မာတိကာကြည့်ရန်

(က)

ဦးပေါ်လွင်၏ လက်ရေးမှတ်စု

နောက်တစ်ခေါက် ဝေဖြိုး ထပ်လာတဲ့အခါကျရင် အဖြေတွေအားလုံး သိနေလောက်ပြီ ထင်တယ်။ ဒီရက်ပိုင်း ဆေးရုံကုတင်ပေါ်မှာ လှဲနေရင်း ကျွန်တော် ဒီကိစ္စကိုပဲ စဉ်းစားနေမိတယ်။ သူ့ရဲ့ လုပ်ရည်ကိုင်ရည်ကို ကြည့်ပြီး အဲဒီလို မတွက်လို့ကို မရတော့ဘူး။ တကယ့်ကို အံ့အားသင့်လောက်အောင် အမှန်တရားနဲ့ နီးစပ်သထက် နီးစပ်လာတယ်။ ကျွန်တော့် နားထဲမှာ အချိန်တိုင်းလိုလို သူ့ခြေသံတွေ ကြားနေရတယ်။ ကျွန်တော်နဲ့ ဇင်မာတို့ရဲ့ ဇာတ်လမ်းကို သူ သိသွားပြီးကတည်းက ဆက်ပြီး ဖုံးကွယ်ထားဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ အတိုင်းအတာတစ်ခုထိ နားလည်သဘောပေါက်လာတယ်။ ဇောချွေးပြန်လောက်တဲ့ သူ့ရဲ့ သုံးသပ်ချက်တွေကြောင့် တစ်ခါတစ်ခါ အရှုံးပေးလိုက်ဖို့ တွေးကြည့်ခဲ့ဖူးတယ်။ သူ ကျောင်းဆရာအလုပ်က ထွက်ပြီး ဒီအလုပ် ဝင်လုပ်တာ သူနဲ့ အံဝင်ခွင်ကျ ဖြစ်တယ်လို့ ကျွန်တော်တော့ ယုံကြည်နေမိတယ်။

နောက်တစ်ကြိမ် သူ ရောက်လာတော့ သက်သေခံ ပစ္စည်း ၂ ခု ပါလာတယ် – ဓားတစ်ချောင်းနဲ့ ဗီဒီယို တိတ်ခွေတစ်ခွေ။ တိတ်ခွေကို <ပိုးစုန်းကြူး> စာအုပ်ထဲမှာ အခေါင်းထွင်းပြီး သိမ်းထားတာ ကြားလိုက်ရတော့ မအံ့ဩဘဲ မနေနိုင်ဘူး။ ‘တကယ် ပိုင်တဲ့ကောင်ပဲ’ လို့ သူရိန်ကို ကျိတ်ပြီး ချီးကျူးမိတယ်။ သူမို့ စဉ်းစားတတ်ရန်ကော။ တကယ်လို့ <ပိုးစုန်းကြူး> စာအုပ်ထဲမှာသာ မသိမ်းဘဲ တခြားစာအုပ်ထဲ သွားဖွက်ထားရင် ဝေဖြိုးမပြောနဲ့၊ ဘယ်သူမှ သတိထားမိကြမှာ မဟုတ်ဘူး။

“ဒီအခွေထဲက အကြောင်း ကျွန်တော်တို့ကို ရှင်းပြပေးပါလား။ တကယ်လို့ နောက်ထပ်တစ်ခေါက် ပြန်ကြည့်ချင်တယ်ဆိုရင် ဆေးရုံအုပ်ဆီ အကြောင်းကြားပြီး ကျွန်တော်တို့ တီဗီနဲ့အောက်စက် စီစဉ်ပေးပါ့မယ်”

ဝေဖြိုးက ခပ်ပေါ့ပေါ့လေးပဲ ပြောလိုက်တာ ဆိုပေမယ့် ဒီစကားတွေ ကြားလိုက်ရုံနဲ့ အမှန်အတိုင်း ပြောပြမှ ဖြစ်တော့မယ်ဆိုတာ ကျွန်တော် သဘောပေါက်လိုက်ပြီ။ ဒီတိတ်ခွေထဲက အကြောင်းကို ပြောမယ်ဆိုရင် ဇာတ်လမ်းတစ်ပုဒ်လုံးကို ဖွင့်မချလို့ မရတော့ဘူး။

သို့ပေမယ့် မေးသမျှ မဖြေဘဲနေပြီး ဆက် တောင့်ခံခဲ့တယ်။ အဲဒီလို လုပ်နေတာ ဘာအဓိပ္ပာယ်မှ မရှိဘူးဆိုတာ ပိုပိုပြီး သိသာလာတယ်။ ဝေဖြိုးက ကျွန်တော် အဲဒီလို တုံ့ပြန်လိမ့်မယ်လို့ ကြိုတွက်ထားတာကြောင့် သူ့ရဲ့ ယူဆချက်တွေကို တစ်ဆင့်ပြီးတစ်ဆင့် ချပြတော့တယ်။ သူ့ရဲ့ စေ့စပ်သေချာမှုက သိပ်အံ့ဩဖို့ကောင်းတယ်။ သူ့ရဲ့ သုံးသပ်ချက်က တကယ့်ဖြစ်ရပ်မှန်နဲ့ တထေရာတည်းပဲ။

ပြီးတော့ သူကပြောသေးတယ်။ “အထက်က ပြောခဲ့သမျှဟာ အခုချိန်ထိတော့ ကျွန်တော်ရဲ့ ယူဆချက်ပဲ။ ဒါပေမယ့် ဒီလောက်နဲ့ဆိုရင်ပဲ အမှုအတွက် လိုအပ်နေတဲ့ လူသတ်ရတဲ့ ရည်ရွယ်ချက်ကို ပုံဖော်ဖို့ လုံလောက်ပြီလို့ ကျွန်တော် ခံစားရတယ်။ ကျွန်တော်တို့ကို ကြိုက်သလို ရေးပါလို့ ဆရာကိုယ်တိုင် ပြောခဲ့တာ မဟုတ်လား။ အခုအတိုင်း ထည့်ရေးရင် အမှန်တရားနဲ့ အနီးစပ်ဆုံး ဖြစ်ပြီလို့ ကျွန်တော်တို့ ယူဆတယ်”

ဟုတ်တယ်။ ကျွန်တော် အဲဒီလို စကားမျိုး ပြောခဲ့ဖူးတယ်။ ကျွန်တော် အတည် ပြောခဲ့တာ။ ဘာကြောင့် သူရိန်ကို သတ်ခဲ့ရသလဲဆိုတဲ့ ရည်ရွယ်ချက်အမှန်ကို ကိုယ့်ဘာသာကိုယ် ဝန်ခံနေမယ့်အစား တခြားလူ တစ်ယောက်ယောက်က ဇာတ်လမ်းတစ်ပုဒ် ဖန်တီးပေးလိုက်တာကမှ ခံစားရ သက်သာလိမ့်ဦးမယ်။ ဒါပေမယ့် ဝေဖြိုး ဖန်တီးပေးလိုက်တဲ့ ‘ဇာတ်လမ်း’ က အမှန်တရားနဲ့ အဲဒီလောက် နီးစပ်နေလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်မိခဲ့ဘူး။

“ကြည့်ရတာ ငါရှုံးပြီ ထင်တယ်” ကျွန်တော်က တည်ငြိမ်ချင်ယောင်ဆောင်ပြီး လေအေးလေးနဲ့ ပြောလိုက်တယ်။ ဝေဖြိုးကလည်း ကျွန်တော်ရဲ့ ဟန်ဆောင်မှုကို ရိပ်မိပုံရတယ်။

“ပြောလို့ရပြီလား ဆရာ” ဝေဖြိုးက မေးတယ်။

“ကြည့်ရတာ မပြောလို့လည်း မရတော့ဘူး။ ငါ ဘာမှ မပြောရင်လည်း မင်းက စောစောက စကားတွေကို အတည်ယူပြီး တရားရုံးဆီ တင်ပြသွားမှာပဲ မဟုတ်လား”

“ဟုတ်တယ်”

“ငါ့မှာ ရွေးစရာလမ်း မရှိတော့ဘူး ဆိုရင်လည်း တရားရုံးကို တင်ပြမယ့် အကြောင်းအရာတိုင်းဟာ အမှန်တရားပဲ ဖြစ်နေစေချင်တော့တယ်”

“ကျွန်တော်က ခန့်မှန်းရတာဆိုတော့ မပြည့်စုံ မတိကျတဲ့ အပိုင်းတွေကတော့ ပါသင့်သလောက် ပါနေမှာပဲ”

“ဟင့်အင်း၊ တော်တော် ပြည့်စုံပါတယ်။ တကယ့် အံ့ချီးဖွယ်ပဲ။ ဒါပေမယ့် ဖြည့်စွက်ချင်တာလေး တချို့တော့ ရှိတယ်။ ဂုဏ်သိက္ခာနဲ့ ပတ်သက်နေတာ ဆိုတော့လေ”

“ဆရာ့ဂုဏ်သိက္ခာလား”

“မဟုတ်ဘူး” ကျွန်တော် အားရပါးရ ခေါင်းခါလိုက်တယ်။ “ဇင်မာရဲ့ ဂုဏ်သိက္ခာ”

ဝေဖြိုး သဘောပေါက်သွားပုံပဲ။ ခေါင်းညိတ်ပြရင်း မှတ်တမ်းရေးမယ့် ရဲဘော်ကို အချက်လှမ်းပြလိုက်တယ်။

“ခဏလေး။ ငါ ဒီလိုပုံစံမျိုးနဲ့ အဖြေပေးရမှာလား”

“ဘာဆိုလိုတာလဲ”

“ပြောရမှာ နည်းနည်း ရှည်တယ်။ တချို့အပိုင်းတွေကို မပြောခင် အနည်းငယ် အစီအစဉ် ချကြည့်ဖို့ လိုလိမ့်မယ်။ ခေါင်းထဲ ပေါ်လာသလို ပြောနေရင် အဖြစ်အပျက်တွေ အမြီးအမောက် မတည့်ဘဲ ဖြစ်နေလိမ့်မယ်”

“တရားရုံးကို မတင်ပြခင် အစီရင်ခံစာကို ဆရာ့ဆီ ပို့ပြီး အတည်ပြုချက် အရင် ယူဦးမှာပါ”

“ငါသိပါတယ်။ ခေါင်းမာတယ်ပဲ ပြောပြော၊ ငါ့အနေနဲ့ ဝန်ခံရမယ်ဆိုရင်တောင် ငါ့ကိုယ်ပိုင် စကားလုံးတွေ သုံးပြီးတော့ပဲ ဝန်ခံချင်တယ်”

ဝေဖြိုးက ခဏ ငြိမ်သွားပြီး ကျွန်တော်ကို မေးတယ်။ “ကိုယ့်ဘာသာကိုယ် ဝန်ခံစာ ရေးချင်တာလား”

“ဖြစ်နိုင်ရင် ငါ အဲဒီလို လုပ်ချင်တယ်”

“ကျွန်တော် သဘောပေါက်ပြီ။ ဒါဆိုလည်း အဆင်ပြေတာပါပဲ။ အချိန် ဘယ်လောက် လိုမလဲ”

“တစ်ရက်ဆို လုံလောက်ပါပြီ”

ဝေဖြိုးက နာရီကို ငုံ့ကြည့်လိုက်တယ်။ “ကျွန်တော် မနက်ဖြန် ညနေ ပြန်လာခဲ့မယ်” သူ မတ်တတ်ထရပ်ပြီး အခန်းထဲက ထွက်သွားတယ်။

****

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *