Show contents

(င)

ဝေဖြိုးရောက်လာတဲ့အချိန်မှာ ည ၆ နာရီကျော်ရှိပြီ။ တံခါးခေါက်သံ ကြားရတော့ ဘယ်သတင်းဌာနက ထပ်လာရှုပ်ပြန်ပြီလဲ ဆိုပြီး နည်းနည်း တင်းသွားသေးတယ်။ ဒီတစ်ခါတော့ သူတစ်ယောက်တည်း လာတာမဟုတ်ဘူး။ သူနဲ့အတူ သူ့ထက်အသက်ငယ်တဲ့ ရဲဘော်တစ်ယောက်ပါ ခေါ်လာသေးတယ်။

“ဆောရီးပါဗျာ။ သိချင်တာလေး နှစ်ခု၊ သုံးခုလောက် မေးချင်လို့ပါ”

“ငါ ထင်ထားပြီးသားပါကွာ။ ကဲ … အထဲဝင်” ဝေဖြိုးက အထဲမဝင်သေးဘဲ မေးလိုက်တယ်။ “ညစာစားနေတာလား”

“မစားပါဘူးကွာ။ အခုမှ ဘာစားရရင် ကောင်းမလဲ စဉ်းစားနေတာ”

“ဒါဆို ကျွန်တော်တို့ အပြင်မှာ သွားစားကြရအောင်လား။ ဒီနေ့တစ်နေကုန် အမှုကိစ္စနဲ့ လုံးချာလည်လိုက်နေတာ၊ နေ့လည်စာတောင် မစားရသေးဘူး”

“ဟုတ်လား၊ ဒါဆို ဘယ်သွားစားမလဲ။ ဝက်သားနံရိုးပေါင်း ကောင်းကောင်းရတဲ့ဆိုင် ကျွန်တော်သိတယ်။ ဘယ်လိုလဲ”

“ရပါတယ်။ ဘယ်ဖြစ်ဖြစ်ပေါ့” ဝေဖြိုးက တစ်ခုခု သတိရသွားသလိုနဲ့ သူ့လက်မကို ထောင်လိုက်ပြီး အနောက်ဘက်ကို ညွှန်ပြရင်း “ဟိုဘက်နားမှာ ထမင်းဆိုင်တစ်ဆိုင် ရှိတယ်။ ဆရာ မနေ့ညက အဲဒီမှာ သွားစားတာ မဟုတ်လား”

“ဟုတ်တယ်။ သွားချင်လို့လား”

“အဲဒီပဲ သွားကြရအောင်။ အဲဒီဆိုင်က နီးတယ်။ ကော်ဖီလည်း ကောင်းတယ်လေ”

“သိပ်ကောင်းတာပေါ့” အဖော်ရဲသားကလည်း ဖော်လိုလိုက်ပြီး ဆန္ဒပေးတယ်။

“ရတယ်လေ။ ငါ အဝတ်အစားလဲလိုက်ဦးမယ်”

အဝတ်အစား လဲနေတဲ့အချိန်ကို အသုံးချပြီး ဘာကြောင့်များ ဝေဖြိုးက အဲဒီထမင်းဆိုင်ကိုမှ သွားချင်ရတာလဲ ဆိုတဲ့ အကြောင်းအရင်းကို စဉ်းစားနေမိတယ်။ ရည်ရွယ်ချက် ရှိရှိပဲ သွားချင်ရတာလား။ ဒါမှမဟုတ် သူပြောသလိုပဲ ဆိုင်က အနီးအနားမှာမို့ ကော်ဖီသောက်ချင်လို့ပဲ သွားတာလား။ အခန်းထဲက ထွက်လာတဲ့အထိ ဘယ်လိုမှ စဉ်းစားလို့ မရဘူး။

ထမင်းဆိုင်ရောက်တော့ ကျွန်တော်တို့ ကိုယ်စီထမင်းဟင်းတွေ မှာလိုက်ကြတယ်။

“ပြီးခဲ့တဲ့အခေါက်က ပြောတဲ့ ဝတ္ထုလေ” စားပွဲထိုးမလေး ထွက်သွားတာနဲ့ ဝေဖြိုးက စကားစတယ်။ “ဦးသူရိန် ကွန်ပျူတာဖွင့်လျက် တင်ထားတဲ့ <ရေခဲမုခ်ဦး> ဆိုတဲ့ ဝတ္ထုလေ”

“အင်း သိတယ်။ မနေ့ကမှ ရေးထားတာလား၊ အရင်ကတည်းက ရေးပြီးသားလားဆိုတာ သိရအောင် သေချာစုံစမ်းဦးမယ်လို့ မနေ့က ပြောတဲ့ဟာလေ။ အခု သိရပြီလား”

“သိပြီ။ မနေ့ကမှ ရေးထားတာဖြစ်မယ်။ မဂ္ဂဇင်းတိုက်က တာဝန်ခံကို ကျွန်တော် မေးကြည့်ပြီးပြီ။ သူတို့မှာ ရှိနှင့်ပြီးသား စာမူအပိုင်းအစနဲ့ ဆက်စပ်ကြည့်လို့ ရတယ်တဲ့”

“ဒီလိုဆိုရင် သူ အသတ်မခံရခင် အချိန်အထိ တစ်ချိန်လုံး အလုပ်ကြိုးစားလုပ်နေတာပေါ့။ ကနေဒါကို သွားဖို့ရက်ကလည်း ဖင်နားကပ်နေပြီဆိုတော့ သူရိန်လည်း အသည်းအသန် အလုပ်လုပ်နေရပုံပဲ။ အရင်ကဆို အကြောင်းပြချက် မျိုးစုံပြပြီး စာမူကို နေ့ရွှေ့ညရွှေ့နဲ့ အချိန်ဆွဲနေတတ်တာ စာအုပ်တိုက်တွေတောင် စိတ်မရှည်တော့ဘူး”

“ထူးဆန်းနေတာ တစ်ခုတော့ ရှိတယ်” ဝေဖြိုးက ညာဘက်လက်ကို စားပွဲပေါ်တင်လိုက်ပြီး ခါးကိုမတ်မတ်ဆန့်ရင်း ပြောတယ်။

“ဘာထူးခြားလို့လဲ”

“စာမျက်နှာအရေအတွက်။ တစ်မျက်နှာကို စာလုံးရေ (၄၀၀) ရှိတယ်ပဲထား၊ ဒါဆို သူရေးပြီးတာက စုစုပေါင်း (၂၇) မျက်နှာ။ မလင်းလင်းမော် ပြန်သွားပြီး ၅ နာရီကတည်းက စရေးတယ်ဆိုရင်တောင် သိပ်များလွန်းနေတယ်။ ဦးသူရိန်အနေနဲ့ တစ်နာရီကို ၄ မျက်နှာကနေ ၆ မျက်နှာအထိပဲ ရေးနိုင်လိမ့်မယ်လို့ ဆရာ မနေ့ညက ပြောခဲ့တယ်နော်”

“၂၇ မျက်နှာ … အတော်များတာပဲ”

ကျွန်တော် သူရိန်ရဲ့ အိမ်ရှေ့ရောက်တော့ ည ၈ နာရီ။ အဲဒီမတိုင်ခင်အထိ သူ အသက်ရှင်လျက် ရှိနေသေးတယ်ဆိုရင်တောင် တစ်နာရီကို ၉ မျက်နှာ အပြီးရေးရမှာ။

“ဒါဆို” ကျွန်တော်ပြောလိုက်တယ်။ “သူ ညာပြောတာပဲနေမှာ”

“ညာတယ် …”

“သူ မနေ့ နေ့ခင်းကတည်းက စာမျက်နှာ ၁၀ မျက်နှာ သို့မဟုတ် မျက်နှာ ၂၀ ရေးပြီးသားနေမှာ။ သူ့ရဲ့ ဝသီအတိုင်း သူ တစ်လုံးမှ မရေးရသေးဘူးလို့ ပြောတာဖြစ်မယ်”

“စာအုပ်တိုက်ကလည်း အဲဒီလိုပဲ ထင်ကြတယ်”

“ဖြစ်လောက်တယ်” ကျွန်တော် ခေါင်းညိတ်လိုက်တယ်။

“ဒါပေမယ့် သူ့ဇနီး အပြင်ထွက်ခါနီးမှာ သူက ညဉ့်နက်မှပဲ ဟော်တယ်ကို ပြန်လာနိုင်တော့မယ့်အကြောင်း ပြောလိုက်သေးသတဲ့။ နောက်အကျဆုံး ၈ နာရီအထိပဲထား၊ သူ စာမျက်နှာ ၂၇ မျက်နှာ ရေးပြီးနေပြီ။ <ရေခဲမုခ်ဦး> ဝတ္ထုကို နိဂုံးချုပ်ဖို့ နောက်ထပ် စာမျက်နှာ သုံးဆယ် လိုမယ်ဆိုရင် သူ့အလုပ်က ပြီးသလောက် နီးနီးပဲပေါ့။ အချိန်မလောက်လို့ အမီ မရေးနိုင်ဘူးဆိုတာက နားလည်လို့ ရသေးတယ်။ အခုလို အလောတကြီး အမြန် ရေးပြီးသွားတာမျိုး ဖြစ်နိုင်ပါ့မလား”

“ဖြစ်နိုင်ခြေ ရှိပါတယ်။ စာရေးတယ်ဆိုတာမျိုးကလည်း ကုန်ထုတ်လုပ်ငန်းလိုမျိုးမှ မဟုတ်ဘဲ။ တကယ်လို့ အာရုံမလာဘူး၊ မု မဝင်ဘူးဆိုရင် စားပွဲရှေ့ နာရီပေါင်းများစွာ ထိုင်နေလည်း တစ်လုံးမှ ထွက်လာမှာ မဟုတ်ဘူး။ အဲ … မု ကောင်းကောင်း ဝင်ပြီဆိုရင်တော့ တစ်ခဏလေးနဲ့လည်း အများကြီး ရေးပြီးသွားနိုင်တာပဲ”

“ဦးသူရိန်အတွက် ဆိုရင်ရော …”

“စာရေးဆရာတိုင်းလိုလိုက အဲဒီလိုပဲလေ”

“ဪ …. ကျွန်တော်ကတော့ ဆရာတို့ရဲ့ စာပေလောကအကြောင်း သိပ်နားလည်တာ မဟုတ်ဘူး” ဝေဖြိုးက ခပ်မတ်မတ် ပြင်ထိုင်လိုက်တယ်။

“ငါ နားမလည်နိုင်တာက မင်းတို့ ဘာဖြစ်လို့ ဒီစာမျက်နှာအရေအတွက်နဲ့ ခေါင်းရှုပ်ခံနေရတာလဲ ဆိုတာပဲ” ကျွန်တော် ပြောလိုက်တယ်။ “သန္တာ အိမ်က ထွက်သွားတဲ့ အချိန်အထိ သူရိန်ရဲ့ အခန်းဆက်ဝတ္ထုက စ မရေးရသေးဘူး။ ဒါပေမယ့် အလောင်းကို တွေ့တဲ့အချိန်မှာ ဝတ္ထုက ရေးပြီးသလောက် ရှိနေပြီ။ ဆိုတော့ …. သူရိန် အသတ်မခံရခင် နောက်ဆုံးအချိန်အထိ သူ အလုပ်လုပ်နေခဲ့တယ်။ ဒီလိုပဲ ကောက်ချက်ဆွဲရမယ် မဟုတ်ဘူးလား”

“ဟုတ်ချင် ဟုတ်မှာပေါ့လေ” ဝေဖြိုး ခေါင်းတစ်ချက် ညိတ်လိုက်ပေမယ့် ကျေနပ်သေးပုံတော့ မရဘူး။

ဒီလို မှုခင်းထောက်လှမ်းရေး ရဲတစ်ယောက်နဲ့ အနီးကပ် ပေါင်းသင်းဆက်ဆံမိတော့မှ မှုခင်းရဲတွေက ဘယ်နေရာမှ လစ်လပ်မကျန်မိအောင် အတော်စေ့စေ့စပ်စပ် လေ့လာသုံးသပ်ကြပါလားလို့ သဘောပေါက်လာမိတယ်။

စားပွဲထိုးက ထမင်းဟင်းတွေ လာချတော့ ကျွန်တော်တို့လည်း ခဏ နှုတ်ဆိတ်သွားကြတယ်။

“ဒါနဲ့ သူရိန်ရဲ့ ရုပ်အလောင်းက ဘယ်လိုလဲ” ကျွန်တော် မေးလိုက်တယ်။ “မင်းပြောတော့ ရင်ခွဲကြည့်မှာဆို”

“ဒီနေ့ လုပ်ပြီးသွားပြီ” ပြောပြီးတော့ ဝေဖြိုးက သူ့အဖော် ရဲဘက် လှမ်းကြည့်တယ်။ “ခင်ဗျား သွားကြည့်တယ်မလား”

“ဟင့်အင်း မသွားဘူး။ ကျွန်တော်သာ သွားကြည့်ရင်ဗျာ၊ အခု ဘယ်လိုလုပ်ပြီး စားဝင်တော့မလဲဗျ” ရဲသားလေးက အသားတုံးကို ခက်ရင်းနဲ့ ထိုးနေရင်း မျက်မှောင်ကြုတ်ပြတယ်။

“ဒါလည်း ဟုတ်တာပဲ” ဝေဖြိုးက မချိပြုံးပြုံးရင်း “ဘာဖြစ်လို့ ရင်ခွဲတဲ့ကိစ္စကို မေးရတာလဲဆရာ”

“ဘာရယ်မဟုတ်ပါဘူး။ ငါစဉ်းစားနေတာ။ မင်းတို့ သေဆုံးချိန်ကို တွက်ဆလို့ ရနိုင်ပြီလားလို့”

“ကျွန်တော် အစီရင်ခံစာကို မဖတ်ရသေးဘူး။ ဒါပေမယ့် ရဖို့များပါတယ်”

“တိကျနိုင်ပါ့မလား”

“ဘာကို အခြေခံပြီး တွက်ဆမလဲ ဆိုတာအပေါ် မူတည်တာပေါ့။ ဥပမာ ….” သူက ပြောနေရင်း ရပ်သွားပြီး ခေါင်းတစ်ခါခါနဲ့ “တော်ပြီ၊ ဆက်မပြောတာပဲ ကောင်းမယ်”

“ဘာလို့လဲ”

“ဆရာ့ဟင်းလျာတွေ အရသာ ပြောင်းသွားလိမ့်မယ်” သူက ကျွန်တော့်ဟင်းပန်းကန်ကို လက်ညှိုးထိုးလိုက်တယ်။

“ဟုတ်တာပဲ” ကျွန်တော် ခေါင်းညိတ်လိုက်တယ်။ “မမေးတော့တာပဲ ကောင်းပါတယ်”

ဝေဖြိုးကလည်း ခေါင်းကို ခပ်ပြင်းပြင်း ညိတ်လိုက်တယ်။ ထမင်းစားနေစဉ်အတွင်း သူက လူသတ်မှုနဲ့ ပတ်သက်တာတွေ မပြောတော့ဘဲ လူငယ်စာပေနဲ့ ပတ်သက်တာပဲ မေးနေတော့တယ်။ ဥပမာ – အခု ဘယ်စာအုပ်တွေ လူကြိုက်များနေသလဲ၊ ကလေးတွေ စာဖတ်တဲ့ အလေ့အထ နည်းလာတာနဲ့ ပတ်သက်ပြီး ဘယ်လို မြင်သလဲ၊ စသဖြင့်ပေါ့။ ကျွန်တော်က ရှင်းပြလိုက်ပါတယ်။ ကလေးတွေ စာအုပ်မဖတ်ချင်တာက သူ့မိဘတွေနဲ့ အဓိက သက်ဆိုင်တယ် ဆိုတာပေါ့။

“လွယ်လွယ်ပြောရရင် ဒီခေတ် မိဘတွေက သူတို့ကိုယ်တိုင်လည်း စာအုပ်မဖတ်ကြတော့ဘူး။ ဒါပေမယ့် ကလေးတွေကိုကျ အတင်း ဖတ်ခိုင်းနေတယ်။ ကိုယ်တိုင်ကမှ စာအုပ်ဖတ်တဲ့ အလေ့အထ မရှိတော့ ကလေးတွေကို ဘာစာအုပ် ဖတ်ခိုင်းရမယ်မှန်းလည်း မသိကြဘူး။ ဒီတော့ ပညာရေးဌာနက ထုတ်တဲ့ စာအုပ်တွေကိုပဲ ကောင်းနိုးနိုးနဲ့ အတင်း ဇွတ်ဖတ်ခိုင်းရော။ သိတဲ့အတိုင်းပဲ၊ ဌာနက ထုတ်တဲ့ စာအုပ်တွေဆိုတာ စိတ်ဝင်စားစရာ ကောင်းတာမှ မဟုတ်တာ။ ဒီတော့ ကလေးတွေက စာအုပ်မြင်ရင်ကိုပဲ ကြောက်လန့်ကုန်တာပေါ့”

ကျွန်တော် သုံးသပ်ပြတာကို ရဲသားကြီးနှစ်ယောက်က စားနေရင်း နားထောင်နေကြတယ်။ ဘယ်အတိုင်းအတာထိ နားလည်သွားသလဲတော့ မပြောတတ်ပါဘူး။

ထမင်းစားလို့ပြီးတော့ ကော်ဖီတစ်ခွက်စီနဲ့ ငြိမ့်နေကြတယ်။

“ဆရာ၊ တစ်လိပ်လောက် သုံးဆောင်ပါဦး” ဝေဖြိုးက ဆေးလိပ်ဗူးကို ဖွင့်လျက်နဲ့ ကျွန်တော်အရှေ့ ထိုးပေးတယ်။

“မသောက်တော့ပါဘူး” ကျွန်တော် ပြောလိုက်တယ်။

“ဗျာ၊ ဆရာ ဆေးလိပ်ဖြတ်ထားတာလား”

“အင်း နှစ်နှစ်ရှိပြီ။ ဆရာဝန်က မသောက်ခိုင်းဘူး။ အစာအိမ်မကောင်းလို့တဲ့”

“ဒီလိုမှန်းသိရင် ကျွန်တော် အပြင်ထွက်သောက်ပါတယ်ဗျာ” သူက အားတောင့်အားနာနဲ့။ “ကျွန်တော်က စာရေးဆရာတိုင်း ဆေးလိပ်သောက်တယ် ထင်နေတာ။ ဦးသူရိန်ကလည်း ဆေးလိပ်ချိုးပဲ မဟုတ်လား”

“ဟုတ်တယ်။ သူအလုပ်လုပ်ရင် တစ်ခန်းလုံး မီးခိုးတွေ မွှန်ထူနေတာပဲ။ မသိတဲ့သူက ခြင်နိုင်ဆေးငွေ့ ဖျန်းထားတယ် ထင်ကြမှာ”

“မနေ့ည အလောင်းကို တွေ့တုန်းကရော ဘယ်လိုလဲ။ အခန်းထဲ မီးခိုးတွေ အူမနေဘူးလား”

“အဲ့တုန်းက စိတ်တွေ ရှုပ်ထွေးနေတာကွာ။ ခဏ စဉ်းစားပါရစေဦး” ကျွန်တော် ကော်ဖီတစ်ကျိုက် မော့သောက်လိုက်ပြီး “မီးခိုးတွေ နည်းနည်းတော့ ရှိမယ် ထင်တယ်။ ဟုတ်တယ် ဟုတ်တယ်။ နည်းနည်းရှိတယ်”

ဝေဖြိုးက သူ့မှတ်စုစာအုပ်ကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်ပြီး “ကျွန်တော် အတည်ပြုချင်တဲ့ ကိစ္စတစ်ခု ရှိနေသေးတယ်။ ဆရာ ဦးသူရိန်အိမ်ကို ၈ နာရီရောက်တယ် ဆိုတာနဲ့ ပတ်သက်လို့ပေါ့”

“အင်း”

“အဲဒီတုန်းက လူခေါ်ခေါင်းလောင်း တီးလို့ ဘယ်သူမှ ထွက်မလာဘူး။ အိမ်ထဲမှာလည်း မှောင်မဲနေတာနဲ့ သူ့ဇနီး ဒေါ်သန္တာရှိတဲ့ ဟော်တယ်ဆီ ဆရာ ဖုန်းဆက်လိုက်တယ်။ အဲဒီလို မဟုတ်လား”

“ဟုတ်တယ်”

“အခန်းထဲမှာ” ဝေဖြိုးက ကျွန်တော်ကို သေချာစိုက်ကြည့်ပြီး “လုံးဝမဲမှောင်နေတာပဲဆိုတာ သေချာလား ဆရာ”

“လုံးဝမှောင်နေတာ။ သေချာတယ်” ကျွန်တော် သူ့မျက်လုံးကို ကြည့်ပြီး ပြန်ဖြေလိုက်တယ်။

“ဒါပေမယ့် ခြံတံခါးကနေဆိုရင် အလုပ်ခန်း ပြတင်းပေါက်ကို မြင်ရတာ မဟုတ်ဘူးလေ။ ဆရာ ခြံထဲ ဝင်ကြည့်သေးတာလား”

“ဟင့်အင်း။ ဒါပေမယ့် အလုပ်ခန်းမီးတွေ ဖွင့်မထားပါဘူး။ ခြံတံခါးကနေ ကိုယ်လေး နည်းနည်း ယို့ပြီး ကြည့်လိုက်ရင် သိနိုင်ပါတယ်”

“ဪ” ဝေဖြိုးရဲ့ အမူအရာက သံသယရှိနေသေးပုံ။

“အလုပ်ခန်းရဲ့ ပြတင်းပေါက်နားမှာ ပိတောက်ပင်ကြီး တစ်ပင်ရှိတယ်။ တကယ်လို့ အခန်းမီး လင်းနေမယ်ဆိုရင် အဲဒီ အပင်ကြီးရဲ့ ပိတောက်ပွင့်တွေကို ကောင်းကောင်း မြင်နေရမှာ”

“ဟုတ်တာပေါ့” ဝေဖြိုးတို့ နှစ်ယောက်လုံး အပြန်အလှန် ခေါင်းညိတ်ရင်း “အခုမှ သဘောပေါက်တယ်”

“ဒီကိစ္စက သိပ် အရေးကြီးလို့လား”

“မဟုတ်ပါဘူးဗျာ၊ အလုပ်သဘောပေါ့။ ဒီလိုကိစ္စမျိုးလေးတွေကိုတောင် သေသေချာချာ မတင်ပြနိုင်ရင် အထက်က ကျွန်တော်တို့ကို ထောင်းလိမ့်မယ်ဗျ”

“သိပ်တင်းကျပ်တာပါလား”

“ဘယ်အလုပ်မှာမဆို ဒီလိုပါပဲဗျာ” ဝေဖြိုးရဲ့ မျက်လုံးမှာ အတိတ်တွေ ရစ်ဝဲလျက် ပြုံးပြတယ်။

“ဒါနဲ့ အမှုစစ်ဆေးနေတာ ဘယ်လိုလဲ။ သဲလွန်စ အသစ်တွေ ရပြီလား” ကျွန်တော်က ရဲဘော်နှစ်ယောက်စလုံးကို ဝေ့ကြည့်လိုက်ပြီး ဝေဖြိုးဆီမှာ အကြည့်တွေ ရပ်ထားလိုက်တယ်။

“အခုမှ စလုံးရေးစ ပဲ” ဝေဖြိုးက တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေတယ်။ ဒါတွေက မှုခင်းလျှို့ဝှက်ချက်တွေပါ ဆိုတဲ့ အထာမျိုးနဲ့။

“တီဗီသတင်းမှာတော့ မစီစဉ်ထားဘဲ လူသတ်မှုက ရုတ်တရက် ဖြစ်ပေါ်တာလိုလို ပြောနေကြတယ်။ သူခိုးက တစ်ခုခု ခိုးဖို့ အိမ်ထဲ ခိုးဝင်ပြီး သူရိန်နဲ့ မထင်မှတ်ဘဲ ရုတ်တရက် ထိပ်တိုက်ဆုံမိကြလို့ မတော်တဆ လူသတ်မှု ဖြစ်သွားတယ်လို့ ထင်ကြေးပေးနေကြတယ်”

“လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး”

“ဒါပေမယ့် ဒီကောက်ချက်ကို ခင်ဗျား လုံးဝ မယုံနိုင်သေးဘူး မဟုတ်လား” ရဲသားလေးက ပြောတယ်။

“ဟုတ်တယ်” ဝေဖြိုးက သူ့ရဲဘော်ကို တစ်ချက် စွေကြည့်လိုက်ပြီး “ကျွန်တော့် အမြင်အရတော့ အဲဒီလို ဖြစ်နိုင်ခြေက တော်တော်နည်းတယ်”

“ဘာဖြစ်လို့လဲ”

“များသောအားဖြင့် ဖောက်ထွင်းဝိဇ္ဇာ အတော်များများက တံခါးမကြီးကနေပဲ ဝင်ကြတာများတယ်။ ဒါမှ အခြေအနေ မကောင်းရင်လည်း တံခါးမကြီးကနေပဲ လွယ်လွယ်နဲ့ ပြန်ထွက်လို့ ရမှာ။ ဒါပေမယ့် သိတဲ့အတိုင်းပဲ၊ တံခါးမကြီးက သော့ခတ်ထားတယ်”

“သူခိုးတွေက အိမ်ထဲဝင်သွားပြီး သူတို့ဘာသာ ပြန်ပိတ်လိုက်တာမျိုးရော မဖြစ်နိုင်ဘူးလား”

“တံခါးမကြီးကို လော့ချဖို့ဆိုရင် အိမ်ထဲကနေ ပိတ်ချင်ပိတ်၊ ဒါမှမဟုတ် အပြင်ကနေမှ သော့နဲ့ ပိတ်ရမယ်။ တံခါးသော့က စုစုပေါင်း သုံးချောင်းရှိတယ်။ နှစ်ချောင်းက ဒေါ်သန္တာဆီမှာ။ တတိယအချောင်းက ဦးသူရိန်ရဲ့ ဘောင်းဘီအိတ်ထဲမှာ”

“ဒါပေမယ့် သူခိုးက ပြတင်းပေါက်ကနေ ကျော်ဝင်လာတာမျိုးလည်း ရှိနိုင်တာပဲ မဟုတ်လား”

“မှန်တာပေါ့။ ဒါပေမယ့် သူတို့တွေက တစ်အိမ်အိမ်ကို မဖောက်ထွင်းခင်မှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရသေးတယ်လေ။ ခိုးမယ့်အိမ်ကို ပထမဆုံး သတ်မှတ်ရမယ်။ ပြီးတော့ အဲဒီအိမ်ရဲ့ လူဝင်လူထွက်နဲ့ ပတ်ဝန်းကျင်အခြေအနေတွေ၊ လမ်းသွားလမ်းလာ စသဖြင့် သူတို့ မလှုပ်ရှားခင် ကြိုတင်ပြီး လေ့လာထားကြရတာကိုး”

“ဒီတော့ မဖြစ်နိုင်ဘူးလို့ ပြောစရာ ရှိလို့လား”

“အင်း” ဝေဖြိုးက သွားပေါ်အောင် ပြုံးလိုက်ပြီး “တကယ်လို့သာ တစ်ဦးတစ်ယောက်က ကြိုတင်လေ့လာထားမယ်ဆိုရင် ဒီအိမ်ထဲမှာ ခိုးချင်စရာ တန်ဖိုးကြီးကြီး ဘာတစ်ခုမှ မရှိတော့ဘူးဆိုတာ ကြိုသိနေမှာပဲ”

“ဟုတ်တာပေါ့” ကျွန်တော် ပါးစပ်ဟလျက်သားနဲ့ သူတို့ နှစ်ယောက်ကို ကြည့်နေမိတယ်။ သူတို့ကတော့ ပြုံးလျက်။

“ကျွန်တော်ထင်တာက ….” ဝေဖြိုးက ဆက်မပြောသေးဘဲ တစ်ချက် တွေဝေးပြီးခါမှ “လူသတ်သမားဟာ သူ့ကို သိတဲ့သူပဲ ဖြစ်ရမယ်”

“ကြည့်၊ အဖြေထွက်လာပြီ မဟုတ်လား”

“ဒီစကားကို ဒီမှာပဲ ရပ်ကြစို့ရဲ့” ဝေဖြိုးက လက်ညှိုးကိုထောင်ရင်း နှုတ်ခမ်းကို ပိတ်ပြလိုက်တယ်။

“အား …. သဘောပေါက်တယ်” ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။

ခဏနေတော့ သူက ရဲဘော်လေးကို မျက်စတစ်ချက် ပစ်ပြလိုက်တော့ ရဲဘော်လေးက ဘေလ်ကို ကိုင်ပြီး မတ်တတ်ထရပ်လိုက်တယ်။

“ငါ ဧည့်ခံပါရစေကွာ”

“မလုပ်ပါနဲ့” ဝေဖြိုးက လက်နဲ့ လှမ်းတားရင်း “ကျွန်တော်တို့က မဖိတ်ဘဲ ရောက်လာကြတာလေ”

“အားနာစရာကြီး”

“ကိစ္စမရှိပါဘူး ဆရာ”

ရဲဘော်လေး ကောင်တာမှာ ငွေရှင်းနေတာကို ကျွန်တော် စိုက်ကြည့်နေမိတယ်။ နည်းနည်းကြာတော့ စိတ်ထဲမှာ ထူးဆန်းသလိုလို ဖြစ်လာတယ်။ ကြာသင့်တာထက် ပိုကြာနေပြီး ရဲဘော်လေးက ကောင်တာမှာ ကောင်မလေးနဲ့ စကားပြောနေတယ်။ ကောင်မလေးက ကျွန်တော့်ကို လှမ်းကြည့်နေရင်းနဲ့ သူမေးနေတာကို အဖြေပေးနေသလိုလို။

“ဆောရီးပါဆရာ” ဝေဖြိုးက တစ်ချိန်လုံး ကျွန်တော့်ကိုပဲ စိုက်ကြည့်နေခဲ့တာကိုး။ အမူအရာ တစ်ချက်မပျက်ဘဲ “ဆရာ့အတွက် အလီဘိုင် သေချာအောင်လို့ပါ”

“ငါ့အတွက် …”

“ဟုတ်ပါတယ်” သူခပ်ပြုံးပြုံးနဲ့ “ကျွန်တော်တို့ ရင်သွေးစာအုပ်တိုက်က ကိုဦးဆီ ဆက်သွယ်ပြီး အတည်ပြုပြီးပါပြီ။ ဒါပေမယ့် ရဲဌာနအနေနဲ့ ရနိုင်သမျှ သက်ဆိုင်တဲ့ သက်သေအထောက်အထားတွေ စုစည်းပေးရတာကြောင့်ပါ။ ခွင့်လွှတ်ပါ ဆရာ”

“ဒါကြောင့် ဒီဆိုင်ကို ရွေးရတာလား”

“မနေ့က လာတဲ့ အချိန်နဲ့သာ မတူခဲ့ရင် စားပွဲထိုးကလည်း တခြားတစ်ယောက် ပြောင်းချင် ပြောင်းသွားမှာ”

“သိပ်ဟုတ်တဲ့ ကောင်ပဲကွာ” ကျွန်တော့်ရင်ထဲကလည်း ချီးကျူးနေမိတယ်။

ရဲသားလေး ပြန်ရောက်တော့ ဝေဖြိုးက မေးလိုက်တယ်။ “အချိန်တွေက ယုတ္တိယုတ္တာ ရှိတယ်မလား”

“ဟုတ်၊ ရှိပါတယ်”

“သိပ်ကောင်းတာပေါ့” ပြောပြီး ဝေဖြိုးက စိတ်လက်ပေါ့ပါးစွာ ကျွန်တော့်ကို မျက်စိတစ်ဘက် မှိတ်ပြတယ်။

ကျွန်တော်တို့ စားသောက်ဆိုင်ကနေ ထွက်လာကြပြီး မကြာခင်မှာ ဒီအဖြစ်အပျက်ကြီး တစ်ခုလုံးကို မှတ်တမ်းရေးထားတဲ့အကြောင်း ကျွန်တော် ပြောပြလိုက်မိတယ်။ ဝေဖြိုးက အတော် စိတ်ဝင်စားသွားပုံပဲ။ တကယ်လို့သာ မှတ်တမ်းအကြောင်း မပြောဖြစ်ခဲ့ရင်တော့ ဝေဖြိုးတို့နှစ်ယောက်နဲ့ တိုက်အောက်မှာတင် လမ်းခွဲပြီး ကိုယ့်အိမ်ကိုယ် ပြန်ကြရုံပဲပေါ့။

“ဒီလို အတွေ့အကြုံမျိုးက ဒီတစ်သက် နောက်တစ်ခါထပ်ရဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ဒါကြောင့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ မှတ်တမ်းတင်ထားမယ် စိတ်ကူးမိတာ။ စာရေးဆရာတစ်ယောက်ရဲ့ မနေနိုင်မထိုင်နိုင်တဲ့ ဉာဉ်တစ်ခုလို့ပဲ သဘောထားလိုက်ပေါ့ကွာ”

ကျွန်တော် အဲဒီလို ပြောလိုက်တော့ ဝေဖြိုးက ဘာတွေ စဉ်းစားနေသလဲ မသိဘူး။ ငြိမ်နေပြီး တစ်ခဏကြာတော့မှ “ကျွန်တော် ဖတ်ကြည့်လို့ရမလား”

“ကြည့်ချင်တယ် … မင်းက … မဖြစ်ဘူး၊ မဖြစ်ဘူး။ ငါက သူများ ဖတ်ရအောင်ဆိုပြီး ရေးထားတာမျိုးမှ မဟုတ်ဘဲ”

“လုပ်ပါဗျာ” သူ တောင်းတောင်းပန်ပန်နဲ့။

“ချမ်းသာပေးပါကွာ။ ငါ ရေးထားတဲ့ အကြောင်းအရာတွေကလည်း စောနက အကုန်လုံး ဆွေးနွေးခဲ့ပြီးသားပဲကိုး”

“ကိစ္စမရှိပါဘူးဗျာ”

“တကယ် မနိုင်ဘူးပဲ” ကျွန်တော် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး “ဒါဆိုလည်း အပေါ်လိုက်ခဲ့ပြီး ခဏထိုင်ကြဦး။ မိတ္တူဆွဲပေးလိုက်မယ်”

“ကျေးဇူးပါ ဆရာ” ဝေဖြိုးက ပြောတယ်။

အခန်းပြန်ရောက်တော့ ကျွန်တော်က မိတ္တူစက် ဖွင့်လိုက်တယ်။ ဝေဖြိုးက ဟိုကြည့်ဒီကြည့်နဲ့။

“ဆရာက လက်နှိပ်စက် သုံးတုန်းလား”

“ဟုတ်တယ်”

“ဦးသူရိန်က ကွန်ပျူတာ သုံးနေပြီနော်”

“သူက ခေတ်မီချင်တဲ့သူလေ” ကျွန်တော်က ပြောလိုက်တယ်။ “အင်တာနက်သုံးမယ်၊ အီးမေးလ်ပို့မယ်။ အွန်လိုင်းဂိမ်း ဆော့မယ်။ သူကတော့ ဘာလုပ်လုပ် ကွန်ပျူတာနဲ့ပဲ”

“ဆရာရော ကွန်ပျူတာ မသုံးဘူးလား”

“ဒါဆိုရင်ပဲ လုံလောက်ပါပြီ”

“စာမူတွေကို အိမ်အထိ လာယူကြတာလား။ စာအုပ်တိုက်က လူတွေလေ”

“မဟုတ်ဘူး။ များသောအားဖြင့် Fax နဲ့ပဲ ပို့ဖြစ်တာပါ” ကျွန်တော် အခန်းထောင့်က Fax ကို လက်ညိုးထိုးပြလိုက်တယ်။

“မနေ့ကတော့ စာအုပ်တိုက်က လူကိုယ်တိုင် လာယူသွားတယ်နော်” ဝေဖြိုး ခေါင်းထောင်ကြည့်တယ်။ ကျွန်တော် စိတ်ထင်လို့ပဲလား မသိဘူး။ သူ့မျက်လုံးထဲမှာ နက်နဲတဲ့ ပဟေဠိတစ်ခု ရှိနေသလိုပဲ။ ဝေဖြိုးပြောခဲ့တဲ့ စကားတစ်ခွန်းကို ကျွန်တော် အမှတ်ရနေတယ်။ လူသတ်သမားက သူရိန်ရဲ့ အသိမိတ်ဆွေထဲက တဲ့။

“လူလူချင်းတွေ့ပြီး ဆွေးနွေးကြရတာမျိုးတွေ ရှိတတ်တယ်လေ။ ဒါကြောင့်လည်း မနေ့က အိမ်ကို တကူးတက ခေါ်တွေ့ပြီး စာမူအပ်ရတာ”

ဝေဖြိုးက ကျွန်တော်ရဲ့ အဖြေကို ခေါင်းတညိတ်ညိတ်နဲ့ နားထောင်ရင်း တုဏှိဘာဝေ လုပ်နေတယ်။

အကုန်လုံး မိတ္တူဆွဲပြီးတော့ သူ့ကို လှမ်းပေးလိုက်တယ်။ “ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းကို မပြောမိတဲ့ အကြောင်းအရာတစ်ခု ရှိတယ်”

“တကယ် …” ဝေဖြိုးက အံ့ဩသွားတဲ့ ပုံမျိုးတော့ မဟုတ်ဘူး။

“မင်း ဖတ်ကြည့်ရင် တွေ့ပါလိမ့်မယ်။ အမှုနဲ့ မပတ်သက်ဘူး ထင်လို့ မပြောခဲ့မိတာ။ သူစိမ်းတစ်ယောက်အပေါ် မလိုအပ်ဘဲ သံသယ မဖြစ်စေချင်တာလည်း ပါပါတယ်”

ကျွန်တော် ဆိုလိုတာက သူရိန်နဲ့ကြောင် ကိစ္စလေ။

“ကျွန်တော် နားလည်ပါတယ်။ ဒီလိုမျိုးတွေ ရှိလိမ့်ဦးမယ်လို့လည်း မျှော်လင့်ထားပြီးသားပါ” မှတ်တမ်းစာရွက်တွေကို လှမ်းယူပြီး နှုတ်ဆက်ထွက်ခွာ သွားကြတယ်။ သူတို့ ထွက်သွားတာနဲ့ ဒီနေ့တစ်နေ့တာ ဖြစ်ပျက်ခဲ့သမျှကို ကျွန်တော် ဆက်ပြီး ချရေးလိုက်တယ်။ နောက်ရက်တွေအတွက်လည်း သူတို့ ဖတ်ချင် ဖတ်နေဦးမှာ။ သူတို့ ဖတ်ဖတ် မဖတ်ဖတ်၊ အဲဒီအကြောင်း မတွေးတာပဲ ကောင်းမယ် ထင်တယ်။ တွေးနေလည်း ဘာထူးမှာမို့လဲ။

****

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *