ကျွန်တော် ရဲစခန်း ပြန်ရောက်ပြီး မကြာခင်မှာပဲ ဒေါ်သန္တာဆီက ဖုန်းရတယ်။ ကနေဒါကနေ ပြန်ပို့လိုက်တဲ့ ပစ္စည်းတွေ သူ့ဆီ ရောက်နေပြီ ဆိုတဲ့အကြောင်း လှမ်းပြောတာ။ အထဲမှာ ဦးသူရိန်ရဲ့ အင်တာဗျူး တိတ်ခွေတချို့လည်း တွေ့ရကြောင်း ပြောတာနဲ့ ကျွန်တော်တို့ သူ့ဆီ အမြန် လိုက်သွားခဲ့တယ်။
“အထုပ်အပိုးထဲက ဗီဒီယို တိတ်ခွေတွေက အကုန် ဒီမှာ” ဒေါ်သန္တာက စကားပြောရင်း စားပွဲပေါ်မှာ တင်ထားတဲ့ တိတ်ခွေ အထပ်လိုက်ကို လက်ညှိုးညွှန်ပြတယ်။ အကုန်လုံး တစ်နာရီစာ ရိုက်ကူးနိုင်တဲ့ ဗီဒီယိုတိတ်ခွေတွေ။
တိတ်ခွေတွေကို ယူကြည့်တော့ အပေါ်မှာက ၁ ကနေ ၇ အထိ ထိုးထားတဲ့ နံပါတ်တွေပဲ တွေ့ရတယ်။ ဘာစာမှ ရေးမထားဘူး။ ဦးသူရိန်အတွက်ကတော့ ဒီလောက် အမှတ်အသားနဲ့ ဆိုရင်ကိုပဲ လုံလောက်ရင် လုံလောက်မှာပေါ့လေ။
“ခွေတွေကို ဖွင့်ကြည့်ဖြစ်သေးလား” ကျွန်တော် မေးလိုက်တယ်။
“ဟင့်အင်း၊ တစ်ခုခု ထူးဆန်းနေသလိုပဲ” ဒါက သူ့ရဲ့ အဖြေစကား။ ဟုတ်ချင်လည်း ဟုတ်မှာပေါ့။ အဲဒီ တိတ်ခွေတွေ အကုန်လုံးကို ခဏငှားပေးဖို့ ပြောလိုက်တယ်။
“ဪ …. ပြီးတော့ ပစ္စည်းတစ်ခု ရှင်တို့ကို ပြဖို့ လိုလိမ့်မယ် ထင်တယ်”
“ဘာများလဲ”
“ဒီဟာ” ဒေါ်သန္တာက ထမင်းဗူး အရွယ်လောက်ရှိတဲ့ လေးထောင့်ပုံ စက္ကူဗူးတစ်ဗူးကို စားပွဲပေါ် တင်လိုက်တယ်။ “ဒီဟာက ကိုသူရိန်ရဲ့ အဝတ်အစားတွေနဲ့ အတူတူ ထားထားတာ။ ကျွန်မ ဒီပစ္စည်းမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ ကိုသူရိန် ထည့်ထားတာပဲ ဖြစ်မယ်”
“ကြည့်ရအောင်” ကျွန်တော် ဗူးကိုယူပြီး ဖွင့်ကြည့်လိုက်တယ်။ အထဲမှာ ပလတ်စတစ် အကြည်အိတ်နဲ့ ထုပ်ထားတဲ့ ဓားတိုတစ်ချောင်း။ ဓားရိုးက ကော်နဲ့၊ အလျား ၈ လက်မလောက် ရှည်မယ်။ ကျွန်တော် ဓားကို အိတ်ထဲက မထုတ်ဘဲ ယူကိုင်ကြည့်လိုက်တယ်။ အလေးချိန် နည်းနည်းစီးတယ်။
ကျွန်တော် ဒေါ်သန္တာကို ဒီဓားအကြောင်း မေးကြည့်တော့ သူက ခေါင်းခါတယ်။ “ကျွန်မလည်း မသိလို့ ရှင်တို့ကို ပြရတာပဲ။ ကျွန်မဖြင့် တစ်ခါမှ မမြင်ဖူးဘူး။ ကိုသူရိန်လည်း ဒီဓားအကြောင်း မပြောဖူးဘူး”
ပလတ်စတစ်အိတ်ကနေတဆင့် အထဲက ဓားကို အကဲခတ်ကြည့်တော့ ဓားအသစ် မဟုတ်မှန်း သတိထားမိတယ်။ ဒါနဲ့ ကျွန်တော်တို့ ဒီဓားကိုပါ ယူလာခဲ့တယ်။
ရဲဌာန ပြန်ရောက်တော့ ဗီဒီယိုတိတ်ခွေတွေရဲ့ အတွင်းမှာ ဘာတွေရိုက်ထားသလဲ ဆိုတာကို ကျွန်တော်တို့ စပြီး လေ့လာကြတယ်။ ကျွန်တော် ခွဲတန်းကျတဲ့ အခွေကတော့ တွံတွေးက အိုး လုပ်ငန်းအကြောင်း ရိုက်ထားတဲ့ အခွေပဲ။ အထဲမှာ အိုးလုပ်ဖို့ မြေယူပုံ၊ ရွှံ့နယ်ပုံ၊ အိုးပုံသွင်းပုံ၊ မြေပျော့အိုးပေါ်မှာ အလှခြယ် ရေးဆွဲပုံ၊ ပြီးတော့ အိုးဖုတ်ပုံ စတဲ့ စတဲ့ အိုးလုပ်ပုံ အဆင့်ဆင့်ကို ဗီဒီယို မှတ်တမ်းတင်ထားတယ်။ များသောအားဖြင့် အလုပ်လုပ်နေတဲ့ သူတွေရဲ့ အသံတွေကလွဲလို့ ဘာသံမှ မပါတာပဲ များတယ်။ တစ်ခါတလေတော့ ဦးသူရိန်ရဲ့ အသံလို့ ယူဆရတဲ့ အသံတစ်ခုက လုပ်ငန်းစဉ်အဆင့်ဆင့်ကို မှတ်တမ်းယူနေသလိုမျိုး ကြားရတယ်။ စုစုပေါင်း မိနစ် ၅၀ စာလောက်ဖြစ်ပြီး ကျန်တာကတော့ ဗလာပဲ။
အခွေကို ခွဲဝေလေ့လာကြတဲ့ တခြားရဲဘော်တွေကို မေးကြည့်တော့လည်း သိပ်မထူးခြားဘူး။ ခုနကလိုပဲ လုပ်ငန်းတစ်ခုခုကို မှတ်တမ်းတင် ရိုက်ကူးထားတဲ့ ဗီဒီယိုတွေချည်းပဲ။ ပြောရရင် ဦးသူရိန်ရဲ့ ဝတ္ထုတွေအတွက် သုတေသနလုပ်ထားတဲ့ မှတ်တမ်းခွေတွေလို့ ယုံကြည်ရတယ်။ ဒါပေမယ့် စိတ်ချရအောင်ဆိုပြီး ကျွန်တော်တို့ အားလုံး ခွေတွေကို အလဲအလှယ်လုပ်ပြီး ထပ်ကြည့်ကြတယ်။ ဘာမှ ထူးထူးခြားခြား မတွေ့ရဘူး။
ဦးပေါ်လွင်ဟာ ဦးသူရိန်ရဲ့ အခွေကို တကူးတက မေးပုံထောက်တော့ အရေးကြီးတာ တစ်ခုခု၊ ကျွန်တော်တို့ကို မသိစေချင်တာ တစ်ခုခု ရှိကိုရှိရမယ်လို့ ကျွန်တော်တို့ ယူဆထားတာ။ အခု တိတ်ခွေ ၇ ခွေလုံးကို စစ်ဆေးကြည့်တော့ ဦးပေါ်လွင်နဲ့ သက်ဆိုင်မယ်လို့ ယူဆရတာ ဘာတစ်ခုမှ မတွေ့ခဲ့ရဘူး။ မျှော်လင့်ထားသလို ဖြစ်မလာတော့ စိတ်ဓာတ်တောင် နည်းနည်း ကျသွားကြတယ်။ အဲဒီအချိန်မှာပဲ မမျှော်လင့်တဲ့ သတင်းတစ်ခု ရောက်လာတယ်။ သက်သေခံပစ္စည်း စစ်ဆေးရေးဌာနက လာတဲ့ ဓားနဲ့ ပတ်သက်တဲ့ သတင်း။
ဓားကို အသေးစိတ် စစ်ဆေးပြီးတဲ့အခါမှာ လေ့လာတွေ့ရှိတာက –
“ဓားသွားမှာ ဓားသွေးကျောက်ရာတချို့ တွေ့ရတော့ ဒီဓားဟာ လုံးဝ အသစ်ကျပ်ချွတ် မဟုတ်ဘူး။ အကြိမ်ကြိမ် အသုံးပြုပြီးသားလို့ ယူဆနိုင်တယ်။ ဓားမျက်နှာပြင်ပေါ်မှာ သွေးစွန်းထားတာမျိုးလည်း မရှိဘူး။ ဓားပေါ်မှာတော့ လက်ဗွေရာတွေ အများကြီး တွေ့ရတယ်။ လက်ဗွေရာတွေကို တိုက်ဆိုင်စစ်ဆေးကြည့်တော့ အကုန်လုံးက ဦးပေါ်လွင်ရဲ့ လက်ဗွေရာတွေချည်းပဲ”
ဒါက တကယ့်ကို အလေးထား စဉ်းစားရမယ့် သဲလွန်စပဲ။ ဒါပေမယ့် ကျွန်တော်တို့ ဘယ်လို အဓိပ္ပာယ်ဖွင့်ရမယ်မှန်း မသိနိုင်အောင် အကျပ်ရိုက်နေခဲ့တယ်။ ဘာဖြစ်လို့ ဦးပေါ်လွင်ရဲ့ လက်ဗွေရာပါတဲ့ ဓားကို ဦးသူရိန်က တကူးတက သိမ်းဆည်းထားရတာလဲ။ ပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုယ့်ဇနီးကိုတောင် မပြောပြဘဲ ဘာဖြစ်လို့ ဖုံးကွယ်ထားရတာလဲ။
ဒီမေးခွန်းတွေကို အဖြေပေးနိုင်မယ့် ဖြစ်နိုင်ခြေအရှိဆုံး ယူဆချက်ကို ကျွန်တော် စဉ်းစားလို့ ရပေမယ့် ဒီထက် ထင်သာမြင်သာရှိတဲ့ သက်သေအသစ် မရသေးသရွေ့ အဲဒါကို ပြောပြဖို့ ကျွန်တော် ဝန်လေးနေခဲ့တယ်။
ဓားအကြောင်း ဦးပေါ်လွင်ကို မေးကြည့်ဖို့ စိတ်ကူးပြီးကာမှ မမေးဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်တို့အားလုံး အချင်းချင်း မပြောဖြစ်ကြပေမယ့် ဒီဓားဟာ ဦးပေါ်လွင်ရဲ့ ဟန်ဆောင်မှု ကန့်လန့်ကာကို ထိုးခွဲနိုင်မယ့် လက်နက်ပဲလို့ ကိုယ်စီကိုယ်စီ ယုံကြည်နေခဲ့ကြတယ်။ ကျွန်တော်တို့ ပါးပါးနပ်နပ် အသုံးပြုတတ်မယ် ဆိုရင်ပေါ့လေ။
နောက်တစ်နေ့ ဒေါ်သန္တာဆီက ဖုန်းရပြန်တယ်။ နောက်ထပ် တိတ်ခွေတစ်ခွေ တွေ့ထားကြောင်း ပြောလို့ ကျွန်တော်တို့ သူ့ဆီ အပြေးအလွှား ရောက်သွားခဲ့တယ်။
“ဒီမှာ ကြည့်ပါဦး” သူက ကျွန်တော့်ဆီ စာအုပ်တစ်အုပ် လှမ်းပေးတယ်။ စာအုပ်နာမည်က <ပိုးစုန်းကြူး>။ သူ ကျွန်တော့်ကို လက်ဆောင်ပေးခဲ့ဖူးတဲ့ စာအုပ်။
“ဒီစာအုပ်က ဘာဖြစ်လို့လဲ”
“ဖွင့်ကြည့်ကြည့်ပါဦး”
ကျွန်တော် စာအုပ်ကို အသာအယာ ဖွင့်ကြည့်လိုက်စဉ်မှာပဲ ကျွန်တော်တို့ အားလုံးရဲ့ ပြိုင်တူ အာမေဍိတ်သံ ထွက်ပေါ်လာတယ်။ “အယ် ……”
စာအုပ်ရဲ့ အတွင်းသား စက္ကူတွေကို ချိုင့်ခွက်ပုံစံဖြစ်အောင် ထွင်းလှီးထားပြီး အထဲမှာ ဗီဒီယိုတိတ်ခွေတစ်ခွေ ထည့်ထားတယ်။ ငယ်ငယ်က ဖတ်ခဲ့ရဖူးတဲ့ စုံထောက်ဝတ္ထုထဲက အတိုင်းပဲ။
ဒေါ်သန္တာက “ဒီစာအုပ်တစ်အုပ်တည်း သီးခြား သိမ်းထားတာ။ စာအုပ်ပုံထဲမှာ မဟုတ်ဘူး”
ဒါကို ကြည့်ခြင်းအားဖြင့် ဦးသူရိန်ဟာ ရည်ရွယ်ချက် တစ်ခုခုနဲ့ ဒီတိတ်ခွေကို သိမ်းထားတယ်ဆိုတာ သေချာတယ်။ ကျွန်တော်တို့ ရဲဌာန ပြန်ရောက်တဲ့အထိ စောင့်မနေနိုင်တော့ဘဲ သူ့အိမ်မှာတင်ပဲ ဖွင့်ကြည့်ကြတယ်။
မြင်ကွင်းမှာ မြင်နေရတာက အိမ်တစ်အိမ်ရဲ့ ပန်းခြံနဲ့ ပြတင်းပေါက်။ ဒေါ်သန္တာနဲ့ ကျွန်တော်တို့အားလုံး ချက်ချင်းဆိုသလို ရိပ်မိသွားကြတယ်။ အဲဒါ ဦးသူရိန်ရဲ့ အိမ်ပဲ။ ညအချိန် ရိုက်ထားတာကြောင့် မြင်ကွင်းအားလုံးက မှောင်နဲ့မဲမဲ။ ညာဘက်အောက်ထောင့်မှာတော့ ရက်စွဲတစ်ခု ပါတယ်။ လွန်ခဲ့တဲ့ ၇ နှစ်က ၁၂ လပိုင်း။
ဘာများ ပေါ်လာပါလိမ့်မလဲ။ ကျွန်တော် အရှေ့တိုးပြီး ကြည့်လိုက်တယ်။ ကင်မရာက တစ်ချိန်လုံး ပန်းခြံနဲ့ ပြတင်းပေါက်ကိုပဲ ချိန်ထားတယ်။ ဘာမှ အပြောင်းအလဲ မရှိဘူး။ လူရိပ်လူယောင်ကိုလည်း မတွေ့ရ။
“‘အမြန်’ ခလုတ် နှိပ်လိုက်ရမလား” စိတ်မရှည်တော့တဲ့ ရဲဘော်က မေးတယ်။
ခဏကြာတော့ မြင်ကွင်းထဲမှာ လူတစ်ယောက် ပေါ်လာတယ်။