မာတိကာကြည့်ရန်

(က)

စုံထောက်ဝေဖြိုး၏ မှတ်စု

မေလ ၁၄ ရက်နေ့ – လွန်ခဲ့တဲ့ ၃ လက ဦးပေါ်လွင် အလုပ်လုပ်သွားတဲ့ အလယ်တန်းကျောင်းကို ရောက်ခဲ့တယ်။ ကျောင်းဆင်းချိန်ဖြစ်လို့ အိမ်ပြန်ကြတဲ့ ကလေးတွေနဲ့ ကျောင်းပေါက်ဝမှာ ရှုပ်ယှက်ခတ်နေတယ်။ အားကစားကွင်းထဲမှာလည်း ကလေးတချို့ ကစားနေကြတယ်။

ကျွန်တော် ကျောင်းရုံးခန်းကို သွားပြီး ဦးပေါ်လွင်နဲ့ ရင်းနှီးတဲ့ ဆရာတစ်ယောက်ယောက်နဲ့ စကားပြောခွင့်ရဖို့ တောင်းဆိုခဲ့တယ်။ ရုံးခန်းထဲမှာ ရှိတဲ့ အမျိုးသမီးက အပြင်ထွက်သွားပြီး အကြာကြီးနေမှာ တခြား ဆရာမတစ်ယောက်နဲ့ ရုံးခန်းထဲ ပြန်ဝင်လာတယ်။ စောင့်ရတာ အတော် စိတ်ပျက်ဖို့ ကောင်းတာပဲ။ ဒါပေမယ့် ဒါတွေက အစိုးရကျောင်းတွေမှာ ဖြစ်ရိုးဖြစ်စဉ်ပဲ မဟုတ်လား။ မိနစ် ၂၀ နီးပါး စောင့်ပြီးသွားတော့မှ ကျွန်တော့်ကို ဧည့်တွေ့ဆောင် ခေါ်သွားခဲ့တယ်။

ကျောင်းအုပ်ဆရာကြီးရယ်၊ သမိုင်းသင်တဲ့ ဆရာ ဦးစိုးမင်းရယ်နဲ့ ကျွန်တော်တို့ တွေ့ဆုံ စကားပြောခဲ့ကြတယ်။ ကြည့်ရတာ ဆရာ ဦးစိုးမင်း စကားပြောမှားမှာစိုးလို့ မျက်စိဒေါက်ထောက်ကြည့်ဖို့ ကျောင်းအုပ်ဆရာကြီးက အနားမှာ ရှိနေတာ ဖြစ်မယ်။

သူတို့ကို ဦးပေါ်လွင်ရဲ့ လူသတ်မှုအကြောင်း သိမသိ အရင် မေးကြည့်ရတယ်။ သူတို့လည်း မီဒီယာက ဖော်ပြထားသလောက်တော့ သိနှင့်နေကြပြီ။ ဦးပေါ်လွင်ဟာ ဦးသူရိန်ရဲ့ ရှဲဒိုးဖြစ်ကြောင်း သတင်းကလည်း အတော်လေး ပျံ့နေခဲ့ပြီ။ အဲဒီအရှုပ်အရှင်းကြောင့် လူသတ်မှုတွေ ဖြစ်ကြတယ်လို့ သူတို့ကလည်း သိနေကြပြီ။ ကျွန်တော် ရောက်လာတာကပဲ ကောလာဟလတွေကို အတည်ပြုပေးလိုက်သလို ဖြစ်နေတယ်။

ဦးပေါ်လွင်က တခြားသူကို ရှဲဒိုးရေးပေးနေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သူတို့ရဲ့အမြင်ကို ကျွန်တော် မေးကြည့်ခဲ့တယ်။ ဆရာဦးစိုးမင်းက တုံ့နှေးနှေးနဲ့ ပြန်ဖြေတယ်။ “ဝတ္ထုတွေ သူရေးနေတာ ကျွန်တော် သိတယ်။ ကလေးမဂ္ဂဇင်းမှာ ပါတဲ့ သူ့ရဲ့ ဝတ္ထုတွေကိုလည်း ကျွန်တော် ဖတ်ခဲ့ဖူးတယ်။ ဒါပေမယ့် သူက သူများရဲ့ ရှဲဒိုးစာရေးဆရာ ဖြစ်နေတာ မယုံနိုင်စရာပဲ။ နောက်ပြီး အခုဟာက နာမည်ကြီး စာရေးဆရာရဲ့ ………..”

“ဦးပေါ်လွင် ဝတ္ထုရေးနေတာကို ကိုယ်တိုင်မြင်ဖူးလား ဆရာ”

“ဟင့်အင်း။ ကျောင်းမှာက စာသင်ရဦးမှာကိုး။ သူ အလုပ်ချိန်ပြီးမှ၊ ဒါမှမဟုတ် အိမ်ပြန်ရောက်မှ၊ ဒါမှမဟုတ် ကျောင်းပိတ်ရက်တွေမှပဲ ရေးလိမ့်မယ်လို့ ကျွန်တော် ထင်တယ်”

“ကျောင်းမှာ သူက အလုပ်သိပ်များလို့လား။ စာမသင်ရချိန်မှာ အားနေပြီး စာရေးနေနိုင်တာပဲ”

“အလုပ်မများပေမယ့် ပေါ့ပါးလိမ့်မယ်လို့လည်း ကျွန်တော် မထင်ဘူး။ ဒါပေမယ့် သူက ကျောင်းပြင်ပ လှုပ်ရှားမှုတွေ၊ တွေ့ဆုံပွဲတွေကို ရှောင်လေ့ရှိတယ်။ ဒါကြောင့် ကျောင်းချိန်ပြီးတာနဲ့ နေ့တိုင်း အိမ်တန်းပြန်တာပဲ။ အထူးသဖြင့် ပြီးခဲ့တဲ့နှစ် ဆောင်းတွင်းကပေါ့။ အဲဒီတုန်းကလည်း သူ့ကျန်းမာရေးက အတော် ဆိုးနေခဲ့တာ။ ဘာပြဿနာရှိသလဲ ဆိုတာတော့ ကျွန်တော်တို့လည်း စုံစမ်းလို့ မရခဲ့ဘူး။ သူက မသိစေချင်တော့ ကျွန်တော်တို့လည်း မသိလိုက် မသိဘာသာ နေပေးလိုက်ကြတာပါပဲ။ ကြည့်ရတာ အဲဒီအားလပ်ချိန်တွေမှာ ဦးသူရိန်ရဲ့ ဝတ္ထုတွေကို ရေးနေခဲ့တာ ဖြစ်မယ်။ တကယ် ချီးကျူးစရာပဲ”

“ပြီးခဲ့တဲ့နှစ် ဆောင်းရာသီလောက်က စပြီး အိမ်ကို သူ စောစောပြန်ခဲ့တယ်လို့ ဆရာ ခုနက ပြောခဲ့တယ်နော်။ ကျောင်းမှာ အဲဒါကို အတည်ပြုနိုင်မယ့် မှတ်တမ်းတစ်ခုခုများ မရှိဘူးလား”

“ကျွန်တော်တို့ဆီမှာက အလုပ်တက် အလုပ်ဆင်း လက်မှတ်ထိုးရတဲ့ အလေ့အထ မရှိဘူး။ ဒါပေမယ့် အဲဒီအချိန်လောက် စတာပဲဆိုတာတော့ ကျွန်တော် အာမခံတယ်။ ကျွန်တော်တို့ ကျောင်းဆရာတွေက နှစ်ပတ်မှာ တစ်ကြိမ် အလွတ်တန်း ဆွေးနွေးပွဲလေးတွေကို ကျောင်းချိန်ပြီးရင် လုပ်လေ့ရှိတယ်။ အဲဒီအချိန်လောက်က စပြီး အဲဒီပွဲမျိုးကို သူ မတက်တော့ဘူး”

“ဒါဆို အဲဒီအချိန် မတိုင်ခင် အထိတော့ ပုံမှန် ပွဲတက်တယ် ဆိုပါတော့”

“ဟုတ်တယ်။ ဆွေးနွေးပွဲမှာ တက်တက်ကြွကြွ မရှိလှပေမယ့် သူက ပုံမှန်တော့ လာတယ်”

ဦးပေါ်လွင်ရဲ့ စရိုက်သဘာဝနဲ့ ပတ်သက်ပြီးမေးကြည့်တော့ –

“သူက အရမ်း သိုသိပ်တယ်။ သူ ဘာစဉ်းစားနေသလဲ ဆိုတာကို အမှန်အတိုင်း ဘယ်တော့မှ သိရမှာ မဟုတ်ဘူး။ သူ ပြတင်းပေါက် အပြင်ဘက်ကို ငေးမိငေးရာ ငေးကြည့်နေတာ တစ်ခါမက မြင်ဖူးတယ်။ သူ့ဘဝက ရုန်းကန်နေရမယ် ဆိုတာကတော့ မြေကြီးလက်ခတ် မလွဲဘူးပေါ့။ သူ့ကို လူဆိုးတစ်ယောက်လို့တော့ ကျွန်တော် မထင်ဘူး။ ဘဝမှာ နာကျည်းမှုတွေနဲ့ အနိုင်ကျင့်တာ ခံရပါများလို့ လုပ်မိလုပ်ရာ လုပ်လိုက်တာ ဖြစ်မှာပေါ့လေ။ ကျွန်တော် ဦးသူရိန်ရဲ့ ဝတ္ထုတွေလည်း ဖတ်ဖူးတယ်။ သဘောလည်း ကျတယ်။ ဒါပေမယ့် အဲဒါတွေက ဆရာဦးပေါ်လွင် ရေးတာမှန်း သိလိုက်ရတော့ ဘယ်လို ခံစားရမလဲတောင် နားမလည်တော့ဘူး”

ကျွန်တော် သူတို့ကို ကျေးဇူးစကားပြောပြီး ကျောင်းထဲက ထွက်ခဲ့တယ်။ ကျောင်းကနေ ထွက်တော့ အပြန်လမ်းမှာ စာရေးကိရိယာဆိုင် အကြီးကြီး တစ်ဆိုင်တွေ့တာနဲ့ အထဲ ဝင်သွားခဲ့တယ်။ ကောင်တာက စာရေးမကို ဦးပေါ်လွင်ရဲ့ ဓာတ်ပုံ ပြပြီး တစ်နှစ်အတွင်းမှာ ဒီလို ဈေးဝယ်မျိုး မြင်ဖူးသလားလို့ မေးကြည့်ခဲ့တယ်။ စာရေးမရဲ့ အဖြေက “ဒီရုပ်ကို မြင်ဖူးတယ်။ ဒါပေမယ့် ကောင်းကောင်း မမှတ်မိတော့ဘူး” တဲ့။

****

မေလ ၁၅ ရက်နေ့ – ကျွန်တော် ဒေါ်သန္တာဆီကို နောက်တစ်ခေါက် ထပ်ရောက်ပြန်တယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကမှ လက်ရှိ အိမ်အသစ်ဆီ သူ ပြောင်းလာခဲ့တာ။ ဒီအိမ်အသစ်ကို ပြောင်းနေရတာကလည်း လက်ရှိ အပြင်မှာ ဟော့နေတဲ့ ကောလာဟလ အရှုပ်အရှင်းတွေကနေ ရှောင်ထွက်ချင်လို့ဆိုတာ သိသာပါတယ်။ ဖုန်းထဲက ကျွန်တော့်အသံကို ကြားတော့ သူ စိတ်ကသိကအောက် ဖြစ်နေတာ သတိထားမိတယ်။ တကယ်လို့ ကျွန်တော်သာ သတင်းထောက်တစ်ယောက်ဆိုရင် ကျွန်တော့်ကို တွေ့ဖို့ ငြင်းဆန်မှာ အသေအချာပဲ။

သူ့အိမ်နားမှာရှိတဲ့ ကုန်တိုက်ကြီးထဲက ကော်ဖီဆိုင်တစ်ဆိုင်မှာ တွေ့ဖို့ ကျွန်တော့်ကို ချိန်းလိုက်တယ်။ သူ့အိမ်အသစ်မှာ ကျွန်တော့်ကို မတွေ့လိုကြောင်းနဲ့ သူ့အိမ်နား ကျွန်တော် ရောက်လာမှာကိုတောင် မလိုလားကြောင်း သူက ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တယ်။ သတင်းထောက်တွေကို သူကြောက်လို့တဲ့။

ကော်ဖီဆိုင်က ကုန်တိုက်ရဲ့ အတွင်းဘက်ပိုင်းမှာ ရှိပြီး အဆောက်အအုံ အပြင်ဘက်ကနေ လှမ်းကြည့်လို့လည်း မမြင်ရဘူး။ ချောင်ကျတဲ့ အကွယ်နားမှာ ရှိတော့ အထဲမှာ ထိုင်နေတဲ့ လူတွေကို တခြားဆိုင်ကနေ လှမ်းကြည့်ရင်တောင် မြင်ရဖို့ မလွယ်လှဘူး။ နောက်ပြီး စားပွဲခုံ တစ်ခုံချင်းစီမှာ လိုက်ကာနံရံတွေ ကာပေးထားတော့ ဆိုင်ထဲက လူတွေတောင်မှ တစ်စားပွဲနဲ့တစ်စားပွဲ လှမ်းမြင်နိုင်တာ မဟုတ်ဘူး။ ဒီလို နေရာမျိုးက တကယ့်ကို လူမသိသူမသိ တိတ်တဆိတ် တွေ့ဆုံဖို့ အကောင်းဆုံး နေရာပဲ။

နေရထိုင်ရ အဆင်ပြေရဲ့လားဆိုတာ သိချင်တာနဲ့ ဒေါ်သန္တာကို မေးခဲ့တယ်။ သူက မချိပြုံးလေး ပြုံးပြတယ်။ “ကျွန်မ အဆင်ပြေပါတယ်။ အခုဖြစ်နေတာတွေ မြန်မြန် ပြီးပါစေတော့ ဆိုပြီး နေ့တိုင်း ဆုတောင်းနေတာပဲ”

“အခုလို အမှုကြီးမျိုး ဖြစ်လာပြီဆိုရင် ကောလာလဟတွေနဲ့ အုတ်အော်သောင်းနင်း ဖြစ်ပြီး တော်တော်နဲ့ ငြိမ်ဦးမှာ မဟုတ်ဘူး”

သူက စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်တယ်။ “အခုချိန်မှာ ကျွန်မတို့ကမှ တကယ့် တရားခံတွေ ဖြစ်နေရတယ်ဆိုတာကို ဘယ်သူမှ နားလည်ပေးကြမှာ မဟုတ်ဘူး။ အခုတော့ ကျွန်မတို့က သူများရဲ့ တံတွေးခွက်ထဲ ပက်လက်မျောနေရတယ်။ လူတကာရဲ့ အတင်းအဖျင်း ပြောစရာ၊ မေးငေါ့စရာ ဖြစ်နေတယ်။ လူတွေရဲ့ အပြောအရ ကျွန်မတို့ကပဲ ပြဿနာအားလုံးရဲ့ တရားခံ ဖြစ်နေရပြီ”

ကျွန်တော်လည်း စိတ်မကောင်းဘူး။ အခုဆို တီဗီထဲက ဆွေးနွေးခန်း အစီအစဉ်တွေမှာပဲ ကြည့်ကြည့်၊ ဂျာနယ်တွေရဲ့ သတင်းမှာပဲ ကြည့်ကြည့်၊ အခုချိန် လူတွေ စိတ်ဝင်တစား ပြောနေကြတာက ဦးသူရိန် အသတ်ခံရတဲ့ အကြောင်း မဟုတ်တော့ဘဲ သူ့သူငယ်ချင်းရဲ့ စာမူကို ခိုးကူးတဲ့ အကြောင်း ဖြစ်နေတယ်။ ဒီကြားထဲ သူ့ရဲ့ ဇနီးဟောင်း နောက်မီးလင်းတဲ့ အကြောင်းက ပါနေတော့ ဒီကိစ္စတွေကပဲ မီဒီယာတွေအတွက် ခံတွင်းတွေ့စရာတွေ ဖြစ်နေတယ်။ ဒီတော့ မြေနိမ့်ရာလှံစိုက် ဆိုသလို ပိုပိုသာသာလေး ဝိုင်းဖဲ့နေကြတော့တာပေါ့။

“မီဒီယာတွေကို ဂရုမစိုက်တာ ပိုကောင်းလိမ့်မယ်”

“ဒါပေါ့။ ဂရုမစိုက်ဘဲ နေမှ ရမှာ။ နို့မို့ ရူးသွားလိမ့်မယ်။ ဒါပေမယ့် စိတ်ပျက်စရာက မီဒီယာတင် မကဘူး”

“ဘာရှိသေးလို့လဲ”

“များပါ့ရှင်။ ဖုန်းတွေ တဂွမ်ဂွမ် ဆက်ကြတယ်။ စာတွေ အစောင်စောင် ပို့ကြတယ်။ ကျွန်မ မိဘတွေရဲ့ အိမ်လိပ်စာကို ဘယ်လိုလုပ်ပြီး သိနေရတာလဲကို နားမလည်နိုင်ဘူး။ သူရိန့်အိမ်မှာ မနေတော့ဘူးဆိုတာ မီဒီယာတွေကတဆင့် သိပြီး အမေ့အိမ်ကို လှမ်းဆက်ကြတာနေမှာ”

“ရဲတွေကိုရော အဲဒီအကြောင်းတွေ ပြောပြဖြစ်လား”

“ပြောတာပေါ့။ ဒါပေမယ့် ရဲတွေအနေနဲ့ကလည်း ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ်ပြီး ဖြေရှင်းပေးနိုင်ပါ့မလဲ”

သူပြောတာလည်း အမှန်ပဲ။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ကလည်း ဘာမှ မဖြစ်သလို နေလို့ မဖြစ်ဘူးလေ။ “ဖုန်းတွေ၊ စာတွေက ဘာအကြောင်းတွေ ပြောကြတာ များသလဲ”

“အို … အစုံပါပဲ။ တချို့တွေက စာအုပ်ရောင်းလို့ ရတဲ့ အမြတ်ငွေတွေကို ပြန်အမ်းပေးဖို့ တောင်းဆိုကြတာ။ တချို့ကျတော့ သူတို့ရဲ့ အားပေးမှုတွေကို စော်ကားခဲ့တယ်ဆိုပြီး စိတ်ဆိုးကြတာ။ တချို့ကျပြန်တော့ ကိုသူရိန် ရထားသမျှ ဆုတွေကို အကုန်ပြန်အပ်ဖို့ တောင်းဆိုကြတယ်”

အဲဒီလို တောင်းဆိုကြတဲ့ လူအများစုက ဦးသူရိန် ခရေဇီတွေ၊ ဒါမှမဟုတ် စာပေကို တကယ်မြတ်နိုးတဲ့သူတွေ မဟုတ်ဘူးဆိုတာ ကျွန်တော် ပြောရဲတယ်။ တချို့ဆိုရင် လူသတ်မှု မဖြစ်ခင်အထိ ဦးသူရိန်ရဲ့ နာမည်ကို ကြားတောင် ကြားဖူးကြမယ် မထင်ဘူး။ လူတစ်ယောက် စိတ်ဆင်းရဲနေတာကို ကြည့်ပြီး မြိန်ရေရှက်ရေ ခံစားချင်လို့ လဲရာဖိထောင်းချင်ကြတဲ့ လူတွေက လောကမှာ မရှားဘဲကိုး။ သူတို့အတွက်က “သန္တာ” ဆိုတာ ဘယ်လိုလူမျိုးလည်းလို့ သိဖို့ မလိုဘူး။ ဒေါ်သန္တာကို ကျွန်တော့်အမြင် ပြောပြတော့ သူကလည်း သဘောတူတယ်။

“ထူးဆန်းတာက အခုချိန်ထိ ကိုသူရိန်ရဲ့ စာအုပ်တွေက ရောင်းကောင်းနေတုန်းပဲ။ ကြည့်ရတာ ကောလာဟလတွေကြောင့် စပ်စုချင်လို့ ဝယ်ဖတ်နေကြတာ ဖြစ်မယ်”

ကျွန်တော် သိထားရသလောက် စာအုပ်ရောင်းအားက ပိုတောင် တက်လာသေးတယ်။ စာအုပ်ဆိုင်တွေမှာ တင်ထားသမျှဟာ ပုံနှိပ်ထားပြီးသား လက်ကျန် အကုန်ပဲ။ စာအုပ်တိုက် အကုန်လုံးက ဦးသူရိန်ရဲ့ စာအုပ်တွေကို ထပ်ပြီး ပုံနှိပ်ပေးတော့မှာ မဟုတ်ကြောင်း ကြေညာထားခဲ့ကြပြီ။ ရှဲဒိုးစာရေးဆရာ ကိစ္စ ပြောတုန်းက အသည်းအသန် ကာကွယ်ခဲ့တဲ့ ဟိုအယ်ဒီတာလည်း အခုတော့ နှုတ်ပိတ်နေတယ်။

ဖြစ်နေကျဆိုပေမယ့် အနည်းငယ် ထူးဆန်းရတဲ့ သတင်းတစ်ခုကို ဒေါ်သန္တာက ပြောပြတယ်။ “ရှေ့နေတစ်ယောက်ဆီက အကြောင်းကြားစာ တစ်စောင်ရတယ်။ ရှေ့နေကို ဦးပေါ်လွင်ရဲ့ ဆွေမျိုးတွေက ငှားထားတာ”

“ဘာအတွက်တဲ့လဲ”

“ကျွန်မ အမျိုးသားရဲ့ စာအုပ်တွေကနေ ရတဲ့ အမြတ်ဝေစုကို ခွဲဝေပေးဖို့ တောင်းဆိုထားတာ။ ဦးပေါ်လွင် ရေးထားတဲ့ စာအုပ်တိုင်းအတွက် အမြတ်ဝေစုကို ရပိုင်ခွင့်ရှိကြောင်း ရေးထားတယ်။ ဆွေမျိုးအားလုံးကို ကိုယ်စားပြုပြီး တောင်းဆိုတဲ့သူကတော့ ဦးပေါ်လွင်ရဲ့ ဦးလေးတဲ့”

ဦးပေါ်လွင်က တစ်ဦးတည်းသော သားဖြစ်ပြီး သူ့မိဘတွေကလည်း ကွယ်လွန်သွားခဲ့ကြပြီ။ သူ့ဦးလေးက သူ့အတွက် အနီးစပ်ဆုံး ဆွေမျိုးသားချင်း ဖြစ်လောက်တယ်။ သူ့ခင်ပွန်းကို သတ်တဲ့ လူတစ်ယောက်ရဲ့ ကိုယ်စားလှယ်က သူ့လို မုဆိုးမတစ်ယောက်ဆီမှာ ဒီလို လျော်ကြေးတောင်းတယ်ဆိုတာ တကယ့် အံဖွယ်တစ်ပါးပဲ။ “ဒီတော့ ဒေါ်သန္တာက ဘယ်လို စာပြန်လိုက်လဲ”

“ကျွန်မရဲ့ ရှေ့နေကို ဆက်သွယ်ခိုင်းလိုက်မယ်လို့ ပြောလိုက်တယ်”

“အဲဒီလိုပဲ ကောင်းပါတယ်”

“ရိုးရိုးသားသား ပြောရရင် ကျွန်မ ဒါတွေအားလုံးကို အံ့အားသင့်နေတုန်းပဲ။ အသတ်ခံရတဲ့သူရဲ့ မိသားစုက ပြန်ပြီး လျော်ကြေးပေးရမယ်ဆိုတော့ ကြားတောင် မကြားဖူးဘူး”

“ကျွန်တော်လည်း ထူးဆန်းနေတာပဲ။ အဲဒါနဲ့ပတ်သက်တဲ့ ဥပဒေပိုင်းဆိုင်ရာကို ကျွန်တော် သိပ်နားမလည်ပေမယ့် ပေးနေစရာ မလိုဘူးလို့ ထင်တယ်”

“ဟုတ်၊ ကျွန်မလည်း အဲဒီလိုပဲ ယူဆတယ်။ ဒီကိစ္စက ငွေရေးကြေးရေးနဲ့ မဆိုင်ဘူး။ ကျွန်မ မကျေနပ်တာက အခုလူတွေရဲ့ ပါးစပ်ဖျားမှာ ကျွန်မအမျိုးသားကို ‘သူ့အပြစ်နဲ့သူမို့ သေလည်း အေးတာပဲ’ ဆိုတာမျိုး ပြောနေကြတာ။ ဟို ဦးပေါ်ရဲ့ဦးလေးဆိုတဲ့သူကလည်း ကျွန်မကို အားနာရကောင်းမှန်းတောင် မသိဘူး”

နှုတ်ခမ်းကို တင်းတင်းစေ့ထားတဲ့ သူ့ရဲ့ ရုပ်သဏ္ဌာန်က စိတ်ဓာတ်ခိုင်မာတဲ့ လူတစ်ယောက်ရဲ့ အသွင်ကို ဆောင်နေတယ်။ အခုချိန် သူ့ရင်ထဲမှာ ရှိနေတဲ့ ဒေါသတွေက သူ့ရဲ့ ဝမ်းနည်းပူဆွေးမှုတွေကို အနိုင်ယူထားခဲ့ပြီ။ ကျွန်တော် အနည်းငယ် စိတ်သက်သာရာ ရလိုက်တယ်။ တကယ်လို့သာ ဒီလိုနေရာမှာ သူငိုချလိုက်ရင် ကျွန်တော် ဘာလုပ်ရမှန်း သိမှာ မဟုတ်တော့ဘူး။

“ကျွန်မ အရင်က ဆရာ့ကို ပြောခဲ့ဖူးသလိုပဲ။ ကျွန်မရဲ့ အမျိုးသားက သူများရဲ့ စာကို ကူးချလိမ့်မယ်လို့ ကျွန်မ လုံးဝ မယုံဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူရေးမယ့် ဝတ္ထုအသစ်အကြောင်းကို ကျွန်မတို့ ဆွေးနွေးကြတိုင်း သူ့မျက်လုံးတွေဟာ ကလေးတစ်ယောက်လို လင်းလက်တောက်ပနေခဲ့တယ်။ ကိုယ်ပိုင်စိတ်ကူးနဲ့ ပုံဖော်ပြီး ရေးရတာ အတော် စိတ်ချမ်းသာစရာ ကောင်းတာပဲလို့ ကျွန်မ အမြဲခံစားခဲ့ရတယ်။ ဒါတွေက သူ့ဆီကနေ ကူးစက်လာတဲ့ ခံစားမှုတွေဆိုတာ ကျွန်မ ပြောရဲတယ်”

ဒေါ်သန္တာရဲ့ စကားအတွက် ကျွန်တော် ခေါင်းညိတ်ရုံပဲ ညိတ်ပြနိုင်ခဲ့တယ်။ သူ့ရဲ့ လက်ရှိ စိတ်ခံစားမှုကို ကျွန်တော် ကောင်းကောင်း နားလည်တယ်။ ဒါပေမယ့် သူ့အမြင်နဲ့ အလိုက်သင့် လိုက်ပြောဖို့ရာတော့ မဖြစ်နိုင်ဘူး။ သူက ကျွန်တော့်ရဲ့ သဘောထားကို ရိပ်စားမိပုံရတယ်။ အဲဒီကိစ္စ ဆက်မပြောတော့ဘဲ တွေ့ချင်ရတဲ့ အကြောင်းအရင်းကို မေးလာတယ်။

ကျွန်တော့်အိတ်ကပ်ထဲက စက္ကူတစ်ထပ်ကို ဆွဲထုတ်ပြီး စားပွဲပေါ် တင်လိုက်တယ်။ “ဒါလေး ဖတ်ကြည့်ပေးပါလား”

“အဲဒါက ……”

“ဦးပေါ်လွင်ရဲ့ ကိုယ်ရေးမှတ်စုပါ”

စိတ်ကသိကအောက် ဖြစ်သွားတဲ့ အမူအရာက ဒေါ်သန္တာရဲ့ မျက်နှာမှာ အထင်းသား။ “ကျွန်မ မဖတ်ချင်ဘူး။ စာထဲမှာ ကျွန်မအမျိုးသားက သူ့ကို ဘယ်ပုံဘယ်နည်း အနိုင်ကျင့်ခဲ့သလဲ ဆိုတာမျိုးပဲ ရေးထားမှာ။ ဟုတ်တယ်မလား။ သတင်းစာထဲမှာ ပါသလောက်တော့ ကျွန်မလည်း သိပြီးနေပြီ”

“ဒေါ်သန္တာပြောတာ သူအဖမ်းခံရပြီးမှ ရေးတဲ့ ဝန်ခံစာ မဟုတ်လား။ အခုဟာက သူ့ရဲ့ ကိုယ်ရေးမှတ်စုတွေပါ။ အဲဒါနဲ့ မတူဘူး။ သူက လူသတ်ပြီးတဲ့နောက် သူ့အပေါ် သံသယ မဖြစ်အောင်ဆိုပြီး လံကြုပ်ဇာတ်လမ်းတွေကို သူ့ရဲ့ နေ့စဉ်မှတ်တမ်းထဲမှာ ထည့်ရေးခဲ့တယ်ဆိုတာ ကြားပြီးရောပေါ့။ ဒီဟာက အဲဒီမှတ်တမ်းတွေရဲ့ မိတ္တူပါ”

သူ သဘောပေါက်သွားပုံရပေမယ့် မျက်နှာပေါ်က ရွံရှာတဲ့ အမူအရာက မပျောက်သေးဘူး။

“ဪ … အဲဒီ အလိမ်အညာတွေ ရေးထားတဲ့စာကို ဖတ်ပြီးတော့ရော၊ ဘာအသုံးကျမှာလဲ”

“အဲဒီလို သဘောမထားပါနဲ့။ အရင် ဖတ်ကြည့်ကြည့်ပါလား။ စာမျက်နှာ သိပ်မများပါဘူး။ ခဏလေး ဖတ်ရုံပါပဲ”

“အခုလား … ဒီမှာ ဖတ်ရမှာလား”

“ဟုတ်ကဲ့။ ဖြစ်တယ်မလား”

ကျွန်တော့်စကားကို သူ အထူးအဆန်း ဖြစ်နေမှာပဲ။ သူ ဘာမှ ထပ်မေးမနေတော့ဘဲ မိတ္တူစာရွက်တွေကို လှမ်းယူပြီး စဖတ်လိုက်တယ်။ ၁၅ မိနစ်လောက်ကြာတော့ သူ ခေါင်းမော့လာတယ်။

“ကျွန်မ ဖတ်လို့ပြီးပြီ။ ဘာသိချင်လို့လဲ”

“အဲဒီညနေက သူနဲ့ ဦးသူရိန်တို့ရဲ့ ပြောစကားတွေဟာ သူ့မှတ်စုထဲမှာ ရေးချင်သလို ရေးထားတာပါလို့ သူကိုယ်တိုင် ဝန်ခံထားတယ်။ သူရေးထားတဲ့အတိုင်း သူတို့နှစ်ယောက် ခင်ခင်မင်မင် စကား ပြောဖြစ်ကြတာမျိုး မဟုတ်ဘဲ ကတောက်ကဆ ဖြစ်ခဲ့ကြတယ်”

“ဟုတ်ပါလိမ့်မယ်”

“ဒေါ်သန္တာတို့အိမ်ကနေ သူ ထွက်သွားတဲ့အကြောင်း ရေးထားတဲ့အပိုင်းမှာလည်း တကယ့်ဖြစ်ရပ်နဲ့ ကွဲလွဲနေတယ်။ သူ့ကို ဒေါ်သန္တာက အိမ်တံခါးအထိပဲ လိုက်ပို့ခဲ့ပေမယ့် သူက ခြံပေါက်ဝအထိ လိုက်ပို့ပါတယ်လို့ ရေးခဲ့တယ်”

“ဟုတ်၊ အဲဒါ ကျွန်မတို့ အရင်တစ်ခေါက်က ပြောခဲ့ပြီးပြီလေ”

“တခြားရော ဘာရှိသေးလဲ။ ဒေါ်သန္တာရဲ့ မှတ်ဉာဏ်ထဲမှာ ရှိတဲ့ ဖြစ်ရပ်တွေနဲ့ တစ်ခုခု ကွဲလွဲနေတာ သတိမထားမိဘူးလား”

“ဒီ့ပြင်လား” သူ တစ်ခဏ စိတ်ရှုပ်ထွေးသလို ဖြစ်သွားပြီး သူ့ရဲ့ မှတ်ဉာဏ်ထဲက အတိတ်တွေကို တူးဆွကြည့်နေပုံရတယ်။ သူ ခေါင်းကို ခါလိုက်တယ်။ “ဟင့်အင်း၊ ဘာမှ မတွေ့ဘူး”

“အဲဒီနေ့က သူပြောပြီး ဒါမှမဟုတ် လုပ်ပြီး ဒီထဲမှာ ထည့်မရေးထားတာမျိုးရော မရှိဘူးလား။ ဘာဖြစ်ဖြစ်ပေါ့၊ မမှတ်မိဘူးလား။ အရေးမပါဘူးလို့ ထင်ရတဲ့ ဖြစ်ရပ်မျိုးဆိုလည်း ကိစ္စမရှိဘူး။ ဥပမာ အိမ်သာတက်တာတို့ ဘာတို့ပေါ့”

“ကျွန်မ ကောင်းကောင်း မမှတ်မိဘူး။ ဒါပေမယ့် သူ ရေအိမ်ဝင်ခဲ့မယ်လို့တော့ ကျွန်မ မထင်ဘူး”

“သူ တစ်ယောက်ယောက်ဆီ ဖုန်းခေါ်တာမျိုးရော မြင်တာ သို့မဟုတ် ကြားတာ မရှိဘူးလား”

“ကိုသူရိန်ရဲ့ အလုပ်ခန်းထဲကနေ ဖုန်းခေါ်မယ် ဆိုရင်တော့ ကျွန်မ မသိနိုင်ဘူး”

တကယ်တော့ ဦးပေါ်လွင် ရောက်လာခဲ့တဲ့ အဲဒီနေ့က ဒေါ်သန္တာအတွက်တော့ လုပ်ရိုးလုပ်စဉ် သာမန်နေ့လေးတစ်နေ့ပဲ။ ဒါကြောင့်လည်း သူ့အနေနဲ့ ဖြစ်ခဲ့ပြီးသမျှ အကုန်လုံးကို ဘယ်လိုလုပ်ပြီး မှတ်မိနိုင်ပါ့မလဲ။

ကျွန်တော် ‘ဆက်မမေးတော့ပါဘူးလေ’ လို့ စိတ်လျှော့လိုက်ချိန်မှာပဲ သူ ကျွန်တော်ကို ရုတ်တရက် စိုက်ကြည့်ပြီး ပြောလာတယ်။ “အခု အမှတ်ရလာတာ တစ်ခု ရှိတယ်”

“ဘာများလဲ”

“အမှုနဲ့ ဘာမှ မဆိုင်ဘူးလို့ ယူဆတာပဲ။ ဒါပေမယ့် ….”

“ဘာဖြစ်ဖြစ် ပြောပါ။ ကျွန်တော်အတွက်တော့ အသုံးတည့်နိုင်ပါတယ်”

“အင်း။ အဲဒီနေ့က ဦးပေါ် ပြန်ခါနီးမှာ ကျွန်မကို ရှန်ပိန်တစ်ပုလင်း ပေးခဲ့တယ်။ လက်ဆောင်ယူလာတာလို့ ပြောပြီး ပေးခဲ့တာ”

“အဲဒီနေ့က ပေးခဲ့တယ်ဆိုတာ သေချာရဲ့လား”

“အို … လုံးဝ သေချာတာပေါ့”

“ပြန်ခါနီး ပေးခဲ့တယ်ဆိုတော့ အကြောင်းအရာ အတိအကျကို ပြောပြနိုင်မလား”

“မလင်းလင်းမော်က အလုပ်ခန်းထဲကို ဝင်သွားပြီး သူက ထွက်အလာ အပြင်ရောက်တော့ ကျွန်မကို ပေးတာပဲ။ အဲဒါကို စက္ကူအိတ်နဲ့ ထည့်ထားတာ။ မလာခင် ဆိုင်က ဝယ်လာခဲ့တာ ဖြစ်မယ်။ ကိုသူရိန်နဲ့ စကားအပြော ကောင်းနေလို့ သူ့ကို ပေးဖို့ မေ့သွားတာတဲ့။ ပြီးတော့ ကျွန်မနဲ့ ကိုသူရိန် ဟော်တယ်မှာ ဒီည သောက်လို့ရတာပေါ့ လို့ သူက ပြောသေးတယ်”

“နောက်တော့ရော၊ အဲဒါကို ဘာလုပ်လိုက်လဲ”

“ကျွန်မ လက်ခံလိုက်ပြီး ဟော်တယ်ကို ယူသွားတာပေါ့။ ဟော်တယ်ခန်းထဲက ရေခဲသေတ္တာထဲမှာ ထည့်ထားတာ။ အဲဒီညက အဖြစ်အပျက်တွေ ဖြစ်ပြီးတဲ့နောက် အဲဒီပုလင်းကို သတိမရတော့ဘူး။ နောက်မှ ဟော်တယ်ကနေ ဖုန်းဆက် အကြောင်းကြားလာတယ်။ အဲဒီပုလင်းကို လုပ်ချင်ရာ လုပ်လိုက်တော့လို့ပဲ သူတို့ကို ပြန်ပြောလိုက်တယ်”

“အဲဒီတော့ လုံးဝ မသောက်လိုက်ရဘူးပေါ့”

“ကျွန်မလား။ ဟင့်အင်း၊ အဲဒီည ကိုသူရိန် ဟော်တယ်ပြန်ရောက်ရင် အသင့် သောက်ရအောင်ဆိုပြီး ရေခဲသေတ္တာထဲမှာ အအေးခံထားတာ”

“အရင်ကရော အဲဒီလို အရက်ပုလင်းတွေ လက်ဆောင်ပေးတာမျိုး ရှိခဲ့ဖူးလား”

“ဦးပေါ်ကလား။ ကျွန်မသိသလောက်တော့ ဒါ ပထမဆုံးအကြိမ်ပဲ။ သူက အရက်မသောက်ဘူးလေ”

ဦးသူရိန်အိမ်ကို ပထမဆုံးအကြိမ် သွားလည်တုန်းက ဝီစကီတစ်ပုလင်း လက်ဆောင်ပေးခဲ့ကြောင်း ဦးပေါ်လွင်ရဲ့ ဝန်ခံစာထဲမှာ ရေးထားတယ်။ အဲဒီအချိန်က အကြောင်းတွေကိုတော့ ဒေါ်သန္တာက ဘယ်သိပါ့မလဲ။

မှတ်စုထဲမှာ မှတ်မထားတဲ့ တခြား ဘာကိစ္စများ ရှိနေသေးသလဲလို့ ကျွန်တော် ဒေါ်သန္တာကို မေးကြည့်ပြန်တယ်။ သူက အသေအချာ စဉ်းစားကြည့်ပြီး မရှိတော့ကြောင်း ပြန်ဖြေတယ်။ ခဏကြာတော့ သူက ကျွန်တော့်ကို ပြန်မေးတယ်။ “ဒီအမှုကို ဘာကြောင့် အခုထိ စစ်ဆေးနေရသေးတာလဲ”

“ဒီလို အမှုမျိုးကို တရားရုံး အပ်တော့မယ်ဆိုရင် သက်သေအထောက်အထားတွေ တစ်ပုံကြီး တင်ပြရတယ်။ အဲဒီ အထောက်အထားတွေကို မှန်မမှန် ပြန်စစ်ဆေးရတာကလည်း တာဝန်တစ်ခုပဲ”

ကျွန်တော့်ရဲ့ အကြောင်းပြချက်ကို သူ လုံးဝ လက်ခံပုံရတယ်။ သူ့ဆီက ပြန်လာပြီးတော့ သူတို့လင်မယား တည်းခဲ့ကြတဲ့ တော်ဝင်ဟော်တယ်ဆီ ကျွန်တော် ဖုန်းဆက်ခဲ့တယ်။ အခန်းထဲက ရှန်ပိန်အကြောင်း သူတို့ကို မေးကြည့်ခဲ့တယ်။ အကြာကြီး မစောင့်လိုက်ရဘဲ ရှန်ပိန်ကိစ္စကို သိတဲ့ ဝန်ထမ်းတစ်ယောက်နဲ့ အဆက်အသွယ် ရလိုက်တယ်။

“ကျွန်တော် မှတ်မိနေတယ်။ အဲဒီ ရှန်ပိန်ရဲ့ တံဆိပ်က ဒွန်ပဲရီညွန် (Dom Pérignon) ပါ။ အခန်းထဲက ရေခဲသေတ္တာထဲမှာ တွေ့တာ။ အဲဒီတံဆိပ်က ဈေးအရမ်းကြီးတယ်လေ။ လုံးဝ အသစ်စက်စက်မို့ ဧည့်သည်ဆီ ကျွန်တော် ဖုန်းဆက် အကြောင်းကြားခဲ့တယ်။ သူက ကျွန်တော့်ကို ကြိုက်သလို လုပ်လိုက်ဖို့ ပြောတယ်”

သူ အဲဒီရှန်ပိန်ကို ဘာလုပ်ပစ်လိုက်သလဲလို့ မေးကြည့်တော့ ဖြေရမှာ အနည်းငယ် တွန့်ဆုတ်နေပြီးမှ အိမ်ယူသွားကြောင်း ပြန်ဖြေတယ်။ သူ အဲဒီပုလင်းကို သောက်ပစ်လိုက်လား၊ ဘာလုပ်ပစ်လိုက်သလဲ မေးကြည့်တော့ လွန်ခဲ့တဲ့ နှစ်ပတ်က သောက်ပစ်လိုက်ကြောင်း ဖြေတယ်။ ပုလင်းအခွံတောင် လွှင့်ပစ်လိုက်ပြီ။

“ဘာပြဿနာများ ရှိလို့လဲ” သူက စိုးရိမ်စွာ မေးတယ်။

“မရှိပါဘူး။ ဒါနဲ့ ရှန်ပိန်က သောက်လို့ကောင်းလား”

“ဟုတ်ကဲ့ … တော်တော်ကောင်းတာဗျ”

သူက ရှန်ပိန်အကောင်းစားကို အလကားသောက်လိုက်ရလို့ အတော် ကျေနပ်နေတဲ့ လေသံ။ ကျွန်တော် ကျေးဇူးတင်စကား ပြောပြီး ဖုန်းချခဲ့တယ်။

ဦးပေါ်လွင်က ဦးသူရိန်ရဲ့ အိမ်ထဲကို ဝင်ခဲ့တုန်းက ခိုးရိုက်ထားတဲ့ တိတ်ခွေကို ကျွန်တော် နောက်တစ်ခေါက် ပြန်ဖွင့်ကြည့်ခဲ့တယ်။ အခေါက်ခေါက် အခါခါ ကြည့်ခဲ့ပေမယ့် ပျင်းစရာကောင်းတဲ့ မှုန်ဝါးဝါး မြင်ကွင်းတွေကိုပဲ အထပ်ထပ် မြင်နေခဲ့တယ်။

****

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *