်ယောက်က ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဟုတ်မဟုတ်တော့ ကျွန်တော်လည်း မပြောတတ်တော့ဘူး။ ပေါ်လွင်ကို အတန်းထဲမှာ အားလုံးက ‘ကိုပေါ’ လို့ပဲ ခေါ်ကြတယ်။ သူက ပေါတောတောနဲ့ဗျ။ သူ့ကြည့်ရတာ ကြောင်တောင်တောင်နဲ့ ကျပ်မပြည့်သလိုပဲ။ ဒါကြောင့် အားလုံးက သူ့ကို ‘ကိုပေါ’ လို့ပဲ ခေါ်ကြတာ။

ဪ … သတိရပြီ။ အဲဒီကောင်က စာတော်တော် ဖတ်တယ်။ ကျွန်တော်က သူနဲ့ ဘေးကပ်လျက်ခုံမှာ ထိုင်ဖူးတော့ သိနေတယ်။ ဘာဖတ်တာလဲ ဟုတ်လား။ မမှတ်မိတော့ဘူး။ ကျွန်တော့် အပူမှ မပါဘဲ။ ဒါပေမယ့် သေချာတာကတော့ ကာတွန်းစာအုပ် မဟုတ်ဘူး။ သူ့ရဲ့ စာစီစာကုံးက သိပ်ကောင်းတယ်လို့ အတန်းထဲမှာ အမြဲ ချီးကျူးခံရတာပဲ။ ကျွန်တော်တို့ အတန်းပိုင်က မြန်မာစာဆရာဆိုတော့ သူက အတန်းထဲမှာ ပါစားပေးခံရတာပေါ့။ ကျောင်းတွေမှာက ဒီလိုပဲ မဟုတ်လား။

ကျောင်းတွင်းအနိုင်ကျင့်တာကို ပြောတာလား။ ရှိတာပေါ့။ အခုမှ မီဒီယာတွေမှာ ရေးကြီးခွင်ကျယ် လုပ်နေတာ။ အဲဒါတွေက ကျွန်တော်တို့ ငယ်ငယ်ကတည်းက ရှိနေပြီးသား။ ရှေးရှေးတုန်းက အနိုင်ကျင့်တာတွေက အဲဒီလောက် မဆိုးဘူးလို့ တချို့က ပြောကြပေမယ့် အနိုင်ကျင့်တယ် ဆိုကတည်းက မဆိုးဘဲ ရှိပါ့မလားဗျာ။ မဟုတ်ဘူးလား။

ကိုပေါက အမြဲ အနိုင်ကျင့်ခံရတာပဲ။ ကျွန်တော် အခုမှ သတိရတယ်။ ဟုတ်တယ် ဟုတ်တယ်။ အဲဒီကောင်လည်း အနိုင်ကျင့်တာ ခံခဲ့ရဖူးတယ်။ ထမင်းဗူးထဲ သဲတွေ ထည့်တာတို့၊ ငွေညစ်ခံရတာတို့ပေါ့။ ကျောင်းက ဂိုဒေါင်ဟောင်းထဲ သော့ပိတ်ခံရတာတို့ အစုံပါပဲ။ ဘယ်လို ပြောရမလဲဆိုတော့ ပျော့စိစိနဲ့ အနိုင်ကျင့်ချင်စရာ ရုပ်မျိုးပေါ့။

ပလတ်စတစ်တိတ်နဲ့ ကိုယ်ကို အပတ်ခံရတာလား။ ခင်ဗျားပြောတဲ့ ပလတ်စတစ်တိတ်ဆိုတာ စက္ကူပါကင်ပိတ်ရင် သုံးတဲ့ဟာကို ပြောတာလား။ အင်း …. ကြားတော့ ကြားဖူးလိုက်တယ်။ အဲလိုကောင်ဆိုးလေးတွေက လူကို ဘယ်လို နှိပ်စက်ရမလဲ၊ ဘယ်လို အနိုင်ကျင့်ရမလဲ ဆိုတာပဲ စဉ်းစားနေကြတာ။ သင်္ဘောဆေးနဲ့ ခေါင်းပေါ် လောင်းချတယ် … ဒီလောက် ဆိုးဆိုးဝါးဝါးကြီး လုပ်ချင်လည်း လုပ်မှာပေါ့လေ။ ကျွန်တော်တို့ အဲဒီခေတ် အလယ်တန်းကျောင်းက စုတ်စုတ်ပဲ့ပဲ့ပါဗျာ။ အဲဒီလို အနိုင်ကျင့်တာမျိုးက ခဏခဏပဲ။

အဲ … ကျွန်တော်ရော ပါဖူးလားဆိုတော့ ဖြေရမှာတစ်မျိုးပဲ။ အမှန်အတိုင်း ပြောရရင်ဗျာ။ ကျွန်တော်လည်း သူ့ကို အနိုင်ကျင့်ခဲ့ဖူးတာပဲ။ မဟုတ်ဘူး။ တစ်ခါ နှစ်ခါတည်းပါ။ ကောင်ဆိုးတွေက တစ်ခါတလေကျရင် သာမန်ကျောင်းသားတွေကိုလည်း သူတို့လို လုပ်ခိုင်းကြတယ်။ သူတို့ အနိုင်ကျင့်သလို လိုက်ပြီး အနိုင်ကျင့်ခိုင်းတာ။ ခိုင်းသလို မလုပ်ရင် ကိုယ်က ခံရတဲ့သူ ဖြစ်ရောပေါ့။ မတတ်နိုင်ဘူး။ သူတို့ခိုင်းသလို ရိုက်မလား။ ဒါမှမဟုတ် အရိုက်ခံမလား။ ခိုင်းသလိုပဲ လုပ်ရတော့တာပေါ့။ အတော် စိတ်ဆင်းရဲဖို့ ကောင်းတာ။ ကိုယ်တိုင်က မလုပ်ချင်ပေမယ့် အားနွဲ့သူကို အနိုင်ကျင့်ပြရတာပဲ။ ကျွန်တော် သူ့လွယ်အိတ်ထဲကို ခွေးချေးတစ်တုံး ခိုးထည့်ခဲ့ဖူးတယ်။ အတန်းခေါင်းဆောင်က မြင်ပေမယ့် သူလည်း မသိချင်ယောင် ဆောင်နေခဲ့တာ။ သူ့နာမည်က ဘာပါလိမ့်။ ဪ သတိရပြီ။ သူဇာ … ဟုတ်တယ်။ အဲဒီလို ကောင်ဆိုးလေးတွေက သူများ ဒုက္ခရောက်တာ မြင်ရမှ ပျော်နိုင်ကြတဲ့ လူမျိုးတွေ။ ဆိုးတာက များသောအားဖြင့် သူတို့ကိုယ်တိုင် အနိုင်ကျင့်တာ မဟုတ်ဘဲ သူများကို အနိုင်ကျင့်ခိုင်းတာပဲ။ တခြားသူကို သူတို့လို လူဆိုးလေးတွေ ဖြစ်အောင် လုပ်ရတာ သူတို့အတွက် ပိုစိတ်ဝင်စားစရာ ကောင်းပုံရတယ်။

ထွန်းမောင်လား။ သူ့ကို ဘယ်မေ့မှာလဲ။ ဒီလို စကားမျိုးက လူကြားသူကြား ပြောလို့ မကောင်းပေမယ့် အဲဒီအကောင် မရှိရင် တော်တော် ကောင်းမှာပဲလို့ ကျွန်တော်ဖြင့် ဆုတောင်းခဲ့တာ ခဏခဏပဲ။ ကျွန်တော် တစ်ယောက်တည်း ဘယ်ဟုတ်မလဲ။ တစ်တန်းလုံး အဲဒီလိုပဲ နေမှာ။ ဆရာတွေတောင် ကျိတ်ပြီး ဆုတောင်းနေမလား မသိဘူး။

ပြောရရင် အဲ့ကောင်က လူတကာကို ဘယ်လို နှိပ်စက်ရမလဲ ဆိုတာပဲ အမြဲစဉ်းစားနေသလား မပြောတတ်ဘူး။ သူက အရပ်မြင့်ပြီး ဗလကောင်းတော့ သူ့ကိုဆို ကြောက်ကြတယ်။ ကျန်တဲ့ သူ့ကောင်တွေက သူ့နောက် ကပ်နေရရင်ကိုပဲ လုံခြုံနေပြီ ထင်ကြတာ။ သူတို့ ကပ်ပါးရပ်ပါး လုပ်ကြတော့ ဒီကောင်က ပိုပြီး ကြွနေတာပေါ့။ ဟုတ်တယ် … အဲ့ကောင်က ခေါင်းဆောင်ပဲ။ မဟုတ်တာလုပ်ရင် သူပဲ ခေါင်းဆောင်တာ။ ကျောင်းသားတွေဆီက ဆက်ကြေးကောက်လို့ ရတဲ့ ပိုက်ဆံတွေလည်း သူပဲ သိမ်းထားတာ။ ပြောရရင် လမ်းဘေးက လူဆိုးဂိုဏ်းနဲ့ ဘာမှ မထူးဘူး။

ထွန်းမောင် ကျောင်းထွက်သွားတော့ ကျွန်တော် အရမ်းပျော်တာ။ ငါတို့ဘဝကြီး အေးချမ်းတော့မှာပဲလို့ကို တွေးမိတာ။ တကယ်လည်း သူမရှိတော့တဲ့နောက်ပိုင်း ကျောင်းထဲမှာ တော်တော် ပြောင်းလဲသွားတယ်။ အနိုင်ကျင့်တတ်တဲ့ အဖွဲ့တွေ အနည်းအကျဉ်း ရှိသေးတယ် ဆိုပေမယ့် ထွန်းမောင်တို့နဲ့ နှိုင်းစာရင်တော့ အတော်ကို နည်းသွားတယ်လို့ ပြောရမယ်။

သူ ကျောင်းထွက်သွားရတဲ့ အကြောင်းအရင်းကို ကျွန်တော် မသိဘူး။ တခြားကျောင်းက ကျောင်းသားတစ်ယောက်ကို ရိုက်လို့လို့ ကြားတာပဲ။ အဲဒါနဲ့ လူငယ်ထိန်းသိမ်းရေး စခန်းကို ရောက်သွားတာ။

ခင်ဗျားက ထွန်းမောင်အကြောင်း မေးနေတော့ သူက အမှုနဲ့ ဘာဆိုင်လို့လဲ။ သူရိန်ကို သတ်တဲ့ တရားခံက ကိုပေါဆို။ အမှုပေါ်နေပြီပဲ မဟုတ်ဘူးလား။

ထွန်းမောင်အဖွဲ့ထဲက တခြားသူတွေလား။ သူတို့ ဘာဖြစ်ကုန်ပြီလဲ မသိဘူး။ အစိုးရဝန်ထမ်းတွေ ဖြစ်ကုန်ကြပြီ နေမှာပေါ့။

ကျွန်တော့်ဆီမှာ ကျောင်းသားဘဝက အော်တိုစာအုပ်တော့ ရှိသေးတယ်။ ဒါပေမယ့် အဲဒီထဲက ပါတဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေက အကုန် ဟောင်းကုန်ရောပေါ့။ ခဏစောင့်။ ကျွန်တော် သွားရှာလိုက်ဦးမယ်။

****

 

အင်တာဗျူး – ဒေါ်သူဇာ (အတန်းဖော်)

ကျွန်မအကြောင်း ဘယ်သူ့ဆီက ကြားခဲ့တာလဲ။ စိုးနိုင် … ငယ်ငယ်က အတန်းထဲမှာ စိုးနိုင် ဆိုတဲ့ အတန်းဖော်တစ်ယောက်တော့ ရှိသလိုပဲ။ ဟိုနှုတ်ခမ်းထော်ထော်နဲ့ကောင် ထင်တယ်။ ခုနက ပြောခဲ့သလိုပဲ။ ကျွန်မ အဲဒီတုန်းက ကိစ္စတွေ မေ့ကုန်ပြီ။ ဟုတ်တယ်၊ ကျွန်မ အတန်းခေါင်းဆောင် လုပ်ဖူးတယ်။ ကျွန်မတို့ ကျောင်းက ကျောင်းသားရော ကျောင်းသူရော ရောနေတဲ့ကျောင်းဆိုတော့ အတန်းခေါင်းဆောင်ကိုလည်း ယောက်ျားလေးထဲက တစ်ယောက်၊ မိန်းကလေးထဲက တစ်ယောက် ရွေးတယ်။ အတန်းခေါင်းဆောင်က ဘာမှ ထွေထွေထူးထူး မလုပ်ရပါဘူး။ အိမ်စာစာအုပ် လိုက်သိမ်းပေးရတာတို့၊ ပြန်ဝေပေးရတာတို့၊ ကျောင်းသားစာရင်း ကောက်ပေးရတာတို့၊ ဒီလောက်ပါပဲ။

ဦးသူရိန်နဲ့ ဦးပေါ်လွင်ကို ကျွန်မ မမှတ်မိဘူးရှင့်။ အတန်းထဲမှာ ယောက်ျားလေး၊ မိန်းကလေး တွဲထားတာ ဆိုပေမယ့် ကျွန်မက အတန်းထဲမှာ မိန်းကလေးတွေနဲ့ပဲ ပေါင်းတာ။ သူတို့ ကောင်လေးတွေ ဖြစ်တဲ့ ပြဿနာတွေကို ကျွန်မတော့ မသိတာပဲ များတယ်။ အနိုင်ကျင့်တာမျိုးလား၊ ရှိနိုင်မယ် ထင်တယ်။ ကျွန်မတော့ မမြင်ဖူးဘူး။ မြင်ဖူးရင်လား။ အခုမှတော့ ဘာထူးမှာလဲရှင်။ အဲ … အဲဒီတုန်းက အနိုင်ကျင့်တာ မြင်ရရင်တော့ ဆရာမကို သွားတိုင်မှာပေါ့။

ကျွန်မ အမျိုးသား အလုပ်က ပြန်လာတော့မယ်။ ကျွန်မတို့ ဒီလောက်ပဲ ပြောကြရအောင်လား။ ပြီးတော့ ကျွန်မလည်း ဘာဆက်ပြောရမှန်း မသိတော့ဘူး။ ကျွန်မ သိတာကလည်း ဒီလောက်ပဲလေ။ နောက်ပြီး ကျွန်မက အဲဒီကျောင်းမှာ ကျောင်းတက်ခဲ့ဖူးတယ်ဆိုတာကို ဘယ်သူကိုမှ မပြောပြပါနဲ့လား။ တောင်းပန်ပါတယ်။ ကျွန်မ အမျိုးသားက ရှုပ်ရှုပ်ယှက်ယှက်တွေကို မကြိုက်ဘူး။ သူ့ကိုလည်း ပြောလို့ ဖြစ်တာမဟုတ်ဘူး။ တောင်းပန်ပါတယ်နော်။

****

 

အင်တာဗျူး – ဆရာဦးဌေးတင့် (အတန်းပိုင်ဆရာ၊ မြန်မာစာ)

သူရိန်နဲ့ ပေါ်လွင်တို့ရဲ့ ကိစ္စလား။ အမယ်လေးကွာ၊ တကူးတက အဝေးကြီး လာခဲ့ရတာပဲ။ လာလာ အထဲဝင်။

သူတို့နှစ်ယောက်ကို ကောင်းကောင်း မှတ်မိတာပေါ့။ ပင်စင်ယူတာ ဆယ်နှစ်လောက် ရှိပြီ ဆိုပေမယ့် အတန်းထဲက ကျောင်းသားတွေကို အကုန် မှတ်မိသေးတယ်။ သူတို့နဲ့ တစ်နှစ်ပတ်လုံး အတူတူ နေခဲ့ရတာကိုး။ အဲဒါထက် သူက အတန်းထဲမှာ စာတော်တဲ့ ကလေးတွေလေ။ ဒါကြောင့်လည်း ပို မှတ်မိတာပေါ့။

ဟုတ်တယ်၊ ပေါ်လွင်က မြန်မာစာဆို အမှတ်သိပ်ကောင်းတယ်။ စာစီစာကုံးတွေ ရေးတာလည်း တော်တော် ကောင်းတယ်။ စာမေးပွဲဆို အမြဲတမ်း သူက မြန်မာစာမှာ အမှတ်အများဆုံးပဲ။ သူရိန်လား။ သူကတော့ အတော်ကြီး မဟုတ်ဘူး။

ပေါ်လွင်က အနိုင်ကျင့် ခံရတယ်လား။ မဟုတ်လောက်ဘူး။ အတန်းထဲမှာ ဆိုးတဲ့ ကလေးတွေ ရှိတာတော့ အမှန်ပဲ။ ဒါပေမယ့် သူ အနိုင်ကျင့်ခံရတယ်လို့တော့ တစ်ခါမှ မကြားဖူးဘူး။

ဟုတ်လား၊ စိုးနိုင်ပြောတာ … ငါ ဘာမှ မသိခဲ့ရပါလား။ ငါ မသိချင်ယောင် ဆောင်နေတာ မဟုတ်ပါဘူး။ အခုမှ ဟန်ဆောင်နေတော့ရော ဘာအဓိပ္ပာယ် ရှိမှာလဲ။

ထူးခြားတဲ့အကြောင်းလား။ တစ်ခါက ပေါ်လွင်နဲ့ အတန်းထဲက ငပေတွေ တတွဲတွဲ လုပ်နေကြလို့ ငါ့မှာ စိတ်ပူလိုက်ရသေးတယ်။ သူ့အဖေအမေတွေကလည်း လာတိုင်လို့ နောက်တော့ သူ့ကို ခေါ်ဆုံးမခဲ့ရတယ်။ တကယ်တမ်း ဒါမျိုးအချိန်မှာ ကယ်တင်ပေးနိုင်တဲ့သူက သူငယ်ချင်းပဲလေ။ ပေါ်လွင်ကို လမ်းမှားမရောက်အောင် တားဆီးနိုင်တဲ့သူက မိဘလည်း မဟုတ်ဘူး၊ ဆရာလည်း မဟုတ်ဘူး။ သူငယ်ချင်းကပဲ တတ်နိုင်တာ။ ဟုတ်တယ်၊ သူရိန်ကို ပြောနေတာ။ အဲ့ကလေးက စာမတော်လို့ ကျောင်းမှာ ရေပန်းမစားပေမယ့် စိတ်ဓာတ်တော့ အတော်ကောင်းတဲ့ ကလေး။ သူက မကောင်းတဲ့ အလုပ်တွေကိုဆိုရင် အမြင်ကပ်နေတာ။ မမှန်ဘူးထင်ရင် တစ်ဘက်လူက ဆရာဖြစ်နေပါစေ၊ ခေါင်းမာမာနဲ့ အမှန်ဘက်ကပဲ ရပ်တည်တတ်တဲ့ ကလေး။

ငါမှတ်မိသေးတယ်၊ အဲဒါ ဇန္နဝါရီလကြီး။ တစ်ရက်မှာ သူတို့နှစ်ယောက် အတူတူ ငါ့ဆီ ရောက်လာတယ်။ သူရိန်က ပေါ်လွင်ကို ငါ့ဆီ အတင်း ခေါ်လာတာ။ ရောက်လာကြပြီး ဘာတစ်ခွန်းမှ မပြောဘဲ နှစ်ယောက်စလုံး ခေါင်းငိုက်စိုက်နဲ့ ရပ်နေကြတာ။ သူတို့ရဲ့ အပြုအမူအရ လာတောင်းပန်တယ်လို့ပဲ နားလည်လိုက်တယ်။

ဒီကလေးနှစ်ယောက် တစ်သက်လုံး သူငယ်ချင်းကောင်းတွေ ဖြစ်သွားကြတော့မှာပဲလို့ အဲဒီတုန်းက တွေးနေမိတာ။ နောက်တော့ သူတို့ အထက်တန်းကျောင်းတွေ မတူကြတော့ဘူး။

လုံးဝ ထင်မထားမိဘူးလေ။ ဒီလိုကိစ္စတွေ ဖြစ်လာလိမ့်မယ်လို့။ သတင်းကြားတော့ တော်တော် တုန်လှုပ်သွားတယ်။ သူရိန်ပဲ ဖြစ်ဖြစ်၊ ပေါ်လွင်ပဲ ဖြစ်ဖြစ်၊ ဒီကလေးတွေက ဒီလို လုပ်ကြမယ့် ကလေးတွေ မဟုတ်ဘူးလေ။ တစ်ခုခုတော့ လွဲနေတာ ဖြစ်မယ်။

****

 

အင်တာဗျူး – ဒေါ်အုန်းမေ (ရပ်ကွက်ထဲက မုန့်ဆိုင်ပိုင်ရှင်)

ပေါ်လွင်ကို ပြောတာလား။ သိတာပေါ့၊ အရင်က အိမ်နီးနားချင်းတွေလေ။ ကျွန်မတို့ ဆိုင်မှာလည်း တစ်ခါ နှစ်ခါလောက် ပေါင်မုန့် လာဝယ်ဖူးတယ်။ အင်း ဟုတ်တယ်၊ ဒီမှာ အရင်က မုန့်ဆိုင်လေး ဖွင့်ခဲ့တယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကမှ ဆက်မလုပ်ဖြစ်တော့တာ။

ဪ .. အဲဒီအမှုကြောင့် လာတာကိုး။ ဪ ဒီလိုလား။ ဟုတ်တယ်။ ဒီကလေးတွေက ဒီလိုလုပ် …….. ။ တကယ်ကို နားမလည်နိုင်ဘူးအေ။

သူက ဘယ်လို ကလေးလဲ ဟုတ်လား။ ခဏ ….. ။ ဘယ်လို ပြောရမလဲ။ သူက စကားနည်းတယ်ရှင့်။ ပုံမှန် ကလေးတွေနဲ့ မတူဘူး။ ကြည့်လိုက်ရင် အမြဲ သုန်မှုန်နေတာပဲ။

မူလတန်းတုန်းက ထင်တယ်။ ကျောင်းပိတ်ရက် မဟုတ်ဘဲ ပေါ်လွင်က အတော်ကြာကြာ ကျောင်းမသွားဘူး။ သူက ဒုတိယထပ် ပြတင်းပေါက်မှာ ရပ်ပြီး အပြင်ကိုပဲ ငေးငေးနေတာ။ ကျွန်မက အောက်ကနေ သူ့ကို မြင်လို့ လှမ်းနှုတ်ဆက်တာလေ။ “ဟေ့ ပေါ်လေးရေ၊ နေမကောင်းဘူးလား” ဒီကလေးက တစ်ခွန်းလေးတောင် ပြန်မဖြေဘူး။ အခန်းထဲ လှည့်ဝင်သွားပြီး ပြတင်းပေါက်လိုက်ကာကို ဆွဲချလိုက်တယ်။ လမ်းမှာ မတော်တဆ ဆုံကြပြီ ဆိုရင်လည်း မမြင်ချင်ယောင် ဆောင်နေတတ်တာပဲ။ လူတွေနဲ့ နှုတ်ဆက်စကား သိပ်ပြောလေ့ ရှိတာ မဟုတ်ဘူး။

နောက်ပိုင်းမှ ကျွန်မ သိခဲ့ရတာ။ ကလေးက ကျောင်းမတက်ချင်ဘူးဆိုပြီး အကြောက်အကန် ငြင်းနေခဲ့တာတဲ့။ အကြောင်းအရင်း အတိအကျကတော့ ကျွန်မတို့လည်း မသိဘူး။ အားလုံးကတော့ သူ့မိဘတွေကြောင့်လို့ ပြောကြတာပဲ။ အဲဒီ လင်မယားက သာမန် လက်လုပ်လက်စား ဆိုပေမယ့် အကြွားကတော့ အရမ်းသန်တယ်။ ကလေးကိုလည်း ဟိုဟာပိတ်ပင်၊ ဒီဟာပိတ်ပင်နဲ့။ အင်း တစ်ခါက သူ့အမေ ပြောတဲ့ စကားတစ်ခွန်းကိုတောင် အမှတ်ရမိနေသေးတယ်။

“နဂိုကတော့ ကလေးကို စည်းကမ်းကြီးတဲ့ ပုဂ္ဂလိကကျောင်းမှာ ထားမလို့ပဲအေ။ ကျွန်မတို့မှာက အဆက်သွယ်ကောင်း မရှိတော့ မတတ်နိုင်ဘူး။ ဒီလို ပတ်ဝန်းကျင် မသန့်တဲ့ ကျောင်းမျိုးကို ကျွန်မက မကြိုက်ပေမယ့်လည်း ဒီကျောင်းမှာပဲ ဖြစ်သလို ထားရတော့မှာပဲ”

ကျွန်မ သမီးနဲ့ သားလည်း ဒီကျောင်းမှာပဲ နေကြတာပါပဲတော်။ အဆင်ပြေနေတာပဲ။ သူတို့က ကြီးကြီးကျယ်ကျယ်နဲ့။ ပေါ်လွင်တို့ မိသားစုက သူ့အဖေရဲ့ အလုပ်ကြောင့် ဒီကို ပြောင်းလာကြရတာ။ အရင်ကတော့ ဒီထက် အဆင့်မြင့်တဲ့ နေရာမှာများ နေခဲ့ကြသလားမှ မပြောတတ်တာ။ အင်း … မိဘတွေက အဲဒီလိုပဲ။ ဒါနဲ့ပဲ ကလေးက ကျောင်းမတက်ချင်တော့ဘူး။ ကလေးဆိုတာ မိဘတွေ မြင်တဲ့အတိုင်း လိုက်မြင်တတ်ကြတာလေ။ ကျောင်းကို ဘယ်လိုမှ သွားခိုင်းလို့ မရဘူး။ သူ့မိဘတွေလည်း မတတ်နိုင်ဘူး။ ကျောင်းကို တရွတ်တိုက်ပြီး ဆွဲခေါ်သွားရမလို ဖြစ်နေတာ။

နောက်တော့ ကလေးက ကျောင်းပြန်တက်တယ်။ အဲဒါ သူရိန်ကြောင့် ဖြစ်မယ်။ သူရိန်ကိုလည်း ကလေးဘဝကတည်းက သိနေ ခင်နေတာလေ။ သူရိန်လေးက နေ့တိုင်းနေ့တိုင်း ပေါ်လေးဆီ ကျောင်းသွားဖို့ လာခေါ်တတ်တယ်။ ဘယ်အချိန်က စပြီး လာခေါ်သလဲဆိုတာတော့ ကျွန်မလည်း မပြောတတ်တော့ဘူး။ သူတို့က အတန်းတူ အရွယ်တူတွေဆိုတော့ သူ့ဆရာမက ဝင်ခေါ်ခိုင်းတာ ထင်ပါတယ်။

ကျွန်မ မနက်တိုင်း တွေ့နေရတာပဲ။ ကျွန်မတို့ ဆိုင်ရှေ့က သူရိန်လေး ဖြတ်သွားပြီဆိုရင် အဲဒီကလေးက လှမ်းနှုတ်ဆက်တတ်တယ်။ အဲဒီကလေးက တော်တော်ကို လိမ္မာတာ။ တစ်အောင့်လေးနေရင် သူနဲ့ ပေါ်လေးတို့ အတူ အိမ်ရှေ့က နောက်တစ်ခေါက် ဖြတ်ပြီး ကျောင်းကို သွားကြတယ်။ နောက်တစ်ခေါက် ဖြတ်ရင်လည်း သူရိန်လေးက နောက်တစ်ခေါက် ထပ် နှုတ်ဆက်တာပဲ။ ပေါ်လေးကတော့ ဆူပုတ်ပြီး ခေါင်းငုံ့ထားတတ်တယ်။ အမြဲတမ်း အဲဒီလိုပါပဲ။

အဲဒီလိုနဲ့ ပေါ်လေးလည်း နေ့တိုင်း ကျောင်းတက်ဖြစ်သွားတာ။ အချိန်တွေ တရွေ့ရွေ့နဲ့ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ် ကိုယ်စီတက်ကြရင်းပေါ့။ အင်း ……. လုံးဝ ထင်မထားဘူးလေနော်။ နောက်ဆုံးတော့ ဒီလိုတွေ ဖြစ်လာလိမ့်မယ်လို့။ ဘာလို့ လုပ်ရက်တာလဲ ဆိုတာ နားကိုမလည်နိုင်ဘူး။

သူတို့ အတူတူ ကစားကြတာပေါ့။ အမြဲတမ်း မြင်နေရတာပဲ။ နောက်ပြီး ဟိုနား စောင်ဆိုင်က ကလေးရောပဲ။ သူတို့သုံးယောက် အမြဲတမ်း အတူတူ ဆော့ကြတာ။ ကစားဖို့ ချိန်းတာတောင် သူရိန်လေးက သွားခေါ်ရတာ။ ဒါမှ ပေါ်လေးက ဆင်းလာပြီး အတူ ကစားတယ်။ သူတို့လေးတွေက တော်တော် ခင်ကြတာ။

သူရိန်လေးက ပေါ်လေးတစ်ယောက်တည်းအပေါ် ကောင်းတာ မဟုတ်ဘူး။ သူက ဘယ်သူ့အပေါ်မဆို ကောင်းတယ်။ အထူးသဖြင့် သူ့အောက် ငယ်တဲ့ ကလေးတွေဆိုရင် သူက ပိုလို့တောင် ခင်လည်းခင် ညှာလည်းညှာတယ်။ ဒါကြောင့်လည်း ပြောတာပေါ့။ အခု ဖြစ်သွားတဲ့ကိစ္စမှာ ကျွန်မဖြင့် ဘယ်လိုမှကို မယုံနိုင်တာပဲ။

****

 

အင်တာဗျူး – ဦးအေးမောင် (ကစားဖော်)

အဲဒီသတင်းကြားရတော့ အတော်လေး အံ့ဩသွားတာပဲ။ သူတို့နှစ်ယောက်ရဲ့ နာမည်လည်း တွေ့ရော ငယ်ငယ်တုန်းက အကြောင်းတွေ အကုန်လုံး ပြန်မြင်ယောင်သွားတော့တာ။ ခင်ဗျားတို့က အတော်ပိုင်တဲ့ လူတွေပဲ။ ကျွန်တော့်ကို တွေ့အောင် ရှာနိုင်တယ်။ အင်း ဟုတ်တယ်။ ကျွန်တော်တို့က မူလတန်းတုန်းက အမြဲတမ်း အတူတူ ဆော့ကြတာ။ ငယ်ငယ်တုန်းက အိမ်မှာ စောင်ဆိုင် ဖွင့်ထားတာလေ။ ကျွန်တော် မှတ်မိသေးတယ်။ ကျွန်တော်တို့ စောင်အပုံတွေကြားထဲ ဝင်ပုန်းပြီး ဆော့ခဲ့ကြတာ။ ခေါင်းအုံးတွေ ယူဆော့လို့ အဆူခံကြရတာကိုလည်း မှတ်မိနေသေးတယ်။

ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့ကို သိပ်တော့ သဘောမကျဘူး။ ပတ်ဝန်းကျင်မှာက အတူဆော့မယ့် ကလေးမရှိတော့ သူတို့နဲ့ပဲ ဆော့နေရတာ။ ဒါကြောင့်လည်း အတန်းကြီးတော့ ကိုယ့်ဘာသာကိုယ် အဝေးကြီးသွားပြီး တခြားသူငယ်ချင်းတွေနဲ့ပဲ ပေါင်းတော့တာပေါ့။

သူတို့နှစ်ယောက်ရဲ့ ခင်မင်မှုလား။ ဘယ်လို ပြောရမလဲ။ သူတို့က ငယ်သူငယ်ချင်းတွေလိုလည်း မဟုတ်ဘူး။ ကလေးဘဝက ဆော့ဖော်ဆော့ဖက်လို့ ပြောရင်လည်း သိပ်တော့ အထာမကျဘူး။ ဘယ်လို ပြောရပါ့မလဲ။ အင် … ဟုတ်လား။ အဲဒီ မုန့်ဆိုင် အန်တီကြီးက အဲဒီလို ထင်တာတဲ့လား။ လူကြီးတွေရဲ့ အမြင်က သိပ်မှန်တတ်တာ မဟုတ်ဘူး။

သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက တန်းတူရည်တူ ပုံစံမျိုး မဟုတ်ဘူး။ ဟုတ်တယ်၊ သူရိန်က အမြဲ နှာတစ်ဖျား သာနေသလိုပဲ။ ဒါက ကျွန်တော့်အမြင်ပေါ့လေ။ ကျောင်းပြေးနေတဲ့ ပေါ်လွင်ကို ကယ်လိုက်နိုင်တယ်ဆိုပြီး သူရိန်က ဘဝင်မြင့်နေတာ ထင်တယ်။ သူ့ပါးစပ်က ထုတ်မပြောပေမယ့် အဲဒီလိုပဲ နေမှာ။ သူကပဲ အမြဲတမ်း ပေါ်လွင်ကို ဦးဆောင်နေတာပဲ။ ဆရာလုပ်နေတာ။ ကျွန်တော်တို့ အမြဲတမ်း ဖားသွားဖမ်းတတ်ကြတယ်။ အဲဒီလို အချိန်မှာတောင် သူရိန်က ပေါ်လွင်ကို ဟိုလို မဟုတ်နဲ့၊ ဒီလို မနေနဲ့ စသဖြင့် ဆရာလုပ်နေတတ်တယ်။ သူ့ကိုယ်သူတော့ အမိန့်ပေးတယ် မထင်ဘဲ အသည်းအသန် စောင့်ရှောက်ပေးနေတယ်လို့ ယူဆနေလောက်တယ်။ ဒါကြောင့် သူတို့ဟာက သူငယ်ချင်းဆိုတာထက် ညီအစ်ကို ဆက်ဆံရေးလိုပဲ။ အသက်သာ ရွယ်တူတာ။

ပေါ်လွင်ကလည်း သူရိန်ကို သိပ်ကြည်ပုံ မရဘူး။ တစ်ခါတလေ ကွယ်ရာမှာ သူရိန့် မကောင်းကြောင်းတွေ ကျွန်တော့်ကို ပြောတတ်တယ်။ မျက်နှာချင်းဆိုင် ဆိုရင်တော့ ဘာတစ်ခွန်းမှကို မပြောတာ။

စောနက ပြောခဲ့သလိုပဲ။ ကျွန်တော်တို့ အတန်းကြီးတွေ ရောက်ကုန်တော့ အတူတူလည်း မကစားဖြစ်တော့ဘူး။ သူတို့နှစ်ယောက်လည်း အဲဒီအချိန်လောက်ကစပြီး အဆက်အသွယ် ပြတ်သွားကြမယ် ထင်တယ်။ ပေါ်လွင်က ကျူရှင်တက်ရလို့ ကစားချိန် မရတော့တာလည်း ဖြစ်မယ်။ နောက်ထပ် အကြောင်းအရင်း တစ်ခုက သူ့အမေကြောင့် ဖြစ်နိုင်တယ်။ ပေါ်လွင်ရဲ့ အမေက သူရိန်ကို သဘောကျပုံ မရဘူး။ မှတ်မိနေသေးတယ်။ တစ်ခါ သူ့အမေက ပေါ်လွင်ကို ပြောတဲ့ စကားတစ်ခွန်းကို မထင်မှတ်ဘဲ ကြားခဲ့ရတယ်။ “နင် ဟိုအကောင်နဲ့ အတူတူ ဆော့နေတုန်းပဲလား” တဲ့။

သူ့လေသံက ပြတ်ပြီး မျက်နှာထားက ကြောက်စရာကောင်းတယ်။ သူပြောတဲ့ “ဟိုကောင်” ဆိုတာ သူရိန် ဖြစ်နေမှန်း နောက်မှ သတိထားမိတာ။ အဲဒီတုန်းကတော့ သူ့စကားကို ထူးဆန်းနေတာပေါ့။ ဘာဖြစ်လို့ သူရိန်နဲ့ အတူတူ ကစားခွင့် မပေးတာလဲ။ သူ့အမေက ဘာဖြစ်လို့ အဲဒီလို စကားမျိုး ပြောခဲ့သလဲဆိုတာ အခုထိလည်း နားမလည်နိုင်သေးဘူး။ အင်း … စဉ်းစားလို့ကို မရဘူး။

ပေါ်လွင် ကျောင်းမတက်ချင်ရတဲ့ အကြောင်းလား။ ရှင်းမပြတတ်ဘူး။ ကျောင်းနဲ့ အဆင်မပြေလို့ လို့ပဲ ပြောရမယ်ထင်တယ်။ ကျောင်းမှာလည်း သူက သူငယ်ချင်း မရှိဘူးလေ။ ပြောရင်း ကိစ္စတစ်ခု သတိရတယ်။ အဲဒီတုန်းက သူ ကျောင်းပြောင်းတော့မယ်လို့ ပြောဖူးတယ်။ အခုထက် ပိုကောင်းတဲ့ ကျောင်းပေါ့။ နောက်တော့လည်း မပြောင်းဖြစ်ပါဘူး။ ဘာမှ ပြောသံလည်း မကြားတော့ဘူး။

ကျွန်တော် သိထားတာတော့ ဒီလောက်ပဲ။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က အကြောင်းတွေဆိုတော့ အတော်များများ မေ့ကုန်ပြီ။

အခုတစ်ခေါက် ကိစ္စလား။ ကြားကြားချင်း လန့်သွားတာပေါ့။ သူတို့နဲ့ ငယ်ငယ်ကပဲ ခင်ခဲ့တာဆိုတော့ နောက်ပိုင်း ဘာသတင်းမှ မရပေမယ့် အခုချိန် ဒီလို သတင်းကြားရတော့ အတော် အံ့ဩရတာပဲ။ မဟုတ်ဘူး၊ ကျွန်တော်က သူရိန်အကြောင်း ပြောနေတာ။ သူရိန်က ပေါ်လွင်အရှေ့မှာ အမြဲ အသာစီးယူနေတယ် ဆိုပေမယ့်လည်း ပေါ်လွင်ကို ချာတိတ်လို ဆက်ဆံတာမျိုး မရှိဘူး။ သူက မဟုတ်တာဆို နည်းနည်းမှ မခံဘူး။ တကယ့် လူမှန်ကြီးလေ။ ဒါကြောင့် ပေါ်လွင်ကို အကျပ်ကိုင်ပြီး စာရေးခိုင်းတယ်ဆိုတော့ …………. ။ အင်း … လူဆိုတာ အသက်ကြီးလာရင် ပြောင်းလဲတတ်ကြတာပဲလေ။ အဆိုးဘက်လည်း ပြောင်းသွားနိုင်တာပဲ။

****

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *