မာတိကာကြည့်ရန်

(ခ)

အင်တာဗျူး – ဦးအောင်လှိုင် (အတန်းဖော်)

ခင်ဗျားတို့ ရဲတွေက အဲဒီလူသတ်မှုနဲ့ ပတ်သက်ပြီး ကျုပ်အိမ်အထိ လိုက်လာတာဆိုတော့ ကျုပ်က လန့်သွားတာပေါ့။ မဟုတ်ပါဘူးဗျာ၊ အိုးမလုံ အုံပွင့်တာ မဟုတ်ပါဘူး။ သူတို့နဲ့ မတွေ့ဖြစ်ကြတာ ကြာလှပြီလေ။ ပြီးတော့ ခင်ဗျားတို့ အမှုက စာပေလောကနဲ့လည်း ပတ်သက်နေတာ မဟုတ်လား။ အဲဒါကလည်း ကျုပ်နဲ့ အဝေးကြီးပါဗျာ။ ဟုတ်တယ်၊ သတင်းစာထဲမှာ ဖတ်လိုက်ရတာ။ ကျုပ်တို့က တစ်တန်းတည်းသားတွေကိုးဗျ။ ဒါနဲ့ ကျုပ်ကို ဘာမေးချင်လို့လဲ။ ဗျာ …. အဲဒါလား။ အာ … ဂုဏ်ယူချင်စရာလည်း မဟုတ်ဘဲဗျာ။ စိတ်မသက်မသာ ဖြစ်စရာ အကြောင်းတွေကို ဘာဖြစ်လို့ သိချင်နေရတာလဲ။ ခင်ဗျားလည်း နားထောင်ပြီး စိတ်ဆင်းရဲနေရဦးမယ်။

ကျုပ်နဲ့ သူတို့နဲ့က အတန်းဖော်တွေဆိုတာ ခင်ဗျား ဘယ်လိုလုပ်ပြီး သိတာလဲ။ ဪ … စိုးနိုင်ကိုး။ ထင်ပါ့ဗျာ။ အဲ့ကောင်က ပါးစပ်သိပ်ဖွာတာ။ ငယ်ကျင့်ကို မပျောက်သေးဘူးပဲ။ ဟုတ်တယ်ဗျာ၊ အခုတလော ကျောင်းတွင်းအကြမ်းဖက်မှုကို ဧရာမပြဿနာကြီးလို လုပ်ပြီး ဆွေးနွေးနေကြတာ။ ခင်ဗျားကို ပြောရဦးမယ်။ ကျုပ်လည်း အရင်က အနိုင်ကျင့်ခဲ့ဖူးတာပဲ။ ဟဲ ဟဲ ဟဲ၊ ကလေးတွေပဲဗျာ။ ဒါပေမယ့် ကျုပ်အမြင်ကတော့ ဒါမျိုးကိစ္စတွေက ရှိသင့်ရှိထိုက်တဲ့ ကိစ္စတွေပဲဗျ။ ကျုပ်က ဆင်ခြေပေးနေတာ မဟုတ်ပါဘူးဗျာ။ ခင်ဗျားပဲ စဉ်းစားကြည့်။ ကြီးလာတော့ ကျူပ်တို့ တကယ့် လူလောကထဲ ဝင်ကြရတယ်။ ဟော … ပြဿနာတွေ သောင်းခြောက်ထောင်က ကျုပ်တို့ကို စောင့်ကြိုနေကြတာလေ။ ဒီတော့ ကလေးဘဝက ကြုံခဲ့ရတဲ့ အနိုင်ကျင့်မှုတို့၊ အကြမ်းဖက်မှုပဲ ခေါ်ခေါ်ပေါ့၊ အဲဒါတွေကို ကျုပ်တို့က ဘဝကြီးအတွက် လေ့ကျင့်ခန်းတွေလို့ သဘောထားလိုက်ရင် ပြီးမသွားဘူးလား။ လွန်လွန်ကျူးကျူးကြီး မဟုတ်ဘူးဆိုရင် ကျုပ်တို့ အတွေ့အကြုံတွေ၊ ဉာဏ်ပညာတွေတောင် ရသွားနိုင်တယ်။ မဟုတ်ဘူးလားဗျာ။ ကျုပ်ကတော့ အဲဒီလိုပဲ မြင်တယ်။ အခု လူတွေက သောက်ပိုတွေ သိပ်လုပ်နေသလိုပဲ။ အနိုင်ကျင့်တာလေးပဲဗျာ။

ခင်ဗျားက အဲဒီအကြောင်း ကျုပ်ကို လာမေးနေတယ်ဗျာ။ ကျုပ်ကို မေးနေမယ့်အစား ဒီထက် ပိုကောင်းတဲ့ နည်းလမ်း ရှိပါတယ်ဗျ။ ကျုပ်ပြောတာကို နားထောင်ချင်တယ် ဆိုလည်း ရပါတာပ။ ဒါပေမယ့် အတော်များများတော့ မေ့ကုန်ပြီ။ စေ့စေ့ပေါက်ပေါက် မေးရင် ကျုပ်လည်း ဖြေနိုင်မှာ မဟုတ်ဘူး။

ကျုပ် စောစောက ပြောတဲ့ နည်းလမ်းဆိုတာ စာအုပ်ဖတ်ခိုင်းချင်တာ။ သူရိန် ရေးထားတဲ့ စာအုပ်လေ။ ခဏလေး …. ဘာနာမည်လဲဗျာ။ နာမည်က ကဗျာဆန်ဆန်နဲ့ ခပ်ဆန်းဆန်းရယ်။ ဗျာ …. အာ … ဟုတ်တယ်၊ ဟုတ်တယ်။ <ဘေးမဲ့မြေ> အဲဒီ စာအုပ်ပဲ။ ဆရာလည်း သိတယ်လား။ ဒီလိုမှတော့ ကျုပ်ဆီ တကူးတက လာနေသေးတယ်ဗျာ။

အင်း၊ အဲဒီစာအုပ်ကို အကုန်လုံးတော့ မဖတ်ရသေးဘူး။ အဲဒီ လူသတ်မှုသတင်း ကြားရတော့ ကျုပ်လည်း စပ်စုချင်တာနဲ့ အဲဒီ စာအုပ်ကို ဝယ်ဖတ်ကြည့်တာပဲ။ ဟီး ဟီး … အဲဒါ ကျုပ် စာအုပ်ဆိုင်ကို ပထမဆုံး ရောက်ဖူးတာပဲဗျ။ အထဲဝင်ရမှာတောင် ခပ်ရွံ့ရွံ့ရယ်။

အဲဒီစာအုပ်ကို သေသေချာချာ ဖတ်ကြည့်ရင် ခင်ဗျား သိမှာပဲ။ အဲဒီစာအုပ်ထဲက နိုင်လင်းဆိုတာ ကျုပ်တို့အတန်းထဲက ထွန်းမောင်အကြောင်းကို ရေးထားတာ။ ကျုပ်တို့ အလယ်တန်း ကျောင်းသားဘဝက အဖြစ်အပျက်တွေလည်း ရေးထားတယ်။ ကျုပ်အကြောင်းတောင် ပါနေသလား မပြောတတ်ဘူး။

ဆရာတို့ရော ဖတ်ပြီးပြီမလား။ ဪ … ဒီလိုလား။ အဲဒီအထဲမှာ ရေးထားတာတွေက တကယ့် အဖြစ်မှန်တွေပဲ။ ဟုတ်တယ်ဗျ၊ ဝတ္ထုဇာတ်လမ်းဆိုပေမယ့် လက်တွေ့မှာက အဲဒီလိုပဲ ဖြစ်ပျက်ခဲ့တာ။ လူနာမည်တွေ ပြောင်းထားတာ ဆိုပေမယ့် အဖြစ်အပျက်တွေက တထေရာတည်းပဲလေ။ တချို့ အဖြစ်အပျက်တွေ ကျုပ်တောင် မေ့နေပြီ။ သူ့စာအုပ်ဖတ်ရမှ တချို့ကို ပြန်မှတ်မိလာတယ်။

ပလတ်စတစ်တိတ်နဲ့ ပတ်ပြီး အိမ်သာထဲ ပိတ်ထားတဲ့ အကြောင်းပါ ရေးထားတယ် … ဟုတ်လား။ အဲ့အကြောင်းစဉ်းစားမိရင် ကျုပ်မှာ ချွေးစေးတွေ ပြန်လာတာပဲ။ အဲဒီကိစ္စကို ကျုပ်ခေါင်းဆောင်ခဲ့တာလေ။ ဂုဏ်ယူစရာလည်း မဟုတ်ဘူးလေဗျာ။ ကလေးဘဝက ရူးမိုက်ခဲ့တဲ့ အပြုအမူပဲ ဆိုပါတော့။ အဲဒီကိစ္စတွေ အကုန်လုံးကို ထွန်းမောင်က ခိုင်းတာ။ အဲ့ကောင်က သူကိုယ်တိုင် ဘယ်တော့မှ မလုပ်ဘူး။ သူ့ဘော်ဒါတွေကိုချည်း ခိုင်းတာ။ သူ့လက်ကိုင်တုတ် လုပ်မယ်လို့လည်း မစဉ်းစားခဲ့ဖူးပါဘူးဗျာ။ ဒါပေမယ့် သူနဲ့တွဲပြီး အလုပ်လုပ်ရတာ စွန့်စားခန်း ဝင်ရသလို ပျော်စရာကောင်းတယ် ဆိုတဲ့ အတွေးပဲ ရှိတာ။

ခင်ဗျား ပြောနေတာက ထွန်းမောင် ဟိုကောင်မလေးကို အဟွာပြုတဲ့ ကိစ္စလား။ အဲဒီအကြောင်းကို ကျုပ်လည်း ကောင်းကောင်း မသိဘူး။ မဟုတ်ဘူး၊ တကယ်။ ကျုပ်သိသလောက်က သူ အဲဒီ ကောင်မလေးကို စိတ်ဝင်စားနေတယ် ဆိုတာပဲ။ သူက ဆံပင်ရှည်ရှည်၊ သေးသေးသွယ်သွယ်လေး၊ အဲဒီခေတ်က အမိုက်စားလေး ဆိုတာမျိုးပေါ့ဗျာ။ ထွန်းမောင်ဆိုတဲ့အကောင်က လူကောင်သာ ကြီးတာ။ ကြိုက်လိုက်ရင် သေးသေးသွယ်သွယ်လေးတွေကိုမှ ရွေးကြိုက်တတ်တာ။ အဲဒီ အကြောင်းတွေလည်း စာအုပ်ထဲမှာ အကုန်ပါတာပဲ။ ကျုပ်လည်း သူ့စာကို ဖတ်ရင်း ကြက်သီးတောင် ထတယ်။ ရေးထားတာ အတော်လေးကို စုံစုံစေ့စေ့ပဲ။ စာရေးတဲ့သူက ထွန်းမောင်အကြောင်းကို ခရေစေ့တွင်းကျ နားလည်နေသလိုမျိုးဗျ။

ထွန်းမောင် ရုတ်တရက် ကျောင်းထဲက ပျောက်ပျောက်သွားတဲ့အကြောင်းလည်း အဲဒီစာအုပ်ထဲမှာ ထည့်ရေးထားတယ်။ စာသင်ချိန် နောက်ဆုံးအချိန်ရောက်ရင် သူတစ်ယောက်တည်း စာသင်ခန်းထဲက ထွက်ထွက်သွားတတ်တာ။ အတန်းထဲ ပြန်ဝင်မလာတော့ဘူး။ ကျောင်းလည်း မဆင်းသေးဘဲနဲ့ ကျောင်းဆင်းခါနီးရင် သူ အတန်းထဲမှာ မရှိတော့ဘူး။ သူ ဘယ်ရောက်သွားသလဲဆိုတာ ဘယ်သူမှ မသိကြဘူး။ အဲဒီစာအုပ်ထဲက အတိုင်းဆိုရင်တော့ ဟိုကောင်မလေးဆီ သွားတာနေမှာ။ သူ သွားရင်လည်း ဘယ်တော့မှ အဖော် မခေါ်ဘူး။ တစ်ယောက်တည်း သွားတာ။ ဒါကြောင့် သူထွက်သွားပြီး ဘာတွေ လုပ်သလဲဆိုတာ ဘယ်သူမှ မသိကြဘူး။ စာအုပ်ထဲမှာ ရေးထားသလို တစ်နေရာမှာ ပုန်းနေပြီး အခြေအနေ ချောင်းကြည့်နေတာ ဖြစ်ချင် ဖြစ်မှာပေါ့။ ဘယ်အချိန် အလစ်သုတ်ရမလဲ ကြံစည်နေတာ ဖြစ်မယ်။

သူ ကောင်မလေးကို မကောင်းကြံဖို့ သွားတော့ သူ့ဘော်ဒါတစ်ယောက်ပဲ ခေါ်သွားတယ်လို့ ထင်တယ်။ ဘယ်သူလဲ ဆိုတာတော့ ကျုပ်လည်း မသိဘူး။ မဟုတ်ဘူး၊ ကျုပ်တကယ်ပြောတာ။ အခုချိန်ထိ ဖုံးကွယ်နေဖို့လည်း အကြောင်းမရှိဘူး မဟုတ်လား။ ကျုပ် မဟုတ်တာတော့ သေချာတယ်။ ကျုပ်က မတော်တာတွေ အများကြီး လုပ်ခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် အဲဒီလို သူများ မိန်းကလေးကို မတော်တရော် လုပ်တာမျိုးတော့ တစ်ခါမှ မလုပ်ဖူးဘူး။ ကူလည်း မကူဖူးဘူး။ အဲဒါတော့ ယုံ။

ခင်ဗျား ပြောသလိုပဲ။ <ဘေးမဲ့မြေ> စာအုပ်ထဲမှာ ရေးထားတဲ့အတိုင်း ဆိုရင် လူတော်တော်များများ ပါလောက်တယ်။ တစ်ယောက်က ကောင်မလေးကို ဖမ်းချုပ်ထားပေးရမယ်။ တစ်ယောက်က ဗီဒီယို ရိုက်ပေးမယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ အဲဒီအချိန်က သူ့ကို ကူပေးတာ လူတစ်ယောက်တည်းရယ်။ အင်း … ကောင်မလေးကို ဖမ်းချုပ်ပေးထားတဲ့ အကောင်ပေါ့။ ပြီးတော့ ဗီဒီယို ရိုက်တယ် ဆိုတာလည်း အမှန်မဟုတ်ဘူး။ သူတို့ သုံးတာက ဓာတ်ပုံ ကင်မရာ။ အခုရိုက် အခုဓာတ်ပုံထွက်တဲ့ ကင်မရာမျိုး။ ကြားမိတာတော့ ထွန်းမောင်ကိုယ်တိုင် ရိုက်တယ်လို့ ဆိုတာပဲ။ အဲဒီ ဓာတ်ပုံ ဘယ်ရောက်သွားသလဲ ဆိုတာတော့ ကျုပ်လည်း မသိတော့ဘူး။ စာအုပ်ထဲမှာတော့ အဲဒီ ဗီဒီယို တိတ်ခွေကို ရောင်းစားဖို့ စီစဉ်တယ်တဲ့။ အပြင်မှာတော့ ဘာလုပ်ပစ်လဲ ကျုပ်မသိဘူး။ ကျုပ်လည်း အဲဒီဓာတ်ပုံကို မမြင်ဖူးဘူး။ အမှန်အတိုင်း ပြောရရင် သိပ်ကြည့်ချင်တာပေါ့။ ဟား ဟား ……. ။ ဒါပေမယ့် ကျုပ်တို့ဆီ ရောက်မလာဘူး။

အား … ဟုတ်ပြီ၊ အဲဒီကောင် သိလောက်တယ်။ သူ့နာမည်က စိုးဝင်း၊ ထွန်းမောင်ရဲ့ ညာလက်ရုံးပဲ။ သူက ပစ္စည်းတစ်ခုခု သိမ်းချင်ရင် စိုးဝင်းကို ပေးထားတတ်တယ်။ ဓာတ်ပုံလည်း သူ့ဆီ အပ်ထားချင် အပ်ထားမှာ။ ဒါပေမယ့် အခုလိုအချိန်ထိ သူ အဲဒီဓာတ်ပုံကို သိမ်းထားလိမ့်မယ်လို့တော့ မထင်ဘူး။ သူ့လိပ်စာလား၊ မမှတ်မိတော့ဘူး။

ပေါ်လွင်က ခင်ဗျားကို ဒီအကြောင်းတွေ ပြောမပြဘူးလား။ သူလည်း ကောင်းကောင်း သိမှာပဲ။ သူ ဒီလောက် သိနေလို့ပဲ ဒီလိုဝတ္ထုမျိုး ရေးနိုင်တာပေါ့။ ဘာ …. သူ မပြောဘူး၊ ဟုတ်လား။ ပြောမထွက်တာပဲ နေမှာပါ။

ဘာလို့ ပြောမထွက်တာလဲ၊ ဟုတ်လား။ ဂုဏ်ယူပြီး ပြောရမယ့် ကိစ္စမျိုးမှ မဟုတ်တာပဲဗျာ။ ကြွားဝါစရာမှ မဟုတ်တာ။

သူ အနိုင်ကျင့်ခံရလို့ …။ အဲ့ကောင် အနိုင်ကျင့်ခံရတယ်ဆိုတာ ခဏပဲ။ ထွန်းမောင်က ပေါ်လွင်ကို အဲလောက် စိတ်ဝင်စားတာ မဟုတ်ဘူး။ သူက သူရိန်ကို ပစ်မှတ်ထားတာ။ သူရိန်က အရမ်း မာနကြီးတာပဲ။ တကယ်တမ်းကတော့ သူ့ကို ဘယ်လောက်ချချ၊ သူရိန်က တစ်ချက်ကလေး ဦးမညွတ်ဘူး။ ထွန်းမောင် ခိုင်းတာဆိုရင် သေချင် သေသွားပါလေ့စေ၊ လုပ်တဲ့အကောင် မဟုတ်ဘူး။ ဒါကြောင့်လည်း ထွန်းမောင်က သူ့ကို နည်းနည်းမှ ကြည့်လို့မရတာ။ သူရိန်က ခေါင်းမာလေ၊ သူက စိတ်ဆိုးလေ။ ဒီတော့ အနိုင်ကျင့်တာတွေကလည်း ကြမ်းသထက် ကြမ်းလာတော့တာပေါ့။ နောက်တော့ စာအုပ်ထဲမှာ ရေးထားသလိုပဲ၊ အကုန် ဖြစ်ကုန်တော့တာပဲ။

ဟုတ်တယ်၊ ပလတ်စတစ်တိတ်နဲ့ အပတ်ခံရတယ် ဆိုတဲ့သူက သူရိန်ပေါ့။ အင်း အင်း၊ သင်္ဘောဆေးတွေနဲ့လည်း အလောင်းခံရတာ။ ပေါ်လွင်လား။ အဲကောင်က အဲဒီအချိန်မှာ ကျုပ်တို့နဲ့ တစ်ဖွဲ့တည်း ဖြစ်နေပြီ။ ဟုတ်တယ်၊ ကျုပ်တို့ လူပေါ့။ အဲ့ကောင်ကမှ ထွန်းမောင်ရဲ့ နောက်လိုက်အစစ်။ ကျုပ်တို့ကိုတောင် သူက ဟိုဟာလုပ်၊ ဒီဟာလုပ် ခိုင်းနေတာ။

သူတို့နှစ်ယောက်က ငယ်သူငယ်ချင်းတွေ … … မဖြစ်နိုင်တာဗျာ။ ဘွဲ့ရပြီး ဘာတွေ ဆက်ဖြစ်သလဲတော့ ကျုပ်မသိဘူး။ မီဒီယာတွေမှာ သူတို့ကို အရမ်းခင်တဲ့ သူငယ်ချင်းတွေပါလို့ ရေးထားကြတာ။ ၈ တန်းအောင်ပြီးနောက်ပိုင်း အခြေအနေတွေ ပြောင်းကုန်ရင်တော့ မပြောတတ်ဘူး။ ကျုပ်သိထားသလောက်တော့ ကျုပ်တို့ အလယ်တန်း ကျောင်းသားဘဝမှာ သူတို့နှစ်ယောက်ဟာ သူငယ်ချင်းဆိုတာတော့ လုံးဝ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပေါ်လွင်က သူရိန့်မကောင်းကြောင်းတွေချည်း ထွန်းမောင်ကို ပြောပြောနေတာ။ ပေါ်လွင်ကြောင့်သာ မဟုတ်ရင် ထွန်းမောင်က သူရိန်ကို အဲဒီလောက် အငြိုးထားလိမ့်မယ် မထင်ဘူး။

ဒါကြောင့် <ဘေးမဲ့မြေ> ဝတ္ထုထဲက ‘အောင်မြင့်’ ဆိုတာ သူရိန်ပဲ ဖြစ်ရမယ်။ အဲဒါ သေချာတယ်။ စာအုပ်ကို သူရိန်နာမည်နဲ့ ထုတ်ပေးရမှာကြောင့် သူရိန်ကို ဇာတ်လိုက်အနေနဲ့ ထားပြီး ရေးထားတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ “ပေါ်လွင်ရော ဝတ္ထုထဲ ပါလား။ ဘယ်သူ ဖြစ်မလဲ” ဆိုတာတော့ ကျုပ်လည်း မပြောတတ်ဘူး။ ဘာပဲဖြစ်ဖြစ် သူက ထွန်းမောင်ရဲ့ လက်ကိုင်တုတ်တစ်ချောင်းပဲ။

အခု ပြန်စဉ်းစားကြည့်တော့လည်း ထူးဆန်းစရာပဲ။ အနိုင်ကျင့်ခဲ့တဲ့သူက အနိုင်ကျင့်ခံရတဲ့သူ အကြောင်းကို ဝတ္ထုရေးပြီး ခံရတဲ့သူရဲ့ နာမည်နဲ့ စာအုပ်ထုတ်တယ်ဆိုတော့ …… ။ အိုဗျာ … ရှုပ်ယှက်ခတ်နေတာပဲ။

****

 

အင်တာဗျူး – ဦးမြတ်ကျော် (အထက်တန်းကျောင်း အတန်းဖော်)

ခဏနေ ကျွန်တော် အစည်းအဝေး ဝင်စရာရှိလို့ အချိန်များများစားစား မပေးနိုင်တာ တောင်းပန်ပါတယ်။

ဆရာတို့ ဘာကိစ္စနဲ့ လာသလဲဆိုတာ ကျွန်တော်ဖြင့် နားမလည်နိုင်ဘူး။ ဆရာတို့ ရဲမှုခင်းဌာနက အမှုစစ်ရင် လစ်ကွက်ဟာကွက် မရှိအောင် မြေဆုံးရေဆုံး လိုက်တယ်ဆိုတာတော့ ကြားဖူးနေတာပဲ။ ဒါပေမယ့် ပေါ်လွင်နဲ့ ကျွန်တော်က အထက်တန်းကျောင်းမှာပဲ အတူတူ ကျောင်းတက်ခဲ့တာဆိုတော့ ကျွန်တော်နဲ့ ဒီအမှုက ဘယ်လိုမှ ပတ်သက်စရာ အကြောင်း မရှိဘူးလို့ပဲ နားလည်ထားတာ။ ဗျာ … ဆရာတို့က ကလေးဘဝက အကြောင်းတွေပါ လိုက်စုံစမ်းနေတာ။ ဒါကတော့ဗျာ …… ။ ကျွန်တော် ဘာပြောရမယ်မှန်းတောင် မသိတော့ဘူး။ လိုရော လိုအပ်လို့လားဗျာ။

ပေါ်လွင်က တခြားသူတွေနဲ့ ဘာမှ မထူးခြားပါဘူး။ သူသူကိုယ်ကိုယ်လို သာမန် ကျောင်းသားတစ်ယောက်ပါပဲ။ သူရော ကျွန်တော်တို့က စာအုပ်တို့၊ ရုပ်ရှင်တို့ကို စိတ်ဝင်စားတယ်လေ။ အဲဒီအကြောင်းတွေပဲ ပြောဖြစ်ကြတာ များတယ်။ အင်း ဟုတ်တယ်။ သူက စာရေးဆရာတစ်ယောက် ဖြစ်ချင်နေတာ။ စာရေးဆရာတစ်ယောက် ဖြစ်အောင် ကြိုးစားမယ်လို့လည်း ကျွန်တော့်ကို မကြာခဏ ပြောဖူးတယ်။ သူ့ရဲ့ မှတ်စုစာအုပ်ထဲမှာ ဝတ္ထုတိုလေးတွေ ရေးပြီး ကျွန်တော့်ကို လာပြတတ်တယ်။ ဘာတွေ ရေးထားသလဲ ဆိုတာတော့ ကျွန်တော် မမှတ်မိတော့ဘူး။ အများစုကတော့ သိပ္ပံဝတ္ထုတွေပဲ။ စိတ်ဝင်စားစရာ ကောင်းတယ်။ တစ်ခါတလေ သူ့စာနဲ့ အပျင်းဖြေရတာ။

ပေါ်လွင် ကျွန်တော်တို့ကျောင်းကို ရောက်လာရတဲ့ အကြောင်းအရင်းလား။ မပြောတတ်ဘူး။ အဲ … နေဦး။ သူတစ်ခါ ပြောဖူးတာ သတိရပြီ။ ကျွန်တော်တို့နားမှာ တခြား အထက်တန်းကျောင်း တစ်ကျောင်း ရှိသေးတယ်။ သူ အဲဒီကို မသွားချင်ဘူးလို့ ပြောဖူးတယ်။ မကြာခဏ အဲဒီအကြောင်း ပြောနေတတ်တာပဲ။ အင်း … မရေမတွက်နိုင်အောင်ပဲ။ သတိရတိုင်း ပြောနေသလိုမျိုး။

အဲဒီကျောင်းကို ဘာကြောင့် မုန်းတာလဲ ဆိုတာ ကျွန်တော်လည်း တိတိပပ မပြောတတ်ဘူး။ ကျောင်းက ညစ်ပတ်ပြီး လူပေလူတေတွေ ပေါလို့ ဖြစ်ချင်ဖြစ်မှာပဲ။ အဲဒီလိုပဲ သူအမြဲ ပြောနေတာလေ။ အရင်နေခဲ့တဲ့ ကျောင်းတွေကိုလည်း အဲဒီလို ပြောတာပဲ။ ဟုတ်တယ်၊ သူအရင်နေခဲ့တဲ့ မူလတန်းကျောင်းတို့၊ အလယ်တန်းကျောင်းတို့ပေါ့။ စကားပြောရင်း အဲဒီကျောင်းတွေအကြောင်း ရောက်သွားရင် အပြစ်တွေပဲ ပြောလို့ မပြီးတော့ဘူး။

ဟင့်အင်း၊ သူက သူ့အလယ်တန်းကျောင်းက သူငယ်ချင်းတွေအကြောင်း မပြောပြဖူးဘူး။ သူရိန် ဆိုတဲ့ လူအကြောင်းလည်း တစ်ခါမှ မပြောဖူးပါဘူး။ သူ့မှာ အဲဒီလို ငယ်သူငယ်ချင်းတစ်ယောက် ရှိတယ်ဆိုတာ ကျွန်တော်ဖြင့် သတင်းစာဖတ်မှ သိရတာ။

သူနေခဲ့တဲ့ ကျောင်းနဲ့ အိမ်နီးနားချင်းအကြောင်းကို မကြာခဏ အပြစ်တင်ပြီး ပြောနေတတ်တယ်။ သူ့ဘေးအိမ်က လူတွေ ဘယ်လောက် အောက်တန်းကျကြောင်း၊ အဲဒီက ကျောင်းတွေ ဘယ်လောက် အဆင့်မရှိကြောင်း အမြဲပဲ အပြစ်တင်နေတာ။ အစက စကားကို အေးအေးဆေးဆေး ပြောနေရာက အဲဒါတွေအကြောင်း ရောက်သွားရင် ဒေါသတွေ တချောင်းချောင်း ထွက်ချင် ထွက်နေတတ်တာ။ ကျွန်တော်ကတော့ သူ့ကို လူထူးလူဆန်းလို့ အောက်မေ့နေခဲ့တာပဲ။ ဘယ်သူမဆို ကိုယ့်ငယ်ဘဝကို ဂုဏ်ယူတတ်ကြတာချည်းပဲလေ။ သူကတော့ တစ်မျိုးဗျ။

သူက ပြောဖူးတယ်။ “ငါတို့အိမ်က တကယ်ဆို ဒီလိုနေရာမျိုးမှာ မရှိသင့်ဘူး။ အဖေ့အလုပ်ကြောင့်သာ ဒီနေရာမှာ လာနေနေရတာ။ ဒါကြောင့် ငါတို့ ဒီမှာ ကြာကြာနေမှာ မဟုတ်ဘူး။ ခဏနေပြီး ပြောင်းမှာ။ ခဏပဲဆိုတော့ အိမ်နီးနားချင်းတွေနဲ့လည်း ဆက်ဆံနေဖို့ မလိုဘူး။ အဲ့နားက ကလေးတွေနဲ့လည်း မဆော့ချင်ဘူး”

သူ ဘယ်မှာနေနေ ကျွန်တော့်အတွက် အရေးပါတာမှ မဟုတ်တာ။ သူကတော့ အဲဒီအကြောင်း ခဏခဏ ပြောနေတာပဲ။ ကျွန်တော့်ကိုပဲ အသိပေးနေသလိုလို။ တကယ့်ကို ရူးကြောင်ကြောင်ပဲ။ ဒါပေမယ့် ကျွန်တော်တို့ ခင်မင်ခဲ့တဲ့ ကာလတစ်လျှောက်လုံး သူ အိမ်မပြောင်းဖူးပါဘူး။

အိမ်ပြောင်းတဲ့အကြောင်း ပြောတော့ သူပြောဖူးတာတစ်ခု သွားသတိရတယ်။

“မူလတန်းမှာတုန်းက ကျောင်းပြောင်းဖို့ အခွင့်အရေးတစ်ခါ ကြုံခဲ့ရဖူးတယ်။ အဲဒီကျောင်းမှာ ဘယ်လိုမှ မပျော်တာနဲ့ အမေလည်း ပြောင်းပေးဖို့ စီစဉ်သေးတာ။ နောက်တော့ မပြောင်းခဲ့ရပါဘူးကွာ။ ကြည့်ရတာ ငါ ကျောင်းပြန်တက်နေလို့ပဲ ပြောင်းမပေးတော့တာ နေမှာ။ ငါ့မှာ အဲဒီကျောင်းကို တက်နေရတာ သေချင်စော်နံလို့။ နေရာတကာ ဝင်လျှာရှည်တတ်တဲ့ အိမ်နီးချင်းတစ်ယောက်က ရှိသေးတယ်။ အဲ့ကောင်က ငါ့ဆီ နေ့တိုင်းလာနေတာ။ ငါလည်း မတတ်နိုင်ဘူး။ ကျောင်းသွားရတော့တာပဲ။ ငါ ကျောင်းမသွားမချင်း ဘေးကနေ ပွစိပွစိ လုပ်နေတာ”

ကျွန်တော့်အမြင်ကတော့ ဒီလို အိမ်နီးချင်းတစ်ယောက် ရှိရတာ အင်မတန် ကံကောင်းတယ်လို့ ထင်မိမှာပဲ။ ဒါပေမယ့် သူ့အမြင်ကတော့ တစ်မျိုးလေ။ သူ့အကြောင်းနဲ့သူပေါ့။

ဆယ်တန်းပြီးတော့ သူနဲ့က ထပ်မတွေ့ဖြစ်တော့ဘူး။ အဲ …. တစ်ခါတော့ လမ်းမှာ ဆုံခဲ့ဖူးတယ်။ ဒီလောက်ပါပဲ။ သူနဲ့ အဆက်အသွယ် မရှိတော့ဘူး။

ဦးသူရိန်ရဲ့ ဝတ္ထုတွေလား။ အမှန်အတိုင်း ပြောရရင် အရင်က မဖတ်ဖူးခဲ့ဘူး။ ကျွန်တော်က စုံထောက်ဝတ္ထုတွေပဲ စိတ်ဝင်စားတာ။ တခြားစာအုပ်တွေနဲ့ကတော့ ခပ်ဝေးဝေးပဲ။ အခုက သတင်းထဲမှာ ဟိုးလေးတကျော်ဆိုတော့ စာအုပ်တစ်အုပ် ဝယ်ဖတ်ကြည့်တာပေါ့။ တကယ့် စာရေးဆရာက ပေါ်လွင်လို့ ကြားတော့ မနေနိုင်တော့ဘူး။ အရမ်း စိတ်ဝင်စားလာတာနဲ့ ဖတ်ကြည့်တာ။

အဲဒီစာအုပ်နာမည်က <ပိုးစုန်းကြူး> တဲ့။ ကိုယ့်မိန်းမ နောက်မီးလင်းနေလို့ စိတ်ညစ်နေရတဲ့ ပန်းချီဆရာအကြောင်းပေါ့။ အတွင်းကျကျတော့ နားမလည်ပါဘူး။ ဒါပေမယ့် အဲဒီစာအုပ်ကို ဖတ်နေရင်း တချို့နေရာတွေ ရောက်ရင် စိတ်ထဲ အတွေးတစ်ခု ဝင်ဝင်လာတာပဲ။ “ဟုတ်တယ်၊ ဒါမှ ပေါ်လွင်ရဲ့ လက်ရာ အစစ်” ဆိုတဲ့ အတွေးပေါ့။ သူ့ရဲ့ စရိုက်ကို စကားလုံးတွေထဲမှာ ကျွန်တော် ခံစားနေရတယ်။ စရိုက်ဆိုတဲ့ဟာက လွယ်လွယ်နဲ့ ပြောင်းလို့ရတာမှ မဟုတ်တာ။

ဘာ …. <ပိုးစုန်းကြူး> က ဦးသူရိန်ရဲ့ ဝတ္ထု။ အင် …. အဲ ….. ဟုတ်လို့လား။

အဟီး၊ အရှက်တွေတော့ ကွဲကုန်ပါပြီ။ အေးဗျာ … ကျွန်တော်က စာပေပညာရှင်မှ မဟုတ်တာ။ ဟီး …….

ကျွန်တော်ကို ခွင့်ပြုဦးခင်ဗျ။ ကျွန်တော် အစည်းအဝေးလေး ရှိနေသေးတယ်။

****

 

အင်တာဗျူး – ဦးဇော်နိုင် (ဦးပေါ်လွင်ရဲ့ ဦးလေး)

ဟုတ်တယ်။ ဦးက ပေါ်လွင်ရဲ့ ဦးလေးပါ။ ပေါ်လွင်ရဲ့ အမေက ဦးရဲ့ နှမပေါ့။

အမြတ်ငွေ ပြန်ပေးဖို့ကိစ္စလား။ ပိုက်ဆံကြောင့် … ဒါက ပိုက်ဆံကြောင့်ချည်း သက်သက်လည်း မဟုတ်ပါဘူး။ ငါတို့ဘက်ကနေ ကိုယ်ချင်းစာကြည့်ပေါ့ကွာ။ တစ်ခုခုတော့ ဖြေရှင်းချက် ပေးသင့်တာပေါ့၊ မဟုတ်ဘူးလား။

ပေါ်လွင် ဦးသူရိန်ကို သတ်တဲ့ကိစ္စက ခွင့်လွတ်လို့ မရတာ မှန်တယ်။ ထိုက်သင့်တဲ့ အပြစ်ဒဏ်ကို ခံယူသင့်တယ်လို့လည်း ဦးက ယုံကြည်တယ်။ ပေါ်လွင်လည်း ဒီလိုပဲ ယုံကြည်လို့ ဝန်ခံခဲ့တာ နေမှာပဲ။ အဲဒီလို ဝန်ခံလို့ပဲ ပြတ်သားသင့်တာကို ပြတ်ပြတ်သားသား လုပ်ဖို့ စိတ်ကူးလိုက်တာ။ ပေါ်လွင်ဘက်က မှားတာ ဆိုပေမယ့် ဒီလို ဖြစ်လာဖို့ လုံလောက်တဲ့ အကြောင်းအရင်းက ရှိနေခဲ့တယ်လေ။ သူတို့ နှစ်ယောက်အကြားမှာ ရှိတဲ့ အရှုပ်အရှင်းတွေ ဦးလည်း ကြားပြီးပြီ။ ဒါကြောင့်လည်း ဦးက သည်းမခံနိုင်လို့ တောင်းဆိုလိုက်တာပဲ။

တစ်လောကလုံးကို သိစေချင်တာက ပေါ်လွင်တစ်ယောက်တည်း မှားတာ မဟုတ်ဘူး။ သူတို့လည်း မှားတာပဲ။ ဒီလို အခြေအနေမျိုးမှာ ပေါ်လွင် တစ်ယောက်တည်းကပဲ အပြစ်ဒဏ်ကို ခံနေရမယ်ဆိုရင် ဘယ် တရားမလဲ။ ဟိုလူရဲ့ အမှားကရော၊ ဒီအတိုင်း မသိချင်ယောင် ဆောင်ပေးလိုက်ရတော့မှာလား။

ဦးသူရိန်က အင်မတန် နာမည်ကြီးတဲ့ စာရေးဆရာတစ်ယောက် မဟုတ်လား။ သူ့စာအုပ်တွေက ထွက်လိုက်တိုင်း ရောင်းအကောင်းဆုံး စာအုပ်စာရင်းဝင်တွေ အမြဲ ဖြစ်နေတာဆို။ အဲဒါ ဘယ်သူ ရှာထားတဲ့ ငွေလဲ။ ဝတ္ထုတွေ ရေးလို့ ရလာတဲ့ ငွေတွေ မဟုတ်ဘူးလား။ အခု အဲဒီငွေတွေက တခြားလူရဲ့ လက်ထဲမှာ တို့လို့ထိလို့ မရဘဲ ပေါ်လွင်ကတော့ အပြစ်ဒဏ်ကို တစ်ယောက်တည်း လည်စင်းခံရမယ်ပေါ့။ ထူးဆန်းလွန်း မနေဘူးလား။ နားကို မလည်နိုင်ဘူး။ ဦးသာဆိုရင် အဲဒီလိုငွေတွေကို သက်ဆိုင်တဲ့သူဆီ ပေးပစ်လိုက်မှာ။ အဲဒီလို လုပ်သင့်တာပဲ မဟုတ်ဘူးလား။

သူတို့ ပြောစရာ ရှိတယ်ဆိုတာလည်း ဦး သိပါတယ်။ ဒါကြောင့်လည်း ဆက်လုပ်ရမယ့် ကိစ္စတွေအတွက် ရှေ့နေအပ်လိုက်ရတာပေါ့။ အားလုံး ပြေပြေလည်လည်နဲ့ အဆုံးသတ်သွားဖို့ပဲ မျှော်လင့်ပါတယ်။ ဦး အခုလို ဝင်လုပ်ရတာက ငွေမက်လို့ မဟုတ်ဘူး။ သူတို့ဘက်က ဘယ်လောက် ပြန်ပေးပေး၊ ဦးရဲ့ ပိုက်ဆံ ဖြစ်သွားတာမှ မဟုတ်တာ။ အဲဒါ ပေါ်လွင်ရဲ့ ပိုင်ဆိုင်မှုပဲလေ။

ဦးဘက်က စကားကောင်းနေလိုက်တာ၊ ဒီနေ့ ငါ့တူကြီး လာတာ ဘာကိစ္စလဲ။ ဦးတို့ရဲ့ အမှုကိစ္စက တရားမမှုဆိုတော့ ရဲမှုခင်းဌာနနဲ့ မဆိုင်ဘူး ထင်တယ်။

ဪ …. အဲဒီကိစ္စအတွက် လာတာ မဟုတ်ဘူးလား။ ဦးရဲ့နှမ အကြောင်း …။ ဟုတ်တယ်၊ ပေါ်လွင်ကို မွေးပြီး နည်းနည်းလေးကြာမှ အဲဒီနေရာကို ပြောင်းသွားခဲ့တာ။ အဲဒီအချိန်က ယောက်ဖရဲ့ အမျိုးတွေပိုင်တဲ့ မြေကွက်တစ်ကွက်ကို ဈေးပေါပေါနဲ့ ရတာကြောင့် ဝယ်ခဲ့ကြတာ။ နောက်တော့ အဲဒီမှာပဲ အိမ်ဆောက်ပြီး နေတာလေ။ နေပြီး မကြာဘူး။ ဦးရဲ့ နှမက သူ့ပတ်ဝန်းကျင်က အခြေအနေတွေကို စုံစမ်းတယ် ပြောတာပဲ။ သူ ဘာကြောင့် အဲဒီပတ်ဝန်းကျင်ကို လုံးဝ သဘောမကျတာလည်း ဆိုတာ ဦးလည်း မသိဘူး။ အဲဒီအကြောင်း ပြောမိရင် အမြဲ မကျေမချမ်းနဲ့။ ဒါနဲ့ ဦးလည်း အဲ့ဒီအကြောင်း တတ်နိုင်သလောက် မပြောတော့ဘူး။

ငါ့တူကြီးက ဘာကြောင့် အဲဒါတွေ မေးနေရတာလဲ။ အမှုနဲ့က ဘယ်လို ပတ်သက်နေရတာတုံး။

အသေးစိတ် စုံစမ်းရတယ်ဆိုတာ နားလည်ပေးလို့ ရပါတယ်။ မင်းတို့ဟာက ဦးရဲ့ နှမအကြောင်းတောင် မေးနေတယ်ဆိုတော့ မပိုလွန်းဘူးလားကွာ။ ထားပါ၊ ထားပါ။ အတိတ်တွေပဲဟာ၊ အရေးမကြီးတော့ပါဘူး။

****

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *