ဦးပေါ်လွင်နဲ့ ဦးသူရိန်တို့ရဲ့ အလယ်တန်း ကျောင်းသားဘဝကို သိနိုင်တဲ့ လူအများစုနဲ့ ကျွန်တော် တွေ့ဆုံ ထောက်လှမ်းလို့ ပြီးသွားပြီ။ အကြောင်းသိနိုင်သေးတဲ့ လူတချို့ ကျန်ကောင်း ကျန်နိုင်သေးပေမယ့် ကျွန်တော် လိုအပ်နေတဲ့ အထောက်အထား အားလုံးကို စုစည်းပြီးခဲ့ပြီ။ ဒီအချက်အလက်ကလေးတွေဟာ ဂျစ်ဇောအချပ်ကလေးတွေလို လတ်တလောမှာ ပရမ်းပတာ ပြန့်ကျဲနေတာဆိုပေမယ့် ကျွန်တော်ရဲ့ စိတ်ကူးထဲမှာတော့ ပီပြင်တဲ့ ရုပ်ပုံကားချပ် တစ်ချပ်အဖြစ် ဆက်စပ် ပုံဖော်နိုင်ခဲ့ပြီ။ အဲဒီ ရုပ်ပုံကားချပ်ကလေးက လျှို့ဝှက်ချက်တွေ အားလုံးကို ဖော်ထုတ်ပေးနိုင်မယ့် ရတနာမြေပုံ တစ်ချပ်ပဲ။
အလယ်တန်းကျောင်းသားဘဝက ကျောင်းတွင်းအကြမ်းဖက်မှုဟာ သူတို့နှစ်ယောက်ရဲ့ အနာဂတ် ဆက်ဆံရေးကို ပုံသွင်းပေးခဲ့တယ်။ ဒါကြောင့်လည်း ပြဿနာအားလုံးရဲ့ ရေသောက်မြစ်ဟာ အဲဒီ ကျောင်းတွင်းအကြမ်းဖက်မှုပဲ။ အဲဒီ အတိတ်ဖြစ်ရပ်ရဲ့ အရေးပါမှုကို သတိထားမိတဲ့ အချိန်မှာမှ သိထားပြီးသမျှ ကွင်းစက်အားလုံးကို ဆက်စပ်နိုင်ခဲ့တယ်။ တကယ်လို့သာ အဲဒီအတိတ်ကို လျစ်လျူရှုမိခဲ့ရင် ဦးသူရိန် အသတ်ခံရမှုကို ဘယ်လိုမှ နားလည်နိုင်မှာ မဟုတ်တော့ဘူး။
****
ကျောင်းတွင်း အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာလည်း အတွေ့အကြုံ အနည်းအကျဉ်း ရှိခဲ့တယ်။ ကျွန်တော် အနိုင်ကျင့်ခံခဲ့ရတာ မဟုတ်ပါဘူး။ ကျွန်တော်ကလည်း သူတစ်ပါးကို တစ်ခါမှ အနိုင်မကျင့်ခဲ့ဖူးဘူး။ ကျွန်တော့်ရဲ့ အတွေ့အကြုံဆိုတာက ကျောင်းဆရာတစ်ယောက်အနေနဲ့ မြင်တွေ့ ကြုံဆုံခဲ့ရတဲ့ အတွေ့အကြုံမျိုးပါ။ ဆယ်နှစ်လောက်တောင် ရှိခဲ့ပြီ။ အဲဒီအချိန်က ကျွန်တော်ဟာ အဋ္ဌမတန်းရဲ့ အတန်းပိုင်ဆရာ တစ်ယောက် ဖြစ်ခဲ့တယ်။
အဖြစ်အပျက်ကို စပြီး သတိထားမိတဲ့ အချိန်က နှစ်လည် စာမေးပွဲ ကျင်းပနေတဲ့ အချိန်မှာပေါ့။
ဆရာတစ်ယောက်က ကျွန်တော့်ကို လာပြောတယ်။ “ဆရာဝေဖြိုး၊ ဆရာ့အတန်းက ကလေးတချို့ စာခိုးချထားတာ တွေ့ရတယ်” မေးခွန်းတစ်ခုကို ဖြေထားရာမှာ ကျောင်းသား ၅ ယောက်ရဲ့ အဖြေက တစ်ထပ်တည်း တူညီနေတယ်။ အဖြေက မှန်နေရင်လည်း တော်သေးရဲ့။ အခုဟာက အမှားကို တစ်ထပ်တည်း တူအောင် မှားထားကြတာ။
ပြီးတော့ အဲဒီ ကျောင်းသား ၅ ယောက်စလုံးရဲ့ ထိုင်ခုံက အတန်းအနောက်ဆုံးဘက်မှာ တစ်စုတစ်ဝေးတည်း ရှိနေကြတာ။ သူတို့ ခိုးချတယ်ဆိုတာ အသေအချာပဲ။ “ကျွန်တော်ပဲ ဖြေရှင်းလိုက်ရမလား။ ဆရာ့ကို အရင်လာပြီး အကြောင်းကြားတာပါ”
အင်္ဂလိပ်ဆရာက အလုပ်တစ်ခုလုပ်ရင် အမြဲ တည်တည်ငြိမ်ငြိမ်ပဲ လုပ်တတ်တယ်။ ဒီလိုအချိန်မှာတောင်မှ ကျောင်းသားတွေအပေါ် ဒေါသတကြီး အပြစ်တင်နေတာမျိုး မရှိဘူး။ ကျွန်တော် တစ်ခဏ စဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်တယ်။ “ကျွန်တော်ပဲ ဖြေရှင်းလိုက်ပါ့မယ်” တကယ်လို့ အဲဒီလို ခိုးချတာ အမှန်ဆိုရင် သူတို့ အင်္ဂလိပ်စာ တစ်ဘာသာတည်း ရွေးပြီး လုပ်မှာ မဟုတ်ဘူး။
“ရပါတယ်။ ဒါပေမယ့် အမြန်တော့ တားနိုင်မှ ဖြစ်မယ်နော် ဆရာ။ တစ်ခါလောက် အလစ်ပေးလိုက်ရင် နောက်ခါကျ ခိုးချတဲ့လူတွေ ဒီထက် ပိုများလာလိမ့်မယ်”
အခုလို သူ သတိပေးတဲ့အတိုင်း အမြန်လုပ်မှ ဖြစ်မယ်။ စာစစ်နေတဲ့ တခြားဆရာမတွေဆီ ကျွန်တော် သွားလိုက်ပြီး တခြားဘာသာတွေမှာလည်း အခုလို သံသယရှိစရာ အဖြေမျိုးတွေ တွေ့မတွေ့ စုံစမ်းရတယ်။ ကျွန်တော် သင်တဲ့ ဘာသာရပ်ရဲ့ အဖြေလွှာတွေကိုလည်း လှန်လှော စစ်ဆေးရပြန်တယ်။ အဲဒီ ကျောင်းသား ၅ ယောက်ရဲ့ အဖြေတွေမှာ ဆင်တူတာ တချို့ တွေ့ရပေမယ့် ခိုးချထားပါတယ်လို့ သက်သေပြဖို့ ခက်နေပြန်တယ်။
သိပ္ပံဆရာမက “ဒီကလေးတွေက ငအတွေ မဟုတ်ဘူး။ သူတို့ တတ်နိုင်သလောက် ထင်ထင်ပေါ်ပေါ် လုပ်ကြမှာ မဟုတ်ဘူး။ ကလေးတွေက ကလိန်ကကျစ်နဲ့။ သူတို့မှာလည်း ခိုးချတဲ့နည်းက သူ့နည်း သူ့ဟန်နဲ့။ သူ့ပညာနဲ့သူ”
သူတို့ရဲ့ ကလိန်ကကျစ်က သင်္ချာဘာသာမှာတော့ ဘာမှ မတတ်နိုင်။ သင်္ချာဆရာက “၅ တန်း၊ ၆ တန်းမှာ သင်္ချာကို မှန်အောင် မတွက်တတ်တဲ့ ကလေးက ၈ တန်းရောက်မှ ရုတ်တရက် ဉာဏ်ပွင့်ပြီး တတ်လာစရာ အကြောင်းမရှိဘူး။ ကျွန်တော်က မေးခွန်းတစ်ခု ထုတ်ပြီးရင် ဒီမေးခွန်းကို ဘယ်သူတော့ ဖြေနိုင်မယ်၊ ဘယ်သူတော့ လုံးဝ ဖြေနိုင်မှာ မဟုတ်ဘူးဆိုတာ ကြိုတွက်ဆလို့ ရတယ်။ ဥပမာ လွင်ဦးမောင်ကိုကြည့်။ သူ ဒီမေးခွန်းကို ဖြေနိုင်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော် ကြိုသိထားပြီးသား။ သူ့အဖြေမှာ ကြည့်လိုက်။ သူ အဖြေက ADEF လို့ ရေးထားတာ။ တကယ်တမ်း ဖြေရမှာက △DEF ။ သူက မေးခွန်းလည်း လုံးဝ နားလည်တာ မဟုတ်တော့ သူများ အဖြေလွှာထဲက △ ကို သူက A လို့ ထင်ပြီး ကူးချလိုက်တာပဲ”
ဒီလို အခြေအနေမျိုးမှာ ကျွန်တော့်အနေနဲ့ အကောင်းမြင်နေဖို့ အကြောင်းမရှိပါဘူး။ ဒါပေမယ့် ကျွန်တော် ဘယ်လို တုံ့ပြန်ရမလဲ ဆိုတာတော့ သေချာ စဉ်းစားမှ ဖြစ်မယ်။ ကျောင်းသားတစ်ယောက်က စာခိုးချနေတာကို စာမေးပွဲခန်းထဲမှာ လက်တွေ့ ဖမ်းနိုင်မှသာလျှင် အဲဒီကျောင်းသားကို ကျောင်းစည်းကမ်းအရ အရေးယူနိုင်မှာ။ ခိုးချထားတာကို သိနေပြီဆိုရင်လည်း ရိပ်မိတဲ့အကြောင်းတော့ အသိပေးဖို့ ဆရာ/ဆရာမအနေနဲ့ တာဝန်ရှိပြန်တယ်။ သူတို့ကို ဝမ်နင်တော့ ပေးရမယ်။ ဒါကြောင့် အဲဒီ ကျောင်းဆင်းချိန်မှာ ကျွန်တော့်ကို လာတွေ့ဖို့ ကျောင်းသား ၅ ယောက်ကို ပြောလိုက်တယ်။ သူတို့ကို စာခိုးချထားတယ်လို့ သံသယရှိကြောင်း အထောက်အထားနဲ့တကွ ပြောပြခဲ့တယ်။
“ကောင်းပြီ။ မင်းတို့ထဲက ဘယ်သူ ဘာပြောချင်သလဲ” ကျွန်တော်က မေးလိုက်တယ်။
ဘာမှ မဖြေကြဘူး။ ကျွန်တော် လွင်ဦးမောင်ကို သီးသန့် ထပ်မေးလိုက်ပြန်တယ်။
သူက ခေါင်းခါပြီး “ကျွန်တော် ခိုးမချဘူး ဆရာ”
ကျွန်တော် တစ်ယောက်ချင်းစီကို ထပ်မေးပေမယ့် အားလုံးက မခိုးကြောင်း ငြင်းကြတယ်။ သက်သေမရှိတော့ ဒီထက်လည်း ပိုလုပ်လို့ မရဘူး။ သူတို့ ညာနေကြတာတော့ သေချာတယ်။
ကျွန်တော် သူတို့ကို ပြောနေတဲ့ အချိန်မှာ သူတို့ ငါးယောက်စလုံး ကြမ်းပြင်ကိုပဲ စိုက်ကြည့်နေကြတယ်။ ကျွန်တော် စကားပြောပြီးချိန်မှာတော့ သူတို့ထဲက ကျောင်းသားတစ်ယောက်ဖြစ်တဲ့ ငြိမ်းအေးရဲ့ မျက်လုံးတွေ နီရဲနေတာ သတိထားမိတယ်။ ကလေးတွေနဲ့ သူတို့ရဲ့ အရည်အချင်းကို ကျွန်တော်က သိထားပြီး ဖြစ်နေတော့ ဒီအဖြေမှားဟာ ငြိမ်းအေးဆီက လာတယ်ဆိုတာ ကျွန်တော် တပ်အပ် သိနေတယ်။ ကျောင်းစည်းကမ်းအရ ကူးယူတဲ့သူရော ကူးလို့ရအောင် ကူညီပေးတဲ့သူပါ တူညီတဲ့ အပြစ်ဒဏ်ကို ခံကြရမှာ။
အဲဒီည ငြိမ်းအေးရဲ့ အမေက ကျွန်တော့်ဆီ ဖုန်းဆက်လာတယ်။ သူ့ရဲ့ သားက အပြုအမူတွေ ထူးခြားနေလို့ ကျောင်းမှာ ဘာဖြစ်ခဲ့သလဲ သိချင်တာနဲ့ ဖုန်းလှမ်းဆက်တာတဲ့။ ဒါနဲ့ ကျွန်တော်လည်း စာခိုးချတဲ့အကြောင်း သူ့အမေကို ပြောပြလိုက်တယ်။
“ငြိမ်းအေးက တခြားကလေးတွေကို ခိုးချလို့ရအောင် စာပြပေးတယ်လို့ ကျွန်တော် ယူဆတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့က စာမေးပွဲခန်းထဲမှာ ဖမ်းမိတာ မဟုတ်တော့ အပြစ်မပေးခဲ့ပါဘူး။ သူတို့ ငါးယောက်စလုံးကို ခေါ်ပြီး သတိပေးတာပဲ လုပ်ခဲ့တာ။ သူ သိပ် ကြောက်လန့်နေတာလား”
“သူ အိမ်ပြန်လာတော့ တစ်ကိုယ်လုံး ရွှံ့တွေ ပေလို့လေ” သူ့အမေက ငိုယိုပြီး ပြောတယ်။ “အခု သူ့ကိုယ်သူ အခန်းထဲမှာ ပိတ်ပြီး အပြင်လုံးဝ ထွက်မလာတော့ဘူး။ ကျွန်မက သူ့မျက်နှာကို ဖျတ်ကနဲ မြင်လိုက်ရတာ ဆိုပေမယ့် သူ့မျက်နှာတစ်ခုလုံး ညိုမဲနေတာ သတိထားမိတယ် ဆရာ။ သူ့မျက်နှာက ကွဲပြဲပြီး သွေးတွေ ထွက်နေလောက်တယ်”
နောက်တစ်နေ့မှာ ငြိမ်းအေးဟာ ခွင့်ယူပြီး ကျောင်းလာမတက်ဘူး။ သူ ကျောင်းပြန်တက်တဲ့အချိန် သူ့မျက်နှာကို သေချာကြည့်လိုက်မှ မျက်ကွင်းတစ်ဘက် ညိုမဲနေတာ တွေ့ခဲ့ရတယ်။ ယောင်ယမ်းနေတာကို ကြည့်ခြင်းအားဖြင့် အထိုးခံရတယ်ဆိုတာ သေချာတယ်။ ဘယ်သူက ထိုးခဲ့တာလဲ။
အခုချိန်မှ ကျွန်တော် သတိထားမိတယ်။ ငြိမ်းအေးနဲ့ ဟိုကလေးလေးယောက်ဟာ သူငယ်ချင်းတွေ မဟုတ်ကြဘူး။ သူတို့ကို အဖြေစာရွက် ပြဖို့ ငြိမ်းအေးကို အကျပ်ကိုင်ခဲ့ပုံ ရတယ်။ အခု အလိမ်ပေါ်လို့ သူ့ကို ဒဏ်ခတ်ကြတာ နေမှာ။ သူတို့ ဘယ်အချိန်ကတည်းက ဒီကလေးကို အနိုင်ကျင့်ခဲ့ကြတာပါလိမ့်။ ကျွန်တော် မသိဘူး။
မကြာခင် သီတင်းကျွတ် ကျောင်းပိတ်ရက် ရောက်လာတယ်။ အတန်းထဲမှာ အဲဒီလို အနိုင်ကျင့်တဲ့ အပြုအမူတွေကို ကျွန်တော် သတိထားမိခဲ့ပေမယ့် အဲဒီကာလအတွင်းမှာ ဘာမှ မလုပ်နိုင်ခဲ့ဘူး။ မလုပ်ခဲ့တာလို့ ပြောရင် ပိုမှန်မယ်။ အလုပ်တွေ မအားလို့ပါလို့ ကိုယ့်ဘာသာကိုယ် အကြောင်းပြနေမိမယ် ထင်တယ်။ ကျောင်းပိတ်ရက် ဆိုပေမယ့်လည်း ကျွန်တော်တို့ ဆရာတွေက အနားရကြတာ မဟုတ်ဘူးလေ။ နောက် နှစ်ဝက်အတွက် ပြင်ဆင်ကြရလို့ အားရတယ် မရှိပါဘူး။ စာသင်ဖို့ အတွက် ပြင်ဆင်ရတာ၊ တခြား ကျောင်းတွင်း တာဝန်တွေ ထမ်းဆောင်ရတာနဲ့ တစ်ပုံတစ်ပင်ကြီး လုပ်လို့ကို မပြီးနိုင်တော့ဘူး။ ဒါပေမယ့် တကယ်တမ်း အဲဒါတွေ အကုန်လုံးက အကြောင်းပြချက်တွေပါ။ ပထမ နှစ်ဝက်အတွင်းက ငြိမ်းအေးကို ဝိုင်းပြီး အနိုင်ကျင့်ခဲ့ကြတာ ကျွန်တော် နောက်မှ သိရတယ်။ နေ့တိုင်း ပါလာသမျှ မုန့်ဖိုးကို သူက တစ်ပြားမှ မသုံးရဘဲ အကုန်လုံး ဟိုကောင်လေးတွေကို ဆပ်ကြေးအနေနဲ့ ပေးခဲ့ရတယ်။ သူတို့ရဲ့ ဆက်ဆံရေးက တစ်နေ့တစ်ခြား ပိုဆိုးလာပြီး အနိုင်ကျင့်ပုံတွေကလည်း ကြမ်းသထက် ကြမ်းလာတယ်။
နောက်နှစ်ဝက်မှာတော့ ငြိမ်းအေးဟာ အရင်ထက် စာ ညံ့လာတယ်။ ကျောင်းတွင်းမှာလည်း အရင်လိုမဟုတ်ဘဲ ဗြောင်ကျကျ အနိုင်ကျင့်လာကြတယ်။ သူ့ရဲ့ ခေါင်းကို ဆေးလိပ်မီးနဲ့ ပွစာတက်အောင် ထိုးခံထားရတဲ့ အထိကို အခြေအနေ ဆိုးဝါးလာတယ်။
ကျွန်တော် ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ရမလဲ။ တချို့ဆရာမက ကျွန်တော့်ကို ချော့တယ်။ “သူတို့တွေ ၈ တန်းတောင် ရောက်နေကြပြီပဲ။ မသိချင်ယောင် ဆောင်နေလိုက်ပေါ့။ မကြာခင်ဆိုလည်း စာမေးပွဲကြီးဖြေလို့ အားလုံး ပြီးသွားတော့မှာ” တဲ့။ ကျွန်တော် ဘယ်လိုလုပ်ပြီး ဥပေက္ခာ ပြုထားနိုင်ရက်မှာလဲ။ ကျွန်တော်ဟာ အဋ္ဌမတန်း အတန်းပိုင်အနေနဲ့ တာဝန်ကျတာ ဒါ ပထမဆုံးအကြိမ်ပဲ။ ကျွန်တော်ကိုင်တဲ့ အတန်းမှာ ကျောင်းသားဖြစ်ရလို့ နောင်တရရတဲ့ အဖြစ်မျိုး ကျွန်တော် အရောက်မခံနိုင်ဘူး။
ဒါနဲ့ ကျွန်တော် ငြိမ်းအေးနဲ့ စကားပြောကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ အနိုင်ကျင့်မှုတွေ ဘယ်လို စတင်ခဲ့သလဲ ဆိုတာနဲ့ ဘယ်လိုဘယ်ပုံတွေ အနိုင်ကျင့်နေကြသလဲ ဆိုတာ ကျွန်တော် သိချင်နေခဲ့တာ။
ဒါပေမယ့် အဲဒီကလေးက တွေ့ဆုံဖို့ ငြင်းခဲ့တယ်။ သူ တကယ်လို့ စကားပြော မှားခဲ့ရင် သူတို့တွေက ပိုပြီး နှိပ်စက်ကြဦးမှာ မဟုတ်လား။ သူ့ရဲ့ ကြောက်ရွံ့မှုက သာမန်အဆင့် မဟုတ်တော့ဘဲ တစ်နေကုန် ဇောချွေး ပြန်နေတာ၊ လက်ချောင်းတွေ တဆတ်ဆတ် တုန်နေတာတွေက သက်သေပဲ။
သူ့ကိုယ်သူ ယုံကြည်မှု ရှိအောင် အရင်ဆုံး လုပ်ပေးသင့်တယ်လို့ တွေးမိတော့ ကျွန်တော့်ရဲ့ ဓားသိုင်းပညာကို သတိရလိုက်တယ်။ ပျော့ညံ့တဲ့ ကလေးတွေကို အခုလို သိုင်းပညာမျိုး သင်ပေးလိုက်ရင် သတ္တိရှိလာကြတာကို ကျွန်တော် မကြာခဏ ကြုံဖူးခဲ့တယ်။ သူ့ကို အခုမှ ဓားသိုင်း စသင်ပေးရမှာဆိုတော့ နည်းနည်းတောင် နောက်ကျနေပြီ။ ဒါနဲ့ မနက်တိုင်း ကျောင်းကို စောစောလာခိုင်းပြီး ကျွန်တော်ကိုယ်တိုင် သူ့ကို ဓားသိုင်းသင်ပေးခဲ့တယ်။ ငြိမ်းအေးက သိပ်စိတ်မဝင်စားပေမယ့် နေ့တိုင်းပုံမှန် ခပ်စောစော အားကစားခန်းမထဲကို ရောက်လာခဲ့တယ်။ သူက ဉာဏ်ကောင်းတဲ့ ကလေးဆိုတော့ သူ့ဆရာ ဘာကြောင့် သူ့ကို ဓားသိုင်း သင်ပေးနေရသလဲ ဆိုတာ သူသဘောပေါက်ပြီးသားနေမှာ။ ဆရာရဲ့ စေတနာကို လေးစားတဲ့အနေနဲ့ အားနာပါးနာ လာတက်နေတာလည်း ဖြစ်ချင်ဖြစ်မှာ။
အချိန်ကြာလာတော့ စိတ်ဝင်စားစရာတစ်ခု သူ တွေ့လာခဲ့တယ်။ ဓားပစ်တဲ့ပညာ။
အာရုံစူးစိုက်နိုင်စွမ်းကို မြှင့်တင်ပေးတဲ့အနေနဲ့ အလုပ်အားချိန်မှာ ကျွန်တော်ဟာ အားကစားခန်းမထဲ ဓားပစ်လေ့ကျင့်နေတတ်တယ်။ တစ်ခါတလေ မျက်စိကို အဝတ်စည်းပြီး၊ တစ်ခါတလေ နောက်ပြန်လှည့်ပြီး ဓားပစ်လေ့ကျင့်တတ်တယ်။ မတော်တဆ ထိခိုက်မှုတွေ ဖြစ်မှာ စိုးရိမ်လို့ ပုံမှန်အားဖြင့် လူမရှိတဲ့အချိန်ကိုမှ ရွေးပြီး လေ့ကျင့်ခဲ့တယ်။ တစ်နေ့တော့ ငြိမ်းအေးက ကျွန်တော် ဓားပစ်နေတာကို မြင်သွားပြီး အတော်လေး စိတ်ဝင်စားသွားတယ်။
သူ့ကို သင်ပေးဖို့ ကျွန်တော့်ကို တောင်းဆိုတော့ ကျွန်တော် ငြင်းခဲ့တယ်။ ခပ်လှမ်းလှမ်းကနေ ကြည့်ရှုခွင့်ကိုတော့ ပေးလိုက်တယ်။ အဝေးတစ်နေရာကနေ မျက်တောင်မခတ်ဘဲ စိတ်ဝင်တစား ကြည့်နေတတ်တာကို ကျွန်တော် သတိထားမိတယ်။ ကျွန်တော့်လို ကျွမ်းကျင်ဖို့အတွက် ဘာလျှို့ဝှက်ချက် ရှိသလဲလို့ သူ မေးလာတယ်။ ကျွန်တော် သူ့ကို စကားတစ်ခွန်းတည်း ပြောလိုက်တယ်။ “ကိုယ့်ကိုယ်ကိုယ် ယုံကြည်ရမယ်”
တစ်နေ့တော့ အနိုင်ကျင့်မှုတွေကို ခေါင်းဆောင်တဲ့ လွင်ဦးမောင်ဟာ အူအတက်ပေါက်လို့ ဆေးရုံတက်ခဲ့ရတယ်။ ဒါဟာ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို မူမှန်သွားအောင်၊ လမ်းမှန်ရောက်အောင် လုပ်ပေးနိုင်မယ့် အခွင့်အရေးလို့ ကျွန်တော်က ယုံကြည်ခဲ့တယ်။ ဒါနဲ့ ငြိမ်းအေးကို ခေါ်ပြီး အကြံတစ်ခု ပေးလိုက်တယ်။ တစ်နေ့တာ ကျောင်းသင်ခန်းစာတွေကို ကူးပြီး ဆေးရုံကို နေ့တိုင်း သွားပို့ပေးဖို့ ကျွန်တော်က ပြောတော့ သူက အကြောက်အကန် ငြင်းနေခဲ့တယ်။ ကျွန်တော်ကလည်း လက်မလျှော့ဘူး။ သူ့ကိုယ်သူ အရှုံးသမားတစ်ယောက်အဖြစ် မမြင်စေချင်ဘူး။
ဆေးရုံအတွင်းမှာ သူတို့ရဲ့ တွေ့ထိမှုဟာ ဘယ်ပုံဘယ်နည်း စခန်းသွားကြသလဲ ဆိုတာ ကျွန်တော် အတိအကျ မသိဘူး။ ငြိမ်အေးဟာ လွင်ဦးမောင်ရဲ့ အိပ်ရာဘေးမှာ သူကူးထားတဲ့ စာရွက်တွေကို တိတ်တဆိတ်ထားခဲ့ပြီး ထွက်သွားခဲ့လေမလား။ သူတို့ ကလေးနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင် ဆုံရော ဆုံဖြစ်ကြရဲ့လား။ အဲဒါတွေ ကျွန်တော် ဂရုမစိုက်မိခဲ့ဘူး။ လွင်ဦးမောင်က ငြိမ်းအေးအပေါ် ကျေးဇူးတင်သွားခဲ့မယ်ဆိုရင်၊ ငြိမ်းအေးကလည်း သူများကို ကူညီလိုက်ရပြီဆိုတဲ့ စိတ်ခံစားမှုမျိုး ရပြီဆိုရင် အဲဒါ အမြတ်ပဲလို့ ကျွန်တော်က ယုံကြည်ထားခဲ့တာ။ အဲဒီလောက် အမြတ်ထွက်ရင်ပဲ ကျန်တာ ဘာဖြစ်ဖြစ် အရေးမကြီးတော့ဘူးလို့ ခံယူခဲ့မိတာ။
လွင်ဦးမောင် ဆေးရုံကဆင်းပြီး ကျောင်းပြန်တက်တော့ ကျွန်တော် မျှော်လင့်နေတဲ့ ရလဒ်ကို တွေ့လိုက်ရတယ်။ အတန်းထဲမှာ ရှိတဲ့ တခြားကလေးတွေဆီ မသိမသာ စုံစမ်းကြည့်ခဲ့တယ်။ ငြိမ်းအေးနဲ့ လွင်ဦးမောင်တို့ အဖွဲ့ရဲ့ ဆက်ဆံရေးက ဘယ်ပုံဘယ်နည်း တိုးတက် ပြောင်းလဲနေသလဲဆိုတာကို မျက်ခြေမပြတ် အကဲခတ် စောင့်ကြည့်နေခဲ့တယ်။ အရင်လို အနိုင်ကျင့်တာတွေ မရှိတော့ကြောင်း တခြားကလေးတွေဆီက သတင်းရတယ်။ သူတို့တွေ ညာပြောနေတာလည်း ဖြစ်ချင် ဖြစ်နိုင်တာပဲ။ ဒါပေမယ့် ငြိမ်းအေးဟာ အရင်ကထက် ပိုပြီး ပေါ့ပါးသွက်လက်နေတာကို မြင်လိုက်ရတော့ သူတို့တွေကြားက ပြဿနာတွေ ပြေလည်သွားပြီလို့ ကျွန်တော် ယုံကြည်လိုက်မိတယ်။
စာမေးပွဲကြီးရဲ့ နောက်ဆုံးနေ့ရောက်မှ ကျွန်တော် ထင်ခဲ့မြင်ခဲ့တာတွေ အားလုံး မှားကြောင်း သိခဲ့ရတယ်။
စာမေးပွဲကြီး နောက်ဆုံးနေ့မှာ ကျောင်းသားတွေ အားလုံး ပျော်ရွှင်တက်ကြွသလို ကျွန်တော်လည်း ပျော်ခဲ့ရတာပဲ။ သူတို့လေးတွေ အထက်တန်းကျောင်းကို ဆက်တက်ကြရတော့မယ်။ ဒီကျောင်းမှာ ရှိခဲ့ဖူးသမျှ ပြဿနာ အားလုံးကို ခဝါချပြီး လူသစ်စိတ်သစ်နဲ့ ကျောင်းသစ်မှာ တက်ကြရတော့မယ်။ ဒီစာသင်နှစ်ဟာ ကျွန်တော့်အတွက် အောင်မြင်တဲ့ နှစ်တစ်နှစ်လို့ သတ်မှတ်မိတာကြောင့် ကိုယ့်ကိုယ်ကိုယ်တောင် အထင်ကြီးနေခဲ့မိတယ်။ ကိုယ်ရွေးချယ်ခဲ့တဲ့ အသက်မွေးဝမ်းကျောင်းမှု (ကျောင်းဆရာအလုပ်) အတွက်လည်း ယုံကြည်မှုတွေ တိုးသထက် တိုးလာခဲ့တယ်။ ဒါပေမယ့် အဲဒီနေ့ည မရောက်ခင် အထိပါပဲ။
အဲဒီနေ့ညမှာ ရဲစခန်းက ကျွန်တော့်ဆီ ဖုန်းလှမ်းဆက်တယ်။ ရဲအရာရှိက ကျွန်တော့်ကို သွေးပျက်သွားစေတဲ့ စကားတွေ ပြောပြခဲ့တယ်။ ငြိမ်းအေးကို ရဲစခန်း အချုပ်ထောင်မှာ ဖမ်းထားတယ်တဲ့။ လွင်ဦးမောင်ကို ငြိမ်းအေးက ဓားနဲ့ ထိုးလို့ ဖမ်းဆီးထားတာ ဖြစ်ကြောင်း သိခဲ့ရတယ်။ ကျွန်တော် ကြားကြားချင်းမှာ နာမည်တွေများ လွဲပြောခဲ့သလားလို့ သံသယဝင်ခဲ့သေးတယ်။ လွင်ဦးမောင်က ငြိမ်းအေးကို ဓားနဲ့ ထိုးတယ်လို့ ပြောချင်တာပဲလား။ တကယ့်အဖြစ်မှန်အရ လွင်ဦးမောင်က ဓားနဲ့ အထိုးခံရလို့ အခု ဆေးရုံရောက်နေပြီ။ ငြိမ်းအေးကို ဖမ်းမိခဲ့တဲ့ အချိန်က သူ့အင်္ကျီတွေ အကုန် စုတ်ပြဲနေတယ်။ တစ်ကိုယ်လုံးမှာလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့။ မျက်နှာဆိုလည်း ရစရာ မရှိအောင် နေရာတိုင်း ညိုမဲဖူးယောင်လို့။
ဘယ်သူက သူ့ကို အဲဒီလောက် ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် နှိပ်စက်ထားသလဲဆိုတာ ပြောပြနေစရာတောင် မလိုဘူး။ စာမေးပွဲကြီး နောက်ဆုံးနေ့ အပြန်လမ်းမှာ ငြိမ်းအေးကို စောင့်ပြီး သူတို့ ဝိုင်းဗျင်းခဲ့တာပဲ ဖြစ်မှာ။ သူတို့ ဒီနေ့ ဒီရက်အထိ စောင့်နေရတဲ့ အကြောင်းအရင်းက ကျောင်းမှာ အတန်းပိုင်ဆရာ(ကျွန်တော်)က သူတို့ကို မျက်စိဒေါက်ထောက်ပြီး ကြည့်နေမှန်း သိလို့တဲ့။ ငြိမ်းအေးရဲ့ မျက်နှာတည့်တည့်ကိုတောင် သူတို့ သေးနဲ့ ပန်းခဲ့ကြသေးတာ။
ငြိမ်းအေးဟာ မြေကြီးပေါ်မှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ ဘယ်လောက်ကြာကြာ လဲနေခဲ့သလဲဆိုတာ ဘယ်သူမှ မသိခဲ့ဘူး။ နောက်တော့ သူ့အနာတွေကို အံကြိတ်ခံရင်း ကျောင်းဆီ ပြန်ပြေးလာခဲ့ပြီး အားကစားခန်းမမှာ ကျွန်တော် သိမ်းထားတဲ့ ပစ်ဓားတစ်ချောင်း နှိုက်ယူသွားခဲ့တယ်။
လွင်ဦးမောင်တို့ လူစု ဘယ်နေရာတွေမှာ စုဝေးတတ်တယ်ဆိုတာ သူက ကြိုသိထားပြီးသား။ အရင်က အဲဒီနေရာကို သူ ပိုက်ဆံ သွားပေးခဲ့ဖူးတာ အကြိမ်ရေ မနည်းတော့ဘူး။ ပန်းခြံလေးရဲ့ အကွယ်တစ်နေရာက ခုံတန်းလျားမှာ လွင်ဦးမောင် တစ်ယောက်တည်း ထိုင်နေတာ တွေ့ရတော့ အနောက်ဘက်ကနေ မသိမသာ ပတ်ဝင်ပြီး သူ့ရဲ့ ညာဘက်ခါး အထက်ပိုင်းကို ဓားနဲ့ ထိုးပစ်ခဲ့တယ်။ သွေးပူတုန်းက လုပ်မိလုပ်ရာ လုပ်ပြီးကာမှ သွေးသံရဲရဲ မြင်ရတော့လည်း ကြောက်လန့်ပြီး မလှုပ်မယှက်နဲ့ ဖွတ်မေ့ ပဒတ်မေ့ ရပ်နေခဲ့တယ်။
ကျွန်တော် ရဲစခန်းကို အမြန် လိုက်သွားပြီး သူနဲ့ တွေ့ဖို့ ကြိုးစားတော့ သူက အတွေ့မခံခဲ့ဘူး။ လွင်ဦးမောင်ကိုတော့ အချိန်မီ ဆေးရုံ ပို့လိုက်နိုင်တာကြောင့် အသက်အန္တရာယ် မရှိခဲ့ဘူး။
နောက်နှစ်ရက်နေတော့ ကျွန်တော် ရဲစခန်းကို နောက်တစ်ခေါက် ထပ်သွားခဲ့တယ်။ စခန်းမှူးရဲ့ ပြောပြချက်အရ သိရတာက “ငြိမ်းအေးက သူသေကိုယ်သေ ချမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လွင်ဦးမောင်ကို သွားသတ်တာဖြစ်ကြောင်း ဝန်ခံတယ်။ ဘာကြောင့် ငြိမ်းအေးကို အဲဒီလောက် လုပ်ရတာလဲလို့ လွင်ဦးမောင်ကိုလည်း စစ်မေးကြည့်ခဲ့သေးတယ်။ သူက ‘သောက်မြင်ကပ်လို့’ တဲ့။ ‘ဘာကြောင့် အမြင်ကပ်ရတာလဲ’ လို့ မေးပြန်တော့ ဘာကြောင့် အမြင်ကပ်မှန်း သူလည်း မပြောတတ်ဘူး တဲ့”
အဲဒါ ကျွန်တော့်ကို ရင်ကွဲစေတဲ့ စကားလုံးတွေပဲ။
အဲဒီနောက်တော့ ငြိမ်းအေးရော၊ လွင်ဦးမောင်ကိုပါ ကျွန်တော် ထပ်မတွေ့ဖြစ်တော့ဘူး။ အထူးသဖြင့် ငြိမ်းအေးကိုပေါ့။ သူ့အမေရဲ့ ပြောပြချက်အရ သိရတာက ‘ဒီလောကမှာ သူ မတွေ့ချင်ဆုံးလူက ကျွန်တော်ပဲ’ တဲ့။
အဲဒီနှစ်မှာပဲ ကျွန်တော် အလုပ်ထွက်ခဲ့တယ်။ ထွက်ပြေးတယ်ပဲ ဆိုပါတော့။
အဲဒါဟာ ကျွန်တော့်ဘဝရဲ့ အကြီးမားဆုံး ရှုံးနိမ့်မှုပဲလို့ အခုထိ ခံယူနေတုန်းပဲ။