Show contents

(ဆ)

စိတ်ချရအောင် မဇင်မာအောင်ရဲ့ အသိမိတ်ဆွေတွေကို အဲဒီဓာတ်ပုံပြပြီး အတည်ပြုချက် ယူခဲ့ကြတယ်။ ဦးသူရိန်အိမ်ကို အဝင်အထွက် ရှိခဲ့ဖူးတဲ့ အယ်ဒီတာတွေနဲ့ အိမ်နီးချင်းတွေကို မေးကြည့်တော့ အကုန်လုံးက မဇင်မာအောင်ရဲ့ ဓာတ်ပုံဖြစ်ကြောင်း တညီတညွတ်တည်း ထောက်ခံကြတယ်။

မေးစရာ ပေါ်လာပြီ။ ဦးပေါ်လွင်ဆီမှာ ဘာအတွက်ကြောင့် မဇင်မာအောင်ရဲ့ ဓာတ်ပုံ ရှိနေရတာလဲ။

ဒီအဖြေကို ရဖို့အတွက် ရှုပ်ရှုပ်ထွေးထွေး စဉ်းစားနေစရာ မလိုပါဘူး။ သူ့တိုက်ခန်းမှာ တွေ့ခဲ့ရတဲ့ ခါးစည်းအဝတ်ရဲ့ ပိုင်ရှင်၊ ရွှေဆွဲကြိုးကို လက်ခံမယ့်သူ၊ သူ့ရဲ့ အပန်းဖြေခရီးအတွက် အဖော်မွန်ဟာ မဇင်မာအောင်ပဲ ဖြစ်ရလိမ့်မယ်။ ဟော်တယ်ဘွတ်ကင်မှာ ပါတဲ့ ‘ဇင်မာအေး’ ဆိုတာ ‘မဇင်မာအောင်’ ပဲ ဖြစ်မယ်လို့ ချဲ့တွေးလို့ ရတယ်။ လွန်ခဲ့တဲ့ ၇ နှစ်က မဇင်မာအောင်ဟာ ဦးသူရိန်နဲ့ အိမ်ထောင်ကျပြီးသား ဖြစ်နေတာမို့ သူနဲ့ ဦးပေါ်လွင်ရဲ့ ဆက်ဆံရေးဟာ အထက်က တွက်ဆသလိုသာ ဖြစ်နေခဲ့ရင် နောက်မီးလင်းတာလို့ပဲ ပြောရတော့မယ်။ ဦးပေါ်လွင်ဟာ ဦးသူရိန်နဲ့ လွန်ခဲ့တဲ့ ၇ နှစ်က ပြန်ဆုံခဲ့ကြပြီး မဇင်မာအောင်ဟာ လွန်ခဲ့တဲ့ ၅ နှစ်က ဆုံးတာဆိုတော့ ကြားထဲမှာ ၂ နှစ် အချိန်ရှိတယ်။ သဘောက အဲဒီ ၂ နှစ်အတွင်းမှာ ဦးပေါ်လွင်နဲ့ မဇင်မာအောင်တို့ရဲ့ အချစ်ဇာတ်လမ်းတွေ ပေါက်ဖွားခဲ့တယ်ပေါ့။

ဒါတွေက ကျွန်တော်ရဲ့ တစ်ဦးတည်း အမြင်ဆိုပေမယ့် ဒီအမှုနဲ့ လုံးဝ မပတ်သက်ပါဘူးလို့တော့ ပြောလို့မရဘူး။ ဦးပေါ်လွင်ဟာ လူသတ်ရတဲ့ အကြောင်းအရင်းကို လုံးဝ နှုတ်ပိတ်နေတာက ဒီကိစ္စနဲ့ တစ်နည်းမဟုတ် တစ်နည်း ပတ်သက်နေရမယ်။

ဦးပေါ်လွင်ဟာ ဦးသူရိန်ရဲ့ ရှဲဒိုးစာရေးဆရာ ဖြစ်ရမယ်ဆိုတဲ့ ကျွန်တော်ရဲ့ ယူဆချက်ကလည်း လွဲစရာ မရှိဘူး။ အခု သိထားရသမျှ အချက်အလက် အတော်များများက အဲဒီ အယူအဆကို ထောက်ခံနေကြတယ်။ ဒါပေမယ့် ဘာဖြစ်လို့ ဦးပေါ်လွင်က ဦးသူရိန် ခြယ်လှယ်သမျှ ခေါင်းငုံ့ခံနေရတာလဲ။ ကျွန်တော် နားမလည်နိုင်သေးတာက ရဲဌာနရဲ့ စုံစမ်းထားမှုအရ သိရသလောက် ဆိုရင် ဦးပေါ်လွင်နဲ့ ဦးသူရိန်တို့ နှစ်ယောက်အကြားမှာ ဘာအပေးအယူမှ မတွေ့ရဘူး။ အခုတလော အယ်ဒီတာတွေနဲ့ ဆွေးနွေးကြည့်မှ သိလာရတာက – စာရေးဆရာတစ်ယောက်အနေနဲ့ ကိုယ်ပိုင် လုံးချင်းစာအုပ် ထုတ်ဝေနိုင်ဖို့ဆိုရင် ငွေရှိဖို့ထက် စာဖတ်ပရိသတ်ရဲ့ အသိအမှတ်ပြုမှုက ပိုအရေးကြီးကြောင်း နားလည်လာရတယ်။

ဦးသူရိန်အနေနဲ့ ဦးပေါ်လွင်ကို အကျပ်ကိုင်လို့ ရနိုင်တဲ့ အခြေအနေများ ရှိနေလို့လား။ ရှိတယ်ဆိုရင်ရော ဘာဖြစ်နိုင်မလဲ။

ဒီနေရာမှာ ဦးပေါ်လွင်နဲ့ မဇင်မာအောင်တို့ရဲ့ ဇာတ်လမ်းကို ထည့်မစဉ်းစားလို့ကို မရတော့ဘူး။ သူ့မိန်းမနဲ့ ဦးပေါ်လွင်တို့နှစ်ယောက် နောက်မီးလင်းနေတဲ့ အကြောင်းကို ဦးသူရိန်က ဖမ်းမိသွားလို့ အကျပ်ကိုင်ပြီး ဦးပေါ်လွင်ကို နောက်ကွယ်ကနေ စာရေးခိုင်းခဲ့တာပဲလား။ အဲဒီလို ဆိုရင်လည်း မဇင်မာအောင် ဆုံးပြီးတဲ့နောက် ဘာဖြစ်လို့ ဆက်ပြီး ရှဲဒိုး ရေးပေးနေရသေးတာလဲ။

ဘာပဲဖြစ်ဖြစ် ဦးပေါ်လွင်နဲ့ သူတို့လင်မယားနှစ်ယောက် ကြားမှာရှိတဲ့ ဆက်ဆံရေးကို ထပ်စုံစမ်းမှ ဖြစ်လိမ့်မယ်။ ခက်တာက သူတို့ လင်မယားနှစ်ယောက်စလုံး ဆုံးပါးသွားကြပြီဆိုတော့ မေးလို့ မရတော့ဘူး။ အဲဒီလို စဉ်းစားနေတုန်းမှာပဲ အတွေးထဲကို ဒေါ်သန္တာရဲ့ စကားတစ်ခွန်း ရုတ်တရက် ပေါ်လာတယ်။ မဇင်မာအောင်ဟာ မတော်တဆ ကားတိုက်ပြီး သေတာမဟုတ်ဘူးလို့ ဦးပေါ်လွင်က သံသယရှိသတဲ့။ သူ ဘာဆိုလိုတာလဲ။ မတော်တဆ မဟုတ်ဘူးဆိုရင်ရော ဘာဖြစ်မှာလဲ။

ဒါနဲ့ ကျွန်တော် အဲဒီ ယာဉ်တိုက်မှုကို စပြီး လေ့လာရပြန်တယ်။ လွန်ခဲ့တဲ့ ၅ နှစ်၊ မတ်လ ၁၆ ရက်နေ့၊ ည ၁၁ နာရီ ပတ်ဝန်းကျင်မှာ မဇင်မာအောင်ဟာ စားစရာဝယ်ဖို့ ကုန်စုံဆိုင်ဆီ သွားရင်း လမ်းမှာ ကုန်ကားတိုက်ပြီး ဆုံးရှာသတဲ့။ အခင်းဖြစ်တဲ့နေရာက လမ်းအချိုးကွေ့လေးမှာ ဖြစ်ပြီး အဲဒီညက မိုးဖွဲဖွဲ ရွာနေခဲ့တယ်။

ရဲဌာနက သုံးသပ်ချက်အရ ကားဆရာရဲ့ ပေါ့ဆမှုလို့ သတ်မှတ်တယ်။ ကားတစ်စီးနဲ့ လူတစ်ယောက်၊ မတော်တဆ ယာဉ်တိုက်မှု ဖြစ်ကြပြီဆိုရင် ကားသမားရဲ့ ပေါ့ဆမှုလို့ပဲ ပုံမှန်အားဖြင့် သုံးသပ်ကြရတာပဲ။ ဒါပေမယ့် အမှုစစ်မှတ်တမ်းအရ ကားဆရာကတော့ သူ့အပြစ်ပါလို့ ဝန်မခံဘူး။ မဇင်မာအောင်က မြင်ကွင်းထဲ ရုတ်တရက် ပေါ်လာပြီး ကားလာနေတာ မြင်လျက်နဲ့ လမ်းပေါ် အတင်းဖြတ်ပြေးတယ်လို့ ထွက်ဆိုခဲ့တယ်။ ဒါမျိုးက မျက်မြင်သက်သေမှ မရှိဘူးဆိုရင် အဲဒီကားဆရာ ကံဆိုးမိုးမှောင် ကျတယ်လို့ပဲ ပြောရတော့မယ်။ ဒီလို ထွက်ဆိုချက်မျိုးက ယုံရတာတော့ မဟုတ်ဘူး။ လူတစ်ယောက်ကို ကားနဲ့တိုက်မိလို့ သေမှုသေခင်း ဖြစ်ကြပြီဆိုရင် ဘယ်ကားဆရာမဆို အတိုက်ခံရတဲ့လူကို အရင်ဆုံး အပြစ်ဖို့တော့တာပဲ။

ကားဆရာရဲ့ ထွက်ဆိုချက်ကို အတည်ယူပြီး စဉ်းစားကြည့်မယ်ဆိုရင်၊ ဒါမှမဟုတ် ဦးပေါ်လွင်ပြောခဲ့သလို သွေးရိုးသားရိုး မဟုတ်ဘူးဆိုရင် ဖြစ်နိုင်ခြေက နှစ်ခုပဲ ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာလား။ အသတ်ခံရတာလား။

အသတ်ခံရတယ်ပဲ ဆိုကြပါစို့။ တကယ်လို့ သူ့ကို တခြားလူတစ်ယောက်က ကားရှေ့ရောက်အောင် တွန်းထုတ်ပြီး ကားတိုက်အောင် တမင် လုပ်တာဆိုရင်လည်း အခင်းဖြစ်ချိန်မှာ တခြားလူတစ်ယောက်ယောက်တော့ အနားမှာ ရှိနေရမယ်။ ကားလာချိန်ကို စောင့်ပြီး ကားတစ်စီးစီး အနားရောက်ပြီဆိုမှ သူ့ကို တွန်းထုတ်ရတာဆိုတော့ ကားဆရာအနေနဲ့ တွန်းတဲ့သူကို မမြင်ဘဲ မနေလောက်ဘူး။

ဒီတော့ ဖြစ်နိုင်ခြေက တစ်ခုပဲ ရှိတော့တယ်။ မဇင်မာအောင် သေရတာဟာ မတော်တဆ ယာဉ်တိုက်မှုကြောင့် မဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် သတ်သေတယ်လို့ ဦးပေါ်လွင်က ယူဆပုံရတယ်။ ဦးပေါ်လွင်က ဘာဖြစ်လို့ အဲဒီလို ယူဆရတာလဲ။ အဲဒီလို ယူဆဖို့ သူ့မှာ ဘာသက်သေရှိလို့လဲ။ သူ မသေခင် နှုတ်ဆက်စာမျိုး ရေးပို့ခဲ့လို့လား။ မဇင်မာအောင် သေကြောင်းကြံနိုင်တယ်လို့ သိနေတာကရော သူတို့ရဲ့ တိတ်တခိုး အချစ်ဇာတ်လမ်းနဲ့ သက်ဆိုင်နေရော့သလား။ သူ ဖောက်ပြန်တာကို ယောက်ျားလုပ်တဲ့သူက သိသွားလို့ သူ့ယောက်ျားကို မရင်ဆိုင်ရဲတာနဲ့ပဲ သေကြောင်းကြံသွားတာလား။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ မဇင်မာအောင်အကြောင်းကို အသေးစိတ် စုံစမ်းရတော့မယ်။ အထက်အရာရှိရဲ့ ခွင့်ပြုချက် ရတာနဲ့ ကျွန်တော်တို့ သူ့မိဘအိမ်ကို သွားပြီး စုံစမ်းခဲ့ကြတယ်။ သူ့ရဲ့ မိဘနှစ်ယောက်စလုံး အခုထိ သက်ရှိထင်ရှား ရှိနေကြတုန်းပဲ။ ဒါပေမယ့် ကျွန်တော်တို့ သူ့တို့အိမ် ရောက်သွားချိန်မှာတော့ အဘိုးကြီးက အလုပ်ကိစ္စနဲ့ အပြင်ထွက်သွားတယ်။ သူ့ရဲ့အမေက အရပ် ပုပျပ်ပျပ်ဆိုပေမယ့် အင်မတန် တည်ကြည်ခံ့ညားတဲ့ အမျိုးသမီးကြီး တစ်ယောက်ပဲ။

ကျွန်တော်တို့ ရောက်လာတဲ့အတွက် သူတို့ သိပ်အံ့ဩတဲ့ပုံ မပေါ်ဘူး။ ဦးသူရိန် အသတ်ခံရတဲ့သတင်းကို ကြားပြီးကတည်းက တစ်နေ့နေ့တော့ ရဲတွေ သူတို့ဆီ ရောက်လာကြဦးမှာပဲလို့ မျှော်လင့်ထားပုံ ရတယ်။

သူ့ရဲ့ သမက်အပေါ် ဘယ်လို မြင်သလဲလို့ ကျွန်တော် မေးကြည့်ခဲ့တယ်။

“စာရေးဆရာဆိုတဲ့ လူမျိုးတွေကိုယ်နှိုက်က စိတ်လှုပ်ရှားလွယ်ကြတယ် ထင်ပါရဲ့ကွယ်။ တစ်ခါတလေ အလုပ်မှာ အဆင်မပြေတာတွေနဲ့ ကြုံရင် ထိန်းမနိုင်သိမ်းမရ ပေါက်ကွဲတတ်ကြတယ်လေ။ သမီးက အဲဒီအကြောင်း တစ်ခါတစ်ခါ ငြီးနေတတ်တယ်။ များသောအားဖြင့်ကတော့ လင်ကောင်းတစ်ယောက်လို့ ပြောရမှာပါပဲ။ သမီးအပေါ်မှာ အတော်လေး ဂရုစိုက်ရှာတယ်”

သူပြောတာ အမှန်ပဲလား၊ ဒါမှမဟုတ် လောကွတ်လားဆိုတာ ကျွန်တော် မဝေခွဲတတ်ဘူး။ အသက်ကြီးသူတွေရဲ့၊ အထူးသဖြင့် မိန်းမတွေရဲ့ တွေးပုံခေါ်ပုံကို ကျွန်တော် နားမလည်နိုင်တာပဲ များတယ်။

မဇင်မာအောင်နဲ့ ဦးသူရိန်တို့က ကြော်ငြာကုမ္ပဏီတစ်ခုတည်းမှာ အတူတူ အလုပ်လုပ်ကြရင်း ရင်းနှီးခဲ့ကြတာလို့ ပြောတယ်။ ဒီကိစ္စကိုလည်း ကျွန်တော်တို့ စုံစမ်းထားခဲ့ပြီးသား။ ဦးသူရိန်ဟာ အဲဒီ ကုမ္ပဏီမှာ နှစ်နှစ် အလုပ်လုပ်ခဲ့တယ်။ သူတို့နှစ်ယောက် သမီးရည်းစား ဖြစ်နေကြတုန်းမှာပဲ ဦးသူရိန်က စာအုပ်တိုက်ဘက် အလုပ်ပြောင်းသွားတယ်။ ပြောင်းပြီး မကြာခင် သူတို့ လက်ထပ်ခဲ့ကြတယ်။ အဲဒီနောက်တော့ ဦးသူရိန်ဟာ ကလောင်သစ်ဆုကို ရပြီး အချိန်ပြည့် စာရေးဆရာတစ်ယောက် ဖြစ်လာခဲ့တယ်။

“အစပိုင်း အိမ်က အဘိုးကြီးက စိတ်ပူနေခဲ့တာ။ အလုပ် ခဏခဏပြောင်းတဲ့ လူတစ်ယောက်လက်ထဲ သူ့သမီးကို အပ်လိုက်ရမှာ စိတ်မချဘူး။ ကံကောင်းစွာနဲ့ပဲ သမီးက ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး စိတ်မဆင်းရဲခဲ့ရဘူး။ နောက်တော့ သူရိန်ရဲ့ စာအုပ်တွေလည်း အရောင်းသွက်လာပြီး အမေတို့ စိတ်ပူစရာမလိုတော့ဘူးလို့ ဝမ်းသာနေခဲ့ကြတာ။ သမီး အဲဒီလို ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက ကြိုသိခဲ့မှာလဲနော်။ ………. ငွေရှိတော့ရော ဘာတတ်နိုင်ဦးမှာလဲ”

အမယ်အိုကြီးက မျက်ရည်တွေ ဝင်းလက်နေတဲ့ မျက်လုံးအစုံနဲ့ ကျွန်တော်တို့ရဲ့ အရှေ့မှာ ငိုမချမိအောင် မျိုသိပ်နေခဲ့တယ်။ ၅ နှစ်ကြာခဲ့ပြီဆိုတော့ အတိုင်းအတာတစ်ခုထိ စိတ်ထိန်းနိုင်ရောပေါ့။

“ဈေးဝယ်ထွက်တုန်း ကားတိုက်မှု ဖြစ်တာဆို” ကျွန်တော် မသိသလိုနဲ့ မေးကြည့်လိုက်တယ်။

“ဟုတ်တယ်။ နောက်တော့ သူရိန်က အမေ့ကို ပြောပြတယ်။ အဲဒီညက ညလယ်စာ အဆာပြေစားဖို့ အသားညှပ်ပေါင်မုန့် လုပ်ရအောင် ဈေးထွက်ဝယ်တာတဲ့လေ”

“မဇင်မာအောင်က ကားရှေ့ အတင်းတိုးဝင်လာတာပါလို့ ကားဆရာက ရဲတွေကို ဖြောင့်ချက်ပေးသတဲ့။ အဲဒါ အမေ သိလား”

“ဟုတ်တယ်၊ အမေလည်း ကြားတယ်။ ဒါပေမယ့် သမီးက အဲဒီလို ရှပ်ပြာနိုင်တဲ့ သူမျိုးတော့ မဟုတ်ဘူး။ အဲဒီညက မိုးကလည်းရွာ၊ မှောင်ကလည်း မှောင်ဆိုတော့ လမ်းချိုး အကွယ်ဘက်က ကားလာတာကို အာရုံမစိုက်မိတာပဲ ဖြစ်လိမ့်မယ်။ ပြီးတော့ ညစာလုပ်ဖို့ စိတ်လောနေတာလည်း ပါမှာပေါ့လေ”

“အဲဒီအချိန်က သူတို့လင်မယားနှစ်ယောက် အဆင်ရောပြေကြရဲ့လား”

ကျွန်တော်ရဲ့ မေးခွန်းကို အမယ်အိုက အံ့အားသင့်သွားပြီး “ဘာမှ ပြောသံ မကြားမိပါဘူး။ ဘာကြောင့် အဆင်မပြေ ဖြစ်ရမှာလဲ”

“မ .. မဟုတ်ပါဘူး။ ယာဉ်တိုက်မှုဖြစ်တဲ့ လူအများစုက စိတ်ထွေနေတတ်ကြလို့ပါ။ စိတ်ထဲမှာ မကြည်မလင် ဖြစ်နေရင် မတော်တဆ ဖြစ်နိုင်တဲ့နှုန်းက ပိုများလို့ အမေ့သမီးကရော အဲဒီလိုများ ဖြစ်နေမလားလို့ တွေးမိပြီး မေးလိုက်တာပါ” ကျွန်တော် အမြန် ဖြေရှင်းလိုက်ရတယ်။

“အမေသိသလောက်တော့ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးက အင်မတန် သာယာပါတယ်။ ဒါပေမယ့် သူရိန်က အလုပ်သိပ်ရှုပ်တော့ သမီးအနေနဲ့ တစ်ခါတလေ အထီးကျန် ဖြစ်နေတတ်တာပေါ့လေ”

အဲဒီ “အထီးကျန်တယ်” ဆိုတာက ပြဿနာရဲ့ အရင်းအမြစ်ပဲလား။ “မတော်တဆ မဖြစ်ခင်က အမေနဲ့ မဇင်မာအောင်၊ မကြာခဏ တွေ့ဖြစ်ကြလား”

“ဟင့်အင်း၊ သူရိန်က အလုပ်မအားတော့ အိမ်အလည် လာခဲတယ်။ အမြဲတမ်း ဖုန်းဆက်ပြီးပဲ စကားစမြည် ပြောဖြစ်ကြတာ”

“သူ့အသံထဲမှာရော တစ်ခုခု ထူးခြားတာ သတိမထားမိဘူးလား”

အမေအိုက ခေါင်းခါလိုက်ပြီး အတွေးရခက်နေတဲ့ မျက်နှာထားမျိုးနဲ့ “အခု သူရိန်ရဲ့ အမှုနဲ့ အမေ့သမီးနဲ့က ပတ်သက်မှု ရှိနေလို့လား”

ပတ်သက်မှု မရှိတဲ့အကြောင်းနဲ့ လူသတ်မှုတစ်ခုဖြစ်ရင် ရဲတွေအနေနဲ့ တတ်နိုင်သမျှ အချက်အလက်တွေ စုံလင်အောင် ထောက်လှမ်းရကြောင်း စသဖြင့် အမေအိုကို ရှင်းပြရတယ်။ ကျွန်တော့် အကြောင်းပြချက်ကို သူ ယုံပါ့မလားတော့ ကျွန်တော် မသိဘူး။

“အမေ့ကို ဦးပေါ်လွင်အကြောင်း သူ ပြောဖူးလား”

“သူ့အိမ်ကို မကြာခဏ ဝင်ထွက်နေတယ်လို့တော့ ပြောဖူးတယ်။ သူရိန်ရဲ့ ငယ်သူငယ်ချင်းဆိုလား”

“တခြားရော ဘာပြောသေးလဲ အမေ”

“အတော် ကြာခဲ့ပြီပဲ။ ဘယ်မှတ်မိတော့မလဲကွယ်။ သူ့အကြောင်း သိပ်မပြောဖြစ်ပါဘူး”

ဘယ်သူက ကိုယ့်အမေကို လင်ငယ်အကြောင်း ပြောနေပါ့မလဲ။ ဒါ သဘာဝ ကျပါတယ်။

“မဇင်မာအောင်ရဲ့ ပစ္စည်း အားလုံးကို ဒီပြန်ပို့ထားကြောင်း ကျွန်တော်တို့ သိထားရတယ်။ ခဏကြည့်လို့ ရမလား အမေ”

အမေအိုက အူအူကြောင်ကြောင် ဖြစ်နေပြီး “သမီးရဲ့ ပစ္စည်းတွေဆိုတာကလည်း ဘာမှ မယ်မယ်ရရ မဟုတ်ပါဘူး”

“တစ်ခုခုပေါ့။ ကျွန်တော်တို့ ခဏ ကြည့်ရုံတင်ပါ”

“ဒါပေမယ့် ………”

“သူ နေ့စဉ်မှတ်တမ်း ရေးတဲ့ အလေ့အကျင့် ရှိလား”

“ဟင့်အင်း”

“ဓာတ်ပုံအယ်ဘမ်ရော”

“အဲဒါတော့ ရှိတယ်”

“ခဏ ကြည့်လို့ရမလား

“အထဲမှာ သူတို့ လင်မယား ဓာတ်ပုံတွေချည်းပဲ”

“ကိစ္စမရှိပါဘူး။ ကျွန်တော်တို့ ခဏ လေ့လာပါရစေ”

ဒီရဲက အတော်ထူးဆန်းတာပဲလို့ သူ တွေးနေမလား မပြောတတ်ဘူး။ တကယ်လို့သာ မဇင်မာအောင်နဲ့ ဦးပေါ်လွင်တို့ ပတ်သက်နေကြောင်း သူ့အမေကို ပြောပြနိုင်ရင် ဒီလို ဝေ့လည်ကြောင်ပတ် လုပ်နေစရာ မလိုတော့ဘူးပေါ့။ အထက်က ခွင့်ပြုချက် မရဘဲလည်း ပြောလို့က မဖြစ်ပြန်ဘူး။

ကျွန်တော်တို့အပေါ် သံသယဝင်နေတယ်ဆိုပေမယ့် အမယ်အိုက အခန်းထဲဝင်ပြီး ဓာတ်ပုံအယ်ဘမ်တချို့ ယူထုတ်လာတယ်။ ခပ်ပေါပေါ ပလတ်စတစ်အယ်ဘမ်တချို့။

ကျွန်တော်တို့ တစ်ပုံချင်းစီကို အသေအချာ ကြည့်ကြတယ်။ ဒီအယ်ဘမ်တွေထဲက အမျိုးသမီးဟာ ဦးပေါ်လွင်အိမ်က ရခဲ့တဲ့ ဓာတ်ပုံထဲက အမျိုးသမီးနဲ့ တစ်ယောက်တည်းပဲဆိုတာ သံသယရှိစရာကို မလိုဘူး။

ဓာတ်ပုံ အားလုံးနီးပါးမှာ ရက်စွဲပါနေတော့ သူတို့ ခြေပုန်းခုတ်ခဲ့ကြတဲ့ အချိန်က ဓာတ်ပုံတွေကို ရှာတွေ့ဖို့ မခက်ခဲတော့ဘူး။ ကျွန်တော်တို့ အထောက်အထားအသစ်များ ရလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဓာတ်ပုံတွေကို အဲဒီကာလဆီ အမြန်လှန်လှောကြည့်ကြတယ်။

နောက်တော့ ရဲဘော်တစ်ယောက်က ဓာတ်ပုံတစ်ပုံကို တွေ့လို့ ကျွန်တော့်ဆီ လှမ်းပေးတယ်။ ကြည့်လိုက်တာနဲ့ သူ ဘာကြောင့် လှမ်းပေးရသလဲဆိုတာကို ကျွန်တော် ချက်ချင်း သဘောပေါက်ခဲ့တယ်။

ကျွန်တော်တို့က အဲဒီ ဓာတ်ပုံအယ်ဘမ်ကို ခဏငှားပေးဖို့ တောင်းဆိုတော့ သူ့ဆီမှာ ထူးဆန်းအံ့ဩတဲ့ အရိပ်အယောင် ပေါ်နေပေမယ့် ငှားပေးဖို့ သူက သဘောတူခဲ့တယ်။

“တခြား ဘာပစ္စည်းတွေ ရှိသေးသလဲ အမေ”

“ကျန်တာကတော့ အဝတ်အစားတွေ၊ သူ့လက်ဝတ်လက်စားတွေနဲ့ တခြားသားရေအိတ်၊ ဖိနပ်စတဲ့ တိုလီမိုမီတွေပါပဲ”

“ပေးစာတွေရော မရှိဘူးလား”

“မတွေ့မိဘူး။ အမေ ထပ်ရှာကြည့်ပေးမယ်”

“ဗီဒီယိုတိတ်ခွေရော”

“အဲဒါတော့ မရှိဘူး”

“ဒါဆို မဇင်မာအောင်နဲ့ လည်ပင်းဖက်ပေါင်းတဲ့ သူငယ်ချင်းတွေရော မရှိဘူးလား”

အမယ်အိုကြီးက အကြာကြီး စဉ်းစားနေပြီးကာမှ “ခဏနော်” ဆိုပြီး အခန်းထဲ ဝင်သွားတယ်။ ထွက်လာတော့ လက်ထဲမှာ စာအုပ်ထူထူတစ်အုပ် ပါလာတယ်။

“ဒါက အမေတို့အိမ်ရဲ့ ဖုန်းစာအုပ်လေ။ အထဲမှာ သမီး ငယ်သူငယ်ချင်း တစ်ယောက်၊ နှစ်ယောက်ရဲ့ ဖုန်းနံပါတ်တွေ ရှိတယ်”

သူ စာအုပ်ထဲကနေ လူ ၃ ယောက်ရဲ့ နာမည်တွေကို ရှာထုတ်ပေးတယ်။ နှစ်ယောက်က ကျောင်းသူဘဝက သူငယ်ချင်းတွေ၊ နောက်တစ်ယောက်က ကြော်ငြာကုမ္ပဏီမှာ ခင်တဲ့ သူငယ်ချင်း။ သုံးယောက်စလုံး အမျိုးသမီးတွေချည်းပဲ။ ကျွန်တော်တို့ သူတို့အားလုံးရဲ့ နာမည်နဲ့ ဖုန်းနံပါတ်တွေကို ကူးယူထားလိုက်တယ်။

မဇင်မာအောင်ရဲ့ သူငယ်ချင်း ၃ ယောက်ကို ကျွန်တော်တို့ ဆက်သွယ်ပြီး စကားပြောဖြစ်ခဲ့ကြတယ်။ ကျောင်းသူဘဝက ခင်ခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့က အိမ်ထောင်ကျပြီးကတည်းက အဆက်အသွယ် သိပ်မရှိကြတော့ဘူး။ အလုပ်မှာ ခင်တဲ့ သူငယ်ချင်းနဲ့ကတော့ မဆုံးခင် ရက်ပိုင်းလောက်အထိ သူနဲ့ ဖုန်းပြောဖြစ်ခဲ့သေးတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သူတို့နှစ်ယောက်ရဲ့ ခင်မင်မှုက အတော်လေး ရင်းနှီးတယ် ပြောရမယ်။ အဲဒီ သူငယ်ချင်းရဲ့ ထွက်ဆိုချက်က –

“စစချင်းမှာ ဇင်မာက ဦးသူရိန်ကို သိပ် စိတ်ဝင်စားပုံ မရဘူး။ ဦးသူရိန်က မလျှော့တဲ့ ဇွဲနဲ့ သူ့ကိုလိုက်တော့ နောက်ပိုင်းမှ ရင်ခုန်လာတာ။ ဦးသူရိန်က သိပ်ကို ခေါင်းမာတဲ့သူ။ အလုပ်မှာပဲ ဖြစ်ဖြစ်၊ မိသားစု ဘဝမှာပဲဖြစ်ဖြစ်၊ ‘နိုး’ ဆိုတဲ့ အဖြေကို လိုချင်တဲ့သူမျိုး မဟုတ်ဘူး။ ဇင်မာကတော့ အရှက်အကြောက် ကြီးတယ်။ သူ့ရဲ့ ခံစားချက်တွေကိုလည်း တခြားသူ သိအောင် မဖော်ပြတတ်ဘူး။ ဦးသူရိန်က သူ့ကို လက်ထပ်ခွင့်တောင်းတော့ နဂိုက ငြင်းလိုက်ဖို့ စိတ်ကူးထားတာ။ နောက်ဆုံးတော့ ဦးသူရိန်ရဲ့ အားထုတ်မှုကြောင့် ခေါင်းညိတ်လိုက်ပြီး လက်ထပ်လိုက်ကြတယ်”

“သူ့ရဲ့ အိမ်ထောင်ရေးက သာယာခဲ့ပါတယ်။ ဇင်မာ့အနေနဲ့လည်း သူ့ဆုံးဖြတ်ချက်အတွက် နောင်တ မရခဲ့ဘူး။ ဒါပေမယ့် ဦးသူရိန် စာရေးဆရာဖြစ်သွားပြီးတဲ့နောက်တော့ အလုပ်ရှုပ်တဲ့ လင်တော်မောင်အတွက် သူလည်း အထိုက်အလျောက်တော့ ပင်ပန်းမှာပဲ။ ဆက်ဆံရတဲ့ ပတ်ဝန်းကျင်ကလည်း ကျယ်ပြန့်လာတာ ဆိုတော့ နိစ္စဒူဝ အိမ်အလုပ်တွေကြားမှာ ငြီးငွေ့မိမှာ အမှန်ပဲ။ ဒါပေမယ့် သူ ငြီးငြူတာဖြင့် ကျွန်မ တစ်ခါမှ မကြားဖူးဘူး”

“ယာဉ်တိုက်မှု မဖြစ်ခင်လား။ ဘာမှတော့လည်း ထူးထူးခြားခြား မရှိပါဘူး။ သူနဲ့ အလ္လာပသလ္လာပ ပြောချင်တာနဲ့ ဖုန်းခေါ်ဖြစ်တာပါ။ အရင်အတိုင်းပါပဲ။ ဘာမှ မထူးဘူး။ ပြောဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကတော့ မမှတ်မိတော့ဘူး။ ရှော့ပင်းထွက်ဖို့နဲ့ ညစာထွက်စားဖို့ အကြောင်းတွေပဲ ဖြစ်ဖို့များပါတယ်။ မိန်းမချင်း ဖုန်းနဲ့ စကားပြောဖြစ်ကြပြီဆိုရင် ဒါမျိုးတွေပဲ ပြောကြတာ မဟုတ်လား။ ယာဉ်တိုက်မှု ဖြစ်တယ်ကြားတော့ ကျွန်မဖြင့် အံ့ဩလွန်းလို့ ကိုယ့်နားကိုယ်တောင် မယုံချင်ခဲ့ဘူး။ အသုဘအခမ်းအနား ပြီးတဲ့အထိ ကျွန်မ သူ့အနားမှာပဲ ရှိနေခဲ့တယ်။ ဦးသူရိန်လား။ သူက လူတွေကြားထဲမှာ မျက်ရည်ကျတတ်တဲ့ ယောက်ျားမျိုး မဟုတ်ဘူးရှင့်။ ဒါပေမယ့် သူ သိပ်ကို ကြေကွဲနေတယ်ဆိုတာ မြင်ရုံနဲ့ သိပါတယ်။ အခုဆို သူဆုံးတာ ၅ နှစ်တောင် ကျော်ခဲ့ပြီ။ အဖြစ်အပျက်တွေကို အခုပြန် မြင်ယောင်ကြည့်တော့လည်း မနေ့က ဖြစ်ခဲ့တဲ့အတိုင်းပါပဲ။ ရှင် ဘယ်သူ့ကို ပြောတာလဲ။ ဦးပေါ်လွင် … ဟိုလူသတ်ကောင်လား။ သူ နာရေးအခမ်းအနား တက်လား၊ မတက်လားတော့ ကျွန်မလည်း မမှတ်မိတော့ဘူး။ အဲဒီတုန်းက အသုဘရှုလာတဲ့လူ အတော်ကို များတာ။ ဒါနဲ့ စကားမစပ်၊ ဆရာတို့က ဘာဖြစ်လို့ ဇင်မာ့အကြောင်းကို စုံစမ်းနေရတာလဲ။ အမှုနဲ့ ပတ်သက်နေလို့လား”

****

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *