မာတိကာကြည့်ရန်

(ဂ)

အင်တာဗျူး – ဦးစိုးဝင်း (ထွန်းမောင်ရဲ့ ညာလက်ရုံး)

ဦးပေါ်လွင် … ဘယ်သူလဲ၊ ကျွန်တော် မသိဘူး။

အလယ်တန်းကျောင်းတုန်းက သူငယ်ချင်း … ဟုတ်လား၊ ကျွန်တော် မမှတ်မိတော့ဘူး။

သတင်းစာ … ကျွန်တော် သတင်းစာ မဖတ်ဖြစ်ဘူး။ စာရေးဆရာ အသတ်ခံရတယ်လား။ ကျွန်တော် မကြားမိဘူး။

ဟင် …. စာရေးဆရာရော၊ လူသတ်သမားရောက ကျွန်တော်နဲ့ တစ်တန်းတည်းသားတွေ … ။ အဲတော့ ဘာဖြစ်လို့လဲ။ ကျွန်တော်နဲ့မှ မဆိုင်တာ။ ခင်ဗျားက ဘာပြောချင်တာလဲ။ ဒီမှာ အလုပ်ပြုတ်သွားလို့ စိတ်ညစ်နေတာဗျာ။ အလုပ်အသစ် ထွက်ရှာရဦးမယ်။ မနှောင့်ယှက်ပါနဲ့ဗျာ။

သူရိန် … ဘယ်က သူရိန်လဲ။ အခု အသတ်ခံရတယ်ဆိုတာ သူလား။

ဪ … အဲဒီကောင်ကို ကျွန်တော် မှတ်မိတာပေါ့။ အသတ်ခံရတာ သူလား။ ဘယ်တုန်းက အသတ်ခံရတာတုံးဗျ။ ဒီလို သေသွားမယ်လို့ ဘယ်သူက တွက်ထားမိမှာလဲနော်။

ခင်ဗျား ဘာလို့ အဲဒီကိစ္စကို မေးရတာလဲ။ အမှုစစ်တာ … ခင်ဗျားတို့က တရားခံကို ဖမ်းမိပြီဆို၊ စောစောတုန်းက ခင်ဗျားပဲ ပြောပြီးတော့။

ထားလိုက်ပါဗျာ။ ရှေးခေတ်ဟောင်းက ကိစ္စတွေကို။

အင်း ဟုတ်တယ်။ ကျွန်တော်က သူရိန်ကို ခဏခဏ ဆော်ခဲ့ဖူးတယ်။ ဘာမှ ထွေထွေထူးထူး မရှိပါဘူး။ ဝင်တိုက်ထွက်တိုက်ပေါ့ဗျာ။ အခြေအနေအရ လုပ်ရတာပဲ။

အဲဒီ တကောင့်သား သူရိန်က မြည်းအတိုင်းပဲ။ အတော် ခေါင်းမာတဲ့ကောင်။ ဘယ်လိုလုပ်လုပ် ပိုက်ဆံကို မပေးတာ။ တခြား ငကြောက်တွေကတော့ နည်းနည်း ဖြဲခြောက်လိုက်ရင် သုံး၊ လေးရာတော့ အသာလေးရယ်။ တချို့ဆို ထောင်ဂဏန်းလောက် ညှစ်လို့ ရတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့က သူရိန်ကို အမြဲ ပြဿနာ ပတ်ရှာနေတာပဲ။ အဲ့ကောင်က အတော် ဟုတ်တဲ့ကောင်၊ ချီးကျူးစရာတော့ ကောင်းသား။ ဒီစကားကလည်း အခုမှ ပြောထွက်တာပါဗျာ။

ဟာ ခင်ဗျာ အတော် အလုပ်ရှုပ်တာပဲ။ ဘယ်က ပေါ်လွင်လဲ။ မသိပါဘူးဆိုနေဗျာ။

အား …. နေဦး နေဦး။ ပေါ်လွင် …. ပေါ်လွင် ….. ပေါ် ….. ပေါ

သိပြီ၊ သိပြီ။ ဟိုကောင် ‘ငပေါ’ ကို ပြောတာမလား။ ပေါ်လွင်၊ ကျွန်တော်တို့က ငပေါ လို့ပဲ ခေါ်တယ်။ သူဆိုရင် သိတာပေါ့ဗျာ။ သူက ထွန်းမောင်ရဲ့ ပိုက်ဆံအိတ်ပဲကိုး။

ပိုက်ဆံအိတ် ဆိုတာကို နားမလည်ဘူးလား။ ပိုက်ဆံထည့်ထားတဲ့ အိတ်လေဗျာ။ ဟုတ်တယ်ဗျ။ ထစ်ကနဲ ရှိရင် ထွန်းမောင်ကို ပိုက်ဆံ ဆက်သပေးနေတဲ့ ကောင်ပဲ။ အဲဒီကောင်က ပိုက်ဆံထုတ်ရုံတင် မကဘူး။ ဘာခိုင်းခိုင်း လုပ်ပေးသေးတာ။ တကယ့် ငဖားကောင်ပဲ။

ထွန်းမောင် ကျောင်းထုတ်ခံရပြီးတဲ့နောက် ကျွန်တော်တို့ အဖွဲ့လည်း ကွဲသွားတယ်။ ငပေါတောင် ကျွန်တော်တို့အနား သိပ်မကပ်တော့ဘူး။

တခြားကျောင်းက ကျောင်းသူလေးကိုလား။ အဲဒီကိစ္စကို ကျွန်တော် ကောင်းကောင်း မသိဘူး။ တကယ်ဗျ။ ထွန်းမောင်နဲ့ အနီးကပ်နေတဲ့သူက ကျွန်တော် ဆိုပေမယ့် အကြောင်းအရာ အတိအကျကို ကျွန်တော်လည်း မသိဘူး။ ဖြစ်နိုင်တာက အဲဒီကိစ္စ ဖြစ်ပြီးနောက်ပိုင်း သူနဲ့ သိပ်ပြီး မတွေ့ဖြစ်တော့ဘူး။

မဟုတ်ဘူး။ ဘယ်ကလာ ကျွန်တော် ဖြစ်ရမှာလဲ။ ထွန်းမောင် အဟွာပြုနေတုန်း သူ့အနားမှာ ရှိနေတာ တခြားလူတစ်ယောက်ပဲ။ ကျွန်တော် မသိဘူး။ တကယ်ပြောတာ။

နေပါဦးဗျာ၊ ကျွန်တော် မေးပါရစေဦး။ အဲဒီလို ပဝေသဏီက ကိစ္စတွေနဲ့ အခု အမှုက ဘာဆိုင်လို့လဲ။

ကျွန်တော် အခု စဉ်းစားမိတာ တစ်ခု ရှိတယ်။ အခု အသတ်ခံရတာ သူရိန်လို့ ခင်ဗျား စောစောက ပြောတယ်မလား။ အချိန်အတိအကျတော့ ကျွန်တော် မမှတ်မိတော့ဘူး။ တစ်ရက်က သူရိန် ကျွန်တော်ကို လာရှာဖူးတယ်။ ကျွန်တော့်ကို ထွန်းမောင်အကြောင်းနဲ့ ဟိုမုဒိန်းမှုအကြောင်း လာမေးတာ။ ဘယ်တုန်းကလဲ ဟုတ်လား။ သုံး၊ လေးနှစ်လောက်တော့ ရှိရောပေါ့။

သူက ထွန်းမောင်အကြောင်းကို မူတည်ပြီး ဝတ္ထုတစ်ပုဒ် ရေးမလို့ဆိုပြီး ပြောတာပဲ။ အဲဒီတုန်းကတော့ သူပြောတာ အတည် ထင်မထားခဲ့ဘူး။ အဲဒီလိုဆိုတော့ အဲဒီအချိန်ကတည်းက သူ စာရေးဆရာ ဖြစ်နေပြီပေါ့။ တောက် … ဒီလိုမှန်းသိရင် အဲဒီတုန်းက ပိုက်ဆံလေး ဘာလေး တောင်းလိုက်ပါတယ်။

အင်း … ကျွန်တော် သိထားသလောက် သူ့ကို ပြောပြလိုက်တာပဲ။ ကျွန်တော်နဲ့ သူရိန်ကလည်း ရန်ငြိုးတွေ ကြီးကြီးမားမား ရှိကြတာမှ မဟုတ်တာ။

ကောင်မလေးကို အနိုင်ကျင့်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှ မသိကြောင်း သူ့ကို အမှန်အတိုင်း ပြောလိုက်တာပဲ။ နည်းနည်း မှတ်မိလည်း နည်းနည်း ပြောပါဆိုပြီး ပေကပ်ကပ် လုပ်နေတော့တာ။ ကြည့်ရတာ ကျွန်တော့်ကို ထွန်းမောင်နဲ့ အတူပါသွားတဲ့ တစ်ယောက်လို့ ထင်နေပုံရတယ်။

ဓာတ်ပုံ … ဘာဓာတ်ပုံလဲ။

ကျွန်တော့်မှာ ဓာတ်ပုံ ရှိတယ်လို့ ဘယ်သူပြောတာလဲ။

အင်း ……. ရှိတော့ရှိတယ်။

ထွန်းမောင် အဖမ်းမခံရခင် ကျွန်တော့်ကို ဓာတ်ပုံတစ်ပုံ ပေးခဲ့ဖူးတယ်။ ရိုက်ထားတာ သိပ်တော့ မပြတ်သားဘူး။ ကျွန်တော် အဲဒီပုံ သိမ်းထားမိတာ ဘာအမှုမှ မပတ်လောက်ပါဘူးနော်။ ဓာတ်ပုံ ရှိနေလည်း ဘာမှ လုပ်လို့ရတာမှ မဟုတ်တာ။

ကျွန်တော့်ကို တစ်ချိန်လုံး သိမ်းထားတယ်လို့တော့ ခင်ဗျား မပြောသင့်ဘူး။ ကျွန်တော်က အမှတ်တမဲ့ ဖြစ်သွားပြီး လွှင့်မပစ်ခဲ့တာလို့ပဲ ပြောလို့ရမယ်။ ခင်ဗျား အိမ်မှာ ရှာကြည့်ရင်လည်း ဘယ်တုန်းကမှန်း မသိတော့တဲ့ ဓာတ်ပုံ တစ်ပုံ နှစ်ပုံတော့ တွေ့မိမှာပဲ။

အခု မရှိတော့ဘူး။ သူရိန် ပြန်သွားပြီးတဲ့နောက် မကြာဘူး၊ ကျွန်တော် လွှင့်ပစ်လိုက်ပြီ။ “သူရိန်ကို ပြလိုက်သလား” ဆိုတော့ သူနဲ့ စကားပြောရင်းနဲ့မှ အဲဒီ ဓာတ်ပုံကို သတိရသွားတာ။ အဲဒါနဲ့ ပြန်ရှာပြီး ထုတ်ပြလိုက်တာပေါ့။ သူက ခဏငှားသွားချင်တယ် ဆိုတာနဲ့ ပေးလိုက်တယ်။ နှစ်ရက်၊ သုံးရက်လောက်နေတော့ စာတိုက်ကတဆင့် ပြန်ပို့လာပေးတယ်။ နောက်တော့ သူ့စာနဲ့အတူ ဓာတ်ပုံကိုပါ အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်တာပဲ။ အဲဒီနောက်တော့ သူနဲ့ မတွေ့ဖြစ်တော့ဘူး။

ဓာတ်ပုံက အဲဒီ တစ်ပုံတည်း ရှိတာ။ တခြားပုံတွေ ဘယ်ရောက်ကုန်သလဲ ဆိုတာ ကျွန်တော်လည်း မသိဘူး။ ကျွန်တော့်ကို ထွန်းမောင်က တစ်ပုံတည်း ပေးခဲ့တာ။

****

 

အင်တာဗျူး – ဦးလှဆွေ (မီးပုံးပျံဆရာကြီး)

ဟုတ်ကဲ့၊ ကျွန်မက ဦးလှဆွေရဲ့ မြေးပါ။ ဘဘရဲ့ စကားပြောသံကို တခြားလူတွေက နားလည်မယ် မထင်ဘူး။ ဒါကြောင့် ကျွန်မကို ကြားထဲကနေ စကားပြန် လုပ်ခွင့်ပြုပါ။ ကိစ္စ မရှိပါဘူး။ စကားပြောရတာ ဒီလိုမှ ပိုအဆင်ပြေမှာလေ။ နိုမို့ မလိုအပ်ဘဲ ကြာနေလိမ့်မယ်။

ဘဘကလား၊ အခုဆို ၉၁ နှစ် ရှိပြီပေါ့။ နှလုံးက ကောင်းပါတယ်။ အရိုးအဆစ်တွေက အိုဟောင်းပြီဆိုတော့ မသယ်နိုင်တော့ဘူးပေါ့။ ဟင့်အင်း … မှတ်ဉာဏ်က အတော် ကောင်းသေးတယ်။ နားလေး နည်းနည်း လေးနေတာ တစ်ခုပဲ။

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက ဘဘ မီးပုံးပျံ မလုပ်တော့ဘူး။ အသက်ကြီးလာတာကလည်း အကြောင်းအရင်းတစ်ခုပေါ့။ အဓိကကတော့ အလုပ်မကောင်းတော့တာပါ။ တန်ဆောင်တိုင် မီးပုံးပျံပွဲကို ဖျက်သိမ်းလိုက်ကတည်းက ဘဘမှာ အလုပ်အကိုင် မရှိတော့ဘူး။ ကျွန်မတို့ မိသားစုကတော့ အဲဒါကို သဘောကျတာပေါ့။ ကျွန်မ ဖေဖေက ဘဘကို နားဖို့ ပြောနေတာ ကြာပြီလေ။

ဒါဘာစာအုပ်လဲ။ <စက္ကူမီးအိမ်> ပဲ။ ဒါ ဦးသူရိန်ရဲ့ စာအုပ် မဟုတ်လား။ ဟင့်အင်း၊ ကျွန်မ မသိဘူး။ ကျွန်မအိမ်က လူတွေလည်း မဖတ်ဖူးလောက်ဘူး။ ဘဘလား။ ကျွန်မ သူ့ကို မေးကြည့်လိုက်မယ်။

သူ မသိဘူးတဲ့။ ဘဘက အသက်ကြီးတော့ စာအုပ် မဖတ်နိုင်တော့ဘူးလေ။ ဒီစာအုပ်က ဘာထူးခြားလို့လဲ။ ဪ … ဟုတ်လား။ မီးပုံးပျံဆရာအကြောင်း ရေးထားတာလား။

ဘဘက ပြောနေတယ်။ ဒီလို အကြောင်းမျိုး ရေးတဲ့သူ ရှိသေးတာလားတဲ့။ ပုံမှန်အားဖြင့် ဒီလို အလုပ်မျိုးက လူတွေနဲ့ မနီးစပ်ကြဘူးလေ။ ဘယ်လို … ဦးသူရိန်က ဒီပတ်ဝန်းကျင်မှာ နေခဲ့ဖူးတယ်လား။ ဟုတ်တယ်၊ ဘဘက ဒီအိမ်ရဲ့ ဘေးနားက ဂိုဒေါင်ဟောင်းကြီးထဲမှာ အလုပ်လုပ်တာ။ ဟုတ်လား။ သူ ငယ်ငယ်က ဘဘ အလုပ်လုပ်နေတာကို ဘေးနားမှာ လာကြည့်ဖူးလို့ ကြီးလာတော့ ဝတ္ထုအနေနဲ့ ရေးထားတာ … ဘဘရဲ့ အကြောင်းကို မေ့လို့ မရဘူး … ။

အရင်က ဘဘ အလုပ်လုပ်ရင် အနီးနားက ကလေးတွေ ဘဘ အနားမှာ လာ ကစားနေတတ်တယ်တဲ့။ အန္တရာယ်များလို့ ဘဘက အမြဲ နှင်ထုတ်ပစ်တာပဲတဲ့။ တချို့က တော်တော်လေး စိတ်ဝင်စားကြတော့ ငြိမ်ငြိမ် ထိုင်ကြည့်ရင် လာကြည့်ခွင့်ပေးတယ်လို့ ဘဘက ပြောနေတယ်။

လာကြည့်တာ ကလေး ဘယ်နှယောက်လောက် ရှိသလဲလို့ မေးပေးရမှာလား … ခဏနော်။

ဘယ်နှယောက်လဲ ဆိုတာ သူလည်း မမှတ်မိတော့ဘူးတဲ့။ ဒါပေမယ့် ကလေးတစ်ယောက်ကိုတော့ အသေအချာ မှတ်မိတယ်တဲ့။

ဘာနာမည်လဲ … ကျွန်မ မေးကြည့်လိုက်ဦးမယ်။

ဘဘက နာမည် မသိဘူးလို့ ပြောတယ်။ မေ့သွားတာ မဟုတ်ဘူး။ အစကတည်းက မသိတာတဲ့။ ဘဘက အသက်သာ ကြီးတာ။ ငယ်ငယ်က အကြောင်းတွေ အခုထိ မှတ်မိနေတုန်းပဲ။ မှတ်ဉာဏ်က အခုထိ ကောင်းတုန်း။

အင် …. အဲဒါလား။ သူက မှတ်ဉာဏ်တွေ ကောင်းသေးတယ်ဆိုပေမယ့် အဲဒီလိုကျတော့ သိပါ့မလား မသိဘူး။ သူ့ကို အရင် မေးကြည့်လိုက်ဦးမယ်။

အံ့ဩစရာပဲ။ သူက မှတ်မိသေးတယ်တဲ့လေ။ ဓာတ်ပုံသာ သူ့ကို ပြနိုင်ရင် ဘယ်သူလဲဆိုတာ ခွဲခြားနိုင်တယ်တဲ့။ ဓာတ်ပုံ ပါလာတာလား။ ဒါဆို ကျွန်မ သူ့ကို ပြကြည့်လိုက်မယ်။

အင် …. ဒါ ဘာကြီးလဲ။ အလယ်တန်းကျောင်းသားတစ်ယောက်ရဲ့ အော်တိုစာအုပ်ကြီးပဲ။ အထဲမှာ ဓာတ်ပုံတွေ ပါတယ်လား။ အဲဒီ ကောင်လေးရဲ့ ပုံက ဒီစာအုပ်ထဲမှာ ပါကောင်းပါရဲ့။ ဒါပေမယ့် အဲဒီကောင်လေးက ဘဘဆီ ရောက်တုန်းက ဒီထက် ငယ်ဦးမယ် ထင်တယ်။ အမလေးလေး။ အဲဒီလိုကြီးလား။ ဒုက္ခပါပဲ။ ကျွန်မက ဘဘကို အဲဒါ ဘယ်လို ရှင်းပြရမှာလဲ။ အဲဒီပုံထဲက အရွယ် မဟုတ်ဘူးပေါ့။ ကျွန်မ သူ့ကို ဘယ်လို ပြောရပါ့မလဲ။ ကဲ … ထားပါလေ။ ကျွန်မ သူ့ကို အရင် ပြောကြည့်ကြည့်လိုက်မယ်။

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *